၇။ ဘုရားသခင်၌ ယုံကြည်သူများသည် ၎င်းတို့၏ ခရီးပန်းတိုင်ကို လုံလောက်သည့် ကောင်းသောလုပ်ဆောင်ချက်များဖြင့် ပြင်ဆင်သင့်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ငါ့ကိုချစ်ပြီး မိမိကိုယ်ကို ငြင်းပယ်သူတို့အား ငါ၏သနားကရုဏာကို ဖော်ပြ၏။ သို့သော်လည်း ကောက်ကျစ်စဉ်းလဲသူတို့အပေါ် ကျရောက်သည့် အပြစ်ဒဏ်မှာ ငါ၏ဖြောင့်မတ်သော စိတ်သဘောထား၏ သက်သေအတိအကျဖြစ်ပြီး ငါ့အမျက်ဒေါသအား သက်သေခံချက် သာ၍ပင် ဖြစ်၏။ ဘေးဒုက္ခ ရောက်လာသည့်အခါ ငါ့ကိုဆန့်ကျင်သူ အားလုံးသည် ၎င်းတို့အပေါ် အငတ်ဘေးနှင့် ကပ်ဆိုးကျရောက်သည်နှင့်အမျှ ငိုကြွေးကြလိမ့်မည်။ ကောက်ကျစ် စဉ်းလဲမှုအမျိုးမျိုး ကျူးလွန်ခဲ့သော်လည်း ငါ့နောက်သို့ နှစ်ပေါင်းများစွာ လိုက်ခဲ့သူများသည် မိမိတို့၏အပြစ်များအတွက် ပေးဆပ်ရခြင်းမှ လွတ်မြောက်လိမ့်မည် မဟုတ်။ ၎င်းတို့သည်လည်း နှစ်သန်းပေါင်းများစွာ တစ်လျှောက်လုံး မြင်တွေ့ရခဲသော ဘေးဒုက္ခမျိုးထဲသို့ ထိုးဆင်း၍ စဉ်ဆက်မပြတ် ထိတ်လန့်တုန်လှုပ်၊ ကြောက်ရွံ့ခြင်း၌ အသက်ရှင်ရလိမ့်မည်။ ထို့အပြင် ငါ့အပေါ်၌ သစ္စာစောင့်သိမှုကို ပြသပြီးဖြစ်သော ငါ၏နောက်လိုက်များသည် ဝမ်းမြောက်၍ ငါ၏အစွမ်းသတ္တိကို ချီးမွမ်းကြလိမ့်မည်။ သူတို့သည် ပြောမပြနိုင်လောက်သော ရောင့်ရဲတင်းတိမ်မှုကို ကြုံတွေ့ရပြီး ယခင်က လူသားမျိုးနွယ်အပေါ် ငါမနှင်းအပ်ခဲ့ဖူးသော ဝမ်းမြောက်ခြင်းအလယ် အသက်ရှင်ကြလိမ့်မည်။ အကြောင်းမူကား ငါသည် လူသား၏ ကောင်းမွန်သော လုပ်ဆောင်ချက်များကို တန်ဖိုးထား၍ ၎င်းတို့၏ ဆိုးယုတ်သော လုပ်ဆောင်ချက်များကို စက်ဆုပ်သောကြောင့်ဖြစ်၏။ ငါသည် လူသားမျိုးနွယ်ကို စတင်ဦးဆောင်ခဲ့စဉ်မှစ၍ ငါ၏စိတ်တော်နှင့် တညီတညွတ်တည်းဖြစ်သော လူတစ်စုကိုရရှိရန် စိတ်အားထက်သန်စွာဖြင့် မျှော်လင့်နေခဲ့သည်။ သို့သော်လည်း ငါ၏စိတ်တော်နှင့် တညီတညွတ်တည်း မရှိသောသူတို့ကိုမူ ငါသည် မည်သည့်အခါမျှ မေ့လျော့ခြင်း မရှိပေ။ ထိုသူတို့အပေါ် အပြစ်ဒဏ်ခတ်ရန် အခွင့်အရေးကို မြင်တွေ့ရလျှင် ငါသည် သဘောတွေ့မည် ဖြစ်ပြီး၊ ယင်းအခွင့်အရေးကိုသာ စောင့်စားလျက် ငါ့နှလုံးသားထဲတွင် သူတို့ကို ငါအမြဲတစေ စက်ဆုပ်ရွံရှာ၏။ ယခု ငါ၏နေ့ရက်သည် နောက်ဆုံးတွင် ရောက်လာပြီဖြစ်ပြီး ငါသည် ဆက်လက် စောင့်ဆိုင်းရန် မလိုတော့ပေ။

ငါ၏နောက်ဆုံးအလုပ်သည် လူသားကို အပြစ်ပေးရန်အတွက်သာ မဟုတ်ဘဲ၊ လူသား၏ ပန်းတိုင်ကို စီစဉ်ရန် အတွက်လည်းဖြစ်၏။ ထိုထက်မက ယင်းသည် ငါ၏ ပြုမူလုပ်ဆောင်ချက်များကို လူအားလုံး အသိအမှတ်ပြုရန်အလို့ငှာ ဖြစ်သည်။ ငါပြုလုပ်ခဲ့သည့် အမှုအရာအားလုံးသည် မှန်ကန်ကြောင်းနှင့် ငါပြုလုပ်ခဲ့သည့် အမှုအရာ အားလုံးသည် ငါ၏ စိတ်သဘောထားကို ဖော်ပြခြင်းဖြစ်ကြောင်း လူခပ်သိမ်းတို့အား ငါသိစေလို၏။ လူသားမျိုးနွယ်ကို မွေးဖွားခဲ့သည့်အရာသည် လူသား၏လုပ်ဆောင်ချက် မဟုတ်၊ သဘာဝကြောင့် သာ၍ပင်မဟုတ်ဘဲ ဖန်ဆင်းခြင်းတွင် သက်ရှိအရာတိုင်းကို အာဟာရပေးသည်မှာ ငါ ဖြစ်သည်။ ငါမရှိလျှင် လူသားမျိုးနွယ်သည် ပျက်စီးခြင်းသို့သာ ရောက်ပြီး ကပ်ဘေးများစွာ၏ဒုက္ခကို ခံစားရလိမ့်မည်။ လှပသည့်နေနှင့်လ သို့မဟုတ် စိမ်းလန်းစိုပြေသည့် ကမ္ဘာမြေကို မည်သည့်လူသားမျှ နောက်ထပ် မြင်တွေ့ရလိမ့်မည် မဟုတ်ပေ။ လူသားမျိုးနွယ်သည် အလွန်အေးစက်သော ညများနှင့် ရှောင်လွှဲမရသည့် သေမင်း၏အရိပ်လွှမ်းမိုးသော ချိုင့်ဝှမ်းနှင့်သာ ကြုံတွေ့ရလိမ့်မည်။ ငါသာလျှင် လူသားမျိုးနွယ်၏ တစ်ခုတည်းသော ကယ်တင်ရာဖြစ်၏။ ငါသာလျှင် လူသားမျိုးနွယ်၏ တစ်ခုတည်းသော မျှော်လင့်ရာ ဖြစ်သည်သာမက၊ ငါသည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ တည်ရှိခြင်းအတွက် တည်မှီရာဖြစ်သည်။ ငါမရှိလျှင် လူသားမျိုးနွယ်သည် ချက်ချင်း လုံးဝဥဿုံရပ်တန့်သွားမည်။ ငါ့ကို မည်သူမျှ အလေးမစိုက်သော်လည်း၊ ငါမရှိလျှင် လူသားမျိုးနွယ်သည် ရုတ်တရက် ဖြစ်ပွားသည့် ကပ်ဘေးဒဏ်ခံရပြီး တစ္ဆေအမျိုးမျိုးတို့၏ ဖဝါးအောက် နင်းချေခြင်းခံရလိမ့်မည်။ အခြားမည်သူမျှ မပြုနိုင်သည့်အမှုကို ငါပြုခဲ့ပြီဖြစ်ပြီး လူသားသည် ငါ့ကို အချို့သော ကောင်းမှုများဖြင့် ကျေးဇူးပြန်ဆပ်ရန်သာ ငါမျှော်လင့်သည်။ ငါ့ကို ကျေးဇူးဆပ်နိုင်သူတို့မှာ အလွန်နည်းပါးသော်လည်း၊ ငါသည် ဤလူ့လောကတွင် ငါ၏ခရီးကို အဆုံးသတ်ပြီး ငါ၏ဖွင့်လှစ်ပြခြင်းအမှု၏ နောက်တစ်ဆင့်ကို စတင်ဦးမည် ဖြစ်သည်၊ အကြောင်းမူကား ဤနှစ်ပေါင်းများစွာ လူသားအကြား ငါ၏ခေါက်တုံ့ခေါက်ပြန် အပူတပြင်း လုပ်ဆောင်မှုသည် အကျိုးဖြစ်ထွန်းပြီးဖြစ်၍ ငါသည် အလွန်ကျေနပ်၏။ ငါအရေးစိုက်သည်မှာ လူအရေအတွက် မဟုတ်ဘဲ၊ သူတို့၏ ကောင်းမှုများသာ ဖြစ်၏။ မည်သို့ပင်ဖြစ်စေကာမူ သင်တို့ကိုယ်တိုင်၏ ပန်းတိုင်အတွက် ကောင်းမှုများအလုံအလောက် သင်တို့ပြင်ဆင်မည်ဟု ငါမျှော်လင့်၏။ ထိုအခါ ငါကျေနပ်လိမ့်မည်။ သို့မဟုတ်ပါက သင်တို့ အပေါ်ကျရောက်လာမည့် ဘေးအန္တရာယ်ကို သင်တို့တစ်ဦးမျှ ရှောင်နိုင်မည် မဟုတ်။ ဤဘေးဒုက္ခသည် ငါ့ထံမှစတင်၍ ငါစီစဉ်ညွှန်ကြားခြင်း ဖြစ်သည်မှာ မှန်ပေသည်။ ငါ၏အမြင်၌ သင်တို့သည် ကောင်းမွန်ပုံ မပေါက်လျှင် သင်တို့သည် ဘေးဒုက္ခခံစားရခြင်းမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။ သင်တို့၏ယုံကြည်ခြင်းနှင့် ချစ်ခြင်းတို့သည် အနှစ်သာရ မရှိဖြစ်ခဲ့ကြပြီး သင်တို့သည် တွန့်ဆုတ်တတ်သူများ သို့မဟုတ် ခက်ထန်သောသူများ အဖြစ်သာ မိမိကိုယ်ကိုယ် ပြသခဲ့ကြသောကြောင့်၊ ကြီးစွာသော ဆင်းရဲဒုက္ခအကြားတွင် သင်တို့၏ ပြုမူလုပ်ဆောင်ချက်များသည် လုံးလုံးလျားလျား သင့်လျော်သည်ဟု ယူဆခြင်း မခံခဲ့ရပေ။ ဤအရာနှင့်ပတ်သက်၍ ကောင်း၏၊ ဆိုး၏ကိုသာ တရားစီရင်မှုတစ်ခု ငါပြုမည်။ သင်တို့တစ်ဦးစီ ပြုမူပုံနှင့် မိမိကိုယ်ကိုယ် ဖော်ပြပုံသာ ငါ၏အမှုထားစရာကိစ္စ ဖြစ်မြဲဖြစ်နေပြီး ၎င်းတို့အပေါ်အခြေခံ၍ သင်တို့၏နိဂုံးကို ငါဆုံးဖြတ်အံ့။ သို့ရာတွင် ဆင်းရဲဒုက္ခကြီးစွာ ခံစားရချိန်များတွင် ငါ့အပေါ် စိုးစဉ်းမျှ သစ္စာစောင့်သိမှု မပြသခဲ့သူများအား ငါသည် နောက်ထပ် သနားကြင်နာတော့မည် မဟုတ်ဘဲ ငါ၏ကရုဏာသည် အကန့်အသတ်ရှိကြောင်းကို ငါရှင်းလင်းစေရမည်။ ထို့ပြင် တစ်ချိန်က ငါ့ကို သစ္စာဖောက်ခဲ့သူ မည်သူ့ကိုမျှ ငါနှစ်သက်ခြင်းမရှိ၊ ၎င်းတို့၏မိတ်ဆွေများ၏ အကျိုးအပေါ် သစ္စာဖောက်သူများနှင့် ငါသည် သာ၍ပင် ပတ်သက်ဆက်နွှယ်လိုခြင်း မရှိ။ ထိုသူသည် မည်သူပင်ဖြစ်စေ ဤသည်မှာ ငါ၏စိတ်သဘောထား ဖြစ်သည်။ ငါ၏နှလုံးကို ကြေကွဲစေသူ မည်သူမဆို ငါ့ထံမှ ဒုတိယအကြိမ် သက်ညှာမှု ရလိမ့်မည် မဟုတ်ကြောင်းနှင့် ငါ့အပေါ်သစ္စာရှိနေခဲ့သောသူ မည်သူမဆို ငါ၏နှလုံးသားတွင် ထာဝရ တည်ရှိနေမည် ဖြစ်ကြောင်း သင်တို့ကို ငါပြောကြားရမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့

ငါ၏ အမှု နောက်ဆုံးအဆင့်တွင်၊ သင်တို့သည် သင်တို့၏ အပြောင်မြောက်ဆုံးသော စွမ်းဆောင်မှုကို ပေးနိုင်လိမ့်မည်ဖြစ်ပြီး၊ စိတ်မပါ့တပါ မဖြစ်တော့ဘဲ၊ မိမိတို့ကိုယ်ကိုယ် စိတ်ပါလက်ပါ ဆက်ကပ်ကြလိမ့်မည်ဟုသာ ငါ မျှော်လင့်၏။ ဟုတ်ပေ၏၊ သင်တို့ အားလုံး ကောင်းမွန်သော ခရီးပန်းတိုင်တစ်ခု ရှိကြဖို့လည်း ငါ မျှော်လင့်ပေသည်။ သို့သော်လည်း၊ ငါ၌ ငါ၏ သတ်မှတ်ချက် ရှိဆဲဖြစ်၏၊ ယင်းမှာ သင်တို့၏ တစ်ခုတည်းနှင့် နောက်ဆုံးဖြစ်သော ဆက်ကပ်မှုကို ငါ့အား ပေးအပ်ရာတွင် အကောင်းဆုံး ဆုံးဖြတ်ချက်ကို သင်တို့ ပြုလုပ်ဖို့ ဖြစ်သည်။ တစ်စုံတစ်ဦးသည် ထိုတစ်ခုတည်းသော ဆက်ကပ်မှုမရှိပါက၊ သူသည် ဧကန်မုချ စာတန်၏ တန်ဖိုးထားရသော ပိုင်ဆိုင်မှုတစ်ခုဖြစ်ပြီး၊ ငါသည် သူ့ကို ဆက်လက်အသုံးပြုတော့မည် မဟုတ်ဘဲ၊ သူ၏မိဘများ၏ ကြည့်ရှုစောင့်ရှောက်မှုကို ခံရဖို့ သူ့ကို အိမ်သို့ ပို့မည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရီးပန်းတိုင်နှင့်ပတ်သက်၍

သင်တို့သည် ပွင့်လင်းပြီး ရိုးသားသော စိတ်နှလုံးများဖြင့် သင်တို့၏တာဝန်ကို အစွမ်းကုန် အသီးသီး လုပ်ဆောင်သင့်ပြီး၊ လိုအပ်သည့် မည်သည့်အဖိုးအခကိုမဆို ပေးရန် လိုလားလျက် ရှိနေသင့်ပေသည်။ သင်တို့ ပြောကြပြီးသည့်အတိုင်း၊ နေ့ရက်အချိန် ကျရောက်လာသည့်အခါ၊ ဘုရားသခင်သည် သူ့အတွက် ဆင်းရဲဒုက္ခခံခဲ့သူ သို့မဟုတ် အဖိုးအခတစ်ခု ပေးဆပ်ခဲ့သူ မည်သူမဆိုအပေါ် တာဝန်ပေါ့လျော့မည် မဟုတ်ပေ။ ဤသို့သော ခံယူချက်မျိုးသည် ထိန်းသိမ်းထားထိုက်သကဲ့သို့၊ ယင်းကို သင်တို့ မည်သည့်အခါမျှ မမေ့သင့်သည်မှာ မှန်ပေသည်။ ဤနည်းဖြင့်သာ ငါသည် သင်တို့နှင့်ပတ်သက်၍ ငါ၏ စိတ်ကို သက်သာစေနိုင်ပေသည်။ သို့မဟုတ်ပါက၊ သင်တို့သည် ငါ၏ စိတ်ကို သက်သာစေနိုင်မည် မဟုတ်သည့် လူများ ထာဝရ ဖြစ်ကြလိမ့်မည်ဖြစ်ပြီး၊ သင်တို့သည် ငါ၏ စက်ဆုပ်ခြင်းကို ခံကြရသူများ ထာဝရ ဖြစ်ကြလိမ့်မည်။ သင်တို့ အားလုံးသည် ငါ၏အမှုအတွက် မည်သည့်အားထုတ်မှုမျှ မချန်ဘဲလျက်၊ ပြီးလျှင် ငါ၏ ဧဝံဂေလိအမှုအဖို့ တစ်သက်တာ အားအင်ကို ဆက်ကပ်ရင်း၊ သင်တို့၏ အသိစိတ်ကို လိုက်နာနိုင်ပြီး ငါ့အတွက် သင်တို့၏ အရာအားလုံးကို ပေးနိုင်ပါက၊ ငါ၏စိတ်နှလုံးသည် သင်တို့အတွက်ကြောင့် ဝမ်းမြောက်မှုဖြင့် မကြာခဏ ခုန်ပေါက် လိမ့်မည် မဟုတ်လော။ ဤနည်းဖြင့်၊ ငါသည် သင်တို့နှင့်စပ်လျဉ်း၍ ငါ၏ စိတ်ကို လုံးလုံးလျားလျား သက်သာစေနိုင်မည်၊ မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရီးပန်းတိုင်နှင့်ပတ်သက်၍

သမ္မာတရား၏ လမ်းခရီးကိုရှာဖွေခြင်းသည် သင့်ကို ကောင်းစွာ သဘောကျ ကျေနပ်စေသည်ဆိုပါက၊ သင်သည် အလင်းထဲ၌ အစဉ်အမြဲ နေထိုင်သူတစ်ဦးဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ အိမ်တော်၌ မထင်မရှားနေပြီး ကြိုးကြိုးစားစားနှင့် တာဝန်သိသိ အသိဉာဏ်ရှိရှိ အလုပ်လုပ်လျက်၊ အမြဲတမ်းပေးကမ်း၍ မည်သည့်အခါမျှ ရယူခြင်းမရှိသော အစေခံသူတစ်ဦး ဖြစ်ရသည်ကို အလွန် ဝမ်းမြောက်ပါက၊ သင်သည် သစ္စာရှိသော သန့်ရှင်းသူ တစ်ယောက် ဖြစ်သည်ဟု ငါဆိုသည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် ဆုလာဘ်ကို မမျှော်ကိုးဘဲ၊ ပကတိ ရိုးသားသူတစ်ယောက်သာ ဖြစ်သောကြောင့်တည်း။ သင်သည် ပွင့်လင်းရန် လိုလိုလားလား ရှိလျှင်၊ သင်သည် သင်၏အလုံးစုံကို အသုံးခံရန် လိုလိုလားလားရှိလျှင်၊ သင်သည် ဘုရားသခင်အတွက် သင့်ဘဝကိုစတေးနိုင်ကာ သက်သေရပ်တည် နိုင်လျှင်၊ သင်သည် မိမိအတွက် မစဉ်းစားဘဲ သို့မဟုတ် မိမိကိုယ်ကျိုးမပါဘဲ ဘုရားသခင် ကျေနပ်သဘောကျရန်ကိုသာ သိသောအဆင့်အထိ ရိုးသားသည်ဆိုပါက၊ ဤလူတို့သည် အလင်းထဲတွင် အားဖြည့်ပေးခြင်းခံရကာ နိုင်ငံတော်တွင် ထာဝရ အသက်ရှင်မည့်သူများ ဖြစ်သည်ဟု ငါဆိုသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

ကောင်းမှုများသည် ကျွန်ုပ်တို့ ကယ်တင်ခြင်းရရှိသည့် သက်သေတစ်ခုဖြစ်ပြီး၊ ၎င်းတို့သည် ကျွန်ုပ်တို့ သမ္မာတရားအတွင်း ဝင်ရောက်သည့် သရုပ်သကန်တစ်ခု ဖြစ်သည့်အပြင်၊ ဘုရားသခင့်နှုတ်ကပတ်တော်၏ စစ်မှန်မှုလည်းဖြစ်သည်။ ကျွန်ုပ်တို့သည် ကောင်းမှုများစွာကို ပြင်ဆင်ခဲ့ပါက၊ ယင်းက ကျွန်ုပ်တို့သည် ဘုရားသခင် ရှေ့မှောက်တွင် အသစ်သောလူတစ်ဦး ဖြစ်လာပြီး၊ ကျွန်ုပ်တို့တွင် စစ်မှန်သည့် လူဖြစ်ခြင်းနှင့်သက်ဆိုင်သည့် မှန်ကန်သော သက်သေခံခြင်းရှိသည်ဟု ဆိုလိုသည်။ ကျွန်ုပ်တို့ အမှန်တကယ် နောင်တရနေကြောင်း အများဆုံးပြသသည်မှာ ကျွန်ုပ်တို့၏ ကောင်းမှုများ ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် ကောင်းမှုများစွာကို ပြင်ဆင်ခဲ့ပါက၊ စစ်မှန်သော လူသား၏သဏ္ဌာန်ကို ကျွန်ုပ်တို့ ပိုင်ဆိုင်သည်ဟု အဓိပ္ပါယ်သက်ရောက်သည်။ သင်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်နေခဲ့သော်လည်း ကောင်းမှုအနည်းငယ်သာ လုပ်ဆောင်ခဲ့ပါက၊ သင်၌ လူသား၏သဏ္ဌာန် ရှိပါမည်လား။ သင့်တွင် အသိတရားနှင့် ဆင်ခြင်တုံတရား ရှိပါသလား။ သင်သည် ဘုရားသခင်၏ ချစ်မေတ္တာကို ပြန်ပေးဆပ်သူတစ်ဦး ဖြစ်ပါသလား။ သင်၏ စစ်မှန်သည့် ယုံကြည်မှုက အဘယ်မှာနည်း။ ဘုရားသခင်အတွက် သင်၏ချစ်သည့် စိတ်နှလုံးနှင့် နာခံခြင်းမှာ အဘယ်မှာနည်း။ သင်ဝင်ရောက်ခဲ့သည့် လက်တွေ့အရှိတရားမှာ အဘယ်နည်း။ သင်သည် ဤအရာများမှ တစ်ခုကိုမျှ မပိုင်ဆိုင်ပါ။ သို့အတွက်ကြောင့်၊ ကောင်းမှုများမပြုသည့် သူတစ်ဦးသည် သူတို့၏ ဘုရားသခင်ကို ယုံကြည်မှုမှ မည်သည်ကိုမျှ မရသည့် လူတစ်ဦးပင် ဖြစ်သည်။ သူတို့သည် ဘုရားသခင်ထံတော်မှ ကယ်တင်ခြင်းကို မရရှိသေးသောသူတစ်ဦး၊ အလွန့်အလွန် ပျက်စီးယိုယွင်းနေသောသူတစ်ဦးသာ ဖြစ်ပြီး၊ သူတို့သည် စိုးစဉ်းမျှ ပြောင်းလဲခြင်း မရှိသေးပါ။ ကောင်းမှုများက ဤအရာကို အမှန်တကယ် ရှင်းလင်းဖော်ပြပေသည်။

—အသက်ထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ

လုံလောက်သည့် ကောင်းမှုများက အဘယ်နည်း။ ဘုရားသခင်၏ အမှုတော်နှင့်သက်ဆိုင်သော သူ၏အတွေ့အကြုံကို ပြည့်စုံစေရန် လူလုပ်နိုင်သော သို့မဟုတ် လုပ်သင့်သော မည်သည့်တာဝန်မဆိုနှင့်၊ လူလုပ်ဆောင်ရန် ဘုရားသခင် သတ်မှတ်ထားသော မည်သည့်အရာမဆို— လူသည် ဤအရာများကို လုပ်ဆောင်နိုင်ပြီး၊ ဘုရားသခင်ကို ကျေနပ်မှုပေးနိုင်လျှင်၊ ဤအရာများအားလုံးသည် ကောင်းမှုများဖြစ်ကြသည်ဟု ကျွန်ုပ်တို့ပြောနိုင်ပါသည်။ သင်သည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီအောင် ဆောင်ရွက်နိုင်လျှင် ယင်းသည် ကောင်းမှုတစ်ခု ဖြစ်သည်။ သင်သည် သင်၏တာဝန်များကို ထမ်းဆောင်နေစဉ်တွင် ဘုရားသခင်ကို ဆက်ကပ်အပ်နှံထားလျှင် ယင်းသည် ကောင်းမှုတစ်ခု ဖြစ်သည်။ သင်လုပ်ဆောင်သည့် အရာများသည် ဘုရားသခင် ရွေးကောက်ထားသူများအတွက် အကျိုးကျေးဇူးဖြစ်ထွန်းပြီး၊ လူတိုင်းက သင့်လုပ်ဆောင်မှုကို ကောင်းသည်ဟု ထင်မှတ်လျှင် ယင်းသည် ကောင်းမှုတစ်ခု ဖြစ်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသည်ဟု လူ၏ အသိတရားနှင့် ဆင်ခြင်တုံတရားက ယုံကြည်ရသည့် အရာအားလုံးသည် ကောင်းမှုများ ဖြစ်ကြသည်။ ဘုရားသခင်ကို ကျေနပ်မှုပေးနိုင်ပြီး ဘုရားသခင် ရွေးကောက်ထားသူများကို အကျိုးပြုသော အရာများသည်လည်း ကောင်းမှုများ ဖြစ်ကြသည်။ လူတစ်ဦးသည် ကျွန်ုပ်တို့ ယခုပင် ပြောခဲ့သည့် ဤကောင်းမှုများကို အသင့်ပြင်ရာတွင် အရာအားလုံးကို ခေါင်းမဖော်ဘဲ လုပ်ဆောင်နိုင်ပါက နောက်ဆုံးတွင် သူသည် ယင်းတို့ကို ပြည့်စုံစေနိုင်မည်ဖြစ်ပြီး၊ ၎င်းက သူသည် လုံလောက်သည့် ကောင်းမှုများ လုပ်ဆောင်ခဲ့သည်ဟု အဓိပ္ပာယ်ရပါမည်။ လူတိုင်းသည် ယခုတွင် သူတို့၏ တာဝန်ကို လုပ်ဆောင်ရန် ရှာဖွေပြီး ကယ်တင်ခြင်းနောက်သို့ လိုက်လျှောက်ကြသည်၊ သို့ရာတွင် ဆုံးဖြတ်ချက်ချခြင်းနှင့် ဆန္ဒရှိခြင်းတို့သည် မလုံလောက်ပါ။ တစ်စုံတစ်ယောက်အနေဖြင့် လက်တွေ့ကျသည့် အပြုအမူများနှင့် လက်တွေ့ကျသည့် လုပ်ဆောင်ချက်ကို ပြသရမည်။ ဘုရားသခင် ရွေးကောက်သောသူများ၏ အသက်တာအတွင်း ဝင်ရောက်ရန်အတွက် မည်သည့် တာဝန်များကို သင်လုပ်ဆောင်ခဲ့ပြီး ဖြစ်သနည်း။ ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီရန်အတွက် သင်အဘယ်အရာကို လုပ်ဆောင်ခဲ့ပြီးဖြစ်၍ မည်သည့် အဖိုးအခကို သင်ပေးခဲ့ပြီး ဖြစ်သနည်း။ ဘုရားသခင်ကို ကျေနပ်စေရန်နှင့် ကိုယ်တော်၏ ချစ်မေတ္တာကို ပြန်လည်ပေးဆပ်ရန် သင်အဘယ်အရာများကို လုပ်ဆောင်ခဲ့ပြီး ဖြစ်သနည်း။ ၎င်းတို့သည် သင်ပြန်လည် ဆင်ခြင်ရမည့် အရာအားလုံး ဖြစ်သည်။ သင်သည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီရန်အတွက်နှင့် ဘုရားသခင် ရွေးကောက်သောသူများ၏ အသက်တာသို့ ဝင်ရောက်ရန်နှင့် ကြီးထွားမှုအတွက် များစွာသော အရာများကို လုပ်ဆောင်ခဲ့ပြီး ကြီးမြတ်သည့် အဖိုးအခကို ပေးခဲ့ပါက၊ သင်သည် လုံလောက်သည့် ကောင်းမှုများကို ပြင်ဆင်ခဲ့ပြီးပြီဟု ဆိုနိုင်ပါသည်။

—အသက်ထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ

အနည်းဆုံးအနေဖြင့်၊ လုံလောက်သည့် ကောင်းမှုပမာဏကို ပြုမိစေရန်မှာ တာဝန်အချို့ကို ပြည့်စုံအောင် လုပ်ဆောင်ခြင်း တစ်ခုတည်းဖြင့် မလုံလောက်ပေ။ တစ်နည်းအားဖြင့် ဆိုသော်၊ သင်၏တာဝန် အနည်းငယ်ကိုသာ လုပ်ဆောင်ခြင်းကို လုံလောက်သည့် ကောင်းမှုပြုသည်ဟု လုံးဝမယူဆနိုင်ပါ။ လုံလောက်သည့် ကောင်းမှုများသည် လူတို့ တွေးထင်သကဲ့သို့ တကယ်ပင် မရိုးရှင်းပါ။ လုံလောက်သည့် ကောင်းမှု ပမာဏကို ပြင်ဆင်ရာတွင် ဘုရားသခင်အဘို့ သင့်ကိုယ်သင် အပြည့်အဝ အသုံးခံရန် လိုအပ်ပါသည်။ ထို့ထက်ပိုပြီး၊ အဖိုးအခတိုင်းကို ပေးဆပ်ခြင်း၊ ဘုရားသခင်၏ တာဝန်ပေး စေခိုင်းချက်ကို အစမှ အဆုံးတိုင် ကောင်းမွန်သည့် ယုံကြည်ချက်ဖြင့် သစ္စာရှိရန် လိုအပ်ပါသည်။ ဤကား ဘုရားသခင်၏ စံနှုန်းများကို ပြည့်မီရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

သူတို့၏ တာဝန်များကို လုပ်ဆောင်ရာတွင် အဖိုးအခကို အမှန်တကယ်ပေးခဲ့သည့် လူတို့ရှိကြသည်၊ ဘုရားသခင်က ချီးမွမ်းခဲ့သည့် အရာတို့ကို လုပ်ဆောင်နေခဲ့ကြသည်၊ ကောင်းမှုများကို လုပ်ဆောင်ခဲ့သည်ဟု တွေးထင်နိုင်ဖွယ် အတိုင်းအတာထိ သူတို့၏ တာဝန်များကို ထူးထူးကဲကဲ၊ အံ့မခန်း၊ လေးစားဖွယ်နှင့် အားကျဖွယ် ကောင်းလှသည့် နည်းလမ်းများဖြင့် လုပ်ဆောင်ခဲ့သည်။ ညီအစ်ကို မောင်နှမ အချို့တို့သည် သူတို့၏ တာဝန်ကို လုပ်ဆောင်ခြင်းအတွက် အကျဉ်းထောင်သို့ ရောက်ရှိခဲ့ကြရသည်၊ စာတန်ကို နာခံခြင်းမရှိဘဲ ညှဉ်းဆဲခြင်းများစွာကို ခံစားခဲ့ကြရပြီး သက်သေတည်ခဲ့ကြသည်။ ယင်းနောက်တွင် မိမိကိုယ်တိုင်၏ လုံခြုံမှု သို့မဟုတ် အကျိုးအမြတ်ကို အလေးမထားဘဲ စွန့်စားဝံ့သည့် လူများရှိကြသည်၊ ဖြောင့်မတ်သောအရာကို ရဲရင့်စွာဆောင်ရွက်သည့် စိတ်ဓာတ်ဖြင့် အန္တရာယ်ရှိသည့် တာဝန်များကို လုပ်ဆောင်ရန် ဆက်ကပ်ထားကြသူများ ဖြစ်ကြသည်။ ထို့ပြင် ဧဝံဂေလိတရား အမှုတော်အတွက် မိမိကိုယ်ကို ပေးအပ်မြှုပ်နှံထားနိုင်သည့် ထိုညီအစ်ကို မောင်နှမများရှိကြပြီး၊ သူတို့သည် လူတို့ကို ကယ်တင်ရန် ဧဝံဂေလိတရား ဟောကြားရာတွင် အရှက်ခွဲခံရခြင်းကို သည်းခံနိုင်သူများ ဖြစ်ကြသည်။ ဧဝံဂေလိတရား အမှုတော်အတွက် လုံ့လဝီရိယ ရှိလျက်၊ စောဒကမတက်ဘဲ အခက်အခဲများကို ကြံ့ကြံ့ခံနိုင်ပြီး၊ သူတို့၏စိတ်ထဲတွင် နောက်ထပ်လူတို့ကို ဘုရားသခင်ရှေ့မှောက်သို့ ခေါ်ဆောင်လာရန် ဧဝံဂေလိတရားကို မည်ကဲ့သို့ ပြန့်ပွားစေကာ ဘုရားသခင်၏ အလိုတော်ကို ပြည့်မီစေရမည်နည်း ဆိုသည့် အကြောင်းတို့နှင့် ပြည့်နှက်နေပြီး ကိုယ်ရေးကိုယ်တာနှင့် မိသားစု ကိစ္စများကို ဘေးဖယ်ထားသော သူများလည်း ရှိပါသည်။ ဘုရားသခင်ကို ကျေနပ်မှုပေးရန်အတွက် မိမိကိုယ်ကို လုံးဝ အသုံးခံရန်အလို့ငှာ ပေးအပ်မြှုပ်နှံထားသည့် ထိုသူများ အားလုံးသည် ကောင်းမှုများကို လုပ်ဆောင်ပြီးသူများ ဖြစ်ကြပါသည်။ သို့သော်လည်း သူတို့သည် ဘုရားသခင် တောင်းဆိုထားသည့် “လုံလောက်သော ကောင်းမှုများ” မှ အနည်းငယ် ဝေးကွာနေပါသေးသည်။ လူအများစုသည် ကောင်းမှု အချို့ကိုသာ ပြင်ဆင်ခဲ့ကြပြီး ဘုရားသခင်၏ သတ်မှတ်ချက်များကို လုံးလုံးလျားလျား မပြည့်မီကြသေးပါ။ ၎င်းသည် ကျွန်ုပ်တို့၏ တာဝန်ကို ကျေပြွန်စွာ ဆောင်ရွက်ရန်အတွက် ကျွန်ုပ်တို့၏ စွမ်းရည်ကို များစွာ အသုံးပြုရန်နှင့် လုံလောက်သည့် ကောင်းမှုများကို လုပ်ဆောင်ရန်အတွက် သမ္မာတရားထဲသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ရာတွင် အလွန်စိတ်ထက်သန်စေရန် ကျွန်ုပ်တို့ကို အလိုရှိပါသည်။ ဤအရာက မည်သည့် တာဝန်များကိုမဆို ကျွန်ုပ်တို့ လုပ်ဆောင်နေပါစေ၊ ဘုရားသခင်၏ စိတ်နှလုံးကို နှစ်သိမ့်ပေးနိုင်ရန်အလို့ငှာ အကောင်းဆုံးရလဒ် ရရန်အတွက် ကျွန်ုပ်တို့ ရှာဖွေရန် တောင်းဆိုပါသည်။ အထူးသဖြင့် ဧဝံဂေလိတရား ဖြန့်ဝေရာတွင်၊ မည်မျှပင် ကြီးမားသည့် အရှက်ခွဲခြင်းကို ခံစားရပါစေ သို့မဟုတ် မည်မျှသော ဒုက္ခဝေဒနာကို သည်းခံနေရပါစေ၊ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းရရှိရန် လူများများပို၍ ခေါ်ဆောင်လာနိုင်သရွေ့၊ ပုဂ္ဂိုလ်ရေး ဆုံးရှုံးမှု မည်မျှရှိသည်ဖြစ်စေ ၎င်းကို တာဝန်တစ်ခုအဖြစ် မှတ်ယူရပါမည်။ ဤတစ်ခုတည်းသာ အကောင်းဆုံး ကောင်းမှု လုပ်ဆောင်ခြင်း ဖြစ်သည်။ လူတို့သည် ဤကဲ့သို့သော ကောင်းမှုကို ပိုမိုလုပ်ဆောင်နိုင်ပါက၊ ယင်းကို လုံလောက်သည့် ကောင်းမှုများအဖြစ် သဘောထားနိုင်ပါသည်။ ဤကား ဘုရားသခင်ကို အပျော်ရွှင်ဆုံးနှင့် အဝမ်းမြောက်ဆုံး ဖြစ်စေသောအရာဖြစ်ပြီး ထိုသို့သော လူမျိုးသည် ဘုရားသခင်၏ ချီးမွမ်းမှုကို ဧကန်အမှန် ရရှိမည်ဖြစ်သည်။ ဤသည်ကလွဲ၍၊ ကျွန်ုပ်တို့၏ တာဝန်ကို ကျေပြွန်အောင် ဆောင်ရွက်ရာတွင် တာဝန်သိစိတ်ရှိပြီး၊ စေ့စေ့စပ်စပ်ရှိကာ၊ မိမိကိုယ်ကို တိုးတက်ကောင်းမွန်စေရန် အစဉ်လေ့လာနေရမည် ဖြစ်ပြီး၊ ဟန်ဆောင်လုပ်ပြခြင်းကို စိုးစဉ်းမျှပင် ခွင့်မပြုရပါ။ ဘုရားသခင်အဘို့ မိမိတို့ကိုယ်ကို အသုံးခံရန်အတွက်၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အလိုတော်ကို ပြည့်စုံစွာ ကျေနပ်မှု မပေးမီတွင် ကျွန်ုပ်တို့သည် သစ္စာရှိသည့် ပေးဆပ်မြှုပ်နှံမှု ရှိရပါမည်။

—အထက်အရပ်မှ မိတ်သဟာယပြုခြင်း

အရှေ့သို့- ၆။ ဒုက္ခဆင်းရဲ၏အဓိပ္ပာယ်နှင့် ဘုရားသခင်ကို ယုံကြည်သူများ သည်းခံရမည့် ဒုက္ခဆင်းရဲအမျိုးအစား

နောက်တစ်ခုသို့- အခန်း ရှစ် လူအမျိုးမျိုးအဖုံဖုံတို့၏ နိဂုံးအဆုံးများနှင့် လူသားအား ပေးထားသော ဘုရားသခင်၏ ကတိများ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။