အမေ ကင်ဆာဖြစ်နေကြောင်း သိရပြီးနောက်

05.06.2024

၂၀၂၃ခုနှစ် ဇွန်လမှာ ဧဝံဂေလိအလုပ် လိုအပ်ချက်တွေကြောင့် တာဝန်ထမ်းဆောင်ဖို့ အိမ်ကထွက်တော့မလို့ပဲ။ အချိန်အတော်ကြာတဲ့အထိ ကျွန်မပြန်လာနိုင်မှာမဟုတ်ဘူးဆိုတာကို သိနေခဲ့လို့ အိမ်ပြန်မယ်။ မိဘတွေကို အသိပေးရင်းနဲ့ အဝတ်အစားတွေသယ်မယ်လို့ တွေးထားခဲ့တာပေါ့။ အိမ်လည်းရောက်ရော အမေက ထိုင်ခုံပေါ်မှာ ဆေးပုလင်းတန်းလန်းနဲ့ ဖြူဖတ်ဖြူရော် ဖြစ်နေတာကို တွေ့လိုက်ရတယ်။ ဘာဖြစ်လို့လဲလို့ ကျွန်မမေးတော့ သူကဘာမှအရေးမကြီးပါဘူး။ ခွဲစိတ်မှုအသေးစားလေးလုပ်လိုက်ရင် သက်သာသွားမှာပါတဲ့။ ဒါပေမယ့် ကြည့်ရတာတော့ တစ်ခုခုဖြစ်နေတဲ့ပုံပဲ။ အဲဒါနဲ့ ကျွန်မသူ့ရဲ့ဆေးမှတ်တမ်းတွေ တောင်းကြည့်လိုက်တယ်။ ကင်ဆာအကျိတ်သုံးခုရှိနေတယ်လို့ ဆေးမှတ်တမ်းမှာပြောထားတော့ ကျွန်မတုန်လှုပ်သွားတယ်။ အမေကင်ဆာဖြစ်နေပြီ။ ကင်ဆာအကျိတ်တွေဆိုတော့ သူပြန်ကောင်းနိုင်ပါ့မလား။ ကုသလို့မရခဲ့ရင်ဘယ်လိုလုပ်မလဲ။ “အခုသမီးအမေ ဓာတ်ရောင်ခြည်ကုထုံးနဲ့ ကုသမှုခံယူနေတယ်။ ကုသမှု အောင်မြင်မလားဆိုတာက အဲဒီကုထုံးနဲ့ ဘယ်လောက်အဆင်ပြေလဲဆိုတဲ့ပေါ်မှာ မူတည်တယ်” လို့ အဖေက ပြောတယ်။ ဘာပဲဖြစ်ဖြစ် ဒါကလည်း ဘုရားသခင် ခွင့်ပြုလို့ဖြစ်တဲ့အတွက် ကျွန်မ စောဒကတက်လို့ မရဘူးဆိုတာ သိလိုက်တယ်။ အဲဒါနဲ့ ကျွန်မရဲ့နှလုံးသားကို ကာကွယ်ပေးဖို့ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။ အမေနေမကောင်းလို့ဆေးရုံတက်နေရတုန်းက ကျွန်မမောင်လေးက ဆေးရုံမှာအမေ့ကို ဘယ်လိုဂရုစိုက်ခဲ့ပြီး နောက်အလုပ်တစ်ခုလုပ်ပြီးတော့တောင် အမေ့ဆေးဖိုးတွေအတွက် ပိုက်ဆံရှာခဲ့ရတာတွေ အဖေက ကျွန်မကိုဆက်ပြောပြတယ်။ အဲဒီလိုကြားရတော့ ကျွန်မတော်တော် စိတ်မကောင်းဖြစ်သွားတယ်။ ကျွန်မက ဒီမိသားစုထဲမှာ အကြီးဆုံးဆိုတော့ ဒါတွေအားလုံးကို ကျွန်မပဲ ကိုင်တွယ်ဖြေရှင်းခဲ့သင့်တာ။ ဒါပေမယ့် ဘာအကူအညီမှမပေးနိုင်ခဲ့ဘူး။ ကျွန်မက အသိစိတ်မရှိဘူး၊ သားသမီးဝတ်မကျေပွန်ဘူး၊ မွေးရကျိုးမနပ်ဘူးလို့များ ထင်နေကြမလား။ အမေကတော့ “ဘာမှမပူနဲ့။ မကြောက်နဲ့။ ဘယ်လောက်ကြာကြာနေရမလဲဆိုတာ ဘုရားသခင်ပေါ်ပဲမူတည်တယ်။ ကိုယ့်တာဝန်သာကိုယ် ဆက်လုပ်။ အမေ့အတွက် မပူနဲ့” လို့ အားပေးတယ်။ အမေ အဲဒီလိုပြောတာကြားတော့ ကျွန်မတကယ်အိမ်မှာပဲနေပြီး သူ့ကိုပြုစုစောင့်ရှောက်ပေးချင်ခဲ့တယ်။ ဒါပေမဲ့ အသင်းတော်မှာ လုပ်စရာတွေက အများကြီးရှိသေးတော့ အိမ်မှာနေလို့ မဖြစ်ဘူးဆိုတာလည်း သိနေခဲ့တယ်။ အမေဒါမျိုးဖြစ်နေတာမြင်ရတော့ အိမ်ကနေ အဝေးမှာ တာဝန်ထမ်းဆောင်ဖို့ စီစဉ်ထားတယ်ဆိုတာကို ကျွန်မ ပြောမထွက်ခဲ့ဘူး။ ဒါနဲ့ပဲ နောက်ဆုံးမှာ ဘာမှမပြောဘဲ ခပ်သုတ်သုတ်ထွက်လာလိုက်တယ်။

တစ်လမ်းလုံး အမေဟာ ဆေးရုံမှာ ပြုစုစောင့်ရှောက်မယ့်သူမရှိဘဲ နေမကောင်းဖြစ်နေတာ၊ မောင်လေးက အမေ့ဆေးဖိုးတွေပေးဖို့ အလုပ်ကြိုးစားလုပ်နေတာတွေပဲ တွေးနေခဲ့မိတယ်။ အဲဒီလိုတွေးမိလေလေ ပိုပြီးစိတ်ဆင်းရဲလေလေပဲ။ အမေ့သမီးတစ်ယောက်အနေနဲ့ သူနေမကောင်းချိန်မှာ သူ့အနားမှာ ပြုစုစောင့်ရှောက်ပေးသင့်ပေမဲ့ ကျွန်မက မပြုစုမစောင့်ရှောက်နိုင်ရုံတင်မဟုတ်ဘူး ဘာမှကိုမကူပေးနိုင်ခဲ့ဘူး။ သူများတွေကြားရင် ကျွန်မကိုဘယ်လိုပြောကြမလဲ။ ကျွန်မက အသိတရားခေါင်းပါးပြီး ကျေးဇူးကန်းတယ်လို့များပြောကြမလား။ ကျွန်မမောင်လေးကရော ကျွန်မကို မကျေနပ်ကြောင်း ပြောနေမလား။ တွေးမိလေလေ စိတ်ဆင်းရဲလေလေဖြစ်လာပြီးတော့ အိမ်ကထွက်ချင်စိတ်ရော၊ တာဝန်ထမ်းဆောင်ချင်စိတ်ပါ ပျောက်သွားတယ်။ ရင်ထဲမှာတော့ “ဘုရားသခင် ကျွန်မ တာဝန်ထမ်းဆောင်ဖို့ အိမ်ကထွက်လို့မရဘူး။ အမေ့မှာကင်ဆာဖြစ်နေပြီ။ ကျွန်မသာအခုနေထားခဲ့ရင် နောက်ဘယ်တော့မှသူ့ကိုပြန်တွေ့ရတော့မှာမဟုတ်ဘူး။ အိမ်မှာပဲနေပြီး တာဝန်ထမ်းဆောင်မယ်ဆိုရင် အားတဲ့အချိန်မှာ အမေ့ကိုလည်းသွားတွေ့လို့ရတာပေါ့။” လို့ဘုရားသခင်ကို ပြောခဲ့ပါတယ်။ အဲဒီနောက် ကျွန်မရဲ့တာဝန်တွေကို ဆက်ထမ်းဆောင်ခဲ့ပေမယ့် စိတ်မတည်မငြိမ်ဖြစ်ပြီးတော့ အာရုံစိုက်လို့မရခဲ့ဘူး။ “အမေဘယ်လိုနေမလဲမသိဘူး။” လို့ပဲတွေးနေမိတယ်။ အချိန်ရအောင်လုပ်ပြီး အိမ်ပြန်ပြီးအမေနဲ့ တွေ့ချင်နေခဲ့တယ်။ ကျွန်မရဲ့အခြေအနေက လွဲနေပြီဆိုတာကို သိခဲ့တဲ့အတွက် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ရှာဖတ်ခဲ့ပါတယ်။ ဒီအပိုဒ်ကိုသွားတွေ့တယ်။ “အချိန်ကာလတိုင်းနှင့် အဆင့်တိုင်းတွင် အသင်းတော်၌ လူတို့၏ အယူအဆများနှင့် ကွဲလွဲသော အထူးကိစ္စအချို့ ဖြစ်ပျက်သည်။ ဥပမာ လူအချို့ နေမကောင်းဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ လူစားလဲခံရသည်။ လူအချို့မှာ ဖော်ထုတ်ခံရပြီး ဖယ်ရှားရှင်းလင်းခံရသည်။ အချို့မှာ သေရေး၊ ရှင်ရေး စမ်းသပ်မှုကို ရင်ဆိုင်ရသည်။ အချို့အသင်းတော်များတွင် အနှောင့်အယှက်များ ဖြစ်စေသည့် ကောက်ကျစ်ဆိုးယုတ်သော လူများ၊ အန္တိခရစ်များ၊ စသည်တို့ပင် ရှိသည်။ ဤအရာများသည် ရံဖန်ရံခါ ဖြစ်ပျက်၏။ သို့သော် ၎င်းတို့သည် မတော်တဆဖြစ်ခြင်း လုံးဝ မဟုတ်ပေ။ ဤအရာများအားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များ၏ ရလဒ်ဖြစ်သည်။ အလွန်ငြိမ်းချမ်းသော အချိန်ကာလသည် အချို့သော အကြောင်းထူးများ သို့မဟုတ် ပုံမှန်မဟုတ်သော ဖြစ်ရပ်များကြောင့် ရုတ်တရက် အလျဉ်ပြတ်သွားနိုင်သည်။ ဤအရာများသည် သင်တို့အနီးတွင် သို့မဟုတ် သင်ကိုယ်တိုင်အပေါ်တွင် လာဖြစ်ပျက်သည်။ ဤအရာများ ဖြစ်ပေါ်ခြင်းသည် လူတို့ဘဝ၏ ပုံမှန်အစီအစဉ်တကျရှိခြင်းနှင့် ပုံမန်အခြေအနေကို ပျက်ပြားစေသည်။ အပြင်ပန်းတွင် ဤအရာများသည် လူတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် မကိုက်ညီပေ။ ဤအရာများသည် လူတို့က ၎င်းတို့အပေါ်တွင် မဖြစ်ပျက်စေလိုသော သို့မဟုတ် ၎င်းတို့ မမြင်တွေ့လိုသော အရာများဖြစ်သည်။ သို့ဆိုလျှင် ဤအရာများ ဖြစ်ပျက်ခြင်းက လူတို့ကို အကျိုးပြုသလော။...မည်သည့်အရာကမျှ မတော်တဆ မဖြစ်ပျက်ပေ။ အရာရာတိုင်းကို ဘုရားသခင်က အုပ်စိုးထားသည်။ လူတို့သည် ဤအရာကို သဘောတရားအရ နားလည်ပြီး လက်ခံနိုင်သော်လည်း ဘုရားသခင်၏ အချုပ်အခြာအာဏာကို မည်သို့ သဘောထားသင့်သနည်း။ ဤသည်မှာ လူတို့ လိုက်စားပြီး နားလည်သင့်သည့် သမ္မာတရားဖြစ်သည်။ ယင်းကို အတိအကျ လက်တွေ့လုပ်ဆောင်သင့်သည်။ လူတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သဘောတရားအရသာ အသိအမှတ်ပြုသော်လည်း အမှန်တကယ် နားလည်ခြင်းမရှိလျှင်၊ ၎င်းတို့ကိုယ်တိုင်၏ အယူအဆများ၊ စိတ်ကူးများကို မဖြေရှင်းရသေးလျှင် ဘုရားသခင်ကို ၎င်းတို့ နှစ်မည်မျှကြာ ယုံကြည်သည်ဖြစ်စေ၊ ၎င်းတို့တွေ့ကြုံသည့်အရာများက မည်မျှရှိသည်ဖြစ်စေ နောက်ဆုံးတွင် ၎င်းတို့သည် သမ္မာတရားကို ရရှိနိုင်ဦးမည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၁)) လူတွေဟာ ဘဝရဲ့ အချိုးအကွေ့အမျိုးမျိုးမှာ ခက်ခဲတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကတစ်ဆင့် ကျွန်မ နားလည်လာခဲ့တယ်။ လူတွေက ဒီလိုအခြေအနေမျိုးတွေ ကြုံဖို့ ဆန္ဒရှိချင်မှရှိမှာဖြစ်ပေမဲ့ အဲဒါတွေထဲမှာ ဘုရားအလိုတော် ပါနေတယ်။ သမ္မာတရားကို မရှာဖွေဘဲ ကိုယ့်အယူအဆ၊ ကိုယ့်စိတ်ကူးတွေနဲ့ နေပြီး ဘုရားကို အထင်လွဲလို့ စောဒကတက်နေရင် အဲဒီလိုအခြေအနေတွေကနေ သင်ယူနိုင်ဖို့ ခက်လိမ့်မယ်။ အမေနေမကောင်းဖြစ်တုန်းက ရခဲ့တဲ့သင်ခန်းစာတွေရှိတယ်။ ကျွန်မဘာသာပဲ သမ္မာတရားကို ရှာဖွေပြီး ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ခဲ့ရတယ်။ အမေကင်ဆာဖြစ်နေပြီလို့ ကြားလိုက်ရတဲ့ အချိန်ကို ပြန်တွေးမိတယ်။ ကုထုံးက အလုပ်မဖြစ်မှာကို စိုးရိမ်ခဲ့တယ်။ သူဆေးရုံမှာ ဓာတ်ရောင်ခြည်ကုထုံးယူနေတုန်း ကျွန်မဂရုမစိုက်မိလို့ သူစိတ်ထိခိုက်သွားမှာကိုလည်း စိတ်ပူခဲ့တယ်။ ကျွန်မကိုမွေးရကျိုးမနပ်ဘူးလို့များ ထင်သွားမလားပေါ့။ ဒီအပူတွေနဲ့ ကျွန်မမှာ တာဝန်ထမ်းဆောင်ဖို့ သွားချင်စိတ်လည်း ချက်ချင်းကို ပျောက်သွားတယ်။ ဘုရားသခင်ဆီမှာတောင် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပြောခဲ့သေးတယ်။ အခုလိုအမေနေမကောင်းတဲ့အချိန် အိမ်မှာပဲနေပြီး သူ့ကိုဂရုစိုက်ရမယ်လို့ ခံစားမိခဲ့တယ်။ ကိုယ့်တာဝန် ထမ်းဆောင်ဖို့ အိမ်က ထွက်မသွားရက်နိုင်ဘူး။ ကျွန်မရဲ့ စိတ်ခံစားချက် သံယောဇဉ်က ကြီးလွန်းလို့ အဲဒါတွေကိုဖြေရှင်းနိုင်ဖို့ သမ္မာတရားကိုရှာဖွေခဲ့ရတယ်။

နောက်ပိုင်းကျတော့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေထဲက ဆီလျော်တဲ့စာပိုဒ်တွေကို ရှာဖတ်ခဲ့ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “မယုံကြည်သူများ၏ လောကတွင် ‘ကျီးကန်းများက ၎င်းတို့၏မိခင်ကို အစာကျွေးခြင်းအားဖြင့် ကျေးဇူးဆပ်သည်။ သိုးငယ်များက ၎င်းတို့၏မိခင်ထံမှ နို့ကို ရရှိဖို့ ဒူးထောက်သည်’ ဟူသည့် ဆိုရိုးစကားတစ်ခုရှိသည်။ ‘သားသမီးဝတ် မကျေပွန်သောသူသည် သားရဲတိရစ္ဆာန်ထက် နိမ့်ကျသည်’ ဟူသည့် ဤဆိုရိုးစကားလည်း ရှိသည်။ ဤဆိုရိုးစကားများသည် အလွန်ပင် ဟိတ်ဟန်များလှပါတကား။ အမှန်တကယ်တွင် ကျီးကန်းများက ၎င်းတို့၏မိခင်ကို အစာကျွေးခြင်းအားဖြင့် ကျေးဇူးဆပ်သည်။ သိုးငယ်များက ၎င်းတို့၏မိခင်ထံမှ နို့ကို ရရှိဖို့ ဒူးထောက်သည်ဟူသည့် ပထမဆိုရိုးစကားက ပြောသော ဖြစ်ရပ်သည် အမှန်ပင် တည်ရှိသည်။ ဤသည်တို့မှာ အမှန်တရားများဖြစ်သည်။ သို့ရာတွင် ယင်းတို့သည် တိရစ္ဆာန်လောက၏ ဖြစ်ရပ်များသာဖြစ်သည်။ သက်ရှိသတ္တဝါအမျိုးမျိုးအတွက် ဘုရားသခင်က ချမှတ်ခဲ့သော နိယာမတစ်မျိုးသာဖြစ်သည်။ ပြီးလျှင် လူသားများအပါအဝင် သက်ရှိသတ္တဝါမျိုးစုံ လိုက်နာသော နိယာမဖြစ်သည်။...လူတို့သည် အဘယ်ကြောင့် ဤသို့သောအရာများကို ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် လူ့အဖွဲ့အစည်းနှင့် လူအုပ်စုများအတွင်းတွင် မမှန်ကန်သော အယူအဆနှင့် သဘောတူညီမှုအမျိုးမျိုး ရှိသောကြောင့်ဖြစ်သည်။ လူတို့သည် ဤအရာများ၏ လွှမ်းမိုးခြင်း၊ ဖျက်ဆီးခြင်း၊ ဖောက်ပြန်ပျက်ယွင်းစေခြင်းကို ခံရပြီးနောက်တွင် ၎င်းတို့အတွင်း၌ မိဘနှင့် သားသမီးဆက်ဆံရေးအပေါ် မတူညီသော အနက်ဖွင့်ဆိုခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းနည်းလမ်းများ ဖြစ်ပေါ်လာသည်။ ပြီးလျှင် အဆုံးတွင် ၎င်းတို့သည် ၎င်းတို့မိဘများကို ၎င်းတို့၏ ကြွေးရှင်များအဖြစ်၊ ၎င်းတို့၏ တစ်ဘဝလုံး မည်သည့်အခါမျှ ပြန်လည်ပေးဆပ်နိုင်မည်မဟုတ်သည့် ကြွေးရှင်များအဖြစ် ဆက်ဆံကြသည်။ မိမိတို့၏ မိဘများကို မပျော်ရွှင်စေသည့် အရာတစ်ခုကို လုပ်ဆောင်ခဲ့သောကြောင့်၊ သို့မဟုတ် မိမိတို့၏ မိဘများက အလိုရှိသည့်လမ်းကို မသွားခဲ့သောကြောင့် မိမိတို့၏ မိဘများသေဆုံးပြီးနောက်တွင် တစ်ဘဝလုံး အပြစ်ရှိသလိုခံစားနေရပြီး မိဘများ၏ ကြင်နာမှုဖြင့် မထိုက်တန်ဟု မိမိတို့ကိုယ်ကို ထင်သောသူအချို့ပင်ရှိသည်။ ငါ့ကို ပြောလော့။ ဤသည်မှာ အလွန်အကျွံဖြစ်ခြင်း မဟုတ်သလော။ လူတို့သည် ၎င်းတို့၏ ခံစားချက်ထဲတွင် နေထိုင်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဤခံစားချက်များမှ အရင်းခံသည့် အယူအဆအမျိုးမျိုး၏ ထိပါးခြင်းနှင့် နှောင့်ယှက်ခြင်းကိုသာ ခံရနိုင်သည်။ လူတို့သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အတွေးအမြင်စနစ်က အရောင်ဆိုးသည့် ပတ်ဝန်းကျင်တစ်ခုတွင် နေထိုင်သောကြောင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆမျိုးမျိုး၏ ထိပါးခြင်းနှင့် နှောင့်ယှက်ခြင်းကို ခံရသည်။ ယင်းကြောင့် ၎င်းတို့ဘဝသည် မောပန်းပြီး အခြားသော သက်ရှိသတ္တဝါများထက်ပို၍ ရှုပ်ထွေးသည်။ သို့ရာတွင် ယခုအချိန်၌ ဘုရားသခင်က အလုပ်လုပ်နေသောကြောင့်၊ ဤအမှန်တရားများ အားလုံး၏ တကယ့်သဘောသဘာဝကို လူတို့အား ပြောပြရန်၊ ၎င်းတို့အား သမ္မာတရားကို နားလည်စေဖို့ ထောက်ကူပေးရန် သမ္မာတရားကို ဖော်ပြနေသောကြောင့် သမ္မာတရားကို သင်နားလည်ပြီးနောက်တွင် ဤမှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများနှင့် အမြင်များသည် သင့်အပေါ် ဝန်လေးစေမည်မဟုတ်တော့ပေ။ ပြီးလျှင် ယင်းတို့သည် သင့်မိဘများနှင့် သင်၏ဆက်ဆံရေးအား ကိုင်တွယ်ရန်နည်းလမ်းအတွက် လမ်းညွှန်အဖြစ် အသုံးတည့်တော့မည် မဟုတ်တော့ပေ။ ဤအခြေအနေတွင် သင်၏ဘဝသည် ပို၍ စိုးရိမ်သောက ကင်းလိမ့်မည်။ စိုးရိမ်သောကကင်းသောဘဝကို နေထိုင်ခြင်းက သင်သည် သင်၏တာဝန်များနှင့် ဝတ္တရားများကို သိမည်မဟုတ်ဟု မဆိုလိုပေ။ ဤအရာများကို သင်သိဦးမည်ဖြစ်သည်။ သင်၏ တာဝန်များနှင့် ဝတ္တရားများကို ချဉ်းကပ်ရန်အတွက် မည်သည့်ရှုထောင့်နှင့် နည်းလမ်းများကို သင်ရွေးချယ်သည်ဆိုသည့်အပေါ်သာ မူတည်သည်။ လမ်းကြောင်းတစ်ခုမှာ ခံစားချက်များနှင့် သက်ဆိုင်သေ လမ်းကို ရွေးချယ်ရန်ဖြစ်ပြီး စိတ်ခံစားချက်ဆိုင်ရာ နည်းလမ်းများအပြင် စာတန်က လူကို လမ်းညွှန်သည့် နည်းလမ်း၊ အယူအဆ၊ အမြင်များကို အခြေခံပြီး ဤအရာများကို ကိုင်တွယ်ဖြေရှင်းရန်ဖြစ်သည်။ အခြားလမ်းမှာ ဘုရားသခင်က လူကို သွန်သင်ပေးခဲ့သည့် နှုတ်ကပတ်တော်များအပေါ် အခြေခံပြီး ဤအရာများကို ကိုင်တွယ်ဖြေရှင်းရန် ဖြစ်သည်။ လူတို့က စာတန်၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအယူအဆများနှင့် အမြင်များအတိုင်း ဤအမှုကိစ္စများကို ကိုင်တွယ်သောအခါ ၎င်းတို့သည် ၎င်းတို့ခံစားချက်များ၏ နှောင်ဖွဲ့မှုများအတွင်းတွင်သာ နေထိုင်နိုင်သည်။ ပြီးလျှင် အမှန်နှင့် အမှားကို မည်သည့်အခါမျှ မခွဲခြားနိုင်ပေ။ ဤအခြေအနေများအောက်တွင် ၎င်းတို့သည် ကျော့ကွင်းထဲတွင် နေထိုင်ဖို့မှလွဲ၍ ရွေးချယ်စရာမရှိဘဲ ‘ခင်ဗျားက မှန်သည်။ ကျွန်ုပ်က မှားသည်။ ခင်ဗျားက ကျွန်ုပ်ကို ပို၍ပေးသည်။ ကျွန်ုပ်က ခင်ဗျားကို သိပ်မပေးပါ။ ခင်ဗျားသည် ကျေးဇူးမသိတတ်ပါ။ ခင်ဗျားသည် စည်းကျော်နေခြင်းဖြစ်သည်’ ဟူသကဲ့သို့သော အမှုကိစ္စများနှင့် အစဉ် ရှုပ်ထွေးနေသည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် ရှင်းလင်းစွာ စကားပြောသောအချိန် မည်သည့်အခါမျှ မရှိပေ။ သို့သော်လည်း လူတို့သည် သမ္မာတရားကို နားလည်ပြီးနောက်တွင်၊ ၎င်းတို့၏ မှားယွင်းသော အယူအဆများနှင့် အမြင်များအပြင် ခံစားချက်များ၏ ကွန်ရက်မှ လွတ်မြောက်သောအခါတွင် ဤအမှုကိစ္စများသည် ၎င်းတို့အတွက် ရိုးရှင်းလာသည်။ သင်က မှန်ကန်ပြီး ဘုရားသခင်ထံမှလာသော သမ္မာတရားစည်းမျဉ်း၊ အယူအဆ၊ သို့မဟုတ် အမြင်ကို လိုက်နာလျှင် သင့်ဘဝက အလွန်ပင် စိုးရိမ်သောကကင်းလိမ့်မည်။ လူထုအမြင်၊ သို့မဟုတ် သင့်အသိစိတ်၏ သိမြင်မှု၊ သို့မဟုတ် သင့်ခံစားချက်များ၏ ဝန်ထုပ်ဝန်ပိုးတို့က သင့်မိဘများနှင့် သင်၏ဆက်ဆံရေးအား သင်ကိုယ်တွယ်သည့်ပုံစံကို ဟန့်တားတော့မည်မဟုတ်ပေ။ ယှဉ်ကြည့်လျှင် ဤအရာများသည် သင့်အား ဤဆက်ဆံရေးကို မှန်ကန်ပြီး ဆင်ခြင်တုံတရားရှိသောနည်းဖြင့် ရင်ဆိုင်နိုင်အောင် ထောက်ကူပေးလိမ့်မည်။ သင်သည် ဘုရားသခင်က လူအား ပေးအပ်ခဲ့သော သမ္မာတရားစည်းမျဉ်းများနှင့်အညီ လုပ်ဆောင်လျှင် လူတို့က သင့်နောက်ကွယ်၌ သင့်အား ဝေဖန်လျှင်ပင် သင်သည် ငြိမ်သက်ခြင်းကို ခံစားရပြီး သင်၏ စိတ်နှလုံးအတွင်းထဲတွင် တည်ငြိမ်မှုရှိလိမ့်မည်။ ပြီးလျှင် သင့်အပေါ် သက်ရောက်မှုရှိမည်မဟုတ်ပေ။ အနည်းဆုံးအနေဖြင့် သင်သည် စာနာစိတ်မရှိသော ကျေးဇူးကန်းသူတစ်ယောက်ဖြစ်ခြင်းအတွက် သင့်ကိုယ်သင် ဒေါသဖြင့် ဝေဖန်ပြောဆိုမည်မဟုတ်၊ သို့မဟုတ် သင့်စိတ်နှလုံးအတွင်းထဲ၌ လိပ်ပြာမလုံခြင်းကို ခံစားရမည်မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်၏ လုပ်ဆောင်မှုများအားလုံးသည် ဘုရားသခင်က သင့်အား သွန်သင်ပေးခဲ့သော နည်းလမ်းများအတိုင်း လုပ်ဆောင်ခြင်း ဖြစ်သည်ကိုလည်းကောင်း၊ သင်သည် ဘုရားနှုတ်ကပတ်တော်ကို နားထောင်ပြီး ကျိုးနွံနာခံနေကာ သူ၏ လမ်းခရီးနောက်သို့ လိုက်နေသည်ကိုလည်းကောင်း သင်သိမည်ဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်အား နားထောင်ခြင်းနှင့် သူ၏ လမ်းခရီးနောက်သို့ လိုက်ခြင်းသည် အားလုံးထဲတွင် လူတို့ အပိုင်ဆိုင်သင့်ဆုံးသော အသိစိတ်ဖြစ်သည်။ ဤအရာများကို သင်လုပ်ဆောင်နိုင်သောအခါမှသာ သင်သည် စစ်မှန်သော လူတစ်ယောက် ဖြစ်လိမ့်မည်။ သင်သည် ဤအရာများကို မဖြစ်မြောက်ခဲ့လျှင် သင်သည် စာနာစိတ်ကင်းမဲ့သော ကျေးဇူးကန်းသူတစ်ယောက် ဖြစ်သည်။ ဤသို့ မဟုတ်သလော။ (ဟုတ်ပါသည်။)” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)) “သားသမီးဝတ်သည် အရာအားလုံးထက် ပိုပြီး ထိန်းသိမ်းရမည့် သူတော်ကောင်းတရား ဖြစ်၏”တို့၊ “သားသမီးကျင့်ဝတ်မကျေပွန်သူသည် သားရဲတိရစ္ဆာန်ထက်နိမ့်ကျသည်တို့လို” မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အမြင်တွေကြောင့် ကျွန်မအရမ်းစိတ်ဆင်းရဲခဲ့ရတယ်ဆိုတာကို ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကနေတဆင့် နားလည်လာခဲ့တယ်။ အဲဒါတွေကို စေတန်က အရိုးစွဲနေအောင် ရိုက်သွင်းပေးထားခဲ့တာ။ မိဘတွေအပေါ် သားသမီးကျင့်ဝတ်သာ မကျေပွန်နိုင်ခဲ့ရင် ကျေးဇူးမသိတတ်၊ တာဝန်မကျေတဲ့သမီးတစ်ယောက်ပဲဖြစ်မယ်လို့ ခံစားခဲ့ရတယ်။ အထူးသဖြင့် ယောကျ်ားကပိုမြတ်တယ်လို့ယူဆကြတဲ့အချိန်မျိုးမှာ ကျွန်မကိုမွေးခဲ့ရတာ လွယ်မှာမဟုတ်ဘူး။ အမေက အများကြီး အရှက်ကွဲပြီး အဆူခံရပေမဲ့လည်း မောင်လေးထက် ကျွန်မကိုပိုချစ်ခဲ့ပါတယ်။ အထူးသဖြင့် ကျွန်မရဲ့ယုံကြည်သက်ဝင်မှုနဲ့ တာဝန်ကိုလည်း လက်ခံအားပေးခဲ့တယ်။ ကျွန်မက စိတ်ခံစားချက် သံယောဇဉ်က အရမ်းကြီးတယ်ဆိုတာကို သူသိခဲ့တယ်။ ကျွန်မအာရုံနောက်ပြီး တာဝန်ကိုကောင်းကောင်းမထမ်းဆောင်နိုင်မှာစိုးလို့ အိမ်မှာတစ်ခုခုဖြစ်ရင်လည်း သူကပြောပြလေ့မရှိဘူး။ စိတ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ် ငွေရေးကြေးရေးပဲဖြစ်ဖြစ် အမေကအများကြီးကူညီထောက်ပံ့ခဲ့ပြီးတော့ ကျွန်မရဲ့တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်ဖို့လည်း အားပေးလေ့ရှိတယ်။ အဲဒီလိုတွေးမိတော့ သူနေမကောင်းတဲ့အချိန် ကျွန်မသူ့အနားမှာမရှိပေးနိုင်တာကို တော်တော်လေးစိတ်မကောင်းဖြစ်မိတယ်။ သမီးတစ်ယောက်အနေနဲ့ မိဘကို ရိုသေလေးစားမှုမရှိရင် သူတို့နာမကျန်းဖြစ်တဲ့အချိန် ဂရုမစိုက်ရင် သားသမီးဝတ်မကျေပွန်ဘဲ ကျေးဇူးကန်းတာလို့ အမြဲတွေးခဲ့တယ်။ ဒါဆို သူတို့နဲ့ ရင်ဆိုင်ဖို့ လိပ်ပြာမသန့်ဘဲ အရှက်ရမှာပဲပေါ့။ ကျွန်မက ဆိုးယုတ်တဲ့ အဆိပ်တွေရဲ့ လွှမ်းမိုးမှုကို တော်တော်ခံခဲ့ရတာ။ ဒါကို ရိုးရာဓလေ့အမြင်နဲ့ စိတ်ခံစားချက် သံယောဇဉ်တွေ့ရဲ့ ရှုထောင့်ကနေ ဆက်ကြည့်နေရင်တော့ ကိုယ့်အမေကို မပြုစုတာက သားသမီးဝတ်မကျေပွန်ဘူးလို့ တွေးပြီး ဒီအတွေးအခေါ်နဲ့ဆိုင်တဲ့ ဝန်တွေကို ထမ်းနေရဦးမှာပဲ။ အဲဒီလိုနေရတာ အင်မတန်ပင်ပန်းပြီး စိတ်ဆင်းရဲဖို့ကောင်းပါတယ်။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေထဲက သမ္မာတရားအတိုင်း လူတွေနဲ့ အရာရာကိုမြင်တတ်ဖို့ ဒီအယူအဆတွေအားလုံးကို စွန့်လွှတ်ဖို့ကြိုးစားခဲ့ရတယ်။ အဲဒီအခါကျမှပဲ ကျွန်မရဲ့သောကတွေကို ဖယ်ရှားနိုင်ခဲ့တယ်။

နောက်ကျတော့ ဝတ်ပြုရင်းနဲ့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေထဲက ဒီစာပိုဒ်ကို သွားတွေ့တယ်။ အဲဒါက ကျွန်မမိဘတွေနဲ့ ဆက်ဆံရေးကို တွေးတောပုံနဲ့ပတ်သက်ပြီး ပိုရှင်းလင်းသွားစေခဲ့တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “သင်သည် သားသမီးတစ်ယောက်အနေဖြင့် သင့်မိဘများက သင်၏ ကြွေးရှင်များမဟုတ်သည်ကို နားလည်သင့်သည်။ ဤဘဝတွင် သင်လုပ်ဆောင်ရမည့်အရာ များစွာရှိသည်။ ယင်းတို့အားလုံးမှာ ဖန်ဆင်းခံတစ်ယောက် လုပ်ဆောင်သင့်သည့်၊ ဖန်ဆင်းခြင်းသခင်က သင့်အပေါ် အပ်နှံထားသည့် အရာများဖြစ်သည်။ ပြီးလျှင် ယင်းတို့သည် သင့်မိဘများ၏ ကြင်နာမှုကို ပြန်ပေးဆပ်ခြင်းနှင့် လုံးဝ သက်ဆိုင်မှုမရှိပေ။ သင့်မိဘများအပေါ် သားသမီးဝတ်ကျေပွန်ခြင်း၊ ၎င်းတို့အား ပြန်လည်ပေးဆပ်ခြင်း၊ ၎င်းတို့၏ ကြင်နာမှုကို တုံ့ပြန်ခြင်းဟူသည့်အရာတို့သည် ဘဝတွင် သင်၏တာဝန်နှင့် သက်ဆိုင်ခြင်းမရှိပေ။ သင့်မိဘများအပေါ် သားသမီးဝတ် ကျေပွန်ရန်၊ ၎င်းတို့အား ပြန်လည်ပေးဆပ်ရန်၊ သို့မဟုတ် ၎င်းတို့အပေါ် သင်၏တာဝန်တစ်ခုခုကို ဖြည့်ဆည်းရန် သင့်အနေဖြင့် မလိုအပ်ဟုလည်း ဆိုနိုင်သည်။ ရိုးရှင်းစွာ ဆိုရလျှင် အခြေအနေပေးသောအခါ၌ ဤအရာအနည်းငယ်ကို သင် လုပ်ဆောင်နိုင်ပြီး သင့်တာဝန်အနည်းငယ်ကို ဖြည့်ဆည်းနိုင်သည်။ အခြေအနေ မပေးသောအခါတွင် ဤသို့ မလျှော့တမ်းလုပ်ဆောင်ရန် မလိုပေ။ သင့်မိဘများအပေါ် သားသမီးဝတ်ကျေပွန်ရန် သင်၏တာဝန်ကို မဖြည့်ဆည်းနိုင်လျှင် ဤသည်မှာ အလွန်ဆိုးရွားသောအရာတစ်ခု မဟုတ်ပေ။ သင်၏ အသိစိတ်၊ လူသား ကိုယ်ကျင့်တရား၊ လူသားအယူအဆတို့နှင့် အနည်းငယ်ဆန့်ကျင်ခြင်းသာ ဖြစ်သည်။ သို့သော် အနည်းဆုံးအနေဖြင့် ယင်းသည် သမ္မာတရားနှင့် မဆန့်ကျင်ပေ။ ဤအတွက် ဘုရားသခင်က သင့်အား ရှုတ်ချမည်မဟုတ်ပေ။ သမ္မာတရားကို သင်နားလည်သောအခါ ဤအတွက်ကြောင့် သင်သည် လိပ်ပြာမလုံဟု ခံစားရမည်မဟုတ်ပေ။ ဤသမ္မာတရား၏ သွင်ပြင်လက္ခဏာကို သင်တို့ ယခုနားလည်သွားသဖြင့် သင်တို့၏ စိတ်နှလုံးသည် မတည်ငြိမ်သွားသလော။ (တည်ငြိမ်သွားပါသည်။) လူအချို့က ‘ဘုရားသခင်က ကျွန်ုပ်ကို ရှုတ်ချမည် မဟုတ်သော်လည်း ကျွန်ုပ်၏ အသိစိတ်တွင် ဤအရာကို မကျော်လွှားနိုင်သေးပါ၊ ပြီးလျှင် တည်ငြိမ်မှုမရှိဟု ကျွန်ုပ် ခံစားရသည်’ ဟု ပြောကြသည်။ သင်က ဤသို့ဖြစ်လျှင် သင်၏ ဝိညာဉ်ရင့်ကျက်မှုသည် သေးငယ်လွန်းသည်။ သင်သည် ဤအမှုကိစ္စ၏ အနှစ်သာရကို နားမလည်သေးပေ၊ သို့မဟုတ် မသိမြင်သေးပေ။ လူ၏ ကံကို သင်နားမလည်ပေ။ ဘုရားသခင်၏ အချုပ်အခြာအာဏာကို သင်နားမလည်ပေ။ ပြီးလျှင် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ကြိုတင်စီစဉ်မှုများကို သင်လက်ခံလိုစိတ်မရှိပေ။ သင်သည် လူသားစိတ်နှင့် ကိုယ်ပိုင်ခံစားချက်များကို အစဉ် ပိုင်ဆိုင်သည်။ ပြီးလျှင် ဤအရာများက သင့်အား တွန်းအားပေးပြီး အုပ်စိုးနေသည်။ ယင်းတို့သည် သင်၏ ဘဝဖြစ်လာသည်။ သင်သည် လူသားစိတ်ဆန္ဒကိုလည်းကောင်း၊ သင့်ခံစားချက်များကိုလည်းကောင်း ရွေးချယ်လျှင် သမ္မာတရားကို သင်မရွေးချယ်ခဲ့ပေ။ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်နေခြင်း၊ သို့မဟုတ် နာခံနေခြင်း မဟုတ်ပေ။ သင်သည် လူသားစိတ်ဆန္ဒကိုလည်းကောင်း၊ သင့်ခံစားချက်များကိုလည်းကောင်း ရွေးချယ်လျှင် သင်သည် သမ္မာတရားကို သစ္စာဖောက်နေခြင်းဖြစ်သည်။ သင့်အခြေအနေများနှင့် ပတ်ဝန်းကျင်က သင့်မိဘများအပေါ် သင်သားသမီးဝတ်ကျေပွန်ရန် ခွင့်မပြုသည်မှာ သိသာထင်ရှားပေသည်။ သို့သော် သင်က ‘ငါ့မိဘများအပေါ် အကြွေးတင်သည်။ သူတို့အပေါ် သားသမီးဝတ်မကျေပွန်သေးပါ။ သူတို့က ငါ့ကိုမတွေ့ရသည်မှာ နှစ်အတော်ကြာပြီဖြစ်သည်။ သူတို့ ငါ့ကို ပျိုးထောင်ပေးခဲ့သည်မှာ အလကား ဖြစ်ရလေသည်’ ဟု အစဉ် တွေးသည်။ သင့်စိတ်နှလုံးအတွင်းထဲတွင် ဤအရာများကို လုံးဝ လက်မလွှတ်နိုင်ပေ။ ဤသည်မှာ တစ်ခုကို သက်သေပြသည်။ သမ္မာတရားအား သင် လက်မခံခြင်း ဖြစ်သည်။ အယူဝါဒနှင့်ပတ်သက်လျှင် ဘုရားနှုတ်ကပတ်တော်များက မှန်ကန်သည်ဟု သင် အသိအမှတ်ပြုသည်။ သို့သော် ယင်းတို့ကို သမ္မာတရားအဖြစ် သင်လက်မခံပေ၊ သို့မဟုတ် သင့်လုပ်ရပ်များ၏ စည်းမျဉ်းများအဖြစ် မမှတ်ယူပေ။ ထို့ကြောင့် အနည်းဆုံးအနေဖြင့် သင့်မိဘများအပေါ် သင်၏ဆက်ဆံပုံနှင့်ပတ်သက်လျှင် သင်သည် သမ္မာတရားကို လိုက်စားသူတစ်ယောက် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဤကိစ္စတွင် သင်သည် သမ္မာတရားကို အခြေခံပြီး လုပ်ဆောင်ကာ ဘုရားနှုတ်ကပတ်တော်နှင့်အညီ လက်တွေ့လုပ်ဆောင်ရမည့်အစား သင်၏ စိတ်ခံစားချက်ဆိုင်ရာ လိုအပ်ချက်များ၊ သင့်အသိစိတ်၏ လိုအပ်ချက်များကိုသာ ဖြည့်ဆည်းကာ သင့်မိဘများအပေါ် သားသမီးဝတ်ကျေပွန်လိုပြီး ၎င်းတို့၏ ကြင်နာမှုကို ပြန်လည်ပေးဆပ်လိုသောကြောင့် ဖြစ်သည်။ ဤရွေးချယ်မှုကို ပြုလုပ်သည့်အတွက် ဘုရားသခင်က သင့်အား မရှုတ်ချသည့်အပြင် ယင်းသည် သင်၏ ရွေးချယ်မှုဖြစ်သော်လည်း နောက်ဆုံးတွင် အထူးသဖြင့် ဘဝနှင့်ပတ်သက်လျှင် ဆုံးရှုံးရမည့်သူမှာ သင်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)) ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ဖတ်ပြီးသွားတော့ ကျွန်မအများကြီးပိုရှင်းသွားတယ်။ ကျွန်မမိဘတွေက ကျွန်မကို ပျိုးထောင်ခဲ့တဲ့ပုံစံကလည်း ဘုရားသခင်ရဲ့အချုပ်အခြာအာဏာနဲ့ အစီအမံတွေကြောင့်ပါပဲ။ အမေကျွန်မကို ကြင်ကြင်နာနာဆက်ဆံတာကလည်း တကယ့်ကို ဘုရားသခင်ရဲ့ကျေးဇူးတော်ပါပဲ။ စပြီးယုံကြည်သက်ဝင်ခဲ့ချိန်ကတည်းက ကျွန်မရဲ့တာဝန်ကို အေးအေးချမ်းချမ်းထမ်းဆောင်နိုင်အောင် အိမ်အလုပ်တွေကို အမေကလုပ်ပေးခဲ့တာကလည်း အပေါ်ယံကြည့်ရင်တော့ အမေ့ရဲ့ကြင်နာမှုလို့ပဲထင်ရမှာပေါ့။ ဒါပေမယ့် တကယ်တမ်းအဲဒါလည်း ကျွန်မရဲ့ ဝိညာဉ်ရင့်သန်မှုကို ဘုရားသခင်ကသိနေခဲ့ပြီးတော့ လိုအပ်တဲ့အစီအမံတွေကို ပြုလုပ်ထားခဲ့လို့ပါ။ အိမ်ကိုစောင့်ရှောက်ပြီးတော့ ကျွန်မရဲ့ယုံကြည်မှုကို အားပေးဖို့က အမေ့ရဲ့တာဝန်နဲ့ဝတ္တရားပါပဲ။ မိဘတွေက အကြွေးရှင်တွေမဟုတ်ဘူး၊ သားသမီးကျင့်ဝတ်ကျေပွန်ဖို့က ဝတ္တရားတစ်ခုပဲဖြစ်တယ်၊ လူတွေရဲ့အထူးတာဝန်မဟုတ်ဘူးလို့ ဘုရားသခင်ကပြောတယ်။ အခြေအနေပေးရင်တော့ မိဘတွေကို ပြုစုစောင့်ရှောက်ပြီး သားသမီးဝတ် ကျေပွန်အောင် လုပ်လို့ရတယ်။ အခြေအနေမပေးလို့ သူတို့အပေါ် သားသမီးဝတ် မကျေပွန်နိုင်တာက အရှက်ရစရာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဘဝမှာ မလုပ်မဖြစ်တဲ့အရာတွေ အများကြီး ရှိနေသေးလို့လေ။ ကျွန်မတို့မှာ ဖန်ဆင်းခံတွေအနေဲ့ လုပ်ဆောင်သင့်တဲ့ တာဝန်တွေ ရှိတယ်။ မိဘကို သားသမီးဝတ်ကျေပွန်အောင်ပဲ နေလို့မရဘူး။ အလုပ်အကိုင်နဲ့မိသားစုကြောင့် ကိုယ့်မိဘတွေနဲ့ အချိန်အများကြီး ခွဲနေရပြီး မိဘကို ပြုစုစောင့်ရှောက်မှု မပေးနိုင်တဲ့ မယုံကြည်သူတွေလည်း အများကြီး ရှိပေမဲ့ လူတွေကသူတို့ကိုတော့ နားလည်ပေးပြီး မရှုတ်ချဘူး၊ မကဲ့ရဲ့ဘူး။ ကျွန်မမှာတော့ မိဘကို ကျေးဇူးတင်စိတ်တွေနဲ့ပဲ မွှန်ထူနေပြီးတော့ သူတို့ကို ပြုစုစောင့်ရှောက်ဖို့ မနေပေးနိုင်တဲ့အတွက် ခဏခဏ စိတ်မကောင်းဖြစ်ပြီး အပြစ်ရှိတဲ့စိတ် ဖြစ်ရတယ်။ အိမ်နဲ့အဝေးမှာ ကိုယ့်တာဝန်ကို မထမ်းဆောင်ဖို့ကိုတောင် ရွေးခဲ့တယ်။ ကျွန်မရဲ့စိတ်ခံစားချက်တွေ သံယောဇဉ်တွေ အရမ်းကြီးလွန်းခဲ့တာ။ အဲဒီအချိန်မှာ ဧဝံဂေလိတရားကလည်း တော်တော်လေးကို ပိုပြီးပြန့်ပွားနေတယ်၊ ပြီးတော့ အသင်းတော်ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဘုရားသခင်ရဲ့အလိုတော်ကို ပိုပြီးအလေးထားသင့်ပါတယ်။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ ဧဝံဂေလိတရားကို သက်သေခံဖို့ ညီအစ်ကိုမောင်နှမတွေကို ဦးဆောင်သင့်တာ။ ပြီးတော့ ဘုရားသခင်ရဲ့အသံကို လူတွေပိုကြားလာရပြီး နောက်ဆုံးသောကာလမှာ သူ့ရဲ့ကယ်တင်ခြင်းကိုရရှိအောင်လုပ်ရမှာပါ။ အဲဒါကကျွန်မရဲ့တာဝန်နဲ့ ဝတ္တရားပါပဲ။ ဒါပေမဲ့ အဲဒီအစား ကျွန်မကတော့ ကိုယ့်မိဘတွေကို ပြုစုစောင့်ရှောက်ပြီး ရိုသေလေးစားတာက ကျွန်မလုပ်နိုင်တဲ့ အရေးအကြီးဆုံးအလုပ်လို့ ယုံကြည်ခဲ့တာ။ ကျွန်မ ယုံကြည်သူဖြစ်ခဲ့တာ နှစ်တွေအများကြီးကြာခဲ့ပြီး ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေအများကြီးကို ဖတ်ရှုခဲ့ရတယ်။ ဒါပေမယ့် တကယ့်အကျပ်အတည်းနဲ့ ရင်ဆိုင်လာရတဲ့အချိန်ကျတော့ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ ကြိုတင်စီစဉ်မှုတွေကို ကျိုးနွံနာခံဖို့၊ ကိုယ့်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ဖို့ မလုပ်နိုင်ခဲ့ဘူး။ ပြီးတော့ သမ္မာတရား စည်းမျဉ်းတွေကို အသုံးပြုပြီးတော့လည်း အဲဒီအခြေအနေကိုမကိုင်တွယ်ခဲ့ဘူး။ ကျွန်မကသစ္စာဖောက်ဖျက်ပြီးတော့ သမ္မာတရားကို လက်မခံနိုင်ဖြစ်နေခဲ့တာ။ ဒီမိရိုးဖလာအမြင်တွေနဲ့သာဆက်နေပြီးတော့ ဘုရားသခင်ဆီမှာ အပြစ်ကိုဝန်မခံဘဲ တာဝန်ကျေပွန်အောင် မထမ်းဆောင်ခဲ့ရင် နောက်ဆုံးမှာတော့ ဖော်ထုတ်ပြီးတော့ ဖယ်ရှားခံရမှာပဲဆိုတာကို ကျွန်မသဘောပေါက်လာခဲ့တယ်။ ကျွန်မနှလုံးသားထဲကနေ “အို ဘုရားသခင် အမေ့ရဲ့ရောဂါက ကျွန်မရဲ့မယုံကြည်သေးတဲ့ရှုထောင့်တွေကို စေ့စေ့စပ်စပ်ကို ဖော်ထုတ်လိုက်တယ်။ ကျွန်မရဲ့ဝိညာဉ်ရင့်ကျက်မှုက တော်တော်လေးသေးငယ်နေသေးပြီး သမ္မာတရားစစ်မှန်မှု မရှိသေးတာကို တွေ့လိုက်ရပါတယ်။ သားသမီးဝတ်ကျေပွန်တာက ကျွန်မရဲ့အထူးတာဝန်မဟုတ်ဘူးဆိုတာကို အခုတော့နားလည်သွားပါပြီ။ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ထမ်းဆောင်တာက ကျွန်မရဲ့အထူးတာဝန်နဲ့ တာဝန် စစ်စစ်ပါပဲ။ ကိုယ့်ရဲ့မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့အမြင်တွေကို စွန့်လွှတ်ဖို့နဲ့ အမေ့ရဲ့ရောဂါကို ကိုယ်တော့်လက်ထဲထည့်ဖို့ ဆန္ဒရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့တာဝန်မှာ ခိုင်ခိုင်မာမာ ရပ်တည်မယ်။ စာတန်ရဲ့ လှောင်ရယ်စရာ အဖြစ်မခံဘူး” လို့ ဘုရားကို ဆုတောင်းခဲ့ပါတယ်။ ဆုတောင်းပြီးတော့ ကျွန်မအများကြီးစိတ်သက်သာရာရပြီး ကျွန်မကိုပေးအပ်ထားတဲ့တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်ဖို့ ဘုရားသခင်ကိုပဲအားကိုးတော့မယ်လို့လည်းတွေးထားခဲ့ပါတယ်။

အချိန်နည်းနည်းကြာတော့ တရုတ်တိုင်းရင်းဆေးဆရာတစ်ယောက်နဲ့ အမေ့ရောဂါကိုကုပေးဖို့ တိုင်ပင်ခဲ့ပါတယ်။ ဆရာက “ကင်ဆာက သူ့တစ်ကိုယ်လုံးကိုပြန့်နေပြီ။ ကုလို့မရတော့ဘူး။ အခုကတော့ ၁၅ ရက်စာလောက် ဆေးမြစ်တွေပေးထားပြီး အခြေအနေကိုစောင့်ကြည့်ရုံပဲတတ်နိုင်တော့တယ်။” လို့ပြောတယ်။ သူ့ရဲ့သုံးသပ်ချက်ကိုကြားလိုက်ရတော့ ကျွန်မစိတ်ဓာတ်က လုံးဝထိုးကျသွားတယ်။ ကျွန်မအိမ်ပြန်မလာခင်တုန်းက အမေချောင်းဆိုးနေတာကိုတွေ့တော့ ဆေးရုံခေါ်မသွားဘဲ တရုတ်ဆေးမြစ်နည်းနည်းပဲ ဝယ်ထားပေးခဲ့တာကို ပြန်စဉ်းစားမိတယ်။ ကျွန်မသာသူ့ကိုဆေးရုံခေါ်သွားပြီးတော့ စောစောစီးစီး ကုသမှုခံယူခဲ့မယ်ဆိုရင် အခုလိုမျိုးဖြစ်ပါ့မလား။ အဲဒီလိုတွေးမိလေလေ ကျွန်မပိုစိတ်မကောင်းဖြစ်ပြီး အပြစ်ရှိတဲ့စိတ် ဖြစ်ရတယ်။ ပြီးတော့ အရမ်းလည်းစိတ်ဓာတ်ကျလာတယ်။ အဲဒါကြောင့် ဒီအခြေအနေကနေ လွတ်မြောက်အောင်လမ်းပြဖို့ ဘုရားသခင်ကိုဆုတောင်းပြီး တောင်းလျှောက်ခဲ့ပါတယ်။ နောက်ကျတော့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေထဲက ဒီစာပိုဒ်လေးကို သွားတွေ့ပါတယ်။ “ဤသို့ဆိုလျှင် သင့်မိဘများက ဤအရေးပါသောအရာများကို ကြုံရသောအခါ၌ မည်သို့ ဖြစ်သနည်း။ ၎င်းတို့ဘဝတွင် ဤအမှုအရာမျိုးကို ဘုရားသခင်က စီစဉ်ညွှန်ကြားခဲ့သည်ဟုသာ ဆိုနိုင်သည်။ ဘုရားသခင်၏ လက်ဖြင့် စီစဉ်ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ သင်သည် အရှိအတိုင်းဖြစ်သော အကြောင်းပြချက်များ၊ အကြောင်းတရားများကို အာရုံစိုက်၍ မရပေ။ သင့်မိဘများက ဤအသက်အရွယ်သို့ ရောက်သောအခါတွင် ဤအမှုကိစ္စကို ကြုံရမည်ဖြစ်သည်။ ၎င်းတို့သည် ဤရောဂါ၏ ဖိစီးနှိပ်စက်ခြင်းကို ခံရမည်ဖြစ်သည်။ သင်ရှိနေခဲ့လျှင် ၎င်းတို့သည် ထိုရောဂါကို ရှောင်နိုင်မည်လော။ ဘုရားသခင်က ၎င်းတို့ကံကြမ္မာ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် နာမကျန်းဖြစ်ရန်အတွက် ၎င်းတို့ကို မစီစဉ်ခဲ့လျှင် သင်က ၎င်းတို့နှင့်အတူ မရှိနေခဲ့လျှင်ပင် ၎င်းတို့အပေါ်၌ မည်သည့်အရာမျှ ဖြစ်ပျက်မည်မဟုတ်ပေ။ ၎င်းတို့သည် ၎င်းတို့ဘဝတွင် ဤကြီးမားသော ကံဆိုးမှုမျိုးကို ကြုံရရန် ကံစီမံပြီးဖြစ်လျှင် သင်က ၎င်းတို့အနီး၌ ရှိနေခဲ့လျှင် မည်သည့်သက်ရောက်မှုကို သင်ပြုလုပ်နိုင်မည်နည်း။ ၎င်းတို့သည် ရှောင်နိုင်ဦးမည် မဟုတ်ပေ။ မှန်သလော။ (မှန်ပါသည်။) ဘုရားသခင်ကို မယုံကြည်သော ထိုလူများအကြောင်းကို စဉ်းစားကြည့်လော့။ ၎င်းတို့မိသားစုများသည် တစ်နှစ်ပြီးတစ်နှစ် အတူတကွ ရှိသည်မဟုတ်လော။ ထိုမိဘများက ကြီးမားသော ကံဆိုးမှုနှင့် ကြုံရသောအခါ ၎င်းတို့၏ မိသားစုဆွေမျိုးနီးစပ်များနှင့် ၎င်းတို့၏ သားသမီးများအားလုံးက ၎င်းတို့နှင့်အတူ ရှိနေသည်မဟုတ်လော။ မိဘများက နေမကောင်းဖြစ်သောအခါ၊ သို့မဟုတ် ၎င်းတို့ရောဂါက ပို၍ဆိုးလာသောအခါ ၎င်းတို့၏ သားသမီးများက ၎င်းတို့ထံမှ ထွက်ခွာသွားသောကြောင့် ဖြစ်သလော။ ဤသို့မဟုတ်ပေ။ ဤသို့ဖြစ်လာဖို့ ကံပါလာခြင်းဖြစ်သည်။ သင်က ၎င်းတို့၏ သားသမီးတစ်ယောက်အနေဖြင့် သင့်မိဘများနှင့် သွေးသားတော်စပ်သောကြောင့် ၎င်းတို့က နေမကောင်းဖြစ်သည်ဟု သင်ကြားသောအခါ၌ သင်သည် စိတ်မကောင်းဖြစ်မည်ဖြစ်ပြီး အခြားလူများက မည်သို့မျှ ခံစားရမည်မဟုတ်ခြင်းသာ ဖြစ်သည်။ ဤသည်မှာ အလွန်ပင် ပုံမှန်ဖြစ်သည်။ သို့ရာတွင် သင့်မိဘများက ဤသို့သော ကြီးမားသော ကံဆိုးမှုမျိုးကို ကြုံရခြင်းသည် သင်က ယင်းအား မည်သို့ ဖယ်ရှားရမည်၊ သို့မဟုတ် ဖြေရှင်းရမည်ဆိုသည်ကို စိစစ်ရန်၊ စုံစမ်းစစ်ဆေးရန်၊ တွေးတောရန် လိုအပ်သည်ဟု မဆိုလိုပေ။ သင့်မိဘများသည် အရွယ်ရောက်ပြီးသူများ ဖြစ်သည်။ ၎င်းတို့သည် လူ့အဖွဲ့အစည်းတွင် ဤအရာကို အကြိမ်ရေအနည်းငယ်ထက် ပိုပြီး ကြုံခဲ့ရပြီးဖြစ်သည်။ ဘုရားသခင်က ဤအမှုကိစ္စကို ၎င်းတို့ထံမှ ဖယ်ရှားရန် ပတ်ဝန်းကျင်တစ်ခုကို စီစဉ်လျှင် ယင်းသည် အနှေးနှင့် အမြန်ဆိုသလို လုံးဝ ပျောက်ကွယ်သွားလိမ့်မည်။ ဤအမှုကိစ္စသည် ၎င်းတို့အတွက် ဘဝအခက်အခဲတစ်ခုဖြစ်လျှင်၊ ၎င်းတို့သည် ယင်းကို တွေ့ကြုံရမည်ဆိုလျှင် ၎င်းတို့သည် ယင်းအား မည်မျှကြာရှည်စွာ တွေ့ကြုံရမည်ဆိုသည်မှာ ဘုရားသခင်အပေါ် မူတည်သည်။ ယင်းသည် ၎င်းတို့တွေ့ကြုံရမည့်အရာတစ်ခု ဖြစ်ပြီး မရှောင်ရှားနိုင်ပေ။ သင်သည် ဤအမှုကိစ္စကို တစ်ကိုယ်တည်း ဖြေရှင်းလိုလျှင်၊ ဤအမှုကိစ္စ၏ အရင်းအမြစ်၊ အကြောင်းရင်းနှင့် အကျိုးဆက်များကို စိစစ်ပြီး စုံစမ်းစစ်ဆေးလိုလျှင် ယင်းသည် မိုက်မဲသောအတွေးဖြစ်သည်။ အကျိုးမရှိသကဲ့သို့ မလိုလားအပ်ပေ။ သင်သည် ဤသို့ မလုပ်ဆောင်သင့်ပေ။ စိစစ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ သင့်အတန်းဖော်များနှင့် မိတ်ဆွေများအား အကူအညီတောင်းရန် ဆက်သွယ်ခြင်း၊ သင့်မိဘများအတွက် ဆေးရုံကို ဆက်သွယ်ခြင်း၊ အကောင်းဆုံးဆရာဝန်များကို ဆက်သွယ်ခြင်း၊ ၎င်းတို့အတွက် အကောင်းဆုံးဆေးရုံအိပ်ရာ စီစဉ်ပေးခြင်းတို့ မပြုလုပ်သင့်ပေ။ သင်သည် ဦးနှောက်ခြောက်ခံပြီး ဤအရာအားလုံးကို လုပ်ဆောင်ရန် မလိုပေ။ သင်သည် အမှန်ပင် ပိုလွန်သောအားအင်ရှိနေလျှင် ယခု သင်ထမ်းဆောင်ရမည့် တာဝန်၌ ကောင်းစွာ လုပ်ဆောင်သင့်သည်။ သင့်မိဘများ၌ ၎င်းတို့၏ ကိုယ်ပိုင်ကံကြမ္မာများ ရှိသည်။ မည်သူကမျှ ၎င်းတို့သေရမည့် အရွယ်တွင် မလွတ်မြောက်နိုင်ပေ။ သင့်မိဘများသည် သင့်ကံကြမ္မာ၏ အရှင်သခင်များမဟုတ်။ ပြီးလျှင် အလားတူပင် သင်သည် သင့်မိဘများ၏ ကံကြမ္မာ၏ အရှင်သခင်မဟုတ်ပေ။ တစ်စုံတစ်ခုသည် ၎င်းတို့တွင် ဖြစ်ပျက်ရန် ကံပါလာလျှင် သင်သည် ယင်းနှင့်ပတ်သက်ပြီး မည်သို့ လုပ်ဆောင်နိုင်သနည်း။ သင်က စိတ်သောကရောက်ပြီး ဖြေရှင်းချက်များကို ရှာဖွေခြင်းက မည်သည့်သက်ရောက်မှုကို ရရှိနိုင်သနည်း။ မည်သည့်အရာကိုမျှ မရရှိနိုင်ပေ။ ယင်းသည် ဘုရားသခင်၏ အလိုတော်အပေါ်တွင် မူတည်သည်။ ဘုရားသခင်က ၎င်းတို့ကို ခေါ်ဆောင်သွားလိုပြီး သင့်တာဝန်ကို အနှောင့်အယှက်ကင်းစွာ ထမ်းဆောင်ရန် သင့်အား အထောက်အကူပြုလျှင် သင်သည် ဤအရာကို ကြားဝင်စွက်ဖက်နိုင်သလော။ သင်သည် ဘုရားသခင်နှင့် သတ်မှတ်ချက်များကို ဆွေးနွေးနိုင်သလော။ ဤအချိန်တွင် သင် ဘာလုပ်သင့်သနည်း။ ဦးနှောက်ခြောက်ခံစဉ်းစားပြီး ဖြေရှင်းချက်များထုတ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ စိစစ်ခြင်း၊ သင့်ကိုယ်သင်အပေါ် အပြစ်ပုံချခြင်း၊ သင့်မိဘများအား ရင်ဆိုင်ရန် ရှက်ရွံ့ခြင်းတို့သည် လူတစ်ယောက်ရှိသင့်သည့် အတွေးနှင့် လုပ်ရပ်များ ဖြစ်သလော။ ဤသည်တို့အားလုံးမှာ ဘုရားသခင်နှင့် သမ္မာတရားအပေါ် နာခံမှုကင်းမဲ့ခြင်း၏ သရုပ်သကန်များဖြစ်သည်။ ယင်းတို့သည် ဆင်ခြင်တုံတရားမရှိ၊ ဉာဏ်ပညာမရှိ၊ ဘုရားသခင်အပေါ် ပုန်ကန်သည်။ လူတို့တွင် ဤသို့သော သရုပ်သကန်များ မရှိသင့်ပေ။ သင် နားလည်သလော။ (နားလည်ပါသည်။)” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)) လူတွေဘယ်လိုအခက်အခဲတွေနဲ့ ကြုံရမယ်၊ သူတို့ရဲ့ လိုအပ်ချက်တွေ၊ ဝိညာဉ်ရင့်ကျက်မှုတို့အရ ဘယ်လောက် ဒုက္ခခံစားရမယ်ဆိုတာတွေကို ဘုရားသခင်ကပဲ ပြဋ္ဌာန်းထားပြီးတော့ စီစဉ်ညွှန်ကြားတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် ကျွန်မနားလည်လာတယ်။ ဘယ်လိုအချိန်မှာ ဘယ်လိုအခြေအနေနဲ့ကြုံရမလဲဆိုတာနဲ့ သူတို့ ဘယ်လောက်ကြာကြာ ခါးစည်းခံရမယ်ဆိုတာတွေ အကုန်လုံးကို ဘုရားကပဲ ဦးစီးဆောင်ရွက်ပြီး စီစဉ်တာပါ။ ဒါတွေကို လူသားမျိုးနွယ်က မဆုံးဖြတ်နိုင်ပါဘူး။ လူသားတစ်ယောက်ရဲ့အမြင်နဲ့ ဒီလိုကိစ္စတွေကို ခွဲခြမ်းစိတ်ဖြာဖို့ဆိုတာ ပိုတောင်မသင့်တော်ပါဘူး။ လူတွေဟာ ဘုရားသခင်ကို လက်ခံတတ်ဖို့၊ ဘုရားရဲ့ ကြိုတင်စီစဉ်မှုတွေနဲ့ စီစဉ်ညွှန်ကြားမှုတွေကို ကျိုးနွံနာခံတတ်ဖို့ သင်ယူရမယ်။ ကျွန်မအမေရဲ့ရောဂါကိုပဲကြည့်၊ အပေါ်ယံကြည့်ရင်တော့ ဆေးရုံစောစောမတက်ခဲ့လို့ သူ့ရဲ့အခြေအနေပိုဆိုးလာတယ်လို့ထင်ရပေမယ့် တကယ်တော့ အဲဒါကသူ့ရဲ့ကံတရားပါပဲ။ လူတစ်ယောက်ရဲ့သေခြင်းဟာ ဘုရားသခင်ရဲ့လက်ထဲမှာပဲရှိပါတယ်။ ဘုရားသခင်က ခွင့်မပြုရင် အကြီးစားကပ်ဘေးတွေတောင်မှ လူတွေကို အန္တရာယ်ပေးမှာ မဟုတ်ဘူး။ ဥပမာ ကျွန်မရဲ့အဖေ ကားတိုက်မှု ဆိုးဆိုးရွားရွား ဖြစ်တုန်းက တခြားခရီးသည်တွေအားလုံး အပြင်းအထန် ဒဏ်ရာ ရကြပေမဲ့ သူကတော့ မစိုးရိမ်ရတဲ့ဒဏ်ရာမျိုးလောက်ပဲရပြီးတော့ အမြန်ဆုံးပြန်သက်သာလာခဲ့တယ်။ ကျွန်မတို့ဘဝမှာ ကျွန်မတို့ရဲ့အထူးတာဝန်တွေကို ထမ်းဆောင်နေကြရတာပါ။ တစ်ယောက်ယောက်က ဘဝမှာသူ့ရဲ့အထူးတာဝန်ပြီးမြောက်သွားရင် ဘုရားသခင်ရဲ့အစီအစဉ်အတိုင်း ဒီကမ္ဘာကနေထွက်ခွာရမှာဖြစ်တယ်။ သူတို့ရဲ့အထူးတာဝန်ကိုမပြီးမြောက်သေးဘူးဆိုရင်တော့ ဘယ်လိုအခက်အခဲတွေနဲ့ပဲကြုံပါစေ လုံလုံခြုံခြုံနဲ့ကျော်ဖြတ်နိုင်မှာပါ။ အမေ့ရဲ့ရောဂါကတော်တော်ရင့်နေပြီးတော့ ပြန်သက်သာနိုင်ခြေမရှိတော့ဘူးလို့ ဆရာဝန်ကပြောတယ်၊ ဒါပေမယ့် ဘယ်လောက်ကြာကြာနေရဦးမလဲဆိုတာကိုတော့ ဘယ်သာမန်လူသားကမှဆုံးဖြတ်ပေးလို့မရပါဘူး။ အဲဒါကို ဘုရားသခင်ကပဲ စီစဉ်ဆုံးဖြတ်မှာဖြစ်တယ်။ ကျွန်မအရမ်းစိတ်ဆင်းရဲနေခဲ့တာက ဘုရားအပေါ် ကျိုးကြောင်းမဆီလျော်တဲ့ တောင်းဆိုမှုတွေနဲ့ တောင်းဆိုနေပြီး အမြဲ အမေ့ကို ပြန်သက်သာစေချင်နေလို့ပေါ့။ ကျွန်မဖြစ်စေချင်သလိုမဖြစ်တာနဲ့ အပျက်သဘောဆောင်လာပြီးတော့ စိတ်ဆင်းရဲလာတော့တာပါပဲ။ အဲဒါတွေအားလုံးက ကျွန်မ ဘုရားသခင်ရဲ့အချုပ်အခြာအာဏာကို မသိခဲ့ဘဲ ဘုရားသခင်ကို မနာခံနိုင်ခဲ့လို့ပါ။ ဘုရားသခင်ရဲ့အလိုတော်ကို နားလည်သွားပြီးတော့ “အို ဘုရားသခင်၊ အမေဘယ်လိုဘယ်ပုံပြန်သက်သာလာမလဲ ဒါမှမဟုတ် ဘယ်လောက်ကြာကြာနေရမလဲဆိုတာတွေကို ကျွန်မဆုံးဖြတ်ပေးလို့မရပါဘူး။ ကျွန်မတောင်းဆိုမှုတွေကို ဘေးချိတ်ပြီးတော့ ဘာပဲဖြစ်ဖြစ် ကျိုးနွံနာခံဖို့ အသင့်ဖြစ်ပါပြီ” လို့ဆုတောင်းခဲ့ပါတယ်။ ဆုတောင်းပြီးတော့ ကျွန်မတည်ငြိမ်အေးချမ်းသွားတယ်။ ပြီးတော့ သခင်ယေရှုရဲ့နှုတ်ကပတ်တော်တွေထဲက ဒီစာပိုဒ်ကိုသွားတွေ့တယ်။ “အကြင်သူသည် ငါ့ထံသို့လာ၍ မိဘ၊ သား မယား၊ ညီအစ်ကို၊ နှမတို့ကို၎င်း၊ ထိုမျှမက မိမိအသက်ကို ၎င်း မမုန်း၊ ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ။(ရှင်လုကာခရစ်ဝင် ၁၄:၂၆) အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သင့်မိဘအပေါ် သင်၏ ချစ်ခြင်းသည် ဘုရားသခင်အပေါ် သင်၏ ချစ်ခြင်းထက် ကျော်လွန်လျှင် သင်သည် ဘုရားနောက်သို့ လိုက်ရန် မထိုက်တန်သလို သူ၏ နောက်လိုက်တစ်ယောက်လည်း မဟုတ်ပေ။ သင်က သူ၏နောက်လိုက်တစ်ယောက် မဟုတ်လျှင် သင်သည် အောင်မြင်သူတစ်ယောက်မဟုတ်ဟု ဆိုနိုင်ပြီး ဘုရားသခင်က သင့်အား အလိုမရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)) ဘုရားသခင်ထက် မိဘကိုပိုချစ်တဲ့သူတွေဟာ သူ့ရဲ့နောက်လိုက်မဖြစ်ထိုက်ဘူးလို့ ဘုရားသခင်ကပြောထားတယ်။ စေတန်သွတ်သွင်းပေးထားတဲ့ အဲဒီမှားယွင်းပြီးအဓိပ္ပါယ်မဲ့တဲ့အမြင်တွေနဲ့ ဆက်နေလို့မရတော့ဘူး။ ဘုရားနှုတ်ကပတ်တော်နဲ့ သမ္မာတရားစည်းမျဉ်းတွေအတိုင်း စပြီး ပြောင်းလဲ အသက်ရှင်နေထိုင်ရမယ်၊ လူတွေနဲ့ အမှုကိစ္စတွေကို ရှုမြင်ပြီး ကျင့်ကြံပြုမူလို့ ဆောင်ရွက်ရမယ်။ အခုတော့ တဖြည်းဖြည်းနဲ့ တာဝန်မှာပဲ စိတ်နှစ်ထားတတ်လာပါပြီ။ တစ်ခါတလေတော့လည်း အမေ့အတွက်စိတ်ပူမိတယ်။ ဒါပေမယ့် သူ့ဘဝမှာ ကြုံတွေ့ရတဲ့အခြေအနေတွေနဲ့ သူခံစားရမဲ့ ဒုက္ခဆင်းရဲတွေ အားလုံးကို ဘုရားသခင်က ဆုံးဖြတ်ပြီးသားပါ။ အမေဘယ်လောက်နေရဦးမလဲ၊ ဘယ်လိုမျိုး ထွက်သွားရမလဲဆိုတာတွေအားလုံးက ဘုရားသခင်အပေါ်ပဲ မူတည်ပါတယ်။ ကျွန်မဆုံးဖြတ်လို့မရပါဘူး။ အဲဒါကိုသဘောပေါက်သွားတော့ ကျွန်မပိုပြီးစိတ်သက်သာရာရသွားတယ်။ အခုလတ်တလော အမေ့ရဲ့အခြေအနေတည်ငြိမ်လာပြီးတော့ ရောဂါဖြစ်နေတဲ့ကြားကပဲ သူလေ့လာသင်ယူဖြစ်တာတွေရှိတယ်လို့ ပြန်ကြားရတယ်။ အဲဒီသတင်းကိုကြားတော့ ကျွန်မနက်နက်ရှိုင်းရှိုင်းခံစားခဲ့ရပြီးတော့ ဘုရားသခင်ကို မယုံကြည်ခဲ့မိတဲ့အတွက်လည်း ရှက်မိတယ်။ ခုရက်ပိုင်းမှာပဲ အိမ်နဲ့ အဝေးမှာ တာဝန်တွေ ထမ်းဆောင်ဖို့ တက်တက်ကြွကြွ လျှောက်ခဲ့တယ်။

ဒီအတွေ့အကြုံကနေပြီးတော့ ကျွန်မရဲ့ အားနည်းတဲ့အပိုင်းတွေကို နားလည်မှုအသစ်ရလာပြီး ကျွန်မအမြဲတမ်းဆုပ်ကိုင်ထားခဲ့တဲ့ မှားယွင်းပြီး အဓိပ္ပါယ်မဲ့တဲ့အမြင်တွေကိုလည်း သိမြင်လာပါတယ်။ ကျွန်မအဲဒီအတွေးအခေါ်တွေနဲ့ ဆက်မနေတော့ဘူး။ ကိုယ့်မိဘတွေနဲ့ ဆက်ဆံရေးအပေါ်မှာ သင့်တင့်လျောက်ပတ်တဲ့ သဘောထားမျိုး ထားမယ်။ ဒါတွေအားလုံးက ဘုရားသခင်ရဲ့လမ်းညွှန်မှုကြောင့်ပါပဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဖျက်၍မရသော ဆုံးဖြတ်ချက်တစ်ခု

ကျွန်မ ၁၅ နှစ်တုန်းက ကျွန်မ အဖေက ရောဂါတစ်ခုကြောင့် သေသွားခဲ့ပြီး ကျွန်မတို့ မိသားစုရဲ့ အဓိကအထောက်အပံ့ ဆုံးရှုံးခဲ့ရတယ်။ ကျွန်မ...

ကျွန်မရဲ့ ညံ့ဖျင်းတဲ့အစွမ်းအစကို နောက်ထပ်စောဒက မတက်တော့ပါ

မူလတန်းကျောင်းမှာတုန်းက၊ ကျွန်မရဲ့ အမှတ်တွေကညံ့တယ် ဒါပေမယ့် ကျွန်မက ငယ်သေးတော့ ရှက်လည်းမရှက်ခဲ့မိဘူး။ ဒါပေမယ့် အလယ်တန်းကျောင်းတက်တုန်းက၊...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။