အမှားတစ်ခုကို ဖုံးကွယ်ပြီးနောက် ဆင်ခြင်သုံးသပ်ခြင်းများ

15.05.2026

သီအိုဒေါ၊ အီတလီ

ကျွန်တော်က အသင်းတော်မှာ ဗီဒီယိုတည်းဖြတ်တဲ့ တာဝန်ကို အမြဲတမ်း ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်၊ မေလမှာ ရုပ်ရှင်တစ်ကား ရိုက်ကူးပြီးနောက်မှာ အပြင်းအထန်အာရုံစိုက်ရမယ့် နောက်ဆုံးတည်းဖြတ်ရေးအဆင့်ကို ဝင်ရောက်ခဲ့ပြီး ခေါင်းဆောင်ဆီ စစ်ဆေးဖို့တင်ပြနိုင်အောင် အမြန်ဆုံး တည်းဖြတ်ပြီးဖို့ လိုအပ်နေခဲ့တယ်။ အခန်းတစ်ခန်းချင်းစီကို အချိန်အများကြီးယူပြီး တည်းဖြတ်ပြီးသွားမှ မတော်တဆ ဖျက်တဲ့ ခလုတ်ကို နှိပ်မိသွားတယ်၊ တည်းဖြတ်ပြီးသား ပထမအခန်းငါးခန်းက ဖိုင်တွေအကုန်လုံး ချက်ချင်းပဲ ဖျက်ပြီးသားဖြစ်သွားတယ်။ ကျွန်တော် အလိုလိုပဲ နောက်ဆုံးလုပ်ဆောင်ချက်ကို ပြန်ပြင်ဖို့ ကြိုးစားခဲ့ပေမဲ့ ဆော့ဖ်ဝဲလ်က အဲဒါကို ပြန်မရယူနိုင်ခဲ့တဲ့အပြင် လုံးဝဟန်းသွားခဲ့တယ်။ လုပ်ထားသမျှ အကုန်ပျက်သွားတာကို ကြည့်ပြီး ကျွန်တော့်စိတ်ထဲ လုံးဝဗလာဖြစ်သွားတယ်။ ကျွန်တော် သတိပြန်ဝင်လာပြီးနောက်မှာ ပရောဂျက်ကို ပြန်ရယူဖို့ ကျွန်တော်လုပ်နိုင်သမျှ အရာအားလုံးကို အလျင်အမြန် ကြိုးစားခဲ့ပြီး ရှာဖွေနေရင်းနဲ့ ကျွန်တော် မပြတ်တွေးနေမိတယ်၊ “သွားပါပြီ၊ အခု ငါ ဘာလုပ်သင့်လဲ။ ဒီရက်ပိုင်းအတွင်း ငါ အရန်ဖိုင်လဲ မသိမ်းထားမိဘူး၊ ပရောဂျက်ကတော့ သေချာပေါက် ဆုံးရှုံးသွားမှာပဲ။ အရင်က ငါ့တာဝန်မှာ အမှားလုပ်မိတာ ရှားပါတယ်၊ ကြီးကြပ်ရေးမှူးကလည်း ငါ့ကို ယုံကြည်တယ်။ ခေါင်းဆောင်ဆီ စစ်ဆေးဖို့ မတင်ပြခင် အရေးကြီးတဲ့အချိန်ကျမှ ဘယ်လိုဖြစ်ပြီး အမှားအယွင်းဖြစ်ရတာလဲ။ ငါဟာ ဒီလောက်ကြာကြာ တည်းဖြတ်လုပ်လာပြီးနောက်မှာ ဒီလိုအခြေခံအမှားမျိုး လုပ်ခဲ့တယ်လို့ လူတိုင်းသိသွားရင် သူတို့ ငါ့ကို ဘယ်လိုထင်ကြမလဲ။ လူသစ်တစ်ယောက်တောင်မှ မတော်တဆ ဒေတာဆုံးရှုံးမှုကို ရှောင်ရှားဖို့ နေ့တိုင်း အရန်ဖိုင်လုပ်ရမယ်ဆိုတာ သိတယ်၊ ငါကတော့ နှစ်နဲ့ချီပြီး ဒီလိုပဲလုပ်လာတာ ဘာပရောဂျက်မှ မဆုံးရှုံးဖူးတော့ နေ့တိုင်းအရန်ဖိုင် သိမ်းစရာမလိုဘူးလို့ ထင်ခဲ့တာ။ ငါ ဘာလို့ ကိုယ့်ကိုယ်ကိုယ် အဲဒီလောက် ယုံကြည်ခဲ့ရတာလဲ” လို့ပေါ့။ အရင်က တခြားညီအစ်ကိုမောင်နှမတွေ လုပ်ငန်းဆောင်ရွက်မှုမှာ အမှားအယွင်းတွေကြောင့် အမှားတွေလုပ်တဲ့အခါ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ်ဟုတ်လှပြီအောက်မေ့ပြီး ပြောခဲ့သေးတယ်၊ “ဒီလိုပြဿနာမျိုးက နည်းနည်းလေး ပိုသတိထားလိုက်ရင် ရှောင်လို့ရပါတယ်” လို့လေ။ ဒီအတွေးဝင်လာတော့ ကျွန်တော့်မျက်နှာကြီး ပူထူသွားတယ်။ အရေးကြီးတဲ့အချိန်ကျမှ ကျွန်တော် ပေါ့လျော့ပြီး ဒီလိုတာဝန်မဲ့တဲ့အလုပ်မျိုး လုပ်မိသွားတာပဲ။ လူတိုင်းက သိသွားရင် ကျွန်တော့်ကို အထင်သေးမှာ သေချာတယ်။ ငါ့ရဲ့ နာမည်ကောင်းနဲ့ ပုံရိပ်က လုံးဝပျက်စီးသွားမှာ မဟုတ်ဘူးလား။ မဖြစ်ဘူး၊ လုံးဝမဖြစ်မနေ လိုအပ်တာမဟုတ်ရင် ညီအစ်ကိုမောင်နှမတွေကို ဒီအကြောင်း ပေးသိလို့မဖြစ်ဘူး။ အစောပိုင်းသုံးလေးရက်က အရန်သိမ်းထားတဲ့ဖိုင်ကို ကျွန်တော် ပြန်ကြည့်လိုက်တော့ မကြာသေးခင်က ရိုက်ကူးခဲ့တဲ့ အခန်းနှစ်ခန်းပဲ အစားထိုးဖို့လိုတာကို တွေ့လိုက်ရတယ်။ ကျွန်တော် တစ်ညလုံးမအိပ်ဘဲ လုပ်လိုက်ရင် အကုန်နီးပါး ပြန်ပြင်လို့ရနိုင်တယ်။ အဲဒါဆိုရင် ဒါကို အကုန်ပြင်ပြီးသွားတဲ့အခါ ညီအစ်ကိုမောင်နှမတွေက ကျွန်တော် ပရောဂျက်ပျောက်သွားတာကို ဘယ်တော့မှ သိမှာမဟုတ်ဘူး၊ ကျွန်တော့်ရဲ့ ပုံရိပ်ကောင်းကိုလည်း ဆက်ထိန်းထားနိုင်မှာပဲ။ ဒီလိုတွေးပြီးတော့ ပရောဂျက်ကို အမြန်ဆုံးပြန်လည်ရယူဖို့ ကြိုးစားခဲ့တယ်၊ ဒါပေမဲ့ အဲဒီလိုလုပ်နေတုန်းမှာ ရုပ်ရှင်တစ်ခုလုံးရဲ့ အရောင်ချိန်တာတွေ၊ အသံပိုင်းဆိုင်ရာတွေ အကုန်လုံးပြန်လုပ်ဖို့လိုတာကို သတိထားမိလိုက်တယ်။ ကိုယ့်ရှေ့က အလုပ်ပမာဏကို ကြည့်ပြီး ဒါကို တစ်ရက်တစ်ညတည်းနဲ့ ပြန်မရနိုင်ဘူးဆိုတာ ကျွန်တော် သိလိုက်တယ်။ ကျွန်တော် တကယ်ကို စိတ်ဓာတ်ကျသွားတယ်။ ဒီပရောဂျက်ကို ကျွန်တော်တစ်ယောက်တည်းနဲ့တော့ အပြီးမသတ်နိုင်ဘူး၊ တခြားသူတွေရဲ့အကူအညီကိုပဲ ရှာမှဖြစ်တော့မယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိလိုက်တယ်။ ကျွန်တော် ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “အခု ငါတစ်ယောက်ယောက်ကို သွားမေးလိုက်ရင် ငါ ပရောဂျက် ပျောက်သွားတာကို သူတို့သိသွားကြမှာမဟုတ်ဘူးလား။ သိသွားရင် လူတိုင်းက ငါ့ကို အထင်သေးကြမှာပဲ။ ဒါပေမဲ့ ငါဘာမှမပြောဘဲနေရင် အလုပ်က ပိုပြီးတော့တောင် နှောင့်နှေးသွားလိမ့်မယ်။ ပြီးတော့ အမှန်တရားက အမြဲပေါ်တာပဲ” လို့ပေါ့။ ဒီကိစ္စက မတော်တဆဖြစ်လာတာမဟုတ်ဘဲ ကျွန်တော်သင်ယူဖို့လိုတဲ့ သင်ခန်းစာတစ်ခုရှိမှန်း သဘောပေါက်လိုက်တယ်။ ဒါနဲ့ ဘုရားသခင်ဆီ ကျွန်တော် ဆုတောင်းလိုက်တယ်၊ “အို ဘုရားသခင်၊ သားဟာ ပရောဂျက်ကို အရန်ဖိုင်မသိမ်းထားမိခဲ့ဘူး၊ ဒီလိုအခြေခံအမှားကို ရင်ဆိုင်ဖို့လည်း သား ကြောက်နေခဲ့ပါတယ်။ တခြားသူတွေသိသွားမှာကို အရမ်းစိုးရိမ်ပြီး အဲဒါကို ဖုံးကွယ်ထားချင်ခဲ့တယ်။ သားဟာ ရိုးသားတဲ့သူတစ်ယောက် မဟုတ်ပါဘူး။ ဘုရားသခင်၊ ကျေးဇူးပြုပြီး သားတော်ကို လမ်းပြပေးတော်မူပါ၊ ပြီးတော့ ဒီပြဿနာနဲ့ပတ်သက်ပြီး ညီအစ်ကိုမောင်နှမတွေဆီကို ရိုးရိုးသားသားနဲ့ ပွင့်ပွင့်လင်းလင်းပြောပြီး အကူအညီတောင်းနိုင်အောင် သားကို ထောက်ကူတော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် စဉ်းစားမိတယ်၊ “ငါ၏နိုင်ငံတော်သည် ရိုးသားသူများ၊ သူတော်ကောင်း အယောင်မဆောင်သောသူများ သို့မဟုတ် မလှည့်ဖြားသောသူများကို လိုအပ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၃၃)) ဘုရားသခင်က ရိုးသားတဲ့လူတွေကို နှစ်သက်တယ်ပေါ့။ ကျွန်တော်က သိသိသာသာကို အမှားလုပ်မိခဲ့တာ၊ ရိုးရိုးရှင်းရှင်းနဲ့ ဖွင့်ဟ၊ ကိုယ့်အမှားကိုဝန်ခံပြီး အကူအညီတောင်းသင့်ခဲ့တာ။ ဒါပေမဲ့ ဘယ်သူမှမသိအောင် ဘယ်လိုဖုံးကွယ်ရမလဲဆိုတာကိုပဲ ကျွန်တော် ဆက်တွေးနေခဲ့တယ်။ ကျွန်တော့်စိတ်နှလုံးက အရမ်းကို အမှောင်ကျပြီး လှည့်ဖြားတတ်တာပဲ။ တကယ်တော့ အမှားတစ်ခုလုပ်ပြီးတာနဲ့ ကျွန်တော် ပထမဆုံး ဝန်ခံသင့်တယ်၊ ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကို ဘယ်လိုပဲမြင်မြင်၊ ဝေဖန်တာ၊ ပြုပြင်တာကို ခံရရင်တောင် ဒါက ကျွန်တော်နဲ့ ထိုက်တန်တာပဲ။ ရိုးသားတဲ့လူတွေက သူတို့ရဲ့အမှားကို ရင်ဆိုင်ရတဲ့အခါ ဝန်ခံရဲတယ်၊ တာဝန်ယူရဲတဲ့သတ္တိရှိကြတယ်။ ကျွန်တော်ကရော ဘာလို့ ဒီလိုလက်တွေ့မလုပ်ဆောင်နိုင်ရမှာလဲ။ အဲဒီနောက်မှာမှ လူတိုင်းရဲ့အကူအညီကို ကျွန်တော် စရှာခဲ့တယ်။ ဖြေရှင်းနည်းသိနိုင်လောက်တဲ့ ညီအစ်ကိုတွေကို တစ်ယောက်ပြီးတစ်ယောက် မက်ဆေ့ချ်ပို့လိုက်တယ်။ လူအကုန်နီးပါးကို မေးပြီးသွားပေမဲ့ ပြန်ရနိုင်မယ့်နည်းလမ်းမရှိသေးဘူးဆိုတာကို တွေ့လိုက်ရတယ်။ အဲဒီအချိန်မှာပဲ အသံဖမ်းတဲ့တာဝန်ယူထားတဲ့ညီအစ်ကိုက အခန်းထဲဝင်လာပြီး “ရှာလို့တွေ့ပြီလား” လို့မေးတယ်။ ကျွန်တော် စိတ်ပျက်လက်ပျက်နဲ့ “မတွေ့ဘူး” လို့ ပြန်ဖြေလိုက်တယ်။ အဲဒီအခါ သူက “ကျွန်တော် မနေ့ကပဲ တည်းဖြတ်တဲ့ပရောဂျက်ကို အရန်ဖိုင်သိမ်းထားလိုက်တယ်” လို့ ပြောတယ်။ အဲဒီစကားကိုကြားတော့ ကျွန်တော် ငိုမိတော့မလိုဖြစ်သွားတယ်။ အဖြစ်မှန်ကတော့ အရင်ညက ကျွန်တော်အလုပ်ပြီးသွားတော့ အသံဖမ်းတဲ့ညီအစ်ကိုက နောက်နေ့မနက် စတူဒီယိုထဲဝင်လာပြီး အရန်ဖိုင်သိမ်းသွားခဲ့တာပဲ။ အဲဒါက ကျွန်တော် ဆုံးရှုံးသွားတာနဲ့ အတိအကျပဲ။ ကိုယ့်ရှေ့က အရန်သိမ်းထားတဲ့ ပရောဂျက်ကို ကြည့်လိုက်တော့ တည်းဖြတ်ထားတာတွေ၊ အရောင်ချိန်ထားတာတွေနဲ့ အသံပိုင်းဆိုင်ရာတွေ အားလုံးက နဂိုအတိုင်းပဲ။ ကျွန်တော့်စိတ်ထဲမှာ ဘုရားသခင်ကို ကျေးဇူးတင်ပြီး မချီးမွမ်းဘဲ မနေနိုင်ခဲ့ဘူး။ ပရောဂျက် ပျောက်သွားတဲ့ကိစ္စကတော့ အဆုံးသတ်သွားပြီပေါ့။ စိတ်သက်သာရာရသွားပြီးတဲ့နောက်မှာ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် စပြီးဆင်ခြင်သုံးသပ်ခဲ့တယ်၊ “ငါ ဘာလို့ ကိုယ့်တာဝန်မှာ အမှားတစ်ခုလုပ်မိတဲ့အခါ အမှုအရာတွေကို ဖုံးကွယ်ဖို့ အမြဲတမ်းကြိုးစားပြီး တခြားသူတွေ မသိစေချင်ရတာလဲ” လို့ပေါ့။

ဆင်ခြင်သုံးသပ်နေတုန်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် ဖတ်ခဲ့တယ်။ “ဖောက်ပြန်ပျက်စီးသော လူသားများသည် မိမိတို့ကိုယ်ကို ဟန်ဆောင်ရာတွင် ကျွမ်းကျင်သည်။ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့်ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်သည်ဖြစ်စေ မိမိတို့ကိုယ်ကို အစဉ် ဟန်ဆောင်ကြသည်။ တစ်စုံတစ်ခုမှားယွင်းလျှင်၊ သို့မဟုတ် ၎င်းတို့သည် တစ်ခုခုကို မှားယွင်းစွာ လုပ်ဆောင်လျှင် အပြစ်ကို သူတစ်ပါးတို့အပေါ် ပုံချချင်သည်။ ၎င်းတို့သည် ကောင်းသောအရာများအတွက် အသိအမှတ်ပြုခံရခြင်းကို ၎င်းတို့ကိုယ်တိုင်အတွက် ရချင်သည်။ မကောင်းသောအရာများအတွက် အပြစ်ကို သူတစ်ပါးတို့ထံသို့ ရောက်စေချင်သည်။ လက်တွေ့ဘဝတွင် ဤသို့ဖြစ်သော ဟန်ဆောင်မှုများစွာမရှိသလော။ အလွန်ပင်များလွန်းသည်။ အမှားပြုလုပ်ခြင်း၊ သို့မဟုတ် မိမိကိုယ်ကို အယောင်ဆောင်ခြင်းတွင် မည်သည့်အရာက စိတ်သဘောထားနှင့် သက်ဆိုင်သနည်း။ အယောင်ဆောင်ခြင်းသည် စိတ်သဘောထားနှင့်ဆိုင်သည်။ ယင်းသည် မာနထောင်လွှားသော စိတ်သဘောထား၊ ကောက်ကျစ်ဆိုးယုတ်မှု၊ လှည့်စားမှုတို့ ပါဝင်သည်။ ဘုရားသခင်က အလွန်အမင်း စက်ဆုပ်ရွံရှာသည်။ အမှန်တကယ်တွင် သင်က သင့်ကိုယ်သင် အယောင်ဆောင်သောအခါ လူတိုင်းက မည်သည့်အရာ ဖြစ်ပျက်နေသည်ကို နားလည်သည်။ သို့သော် သူတစ်ပါးတို့က မမြင်ဟု သင်က ထင်သည်။ သင်သည် သိက္ခာဆည်ပြီး သင်သည် လုံးဝ အမှားမလုပ်ခဲ့ဟု လူတိုင်းကို ထင်စေရန် အားထုတ်သည့်အနေဖြင့် ငြင်းခုံပြီး သင့်ကိုယ်သင် မှန်ကန်ကြောင်းပြရန် အစွမ်းကုန်ကြိုးစားသည်။ ဤသည်မှာ မမိုက်မဲသလော။ ဤအရာကို သူတစ်ပါးတို့က မည်သို့ ထင်သနည်း။ မည်သို့ ခံစားရသနည်း။ စိတ်ကုန်ပြီး စက်ဆုပ်ရွံရှာကြသည်။ သင်သည် အမှားတစ်ခုကို ပြုလုပ်ပြီးနောက်တွင် ယင်းကို မှန်မှန်ကန်ကန် ကိုင်တွယ်နိုင်လျှင်၊ ယင်းကို အခြားလူတိုင်းအား ပြောဆိုဆွေးနွေးခွင့်ပြုပြီး ယင်းနှင့်ပတ်သက်၍ ၎င်းတို့ မှတ်ချက်ပေးခြင်း၊ ပိုင်းခြားသိမြင်ခြင်းကို ခွင့်ပြုလျှင်၊ ယင်းနှင့်ပတ်သက်၍ ပွင့်လင်းစွာပြောဆိုနိုင်ပြီး စိစစ်နိုင်လျှင် သင့်အပေါ် လူတိုင်း၏ ထင်မြင်ချက်သည် မည်သို့ ဖြစ်လိမ့်မည်နည်း။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ထံ ဖွင့်ဟထားသောကြောင့် သင်သည် ရိုးသားသူတစ်ယောက်ဖြစ်သည်ဟု ၎င်းတို့က ပြောလိမ့်မည်။ သင်၏ လုပ်ရပ်များ၊ အပြုအမူများမှတစ်ဆင့် သင့်စိတ်နှလုံးကို ၎င်းတို့ မြင်နိုင်လိမ့်မည်။ သို့သော် သင်သည် သင့်ကိုယ်သင် အယောင်ဆောင်ပြီး လူတိုင်းကို လှည့်စားဖို့ ကြိုးပမ်းလျှင် လူတို့သည် သင့်ကို အထင်အမြင်သေးလိမ့်မည်။ သင်သည် မိုက်မဲသောသူဖြစ်ပြီး ဉာဏ်မရှိသောသူတစ်ယောက်ဖြစ်သည်ဟု ပြောကြလိမ့်မည်။ သင်သည် ဟန်ဆောင်ဖို့၊ သို့မဟုတ် မိမိကိုယ်ကို ရှင်းချက်ထုတ်ဖို့ မကြိုးစားပါက၊ သင်၏ အမှားများကို ဝန်ခံနိုင်ပါက သင်သည် ရိုးသားပြီး ဉာဏ်ပညာရှိသည်ဟု လူတိုင်းက ပြောကြလိမ့်မည်။ ပြီးလျှင် သင့်ကို အဘယ်အရာက ဉာဏ်ပညာရှိစေသနည်း။ လူတိုင်း အမှားလုပ်ကြသည်။ လူတိုင်း၌ အမှားများနှင့် ချို့ယွင်းချက်များရှိကြသည်။ ပြီးလျှင် စင်စစ်အားဖြင့် လူတိုင်း၌ တူညီသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားရှိကြသည်။ သင်သည် အခြားသူများထက် သာ၍မြင့်မြတ်သည်၊ စုံလင်ပြီး ကြင်နာသည်ဟု သင့်ကိုယ်သင် မတွေးထင်လေနှင့်။ ယင်းမှာ လုံးလုံး ယုတ္တိမတန်ခြင်းဖြစ်ပေသည်။ လူ၏ဖောက်ပြန်ပျက်စီးသော စိတ်သ‌ဘောထားများအပြင် လူ့ဖောက်ပြန်ပျက်စီးခြင်း၏အဖြစ်အနေနှင့် အမှန်တရားတို့က သင့်အဖို့ ရှင်းလင်းသွားသည်နှင့်တစ်ပြိုင်နက် သင်၏ကိုယ်ပိုင်အမှားများကို ဖုံးကွယ်ရန် ကြိုးစားမည် မဟုတ်သကဲ့သို့ အခြားလူများ၏ အမှားကို ဆုပ်ကိုင်အသုံးချခြင်းကိုလည်း လုပ်ဆောင်မည်မဟုတ်ပေ။ သင်သည် နှစ်ခုလုံးကို မှန်ကန်စွာ ရင်ဆိုင်နိုင်လိမ့်မည်။ သို့မှသာ သင်သည် ထိုးထွင်းအမြင်ရှိလာပြီး ရူးနှမ်းသောအရာများကို လုပ်ဆောင်မည်မဟုတ်ပေ၊ ယင်းက သင့်ကို ဉာဏ်ပညာရှိစေလိမ့်မည်။ ဉာဏ်ပညာမရှိသူများသည် မိုက်မဲသူများဖြစ်ပြီး နောက်ကွယ်တွင် ခိုးကြောင်ခိုးဝှက် လုပ်နေလျက် မိမိတို့၏ အသေးစားအမှားများကို တဝဲလည်လည် အစဉ်တွေးတောနေကြသည်။ တွေ့ကြုံရသည်မှာ ရွံရှာစက်ဆုပ်ဖွယ် ဖြစ်သည်။ အမှန်တွင် သင်လုပ်ဆောင်နေသည့် အရာသည် အခြားလူများအဖို့ ချက်ချင်း သိသာထင်ရှားသော်လည်း သင်သည် ပေါ်တင် သရုပ်ဆောင်နေဆဲဖြစ်သည်။ အခြားသူများအဖို့ ယင်းမှာ ကပြက်ကချော် ဖျော်ဖြေတင်ဆက်ခြင်း၏ အသွင်မျိုး ဖြစ်သည်။ ဤသည်မှာ မရူးနှမ်းသလော။ ယင်းမှာ အမှန်တကယ် ရူးနှမ်းပေသည်။ ရူးနှမ်းသောလူများ၌ မည်သည့် ဉာဏ်ပညာမျှ မရှိပေ။ ဒေသနာမည်မျှကို ၎င်းတို့ကြားပါစေ ၎င်းတို့သည် သမ္မာတရားကို နားမလည်ဆဲဖြစ်သည်၊ သို့မဟုတ် မည်သည့်အရာကိုမျှ အရှိအတိုင်း မမြင်ဆဲဖြစ်သည်။ ၎င်းတို့သည် အခြားလူတိုင်းနှင့် ကွဲပြားခြားနားပြီး ဂုဏ်သိက္ခာရှိသည်ဟု ထင်မြင်ကြကာ၊ ၎င်းတို့သည် အမြဲပင် ဘဝင်မြင့်ကြသည်။ ဤသည်မှာ မာနကြီးခြင်းနှင့် မိမိကိုယ်ကို မှန်သည်ဟု ထင်မြင်ခြင်းဖြစ်သည်။ ဤသည်မှာ မိုက်မဲခြင်းဖြစ်သည်။ အရူးများသည် ဝိညာဉ်ရေးရာနားလည်မှု မရှိသည်မဟုတ်လော။ သင်ရူးနှမ်းပြီး ဉာဏ်ပညာမရှိသည့် အရေးကိစ္စများသည် သင်၌ ဝိညာဉ်ရေးရာ နားလည်မှုမရှိသော အရေးကိစ္စ၊ သမ္မာတရားကို သင် အလွယ်တကူနားမလည်နိုင်သော အရေးကိစ္စများ ဖြစ်လေသည်။ ဤသည်မှာ ထိုကိစ္စ၏ လက်တွေ့အရှိတရားပင် ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် စည်းမျဉ်းများ) ဘုရားနှုတ်ကပတ်တော်ကနေတစ်ဆင့် ကျွန်တော်နားလည်လာတာကတော့ ကျွန်တော်တို့ရဲ့ တာဝန်တွေမှာ အမှားအယွင်းတွေ၊ သွေဖည်မှုတွေဖြစ်တာက ရှောင်လွှဲလို့မရဘူး၊ ဒါပေမဲ့ ဘုရားသခင်တောင်းဆိုတာက လူတွေဟာ သူတို့ရဲ့အမှားတွေကို ဖုံးကွယ်ပြီး ဟန်ဆောင်ဖို့ ကြိုးစားတာတွေမလုပ်ဘဲ မှန်မှန်ကန်ကန် ရင်ဆိုင်ဖို့ပဲ။ ဖုံးကွယ်ခြင်းနဲ့ ဟန်ဆောင်ခြင်းဆိုတာ ဘုရားသခင် စက်ဆုပ်ရွံရှာပြီး မုန်းတီးတဲ့ ကောက်ကျစ်ဆိုးယုတ်ပြီး လှည့်စားတတ်တဲ့ စာတန်ဆန်တဲ့ စိတ်သဘောထားတစ်ခုပဲ။ ဘုရားနှုတ်ကပတ်တော်ရဲ့ ဖော်ထုတ်မှုကနေတစ်ဆင့် ကျွန်တော်သဘောပေါက်လိုက်တာက ကျွန်တော့်တာဝန်မှာ အမှားလုပ်မိတဲ့အခါ ကျွန်တော့်ရဲ့ပထမဆုံးအတွေးက အဲဒါကို ဖုံးကွယ်ဖို့ပဲ၊ ဒါဟာ ကောက်ကျစ်ဆိုးယုတ်ပြီး လှည့်ဖြားတတ်တဲ့ စာတန်ရဲ့သဘာဝကြောင့် ဖြစ်တာပဲ။ ကျွန်တော်က ဗီဒီယိုတည်းဖြတ်တဲ့တာဝန်ကို ထမ်းဆောင်လာတာ အချိန်အတိုင်းအတာတစ်ခုရှိပြီ၊ အတွေ့အကြုံတချို့လည်း ရှိတယ်၊ ပြီးတော့ လူတိုင်းက ကျွန်တော့်ကို အတော်လေး အကောင်းမြင်ကြတယ်လို့ တွေးမိတော့ ကျွန်တော် အမှားတွေ မလုပ်နိုင်ဘူး၊ အထူးသဖြင့် အရေးကြီးတဲ့အချိန်တွေမှာ အမှားမလုပ်နိုင်ဘူးလို့ ခံစားခဲ့ရတယ်။ တခြားသူတွေထက် ကျွန်တော်က ပိုပြီးအားကိုးယုံကြည်ရတဲ့သူ ဖြစ်သင့်တယ်လို့ ခံစားခဲ့တယ်။ ဒါကြောင့် အမှားတွေ ဖြစ်ပေါ်လာတဲ့အခါ ကျွန်တော် ဂုဏ်သိက္ခာနဲ့ အဆင့်အတန်း ဆုံးရှုံးမှာကို စိုးရိမ်ခဲ့ပြီး ဘယ်သူမှမသိအောင် အစွမ်းကုန်ဖုံးကွယ်ဖို့ ကြိုးစားခဲ့တယ်။ အထူးသဖြင့် ဒီလိုအခြေခံအမှားမျိုးကျတော့ တခြားသူတွေသိသွားရင် ကျွန်တော့်ကို အထင်သေးကြမှာ၊ သူတို့အမြင်မှာ ကျွန်တော့်ရဲ့အဆင့်အတန်းက တစ်ရှိန်ထိုးကျသွားမှာကို ပိုလို့တောင် ကြောက်ခဲ့တယ်။ ကျွန်တော် ဒီလိုတွေးလေလေ၊ ကိုယ့်အမှားကို မှန်မှန်ကန်ကန် ရင်ဆိုင်နိုင်စွမ်းမရှိလေလေ ဖြစ်လာတယ်။ ကိုယ့်ကိုယ်ကိုယ် အပြစ်အနာအဆာကင်းတဲ့သူတစ်ယောက်လို ဟန်ဆောင်ချင်တယ်၊ ကိုယ့်အမှားကို ဝန်ခံဖို့ ဒါမှမဟုတ် အကူအညီတောင်းဖို့ မဝံ့ရဲခဲ့ဘူး။ ဘယ်သူမှမသိဘဲ တိတ်တဆိတ် ပြင်လိုက်ချင်ခဲ့တယ်၊ ဒါမှ ကျွန်တော် သိက္ခာမကျရမှာပေါ့။ တကယ်တမ်းကျတော့ အမှားက ဖြစ်ပြီးသွားပြီ၊ ကျွန်တော်က ရိုးရိုးရှင်းရှင်း ဖွင့်ပြောလိုက်တာ၊ အဲဒါကို ဝန်ခံတာနဲ့ အဲဒီအဖြစ်အပျက်က သင်ခန်းစာယူတာတို့ကိုပဲ လုပ်ခဲ့သင့်တာ။ ဒါတောင်မှ ကျွန်တော်က အစွမ်းကုန်ဖုံးကွယ်ပြီး လှည့်ဖြားဖို့အထိ ကြိုးစားခဲ့တယ်။ ဘုရားသခင်က အရာအားလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးတယ်၊ ကျွန်တော်က လူတွေကို လှည့်စားလို့ရရင်တောင် ဘုရားသခင်ကိုရော တကယ်လှည့်စားလို့ရပါ့မလား။ ကျွန်တော် ကိုယ့်ခေါင်းကို သဲထဲစိုက်ထားတာ မဟုတ်ဘူးလား။ ကျွန်တော် တကယ်ကို မိုက်မဲခဲ့တာပဲ။ လူတိုင်းအမှားလုပ်တတ်တာပဲ၊ ဒါက ရှက်စရာကောင်းတဲ့ကိစ္စမှမဟုတ်တာ။ ပြီးတော့ ဒါက ကျွန်တော့်အတွက် သတိပေးခေါင်းလောင်းသံတစ်ခုလိုပဲ၊ နောက်တစ်ခါ တာဝန်ထမ်းဆောင်တဲ့အခါ ပိုပြီးဂရုစိုက်နိုင်အောင်ပေါ့။ ဒါပေမဲ့ ကျွန်တော်က အမှားလုပ်မိတဲ့အခါ အဲဒါတွေကို ဖုံးကွယ်ဖို့နည်းလမ်းရှာရင်း ခေါင်းခြောက်အောင် စဉ်းစားခဲ့တယ်။ ဘုရားသခင်ရဲ့အမြင်မှာတော့ ဒီလိုလှည့်ဖြားတဲ့ ဖုံးကွယ်မှုက ဒီအမှားတွေထက်ကို အများကြီးပိုပြီး ဆိုးရွားတယ်။ ကျွန်တော် ကိုယ့်အမှားတွေကို ဖုံးကွယ်လေလေ၊ ကျွန်တော့်ရဲ့စိတ်သဘောထားက ဘယ်လောက်ကောက်ကျစ်ဆိုးယုတ်ပြီး လှည့်ဖြားတတ်လဲဆိုတာကို သက်သေပြလေလေပဲ။ ကျွန်တော် စဉ်းစားလေလေ၊ ကိုယ်ဟာ သူတော်ကောင်းယောင်ဆောင်ပြီးတော့ ဘုရားသခင်အတွက် တကယ်ကို စက်ဆုပ်ရွံရှာစရာကောင်းတယ်လို့ ခံစားရလေပဲ။ ပြီးတော့ ကျွန်တော်တွေးမိသေးတယ်၊ ဒီတစ်ခါသာ ကျွန်တော်တစ်ယောက်တည်း ပရောဂျက်ကို ပြန်ရှာနိုင်ခဲ့ရင် ဘယ်သူ့ကိုမှ ပြောပြမှာမဟုတ်သလို တခြားသူတွေရဲ့အကူအညီကိုလည်း လုံးဝတောင်းမှာမဟုတ်ဘူး၊ ကျွန်တော့်မှာ ပြန်ပြင်ဖို့နည်းလမ်းမရှိတော့တဲ့အတွက်ကြောင့်သာ ညီအစ်ကိုမောင်နှမတွေကို အမှန်အတိုင်းပြောခဲ့တာ။ ဒါဆိုရင် ပုံမှန်အချိန်တွေမှာ ကျွန်တော်ဖုံးကွယ်လို့ရတဲ့ သာမန်အမှားတွေဆိုရင် ပိုလို့တောင် ဖုံးကွယ်နေမှာမဟုတ်ဘူးလား။ ကျွန်တော် အရင်က တာဝန်ထမ်းဆောင်ခဲ့တဲ့ ပုံရိပ်တွေကို မတွေးဘဲ မနေနိုင်ခဲ့ဘူး။ တစ်ခါတလေ ကျွန်တော် ဗီဒီယိုတိုလေးတွေ တည်းဖြတ်တဲ့အခါ အထင်ကြီးလေးစားမှုရဖို့အတွက်ပဲ အမြန်နှုန်းနဲ့ ထုတ်လုပ်မှုကို ဦးစားပေးခဲ့ပြီး အဲဒီအခါ အသေးစိတ်အမှားလေးတွေကြောင့် ပြန်ပြင်ရတာတွေ၊ ပြန်လုပ်ရတာတွေ ခဏခဏဖြစ်ခဲ့တယ်။ ဘာလို့ဒီပြဿနာတွေဖြစ်ရတာလဲလို့ တခြားသူတွေကမေးတဲ့အခါ သူတို့က ကျွန်တော့်ကို ပေါ့ဆတယ်၊ အာရုံမစိုက်ဘူးလို့ ပြောမှာစိုးလို့ ရိုက်ကူးရေးအဆင့်ကတည်းက ဖြစ်တဲ့ပြဿနာပါ၊ ဒါမှမဟုတ် ကျွန်တော့်ဆော့ဖ်ဝဲလ်က ချို့ယွင်းနေလို့ပါဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြေပေးဖို့အတွက် ဓမ္မဓိဌာန်ကျကျအကြောင်းပြချက်အမျိုးမျိုး ဖန်တီးခဲ့တယ်။ ဒီအရာတွေက ကျွန်တော့်ဆီမှာ အမြဲတမ်း ထုတ်ဖော်နေခဲ့တာပဲ။ ဒီလိုတွေးလိုက်တော့ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်တောင် ဟန်ဆောင်ပြီး တခြားသူတွေကို လှည့်စားခဲ့လဲဆိုတာ သဘောပေါက်သွားတယ်။ ဒီလိုလှည့်ဖြားတတ်တဲ့ စိတ်သဘောထားနဲ့ ကျွန်တော် ဆက်အသက်မရှင်နိုင်တော့ဘူး၊ ရိုးသားတဲ့သူတစ်ယောက်ရဲ့ စံနှုန်းအတိုင်း လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်ဖို့ စတင်ရတော့မယ်။ နောက်ပိုင်းဖြစ်လာတဲ့အရာက ကျွန်တော့်ကို ပိုပြီးနက်နက်ရှိုင်းရှိုင်း ဆင်ခြင်သုံးသပ်စေပြီး ကိုယ့်ကိုယ်ကိုယ် နားလည်သိမြင်မှုတချို့ ရလာစေခဲ့တယ်။

မကြာခင်မှာပဲ ရုပ်ရှင်ကို ခေါင်းဆောင်ဆီ စစ်ဆေးဖို့ ပေးအပ်လိုက်တယ်။ ဒါပေမဲ့ ညီအစ်ကိုတစ်ယောက်က အခန်းတစ်ခန်းမှာ အသံက ဖရိန်ဆယ့်သုံးခုလောက်လွဲနေတာကို သတိထားမိသွားပြီး အသစ်ပြန်ထုတ်ဖို့ လိုမလိုဆိုတာကို သူ မသေမချာဖြစ်ခဲ့တယ်။ ကျွန်တော့်စိတ်နှလုံးက ကယောက်ကယက်ဖြစ်လာတယ်၊ “ဒါကို ငါ ဘယ်လိုဖြစ်ပြီး မမြင်မိခဲ့တာလဲ။ သေချာကြည့်လိုက်တော့ ဒါက တကယ်တော့ အတော်လေး သိသာတယ်။ ရုပ်နဲ့အသံက စက္ကန့်ဝက်လောက် ကွာနေတယ်။ အဲဒီအပိုင်းကိုစစ်ဖို့ ငါ ညီအစ်မတစ်ယောက်ကိုတောင် တာဝန်ပေးခဲ့သေးတာ။ သူကရော ဘယ်လိုဖြစ်ပြီး မမြင်မိခဲ့တာလဲ။ ပြန်ထုတ်ရရင် သုံးလေးနာရီ ကြာမှာ၊ တကယ်ကို အလုပ်တွေကို နှောင့်နှေးသွားမှာပဲ။ ဒါမှမဟုတ် ဘယ်သူ့ကိုမှ မပြောဘဲနေလိုက်ရမလား။ ဒါက အရေးကြီးတဲ့ပြဿနာလည်း မဟုတ်ပါဘူး၊ လူအများစုက သတိတောင်ထားမိမှာမဟုတ်ဘူး။ ပြီးတော့ ဒီဗီဒီယိုမှာ ဒီလိုပြဿနာရှိတာကို လူတွေသိသွားရင် ငါ့ကို ဘယ်လိုမြင်ကြမလဲ။ သူတို့က ငါ့ကို စိတ်မချရဘူး၊ ဒါမှမဟုတ် တာဝန်မဲ့တယ်လို့ ပြောကြမလား။ ငါ ခုတစ်လော ဒီအခြေခံအမှားတွေကို ထပ်ခါတလဲလဲ လုပ်နေခဲ့တာ၊ ငါသာ ဒီလိုဆက်လုပ်နေရင် ဘယ်သူက ငါ့ကို ယုံကြည်တော့မှာလဲ” လို့ပေါ့။ ကျွန်တော် စိတ်ထဲမှာ မငြိမ်သက်ဘူး၊ အပြစ်တင်စွပ်စွဲနေတဲ့ ခံစားချက်တစ်ခုလည်း ရှိနေတယ်။ ဒါပေမဲ့ ထပ်ခါတလဲလဲ စဉ်းစားပြီးတဲ့နောက်မှာ ဘာမှမပြောဖို့ပဲ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။ အဲဒီဆုံးဖြတ်ချက်ကို ချပြီးတဲ့နောက် ကွန်ပျူတာရှေ့မှာ ကျွန်တော် ထိုင်မရ ထမရ ဖြစ်နေတယ်၊ စိတ်နှလုံးက အရမ်းဂနာမငြိမ်ဖြစ်ပြီး စိတ်ထဲမှာ အရမ်းကို အမှောင်ကျသလို ခံစားရတယ်။ ကျွန်တော်က အမှားကို နောက်တစ်ခါ ဖုံးကွယ်နေပြန်ပြီဆိုတာ သဘောပေါက်လိုက်လို့ စိတ်နှလုံးထဲကနေ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်၊ “အို ဘုရားသခင်၊ အမှန်တရားကိုပြောပြီး ရိုးသားတဲ့သူတစ်ယောက်ဖြစ်ဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာကို အခုမှပဲ သားတကယ်ခံစားမိပါတယ်။ သားရဲ့ဂုဏ်သိက္ခာ၊ ဒါမှမဟုတ် မာန်မာနကို ထိခိုက်လာတဲ့အခါတိုင်း သား ကိုယ့်ကိုယ်ကိုယ် ကာကွယ်မနေဘဲ မနေနိုင်ဘူး၊ လိမ်ညာပြီး လှည့်ဖြားချင်တယ်။ သား ဒီလိုမျိုး မနေချင်တော့ဘူး။ ကိုယ်တော့်နှုတ်ကပတ်တော်အတိုင်း ရိုးသားတဲ့သူအဖြစ် လက်တွေ့လုပ်ဆောင်နိုင်ဖို့ သတ္တိနဲ့ ရဲရင့်မှုကို ပေးတော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ စိတ်ထဲမှာ အားအင်တချို့ရလာပြီး ဒီကိစ္စကို ညီအစ်ကိုမောင်နှမတွေဆီ ဖွင့်ဟပြောပြလိုက်တယ်။ နောက်ပိုင်းမှာ ဗီဒီယိုထဲမှာ တခြားပြဿနာတွေလည်း ရှိသေးတော့ အဲဒါတွေအားလုံးကို တစ်ခါတည်းပြင်၊ အကုန်ပြန်စစ်ဆေးပြီးတော့ ခေါင်းဆောင်ဆီကို ပြန်ပို့ပေးလိုက်တယ်။

အဲဒီအတွေ့အကြုံကြောင့် ကျွန်တော် စပြီးဆင်ခြင်သုံးသပ်မိတယ်၊ “ဘာဖြစ်လို့ ငါက အမှားတွေကို အမြဲတမ်းဖုံးကွယ်ချင်နေရတာလဲ။ ဒီပြဿနာရဲ့ အရင်းမြစ်က ဘာလဲ” လို့ပေါ့။ ကျွန်တော် ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ဖတ်ခဲ့တယ်။ “ဘုရားသခင်က သင့်အား ရိုးသားသောသူတစ်ဦးဖြစ်ဖို့နှင့် အမှန်တရားကို ပြောရန် ယခုတောင်းဆိုလျှင် အမှန်တရားများ၊ သင်၏ အနာဂတ်နှင့် ကံကြမ္မာ၊ သင့်အတွက် အကျိုးဖြစ်ကောင်းဖြစ်မည်မဟုတ်သော အကျိုးဆက်များပါဝင်သော အရာတစ်ခုခုကို ပြောရမည်ဖြစ်ကာ၊ အခြားလူတို့က သင့်ကို အထင်မကြီးတော့လျှင်၊ သင်၏ ဂုဏ်သတင်း ပျက်စီးပြီဟု ခံစားရလျှင် ထိုသို့သော အခြေအနေမျိုးတွင် သင်သည် ပွင့်လင်းပြီး အမှန်ကိုပြောနိုင်သလော။ သင်သည် ရိုးသားနိုင်သေးသလော။ ဤသည်မှာ လုပ်ဆောင်ရန် အခက်ခဲဆုံးအရာဖြစ်သည်။ သင်၏ အသက်ကို စွန့်လွှတ်ခြင်းထက် များစွာပို၍ ခက်ခဲသည်။ သင်က ‘ကျွန်ုပ်အား အမှန်တရားကို ပြောစေခြင်းက အလုပ်ဖြစ်မည် မဟုတ်ပေ။ အမှန်တရားကိုပြောခြင်းထက် ဘုရားအတွက် အသေသာခံလိုက်မည်။ ကျွန်ုပ်သည် ရိုးသားသောလူတစ်ဦး လုံးဝ မဖြစ်လိုပါ။ လူတိုင်းအား ကျွန်ုပ်ကို အထင်သေးပြီး ကျွန်ုပ်သည် သာမန်လူတစ်ယောက်ဖြစ်သည်ဟု တွေးထင်ခွင့် ပေးမည့်အစား သေသာ သေလိုက်မည်’ ဟု ဆိုကောင်းဆိုနိုင်သည်။ ဤအရာက လူတို့ အမြတ်နိုးဆုံးအရာကို ပြသလော။ လူတို့ အမြတ်နိုးဆုံးအရာမှာ ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းဖြစ်သည်။ ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားများအားဖြင့် ထိန်းချုပ်ခြင်းခံရသည့် အရာများဖြစ်သည်။ အသက်က ဒုတိယသာဖြစ်သည်။ အခြေအနေက တွန်းအားပေးလာလျှင် ၎င်းတို့သည် မိမိတို့၏ အသက်ကို ပေးဖို့ အားအင်အကုန်ထုတ်မည် ဖြစ်သော်လည်း အဆင့်အတန်းနှင့် ဂုဏ်သတင်းကို စွန့်လွှတ်ရန် မလွယ်ကူပေ။ ဘုရားသခင်ကို ယုံကြည်သည့်လူများအတွက်မူ မိမိတို့၏ အသက်ကို ပေးခြင်းသည် အဆုံးစွန် အရေးမပါသောကြောင့် ဖြစ်သည်။ လူများကို သမ္မာတရားကို လက်ခံဖို့၊ သူတို့၏စိတ်နှလုံးတွင်ရှိသော မည်သည့်အရာကိုမဆို ပြောဆိုပြီး ပွင့်လင်းကာ လူတိုင်းအား ဖော်ထုတ်ပြသသော အမှန်တကယ် ရိုးသားသည့် လူများဖြစ်ဖို့ ဘုရားသခင်က တောင်းဆိုသည်။ ဤသည်မှာ လုပ်ဆောင်ရန် လွယ်ကူသလော။ (မလွယ်ကူပါ။) အမှန်မှာမူ ဘုရားသခင်က သင့်ကို သင်၏အသက်ကို စွန့်လွှတ်ရန် မခိုင်းစေပေ။ သင်၏အသက်ကို ဘုရားသခင်က ပေးထားသည် မဟုတ်လော။ သင်၏အသက်သည် ဘုရားသခင်အတွက် အဘယ်အသုံးကျမည်နည်း။ ယင်းကို ဘုရားသခင်က အလိုမရှိပေ။ ဘုရားသခင်သည် သင့်အား ရိုးသားစွာ စကားပြောဆိုစေလိုသည်။ သင်သည် မည်သူဖြစ်ပြီး သင့်စိတ်နှလုံးတွင် မည်သည့်အရာ စဉ်းစားသည်ကို ပြောဆိုစေလိုသည်။ ဤအရာများကို သင်ပြောနိုင်သလော။ ဤတွင် လုပ်ဆောင်ရမည့်အရာသည် ခက်ခဲလာသည်။ သင်က ‘ကျွန်ုပ်အား ကြိုးစားလုပ်ကိုင်စေပါ။ ကျွန်ုပ်တွင် လုပ်ဆောင်ရန် အားအင်ရှိပါမည်။ ကျွန်ုပ် ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများ အားလုံးကို စွန့်လွှတ်စေပါ၊ ကျွန်ုပ်စွန့်လွှတ်နိုင်သည်။ ကျွန်ုပ်သည် ကျွန်ုပ်၏ မိဘနှင့် သားသမီး၊ ကျွန်ုပ်၏ အိမ်ထောင်နှင့် အသက်မွေးအလုပ်တို့ကို လွယ်ကူစွာ စွန့်ခွာပါမည်။ သို့သော် ကျွန်ုပ်၏ စိတ်နှလုံးတွင် ရှိသောအရာကို ပြောခြင်း၊ ရိုးသားစွာ ပြောဆိုခြင်းတို့မှာ ကျွန်ုပ်မလုပ်နိုင်သော အရာဖြစ်သည်’ ဟု ပြောဆိုနိုင်သည်။ ယင်းကို သင် မလုပ်ဆောင်နိုင်သည့် အကြောင်းရင်းမှာ အဘယ်နည်း။ သင်လုပ်ဆောင်သည်နှင့် တစ်ပြိုင်နက် သင်နှင့်သိသော၊ သို့မဟုတ် ရင်းနှီးသော မည်သူမဆိုသည် သင့်အပေါ် ထင်မြင်ပုံ ကွဲပြားသွားမည် ဖြစ်သောကြောင့်ဖြစ်သည်။ ၎င်းတို့သည် သင့်ကို အထင်ကြီးတော့မည် မဟုတ်ပေ။ သင်သည် ဂုဏ်သိက္ခာ ဆုံးရှုံးသွားမည်ဖြစ်ပြီး လုံးလုံး အရှက်ကွဲပြီးဖြစ်ပေလိမ့်မည်။ သင်၏ သမာဓိနှင့် သိက္ခာသည်လည်း ရှိလိမ့်မည်မဟုတ်တော့ချေ။ အခြားလူတို့၏ စိတ်နှလုံးတွင်ရှိသော သင်၏ မြင့်မားသော ဂုဏ်အဆင့်အတန်းနှင့် သိက္ခာတို့သည် တည်ရှိတော့မည်မဟုတ်ပေ။ ဤအကြောင်းကြောင့် ဤသို့သော အခြေအနေမျိုးတွင် မည်သို့ပင်ဖြစ်စေ သင် အမှန်တရားကို ပြောလိမ့်မည်မဟုတ်ပေ။ ဤအရာကို လူတို့ ကြုံရသောအခါ ၎င်းတို့၏ စိတ်နှလုံးတွင် တိုက်ပွဲတစ်ခုဖြစ်သည်။ ထိုတိုက်ပွဲ ပြီးဆုံးသောအခါ အချို့သည် နောက်ဆုံးတွင် မိမိတို့၏ အခက်အခဲများကို ကျော်လွှားနိုင်ခဲ့ကြသော်လည်း အခြားသူများမှာမူ ယနေ့ထိတိုင် ၎င်းတို့၏ စာတန်ဆန်သော စိတ်သဘောထားများ၏ ချည်နှောင်မှုနှင့် ကန့်သတ်မှုများကို ရုန်းမထွက်နိုင်ဘဲ မိမိတို့၏ ကိုယ်ပိုင် အဆင့်အတန်း၊ မာန၊ ဝင့်ဝါမှုအပြင် ဂုဏ်သိက္ခာဟုခေါ်သော အရာတို့၏ ချုပ်ကိုင်မှုအောက်တွင် ရှိနေဆဲဖြစ်ကြ၏။ ဤသည်မှာ အခက်အခဲတစ်ခုဖြစ်သည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်)သင်သည် ရိုးသားသော လူတစ်ဦးဖြစ်လာရန် ဆန္ဒရှိသော်လည်း သင်၏ မာန်မာန၊ ဝင့်ဝါမှုနှင့် ကိုယ်ကျိုးကို လက်မလွှတ်နိုင်ပေ။ ထို့အတွက်ကြောင့် သင်သည် ဤအရာများကို ထိန်းသိမ်းဖို့အတွက် မုသားဆိုခြင်းကိုသာ အားကိုးနိုင်တော့သည်။ အကယ်၍ သင်သည် သမ္မာတရားကို ချစ်သောသူတစ်ဦး ဖြစ်ပါက သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့အတွက် အခက်အခဲအမျိုးမျိုးကို သည်းခံလိမ့်မည်။ သင်၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို စွန့်လွှတ်အနစ်နာခံရသည့်အပြင် အခြားသူများထံမှ လှောင်ပြောင်သရော်မှုနှင့် အရှက်ကွဲမှုကို သည်းခံရသည့် သဘောသက်ရောက်လျှင်ပင် သင်အရေးစိုက်မည် မဟုတ်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို ကျေနပ်စေနိုင်သရွေ့ တော်ပြီဖြစ်သည်။ သမ္မာတရားကို ချစ်သောသူတို့သည် ယင်းကို လက်တွေ့လုပ်ဆောင်ရန်နှင့် ရိုးသားရန် ရွေးချယ်ကြသည်။ ဤသည်မှာ မှန်ကန်သော လမ်းကြောင်းဖြစ်ပြီး ယင်းကို ဘုရားသခင် ကောင်းချီးပေးသည်။ လူတစ်ဦးသည် သမ္မာတရားကို မချစ်လျှင် မည်သည့်အရာကို ရွေးချယ်သနည်း။ ၎င်းတို့သည် မိမိတို့၏ ဂုဏ်သတင်း၊ အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် အကျင့်စာရိတ္တကို ထိန်းသိမ်းဖို့အတွက် မုသားကို အသုံးပြုရန် ရွေးချယ်ကြသည်။ ၎င်းတို့သည် လိမ်လည်လှည့်ဖြားပြီးလျှင် ဘုရားသခင်၏ ရွံမုန်းခြင်းနှင့် ပစ်ပယ်ခြင်းကိုသာခံရန် လိုလားသည်။ ထိုသို့သော လူတို့သည် သမ္မာတရားနှင့် ဘုရားသခင်ကို ပစ်ပယ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ရွေးချယ်၏။ လိမ်လည်လှည့်ဖြားလို၏။ ဘုရားသခင် ကျေနပ်သည်၊ မကျေနပ်သည် သို့မဟုတ် ၎င်းတို့ကို သူကယ်တင်မည်၊ မကယ်တင်မည်ကို ဂရုမစိုက်ကြပေ။ ထိုသို့သော လူတို့ကို ဘုရားသခင် ကယ်တင်နိုင်ဦးမည်လော။ ၎င်းတို့သည် မှားယွင်းသောလမ်းကြောင်းကို ရွေးချယ်ထားသောကြောင့် ကယ်တင်ခြင်း မခံရနိုင်မည်မှာ အသေအချာပင်။ ၎င်းတို့သည် လိမ်ညာခြင်းနှင့် လိမ်လည်လှည့်စားခြင်းဖြင့်သာ အသက်ရှင်နိုင်သည်။ ၎င်းတို့သည် မုသားဆိုခြင်း၊ ယင်းတို့ကို ဖုံးကွယ်ခြင်းနှင့် နေ့စဉ် မိမိတို့ကိုယ်ကို ခုခံကာကွယ်ရန်အတွက် ဦးနှောက်ခြောက်အောင် စဉ်းစားခြင်းဟူသည့် စိတ်မချမ်းမြေ့စရာ ဘဝများဖြင့်သာ အသက်ရှင်နိုင်ကြသည်။ မုသားများက သင်တောင့်တသော ဂုဏ်သတင်း၊ အဆင့်အတန်း၊ ဝင့်ဝါမှုနှင့် မာန်မာနကို ထိန်းသိမ်းနိုင်သည်ဟု သင်ယူဆလျှင် လုံးဝ မှားယွင်းပြီ။ အမှန်မှာမူ မုသားဆိုခြင်းဖြင့် သင်သည် သင်၏ ဝင့်ဝါမှုနှင့် မာန်မာနအပြင် သင်၏ ဂုဏ်သိက္ခာနှင့် အကျင့်စာရိတ္တတို့ကို မထိန်းသိမ်းနိုင်သည်သာမက ပို၍ဆိုးသည်မှာ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့နှင့် ရိုးသားသော လူတစ်ဦးဖြစ်ဖို့ အခွင့်အရေးနှင့် လွဲချော်ရလေသည်။ သင်သည် ထိုအခိုက်တွင် မိမိ၏ ဂုဏ်သတင်း၊ အဆင့်အတန်း၊ ဝင့်ဝါမှုနှင့် မာန်မာနကို ကာကွယ်နိုင်လျှင်ပင် သင်သည် သမ္မာတရားကို စွန့်လွှတ်လိုက်ရပြီး ဘုရားသခင်ကို သစ္စာဖောက်မိပြီဖြစ်သည်။ ဤသည်မှာ သူ့အနေဖြင့် သင့်အား ကယ်တင်ဖို့နှင့် စုံလင်စေဖို့ အခွင့်အရေးကို သင် လုံးဝ ဆုံးရှုံးလိုက်ရပြီဟု ဆိုလိုကာ ယင်းက အကြီးမားဆုံးသော ဆုံးရှုံးမှုနှင့် တစ်သက်စာနောင်တပင် ဖြစ်၏။ လိမ်လည်လှည့်စားတတ်သော သူတို့သည် ဤအရာကို မည်သည့်အခါမျှ နားလည်မည်မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောသူလူတစ်ဦးကသာ စစ်မှန်သော လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နိုင်သည်) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်တော့်နှလုံးသားကို ထိုးဖောက်တယ်။ ကျွန်တော်က လူတွေရဲ့စိတ်ထဲက ကိုယ့်အဆင့်အတန်းကို တခြားအရာအားလုံးထက် ပိုအရေးကြီးတယ်လို့ သဘောထားခဲ့တယ်၊ အဲဒီအရာတွေကို ကာကွယ်ဖို့အတွက် ကျွန်တော်က ရိုးသားတဲ့စကားတစ်ခွန်းတောင် မပြောနိုင်ခဲ့ဘူး။ ရိုးရိုးရှင်းရှင်းနဲ့ ဖွင့်ဟပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်တဲ့ ရိုးသားတဲ့သူတစ်ယောက်အဖြစ် နေရမယ့်အစား လှည့်ဖြားပြီး ကိုယ့်အမှားတွေကို ဖုံးကွယ်ဖို့ပဲ ကျွန်တော် ပိုနှစ်သက်ခဲ့တယ်။ ဒါက ကျွန်တော့်မှာ သမ္မာတရားကို ချစ်တဲ့စိတ် လုံးဝမရှိဘူးဆိုတာကို ပြနေတာပဲ။ ရိုးသားတဲ့လူတွေက သူတို့ရဲ့ချို့ယွင်းချက်တွေနဲ့ ပြဿနာတွေကို တိုက်ရိုက်ရင်ဆိုင်နိုင်တယ်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့အတွက် အရှက်ကွဲရတာနဲ့ နာကျင်မှုအမျိုးမျိုးကို ခံနိုင်ရည်ရှိကြတယ်။ ဒါပေမဲ့ ကျွန်တော်လုပ်ရမှာက ကိုယ့်အမှားတွေနဲ့ ပြဿနာတွေကို ရိုးရိုးရှင်းရှင်းဖွင့်ဟဖို့ပဲလေ၊ အရှက်ခွဲခံရတာ၊ လှောင်ပြောင်ခံရတာ တစ်ခုမှ မကြုံရဘဲနဲ့တောင် ကျွန်တော် မလုပ်နိုင်ခဲ့ဘူး။ ပြဿနာတွေပေါ်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ရှင်းချက်ထုတ်ပြီး ကာကွယ်ဖို့ အကြောင်းပြချက်တွေ အမြဲရှာတယ်၊ ကိုယ့်ပြဿနာတွေကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့တယ်။ တစ်ခါတလေ ထုတ်လုပ်ရေးအကြိုအဆင့်လို အရာတွေကို အပြစ်တင်လိုက်၊ ဒါမှမဟုတ် စက်ပစ္စည်းတွေ၊ ဆော့ဖ်ဝဲလ်တွေကို အပြစ်ဖို့လိုက် လုပ်ခဲ့တယ်။ ဒီတစ်ခါ ရုပ်ရှင်မှာ ပြဿနာရှိတာတောင် အပြစ်ကိုတောင် လွှဲချချင်ခဲ့တယ်၊ ပြီးတော့ ညီအစ်မက အမှားကို မမြင်မိခဲ့တဲ့အတွက် စိတ်ထဲမှာ စောဒကတက်ခဲ့တယ်။ ကျွန်တော်ဟာ တကယ်ကို ဆင်ခြင်တုံတရားကင်းမဲ့ပြီး လှည့်ဖြားတတ်တာပဲ။ ကိုယ့်မာနနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ ကျွန်တော် ဘယ်လိုအကြောင်းပြချက်မျိုးကိုမဆို ဖန်တီးနိုင်မှန်း သဘောပေါက်လိုက်တယ်။ ကျွန်တော် “သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်” နဲ့ “ဂုဏ်သိက္ခာဟာ အဖိုးမဖြတ်နိုင်ဘူး” ဆိုတာမျိုး စာတန်ဆန်တဲ့ အဆိပ်အတောက်တွေရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ လွှမ်းမိုးမှုကို ခံခဲ့ရတယ်ဆိုတာကို ကျွန်တော် သဘောပေါက်ခဲ့တယ်။ တခြားသူတွေက ကိုယ့်ကို အထင်ကြီးပြီး အသိအမှတ်ပြုမှသာ ကိုယ့်ဘဝက တန်ဖိုးရှိတာ၊ တခြားသူတွေရဲ့အထင်ကြီးမှုကို မရရင် ဘဝက အဓိပ္ပာယ်မရှိဘူးလို့ ကျွန်တော် အမြဲယုံကြည်ခဲ့တယ်။ တစ်လျှောက်လုံး ကျွန်တော့်တာဝန်မှာ ကိုယ့်မာနနဲ့ အဆင့်အတန်းကိုပဲ အမြဲစဉ်းစားခဲ့တယ်၊ အမှားတစ်ခု ပေါ်လာတာနဲ့ တခြားသူတွေ သိသွားမှာကို အရမ်းကြောက်ခဲ့တယ်။ ကျွန်တော့်ရဲ့ သတိကြီးပြီး ကာကွယ်တတ်တဲ့ အပြုအမူက ကျွန်တော် အဆင့်အတန်းနဲ့ နာမည်ဂုဏ်သတင်းကို အရာအားလုံးထက် ပိုပြီးတန်ဖိုးထားတယ်ဆိုတာကို ပြသခဲ့တယ်။ ကျွန်တော်က ကိုယ့်မိသားစုနဲ့ အသက်မွေးဝမ်းကျောင်းကိုစွန့်ပြီး တာဝန်ထမ်းဆောင်တယ်၊ အချိန်ပိုတွေလုပ်ပြီး အဖိုးအခပေးဆပ်ခဲ့တယ်၊ ဒါပေမဲ့ ကိုယ့်အမှားတွေကို ဝန်ခံဖို့၊ အမှန်အတိုင်းပြောပြီး ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးမှုနဲ့ ချို့ယွင်းချက်တွေကို ဖွင့်ဟချပြဖို့ အချိန်ရောက်လာတဲ့အခါ ကျွန်တော် လုံးဝမလုပ်နိုင်ခဲ့ဘူး။ ကိုယ့်မာနနဲ့ အဆင့်အတန်းကို ထိန်းသိမ်းတာနဲ့ ရိုးသားတဲ့သူတစ်ယောက်ဖြစ်ခြင်းကြားမှာ ကျွန်တော်က ပထမတစ်ခုကိုပဲ အကြိမ်ကြိမ်အခါခါ ရွေးချယ်ခဲ့တယ်။ မာနနဲ့ အဆင့်အတန်းက ကျွန်တော့်ကို ဘယ်လောက်တောင် တင်းတင်းကျပ်ကျပ် ချည်နှောင်ပြီး ထိန်းချုပ်ထားလဲဆိုတာ ကျွန်တော် မြင်ခဲ့ရတယ်။ ကျွန်တော်က ကိုယ့်အမှားတွေကို ဖုံးကွယ်ထားနိုင်ခဲ့ပေမဲ့ ညီအစ်ကိုမောင်နှမတွေကို လှည့်စားခဲ့တယ်၊ တည်ကြည်မှု ဒါမှမဟုတ် ဂုဏ်သိက္ခာမရှိဘဲ အသက်ရှင်ခဲ့တယ်၊ ပြီးတော့ ကျွန်တော်က စာတန်ရဲ့အာဏာအောက်မှာ အသက်ရှင်နေတုန်းပဲ။ ကျွန်တော်ဟာ စာတန်ရဲ့ ဖျက်ဆီးခြင်းကို ခံထားရပြီး စာတန်ဆန်တဲ့ စိတ်သဘောထားတွေ၊ စာတန်ရဲ့အဆိပ်အတောက်အမျိုးမျိုးနဲ့ ပြည့်နေတာ သိသိသာသာကြီးပဲ၊ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အမှားမလုပ်တတ်တဲ့၊ အပြစ်ကင်းစင်တဲ့ သူတော်စင်တစ်ယောက်လို လူလုံးပြဖို့ ကြိုးစားနေခဲ့တုန်းပဲ။ ကျွန်တော်ဟာ အရမ်းကို အယောင်ဆောင်ပြီး ကြောင်သူတော်ဆန်လိုက်တာ။ ကိုယ့်အမှားတွေကို ဖုံးကွယ်နိုင်ခဲ့ရင်တောင် ဘာများတကယ်ပြီးမြောက်မှာလဲ။ သိက္ခာဆယ်ရဖို့အတွက်ပဲ လှည့်ကွက်တွေနဲ့ လှည့်စားမှုတွေကို အကြိမ်ကြိမ် အားကိုးခဲ့ပြီး သမ္မာတရားကိုလက်တွေ့လုပ်ဆောင်ဖို့နဲ့ ရိုးသားတဲ့သူတစ်ယောက်ဖြစ်ဖို့ အခွင့်အရေးကို စွန့်လွှတ်ခဲ့တယ်။ ဘုရားသခင်ရဲ့အမြင်မှာ ဒီလိုအပြုအမူက လှည့်စားခြင်းနဲ့ ဟန်ဆောင်ခြင်းပဲ၊ ကျွန်တော်သာ ဒီလှည့်ဖြားတတ်ပြီး ဟန်ဆောင်တတ်တဲ့ ဖောက်ပြန်ပျက်စီးတဲ့စိတ်သဘောထားကို မဖယ်ရှားဘဲဆက်သွားနေရင် ဘုရားသခင်ရဲ့ ပစ်ပယ်ခြင်းနဲ့ ဖယ်ရှားရှင်းလင်းခြင်းကို သေချာပေါက်ခံရမှာပဲ၊ ဒါဟာ တကယ်ကို ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်သွားမှာပဲ။ ဒီလိုတွေးလိုက်တော့ ကျွန်တော် ဂုဏ်သိက္ခာအတွက်နဲ့ အသက်မရှင်ချင်တော့ဘူး၊ ကိုယ့်ရဲ့ဟန်ဆောင်မှုနဲ့ လှည့်ဖြားမှုကိုဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေလိုစိတ်ရှိလာတယ်။

နောက်ပိုင်းမှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် ဖတ်ခဲ့ပြီး လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခုကို တွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ယင်းမှာ မည်သည့်ပြဿနာပင်ဖြစ်ပါစေ ဖြစ်ပေါ်လာသည့် မည်သည့်ပြဿနာကိုမဆို ဖြေရှင်းဖို့ သင် သမ္မာတရားကို ရှာဖွေရမည်ဖြစ်ပြီး မည်သည့်နည်းလမ်းနှင့်မျှ သင်ဟန်မဆောင်ရ၊ သို့မဟုတ် အခြားသူများအတွက် အယောင်ဆောင်မလှည့်စားရ။ သင်၏အားနည်းချက်များ၊ သင်၏ချို့ယွင်းချက်များ၊ သင်၏အမှားများ၊ သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ယင်းတို့အားလုံးနှင့်ပတ်သက်၍ လုံးဝ ပွင့်ပွင့်လင်းလင်းရှိပြီး မိတ်သဟာယပြုလော့။ ယင်းတို့ကို အတွင်း၌ မသိမ်းထားနှင့်။ သင့်ကိုယ်သင် မည်သို့ဖွင့်ဟဖို့ကို သင်ယူခြင်းသည် အသက်ဝင်ရောက်ခြင်း၏ ပထမခြေလှမ်းဖြစ်ပြီး၊ ယင်းမှာ အောင်နိုင်ဖို့ အခက်ဆုံးဖြစ်သည့် ပထမဆုံး အခက်အခဲတစ်ခု ဖြစ်သည်။ ယင်းကို သင်အောင်နိုင်ပြီးသည်နှင့် သမ္မာတရားကို ဝင်ရောက်ခြင်းသည် လွယ်ကူပေသည်။ ဤခြေလှမ်းကို လှမ်းခြင်းက အဘယ်သဘောကို ဆောင်သနည်း။ ယင်းက သင်၏စိတ်နှလုံးကို ဖွင့်ပြီး ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ အပြုသဘောဆောင်သည်ဖြစ်စေ၊ အပျက်သဘောဆောင်သည်ဖြစ်စေ သင်၌ရှိသမျှ အားလုံးကို ပြခြင်းကို ဆိုလိုလေသည်။ ဘုရားသခင်ထံမှ မည်သည့်အရာမျှ မကွယ်ဝှက်ဘဲ၊ မည်သည့်အရာမျှ မဖုံးကွယ်ဘဲ၊ မမျိုသိပ်ဘဲ လှည့်စားမှုနှင့် လှည့်ကွက်ကင်းကာ အခြားသူများကို အလားတူ ပွင့်လင်းပြီး ရိုးသားရင်း၊ အခြားသူများနှင့် ဘုရားသခင် မြင်ဖို့ရာ သင့်ကိုယ်သင် ထုတ်ဖော်ပြခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် အလင်းတွင် အသက်ရှင်ပြီး ဘုရားသခင်က သင့်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမည်သာမက၊ အခြားလူများက သင်သည် စည်းမျဉ်းနှင့်အညီ ပွင့်လင်းမြင်သာသည့် အတိုင်းအတာတစ်ခုဖြင့် ပြုမူကြောင်း မြင်နိုင်လိမ့်မည်။ သင်၏ ဂုဏ်သတင်း၊ ပုံရိပ်နှင့် အဆင့်အတန်းတို့ကို ကာကွယ်ရန် မည်သည့်နည်းလမ်းများကိုမျှ အသုံးပြုရန် မလိုသကဲ့သို့ သင်၏ အမှားများကို ဖုံးကွယ်ရန်၊ သို့မဟုတ် ဟန်ဆောင်ရန်လည်း မလိုအပ်ပေ။ ဤအသုံးမဝင်သော အားစိုက်ထုတ်မှုများကို သင် ဆောင်ရွက်ရန် မလိုပေ။ ဤအရာများကို သင် လက်လွှတ်နိုင်ပါက သင်သည် အလွန်ပင် သက်သောင့်သက်သာ ဖြစ်လိမ့်မည်။ သင်သည် ဘောင်ခတ်မှုများ၊ သို့မဟုတ် နာကျင်မှု မရှိဘဲ အသက်ရှင်လိမ့်မည် ဖြစ်ပြီး သင်သည် အလင်းတွင်သာ လုံးဝ အသက်ရှင်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်တော်နားလည်လိုက်တာက ရိုးသားတဲ့သူတစ်ယောက်ဖြစ်ဖို့ ပထမဆုံးအဆင့်က ရိုးရိုးရှင်းရှင်းနဲ့ ဖွင့်ဟတတ်ဖို့ပဲ။ ကိုယ့်ရဲ့ချို့ယွင်းချက်တွေနဲ့ ဖောက်ပြန်ပျက်စီးမှုတွေကို ဖွင့်ဟရဲရမယ်။ အထူးသဖြင့် ကိုယ်ကအမှားလုပ်ထားပြီး တခြားသူတွေမသိစေချင်တဲ့အချိန်မျိုးမှာ အဲဒါဟာ ကိုယ့်ကိုယ်ကိုယ် ပိုပြီးဖွင့်ချပြပြီး အဲဒီအကြောင်းကို ရိုးရိုးသားသားပြောနိုင်ရမဲ့ အချိန်ပါပဲ။ ဘုရားသခင်တန်ဖိုးထားတာက သမ္မာတရားကိုချစ်တဲ့စိတ်နှလုံးနဲ့ သိက္ခာကျရမှာကိုတောင်မမှုဘဲ ရိုးသားဖို့ ကြိုးစားတဲ့ စိတ်သဘောထားပဲ။ ကျွန်တော် ရိုးသားတဲ့သူတစ်ယောက်ဖြစ်ဖို့ အများကြီး လိုသေးတယ်ဆိုတာကို ကျွန်တော်တွေ့ခဲ့ရတယ်၊ ဒါပေမဲ့ ဒီအပိုင်းမှာ လေ့ကျင့်ပြီး လက်တွေ့လုပ်ဆောင်လိုစိတ်ရှိခဲ့တယ်။ ရှေ့ဆက်ပြီး ကျွန်တော့်တာဝန်မှာ ဘာအမှားအယွင်းပဲလုပ်မိလုပ်မိ၊ ကျွန်တော် အဲဒါနဲ့ပတ်သက်ပြီး တခြားသူတွေကို သတိရှိရှိ ပွင့်ပွင့်လင်းလင်းပြောမယ်၊ အဲဒီလိုလုပ်တဲ့အခါ ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကို အထင်မသေးခဲ့ကြဘူး။ အဲဒီအစား သူတို့ရဲ့ရိုးသားတဲ့အကူအညီကို ကျွန်တော်ရခဲ့တယ်။ တဖြည်းဖြည်းနဲ့ ကျွန်တော်က အရင်လိုအမှားလုပ်မိတဲ့အခါ အပြစ်ရှိသလိုမခံစားရတော့ဘူး၊ မကြောက်တော့ဘူး၊ ဖုံးကွယ်ဖို့လည်း မကြိုးစားတော့ဘူး။ အမှားလုပ်ပြီး မဖွင့်ဟရဲခဲ့တုန်းက အခြေအနေကို ပြန်ကြည့်လိုက်တော့ ကျွန်တော် အမှောင်ထောင့်တစ်ခုမှာ ပုန်းနေတဲ့ ကြွက်တစ်ကောင်လိုပဲ၊ အလင်းထဲကို ထွက်လာဖို့ ကြောက်နေခဲ့တယ်။ အခု ညီအစ်ကိုမောင်နှမတွေကို ဖွင့်ဟပြောပြပြီးတဲ့နောက်မှာတော့ ဝန်ထုပ်တစ်ခုကို ချလိုက်ရသလိုပဲ ပေါ့ပါးလွတ်လပ်သွားတယ်။ နောက်ပိုင်းမှာ ပရောဂျက်ဖိုင်တွေပျောက်သွားတာ၊ ရုပ်နဲ့အသံမကိုက်တာလိုမျိုး ပြဿနာတွေကို ကျွန်တော် ဆင်ခြင်သုံးသပ်ကြည့်တယ်။ ဒါတွေဖြစ်ရတာ အဓိကကတော့ ကျွန်တော်က တာဝန်မှာပေါ့ဆတယ်၊ အတွေ့အကြုံကိုပဲအားကိုးတယ်၊ ပြီးတော့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲခဲ့လို့ပဲ။ ရှေ့ဆက်ပြီး ဒီပြဿနာတွေကိုရှောင်ဖို့ ပရောဂျက်တွေကို ပုံမှန်အရန်ဖိုင်သိမ်းမယ်၊ ကိုယ့်ကိုယ်ကိုယ် သိပ်မယုံကြည်တော့ဘဲ အဲဒီအစား ကိုယ့်တာဝန်ကို ဂရုတစိုက် သဘောထားပြီး လုပ်မယ်။

တစ်ခါတုန်းက ကျွန်တော်ကိုင်တွယ်ပုံမမှန်လို့ အင်တာနက်ပေါ်တင်ပြီးသား ဗီဒီယိုပရောဂျက်တချို့ကို ဖျက်မိသွားတယ်။ ညီအစ်ကိုမောင်နှမတွေက ဒီကိစ္စက အရေးမသေးဘူး၊ ခေါင်းဆောင်ကို သတင်းပေးဖို့လိုတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ ခေါင်းဆောင်သိသွားရင် ကျွန်တော့်အပေါ် မကောင်းမြင်သွားမှာကို အရမ်းစိုးရိမ်လို့ ဒီကိစ္စကို အသေးအဖွဲဖြစ်အောင် လုပ်ချင်ခဲ့တယ်။ ကျွန်တော် အချိန်နည်းနည်းယူပြီး ပရောဂျက်တွေကို ပြန်ရယူခဲ့တယ်၊ ပြဿနာကို ပြင်လိုက်ရင် လုံလောက်ပြီလို့ တွေးပြီး ခေါင်းဆောင်ကို ချက်ချင်းမပြောခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော် အဲဒီနောက်မှာ အတော်လေး အပြစ်ရှိသလို ခံစားခဲ့ရတယ်။ စုဝေးပွဲတစ်ခုမှာ ကျွန်တော်လုပ်ခဲ့တဲ့အမှားကို ခေါင်းဆောင်ဆီ ဖွင့်ဟပြောပြချင်ခဲ့ပေမဲ့ ဒါပေမဲ့ ကျွန်တော် ကိုယ့်ဂုဏ်သိက္ခာကို အရမ်းစိုးရိမ်နေသေးတော့ မပြောဖြစ်ခဲ့ဘူး။ အဲဒီအချိန်မှာပဲ ကျွန်တော့်ကို အရမ်းတို့ထိတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော်တို့ ဖတ်ဖြစ်ခဲ့ကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဖောက်ပြန်ပျက်စီးသော လူသားများတွင် အခြားသော ချို့ယွင်းချက်တစ်ခု ရှိလေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အထူးသဖြင့် မြင့်မြတ်ပြီး ကြီးမြတ်သူများအဖြစ်လည်းကောင်း၊ အထူးသဖြင့် ထိုးထွင်းသိမြင်မှုရှိပြီး ကြွယ်ဝချမ်းသာသူများအဖြစ်လည်းကောင်း၊ အထူးသဖြင့် အချို့သော အဆင့်အတန်းနှင့် နောက်ခံ ရှိသူများအဖြစ်လည်းကောင်း ဖော်ပြရသည်ကို နှစ်သက်ကြလေသည်။ ၎င်းတို့သည် တိတ်တဆိတ် လုပ်ဆောင်ခဲ့သော စက်ဆုပ်ဖွယ်ကောင်းသော အရာများ သို့မဟုတ် မိုက်မဲသော အရာများ၊ ၎င်းတို့ ပြုလုပ်ခဲ့သော အမှားများ သို့မဟုတ် ၎င်းတို့တွင်ရှိသော ချို့ယွင်းချက်များနှင့် အားနည်းချက်များကို မည်သည့်ဘယ်သောအခါမျှ ထုတ်မပြောကြပေ။ အခြားသူများက ထိုသို့သောအရာများအကြောင်းကို သိရှိသွားမည်ကိုလည်းကောင်း၊ အခြားသူများက ၎င်းတို့၏ အရှိအတိုင်းကို မြင်တွေ့သွားမည်ကိုလည်းကောင်း ကြောက်ရွံ့လျက် ၎င်းတို့သည် စကားတစ်ခွန်းမျှ မပြောကြ သို့မဟုတ် အရိပ်အမြွက်မျှပင် မပေါက်ကြားစေကြပေ။ ဤသည်မှာ ဟန်ဆောင်နေခြင်း မဟုတ်လော။ ဤသည်မှာ လိမ်ညာခြင်းနှင့် လှည့်ဖြားခြင်း မဟုတ်လော။ (ဟုတ်ပါသည်။)” (နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂၅)) ဘုရားနှုတ်ကပတ်တော်ကို တွေးဆရင်းနဲ့ ကျွန်တော်က ကိုယ့်မာနနဲ့ အဆင့်အတန်းကိုကာကွယ်ဖို့ အမှားကို နောက်တစ်ခါ ဖုံးကွယ်ဖို့ကြိုးစားနေပြန်ပြီဆိုတာ သဘောပေါက်လိုက်တယ်။ ကျွန်တော် ပရောဂျက်အားလုံးကို ပြန်ရယူခဲ့ပေမဲ့၊ ပြီးတော့ အသင်းတော်ရဲ့အလုပ်ကို ဘာထိခိုက်မှုမှ မဖြစ်ခဲ့ပေမဲ့ ဒီကိစ္စမှာ ကျွန်တော်က ကိုယ့်အမှားတွေကို ဖုံးကွယ်ချင်တဲ့စိတ်ကို ပြနေခဲ့တုန်းပဲ၊ တခြားသူတွေကို ကိုယ့်ချို့ယွင်းချက်တွေ မမြင်စေချင်ခဲ့ဘူး။ ဒါဟာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတစ်ခုပဲ၊ ပြီးတော့ ဒီကိစ္စက ကျွန်တော့်တာဝန်ထမ်းဆောင်ရင်း ဖြစ်ပေါ်လာတဲ့ပြဿနာတစ်ခုဖြစ်လို့ အသေးစိတ်အချက်အလက်အားလုံးကို ခေါင်းဆောင်ဆီ ရိုးရိုးသားသားနဲ့ ရှင်းရှင်းလင်းလင်း သတင်းပို့ဖို့လိုအပ်တယ်။ ဒါနဲ့ ကျွန်တော်က စိတ်နှလုံးထဲက တိတ်တဆိတ်ဆုတောင်းလိုက်တယ်၊ “အို ဘုရားသခင်၊ လှည့်ဖြားတတ်တဲ့ ဖောက်ပြန်ပျက်စီးတဲ့စိတ်သဘောထားနဲ့ သား အသက်မရှင်ချင်တော့ဘူး။ သားစိတ်နှလုံးကို စိစစ်ပေးပါ။ ရိုးရိုးရှင်းရှင်းနဲ့ ဖွင့်ဟပြီး ရိုးသားတဲ့သူတစ်ယောက် ဖြစ်လိုပါတယ်” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ ဒီကိစ္စမှာ ကျွန်တော့်ဆီမှာ ထုတ်ဖော်ခဲ့တဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ ကိုယ့်ကိုယ်ကိုယ်နားလည်လာတဲ့အကြောင်းကို ကျွန်တော် မိတ်သဟာယဖွဲ့လိုက်တယ်။ စကားပြောပြီးသွားတော့ ဝန်ထုပ်ဝန်ပိုးတစ်ခု ကျသွားသလို ခံစားလိုက်ရတယ်။ အဲဒီအချိန်မှာ နည်းနည်း ကသိကအောက်ဖြစ်ပေမဲ့ ဖွင့်ဟပြီး မိတ်သဟာယဖွဲ့လိုက်တဲ့အခါ စိတ်နှလုံးထဲမှာ အများကြီး ပေါ့ပါးသွားတယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

စုဝေးပွဲတစ်ခုအတွက် “ပြင်ဆင်ခြင်း”

ရှောင်လီ၊ တရုတ်ပြည်၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ကျွန်မဟာ အသင်းတော်ခေါင်းဆောင်အဖြစ် အရွေးခံခဲ့ရပြီး၊ ရေလောင်းခြင်းအလုပ်ကို အဓိကတာဝန်ယူခဲ့တယ်။...

တာဝန်ထမ်းဆောင်ခြင်းသည် ရိုးသားခြင်းမရှိဘဲ မဖြစ်နိုင်ပေ

မုရီ အမေရိကန်နိုင်ငံ ကျွန်မက အသင်းတော်မှာ လူသစ်တွေကို ရေလောင်းတာကို ဦးဆောင်ရတယ်။ တချို့ယုံကြည်သူအသစ်တွေက ပါဝင်တာ သိပ်မကြာသေးဘူး။ သူတို့ထဲက...

ရိုးသားသူတစ်ယောက်ဖြစ်ခြင်းအားဖြင့် ကျွန်တော်ရရှိခဲ့သည့်အရာ

ချန်ယံ တောင်ကိုရီးယားနိုင်ငံအလုပ်အစည်းအဝေးတစ်ခုမှာ ကျွန်တော်ဦးဆောင်ရတဲ့ အသင်းတော်တစ်ခုရဲ့ လူသစ်တွေကိုရေလောင်းတာ ဘယ်လိုအခြေအနေရှိလဲလို့...

ကယ်တင်ခံရဖို့ သင်ရိုးသားလာရမည်

အိုက်ကွမ်း ပြင်သစ်နိုင်ငံ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လတွင် ပြင်သစ် လူသစ်အသင်းတော်သို့ ယုံကြည်သူသစ်များကို ရေလောင်းပေးဖို့ ကျွန်မလာခဲ့သည်။...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။