စုဝေးပွဲပြီးနောက် ပြန်လည်သုံးသပ်ခြင်းများ

18.03.2026

အန်ရန်၊ တရုတ်နိုင်ငံ

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတုန်းက အသင်းတော်မှာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးတွေကို ကျွန်မ စိစစ်ရွေးချယ်နေခဲ့တယ်။ တစ်နေ့မှာ ကြီးကြပ်ရေးမှူးက ကျွန်မတို့အဖွဲ့ စုဝေးပွဲကို ရောက်လာပြီး လတ်တလော ကျွန်မတို့တင်ပြတဲ့ ဆောင်းပါးတွေအရ စည်းမျဉ်းတချို့ကို ကျွန်မတို့ကောင်းကောင်း သဘောမပေါက်သေးတာ မြင်ရတယ်လို့ ပြောတယ်။ ကျွန်မတို့အားလုံးအတူတူ စည်းမျဉ်းတွေကို ပိုင်နိုင်သွားအောင် ဆောင်းပါးသုံးလေးခုကို ကျွန်မတို့နဲ့အတူ စိစစ်ရွေးချယ်ချင်တယ်တဲ့။ သူက ဆောင်းပါးနည်းနည်းကို ရွေးထုတ်လိုက်ပြီး တစ်ယောက်ချင်းစီကို ပြန်စစ်ခိုင်းတယ်၊ ပြီးတော့ စည်းမျဉ်းတွေအပေါ်အခြေခံပြီး ကျွန်မတို့ရဲ့ မှတ်ချက်တွေကို မျှဝေခိုင်းတယ်။ ကိုယ့်အမြင်တွေကို တစ်ယောက်ချင်း တင်ပြရမယ်ဆိုတာ ကြားလိုက်တာနဲ့ ကျွန်မ စိတ်လှုပ်ရှားလာတယ်။ တွေးမိတာပေါ့။ “လတ်တလော ငါစိစစ်လိုက်တဲ့ ဆောင်းပါးတချို့မှာ သိသာတဲ့ပြဿနာတချို့ ရှိခဲ့တာ။ ငါ စည်းမျဉ်းတွေကို သဘောပေါက်မပေါက်၊ ဒီတာဝန်နဲ့ သင့်တော်မတော် ကြည့်ဖို့ သူ ဒါကို အသုံးပြုနေတာလား။ စည်းမျဉ်းတွေကို ငါ သဘောမပေါက်မှန်း သူသိသွားရင် ငါ့ကို သေချာပေါက် ဖြုတ်ချမှာပဲ” ပေါ့။ အဲဒီနောက်မှာ ဆောင်းပါးတွေကို ဖတ်ဖို့ ကျွန်မ စိတ်ငြိမ်ငြိမ်မထားနိုင်ခဲ့ဘူး။ ပိုပြည့်စုံတဲ့အဖြေတစ်ခု ဘယ်လိုပေးရမလဲ၊ ကိုယ့်အားနည်းချက်တွေ မပေါ်သွားအောင် ဘာပြောရမလဲ ဆိုတာကိုပဲ ကျွန်မ အဖြေရှာဖို့ ကြိုးစားနေခဲ့တာ။ ပထမဆောင်းပါးကို ဖတ်ပြီးတဲ့နောက်မှာ ကျန်းယန်က သူ့အမြင်ကို အရင်မျှဝေတယ်။ ကျွန်မ သတိမထားမိတဲ့ ပြဿနာတစ်ခုကို သူ ထောက်ပြခဲ့တယ်။ ကြီးကြပ်ရေးမှူးက သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်တာကို မြင်တော့ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်။ “ကျန်းယန်ရဲ့ အမြင်က မှန်ပုံရတယ်။ ငါပြောရမဲ့အလှည့်ကျရင် ငါ့အဖြေ ပိုပြည့်စုံသွားတယ်လို့ ထင်ရအောင်အဲဒီအချက်ကို ထည့်ပြောလိုက်မယ်။ အဲဒါဆိုရင် ငါ အရမ်းညံ့တယ်လို့ ကြီးကြပ်ရေးမှူး ထင်မှာ မဟုတ်ဘူး” ပေါ့။ နောက်တော့ ကြီးကြပ်ရေးမှူးက ကျွန်မကို မေးတယ်။ ကျွန်မ တွေ့ထားတဲ့ ပြဿနာတွေကို ပြောပြခဲ့ပြီး ကျန်းယန်ပြောသွားတဲ့အချက်ကိုလည်း သေသေချာချာ ထည့်ပြောလိုက်တယ်။ နောက်ဆုံးမှာ ကြီးကြပ်ရေးမှူးက စည်းမျဉ်းတွေနဲ့ချိတ်ဆက်ပြီး ဒီဆောင်းပါးကို သုံးသပ်တဲ့အခါ ကျန်းယန်ရဲ့အမြင်က သင့်တော်တယ်လို့ ပြောတယ်။ ကျွန်မ နည်းနည်း စိတ်သက်သာရာရသွားပေမဲ့ အရမ်းလဲ နေမထိထိုင်မသာ ဖြစ်ခဲ့ရတယ်။ ကျွန်မ နည်းနည်း လိပ်ပြာမလုံဖြစ်နေခဲ့တာ။ အဲဒီနောက်မှာ ကျွန်မ ရှာမတွေ့မိတဲ့ တခြားပြဿနာတွေကို ကြီးကြပ်ရေးမှူးက ပြောပြတယ်။ ကျွန်မ ချက်ချင်း တွေးမိလိုက်တယ်။ “ဒီလောက်ရိုးရှင်းတဲ့ ပြဿနာတွေကိုတောင် ငါ ရှာမတွေ့လိုက်မိဘူး။ စာနဲ့ပတ်သက်တဲ့ တာဝန်ကို ငါထမ်းဆောင်နေတာ ဒီလောက်နှစ်တွေကြာတာတောင် ဒီလောက်သိသာတဲ့ ပြဿနာတွေကို မမြင်ရအောင် ငါ့ရဲ့အစွမ်းအစက တကယ်ကို ညံ့ဖျင်းတယ်လို့ ကြီးကြပ်ရေးမှူး ထင်တော့မှာပဲ။ နောက်တစ်ခါ ကိုယ့်အမြင်ကို ပြောရင် ငါ ပိုသတိထားမှဖြစ်မယ်” ပေါ့။ နောက်ဆောင်းပါးတစ်ပုဒ်ကို စတဲ့အခါမှာ ကျွန်မစိတ်ငြိမ်သွားဖို့ အတော်ကြာသွားတယ်။ အရင်ဆောင်းပါးတုန်းက ကျွန်မ အဖြေက မကောင်းခဲ့တာကိုပဲ မရပ်မနား တွေးနေမိတာ။ မကြာခင်မှာ ကျွန်မ ငိုက်လာပြီး ဆောင်းပါးရဲ့ ကျန်တဲ့အပိုင်းတွေ ခေါင်းထဲ သိပ်မရောက်တော့ဘူး။ ဆွေးနွေးတဲ့အချိန်မှာ ကြီးကြပ်ရေးမှူးက ကျွန်မအမြင်ကို မေးတော့ ကျွန်မ နည်းနည်းပဲ ပြောခဲ့တယ်။ စာရေးသူရဲ့ နားလည်မှုမှာ ဘာပြဿနာတွေရှိလဲဆိုတာကို ပြောရမဲ့အချိန်ရောက်တော့ ကျွန်မ အထစ်ထစ်အငေါ့ငေါ့ဖြစ်နေပြီး အတော်ကြာတဲ့အထိ စကားမထွက်ခဲ့ဘူး။ အစကတော့ ကျွန်မ ငိုက်သွားလို့ ခေါင်းထဲမရောက်ဘူးလို့ပဲ ပြောမလို့ပါပဲ၊ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးမှာတောင် ကျွန်မ အိပ်ချင်နေတာကို ကြီးကြပ်ရေးမှူး မြင်သွားရင် ကျွန်မအခြေအနေမကောင်းဘူး၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုမရှိဘူးလို့ သူထင်သွားမှာကို စိုးရိမ်လိုက်တယ်။ အဲဒီလိုသာဖြစ်ရင် ကျွန်မ သေချာပေါက် ဖြုတ်ချခံရတော့မှာလေ။ ဒါကြောင့် ကျွန်မ အမြန်ပဲ ဖုံးဖိဖို့ ကြိုးစားပြီး ပြောလိုက်တယ်၊ “ခဏလေးနော်၊ ကျွန်မတွေ့ထားတဲ့ ပြဿနာကို ဘယ်နားမှာ မှတ်လိုက်မိလဲဆိုတာ ရှာနေလို့ပါ” ပေါ့။ ကြီးကြပ်ရေးမှူးကို အဖြေပေးဖို့ အဓိကကျတဲ့ ပြဿနာတစ်ခုခုကို အမြန်ဆုံးရှာတွေ့ဖို့ ခေါင်းထဲမှာ အသည်းအသန် စဉ်းစားပြီး မောက်စ်နဲ့ ရွှေ့ပြီး ဆောင်းပါးကို အမြန် ကြည့်လိုက်တယ်။ နောက်ဆုံးတော့ ကြီးကြပ်ရေးမှူးက စိတ်မရှည်တော့ဘဲ ပြောတယ်၊ “မြင်တာကိုပဲ ပြောပါ။ ဖြေရတာ ဘာလို့ ဒီလောက် ခက်ခဲနေရတာလဲ” တဲ့။ တခြားရွေးစရာမရှိတော့လို့ နောက်ဆုံးမှာ ကျွန်မ ဝန်ခံလိုက်တယ်၊ “ကျွန်မ အာရုံလွင့်ပြီး နည်းနည်း ငိုက်သွားတယ်။ ခေါင်းထဲ သိပ်မရောက်လိုက်ဘူး” ပေါ့။ အဲဒီနောက် ကြီးကြပ်ရေးမှူးက တခြားညီအစ်မတစ်ယောက်ကိုပဲ သူ့အမြင် ဝေမျှခိုင်းလိုက်တယ်။ အဲဒီအချိန်မှာ ကျွန်မ အရမ်းရှက်မိတယ်။ ရင်ထဲမှာ ဗလောင်ဆူနေပြီး လတ်တလော ကျွန်မရဲ့ လုပ်ဆောင်ချက်တွေကြောင့် ကြီးကြပ်ရေးမှူးက ကျွန်မကို ဖြုတ်ချလိုက်မှာကို စိုးရိမ်နေခဲ့တယ်။ သုံးလေးနာရီလောက်ကြာတော့ ကျွန်မ စိတ်အရမ်းပင်ပန်းလာတယ်။ ကြီးကြပ်ရေးမှူးနဲ့အတူ ဆောင်းပါးတွေကို စိစစ်တာ၊ အတတ်ပညာပိုင်းနဲ့ပတ်သက်တဲ့ ကျွမ်းကျင်မှုတွေကို လေ့လာတာတွေတောင် ဆက်မလုပ်ချင်တော့ဘူး။

နောက်ပိုင်းမှာ ကျွန်မ စပြီးစဉ်းစားမိတယ်၊ “ကြီးကြပ်ရေးမှူးက ငါတို့နဲ့အတူတူ ဆောင်းပါးတွေကို စိစစ်ပေးပြီး စည်းမျဉ်းတွေနဲ့ပတ်သက်လို့ မိတ်သဟာယပြုပေးနေတာပဲ။ ဒါက ငါ့ရဲ့အားနည်းချက်တွေကို ဖြည့်ဆည်းဖို့ အခွင့်အရေးကောင်း မဟုတ်ဘူးလား။ ဘာလို့ ငါ ဒီလောက်တောင် စိတ်လှုပ်ရှားပြီး ပင်ပန်းနေရတာလဲ” ပေါ့။ အဲဒီအချိန်လောက်မှာပဲ ဘုရားသခင်ရဲ့ အသစ်အဖြစ်ဆုံး နှုတ်ကပတ်တော်တွေ ထွက်လာတယ်။ ကျွန်မ ဝတ်ပြုခြင်းလုပ်နေတုန်း ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်လိုက်ရတယ်။ “ငါ လူတို့နှင့် စကားစမြည်ပြောသောအခါ၊ တစ်ခါတစ်ရံ မေးခွန်းအချို့ မေးသောအခါ၊ ရှုပ်ထွေးသော စိတ်များရှိသည့် အချို့လူတို့က ‘ကိုယ်တော်၏ မေးခွန်းက တော်တော် တိုက်ရိုက်ကျသည်။ ဤသို့မေးခြင်းဖြင့် ကိုယ်တော် မည်သည့်အရာဆိုလိုသည်ကို ကျွန်ုပ် မသိပါ။ ကျွန်ုပ်၏ အဖြေကို သတိထားရမည်’ဟု ဆင်ခြင်သုံးသပ်ကြသည်။ ငါက သင် မှားနေပြီဟု ပြောသည်။ ငါ မည်သူနှင့် စကားစမြည်ပြောသည်ဖြစ်စေ၊ မည်သည့်မေးခွန်းများကို မေးသည်ဖြစ်စေ၊ အဆုံးစွန်သော ပန်းတိုင်မှာ ပြဿနာများကို ရှာဖွေတွေ့ရှိပြီး ဖြေရှင်းရန်၊ သင့်ကို ကူညီပြီး လမ်းညွှန်ပြသရန်နှင့် သင့်ကို ပြဿနာများ ကူဖြေရှင်းရန် အမြဲပင် ဖြစ်ပေသည်။ ပထမအနေဖြင့်၊ သင့်ကို ဖော်ထုတ်ပြီး မိုက်မဲပုံပေါ်စေရန် မဟုတ်ပေ။ ဒုတိယအနေဖြင့်၊ သင် အမှန်တရားကို ပြောနေခြင်း ဟုတ်မဟုတ်၊ သို့မဟုတ် သင်သည် ဟန်ဆောင်မှုကင်းသောသူတစ်ဦး ဟုတ်မဟုတ်ဟူသည်ကို စမ်းသပ်ရန် မဟုတ်ပေ။ တတိယအနေဖြင့် သင်၏ အခြေအနေမှန်ကို ထုတ်ဖော်စေရန် သင့်ကို လှည့်စားဖို့အတွက် မဟုတ်ပေ။ စတုတ္ထအနေဖြင့်၊ သင်သည် အလုပ်ကို လုပ်ဆောင်ရန် အရည်အချင်းပြည့်မီခြင်း ရှိမရှိ သို့မဟုတ် သင် အမှန်တကယ် အလုပ်လုပ်နိုင်ခြင်း ရှိမရှိဟူသည်ကို စမ်းသပ်ရန် သာ၍ပင် မဟုတ်ပေ။ အမှန်တကယ်တွင်၊ ငါသည် သင်နှင့် မည်သို့ပင် စကားစမြည်ပြောသည်ဖြစ်စေ၊ ယင်းမှာ သင်၏ တာဝန်ကို ဖြည့်ဆည်းရန်၊ အလုပ်ကို ကောင်းစွာလုပ်ဆောင်ရန်နှင့် ပြဿနာများကို ဖြေရှင်းရန် သင့်ကို ကူညီပြီး လမ်းညွှန်ပြသရန်သာ ဖြစ်သည်။ အချို့လူတို့သည် ဝှက်ထားသော အဓိပ္ပာယ်တစ်ခုခု ရှိမည်ကို အလွန်ကြောက်ရွံ့လျက် ငါ၏ ရိုးရှင်းသော မေးမြန်းမှုများကို အလွန်အကျွံ စဉ်းစားကြသည်။ အချို့က ၎င်းတို့အပေါ် ငါ ကျိတ်ကြံနေသည်ဟုပင် သင်္ကာမကင်းဖြစ်ကြသည်။ ငါသည် သင့်အား ပြဿနာများ ဖြေရှင်းရာတွင် ကူညီလိုသည်မှာ သိသာထင်ရှားသော်လည်း သင့်ကို ငါ ကျိတ်ကြံနေသည်ဟု သင် မှားယွင်းစွာ ထင်မြင်နေသည်။ ဤသည်မှာ ငါ့ကို အထင်လွဲနေခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ လူ့စိတ်နှလုံးသည် လှည့်ဖြားတတ်သည်တကား။ လူတို့က၊ ‘ကိုယ်တော်သည် ဘုရားသခင်ဖြစ်သည်၊ ကျွန်ုပ်သည် ကိုယ်တော့်ကို အမှန်တရား ပြောရမည်၊ ကိုယ်တော်နှင့်ပတ်သက်၍ ပွင့်လင်းရမည်။ ကျွန်ုပ်သည် ကိုယ်တော်နောက်သို့ လိုက်သည်၊ ကိုယ်တော့်ကို ယုံကြည်သည်’ဟု အသံကျယ်ကျယ်ဖြင့် ပြောဆိုနိုင်သော်လည်း စိတ်ထဲတွင်မူ ထိုသို့ မတွေးကြပေ။ ငါ၏ မေးခွန်းများက မည်မျှပင် သာမန်ဖြစ်ပြီး ရိုးရှင်းသည်ဖြစ်စေ၊ လူတို့က အလွန်အမင်း ထိခိုက်ခံစားလွယ်သော နည်းလမ်းဖြင့် မကြာခဏ အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ၎င်းတို့၏ ထင်ကြေးပေးမှုများနှင့် ထို့နောက် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းများမှတစ်ဆင့် ၎င်းတို့သည် အလှည့်အပြောင်းများစွာကို စဉ်းစားပြီး နောက်ဆုံး အဖြေကို ရှာတွေ့ပုံရကြသော်လည်း အမှန်တကယ်တွင်မူ ယင်းမှာ ငါ၏ စကားများ၏ မူလရည်ရွယ်ချက်နှင့် အလွန်အလှမ်းဝေးလှသည်။ ယင်းက အလွန်ရိုးရှင်းသော မေးခွန်းတစ်ခုဖြစ်သည်မှာ သိသာထင်ရှားသော်လည်း ၎င်းတို့က အလွန်အကျွံ စဉ်းစားကြသည်။ ထိုသို့သော လူတို့သည် အလွန်အမင်း ထိခိုက်ခံစားလွယ်ကြသည် မဟုတ်လော။ ငါ မည်သည့်အရာကိုပင် မေးသည်ဖြစ်စေ၊ ယင်းကို ကြားပြီးနောက် ၎င်းတို့၏ စိတ်နှလုံးများ အပြင်းအထန် လှုပ်ရှားသွားသည်၊ ‘ကိုယ်တော်သည် ဤအရာကို အဘယ်ကြောင့် မေးနေသနည်း။ ကိုယ်တော့်ကို ကျေနပ်စေပြီး မည်သည့်အပြစ်အနာအဆာကိုမျှ မဖော်ထုတ်မိစေရန် မည်သို့ ဖြေဆိုနိုင်မည်နည်း။ ကျွန်ုပ် မည်သည့်အရာကို ပထမဆုံး ပြောပြီး မည်သည့်အရာကို နောက်မှ ပြောသင့်သနည်း’ဟူ၍ ဖြစ်သည်။ မည်သည့် နှောင့်နှေးခြင်းမျှမရှိဘဲ သုံးစက္ကန့်မှ ငါးစက္ကန့်အတွင်း စကားလုံးများ ထွက်လာသည်။ ၎င်းတို့၏ စိတ်များသည် ကွန်ပျူတာများထက် ပိုမြန်သည်။ အဘယ်ကြောင့် ဤမျှ မြန်ရသနည်း။ အမှန်တကယ်တွင်၊ ဤဖြစ်စဉ်သည် ၎င်းတို့အတွက် ဒုတိယ သဘောသဘာဝ ဖြစ်နှင့်ပြီးဖြစ်သည်။ ယင်းမှာ လူတို့နှင့် ဆက်ဆံရာတွင်လည်းကောင်း၊ ကိစ္စရပ်များကို ကိုင်တွယ်ရာတွင်လည်းကောင်း ၎င်းတို့၏ အမြဲ အသုံးပြုနေကျ လှည့်ကွက်နှင့် ပုံစံဖြစ်သည်။ ၎င်းတို့သည် လူတိုင်းအပေါ် ကျိတ်ကြံကြသည်။ သို့ဖြစ်၍၊ ငါ၏ မေးမြန်းမှုများသည် မည်မျှပင် ရိုးရှင်းသည်ဖြစ်စေ၊ ငါ၌ ရည်ရွယ်ချက် သို့မဟုတ် ပန်းတိုင်အချို့ ရှိသည်ဟု ယုံကြည်လျက် ၎င်းတို့က အလွန်အကျွံ စဉ်းစားကြသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် ‘ငါအမှန်အတိုင်း ဖြေဆိုလျှင် ငါ၏ အခြေအနေမှန်ကို ဖော်ထုတ်မိမည် မဟုတ်လော။ ယင်းမှာ မိမိကိုယ်ကို ရောင်းစားခြင်းနှင့် ညီမျှသည်။ ငါ၏ အခြေအနေမှန်ကို ကိုယ်တော့်အား ငါ သိရှိသွားခွင့်မပေးနိုင်ပါ။ သို့ဆိုလျှင် ငါ မည်သို့ သင့်တင့်လျောက်ပတ်စွာ ဖြေသင့်သနည်း။ ကိုယ်တော့်ကို ငါ မည်သို့ ပျော်ရွှင်စေပြီး ကျေနပ်စေနိုင်မည်နည်း၊ ငါ့အပေါ် ကောင်းသော ထင်မြင်ချက်တစ်ခု ရှိစေပြီး ငါ့ကို ဆက်လက်အသုံးပြုစေရန် မည်သို့ လုပ်ဆောင်နိုင်မည်နည်း’ဟု ဆင်ခြင်သုံးသပ်ကြသည်။ ဤလူတို့ မည်မျှ လှည့်ဖြားတတ်သည်ကို ကြည့်လော့။ ဤလူတို့၏ စိတ်များသည် အလွန် ရှုပ်ထွေးလှသည်။ ၎င်းတို့နှင့် ငါမည်သို့ပင် စကားပြောသည်ဖြစ်စေ ၎င်းတို့က သံသယဝင်ပြီး စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြလိမ့်မည်။ ထိုသို့သော လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလော။ ၎င်းတို့သည် ဘုရားသခင်၏ အသုံးပြုခြင်းအတွက် သင့်တော်နိုင်သလော။ လုံးဝမဖြစ်နိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ထိုသို့သော လူတို့၏ စိတ်များသည် အလွန် ရှုပ်ထွေးပြီး လုံးဝ မရိုးရှင်းသောကြောင့် ဖြစ်သည်။ ၎င်းတို့နှင့် အချိန်ကြာမြင့်စွာ ထိတွေ့ဆက်ဆံသောသူ မည်သူမဆို ယင်းကို မြင်နိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂၆)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့အခါ ကျွန်မအခြေအနေကို ကွက်တိ ဖော်ပြနေသလို ခံစားမိတယ်။ ခရစ်တော်နဲ့ ဆက်ဆံတဲ့အခါ လူတွေထုတ်ဖော်တတ်တဲ့ အတွေးတွေနဲ့ စိတ်ကူးတွေကို ဘုရားသခင်က ဖော်ထုတ်ထားတာ ဖြစ်ပေမဲ့၊ ကျွန်မက တခြားလူတွေနဲ့ ဆက်ဆံတဲ့အခါမှာလည်း အဲဒီလိုစိတ်ထားမျိုးကိုပဲ ခဏခဏ ထုတ်ဖော်မိမှန်း ကျွန်မ သဘောပေါက်လိုက်တယ်။ ကြီးကြပ်ရေးမှူးက ကျွန်မတို့ကို စည်းမျဉ်းတွေလေ့လာရာမှာ ကူညီဖို့အတွက် ဆောင်းပါးတွေကို အတူတူ စိစစ်ပေးနေတာဖြစ်ကြောင်း၊ ကျွန်မတို့ရဲ့ အမြင်တွေကို မေးတာကလည်း ကျွန်မတို့ရဲ့ အားနည်းချက်တွေနဲ့ လွဲချော်မှုတွေကို နားလည်ပြီး ထိထိမိမိ မိတ်သဟာယပြုပေးဖို့၊ ကူညီဖို့ဖြစ်ကြောင်း အစကတည်းက ပြောခဲ့တာကို ကျွန်မ ပြန်တွေးမိတယ်။ ဒါပေမဲ့ ကျွန်မ ကိုယ်တိုင်ရဲ့ စိတ်က အရမ်းရှုပ်ထွေးနေခဲ့တယ်။ ကျွန်မက သူ့ကို တစ်ချိန်လုံး လိုက်ခန့်မှန်းနေခဲ့ပြီး သူက စည်းမျဉ်းတွေကို ကျွန်မတို့ သဘောပေါက်သလားဆိုတာကို စမ်းသပ်နေတာ၊ ကျွန်မတို့က ဒီတာဝန်နဲ့ သင့်တော်သလားဆိုတာကို ဆုံးဖြတ်ဖို့ ကြိုးစားနေတာဆိုပြီး ယူဆခဲ့တယ်။ ကျွန်မမှာ အားနည်းချက်တွေ အများကြီးရှိမှန်း သူတွေ့သွားရင် ကျွန်မကို ဖြုတ်ချတော့မယ်လို့ တထစ်ချ မှတ်ယူထားခဲ့တာ။ ကိုယ့်အားနည်းချက်တွေ မပေါ်သွားအောင်လို့ ကိုယ့်အမြင်ကို ပြောတဲ့အခါ ကျွန်မတွေ့ထားတဲ့ ပြဿနာအရေအတွက်ကို အမှန်အတိုင်း မဖြေခဲ့ဘူး။ အဲဒီအစား ကျွန်မက စည်းမျဉ်းတွေကို ကောင်းကောင်း နားလည်သဘောပေါက်ပြီး ဘယ်ပြဿနာကိုမဆို ဘက်စုံမြင်တတ်တယ်လို့ ကြီးကြပ်ရေးမှူးထင်အောင် အစွမ်းကုန် ကြိုးစားခဲ့တယ်။ ကျန်းယန်ရဲ့ အချက်ကို ခိုးချတဲ့အထိတောင် ကျွန်မ လုပ်ခဲ့တယ်။ ဒုတိယဆောင်းပါးကို ပြန်စစ်တဲ့အချိန်တုန်းကဆိုရင် ကျွန်မ သေချာပေါက် ငိုက်သွားလို့ ဘာပြဿနာကိုမှ မတွေ့ခဲ့ဘူးလေ၊ အဲဒါကို ရိုးရိုးသားသားပဲ ပြောလိုက်သင့်တာ။ ဒါပေမဲ့ အမှန်အတိုင်းပြောလိုက်ရင် ကြီးကြပ်ရေးမှူးက ကျွန်မကို ပိုပြီးအထင်သေးသွားမှာ ကြောက်လို့ ကျွန်မ လိမ်ပြီးတော့ ကျွန်မတွေ့ထားတဲ့ပြဿနာကို ဘယ်နားမှတ်ထားမိလဲဆိုတာ မေ့သွားတယ်ဆိုပြီး ပြောလိုက်တယ်။ လိုက်ရှာနေသလိုတောင် ဟန်ဆောင်လိုက်သေးတယ်၊ ဒါ အားလုံးရဲ့အချိန်ကို ဖြုန်းတီးလိုက်တာပါပဲ။ တကယ်တမ်းကျတော့ ကြီးကြပ်ရေးမှူးက ကျွန်မအမြင်ကို မေးတဲ့အခါ အမှန်အတိုင်းဖြေလိုက်ရုံပါပဲ။ ကျွန်မ မှားနေရင် ကိုယ့်ရဲ့လွဲချော်မှုကို ဆန်းစစ်ပြီး ပြင်လိုက်လို့ ရတာပဲ။ ဒါပေမဲ့ ကျွန်မစိတ်က ရှုပ်ထွေးလွန်းနေခဲ့တယ်၊ ကြီးကြပ်ရေးမှူးရဲ့ ရည်ရွယ်ချက်တွေကိုပဲ အမြဲ ခန့်မှန်းဖို့ ကြိုးစားနေခဲ့တာ။ စကားတစ်ခွန်းမပြောခင် ခေါင်းထဲမှာ အခါခါ စဉ်းစားနေရတယ်။ ပြန်ဆင်ခြင်ကြည့်လိုက်တော့ အရင်တုန်းကလည်း ကျွန်မ ဒီလိုမျိုး ဖြစ်ခဲ့ဖူးမှန်း သဘောပေါက်လိုက်တယ်။ ဒီတာဝန်ကို စထမ်းဆောင်ခါစတုန်းက ခေါင်းဆောင်က ကိစ္စတချို့နဲ့ပတ်သက်ပြီး ကျွန်မအမြင်ကို မေးတိုင်း ကျွန်မ အရမ်းစိတ်လှုပ်ရှားလေ့ရှိတယ်။ သူက ကျွန်မရဲ့ အစွမ်းအစနဲ့ အမှုအရာတွေကို ရှုမြင်နိုင်စွမ်းကို အကဲဖြတ်နေတာလား၊ ဒီတာဝန်နဲ့ သင့်တော်မတော် တိုင်းတာနေတာလား ဆိုပြီး ကျွန်မ မသိစိတ်ကနေ ခန့်မှန်းဖို့ ကြိုးစားမိတယ်။ ခေါင်းဆောင် ကျွန်မကို မရိပ်မိအောင် ဘယ်လိုပြောရမလဲဆိုတာကို စိတ်ထဲမှာ အမြန် စဉ်းစားလေ့ရှိတယ်။ စကားလုံးတိုင်းကို အလွန်အကျွံ စဉ်းစားနေရတော့ အဲဒီလိုနေရတာ အရမ်းပင်ပန်းတယ်။ ဒါဟာ လှည့်ဖြားတတ်တဲ့ စိတ်သဘောထားကို ခဏတဖြုတ် ထုတ်ဖော်မိတာမျိုးသက်သက် မဟုတ်ဘဲ တွက်ချက်တတ်တဲ့ အခြေအနေတစ်ခုထဲမှာ ကျွန်မ အမြဲလိုလို ရှင်သန်နေခဲ့မှန်း မြင်လိုက်ရတယ်။ ကျွန်မရဲ့ သဘာဝကိုက လှည့်ဖြားတတ်နေတာ။ သခင်ယေရှုရဲ့ စကားတော်တွေကို ကျွန်မ တွေးမိတယ်။ “ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ပြောင်းလဲ၍ သူငယ်ကဲ့သို့မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မရောက်ရကြ။(ရှင်မဿဲခရစ်ဝင် ၁၈:၃) အနန္တတန်ခိုးရှင် ဘုရားသခင်ကလည်း ပြောထားတယ်။ “အကယ်၍ သင်တို့သည် လိမ်လည်လှည့်ဖျားတတ်လျှင် လူတိုင်းနှင့် ကိစ္စတိုင်းကို သတိထားပြီး သံသယဝင်နေမည်ဖြစ်၍ ငါ့အပေါ်၌ထားသော သင်တို့၏ ယုံကြည်ခြင်းသည် သံသယအုတ်မြစ်အပေါ်၌ တည်ထားသည့် ယုံကြည်ခြင်း ဖြစ်နေလိမ့်မည်။ ထိုသို့သော ယုံကြည်ခြင်းကို မည်သည့်အခါမျှ ငါအသိအမှတ်ပြုနိုင်မည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မြေကြီးပေါ်ရှိ ဘုရားသခင်ကို အမှန်တကယ် သိရှိနိုင်ပုံ) ဘုရားသခင်ရဲ့ အနှစ်သာရက သစ္စာရှိတယ်၊ သူက ရိုးသားတဲ့လူတွေကို နှစ်သက်ပြီး လှည့်ဖြားတတ်တဲ့လူတွေကို ရွံရှာတယ်။ လှည့်ဖြားတတ်တဲ့လူက ကယ်တင်ခြင်း မခံရနိုင်ဘူး။ ကောင်းကင်နိုင်ငံတော်ကို မဝင်ရနိုင်ဘူး။ ကျွန်မသာ ပြန်လှည့်မလာဘဲ မပြောင်းလဲရင်၊ ရိုးသားတဲ့လူတစ်ယောက် မဖြစ်နိုင်ရင်၊ ကျွန်မ ဘယ်လောက်ပဲ စွန့်လွှတ်အသုံးခံပါစေ၊ နောက်ဆုံးမှာ ဘုရားသခင်ရဲ့ ဖယ်ရှားရှင်းလင်းတာ၊ ပစ်ပစ်ခါခါငြင်းတာကို ခံရမယ်ဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ ဒီလိုတွေးမိတော့ ကျွန်မ စိတ်လေးလံသွားပြီး ဘုရားသခင်ဆီကို ဆုတောင်းလိုက်တယ်၊ “အို ဘုရားသခင်၊ သမီး အရမ်း လှည့်ဖြားတတ်ပါတယ်။ သမီးရဲ့ ပြောဆိုလုပ်ကိုင်ပုံတွေအားလုံးမှာ တွက်ချက်မှုတွေနဲ့ ပြည့်နေတယ်။ သမီးဟာ ရိုးသားတဲ့လူ မဟုတ်ပါဘူး။ ဒီအတိုင်းသာ ဆက်သွားရင် ကိုယ်တော့်ရဲ့ ဖယ်ရှားရှင်းလင်းတာကို သမီး သေချာပေါက် ခံရမှာပါ။ သမီးရဲ့ လှည့်ဖြားတတ်တဲ့ စိတ်သဘောထားကို ဖယ်ရှားပြီး ရိုးသားတဲ့လူတစ်ယောက် ဖြစ်ချင်ပါတယ်။ သမီးကို လမ်းပြပေးတော်မူပါ” ဆိုပြီးတော့။ အဲဒီနောက်မှာ ကျွန်မက ကြီးကြပ်ရေးမှူးကို ကိုယ့်အခြေအနေနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောပြလိုက်တယ်။ သူက ကျွန်မကို လုံးဝ အပြစ်မတင်ပါဘူး။ အဲဒီအစား ကျွန်မကို ကူညီဖို့ သမ္မာတရားကို မိတ်သဟာယပြုပေးပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့၊ ရိုးသားတဲ့လူတစ်ယောက်ဖြစ်ဖို့ တိုက်တွန်းအားပေးခဲ့တယ်။

နောက်ပိုင်းမှာ ကျွန်မ သေချာစဉ်းစားကြည့်ခဲ့တယ်။ ကိုယ့်အားနည်းချက်တွေ ပေါ်သွားမှာကို ဘာလို့ ငါ အမြဲတမ်း စိုးရိမ်နေရတာလဲပေါ့။ ညီအစ်ကိုမောင်နှမတချို့ဟာ သူတို့တာဝန်တွေမှာ စည်းမျဉ်းတွေကို နားလည်သဘောပေါက်ဖို့ တစ်စိုက်မတ်မတ် ပျက်ကွက်ခဲ့ပြီး အလုပ်ကို အဖျက်အမှောင့်လုပ်တာတွေနဲ့ နှောင့်ယှက်တာတွေ ဖြစ်စေခဲ့လို့ လတ်တလောမှာ ဖြုတ်ချခံလိုက်ရတယ် ဆိုတာကို ကြားဖူးတာ ကျွန်မ သတိရသွားတယ်။ လတ်တလော ကျွန်မတင်ပြတဲ့ ဆောင်းပါးတွေမှာ ပြဿနာတချို့ရှိနေတော့ ကြီးကြပ်ရေးမှူးက ကျွန်မကို စောင့်ကြည့်အကဲဖြတ်ဖို့ ရောက်လာတာ၊ ပြီးတော့ ကျွန်မ စည်းမျဉ်းတွေကို သဘောမပေါက်မှန်း သူတွေ့သွားရင် ကျွန်မကို ဖြုတ်ချတော့မယ်လို့ ကျွန်မ ထင်ကြေးပေးခဲ့တာပါ။ ဒီအခြေအနေကို ဖြေရှင်းဖို့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ရှာဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဘုရားအိမ်တော်က ရာထူးတိုးမြှင့်ပေးပြီး အသုံးပြုသည့် လူအမျိုးအစားနှင့် အသုံးမပြုသည့် လူအမျိုးအစားအတွက်အပြင်၊ မည်သည့်လူတို့ကို ပျိုးထောင်ပေးပြီး မည်သည့်လူတို့ကို ပျိုးထောင်မပေးဟူသည်တို့အတွက် စည်းမျဉ်းများ ရှိသည်။ ယင်းတို့အားလုံးသည် ဘုရားအိမ်တော်၏ အလုပ်နှင့်ဆိုင်သော လိုအပ်ချက်များကို အခြေခံထားသည်။ မည်သူ့ကို ရာထူးတိုးမြှင့်ပေးပြီး အသုံးပြုသည်ဖြစ်စေ၊ ရည်ရွယ်ချက်မှာ ၎င်းတို့အနေဖြင့် မိမိတို့၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်ရန်နှင့် ဘုရားသခင်၏ အလုပ်အား မည်သို့တွေ့ကြုံခံစားရမည်ဟူသည်ကို သိရှိရန်အလို့ငှာလည်းကောင်း၊ ၎င်းတို့အနေဖြင့် အလုပ်ကို တာဝန်ယူနိုင်ကာ သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူနိုင်ရန်အလို့ငှာလည်းကောင်း ၎င်းတို့ကို ပျိုးထောင်ပေးရန် ဖြစ်သည်။ မည်သည့်ပြဿနာကို ဖြေရှင်းနေသည်ဖြစ်စေ၊ ရည်ရွယ်ချက်မှာ ၎င်းတို့အား သမ္မာတရားကို ပို၍နားလည်နိုင်စေရန်နှင့် ၎င်းတို့ကြုံတွေ့ရသည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများမှ သင်ခန်းစာများ ရယူကာ ပိုင်းခြားသိမြင်မှု ရရှိတတ်ရန် သင်ယူနိုင်စေဖို့ ဖြစ်သည်။ ဤနည်းအားဖြင့် ၎င်းတို့အတွက် ကဏ္ဍအားလုံးတွင် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် ပို၍ လွယ်ကူလေသည်။ ယင်းမှာ သင့်တော်သောသူကို ရှာမတွေ့နိုင်သောကြောင့် လစ်လပ်သောရာထူးတစ်ခုကို ဖြည့်ရန် သင့်ကို အမြတ်ထုတ်ခြင်း၊ ထို့နောက် သင့်တော်သောသူတစ်ဦး ရောက်လာသည့်အခါ သင့်ကို နှင်ထုတ်ခြင်းဖြစ်ရန် မဆိုထားနှင့်၊ အစေခံမှုပြုစေရန် သင့်ကို အမြတ်ထုတ်ခြင်းအကြောင်း မဟုတ်ပေ။ ယင်းမှာ ထိုသို့မဟုတ်ချေ။ အမှန်တွင် ဤသည်မှာ သင့်ကိုယ်သင် လေ့ကျင့်ရန် သင့်အား အခွင့်အရေးတစ်ခု ပေးနေခြင်း ဖြစ်သည်။ သင်သည် သမ္မာတရားကို လိုက်စားလျှင် ခိုင်မာစွာ ရပ်တည်လိမ့်မည်။ သင်သည် သမ္မာတရားကို မလိုက်စားလျှင် ခိုင်မာစွာ ရပ်တည်နိုင်လိမ့်ဦးမည် မဟုတ်ပေ။ ဘုရားအိမ်တော်က သင့်ကို နှစ်မြို့စရာမရှိဟု မြင်သောကြောင့် သင့်အပေါ် အပြစ်ရှာပြီး သင့်ကို ဖယ်ရှားရှင်းလင်းရန် အခွင့်အရေးတစ်ခုကို ရှာဖွေလိမ့်မည်ဟူသည်မှာ လုံးဝမဟုတ်ပေ။ ဘုရားအိမ်တော်က သင့်ကို ပျိုးထောင်ပေးမည်၊ သင့်ကို ရာထူးတိုးမြှင့်ပေးမည်ဟု ပြောသည့်အခါ သင့်ကို ရိုးသားစစ်မှန်စွာ ပျိုးထောင်ပေးလိမ့်မည်။ အရေးကြီးသည်မှာ သမ္မာတရားအတွက် သင် မည်သို့ ကြိုးပမ်းအားထုတ်သည်ဟူသည့်အချက် ဖြစ်သည်။ သင်သည် သမ္မာတရားကို အနည်းငယ်မျှ လက်မခံလျှင် ဘုရားအိမ်တော်သည် သင့်ကို လက်လျှော့မည်ဖြစ်ပြီး သင့်ကို နောက်ထပ် ပျိုးထောင်ပေးလိမ့်မည် မဟုတ်ပေ။ အချို့လူတို့သည် ပျိုးထောင်မှုကာလတစ်ခုပြီးနောက် ၎င်းတို့၏ အစွမ်းအစက ညံ့ဖျင်းပြီး လက်တွေ့အလုပ်ကို မလုပ်ဆောင်နိုင်သောကြောင့် ဖြုတ်ချခြင်းခံရသည်။ အချို့သည် ၎င်းတို့၏ ပျိုးထောင်မှုကာလအတွင်း သမ္မာတရားကို အနည်းငယ်မျှ လက်မခံ၊ တစ်ဇွတ်ထိုး ပြုမူကာ ဘုရားအိမ်တော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သောကြောင့် ဖြုတ်ချခြင်းခံရသည်။ အခြားသူများမှာမူ သမ္မာတရားကို လုံးဝမလိုက်စားကြ၊ အန္တိခရစ်များ၏ လမ်းကြောင်းများကို လျှောက်လှမ်းကြသည်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့အတွက် အမြဲအလုပ်လုပ်ပြီး ဖြုတ်ချကာ ဖယ်ရှားရှင်းလင်းခြင်း ခံရသည်။ ဤအခြေအနေအားလုံးကို လူအား အသုံးပြုခြင်းအတွက် ဘုရားအိမ်တော်၏ စည်းမျဉ်းများအတိုင်း ကိုင်တွယ်ခြင်း ဖြစ်သည်။ ဘုရားအိမ်တော်သည် အမှားအချို့ပြုလုပ်ကာ ပြစ်မှားခြင်းများကို ကျူးလွန်လျှင်ပင် သမ္မာတရားကို လက်ခံနိုင်ပြီး သမ္မာတရားအတွက် ကြိုးပမ်းအားထုတ်နိုင်သူတို့ကို ဆက်လက်ပျိုးထောင်ပေးလိမ့်ဦးမည် ဖြစ်သည်။ အကယ်၍ သမ္မာတရားကို လက်မခံနိုင်သူတစ်ဦးဖြစ်ပြီး ၎င်းတို့အပေါ် ပြုပြင်ခြင်း ကျရောက်လာသည့်အခါ သမ္မာတရားကို လက်မခံလျှင် ၎င်းတို့ကို တိုက်ရိုက်ဖြုတ်ချပြီး ဖယ်ရှားရှင်းလင်းသင့်သည်။...မည်သည့်အခြေအနေပင်ဖြစ်စေ၊ ဘုရားအိမ်တော်က ဤလူတို့ကို ရာထူးတိုးမြှင့်ပေးသည့်အခါ ၎င်းတို့အနေဖြင့် အသင်းတော်၏ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ပြီး ၎င်းတို့ ဖြည့်ဆည်းသင့်သည့် တာဝန်များကို ဖြည့်ဆည်းနိုင်မည်ဟု မျှော်လင့်လျက် ၎င်းတို့ကို ပျိုးထောင်ပေးရန်နှင့် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဦးဆောင်ရန် အမြဲဖြစ်သည်။ သင်သည် မိုက်မဲပြီး ထိုးထွင်းသိမြင်မှု ကင်းမဲ့သောကြောင့် သို့မဟုတ် သင်၏ အစွမ်းအစ ညံ့ဖျင်းသောကြောင့် အချို့သောအလုပ်အား မည်သို့လုပ်ဆောင်ရမည်ကို မသိလျှင်ပင်၊ သင်သည် သမ္မာတရား စည်းမျဉ်းများအတွက် ကြိုးပမ်းအားထုတ်သရွေ့၊ ဤတာဝန်ယူစိတ် ရှိသရွေ့၊ ဤအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်လိုစိတ် ရှိပြီး အသင်းတော်၏ အလုပ်ကို ကာကွယ်စောင့်ရှောက်နိုင်သရွေ့၊ ယခင်က မိုက်မဲသောအရာအချို့ကို သင် လုပ်ဆောင်ခဲ့လျှင်ပင် ဘုရားအိမ်တော်က သင့်ကို ဆက်လက်ပျိုးထောင်ပေးလိမ့်ဦးမည် ဖြစ်သည်။...သင်သည် အလုပ်မည်မျှ လုပ်နိုင်စွမ်းရှိသည်ဖြစ်စေ၊ သို့မဟုတ် သင်၏ အစွမ်းအစမှာ မည်သို့ပင်ဖြစ်စေ၊ သင့်ကို ရာထူးတိုးမြှင့်ပေးပြီး အသုံးပြုခြင်းသည် သင့်ကို အမြတ်ထုတ်နေခြင်း မဟုတ်ပေ။ ထို့ထက် ရည်ရွယ်ချက်မှာ အလုပ်လုပ်ဆောင်ရာတွင် သင့်ကို လေ့ကျင့်ခွင့်ပေးရန် ဤအခွင့်အရေးကို အသုံးပြုရန်နှင့် သင်၏ သမ္မာတရားလိုက်စားခြင်းမှ တစ်ဆင့်လည်းကောင်း၊ ကြိုးစားအလုပ်လုပ်ခြင်းနှင့် ဝန်လေးများကို ထမ်းရွက်ခြင်းမှတစ်ဆင့်လည်းကောင်း သင့်ကို စုံလင်စေရန် ဖြစ်သည်။ တစ်ဖက်တွင် ဤသည်မှာ သင့်ကို ကိုယ်တိုင်ကိုယ်ကျ စုံလင်စေခြင်း ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ ယင်းမှာ ဘုရားအိမ်တော်၏ အလုပ်ကို ပြီးမြောက်စေခြင်းလည်း ဖြစ်သည်။ သင်သည် ကောင်းမှုများကို ပြင်ဆင်ပြီးဖြစ်သည့်အပြင် သင်၏ တစ်ကိုယ်ရေ အသက်ဝင်ရောက်မှုတွင် အကျိုးကျေးဇူးများလည်း ရရှိပြီးဖြစ်သည်။ ကောင်းလိုက်လေခြင်းပါတကား။ ယင်းမှာ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂၆)) ဘုရားအိမ်တော်က လူတစ်ယောက်ကို မြှောက်စားတဲ့အခါ သူ့ကို တကယ်ကို ပျိုးထောင်ပေးတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေထဲမှာ ကျွန်မ တွေ့ခဲ့ရတယ်။ ခေါင်းဆောင်တွေနဲ့ ကြီးကြပ်ရေးမှူးတွေက သူ့ရဲ့ အားနည်းချက်တွေအတွက် လမ်းပြမှုနဲ့ အကူအညီတွေ ပေးကြလိမ့်မယ်။ သူတို့သာ သမ္မာတရားကို လက်ခံနိုင်ရင် သူတို့ရဲ့ ကိုယ်ပိုင်အသက်တာတွေမှာ တိုးတက်လာမှာဖြစ်သလို သူတို့အလုပ်ရဲ့ ရလဒ်တွေကလည်း ပိုပိုကောင်းလာမှာ ဖြစ်တယ်။ ပြီးတော့ ဘုရားအိမ်တော်မှာ လူတွေကို ဖြုတ်ချတဲ့ စည်းမျဉ်းတွေရှိတယ်။ အားနည်းချက်၊ လိုအပ်ချက်နည်းနည်းလောက် ရှိရုံနဲ့ လူတစ်ယောက်ကို ဒီအတိုင်း ဖြုတ်ချလိုက်တာ မဟုတ်ဘူး။ လတ်တလော ဖြုတ်ချခံရတဲ့၊ ဒါမှမဟုတ် ဖယ်ရှားရှင်းလင်းခံရတဲ့ လူတချို့ကျတော့ သူတို့ရဲ့ အစွမ်းအစ ညံ့ဖျင်းလို့ အလုပ်ကြန့်ကြာစေတဲ့အတွက်ကြောင့် ဖြုတ်ချခံရတာဖြစ်ပြီး၊ အသင်းတော်က သူတို့ရဲ့ အစွမ်းအစ အပေါ် အခြေခံပြီး ပိုသင့်တော်တဲ့တာဝန်ကို စီစဉ်ပေးခဲ့တာ ဖြစ်တယ်။ တခြားလူတွေကျတော့ အထူးသဖြင့် ခေါင်းမာပြီး စည်းမျဉ်းတွေနဲ့ပတ်သက်တဲ့ ဘယ်လို မိတ်သဟာယပြုတာကိုမှ လက်မခံဘဲ အလုပ်မှာ အဖျက်အမှောင့်လုပ်တာတွေနဲ့ နှောင့်ယှက်တာတွေ ဖြစ်စေလို့ ဖြုတ်ချခံရတာ ဖြစ်တယ်။ စာနဲ့ပတ်သက်တဲ့ တာဝန်ကို ထမ်းဆောင်ခဲ့တဲ့အချိန်တွေကို ပြန်တွေးကြည့်ရင်၊ ကျွန်မ အခြေအနေမကောင်းတဲ့အခါ၊ ဒါမှမဟုတ် တာဝန်ရဲ့ ရလဒ်တွေ မကောင်းတဲ့အခါတိုင်း ခေါင်းဆောင်တွေနဲ့ ကြီးကြပ်ရေးမှူးတွေက ကျွန်မကို ကူညီဖို့ မိတ်သဟာယပြုပေးခဲ့ကြတာပဲ။ အချိန်အတိုင်းအတာတစ်ခု ကြာတဲ့အခါ ကျွန်မ တိုးတက်လာတာကို မြင်ရင် ဒီတာဝန်မှာ ဆက်ပြီး လေ့ကျင့်ခွင့် ပေးခဲ့ကြတာပဲ။ ဒီတစ်ခါမှာတော့ ကျွန်မတို့ တာဝန်ထမ်းဆောင်ရာမှာ ပြဿနာတွေ အမြဲတက်နေတာကို ခေါင်းဆောင်က မြင်တော့ စည်းမျဉ်းတွေကို ကျွန်မတို့ လေ့လာနိုင်ဖို့အတွက် ကူညီပေးဖို့ ကြီးကြပ်ရေးမှူးကို စီစဉ်ပေးခဲ့တာ။ စည်းမျဉ်းတွေကို ကျွန်မတို့ အမြန်ဆုံး သဘောပေါက်ပြီး ကိုယ့်တာဝန်တွေကို ဖြည့်ဆည်းနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဒီလိုလုပ်ခဲ့တာလေ။ ဘုရားနှုတ်ကပတ်တော် ပြောထားသလိုပါပဲ။ “ဘုရားအိမ်တော်က သင့်ကို ပျိုးထောင်ပေးမည်၊ သင့်ကို ရာထူးတိုးမြှင့်ပေးမည်ဟု ပြောသည့်အခါ သင့်ကို ရိုးသားစစ်မှန်စွာ ပျိုးထောင်ပေးလိမ့်မည်။ အရေးကြီးသည်မှာ သမ္မာတရားအတွက် သင် မည်သို့ ကြိုးပမ်းအားထုတ်သည်ဟူသည့်အချက် ဖြစ်သည်။” ကျွန်မရဲ့ သာမန်ပဲရှိတဲ့ အစွမ်းအစ နဲ့ စည်းမျဉ်းတချို့ကို နားလည်နိုင်စွမ်း အကန့်အသတ်ရှိတာကို ကျွန်မ တွေးမိတယ်။ ပြဿနာတွေ ပေါ်လာတဲ့အခါ ထောက်ပြပြီး ကူညီပေးမယ့်၊ စည်းမျဉ်းတွေကို အတူတူ လေ့လာပေးမယ့် ကြီးကြပ်ရေးမှူး ရှိနေတာက ကိုယ့်တာဝန်ကို ပိုကောင်းအောင် လုပ်ဖို့ အထောက်အကူ ဖြစ်စေနိုင်တာပဲ။ ဘယ်လောက် ကောင်းလိုက်တဲ့အရာလဲ။ ဒါက ဘုရားသခင်က လူ၊ ဖြစ်ရပ်နဲ့ အမှုအရာတွေကို သုံးပြီး ကျွန်မကို စစ်မှန်စွာ ပျိုးထောင်ပေးနေတာပဲ။ ကျွန်မက ဘုရားသခင်ကို ကျေးဇူးတင်သင့်တာ၊ ဒါပေမဲ့ အဲဒီအစား ကျွန်မက အရာရာကို တွက်ချက်မှုတွေနဲ့၊ ရန်လိုမှုတွေအပြည့်ရှိတဲ့ စိတ်နဲ့ ချဉ်းကပ်ခဲ့တယ်။ ကျွန်မမှာ အသိစိတ်နဲ့ ဆင်ခြင်တုံတရား တကယ်ကို ကင်းမဲ့လွန်းခဲ့တာပဲ။

နောက်ပိုင်းမှာ ကြီးကြပ်ရေးမှူးက ကျွန်မတို့အားလုံးရဲ့ အားနည်းချက်တွေအပေါ် မူတည်ပြီး လေ့လာရေးအစီအစဉ်တစ်ခု ဆွဲပေးတယ်၊ ပြီးတော့ ကျွန်မကို မိတ်သဟာယပြုပေးပြီး ကူညီဖို့ သက်ဆိုင်ရာ ဘုရားနှုတ်ကပတ်တော်တွေကို ရှာပေးတယ်။ ဘုရားသခင်ကို ကျွန်မ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိတယ်။ အဲဒီနောက်မှာ ညီအစ်မတွေနဲ့အတူ သက်ဆိုင်ရာ စည်းမျဉ်းတွေကို ကျွန်မ အလေးအနက် ချင့်ချိန်စဉ်းစားခဲ့တယ်။ အချိန်အတိုင်းအတာတစ်ခုအထိ လေ့လာပြီးတဲ့နောက်မှာ စည်းမျဉ်းတွေကို ပိုပြီးရှင်းရှင်းလင်းလင်း နားလည်လာပြီး ကျွန်မတင်ပြတဲ့ ဆောင်းပါးတွေမှာ ပြဿနာအရေအတွက် သိသိသာသာ လျော့နည်းသွားတယ်။ ဒီလက်တွေ့ကျတဲ့ အတွေ့အကြုံကနေတစ်ဆင့် ဘုရားအိမ်တော်က လူတွေကို မြှောက်စားပြီး ပျိုးထောင်တဲ့အခါ စည်းမျဉ်းတွေကို သဘောပေါက်ပြီး တာဝန်တွေကို ကောင်းကောင်းထမ်းဆောင်နိုင်ဖို့ ကူညီပေးတယ်၊ တစ်ချိန်တည်းမှာပဲ သမ္မာတရားကို နားလည်ပြီး အသက်တာမှာ တိုးတက်လာဖို့လည်း ကူညီပေးတယ်ဆိုတာကို ကျွန်မ ပိုပြီးနက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရတယ်။ တစ်နေ့မှာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးတွေကို စိစစ်နေရင်း ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်မိပြီး ကျွန်မရဲ့ပြဿနာနဲ့ပတ်သက်လို့ သိနားလည်မှုအသစ်တချို့ ရရှိခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူအချို့သည် ဘုရားသခင်ကို နှစ်နှစ် သုံးနှစ်ကြာ ယုံကြည်ခဲ့ပြီးသော်လည်း သမ္မာတရားကို အနည်းငယ်မျှ နားမလည်ပေ။ အမှုအရာများအပေါ် ၎င်းတို့၏ အမြင်သည် မယုံကြည်သူများနှင့် တူညီနေဆဲ ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်၊ သို့မဟုတ် အန္တိခရစ်တစ်ဦး ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရသည်ကို ၎င်းတို့ မြင်သောအခါ ၎င်းတို့က ‘ဘုရားကို ယုံတာ၊ ဘုရားနောက်လိုက်တာ၊ ဘုရားရှေ့မှာ အသက်ရှင်တာအားလုံးက ကြိုးတန်းပေါ် လမ်းလျှောက်နေတာနဲ့ တူတယ်။ ဓားသွားပေါ်မှာ အသက်ရှင်နေရသလိုမျိုးပဲ’ ဟု ထင်မြင်ကြသည်။ အခြားလူများက ‘ဘုရားကို အစေခံတဲ့ ခေါင်းဆောင်တစ်ယောက်နဲ့ အမှုဆောင်တစ်ယောက် ဖြစ်ရတာက စွန့်စားရတယ်။ အဲဒါက လူတွေ ပြောသလိုပဲ။ “ဘုရင်နဲ့ နီးနီးကပ်ကပ် နေရတာက ကျားတစ်ကောင်နဲ့ လှဲနေရသလိုပဲ အန္တရာယ်များတယ်”တဲ့။ တစ်ခုခု မှားတာကို ပြောမိရင်၊ ဒါမှမဟုတ် လုပ်မိရင် ဘုရားရဲ့ စိတ်သဘောထားကို ပြစ်မှားမိမယ်။ ဖယ်ရှားရှင်းလင်းခံရပြီး အပြစ်ဒဏ်ပေးခံရမယ်’ ဟူ၍ ဆိုကြသည်။ ဤမှတ်ချက်များက မှန်ကန်သလော။ ‘ကြိုးတန်းပေါ်တွင် လမ်းလျှောက်ခြင်း’ နှင့် ‘ဓားသွားပေါ်မှာ အသက်ရှင်နေရခြင်း’ ဟူသည့် ဤစကားများက မည်သည့်အရာကို ဆိုလိုသနည်း။ ဤစကားများက ကြီးမားသော အန္တရာယ်ရှိကြောင်း၊ အချိန်တိုင်းတွင် ကြီးမားသော အန္တရာယ်ရှိနေကြောင်းနှင့် အနည်းငယ် ပေါ့ဆခြင်းဖြင့် ခြေချော်ကျမည်ဖြစ်ကြောင်းတို့ကို ဆိုလိုသည်။ ‘ဘုရင်နဲ့ နီးနီးကပ်ကပ် နေရတာက ကျားတစ်ကောင်နဲ့ လှဲနေရသလိုပဲ အန္တရာယ်များတယ်’ ဆိုသည်မှာ မယုံကြည်သူများကြားတွင် အပြောများသည့်အရာတစ်ခု ဖြစ်သည်။ နတ်ဆိုးမင်း၏ အနားကပ်ခြင်းသည် အန္တရာယ်များသည်ဟု ဆိုလိုသည်။ ဤစကားကို ဘုရားသခင်အား အစေခံခြင်းအဖို့ အသုံးပြုလျှင် ၎င်းတို့၏ အမှားက အဘယ်နေရာတွင်ရှိသနည်း။ နတ်ဆိုးမင်းကို ဘုရားသခင်နှင့်၊ ဖန်ဆင်းရှင်နှင့် နှိုင်းယှဉ်ခြင်းသည် ဘုရားသခင်ကို ပြစ်မှား စော်ကားခြင်း မဟုတ်လော။ ယင်းမှာ ကြီးလေးသော ပြဿနာဖြစ်သည်။ ဘုရားသခင်သည် ဖြောင့်မတ်ပြီး သန့်ရှင်းသော ဘုရားဖြစ်သည်။ လူသားသည် ဘုရားသခင်ကို အာခံခြင်းအတွက်၊ သို့မဟုတ် ဘုရားသခင်ကို ရန်လိုခြင်းအတွက် အပြစ်ဒဏ်ပေးခံရသင့်သည်ဆိုသည်မှာ လုံးလုံးလျားလျား သဘာဝကျပြီး တရားမျှတပေသည်။ စာတန်နှင့် နတ်ဆိုးများသည် သမ္မာတရား တစ်စွန်းတစ်စမျှ မရှိပေ။ စာတန်သည် ညစ်ညူးပြီး ကောက်ကျစ်ဆိုးယုတ်သည်။ အပြစ်မရှိသူများကို သတ်ဖြတ်ပြီး လူကောင်းများကို ဝါးမြိုသည်။ ၎င်းတို့သည် ဘုရားသခင်နှင့် မည်သို့ ဆင်တူနိုင်မည်နည်း။ လူတို့သည် အဘယ်ကြောင့် အမှန်တရားများကို ပုံဖျက်ပြီး ဘုရားသခင်ကို အပုပ်ချသနည်း။ ဤသည်မှာ ဘုရားသခင်အပေါ် ကြီးမားသော ပြစ်မှားစော်ကားခြင်း ဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖယ်ရှားခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ကျွန်မအခြေအနေက ဘုရားနှုတ်ကပတ်တော်တွေ ဖော်ထုတ်ထားတဲ့အတိုင်း ကွက်တိပါပဲ။ ဘုရားသခင်ကို ယုံကြည်လာတာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပေမဲ့၊ သမ္မာတရား ရှုထောင့်ကနေ အမှုအရာတွေကို ကျွန်မ မရှုမြင်နိုင်ခဲ့ဘူး။ အဲဒီအစား ကျွန်မက ဘာသာတရားမရှိသူတွေရဲ့ အမြင်ရှုထောင့်တွေကို ဖက်တွယ်ပြီး “သူတစ်ပါးကို ထိခိုက်နစ်နာစေလိုသည့်စိတ် မရှိအပ်၊ သို့သော် မိမိကိုယ်ကို ကာကွယ်လိုသည့်စိတ်မူ ရှိရမည်” ဆိုတဲ့ စာတန်ဆန်တဲ့ အတွေးအခေါ်နဲ့ အသက်ရှင်တယ်။ လူတွေနဲ့ ဆက်ဆံတဲ့အခါ ကျွန်မ အမြဲ သတိထား ကာကွယ်နေခဲ့တယ်၊ တစ်ခဏလောက် သတိလွတ်သွားရင် အကြံဆိုးနဲ့ ကြံစည်ခံရမှာကို အမြဲစိုးရိမ်နေခဲ့တယ်။ ဒီတစ်ခါလိုပါပဲ၊ ကျွန်မတို့ တာဝန်ထမ်းဆောင်ရာမှာ ပြဿနာတွေနဲ့ လွဲချော်မှုတွေ ပေါ်နေတာကို ကြီးကြပ်ရေးမှူး မြင်တော့၊ စည်းမျဉ်းတွေကို ကျွန်မတို့ နားလည်သဘောပေါက်အောင် ကူညီဖို့အတွက် ဆောင်းပါးတွေကို အတူတူ စိစစ်ချင်ခဲ့တာလေ။ ဒါပေမဲ့ ကျွန်မကျတော့ သူက ကျွန်မရဲ့ အခြေအနေမှန်ကို သိချင်နေတာ၊ အဲဒါကို သက်သေအဖြစ်သုံးပြီး ကျွန်မကို ဖြုတ်ချဖို့အတွက်ပဲလို့ ယူဆခဲ့တယ်။ ရလဒ်အနေနဲ့ ကျွန်မစိတ်ထဲမှာ သူ့အပေါ် ရန်လိုမှုတွေနဲ့ ပြည့်နေခဲ့တယ်။ ရန်သူကြီးတစ်ယောက်ကို ရင်ဆိုင်နေရသလိုမျိုး အချိန်တိုင်း သတိထား ကာကွယ်နေခဲ့တယ်၊ တစ်စက္ကန့်လောက် ပေါ့ဆသွားရင် ကျွန်မ တစ်ခုခု မှားဖြေမိမှာ၊ အဲဒီအခါ သူက ကျွန်မရဲ့ အားနည်းချက်ကို ကိုင်ပေါက်ပြီး ကျွန်မကို ဖြုတ်ချတော့မှာ ဆိုပြီး စိုးရိမ်နေခဲ့တာ။ စာတန် အာဏာစိုးမိုးတဲ့ နေရာတွေမှာ လူအချင်းချင်း ဆက်ဆံရေးတွေက ပဋိပက္ခတွေ၊ တွက်ချက်မှုတွေနဲ့ ပြည့်နှက်နေတာ။ နည်းနည်းလေး ပေါ့ဆလိုက်တာနဲ့ အကြံဆိုးနဲ့ ကြံစည်ခံရနိုင်တယ်၊ ကိုယ့်ရာထူး ပြုတ်သွားနိုင်တယ်၊ အသက်အန္တရာယ်တောင် ရှိနိုင်တယ်။ အခု ကျွန်မက ဘုရားအိမ်တော်မှာ တာဝန်ထမ်းဆောင်နေတာတောင်မှ လောကကြီးမှာ စိုးမိုးနေတဲ့ အာဏာစက်တွေကို ကာကွယ်သလိုမျိုး သတိထား ကာကွယ်နေတုန်းပဲ။ ဘုရားအိမ်တော်မှာ သမ္မာတရားက စိုးမိုးတယ်ဆိုတာ၊ ဘုရားသခင်က ကျွန်မတို့တစ်ယောက်ချင်းစီအပေါ် စစ်မှန်ပြီး ရိုးသားတယ်ဆိုတာကို ကျွန်မ လုံးဝ မယုံကြည်ခဲ့ဘူး။ ဒါက ဘုရားသခင်ကို စွပ်စွဲပုတ်ခတ်တာနဲ့ ပြစ်မှားစော်ကားတာပဲ။ ဒီသဘာဝက ကြောက်စရာကောင်းလိုက်တာ။ ကျွန်မ ဘုရားသခင်ဆီကို ဆုတောင်းလိုက်တယ်၊ “အို ဘုရားသခင်၊ ကိုယ်တော့်အိမ်တော်မှာ သမီး တာဝန်ထမ်းဆောင်ခဲ့တဲ့ နှစ်တွေတစ်လျှောက်လုံး ကိုယ်တော့်ရဲ့ ရေလောင်းပေးတာနဲ့ ထောက်ပံ့ပေးတာတွေကို သမီး ခံစားခဲ့ရပါတယ်၊ သမ္မာတရား အများကြီးကို နားလည်လာခဲ့ရပြီး ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကျင့်ကြံပြုမူရမလဲ ဆိုတဲ့ စည်းမျဉ်းတချို့ကိုလည်း လေ့လာသင်ယူခဲ့ရပါတယ်။ ဒါတွေအားလုံးက ကိုယ်တော့်ရဲ့ မေတ္တာနဲ့ ကယ်တင်ခြင်းတွေပါပဲ။ ဒါပေမဲ့ သမီးက ကိုယ်တော့်ကို သတိထား ကာကွယ်နေတုန်းပါပဲ၊ ကိုယ်တော်နဲ့ သမီးကြားက အတားအဆီးက အရမ်းနက်ရှိုင်းပါတယ်။ ဒါက ကိုယ်တော့်ကို တကယ် ဝမ်းနည်းစေပါတယ်။ အို ဘုရားသခင်၊ သမီး နောင်တရချင်ပါတယ်။ ကိုယ်တော့်စိတ်နှလုံးကို နှစ်သိမ့်ပေးဖို့ ရိုးသားတဲ့လူတစ်ယောက်ဖြစ်အောင် သမီး လိုက်စားချင်ပါတယ်။ သမီးကို လမ်းပြပေးတော်မူပါ” ဆိုပြီးတော့ပေါ့။

နောက်တစ်ကြိမ်မှာ တခြားကြီးကြပ်ရေးမှူးတစ်ယောက်က ကျွန်မတို့နဲ့အတူ အတတ်ပညာပိုင်းနဲ့ပတ်သက်တဲ့ ကျွမ်းကျင်မှုတွေကို လေ့လာပြီး ကျွန်မတို့အမြင်တွေကို တစ်ယောက်ချင်းစီ ပြောခိုင်းတယ်။ အစပိုင်းမှာ ကျွန်မ နည်းနည်း စိတ်လှုပ်ရှားနေတုန်းပဲ၊ ကောင်းကောင်း မဖြေနိုင်မှာ၊ ဒါမှမဟုတ် လွဲချော်မှုတချို့ လုပ်မိပြီး ကြီးကြပ်ရေးမှူးက ကျွန်မအကြောင်းကို ထိုးဖောက်မြင်သွားမှာ စိုးရိမ်နေခဲ့တယ်။ အဲဒီအချိန်မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ တွေးမိတယ်။ “ကျိတ်ကြံစည်ခြင်းမရှိဘဲ အခြားသူများနှင့် ဆက်သွယ်ပြောဆိုနိုင်ရန် သင်သည် ပုံမှန် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ နယ်ပယ်အတွင်း ဆက်သွယ်ပြောဆိုရန် သင်ယူရမည်။ ဆက်သွယ်ပြောဆိုခြင်း၏ ရည်ရွယ်ချက်မှာ အခြားသူများကို ကူညီရန်နှင့် ၎င်းတို့ထံမှ အကူအညီနှင့် အကျိုးကျေးဇူးများကို ရရှိရန်လည်း ဖြစ်သည်။ ဤသည်မှာ ပုံမှန် ဆက်သွယ်ပြောဆိုခြင်းဖြစ်ပြီး ဤနည်းအားဖြင့် သင်သည် ကျိတ်ကြံစည်ခြင်းမရှိဘဲ ဆက်သွယ်ပြောဆိုမှုကို ရရှိနိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂၆))ရိုးသားစစ်မှန်ရန် သင်သည် ဦးစွာ သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အလိုဆန္ဒများကို ဘေးဖယ်ထားရမည်။ ဘုရားသခင်က သင့်အား မည်သို့ ဆက်ဆံသည်ကို အာရုံစိုက်မည့်အစား သင်သည် မိမိကိုယ်ကို ဘုရားသခင်ထံ အရှိအတိုင်း ဖော်ပြသင့်ပြီး သင်၏ စိတ်နှလုံးထဲ၌ ရှိသော မည်သည့်အရာကိုမဆို ပြောဆိုလော့။ သင့်စကားများ၏ နောက်ဆက်တွဲအကျိုးဆက်များက မည်သည့်အရာဖြစ်မည်ကို စဉ်းစားဆင်ခြင်ခြင်း သို့မဟုတ် ထည့်သွင်းစဉ်းစားခြင်း မပြုနှင့်။ သင် စဉ်းစားမိသော မည်သည့်အရာကိုမဆို ပြောဆိုလော့။ သင်၏ စေ့ဆော်မှုများကို ဘေးဖယ်ထားလော့။ ပြီးလျှင် ရည်ရွယ်ချက်တစ်ခုခုကို ဖြစ်မြောက်အောင်မြင်စေရန်အတွက်သာ အမှုအရာများကို မပြောဆိုနှင့်။ သင့်တွင် ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် မသန့်စင်မှုများ အလွန် များပြားသည်၊ သင်သည် စကားပြောဆိုပုံ၌ အစဉ်သဖြင့် အကွက်ချစီမံသည်၊ ဤသို့ စဉ်းစားသည်။ ‘ငါသည် ဤအကြောင်းကို ပြောသင့်ပြီး ထိုအကြောင်းကို မပြောသင့်ပေ၊ ငါ ပြောဆိုမည့်အရာကို သတိထားရမည်။ ငါ့အတွက် အကျိုးရှိစေမည့် နည်းလမ်းဖြင့်၊ ငါ့၏ ချို့ယွင်းချက်များကို ဖုံးကွယ်ပေးမည့် နည်းလမ်းဖြင့်၊ ဘုရားက ငါ့အပေါ် အကောင်းမြင်စေမည့် နည်းလမ်းဖြင့် ပြောဆိုမည်’ ဟူ၍ ဖြစ်လေသည်။ ဤသည်မှာ ရည်ရွယ်ချက်များ ထားရှိခြင်း မဟုတ်သလော။ သင် ပါးစပ်မဟမီတွင် သင်၏ စိတ်သည် ကောက်ကျစ်သော အတွေးအခေါ်များဖြင့် ပြည့်နှက်နေသည်၊ သင် ပြောဆိုလိုသောအရာကို အကြိမ်ပေါင်းများစွာ ပြုပြင်သည်၊ ဤသို့ဖြင့် စကားလုံးများ သင်၏ ပါးစပ်မှ ထွက်လာသောအခါ ယင်းတို့သည် စင်ကြယ်လွန်းခြင်း မရှိတော့ဘဲ၊ အနည်းငယ်မျှပင် မစစ်မှန်တော့ဘဲ သင်၏ ကိုယ်ပိုင် စေ့ဆော်မှုများနှင့် စာတန်၏ အကြံအစည်များ ပါဝင်နေသည်။ ဤသည်မှာ ရိုးသားစစ်မှန်ခြင်း မဟုတ်ပေ၊ ဤသည်မှာ ယုတ်မာသော ကြံရွယ်မှုများနှင့် မကောင်းသော ရည်ရွယ်ချက်များ ထားရှိခြင်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၀ (အပိုင်း ၂)) တွက်ချက်တာတွေ ရပ်တန့်ဖို့ဆိုရင် ပုံမှန် လူ့သဘာဝရဲ့ အသိစိတ်နဲ့ ဆင်ခြင်တုံတရားထဲကနေ တခြားသူတွေနဲ့ မိတ်သဟာယပြုတာကို လက်တွေ့လုပ်ဆောင်ရမယ်၊ ကိုယ်ပိုင် ရည်ရွယ်ချက်တွေနဲ့ ပန်းတိုင်တွေ မပါရဘူး၊ ကိုယ့်စကားလုံးတွေကို ခွဲခြမ်းစိတ်ဖြာတာ၊ ပြုပြင်မွမ်းမံတာတွေ မလုပ်ရဘူး ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ မြင်ခဲ့ရတယ်။ ကိုယ်ထင်တာကို ပြောဖို့ပဲ လိုတာပါ။ ပန်းတိုင်က တစ်ယောက်ကိုတစ်ယောက် ကူညီဖို့နဲ့ လူတိုင်း အကျိုးရှိဖို့ပဲ။ ဒီနေ့ ကြီးကြပ်ရေးမှူးက အလုပ်နဲ့ပတ်သက်တဲ့ ကျွမ်းကျင်မှုတွေကို ကျွန်မတို့နဲ့အတူ လေ့လာနေတာဟာ စည်းမျဉ်းတွေကို ဆွေးနွေးခြင်းအားဖြင့် တစ်ယောက်ရဲ့အားသာချက်ကနေ တစ်ယောက်သင်ယူဖို့နဲ့ ကိုယ့်အားနည်းချက်တွေကို ဖြည့်ဆည်းဖို့ အခွင့်အရေးတစ်ခု ဖြစ်မှန်း၊ ဒါမှ ကျွန်မတို့ စည်းမျဉ်းတွေကို ပိုပြီး နားလည်သဘောပေါက်နိုင်မှာဖြစ်မှန်း ကျွန်မ သဘောပေါက်လိုက်တယ်။ ကျွန်မက ပွင့်လင်းရိုးသားတဲ့ သဘောထားနဲ့ ချဉ်းကပ်သင့်တယ်၊ နားလည်သလောက် ပြောသင့်တယ်၊ မှားပြောမိရင်လည်း ညီအစ်ကိုမောင်နှမတွေရဲ့ လမ်းပြမှုနဲ့ အကူအညီကို လက်ခံလိုက်ရုံပဲ။ ဒါက လေ့လာသင်ယူဖို့နဲ့ ဖလှယ်ဖို့ အခွင့်အရေးကောင်းတစ်ခုပဲ၊ ကျွန်မ ဒီလောက်ကြီး စိုးရိမ်စရာ မလိုဘူး။ ဒါကြောင့် ကျွန်မ စိတ်ထဲမှာ ဆုတောင်းလိုက်တယ်၊ “အို ဘုရားသခင်၊ ကိုယ်တော့်ရှေ့မှာ သမီးစိတ်ကို ငြိမ်သက်အောင် ထိန်းပေးတော်မူပါ၊ ကိုယ့်အမြင်တွေကို ဝေမျှတဲ့အခါ ကိုယ်တော့်ရဲ့ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို လက်ခံနိုင်ပါစေ” ဆိုပြီးတော့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ ကျွန်မ စိတ်ငြိမ်သွားပြီး စည်းမျဉ်းတွေကို သေချာစဉ်းစားကြည့်နိုင်ခဲ့တယ်။ စည်းမျဉ်းတချို့နဲ့ပတ်သက်ပြီး ထိုးထွင်းသိမြင်မှု အသစ်တချို့တောင် ရလိုက်ပြီး အရင်ကထက် ပိုရှင်းရှင်းလင်းလင်း နားလည်တယ်လို့ ခံစားရတယ်။ ကြီးကြပ်ရေးမှူးရဲ့ မိတ်သဟာယပြုခြင်းကနေတစ်ဆင့် ကျွန်မရဲ့ ကိုယ်ပိုင်အားနည်းချက်တချို့ကိုလည်း ရှာဖွေတွေ့ရှိခဲ့တယ်။ အဲဒီလေ့လာမှုကဏ္ဍအတွင်းမှာ ကျွန်မ တော်တော် လွတ်မြောက်တယ်လို့ ခံစားရပြီး အကျိုးကျေးဇူးတချို့ ရခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ ကြီးကြပ်ရေးမှူးက ဆောင်းပါးတွေကို စိစစ်ဖို့ ကျွန်မတို့နဲ့ လာပူးပေါင်းတိုင်း၊ ဒါမှမဟုတ် ကျွန်မကို မေးခွန်းတွေ မေးတိုင်း ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီ ရိုးသားတဲ့လူတစ်ယောက်ဖြစ်ဖို့ ကျွန်မ သတိရှိရှိ လက်တွေ့လုပ်ဆောင်ခဲ့တယ်။ ကျွန်မစိတ်က ပိုပိုပြီး လွတ်မြောက်လာတယ်လို့ ခံစားရပြီး ရိုးသားတဲ့လူတစ်ယောက်ဖြစ်ရခြင်းရဲ့ ပျော်ရွှင်မှုကို နည်းနည်း မြည်းစမ်းခဲ့ရတယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ရိုးသားစွာပြောဆိုခြင်းမှ ကျွန်မ ရရှိခဲ့သည့်အရာ

ချူးဂို အမေရိကန်နိုင်ငံ သိပ်မကြာခင်တုန်းက ဘုရားရဲ့ မိတ်သဟာယတစ်ပိုဒ်ကို ညီမ ကြားခဲ့ရတယ်။ အဲဒီမှာပြောတာက “မျက်နှာလိုမျက်နှာရလုပ်ခြင်း၊...

ကျွန်ုပ်ကို ဖော်ထုတ်သည့် သုံးသပ်ချက်တစ်ခု

ရှိတမ်း အမေရိကန်နိုင်ငံ ၂၀၂၁ ခုနှစ်၊ မေလလယ်မှာ ခေါင်းဆောင်ဖြစ်တဲ့ အစ်မချန်က ကျွန်မကို စကားလာပြောပြီး အစ်မလုအကြောင်း အများကြီးသိထားလား၊...

တာဝန်ထမ်းဆောင်ခြင်းသည် ရိုးသားခြင်းမရှိဘဲ မဖြစ်နိုင်ပေ

မုရီ အမေရိကန်နိုင်ငံ ကျွန်မက အသင်းတော်မှာ လူသစ်တွေကို ရေလောင်းတာကို ဦးဆောင်ရတယ်။ တချို့ယုံကြည်သူအသစ်တွေက ပါဝင်တာ သိပ်မကြာသေးဘူး။ သူတို့ထဲက...

အမှားများကို ဝန်ခံရန် အဘယ်ကြောင့် အလွန်ခက်ခဲရသနည်း

လီဖေး အီတလီနိုင်ငံ ကျွန်မရဲ့ အသင်းတော်မှာ ကျွန်မက ဗီဒီယိုအလုပ်ကို တာဝန်ယူရတယ်။ တစ်နေ့မှာ၊ ညီအစ်မတစ်ယောက်က ကျွန်မကို အလောတကြီး ဖုန်းခေါ်တယ်။...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။