ကျွန်ုပ်ကို ဖော်ထုတ်သည့် သုံးသပ်ချက်တစ်ခု

16.02.2022

ရှိတမ်း အမေရိကန်နိုင်ငံ

၂၀၂၁ ခုနှစ်၊ မေလလယ်မှာ ခေါင်းဆောင်ဖြစ်တဲ့ အစ်မချန်က ကျွန်မကို စကားလာပြောပြီး အစ်မလုအကြောင်း အများကြီးသိထားလား၊ တခြားလူတွေအပေါ် သူမျှတရဲ့လား၊ ဝေဖန်စီရင်တတ်ပုံပေါ်လားလို့ မေးတယ်။ သူ့မျက်နှာထားက သိပ်တင်းနေတာ၊ အစ်မလုက ဘာဖြစ်နေလဲလို့ ကျွန်မချက်ချင်းမေးလိုက်ရော။ အစ်မလုက အရမ်းမောက်မာပြီး ခေါင်းဆောင်အတော်များများကို အယောင်ဆောင် ခေါင်းဆောင်တွေဆိုပြီး ဝေဖန်စီရင်တာတွေ ပြောတယ်လို့ သူပြောတယ်။ အစ်မလုက စကားပြောကောင်းတဲ့အပြင် စုဝေးပွဲတွေမှာ သူ့ကိုယ်ပိုင်အသိပညာအကြောင်း ပြောပြနိုင်ပေမဲ့ တကယ်တော့ သူ့ကိုယ်သူ လုံးဝ သိတာမဟုတ်ဘူးလို့လည်း ပြောတယ်။ ညီအစ်ကို မောင်နှမအများစုက သူ့ကို ရှင်းရှင်းလင်းလင်း မမြင်ဘဲ သူ့မိတ်သဟာယကို နှစ်သက်ကြတယ်တဲ့။ အသင်းတော်ကနေ နှင်ထုတ်ခံခဲ့ရတဲ့ အန္တိခရစ်တချို့လည်း အဲဒီအတိုင်း လုပ်ခဲ့ကြတာကို ကျွန်မချက်ချင်းတွေးမိရော။ အဲဒါက အန္တိခရစ်တွေ ပြုမူတဲ့နည်းလမ်း မဟုတ်လား။ ဒီခေါင်းဆောင်၊ ဟိုခေါင်းဆောင်က အယောင်ဆောင်ပဲလို့ ပြောတာက သိပ်ကိစ္စမရှိသေးဘူး၊ ဒါပေမဲ့ အတော်များများကို အယောင်ဆောင်လို့ပြောတာက မောက်မာရာကျတယ်လေ။ ပြီးခဲ့တဲ့နှစ် ခေါင်းဆောင်တွေ ရွေးကောက်ပွဲကို ကျွန်မသတိရသွားတယ်၊ အဲဒီတုန်းက အစ်မလုနဲ့ တခြားညီအစ်မက သင့်တော်သူတစ်ယောက်အကြောင်းကို တိတ်တိတ်လေး ဆွေးနွေးနေခဲ့ကြတာ၊ အဲဒီညီအစ်မက ဂုဏ်နဲ့ အဆင့်အတန်းကို ဂရုစိုက်တယ်၊ ဟန်ပြလုပ်ပြီး တကယ့်အလုပ် မလုပ်ဘူးတဲ့။ အစ်မလုအပေါ် ကျွန်မစပြီး အမြင်မစောင်းဘဲ မနေနိုင်ခဲ့ဘူး၊ သူတကယ်ဝေဖန်စီရင်တတ်တာပဲလို့လည်း တွေးခဲ့တယ်။

နောက်တော့ ခေါင်းဆောင်က ကျွန်မကို အစ်မလုနဲ့ပတ်သက်ပြီး သုံးသပ်ချက်ရေးခိုင်းရော။ တစ်လောက သူနဲ့ ထိတွေ့ဆက်ဆံခဲ့တာကိုလည်း သတိရမိတယ်၊ တချို့ကိစ္စတွေမှာ သူ့ကို လူတွေထောက်ပြတဲ့အခါ အစတော့ သူခုခံကာကွယ်ပေမဲ့ နောက်တော့ သုံးသပ်ဆင်ခြင်ပြီး အပြောင်းအလဲနဲ့ ဝင်ရောက်မှုတချို့ ရှိခဲ့တယ်။ သမ္မာတရားကို သူလက်ခံခဲ့တာ။ သူနဲ့ စကားပြောတဲ့အခါ ကိုယ့်ကိုယ်ကိုယ် သူသုံးသပ်ပြီး သိတာ၊ သူဆုတောင်းတာ၊ သမ္မာတရားရဲ့ စည်းမျဉ်းတွေကို ရှာပြီး ဝင်ရောက်ဖို့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာတွေ့တာ ကျွန်မမြင်ရတယ်။ သက်သေခံချက်နှစ်ခုကိုလည်း သူရေးခဲ့တာ။ သူ့ကို သမ္မာတရား ရှာတဲ့သူလို့ ကျွန်မထင်ခဲ့တယ်။ ဒါပေမဲ့ သူမောက်မာတယ်၊ စကားချိုပြီး ဆွယ်ဟောတတ်တယ်၊ တကယ်လှည့်စားတတ်ပြီး ခေါင်းဆောင်တွေကို ထမင်းစားရေသောက် ဝေဖန်စီရင်တတ်တယ်လို့ ခေါင်းဆောင်ပြောတာ တွေးမိတော့ သူဟာ သမ္မာတရားကို လက်ခံရှာဖွေနိုင်သူ တစ်ယောက်ပါလို့ ပြောလိုက်ရင် ကျွန်မက ချင့်ချိန်နိုင်စွမ်းမရှိဘူး၊ လူနုံလူအပဲလို့ ခေါင်းဆောင်က ပြောမလားပေါ့။ ကျွန်မအပေါ် သူ့အထင်အမြင်က မကောင်းတော့ရင် တာဝန်တချို့ လုပ်နိုင်မဲ့ အခွင့်အရေးကို ကျွန်မဆုံးရှုံးနိုင်တယ်လေ။ အဲဒီစိတ်နဲ့ အစ်မလုက သမ္မာတရားလက်ခံဖို့ ရုန်းကန်နေရပြီး ပြဿနာတွေနဲ့ ထောက်ပြခံရတဲ့အခါ သူ့ကိုယ်သူ ရှင်းချက်ထုတ်လေ့ရှိတယ်လို့ သုံးသပ်ချက်မှာ ကျွန်မပြောလိုက်တယ်။ နေ့စဉ်အသက်တာမှာ သူထုတ်ဖော်ပြခဲ့တဲ့ ဖောက်ပြန်ပျက်စီးခြင်းတချို့ကိုလည်း ရေးလိုက်တယ်။ သမ္မာတရားကို သူအထင်အရှား ရှာဖွေပုံတချို့အကြောင်းလည်း ရေးခဲ့ပေမဲ့ သူဟာ သမ္မာတရားကို ရှာဖွေသူ တကယ်ဟုတ်၊ မဟုတ် မသေချာဘူးဆိုတဲ့ မှတ်ချက်တစ်ခု ကျွန်မထပ်ဖြည့်လိုက်တယ်။ သုံးသပ်ချက်ရေးပြီးတဲ့နောက် ကျွန်မနည်းနည်းဘဝင်မကျဖြစ်ခဲ့ရတာ။ အစ်မလုနဲ့ပတ်သက်လို့ ကျွန်မရဲ့အတွေ့အကြုံက ခေါင်းဆောင်ပြောပြသလို လုံးဝမဟုတ်ခဲ့ဘူးလေ။ သူ့မှာ မောက်မာတဲ့ စိတ်သဘောထား နည်းနည်းတော့ ရှိပါတယ်။ တစ်ခါတလေ ခပ်ဘွင်းဘွင်းနဲ့ လက်ခံဖို့ခက်တာတွေကို ပြောတတ်တယ်။ ဒါပေမဲ့ သူ့စိတ်ရင်းက မဆိုးပါဘူး၊ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကိုလည်း သူထိန်းသိမ်းတယ်။ သမ္မာတရား စည်းမျဉ်းတွေကို တခြားလူတွေ ချိုးဖောက်နေတာ သူမြင်တော့ ထုတ်ပြောရဲလောက်အောင်ကို သတ္တိရှိခဲ့တာ။ ဥပမာအနေနဲ့ ညီအစ်မတစ်ယောက်က သူ့တာဝန်မှာ အိုးနင်းခွက်နင်းလုပ်နေပြီး အလုပ်တိုးတက်မှု ထိခိုက်တာ သူမြင်တော့ သူတို့ရဲ့ဆက်ဆံရေးကို သူဘေးချိတ်နိုင်ပြီး အချိန်မဆွဲဘဲ ထောက်ပြခဲ့သလို ခေါင်းဆောင်ကိုလည်း အဲဒီအကြောင်းအားလုံး သူပြောခဲ့တာလေ။ အစ်မလုရဲ့ လုပ်နေကျ အပြုအမူကို ကြည့်ရရင် သူက ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ထိန်းသိမ်းပြီး မှန်ကန်တဲ့သူပဲ။ ဒါပေမဲ့ အဲဒီခေါင်းဆောင်က တစ်မျိုးပြောနေတာ။ ခေါင်းဆောင်က အမြင်စောင်းနေတာများလားလို့ တွေးမိတယ်။ အစ်မလုအကြောင်း သုံးသပ်ချက်တွေကို လိုက်ကောက်ထားတယ်ဆိုတော့ သူ့တာဝန်ကနေ အထုတ်ခံရမလား၊ အသင်းတော်ကနေ ဖယ်ရှားခံရမလားလို့ ကျွန်မတွေးမိရော။ အဲဒီအကြောင်း ပိုတွေးလေ၊ ပိုဘဝင်မကျဖြစ်လေပဲ။ ဒါကြောင့် အစ်မလုနဲ့ သူ့ပြဿနာတွေအကြောင်း မိတ်သဟာယပြုပြီးပြီလား၊ အဲဒါတွေကို သူနားလည်ရဲ့လားလို့ ခေါင်းဆောင်ကို ကျွန်မမေးလိုက်တယ်။ ဒါပေမဲ့ ခေါင်းဆောင်က အစ်မလုဟာ အရင်ကလည်း ခေါင်းဆောင်တွေကို ဝေဖန်စီရင်လေ့ရှိခဲ့ပြီး အခုလည်း အဲဒါကို စလုပ်နေပြန်တာလို့ပြောရင်း မေးခွန်းကို ရှောင်လွှဲခဲ့တယ်။ အစ်မလုကြောင့် ခေါင်းဆောင်တစ်ယောက်က နုတ်ထွက်ဖို့ စဉ်းစားနေလို့ အစ်မလုက အနှောင့်အယှက်တစ်ခု ဖြစ်လာနေပြီလို့ သူပြောတာ။ ခေါင်းဆောင်ဆီက ဒါကို ကြားတော့ ပြဿနာအပေါ် သူပိုပြီး ကောင်းကောင်းနားလည်တယ်၊ ကျွန်မသာ ချင့်ချိန်နိုင်စွမ်း မရှိဘဲ အစ်မလုရဲ့ အပြင်ပန်း အပြုအမူနဲ့ အလှည့်စားခံလိုက်ရတာလို့ တွက်မိလိုက်တယ်။ ကျွန်မ တခြားဘာမှ မပြောတော့ဘူး။

နောက်နှစ်ရက်အကြာမှာ အခြေအနေကို အထက်ခေါင်းဆောင်တစ်ယောက်က ကြည့်ပြီး ပြောလာရော။ အစ်မလုက ခေါင်းဆောင်တွေကို ကြုံရာ ဝေဖန်စီရင်နေတာမဟုတ်ဘဲ အယောင်ဆောင် ခေါင်းဆောင်တွေကို မှန်မှန်ကန်ကန် ဖော်ထုတ်နေခဲ့တာတဲ့လေ။ အစ်မချန်က အစ်မလုတိုင်တန်းတာ ခံထားရတော့ ခေါင်းဆောင်တွေကို ကြုံရာ ဝေဖန်စီရင်နေတယ်လို့ အစ်မလုကို ရှုတ်ချရင်း ဒေါသတကြီး ရမ်းနေခဲ့တာ၊ အစ်မလုရဲ့ တာဝန်ကို သူ့သဘောနဲ့သူ ရပ်ဆိုင်းလိုက်တာပဲ။ အစ်မလုတိုင်တန်းခဲ့တဲ့ အယောင်ဆောင် ခေါင်းဆောင် တော်တော်များများက အကုန်ထုတ်ခံလိုက်ရပြီး အစ်မလုလည်း သူ့တာဝန်ကို ပြန်ရသွားတယ်။ ဒါကိုကြားတော့‌ ကျွန်မရင်တုန်သွားတာ၊ လန့်လည်း လန့်သွားတယ်။ နည်းနည်းနေမထိထိုင်မထိလည်း ဖြစ်ရတယ်။ အစ်မလုက မောက်မာတယ်၊ ခေါင်းဆောင်တွေကို လက်လွတ်စပယ် ဝေဖန်စီရင်တယ်၊ သမ္မာတရားကို သိပ်ကောင်းကောင်း လက်မခံဘူးဆိုပြီး သူ့ကို ခေါင်းဆောင်နဲ့အတူ ကျွန်မရှုတ်ချခဲ့တာလေ။ အစ်မလုကို ကျွန်မလည်း ရှုတ်ချနေခဲ့တာ။ ဒါက စိုးရိမ်ရတဲ့ ပြဿနာကြီးလေ။ ဒါဟာ ပေါ့သေးသေးကိစ္စမဟုတ်ဘူး၊ ကိုယ့်ကိုယ်ကိုယ် တကယ်သုံးသပ်သင့်တယ်လို့ ကျွန်မခံစားလိုက်ရတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် နားလည်အောင် လမ်းပြဖို့ တောင်းလျှောက်ရင်း ဘုရားကို ဆုတောင်းခဲ့တယ်။ နောက်တာ့ ဘုရားနှုတ်ကပတ်တော်ထဲမှာ ဒါဖတ်မိရော။ “လူသားဘဝ၏ မှန်ကန်သော လမ်းကြောင်းကို လျှောက်လှမ်းရန်အတွက် သင်သည် အနည်းဆုံး ဂုဏ်သိက္ခာနှင့် လူသားပုံသဏ္ဌာန်တစ်ခုနှင့် နေထိုင်ရမည်။ သင့်အပေါ် သူတစ်ပါးတို့ ယုံကြည်အောင်၊ အထင်ကြီးလေးစားအောင် ပြုလုပ်ရမည်ဖြစ်ပြီး သင်၏ပင်ကိုစရိုက်နှင့် တည်ကြည်မှုသည် သြဇာညောင်းပြီး သင်သည် ပြောသည့်အတိုင်း လုပ်ဆောင်သည်ဟု ၎င်းတို့ခံစားရအောင် သင်ပြုလုပ်ရမည်။...ဂုဏ်သိက္ခာရှိသောသူတို့၏ ပင်ကိုအရည်အသွေးတို့သည် အခြားလူများနှင့် အစဉ်သဖြင့် လုံးလုံးလျားလျား သဟဇာတဖြစ်ခြင်းမရှိပေ။ သို့သော် ၎င်းတို့သည် ရိုးသားကြကာ အဆုံးတွင် အခြားလူတို့သည် ၎င်းတို့ကို အထင်ကြီးကြဆဲဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည်၊ ရိုးသားသည်၊ ၎င်းတို့၌ ဂုဏ်သိက္ခာရှိသည်၊ တည်ကြည်မှုနှင့် ပင်ကိုစရိုက်သည်၊ ၎င်းတို့သည် အခြားလူတို့ကို မည်သည့်အခါမျှ အသုံးမချ၊ လူတို့တွင် ပြဿနာအချို့ရှိသောအခါ ကူညီကြသည်၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော အခြားလူတို့နှင့် အဆင်ပြေကြသည်၊ ထို့ပြင် သူတစ်ပါးတို့အပေါ် မည်သည့်အခါမျှ မဆင်မခြင် အကဲဖြတ်ခြင်းများ မပြုလုပ်ကြပေ။ အခြားလူတို့ကို အကဲဖြတ်သောအခါ၊ သို့မဟုတ် အခြားလူတို့နှင့် ဆွေးနွေးသောအခါ ၎င်းတို့က တိကျစွာ ပြောဆိုကြသည်၊ ၎င်းတို့သိသည့်အရာကို ပြောသည်၊ တစ်စုံတစ်ခုကို ၎င်းတို့မသိသောအခါတွင် ပေါ့ပေါ့တန်တန်မပြောဆိုသကဲ့သို့ မှန်ကန်တိကျမှုမရှိသော အပိုဆာဒါးများကို ထည့်မပြောပေ။ ၎င်းတို့ပြောသည့်အရာများကို ယုံကြည်စိတ်ချရမှုရှိသည်ဟု မှတ်ယူနိုင်ပြီး ထည့်သွင်းစဉ်းစားနိုင်သည်။ ပင်ကိုစရိုက်ရှိသောသူတို့၏ စကားများနှင့် လုပ်ဆောင်မှုများသည် တန်ဖိုးရှိပြီး လူတို့၏ ယုံကြည်မှုနှင့် ထိုက်တန်သည်။ ဤအရာကို ဂုဏ်သိက္ခာဟု ခေါ်ဆို၏။ ပင်ကိုစရိုက်မရှိသောလူတို့ကို မည်သူကမျှ အထင်မကြီးပေ။ ၎င်းတို့၏ စကားများနှင့် လုပ်ဆောင်မှုများကို မည်သူကမျှ အာရုံမစိုက်ပေ။ ၎င်းတို့ကို မည်သူကမျှ အလေးအနက် မထားကြသည့်အပြင် မည်သူကမျှ ၎င်းတို့ကို မယုံကြည်ကြချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် လိမ်ညာမှုများကို အလွန်အကျွံပြောဆိုကြပြီး မှန်ကန်သည့်အရာများကို သိပ်မပြောကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် လူတို့နှင့် ထိတွေ့ဆက်ဆံသောအခါနှင့် အခြားလူတို့အတွက် အမှုကိစ္စများ လုပ်ဆောင်ပေးသောအခါ မရိုးမသားဖြစ်ပြီး တည်ကြည်မှု ကင်းမဲ့ကြသည်၊ ၎င်းတို့တွင် တည်ကြည်မှုမရှိသည့်အပြင် မည်သူကမျှ ၎င်းတို့ကို မနှစ်သက်ပေ။ ယခုအခါ သင်တို့၏စိတ်ထဲတွင် သင်တို့၏ယုံကြည်မှုနှင့် ထိုက်တန်သောသူ တစ်ယောက်ယောက်ကို သင်တို့တွေ့ရှိပြီးပြီလော။ သင်သည် သူတစ်ပါးတို့၏ ယုံကြည်မှုနှင့် ထိုက်တန်သည်ဟု သင့်ကိုယ်သင် ထင်မြင်သလော။ သင့်အပေါ် အခြားလူတို့ယုံကြည်လာအောင် သင်ပြုလုပ်နိုင်သလော။ ဥပမာအားဖြင့် တစ်စုံတစ်ယောက်က သင်သည် အခြားတစ်ယောက်အပေါ် မည်သို့ထင်မြင်သည်ကို မေးပြီး သင့်အနေဖြင့် ‘ငါ့ကို သူတို့မေးသည်မှာ ကောင်းသည်။ ငါသည် လူတစ်ယောက်ကို လုံးဝ ထင်ရာမြင်ရာ အကဲဖြတ်မည်မဟုတ်၊ သို့မဟုတ် ထင်မြင်ချက်ပေးမည်မဟုတ်။ ငါသိသည့်အရာကို သူတို့အား ငါသေချာပေါက် ပြောမည်။ သို့သော် ငါလုံးဝမသိသည့်အရာများအကြောင်းကို ငါသေချာပေါက် ပြောမည်မဟုတ်။ ငါသေချာသည့်အရာကို သူတို့အား ငါပြောမည်။ သို့သော် ငါခန့်မှန်းသည့်အရာ၊ သို့မဟုတ် စိတ်ကူးထင်မြင်သည့်အရာနှင့်ပတ်သက်၍မူ မှန်ကန်တိကျမှုမရှိသော အပိုဆာဒါးများကို လုံးဝထည့်မည်မဟုတ်၊ ထိုကဲ့သို့သောအရာများကို ငါလုံးဝပြောမည်မဟုတ်။ ယင်းသည် ငါကိုယ်တိုင်၏ ဝေဖန်အကဲဖြတ်မှုဖြစ်လျှင်၊ သို့မဟုတ် ပုံစံတစ်မျိုးရှိသောအရာတစ်ခုကို ငါမြင်တွေ့ပြီးဖြစ်လျှင် “ကျွန်ုပ်၏အကဲဖြတ်မှုအပေါ် အခြေခံရလျှင်” ဟူ၍သော်လည်းကောင်း၊ “ကျွန်ုပ်၏လေ့လာစောင့်ကြည့်မှုများနှင့် ကျွန်ုပ်ရှာဖွေတွေ့ရှိထားသည့် အရာအပေါ် အခြေခံရလျှင်” ဟူ၍သော်လည်းကောင်း သေချာပေါက် ပြောပြီး စကားစမည်။ ဤသို့ဖြင့် ၎င်းတို့သည် ငါ၏ရိုးသားမှုနှင့် ငါ၏သဘောထားကို သတိပြုမိနိုင်ရန်နှင့် ငါ့ကို ယုံကြည်နိုင်ရန်အတွက် ဖြစ်သည်’ ဟူ၍ စဉ်းစားသည်ဆိုပါစို့။ သင်တို့သည် ဤသို့ လုပ်ဆောင်နိုင်စွမ်းရှိသလော။ (မလုပ်ဆောင်နိုင်ပါ။) ဤသို့ဆိုလျှင် သင်တို့သည် သူတစ်ပါးတို့အပေါ် လုံလောက်စွာ ရိုးသားခြင်းမရှိကြောင်း၊ သင်တို့ပြုမူဆောင်ရွက်ရာတွင် ရိုးသားသော စိတ်နှလုံးတစ်ခု၊ သို့မဟုတ် ရိုးသားသော သဘောထားတစ်ခုမရှိကြောင်း ဤအရာက သက်သေပြသည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ရိုသားခြင်းအားဖြင့်သာ စစ်မှန်သော လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်နိုင်သည်”) ဘုရားနှုတ်ကပတ်တော်ကနေ နားလည်လိုက်တာက တည်ကြည်၊ ရိုးသားသူတွေက တခြားလူတွေကို မှန်မှန်ကန်ကန်၊ ဓမ္မဓိဋ္ဌာန်ကျကျ အကဲဖြတ်သလို နှုတ်မသရမ်းတတ်ဘူးဆိုတာပဲ။ သူတို့သိတာကိုပဲ ပြောပြီး ဘာမှထပ်မပြောကြဘူး။ သူတို့ကို ယုံကြည်လို့ရတယ်။ ဒါပေမဲ့ မတည်ကြည်တဲ့သူတွေကတော့ သူတို့ရဲ့ အကဲဖြတ်မှုတွေမှာ ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်တွေ ပါတယ်၊ သူတို့ထင်တဲ့ အရာတိုင်းကို လေပန်းတာပဲ။ အမှန်တွေကိုတောင် လိုရာဆွဲပြောတယ်၊ သူတို့ရည်မှန်းတာတွေရဖို့ ပြောင်းပြန်လှန်ပစ်တယ်။ ဒီလူစားမျိုးက အရမ်းကို လိမ်တတ်တယ်၊ အမှန်ပြောတာ အရမ်းနည်းပြီး ယုံလို့မရဘူး။ ဂုဏ်သိက္ခာနဲ့ သမာဓိ တကယ်ကို မရှိကြတာ။ အစ်မလုအပေါ် ကျွန်မရဲ့ အကဲဖြတ်ချက်ကို ပြန်တွေးမိတယ်။ ခေါင်းဆောင်က သူ့ကို မောက်မာပြီး ဝေဖန်စီရင်တတ်တယ်လို့ ရှုတ်ချနေတာ ကြားတော့ သူမှန်၊ မမှန် ကျွန်မချင့်ချိန်တာ တစ်ခုမှမရှိခဲ့သလို အစ်မလုတိုင်ခဲ့တဲ့ ခေါင်းဆောင်တွေက အယောင်ဆောင်တွေဟုတ်၊ မဟုတ်လည်း မသိခဲ့ဘူး။ ခေါင်းဆောင်နဲ့ ကျွန်မရမ်းသန်းပြီး သဘောတူခဲ့မိတယ်။ အစ်လုအပေါ် ခေါင်းဆောင်ရဲ့ ထင်မြင်ချက်က ကျွန်မရဲ့အတွေ့အကြုံနဲ့ မကိုက်မှန်း သဘောပေါက်ခဲ့ပြီး နေမထိထိုင်မထိ ခံစားခဲ့ရပေမဲ့ ကျွန်မက ချင့်ချိန်နိုင်စွမ်း မရှိဘူးလို့ သူပြောပြီး ကျွန်မအပေါ် မကောင်းထင်မှာ၊ ဒီလိုနဲ့ အရေးကြီးတဲ့ တာဝန်တွေကို ကျွန်မထပ်မရတော့မှာ စိုးခဲ့တယ်။ ဒါကြောင့် အစ်မလုအပေါ် အပျက်သဘောဆောင်တဲ့ အကဲဖြတ်ချက်ကို ရေးခဲ့မိတာပဲ။ သူ့ကို အပြစ်ရှိတယ်လို့ ယိုးစွပ်ရင်း အမှန်တရားတွေကို ကျွန်မဆန့်ကျင်ခဲ့မိတာ။ အဲဒါ သူ့ကို ဖယ်ကြဉ်ပြီး ဖိနှိပ်တာပဲ၊ တကယ်ကို မလိုမုန်းထားတဲ့ စိတ်သဘောထားကို ထုတ်ဖော်ပြနေတာ။ အစ်မလုက အယောင်ဆောင် ခေါင်းဆောင်တွေကို သူတို့ရဲ့အဆင့်အတန်းနဲ့ ဘောင်ခတ်မခံဘဲ တိုင်ကြား၊ ဖော်ထုတ်တာက ဖြောင့်မတ်တဲ့အရာပါ။ ကျွန်မကတော့ သူ့ကို မထောက်ခံခဲ့ရုံမက ခေါင်းဆောင်နဲ့အတူ ရှုတ်ချနေခဲ့မိတယ်၊ ကောင်းတာကို ဆိုးတဲ့အရာလို့ ပြောနေခဲ့တာ။ အဲဒါက အစ်မလုကို တကယ်ထိခိုက်စေခဲ့တယ်။ ဒါက မကောင်းမှုကို ကျူးလွန်တာ၊ စာတန်ရဲ့ အကူလို ပြုမူတာပဲ။ ကျွန်မနောင်တအပြည့်နဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိရော။ အစ်မလုအပေါ် တကယ်မတရားပြုမိတယ် ခံစားရလို့ သူနဲ့ မတွေ့ရဲခဲ့ဘူး။ ဘုရားဆီ ကျွန်မဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ သမီး လူ့သဘာဝ ကင်းမဲ့နေပါတယ်။ အစ်မလုကို ဖိနှိပ်ရှုတ်ချရင်းနဲ့ အယောင်ဆောင် ခေါင်းဆောင်နောက် လိုက်ခဲ့မိတယ်။ ကိုယ်တော့်ရှေ့မှာ ပြစ်မှားမှုတစ်ခု ကျုးလွန်မိပါပြီ။ ဘုရားသခင်၊ သမီးမှားပါတယ်၊ နောင်တရချင်ပါတယ်...” ဆိုပြီးပေါ့။

ကိုယ့်ကိုယ်ကိုယ် ပိုပြီးနားလည်အောင် ကူညီပေးခဲ့တဲ့ ဘုရားနှုတ်ကပတ်တော် ကျမ်းနောက်နှစ်ပိုဒ်ကို ကျွန်မဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အန္တိခရစ်များသည် ၎င်းတို့ပြောသမျှ နှင့် လုပ်ဆောင်သမျှ၌ ခရစ်တော်ထံမှ အရိပ်နိမိတ်များကို ယူပြီး သူ၏ နှုတ်ကပတ်တော်များရှိ အဓိပ္ပာယ်များကို အာရုံစိုက် နားစွင့်လျက်၊ သူ၏ လေသံကို နားထောင်လျက် လူများကို ၎င်းတို့ ဆက်ဆံရာတွင ခရစ်တော်နှင့် တစ်ပုံစံတည်း အံကျဖြစ်သည်။ ၎င်းတို့စကားပြောသည့်အခါ၊ စကားတစ်လုံးမျှ စစ်မှန်ခြင်း သို့မဟုတ် ရိုးသားခြင်း မရှိပေ။ ၎င်းတို့သည် အနှစ်သာရ မဲ့သော စကားများနှင့် အယူဝါဒတို့ကို ပြောဖို့သာ သိကြသည်။ ၎င်းတို့၏အမြင်တွင် သာမန်လူ တစ်ဦးသာ ဖြစ်သည့်ဤလူကို လှည့်စားဖို့နှင့် လိမ်ညာဖို့ ၎င်းတို့ကြိုးစားကြသည်။ ၎င်းတို့သည် မြွေတစ်ကောင် တွန့်လိမ်သွားသကဲ့သို့ အကွေ့အဝိုက်များပြီး သွယ်ဝိုက်သော နည်းလမ်းဖြင့် စကားပြောကြသည်။ ၎င်းတို့ စကားများ၏ ဟန်ပန်နှင့် ဦးတည်ရာတို့သည် ဖရဲသီးအနွယ်တစ်ခုက တိုင်ပေါ် တက်နေသကဲ့သို့ ဖြစ်သည်။ တစ်စုံတစ်ဦးသည် ကောင်းသော အစွမ်းအစရှိပြီး ရာထူးတိုးခြင်း ခံရနိုင်သည်ဟု သင်ပြောသည့်အခါ၊ ၎င်းတို့က ၎င်းတို့မည်မျှ တော်ကြောင်းနှင့် ၎င်းတို့ထဲ၌ ထင်ရှားသည့်အရာနှင့် ပေါ်လွင်သည့်အရာကို ချက်ချင်းပြောကြသည်။ ပြီးလျှင် သင်က တစ်စုံတစ်ဦးသည် ဆိုးသည်ဟု ပြောသည့်အခါ၊ ၎င်းတို့သည် မည်မျှ ဆိုးပြီး မကောင်းကြောင်း၊ ၎င်းတို့သည် အသင်းတော်၌ မည်မျှ ဆူပူလှုပ်ရှားမှုများနှင့် အနှောင့်အယှက်များ ဖြစ်စေကြောင်းတို့ကို အလျင်အမြန် ပြောပေသည်။ သင်သည် တစ်စုံတစ်ခုနှင့်ပတ်သက်ပြီး သမ္မာတရားကို သင်ယူလိုသည့်အခါ၊ ၎င်းတို့၌ ပြောစရာ တစ်စုံတစ်ခုမျှ မရှိပေ။ ၎င်းတို့သည် သင် ဆုံးဖြတ်ချက်ချဖို့ကို စောင့်ဆိုင်းရင်း၊ သင်၏ စကားများရှိ အဓိပ္ပာယ်ကို အာရုံစိုက် နားစွင့်ရင်း၊ သင်၏ရည်ရွယ်ချက်များကို နားလည်ဖို့ ကြိုးစားရင်း၊ မလိမ့်တပတ်လုပ်သည်။ ၎င်းတို့ပြောသည့်အရာ မှန်သမျှသည် မြှောက်လုံးပင့်လုံး၊ သူတစ်ပါးစိတ်ကျေနပ်စေဖို့ အပြင်းအထန်ကြိုးစားခြင်းနှင့် ခယဝယ လုပ်ခြင်းတို့ ဖြစ်ကြသည်။ ၎င်းတို့၏နှုတ်မှ သမ္မာတရား၏ စကားတစ်လုံးမျှ မထွက်လာပေ။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် သမ္မာတရားကို စက်ဆုပ်ရွံရှာသည်၊ အခြေခံသဘောတရားများကို လူသိရှင်ကြား မထီမဲ့မြင်ပြုပြီး ဘုရားသခင့်အိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် (အပိုင်း ၂)”)အန္တိခရစ်၏ လူ့သဘာဝသည် မရိုးသားပေ။ ယင်းမှာ ၎င်းတို့သည် အနည်းငယ်မျှပင် ရိုးသားဖြောင့်မတ်ခြင်းမရှိဟု ဆိုလိုသည်။ ၎င်းတို့ပြောဆိုသမျှ၊ လုပ်ဆောင်သမျှတိုင်းသည် ၎င်းတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်များ၊ ပန်းတိုင်များနှင့် ရောယှက်နေပြီး ၎င်းတို့၏ ပြောဆိုခြင်းမရှိသော၊ ပြောဆို၍မကောင်းသော လှည့်ကွက်များ၊ နည်းလမ်းများ၊ ရည်ရွယ်ချက်များနှင့် လျှို့ဝှက်ပူးပေါင်း ကြံစည်မှုများအားလုံးကို ဖုန်းကွယ်ထားသည်။ ၎င်းတို့စကားပြောဆိုပုံသည် အလွန်ပင်ရောထွေးနေသည်မှာ မည်သည့်စကားက မှန်ပြီး မည်သည့်စကားကမှားသည်၊ မည်သည့်အရာက ဟုတ်သည်၊ မဟုတ်သည်ကိုသိရန် မဖြစ်နိုင်ပေ။ ၎င်းတို့သည် မရိုးသားသောကြောင့် ၎င်းတို့စိတ်သည် အလွန်အမင်း ရှုပ်ထွေးသည်။ အလည့်အပြောင်းများ၊ လှည့်ကွက်များဖြင့် ပြည့်နှက်နေသည်။ ၎င်းတို့ပြောသည့် မည်သည့်အရာကမျှ တည်ကြည်ခြင်း မရှိပေ။ ၎င်းတို့က တစ်သည် တစ်ဖြစ်သည်၊ နှစ်သည် နှစ်ဖြစ်သည်၊ ဟုတ်လျှင်ဟုတ်သည်။ မဟုတ်လျှင်မဟုတ်ဟု မပြောပေ။ ယင်းအစား အမှုကိစ္စအားလုံးတွင် အကြောင်းနှင့် အကျိုးဆက်တို့ကို စဉ်းစားလျက်၊ ရှုထောင့်တိုင်းမှနေ၍ ကောင်းသည့်အချက်များနှင့် ချွတ်ယွင်းချက်များကို ချိန်ဆလျက် ၎င်းတို့သည် ဝေ့ဝိုက်နေပြီး ၎င်းတို့စိတ်ထဲတွင် အမှုကိစ္စများကို အကြိမ်ရေအနည်းငယ် လုပ်ဆောင်သည်။ ထို့နောက်တွင် ၎င်းတို့သည် မိမိတို့ဘာသာစကားဖြင့် အမှုကိစ္စများကို ကြိုးကိုင်ခြယ်လှယ်သည်မှာ ၎င်းတို့ပြောသမျှအရာတိုင်းက အလွန်ပင် ကို့ရို့ကားရားနိုင်သည်။ ရိုးသားသောသူတို့သည် ၎င်းတို့ပြောသည့်အရာကို မည်သည့်အခါမျှ နားမလည်သကဲ့သို့၊ ၎င်းတို့ လိမ်လည်လှည့်စားသည်ကို အလွယ်တကူခံရသည်။ ပြီးလျှင် ဤသို့သောလူများနှင့်စကားပြောသော မည်သူမဆိုသည် အလွန်ပင် ပင်ပန်းမောပန်းသည့် အတွေ့အကြုံကိုရကြသည်။ ၎င်းတို့က တစ်သည် တစ်ဖြစ်သည်။ နှစ်သည် နှစ်ဖြစ်သည်ဟု မည်သည့်အခါမျှ မပြောဆိုကြပေ။ ၎င်းတို့စဉ်းစားနေသည့်အရာကို မည်သည့်အခါမျှမပြောပေ။ အမှုအရာများကို မည်သည့်အခါမျှ အရှိအတိုင်း မဖော်ပြပေ။ ၎င်းတို့ပြောသမျှတိုင်းသည် နားလည်၍မရနိုင်သကဲ့သို့၊ ၎င်းတို့လုပ်ရပ်များ၏ ပန်းတိုင်နှင့် ရည်ရွယ်ချက်များသည် အလွန်ပင် ရှုပ်ထွေးသည်။ ပြီးလျှင် ၎င်းတို့သည် ပြောဆိုပြီးနောက်တွင် မိမိတို့ကိုယ်ကိုယ် ဖော်ထုတ်မိလျှင်၊ သို့မဟုတ် အခြားလူများက သိရှိသွားလျှင် မိမိတို့ကိုယ်ကိုယ် ဖုန်းကွယ်ဖို့အတွက် အခြားအလိမ်အညာတစ်ခုကို အလျင်အမြန် ဖန်တီးကြသည်။...သူတစ်ပါးတို့နှင့် ဤလူများဆက်ဆံသည့် စည်းမျဉ်းနှင့် နည်းလမ်းမှာ လူတို့အား မုသားများဖြင့် လှည့်စားခြင်းဖြစ်သည်။ ၎င်းတို့သည် မျက်နှာများပြီး မိမိတို့၏ ပရိသတ်နှင့် သင့်တော်သည့်အတိုင်း ပြောဆိုသည်။ အခြေအနေက တောင်းဆိုလာသည့် မည်သည့်ကဏ္ဍကိုမဆို ဆောင်ရွက်ကြသည်။ ၎င်းတို့သည် ချောမွေ့ပြီး အထင်ကြီးလောက်စရာ ဖြစ်သည်။ ၎င်းတို့နှုတ်သည် လိမ်ညာမှုများနှင့် ပြည့်နေပြီး ယုံကြည်စိတ်ချ၍မရပေ။ ၎င်းတို့နှင့် အချိန်ခဏကြာ အဆက်အသွယ်ရှိသည့် မည်သူမဆိုသည် တိုး၍ လှည့်စားခံရ၊ သို့မဟုတ် နှောင့်ယှက်ခံရပြီး ပံ့ပိုးမှု၊ ကူညီမှု၊ သို့မဟုတ် စာရိတ္တမြှင့်တင်ပေးမှုကို လက်မခံနိုင်ပေ။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “အသေးစိတ်ရှင်းလင်းချက် ၄- အန္တိခရစ်များ၏ ထူးခြားသော လက္ခဏာနှင့် ၎င်းတို့၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် အဖြစ်အနေတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၁)”) အန္တိခရစ်တွေက သူတို့စကားနဲ့ လုပ်ရပ်တွေမှာ လှည့်ကွက်တွေ အမြဲသိုထားကြမှန်း ဘုရားနှုတ်ကပတ်တော်တွေက ထုတ်ဖော်ပြတယ်၊ သူတို့က ယုံကြည်လက်ခံနိုင်စရာ တစ်ခုမှမရှိဘဲ လူတွေကို လှည့်စားရင်း စကားကို ဝေ့လည်ကြောင်ပတ်ပြောကြတာ။ ခရစ်တော်နဲ့ ဆက်ဆံရာမှာတောင် အရိပ်အကဲ ကြည့်ရင်းနဲ့ ဖော်လံဖားလုပ်ရင်း သဲလွန်စတွေကို ရှာကြတယ်။ သူတို့နဲ့ပတ်သက်လို့ စစ်မှန်ရိုးသားတာ မရှိဘူး။ သူတို့က တကယ်မယုံကြည်ရသလို ဆိုးယုတ်ကြတယ်။ ကျွန်မက ခရစ်တော်နဲ့ တိုက်ရိုက်မဆက်ဆံဖူးပေမဲ့ နိမိတ်တွေကို နားစွင့်တယ်၊ အရိပ်အကဲဖတ်ပြီး တခြားလူတွေ လိုချင်တာကို မှန်းဆတယ်လေ။ အန္တိခရစ်ရဲ့ စိတ်သဘောထားကို ကျွန်မပြနေခဲ့တာပဲ။ အရင်သုံး၊ လေးလတုန်းကလည်း အစ်မလုအပေါ် ကျွန်မရဲ့အကဲဖြတ်ချက်ကို ခေါင်းဆောင်က တောင်းခဲ့သေးတယ်။ အဲဒီတုန်းကတော့ အစ်မလုအပေါ် အပျက်သဘောဆောင်တဲ့ ထင်မြင်ချက် သူ့မှာ ရှိတယ်လို့ မထင်ခဲ့ဘူး၊ အစ်မလုကို ရာထူးတိုးပေးချင်လို့ပဲနေမှာလို့ တွေးခဲ့တာ။ ဒါကြောင့် ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အစ်မလုက သမ္မာတရားကို ရှာဖွေလက်ခံနိုင်တယ်၊ ဖြောင့်မတ်စိတ်ရှိပြီး အသင်းတော်ရဲ့ အကျိုးစီးပွားကို ထိန်းသိမ်းနိုင်တယ်လို့ ကျွန်မပြောခဲ့တယ်။ ပြောရရင် သူ့အားနည်းချက်တွေ သိပ်မထည့်ဘဲ အားသာချက်တွေအကြောင်း ရေးခဲ့တာ။ ဒါပေမဲ့ အစ်မလုကို ခေါင်းဆောင်က ဝေဖန်ပြီး သူ့အပြုအမူနဲ့ပတ်သက်လို့ အချက်အလက်တွေ လိုက်စုနေတော့ အစ်မလုအပေါ် သူနဲ့မတူတဲ့ အတွေ့အကြုံ ကျွန်မမှာ ရှိမှန်း သိလိုက်ရတယ်၊ ဒါပေမဲ့ ကျွန်မက ချင့်ချိန်နိုင်စွမ်း မရှိဘူးဆိုပြီး သူပြောမှာစိုးလို့ အစ်မလုက မောက်မာပြီး ဝေဖန်စီရင်တတ်သလို သမ္မာတရားကို လက်ခံဖို့ ရုန်းကန်ရတယ်လို့ ပြောရင်း သူနဲ့ သဘောတူခဲ့တယ်။ လူတစ်ယောက်တည်းကိုပဲ အကဲဖြတ်နေခဲ့တာဖြစ်ပေမဲ့ သူ့အကြောင်း လုံးဝမတူတဲ့အရာတွေကို ပြောခဲ့တာ။ ကျွန်မ နည်းနည်းမှ မမျှတခဲ့ဘူး၊ ဓမ္မဓိဋ္ဌာန် မကျခဲ့ဘူး။ ကျွန်မတို့အပေါ် သခင်ယေရှုသွန်သင်ခဲ့တာကို တွေးမိတယ်၊ “သင်၏စကားမှာ ဟုတ်သည်ကို အဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။(ရှင်မဿဲ ၅:၃၇) ဒါပေမဲ့ သူ့အကြောင်း ကျွန်မရေးတော့ ခေါင်းဆောင်ကို အထင်အမြင်ကောင်း ပေးချင်လို့ သူဘာလိုချင်တယ်ဆိုတာကို မှန်းဆနေမိခဲ့တယ်။ ဒီတော့ ကျွန်မရဲ့ ထင်မြင်ချက်တွေမှာ ဝေ့လည်ကြောင်ပတ်လုပ်နေခဲ့တယ်၊ ကိစ္စတွေကို ရိုးရိုးရှင်းရှင်း မကြည့်ခဲ့ဘူး။ ကျွန်မပြောသမျှ၊ လုပ်သမျှက ရိုးသား၊ စစ်မှန်တဲ့ စကားတစ်လုံးမှမရှိဘဲ ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်တွေနဲ့ စွန်းထင်းခဲ့တယ်။ ကျွန်မတကယ်ကို ဉာဏ်များပြီး ဆိုးယုတ်ခဲ့တာ။ ကိုယ့်စကားနဲ့ လုပ်ရပ်တွေမှာ ကျွန်မက စည်းကမ်းမရှိဘူး၊ မယုံကြည်ထိုက်၊ စိတ်မချထိုက်ဘူးဆိုတာကို ကျွန်မတွေ့ခဲ့ရတယ်။ ကိုယ့်သိက္ခာကို လုံးဝဆုံးရှုံးသွားခဲ့တာ။ ကိုယ့်ကိုယ်ကိုယ် ပိုပိုပြီး စက်ဆုပ်မိလာတယ်။ အရင်ကဆို အယောင်ဆောင် ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေက တခြားလူတွေကို သူတို့နာမည်နဲ့ အဆင့်အတန်းအတွက် အနိုင်ကျင့်နေတာ တွေ့တဲ့အခါ ကျွန်မ မခံမရပ်နိုင်ဖြစ်ခဲ့တာ။ အဲဒီလိုမကောင်းမှုမျိုးကို ကျွန်မလုပ်မိမယ်လို့ လုံးဝစိတ်မကူးမိခဲ့ဘူး။ ကိုယ့်ကိုယ်ပိုင် ရည်မှန်းချက်နဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက်လေးနဲ့ မလိမ့်တပတ်ပြောခဲ့တာ။ လူကောင်းကို လူဆိုးတစ်ယောက်လို ကျွန်မတလွဲတင်ပြမိခဲ့တယ်။ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ခဲ့တဲ့ တည်ကြည်တဲ့သူကို ဝေဖန်စီရင်တတ်သူလို ကျွန်မဖော်ပြခဲ့မိတယ်။ လူကောင်းကို အပြစ်ရှိတယ်လို့ ယိုးစွပ်ပြီး မတရားပြုနေခဲ့တာပဲ။ အစ်မလုကို ရှုတ်ချ၊ ဖိနှိပ်ရင်း အယောင်ဆောင် ခေါင်းဆောင်ဘက်မှာ ရပ်တည်ခဲ့မိတယ်။ ကျွန်မစိတ်နှလုံးမှာ မလိုမုန်းထားစိတ်ရှိမှန်း သဘောပေါက်လိုက်တယ်။

တစ်ခါတော့ စုဝေးပွဲလုပ်နေတုန်း ညီအစ်မတစ်ယောက်က ပြောလာတယ်။ အစ်မလုအပေါ် သုံးသပ်ချက်တွေကို ခေါင်းဆောင်က လိုက်စုချင်နေတာ သူကြားတယ်၊ အစ်မလုက ခေါင်းဆောင်ဖော်ပြသလို မဟုတ်မှန်း သူခံစားရတယ်လို့လေ။ သူက ခေါင်းဆောင်ကို ရမ်းသန်းနားမထောင်ခဲ့ဘဲ ခေါင်းဆောင်ပြောတာ၊ လုပ်တာအပေါ် ချင့်ချိန်နိုင်စွမ်း ရှိခဲ့တယ်။ အထက်ခေါင်းဆောင်တွေကိုလည်း အဲဒီအကြောင်း သူပြောပြလိုက်ပြီး အစ်မလု အဲဒီလိုဆက်ဆံခံနေရတာကို ရပ်တန့်ပစ်ခဲ့တယ်။ ကျွန်မတို့အတွက် အဲဒီအခြေအနေကို ဘုရားပြင်ဆင်ပေးခဲ့တာ။ အဲဒီညီအစ်မက သမ္မာတရားကို ရှာနိုင်ခဲ့တယ်၊ ဘုရားကို ကြောက်ရွံ့စိတ်ရှိခဲ့ပြီး တဲ့တိုးပြောခဲ့တယ်။ အစ်မလုအတွက် ရပ်တည်ခဲ့ပြီး ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို သူထိန်းသိမ်းခဲ့တာ။ ဒါပေမဲ့ ကျွန်မက အယောင်ဆောင် ခေါင်းဆောင်ရဲ့ အလိမ်အညာတွေ၊ လှည့်ကွက်တွေကို ထောက်ခံမိခဲ့တယ်။ စာတန်ရဲ့ လက်ပါးစေလို ပြုမူရင်း ခေါင်းဆောင်ရဲ့ မထိန်းနိုင်တဲ့ မကောင်းမှုကို အားပေးနေခဲ့တယ်။ အဲဒါကိုတွေ့တော့ ကိုယ့်ကိုယ်ကိုယ် တကယ်မုန်းမိရော။ အဲဒီနောက် အစ်မလုအကြောင်း အဲဒီလိုတွေ ဟိုခေါင်းဆောင်ကပြောတော့ ကျွန်မဘာလို့ သိပ်ကိုလွယ်လွယ်နဲ့ အလျှော့ပေးမိခဲ့တာလဲလို့ တွေးမိတယ်။ အဲဒါက ဝေဖန်စီရင်တတ်တာဟာ ဘာလဲဆိုတဲ့ သမ္မာတရားကို ကျွန်မအပြည့်အဝ နားမလည်ခဲ့လို့ပဲ။ အမှန်တော့ တစ်ယောက်ယောက်က ဝေဖန်စီရင်တတ်လားဆိုတာကို ကြည့်ရာမှာ အဓိကအချက်က သူ့ရည်ရွယ်ချက်တွေက ဘာလဲဆိုတာနဲ့ သူတို့တိုင်တဲ့ ပြဿနာတွေက အစစ်ဟုတ်၊ မဟုတ် သိဖို့ပဲ။ စည်းမျဉ်းတွေကို ဆန့်ကျင်ပြီး တကယ့်အလုပ် မလုပ်တဲ့ အယောင်ဆောင် ခေါင်းဆောင်တွေကို ရှာတွေ့ပြီးတဲ့နောက် သူတို့ကို ပိုင်းခြားမြင်ဖို့ သမ္မာတရားကို နားလည်တဲ့ တခြားလူတွေနဲ့ မိတ်သဟာယပြုတဲ့အပြင် ရည်ရွယ်ချက်က အသင်းတော်အလုပ်ကို ထိန်းသိမ်းဖို့ဖြစ်တယ်ဆိုရင် အဲဒါ ဝေဖန်စီရင်နေတာ မဟုတ်ဘဲ ဖြောင့်မတ်တည်ကြည်နေတာပါ။ တကယ်ကို ဝေဖန်စီရင်တတ်သူတွေက ကိုယ်ပိုင်ရည်ရွယ်ချက်တွေရှိတယ်၊ အမှန်တွေကို လိုရာဆွဲပြောတယ်၊ လူတွေကို အသရေဖျက်ပြီး တိုက်ခိုက်တယ်။ တခြားလူတွေအပေါ် ထိန်းချုပ်ဖို့ အကြောင်းအရာတွေ ရှာကြတယ်၊ ဒါမှမဟုတ် ဖောက်ပြန်ပျက်စီးမှုတချို့ ပြတဲ့လူတွေကို ရေးကြီးခွင့်ကျယ်လုပ်ပြီး သိမ်းကျုံးဝေဖန်ကြတယ်။ အဲဒါတွေအားလုံးက ဖိနှိပ်၊ ရှုတ်ချနေတာ။ ဝေဖန်စီရင်နေတာပဲ။ ဝေဖန်စီရင်တာက ဘာလဲဆိုတာကို ကျွန်မရှင်းရှင်းနားမလည်ခဲ့ဘူး၊ ခေါင်းဆောင်တစ်ယောက်ရဲ့ ပြဿနာတွေကို ကျွန်မတို့ ရှာတွေ့ရင် သူ့ကို တိုက်ရိုက်ပြောပြရမယ်၊ ဒါမှမဟုတ် အထက်ခေါင်းဆောင်ဆီ တိုင်ကြားရမယ်၊ အဲလိုမလုပ်ဘဲ ညီအစ်ကို မောင်နှမတွေနဲ့ သီးသန့်ပြောရင် အဲဒါ ဝေဖန်စီရင်တာပဲလို့ ကျွန်မတလွဲထင်ခဲ့မိတယ်။ ကျွန်မက ဆက်စပ်အကြောင်းအရာ၊ နောက်ကွယ်မှာ တကယ်ရှိတဲ့အရာကို ကြည့်မနေခဲ့ဘူး။ အစ်မလုက တချို့ခေါင်းဆောင်တွေ တကယ့်အလုပ်ကို မလုပ်ကြဘူး၊ အယောင်ဆောင် ခေါင်းဆောင်တွေဖြစ်တယ်လို့ ပြောရင်း တခြားညီအစ်မတွေနဲ့ သီးသန့်ပြောတာကို ကျွန်မကြားရတော့ သူဝေဖန်စီရင်နေတာဆိုပြီး တွေးခဲ့လို့ သူ့ကို ကြုံရာ ရှုတ်ချမိခဲ့တယ်။ သူပြောတဲ့အရာက လက်တွေ့အရှိတရားကို ထင်ဟပ်နေခြင်း ရှိ၊ မရှိဆိုတာကို မတွေးခဲ့ဘူး။ ဒါပေမဲ့ အချက်အလက်တွေက သူဟာ အမှန်တရားကို တိုင်ကြားနေခဲ့မှန်း ပြခဲ့တယ်။ အမှန်တရားကို ပြောပြီး ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို သူကာကွယ်ရဲခဲ့တယ်။ အဲဒါက ဖြောင့်မတ်ခြင်းကို ထိန်းသိမ်းတာ၊ ဝေဖန်စီရင်နေတာ မဟုတ်ဘူး။ အပြင်ပန်းမှာ အားလုံးက တော်တော်လေး တူပေမဲ့ ရည်ရွယ်ချက်တွေကို ကြည့်လိုက်တဲ့အခါ လုံးဝကို ကွဲပြားနေတာ။ သမ္မာတရားရဲ့ စည်းမျဉ်းတွေ၊ ဘုရားနှုတ်ကပတ်တော်တွေကို လိုက်နာခြင်းအပြင် အခြေအနေရဲ့ ဆက်စပ်အကြောင်းအရာကို ကြည့်ခြင်းအားဖြင့် လူတွေကို ကျွန်မတို့ အပုပ်ချတာ လျော့သွားနိုင်မှာပဲ။

ကျွန်မရဲ့ ဒီကျရှုံးမှုကနေ သင်ခန်းစာတချို့ သင်ယူလိုက်ရတယ်။ နောင်သုံးသပ်ချက်တွေမှာ ကြောက်ရွံ့စိတ်ကို ကျွန်မထိန်းထားရမယ်၊ တခြားလူတွေကို ရမ်းသန်းနားမထောင်ရဘူး။ ဘုရားနှုတ်ကပတ်တော်တွေအတိုင်း ကိစ္စတွေရဲ့ အဖြစ်အနှစ်ကို သိမြင်ဖို့ အမှန်တရားတွေနောက် လိုက်ရမယ်။ သမ္မာတရားအရ ကိစ္စတွေကို ချက်ချင်း ရှင်းရှင်းလင်းလင်း မမြင်နိုင်ရင် အနည်းဆုံးတော့ တဲ့တိုးပြောရမယ်၊ မျက်နှာလုပ်ပြီး ကိစ္စတွေကို လိုရာဆွဲ မပြောရဘူး။ ဘုရားနှုတ်ကပတ်တော်တွေက ပြောတယ်၊ “ဘုရားသခင်၏ လမ်းခရီးနောက်သို့ လိုက်ပါ။ ‘ဘုရားသခင်၏ လမ်းခရီး’ ဆိုသည်မှာ မည်သည်ကို ရည်ညွှန်းသနည်း။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်ခြင်းဖြစ်သည်။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်ခြင်းဆိုသည်မှာ အဘယ်နည်း။ ဥပမာအားဖြင့် သင်သည် တစ်စုံတစ်ယောက်ကို အကဲဖြတ်သောအခါ ယင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်ခြင်းနှင့် ဆက်နွှယ်သည်။ သင်ထင်မြင်သည့်အရာနှင့် သင်မြင်တွေ့ထားသည့်အရာအတိုင်း အတိအကျ သင်ပြောဆိုသည့်အခါ သင်ရိုးသားနေခြင်းဖြစ်သည်။ အခြားသောအရာအားလုံးထက် ရိုးသားရန် လက်တွေ့လုပ်ဆောင်ခြင်းက ဘုရားသခင်၏ လမ်းခရီးနောက်သို့ လိုက်ခြင်းကို ဆိုလိုသည်။ ဤသည်မှာ ဘုရားသခင်က လူတို့ကို သွန်သင်သောအရာဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ လမ်းခရီးဖြစ်သည်။ ဘုရားသခင်၏ လမ်းခရီးဆိုသည်မှာ အဘယ်နည်း။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်ခြင်းဖြစ်သည်။ ရိုးသားခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်ခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သလော။ (ဖြစ်ပါသည်။) ယင်းသည် ဘုရားသခင်၏ လမ်းခရီးနောက်သို့ လိုက်ခြင်းဖြစ်သလော။ (ဖြစ်ပါသည်။) သင်သည် မရိုးသားလျှင် သင်မြင်တွေ့ထားသည့်အရာနှင့် သင်ထင်မြင်သည့်အရာသည် သင့်နှုတ်က ထွက်လာသည့်အရာနှင့် မတူညီပေ။ တစ်စုံတစ်ယောက်က သင့်ကို ‘ထိုလူအပေါ် သင်၏ ထင်မြင်မှုမှာ မည်သို့ရှိသနည်း။ ထိုလူသည် ဘုရားအိမ်တော်၏ အလုပ်အတွက် တာဝန်ယူမှုရှိသလော’ ဟု မေးလာသည်။ သင်က ‘ထိုသူသည် အလွန်တော်၏။ ကျွန်ုပ်ထက်ပို၍ တာဝန်ယူမှုရှိသည်။ သူ၏အစွမ်းအစသည် ကျွန်ုပ်ထက်ပို၍ ကောင်းပြီး သူ၏လူ့သဘာဝသည်လည်း ကောင်းမွန်၏၊ ရင့်ကျက်၏’ ဟု သင်ပြန်ပြောသည်။ သို့သော် သင့်စိတ်နှလုံးတွင် မည်သည့်အရာကို စဉ်းစားနေသနည်း။ သင်အမှန်တကယ် စဉ်းစားနေသည်မှာ ဤလူသည် အမှန်ပင် အစွမ်းအစရှိသည်၊ သို့သော် စိတ်မချရ၊ အတော်အတန် ကောက်ကျစ်ပြီး အလွန်ပင် တွက်ချက်တတ်ကြောင်း ဖြစ်သည်။ ဤသည်မှာ သင်၏စိတ်တွင် သင်အမှန်တကယ် စဉ်းစားနေသည့်အရာဖြစ်သည်။ သို့သော် စကားပြောဆိုရမည့်အချိန် ရောက်လာသောအခါ ‘ငါအမှန်အတိုင်းပြော၍မရ။ မည်သူ့ကိုမျှ စိတ်ဆိုးအောင် လုပ်၍မဖြစ်’ ဟု သင့်စိတ်၌ ပေါ်လာသည်။ ထို့ကြောင့် သင်က အခြားအရာတစ်ခုခုကို အလျင်အမြန်ပြောလိုက်သည်။ ၎င်းတို့နှင့်ပတ်သက်၍ ပြောဆိုရန် ကောင်းမွန်သည့်အရာများကို သင်ရွေးချယ်လိုက်ပြီး သင်ပြောဆိုသည့် မည်သည့်အရာကမျှ သင်အမှန်တကယ်ထင်မြင်သည့်အရာ မဟုတ်ပေ။ အားလုံးက အလိမ်အညာများနှင့် သူတော်ကောင်းဟန်ဆောင်ခြင်းသာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ လမ်းခရီးနောက်သို့ သင်လိုက်သည်ဟု ညွှန်ပြသလော။ (မညွှန်ပြပါ။) သင်သည် နတ်ဆိုးတို့၏ လမ်းခရီးဖြစ်သော စာတန်၏ လမ်းကြောင်းကို လျှောက်နေခြင်းဖြစ်သည်။ ဘုရားသခင်၏ လမ်းခရီးမှာ အဘယ်နည်း။ (ရိုးသားခြင်းဖြစ်ပါသည်။) သင်က ထိုသို့သော စကားတို့ကို အခြားလူတစ်ယောက်အား ပြောဆိုသော်လည်း ဘုရားသခင်ကလည်း နားထောင်နေသည်၊ ကြည့်ရှုနေသည်၊ သင်၏အတွင်းကျဆုံးသော စိတ်နှလုံးကို စိစစ်နေသည်။ ဤသို့သော စိစစ်မှုမျိုးကို လူတို့စွမ်းဆောင်နိုင်သလော။ အလွန်ဆုံးအနေဖြင့် သင်သည် အမှန်အတိုင်းမပြောသည်ကို လူတို့မြင်နိုင်သည်။ အပြင်ပန်းတွင်ရှိသောအရာကို ၎င်းတို့ မြင်နိုင်သည်။ ဘုရားသခင်သာလျှင် သင့်စိတ်နှလုံးအတွင်းထဲသို့ မြင်နိုင်၏။ ဘုရားသခင်သာလျှင် သင်စဉ်းစားနေသည့်အရာ၊ သင်စီစဉ်နေသည့်အရာ၊ သင့်စိတ်နှလုံးတွင် မည်သည့်အကြံအစည်များ၊ မည်သည့်ဖောက်ပြန်သော နည်းလမ်းများ၊ မည်သည့်မရိုးသားသော အတွေးများရှိသည်တို့ကို မြင်နိုင်သည်။ အမှန်အတိုင်း သင်မပြောသည်ကို မြင်တွေ့သည့်အခါ သင့်အပေါ် ဘုရားသခင်၏ ထင်မြင်ချက်မှာ အဘယ်နည်း၊ သင့်အပေါ် သူ၏တန်ဖိုးဖြတ်မှုမှာ အဘယ်နည်း။ ဤအရာတွင် သင်သည် အမှန်အတိုင်းမပြောခဲ့သောကြောင့် ဘုရားသခင်၏ လမ်းခရီးနောက်သို့ မလိုက်ခဲ့ကြောင်းဟူ၍ပင် ဖြစ်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ဘုရားသခင်ကို ယုံကြည်ခြင်းတွင် အရေးကြီးဆုံးအပိုင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်”) ဖြစ်ပျက်သမျှတိုင်းက ဘုရားကို ကျွန်မတို့ ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်ခြင်း ရှိ၊ မရှိဆိုတာနဲ့ ဆက်နွှယ်မှန်း ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မသဘောပေါက်သွားတယ်။ ကျွန်မတို့ရဲ့ စိတ်နှလုံးတွေကို ဘုရားက မြင်တယ်။ ဘုရားက ကျွန်မတို့ တွေးသမျှ၊ လုပ်သမျှတိုင်းကို မြင်နိုင်တယ်။ သုံးသပ်ချက်တွေမှာ စိတ်ခံစားချက်တွေနဲ့ မသွားဘဲ၊ ကျွန်မတို့ကိုယ်ပိုင် ရည်ရွယ်ချက်တွေရဲ့ ထိန်းချုပ်တာမခံဘဲ အချက်အလက်တွေကနေ အမှန်တရားကို ရှာရင်း၊ ကျွန်မတို့ သိတာကိုပဲ ပြောရင်းနဲ့ ဘုရားသတ်မှတ်ချက်တွေအတိုင်း ရိုးသားရင်း ကြောက်ရွံ့တဲ့စိတ်နှလုံးကို ကျွန်မတို့ ထိန်းထားသင့်တယ်။ တစ်ယောက်ယောက်ရဲ့ သဘာဝကို ကျွန်မတို့ ရှင်းရှင်းလင်းလင်း မမြင်နိုင်ရင်၊ စည်းမျဉ်းတွေကို သဘောမပေါက်နိုင်ရင် သူ့ကို ထင်ရာမြင်ရာ မဝေဖန်မိဖို့၊ ရမ်းသန်းတံဆိပ်မကပ်မိဖို့ ကျွန်မတို့ ပိုပြီး ရှာဖွေ၊ ဆုတောင်းသင့်တယ်။ ပြီးတော့ အသင်းတော် စင်ကြယ်သန့်ရှင်းရေး အလုပ်အကြောင်း ကျွန်မတွေးမိတယ်။ ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်တွေရှိတာ၊ အမှန်တရားအပေါ် အခြေမပြုနိုင်တာ၊ လူတွေကို ဓမ္မဓိဋ္ဌာန်ကျကျ မသုံးသပ်နိုင်တာက တခြားလူတွေကို အမြင်မှားစေနိုင်တယ်။ ဆိုးရွားတဲ့ ကိစ္စတွေမှာဆိုရင် တစ်ယောက်ယောက်က မတရားခံရပြီး မှားယွင်းနှင်ထုတ်ခံရနိုင်တယ်။ ဒါမှမဟုတ် စိတ်ခံစားချက်အရ စကားပြောတာ၊ မယုံကြည်သူ၊ မကောင်းမှုပြုသူကို ကာကွယ်တာက ဖယ်ရှားသင့်တဲ့လူတစ်ယောက်ကို အသင်းတော်မှာ နောက်ထပ်အန္တရာယ်ပေးနိုင်အောင် ဆက်နေခိုင်းတဲ့သဘော ဖြစ်သွားနိုင်တယ်။ တာဝန်အပြောင်းအလဲတွေအတွက်လည်း ဒီစည်းမျဉ်းပဲ။ သုံးသပ်ချက်တစ်ခုက မှားသွားရင် လူတော်တွေ ရာထူးတိုး၊ ပျိုးထောင်ပေးခံရတာကို တားဆီးမိနိုင်သလို လူဆိုးတွေက သူတို့ရာထူးမှာ ဆက်ရှိသွားနိုင်တယ်။ ဒါက တခြားလူတွေရဲ့ အသက်ဝင်ရောက်မှုကို ကြန့်ကြာစေရုံတင် မဟုတ်ဘဲ ဘုရားအိမ်တော်ရဲ့ အလုပ်ကိုလည်း ထိခိုက်စေတယ်။ အကဲဖြတ်ချက်တွေကို တစ်သမတ်တည်းဖြစ်တဲ့ အပြုအမူအပေါ် အခြေခံထားဖို့လိုမှန်းလည်း ကျွန်မသဘောပေါက်ခဲ့တယ်။ တစ်ယောက်ယောက်ကို မျှမျှတတ သုံးသပ်ဖို့ဆိုရင် သူတို့အပေါ် တံဆိပ်ကပ်ရင်း သူတို့ရဲ့ အားနည်းချက်တို့၊ ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြတဲ့ အခိုက်အတန့်တို့ကိုပဲ အာရုံစိုက်လို့ မရဘူး။ ဒါကို နားလည်သွားတဲ့နောက် ကိုယ့်ကိုယ်ကိုယ် စသတိပေးနေလိုက်တယ်၊ သုံးသပ်ချက်တွေမှာ မှန်မှန်ကန်ကန်၊ မျှမျှတတနဲ့ ဓမ္မဓိဋ္ဌာန်ကျကျ လုပ်ဖို့ ဘုရားကို ကြောက်ရွံ့တဲ့ စိတ်နှလုံး ထိန်းထားရမယ်ဆိုတာပေါ့။

နောက်ပိုင်းမှာ အလုပ်လိုအပ်ချက်တွေကြောင့် အစ်မလုအပေါ် နောက်ထပ်သုံးသပ်ချက်တစ်ခု ကျွန်မရေးခဲ့ရတယ်။ ကျွန်မကို စစ်ဆေးဖို့၊ သမ္မာတရားကို ကျွန်မလက်တွေ့လုပ်ဆောင်ပြီး စည်းမျဉ်းတွေထဲ ဝင်ရောက်နိုင်ခြင်းရှိ၊ မရှိ ကြည့်ဖို့၊ သူ့ကို မျှမျှတတ အကဲဖြတ်ဖို့ ဒါကို ဘုရားက ပြင်ဆင်ထားမှန်း ကျွန်မသိတယ်။ ဒါကြောင့် ဘုရားရှေ့မှာ ကိုယ့်စိတ်ကို ငြိမ်အောင်ထားပြီး ဆုတောင်းလိုက်တယ်။ ကျွန်မစိတ်နှလုံးကို စစ်ဆေးပြီး ရိုးသားအောင် ကူညီပေးဖို့ တောင်းလျှောက်ရင်းပေါ့။ အမှန်ကို အမှန်အတိုင်း ကျွန်မပြောရမယ်၊ စိတ်ခံစားချက်၊ ကိုယ့်ကိုယ်ပိုင် ရည်ရွယ်ချက်တွေကို အမှီမပြုရဘူး။ ကိုယ်သိတာကို ပြောပြီး မသိတာကို မသိဘူးလို့ ဝန်ခံရမယ်။ အဲဒါကို လက်တွေ့လုပ်ဆောင်လိုက်တော့ ကျွန်မအများကြီး စိတ်သက်သာရာရသွားတယ်။ အစ်မလုအပေါ် ဒီသုံးသပ်ချက်ကြောင့် ကျွန်မရဲ့ လှည့်ဖြား၊ ဉာဏ်များပြီး ဖောက်ပြန်ပျက်စီးတဲ့ ကိုယ်ပိုင်စိတ်သဘောထား၊ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျွန်မပြောဆို၊ ပြုမူရင် မသိလိုက်ဘဲ လူတွေကို နာကျင်စေပြီး ဝေဖန်ရင်း မကောင်းမှုလုပ်မိမှာဖြစ်မှန်း သိမြင်သွားတယ်။ ဘုရားနှုတ်ကပတ်တော်နဲ့ အသက်ရှင်တာ၊ ဘုရားသွန်သင်တဲ့နည်းလမ်းအတိုင်း အမှုကိစ္စတွေ လုပ်တာ၊ ရိုးသားတဲ့လူတစ်ယောက် ဖြစ်တာတွေကပဲ စစ်မှန်တဲ့ လူသားသဏ္ဌာန်နဲ့ အသက်ရှင်နေထိုင်ဖို့၊ ဘုရားရဲ့ လက်ခံမှုကို ရဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်မှန်းလည်း တွေ့ခဲ့ရတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

လူ့သဘာဝကို အပြင်ပန်းသဏ္ဌာန်အားဖြင့် ပိုင်းခြားမသိမြင်နိုင်ပေ

ရန်ရွယ်၊ ယူဆီမြို့၊ ရှန်စီမြို့နယ် ကျွန်မ၏ နှလုံးသားထဲတွင် ကျွန်မ ဖခင်သည် လူကောင်းတစ်ယောက်ဟု ကျွန်မ အမြဲတမ်း ယုံကြည်ခဲ့သည်။ တစ်နေ့သောအခါ...

တာဝန်ထမ်းဆောင်ခြင်းသည် ဝါရင့်ခြင်းနှင့် မသက်ဆိုင်ပါ

ရှန့်ကျင့် တောင်ကိုရီးယားနိုင်ငံ ကျွန်တော်က ဓမ္မသီချင်းတွေ အသံသွင်းတဲ့နေရာမှာ သုံးလေးနှစ်လောက်ထိ ပါဝင်ခဲ့ပါတယ်။ ကျွန်တော်က ဘုရားကို...

ဧဝံဂေလိ မျှဝေခြင်း၏ အသီးအပွင့်

ချူးရှင်း တောင်ကိုရီးယားနိုင်ငံ အရင်တစ်ခါတုန်းက ထရီဆာလို့ ခေါ်တဲ့ ဖီလစ်ပိုင်လူမျိုး ခရစ်ယာန်တစ်ယောက်နဲ့ အွန်လိုင်းမှာ ကျွန်မ တွေ့ခဲ့တယ်။...

သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း သည် သဟဇာတဖြစ်သော ညီညွတ်မှု၏ သော့ချက်ဖြစ်သည်

ဒေါင်းဖန်း အမေရိကန်နိုင်ငံ၂၀၁၈ခုနှစ် သြဂုတ်လတုန်းက အစ်ကိုဝမ်နှင့်အတူတူ ဇာတ်ဝင်ပစ္စည်း အသုံးအဆောင်များလုပ်ဖို့ ကျွန်တော်တာဝန်ကျသည်။ အစတွင်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။