မောက်မာမှုကြောင့် ဖြစ်လာသော ဘေးဒုက္ခများ

22.05.2022

ရှရှင်း စပိန်နိုင်ငံ

၂၀၁၈ ဩဂုတ်လမှာ လူသစ်တွေရဲ့ အသင်းတော်တစ်ပါးကို ကျွန်မတာဝန်ယူခဲ့တယ်။ လောလောလတ်လတ် တည်ထောင်ထားတဲ့ အသင်းတော်ဆိုတော့ တာဝန်အားလုံးကို မချပေးရသေးဘူး၊ ပရောဂျက်တွေကလည်း ခပ်နှေးနှေးပဲ ခရီးပေါက်တယ်။ ကျွန်မ ဘုရားကို ဆုတောင်း၊ မှီခိုတယ်။ သင့်တော်မဲ့ လူကောင်းတွေကို ရှာတွေ့ဖို့ ကိုယ့်လုပ်ဖော်ကိုင်ဖက်နဲ့ တွဲလုပ်ပြီး ညီအစ်ကိုမောင်နှမတွေကို သူတို့ရဲ့ အားသာချက်တွေနဲ့ အစွမ်းအစအရ တာဝန်ချပေးခဲ့တယ်။ အသင်းတော်အလုပ်လည်း ခပ်မြန်မြန်ပဲ အရှိန်ရလာရော။ ဒီတော့ ကျွန်မမှာ ထိုးထွင်းအမြင်ရှိပြီး အစွမ်းအစနဲ့ အရည်အချင်းတချို့ ပိုင်ဆိုင်ထားတယ်လို့ ခံစားခဲ့ရတာ။ အထူးသဖြင့် တစ်ကြိမ်ဆိုရင် ညီအစ်ကိုရှောင်က သူ့တာဝန်မှာ တကယ်အပျင်းထူပြီး ဘာမှမလုပ်တော့ သူ့ကို ထုတ်ပစ်တော့မယ်လို့ အဖွဲ့ခေါင်းဆောင်က ကျွန်မကို ပြောလာတယ်။ ကျွန်မသဘောမတူခဲ့ဘူး။ အရင်က ကျွန်မသူနဲ့ ဆက်ဆံဖူးတော့ သူ့အကြောင်း နည်းနည်းသိတယ်။ သူက အလုပ်ကြိုးစားပြီး လူ့သဘာဝကောင်း ရှိတယ်၊ ပိုနက်နဲတဲ့ အတွေ့အကြုံပဲ မရှိတာ။ သူ့တာဝန်ကို လာထိခိုက်နေတဲ့ အခက်အခဲတချို့ သူကြုံနေရတာလားလို့ ကျွန်မတွေးမိတယ်။ အဖွဲ့ခေါင်းဆောင်ကို ကျွန်မအကြံပေးလိုက်တယ်။ သူ့ကို မထုတ်ပစ်ခင် သူဘာတွေဖြစ်နေလဲ စုံစမ်းကြည့်ပါဦးပေါ့။ နောက်တော့ ကျွန်မသိလိုက်ရတယ်။ သူ့လက်ကောက်ဝတ်က အဆစ်လွဲသွားပြီး ကွန်ပျူတာ သူသိပ်မသုံးနိုင်လို့ သူ့တာဝန်တိုးတက်မှုက နှေးနေတာလေ။ ဒါပေမဲ့ ဘယ်သူ့ကိုမှ သူမပြောပြတော့ တခြားလူတွေက သူအလုပ်မကြိုးစားဘူးလို့ တလွဲထင်ကုန်တာ။ သူ့လက်ကောက်ဝတ် ပြန်ကောင်းသွားတာနဲ့ တာဝန်ကို သူကောင်းကောင်းထမ်းတာပါပဲ။ အဲဒီနောက်တော့ လူတွေကို ကောင်းကောင်း အကဲဖြတ်နိုင်တယ်လို့တောင် ကျွန်မကိုယ်ကျွန်မ ထင်သွားတယ်။ အဲဒီအချိန်ကစပြီး လူရွေးတဲ့အခါ ညီအစ်ကိုမောင်နှမတွေရဲ့ အမြင်က ကျွန်မနဲ့ မတူရင် ကျွန်မဘက်က လုံးဝအလျှော့မပေးခဲ့ဘူး။ သူတို့မှာ ချင့်ချိန်နိုင်စွမ်းနဲ့ လူတွေအပေါ် ထိုးထွင်းအမြင် မရှိဘူးလို့ ထင်ခဲ့တာ။ အချိန်ကြာလာတော့ စီစဉ်မှုတချို့တွေမှာ ကျွန်မ စပြီးတော့ ပိုအတင့်ရဲလာတယ်။

နောက်ပိုင်းမှာ အသင်းတော် ဗီဒီယိုအဖွဲ့ရဲ့ အလုပ်ကို ကျွန်မလွှဲယူခဲ့တယ်။ ကျွန်မတို့ ဗီဒီယိုတစ်ပုဒ် ထုတ်လုပ်မဲ့ တစ်ကြိမ်တုန်းကဆို လူအင်အား မလောက်တော့ အဖွဲ့ထဲကို လူထပ်ဖြည့်ဖို့ လိုနေခဲ့တယ်။ အဲဒီပရောဂျက်ရဲ့နည်းပညာစွမ်းရည်က တော်တော်လေး အဆင့်မြင့်တာ၊ ခက်လည်း တော်တော်ခက်ခဲတယ်။ ဒီတော့ အဆင့်မြင့် ပညာတတ်ပြီး နည်းပညာပိုင်း ကျွမ်းကျင်တဲ့ လူကို လိုတယ်၊ ဒါမှ ကိစ္စအဝဝက ချောချောမွေ့မွေ့ ရှေ့ဆက်နိုင်မယ်လို့ ကျွန်မဆုံးဖြတ်လိုက်တယ်။ အဲဒီလိုအပ်ချက်နဲ့ ကိုက်ညီတဲ့ လူကို သုံး၊ လေးရက်လောက် ရှာကြည့်ခဲ့တယ်။ ဒါပေမဲ့ သင့်တော်တဲ့ လူကောင်းကို မရှာနိုင်ခဲ့ဘူး။ ညီအစ်ကိုမောင်နှမတချို့က အဲဒီပညာတွေကို သင်ယူချင်ပေမဲ့ သူတို့မှာ အဆင့်မြင့် ပညာရေးလည်း မရှိ၊ ဆက်စပ်တဲ့ လုပ်ငန်းပိုင်း ကျွမ်းကျင်မှုလည်း မရှိတာ တွေ့ရတော့ သူတို့ကို ထည့်မတွက်ခဲ့ဘူး။ သင့်တော်မယ်လို့ ကျွန်မထင်တဲ့ လူတချို့ရှိပေမဲ့ သူတို့က အကြောင်းကြောင်းကြောင့် ဒီတာဝန်ကို အဲဒီတုန်းက မယူနိုင်ခဲ့ကြဘူး။ ဒီလိုနဲ့ ကံအားလျော်စွာပဲ အစ်ကိုဝူက ဆီလျော်တဲ့ နည်းပညာစွမ်းရည်ကို တတ်ထားပြီး လုပ်ငန်းပိုင်း အတွေ့အကြုံလည်း ကြွယ်ဝတာ ကျွန်မသိလိုက်ရတယ်။ အဲဒီပရောဂျက်မှာ သူအခက်အခဲတွေ့မှာ မဟုတ်တော့ အဲဒီတာဝန်ကို ယူပေးပါလို့ သူ့ကို ပြောမလို့ လုပ်ထားတာ။ ဒါပေမဲ့ သူ့ရဲ့ အကဲဖြတ်ချက်တချို့ကို ကျွန်မကြည့်သင့်တယ်လို့ ညီအစ်မတစ်ယောက်က သတိပေးလာတယ်။ ညီအစ်ကိုဝူက လူ့သဘာဝ ညံ့ဖျင်းပြီး စဉ်းလဲတယ်လို့ အရင်က လူတချို့ ပြောထားတာ ရှိတော့ သူ့ကို ဒီတာဝန်ထမ်းခိုင်းမဲ့ ကိစ္စကို သတိထားသင့်တယ်လို့ ပြောလာတာ။ နည်းနည်းရှာကြည့်ပါဦးလို့ သူအကြံပေးတယ်။ ရှာကြည့်ပါ့မယ်လို့ ကျွန်မပြောခဲ့ပေမဲ့ ဒီလိုတွေးမိခဲ့တာ။ သူက နည်းနည်းစဉ်းလဲပြီး လူ့သဘာဝ ညံ့ဖျင်းရင်တောင် အဆင့်မြင့် ပညာတတ်ပြီး ကျွမ်းကျင်တော့ နည်းပညာပိုင်းမှာ တခြားလူတွေကို နည်းပေးလမ်းပြတချို့ လုပ်ပေးနိုင်မှာပဲ။ ဒီတာဝန်ကို ဘာပြဿနာမှ မရှိဘဲ သူလုပ်နိုင်မှာပါလို့လေ။ အဲဒီနောက် ညီအစ်ကိုဝူအပေါ် ညီအစ်ကိုမောင်နှမတွေရဲ့ အကဲဖြတ်ချက်တွေကို ဖတ်ကြည့်တော့ သူ့မှာ ညံ့ဖျင်းတဲ့ လူ့သဘာဝရှိတယ်၊ သူ့တာဝန်ကို သူဦးဆောင်တဲ့အခါ တခြားလူတွေအပေါ် တကယ်ခက်ထန်လို့ သူတို့တွေ အနေရကျပ်တယ်ဆိုပြီး ပြောထားကြတာ ကျွန်မတွေ့လိုက်ရတယ်။ ဒါတွေဖတ်ရင်း ကျွန်မတွေးမိတာက သူနဲ့ အရင်က သုံး၊ လေးကြိမ် ငါဆက်ဆံဖူးပါတယ်။ သူတို့ပြောသလို မဟုတ်ဘဲ သူက လူကောင်းပုံစံပါပဲပေါ့။ သူတို့ပြောတာတွေက အထူးသီးသန့် အခြေအနေ ဖြစ်နေမလားပေါ့။ ဘာပဲဖြစ်ဖြစ် သူက အဆင်ပြေပါတယ်လို့ ကျွန်မတွေးလိုက်တယ်။ ဒါ့အပြင် သူ့အလုပ်အတွေ့အကြုံက များတယ်လေ၊ သူ့လို ပါရမီရှင်မျိုးက တွေ့ရခဲတယ်။ သူ့ကို အလုပ်ခန့်တာက ပြဿနာမရှိလောက်ပါဘူးပေါ့။ ဒီလိုနဲ့ သူများတွေရဲ့ အကြံပေးချက်တွေကို ကျွန်မထည့်မတွက်တော့ဘူး။ ညီအစ်ကိုဝူအပေါ် ခုနက အကဲဖြတ်ချက်တွေကိုလည်း ထပ်ပြီး မလေ့လာကြည့်တော့ဘူး။ သူ့ကို ဗီဒီယိုထုတ်လုပ်ရေးကို ယူခိုင်းဖို့ ဒီတိုင်း စီစဉ်လိုက်တယ်။

ကျွန်မတကယ်အံ့သြခဲ့ရတာ။ တစ်လလျော့လျော့ အကြာမှာပဲ ပြဿနာတွေနဲ့ သူကြုံရတဲ့အခါ သူ့ကိုယ်သူ မဆင်ခြင်ဘူး၊ ချစ်တီးခေါင်း သန်းရှာ တကယ်လုပ်တယ်၊ အယူအဆတွေ လိုက်ဖြန့်ပြီး သဘောကွဲလွဲအောင် သွေးထိုးတယ်လို့ ကြားရတယ်။ ဒီလိုဖြစ်မယ်လို့ တကယ်ကို မထင်ထားခဲ့တာ။ ငါမှားသွားခဲ့ပြီလားပေါ့။ အတွေးအများကြီး မလွန်ခင် အခြေအနေကို သွားစစ်ကြည့်လိုက်တော့ သူတို့ပြောသမျှက မှန်ကန်တိကျနေတာကို ကျွန်မတွေ့လိုက်ရရော။ သူတို့လုပ်ထားတဲ့ အထူးပြုလုပ်ချက်တစ်ခုက ပြဿနာတွေ သိပ်များနေလို့ ပြန်လုပ်ဖို့ လိုနေတာလေ။ အားလုံးက အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ရမလဲ ဆွေးနွေးနေကြတာကို ညီအစ်ကိုဝူက ဗီဒီယိုကို ပြန်လုပ်စရာ မလိုဘူး၊ ခေါင်းဆောင်တွေက တအားခိုင်းလွန်းတယ်၊ ရေးကြီးခွင့်ကျယ် လုပ်လွန်းတယ်လို့ ပြောတာ။ အဲဒီစကားကို ကြားတော့ တချို့ညီအစ်ကို မောင်နှမတွေကလည်း ခေါင်းဆောင်တွေကို မကျေမချမ်းဖြစ်ကုန်ရော။ ဒါတင်မကသေးဘူး၊ ညီအစ်ကိုဝူက သူများရဲ့ တာဝန်တွေမှာ ပြဿနာတချို့ တွေ့ရင် ဖြေရှင်းနည်းကို ဦးစားပေး မတွေးဘဲ အဖွဲ့ခေါင်းဆောင်ကို ညံ့တယ်လို့ ဝေဖန်ပြီး စတင်ဝိုင်းကြဉ်တော့တာ။ အဖွဲ့ဝင်တွေနဲ့ အဖွဲ့ခေါင်းဆောင်ကြား ကုန်းချောပေးပြီးတော့လေ။ အဖွဲ့ခေါင်းဆောင်က အနုတ်သဘောဖြစ်လာပြီး ချုပ်ချယ်ခံလာရရော။ ညီအစ်ကိုတစ်ယောက်ဆို အဲဒါကြောင့် အဖွဲ့ခေါင်းဆောင်ကို အမြင်စောင်းပြီး သူနဲ့ တခြားခေါင်းဆောင်တွေအပေါ် စပြီး မဲတော့တာပဲ။ ပြီးတော့ တစ်ခါ ညီအစ်ကိုဝူက အလုပ်အတွက် အကြံတချို့ပေးတယ်။ အဖွဲ့ခေါင်းဆောင်က သူ့အကြံတွေကို ထည့်တွက်ကြည့်ပေမဲ့ မသင့်တော်တာ တွေ့ရလို့ မသုံးလိုက်ဘူး။ ဒီတော့ သူက အဖွဲ့ခေါင်းဆောင်ကို မကျေမနပ်ဖြစ်လာတယ်၊ စုဝေးပွဲတွေမှာ သူ့မိတ်သဟာယကို အသုံးချပြီး အလုပ်ထဲမှာ သူမပြောရဲတဲ့ ပြဿနာတွေကို မြင်နေရတယ်၊ သူထုတ်ပြောရင် အထုတ်ခံရမှာ ကြောက်တယ်ဆိုပြီး ပြောတော့တာ။ အကြံပေးရင် ဖိနှိပ်ခံရမယ်ဆိုပြီး သူများတွေကို တလွဲထင်အောင် လုပ်တာလေ။ ဘုရားအလိုတော်ကို သူတကယ် ဂရုစိုက်ချင်ပေမဲ့ အဖွဲ့ခေါင်းဆောင်က သူ့ကို ဖိနှိပ်နေပြီး တာဝန်သေချာမထမ်းနိုင်အောင် လုပ်နေတဲ့ပုံစံမျိုး သူလုပ်ပြတာ။ သူ့အပြုအမူတွေ ပြနေတာက သူဟာ ဇီဇာကြောင်လွန်းရုံတင်မကဘူး၊ ဖြောင့်မတ်ခြင်းရဲ့ ကိုယ်စောင့်တမန်လို၊ ဘုရားအလိုတော်ကို ဂရုစိုက်သလိုမျိုး လုပ်ပြတယ်ဆိုတာပဲ။ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို ကာကွယ်ပါတယ်ဆိုပြီး တကယ်တော့ အနုတ်သဘောတွေ ဖြန့်ပြီး သူများတွေကို သဘောကွဲလွဲအောင် သွေးထိုးနေတာ။ ပြဿနာဖြစ်နေတာက ခေါင်းဆောင်တွေပဲ၊ သတိမထားရင် ဖိနှိပ်ချုပ်ချယ်ခံရမယ်လို့ ထင်အောင် ခေါင်းဆောင်တွေနဲ့ ကျန်လူတွေကို ကုန်းတိုက်ပေးတာ။ ဒီလိုနဲ့ အသင်းတော်ထဲမှာ သမ္မာတရားက အုပ်စိုးရဲ့လားဆိုပြီး လူတွေ သံသယဝင်ကုန်တော့ အမှား၊ အမှန်ကိစ္စ အငြင်းပွားပြီး ခေါင်းဆောင်တွေကို ဝေဖန်၊ သတိထားကုန်ရော။ သူ့အပြုအမူကြောင့် အသင်းတော်အလုပ်က အနှောင့်အယှက် ဖြစ်သွားနှင့်ပြီလေ။ အဲဒီအချိန်အတောအတွင်း ညီအစ်ကိုဝူက နည်းပညာပိုင်း အလုပ်ကို လမ်းညွှန်နေခဲ့ပေမဲ့ သူက သိပ်အသုံးမဝင်လှဘူး။ သူအကြံပြုသမျှတွေက ဘာမှလက်တွေ့အသုံးချလို့ မရတဲ့ အယူအဆပိုင်းတွေချည်းပဲ။ သူ့ပြဿနာတွေကို ကျွန်မမြင်နေရပေမဲ့ ကိုယ့်အမှားကို ဝန်ခံဖို့ လုံးလုံး အဆင်သင့်မဖြစ်သေးဘူး။ သူနဲ့ စကားစမြည်ပြောပြီး သူ့ပြဿနာတွေကို ထောက်ပြဖို့ အကောင်းမြင်မြင်နဲ့ လိုချင်နေခဲ့တာ။ ဒါတွေကို သူမြင်နိုင်ရင် သမ္မာတရားကို လက်ခံနိုင်ပြီး ထိုက်သင့်တဲ့ လူ့သဘာဝ ရှိလောက်မယ်ပေါ့လေ။ ဒါဆို ကျွန်မရဲ့ အကဲဖြတ်ချက်က သိပ်မလွဲခဲ့ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲပေါ့။ ဒါနဲ့ပဲ သူ့ကို သူ့ပြဿနာတွေ ကျွန်မထောက်ပြလိုက်တယ်။ သူ့ကိုယ်သူ မဆင်ခြင်ရုံတင်မကဘဲ ကျွန်မက မတူတဲ့ သဘောထားတွေကို ချုပ်ချယ်တယ်၊ သူ့ကို ဖိနှိပ်နေပါတယ်လို့ သူပြောလာတာ။ အဲဒီအချိန်မှာ ကျွန်မမြင်သွားတယ်၊ သူက ညံ့ဖျင်းတဲ့ လူ့သဘာဝ ရှိပြီး သမ္မာတရားကို လက်မခံနိုင်ရုံတင်မက စဉ်းလဲပြီး ပြောဆိုပုံကလည်း အမှန်တရားနဲ့ လုံးဝဆန့်ကျင်နေတာကိုပေါ့။ ဒါကို မြင်လိုက်ရတာက ကျွန်မဖြင့် မျက်နှာကို တကယ် ဖြတ်ရိုက်ခံလိုက်ရသလိုပဲ။ ညံ့ဖျင်းတဲ့ လူ့သဘာဝနဲ့ လူတွေကို အရေးကြီးတာဝန်တွေ လုံးဝမခိုင်းရဘူးလို့ ဘုရားအိမ်တော်က အတန်တန် အလေးပေး ပြောခဲ့တာလေ။ ဒီလို အခြေခံစည်းမျဉ်းကိုတောင် ကျွန်မဆန့်ကျင်မိခဲ့တယ်။ လူတွေ ရွေးတဲ့နေရာမှာ ကြီးလေးတဲ့ အမှားကို ကျွန်မလုပ်ခဲ့မိလို့ အသင်းတော် အသက်တာက အနှောင့်အယှက်ဖြစ်သွားခဲ့တယ်။ တွေးလေ၊ စိတ်ဆင်းရဲလေပဲ။ နောက်တော့ စည်းမျဉ်းအရ ညီအစ်ကိုဝူကို ကျွန်မထုတ်ပစ်လိုက်တယ်။

အဲဒီလို လုပ်ပြီးတဲ့နောက် ကျွန်မကျရှုံးရတဲ့ တကယ့်အကြောင်းရင်းတွေကို စဆင်ခြင်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ထဲမှာ ဒါကို ဖတ်ခဲ့ရတယ်။ “အယောင်ဆောင်ခေါင်းဆောင်များသည် ညံ့ဖျင်းသော အစွမ်းအစ ရှိကာ မျက်စိနှင့် စိတ်နှလုံးတို့က ကန်းနေပြီး သမ္မာတရား၏ အခြေခံသဘောတရားများကိုလည်း ၎င်းတို့နားမလည်ကြ၊ ယင်းကိုယ်နှိုက်က အလွန်စိုးရိမ်ဖွယ် ပြဿနာတစ်ခုဖြစ်ပေသည်။ ၎င်းတို့၌ နောက်ထပ် ပို၍ စိုးရိမ်ရသော ပြဿနာတစ်ခုရှိသေးသည်၊ ယင်းမှာ ကျမ်းဟောင်းတရား အနည်းငယ်နှင့် အယူဝါဒစကား အနည်းငယ်ကို ၎င်းတို့နားလည်ပြီး ကျွမ်းကျင်ပိုင်နိုင်သွားသည့်အပြင် ဆောင်ပုဒ်အနည်းငယ်ကို ဟစ်ကြော်နိုင်သည့်အခါ ၎င်းတို့က မိမိတို့သည် သမ္မာတရား၏ စစ်မှန်မှုရှိသည်ဟု ထင်မြင်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် မည်သည့်အလုပ်ကို ၎င်းတို့လုပ်ပါစေ၊ မည်သူ့ကို အသုံးပြုဖို့၎င်းတို့ရွေးချယ်ပါစေ ၎င်းတို့သည် ရှာဖွေခြင်း မပြုသကဲ့သို့ စဉ်းစားချင့်ချိန်ခြင်းလည်း မရှိ၊ အခြားသူများနှင့်လည်း မိတ်သဟာယ မပြုသည့်အပြင် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များနှင့် အခြေခံသဘောတရားများကို အသေးစိတ် စုံစမ်းစစ်ဆေးခြင်း သာ၍ပင် မရှိချေ။ ၎င်းတို့ လုပ်ဆောင်နေသည့်အရာသည် မှန်ကန်သည်၊ ၎င်းတို့တွေးသည့် မည်သည့်အရာမဆိုသည် လုပ်ဆောင်သင့်သည့် အရာဖြစ်ကြောင်းနှင့် ၎င်းတို့ယုံကြည်သည့် မည်သည့်အရာမဆိုသည် တိကျမှန်ကန်ကြောင်း၊ အားလုံးက အခြေခံသဘောတရားများနှင့် ကိုက်ညီကြောင်း ယုံကြည်လျက် ၎င်းတို့သည် မိမိတို့ကိုယ်ကို အလွန် ယုံကြည်မှု ရှိကြသည်။ ထို့အပြင် နှစ်များစွာ အလုပ်လုပ်ပြီးသည့်နောက်တွင် ၎င်းတို့သည် ဘုရားအိမ်တော်၌ ခေါင်းဆောင်တစ်ဦးအဖြစ် အစေခံဖို့ လုံလောက်သည့် အတွေ့အကြုံရှိကြောင်း၊ ဘုရားအိမ်တော်၏အလုပ်သည် မည်သို့လည်ပတ်ပြီး တိုးတက်သည်ကို ၎င်းတို့သိကြောင်းနှင့် ဤအရာ အားလုံးသည် ၎င်းတို့၏စိတ်နှလုံးအတွင်းတွင် ရှိကြောင်း ၎င်းတို့က မကြာခဏ တလွဲယုံကြည်ကြသည်။ ၎င်းတို့က ဘုရားအိမ်တော်၏အလုပ်ကို တိုင်းတာပြီး ဘုရားအိမ်တော်၏အလုပ်ကို ၎င်းတို့၏အတွေ့အကြုံနှင့် စိတ်ကူးများ၊ အယူအဆများနှင့် စည်းမျဉ်းများတို့ကို အသုံးပြုကာ ဆောင်ရွက်ကြသဖြင့် ယင်းက ၎င်းတို့၏ အလုပ်သက်တမ်းအတွင်းတွင် ဘုရားအိမ်တော်၏အလုပ်ကို သပွတ်အူလိုက်စေကာ ကမောက်ကမ ဖြစ်စေပြီး စနစ်တကျ မရှိဘဲဖြစ်စေသည်။(အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၅)) ခေါင်းဆောင်အတုတွေက မျက်စိနဲ့ နှလုံး ကန်းကြပြီး လူတွေရဲ့ အဖြစ်အနေကို မမြင်နိုင်၊ စည်းမျဉ်းတွေ နားမလည်နိုင်ရုံတင်မကဘဲ ပိုဆိုးတာက သမ္မာတရားကို မရှာကြတာပဲ။ အသင်းတော်အလုပ်ကို လုပ်ဖို့ သူတို့အတွေ့အကြုံနဲ့ အယူအဆတွေကို အားကိုးကြတယ်။ ဒီတော့ ကိစ္စတွေက လုံးဝ ဗြောင်းဆန်ကုန်ရော။ ကျွန်မပြုမူခဲ့ပုံကို ပြောရရင် ညီအစ်ကိုဝူကို အဲဒီရာထူးမှာ ခန့်တုန်းက ဘုရားအိမ်တော်မှာ လူတွေကို သုံးတာနဲ့ ပတ်သက်တဲ့ စည်းမျဉ်းတွေ မရှာဘဲ ကိုယ့်သဘောထားအတိုင်း လုပ်ခဲ့တယ်။ သူ့မှာ အလုပ်အတွေ့အကြုံ များတော့ ဗီဒီယိုထုတ်လုပ်ရေးနဲ့ သင့်တော်မှာပဲလို့ တွေးရင်းလေ။ သူ့မှာ ညံ့ဖျင်းတဲ့ လူ့သဘာဝရှိတာမို့ ကျွန်မသတိထားသင့်တယ်လို့ သူများတွေ သတိပေးပြီး နည်းနည်းရှာဖွေကြည့်ဖို့ ကျွန်မကို အကြံပေးကြတုန်းက ကျွန်မလုံးဝအလေးမထားခဲ့ဘူး။ ငါ့မှာ ထိုးထွင်းအမြင်ကောင်းနဲ့ ချင့်ချိန်နိုင်စွမ်းကောင်း ရှိတယ်၊ အရင်က ငါ့ခန့်အပ်မှုတွေမှာလည်း ဘာပြဿနာကြီးကြီးမှ မတက်ဖူးဘူး၊ ဒီတော့ ညီအစ်ကိုဝူကို ရွေးတာက အဆင်ပြေမှာပဲလို့ ထင်ခဲ့တာ။ ကိုယ့်အလုပ်အတွေ့အကြုံကို ကိုယ်ပိုင်အရင်းအနှီးလို သုံးပြီး သမ္မာတရား စည်းမျဉ်းတွေကို လုံးဝ မရှာဖွေခဲ့ဘူး၊ တခြားလူတွေ အကြံပေးတာကို နှိမ့်ချစွာ လက်ခံပြီး အမှန်တကယ် ရှာဖွေတာတို့၊ ညီအစ်ကိုဝူက ဘယ်လိုလူစားလဲဆိုတာ တကယ်နားလည်ဖို့၊ သူ့အပြုအမူဆိုးက ဖောက်ပြန်ပျက်စီးမှု ယာယီပေါ်လာခြင်း သက်သက်လား၊ သူ့အဖြစ်အနေက ဆိုးယုတ်နေလား သိရဖို့ လိုက်မေးမြန်းတာတို့ မလုပ်ခဲ့ဘူး။ ဖောက်ပြန်ပျက်စီးမှု ယာယီပေါ်လာတာဆိုရင်၊ သီးသန့်အခြေအနေတချို့ ရှိနေပြီး အဲဒီအချိန်ကစလို့ သူပြောင်းလဲသွားရင် သူ့ကို သုံးလို့ရတယ်။ ဒါက သူ့ပုံသေအပြုအမူဖြစ်နေတယ်၊ သူက ညံ့ဖျင်းတဲ့ လူ့သဘာဝရှိပြီး ယုတ်မာတဲ့လူ ဖြစ်နေတယ်ဆိုရင် သူ့ကို သုံးလို့မရဘူး။ အဲဒီလိုလူစားမျိုးက ဘုရားအိမ်တော်ရဲ့ အလုပ်ကို ဒုက္ခပဲ ပေးမှာ။ ဒါပေမဲ့ ကျွန်မက နားလည်အောင် စုံစမ်းတာတွေ တကယ်မလုပ်ခဲ့ဘူး။ ကိုယ်ပိုင်အတွေ့အကြုံနဲ့ စိတ်ကူးအပေါ် အခြေခံပြီး ရမ်းသန်းဆုံးဖြတ်ခဲ့တယ်။ ကျွန်မက ခေါင်းဆောင်အတု၊ မျက်စိနဲ့ နှလုံးကန်းနေတဲ့လူဆိုတာ လက်တွေ့အရှိတရားက ပြပေးခဲ့တယ်။ သမ္မာတရားတို့၊ စည်းမျဉ်းတို့ကို ကျွန်မနားမလည်ခဲ့ဘူး။ ပိုဆိုးတာက ကိုယ့်ကိုယ်ကိုယ် တကယ်ယုံကြည်နေပြီး သူများအကြံတွေကို လက်မခံခဲ့တာပဲ။ အလုပ်အတွေ့အကြုံ မစို့မပို့နဲ့ တိုက်ရိုက်အယူဝါဒတချို့ကို နားလည်ရုံနဲ့ စည်းမျဉ်းတွေ သိပြီး အသင်းတော်အလုပ်ကို လုပ်နိုင်ပြီလို့ ထင်ခဲ့တာ။ ဒါပေမဲ့ လူမှားကို ခန့်မိသွားတယ်။ ဒါကြောင့် အလုပ်တိုးတက်မှုက နှေးသွားပြီး အသင်းတော် အသက်တာက ဖရိုဖရဲဖြစ်ကုန်ရော။ ကျွန်မက အသင်းတော်ရဲ့ အလုပ်ကို တမင်တကာ ဖျက်ဆီးရင်း စာတန်ရဲ့ ကြံရာပါလို လုံးဝပြုမူနေခဲ့မိတာ။

နောက်တော့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်တဲ့အခါ ဘုရားပြောထားတာ တစ်ခုကို တွေးမိသွားတယ်။ “သင်၏စိတ်နှလုံးထဲတွင် သင်သည် သမ္မာတရားကို အမှန်တကယ် နားလည်ပါက၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ ဘုရားသခင်ကို နာခံဖို့နည်းလမ်းအား သင်သိလိမ့်မည် ဖြစ်ပြီး သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းပေါ်ကို သင် အလိုအလျောက် စတင်လိမ့်မည် ဖြစ်သည်။ သင်လျှောက်သည့် လမ်းကြောင်းသည် မှန်ကန်သည့် လမ်းကြောင်းဖြစ်ပြီး ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီပါက၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် သင့်ကို စွန့်ခွာလိမ့်မည် မဟုတ်ချေ— ထိုအခြေအနေတွင် ဘုရားသခင်အား သင် သစ္စာဖောက်ဖို့အလားအလာ နည်းသည်ထက် နည်းလာပေလိမ့်မည်။ သမ္မာတရားမရှိပါက မကောင်းမှုပြုရန် လွယ်ကူပြီး မရည်ရွယ်ဘဲ ယင်းကို သင်လုပ်မိလိမ့်မည် ဖြစ်သည်။ ဥပမာ၊ သင့်တွင် မာနထောင်လွှားပြီး စိတ်ကြီးဝင်သော စိတ်သဘောထားတစ်ခုရှိလျှင် ဘုရားသခင်ကို မဆန့်ကျင်ရန် ပြောဆိုခံရခြင်းသည် ထူးခြားမှုမရှိပေ။ သင်သည် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ပေ။ သင်ထိန်းချုပ်နိုင်သည်ထက် ကျော်လွန်သည်။ သင်သည် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်မည်မဟုတ်ပေ။ သင်၏ မောက်မာပြီး ထောင်လွှားသော သဘာဝဗီဇ၏ အုပ်စိုးမှုအောက်၌ သင် ထိုသို့ပြုလိမ့်မည်။ သင်၏ မောက်မာခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင့်ကို ဘုရားသခင်အား အထင်အမြင်သေးစေမည်ဖြစ်ပြီး သူ့အား အရေးမပါသောသူအဖြစ် မြင်စေမည်ဖြစ်သည်။ ထိုအရာတို့သည် သင့်ကိုယ်သင် ချီးမြှောက်စေလိမ့်မည်ဖြစ်ပြီး အစဉ်တစိုက် မိမိကိုယ်ကို ပြစားဝင့်ဝါလိမ့်မည် ဖြစ်သည်။ ယင်းတို့က သင့်အား အခြားသူများကို အထင်အမြင်သေးစေမည်၊ သင့်စိတ်နှလုံးထဲတွင် သင်ကိုယ်တိုင်မှလွဲ၍ အခြားမည်သူကိုမျှ ထားမည် မဟုတ်ချေ။ ယင်းတို့က သင်သည် အခြားလူများထက်ရော၊ ဘုရားသခင်ထက်ပါ သာလွန်သည်ဟု သင့်ကိုယ်သင် တွေးစေပေမည်၊ ပြီးလျှင် နောက်ဆုံးတွင် သင့်အား ဘုရားသခင်၏နေရာတွင် ထိုင်ဖို့ဖြစ်စေပြီး လူများအား သင့်အတွေးများ၊ အကြံဉာဏ်များနှင့် အယူအဆများကို သမ္မာတရားအဖြစ် ကြည်ညိုလေးစားစေလျက်၊ သင့်ကို ကျိုးနွံနာခံဖို့ တောင်းဆိုစေမည် ဖြစ်သည်။ မိမိတို့၏ မောက်မာ၍ ထောင်လွှားသော သဘာဝ၏ အုပ်စိုးမှုအောက်၌ လူတို့သည် မည်မျှများပြားလှသော ဒုစရိုက်မှုကို ပြုကြသည်ကို ကြည့်လော့။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်”) ကျွန်မက မောက်မာလွန်းပြီး ဘုရားကို ကြောက်ရွံ့မှု မရှိတာကြောင့် ကိုယ့်တာဝန်မှာ သမ္မာတရား စည်းမျဉ်းကို မရှာခဲ့တာလို့ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မမြင်နိုင်သွားတယ်။ မောက်မာတဲ့ ကိုယ့်သဘာဝရဲ့ ထိန်းချုပ်တာ ခံနေရတော့ ကိုယ့်ကိုယ်ကိုယ် အယုံကြည်လွန်နေခဲ့တယ်။ ကျွန်မမှာ အတွေ့အကြုံနဲ့ ထိုးထွင်းအမြင် ရှိတာကြောင့် သူများသတိပေးတာတွေကို အလေးအနက် ထားစရာ မလိုဘူးလို့ အမြဲထင်ခဲ့တာ။ ကိုယ်လုပ်ချင်တာကိုပဲ မရမက လုပ်ခဲ့တယ်။ ဒီတော့ လူမှားကို ခန့်မိပြီး အသင်းတော် အလုပ်က ကြန့်ကြာကုန်ရော။ ကိုယ်ပိုင်အမြင်နဲ့ အတွေ့အကြုံကို သမ္မာတရားလို သဘောထားခဲ့တာ။ ကျွန်မကြိုက်တာ မှန်သမျှက ဘုရားကြိုက်တာပဲ၊ သင့်တော်တယ်လို့ ကျွန်မထင်တာက ဘုရားအမြင်မှာလည်း သင့်တော်မှာပဲလို့ တွေးရင်းလေ။ ကိုယ့်အမြင်တွေကို ဘုရားအမြင်တွေလို့ တလွဲတောင် ထင်ခဲ့တာ။ ဒါက သမ္မာတရားအပေါ် အထင်သေးမှုကို ပြရုံပဲ မဟုတ်ဘူး၊ ဘုရားကို စော်ကားတာပဲ။ ကျွန်မက မောက်မာမှုနဲ့ အသက်ရှင်ပြီး ကိုယ့်ဂုဏ် ကိုယ်ဖော်လုပ်နေခဲ့တာ၊ ကိုယ့်တာဝန်ကို လုပ်နေတာလို့ ပြောပြီး ကိုယ့်စိတ်ကြိုက်လုပ်နေခဲ့တာပဲ။ ဒါက ပြောရရင် ဘုရားကို ဆန့်ကျင်နေတာပဲလေ။ နောင်တရမှဖြစ်မှာ ကျွန်မသိလိုက်တယ်၊ မဟုတ်ရင် ဘုရားကို ပုန်ကန်ပြစ်မှားမိပြီး ဖယ်ရှင်းခံရမှာ။ ဘုရားက ကျွန်မကို ခေါင်းဆောင်ရာထူးဆီ တိုးမြှင့်ပေးထားတာနဲ့ သူ့အလိုတော်က ကျွန်မလုပ်ရပ်တွေ စည်းမျဉ်းတွေနဲ့ ညီအောင် ဒီတာဝန်မှာ သမ္မာတရားကို အာရုံစိုက် လိုက်စားစေဖို့ ဖြစ်တာကိုလည်း ကျွန်မသိလိုက်တယ်။ အလုပ်ဆုံးဖြတ်ချက်တိုင်းက ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားအပေါ် သက်ရောက်မှု ရှိမှာပဲလေ။ ဒီတော့ သမ္မာတရားကို ကျွန်မ မရှာဖွေဘဲ မောက်မာမှု၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ လုပ်ဆောင်ရင်၊ ထင်ရာစိုင်းပြီး အာဏာရှင်ဆန်ရင် အသင်းတော်အလုပ်အပေါ် နှောင့်ယှက်မိတာ တစ်ခုခုကို အချိန်မရွေး ကျွန်မလုပ်နိုင်တယ်။ ဒီလိုနဲ့ နောက်ဆုံးတော့ အသင်းတော်ရဲ့ အကျိုးစီးပွားနဲ့ ညီအစ်ကိုမောင်နှမတွေကို နစ်နာစေမိမှာပဲ။ ဒီတော့ အဲဒီနောက်မှာ ဘုရားကို ဆုတောင်းပြီး မောက်မာမှုနဲ့ တာဝန်မထမ်းတော့ဘဲ သမ္မာတရားကို ရှာဖွေပြီး စည်းမျဉ်းအတိုင်း ပြုမူဖို့ ကျွန်မတိတ်တဆိတ် သန္နိဋ္ဌာန် ချလိုက်တယ်။

နောက်ပိုင်း ပြန်ဆင်ခြင်ကြည့်တဲ့အခါ ကျွန်မကျရှုံးသွားရတဲ့ အကြောင်းရင်း နောက်တစ်ခု ရှိနေတာ သဘောပေါက်သွားတယ်။ လူတွေနဲ့ အမှုကိစ္စတွေအပေါ် ကျွန်မအမြင်တွေက မှားယွင်းနေခဲ့တာလေ။ ဘုရားနှုတ်ကပတ်တော်ထဲမှာ ဒါကို ဖတ်ခဲ့ရတယ်။ “အယောင်ဆောင် ခေါင်းဆောင်များသည် မကြာခဏ ၎င်းတို့၏ ရှုထောင့်အမြင်ကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ပြကြသည်။ လူ့အဖွဲ့အစည်းတွင် အသိပညာနှင့် ရာထူးရှိသောသူများနှင့် ပြည်သူ့ဝန်ထမ်းဖြစ်ခဲ့သော သူများအားလုံးသည် ဘုရားသခင်၏ အိမ်တော်က ပြုစုပျိုးထောင်ပေးပြီး အသုံးပြုသင့်သော ပါရမီရှိသူများဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးသည် ဤလူတို့ကို အလွန်ပင် အထင်ကြီးပြီး ၎င်းတို့ကိုယ်တိုင်၏ ဆွေမျိုးများ၊ မိသားစုများကဲ့သို့ပင် ဆက်ဆံသည်။ ၎င်းတို့သည် ဤလူတို့ကို အခြားလူတို့ထံ မိတ်ဆက်ပေးပြီး ‘သူက ပြင်ပလောကမှာ သတင်းစာအယ်ဒီတာတစ်ယောက် ဖြစ်ခဲ့ဖူးတယ်၊’ ‘သူက ဇာတ်ဝင်အဝတ်အစား ဒါရိုက်တာပဲ၊’ ‘သူက ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှာ အလုပ်လုပ်ခဲ့ဖူးတယ်၊’ ‘သူက စီးပွားရေးလုပ်ခဲ့ဖူးပြီး၊ သူ့မိသားစုက ချမ်းသာတယ်၊’ ‘သူက လူမှုဗေဒ လေ့လာခဲ့ဖူးတယ်၊’ သို့မဟုတ် ‘သူက စီးပွားစီမံလေ့လာခဲ့ဖူးတယ်’ ဆိုသောအရာမျိုးများကို ပြောသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ထိုသို့သောလူတို့ကို အလွန်တန်ဖိုးထားသည်။ ငါ့ကိုပြောလော့။ အယောင်ဆောင် ခေါင်းဆောင်များသည် အစွမ်းအစရှိသောသူများ ဖြစ်သလော။ ၎င်းတို့သည် အမှုအရာများကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သော အယောင်ဆောင် ဝိညာဉ်ရေးရာ လူများမဟုတ်သလော။ အထက်တွင် ဖော်ပြခဲ့သော ထိုကဲ့သို့သောလူများသည် ဘုရားအိမ်တော်သို့ လာရောက်သောအခါ အရေးကြီးသောနေရာတွင် အသုံးပြုသင့်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့က ထိုသူတို့ကို ပါရမီရှိသောသူများအဖြစ် ထင်မြင်ကြသည်။ ထို့ကြောင့် အယောင်ဆောင် ခေါင်းဆောင်က ထိုသူတို့ကို မြင်သောအခါ ခေါင်းညိမ့်လျက်၊ ဦးညွှတ်လျက်၊ ဖော်လံဖားလျက်၊ ခယလျက်ဖြင့် ၎င်းတို့၏ လက်ပါးစေဖြစ်သကဲ့သို့ ပြုမူသည်။ အယောင်ဆောင် ခေါင်းဆောင်က ကြီးကြပ်ရသောနေရာတွင် သက်ရောက်မှုရှိလျက်၊ မမြင်နိုင်လျက်ဖြင့် ဤလူတို့သည် ဘဝင်မြင့်လာပြီး ဘုရင်များအဖြစ် အုပ်ချုပ်ကြသည်။ ငါ့ကို ပြောလော့။ ဤသို့သောသူတို့ကို ဘုရားအိမ်တော်တွင် ဘုရင်များအဖြစ် အုပ်ချုပ်ခွင့်ပြု၍ရသလော။ ဤသည်မှာ စည်းမျဉ်းများနှင့် မကိုက်ညီပေ။ ဘုရားအိမ်တော်တွင် ရာထူးတိုးခံရပြီး အရေးကြီးသည့်နေရာတွင် အသုံးပြုခံရသောသူတို့ကို လူ့အဖွဲ့အစည်း၏ အခွင့်ထူးခံလူစုမှ ရွေးကောက်ရမည်ဟု ဘုရားနှုတ်ကပတ်တော်ထဲမှ မည်သည့်နေရာတွင်ပြောသနည်း၊ သို့မဟုတ် ဘုရားအိမ်တော်၏ မည်သည့်စည်းမျဉ်းတွင် ပြဌာန်းထားသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ထိုသို့ ဆိုသလော။ (မဆိုပါ။) လူတို့အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များတွင် စံနှုန်းမည်မျှရှိသနည်း။ အဓိကအားဖြင့် နှစ်ချက်ရှိသည်။ ပထမတစ်ချက်မှာ လူတစ်ယောက်၌ကောင်းမွန်သည့် လူ့သဘာဝရှိမရှိဖြစ်သည်။ အခြားတစ်ချက်မှာ လူတစ်ယောက်က သမ္မာတရားကို ဆက်ဆံသည့် သဘောထားနှင့် သမ္မာတရားကို ချစ်ခြင်းရှိမရှိ ဖြစ်သည်။ ဤနှစ်ချက်ဖြစ်သည်။(အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၅))အယောင်ဆောင် ခေါင်းဆောင်များသည် ဘုရားသခင်ကို နှစ်ချီပြီး ယုံကြည်ကာ တရားဒေသနာများကို မကြာခဏ နားထောင်ကြသူများအားလုံး ဖြစ်သည်။ ဤသို့ဆိုလျှင် ၎င်းတို့က မယုံကြည်သူများကို ခွဲခြားဖော်ထုတ်ခြင်း မပြုနိုင်သည်မှာ အဘယ်ကြောင့်နည်း။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်များသည် အလွန်ညံ့ဖျင်းသော အစွမ်းအစရှိသည်၊ သမ္မာတရားကို လက်ခံရရှိနိုင်စွမ်းမရှိ၊ ၎င်းတို့အတွက် သမ္မာတရားက အချည်းနှီးဖြစ်သည်ဆိုသည်ကို ထပ်မံပြသည့် သက်သေဖြစ်သည်။ ၎င်းတို့သည် မျက်စိနှင့် စိတ်နှလုံး ကန်းနေကြပြီး အခြားသူများကို အလွန်ပင် မသိမြင်နိုင်ကြပေ။ ၎င်းတို့သည် အသင်းတော်တွင် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်များဖြစ်ရန် အဘယ်သို့ သင့်တော်နိုင်မည်နည်း။ စကားပြောကောင်းသူများသည် ပါရမီရှိသည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ သီချင်းဆိုနိုင်၊ ကနိုင်သည့် လူတစ်ယောက်ကို ၎င်းတို့ မြင်သောအခါ ထိုသူကို ပါရမီရှိသူအဖြစ် ထင်မြင်ကြသည်။ ကောလိပ်တက်ခဲ့သော မျက်မှန်နှင့်လူတစ်ယောက်ကို ၎င်းတို့ မြင်သောအခါ ထိုသူကို ပါရမီရှိသူအဖြစ် ထင်မြင်ကြသည်။ ချမ်းသာပြီး စီးပွားရေးလုပ်နိုင်ကာ လှည့်စားတတ်သော အလေ့အထများ ကျင့်သုံးသော၊ လူ့အဖွဲ့အစည်းတွင် အရေးကြီးသော အလုပ်အမျိုးအစားအချို့ကို လုပ်သော၊ လူ့အဖွဲ့အစည်းတွင် ဂုဏ်အဆင့်အတန်းရှိသော သူတစ်ယောက်ကို မြင်သောအခါ ၎င်းတို့သည်လည်း ဘုရားသခင်၏ အိမ်တော်တွင် ပါရမီရှိသူများဖြစ်သည်ဟု အယောင်ဆောင်ခေါင်းဆောင်က ထင်မြင်သည်။ ၎င်းတို့သည် သမ္မာတရားနှင့် ဘုရားသခင်အပေါ် ဤလူတို့ဆက်ဆံသည့် သဘောထားကို ကြည့်ဖို့မဆိုထားနှင့်။ ဤလူတို့၏ လူ့သဘာဝ အရည်အသွေး သို့မဟုတ် ဤလူတို့၏ ဘုရားအပေါ် ယုံကြည်မှုက် အခြေခံအုတ်မြစ်ရှိမရှိကို မကြည့်ကြပေ။ ၎င်းတို့သည် လူတို့၏ လူမှုရေးဆိုင်ရာ ရာထူးနှင့် နောက်ခံကိုသာ ကြည့်ကြသည်။ ဤအရာများသည် လူတစ်ယောက်တွင် အယောင်ဆောင် ခေါင်းဆောင်များက နှစ်သက်သောအရာများ ဖြစ်သည်ကို တွေ့ရှိရသည်။ ဤသည်မှာ ၎င်းတို့က အလွန်စိတ်ကြီးဝင်နေခြင်း မဟုတ်လော။ ၎င်းတို့သည် အမှန်ပင် မျက်ကန်းဖြစ်ကြသည်- အလွန့်အလွန် ထိုသို့ဖြစ်ကြသည်တကား။(အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၅)) ဘုရားနှုတ်ကပတ်တော်က ခေါင်းဆောင်အတုတွေကို မျက်ကန်းပြီး မိုက်မဲတယ်၊ လူတွေကို ခန့်အပ်ရာမှာ ညံ့တယ်လို့ ဖော်ထုတ်ထားတယ်။ သူတို့က လောကီပညာရေး၊ အဆင့်အတန်းနဲ့ အတတ်ပညာပိုင်း ကျွမ်းကျင်မှုတွေကိုပဲ ကြည့်ကြတာ။ ပညာနဲ့ ယဉ်ကျေးမှုရှိပြီး အထူးကျွမ်းကျင်ရင် ဘုရားအိမ်တော်မှာ ပါရမီရှိတာပဲလို့ တွေးကြတာ။ လူ့သဘာဝတို့၊ သမ္မာတရားကို လက်ခံသလားတို့၊ သမ္မာတရားကို ဘယ်အဆင့်ထိ နားလည်သလဲတို့ကို မကြည့်ကြဘူး။ ဗီဒီယိုတွေအတွက် လူရှာတုန်းမှာ ကျွန်မရှုထောင့်က အဲဒီလိုဖြစ်ခဲ့တာ။ အဆင့်မြင့် ပညာတတ်ပြီး ကျွမ်းကျင်မှုတွေ ရှိရင် တာဝန်ကို သေချာထမ်းနိုင်တယ်လို့ ဆိုလိုတာပဲဆိုပြီး တွေးခဲ့တယ်။ ဒီတော့ တစ်ချိန်လုံးမှာ ညီအစ်ကိုမောင်နှမတွေရဲ့ ပညာရေးနဲ့ နည်းပညာ ကျွမ်းကျင်မှုတွေကိုပဲ အာရုံစိုက်ခဲ့တယ်။ ညီအစ်ကိုဝူရဲ့ ဘွဲ့ဒီဂရီနဲ့ အလုပ်အတွေ့အကြုံ အားလုံးကို တွေ့တဲ့အခါ ဗီဒီယိုအဖွဲ့မှာ တခြားလူတွေအတွက် သူကျိန်းသေ အကူအညီဖြစ်မှာပဲ၊ နည်းပညာပိုင်း ရှုပ်ထွေးတဲ့ တာဝန်တွေကို သူကိုင်တွယ်နိုင်မှာပဲလို့ ကျွန်မတွေးခဲ့တာ။ သူ့လူ့သဘာဝတို့၊ သူ့တာဝန်မှာ အရင်က သူပြုမူခဲ့ပုံတို့ကို လုံးဝထည့်မတွေးခဲ့ဘူး။ ဒီတော့ သူရှိနေတုန်းမှာ အလုပ်က နစ်နာရုံတင်မကဘူး၊ သူက ဇီဇာကြောင်လွန်းတဲ့အပြင် ခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေကြား ပဋိပက္ခဖြစ်အောင်လည်း လုပ်တယ်။ ဒါက အသင်းတော်ရဲ့ အသက်တာနဲ့ အလုပ်ကို တကယ်ဖရိုဖရဲဖြစ်စေခဲ့တာ။ အမှုကိစ္စတွေအပေါ် ကျွန်မရဲ့ရှုထောင့်က ဘယ်လောက်ယုတ္တိမတန်ခဲ့တာ သဘောပေါက်သွားတယ်။ ဘုရားအိမ်တော်က ပါရမီရှင်တွေကို လေးစားပြီး ပျိုးထောင်ပေးပါတယ်။ ဒါပေမဲ့ အပြင်လောကနဲ့တော့ မတူဘူးလေ။ လူတစ်ယောက်က ဘယ်ဘွဲ့မျိုး ရထားတယ်ဆိုတာ အရေးမကြီးဘူး။ သူတို့ရဲ့ လူ့သဘာဝရယ်၊ သမ္မာတရားကို သူတို့ချစ်ပြီး လိုက်စားသလားဆိုတာရယ်ပဲ အရေးကြီးတာ။ ညီအစ်ကိုမောင်နှမတချို့က ပြင်ပ လူ့အဖွဲ့အစည်းထဲက နယ်ပယ်မျိုးစုံမှာ အဆင်ပြေနေကြပေမဲ့ သူတို့ထဲက တချို့ဟာ ညံ့ဖျင်းတဲ့ လူ့သဘာဝရှိပြီး သမ္မာတရားကို မချစ်ကြတာ ကျွန်မမြင်ရတယ်။ သူတို့တာဝန်မှာ သမ္မာတရား စည်းမျဉ်းတွေကို မရှာကြ၊ သမ္မာတရားကို လက်မခံကြဘဲ ဖောက်ပြန်ပျက်စီးမှုနဲ့ ပြုမူရင်း သူတို့စိတ်ကြိုက် လုပ်ကြတယ်။ ကိုယ့်တာဝန်ကို သေချာမထမ်းကြဘူး၊ အသင်းတော် အလုပ်ကိုလည်း တော်တော်လေး နှောင့်ယှက်ကြတယ်။ သူတို့မှာ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများတော့ နောက်ဆုံး ဖယ်ရှင်းခံကြရမှာပဲ။ နေရာမြဲပြီး တာဝန်ထမ်းနိုင်တဲ့ သူတွေမှာ အတတ်ပညာပိုင်း ကျွမ်းကျင်မှုတွေ ရှိရုံသာမက အဓိကကတော့ လူ့သဘာဝကောင်း ရှိကြတယ်။ တချို့ဆို သမ္မာတရားကို ချစ်ပြီး လက်လည်း လက်ခံကြတယ်။ သူတို့တာဝန်မှာ လက်တွေ့ကျကြတယ်။ သူတို့မှာရှိတဲ့ အတတ်ပညာပိုင်း ကျွမ်းကျင်မှု မှန်သမျှကို တာဝန်ထမ်းတဲ့အခါ သုံးကြတာ။ သူတို့ထဲက တချို့ဆို ထိပ်တန်းအဆင့် မဟုတ်နိုင်လောက်ပေမဲ့ သူတို့စိတ်နှလုံးက နေရာမှန်မှာ ရှိပြီး ကိုယ့်တာဝန်မှာ လုံ့လစိုက်ကြတယ်။ ဘုရားရဲ့ ဉာဏ်ဖွင့်ပေးမှုနဲ့ လမ်းပြမှုကို ရပြီး သူတို့အလုပ်မှာ တိုးတက်လာကြတာ။ သူတို့ရဲ့ အတတ်ပညာပိုင်း ကျွမ်းကျင်မှုတွေ တိုးတက်လာရုံတင်မကဘူး သူတို့လည်း စည်းမျဉ်းနဲ့ ပိုညီလာတယ်။

နောက်တော့ ဘုရားနှုတ်ကပတ်တော်ထဲမှာ ဒါကို ဖတ်ရတယ်။ “သင်သည် သင်၏တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ၊ အခြားသူများနှင့် ဆက်ဆံသည်ဖြစ်စေ၊ သို့မဟုတ် သင့်ထံ၌ ဖြစ်ပျက်လာသည့် အထူးအမှုကိစ္စတစ်ခုခုကို ကိုင်တွယ်ဖြေရှင်းသည်ဖြစ်စေ သင်၌ ရှာဖွေခြင်းနှင့် နာခံခြင်း သဘောထား ရှိရမည်။ ဤသဘောထားမျိုးရှိသည်ဆိုလျှင် သင်၌ ဘုရားသခင်ကို ရိုသေလေးမြတ်သည့်စိတ်နှလုံး အတော်အတန်ရှိပြီး သမ္မာတရားကို သင်ရှာဖွေကာ နာခံနိုင်သည်ဟု ဆိုနိုင်သည်။ ဤသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်သည့် လမ်းကြောင်းဖြစ်သည်။ အကယ်၍ သင်၌ ရှာဖွေခြင်းနှင့် နာခံခြင်း သဘောထား မရှိဘဲ ထိုအစား ခေါင်းမာစွာ ဆန့်ကျင်လိုပြီး သမ္မာတရားကို ငြင်းပယ်ကာ စက်ဆုပ်ရွံရှာလျက် သင့်ကိုယ်သင် ဖက်တွယ်ထားပါက သင်သည် ဆိုးယုတ်မှုအမြောက်အမြားကို အလိုအလျောက် ကျူးလွန်မိလိမ့်မည် ဖြစ်သည်။ ယင်းကို သင်ထိန်းချုပ်နိုင်မည် မဟုတ်ပေ။...မိမိတို့၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ဖို့၊ မိမိတို့၏ယုံကြည်မှု၌ ဘုရားသခင်ကို ကျေနပ်စေဖို့နှင့် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်ခြင်းကို စွမ်းဆောင်ရရှိဖို့ မလွယ်ကူပေ။ သို့ရာတွင် လက်တွေ့လုပ်ဆောင်ခြင်း အခြေခံသဘောတရားတစ်ခုကို ယခုလေးတင် သင်တို့သိခဲ့ကြသည်— သင့်ထံ၌ တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ သင်၌ ရှာဖွေခြင်းနှင့် နာခံခြင်း သဘောတရားရှိပါက ဤအရာက သင့်ကို ကာကွယ်လိမ့်မည်။ အဆုံးသတ် ပန်းတိုင်သည် သင့်ကို ကာကွယ်ဖို့ မဟုတ်ပေ။ သမ္မာတရားကို သင်နားလည်စေဖို့နှင့် သမ္မာတရား၏ စစ်မှန်မှုထဲသို့ သင်ဝင်ရောက်နိုင်စေဖို့၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိစေဖို့ ဖြစ်သည်။ ဤသည်မှာ အဆုံးသတ် ပန်းတိုင်ဖြစ်သည်။ သင်တွေ့ကြုံခံစားသမျှတွင် သင်၌ ဤသဘောထား ရှိပါက သင်၏တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းခြင်းတို့သည် အနှစ်သာရမရှိသော စကားများနှင့် ရိုးအီနေသော အရာများ ဖြစ်သည်ဟု သင်ခံစားရတော့မည် မဟုတ်ချေ။ ယင်းက အလွန် ခက်ခဲပင်ပန်းသည်ဟု ခံစားရတော့မည် မဟုတ်ချေ။ ထိုအစား သင်သတိမထားလိုက်မီတွင် အတော်အသင့် များပြားသော သမ္မာတရားတို့ကို သင်နားလည်လာလိမ့်မည်။ ထိုနည်းအားဖြင့် သင်ဆက်လက် တွေ့ကြုံခံစားပါက သင်သည် ဆုလာဘ်များ သေချာပေါက် ရိတ်သိမ်းရလိမ့်မည်။(ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မအတွက် လမ်းကြောင်း ညွှန်ပြပေးခဲ့တယ်။ ဘာကိုပဲ ရင်ဆိုင်ရပါစေ ဘုရားကို နာခံပြီး ကြောက်ရွံ့တဲ့စိတ် ကျွန်မထိန်းထားရမယ်၊ သမ္မာတရား စည်းမျဉ်းတွေ ရှာရမယ်။ ဒီနည်းနဲ့မှ ဘုရားရဲ့ လမ်းပြမှုကို ရပြီး ကိုယ့်တာဝန်ကို သေချာထမ်းနိုင်မှာ။ ဒီလိုမှ မဟုတ်လို့ကတော့ မောက်မာမှုနဲ့ ကျွန်မပြုမူပြီး အလုပ်ကို အနှောင့်အယှက် ဖြစ်စေမိမှာပဲ။ အဲဒီနောက်ပိုင်း လူရွေးချယ်တဲ့ စည်းမျဉ်းတွေအပေါ် အခြေခံပြီး ဗီဒီယိုထုတ်လုပ်ရေး လုပ်ဖို့ တခြားလူတချို့ကို ကျွန်မလုပ်ဖော်ကိုင်ဖက်နဲ့ ကျွန်မတို့ ရှာတွေ့သွားခဲ့တယ်။ သူတို့မှာ ညီအစ်ကိုဝူလို အယူအဆပိုင်းဆိုင်ရာ ပညာတွေ မရှိကြပေမဲ့ ပိုကောင်းတဲ့ သဘောထားတော့ ရှိကြတယ်။ လက်တွေ့ကျတဲ့ နည်းနဲ့လည်း တကယ့်ကို သင်ယူလုပ်ကိုင်ကြတယ်။ ပြဿနာတွေနဲ့ သူတို့ကြုံရတဲ့အခါ ရှာဖွေပြီး မိတ်သဟာယပြုဖို့ အတူစုရုံးကြတယ်။ သူတို့တိုးတက်မှုကို ထိခိုက်စေတဲ့ ဖောက်ပြန်ပျက်စီးမှုကို တစ်ယောက်ယောက်က ထုတ်ပြတဲ့အခါ သူတို့ကိုယ်သူတို့ ဆင်ခြင်နိုင်ပြီး သင်ခန်းစာ ယူနိုင်ကြတယ်။ ဒီလိုနဲ့ နည်းနည်းကြာတော့ အားလုံးအတူ ဝိုင်းလုပ်ကြလို့ အလုပ်က အောင်မြင်မှုအစစ်တွေ ရလာရော၊ ရလဒ်တွေလည်း ပိုပိုကောင်းလာတယ်။ ကျွန်မဆိုရင် ဝမ်းသာအံ့သြ ဖြစ်ခဲ့ရတာပေါ့။ ကျွန်မတကယ်ခံစားခဲ့ရတယ်၊ ဘုရားအိမ်တော်မှာ တာဝန်ထမ်းတယ်ဆိုတာ နည်းပညာပိုင်း ကျွမ်းကျင်မှုတွေ၊ အစွမ်းအစတွေနဲ့ပဲ မဆိုင်ဘူး၊ အဓိကကျတာက လူမှန်ဖြစ်ရမယ်၊ လက်တွေ့ကျရမယ်၊ သမ္မာတရား ရှာပြီး ဘုရားကို ကြောက်စိတ် ရှိရမယ်ဆိုတာပေါ့။ ဒီနည်းနဲ့မှ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လမ်းပြမှုကို ရပြီး တာဝန်မှာ ရလဒ်တွေ စွမ်းဆောင်ရရှိနိုင်မှာ။ သမ္မာတရားကို ရှာပြီး စည်းမျဉ်းအရ ပြုမူတာကပဲ ဘုရားအလိုတော်နဲ့ ညီတဲ့ တစ်ခုတည်းသော နည်းလမ်းဆိုတာကိုလည်း မြင်ခဲ့ရတယ်။ ဘုရားကျေးဇူးတော်ပါပဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်မသည် အမှန်ပင် အဆင်းနီသော နဂါးကြီး၏ သားသမီးဖြစ်ပါသည်

ကျန်းမင်၊ စပိန် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောပါသည်။ “ဤလူတို့သည် အဆင်းနီသောနဂါးကြီး၏ သားသမီးများ ဖြစ်သည်ဟု ယခင်က ပြောထားခဲ့ပေသည်။...

ကျွန်တော့်ခံစားချက်တွေက ကျွန်တော့်ရဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းကို ဖုံးအုပ်သွားခဲ့တယ်

ကျိုးမင် တရုတ်နိုင်ငံ နေကောင်းရဲ့လား။ ဟီကျွမ် ငါ မင်းစာကို ရတယ်။ ငါတို့ကလေးတွေက အသင်းတော်ကနေ ရှင်းလင်းပစ်ခံရတယ်လို့ မင်းစာထဲမှာ ပြောထားတယ်။...

ဝိညာဉ်ရေးရာ တိုက်ပွဲ

ယန်ကျိ အမေရိကန်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သူတို့၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းမှ ယနေ့အထိ၊ လူတွေသည်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
စာလုံးသေးမည်
စာလုံးကြီးမည်
ဘောင်အပြည့်ချဲ့ကြည့်မည်
ဘောင်အပြည့်ချဲ့ကြည့်ခြင်းမှ ထွက်မည်