စည်းမျဉ်းမပါဘဲနှင့် တာဝန်တစ်ခု အကျိုးမဖြစ်ထွန်းနိုင်

21.07.2022

ရှူချင်း တရုတ်နိုင်ငံ

မနှစ်တုန်းက ဖေဖော်ဝါရီလမှာ ကျွန်တော်က အသင်းတော်တစ်ခုဆီကို ခေါင်းဆောင်အဖြစ် ရွှေ့ပြောင်းရတယ်။ အဲဒီအသင်းတော်မှာရှိတဲ့ အလုပ်ကဏ္ဍတွေအားလုံးက သိပ်ထိရောက်မှုမရှိတာကို ကျွန်တော် သတိထားမိပြီး တွေးမိတယ်။ ဒီအသင်းတော်ကိုလာဖို့ “ငါ့ကိုစီစဉ်ခဲ့တဲ့ခေါင်းဆောင်တွေက ငါ့ကို အရမ်းတန်ဖိုးထားပြီး ဒီအသင်းတော်ရဲ့အလုပ်ကို ငါပြောင်းလဲပစ်နိုင်တယ်လို့ ထင်တာဖြစ်ရမယ်။ ဒီတော့ ငါကောင်းကောင်းလုပ်ပြီး လက်တွေ့အလုပ်ကိုလုပ်နိုင်တယ်၊ ငါ့ကိုရွေးတာမှန်တယ်ဆိုတာကို ခေါင်းဆောင်တွေမြင်အောင်လုပ်ရမယ်” ပေါ့။ နောက်တော့ အလုပ်အခြေအနေအကြောင်းသိအောင်လို့ အသင်းတော်က အဖွဲ့တစ်ခုစီတိုင်းကိုသွားပြီး ညီအစ်ကိုမောင်နှမတွေရဲ့တာဝန်မှာ သူတို့ပြဿနာတွေနဲ့ အခက်အခဲတွေကို ကျွန်တော် ဖြေရှင်းတယ်။ ညီအစ်ကိုမောင်နှမတချို့က မကောင်းတဲ့အခြေအနေမှာရှိနေတော့ ကျွန်တော် သူတို့ကို ချစ်ချစ်ခင်ခင်ကူညီပံ့ပိုးပေးတယ်။ အလုပ်တွေမှာ မသင့်တော်တဲ့သူတွေကို ကျွန်တော် တွေ့တော့ ကျွန်တော့် လုပ်ဖော်ကိုင်ဖက်နဲ့ ဆွေးနွေးပြီးစည်းမျဉ်းတွေနဲ့အညီ သူတို့ကို ရွှေ့ပြောင်းတယ်၊ လူစားလဲတယ်။ အချိန်နည်းနည်းကြာပြီးတဲ့နောက်မှာ အသင်းတော်အလုပ်က အတော်အတန် တိုးတက်လာတယ်။ ကျွန်တော် အရမ်းပျော်သွားပြီး “ကြည့်ရတာ ငါက လက်တွေ့အလုပ်တချို့ကို လုပ်နိုင်တုန်းပဲ။ ဒီတော့ ငါအလုပ်ဆက်ကြိုးစားပြီး ပိုကောင်းတဲ့ရလဒ်တွေထွက်အောင်လုပ်ရမယ်။ ဒါဆို ငါက အလုပ်လုပ်ဖို့ အရည်အချင်းရှိတယ်လို့ ညီအစ်ကိုမောင်နှမတွေကမြင်ပြီး ငါက ခေါင်းဆောင်ကောင်းပဲလို့ ပြောကြမှာပဲ” ဆိုပြီးတော့ပဲ တွေးနေမိတယ်။

တစ်နေ့မှာ ကျွန်တော်တို့ အလုပ်တချို့ဆီကို သွားနေတုန်း ရေလောင်းအလုပ်ရဲ့ ထိရောက်မှုက သိသိသာသာလျော့ကျနေပြီး လူသစ်တချို့က အစည်းအဝေးတွေကို မလာတာကို သတိထားမိတယ်။ ကျွန်တော် စဉ်းစားမိတယ်။ “တခြားအလုပ်တွေအားလုံးက အခု ပိုပြီးထိရောက်တယ်။ ဒါပေမဲ့ ရေလောင်းအလုပ်ထိရောက်မှုက လျော့ကျလာတယ်။ ရေလောင်းအလုပ်က အဘက်ဘက်ကရလဒ်တွေကို ထိခိုက်တာခံလို့မဖြစ်ဘူး။ မဟုတ်ရင် ငါက မလုပ်ကိုင်နိုင်တဲ့ ခေါင်းဆောင်ဖြစ်တယ်လို့ လူတိုင်းကပြောကြမယ်။ ဒါဆိုရင် သူတို့စိတ်ထဲက ငါ့ပုံရိပ်ကို ထိခိုက်မှာပဲ” ပေါ့။ အဲဒါနဲ့ ကျွန်တော် ရေလောင်းအမှုထမ်းတွေဆီ အမြန်သွားတယ်။ စူးစမ်းကြည့်တယ်။ အဖွဲ့ခေါင်းဆောင် အစ်မဝူက လူသစ်တွေရဲ့ အစည်းအဝေးတွေ၊ တာဝန်တွေကို စီစဉ်တဲ့အခါမှာ သူတို့အခက်အခဲတွေကို ထည့်မစဉ်းစားတာကို သိလိုက်ရတယ်။ တချို့လူသစ်တွေက အလုပ်လုပ်ရတဲ့အချိန်မှာ သူက သူတို့အတွက် အစည်းအဝေးတွေ စီစဉ်တယ်။ ဒီတော့ သူတို့က အစည်းအဝေးတွေ မတက်နိုင်တော့ဘူးပေါ့။ ပြီးတော့ လူသစ်တချို့က အခက်အခဲတွေရှိတယ်။ သူတို့က တာဝန်နဲ့မကိုက်ဘူးလို့မြင်ပြီး အပျက်သဘောဆောင်နေကြတယ်။ ဒါကိုကြားရတော့ ကျွန်တော် နည်းနည်းစိတ်ဆိုးတယ်။ ကျွန်တော်စဉ်းစားတာပေါ့။ “လူသစ်တွေအတွက် အစည်းအဝေးတွေ၊ တာဝန်တွေစီစဉ်တဲ့အခါမှာ သူတို့အခြေအနေတွေကို ထည့်စဉ်းစားဖို့လိုတယ်လို့ ငါ သူ့ကိုရှင်းရှင်းလင်းလင်းပြောခဲ့တယ်။ ဘာလို့ သူက ပြောင်းလွယ်ပြင်လွယ်မရှိတာလဲ။ အယူအဆကို ကျွမ်းကျင်ပြီး ကောင်းကောင်းအသုံးပြုတာမျိုး ဘာလို့မလုပ်နိုင်တာလဲ။ သူက လူသစ်တွေကိုရေလောင်းဖို့ အစွမ်းအစရှိပုံမရဘူး။ ငါတို့ရှိနေတဲ့ မကောင်းတဲ့အလုပ်ရလဒ်တွေအားလုံးက သူနဲ့ ဆက်စပ်နေတယ်။ သူတစ်ယောက်တည်းကနေ အသင်းတော်တစ်ခုလုံးရဲ့ အလုပ်ကို ထိခိုက်ခွင့်ပေးလို့မဖြစ်ဘူး။ သူ့ကို ချက်ချင်းထုတ်ပစ်ရမယ် ပေါ့။ “ငါ သူ့ကို မထုတ်ရင် အလုပ်ရလဒ်က ဘယ်တော့မှ တိုးတက်မှာမဟုတ်ဘူး။ ဘုရားအိမ်တော်ရဲ့အလုပ်ကို နှောင့်နှေးစေရုံမကဘဲ ငါက အလုပ်ကို မလုပ်နိုင်ဘူး၊ တကယ့်ပြဿနာတွေကို မဖြေရှင်းနိုင်ဘူးလို့ ငါ့အထက်လူကြီးတွေ၊ ညီအစ်ကိုမောင်နှမတွေက ထင်ကြမှာပဲ။ ငါ့ရဲ့ အရည်အချင်းကို လူတွေသံသယရှိနေလို့ မဖြစ်ဘူး” ပေါ့။ အဲဒါနဲ့ အစည်းအဝေးပြီးတဲ့နောက်မှာ အစ်မဝူကို ထုတ်ဖို့အတွက် ကျွန်တော့်အလုပ်ဖော်နဲ့ သင်းထောက်တွေကို တင်ပြလိုက်တယ်။ ရေလောင်းသင်းထောက်ကပြောတယ်။ “အစ်မဝူက အရင်တုန်းက လူသစ်တွေကိုရေလောင်းတာမှာ ထိရောက်မှုရှိတယ်။ အခုတလောမှာ သူက မကောင်းတဲ့အခြေအနေမှာရှိနေနိုင်တယ်။ လူသစ်တွေကို လေ့ကျင့်နေတုန်းမှာ ဒါက နည်းနည်းအလျင်စလိုဖြစ်သွားနိုင်တယ်။ ဒါပါပဲ။ သူ့အခြေအနေကို ကျွန်တော်တို့ စုံစမ်းစစ်ဆေးသင့်ပြီး သူ့ကို မိတ်သဟာယပြုပြီး ကူညီပေးသင့်တယ်။ အချိန်နည်းနည်းကြာပြီးတော့ သူက မပြောင်းလဲရင် သူ့ကို ထုတ်လို့ရတာပေါ့” တဲ့။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ကျွန်တော်စဉ်းစားသမျှက ကျွန်တော့်ဂုဏ်သတင်းနဲ့အဆင့်အတန်းကို ထိခိုက်နိုင်တယ်ဆိုတာပဲ။ ကျွန်တော် တွေးမိတယ်။ “အစ်မဝူက လူသစ်တွေကိုရေလောင်းတာကို အခုမှစလုပ်တာမဟုတ်ဘူး။ ဒါကို အရင်ကလည်း သူ့ကို သတိပေးခဲ့တယ်။ သူက သတိပေးပြီး ကူညီတာကို လက်မခံဘူးထင်တယ်။ သူ့ကို အချိန်မီ မထုတ်ရင် နှောင့်နှေးတာ၊ အလုပ်ကို ထိခိုက်တာဖြစ်ရင် တာဝန်က ငါ့ဆီပဲ အမြဲတမ်းပြန်လာမှာ။ ဒီတော့ ဘာပဲဖြစ်ဖြစ် ဒီတစ်ခါ ငါ့ကိုသူတို့သဘောတူအောင်လုပ်ပြီး အစ်မဝူကို ထုတ်ပစ်ဖို့ လိုတယ်” ပေါ့။ အဲဒါနဲ့ ကျွန်တော်က စိတ်ဆိုးဆိုးနဲ့ ပြောလိုက်တယ်။ “အစ်မဝူက သူ့တာဝန်မှာ မထိရောက်ဘူး။ ဒါဟာ သူက အရည်အချင်းမရှိဘူး၊ ဒီတာဝန်အတွက် မသင့်တော်ဘူးဆိုတာ သက်သေပြတာပဲ။ သူ့ကိုဆက်ထားပြီး အလုပ်ရလဒ်က မတိုးတက်ရင် အစ်ကိုတို့ထဲက ဘယ်သူက ဒီတာဝန်ကို ခံမှာလဲ ကျွန်တော်မပါဘဲ သူ့ကို ကူညီပေးလိုက်တော့” ဆိုပြီးတော့။ ကျွန်တော့်သဘောထားကို သူတို့မြင်တော့ ကျွန်တော့်အလုပ်ဖော်နဲ့ သင်းထောက်တွေက ဘာမှမပြောဘူး။

နောက်ပိုင်းမှာ အစ်မဝူက လူစားလဲခံရပြီးတဲ့နောက်မှာ တော်တော်အပျက်သဘောဆောင်လာတယ်လို့ ကြားရတယ်။ သူက လူသစ်တွေကိုရေလောင်းပေးနေတာ နှစ်တွေကြာနေပြီး ရလဒ်ကလည်း သင့်တင့်မှုရှိတယ်လို့ ခံစားရတယ်။ အသင်းတော်က ရေလောင်းအမှုထမ်းတွေ နည်းနေတာကြောင့် သူက ယုံကြည်ခြင်းမှာ အသစ်ဖြစ်နေတဲ့ လူသစ်တွေကို လေ့ကျင့်ပေးနေတာ။ ပြီးတော့ အစည်းအဝေးနေရာတချို့ကို သူက ပေါင်းလိုက်တယ်။ အဲဒီတော့ လူသစ်တွေအားလုံးရဲ့ အခက်အခဲတွေကို ဂရုစိုက်ဖို့ သူက အရမ်းအလုပ်ရှုပ်နေတဲ့အချိန်မှာ ပြဿနာဖြစ်တာ။ ဒီလိုမျိုး အထုတ်ခံရနိုင်တယ်လို့ သူမထင်ခဲ့ဘူး။ ဒီတော့ ကျွန်တော်တို့က သူ့ကို စည်းမျဉ်းမပါဘဲနဲ့ ထုတ်လိုက်တယ်၊ ခဏတာ အပြုအမူကို အခြေခံပြီး ဒီလိုလုပ်လိုက်တယ်၊ သူ့ရဲ့ ပြောင်းလဲမှုမရှိတဲ့ အပြုအမူအပေါ် မျှမျှတတ အကဲဖြတ်တာမျိုးမဟုတ်ဘူးလို့ သူခံစားမိတယ်။ ဒါပေမဲ့ ဒါကို ကျွန်တော်ကြားတော့ သမ္မာတရားကို ရှာဖွေပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်တာ မလုပ်ရုံမကဘဲ အစ်မဝူရဲ့ ဝိညာဉ်ရင့်ကျက်မှုက နည်းလွန်းတယ်၊ သူ့ကိုယ်သူမသိနိုင်ဘူး၊ သင်ခန်းစာတွေမယူနိုင်ဘူးလို့ ခံစားမိခဲ့တယ်။ အဲဒါနဲ့ လုံးဝ အလေးအနက်မထားခဲ့ဘူး။

အစ်မဝူအထုတ်ခံရပြီးတဲ့နောက်မှာ အစ်မလျူကို အဖွဲ့ခေါင်းဆောင်အဖြစ် ရွေးခဲ့ပါတယ်။ “ကျွန်တော်က အခု ရေလောင်းအလုပ်က ပိုပြီး ထိရောက်သင့်တယ်” ဆိုပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ တွေးမိခဲ့တယ်။ ဒါပေမဲ့ အချိန်နည်းနည်းကြာတော့ အစ်မလျူရဲ့ အလုပ်လုပ်တဲ့ အရည်အချင်းက အတော်လေးညံ့တာကို တွေ့ရတယ်။ ပြီးတော့ သူက အစ်မဝူလောက် တာဝန်မသိတတ်ဘူး။ လူသစ်တွေရဲ့ အခြေအနေတွေကို အချိန်မီ နားမလည်နိုင်ဘူး။ သူတို့ပြဿနာတွေကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ မသိဘူး။ ရလဒ်အနေနဲ့ အချိန်နည်းနည်းကြာပြီးတဲ့နောက်မှာ ရေလောင်းအလုပ်က မတိုးတက်လာသေးဘူး။ ကျွန်တော် စိတ်မအေးနိုင်ဖြစ်လာတယ်။ အစ်စမဝူကို ထုတ်လိုက်တာ မှားပြီလား တွေးမိတယ်။ ဒါပေမဲ့ အခြေအနေက ဒီလိုဖြစ်လာတော့ အစ်မလျူရဲ့ ရလဒ်တွေတိုးတက်လာမလားကြည့်ဖို့ သူ့ကို ပိုပြီး မိတ်သဟာယဖွဲ့ပြီး ကူညီပေးဖို့ ဆုံးဖြတ်လိုက်တယ်။

အသင်းတော်ကို လူသစ်တွေ ပိုရောက်လာတော့ ပထမဦးစားပေးက ရေလောင်းအမှုထမ်းတွေကို ပိုပြီး မြန်မြန်လေ့ကျင့်ပေးဖို့ပဲ။ အဲဒါနဲ့ သင့်တော်သူတွေကို အမြန်စရှာတယ်။ အစ်မချန်းကို ကျွန်တော်စဉ်းစားမိတယ်။ သူက အထုတ်ခံရပြီး သီးခြားခွဲထားပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်နေတုန်းပဲရှိသေးတယ်။ သူက အရင်က ဧဝံဂေလိဟောဖူးပြီး ရလဒ်တချို့ရတယ်။ ဒီတော့ သူ့ကို လေ့ကျင့်ပေးချင်ခဲ့တယ်။ သူက ခင်ဖို့ကောင်းပြီး လူတွေနဲ့ ဆက်ဆံတာတော်တယ်၊ ဒီတော့ သူ့ကို လေ့ကျင့်ပေးရင် ရေလောင်းအလုပ် ပြဿနာတွေက ကိုင်တွယ်ပြီးဖြစ်မယ်၊ ကျွန်တော့်အထက်လူကြီးတွေက ကျွန်တော့်မှာ အစွမ်းအစကောင်းရှိပြီး ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်တယ်လို့ သေချာပေါက်ပြောမယ်လို့ပဲ ထင်ခဲ့တာ။ အဲဒါနဲ့ အစ်မချန်းကို ပျိုးထောင်ပေးတဲ့နေရာမှာ အာရုံစိုက်ဖို့ ရေလောင်းသင်းထောက်ကို ကျွန်မ ပြောခဲ့တယ်။ ရေလောင်းသင်းထောက်က ကသိကအောက်ဖြစ်ပြီး ပြောတယ်။ “ကိစ္စတွေကို ဒီလိုစီစဉ်ဖို့ ကျွန်တော်တို့ စဉ်းစားပါတယ်။ ဒါပေမဲ့ အစ်မချန်းက အထုတ်ခံရပြီးတဲ့နောက်မှာ ကိုယ့်ကိုယ်ကိုယ် သိမြင်မှုမရှိသေးဘူး။ သူ ဧဝံဂေလိဟောတဲ့အခါမှာ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် ယှဉ်ပြိုင်တယ်။ မနာလိုမှုတွေ၊ အငြင်းပွားမှုတွေ ဖြစ်အောင်လုပ်တယ်။ ဒါကြောင့် သူများတွေက သူတို့တာဝန်ကို ပုံမှန်ထမ်းဆောင်ဖို့ မဖြစ်နိုင်တော့ဘူး။ အခု လူသစ်တွေကိုရေလောင်းဖို့ သူ့ကို လေ့ကျင့်ပေးရင် သူက ကောက်ကျစ်ဆိုးယုတ်တာတွေပိုလုပ်ပြီး အနှောင့်အယှက်ပိုဖြစ်မှာမဟုတ်ဘူးလား။ ရေလောင်းတာက ဘုရားအိမ်တော်မှာ အရေးကြီးဆုံးတာဝန်တစ်ခုပဲ။ ဒါအတွက် လေ့ကျင့်ထားတဲ့သူတွေက လူ့သဘာဝကောင်းရှိပြီး ဘုရားအိမ်တော်ရဲ့အလုပ်ကို အနှောင့်အယှက်မပေးရဘူး။ စည်းမျဉ်းနဲ့အညီ ကိစ္စတွေကို လုပ်ရမယ်” တဲ့။ သူ့စကားတွေကြောင့် ကျွန်တော် စိတ်ပူသွားတယ်။ ကျွန်တော် စဉ်းစားတယ်။ “အစ်မချန်းက ခင်ဖို့ကောင်းပြီး အစွမ်းအစရှိတယ်။ လူသစ်တွေကို ရေလောင်းဖို့ သူ့ကို လေ့ကျင့်ပေးတာက အလုပ်ကိုပိုပြီးထိရောက်အောင် အမြန်လုပ်ပေးမှာသေချာတယ်။ သူက စစ်မှန်တဲ့နောင်တမရှိတဲ့ပုံစံရှိလို့ဆိုပြီး သူ့ကိုအခု လေ့ကျင့်မပေးဖို့ ဆုံးဖြတ်ရင် ငါ့ခေါင်းဆောင်တွေက ငါ့အလုပ်အရည်အချင်းကို မြင်နိုုင်မှာမဟုတ်ဘူး။ မဖြစ်ဘူး။ ငါဖြစ်ချင်တာကို လုပ်ဖို့ သူ့ကို လက်ခံအောင်လုပ်ရမယ်။ အလျှော့ပေးလိုက်လို့မဖြစ်ဘူး” ပေါ့။ အဲဒါနဲ့ ကျွန်တော် ရေလောင်းသင်းထောက်ကို ကိုင်တွယ်ဖြေရှင်းပြီး ပြောတယ်။ “အခုက စည်းကမ်းတွေကို မစဉ်းမစားနာခံရမယ့်အချိန်လား။ အရင်တုန်းက ပြစ်မှားခဲ့တဲ့သူတွေကို နောင်တရဖို့ အခွင့်အလမ်းပေးသင့်တယ်လို့လည်း စည်းမျဉ်းတွေမှာ ပြောတယ်။ အစ်မချန်းက ဖော်ရွေပြီး လူသစ်တွေကို ရေလောင်းဖို့ အစွမ်းအစရှိတယ်။ ဒီတော့ သူ့ကို လေ့ကျင့်ပေးလို့ရတယ်။ သူ့ကို အနီးကပ်စောင့်ကြည့်ပြီး အနှောင့်အယှက်တွေဖြစ်အောင်လုပ်ခွင့်မပေးဖို့ပဲ လိုတာ။ အစ်မချန်းက အစွမ်းအစကောင်းရှိပြီး အမြန်သင်ယူတယ်။ နောက်ထပ် ကျွမ်းကျင်တဲ့ရေလောင်းသူတစ်ယောက်ရှိတာဟာ အသင်းတော်အတွက် ပြဿနာတွေအများကြီး ပြေလည်စေလိမ့်မယ်။ သူ့ကို သွားခေါ်ပြီး အစည်းအဝေးဆီကို ခေါ်လိုက်” ဆိုပြီးတော့။ ရေလောင်းသင်းထောက်က ကျွန်တော့်ရဲ့ ခေါင်းမာတဲ့သဘောထားကိုမြင်တဲ့အခါ ဘာမှဆက်မပြောတော့ဘူး။

ဒါပေမဲ့ သုံးလေးရက်ကြာတော့ ရေလောင်းသင်းထောက်က သတင်းပို့တယ်။ အစ်မချန်းက လူသစ်တွေကို ရေမလောင်းခင်မှာ သူတို့ရဲ့ အယူအဆတွေ၊ ရှုပ်ထွေးမှုတွေကို မစုံစမ်းဘူး၊ ပစ်မှတ်ထားထားတဲ့ မိတ်သဟာယကို မဖွဲ့ဘူးတဲ့။ အဲဒီအစား သူ့ကိုယ်ပိုင်စိတ်ကူးတွေကို အခြေခံပြီး မိတ်သဟာယဖွဲ့ဖို့ အတင်းပြောတယ်။ အဲဒါကြောင့် လူသစ်နှစ်ယောက်က ဆန့်ကျင်ပြီး၊ အာခံပြီးတော့ မယုံကြည်တော့ဘူး။ အဲဒီအချိန်မှာ ကျွန်တော် နည်းနည်း စိတ်မသက်မသာဖြစ်တယ်။ အစ်မချန်းရဲ့ အစွမ်းအစနဲ့ဆိုရင် ဒီလိုဟာမျိုးကို မလုပ်သင့်ဘူး။ နောက်ပိုင်းမှာ အစ်မချန်းကို ကျွန်တော် စကားပြောတော့ သူက အပြင်ပန်းမှာပဲ သူ့တာဝန်တွေမှာ ကြိုတင်စီမံမှုရှိတယ်ဆိုတာ သဘောပေါက်လိုက်တယ်။ သူ့ရဲ့ အရင်က ပြစ်မှားမှုတွေအပေါ် နားလည်မှုမရှိဘူး။ ပြီးတော့ သူ့ရဲ့ ရေလောင်းအလုပ်မှာ ဒီလိုအရေးကြီးတဲ့ပြဿနာပေါ်ပြီးတဲ့နောက်မှာ သူ့ကိုယ်သူ ဆင်ခြင်ပြီး သင်ခန်းစာယူတာ လုံးဝမရှိဘူး။ သူက ထုံထိုင်းတယ်။ ကျွန်တော်က သူ့ကို ပျိုးထောင်တဲ့နေရာမှာ နည်းနည်းအလျင်လိုသွားတာဖြစ်နိုင်တယ်၊ သူ့ကို ဆက်ပြီး သီးခြားခွဲထားပြီး ဆင်ခြင်ဖို့လိုတာဖြစ်နိုင်တယ်ဆိုတာကို အခုမှ ကျွန်တော်နည်းနည်း သတိထားမိလာတယ်။ ဒါပေမဲ့ နောက်ထပ်စဉ်းစားကြည့်တော့လည်း အစ်မချန်းက အစွမ်းအစကောင်းရှိပြီး ခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့တယ်။ ဒီတော့ သူ့ကို ပိုပြီးကူညီလိုက်ရင် သူက အမြန်နားလည်ပြီး အခြေအနေကို ပြောင်းလဲနိုင်သင့်တယ်ပေါ့။ ကျွန်တော် လုပ်ရမှာက သူ့ကို လေ့ကျင့်ပေးပြီး ရေလောင်းတဲ့အလုပ်ရလဒ်တွေကို တိုးတက်စေဖို့ပဲ။ ပြီးရင် ခေါင်းဆောင်တွေက ကျွန်တော့်ကို လက်ခံလိမ့်မယ် ပေါ့။

အဲဒါနဲ့ ကျွန်တော်က ရလဒ်ကောင်းတွေ မျှော်လင့်နေတဲ့အချိန်မှာ တစ်မနက်မှာ ကျွန်တော့် လုပ်ဖော်ကိုင်ဖက်က ပြောတယ်။ “အစ်ကိုက တာဝန်ကို စည်းမျဉ်းတွေနဲ့အညီမထမ်းဆောင်ဘူးလို့ ညီအစ်ကိုမောင်နှမတွေက စာရေးပြီးပြောတယ်။ အစ်ကိုက သီးခြားခွဲထားတုန်းဖြစ်တဲ့ အစ်မချန်းကို ရေလောင်းအလုပ်လုပ်ဖို့ အတင်းစီစဉ်ခဲ့တယ်။ ဒီအချိန်အတွင်းမှာ အစ်မချန်းက လူသစ်တွေကို ရေလောင်းတဲ့အခါမှာ ပြဿနာတွေ အများကြီးဖြစ်တယ်။ ဒါပေမဲ့ သူက မဆင်ခြင်ခဲ့ဘူး။ သူ့ကိုယ်သူ မသိခဲ့ဘူး။ သူ့ရဲ့ အပြောင်းအလဲမရှိတဲ့ အပြုအမူကို ကြည့်ပြီး သူက ပျိုးထောင်ပေးဖို့အတွက် လုံးဝ မသင့်တော်ဘူး။ သူ့ကိုဆက်ပြီး သီးခြားခွဲထားပြီး ဆင်ခြင်စေဖို့ အကြံပြုကြတယ်” တဲ့။ ကျွန်တော့်လုပ်ဖော်ကိုင်ဖက်ပြောတာကို ကြားရတော့ ကျွန်တော် ရင်ထိတ်သွားတယ်။ “သွားပြီ။ ငါတော့ သွားပြီပေါ့။ ဒါက မှတ်ချက်ပေးတာသက်သက်မဟုတ်ဘူး။ စည်းမျဉ်းတွေနဲ့အညီမလုပ်လို့ ကျွန်တော့်ကို ဖော်ထုတ်ဖို့ တရားဝင် အစီရင်ခံစာပဲ။ ကျွန်တော် ဘုရားကို ယုံခဲ့တာနှစ်တွေကြာနေပြီ။ ဘယ်သူတိုင်တာမှ မခံရဖူးဘူး။ ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကို အခုဘယ်လိုထင်ကြမလဲ” ပေါ့။ အဲဒီအချိန်တုန်းက ကျွန်တော် တော်တော်ရှက်မိတယ်။ ကျွန်တော့်ခွက်ကို ကောက်ကိုင်လိုက်ပြီး ရေကို သုံးလေးခါလောက်သောက်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ငြိမ်အောင် ကြိုးစားလိုက်တယ်။ ဒါပေမဲ့ ကျွန်တော့် နှလုံးက မုန်တိုင်းရှိတဲ့ပင်လယ်လို လှိုင်းထန်နေတယ်။ “ငါ့ခေါင်းဆောင်တွေက အဲဒီစာအကြောင်းအရာတွေကို သိသွားရင် ငါက တာဝန်တွေကို စည်းမျဉ်းနဲ့အညီမလုပ်ဘူး၊ အသင်းတော်အလုပ်ကို နှောင့်ယှက်နေတယ်ဆိုပြီး ပြောကြမယ်။ ဒီအတွက် ငါ့ကို ထုတ်ပစ်ကြမှာလား” ပေါ့။ ကျွန်တော့်စိတ်က ကသောင်းကနင်းဖြစ်နေတယ်။ နောက်ဆုံးတော့ ကျွန်တော် လေလျော့နေတဲ့ဘောလုံးလို ထိုင်ခုံတစ်ခုံပေါ် ပစ်ထိုင်ချလိုက်တယ်။ ကျွန်တော့် အလုပ်ဖော်က ကျွန်တော့်အခြေအနေကိုမြင်တော့ ပြောတယ်။ “ညီအစ်ကိုမောင်နှမတွေက စောင့်ကြည့်ပြီး ဖော်ထုတ်တာက ကျွန်မတို့အတွက် အထောက်အကူဖြစ်တယ်။ အခု ဘုရားသခင်ဆီကနေ လက်ခံရရှိသင့်တယ်” တဲ့။ ဘုရားသခင်ဆီကနေ လက်ခံရရှိဖို့ ကျွန်တော့်နှုတ်နဲ့ ကတိပေးခဲ့ပေမဲ့ ကျွန်တော့်စိတ်ကို ငြိမ်အောင်မထိန်းနိုင်ဘူး။ တစ်နေ့လုံး မစားနိုင်၊ မသောက်နိုင်ခဲ့ဘူး။ ဒီစာမှာ ကျွန်တော့်အပြုအမူရဲ့ အမှန်တရားတွေ ဖော်ထုတ်ခံရတဲ့ အတွေးက ကျွန်တော့်နှလုံးသားကို စူးနစ်စေတယ်။ ကျွန်တော် ဒူးထောက်ပြီး ဘုရားကို ဆုတောင်းခဲ့တယ်။ “ဘုရားသခင် ဒီအရာကို ကျွန်တော့်အပေါ် ဖြစ်ပျက်စေတာမှာ ကိုယ်တော့်မှာ ကောင်းတဲ့ရည်ရွယ်ချက်တွေရှိတာကို သိပါတယ်။ ကိုယ်တော့်အလိုတော်ကိုနားလည်ပြီး ဒီကနေ သင်ခန်းစာယူဖို့ လမ်းပြတော်မူပါ” ပေါ့။

နောက်ပိုင်းမှာ ကျွန်တော် ဆင်ခြင်ရင်း၊ ရှာဖွေရင်းနဲ့ ဘုရားနှုတ်ကပတ်တော်နည်းနည်းဖတ်တယ်။ “အန္တိခရစ်များသည် မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ ၎င်းတို့၏ ကိုယ်ပိုင်ရည်မှန်းချက်များ၊ ရည်ရွယ်ချက်များရှိသည်။ ၎င်းတို့၏ ကိုယ်ပိုင်အစီအစဉ်နှင့်အညီ အစဉ် ပြုမူဆောင်ရွက်နေကြသည်။ ဘုရားအိမ်တော်၏ အစီအစဉ်များနှင့် အလုပ်အပေါ် ၎င်းတို့၏ သဘောထားမှာ ‘သင်က အစီအစဉ်များ ထောင်ချီ၍ ရှိနိုင်သည်။ သို့သော် ကျွန်ုပ်တွင် စည်းမျဉ်းတစ်ခုရှိသည်’ ဟူ၍ ဖြစ်သည်။ ဤအရာအားလုံးကို အန္တိခရစ်၏ သဘာဝဖြင့် သတ်မှတ်ဆုံးဖြတ်သည်။ အန္တိခရစ်တစ်ယောက်သည် ၎င်းတို့၏ စိတ်နေစိတ်ထားကို ပြောင်းလဲပြီး သမ္မာတရားစည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်နိုင်သလော။ ဤသည်မှာ လုံးဝ ဖြစ်နိုင်မည်မဟုတ်ပေ။...၎င်းတို့သည် မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ စည်းမျဉ်းတစ်ခုတည်းကိုသာ အစဉ် ကိုင်စွဲထားသည်။ အကျိုးအမြတ်အချို့ကို ၎င်းတို့ စုဆောင်းရမည် ဟူ၍ဖြစ်သည်။ အန္တိခရစ်များ အနှစ်သက်ဆုံးသော အလုပ်အမျိုးအစားမှာ ၎င်းတို့အဖို့ မည်သည့်ဆုံးရှုံးမှုမျှ မရှိသည့်အခါ၊ ဆင်းရဲဒုက္ခမခံရသည့်၊ အဖိုးအခမပေးဆပ်ရသည့်အခါနှင့် ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် အကျိုးအမြတ်ရှိသည့်အခါတွင် ဖြစ်သည်။ အနှစ်ချုပ်လျှင် အန္တိခရစ်များသည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အရင်ဦးဆုံး ထည့်စဉ်းစားပြီး အရာအားလုံးကို သေချာစဉ်းစားတွေးတောပြီးမှသာ ဆောင်ရွက်ကြသည်။ ၎င်းတို့သည် ညှိုနှိုင်းခြင်းမရှိဘဲ သမ္မာတရားကို မှန်ကန်စွာ၊ ရိုးသားစစ်မှန်စွာ၊ အပြည့်အဝ လိုက်နာခြင်းမရှိဘဲ စိစိစစ်စစ်ရှိစွာနှင့် အခြေအနေပေါ်မူတည်၍ ဆောင်ရွက်ကြသည်။ ဤသည်မှာ မည်သည့်အခြေအနေဖြစ်သနည်း။ ဤသည်မှာ ၎င်းတို့၏ ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သတင်းကို အကာအကွယ်ပေးရမည်ဖြစ်ပြီး၊ မည်သည့်ဆုံးရှုံးမှုကိုမျှ မခံရစေခြင်းဖြစ်သည်။ ဤအခြေအနေနှင့် ကိုက်ညီပြီးမှသာ ၎င်းတို့သည် မည်သည့်အရာလုပ်ဆောင်ရမည်ကို ဆုံးဖြတ်ပြီး ရွေးချယ်သည်။ ဆိုလိုသည်မှာ အန္တိခရစ်တို့သည် သမ္မာတရားစည်းမျဉ်းများ၊ ဘုရားသခင်၏ စေခိုင်းချက်များနှင့် ဘုရားအိမ်တော်၏ အလုပ်၊ သို့မဟုတ် ၎င်းတို့ရင်ဆိုင်ရသည့်အရာတစ်ခုကို မည်သို့ကိုင်တွယ်ရမည်ဆိုသည်ကို အလေးအနက် စဉ်းစားကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို မည်သို့ဖြည့်ဆည်းရမည်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်ခြင်းမှ မည်သို့ထိန်းသိမ်းကာကွယ်ရမည်၊ ဘုရားသခင်ကို မည်သို့ ကျေနပ်စေရမည်၊ သို့မဟုတ် ညီအစ်ကိုမောင်နှမတို့အား မည်သို့ အကျိုးဖြစ်စေရမည်တို့ကို မစဉ်းစားပေ။ ဤအရာတို့သည် ၎င်းတို့ ထည့်စဉ်းစားသည့် အရာများမဟုတ်ပေ။ အန္တိခရစ်များ သည် မည်သည့်အရာကို ထည့်စဉ်းစားသနည်း။ ၎င်းတို့၏ ကိုယ်ပိုင် အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့ ထိခိုက်ခြင်းရှိမရှိနှင့် ၎င်းတို့၏ ဂုဏ်သိက္ခာ နိမ့်ကျခြင်းရှိမရှိတို့ဖြစ်သည်။ သမ္မာတရားစည်းမျဉ်းများအတိုင်း တစ်စုံတစ်ခုကို လုပ်ဆောင်ခြင်းသည် အသင်းတော်အလုပ်ကို အကျိုးဖြစ်စေပြီး ညီအစ်ကိုမောင်နှမများအတွက် အကျိုးရှိစေသော်လည်း ၎င်းတို့၏ ဂုဏ်သတင်းကို ထိခိုက်စေပြီး လူများစွာတို့အား ၎င်းတို့၏ တကယ့် ဝိညာဉ်ရင့်ကျက်မှုကို နားလည်သဘောပေါက်မိစေပြီး ၎င်းတို့တွင် မည်သည့်သဘာဝနှင့် အနှစ်သာရမျိုး ၎င်းတို့ ရှိသည်ကိုသိစေလျှင် ၎င်းတို့သည် သမ္မာတရားစည်းမျဉ်းများအရ သေချာပေါက် လုပ်ဆောင်မည်မဟုတ်ပေ။ လက်တွေ့အလုပ်အချို့ကို လုပ်ဆောင်ခြင်းသည် ၎င်းတို့ကို လူများက ပို၍ အထင်ကြီးစေလျှင် လေးစားစေလျှင်၊ အားကျစေလျှင်၊ ၎င်းတို့၏ စကားများအား သြဇာအာဏာကို သယ်ဆောင်စေပြီး ပိုများသော လူတို့အား ၎င်းတို့ကို နာခံကြစေလျှင် ထိုနည်းအတိုင်းလုပ်ဆောင်ရန် ရွေးချယ်ကြလိမ့်မည်။ ဤသို့မဟုတ်လျှင် ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများ သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ အကျိုးစီးပွားကို မည်သို့မျှ လုံးဝ ထည့်စဉ်းစားမည်မဟုတ်ဘဲ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို စွန့်ပစ်ဖို့ ရွေးချယ်မည်မဟုတ်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ သဘာဝနှင့် အနှစ်သာရဖြစ်သည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၃)”) ဘုရားနှုတ်ကပတ်တော်မှာ ထုတ်ဖော်ပြတာကနေ အန္တိခရစ်တွေလုပ်သမျှက သူတို့ကိုယ်ပိုင်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ပဲဆိုတာ ကျွန်တော် နားလည်ခဲ့တယ်။ သူတို့ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းမပါတဲ့ ကိစ္စတွေမှာ သမ္မာတရားစည်းမျဉ်းတွေနဲ့အညီ သူတို့ ဆောင်ရွက်နိုင်တယ်။ ဒါပေမဲ့ သမ္မာတရားစည်းမျဉ်းတွေနဲ့ ဆောင်ရွက်တာက သူတို့ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ခြိမ်းခြောက်ရင် အန္တိခရစ်တွေက စည်းမျဉ်းတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး ကိုယ်ပိုင်စိတ်ကူးတွေအရ ထင်ရာမြင်ရာ လုပ်ဆောင်ကြတယ်။ သူတို့ကိုယ်ပိုင်အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ထိခိုက်စေဖို့ကို ပိုနှစ်သက်ကြတယ်။ ခေါင်းဆောင်ဖြစ်ကတည်းက ကျွန်တော်လုပ်ခဲ့တာကို ပြန်ဆင်ခြင်ကြည့်ပြီး ဘုရားနှုတ်ကပတ်တော်က ထုတ်ဖော်ပြတဲ့ အန္တိခရစ်တွေနဲ့ အတူတူပဲဆိုတာ မြင်ခဲ့ပါတယ်။ ကျွန်တော်က အရည်အချင်းရှိပြီး လက်တွေ့အလုပ်ကိုလုပ်နိုင်တယ်ဆိုတာ သက်သေပြဖို့ အောင်မြင်မှုတစ်ခုကို အမြန်ပြချင်ခဲ့တယ်။ အဲဒီနည်းနဲ့ ကျွန်တော့်ရဲ့ အထက်လူကြီးတွေ၊ ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကို ခေါင်းဆောင်ဖြစ်စေတာက မှန်တဲ့ရွေးချယ်မှုဖြစ်တယ်ဆိုတာ မြင်နိုင်ဖို့အတွက်ပေါ့။ ဒါကြောင့် ကျွန်တော်က လူတွေကို ရွေးချယ်အသုံးပြုတဲ့အခါမှာ သမ္မာတရားစည်းမျဉ်းတွေကို လုံးဝ မရှာဖွေခဲ့ဘူး။ ဘုရားအိမ်တော်ရဲ့အလုပ်ကို ဘယ်လိုအကျိုးဖြစ်စေရမယ်ဆိုတာ မစဉ်းစားခဲ့ဘူး။ သူများတွေရဲ့ အကြံကို နားမထောင်ဘူး။ ကိုယ့်ဘာသာဆုံးဖြတ်ဖို့ မလျှော့တမ်းလုပ်ခဲ့တယ်။ အစ်မဝူက လူသစ်တွေရဲ့ တကယ့်အခြေအနေတွေကို အခြေခံပြီး သူတို့အတွက် အစည်းအဝေးတွေ၊ တာဝန်တွေကို စီစဉ်မပေးတာကို ကျွန်တော် မြင်တော့ သူ့အခြေအနေနဲ့ အခက်အခဲတွေကို ကျွန်တော် မမေးခဲ့ဘူး။ ဒီအမှားကိုပဲ သူလုပ်နေတာကိုရှောင်နိုင်ဖို့အတွက် ပြဿနာရဲ့ အရင်းအမြစ်ကိုရှာပြီး စည်းမျဉ်းတွေထဲကို ဝင်ရောက်ဖို့ သူနဲ့အတူတူမလုပ်ခဲ့ဘူး။ သူက တာဝန်မှာ ရလဒ်တွေမထွက်ဘူး၊ ဒီတော့ ကျွန်တော့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ထိခိုက်မယ်လို့ ကျွန်တော် တွေးတယ်။ အဲဒါနဲ့ ကျွန်တော်သူ့ကို မျှတမှုမရှိဘဲ တံဆိပ်ကပ်ခဲ့တယ်။ ဖယ်ရှားခဲ့တယ်။ ထုတ်ပစ်ချင်ခဲ့တယ်။ ကျွန်တော့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် စည်းမျဉ်းတွေနဲ့ တွဲဖက်အမှုဆောင်တွေရဲ့ အကြံကို လျစ်လျူရှုခဲ့ပြီး အစ်မဝူကို အတင်းဖယ်ရှားခဲ့တယ်။ ဒါတောင်မှပဲ ကျွန်တော်က သူ့အတွက် ချစ်ခြင်း၊ စိတ်ရှည်ခြင်းမရှိခဲ့ဘူး။ သူ့တာဝန်ကို ဖြည့်ဆည်းတာမှာ အခက်အခဲတွေရှိတာကို ကျွန်တော် သိတယ်။ ဒါပေမဲ့ သူ့ကို ကူညီဖို့ ကျွန်တော် မိတ်သဟာယမဖွဲ့ခဲ့ဘူး။ သူ့ကို တိုက်ရိုက်ပဲ ထုတ်ပစ်ခဲ့တယ်။ ကျွန်တော်က သွေးအေးလူသတ်သမားလိုပါပဲ။ တကယ်ကို လူသားမဆန်တာပါ။ သူ့ကို ကျွန်တော် ထုတ်ပြီးတဲ့နောက်မှာ ကျွန်တော် ရွေးတဲ့ အစ်မအသစ်က အလုပ်ကို မလုပ်နိုင်တာကြောင့် ရေလောင်းတဲ့အလုပ်ကို တိုက်ရိုက်ထိခိုက်ခဲ့တယ်။ အဲဒါတောင်မှပဲ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ဖို့ မသိခဲ့ဘူး။ ကျွန်တော်က ပါရမီရှိသူတွေကို ပျိုးထောင်ပြီး ရေလောင်းအလုပ်ကို တိုးတက်စေဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ အသင်းတော်အလုပ်ကို နှောင့်ယှက်တဲ့သူတစ်ယောက်ကို ဆက်ပြီး ရာထူးတိုးပေးခဲ့တယ်။ ကျွန်တော်က ကိစ္စတွေကို အဆက်အစပ်မရှိဆွဲယူပြီး သူ့ကို နောင်တရဖို့ အခွင့်အရေးပေးသင့်တယ်လို့တောင် ပြောခဲ့တယ်။ ရေလောင်းသင်းထောက်က စည်းမျဉ်းတွေနောက်ကို မစဉ်းမစားလိုက်တဲ့အတွက် ကျွန်တော် ကိုင်တွယ်ဖြေရှင်းခဲ့တာကြောင့် သူက ကျွန်တော့်ကို ချေပဖို့ ကြောက်သွားတယ်။ ရလဒ်ကတော့ အစ်မချန်းက လုံးဝ မသင့်တော်ဘဲ ရေလောင်းအလုပ်ကို ထိခိုက်စေခဲ့တယ်။ ကျွန်တော်က ကိုယ်ပိုင်ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် တာဝန်မှာ ဖြတ်လမ်းတွေ လိုက်နိုင်တယ်၊ စည်းမျဉ်းတွေနဲ့ သူများတွေရဲ့ သတိပေးချက်တွေကို လျစ်လျူရှုတယ်၊ အတိုင်ခံရပြီး ဖော်ထုတ်ခံရတာတောင်မှ ကျွန်တော် စိတ်ပူတာက ခေါင်းဆောင်တွေက ကျွန်တော့်ကို ဘယ်လိုမြင်မလဲပဲဖြစ်တယ်ဆိုတာ ကျွန်တော် တွေ့မြင်ခဲ့ပါတယ်။ ကျွန်တော့် ကျရှုံးမှုတွေအတွက် အကြောင်းပြချက်တွေကို ဆင်ခြင်စဉ်းစားမကြည့်ခဲ့ဘူး။ ကျွန်တော့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ခေါင်းမာမာနဲ့ ကာကွယ်ခဲ့တယ်။ ကိုယ်ပိုင်အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကိုပဲ ထိခိုက်ခွင့်ပြုတယ်။ ကျွန်တော် ပြသလိုက်တာက အန္တိခရစ်ရဲ့ စိတ်သဘောထားပဲ။

နောက်ပိုင်းမှာ ကျွန်တော် ရှာဖွေရင်းနဲ့ ဘုရားနှုတ်ကပတ်တော်ကိုဖတ်တယ်။ “တစ်စုံတစ်ဦးက ၎င်းသည် သမ္မာတရားကို ချစ်ကြောင်းနှင့် ၎င်းသည် သမ္မာတရားကို လိုက်စားကြောင်း ပြောသော်လည်း၊ အနှစ်သာရအားဖြင့် ၎င်းတို့လိုက်စားသည့် ပန်းတိုင်သည် ဂုဏ်အဆင့်အတန်း ရဖို့၊ မိမိကိုယ်ကို ထင်ပေါ်ဂုဏ်တက်စေဖို့၊ ကြွားဝါဖို့၊ လူများက ၎င်းကို အထင်ကြီးစေဖို့၊ မိမိ၏တစ်ကိုယ်ရေ အကျိုးစီးပွားကို ရရှိဖို့ဖြစ်ပြီး ၎င်း၏တာဝန်ကို ထမ်းဆောင်ခြင်းသည် ဘုရားသခင်ကို နာခံဖို့ဖြစ်စေ၊ စိတ်ကျေနပ်စေဖို့ဖြစ်စေ မဟုတ်ဘဲ၊ ထိုအစား ဂုဏ်သိက္ခာနှင့် ဂုဏ်အဆင့်အတန်းကို ရရှိဖို့ ဖြစ်ပါက ၎င်း၏လိုက်စားမှုသည် လျော်ကန်ခြင်းမရှိပေ။ ထိုသို့ဖြစ်၍ အသင်းတော်၏အလုပ်နှင့်ပတ်သက်ပါက ၎င်းတို့ ၏ လုပ်ရပ်များသည် အဟန့်အတားတစ်ခုဖြစ်သလော၊ သို့မဟုတ် ၎င်းတို့သည် ရှေ့ဆက်တိုးတက်ဖို့ ကူညီပေးသလော။ ၎င်းတို့သည် အဟန့်အတားဖြစ်သည်မှာ သိသာထင်ရှားပေသည်။ ၎င်းတို့သည် ရှေ့ဆက်တိုးတက်အောင် မလုပ်ပေ။ အသင်းတော်၏ အလုပ်ကို လုပ်ဆောင်သည့် အောင်လံတံခွန် လွှင့်သော်လည်း မိမိတို့၏ကိုယ်ပိုင် သိက္ခာနှင့် ဂုဏ်အဆင့်အတန်းကို လိုက်စားကာ၊ မိမိတို့၏ကိုယ်ပိုင် လုပ်ငန်းကို လုပ်ဆောင်ပြီး၊ မိမိတို့၏ကိုယ်ပိုင် အုပ်စုလေး၊ မိမိတို့၏ကိုယ်ပိုင် နိုင်ငံလေးကို ဖန်တီးသူအားလုံး— ဤလူအမျိုးအစားသည် မိမိ၏တာဝန်ကို ထမ်းဆောင်နေခြင်းလော။ ၎င်းတို့ လုပ်သမျှ အလုပ်အားလုံးသည် အသင်းတော်၏အလုပ်ကို အထူးသဖြင့် အဆက်ပြတ်စေကာ၊ နှောင့်ယှက်ပြီး၊ ထိခိုက်စေသည်။ အဆင့်အတန်းနှင့် သိက္ခာတို့ကို ၎င်းတို့ လိုက်စားခြင်း၏ အကျိုးဆက်မှာ အဘယ်နည်း။ ပထမဦးစွာ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောသူများက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ပုံနှင့် သမ္မာတရားကို နားလည်ပုံကို ထိခိုက်သည်။ ၎င်းတို့၏ အသက်ဝင်ရောက်မှုကို တားဆီးသည်။ ယင်းက ၎င်းတို့အား ဘုရားသခင်ကို ယုံကြည်ခြင်း၌ မှန်ကန်သော လမ်းကြောင်းသို့ ဝင်ရောက်ခြင်းမှ တားဆီးပြီး လမ်းမှားသို့ ဆိုက်ရောက်စေသည်— ယင်းသည် ရွေးချယ်ခံရသူများကို ဘေးဖြစ်စေပြီး ၎င်းတို့အား ပျက်စီးစေသည်။ ပြီးလျှင် ယင်းက အဆုံးတွင် အသင်းတော်၏ အလုပ်ကို အဘယ်အရာ ဖြစ်စေသနည်း။ ဖြိုဖျက်ခြင်း၊ နှောင့်ယှက်ခြင်းနှင့် အဟန့်အတားတို့ ဖြစ်စေသည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၁)”) ဘုရားနှုတ်ကပတ်တော်ကိုဖတ်ပြီးတဲ့နောက်မှာ တာဝန်ကိုထမ်းဆောင်တယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ တစ်ကိုယ်ရေဂုဏ်သတင်းနဲ့ အဆင့်အတန်းနောက်ကို ကျွန်တော်တို့လိုက်တဲ့အခါ ဒါရဲ့ အနှစ်သာရက စာတန်ရဲ့ အစေခံအဖြစ် ပြုမူပြီး ဘုရားအိမ်တော်ရဲ့အလုပ်ကို နှောင့်ယှက်ဖို့ပဲ။ ဘုရားနှုတ်ကပတ်တော်က ကျွန်တော့်လုပ်ရပ်တွေရဲ့ အနှစ်သာရကို ဖွင့်ပြတယ်။ ဘုရားသခင်က ကျွန်တော် သူ့အလိုတော်ကို ထောက်ထားနိုင်တယ်၊ ညီအစ်ကိုမောင်နှမတွေကို ကောင်းကောင်းရေလောင်းနိုင်တယ်၊ အသက်ဝင်ရောက်မှုမှာရှိတဲ့ သူတို့အခက်အခဲတွေနဲ့ ပြဿနာတွေကိုဖြေရှင်းနိုင်တယ်၊ အသင်းတော်ရဲ့ အလုပ်အမျိုးမျိုးကို လုပ်ဖို့ သင့်တော်တဲ့သူတွေကို ရာထူးတိုးပေးပြီး လေ့ကျင့်ပေးနိုင်တယ်၊ အသင်းတော်အလုပ် ပုံမှန်တိုးတက်တာ သေချာအောင်လုပ်ပေးနိုင်တယ်လို့ မျှော်လင့်ပြီး ကျွန်တော့်ကို ခေါင်းဆောင်အဖြစ် ဘုရားသခင်က ချီးမြှောက်ခဲ့တာပါ။ ဒါပေမဲ့ ဘုရားသခင်ရဲ့ အလိုတော်နဲ့ တောင်းဆိုချက်တွေကို ကျွန်တော် ထည့်မစဉ်းစားခဲ့ဘူး။ ခေါင်းဆောင်အဖြစ် ကျွန်တော့်တာဝန်ကို မဖြည့်ဆည်းခဲ့ဘူး။ လူတွေကို ကျွန်တော် ရွေးပြီး အသုံးပြုတဲ့အခါမှာ ကိုယ်ပိုင်အကျိုးစီးပွားတွေကိုပဲ ထည့်စဉ်းစားတယ်။ ရလဒ်အနေနဲ့ လူသစ်တွေကို ပံ့ပိုးပေးဖို့ ပျက်ကွက်ရုံမကဘဲ ရေလောင်းတဲ့အလုပ်ကို နှောင့်နှေးစေခဲ့တယ်။ ဒါကြောင့် လူသစ်တွေကို နုတ်ထွက်စေခဲ့တယ်။ ကျွန်တော်က ဘယ်လိုလုပ် တာဝန်ထမ်းဆောင်နေတာဖြစ်မှာလဲ။ ဘုရားအိမ်တော်ရဲ့ အလုပ်ကို နှောင့်ယှက်နေတာ၊ မကောင်းမှုလုပ်နေတာပဲ။ ဒီလိုဖြစ်တာတောင် ကျွန်တော် သတိမထားမိခဲ့ဘူး။ အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး ထုံထိုင်းခဲ့တာပါ။ အသင်းတော်ကနေ ထုတ်ပယ်ခံရတဲ့ အန္တိခရစ်တွေနဲ့ ကောက်ကျစ်ဆိုးယုတ်တဲ့လူတွေကို ကျွန်တော် တွေးမိတယ်။ သူတို့က ကိုယ်ပိုင်အကျိုးအမြတ်အတွက် အမြဲတမ်း လျှို့ဝှက်ကြံစည်နေကြတာ။ သူတို့ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့ သမ္မာတရားစည်းမျဉ်းတွေကို လျစ်လျူရှုကြတယ်။ သူတို့တာဝန်တွေကို ထင်ရာမြင်ရာ၊ နိုင်လိုမင်းထက်ပြုမူကြတယ်။ ဘုရားအိမ်တော်ကို အရမ်းကို နှောင့်ယှက်ကြတယ်။ နောက်ဆုံးမှာ သူတို့ရဲ့ များလှတဲ့ ကောက်ကျစ်ဆိုးယုတ်မှုတွေကြောင့် ဘုရားသခင်က မုန်းတီးပြီး ထုတ်ပယ်တာကို ခံရတယ်။ ကျွန်တော်လုပ်ခဲ့တာနဲ့ ဒီအန္တိခရစ်တွေရဲ့ လုပ်ရပ်တွေကြားမှာ အနှစ်သာရအရ ကွာခြားမှုမရှိပါဘူး။ ဒါကို သတိထားမိတော့ ကျွန်တော် ဇောချွေးတွေပြန်လာပြီး ဘုရားကိုဆုတောင်းခဲ့ပါတယ်။ “ဘုရားသခင် ကျွန်တော်က တာဝန်မှာ ပေါ့ဆခဲ့ပါတယ်။ ကျော်ကြားမှု၊ အဆင့်အတန်းနဲ့ အလျင်အမြန်အောင်မြင်မှုနောက်ကို လိုက်ခဲ့ပြီး လမ်းမှားလိုက်ခဲ့ပါတယ်။ ဘုရားသခင် ကိုယ်တော့်ထဲမှာ နောင်တရလိုပါတယ်။ ကျွန်တော့်ကို ဦးဆောင်လမ်းပြတော်မူပါ” ဆိုပြီးတော့။

နောက်ပိုင်းမှာ ဆင်ခြင်ခြင်းနဲ့ ရှာဖွေခြင်းကတစ်ဆင့် ကျွန်တော်တို့တာဝန်မှာ ထိရောက်ဖို့အတွက် ကျွန်တော်တို့မှာ မှန်ကန်တဲ့ ရည်ရွယ်ချက်တွေရှိရမယ်၊ သမ္မာတရားကိုရှာဖွေတာကို အာရုံစိုက်ပြီး စည်းမျဉ်းတွေနဲ့အညီ ဆောင်ရွက်ရမယ်ဆိုတာ သဘောပေါက်ခဲ့ပါတယ်။ အဲဒီအခါမှသာ ဘုရားရဲ့လမ်းပြမှုကိုရနိုင်ပြီး ရလဒ်တွေကို အဆက်မပြတ် တိုးတက်စေနိုင်မယ်။ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်တော် စဉ်းစားမိတယ်။ “လူများသည် ဘုရားသခင်ထံမှ တာဝန်ပေးစေခိုင်းချက်တစ်ခုကို လက်ခံသည့်အခါ၊ မိမိတို့၏တာဝန်များကို ဖြည့်ဆည်းပြီး မိမိတို့၏ သာသနာကို အဆုံးသတ်ဖို့အလို့ငှာ ဘုရားသခင်၏အလိုတောကို ၎င်းတို့ အရင်ဦးဆုံး နားလည်ရမည်။ ဤတာဝန်ပေးစေခိုင်းချက်သည် ဘုရားသခင်ထံမှ လာသည်ကို သင်သိရမည်။ ဤသည်မှာ သူ၏အလိုတော်ဖြစ်ပြီး၊ ယင်းကို သင်လက်ခံသင့်သည်။ သတိမူရမည်ဖြစ်ပြီး သာ၍ အရေးကြီးသည်မှာ ယင်းကို ကျိုးနွံနာခံရမည်။ ထို့အပြင် ဤတာဝန်ကို ထမ်းဆောင်သောအခါ ဘုရားသခင်ရွေးချယ်ထားသောသူများနှင့် ဘုရားအိမ်တော်၏ အလုပ်အတွက် အကျိုးဖြစ်စေရန်အလို့ငှာ မည်သည့် သမ္မာတရားများကို သင်နားလည်ဖို့လိုသည်၊ မည်သည့်စည်းမျဉ်းများကို လိုက်နာသင့်သည်၊ မည်သို့လက်တွေ့လုပ်ဆောင်သင့်သည်တို့နှင့် ပတ်သက်၍ အဖြေရှာသင့်သည်။ ဤအရာများသည် သင်လက်တွေ့လုပ်ဆောင်ပုံ၏ စည်းမျဉ်းများဖြစ်သင့်သည်။ ဘုရားသခင်၏ အလိုတော်ကို သင်နားလည်သည်နှင့်တစ်ပြိုင်နက် ဤတာဝန်မျိုးကို ထမ်းဆောင်ခြင်းအတွက် သမ္မာတရားကို နားလည်ဖို့ ရှာဖွေ၊ ကြိုးစားရာတွင် မည်သည့်အချိန်မျှ ဖြုန်းတီးမနေဘဲ ချက်ချင်းလုပ်ဆောင်သင့်သည်။ ဤသမ္မာတရားများကို သင်နားလည်သည်နှင့် ယင်းတို့ကို လက်တွေ့လုပ်ဆောင်ရန်အတွက် စည်းမျဉ်းများနှင့် လမ်းကြောင်းကို သတ်မှတ်သင့်သည်။ ‘စည်းမျဉ်းများ’ ဆိုသည်မှာ မည်သည်ကို ရည်ညွှန်းသနည်း။ အထူးသဖြင့် စည်းမျဉ်းများဆိုသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ စံနှုန်းများနှင့် အကျိုးတရားများကို ရရှိရန် လိုက်နာရမည့် အရာများကို ရည်ညွှန်းသည်။ လူတို့သည် စည်းမျဉ်းကို နားလည်သဘောပေါက်ရမည်။ စည်းမျဉ်းသည် အရေးပါဆုံး၊ အခြေခံအကျဆုံးသော အရာဖြစ်သည်။ သင်၏တာဝန်ကို ထမ်းဆောင်ခြင်းနှင့်သက်ဆိုင်သော အခြေခံစည်းမျဉ်းများကို သင်နားလည်သည်နှင့် ဤသည်မှာ ဤတာဝန်ကိုထမ်းဆောင်ခြင်းအတွက် လိုအပ်သော စံနှုန်းများကို သင်နားလည်ပြီးဖြစ်သည်ဆိုသည့် သက်သေဖြစ်သည်။ စည်းမျဉ်းကို နားလည်ခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်းနှင့် ညီမျှသည်။ ထို့ကြောင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဤအရည်အချင်းသည် မည်သည့်အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားသနည်း။ ဘုရားသခင်၏ အလိုတော်နှင့် သမ္မာတရားကို သိနားလည်ခြင်းအပေါ်တွင်ဖြစ်သည်။ ဘုရားသခင် ခိုင်းစေသည့်အရာကို သတိထားမိခြင်းမျှသည် သမ္မာတရားကို နားလည်ခြင်းအဖြစ် မှတ်ယူသလော။ မမှတ်ယူပေ။ ဤသို့ဆိုလျှင် သမ္မာတရားကို နားလည်ခြင်းအဖြစ် မှတ်ယူရန် မည်သည့်စံနှုန်း လိုအပ်သနည်း။ သင်တာဝန်ကို ထမ်းဆောင်ခြင်း၏ အဓိပ္ပာယ်နှင့် တန်ဖိုးကို သင်နားလည်ရမည်။ ဤအရာနှစ်ခုကို နားလည်ခြင်းသည် သင့်တာဝန်ကို ထမ်းဆောင်ခြင်းနှင့်ဆိုင်သည့် သမ္မာတရားကို နားလည်ခြင်းဖြစ်သည်။ ထို့အပြင် သမ္မာတရားကို သင်နားလည်သည်နှင့် သင့်တာဝန်ကို ထမ်းဆောင်ခြင်းစည်းမျဉ်းများနှင့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကို နားလည်အောင်ပြုလုပ်ရမည်။ ဤတာဝန်ကို ထမ်းဆောင်ခြင်းအတွက် စည်းမျဉ်းများကို သင်နားလည်ပြီး အသုံးချနိုင်ကာ လိုအပ်သည့်အခါ် ဉာဏ်ပညာကိုလည်း ကျင့်သုံးနိုင်လျှင် သင်သည် ဤတာဝန်ကို ထမ်းဆောင်ရာတွင် ထိရောက်မှုရှိမည်မှာ သေချာသည်။ စည်းမျဉ်းကို နားလည်သဘောပေါက်ပြီး စည်းမျဉ်းအတိုင်း အမှုအရာများကို လုပ်ဆောင်သောအခါ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအဖြစ် အကျုံးဝင်လိမ့်မည်။ လူသားအယူအဆများ စွန်းထင်းမနေဘဲ ဘုရားသခင်၏ တောင်းဆိုချက်များကို အကြွင်းမဲ့ နာခံမှုဖြင့်၊ ပြီးလျှင် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များအတိုင်း ဆောင်ရွက်ကာ ဘုရားနှုတ်ကပတ်တော်များနှင့် အပြည့်အဝ ကိုက်ညီလျှင် သင်၏ တာဝန်ထမ်းဆောင်ခြင်းသည် စံနှုန်းနှင့် အပြည့်အဝကိုက်ညီသည်။ သင်၏ ထိရောက်မှုနှင့် ဘုရားသခင် တောင်းဆိုသည့်အရာများကြားတွင် ကွာဟမှုအချို့ ရှိကောင်းရှိနိုင်သော်လည်း ဤသည်ကို ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ညီသည်ဟု မှတ်ယူဆဲဖြစ်လိမ့်မည်။ သင်၏ တာဝန်ထမ်းဆောင်ခြင်းသည် စည်းမျဉ်းနှင့် အပြည့်အဝကိုက်ညီပြီး၊ ဆက်ကပ်အပ်နှံလျက် သင်ထမ်းဆောင်ခဲ့လျှင်၊ သင်သည် အပြည့်အဝ အားစိုက်ထုတ်လျှင် သင်၏ တာဝန်ထမ်းဆောင်ခြင်းသည် ဘုရားသခင်၏ အလိုတော်နှင့် အပြည့်အဝ ကိုက်ညီသည်။ သင်သည် သင်၏ စိတ်နှလုံး၊ အစွမ်းရှိသမျှဖြင့် ဘုရားသခင်၏ ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကိုထမ်းဆောင်ခြင်းအား ရရှိပြီးဖြစ်သည်။ ယင်းမှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ရရှိသော အကျိုးတရားဖြစ်သည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “လူတို့ကို စည်းရုံးရန် ၎င်းတို့ကြိုးစားကြသည်”) ဘုရားနှုတ်ကပတ်တော်တွေက အရမ်းရှင်းတယ်။ ဘုရားသခင်ရဲ့ စေခိုင်းချက်ကို လက်ခံဖို့အတွက် ဘုရားအလိုတော်ကို ကျွန်တော်တို့ အရင်ဆုံးရှာရမယ်။ ဝင်ရောက်ဖို့အတွက် ကျွန်တော်တို့တာဝန်ရဲ့ စည်းမျဉ်းတွေကို ရှာရမယ်။ သမ္မာတရားကိုနားလည်ပြီး ဘုရားကို နာခံရမယ်။ တာဝန်မှာ သမ္မာတရားစည်းမျဉ်းတွေကို တင်းတင်းကျပ်ကျပ် လိုက်နာရမယ်။ ဒါ့အပြင် တာဝန်ထမ်းဆောင်တဲ့အခါမှာ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ထည့်စဉ်းစားရမယ်။ ကိုယ့်ကိုယ်ကိုယ် မကြာခဏစစ်ဆေးပြီး ကိုယ်ပိုင်အကျိုးအမြတ်အတွက် မကြံစည်ရဘူး။ ဒါက ကိုယ်ပိုင်စိတ်ကူးတွေ ရောနှောနေတာကို လျော့ကျစေပြီး တာဝန်မှာ လုပ်မိတဲ့ အမှားတွေကို လျော့ကျစေတယ်။ ကျွန်တော်က ကိုယ့်တာဝန်မှာ ကိုယ်ပိုင်ရည်မှန်းချက်နဲ့ ဆန္ဒတွေအတွက်ပဲ လုပ်ဆောင်ခဲ့ပုံကို စဉ်းစားမိတယ်။ သမ္မာတရားစည်းမျဉ်းတွေကို ကျွန်တော် ရှာဖွေခဲတယ်။ နည်းနည်းလောက်သိရင်တောင်မှ မနာခံဘူး။ ရေလောင်းအမှုထမ်းကို ရွေးတဲ့နေရာမှာ အဓိကလိုအပ်တဲ့ အရည်အချင်းတွေက သမ္မာတရားကို ရှင်းရှင်းလင်းလင်း မိတ်သဟာယဖွဲ့ဖို့၊ စိတ်ရှည်ဖို့၊ တာဝန်သိတတ်ဖို့ပဲ။ အစ်မဝူက တာဝန်ကို သိတတ်တယ်။ လူသစ်တွေအပေါ် ချစ်ခင်ပြီး စိတ်ရှည်တယ်။ လူသစ်တွေမှာ ဘာအခြေအနေတွေ၊ အခက်အခဲတွေရှိပါစေ သူက တက်တက်ကြွကြွနဲ့ မိတ်သဟာယဖွဲ့ပြီး ပြဿနာတွေကို ဖြေရှင်းနိုင်တယ်။ လူသစ်တွေကို ရေလောင်းတဲ့ စည်းမျဉ်းတချို့ကိုလည်း သူနားလည်တယ်။ အရင်တုန်းက သူက သူ့တာဝန်မှာ ထိရောက်မှုရှိတယ်။ အခု သူမကိုင်တွယ်နိုင်တဲ့ အခက်အခဲတချို့ကြောင့် သူက အမှားနည်းနည်းပဲလုပ်မိတယ်။ ဒီအခြေအနေမှာ ကျွန်တော်တို့က ချစ်ခြင်းနဲ့ မိတ်သဟာယပြုပြီး ကူညီပေးသင့်တယ်။ ကိုင်တွယ်ဖြေရှင်းတာ၊ ပြုပြင်တာ၊ ဖော်ထုတ်ပြီး အပြစ်တင်တာ လုပ်သင့်တယ်။ ပေါ့ပေါ့တန်တန်နဲ့ ထုတ်မပစ်သင့်ဘူး။ ပြီးတော့လည်း အစ်မချန်းက အပြင်ပန်းမှာ စိတ်အားထက်သန်ပြီး ဖော်ရွေတာကို ကျွန်တော် တွေ့တဲ့အချိန်မှာ သူက ပျိုးထောင်ပေးဖို့အတွက် သင့်တော်တယ်လို့ စိတ်ကူးမိခဲ့တယ်။ ဒါပေမဲ့ ဒါက စည်းမျဉ်းတွေနဲ့မညီဘူးဆိုတာ ကျွန်တော် သဘောပေါက်သွားတယ်။ မကောင်းမှုလုပ်ပြီး ဘုရားအိမ်တော်ရဲ့အလုပ်ကို နှောင့်ယှက်တဲ့ မကောင်းတဲ့လူ့သဘာဝရှိတဲ့လူတွေကို ပျိုးထောင်မပေးရဘူး။ နာမည်နဲ့ အဆင့်အတန်းကိုလိုချင်တဲ့ အစ်မချန်းရဲ့ ဆန္ဒက ပြင်းပြတယ်။ အရင်တုန်းက အဲဒါတွေအတွက် သူ ကြိုးစားခဲ့တယ်။ အသင်းတော်အလုပ်ကို နှောင့်ယှက်ခဲ့တယ်။ အထုတ်ခံပြီး၊ သီးခြားခွဲထားခံရပြီးနောက်မှာ သူ့ရဲ့ အရင်က ပြစ်မှားမှုတွေကို အမှန်တကယ်နားလည်မှု လုံးဝ မပြဘူး။ သူ့တာဝန်မှာ လမ်းမှားကို လိုက်နေဆဲပဲ။ အသင်းတော်အလုပ်ကို နှောင့်ယှက်တဲ့အရာတွေကို အချိန်မရွေးလုပ်နိုင်တယ်။ ဒီလိုလူတွေက အရေးကြီးတဲ့ ပျိုးထောင်မှုအတွက် ပစ်မှတ်မဖြစ်နိုင်ဘူး။ လူတွေကို ထုတ်ပယ်တဲ့၊ အသုံးပြုတဲ့ စည်းမျဉ်းတွေကို ကျွန်တော် နားမလည်ခဲ့ဘူး၊ ဒါကြောင့် အမှုကိစ္စတွေကို ကျွန်တော် ရည်မှန်းချက်နဲ့ ဆန္ဒနဲ့ လုပ်ခဲ့တယ်၊ ဒါကြောင့် ဘုရားအိမ်တော်ရဲ့အလုပ်ကို နှောင့်ယှက်ပြီး နှောင့်နှေးအောင်လုပ်ခဲ့တယ်၊ အစ်မချန်းကိုလည်း ထိခိုက်နစ်နာစေပြီး ပျက်စီးစေခဲ့တယ်ဆိုတာကို မြင်ခဲ့ပါတယ်။ ဒါတွေကို ကျွန်တော် သဘောပေါက်တဲ့အခါမှာ ကျွန်တော့်ကို တိုင်ကြားပြီး ဖော်ထုတ်ဖို့ စာကိုရေးတဲ့ ညီအစ်ကိုမောင်နှမတွေကို စီစဉ်ပေးတဲ့အတွက် ဘုရားကို ကျွန်တော် ကျေးဇူးတင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ကျွန်တော့်ရဲ့ မကောင်းတဲ့လမ်းကြောင်းကို ဆက်လျှောက်ခြင်းကို ရပ်တန့်စေခဲ့တယ်။

နောက်ပိုင်းမှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော်ဖတ်တယ်။ “သင်သည် ဘုရားသခင်၏ အိမ်တော်ထဲတွင် မည်သည့်အရာကို လုပ်ဆောင်စေကာမူ သင်၏ကိုယ်ပိုင်လုပ်ငန်းကို လုပ်ဆောင်နေခြင်း မဟုတ်ပါ။ ယင်းမှာ ဘုရားအိမ်တော်၏အလုပ်၊ ဘုရားသခင်၏အလုပ် ဖြစ်သည်။ သင်သည် ဤအသိနှင့် နားလည်သဘောပေါက်မှု ကို စိတ်ထဲအမြဲတမ်း မွေးထားရမည်ဖြစ်ပြီး ‘ဤအရာသည် ကျွန်ုပ်၏ ကိုယ်ပိုင်အရေးကိစ္စ မဟုတ်ပါ။ ကျွန်ုပ်သည် ကျွန်ုပ်၏တာဝန်ကို လုပ်ဆောင်နေပြီး ကျွန်ုပ်၏ဝတ္တရားကို ဆောင်ရွက်နေခြင်း ဖြစ်သည်။ အသင်းတော်အလုပ်ကို လုပ်ဆောင်နေခြင်းဖြစ်သည်။ ဤသည်မှာ ကျွန်ုပ်အား ဘုရားသခင် အပ်နှံခဲ့သောတာဝန်ဖြစ်ပြီး ကျွန်ုပ်သည် ဘုရားသခင်အတွက် လုပ်ဆောင်နေခြင်းဖြစ်သည်။ ဤသည်မှာ ကျွန်ုပ်၏ တာဝန်ဖြစ်ပြီး ကျွန်ုပ်၏ ကိုယ်ပိုင်ကိုယ်ရေးကိုယ်တာကိစ္စမဟုတ်ပေ’ ဟု ပြောရမည်ဖြစ်သည်။ ဤသည်မှာ လူတို့နားလည်သင့်သည့် ပထမဆုံးအရာဖြစ်သည်။ သင်သည် တာဝန်တစ်ခုကို သင်၏ ကိုယ်ပိုင်စီးပွားရေးအလုပ်အဖြစ် သဘောထားပြီး၊ ဆောင်ရွက်သည့်အခါတွင် သမ္မာတရားစည်းမျဉ်းများကို မရှာဖွေသကဲ့သို့၊ သင်၏ ကိုယ်ပိုင်ရည်ရွယ်ချက်များ၊ အမြင်များ၊ လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်လျှင် သင်သည် အမှားများပြုလုပ်နိုင်ခြေ အလွန်များသည်။ ထို့ကြောင့် သင်သည် သင်၏တာဝန်နှင့် သင်၏ကိုယ်ပိုင် တစ်ကိုယ်ရေကိစ္စများကြား အလွန်ရှင်းလင်းသော ကွာခြားမှုကို ပြုလုပ်ပြီး ဤသည်မှာ တာဝန်တစ်ခုဖြစ်သည်ကို သတိမူမိလျှင် မည်သို့ သင်ဆောင်ရွက်သင့်သနည်း။ (ဘုရားသခင်တောင်းဆိုသည့်အရာကို ရှာဖွေပြီး စည်းမျဉ်းများကို ရှာဖွေရမည်။) မှန်သည်။ သင့်ထံ တစ်စုံတစ်ခုဖြစ်ပျက်ပြီး သမ္မာတရားကို သင်နားမလည်ပါက၊ သင့်တွင် စိတ်ကူးအချို့ရှိသော်လည်း မရှင်းလင်းဆဲဖြစ်ပါက အတူမိတ်သဟာယဖွဲ့ရန် သမ္မာတရားကိုနားလည်သော ညီအစ်ကိုမောင်နှမတစ်ယောက်ကို ရှာရမည်။ ဤသည်မှာ သမ္မာတရားကို ရှာဖွေခြင်းဖြစ်သည်။ အခြားအရာအားလုံးထက် ဤသည်မှာ သင့်တာဝန်အပေါ် ထားရှိသင့်သည့် သဘောထားဖြစ်သည်။ သင်က သင့်လျော်သည်ဟု ထင်သည့်အရာအပေါ် အခြေခံ၍ အမှုအရာများကို ဆုံးဖြတ်ပြီးနောက် တူကိုထုကာ အမှုပိတ်သိမ်းပြီဟု ပြောဆိုခြင်းကို မလုပ်ဆောင်သင့်ပေ။ ဤအရာက ပြဿနာများကို အလွယ်တကူ ဖြစ်စေသည်။ တာဝန်တစ်ခုသည် သင်၏ကိုယ်ပိုင် တစ်ကိုယ်ရေးကိုယ်တာကိစ္စမဟုတ်ပေ။ အကြီးစားဖြစ်စေ၊ အသေးစားဖြစ်စေ ဘုရားအိမ်တော်၏ အရေးကိစ္စများသည် မည်သူမျှ၏ ကိုယ်ရေးကိုယ်တာ အရေးကိစ္စမျှမဟုတ်ပေ။ တာဝန်တစ်ခုနှင့် ဆက်နွှယ်သရွေ့ သင်၏ သီးသန့်အရေးကိစ္စမဟုတ်ပေ။ ယင်းသည် သင်၏ ကိုယ်ရေးကိုယ်တာကိစ္စမဟုတ်ပေ။ ယင်းသည် သမ္မာတရားနှင့် သက်ဆိုင်ပြီး စည်းမျဉ်းနှင့် သက်ဆိုင်သည်။ ဤသို့ဆိုလျှင် သင်တို့လုပ်ဆောင်သင့်သည့် ပထမဆုံးအရာမှာ အဘယ်နည်း။ သမ္မာတရားကို ရှာဖွေသင့်ပြီး စည်းမျဉ်းများကို ရှာဖွေသင့်သည်။ သမ္မာတရားကို နားမလည်လျှင် စည်းမျဉ်းများကို အရင်ဦးဆုံး ရှာဖွေသင့်သည်။ သမ္မာတရားကို နားလည်နှင့်ပြီးသားဖြစ်လျှင် စည်းမျဉ်းများကို ခွဲခြားဖော်ထုတ်ခြင်းက လွယ်ကူလိမ့်မည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။”) ဘုရားနှုတ်ကပတ်တော်က ကျွန်တော့်ကို လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းပေးတယ်။ တာဝန်တွေက ဘုရားဆီက စေခိုင်းချက်ပဲ။ တစ်ကိုယ်ရေ အရေးကိစ္စမဟုတ်ဘူး။ ဒါကြောင့် တစ်ကိုယ်ရေအကျိုးစီးပွားတွေကို ဖြည့်ဆည်းဖို့ ကျွန်တော်တို့ ကြိုက်သလိုလုပ်လို့မရဘူး။ အရာရာမှာ သမ္မာတရားစည်းမျဉ်းတွေကိုရှာပြီး ဘုရားသခင်ရဲ့ တောင်းဆိုချက်တွေနဲ့အညီ လက်တွေ့လုပ်ဆောင်ရမယ်။ ကိုယ်ကနားမလည်ရင် သူများတွေနဲ့ မိတ်သဟာယဖွဲ့ပြီး ပိုပြီး ရှာဖွေသင့်တယ်။ သူများတွေက ဘယ်လိုထင်ပါစေ ကိုယ်လုပ်ဖို့လိုတာက ဘုရားရဲ့ စိစစ်မှုကိုလက်ခံပြီး အကောင်းဆုံးလုပ်ဖို့ပဲ။ တစ်ခါတလေမှာ ကိုယ့်အလုပ်မှာ အမှားတွေရှိပြီး ရလဒ်ကောင်းတွေကို အမြန်မရဘူးဆိုရင်တောင် အမှုကိစ္စတွေကို ဘုရားရှေ့မှာလုပ်ရင်၊ သူများတွေ မြင်ဖို့အတွက်မဟုတ်ရင် ကိုယ်ကလမ်းမှန်ကိုလျှောက်နေတာပဲ။ ဘုရားက လမ်းပြပြီး ကောင်းချီးပေးလိမ့်မယ်။ နောက်ပိုင်းမှာ ညီအစ်ကိုမောင်နှမတွေကို ကျွန်တော့်အကြောင်းကို ဖွင့်ပြောခဲ့တယ်။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် တာဝန်ကို ကျွန်တော် လုပ်ဆောင်ခဲ့ပုံ၊ အမြန်အောင်မြင်ချင်တဲ့ ကျွန်တော့်ဆန္ဒ၊ လူတွေကိုအသုံးပြုတဲ့ စည်းမျဉ်းကို ချိုးဖောက်မှု၊ သူများတွေကို ကိုင်တွယ်ဖြေရှင်းပြီး ဆူငေါက်ဖို့အတွက် ထင်ရာမြင်ရာ လုပ်ဆောင်ပြီး ကျွန်တော့်နေရာကို အသုံးပြုခြင်းတွေကိုပါ ဖော်ထုတ်ခဲ့တယ်။ ဒါတွေက သူတို့ကို ထိခိုက်စေတယ်လေ။ သူတို့ကို ကျွန်တော် အလေးအနက် တောင်းပန်ပြီး ကျွန်တော့်ကိုပိုပြီး စောင့်ကြည့်ဖို့ ပြောခဲ့တယ်။ ဒီလို လက်တွေ့လုပ်ဆောင်တဲ့အခါမှာ ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကို အထင်မသေးဘဲ အားပေးကြတယ်။ ကျွန်တော်တို့တာဝန်တွေကို ထမ်းဆောင်ဖို့ အချင်းချင်းကြီးကြပ်ပြီး အတူအလုပ်လုပ်နိုင်တယ်လို့ ပြောတ်။

သိပ်မကြာခင်မှာ တစ်ခုဖြစ်လာတယ်။ ဧဝံဂေလိသင်းထောက်က သူ့မိသားစုရဲ့ တားဆီးမှုကြောင့် သူ့တာဝန်ကို ယာယီမလုပ်နိုင်ဘူး။ ဒီသတင်းကိုကြားတော့ ကျွန်တော် နည်းနည်းစိတ်ပူတယ်။ ကျွန်တော် စဉ်းစားတယ်။ “အခု အသင်းတော်တိုင်းက ဧဝံဂေလိဟောဖို့ အစွမ်းကုန်လုပ်နေကြတယ်။ ဒီတော့ ဒီအချိန်မှာ ဧဝံဂေလိသင်းထောက်က တာဝန်မထမ်းဆောင်နိုင်ရင် ငါတို့အလုပ်ကို အရမ်းထိခိုက်မှာပဲ။ ငါ သူ့ကို အချိန်မီ လူစားမလဲရင် ငါတို့ရလဒ်တွေက လုံးဝ တိုးတက်မှာမဟုတ်ဘူး။ ငါက အရည်အချင်းမရှိဘူး၊ ဒီအလုပ်အတွက် မသင့်တော်ဘူးလို့ ငါ့အထက်လူကြီးတွေက သေချာပေါက်ထင်မှာပဲ” ပေါ့။ အဲဒါနဲ့ ဧဝံဂေလိသင်းထောက်ကို ရွှေ့ပြောင်းပြီး သူ့နေရာကိုယူဖို့ တစ်ယောက်ယောက်ကို ရှာရမလားဆိုတာကို ကျွန်တော့်အလုပ်ဖော်နဲ့ ဆွေးနွေးတယ်။ ကျွန်တော့်အလုပ်ဖော်က ပြောတယ်။ “ဧဝံဂေလိသင်းထောက်က အမြဲတမ်း တာဝန်သိတတ်ခဲ့ပြီး လုပ်ကိုင်နိုင်တဲ့ အမှုဆောင်တစ်ယောက်ပါ။ ဧဝံဂေလိအလုပ်ရလဒ်တွေက ကောင်းပါတယ်။ မိသားစု အတားအဆီးကို ကိုင်တွယ်ဖို့ ခဏတာမတတ်နိုင်တဲ့အတွက်နဲ့ သူ့ကို ပြောင်းရွှေ့လိုက်ရင် စည်းမျဉ်းတွေကို ဆန့်ကျင်နေမှာပဲ” တဲ့။ ကျွန်တော့်ကိစ္စကို ငြင်းတော့မလို့လုပ်တုန်းမှာ အစ်မဝူကို ကျွန်တော် အတင်းလူစားလဲဖို့ လုပ်ခဲ့ပုံကို ချက်ချင်းတွေးမိတယ်။ ကျွန်တော်က ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ထပ်ပြီး ကာကွယ်ဖို့လုပ်နေတာမဟုတ်ဘူးလား။ စည်းမျဉ်းတွေနဲ့အညီ တာဝန်ကိုထမ်းဆောင်သင့်တယ်ဆိုတာ ကျွန်တော့်အလုပ်ဖော်က သတိပေးတယ်။ နောက်ထပ် အကြီးစားအမှားတစ်ခုကို ကျွန်တော် လုပ်မိတော့မလို့။ စိတ်နှလုံးထဲကနေ ဘုရားကို ကျေးဇူးတင်ရင်းနဲ့ ကျွန်တော့်အလုပ်ဖော်ကို ပြောလိုက်တယ်။ “ကျွန်တော့် ရည်ရွယ်ချက်တွေက မှားနေတယ်။ ကျွန်တော်က ကိုယ့်ဂုဏ်သတင်းကိုကာကွယ်ဖို့ စည်းမျဉ်းတွေမပါဘဲ သူ့ကို ရွှေ့ပြောင်းနေတယ်။ သူက တကယ် တာဝန်သိတတ်ပါတယ်။ ပြီးတော့ မှန်ကန်တဲ့သူတစ်ယောက်ပါ။ သူ့အလုပ်ကို အခု မလုပ်နိုင်ရင် ကျွန်တော်တို့က ဝင်ပြီးတော့ ဧဝံဂေလိအလုပ်ကို လုပ်မယ်။ သူ့အခြေအနေကိုလည်း ပိုသိအောင်လုပ်ပြီး သူ့ကို ကူညီပံ့ပိုးဖို့ ကြိုးစားရအောင်” ဆိုပြီးတော့။ ကျွန်တော်ပြောတာ ကြားပြီးတဲ့နောက်မှာ ကျွန်တော့်အလုပ်ဖော်က ခေါင်းညိတ်သဘောတူတယ်။ ဒီလိုလက်တွေ့လုပ်ဆောင်တာ ကျွန်တော် စိတ်အေးရတယ်။

အခု ကျွန်တော့်တာဝန်ကို ထမ်းဆောင်တဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် ခဏခဏမေးတယ်။ “ဒီနေ့ သမ္မာတရားစည်းမျဉ်းတွေနဲ့အညီ ငါ တာဝန်ထမ်းဆောင်ခဲ့သလား။ လူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ ကိစ္စတွေကို လုပ်ဆောင်ခဲ့သလား” ပေါ့။ စည်းမျဉ်းတွေနဲ့ ဘုရားအလိုတော်နဲ့ မကိုက်ညီတာတစ်ခုခုလုပ်ခဲ့ရင် ဒါကိုပြောင်းဖို့အတွက် ဘုရားကို အကူအညီတောင်းဖို့ ဆုတောင်းတယ်။ ကျွန်တော် ဒီလို လက်တွေ့လုပ်ဆောင်တဲ့အခါမှာ ဘုရားရဲ့ကောင်းချီးတွေကို မြင်ရတယ်။ အသင်းတော်အလုပ်က နည်းနည်းတိုးတက်လာတယ်။ ညီအစ်ကိုမောင်နှမတွေက သူတို့တာဝန်တွေကို တက်တက်ကြွကြွထမ်းဆောင်နိုင်တယ်။ ကျေးဇူးတော်ပဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

မာနထောင်လွှားခြင်းကို ဖြေရှင်းခြင်းဖြင့် လူသားပုံသဏ္ဌာန်တစ်ခုကို ရယူနိုင်သည်

ကျန်းရှင်း အမေရိကန်နိုင်ငံ၂၀၁၇ခုနှစ် မတ်လတွင်၊ ဗီဒီယိုပိုစတာများနှင့် ပုံများအတွက် အဓိကထား၍ အသင်းတော်အတွက် ဂရပ်ဖစ် ဒီဇိုင်းအလုပ်ကို ကျွန်မ...

မိမိကိုယ်ကိုယ်အပေါ် မဖြစ်စေချင်မည့်အရာကို အခြားသူများထံ မလုပ်ခြင်းနှင့် ပတ်သက်၍ သုံးသပ်ဆင်ခြင်မှုများ

ပိုင်ရွှဲ တောင်ကိုရီးယားနိုင်ငံ ကျွန်မ တာဝန်မှာ ပြဿနာ အကြီးရော၊ အသေးပါ အများကြီး ပေါ်ပေါက်ခဲ့တယ်။ တချို့က သတိမမူလွန်းရာကနေ ဖြစ်ပြီး၊...

ဘဝင်မြင့်ခြင်းမှ လွတ်မြောက်ရန်မှာ မလွယ်ကူပါ

ဟွမ်အိုက် ဂျပန်နိုင်ငံ ၂၀၂၀ခုနှစ်၊ ဇူလိုင်လမှာ ဗီဒီယိုအလုပ် လိုအပ်ချက်တွေကြောင့် ကြီးကြပ်သူက ညီမကို ဗီဒီယိုတွေလုပ်ဖို့ စီစဉ်ပေးတယ်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။