အဆင့်အတန်းကို လိုချင်တဲ့ ကျွန်တော့်ရဲ့ လိုအင်ဆန္ဒကို ကျွန်တော် လက်လွှတ်လိုက်ပါပြီ

18.03.2026

လီနင်၊ တရုတ်နိုင်ငံ

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှာ တရားဟောဆရာတစ်ယောက်အနေနဲ့ ကျွန်တော် ရွေးကောက်တင်မြှောက်ခံခဲ့ရတယ်။ ဒီသတင်းကိုကြားတော့ ကျွန်တော် နည်းနည်း စိုးရိမ်သွားတယ်၊ “တရားဟောဆရာတစ်ယောက်အနေနဲ့ အသင်းတော်တော်တော်များများကို တာဝန်ယူရမှာပဲ။ အလုပ်ကို လမ်းပြပေးဖို့ အသင်းတော်ခေါင်းဆောင်တွေ၊ သင်းထောက်တွေနဲ့ မကြာမကြာ စုဝေးပြီး သူတို့နဲ့ မိတ်သဟာယပြုဖို့ လိုအပ်တယ်။ ဒီလိုလုပ်ဖို့ဆိုရင် သမ္မာတရားကို နားလည်ရမယ်၊ ပြဿနာတွေဖြေရှင်းဖို့ သမ္မာတရားနဲ့ မိတ်သဟာယဖွဲ့နိုင်တဲ့ အရည်အချင်းလဲ ရှိဖို့လိုတယ်။ ငါ ဘုရားသခင်ကို ယုံကြည်တာ အချိန်ခဏလေးပဲ ရှိသေးတော့ သမ္မာတရားနားလည်မှုကလည်း တိမ်သေးတယ်။ တရားဟောဆရာအနေနဲ့ စပြီးလေ့ကျင့်ခါစဆိုတော့ နေရာတော်တော်များများမှာ အားနည်းချက်တွေ ရှိနေတယ်။ စုဝေးပွဲတွေမှာ ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေကို ငါမဖြေရှင်းနိုင်ခဲ့ရင် သူတို့ ငါ့ကို ဘယ်လိုထင်ကြမလဲ။ ဒီတာဝန်ကို ငါမထမ်းဆောင်နိုင်ဘူးဆိုပြီး ငါ့ကို အထင်သေးကြမှာလား” ပေါ့။ ဒါပေမဲ့ နောက်တော့ ကျွန်တော်ပြန်တွေးမိတယ်၊ “တာဝန်တစ်ခုကျရောက်လာတာက ဘုရားသခင်ရဲ့ ခွင့်ပြုချက်နဲ့ဖြစ်ပြီး၊ ဒါ့ထက်ပိုတာက ဘုရားသခင်ရဲ့ ကျေးဇူးတော်ပဲ။ ငါ ဘုရားသခင်ကို စိတ်မပျက်စေရဘူး၊ အလုပ်ကိုလုပ်ဆောင်တဲ့နေရာမှာ ဘုရားသခင်ကိုပဲ အားကိုးရမယ်” လို့ပေါ့။ ဒါကြောင့် ကျွန်တော် ဒီတာဝန်ကို လက်ခံလိုက်တယ်။

အစပိုင်းမှာတော့ ကျွန်တော်က အသင်းတော်ခေါင်းဆောင်တွေ၊ သင်းထောက်တွေနဲ့ အလုပ်ကိစ္စကို စာနဲ့ပဲ ဆက်သွယ်ခဲ့တယ်၊ ဒါပေမဲ့ သိပ်အလုပ်မဖြစ်ခဲ့ဘူး။ တချို့အလုပ်တွေက အခြေအနေကို လူကိုယ်တိုင်နားလည်ပြီး လက်တွေ့ကျတဲ့ လမ်းပြမှုတွေပေးနိုင်ဖို့ စုဝေးပွဲတွေလုပ်ဖို့ လိုအပ်တယ်။ အသင်းတော်ခေါင်းဆောင်အများစုက ဘုရားသခင်ကို ကျွန်တော့်ထက်ပိုကြာကြာ ယုံကြည်ခဲ့ကြတယ်ဆိုတဲ့အချက်ကို ကျွန်တော် စဉ်းစားမိတယ်၊ ကျွန်တော့်ထက် သမ္မာတရားကို ပိုနားလည်ကြမှာ သေချာတယ်။ ကျွန်တော်သာ မိတ်သဟာယ ကောင်းကောင်းမဖွဲ့နိုင်ဘဲ သူတို့ရဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို မဖြေရှင်းပေးနိုင်ခဲ့ရင် တော်တော်ရှက်စရာကောင်းမှာ မဟုတ်ဘူးလား။ စာနဲ့ဆက်သွယ်ရင်တော့ သူတို့ပြဿနာတွေကို အချိန်ယူပြီး ကျွန်တော်စဉ်းစားလို့ရတယ်၊ နားမလည်တာတွေရှိရင် အထက်လူကြီးတွေကို မေးမြန်းရှာဖွေလို့ရတယ်။ အနည်းဆုံးတော့ လူတိုင်းရှေ့မှာ ကိုယ့်အရှက်ကိုယ် ခွဲမိမှာမဟုတ်ဘူးလေ။ ဒါပေမဲ့ စုဝေးပွဲမရှိပဲနဲ့တော့ သူတို့ရဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို အသေးစိတ်နားလည်ဖို့ နည်းလမ်းမရှိဘူးလေ၊ ဒါနဲ့ ကျွန်တော့်မှာ သူတို့ကို စုဝေးပွဲတစ်ခုဆီကို ဖိတ်ခေါ်ရုံကလွဲပြီး ရွေးချယ်စရာမရှိခဲ့ဘူး။ စုဝေးပွဲလုပ်နေတုန်းမှာ ကျွန်တော် အရမ်းကို စိတ်လှုပ်ရှားနေခဲ့တယ်။ ညီအစ်မတစ်ယောက်က သန့်စင်ခြင်းအလုပ်ကို လုပ်ဆောင်ရင်းနဲ့ ပြဿနာတွေအများကြီး ကြုံခဲ့ရတယ်၊ အဲဒါတွေကို ဘယ်လိုဖြေရှင်းရမှန်းလဲ မသိဘူး၊ သူ့ရဲ့အခြေအနေကလည်း မကောင်းဘူးလို့ ပြောလာတယ်။ ကျွန်တော့်ခေါင်းထဲမှာ ဗလာကြီးဖြစ်သွားပြီး၊ ဒီပြဿနာတွေကို ချက်ချင်းဘယ်လိုဖြေရှင်းရမလဲဆိုတာ စဉ်းစားလို့မရနိုင်ဘူး၊ ဒါနဲ့ ပိုပြီးတော့တောင် စိတ်လှုပ်ရှားလာတယ်။ ကျွန်တော် ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ညီအစ်မက ငါမိတ်သဟာယဖွဲ့ပေးမှာကို စောင့်နေတုန်းပဲ။ ဒါက ငါ့ရဲ့ ပထမဆုံးအကြိမ် စုဝေးပွဲ။ ငါသာ ပြဿနာတွေကို မဖြေရှင်းနိုင်ရင် ညီအစ်ကိုမောင်နှမတွေက ငါ့ကို ဘယ်လိုများ ထင်သွားကြမလဲ။ ငါ့လိုအဆင့်အတန်းရှိတဲ့ တရားဟောဆရာတစ်ယောက်အနေနဲ့ ဒီပြဿနာတွေကိုတောင် မဖြေရှင်းနိုင်ဘူးလို့ ထင်ကြမလား” လို့ပေါ့။ ညီအစ်ကိုမောင်နှမတွေ ကျွန်တော့်ကို အထင်မသေးအောင်လို့၊ ကျွန်တော့်မှာ ကိုယ့်ကိုယ်ကိုယ် ဘုရားနှုတ်ကပတ်တော်တွေကို ရှာဖွေဖို့ တွန်းအားပေးရုံကလွဲပြီး ရွေးချယ်စရာမရှိခဲ့ဘူး။ အကြာကြီးရှာပြီးတဲ့နောက်မှာတောင် ညီအစ်မရဲ့ အခြေအနေနဲ့ကိုက်ညီတဲ့ နှုတ်ကပတ်တော် တစ်ခုတစ်လေမှ ကျွန်တော် ရှာမတွေ့ခဲ့ဘူး။ နောက်ဆုံးတော့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို မနည်းရှာတွေ့ခဲ့ပေမဲ့၊ ဖတ်ပြီးသွားတဲ့အခါမှာ ဘယ်သူမှ အဲဒီအပေါ်မှာ မိတ်သဟာယမဖွဲ့ခဲ့ဘူး။ အခန်းတစ်ခုလုံး တစပြင်လို တိတ်ဆိတ်သွားပြီး၊ ကျွန်တော် အနေရခက်ပြီး ရှက်သွားတယ်။ “ငါတော့ အကြီးအကျယ် အရှက်ကွဲပြီ။ ငါရှာလိုက်တဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်က အကြောင်းအရာနဲ့မကိုက်ညီဘဲ ဒီပြဿနာတွေကို မဖြေရှင်းနိုင်တာ သေချာနေပြီ။ ညီအစ်ကိုမောင်နှမတွေလည်း ငါ့ရဲ့အရည်အချင်းအမှန်ကို အခုသိလောက်ပြီ။ နောင်ကျရင် သူတို့ကို ငါဘယ်လို မျက်နှာပြရပါ့မလဲ” ပေါ့။ ကျွန်တော် ဒီလိုတွေးလေလေ၊ ဒီတာဝန်ကို မထမ်းဆောင်နိုင်တော့ဘူးလို့ ပိုခံစားလာရလေပဲ။ နောက်ဆုံးမှာတော့၊ ကျွန်တော် ဝတ်ကျေတမ်းကျေ စကားနည်းနည်းလောက်ပဲ အကျဉ်းရုံး မိတ်သဟာယဖွဲ့လိုက်ပြီး၊ အကြောင်းအရာကိုပြောင်းပြီး အလုပ်အကြောင်း စမေးလိုက်တယ်။ ဒါပေမဲ့ ကျွန်တော်က စိတ်လှုပ်ရှားနေတာရယ်၊ ပြဿနာတွေမဖြေရှင်းနိုင်ရင် ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကို ဘယ်လိုမြင်မလဲဆိုတာကို စိုးရိမ်နေတာရယ်ကြောင့်၊ သူတို့အလုပ်အကြောင်းကို ယေဘုယျလောက်ပဲ သိခဲ့ပြီး ဒီလိုနဲ့ပဲ အစည်းအဝေးပြီးတဲ့အထိ မနည်းကိုယ့်ကိုယ်ကိုယ် ထိန်းထားခဲ့ရတယ်။ ကျွန်တော် အိမ်ပြန်ရောက်တဲ့အခါမှာ အရမ်း အပျက်သဘောဆောင်နေခဲ့တယ်၊ ပြီးတော့ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ဒီနေ့ရဲ့ စုဝေးပွဲက လုံးဝ ရှုံးနိမ့်မှုကြီးပဲ။ ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေကို ဖြေရှင်းမပေးနိုင်ခဲ့တဲ့အပြင်၊ ကိုယ့်ရဲ့အရည်အချင်းအမှန်ကိုလည်း သေသေချာချာ ဖော်ထုတ်လိုက်တာပဲ၊ နောင်ကျရင် ညီအစ်ကိုမောင်နှမတွေကို ဘယ်လို မျက်နှာပြရပါ့မလဲ” ပေါ့။ အဲဒီအချိန်တုန်းက ကျွန်တော်ဟာ အပျက်သဘောဆောင်တဲ့ အခြေအနေမှာ ရှင်သန်နေခဲ့ပြီး ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို စားသောက်ဖို့ အားအင်လုံးဝမရှိခဲ့ဘူး။ အလုပ်တွေကို ဆက်လုပ်ဖို့လည်း အရင်လိုမကြိုးစားတော့ဘူး၊ စုဝေးပွဲတွေကိုလည်း တမင်တကာ ရှောင်နေခဲ့တယ်။ တစ်လနီးပါးလောက် ခေါင်းဆောင်တွေ၊ သင်းထောက်တွေနဲ့ စုဝေးဖို့တောင် မရဲခဲ့ဘူး။ အသင်းတော်ခေါင်းဆောင်တချို့က လူတွေကို ပိုင်းခြားသိမြင်ခြင်းရဲ့ စည်းမျဉ်းတွေကို နားမလည်ကြတော့ သန့်စင်ရေးဆိုင်ရာ ကုန်ကြမ်းအချက်အလက်တွေကို စုစည်းတဲ့နေရာမှာ တိုးတက်မှုက အရမ်းကိုနှေးကွေးနေခဲ့တယ်။ စာနဲ့အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ ဘာမှတိုးတက်မလာသေးတာကြောင့် လက်တွေ့ကျတဲ့ လမ်းပြမှုတွေပေးနိုင်ဖို့ လူကိုယ်တိုင်တွေ့ခဲ့ရတယ်။ ဒါပေမဲ့ ကျွန်တော်က သိက္ခာဆည်ဖို့အတွက် သူတို့နဲ့တွေ့ပြီး မိတ်သဟာယဖွဲ့ဖို့ မရဲခဲ့ဘူး။ ဒါက အသင်းတော်ရဲ့ သန့်စင်ခြင်းအလုပ်ကို နှောင့်နှေးစေခဲ့တယ်။

နောက်ပိုင်းမှာ တွဲဖက်အမှုဆောင်တွေနဲ့ စုဝေးတဲ့အခါမှာ ကျွန်တော့်အခြေအနေနဲ့ပတ်သက်ပြီး သူတို့ကို ကျွန်တော် ပြောပြခဲ့တယ်။ ကျွန်တော်နဲ့ တွဲဖက်လုပ်ဆောင်တဲ့ ညီအစ်မက ဘုရားနှုတ်ကပတ်တော် ရွတ်ဖတ်ပြထားတဲ့ ဗီဒီယိုတစ်ခုကို ကျွန်တော့်ကို ပြခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “တစ်စုံတစ်ယောက်ကို ညီအစ်ကိုမောင်နှမများက ခေါင်းဆောင်အဖြစ် ရွေးကောက်သောအခါ၊ သို့မဟုတ် အလုပ်တစ်ခုခု လုပ်ဆောင်ရန်ဖြစ်စေ၊ တာဝန်တစ်ခုခု ထမ်းဆောင်ရန်ဖြစ်စေ ဘုရားသခင်၏အိမ်တော်က ရာထူးတိုးမြှင့်ပေးသောအခါတွင် ဤသူသည် ဘုရားသခင်အပေါ် ကျိုးနွံနာခံနိုင်ပြီး ဘုရားသခင်ကို သစ္စာဖောက်မည်မဟုတ်ဟု အဓိပ္ပာယ်သက်ရောက်ရန် မဆိုထားနှင့်၊ ထိုသူ၌ ထူးခြားသော ဂုဏ်အဆင့်အတန်းသော်လည်းကောင်း၊ ရာထူးနေရာသော်လည်းကောင်း ရှိသည်၊ သို့မဟုတ် ထိုသူနားလည်သည့် သမ္မာတရားများက အခြားလူများနားလည်သည့် သမ္မာတရားများထက် ပို၍နက်နဲပြီး ပို၍များပြားသည်ဟုပင် အဓိပ္ပာယ်သက်ရောက်ခြင်း မရှိပေ။ အသေအချာပင် ထိုသူသည် ဘုရားသခင်ကို သိပြီး ဘုရားသခင်ကို ကြောက်ရွံ့သောသူဖြစ်သည်ဟူ၍လည်း မဆိုလိုပေ။ အမှန်တကယ်တွင် ဤထဲမှ တစ်ခုကိုမျှ ၎င်းတို့မရရှိထားပေ။ ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းသည် ရိုးရှင်းသော အဓိပ္ပာယ်ဖြင့် ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းမျှသာဖြစ်ပြီး ၎င်းတို့ ဘုရားသခင်၏ ကြိုတင်ပြဋ္ဌာန်းထားခြင်း၊ ဘုရားသခင်က ထိုက်တန်သည်ဟု အမြင်ခံရခြင်းနှင့် မညီမျှချေ။ ထိုသူ၏ ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းမှာ ထိုသူသည် ရာထူးတိုးမြှင့်ခံရပြီး ပျိုးထောင်မှုကို စောင့်ဆိုင်းနေသည်ဟူ၍ ဆိုလိုခြင်း သက်သက်သာဖြစ်သည်။ ပြီးလျှင် ဤပျိုးထောင်ခြင်း၏ အဆုံးသတ်ရလဒ်က ဤလူသည် သမ္မာတရားကို လိုက်စားခြင်း ရှိမရှိနှင့် ၎င်းသည် သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို ရွေးချယ်နိုင်စွမ်း ရှိမရှိတို့အပေါ်တွင် မူတည်လေသည်။ ထို့ကြောင့် အသင်းတော်ရှိ တစ်စုံတစ်ယောက်သည် ခေါင်းဆောင်ဖြစ်ရန်အတွက် ရာထူးတိုးမြှင့်ခံရပြီး ပျိုးထောင်ခံရသည့်အခါတွင် ထိုသူသည် အရိုးရှင်းဆုံးသော အဓိပ္ပာယ်ဖြင့် ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ခံရခြင်းသာဖြစ်သည်။ ယင်းမှာ ထိုသူသည် စံနှုန်းပြည့်ပြီး ကျွမ်းကျင်မှုရှိသော ခေါင်းဆောင်တစ်ယောက် ဖြစ်နှင့်ပြီးဖြစ်ကြောင်း၊ ထိုသူသည် ခေါင်းဆောင်ပိုင်း အလုပ်ကို တာဝန်ယူဆောင်ရွက်နိုင်စွမ်း ရှိနေပြီဖြစ်ပြီး တကယ့်အလုပ်ကို လုပ်ဆောင်နိုင်ကြောင်း အဓိပ္ပာယ်မသက်ရောက်ပေ။ ဤသည်မှာ မမှန်ကန်ပေ။ လူအများစုသည် ဤအရာများကို ရိပ်စားမိနိုင်ခြင်း မရှိကြဘဲ ၎င်းတို့၏ ကိုယ်ပိုင်စိတ်ကူးများအရ ရာထူးတိုးခံရပြီးသည့်သူများကို အထင်ကြီးလေးစားကြသည်။ ဤသည်မှာ အမှားတစ်ခုဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်ပြီးဖြစ်ပါစေ ရာထူးတိုးခြင်း ခံရသည့်သူများသည် သမ္မာတရား လက်တွေ့ကျမှုကို အမှန်တကယ် ပိုင်ဆိုင်သလော။ ပိုင်ဆိုင်ချင်မှ ပိုင်ဆိုင်ပေမည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို လက်တွေ့အကောင်အထည်ဖော်နိုင်သလော။ အကောင်အထည် ဖော်နိုင်ချင်မှ ဖော်နိုင်ပေမည်။ ၎င်းတို့၌ တာဝန်ယူစိတ်တစ်ခု ပိုင်ဆိုင်သလော။ ၎င်းတို့သည် သစ္စာစောင့်သိသလော။ ၎င်းတို့သည် ကျိုးနွံနာခံနိုင်သလော။ အရေးကိစ္စတစ်ခုကို ကြုံတွေ့ရသည့်အခါတွင် ၎င်းတို့သည် သမ္မာတရားကို ရှာဖွေနိုင်သလော။ ဤအရာအားလုံးတို့ကို မသိရှိရပေ။ ဤလူများ၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသလော။ ၎င်းတို့၏ ဘုရားသခင်အပေါ် ကြောက်ရွံ့သော စိတ်နှလုံးမှာ မည်မျှကြီးမားသနည်း။ အမှုအရာများကို ဆောင်ရွက်သည့်အခါတွင် သူ၏ ကိုယ်ပိုင်စိတ်ဆန္ဒနောက်ကို လိုက်ခြင်းကို ၎င်းတို့ ရှောင်ကြဉ်နိုင်သလော။ ၎င်းတို့သည် ဘုရားသခင်ကို ရှာဖွေနိုင်သလော။ ဦးဆောင်မှု အလုပ်ကို ၎င်းတို့ ထမ်းဆောင်သည့်အချိန်ကာလတွင် ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေရန် ဘုရားသခင်ရှေ့မှောက်သို့ မကြာခဏ လာရောက်နိုင်သလော။ ၎င်းတို့သည် လူတို့အား သမ္မာတရား စစ်မှန်မှုထဲသို့ ဦးဆောင်လမ်းပြနိုင်သလော။ ၎င်းတို့သည် ဤအရာများကို သေချာပေါက်ပင် စွမ်းဆောင်နိုင်ခြင်း မရှိပေ။ ၎င်းတို့သည် လေ့ကျင့်ပေးခြင်းမခံထားရသေးဘဲ အတွေ့အကြုံ အလုံအလောက် မရှိသောကြောင့် ဤအရာများကို မစွမ်းဆောင်နိုင်ပေ။ ဤအတွက်ကြောင့် တစ်စုံတစ်ယောက်ကို ရာထူးတိုးမြှင့်ပေးခြင်းနှင့် ပျိုးထောင်ခြင်းက ထိုသူသည် သမ္မာတရားကို နားလည်ပြီးဖြစ်သည်ဟု ဆိုလိုခြင်း မဟုတ်သကဲ့သို့ ထိုသူသည် စံနှုန်းပြည့်ဖြစ်သောနည်းလမ်းဖြင့် မိမိ၏တာဝန်ကို ထမ်းဆောင်နိုင်စွမ်း ရှိပြီးဖြစ်သည်ဟု ဆိုခြင်းလည်း မဟုတ်ချေ။ ဤသို့ဆိုလျှင် တစ်စုံတစ်ယောက်ကို ရာထူးတိုးမြှင့်ပေးခြင်းနှင့် ပျိုးထောင်ခြင်း၏ ရည်ရွယ်ချက်နှင့် အရေးပါမှုမှာ အဘယ်နည်း။ ယင်းမှာ ဤလူတစ်ဦးသည် လက်တွေ့လုပ်ဆောင်ရန်နှင့် အထူးရေလောင်းခြင်းနှင့် လေ့ကျင့်သင်ကြားပေးခြင်းတို့ ခံရရန် သီးခြားလူတစ်ဦးအဖြစ် ရာထူးတိုးခံရခြင်းဖြစ်သည်။ ထိုသို့ဖြင့် သမ္မာတရား စည်းမျဉ်းများကိုလည်းကောင်း၊ မတူကွဲပြားသောအရာများကို လုပ်ဆောင်ခြင်းနှင့် မျိုးစုံသော ပြဿနာများကို ဖြေရှင်းခြင်းတို့တွင် စည်းမျဉ်းများ၊ နည်းလမ်းများနှင့် နည်းစနစ်များကိုလည်းကောင်း ၎င်းကြုံတွေ့ရသည့် အမျိုးအစားမျိုးစုံသော ပတ်ဝန်းကျင်များနှင့် လူများကို ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ကာကွယ်သည့်ပုံစံဖြင့် ကိုင်တွယ်ပုံနှင့် ဖြေရှင်းပုံတို့ကိုလည်းကောင်း နားလည်ရန် ၎င်းကို ထောက်ကူပေးသည်။ ဤအချက်များအရ အကဲဖြတ်ရလျှင် ဘုရားသခင်၏ အိမ်တော်က ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ပေးထားသော ပါရမီရှိသော လူများသည် ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းအချိန်ကာလတွင်၊ သို့မဟုတ် ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းအချိန်ကာလမတိုင်မီတွင် သူ၏အလုပ်ကို တာဝန်ယူဆောင်ရွက်နိုင်စွမ်း၊ သူ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်စွမ်း လုံလောက်စွာရှိသည်ဟု ညွှန်းဆိုသလော။ မညွှန်းဆိုပေ။ ထို့ကြောင့် ပျိုးထောင်ခြင်းအချိန်ကာလတွင် ဤလူတို့သည် ပြုပြင်ခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ဖော်ထုတ်ခြင်းနှင့် ထုတ်ပယ်ခြင်းကိုပင် တွေ့ကြုံရမည်မှာ ရှောင်လွှဲ၍ မရနိုင်ပေ။ ဤသည်မှာ ပုံမှန်ဖြစ်၏၊ ဤသည်မှာ လေ့ကျင့်ပေးခြင်းနှင့် ပျိုးထောင်ပေးခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၅)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်တော်နားလည်သွားတယ်၊ လူတစ်ယောက်က ရာထူးတိုးမြှင့်ခံရပြီး ပျိုးထောင်ခံရတာက သူဟာ တခြားသူတွေထက် ပိုတော်တယ်၊ သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်တယ်၊ ဒါမှမဟုတ် ဘယ်ပြဿနာကိုမဆို ရှင်းရှင်းလင်းလင်းမြင်ပြီး ဖြေရှင်းနိုင်တယ်လို့ မဆိုလိုပါဘူး။ အသင်းတော်က တစ်စုံတစ်ယောက်ကို ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ပေးတဲ့အခါ၊ အဲဒါက သူတို့ကို တာဝန်နဲ့ ဝန်တာတစ်ခု ပေးလိုက်တာဖြစ်တယ်၊ ဒါမှ သူတို့က လက်တွေ့လုပ်ဆောင်ဖို့ အခွင့်အရေးတွေ ပိုရလာမယ်၊ ပြီးတော့ ပြဿနာတွေကို ရှာဖွေတွေ့ရှိပြီး အဲဒါတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေတတ်ဖို့ သင်ယူနိုင်မှာဖြစ်တယ်။ သူတို့နားမလည်တာ၊ မလုပ်နိုင်တာ အနည်းအကျဉ်း ရှိနေတာက လုံးဝကို ပုံမှန်ပါပဲ။ ဒါက ညီအစ်ကိုမောင်နှမတွေနဲ့ ကျွန်တော်စုဝေးခဲ့တုန်းကလိုပဲပေါ့။ ကျွန်တော် ဘုရားသခင်ကို ယုံကြည်တာ အချိန်တိုသေးပြီး ဒီတာဝန်ကို စထမ်းဆောင်ခါစဖြစ်တဲ့အတွက်၊ တချို့ပြဿနာတွေကို ဘယ်လိုဖြေရှင်းရမှန်းမသိတာက လုံးဝ ပုံမှန်ပဲ။ ဒါပေမဲ့ ကျွန်တော်ကတော့ တရားဟောဆရာတစ်ယောက်အနေနဲ့ ပြဿနာအားလုံးကို ဖြေရှင်းနိုင်ရမယ်၊ ဘယ်လိုဖြေရှင်းရမှန်းမသိဘူးလို့ ပြောလို့မဖြစ်ဘူးလို့ အမြဲယုံကြည်ခဲ့တယ်။ ပြဿနာတွေမဖြေရှင်းနိုင်တဲ့အခါ ကိုယ့်ရဲ့အားနည်းချက်တွေကို ဖုံးကွယ်ထားခဲ့တယ်။ အပျက်သဘောဆောင်ပြီး ကိုယ့်ကိုယ်ကိုယ် တရားဟောဆရာတစ်ယောက်ရဲ့ တာဝန်ကို လုပ်နိုင်စွမ်းမရှိဘူးလို့ သတ်မှတ်ခဲ့တယ်၊ တစ်လနီးပါးလောက် ခေါင်းဆောင်တွေ၊ သင်းထောက်တွေနဲ့ စုဝေးဖို့တောင် မရဲခဲ့ဘူး၊ အဲဒါက အသင်းတော်အလုပ်ကို နှောင့်နှေးစေခဲ့တယ်။ တကယ်တော့ ကျွန်တော်ဟာ တရားဟောဆရာတစ်ယောက် ဖြစ်နေပေမဲ့၊ ကျွန်တော့်ရဲ့ ဝိညာဉ်ရင့်ကျက်မှုက အရင်အတိုင်းပဲ။ ကျွန်တော့်မှာ အားနည်းချက်တွေ အများကြီးရှိတုန်းပဲ၊ သမ္မာတရားနားလည်မှုကလည်း တိမ်တုန်းပဲ၊ ပြီးတော့ နားမလည်တာ၊ မလုပ်နိုင်တာတွေကို ပိုပြီးရှာဖွေမေးမြန်းဖို့၊ ညီအစ်ကိုမောင်နှမတွေနဲ့ ပွင့်ပွင့်လင်းလင်း မိတ်သဟာယဖွဲ့ပြီး သူတို့ရဲ့အားသာချက်နဲ့ ကျွန်တော့်အားနည်းချက်ကို ခုနှိမ်ပြီး ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ လိုအပ်နေတုန်းပဲ။ ဒါကိုနားလည်သွားပြီးနောက်မှာ၊ ကျွန်တော် အသင်းတော်ခေါင်းဆောင်တွေ၊ သင်းထောက်တွေနဲ့ တွေ့ဆုံပြီး စုဝေးပွဲလုပ်ဖို့ ဆန္ဒရှိလာတယ်။

ဒါပေမဲ့ သူတို့ကို စုဝေးပွဲအကြောင်းကြားဖို့ စာရေးတဲ့အခါမှာတော့၊ အရင်က စိုးရိမ်စိတ်တွေက အလိုလို ပြန်ပေါ်လာပြန်ရော။ နောက်ပိုင်းမှာ ကျွန်တော် ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဖောက်ပြန်ပျက်စီးသော လူသားအားလုံးသည် တူညီသော ပြဿနာတစ်ခုကို ခံစားနေကြသည်။ ၎င်းတို့သည် ဂုဏ်အဆင့်အတန်းမရှိသောအခါ၊ ၎င်းတို့သည် မည်သူနှင့်မဆို ဆက်ဆံသည့်အခါ သို့မဟုတ် စကားပြောသည့်အခါ မာနကြီးခြင်း မရှိသလို စကားပြောသည့်အခါတွင် ပုံစံ သို့မဟုတ် လေသံတစ်မျိုးဖြင့် ပြောဆိုခြင်း မပြုပေ။ ၎င်းတို့သည် သာမန်၊ ပုံမှန်သာ ဖြစ်ပြီး သူတို့ကိုယ်သူတို့ ပြရုပ်တင်ရန် မလိုပေ။ ၎င်းတို့သည် မည်သည့် စိတ်ပိုင်းဆိုင်ရာ ဖိအားကိုမျှ မခံစားရဘဲ ပွင့်လင်းစွာနှင့် လှိုက်လှိုက်လှဲလှဲ မိတ်သဟာယပြုနိုင်သည်။ ၎င်းတို့သည် ဖော်ရွေပြီး ဆက်ဆံရလွယ်ကူသည်။ ၎င်းတို့သည် အလွန်ကောင်းသော လူများဖြစ်သည်ဟု အခြားလူတို့ ခံစားရသည်။ ၎င်းတို့သည် ဂုဏ်အဆင့်အတန်းရှိလာသည်နှင့် မာနကြီးလာကြလေသည်၊ သာမန်လူတို့ကို လျစ်လျူရှုကြသည်၊ သူတို့ကို မည်သူမျှ မချဉ်းကပ်နိုင်ကြပေ။ ၎င်းတို့၌ မြင့်မြတ်ခြင်း ရှိသည်ဟု ၎င်းတို့က ထင်မြင်ကြပြီး ၎င်းတို့နှင့် သာမန်လူတို့သည် အမျိုးအစားမတူဟု ထင်မြင်ကြသည်။ ၎င်းတို့က သာမန်လူတို့ကို အထင်သေးပြီး စကားပြောသောအခါ ဆိုက်ဂိုက်ထုတ်ကာ အခြားလူတို့နှင့် ပွင့်လင်းစွာ မိတ်သဟာယဖွဲ့ခြင်း မရှိတော့ပေ။ ၎င်းတို့သည် အဘယ်ကြောင့် ပွင့်လင်းစွာ မိတ်သဟာယ မဖွဲ့တော့သနည်း။ ၎င်းတို့သည် ယခုအခါတွင် ဂုဏ်အဆင့်အတန်းရှိပြီး ခေါင်းဆောင်များဖြစ်သည်ဟု ထင်မြင်ကြသည်။ ခေါင်းဆောင်တို့သည် ရုပ်သွင်တစ်မျိုးရှိရမည်၊ သာမန်လူတို့ထက် အနည်းငယ် ပိုမြင့်ရမည်၊ ဝိညာဉ်ရင့်ကျက်မှု ပိုရှိပြီး တာဝန်ပို၍ကောင်းစွာ ယူနိုင်သည်ဟု ၎င်းတို့ ထင်မြင်ကြသည်။ သာမန်လူတို့နှင့် ယှဉ်လျှင် ခေါင်းဆောင်တို့သည် ပို၍ စိတ်ရှည်ရမည်၊ ပို၍ဒုက္ခခံပြီး အသုံးတော်ခံနိုင်ရမည်၊ စာတန်ထံမှ မည်သည့်သွေးဆောင်မှုကိုမဆို တောင့်ခံနိုင်ရမည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့၏ မိဘများ သို့မဟုတ် အခြားမိသားစုဝင်များ သေဆုံးလျှင်ပင် ၎င်းတို့သည် မငိုဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှု ရှိရမည်၊ သို့မဟုတ် အနည်းဆုံးအနေဖြင့် အခြားသူများကွယ်ရာ၌ တိတ်တဆိတ် ငိုရမည်၊ သို့မှသာ ၎င်းတို့၏ ချို့ယွင်းချက်များ၊ အပြစ်အနာအဆာများ သို့မဟုတ် အားနည်းချက်များကို မည်သူမျှ မမြင်နိုင်မည် ဖြစ်သည်။ ခေါင်းဆောင်တို့သည် အပျက်သဘောဆောင်လာလျှင် မည်သူ့ကိုမျှ သိခွင့်မပေးရ၊ ယင်းအစား ထိုသို့သောအရာများအားလုံးကို ဖုံးကွယ်ထားရမည် ဟူ၍ပင် ထင်မြင်ကြသည်။ ဤသည်မှာ ဂုဏ်အဆင့်အတန်းရှိသူတစ်ယောက် လုပ်ဆောင်သင့်သည့်ပုံစံဟု ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဤအတိုင်းအတာအထိ ချုပ်တည်းသည့်အခါ ဂုဏ်အဆင့်အတန်းသည် ၎င်းတို့၏ ဘုရား၊ ၎င်းတို့၏ အရှင်သခင် ဖြစ်လာပြီ မဟုတ်သလော။ ဤသို့ဖြစ်သောကြောင့် ၎င်းတို့သည် ပုံမှန်လူ့သဘာဝ ပိုင်ဆိုင်သေးသလော။ ၎င်းတို့၌ ဤစိတ်ကူးများရှိသည့်အခါ၊ ၎င်းတို့သည် ဤကဲ့သို့ မိမိတို့ကိုယ်ကို ကန့်သတ်ချုပ်ချယ်ပြီး ဤအပြုအမူမျိုးဖြင့် ပြုမူသည့်အခါဂုဏ်အဆင့်အတန်းကို မစွဲမက်လာလေသလော။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အဆင့်အတန်း၏ စုံစမ်းသွေးဆောင်ခြင်းနှင့် ချည်နှောင်မှုကို ဖြေရှင်းရန်နည်းလမ်း) ဘုရားနှုတ်ကပတ်တော်ရဲ့ ဖော်ထုတ်မှုကနေတစ်ဆင့် ကျွန်တော်နားလည်သွားတယ်၊ တရားဟောဆရာဖြစ်လာပြီးတဲ့နောက် ကိုယ့်ရဲ့ချို့ယွင်းချက်တွေ၊ အားနည်းချက်တွေကို ဘယ်တော့မှ မှန်မှန်ကန်ကန် သဘောမထားနိုင်ခဲ့တဲ့အကြောင်းရင်းကတော့ ကိုယ့်ကိုယ်ကိုယ် တရားဟောပြောသူဆိုပြီး အမြင့်တစ်နေရာမှာ တင်ထားခဲ့လို့ပါပဲ။ စုဝေးပွဲမစခင်ကတည်းက၊ ကျွန်တော် ရင်ဆိုင်ရမယ့် ခေါင်းဆောင်တွေနဲ့ သင်းထောက်တွေက ဘုရားသခင်ကို နှစ်တွေအများကြီး ယုံကြည်ခဲ့ကြတယ်ဆိုတာကို တွေးမိတာနဲ့ ကျွန်တော် စိတ်လှုပ်ရှားသွားတယ်၊ ပြဿနာတွေ မဖြေရှင်းနိုင်မှာကို ကြောက်တယ်၊ ပြီးတော့ သူတို့က ကျွန်တော့်ကို အရည်အချင်းမရှိတဲ့ တရားဟောဆရာတစ်ယောက်လို့ ယုံကြည်ကြမှာကို ကြောက်ခဲ့တယ်၊ ဒါကြောင့် ကျွန်တော် ရှက်ပြီး အနေခက်ခဲ့ရတယ်။ စုဝေးပွဲအတွင်းမှာ ကျွန်တော်က ညီအစ်မရဲ့ ပြဿနာတွေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ပေမဲ့ ဒါမှမဟုတ် မဖြေရှင်းနိုင်ခဲ့ပေမဲ့ တရားဟောဆရာတစ်ယောက်အနေနဲ့ ဒါတွေကို မမြင်နိုင်ဘူးလို့ ပြောလို့မဖြစ်ဘူးလို့ ကျွန်တော် ယုံကြည်နေခဲ့တုန်းပဲ။ ဒါကြောင့် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖြစ်သလိုရှာပြီး ဝတ်ကျေတမ်းကျေ ပုံစံနဲ့ မိတ်သဟာယဖွဲ့ခဲ့တယ်၊ တခြားအလုပ်အကြောင်းကို သိအောင်လုပ်ဖို့ ဆက်မပြောခင်မှာ ညီအစ်မရဲ့ ပြဿနာတွေ ပြေလည်လား၊ မပြေလည်ဘူးလားဆိုတာကို အလေးမထားခဲ့ဘူး။ အဲဒီမှာတောင် ကျွန်တော်တွေ့ရှိတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ စိုးရိမ်ခဲ့တဲ့အတွက် အလုပ်အကြောင်းကို တော်တော်လေး အကျဉ်းချုံးပြီးတော့ပဲ မေးခဲ့တယ်။ ရလဒ်အနေနဲ့ အဲဒီစုဝေးပွဲက ဘာပြဿနာတစ်ခုမှ မဖြေရှင်းနိုင်ခဲ့ဘူး။ အဲဒီတုန်းကသာ ကျွန်တော် ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးသားသားပြောနိုင်ခဲ့ပြီး၊ အားလုံးနဲ့အတူတကွ မိတ်သဟာယဖွဲ့ပြီး ရှာဖွေခဲ့မယ်ဆိုရင်၊ ညီအစ်မရဲ့ ပြဿနာတွေက အတိုင်းအတာတစ်ခုအထိ ပြေလည်သွားနိုင်မှာပဲ။ တကယ်လို့ တကယ်ကို မဖြေရှင်းနိုင်ခဲ့ရင်တောင်၊ နောက်ပိုင်းမှာ တခြားသူတွေဆီကနေ ရှာဖွေလို့ရသေးတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ နေရာတကာမှာ တရားဟောဆရာတစ်ယောက်အဖြစ် ကိုယ့်ရဲ့အဆင့်အတန်းနဲ့ ပုံရိပ်ကိုပဲ ကာကွယ်နေခဲ့ပြီး၊ အမြဲတမ်း ဟန်ဆောင်ပြီး ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်နေခဲ့တယ်။ ကျွန်တော် စဉ်းစားမိတယ်၊ အထက်ခေါင်းဆောင်တွေနဲ့ စုဝေးတုန်းကတော့ ကျွန်တော်နားလည်သလောက် မိတ်သဟာယဖွဲ့တယ်၊ နားမလည်တာတွေရှိရင်လည်း ပွင့်ပွင့်လင်းလင်းနဲ့ မေးမြန်းခဲ့တယ်။ အဲဒီစုဝေးပွဲတွေတုန်းက ကျွန်တော် ပေါ့ပါးပြီး လွတ်လပ်တယ်လို့ ခံစားခဲ့ရတယ်။ ဒါပေမဲ့ ညီအစ်ကိုမောင်နှမတွေနဲ့ စုဝေးတဲ့အခါတိုင်းမှာ၊ ဒီလို ပေါ့ပါးလွတ်လပ်တဲ့ခံစားချက်က လုံးဝပျောက်ကွယ်သွားခဲ့တယ်။ တရားဟောဆရာတစ်ယောက်အနေနဲ့ သူတို့ရဲ့ပြဿနာတွေကို ဖြေရှင်းပေးဖို့ ကျွန်တော်က ရှိနေတာလို့ ယုံကြည်ခဲ့တယ်၊ ဒါနဲ့ မသိစိတ်ကနေတစ်ဆင့် ကိုယ့်ကိုယ်ကိုယ် တရားဟောဆရာတစ်ယောက်အနေနဲ့ စင်ပေါ်တင်ထားခဲ့တယ်။ ကျွန်တော့်ရဲ့ အားနည်းချက်တွေကို အမြဲတမ်း ဖုံးကွယ်ပြီး ဝှက်ထားဖို့ ကြိုးစားခဲ့တယ်၊ ရလဒ်အနေနဲ့ ဘုရားသခင်ရဲ့ ဦးဆောင်မှုကို မရနိုင်ခဲ့ဘူး။ ဒါကြောင့် စုဝေးပွဲတွေမှာ ကျွန်တော့်ရဲ့ မိတ်သဟာယဖွဲ့တာက ခြောက်ကပ်ပြီး အနှစ်သာရမရှိဖြစ်ခဲ့ရသလို၊ ကိုယ်တိုင်လည်း အရမ်းပင်ပန်းတယ်လို့ ခံစားခဲ့ရတယ်။

ကျွန်တော် ဘုရားနှုတ်ကပတ်တော်ကို ထပ်ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “မိမိတို့၏ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို အန္တိခရစ်များ၏ ချစ်မြတ်နိုးခြင်းက သာမန်လူများထက် လွန်ကဲပြီး ယင်းမှာ ၎င်းတို့၏ စိတ်သဘောထားအနှစ်သာရအတွင်း ရှိသည့်အရာတစ်ခု ဖြစ်သည်။ ယင်းက ခဏတာ စိတ်ဝင်စားမှုတစ်ခု မဟုတ်သကဲ့သို့ ၎င်းတို့ပတ်ဝန်းကျင်၏ ယာယီ အကျိုးသက်ရောက်မှုလည်း မဟုတ်ပေ။ ယင်းက ၎င်းတို့၏အသက်၊ ၎င်းတို့၏အရိုးအတွင်းရှိ အရာတစ်ခုဖြစ်သောကြောင့် ၎င်းတို့၏ အနှစ်သာရဖြစ်သည်။ ဤအရာမှာ အန္တိခရစ်များလုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက်စဉ်းစားသည့် အချက်သည် ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သာ ဖြစ်သည်၊ အခြားမည်သည့်အရာမျှ မဟုတ်ဟု ဆိုလိုပေသည်။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့က ၎င်းတို့၏ အသက်ဖြစ်သည့်အပြင် ၎င်းတို့အသက်တာတစ်လျှောက် ၎င်းတို့ လိုက်စားသည့် ပန်းတိုင်ဖြစ်သည်။ ၎င်းတို့လုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက် စဉ်းစားသည့်အချက်က ‘ငါ၏အဆင့်အတန်းက ဘာဖြစ်သွားမည်နည်း။ ငါ၏ဂုဏ်သတင်းကရော ဘာဖြစ်သွားမည်နည်း။ ဤအရာကို လုပ်ဆောင်ခြင်းက ငါ့ကို ကောင်းသော ဂုဏ်သတင်းရစေမည်လော။ ယင်းက လူများ၏စိတ်များထဲရှိ ငါ၏အဆင့်အတန်းကို မြှင့်တင်ပေးမည်လော’ ဖြစ်၏။ ယင်းမှာ ၎င်းတို့ ပထမဆုံးတွေးသည့် အရာဖြစ်သည်၊ ယင်းက ၎င်းတို့၌ အန္တိခရစ်များ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ ရှိခြင်း၏ လုံလောက်သော သက်သေဖြစ်ပြီး ဤအကြောင်းကြောင့်ပင် ၎င်းတို့သည် အမှုအရာများကို ဤနည်းဖြင့် စဉ်းစားကြခြင်း ဖြစ်သည်။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့က ၎င်းတို့အတွက် မရှိလည်း နေနိုင်သည့် အပြင်ပန်းအရာများဖြစ်ရန် မဆိုထားနှင့်၊ အပိုဆောင်း လိုအပ်ချက်တစ်ခု မဟုတ်ဟု ဆိုနိုင်ပေသည်။ ယင်းတို့သည် အန္တိခရစ်တို့ သဘာဝ၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်၊ ယင်းတို့က ၎င်းတို့၏အရိုးများ၊ ၎င်းတို့၏ သွေးများထဲတွင် ရှိနေသည်၊ ယင်းတို့က ၎င်းတို့အတွက် မွေးရာပါ ဖြစ်သည်။ အန္တိခရစ်များက ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ၎င်းတို့ပိုင်ဆိုင်ခြင်းရှိမရှိနှင့်ပတ်သက်၍ ဂရုမစိုက်ခြင်း မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့၏ သဘောထား မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ နေ့စဉ် အသက်တာများ၊ ၎င်းတို့၏ နေ့စဉ် အခြေအနေ၊ ၎င်းတို့စွမ်းဆောင်ရရှိဖို့ နေ့စဉ် လိုက်စားသည့် အရာတို့နှင့် အတွင်းကျကျ ဆက်နွှယ်နေသည်။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ အသက် ဖြစ်သည်။ ၎င်းတို့ မည်သို့အသက်ရှင်နေထိုင်ပါစေ၊ ၎င်းတို့သည် မည်သည့်ပတ်ဝန်းကျင်တွင် အသက်ရှင်နေထိုင်ပါစေ၊ မည်သည့်အလုပ်ကို ၎င်းတို့လုပ်ပါစေ၊ မည်သည့်အရာကို ၎င်းတို့ လိုက်စားပါစေ၊ ၎င်းတို့၏ ပန်းတိုင်များက မည်သည့်အရာ ဖြစ်ပါစေ၊ ၎င်းတို့ဘဝ၏ ဦးတည်ချက်က မည်သည့်အရာဖြစ်ပါစေ ထိုအရာအားလုံးသည် ကောင်းမွန်သော ဂုဏ်သတင်းနှင့် မြင့်မားသောအဆင့်အတန်းရှိခြင်းကို ဗဟိုပြုထားသည်။ ပြီးလျှင် ဤရည်ရွယ်ချက်သည် မပြောင်းလဲပေ။ ၎င်းတို့သည် ထိုသို့သောအရာများကို မည်သည့်အခါမျှ ဘေးဖယ်မထားနိုင်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ စစ်မှန်သော ရုပ်သွင်နှင့် အနှစ်သာရတို့ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) ဘုရားသခင်က အန္တိခရစ်တစ်ယောက်ဟာ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို သူ့အသက်လို သဘောထားတယ်လို့ ဖော်ထုတ်ထားတယ်။ သူတို့ဘာပဲလုပ်လုပ်၊ ကိုယ့်ရဲ့ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အမြဲတမ်း ပထမဦးစားပေး စဉ်းစားတယ်၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်းမရှိရင် ဘာလုပ်ဖို့မှ စိတ်အားထက်သန်မှု မရှိတော့ဘူး။ ဒါကို သူတို့ရဲ့ သဘာဝ အနှစ်သာရက ဆုံးဖြတ်တယ်။ ကျွန်တော်ကလည်း နေရာတကာမှာ ကိုယ့်ရဲ့ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ခဲ့တယ်။ ကျွန်တော် တရားဟောဆရာတစ်ယောက်အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးတဲ့နောက်မှာ ဘယ်စုဝေးပွဲမှ မတက်ခင်ကတည်းကတောင်မှ ပြဿနာတွေကို မဖြေရှင်းနိုင်မှာကို စပြီးစိုးရိမ်နေခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ရဲ့အရည်အချင်းအမှန်ကို သိသွားမှာကြောက်လို့ စုဝေးပွဲတွေကို မသွားချင်ခဲ့ဘူး။ ကျွန်တော့်ညီအစ်ကိုမောင်နှမတွေက သန့်စင်ခြင်းဆိုင်ရာ ကုန်ကြမ်းအချက်အလက် စုစည်းခြင်း စည်းမျဉ်းတွေကို သဘောမပေါက်ဘဲ မျက်နှာချင်းဆိုင် လမ်းညွှန်မှု လိုအပ်တယ်ဆိုတာကို ကျွန်တော် ကောင်းကောင်း သိခဲ့ပေမဲ့ သူတို့ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် အရူးလုပ်သလိုဖြစ်မှာနဲ့ သိက္ခာကျမှာကို ကြောက်လို့ စုဝေးပွဲကို မသွားခဲ့ဘူး။ ဒါကြောင့် ရှင်းလင်းခြင်းအလုပ်မှာရှိတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အကြာကြီးနှောင့်နှေးခဲ့ရပြီး အလုပ်ကိုလည်း ကြန့်ကြာစေခဲ့တယ်။ ကျွန်တော်က ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အလေးထားလွန်းခဲ့တာပဲ။ အရင်တုန်းက လောကမှာနေတုန်းကလည်း၊ ကျွန်တော့်မှာ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုလိုချင်တဲ့စိတ် အရမ်းပြင်းပြခဲ့တယ်။ ကျွန်တော် အလုပ်လုပ်နေတုန်းက ကျွန်တော့်မှာ ခိုင်မာတဲ့ အလုပ်ကျင့်ဝတ်နဲ့ ကျွမ်းကျင်မှုတချို့ရှိတဲ့အတွက် အစည်းအဝေးတွေမှာ အလုပ်သမားခေါင်းဆောင်က ကျွန်တော့်ကို ခဏခဏ ချီးမွမ်းခဲ့တယ်။ သူဌေးကလည်း ကျွန်တော့်ကို အထင်ကြီးပြီး တချို့အလုပ်တွေကို တာဝန်ယူခိုင်းခဲ့တယ်။ ကျွန်တော် အရမ်းပျော်ခဲ့တာပေါ့။ ဒါပေမဲ့ ကျွန်တော်လုပ်တဲ့အလုပ်ကို ပြန်လုပ်ဖို့လိုလို့ အဖွဲ့ခေါင်းဆောင်ရဲ့ ဝေဖန်မှုကိုခံရတဲ့အခါ လူအများကြီးရှေ့မှာ သိက္ခာကျတယ်လို့ ခံစားရလို့ အလုပ်ထွက်ချင်စိတ်ပေါက်ခဲ့တယ်။ ဘုရားအိမ်တော်မှာ တာဝန်ထမ်းဆောင်ဖို့ ရောက်လာပြီးတဲ့နောက်မှာလည်း၊ ကိုယ့်ရဲ့မာနနဲ့ အဆင့်အတန်းကို ရှေ့တန်းတင်ထားတုန်းပဲ။ တချို့အလုပ်တွေကို မကိုင်တွယ်တတ်ဘူးလို့ ဝန်ခံဖို့မရဲခဲ့ဘူး။ ကျွန်တော် ဘုရားသခင်ကို ယုံကြည်တာ မကြာသေးပေမဲ့၊ တရားဟောဆရာတာဝန်ကို ထမ်းဆောင်နိုင်ဖို့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ခံခဲ့ရတယ်။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော့်တာဝန်မှာ ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေတတ်အောင် ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ဖို့ပဲ။ ဒါဟာ သမ္မာတရားကို ရရှိဖို့ အခွင့်အရေးကောင်းတစ်ခုပဲ။ ဒါပေမဲ့ ကျွန်တော်ကတော့ ကိုယ့်တာဝန်ကို ဘယ်လိုကောင်းကောင်းထမ်းဆောင်ပြီး ဘုရားသခင်ကို ကျေနပ်စေမလဲဆိုတာကို မစဉ်းစားဘဲ၊ ကိုယ့်ရဲ့မာနနဲ့ အဆင့်အတန်းကိုပဲ အပြင်းအထန် ကာကွယ်ဖို့ ကြိုးစားခဲ့တယ်။ ဖြေရှင်းဖို့လိုအပ်တဲ့ အသင်းတော်အလုပ်မှာ ပြဿနာတွေကို မြင်တဲ့အခါ၊ ကိုယ့်ရဲ့မာနနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် အဲဒါတွေကို ဖြေရှင်းဖို့ ရှောင်ဖယ်ပြီး နောက်ဆုတ်ခဲ့တယ်။ အသင်းတော်အလုပ်ကို တစ်စက်လေးမှ အလေးမထားခဲ့ဘူး။ ကျွန်တော်က တော်တော်လေး တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းခဲ့တယ်။ ကျွန်တော်လျှောက်နေတဲ့ လမ်းကြောင်းက ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့ အန္တိခရစ်တွေရဲ့ လမ်းကြောင်းပဲ။ ဒါကိုနားလည်သွားတဲ့အခါ၊ ကျွန်တော့်အခြေအနေက အရမ်းအန္တာရာယ်များမှန်း ခံစားမိတယ်၊ ပြီးတော့ ချက်ချင်းနောင်တရပြီး ပြုပြင်ပြောင်းလဲချင်စိတ်ရှိခဲ့တယ်။

နောက်ပိုင်းမှာတော့၊ အထက်ခေါင်းဆောင်တွေက ကျွန်တော့်အခြေအနေကို သိသွားပြီးတဲ့နောက်၊ သူတို့က ကျွန်တော့်ကို ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို မျှဝေပေးခဲ့တယ်၊ အဲဒါက ကျွန်တော့်ကို အဆင့်အတန်းကို လက်လွှတ်ဖို့အတွက် လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု ပေးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်တို့သည် မည်သို့များ သာမန်နှင့် ပုံမှန်ဖြစ်သောလူများ ဖြစ်နိုင်သနည်း။...ရှေးဦးစွာ သင်သည် ‘ငါက ခေါင်းဆောင်ဖြစ်တယ်။ အဖွဲ့ရဲ့ ဦးဆောင်သူဖြစ်တယ်။ ကြီးကြပ်ရေးမှူးဖြစ်တယ်။ ဘယ်သူကမှ ဒီအလုပ်ကို ငါ့ထက်ပိုမသိဘူး။ ကျွမ်းကျင်မှုတွေကို ဘယ်သူမှ ငါ့လောက်နားမလည်ဘူး’ ဟုပြောလျက် သင့်ကိုယ်သင် ရာထူးတစ်ခုပေးပြီး ထိုရာထူးဖြင့် ကန့်သတ်ခြင်းကို မခံနှင့်။ သင် ကိုယ်တိုင်ခန့်ထားသောရာထူးတွင် ပိတ်မိမနေနှင့်။ ပိတ်မိသည်နှင့် တစ်ပြိုင်နက် ယင်းသည် သင်၏ လက်နှင့်ခြေများကို ချည်နှောင်လိမ့်မည်။ သင်ပြောသည့်၊ လုပ်ဆောင်သည့်အရာအပေါ် သက်ရောက်လိမ့်မည်။ သင်၏ ပုံမှန် စဉ်းစားပုံနှင့် အကဲဖြတ်ပုံကိုလည်း သက်ရောက်လိမ့်မည်။ ဤအဆင့်အတန်းများ၏ ဘောင်ခတ်ခြင်းများမှ လွတ်မြောက်အောင် သင် အားထုတ်ရမည်။ ရှေးဦးစွာ ဤတရားဝင်ရာထူးနှင့် နေရာမှ သင့်ကိုယ်သင် နှိမ့်ချပြီး သာမန်လူတစ်ယောက်၏ နေရာတွင် ရပ်တည်ပါ။ ရပ်တည်လျှင် သင်၏စိတ်နေစိတ်ထားက အတော်အတန် ပုံမှန်ဖြစ်လာလိမ့်မည်။ သင်သည် ‘ဒါကို ဘယ်လိုလုပ်ရမလဲ ငါမသိဘူး။ အဲဒါကိုလည်း နားမလည်ဘူး။ သုတေသနနဲ့ လေ့လာတာတွေ နည်းနည်းလုပ်ရမယ်’ သို့မဟုတ် ‘ဒါကို ငါ လုံးဝ မကြုံဖူးဘူး။ ဒါကြောင့် ဘာလုပ်ရမယ်ဆိုတာ ငါမသိဘူး’ ဟူ၍လည်း ဝန်ခံပြီး ပြောရမည်။ သင်သည် အမှန်တကယ် ထင်မြင်သည့်အရာကို ပြောခြင်း၊ ရိုးသားစွာ စကားပြောဆိုခြင်းကို လုပ်ဆောင်နိုင်စွမ်းရှိသောအခါ ပုံမှန်ဆင်ခြင်တုံတရားကို သင် ပိုင်ဆိုင်လိမ့်မည်။ သူတစ်ပါးတို့က သင်၏ အစစ်အမှန်ကို သိလိမ့်မည်။ ထိုသို့ဖြင့် သင့်အပေါ်တွင် ပုံမှန်အမြင်ရှိလိမ့်မည်။ သင်သည် ဟန်လုပ်ဖို့လိုမည်မဟုတ်သကဲ့သို့ သင့်အပေါ် ကြီးမားသော ဖိအားတစ်ခုတလေ ရှိမည်မဟုတ်ပေ။ ထို့ကြောင့် သင်သည် လူတို့နှင့် ပုံမှန်ဆက်သွယ်ပြောဆိုနိုင်လိမ့်မည်။ ဤသို့ အသက်ရှင်ခြင်းသည် လွတ်လပ်ပြီး လွယ်ကူသည်။ အသက်ရှင်ရသည်မှာ ပင်ပန်းသည်ဟု မြင်သော မည်သူမဆိုသည် မိမိတို့ကိုယ်တိုင်ကြောင့် ဤသို့ ဖြစ်ခြင်းဖြစ်သည်။ အယောင်မဆောင်နှင့်၊ သို့မဟုတ် ဟန်မလုပ်နှင့်။ လူတိုင်းက သတိထားမိပြီး နားလည်ဖို့ရန်အလို့ငှာ ရှေးဦးစွာ သင်၏ စိတ်နှလုံးတွင် စဉ်းစားနေသည့်အရာ၊ သင်၏ တကယ့် အတွေးများနှင့်ပတ်သက်၍ ဖွင့်ပြောပါ။ ရလဒ်အနေဖြင့် သင်၏ စိတ်ပူပန်မှုများ၊ သင်နှင့် သူတစ်ပါးတို့ကြားရှိ အတားအဆီးများနှင့် သံသယများသည် ဖယ်ရှားခံရလိမ့်မည်။ သင်သည် အခြားတစ်စုံတစ်ခုကြောင့် အခက်အခဲဖြစ်ရသည်။ သင့်ကိုယ်သင် အဖွဲ့၏ ဦးဆောင်သူ၊ ခေါင်းဆောင်၊ အမှုဆောင်၊ သို့မဟုတ် ရာထူး၊ အဆင့်အတန်းနှင့် ရပ်တည်ချက် ရှိသူတစ်ယောက်အဖြစ် အစဉ် သတ်မှတ်သည်။ သင်သည် တစ်စုံတစ်ခုကို နားမလည်၊ မလုပ်ဆောင်နိုင်ဟုပြောလျှင် သင့်ကိုယ်သင် သိက္ခာချနေသည် မဟုတ်လော။ သင်၏စိတ်နှလုံးတွင် ဤအချုပ်အနှောင်များကို ဘေးဖယ်ထားသောအခါ၊ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်အဖြစ် သင့်ကိုယ်သင် တွေးထင်ခြင်းကို ရပ်လိုက်သောအခါ၊ သင်သည် အခြားလူတို့ထက် ပိုသာသည်ဟု တွေးထင်ခြင်းကို ရပ်လိုက်ပြီး သင်သည် အခြားလူတိုင်းနှင့်တူသော သာမန်လူတစ်ယောက်ဖြစ်ကြောင်းနှင့် သင်သည် သူတစ်ပါးတို့ထက် နိမ့်ကျသည့် အချို့နယ်ပယ်များရှိသည်ဟု ခံစားရသောအခါ၊ သင်သည် ဤသဘောထားနှင့် သမ္မာတရား၊ အလုပ်နှင့်ဆက်နွှယ်သော ကိစ္စများကို မိတ်သဟာယဖွဲ့သောအခါ အခြေအနေ ကွာခြားသကဲ့သို့ သက်ရောက်မှုက ကွာခြားသည်။ သင်၏ စိတ်နှလုံးတွင် အစဉ်သဖြင့် စိုးရိမ်ကြောင့်ကြမှုများရှိလျှင်၊ အစဉ်ဖိစီးပြီး စိတ်ကျဉ်းကျပ်လျှင်၊ ဤအရာများကို သင်ဖယ်ရှားလိုသော်လည်း မဖယ်ရှားနိုင်လျှင် ဘုရားသခင်ထံ သင် အလေးအနက် ဆုတောင်းသင့်သည်၊ သင့်ကိုယ်သင် သုံးသပ်သင့်သည်၊ သင်၏ အားနည်းချက်များကို မြင်ပြီး၊ သမ္မာတရားအတွက် ကြိုးပမ်းသင့်သည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပါက ရလဒ်များ ရရှိလိမ့်မည်။ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ အဆင့်အတန်းတစ်ခုခုဖြင့်၊ သို့မဟုတ် ရာထူးတစ်ခုကို အသုံးပြုလျက်ဖြင့် ပြောဆို ပြုမူခြင်းမပြုနှင့်။ ရှေးဦးစွာ ဤအရာအားလုံးကို တစ်ဖက်တွင် ထားလိုက်ပြီး သင့်ကိုယ်သင် သာမန်လူတစ်ယောက်၏နေရာတွင် ထားပါ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားနှုတ်ကပတ်တော်ကို တန်ဖိုးထားခြင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်ဖြစ်သည်)အဆင့်အတန်းက သင့်အတွက် ဘာကိုဆိုလိုသနည်း။ အမှန်တွင် အဆင့်အတန်းဟူသည် အဝတ်အစားတစ်ထည် သို့မဟုတ် ဦးထုပ်တစ်လုံးကဲ့သို့ အပိုဆောင်း ဖြစ်သော ပစ္စည်းတစ်ခုသာလျှင်ဖြစ်၏။ အဆင်တန်ဆာတစ်ခုမျှသာ ဖြစ်သည်။ ယင်းသည် အမှန်တကယ် အသုံးဝင်ခြင်း မရှိသည့်အပြင် ယင်း၏တည်ရှိမှုသည် မည်သည့်အရာကိုမျှ အကျိုးမသက်ရောက်စေပေ။ သင့်တွင် အဆင့်အတန်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သင်သည် သင်သာလျှင် ဖြစ်နေသေးသည်။ လူတို့သည် သမ္မာတရားကို နားလည်နိုင်ပြီး သမ္မာတရားနှင့် အသက်တို့ကို ရရှိနိုင်သည်ဖြစ်စေ၊ မရရှိနိုင်သည်ဖြစ်စေ ယင်းမှာ အဆင့်အတန်းနှင့် မသက်ဆိုင်ပေ။ သင်သည် အဆင့်အတန်းကို အလွန်ကြီးကျယ်သော ကိစ္စတစ်ခုအဖြစ် မခံယူသရွေ့ ယင်းသည် သင့်အား ဘောင်မခတ်နိုင်ပေ။ သင်သည် ဂုဏ်အဆင့်အတန်းကို ချစ်ပြီး အထူးအလေးထားကာ အရေးကြီးသောအရာတစ်ခုအဖြစ် အစဉ် မှတ်ယူလျှင် ယင်း၏ ထိန်းချုပ်မှုအောက်သို့ သင်ရောက်ရှိလိမ့်မည်။ သင်သည် သင့်ကိုယ်သင်ဖွင့်ဟပြီး ဖော်ထုတ်ပြလိုခြင်း၊ သင့်ကိုယ်သင်သိခြင်း သို့မဟုတ် အခြားလူတို့နှင့် လုပ်ဆောင်၊ ပြောဆို၊ ဆက်ဆံပြီး သင့်တာဝန်ကို ထမ်းဆောင်ရန်အတွက် သင်၏ ခေါင်းဆောင်နေရာကို ဘေးဖယ်ထားလိုစိတ်ရှိခြင်း ရှိတော့မည် မဟုတ်ပေ။ ဤသည်မှာ မည်သို့သော ပြဿနာမျိုးဖြစ်သနည်း။ ဤသည်မှာ ဂုဏ်အဆင့်အတန်း၏ ဘောင်ခတ်ခြင်းခံရသော ကိစ္စတစ်ခု မဟုတ်လော။ သင်သည် အဆင့်အတန်းနေရာမှ ပြောဆိုလုပ်ဆောင်ပြီး မာနကို ခဝါမချနိုင်သောကြောင့် ဤအရာဖြစ်ပျက်ခြင်းဖြစ်သည်။ သင်သည် ဤသို့ပြုခြင်းအားဖြင့် သင့်ကိုယ်သင် ညှဉ်းပန်းနေခြင်းပင် မဟုတ်လော။ သင်သည် သမ္မာတရားကို အမှန်တကယ်နားလည်လျှင်၊ ထို့အပြင် သင်ပြုနေကျအတိုင်း သင့်ကိုယ်သင် ထိန်းချုပ်ခြင်းမရှိဘဲ အဆင့်အတန်းရှိနိုင်သော်လည်း သင်၏ တာဝန်ကို မည်သို့ကောင်းမွန်စွာ ထမ်းဆောင်ရမည်ကိုသာ အာရုံစိုက်လျက် သင်ပြုသင့်သည့်အရာတိုင်းကို ပြုပြီး သင်လုပ်ဆောင်အပ်သည့် တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီးလျှင်၊ သင့်ကိုယ်သင် သာမန် ညီအစ်ကိုမောင်နှမကဲ့သို့ မြင်လျှင် သင်သည် ဂုဏ်အဆင့်အတန်း၏ ဘောင်ခတ်ခြင်းကို ခံရမည်မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အဆင့်အတန်း၏ စုံစမ်းသွေးဆောင်ခြင်းနှင့် ချည်နှောင်မှုကို ဖြေရှင်းရန်နည်းလမ်း) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ “တရားဟောဆရာ” ဆိုတဲ့စကားလုံးက ဘွဲ့အမည်တစ်ခုပဲဖြစ်ပြီး ဘာကိုမှ ကိုယ်စားမပြုဘူးဆိုတာကို ကျွန်တော် နားလည်ခဲ့တယ်။ ကျွန်တော်က တရားဟောဆရာတစ်ယောက်ဖြစ်ရုံနဲ့ သမ္မာတရားကို ချက်ချင်းနားလည်ပြီး ပြဿနာတွေကို ဖြေရှင်းနိုင်တာမျိုး မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ဝိညာဉ်ရင့်ကျက်မှုက အရင်အတိုင်းပဲ၊ ကျွန်တော်မလုပ်နိုင်တဲ့အရာတွေကိုလည်း လုပ်နိုင်မှာမဟုတ်သေးဘူး။ ဘုရားသခင်က ကျွန်တော့်ကို လက်တွေ့ကျတဲ့ သာမန်လူတစ်ယောက်ဖြစ်နိုင်ဖို့ မျှော်လင့်ပါတယ်။ ရာထူးဘွဲ့ထူးတွေရဲ့ ချည်နှောင်မှု၊ ဘောင်ခတ်မှုတွေကို မခံရဘဲ၊ စုဝေးပွဲတွေမှာ ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးမှုတွေ၊ အားနည်းချက်တွေကို ပွင့်ပွင့်လင်းလင်းပြောပြီး၊ နားလည်သလောက် မိတ်သဟာယဖွဲ့စေချင်တယ်။ ကျွန်တော်မဖြေရှင်းနိုင်တဲ့ ပြဿနာတွေ၊ အခက်အခဲတွေနဲ့ ကြုံလာတဲ့အခါ “မသိဘူး” လို့ပြောတဲ့ ရိုးသားတဲ့သူတစ်ယောက်ဖြစ်ဖို့ လက်တွေ့လုပ်ဆောင်ပြီး၊ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ ညီအစ်ကိုမောင်နှမတွေနဲ့အတူ မိတ်သဟာယဖွဲ့ပြီး ရှာဖွေစေချင်တယ်။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်ပြီးတဲ့နောက်မှာ ကျွန်တော်က ဒီကိစ္စနဲ့ပတ်သက်ပြီး ဝင်ရောက်ဖို့ ဘုရားသခင်ကို အားကိုးလိုစိတ် ရှိခဲ့တယ်။ နောက်ပိုင်း စုဝေးပွဲတွေမှာ ကိုယ့်ကိုယ်ကိုယ် တရားဟောဆရာတစ်ယောက်ဆိုပြီး စင်ပေါ်တင်မထားတော့ဘူး၊ ပြီးတော့ ကျွန်တော် နားမလည်တဲ့ ပြဿနာတွေ ကြုံရတဲ့အခါမှာ အားလုံးနဲ့အတူတူ ဆွေးနွေးပြီး ဖြေရှင်းခဲ့တယ်။

တစ်ခါက၊ ကျွန်တော် အသင်းတော်တစ်ခုရဲ့ အလုပ်အကြောင်း လေ့လာဖို့သွားရင်း အရင်ကဆက်သွယ်ဖူးတဲ့ ညီအစ်ကိုတစ်ယောက်ကို တွေ့လိုက်တယ်။ သူ့ရဲ့ အသက် ဝင်ရောက်မှုက တော်တော်ကောင်းပြီး၊ ပြဿနာတချို့ကို ဖြေရှင်းဖို့ သမ္မာတရားနဲ့ မိတ်သဟာယဖွဲ့နိုင်တယ်။ ကျွန်တော် စပြီးစဉ်းစားမိတယ်၊ “ငါသာ ပြဿနာတွေကို ဖြေရှင်းရာမှာ သူ့လောက် မကောင်းဘူးဆိုရင် ငါ့ညီအစ်ကိုမောင်နှမတွေက ငါ့ကို ဘယ်လိုထင်မလဲ။ သူတို့က ငါလို တရားဟောဆရာတစ်ယောက်က ပြဿနာတွေကိုဖြေရှင်းဖို့အတွက် သမ္မာတရားကိုတောင် အသုံးမပြုနိုင်ဘူးလို့ ထင်ကြမလား။ ဒါဆိုရင် အရမ်းရှက်စရာကောင်းမှာပဲ” လို့ပေါ့။ ကျွန်တော် ကိုယ့်ရဲ့အဆင့်အတန်းနဲ့ ရာထူးဘွဲ့ထူးရဲ့ ဘောင်ခတ်တာကို ခံနေရပြန်ပြီဆိုတာကို သဘောပေါက်လိုက်တယ်။ ပြီးတော့ အရင်ကစုဝေးပွဲတွေမှာ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် အမြဲတမ်း အမှုအရာတွေကို ဖုံးကွယ်ပြီး ကိုယ့်ကိုယ်ကိုယ် ကွယ်ဝှက်ခဲ့တာ၊ ကိုယ်နားမလည်တာ၊ မလုပ်နိုင်တာတွေကို ပွင့်ပွင့်လင်းလင်း ထုတ်မပြောရဲခဲ့တာကို ပြန်တွေးမိတယ်။ စုဝေးပွဲတွေမှာ ဟန်ဆောင်ဖို့ ကြိုးစားရတာက တကယ်ကို စိတ်ဆင်းရဲစရာကောင်းပြီး စိတ်ဒုက္ခရောက်စရာပါပဲ။ ကျွန်တော် ဒီလိုမလုပ်ချင်တော့ဘူး။ ကျွန်တော် ဘုရားနှုတ်ကပတ်တော်တွေကို သတိရလိုက်တယ်။ “သင့်အနေဖြင့် မီးပေါ်ထိုင်ပြီး အကင်မခံလိုပါက ဤဘွဲ့နာမများနှင့် ဂုဏ်ရှိန်ဂုဏ်ဝါများကို စွန့်လွှတ်ပြီး သင်၏ ညီအစ်ကို မောင်နှမများကို စစ်မှန်သော အခြေအနေနှင့် သင့်စိတ်နှလုံးရှိ အတွေးများကို ပြောပြသင့်သည်။ ဤနည်းအားဖြင့် ညီအစ်ကို မောင်နှမများသည် သင့်ကို မှန်ကန်စွာ ဆက်ဆံနိုင်ပြီး သင်သည် ဟန်ဆောင်နေစရာ မလိုအပ်ပေ။ ယခုတွင် သင်သည် ဖွင့်ပြောပြီး မိမိ၏ စစ်မှန်သော အခြေအနေကို ဖော်ထုတ်သဖြင့် သင်၏ စိတ်နှလုံးသည် သာ၍ အေးချမ်းသည်၊ သာ၍ စိုးရိမ်သောကကင်းသည် မဟုတ်လော။ သင့်ပခုံးပေါ်တွင် ထိုသို့သော လေးလံသည့် ဝန်ထုပ်တစ်ခုဖြင့် အဘယ်ကြောင့် လျှောက်လှမ်းသနည်း။ သင်၏ စစ်မှန်သည့် အခြေအနေကို သင် ထုတ်ပြောပါက ညီအစ်ကို မောင်နှမများက သင့်ကို အထင်သေးကြမည်လော။ ၎င်းတို့သည် သင့်ကို အမှန်တကယ် စွန့်ပစ်ကြလိမ့်မည်လော။ လုံးဝ မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ညီအစ်ကို မောင်နှမများသည် သင့်ကို အသိအမှတ်ပြုကြလိမ့်မည်ဖြစ်ပြီး သင့်စိတ်နှလုံးထဲ ရှိသည့်အတိုင်း စကားပြောဝံ့သည့်အတွက် သင့်ကို လေးစားကြလိမ့်မည်။ သင်သည် ရိုးသားသော လူတစ်ဦးဖြစ်သည်ဟု ၎င်းတို့ ပြောကြလိမ့်မည်။ ဤအရာက အသင်းတော်ထဲတွင် သင်၏ အလုပ်ကို ဟန့်တားလိမ့်မည် မဟုတ်သကဲ့သို့ ထိုအလုပ်အပေါ် အပျက်သဘောဆောင်သည့် သက်ရောက်မှု စိုးစဉ်းမျှ ရှိလိမ့်မည် မဟုတ်ပေ။ သင့်ထံတွင် အခက်အခဲများရှိကြောင်း ညီအစ်ကို မောင်နှမများက အမှန်တကယ် မြင်ပါက ၎င်းတို့သည် သင့်ကို ဆန္ဒအလျောက် ကူညီကာ သင်နှင့်အတူ အလုပ်လုပ်ကြလိမ့်မည်။ သင် အဘယ်သို့ ထင်ပါသနည်း။ ဤသည်မှာ ဖြစ်မည့်ပုံ မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားနှုတ်ကပတ်တော်ကို တန်ဖိုးထားခြင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်ဖြစ်သည်) ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်တော်နားလည်သွားတယ်၊ အဆင့်အတန်းနဲ့ ရာထူးဘွဲ့ထူးတွေကို လက်လွှတ်ချင်ရင် ရိုးသားတဲ့သူဖြစ်သင့်တယ်၊ အမှုအရာတွေကို ဖုံးကွယ်ဟန်ဆောင်ခြင်းမရှိဘဲ ကိုယ့်ရဲ့အတွေးအမြင်အမှန်တွေကို ညီအစ်ကိုမောင်နှမတွေနဲ့ ပွင့်ပွင့်လင်းလင်း မိတ်သဟာယဖွဲ့သင့်တယ်၊ ကျွန်တော် နားမလည်တဲ့အရာတွေနဲ့ပတ်သက်ပြီး ကျွန်တော့်ညီအစ်ကိုမောင်နှမတွေကို မေးမြန်းပြီး လူတိုင်းနဲ့ မိတ်သဟာယဖွဲ့ပြီး ကျွန်တော်တို့ရဲ့ အားနည်းချက်တွေကို ဖာထေးဖို့ တစ်ယောက်ရဲ့အားသာချက်တွေကနေ တစ်ယောက်က သင်ယူသင့်တယ်။ ဒါက ကျွန်တော့်အတွက်ရော၊ အသင်းတော်အလုပ်အတွက်ပါ အကျိုးရှိတယ်။ ဒါကြောင့် ကျွန်တော် ဘုရားသခင်ဆီကို တိတ်တဆိတ် ဆုတောင်းခဲ့တယ်၊ မာနနဲ့ အဆင့်အတန်းကို စွန့်လွှတ်ဖို့၊ ရာထူးဘွဲ့ထူးတွေရဲ့ ဘောင်ခတ်မှုတွေကို ဖယ်ရှားဖို့၊ ပြီးတော့ ရိုးသားတဲ့လူတစ်ယောက်ဖြစ်ပြီး ပွင့်ပွင့်လင်းလင်း မိတ်သဟာယဖွဲ့နိုင်အောင် ကိုယ်တော် ကျွန်တော့်ကို လမ်းပြတော်မူပါဆိုပြီးတော့ပေါ့။ စုဝေးပွဲထဲမှာ၊ ကျွန်တော့်မှာ အားနည်းချက်တွေ အများကြီးရှိပြီး အားလုံးမှာ ပြဿနာတွေရှိရင် အတူတူ မိတ်သဟာယဖွဲ့ပြီး တစ်ယောက်အားသာချက်ကို တစ်ယောက်က သင်ယူလို့ရတယ်လို့ ပွင့်ပွင့်လင်းလင်း ပြောလိုက်တယ်။ ကိုယ့်ကိုယ်ကိုယ် တရားဟောဆရာဆိုပြီး စင်ပေါ်တင်မထားတော့တဲ့အခါ၊ စုဝေးပွဲမှာ အရင်လို စိတ်တင်းကျပ်ပြီး ဘောင်ခတ်ခံရတာမျိုး မရှိတော့ဘူး။ အဲဒီအစား၊ စုဝေးပွဲတစ်လျှောက်လုံးမှာ တကယ်ကို လွတ်မြောက်ပြီး လွတ်လပ်တယ်လို့ ခံစားခဲ့ရတယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ မိတ်သဟာယဖွဲ့ခြင်းကနေလည်း ဉာဏ်အလင်းတချို့ ရရှိခဲ့ပြီး ပြဿနာတွေကို ပိုပြီးရှင်းရှင်းလင်းလင်း မြင်လာတယ်။ ကျွန်တော့်စိတ်နှလုံးထဲကနေ အမှန်တကယ် ခံစားမိတယ်၊ စုဝေးတဲ့အခါ အဆင့်အတန်းနဲ့ ရာထူးဘွဲ့ထူးတွေကို လက်လွှတ်လိုက်ရတာ တကယ်ကို ပေါ့ပါးလိုက်တာ။

ဒီအချိန်အတောအတွင်းက အတွေ့အကြုံကနေတစ်ဆင့် ကျွန်တော်နားလည်သွားတယ်၊ ကိုယ့်တာဝန်ကို ထမ်းဆောင်ရင်း ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို လိုက်စားခြင်းက ကျွန်တော့်အတွက် ဆင်းရဲဒုက္ခနဲ့ ညှဉ်းပန်းနှိပ်စက်မှုကိုပဲ ယူဆောင်လာပေးတယ်၊ ပြီးတော့ ကျွန်တော်လျှောက်ခဲ့တဲ့လမ်းကြောင်းက ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့ အန္တိခရစ်တွေရဲ့ လမ်းကြောင်းပဲ။ နောက်ဆုံးမှာတော့ ဘုရားသခင်ရဲ့ ဖယ်ရှားရှင်းလင်းခြင်းကိုပဲ ခံရမှာဖြစ်တယ်။ ဖန်ဆင်းခံတစ်ယောက်ရဲ့ မှန်ကန်တဲ့နေရာမှာ ရပ်တည်ပြီး၊ လက်တွေ့ကျကျ၊ ဖြောင့်ဖြောင့်မတ်မတ်နဲ့ ပွင့်ပွင့်လင်းလင်း ရိုးသားတဲ့သူဖြစ်မှပဲ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်နိုင်မှာဖြစ်တယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

သူ့ထက်ငါ အနိုင်လုသောလောကကို နှုတ်ဆက်ခြင်း

ရှီးဖန် တောင်ကိုရီးယားနိုင်ငံ လွန်ခဲ့တဲ့ နှစ်နှစ်က လူသစ်တွေကို ရေလောင်းပေးတဲ့ တာဝန် ကျွန်မ ယူခဲ့တယ်။ အဲဒါ ဘုရားဆီက ဂုဏ်ပြုခြင်းတစ်ခုလို့...

ဂုဏ်နှင့်အဆင့်အတန်းမှ သယ်ဆောင်လာသောနာကျင်မှု

ဖန်းရှန့် တရုတ်နိုင်ငံ ပြီးခဲ့တဲ့နှစ် မတ်လတုန်းက ကျွန်မ အဖွဲ့ခေါင်းဆောင်အဖြစ်ရာထူးတိုးပြီးတော့ အဖွဲ့တချို့အတွက် ရေလောင်းပေးတဲ့ တာဝန်ကို...

မနာလိုခြင်းမှ လွတ်မြောက်ခဲ့ပြီ

ခဲ့လော့ဒ် ပြင်သစ်နိုင်ငံ၂၀၂၁ အစမှာ ကျွန်တော်က တရားဟောဆရာအဖြစ် အစေခံပြီး အသင်းတော်အလုပ်ကို ကြီးကြပ်ဖို့ အစ်ကိုမက်သယူးနဲ့ တွဲလုပ်ရတယ်။...

မနာလိုစိတ်ကို သဘောထားကြီးမှုဖြင့် အစားထိုးခြင်း

ဖုဒမ်း တရုတ်နိုင်ငံလွန်ခဲ့သည့် သုံးလေးနှစ်ခန့်က၊ ကျွန်မကို ခေါင်းဆောင်မှုတာဝန်များ၌ ကူညီဖို့ ညီမရှောက်ကျီက ကျွန်မတို့အသင်းတော်က...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။