ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်ုပ် မရုန်းကန်ရတော့ပါ

02.01.2025

ပြီးခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်အတွင်းမှာ၊ အသင်းတော်မှာရှိတဲ့ နိုင်ငံခြားကလာတဲ့ လူသစ်တွေကို ကျွန်မ ရေလောင်းပေးနေခဲ့တယ်။ ရေလောင်းတဲ့ အလုပ်နဲ့ပတ်သက်လို့ ကျွန်မမှာ အတွေ့အကြုံရှိပြီး သူတို့ ဘာသာစကားကို နည်းနည်း ပြောတတ်တော့ လူသစ်တွေကို ရေလောင်းပေးတာနဲ့ပတ်သက်လို့ ပြဿနာတွေ ရှိတဲ့အခါမှာ ညီအစ်ကို မောင်နှမတွေက ကျွန်မကို ခဏခဏ အကူအညီတောင်းကြပြီး ကျွန်မရဲ့ အကြံပြုချက်တွေကိုလည်း သူတို့ ပုံမှန်အားဖြင့် လက်ခံခဲ့ကြတယ်။ တစ်ခါတလေ၊ ညီအစ်ကို မောင်နှမတွေက လူသစ်တွေရဲ့ ပြဿနာတချို့ကို ဘယ်လို ဖြေရှင်းပေးရမှန်း မသိကြဘူး။ ဒါပေမဲ့ ကျွန်မက အဲဒါတွေကို လွယ်လွယ်နဲ့ ဖြေရှင်းပေးနိုင်ခဲ့တယ်။ ဒါကြောင့် ကျွန်မရဲ့ အစွမ်းအစက ကောင်းပြီး ကျွန်မရဲ့ အလုပ်လုပ်နိုင်စွမ်းတွေက သာမန်ထက်ပိုတယ်လို့ ယုံကြည်မိတယ်။ သိပ်မကြာဘူး။ ကြီးကြပ်ရေးမှူးအနေနဲ့ ကျွန်မ အရွေးခံခဲ့ရပြီး၊ ရေလောင်းတဲ့ အလုပ်မှာရှိတဲ့ ကိစ္စ အကြီး၊ အသေးနဲ့ပတ်သက်လို့ စီစဉ်ပေးပြီး နောက်ဆုံး ဆုံးဖြတ်ချက်တွေကို ချဖို့အတွက် တာဝန်ယူရတယ်။ ဒီခံစားချက်ကို ကျွန်မ အရမ်းနှစ်သက်ခဲ့တယ်။

နောက်ပိုင်းမှာ ရေလောင်းဖို့လိုတဲ့ လူသစ်အရေအတွက် တိုးလာတော့ အမ်မလီလို့ခေါ်တဲ့ ညီအစ်မတစ်ယောက်ကို ကျွန်မနဲ့ ပူးပေါင်းပြီး အလုပ်အတွက် တာဝန်မျှယူဖို့ အသင်းတော်က စီစဉ်ပေးခဲ့တယ်။ ကျွန်မတို့ရဲ့ ပထမဆုံး စုဝေးပွဲမှာ၊ ရေလောင်းတဲ့ အလုပ်မှာရှိနေတဲ့ ပြဿနာတွေနဲ့ပတ်သက်လို့ အမ်မလီက သူ့စိတ်ကူးနဲ့ အယူအဆတွေကို ဆွေးနွေးခဲ့တယ်။ ညီအစ်ကို မောင်နှမတွေအားလုံးက သူနဲ့ သဘောတူကြပေမဲ့ ကျွန်မ ကသိကအောက် ဖြစ်ရတယ်။ ဒီတာဝန်ကို လုပ်တာ သိပ်မကြာသေးပေမဲ့လည်း အမ်မလီဟာ အတတ်ပညာပိုင်းဆိုင်ရာ ကိစ္စတွေမှာ အတော်လေး ထိုးထွင်းအမြင်ရှိမယ်လို့ ကျွန်မ မမျှော်လင့်ခဲ့ဘူး။ သူ ကျွန်မတို့နဲ့ လာမပေါင်းခင်က ဆွေးနွေးပွဲတွေမှာ လူတိုင်းက ကျွန်မစကားကို နားထောင်ကြတယ်။ ဒါပေမဲ့ ခုတော့ သူ ပေါ်လာပြီး ကျွန်မဆီကနေ ထင်ပေါ်မှုကို ခိုးသွားခဲ့တယ်။ နောင်အနာဂတ်မှာ သူ့ရဲ့ အားသာချက်နဲ့ အရည်အသွေးတွေကို ပိုထုတ်ပြပြီးတော့ ညီအစ်ကိုမောင်နှမတွေနဲ့ ပေါင်းသင်းဆက်ဆံတာ အချိန်အတော်ကြာပြီးတာနဲ့ လူတိုင်းက သူ့ကို သေချာပေါက် အထင်ကြီးကြမှာပဲ။ အဲဒါက အဖွဲ့ထဲမှာရှိတဲ့ ကျွန်မရဲ့ အဆင့်အတန်းကို ထိခိုက်မှာပဲ။ ဒီကိစ္စကို ကျွန်မ တနုံ့နုံ့ စဉ်းစားလေ၊ စိုးရိမ်လေပဲ။ တစ်နေ့မှာ ခေါင်းဆောင်က ကျွန်မတို့နဲ့အတူ အလုပ်ကို ပြန်ဆန်းစစ်တယ်။ အမ်မလီရေလောင်းပေးတဲ့ လူသစ်တွေက တော်တော်ကို ပုံမှန်စုဝေးနေကြပြီး အတော်များများက သူတို့တာဝန်တွေကို လုပ်နေခဲ့ကြချိန်မှာ ကျွန်မ ရေလောင်းပေးတဲ့ လူသစ်အတော်များများက ပုံမှန် မစုဝေးကြတဲ့အပြင် နှစ်ယောက်၊ သုံးယောက်ကပဲ သူတို့တာဝန်ကို လုပ်နေခဲ့ကြတာ သူ သတိပြုမိသွားတယ်။ ဒီအခြေအနေကို မြင်တော့ ကျွန်မ တာဝန်ရှိတဲ့ အလုပ်တချို့ကို အမ်မလီကို လွှဲပေးဖို့ ခေါင်းဆောင်က ကျွန်မကို ခိုင်းတယ်။ ဒါကို ကျွန်မကြားတော့ ကျွန်မ စိတ်နှလုံးထဲမှာ “ငါ ကြီးကြပ်တဲ့ အလုပ်ရဲ့ ရလဒ်တွေက သိပ်မကောင်းပေမဲ့ ငါသာ ပိုအားထုတ်လိုက်ရင် ဒီပြဿနာတွေအားလုံးမှာ တိုးတက်မှုမြင်ရမှာဖြစ်ပြီး အနှေးနဲ့အမြန် ပြေလည်သွားမှာပါ။ ဘာလို့ ငါ့အလုပ်ကို အမ်မလီဆီ လွှဲပေးရမှာလဲ။ ညီအစ်ကို မောင်နှမတွေက ဒါကို သိသွားရင်၊ သူတို့ ငါ့ကို ဘယ်လိုထင်ကြမလဲ။ ငါ့ရဲ့ အလုပ်လုပ်နိုင်စွမ်းတွေက စံမမီဘူးလို့ သူတို့ သေချာပေါက် ထင်ကြမှာပဲ။ အဲဒါဆိုရင် အဖွဲ့ထဲမှာ ငါ ဘယ်လိုလုပ် ဆက်နေနိုင်မှာလဲ။ ပြီးတော့ ငါ တာဝန်ယူထားတဲ့ အလုပ်မှာ အမ်မလီပါလာပြီး လူတိုင်းက သူ့စကားကို နားထောင်လာရင် ဘယ်သူက ငါ့စကားကို နားထောင်မှာလဲ။ အဲဒါနဲ့ပဲ ငါဟာ ကြီးကြပ်ရေးမှူးတစ်ယောက်ကနေ ဟန်ပြတစ်ယောက်အနေနဲ့ ပြောင်းသွားမှာ မဟုတ်လား” လို့။ တွေးပြီး တော်တော်ကြီးကို အတိုက်အခံဖြစ်နေမိတယ်။ ဒါပေမဲ့ ခေါင်းဆောင်က ဒီအစီအစဉ် လုပ်ပြီးသားဖြစ်သွားတော့ သူ့ကို ကျွန်မ တဲ့တိုးကြီး ငြင်းလို့မရခဲ့ဘူး။ ဒါကြောင့် အမ်မလီကို သိပ်အရေးမပါတဲ့ အလုပ်တချို့ အင်တင်တင်နဲ့ လွှဲပေးလိုက်တယ်။ ပုံမှန်ဆိုရင် သူနဲ့ အလုပ်ကိစ္စဆွေးနွေးဖို့ ကျွန်မက စပြီးတွေ့တာမျိုး မရှိခဲ့ဘူး။ တစ်ခါတလေ သူစာတိုတွေပို့တဲ့အခါ ကျွန်မ ဖတ်ပြီးတော့ စာပြန်ချင်စိတ် မရှိခဲ့ဘူး။

အဲဒီနောက်မှာ သိပ်မကြာဘူး။ ဟန်တာလို့ခေါ်တဲ့ ညီအစ်ကိုက မကောင်းတဲ့ အခြေအနေတစ်ခုမှာ ရှိတာကို ကျွန်မ သိရလို့ သူ့ကို အားပေး၊ ကူညီဖို့ ပြင်ဆင်ခဲ့တယ်။ ဒါပေမဲ့ မမျှော်လင့်ဘဲ အမ်မလီက ဟန်တာနဲ့ သူ မိတ်သဟာယပြုပြီးသွားပြီလို့ ကျွန်မကို ပြောတယ်။ ကျွန်မ နည်းနည်း စိတ်မချမ်းမသာဖြစ်သွားတယ်။ “ငါက ဟန်တာနဲ့ အမြဲ မိတ်သဟာယပြုခဲ့တဲ့ သူလေ။ အခု နင်က ငါ့ကို မပြောဘဲ သူ့ဆီ သွားပြီး မိတ်သဟာယပြုတယ်။ နင် ငါ့ကို ပြိုင်ဖို့ ကြိုးစားနေတာ အသိသာကြီးပဲ မဟုတ်လား”လို့ တွေးပြီးတော့ပေါ့။ အထူးသဖြင့် ဟန်တာက စုဝေးပွဲတစ်ခုမှာ အမ်မလီရဲ့ မိတ်သဟာယက သူ့အတွက် အရမ်းအကျိုးရှိခဲ့ပြီး၊ သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ဆိုင်တဲ့ သိနားလည်မှုတချို့ ရအောင် ကူညီခဲ့တယ်လို့ ပြောတဲ့အခါ၊ ကျွန်မ အရမ်းကို ကသိကအောက် ဖြစ်မိတယ်။ “ငါ့မိတ်သဟာယမှာ အယူဝါဒအများကြီးပါတယ်လို့ တစ်ခါက ဟန်တာ ပြောခဲ့တယ်။ ဒါပေမဲ့ အခု သူက မိတ်သဟာယမှာ သူ့ရဲ့ ပြဿနာတွေကို ထောက်ပြပေးတဲ့အတွက် အမ်မလီကို လေးစားနေတယ်။ ဒီအတိုင်းဆက်ဖြစ်ရင်၊ ငါတို့ထဲက ဘယ်သူကပိုတော်တယ်ဆိုတာ သိသာမှာမဟုတ်လား။ အမ်မလီက သမ္မာတရားကို နားလည်ပြီး စစ်မှန်မှုရှိတယ်လို့ လူတိုင်း သေချာပေါက် ထင်ပြီး နောင်ကျရင် သူ့ကို ပိုထင်ကြီးကြမှာပဲ။ အဲဒါက အဖွဲ့ထဲမှာ ငါ့ရဲ့ အဆင့်အတန်းကို အန္တရာယ်ရှိစေမှာ မဟုတ်လား”လို့ ကျွန်မ တွေးမိတယ်။ အဲဒီအချိန်ကစပြီး အမ်မလီကို ကျွန်မရဲ့ အကြီးမားဆုံး ခြိမ်းခြောက်မှုတစ်ခုအနေနဲ့ ကျွန်မ မြင်ခဲ့တယ်။ ကျွန်မ တိုက်ရိုက် တာဝန်ရှိတဲ့ အလုပ်ကို ကျွန်မ အရမ်းကာကွယ်တတ်လာပြီး သူ့ကို ပါဝင်ဖို့ ဘာအခွင့်အရေးမှ မပေးဘူး။ ခေါင်းဆောင်က ကျွန်မတို့ကို အလုပ်ကိစ္စ အတူဆွေးနွေးခိုင်းတတ်ပေမဲ့ သူ့ကို ပါဝင်ခိုင်းဖို့ ကျွန်မ မလိုလားခဲ့ဘူး။ အဲဒါက သိက္ခာကျရာရောက်ပြီး ကျွန်မကို အရည်အချင်းမရှိတဲ့ပုံပေါက်စေမယ်လို့ ခံစားနေမိတယ်။ သူမရှိဘဲနဲ့ ကျွန်မက ဒီအလုပ်ကို အဆင်ပြေပြေ စီမံနေခဲ့တာပဲ မဟုတ်လားပေါ့။ ဒါကြောင့် ကျွန်မ ဆင်ခြေတွေပေးပြီး သူပါဝင်တာကို ငြင်းခဲ့တယ်။ ကိစ္စတွေကို ကျွန်မ ကိုင်တွယ်ပြီးသားဖြစ်တယ်၊ ဒါမှမဟုတ် ပြဿနာတွေက အဲဒီလောက် မခက်ခဲမရှုပ်ထွေးဘဲ ကျွန်မတစ်ယောက်တည်း ဖြေရှင်းလို့ရတယ်၊ အမ်မလီနဲ့ နောက်ထပ်ဆွေးနွေးတာက ကိစ္စတွေ နှောင့်နှေးစေရုံပဲရှိတယ် ဆိုတာတွေကို ခေါင်းဆောင်ကို ကျွန်မ ပြောပြီးတော့ပေါ့။ သူ့ကို ကျွန်မရဲ့အလုပ်ကနေ ဖယ်ကြဉ်ဖို့ ဆင်ခြေမျိုးစုံကို ကျွန်မ ဖန်တီးခဲ့တယ်။ တစ်ခါ ဂျုံးလို့ခေါ်တဲ့ ညီအစ်မတစ်ယောက်ကို သူ့ရဲ့ အလုပ်အခြေအနေနဲ့ပတ်သက်လို့ ကျွန်မ ပြောပြီးရုံပဲရှိသေးတယ်။ အမ်မလီက အဲဒါကိုပဲ သူ့ကို သွားမေးတယ်။ ဂျုံးက နည်းနည်း စိတ်အနှောင့်အယှက်ဖြစ်ပြီး အလုပ်အကြောင်းကို ထပ်တလဲလဲ ပြောတာက နည်းနည်း အချိန်ဖြုန်းသလို ခံစားရတယ်လို့ ပြောတယ်။ ဒါဟာ ကျွန်မက အမ်မလီနဲ့ ကောင်းကောင်း ကြိုပြီး မပြောထားမိလို့ဆိုတာကို ကျွန်မ ကောင်းကောင်းကြီး သိခဲ့တာပေါ့။ ဒါပေမဲ့ ကျွန်မရဲ့ ပြဿနာကို ပြန်သုံးသပ်မဲ့အစား “သိပ်ဟုတ်တာပေါ့။ အမ်မလီ ဝင်ပါတာက တကယ်ကို အပိုပဲ။ လူတိုင်းက သူ့ကို မကြိုက်ရင်၊ ငါ့ရဲ့အဆင့်အတန်းအတွက် သူက ခြိမ်းခြောက်မှုတစ်ခု ဖြစ်တော့မှာမဟုတ်ဘူး”လို့တွေးပြီး ကျိတ်ဝမ်းသာနေခဲ့တယ်။ ဒါကြောင့် ကျွန်မ ဂျုံးပြောသလို လိုက်ပြောခဲ့တယ်။ “အဲဒါက ကိစ္စတွေကို နည်းနည်း ကြန့်ကြာစေတာ အမှန်ပဲ”လို့ပေါ့။ အလုပ်ကိစ္စဆွေးနွေးတဲ့အချိန်မှာ အမ်မလီကို ပါဝင်ခိုင်းဖို့ ညီအစ်ကို မောင်နှမတချို့က အကြံပြုတဲ့အခါ သိက္ခာဆယ်တဲ့အနေနဲ့ သဘောတူပေးရုံကလွဲလို့ ကျွန်မမှာ ရွေးစရာမရှိခဲ့ဘူး။ ဒါပေမဲ့ စိတ်ထဲမှာတော့ ကျွန်မက အရမ်းကို မလိုမလားဖြစ်နေတာ။ “အမ်မလီ၊ အမ်မလီ။ အခု နင်တို့ ဂရုစိုက်တာက သူတစ်ယောက်ထဲပဲပေါ့။ သူမပါဘဲ အလုပ်ကို ဆက်လုပ်ဖို့က မဖြစ်နိုင်ဘူးလား။ သူ ငါတို့နဲ့ မပူးပေါင်းခင်က ငါပဲ ဆုံးဖြတ်ချက်တွေချခဲ့ပြီး အလုပ်ကလည်း လုံးဝ မနှောင့်နှေးခဲ့ပါဘူး” လို့ တွေးနေမိတယ်။ အမ်မလီရဲ့ နာမည်ကို ညီအစ်ကို မောင်နှမတွေ ပြောကြတာကို ကြားတဲ့အခါတိုင်းမှာ ကျွန်မ အထူးသဖြင့် အထိမခံဖြစ်လာတယ်။ သူ့ကို အားလုံးကများ အထင်ကြီးနေကြသလားလို့ တွေးနေမိတယ်။ သူ အနီးအနားမှာရှိတာနဲ့ ကျွန်မ ချက်ချင်း သတိထားလာတယ်။ ကိုယ့်ဆူးတွေကို ထောင်ထားတဲ့ ဖြူငယ်တစ်ကောင်လိုပေါ့၊ ကျွန်မရဲ့ အဆင့်အတန်းကို အချိန်မရွေး ကာကွယ်ဖို့ အသင့်ဖြစ်နေတာ။ သူ့ကို တားဆီးဖို့ ကျွန်မရဲ့ အားထုတ်မှုတွေကြောင့် အလုပ်မှာ အမ်မလီက လုံးဝ မပူးပေါင်းနိုင်ခဲ့ဘဲ ကျွန်မနဲ့ ဘယ်လိုပေါင်းပြီး အလုပ်လုပ်ရမှန်း မသိခဲ့ဘူး။ ဒီဟာကြောင့် သူ တော်တော်စိတ်မကောင်းဖြစ်ခဲ့တယ်။ သူ့ရဲ့ မကောင်းတဲ့ အခြေအနေက ကျွန်မနဲ့ အများကြီး ပတ်သက်မှန်း ကျွန်မ သဘောပေါက်လိုက်ပြီး ခဏလောက် လိပ်ပြာမလုံဖြစ်မိတယ်။ ဒါပေမဲ့ နောက်တော့ ကျွန်မ တွေးမိတယ် “နင် မပူးပေါင်းနိုင်ရင် ငါ့အလုပ်ကို လာမရှုပ်နဲ့။ ငါတို့တွေ ကိုယ့်ကိစ္စကိုယ်လုပ်ပြီး တစ်ယောက်နဲ့တစ်ယောက် ဝင်မစွက်ဘဲ နေနိုင်ရင် အဆင်ပြေမှာပဲ” လို့ပေါ့။ ကျွန်မ စိတ်ချမ်းသာအောင်လို့ ဘုရားက အမ်မလီကို တခြားတစ်နေရာရာမှာ တာဝန်ပြောင်းပေးဖို့ အခြေအနေတွေ စီစဉ်ပေးဖို့ကိုတောင် ကျွန်မ ဆန္ဒရှိခဲ့တယ်။ အဲဒီအချိန်အတောအတွင်းမှာ ကျွန်မက အမ်မလီကို အတိုက်အခံလုပ်ပြီး ဖယ်ကြဉ်တဲ့ အခြေအနေတစ်ခုမှာ အသက်ရှင်ခဲ့တယ်။ ခဏခဏပဲ မတွေးတတ်အောင်ကို ကသိကအောက်ဖြစ်ပြီး ပင်ပန်းနေခဲ့တယ်။ ကျွန်မ အရမ်းအပျက်သဘောဆောင်လာပြီး ကျွန်မရဲ့ စိတ်နှလုံးက ပိုပြီး မှောင်မိုက်လာတယ်။ ဘုရားဆီ ကျွန်မ ဆုတောင်းခဲ့တယ်။ “အို ဘုရားသခင်၊ အေမလီနဲ့ ကျွန်မ ပူးပေါင်းလုပ်ကတည်းက၊ သူ့ကို ကျွန်မ အမြဲ ပြိုင်ချင်ခဲ့ပြီး၊ ကျွန်မကို သူ ကျော်သွားမှာ စိုးရိမ်ခဲ့ပါတယ်။ ဒီအခြေအနေ မမှန်တာကို ကျွန်မ သိပေမဲ့၊ ကျွန်မပြဿနာရဲ့ အနှစ်သာရကို ကျွန်မ မရိပ်စားမိနိုင်ပါဘူး။ ကျေးဇူးပြုပြီး ကျွန်မကိုယ်ကျွန်မ နားလည်နိုင်အောင် ဉာဏ်အလင်းပေးပါ”လို့ပေါ့။

တစ်နေ့မှာ အန္တိခရစ်တွေကို ဖော်ထုတ်တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ရပြီး၊ ကျွန်မကိုယ်ကျွန်မ သိနားလည်မှုတချို့ ရခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အန္တိခရစ်တစ်ဦး၏ အနှစ်သာရနှင့်သက်ဆိုင်သည့် အသိသာဆုံးသော ဝိသေသလက္ခဏာများထဲမှ တစ်ခုမှာ ၎င်းတို့သည် အာဏာကို လက်ဝါးကြီးအုပ်ပြီး ၎င်းတို့၏ ကိုယ်ပိုင်အာဏာရှင်စနစ်ကို လည်ပတ်သည်။ ၎င်းတို့သည် မည်သူ့ကိုမျှ နားမထောင်ပေ၊ ၎င်းတို့သည် မည်သူ့ကိုမျှ မလေးစားဘဲ လူတို့၏ အားသာချက်များ၊ သို့မဟုတ် လူတို့က မည်သည့် မှန်ကန်သော အမြင်များ၊ သို့မဟုတ် အမြော်အမြင်ရှိသော ထင်မြင်ချက်များကို ဖော်ပြနိုင်သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့် သင့်တော်သောနည်းလမ်းများကို လူတို့ တင်ပြနိုင်ပါစေ ၎င်းတို့က ထိုအရာများကို အရေးမစိုက်ပေ။ မည်သူကမျှ ၎င်းတို့နှင့်အတူ ပူးပေါင်းလုပ်ဆောင်ရန်၊ သို့မဟုတ် ၎င်းတို့လုပ်ဆောင်သည့်အရာမှန်သမျှတွင် ပါဝင်ရန် အရည်အချင်း မပြည့်မီသည့်အလား ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တစ်ဦးတွင်ရှိသည့် စိတ်သဘောထားမျိုးဖြစ်သည်။ ဤသည်မှာ မကောင်းသော လူ့သဘာဝရှိခြင်း ဖြစ်သည်ဟု လူအချို့က ပြောကြသည်။ သို့သော် ဤသည်မှာ ထူးမခြားနားသော မကောင်းသည့်လူ့သဘာဝမျှသာ မည်သို့လျှင် ဖြစ်နိုင်မည်နည်း။ ဤသည်မှာ လုံးလုံး ဆိုးယုတ်သည့် စိတ်သဘောထားတစ်ခု ဖြစ်ပေသည်။ ပြီးလျှင် ဤသို့သော စိတ်သဘောထားသည် အလွန့်အလွန် ဆိုးသည်။ ၎င်းတို့၏ စိတ်သဘောထားသည် အလွန့်အလွန် ဆိုးသည်ဟု ငါ အဘယ့်ကြောင့် ပြောသနည်း။ အန္တိခရစ်တို့သည် ဘုရားအိမ်တော်မှ အရာရာတိုင်းနှင့် အသင်းတော်၏ ပိုင်ဆိုင်မှုပစ္စည်းများကို သိမ်းယူပြီး ယင်းတို့ကို ၎င်းတို့၏ ကိုယ်ပိုင် ပိုင်ဆိုင်မှုပစ္စည်းအဖြစ် မှတ်ယူသည်။ ယင်းတို့အားလုံးကို ၎င်းတို့က စီမံမည်ဖြစ်သည်။ ဤတွင် မည်သူ့ကိုမျှ ကြားဝင်ရန် ၎င်းတို့ ခွင့်မပြုပေ။ အသင်းတော်အလုပ်ကို လုပ်ဆောင်သောအခါတွင် ၎င်းတို့စဉ်းစားသည့် တစ်ခုတည်းသောအရာမှာ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွား၊ အဆင့်အတန်းနှင့် ၎င်းတို့၏ ဂုဏ်သိက္ခာတို့ဖြစ်သည်။ ၎င်းတို့သည် အစွမ်းအစရှိသောသူ တစ်ယောက်ယောက် သို့မဟုတ် မိမိတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ပြောဆိုနိုင်သောသူတစ်ဦးတလေကို ၎င်းတို့၏ ဂုဏ်နှင့် အဆင့်အတန်းတို့အား ခြိမ်းခြောက်ခွင့်ပြုဖို့ မဆိုထားနှင့်၊ မည်သူ့ကိုမျှ ၎င်းတို့၏ အကျိုးစီးပွားကို ထိခိုက်ခွင့်မပြုပေ။ ထို့ကြောင့် ၎င်းတို့သည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ပြောနိုင်ပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့နိုင်ကာ ဘုရားသခင် ရွေးချယ်ထားသောလူများအတွက် ပံ့ပိုးပေးနိုင်သောသူတို့ကို ပြိုင်ဖက်များအဖြစ် ဖိနှိပ်ပြီး ဖယ်ကြဉ်ရန် ကြိုးစားကြသည်။ ပြီးလျှင် ၎င်းတို့သည် ထိုသူတို့ကို အခြားလူတိုင်းနှင့် လုံးဝသီးခြားခွဲထားရန်၊ လုံးလုံးလျားလျား နာမည်ပျက်အောင် ပြုလုပ်ရန်နှင့် ပြိုလဲစေရန် အသည်းအသန်ကြိုးစားကြသည်။ ထိုအခါမှသာ အန္တိခရစ်များက စိတ်အေးလက်အေး ဖြစ်ကြလိမ့်မည်။...အမှန်တကယ်တွင် ဤလူတို့သည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်တစ်ခုခုရှိကြပြီး သမ္မာတရားစစ်မှန်မှုအချို့ ပိုင်ဆိုင်ကြသည်။ အတော်အတန် ကောင်းမွန်သော လူ့သဘာဝရှိကြသည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိကြပြီး သမ္မာတရားကို လက်ခံနိုင်ကြသည်။ ထိုသူတို့သည် အားနည်းချက်၊ ချို့ယွင်းချက်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရံဖန်ရံခါ ထုတ်ဖော်ခြင်းများ ရှိနိုင်သော်လည်း ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး နောင်တရနိုင်စွမ်းရှိကြသည်။ ထိုသူတို့သည် ဘုရားသခင် ကယ်တင်မည့်သူများ၊ ဘုရားသခင်က စုံလင်အောင်ပြုခြင်းခံရဖို့ မျှော်လင့်ချက်ရှိသောသူများ ဖြစ်နေဆဲဖြစ်သည်။ အနှစ်ချုပ်အနေဖြင့် ဤလူတို့သည် တာဝန်တစ်ခုကို ထမ်းဆောင်ရန် သင့်တော်သည်။ တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းအတွက် သတ်မှတ်ချက်များ၊ စည်းမျဉ်းများကို ဖြည့်ဆည်းကြသည်။ သို့သော် အန္တိခရစ်များက ‘ကျွန်ုပ်သည် ဤအရာကို သည်းညည်းခံမည် မဟုတ်။ သင်သည် ကျွန်ုပ်နှင့်ယှဉ်ပြိုင်ဖို့ ကျွန်ုပ်၏ အဖွဲ့ထဲတွင် အခန်းကဏ္ဍတစ်ခု လိုချင်သည်။ ယင်းမှာ မဖြစ်နိုင်ပေ၊ စဉ်းတောင်မစဉ်းစားလေနှင့်။ သင်သည် ကျွန်ုပ်ထက် သာ၍ပညာတတ်သည်၊ ကျွန်ုပ်ထက် သာ၍ ရှင်းလင်းစွာ ပြောဆိုနိုင်သည်၊ ကျွန်ုပ်ထက် လူကြိုက်များသည်။ ပြီးလျှင် သင်သည် ကျွန်ုပ်ထက်ပို၍ ကြီးသော လုံ့လဝီရိယဖြင့် သမ္မာတရားကို လိုက်စားသည်။ ကျွန်ုပ်သည် သင်နှင့်အတူ ပူးပေါင်းလုပ်ဆောင်ပြီး သင်က ကျွန်ုပ်၏ ထင်ပေါ်မှုကို ခိုးယူလျှင် ကျွန်ုပ်သည် မည်သို့ပြုလုပ်ရမည်နည်း’ ဟု မိမိတို့ဘာသာ တွေးကြသည်။ ၎င်းတို့သည် ဘုရားသခင် အိမ်တော်၏ အကျိုးစီးပွားများကို ဆင်ခြင်ထောက်ထားသလော။ မထောက်ထားပေ။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရားသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)) အန္တိခရစ်တွေက သူတို့အကျိုးစီးပွားတွေကို ဘယ်သူ့ကိုမှ ထိခိုက်ခွင့်မပေးဘဲ အဆင့်အတန်းနဲ့ တန်ခိုးအာဏာကိုအထူးအရေးထားတယ်လို့ ဘုရားက ဖော်ထုတ်တယ်။ တစ်ယောက်ယောက်က သူတို့ရဲ့ အဆင့်အတန်းကို ခြိမ်းခြောက်ပြီး သူတို့ကိုယ်တိုင်ထက် ပိုတော်တာကို မြင်ရင်၊ အဲဒီလူကို သူတို့ ဖိနှိပ်ပြီး ဖယ်ကြဉ်တယ်။ ဒါကို ကျွန်မရဲ့ အပြုအမူနဲ့ ယှဉ်ကြည့်တဲ့အခါ၊ ကျွန်မက အန္တိခရစ်တစ်ယောက်လိုပဲ ပြုမူနေခဲ့မိမှန်း သဘောပေါက်လိုက်တယ်။ အေမလီက သမ္မာတရားနဲ့ပတ်သက်လို့ ကျွန်မထက် ပိုပြီး ကောင်းကောင်း မိတ်သဟာယပြုပြီး ပြဿနာတွေကို ဖြေရှင်းရုံမက၊ ကျွန်မတို့ရဲ့ အလုပ်အကိုင်နဲ့ ပတ်သက်လာရင် အတော်လေး ထိုးထွင်းအမြင်ရှိတာကို မြင်တဲ့အခါ၊ သူနဲ့ ပူးပေါင်းလုပ်ရင် ကျွန်မက ကိုယ့်ကိုယ်ကိုယ် ကြွားလို့မရမှာကို စိုးရိမ်ခဲ့တယ်။ ဒါကြောင့် သူ့ကို ကျွန်မ ဖယ်ကြဉ်ပြီး၊ ကျွန်မအလုပ်မှာ ပါဝင်ခွင့်ပေးဖို့ ငြင်းခဲ့တယ်။ ကျွန်မရဲ့ အဆင့်အတန်းကို ကာကွယ်ဖို့နဲ့ ကျွန်မရဲ့ တန်ခိုးအာဏာကို ဝေမျှရတာတွေကို ရှောင်ရှားဖို့သက်သက်အတွက်ပေါ့။ ခေါင်းဆောင်က အေမလီနဲ့ ကျွန်မအနေနဲ့ အလုပ်ကို ခွဲလုပ်ပြီး အချင်းချင်း ပူးပေါင်းလုပ်ဖို့အတွက် စီစဉ်ပေးခဲ့တယ်။ အဲဒါက ရေလောင်းတဲ့အလုပ်ရလဒ်တွေကို ထည့်စဉ်းစားပြီး လုပ်ခဲ့တာပဲ။ ဒါပေမဲ့ ကျွန်မစိတ်နှလုံးမှာ အတိုက်အခံဖြစ်ခဲ့တယ်။ သူ့ကို ပါဝင်ခိုင်းဖို့ ကျွန်မ အင်တင်တင်နဲ့ သဘောတူခဲ့ပေမဲ့၊ သိပ်အရေးမပါတဲ့ အလုပ်တချို့ကိုပဲ သူ့ကို ပေးခဲ့တယ်။ သူ့စကားကို လူတိုင်းက နားထောင်ရင်၊ အဖွဲ့မှာ ကျွန်မရဲ့အဆင့်အတန်း ဆုံးရှုံးမှာကို ကြောက်ခဲ့တယ်။ ဟန်တာရဲ့ အခြေအနေက မကောင်းတဲ့အခါ၊ အေမလီက ဖြေရှင်းပေးဖို့ သူနဲ့ ချက်ချင်း မိတ်သဟာယပြုခဲ့ပေမဲ့ ကျွန်မက ကျေနပ်ရမဲ့အစား ကျွန်မရဲ့ အဆင့်အတန်းကို ကာကွယ်ဖို့နဲ့ ကျွန်မတာဝန်ယူထားတဲ့ အလုပ်မှာ သူဝင်ပါလို့မရအောင် တားဆီးဖို့အတွက် သူ့ကို ဖိနှိပ်ဖို့ ဆင်ခြေမျိုးစုံ ဖန်တီးခဲ့တယ်။ ဂျူအန်က အေမလီအပေါ် အပြစ်မြင်တဲ့အချိန်မှာ၊ လူတိုင်း သူ့အပေါ် အမြင်စောင်းလာတော့မယ်လို့ မျှော်လင့်ရင်းနဲ့ ကျွန်မ တိတ်တိတ်လေး ဝမ်းသာခဲ့တယ်။ အဲဒါမှ သူက ကျွန်မရဲ့ အဆင့်အတန်းကို ခြမ်းခြောက်မှုတစ်ခုဖြစ်မှာ မဟုတ်တော့ဘူးလေ။ ကျွန်မရဲ့ ဖယ်ကြဉ်မှုကြောင့်၊ ကျွန်မတာဝန်ယူထားတဲ့ အလုပ်မှာ အေမလီက ပါဝင်လို့မရခဲ့ဘူး၊ အဲဒါက သူ့အခြေအနေကို ထိခိုက်ခဲ့တယ်။ ကျွန်မကိုယ်ကျွန်မ မသုံးသပ်ခဲ့ဘူး။ အဲဒီအစား သူ့ကို ချက်ချင်း ထွက်သွားစေချင်ခဲ့တယ်။ ကျွန်မက အဆင့်အတန်းအတွက် အဲဒီလို ပြင်းထန်တဲ့ ဆန္ဒနဲ့ အရမ်းကို မောင်ပိုင်စီးခဲ့တယ်။ ကျွန်မရဲ့ အဆင့်အတန်းနဲ့ တန်ခိုးအာဏာကို ထိန်းသိမ်းဖို့၊ ကျွန်မလုပ်သမျှတိုင်းမှာ အသင်းတော်အလုပ်ကို လုံးဝ ထည့်မစဉ်းစားဘဲ အေမလီကို ဖယ်ကြဉ်ပြီး ဖိနှိပ်ခဲ့တယ်။ ကျွန်မ အရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာဖြစ်ခဲ့သလို၊ လူ့သဘာဝလည်း မရှိခဲ့ဘူး။ ကျွန်မရဲ့ အပြုအမူက အန္တိခရစ် စိတ်သဘောထားရဲ့ တိကျတဲ့ သရုပ်သကန်ပဲ။

နောက်ပိုင်းမှာ ကျွန်မလုပ်ရပ်တွေရဲ့ အကျိုးဆက်တွေအကြောင်းကို နားလည်မှုတချို့ရအောင် ကူညီခဲ့တဲ့ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေက ပြောတယ်။ “လူတို့တွင် ဆိုးယုတ်သော စိတ်သဘောထားများရှိသည့်အခါ ၎င်းတို့သည် အချိန်မရွေး၊ နေရာမရွေး ဘုရားသခင်ကို ပုန်ကန်ပြီး ဆန့်ကျင်နိုင်သည်။ ဆိုးယုတ်သော စိတ်သဘောထားများဖြင့် အသက်ရှင်သောသူတို့သည် ဘုရားသခင်ကို အချိန်မရွေး ငြင်းဆန်နိုင်၊ ဆန့်ကျင်နိုင်ပြီး သစ္စာဖောက်နိုင်သည်။ အန္တိခရစ်များက အလွန်မိုက်မဲ၏၊ ၎င်းတို့သည် ဤအရာကို သဘောမပေါက်ကြဘဲ ‘ငါ၏အာဏာကို ကိုင်စွဲထားရင်း ဒုက္ခများလှပြီဖြစ်သည်။ အဘယ်ကြောင့် ထိုအာဏာကို အခြားတစ်ယောက်ယောက်နှင့် မျှဝေရမည်နည်း။ ထိုအာဏာကို အခြားလူတို့အား ပေးခြင်းက ငါကိုယ်တိုင်အတွက် လုံးဝ ရှိတော့မည်မဟုတ်ဟူသည့် သဘောမဟုတ်လော။ အာဏာမရှိဘဲနှင့် ငါ၏ ပါရမီများနှင့် အရည်အချင်းများကို မည်သို့ ထင်ရှားစေနိုင်မည်နည်း’ ဟူ၍ တွေးကြသည်။ လူတို့ကို ဘုရားသခင်က အပ်နှံခဲ့သည်မှာ အာဏာ၊ သို့မဟုတ် အဆင့်အတန်းမဟုတ်ဘဲ တာဝန်တစ်ခုဖြစ်သည်ကို ၎င်းတို့ မသိကြပေ။ အန္တိခရစ်တို့သည် အာဏာနှင့် အဆင့်အတန်းကိုသာ လက်ခံကြသည်။ တာဝန်များကို ဘေးဖယ်ထားကြပြီး၊ တကယ့်အလုပ်ကို မလုပ်ဆောင်ကြပေ။ ထိုအစား ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းနောက်ကိုသာလိုက်ကြပြီး ဩဇာအာဏာကိုသာ ဖမ်းဆုပ်လိုသည်။ ဘုရားသခင်ရွေးချယ်ထားသောသူများကို ထိန်းချုပ်လိုသည်။ ပြီးလျှင် ဂုဏ်အဆင့်အတန်း၏ အကျိုးအမြတ်များ၌ မွေ့လျော်ကြသည်။ အမှုအရာများကို ဤသို့ လုပ်ဆောင်ခြင်းသည် အလွန် အန္တရာယ်ရှိသည်။ ဤသည်မှာ ဘုရားသခင်ကို ဆန့်ကျင်ခြင်းဖြစ်သည်။ မိမိတို့တာဝန်ကို မှန်မှန်ကန်ကန် လုပ်ဆောင်ခြင်းထက် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းနောက်ကို လိုက်သော မည်သူမဆိုသည် မီးနှင့် ဆော့ကစားနေခြင်းဖြစ်ပြီး ၎င်းတို့၏ အသက်ကို ဆော့ကစားနေခြင်းဖြစ်သည်။ မီးနှင့် ၎င်းတို့၏အသက်နှင့် ဆော့ကစားသူတို့သည် အချိန်မရွေး မိမိတို့ကိုယ်ကိုယ် ပျက်စီးခြင်းသို့ ရောက်စေနိုင်သည်။ ယနေ့တွင် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်အဖြစ် သင်သည် ဘုရားသခင်ကို အစေခံနေခြင်းဖြစ်ပြီး ယင်းမှာ သာမန်ကိစ္စမဟုတ်ပေ။ သင်သည် ကျသင့်ငွေပေးချေပြီး စားပွဲပေါ်သို့ အစားအစာရောက်ရှိစေရန် အလုပ်လုပ်နေခြင်းကို မဆိုထားနှင့်၊ အမှုအရာများကို လူအချို့အတွက် လုပ်ဆောင်နေခြင်းပင်မဟုတ်ပေ။ ထိုအစား သင်သည် အသင်းတော်တွင် သင်၏ တာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်သည်။ အထူးသဖြင့် ဤတာဝန်သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်မှလာခဲ့သည်ကို ထောက်ဆလျှင် ယင်းကို ထမ်းဆောင်ခြင်းမှာ မည်သည့်အရာကို သွယ်ဝိုက်ညွှန်းဆိုသနည်း။ သင်သည် ကောင်းစွာလုပ်ဆောင်သည်ဖြစ်စေ၊ မလုပ်ဆောင်သည်ဖြစ်စေ သင်၏ တာဝန်အတွက် ဘုရားသခင်ပေါ် တာဝန်ရှိသည်။ အဆုံးတွင် ဘုရားသခင်ကို ဖြေရှင်းချက်တစ်ခု ပေးရမည်။ ရလဒ်တစ်ခုရှိရမည်။ သင်လက်ခံခဲ့သည့်အရာမှာ ဘုရားသခင်၏ စေခိုင်းချက်၊ မြင့်မြတ်သော တာဝန်တစ်ခုဖြစ်သည်။ ထို့ကြောင့် ဤတာဝန်သည် မည်မျှအရေးကြီးပါစေ၊ အသေးအဖွဲဖြစ်ပါစေ လေးနက်သည့် အလုပ်တစ်ခုဖြစ်သည်။ မည်မျှ လေးနက်သနည်း။ သေးငယ်သောအတိုင်းအတာတွင် ယင်းသည် ဤဘဝသက်တမ်းတွင် သမ္မာတရားအား သင်ရနိုင်ခြင်းရှိမရှိပါဝင်ပြီး ဘုရားသခင်က သင့်အား ရှုမြင်သည့်ပုံစံ ပါဝင်သည်။ ပို၍ ကြီးမားသောအတိုင်းအတာတွင် ယင်းသည် သင်၏ ရှေ့ရေး၊ ကံကြမ္မာ၊ သင်၏ အဆုံးသတ်အပေါ် တိုက်ရိုက် ဆက်နွှယ်နေသည်။ သင်သည် မကောင်းမှုကျူးလွန်ပြီး ဘုရားသခင်ကို ဆန့်ကျင်လျှင် ရှုတ်ချခံရပြီး အပြစ်ဒဏ်ပေးခံရမည်။ သင်၏တာဝန်ကို ထမ်းဆောင်သောအခါ သင်လုပ်ဆောင်သမျှတိုင်းကို ဘုရားသခင်က မှတ်သားထားသည်။ ထိုအရာကို အမှတ်ပေးပြီး အကဲဖြတ်ပုံအတွက် ဘုရားသခင်တွင် သူ၏ ကိုယ်ပိုင်စည်းမျဉ်းများ၊ စံနှုန်းများရှိသည်။ သင်၏တာဝန်ကို သင်ထမ်းဆောင်သောအခါတွင် ထင်ရှားသော အရာအားလုံးကို အခြေခံပြီး သင်၏ အဆုံးသတ်ကို ဘုရားသခင်က ဆုံးဖြတ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရားသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)) အဆင့်အတန်းကို အန္တိခရစ်တွေ လိုက်စားတဲ့ အကျိုးဆက်တွေကို ဘုရားနှုတ်ကပတ်တော်တွေက ရှင်းရှင်းလင်းလင်း ရှင်းပြတယ်။ အန္တိခရစ်တွေက သမ္မာတရားကို မလိုက်စားကြဘူး၊ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုပဲ လိုက်စားနေကြတာ။ တန်ခိုးအာဏာကို ဖမ်းဆုပ်ပြီး လက်လွှတ်ဖို့ ငြင်းပြီးတော့ တခြားအရာအားလုံးထက် တန်ခိုးအာဏာနဲ့ အဆင့်အတန်းကို သူတို့ စွဲကိုင်ကြတယ်။ တစ်ဦးတည်း ဩဇာအာဏာရှိချင်ပြီး သူတို့အလုပ်မှာ တခြားဘယ်သူ့ကိုမှ ပါဝင်ခွင့်မပေးဘဲနဲ့နေကြတယ်။ နောက်ဆုံးမှာ ဘုရားကို အတိုက်အခံလုပ်တဲ့အတွက် သူတို့ ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရတယ်။ ကျွန်မကိုယ်ကျွန်မ စဉ်းစားတဲ့အခါ၊ ရေလောင်းတဲ့အလုပ်ရဲ့ ကြီးကြပ်ရေးမှူးအနေနဲ့ အရွေးခံရတဲ့နောက်မှာ၊ အလုပ်ကိစ္စ အကြီးအသေးတွေမှာ ကျွန်မ ဆုံးဖြတ်ချက်အားလုံးချခဲ့တယ်။ လူတိုင်းက သူတို့ရဲ့ ပြဿနာတွေနဲ့ပတ်သက်လို့ ကျွန်မကို လာမေးကြပြီး ကျွန်မစကားကို နားထောင်ခဲ့ကြတယ်။ ဆုံးဖြတ်ချက်ပေးတဲ့သူဖြစ်ရတဲ့ ဒီခံစားချက်ကို ကျွန်မ အထူးတလည် နှစ်သက်ခဲ့တယ်။ ကျွန်မတို့နဲ့ အေမလီ ပူးပေါင်းပြီးတဲ့နောက်မှာ၊ သူက ကဏ္ဍအတော်များများမှာ ကျွန်မထက် ပိုထင်ပေါ်တာကို ကျွန်မ သတိထားမိတယ်။ လူတိုင်းက သူတို့ ပြဿနာနဲ့ပတ်သက်လို့ သူ့ဆီကို စသွားကြပြီး သူတို့ကြားမှာ ကျွန်မရဲ့ သဘောထားနဲ့ ဆုံးဖြတ်ချက်ချတဲ့ တန်ခိုးအာဏာ ဆုံးရှုံးသွားမှာကို ကျွန်မ စိုးရိမ်ခဲ့တယ်။ ဒါကြောင့် ဖြစ်နိုင်တဲ့နည်းနဲ့ ကျွန်မ သူ့ကို ဖယ်ကြဉ်ခဲ့တယ်။ ခေါင်းဆောင်က ကျွန်မနဲ့ အေမလီကို အလုပ် ခွဲလုပ်ပြီး ပူးပေါင်းလုပ်ခိုင်းတာပဲဖြစ်ဖြစ်၊ ညီအစ်ကို မောင်နှမတွေက သူ့ကို အလုပ်ကိစ္စဆွေးနွေးတဲ့နေရာမှာ ပူပေါင်းစေချင်တာပဲဖြစ်ဖြစ်၊ ကျွန်မစိတ်နှလုံးမှာ အတိုက်အခံဖြစ်ခဲ့တယ်။ သူ့ကို အလုပ်မှာ ပါဝင်ခွင့်မပေးဘဲ အဖွဲ့ကို စိုးမိုးချင်ပြီးတော့ သူ့ကို တွန်းထုတ်ဖို့ ဆင်ခြေတွေတောင် ဖန်တီးခဲ့တယ်။ ဒါဆိုရင် ညီအစ်ကို မောင်နှမတွေက သူတို့မှာ ပြဿနာတွေရှိတဲ့အခါ ကျွန်မကိုပဲ နားထောင်ကြမယ်ပေါ့။ အသင်းတော်က သိပ်အရေးကြီးတဲ့တာဝန်တစ်ခုကို ကျွန်မကို ပေးခဲ့ပေမဲ့၊ အလုပ်ကို ဘယ်လို ကောင်းကောင်း လုပ်ရမယ်ဆိုတာကို ကျွန်မ လုံးဝ မစဉ်းစားခဲ့ဘူး။ အဲဒါထက် အေမလီက ကျွန်မထက် အရမ်းသာသွားတာမခံရအောင် ဘယ်လိုလုပ်မယ်ဆိုတာနဲ့ ကျွန်မရဲ့ အဆင့်အတန်းကို ဘယ်လို ထိန်းသိမ်းရမယ်ဆိုတာကို စဉ်းစားရင်းနဲ့ အချိန်ရှိသမျှ ကုန်ဆုံးခဲ့တယ်။ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် ကျွန်မရဲ့ဆန္ဒက အရမ်းပြင်းထန်ခဲ့တယ်။ ဘုရားသခင်က ပြောသည် “မိမိတို့တာဝန်ကို မှန်မှန်ကန်ကန် လုပ်ဆောင်ခြင်းထက် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းနောက်ကို လိုက်သော မည်သူမဆိုသည် မီးနှင့် ဆော့ကစားနေခြင်းဖြစ်ပြီး ၎င်းတို့၏ အသက်ကို ဆော့ကစားနေခြင်းဖြစ်သည်။ မီးနှင့် ၎င်းတို့၏အသက်နှင့် ဆော့ကစားသူတို့သည် အချိန်မရွေး မိမိတို့ကိုယ်ကိုယ် ပျက်စီးခြင်းသို့ ရောက်စေနိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရားသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရင်းနဲ့ ကျွန်မ အရမ်းကြောက်လာတယ်။ ဘုရားရဲ့ စိတ်သဘောထားက ဖြောင့်မတ်ပြီး ပုန်ကန်ပြစ်မှားတာကို သည်းမခံဘူးဆိုတာကို သဘောပေါက်သွားတယ်။ နောင်တမရဘဲ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းကို ကျွန်မ ဆက်လိုက်စားပြီး၊ အေမလီကို ဆက်ဖယ်ကြဉ်၊ တိုက်ခိုက်နေရင်၊ ဘုရားရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိသွားနိုင်တယ်။ ပြီးတော့ ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရနိုင်တယ်။ အသင်းတော်ကနေ နှင်ထုတ်ခံခဲ့ရတဲ့ အန္တိခရစ်တွေကိုလည်း ကျွန်မ စဉ်းစားမိတယ်။ တစ်ယောက်ယောက်က သူတို့ထက် ပိုတော်ပြီး သူတို့ရဲ့ အဆင့်အတန်းကို ခြိမ်းခြောက်တာလုပ်တဲ့အခါ၊ အဲဒီလူကို ရန်သူအနေနဲ့ သူတို့က မြင်ပြီး၊ ဖိနှိပ်ဖို့၊ ဖယ်ကြဉ်ပြီး ညဉ်းဆဲဖို့နဲ့ တစ်ဦးတည်းတန်ခိုးအာဏာရဖို့ဆိုတဲ့ သူတို့ရဲ့ ရည်မှန်းချက်ကို ရရှိဖို့ စက်ဆုပ်စရာ နည်းအမျိုးမျိုးကို အသုံးပြုခဲ့ကြတယ်။ နောက်ဆုံးမှာ သူတို့ရဲ့ များပြားတဲ့ မကောင်းတဲ့လုပ်ဆောင်ချက်တွေကြောင့် အသင်းတော်ကနေ နှင်ထုတ်ခံခဲ့ရတယ်။ အဲဒီအတိုင်းပဲ၊ တရုတ်ကွန်မြူနစ်ပါတီက သူ့ရဲ့ အစိုးရစနစ်ကို ခိုင်မာစေဖို့အတွက် အဲဒါကို လူတိုင်း ဦးညွှတ်တာကို အသည်းအသန် လိုချင်တယ်။ သူတို့နေရာအပေါ် ခြိမ်းခြောက်မှုတစ်ခု ဖြစ်စေနိုင်တဲ့ သူတွေအပေါ် သူတို့က ရက်စက်ပြီး အဲဒီလူတွေကို လုံးဝ ဖယ်ရှားရှင်းလင်းချင်တယ်။ အဆင့်အတန်းနဲ့ တန်ခိုးအာဏာကို သူ့ရဲ့လက်ခုပ်ထဲမှာ တင်းတင်းကျပ်ကျပ် အမြဲထိန်းသိမ်းဖို့ ကြိုးပမ်းနေတာ။ ကျွန်မကိုယ်ကျွန်မကြည့်တော့၊ အေမလီကို ဖယ်ကြဉ်ခြင်းအားဖြင့် ကျွန်မရဲ့ အဆင့်အတန်းကို ခိုင်မာစေဖို့အတွက် ကျွန်မရဲ့ လုပ်ရပ်တွေက အန္တိခရစ်တွေနဲ့ အဆင်းနီတဲ့ နဂါးကြီးရဲ့ လုပ်ရပ်တွေဆီက သဘာဝနဲ့ ဘာကွာခြားမှုများ ရှိခဲ့လို့လဲ။ ဒီအသိတရားဝင်လာတော့ ကျွန်မ ကြောက်သွားပြီး နောင်တနဲ့ ဘုရားဆီ ဆုတောင်းခဲ့တယ်။ ကျွန်မရဲ့ ပြဿနာတွေကို ဖြေရှင်းရအောင် ကျွန်မကို လမ်းပြဖို့ တောင်းလျှောက်ခဲ့တယ်။

နှစ်ရက်သုံးရက်ကြာပြီးတဲ့နောက်မှာ၊ အေမလီနေတဲ့ ဒေသမှာ ရုတ်တရက်ဖြစ်တဲ့ တိုင်ဖွန်းမုန်တိုင်း သတိပေးချက်တစ်ခုကို ထုတ်ပြန်ထားတယ်။ တိုင်ဖွန်းမတိုက်ခင် ကျွန်မတို့ရဲ့ အစည်းအဝေးမှာ၊ သူက “ကပ်ဘေး ရိုက်ခတ်တဲ့အခါ၊ ကျွန်မတာဝန်ကို လုပ်ဖို့ အခွင့်အရေးက အရမ်းတန်ဖိုးရှိတယ်လို့ ကျွန်မ ခံစားရတယ်။ ဒါပေမဲ့ ဒီအခွင့်အရေးကို ကျွန်မ အမိအရအသုံးမချခဲ့ဘူး၊ ဘုရားကို စိတ်ကျေနပ်ဖို့ အကောင်းဆုံး မလုပ်မိခဲ့ဘူး...”လို့ပြောပြီး အရမ်းစိတ်ထိခိုက်တယ်။ ဒါကို ကြားတော့ ကျွန်မကိုယ်ကျွန်မ အရမ်းအပြစ်တင်မိတယ်။ ဒီချိန်အတောအတွင်းမှာ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် အေမလီကို ကျွန်မ ပြိုင်နေခဲ့မိတယ်။ ကျွန်မရဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့ နည်းလမ်းရှိသမျှနဲ့ သူ့ကို ဖယ်ကြဉ်ပြီး၊ သူနဲ့ ကောင်းကောင်းမွန်မွန် ပူးပေါင်းမလုပ်ခဲ့ဘူး၊ ကျွန်မတာဝန်ကို ကောင်းကောင်း မလုပ်ခဲ့ဘူး။ အေမလီအတွက်ရော၊ ဘုရားသခင်အတွက်ပါ ကျွန်မ ရုတ်တရက် ဝမ်းနည်းသွားတယ်။ ကျွန်မစိတ်နှလုံးထဲမှာ ဘုရားဆီ တိတ်တဆိတ် ဆုတောင်းခဲ့တယ်။ “အို ဘုရားသခင်၊ အနာဂတ်မှာ အေမလီနဲ့ ပူးပေါင်းလုပ်ဖို့ ကျွန်မမှာ နောက်ထပ်အခွင့်အရေး မရှိရင်၊ နောင်တကလွဲလို့ ကျွန်မမှာ ဘာမှကျန်မှာ မဟုတ်ပါဘူး။ ကျွန်မ အစကနေပြန်စလို့ရရင်၊ သူနဲ့ ကောင်းကောင်းမွန်မွန် ပူးပေါင်းလုပ်ဖို့ အခွင့်အရေးကို အမိအရအသုံးချပါ့မယ်”လို့ပေါ့။ အဲဒီနေ့လည်မှာ တိုင်ဖွန်းမုန်တိုင်းက လွန်သွားခဲ့ပြီး အေမလီရဲ့ ဒေသက ထိခိုက်တာမရှိဘူးဆိုတာကို ကျွန်မ သိလိုက်ရတယ်။ ဘုရားသခင်ကို သူ့ရဲ့ ကွယ်ကာမှုအတွက် ကျွန်မ အဆက်မပြတ် ကျေးဇူးတင်မိတယ်။

နောက်ပိုင်းမှာ လက်တွေ့လုပ်ပြီး ဝင်ရောက်မှု လမ်းကြောင်းတစ်ခုကို ရှာရင်းနဲ့ ဘုရားဆီ ကျွန်မ ဆုတောင်းခဲ့တယ်။ ဒီလိုပြောတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့တယ်။ “သင့်လိုက်စားမှု၏ ဦးတည်ချက်၊ သို့မဟုတ် ပစ်မှတ်က မည်သည့်အရာဖြစ်စေ အဆင့်အတန်းနှင့် ဂုဏ်သတင်းကို လိုက်စားခြင်းအား ဆင်ခြင်သုံးသပ်ခြင်းမရှိလျှင်၊ ဤအရာများကို ဘေးချထားရန် အလွန်ခက်ခဲသည်ဟု မြင်လျှင် ယင်းတို့သည် သင်၏ အသက်ဝင်ရောက်မှုအပေါ် သက်ရောက်လိမ့်မည်။ သင်၏ စိတ်နှလုံးတွင် ဂုဏ်အဆင့်အတန်းက နေရာတစ်နေရာရှိနေသရွေ့ ယင်းသည် သင်၏ ဘဝဦးတည်ချက်နှင့် သင်ကြိုးပမ်းသော ပန်းတိုင်များကို လုံးဝ ထိန်းချုပ်ပြီး လွှမ်းမိုးလိမ့်မည်။ ဤသို့ဆိုလျှင် သင်သည် သမ္မာတရားစစ်မှန်မှုသို့ ဝင်ရောက်ရန်၊ သင်၏ စိတ်သဘောထားပြောင်းလဲမှုကို ရရှိခြင်းနှင့်ပတ်သက်ပြီး မည်သည့်အရာကိုမျှ မပြောဆိုရန် သင့်အတွက် အလွန် ခက်ခဲလိမ့်မည်။ သင်သည် အဆုံးတွင် ဘုရားသခင်၏ လက်ခံမှုကို ရနိုင်ခြင်း ရှိမရှိက သိသာသည်မှာ မှန်သည်။ ထို့အပြင် သင်၏ အဆင့်အတန်းကို လိုက်စားခြင်းအား မည်သည့်အခါမျှ ဘေးဖယ်မထားနိုင်လျှင် ဤအရာက သင်၏ တာဝန်ကို စံနှုန်းမီသော နည်းလမ်းဖြင့် ထမ်းဆောင်ရန် သင်၏ အရည်အချင်းအပေါ် သက်ရောက်လိမ့်မည်။ ဤသည်မှာ စံနှုန်းမီသော ဖန်ဆင်းခံတစ်ယောက်ဖြစ်လာရန် သင့်အတွက် အလွန်ခက်ခဲစေလိမ့်မည်။ အဘယ်ကြောင့် ငါ ဤသို့ပြောသနည်း။ လူတို့သည် ဂုဏ်အဆင့်အတန်းကို လိုက်စားသောအခါတွင် ဘုရားသခင်က စက်ဆုပ်ရွံရှာမှု အရှိဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အဆင့်အတန်းကိုလိုက်စားခြင်းသည် ဆိုးယုတ်သော စိတ်သဘောထားတစ်ခုဖြစ်သည်။ ယင်းက လမ်းမှားတစ်ခုဖြစ်သည်။ စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းမှ မွေးဖွားလာသည်။ ယင်းသည် ဘုရားသခင် ရှုတ်ချသည့်အရာဖြစ်သည်။ ဘုရားသခင် တရားစီရင်ပြီး သန့်စင်သည့် အရာပင်ဖြစ်သည်။ အဆင့်အတန်းကို လူတို့ လိုက်စားသောအခါတွင် ဘုရားသခင်က စက်ဆုပ်ရွံရှာမှု အရှိဆုံးဖြစ်သည်။ သို့တိုင်အောင် သင်သည် ခေါင်းမာစွာဖြင့် အဆင့်အတန်းအတွက် ယှဉ်ပြိုင်သည်။ ယင်းကို မပျက်မကွက် ချစ်မြတ်နိုးပြီး ကာကွယ်သည်။ သင်ကိုယ်တိုင်အတွက် ရယူဖို့ အစဉ် ကြိုးစားသည်။ သဘာဝအရ ဤအရာအားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းမရှိသလော။ ဘုရားသခင်က ရာထူးအဆင့်အတန်းကို လူတို့အတွက် မစီမံခဲ့ချေ။ ဘုရားသခင်သည် လူတို့အား သမ္မာတရား၊ လမ်းခရီးနှင့် အသက်ကို ပေးအပ်သည်။ ဤသို့ဖြင့် ၎င်းတို့အား ရာထူးအဆင့်အတန်းနှင့် သြဇာတိက္ကမရှိပြီး လူထောင်ပေါင်းတို့၏ ကြည်ညိုခံရသောသူတစ်ဦး မဟုတ်ဘဲ နောက်ဆုံးတွင် စံနှုန်းမီသော ဖန်ဆင်းခံတစ်ဦး၊ သေးနုပ်ပြီး အရေးမပါသော ဖန်ဆင်းခံတစ်ဦး ဖြစ်လာစေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) ဘုရားနှုတ်ကပတ်တော်တွေကိုဖတ်ပြီးတဲ့နောက်မှာ ကျွန်မ နားလည်သွားတယ်။ နာမည်ဂုဏ်သတင်းနဲ့အဆင့်အတန်းကို လိုက်စားတာက ဘုရားရဲ့ ရည်ရွယ်ချက်တွေနဲ့ လုံးဝ ဆန့်ကျင်တယ်ဆိုတာပေါ့။ တစ်ယောက်ယောက်က အဆင့်အတန်းကို လိုက်စားလေ၊ ဘုရားက စက်ဆုပ်လေဖြစ်ပြီး သူ့ရဲ့ သတ်မှတ်ချက်တွေကနေ လွဲချော်လေပဲ။ နောက်ဆုံးမှာ ဘုရားကို ပိုအတိုက်အခံ လုပ်သထက်လုပ်မိလိမ့်မယ်။ ဒါတွေကြောင့် ဘုရားက သူတို့ကို အပြစ်ပေးပြီး ဖယ်ရှားရှင်းလင်းတယ်။ စစ်မှန်တဲ့ ဖန်ဆင်းခံတစ်ယောက်က ဘုရားရဲ့ အချုပ်အခြာအာဏာကို တာဝန်သိသိနဲ့ ကျိုးနွံနာခံသင့်ပြီး၊ ဘုရားကို စိတ်ကျေနပ်စေဖို့ သူ့တာဝန်ကို လက်တွေ့ကျကျ လုပ်သင့်တယ်။ ဒါက လူတွေမှာရှိသင့်တဲ့ လိုက်စားမှုပဲ။ ဘုရားက ကျွန်မကို မျက်နှာသာပေးပြီး ကြီးကြပ်ရေးမှူးအနေနဲ့ လက်တွေ့လုပ်ဖို့ အခွင့်အရေးပေးတာက ကျွန်မတာဝန်ကို မှန်မှန်ကန်ကန် လုပ်ပြီး အလုပ်ကို ကောင်းကောင်းလုပ်ဖို့ ကျွန်မရဲ့ အစွမ်းအစတွေကို ထိန်းချုပ်အသုံးချအောင် ကူညီဖို့ ရည်ရွယ်တာဖြစ်တယ်။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို လိုက်စားခွင့်ပေးဖို့ မပြောနဲ့ ကျွန်မကို တန်ခိုးအာဏာပေးဖို့တောင် မဟုတ်ပါဘူး။ ကျွန်မရဲ့ ရည်မှန်းချက်နဲ့ ဆန္ဒတွေကို ကျွန်မ စွန့်လွှတ်ဖို့လိုတယ်၊ အေမလီနဲ့ မှန်မှန်ကန်ကန် ပူးပေါင်းလုပ်ပြီး ကျွန်မတာဝန်ကို ကောင်းကောင်းလုပ်ဖို့လိုတယ်။

နောက်ပိုင်းမှာ၊ တခြားလူတွေနဲ့ ဘယ်လိုမိတ်သဟာယပြုရမယ်ဆိုတာနဲ့ပတ်သက်လို့ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “သင်တို့ အဘယ်အရာကို ပြောမည်နည်း။ အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ခက်ခဲသလော။ လွယ်ကူသည်ဟုပင် သင်ပြောနိုင်သည်။ သို့ရာတွင် လူများသည် ဤအရာကို ခက်ခဲသည်ဟု အဘယ်ကြောင့် ခံစားနေရသေးသနည်း။ အကြောင်းမှာ ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့်ဖြစ်သည်။ လူ့သဘာဝ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသူများအတွက်မှာမူ၊ အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် အတော်အတန် လွယ်ကူပြီး ဤသည်မှာ ပျော်ရွှင်ဖွယ်တစ်ခုဟု ၎င်းတို့ ခံစားရနိုင်သည်။ အကြောင်းမှာ အမှုကိစ္စများကို မိမိတို့ဘာသာ ဖြစ်မြောက်အောင်မြင်ရန်မှာ မည်သူ့အတွက်မျှ မလွယ်ကူသကဲ့သို့ ၎င်းတို့သည် မည်သည့်နယ်ပယ်တွင် ပါဝင်ပတ်သက်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့လုပ်ဆောင်နေသည့်အရာတွင်၊ အမှုအရာများကို ထောက်ပြဖို့နှင့် အကူအညီပေးဖို့ တစ်စုံတစ်ယောက် ရှိသည်မှာ အစဉ်သဖြင့် ကောင်းသောကြောင့် ဖြစ်သည်။ မိမိတို့ဘာသာ လုပ်ဆောင်ခြင်းထက် များစွာသာ၍ လွယ်ကူပေသည်။ ထို့အပြင် လူတို့၏ အစွမ်းအစက စွမ်းဆောင်နိုင်သည့်အရာ၊ သို့မဟုတ် ၎င်းတို့ ကိုယ်၌က တွေ့ကြုံနိုင်သည့်အရာတွင် အကန့်အသတ် ရှိပေသည်။ မည်သူတစ်ဦးတစ်ယောက်မျှ လုပ်ငန်းအားလုံးကို မကျွမ်းကျင်နိုင်ပေ။ လူတစ်ဦးအတွက် အရာအားလုံးကို သိဖို့၊ အရာအားလုံးကိုလုပ်ဆောင်နိုင်စွမ်းရှိဖို့၊ အရာအားလုံးကို ဖြစ်မြောက်အောင်မြင်ဖို့ မဖြစ်နိုင်ချေ။ ယင်းမှာ မဖြစ်နိုင်သကဲ့သို့၊ လူတိုင်းသည် ထိုသို့သော အသိစိတ်ကို ပိုင်ဆိုင်သင့်သည်။ ထို့ကြောင့်၊ သင်သည် မည်သည့်အရာကိုလုပ်လုပ်၊ ထိုအရာက အရေးကြီးသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ သင့်ကိုကူညီရန်၊ သင့်ကို နည်းပေးလမ်းညွှန်မှုများ ပေးရန်၊ အကြံဉာဏ်ပေးရန်နှင့် အမှုအရာများကို သင်နှင့် ပူပေါင်းလုပ်ကိုင်ရန် တစ်စုံတစ်ယောက်ကို သင် အမြဲတမ်း လိုအပ်နေလိမ့်မည်။ ဤသည်မှာ အမှုအရာများကို ပို၍ မှန်မှန်ကန်ကန် လုပ်ဆောင်ရန်၊ ပို၍ အမှားနည်းရန်၊ လမ်းလွဲဖို့ ဖြစ်နိုင်ခြေနည်းပါးရန် သေချာစေဖို့ တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။ ဤသည်မှာ ကောင်းသောအရာဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရားသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)) ပူးပေါင်းလုပ်ဆောင်တာရဲ့ အဓိပ္ပာယ်နဲ့ အရေးပါမှုအပေါ် ဘုရားက အရမ်းရှင်းအောင် ပြောတယ်။ လူတစ်ယောက်က ဘယ်လိုပဲ တတ်စွမ်းပါစေ၊ ဘယ်သူကမှ အရာရာကို မလုပ်နိုင်ဘူး၊ လူတိုင်းက တခြားလူတွေရဲ့ အကူအညီလိုအပ်တယ်။ ပူးပေါင်းလုပ်ဆောင်တာက ကျွန်မတို့ကို အချင်းချင်းရဲ့ ဟာကွက်တွေကို ဖာထေးခွင့်ပေးပြီး လမ်းလွဲသွားတာကို ရှောင်ရှားခွင့်ပေးတယ်။ အဲဒါက အသင်းတော်အလုပ်အတွက်လည်း အကျိုးရှိတယ်။ တခြားလူတွေနဲ့ ပူးပေါင်းလုပ်ပြီး၊ သူတို့ရဲ့ အယူအဆတွေကို နားထောင်တာက ပုံမှန်လူ့သဘာဝနဲ့ အသိစိတ်ရှိတဲ့ လူတစ်ယောက် လုပ်သင့်တဲ့ အရာတစ်ခုပဲ။ ကျွန်မကိုယ်ကျွန်မ သုံးသပ်ကြည့်တဲ့အခါ၊ ကျွန်မက ရေလောင်းတဲ့အလုပ်ရဲ့ ကြီးကြပ်ရေးမှူးဖြစ်ပြီး၊ ကျွန်မမှာ အတွေ့အကြုံနဲ့ အစွမ်းအစတချို့ရှိတယ်လို့ ယုံကြည်ခဲ့ပေမဲ့၊ နိုင်ငံခြားဘာသာစကား နည်းနည်း သိပြီး၊ အလုပ်တချို့ကို လုပ်နိုင်စွမ်းရှိတဲ့ပုံပေါ်ခဲ့ပေမဲ့၊ ကျွန်မရဲ့ ဉာဏ်နဲ့ အတွေ့အကြုံကို သုံးပြီး ကျွန်မတာဝန်ကို မကြာခဏ လုပ်ခဲ့တယ်။ သမ္မာတရား စည်းမျဉ်းတွေကို ရှာခဲ့တယ်။ ကိစ္စတွေကို တစ်ယောက်တည်းလုပ်ဖို့ ကိုယ့်မှာရှိတဲ့ သေးငယ်တဲ့အရာကို အမှီပြုတဲ့အခါ ကိစ္စတွေအပေါ် ကျွန်မရဲ့ ရှုထောင့်အမြင်က ခဏခဏလမ်းလွဲမှုတွေရှိပြီး အမြဲ မမှန်ဘူး၊ မပြည့်စုံဘူး။ ပြီးတော့ ကျွန်မရဲ့ အလုပ်ရလဒ်တွေက အမြဲတမ်းကို တော်တော် ညံ့တယ်။ ကျွန်မနဲ့ ယှဉ်ရင်၊ အေမလီက ပိုကောင်းတဲ့ အစွမ်းအစရှိပြီး သမ္မာတရားကို ပိုနားလည်တယ်။ ပြဿနာတွေ ကြုံတဲ့အခါ သမ္မာတရား စည်းမျဉ်းတွေကို သူ ရှာခဲ့ပြီး၊ ဖောက်ပြန်ပျက်စီးမှုတွေကို သူ ထုတ်ဖော်တဲ့အခါ သူ့ကိုယ်သူ သုံးသပ်ပြီး နားလည်ခဲ့တယ်။ သူ့ရဲ့ အားသာချက်တွေက ကျွန်မ မရှိတဲ့အရာတွေ အတိအကျပဲ။ ဘုရားက ကျွန်မတို့တွေ အချင်းချင်း ဖြည့်ဆည်းပေးပြီး ကျွန်မတို့တာဝန်တွေကို ကောင်းကောင်းလုပ်စေဖို့ ကျွန်မထက်တော်တဲ့သူတစ်ယောက်ကို ကျွန်မဘေးမှာ ထားခဲ့တယ်။ ဒါက အသင်းတော်အလုပ်အတွက် အကျိုးရှိရုံမက ကျွန်မကိုယ်ပိုင်ဘဝအတွက်လည်း အကျိုးရှိတယ်။ အဲဒါက ကျွန်မကို ဘုရားက သူ့မေတ္တာ ပြနေတာပဲ။ ဘုရားရဲ့ ရည်ရွယ်ချက်ကို နားလည်ပြီးတဲ့နောက်မှာ သူ့ဆီကျွန်မ ဆုတောင်းခဲ့တယ်။ “အို ဘုရားသခင်၊ ကျွန်မ အေမလီကို အမြဲ မနာလိုဖြစ်ခဲ့ပြီး ပြိုင်ဆိုင်ခဲ့ပါတယ်။ သူ့ကို ဖိနှိပ်ပြီး လှောင်ပြောင်တာတောင် လုပ်ခဲ့ပါတယ်။ အခု ကျွန်မရဲ့ အားနည်းချက်တွေအတွက် အစားထိုးပေးဖို့ ကျွန်မနဲ့အတူ အလုပ်လုပ်ဖို့အတွက် အေမလီကို ကိုယ်တော် စီစဉ်ပေးခဲ့မှန်း နောက်ဆုံးမှာ ကျွန်မ တွေ့ရပါပြီ။ ကျွန်မရဲ့ စိတ်နှလုံးထဲကနေ ကိုယ်တော်ကို ကျေးဇူးတင်ပါတယ်။ ခုချိန်ကစပြီး၊ အေမလီနဲ့ မှန်မှန်ကန်ကန် ပူးပေါင်းလုပ်ပြီး ကျွန်မတာဝန်ကို ကောင်းကောင်းလုပ်ဖို့ ကျွန်မ လိုလားနေပါပြီ။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကျွန်မ လိုက်စားတော့မှာ မဟုတ်ပါဘူး”လို့ပေါ့။ အဲဒီနောက်မှာ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ ထုတ်ဖော်ပြမှုတွေနဲ့ ပတ်သက်လို့ အေမလီဆီ ကျွန်မ ဖွင့်ဟဖို့ စလုပ်ခဲ့တယ်။ မိတ်သဟာယပြုပြီးတဲ့နောက်မှာ ကျွန်မ အများကြီးပိုစိတ်အေးသွားပြီး၊ ကျွန်မတို့ အချင်းချင်း နည်းနည်း ပိုရင်းနှီးသွားတယ်။ အဲဒီနောက်မှာ၊ ကျွန်မတာဝန်ကို လုပ်နေတုန်း၊ သူ့ကို ပြိုင်ဖက်တစ်ယောက်အနေနဲ့ မမြင်တော့ဘဲ ကူညီပေးတဲ့သူအနေနဲ့ မြင်ခဲ့တယ်။ အဖွဲ့ထဲမှာ ပြဿနာတွေ ရှိတဲ့အခါ၊ ကျွန်မ သူနဲ့ တက်တက်ကြွကြွ ဆက်သွယ်ပြီး ဆွေးနွေးခဲ့တယ်။ တစ်ခုခုကို ကျွန်မတို့ မရိပ်မိတဲ့အခါ အတူ ရှာဖွေကြပြီး၊ ကျွန်မတို့ရဲ့ အသိအမြင်တွေနဲ့ ပတ်သက်လို့ ကျွန်မတို့ မိတ်သဟာယပြုခဲ့ကြတယ်။ ဒီလိုနဲ့ ဘုရားရဲ့ ဉာဏ်အလင်းပေးခြင်းနဲ့ လမ်းပြမှုကို ခံစားနိုင်ခဲ့ပြီး၊ တကယ့် ပြဿနာတချို့ကို ဖြေရှင်းနိုင်ခဲ့တယ်။

သိပ်မကြာခင်မှာပဲ ညီအစ်ကိုတစ်ယောက်က သူ့တာဝန်မှာ ဆက်တိုက် ဝတ်ကျေတမ်းကျေပဲလုပ်နေတော့ အလုပ်ကို ထိခိုက်ခဲ့တယ်။ ကျွန်မတို့ သူနဲ့ မိတ်သဟာယပြုပြီး သူ့ကို ထုတ်ဖို့ လိုအပ်ခဲ့တယ်။ ကျွန်မ သူနဲ့ ရှင်းရှင်းလင်းလင်း မိတ်သဟာယပြုပြီး သူ့ပြဿနာတွေကို မထောက်ပြနိုင်မှာကို စိုးရိမ်ခဲ့တယ်။ သမ္မာတရားနဲ့ပတ်သက်လို့ အေမလီရဲ့ မိတ်သဟာယပြုချက်က ကျွန်မထက် ပိုအလင်းပေးတယ်လို့ ကျွန်မ တွေးမိပြီး မိတ်သဟာယဖွဲ့တဲ့နေရာမှာ ကျွန်မနဲ့အတူဖွဲ့ဖို့ သူ့ကို ပြောဖို့ စဉ်းစားခဲ့တယ်။ ဒါပေမဲ့ ကျွန်မက “ငါ့အလုပ်မှာ သူ့ကို ပါဝင်အောင် ငါ အရင်ပြောလိုက်ရင်၊ အဲဒါက ငါ့ကို အရည်အချင်းမပြည့်တဲ့ပုံပေါ်စေမှာ မဟုတ်လား”လို့ တွေးပြီး ပူပန်မိတယ်။ ဒီအတွေး ထွက်ပေါ်တဲ့အချိန်မှာ၊ ကျွန်မရဲ့ အခြေအနေက မမှန်တာကို ကျွန်မ သဘောပေါက်လိုက်တယ်။ ကျွန်မက ကျွန်မရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ ထပ်ကြိုးစားနေတာပဲ။ ဒါကြောင့် ဘုရားဆီ ကျွန်မ ဆုတောင်းခဲ့တယ်။ ဒီလိုပြောတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “လူတို့သည် ၎င်းတို့ အာရုံစိုက်သည့် မည်သည့်အရာများတွင်မဆို၊ ၎င်းတို့အားထုတ်သည့် မည်သည့်နေရာတွင်မဆို ရလဒ်များ ရရှိကြသည်။ သင်သည် အယူဝါဒကို အမြဲ အာရုံစိုက်ပါက အယူဝါဒကိုသာ ရရှိလိမ့်မည်။ အဆင့်အတန်းနှင့် တန်ခိုးအာဏာရရှိခြင်းအပေါ် အာရုံစိုက်ပါက သင်၏ အဆင့်အတန်းနှင့် တန်ခိုးအာဏာသည် တည်ငြိမ်ကောင်းတည်ငြိမ်မည် ဖြစ်သော်လည်း သမ္မာတရားကို သင် ရရှိပြီးဖြစ်လိမ့်မည် မဟုတ်သကဲ့သို့ သင်သည် ဖယ်ရှားရှင်းလင်းခြင်းခံရလိမ့်မည်။ သင်လုပ်ဆောင်သည့် တာဝန်သည် မည်သည့်အရာဖြစ်ပါစေ အသက်ဝင်ရောက်မှုသည် အရေးကြီးသော အရာဖြစ်၏။ သင်သည် အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ လျှော့ပေါ့၍ မရသကဲ့သို့ အလေးမထား၍လည်း မရပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘဝ ကြီးထွားတိုးတက်ခြင်း၏ အညွှန်းခြောက်ခု)သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းရှိမှသာလျှင် လူတို့သည် ဘုရားသခင်ရှေ့၌ ကောင်းချီးခံစားရရှိပြီး ဤအရာကို ပို၍ တွေ့ကြုံခံစားလေ၊ ၎င်းတို့သည် လက်တွေ့အရှိတရားကို ပို၍ ပိုင်ဆိုင်လေ ဖြစ်သည်။ ၎င်းတို့၏ လမ်းကြောင်းသည် ၎င်းတို့လျှောက်သည်နှင့်အမျှ သာ၍ တောက်ပပြီး ၎င်းတို့သည်လည်း ယခင်ထက် ပို၍စိတ်ချမ်းသာလာမည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်းနှင့်ပတ်သက်၍) ဘုရားနှုတ်ကပတ်တော်တွေက လက်တွေ့လုပ်ဖို့ ရှင်းလင်းတဲ့ လမ်းကြောင်းတစ်ခု ပေးတယ်။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို လိုက်စားတာက ဘုရားကို အတိုက်အခံလုပ်တဲ့ လမ်းကြောင်းတစ်ခုဖြစ်ပြီး၊ နောက်ဆုံးမှာ ဖယ်ရှားရှင်းလင်းခံရတဲ့ အဖြစ်ကိုပဲ ရောက်စေနိုင်တယ်။ ကျွန်မရဲ့ အဆင့်အတန်း စိတ်ချရမလားဆိုတာနဲ့ ညီအစ်ကို မောင်နှမတွေက ကျွန်မကို အထင်ကြီးကြမလားဆိုတာတွေကို ကျွန်မ ဆက်စိုးရိမ်နေလို့ မဖြစ်ဘူး။ အသင်းတော်ရဲ့ အလုပ်ကို ကျွန်မ စဉ်းစားပြီး အဲဒါကို အကျိုးရှိစေတဲ့ အရာကို လုပ်သင့်တယ်။ ဒါကို သဘောပေါက်လိုက်တဲ့အခါ၊ ကျွန်မ စိတ်သက်သာရာရသွားပြီး၊ အဲဒီညီအစ်ကိုနဲ့ မိတ်သဟာယပြုတဲ့နေရာမှာ ကျွန်မနဲ့ ပူးပေါင်းပါဝင်ဖို့ အေမလီကို ဖိတ်လိုက်တယ်။ မိတ်သဟာယပြုပြီးတဲ့နောက်မှာ သူ့ပြဿနာရဲ့ သဘာဝနဲ့ပတ်သက်လို့ သိနားလည်မှုတချို့ သူရသွားခဲ့တယ်။ နောက်ဆုံးမှာ ကောင်းကောင်း ပူးပေါင်းလုပ်ခြင်းရဲ့ ပျော်ရွှင်မှုနဲ့ သမ္မာတရားအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းကနေလာတဲ့ ငြိမ်သက်ခြင်းနဲ့ ပျော်ရွှင်ခြင်းတို့ကိုလည်း ကျွန်မ တွေ့ကြုံခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၉၆။ ယုံကြည်သူအသစ်များကို ရေလောင်းခြင်းမှ- ရသည့် သင်ခန်းစာတစ်ခု

ရေချန်း တရုတ်နိုင်ငံ ဤနှစ်ဇန်နဝါရီတွင် အသင်းတော်၌ ကျွန်မ လူသစ်နှစ်ဦးကို ရေလောင်းနေခဲ့သည်။ အစ်မရန်ဂျီးနှင့် သူ့အမျိုးသားတို့ဖြစ်ပါသည်။...

ဧဝံဂေလိ ဖြန့်ဝေခြင်းက ကျွန်မရဲ့ ယိမ်းယိုင်ခြင်းမရှိတဲ့ တာဝန်ပါ

ကျွန်မက ကျေးလက်ဒေသမှာ ညီအစ်ကိုမောင်နှမ ရှစ်ယောက်နဲ့အတူ ကြီးပြင်းခဲ့တာပါ။ ကျွန်မအမေရဲ့ ကျန်းမာရေးက မကောင်းဘူး။ သူက လမ်းမလျှောက်နိုင်ဘူး။...

ရောဂါကျွမ်းနေသော လူနာတစ်ဦး၏ ဆင်ခြင်သုံးသပ်ချက်များ

၂၀၁၃ခုနှစ်၊ ဇွန်လမှာ၊ ကျွန်မရာသီလာက ဆယ်ရက်ကျော်ကြာခဲ့ပြီး၊ သွေးခဲကြီးတွေ တချို့ ပါဆင်းတယ်။ အဲဒီတုန်းက၊ ကျွန်မရဲ့ ညာဘက်ဝမ်းဗိုက်အောက်မှာ...

သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ ချိုမြိန်မှုကို မြည်းစမ်းခြင်း

ဇောင်းလု နယ်သာလန်နိုင်ငံ ၂၀၂၁၊ မတ်လမှာ ကျွန်မခေါင်းဆောင်က ကျွန်မအတွက် အသင်းတော်တစ်ခုရဲ့ ဧဝံဂေလိအလုပ်အတွက် ဦးဆောင်ဖို့ စီစဉ်ပေးတယ်။ သတင်းကို...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။