ကျွန်မ မိသားစု ပျက်စီးတာဟာ ဘယ်သူ့ကြောင့်လဲ

05.01.2025

ကျွန်မရဲ့ အစောပိုင်းနှစ်တွေမှာ ကျွန်မက အစိုးရဆီမှာ ဌာနဆိုင်ရာဝန်ထမ်းအနေနဲ့ အလုပ်လုပ်ပြီး ကျွန်မယောက်ျားကတော့ အထက်တန်းကျောင်းဆရာတစ်ယောက် ပါ။ ပြီးတော့ ကျွန်မတို့ရဲ့ သမီးလေးကလည်း အဆင့်ကောင်းကောင်းတွေ ရတဲ့ ချစ်စရာကောင်းပြီး တော်တဲ့ ကောင်မလေးတစ်ယောက်ဖြစ်ခဲ့တာမို့ အပြင်ပန်းအနေနဲ့ဆို သိပ်ကို ပြီးပြည့်စုံပြီး ဟန်ချက်ညီတဲ့ မိသားစုလေးကို ရထားတဲ့အတွက် လူတိုင်းက ကျွန်မတို့ကို အားကျကြတာပေါ့။ အဲဒီနောက် ၂၀၀၅ ခုနှစ် အဆုံးပိုင်းလောက်အရောက်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့ ကျွန်မ အခွင့်သာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ပြန်လည်ကြွရောက်လာတဲ့ သခင်ယေရှုပဲဆိုတာ၊ ပြီးတော့ တရားစီရင်ခြင်းအမှုတော်ကို လုပ်ဖို့၊ သန့်စင်ဖို့၊ ကယ်တင်ဖို့ နဲ့ ဘုရားသခင်ရဲ့ နိုင်ငံတော်ဆီကို လူသားကို ခေါ်ဆောင်ဖို့ ဘုရားသခင်က သမ္မာတရားကို ဖော်ပြခဲ့တာဆိုတာတွေကို ကျွန်မ သိလိုက်ရတယ်။ ဒီ အရမ်းကောင်းတဲ့ သတင်းကို ကျွန်မယောက်ျားနဲ့ ယောက္ခမကို ပြောပြခဲ့ပြီး ကျွန်မယောက္ခမလည်း သိပ်မကြာခင်မှာပဲ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့တယ်။ ကျွန်မယောက်ျားကတော့ သူကိုယ်တိုင် လက်မခံပေမဲ့လည်း ကျွန်မတို့ရဲ့ ယုံကြည်မှုကို မကန့်ကွက်ခဲ့ဘူး။ အဲဒီအချိန်အတောအတွင်းကဆို ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ နေ့တိုင်း ဖတ်တယ်။ ညီအစ်ကိုမောင်နှမတွေနဲ့ မိတ်သဟာယပြုပြီး ကျွန်မရဲ့ တာဝန်ကို ထမ်းဆောင်တယ်။ အဲဒီအချိန်တွေက ကြွယ်ဝပြီး အကျိုးကျေးဇူးရှိတဲ့ ပျော်ရွှင်တဲ့နေ့ရက်တွေပါပဲ။ တရုတ်ကွန်မြူနစ်ပါတီရဲ့ နှိပ်ကွပ်မှုကြောင့် အဲဒီနေ့ရက်တွေက မြန်မြန်ကြီး အဆုံးသတ်သွားခဲ့မယ်လို့ ကျွန်မ ဘယ်တုန်းကမှ တွေးမထားမိခဲ့ဘူး။

၂၀၀၆ ခုနှစ် နေ့လယ်ခင်းတစ်ခုမှာ စုဝေးပွဲတစ်ခုကနေ အိမ်ကို ကျွန်မ ပြန်ရောက်ပြီးခါစမှာ ကျွန်မ ယောက်ျားက ကျွန်မကို စိတ်ဆိုးမာန်ဆိုးနဲ့ ပြောတယ်။ “ဘုရားသခင်ကို ယုံကြည်တာက ကောင်းတဲ့အရာတစ်ခုလို့ ငါ ထင်ခဲ့တာ၊ ဒါပေမဲ့ အစိုးရက ယုံကြည်သူတွေကို ကြမ်းကြမ်းတမ်းတမ်း ဖြိုခွင်းနေတယ်ဆိုတာ ငါ အင်တာနက်ပေါ်မှာ တွေ့လိုက်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က အစိုးရရဲ့ ဖြိုခွင်းမှုမှာ အဓိကပစ်မှတ်ဆိုတော့ အဖမ်းခံရရင် မင်းကို ကြီးလေးတဲ့ ပြစ်မှုကျူးလွန်သူလို့ သတ်မှတ်ပြီး ထောင်ဒဏ်ချမှတ်မှာ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တဲ့ မိသားစုဝင်ရှိတဲ့ ဘယ် အစိုးရဝန်ထမ်းမဆို ပြင်းပြင်းထန်ထန် အပြစ်ပေးခံရပြီးတော့ အလုပ်ကနေ ထုတ်ပစ်ပြီး သူတို့ရဲ့ လူမှုဖူလုံရေးလည်း ပြန်ရုပ်သိမ်းခံရမှာ၊ ပြီးတော့ သူတို့ကလေးတွေက တက္ကသိုလ်ကျောင်း လျှောက်တာ၊ စစ်တပ်မှာ တာဝန်ထမ်းဆောင်တာနဲ့ အစိုးရဝန်ထမ်းရာထူးတွေမှာ လျှောက်ထားတာတွေ လုပ်လို့ရမှာ မဟုတ်ဘူး။ ဒီနေ့ကစပြီး ငါ မင်းကို အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ခွင့်မပြုတော့ဘူး” တဲ့။ သူ တဖျစ်တောက်တောက်ပြောပြီးတော့ အိမ်ထဲကနေ ဆောင့်ကြီးအောင့်ကြီး ထွက်သွားတယ်။ ကျွန်မ အတော်လေး စိတ်ဆိုးပြီး ကိုယ့်ကိုယ်ကိုယ် တွေးမိတာက “ငါတို့ရဲ့ ယုံကြည်မှုမှာ ငါတို့လုပ်တာဆိုလို့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို စားသောက်ပြီး သမ္မာတရားကို လိုက်စားတာနဲ့ မှန်ကန်တဲ့ လမ်းကြောင်းကို လျှောက်တာပဲ ရှိတယ်၊ တရားဥပဒေနဲ့မညီညွတ်တာ ငါတို့ ဘာမှ မလုပ်ဘူး။ ဒါနဲ့တောင်မှ တရုတ်ကွန်မြူနစ်ပါတီက ငါတို့ကို ဖမ်းဆီးပြီး ဖိနှိပ်ဖို့ ချိန်နေသေးတယ်။ သူတို့ တော်တော်ကို ဆိုးရွားပါလား။ သူတို့ ငါ့ကို ဘယ်လောက်ပဲ နှိပ်ကွပ်ပါစေ၊ အနန္တတန်ခိုးရှင် ဘုရားသခင်နောက်ကို ငါ ဆက်ပြီး လိုက်မယ်” လို့ ပေါ့။

နောက်နေ့ ကျွန်မတာဝန်တွေကို လက်စသတ်ပြီးတော့ အိမ်အပြန်မှာ မျက်နှာထားတင်းတင်းနဲ့ ကျွန်မရဲ့ယောက္ခမက ကျွန်မကို အခုလိုမေးပြီး မေးခွန်းထုတ်တယ်။ “နင် ဘာဖြစ်လို့ ဒီလောက်တောင် အိမ်ပြန်တာ နောက်ကျရတာလဲ၊ အခုဆိုရင် ယုံကြည်တာက အရမ်းအန္တရာယ်များပါတယ်ဆိုတာတောင်မှ နင်က တကယ်ပဲ ဆက်ယုံကြည်နေမလို့လား။ ဘုရားသခင်ကို ယုံကြည်တဲ့အတွက် နင် အဖမ်းခံရနိုင်ပြီး ထောင်ဒဏ်ချမှတ်ခံရနိုင်တယ် ဆိုတာ ငါ ဒီနေ့ အင်တာနက်ပေါ်မှာ ဖတ်လိုက်ရတယ်၊ နင့် ကလေးတွေ ကောလိပ်ကျောင်း လျှောက်နိုင်မှာ မဟုတ်ဘူး၊ နင်ရော နင့်ယောက်ျားရော နင်တို့နှစ်ယောက်လုံး အစိုးရဝန်ထမ်းရာထူးတွေကနေ အနားပေးခံရမှာ၊ ငါကတော့ ငါ့မြေးလေးအနာဂတ်အတွက် ဘုရားသခင်ကို ယုံကြည်တာကို ရပ်လိုက်ဖို့ ဆုံးဖြတ်လိုက်ပြီ” တဲ့။ ချောက်ချားစရာကောင်းတဲ့ အပြုံးတစ်ခုကို ပြုံးလိုက်ပြီး ကျွန်မယောက်ျားက မှတ်ချက်ပေးတယ်။ “မင်း တွေ့လား၊ ငါ့အမေက အသိတရားရှိတယ်။ ယုံကြည်မှုကို လက်တွေ့လုပ်တဲ့အတွက် အဖမ်းခံရနိုင်တယ်လို့ သူ ကြားကြားချင်းမှာ ချက်ချင်း သူ နုတ်ထွက်လိုက်တယ်၊ မင်းလည်း ယုံကြည်တာကို ရပ်လိုက်သင့်တယ်၊ ယုံကြည်နေတုန်းမှာ မင်း အဖမ်းခံလိုက်ရရင် ငါတို့ တစ်မိသားစုလုံးကို ဒုက္ခသုက္ခထဲ ဆွဲချသွားမှာ၊ ပြီးရင် အဲဒါတွေအားလုံးက မင်းကြောင့်ပဲဖြစ်မှာ၊ မင်း ဒါကို သေချာ ပြန်စဉ်းစားရင် ကောင်းမယ်နော်” တဲ့။ ဒါကို ကြားတော့ ကျွန်မ နည်းနည်း စိုးရိမ်သွားခဲ့ပြီး ကိုယ့်ဘာသာကိုယ် တွေးမိတယ်။ “ငါ ယုံကြည်မှုကို လက်တွေ့လုပ်ဆောင်တာနဲ့ ငါ့တာဝန်ကို ထမ်းဆောင်တာဆက်လုပ်လို့ မိသွားပြီး အဖမ်းခံရရင် ငါ့ ယောက်ျား သူ့အလုပ်ကနေ ပြုတ်မယ်၊ ပြီးတော့ ငါ့ သမီးလည်း အပျက်သဘောဆောင်တဲ့လွှမ်းမိုးမှု ခံရမယ်။ အဲဒီလိုသာဖြစ်ရင် သူတို့နှစ်ယောက်စလုံး အဲဒီအတွက်နဲ့ သေချာပေါက် ငါ့ကို မုန်းမှာ။ ငါ့မိသားစု ဒုက္ခရောက်တာကို ရှောင်ဖို့ စုဝေးပွဲတွေသွားတာကို ငါ နည်းနည်းလောက် ရှောင်ရမယ်ထင်တယ်” ပေါ့။ ဒါပေမဲ့ ဒီအတွေးကို တွေးတဲ့အချိန်မှာ စိတ်ထဲမှာ ကျွန်မ အရမ်း ကသိကအောက် ဖြစ်ခဲ့တာ။ “တရုတ်ကွန်မြူနစ်ပါတီရဲ့ အဖမ်းခံရတာကို ရှောင်ဖို့ စုဝေးပွဲတွေမသွားရင်၊ ငါ့တာဝန်ကို မထမ်းဆောင်ရင် ယုံကြည်သူတစ်ယောက်အနေနဲ့ ငါ အရည်အချင်းမီပါဦးမလား၊ ငါ သမ္မာတရားကို ရယူနိုင်ဦးမှာလား” လို့ ကျွန်မ တွေးမိတယ်။ ကျွန်မ အလျင်စလိုပဲ ဘုရားသခင်ကို တိုင်တည်အကူအညီတောင်းလိုက်တယ်။ အဲဒီနောက်မှာပဲ ဒီလို ပြောထားတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေးမိခဲ့တယ်။ “စကြဝဠာတွင် ဖြစ်ပေါ်သော အရာရာတိုင်းတွင်၊ ငါ အဆုံးအဖြတ်မပေးသောအရာ တစ်ခုမျှ မရှိချေ။ ငါ့လက်ထဲတွင်မရှိသည့်အရာ တစ်စုံတစ်ရာ ရှိသလော။ ငါပြောသည့်အရာအတိုင်းသည် ဆောင်ရွက်ပြီးကြပြီး၊ လူသားများထဲမှ မည်သူသည် ငါ၏ စိတ်ကို ပြောင်းလဲစေနိုင်သနည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁)) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆပြီးနောက်မှာ ပိုရှင်းလင်းတဲ့ နားလည်သဘောပေါက်မှုကို ကျွန်မ ရခဲ့တယ်။ လူသားတွေအနေနဲ့ ကျွန်မတို့ရဲ့ ကံကြမ္မာအားလုံးက ဘုရားရဲ့ လက်တော်ထဲမှာပါ။ ကျွန်မယောက်ျားနဲ့ ကျွန်မ အလုပ်ဖြုတ်ခံရမလား မခံရဘူးလားဆိုတာနဲ့ ကျွန်မသမီးလေးရဲ့ အနာဂတ်ဘာဖြစ်မလဲဆိုတာကို ဘုရားက ကြိုတင်ပြဌာန်းထားပြီးသားပါ။ ဒါတွေက သာမန်လောကီလူသားတွေ ဆုံးဖြတ်နိုင်တဲ့ အရာတွေ မဟုတ်ဘူးလေ။ ဒါကို နားလည်သွားတော့ သူတို့ကို ကျွန်မ ပြောလိုက်တယ်။ “ကျွန်မ အဖမ်းခံရမလား မခံရဘူးလားဆိုတာနဲ့ ကျွန်မတို့ ကလေးရဲ့အနာဂတ်ကို ထိခိုက်မလားဆိုတာ ဘုရားကပဲ အပြီးသတ်ဆုံးဖြတ်နိုင်တယ်၊ လူဆိုတာ ဘုရားရဲ့ ဖန်ဆင်းမှုဖြစ်လို့ ဘုရားကို ယုံကြည်ပြီး ကိုးကွယ်တာဟာ ကျွန်မတို့အတွက် လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတပါတယ်၊ ဒါဟာ ကျွန်မ လုပ်သင့်တဲ့အရာလို့ ကျွန်မ သိတယ်။ ဒီတော့ ကျွန်မ ရှင်တို့နဲ့အတူ စစ်မှန်တဲ့လမ်းကို စွန့်ပစ်တာကို လိုက်လုပ်မှာ မဟုတ်ဘူး”ပေါ့။ ကျွန်မယောက်ျား စိတ်ဆိုးလာပြီး ကျွန်မကို ချိုးချိုးနှိမ်နှိမ်တွေ သူ စ ပြောလာခဲ့တယ်။ ပြီးတော့ “မင်း လက်တွေ့ကျစမ်းပါ၊ တရုတ်ကွန်မြူနစ်ပါတီရဲ့ စနစ်ထဲမှာ ငါတို့ အလုပ်လုပ်လာခဲ့တာ နှစ်ပေါင်းများစွာကြာလှရောပေါ့၊ သူတို့ရဲ့ မူဝါဒတွေကို မင်း အခုထိ နားမလည်သေးဘူးလား၊ တရုတ်ပြည်မှာ စစ်မှန်တဲ့ ဘာသာရေးလွတ်လပ်မှု ရနိုင်ဖို့ဆိုတာ ဖြစ်နိုင်ချေမရှိဘူး။ တရုတ်ပြည်မှာ မင်းရဲ့ ယုံကြည်မှုကို ပါတီဆီမှာပဲ ထားလို့ရနိုင်မယ်။ ပါတီက ဘာပဲ ဆုံးဖြတ်ဆုံးဖြတ် အဲဒါက ဥပဒေပဲ၊ မင်း အဲဒါကို သွားဆန့်ကျင်လို့မရဘူးနော်၊ တိန်အန့်မင်ရင်ပြင်ဖြစ်ရပ်ကိုပဲ ကြည့် အဲဒီကျောင်းသားတွေက ဒီမိုကရေစီနဲ့ လွတ်လပ်မှုရဖို့ ကြိုးစားတာလောက်ပဲကို တရုတ်ကွန်မြူနစ်ပါတီရဲ့ ရက်ရက်စက်စက် နှိမ်နင်းတာကို သူတို့ ခံခဲ့လိုက်ရတာ၊ နောက်ပြီး အဓိကရုဏ်းတွေ၊ တော်လှန်ရေးတွေ လှုံ့ဆော်ပါတယ်ဆိုပြီး မဟုတ်မဟတ်စွပ်စွဲတောင်ခံရပြီး အဲဒါအတွက်နဲ့ သူတို့တော်တော်များများ အဖမ်းခံရပြီး ထောင်ကျသွားခဲ့တာပေါ့၊ တင့်ကားတွေနဲ့ တက်ကြိတ်ခံရတဲ့ ကျောင်းသားတွေတောင် ရှိခဲ့တာ။ အဲဒါကို တွေးကြည့်ရုံနဲ့တင် ငါ ကျောချမ်းတယ်။ မင်း စဉ်းစားကြည့်၊ ကျောင်းသားတွေအပေါ်တောင် သူတို့ ဒီလောက် ရက်စက်တာ၊ မင်းတို့ ယုံကြည်သူတွေကို သူတို့ အလွယ်တကူ ချမ်းသာပေးမှာလို့ မင်း တကယ်ကြီး ထင်နေတာလား၊ ဘေးဒုက္ခတွေ ဖြစ်လာနိုင်တာကို မင်း မြင်ဖို့လိုတယ်ကွ၊ မင်းက တရုတ်နိုင်ငံသားဆိုတော့ တရုတ်ကွန်မြူနစ်ပါတီကိုပဲ ယုံကြည်ရမှာ၊ ဘုရားသခင်ကို ယုံကြည်လို့ လုံးဝမရဘူးလေ” လို့ စကားလုံးတွေနဲ့ ထိုးနှက်လာခဲ့တယ်။ ကျွန်မယောက်ျားရဲ့ အငြင်းအခုံတွေကို ကြားပြီး ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတာက “တရုတ်ကွန်မြူနစ်ပါတီက တကယ်ကို တော်တော်လေး ရိုင်းစိုင်းကြမ်းကြုတ်ပြီး ဘီလူးသရဲစီးနေတာ၊ ဘုရားသခင်ကို ယုံကြည်တာကို ငါ မရ ရအောင် လုပ်နေလို့ ငါ့ကို မိသွားရင် သူတို့ သေချာပေါက် ငါ့ကို သေအောင် ရိုက်ကြမှာ” ပေါ့။ ကျွန်မ နည်းနည်းလောက် ကြောက်မလာဘဲကို မနေနိုင်ခဲ့ဘူး။ အဲဒီနောက်မှာပဲ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ ပြန် အမှတ်ရမိတယ်။ “ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကို မသတ်နိုင်သော သူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်ကို ငရဲ၌ ဖျက်ဆီးနိုင်သောသူကို သာ၍ ကြောက်ကြလော့။(ရှင်မဿဲခရစ်ဝင် ၁၀:၂၈) ဘုရားနှုတ်ကပတ်တော်တွေက ဖြစ်ရပ်တွေ အရာတွေအားလုံးဟာ ဘုရားရဲ့ လက်ထဲမှာရှိပြီး ဘုရားရဲ့ ခွင့်ပြုချက်မပါဘဲ တရုတ်ကွန်မြူနစ်ပါတီက ကျွန်မကို လက်ဖျားလေးနဲ့တောင် မထိနိုင်ဘူး ဆိုတဲ့ ယုံကြည်ခြင်းနဲ့ ကျွန်မကို ပြည့်စေခဲ့တယ်။ နောက်ဆုံး ကျွန်မ အဖမ်းခံရပြီး သေတဲ့အထိ ဒါမှမဟုတ် မသန်မစွမ်းဖြစ်တဲ့အထိ ရိုက်ခံရတယ်ဆိုရင်တောင် အဲဒါက ဘုရားရဲ့ ခွင့်ပြုချက်ဖြစ်မှာပဲ။ ကျွန်မ ကိုယ့်ရဲ့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့ပြီး စာတန်ကို အရှက်ရစေနိုင်ခဲ့မယ်ဆိုရင် ကျွန်မဘဝက အချည်းနှီးရှင်သန်နေထိုင်ခဲ့တာ ဖြစ်မှာမဟုတ်တော့ဘူးပေါ့။ ကျွန်မယောက်ျားပြောခဲ့တာကြောင့်နဲ့ ကျွန်မ စိတ်ကျဉ်းကျပ်မသွားနိုင်ခဲ့ဘဲ သူ့လို စာတန်ရဲ့ အာဏာအောက်မှာ ဂုဏ်သိက္ခာမရှိတဲ့ဘဝကို ကျွန်မ မနေနိုင်ပါဘူး။ ကျွန်မ ကိုယ့်သက်သေခံချက်ကို ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့ ဘုရားသခင်ကို အားကိုးရပါမယ်။

ကျွန်မ ကိုယ့်ယုံကြည်မှုကို မစွန့်လွှတ်သေးဘူးဆိုတာကို ကျွန်မယောက်ျားမြင်ပြီးတဲ့နောက်မှာ သူ မကြာခဏ ကျွန်မအပြစ်တွေကို လိုက်ထောက်ပြီး ကျွန်မကို ချိုးချိုးဖဲ့ဖဲ့တွေပြောခဲ့၊ အပြစ်ဖော်ဆုံးမခဲ့တယ်၊ ပြီးတော့ ကျွန်မ လုပ်နေရမဲ့ အလုပ်တွေကို မလုပ်လို့ဆိုပြီး ကျွန်မကို ကျွန်မသမီးရှေ့မှာတောင် ပြစ်တင်ဝေဖန်ခဲ့တာ။ ကျွန်မယောက္ခမကလည်း ကျွန်မက ကိုယ့်အချိန်တွေကို အသုံးမကျတဲ့ကိစ္စတွေမှာ ဖြုန်းနေပြီး အားလပ်ချိန်အရမ်းများနေတယ်၊ ကိုယ့်ယုံကြည်မှုကို ဦးစားပေးပြီး ကျွန်မကလေးနဲ့ မိသားစုရဲ့ အနာဂတ်ကို လျစ်လျူရှုနေတယ်လို့ ပြောပြီး ကျွန်မကို အမြင်မကြည်တဲ့ အကြည့်တွေနဲ့ ကြည့်လာ၊ ပြစ်တင်ကြိမ်းမောင်းလာခဲ့တယ်။ ကျွန်မသမီးကလွဲလို့ ကျွန်မကို ဘယ်သူကမှ စကားမပြောခဲ့ကြဘူး။ အဲဒါက မိသားစုထဲမှာ ကျွန်မအတွက် နေရာမရှိတော့သလိုမျိုးပါပဲ။ အချိန်တွေကြာတော့ ကျွန်မ စပြီး နည်းနည်း အားနည်းလာခဲ့တယ်။ အဲဒါနဲ့ ဘုရားရှေ့ကိုလာပြီး ဆုတောင်းရင်း၊ ရှာဖွေရင်းနဲ့ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို တွေ့တယ်။ “အဆင်းနီသောနဂါးကြီးသည် ဘုရားသခင်ကို ညှဉ်းပန်းနှိပ်စက်ပြီး၊ သူသည် ဘုရားသခင်၏ရန်သူ ဖြစ်၏။ သို့ဖြစ်၍ ဤပြည်၌ လူများသည် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုကြောင့် အရှက်ကွဲခြင်းနှင့် ဖိနှိပ်ခြင်းတို့ကို ခံကြရပြီး...အဆင်းနီသောနဂါးကြီး၏ ပြည်တွင် သူ၏အမှုကို ဆောင်ရွက်ရန် ဘုရားသခင်အတွက် အလွန်တရာ ခဲယဉ်းလေသည်။ သို့သော် ဘုရားသခင်သည် သူ၏ဉာဏ်ပညာနှင့် သူ၏ အံ့ဖွယ်လုပ်ဆောင်ချက်များကို ထင်ရှားစေလျက်၊ ပြီးလျှင် ဤလူစုကို စုံလင်စေရန် ဤအခွင့်အရေးကို အသုံးပြုရင်း၊ သူ၏ အမှု အဆင့်တစ်ခုကို ဘုရားသခင် လုပ်ဆောင်သည်မှာ ဤအခက်အခဲမှတစ်ဆင့် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော) ဘုရားနှုတ်ကပတ်တော်တွေက တဆင့် ကျွန်မ သိခဲ့ရတာက တရုတ်ကွန်မြူနစ်ပါတီအစိုးရဟာ စာတန်ရဲ့အစိုးရဆိုတာပါပဲ။ တရုတ်ကွန်မြူနစ်ပါတီက ဘုရားသခင်နဲ့ သမ္မာတရားကို ခါးခါးသီးသီး မုန်းတီးနေတာ ဆိုတော့ တရုတ်ပြည်က ဘုရားသခင်ကို ယုံကြည်တဲ့သူတွေအားလုံးဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိနှိပ်မှုကို မလွဲမသွေ ခံရနိုင်စရာရှိပါတယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ ဉာဏ်ပညာက စာတန်ရဲ့အကြံအစည်တွေကို မူတည်ပြီး ကျင့်သုံးပါတယ်။ ပြီးတော့ ကျွန်မတို့ရဲ့ ယုံကြည်မှုကို စုံလင်အောင်ပြုလုပ်ဖို့အတွက် တရုတ်ကွန်မြူနစ်ပါတီရဲ့ အဖမ်းအဆီးတွေနဲ့ ဖိနှိပ်မှုက ဖန်တီးထားတဲ့ ခက်ခဲတဲ့ ပတ်ဝန်းကျင်တွေကို ဘုရားက အသုံးပြုပါတယ်။ ကျွန်မကို နှိပ်ကွပ်တာမှာ ကျွန်မယောက်ျားက တရုတ်ကွန်မြူနစ်ပါတီနဲ့ စိတ်တူသဘောတူ ဖြစ်နေခဲ့ပြီး ကျွန်မရဲ့ မိသားစုက ကျွန်မကို ငြင်းပယ်ခဲ့တယ်။ ကျွန်မ ဆင်းရဲဒုက္ခခံနေခဲ့ရပြီး နည်းနည်းတော့ အရှက်ရခဲ့တာပေါ့။ ဒါပေမဲ့ ဒါက သမ္မာတရားကို လိုက်စားတာတို့ မှန်ကန်တဲ့လမ်းကြောင်းကို လိုက်တာတို့နဲ့အတူတွဲပါလာတဲ့ ဆင်းရဲဒုက္ခပါပဲ။ ဒီတော့ အဲဒီဒုက္ခဆင်းရဲက ကောင်းကောင်းကြီးကို ခံစားရကျိုးနပ်ခဲ့ပါတယ်။ ဘုရားသခင်ကို ထိခိုက်စေတဲ့ အပျက်သဘောထဲမှာနဲ့ အားနည်းချက်ထဲမှာ ကျွန်မ နွံမနစ်သင့်ပါဘူး။ ဘုရားသခင်အတွက် ကျွန်မ ကိုယ့်သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ရပါမယ်။ ဒါကို သဘောပေါက်တဲ့အခါမှာတော့ ကျွန်မ ဆက်ပြီး သိပ်ဝမ်းမနည်းတော့ဘဲ အသစ်တဖန် ယုံကြည်မှု ရခဲ့တယ်။

အဲဒီနောက်မှာ ကျွန်မယောက်ျားနဲ့ ယောက္ခမက ကျွန်မကို အလှည့်ကျ စောင့်ကြည့်ခဲ့ကြတာ။ ပြီးတော့ ကျွန်မကို စုဝေးဖို့တို့ ဘုရားနှုတ်ကပတ်တော်တွေဖတ်ဖို့တို့ကို ခွင့်မပြုခဲ့ကြဘူး။ ဒါပေမဲ့လည်း ကျွန်မ သူတို့ကို ကျွန်မအပေါ် ကန့်သတ်ချုပ်ချယ်ခွင့်မပြုခဲ့ပါဘူး။ သူတို့ ကြည့်မနေတဲ့အခါမျိုးမှာ ကျွန်မ စုဝေးပွဲတွေတက်ဖို့ တိတ်တိတ်လေးခိုးသွားခဲ့တယ်။ ပြီးတော့ ညဆို ဘုရားနှုတ်ကပတ်တော်တွေကို လက်နှိပ်ဓာတ်မီးနဲ့ ပုန်းလျှိုးကွယ်လျှိုး ခိုးဖတ်ခဲ့တယ်။ ဒါပေမဲ့ အဲဒီနောက် တစ်ရက်မှာတော့ ကျွန်မ စုဝေးပွဲတစ်ခုအတွက် အပြင်သွားတဲ့အချိန်မှာ ကျွန်မယောက္ခမက ကျွန်မကို မိသွားပြီး မျက်ရည်စမ်းစမ်းနဲ့ သူက ပြောတယ်၊ “ကျေးဇူးပြုပြီး ကလေးမရယ် ကျေးဇူးပြုပြီး ဘုရားသခင်ကို ယုံကြည်တာကို ရပ်လိုက်ပါလားကွယ်၊ မင်းကိုသာ မိသွားရင် အမေတို့ မိသားစုဘာတွေဖြစ်လာမှာလဲ။ သားက ပြောတယ် မင်း ဒါကို ဆက်လုပ်နေရင် သူ မင်းကို ကွာရှင်းမယ်တဲ့။ သမီးက ချွေးမကောင်းတစ်ယောက်ပါ။ အမေ သမီးကို မဆုံးရှုံးချင်ဘူးနော် ပြီးတော့ တို့မိသားစု အစိတ်စိတ်အမြွှာမြွှာဖြစ်သွားတာကို မြင်ရမှာကိုလည်း ငါ မခံနိုင်ဘူးလေ” ပေါ့။ ကျွန်မယောက္ခမ အဲဒီလို ပါးပြင်နှစ်ဖက်မှာ မျက်ရည်တွေစိုရွှဲနေတာကို မြင်ရတာ တကယ့်ကို ခက်ခဲပါတယ်။ အရင်ကဆို သူ ကျွန်မအပေါ် အမြဲတမ်း သမီးအရင်းတစ်ယောက်လို ဆက်ဆံခဲ့တာ။ သူ ဒီလို ဆင်းရဲဒုက္ခခံနေရတာကို မြင်ရတာ ကျွန်မ မခံနိုင်ခဲ့ဘူး။ ဒီတော့ ကျွန်မ သူနဲ့ မိတ်သဟာယပြုခဲ့တယ်။ “အမေ၊ အမေကိုယ်တိုင်လည်း ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ဖူးပြီးပြီဆိုတော့ ဘုရားသခင်က လူ၊ ကောင်းကင်၊ မြေကြီးနဲ့ အရာခပ်သိမ်းကို ဖန်ဆင်းခဲ့တယ်ဆိုတာ အမေ သိတယ်မဟုတ်လား။ သမီးတို့ဘဝတွေနဲ့ သမီးတို့ ရရှိခံစားတာတွေအားလုံးက ဘုရားသခင်ဆီက လာတာပါ။ ဒီတော့ ဘုရားသခင်ကို ယုံကြည်တာနဲ့ ကိုးကွယ်တာက လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတပါတယ် အမေ။ နောက်ဆုံးသော ကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်က သမီးတို့ကို အပြစ်ကနေ ကယ်တင်ဖို့ သမ္မာတရားတွေ အများကြီး ဖော်ပြခဲ့တာ။ အဖမ်းခံရမှာ ကြောက်လို့ သမီးတို့ရဲ့ ယုံကြည်ချက်ကို စွန့်လွှတ်လိုက်မယ်ဆိုရင် ကယ်တင်ခံရဖို့ အခွင့်အရေးကို သမီးတို့ ဆုံးရှုံးသွားမှာပေါ့။ ပြီးတော့လည်း သမီးက ဘုရားသခင်ကို သမီးရဲ့ ယုံကြည်မှုမှာ မှန်ကန်တဲ့ ဘဝလမ်းကြောင်းကို လျှောက်နေတာပါ။ သမီးတို့ မိသားစု ပြိုကွဲရင် တရုတ်ကွန်မြူနစ်ပါတီရဲ့ အပြစ်ပဲမဟုတ်ဘူးလား အမေ။ ဒီနေရာမှာ တရုတ်ကွန်မြူနစ်ပါတီကမှ တကယ့် လူဆိုးကြီးပါ။ ဒီ ဒုက္ခသုက္ခတစ်လျှောက်လုံး သမီးတို့ ကိုယ့်သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်သင့်ပြီး ဘုရားသခင်ကို သစ္စာမဖောက်သင့်ပါဘူး” လို့ပေါ့။ ကျွန်မယောက္ခမက စိတ်ဆိုးမာန်ဆိုးနဲ့ “ဘုရားသခင်ကို ယုံကြည်တာက ကောင်းတယ်ဆိုတာ ငါ သိပါတယ်၊ ဒါပေမဲ့ ကွန်မြူနစ်ပါတီက အဖမ်းအဆီးတွေ လုပ်နေတော့ ငါက ဘယ်လိုလုပ်ပြီး ဆက်ယုံကြည်ရဲဖို့ ဖြစ်နိုင်မလဲ။ နင် မရမက ဆက်ပြီး ဘုရားသခင်ကို ယုံကြည်နေမယ်ဆို ငါတို့မိသားစုအတွက် ငါ့သားဘက်က ရပ်တည်ပေးရုံကလွဲလို့ ငါ့မှာ ရွေးချယ်စရာမရှိတော့ဘူး။” လို့ ပြန်ပြောတယ်။ ကျွန်မ လုပ်နိုင်ခဲ့တာဆိုလို့ “အမေ အမေ့ရဲ့ ယုံကြည်မှုကို စွန့်လွှတ်ချင်တယ်ဆိုလည်း ဒါ အမေ့ ရွေးချယ်မှုပဲလေ၊ ဒါပေမဲ့ ဘုရားသခင်ကို ယုံကြည်လို့ဆိုပြီး သမီးကို နှောင့်ယှက်ဟန့်တားတာ နှိပ်ကွပ်တာတွေမှာ ကျေးဇူးပြုပြီး တရုတ်ကွန်မြူနစ်ပါတီနဲ့ တစ်သဘောတည်းမလုပ်လိုက်ပါနဲ့ အမေ၊ သမီးက စစ်မှန်တဲ့ ဘုရားကို ယုံကြည်ပြီး လမ်းမှန်နောက်ကို လိုက်နေတယ်ဆိုတာ အမေ သိပါတယ်၊ သမီး အဖမ်းခံရပြီး ထောင်ထဲရောက်သွားတယ်ဆိုရင်တောင်မှ သမီး ဘုရားသခင်ကို အဆုံးစွန်ထိဆက်ယုံကြည်နေမှာပါ” လို့ သူ့ကို ပြောလိုက်တာပါပဲ။ ဒါကိုကြားတော့ သူ့ ပြန်အထွက်မှာ တံခါးကိုဆောင့်ပိတ်ပြီး ဆောင့်ကြီးအောင့်ကြီးနဲ့ သူ့အိပ်ခန်းကို ဒေါသထွက်ပြီး ပြန်သွားခဲ့တယ်။

ကျွန်မ အပြင်သွားခဲ့ပြီး စုဝေးပွဲတစ်ခုမှာ ရှိခဲ့တယ်ဆိုတာ ကျွန်မယောက်ျားအိမ်ပြန်ရောက်လို့ သူ ကြားတဲ့အချိန်မှာ သူ ကျွန်မကို ဒေါကြီးမောကြီးနဲ့ စစ်လားမေးလား လုပ်ပါလေရော။ “မင်းက သေချင်နေတာလား။ ဘာလဲ။ သူတို့ အင်တာနက်ပေါ်မှာ ပြောနေတာတွေက ဟာသလို့များ မင်းထင်နေတာလား၊ အဲဒါက အမျိုးသားပြည်သူ့လုံခြုံရေးဗျူရိုရဲ့ ဝက်ဘ်ဆိုက်ကနေလာတာနော်၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်တဲ့သူတွေ အများကြီး အဖမ်းခံရပြီးပြီ၊ တချို့ဆို ထောင်ဒဏ်တွေကျ၊ သေတဲ့အထိ ဒုက္ခိတဖြစ်တဲ့အထိကို အရိုက်ခံရတာဆိုတာတွေကို မင်းသိရဲ့လား။ မင်းယုံကြည်မှုက ငါတို့မိသားစုကို ဆွဲမချပါစေနဲ့လား” တဲ့။ သူက ချက်ချင်း ဒေါသူပုန်ထပြီး ကျွန်မတို့ အိပ်ခန်းထဲမှာ ကျွန်မရဲ့ ဘုရားနှုတ်ကပတ်တော်စာအုပ်တွေကို မွှေနှောက်ပြီးရှာတယ်။ ပြီးတော့ ကျွန်မ စာဖတ်ဖို့သုံးတဲ့ လက်နှိပ်ဓာတ်မီးကို မြေပေါ်မှာပစ်ချပြီး အော်တယ်၊ “မင်းရဲ့ ယုံကြည်မှုကို မင်းမစွန့်လွှတ်ရင်၊ ဘုရားသခင်ကို ယုံကြည်တာကို မင်း ဆက်ပြီး မရမကလုပ်နေမယ်ဆိုရင် မင်း ဒီမိသားစုဝင် ဆက်ပြီး ဖြစ်မှာ မဟုတ်တော့ဘူး။ မင်းရဲ့ ဘုရားသခင်ကို ယုံကြည်မှုကြောင့်နဲ့ ငါ့မှာ နေ့တိုင်း ကြောက်ပြီး ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေရတာ။ မင်း အဖမ်းခံရရင် ငါတို့အလုပ်တွေကို ဆုံးရှုံးရနိုင်တယ်ဆိုတာကို မင်း သိရဲ့လား။ ငါ့လုပ်ဖော်ကိုင်ဖက်ရဲ့ မိန်းမဆို မင်းက ယုံကြည်သူတစ်ယောက်ဆိုတာကို ငါ့ဆီ အမြဲတမ်း ထုတ်ပြောနေတော့ ငါ့အတွက် အလုပ်မှာ တော်တော်အနေရခက်လာတယ်။ မင်း ငါ့ကို လုံးဝ သိက္ခာကျအောင် လုပ်ခဲ့တာ။ ငါ ဒီနေ့ပဲ မင်းဆီက အဖြေတစ်ခု လိုတယ်။ မင်းရဲ့ ယုံကြည်မှုကို ရွေးမလား။ ငါတို့မိသားစုကို ရွေးမလား။ ငါတို့မိသားစုကို ရွေးတယ်ဆိုရင် အိမ်မှာပဲ ပုံမှန်ဘဝကို ကောင်းကောင်းမွန်မွန်ပဲ နေပါ။ မင်းမှာ ဘာ တာဝန်ဝတ္တရားမှ ရှိမှာ မဟုတ်ဘူး။ ငါ မင်းကို မာကျောင်ကစားဖို့ ပိုက်ဆံတောင် လတိုင်း ပေးဦးမှာ၊ မင်း လိုတာမှန်သမျှ ငါ ပေးမယ်။ မင်း ဘုရားသခင်ကို ယုံကြည်တာကို ဆက်ပြီး မရမကလုပ်မယ်ဆိုရင်တော့ ငါ မင်းကို ကွာရှင်းမှာ၊ ငါတို့ရဲ့ ပိုင်ဆိုင်မှုပစ္စည်းဥစ္စာတွေမှာ မင်း ဘာဝေစုမှ ရမှာမဟုတ်သလို ငါတို့သမီးကိုလည်း မင်းတွေ့ခွင့်ရမှာ မဟုတ်ဘူးနော်” တဲ့။ ကျွန်မယောက်ျား ဘယ်လောက်တောင် အသနားအကြင်နာမဲ့ပြီး ရက်စက်လာခဲ့တာကို မြင်တော့ ကျွန်မ စိတ်မကောင်းဖြစ်မိခဲ့တယ်။ ကျွန်မမျက်လုံးတွေထဲမှာ မျက်ရည်တွေ ဝဲလာခဲ့ပြီး ပြင်းပြင်းထန်ထန်ကို နာကျင်ခဲ့ရတယ်။ ကျွန်မတို့မိသားစုအတွက် ပိုက်ဆံရအောင် ကျွန်မ အရမ်းအလုပ်ကြိုးစားခဲ့တယ်။ ကျွန်မတို့အိမ်ကို ပြင်ပြီးခါစပဲရှိသေးတာ။ ဆယ်နှစ်ကျော်ကြာ ပျော်ရွှင်တဲ့အိမ်ထောင်ရေးပြီးတဲ့နောက်မှာ သူ့ရဲ့သိက္ခာဆယ်ဖို့နဲ့ အနာဂတ်အလားအလာတွေအတွက်နဲ့ အခု ကျွန်မယောက်ျားက ကျွန်မကို ထွက်သွားခိုင်းတော့မယ်။ အဲဒီအချိန်မှာပဲ ကျွန်မတို့အိမ်ထောင်ရေးက နာမည်ခံသက်သက်လောက်ပဲ တည်ရှိခဲ့တယ်ဆိုတာ ရှင်းသွားခဲ့ပြီ။ ကျွန်မသူ့ကို ပြန်ဖြေခဲ့တယ်။ “ကျွန်မတို့ ကွာရှင်းပြီးတော့ ရှင် ကျွန်မကို လက်ဗလာနဲ့ထားခဲ့တယ်ဆိုရင်တောင် ဘုရားနောက်ကို လိုက်ဖို့ ကျွန်မရွေးချယ်နေဦးမှာပဲ”လို့ပေါ့။ ဆိုးယုတ်ပြီး မနှစ်မြို့စရာလေသံနဲ့ သူ ပြန်ပြောတာက “ဘုရားနောက်ကိုလိုက်ဖို့ မင်း ရွေးချယ်မယ်ဆိုရင် ငါ မင်းအတွက် အဆင်ပြေအောင်လုပ်ပေးမှာမဟုတ်ဘူး။ ငါ မင်းကို ပြည်သူ့လုံခြုံရေးဗျူရိုကို ပို့မှာ၊ သူတို့ဆို မင်းကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သိလိမ့်မယ်”ပေါ့။ ဒါနဲ့ သူ ပရင့်ထုတ်ထားတဲ့ စာရွက်တစ်ရွက်ကို ကျွန်မကို ပြတယ်။ စာရွက်မှာ ရေးထားတာက “ကျွန်တော့်ဇနီးက အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်ပြီး အခု ကယ်လို့မရတဲ့အခြေအနေကို ရောက်နေပါတယ်၊ ကျွန်တော် တတ်နိုင်တာမှန်သမျှအကုန် ကြိုးစားပြီးပါပြီ၊ ဒါပေမဲ့ သူက ကျွန်တော့်စကားကို နားမထောင်ပါ၊ ဒီတော့ ကျွန်တော့်ဇနီးနဲ့ပတ်သတ်ပြီး ပြည်သူ့လုံခြုံရေးဗျူရိုက ကျွန်တော့်ကို ကူညီဖြေရှင်းဖို့ တောင်းဆိုရုံမှတပါး ကျွန်တော့်မှာ ရွေးချယ်စရာမရှိတော့ပါ၊ အကူအညီတစ်စုံတစ်ရာ လိုအပ်ခဲ့ပါက ကျွန်တော် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပါမည်” လို့ပေါ့။ အဲဒီစာကို ကျွန်မမြင်တော့ ကျွန်မ ဒေါသထွက်သွားပြီး တွေးမိတယ်။ “သူ ဘယ်လို လင်ယောက်ျားမျိုးပါလိမ့်၊ သူက မကောင်းဆိုးဝါးသာသာပါပဲလား။ တရုတ်ကွန်မြူနစ်ပါတီက ယုံကြည်သူတွေကို ဘယ်လောက်တောင် ရက်ရက်စက်စက်ပြုမူဆက်ဆံခဲ့တယ်ဆိုတာကို သူ ရှင်းရှင်းလင်းလင်း သိထားပေမဲ့ သူ ငါ့ကို ပြည်သူ့လုံခြုံရေးဗျူရိုဆီကို ပို့ချင်နေတုန်းပဲ။ သူ ငါ့ကို သေမဲ့လမ်းဆီ လက်တွေ့ ပို့နေတာပဲ မဟုတ်ဘူးလား” ပေါ့။ ကျွန်မ ယောက်ျားကိုယ်တိုင်က သူ့ရဲ့ လူ့သဘာဝ လုံးဝပျောက်ဆုံးသွားပြီး အခု ဘာမဆို လုပ်နိုင်စွမ်းရှိနေတာကို မြင်ရတာ ကျွန်မအတွက် အရမ်းကို စိုးရိမ်စရာကောင်းခဲ့ပါတယ်။ “သူ ငါ့ကို တကယ်ပဲ ပြည်သူ့လုံခြုံရေးဗျူရိုကို ခေါ်သွားမယ်ဆိုရင် ငါ ဘာလုပ်မလဲ၊ သူတို့က အဲဒီမှာ ယုံကြည်သူတွေကို ထိခိုက်နာကျင်စေတာတွေ၊ သတ်တောင်သတ်ပစ်တာတွေကို အထူးတလည်လုပ်ကြတာ။” အဲဒီအကြောင်းကို ကျွန်မ တွေးလေလေ ကြောက်လာလေလေဆိုတော့ ကျွန်မကို ယုံကြည်မှုနဲ့ ခွန်အား ပေးသနားပါလို့ ဘုရားကို တောင်းဆိုရင်း ဘုရားဆီမှာ ကျွန်မ အဆက်မပြတ် ဆုတောင်းခဲ့တယ်။ ဆုတောင်းပြီးတဲ့နောက်မှာ ဝတ်ပြုချိန်တွေအတွင်း ကျွန်မ ဖတ်ခဲ့ဖူးတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ပြန် အမှတ်ရမိတယ်။ “သင်သည် ဤအရာ ထိုအရာတို့ကို ကြောက်ရွံ့ခြင်း မရှိအပ်။ မည်မျှများပြားသော အခက်အခဲများနှင့် အန္တရာယ်များ သင်ရင်ဆိုင်ရစေကာမူ၊ ငါ၏ အလိုကို မပိတ်ဆီးဘဲ ဆောင်ရွက်နိုင်ဖို့အလို့ငှာ၊ သင်သည် မည်သည့် အဟန့်အတားမျှဖြင့် ပိတ်ဆို့ခံရခြင်းမရှိဘဲ ငါ၏ရှေ့၌ မြဲမြံလျက် နေနိုင်စွမ်းရှိသည်။ ဤသည်မှာ သင်၏ တာဝန်ဖြစ်သည်။...ကြောက်ရွံ့ခြင်းမရှိနှင့်။ ငါ၏မစခြင်းဖြင့်၊ အဘယ်သူသည် ဤလမ်းကို တစ်ကြိမ်တစ်ခါမျှ ပိတ်ဆို့နိုင်မည်နည်း။ ဤအရာကို သတိရလော့။ မမေ့လျော့နှင့်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ယုံကြည်မှုနဲ့ ခွန်အားတွေ ဖြည့်တင်းပေးခဲ့တယ်။ ဘုရားသခင်က ကျွန်မရဲ့ အကွယ်အကာပါပဲ၊ ဒီတော့ ကျွန်မအတွက် ဘာမှ ကြောက်စရာမရှိပါဘူး။ ကျွန်မ တည်ကြည်ခိုင်မာတဲ့ ခံယူချက်နဲ့ ကျွန်မယောက်ျားကို ပြောလိုက်တယ်။ “ရှင် ကျွန်မကို ပြည်သူ့လုံခြုံရေးဗျူရိုဆီ လွှဲပေးလိုက်မယ်ဆိုရင်တောင် ကျွန်မ ဘုရားသခင်ကို ဆက်ပြီး ယုံကြည်မှာ၊ တရုတ်ကွန်မြူနစ်ပါတီက ကျွန်မရဲ့ ခန္ဓာကိုယ်ကိုပဲ နှိပ်စက်ညှင်းပန်းလို့ရမယ်ဆိုတာ ရှင်သိလား၊ ဘုရားနောက်ကို လိုက်ချင်တဲ့ ကျွန်မရဲ့ စိတ်ဆန္ဒကို သူတို့ ဘယ်တော့မှ ဖျက်ဆီးလို့ရမှာမဟုတ်ဘူး။ သူတို့ ကျွန်မကို ဘယ်လောက်ပဲ နှိပ်ကွပ်ပါစေ၊ ကျွန်မ သေရမယ်ဆိုရင်တောင် ဘုရားသခင်ကို ကျွန်မ ဆက်ပြီး ယုံကြည်မှာပါ” ပေါ့။ ကျွန်မ ဘယ်လောက်တောင် ဆုံးဖြတ်ချက်ခိုင်မာတယ်ဆိုတာကို မြင်တော့ ကျွန်မ ယောက်ျားက စိတ်ပျက်လက်ပျက်နဲ့ ခေါင်းခါပြီး “အောင်မလေး သွားပြီ သွားပြီ၊ သူတော့ ကယ်လို့မရတဲ့ အခြေအနေကို ရောက်သွားပြီ” လို့ ပြောတယ်။ ကျွန်မယောက်ျား အကြံတွေကုန်သွားတာကို မြင်တော့ ကျွန်မ ကြံ့ကြံ့ခံနိုင်ဖို့ ယုံကြည်မှုကို ပေးတဲ့အတွက် ဘုရားသခင်ကို ကျွန်မရဲ့စိတ်နှလုံးထဲကနေ နက်နက်ရှိုင်းရှိုင်းကို ကျေးဇူးတင်မိတာ။

ညစာ စားပြီးတော့ ကျွန်မ အိပ်ရာပေါ်မှာ ထိုင်ပြီး အဲဒီနေ့မှာ ဖြစ်ပျက်ခဲ့တာတွေအားလုံးကို ပြန် သုံးသပ်တယ်။ ပြီးတော့ အဲဒီအိမ်မှာ ကျွန်မဆက်ပြီး နေလို့မရတော့ဘူးလို့ သဘောပေါက်ခဲ့တယ်။ အဲဒီအကြောင်းကိုတွေးမိတော့ ကျွန်မ နည်းနည်းဝမ်းနည်းလာပြီး မခွဲခွာချင်သလိုလို ဖြစ်လာခဲ့တယ်။ ပြီးတော့ ကျွန်မ မျက်လုံးတွေကနေ မျက်ရည်တွေက တသွင်သွင် စီးကျလာတော့တာပေါ့။ ကျွန်မ ငိုတာကို မြင်တော့ ကျွန်မယောက်ျားက ကျွန်မကို ထပ်ပြီး စည်းရုံးဖို့ ကြိုးစားတယ်။ “မင်း ဘုရားသခင်ကို မယုံကြည်ပါဘူးလို့ ကတိပေးရင် ငါ မင်းကို မကွာရှင်းဘူး၊ ပြီးတော့ ပြည်သူ့လုံခြုံရေးဗျူရိုကို မပို့ဘူး၊ ဒါဆို ငါတို့မိသားစုလည်း အရင်ကလို တက်ညီလက်ညီနဲ့ ဆက်ပြီး နေနိုင်သွားမယ်” ဆိုပြီး ပြောတယ်။ ကျွန်မက “အနန္တတန်ခိုးရှင်ဘုရားသခင်က လူသားမျိုးနွယ်ကို တရားစီရင်ပြီး သန့်စင်တဲ့အမှုကို ပြုဖို့ သမ္မာတရားတွေကို ဖော်ပြခဲ့တယ်။ ကျွန်မတို့ အားလုံး သမ္မာတရားကိုလက်ခံသင့်ပြီး ဘုရားသခင်ရဲ့ကယ်တင်ခြင်းကို ရဖို့ ဘုရားရှေ့ကို နောင်တနဲ့ ရောက်လာသင့်တယ်။ ဒါက ကျွန်မတို့ရဲ့ တစ်ခုတည်းသော ထွက်လမ်းပဲ။ ဒီနေ့ခေတ်မှာ ကပ်ဘေးဒုက္ခတွေက ပိုပြီးကြီးမားသထက်ကြီးမားတဲ့ အတိုင်းအတာနဲ့ ဖြစ်ပျက်နေကြတာ၊ ဘုရားသခင်အပေါ်ကျွန်မရဲ့ ယုံကြည်မှုကို ဟန့်တားနှောင့်ယှက်ပြီး နှိပ်ကွပ်တာမှာ ရှင် တရုတ်ကွန်မြူနစ်ပါတီလို ဆက်ပြီး လိုက်လုပ်နေမယ်ဆို ရှင် ဒီ ကပ်ဘေးဒုက္ခတွေရဲ့ သားကောင်ဘဝကို သက်ဆင်းသွားပြီး အပြစ်ဒဏ်ပေးခံရမှာ” လို့ ပြန်ပြောလိုက်တယ်။ ကျွန်မယောက်ျားက ကျွန်မပြောတာကို လက်မခံနိုင်ဘဲ “မင်းယုံကြည်မှုအကြောင်းကို ငါ့ရှေ့မှာ ထုတ်မပြောစမ်းပါနဲ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်က တကယ့်ကို စစ်မှန်တဲ့ဘုရားသခင်ဆိုရင်တောင်မှ ငါ သူ့ကို ယုံကြည်မှာမဟုတ်ဘူးကွ၊ မင်း ဘုရားသခင်ကို ယုံကြည်တာကို မရမက ဆက်လုပ်နေသေးတယ်ဆိုရင် အရင်ဆုံး မင်းကို ငါ မနက်ဖြန်ကျရင် ပြည်သူ့လုံခြုံရေးဗျူရိုကို ခေါ်သွားမယ်”လို့ ဒေါကြီးမောကြီး ပြန်ပြောတယ်။ ကျွန်မ သူ့ကို နားထောင်မနေခဲ့ဘူးဆိုတာ မြင်တာနဲ့ ကျွန်မယောက်ျားက ယမ်းပုံမီးကျဖြစ်သွားပြီးတော့ ကျွန်မကို အိပ်ရာပေါ် ဆွဲချထိုင်ခိုင်းလိုက်ပြီး ကျွန်မမျက်နှာကို ဖြတ်ရိုက်တယ်။ ပြီးတော့ သူ ကျွန်မကို လည်ပင်းစညှစ်ပြီး “မင်းယုံကြည်မှုက ငါတို့မိသားစုကိုပဲ ထိခိုက်စေတာမဟုတ်ဘူးကွ ငါ့ကိုပါ ဆွဲချနေတာ၊ ငါ မင်းကို သေအောင်ရိုက်ပြီးရင် မင်း ဘုရားသခင်ကို ယုံကြည်နေသေးလားဆိုတာ ကြည့်ကြတာပေါ့”လို့ ပြောတယ်။ ကိုယ့်ကိုယ်ကိုယ် လွတ်မြောက်အောင် ကျွန်မ အသည်းအသန် ရုန်းကန်နေတုန်းမှာ ဆူညံပွက်လောရိုက်နေတာကို ကျွန်မယောက္ခမက ကြားသွားပြီး ကျွန်မတို့ အိပ်ခန်းထဲကို ဝင်လာခဲ့တယ်။ သူက ကျွန်မကို “နင့် ယုံကြည်မှုက ဒီမိသားစုကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် လုပ်လိုက်ပြီ၊ ပြီးတော့ အခု ငါ့သားကိုလည်း ဆွဲချနေပြီ”လို့ ပြောပြီး ကြိမ်းမောင်းဝေဖန်တယ်။ အဲဒီတော့ ကျွန်မ အရမ်း စိတ်ဆိုးသွားပြီး “ကျွန်မတို့ မိသားစု တစ်ယောက်တစ်ပေါက်နဲ့ မညီမညွတ်ဖြစ်သွားရခြင်းရဲ့ တကယ့်အကြောင်းအရင်းက အမေတို့ နှစ်ယောက်စလုံး တရုတ်ကွန်မြူနစ်ပါတီရဲ့ ကောလာဟလတွေကို ယုံပြီး ကျွန်မရဲ့ဘာသာရေးလက်တွေ့လုပ်ဆောင်မှုတွေကို နှိပ်ကွပ်လာလို့လေ။ တရုတ်ကွန်မြူနစ်ပါတီကို မုန်းရမဲ့အစား အကုန်လုံးက ကျွန်မအပြစ်ပဲလို့ ပြောတာက လုံးဝ ယုတ္တိမှ မကျတဲ့ဥစ္စာ။ ကျွန်မတော့ ဒီလို ဆက်ပြီးမနေနိုင်ဘူး”လို့ တွေးခဲ့တယ်။ ကျွန်မ ပြတင်းပေါက်ဆီ ပြေးသွားလိုက်ပြီး အပြင်ကိုခုန်ထွက်ပြီးတော့ ကျွန်မဘဝကို အဆုံးသတ်လိုက်ဖို့ အသင့်ဖြစ်နေတဲ့အထိကို အရမ်းစိတ်ဆိုးခဲ့တာ။ ကျွန်မ ခုန်ချမဲ့ဆဲဆဲမှာပဲ ကျွန်မယောက္ခမက ကျွန်မကို လက်ညှိုးထိုးပြီး “လုပ်လေ ခုန်ချလိုက်စမ်းပါ၊ ပြတင်းပေါက်ကနေ ခုန်ချလိုက်၊ ဘယ်သူမှ နင့်အတွက် သူတို့အသက်ကို စတေးမှာ မဟုတ်ဘူး”လို့ ပြောတယ်။ သူ အဲဒါကို ပြောတဲ့အချိန်မှာ ကျွန်မ ရုတ်တရက် အသိစိတ်ကပ်သွားတယ်။ ပြီးတော့ ဒီလို ဆိုထားတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို သတိရခဲ့တယ်။ “ဤနောက်ဆုံးသောကာလအတောအတွင်း သင်တို့သည် ဘုရားသခင်ကို သက်သေခံကြရမည်။ သင်တို့၏ ဒုက္ခဝေဒနာက မည်မျှပင်ကြီးမားပါစေ သင်တို့သည် ဆုံးခန်းတိုင်အောင် လျှောက်သွားသင့်သည်၊ ထို့အပြင် သင်တို့၏နောက်ဆုံး ထွက်သက်၌ပင်လျှင် သင်တို့သည် ဘုရားသခင်ကို သစ္စာရှိပြီး ဘုရားသခင်၏စီစဉ်ညွှန်ကြားမှုကို ကျိုးနွံနာခံနေရမည်။ ဤအရာသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းဖြစ်ပြီး၊ ဤအရာသည်သာလျှင် ခိုင်မာ၍ ထူးကဲသည့် သက်သေခံချက်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်) ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ သေချာတွေးဆနေတုန်းမှာ ကျွန်မမျက်နှာပေါ် မျက်ရည်တွေ စီးကျလာတာကို ထိန်းမထားနိုင်ခဲ့ဘူး။ ကျွန်မမိသားစုက ကျွန်မကို နားမလည်ဘဲ နှိပ်ကွပ်ခဲ့တာတောင်မှ ဘုရားသခင်က သူ့ရဲ့ ရည်ရွယ်ချက်က ဘာဆိုတာကို ကျွန်မကို ပြဖို့ ကျွန်မကို ဆက်ပြီး အသိဉာဏ်ပွင့်လင်းစေပြီး လမ်းပြခဲ့တာ။ ဒီလိုပတ်ဝန်းကျင်မျိုးမှာ ဘုရားကို အားကိုးသင့်တယ်ဆိုတာရယ် ဘုရားသခင်အပေါ်ကျွန်မရဲ့ ယုံကြည်မှုကို မြဲမြဲဆုပ်ကိုင်သင့်ပြီး စာတန် အရှက်ရသွားအောင် ကျွန်မရဲ့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်သင့်တယ်ဆိုတာကို ကျွန်မ သိခဲ့ပါတယ်။ ဒါပေမဲ့ နှိပ်ကွပ်မူတချို့နဲ့ရင်ဆိုင်ရတဲ့အခါ ကျွန်မ ဘုရားရဲ့ ရည်ရွယ်ချက်ကို မရှာဖွေခဲ့ဘဲ အသက်ဘေးကနေလွတ်မြောက်ချင်ခဲ့တယ်။ စာတန် အကွက်ဆင်တဲ့အထဲကို ကျွန်မ ကျရောက်ခဲ့တာမဟုတ်ဘူးလား။ ကျွန်မ အရမ်းကို မိုက်မဲခဲ့ပြီး သက်သေခံဖို့ ပျက်ကွက်ခဲ့တယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် စာတန်က လှည့်စားတာကို ဆက်ခွင့်မပြုနိုင်တော့ပါဘူး။ ကျွန်မမိသားစုက ကျွန်မကို ဘယ်လောက်ပဲ နှိပ်ကွပ်ပါစေ ဆက်ပြီး အသက်ရှင်ရမယ်။ ဘုရားသခင်ကို ဆက်ယုံကြည်ပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်ရပါမယ်။

ကျွန်မယောက်ျားက သူ ကျွန်မကို မတားနိုင်ဘူးဆိုတာ သဘောပေါက်သွားတဲ့အချိန်မှာ သူ့ဦးလေးကို သူ ခေါ်လာတယ်။ သူ့ဦးလေးက ကျွန်မကို ပြောတာက “သမီး ဘုရားသခင်ကို ယုံကြည်တာကို မရမက ဆက်လုပ်နေတယ်လို့ ဦး ကြားတယ်၊ သမီးကို မိသွားရင် အဲဒါက တစ်မိသားစုလုံးကို ထိခိုက်ပြီး ဦးရဲ့တူက သမီးကို ကွာရှင်းမယ်ဆိုတာ သမီး သိပါတယ်နော်၊ ဘုရားသခင်ကို မယုံကြည်တော့ပါဘူး လို့ ထွက်ဆိုထားတဲ့ ကတိပြုစာကို ဒီနေ့ည သမီး ရေးမယ်ဆိုရင် ဒီမိသားစု မကွဲမကွာ နေနိုင်မှာပါ” လို့ ပြောတယ်။ အဲဒီနောက် ကျွန်မယောက်ျားက ဖောင်တိန်တစ်ချောင်းနဲ့ စာရွက်တစ်ရွက် ကျွန်မကို လှမ်းပေးပြီး ကတိပြုစာရေးဖို့ ကျွန်မကို ပြောတယ်။ ကျွန်မခေါင်းထဲမှာ အတွေးတွေက တရစပ် ပေါ်လာတယ်။ “ငါတို့ တကယ် ကွာရှင်းလိုက်မယ်ဆိုရင် ငါတို့ကလေး ဘာတွေဖြစ်သွားမလဲ၊ သမီးလေးက ငယ်သေးတယ်၊ သူ့ကို ကြည့်ရှုစောင့်ရှောက်မဲ့ ငါသာမရှိရင် သူများတွေက ဝိုင်းပြီးအနိုင်ကျင့်တာခံရင် ခံရမှာ၊ ငါ့ယောက်ျား နောက်အိမ်ထောင်ပြုရင် သူ့မိထွေးက သမီးလေးကို နှိပ်စက်မှာလား၊ သူ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းပါ့မလား၊ ငါ ကတိပြုစာရေးဖို့ အပြင်ပန်းအနေနဲ့ သဘောတူပြီး ငါ့ယုံကြည်မှုကို တိတ်တိတ်လေး ဆက်ထိန်းထားမယ်ဆိုရင်ရော မိသားစု မကွဲမကွာရှိပြီး ငါလည်း ဆက်ယုံကြည်နိုင်မယ်။ ဒါငါ့အတွက် ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာမဟုတ်ဘူးလား” ပေါ့။ ဒါပေမဲ့ ဒီလိုလုပ်ဖို့ တွေးမိတာကို ကျွန်မ စိတ်မသက်မသာဖြစ်တော့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့အညီ ကျွန်မ ဘယ်လို ပြုမူဆောင်ရွက်သင့်တယ်ဆိုတာကို ရှာဖွေရင်း ဘုရားဆီမှာ ကျွန်မ ဆုတောင်းခဲ့တယ်။ ဆုတောင်းပြီးတဲ့နောက်မှာ ကတိပြုစာကို ရေးတာဟာ ဘုရားသခင်ကိုသစ္စာဖောက်မှုတစ်ခုပဲလို့ ကျွန်မ စိတ်ထဲမှာ ပေါ်လာတယ်။ စာတန်ရဲ့ လှည့်ကွက်တွေထဲကို ကျွန်မ နောက်တစ်ခါ ထပ်ပြီး သက်ဆင်းခါနီးနီးဖြစ်သွားတယ်ဆိုတာ ကျွန်မ နားလည်လိုက်တယ်။ ကျွန်မ အဲဒီကတိပြုစာကိုသာ ရေးခဲ့ရင် ဘုရားကို သစ္စာဖောက်ပြီး သက်သေခံဖို့ ပျက်ကွက်နေတာ ဖြစ်သွားမှာ။ ဒီတော့ ကျွန်မ အဲဒီစာကို လုံးဝကို ရေးလို့မဖြစ်ခဲ့တာပါ။ ကတိပြုစာကို ကျွန်မ စပြီး မရေးသေးပဲနေတော့ ကျွန်မယောက်ျားရဲ့ ဦးလေးက အံကြိတ်ပြီး ပြောတယ်။ “ဘုရားသခင်ကို ယုံကြည်တာကို ရပ်လိုက်တာ နင် တကယ်ကို သေသွားမှာမို့လို့လား၊ ငါ့ မိန်းမသာ နင့်လို လာလုပ်နေရင် ငါ သူ့ခြေတွေ လက်တွေ ချိုးပစ်မှာ၊ အဲလိုဆို ယုံကြည်မှုကို ကျင့်သုံးနိုင်သေးလား ကြည်ကြည့်လိုက်”ပေါ့။ သူ့စကားလုံးတွေက ကျွန်မကို အော်ဂလီဆန်စေခဲ့ပြီး ဒီလောက်တောင်ယုတ်မာရိုင်းစိုင်းတာကို ဘယ်လိုလုပ်များ လူသားတစ်ယောက်က ပြောထွက်နိုင်ခဲ့တာလဲလို့ ကျွန်မ တွေးခဲ့တယ်။ နတ်ဆိုးတစ်ကောင်လို သူ စကားပြောနေခဲ့တာ မဟုတ်ဘူးလား။ ကျွန်မက စိတ်ဆိုးမာန်ဆိုးနဲ့ ပြန်ပြောတယ်။ “ဒီ ကတိပြုစာကို ကျွန်မ လုံးဝ မရေးဘူး”ပေါ့။ ကျွန်မ အဲဒီလို ပြောလိုက်တာနဲ့ ချက်ချင်း ကျွန်မယောက်ျားက သူ ရေးထားတဲ့ ကွာရှင်းစာချုပ်ကို ဒေါသတကြီးနဲ့ ဖျတ်ခနဲ ထုတ်လိုက်တယ်။ ပြီးတော့ သူ့နာမည်ကို မဆိုင်းမတွ လက်မှတ်ထိုးတယ်။ စာချုပ်ပေါ်မှာက အိမ်နဲ့ ကျွန်မတို့ကလေးကို အားလုံး သူ့ကိုပေးရမှာဖြစ်ပြီး ကျွန်မကတော့ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုတို့၊ သမီးလေးကို လာရောက်တွေ့ဆုံခွင့်တို့ ဘာမှမရရှိဘဲ ကျန်ခဲ့မှာဖြစ်တယ် လို့ ရေးထားတာ။ ကွာရှင်းမှုအတွက် ကျွန်မ အရင်က ကိုယ့်ကိုယ်ကိုယ် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသားဖြစ်ပေမဲ့လည်း နောက်ဆုံး တကယ်လက်တွေ့ ဖြစ်လာတဲ့အချိန်မှာတော့ ကျွန်မ နည်းနည်းအားနည်းလာခဲ့သေးတယ်။ ကျွန်မတို့မိသားစုကို လက်ရှိအနေအထားရောက်ဖို့ ကျွန်မ အလုပ်ကြိုးစားခဲ့ရတာ။ အခုတော့ ကျွန်မက အိမ်လည်းမရှိ သမီးနဲ့လည်း အဆက်အသွယ်မရှိဘဲ ကျန်ခဲ့တော့မှာ။ ဒီမိသားစုကို စွန့်ခွာရမှာ၊ သမီးလေးကို ထားခဲ့ရမှာကို ကျွန်မ မခံနိုင်ခဲ့ဘူး၊ ဒါပေမဲ့ ကျွန်မယောက်ျားက ဖိအားပေးနေခဲ့ပြီး ကျွန်မက မပြတ်သားနိုင်ခဲ့ပါဘူး။ အဲဒီအချိန်မှာပဲ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ အမှတ်ရမိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သမ္မာတရားအတွက် ခက်ခဲမှုကို သင်ခံစားရမည်၊ သမ္မာတရားထံ သင့်ကိုယ်သင် ပေးအပ်ရမည်၊ သမ္မာတရားအတွက် အရှက်တကွဲ ဖြစ်ခြင်းကို သင်ခံရမည်၊ ထို့နောက် သမ္မာတရားကို သင်ပိုမိုရရှိရန်အတွက် ပို၍ပင် ဒုက္ခဆင်းရဲခံရပေမည်။ ဤသည်မှာ သင်လုပ်သင့်သည့်အရာဖြစ်သည်။ ငြိမ်းချမ်းသော မိသားစုဘဝ တစ်ခုအတွက် သမ္မာတရားကို သင်လက်မလွှတ်ရ၊ တဒင်္ဂပျော်ရွှင်မှု အတွက် တစ်သက်တာ ဂုဏ်သိက္ခာနှင့် သမာဓိကို သင် အဆုံးရှုံးမခံရ။ နှစ်သက်ဖွယ်ဖြစ်ကာ ကောင်းမွန်သောအရာအားလုံးကို သင် လေ့လာလိုက်စားသင့်ပြီး၊ အသက်တာတွင် ပိုမိုအဓိပ္ပာယ် ရှိသော လမ်းကြောင်းကို သင် လိုက်စားသင့်သည်။ ထိုသို့သော အောက်တန်းကျသည့်ဘဝကို သင်နေထိုင်ပြီး မည်သည့် ရည်မှန်းချက်ကိုမျှ သင် မလိုက်စားပါက၊ သင့်ဘဝကို သင် ဖြုန်းတီးသည် မဟုတ်လော။ ထိုသို့သောဘဝမှ မည်သည့်အရာကို သင် ရရှိနိုင်သနည်း။ သမ္မာတရားတစ်ခုအတွက် ဇာတိပကတိ၏ ပျော်မွေ့မှုများ အားလုံးကို သင်စွန့်လွှတ်သင့်ပြီး၊ ပျော်ရွှင်မှု အနည်းငယ်အတွက် သမ္မာတရားအားလုံးကို မလွှင့်ပစ်သင့်ပေ။ ဤကဲ့သို့သော လူများသည် သမာဓိ သို့မဟုတ် ဂုဏ်သိက္ခာ မရှိပေ။ ၎င်းတို့၏ တည်ရှိခြင်းတွင် အဓိပ္ပာယ် မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ) သမ္မာတရားကို ရရှိဖို့အတွက် ဆင်းရဲဒုက္ခခံရတာဟာ တန်ဖိုးရှိပြီး အဓိပ္ပာယ်ပြည့်ဝတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးနောက်မှာ ကျွန်မ နားလည်ခဲ့တယ်။ ကိုယ့်ယုံကြည်မှုမှာ သမ္မာတရားကို လိုက်စားရင်း အချိန်ကုန်လွန်ဖြတ်သန်းတဲ့ ဘဝကမှသာ အဓိပ္ပာယ်ပြည့်ဝတာပါ။ သဟဇာတရှိတဲ့ မိသားစုဘဝတစ်ခုနဲ့ ဇာတိပကတိ သက်သောင့်သက်သာရှိမှုတွေကို ကျွန်မ ရှာဖွေကြိုးပမ်းခဲ့တဲ့အတွက် လွယ်ကူတဲ့ ဘဝနေထိုင်မှုပုံစံမှာသာ ကျွန်မ နေထိုင်သွားရပေမဲ့ ဘုရားရဲ့ ကယ်တင်တာကို ခံရဖို့ အခွင့်အလမ်းကို ဆုံးရှုံးခဲ့ရရင် ကျန်တဲ့ဘဝတစ်လျှောက်လုံးမှာ ကျွန်မ အဲဒါကို နောင်တရနေမှာ။ ကျွန်မသမီးလေးရဲ့ အနာဂတ်ရယ်၊ သူ ဘာဒုက္ခဆင်းရဲတွေကို တောင့်ခံရမှာဆိုတာရယ်တွေနဲ့ ပတ်သတ်လို့ ဘုရားသခင်က အဲဒါတွေအားလုံးကို ကြိုတင်ပြဋ္ဌာန်းထားပြီးသားပါ။ ကျွန်မ သူ့ဘေးမှာ ဆက်ရှိနေခဲ့မယ် ဆိုရင်တောင်မှ သူ့ကံကြမ္မာကို ပြောင်းလဲပေးနိုင်ဖို့ဝေးလို့ သူ နေ့စဉ်နေ့တိုင်း ကျန်းကျန်းမာမာနဲ့ နေရဖို့ကို ကျွန်မ အာမခံနိုင်မှာ မဟုတ်ဘူး။ ကျွန်မ သူ့ကံကြမ္မာကို ဘုရားဆီမှာပဲ ထားခဲ့ရမှာဖြစ်ပြီး ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျွန်မ ကျိုးနွံနာခံရမှာပါ။ ဘုရားရဲ့ ရည်ရွယ်ချက်ကို ကျွန်မ နားလည်သွားတဲ့အခါ ကျွန်မ ရှေ့ကို ဆက်သွားဖို့ လမ်းစရတယ်လို့ ခံစားရပြီး ဝမ်းနည်းတာမျိုး မဖြစ်ခဲ့တော့ဘူး။ အဲဒီနောက် ဒီလို ဆိုထားတဲ့ ဘုရားနှုတ်ကပတ်တော် နောက်ထပ်တစ်ပိုဒ်ကို ကျွန်မ ပြန် အမှတ်ရခဲ့တယ်။ “ဘုရားသခင်ကို အသိအမှတ် မပြုသူ မည်သူမဆိုသည် ရန်သူ ဖြစ်၏။ ဆိုလိုသည်မှာ လူ့ဇာတိခံ ဘုရားသခင်ကို အသိအမှတ်မပြုသောသူ မည်သူမဆိုသည် ဤရေစီးကြောင်းအတွင်း သို့မဟုတ် ပြင်ပတွင် ၎င်းတို့ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အန္တိခရစ်တစ်ဦး ဖြစ်ပေသည်။ ဘုရားသခင်၌ မယုံကြည်သည့် ခုခံသူများ မဟုတ်ပါက၊ မည်သူသည် စာတန်ဖြစ်သနည်း၊ မည်သူတို့မှာ မကောင်းဆိုးဝါးများ ဖြစ်ပြီး၊ မည်သူတို့မှာ ဘုရားသခင်၏ ရန်သူများ ဖြစ်သနည်း။” “ယုံကြည်သူများနှင့် ဘာသာတရားမရှိသောသူများ သည် သဟဇာတ မဖြစ်ကြပေ။ ယင်းထက် ၎င်းတို့သည် တစ်ဦးနှင့် တစ်ဦး ဆန့်ကျင်ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေးဆတဲ့အခါ ဘုရားသခင်ကို ယုံကြည်သူတွေကို တရုတ်ကွန်မြူနစ်ပါတီက ဖမ်းဆီးပြီး ဖိနှိပ်မယ်ဆိုတာ ကျွန်မ ယောက်ျားကြားတဲ့အချိန်မှာ သူ ကျွန်မကို စ နှိပ်ကွပ်ခဲ့ပုံကို ပြန်တွေးမိတယ်။ ကျွန်မကို ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ခွင့် မပေးဘဲ ညီအစ်ကိုမောင်နှမတွေနဲ့ တွေ့ဆုံတာတွေကနေ ကျွန်မကို တားမြစ်ခဲ့တာ။ ကျွန်မရဲ့ ယုံကြည်မှုကို လက်တွေ့လုပ်ဆောင်တာကို တားဆီးနှောင့်ယှက်ဖို့ လိုအပ်တဲ့ ဘယ်နည်းလမ်းကိုမဆို အသုံးပြုပြီးတော့ ကြီးမားတဲ့အန္တရာယ်နဲ့ ကျွန်မ ကျိန်းသေ တွေ့နိုင်တဲ့ ပြည်သူ့လုံခြုံရေးဗျူရိုဆီကို ကျွန်မကို ပို့ဖို့ ချိန်းခြောက်တဲ့အဆင့်ထိရောက်အောင် တောင် သူလုပ်ခဲ့တာပေါ့။ အခု သူက ယုံကြည်မှုကို ကျွန်မ မကျင့်သုံးတော့ပါဘူးဆိုတဲ့ ကတိပြုစာကို ရေးဖို့ အတင်းအကျပ် ခိုင်းနေတယ်။ ကျွန်မ မရေးရင် ကျွန်မနဲ့ ကွာရှင်းဖို့၊ ကျွန်မကို ကန်ထုတ်ပြီး လက်ဗလာနဲ့ ထားခဲ့ဖို့ သန္နိဋ္ဌာန်ချပြီးတော့ပေါ့။ ကျွန်မ ယောက်ျားက ဘုရားကို အတိုက်အခံလုပ်တဲ့၊ သမ္မာတရားကို မုန်းတီးတဲ့ မကောင်းဆိုးဝါးတစ်ကောင်ထက် ဘာမှမပိုဘူးလို့ ကျွန်မ သဘောပေါက်ခဲ့တယ်။ ကျွန်မက ဘုရားနောက်ကိုလိုက်ဖို့ ရှာဖွေပြီး မှန်ကန်တဲ့လမ်းကို လျှောက်နေတုန်းမှာ သူက ဘုရားကို အတိုက်အခံလုပ်တာမှာ တရုတ်ကွန်မြူနစ်ပါတီအတိုင်း လိုက်လုပ်နေခဲ့တာဆိုတော့ ကျွန်မတို့က မတူညီတဲ့ လမ်းကြောင်းတွေကို ဦးတည်နေတယ်ဆိုတာ သိသာရှင်းလင်းနေပြီး အတူတူဆက်နေမယ်ဆို ဆင်းရဲဒုက္ခပဲ ခံစားရမှာ။ ဒါကို နားလည်လိုက်တော့ ကျွန်မ ဖြစ်လာမဲ့ အခြေအနေကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ခဲ့တယ်။ ပြီးတော့ ကွာရှင်းစာချုပ်ပေါ်မှာ ကျွန်မရဲ့ နာမည်ကို လက်မှတ်ထိုးဖို့ စိတ်ပိုင်းဖြတ်ခဲ့တယ်။

ဒီ ဒုက္ခသုက္ခကို တွေ့ကြုံခဲ့ရတာကနေ တရုတ်ကွန်မြူနစ်ပါတီရဲ့ ကြောက်စရာ စက်ဆုပ်စရာကောင်းပြီး ဘုရားသခင်ကို အတိုက်အခံလုပ်တတ်တဲ့ သဘာဝကို ကျွန်မ သတိပြုမိလာခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေက ပြောတာက “ဘာသာရေး လွတ်လပ်မှုလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့သည် အပြစ်ဖုံးကွယ်ခြင်းအတွက် လှည့်စားမှုများသာ ဖြစ်ကြသည်။...ဘုရားသခင်၏ အမှုအဖို့ ထိုသို့သော ထိုးဖောက်၍ မရနိုင်သည့် အတားအဆီးကို အဘယ်ကြောင့် ထူထောင်ရသနည်း။ ဘုရားသခင်၏ လူစုကို လှည့်ဖြားရန် အဘယ်ကြောင့် အမျိုးမျိုးသော လှည့်ကွက်များကို အသုံးချသနည်း။ စစ်မှန်သော လွတ်လပ်မှု၊ တရားဝင် ရပိုင်ခွင့်နှင့် အကျိုးစီးပွားတို့မှာ အဘယ်မှာနည်း။ တရားမျှတခြင်းကား အဘယ်မှာနည်း။ ကိုယ်စိတ်ချမ်းသာခြင်းကား အဘယ်မှာနည်း။ နွေးထွေးမှုကား အဘယ်မှာနည်း။ ဘုရားသခင်၏ လူများအား လှည့်စားရန် အဘယ်ကြောင့် လှည့်ဖြားတတ်သော အကြံအစည်များကို အသုံးပြုသနည်း။ ဘုရားသခင်၏ ကြွလာခြင်းကို ဖိနှိပ်ရန် အဘယ်ကြောင့် အင်အားသုံးရသနည်း။ ဘုရားသခင်အား သူဖန်ဆင်းခဲ့သည့် ကမ္ဘာမြေကြီးပေါ်တွင် အဘယ်ကြောင့် လွတ်လပ်စွာ သွားလာခွင့်မပြုရသနည်း။ ဘုရားသခင်အား ခေါင်းချစရာ နေရာမရှိသည့်တိုင်အောင် အဘယ်ကြောင့် လိုက်လံဖမ်းဆီးသနည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)) တရုတ်ကွန်မြူနစ်ပါတီအုပ်စိုးမှုဟာ စာတန်ကိုယ်တိုင် အုပ်စိုးမှုပါပဲ။ သူတို့ရဲ့ သက်ဦးဆံပိုင်အာဏာရှင်အုပ်ချုပ်မှုကို အားဖြည့်ဖို့အတွက် တရုတ်ကွန်မြူနစ်ပါတီက ဘုရားသခင်ကို စည်းလွတ်ဝါးလွတ် အတိုက်အခံလုပ်ပြီး ဘုရားသခင်ရဲ့ လူသားကိုကယ်တင်ခြင်းအမှုတော်ကို နှောင့်ယှက်ဖျက်ဆီးဖို့ တတ်နိုင်သမျှကို လုပ်တယ်။ ဘုရားသခင်ကို သိက္ခာချပြီး အသရေဖျက်ဖို့၊ ရှုတ်ချပြစ်တင်ပြီး စော်ကားပြောဆိုဖို့တွေအတွက် သူတို့က မီဒီယာကို အသုံးပြုကြတဲ့အပြင် ခရစ်ယာန်တွေကို ဖမ်းဆီးပြီး ဖိနှိပ်ဖို့ နည်းဗျူဟာတွေမျိုးစုံကိုလည်း သူတို့ ကျင့်သုံးကြတာ။ ခရစ်ယာန်တွေကို ဖိနှိပ်၊ တိုက်ခိုက်ပြီး သူတို့မိသားစုတွေ ပြိုကွဲအောင် သူတို့မိသားစုတွေကို အထင်မြင်တွေမှားအောင်လုပ်ပြီး လှုံဆော်ကြတယ်။ ဒါပေမဲ့ သူတို့က အမှန်တရားကို ပြောင်းပြန်လှန်ပြီး ယုံကြည်သူတွေကပဲ ကိုယ့်မိသားစုတွေကို စွန့်ပစ်ခဲ့တာလို့ ဆိုကြတယ်။ တော်တော်စက်ဆုပ်စရာကောင်းပြီး ဆိုးယုတ်တဲ့သူတွေပဲ။ ဒီနှိပ်ကွပ်မှုကို တွေ့ကြုံခဲ့ရတာကနေ ကျွန်မယောက်ျားရဲ့ သမ္မာတရား မုန်းတီးမှုဗီဇအမှန်ကို ချင့်ချိန်နိုင်စွမ်း ကျွန်မ ရခဲ့တယ်။ ဘုရားသခင်ကသာ ကျွန်မ အစစ်အမှန်အားကိုးနိုင်တဲ့ တစ်ခုတည်းသောအရာဆိုတာကိုလည်း ကျွန်မ နားလည်လာခဲ့တယ်။ ကျွန်မ အားအနည်းဆုံးနဲ့ စိတ်သောက အရောက်ဆုံးအချိန်မှာ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို အကြိမ်ကြိမ်အခါခါ အသိဉာဏ်ပွင့်လင်းစေပြီး လမ်းပြပေးခဲ့ပြီးတော့ ဖိနှိပ်မှုနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ကျွန်မ ခိုင်ခိုင်မာမာ ရပ်တည်နိုင်အောင်လို့ ယုံကြည်မှုနဲ့ ခွန်အားကို ကျွန်မဆီမှာ မွေးမြူပေးခဲ့တယ်။ စာတန်ရဲ့ ယုတ်မာတဲ့ အကွက်ချမှုတွေကို ကျွန်မ ရိပ်စားမိတဲ့ အခွင့်ကိုပေးခဲ့တယ်။ အခုအချိန်က စပြီး သမ္မာတရားလိုက်စားတာကို ကျွန်မ ဆက်လုပ်ပြီး ဘုရားသခင်ကို ပြန်လည်ပေးဆပ်ဖို့ ကျွန်မရဲ့ တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းသွားမှာပဲ ဖြစ်ပါတော့တယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကပ်ရောဂါအတွင်း နာမကျန်းဖြစ်သွားပြီးနောက် သုံးသပ်ဆင်ခြင်မှုများ

သင်းလိ အမေရိကန်နိုင်ငံ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ ဧဝံဂေလိကို လက်ခံပြီးတဲ့နောက် မကြာခင်မှာ၊ ဘုရားနှုတ်ကပတ်တော်ကနေ...

လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်ရန် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပါ

မြောင်ရှောင် တရုတ်နိုင်ငံကျွန်မက မိမိတာဝန်ကို ထမ်းဆောင်ခြင်း၊ ညီအစ်ကို မောင်နှမများနှင့် အဆင်ပြေခြင်း၊ သိသာသည့် အပြစ်များကို...

တာဝန်ခံယူမှုကို ကြောက်ခြင်း၏ နောက်ကွယ်မှ အကြောင်းရင်းများ

ခေါင်ရင့် ဂျပန်နိုင်ငံ ညီမက အသင်းတော်မှာ ရေလောင်းတဲ့အလုပ်ကို ဦးဆောင်ရတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို...

တာဝန်ကို ရှောင်ဖယ်ခြင်း၏ အကျိုးဆက်များ

၂၀၂၁ ဖေဖော်ဝါရီ ရက်တစ်ရက်မှာ၊ စပိန်စကားပြောနိုင်ငံတွေထဲက လူသစ်အသင်းတော်တွေကို ကြီးကြပ်ရမယ်လို့ ကျွန်မကို ခေါင်းဆောင်တစ်ယောက်က ပြောတယ်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။