ဂုဏ်နှင့်အဆင့်အတန်းမှ သယ်ဆောင်လာသောနာကျင်မှု

23.01.2022

ဖန်းရှန့် တရုတ်နိုင်ငံ

ပြီးခဲ့တဲ့နှစ် မတ်လတုန်းက ကျွန်မ အဖွဲ့ခေါင်းဆောင်အဖြစ်ရာထူးတိုးပြီးတော့ အဖွဲ့တချို့အတွက် ရေလောင်းပေးတဲ့ တာဝန်ကို ယူခဲ့ပါတယ်။ အဲဒီအချိန်က ကျွန်မက ညီအစ်ကိုမောင်နှမတွေထက် ပိုအရည်အချင်းရှိလို့ အဖွဲ့ခေါင်းဆောင်အဖြစ် အရွေးခံရတာလို့ထင်ခဲ့တယ်။ အဲဒါကြောင့် ကျွန်မအရမ်းပျော်ခဲ့တယ်။ ဒါပေမဲ့ နည်းနည်းလည်း စိုးရိမ်မိတယ်။ ကျွန်မအရင်က ဘယ်အလုပ်ကိုမှ မကြီးကြပ်ဖူးတော့၊ ညီအစ်ကိုမောင်နှမတွေရဲ့ပြဿနာတွေကို မဖြေရှင်းပေးနိုင်ဘဲ အလုပ်ကိုကောင်းကောင်း မစီမံနိုင်ရင် သူတို့က ကျွန်မကိုဘယ်လိုထင်ကြမလဲ။ ကျွန်မတာဝန်ကို မထမ်းဆောင်နိုင်လို့ အစားထိုးခံရရင် ရှက်စရာကြီးလေ။ နည်းနည်းစိုးရိမ်မိပေမယ့် ဒါဟာ ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်ပဲဆိုတာကို ကျွန်မသိခဲ့တယ်။ အဲဒါကို ဘုရားသခင်ဆီက လက်ခံပြီး နာခံသင့်တယ်ဆိုတာကို သိလို့ တာဝန်ကိုလက်ခံခဲ့ပါတယ်။ အလုပ်နဲ့ ကျွန်မသိပ်အသားမကျသေးတာကို တွေ့တဲ့အတွက် လုပ်ဖော်ကိုက်ဖက် အစ်မတစ်ယောက်က အစပိုင်းမှာ အဖွဲ့နှစ်ဖွဲ့ကိုပဲ ကြီးကြပ်ခိုင်းခဲ့ပါတယ်။ တခြားညီအစ်ကိုမောင်နှမတွေနဲ့ အတူတူစုဝေးရမှာကို တွေးမိရင် ကျွန်မ အရမ်းစိုးရိမ်မိတယ်။ အရင်က ကျွန်မရဲ့အဓိကတာဝန်က ရေလောင်းပေးရတာပါ။ ကျွန်မရဲ့မိတ်သဟာယက အရမ်း အပေါ်ယံဆန်နေရင် ဒါမှမဟုတ် တာဝန်ကို ကျေနပ်လောက်အောင် မထမ်းဆောင်နိုင်ရင် အတော်အတန် ပုံမှန်ပဲလို့ ယူဆလို့ရတယ်။ ဒါပေမဲ့ အခုကျတော့ ကျွန်မက အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေတွေကို ဖြေရှင်းပေးဖို့ သမ္မာတရားကို ပြောဆိုဆွေးနွေးရမယ့်အပြင် သူတို့ရဲ့တာဝန်မှာ ကြုံတွေ့ရတဲ့ ဘယ်အခက်အခဲ၊ ပြဿနာတွေကို မဆို ကူညီဖြေရှင်းပေးရမယ်။ အဲဒါမှပဲ လူတွေက ကျွန်မကိုလက်ခံလာပြီးတော့ အရည်အချင်းရှိတဲ့သူတစ်ယောက်လို့ပြောကြမှာပါ။ ကျွန်မကသာ သူတို့ရဲ့ပြဿနာတွေကို မဖြေရှင်းပေးနိုင်ရင် သူတို့က ကျွန်မကို မလွဲမသွေ အထင်သေးပြီးတော့ နှိမ်ချဆက်ဆံကြမှာပါပဲ။ အဲဒါတွေအကုန်လုံး စဉ်းစားမိတော့ ကျွန်မကိုယ်ကျွန်မ မသေချာတော့ဘဲနဲ့ အရင်တာဝန်ကိုပဲ ဆက်ထမ်းဆောင်တာ ပိုကောင်းမယ်လို့ တွေးမိတယ်။ အနည်းဆုံးတော့ အဲဒီလိုဆိုရင် ကျွန်မအရည်အချင်းမပြည့်မီတာတွေ အရမ်းမသိသာဘဲ သိက္ခာလည်းမကျတော့ဘူးပေါ့။ နောက်ရက်အနည်းငယ်ကြာ၊ အဲဒီအကြောင်းစဉ်းစားပြီး ့အာရုံမစိုက်နိုင်ခဲ့ဘူး။ တွေ့ဆုံပွဲတွေအတောအတွင်းမှာ ကျွန်မရဲ့စိတ်ကိုတည်ငြိမ်အောင် မထားနိုင်ခဲ့ဘူး။ ကျွန်မ ကောင်းကောင်း မိတ်သဟာယမပြုနိုင်ရင် ညီအစ်ကိုမောင်နှမတွေက အထင်သေးမှာကိုပဲ စိတ်ပူနေမိတယ်။ ပိုစိတ်ပူမိလေလေ ပိုကြောက်မိလေပါပဲ။ ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေရဲ့ ဇစ်မြစ်ကိုမရှာနိုင်ခဲ့သလို၊ အဲဒါတွေကို မဖြေရှင်းပေးနိုင်ခဲ့ဘူး။ တွေ့ဆုံပွဲတွေကိုသွားရမှာတောင် ကြောက်နေမိတယ်။ ကျွန်မအရမ်းစိတ်ဆင်းရဲခဲ့ရလို့ ဘုရားသခင်ရဲ့ရှေ့မှောက်မှာ သွားဆုတောင်းပြီးတော့ ကျွန်မရဲ့အခြေအနေကို ပိုနားလည်အောင် လမ်းပြပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီအချိန်မှာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေထဲက စာပိုဒ်တစ်ပိုဒ်ကို ကျွန်မတွေ့ခဲ့ပါတယ်။ အဲဒါက “ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် တိကျသည့် လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခု ရှိရမည်” ဆိုတဲ့အထဲကပါ။ “ဖောက်ပြန်ပျက်စီးသော လူသားအားလုံးသည် တူညီသော ပြဿနာတစ်ခုကို ခံစားနေကြသည်။ ၎င်းတို့သည် ဂုဏ်အဆင့်အတန်းမရှိသောအခါ၊ ၎င်းတို့သည် သာမန် ညီအစ်ကိုမောင်နှမများ ဖြစ်ကြသည့်အခါတွင်၊ ၎င်းတို့သည် မည်သူနှင့်မဆို ဆက်ဆံသည့်အခါ သို့မဟုတ် စကားပြောသည့်အခါ၊ မာနကြီးခြင်း မရှိသလို စကားပြောသည့်အခါတွင် ပုံစံ သို့မဟုတ် လေသံတစ်မျိုးဖြင့် ပြောဆိုခြင်း မပြုပေ။ ၎င်းတို့သည် သာမန်၊ ပုံမှန်သာ ဖြစ်ပြီး သူတို့ကိုယ်သူတို့ ပြရုပ်တင်ရန် မလိုပေ။ ၎င်းတို့သည် မည်သည့် စိတ်ပိုင်းဆိုင်ရာ ဖိအားကိုမျှ မခံစားရဘဲ ပွင့်လင်းစွာနှင့် လှိုက်လှိုက်လှဲလှဲ မိတ်သဟာယပြုနိုင်သည်။ ၎င်းတို့သည် ဖော်ရွေပြီး ဆက်ဆံရလွယ်ကူသည်။ ၎င်းတို့သည် အလွန်ကောင်းသော လူများဖြစ်သည်ဟု အခြားလူတို့ ခံစားရသည်။ သို့ရာတွင် ၎င်းတို့သည် ဂုဏ်အဆင့်အတန်းရှိလာသည်နှင့်၊ ၎င်းတို့ကို မည်သူမျှ မမီနိုင်သည့်အလား၊ မာနကြီးလာကြလေသည်။ ၎င်းတို့ကို လေးစားထိုက်သည်ဟု ၎င်းတို့က ထင်မြင်ကြပြီး၊ ၎င်းတို့နှင့် သာမန်လူတို့သည် အမျိုးအစားမတူဟု ထင်မြင်ကြသည်- ၎င်းတို့က သာမန်လူတို့ကို အထင်သေးပြီး အခြားလူတို့နှင့် ပွင့်လင်းစွာ မိတ်သဟာယဖွဲ့ခြင်း မရှိတော့ပေ။ ၎င်းတို့သည် အဘယ်ကြောင့် ပွင့်လင်းစွာ မိတ်သဟာယမဖွဲ့တော့သနည်း။ ၎င်းတို့သည် ယခုအခါတွင် ဂုဏ်အဆင့်အတန်းရှိပြီး ခေါင်းဆောင်များဖြစ်သည်ဟု ထင်မြင်ကြသည်။ ခေါင်းဆောင်တို့သည် ရုပ်သွင်တစ်မျိုးရှိရမည်၊ သာမန်လူတို့ထက် အနည်းငယ် ပိုမြင့်ရမည်၊ ပြီးလျှင် ဝိညာဉ်ရင့်ကျက်မှု ပိုရှိပြီး ပို၍ တာဝန်ယူနိုင်ရမည်ဟု ၎င်းတို့ ထင်မြင်ကြသည်။ သာမန်လူတို့နှင့် ယှဉ်လျှင် ခေါင်းဆောင်တို့သည် ပို၍ စိတ်ရှည်ရမည်၊ ပို၍ဒုက္ခခံပြီး အသုံးတော်ခံနိုင်ရမည်၊ မည်သည့်သွေးဆောင်မှုကိုမဆို တောင့်ခံနိုင်ရမည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ခေါင်းဆောင်တို့သည် ၎င်းတို့၏ မိသားစုဝင်များ မည်မျှ သေဆုံးသည်ဖြစ်စေ ၎င်းတို့ ငိုရမည်ဆိုလျှင်ပင်၊ ၎င်းတို့တွင်ရှိသော ချို့ယွင်းချက်များ၊ အပြစ်အနာအဆာများ သို့မဟုတ် အားနည်းချက်များကို မည်သူမျှ မမြင်နိုင်ရန် တိတ်တဆိတ် ငိုကြရမည် ဖြစ်သည်။ ခေါင်းဆောင်တို့သည် အပျက်သဘောဆောင်လာလျှင် မည်သူ့ကိုမျှ သိခွင့်မပေးရ၊ ယင်းအစား ထိုသို့သောအရာများအားလုံးကို ဖုန်းကွယ်ထားရမည် ဟူ၍ပင် ထင်မြင်ကြသည်။ ဤသည်မှာ ဂုဏ်အဆင့်အတန်းရှိသူတစ်ယောက် လုပ်ဆောင်သင့်သည့်ပုံစံဟု ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဤအတိုင်းအတာအထိ ချုပ်တည်းသည့်အခါ၊ ဂုဏ်အဆင့်အတန်းသည် ၎င်းတို့၏ဘုရားသခင်၊ ၎င်းတို့၏ သခင် ဖြစ်လာပြီ မဟုတ်သလော။ ဤသို့ဖြစ်သောကြောင့် ၎င်းတို့သည် သာမန်လူ့သဘာဝ ပိုင်ဆိုင်သေးသလော။ ၎င်းတို့၌ ဤစိတ်ကူးများရှိသည့်အခါ— ၎င်းတို့သည် ဤကဲ့သို့ မိမိတို့ကိုယ်ကိုယ် ကန့်သတ်ချုပ်ချယ်ပြီး ဤအပြုအမူမျိုးဖြင့် ပြုမူသည့်အခါ— ၎င်းတို့သည် ဂုဏ်အဆင့်အတန်းကို မစွဲမက်လာလေသလော။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ) အဆင့်အတန်းနဲ့ ဂုဏ်အရှိန်အဝါတွေရဲ့ ချုပ်နှောင်မှုနဲ့ ဘောင်ခတ်ခြင်းကိုခံနေရတဲ့အတွက် ကျွန်မလွတ်လွတ်လပ်လပ်မနေနိုင်ဘူးဆိုတာကို ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက ထုတ်ဖော်ပြလိုက်ပါတယ်။ ကျွန်မအဖွဲ့ခေါင်းဆောင်ဖြစ်မလာခင်က အလုပ်အကြောင်းအမြဲဆွေးနွေးပြီး ပြဿနာတွေကို လူတိုင်းနဲ့ ပြောဆိုဖြေရှင်းပါတယ်။ ကျွန်မတို့ အကုန်လုံးက ညီအစ်ကိုမောင်နှမတွေဖြစ်တဲ့အတွက် ဝိညာဉ်ရှင့်ကျက်မှု ပိုများတာ၊ နည်းတာ ရှိတယ်။ အဲဒါကြောင့် ကျွန်မအပေါ် သူများတွေရဲ့အထင်အမြင်တွေကို စိတ်မပူခဲ့ဘဲနဲ့ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်းနေနိုင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မအဖွဲ့ခေါင်းဆောင်ဖြစ်လာတာနဲ့ ကျွန်မက ညီအစ်ကိုမောင်နှမတွေထက် ပိုအဆင့်အတန်းမြင့်တယ်လို့ ရုတ်တရက် ထင်လာပြီးတော့ သမ္မာတရားကို သူတို့ထက်ပိုနားလည်မှဖြစ်မယ်လို့တွေးခဲ့တယ်။ ဒီတော့ သူတို့ရဲ့ပြဿနာတွေနဲ့ အခက်အခဲတိုင်းကို ဖြေရှင်းပေးနိုင်မှ ကျွန်မအလုပ်ကို ကျွန်မ လုပ်နေတာ ဖြစ်တယ်လို့ တွေးမိခဲ့တယ်။ တွေ့ဆုံပွဲကိုမသွားခင်ကတည်းက ညီအစ်ကိုမောင်နှမတွေရဲ့ပြဿနာတွေကို မဖြေရှင်းနိုင်ရင် သူတို့ကအထင်သေးမှာကို စိုးရိမ်နေခဲ့တယ်။ သူတို့အရှေ့မှာ ကျွန်မကိုယ်ကျွန်မ လှည့်စားနေမိမှာစိုးလို့၊ ဘယ်တွေ့ဆုံပွဲကိုမှ ကျွန်မ သွားတောင်မတက်ရဲခဲ့ဘူး။ ကျွန်မအရမ်းနာကျင်ပြီးတော့ စိတ်ဆင်းရဲခဲ့ရပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဖျာလိုလိပ် ထိပ်ပေါ်တင်ခဲ့ပြီး ကျွန်မရဲ့အဆင့်အတန်းတစ်ခုကို မစွန့်လွှတ်နိုင်ခဲ့ဘူး။ ဒါကို သုံးသပ်ကြည့်တဲ့အခါ၊ ဂုဏ်နဲ့ အဆင့်အတန်းကို ကျွန်မအရမ်းစွဲလမ်းနေမှန်း သဘောပေါက်ခဲ့တယ်။ သူများတွေရှေ့မှာ ကြည့်ကောင်းအောင် အမြဲကြိုးစားနေပြီးတော့ ကျွန်မရဲ့အားနည်းချက်တွေကို လူသိမယ့် အန္တရာယ်နဲ့ကြုံလာတာနဲ့ ပြရုပ်တင်ပြီး ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်လိုက်တာပဲ။ ရာထူးတိုးတာကို အဆင့်အတန်းတစ်ခုအဖြစ်မှတ်ယူခဲ့ပြီး ဘုရားသခင်ကပေးအပ်တဲ့ တာဝန်နဲ့ စေခိုင်းချက်လို့မယူဆခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ဖို့နဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ ချစ်ခင်လေးစားမှုကို ရဖို့ အဆင့်အတန်းကို အသုံးပြုချင်ခဲ့တယ်။ ကျွန်မက အောက်တန်းကျပြီး ရှက်ဖို့ကောင်းခဲ့ပါတယ်။

ကျွန်မရင်ထဲကနေ ဘုရားသခင်ကိုဆုတောင်းတယ်။ ဒီဆိုးရွားတဲ့ရည်ရွယ်ချက်တွေနဲ့ အယူအဆတွေကို စွန်လွှတ်ချင်ပါတယ်လို့ပြောခဲ့တယ်။ ပြီးတော့ ဘုရားသခင်နှုတ်ကပတ်တော်တွေရဲ့ စာပိုဒ်တစ်ပိုဒ်ကို တွေးမိတယ်။ “လူသားတို့အား ဘုရားသခင် တောင်းဆိုသောအရာသည် အလုပ်တာဝန်များကို အရေအတွက်တစ်ခုထိ ပြီးစီးနိုင်စွမ်းရှိခြင်း သို့မဟုတ် ဧရာမတာဝန်ယူမှုများကို ပြီးမြောက်ခြင်း မဟုတ်သကဲ့သို့ ကိုယ်တော်သည် ၎င်းတို့အား တာဝန်ကြီးတစ်ခုခုကို စတင်ပြုလုပ်စေလိုသည်လည်း မဟုတ်ပေ။ ဘုရားသခင်က လိုချင်သည်မှာ လူတို့သည် လက်တွေ့ကျသော နည်းလမ်းဖြင့် ၎င်းတို့တတ်နိုင်သမျှအားလုံးကို လုပ်နိုင်စွမ်းရှိရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ နေထိုင်ရန် ဖြစ်သည်။ ဘုရားသခင်သည် သင့်ကို ကြီးမြတ်ခြင်း သို့မဟုတ် မြင့်မြတ်ခြင်း ရှိစေလိုသည် မဟုတ်သကဲ့သို့၊ သူသည် သင့်အား အံ့သြဖွယ်ရာတစ်ခုခုကို ဖြစ်ပွားစေလိုသည်လည်း မဟုတ်၊ ထို့ပြင် သင့်အထဲ၌ နှစ်လိုဖွယ် အံ့အားသင့်စရာများကို တွေ့လိုခြင်းလည်း မဟုတ်ပေ။ ထိုသို့သောအရာများကို မြင်တွေ့လိုသည်လည်း မဟုတ်ပေ။ ကိုယ်တော်သည် ထိုကဲ့သို့သော အရာများကို အလိုရှိသည် မဟုတ်ပေ။ ဘုရားသခင် အလိုရှိသမျှအားလုံးမှာ သင့်အနေဖြင့် ကိုယ်တော်၏ နှုတ်ကပတ်တော်များကို နားထောင်ရန်နှင့် နားဆင်ပြီးသည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့ကို နှလုံးသွင်းရန်နှင့် လက်တွေ့ကျသောနည်းလမ်းဖြင့် သင် လက်တွေ့လုပ်ဆောင်ရင်း ၎င်းတို့ကို အလေးဂရုပြုရန်ဖြစ်သည်။ ဤသို့ဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်၏ အသက်ရှင်နေထိုင်မှုနှင့် သင်၏အသက်တာ ဖြစ်လာစေရန် ဖြစ်သည်။ ဤအကြောင်းကြောင့် ဘုရားသခင် စိတ်ကျေနပ်လိမ့်မည်။...တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းက အမှန်တွင် မခက်ခဲသကဲ့သို့ သစ္စာရှိစွာနှင့် လက်ခံနိုင်ဖွယ် စံနှုန်းအထိ ထမ်းဆောင်ရန်လည်း မခက်ခဲပေ။ သင့်အသက်ကို စွန့်လွှတ်ရန်၊ သို့မဟုတ် ခဲရာခဲဆစ် ကိစ္စတစ်ခုခုကို ပြုလုပ်ရန် မလိုပေ၊ သင့်အနေဖြင့် မှန်ကန်သော လမ်းကြောင်းကို လျှောက်လှမ်းလျက်၊ သင့်ကိုယ်ပိုင် ထင်မြင်ချက်များကို ထပ်မဖြည့်ဘဲ၊ သို့မဟုတ် မိမိကိုယ်ပိုင် အရေးကိစ္စကို မလုပ်ဆောင်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ညွှန်ကြားချက်များကို ရိုးသားစွာနှင့် တည်ကြည်ခိုင်မာစွာ လိုက်နာရန်သာ လိုသည်။ အကယ်၍ လူတို့သည် ဤသို့ပြုလုပ်နိုင်ပါက သူတို့၌ ပင်ကိုအားဖြင့် လူသားအသွင် ရှိသည်၊ သူတို့သည် ဘုရားသခင်အပေါ် စစ်မှန်သော နာခံမှုရှိပြီး တကယ့်လူသားတစ်ဦး၏ ပုံသဏ္ဌာန်ဖြစ်သည့် ရိုးသားသော လူတစ်ဦး ဖြစ်လာပြီဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်”) ဘုရားသခင်က ကျွန်မတို့ဆီကအများကြီးမတောင်းဆိုတာကို သူ့ရဲ့နှုတ်ကပတ်တော်တွေကနေတဆင့် ကျွန်မသိလိုက်ရတယ်။ အလုပ်ဘယ်လောက်ပြီးရမယ် ဘာတွေပြီးမြောက်အောင်မြင်ရမယ်လို့ သူက မတောင်းဆိုဘူး။ ဒါမှမဟုတ် အတိုင်းအဆမရှိ အစွမ်းထက်လှတဲ့ မဟာလူသားလိုမျိုးဖြစ်ရမယ်လို့လည်း မတောင်းဆိုပါဘူး။ သူက ကျွန်မတို့ကို စစ်မှန်တဲ့ဖန်ဆင်းခံတွေဖြစ်ပြီးတော့ သူတောင်းဆိုတဲ့အတိုင်း ကျွန်မတို့ရဲ့တာဝန်တွေကို လက်တွေ့ကျကျ ကျေပွန်အောင်ထမ်းဆောင်စေချင်ရုံပါ။ ဘုရားသခင်က ကျွန်မကို အဖွဲ့ခေါင်းဆောင်တာဝန်နဲ့ မြှင့်တင်ပေးတဲ့အချိန်မှာ ဂုဏ်နဲ့ အဆင့်အတန်းနောက်ကို လိုက်စေချင်တာမဟုတ်ဘူး။ သူ့ရဲ့တာဝန်ပေးစေခိုင်းချက်ကို လက်ခံပြီးတော့ သမ္မာတရားကို လက်တွေ့ကျကျလိုက်စားစေချင်တာ။ တာဝန်မှာ အခက်အခဲတစ်ခုခုနဲ့ ကြုံတွေ့လာရရင် ကျွန်မအနေနဲ့ ဘုရားသခင်ဆီမှာ ဆုတောင်းဖို့ တာဝန်ယူဆုံးဖြတ်ပြီး၊ ဖြေရှင်းရမယ့်လမ်းကြောင်းကို ရှာဖို့ သူ့ကိုပဲအားကိုးသင့်ပါတယ်။ ညီအစ်ကိုမောင်နှမတွေနဲ့ တွေ့ဆုံပွဲတွေမှာလည်း ကျွန်မနားလည်သလောက်ကိုပဲ ပြောဆိုဆွေးနွေးသင့်တယ်။ ပြီးတော့ မရှင်းတာတစ်ခုခုရှိရင်လည်း သူတို့ကိုပွင့်ပွင့်လင်းလင်းပဲပြောပြီးတော့ အတူတူကြိုးစားဖြေရှင်းသင့်တယ်။ အဲဒါမှပဲ ဘုရားသခင်ရဲ့လမ်းပြမှုကို ကျွန်မရနိုင်မယ်။ ဘုရားသခင်ရဲ့ရည်ရွယ်ချက်တွေကို နားလည်သွားတာနဲ့ တာဝန်ထမ်းဆောင်ဖို့ ယုံကြည်မှုရှိလာခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေနဲ့ တွေ့ဆုံပွဲတွေမှာ ကျွန်မ သတိရှိရှိနဲ့ ဘုရားသခင်ဆီဆုတောင်းခဲ့တယ်။ အဆင့်အတန်းတွေ၊ သိက္ခာတွေကို မစိုးရိမ်ခဲ့ဘဲနဲ့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုကို ညီအစ်ကိုမောင်နှမတွေနဲ့ ပွင့်ပွင့်လင်းလင်းပြောနိုင်ခဲ့တယ်။ ဆွေးနွေးတဲ့အချိန်မှာ သန့်ရှင်းသောဝိညာဥ်တော်ရဲ့ လမ်းပြမှုကိုကျွန်မခံစားခဲ့ရပြီး တချို့ပြဿနာတွေကိုလည်း ရှာတွေ့နိုင်ခဲ့တယ်။ အဲဒီလမ်းညွှန်မှုကို တကယ့်လက်တွေ့အခြေအနေတွေမှာ အသုံးချနိုင်ခဲ့ပြီး အကြံဉာဏ်တွေပေးနိုင်ခဲ့တယ်။ ကျွန်မမှာ လိုအပ်ချက်တွေနဲ့ အားနည်းချက်တွေအများကြီးရှိနေတုန်းပါပဲ။ ဒါပေမဲ့ လူတိုင်းနဲ့ဆွေးနွေးရာကနေတစ်ဆင့် ရှေ့ဆက်ရမယ့်လမ်းတွေကိုရှာတွေ့ခဲ့သလို အများကြီးပိုလွတ်လပ်သွားတယ်လို့လည်းခံစားခဲ့ရတယ်။ ကျွန်မရဲ့ရည်ရွယ်ချက်သာမှန်မယ်၊ လုပ်ငန်းဆောင်တာတွေကို အာရုံစိုက်ပြီးတော့ ဘုရားသခင်တောင်းဆိုတဲ့အတိုင်း ကျွန်မရဲ့တာဝန်ကို လက်တွေ့ကျကျ ထမ်းဆောင်မယ်ဆိုရင် သူ့ရဲ့လမ်းပြမှုကိုရရှိမှာပါ။

သုံးလကြာတော့ နောက်ထပ်အဖွဲ့တချို့ကို ကိုင်တွယ်ဖို့ ကျွန်မကိုတာဝန်ထပ်ပေးအပ်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေအများကြီးနဲ့ တွေ့ဆုံပွဲတွေမှာ ပြောဆိုဆွေးနွေးရမှာကို တွေးကြည့်မိတာနဲ့ စိုးရိမ်စိတ်လှုပ်ရှားမိတယ်။ အဖွဲ့တိုင်းမှာ အခြေအနေတွေကမတူဘူး။ ပြီးတော့ ဒီအဖွဲ့တွေက ညီအစ်ကိုမောင်နှမတွေနဲ့ ကျွန်မတစ်ခါမှတွေ့ဖူးတာမဟုတ်ဘူး။ ပြီးတော့ သူတို့ရဲ့အခြေအနေတွေကို မရင်းနှီးဘူးပေါ့။ ကျွန်မက သွားပြီးတော့ သူတို့ရဲ့ပြဿနာတွေကို မဖြေရှင်းပေးနိုင်ရင် သူတို့က ကျွန်မကိုအထင်သေးပြီးတော့ တကယ့်လက်တွေ့ပြဿနာတွေကို မဖြေရှင်းနိုင်ဘူး လို့ပြောမလား။ အဖွဲ့ခေါင်းဆောင်အဖြစ်ကနေ ဖယ်ရှားခံရမလားပေါ့။ အားလုံးရဲ့လက်ခံမှုကိုရအောင်လို့ သမ္မာတရားနဲ့ ကျွန်မကိုကျွန်မ ပြင်ဆင်ဖို့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို နာရီပေါင်းများစွာဖတ်ခဲ့ပါတယ်။ ဒါပေမဲ့ တွေ့ဆုံပွဲအချိန်ရောက်လာရင် ကျွန်မစိတ်ပူနေမိတုန်းပါပဲ။ အစောပိုင်းမှာ တွေ့ဆုံပွဲတစ်ခုသွားရင် ကျွန်မအရမ်းစိုးရိမ်ပြီးတော့ မျက်နှာကြောအားလုံးကလည်း တင်းမာနေတယ်။ ညီအစ်ကိုမောင်နှမတွေ သတိမထားမိစေချင်ခဲ့အောင်လို့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ကွန်ပြူတာမှာ အေးဆေးဖတ်နေတဲ့ပုံ ဟန်ဆောင်ခဲ့တယ်။ ဒါပေမဲ့ စိတ်နှလုံးထဲမှာတော့ ကျွန်မစိတ်တည်ငြိမ်အောင် ကူညီဖို့ ဘုရားသခင်ကို ကတိုက်ကရိုက် ဆုတောင်းပြီးတောင်းပန်နေခဲ့တယ်။ ညီအစ်ကိုမောင်နှမ အနည်းငယ်ကို သူတို့ရဲ့အခြေအနေနဲ့ အခက်အခဲတွေအကြောင်း ကျွန်မ မေးခဲ့တယ်။ မိတ်သဟာယပြုပြီးတဲ့နောက် လူတိုင်းမှာ မတူတဲ့ပြဿနာတွေရှိကြပြီး ဘုရားသခင်နှုတ်ကပတ်တော်တွေရဲ့ မတူတဲ့စာပိုဒ်တွေနဲ့ မိတ်သဟာယပြုဖို့လိုအပ်တာကို ကျွန်မသဘောပေါက်သွားပါတယ်။ ကျွန်မတကယ်စိတ်ရှုပ်ထွေးသွားတယ်။ တကယ်လို့ လက်တွေ့အသုံးချနိုင်ပြီးတော့ အားလုံးရဲ့အခြေအနေတွေကို ကူညီပေးနိုင်မယ့် စာပိုဒ်တွေကို ကျွန်မရှာနိုင်ရင် အားလုံးပျော်ပြီးတော့ ကျွန်မလည်း နာမည်ရမယ်ပေါ့။ ဒါပေမဲ့ ဘာမှမရှာနိုင်ရင်တော့ တွေ့ဆုံပွဲက တော်တော်လေး ခြောက်ကပ်ကပ်ကြီးဖြစ်နေမှာပေါ့။ ဘယ်လောက်နေရထိုင်ရခက်လိုက်မလဲ။ ကျွန်မပိုပြီးစိုးရိမ်လေလေ ပိုပြီးရှင်းရှင်းမတွေးနိုင်လေပါပဲ။ အချိန်တွေ အများကြီး ကုန်သွားတယ်။ ဘုရားသခင်နှုတ်ကပတ်တွေထဲက သင့်တော်တဲ့စာပိုဒ်ကို ကျွန်မရှာမတွေ့သေးပါဘူး။ တကယ်တော့ တွေ့ဆုံပွဲမှာ ညီအစ်ကိုမောင်နှမတွေကို ပွင့်ပွင့်လင်းလင်းပြောပြပြီးတော့ စာပိုဒ်ကောင်းကောင်းလေးတွေ အတူတူရှာချင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မက အဖွဲ့ခေါင်းဆောင်ဖြစ်ပြီးတော့ သင့်တော်တဲ့စာပိုဒ်ကို မရှာနိုင်ရင် အရမ်းမိုက်မဲရာကျသွားမှာလည်း စိတ်ပူမိတယ်။ အဲဒီဖြစ်လာရင် ကျွန်မ ပွင့်လင်းနိုင်တော့မှာ မဟုတ်သလို၊ နောက်ဆုံးတော့ ဘာမှမတတ်နိုင်တော့ဘဲ ညီအစ်ကိုမောင်နှမတွေရဲ့အခြေအနေနဲ့ တကယ်မသက်ဆိုင်တဲ့ ဘုရားသခင်နှုတ်ကပတ်တော်တွေရဲ့ စာပိုဒ်တချို့ကို ကြုံရာကျပန်း ရွေးလိုက်ရတော့တယ်။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတော့ ဘယ်သူမှပြောဆိုဆွေးနွေးတာမရှိသလို ကျွန်မလည်း နည်းနည်းမှ အလင်းမရခဲ့ဘူး။ နောက်ဆုံးမှာတော့ အယူဝါဒဆိုင်ရာ အသိပညာကို အခြေခံအပေါ် အခြေခံပြီး အတင်းအကြပ် မိတ်သဟာယပြုလိုက်ရတယ်။ ဒါပေမဲ့ အခြေအနေကြီးက အရမ်းကို ကသိကအောက်ဖြစ်ခဲ့တယ်။ တွေ့ဆုံပွဲကမအောင်မြင်ခဲ့ဘဲနဲ့ အဲဒီလိုပဲပြီးသွားခဲ့တယ်။ ကျွန်မတွေ့ဆုံပွဲကပြန်လာပြီးတော့ လုပ်ဖော်ကိုင်ဘက်ညီအစ်မတစ်ယောက်က တခြားအဖွဲ့တွေ့ဆုံပွဲတစ်ခုက သူသိခဲ့တာတွေကို တက်တက်ကြွကြွပြောနေတာကိုကြားရတယ်။ ဒါပေမဲ့ ကျွန်မက မကျေမနပ်နဲ့ အရမ်းစိတ်ဆင်းရဲပြီး အသက်တောင်မရှူနိုင်ဘူး။ အဲဒါကိုပိုပြီးစဉ်းစားမိလေလေ ကျွန်မကတာဝန်ကနေ ထုတ်ပယ်ခံရတာမဟုတ်ဘဲ ထွက်ချင်နေတဲ့ပုံ ပေါ်လေလေပဲ ဖြစ်ပါတယ်။ အရမ်းစိတ်သောကရောက်ရပြီးတော့ ဘုရားသခင်ကို အကြိမ်ကြိမ်ဆုတောင်းခဲ့ပါတယ်။ “ချစ်ရတဲ့ ဘုရားသခင်၊ ကျွန်မ အရမ်းစိတ်ဆင်းရဲနေရပါတယ်။ ကျွန်မက အမြဲတမ်း အဆင့်အတန်းနဲ့ ဂုဏ်ကို စွဲလမ်းခဲ့ပါတယ်။ ဒီတာဝန်ကိုကျေပွန်အောင် ဘယ်လိုထမ်းဆောင်သင့်ရမလဲ မသိသလို ပိုပြီးကြိုးစားအားထုတ်ချင်စိတ်ရောရှိရဲ့လားလည်း မသိပါဘူး။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပိုနားလည်ပြီး ဒီအပျက်သဘောဆောင်တဲ့ အခြေအနေကနေ ကိုယ့်ကိုယ်ကိုယ် ကယ်နိုင်ဖို့ လမ်းညွှန်ပေးဖို့ဆုတောင်းပါတယ်” လို့ပေါ့။

ကျွန်မလိုက်ရှာကြည့်တော့ အန္တီခရစ်တွေရဲ့ အတွေးအခေါ်နဲ့ သဘာဝတွေကို ထုတ်ဖော်ပြထားတဲ့ ဘုရားသခင်နှုတ်ကပတ်တော်တွေရဲ့စာပိုဒ်တစ်ပိုဒ်ကိုတွေ့ပြီးတော့ တော်တော်လေး တို့ထိခံခဲ့ရတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ဘာပြောလဲဆိုတော့ “အန္တိခရစ်များအတွက် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့သည် ၎င်းတို့၏ အသက် ဖြစ်သည်။ ၎င်းတို့ မည်သို့အသက်ရှင်နေထိုင်ပါစေ၊ ၎င်းတို့သည် မည်သည့်ပတ်ဝန်းကျင်တွင် အသက်ရှင်နေထိုင်ပါစေ၊ မည်သည့်အလုပ်ကို ၎င်းတို့လုပ်ပါစေ၊ မည်သည့်အရာကို စွမ်းဆောင်ရရှိဖို့ ၎င်းတို့ကြိုးစားအားထုတ်ပါစေ၊ ၎င်းတို့၏ ပန်းတိုင်များက မည်သည့်အရာ ဖြစ်ပါစေ၊ ၎င်းတို့အသက်တာ၏ ဦးတည်ချက်က မည်သည့်အရာဖြစ်ပါစေ အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့သည် ၎င်းတို့လိုက်စားသည့် ရည်ရွယ်ချက်ဖြစ်သည်၊ ၎င်းတို့၏ စိတ်နှလုံးများ၌ မစွန့်လွှတ်နိုင်သည့် ၎င်းတို့လိုက်စားသော ပန်းတိုင်လည်း ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ စစ်မှန်သော သဘောသဘာဝနှင့် အနှစ်သာရတို့ ဖြစ်သည်။ ၎င်းတို့ကို တောင်များ၏အတွင်းပိုင်း အလွန်ရှေးကျသော တောထဲ၌ သွားထားလျှင်ပင် ၎င်းတို့သည် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို စွန့်လွှတ်လိမ့်မည် မဟုတ်ပေ။ ၎င်းတို့ကို သာမန်လူတစ်အုပ်ကြားတွင် ထည့်ထားလျှင် ၎င်းတို့တွေးသမျှသည် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့သာ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့က ယုံကြည်မှုကို ရရှိသည့်အခါ ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို ဘုရားသခင်အား ယုံကြည်ခြင်းအရာကို လိုက်စားခြင်းနှင့် သဘောညီမျှသည်ဟု ၎င်းတို့က မြင်ကြသည်။ ဘုရားသခင်အား ယုံကြည်ခြင်း လမ်းကြောင်းကို ၎င်းတို့လျှောက်စဉ်တွင် ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကိုလည်း လိုက်စားသည်ဟု ဆိုလိုသည်။ ၎င်းတို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းတို့သည် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို လိုက်စားခြင်းဖြစ်ကြောင်း ၎င်းတို့က ယုံကြည်ကြသည်ဟု ဆိုနိုင်သည်။ အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို လိုက်စားခြင်းက သမ္မာတရားကို လိုက်စားခြင်းလည်းဖြစ်ပြီး အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို ရရှိခြင်းက သမ္မာတရားနှင့် အသက်ကို ရရှိခြင်းဖြစ်သည်ဟု ယုံကြည်ကြကြောင်း ဆိုနိုင်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းပေါ်တွင် ၎င်းတို့က ကုံလုံသော အဆင့်အတန်းကို မရရှိသေးဟု ခံစားရပါက— ၎င်းတို့သည် အခြားသူများကြားတွင် ချီးမြှောက်ခြင်း မခံရပါဘဲ ၎င်းတို့၌ စစ်မှန်သော အာဏာမရှိပါက— ၎င်းတို့သည် များစွာ စိတ်ဓာတ်ကျပြီး ဘုရားသခင်ကို ယုံကြည်ခြင်း၌ မည်သည့်အရေးပါမှု၊ သို့မဟုတ် မည်သည့်တန်ဖိုးမျှ မရှိဟု ယုံကြည်ကြသည်။ ‘ငါယုံကြည်သည့် လမ်းခရီးကို ဘုရားသခင်က မနှစ်သက်သလော။ ငါသည် အသက်ကို မရရှိသေးသလော။’ ၎င်းတို့၏ စိတ်များထဲတွင် ၎င်းတို့က ဤအရာများနှင့် ပတ်သက်၍ မကြာခဏ တွက်ချက်နေကြသည်။ ၎င်းတို့က ဘုရားအိမ်တော်၌ဖြစ်စေ၊ ၎င်းတို့ရှိသည့် ပတ်ဝန်းကျင်၌ဖြစ်စေ ရာထူးတစ်ခုကို မည်သို့ရရှိနိုင်ပုံ၊ မြင့်မားသော ဂုဏ်သတင်းနှင့် ဩဇာအာဏာအဆင့်တစ်ခုကို ၎င်းတို့ မည်သို့ရရှိနိုင်ပုံ၊ ၎င်းတို့ကို လူများက နားထောင်အောင် မည်သို့လုပ်နိုင်ပြီး ၎င်းတို့ စကားပြောသည့်အခါတွင် ၎င်းတို့ကို မြှောက်ပင့်အောင် မည်သို့လုပ်နိုင်ပုံ၊ ၎င်းတို့ပြောသည့်အတိုင်း ထိုလူများကို မည်သို့လုပ်ခိုင်းနိုင်ပုံ၊ အုပ်စုတစ်စုထဲတွင် အမှုကိစ္စများနှင့်ပတ်သက်၍ ၎င်းတို့က မည်သို့ တစ်ဖက်သတ်ပြောနိုင်ပြီး ၎င်းတို့၏ တည်ရှိမှုကို အခြားသူများက ဂရုမူလေးစားအောင် မည်သို့လုပ်ဆောင်နိုင်ပုံတို့ကို စီစဉ်နေကြသည်။ ဤသည်မှာ ၎င်းတို့၏စိတ်များထဲတွင် ၎င်းတို့ မကြာခဏ တွေးတောသည့် အရာဖြစ်သည်။ ဤသည်မှာ ထိုကဲ့သို့သော လူများ စွမ်းဆောင်ရရှိဖို့ ကြိုးစားအားထုတ်သည့် အရာဖြစ်သည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၂)”) ဒါကို ကျွန်မရဲ့အပြုအမူ၊ အခြေအနေတွေနဲ့ ယှဉ်ကြည့်ခဲ့ပြီးတော့ ကျွန်မက ဘယ်လောက်တောင် ဂုဏ်နဲ့အဆင့်အတန်းကို စွဲလမ်းနေလဲဆိုတာကို တွေ့ခဲ့ရတယ်။ ကျွန်မက ကိုယ့်ကိုယ်အတွက် အမြဲတမ်းနာမည်ရချင်ပြီးတော့ အသိအမှတ်ပြုတာခံချင်ခဲ့တယ်။ ကျွန်မတာဝန်ကို ထမ်းဆောင်ရာမှာ၊ ချစ်ခင်လေးစားမှုရဖို့နဲ့ ကိုယ့်ပုံရိပ်ကိုတည်ဆောက်ဖို့ပဲ စိတ်ဝင်စားခဲ့တယ်။ ကျွန်မ စိတ်နှလုံးထဲမှာ ဘုရားသခင်အတွက် နေရာမရှိခဲ့ပါဘူး။ အန္တီခရစ်တစ်ယောက်ရဲ့ စိတ်သဘောထား ကျွန်မမှာရှိနေခဲ့တာကို ကိုယ့်ဘာသာ ပြခဲ့ပြီးပြီ။ အဖွဲ့ခေါင်းဆောင်အဖြစ် ရာထူးတိုးကတည်းက ကိုယ့်ကိုယ်ကိုယ် အဆင့်အတန်းရှိတဲ့သူတစ်ယောက်လို့ စပြီး ထင်လာတယ်— ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဖျာလိုလိပ် ထိပ်ပေါ်တင်ခဲ့ပြီး လက်တွေ့ပြဿနာတွေကို မဖြေရှင်းနိုင်သလိုညီအစ်ကိုမောင်နှမတွေရဲ့လေးစားမှုကိုဆုံးရှုံးရင် ကျွန်မရဲ့ရာထူးရော ရထားတဲ့အဆင့်အတန်းနဲ့ ပုံရိပ်တစ်ခုကိုဆုံးရှုံးသွားမှာကို အရမ်းကြောက်ခဲ့တယ်။ ညီအစ်ကို မောင်နှမတွေရဲ့ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရတဲ့အခါ ဘုရားသခင်နှုတ်ကပတ်တော်တွေထဲက ဘယ်စာပိုဒ်တွေကိုသုံးပြီးတော့ ဖြေရှင်းရမှန်းမသိခဲ့ဘူး။ ပြီးတော့ ပွင့်လင်းပြီး ရိုးသားဖို့၊ အတူတူရှာဖွေပြီး မိတ်သဟာယပြုဖို့ လိုလားမနေခဲ့ဘူး။ ကျွန်မရဲ့အဆင့်အတန်းကို ကာကွယ်ဖို့အတွက် အဆင်ပြေသလိုဟန်ဆောင်ပြီး ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်နေခဲ့တယ်။ ကိုးရိုးကားရား သိပ်မဖြစ်အောင်လို့ အယူဝါဒဆိုင်ရာ အသိပညာတွေအပေါ်အခြေခံပြီး အတင်းအကြပ် မိတ်သဟာယပြုပြောဆိုဆွေးနွေးခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ပြဿနာတွေကို တကယ်ဖြေရှင်းဖို့ မစဉ်းစားခဲ့ဘူး။ အဲဒီတော့ တွေ့ဆုံပွဲတွေအကုန်လုံးက ဘာမှမထိရောက်ဘူးပေါ့။ အဲဒီပြဿနာတွေပေါ်လာတဲ့အချိန်မှာ ကျွန်မကိုယ်ကျွန်မ ပြန်မသုံးသပ်ခဲ့ဘဲ၊ အပျက်သဘောတောင်ဆောင်လာပြီးတော့ မျက်နှာမရတဲ့အခါ နှုတ်ထွက်ချင်လာတယ်။ ကျွန်မမှာ လူ့သဘာဝ တော်တော်ကို ရှိမနေခဲ့တာပါ။ အဲဒါတွေ အကုန်လုံးကို သဘောပေါက်သွားတော့ ကျွန်မအရမ်းနောင်တရမိတယ်။ အဲဒါကြောင့် ဘုရားသခင်ကို ဆုတောင်းပြီးတော့ နောင်တရပြီး ပြောင်းလဲချင်ခဲ့တယ်။

ဘုရားသခင်နှုတ်ကပတ်တော်တွေထဲက စာပိုဒ်တစ်ပိုဒ်ကိုလည်း တွေခဲ့ပါတယ်။ “အချုပ်အားဖြင့် သင်ကြိုးပမ်းနေသော ဦးတည်ချက်၊ သို့မဟုတ် သင်ကြိုးပမ်းနေသော ရည်မှန်းချက်ပန်းတိုင်ကို ပဓာနမထားဘဲ၊ ရာထူး အဆင့်အတန်းကို စွန့်လွှတ်ခြင်းနှင့်ပတ်သက်၍ သင့်ကိုယ်သင် မည်မျှ မရမနေခိုင်းတတ်သည်ကို ပဓာနမထားဘဲ၊ ရာထူးအဆင့်အတန်းက သင့်စိတ်နှလုံးထဲ၌ နေရာတစ်နေရာရာ ရရှိလျက် သင့်အသက်တာနှင့် သင်ကြိုးပမ်းသော ရည်မှန်းချက်ပန်းတိုင်များကို ထိန်းချုပ်ကာ လွှမ်းမိုးနိုင်သရွေ့ သင့်စိတ်သဘောထားထဲက အပြောင်းအလဲများကို ကြီးမားစွာ ထိခိုက်လိမ့်မည်ဖြစ်ကာ၊ သင့်အပေါ် ဘုရားသခင်၏ အဆုံးစွန်သော အဓိပ္ပာယ်သတ်မှတ်ချက်မှာ ခြားနားသော အကြောင်းအရာအဖြစ် ပြောင်းလဲသွားလိမ့်မည်ဖြစ်သည်။ ထို့ထက်ပို၍ ရာထူးအဆင့်အတန်းကို ထိုသို့လိုက်စားခြင်းက ဘုရားသခင်၏ လက်ခံနိုင်ဖွယ် ဖန်ဆင်းခံတစ်ဦးဖြစ်မည့် သင့်အစွမ်းအစကို ထိခိုက်ပြီး လက်ခံနိုင်ဖွယ် စံနှုန်းအထိ သင်၏တာဝန်ကို ထမ်းဆောင်မည့် သင့်အစွမ်းအစကို ထိခိုက်သည်မှာ အမှန်ပင်ဖြစ်သည်။ ငါသည် အဘယ်ကြောင့် ဤအရာကို ပြောသနည်း။ လူတို့က ရာထူးအဆင့်အတန်းကို လိုက်စားသောအခါထက်ပို၍ ဘုရားသခင်အတွက် ရွံရှာဖွယ်ကောင်းသောအရာ မရှိပေ၊ အဘယ်ကြောင့်ဆိုသော် ရာထူး အဆင့်အတန်းကို လိုက်စားခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်သောကြောင့် ဖြစ်သည်။ ယင်းမှာ စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းမှ ပေါက်ဖွားလာပြီး ဘုရားသခင်၏အမြင်၌ မရှိသင့်ချေ။ ဘုရားသခင်သည် ယင်းကို လူသားအား ပေးသင့်သည်ဟု မစီမံခဲ့ပေ။ အကယ်၍ သင်သည် ရာထူးအဆင့်အတန်းအတွက် ယှဉ်ပြိုင်တိုက်ခိုက်နေလျှင်၊ ယင်းကို အမြဲတစေ မြတ်နိုးနေလျှင်၊ ယင်းကို မိမိကိုယ်ကိုယ်အတွက် အမြဲတမ်း အရယူလိုလျှင် ဤအရာက ဘုရားသခင်အား ဆန့်ကျင်သော သဘာဝအနည်းငယ်ကို ပြသသည် မဟုတ်လော။ ဘုရားသခင်က ရာထူးအဆင့်အတန်းကို လူတို့အတွက် မစီမံခဲ့ချေ။ ဘုရားသခင်သည် လူတို့အား သမ္မာတရား၊ လမ်းခရီးနှင့် အသက်ကို ပေးအပ်ပြီး— ၎င်းတို့အား ရာထူးအဆင့်အတန်းနှင့် သြဇာတိက္ကမရှိပြီး လူထောင်ပေါင်းတို့၏ ကြည်ညိုခံရသောသူတစ်ဦး မဟုတ်ဘဲ— နောက်ဆုံးတွင် ဘုရားသခင်၏ လက်ခံနိုင်ဖွယ် ဖန်ဆင်းခံတစ်ဦး၊ ဘုရားသခင်၏ သေးငယ်ပြီး အရေးမပါသော ဖန်ဆင်းခံတစ်ဦး ဖြစ်လာစေသည်။ ထို့အတွက်ကြောင့် ယင်းကို မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ ရာထူးအဆင့်အတန်းကို လိုက်စားခြင်းက တစ်ဖက်ပိတ်လမ်းဖြစ်သည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၃)”) အစကတော့၊ ဘုရားသခင်နှုတ်ကပတ်တော်တွေရဲ့ ပြင်းထန်မှုကြောင့် ကျွန်မနည်းနည်းတော့ ကြောက်မိတယ်။ လူတွေက အဆင့်အတန်းနောက်ကိုလိုက်တာလောက် ဘုရားသခင် ရွံရှာစက်ဆုပ်တာမရှိမှန်း ကျွန်မသဘောပေါက်ခဲ့တယ်။ နောင်တမရခဲ့ရင်၊ နောက်ဆုံးမှာတော့ ပုဂ္ဂိုလ်ရေးထိခိုက်ပျက်စီးမှုတွေနဲ့ပဲကြုံတွေ့ရမှာပါ။ ကျွန်မဘုရားသခင်ကို နှစ်တွေအများကြီး ယုံကြည်ခဲ့ပြီးပြီ။ ဘုရားသခင်ကျေးဇူးတော်နဲ့ သူ့နှုတ်ကပတ်တော်တွေရဲ့ထောက်ပံ့မှုကို အများကြီးမွေ့လျော်ခဲ့ပြီးပြီ။ အခုသူက အဖွဲ့ခေါင်းဆောင်အဖြစ်လေ့ကျင့်ဖို့ အခွင့်အရေးကိုလည်း ကျွန်မကို ပေးခဲ့ပြီးပြီ။ ကျွန်မက သမ္မာတရားကို နားလည်ပြီး အသက်ဝင်ရောက်မှု ရနိုင်ဖို့ ကျွန်မရဲ့ဝန်ထုပ်တွေကို တိုးမြှင့်လိုက်ပြီးတော့ တာဝန်တွေကျေပွန်အောင်ထမ်းဆောင်ရင်း သမ္မာတရားနဲ့ အခြေခံသဘောတရားတွေကို ဘယ်လိုလိုက်စားရမလဲဆိုတာကို လေ့လာဖို့ ခွင့်ပြုခဲ့တယ်။ ဒါပေမဲ့ ကျွန်မကတော့ ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ဖို့ သမ္မာတရားကို ဘယ်လိုရှာဖွေရမလဲဆိုတာ ဘယ်တော့မှမစဉ်းစားခဲ့ဘူး။ ကျွန်မရဲ့ဂုဏ်၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းကိုပဲ အမြဲစဉ်းစားခဲ့တယ်။ ကျွန်မမှာ အသိစိတ်နဲ့ အသိတရား လုံးဝမရှိခဲ့ပါဘူး။ နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးနေတဲ့ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်ဟာ လူ့ဇာတိခံပြီးတော့ ဒီလောကကို ကြွရောက်လာတယ်၊ ကြီးစွာသော အရှက်ကွဲခြင်းကို ခံစားခဲ့တယ်။ ဘုရားသခင်က ကြီးမြတ်သာလွန်တယ်။ ဒါပေမဲ့ ဘယ်တော့မှ တန်ခိုးအာဏာကြီးထွားအောင်မလုပ်ဘူး။ သမ္မာတရားကိုဖော်ပြပြီး ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးနေတဲ့စိတ်သဘောထားတွေကို သန့်စင်စေပြီး တရားစီရင်ခြင်းကို တိုးတိုးတိတ်တိတ် လုပ်ဆောင်တယ်။ အဲဒါမှ ကျွန်မတို့ရဲ့ညစ်ညမ်းမှုတွေကို ဖယ်ရှားပြီးတော့ သူ့ရဲ့ကယ်တင်ခြင်းကို အကျိုးခံစားရမှာပါ။ ဘုရားသခင်ဟာ ဘယ်လောက် ်နှိမ့်ချတတ်ပြီး ချစ်ဖို့ကောင်းလဲဆိုတာကို ကျွန်မတွေ့ခဲ့ရတယ်။ ကျွန်မက ဖောက်ပြန်ပျက်စီးမှုနဲ့ ညစ်ညမ်းမှုတွေပြည့်နေတဲ့ သေးငယ်လှတဲ့ အဖန်ဆင်းခံသက်ရှိလေးတစ်ယောက်ပါပဲ။ ဒါပေမယ့် လူတွေရဲ့လေးစားမှုရဖို့ နဲ့ လူတွေကို ကျွန်မရှေ့ ဆွဲခေါ်ဖို့ ကျွန်မရဲ့ပုံရိပ်ကိုတည်ဆောက်ဖို့ပဲ အမြဲတမ်းကြိုးစားနေခဲ့တယ်။ သည်းမခံနိုင်လောက်အောင် မာန်မာနကြီးပြီးတော့ အရှက်ကင်းမဲ့ခဲ့တယ်။ ရှင်ပေါလုအကြောင်းလည်း ကျွန်မ စဉ်းစားမိတယ်။ သူကတရားဟောရတာကို ကြိုက်ပြီးတော့ သူများတွေရဲ့ လေးစားချစ်ခင်မှုကိုရဖို့ လုပ်လေ့ရှိတယ်။ သူယုံကြည်တဲ့ နှစ်ကာလတွေအများကြီးမှာ ဘယ်တုန်းကမှ သူ့ရဲ့စိတ်သဘောထားကိုပြောင်းလဲဖို့ မကြိုးစားခဲ့အားမထုတ်ဘူး။ အမြဲတမ်း အဆင့်အတန်း၊ ဆုလာဘ်တွေနဲ့ သရဖူအတွက်ပဲ ကြိုးစားတယ်။ နောက်ဆုံးမှာတော့ သူက ဘုရားသခင်ဖြစ်တယ်လို့တောင် အခိုင်အမာပြောပြီးတော့ လူတွေရဲ့ စိတ်နှလုံးထဲက ဘုရားသခင်ရဲ့နေရာကိုပါ ယူဖို့ မောက်မောက်မာမာကြိုးပမ်းခဲ့တယ်။ ရှင်ပေါလုဟာ ဘုရားသခင်ကို ခုခံတဲ့ အန္တီခရစွေရဲ့လမ်းကြောင်းကို လျှောက်နေခဲ့ပြီး၊ နောက်ဆုံးကျတော့ ဘုရားသခင်ရဲ့စိတ်သဘောထားကို ပုန်ကန်ပစ်မှားမိခဲ့သလို၊ ထာဝရ ပျက်စီးခြင်းကို ခံစားဖို့ ငရဲထဲကို ဘုရားရဲ့ စွန့်ပစ်တာ ခံခဲ့ရတယ်။ ကျွန်မလည်း မပြောင်းလဲရင်၊ ရှင်ပေါလုလိုမျိုးကံကြမ္မာကို ခံစားရမှာပါ။ ဲ ဒီအကျိုးဆက်တွေကို သိသွားတာနဲ့ ဘုရားသခင်ရှေ့ကို ပစ်ဝင်လိုက်ပြီး၊ သူ့ဆီ နောင်တရခဲ့တယ်၊ လက်တွေ့လုပ်ဆောင်ရမယ့် လမ်းကြောင်းအမှန်ကို ပြသပေးဖို့တောင်းဆိုခဲ့တယ်။

နောက်ကျတော့ ဘုရားသခင်နှုတ်ကပတ်တော်တွေကို ဖတ်ပြထားတဲ့ဗီဒီယိုတစ်ခုကို ကြည့်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ရာထူးအဆင့်အတန်းနှင့် သြဇာတိက္ကမကို စွန့်လွှတ်ခြင်းသည် ခက်ခဲ၏။ လူတို့သည် သမ္မာတရားကို လိုက်စားရမည်။ တစ်စိတ်တစ်ပိုင်းအားဖြင့်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် သိရမည်ဖြစ်ပြီး မိမိတို့ကိုယ်ကိုယ် ဖော်ထုတ်ပြရာ၌ လိုလားတက်ကြွရမည် ဖြစ်သည်။ တစ်စိတ်တစ်ဒေသအားဖြင့် ၎င်းတို့ သမ္မာတရားမရှိကြောင်းနှင့် လွန်စွာချို့တဲ့ကြောင်း သိမှတ်ရမည်။ အကယ်၍ သင်သည် အရာရာတိုင်း၌ တော်သည်၊ ပြည်စုံသည်ဟု လူတို့ကိုထင်မှတ်စေရန် ကြိုးစားပါက ဤသည်မှာ အန္တရာယ်များ၏— သင်သည် ကျော်စောမှုနှင့် သြဇာတိက္ကမအတွက် ကြိုးပမ်းမည့်အလားအလာ လွန်စွာရှိသည်။ သင်သည် ချို့ယွင်းချက်ရှိကြောင်း၊ သင်၌ အားနည်းချက်များနှင့် အနာအဆာများ၊ သင်မလုပ်နိုင်သော အရာများ၊ သင်ဉာဏ်မမီနိုင်သော အရာများရှိကြောင်း လူတို့ကို ပြသရမည်။ သင်သည် သာမန်ရိုးရိုး လူတစ်ဦးသာဖြစ်သည်၊ သင်သည် မဟာလူသား သို့မဟုတ် အရာရာကိုတတ်စွမ်းသောသူ မဟုတ်ပေ။ သင်သည် ဤအချက်ကို သိမှတ်ပြီး၊ ယင်းကို အခြားသူတို့အားလည်း သိစေသောအခါ ဤအရာက ပထမဆုံးပြုလုပ်သောအရာမှာ သင်၏ ယှဉ်ပြိုင်လိုသော အပြုအမူကို ချုပ်ထိန်းခြင်းဖြစ်သည်။ ယင်းက သင်၏ ယှဉ်ပြိုင်လိုသော စိတ်နေစိတ်ထားနှင့် ယှဉ်ပြိုင်လိုသော လိုအင်ဆန္ဒကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ခွင့်ပေးသည်။ အခြားလူတို့က သင့်ကို အထင်သေးသောအခါ သို့မဟုတ် သရော်သောအခါ နှစ်လိုဖွယ်မကောင်းရုံမျှကြောင့် သူတို့ပြောသည့်အရာကို မငြင်းနှင့်၊ သို့တည်းမဟုတ် သင်၌ ဘာမျှအမှားအယွင်းမရှိ၊ ပြည့်စုံသည်ဟု ကိုယ့်ကိုယ်ကိုယ်လည်း မပြောနှင့်— ဤသည်မှာ ထိုသို့သောစကားများအပေါ် သင်၏သဘောထား မဖြစ်သင့်ချေ။ သင်၏သဘောထားက မည်သည့်အရာ ဖြစ်သင့်သနည်း။ သင်သည်၊ ‘ကျွန်ုပ်၌ ကျွန်ုပ်၏အမှားများ ရှိသည်၊ ကျွန်ုပ်နှင့်သက်ဆိုင်သမျှ အရာတိုင်းက ချို့ယွင်းချက်ရှိပြီး ကျွန်ုပ်သည် သာမန်လူတစ်ဦးသာ ဖြစ်သည်။ ကျွန်ုပ်နှင့်သက်ဆိုင်၍ သူတို့၏ အထင်သေးခြင်းနှင့် သရော်ခြင်း ရှိပါလျက်၊ သူတို့ပြောသည့်အရာ တစ်စိတ်တစ်ပိုင်းက မှန်ကန်နေလျှင် ကျွန်ုပ်သည် ဘုရားသခင်ထံမှ ထိုအရာကို လက်ခံရမည်ဖြစ်သည်’ ဟု မိမိကိုယ်ကိုယ် ပြောသင့်သည်။ အကယ်၍ သင်သည် ဤအရာကို စွမ်းဆောင်ရရှိနိုင်လျှင်၊ ယင်းက သင်သည် ရာထူးအဆင့်အတန်း၊ သြဇာတိက္ကမနှင့် သင့်အပေါ် အခြားလူတို့၏ ထင်မြင်ချက်များကို ဂရုမစိုက်သည့် သက်သေဖြစ်သည်။...ယှဉ်ပြိုင်ဖို့ မပြတ် ပြင်းပြသောဆန္ဒရှိသည့်အခါ၊ သင် သတိပြုမိသင့်သည်။ မဖြေရှင်းလျှင်၊ ယှဉ်ပြိုင်ဖို့စိတ်ဆန္ဒက ဆိုးရွားသောအမှုကိစ္စများဆီသာ ဆိုက်ရောက်နိုင်သောကြောင့်၊ သမ္မာတရားကို ရှာဖွေခြင်း၌ အချိန်မဖြုန်းဘဲ၊ သင်၏ယှဉ်ပြိုင်လိုစိတ်အား ချိုးနှိမ်ပစ်ကာ၊ ဤယှဉ်ပြိုင်လိုသော အပြုအမူအား သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် အစားထိုးလော့။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့်အခါ သင်၏ ယှဉ်ပြိုင်လိုခြင်း၊ အထိန်းအကွပ်မဲ့သော ပြင်းပြသည့်ဆန္ဒများနှင့် အလိုဆန္ဒများသည် လုံးလုံးလျားလျား ပျောက်ကွယ်သွားလိမ့်မည် ဖြစ်ပြီး ဘုရားသခင့်အိမ်တော်၏ လုပ်ငန်းကို အနှောင့်အယှက်ပေးတော့မည် မဟုတ်ချေ။ ဤသို့အားဖြင့် သင်၏လုပ်ဆောင်ချက်များမှာ ဘုရားသခင်၏ အောက်မေ့ခြင်းနှင့် ချီးမွမ်းခြင်းကိုခံရသည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၃)”) ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကိုဖတ်ရာကနေ၊ ကျွန်မဟာ စာတန်ရဲ့ဖျက်ဆီးခြင်းကိုခံရတဲ့ ဖန်ဆင်းခံတစ်ယောက်ပါပဲဆိုတာကို သဘောပေါက်သွားတယ်။ အဲဒီတော့ ကျွန်မမှာ အားနည်းချက်တွေနဲ့ လိုအပ်ချက်တွေရှိတာ ပုံမှန်ပါပဲ။ ကျွန်မက အတော်ဆုံးအစေခံသူဖြစ်ပြီးတော့ သာလွန်တဲ့ အစွမ်းအစနဲ့ ဝိညာဉ်ရင့်ကျက်မှုလည်းအရမ်းကောင်းရမယ်၊ ဒါမှမဟုတ် အများကို လွှမ်းမိုးနိုင်ပြီး ပြီးပြည့်စုံတဲ့သူတစ်ယောက်ဖြစ်လာရမယ်လို့လည်း ဘုရားသခင်က ဘယ်တုန်းကမှမတောင်းဆိုခဲ့ပါဘူး။ သမ္မာတရားကို လက်တွေ့ကျကျလိုက်စားပြီးတော့ ဘုရားသခင်ကိုကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်တဲ့လမ်းကြောင်းကိုလျှောက်ဖို့ ဘုရားသခင်က ကျွန်မကို သန့်စင်ပြီးရိုးသားတဲ့နှလုံးသားတစ်ခုရှိစေချင်ရုံပါ။ ဘုရားသခင်ရဲ့အိမ်တော်မှာ ခေါင်းဆောင်တွေနဲ့ အဖွဲ့ခေါင်းဆောင်တွေကို အမှုတော်အတွက် လိုအပ်လို့သာ ဖန်ဆင်းထားတာ ဖြစ်တယ်။ ဒါပေမဲ့ ကျွန်မတို့အားလုံးက တာဝန်တွေထမ်းဆောင်နေကြတဲ့ ဖန်ဆင်းခံတွေချည်းပဲဖြစ်ပြီး၊ ကျွန်မတို့နဲ့ ညီအစ်ကိုမောင်နှမတွေကြားမှာ အဆင့်အတန်းချင်းကွာခြားတာမျိုး တကယ်မရှိပါဘူး။ ကျွန်မတို့ရဲ့အစွမ်းအစနဲ့ ဝိညာဉ်ရင့်ကျက်မှုအပေါ်မူတည်ပြီး ဘုရားသခင်က မတူညီတဲ့ တာဝန်တွေပေးအပ်ပါတယ်။ အဖွဲ့ခေါင်းဆောင်ဖြစ်တာနဲ့ပဲ ကျွန်မက သမ္မာတရား စစ်မှန်မှု ရှိတဲ့သဘော မဟုတ်ပါဘူး။ ဒါပေမဲ့ ပြဿနာတိုင်းကို အတွင်းထဲအထိသေချာလေ့လာပြီး ဖြေရှင်းနိုင်ဖို့ အမြဲတမ်းကြိုးစားခဲ့တယ်။ အဲဒါက တကယ်ကို လက်တွေ့မကျဘဲနဲ့ ကျွန်မရဲ့မာနထောင်လွှားမှုနဲ့ ကိုယ့်ကိုယ်ကိုယ်နားမလည်မှုတွေရဲ့ ရလဒ်ပါပဲ။ ကျွန်မအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ညီအစ်ကိုမောင်နှမတွေနဲ့ တစ်တန်းတည်း ထားပြီးတော့ အချင်းချင်းဆီကနေ လေ့လာသင့်သလို၊ ပြီးတော့ တာဝန်ထမ်းဆောင်တဲ့အချိန်မှာ ကြုံတွေ့ရတဲ့ ဘယ်ပြဿနာကိုမဆို ဖြေရှင်းနိုင်ဖို့ သမ္မာတရားကို အတူတူ ရှာ‌ဖွေသင့်တယ်။ တစ်ခုခုကိုနားမလည်ရင် နားလည်ချင်ယောင်ဆောင်မနေသင့်ဘူး။ ကျွန်မရဲ့လိုအပ်ချက်တွေကို ပွင့်ပွင့်လင်းလင်း ရဲရဲဝံ့ဝံ့ပြောပြီးတော့ ညီအစ်ကိုမောင်နှမတွေနဲ့အတူတူ ရှာဖွေသင့်တယ်။ အဲဒါမှပဲ ကျွန်မရဲ့တာဝန်တွေကို ပိုလို့တောင် ကောင်းကောင်း ထမ်းဆောင်နိုင်မှာပါ။

နောက်ကျတော့ အပျက်သဘောဆောင်ပြီးနေနေတဲ့ ညီအစ်ကိုမောင်နှမတချို့ရှိလာပြီးတော့ သူတို့နဲ့ တွေ့ဆုံပြီး မိတ်သဟာယပြုဖို့ လိုခဲ့တယ်။ အစပိုင်းမှာတော့ နည်းနည်းစိုးရိမ်မိတယ်။ ကျွန်မ ကောင်းကောင်း မိတ်သဟာယမပြုနိုင်ရင်၊ သူတို့က ကျွန်မကို ဘာများထင်မလဲဆိုပြီး စိတ်ပူခဲ့တယ်။ အဲဒါကြောင့် ဘုရားသခင်နှုတ်ကပတ်တော်တွေထဲက ဆီလျော်တဲ့ တဲ့စာပိုဒ်တွေကို အိမ်မှာကြိုရှာပြီးပြင်ဆင်ချင်ခဲ့တယ်။ အဲဒီလိုတွေးကြည့်လိုက်တော့ တွေ့ဆုံပွဲတွေမှာ သူတို့ရဲ့ ပြဿနာတွေကို အေးဆေးဖြေရှင်းနိုင်ပြီးတော့ လူတိုင်းရဲ့လေးစားမှုကိုရရှိခဲ့ပါတယ်။ အဲဒီအချိန်မှာ တာဝန်ကိုထမ်းဆောင်ရာမှာ ကျွန်မ ရည်ရွယ်ချက် မှားနေတာကို သတိထားမိလိုက်တယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ ချစ်ခင်လေးစားမှုကိုရရှိဖို့ပဲ သူတို့အားလုံးရဲ့ ပြဿနာတွေကို ကျွန်မ ဖြေရှင်းပေးချင်ခဲ့တာပါ။ အဆင့်အတန်းနဲ့ ဂုဏ်အတွက် ကျွန်မအလုပ်လုပ်နေတုန်းပါပဲ။ အဲဒါကြောင့် ကျွန်မရဲ့ မှားယွင်းနေတဲ့ ရည်ရွယ်ချက်တွေကို ဖီဆန်ဖို့ ကျွန်မကို ကူညီပေးဖို့ ဘုရားသခင်ကိုဆုတောင်းခဲ့ပါတယ်။ ဘုရားသခင်နှုတ်ကပတ်တော်တွေထဲက ဒီလိုပြောထားတဲ့ စာပိုဒ်တစ်ခုကိုတွေ့ခဲ့ပါတယ်။ “သန့်ရှင်းသောဝိညာဥ်တော်အနေဖြင့် လူတစ်ဦးအတွင်း၌ အမှုပြုရန်နှင့် သူ၏အခြေအနေထဲ၌ အပြုသဘောဆောင်သော ပြောင်းလဲမှုကို ဖြစ်ပေါ်စေရန်အတွက် ထိုလူ တဖြည်းဖြည်းပြောင်းလဲနိုင်ဖို့အလို့ငှာ ထိုပုဂ္ဂိုလ်ထံမှ အတိုင်းအတာ ကြီးမားသော အသွင်ပြောင်းလဲခြင်း၊ လက်လွှတ်လိုက်ခြင်း၊ ဆင်းရဲဒုက္ခခံရခြင်းနှင့် စွန့်လွှတ်ခြင်းတို့ လိုအပ်သည်။ သို့သော်လည်း လူတစ်ဦးကို ဖော်ထုတ်ခြင်းမှာမူ အချိန်မဆိုင်းဘဲ ဖြစ်ပျက်တတ်သည်။ အကယ်၍ သင်သည် တာဝန်ကို ကောင်းစွာမထမ်းဆောင်ဘဲ ဂုဏ်သိက္ခာကို အမြဲတမ်းရှာဖွေပြီး ရာထူးနေရာ၊ မျက်နှာပန်း၊ နာမည်ဂုဏ်သတင်းနှင့် သင့်ကိုယ်ပိုင်အကျိုးစီးပွားများအတွက် ပြိုင်ဆိုင်ပါက၊ ထိုသို့သော အခြေအနေမျိုး၌ အသက်ရှင်စဉ်သင်သည် အစေခံလိုသလော။ အစေခံလိုပါက အစေခံနိုင်သော်လည်း သင်၏အစေခံမှု အဆုံးမသတ်ခင် ဖော်ထုတ်ခံရနိုင်ချေ ရှိပေသည်။ သင်ဖော်ထုတ်ခံရလျှင်ခံရချင်း ပြဿနာမှာ သင်၏ အခြေအနေက တိုးတက်နိုင်ခြင်းရှိမရှိ မဟုတ်တော့ချေ။ ထို့ထက် သင်၏ရလဒ်ကို ဆုံးဖြတ်ထားနှင့်ပြီးဖြစ်ဖို့ အလားအလာရှိကာ၊ ယင်းက သင့်အတွက် ပြဿနာဖြစ်လိမ့်မည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ပြန်သုံးသပ်ကြည့်နေတုန်းမှာ၊ ကျွန်မရဲ့ရည်ရွယ်ချက်က တွေ့ဆုံပွဲတွေနဲ့ ပြောဆိုဆွေးနွေးမှုတွေကို အသုံးချပြီး ကိုယ့်ကိုယ့်ကိုယ်မြှင့်တင်ဖို့၊ သူများတွေရဲ့ချစ်ခင်လေးစားမှုကိုရဖို့ဖြစ်ပြီး၊ သူတို့ရဲ့ တာဝန်တွေကို ထမ်းဆောင်နေတုန်း ညီအစ်ကိုမောင်နှမတွေရဲ့ပြဿနာတွေကို ဖြေရှင်းဖို့မဟုတ်ဘူးဆိုရင် ကျွန်မဟာ ဘုရားသခင်နဲ့ဆန့်ကျင်တဲ့လမ်းကို ဆက်လျှောက်နေတုန်းပါပဲ။ တွေ့ဆုံပွဲကိုသွားတက်ရင်တောင်မှပဲ ဘုရားသခင်ရဲ့လမ်းပြမှုကို ရမှာမဟုတ်သလို တွေ့ဆုံပွဲကလည်း ထိရောက်မှာ မဟုတ်ပါဘူး။ ဒါကိုသဘောပေါက်သွားတော့ ကျွန်မ ဘုရားသခင်ကိုဆုတောင်းတယ်၊ ရည်ရွယ်ချက်တွေကို မှန်အောင်ထားပြီးတော့ ကျွန်မရဲ့ လုပ်ဖောက်ကိုင်ဘက် ညီအစ်မတွေနဲ့အတူ ကျွန်မရဲ့ဖောက်ပြန်ပျက်စီးမှုနဲ့ လိုအပ်ချက်တွေအကြောင်းကို ပွင့်ပွင့်လင်းလင်း မိတ်သဟာယပြုခဲ့တယ်။ တွေ့ဆုံပွဲတွေ အတောအတွင်းမှာ ကျွန်မနားလည်တာကိုပဲ မိတ်သဟာယပြုခဲ့ပြီး၊ ညီအစ်ကိုမောင်နှမတွေကလည်း သူတို့နားလည်ထားတာတွေကို ဆွေးနွေးကြပါတယ်။ အားလုံးအတူတူ ကျွန်မတို့လက်တွေ့လုပ်ဆောင်ရမယ့် လမ်းကြောင်းကိုရှာတွေ့ခဲ့ပြီး သူတို့ရဲ့အခြေအနေတွေလည်းတိုးတက်လာပါတယ်။ သန့်ရှင်းသောဝိညာဥ်တော်ရဲ့လမ်းပြမှုနဲ့ လုပ်ဆောင်မှုကို ကျွန်မ ခံစားနိုင်ခဲ့တယ်။ ပြီးတော့ အရမ်းစိတ်အေးလက်အေးဖြစ်ပြီး၊ ်ပေါ့ပါးပြီး လွတ်လပ်သွားတယ်။ ကျွန်မရဲ့ဂုဏ်နဲ့အဆင့်အတန်းစွဲလမ်းမှုကို စွန့်လွှတ်ပြီးတော့ ညီအစ်ကိုမောင်နှမတွေနဲ့အတူတူ ကျွန်မတာဝန်တွေကို ထမ်းဆောင်ခြင်းအားဖြင့် ဘုရားသခင်ရဲ့ကောင်းချီးနဲ့ လမ်းပြ်မှုကို ဘယ်လိုရရှိနိုင်တယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။

အဲဒီအတွေ့အကြုံကနေတစ်ဆင့် ကျွန်မက ဂုဏ်နဲ့အဆင့်အတန်တွေကို အရမ်းစွဲလမ်းနေပြီးတော့ ကျွန်မရဲ့ရင်ထဲမှာ ဘုရားသခင်ရဲ့နေရာက အရမ်းသေးငယ်နေတယ်ဆိုတာကို သိခဲ့ရပါတယ်။ ကျွန်မ စိတ်နှလုံးထဲမှာ ဘုရားသခင်ကို ချစ်ခင်ပြီး နာခံခြင်းမရှိသေးပါဘူး။ ပြီးတော့ လမ်းကြောင်းအမှားကို ဆက်သွားနေမိခဲ့တာပါ။ ဘုရားသခင်ရဲ့လမ်းပြ်မှု၊ တရားစီရင်မှုနဲ့ သူ့နှုတ်ကပတ်တော်တွေရဲ့ ထုတ်ဖော်ပြချက်တွေ ကျေးဇူးကြောင့်သာ နောက်ဆုံးမှာ ကျွန်မကိုယ့်ကိုယ့်ကိုယ် စသိလာပြီး ကျွန်မတာဝန်ထမ်းဆောင်ရာမှာ ကျွန်မရဲ့ရည်ရွက်ချက်နဲ့ သဘောထားတွေလည်း တိုးတက်လာပါတယ်။ ဂုဏ်၊ အဆင့်အတန်း၊ ညီအစ်ကိုမောင်နှမတွေရဲ့ လေးစားမှုနဲ့ ချစ်ခင်မှုတွေရဖို့ လိုက်လုပ်နေတာက ဘာအဓိပ္ပါယ်၊ တန်ဖိုးမှမရှိဘဲ ထိခိုက်နစ်နာမှုပဲ ဖြစ်စေတာကို ကျွန်မအခုရှင်းရှင်းလင်းလင်းသိသွားပါပြီ။ သမ္မာတရားကိုလက်တွေ့လုပ်ဆောင်ခြင်း၊ စိတ်သဘောထားပြောင်းလဲမှုကို ရှာဖွေခြင်းနဲ့ ဘုရားသခင်ကို ကျေနပ်စေဖို့ ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ခြင်းအပေါ် အာရုံစိုက်တာကသာ မှန်ကန်တဲ့ လိုက်စားမှုတွေ ဖြစ်တယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဧဝံဂေလိ မျှဝေခြင်း၏ အသီးအပွင့်

ချူးရှင်း တောင်ကိုရီးယားနိုင်ငံ အရင်တစ်ခါတုန်းက ထရီဆာလို့ ခေါ်တဲ့ ဖီလစ်ပိုင်လူမျိုး ခရစ်ယာန်တစ်ယောက်နဲ့ အွန်လိုင်းမှာ ကျွန်မ တွေ့ခဲ့တယ်။...

လူသစ်တွေကို လေ့ကျင့်ပေးရင်း ကျွန်တော် ထုတ်ဖော်ခံရတယ်

ရှောင်ဇောင် ဂရိနိုင်ငံ နိုင်ငံတော်ဧဝံဂေလိတရား ပျံ့နှံ့လာတာနဲ့အမျှ၊ ဘုရားရဲ့နောက်ဆုံးသောကာလ အမှုတော်ကို စုံစမ်းတဲ့လူတွေက တစ်နေ့တခြား...

အလိမ်အညာစကားလုံးများ၏နောက်ကွယ်တွင် မည်သည့်အရာများ ရှိနေသနည်း

ဟယ်ဇေမြို့၊ ရှန်ဒုန်းနယ်မှ ရှောင်ကျင်း ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်မတို့ကို ရိုးသားပြီး အမှန်အတိုင်း တိတိကျကျ ပြောဖို့ မိန့်တော်မူသည်ကို...

သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်ကို နာခံရန် အလွန်အရေးကြီးပါသည်

ချောင်ဝေ၊ ရှန်ဟိုင်းမြို့ လွန်ခဲ့သောအချိန်ကာလ၌ ကျွန်မနှင့်အတူ တာဝန်များအား လုပ်ဆောင်ခဲ့သော ညီအစ်မ တစ်ယောက်သည် သူမက ဘုရားသခင်၏...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။