သူတပါး၏ ပြဿနာများကို ဖော်ထုတ်ရန် ကျွန်မ ကြောက်ရသည့် အကြောင်းရင်း

28.08.2023

ညီမ ကျောင်းတုန်းက အတန်းဖော်တချို့ အရမ်းပွင့်လင်းတာကို ညီမ သတိထားမိတယ်။ တခြားလူတွေ မှားနေတာကို သူတို့မြင်ရင် မှားတယ်လို့ တဲ့တိုးပြောချလိုက်တာပဲ။ ဒါကြောင့် လူတွေက ခဏခဏ စိတ်ဆိုးပြီး သူတို့ကို ရှောင်ကြတယ်။ ညီမ စဉ်းစားမိတယ်။ “ဒီလူတွေက ထုံလှချည်လား။ လူတွေပြောကြတယ်။ ‘မိတ်ဆွေကောင်းများ၏အပြစ်များအပေါ် နှုတ်ဆိတ်ခြင်းသည် ခင်မင်မှုကို ကြာရှည်ကောင်းမွန်စေ၏’ ‘လူတွေကို မတရားမလုပ်နဲ့’ တဲ့။ မြင်တာကို စိတ်ထဲထား၊ လိုက်မထောက်ပြနဲ့။ ဒီလိုဆိုရင် လူတစ်ယောက်က လူရာဝင်နိုင်တယ်။ တဲ့တိုးပြောလွန်းရင် ကိုယ့်မှာ မကောင်းတဲ့ရည်ရွယ်ချက်မရှိရင်တောင် လူတွေက မကောင်းတဲ့ပုံစံနဲ့ တုံ့ပြန်ပြီး ငြင်းဆန်ကြမယ်။ ဒီလိုဆိုရင် ဘယ်လိုလုပ် မိတ်ဆွေဖွဲ့နိုင်မှာလဲ” ပေါ့။ အဲဒါနဲ့ ညီမက သူများတွေနဲ့ ဆက်ဆံတဲ့အခါမှာ သူတို့ပြဿနာတွေကို ဘယ်တော့မှ တဲ့တိုးထောက်မပြဘူး။ ညီမ အတန်းဖော်တွေအားလုံးက ညီမကို ခင်ကြပြီး သူငယ်ချင်းတွေ ဖြစ်ကြတယ်။ ညီမက ပေါင်းရသင်းရလွယ်တယ်။ သဘောကောင်းတယ်လို့ပြောကြတယ်။ ညီမကလည်း ကိုယ်က တော်တော်ကောင်းတဲ့ လူ့သဘာဝရှိတယ်လို့ ထင်ခဲ့တယ်။ ညီမက ဘုရားအပေါ် ယုံကြည်ခြင်းရှိလာတော့ ညီအစ်ကိုမောင်နှမတွေနဲ့လည်း ဒီလို ဆက်ဆံခဲ့တယ်။ သူများတွေရဲ့ ပြဿနာတွေကို ညီမ သတိထားမိရင် ထောက်မပြဘူး။ တဲ့တိုးဆန်လွန်းရင် လူတွေက အနေရခက်မယ်၊ ညီမက သူတို့ကို ပစ်မှတ်ထားနေပြီး သူတို့ အားနည်းချက်တွေကို ဖော်ထုတ်ဖို့ ကြိုးစားနေတယ်လို့ ထင်မယ်၊ ဒါဆိုရင် ညီမတို့ ဆက်ဆံရေး ပျက်စီးမယ်လို့ ညီမ အမြဲတမ်း ခံစားမိတယ်။ ဖွင့်ပြခြင်းတစ်ခုကို ညီမ ကြုံရပြီး ဘုရားနှုတ်ကပတ်တော်ကို ဖတ်တဲ့အခါကျမှပဲ သူများတွေနဲ့ ညီမ ဆက်ဆံတဲ့ ပုံစံက သမ္မာတရားနဲ့ရော ဘုရားနဲ့ပါ ဆန့်ကျင်နေတာကို မြင်ခဲ့တယ်။

၂၀၁၅ ခုနှစ်တုန်းကပေါ့။ ညီမက ဗီဒီယိုအလုပ်မှာ လက်စ်လီနဲ့ တွဲလုပ်ရတယ်။ သူက ယုံကြည်ခြင်းရှိတာ ညီမထက်ပိုကြာပြီး ညီမထက်လည်း အသက်ကြီးတယ်။ ညီမတို့က အချင်းချင်း ယဉ်ယဉ်ကျေးကျေးပြောကြတယ်။ တော်တော် အဆင်ပြေတယ်။ သဘောထားမတူတာ မရှိသလောက်ပဲ။ နောက်ပိုင်းကျတော့ ညီမက ကြီးကြပ်ရေးမှူးအနေနဲ့ အရွေးခံရတယ်။ တစ်ခါကျတော့ လက်စ်လီက ဝတ်ကျေတမ်းကျေလုပ်တယ်၊ မရိုးသားဘူး၊ မယုံရဘူး၊ သူ့အကြောင့် အလုပ်က နှောင့်နှေးတယ်ဆိုပြီး သူများတွေက တိုင်ကြတယ်။ သူ့ပြဿနာက တော်တော်အရေးကြီးတယ်လို့ ညီမ ခံစားမိတယ်။ အဲဒါနဲ့ လက်စ်လီရဲ့ ပြဿနာတွေကို ထောက်ပြပြီး ဖော်ထုတ်ဖို့ လိုတဲ့အကြောင်းကို ညီမရဲ့ အလုပ်ဖော်နဲ့ ပြောတယ်။ သူ ဆင်ခြင်နိုင်အောင်၊ သူ့ကိုယ်သူ သိပြီး နောင်တရနိုင်အောင်၊ ပြောင်းလဲနိုင်အောင်ပေါ့။ ညီမအလုပ်ဖော်က သဘောတူပြီးတော့ လက်စ်လီဆီကို ဘယ်သူက သွားပြီး မိတ်သဟာယဖွဲ့သင့်လဲလို့ မေးတယ်။ ညီမက ဘာမှမပြောဘဲ ရပ်နေခဲ့တယ်။ ပြဿနာကို ဖြေရှင်းဖို့ကို မစွန့်စားချင်ဘူးလေ။ ညီမ စဉ်းစားတယ်။ “ငါ သူ့ပြဿနာတွေကို ထောက်ပြရင် ငါက သူ့ကို ပစ်မှတ်ထားနေတယ်လို့ ထင်မှာလား။ နောက်ကျရင် ငါတို့က ဘယ်လို အဆင်ပြေမှာလဲ” ပေါ့။ ညီမကို လက်စ်လီဆီသွားပြီး မိတ်သဟာယဖွဲ့ဖို့ လူတိုင်းက အကြံပြုတော့ ညီမ အံ့ဩသွားရတယ်။ ညီမ ထွက်ပြေးချင်ခဲ့တယ်။ ဒါပေမဲ့ သူ့ပြဿနာတွေကို ထောက်မပြရင် အသင်းတော်အလုပ်က ထိခိုက်နေမှာပဲ။ အဲဒါနဲ့ နောက်ဆုံးကျတော့ အံကြိတ်ပြီးတော့ပဲ သွားလုပ်လိုက်ရတယ်။ အချိန်နည်းနည်းယူပြီး ကျွန်မ သတ္တိမွေးခဲ့ရတယ်။ သူ့ပြဿနာတွေကို ထောက်ပြဖို့ ကိုယ့်ကိုယ်ကိုယ် အားပေးတယ်။ ညီမ ခေါင်းထဲမှာ သူ့ကို ပြောမဲ့ဟာတွေကို အစကနေအဆုံးထိ ပြောပြီး ဆက်တိုက်လေ့ကျင့်တယ်။ ဒါပေမဲ့ ညီမ သူ့ကို တွေ့တော့ အကုန်လုံး ရှုပ်ထွေးကုန်တယ်။ လည်ပင်းကို ညှစ်ထားသလို ခံစားမိပြီး စကားတွေက ပြောမထွက်နိုင်ဘူး။ အဲဒါနဲ့ သူ့ကို ညင်သာတဲ့ လေသံနဲ့ မေးလိုက်တယ်။ “အခုရက်ပိုင်းမှာ အစ်မအခြေအနေက ကောင်းရဲ့လား။ အခက်အခဲ တစ်ခုခုရှိလား။ ဗီဒီယိုတွေလုပ်တာ ဘာလို့ အရမ်းနှေးနေတာလဲ” ပေါ့။ လက်စ်လီက ပြန်ပြောတယ်။ သူက သူ့သား ကျောင်းမသွားတာကို စိတ်ပူနေလို့ သူအလုပ်က နှောင့်နှေးသွားတာ တဲ့။ ညီမ စဉ်းစားတယ်။ “သူက အခက်အခဲတွေရှိနေတယ်လို့ ပြောတယ်။ ငါက သူ့ကို ဝတ်ကျေတမ်းကျေလုပ်တယ်၊ မရိုးသားဘူး၊ မယုံကြည်ရဘူးလို့ ဖော်ထုတ်ရင် ငါက ကြမ်းလွန်းပြီး သူ့ကို ပစ်မှတ်ထားနေတယ်လို့ ထင်မှာလား။ ငါတို့ ဆက်ဆံရေး ပြိုလဲသွားရင် ငါတို့ကြားမှာ တော်တော်ကို ပိုပြီး အနေရခက်မှာပဲ” ပေါ့။ ဒီလို တွေးမိပြီး သူ့ပြဿနာတွေကို ထောက်မပြခဲ့ဘူး။ သူ့ကို နည်းနည်း နှစ်သိမ့်ပြီးတော့ပဲ သူ့တာဝန်ရဲ့ အခြေအနေကို အကျဉ်းချုံးပြီး စစ်လိုက်တယ်။

သူက ကိုယ့်ကိုယ်ကိုယ် သိတာ တစ်ခုမှ မရှိတော့ သူ့တာဝန်မှာ ဝတ်ကျေတမ်းကျေဆက်လုပ်တယ်။ သူ့ဗီဒီယိုတွေမှာလည်း ပြဿနာတွေ အများကြီးပဲ။ လက်စ်လီရဲ့ ပြဿနာတွေက တော်တော်ဆိုးတယ်ဆိုတာ ညီမ သဘောပေါက်သွားတယ်။ သူက မပြောင်းလဲရင် သူ့ကို ထုတ်ပစ်ရမှာ။ နောက်ပိုင်းကျတော့ ညီမ နောက်တစ်ခါ သူ့ဆီ သွားပြီး မိတ်သဟာယဖွဲ့တယ်။ ဒီတစ်ခါတော့ သူ့ပြဿနာတွေကို သေချာပေါက် ထောက်ပြမယ်လို့ တွေးမိတယ်။ ဒါပေမဲ့ ညီမ ထိုင်လိုက်တာနဲ့ စကားလုံးတွေက ပါးစပ်ထဲမှာ တစ်နေပြန်တယ်။ သူ့ပြဿနာတွေကိုလည်း သတိထားမိအောင် လုပ်ရင်းနဲ့ သူ့ကိုလည်း အနေရမခက်အောင် ဘယ်လိုပြောရမယ်ဆိုတာကိုပဲ ညီမ စဉ်းစားနေတယ်။ ညီမက သူ့ကို ပစ်မှတ်ထားနေတယ်လို့ မထင်အောင်၊ ညီမကို အမြင်စောင်းတာ မဖြစ်အောင်ပေါ့။ ညီမ သူ့ကို ပညာသားပါပါနဲ့ မေးလိုက်တယ်။ “အစ်မက ဘာလို့ ကိုယ့်တာဝန်မှာ အမြဲတမ်း ပေါ့ဆနေတာလဲ” ပေါ့။ အဲဒီမှာ လက်စ်လီက ပြောတယ်။ တစ်ခါတလေမှာ ဝတ္ထုတွေဖတ်တဲ့ ဇာတိပကတိ သာယာမှုမှာ နစ်မျောပြီး သူ့တာဝန်တွေကို လျစ်လျူရှုမိတယ် တဲ့။ သူက ဒီလိုပြောရင်းနဲ့ တော်တော် စိတ်ညစ်ပြီး မျက်ရည်တွေကျလာတယ်။ ညီမ စဉ်းစားတယ်။ “သူက တော်တော် အခက်အခဲဖြစ်နေတာပဲ။ သူက မရိုးသားဘူး၊ မယုံကြည်ရဘူးလို့ ငါက ပြောရင် သူ ခံနိုင်ပါ့မလား။ ဘာမှမပြောတာ အကောင်းဆုံးပဲ။ ဘာပဲဖြစ်ဖြစ် သူက သူ့ပြဿနာကို ဝန်ခံတယ်ဆိုတော့ အခု တိုးတက်လာလောက်ပါတယ်” ပေါ့။ အဲဒါနဲ့ သူ့အခြေအနေကို ညီမ နားလည်ကြောင်းပြောပြီး သူ့တာဝန်မှာ ပိုပြီးတော့ အားစိုက်ဖို့ အားပေးလိုက်တယ်။ အဲဒီနောက်တော့ သူက နောင်တမရသေးဘူး။ သူ့ရဲ့ ဖြစ်ကတတ်ဆန်း နည်းလမ်းက ပိုပိုဆိုးလာပြီး နောက်ဆုံးမှာ အထုတ်ခံလိုက်ရတယ်။ ညီမက ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်မကြည့်ခဲ့ဘူး။ ဒီကိစ္စက အတိတ်မှာပဲ ကျန်ခဲ့သလို ဖြစ်သွားတယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ညီမ ဖတ်ပြီး ညီမအခြေအနေကို နည်းနည်းနားလည်သွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူတို့၏ အပြုအမူနှင့် အခြားလူတို့အပေါ် ဆက်ဆံခြင်းကို ဘုရားနှုတ်ကပတ်တော်များအပေါ် အခြေခံရမည်။ ဤသည်မှာ လူသား၏ ပြုမူနေထိုင်ခြင်းအတွက် အခြေခံအကျဆုံး စည်းမျဉ်းဖြစ်သည်။ လူတို့သည် လူသား၏ ပြုမူနေထိုင်ခြင်း စည်းမျဉ်းများကို နားမလည်လျှင် သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်နိုင်မည်နည်း။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် အနှစ်မရှိသော စကားလုံးများကို ပြောဆိုခြင်းနှင့် ဆောင်ပုဒ်များကို ဟစ်ကြော်ခြင်း မဟုတ်ပေ။ ဘဝတွင် မည်သည့်အရာကို တွေ့ကြုံရပါစေ လူသား၏ ပြုမူဆောင်ရွက်မှုဆိုင်ရာ အခြေခံစည်းမျဉ်းများ၊ ဖြစ်ရပ်များအပေါ် အမြင်များ၊ သို့မဟုတ် မိမိတို့၏ တာဝန်ထမ်းဆောင်ခြင်းကိစ္စ ပါဝင်နေသရွေ့ ၎င်းတို့သည် ရွေးချယ်မှုတစ်ခု ပြုလုပ်ခြင်းကို ရင်ဆိုင်ရပြီး သမ္မာတရားကို ၎င်းတို့ လိုက်စားသင့်သည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များထဲ၌ အခြေခံအကြောင်းရင်းနှင့် စည်းမျဉ်းတို့ကို ရှာဖွေသင့်သည်၊ ထို့နောက်တွင် လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းကို ၎င်းတို့ ရှာဖွေသင့်သည်။ ဤနည်းအားဖြင့် လက်တွေ့လုပ်ဆောင်နိုင်သည့် ထိုလူများသည် သမ္မာတရားကို လိုက်စားသူများဖြစ်သည်။ မည်မျှကြီးမားသော အခက်အခဲဖြင့် ကြုံရပါစေ ဤနည်းအားဖြင့် သမ္မာတရားကို လိုက်စားနိုင်ခြင်းသည် ပေတရု၏ လမ်းကြောင်းနှင့် သမ္မာတရား လိုက်စားသည့် လမ်းကြောင်းကို လျှောက်ခြင်းဖြစ်သည်။ ဥပမာအနေဖြင့် အခြားသူများနှင့် ဆက်ဆံသည့်အခါ မည်သည့်စည်းမျဉ်းကို လိုက်နာသင့်သနည်း။ သင်၏ နဂိုမူလအမြင်က သဟဇာတဖြစ်ခြင်းသည် အဖိုးထိုက်ရတနာဖြစ်ပြီး သည်းခံထိန်းချုပ်ခြင်းသည် အလွန်ကောင်းသည်၊ ငြိမ်းချမ်းမှုကို ထိန်းသိမ်းသင့်သည်၊ အခြားလူများအား သိက္ခာကျစေခြင်းကို ရှောင်ကြဉ်သင့်သည်၊ မည်သူ့ကိုမျှ စိတ်အနှောင့်အယှက် မပေးသင့်၊ ဤနည်းအားဖြင့် အခြားလူများနှင့် ကောင်းသော ဆက်ဆံရေးကို ရရှိသင့်သည်ဟု ဖြစ်ကောင်းဖြစ်နိုင်သည်။ ဤအမြင်၏ ထိန်းချုပ်ခြင်းကို ခံရပြီး သင်သည် အခြားလူများက မကောင်းမှုများ ကျူးလွန်သည်ကို၊ သို့မဟုတ် စည်းမျဉ်းများ ချိုးဖောက်သည်ကို မျက်မြင် မြင်တွေ့သောအခါတွင် တိတ်ဆိတ်နေလိမ့်မည်။ တစ်စုံတစ်ယောက်ကို စိတ်အနှောင့်အယှက်ပေးရခြင်းထက် အသင်းတော်အလုပ်က ဆုံးရှုံးမှုများ ကြုံရခြင်းကို သင် ပို၍ နှစ်သက်လိမ့်မည်။ သင်သည် မည်သူပင်ဖြစ်စေ လူတိုင်းနှင့် သဟဇာတဖြစ်ခြင်းကို ထိန်းသိမ်းရန် အားထုတ်လိမ့်မည်။ သင်သည် အခြားလူများ၏ စိတ်ခံစားချက်များကို ကာကွယ်ပေးပြီး ၎င်းတို့၏ သိက္ခာဆည်ဖို့ကိုသာ စဉ်းစားရင်း ၎င်းတို့အတွက် ကျေနပ်ဖွယ် ဖြစ်သည့်အရာများကိုသာ ပြောဆိုလိမ့်မည်။ တစ်စုံတစ်ယောက်က ပြဿနာများရှိသည်ကို သင် တွေ့လျှင်ပင် သင်သည် သည်းခံခြင်းကို ကျင့်သုံးလိမ့်မည်။ သူ၏ နောက်ကွယ်တွင် သင် ထုတ်ဖော် ပြောဆိုကောင်း ပြောဆိုနိုင်သော်လည်း သူ၏ရှေ့တွင် သင်သည် ငြိမ်းချမ်းမှုကို ထိန်းသိမ်းပြီး သင်၏ ဆက်ဆံရေးကို ထိန်းသိမ်းလိမ့်မည်။ ဤသို့သော ပြုမူဆောင်ရွက်ပုံကို သင်မည်သို့ထင်မြင်သနည်း။ ဤသည်မှာ လူ့အကြိုက်လိုက်သူတစ်ယောက်၏ ပြုမူဆောင်ရွက်ပုံမျိုး မဟုတ်သလော။ ဤသည်မှာ အတော်အတန် ယုံကြည်စိတ်ချ၍မရသည် မဟုတ်လော။ ယင်းသည် အပြုအမူဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်သည်။ ထို့ကြောင့် ဤသို့သောပုံစံဖြင့် ပြုမူခြင်းသည် မနိမ့်ကျသလော။ ဤသို့ပြုမူသောသူတို့သည် လူကောင်းများမဟုတ်သကဲ့သို့ မြင့်မြတ်ခြင်းလည်း မရှိကြပေ။ သင်မည်မျှ ဒုက္ခခံစားရပြီးပါစေ၊ သင်အဖိုးအခပေးဆပ်ပြီးဖြစ်ပါစေ အခြေခံစည်းမျဉ်းများမပါဝင်ဘဲ ပြုမူဆောင်ရွက်လျှင် သင်သည် ကျရှုံးခဲ့ပြီဖြစ်ပြီး ဘုရားသခင်ရှေ့တွင် လက်ခံမှုကို ရရှိမည်မဟုတ်ပေ။ ဘုရားသခင်၏ အမှတ်ရခြင်းကို ခံရမည်မဟုတ်သကဲ့သို့ ဘုရားသခင်ကို ကျေနပ်စေမည်လည်း မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏တာဝန်ကို ကောင်းစွာထမ်းဆောင်ဖို့ရာ အကြင်သူသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ အနည်းဆုံး ပိုင်ဆိုင်ရမည်) ဘုရားနှုတ်ကပတ်တော်ကြောင့် ညီမ ရှင်းသွားတယ်။ ညီမ အသက်တာမှာ ဘာပဲဖြစ်ဖြစ် ပြုမူနေထိုင်မှု စည်းမျဉ်းတွေ၊ အကြောင်းအရာတွေအပေါ် သဘောထားအမြင်တွေ ပါဝင်သရွေ့ သမ္မာတရားစည်းမျဉ်းတွေကို အမြဲတမ်း ရှာဖွေသင့်တယ်။ အရင်တုန်းက ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေကို ညီမ ထောက်မပြရဲခဲ့ဘူး။ ဒါ ဘာမှ မမှားဘူးလို့ ထင်ခဲ့တယ်။ ညီမတို့က ပေါင်းသင်းရအဆင်ပြေပြီး ငြင်းခုံမနေကြသရွေ့ အားလုံး အဆင်ပြေတယ်လို့ ထင်ခဲ့တယ်။ ဘုရားက ဒီလိုပြောထားတာကို ညီမ ဖတ်ရတယ်။ “သင်မည်မျှ ဒုက္ခခံစားရပြီးပါစေ၊ သင်အဖိုးအခပေးဆပ်ပြီးဖြစ်ပါစေ အခြေခံစည်းမျဉ်းများမပါဝင်ဘဲ ပြုမူဆောင်ရွက်လျှင် သင်သည် ကျရှုံးခဲ့ပြီဖြစ်ပြီး ဘုရားသခင်ရှေ့တွင် လက်ခံမှုကို ရရှိမည်မဟုတ်ပေ။ ဘုရားသခင်၏ အမှတ်ရခြင်းကို ခံရမည်မဟုတ်သကဲ့သို့ ဘုရားသခင်ကို ကျေနပ်စေမည်လည်း မဟုတ်ပေ။” ဒီနှုတ်ကပတ်တော်တွေက ညီမကို တော်တော် တို့ထိတယ်။ ညီမက ဘာမှမကောင်းတာမလုပ်တဲ့ ပုံစံရှိတယ်။ ဒါပေမဲ့ ညီမက လူတွေကို စိတ်ဆိုးအောင်လုပ်မိမှာကို အမြဲတမ်းကြောက်ပြီး သူများတွေရဲ့ ပြဿနာတွေကို ဘယ်တော့မှ ရိုးရိုးသားသား ထောက်မပြရဲဘူး။ ပြဿနာတစ်ခုကို မြင်ပြီး စိတ်ထဲမှာ စိတ်ဆိုးနေရင်တောင် ညီမက ပြုံးရွှင်နေဦးမှာပဲ။ ဒါဆိုရင် ဖြေရှင်းသင့်တဲ့ အဲဒီပြဿနာတွေကို မဖြေရှင်းဘဲ အသင်းတော်အလုပ်က ဆုံးရှုံးမှုတွေ ခံရတယ်ဆိုတဲ့ သဘောပဲ။ ဒီလိုလူမျိုးက မရိုးဘူး၊ လှည့်စားတတ်တယ်၊ ပြုမူဆောင်ရွက်တဲ့နေရာမှာ စည်းမျဉ်းမရှိဘူးလို့ ဘုရားက ပြောတယ်။ လက်စ်လီရဲ့ ဖြစ်ရပ်ကို ညီမ ကိုင်တွယ်ခဲ့တဲ့ပုံစံကို ပြန်သုံးသပ်ကြည့်တယ်။ သူက မရိုးသားဘူး၊ မယုံကြည်ရဘူး၊ တိုးတက်မှုကို တော်တော်ထိခိုက်နေတယ်ဆိုတာကို ညီမ ကောင်းကောင်းသိပေမဲ့ အရမ်းတဲ့ပြောလိုက်ရင် သူ စိတ်မကောင်းဖြစ်မှာ ညီမ ကြောက်နေခဲ့တယ်။ ညီမက ကြမ်းလွန်းတယ်လို့ သူ ထင်နိုင်ပြီး အမြင်စောင်းလာနိုင်တယ် ပေါ့။ သူက ဒါကို ငြင်းပယ်ပြီး သုန်မှုန်နေရင် ညီမတို့ကြားမှာ အနေရခက်မှာကို ကြောက်ခဲ့တယ်။ ညီမတို့ရဲ့ ဆက်ဆံရေးကို ကာကွယ်ချင်ပြီးတော့ ညီမက သူ့ကို ဖော်ထုတ်ဖို့၊ ကိုင်တွယ်ဖြေရှင်းဖို့အတွက် တစ်ခုခုပြောဖို့ကို ကြောက်နေတယ်။ ဝတ်ကျေတမ်းကျေလုပ်တဲ့ သူ့ပြဿနာက ပိုဆိုးလာတာကိုမြင်ပြီး ညီမက စိတ်ဆိုးတယ်။ ဒါပေမဲ့ သူနဲ့ မိတ်သဟာယဖွဲ့တော့ သူ့ကို ရန်လုပ်မိမှာကြောက်ပြီး သူ့ပြဿနာကို မပြောရဲဘူး၊ မဖော်ထုတ်ရဲဘူး။ အကြောင်းအရာကို အပေါ်ယံခြုံပြီးတော့ မထိခိုက်မယ့်ဟာနည်းနည်းပဲ ပြောလိုက်တယ်။ ပြီးတော့ ကျွန်မက ဘယ်လိုပဲ ခံစားရပေမဲ့ သူ့ကိုတောင် နှစ်သိမ့်ပေးခဲ့တယ်။ ကြီးကြပ်ရေးမှူးတစ်ယောက်အနေနဲ့ ညီမတွေ့တဲ့ ပြဿနာတွေကို မဖော်ထုတ်တာ၊ မဖြေရှင်းတာဟာ ညီမက တာဝန်မသိတတ်ဘူး၊ အရမ်း လျစ်လျူရှုတယ်ဆိုတဲ့ သဘောပဲ။ ညီမက သူများတွေရှေ့မှာ “သဘောကောင်းသူ” အဖြစ် ဟန်ဆောင်နေပြီး ထောက်ထားပြီး နားလည်ပေးတာက လူကောင်းတစ်ယောက်ဖြစ်ခြင်းပဲလို့ ထင်နေတာ နောက်ဆုံးမှာ ညီမ မြင်သွားတယ်။ အမှန်တရားတွေ ပေါ်လာမှပဲ ညီမ ကိုယ့်ကိုယ်ကိုယ် မြင်တဲ့ပုံစံကို အပြည့်အဝပြောင်းလဲခဲ့တာပါ။ လက်စ်လီရဲ့ ပြဿနာကို သတိထားမိပေမဲ့ ထောက်ပြပြီး သူ့ကို မကူညီခဲ့ဘူး။ ရလဒ်အနေနဲ့ သူ့ပြဿနာရဲ့ အနှစ်သာရ၊ အကျိုးဆက်တွေကို သူ မမြင်ဘူး။ သူ့အသက်တာက ထိခိုက်နစ်နာရတယ်။ အသင်းတော်အလုပ်က နှောင့်နှေးသွားတယ်။ ညီမက အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး မရိုးသားဘူး။ လှည့်စားတတ်တယ်။ ညီမမှာ လူ့သဘာဝကောင်းရှိတယ်လို့ ဘယ်လို ပြောနိုင်မှာလဲ။

နောက်ပိုင်းကျတော့ စုဝေးပွဲတစ်ခုမှာ “လူတွေကို မတရား မလုပ်နဲ့”၊ “မိတ်ဆွေကောင်းများ၏အပြစ်များအပေါ် နှုတ်ဆိတ်ခြင်းသည် ခင်မင်မှုကို ကြာရှည်ကောင်းမွန်စေ၏” တို့အပေါ် ဘုရားနှုတ်ကပတ်တော်ရဲ့ စိစစ်မှုကို ညီမ ဖတ်ရတယ်။ အဲဒီမှာ ညီမက ဒီစိတ်ကူးတွေက လွှမ်းမိုးတာ ခံရတာကြောင့် သူများတွေရဲ့ ပြဿနာတွေကို ထောက်ပြချင်စိတ်မရှိတာ သိသွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “‘မိတ်ဆွေကောင်းများ၏ အပြစ်များအပေါ် နှုတ်ဆိတ်နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှုကို ဖြစ်စေ၏’ ဆိုသော ရှင်သန်ရေး အတွေးအခေါ် ယုံကြည်မှုတစ်ခုရှိသည်။ ဤသည်မှာ ခင်မင်ရင်းနှီးသော ဆက်ဆံရေးကို ထိန်းသိမ်းရန်အတွက် မိမိတို့မိတ်ဆွေ၏ ပြဿနာများကို ရှင်းရှင်းလင်းလင်း မြင်လျှင်ပင် နှုတ်ဆိတ်နေရမည်ဟု ဆိုလိုသည်။ သူတစ်ပါးကို အထိနာအောင် မလုပ်သည့်၊ သို့မဟုတ် သူတစ်ပါး၏ အားနည်းချက်များကို မဖော်ထုတ်သည့် စည်းမျဉ်းများကို ထိန်းသိမ်းသင့်သည်ဟု ဆိုလိုသည်။ ၎င်းတို့သည် အချင်းချင်း လှည့်စားရမည်ဖြစ်သည်။ အချင်းချင်း ဖုံးကွယ်ရမည်ဖြစ်သည်။ အချင်းချင်း လျှို့ဝှက်ကြံစည်မှု ပြုလုပ်ရမည်ဖြစ်သည်။ အခြားလူမှာ မည်သို့သောသူမျိုး ဖြစ်သည်ကို အလွန်ပင် ရှင်းလင်းစွာ သိသော်လည်း တဲ့တိုးမပြောကြဘဲ မိမိတို့၏ ခင်မင်ရင်းနှီးသော ဆက်ဆံရေးကို ထိန်းသိမ်းရန် ဉာဏ်များသော နည်းလမ်းများကို အသုံးချကြသည်။ ဤသို့သော ဆက်ဆံရေးများကို အဘယ်ကြောင့် ထိန်းသိမ်းချင်သနည်း။ ဤလူ့အဖွဲ့အစည်း၊ အဖွဲ့အတွင်းတွင် ရန်သူများရှိအောင် မပြုလုပ်လိုခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်လျှင် မိမိကိုယ်ကို အန္တရာယ်ရှိသော အခြေအနေများ ကျရောက်စေခြင်း ဖြစ်သည်ဟု ဆိုလိုပေမည်။ တစ်စုံတစ်ဦးကို သူ၏ အားနည်းချက်များအား သင်ဖော်ထုတ်ပြီးနောက်၊ သို့မဟုတ် သူ့ကို နာကျင်အောင် လုပ်ပြီးနောက် ထိုသူသည် သင်၏ ရန်သူဖြစ်လာပြီး သင့်ကို အန္တရာယ်ပြုမည်ကို သိပြီး သင်သည် ထိုအခြေအနေသို့ မကျရောက်လိုပါက ‘လူများကို လုံးဝ အထိနာအောင်မလုပ်နှင့်။ သူတို့၏ အားနည်းချက်များကို လုံးဝ မဖော်ထုတ်နှင့်’ ဟု ဆိုသည့် ရှင်သန်ရေး အတွေးအခေါ် ယုံကြည်မှုကို သင် အသုံးချသည်။ ဤအရာအရ လူနှစ်ယောက်သည် ဤသို့သော ဆက်ဆံရေးတွင်ရှိလျှင် စစ်မှန်သည့်မိတ်ဆွေများအဖြစ် အကျုံးဝင်သလော။ (မဝင်ပါ။) ၎င်းတို့သည် အချင်းချင်း၏ ယုံကြည်ရသူဖြစ်ဖို့မဆိုထားနှင့်၊ စစ်မှန်သော မိတ်ဆွေများမဟုတ်ပေ။ ဤသို့ဆိုလျှင် ဤသည်မှာ အတိအကျ မည်သည့်ဆက်ဆံရေးမျိုးဖြစ်သနည်း။ အခြေခံ လူမှုဆက်ဆံရေးတစ်ခု မဟုတ်သလော။ (ဟုတ်သည်။) ဤသို့သော လူမှုဆက်ဆံရေးများတွင် လူတို့သည် ၎င်းတို့၏ ခံစားချက်များကို မပြနိုင်သကဲ့သို့ လေးနက်သော အပြန်အလှန်ဖလှယ်ခြင်းများလည်း မရှိနိုင်ပေ။ ၎င်းတို့နှစ်သက်သည့် မည်သည့်အရာကိုမျှ မပြောနိုင်ပေ။ ၎င်းတို့၏ စိတ်နှလုံးတွင်ရှိသောအရာ၊ သို့မဟုတ် သူတစ်ပါးတို့တွင် ၎င်းတို့မြင်သော ပြဿနာများ၊ သို့မဟုတ် သူတစ်ပါးတို့အတွက် အကျိုးဖြစ်မည့်စကားများကို မပြောဆိုနိုင်ပေ။ ထိုအစား အခြားသူများ၏ မျက်နှာသာပေးခြင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ကြားကောင်းသော စကားများကို ရွေးပြောသည်။ အခြားသူများထံတွင် ၎င်းတို့အပေါ် မုန်းတီးစိတ်များ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြသဖြင့် ၎င်းတို့သည် သမ္မာတရားကို မပြောရဲကြပေ၊ သို့မဟုတ် စည်းမျဉ်းများကို မထိန်းသိမ်းရဲကြပေ။ မည်သူကမျှ ၎င်းတို့ကို မခြိမ်းခြောက်နေသောအခါ ၎င်းတို့သည် အတော်အတန် သက်သာ၊ အေးချမ်းစွာဖြင့် အသက်ရှင်နေကြသည် မဟုတ်လော။ ဤသည်မှာ ‘လူများကို လုံးဝ အထိနာအောင်မလုပ်နှင့်။ သူတို့၏ အားနည်းချက်များကို လုံးဝ မဖော်ထုတ်နှင့်’ ဆိုသည့်စကားကို အားပေးဖို့ လူတို့၏ ပန်းတိုင်မဟုတ်သလော။ (ဟုတ်သည်။) ဤသည်မှာ မိမိကိုယ်ကို ထိန်းသိမ်းခြင်းသည် ပန်းတိုင်ဖြစ်သော ခုခံကာကွယ်ခြင်း အရိပ်လက္ခဏာရှိသော ကောက်ကျစ်လှည့်စားသည့် ဖြစ်တည်မှုနည်းလမ်းတစ်ခု ဖြစ်သည်မှာ ရှင်းသည်။ ဤသို့အသက်ရှင်သောသူများသည် ယုံကြည်ရသူ မရှိပေ။ မည်သည့်အရာကိုမဆို ပြောဆိုနိုင်သည့် ရင်းနှီးသောမိတ်ဆွေများမရှိပေ။ ၎င်းတို့သည် အချင်းချင်း ခုခံကာကွယ်ကြသည်။ တွက်ချက်ပြီး နည်းဗျူဟာရှိကြသည်။ တစ်ဦးချင်းက ဤဆက်ဆံရေးမှ လိုအပ်သည့်အရာကို ယူဆောင်ကြသည်။ ဤသို့မဟုတ်သလော။ ဤအရာ၏ အရင်းအမြစ်တွင် ‘လူများကို လုံးဝ အထိနာအောင်မလုပ်နှင့်။ သူတို့၏ အားနည်းချက်များကို လုံးဝ မဖော်ထုတ်နှင့်’ ဆိုသည့် ပန်းတိုင်သည် သူတစ်ပါးတို့အား စိတ်ဆိုးအောင်ပြုလုပ်ပြီး ရန်သူများဖြစ်စေခြင်းကို တားဆီးရန်၊ မည်သူ့ကိုမျှ မထိခိုက်စေခြင်းအားဖြင့် မိမိကိုယ်ကို ကာကွယ်ရန်ဖြစ်သည်။ ဤသည်မှာ မိမိကိုယ်ကိုမထိခိုက်အောင် ထိန်းသိမ်းရန် ခံယူသည့် နည်းပညာနှင့် နည်းလမ်းဖြစ်သည်။ ဤအနှစ်သာရ၏ ရှုထောင့်အချို့ကို ကြည့်သောအခါ ‘လူများကို လုံးဝ အထိနာအောင်မလုပ်နှင့်။ သူတို့၏ အားနည်းချက်များကို လုံးဝ မဖော်ထုတ်နှင့်’ ဆိုသည့် လူတို့၏ သူတော်ကောင်းတရားမှ ဖြစ်လာသော တောင်းဆိုမှုသည် မြင့်မြတ်သော သက်ဝင်ယုံကြည်မှုဖြစ်သလော။ အပြုသဘောဆောင်သလော။ (မဆောင်ပါ။) ဤသို့ဆိုလျှင် ထိုအရာက လူတို့ကို မည်သည့်အရာကို သင်ကြားပေးသနည်း။ မည်သူ့ကိုမျှ စိတ်ဆိုးအောင်၊ သို့မဟုတ် နာကျင်အောင်မလုပ်သင့်၊ သို့မဟုတ်လျှင် အဆုံး၌ နာကျင်ရမည်မှာ သင်ဖြစ်သည်ဟု သင်ကြားပေးခြင်းဖြစ်သည်။ ပြီးလျှင် မည်သူ့ကိုမျှ မယုံသင့်ဟု သင်ကြားပေးခြင်းလည်းဖြစ်သည်။ သင်သည် သင်၏ သူငယ်ချင်းကောင်းများထဲမှ တစ်စုံတစ်ယောက်ကို နာကျင်စေလျှင် ခင်မင်ရင်းနှီးမှုက တိတ်ဆိတ်စွာ စတင်ပြောင်းလဲလာမည်။ သင်၏ ကောင်းသော၊ ရင်းနှီးသောသူငယ်ချင်းဖြစ်ရာမှ လမ်းပေါ်တွင် ဖြတ်သွားသော လူစိမ်းတစ်ယောက်အဖြစ်သို့၊ သို့မဟုတ် သင်၏ ရန်သူတစ်ယောက်အဖြစ်သို့ ပြောင်းသွားလိမ့်မည်။ လူတို့ကို ဤနည်းဖြင့် သင်ကြားပေးခြင်းသည် မည်သည့်ပြဿနာများကို ဖြေရှင်းပေးနိုင်သနည်း။ သင်သည် ဤသို့ပြုမူလုပ်ဆောင်ခြင်းအားဖြင့် ရန်သူများမရှိဘဲ အချို့ရန်သူများပင် ပပျောက်သွားလျှင် လူတို့က သင့်အား လေးစားပြီး ထောက်ခံမည်လော။ သင့်အား မိတ်ဆွေအဖြစ် အစဉ်ထားရှိမည်လော။ ဤသည်မှာ သူတော်ကောင်းတရား၏ စံနှုန်းကို အပြည့်အဝ ရရှိသလော။ ဤသည်မှာ အများဆုံးအနေဖြင့် ရှင်သန်နေထိုင်ရေး အတွေးအခေါ်တစ်ခုသာ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားခြင်းဆိုသည်မှာ (၈)) “လူတွေကို မတရား မလုပ်နဲ့”၊ “မိတ်ဆွေကောင်းများ၏အပြစ်များအပေါ် နှုတ်ဆိတ်ခြင်းသည် ခင်မင်မှုကို ကြာရှည်ကောင်းမွန်စေ၏” တို့ရဲ့ သက်ရောက်မှုကို ဘုရားက စိစစ်တဲ့အခါမှာ ဘုရားက ညီမ ရှေ့မှာ ရှိပြီး ညီမကို ဖော်ထုတ်နေသလိုမျိုး ခံစားရတယ်။ ဒီပြုမူနေထိုင်ခြင်းနဲ့ဆိုင်တဲ့ အတွေးအခေါ်တွေနဲ့ ရှင်သန်ပြီးတော့ ညီမရဲ့ စကားတွေ၊ လုပ်ရပ်တွေက ညီမကို ကာကွယ်ဖို့အတွက်ပဲ ဖြစ်ခဲ့တယ်။ ညီမက ဘယ်သူနဲ့ပဲ တွေ့တွေ့ ဘယ်သူ့ကိုမှ ရန်မမူဖို့၊ စိတ်ဆိုးအောင်မလုပ်ဖို့ မူကိုပဲ အမြဲတမ်း ကိုင်ထားတယ်။ ညီမ ကျောင်းတက်တုန်းကလိုပေါ့။ တဲ့တိုးပြောတဲ့သူတွေက အပယ်ခံရတာကို ညီမ မြင်တယ်။ ဒီတော့ သူများတွေနဲ့ အဆင်ပြေဖို့က ကိုယ်တကယ်ခံစားရတာကို ဘယ်တော့မှ မပြောရဘူး၊ ပြီးတော့ ဘယ်တော့မှ လူတစ်ယောက်ရဲ့ ပြဿနာတွေကို ထုတ်ပြောပြီး သူတို့ကို စိတ်ဆိုးအောင်မလုပ်ရဘူးလို့ ညီမ ခံစားမိတယ်။ ဒီလိုဆိုရင် လူတွေက ကိုယ့်ကို နှစ်သက်မယ်။ လူရာဝင်တာလွယ်မယ်ပေါ့။ ဘုရားကို ယုံကြည်ပြီးတဲ့နောက်မှာတောင် ညီအစ်ကိုမောင်နှမတွေအပေါ် အဲဒီ ပြုမူဆောင်ရွက်မှု နည်းလမ်းကို ကျင့်သုံးနေတုန်းပဲ။ သူများတွေ ကိုယ့်ကို မကြည်မှာ၊ သူတို့ခံစားချက်တွေကို ထိခိုက်မှာ ရှောင်ဖို့ လူတွေကို ဖော်ထုတ်လိုက်လို့ သူတို့ စိတ်ဆိုးနိုင်တဲ့ အခါတိုင်း ညီမက အသာလေးလက်ရှောင်လိုက်တယ်။ ဒါမှမဟုတ် တွဲဖက်တစ်ယောက်ကို ကိုင်တွယ်ခိုင်းလိုက်တယ်။ တစ်ခါတလေ ညီမက မိတ်သဟာယပြုရတဲ့အချိန်မှာ အခြေအနေနဲ့ ကိုက်ပြီး အရေးမပါတဲ့ဟာတချို့ကိုပဲ ပြောလိုက်တယ်။ ဒီတော့ ပြဿနာတော်တော်များများက အချိန်မီ မပြေလည်သွားတဲ့ သဘောပေါ့။ ညီမက “မိတ်ဆွေတစ်ဦး တိုးခြင်းသည် လမ်းတစ်ခု ထပ်တိုးခြင်းဖြစ်၏” နဲ့ “မိတ်ဆွေကောင်းများ၏ အပြစ်များအပေါ် နှုတ်ဆိတ်ခြင်းသည် ခင်မင်မှုကို ကြာရှည်ကောင်းမွန်စေ၏” ဆိုတဲ့ လောကီ အတွေးအခေါ်တွေ ကိုင်စွဲထားတယ်။ ကိုယ် ပြုမူဖို့အတွက် စံသတ်မှတ်ချက်အနေနဲ့ပေါ့။ ညီမ တကယ် စဉ်းစားနေတဲ့ဟာကို ဘယ်သူ့ကိုမှ ပြောမပြခဲ့ဘူး။ ညီမက ပိုပိုပြီးတော့ အတုအယောင်ဖြစ်လာပြီး လှည့်စားတတ်လာတယ်။ ကောင်းတဲ့ ဆက်ဆံရေးတွေကို ထိန်းသိမ်းတယ်၊ လူတိုင်းနဲ့ အဆင်ပြေတယ်ဆိုရင် လူတွေက ညီမကို ခင်ကြမယ်၊ ဒါဆိုရင် သူများတွေရဲ့ ထောက်ခံမှုကို ညီမ အလွယ်တကူနဲ့ရမယ်ဆိုပြီး ကိုယ့်ဘာသာ စဉ်းစားတယ်။ တစ်နေ့မှာ ညီမက စည်းမျဉ်းတွေနဲ့ဆန့်ကျင်ပြီး တစ်ခုခုပြောခဲ့၊ လုပ်ခဲ့ရင် လူတွေက ညီမကို လွှတ်ပေးပြီး သိက္ခာဆည်ခွင့်ပေးမယ် ပေါ့။ ညီမက ဆက်ဆံရေးတွေမှာ စည်းမျဉ်းနဲ့မညီတာကို မြင်ခဲ့တယ်။ ညီမက လူတိုင်းကို ပြုံးပျော်နေစေချင်တယ်။ ဘယ်သူကမှ ဘယ်သူ့ရဲ့ အားနည်းချက်ကိုမှ ဖော်ထုတ်တာ မဖြစ်စေချင်ဘူး။ ဒါဆို ညီမက ဘယ်တော့မှ သိက္ခာမကျဘဲ ညီမရဲ့ အဆင့်အတန်းနဲ့ ပုံရိပ်ကို ထိန်းသိမ်းနိုင်မှာပဲ ပေါ့။ ညီမက လူတွေကို စည်းရုံးပြီး သူတို့ကို အသုံးပြုဖို့ ကြိုးစားနေတာမဟုတ်ဘူးလား။ ညီမက စိတ်ထားကောင်းတဲ့၊ ဖော်ရွေတဲ့၊ စာနာတတ်တဲ့ ပုံစံရှိနိုင်တယ်။ ဒါပေမဲ့ ဒါတွေအားလုံး နောက်ကွယ်မှာ ညီမက ထုတ်မပြောတဲ့ ကိုယ်ပိုင်ပန်းတိုင်တွေနောက်ကို လိုက်နေခဲ့တယ်။ ညီမက တကယ်ကို ဆိုးယုတ်ပါတယ်။ လက်စ်လီရဲ့ ကိစ္စကို ပြန်စဉ်းစားကြည့်တော့ သူက မရိုးသားဘူး၊ စိတ်မချရဘူးဆိုတာ ရှင်းတယ်။ ဒါပေမဲ့ သူ့ကို ရန်မမူမိအောင်လို့ သူ့ပြဿနာတွေကို ထောက်ပြတာ၊ ဖော်ထုတ်တာ မလုပ်ခဲ့ဘူး။ ဒါကြောင့် အလုပ်တိုးတက်မှုကို ထိခိုက်သွားတယ်။ ညီမက ဒီလိုဆက်ဆံတော့ သူ့ကို ထိခိုက်ရုံမကဘူး။ အသင်းတော်အလုပ်ကိုလည်း နှောင့်နှေးအောင် လုပ်နေတယ်။ ညီမတို့က သမ္မာတရားကို စံသတ်မှတ်ချက်အဖြစ်ထားပြီး ဘုရားနှုတ်ကပတ်တော်နဲ့အညီ လူတွေ၊ အကြောင်းအရာတွေကို ကြည့်သင့်တယ်၊ ပြုမူဆောင်ရွက်သင့်တယ်ဆိုပြီး ဘုရားက အမြဲတမ်း မိတ်သဟာယဖွဲ့ခဲ့တယ်။ ဒါပေမဲ့ နေ့စဉ် အသက်တာမှာကျတော့ ညီမက ဆိုးယုတ်တဲ့ အတွေးအခေါ်တွေနဲ့ အသက်ရှင်တယ်။ ညီမရဲ့ စကားတွေ၊ လုပ်ရပ်တွေကို အမြဲတမ်း ချုပ်တည်းထားတယ်။ သူများတွေကို ရိုးရိုးတန်းတန်း မိတ်သဟာယမဖွဲ့နိုင်ဘူး။ မကူညီနိုင်ဘူး။ ပြီးတော့ ခေါင်းဆောင်တစ်ယောက်ရဲ့ တာဝန်ကို ပိုပြီးတော့တောင် မထမ်းဆောင်နိုင်ဘူး။ သူများတွေကို တည်ဆောက်စရာဖြစ်စေမဲ့ နည်းလမ်းနဲ့ ဘယ်လိုပြောရမယ်၊ အသင်းတော်အလုပ်ကို ဘယ်လို ကာကွယ်ရမယ်ဆိုတာကို မစဉ်းစားခဲ့ဘူး။ အသင်းတော်အလုပ် ထိခိုက်တဲ့အခါမှာ ညီမက ရပ်ကြည့်နေခဲ့ပြီး ခံစားချက်တွေရှိပေမဲ့ သဘောကောင်းတဲ့သူအဖြစ် သရုပ်ဆောင်ခဲ့တယ်။ ညီမက ကိုယ့်အကျိုးအတွက် အသင်းတော်အကျိုးစီးပွားကို စွန့်လွှတ်နေတာပဲ။ ညီမက တော်တော်ကို အတုအယောင်ဖြစ်ပြီး လူ့သဘာဝ ကင်းမဲ့ပါတယ်။ ဒီလို ဆက်လုပ်နေရင် ဘုရားက မုန်းပြီး စက်ဆုပ်မှာပဲ။ သူများတွေက အထင်သေးတာ၊ ငြင်းပယ်တာကို ခံရမှာပဲ။ ညီမ ဘုရားကို ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ အသင်းတော်အလုပ်ကို ထိခိုက်နေတာကို သမီးမြင်ပေမဲ့ အမြဲတမ်း သဘောကောင်းယောင် ဟန်ဆောင်ခဲ့ပါတယ်။ အသင်းတော် အကျိုးကို ကာကွယ်မနေခဲ့ပါဘူး။ ဒါကို ကိုယ်တော်က စက်ဆုပ်ရွံ့ရှာမှာပါ။ ဘုရားသခင်၊ သမီး နောင်တရချင်ပါတယ်။ သမီးပြဿနာကို ဖြေရှင်းဖို့၊ အသင်းတော်အလုပ်ကို ကာကွယ်တဲ့ တရားမျှတမှုရှိတဲ့ သူတစ်ယောက်ဖြစ်ဖို့ လမ်းပြတော်မူပါ” ဆိုပြီးတော့။

အဲဒီနောက်တော့ နောက်ထပ် ဘုရားနှုတ်ကပတ်တော်ကို ညီမ ဖတ်တယ်။ “တစ်စုံတစ်ခု ဖြစ်ပေါ်သောအခါ သင်သည် ဘဝအတွေးအခေါ်တစ်ခုဖြင့် ရှင်သန်ပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ပေ။ အခြားလူများအား စိတ်အနှောင့်အယှက်ပေးမိမည်ကို သင် အစဉ် စိုးရွံ့သော်လည်း၊ ဘုရားသခင်အား ပုန်ကန်ပြစ်မှားမိမည်ကို သင် မကြောက်ရွံ့သကဲ့သို့ သင်၏ အပြန်အလှန်ဆက်ဆံရေးများကို ကာကွယ်ရန် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကိုပင် စတေးလိမ့်မည်။ ဤသို့လုပ်ဆောင်ခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ သင်၏ အပြန်အလှန် ဆက်ဆံရေးများကို အတော်အတန် ကောင်းစွာ ကာကွယ်ပြီး ဖြစ်လိမ့်မည်ဖြစ်သော်လည်း ဘုရားသခင်ကို ပုန်ကန်ပြစ်မှားပြီး ဖြစ်လိမ့်မည်။ ဘုရားသခင်သည် သင့်အား မုန်းတီးပြီး ငြင်းပယ်လိမ့်မည်ဖြစ်ကာ သင့်အပေါ် စိတ်ဆိုးလိမ့်မည်။ ယှဉ်ကြည့်လျှင် မည်သည်က ပို၍ကောင်းသနည်း။ သင်မခွဲခြားနိုင်လျှင် သင်သည် လုံးဝ မရေမရာဖြစ်နေသည်။ သင်သည် သမ္မာတရားကို အနည်းငယ်မျှပင် နားမလည်သည်ကို သက်သေပြသည်။ သင်သည် လုံးဝ သတိမဝင်ဘဲ ဤသို့ဆက်သွားလျှင် အန္တရာယ်က အမှန်ပင် ကြီးမားသည်။ အဆုံးတွင် သမ္မာတရားကို သင်ရယူနိုင်မည်မဟုတ်ပေ။ ဆုံးရှုံးခြင်းကို ခံစားရမည့်သူမှာ သင်ဖြစ်လိမ့်မည်။ ဤကိစ္စတွင် သမ္မာတရားကို သင်မရှာဖွေဘဲ ကျရှုံးလျှင် နောင်တွင် သမ္မာတရားကို ရှာဖွေနိုင်လိမ့်မည်လော။ မရှာဖွေနိုင်သေးလျှင် ဆုံးရှုံးခြင်းကို ခံစားရမည့် ပြဿနာဖြစ်မည်မဟုတ်တော့ဘဲ သင်သည် အဆုံး၌ ထုတ်ပယ်ခြင်းခံရလိမ့်မည်။ ‘သဘောကောင်းသော လူတစ်ဦး’ ၏ စိတ်ဓါတ်လှုံ့ဆော်မှုများနှင့် ရှုထောင့်အမြင် သင့်တွင် ရှိလျှင်၊ အခြေအနေအားလုံးတွင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် အခြေခံသဘောတရာများကို လိုက်နာခြင်းတို့ကို လုပ်ဆောင်နိုင်စွမ်းရှိမည် မဟုတ်ချေ၊ ပြီးလျှင် သင်သည် အစဉ် ကျရှုံးပြီး လဲကျလိမ့်မည်။ သင်သည် အသိတရားမရပါက၊ မည်သည့်အခါမျှ သမ္မာတရားကို မရှာဖွေပါက သင်သည် မယုံကြည်သူတစ်ဦးဖြစ်ပြီး သမ္မာတရားနှင့် အသက်တို့ကို မည်သည့်အခါမျှ ရရှိလိမ့်မည် မဟုတ်ချေ။ သို့ဆိုလျှင် သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ထိုသို့သော အရာများနှင့် ရင်ဆိုင်ရသည့်အခါ၊ ကယ်တင်ခြင်းအတွက် အသနားခံရင်း၊ ဘုရားသခင်က သင့်ကို ခွန်အားပေး၍ သင့်အား အခြေခံသဘောတရားကို လိုက်နာနိုင်စေရန်၊ သင် လုပ်သင့်သည့်အရာကို လုပ်ဆောင်နိုင်စေရန်၊ အခြေခံ သဘောတရား အတိုင်း အမှုအရာများကို ကိုင်တွယ်နိုင်စေရန်၊ သင်၏အနေအထားအတိုင်း ရပ်တည်ခွင့်ပေးရန်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရန်နှင့် ဘုရားသခင်အိမ်တော်၏ အမှုတော်ဆီသို့ အန္တရာယ် ရောက်လာခွင့် မပေးရန်အတွက် တောင်းလျှောက်ရင်း ဆုတောင်းခြင်း၌ ဘုရားသခင်ကို သင် အော်ခေါ်ရမည်။ သင်သည် မိမိ၏ ကိုယ်ကျိုးစီးပွား၊ ဂုဏ်သတင်း နှင့် ‘သဘောကောင်းသော လူတစ်ဦး’ နှင့်ဆိုင်သော ရှုထောင့်တို့ကို သင် စွန့်လွှတ်နိုင်လျှင်၊ သင်လုပ်သင့်သည့် အရာကို ရိုးသားသည့် စိတ်နှလုံးဖြင့် မမှိတ်မသုန် လုပ်ဆောင်နိုင်လျှင်၊ စာတန်ကို သင် အနိုင်ယူပြီး လိမ့်မည်ဖြစ်ပြီး၊ သမ္မာတရား၏ ဤရှုထောင့်ကို သင် ရရှိပြီး ဖြစ်လိမ့်မည်။ သင်သည် စာတန်၏ဒဿနတို့ဖြင့် အစဉ် အသက်ရှင်ပါက၊ အခြားသူများနှင့် သင်၏ ပေါင်းသင်းဆက်ဆံရေးကို ထိန်းသိမ်းပြီး သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်ပါက၊ အခြေခံသဘောတရားအတိုင်း မလိုက်နာရဲပါက၊ သင်သည် အခြားကိစ္စရပ်များ၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်လော။ သင်၌ မည်သည့်ယုံကြည်မှု၊ မည်သည့်ခွန်အားမျှ ရှိမည် မဟုတ်။ သင်သည် မည်သည့်အခါမျှ သမ္မာတရားကို ရှာဖွေနိုင်ခြင်း၊ သို့မဟုတ် လက်ခံနိုင်ခြင်း မရှိပါက၊ ဘုရားသခင်ကို ထိုသို့ ယုံကြည်ခြင်းသည် သင့်ကို သမ္မာတရားရစေမည်လော။ (မရပါ။) ပြီးလျှင် သင်သည် သမ္မာတရားကို မရရှိနိုင်လျှင်၊ သင်သည် ကယ်တင်ခြင်း ခံရနိုင်သလော။ သင် မခံရနိုင်ပေ။ သင်သည် သမ္မာတရား၏ လက်တွေ့အရှိတရား လုံးလုံး ကင်းမဲ့ပြီး စာတန်၏ဒဿနဖြင့် အစဉ် အသက်ရှင်ပါက၊ သင် မည်သည့်အခါမျှ ကယ်တင်မခံရနိုင်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ညီမရဲ့ စည်းမျဉ်းတွေက ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်မယ့် အစား ဆက်ဆံရေးတွေကိုပဲ အမြဲတမ်း ထိန်းသိမ်းပြီး ဘယ်တော့မှ ရန်သူမလုပ်ဖို့ဆိုတာ ဘုရားနှုတ်ကပတ်တော်ကြောင့် ညီမ ရှင်းသွားတယ်။ သမ္မာတရားနဲ့ မညီတဲ့ဟာတစ်ခုကို မြင်ရင် ညီမက သူများတွေနဲ့ ဆက်ဆံရေးကို ကာကွယ်ချင်တော့ အလျှော့ပေးပြီး ခွင့်ပြုလိုက်တယ်။ ဒီလိုနဲ့ ညီမက လုံခြုံဘေးကင်းတဲ့ အခြေအနေမှာ နေရတာပေါ့။ ညီမက အလယ်အလတ်လမ်း လိုက်နေတာ၊ လုံးဝ စည်းမျဉ်းနဲ့မညီတာတွေကို မြင်ခဲ့တယ်။ ဘုရားက ညီမတို့ကို သူ့နှုတ်ကပတ်တော်နဲ့အညီ ပြောဆို ပြုမူဖို့၊ သူချစ်တဲ့အရာကို ချစ်ပြီး မုန်းတဲ့အရာကို မုန်းတဲ့၊ ကောင်းမှုနဲ့ မကောင်းမှုကို ခွဲခြားတတ်တဲ့သူတွေဖြစ်ဖို့ လူမျိုးစုံကို ပိုင်းခြားသိမြင်နိုင်ဖို့၊ သူများတွေကို စည်းမျဉ်းနဲ့အညီ ဆက်ဆံဖို့ တောင်းဆိုပါတယ်။ ဒီ ကျင့်သုံးမှုကသာ ဘုရားအလိုတော်နဲ့ ညီပါတယ်။ ဒါပေမဲ့ လက်စ်လီက သူ့တာဝန်မှာ အလုပ်နှောင့်နှေးနေတာကို ညီမ ရှင်းရှင်းလင်းလင်း မြင်ပေမဲ့ သူ့ကို ဝေဖန်တာ၊ ဖော်ထုတ်တာ မလုပ်ခဲ့ဘူး။ ညီမမှာ ခံစားချက်တွေရှိပေမဲ့ သူ ငိုတာကို မြင်တော့ ညီမက သူ့ကို နှစ်သိမ့်ပေးခဲ့ပြီး သဘောကောင်းသူအဖြစ် ဟန်ဆောင်ခဲ့တယ်။ ဒီနေရာမှာ ညီမက သူ့ကို အလိုလိုက်ပြီးတော့ ညီမတို့ရဲ့ ဆက်ဆံရေးကို ကာကွယ်နေပြီး စာတန်ဘက်ကနေ နေနေတာပဲ။ ညီမက တော်တော် မိုက်မဲခဲ့တာပါ။ အရင်တုန်းက ဒီလို အပြုအမူမျိုးက ဒီလောက်ပြဿနာဖြစ်မယ်လို့ မထင်ခဲ့ဘူး။ အမှန်တရားတွေ ပေါ်လာတော့မှ ဒီလို ပြုမူနေထိုင်မှု အတွေးအခေါ်တွေနဲ့ အသက်ရှင်တာက တကယ်တမ်း လမ်းမှန်မဟုတ်ဘူးဆိုတာ ညီမ မြင်ခဲ့တယ်။ ညီမက ကြီးကြပ်ရေးမှူးဖြစ်ပေမဲ့ လူတွေစိတ်ဆိုးအောင် လုပ်မိမှာကို အမြဲတမ်းကြောက်ပြီး တရားမျှတမှုမရှိဘူး။ ညီမတွေ့တဲ့ ပြဿနာတွေကို ထောက်မပြရဲဘူး။ ဖြေရှင်းဖို့ မိတ်သဟာယမဖွဲ့ရဲဘူး။ ဒါကြောင့် ပြဿနာတွေက ထပ်ထပ်ပြီး ပေါ်လာနေတယ်။ ဒါက တကယ့်အလုပ်ကို လုပ်တာမဟုတ်ဘူး။ ဘုရားကို အာခံနေတာပါ။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ထဲမှာ လက်တွေ့လုပ်ဖို့ လမ်းကြောင်းတစ်ခုကို ညီမ တွေ့ခဲ့တယ်။ “အကယ်၍ သင်သည် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးရှိလိုပါက သင်၏စိတ်နှလုံးသည် ဘုရားသခင်ထံ လှည့်ရမည်။ ယင်းကို အခြေခံအုတ်မြစ်အဖြစ်ထား၍၊ သင်သည် အခြားသူများနှင့်လည်း ပုံမှန် ဆက်ဆံရေးရှိလိမ့်မည်။ သင့်တွင် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးမရှိပါက၊ အခြားသူများနှင့် ဆက်ဆံရေးကို သင်မည်မျှပင် ထိန်းသိမ်းစေကာမူ၊ သင်သည် မည်မျှပင် အလုပ်ကြိုးစားစေကာမူ၊ သင်သည် မည်မျှပင် အားထုတ်စေကာမူ၊ အားလုံးသည် အသက်ရှင်ရေးအတွက် လူသား၏ သဘောတရား ခံယူချက်နှင့်သာ ပတ်သက်ပေမည်။ လူများက သင့်ကို ချီးမွမ်းကြရန် သင်သည် လူ့အမြင်နှင့် လူ့သဘောတရားခံယူချက်တို့အားဖြင့် လူသားများအလယ်တွင် သင်၏အနေအထားကို ထိန်းသိမ်းနေသည်၊ သို့သော် လူများနှင့် ပုံမှန်ဆက်ဆံရေးများကို ထူထောင်ရန် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လိုက်နာခြင်း မရှိပေ။ အကယ်၍ သင်သည် အခြားလူများနှင့် ပုံမှန် ဆက်ဆံရေးကို အာရုံမစိုက်ဘဲ ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးကိုသာ ထိန်းသိမ်းလျှင်၊ အကယ်၍ သင်သည် သင့်စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ပြီး ကိုယ်တော်ကို နာခံရန်လိုလားလျှင်၊ အခြားသူများအားလုံးနှင့် သင်၏ ဆက်ဆံရေးသည် အလိုအလျောက် ပုံမှန်ဖြစ်လာပေမည်။ ဤနည်းအားဖြင့် ထိုဆက်ဆံရေးများကို ဇာတိထဲ၌ မဟုတ်ဘဲ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအုတ်မြစ်ပေါ်တွင် တည်ထောင်ထားပေသည်။ ဇာတိကူးလူးဆက်ဆံမှု လုံးဝနီးပါးမရှိသော်လည်း စိတ်ဝိညာဉ်၌ မိတ်သဟာယဖွဲ့မှု၊ အပြန်အလှန်မေတ္တာ၊ အပြန်အလှန်နှစ်သိမ့်မှုနှင့် အချင်းချင်း ထောက်ပံ့ပေးမှုတို့ ရှိသည်။ ၎င်းတို့အလုံးစုံကို ဘုရားသခင်ကို ကျေနပ်စေသောစိတ်နှလုံးကို အခြေခံ၍ လုပ်ဆောင်ခြင်းဖြစ်၏။ ယင်းဆက်ဆံရေးများကို လူသား၏ အသက်ရှင်ရေးအတွက် သဘောတရားခံယူချက်ပေါ်တွင် အားထားခြင်းဖြင့် ထိန်းသိမ်းထားသည် မဟုတ်ဘဲ၊ ၎င်းတို့သည် ဘုရားသခင်အတွက် ဝန်ကိုထမ်းရင်း အလွန်သဘာဝကျစွာ ဖြစ်ထွန်းလာခြင်းဖြစ်သည်။ ၎င်းသည် လူလုပ်အားထုတ်မှုများ မလိုအပ်ပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ အခြေခံစည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ရန်သာ လိုအပ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် အလွန်အရေးကြီး၏) သာမန် အပြန်အလှန် ဆက်ဆံရေးတွေကို လောကီ အတွေးအခေါ်တွေကတစ်ဆင့် ထိန်းသိမ်းတာမဟုတ်ဘူးဆိုတာ ဘုရားနှုတ်ကပတ်တော်ကြောင့် ညီမ ရှင်းသွားတယ်။ ဒါတွေက ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ခြင်း အခြေခံအုတ်မြစ်ပေါ်မှာ တည်ဆောက်တာပါ။ အကြောင်းကိစ္စတွေ ဖြစ်လာရင် သမ္မာတရားကို လက်တွေ့လုပ်ဖို့၊ စည်းမျဉ်းတွေနဲ့အညီ လုပ်ဖို့၊ အသင်းတော်အလုပ်ကို ကာကွယ်ဖို့၊ ပြီးတော့ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်တာတွေအတွက် ဝန်ထမ်းဖို့ လိုပါတယ်။ ဒါက သာမန် အပြန်အလှန်ဆက်ဆံရေးရှိဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။ ညီအစ်ကိုမောင်နှမတချို့ရဲ့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်တွေကို ညီမ ပြန်တွေးကြည့်တယ်။ သူများတွေရဲ့ ပြဿနာတွေကို သူတို့ သတိထားမိတဲ့အခါ သူတို့က ထောက်ပြနိုင်ပြီး ဘုရားနှုတ်ကပတ်တော်နဲ့အညီ ကူညီပေးနိုင်တယ်။ တစ်ခါတလေမှာ လူတွေက သိက္ခာကျပေမဲ့ သူတို့က သမ္မာတရားကို လိုက်စားရင် သူတို့ရဲ့ အားနည်းချက်တွေကို တွေ့ဖို့၊ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို သိဖို့၊ သူတို့ရဲ့ မမှန်တဲ့ အခြေအနေတွေကို ပြုပြင်ဖို့၊ သူတို့အသက်တာတွေမှာ တိုးတက်မှုရှိဖို့၊ သူတို့တာဝန်တွေမှာ ပိုပိုပြီး ကောင်းလာတဲ့ ရလဒ်တွေရဖို့အတွက် ဒီမိတ်သဟာယနဲ့ ဝေဖန်မှုကို သူတို့ သုံးနိုင်ကြတယ်။ ဒါက တကယ်ကို ချစ်ခင်ပြီး အကူအညီဖြစ်စေတာပါပဲ။ ဒါပေမဲ့ သမ္မာတရားကို မလိုက်စားတဲ့သူတွေအတွက် ဝေဖန်တာ၊ ကိုင်တွယ်ဖြေရှင်းတာကို ခံရတာက သူတို့အကြောင်းကို ချပြပေးတယ်။ သူတို့က သမ္မာတရားကို စိတ်ကုန်တယ်။ ပြုပြင်တာ၊ ကိုင်တွယ်ဖြေရှင်းတာကို ခံရတဲ့အခါမှာ ဆင်ခြေတွေပေးပြီး အာခံဖို့ ကြိုးစားတယ်။ လုံးဝ လက်ခံခြင်းမရှိဘူး။ ဒီလိုလူမျိုးက စစ်မှန်တဲ့ ညီအစ်ကိုမောင်နှမတစ်ယောက်မဟုတ်ဘူး။ ငြင်းဆန်ပြီး ပယ်ထားသင့်တယ်။ ဒါကို သဘောပေါက်သွားတော့ ဘုရားနှုတ်ကပတ်တော်ကသာ ညီမတို့ ပြုမူဆောင်ရွက်ပုံတွေအတွက် စံသတ်မှတ်ချက်ဖြစ်တယ်၊ သူများတွေကို ဘုရားနှုတ်ကပတ်တော်နဲ့အညီ ဆက်ဆံသင့်တယ်ဆိုတာကို ပိုပြီးတော့တောင် ခံစားမိတယ်။ ဒါက ကိုယ် ပြုမူဖို့အတွက် မှန်တဲ့ နည်းလမ်းဖြစ်ပြီး သာမန်လူ့သဘာဝအတွက် စံနှုန်းတွေနဲ့ ညီပါတယ်။

နောက်ပိုင်းမှာ အစ်မတစ်ယောက်က မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် အမှန်ထင်တာ၊ အကြံပြုချက်တွေကို လက်မခံတာကို ညီမ တွေ့မိတယ်။ သူက သူ့သဘောကျပဲ ဆက်လုပ်နေပြီး အလုပ်က နှောင့်နှေးနေတယ်။ သူ ဆင်ခြင်သုံးသပ်နိုင်ပြီး သူ့ကိုယ်သူ သိနိုင်အောင်လို့ ညီမက မိတ်သဟာယဖွဲ့ပြီး သူ့ပြဿနာတွေကို ထောက်ပြရမယ်။ ဒါပေမဲ့ ညီမက နည်းနည် စိုးရိမ်နေတယ်။ သူက လက်မခံရင် ဘယ်လိုလုပ်မလဲ။ ညီမကို အမြင်စောင်းပြီး ညီမက သူ့ကို ပစ်မှတ်ထားနေတယ်လို့ ပြောမှာလား ပေါ့။ ညီမရဲ့ အရင်က ကျရှုံးမှုနဲ့ သိပ်မကြာခင်တုန်းက ဘုရားနှုတ်ကပတ်တော်မှာ ညီမဖတ်ရတာကို ပြန်တွေးကြည့်တော့ ညီမ နည်းနည်း ခွန်အားရသွားတယ်။ ညီမက ညီမတို့ ဆက်ဆံရေးကို ကာကွယ်ဖို့ အားထုတ်ဖို့ အသင်းတော်အလုပ်ကို လျစ်လျူရှုလိုက်ရင် ဘုရားကို ပုန်ကန်ပြစ်မှားမိမှာပဲ။ ဒီတစ်ကြိမ်မှာ ညီမက နောင်တရပြီး ပြောင်းလဲပြီးသလားဆိုတာကို ကြည့်ဖို့ ဘုရားက ညီမရဲ့ သဘောထားကို လေ့လာနေတယ်။ ညီမ အရင်က လုပ်သလို လူတွေကို ဆက်ဆံလို့ မဖြစ်ဘူး။ ဘုရားနှုတ်ကပတ်တော်က ပြောတာကို ညီမ သတိရတယ်။ “ထိုသို့သော အရာများနှင့် ရင်ဆိုင်ရသည့်အခါ၊ ကယ်တင်ခြင်းအတွက် အသနားခံရင်း၊ ဘုရားသခင်က သင့်ကို ခွန်အားပေး၍ သင့်အား အခြေခံသဘောတရားကို လိုက်နာနိုင်စေရန်၊ သင် လုပ်သင့်သည့်အရာကို လုပ်ဆောင်နိုင်စေရန်၊ အခြေခံ သဘောတရား အတိုင်း အမှုအရာများကို ကိုင်တွယ်နိုင်စေရန်၊ သင်၏အနေအထားအတိုင်း ရပ်တည်ခွင့်ပေးရန်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရန်နှင့် ဘုရားသခင်အိမ်တော်၏ အမှုတော်ဆီသို့ အန္တရာယ် ရောက်လာခွင့် မပေးရန်အတွက် တောင်းလျှောက်ရင်း ဆုတောင်းခြင်း၌ ဘုရားသခင်ကို သင် အော်ခေါ်ရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားက ညီမ ဘေးမှာရှိနေပြီး ဒီခြေလှမ်းကို လှမ်းဖို့ ညီမကို အားပေးနေတာကို ခံစားမိတယ်။ ဘုရားကို ဆုတောင်းလိုက်တယ်။ သမ္မာတရားကို လက်တွေ့လုပ်နိုင်အောင်၊ အသင်းတော်အလုပ်ကို ဦးစားပေးနိုင်အောင်၊ လူတွေ စိတ်ဆိုးမှာကြောက်ပြီး ဆက်ဆံရေးတွေကို ကာကွယ်တာကို ရပ်အောင် ညီမကို ယုံကြည်ခြင်းနဲ့ ခွန်အားပေးဖို့ တောင်းခံလိုက်တယ်။ ဆုတောင်းပြီးသွားတော့ အဲဒီအစ်မကို ညီမ ရှာတယ်။ သူ့ရဲ့ ဆက်တိုက်ဖြစ်နေတဲ့ အပြုအမူကို အခြေခံပြီး သူ့ပြဿနာကို ဖော်ထုတ်ရင်းနဲ့ သူက မာနကြီးပြီး သူများတွေရဲ့ အကြံကို လက်မခံတာ၊ ဒါဟာ သမ္မာတရားကို စိတ်ကုန်ပြီး ဆိုးယုတ်တဲ့ စိတ်သဘောထားရှိတာကိုလည်း ထောက်ပြလိုက်တယ်။ သူက နောင်တမရဘဲ၊ မပြောင်းလဲဘဲ အသင်းတော်အလုပ်ကို ဆက်နှောင့်ယှက်နေရင် အထုတ်ခံရမယ်လို့ ညီမ ပြောလိုက်တယ်။ ဒါတွေအားလုံး ပြောပြီးသွားတော့ အရင်တုန်းက ညီမ အမြဲတမ်း ခံစားရသလိုမျိုး အမုန်းခံရမှာကို ကြောက်မနေတော့ဘူး။ အဲဒီအစား ပိုပြီးတော့ သက်သောင့်သက်သာဖြစ်ပြီး စိတ်အေးနေတယ်။ ပြန်စဉ်းစားကြည့်တော့ ညီမက ဆိုးယုတ်တဲ့ ပြုမူခြင်းဆိုင်ရာ အတွေးအခေါ်တွေနဲ့ အမြဲအသက်ရှင်ခဲ့ဖူးတယ်။ လူတွေ စိတ်ဆိုးမှာကို ကြောက်တယ်။ အငြင်းပွားတာတွေ၊ သဘောထားကွဲလွဲတာတွေဖြစ်မှာ ကြောက်တယ်။ ဆက်ဆံရေးတွေမှာ သူများတွေရဲ့ သိက္ခာကို အမြဲတမ်းစဉ်းစားပြီး ဆက်ဆံရေးတွေကို ကာကွယ်တယ်။ ဒါကြောင့် သမ္မာတရားကို လက်တွေ့လုပ်ဖို့ အခွင့်အရေးတွေ အများကြီးနဲ့ လွဲချော်ခဲ့တယ်။ အခု လူတွေရဲ့ ပြဿနာတွေကို ထောက်ပြရရင် ညီမက နည်းနည်းကြောက်နေတုန်းပဲ။ ဒါပေမဲ့ ဘုရားကို ညီမ သေချာဆုတောင်းနိုင်တယ်။ စည်းမျည်းတွေနဲ့အညီ လက်တွေ့လုပ်ဖို့ ညီမရဲ့ ရည်ရွယ်ချက်တွေနဲ့ အမြင်တွေကို ပြုပြင်တယ်။ ဒီအတွေ့အကြုံကြောင့် ညီမရဲ့ မှားနေတဲ့ အမြင်တွေကို ပြင်ခွင့်ရသွားတယ်။ ဘုရားကို တကယ် ကျေးဇူးတင်ပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

တာဝန်ကို ကောင်းစွာ လုပ်ဆောင်ရန် ဝေဖန်အကဲဖြတ်ချက် လိုအပ်သည်

မကြာသေးခင်က ခေါင်းဆောင်တစ်ယောက်နဲ့ သင်းထောက်နှစ်ယောက်ကို ညီအစ်မတစ်ယောက် တိုင်ကြားတဲ့စာ ရခဲ့တယ်။ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ အစ်မရှင်းက...

တာဝန်တွင် အပြောင်းအလဲများက ကျွန်မကို ဖော်ထုတ်ခဲ့သည်

မုကျိန်း အမေရိကန်နိုင်ငံ အသင်းတော်မှာ ဗီဒီယိုတွေကို ကျွန်မ လုပ်နေတာ။ ဒါပေမဲ့ လုပ်စရာသိပ်မရှိတော့ ခေါင်းဆောင်က လူသစ်တွေကို ရေလောင်းတဲ့ဆီ...

နောက်ကွယ်၌ရှိသော တာဝန်တစ်ခုရှိ ကျွန်မ၏ စိတ်အခြေအနေ

ဝူယမ် တရုတ်နိုင်ငံ ၂၀၂၁ခုနှစ်၊ ဇွန်လကုန်ခါနီးမှာ ကွန်မြူနစ်ပါတီက ခရစ်ယာန်တွေကို အရူးအမူးလိုက်ဖမ်းနေတာကြောင့် ကျွန်မရဲ့ ဧည့်ခံတဲ့အိမ်က...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။