၁၁။ လူပီသအောင် နေထိုင်ဖို့ တစ်ခုတည်းသောနည်းလမ်း
ဂျပန်စာရေးဆရာတစ်ယောက်ရဲ့ ဝတ္ထုတစ်ပုဒ်ကို ကျွန်မ ဖတ်ဖူးတယ်။ အရောင်းစာရေးတစ်ယောက်အကြောင်းပေါ့။ သူက ဆံပင်မသန်တဲ့ ပန်းချီဆရာတစ်ယောက်ကို ဆံပင်သန်ဆေးတို့၊ ဆံပင်ဆိုးဆေးတို့၊ ခေါင်းလိမ်းဆီ၊ ဆံပင်ကျဲဆေး၊ ခေါင်းရိတ်စက်ဆိုတာတွေ ရောင်းလိုက်တယ်။ အားလုံး ကောင်းသွားမယ်လို့လည်း ပြောလိုက်တယ်။ ပန်းချီဆရာလည်း ပိုက်ဆံတော်တော် ကုန်သွားတယ်။ ဒါပေမဲ့ ထိပ်ပြောင်သလောက်ဖြစ်နေတဲ့ ဆံပင်က အရင်အတိုင်းပဲ။ စာရေးဆရာက ဒီနေ့ခေတ်မှာ မရိုးသားတဲ့အရောင်းစာရေးတွေ သုံးတဲ့ လှည့်ကွက်တွေကို လူတွေ မခံရအောင် သတိပေးတဲ့အနေနဲ့၊ သရော်စာသဘောမျိုးရေးပြီး ဖော်ထုတ်ပြထားတာ။ ဒီလိုအဖြစ်မျိုးတွေက ဆိုးသထက် ဆိုးလာတာပါ။ ဒါပေမဲ့ ဘယ်သူမှ မဖြေရှင်းပေးနိုင်ကြဘူး။ ကျွန်မလည်း အဲဒီလိုလူတွေထဲ ပါခဲ့ဖူးတယ်။ ပိုက်ဆံပိုရအောင်ဆိုပြီး ဝယ်သူတွေကို လိမ်ညာတော့တာပဲ။ ကျွန်မဆို ဒီလုပ်ရပ်ထဲမှာ ငြိတွယ်သွားပြီး ရပ်လို့မရတော့ဘူး။ နောက်တော့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံမိတယ်။ အနန္တတန်ခိုးရှင်ဘုရားရဲ့ နှုတ်ကပတ်တော်တွေ ဖတ်ရင်း၊ တချို့သမ္မာတရားတွေကို နားလည်သွားတယ်။ အမြင်လည်း ပြောင်းသွားတယ်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လာတယ်၊ ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီ ရိုးသားအောင် နေလာမိတယ်။ ပွင့်ပွင့်လင်းလင်း နေထိုင်တတ်ဖို့၊ လူသားပုံသဏ္ဌာန်တစ်ခု ရှိဖို့ဆိုရင်၊ ဒါက တစ်ခုတည်းသောနည်းလမ်းပါပဲ။
ကျွန်မက ဆံပင်အလှပြင်ဆိုင်တစ်ခု စဖွင့်တုန်းက အလုပ်ကို ရိုးရိုးသားသား လုပ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ တကယ်လည်း အဲဒီအတိုင်း လုပ်ခဲ့တယ်။ တရားလွန် စျေးတင်တာမျိုး လုံးဝ မရှိခဲ့ဘူး။ ဆံပင် လာညှပ်တဲ့သူတိုင်းရဲ့ ဆံပင်တွေကိုအကောင်းဆုံးဖြစ်အောင် ပြင်ပေးတယ်။ စျေးနှုန်းကလည်း တခြားဆံပင်ညှပ်ဆရာတွေထက် ပိုနည်းတယ်။ ဒါပေမဲ့ တစ်နှစ်လောက် အပင်ပန်းခံ လုပ်ပြီးသွားတော့၊ အခန်းငှားခ၊ ရေဖိုးမီးဖိုးတွေ၊ အခွန်တွေ စသဖြင့် အကုန်ရှင်းပြီးတဲ့အချိန်မှာ ကျွန်မမှာ ပိုတဲ့ငွေဆိုလို့ ယွမ် ၂၀၀၀ ပဲကျန်တယ်။ ကျွန်မဆိုင်က တခြားဆိုင်တွေထက် ပိုပြီး အလုပ်ကောင်းတယ်လေ။ ဒါပေမဲ့ သူတို့က ကျွန်မထက် ပိုပြီး ပိုက်ဆံတွေရနေတယ်။ လာတဲ့ဖောက်သည်တွေကို စျေးပိုတောင်းပြီး ပိုက်ဆံတွေ ရနေမှန်း ကျွန်မ သိတယ်။ မတရားတဲ့ အကျိုးအမြတ်တွေရဖို့ မရိုးသားတဲ့ နည်းလမ်းတွေကို အမှီပြုနေကြတာ။ အမှန်ပြောရရင် တစ်ခါတလေတော့ ကျွန်မလည်း သူတို့လို လုပ်ချင်မိတယ်။ ဒါပေမဲ့ အဲဒီနည်းနဲ့ ပိုက်ဆံရှာရမှာကို စိတ်မလုံဘူး။ “လူသာ ဆင်းရဲမယ်၊ မာနတော့ ရှိတယ်” ဆိုတဲ့ ရှေးစကားလိုပေါ့။ ဘယ်လောက်ဆင်းရဲဆင်းရဲ၊ ကိုယ့်သမာဓိ ပျက်လို့မဖြစ်ဘူး ဆိုပြီး ခံစားမိခဲ့တယ်။ ကျွန်မ အများကြီး စဉ်းစားသေးတယ်။ ဒါပေမဲ့ ကိုယ့်အသိစိတ်နဲ့ပဲ ဆက်လုပ်ပြီး ပိုက်ဆံနည်းနည်းပဲ ရရ၊ လူကောင်းဖြစ်အောင်ပဲ နေမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒီပုံစံအတိုင်း သုံးနှစ်ကြာသွားရော။ ကျွန်မနဲ့တစ်ချိန်တည်း အလုပ်စခဲ့တဲ့ တခြားအလှပြင်သူတွေဆိုရင် ဆိုင်ကြီးတွေ ဝယ်ကုန်ကြပြီ။ လုပ်ငန်းကြီးတွေ လုပ်နေကြပြီ။ တချို့ဆို ကိုယ်ပိုင်ကားတွေတောင် ရှိနေပြီ။ ဒါပေမဲ့ ကျွန်မကျတော့ လွန်ခဲ့တဲ့သုံးနှစ်တုန်းကအတိုင်း ဘာမှမပြောင်းလဲဘူး။
တစ်ရက်ကျတော့ ကျွန်မအဖေ မကျန်းမမာဖြစ်ပြီး၊ ဆေးရုံတင်လိုက်ရရော။ သူ့ကို ကုဖို့က ယွမ်သိန်းနဲ့ချီပြီး ကုန်တော့မှာ။ ကျွန်မမှာ စုထားတဲ့ငွေလည်း မရှိသလောက်ပဲ။ ကျွန်မလည်း တတ်နိုင်သလောက် လိုက်ချေးတယ်။ ဒါပေမဲ့ ဆေးကုစရိတ် တစ်ဝက်စာပဲ ရှင်းလိုက်နိုင်တယ်။ ကျွန်မ ချေးထားတဲ့ ငွေတွေ ဘယ်လောက်များတယ်ဆိုတာကို စဉ်းစားမိတာရော၊ ဘယ်အချိန်မှ ပြန်ဆပ်နိုင်မလဲ မသိတာတွေရောဆိုတော့ စိတ်ထဲမှာ ပဋိပက္ခဖြစ်လာတယ်။ ငါ့စျေးနှုန်းတွေ နည်းနည်း တိုးလိုက်သင့်လားပေါ့။ ပိုက်ဆံရှိတဲ့ ဖောက်သည်တွေကို နည်းနည်း ပိုတောင်းမယ်ဆိုရင်ကောပေါ့။ ကျွန်မလည်း ဒီလိုဝေခွဲမရဖြစ်နေတုန်း၊ သူငယ်ချင်းတစ်ယောက်က ပြောရော၊ “နင် ဒီလိုဒုက္ခရောက်နေတာက နင့်ဂုဏ်သိက္ခာကို မစွန့်နိုင်လွန်းလို့ ဖြစ်တာ။ တခြားဆိုင်ရှင်တွေ တစ်နှစ်တစ်နှစ် မြတ်တာ သိန်းချီတယ်။ နင်ကျတော့ ထောင်ဂဏန်းပဲမြတ်တာ။ နင်က ခေါင်းမာလွန်းတယ်။ အဲဒီအကြွေးတွေကို သိပ်မကြာခင် ပြန်ဆပ်ချင်တယ်ဆိုရင်၊ နင့်အလုပ်မှာ ဒီထက်ပိုပြီး ပါးနပ်မှဖြစ်မယ်။ ပိုက်ဆံပိုရဖို့အတွက် လူမသိတဲ့ နည်းလမ်းတွေ လိုလိမ့်မယ်။” တဲ့။ သူ ပြန်သွားတော့၊ မျက်နှာချင်းဆိုင်က အလှပြင်ဆိုင်ပိုင်ရှင်က ကျွန်မကို လာစတယ်၊ “ရှင်က ဒီဆိုင်ကို စီမံတာ တကယ်တော်လွန်းတယ်။ အလုပ်လည်း ကောင်းတယ်၊ နာမည်လည်း ရတယ်။ သိပ်မမြတ်တာတစ်ခုပဲ ရှိတယ်။ ရှင်က မာသာထရီဇာ ဖြစ်ချင်တာလား။ ကျွန်မသာ ရှင့်လောက် ကျွမ်းကျင်ရင်၊ ဟိုတုန်းကတည်းက ချမ်းသာနေလောက်ပြီ။ ရှင်က ရိုးလွန်းတာကိုး။ အလုပ်တစ်ခု လုပ်တယ်ဆိုတာ နပ်ဖို့လိုတယ်။ ရှင်က ပင်တော့ပင်ပန်းတယ်၊ ပိုက်ဆံကျတော့ သိသိသာသာ မရဘူး။ ‘ငွေကြေးသည် ကမ္ဘာကို လည်ပတ်စေသည်၊’ ‘ကိုယ့်လက်နား ရောက်နေတဲ့ငွေကို မယူဘူးဆိုတာ အရူးပဲရှိတယ်’ ဆိုပြီး လူတွေ မပြောကြဘူးလား။ ရှင် သေချာစဉ်းစားကြည့်သင့်တယ်” တဲ့။ အဲဒီနေ့ ညရောက်တော့ ကျွန်မလည်း ဟိုလှိမ့်ဒီလှိမ့်နဲ့ အိပ်လို့မရဘူး။ “သူတို့နှစ်ယောက် ပြောသွားတာတွေက တကယ် ယုတ္တိရှိတယ်” ဆိုပြီး စဉ်းစားမိတယ်။ “ငါက အလုပ်ကို လုံးဝ ရိုးရိုးသားသား လုပ်တယ်။ ဒါဆို ငါ ဘယ်အချိန်ကျမှ ပိုက်ဆံရှိလာမှာလဲ။ သူတို့ပြောသလိုပဲ၊ ‘ငွေက အဓိကမဟုတ်ပေမဲ့၊ ငွေမရှိရင် ဘာမှလုပ်နိုင်မှာမဟုတ်ဘူး’ ငွေတစ်ကျပ်နဲ့ သူရဲကောင်းတစ်ယောက်ကိုတောင် အနိုင်ယူလို့ရနိုင်တယ်။ ပြီးတော့ ငါ့အဖေက မကျန်းမာလို့ ဆေးရုံပေါ်မှာ။ အဖေ့ကို ကုတာ နောက်ကျလို့မဖြစ်ဘူး။ ငါ့အဖေကို ကုဖို့၊ အကြွေးတွေလည်း ပြန်ဆပ်နိုင်ဖို့ဆိုရင်၊ ပိုက်ဆံရှာဖို့ တချို့နည်းလေးတွေ သုံးတာက နားလည်ပေးလို့ရပါတယ်” ပေါ့။ ကျွန်မကိုယ်ကျွန်မ အဲဒီလိုပဲ နှစ်သိမ့်လိုက်တယ်။ ပိုက်ဆံရှိတဲ့ဖောက်သည်တွေကို စလုပ်ကြည့်မယ်လို့ ဆုံးဖြတ်လိုက်တယ်။
နောက်နေ့ကျတော့ ဆံပင်ကောက်ချင်တဲ့ ဖောက်သည်တစ်ယောက် ရောက်လာရော။ သူ ဝတ်စားထားပုံကို ကြည့်တော့၊ တကယ် ပိုက်ဆံရှိတဲ့ပုံစံမျိုးပဲ။ ဒါနဲ့ ကျွန်မလည်း ပိုက်ဆံပိုရအောင် ဒီ အခွင့်အရေးကို အသုံးချလိုက်မယ်လို့ စိတ်ကူးမိတယ်။ သူ ပိုက်ဆံရှင်းမယ်လုပ်တော့၊ ကျွန်မလည်း ချက်ချင်းပဲ ယွမ် ၂၀၀ တောင်းလိုက်ရော။ အမှန်တိုင်းပြောရရင် ကျွန်မရင်ထဲမှာ တဒိန်းဒိန်းဖြစ်နေတာ၊ ကျွန်မ ယူနေကျက ယွမ် ၁၂၀ ပဲဆိုတော့လေ။ အဲဒီလောက် အများကြီး တောင်းလိုက်တော့၊ ကျွန်မကို ပိုတောင်းတယ်လို့များ စွပ်စွဲမလားပေါ့။ သူက စျေးကြီးလွန်းတယ်လို့ ပြောရင်လည်း၊ နည်းနည်းတော့ လျှော့ပေးနိုင်တယ်လေ။ စိတ်ထဲမှာ မလုံမလဲဖြစ်နေတော့ ဖောက်သည်ကို မျက်လုံးချင်းတောင် မဆုံရဲဘူး။ သူက ပိုက်ဆံကို လိုလိုလားလားပဲ လှမ်းပေးတယ်။ ကျွန်မ လုပ်ကိုင်တာတွေကိုတောင် ချီးကျူးလိုက်သေးတာ။ ဆံပင်ပုံစံကို သူ တကယ်ကျေနပ်တယ်၊ ပိုက်ဆံ ဘယ်လောက်ပေးရပေးရ တန်တယ်တဲ့။ သူ့မိသားစုကိုရော၊ သူငယ်ချင်းတွေကိုရော ကျွန်မဆီ သွားဖို့ ညွှန်ဦးမယ်ဆိုပြီး ပြောသွားတယ်။ သူ ပြန်သွားပြီး တော်တော်ကြာတဲ့အထိ ကျွန်မက နေမထိထိုင်မထိဖြစ်နေရော။ သူက ကျွန်မကို အဲဒီလောက် ယုံကြည်ပေမဲ့၊ ကျွန်မက လိမ်ညာမိလိုက်တယ်။ အဲဒါ အကျင့်ပျက်လွန်းတာပဲ။ ဒါပေမဲ့ “ကိုယ့်လက်နား ရောက်နေတဲ့ငွေကို မယူဘူးဆိုတာ အရူးပဲရှိတယ်”လေ။ ပြီးတော့ ကျွန်မ ဆပ်ရမယ့်အကြွေးတွလည်း ရှိသေးတယ်။ ဒါနဲ့ မလုံမလဲဖြစ်နေတဲ့ စိတ်တွေကို မေ့ပစ်လိုက်တယ်။ အလုပ်အပေါ် ထားတဲ့ ကိုယ့်သဘောထားကိုလည်း အဲဒီနေ့ကစပြီး ပြောင်းလိုက်တယ်။ ပိုက်ဆံရှိတဲ့ဖောက်သည်တစ်ယောက် ဝင်လာတာ မြင်ပြီဆိုရင်၊ အပြုံးတွေအပြည့်နဲ့ ကြိုဆိုတယ်။ တခြားဝန်ဆောင်မှုလေးတွေ၊ ပစ္စည်းလေးတွေ သုံးဖို့ အကြံပေးတယ်။
တစ်ခါတော့ ဖောက်သည်တစ်ယောက်က သူ့ဆံပင်ကို လျှော်မယ်၊ ပုံသွင်းချင်တယ်ပေါ့။ ကျွန်မလည်း စဉ်းစားတယ်၊ “ခေါင်းလျှော်ခက ယွမ်တစ်ဆယ် မပြည့်ဘူး။ အဲဒါထက် ပိုရအောင် ပရိယာယ်တစ်ခုခု သုံးရမယ်” ပေါ့။ ဒါနဲ့ သူ့ကို ပြောကြည့်တယ်၊ “ညီမဆံပင်က တော်တော် မွဲခြောက်နေတယ်။ အမြန် မထိန်းသိမ်းဘူးဆိုရင် ကျွတ်ကုန်တာမျိုးဖြစ်မယ်။ ဆံပင်ဆိုတာ မိန်းမတွေအတွက် ဒုတိယမျက်နှာမျိုးပဲ။ ဆံပင်တွေ တစ်ခုခုဖြစ်ပြီဆိုတော့မှ လုပ်မယ်ဆိုရင်၊ အရမ်းနောက်ကျသွားလိမ့်မယ်” ပေါ့။ သူက ကျွန်မ ပြောသမျှကို ယုံသွားရော။ ဆံပင်မကျွတ်အောင် ထိန်းပေးတဲ့ အားဖြည့်ဆေးတစ်စုံကို ယွမ် ၃၀၀ ဖိုး သုံးသွားတယ်။ နောက်တော့ ဆံပင်ထိန်းသိမ်းဖို့ ပုံမှန်လာတဲ့ဖောက်သည် ဖြစ်လာရော။ သူ ပြန်သွားတော့လည်း နည်းနည်းတော့ စိတ်မသက်မသာဖြစ်တယ်။ ပိုက်ဆံတော့ ရလိုက်တယ်လေ။ ဒါပေမဲ့ အဲဒီပစ္စည်း ဘယ်လိုအကျိုးသက်ရောက်လဲဆိုတာ သေချာမသိဘူး။ ကျွန်မလည်း အကောင်းဘက်ကပဲ ပြောပေးလိုက်တာ။ အဲဒီပစ္စည်းက မကောင်းလို့ သူက မကျေမနပ်နဲ့ ပြန်လာပြောမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ဒါပေမဲ့ ပူပန်နေလို့လည်း အကျိုးမရှိဘူး။ ရောင်းလိုက်ပြီးပြီလေ၊ ပြီးတာက ပြီးသွားပြီပေါ့။ နောက်တစ်ရက်နှစ်ရက် ကြာတော့လည်း တစ်ယောက်ကို ဆံပင်ညှပ်ပေးနေရင်းနဲ့၊ သူ့မှာ ဗောက်ထတယ်၊ ခေါင်းလည်း ယားတယ်ဆိုပြီး ပြောလာရော။ ကျွန်မလည်း တွေးလိုက်တယ်၊ “ငါ ရောင်းတဲ့ ခေါင်းလျှော်ရည်တွေ သုံးကြည့်ခိုင်းမယ်။ ဒါဆို ပိုက်ဆံနည်းနည်း ပိုရနိုင်တယ်” ပေါ့။ ကျွန်မလည်း ပညာသားပါပါ ပြောရတယ်၊ “ဗောက်ထတယ် ခေါင်းယားတယ်ဆိုတာ အရေပြားရောင်ရမ်းလို့ဖြစ်တာ။ ပိုဆိုးလာရင် ဆံပင်တွေ ကျွတ်လာတတ်တယ်။ ပြီးရင် ကိုယ့်ကိုယ်ကိုယ် စိတ်တိုင်းမကျဖြစ်လာလိမ့်မယ်” ပေါ့။ သူကလည်း ဘယ်လိုလုပ်ရမလဲဆိုပြီး ချက်ချင်းပဲ မေးလာရော။ ဒါနဲ့ လုပ်နေကျအတိုင်း ကျွန်မ ရောင်းတဲ့ ဗောက်ပျောက်ခေါင်းလျှော်ရည်ကိုပဲ သုံးခိုင်းလိုက်တယ်။ အဆင်ပြေသွားလိမ့်မယ်ဆိုပြီး ကတိပေးရတာပေါ့။ သူကလည်း တကယ်ကို ဝမ်းသာအားရ ဝယ်သွားတာ။ ၂၅ ယွမ်နဲ့ ဝယ်ထားတဲ့ပစ္စည်းကို ကျွန်မက ၆၈ ယွမ်နဲ့ ရောင်းလိုက်တာ။ သူက ကျွန်မကို အကြိမ်ကြိမ် ကျေးဇူးတင်သွားသေးတယ်။ အဲဒီလို ငွေရှာရတာ ဘယ်လောက်လွယ်မှန်း ကျွန်မ သဘောပေါက်သွားတယ်။ တခြားအလှပြင်ဆိုင်ပိုင်ရှင်တွေ ချမ်းသာကုန်တာလည်း မဆန်းဘူးလေ။ ကျွန်မလည်း မကြာခင် ချမ်းသာနိုင်မှာပဲလို့ တွက်မိတယ်။ အဖေ ဆေးရုံတက်လို့ ကုန်တာတွေကိုလည်း ပူပန်နေရတော့မှာ မဟုတ်ဘူး။ ဒီလိုနဲ့ ကျွန်မရင်ထဲမှာ မသက်မသာဖြစ်နေတာတွေ တဖြည်းဖြည်း ပျောက်သွားတယ်။ ပိုက်ဆံရှာဖို့ တစ်ခုတည်းသောနည်းလမ်းက လိမ်ညာဖို့ပဲဆိုပြီး ယုံကြည်လာတယ်။
ဆယ်နှစ်ဆိုတဲ့အချိန်က ခဏလေးနဲ့ ကုန်သွားပြန်ရော။ ကျွန်မလည်း ပိုက်ဆံနည်းနည်း ရှိလာပြီ။ အကြွေးတွေအားလုံး ဆပ်လိုက်ပြီ။ အိမ်တစ်လုံးနဲ့ ကားတစ်စီးတောင် ဝယ်ထားလိုက်တယ်။ ဒါပေမဲ့ ဘာဖြစ်မှန်း မသိဘူး၊ ကျွန်မက ပိုပြီး သက်သောင့်သက်သာ နေရပေမဲ့၊ နည်းနည်းလေးမှ မပျော်နိုင်ဘူးဖြစ်နေတာ။ တန်ဖိုးမရှိသလိုလို၊ ဘဝင်မကျသလို ခံစားချက်မျိုး အမြဲတမ်းရှိနေတယ်။ “လူတွေ လုပ်သမျှကို ကောင်းကင်ဘုံက စောင့်ကြည့်တယ်၊” “ကိုယ်လုပ်တဲ့ကံ ကိုယ်ပြန်ခံရတယ်” လို့ ပြောကြတယ်လေ။ ကျွန်မ လိမ်ညာခဲ့တဲ့ ဖောက်သည်တွေအားလုံးက တစ်နေ့နေ့ လက်တုံ့ပြန်ဖို့ ရောက်လာကြမှာကို ကျွန်မက ကြောက်တာ။ အဲဒါဆို ကျွန်မ နာမည်ပျက်ပြီပဲ။ ကျွန်မက အဲဒီအတွေးနဲ့ ကြောက်နေတာ။ ပူပန်ပြီး နေနေရတာလေ။ စိတ်ပင်ပန်းတာပေါ့။ အလုပ်ကို တကယ် ရိုးရိုးသားသားနဲ့ပဲ ပြန်လုပ်ချင်မိတယ်။ ဒါပေမဲ့ စိတ်က မပါနိုင်တော့ဘူးလေ။ ကျွန်မက အကြိုက်တွေ့သွားတဲ့ သူခိုးလိုပဲ။ ကင်းအောင်နေချင်ပေမဲ့ မကင်းနိုင်ဘူးဖြစ်နေတာ။
ကျွန်မလည်း အပြစ်ထဲ နစ်ပြီး၊ အဲဒီလို စိတ်မချမ်းမသာ ရုန်းကန်နေတဲ့အချိန်မှာ သူငယ်ချင်းတစ်ယောက်က အနန္တတန်ခိုးရှင်ဘုရားရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိတရားကို မျှဝေပေးတယ်။ သူ ပြောပြတာက၊ ဘုရားနှုတ်ကပတ်တော်တွေဆိုတာ အားလုံးသော သမ္မာတရားတွေပဲ။ ကျွန်မတို့အခက်အခဲတွေအားလုံးကို ဖြေရှင်းပေးနိုင်တယ်၊ စိတ်ဝိညာဉ်ထဲက ဝေဒနာကို ကုစားပေးနိုင်တယ်တဲ့။ အဲဒီနောက်ပိုင်း ကျွန်မလည်း သူများတွေနဲ့အတူ စည်းဝေးပွဲတက်တာ၊ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်တာ စလုပ်တယ်။ ချီးမွမ်းခြင်းသီချင်းတွေ ဆိုတယ်။ ငြိမ်းချမ်းတာကို တကယ် ခံစားရတယ်။ အဲဒီလိုခံစားချက်မျိုးက တန်ဖိုးဖြတ်လို့မရဘူး။ ကိုယ့်ယုံကြည်ခြင်းကို လက်တွေ့လုပ်မယ်လို့ ကျွန်မ သန္နိဋ္ဌာန်ချလိုက်တယ်။
တစ်ခါတော့ စည်းဝေးပွဲတစ်ခုမှာ ညီအစ်ကိုမောင်နှမတွေက ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ခု ဖတ်ကြတယ်။ “ရိုးသားဖြောင့်မတ်ခြင်းဆိုသည်မှာ ဘုရားသခင်ထံ သင့်နှလုံးသားကို ပေးအပ်ခြင်း၊ အရာခပ်သိမ်းတွင် ဘုရားသခင်ကို သဘောရိုးအတိုင်း ဆက်ဆံခြင်း၊ အရာအားလုံးတွင် ဘုရားသခင်နှင့် ပွင့်လင်းမှုရှိခြင်း၊ အမှန်တရားကို မည်သည့်အခါမျှ ကွယ်ဝှက်မထားခြင်း၊ မိမိအထက်မှ လူများနှင့် အောက်မှလူများကို လှည့်စားခြင်းကို မည်သည့်အခါမျှ မပြုခြင်းနှင့်၊ ဘုရားသခင်အား မျက်နှာလိုမျက်နှာရ မပြုခြင်းတို့ပင် ဖြစ်သည်။ အတိုချုံး၍ဆိုရလျှင် ရိုးသားဖြောင့်မတ်မှုရှိခြင်း ဆိုသည်မှာ သင်၏ လုပ်ရပ်များနှင့် စကားများတွင် စင်ကြယ်ဖို့နှင့် ဘုရားသခင်ကို ဖြစ်စေ၊ လူသားကိုဖြစ်စေ မလှည့်စားခြင်းဖြစ်သည်။...အကယ်၍ သင်ထံတွင် လျှို့ဝှက်ကိစ္စများစွာ ရှိသဖြင့် သင်သည် ဝေမျှရန် ဝန်လေးနေပါက၊ သင်သည် အလင်း၏ လမ်းကို ရှာဖွေဖို့ အခြားသူများရှေ့တွင် သင်၏ လျှို့ဝှက်ချက်များကို- သင်၏ အခက်အခဲများကို- ချခင်းပြရန် အပြင်းအထန် ငြင်းဆန်နေပါက- သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ၊ အမှောင်ထုထဲမှ လွယ်ကူစွာ မထွက်နိုင်သူ ဖြစ်သည်ဟုငါဆို၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်) ဒါကို ဖတ်မိတော့ ရင်ထဲမှာ တကယ် လှိုက်လှိုက်လှဲလှဲဖြစ်သွားတယ်။ ဘုရားက ရိုးသားသူတွေကို နှစ်သက်တယ်၊ မရိုးသားသူတွေကို မုန်းတီးတယ်ဆိုတာ ကျွန်မ မြင်သွားတယ်။ ရိုးသားသူတစ်ယောက် ဖြစ်တာက ကိုယ်တော့်နိုင်ငံတော်ကို ဝင်ရောက်ဖို့ တစ်ခုတည်းသောနည်းလမ်းပဲ။ ညီအစ်ကိုမောင်နှမတွေဆိုရင် အားလုံးက ဖြူဖြူစင်စင်နဲ့ ပွင့်လင်းကြတယ်။ သူတို့ကိုယ်သူတို့ မျက်နှာမပျက်အောင်၊ အခြေအနေမပျက်အောင် လိမ်ညာမိတဲ့ အချိန်တွေ ရှိပေမဲ့ သူတို့ကိုယ်သူတို့ အမြဲတမ်း ဆင်ခြင်နိုင်ကြတယ်။ ပွင့်လင်းရိုးသားနိုင်ကြတယ်။ သူတို့ဘဝတွေက တကယ်ကို အချုပ်အချယ်ကင်းပြီး လွတ်လပ်တယ်။ အသင်းတော်ဆိုတာ အပြင်လောကလို မဟုတ်ဘူးလို့လည်း ခံစားမိတယ်။ ဘုရားက ရိုးသားသူတွေကို နှစ်သက်တယ်။ လူတစ်ယောက်က ရိုးသားလေလေ ဘုရားက ပိုပြီးနှစ်သက်လေပဲ။ ဒါပေမဲ့ လူတွေက မရိုးသားလေလေ၊ ကိုယ်တော်က သူတို့ကို ပိုပြီး မုန်းတီးလေပဲ။ ရိုးသားတဲ့လူတွေကသာ စစ်မှန်တဲ့ ပျော်ရွှင်ဝမ်းမြောက်မှုကို ရနိုင်ကြတယ်။ ကျွန်မလည်း ရိုးသားသူတစ်ယောက် တကယ်ဖြစ်ချင်တယ်။ ဘုရားက နှစ်သက်သူတစ်ယောက်ပေါ့။ ဒါပေမဲ့ စဉ်းစားကြည့်တော့ ကျွန်မက စီးပွားရေးသမားတစ်ယောက်ပဲ။ ငွေက ဘာမဆိုဖြစ်စေတယ်ဆိုတဲ့ ဒီ ရုပ်ဝတ္ထုအဓိက လူ့အသိုင်းအဝိုင်းထဲမှာ ရိုးရိုးသားသား စီးပွားရှာတယ်ဆိုတာ ပိုက်ဆံမရတဲ့အပြင်၊ ကိုယ့်ကို အားလုံးက အရူးဆိုပြီး သတ်မှတ်တာကို ခံရလိမ့်မယ်။ ဒီလူ့အသိုင်းအဝိုင်းထဲမှာ အဲဒီလိုပုံစံနဲ့ ခြေကုပ်ယူဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ နောက်ဆုံး ကိုယ့်ဆိုင်တံခါးကိုပဲ ပိတ်လိုက်ရလိမ့်မယ်။ ဒါပေမဲ့ ဘုရားက ရိုးသားသူတွေကို နှစ်သက်တယ်၊ မရိုးသားသူတွေက ကယ်တင်ခံရနိုင်မှာ မဟုတ်ဘူးဆိုတာ၊ ဘုရားနှုတ်ကပတ်တော်တွေမှာ ရှင်းရှင်းလင်းလင်း ဖော်ပြတယ်။ ကျွန်မက ဘုရား သတ်မှတ်တဲ့အတိုင်း သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဘဲ၊ ကိုယ့်လုပ်ငန်းမှာ ဆက်ပြီး မရိုးမသားနဲ့ လိမ်ညာနေမယ်ဆိုရင်၊ ဘုရားသခင်အတွက် မနှစ်သက်စရာ ဖြစ်မသွားဘူးလား။ ကျွန်မလည်း အထပ်ထပ် အခါခါစဉ်းစားတယ်။ နောက်ဆုံးတော့မှ ဆုံးဖြတ်လိုက်တယ်။ ဘုရားနှုတ်ကပတ်တော်တွေအတိုင်းပဲ လုပ်မယ်၊ အမှန်ကို ပြောတတ်အောင် ရိုးသားသူဖြစ်အောင် လက်တွေ့လုပ်ဆောင်မယ်ပေါ့။
တစ်ရက်ကျတော့ ဖောက်သည်တစ်ယောက်ကို ဆံပင်ညှပ်ပေးနေရင်းနဲ့၊ သူက မေးလာရော။ သူ့ဆံပင်က မွဲခြောက်နေလား၊ အဲဒီလိုဖြစ်နေရင် ဆံပင်ထိန်းသိမ်းတာ လုပ်ချင်တယ်ပေါ့။ ကျွန်မ စဉ်းစားတယ်၊ “ဆံပင်ညှပ်ခက ယွမ်တစ်ဆယ်ပဲ ရတယ်။ ဆံပင်ထိန်းသိမ်းတာ လုပ်မယ်ဆိုရင် အနည်းဆုံး ယွမ်တစ်ရာ ထပ်ရမှာ။ ဒါကို ဖောက်သည်ကိုယ်တိုင်က တောင်းဆိုတာလေ။ ငါက ပိုက်ဆံပိုရအောင် သူ့ကို အပိုတွေပြောပြီး တိုက်တွန်းထားတာ မဟုတ်ဘူး” ပေါ့။ တကယ်တော့ သူ့ဆံပင်ကို ကြည့်ပြီးပြီ။ မွဲခြောက်နေတာမျိုး လုံးဝ မရှိဘူး။ ဒါပေမဲ့ ကျွန်မက အမှန်တိုင်းပြောလိုက်ရင်၊ သူက သေချာပေါက် လုပ်ချင်တော့မှာ မဟုတ်ဘူးလေ။ ကျွန်မလည်း ဘာလုပ်ရမှန်းမသိဖြစ်နေတုန်း၊ ဘုရားရဲ့ ဒီနှုတ်ကပတ်တော်တွေက ခေါင်းထဲ ရောက်လာရော- “ရိုးသားဖြောင့်မတ်မှုရှိခြင်း ဆိုသည်မှာ သင်၏ လုပ်ရပ်များနှင့် စကားများတွင် စင်ကြယ်ဖို့နှင့် ဘုရားသခင်ကို ဖြစ်စေ၊ လူသားကိုဖြစ်စေ မလှည့်စားခြင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို အချိန်မီ သတိပေးလိုက်တာပါ။ ရိုးသားသူတွေဆိုတာ ပြောသမျှလုပ်သမျှတိုင်း လက်တွေ့ကျပြီး စစ်မှန်တယ်။ ဘုရားရှေ့မှာဖြစ်ဖြစ် တခြားလူတွေရှေ့မှာဖြစ်ဖြစ် မလိမ်ညာကြဘူး။ ကျွန်မက ရိုးသားသူဖြစ်ချင်တယ်ဆိုတော့၊ ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီ ပြုမူသင့်တယ်။ အမှန်အတိုင်း ပြောသင့်တယ်။ ဒါနဲ့ ကျွန်မလည်း ဖောက်သည်ကို၊ “ရှင့်ဆံပင်က ဘာမှမဖြစ်ပါဘူး။ ပိုက်ဆံအကုန်မခံပါနဲ့ ဆိုပြီး ပြောလိုက်ရော။” သူက တအံ့တသြနဲ့ ပြန်ပြောတယ်၊ “အစ်မမှာ ပညာရှင်ဆန်တဲ့ သိက္ခာမျိုးရှိတာ ကျွန်မ အံ့သြတယ်။ အခုခေတ် စီးပွားရေးလုပ်ကြတာ အစ်မလိုလူတွေ မရှိသလောက်ပဲ။ ကျွန်မတော့ အိမ်ကလူတွေအားလုံးကို ဒီဆိုင်မှာပဲ ဆံပင်လာညှပ်ခိုင်းတော့မယ်” တဲ့။ ဖောက်သည်က ဒီလိုပြောတာကို ကြားရတော့ ကျွန်မ ပီတိဖြစ်တာပေါ့။ ဘုရားကိုလည်း အကြိမ်ကြိမ် ကျေးဇူးတင်မိတယ်။ ရိုးသားပြီး အမှန်ကို ပြောတယ်ဆိုတာ ဘယ်လောက် ကြည်နူးစရာကောင်းမှန်း၊ ကျွန်မ တွေ့ကြုံလိုက်ရတာပါ။
အဲဒီနောက်ပိုင်းနေ့တွေလည်း၊ ဘုရားရဲ့ သတ်မှတ်ချက်တွေနဲ့အညီ ရိုးသားတဲ့လူဖြစ်အောင် နေတယ်။ ကျွန်မကိုယ်ကျွန်မတောင် မသိလိုက်ဘူး။ ကျွန်မရင်ထဲက ကြောက်တာတွေ၊ ပူပန်တာတွေ အားလုံးက ပျောက်ကုန်ပြီ။ တစ်ယောက်ယောက်က မကျေမနပ် ပြန်လာပြောမှာကို မစိုးရိမ်တော့ဘူး။ ညတိုင်းလည်း ကောင်းကောင်း အိပ်ပျော်တယ်။ ငါတော့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီ၊ ရိုးရိုးသားသား ပြောတတ်ပြီလို့ ထင်လိုက်တာပေါ့။ ဒါပေမဲ့ ကျွန်မ အံ့သြခဲ့ရတယ်။ ကျွန်မရဲ့ မကောင်းတဲ့ စိတ်သဘောထားတွေ၊ အတွေးအခေါ်တွေက ဆိုးဆိုးဝါးဝါး အမြစ်တွယ်နေတာပဲ။ အကျိုးအမြတ်ကြီးကြီးမားမားနဲ့ ဆွဲဆောင်ခံရပြီဆိုရင်၊ ကျွန်မက အရင်အတိုင်း ပြန်ဖြစ်သွားရော။
တစ်ရက်မှာ ဆိုင်ကို အမျိုးသမီးငါးယောက် ရောက်လာတယ်။ သူတို့က ခရီးထွက်ရာကနေ ပြန်ရောက်စပေါ့။ တက္ကစီသမားက ကျွန်မဆိုင်ကို ညွှန်းလို့၊ ကျွန်မဆီ တန်းလာကြတာ။ သူတို့ထဲက တစ်ယောက်က ပြောတယ်၊ “စျေးနှုန်းက ပြဿနာမရှိဘူး။ အစ်မကသာ ကောင်းကောင်းလေး လုပ်ပေးဖို့ပဲ” တဲ့။ သူ ဒီလိုပြောတာ ကြားတော့ ကျွန်မဘာသာ စဉ်းစားလိုက်တယ်၊ “ငါ့အိတ်ထဲတော့ ရောက်လာပြီ။ ဒီတစ်ခါလောက်တော့ လိမ်ညာလိုက်မယ်။ ဘုရားက ငါ့ကို ခွင့်လွှတ်မှာပါ” ပေါ့။ ဒါနဲ့ ကျွန်မက ဆံပင်ကောက်ခ ယွမ် ၁၆၀ ကို ယွမ် ၂၆၀ ဆိုပြီး ပြောလိုက်ရော။ သူတို့ကလည်း ဘာမှကို မပြောဘူး။ အဲဒီလိုနဲ့ ကျွန်မက ယွမ် ၅၀၀ ပိုရသွားတယ်။ ပိုက်ဆံရတဲ့အချိန်မှာ ကျွန်မ တကယ် ပျော်နေတာ။ အဲဒီလအတွက် ဆိုင်ခန်းငှားခကို ပူစရာမလိုတော့ဘူးဆိုပြီး တွေးနေမိတယ်။ ဒါပေမဲ့ အဲဒီညမှာ ကျွန်မ စိတ်ပျက်သလိုလို၊ ဝမ်းနည်းသလိုလို ခံစားရတယ်။ လူးလှိမ့်ပြီး အိပ်လို့ကိုမရဘူး။
နောက်တော့မှ ကျွန်မ စဉ်းစားကြည့်တယ်၊ ရိုးသားသူတစ်ယောက် ဖြစ်တယ်ဆိုတာ ကောင်းတဲ့အရာပဲ၊ အဲဒါက ကိုယ့်ကိုယ်ကိုယ် ပြုမူနေထိုင်ပုံနဲ့ ဆိုင်သလို၊ ကယ်တင်ခံရပြီး ဘုရားရဲ့နိုင်ငံတော်ကို ရောက်နိုင် မရောက်နိုင်ဆိုတာနဲ့လည်း ဆိုင်တယ်ဆိုတာ ငါ သိတယ်။ ဒါဆို ငါ ဘာလို့ အဲဒါကို လက်တွေ့မလုပ်ဆောင်နိုင်တာလဲ။ တကယ့် အကြောင်းရင်းမှန်က ဘာလဲပေါ့။ ကျွန်မလည်း အဖြေရှာကြည့်မယ်ဆိုပြီး၊ ဘုရားနှုတ်ကပတ်တော် ဗီဒီယိုတစ်ခုကို ကြည့်မိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အတိတ်က မည်သူမျှ လိမ်လည်ခြင်းမခံရဖို့အလို့ငှာ စီးပွားလုပ်ကိုင်ခဲ့ကြ၏၊ မည်သူ ဝယ်ယူနေသည်ဖြစ်စေ ကုန်ပစ္စည်းများကို တူညီသောစျေးနှုန်းဖြင့် ၎င်းတို့ ရောင်းချခဲ့ကြသည်။ ဤနေရာတွင် ကောင်းမွန်သော အသိစိတ်နှင့် လူ့သဘာဝ၏ အစိတ်အပိုင်းအချို့ ဖော်ပြထားသည် မဟုတ်လော။ လူတို့သည် ကောင်းမွန်သော ယုံကြည်ချက်ဖြင့် မိမိတို့၏ စီးပွားရေးကို စီမံခန့်ခွဲသည့်အချိန်တွင်၊ ၎င်းတို့သည် အသိစိတ်အချို့၊ လူ့သဘာဝအချို့ ထိုအချိန်က ရှိခဲ့ကြသေးသည်ကို မြင်နိုင်၏။ သို့ရာတွင် ငွေကြေးအတွက် လူသား၏ သာ၍ တိုးပွားနေသော တောင်းဆိုချက် နှင့်အတူ၊ လူတို့သည် ငွေ၊ အကျိုးအမြတ်နှင့် ကာမဂုဏ်တို့ကို အမှုမဲ့အမှတ်မဲ့ဖြင့် သာ၍ သာ၍ ချစ်ခင်လာ ခဲ့ကြလေသည်။ အတိုချုပ်အနေဖြင့်၊ လူတို့သည် ငွေကြေးကို ပို၍အရေးကြီးသော အရာအဖြစ် ယခင်ကထက် ရှုမြင်လာခဲ့ကြလေသည်။ လူတို့သည် ငွေကြေးကို ပို၍ အရေးကြီးသောအရာအဖြစ် မြင်ကြသောအခါ၊ ၎င်းတို့၏ ဂုဏ်သတင်း၊ ကျော်ကြားမှု၊ မိမိတို့၏ နာမည်ကောင်းနှင့် မိမိတို့၏ သိက္ခာတို့ကို အမှုမဲ့အမှတ်မဲ့ သာ၍ အလေးပေးမှု စတင်လျော့ပေါ့ကြသည် မဟုတ်လော။ ၎င်းတို့သည် စီးပွားရေးတွင် ပါဝင်ပတ်သက်သည့်အခါ၊ အခြားသူများသည် လူတို့ကို လိမ်လည်ပြီး ချမ်းသာရန်အလို့ငှာ၊ အမျိုးမျိုးသော နည်းလမ်းများအား သုံးလျက်ရှိသည်ကို သင် တွေ့ရသည်။ ရရှိသည့် ငွေကြေးသည် မစင်ကြယ် သော်လည်း၊ ၎င်းတို့သည် ချမ်းသာသည်ထက် ချမ်းသာလာကြ၏။ ၎င်းတို့သည် သင်ကဲ့သို့ပင် အလားတူစီးပွားရေး လုပ်ကိုင်သော်လည်း၊ ၎င်းတို့၏ မိသားစုတစ်ခုလုံးသည် သင့်ထက်ပို၍ ဘဝကို မွေ့လျော်ကြပြီး၊ သင့်အဖို့မှာမူ ‘ငါသည် အဘယ်ကြောင့် ထိုသို့ မလုပ်နိုင်သနည်း။ ငါသည် အဘယ်ကြောင့် သူတို့ရှာဖွေသမျှလောက် မရှာဖွေနိုင် သနည်း။ ငါ၏လုပ်ငန်း ကြီးပွားစေဖို့၊ ငွေကြေး ပိုရရှိဖို့ နည်းလမ်းတစ်ခုကို ငါ စဉ်းစားရမည်’ ဟုဆိုရင်း ဝမ်းနည်းနေရ၏။ ထို့နောက်တွင် သင်သည် ငွေများစွာ မည်သို့ ရှာဖွေရမည်ကို အစွမ်းကုန် စဉ်းစားတွေးတောသည်။ စျေးဝယ်သူ အားလုံးကို တူညီသောစျေးနှုန်းဖြင့် ပစ္စည်းများကို ရောင်းချခြင်း ဟူသော၊ ပုံမှန်ငွေကြေးရှာဖွေမှု နည်းလမ်းအတိုင်း သင် ရရှိသော အကျိုးအမြတ် တစ်ခုတစ်လေသည် လိပ်ပြာသန့်သန့်ဖြင့် ရခြင်းဖြစ်၏။ သို့သော် ဤသည်မှာ အလျင်အမြန် ချမ်းသာစေမည့် နည်းလမ်းမဟုတ်ချေ။ အကျိုးအမြတ် ဖန်တီးလိုသည့် ပြင်းပြသောဆန္ဒဖြင့် မောင်းနှင်ခံရလျက်၊ သင်၏ စဉ်းစားတွေးခေါ်မှုသည် ညင်သာသော ပြောင်းလဲခြင်း တစ်ခုကို ကြုံရ၏။ ဤပြောင်းလဲမှုအတွင်းတွင်၊ သင်၏ ပြုမူနေထိုင်မှု စည်းမျဉ်းများသည်လည်း စတင် ပြောင်းလဲ၏။ သင်သည် တစ်စုံတစ်ယောက်အား ပထမဆုံးအကြိမ် လိမ်ညာသည့်အခါ၊ ‘လူတစ်ဦးကို ဤတစ်ကြိမ်တည်းသာ ငါ လိမ်မည်။ ငါနောက်တစ်ကြိမ် ထပ်မလုပ်တော့။ လူတို့ကို ငါ လိမ်၍မဖြစ်။ လိမ်လည်ခြင်းတွင် ဆိုးရွားသော အကျိုးဆက်များရှိသည်။ ငါ့ကို ဒုက္ခများစွာ ရောက်စေလိမ့်မည်’ ဟု ဆိုရင်း သံသယများ သင်ရှိ၏။ တစ်စုံတစ်ယောက်ကို ပထမဆုံးအကြိမ် သင်လိမ်လည် သောအခါ၊ သင်၏စိတ်နှလုံးတွင် စောင့်စည်းမှု အချို့ရှိ၏။ ဤသည်မှာ လူသား၏အသိစိတ် လုပ်ဆောင်ပုံဖြစ်သည်- တစ်စုံတစ်ဦးကို သင် လိမ်လည်သည့်အခါ သဘာဝမကျသကဲ့သို့ သင့်ကို ခံစားစေဖို့အလို့ငှာ သင့်ကို သိက္ခာစောင့်ထိန်းစေပြီး သင့်ကို ပြစ်တင်မိစေသည်။ သို့ရာတွင် သင်သည် တစ်စုံတစ်ယောက်ကို အောင်မြင်စွာ လိမ်လည် ပြီးသည့်အခါ၊ သင့်ထံတွင် ယခင်ကထက် ငွေကြေး ပိုမိုရှိလာသည်ကို သင် တွေ့ရပြီး၊ ဤနည်းလမ်းသည် သင့်အတွက် များစွာ အကျိုးအမြတ် ရှိနိုင်သည်ဟု သင် ထင်၏။ သင်၏စိတ်နှလုံးထဲတွင် စူးသော နာကျင်မှု ရှိနေသော်ငြား၊ သင်သည် သင်၏ ‘အောင်မြင်မှု’ အပေါ် မိမိကိုယ်ကိုယ် ဂုဏ်ယူသည့်အလား ခံစားရဆဲဖြစ်ပြီး၊ သင့်ကိုယ်သင်လည်း အတော်အတန် ကျေနပ်မိ၏။ ပထမဦးဆုံးအကြိမ်၊ သင်၏ ကိုယ်ပိုင် အပြုအမူ၊ သင်၏ ကိုယ်ပိုင် လှည့်ဖြားတတ်သည့် နည်းလမ်းများကို သင် သဘောကျမိလေသည်။ ထို့နောက်တွင်၊ လူသားသည် ဤလိမ်လည်ခြင်းဖြင့် စွန်းထင်းသွားသည်နှင့် တစ်ပြိုင်နက်၊ ယင်းသည် လောင်းကစားမှုပြုရာတွင် ပါဝင်မိပြီးနောက် လောင်းကစားသမား ဖြစ်လာသူနှင့် အတူတူပင် ဖြစ်သည်။ သင်၏ သတိမမူမိခြင်းတွင်၊ သင်သည် မိမိ၏ ကိုယ်ပိုင် လိမ်လည်သောအပြုအမူကို သဘောကျကာ၊ လက်ခံကြ၏။ သတိမမူမိခြင်းဖြင့်၊ သင်သည် လိမ်လည်ခြင်းကို တရားဝင် စီးပွားဖြစ် အပြုအမူတစ်ခုနှင့် သင်၏ ရှင်သန်ရေးနှင့် အသက်မွေးမှုအတွက် အသုံးအဝင်ဆုံး နည်းလမ်းအဖြစ် မှတ်ယူကြလေသည်။ ဤအရာပြုလုပ်ခြင်းအားဖြင့် သင်သည် ဥစ္စာပစ္စည်းကို အလျင်အမြန် ရှာဖွေနိုင်သည်ဟု ထင်သည်။ ဤသည်မှာ ဖြစ်စဉ်တစ်ခု ဖြစ်၏။ အစ၌၊ လူတို့သည် ဤအပြုအမူမျိုးကို လက်မခံနိုင်ကြသကဲ့သို့၊ ဤအပြုအမူနှင့် ကျင့်ကြံမှုတို့ကို အထင်အမြင်သေးကြ၏။ ထို့နောက် ၎င်းတို့သည် ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် ကြိုးစားရင်း ဤအပြုအမူကို မိမိတို့ကိုယ်တိုင် စမ်းလုပ်ကြည့်ကြကာ ၎င်းတို့၏ နှလုံးသားများသည် တဖြည်းဖြည်း စတင်ပြောင်းလဲလာ၏။ ဤသည်မှာ မည်သို့သော ပြောင်းလဲခြင်းမျိုး ဖြစ်သနည်း။ ယင်းမှာ လူမှုရေး ရေပန်းစားမှုက သင့်အထဲတွင် သွတ်သွင်းထားသည့် ဤရေပန်းစားမှုနှင့် ဤအယူအဆများကို အတည်ပြုခြင်းနှင့် ခွင့်ပြုခြင်းပင်ဖြစ်သည်။ နားမလည်လိုက်ဘဲ၊ သင်သည် လူတို့နှင့် စီးပွားရေးလုပ်သည့်အချိန်တွင် ၎င်းတို့ကို မလိမ်လည်ပါက၊ သင် ထိခိုက်နစ်နာသည်ဟု ခံစားရသည်၊ သင် လိမ်ညာမှု မပြုပါက တစ်စုံတစ်ခုကို ဆုံးရှုံးရသည့်အလား သင် ခံစားရ၏။ အမှုမဲ့အမှတ်မဲ့ဖြင့်၊ ဤလိမ်ညာခြင်းသည် သင်၏ တကယ့်ဝိညာဉ်၊ သင်၏ မဏ္ဍိုင်နှင့် သင်၏ဘဝတွင် စည်းမျဉ်း တစ်ခုဖြစ်သည့် မရှိမဖြစ်သော အပြုအမူမျိုး ဖြစ်လာသည်။ လူသားသည် ဤအပြုအမူနှင့် ဤအတွေးအခေါ်ကို လက်ခံပြီးသည့် နောက်တွင်၊ ဤအရာက လူ၏ စိတ်နှလုံးထဲတွင် ပြောင်းလဲမှုတစ်ခု ယူဆောင်ပြီး ဖြစ်သည် မဟုတ်လော။ သင်၏နှလုံးသားသည် ပြောင်းလဲသွားပြီဖြစ်သည်၊ ထို့ကြောင့် သင်၏ သိက္ခာသည်လည်း ပြောင်းလဲသွားသလော။ သင်၏ အသိတရားသည်ကော ပြောင်းလဲသွားပြီလော။ သင်၏ လူ့သဘာဝ ပြောင်းလဲပြီလော။ သင်၏ အသိစိတ် ပြောင်းလဲပြီလော။ (ပြောင်းလဲ ပါသည်။) ဟုတ်ပေ၏၊ ဤလူ၏ အစိတ်အပိုင်းအားလုံးသည် ၎င်းတို့၏ နှလုံးသားမှ ၎င်းတို့၏ အတွေးများအထိ၊ ၎င်းတို့ အတွင်းအပြင် ပြောင်းလဲသည့် အတိုင်းအတာအထိ အရည်အသွေးဆိုင်ရာ ပြောင်းလဲမှု တစ်ခုကို ကြုံကြရလေသည်။ ဤပြောင်းလဲမှုသည် သင့်ကို ဘုရားသခင်ထံမှ ပို၍ပို၍ ဝေးရာ ဆွဲခေါ်သွားပြီး၊ သင်သည် စာတန်နှင့် ပို၍ပို၍ နီးကပ်စွာ ပေါင်းစည်းလာ၏၊ သင်သည် စာတန်နှင့် ပို၍ ပို၍ ဆင်တူလာလေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) ဘုရားနှုတ်ကပတ်တော်တွေအားလုံးက လက်တွေ့ဘဝကို ထင်ဟပ်ပြတာပါ။ ကျွန်မ ဖြစ်ခဲ့တာ အဲဒီအတိုင်းပဲလေ။ စစချင်း ကျွန်မက အလုပ်ကို အသိစိတ်ရှိရှိနဲ့ ရိုးရိုးသားသား လုပ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မအဖေ ဆေးရုံတက်ရတဲ့အချိန်မှာ ကျွန်မသူငယ်ချင်းနဲ့ လုပ်ဖော်ကိုင်ဖက်က တိုက်တွန်းလို့၊ ကျွန်မလည်း ပိုက်ဆံပိုရအောင် စပြီး လိမ်ညာမိလာတယ်။ နောက်ဆုံး ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်တော့ဘူး။ ရပ်လိုက်ချင်ပေမဲ့ မရပ်နိုင်တော့ဘူး။ အဲဒါတွေအားလုံးက စာတန်ရဲ့ပျက်စီးစေခြင်းကြောင့် ဖြစ်ရတယ်ဆိုတာ ကျွန်မ မြင်ခဲ့တယ်။ ကျွန်မက လူ့အသိုင်းအဝိုင်းရဲ့ လွှမ်းမိုးတာကို ခံခဲ့ရတာပါ။ စာတန်ရဲ့အတွေးအခေါ်တွေကို လက်ခံခဲ့မိတယ်။ ဥပမာ၊ “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏၊” “ငွေသာလျှင် ပထမဖြစ်ပြီး၊” “ငွေက အဓိကမဟုတ်ဘူးဆိုပေမဲ့၊ ငွေမရှိရင် ဘာမှမလုပ်နိုင်ဘူး၊” “ငွေကြေးသည် ကမ္ဘာကို လည်ပတ်စေသည်” စသဖြင့်၊ အဲဒါတွေက ကျွန်မရဲ့ဆောင်ပုဒ်တွေပဲ။ ငွေကို ဂုဏ်သိက္ခာရှိရှိ ရှာရမယ့်အစား၊ ကျွန်မက မကောင်းတဲ့ ခေတ်ရေစီးတွေနောက် လိုက်ခဲ့တာပါ။ ကိုယ့်ပြုမူနေထိုင်ပုံနဲ့ပတ်သက်တဲ့ အခြေခံစံနှုန်းတွေကို အကျိုးအမြတ်ရဖို့ ပစ်ပယ်လိုက်တယ်။ သူများတွေဆီက လေ့လာမိတာတွေကို ကြည့်ပြီး ကိုယ့်လုပ်နည်းလုပ်ဟန်ကို ပြောင်းလဲတတ်လာတယ်။ ဖောက်သည်တွေကို လိမ်ညာဖို့ မရရအောင် ဦးနှောက်ခြောက်ခံ စဉ်းစားပြီး လုံးဝမရပ်တန့်ခဲ့ဘူး။ ပိုပြီး တစ်ကိုယ်ကောင်းဆန်လာတယ်၊ မယုံရတဲ့လူတစ်ယောက် ဖြစ်လာတယ်။ ပိုပြီးဆိုးယုတ်လာပြီး လောဘကြီးလာတယ်။ သာမန်လူတစ်ယောက်မှာ ရှိသင့်တဲ့ အသိစိတ်၊ ဆင်ခြင်ဉာဏ်နဲ့ ဂုဏ်သိက္ခာဆိုတာတွေ ပျောက်သွားတယ်။ နှစ်ပေါင်းများစွာ လိမ်ညာရင်း ပိုက်ဆံတွေ ရလာတယ်၊ အကြွေးတွေလည်း ဆပ်လိုက်တယ်၊ ပိုပြီး သက်သောင့်သက်သာ နေလာရတယ်ဆိုပေမဲ့၊ စစ်မှန်တဲ့ ပျော်ရွှင်မှုဆိုတာကို ကျွန်မ မခံစားခဲ့ရဘူး။ အမြဲတမ်း မလုံမလဲစိတ်ဖြစ်နေခဲ့တာ။ ကိုယ် လိမ်ညာခဲ့တာတွေ ပေါ်ကုန်ပြီး နာမည်ပျက်မလားဆိုတာကိုပဲ အမြဲတမ်း ပူပန်နေတာ။ ဒါပေမဲ့ ကျွန်မက အဲဒီထဲမှာပဲ ဆက်ပြီး ပိတ်မိနေတယ်။ ရုန်းမထွက်နိုင်ခဲ့ဘူး။ ယုံကြည်သူ ဖြစ်လာတော့လည်း၊ ဘုရားက ရိုးသားသူတွေကို နှစ်သက်တယ်ဆိုတာ သိပြီး ဘုရားနှုတ်ကပတ်တော်တွေကိုလည်း လက်တွေ့လုပ်ဆောင်မယ်လို့ ဆုတောင်းချက်မှာ သန္နိဋ္ဌာန်ချပေမဲ့၊ ငွေတွေအများကြီးနဲ့ ဆွဲဆောင်ခံရပြီဆိုရင်၊ မလိမ်မညာမိအောင် ကိုယ့်ကိုယ်ကိုယ် မတားနိုင်တော့ဘူး။ ကျွန်မက စာတန်ကြောင့် ဘယ်လောက် ဆိုးဆိုးဝါးဝါး ပျက်စီးနေပြီဆိုတာ ကျွန်မ မြင်သွားတယ်။ စီးပွားရှာတဲ့ကိစ္စမှာ ဒီ မကောင်းတဲ့အတွေးအခေါ်တွေက လူတွေကို လှည့်စားပြီး ဒုက္ခပေးတဲ့ အပျက်သဘောဆောင်တဲ့အရာတွေ ဖြစ်မှန်း၊ ကျွန်မ နောက်ဆုံး နားလည်သွားတယ်။ ကျွန်မက အဲဒါတွေကြောင့် တော်တော်ကြီး ပျက်စီးခဲ့တော့၊ မကောင်းတာတွေ ပိုလုပ်လာတယ်။ စာရိတ္တပျက်လာတယ်လေ။ ဒီလို ခံယူချက်တွေနဲ့ အသက်ရှင်ပြီး၊ မရိုးမသား စီးပွားရှာတယ်ဆိုတာ ဘဝအတွက် မှန်ကန်တဲ့လမ်း မဟုတ်ပါဘူး။ ဘုရားနှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဆောင်တာ၊ ဘုရား သတ်မှတ်တဲ့အတိုင်း ရိုးသားသူတစ်ယောက်အဖြစ်နဲ့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာတွေကသာ ဘဝအတွက် တစ်ခုတည်းသောလမ်းမှန်ပါ။
နောက်တော့ ဘုရားနှုတ်ကပတ်တော်တွေထဲက ဒီကျမ်းပိုဒ်ကို ဖတ်မိတယ်- “လူတစ်ယောက်သည် မည်ကဲ့သို့ ရိုးသားသောသူဖြစ်နိုင်သနည်း။ ရိုးသားသောသူအဖြစ် မည်ကဲ့သို့ လက်တွေ့ကျင့်သုံးရမည်နည်း။ (လိမ်လည်ခြင်း၌ မပါဝင်ခြင်းနှင့် စကားပြောဆိုသည့်အခါ ရောထွေးမှု မရှိခြင်းအားဖြင့်) ဤအရာသည် မှန်ပေ၏။ ထို့နောက် ၎င်း၏အထဲ၌ အသေးစိတ်အချက်အလက်များလည်းပါဝင်သည်။ ‘ရောထွေးမှု မရှိခြင်း’ ဆိုသည်မှာ ဘာကိုဆိုလိုသနည်း။ သင်ပြောဆိုသည့်အရာ၌ ကိုယ်ရေးကိုယ်တာ ကြံရွယ်မှုများနှင့် ရည်ရွယ်ချက်များအား သိုဝှက်မထားခြင်း သို့မဟုတ် မလိမ်လည်ခြင်းကိုဆိုလိုသည်။ အကယ်၍သင်သည် လိမ်ညာမှု သို့မဟုတ် ကိုယ်ရေးကိုယ်တာ ကြံရွယ်မှုများနှင့် ရည်ရွယ်ချက်များအား သိုဝှက်ထားမည်ဆိုလျှင် မုသားသည် အလိုအလျောက် ထွက်ပေါ်လာပါလိမ့်မည်။ အကယ်၍ သင်၏အထဲ၌ လိမ်လည်ခြင်း သို့မဟုတ် ကိုယ်ရေးကိုယ်တာရည်ရွယ်ချက်များ သို့မဟုတ် ကြံရွယ်ချက်များ သိုဝှက်ထားမှုမရှိလျှင် သင်ပြောဆိုသည့် အရာများသည် ရောထွေးခြင်းရှိတော့မည်မဟုတ်ပေ။ ထိုမျှမက လိမ်လည်ခြင်းများလည်း ပါဝင်တော့မည်မဟုတ်ပေ။ သင် ‘ဟုတ်သည်’ ဟုဆိုလျှင် ‘အဟုတ်’၊ ‘မဟုတ်ဘူး’ ဟုဆိုလျှင်လည်း ‘မဟုတ်’ ဟုအဓိပ္ပာယ်ရလိမ့်မည်။ သင့်နှလုံးသားကို ပထမဦးစွာသန့်စင်စေခြင်းသည် အရေးကြီးဆုံးသောအဆင့်ဖြစ်သည်။ သင့်နှလုံးသား သန့်စင်သည်နှင့် တစ်ပြိုင်နက် သင်၏စိတ်ကြီးဝင်မှုနှင့် မရိုးသားသောလိမ်လည်မှုများသည် ဖြေရှင်း ပြီသားဖြစ်ပေလိမ့်မည်။ ရိုးသားသောသူတစ်ဦးဖြစ်ရန်အတွက် မိမိ၏ ပျက်ပြားသော ဤစိတ်သဘောထားများကို မိမိနှလုံးသားမှ ရှင်းလင်းဖို့ရန်လိုအပ်ပါသည်။ ထိုသို့ပြုပြီးလျှင် ရိုးသားသောသူတစ်ယောက်ဖြစ်ရန် လွယ်ကူမည်ဖြစ်သည်။ ရိုးသားသောသူတစ်ဦးဖြစ်ဖို့ရန် ခက်ခဲရှုပ်ထွေးပါသလော။ မဟုတ်ပါ။ ဤအရာသည် မရှုပ်ထွေးပေ။ သင်၏အထဲ၌ မည်မျှလောက် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအခြေအနေများရှိနေသည်ဖြစ်စေ၎င်းတို့အားလုံးကိုဖြေရှင်းပေးနိုင်သည့် သမ္မာတရားတစ်ခုရှိပါသည်။ လိမ်လည်၍ မပြောဆိုပါနှင့်။ အရှိကို အရှိတိုင်းပြောဆိုပါ။ သမ္မာတရားနှင့်အညီ ကျင့်ကြံပါ။ သင်ပြုသမျှ၌ ပွင့်လင်းမှုရှိပါ။ ဘုရားသခင်ရှေ့တော်မှောက်၌ လူသားတစ်ယောက်ကဲ့သို့ နေထိုင်ပါ။ အလင်းထဲ၌ အသက်ရှင်ပါ။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကိုဖြေရှင်းရန် လမ်းကြောင်း”) လက်တွေ့လုပ်ဆောင်ဖို့လမ်းကို ဘုရားနှုတ်ကပတ်တော်တွေထဲမှာ တွေ့လိုက်တာပါ။ ပထမဆုံး ကျွန်မတို့က ကိုယ့်ရည်ရွယ်ချက်တွေကို တည့်တည့်မတ်မတ် ထားရမယ်။ မုသားတွေ မပြောရဘူး၊ မရိုးသားတဲ့အတွေး မရှိရဘူး။ ပွင့်ပွင့်လင်းလင်း အသက်ရှင်နေထိုင်ရမယ်။ လူတွေရဲ့ လေးစားယုံကြည်မှုနဲ့ ထိုက်တန်ရမယ်။ လူသားပုံသဏ္ဌာန်တစ်ခုနဲ့ တဖြည်းဖြည်းတိုးပြီး အသက်ရှင်နေထိုင်ရမယ်။ ဘုရားက ရိုးသားသူတွေကို နှစ်သက်တယ်၊ ကောင်းချီးပေးပါတယ်။ အဲဒီလိုလူမျိုးက အမှောင်ထဲမှာ မရှင်သန်ရဘူး။ ဝေဒနာနဲ့ မနေထိုင်ရဘူး။ အလိမ်အညာမပျက်အောင်ဆိုပြီး ဦးနှောက်ခြောက်ခံ မစဉ်းစားကြရဘူး။ အထူးသဖြင့် လိမ်ညာထားတာတွေ ပြန်ခြောက်လှန့်လာမှာကို နေ့စဉ်ရက်ဆက် ကြောက်လန့်မနေရဘူး။ ရိုးသားသူတွေဆိုတာ အဲဒီလို အချုပ်အချယ်မရှိဘူး။ လွတ်လွတ်လပ်လပ်နဲ့ ငြိမ်းချမ်းကြတယ်။ ကျွန်မလည်း အဲဒီ အဓိပ္ပာယ်အစစ်အမှန်ကို နားလည်တော့မှ၊ ဘုရား သတ်မှတ်တဲ့အတိုင်း ရိုးသားသူဖြစ်အောင် လက်တွေ့လုပ်ဆောင်ချင်လာတယ်။
နောက်နေ့ နေ့လယ်လောက်ကျတော့ ကျွန်မက ဖောက်သည်တစ်ယောက်ကို ဆံပင်ညှပ်ပေးနေတယ်။ အဲဒီအချိန်မှာ ဟိုအရင်က ကျွန်မက ဆံပင်ထူအောင်လုပ်ဖို့ အကြံပြု တိုက်တွန်းလိုက်တဲ့ အမျိုးသမီးက စိတ်ပျက်လက်ပျက်ပုံစံနဲ့ ဝင်လာရော။ ကျွန်မစိတ်ထဲမှာလည်း တွေးနေပြီ၊ “သူကတော့ ပြဿနာရှာတော့မယ့်ပုံပဲ။ ငါ ရောင်းလိုက်တဲ့ပစ္စည်း မကောင်းဘူးလို့ ပြောလာရင် ဘယ်လိုလုပ်မလဲ။ တခြားဖောက်သည်တွေ ကြားကုန်မှာ။ အဲဒါဆို ငါ့စီးပွားရေး ထိခိုက်သွားနိုင်တယ်။ သူ ထွက်သွားအောင် ငါ ဘာလုပ်လို့ရမလဲ” ပေါ့။ သူ့ကို ဘယ်လိုရှင်းမလဲဆိုတာ စဉ်းစားရင်းနဲ့၊ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေးမိတယ်- “လိမ်လည်၍ မပြောဆိုပါနှင့်။ အရှိကို အရှိတိုင်းပြောဆိုပါ။ သမ္မာတရားနှင့်အညီ ကျင့်ကြံပါ။ သင်ပြုသမျှ၌ ပွင့်လင်းမှုရှိပါ။ ဘုရားသခင်ရှေ့တော်မှောက်၌ လူသားတစ်ယောက်ကဲ့သို့ နေထိုင်ပါ။ အလင်းထဲ၌ အသက်ရှင်ပါ။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကိုဖြေရှင်းရန် လမ်းကြောင်း”) ကျွန်မ ဆက်ပြီး လိမ်ညာနေလို့မရဘူးဆိုတာ သဘောပေါက်သွားတယ်။ အဲဒီအမျိုးသမီးမှာ ဘာတွေပဲပြောစရာရှိရှိ၊ တခြားဖောက်သည်တွေလည်း ကျွန်မကို ဘယ်လိုထင်ထင်၊ နောက်ထပ်လည်း ပိုက်ဆံရှာလို့ ရရမရရ၊ ကျွန်မအနေနဲ့ ဘုရားနှုတ်ကပတ်တော်တွေအတိုင်း ရိုးသားရမယ်၊ အမှန်ကိုပဲ ပြောရမယ်။ ပြီးတော့ သူ မကျေမနပ်ပြောသမျှကို ကောင်းကောင်းမွန်မွန် လက်ခံရမယ်။ ကျွန်မခေါင်းထဲမှာ အဲဒီလိုတွေ တွေးနေတုန်း၊ သူက ဒေါသတကြီး ပြောလာရော၊ “ရှင် ပြောတော့ ဒီဆံပင်အုံ ထူစေတဲ့ဆေးက ဆံပင်ပိုပေါက်အောင် လုပ်ပေးတယ်ဆို။ ကျွန်မမှာ ဆံပင်အသစ်ဆိုလို့ တစ်ချောင်းမှ ပေါက်မလာဘူး။ ရှင် ကျွန်မကို လိမ်လိုက်တာမဟုတ်လား” တဲ့။ ကျွန်မလည်း ရိုးရိုးသားသားပဲ ပြန်ပြောလိုက်တယ်၊ “တချို့ဖောက်သည်တွေက ဒီဆေးကို အတိုင်းအတာတစ်ခုအထိတော့ ထိရောက်တယ်လို့ ပြောကြတယ်။ တချို့ကျတော့ မထိရောက်ဘူးလို့ပြောပါတယ်။ ကျွန်မကိုယ်တိုင်လည်း မသုံးဖူးတော့၊ သေချာ မပြောနိုင်တာပါ။ အစ်မက အဆင်မပြေဘူးလို့ထင်ရင်၊ ဆက်မသုံးပါနဲ့တော့။ ကျွန်မ ပိုက်ဆံပြန်ပေးပါ့မယ်” ပေါ့။ ကျွန်မ ဒီလိုပြောတာကို ကြားတော့၊ သူ့ဒေါသတွေ ပျောက်သွားတယ်။ ပြီးတော့ အသာပြုံးပြီး၊ “ကျွန်မကလည်း အမှန်အတိုင်း သိချင်လို့ပါ။ ရှင်က ရိုးရိုးသားသား ပြန်ပြောတယ်ဆိုတော့၊ ပိုက်ဆံလည်း ပြန်ပေးစရာမလိုပါဘူး။ ကျွန်မဆံပင်ကလည်း ဒီဆေး သုံးတာ ဆံပင်အုံမထူလာဘူးဆိုပေမဲ့၊ အရင်ကထက်စာရင် အိပြီး အရောင်တောက်လာတယ်” ဆိုပြီး ပြောသွားတယ်။ သူ ပြန်သွားတော့မှ၊ ခုန ဖြစ်သွားတာတွေကို ကျွန်မ စဉ်းစားကြည့်တယ်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ရိုးသားတယ်ဆိုတာ အားနည်းချက် မဟုတ်မှန်း၊ အမှန်တကယ် တွေ့ကြုံလိုက်ရတာပါ။ သူများတွေရဲ့ လေးစားယုံကြည်မှုကို ရတဲ့အပြင်၊ ကြည်နူးစရာလည်း ကောင်းတယ်။ ဒီအဖြစ်က ကျွန်မကို ရိုးသားသူတစ်ယောက်ဖြစ်ဖို့ ပိုပြီး ယုံကြည်စိတ် ပေးလိုက်တာပါ။
စနေ၊ တနင်္ဂနွေပိတ်ရက်တစ်ခု ရောက်တော့၊ ကျွန်မအစ်မက ဆိုင်ကို ခေါင်းလျှော်ဖို့ လာတယ်။ အဲဒီအချိန်မှာ ဆံပင်ဆိုးချင်တဲ့ ဖောက်သည်တစ်ယောက်လည်း ရောက်နေတယ်။ ကျွန်မက သူ့ဆံပင်ကို ကြည့်ပြီး ပြောလိုက်ရော၊ “အစ်မ ဆံပင်ဆိုးထားတာ သိပ်မကြာသေးဘူး။ ခဏလောက် ထပ်စောင့်လိုက်ဦး။ ဒီဆိုးဆေးတွေက ဓာတုပစ္စည်းတွေပါတော့ အစ်မအတွက် မကောင်းဘူး” ပေါ့။ ဖောက်သည်က နည်းနည်း အံ့သြသွားပြီးတော့ ပြန်ပြောတယ်။ “စီးပွားရေးကို ဒီပုံစံနဲ့ လုပ်နေတဲ့လူတွေ ရှိတယ်ဆိုတာ မယုံနိုင်စရာပဲ။ ရှင် အခုလို အဆင်ပြေနေတာကို မအံ့သြတော့ဘူး။ အကျင့်သိက္ခာကောင်းမှတော့ အောင်မြင်တဲ့လုပ်ငန်း ဖြစ်ပြီပေါ့” တဲ့။ အဲဒီဖောက်သည် ပြန်သွားတော့၊ ကျွန်မအစ်မက ကျွန်မကို ထူးဆန်းသလိုပုံစံမျိုးနဲ့ကြည့်ပြီး၊ “နင် နေမကောင်းတာလား၊ တစ်ခုခုဖြစ်နေတာလား။ ခုနပိုက်ဆံက နင့်လက်ထဲရောက်နေတာကို နင် မယူလိုက်ဘူးလေ” ဆိုပြီး ပြောရော။ ကျွန်မလည်း အေးအေးဆေးဆေးပဲ ပြောပြလိုက်တယ်၊ “ညီမတို့အပြုအမူတွေက ကိုယ့်လုပ်ငန်းမှာ ထိခိုက်တတ်တယ်။ လူကောင်းမဟုတ်တဲ့သူတစ်ယောက်က လုပ်ငန်းကောင်းတစ်ခုကို ဘယ်လိုလုပ် စီမံနိုင်မလဲ။ မရိုးမသား လုပ်ပြီး ပိုက်ဆံတွေ မြန်မြန်ရချင်ရမယ်။ ဒါပေမဲ့ ကြာရှည်တော့မရဘူး။ အခုဆို ညီမက ရိုးရိုးသားသားနဲ့ အမှန်အတိုင်းပဲလုပ်တယ်။ အသိစိတ်ရှိရှိနဲ့ ပိုက်ဆံရှာရတာ အများကြီး စိတ်ချမ်းသာတယ်” ပေါ့။ ကျွန်မအစ်မကလည်း ပြုံးပြုံးနဲ့၊ “နင် ဟိုအရင် အလုပ်လုပ်ခဲ့တာ အဲဒီလို လုံးဝမဟုတ်ဘူး။ နင် တကယ် ပြောင်းလဲသွားပြီ” ဆိုပြီးပြောတယ်။ သူ အံ့သြနေတာကို ကြည့်ရင်း၊ ကျွန်မလည်း ဘုရားကိုပဲ အခါခါ ကျေးဇူးတင်မိတယ်။ အဲဒါတွေအားလုံးက ဘုရားနှုတ်ကပတ်တော်တွေကြောင့် ဖြစ်ခဲ့တာလေ။ အမှန်အတိုင်း ပြောရခြင်းရဲ့ အရသာနဲ့ ရိုးသားသူတစ်ယောက်ရဲ့ အေးချမ်းမှုကို ကျွန်မ မြည်းစမ်းခွင့်ရခဲ့တာပါ။
အဲဒီနောက်ပိုင်း ကျွန်မဆိုင်က စနေတနင်္ဂနွေနဲ့ ပိတ်ရက်တိုင်းမှာ အရမ်း အလုပ်လုပ်ရတယ်။ တစ်ဆင့်စကားနဲ့ရော သူငယ်ချင်းက ညွှန်းလို့ပါဆိုတာတွေရော၊ လူတွေအများကြီး လာကြတယ်။ ကျွန်မ ထင်ခဲ့ဖူးတာက၊ စီးပွားရေးမှာ မလိမ်မညာဘဲနဲ့ ဘယ်တော့မှ ရပ်တည်လို့ရမှာမဟုတ်ဘူး၊ လူတွေကလည်း ငါ့ကို ရယ်ကြလိမ့်မယ်ပေါ့။ ဒါပေမဲ့ အဲဒီအယူအဆက အဓိပ္ပာယ်မရှိဘူး၊ ရယ်စရာပဲဆိုတာ ကျွန်မ နောက်ဆုံး မြင်သွားတယ်။ မကောင်းတဲ့ အတွေးအခေါ်တွေကို ကျင့်သုံးတာက ယာယီအကျိုးအမြတ်တော့ ရမယ်။ ဒါပေမဲ့ တန်ဖိုးမဲ့တာ၊ စိတ်ဆင်းရဲရတာပဲ အဖတ်တင်တယ်။ ဘယ်လို လူသားပုံသဏ္ဌာန်မှမရှိတဲ့၊ ညစ်ပတ်ယုတ်မာတဲ့ ရှင်သန်နည်းပါ။ အခုဆို ကျွန်မက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့၊ ရိုးရိုးသားသား ပြောဆိုဖို့၊ မှန်မှန်ကန်ကန် နေထိုင်ဖို့ကိုပဲ အာရုံစိုက်တယ်။ သူများတွေရဲ့ လေးစားယုံကြည်မှုကို ရလိုက်တဲ့အပြင်၊ ကျွန်မကိုယ်တိုင်လည်း အေးချမ်းရပါတယ်။ သိပ်ကောင်းတဲ့ ရှင်သန်နေထိုင်နည်းပါ။ ကျွန်မ အခု ကြုံလိုက်ရတဲ့ အပြောင်းအလဲလေးက ဘုရားနှုတ်ကပတ်တော်တွေရဲ့ ကျေးဇူးကြောင့်ပါ။ အနန္တတန်ခိုးရှင်ဘုရားရဲ့ ကျေးဇူးတော်ပါပဲ။