“ခိုးယူခြင်းခံရသော” ကောင်းချီးတစ်ခု

13.12.2022

အားကျောက် တရုတ်နိုင်ငံ

၂၀၁၂ခုနှစ် မတ်လတုန်းက ဖြစ်တာပါ။ ဘယ်နေ့က စဖြစ်တာလဲတော့ မသိဘူး။ ဒါပေမဲ့ နေ့တိုင်းပဲ ညစာစားပြီးတော့ ကျွန်တော့်အမျိုးသမီးက အိမ်အလုပ်တွေအမြန်လုပ်ပြီး စာအုပ်တစ်အုပ်ဖတ်ဖို့ အိပ်ခန်းထဲဝင်သွားတာကို ကျွန်တော် သတိထားမိတယ်။ တစ်ရက်ပြီးတော့ နောက်တစ်ရက်ထပ်ဖြစ်ပြီး ဆက်တိုက်ဖြစ်နေတယ်။ ကျွန်တော်က တော်တော်သိချင်စိတ်ဖြစ်လာတယ်။ သူက ဘာစာအုပ်ဖတ်နေတာလဲ။ ဘာလို့သူ့ကို အရမ်းဆွဲဆောင်နေတာလဲပေါ့။ တစ်ညတော့ ကျွန်တော် မနေနိုင်ဘဲ ဘယ်လိုဖြစ်တာလဲဆိုတာသိရဖို့ တံခါးကို တွန်းဖွင့်လိုက်တယ်။ ကျွန်တော်ဝင်လာတာကို သူတွေ့တော့ သူက စာအုပ်ကို သိမ်းထားချင်တယ်။ စာအုပ်ကိုင်ထားတဲ့ သူ့လက်ကို ကျွန်တော်ကိုင်လိုက်ပြီး သူဖတ်နေတာ ဘာစာအုပ်လဲဆိုတာ မေးလိုက်တယ်။ သူက ပြုံးပြီးပြောတယ်။ “ဒါက သိုးသငယ် ဖွင့်သည့် စာစောင်ပဲ။ ဒါတွေက ပြန်ကြွလာတဲ့ သခင်ယေရှု ဖော်ပြတဲ့နှုတ်ကပတ်တော်တွေ။ သူပြန်ကြွလာတာကို ကျွန်မတို့ တောင့်တခဲ့ကြတယ်။ အခု သူ ပြန်ကြွလာပြီ” တဲ့။ ကျွန်တော်က ဒီလိုကြားရတော့ အံ့အားသင့်ပြီး ကြောက်သွားတယ်။ သင်းအုပ်ဆရာကပြောတာကို ကျွန်တော် သတိရတယ်။ “ကျွန်တော်တို့က သခင့်ကို ယုံကြည်တယ်။ ဒါကြောင့် ကယ်တင်ခြင်းခံရတယ်။ သခင်ပြန်ကြွလာတဲ့အခါ သူက ကျွန်တော်တို့ကို ကောင်းကင်နိုင်ငံတော်ကို တိုက်ရိုက်ချီဆောင်လိမ့်မယ်။ ဒါကြောင့် သခင်ကြွလာတယ်ဆိုတဲ့ ဘယ်တရားဟောချက်မဆို မှားတယ်” တဲ့။ ကျွန်တော်က စိတ်ဆိုးပြီး ပြောလိုက်တယ်။ “မင်း အမှားလုပ်နေပြီလို့ ငါထင်တယ်။ သင်းအုပ်ဆရာက ငါတို့ကိုပြောခဲ့တာကို မေ့သွားပြီလား။ ငါတို့က သခင့်ကိုယုံလို့ ကယ်တင်ခြင်းခံရပြီးပြီ။ သခင်ပြန်ကြွလာပြီဆိုရင် ငါတို့က ကောင်းကင်နိုင်ငံတော်ကို ချီဆောင်ခံရပြီးဖြစ်နေမှာ။ ဒါပေမဲ့ ငါတို့က ဒီမှာရှိနေတုန်းပဲမဟုတ်ဘူးလား။ သခင့်ကို ယုံကြည်သူတွေအနေနဲ့ ငါတို့က ကျမ်းစာကိုဖတ်ပြီး သခင့်ရဲ့လမ်းကို ထိန်းသိမ်းရမယ်။ ဒီလိုလုပ်မှပဲ သခင်ကြွလာတဲ့အခါ ငါတို့က ကောင်းကင်နိုင်ငံတော်ကို ချီဆောင်ခံရနိုင်တယ်” ပေါ့။ ကျွန်တော့်အမျိုးသမီးကပြောတယ်။ “ဒါကို အရမ်းအမြန်မသတ်မှတ်ပါနဲ့ဦး။ ဒီစာအုပ်ကို အရင်ဖတ်။ ဒါဆို သခင်က တကယ်ကြွလာပြီးပြီလားဆိုတာ ရှင်သိလိမ့်မယ်” တဲ့။ ဒါပေမဲ့ ကျွန်တော်က အဲဒီအချိန်တုန်းက ဒါကို အရမ်းသတိထားကြည့်နေတာဆိုတော့ ကျွန်တော့်အမျိုးသမီးပြောတာကို လက်မခံနိုင်ဘူး။ အဲဒါနဲ့ သူက စာအုပ်ကိုပဲ ပြန်ယူလိုက်တယ်။

အဲဒီနောက်တော့ တစ်ကြိမ်မှာ ကျွန်တော်က အလုပ်လုပ်လက်စနဲ့ ပစ္စည်းတစ်ခုလာယူဖို့ အိမ်ပြန်လာတယ်။ အဲဒီစာအုပ်ကို ကျွန်တော့်အမျိုးသမီးက ဖတ်နေတာကို မြင်တော့ ကျွန်တော်က ကိုယ်လိုတဲ့ပစ္စည်းကို ယူရင်းနဲ့ မျက်မှောင်ကုပ်ပြီး သူ့ကို လျစ်လျူရှုပြီး ထွက်လာလိုက်တယ်။ အပြန်လမ်းမှာ ကျွန်တော် စဉ်းစားနေမိတယ်။ “ငါ့မိန်းမက ဘာလို့ဒါကို အရမ်း စိတ်ထက်သန်နေတာလဲ။ သူအချိန်ရတိုင်း ဖတ်ပြီး ဧဝံဂေလိဟောဖို့ အပြင်ထွက်တယ်” ပေါ့။ ရုတ်တရက် အရင်တုန်းက ကျွန်တော့်အမေ ပြောခဲ့တာကို သတိရသွားတယ်။ “အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက ထည့်စဉ်းစားရမယ့် အင်အားစုတစ်ခုပဲ။ ကျမ်းစာနဲ့ရင်းနှီးပြီး အရမ်းလိုက်စားတဲ့ ညီအစ်ကိုမောင်နှမတွေက သူတို့စာအုပ်တွေထဲမှာ လမ်းပျောက်ပြီး လုံးဝ ပြန်ထွက်မလာဘူး” တဲ့။ ကျွန်တော် စဉ်းစားတယ်။ “ငါ့မိန်းမက အရှေ့အရပ်မှလျှပ်ပြက်ခြင်းစာအုပ်ကို ဖတ်နေတာလား။ အဲဒါကြောင့် သူ စိတ်ရှုပ်ထွေးသွားတာလား။ သူက တကယ် လှည့်စားခံရပြီး သခင့်ရဲ့ ကယ်တင်ခြင်းကို ဆုံးရှုံးသွားရင် ဘယ်လိုလုပ်မလဲ။ ဒါပေမဲ့ ငါက ဘဝမှာ မရင့်ကျက်ဘူး။ ကျမ်းစာနဲ့ တော်တော်ကို မရင်းနှီးဘူး။ သူ့ကို ဘယ်လိုပြန်ခေါ်ရမလဲဆိုတာ ငါမသိဘူး” ပေါ့။ နောက်ပိုင်းမှာ ကျွန်တော် သင်းအုပ်ဆရာချန်ကို အိမ်အလှဆင်တာ ကူလုပ်ပေးဖို့ သူ့အိမ်ကိုသွားတယ်။ သူက သခင့်ကို နှစ်တွေအများကြီးယုံကြည်ခဲ့တယ်။ ကျမ်းစာနဲ့ ရင်းနှီးပြီး ဘဝမှာ ရင့်ကျက်တယ်လို့ ကျွန်တော် ထင်မိတယ်။ သူက ကျွန်တော့်အမျိုးသမီးကို ချောက်ကမ်းပါးစွန်းကနေ ပြန်ခေါ်ဖို့ ဉာဏ်ရှိတဲ့ နည်းလမ်းတချို့ရှိလိမ့်မယ်။ အဲဒါနဲ့ သင်းအုပ်ဆရာချန်ကို ကျွန်တော် ပြောလိုက်တယ်။ “အခုရက်ပိုင်းမှာ ကျွန်တော့်မိန်းမက စာအုပ်တစ်အုပ်ဖတ်နေတယ်။ သူက သခင်ပြန်ကြွလာတယ်လို့ ပြောပြီး ဧဝံဂေလိကို တက်တက်ကြွကြွနဲ့ ဟောနေတယ်။ တော်တော်ပြောင်းလဲသွားတယ်။ အရင်တုန်းက သခင့်အပေါ် သူ့ယုံကြည်ခြင်းက အားနည်းပြီး ကျမ်းစာကို သိပ်မဖတ်တာကို ဆရာသိပါတယ်။ အခုမှ သူဘာလို့ အရမ်းလိုက်စားလာသလဲဆိုတာ ကျွန်တော် မသိဘူး” ပေါ့။ ဒါကိုကြားပြီးတော့ သူက အလေးအနက်ပြောတယ်။ “သူ့မှာ အန္တရာယ်ရှိနေပြီ။ အခု ဘာသာရေးလောကတစ်ခုလုံးမှာ သခင်ပြန်ကြွလာတယ်လို့ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကပဲ သက်သေခံတယ်။ ပြီးတော့ ကျမ်းစာကိုမဖတ်တာ သူတို့ပဲ။ ခင်ဗျားမိန်းမက အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို လက်ခံလိုက်တာ ဖြစ်နိုင်တယ်။ သူက အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကိုယုံကြည်ရင် သခင့်ကယ်တင်ခြင်းကို ဆုံးရှုံးရလိမ့်မယ်။ ကောင်းကင်နိုင်ငံတော်မှာ သူ့အတွက် နေရာရှိမှာမဟုတ်ဘူး။ သူ့ကို ပြန်ခေါ်ဖို့ ခင်ဗျား တစ်ခုခုလုပ်မှဖြစ်မယ်” တဲ့။ ဒါကိုကြားရတော့ ကျွန်တော် တော်တော်လန့်သွားတယ်။ ကျွန်တော့်မိန်းမရဲ့ မှားနေတဲ့ယုံကြည်မှုကြောင့် သခင်က သူ့ကိုစွန့်ပစ်ပြီး ကပ်ဘေးတွေထဲကို ကျသွားမှာကို ကျွန်တော် စိုးရိမ်တယ်။ ဘာလုပ်သင့်လဲဆိုပြီး သင်းအုပ်ဆရာချန်ကို ကျွန်တော် မေးတယ်။ သူက ခဏလောက်စဉ်းစားပြီး ပြောတယ်။ “ကျွန်တော်က သင်းအုပ်ဆရာပါ။ ကျွန်တော်က ခင်ဗျားထက် ကျမ်းစာကိုပိုသိတယ်။ ဒီနေ့ညကျရင် ခင်ဗျားမိန်းမဖတ်နေတဲ့စာအုပ်ကို ခိုးယူလိုက်။ ကျွန်တော် ခင်ဗျားကို အဲဒီစာအုပ်ကို ကူကြည့်ပေးမယ်။ ဒါပေမဲ့ သူမသိစေနဲ့” တဲ့။ အဲဒီအချိန်တုန်းက သင်းအုပ်ဆရာက ကျွန်တော့်ကို ကူပြီး စစ်ပေးရင် ပိုကောင်းမယ်လို့ ထင်ခဲ့တယ်။ ဒါဆိုရင် ဘာတွေရေးထားတယ်ဆိုတာ ကျွန်တော် သိပြီး အသိအမြင်နည်းနည်းရလာနိုင်တယ်။ ကျွန်တော့်မိန်းမရဲ့ ယုံကြည်ခြင်းက မှားနေရင် ကျွန်တော်တို့ သူ့ကို အချိန်မီ ပြန်လှည့်ဖို့ ဖျောင်းဖျနိုင်တယ်။ အဲဒီညမှာ ကျွန်တော် သိုးသငယ် ဖွင့်သည့် စာစောင်ကို သင်းအုပ်ဆရာချန်အိမ်ဆီကို လျှို့ဝှက်ပြီး ယူသွားတယ်။ သင်းအုပ်ဆရာချန်က စာအုပ်ကိုယူပြီး သာမန်ကာလျှံကာ လှန်လှောကြည့်တယ်။ ပြီးတော့ စားပွဲပေါ်ကို ပစ်ချလိုက်တယ်။ သူက စာအုပ်အဖုံးကိုစိုက်ကြည့်ပြီးတော့ အထင်သေးတဲ့ပုံစံနဲ့ ပြောတယ်။ “ဟုတ်တယ်။ ဒါ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းစာအုပ်တစ်အုပ်ပဲ။ ခင်ဗျားမိန်းမက အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ယုံနေတာ သေချာတယ်။ သူတို့တရားဟောတာက တော်တော်မြင့်တယ်။ လူအများစုက မချေပနိုင်ဘူး။ ပြင်းပြင်းထန်ထန်လိုက်စားပြီး ကျမ်းစာနဲ့ ရင်းနှီးတဲ့သူတချို့က သူတို့စာအုပ်ကိုဖတ်ပြီးတဲ့နောက်မှာ ကျမ်းစာကိုဖတ်တာ လုံးဝ ရပ်သွားတယ်။ သူတို့က ကျမ်းစာကိုမဖတ်ရင် သခင့်ကိုယုံကြည်သူတွေ ဟုတ်သေးရဲ့လား။ ခင်ဗျားမိန်းမက အရှေ့အရပ်မှ လျှပ်ပြက်ခြင်းရဲ့ လှည့်စားတာကို ခံလိုက်ရပြီ။ သူ နောက်ပြန်မလှည့်ရင် ကောင်းကင်နိုင်ငံတော်ရဲ့ ကောင်းချီးတွေကို ဆုံးရှုံးရမယ်” တဲ့။ ဒါကိုကြားတော့ ကျွန်တော် နည်းနည်း ပဟေဠိဖြစ်သွားတယ်။ “ကျမ်းစာနဲ့ မရင်းနှီးသူတွေက ပိုင်းခြားသိမြင်မှုမရှိဘူး။ ဒီတော့ သူတို့လှည့်စားခံရတာက သာမန်ပဲ။ ဒါပေမဲ့ နှစ်တွေအကြာကြီးခေါင်းဆောင်ဖြစ်ပြီး ကျမ်းစာကိုကောင်းကောင်းသိတဲ့သူတွေက အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ယုံကြည်ကြတယ်။ ဒီစာအုပ်မှာ နက်နဲမှုတစ်ခုခုရှိနေတာလား။ မဟုတ်ရင် ကျမ်းစာနဲ့ရင်းနှီးသူတွေက ဘာလို့ ဆွဲဆောင်ခံရပြီး နောက်ဆုံးမှာ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ယုံသွားတာလဲ။ ကျွန်တော် လုံးဝ နားမလည်ဘူး” ပေါ့။ အဲဒါနဲ့ ကျွန်တော် သင်းအုပ်ဆရာကို ပြောတယ်။ “ဆရာက ကျမ်းစာကို အများကြီးနားလည်တယ်။ စာအုပ်က အကြောင်းအရာတွေကို တစ်ချက်ကြည့်ပြီး ဘာတွေပြောထားလဲဆိုတာ ကျွန်တော့်ကို ပြောပြပါ။ ကျွန်တော့်မိန်းမကို ပြန်လာအောင် ဖျောင်းဖျဖို့ ဘာလုပ်သင့်လဲ” ပေါ့။ သင်းအုပ်ဆရာချန်က အလေးအနက်ပြောတဲ့အခါမှာ ကျွန်တော် အံ့သြသွားတယ်။ “ကျွန်တော်က သင်းအုပ်ဆရာပဲ။ အသက်တာမှာ ရင့်ကျက်တယ်။ ဒီတော့ ဒီစာအုပ်ကို ဖတ်စရာမလိုဘူး။ ကျွန်တော်တို့က သခင့်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခံရတယ်။ ဘုရားသခင်ရဲ့ နိုင်ငံတော်ကို ခေါ်ဆောင်ဖို့ သူ့ကိုစောင့်ဖို့ပဲလိုတာ။ ခင်ဗျားမိန်းမက ခင်ဗျားကို အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို တရားဟောရင် မယုံနဲ့။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက ပိုက်ဆံလိမ်လည်မှုကလွဲပြီး တခြားဘာမှမဟုတ်ဘူး။ ဒီကိစ္စမှာ ခင်ဗျားလုပ်နိုင်တာက သူ့ကို ပိုက်ဆံသိပ်မပေးမိအောင် သေချာလုပ်ဖို့ပဲရှိတယ်။ ခင်ဗျားပိုက်ဆံတွေအကုန် ဘဏ်အပ်ထား။ သူ့ကို အသုံးပြုခွင့်မပေးနဲ့။ သူ့လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ထား” တဲ့။ အဲဒီအချိန်တုန်းက ကျွန်တော်က သင်းအုပ်ဆရာက ကျွန်တော့်ထက်ပိုသိတယ်၊ ဒါ ကျွန်တော့်ကို ကာကွယ်ဖို့ပဲလို့ ခံစားမိတယ်။ အဲဒါနဲ့ သူပြောသလိုလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်တော် အိမ်ပြန်ရောက်တော့ ကျွန်တော့်မိန်းမပြန်မရောက်သေးဘူးလို့ ထင်နေတာ။ အဲဒါနဲ့ စာအုပ်ကို သူ့နေရာကို သေချာပြန်ထားလိုက်တယ်။ ဒါပေမဲ့ ကျွန်တော် မထားရသေးခင်မှာပဲ ကျွန်တော့်မိန်းမက တခြားအခန်းကနေ ထွက်လာတယ်။ ကျွန်တော်က အံ့အားသင့်သွားတယ်။ အဲဒီမှာ သူက ကျွန်တော့်ကို စိတ်ပူပြီးမေးတယ်။ “ရှင် ကျွန်မစာအုပ်ကို ယူလား” တဲ့။ ကျွန်တော် ခိုးယူတာကို သူသိသွားမှာစိုးပြီး လိမ်ပြောလိုက်တယ်။ “မယူပါဘူး။ မင်းက ပစ္စည်းတွေကို အမြဲတမ်း ဒီတိုင်းပစ်ထားတာ။ ငါ ကူရှာပေးမယ်” ဆိုပြီးတော့။ ပြီးတော့ ကျွန်တော်က အခန်းထဲမှာ မွှေနှောက်ရှာလိုက်တယ်။ နောက်ဆုံးကျတော့ စာအုပ်ကို ထုတ်ပြီး သူ့ကိုပေးပြီးတော့ ပြောလိုက်တယ်။ “ဒီမှာ မင်းက ပစ္စည်းတွေကို အမြဲတမ်းပစ်ထားတာ။ ပစ္စည်းတွေကို တကယ် သူ့နေရာနဲ့သူထားသင့်တယ်လေ” ပေါ့။ ကျွန်တော့်မိန်းမက ကျွန်တော့်ကို စိုက်ကြည့်နေတယ်။ စိတ်နှလုံးထဲမှာ အပြစ်ရှိမှန်းသိတော့ ကျွန်တော့်မျက်နှာက နီနေတာကို ခံစားမိတယ်။ ကံကောင်းချင်တော့ ကျွန်တော့်မိန်းမက ထပ်မမေးတော့ဘူး။ သူက စာအုပ်ကိုပဲယူပြီး ထွက်သွားတယ်။ ဒီအချိန်မှာပဲ သခင်ယေရှုက ကျွန်တော်တို့ကို ရိုးသားသူတွေဖြစ်ဖို့ ပြောတာကို သတိရမိတယ်။ “သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။(ရှင်မဿဲခရစ်ဝင် ၅:၃၇) ဒါပေမဲ့ ကျွန်တော် ဘာလုပ်ခဲ့လဲ။ သခင့်သွန်သင်မှုတွေကို ဆန့်ကျင်ပြီး ကျွန်တော့်အသိစိတ်ကို ဆန့်ကျင်ခဲ့တယ်။ သူခိုးတစ်ယောက်လို ပြုမူခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်က သူ့ကိုကာကွယ်ဖို့အတွက်လို့ ကိုယ့်ကိုယ်ကိုယ်ပြောပြီး ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ခဲ့တယ်။

နောက်တစ်နေ့မှာ ကျွန်တော် ဘဏ်ကိုသွားပြီး ကျွန်တော်တို့ ဘဏ်စာအုပ်တွေ၊ ကဒ်တွေအကုန်လုံးရဲ့ ပင်နံပါတ်ကိုပြောင်းလိုက်တယ်။ ပိုက်ဆံအပိုတွေအားလုံးကို ဘဏ်အပ်လိုက်တယ်။ စားဖို့အတွက်ပဲ ကျန်အောင်ပေါ့။ မျှော်လင့်မထားဘဲ ကျွန်တော့်မိန်းမက သိသွားပြီးတော့ ဘာမှမပြောဘူး။ သူ့စာအုပ်ကို ဖတ်တာအပြင် သူလုပ်နေကျအတိုင်း အိမ်အလုပ်တွေကိုလည်း အကုန်လုပ်တယ်။ ပြီးတော့ ခါတိုင်းလိုပဲ ကျွန်တော့်ကို ကောင်းကောင်းမွန်မွန်ဆက်ဆံတယ်။ ဒါပေမဲ့ ကျွန်တော်က ရှက်မိပြီး စိတ်မအေးနိုင်ဘူး။ ကျွန်တော်က သခင့်ကို နှစ်တွေအကြာကြီးယုံကြည်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်မိန်းမကို ဒီလိုစက်ဆုပ်စရာပုံစံနဲ့ ဆက်ဆံနေတုန်းပဲ။ ဒါက ခရစ်ယာန်တစ်ယောက်ပြုမူသင့်တဲ့ပုံစံမဟုတ်ဘူး။ ကျွန်တော့်မိန်းမက အဲဒီစာအုပ်ကို စဖတ်ကတည်းက အများကြီးပြောင်းလဲသွားတာကို ကျွန်တော် သတိထားမိတယ်။ ကျွန်တော်က သူ့ကို ဒီလိုဆက်ဆံတယ်။ သူက စိတ်တောင်မဆိုးဘူး။ သူ့ကို ပြောင်းလဲလိုက်တာက စာအုပ်ထဲက စကားလုံးတွေလား။ ကျွန်တော်က အမှားတစ်ခုလုပ်နေတာလား။ ကျွန်တော့်မိန်းမယုံကြည်တဲ့ ဒီအရှေ့အရပ်မှ လျှပ်ပြက်ခြင်းက တကယ်ပဲ သခင်ယေရှုပြန်ကြွလာခြင်းဖြစ်နိုင်သလား။ အကုန်လုံးကို အဖြေရှာကြည့်ရမယ်ဆိုတာ ကျွန်တော် သိသွားတယ်။

တစ်ညတော့ ညစာစားနေတုန်းမှာ ကျွန်တော့်မိန်းမက ကျွန်တော့်ကိုစာအုပ်ကိုထပ်ဖတ်ဖို့ တိုက်တွန်းပြီး ပြောတယ်။ “သခင့်ကိုယုံကြည်ခြင်းကြောင့် ကျွန်မတို့ ကယ်တင်ခြင်းခံရတယ်၊ သခင်ကြွလာတဲ့အခါ ကျွန်မတို့ကို ကောင်းကင်နိုင်ငံတော်ဆီကို ခေါ်ဆောင်သွားမယ်လို့ ရှင်ကပြောတယ်နော်။ ဒါပေမဲ့ ကျွန်မတို့အမေ၊ ယောက်မနဲ့ ကျွန်မတို့ကို ကြည့်ကြည့်လေ။ သခင့်ကိုယုံကြည်တာ နှစ်တွေကြာလှပြီ။ ဒါပေမဲ့ ကျွန်မတို့က အမြဲတမ်းပဲ နေ့ပိုင်းမှာ အပြစ်ပြုပြီး ညပိုင်းမှာ ဝန်ချကြတယ်။ အပြစ်ရဲ့ ချည်နှောင်မှုကနေ မလွတ်မြောက်နိုင်ကြဘူး။ သန့်ရှင်းခြင်းမရှိဘဲနဲ့ သခင့်ကိုမမြင်နိုင်ဘူးလို့ ကျမ်းစာကပြောတယ်။ ဘုရားသခင်က သန့်ရှင်းတယ်။ ဒါကြောင့် ကျွန်မတို့က ခဏခဏ အပြစ်လုပ်နေသေးရင် ကောင်းကင်နိုင်ငံတော်ကိုဝင်ဖို့ ဘယ်လိုအရည်အချင်းပြည့်မီမှာလဲ။ အခု သခင်ယေရှုက ပြန်ကြွလာပြီ။ လူတွေကို အပြစ်ကနေ လုံးဝ သန့်စင်ပြီး သူ့ရဲ့နိုင်ငံတော်ထဲကို ခေါ်ဆောင်ဖို့အတွက် သမ္မာတရားကို ဖော်ပြပြီး ဘုရားအိမ်တော်ကစတဲ့ တရားစီရင်ခြင်းအမှုကို ပြုတယ်။ ကောင်းကင်နိုင်ငံတော်ကို ဝင်ရဖို့အတွက် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို ကျွန်မတို့ လက်ခံရမယ်” တဲ့။ ကျွန်တော့်မိန်းမပြောတာက ကျွန်တော့်အတွက် နည်းနည်းအဓိပ္ပာယ်ရှိတယ်။ ကျွန်တော်တို့က နေ့မှာအပြစ်ပြုပြီး ညမှ ဝန်ချတဲ့အခြေအနေမှာ အသက်ရှင်နေတုန်းပဲ။ အပြစ်ရဲ့ချည်နှောင်မှုကနေ မလွတ်မြောက်နိုင်သေးဘူး။ သခင်က သန့်ရှင်းတယ်။ ဒါကြောင့် ကျွန်တော်တို့လို ညစ်ပေပြီး ဖောက်ပြန်ပျက်စီးတဲ့လူတွေက ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်သလားဆိုတာ ပြောဖို့ ခက်တယ်။ ဒါကို ကျွန်တော် သတိထားမိတော့ ခေါင်းညိမ့်လိုက်တယ်။ ကျွန်တော်က အတိုက်မခံမဖြစ်ဘူးဆိုတာ ကျွန်တော့်မိန်းမကမြင်ပြီးတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ပြောတယ်။ နောက်နေ့ကျရင် အစ်မနှစ်ယောက်က သခင်ပြန်ကြွလာခြင်းအကြောင်းကို ကျွန်တော့်ကို လာပြောပြပေးနိုင်တယ်တဲ့။ ကျွန်တော် သူတို့ပြောတာနားထောင်ဖို့ သဘောတူလိုက်တယ်။ ဒါပေမဲ့ ကျွန်တော်က သမ္မာကျမ်းစာကို နည်းနည်းနားလည်ထားတယ်ဆိုတာ ကျွန်တော်သိတယ်။ အဲဒါနဲ့ ကျွန်တော့်ကို နားလည်အောင်ကူပေးပြီး အဲဒီအစ်မတွေနဲ့ ငြင်းခုံဆွေးနွေးပေးဖို့ သင်းအုပ်ဆရာချန်ကိုလည်း လာစေချင်တယ်။ ဒါဆိုရင် ကျွန်တော်က အသိအမြင်ရပြီး ဘယ်သူ့စကားတွေက ကျမ်းစာနဲ့အညီဆုံးလဲဆိုတာ မြင်နိုင်တယ်။ အဲဒါနဲ့ ကျွန်တော်က ဒီအကြောင်းကို သင်းအုပ်ဆရာချန်ကိုပြောလိုက်တယ်။

နောက်တစ်နေ့ ညစာစားပြီးတော့ အားလုံးရောက်လာကြတယ်။ အစ်မတစ်ယောက်က မိတ်သဟာယဖွဲ့တယ်။ “သခင်က ပြန်ကြွလာပြီ။ သူက သမ္မာတရားကို ဖော်ပြပြီး လူတွေကို တရားစီရင်ပြီး သန့်စင်တဲ့အမှုကိုပြုပါတယ်...” သူပြောလို့မပြီးခင်မှာပဲ သင်းအုပ်ဆရာချန်က အကျယ်ကြီးအော်ပြောတယ်။ “သခင်က ပြန်ကြွလာပြီလို့ ဘာကို အခြေပြုပြီးပြောတာလဲ။ ကျွန်တော်တို့အပြစ်တွေက သခင်ယေရှုအပေါ် ကျွန်တော်တို့ ယုံကြည်ခြင်းကြောင့် ခွင့်လွှတ်ခြင်းခံရတယ်။ ကျွန်တော်တို့က ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းခံရတယ်။ ဒီတရားစီရင်ခြင်းအမှုကို မလိုအပ်ပါဘူး။ ခင်ဗျားတို့က ကျမ်းစာကို လုံးဝ နားမလည်ဘူး” တဲ့။ တခြားအစ်မက သင်းအုပ်ဆရာကိုပြောတယ်။ “အစ်ကို သမ္မာတရားကို ငြင်းခုံနေတာနဲ့ မရနိုင်ပါဘူး။ သခင်က တကယ်ပြန်ကြွလာပါပြီ။ ပြန်ကြွလာတဲ့သခင်က ဖော်ပြတဲ့ သမ္မာတရားကို ဖတ်ရင် သူက တကယ်လားဆိုတာ အစ်ကိုသိပါလိမ်မ့မယ်” တဲ့။ သင်းအုပ်ဆရာချန်က စိတ်မရှည်ဖြစ်ပြီး ပြောတယ်။ “ဘာလို့ ဖတ်ရမှာလဲ။ သခင်က ပြန်ကြွမလာသေးဘူး။ ခင်ဗျားတို့က ကျမ်းစာကို လုံးဝ နားမလည်ဘူး။ ဒါဆို ဘာလို့ ဧဝံဂေလိဟောနေတာလဲ။ ကျွန်တော်က ခင်ဗျားတို့ထက် ကျမ်းစာကို အများကြီးပိုသိတယ်။ ဒါကို နားထောင်မှာမဟုတ်ဘူး” တဲ့။ အစ်မနှစ်ယောက်က ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်အကြောင်းကိုပြောဖို့ ကျမ်းစာကို အသုံးပြုတယ်။ ဒါပေမဲ့ သင်းအုပ်ဆရာချန်က လုံးဝ နားမထောင်ဘူး။ သူတို့ကို ဆက်တိုက်ကြားဖြတ်ပြောပြီး စကားပြောခွင့်မပေးဘူး။ အစ်မနှစ်ယောက်က ပြန်ဖို့ကလွဲပြီး ရွေးစရာမရှိတော့ဘူး။ နောက်တော့ သူက ကျွန်တော့်မိန်းမကိုပြောတယ်။ “သူတို့ပြောတာ နားမထောင်နဲ့။ ခင်ဗျားက ကျမ်းစာကို နားမလည်ဘူး။ ဒါကြောင့် လှည့်စားတာမခံပါနဲ့။ နောက်ကျရင် ကျမ်းစာကိုပိုဖတ်ပါ” တဲ့။ အဲဒီလိုနဲ့ ၁၅မိနစ်တောင်မကြာဘဲ အားလုံး ပြန်သွားကြတယ်။ ကျွန်တော် တော်တော်စိတ်ပျက်သွားတယ်။ အသင်းတော်ရဲ့ သင်းအုပ်ဆရာတစ်ယောက်အနေနဲ့ သခင်ပြန်ကြွလာပြီလို့ တစ်ယောက်ယောက်က သက်သေခံရင် ရှာဖွေစုံစမ်းသင့်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်က လူတွေနဲ့ ငြင်းခုံဆွေးနွေးသင့်တယ်။ တကယ်ပဲ သခင်ပြန်ကြွလာတာဆိုရင် ကျွန်တော်တို့အတူတကွ လက်ခံသင့်တယ်။ မဟုတ်ဘူးဆိုရင် ကျွန်တော်တို့ အသိအမြင်နည်းနည်းရတာပေါ့။ ဒါဆိုရင် လူတိုင်းအတွက် ကောင်းမှာပဲ။ သင်းအုပ်ဆရာချန်က ဘာလို့ အရမ်းမာနကြီးနေတာလဲ။ သူက ကျမ်းစာကို တကယ်နားလည်ရင် သူတို့နဲ့ ကောင်းကောင်းဆွေးနွေးသင့်တယ်။ အဲဒီညနေမှာ ကျွန်တော် တစ်ခုခုတော့ရမယ်လို့ ထင်ခဲ့တာ။ ကျွန်တော် ဘယ်လောက်မှားနေသလဲဆိုတာ တွေ့ရတော့ အံ့သြမိတယ်။ ပြီးတော့ သင်းအုပ်ဆရာချန်ရဲ့ ကိုင်တွယ်ပုံကို ကျွန်တော် မကျေနပ်နေဘူး။ ဒါပေမဲ့ သူ့မိတ်သဟာယက ကျမ်းစာကို အခြေခံတယ်။ အစ်မနှစ်ယောက်က ကျမ်းစာအပြင်က ဘာကိုမှ မိတ်သဟာယမဖွဲ့ဘူး။ နှစ်ဘက်လုံးက ကျမ်းစာအခြေပြုချက်ရှိတယ်။ ဒါဆို သူတို့ရှင်းပြတာတွေ၊ နားလည်မှုတွေက ဘာလို့ အရ မ်းကွဲနေတာလဲ။ ကျွန်တော် တော်တော်ခေါင်းရှုပ်သွားတယ်။

နောက်ပိုင်းမှာ ကျွန်တော့်မိန်းမနဲ့ ကျွန်တော်က ဇာတိမြို့ကို ပြန်ကြတယ်။ ဒေသခံအသင်းတော်က သင်းအုပ်ဆရာလျူနဲ့ တွဲဖက်အမှုဆောင်လျန်က ကျွန်တော့်မိန်းမကို အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ယုံကြည်နေတာကို ရပ်အောင် ဖျောင်းဖျဖို့ ကျွန်တော့်အိမ်ကို လာကြတယ်။ ကျွန်တော့်မိန်းမက နားမထောင်တာကို မြင်တော့ တွဲဖက်အမှုဆောင်လျန်က သူ့ကို စိတ်ဆိုးဆိုးနဲ့ လက်ညှိုးထိုးပြီး ဒေါသနဲ့ဝေဖန်ပြောဆိုတယ်။ သူကြောက်သွားအောင်လို့ အရှေ့အရပ်မှလျှပ်ပြက်ခြင်းကို ရှုတ်ချတာတွေ အများကြီးပြောတယ်။ ကျွန်တော် စဉ်းစားတယ်။ “ဒါက သခင့်ကို ယုံကြည်သူဟုတ်သေးရဲ့လား။ ငါ့မိန်းမက အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ယုံတာ သက်သက်ပါပဲ။ သခင်သွန်သင်သလို သူ့ကို ချစ်ခြင်းနဲ့ ကူညီပံ့ပိုးသင့်တယ်လေ။ သူ့မျက်နှာရှေ့မှာ လက်ကို ယမ်းပြရမှာမဟုတ်ဘူး”ပေါ့။ ကျွန်တော်က စိတ်ဆိုးပြီး သူ့ကို အကျိုးသင့်အကြောင်းသင့် ရှင်းပြချင်တယ်။ ဒါပေမဲ့ အဲဒီမှာ သင်းအုပ်ဆရာလျူက ကျွန်တော့်ကို တံခါးအပြင်ဆွဲထုတ်ပြီး ပြောတယ်။ “ခင်ဗျားမိန်းမကို ခင်ဗျားဖျောင်းဖျရမယ်။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို သူယုံတာ သိပ်မကြာသေးဘူး။ ဒီတော့ သူ့အပြစ်တွေကို သခင့်ဆီဝန်ချပြီး နောင်တရဖို့ သူ့ကိုပြောပါ။ သူက နားမထောင်ရင်၊ မဖြစ်မနေလုပ်ရမယ်ဆိုရင် ရဲကိုခေါ်လို့ရတယ်” တဲ့။ အဲဒီအချိန်မှာ သင်းအုပ်ဆရာလျူက ဒီလိုပြောတာ မှားတယ်လို့ ကျွန်တော် ခံစားမိတယ်။ ဒါပေမဲ့ ကျွန်တော့်မိန်းမကို တားဆီးဖို့ တခြားနည်းမရှိဘူးလို့လည်း ခံစားမိတယ်။ သူတို့ပြန်သွားတော့ ကျွန်တော့်မိန်းမက ကျွန်တော့်ကိုပြောတယ်။ “သခင့်ကို ကျွန်မ ယုံကြည်တဲ့အချိန်က ကျွန်မက မတက်မကြွဖြစ်ပြီး အားနည်းတယ်။ ကျွန်မယုံကြည်ခြင်းက အေးစက်တယ်။ ဒါပေမဲ့ ဘယ်သင်းအုပ်ဆရာ၊ အကြီးအကဲကမှ ကျွန်မကို ကူညီပံ့ပိုးဖို့ မလာဘူး။ အခု ကျွန်မက သခင့်ကို ကြိုဆိုပြီးတော့ သူတို့က ဘယ်လောက် ဝီရိယရှိလာတယ်ဆိုတာ ရှင်မြင်နိုင်တာပဲ။ ကျွန်မအသက်တာကို သူတို့လုံးဝ ဂရုမစိုက်ဘူးဆိုတာ ကျွန်မပြောနိုင်တယ်။ ကျွန်မက သူတို့ကို လှူဖွယ်ပစ္စည်းတွေ ဆက်ပေးနေအောင်လို့ ဘာသာတရားဘက်ကို ကျွန်မကို ပြန်ဆွဲခေါ်ချင်နေတာပါ။ ဒီလိုမလုပ်နိုင်တော့ သူတို့ရဲ့ အပြုအမူက လုံးဝ ပြောင်းသွားတယ်။ ကျွန်မ မျက်နှာရှေ့မှာ လက်တွေယမ်းပြတယ်။ ကျွန်မကို ဒေါသနဲ့ဝေဖန်ပြောဆိုတယ်။ စော်ကားပုတ်ခတ်တာတွေပြောတယ်။ ဒါက သခင်သွန်သင်တာတွေနဲ့ ညီရဲ့လား။ သူတို့က သခင့်ကိုယုံကြည်သူတွေလိုမျိုး ပြုမူနေတာလား။ ရှင်သူတို့အကြောင်းသိပြီး သူတို့ပြောတာကို မစဉ်းမစားနားမထောင်ဖို့ လိုတယ်။ ဂျူးဘာသာယုံကြည်သူတွေက ဖာရိရှဲတွေနောက်လိုက်ပြီး သခင်ယေရှုကို ရှုတ်ချကြတယ်။ နောက်ဆုံးမှာ သခင့်ကို ကားစင်တင်ပြီး ဘုရားရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားကြတယ်” တဲ့။ ကျွန်တော့်မိန်းမပြောတာကိုကြားပြီးတော့ သင်းအုပ်ဆရာလျူက ကျွန်တော့်မိန်းမကို ပြန်ခေါ်ယူဖို့လာတာလို့ပြောပေမဲ့ ချစ်ပြီး ပံ့ပိုးကူညီတဲ့စကားတစ်လုံးမှ မပြောတာကို သတိရမိတယ်။ သူတို့ပြောသမျှက ကြောက်အောင်လုပ်တာ၊ ခြိမ်းခြောက်တာ၊ ရှုတ်ချတာတွေပဲ။ ကျွန်တော့်မိန်းမကို ဖမ်းဆီးဖို့ ရဲကိုခေါ်ဖို့လည်း ကျွန်တော့်ကိုပြောတယ်။ ဒါတွေက သခင့်ကို ယုံကြည်သူတွေပြောမယ့်အရာတွေလား။ ဒါဆိုရင် ကျွန်တော့်မိန်းမကို တွင်းထဲတွန်းချနေသလိုမဖြစ်ဘူးလား။ ကျွန်တော် တော်တော်ဒေါသထွက်ပြီး အဲဒီနောက်တော့ သင်းအုပ်ဆရာတွေကို ထပ်ပြီး မယုံရဲတော့ဘူး။

ဒီလိုဖြစ်သွားပြီးတော့ ကျွန်တော့်မိန်းမက ကျွန်တော့်ကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ဖို့ ခဏခဏ ဆွဲဆောင်နေတုန်းပဲ။ ကျွန်တော်က အရမ်းသိချင်စိတ်ဖြစ်နေတယ်။ ကျွန်တော့်မိန်းမရဲ့ ယုံကြည်ခြင်းကို အရမ်းခိုင်မြဲအောင်လုပ်ပြီး ကျွန်တော့်ကို ဖတ်ဖို့ ဆွဲဆောင်ဖို့အတွက် အရမ်းစိတ်ပိုင်းဖြတ်ထားအောင်လုပ်တဲ့ ဒီစာအုပ်မှာ ဘာတွေပါသလဲဆိုတာကို ကြည့်ချင်နေတယ်။ ဒါပေမဲ့ ကျွန်တော့်သဘောထားကို ကျွန်တော့်မိန်းမကို မသိစေချင်ဘူး။ အဲဒါနဲ့ သူ့ကိုပြောဖို့ ကျွန်တော် အရမ်းရှက်နေတယ်။ တစ်နေ့ကျတော့ ကျွန်တော့်အမျိုးသမီးအိမ်မှာမရှိတဲ့အချိန်မှာ ကျွန်တာ် သူ့စာအုပ်ကိုယူပြီး ဖတ်လိုက်တယ်။ ပထမအခန်းကို ကျွန်တော်ဖွင့်လိုက်ပြီး “ကျမ်းဦးစကား”ဆိုတဲ့ ခေါင်းစဉ်ကို ဖတ်တယ်။ စာအုပ်ထဲမှာ ကျွန်တော်ဖတ်ရတာက ဒါတွေပဲ။ “များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုကြောင်းနှင့် ဘုရားသခင်၏ အလိုနှင့် ညီညွတ်ရန် ၎င်းတို့ မည်သည့်အရာ လုပ်ရမည်ဆိုကြောင်းတို့ကို အနည်းငယ်ကသာ သိနားလည်ကြသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူများသည် ‘ဘုရားသခင်’ ဆိုသည့် စကားလုံးနှင့် ‘ဘုရားသခင်၏ အမှု’ ဟူသော စကားစုများနှင့် ရင်းနှီးကြသော်လည်း၊ ဘုရားသခင်ကို မသိကြဘဲ သူ၏ အမှုကို သာ၍ပင် မသိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ကို မသိသောသူများ အားလုံးသည် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုတွင် ရှုပ်ထွေးကြသည်မှာ မထူးဆန်းပေ။ လူများသည် ဘုရားသခင်ကို ယုံကြည်မှုအား အလေးအနက် မထားကြသကဲ့သို့၊ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ၎င်းတို့အတွက် အလွန် မရင်းနှီးသောကြောင့်၊ အလွန်ပင် ထူးခြားနေသောကြောင့် လုံးလုံးလျားလျား ဖြစ်ပေသည်။ ဤနည်းဖြင့် ၎င်းတို့သည် ဘုရားသခင်၏ တောင်းဆိုမှုများကို ပြည့်မီနိုင်ခြင်း မရှိကြချေ။ တစ်နည်းအားဖြင့် လူများသည် ဘုရားသခင်ကို မသိဘဲ၊ ဘုရားသခင်၏အမှုကိုလည်း မသိပါက၊ ၎င်းတို့သည် ဘုရားသခင်၏ အသုံးပြုခြင်းအတွက် မသင့်တော်သကဲ့သို့၊ ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းဖို့မှာ ပို၍ပင် မဖြစ်နိုင်ချေ။ ‘ဘုရားသခင်ကို ယုံကြည်ခြင်း’ ဆိုသည်မှာ ဘုရားသခင်တစ်ပါး ရှိသည်ကို ယုံကြည်ခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ အရိုးရှင်းဆုံး အယူအဆ ဖြစ်၏။ ထို့အပြင် ဘုရားသခင်တစ်ပါးရှိသည်ကို ယုံကြည်ခြင်းသည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းနှင့် မတူပေ။ ယင်းထက်၊ ထိုအရာသည် ခိုင်မာသည့် ဘာသာရေး အငွေ့အသက်ပါရှိသည့် ရိုးရှင်းသော ယုံကြည်မှုတစ်မျိုး ဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ခြင်း ဆိုသည်မှာ အောက်ပါအတိုင်း ဆိုလိုပေသည်- ဘုရားသခင်သည် အရာအားလုံးအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟု ယုံကြည်မှုအရ၊ သူ၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ကို လူတစ်ဦးက တွေ့ကြုံခံစားသည်၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သန့်စင်သည်၊ ဘုရားသခင်၏အလိုကို ဖြည့်ဆည်းပြီး၊ ဘုရားသခင်ကို သိကျွမ်းလာပေသည်။ ဤခရီးလမ်းမျိုးကိုသာ ‘ဘုရားသခင်ကို ယုံကြည်ခြင်း’ ဟု ခေါ်ဆိုနိုင်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်) ဒီနေရာရောက်တော့ ဒီလိုစကားတွေကို ဘယ်လူသားကမှ မပြောနိုင်ဘူးလို့ ခံစားမိတယ်။ ဘုရားသခင်အပေါ် ယုံကြည်ခြင်းမှာ အရာအားလုံးကို ဘုရားဖန်ဆင်းတယ်လို့ ယုံကြည်တာအပြင်ကို ဘုရားရဲ့ နှုတ်ကပတ်တော်နဲ့ အမှုတော်ကို ကျွန်တော်တို့ ကြုံတွေ့ရမယ်။ ကျွန်တော်တို့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို စွန့်ပစ်ပြီး ဘုရားကိုသိလာရမယ်။ ဘုရားအပေါ် ယုံကြည်ခြင်းက ဘာလဲဆိုတာ ဒီစကားတွေက ရှင်းလင်းအောင် ပြောပြတယ်။ သခင့်အပေါ် ကျွန်တော်ယုံကြည်တဲ့နှစ်တွေအားလုံးမှာ ကျမ်းစာကိုဖတ်ရမယ်၊ ဆုတောင်းရမယ်၊ တရားဒေသနာတွေနားထောင်ရမယ်လို့ပဲ သိခဲ့တယ်။ သင်းအုပ်ဆရာတွေပြောသမျှကို ယုံပြီး အရာရာတိုင်းမှာ သင်းအုပ်ဆရာတွေကိုပဲ နားထောင်ခဲ့တယ်။ ဒါကို ဘုရားသခင်အပေါ် ယုံကြည်ခြင်းလို့ ဘယ်လိုခေါ်နိုင်မလဲ။ ဒါက သင်းအုပ်ဆရာတွေကို ယုံကြည်တာပဲ။ ဒီစကားတွေကို ကျွန်တော် ဖတ်လေလေ၊ ကျွန်တော့်စိတ်နှလုံးက လင်းလက်လာလေလေ၊ ပိုပြီးဖတ်ချင်လေလေပဲ။ ကျွန်တော့်မိန်းမ အိမ်မှာမရှိတဲ့အချိန်တိုင်းမှာ စာအုပ်ကိုဖတ်ဖို့ တိတ်တိတ်လေးယူတယ်။

တစ်နေ့တော့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ဒီ နှုတ်ကပတ်တော်အပိုဒ်ကို ကျွန်တော် ဖတ်တယ်။ “ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသော်လည်း၊ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး ဘုရားသခင်ကို ဩဝါဒပေးရန် အမြင့်တွင် ရပ်တည်ကြရင်း၊ အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏အောင်လံကို သယ်ဆောင်နေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်ကို တမင် ဆန့်ကျင်ကြလေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းကို အခိုင်အမာဆိုလျက်၊ ၎င်းတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်ကြဆဲ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းရန် ကြိုးစားနေသူတို့၏ လမ်းတွင် တမင်သက်သက် တားဆီးသော မကောင်းဆိုးဝါးများ၏ ဦးသျှောင်နှင့် ဘုရားသခင်ကို ရှာဖွေသောသူတို့ကို ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် ‘ကောင်းမွန်သည့် ဖွဲ့စည်းမှု’ ရှိပုံရကြသော်လည်း၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို ဆန့်ကျင်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် နှစ်မြှုပ်ထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်) ဒီနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ သင်းအုပ်ဆရာတွေ၊ အကြီးအကဲတွေကို ချက်ချင်းတွေးမိတယ်။ သူတို့တွေက ကျမ်းစာနဲ့ ရင်းနှီးတယ်။ အပြင်ပန်းမှာ နှိမ့်ချတယ်။ စိတ်ရှည်တယ်။ ချစ်ခင်တယ်။ သခင်ပြန်ကြွလာတာကို စောင့်ကြည့်ဖို့ ကျွန်တော်တို့ကို ခဏခဏပြောတယ်။ ဒါပေမဲ့ သခင်ပြန်ကြွလာတာကို တစ်ယောက်ယောက်က တကယ် သက်သေခံတာနဲ့ သူတို့က ရှာဖွေစုံစမ်းဖို့ နည်းနည်းလေးမှ ဆန္ဒမရှိဘူး။ သင်းအုပ်ဆရာချန်က စာအုပ်ကို ကျွန်တော့်ကို ခိုးယူခိုင်းပြီး သူက ကူပြီးစစ်ကြည့်ပေးချင်တယ်လို့ ပြောတယ်။ ဒီတော့ စာအုပ်ထဲက အကြောင်းအရာတွေကို ဖတ်သင့်တယ်ဆိုတာ ကျိုးကြောင်းသင့်တယ်လေ။ ဒါပေမဲ့ သူက ကြည့်တောင်မကြည့်ဘဲ ကျွန်တော့်မိန်းမကို မှားနေပြီလို့ ချက်ချင်း ရှုတ်ချတယ်။ တွဲဖက်အမှုဆောင်လျန်က ကျွန်တော့်မိန်းမကို ဆူပြီး ရှုတ်ချတဲ့စကားလုံးတွေနဲ့ ကြောက်အောင်လုပ်ပြီး ခြိမ်းခြောက်တယ်။ သင်းအုပ်ဆရာလျူက ကျွန်တော့်ကို ရဲခေါ်ဖို့၊ ကျွန်တော့်မိန်းမကို သစ္စာဖောက်ဖို့၊ သူ့ကို လွှဲပြောင်းပေးဖို့ ပြောတယ်။ ဘုရားကို ယုံကြည်သူတွေက ဒီလိုဟာမျိုးတွေကို ဘယ်လိုလုပ်နိုင်တာလဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်က တကယ်ပဲ သခင်ယေရှု ဒုတိယအကြိမ်ပြန်ကြွလာတာဖြစ်ပြီး သင်းအုပ်ဆရာတွေက ကျွန်တော်တို့ကို ရှာဖွေစုံစမ်းဖို့ ဦးဆောင်ရမယ့်အစား ကျွန်တော်တို့ကို ပိတ်ပင်ဖို့ အစွမ်းကုန် ကြိုးစားရင် ကျွန်တော့်မိန်းမကို ဖမ်းဖို့ ရဲကိုတောင် ခေါ်စေချင်တယ်ဆိုရင် သူတို့က ဒီနှုတ်ကပတ်တော်တွေက ဖော်ပြထားသလိုပဲမဟုတ်ဘူးလား။ စစ်မှန်တဲ့လမ်းကို ကျွန်တော်တို့ စုံစမ်းတာကို တားဆီးတဲ့ အပိတ်အဆို့၊ အတားအဆီးတွေပဲမဟုတ်ဘူးလား။ သူတို့က ဘုရားကို ယုံကြည်တယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဘုရားကို အာခံနေတဲ့လူတွေပဲမဟုတ်ဘူးလား။ သခင်ယေရှုက အမှုပြုဖို့ ကြွလာတဲ့အချိန်က ဖာရိရှဲတွေကလည်း ရှာဖွေစုံစမ်းတာမလုပ်ဘဲ အဲဒီအစား သူ့ကို အာခံရှုတ်ချဖို့ အစွမ်းကုန်လုပ်ခဲ့ကြပြီး အဆုံးမှာ သခင်က ကားတိုင်မှာ သံနဲ့ရိုက်ခံခဲ့ရတာကို ကျွန်တော် တွေးမိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က တကယ်ပဲ သခင်ယေရှုပြန်ကြွလာတာဆိုရင် သင်းအုပ်ဆရာတွေက ဖာရိရှဲတွေ သူတို့အချိန်ကာလတုန်းက လုပ်ခဲ့တာကို လုပ်နေကြတာပဲ။ ကျွန်တော့်အနေနဲ့ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက သခင့်ကို အာခံတဲ့သူတွေဖြစ်နိုင်တဲ့ ပုံစံရှိနေတယ်။ အဲဒီအချိန်မှာ ကျွန်တော် တွေးမိတယ်။ “ငါ သင်းအုပ်ဆရာတွေကို ဆက်နားထောင်လို့မဖြစ်တော့ဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်က သခင်ပြန်ကြွလာခြင်းလားဆိုတာကြည့်ဖို့ သူ့ရဲ့အမှုတော်ကို ငါ သေချာစုံစမ်းဖို့လိုတယ်။”

နောက်ပိုင်းမှာ ကျွန်တော့်မိန်းမက ကျွန်တော်နဲ့ မိတ်သဟာယဖွဲ့ဖို့ အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်က အစ်ကိုကျောက်ကို ဖိတ်လိုက်တယ်။ ကျွန်တော်က သူ့ကိုမေးတယ်။ “ကျမ်းစာကပြောတယ်။ ‘ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ ရောက်ခြင်းငှာ နှုတ်ဖြင့် ဝန်ခံရ၏။’ (ရောမသြဝါဒစာ ၁၀:၁၀-၁၁) ကျွန်တော်တို့က သခင့်ကိုယုံကြည်ပြီး ကယ်တင်ခြင်းခံရပြီးဖြစ်တယ်။ ဘာလို့ တရားစီရင်ခြင်းအမှုအဆင့်ကို ဘုရားသခင်ကလုပ်ဖို့ လိုနေသေးတာလဲ” ပေါ့။ အစ်ကိုကျောက်က မိတ်သဟာယဖွဲ့တယ်။ “သခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။ တကယ်တမ်းမှာ ကယ်တင်ခြင်းက သခင်ယေရှုကို ယုံကြည်ပြီး သခင့်ဆီမှာ ဆုတောင်းတဲ့၊ အပြစ်တွေကို ဝန်ချတဲ့သူတွေကို ရည်ညွှန်းတာပါ။ ကျွန်တော်တို့အပြစ်တွေက ခွင့်လွှတ်ခြင်းခံရတယ်။ ပညတ်တော်ရဲ့ စီရင်ခြင်းကို မခံရတော့ဘူး။ သခင်က ချပေးတဲ့ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းနဲ့ ကြွယ်ဝခြင်းကို ခံစားရတယ်။ ဒါက ကျေးဇူးတော်ခေတ်မှာ ကယ်တင်ခြင်းခံရတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အပြစ်ပြုတဲ့သဘာဝက ကျွန်တော်တို့အထဲမှာ ရှိနေတုန်းပဲ။ ကျွန်တော်တို့အပြစ်ကို မစွန့်ပစ်ရသေးဘူး။ ဘုရားသခင်က သန့်ရှင်းတယ်။ ဘုရားသခင်ရဲ့ နိုင်ငံတော်က သန့်ရှင်းတဲ့နေရာဖြစ်တယ်။ အပြစ်ပြုပြီး ဘုရားကို အာခံနိုင်သေးတဲ့သူတွေကို ဘုရားသခင်က သူ့နိုင်ငံတော်ထဲကို ခေါ်ဖို့ မဖြစ်နိုင်ဘူး။ ဒါကြောင့် နောက်ဆုံးသောကာလမှာ ဘုရားသခင်က လူတွေကို လုံးဝ သန့်စင်ပေးဖို့အတွက် တရားစီရင်ခြင်းအမှုအဆင့်ကို ဆောင်ရွက်ပါတယ်။ ဒီနည်းနဲ့ လူတွေဟာ ဘုရားသခင်ရဲ့ နိုင်ငံတော်ကို ဝင်ဖို့ အရည်အချင်းပြည့်မီကြတယ်” တဲ့။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်က ကျမ်းစာထဲမှာ ပရောဖက်ပြုထားတာကြာပြီလို့လည်း အစ်ကိုကျောက်ကပြောတယ်။ သခင်ယေရှုပြောခဲ့သလိုပဲ။ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)ငါ့ကိုပယ်၍ ငါ့စကားကို နားမခံသောသူအား အပြစ်စီရင်သောသူ ရှိသေး၏။ ငါဟောပြောသော စကားပင် နောက်ဆုံးသောနေ့၌ ထိုသူအား အပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၈) ရှင်ပတေရုသြဝါဒစာ ၄:၁၇ မှာပြောတယ်။ “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြော စီရင်ရသော အချိန်ရှိပြီ။” သူက ပြောတယ်။ “သခင်က နောက်ဆုံးသောကာလမှာ ပြန်ကြွလာတဲ့အခါ သမ္မာတရားကို ဖော်ပြဦးမယ်၊ လူတွေကို တရားစီရင်ပြီး သန့်စင်တဲ့အမှုကိုလည်း ပြုဦးမယ်၊ တရားစီရင်ခြင်းက ဘုရားအိမ်တော်ကစမယ်ဆိုတာ ဒီအရာကနေ ကျွန်တော်တို့မြင်နိုင်ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်က ဒီပရောဖက်ပြုချက်တွေကို ပြည့်စုံစေတယ်” တဲ့။ နောက်တော့ အစ်ကိုကျောက်က ကျွန်တော့်ကို ဘုရားနှုတ်ကပတ်တော်ဖတ်ရွတ်တဲ့ ဗီဒီယိုတစ်ခုပြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ရွေးနုတ်ခြင်းခံရပြီးစဖြစ်ပြီး မပြောင်းလဲသေးသော၊ သို့မဟုတ် ဘုရားသခင်အားဖြင့် စုံလင်ခြင်းသို့ မရောက်သေးသော သင်တို့ကဲ့သို့ အပြစ်သားတစ်ဦးအနေဖြင့်၊ သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်သလော။ လူဟောင်းအတိုင်း ရှိနေဆဲဖြစ်သည့် သင့်အတွက်၊ သင်သည် ယေရှုအားဖြင့် ကယ်တင်ခံခဲ့ရသည်ဆိုသည်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် သင်သည် အပြစ်သားအဖြစ် ယူဆမခံရသည်မှာ မှန်သော်လည်း၊ ဤအရာက သင်သည် အပြစ်မရှိသကဲ့သို့ မစင်ကြယ်သောသူ မဟုတ်သည်ကို သက်သေမပြပေ။ သင်သည် မပြောင်းလဲသေးပါက၊ မည်ကဲ့သို့ သန့်ရှင်းစင်ကြယ်ခြင်း ရှိနိုင်မည်နည်း။ အတွင်း၌ သင်သည် မစင်ကြယ်ခြင်း၊ အတ္တနှင့် ဆိုးရွားယုတ်မာခြင်းတို့ဖြင့် ပတ်ချာဝိုင်းနေသည့်တိုင်အောင် သင်သည် ယေရှုနှင့်အတူ ဆင်းသက်လိုနေဆဲဖြစ်သည်၊ သင်ထိုမျှ ကံကောင်းသလော။ သင်သည် ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် အဆင့်တစ်ခု ချန်လှပ်မိပြီ ဖြစ်သည်။ သင်သည် ရွေးနုတ်ခြင်း ခံရရုံသာ ရှိသေးသော်လည်း၊ မပြောင်းလဲသေးပေ။ သင့်အတွက် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ရန်မှာ၊ ဘုရားသခင်သည် သင့်ကို ပြောင်းလဲစေခြင်းနှင့် သန့်စင်စေခြင်းအမှုကို ကိုယ်တိုင် လုပ်ရပေမည်။ သင်သည် ရွေးနုတ်ခြင်းသာ ခံရပါက၊ မွန်မြတ်သန့်ရှင်းခြင်းကို ရယူနိုင်စွမ်းရှိမည် မဟုတ်ပေ။ ဤနည်းဖြင့် သင်သည် ပြောင်းလဲခြင်းနှင့် စုံလင်စေခြင်း၏ အဓိကအဆင့်ဖြစ်သော လူကို စီမံခန့်ခွဲသည့် ဘုရားသခင်၏အမှုတွင် အဆင့်တစ်ဆင့်ကို သင်လွတ်သွားခဲ့သည့် အတွက် သင်သည် ဘုရားသခင်၏ ကောင်းမြတ်သော ကောင်းချီးများကို ဝေမျှရန် အရည်အသွေးပြည့်မီလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ရွေးနုတ်ခံရပြီးစ အပြစ်သားတစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်၏ အမွေဥစ္စာကို တိုက်ရိုက်အမွေဆက်ခံနိုင်စွမ်း မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမည်နာမများနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် ပတ်သက်၍)လူသည် သူ၏ယုံကြည်ခြင်းအတွက် ကယ်တင်ခံရပြီး သူ့အပြစ်များ ခွင့်လွှတ်ခြင်းခံခဲ့ရသော်လည်း၊ လူ၏အပြစ်နှင့်ပြည့်သော သဘာဝသည် ပပျောက်စေခြင်း မရှိခဲ့သကဲ့သို့၊ ၎င်းအတွင်းရှိ ကျန်ရှိနေဆဲ ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်၏ ဆောင်ကြဉ်းပေးမှုအားဖြင့် လူ၏အပြစ်များသည် ခွင့်လွှတ်ခြင်း ခံခဲ့ရသော်လည်း၊ ဤအရာက လူသည် သူ၏အတွင်း၌ အပြစ်မရှိတော့ဟု မဆိုလိုပေ။ လူ၏အပြစ်များကို အပြစ်ဖြေရာယဇ်မှတစ်ဆင့် ခွင့်လွှတ်ခံရနိုင်သော်လည်း၊ လူသားကို နောက်ထပ် အပြစ်မပြုနိုင်တော့ရန် မည်သို့ ပြုလုပ်ရမည်ဆိုသည်နှင့် သူ၏ အပြစ်နှင့်ပြည့်သော သဘာဝကို မည်သို့ လုံးဝ ပပျောက်စေပြီး ပြောင်းလဲစေရမည်ဆိုသည်တို့အတွက်မူ၊ သူသည် ဤပြဿနာကို ဖြေရှင်းရန် မဖြစ်နိုင်ပေ။ လူသား၏ အပြစ်များ ခွင့်လွှတ်ခံခဲ့ရပြီး ဤသည်မှာ ဘုရားသခင်၏ ကားစင်တင်ခံရခြင်း အမှုကြောင့် ဖြစ်သော်လည်း၊ လူသည် သူ၏ အိုဟောင်းသည့် ဖောက်ပြန် ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထား အတွင်းတွင် ဆက်လက် အသက်ရှင်ခဲ့သည်။ ဤသို့ဖြစ်ရာ၊ လူ၏အပြစ်နှင့်ပြည့်သော သဘာဝကို တစ်ဖန် လုံးဝ ထွက်ပေါ်မလာဖို့ လုံးဝ ပပျောက်စေရန်၊ ထိုသို့ဖြင့် လူသား၏ စိတ်သဘောထားကို ပြောင်းလဲနိုင်စေရန်အလို့ငှာ၊ လူကို သူ၏ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သော စိတ်သဘောထားမှ လုံးဝ ကယ်တင်ရမည် ဖြစ်သည်။ ဤအရာက လူသည် အသက်တာတွင် ကြီးထွားမှု လမ်းကြောင်းကို သဘောပေါက်ရန်၊ အသက်၏ လမ်းခရီးကို သဘောပေါက်ရန်နှင့် သူ၏ စိတ်သဘောထားကို ပြောင်းလဲဖို့ နည်းလမ်းကို သဘောပေါက်ရန် လိုအပ်ပေသည်။ ထို့အပြင် လူ၏စိတ်သဘောထားကို တဖြည်းဖြည်း ပြောင်းလဲနိုင်စေရန်နှင့် သူသည် အလင်း၏ ထွန်းလင်းမှုအောက်တွင် အသက်ရှင်နိုင်ရန်အလို့ငှာ၊ သူ လုပ်ဆောင်သမျှအားလုံး ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ဖို့အလို့ငှာ၊ သူ၏ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားကို ဖယ်ရှားပစ်နိုင်ရန်နှင့် စာတန်၏ အမှောင်စွမ်းအားမှ ချိုးဖောက်လွန်မြောက်နိုင်ရန်၊ ထိုသို့ဖြင့် အပြစ်မှ အပြည့်အဝ လွတ်လာနိုင်ရန်အလို့ငှာ၊ လူသည် ဤလမ်းကြောင်းနှင့်အညီ ဆောင်ရွက်ဖို့ လိုအပ်ပေသည်။ ထိုအခါမှသာ လူသည် ပြီးပြည့်စုံသည့် ကယ်တင်ခြင်း ရရှိလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)) “ယေရှုသည် လူသားအလယ်တွင် အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း၊ သူသည် လူသားမျိုးနွယ် အားလုံး၏ ရွေးနုတ်ခြင်းကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်လာခဲ့သည်။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ ဆိုးယုတ်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီး ဖြစ်သဖြင့်၊ ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူပြီဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ပြီဖြစ်သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား) အစ်ကိုကျောက်က မိတ်သဟာယဖွဲ့တယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက တော်တော်ရှင်းပါတယ်။ သခင်ယေရှုက ရွေးနုတ်ခြင်းအမှုကိုပဲ ပြုခဲ့တာပါ။ သူက လူသားမျိုးနွယ်ကို အပြစ်ကနေ အပြည့်အဝ မကယ်တင်ခဲ့ဘူး။ ကျွန်တော်တို့က သခင့်ကိုယုံကြည်ပြီး ကျွန်တော်တို့အပြစ်တွေ ခွင့်လွှတ်ခြင်းခံရပေမဲ့ ကျွန်တော်တို့ရဲ့ အပြစ်ပြုတဲ့ သဘာဝက ကျွန်တော်တို့အထဲမှာ တည်ရှိနေပြီး အပြစ်ရဲ့ချည်နှောင်မှုကနေ မလွတ်မြောက်နိုင်ဘူး။ သခင့်ကို ကျွန်တော်တို့ယုံကြည်တဲ့နှစ်တွေမှာ ကျွန်တော်တို့က ခဏခဏလိမ်ညာလှည့်စားကြတယ်။ မာနထောင်လွှားတာ၊ အတ္တကြီးတာ၊ မနာလိုတာ၊ ရန်ဖြစ်ဖို့ အသင့်ဖြစ်နေတာတွေလည်းရှိတယ်။ သခင့်အတွက် ကျွန်တော်တို့ စွန့်လွှတ်တာ၊ အသုံးခံတာတွေအားလုံးက ဘုရားနဲ့ အပေးအယူလုပ်နေတာပဲ။ ဘုရားကောင်းချီးတွေအတွက် အလဲအလှယ်အနေနဲ့ပေါ့။ စမ်းသပ်မှုတွေ၊ ဘေးဒုက္ခတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်တော်တို့က အာခံတာ၊ ဝေဖန်တာ၊ သခင့်ကိုတောင် သစ္စာဖောက်တာတွေကို လုပ်ကြတုန်းပဲ။ စသဖြင့်ပေါ့။ ကျွန်တော်တို့လို မကြာခဏအပြစ်မှာရှင်သန်တဲ့သူ၊ ဘုရားကို အာခံပြီး ဝေဖန်အပြစ်တင်တဲ့သူတွေအတွက် ဘုရားရဲ့နိုင်ငံတော်ထဲကို ဝင်ရဖို့ ဘယ်လိုလုပ် အရည်အချင်းပြည့်မီနိုင်မလဲ။ နောက်ဆုံးသောကာလမှာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားရဲ့ စီမံခန့်ခွဲမှုအစီအစဉ်၊ ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်ရဲ့ လိုအပ်ချက်တွေနဲ့ သခင်ယေရှုရဲ့ ရွေးနုတ်ခြင်းအမှုအပေါ် အခြေခံပြီးတော့ အနန္တတန်ခိုးရှင် ဘုရားသခင်က လူတွေကို လုံးဝ သန့်စင်ပြီး ပြောင်းလဲဖို့ အပြစ်ကနေ ကယ်တင်ပြီး ကောင်းကင်နိုင်ငံတော်ကို ပို့ဆောင်ဖို့အတွက် သမ္မာတရားကို ဖော်ပြပြီး တရားစီရင်ခြင်းအမှုကို ပြုပါတယ်။ ကျွန်တော်တို့က သခင်ယေရှုရဲ့ ရွေးနုတ်ခြင်းအမှုကိုပဲ လက်ခံရင် ကျွန်တော်တို့ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေ ပြောင်းလဲဖို့ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့က အပြစ်မှာ ထာဝရအသက်ရှင်ပြီး အပြစ်ရဲ့ချည်နှောင်မှုမှာ အသက်ရှင်ကြတယ်။ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ အရည်အချင်းမပြည့်မီဘူး။ ဒါကြောင့် ကျွန်တော်တို့က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းအမှုကို လက်ခံရမယ်။ စိတ်သဘောထားပြောင်းလဲခြင်းလမ်းကို နားလည်ရမယ်။ ဖောက်ပြန်ပျက်စီးတဲ စိတ်သဘောထားတွေကို စွန့်ပစ်ပြီး ဘုရားကို နာခံပြီး ကြောက်ရွံ့တဲ့သူတွေဖြစ်လာရမယ်။ အဲဒီအခါကျမှ ဘုရားရဲ့ ကယ်တင်ခြင်းကို အမှန်တကယ် ခံရနိုင်တယ်” တဲ့။

သူ့ရဲ့ မိတ်သဟာယကို ကြားပြီးတဲ့နောက်မှာ ကျွန်တော့်စိတ်နှလုံးက လင်းလက်သွားတယ်။ ရွေးနုတ်ခြင်းခံရတာက အပြစ်ကိုခွင့်လွှတ်ခြင်းသက်သက်ပဲ။ ကောင်းကင်နိုင်ငံတော်ကို ဝင်နိုင်တယ်ဆိုတဲ့ သဘောမဟုတ်ဘူး။ ကျွန်တော်က ဆယ်နှစ်ကျော်ယုံကြည်ခဲ့တယ်။ ခဏခဏဆုတောင်းတယ်။ အပြစ်တွေကို ဝန်ချတယ်။ ဘုရားရဲ့ ခွင့်လွှတ်ခြင်းကို တောင်းတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက လုံးဝ မပြောင်းလဲဘူး။ ပြီးတော့လည်း သင်းအုပ်ဆရာချန်၊ သင်းအုပ်ဆရာလျူနဲ့ တခြားလူတွေက သခင့်ကို နှစ်တွေအများကြီးယုံကြည်ပြီးတော့ သခင်ပြန်ကြွလာတဲ့သတင်းကို ရင်ဆိုင်ရတဲ့အခါ လုံးဝ ရှာဖွေစုံစမ်းတာမလုပ်ဘူး။ စစ်မှန်တဲ့လမ်းကို တခြားယုံကြည်သူတွေက စုံစမ်းတာကို တားဆီးတယ်။ အတိုက်အခံလုပ်ပြီး ရှုတ်ချတာတွေတောင်လုပ်တယ်။ ရဲကိုခေါ်ပြီး ကျွန်တော့်မိန်းမကို ဖမ်းဖို့ကိုတောင် သူတို့က တိုက်တွန်းတယ်။ အပြစ်ပြုနိုင်ပြီး ဘုရားကို အာခံနေသေးတဲ့သူတွေက ကောင်းကင်နိုင်ငံတော်ကို ဘယ်လိုဝင်နိုင်မှာလဲ။ ဒါကို စဉ်းစားရင်းနဲ့ အစ်ကိုကျောက်ကို ကျွန်တော် ပြောတယ်။ “ကျွန်တော်တို့က အပြစ်တွေကို မစွန့်ပစ်ရသေးဘူး။ ဒါကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှုကို လက်ခံဖို့ တကယ်လိုအပ်ပါတယ်” ပေါ့။ နောက်တော့ အနန္တတန်ခိုးရှင် ဘုရားသခင်က တရားစီရင်ခြင်းအမှုကို ဘယ်လိုပြုသလဲဆိုတာ ကျွန်တော် သူ့ကိုမေးတယ်။ သူက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ထပ် နှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ပြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထားပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အားတစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤကွဲပြားခြားနားသော ဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းစနစ်အားလုံးကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ချိုးနှိမ်ခံရနိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံး ခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏) အစ်ကိုကျောက်က မိတ်သဟာယဖွဲ့တယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်က အကြောင်းအရာတွေကို အရမ်းကို ရှင်းရှင်းလင်းလင်း ရှင်းပြတယ်။ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှုက တကယ်ကို ဘုရားသခင်က သူ့ရဲ့ သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ကို လူတွေကို ဖွင့်ပြခြင်းပါ။ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရားရှုထောင့်အားလုံးကို ဖော်ပြတယ်။ ဘုရားသခင်ရဲ့ ဖြောင့်မတ်ပြီး ကြီးကျယ်ခမ်းနားတဲ့ စိတ်သဘောထားတွေနဲ့ လူတွေရဲ့ ဆိုးယုတ်တဲ့ သဘာဝတွေကို တရားစီရင်ပြီး ဖော်ထုတ်တယ်။ လူတွေရဲ့ စကားတွေ၊ လိုအပ်ချက်တွေကို စိစစ်တယ်။ ပြီးတော့ ဘုရားသခင်ကို ယုံကြည်ရာမှာ ကျွန်တော်တို့ရဲ့ အယူအဆအမျိုးမျိုးနဲ့ မမှန်ကန်တဲ့ ရည်ရွယ်ချက်တွေ၊ ကျွန်တော်တို့ရဲ့ မာနထောင်လွှားတဲ့၊ လှည့်စားတဲ့၊ ခေါင်းမာတဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေ၊ ကျွန်တော်တို့ စိတ်နှလုံးအတွင်းထဲမှာ ပုံးကွယ်နေတဲ့ အတွေးတွေ၊ စိတ်ကူးတွေကိုတောင် တစ်ခုချင်း ထုတ်ဖော်ပြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ကျွန်တော်တို့ ဖတ်တဲ့အခါမှာ ဘုရားသခင်က ကျွန်တော်တို့ကို မျက်နှာချင်းဆိုင်ပြီး တရားစီရင်ပြီး ဖော်ထုတ်နေသလိုပါပဲ။ ကျွန်တော်တို့ရဲ့ ဆိုးယုတ်တဲ့ သဘာဝကို သဘောပေါက်လာတယ်။ စာတန်ကလုပ်တဲ့ ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးမှုကို မြင်လာတယ်။ လူတွေရဲ့ ပုန်ကန်ပြစ်မှားမှုတွေကို လုံးဝ သည်းမခံတဲ့ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို နည်းနည်းနားလည်လာတယ်။ စိတ်နှလုံးထမှာ ဘုရားကို ကြောက်ရွံ့မှုရှိလာတယ်။ ကိုယ့်ကိုယ်ကိုယ် မုန်းတီးပြီး စိတ်နှလုံးထဲကနေ နောင်တရနိုင်လာတယ်။ စစ်မှန်တဲ့ နောင်တရပြီး ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ တဖြည်းဖြည်းချင်း ပြောင်းလဲလာတယ်” တဲ့။ ဘုရားသခင်ရဲ့ အမှုတော်က အရမ်း လက်တွေ့ကျတယ်။ အရင်တုန်းက ဘုရားသခင်ရဲ့ အမှုတော်က အရမ်းသဘာဝလွန်ဖြစ်ပြီး မရေမရာဖြစ်တယ်လို့ စိတ်ကူးမိတယ်။ သခင့်ကို ယုံကြည်တာနဲ့ ကယ်တင်ခံရတယ်။ ကောင်းကင်နိုင်ငံတော်ကို ဝင်ရနိုင်တယ်လို့ ထင်ခဲ့တယ်။ ဒါက ဘုရားအမှုတော်ရဲ့ အချက်အလက်တွေနဲ့ လုံးဝ ကိုက်ညီမှုမရှိဘူး။ ဒါကို ကျွန်တော် သဘောပေါက်တော့ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုဆိုတာ သေချာသွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို ကျွန်တော် ပျော်ရွှင်စွာနဲ့ လက်ခံခဲ့ပါတယ်။ သင်းအုပ်ဆရာဆီကို ကျွန်တော် ပြန်မသွားခဲ့တာကို ကျေနပ်မိတယ်။ အရင်အချိန်ကို ပြန်ကြည့်ကြည့်တော့ ကျွန်တော်က ကိုယ့်အယူအဆတွေ၊ စိတ်ကူးတွေကို ဖက်တွယ်ထားတာ သခင့်အသံကိုကြားပြီး သခင့်ကိုကြိုဆိုဖို့ ငြင်းဆန်တာ၊ ကျွန်တော့်မိန်းမကို တားဆီးတာတွေကို တွေ့ရတယ်။ ကျွန်တော်က အရမ်း မသိနားမလည်ဖြစ်ပြီး မမြင်နိုင်ခဲ့ဘူး။ စဉ်းစားကြည့်တဲ့အခါ အရမ်းနောင်တရတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ဘုရားရဲ့အသံကို ကျွန်တော်ကြားပြီး သခင့်ကို ကြိုဆိုနိုင်ဖို့ ကျွန်တော့်အပေါ်မှာ ညှာတာပြီး တစ်ဆင့်ချင်း သူ့ရှေ့ကို ခေါ်ဆောင်ပေးတဲ့အတွက် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ပိုပြီးတော့တောင် ကျေးဇူးတင်မိတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ခြင်းဖြင့်သာ ကောင်းကင်နိုင်ငံတော်ထဲသို့ ကျွန်မတို့ ဝင်ရောက်နိုင်သည် (အပိုင်း တစ်)

ဆင်းလျှိုး၊ အမေရိကန်ပြည်ထောင်စု အယ်ဒီတော့မှတ်စု- လူများစွာက သခင့်အတွက် စွန့်လွှတ်ခြင်း၊ အသုံးခံခြင်း၊ ကြိုးပမ်းခြင်းနှင့်...

ဘုရား၏ နာမသည် ဧကန်အမှန် နက်နဲလှ၏

ဂျက် ကနေဒါနိုင်ငံ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ခေတ်တစ်ခုစီတွင်၊ ဘုရားသခင်သည် အမှုသစ်ကို လုပ်ဆောင်ပြီး နာမသစ်ဖြင့် ခေါ်ဆိုခံရသည်။...

ထိုနေ့တွင် ကောင်းကင်က အထူးသဖြင့် ကြည်လင်ပြီး နေသာသည်

ကျန်းယင်၊ တရုတ်နိုင်ငံကျွန်မ တရုတ်နိုင်ငံရှိ ကိုယ်ပိုင်မူ သုံးရပ်သုံး အသင်းတော်တွင် ယုံကြည်သူတစ်ဦး ဖြစ်ခဲ့ပါသည်။ ဝတ်ပြုအစည်းအဝေးများ၌...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။