စာတန်၏အင်အားစုများမှ လွတ်မြောက်ဖို့နှင့် ကယ်တင်ခြင်းခံရဖို့အလို့ငှာ၊ မိမိ၏ယုံကြည်မှု၌ မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း

06.12.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးနောက်တွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း စိတ်နှလုံးအပြင်၊ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါများ တာဝန်ရှိသည့် အလုပ်တာဝန်ကိုလည်း ဆုံးရှုံးခဲ့ပြီး၊ ထိုသို့ဖြင့် ဘုရားသခင်ကို မနာခံသော ရန်သူတစ်ဦး ဖြစ်လာခဲ့သည်။ ထို့နောက် လူသားမျိုးနွယ်သည် စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်ခဲ့ပြီး စာတန်၏အမိန့်များကို လိုက်နာခဲ့သည်။ ထို့ကြောင့် ဘုရားသခင်သည် သူ၏ဖန်ဆင်းခံသတ္တဝါများ ကြားတွင် အလုပ်လုပ်ရန် နည်းလမ်း မရှိခဲ့သကဲ့သို့၊ ၎င်းတို့၏ ကြောက်ရွံ့တတ်သော ကြည်ညိုမှုကို သာ၍ပင် မရရှိနိုင် ဖြစ်လာခဲ့သည်။ လူသားများသည် ဘုရားသခင်၏ ဖန်ဆင်းခြင်း ခံခဲ့ရပြီး ဘုရားသခင်ကို ကိုးကွယ်သင့်သော်လည်း၊ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ကျောခိုင်းခဲ့ကြကာ ယင်းအစား စာတန်ကို ကိုးကွယ်ခဲ့ကြသည်။ စာတန်သည် ၎င်းတို့ စိတ်နှလုံးများထဲတွင် အသည်းကြော် ဖြစ်လာခဲ့သည်။ သို့ဖြစ်ရာ ဘုရားသခင်သည် ၎င်းတို့၏ စိတ်နှလုံးများတွင် သူ၏ရပ်တည်မှုကို ဆုံးရှုံးခဲ့ရ၏၊ ယင်းမှာ သူသည် လူသားမျိုးနွယ်အား ဖန်ဆင်းခြင်း နောက်ကွယ်က အဓိပ္ပာယ်ကို ဆုံးရှုံးခဲ့သည်ဟု ဆိုရပေမည်။ ထို့ကြောင့် လူသားမျိုးနွယ်ကို သူဖန်ဆင်းခြင်း နောက်ကွယ်က အဓိပ္ပာယ်ကို ပြန်လည်ရယူရန်၊ သူသည် ၎င်းတို့၏ မူလရုပ်ဆင်းသဏ္ဌာန်ကို နဂိုအတိုင်း ပြန်ဖြစ်စေရမည်ဖြစ်ပြီး လူသားမျိုးနွယ်ကို ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ ဖယ်ရှားပစ်ရမည် ဖြစ်သည်။ စာတန်ထံမှ လူသားများကို ပြန်လည်ရယူရန်၊ သူသည် ၎င်းတို့ကို အပြစ်မှ ကယ်တင်ရမည်။ ဤနည်းလမ်းဖြင့်သာ ဘုရားသခင်သည် ၎င်းတို့၏ မူလရုပ်ဆင်းသဏ္ဌာန်နှင့် လုပ်ငန်းဆောင်တာကို တဖြည်းဖြည်း နဂိုအတိုင်း ပြန်ဖြစ်စေနိုင်ပြီး၊ နောက်ဆုံးတွင် သူ၏နိုင်ငံတော်ကို နဂိုအတိုင်း ပြန်ဖြစ်စေနိုင်ပေသည်။ လူသားများကို ဘုရားသခင်အား သာ၍ ကောင်းစွာ ဝတ်ပြုကိုးကွယ်ခွင့်ပေးရန်နှင့် ကမ္ဘာမြေကြီးပေါ်တွင် ပိုမိုကောင်းမွန်စွာ ရှင်သန်ခွင့်ပေးရန် ငြင်းဆန်သောသူတို့ကို အဆုံးစွန် ဖျက်ဆီးခြင်းကိုလည်း ဆောင်ရွက်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် လူသားများကို ဖန်ဆင်းခဲ့သောကြောင့်၊ သူသည် ၎င်းတို့ကို သူ့အား ကိုးကွယ်စေမည် ဖြစ်သည်။ သူသည် လူသားမျိုးနွယ်၏ မူလ လုပ်ငန်းဆောင်တာကို နဂိုအတိုင်းပြန်ဖြစ်စေလိုသောကြောင့်၊ ယင်းကို လုံးဝ နဂိုအတိုင်းပြန်ဖြစ်စေမည် ဖြစ်ပြီး မည်သည့် မစင်ကြယ်မှုမျှ ရှိစေမည် မဟုတ်ပေ။ သူ၏ ဩဇာအာဏာကို နဂိုအတိုင်းပြန်ဖြစ်စေခြင်း ဆိုသည်မှာ လူသားများအား သူ့ကို ကိုးကွယ်စေကာ ကျိုးနွံနာခံစေခြင်း ဖြစ်သည်။ ယင်းမှာ ဘုရားသခင်သည် လူသားများကို သူ့ကြောင့် အသက်ရှင်စေလိမ့်မည် ဖြစ်ပြီး သူ၏ဩဇာအာဏာ၏ အကျိုးဆက်အနေဖြင့် သူ၏ရန်သူများကို ပျက်စီးစေလိမ့်မည်ဟု ဆိုလိုသည်။ ယင်းမှာ ဘုရားသခင်သည် မည်သူထံကမျှ ခုခံမှုမရှိစေဘဲ သူနှင့် ပတ်သက်သည့် အရာရာတိုင်းကို လူသားများအလယ်တွင် ဖြစ်ပေါ်စေမြဲ ဖြစ်ပေါ်စေလိမ့်မည်ဟု ဆိုလိုသည်။ သူတည်ထောင်လိုသော နိုင်ငံတော်သည် သူ၏ကိုယ်ပိုင် နိုင်ငံတော် ဖြစ်သည်။ သူအလိုရှိသော လူသားမျိုးနွယ်သည် သူ့ကို ကိုးကွယ်မည့်သူ၊ သူ့ကို လုံးဝ ကျိုးနွံနာခံမည့်သူနှင့် သူ၏ဘုန်းအသရေကို ထင်ရှားစေမည့်သူ ဖြစ်သည်။ ဘုရားသခင်သည် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို မကယ်တင်ပါက၊ လူသားမျိုးနွယ်ကို သူဖန်ဆင်းခြင်း နောက်ကွယ်က အဓိပ္ပာယ်သည် ပျောက်ဆုံးလိမ့်မည် ဖြစ်သည်။ သူသည် လူသားများအလယ်တွင် နောက်ထပ် ဩဇာအာဏာ ရှိတော့မည် မဟုတ်သကဲ့သို့၊ သူ၏ နိုင်ငံတော်သည် ကမ္ဘာမြေပေါ်တွင် တည်ရှိနိုင်တော့မည် မဟုတ်ပေ။ သူ့ကို မနာခံသော ရန်သူများကို ဘုရားသခင် မဖျက်ဆီးပါက၊ သူသည် မိမိ၏စုံလင်သော ဘုန်းအသရေကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ ကမ္ဘာမြေကြီးပေါ်တွင် သူ၏နိုင်ငံတော်ကိုလည်း တည်ထောင်နိုင်လိမ့်မည် မဟုတ်ပေ။ ဤသည်တို့မှာ သူ၏အမှု စုံလင်ခြင်းနှင့်- လူသားမျိုးနွယ် အလယ်ရှိ သူ့ကို မနာခံသည့် သူများကို လုံးဝဖျက်ဆီးရန်နှင့် စုံလင်စေခြင်း ခံရပြီးသူများကို ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဆောင်ကြဉ်းဖို့ ဖြစ်သည်- သူ၏ ကြီးမားသည့် အောင်မြင်ခြင်း အမှတ်လက္ခဏာများ ဖြစ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်

ဘုရားသခင်၌ ယုံကြည်ခြင်း၏ အဓိပ္ပါယ်မှာ ကယ်တင်ခံရဖို့ဖြစ်သည်၊ သို့ဆိုလျှင် ကယ်တင်ခံရခြင်း၏ မည်သည့်အရာကို ဆိုလိုပါသနည်း။ “ကယ်တင်ခံရခြင်း”၊ “စာတန်၏မှောင်မိုက်သော လွှမ်းမိုးမှုမှ ထွက်ပြေးလွတ်မြောက်ခြင်း”- လူတို့က ဤအကြောင်းအရာများကို မကြာခဏ ပြောကြသော်လည်း၊ ကယ်တင်ခံရခြင်းက မည်သည့်အရာကို ဆိုလိုသည်ကို သူတို့ မသိကြ။ ကယ်တင်ခံရခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ ဤအရာက ဘုရားသခင်၏ အလိုတော်နှင့် ဆက်နွှယ်၏။ ကယ်တင်ခံရခြင်းဆိုသည်မှာ၊ ဒေသဝေါဟာရဖြင့် ပြောသော်၊ သင်သည် ဆက်လက်အသက်ရှင်နေနိုင်ပြီး သင့်ကို အသက်ပြန်ရှင်စေခြင်းဖြစ်သည်။ ထို့ကြောင့် အသက်ပြန်မရှင်မီ သင် သေဆုံးသလော။ သင်သည် စကားပြောနိုင်သည်၊ အသက်ရှုနိုင်သည်၊ သို့ဆိုလျှင် သင်သေသည်ဟု အဘယ်သို့ ဆိုနိုင်သနည်း။ (ဝိညာဉ် သေနေသည်။) လူတို့၏ဝိညာဉ်သေပါက လူသေပြီဟု အဘယ်ကြောင့် ဆိုထားသနည်း။ ဤစကား၏အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ ကယ်တင်ခြင်းမခံရမီ သူတို့ မည်သည့်နေရာတွင် ရှိကြသနည်း။ (စာတန်၏ အုပ်စိုးမှုအောက်တွင်ရှိကြသည်။) လူတို့သည် စာတန်၏လွှမ်းမိုးမှုအောက်တွင် အသက်ရှင်ကြသည်။ သူတို့သည် အသက်ရှင်ရန်အတွက် မည်သည့်အရာအပေါ် အမှီပြုကြသနည်း။ သူတို့သည် အသက်ရှင်ရန်အတွက် သူတို့၏ စာတန်ဆိုင်ရာသဘာဝဗီဇနှင့် ဖောက်ပြန်ပျက်စီးသော သဘာဝဗီဇအပေါ် အမှီပြုကြသည်။ လူတစ်ဦးသည် ဤအရာများဖြင့် အသက်ရှင်သည့်အခါ၊ သူတို့၏ ဖြစ်ခြင်းတစ်ခုလုံး- သူတို့၏ သွေးသားဇာတိ၊ သူတို့၏ စိတ်ဝိညာဉ် နှင့် သူတို့၏ အတွေးစိတ်ကူးကဲ့သို့သော သူတို့၏ အခြားကဏ္ဍများအားလုံး- ၎င်းတို့မှာ အရှင်လော၊ သို့မဟုတ် အသေလော။ ဘုရားသခင်၏ ရှုထောင့်တွင် ၎င်းတို့မှာ အသေဖြစ်ကြသည်။ အပေါ်ယံတွင် သင်သည် အသက်ရှုနေပုံနှင့် စဉ်းစားနေပုံရသော်လည်း၊ သင် အဆက်မပြတ် တွေးနေသောအရာတိုင်းမှာ မကောင်းမှုဒုစရိုက်အကြောင်းပင် ဖြစ်၏၊ သင်သည် ဘုရားသခင်ကို အာခံသောအရာများနှင့် ဘုရားသခင်ကို ပုန်ကန်သောအရာများ၊ ဘုရားသခင် စက်ဆုပ်သော၊ မုန်းတီးပြီးရှုတ်ချသော အရာများအကြောင်းကို တွေးလျက်နေ၏။ ဘုရားသခင်၏အမြင်တွင် ဤအရာအားလုံးသည် ဇာတိပကတိနှင့်သက်ဆိုင်သည်သာမက စာတန်နှင့် နတ်ဆိုးများနှင့်လည်း လုံးလုံးလျားလျား သက်ဆိုင်၏။ ထို့ကြောင့် ဘုရားသခင်၏အမြင်တွင် လူတို့မှာ အဘယ်အရာဖြစ်သနည်း။ ၎င်းတို့သည် လူသားများလော။ မဟုတ်ကြပါ။ ဘုရားသခင်သည် ၎င်းတို့ကို နတ်ဆိုးများ၊ တိရစ္ဆာန်များနှင့် စာတန်များ၊ အသက်ရှင်သော စာတန်များအဖြစ် မြင်လေ၏။ လူတို့သည် စာတန်၏ အခြင်းအရာများနှင့် အနှစ်သာရအားဖြင့် အသက်ရှင်ကြပြီး၊ ဘုရားသခင်၏အမြင်တွင် ၎င်းတို့သည် လူ့ဇာတိကို ဝတ်ဆင်ထားသော အသက်ရှင်သည့် စာတန်များပင် ဖြစ်၏။ ဘုရားသခင်က ယင်းကဲ့သို့ လူများကို လမ်းလျှောက်နေသော အလောင်းကောင်များ၊ လူသေများအဖြစ် သတ်မှတ်၏။ ၎င်းတို့၏ဖောက်ပြန်ပျက်စီးသော စာတန်ဆိုင်ရာ စိတ်သဘောထားနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စာတန်ဆိုင်ရာ အနှစ်သာရတို့ဖြင့် အသက်ရှင်ကြသော၊ ယင်းကဲ့သို့ လူများကို ရယူရန် ဘုရားသခင်သည် သူ၏လက်ရှိ ကယ်တင်ခြင်းအမှုကို ပြုလေ၏၊ ကိုယ်တော်သည် လူသေများဟု အမည်ရသောသူများကို ရယူပြီး အသက်ရှင်သူများအဖြစ် ပြောင်းလဲသည်။ ဤသည်မှာ ကယ်တင်ခံရခြင်းကို ဆိုလိုခြင်းဖြစ်၏။

ဘုရားသခင်ကို ယုံကြည်ခြင်း၏အဓိကအချက်မှာ ကယ်တင်ခြင်း ရရန်ဖြစ်သည်။ ကယ်တင်ခံရခြင်းဆိုသည်မှာ သင်သည် သေနေသောသူမှ အသက်ရှင်သောသူအဖြစ် ပြောင်းလဲခြင်းကို ဆိုလိုသည်။ ဤအရာ၏ ညွှန်းဆိုချက်မှာ သင်၏ ထွက်သက်ဝင်သက်မှာ ပြန်လည်သက်ဝင်လာပြီး သင်သည် အသက်ရှင်သောသူဖြစ်ခြင်း၊ သင်သည် ဘုရားသခင်ကို သိနိုင်စွမ်းရှိပြီး၊ သူ့ကို ကိုးကွယ်ရန် သင်ဦးညွှတ်နိုင်ခြင်းပင်ဖြစ်သည်။ သင်၏ စိတ်နှလုံးထဲတွင် သင်သည် ဘုရားသခင်ကို ဆက်လက် ခုခံခြင်း မရှိပေ၊ သင်သည် သူ့ကို အာခံခြင်း၊ တိုက်ခိုက်ခြင်းနှင့် ပုန်ကန်ခြင်း မရှိတော့ချေ။ ဤကဲ့သို့လူများသာ ဘုရားသခင်၏အမြင်တွင် အမှန်ပင်အသက်ရှိသူများ ဖြစ်ကြသည်။ အကယ်၍ တစ်စုံတစ်ဦးက ၎င်းတို့သည် ဘုရားသခင်ကို လက်ခံသည်ဟုဆိုလျှင် ၎င်းတို့သည် အသက်ရှင်သောသူများထဲမှ တစ်ဦး ဟုတ်သလော၊ မဟုတ်သလော။ (၎င်းတို့ မဟုတ်ကြပါ။) ထို့ကြောင့် မည်သည့် လူအမျိုးအစားသည် အသက်ရှင်သောသူများဖြစ်ကြသနည်း။ အသက်ရှင်သောသူများသည် မည်သည့် လက်တွေ့အရှိတရားမျိုးကို ပိုင်ဆိုင်ကြသနည်း။ ယုတ်စွအဆုံးအနေဖြင့် အသက်ရှင်သောသူများမှာ လူ့ဘာသာစကားကို ပြောနိုင်ကြသည်။ ယင်းက အဘယ်အရာနည်း။ ၎င်းတို့ပြောဆိုသော စကားများတွင် စိတ်ကူးများ၊ အတွေးများနှင့် ပိုင်းခြားသိမြင်ခြင်းတို့ ပါဝင်သည်ဟု ဆိုလိုသည်။ အသက်ရှင်သောသူတို့သည် မည်သည့် အရာများကို မကြာခဏ စဉ်းစားပြီး ပြုလုပ်ကြသနည်း။ ၎င်းတို့သည် လူသားပြုဖွယ်ဆောင်တာများကို ပါဝင်လုပ်ဆောင်နိုင်ကြပြီး မိမိတို့၏ တာဝန်များကို ဖြည့်ဆည်းနိုင်ကြသည်။ သူတို့ပြုလုပ်သည့်အရာနှင့် ပြောဆိုသည့်အရာ၏ သဘောသဘာဝမှာ အဘယ်နည်း။ ယင်းမှာ သူတို့ထုတ်ဖော်သမျှ၊ သူတို့တွေးသမျှနှင့် သူတို့ပြုသမျှတို့မှာ ဘုရားသခင်ကို ကြောက်ရွံ့ပြီးနှင့် မကောင်းမှုကို ရှောင်ခြင်း သဘောသဘာဝဖြင့် ပြုလုပ်ထားခြင်းဖြစ်၏။ ပို၍ အချက်ကျကျဆိုရသော် အသက်ရှင်သောသူ တစ်ဦးအနေဖြင့် သင်၏ အကျင့်တိုင်းနှင့် အတွေးတိုင်းသည် ဘုရားသခင်၏ ရှုတ်ချခြင်း သို့မဟုတ် စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို မခံရပေ၊ အမှန်အားဖြင့် ၎င်းတို့သည် ဘုရားသခင်၏ သဘောတူညီခြင်းနှင့် ချီးမွမ်းခြင်းကို ခံကြရ၏။ ဤသည်မှာ သက်ရှိများ ပြုသောအရာ ဖြစ်ပြီး သက်ရှိများ ပြုသင့်သောအရာလည်း ဖြစ်၏။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “စစ်မှန်စွာနာခံမှသာလျှင် စစ်မှန်သောယုံကြည်ခြင်း ရှိနိုင်သည်” မှ

အမှောင်၏လွှမ်းမိုးမှုအောက်တွင် အသက်ရှင်သောသူအားလုံးသည် သေခြင်းတရား အလယ်တွင် အသက်ရှင်သောသူများ၊ စာတန်၏ ပိုင်ဆိုင်ခြင်း ခံရသောသူများ ဖြစ်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်း မခံရဘဲ၊ ပြီးလျှင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမခံရဘဲ၊ လူများသည် သေခြင်းတရား၏စွမ်းအားကို မလွတ်မြောက်နိုင်ကြပေ။ ၎င်းတို့သည် အသက်ရှင်သူများ ဖြစ်မလာနိုင်ပေ။ ဤ “လူသေများ” သည် နိုင်ငံတော်ထဲသို့ ဝင်ရောက်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်ကို သက်သေမခံနိုင်သကဲ့သို့၊ ဘုရားသခင်၏ အသုံးပြုခြင်းလည်း မခံနိုင်ပေ။ ဘုရားသခင်သည် လူသေတို့၏ သက်သေခံခြင်းမဟုတ်ဘဲ၊ အသက်ရှင်သူများ၏ သက်သေခံခြင်းကို အလိုရှိပြီး၊ သူ့အတွက် အလုပ်လုပ်ရန် လူသေတို့ကို မဟုတ်ဘဲ၊ အသက်ရှင်သူများကို စေခိုင်းပေသည်။ “လူသေတို့” သည် ဘုရားသခင်ကို ဆန့်ကျင်ကာ ပုန်ကန်သောသူများဖြစ်ကြသည်။ ၎င်းတို့သည် ဝိညာဉ်၌ ထုံထိုင်းသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမလည်ကြပေ။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများ ဖြစ်ကြသကဲ့သို့၊ ဘုရားသခင်ကို သစ္စာစောင့်သိခြင်း စိုးစဉ်းမျှ မရှိသောသူများ ဖြစ်ကြကာ၊ ၎င်းတို့သည် စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်သော သူများ ဖြစ်ကြပြီး စာတန်၏အသုံးချခြင်းကို ခံကြရလေသည်။ လူသေများသည် သမ္မာတရားကို ဆန့်ကျင်ရာ၌ ရပ်တည်ခြင်းအားဖြင့်၊ ဘုရားသခင်ကို ဆန့်ကျင်ခြင်းအားဖြင့်၊ ပြီးလျှင် နိမ့်ကျခြင်း၊ စက်ဆုပ်ဖွယ်ဖြစ်ခြင်း၊ မလိုမုန်းထားခြင်း၊ ရိုင်းစိုင်းခြင်း၊ လှည့်ဖြားခြင်းနှင့် မသိမသာ အန္တရာယ်ပေးခြင်းအားဖြင့် မိမိတို့ကိုယ်ကိုယ် ထင်ရှားစေကြသည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ကြလျှင်ပင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသက်ရှင်နေထိုင်နိုင်ခြင်း မရှိကြပေ။ ၎င်းတို့သည် အသက်ရှင်ကြသော်လည်း၊ လမ်းလျှောက်နေသည့် အသက်ရှူနေကြသော အလောင်းကောင်များ ဖြစ်ကြသည်။ လူသေတို့သည် ဘုရားသခင်ကို လုံးဝ နာခံခြင်းငှာ တတ်စွမ်းနိုင်ဖို့မပြောနှင့်၊ ဘုရားသခင်ကို ကျေနပ်စေခြင်းငှာ လုံးဝ မတတ်စွမ်းနိုင်ကြပေ။ ၎င်းတို့သည် သူ့ကို လှည့်ဖြားရုံသာ လှည့်ဖြားနိုင်သည်၊ သူ့ကို ပြစ်မှားစော်ကားနိုင်ပြီး သစ္စာဖောက်နိုင်ကာ၊ ၎င်းတို့အသက်ရှင်သည့်နည်းလမ်းဖြင့် ၎င်းတို့ ပေါက်ဖွား စေသည့်အရာအားလုံးသည် စာတန်၏သဘာဝကို ထုတ်ဖော်ပြလေသည်။ လူတို့သည် အသက်ရှင်သောသတ္တဝါများ ဖြစ်လာရန်နှင့် ဘုရားသခင်ကို သက်သေခံရန်၊ ပြီးလျှင် ဘုရားသခင်၏ လက်ခံခြင်းကို ရရှိရန် ဆန္ဒရှိပါက၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို ၎င်းတို့ လက်ခံရမည်။ သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ဝမ်းမြောက်ဝမ်းသာ ကျိုးနွံနာခံ ရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို ဝမ်းမြောက်ဝမ်းသာ လက်ခံရမည်ဖြစ်သည်။ ထိုအခါမှသာ ၎င်းတို့သည် ဘုရားသခင်တောင်းဆိုသည့် သမ္မာတရားများအားလုံးကို လက်တွေ့လုပ်ဆောင်နိုင်ကြလိမ့်မည်ဖြစ်ပြီး၊ ထိုမှသာ ဘုရားသခင်၏ ကယ်တင်ခြင်းကို ၎င်းတို့ ရရှိမည်ဖြစ်ကာ အသက်ရှင်သောသတ္တဝါများ အမှန်တကယ် ဖြစ်လာကြလိမ့်မည်။ အသက်ရှင်သူများသည် ဘုရားသခင်၏ ကယ်တင်ခြင်း ခံရကြ၏။ ၎င်းတို့သည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ခံကြရပြီးဖြစ်သည်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်အတွက် ဆက်ကပ်ရန် လိုလားနေကြပြီး မိမိတို့၏ အသက်ကို စွန့်ရန် ပျော်ရွင်ကြကာ၊ ဘုရားသခင်အတွက် မိမိတို့၏အသက်တာတစ်ခုလုံးကို ဝမ်းမြောက်ဝမ်းသာ ဆက်ကပ်မြှုပ်နှံထားကြမည်ဖြစ်သည်။ အသက်ရှင် သူများသည် ဘုရားသခင်ကို သက်သေခံကြသောအခါမှသာလျှင် စာတန်သည် အရှက်ရနိုင်မည်။ အသက်ရှင်သူများကသာ ဘုရားသခင်၏ ဧဝံဂေလိအလုပ်ကို ဖြန့်ဝေနိုင်ကြသည်၊ အသက်ရှင်သူများသာ ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ကြပြီး၊ အသက်ရှင်သူများသာ စစ်မှန်သောလူများ ဖြစ်ကြပေသည်။ မူလက ဘုရားသခင် ဖန်ဆင်းခဲ့သောလူမှာ အသက်ရှင်ခဲ့သည်၊ သို့သော် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကြောင့် လူသည် သေခြင်းတရား၏ အလယ်တွင် အသက်ရှင်ရပြီး၊ စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်ရသည်၊ ထို့ကြောင့် ဤနည်းဖြင့်၊ လူတို့သည် ဝိညာဉ်ကင်းမဲ့သော လူသေများ ဖြစ်လာကြပြီးဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်သော ရန်သူများ ဖြစ်လာကြပြီးဖြစ်သည်၊ ၎င်းတို့သည် စာတန်၏ တန်ဆာပလာများ ဖြစ်လာကြပြီးဖြစ်ကာ၊ စာတန်၏အကျဉ်းသားများ ဖြစ်လာကြပြီးဖြစ်သည်။ ဘုရားသခင် ဖန်ဆင်းခဲ့သော အသက်ရှင်သည့် လူများအားလုံးသည် လူသေများဖြစ်လာကြပြီး၊ ထို့ကြောင့် ဘုရားသခင်သည် သူ၏ သက်သေခံချက်ကို ဆုံးရှုံးရပြီး‌ဖြစ်ကာ၊ သူဖန်ဆင်းခဲ့ပြီး သူ၏ဇီဝအသက် ရှိထားသည့် တစ်ခုတည်းသော အရာဖြစ်သည့် လူသားမျိုးနွယ်ကို ဆုံးရှုံးရလေပြီဖြစ်သည်။ ဘုရားသခင်သည် သူ၏သက်သေခံချက်ကို ပြန်ရုပ်သိမ်းပြီး၊ သူကိုယ်တိုင်၏ လက်ဖြင့် ဖန်ဆင်းခဲ့သော်လည်း၊ စာတန်၏ ဖမ်းဆီးခြင်းခံရသောသူတို့ကို ပြန်ရုပ်သိမ်းပါက၊ ၎င်းတို့သည် အသက်ရှင်သော သတ္တဝါများဖြစ်လာရန်အလို့ငှာ ဘုရားသခင်သည် ၎င်းတို့ကို ပြန်လည် ထမြောက်စေရမည်ဖြစ်ပြီး၊ သူ၏အလင်းထဲ၌ ၎င်းတို့ အသက်ရှင်ကြဖို့အလို့ငှာ ၎င်းတို့ကို သူပြန်သိမ်းယူရမည် ဖြစ်သည်။ လူသေတို့သည် ဝိညာဉ်မရှိသော သူများဖြစ်ပြီး၊ အလွန့်အလွန် ထုံထိုင်းကြသူများနှင့် ဘုရားသခင်ကို ဆန့်ကျင်ကြသူများ ဖြစ်ကြသည်။ အဓိကအားဖြင့် ၎င်းတို့သည် ဘုရားသခင်ကို မသိသောသူများ ဖြစ်ကြသည်။ ဤလူတို့သည် ဘုရားသခင်ကို နာခံရန် ရည်ရွယ်ချက် စိုးစဉ်းမျှ မရှိကြချေ။ ၎င်းတို့သည် သူ့ကို ပုန်ကန်ကာ ဆန့်ကျင်ခြင်းသာ ပြုကြပြီး၊ သစ္စာစောင့်သိမှု စိုးစဉ်းမျှ မရှိကြချေ။ အသက်ရှင်သူများသည် ၎င်းတို့၏ဝိညာဉ်များ ပြန်လည်မွေးဖွားခြင်း ခံရသောသူများ၊ ဘုရားသခင်ကို နာခံရန် သိရှိသူများနှင့် ဘုရားသခင်ကို သစ္စာစောင့်သိသူများ ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားနှင့် သက်သေခံချက်ကို ပိုင်ဆိုင်ကြပြီး၊ ဤလူတို့သာ ဘုရားသခင်ကို သူ၏ အိမ်တွင် ကျေနပ်စေလျက်ရှိကြပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် အသက်ရှင်ခြင်းသို့ ရောက်လာပြီးသူတစ်ဦးဖြစ်သလော

သူ့အသက်တာတွင် လူသားသည် သန့်ရှင်းစေခြင်းခံရရန်နှင့် သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများ စွမ်းဆောင်ရရှိရန် ဆန္ဒရှိပါက၊ သူသည် အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်ရန် ဆန္ဒရှိပြီး၊ ဖန်ဆင်းခံတစ်ဦးအနေဖြင့် သူ၏တာဝန်ကို ဖြည့်ဆည်းရန် ဆန္ဒရှိပါက၊ သူသည် စာတန်၏ ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် စွမ်းအားတို့မှ မိမိကိုယ်ကိုယ် လွတ်မြောက်စေပြီး ဘုရားသခင်၏ အလင်းတွင် အသက်ရှင်နိုင်ဖို့အလို့ငှာ၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို လက်ခံရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းနှင့် ဘုရားသခင်၏ ရိုက်နှက်ခြင်းများအား သူ့ထံမှ ခွဲခွာခွင့်မပေးရပေ။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် အလင်းဖြစ်ပြီး၊ လူသား၏ ကယ်တင်ခြင်းအလင်းဖြစ်ကာ၊ လူသားအတွက် ထို့ထက်သာ၍ ကောင်းမွန်သော ကောင်းချီးမင်္ဂလာ၊ ကျေးဇူးတော် သို့မဟုတ် ကွယ်ကာမှုမရှိသည်ကို သိလော့။ လူသားသည် စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်ပြီး ဇာတိပကတိ၌ တည်ရှိသည်။ အကယ်၍ သူသည် သန့်ရှင်းစေခြင်းမခံရသကဲ့သို့၊ ဘုရားသခင်၏ ကွယ်ကာမှုကို မရရှိပါက၊ လူသားသည် ယခင်ထက် ပို၍ အကျင့်ပျက်လာပေလိမ့်မည်။ ဘုရားသခင်ကို ချစ်ရန် သူ ဆန္ဒရှိပါက၊ သူသည် သန့်ရှင်းစေခြင်းခံရမည်ဖြစ်ပြီး ကယ်တင်ခြင်းကို ခံရမည်။ ပေတရုက၊ “ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်အား ကြင်နာစွာ ဆက်ဆံသည့်အခါ၊ ကျွန်ုပ် ဝမ်းမြောက်ပြီး နှစ်သိမ့်မှုကို ခံစားရသည်။ ကိုယ်တော် ကျွန်ုပ်အား ပြစ်တင်ဆုံးမသည့်အခါ၊ ကျွန်ုပ်သည် ပို၍ပင် ကြီးမားသော နှစ်သိမ့်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ခံစားရပါသည်။ ကျွန်ုပ်သည် အားနည်းပြီး ဖော်မပြနိုင်လောက်အောင်များသော ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံရသော်လည်း၊ မျက်ရည်များနှင့် ဝမ်းနည်းမှုများ ရှိသော်လည်း၊ ဤဝမ်းနည်းမှုမှာ ကျွန်ုပ်၏ မနာခံမှုကြောင့်ဖြစ်ကာ၊ ကျွန်ုပ်၏ အားနည်းချက်ကြောင့် ဖြစ်ကြောင်း ကိုယ်တော်သိပါ၏။ ကိုယ်တော်၏ စိတ်ဆန္ဒများကို ကျွန်ုပ် မဖြည့်ဆည်းနိုင်သောကြောင့် ကျွန်ုပ်ငိုကြွေးပါ၏။ ကိုယ်တော်၏ သတ်မှတ်ချက်များအတွက် ကျွန်ုပ်သည် မပြည့်စုံ မလုံလောက်သောကြောင့်၊ ကျွန်ုပ်ဝမ်းနည်းပြီး စိတ်ထိခိုက်ပါ၏၊ သို့သော် ဤနယ်ပယ်ကို ကျွန်ုပ် ကြိုးပမ်းရရှိရန် လိုလားနေပါသည်၊ ကိုယ်တော်ကို စိတ်ကျေနပ်စေရန် ကျွန်ုပ်တတ်စွမ်းသမျှ အားလုံးကို လုပ်ဆောင်ရန် ကျွန်ုပ် လိုလားနေပါသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းသည် ကျွန်ုပ်အား ကွယ်ကာမှုကို ဆောင်ကြဉ်းပေးပြီးဖြစ်သကဲ့သို့၊ အကောင်းဆုံးသော ကယ်တင်ခြင်းကို ကျွန်ုပ်အား ပေးလေပြီ။ ကိုယ်တော်၏ တရားစီရင်ခြင်းက ကိုယ်တော်၏ သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းတို့ကို မှေးမှိန်သွားစေသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မရှိဘဲ၊ ကိုယ်တော်၏ သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်တို့ကို ကျွန်ုပ် မွေ့လျော်ခံစားနိုင်မည် မဟုတ်ပါ။ ယနေ့တွင်၊ ကိုယ်တော်၏ ချစ်ခြင်းသည် ကောင်းကင်တို့ကို ကျော်လွန်ပြီး အခြားအရာအားလုံးအထက်တွင် သာလွန်ထူးကဲ သည်ကို ကျွန်ုပ် သာ၍ပင် မြင်ရပါသည်။ ကိုယ်တော်၏ ချစ်ခြင်းသည် သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်သာ မဟုတ်ပါ။ ထို့ထက်ပို၍ပင် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ဖြစ်ပါသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်ကို အလွန်များစွာ ပေးပြီးဖြစ်သည်။ ကိုယ်တော်၏ ပြစ်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မရှိဘဲနှင့်၊ လူတစ်ဦးတစ်ယောက်မျှ သန့်စင်ခံရမည် မဟုတ်သကဲ့သို့၊ လူတစ်ဦးတစ်ယောက်မျှ ဖန်ဆင်းရှင်၏ မေတ္တာကို တွေ့ကြုံခံစားနိုင်မည် မဟုတ်ပါ။ ကျွန်ုပ်သည် ရာနှင့်ချီသော စမ်းသပ်မှုများနှင့် အတိဒုက္ခများကို ကြံ့ကြံ့ခံရပြီးဖြစ်ကာ သေလုနီးနီးပင်ဖြစ်ပြီးသော်လည်း၊ ယင်းတို့က ကျွန်ုပ်အား ကိုယ်တော်ကို အမှန်တကယ် သိရှိဖို့နှင့် အထွတ်အထိပ် ကယ်တင်ခြင်းကို ရရှိရန် ကျွန်ုပ်အား အခွင့်ပေးလေပြီ။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့သည် ကျွန်ုပ်ထံမှ ဖယ်ခွာသွားခဲ့မည်ဆိုလျှင်၊ ကျွန်ုပ်သည် အမှောင်တွင် စာတန်၏ အုပ်စိုးမှုအောက်၌ အသက်ရှင်ရပါမည်။ လူသား၏ ဇာတိပကတိသည် မည်သည့်အကျိုးကျေးဇူးများ ရှိသနည်း။ အကယ်၍ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်ကို စွန့်ခွာခဲ့မည်ဆိုပါက၊ ယင်းမှာ ကိုယ်တော်၏ ဝိညာဉ်တော်က ကျွန်ုပ်အား စွန့်ခွာခဲ့ပြီး ဖြစ်သည့်အလား၊ ကိုယ်တော်သည် ကျွန်ုပ်နှင့်အတူ မရှိတော့သည့်အလား ဖြစ်ပါမည်။ ထိုသို့ဖြစ်ခဲ့ပါက ကျွန်ုပ် မည်သို့ ဆက်လက် အသက်ရှင်နိုင်မည်နည်း။ ကိုယ်တော်သည် ကျွန်ုပ်အား နာမကျန်းမှုကို ပေးပြီး၊ ကျွန်ုပ်၏ လွတ်လပ်မှုကို ယူဆောင်ပါက၊ ကျွန်ုပ်သည် ဆက်လက် ရှင်သန်နိုင်သော်လည်း၊ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်ကို အစဉ်စွန့်ခွာပါက၊ ကျွန်ုပ် ဆက်လက် အသက်ရှင်နိုင်မည်မဟုတ်ပါ။ အကယ်၍ ကျွန်ုပ်သည် ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မရှိခဲ့ပါက၊ ကျွန်ုပ်အတွက် စကားလုံးတို့ဖြင့် ဖော်ပြခြင်းငှာ မစွမ်းသာသည့် အလွန်နက်ရှိုင်းလွန်းသော မေတ္တာဖြစ်သည့် ကိုယ်တော်၏ မေတ္တာကို ကျွန်ုပ် ဆုံးရှုံးရပြီး ဖြစ်ပါမည်။ ကိုယ်တော်၏ မေတ္တာမရှိဘဲနှင့်၊ စာတန်၏ အုပ်စိုးမှုအောက်တွင် ကျွန်ုပ် အသက်ရှင်မည် ဖြစ်ပြီး၊ ကိုယ်တော်၏ ဘုန်းအသရေရှိသော မျက်နှာတော်ကို မြင်တွေ့နိုင်မည် မဟုတ်ပါ။ ကျွန်ုပ်သည် မည်သို့ ဆက်လက် အသက်ရှင်နိုင်မည်နည်း။ ထိုသို့သော အမှောင်၊ ထိုသို့သော ဘဝကို ကျွန်ုပ်မည်သို့ ကြံ့ကြံ့ခံနိုင်မည်နည်း။ ကိုယ်တော် ကျွန်ုပ်နှင့်အတူ ရှိခြင်းသည် ကိုယ်တော်ကို မြင်နေရသကဲ့သို့ ဖြစ်သည်၊ ထို့ကြောင့် ကိုယ်တော်ကို ကျွန်ုပ် မည်သို့ စွန့်ခွာနိုင်မည်နည်း။ စိတ်ချစေရန် အားပေးစကား အနည်းငယ်သာ ဖြစ်လျှင်ပင်၊ ကျွန်ုပ်၏ အကြီးမားဆုံးသော နှစ်သိမ့်မှုကို ကျွန်ုပ်ထံမှ ယူဆောင်မသွားရန် ကိုယ်တော်ကို ကျွန်ုပ် အနူးအညွတ် ပန်ကြားပါ၏၊ ကိုယ်တော့်ကို ကျွန်ုပ် တောင်းခံပါ၏။ ကျွန်ုပ်သည် ကိုယ်တော်၏ မေတ္တာကို မွေ့လျော်ပြီးဖြစ်ကာ၊ ယနေ့တွင် ကိုယ်တော့်ထံပါးမှ ကျွန်ုပ် ဝေးကွာ၍ မရနိုင်ပါ။ ကိုယ်တော့်ကို ကျွန်ုပ် မည်သို့မချစ်ဘဲ နေနိုင်ပါမည်နည်း။ ကိုယ်တော်၏ မေတ္တာကြောင့်၊ ကျွန်ုပ်သည် ဝမ်းနည်းမျက်ရည်များစွာ ကျရပြီးဖြစ်သော်လည်း၊ ဤသို့သော အသက်တာသည် ပို၍ အဓိပ္ပာယ်ရှိသည်၊ ကျွန်ုပ်ကို သာ၍ ကြွယ်ဝစေနိုင်သည်၊ ကျွန်ုပ်ကို သာ၍ ပြောင်းလဲစေနိုင်ပြီး၊ သတ္တဝါများက ပိုင်ဆိုင်သင့်သည့် သမ္မာတရားကို ကြိုးပမ်းရရှိဖို့ ကျွန်ုပ်ကို သာ၍ အခွင့်ပေးနိုင်သည်ဟု ကျွန်ုပ်အမြဲခံစားရပါ၏” ဟူ၍ ဆုတောင်းခဲ့သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ

လူ၏အသက်တာ တစ်ခုလုံးသည် စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်ကာ မိမိဘာသာ စာတန်၏ စွမ်းအားမှ မိမိတို့ကိုယ်ကိုယ် လွတ်မြောက်စေနိုင်သည့် လူ တစ်ဦးမျှမရှိပေ။ အားလုံးသည် အဓိပ္ပာယ် သို့မဟုတ် တန်ဖိုးအနည်းငယ်မျှ မရှိဘဲ၊ ဖောက်ပြန်ပျက်စီးခြင်းနှင့် အနှစ်မဲ့ခြင်းထဲတွင်၊ ညစ်ညူးသော လောကတစ်ခု၌ အသက်ရှင်ကြသည်။ ၎င်းတို့သည် ဇာတိပကတိအတွက်၊ တပ်မက်ခြင်းအတွက်နှင့် စာတန်အတွက် ထိုသို့သော ပူပင်ကြောင့်ကြမဲ့သည့် ဘဝများကို အသက်ရှင်ကြသည်။ ၎င်းတို့၏ တည်ရှိမှုတွင် တန်ဖိုးအနည်းငယ်မျှ မရှိ။ လူသည် သူ့ကို စာတန်၏ စွမ်းအားမှ လွတ်မြောက်စေမည့် သမ္မာတရားကို ရှာတွေ့နိုင်စွမ်း မရှိပေ။ လူသည် ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာကျမ်းစာကို ဖတ်ရှုသော်လည်း၊ စာတန်၏ စွမ်းအား ထိန်းချုပ်မှုမှ မိမိကိုယ်ကိုယ် မည်သို့ လွတ်မြောက်စေရမည်ကို သူ နားမလည်ပေ။ ခေတ်ကာလများတစ်လျှောက်တွင်၊ အလွန်နည်းပါးသော လူတို့သာ ဤလျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိကြပြီးဖြစ်သည်၊ အလွန်နည်းပါးသော သူတို့က ယင်းကို သဘောပေါက်ကြပြီး ဖြစ်သည်။ ထိုသို့ဖြင့် လူက စာတန်ကို မုန်းတီးစက်ဆုပ်ပြီး ဇာတိပကတိကို စက်ဆုပ်သော်လည်း၊ စာတန်၏ စွမ်းအားဖြင့် မိနေခြင်းမှ မိမိကိုယ်ကိုယ် မည်သို့ဖယ်ရှားရမည်ကို မသိပေ။ ယနေ့တွင် သင်တို့သည် စာတန်၏ အုပ်စိုးမှုအောက်တွင် ရှိနေသေးသည် မဟုတ်လော။ သင်သည် ဆိုးညစ်ပြီး မနာခံသည်ကို ခံစားသိရှိရန် မဆိုထားနှင့် သင်၏ မနာခံတတ်သော အပြုအမူများကိုပင် နောင်တမရကြပေ။ ဘုရားသခင်အား ဆန့်ကျင်ပြီးနောက် သင်သည် စိတ်ငြိမ်သက်မှုပင် ရှိကြပြီး ကြီးမားသော တည်ငြိမ်အေးချမ်းမှုကို ခံစားကြရသည်။ သင်၏ တည်ငြိမ်အေးချမ်းမှုသည် သင် ဖောက်ပြန်ပျက်စီးသောကြောင့် ဖြစ်သည် မဟုတ်လော။ ဤစိတ်ငြိမ်သက်ခြင်းသည် သင်၏ မနာခံခြင်းမှလာခြင်း မဟုတ်လော။ လူသည် လူ့ငရဲတွင် အသက်ရှင်သည်၊ စာတန်၏ မှောင်မိုက်သော စွမ်းအောက်တွင် သူ အသက်ရှင်သည်။ တစ္ဆေများသည် လူ၏ အသွေးအသားအပေါ် နယ်မြေအနှံ့ ကျူးကျော်ရင်း လူသားများနှင့် အတူနေထိုင်ကြလေသည်။ ကမ္ဘာမြေပေါ်တွင် သင်သည် လှပသော သုခဘုံတစ်ခုတွင် အသက်မရှင်ပေ။ သင်ရှိနေသည့်နေရာသည် နတ်ဆိုးတို့၏နယ်ပယ်၊ လူ့ငရဲတစ်ခု၊ မြေအောက်ကမ္ဘာတစ်ခု ဖြစ်ပေသည်။ လူသည် သန့်ရှင်းစေခြင်းမခံရပါက၊ သူသည် ညစ်ညူးခြင်း ရှိပေသည်။ သူသည် ဘုရားသခင်အားဖြင့် ကွယ်ကာခံရကာ စောင့်ရှောက်ခံရခြင်း မရှိပါက၊ သူသည် စာတန်၏အကျဉ်းသားတစ်ဦး ဖြစ်နေဆဲဖြစ်သည်။ အကယ်၍ သူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မခံရပါက စာတန်၏ မှောင်မိုက်စွမ်းအား၏ ဖိနှိပ်မှုကို လွတ်မြောက်ခြင်းငှာ နည်းလမ်း ရှိလိမ့်မည် မဟုတ်ပေ။ သင်ထုတ်ပြသသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားနှင့် သင် အသက်ရှင်နေထိုင်သည့် မနာခံသော အပြုအမူတို့သည် စာတန်၏ အုပ်စိုးမှုအောက်တွင် သင် အသက်ရှင်နေဆဲ ဖြစ်သည်ကို သက်သေပြရန် လုံလောက်ပေသည်။ သင့်စိတ်နှင့် အတွေးများသည် သန့်ရှင်းစေခြင်းမခံရသေးသကဲ့သို့၊ သင်၏ စိတ်သဘောထားသည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း မခံရသေးပါက၊ သင်၏ ဖြစ်တည်မှု တစ်ခုလုံးသည် စာတန်၏ အုပ်စိုးမှုဖြင့် ထိန်းချုပ်ခံရဆဲ ဖြစ်သည်၊ သင့်စိတ်သည် စာတန်၏ ထိန်းချုပ်ခြင်းခံရသည်၊ သင့်အတွေးများသည် စာတန်၏ ကြိုးကိုင်ခြယ်လှယ်ခြင်းခံရပြီး၊ သင့်ဖြစ်တည်မှု တစ်ခုလုံးသည် စာတန်၏ လက်များဖြင့် ထိန်းချုပ်ခံရပေသည်။ သင်သည် ပေတရု၏စံနှုန်းများနှင့် မည်မျှဝေးကွာ၍သာ ရှိနေသည်ကို ယခု သင်သိပြီလော။ သင်သည် ထိုအစွမ်းအစ ပိုင်ဆိုင်ပါသလော။ ယနေ့၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်၍ သင်မည်မျှ သိသနည်း။ ပေတရု သိလာခဲ့သော အရာများထဲမှ သင် မည်မျှပိုင်ဆိုင်သနည်း။ အကယ်၍ ယနေ့တွင် သင်မသိနိုင်ပါက နောင်တွင် ဤအသိပညာကို စွမ်းဆောင်ရရှိနိုင်လိမ့်မည်လော။ သင်ကဲ့သို့ ပျင်းရိပြီး သတ္တိကြောင်သော တစ်စုံတစ်ဦးသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို တကယ်ကို သိရှိနိုင်စွမ်း ရှိသလော။ သင်သည် ဇာတိပကတိ၏ ငြိမ်သက်ခြင်းနှင့် ဇာတိပကတိ၏ သာယာမှုများကို လိုက်စားပါက၊ သင်သည် သန့်ရှင်းခြင်း လုံးဝ ခံရလိမ့်မည်မဟုတ်သကဲ့သို့၊ သင် အသက်ရှင်နေထိုင်သည့်အရာမှာ စာတန်ဖြစ်ပြီး၊ ဇာတိပကတိ ဖြစ်သည့်အတွက်၊ အဆုံးတွင် သင်သည် စာတန်ထံသို့ ပြန်သွားရလိမ့်မည်။ ယနေ့လက်ရှိအခြေအနေတွင် များစွာသော လူတို့သည် အသက်ကို မလိုက်စားကြပေ၊ ယင်းမှာ ၎င်းတို့သည် သန့်ရှင်းစေခြင်းခံရခြင်းအကြောင်း သို့မဟုတ် သာ၍ နက်ရှိုင်းသော အသက်တာ အတွေ့အကြုံထဲသို့ ဝင်ရောက်ခြင်း အကြောင်းကို ဂရုမစိုက်ကြဟု ဆိုလိုပေသည်။ ထိုသို့ဖြစ်လျက်၊ ၎င်းတို့သည် မည်သို့ စုံလင်စေခြင်းခံရနိုင်မည်နည်း။ အသက်ကို မလိုက်စားသော သူတို့သည် စုံလင်စေခြင်းခံရရန် အခွင့်အရေးမရှိသကဲ့သို့၊ ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာကို မလိုက်စားသောသူများ၊ ၎င်းတို့၏ စိတ်သဘောထား၌ ပြောင်းလဲမှုများကို မလိုက်စားသော သူတို့သည် စာတန်၏ မှောင်မိုက်သော စွမ်းအားကို လွတ်မြောက်နိုင်စွမ်း မရှိပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ

ဘုရားသခင်၌ ယုံကြည်ခြင်းရရှိပြီးနောက် သင်သည် အမှောင်၏ လွှမ်းမိုးမှုမှ မည်သို့ လွတ်မြောက်နိုင်မည်နည်း။ သင်သည် ဘုရားသခင်ထံ စစ်မှန်ရိုးသားစွာ ဆုတောင်းပြီးသည်နှင့်တစ်ပြိုင်နက်၊ သင်သည် သင်၏စိတ်နှလုံးကို သူ့ထံ လုံးဝ လှည့်လေသည်၊ ထိုအချိန်တွင် သင့်စိတ်နှလုံးသည် ဘုရားသခင်၏ဝိညာဉ်တော်၏ တို့ထိခြင်း ခံရပေသည်။ သင်သည် မိမိကိုယ်ကိုယ် သူ့ထံ လုံးဝပေးအပ်ဖို့ တိုး၍ လိုလားလျက်ရှိပြီး၊ ဤအခိုက်အတန့်တွင် အမှောင်၏လွှမ်းမိုးမှုမှ သင် လွတ်မြောက်ပြီး ဖြစ်လိမ့်မည်။ လူသား လုပ်သမျှတိုင်းသည် ဘုရားသခင် နှစ်သက်သောအရာ ဖြစ်ပြီး သူ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက၊ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းနှင့် သူ၏ စောင့်ရှောက်မှုနှင့် ကွယ်ကာမှုအောက် အသက်ရှင်သူတစ်ဦး ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်နိုင်ကြပါက၊ သူ့အပေါ် ဝတ်ကျေတမ်းကျေ ပုံစံဖြင့် ပြုမူရင်းနှင့် သူ၏ တည်ရှိခြင်းကို မယုံကြည်ဘဲလျက် သူ့ကို အရူးလုပ်ဖို့ အမြဲကြိုးပမ်းနေကြပါက- ဤသူအားလုံးသည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်ကြသည့်လူများ ဖြစ်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်းကို မရရှိသေးသော လူသားများသည် စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်ကြ၏။ ဆိုလိုသည်မှာ၊ ၎င်းတို့အားလုံးသည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင် ကြပေသည်။ ဘုရားသခင်ကို မယုံကြည်သော သူတို့သည် စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်နေကြ၏။ ဘုရားသခင်ကို ယုံကြည်သူများသည် သူ၏ နှုတ်ကပတ်တော်များအတွင်း အမှန်တကယ် အသက်ရှင်ကောင်း ရှင်ကြမည်မဟုတ်သကဲ့သို့ ဘုရားသခင်ကို နာခံကောင်း နာခံကြမည်မဟုတ်သည့်အတွက်၊ ဘုရားသခင်၏ တည်ရှိခြင်းကို ယုံကြည်သောသူများပင်လျှင် ဘုရားသခင်၏ အလင်းထဲတွင် သေချာပေါက် အသက်ရှင်ကောင်း ရှင်နေကြလိမ့်မည် မဟုတ်ပေ။ လူသည် ဘုရားသခင်၌ ယုံကြည်ခြင်းတွင်သာ ကန့်သတ် ခံထားရပြီး၊ ဘုရားသခင်နှင့် သက်ဆိုင်သော အသိပညာ မရှိသောကြောင့်၊ ဘုရားသခင်၏ သန့်ရှင်းစေခြင်းကို အပြည့်အဝ မခံရသေးသည်သာမက သူ၏ လုံးလုံးလျားလျား ရယူခြင်းကို မခံရသေးဘဲ သူသည် စည်းမျဉ်းဟောင်းများအတွင်း၊ အသက်မဲ့သော စကားလုံးများ အလယ်တွင် မှောင်မိုက်ပြီး ရေရာမှုမရှိသော အသက်တာတစ်ခုဖြင့် အသက်ရှင်နေဆဲ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ကို မယုံကြည်သူများသည် အမှောင်၏လွှမ်းမိုးမှုအောက်တွင် အသက်ရှင် ကြသည်မှာ ပြောစရာပင်မလိုသည့် အချိန်တွင်၊ ဘုရားသခင်ကို ယုံကြည်သူများပင်လျှင် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက် ကင်းမဲ့ကြသည့်အတွက် ထိုအမှောင်၏ လွှမ်းမိုးမှုအောက်တွင် ရှိနေနိုင်သေး၏။ ဘုရားသခင်၏ ကျေးဇူးတော် သို့မဟုတ် သနားကရုဏာကို မရရှိကြသေးသူများနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို မမြင်နိုင်ကြသူအားလုံးသည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်နေကြပေသည်။ ပြီးလျှင် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရုံခံစားကြသော်လည်း၊ သူ့ကို မသိကြသူများသည် အချိန်အများစုတွင် ထိုနည်း၎င်း ဖြစ်ကြပေသည်။ လူသားတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်သော်လည်း၊ အမှောင်၏ လွှမ်းမိုးမှုအောက်တွင် မိမိအသက်တာ အများစု ကုန်ဆုံးပါက၊ ဤသူ၏ တည်ရှိခြင်းသည် အဓိပ္ပာယ်ဆုံးရှုံးခဲ့လေပြီ- ပြီးလျှင် ဘုရားသခင် တည်ရှိသည်ကို မယုံကြည်သူတို့ကိုကား အဘယ်ပြောဖို့ လိုအပ်သနည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှောင်၏လွှမ်းမိုးမှုမှ လွတ်မြောက်လော့၊ ပြီးလျှင် သင်သည် ဘုရားသခင်၏ ရယူခြင်း ခံရလိမ့်မည်

ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို မလိုက်စားသောသူ အားလုံးတို့သည် စာတန်၏စွမ်းအားမှ လွတ်မြောက်ခြင်းငှာ နည်းလမ်းမရှိပေ။ မိမိတို့၏ ဘဝကို ရိုးသားစွာ အသက်ရှင်ခြင်းမရှိသူများ၊ အခြားသူများရှေ့တွင် တစ်မျိုးပြုမူ သော်လည်း၊ ၎င်းတို့၏ နောက်ကွယ်တွင် တစ်မျိုးတစ်ဖုံ ပြုမူသောသူများ၊ ၎င်းတို့၏ အနှစ်သာရသည် ယုတ်မာကာ၊ ကောက်ကျစ်ပြီး ဘုရားသခင်ကို သစ္စာမရှိသော်လည်း၊ နှိမ့်ချခြင်း၊ သည်းခံခြင်းနှင့် ချစ်ခြင်းမေတ္တာနှင့်ဆိုင်သည့် ပုံပန်းပေးသောသူများအားလုံး- ထိုသို့သော လူများသည် အမှောင်၏လွှမ်းမိုးမှုအောက်တွင် အသက်ရှင်ကြသူများ၏ ကိုယ်စားပြုသူများစစ်စစ် ဖြစ်ကြသည်။ ၎င်းတို့သည် မြွေကဲ့သို့သော လူမျိုးများ ဖြစ်သည်။ မိမိတို့ကိုယ်တိုင်၏ အကျိုးအမြတ် အတွက်သာ ဘုရားသခင်ကို ယုံကြည်ဖူးသူများ၊ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု မှတ်ယူပြီး မောက်မာသောသူများ၊ ကြွားဝါသူများနှင့် မိမိတို့ကိုယ်တိုင်၏ အဆင့်အတန်းကို ကာကွယ်သူများသည် စာတန်ကို ချစ်ပြီး သမ္မာတရားကို ဆန့်ကျင်သော လူများ ဖြစ်သည်။ ဤလူများသည် ဘုရားသခင်ကို ဆန့်ကျင်ပြီး စာတန်နှင့် လုံးဝ သက်ဆိုင်ကြလေသည်။ ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးများကို အာရုံမစိုက်သောသူများ၊ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ အစေမခံသူများ၊ ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ၎င်းတို့မိသားစု၏ အကျိုးစီးပွားများနှင့်သာ အမြဲပူပန်သောသူများ၊ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကိုယ် အသုံးခံရန် အရာခပ်သိမ်းကို မစွန့်လွှတ်နိုင်သူများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအရ မည်သည့်အခါမျှ အသက်မရှင်သော သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော် ပြင်ပတွင်ရှိသည့်လူများ ဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ ချီးမွမ်းခြင်းကို မရရှိနိုင်ကြပေ။

လူသားကို ဘုရားသခင် ဖန်ဆင်းခဲ့ချိန်တွင်၊ ကိုယ်တော်၏ အလျှံပယ်ရှိခြင်းကို မွေ့လျော်နိုင်ကြဖို့နှင့် သူ့ကို ရိုးသားစစ်မှန်စွာ ချစ်နိုင်ကြဖို့ အလို့ငှာ ဖြစ်သည်။ ဤနည်းဖြင့်၊ လူတို့သည် သူ၏အလင်းတွင် အသက်ရှင်ကြပေမည်။ ယနေ့တွင်၊ ဘုရားသခင်ကို မချစ်နိုင်ကြသူများ၊ သူ၏ဝန်ထုပ်များကို အာရုံမစိုက်သူများ၊ မိမိတို့၏ စိတ်နှလုံးများကို သူ့အား အပြည့်အဝ မပေးနိုင်ကြသူများ၊ ဘုရားသခင်၏ စိတ်နှလုံးကို မိမိတို့၏ ကိုယ်ပိုင်ကဲ့သို့ လက်မခံနိုင်သူများနှင့် သူ၏ ဝန်ထုပ်များကို မိမိတို့၏ ကိုယ်ပိုင်ဝန်ထုပ်များအဖြစ် မသယ်ပိုး နိုင်သူများ- ဘုရားသခင်၏ အလင်းသည် ထိုသို့သော လူတစ်ဦး တစ်လေမျှအပေါ် အလင်းမပေးပေ၊ ထို့ကြောင့် ၎င်းတို့အားလုံးသည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်နေကြပေသည်။ ၎င်းတို့သည် ဘုရားသခင်၏အလိုကို လုံးလုံးဆန့်ကျင်သော လမ်းကြောင်းပေါ်တွင် ရှိကြပြီး၊ ၎င်းတို့လုပ်ဆောင်သည့် မည်သည့်အရာတွင်မဆို သမ္မာတရား အနည်းငယ်မျှမရှိပေ။ ၎င်းတို့သည် စာတန်နှင့်အတူ ဒုစရိုက်နွံထဲတွင် မွေ့လျော်နေထိုင်နေကြ၏။ ၎င်းတို့သည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်ကြသည့် လူများ ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မကြာခဏ စားသောက်နိုင်ပြီး၊ သူ၏အလိုကို အာရုံစိုက်နိုင်ကာ သူ၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နိုင်ပါက၊ သင်သည် ဘုရားသခင်နှင့် သက်ဆိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းတွင် အသက်ရှင်သည့် လူတစ်ဦး ဖြစ်ပေသည်။ သင်သည် စာတန်၏ အုပ်စိုးမှုအောက်မှ လွတ်မြောက်ပြီး ဘုရားသခင်၏ အလင်းတွင် အသက်ရှင်ဖို့ လိုလားလျက်ရှိသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်အတွင်းတွင် သင် အသက်ရှင်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏အလုပ်ကို ဆောင်ရွက်ရန် အခွင့်အရေး ရှိလိမ့်မည်။ သင်သည် စာတန်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်ကို ထိုသို့သော အခွင့်အရေး သင် ပေးလိမ့်မည်မဟုတ်။ လူတို့အပေါ် သန့်ရှင်းသော ဝိညာဉ်တော် ဆောင်ရွက်သော အလုပ်၊ ၎င်းတို့အပေါ် သူ ထွန်းလင်းစေသည့် အလင်းနှင့် ၎င်းတို့ကို သူ ပေးသည့် စိတ်ချယုံကြည်မှုသည် အခိုက်အတန့်တစ်ခုသာ တာရှည်ခံလေသည်။ လူတို့သည် ဂရုမထားသကဲ့သို့ အာရုံမစိုက်ကြပါက၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် ၎င်းတို့ကို ဖြတ်ကျော်သွားလိမ့်မည်။ လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း အသက်ရှင်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ ရှိလိမ့်မည်ဖြစ်ပြီး ၎င်းတို့အပေါ် အလုပ်လုပ်လိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း လူတို့ အသက်မရှင်ပါက၊ စာတန်၏ ချည်နှောင်မှုများ၌ ၎င်းတို့ အသက်ရှင်ကြပေသည်။ လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် အသက်ရှင်ကြပါက၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက် သို့မဟုတ် လုပ်ဆောင်ချက် မရှိကြပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ နယ်နိမိတ်များအတွင်း အသက်ရှင်ပါက၊ ပြီးလျှင် သင်သည် ဘုရားသခင် တောင်းဆိုသော အခြေအနေ၌ အသက်ရှင်ပါက၊ သင်သည် သူနှင့် သက်ဆိုင်သောသူတစ်ဦး ဖြစ်ပြီး သူ၏ အမှုကို သင့်အပေါ် ဆောင်ရွက်လိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ သတ်မှတ်ချက်များ၏ နယ်နိမိတ်များအတွင်း အသက်ရှင်မနေဘဲ၊ ယင်းအစား စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်နေပါက၊ သင်သည် စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းအတွင်းတွင် အသေအချာ အသက်ရှင်နေပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း အသက်ရှင်ခြင်းနှင့် ဘုရားသခင်ကို သင်၏စိတ်နှလုံးအား ပေးခြင်းအားဖြင့်သာ သူ၏သတ်မှတ်ချက်များကို သင် ဖြည့်ဆည်း နိုင်ပေသည်။ ဘုရားသခင်၏ မိန့်မြွက်ချက်များကို သင်၏ဖြစ်တည်မှုနှင့် သင့်အသက်တာ၏ လက်တွေ့အရှိတရား ဖြစ်စေရင်း၊ ဘုရားသခင် ပြောသည့်အတိုင်း သင် လုပ်ဆောင်ရမည်။ ထိုအခါမှသာ သင်သည် ဘုရားသခင်နှင့် သက်ဆိုင်လိမ့်မည်ဖြစ်သည်။ သင်သည် ဘုရားသခင်၏ အလိုနှင့်အညီ အမှန်တကယ် လက်တွေ့လုပ်ဆောင်ပါက၊ သူသည် သင့်အပေါ် အမှုကို ဆောင်ရွက်လိမ့်မည်ဖြစ်ပြီး၊ ထို့နောက် သင်သည် ဘုရားသခင်၏မျက်နှာ၏ အလင်း၌ သူ၏ ကောင်းချီးမင်္ဂလာများ အောက်တွင် အသက်ရှင်လိမ့်မည်ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် ဆောင်ရွက်သော အလုပ်ကို သင် သဘောပေါက်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ မျက်မှောက်နှင့်ဆိုင်သည့် ဝမ်းမြောက်မှုကို ခံစား ရလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှောင်၏လွှမ်းမိုးမှုမှ လွတ်မြောက်လော့၊ ပြီးလျှင် သင်သည် ဘုရားသခင်၏ ရယူခြင်း ခံရလိမ့်မည်

အမှောင်၏လွှမ်းမိုးမှုအောက်မှ လွတ်မြောက်ရန်၊ ပထမဦးစွာ ဘုရားသခင်ကို သင်သစ္စာစောင့်သိရမည် ဖြစ်ပြီး သမ္မာတရားကို လိုက်စားရန် ပင်ကိုအားဖြင့် စိတ်အားထက်သန်ရမည် ဖြစ်သည်။ ထိုအခါမှသာ သင်သည် မှန်ကန်သော အခြေအနေတစ်ခု ရှိနိုင်လိမ့်မည်။ မှန်ကန်သော အခြေအနေတွင် အသက်ရှင်ခြင်းသည် အမှောင်၏ လွှမ်းမိုးမှုမှ လွတ်မြောက်ခြင်းအတွက် မရှိမဖြစ် ရှိထားရမည့် လိုအပ်ချက်ဖြစ်သည်။ မှန်ကန်သော အခြေအနေ မရှိခြင်းသည် ဘုရားသခင်အား သစ္စာစောင့်သိမှု မရှိခြင်းနှင့် သမ္မာတရားကို ရှာဖွေဖို့ ပင်ကိုအားဖြင့် စိတ်အားမထက်သန်ခြင်း ဖြစ်သည်။ ပြီးလျှင် အမှောင်၏လွှမ်းမိုးမှုမှ လွတ်မြောက်ခြင်းမှာ စဉ်းစားစရာမလိုပေ။ ငါ၏ နှုတ်ကပတ်တော်များသည် အမှောင်၏လွှမ်းမိုးမှုအောက်မှ လူသား၏ လွတ်မြောက်ခြင်းနှင့်ဆိုင်သည့် အခြေခံအကြောင်းရင်းဖြစ်ပြီး၊ ငါ၏ နှုတ်ကပတ်တော်များနှင့်အညီ လက်တွေ့မလုပ်ဆောင်နိုင်သော လူများသည် အမှောင်၏လွှမ်းမိုးမှု အချုပ်အနှောင်များမှ လွတ်မြောက်နိုင်ကြလိမ့်မည် မဟုတ်။ မှန်ကန်သော အခြေအနေ တစ်ခုတွင် အသက်ရှင်ရန်ဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လမ်းပြမှုအောက်တွင် အသက်ရှင်ရန်၊ ဘုရားသခင်ကို သစ္စာစောင့်သိသော အခြေအနေတွင် အသက်ရှင်ရန်၊ သမ္မာတရားကို ရှာဖွေခြင်း အခြေအနေတစ်ခုတွင် အသက်ရှင်ရန်၊ ဘုရားသခင်အတွက် ရိုးသားစစ်မှန်စွာ မိမိကိုယ်ကိုယ် အသုံးခံခြင်းနှင့်ဆိုင်သည့် လက်တွေ့အရှိတရားထဲတွင် အသက်ရှင်ရန်နှင့် ဘုရားသခင်ကို စစ်မှန်စွာချစ်ခြင်း အခြေအနေတစ်ခုတွင် အသက်ရှင်ရန် ဖြစ်သည်။ ဤအခြေအနေများနှင့် ဤလက်တွေ့အရှိတရားအတွင်းတွင် အသက်ရှင်သောသူများသည် သမ္မာတရား၏ နက်ရှိုင်းမှုထဲသို့ ၎င်းတို့ ဝင်ရောက်သည်နှင့်အမျှ တဖြည်းဖြည်း ပြောင်းလဲကြလိမ့်မည်ဖြစ်ပြီး၊ အမှု နက်ရှိုင်းသထက် နက်ရှိုင်းသွားသည်နှင့်အမျှ ၎င်းတို့ ပြောင်းလဲကြလိမ့်မည်။ ပြီးလျှင် နောက်ဆုံးတွင်၊ ၎င်းတို့သည် ဘုရားသခင်၏ ရယူခြင်းခံရသည့် လူများနှင့် ဘုရားသခင်ကို စစ်မှန်စွာ ချစ်သော လူများ သေချာပေါက် ဖြစ်လာကြလိမ့်မည်။ အမှောင်၏ လွှမ်းမိုးမှုမှ လွတ်မြောက်ပြီးသူများသည် ဘုရားသခင်၏အလိုကို တဖြည်းဖြည်း သေချာအောင် လေ့လာစိစစ်နိုင်ကြပြီး၊ ယင်းကို တဖြည်းဖြည်း နားလည်လာကြလိမ့်မည် ဖြစ်ကာ၊ နောက်ဆုံးတွင် ဘုရားသခင်၏ လူယုံများ ဖြစ်လာကြလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများ သိုမထားကြသကဲ့သို့၊ သူ့ကို ပုန်ကန်ခြင်း မပြုရုံသာမက၊ ယခင်က ၎င်းတို့ စိတ်စွဲခဲ့ကြသည့် အယူအဆများနှင့် ပုန်ကန်မှုတို့ကိုလည်း သာ၍ပင် မုန်းတီးကြကာ ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာ ဖြစ်ပေါ်လေသည်။ အမှောင်၏လွှမ်းမိုးမှုမှ မလွတ်မြောက်နိုင်ကြသည့် လူများသည် ဇာတိပကတိ အားလုံးကို လုံးဝ နေရာယူထားပြီး ပုန်ကန်မှုဖြင့် ပြည့်ကြလေသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် လူသားအယူအဆများနှင့် အသက်ရှင်ခြင်းအတွက် အတွေးအခေါ်များအပြင်၊ ၎င်းတို့ကိုယ်တိုင်၏ ရည်ရွယ်ချက်များနှင့် စဉ်းစားဆင်ခြင်ခြင်းများဖြင့် ပြည့်နေကြပေသည်။ ဘုရားသခင် တောင်းဆိုသည့်အရာမှာ လူသားထံမှ တစ်ခုတည်းသော ချစ်ခြင်းမေတ္တာ ဖြစ်သည်။ သူ တောင်းဆိုသည့်အရာမှာ လူသားအနေဖြင့် သူ၏ နှုတ်ကပတ်တော်များနှင့် သူ့အတွက် ချစ်ခြင်းမေတ္တာ ပြည့်သော နှလုံးသားတစ်ခုတို့ကို နေရာပေးစေဖို့ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း အသက်ရှင်ဖို့၊ ၎င်းတို့ ရှာဖွေသင့်သည့် အရာကို သူ၏နှုတ်ကပတ်တော်များအတွင်းတွင် ရှာဖွေဖို့၊ သူ၏နှုတ်ကပတ်တော်များအတွက် ဘုရားသခင်ကို ချစ်ဖို့၊ သူ၏ နှုတ်ကပတ်တော်များအတွက် ပြေးဖို့၊ သူ၏ နှုတ်ကပတ်တော်များ အတွက် အသက်ရှင်ဖို့- ဤအရာများသည် လူက စွမ်းဆောင်ရရှိဖို့ ကြိုးပမ်းသင့်သည့် ရည်မှန်းချက်များ ဖြစ်သည်။ အရာရာကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ်တွင် တည်ဆောက်ရမည်။ ထိုအခါမှသာ လူသားသည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းနိုင်လိမ့်မည်။ လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ပြင်ဆင်မထားပါက၊ သူသည် စာတန် ပိုင်ဆိုင်သော လောက်ကောင် တစ်ကောင်သာ ဖြစ်ပေသည်။ ဤအရာကို ချိန်ဆလော့- သင်၏အတွင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော် မည်မျှ အမြစ်တွယ်ပြီးဖြစ်သနည်း။ သင်သည် မည်သည့်အရာများတွင် သူ၏ နှုတ်ကပတ်တော်များနှင့်အညီ အသက်ရှင်လျက်ရှိနေသနည်း။ မည်သည့်အရာများတွင် ထိုနှုတ်ကပတ်တော်များနှင့်အညီ အသက်မရှင်ဘဲ နေနေခဲ့သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင့်ကို လုံးဝ ထိန်းချုပ်မထားပါက၊ သင်၏ စိတ်နှလုံးကို မည်သည့်အရာက အတိအကျ နေရာယူထားသနည်း။ သင်၏ နေ့စဉ်အသက်တာတွင် သင်သည် စာတန်၏ ထိန်းချုပ်ခြင်း ခံရလျက်ရှိသလော၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင့်ကို နေရာယူလျက် ရှိသလော။ သူ၏ နှုတ်ကပတ်တော်များသည် သင်၏ဆုတောင်းခြင်းများ အခြေပြုသည့် အခြေခံအုတ်မြစ် ဖြစ်သလော။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ဉာဏ်အလင်းပေးခြင်း မှတစ်ဆင့် သင်၏ အပျက်သဘောဆောင်သော အခြေအနေမှ ထွက်လာပြီးပြီလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ တည်ရှိခြင်း၏ အခြေခံအုတ်မြစ်အဖြစ် မှတ်ယူရန်- ဤသည်မှာ လူတိုင်း ဝင်ရောက်သင့်သည့်အရာ ဖြစ်သည်။ သင်၏ အသက်တာ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မရှိပါက၊ သင်သည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်နေသည်၊ ဘုရားသခင်ကို သင် ပုန်ကန်နေသည်၊ သူ့ကို သင် ခုခံနေပြီး၊ သူ၏နာမကို သင် ဂုဏ်သရေ ညှိုးစေလျက် ရှိပေသည်။ ဘုရားသခင်၌ ထိုသို့သောလူများ၏ ယုံကြည်မှုသည် ဒုက္ခပေးခြင်းနှင့် နှောင့်ယှက်ခြင်း သက်သက်ဖြစ်သည်။ သင်၏အသက်တာ မည်မျှကို သူ၏နှုတ်ကပတ်တော်နှင့်အညီ အသက်ရှင်ပြီးပြီနည်း။ သင်၏ အသက်တာ မည်မျှကို သူ၏ နှုတ်ကပတ်တော်များနှင့်အညီ အသက်မရှင်ဘဲ နေပြီးဖြစ်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်က သင့်ကို တောင်းဆိုသည့်အရာထဲမှ မည်မျှသည် သင်၏အထဲတွင် ပြည့်စုံပြီးဖြစ်သနည်း။ မည်မျှသည် သင်၏အထဲတွင် ဆုံးရှုံးပြီးဖြစ်သနည်း။ ထိုသို့သော အရာများကို သင် သေချာစွာ ကြည့်ရှုစစ်ဆေးပြီးပြီလော။

အမှောင်၏လွှမ်းမိုးမှုမှ လွတ်မြောက်ခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်နှင့် လူသား၏ ဆက်ကပ်ထားသော ပူးပေါင်းဆောင်ရွက်မှု နှစ်ခုလုံး လိုအပ်ပေသည်။ လူသားသည် မှန်ကန်သော လမ်းကြောင်းတွင် မရှိဟု အဘယ်ကြောင့် ငါပြောသနည်း။ မှန်ကန်သော လမ်းကြောင်းပေါ် ရှိသည့်လူများသည် ပထမဦးစွာ ၎င်းတို့၏ စိတ်နှလုံးကို ဘုရားသခင်ထံ ပေးနိုင်ကြလေသည်။ လူသားမျိုးနွယ်သည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အမြဲ အသက်ရှင်ခဲ့ကြပြီးဖြစ်ကာ စာတန်၏ကျေးကျွန်ဘဝအောက်တွင် နှစ်ပေါင်းထောင်ချီ ရှိခဲ့ကြပြီးဖြစ်သည့်အတွက်၊ ဤသည်မှာ ဝင်ရောက်ဖို့ အလွန်ရှည်ကြာသည့် အချိန်ယူရသော လုပ်ငန်းတာဝန်တစ်ခု ဖြစ်သည်။ သို့ဖြစ်ရာ၊ ဤဝင်ရောက်မှုကို တစ်ရက် သို့မဟုတ် နှစ်ရက်မျှဖြင့် မရရှိနိုင်ပေ။ လူတို့သည် မိမိတို့ကိုယ်တိုင်၏ အခြေအနေကို သဘောပေါက်နိုင်ကြဖို့အလို့ငှာ၊ ဤကိစ္စရပ်ကို ယနေ့ ငါ ဖော်ထုတ်ပြောရပေသည်။ အမှောင်၏လွှမ်းမိုးမှုသည် မည်သည့် အရာဖြစ်သည် ဆိုသည်နှင့် အလင်းတွင် အသက်ရှင်ရန်မှာ မည်သည့်အရာကို ဆိုလိုသည်တို့ကို လူသားက သိမြင်နိုင်သည်နှင့် တစ်ပြိုင်နက်၊ ဝင်ရောက်မှုသည် များစွာ သာ၍ လွယ်ကူလာပေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သင့်အနေဖြင့် စာတန်၏ လွှမ်းမိုးမှုမှ မလွတ်မြောက်နိုင်မီ ထိုလွှမ်းမိုးမှုက မည်သည့်အရာ ဖြစ်သည်ကို သိရှိရမည် ဖြစ်သောကြောင့် ဖြစ်သည်။ ထို့နောက်တွင်မှ သင်သည် ယင်းကို စွန့်ပစ်ဖို့ နည်းလမ်းတစ်ခု ရှိလိမ့်မည်ဖြစ်သည်။ ထို့နောက်တွင် လုပ်ဆောင်ရမည့်အရာမှာမူ၊ လူသားများ၏ ကိုယ်ပိုင် အရေးကိစ္စ ဖြစ်သည်။ အရာရာထဲသို့ အပြုသဘောဆောင်သော ရှုထောင့်မှ ဝင်ရောက်လော့၊ ပြီးလျှင် ဘယ်သောအခါမျှ မတုန်မလှုပ် မစောင့်ဆိုင်းနှင့်။ ဤနည်းလမ်းဖြင့်သာ သင်သည် ဘုရားသခင်၏ ရယူခြင်း ခံရနိုင်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှောင်၏လွှမ်းမိုးမှုမှ လွတ်မြောက်လော့၊ ပြီးလျှင် သင်သည် ဘုရားသခင်၏ ရယူခြင်း ခံရလိမ့်မည်

လူသားအထဲ၌ ဘုရားသခင် ပြုသမျှသည် သူ၏စီမံခန့်ခွဲမှုနှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနှင့် သက်ဆိုင်သည့်အတွက်၊ ဘုရားသခင် ပြုသော အရာရာတိုင်းသည် လိုအပ်ပြီး ထူးခြားသော အရေးပါမှု ပိုင်ဆိုင်ပေသည်။ ပင်ကိုအားဖြင့် ဘုရားသခင်၏အမြင်တွင် ယောဘသည် စုံလင်ကာ ဖြောင့်မတ်သော်လည်း၊ ယောဘ၌ ဘုရားသခင်ပြုခဲ့သော အမှုသည် ကွဲပြားခြင်း မရှိပေ။ တစ်နည်းအားဖြင့် ဘုရားသခင် မည်သည့်အရာ ပြုသည် သို့မဟုတ် သူ ပြုသည့် နည်းလမ်းကို ပဓာနမထားဘဲ၊ အဖိုးအခကို ပဓာနမထားဘဲ၊ သို့မဟုတ် သူ၏ ရည်မှန်းချက်ကို ပဓာနမထားဘဲ၊ သူ၏ လုပ်ဆောင်ချက်များ၏ ရည်ရွယ်ချက်မှာ မပြောင်းလဲပေ။ သူ၏ ရည်ရွယ်ချက်မှာ လူသားထဲသို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အပြင်၊ လူသားအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ဘုရားသခင်၏အလိုတို့ကို လုပ်ဆောင်ရန် ဖြစ်သည်။ တစ်နည်းအားဖြင့် ယင်းမှာ ဘုရားသခင်၏ စိတ်နှလုံးကို လူသားအား နားလည်စေရင်းနှင့် ဘုရားသခင်၏ အနှစ်သာရကို သဘောပေါက်စေရင်း၊ ပြီးလျှင် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို လူသားအား နာခံစေရင်း၊ ထိုသို့ဖြင့် လူသားအား ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုရှောင်ကြဉ်ခြင်းအား ရရှိခွင့်ပေးရင်း၊ ဘုရားသခင်သည် အပြုသဘောဆောင်သည်ဟု သူယုံကြည်သော အရာခပ်သိမ်းကို သူ၏ခြေလှမ်းများနှင့်အညီ လူသားထဲ၌ အမှုပြုရန် ဖြစ်သည်- ထိုအရာအားလုံးမှာ ဘုရားသခင်ပြုသမျှအားလုံးထဲက သူ၏ရည်ရွယ်ချက်၏ ကဏ္ဍတစ်ခုဖြစ်သည်။ အခြားသောကဏ္ဍမှာ စာတန်သည် ဘုရားသခင်၏ အမှုတွင် အဖြည့်ခံနှင့် အသုံးတော်ခံ ဖြစ်သောကြောင့်၊ လူသားသည် စာတန်ထံ မကြာခဏပေးအပ်ခံရခြင်း ဖြစ်သည်။ ဤသည်မှာ လူတို့အား စာတန်၏ စုံစမ်းနှောင့်ယှက်မှုများကို မြင်ခွင့်ပေးရန်နှင့် စာတန်၏ ဆိုးယုတ်မှု၊ အကျည်းတန်မှုနှင့် စက်ဆုပ်ဖွယ်ကောင်းမှုတို့ကို တိုက်ခိုက်ခွင့်ပေးရန် ဘုရားသခင် အသုံးပြုသော နည်းလမ်းဖြစ်သည်၊ ထိုသို့ဖြင့် လူတို့အား စာတန်ကို မုန်းတီးစေပြီး အပျက်သဘောဆောင်သောအရာကို သိရှိကာ အသိအမှတ်ပြုစေလေသည်။ ဤနည်းစနစ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်အပေါ် ၎င်းတို့၏ အသိနှင့် နာခံမှု၊ ပြီးလျှင် ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ခြင်းနှင့် သူ့ကို ကြောက်ရွံ့ခြင်းတို့ကြောင့် စာတန်၏ တိုက်ခိုက်မှုများနှင့် စွပ်စွဲမှုများအပေါ် အောင်မြင်သည်အထိ- ၎င်းတို့အား စာတန်၏ ထိန်းချုပ်မှုနှင့် စွပ်စွဲမှုများ၊ ဝင်ရောက်နှောင့်ယှက်မှုနှင့် တိုက်ခိုက်မှုတို့မှ မိမိကိုယ်ကိုယ် တဖြည်းဖြည်း လွတ်မြောက်စေခွင့်ပေးလေသည်။ ထိုအခါမှသာ ၎င်းတို့သည် စာတန်၏ အုပ်စိုးမှုအောက်မှ လုံးလုံးလျားလျား ကယ်ဆယ်ခြင်းကို ခံရလိမ့်မည် ဖြစ်သည်။ လူတို့၏ ကယ်ဆယ်ခံရခြင်း ဆိုသည်မှာ စာတန်သည် ရှုံးနိမ့်ပြီးဖြစ်သည်ဟု ဆိုလိုသည်၊ ယင်းမှာ ၎င်းတို့သည် စာတန်၏ ပါးစပ်ထဲက အစာ မဟုတ်တော့- စာတန်သည် ၎င်းတို့အား မျိုချရမည့်အစား ၎င်းတို့ကို စွန့်လွှတ်ပြီးဖြစ်သည်ဟု ဆိုလိုပေသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ထိုသို့သော လူများမှာ ဖြောင့်မတ်ကြသောကြောင့်၊ ၎င်းတို့သည် ယုံကြည်ခြင်း၊ နာခံခြင်းနှင့် ဘုရားသခင်အပေါ် ကြောက်ရွံ့ခြင်းရှိကြသောကြောင့်ဖြစ်ပြီး ၎င်းတို့သည် စာတန်နှင့် လုံးလုံးလျားလျား အဆက်ပြတ်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် စာတန်ကို အရှက်ရစေသည်၊ စာတန်အား သူရဲဘောကြောင်စေပြီး စာတန်ကို လုံးဝ အနိုင်ယူကြလေသည်။ ဘုရားသခင်နောက်သို့လိုက်ရာတွင် ၎င်းတို့၏ခံယူချက်၊ ပြီးလျှင် ဘုရားသခင်အား နာခံခြင်းနှင့် ကြောက်ရွံ့ခြင်းတို့သည် စာတန်ကို ရှုံးနိမ့်စေပြီး စာတန်အား ၎င်းတို့ကို လုံးလုံးလျားလျား လက်လျှော့စေသည်။ ဤသို့သော လူများသာ ဘုရားသခင်၏ရယူခြင်းကို အမှန်တကယ်ခံရကြပြီးဖြစ်ကာ လူသားကို ကယ်တင်ရာ၌ ဘုရားသခင်၏ အဆုံးစွန်သော ရည်မှန်းချက်မှာ ဤအရာ ဖြစ်ပေသည်။ အကယ်၍ ၎င်းတို့သည် အကယ်တင်ခံရရန် ဆန္ဒရှိကြပြီး ဘုရားသခင်၏ လုံးဝ ရယူခြင်းကို ခံလိုပါက၊ ဘုရားသခင် နောက်လိုက်သောသူ အားလုံးသည် စာတန်ထံမှ စုံစမ်းနှောင့်ယှက်ခြင်းများနှင့် တိုက်ခိုက်မှုများကို အကြီး အသေးနှစ်ခုလုံး ရင်ဆိုင်ကြရမည်ဖြစ်သည်။ ဤစုံစမ်းနှောင့်ယှက်ခြင်းများနှင့် တိုက်ခိုက်မှုများမှ လွတ်ပေါ်လာသော သူများနှင့် စာတန်ကို အပြည့်အဝ ရှုံးနိမ့်စေနိုင်သောသူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရသောသူများ ဖြစ်ကြသည်။ ဆိုလိုသည်မှာ ဘုရားသခင်ထံ ကယ်တင်ခံရသော သူများသည် ဘုရားသခင်၏ စမ်းသပ်မှုများကို ကြုံရပြီးသောသူများနှင့် စာတန်၏ စုံစမ်းနှောင့်ယှက်မှုနှင့် တိုက်ခိုက်ခြင်းကို အကြိမ်အရေအတွက် ပြောမပြနိုင်အောင် များစွာခံခဲ့ပြီးသောသူများ ဖြစ်သည်။ ဘုရားသခင်ထံ ကယ်တင်ခံရသောသူများသည် ဘုရားသခင်၏ အလိုနှင့် သတ်မှတ်ချက်များကို နားလည်ပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို သဘောတူညီနိုင်သကဲ့သို့၊ ၎င်းတို့သည် စာတန်၏ စုံစမ်းနှောင့်ယှက်မှုများအလယ်တွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးကို မစွန့်ပစ်ကြချေ။ ဘုရားသခင်ထံ ကယ်တင်ခံရသော သူများသည် ရိုးသားမှုကို ပိုင်ဆိုင်ကြသည်၊ ၎င်းတို့သည် ကြင်နာစိတ်ရှိကြသည်၊ အချစ်နှင့် အမုန်းကြား ပိုင်းခြားသိမြင်ကြသည်၊ ၎င်းတို့သည် တရားသော အသိစိတ်တစ်ခုရှိပြီး ဆင်ခြင်တုံတရား ရှိကြကာ ၎င်းတို့သည် ဘုရားသခင်ကို အလိုရှိကြပြီး ဘုရားသခင်နှင့် သက်ဆိုင်သည့် အရာခပ်သိမ်းကို တန်ဖိုးထားတတ်ကြသည်။ ထိုသို့သော လူများသည် စာတန်အားဖြင့် ချုပ်နှောင်မခံရပေ၊ စောင့်ကြည့်မခံရပေ၊ စွပ်စွဲမခံရ သို့မဟုတ် နှိပ်စက်မခံရပေ။ ၎င်းတို့သည် လုံးဝ လွတ်လပ်ကြသည်၊ လုံးဝ ချုပ်ချယ်မှုကင်းပြီး လွတ်မြောက်ကြသည်။ ယောဘသည် ထိုသို့သော လွတ်မြောက်ခြင်း ရှိသည့် လူသားတစ်ဦးသာဖြစ်ပြီး ဤသည်မှာ ဘုရားသခင်သည် အဘယ်ကြောင့် သူ့အား စာတန်လက်သို့ လွှဲအပ်ခဲ့ပြီးဖြစ်သည့် အကြောင်းရင်း၏ ရည်ရွယ်ချက် အတိအကျ ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)

စာတန်ကို အောင်မြင်ခြင်းအဖို့ ယောဘ၏ ယုံကြည်ခြင်း၊ နာခံခြင်းနှင့် သူ၏သက်သေခံချက်တို့သည် လူတို့အဖို့ ကြီးမားသော အထောက်အကူနှင့် အားပေးတိုက်တွန်းမှု အရင်းအမြစ်တစ်ခု ဖြစ်ပြီးဖြစ်သည်။ ယောဘထဲ၌ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်ကိုမြင်ကြပြီး ယုံကြည်ခြင်း၊ ဘုရားသခင်ကို နာခံခြင်းနှင့် ကြောက်ရွံ့ခြင်းမှတစ်ဆင့် စာတန်ကို အနိုင်ယူရန်၊ စာတန်ကို အောင်နိုင်ရန် လုံးဝ ဖြစ်နိုင်သည်ကို မြင်ကြရသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ၎င်းတို့ သဘောတူသရွေ့၊ ပြီးလျှင် အရာရာတိုင်းကို ဆုံးရှုံးခဲ့ပြီးသည့်နောက်တွင် ဘုရားသခင်ကို မစွန့်ပစ်ဖို့ စိတ်ပိုင်းဖြတ်ချက်နှင့် ယုံကြည်ခြင်းတို့ ၎င်းတို့ ပိုင်ဆိုင်သရွေ့၊ ၎င်းတို့သည် စာတန်အပေါ် အရှက်ရစေပြီး ရှုံးနိမ့်မှု ယူဆောင်နိုင်သည်ကို မြင်ကြပြီး ၎င်းတို့သည် စာတန်အနေဖြင့် ကြောက်လန့်ပြီး အလောတကြီးဆုတ်ခွာစေရန်အတွက်- ၎င်းတို့၏ အသက်များ ဆုံးရှုံးရမည်ဆိုလျှင်ပင်- ၎င်းတို့၏ သက်သေခံချက်ထဲတွင် မြဲမြံစွာ ရပ်တည်ရန် စိတ်ပိုင်းဖြတ်ချက်နှင့် လုံ့လဝီရိယရှိရန်သာ လိုအပ်သည်ကို မြင်ကြလေသည်။ ယောဘ၏ သက်သေခံချက်သည် နောင်မျိုးဆက်များအဖို့ သတိပေးချက်တစ်ခု ဖြစ်ပြီး ဤသတိပေးချက်က အကယ်၍ ၎င်းတို့သည် စာတန်ကို အနိုင်မယူပါက၊ စာတန်၏ စွပ်စွဲချက်များနှင့် နှောင့်ယှက်မှုများမှ မိမိတို့ကိုယ်ကိုယ် မည်သည့်အခါမျှ ဖယ်ရှားနိုင်မည် မဟုတ်သကဲ့သို့၊ စာတန်၏ နှိပ်စက်မှုနှင့် တိုက်ခိုက်ခြင်းများမှ မည်သည့်အခါမျှ လွတ်မြောက်နိုင်မည်မဟုတ်သည်ကို ၎င်းတို့အား ပြောပြလေသည်။ ယောဘ၏ သက်သေခံချက်သည် နောင်မျိုးဆက်များကို အသိဉာဏ်ပွင့်လင်းစေပြီးဖြစ်သည်။ ဤဉာဏ်အလင်းက လူတို့အား အကယ်၍ ၎င်းတို့သည် စုံလင်ကာ ဖြောင့်မတ်မှသာလျှင် ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်နိုင်မည် ဖြစ်သည်ကို သွန်သင်သည်။ ယင်းက ၎င်းတို့အနေဖြင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်မှသာလျှင် ဘုရားသခင်အား ခိုင်မာပြီး ထူးကဲသော သက်သေခံချက်အား ခံနိုင်မည်၊ ဘုရားသခင်ထံ ခိုင်မာပြီး ထူးကဲသော သက်သေခံချက်ကို ခံနိုင်မှသာလျှင်၊ ၎င်းတို့သည် စာတန်၏ ထိန်းချုပ်ခြင်းကို မည်သည့်အခါမျှ မခံရဘဲ၊ ဘုရားသခင်၏ လမ်းပြမှုနှင့် ကွယ်ကာမှုအောက်တွင် အသက်ရှင်နိုင်သည်- ထိုအခါမှသာ ၎င်းတို့သည် အမှန်တကယ် ကယ်တင်ခံရပြီး ဖြစ်လိမ့်မည်ကို သွန်သင်ပေးလေသည်။ ယောဘ၏ ပင်ကိုစရိုက်နှင့် သူ၏ အသက်တာ၏ လိုက်စားမှုတို့ကို ကယ်တင်ခြင်းကို လိုက်စားသောသူ အယောက်တိုင်းက အတုယူသင့်ပေသည်။ သူ၏ အသက်တာတစ်ခုလုံးတစ်လျှောက် အသက်ရှင်နေထိုင်ခဲ့သည့်အရာနှင့် သူ၏စမ်းသပ်မှုများအတောအတွင်း သူ၏ အပြုအမူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ကြဉ်ခြင်း လမ်းခရီးကို လိုက်စားသောသူ အားလုံးအဖို့ အဖိုးထိုက်သော ရတနာတစ်ပါး ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)

လူတို့သည် ကယ်တင်ခြင်းကို မခံရသေးချိန်တွင်၊ ၎င်းတို့၏ အသက်တာများသည် စာတန်၏ ဝင်ရောက် နှောင့်ယှက်ခြင်းနှင့် ထိန်းချုပ်ခြင်းကိုပင် မကြာခဏ ခံရလေသည်။ တစ်နည်းအားဖြင့်၊ ကယ်တင်ခြင်း မခံရသေးသော လူများသည် စာတန်အဖို့ အကျဉ်းသားများ ဖြစ်ကြသည်၊ ၎င်းတို့သည် လွတ်လပ်မှု မရှိပေ၊ ၎င်းတို့သည် စာတန်၏ စွန့်လွှတ်ခြင်းကို မခံရကြသေးပေ၊ ၎င်းတို့သည် ဘုရားသခင်အား ကိုးကွယ်ရန် အရည်အချင်း မပြည့်မီကြပေ သို့မဟုတ် အခွင့်မရှိကြပေ၊ ပြီးလျှင် ၎င်းတို့သည် စာတန်၏ နီးကပ်စွာ လိုက်ခြင်းကို ခံရပြီး ပြင်းထန်စွာ တိုက်ခိုက်ခြင်းကို ခံရသည်။ ထိုသို့သော လူများသည် ပြောစရာ ပျော်ရွှင်မှု မရှိကြချေ၊ ၎င်းတို့သည် ပုံမှန် တည်ရှိခြင်းအဖို့ ပြောစရာ လုပ်ပိုင်ခွင့်မရှိကြသည့်အပြင်၊ ၎င်းတို့သည် ပြောစရာ ဂုဏ်သိက္ခာ မရှိကြပေ။ သင်သည် ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်း၊ နာခံခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအား စာတန်နှင့် သေရေး ရှင်ရေး တိုက်ပွဲကို တိုက်ရန် လက်နက်များအဖြစ် အသုံးပြုရင်း၊ ၎င်းသည် သင့်အပေါ် တိုက်ခိုက်မှုများနှင့် စွပ်စွဲချက်များကို လုံးလုံးလျားလျား စွန့်ပစ်ဖို့အလို့ငှာ၊ ထရပ်ကာ စာတန်နှင့် တိုက်မှသာ ထိုသို့ဖြင့် သင်သည် စာတန်ကို လုံးလုံးလျားလျား ရှုံးနိမ့်စေပြီး ၎င်းသည် သင့်ကို မြင်သည့်အချိန်တိုင်း လှည့်၍ ပြေးစေကာ သူရဲဘောကြောင်လာစေပေသည်- ထိုအခါမှသာ သင်သည် ကယ်တင်ခံရလိမ့်မည် ဖြစ်ပြီး လွတ်မြောက်လာလိမ့်မည်။ အကယ်၍ သင်သည် စာတန်နှင့် အပြည့်အဝ အဆက်ဖြတ်ရန် စိတ်ဆုံးဖြတ်ပြီးသော်လည်း၊ စာတန် ရှုံးနိမ့်စေရန် သင့်အား အထောက်အကူပေးမည့် လက်နက်များဖြင့် အသင့်မပြင်ထားပါက၊ သင်သည် အန္တရာယ်ထဲ၌ ရှိလိမ့်ဦးမည်ဖြစ်သည်။ အချိန်ကုန်လွန်သည် နှင့်အမျှ၊ သင်သည် စာတန်၏ နှိပ်စက်ခြင်းကို ခံခဲ့ရသဖြင့် သင့်အထဲ၌ ခွန်အား တစ်စက်မျှ မကျန်ရှိသော်လည်း၊ သင်သည် သက်သေမခံနိုင်သေးသည့်အချိန်တွင်၊ သင့်အား စာတန်၏ စွပ်စွဲမှုများနှင့် တိုက်ခိုက်မှုများမှ သင့်ကိုယ်သင် လုံးလုံးလျားလျား မလွတ်မြောက်နိုင်သေးချိန်တွင်၊ သင်သည် ကယ်တင်ခြင်း မျှော်လင့်ချက် အနည်းငယ်သာ ရှိလိမ့်မည် ဖြစ်သည်။ နောက်ဆုံးတွင် ဘုရားသခင်၏ အမှုပြီးဆုံးခြင်း ကြေညာသည့်အခါတွင်၊ သင်သည် မိမိကိုယ်ကိုယ် မလွတ်မြောက်နိုင်ဘဲ စာတန်၏ လက်တွင်း၌သာ ရှိနေဦးမည်ဖြစ်ပြီး၊ ထိုသို့ဖြင့် သင်သည် မည်သည့်အခါမျှ အခွင့်အရေး သို့မဟုတ် မျှော်လင့်ချက် ရှိလိမ့်မည် မဟုတ်ပေ။ ထိုအခါ ဆိုလိုချက်မှာ ထိုသို့သော လူများသည် စာတန်၏ အကျဉ်းချခံရခြင်းတွင် လုံးလုံးလျားလျား ရှိကြလိမ့်မည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)

လူနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ စွဲမြဲသော ထောက်ပံ့ခြင်းနှင့် ချီးမြှောက်ခြင်း အမှုအတောအတွင်းတွင်၊ ဘုရားသခင်သည် သူ၏အလိုနှင့် သတ်မှတ်ချက်များ အလုံးစုံကို လူသားထံ ပြောပြပြီး သူ၏ လုပ်ဆောင်ချက်များ၊ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို လူသားထံ ပြသလေသည်။ ရည်မှန်းချက်မှာ လူသားကို ဝိညာဉ်ရင့်ကျက်မှုဖြင့် အသင့်ပြင်ဆင် ပေးရန်နှင့် လူသားသည် ဘုရားသခင်၏ နောက်လိုက်နေစဉ် သူ့ထံမှ အမျိုးမျိုးသော သမ္မာတရားများကို- စာတန်ကို တိုက်ခိုက်ရန် လူသားကို ဘုရားသခင်က ပေးထားသည့် လက်နက်များဖြစ်သည့် သမ္မာတရားများကို- ရရှိစေရန်ဖြစ်သည်။ ထိုသို့ဖြင့် အသင့်ပြင်ဆင်လျက်၊ လူသားသည် ဘုရားသခင်၏ စစ်ဆေးမှုများကို ရင်ဆိုင်ရမည် ဖြစ်သည်။ လူသားကို စစ်ဆေးရန် ဘုရားသခင်၌ နည်းလမ်းများနှင့် လမ်းကြောင်းများစွာ ရှိသော်လည်း၊ ထိုအရာများ တစ်ခုစီတိုင်းသည် ဘုရားသခင်၏ ရန်သူဖြစ်သော စာတန်၏ “ပူးပေါင်းဆောင်ရွက်မှု” ကို လိုအပ်သည်။ ဆိုလိုသည်မှာ၊ စာတန်နှင့် တိုက်ရန် လက်နက်များကို လူသားအား ပေးပြီးလျက်၊ ဘုရားသခင်သည် လူသားကို စာတန်ထံ လွှဲအပ်လိုက်ပြီး စာတန်အား လူသား၏ ဝိညာဉ်ရင့်ကျက်မှုကို “စစ်ဆေး” ခွင့်ပေးလေသည်။ အကယ်၍ လူသားသည် စာတန်၏ တိုက်ပွဲဆင်သည့် ပုံစံများထဲမှ ထိုးဖောက်နိုင်ပါက၊ သူသည် စာတန်၏ ဝန်းရံခြင်းမှ လွတ်မြောက်ပြီး အသက်ရှင်နိုင်ဆဲဖြစ်ပါက၊ လူသားသည် စစ်ဆေးမှုကို အောင်မြင် လိမ့်မည် ဖြစ်သည်။ သို့သော်လည်း အကယ်၍ လူသားသည် စာတန်၏ တိုက်ပွဲဆင်သည့် ပုံစံများထဲကို မစွန့်နိုင်သကဲ့သို့၊ စာတန်ကို ကျိုးနွံနာခံပါက၊ သူသည် စစ်ဆေးမှုကို အောင်မြင်မည် မဟုတ်ပေ။ လူသား၏ မည်သည့် ရှုထောင့်ကို ဘုရားသခင် စစ်ဆေးသည်ဖြစ်စေ သူ၏ စစ်ဆေးခြင်း စံသတ်မှတ်ချက်များမှာ လူသားသည် စာတန်၏ တိုက်ခိုက်ခြင်းကို ခံရသည့်အချိန်တွင် သူ၏ သက်သေခံချက်၌ မြဲမြံစွာ ရပ်တည်နိုင်ခြင်း ရှိ မရှိဆိုသည်နှင့် သူသည် စာတန်၏ ကျော့ကွင်း၌ မိနေစဉ် ဘုရားသခင်ကို စွန့်ပယ်ပြီး စာတန်ထံ အညံ့ခံကာ ကျိုးနွံနာခံခြင်း ရှိ မရှိ ဆိုသည်တို့ ဖြစ်သည်။ လူသားသည် ကယ်တင်ခံရနိုင်ခြင်း ရှိမရှိဆိုသည်မှာ သူသည် စာတန်ကို အောင်နိုင်ကာ အနိုင်ယူနိုင်ခြင်း ရှိ မရှိဆိုသည့်အပေါ် မူတည်ပြီး သူသည် လွတ်လပ်မှုကို ရနိုင်ခြင်း ရှိ မရှိဆိုသည်မှာ သူသည် စာတန်အား မျှော်လင့်ချက် လုံးလုံးလျားလျား စွန့်လွှတ်စေပြီး သူ့ကို အသာထားစေလျက်၊ စာတန်၏ ချုပ်နှောင်မှုကို ကျော်လွှားရန် ဘုရားသခင် သူ့အား ပေးထားသော လက်နက်များကို သူကိုယ်တိုင် မနိုင်စွမ်း ရှိ မရှိဆိုသည့်အပေါ် မူတည်သည်ဟု ဆိုကောင်း ဆိုနိုင်ပေသည်။ အကယ်၍ စာတန်သည် မျှော်လင့်ချက်ကို စွန့်လွှတ်ပြီး တစ်စုံတစ်ဦးအား လက်လျှော့ပါက၊ ဤသည်မှာ စာတန်သည် ဤလူအား ဘုရားသခင်ထံမှယူရန် မည်သည့်အခါမျှ တစ်ဖန် ကြိုးစားမည် မဟုတ်၊ ဤလူနှင့်ပတ်သက်၍ မည်သည့်အခါမျှ တစ်ဖန်စွပ်စွဲမည်မဟုတ်သကဲ့သို့ နှောင့်ယှက်မည် မဟုတ်၊ ၎င်းတို့အား မည်သည့်အခါမျှ တစ်ဖန် အကြောင်းမဲ့ ညှဉ်းဆဲမည် မဟုတ်၊ သို့မဟုတ် တိုက်ခိုက်မည် မဟုတ်သည်ကို ဆိုလိုပေသည်။ ဤသို့သော လူတစ်စုံတစ်ဦးသည်သာ ဘုရားသခင်၏ ရယူခြင်းကို အမှန်တကယ် ခံရပြီးဖြစ်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်သည် လူတို့အား ရယူသည့် ဖြစ်စဉ်တစ်ခုလုံး ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

လူသားမျိုးနွယ်သည် အဘယ့်ကြောင့် ဘုရားသခင်ကို ယုံကြည်သင့်သနည်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ဘုရားသခင်သည် အရာခပ်သိမ်းကို အုပ်စိုးပြီး အရာခပ်သိမ်းကို စီမံအုပ်ချုပ်သောသူ ဖြစ်၏။ သူသည်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။