သခင့်ကို ကြိုဆိုရန် အယူအဆများကို ထိုးဖောက်ထွက်ခြင်း

03.08.2022

လီဟွမ်း တရုတ်နိုင်ငံ

ဒါနဲ့ ညီမက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ဘယ်အချိန်မှာ စပြီး ကြားဖူးခဲ့တာလဲ။ ၂၀၀၅ ခုနှစ်၊ ကျမ်းစာလေ့လာရေးစည်းဝေးပွဲတစ်ခုမှာပါ။ အဲဒီတုန်းက ဆရာတော်က ကျွန်မတို့ကို ပြောပြတယ်၊ “အခုအချိန်မှာ ‘အရှေ့အရပ်မှလျှပ်ပြက်ခြင်း’ဆိုတဲ့ အသင်းကွဲတစ်ခု ရှိတယ်။ ဘုရားက ပြန်ကြွလာပြီ၊ အမှုတော်သစ်ကို ပြုနေတယ်၊ နှုတ်ကပတ်တော်သစ်တွေကို ဖော်ပြထားတယ်ဆိုပြီး သူတို့က ဟောပြောတယ်။ သမ္မာကျမ်းထဲက စကားတွေအားလုံးက ဘုရားရဲ့နှုတ်ကပတ်တော်တွေချည်းပဲ မဟုတ်ဘူး၊ တချို့ဟာတွေက လူသားတွေရဲ့စကားတွေ၊ ပြီးတော့ သမ္မာကျမ်းက ခေတ်မမီတော့ဘူးလို့လည်း သူတို့က ပြောကြတယ်” တဲ့။ ဆရာတော်က ဒါကို မဖြစ်နိုင်ဘူးလို့ ကျွန်မတို့ကို ပြောပြတယ်။ ဘုရားရဲ့နှုတ်ကပတ်တော်တွေ အားလုံးက သမ္မာကျမ်းထဲမှာပဲ ရှိတယ်၊ သမ္မာကျမ်းရဲ့ပြင်ပမှာ မရှိဘူးပေါ့။ ဆရာတော်က တိမောသေသြဝါဒစာ ဒုတိယစောင်၊ ၃:၁၆-၁၇ က ရှင်ပေါလု ပြောတာကိုလည်း ကိုးကားပြတယ်၊ “ကျမ်းရှိသမျှတို့သည် ဘုရားသခင်၏နှိုးဆော်ခြင်းခံခဲ့ရ၍ သွန်သင်ခြင်း၊ ဆုံးမပြစ်တင်ခြင်း၊ အမှားကိုပြုပြင်ပေးခြင်းနှင့် ဖြောင့်မတ်ခြင်း၌ လမ်းညွှန်ခြင်းစသည်တို့ကို ပြုလုပ်ရန် အသုံးဝင်၏။ ဤသို့ဖြင့် ဘုရားသခင်၏အမှုတော်ဆောင်သူသည် ကောင်းမြတ်ပြည့်စုံ၍ ကောင်းသော အမှုအရာအားလုံးအတွက် အသင့်ပြင်ဆင်ပြီးဖြစ်လိမ့်မည်။” ဒီကျမ်းပိုဒ်ကို အခြေခံပြီး ဆရာတော် ပြောတာက၊ သမ္မာကျမ်းထဲက စကားတွေအားလုံးဟာ ဘုရားရဲ့နှုတ်ကပတ်တော်တွေပဲ။ သမ္မာကျမ်းဆိုတာ သခင့်ကို ကိုယ်စားပြုတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ သခင့်ကို ယုံကြည်ခြင်းဆိုတာ သမ္မာကျမ်းကိုပဲ အခြေခံရမယ်၊ ကျမ်းစာကနေ သွေဖည်တာမှန်သမျှ ဘုရားကို ယုံကြည်ခြင်း မဟုတ်ဘူးတဲ့။ ကျမ်းစာကနေ သွေဖည်တာမှန်သမျှ အယူလွဲတာ။ လူတွေကို လှည့်စားနေတာလို့ ဆရာတော်က ပြောတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့အနေနဲ့ မယုံကြည်သင့်ဘူးပေါ့။ ကိုယ့်အသင်းတော်ကို သေချာ စောင့်ရှောက်ဖို့၊ ပြီးတော့ ယုံကြည်သူတွေကို အရှေ့အရပ်မှလျှပ်ပြက်ခြင်းအကြောင်း ဟောပြောတဲ့လူတွေနဲ့ ဆက်သွယ်ခွင့်မပေးဖို့ သူက ပြောတယ်။ အဲဒီတုန်းကတော့ ကျွန်မလည်း ဆရာတော့်အမြင်တွေကို တကယ် လက်ခံမိတယ်။ ဘာလို့လဲဆိုတော့ ကျမ်းစာအားလုံးကို ဘုရားက မှုတ်သွင်းတော်မူတယ်လို့ သမ္မာကျမ်းမှာ ရေးထားတာကိုး။ အားလုံးက ဘုရားရဲ့နှုတ်ကပတ်တော်ချည်းပဲလို့ ဆိုလိုတာမဟုတ်ဘူးလား။ ကောင်းကင်နဲ့ မြေကြီးက မတည်မြဲပေမဲ့၊ ဘုရားရဲ့နှုတ်ကပတ်တော်တွေက ပြည့်စုံလိမ့်မယ်၊ ထာဝရ တည်လိမ့်မယ်လို့ ကျမ်းစာမှာ ပြောတယ်လေ။ ကျွန်မလည်း စဉ်းစားတယ်၊ “အရှေ့အရပ်မှလျှပ်ပြက်ခြင်းက သမ္မာကျမ်းကို မဖတ်ကြဘူး။ သူတို့က ကျမ်းစာကနေ သွေဖည်သွားတာ။ ဒါဆို သူတို့က လူတွေကို လှည့်စားနေတာ မဟုတ်ဘူးလား” ပေါ့။ သိုးအုပ်ကို ကာကွယ်ဖို့၊ ကိုယ့်ညီအစ်ကိုမောင်နှမတွေ လှည့်စားမခံရအောင် တားဆီးဖို့၊ ဆရာတော် ပြောတဲ့အတိုင်း လုပ်ရမယ်ဆိုပြီး ကျွန်မ တွေးလိုက်တယ်။ ကျွန်မလည်း စဉ်းစားတယ်၊ “ဆရာတော်က ကျမ်းစာကို ငါ့ထက် ပိုနားလည်တယ်။ သူ ပြောတာတွေက အမှန်တွေပဲဖြစ်ရမယ်။ ဒီတော့ ဆရာတော် ပြောတဲ့အတိုင်း ငါ လုပ်သင့်တယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ကျမ်းစာကိုပဲ လိုက်နာသင့်တယ်” ပေါ့။ ဒါနဲ့ အဲဒီတုန်းက ကျွန်မလည်း အရှေ့အရပ်မှလျှပ်ပြက်ခြင်းကို သတိနဲ့တားဆီးရမယ့်အကြောင်း စည်းဝေးပွဲတွေမှာ ခဏခဏ ပြောမိတယ်။ ဒါက တရားဟောဆရာတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ပဲဆိုပြီး ထင်မိတာ။ ကျွန်မတို့အသင်းတော်ကို ဟောပြောဖို့လာတဲ့ အရှေ့အရပ်မှလျှပ်ပြက်ခြင်းက လူတွေကိုလည်း အမြဲသတိထားတယ်။ နောက်သိပ်မကြာခင် ကျွန်မအမေက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံသွားတော့ ကျွန်မ အံ့သြသွားတာ။

သူ လက်ခံပြီး သိပ်မကြာဘူး၊ ကျွန်မကို ဧဝံဂေလိ ဟောပြောဖို့ ရောက်လာတယ်။ ဒါပေမဲ့ သူက အရှေ့အရပ်မှလျှပ်ပြက်ခြင်းဆိုပြီး ပြောတာကို ကြားရတော့၊ ကျွန်မလည်း လုံးဝ အတိုက်အခံလုပ်တာပေါ့။ ကျွန်မက သူ့ကို ပြန်တောင် ချေပလိုက်သေးတာ၊ “အမေ ဘာဖြစ်လို့ အရှေ့အရပ်မှလျှပ်ပြက်ခြင်းကို ယုံကြည်တာလဲ။ အရှေ့အရပ်မှလျှပ်ပြက်ခြင်းက ကျမ်းစာကို သွေဖည်တယ်၊ အယူလွဲတယ်လို့ ဆရာတော်က အမြဲတမ်းပြောထားတာ။ အမေက အရှေ့အရပ်မှလျှပ်ပြက်ခြင်းကို ယုံကြည်တယ်ဆိုရင်၊ သခင့်ကို သစ္စာဖောက်နေတာပဲ။ အမေ့အပြစ်တွေကို သခင့်ဆီမှာ ဝန်ခံပြီး နောင်တရဖို့လိုတယ်” ပေါ့။ အဲဒီတော့ ကျွန်မအမေက ပြန်ပြောတယ်၊ “အရှေ့အရပ်မှလျှပ်ပြက်ခြင်းရဲ့ အခြေအနေမှန်ကို နင် သိလို့လား။ အရှေ့အရပ်မှလျှပ်ပြက်ခြင်းရဲ့ တရားတွေကိုဖြစ်ဖြစ်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကိုဖြစ်ဖြစ် နင် လုံးဝ မကြားဖူး၊ မဖတ်ဖူးသေးဘူး။ ဒါကို နင်က အရမ်းကာရော ဝေဖန်ရှုတ်ချတယ်။ ဘုရားကို အဲဒီလိုဆန့်ကျင်ဖို့ဆိုတာ သိပ်လွယ်လွန်းတယ်။ သမ္မာကျမ်းထဲမှာ အရှေ့အရပ်မှလျှပ်ပြက်ခြင်းနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက် ရှိတယ်၊ ‘လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော် မူလတံ့။’ (ရှင်မာသေဦး ၂၄:၂၇)” အရှေ့အရပ်မှလျှပ်ပြက်ခြင်းဆိုတာ နောက်ဆုံးသောကာလမှာ သခင်ရဲ့ပေါ်ထွန်းခြင်းနဲ့ အမှုတော်ပဲဆိုပြီး အမေက ပြောတယ်။ သူ အဲဒီလိုပြောတာကို ကြားလည်း ကျွန်မက ဘာမှကို နားမထောင်ဘူးလို့ ငြင်းတာ။ သူ့ကိုတောင် ထပ်ပြီး ချေပလိုက်သေးတာ၊ “အမေ ဘယ်လိုပဲပြောပြော၊ အရှေ့အရပ်မှလျှပ်ပြက်ခြင်းဆိုတာ ကျမ်းစာကို သွေဖည်တယ်၊ လမ်းမှန်မဟုတ်ဘူး။ ကျွန်မတို့က သခင့်ကို ယုံကြည်ပေမဲ့၊ ကျမ်းစာကို မဖတ်ဘူးဆိုရင်၊ သခင့်ကို ယုံကြည်နေတာ ဟုတ်သေးရဲ့လား။ ကျမ်းစာကနေ သွေဖည်တယ်ဆိုတာ သခင့်ကို သစ္စာဖောက်နေတာပဲ” ဆိုပြီး ပြောလိုက်တယ်။ အဲဒီအချိန်မှာ အမေက ကျွန်မသဘောထားကို မြင်သွားတော့၊ ခေါင်းပဲခါပြီး ဘာမှ ထပ်မပြောတော့ဘူး။

ဒါပေမဲ့ ကျွန်မအမေက အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်မှန်း ဆရာတော်က သိပ်မကြာခင် သိသွားရော။ တစ်ရက်ကျတော့ မတ်စ်ပွဲအပြီးမှာ၊ ဆရာတော်က ဝတ်ပြုတဲ့လူတွေကို ကြေညာလိုက်ရော။ ကျွန်မအမေက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တဲ့အတွက်၊ သူနဲ့ အဆက်အဆံမလုပ်ဖို့ ဝတ်ပြုသူတွေကို တားမြစ်လိုက်တယ်။ မဟုတ်ရင် သူတို့လည်း အမေ့မကောင်းမှုထဲမှာ အတူပါသွားလိမ့်မယ်ပေါ့။ အဲဒီတုန်းကတော့ ဆရာတော်က သိုးအုပ်ကို ကာကွယ်ဖို့ ဒါကို လုပ်တယ်လို့ပဲ ထင်မိတယ်။ ဒါနဲ့ ကျွန်မက ဆရာတော့်ဘက်က လိုက်ပြီး၊ ကိုယ့်ညီအစ်ကိုမောင်နှမတွေကို ဖျောင်းဖျဖို့ ကြိုးစားတာပေါ့။ ကျွန်မက ပြောလိုက်တယ်၊ “ဆရာတော်က ဒါကို ကျွန်မတို့အကျိုးအတွက် လုပ်နေတာပါ။ အရှေ့အရပ်မှလျှပ်ပြက်ခြင်းရဲ့ တရားတွေကို နားထောင်လို့မဖြစ်ဘူး။ ဆွေမျိုးတစ်ယောက်က ဟောပြောတယ်ဆိုရင်တောင်၊ အဲဒါကို ကျွန်မတို့ ယုံကြည်လို့မဖြစ်ဘူး။ ကျမ်းစာနဲ့ သခင့်နာမကိုပဲ ဆက်ပြီး ထိန်းသိမ်းဖို့လိုတယ်။ အဆုံးထိ ခိုင်မြဲတဲ့လူတွေပဲ ကယ်တင်ခံရလိမ့်မယ်” ပေါ့။ ကျွန်မက ပြောလိုက်သေးတယ်၊ “ကျွန်မအမေက ကျွန်မကို အဲဒါတွေ ဟောပြောတယ်။ ဒါပေမဲ့ ကျွန်မက ဘယ်တော့မှ ယုံကြည်မှာမဟုတ်ဘူး” ပေါ့။ ညီအစ်ကိုမောင်နှမတွေက ကျွန်မ ဒီလိုပြောတာကို ကြားတော့၊ သူတို့လည်း အရှေ့အရပ်မှလျှပ်ပြက်ခြင်းရဲ့ တရားတွေကို ဘယ်တော့မှ နားထောင်မှာမဟုတ်ဘူးလို့ ပြောကြရော။

နောက်တော့ ကျွန်မအမေနဲ့ အစ်မက ကျွန်မအိမ်ကို ထပ်ပြီး လာကြတယ်။ သူတို့ကို မြင်မြင်ချင်း ကျွန်မက၊ “ကျွန်မကို ထပ်ပြီး အယုံသွင်းဖို့ မကြိုးစားပါနဲ့။ အရှေ့အရပ်မှလျှပ်ပြက်ခြင်းရဲ့စာအုပ်ကို ကျွန်မ ဘယ်တော့မှ မဖတ်ဘူး။ ဘုရားရဲ့ နှုတ်ကပတ်တော်အားလုံးက ကျမ်းစာထဲမှာရှိတယ်။ ဒီစာအုပ်က ဘယ်လိုလုပ် ဘုရားရဲ့နှုတ်ကပတ်တော် ဖြစ်နိုင်မှာလဲ” ဆိုပြီး ပြောလိုက်ရော။ ကျွန်မအစ်မကလည်း၊ “နင်က ကြည့်တောင်မကြည့်ဘဲနဲ့ ဘုရားနှုတ်ကပတ်တော် မဟုတ်ဘူးလို့ ပြောတယ်။ အဲဒါက နည်းနည်း တစ်ယူသန်ဆန်လွန်းတယ်” ဆိုပြီး ပြန်ပြောတယ်။ သူက ဘာပြောလဲဆိုတော့၊ “သမ္မာကျမ်းဆိုတာ ဘုရားသခင်ကို သက်သေခံခြင်းသက်သက်ပဲ။ ပညတ်တော်ခေတ်နဲ့ ကျေးဇူးတော်ခေတ်အတွင်းက ဘုရားရဲ့နှုတ်ကပတ်တော်တွေနဲ့ အမှုတော်ကို မှတ်တမ်းတင်ထားတဲ့ သမိုင်းစာသားတစ်ခုပဲ။ နောက်ဆုံးသောကာလအတွက် ဘုရားရဲ့နှုတ်ကပတ်တော်တွေနဲ့ အမှုတော်ကို သမ္မာကျမ်းထဲမှာ ဘယ်လိုလုပ် ကြိုပြီး ရေးထားနိုင်မှာလဲ။ ဒီနေ့ခေတ်မှာ ကယ်တင်ရှင်ဖြစ်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်က ကြွရောက်လာပြီ။ နှုတ်ကပတ်တော်တွေ အများကြီး ဖော်ပြထားတယ်။ ဘုရားအိမ်တော်ကနေ စတင်တဲ့ တရားစီရင်ခြင်းအမှုကိုလည်း လုပ်ဆောင်နေတယ်။ ဘုရားရဲ့ နောက်ဆုံးသောကာလ နှုတ်ကပတ်တော်တွေနဲ့ အမှုတော်က ဒီစာအုပ်ထဲမှာ ရှိတယ်။ ဗျာဒိတ်ကျမ်းထဲမှာ ဖော်ပြထားတဲ့ စာစောင်ငယ်ကို ဘယ်လူသားမှ မဖွင့်နိုင်ဘူး။ သိုးသငယ်အားဖြင့်သာ ဖွင့်နိုင်တယ်။ ဒီနေ့ခေတ်မှာ အနန္တတန်ခိုးရှင်ဘုရားသခင် ကြွလာပြီး စာစောင်ကို ဖွင့်လိုက်ပြီ။ အဲဒါက သိုးသငယ် ဖွင့်သည့် စာစောင် ဆိုတဲ့ ဒီစာအုပ်ပဲ။ ဒီစာအုပ်မှာ ဘုရားရဲ့ တကယ့်နှုတ်တော်ကနေ ပြောဆိုတဲ့ စကားတွေ ပါတယ်” ဆိုပြီး သူက ပြောတာ။ ကျွန်မလည်း ကိုယ့်အစ်မက ဒီလိုပြောတာကို ကြားရတော့ စဉ်းစားတယ်၊ “ဗျာဒိတ်ကျမ်းထဲမှာ စာစောင်တစ်ခုဆိုတာကို တကယ် ဖော်ပြထားတယ်။ ဒါဆို သူ ပြောတာက ကျမ်းစာနဲ့ မသွေဖည်ဘူး” ပေါ့။ ရုတ်တရက် ကျွန်မအမြင်မှာ အဲဒီစာအုပ်က သိပ်ပြီး မနှစ်သက်စရာ မဟုတ်တော့သလိုဖြစ်သွားတယ်။ ဒါပေမဲ့ နောက်ထပ် အတွေးပေါ်လာတာက အဲဒါတွေက သိပ်မဟုတ်သေးပါဘူးပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က သမ္မာကျမ်းကို မဖတ်ကြဘူးလေ။ သမ္မာကျမ်းကို သွေဖည်တယ်ဆိုရင်၊ သူတို့က သခင့်ကို ဘယ်လိုလုပ် ယုံကြည်နိုင်ပါ့မလဲ။ ဒါနဲ့ ကျွန်မလည်း စာအုပ်ကို မဖတ်ဘူးလို့ ဆက်ငြင်းလိုက်တယ်။ နောက်ဆုံးကျတော့ အမေနဲ့ အစ်မက ကျွန်မကို ဖျောင်းဖျဖို့ ထပ်တလဲလဲ ကြိုးစားလာကြတော့၊ ကျွန်မလည်း သူတို့ကို စာအုပ် ထားခဲ့ဖို့ အင်တင်တင်နဲ့ ခွင့်ပြုရုံကလွဲပြီး ဘာမှမတတ်နိုင်တော့ဘူး။ ဒါပေမဲ့ ကျွန်မအစ်မ ပြောသွားတဲ့ ဗျာဒိတ်ကျမ်းထဲက စာစောင်အကြောင်းရယ်၊ ဒီစာအုပ်မှာ ဘုရားရဲ့ နောက်ဆုံးသောကာလ နှုတ်ကပတ်တော်တွေနဲ့ အမှုတော် ပါဝင်တယ်ဆိုတာရယ်ကို သေချာ စဉ်းစားကြည့်တယ်။ ကျွန်မ စဉ်းစားတာက၊ “ဗျာဒိတ်ကျမ်းဆိုတာ နောက်ဆုံးသောကာလရဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်တဲ့အပြင်၊ ရူပါရုံတွေအကြောင်း ဆွေးနွေးပြတယ်။ အဲဒါတွေကို ဆွေးနွေးဝံ့တဲ့လူ၊ ကျကျနန ဆွေးနွေးနိုင်တဲ့လူဆိုတာ မရှိသလောက်ပဲ” ပေါ့။ ဒီစာအုပ်မှာ ပါတာတွေက အရမ်းလေးနက်ပြီး၊ နက်နဲမှုတွေကို ဖြေရှင်းပြတာဖြစ်ရမယ်လို့ တွေးမိတယ်။ ဒါနဲ့ စာအုပ်ကို အရမ်း ဖတ်ချင်သွားတယ်။ ဒါပေမဲ့ ဘုရားကို ယုံကြည်တယ်ဆိုတာ သမ္မာကျမ်းကို ယုံကြည်တာပဲလို့လည်း စဉ်းစားမိတယ်။ စာအုပ်တစ်အုပ်က ဘယ်လောက်ပဲ ကောင်းနိုင်စေဦး၊ သမ္မာကျမ်းကိုတော့ အစားထိုးလို့မရဘူးလေ။ ဒါနဲ့ အဲဒီအချိန်မှာ စာအုပ် ဖတ်ကြည့်ဖို့အတွေးကို ခေါင်းထဲကနေ ဖယ်ထုတ်လိုက်တယ်။

သိပ်မကြာခင် ကျွန်မအမေက ကျွန်မကို ဧဝံဂေလိ ဟောပြောဖို့ ထပ်လာပြန်ရော။ ဒါပေမဲ့ ဒီတစ်ခါကျတော့ ကျွန်မရဲ့မောင်လေး စိတ်ရောဂါ ဖြစ်နေတဲ့အချိန်နဲ့ တိုက်ဆိုင်သွားတယ်။ ဒါနဲ့ မောင်လေး ရောဂါဖြစ်ရတာကို ကျွန်မက အမေ့ကို အပြစ်တင်တာပေါ့။ အမေက သခင့်ကို သစ္စာဖောက်လိုက်လို့ ကျွန်မတို့မှာ သခင့်ရဲ့ကာကွယ်ပေးမှု မရှိတော့ဘူးလို့ ပြောမိတယ်။ အမေ့ကို ဖျောင်းဖျဖို့ပဲ ကြိုးစားမိတယ်။ သူ့အပြစ်တွေကို သခင့်ဆီမှာ ဝန်ခံပြီး နောင်တရဖို့၊ မောင်လေး မြန်မြန် သက်သာလာအောင် ကောင်းချီးပေးဖို့အတွက် ကိုယ်တော့်ကို အတူတူ ဆုတောင်းပြီး တောင်းလျှောက်ဖို့ပေါ့။ ကျွန်မအမေက မျက်ရည်တွေကျပြီး ပြန်ပြောတယ်၊ “နင့်မောင်လေးရဲ့အခြေအနေကို အမေလည်း အရမ်း ဝမ်းနည်းတယ်။ ဒါပေမဲ့ ဘုရားကို သူ့ဆီက ကျေးဇူးတော်နဲ့ ကောင်းချီးတွေ ရဖို့သက်သက် ယုံကြည်လို့မရဘူး။ ဘုရားဆိုတာ ဖန်ဆင်းရှင်ပဲ။ သူက ကျေးဇူးတော်နဲ့ ကောင်းချီးတွေ ပေးပေး မပေးပေး၊ အမေတို့က သူ့ကို ယုံကြည်ဖို့လိုတယ်။ အမေတို့က ယောဘလို ဖြစ်ဖို့လိုတယ်။ သူက ကောင်းချီးတွေပဲရရ၊ ဘေးဒုက္ခတွေပဲရရ ဂရုမစိုက်ဘဲနဲ့ ဘုရားကို နာခံပြီး နာမတော်ကို ချီးမွမ်းခဲ့တယ်။ ဒါကမှ စစ်မှန်တဲ့ယုံကြည်ခြင်း အဓိပ္ပာယ်ပဲ” တဲ့။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တယ်ဆိုတာ သခင့်ကို သစ္စာဖောက်တာ မဟုတ်ဘူး၊ သိုးသငယ်ရဲ့ ခြေလှမ်းတွေနောက် လိုက်ပြီး၊ သခင့်ကို ကြိုဆိုနေတာလို့ အမေက ပြောပြတယ်။ မောင်လေးရဲ့ကျန်းမာရေးအတွက် သူ့မှာ ဘုရားကို မကျေမနပ်ဖြစ်စရာ မရှိဘူးတဲ့၊ ဘာတွေပဲဖြစ်ဖြစ် သူက အဆုံးသတ်အထိ ဘုရားနောက်ကိုပဲ လိုက်မယ်ပေါ့။ ကျွန်မလည်း အမေက အဲဒီလိုပြောတာကို ကြားရတော့၊ တော်တော် အံ့သြသွားတာ။ ကျွန်မ စဉ်းစားကြည့်တယ်၊ အသင်းတော်မှာ ကျွန်မတို့ ဆွေးနွေးတာတွေက ကျေးဇူးတော်နဲ့ ကောင်းချီးတွေကို ရအောင် ဘုရားကို ဘယ်လိုယုံကြည်မလဲဆိုတာတွေချည်းပဲ။ ဒါပေမဲ့ အဲဒီနေ့မှာ အမေက တော်တော် လေးနက်တဲ့ နားလည်မှုမျိုးနဲ့ ပြောဆိုသွားတာ။ ဒါနဲ့ ကျွန်မ သိချင်သွားတယ်၊ ဒါက သူ အဲဒီစာအုပ်ကနေ ရခဲ့တာများလားပေါ့။ နောက်တော့ ကျွန်မလည်း တွေးကြည့်တယ်၊ အနန္တတန်ခိုးရှင်ဘုရားသခင်ဆိုတာ ဘယ်လိုဘုရားမျိုးလဲ၊ သူက ဘယ်လိုအရာတွေကို ပြောဆိုတာလဲပေါ့။ ကျွန်မတို့မိသားစုကို တော်တော် ထိခိုက်စေတာမျိုး ကြုံရတာတောင်၊ အမေက ဘာမှ မကျေမနပ်မဖြစ်တဲ့အပြင်၊ ဘုရားကိုလည်း အဲဒီလိုခိုင်ခိုင်မာမာ ယုံကြည်ခြင်း ရှိနေတယ်။ အဲဒါနဲ့ ကျွန်မလည်း စာအုပ်ကို ပိုပြီးတော့ စူးစမ်းချင်သွားတာပေါ့။ ဒါပေမဲ့ ကိုယ့်ဆရာတော် ပြောထားတာကို ထပ်ပြီး တွေးမိပြန်ရော။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့က အရှေ့အရပ်မှလျှပ်ပြက်ခြင်းရဲ့ စာအုပ်တွေကို မဖတ်သင့်ဘူး၊ အဲဒါတွေကို ဖတ်တဲ့သူမှန်သမျှ နောက်ပြန်လှည့်မရဘဲ နစ်ဝင်သွားလိမ့်မယ်ဆိုတာတွေပေါ့။ ဒါနဲ့ ကျွန်မလည်း ဆက်ပြီး ချီတုံချတုံဖြစ်သွားတယ်။ ဖတ်ကြည့်မယ်ဆိုတဲ့အတွေးကိုလည်း ခေါင်းထဲကနေ ထပ်ပြီး ဖယ်ထုတ်လိုက်တယ်။

အဲဒီနောက်ပိုင်း အမေက ကျွန်မကို ဧဝံဂေလိ ဟောပြောဖို့ အကြိမ်ကြိမ် လာတယ်။ ဒီအခြေအနေအတိုင်း ခုနစ်နှစ်ကြာသွားတယ်။ ဒါပေမဲ့ ကျွန်မက မစူးစမ်းရဲသေးဘူး။ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလပေါ့။ အဲဒီအချိန်မှာ စိတ်က ခြောက်ကပ်နေတယ်လို့ ခံစားရတယ်။ ဟောပြောဖို့ အကြောင်းအရာသစ်ဆိုတာလည်း မရှိဘူး။ သြဝါဒစာအုပ်တွေမျိုးစုံကို ဖတ်နေပေမဲ့၊ ကျွန်မကို အထောက်အကူပေးတဲ့ဟာ တစ်ခုမှမပါဘူး။ ကိုယ် ဟောပြောတဲ့အချိန်တိုင်း၊ အရမ်း စိုးရိမ်သလို အမြဲတမ်း ခံစားရတယ်။ ဘာအကြောင်း ဟောပြောရမှန်း မသိတော့ဘူး။ ကျွန်မလည်း ဘာဖြစ်မှန်းကို လုံးလုံး မသိတော့တာ။ ဒါပေမဲ့ နောက်တော့ ကျွန်မအမေ ပေးခဲ့တဲ့ စာအုပ်ကိုရော၊ အမေနဲ့ အစ်မ ပြောသွားကြတဲ့ နားလည်မှုမျိုးကိုရော ရုတ်တရက် သတိရသွားတယ်။ အဲဒါတွေအားလုံးက ကျွန်မ လုံးဝ မကြားဖူးခဲ့တာတွေပဲ။ စိတ်ထဲမှာလည်း တော်တော်ကို လှုပ်ရှားသွားတယ်။ “ငါ ဒီစာအုပ်ကို ဘာဖြစ်လို့ မဖတ်ကြည့်တာလဲ။ ငါ ဟောတဲ့ တရားတွေအတွက် အသစ်တစ်ခုခု ရှာတွေ့နိုင်မလားဆိုတာ ကြည့်လိုက်ရင် ကောင်းမယ်” ဆိုပြီး တွေးမိတယ်။ ဒါနဲ့ ကျွန်မလည်း စာအုပ်ကို ထုတ်တယ်၊ ဖွင့်ကြည့်ပြီးတော့၊ “သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၃)” ဆိုတဲ့ အခန်းတစ်ခုကို သွားတွေ့ရော။ အဲဒီမှာ ဘာတွေပြောထားလဲဆိုတာတော့၊ ဖတ်ပြထားတဲ့ဗီဒီယိုတစ်ခုကို ကြည့်ကြရင် မကောင်းဘူးလား။ “ယနေ့ခေတ်တွင် လူတို့က သမ္မာကျမ်းစာသည် ဘုရားသခင် ဖြစ်သည်၊ ဘုရားသခင်သည်လည်း သမ္မာကျမ်းစာ ဖြစ်သည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် သမ္မာကျမ်းစာထဲမှ စကားလုံးများသည်သာ ဘုရားသခင်ပြောကြားခဲ့သည့် စကားလုံးများ ဖြစ်ကြပြီး ထိုစကားလုံးများအားလုံးကို ဘုရားသခင် ပြောခဲ့သည်ဟုလည်း ယုံကြည်ကြသည်။ ဘုရားသခင်ကို ယုံကြည်ကြသည့် သူများသည် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းများထဲက ကျမ်းပေါင်း ခြောက်ဆယ့်ခြောက်ကျမ်းကို လူများက ရေးခဲ့ကြသော်လည်း ထိုကျမ်းအားလုံးကို ဘုရားသခင်က မှုတ်သွင်းတော်မူခြင်းအားဖြင့် ပေးအပ်ခဲ့ပြီး သန့်ရှင်းသောဝိညာဉ်တော်၏ မိန့်မြွက်ချက်များနှင့်ဆိုင်သော မှတ်တမ်းတစ်ခု ဖြစ်သည်ဟုပင်လျှင် ယူဆကြသည်။ ဤသည်မှာ လူတို့၏ မှားယွင်းသော သဘောပေါက်နားလည်မှုဖြစ်ပြီး အချက်အလက်များနှင့် လုံးဝ ကိုက်ညီခြင်း မရှိကြပါ။ အမှန်တွင် အနာဂတ္တိကျမ်းများမှအပ ဓမ္မဟောင်းကျမ်းထဲမှ ကျမ်းအများစုသည် သမိုင်းမှတ်တမ်းများ ဖြစ်သည်။ ဓမ္မသစ်ကျမ်းထဲမှ သြဝါဒစာအချို့သည် လူတို့၏ ဘဝအတွေ့အကြုံများမှ လာခြင်းဖြစ်ပြီး တစ်ချို့မှာ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမူကြောင့် လာခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ပေါလု၏ စာများသည် လူတစ်ဦး၏ လုပ်ဆောင်ချက်မှ ထွက်ပေါ်လာခဲ့ပြီး ၎င်းတို့ အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကြောင့် ပေါ်ပေါက်လာသော ရလဒ် ဖြစ်ကာ အသင်းတော်များအတွက် ရေးခဲ့သော စာများဖြစ်ပြီး အသင်းတော်မှ ညီအစ်ကိုမောင်နှမများကို နှိုးဆော်အားပေးသော စကားများ ဖြစ်သည်။ ထိုစကားများသည် သန့်ရှင်းသောဝိညာဉ်တော်က ပြောသောစကားများ မဟုတ်ပါ— ပေါလုသည် သန့်ရှင်းသောဝိညာဉ်တော်၏ ကိုယ်စား မပြောနိုင်သကဲ့သို့ သူသည် ယောဟန် ရှုမြင်ခဲ့ရသော ရူပါရုံများကို မြင်ခဲ့ဖို့ရန်ဝေးစွ၊ ပရောဖက်တစ်ဦးပင် မဟုတ်ခဲ့ပါ။ ပေါလုရေးခဲ့သော သြဝါဒစာများသည် ဧဖက်မြို့၊ ဖိလဒေလဖိမြို့၊ ဂလာတိပြည်နှင့် အခြားသော အသင်းတော်များအတွက် ရေးသောစာများ ဖြစ်သည်။ သို့ဖြစ်၍ ဓမ္မသစ်ကျမ်းထဲရှိ ပေါလု၏ သြဝါဒစာများသည် အသင်းတော်များအတွက် ပေါလုရေးခဲ့သော သြဝါဒစာများသာဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ စေ့ဆော်ချက်များလည်း မဟုတ်သကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်ရိုက် မိန့်မြွက်ချက်များလည်း မဟုတ်ပေ။ သူအလုပ်လုပ်နေစဉ် ကာလ၌ အသင်းတော်များအတွက် ရေးသားပေးခဲ့သော နှိုးဆော်သည့် စကားများ၊ နှစ်သိမ့်အားပေးသည့် စကားများသာ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ထိုအချိန်က ပေါလု၏ လုပ်ဆောင်မှု အများအပြားကို မှတ်တမ်းတင်ထားသည့် မှတ်တမ်းလည်း ဖြစ်သည်။ ၎င်းတို့သည် ထိုအချိန်က အသင်းတော်များ၏ ညီအစ်ကိုမောင်နှမများသည် သူ၏ အကြံပေးချက်များကို လိုက်လျှောက်ပြီး သခင်ယေရှု၏ နောင်တတရားလမ်းခရီးကို လိုက်နာကြဖို့အလို့ငှာ သခင်၌ ညီအစ်ကိုမောင်နှမများ အားလုံးအတွက် ရေးသားခဲ့ခြင်း ဖြစ်သည်။...လူတို့အတွက် တည်ဆောက်စရာ ဖြစ်စေသော၊ အပြုသဘောဆောင်သော ပေါလု၏ စကားများ အားလုံးသည် မှန်သော်လည်း ထိုစကားများသည် သန့်ရှင်းသောဝိညာဉ်တော်၏ မိန့်မြွက်ချက်များကို ကိုယ်စားမပြုသကဲ့သို့ ဘုရားသခင်ကိုလည်း ကိုယ်စား မပြုနိုင်ခဲ့ပေ။ ယင်းသည် လူတစ်ယောက်၏ အတွေ့အကြုံများနှင့်ဆိုင်သော မှတ်တမ်းတစ်ခုနှင့် လူတစ်ယောက်၏ သြဝါဒစာများကို အသင်းတော်များထံ သန့်ရှင်းသောဝိညာဉ်တော်ပြောသည့် စကားလုံးများသဖွယ် လူတို့ သဘောထားခြင်းသည် ကမ်းကုန်အောင် လွဲမှားသည့် ခံယူချက်ဖြစ်ပြီး ဘုရားသခင်အား အကြီးအကျယ် ပြစ်မှားစော်ကားခြင်းလည်း ဖြစ်သည်။ ဤအချက်သည် အသင်းတော်များအတွက် ရေးသားခဲ့သည့် ပေါလု၏ ရေးစာများနှင့် ပတ်သက်၍ အထူးမှန်ကန်သည်။ ၎င်း၏ ရေးစာများကို ထိုစဉ်အချိန်တုန်းက အသင်းတော် တစ်ခုချင်းစီ၏ အခြေအနေနှင့် အနေအထားများအပေါ် မူတည်ပြီး ညီအစ်ကိုမောင်နှမများအတွက် ရေးပေးခဲ့ခြင်းဖြစ်ပြီး သခင့်ထဲက ညီအစ်ကိုမောင်နှမများကို တိုက်တွန်းရန်ဖြစ်သည်။ ယေရှုသည် အာဗြဟံ၏ မျိုးဆက်ဖြစ်ကြောင်းကို ထိုသို့ရေးခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ရေးစာများသည် ထိုစဉ်တုန်းက ညီအစ်ကိုမောင်နှမများကို နိုးကြားထကြွလာစေရန် ရေးခဲ့သောစာများဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် ပေါလု၏ ကိုယ်ပိုင်ဝန်ထုပ်၊ ဝန်ပိုးဖြစ်သည်ဟု ဆိုနိုင်သလို၊ သန့်ရှင်းသောဝိညာဉ်တော်မှ ပေးအပ်ခဲ့သည့် တာဝန်ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ မည်သို့ပင် ဖြစ်စေကာမူ သူသည် ထိုစဉ်အချိန်က အသင်းတော်များကို ဦးဆောင်လမ်းညွှန်ပေးခဲ့သည့် တမန်တော်၊ အသင်းတော်များအတွက် ရေးစာများကို ရေးသားပေးလျက် တိုက်တွန်းနှိုးဆော်ခဲ့သည့်သူ ဖြစ်ခဲ့သည်— ထိုသို့လုပ်ဆောင်ခြင်းသည် သူ့တာဝန် ဖြစ်ခဲ့သည်။ သူ၏ ကိုယ်ပိုင်လက္ခဏာမှာ အမှုဆောင်ခဲ့သည့် တမန်တော်မျှသာဖြစ်သည်၊ ဘုရားသခင် စေလွှတ်ခဲ့သည့် တမန်တော်မျှသာ ဖြစ်သည်၊ သူသည် ပရောက်ဖက်တစ်ဦးလည်း မဟုတ်သကဲ့သို့ အနာဂတ်ကို ဟောကြားသူလည်း မဟုတ်ခဲ့ပါ။ သူ့အဖို့ သူ၏အလုပ်နှင့် ညီအစ်ကိုမောင်နှမများ၏ အသက်တာသည် အရေးတကာ့ အရေးကြီးဆုံး ဖြစ်ခဲ့သည်။ သို့ဖြစ်၍ သူသည် သန့်ရှင်းသော ဝိညာဉ်တော် ကိုယ်စား မပြောကြားနိုင်ခဲ့ပါ။ သူ့စကားများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ စကားများ မဟုတ်သည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်ဟု သာ၍ပင် ပြောမရနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ပေါလုသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးသာ ဖြစ်ပြီး၊ ဘုရားသခင်၏လူ့ဇာတိခံယူခြင်း မဟုတ်သည်မှာ သေချာသောကြောင့် ဖြစ်သည်။ ပေါလု၏ ကိုယ်ပိုင်လက္ခဏာသည် ယေရှုနှင့် မတူပါ။ ယေရှု ပြောခဲ့သော စကားများသည် သန့်ရှင်းသောဝိညာဉ်တော်၏ စကားများ၊ ဘုရားသခင်၏ စကားများ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ကိုယ်ပိုင်လက္ခဏာသည် ခရစ်တော် ဖြစ်သောကြောင့်— ဘုရားသခင်၏ သားဖြစ်သောကြောင့် ဖြစ်သည်။ ပေါလုသည် မည်သို့ ယေရှုနှင့် တူညီနိုင်ပါမည်နည်း။ အကယ်၍ လူတို့သည် ဓမ္မသစ်ကျမ်းမှ သြဝါဒစာများ သို့မဟုတ် ပေါလု၏ စကားများကဲ့သို့သော စကားများကို သန့်ရှင်းသောဝိညာဉ်တော်၏ ပြောကြားချက်များအဖြစ် မြင်ကြပြီး ၎င်းတို့ကို ဘုရားကဲ့သို့ ကိုးကွယ်မည်ဆိုလျှင် လူတို့သည် အလွန်အမင်း မဆင်မခြင်ပြုမူနေခြင်း ဖြစ်သည်ဟုသာ ဆိုနိုင်ပေသည်။ သာ၍ ခပ်ကြမ်းကြမ်း ပြောရမည်ဆိုလျှင် ဤသည်မှာ ဘုရားသခင်ကို ပြစ်မှားစော်ကားနေကြခြင်းပင် ဖြစ်သည်မဟုတ်လော။” (သိုးသငယ် ဖွင့်သည့် စာစောင်) “ပေါလုနှင့် ယောဟန်တို့၏ အတွေ့အကြုံများသည် ၎င်းတို့၏ ပုဂ္ဂိုလ်ရေး အမြင်များနှင့် ရောထွေးသည်ဟု ပြောဆိုခြင်းသည် ၎င်းတို့၏ အတွေ့အကြုံများနှင့် အသိပညာသည် စာတန်ထံမှ လာသည်ဟု ဆိုလိုခြင်း မဟုတ်သော်လည်း၊ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ အတွေ့အကြုံများနှင့် ထိုးထွင်းသိမြင်မှုများမှ လာသည့်အရာများ ရှိခဲ့ကြခြင်းသာ ဖြစ်သည်။ ၎င်းတို့၏အသိပညာသည် ထိုအချိန်က ၎င်းတို့၏ တကယ့်အတွေ့အကြုံများ၏ နောက်ခံအကြောင်းအရာ နှင့်အညီ ဖြစ်ပြီး၊ ယင်းတို့အားလုံး သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာသည်ဟု မည်သူက ယုံကြည်စိတ်ချစွာ ပြောနိုင်မည်နည်း။ ခရစ်ဝင်ကျမ်းလေးကျမ်းလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်မှ လာပါက၊ မဿဲ၊ မာကု၊ လုကာနှင့် ယောဟန်တို့သည် ယေရှု၏အမှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာကွဲပြား၍ အဘယ်ကြောင့် အသီးသီး ပြောဆိုခဲ့ကြသနည်း။ ဤအရာကို သင်တို့ မယုံကြည်ပါက၊ ပေတရုက သခင်ကို သုံးကြိမ်ငြင်းဆိုခဲ့ပုံနှင့်ပတ်သက်သည့် ကျမ်းစာထဲက ဖြစ်စဉ်များကို ကြည့်လော့- ယင်းတို့ အားလုံး ကွဲပြားခြားနားနေပြီး ၎င်းတို့အသီးသီးသည် မိမိတို့၏ ကိုယ်ပိုင်ထူးခြားသော လက္ခဏာရပ်များ ရှိကြသည်။...ခရစ်ဝင်ကျမ်းလေးကျမ်းကို သေချာစွာ ဖတ်လော့။ ယေရှု လုပ်ဆောင်ခဲ့သောအရာများနှင့် သူ ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ ၎င်းတို့မှတ်တမ်းတင်ခဲ့သည့် အရာကို ဖတ်လော့။ ဖြစ်စဉ်အသီးသီးသည် အကယ်ပင် အတော်အတန်ကွဲပြားသကဲ့သို့၊ အသီးသီး၌ မိမိကိုယ်ပိုင် ရှုထောင့် ရှိလေသည်။ ဤကျမ်းများ၏ စာရေးသူများက ရေးသားခဲ့သည့် အရာ အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာသည်ဆိုပါက၊ အားလုံးသည် တူညီပြီး တစ်သမတ်တည်း ဖြစ်သင့်ပေသည်။ သို့ဆိုလျှင် အဘယ်ကြောင့် ကွာဟချက်များ ရှိရသနည်း။” (သိုးသငယ် ဖွင့်သည့် စာစောင် “အမည်နာမများနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် ပတ်သက်၍”) တကယ်ကို တုန်လှုပ်စရာကောင်းတယ်။ သမ္မာကျမ်းကို ဒီလို ပြန်ဖော်ထုတ်ပြတာမျိုးကို ကျွန်မ ပထမဆုံးအကြိမ် မြင်လိုက်ရတာပဲ။ အနာဂတ္တိကျမ်းတွေနဲ့ ဘုရားရဲ့နှုတ်ကပတ်တော်တွေ ဖြစ်တဲ့ ခရစ်ဝင်ကျမ်းလေးခုထဲက သခင်ယေရှုရဲ့ ပြောစကားတွေကလွဲရင်၊ ရှင်ပေါလုရဲ့ပေးစာတွေ၊ ခရစ်ဝင်ကျမ်းလေးခုထဲမှာပါတဲ့ သခင်ယေရှုရဲ့ ဟောပြောခြင်းအကြောင်း မှတ်တမ်းတွေလို ကျန်တဲ့ဟာတွေအားလုံးကို လူတွေက ရေးသားခဲ့တာပဲ။ အဲဒါတွေက ဘုရားအမှုတော်ရဲ့မှတ်တမ်း၊ လူတွေရဲ့ ကိုယ်ပိုင်လုပ်ဆောင်ချက်အတွေ့အကြုံ မှတ်တမ်းတစ်ခုပဲ။ ဒါတွေအားလုံးက လူသားရဲ့စကားတွေပဲပေါ့။ အဲဒါက အမှန်ပဲလေ။ လူသားတွေဆိုတာ ဖန်ဆင်းခံသတ္တဝါတွေပဲ၊ ဘုရားက ဖန်ဆင်းရှင်ပဲ။ အဆင့်အတန်းနဲ့ အနှစ်သာရ ကွဲပြားပါတယ်။ လူတွေ ရေးထားခဲ့တဲ့ ပေးစာတွေကို ဘုရားရဲ့နှုတ်ကပတ်တော်ပါလို့ ပြောလို့မရဘူး။ အဲဒါတွေကို ဘုရားရဲ့နှုတ်ကပတ်တော်လို့ သတ်မှတ်တယ်ဆိုတာ ပြစ်မှားစော်ကားတာပဲ။ ကျွန်မလည်း သမ္မာကျမ်းထဲက စကားတွေအားလုံးကို ဘုရားရဲ့နှုတ်ကပတ်တော်တွေဆိုပြီး နှစ်ပေါင်းများစွာ ယုံကြည်မိခဲ့တာကို စဉ်းစားမိတယ်။ ကျွန်မက ဘုရားကို ပြစ်မှားစော်ကားမိခဲ့တဲ့သဘော မဟုတ်ဘူးလား။ ဒါပေမဲ့ ကျွန်မ ထပ်ပြီး တွေးကြည့်တယ်၊ “သမ္မာကျမ်းကို လူတွေက ရေးခဲ့တယ်ဆိုပေမဲ့၊ အဲဒါကို ဘုရားသခင်အားဖြင့် မှုတ်သွင်းတော်မူခဲ့တာပဲ။ အဲဒီအတွက် ကျမ်းစာလာအခြေပြုချက်လည်း ရှိတယ်” ပေါ့။ ဒါနဲ့ ကျွန်မလည်း ငါတော့ ရပ်တည်ချက်ခိုင်မာဖို့ လိုတယ်။ ဒီလို ယိမ်းယိုင်လို့မဖြစ်ဘူးဆိုပြီး စဉ်းစားတယ်။ ဒါပေမဲ့ ခရစ်ဝင်ကျမ်းလေးခုနဲ့ တမန်တော်တွေရဲ့ပေးစာတွေဆိုတာ အဲဒီလူတွေ မြင်ခဲ့ကြုံခဲ့ရတဲ့ ကိုယ်ပိုင်ဖြစ်စဉ်မှတ်တမ်းတွေပဲဆိုပြီး အနန္တတန်ခိုးရှင် ဘုရားသခင် ပြောဆိုတာကို ထပ်ပြီး သတိရပြန်ရော။ ဒါတွေဟာ သန့်ရှင်းသောဝိညာဉ်တော်ဆီက အလုံးစုံ လာခဲ့တယ်လို့ ဘယ်သူက ရဲရဲဝံ့ဝံ့ ပြောနိုင်လို့လဲ။ ပြီးတော့ တိမောသေကို စပျစ်ရည် သောက်ခိုင်းတယ်ဆိုတဲ့ သမ္မာကျမ်းထဲက ရှင်ပေါလုရဲ့စကားတွေကို သတိရသွားတယ်။ တိမောသေက အစာအိမ်မကောင်းလို့၊ ခဏခဏ ဗိုက်နာတတ်တယ်လေ။ ဒါကြောင့် အအေးဒဏ်ကို ကာကွယ်အောင်၊ သူ့ဝမ်းဗိုက် နွေးနေအောင်ဆိုပြီး ရှင်ပေါလုက စပျစ်ရည်သောက်ခိုင်းတာတဲ့။ သခင်က ရှင်ပေတရုကို ဘယ်လိုရွေးချယ်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းကိုလည်း ကျွန်မ စဉ်းစားမိတယ်။ ကျွန်မ စဉ်းစားတာက၊ “သမ္မာကျမ်းတစ်ခုလုံးကို ဘုရားက မှုတ်သွင်းတော်မူခဲ့တာဆိုရင်၊ လူသားတွေ ရေးသားနိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်သွားမှာပဲ။ ဒါပေမဲ့ ဝမ်းဗိုက် နွေးနေအောင် စပျစ်ရည်သောက်ဖို့ ရှင်ပေါလုက အကြံပေးတယ်ဆိုတာမျိုးက သာမန်အသိပဲ။ မှုတ်သွင်းပေးဖို့ လိုမှာမဟုတ်ဘူး။ ရှင်ပေတရုက သခင့်နောက်ကို ဘယ်လို လိုက်ခဲ့တယ်ဆိုတာလည်း ဘုရားရဲ့မှုတ်သွင်းတော်မူခြင်း မလိုအပ်ဘူးလေ။ သခင့်နောက်ကို သူ ဘယ်လိုလိုက်ခဲ့တယ်ဆိုတာ တခြားသူတွေက မှတ်တမ်းတင်ခဲ့တာမျိုးပဲ” ပေါ့။ အဲဒါနဲ့ ကျွန်မ တွေးကြည့်တယ်၊ “သမ္မာကျမ်းတစ်ခုလုံးကို ဘုရားက မှုတ်သွင်းတော်မူတာ မဟုတ်ဘူးလို့ ဒီစာအုပ်မှာ ပြောတာက တကယ်ပဲ မှန်နေလား။ အဲဒါက ဖြစ်နိုင်ပါ့မလား။ သမ္မာကျမ်းတစ်ခုလုံးကို ဘုရားက မှုတ်သွင်းတော်မူတာ။ အဲဒါတွေအားလုံးက ဘုရားရဲ့နှုတ်ကပတ်တော်ပဲ။ ဒီအမြင်က နှစ်ပေါင်းနှစ်ထောင်လုံးလုံး တည်တံ့လာတာပဲ။ ဒီအမြင်ကို လက်ခံတာက ငါ့ဂိုဏ်းခွဲတစ်ခုတည်း မဟုတ်ဘူး၊ ဒါက ဘာသာရေးလောကတစ်ခုလုံးက ယုံကြည်ကြတာ။ ဒါနဲ့ပတ်သက်ပြီး ဘာသာရေးလောကတစ်ခုလုံးက တကယ်ပဲ မှားနေနိုင်သလား” ပေါ့။ နောက်တော့ ကျွန်မ တွေးမိပြန်ရော၊ “ရှင်ပေတရု ခေါ်ဆိုခြင်းခံရတာနဲ့ပတ်သက်ပြီးတော့၊ ရှင်မဿဲခရစ်ဝင်မှာ သူ့ကို သခင်က ကိုယ်တော်တိုင် ခေါ်ဆိုတယ်လို့ ဆိုတယ်။ ရှင်ယောဟန်ခရစ်ဝင်မှာကျတော့ ပေတရုကို ဗတ္တိဇံဆရာယောဟန်က သခင်နဲ့ မိတ်ဆက်ပေးခဲ့တယ်လို့ ဆိုတယ်။ သူတို့က တစ်မျိုးစီ ပြောနေတာပဲ။” ပေါ့။ ကျွန်မလည်း စဉ်းစားတယ်၊ “သမ္မာကျမ်းကို ဘုရားက မှုတ်သွင်းတော်မူခဲ့တယ်ဆိုရင်၊ အကြောင်းအရာအတူတူတွေကို ဘာဖြစ်လို့ ကွဲပြားတဲ့မှတ်တမ်းတွေ ရှိနေတာလဲ။ ဘုရားက မတူတဲ့လူတွေကို မတူတဲ့အကြောင်းအရာတွေ တကယ်ပဲ မှုတ်သွင်းတော်မူပါ့မလား” ပေါ့။ သမ္မာကျမ်းထဲက စကားတွေက ဘုရားရဲ့နှုတ်ကပတ်တော်တွေချည်းပဲ မဟုတ်ဘူးဆိုတာ ဒီကနေ ကျွန်မ မြင်သွားတယ်။

အဲဒီအချိန်မှာ ကျွန်မ ချက်ချင်း နားလည်သွားတာ။ သမ္မာကျမ်းထဲက စကားတွေအားလုံးက ဘုရားရဲ့နှုတ်ကပတ်တော်တွေပဲဆိုပြီး နှစ်ပေါင်းများစွာ ကျွန်မ ဆုပ်ကိုင်လာတဲ့အမြင်က တကယ်ကို မှားနေခဲ့တာပဲ။ ကျွန်မက ဒီအမြင်ကိုပဲ ဖက်တွယ်ပြီး၊ မစွန့်လွှတ်ခဲ့မိဘူး။ သမ္မာကျမ်းထဲက လူတွေရဲ့စကားတွေကိုလည်း ဘုရားရဲ့နှုတ်ကပတ်တော်အဖြစ် သဘောထားခဲ့တယ်။ ဒါက ဘုရားကို ခုခံနေတာ၊ ပြစ်မှားစော်ကားနေခဲ့တာ မဟုတ်ဘူးလား။ ကျွန်မက အလုပ်တွေအများကြီး လုပ်ခဲ့တဲ့အပြင်၊ တရားတွေလည်း အများကြီး ဟောခဲ့တာပါ။ ဒါပေမဲ့ ရှင်ပေါလုနဲ့ တခြားလူတွေရဲ့ ကျမ်းစာထဲက စကားတွေကို ဘုရားရဲ့နှုတ်ကပတ်တော်အဖြစ် လူတွေ နာခံကြအောင် ဆုံးမမိခဲ့တယ်။ အဲဒီတစ်ချိန်လုံးလည်း ငါတော့ ဘုရားရှေ့မှောက်မှာ ကောင်းမှုတွေ ရနေပြီ၊ ဘုရားက ငါ လုပ်သမျှကို အသိအမှတ်ပြုလိမ့်မယ်ဆိုပြီး ယူဆထားတာ။ ကျွန်မက တော်တော် မမြင်နိုင်ခဲ့တာပဲ၊ မသိနားမလည်ခဲ့တာပဲ။ ညီအစ်ကိုမောင်နှမတွေကို နှစ်ပေါင်းများစွာ လှည့်စားခဲ့မိတယ်။ ကျွန်မက လူတိုင်းကို လမ်းလွဲစေခဲ့တာ မဟုတ်ဘူးလား။ “ငါတော့ ဘုရားသခင်ကို ဘယ်လို ရှင်းပြရပါ့မလဲ” ဆိုပြီး စဉ်းစားတယ်။ ကျွန်မက ဘုရားကို ခုခံမိတဲ့အပြင်၊ ဘုရားရှေ့မှောက်မှာ တကယ့် မကောင်းမှုကြီးကို လုပ်ခဲ့မိတာလေ။ ကျွန်မရင်ထဲမှာ စိုးရိမ်ထိတ်လန့်တာတွေပဲ ခံစားမိတယ်။ အဲဒီအချိန်မှာတင် ကျွန်မလည်း မျက်ရည်တွေနဲ့ ဘုရားရှေ့မှောက် ဒူးထောက်ပြီး၊ ကိုယ့်အပြစ်တွေကို ဝန်ခံဖို့ ဆုတောင်းတယ်။ ကျွန်မ ဆုတောင်းတာက၊ “သခင်ယေရှု ကျွန်မက ကျမ်းစာထဲက လူတွေရဲ့စကားတွေကို ကိုယ်တော့်စကားတွေအဖြစ် နှစ်ပေါင်းများစွာ အမြဲလိုလို မှတ်ယူမိခဲ့ပါတယ်။ ကျွန်မ မှားခဲ့ပါတယ်။ ကျွန်မအပြစ်တွေကို ကိုယ်တော့်ဆီ ဝန်ခံပြီး နောင်တရပါတယ်။ ကျွန်မအပေါ် သနားကရုဏာထားပြီး၊ အပြစ်တွေကို ခွင့်လွှတ်ပေးတော်မူပါ။ ကိုယ်တော်ဟာ အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ် အမှန်တကယ် ပြန်ကြွလာတယ်ဆိုရင်၊ ကျွန်မ လက်ခံဖို့ ဆန္ဒရှိပါတယ်။ ကိုယ်တော် ဟုတ်မဟုတ်ဆိုတာ ဒီနှုတ်ကပတ်တော်တွေကနေ ဆုံးဖြတ်နိုင်အောင် ကျွန်မကို အသိဉာဏ်ဖွင့်ပေးတော်မူပါ” ပေါ့။

ဆုတောင်းပြီးသွားတော့ ကျွန်မ နည်းနည်း ပိုပြီးတည်ငြိမ်သွားတယ်။ ဒီနှုတ်ကပတ်တော်တွေထဲမှာ ရှာဖွေမယ်လို့လည်း ဆုံးဖြတ်လိုက်တယ်။ နောက်တော့ ဘုရားရဲ့နှုတ်ကပတ်တော် ကျမ်းပိုဒ်တချို့ကို ကျွန်မ ဖတ်မိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ခေတ်တစ်ခုစီထဲက ဘုရားသခင်၏ အမှုသည် ရှင်းလင်းပြတ်သားသော နယ်နိမိတ်များ ရှိ၏။ သူသည် လက်ရှိခေတ်၏ အမှုကိုသာ လုပ်ဆောင်ပြီး၊ အမှု၏ နောက်အဆင့်ကို မည်သည့်အခါမျှ ကြိုတင် မဆောင်ရွက်ပေ။ ထိုသို့ဖြင့်သာ ခေတ်အသီးသီးနှင့်ဆိုင်သည့် သူ၏ ကိုယ်စားပြုခြင်းအမှုသည် ရှေ့သို့ ရောက်ရှိနိုင်ပေသည်။ ယေရှုသည် နောက်ဆုံးသော ကာလ၏ နိမိတ်လက္ခဏာများ၊ မည်သို့ စိတ်ရှည်ရမည်၊ ပြီးလျှင် မည်သို့ ကယ်တင်ခြင်းခံရမည်၊ မည်သို့နောင်တရပြီး ဝန်ခံရမည်၊ ပြီးလျှင် ကားတိုင်ကို မည်သို့ ထမ်းရွက်ပြီး ဆင်းရဲဒုက္ခများကို မည်သို့ ကြံ့ကြံ့ခံရမည် ဆိုသည်တို့ကိုသာ ပြောဆိုခဲ့သည်။ နောက်ဆုံးသော ကာလထဲတွင်ရှိသည့် လူသားသည် ဝင်ရောက်မှုကို မည်သို့ ရရှိသင့်သည်ကို သူ လုံးဝ မပြောဆိုသကဲ့သို့၊ ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းဖို့ မည်သို့ကြိုးစားသင့်သည် ဆိုသည်နှင့်သက်ဆိုင်၍ လုံးဝ သူ မပြောဆိုခဲ့ပေ။ ထိုသို့ဖြစ်သဖြင့်၊ ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုအတွက် သမ္မာကျမ်းစာကို ရှာဖွေဖို့ဆိုသည်မှာ ရယ်ဖွယ်ကောင်းသည် မဟုတ်လော။ သမ္မာကျမ်းစာကို ဖမ်းဆုပ်ထားခြင်းမျှဖြင့် မည်သည့်အရာကို သင် သိမြင်နိုင်သနည်း။ သမ္မာကျမ်းစာကို ရှင်းလင်းဖော်ပြသူဖြစ်စေ၊ တရားဟောဆရာဖြစ်စေ၊ အဘယ်သူသည် ယနေ့၏အမှုကို ကြိုတင် တွေ့မြင်နိုင်မည်နည်း။” (သိုးသငယ် ဖွင့်သည့် စာစောင် “မိမိ၏ အယူအဆများထဲ၌ ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားသည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို မည်သို့ လက်ခံရရှိနိုင်မည်နည်း”) “ဘုရားသခင်၏ အမှုသည် အစဉ်တိုးတက်လျက် ရှိသည့်အတွက်၊ ၎င်းသည် ပေါလုနှင့် ပေတရုတို့၏ ခေတ်၌သာ ရပ်တန့်မသွားနိုင်ခဲ့သကဲ့သို့၊ ယေရှု ကားစင်တင်ခံခဲ့ရသည့် ကျေးဇူးတော် ခေတ်ထဲတွင် ထာဝရ ကျန်ရှိမနေနိုင်ပေ။ သို့ဖြစ်၍၊ ဤစာအုပ်များသည် ကျေးဇူးတော် ခေတ်အတွက်သာ သင့်တော်ပြီး နောက်ဆုံးသောကာလ၏ နိုင်ငံတော်ခေတ်အတွက် မသင့်တော်ချေ။ ၎င်းတို့သည် ကျေးဇူးတော်ခေတ်မှ ယုံကြည်သူများကိုသာ ထောက်မပေးနိုင်ပြီး၊ နိုင်ငံတော်ခေတ်၏ သန့်ရှင်းသူများအတွက်မူ မထောက်မပေးနိုင်ပေ၊ ၎င်းတို့ မည်မျှ ကောင်းစေကာမူ၊ ခေတ်ကုန်သွားပြီဖြစ်ဆဲ ဖြစ်သည်။” (သိုးသငယ် ဖွင့်သည့် စာစောင် “သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၄)”) “သင်က ပညတ်တော်ခေတ်၏ အလုပ်ကို ကြည့်လိုပြီး၊ ဣသရေလအမျိုးသားများ ယေဟောဝါ၏ လမ်းခရီးကို မည်သို့ လိုက်နာခဲ့ကြကြောင်းကို ကြည့်လိုလျှင်၊ သင်သည် ဓမ္မဟောင်းကျမ်းကို ဖတ်ရှုရမည်။ သင်သည် ကျေးဇူးတော်ခေတ်၏ အလုပ်ကို နားလည်လိုလျှင်၊ ဓမ္မသစ်ကျမ်းကို ဖတ်ရှုရမည်။ သို့သော်လည်း နောက်ဆုံးသောကာလ၏ အမှုကို သင် မည်သို့ မြင်သနည်း။ သင်သည် ယနေ့၏ဘုရားသခင်၏ ဦးဆောင်မှုကို လက်ခံလျက် ယနေ့၏အမှုတော်ထဲကို ဝင်ရောက်ကြရမည်။ အဘယ်ကြောင့်ဆိုသော် ယင်းသည် အမှုသစ်ဖြစ်ပြီး၊ မည်သူမျှ ယခင်က သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင် မထားခဲ့သောကြောင့် ဖြစ်သည်။ ယနေ့တွင် ဘုရားသခင်သည် လူ့ဇာတိခံယူပြီး တရုတ်နိုင်ငံ၌ အခြားရွေးကောက်ခံရသူများကို ရွေးထားပြီ ဖြစ်သည်။ ဘုရားသခင်သည် ထိုလူများ၌ အမှုပြုသည်၊ သူသည် ကမ္ဘာကြီးပေါ်က သူ၏အမှုတော်မှ ဆက်လက်ဆောင်ရွက်ပြီး၊ ကျေးဇူးတော်ခေတ်၏အမှုတော်မှ ဆက်ပြီး ဆောင်ရွက်သည်။ ယနေ့၏အမှုတော်သည် လူသားတို့ မည်သည့်အခါကမျှ မလျှောက်ဖူးသေးသည့် လမ်းကြောင်းဖြစ်ပြီး မည်သူကမှ မမြင်ဖူးသည့် လမ်းခရီးဖြစ်သည်။ ယင်းသည် ယခင် မည်သည့်အခါမျှ မလုပ်ခဲ့ဖူးသည့် အမှုတော်ဖြစ်သည်၊ ယင်းသည် ကမ္ဘာကြီးပေါ်က ဘုရားသခင်၏ နောက်ဆုံးအမှုတော် ဖြစ်သည်။ ထို့ကြောင့် ယခင် မည်သည့်အခါမျှ မလုပ်ခဲ့ဖူးသည့် အလုပ်သည် သမိုင်းမဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် ပစ္စုပ္ပန်သည် ပစ္စုပ္ပန်သာဖြစ်ပြီး၊ အတိတ်ဖြစ်သွားရန် လိုသေး၍ ဖြစ်သည်။ ဘုရားသခင်သည် ပိုကြီးမားသည့်၊ ပိုသစ်သည့်အမှုကို ဣသရေလ၏ ပြင်ပ၊ ကမ္ဘာကြီးပေါ်မှာ ပြုလုပ်ခဲ့ပြီးကြောင်း၊ ထိုအမှုသည် ဣသရေလ၏ နယ်ပယ်အပြင်ထိ ကျော်လွန်နှင့်ပြီး၊ ပရောဖက်များ၏ ကြိုတင်ဟောကြားချက်များကို ကျော်လွန်လျက် ရောက်ရှိနှင့်ပြီးဖြစ်ကြောင်း၊ ယင်းသည် ပရောဖက်ပြုချက်များ၌ မပါဝင်သည့် အသစ်သော အံ့သြဖွယ်အမှု၊ ဣသရေလအပြင်ရှိ ပိုမိုသစ်လွင်သည့် အမှု၊ လူသားများ မည်သည့်အခါတွင်မျှ သိနားလည်နိုင်မည် မဟုတ်သကဲ့သို့ စိတ်ကူးနိုင်ကြမည် မဟုတ်သည့် အမှုဖြစ်ကြောင်းကို လူများက မသိကြပေ။ သမ္မာကျမ်းစာထဲ၌ ယင်းကဲ့သို့သောအမှု၏ ပြည့်စုံစွာ ရှင်းလင်းဖော်ပြထားသော မှတ်တမ်းများ မည်သို့ ပါဝင်နိုင်မည်နည်း။ မည်သူသည် ယနေ့အမှု၏ တစ်ချက်ချင်းစီကို မည်သည့် အရာကိုမျှ ထိန်ချန်မထားဘဲ၊ ကြိုတင်ပြီး မှတ်တမ်းတင်ပေးနိုင်ခဲ့မည်နည်း။ မည်သူကများ ဟောင်းနွမ်းလှသည့် ထိုစာအုပ်ထဲ၌ ယခုကဲ့သို့ ပိုမို ကြီးမြတ်ပြီး ပို၍ ဉာဏ်ပညာရှိကာ၊ အစဉ်အလာကို အာခံသည့် အမှုကို မှတ်တမ်းတင်ပေးနိုင်ခဲ့မည်နည်း။ ယနေ့အမှုသည် သမိုင်းမဟုတ်ပေ၊ သို့ဖြစ်၍ သင်က ယနေ့၏လမ်းကြောင်း အသစ်အတိုင်း လျှောက်သွားချင်ပါက၊ သင်သည် သမ္မာကျမ်းစာမှ သွေဖည်ရမည်ဖြစ်သည်၊ သင်သည် သမ္မာကျမ်းစာထဲက အနာဂတ္တိကျမ်း စာအုပ်များ သို့မဟုတ် သမိုင်းကို ကျော်လွန်ပြီးသွားရမည်။ သို့ဖြစ်မှသာ သင်သည် လမ်းကြောင်းအသစ်ကို မှန်ကန်စွာ လျှောက်နိုင်မည် ဖြစ်သည်၊ ထို့အပြင် ထိုအခါကျမှသာ သင်သည် လောကသစ်နှင့် အမှုသစ်ထဲကို ဝင်ရောက်နိုင်မည် ဖြစ်သည်။ ယနေ့ သင့်ကို သမ္မာကျမ်းစာ မဖတ်ကြားတော့ရန် မှာကြားနေရသည်မှာ၊ သမ္မာကျမ်းစာနှင့် ကွဲပြားသည့် အခြားအမှုတစ်ခု ရှိနေရသည်မှာ၊ ဘုရားသခင်က သမ္မာကျမ်းစာထဲ၌ ပိုသစ်ပြီး ပိုအသေးစိတ်ကျသည့် လက်တွေ့လုပ်ဆောင်မှုကို ရှာမကြည့်သည်မှာ၊ ၎င်းအစား သမ္မာကျမ်းစာ ပြင်ပ၌ ပိုကြီးမြတ်သည့်အမှု ရှိနေသည်မှာ အဘယ်ကြောင့်နည်း ဆိုသည်ကို သင် နားလည်ရမည်။ ဤသည်အားလုံးသည် သင်တို့ နားလည်သင့်သည့် အရာဖြစ်သည်။” (သိုးသငယ် ဖွင့်သည့် စာစောင် “သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁)”) ဘုရားရဲ့အမှုတော်သစ် အဆင့်တစ်ခုမှာ အမှုတော်ဟောင်းက အသုံးမဝင်တော့ဘူးဆိုတာကို ဒီမှာ ကျွန်မ မြင်သွားတယ်။ ခေတ်သစ်တစ်ခုစီမှာ ဘုရားက အမှုတော်သစ်ကို ပြုတဲ့အပြင်၊ လူတွေအတွက် သတ်မှတ်ချက်အသစ်တွေလည်း ရှိတယ်။ တချို့စည်းမျဉ်းစည်းကမ်းဟောင်းတွေက အသုံးမဝင်တော့သလို၊ ခေတ်သစ်နဲ့ မသက်ဆိုင်တော့တဲ့အတွက် စောင့်ထိန်းဖို့ မလိုအပ်ဘူး။ ဒီနေရာမှာ ကျွန်မ သတိရသွားတယ်၊ ဓမ္မဟောင်းကျမ်းထဲက ပညတ်တော်ခေတ်မှာ ဘုရားက ပညတ်ကို နာခံကြအောင် ပြဋ္ဌာန်းဖို့အတွက် မောရှေကို အသုံးပြုခဲ့တယ်လေ။ ပညတ်ကို ချိုးဖောက်တဲ့လူတိုင်းက အပြစ်ဖြေရာယဇ်တွေကို လုပ်ခဲ့ကြရတယ်၊ မဟုတ်ရင် အပြစ်ဒဏ်ပေးခံကြရတယ်။ အဲဒီခေတ်ရဲ့လူတွေက ဘုရားရဲ့သတ်မှတ်ချက်တွေနဲ့အညီ ပညတ်ကို နာခံခဲ့ကြတယ်။ ဘယ်သူကမှ မချိုးဖောက်ဝံ့ခဲ့ကြဘူး။ ဓမ္မသစ်ကျမ်းခေတ်မှာကျတော့၊ ဘုရားက လူ့ဇာတိခံယူပြီးတော့၊ လူသားအတွက် အပြစ်ဖြေရာယဇ်အနေနဲ့ ကားတိုင်တင်ခံခဲ့တယ်။ အဲဒါက လူတွေကို အပြစ်ဖြစ်ခြင်း အခြေအနေကနေ ရွေးနုတ်ပေးခဲ့တာ။ လူတစ်ယောက်က အပြစ်လုပ်မိရင်၊ သခင့်နာမတော်မှာ ဆုတောင်းဖို့ အပြစ်ဝန်ခံပြီး နောင်တရဖို့ပဲ လိုတယ်။ အဲဒါဆို သူတို့အပြစ်တွေ ခွင့်လွှတ်ပေးခံရမယ်။ အပြစ်ဖြေရာယဇ်တွေ မလိုအပ်တော့တဲ့အပြင်၊ ပညတ်ကို မလိုက်နာနိုင်တဲ့အတွက် ဘုရားရဲ့အပြစ်စီရင်ခြင်းကိုလည်း ခံရမှာမဟုတ်ဘူး။ အဲဒီတော့ ဓမ္မသစ်ကျမ်းခေတ်က လူတွေအတွက် ဓမ္မဟောင်းကျမ်းခေတ်ရဲ့ တချို့သတ်မှတ်ချက်တွေက အသုံးမဝင်တော့ဘူး မဟုတ်ဘူးလား။ ဓမ္မသစ်ကျမ်းခေတ်က လူတွေက ဓမ္မဟောင်းကျမ်းစည်းမျဉ်းတွေကို လိုက်နာပြီး၊ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေနဲ့ အမှုတော်ကို ငြင်းပယ်ခဲ့တယ်ဆိုရင်၊ ဖယ်ရှင်းခံကြရမှာ မဟုတ်ဘူးလား။ ဘုရားကို ယုံကြည်တယ်ဆိုတာ သမ္မာကျမ်းကို လိုက်နာဖို့ လိုအပ်တယ်၊ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် ကျမ်းစာကို သွေဖည်လို့မရဘူးဆိုပြီး ကျွန်မက ဟိုအရင်က ထင်ခဲ့ဖူးတယ်။ ဒါပေမဲ့ အခုချိန်မှာ ဘုရားက အမှုတော်သစ်ကို ပြုနေတယ်၊ နှုတ်ကပတ်တော်သစ်တွေကို ဖော်ပြထားတယ်။ ဒီတော့ ကျွန်မက သမ္မာကျမ်းကိုပဲ မဖြစ်မနေ လိုက်နာနေမယ်ဆိုရင်၊ အဟောင်းကိုပဲ ဖက်တွယ်နေတာ မဟုတ်ဘူးလား။ ကျမ်းစာကို သွေဖည်တယ်ဆိုတာ ဘုရားကို မယုံကြည်တဲ့သဘောပဲလို့ ကျွန်မက ယူဆခဲ့တာ။ ဒါပေမဲ့ အဲဒီအမြင်က အဓိပ္ပာယ်မရှိဘူး ဖြစ်နေတယ်လေ။ ဒီကျမ်းပိုဒ်တွေမှာ ပြောထားသေးတာက၊ ဓမ္မဟောင်းနဲ့ ဓမ္မသစ်ကျမ်းတွေဆိုတာ ဘုရားသခင် ပြုခဲ့တဲ့အမှုတော်ကို မှတ်တမ်းတင်ထားတယ်။ ပြီးတော့ ဘုရားရဲ့အမှုတော် ပြီးဆုံးသွားတဲ့နောက်မှာ၊ တပည့်တော်တွေက ဘုရားပြုခဲ့တဲ့ အမှုတော်နဲ့ မိန့်ဆိုခဲ့တဲ့ နှုတ်ကပတ်တော်တွေကို မှတ်တမ်းပြုခဲ့ကြတယ်။ ပြီးတော့မှ နောက်မျိုးဆက်တွေက သမ္မာကျမ်းကို ဖန်တီးဖို့အတွက် ဒီမှတ်တမ်းတွေကို စုစည်းခဲ့ကြတာပဲ။ သခင်က နောက်ဆုံးသောကာလမှာ သူ ပြန်ကြွလာမယ်လို့ ကတိပေးခဲ့တယ်လေ။ အဲဒီတော့ ဘုရားရဲ့နောက်ဆုံးသောကာလ အမှုတော်နဲ့ နှုတ်ကပတ်တော်သစ်တွေကို သမ္မာကျမ်းထဲမှာ ဘယ်လိုလုပ် ကြိုပြီး ရေးထားနိုင်မှာလဲ။ ကျွန်မလည်း ဒီနှုတ်ကပတ်တော်တွေကို ဆင်ခြင်ကြည့်လေလေ၊ အဖြစ်မှန်တွေနဲ့ ကိုက်ညီတယ်လို့ ပိုပြီး နားလည်လာလေပဲ။ ဒီနှုတ်ကပတ်တော်တွေက မှန်ကန်နေတော့၊ ကျွန်မလည်း ဘုရားရဲ့နှုတ်ကပတ်တော်သစ်တွေနဲ့ အမှုတော်က သမ္မာကျမ်းပြင်ပမှာပဲ ရှိလိမ့်မယ်ဆိုတာကို ပိုပြီးတော့ သေချာသွားတယ်။ ဟိုအရင်ကတော့ ကျွန်မက ဘုရားရဲ့နှုတ်ကပတ်တော်တွေကို ကျမ်းစာပြင်ပမှာ ရှိတော့မှာမဟုတ်ဘူးလို့ပဲ ထင်ခဲ့တာ။ ဒါက မှားနေတယ်လေ။ ကိုယ့်ကိုယ်ပိုင်အယူအဆနဲ့ အထင်သက်သက်ပဲ။

နှစ်ပေါင်းနှစ်ထောင်လုံးလုံးမှာ၊ သမ္မာကျမ်းကို အဲဒီလို စေ့စေ့စပ်စပ်နဲ့ အားကောင်းတဲ့ အခြေပြုချက်မျိုးနဲ့ စိစစ်ပြနိုင်တာမျိုး၊ ဒါမှမဟုတ် ဒီလိုနက်နဲမှုတွေကို ထုတ်ဖော်ပြနိုင်တာမျိုးဆိုတာ တစ်ယောက်မှမရှိခဲ့ဘူး။ ဘယ်လိုလူမဆို အဲဒီလို လုပ်နိုင်ပါ့မလား။ လူတစ်ယောက်က အဲဒီလို သြဇာအာဏာမျိုးနဲ့ ပြောဆိုနိုင်ပါ့မလား။ ဒါက ဘုရားရဲ့အသံတော် မဟုတ်ဘူးလား။ အဲဒီအချိန်မှာ ကျွန်မလည်း ရတနာတစ်ခု ရသွားသလိုမျိုး၊ တော်တော်ကို စိတ်လှုပ်ရှားသွားတာ။ ဘုရားနှုတ်ကပတ်တော်စာအုပ်ကို လက်နှစ်ဖက်နဲ့ တင်းတင်းကျပ်ကျပ် ပိုက်ပြီး၊ လေးလေးနက်နက် အမြတ်တနိုးထားမိတယ်။ အဲဒီနောက်မှာ ကျွန်မက သိုးသငယ် ဖွင့်သည့် စာစောင် ကို ဆက်ဖတ်တယ်။ မိုးလင်းကနေ မိုးချုပ်အထိ ဆုတောင်းလိုက်၊ ရှာဖွေလိုက်နဲ့ ဖတ်ကြည့်တယ်။ ဒီနှုတ်ကပတ်တော်တွေက ဖတ်ကြည့်လေလေ၊ သိပ်ကောင်းလေလေပဲလို့ ခံစားရတယ်။ သခင့်ကို ယုံကြည်လာတဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်မှာ ကျွန်မ မကြားဖူးခဲ့တာတွေ၊ နားမလည်ခဲ့တာတွေပဲ။ ဖတ်ကြည့်လေလေ တောင့်တမှုက ပိုပြီး ကြီးလာလေလေပဲ။ ကိုယ့်စိတ်နှလုံးထဲမှာ မီးလေး တောက်နေသလိုမျိုးပေါ့။ စဖတ်လိုက်တာနဲ့ မရပ်ချင်တော့ဘူး။ ကျမ်းပိုဒ်တိုလေး နည်းနည်းနဲ့တင် ကျွန်မ အများကြီး ရသွားတယ်။ ဒါတွေက ပြန်ကြွလာတဲ့သခင် ဖော်ပြထားတဲ့ နှုတ်ကပတ်တော်တွေပဲဆိုတာ တကယ် ဖြစ်နိုင်တယ်လို့ပဲ ခံစားမိတယ်။ အဲဒီတုန်းက တချို့အမှုတော်ဆောင်တွေကို ကျွန်မနဲ့အတူ ရှာဖွေဖို့ ပြောချင်တာပေါ့။ ဒါပေမဲ့ အမှုတော်ဆောင်တွေအားလုံးက ဆရာတော်ကို နာခံပြီး အရှေ့အရပ်မှလျှပ်ပြက်ခြင်းကို ဆန့်ကျင်တယ်လို့ ကျွန်မ နားလည်ထားတယ်။ သူတို့က ရှာဖွေချင်တဲ့သဘောမျိုးနဲ့ စူးစမ်းကြမှာ မဟုတ်ဘူး။ အဲဒါနဲ့ သူတို့နဲ့အတူ ရှာဖွေဖို့စိတ်ကူးကို လက်လျှော့လိုက်တယ်။ အဲဒီအစား သခင့်ကိုပဲ တိတ်တိတ်လေး ဆုတောင်းတယ်။ ကျွန်မကို လမ်းပြပေးဖို့ တောင်းလျှောက်တယ်။

နောက်တော့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ခုကို ဖတ်မိပြန်ရော။ “ယခင်အချိန်များကပြောခဲ့သည့် ဘုရားသခင်၏အိမ်တော်မှ အစပြုသည့် တရားစီရင်ခြင်းတွင်၊ ဤနှုတ်ကပတ်တော်များထဲမှ ‘တရားစီရင်ခြင်း’ သည် နောက်ဆုံးသောကာလတွင် သူ၏ ပလ္လင်ရှေ့သို့ လာကြသော သူများအပေါ် ယနေ့ ဘုရားသခင်ချမှတ်သော တရားစီရင်ခြင်းကို ရည်ညွှန်းပေသည်။ နောက်ဆုံးသောကာလ ရောက်လာပြီးချိန်တွင်၊ ဘုရားသခင်သည် ကောင်းကင်ဘုံတွင် ကြီးမားသော စားပွဲတစ်လုံးကို တည်ပေလိမ့်မည်၊ ယင်းအပေါ်တွင် အဖြူရောင် စားပွဲခင်းကြီးကို ဖြန့်ခင်းထားလိမ့်မည်ဖြစ်ပြီး၊ ထို့နောက် လူအားလုံး မြေပေါ် ဒူးထောက်လျက်နှင့် ကြီးမြတ်သော ပလ္လင်ပေါ်တွင် ထိုင်ရင်း၊ သူသည် လူအသီးသီး၏ အပြစ်များကို ထုတ်ဖော်ပြကာ၊ ထိုသို့ဖြင့် ၎င်းတို့သည် ကောင်းကင်ဘုံသို့ တက်ရမည်၊ သို့မဟုတ် ကန့်မီးအိုင်ထဲသို့ အပို့ခံရမည်ဆိုသည်ကို ဆုံးဖြတ်မည် ဟူသကဲ့သို့သော သဘာဝလွန် စိတ်ကူးများကို ယုံကြည်သော သူများ ရှိကောင်းရှိပေမည်။ လူသားက မည်သည့်အရာကို စိတ်ကူးသည်ဖြစ်စေ၊ ဘုရားသခင် အမှု၏ အနှစ်သာရကို မပြောင်းလဲနိုင်ပေ။ လူသား၏ စိတ်ကူးစိတ်သန်းများသည် လူသား၏ အတွေးများမှ ဖန်တီးမှုများသာ ဖြစ်သည်။ ယင်းတို့သည် လူသား၏ဦးနှောက်မှ လာသည်၊ လူသား မြင်ပြီးကြားပြီးသော အရာများမှ ပေါင်းရုံးကာ ဆက်စပ်ယူထားခြင်း ဖြစ်သည်။ ထို့ကြောင့် ငါပြောမည်၊ စိတ်ကူးပေါက်သည့် ပုံရိပ်များက မည်မျှတောက်ပသည်ဖြစ်စေ၊ ယင်းတို့သည် ကာတွန်းရုပ်ပုံများသာ ဖြစ်ပြီး၊ ဘုရားသခင်၏ အမှု၏ အစီအစဉ်ကို အစားထိုးနိုင်စွမ်း မရှိချေ။ အဆုံးတွင်၊ လူသားသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သည်၊ ထို့ကြောင့် သူသည် ဘုရားသခင်၏ အတွေးများကို အဘယ်သို့ နားလည် သဘောပေါက်နိုင်မည်နည်း။...ဘုရားသခင်၏ တရားစီရင်ခြင်း အမှုကို အံ့သြဖွယ်ဖြစ်ဖို့ အယောက်တိုင်း စိတ်ကူးကြ၏။ သို့သော်၊ ဘုရားသခင်သည် တရားစီရင်ခြင်းအမှုကို လူသားအလယ် အချိန်ကြာမြင့်စွာကတည်းက စတင်ပြီးသည့်အချိန်တွင်၊ သင်သည် ထိုင်းမှိုင်းလေးကန်သော အိပ်စက်ခြင်းဖြင့် ဝင်ကွေးနေသည်ကို သင်သိသလော။ ဘုရားသခင်၏ တရားစီရင်ခြင်းအမှုသည် တရားဝင် စတင်ပြီးဖြစ်သည်ဟု သင်ထင်သည့်အချိန်တွင်၊ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို အသစ်တဖန် ပြုလုပ်နှင့်ပြီးဖြစ်လိမ့်မည်။ ထိုအချိန်တွင်၊ သင်သည် ဘဝ၏အဓိပ္ပာယ်ကို နားလည်လာပြီးဖြစ်ရုံမျှသာ ဖြစ်ကောင်း ဖြစ်ပေမည်၊ သို့သော် ဘုရားသခင်၏ မငဲ့ညှာသော ပြစ်ဒဏ်ပေးခြင်းအမှုသည် သင့်အား နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေဆဲတွင် ငရဲထဲသို့ ခေါ်ဆောင်သွား လိမ့်မည်။ ထိုအခါမှသာ ဘုရားသခင်၏ စီရင်ခြင်းအမှုသည် အဆုံးသတ်နှင့်ပြီးဖြစ်သည်ကို သင် ရုတ်တရက် နားလည်လိမ့်မည်။” (သိုးသငယ် ဖွင့်သည့် စာစောင် “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏”) ဒီကျမ်းပိုဒ်ကို ပထမဆုံး ဖတ်မိချိန်မှာ ကျွန်မ နားမလည်ခဲ့ဘူး။ ကျွန်မ စဉ်းစားတာက၊ “နောက်ဆုံးသောကာလမှာ ဘုရားရဲ့ တရားစီရင်ခြင်းအမှုဆိုတာ ပလ္လင်ဖြူကြီးထက်ကနေ လူတိုင်းကို တရားစီရင်ရင်းနဲ့ လုပ်ဆောင်တာ မဟုတ်ဘူးလား။ ဒါက ကျမ်းစာလာအခြေပြုချက်လည်း ရှိတယ်။ ဒါက လူသားရဲ့စိတ်ကူးကနေ လာတာ ဟုတ်နိုင်ပါ့မလား။ ဘာသာရေးလောကတစ်ခုလုံးကလည်း ဒီလိုပဲ ယုံကြည်ကြတယ်” ပေါ့။ ဒါပေမဲ့ ဘုရားရဲ့တရားစီရင်ခြင်းအမှုက စတင်နေပြီးသားလို့ ဒီနှုတ်ကပတ်တော်တွေက ပြောတယ်။ ဒီနှုတ်ကပတ်တော်တွေက ဘာသာရေးလောကတစ်ခုလုံးရဲ့ အမြင်ကို ချေဖျက်လိုက်တယ်လို့ပဲ ကျွန်မ ထင်မိတယ်။ ဒါနဲ့ ကျွန်မလည်း အဲဒါကို ချက်ချင်းကြီး လက်မခံနိုင်ခဲ့ဘူး။ ဒါပေမဲ့ သမ္မာကျမ်းမှာ ပြောထားတာကို စဉ်းစားမိတယ်၊ “အကြောင်းမူကား‌ ရေးထားသော ပညတ်တရားသည် အသက်ကိုသတ်၍ ဝိညာဉ်တော်သည်ကား အသက်ကို ပေးလေ၏။” (ကောရိန်သုသြဝါဒစာ ဒုတိယစောင် ၃:၆) ဒါက ကျွန်မအနေနဲ့ တိုက်ရိုက်အဓိပ္ပာယ်ကို အခြေခံပြီး ဆုံးဖြတ်လို့မရဘူးဆိုတဲ့ သဘောပဲလေ။ အဲဒါအပြင် ဘာသာရေးလောကက ဟောပြောတာတွေက သေချာပေါက် မမှန်ကန်နိုင်ဘူး။ ဘာသာရေးလောကဆိုတာ ကျမ်းစာထဲက စကားတွေအားလုံးကို ဘုရားရဲ့နှုတ်ကပတ်တော်တွေဆိုပြီး သဘောထားတာ။ ဒါပေမဲ့ အဲဒီအမြင်ကိုလည်း မှားတယ်လို့ သက်သေပြပြီးသား မဟုတ်ဘူးလား။ ဒီနှုတ်ကပတ်တော်တွေမှာ နက်နဲမှုတစ်ခု ရှိရမယ်လို့ပဲ ကျွန်မ တွေးလိုက်တယ်။ ဒါကြောင့် ဆရာတော်နဲ့ တရားဟောဆရာတွေကို လုံးလုံး ယုံကြည်နေမယ့်အစား၊ နောက်ဆုံးသောကာလမှာ သခင်က လူတိုင်းကို ဘယ်လိုတရားစီရင်လဲဆိုတာကို ဒီနှုတ်ကပတ်တော်တွေထဲမှာပဲ ငါ့အနေနဲ့ ရှာဖွေသင့်တယ်ပေါ့။ အဲဒါနဲ့ သခင့်ကိုပဲ ဆုတောင်းတယ်။ ကျွန်မကို လမ်းပြပေးဖို့ တောင်းလျှောက်တယ်။

တစ်ရက်ကျတော့ ဒီကျမ်းပိုဒ်ကို စာအုပ်ထဲမှာ တွေ့လိုက်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်သည် လူသား၏ အယူအဆများအတိုင်း အမှုပြုသလော သို့မဟုတ် လူသား၏ အယူအဆများကို ဆန့်ကျင်လျက် အမှုပြုသလော။ လူသား၏ အယူအဆများအားလုံးသည် စာတန်ထံမှ ဆင်းသက်လာသည် မဟုတ်သလော။ လူသားအားလုံးသည် စာတန်အားဖြင့် ဖောက်ပြန်ပျက်စီးပြီးဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် သူ၏ အမှုကို လူသား၏ အယူအဆများအတိုင်း လုပ်ဆောင်ခဲ့ပါက၊ သူသည် စာတန်ဖြစ်လာမည် မဟုတ်လော။ သူသည် သူ၏ ဖန်ဆင်းခြင်းများနှင့် တစ်မျိုးတစ်စားတည်း ဖြစ်လာမည် မဟုတ်လော။ သူ၏ဖန်ဆင်းခံများသည် ယခုတွင် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို အလွန်ခံရပြီးဖြစ်သည်မှာ လူသားသည် စာတန်၏ ပြယုဂ်ဖြစ်လာပြီးဖြစ်သည့်အတွက်၊ ဘုရားသခင်သည် စာတန်၏ အမှုအရာများအတိုင်း အမှုပြုခဲ့မည်ဆိုပါက၊ သူသည် စာတန်နှင့် တစ်ဖွဲ့တည်း ဖြစ်ပေမည် မဟုတ်လော။ လူသည် ဘုရားသခင်၏ အမှုကို မည်သို့ နားလည်သဘောပေါက်နိုင်မည်နည်း။ ထို့ကြောင့် ဘုရားသခင်သည် လူ၏ အယူအဆများအတိုင်း မည်သည့်အခါတွင်မျှ အမှုပြုမည်မဟုတ်သကဲ့သို့၊ သင်စိတ်ကူးသည့် နည်းလမ်းများအတိုင်း မည်သည့်အခါတွင်မျှ အမှုပြုမည် မဟုတ်ပေ။” (သိုးသငယ် ဖွင့်သည့် စာစောင် “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)”) ဒီနှုတ်ကပတ်တော်တွေကို ထပ်တလဲလဲ ဆင်ခြင်ကြည့်ရင်းနဲ့၊ ရင်ထဲမှာ ယူကျုံးမရ နာကျင်တာမျိုး၊ ကြီးကြီးမားမား အပြစ်ရှိသလိုမျိုး ခံစားလိုက်ရတယ်။ ဟုတ်တာပေါ့၊ ဘုရားက အမှုအရာတွေကို လူသားအယူအဆတွေ၊ စိတ်ကူးတွေအတိုင်း မလုပ်ဆောင်ဘူးလေ။ သမ္မာကျမ်းမှာ ပြောထားတာကို ကျွန်မ သွားသတိရတယ်၊ “ဘုရားသခင်၏ဉာဏ်တော်နှင့် အသိပညာသည် အလွန်ကြွယ်ဝ၍ နက်နဲလှပါ၏။ ကိုယ်တော်၏ စီရင်တော်မူချက်တို့ကို မည်သူမျှ စူးစမ်း၍ မတွေ့နိုင်။ ကိုယ်တော်၏တရားလမ်းတော်တို့ကိုလည်း မည်သူမျှ နားမလည်နိုင်ပါတကား။ မည်သူသည် ထာဝရဘုရားသခင်၏ စိတ်အကြံစည်တော်ကို သိနိုင်မည်နည်း။ မည်သူသည် ထာဝရဘုရားသခင်၏ အတိုင်ပင်ခံဖြစ်ဖူးသနည်း။” (ရောမသြဝါဒစာ ၁၁:၃၃-၃၄) “ထာဝရဘုရားသခင် မိန့်တော်မူသည်ကား၊ ငါ၏စိတ်အကြံစည်တော်သည် သင်တို့၏အကြံအစည်နှင့် မတူ။ ငါ၏အကျင့်သည်လည်း သင်တို့၏အကျင့်စရိုက်တို့နှင့် မတူပေ။ မိုးကောင်းကင်သည်ကား မြေကြီးထက်သာ၍ မြင့်မားသကဲ့သို့၊ ငါ၏အကျင့်သည် သင်တို့၏အကျင့်စရိုက်ထက်လည်းကောင်း၊ ငါ၏စိတ်အကြံစည်တော်သည် သင်တို့၏အကြံအစည်ထက်လည်းကောင်း သာ၍မြင့်မား၏။” (ဟေရှာယအနာဂတ္တိကျမ်း ၅၅:၈-၉) နိုင်ငံတော်၏ ဧဝံဂလိတရားအကြောင်း သက်သေခံချက်နှင့်သက်ဆိုင်သော အမေးအဖြေများ စာအုပ်ထဲမှာလည်း အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ရဲ့ ညီအစ်ကိုမောင်နှမတွေက မိတ်သဟာယပြုထားတယ်၊ ဣသရေလလူတွေအားလုံးက မေရှိယ ပြန်ကြွလာဖို့ကို စောင့်မျှော်ခဲ့ကြတယ်ပေါ့။ ဒါပေမဲ့ သူတို့ကိုယ်ပိုင် အယူအဆတွေနဲ့ စိတ်ကူးတွေကြောင့်၊ သူတို့ထင်ခဲ့တာက မေရှိယဟာ ပြန်ကြွလာပြီဆိုရင် နန်းတော်ထဲမှာ မွေးဖွားလိမ့်မယ်၊ သူဟာ ဘုန်းအာနုဘော်နဲ့ပြည့်စုံပြီး သာမန်ထက် ထူးခြားလိမ့်မယ်၊ ပြီးတော့ သူဟာ တိုက်ပွဲဝင်ဖို့အတွက် ဒါဝိဒ်မင်းကြီးလို သူတို့ကို ဦးဆောင်ပြီး၊ ရောမအုပ်စိုးမှုအောက်ကနေ ကယ်တင်လိမ့်မယ်ပေါ့။ ဒါပေမဲ့ သခင်ယေရှု ကြွလာတဲ့အချိန်မှာ၊ သူက နန်းတော်မှာမဟုတ်ဘဲ၊ နွားစားခွက်တစ်ခုမှာ မွေးလာခဲ့တယ်။ လူတွေကိုလည်း စစ်ထွက်ကြဖို့ ဦးမဆောင်ခဲ့ဘူး။ အဲဒီအစား နှိမ့်ချခြင်းနဲ့ သည်းခံခြင်းကိုပဲ ဆုံးမပေးခဲ့တယ်။ လူတွေကို သူတို့အပြစ်တွေ ဝန်ခံပြီး နောင်တရကြဖို့ တောင်းဆိုခဲ့တယ်။ သခင်ယေရှု ကြွလာတာက လူသားအယူအဆတွေနဲ့ မကိုက်ညီခဲ့တဲ့အပြင်၊ သူတို့ စိတ်ကူးထားသလို မဟုတ်တဲ့အတွက်၊ သူတို့က ကိုယ်တော့်ကို ငြင်းပယ်ဆန့်ကျင်ပြီး အသရေဖျက်ခဲ့ကြတယ်။ နောက်ဆုံး ကိုယ်တော့်ကို ကားတိုင်မှာ သံမှိုစွဲတဲ့အထိ ဖြစ်ကုန်ပြီး၊ မေရှိယ ကြွလာခြင်းကို တောင့်တပေမဲ့၊ ဆန့်ကျင်ရှုတ်ချမိခဲ့တဲ့ ထာဝရအပြစ်သားတွေ ဖြစ်လာကြတယ်လေ။ ကျွန်မလည်း ဒီနှုတ်ကပတ်တော်တွေကို ဖတ်မိတော့၊ တော်တော် လှိုက်လှိုက်လှဲလှဲ ဖြစ်သွားတာ။ ဟုတ်တာပေါ့၊ ဘုရားရဲ့အကြံအစည်တွေက ကျွန်မတို့အတွက် တကယ်ကို ခက်ခဲနက်နဲလွန်းတယ်။ ဘုရားရဲ့အမှုတော်ဆိုတာလည်း လူသားတွေ စိတ်ကူးနိုင်တာထက်ကို လုံးလုံး ကျော်လွန်နေတယ်။ ကျွန်မအနေနဲ့ ကိုယ့်အတွေးတွေကို ဘေးဖယ်ပြီး၊ သခင်က တရားစီရင်ခြင်းအမှုကို ဘယ်လိုပြုလဲဆိုတာကို အလေးအနက် ရှာဖွေရမယ်။ ဣသရေလလူတွေလို အမှားမျိုးတွေ မလုပ်မိအောင်ပေါ့။

နောက်တော့ ဘုရားရဲ့နှုတ်ကပတ်တော် ကျမ်းပိုဒ်နှစ်ခုကို ထပ်ဖတ်မိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထားပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤကွဲပြားခြားနားသော ဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းစနစ်အားလုံးကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ချိုးနှိမ်ခံရနိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံး ခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။” (သိုးသငယ် ဖွင့်သည့် စာစောင် “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏”) “ဘုရားသခင်သည် မသိလိုက်သည့်အချိန်အချို့တွင် ကမ္ဘာမြေပေါ်သို့ ကြွကောင်းကြွလာနိုင်ပြီး လူသားထံ ပေါ်ထွန်းကာ၊ ပြီးနောက် မည်သူ့ကိုမျှ အလွတ်မပေးဘဲ တစ်ယောက်ပြီး တစ်ယောက်ကို စစ်ဆေးလျက်၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို ကိုယ်တိုင်ကိုယ်ကျ တရားစီရင်မည်ဟု အချို့က ယုံကြည်ကြသည်။ ဤနည်းဖြင့် တွေးထင်သူတို့သည် လူ့ဇာတိခံယူခြင်း အမှု၏ ဤအဆင့်ကို မသိကြပေ။ ဘုရားသခင်သည် လူကို တစ်ယောက်ပြီး တစ်ယောက် တရားမစီရင်သကဲ့သို့၊ တစ်ယောက်ပြီး တစ်ယောက် မစစ်ဆေးပေ။ ထိုသို့ပြုခြင်းသည် တရားစီရင်ခြင်းအမှု ဖြစ်မည် မဟုတ်ပေ။ လူသားမျိုးနွယ် အားလုံး၏ ဖောက်ပြန်ပျက်စီးမှုသည် အတူတူ ဖြစ်သည် မဟုတ်လော။ လူသားမျိုးနွယ် တစ်ရပ်လုံး၏ အနှစ်သာရသည် အတူတူ ဖြစ်သည် မဟုတ်လော။ တရားစီရင်ခြင်း ခံရသည်မှာ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရ၊ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရသည့် လူသား၏အနှစ်သာရနှင့် လူသား၏ အပြစ်အားလုံးတို့ ဖြစ်သည်။ ဘုရားသခင်သည် လူသား၏ အသေးအဖွဲဖြစ်ပြီး အရေးမပါသော အမှားတို့ကို တရားမစီရင်ပေ။ တရားစီရင်ခြင်း အမှုသည် ကိုယ်စားပြုသောအရာဖြစ်ပြီး၊ အထူးသဖြင့် လူတစ်ဦးတစ်ယောက်အတွက် ဆောင်ရွက်ခြင်း မဟုတ်ပေ။ ထို့ထက် ယင်းသည် လူသားမျိုးနွယ် တစ်ရပ်လုံးနှင့်ဆိုင်သည့် တရားစီရင်ခြင်းကို ကိုယ်စားပြုရန်အလို့ငှာ လူတစ်စုက တရားစီရင်ခြင်း ခံရသည့် အမှုဖြစ်သည်။ လူတစ်စုအပေါ်၌ မိမိ၏အမှုကို ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ခြင်းအားဖြင့် လူ့ဇာတိဖြင့် ဘုရားသခင်သည် လူသားတစ်မျိုးနွယ်လုံး၏အမှုကို ကိုယ်စားပြုရန် သူ၏အမှုကို အသုံးပြုသည်၊ ထို့နောက်တွင် ယင်းသည် တဖြည်းဖြည်း ပျံ့နှံ့လေသည်။ ဤသည်မှာ တရားစီရင်ခြင်းအမှု ပြုသည့်ပုံလည်း ဖြစ်သည်။ ဘုရားသခင်သည် လူတစ်မျိုး၊ သို့မဟုတ် လူတစ်စုကို တရားစီရင်သည် မဟုတ်ဘဲ၊ လူသားမျိုးနွယ်တစ်ရပ်လုံး၏ မဖြောင့်မတ်ခြင်း- ဥပမာအားဖြင့် ဘုရားသခင်ကို လူသား၏ဆန့်ကျင်မှု၊ သို့မဟုတ် လူသား၏ ဘုရားသခင်အပေါ် မကြောက်ရွံ့မှု၊ သို့မဟုတ် ဘုရားသခင်၏အမှုကို လူသား၏ နှောင့်ယှက်ခြင်း အစရှိသည်တို့ကို တရားစီရင်သည်။ တရားစီရင်ခံရသည့်အရာမှာ ဘုရားသခင်ကို ဆန့်ကျင်သည့် လူသားမျိုးနွယ်၏ အနှစ်သာရဖြစ်ပြီး၊ ဤအမှုသည် နောက်ဆုံးသောကာလ၏ သိမ်းပိုက်ခြင်းအမှုဖြစ်သည်။ လူသားက မျက်မြင်တွေ့ကြုံရသည့် လူ့ဇာတိခံ ဘုရားသခင်၏အမှုနှင့် နှုတ်ကပတ်တော်သည် လူသားတို့ အတိတ်ကာလများအတောအတွင်း စိတ်ကူးပေါက်ခဲ့သော နောက်ဆုံးသောကာလ အတောအတွင်း ပလ္လင်ဖြူကြီးရှေ့က တရားစီရင်ခြင်း အမှုဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်က လတ်တလော လုပ်ဆောင်လျက်ရှိသော အမှုသည် ပလ္လင်ဖြူကြီးရှေ့ တရားစီရင်ခြင်း အတိအကျဖြစ်သည်။” (သိုးသငယ် ဖွင့်သည့် စာစောင် “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်”) ဒီနှုတ်ကပတ်တော်တွေကို ဖတ်ပြီးသွားတော့ ကျွန်မ တုန်လှုပ်သွားတယ်။ ဘုရားက တရားစီရင်ခြင်းအမှုကို ဘယ်လိုပြုလဲဆိုတာကို နိုင်ငံတော်၏ ဧဝံဂလိတရားအကြောင်း သက်သေခံချက်နှင့်သက်ဆိုင်သော အမေးအဖြေများ စာအုပ်ထဲက မိတ်သဟာယပြုချက်ကို ဖတ်မိတော့မှပဲ ကျွန်မ နောက်ဆုံး နားလည်သွားတာ။ ဟိုအရင်ကဆို ကျွန်မ ထင်ခဲ့တာက၊ ဘုရားသခင်ဟာ ပလ္လင်ဖြူကြီးထက်မှာ ထိုင်ပြီး၊ လူသားအယောက်တိုင်းက ရှေ့တော်မှောက်မှာ ဒူးထောက်နေကြလိမ့်မယ်။ အဲဒီမှာ သူတို့ရဲ့အပြစ်တွေအတွက် လူတစ်ယောက်စီတိုင်းကို တရားစီရင်လိမ့်မယ်ပေါ့။ ဒါပေမဲ့ ဒါက ကျွန်မရဲ့ကိုယ်ပိုင်အယူအဆနဲ့ စိတ်အထင်လေ။ ဘုရားက လူတစ်ယောက်စီကို အဲဒီလို တရားစီရင်ဖို့ဆိုရင် အချိန်တွေ ဘယ်လောက်တောင် ကြာသွားမလဲ။ အဲဒီလို အချည်းနှီးအမှုတော်မျိုးကို ဘုရားက လုပ်မှာတဲ့လား။ နောက်ဆုံးသောကာလရဲ့ တရားစီရင်ခြင်းမှာ ဘုရားက လူတွေကို ဒီလိုတရားစီရင်တာ မဟုတ်ဘူး။ ဘုရားက တရားစီရင်ခြင်းအမှုကို ပြုဖို့အတွက် သမ္မာတရားကို ဖော်ပြပေးတယ်။ ကျွန်မတို့အတွင်းထဲက ဆိုးယုတ်တဲ့ စိတ်သဘောထားတွေနဲ့ လွဲမှားတဲ့သဘာဝကို ပစ်မှတ်ထားတယ်။ အဲဒီမှာမှ အရင်းခံဖြစ်တဲ့ အပြစ်လုပ်တတ်ခြင်း၊ ဘုရားကို ခုခံတတ်ခြင်းဆိုတဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့အတွက် တရားစီရင်ပြီး ထုတ်ဖော်ပြတယ်။ ကျွန်မတို့က ဘုရားရဲ့နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို လက်မခံဘဲ၊ သခင်ယေရှုရဲ့ ရွေးနုတ်ခြင်းကိုပဲ လက်ခံတယ်ဆိုရင်၊ အပြစ်ရဲ့အရင်းခံအကြောင်းရင်းက ဘယ်တော့မှ ပြေလည်တော့မှာမဟုတ်ဘူး၊ အပြစ်လုပ်တယ် ဝန်ခံတယ်ဆိုတဲ့ သံသရာထဲမှာပဲ ပိတ်မိနေလိမ့်မယ်။ အပြစ်ရဲ့အချုပ်အနှောင်ကနေ ဘယ်တော့မှ လွတ်မှာမဟုတ်ဘူး။ သမ္မာကျမ်းမှာ ပြောတယ်လေ၊ “အပြစ်တရား၏အခကား သေခြင်းပေတည်း” (ရောမသြဝါဒစာ ၆:၂၃) “သန့်ရှင်းခြင်းပါရမီ မရှိလျှင်၊ အဘယ်သူမျှ ဘုရားသခင်ကို မဖူးမမြင်ရ” (ဟေဗြဲသြဝါဒစာ ၁၂:၁၄) ကျွန်မက နောက်ဆုံးသောကာလရဲ့ တရားစီရင်ခြင်းကို လက်မခံဘဲ၊ သခင့်ကို ယုံကြည်တယ်ဆိုရင်၊ အပြစ်ရဲ့အချုပ်အနှောင်ကနေ ဘယ်တော့မှ လွတ်မှာမဟုတ်ဘူး၊ သခင့်ကို ဖူးတွေ့ဖို့ ထိုက်တန်မှာမဟုတ်ဘူး၊ သူ့နိုင်ငံတော်ဆီ ချီမခံရဖို့ အရည်အချင်းပြည့်မီမှာ မဟုတ်ဘူးဆိုတာကို နားလည်သွားတယ်။ ဘုရားရဲ့တရားစီရင်ခြင်းအမှုက တကယ်ကို အဓိပ္ပာယ်ရှိတယ်လို့ ခံစားမိတယ်။ အဲဒီအချိန်မှာ ဒီနှုတ်ကပတ်တော်တွေကို ဖတ်လေလေ၊ စိတ်နှလုံးက ပိုပြီး ကြည်လင်လာလေပဲ။ ကျွန်မ မြင်သွားတာက၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဟာ သမ္မာတရားပဲ။ ပြီးတော့ ဘုရားသခင် ပြန်ကြွတဲ့အခါ လူတွေကို ဘယ်လို တရားစီရင်လဲဆိုတာကို ပြတ်ပြတ်သားသား ရှင်းပြနိုင်တဲ့ ဝိညာဉ်ရေးရာပုဂ္ဂိုလ်တွေဆိုတာ ဘာသာရေးလောကမှာ တစ်ယောက်မှမရှိဘူး။ ဒီနေ့ခေတ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင် ကြွလာပါပြီ။ ဘုရားအိမ်တော်ကနေ စတင်တဲ့ တရားစီရင်ခြင်းအမှုကို ပြုနေပါတယ်။ ဒီလိုအဖြစ်မှန်တွေနဲ့ နက်နဲမှုတွေအားလုံးကို ထုတ်ဖော်ပြဖို့အတွက် သမ္မာတရားတွေအများကြီးကိုလည်း ဖော်ပြထားတယ်။ ဒီအကြောင်းအရာတွေကို ပင်ကိုနှုတ်ထွက်စကားတွေနဲ့ မိန့်ဆိုနေတဲ့ ပြန်ကြွလာတဲ့သခင်ကလွဲရင် ဘယ်သူက ထင်ထင်ရှားရှား ရှင်းပြနိုင်မှာလဲ။ ဒါက ဘုရားကိုယ်တော်တိုင်ရဲ့ အမှုတော်ပါ။ ဒီအကြောင်းအရာတွေကို ဘုရားကိုယ်တော်တိုင်ပဲ သိတယ်။ အဲဒီလိုနဲ့ပဲ အချိန်တစ်ခုစာလောက် စူးစမ်းပြီးသွားတော့၊ ကျွန်မ ဆုပ်ကိုင်ထားတဲ့ ဒီဘာသာရေးအယူအဆတွေက ဘုရားရဲ့နှုတ်ကပတ်တော်ကြောင့် တဖြည်းဖြည်း ပပျောက်ကုန်တယ်။ အဲဒီအချိန်ကစပြီး ကျွန်မလည်း အနန္တတန်ခိုးရှင်ဘုရားသခင် လုပ်ဆောင်နေတဲ့ အမှုတော်ရဲ့အဆင့်သစ်ကို လုံးဝ ယုံကြည်လက်ခံသွားတာပါ။ ကိုယ့်တစ်သက်တာမှာ ဘုရားရဲ့အသံကို ကြားပြီး၊ သခင် ပြန်လာခြင်းကို ကြိုဆိုရလောက်အောင်၊ ကျွန်မက ကံကောင်းခဲ့တာပါ။ ဒါက ကျွန်မအတွက်တော့ အထူးတလည် ခံစားရတာပေါ့။ ပျော်လွန်းလို့ ထခုန်ချင်စိတ်ပါ ဖြစ်မိတယ်။

ဘုရားသခင်ကျေးဇူးပါပဲ။ ကျွန်မအနေနဲ့ သမ္မာတရားကို နားလည်အောင်၊ မှားယွင်းတဲ့ အယူအဆတွေကို ဖက်တွယ်နေပါလားဆိုတာ သဘောပေါက်အောင် လုပ်ပေးခဲ့တဲ့၊ နှုတ်ကပတ်တော်သစ်တွေ အများကြီးကို ဘုရားက မဖော်ပြခဲ့ဘူးဆိုရင်၊ ကျွန်မက နောင်တတွေမရဘဲ သေချင်သေသွားမှာ၊ ကိုယ့်ဆရာတော်ကိုပဲ နာခံရင်းနဲ့၊ ဘုရားရဲ့အမှုတော်သစ်ကို စူးစမ်းဖို့ ဆက်ပြီး ငြင်းနေမိဦးမှာ။ အဲဒီအချိန်တုန်းက ကျွန်မ စဉ်းစားသေးတယ်။ သခင် ပြန်လာခြင်း သတင်းကောင်းကို ညီအစ်ကိုမောင်နှမတွေကို အများကြီး ပြောပြရမယ်၊ အဲဒါမှ သူတို့လည်း ဆရာတော်ရဲ့အချုပ်အနှောင်ကနေ လွတ်နိုင်မယ်၊ ဘာသာရေးအယူအဆတွေရဲ့ ချုပ်ချယ်တာတွေကို မခံကြရဘဲ၊ သခင် ပြန်လာခြင်းကို ကြိုဆိုနိုင်ကြမယ်ပေါ့။ အဲဒီနောက်မှာ ကျွန်မလည်း ကိုယ့်ညီအစ်ကိုမောင်နှမတွေနဲ့အတူ ဧဝံဂေလိတရား ဟောပြောပေးတယ်။ ကိုယ့်မူလအသင်းတော်ခွဲက လူတွေအများကြီးကို ဘုရားရဲ့အိမ်တော်ဆီ ပို့ပေးခဲ့ပါတယ်။ အဲဒီခုနစ်နှစ်ဆိုတဲ့ကာလကို ပြန်စဉ်းစားကြည့်တော့၊ ကျွန်မက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို စူးစမ်းဖို့ ငြင်းခဲ့ရုံမကဘူး၊ ကိုယ့်ညီအစ်ကိုမောင်နှမတွေကို အယူအဆတွေနဲ့ အတွေးမှားတွေ အများကြီး သွန်သင်ပေးခဲ့မိတော့၊ သူတို့ကို လှည့်စားသလိုဖြစ်ပြီး၊ လမ်းမှန်ကို မစူးစမ်းမိအောင် နှောင့်ယှက်မိခဲ့တာပါ။ ဘုရားကို ခုခံပြီး အဲဒီလိုမကောင်းမှုကြီး လုပ်ခဲ့မိတာကို စဉ်းစားမိတဲ့အခါ၊ ကျွန်မ တကယ်ကို နောင်တတရားကြီး ရမိတယ်။ ဘုရားကို နှစ်ပေါင်းများစွာ ပုန်ကန်ခုခံခဲ့မိတယ်ဆိုတဲ့ အမည်းစက်ကို ဘယ်တော့မှ ဖျက်ပစ်နိုင်တော့မှာမဟုတ်ဘူး။ ဒီဘာသာရေးအယူအဆတွေက လူတွေကို ဘယ်လောက်အထိ ဒုက္ခပေးမှန်း ကျွန်မ နားလည်ပြီ။ ကျွန်မတို့က ဒီဘာသာရေးအယူအဆတွေကို မစွန့်လွှတ်ဘဲ၊ သမ္မာတရားကိုလည်း မရှာဖွေဘူးဆိုရင်၊ ပြန်ကြွလာတဲ့သခင်ကို ဘယ်တော့မှ ကြိုဆိုနိုင်ကြမှာ မဟုတ်ဘူး။ ဘုရားက ကျွန်မအပေါ် သနားကရုဏာထားခဲ့တာ၊ ဒီဘာသာရေးအယူအဆတွေကနေ လွတ်မြောက်စေတာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ဆီ ဦးလှည့်ဖို့ အခွင့်ကောင်းကို ပေးခဲ့တာတွေအတွက် ကျွန်မ ကျေးဇူးတင်မိပါတယ်။ ရှေ့ဆက်ပြီးလည်း ဘုရားရဲ့မေတ္တာကို ပြန်ပေးဆပ်ဖို့အတွက် ဧဝံဂေလိတရားကို ဟောပြောဖို့ အစွမ်းကုန် လုပ်ဆောင်သွားမှာပါ။ ဘုရားကျေးဇူးတော်ကို ချီးမွမ်းပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဧဝံဂေလိတရားကို မျှဝေခြင်း အတွေ့အကြုံတစ်ခု

ဖူစူး တောင်ကိုရီးယားနိုင်ငံ ကျွန်မက အန္တတန်ခိုးရှင်ဘုရားရဲ့ နောက်ဆုံးသောကာလအမှုတော်ကို လက်ခံပြီးတဲ့နောက်ပိုင်း ဧဝံဂေလိတရားစဟောဖြစ်ခဲ့တယ်။...

ဤအသံက မည်သည့်နေရာက လာသနည်း

ရှီရင်း၊ တရုတ်ပြည် ကျွန်မက ခရစ်ယာန်မိသားစု တစ်စုတွင် မွေးဖွားလာပြီး၊ ကျွန်မ၏ ဆွေမျိုးများစွာတို့သည် တရားဟောဆရာများ ဖြစ်ကြသည်။ ကျွန်မ...

သန့်စင်သူသာ ကောင်းကင်နိုင်ငံတော်ကို ဝင်ခွင့်ရ၏

ဆာရာ အမေရိကန်နိုင်ငံ ကျွန်မသခင့်ကိုယုံကြည်ပြီးတဲ့နောက်မှာ အိမ်နီးချင်းတွေကိုလည်း ကိုယ့်လိုသဘောထားပြီးချစ်ခင်ဖို့ သခင်ကဆုံးမတယ်၊...

တရုတ်ပြည်တွင် ဘုရားသခင် ပေါ်ထွန်းခြင်းနှင့် အလုပ်လုပ်ခြင်းသည် အလွန်အရေးပါသည်။

“ငါသည် ငါ၏ ဘုန်းတော်ကို ဣသရေလတို့ကို ပေးပြီးနောက် ပြန်ယူလိုက်၏၊ ထို့နောက် ဣသရေလလူမျိုးတို့အား အရှေ့အရပ်သို့ ခေါ်ဆောင်ခဲ့ပြီး လူသားမျိုးနွယ်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။