စစ်မှန်သောဆုတောင်းခြင်းဆိုသည်မှာ အဘယ်နည်း။ ဆုတောင်းခြင်းအားဖြင့် ကျွန်ုပ်တို့သည်ဘုရားသခင်နှင့် စစ်မှန်သော မိတ်သဟာယဖွဲ့ခြင်းကို မည်သို့ရရှိနိုင်သနည်း။

18.05.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

စစ်မှန်သော ဆုတောင်းခြင်းဆိုသည်မှာ အဘယ်နည်း။ ယင်းမှာ သင်၏နှလုံးသားထဲ ရှိသည့်အရာကို ဘုရားသခင်အား ပြောဆိုခြင်း၊ သူ၏ အလိုတော်ကို သင် သဘောပေါက်သည့်အတိုင်း ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်း၊ သူ၏ နှုတ်ကပတ်တော်များမှတစ်ဆင့် ဘုရားသခင်ကို ဆက်သွယ်ခြင်း၊ ဘုရားသခင်နှင့် အထူးသဖြင့် ရင်းနှီးသည်ဟု ခံစားခြင်း၊ သူသည် သင်၏ ရှေ့တွင် ရှိနေသည်ဟု ခံစားရခြင်းနှင့် သူ့ကို ပြောစရာတစ်ခုခု ရှိသည်ဟု ယုံကြည်ခြင်း ဖြစ်သည်။ သင်၏ စိတ်နှလုံးသည် အလင်းဖြင့် ပြည့်သည်ဟု ခံစားရကာ ဘုရားသခင် မည်မျှ ချစ်ဖွယ်ကောင်းသည်ကို သင် ခံစားရသည်။ သင်သည် အထူးသဖြင့် လှုံ့ဆော်မှုကို ခံစားရပြီး သင်ပြောသည့်အရာကို နားထောင်ခြင်းက သင်၏ညီအစ်ကို မောင်နှမများကို အားရကျေနပ်မှု ပေးသည်။ သင်၏ စကားများသည် ၎င်းတို့ ကိုယ်တိုင်၏စကားများ ကိုယ်စားပြောသည့်အလား၊ သင်ပြောသည့် စကားများက ၎င်းတို့၏ စိတ်နှလုံးအတွင်း၌ရှိသည့် စကားများ၊ ၎င်းတို့ပြောချင်သည့် စကားများ ဖြစ်သည်ဟု ၎င်းတို့ ခံစားရလိမ့်မည်။ ဤသည်မှာ စစ်မှန်သည့် ဆုတောင်းခြင်း ဖြစ်သည်။ စစ်မှန်သော ဆုတောင်းခြင်းကို သင် လုပ်ဆောင်ပြီးနောက်တွင်၊ သင်၏စိတ်နှလုံးသည် ငြိမ်းချမ်းလိမ့်မည်ဖြစ်ပြီး အားရကျေနပ်ခြင်းကို သိလိမ့်မည်။ ဘုရားကို ချစ်ဖို့စွမ်းအား မြင့်မားလာနိုင်ပြီး ဘဝတွင် ဘုရားသခင်ကို ချစ်ခြင်းထက် သာ၍ တန်ဖိုးရှိသည့်အရာ သို့မဟုတ် အရေးပါသည့်အရာ မရှိဟု သင် ခံစားရလိမ့်မည်။ ဤအရာအားလုံးက သင်၏ဆုတောင်းခြင်းများ ထိရောက်သည်ကို သက်သေပြပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဆုတောင်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍

ပြီးလျှင် မည်သည့် အကြောင်းအရာကို သင် ဆုတောင်းသနည်း။ သင်၏ ဆုတောင်းခြင်းသည် သင့်စိတ်နှလုံး၏ စစ်မှန်သော အခြေအနေ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်တို့ နှင့်အညီ တစ်ဆင့်ပြီး တစ်ဆင့် ရှေ့ဆက်သင့်သည်။ သင်သည် ဘုရားသခင်၏ အလိုတော်၊ လူသားကို သူ တောင်းဆိုသည့် အရာနှင့်အညီ ဘုရားသခင်ကို မိတ်သဟာယပြုရန် လာသည်။ ဆုတောင်းခြင်းကို သင်စတင်၍ လက်တွေ့လုပ်ဆောင်သည့် အခါတွင်၊ ပထမဦးစွာ သင်၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးလော့။ ဘုရားသခင်၏ အလိုတော်ကို နားလည် သဘောပေါက်ဖို့ မကြိုးပမ်းနှင့်- သင်၏နှလုံးသားထဲတွင်ရှိသည့် စကားများကိုသာ ဘုရားသခင်ကို ပြောဖို့ကြိုးစားလော့။ ဘုရားသခင်ရှေ့သို့ သင် လာသည့်အခါတွင်၊ ဤကဲ့သို့ ပြောလော့- “အို ဘုရားသခင်၊ ကျွန်ုပ် ကိုယ်တော့်ကို မနာခံလေ့မရှိခဲ့သည်ကို ယနေ့မှ ကျွန်ုပ် သိပါ၏။ ကျွန်ုပ်သည် ဧကန်အမှန် ဖောက်ပြန်ပျက်စီးပြီး စက်ဆုပ်ဖွယ်ဖြစ်ပါ၏။ ကျွန်ုပ်၏ဘဝကို ကျွန်ုပ် ဖြုန်းတီး၍သာ နေမိပါပြီ။ ယနေ့မှစ၍ ကိုယ်တော်အတွက်အသက်ရှင်ပါမည်။ အဓိပ္ပါယ်ရှိသည့် ဘဝကို အသက်ရှင်ပြီး၊ ကိုယ်တော်၏ အလိုတော်ကို ဖြည့်ဆည်းပါမည်။ ကိုယ်တော်၏ ဝိညာဉ်တော်သည် ကျွန်ုပ်ကို စဉ်ဆက်မပြတ် အလင်းပြကာ ဉာဏ်အလင်းပေးလျက် ကျွန်ုပ်၏အထဲတွင် လုပ်ဆောင်စေတော်မူပါ။ ကျွန်ုပ်အား ကိုယ်တော်၏ ရှေ့တွင် ခိုင်မာပြီး ထူးကဲလှသည့် သက်သေခံခွင့်ပေးတော်မူပါ။ ကိုယ်တော်၏ဘုန်းတော်၊ ကိုယ်တော်၏ သက်သေခံချက်ကို စာတန်အား မြင်စေတော်မူပါ။ ကိုယ်တော်၏ အောင်မြင်မှု သက်သေကို ကျွန်ုပ်တို့၏အတွင်း၌ ထင်ရှားစေတော်မူပါ။” ဤသို့ သင် ဆုတောင်းသည့်အခါ၊ သင်၏ စိတ်နှလုံးသည် လုံးဝ လွတ်မြောက်လိမ့်မည်။ ဤသို့ ဆုတောင်းပြီးသည့်အခါ၊ သင်၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် သာ၍ ရင်းနှီးလာလိမ့်မည် ဖြစ်ပြီး၊ ဤနည်းဖြင့် မကြာခဏ သင်ဆုတောင်းနိုင်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်၏အတွင်းတွင် မလွဲမသွေ အလုပ်လုပ်လိမ့်မည်။ သင်သည် ဘုရားကို ဤနည်းလမ်းဖြင့် အမြဲခေါ်ပြီး သူ့ရှေ့မှောက်တွင် သင်၏ ဆုံးဖြတ်ချက်ကို ချပါက၊ သင်၏ ဆုံးဖြတ်ချက်သည် ဘုရားသခင်အဖို့ လက်ခံနိုင်စရာ ဖြစ်သည့် နေ့တစ်နေ့၊ သင်၏ စိတ်နှလုံးနှင့် ဖြစ်တည်မှု တစ်ခုလုံးကို ဘုရားသခင် ရယူကာ နောက်ဆုံးတွင် သင့်ကို သူ စုံလင်စေသည့် နေ့တစ်နေ့ ရောက်လာလိမ့်မည်။ သင်တို့အတွက် ဆုတောင်းခြင်းသည် အရေးကြီးဆုံး ဖြစ်၏။ သင်ဆုတောင်းပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ရရှိသည့်အခါတွင်၊ သင်၏စိတ်နှလုံးသည် ဘုရားသခင်၏ တို့ထိခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို ချစ်ရန်ခွန်အား ပေါ်ထွက်လာလိမ့်မည်။ သင်၏စိတ်နှလုံးဖြင့် ဆုမတောင်းပါက၊ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ရန် သင် ရင်မဖွင့်ပါက၊ ဘုရားသခင်သည် သင့်ထဲတွင် အလုပ်လုပ်လိမ့်မည် မဟုတ်။ ဆုတောင်းပြီး သင့်စိတ်နှလုံးထဲက စကားများကို ပြောဆိုပြီးနောက်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် စတင် အလုပ်မလုပ်ရသေးသကဲ့သို့ မည်သည့် နှိုးဆော်မှုကိုမျှ သင်မရရှိပါက၊ သင်၏စိတ်နှလုံးသည် ရိုးသားမှု ကင်းမဲ့သည်၊ သင်၏စကားများ မမှန်ကန်သကဲ့သို့ မဖြူစင်သေးသည်ကို ဤအရာက ပြသပေသည်။ ဆုတောင်းပြီးသည့်နောက်၊ အားရကျေနပ်မှု ခံစားချက်တစ်ခု သင် ရှိပါက၊ သင်၏ ဆုတောင်းချက်သည် ဘုရားသခင်အဖို့ လက်ခံနိုင်စရာ ဖြစ်ပြီးဖြစ်ကာ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အတွင်း၌ အလုပ်လုပ်နေပေသည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် အစေခံသည့် သူတစ်ဦးအနေနှင့်၊ သင်သည် ဆုတောင်းခြင်းမရှိဘဲ မနေနိုင်ပေ။ သင်သည် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်းကို အဓိပ္ပါယ်ရှိပြီး တန်ဖိုးရှိသည့် အရာတစ်ခုအဖြစ် အမှန်တကယ် မြင်ပါက၊ ဆုတောင်းခြင်းကို သင်စွန့်လွှတ်နိုင်သလော။ မည်သူမျှ ဘုရားသခင်နှင့် မိတ်သဟာယမဖွဲ့ဘဲ မနေနိုင်ချေ။ ဆုတောင်းခြင်း မရှိပါက၊ သင်သည် ဇာတိပကတိ၌၊ စာတန်၏ ကျေးကျွန်ဘဝတွင် အသက်ရှင်နေခြင်း ဖြစ်သည်။ စစ်မှန်သည့် ဆုတောင်းခြင်း မရှိပါက၊ သင်သည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်ပေသည်။ အသင် ညီအစ်ကို မောင်နှမတို့သည် နေ့စဉ်နေ့တိုင်း စစ်မှန်သော ဆုတောင်းခြင်းကို ပြုနိုင်လိမ့်မည်ဟု ငါမျှော်လင့်၏။ ဤသည်မှာ စည်းကမ်းများကို လိုက်နာခြင်းအကြောင်းမဟုတ်ဘဲ၊ ရလဒ်တစ်ခုခုကို ရရှိခြင်းအကြောင်း ဖြစ်သည်။ သင်သည် နံနက် ဆုတောင်းခြင်းများအတွက် စောစောထဖို့နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မွေ့လျော်ဖို့ အိပ်စက်ခြင်းနှင့် ပျော်မွေ့မှုများကို အနည်းငယ်လျှော့ရန် လိုလားသလော။ သင်သည် ဖြူစင်သည့် စိတ်နှလုံးဖြင့် ဆုတောင်းပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဤသို့ စားသောက်ပါက၊ သင်သည် သူ့အဖို့ သာ၍ လက်ခံနိုင်ဖွယ် ဖြစ်လိမ့်မည်။ ဤအရာကို နံနက်တိုင်း သင် လုပ်ဆောင်ပါက၊ သင်၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးခြင်း၊ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်းနှင့် သူနှင့် ဆက်ဆံခြင်းတို့အား နေ့တိုင်း သင် လက်တွေ့လုပ်ဆောင်ပါက၊ ဘုရားသခင်နှင့် သက်ဆိုင်သည့် သင်၏ အသိပညာသည် ဧကန်မုချ တိုးပွားလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ အလိုကို သင်သည် သာ၍ ကောင်းစွာ သဘောပေါက်နိုင်လိမ့်မည်။ သင်က၊ “အို ဘုရားသခင်၊ ကျွန်ုပ်၏ တာဝန်ကို ဖြည့်ဆည်းဖို့ ကျွန်ုပ် လိုလားပါ၏။ ကျွန်ုပ်တို့၌ ကိုယ်တော် ဘုန်းထင်ရှားဖို့အလို့ငှာ၊ ဤလူစုဖြစ်သည့် ကျွန်ုပ်တို့၏ သက်သေခံချက်ကို ကိုယ်တော် နှစ်သက်နိုင်စေဖို့၊ ကျွန်ုပ်၏ ဖြစ်တည်မှု တစ်ခုလုံးကို ကိုယ်တော်ကိုသာ ကျွန်ုပ် ဆက်ကပ်ပါ၏။ ကိုယ်တော်ကို ကျွန်ုပ် မှန်တကယ်ချစ်နိုင်ဖို့နှင့် ကိုယ်တော့်ကို စိတ်ကျေနပ်စေကာ ကျွန်ုပ်၏ ရည်မှန်းချက် ပန်းတိုင်အဖြစ် ကိုယ်တော့်ကို လိုက်စားနိုင်ဖို့ ကျွန်ုပ်တို့၏ အထဲတွင် လုပ်ဆောင်ဖို့ ကိုယ်တော့်ကို တောင်းလျှောက်ပါ၏” ဟု ပြောသည်။ ဤဝန်တာကို သင် တာဝန်ယူသည်နှင့်အညီ၊ ဘုရားသခင်သည် သင့်ကို ဧကန်မုချ စုံလင်စေလိမ့်မည်။ သင်ကိုယ်တိုင်၏ အကျိုးအတွက်သာ သင် ဆုမတောင်းသင့်ဘဲ၊ ဘုရားသခင်၏အလိုကို လိုက်လျှောက်ဖို့နှင့် သူ့ကို ချစ်ဖို့အလို့ငှာလည်း သင် ဆုတောင်းသင့်၏။ ဤသည်မှာ အမှန်ကန်ဆုံးသော ဆုတောင်းချက်မျိုး ဖြစ်သည်။ သင်သည် ဘုရားသခင်၏အလိုကို လိုက်လျှောက်ဖို့အတွက် ဆုတောင်းသောသူတစ်ဦးလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဆုတောင်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍

ဆုတောင်းခြင်းသည် ဟန်ဆောင်လုပ်ပြခြင်း၊ လုပ်ထုံးလုပ်နည်းကို လိုက်လျှောက်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အာဂုံဆောင်ခြင်း ကိစ္စရပ်သာ မဟုတ်ပေ။ ဆိုလိုသည်မှာ ဆုတောင်းခြင်းသည် အချို့သော စကားများကို သံယောင်လိုက်ခြင်း မဟုတ်သကဲ့သို့ အခြားသူများကို တုပခြင်း မဟုတ်ပေ။ ဆုတောင်းရာတွင် ဘုရားသခင်၏ တို့ထိခြင်း ခံရဖို့အလို့ငှာ မိမိ၏ နှလုံးသားကို ဖွင့်ထားလျက် ဘုရားသခင်ထံ မိမိ၏ နှလုံးသားကို ပေးနိုင်သည့် အခြေအနေကို ရောက်ရမည် ဖြစ်သည်။ ဆုတောင်းခြင်း ထိရောက်ဖို့ဆိုပါက၊ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းအပေါ်တွင် အခြေခံရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းမှ ဆုတောင်းခြင်းဖြင့်သာ၊ သာ၍ ကြီးမားသည့် ဉာဏ်ပွင့်လင်းခြင်းနှင့် အလင်းပေးခြင်းတို့ကို ရရှိနိုင်ပေသည်။ စစ်မှန်သည့် ဆုတောင်းချက်တစ်ခု၏ သရုပ်သကန်များမှာ- ဘုရားသခင် တောင်းဆိုသည့် အရာအားလုံးကို တမ်းတသည့်အပြင်၊ သူ တောင်းဆိုသည့်အရာကို ပြီးမြောက်ဖို့ ဆန္ဒရှိသည့် စိတ်နှလုံးတစ်ခု ရှိခြင်း၊ ဘုရားသခင် စက်ဆုပ်ရွံရှာသည့် အရာကို စက်ဆုပ်ရွံရှာခြင်း၊ ထို့နောက် ဤအခြေခံအုတ်မြစ်အပေါ် တည်ဆောက်ရင်း ယင်းအပေါ် သိနားလည်မှုတစ်ခုကို ရရှိခြင်းနှင့် ဘုရားသခင် အသေးစိတ်ရှင်းပြသည့် သမ္မာတရားများနှင့် စပ်လျဉ်း၍ သိနားလည်မှုနှင့် ရှင်းလင်းမှုတစ်ခု ရှိခြင်းတို့ဖြစ်သည်။ သန္နိဋ္ဌာန်၊ ယုံကြည်ခြင်း၊ အသိပညာနှင့် ဆုတောင်းပြီးနောက် ရရှိသည့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ရှိသည့်အခါမှသာ စစ်မှန်သော ဆုတောင်းခြင်းဟု ခေါ်ဆိုနိုင်ပြီး၊ ဤဆုတောင်းခြင်းမျိုးသာ ထိရောက်နိုင်ပေသည်။ သို့သော် ဆုတောင်းခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မွေ့လျော်ခြင်းအပေါ် တည်ဆောက်ထားရမည်၊ ဘုရားသခင်ကို သူ၏ နှုတ်ကပတ်တော်များ၌ မိတ်သဟာယဖွဲ့ခြင်း အခြေခံ အုတ်မြစ်အပေါ်တွင် တည်ဆောက်ထားပြီး၊ ဘုရားသခင်ကို ရှာဖွေနိုင်၍ သူ၏ရှေ့မှောက်တွင် ငြိမ်သက်လာနိုင်သည့် စိတ်နှလုံးပေါ်တွင် တည်ဆောက်ထားရမည်ဖြစ်သည်။ ဤဆုတောင်းခြင်းမျိုးသည် ဘုရားသခင်နှင့် အမှန်တကယ် မိတ်သဟာယဖွဲ့သည့် အဆင့်ကို ၀င်ရောက်နှင့်ပြီး ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဆုတောင်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍

ဆုတောင်းသည့်အခါ၊ ဘုရားသခင်၏ ရှေ့မှောက်တွင် ငြိမ်သက်သည့် နှလုံးသားတစ်ခုနှင့် ရိုးသားသည့် နှလုံးသားတစ်ခု ရှိရမည်။ သင်သည် ဘုရားသခင်နှင့် အမှန်တကယ် မိတ်သဟာယပြုနေပြီး ဆုတောင်းနေခြင်း ဖြစ်သည်- ကြားကောင်းသည့် စကားလုံးများကို သုံးပြီး ဘုရားသခင်ကို နားပူနားဆာလုပ်ရန် သင် မကြိုးစားရပေ။ ဆုတောင်းခြင်းသည် ဘုရားသခင်က ယခုပင် ပြီးမြောက်ရန် ဆန္ဒရှိသည့်အရာအပေါ် ဗဟိုပြုသင့်၏။ သင်ဆုတောင်းသည့်အခါ ပိုမိုကြီးမားသည့် ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကို သင့်အားပေးဖို့၊ ဘုရားသခင်၏ ရှေ့မှောက်တွင် သင် ပြုသည့် သန္နိဋ္ဌာန်အပါအဝင်၊ သင်၏အခြေအနေမှန်နှင့် ဒုက္ခများကို သူ၏မျက်မှောက်သို့ ယူဆောင်ခဲ့လော့။ ဆုတောင်းခြင်းသည် လုပ်ထုံးလုပ်နည်းများကို လိုက်လျှောက်ခြင်း မဟုတ်။ ဘုရားသခင်ကို စစ်မှန်သည့် နှလုံးသားတစ်ခုဖြင့် ရှာဖွေခြင်း ဖြစ်သည်။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်၏ရှေ့မှောက်တွင် မကြာခဏ ငြိမ်သက်ဖို့အလို့ငှာ၊ သင့်ကို သူထားသည့် ပတ်ဝန်းကျင်တွင် သင့်ကိုယ်သင် သိဖို့၊ သင့်ကိုယ်သင် စက်ဆုပ်ရွံရှာဖို့နှင့် သင့်ကိုယ်သင် စွန့်လွှတ်ဖို့၊ ထိုသို့ဖြင့် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခု သင့်ကို ရှိခွင့်ပေးပြီး ဘုရားသခင်ကို ချစ်သည့်သူတစ်ဦး အမှန်တကယ်ဖြစ်လာဖို့ အလို့ငှာ သင်၏ စိတ်နှလုံးကို ကွယ်ကာပေးဖို့ ဘုရားသခင်ကို တောင်းလျှောက်လော့။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဆုတောင်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍

လူကို ဘုရားသခင် တောင်းဆိုသည့် အနိမ့်ဆုံးစံနှုန်းမှာ လူသားသည် မိမိ၏ စိတ်နှလုံးကို သူ့အား ဖွင့်ပြနိုင်ဖို့ ဖြစ်သည်။ လူသားသည် သူ၏ စစ်မှန်သည့် နှလုံးသားကို ဘုရားသခင်အား ပေးပြီး သူ့နှလုံးသားထဲတွင် ဧကန်အမှန် ရှိသည့် အရာကို ဘုရားသခင်အား ပြောပါက၊ ဘုရားသခင်သည် သူ့အထဲတွင် လုပ်ဆောင်ရန် လိုလိုလားလား ရှိပေသည်။ ဘုရားသခင် ဆန္ဒရှိသည့်အရာမှာ လူသား၏ ဖောက်ပြန်သော နှလုံးသား မဟုတ်ဘဲ၊ ဖြူစင်ပြီး ရိုးသားသည့် နှလုံးသားဖြစ်သည်။ လူသားသည် ဘုရားသခင်ကို မိမိ၏စိတ်နှလုံးမှ စကားမပြောပါက၊ ဘုရားသခင်သည် သူ၏ စိတ်နှလုံးကို တို့ထိလိမ့်မည် မဟုတ်၊ သို့မဟုတ် သူ့အထဲတွင် လုပ်ဆောင်လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ဆုတောင်းခြင်း၏ အခရာမှာ ဘုရားသခင်ကို သင်၏ စိတ်နှလုံးမှ စကားပြောခြင်း၊ သင်၏ အားနည်းချက်များ သို့မဟုတ် ပုန်ကန်တတ်သည့် စိတ်သဘောထားကို သူ့အားပြောပြခြင်း၊ သူ၏ရှေ့မှောက်တွင် မိမိကိုယ်ကိုယ် လုံးဝ ဖွင့်ပြခြင်းတို့ ဖြစ်သည်။ ထိုအခါမှသာ ဘုရားသခင်က သင်၏ ဆုတောင်းချက်များကို စိတ်ဝင်စားမည်ဖြစ်သည်၊ သို့မဟုတ်ပါက သူ၏မျက်နှာကို သင့်ထံမှ ဖုံးကွယ်လိမ့်မည်ဖြစ်သည်။ ဆုတောင်းခြင်းအတွက် အနိမ့်ဆုံး စံသတ်မှတ်ချက်မှာ သင်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏စိတ်နှလုံးကို ငြိမ်သက်စွာ ထားနိုင်ရမည်ဖြစ်ပြီး၊ ထိုငြိမ်သက်ခြင်းက ဘုရားထံမှ ခွဲခွာမသွားရပေ။ ဤအဆင့်အတွင်းတွင် သင်သည် သာ၍ သစ်လွင် သို့မဟုတ် သာ၍ မြင့်မားသည့် ထိုးထွင်းသိမြင်မှုကို မရရှိဘဲ ဖြစ်နိုင်သည်၊ သို့သော် ထိုအခါ သင်သည် သင်၏ ရှိရင်းစွဲ အခြေအနေကို ထိန်းသိမ်းဖို့ ဆုတောင်းရမည်- သင် မဆုတ်ယုတ်ရပေ။ ဤသည်မှာ သင် အနည်းဆုံး ရရှိရမည့် အရာဖြစ်သည်။ ဤအရာကိုပင် သင် အထမြောက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိပါက၊ သင်၏ ဝိညာဉ်ရေးရာ အသက်တာသည် လမ်းကြောင်းမှန်ပေါ် မရောက်သေးသည်ကို သက်သေပြပေသည်။ အကျိုးဆက်အနေဖြင့်၊ သင်သည် ပထမဦးစွာ ရှိခဲ့သည့် ရူပါရုံကို ထိန်းသိမ်းနိုင်မည်မဟုတ်၊ ဘုရားသခင်၌ ယုံကြည်ခြင်းကို သင် ဆုံးရှုံးလိမ့်မည်ဖြစ်ပြီး သင်၏ သန္နိဋ္ဌာန်သည် နောက်ပိုင်းတွင် ပျောက်ကွယ် သွားလိမ့်မည်။ ဝိညာဉ်ရေးရာ အသက်တာထဲသို့ ဝင်ရောက်ပြီးခြင်း ရှိ၊ မရှိဆိုသည့် လက္ခဏာရပ်တစ်ခုမှာ သင်၏ ဆုတောင်းခြင်းများသည် လမ်းကြောင်းမှန်ပေါ်တွင် ရှိ၊ မရှိဆိုသည်ကို ကြည့်ဖို့ဖြစ်သည်။ လူအားလုံးသည် ဤလက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ရမည်။ ၎င်းတို့အားလုံးသည် မလှုပ်မယှက် စောင့်ဆိုင်းခြင်းမရှိဘဲ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို သတိရှိရှိ ရှာဖွေရင်း၊ ဆုတောင်းခြင်းတွင် မိမိတို့ကိုယ်ကိုယ် သတိရှိရှိ လေ့ကျင့်ခြင်း အလုပ်ကို လုပ်ဆောင်ရမည်။ ထိုအခါမှသာ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ရှာဖွေသည့် လူများ ဖြစ်ပေလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဆုတောင်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍

လူတို့သည် ဘုရားသခင်နှင့် ဆက်ဆံရေးကို မည်သို့ ထိန်းသိမ်းနိုင်သနည်း။ ပြီးလျှင် ၎င်းတို့သည် ဤအရာကို လုပ်ဆောင်ဖို့ မည်သည့်အရာကို မှီခိုသင့်သနည်း။ ၎င်းတို့သည် ဘုရားသခင်ထံ အသနားခံ တောင်းလျှောက်ခြင်း၊ ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်နှင့် ဆွေးနွေးပြောဆိုခြင်းတို့အပေါ်တွင် မှီခိုသင့်သည်။ ဤသို့သော ဆက်ဆံရေးတစ်ခု၌၊ လူတို့သည် ဘုရားသခင် ရှေ့မှောက်တွင် အမြဲ အသက်ရှင်ကြပြီး၊ ထိုသို့သော လူတို့သည် အလွန် ငြိမ်းချမ်းကြသည်။ လူအချို့က အပြင်ပန်း အလုပ်တာဝန်များဖြင့် မိမိတို့ကိုယ်ကိုယ် အလုပ်ရှုပ်စေလျက်၊ အပြင်ပန်း လုပ်ဆောင်ချက်များ၌ ၎င်းတို့၏ အချိန်တစ်ခုလုံးကို ကုန်ဆုံးကြသည်။ ၎င်းတို့သည် ဝိညာဉ်ရေးရာ အသက်တာ မရှိဘဲ တစ်ရက် သို့မဟုတ် နှစ်ရက်ပြီးနောက်တွင် မည်သည့်အရာကိုမျှ မခံစားရပေ၊ သုံးလေးရက်ပြီးနောက် သို့မဟုတ် တစ်လ နှစ်လ ပြီးနောက်တွင်၊ ၎င်းတို့သည် မည်သည့်အရာကိုမျှ မခံစားရသေးပေ။ ၎င်းတို့သည် ဆုမတောင်းရသေးသကဲ့သို့၊ အသနားခံ တောင်းလျှောက်ခြင်းလည်း မပြုရသေးဘဲ သို့မဟုတ် ဝိညာဉ်ရေးရာ မိတ်သဟာယ မပြုရသေးပေ။ အသနားခံတောင်းလျှောက်ခြင်းသည် သင်၌ တစ်စုံတစ်ရာ ဖြစ်ပြီး၊ သင့်ကို ကူညီဖို့၊ လမ်းညွှန်ဖို့၊ ထောက်ပံ့ဖို့၊ ဉာဏ်အလင်းပေးဖို့နှင့် သူ၏အလိုတော်ကို သင့်အား နားလည်ခွင့်ပေးဖို့နှင့် သမ္မာတရားနှင့်အညီ မည်သည့်အရာကို လုပ်ဆောင်ရမည်ကို သင့်အား သိခွင့်ပေးဖို့ သင်က ဘုရားသခင်ကို တောင်းလျှောက်သည့်အခါ ဖြစ်သည်။ ဆုတောင်းခြင်း၏ အတိုင်းအတာသည် သာ၍ ကျယ်ပြန့်သည်- တစ်ခါတစ်ရံတွင် သင်သည် သင်၏ အခက်အခဲများ သို့မဟုတ် အပျက်သဘောဆောင်ခြင်းနှင့် အားနည်ချက်ကို ဘုရားသခင်အား ပြောပြလျက်၊ သင်၏စိတ်နှလုံးထဲတွင် စကားများပြောသည်။ ထိုနည်းတူ သင် ပုန်ကန်လိုတတ်သောအခါ၊ ဘုရားသခင်ထံ သင် ဆုတောင်းသည်၊ သို့မဟုတ်ပါက သင်၌ နေ့စဉ် ဖြစ်ပျက်နေသည့် အမှုအရာများသည် သင့်အတွက် ရှင်းလင်းသည်ဖြစ်စေ မရှင်းလင်းသည်ဖြစ်စေ ယင်းတို့အကြောင်းကို သင်သည် ဘုရားသခင်အား ပြောပြသည်။ ဤသည်မှာ ဆုတောင်းခြင်း ဖြစ်ပေ၏။ ဆုတောင်းခြင်း၏ အတိုင်းအတာသည် အခြေခံအားဖြင့် ဘုရားသခင်ကို စကားပြောဆိုခြင်းနှင့် ရင်ဖွင့်ခြင်းတို့ ဖြစ်သည်။ တစ်ခါတစ်ရံတွင် ယင်းကို ပုံမှန်အချိန်များတွင် လုပ်ဆောင်သည်၊ တစ်ခါတစ်ရံတွင် မလုပ်ဆောင်ပေ။ သင်ဆန္ဒရှိသည့်အခါတိုင်းနှင့် နေရာတိုင်းတွင် သင်ဆုတောင်းနိုင်သည်။ ဝိညာဉ်ရေးရာ ဆွေးနွေးမှုသည် လွန်ကဲစွာ ခမ်းကြီးနားကြီး မဟုတ်ပေ။ တစ်ခါတစ်ရံတွင် ယင်းမှာ သင်၌ ပြဿနာတစ်ခုရှိသောကြောင့် ဖြစ်သည်၊ တစ်ခါတစ်ရံတွင် မဟုတ်ပေ။ တစ်ခါတစ်ရံတွင် ယင်းသည် စကားလုံးများ ပါဝင်သည်၊ တစ်ခါတစ်ရံတွင် မပါဝင်ပေ။ သင်၌ ပြဿနာတစ်ခုရှိသည့်အခါ၊ ယင်းအကြောင်းကို ဘုရားသခင်နှင့် ပြောပြီး ဆုတောင်းသည်။ သင်၌ ပြဿနာမရှိသည့်အခါ၊ ဘုရားသခင်သည် လူတို့ကို မည်သို့ချစ်သည်၊ သူသည် လူတို့နှင့်ပတ်သက်၍ မည်သို့ စိုးရိမ်ပူပန်သည်၊ သူသည် လူတို့ကို မည်သို့ ပြစ်တင်မောင်းမဲသည်တို့အကြောင်း သင်တွေးသည်။ သင်သည် ဘုရားသခင်နှင့် အချိန်မရွေး သို့မဟုတ် နေရာမရွေး ဆွေးနွေးပြောဆိုနိုင်သည်။ ဤသည်မှာ ဝိညာဉ်ရေးရာ ဆွေးနွေးမှုဆိုသည့်အရာ ဖြစ်သည်။ တစ်ခါတစ်ရံတွင် သင်သည် လှည့်ပတ် သွားလာစဉ် သင့်ကို စိတ်မကောင်းဖြစ်စေသည့် တစ်စုံတစ်ခုအကြောင်း သင်တွေးမိသည့်အခါ၊ သင်သည် ဒူးထောက်ဖို့ သို့မဟုတ် မျက်စိမှိတ်ဖို့ မလိုအပ်ပေ။ သင်၏စိတ်နှလုံးထဲတွင်- “အိုဘုရားသခင်၊ ဤအရာတွင် ကျွန်ုပ်ကို ကျေးဇူးပြု၍ လမ်းညွှန်တော်မူပါ။ ကျွန်ုပ်သည် အားနည်းပါသည်၊ ယင်းကို ကျွန်ုပ် မကျော်လွှားနိုင်ပါ” ဟု ဘုရားသခင်ကို ပြောဖို့သာ လိုအပ်သည်။ သင်၏စိတ်နှလုံးသည် တို့ထံခံရသည်။ သင်သည် ရိုးရှင်းသော စကားလုံးအနည်းငယ်ကိုသာ ပြောသည်၊ ပြီးလျှင် ဘုရားသခင် သိလေ၏။ တစ်ခါတစ်ရံတွင် သင် အိမ်ကိုလွမ်းပြီး၊ “အိုဘုရားသခင်။ ကျွန်ုပ် အိမ်ကို အရမ်းလွမ်းပါသည်...” ဟု ပြောသည်။ သင် အတိအကျအားဖြင့် မည်သူ့ကို လွမ်းသည်ကို သင်မပြောပေ။ သင်သည် စိတ်အားညှိုးငယ်ပြီး ဤအကြောင်းကို ဘုရားသခင်ကို ပြောသည်။ သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး သင်၏စိတ်နှလုံးတွင် ရှိသည့်အရာကို ပြောသည့်အခါမှသာ၊ ပြဿနာများသည် ပြေလည်နိုင်သည်။ အခြားသူများကို စကားပြောခြင်းသည် ပြဿနာများကို ဖြေရှင်းနိုင်သလော။ သမ္မာတရားကို နားလည်သည့် တစ်စုံတစ်ဦးကို သင်ကြုံရပါက အဆင်ပြေသည်၊ သို့ရာတွင် ၎င်းတို့က နားမလည်ပါက၊ သင်သည် အပျက်သဘောဆောင်ပြီး ပျော့ညံ့သည့် တစ်စုံတစ်ဦးကို ကြုံပါက၊ ၎င်းတို့အပေါ် သင်သည် သက်ရောက်မှု တစ်ခုရှိနိုင်သည်။ သင်သည် ဘုရားသခင်ကို စကားပြောပါက၊ ဘုရားသခင်က သင့်ကို နှစ်သိမ့်လိမ့်မည်၊ ပြီးလျှင် သင့်ကို တို့ထိလိမ့်မည်။ ဘုရားသခင် ရှေ့မှောက်တွင် ဘုရားနှုတ်ကပတ်တော်များကို သင် ဆိတ်ငြိမ်စွာ ဖတ်နိုင်ပါက၊ သင်သည် သမ္မာတရားကို နားလည်နိုင်ပြီး ပြဿနာကို ဖြေရှင်းနိုင်လိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဤအခက်အခဲလေးကို ကျော်လွှားဖို့၊ ဖြတ်ကျော်ရန် နည်းလမ်းတစ်ခုကို သင့်အား ရှာတွေ့ခွင့်ပေးလိမ့်မည်။ အခက်အခဲသည် သင့်အား အမှားလုပ်မိစေမည်မဟုတ်၊ ယင်းသည် သင့်ကို ချုပ်ထိန်းထားမည် မဟုတ်သကဲ့သို့ သင်၏တာဝန်ကို သင်၏ဖြည့်ဆည်းခြင်းတွင် သက်ရောက်မှုရှိမည် မဟုတ်ပေ။ သင်သည် ရုတ်ခြည်း အနည်းငယ် စိတ်အားညှိုးငယ်ခြင်း သို့မဟုတ် အတွင်း၌ စိတ်မအေးခြင်း ခံစားရသည့်အချိန်များ ရှိသည်။ ထိုကဲ့သို့သော အချိန်များတွင် ဘုရားသခင်ထံ ဆုတောင်းဖို့ ချီတုံချတုံမဖြစ်နှင့်။ ယင်းက သင်သည် ဘုရားသခင်ထံ အသနားခံတောင်းလျှောက်ခြင်း မပြုခြင်း ဖြစ်နိုင်သည်၊ သင်သည် ဘုရားသခင်ကို မည်သည့်အရာမျှ လုပ်ဆောင်စေဖို့ ဆန္ဒမရှိခြင်း သို့မဟုတ် သင့်အား မည်သည့်အရာနှင့်မျှ ဉာဏ်အလင်းပေးစေဖို့ ဆန္ဒမရှိခြင်း ဖြစ်နိုင်သည်၊ သင်သည် မည်သည့်နေရာတွင် ရှိနေပါစေ၊ အချိန်မရွေး ဘုရားသခင်ကို စကားသာပြောပြီး ရင်ဖွင့်လော့။ သင်သည် တစ်ချိန်လုံး မည်သည့်အရာကို ခံစားရမည်နည်း။ ယင်းမှာ “ဘုရားသခင်သည် ကျွန်ုပ်နှင့် အမြဲရှိသည်၊ ကျွန်ုပ်ကို သူ မည်သည့်အခါမျှ မစွန့်ခွာသွားဖူးပါ၊ ယင်းကို ကျွန်ုပ် ခံစား၍ရပါသည်။ ကျွန်ုပ်သည် အနားယူနေနိုင်သည်၊ စုရုံးပွဲတစ်ခုတွင် ရှိနေနိုင်သည်၊ သို့မဟုတ် ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်နေနိုင်သည်၊ ကျွန်ုပ် မည်သည့်နေရာကို ရောက်နေပါစေ သို့မဟုတ် မည်သည့်အရာကို လုပ်ဆောင်နေပါစေ၊ ကျွန်ုပ်၏ လက်ကို ဘုရားသခင်က ဦးဆောင်လမ်းပြသည်၊ ကျွန်ုပ်ကို သူ မည်သည့်အခါမျှ မစွန့်ခွာသွားသည်ကို ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် ကျွန်ုပ်သိပါသည်။” တစ်ခါတစ်ရံတွင် ပြီးခဲ့သည့် နှစ်အနည်းငယ်တစ်လျှောက် နေ့စဉ်နေ့တိုင်း သင်မည်သို့ ကျော်ဖြတ်ပြီးဖြစ်သည်ကို ပြန်ပြောင်း တွေးလျက်၊ သင်၏ ဝိညာဉ်ရင့်ကျက်မှု ကြီးထွားလာပြီး ဖြစ်သည်၊ သင်သည် ဘုရားသခင်၏ လမ်းညွှန်ခြင်း ခံနေခဲ့ရသည်၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက သင့်ကို တစ်လျှောက်လုံး ကွယ်ကာပြီးဖြစ်သည်ကို သင်ခံစားရသည်။ ဤအရာများကို တွေးလျက်၊ သင်၏စိတ်နှလုံးထဲတွင် ဘုရားသခင်ထံ ကျေးဇူးတော် ချီးမွမ်းလျက်၊ “အိုဘုရားသခင်၊ ကျွန်ုပ် ကိုယ်တော့်ကို ကျေးဇူးတင်ပါသည်။ ကျွန်ုပ်သည် အလွန် နက်နဲစွာ ဖောက်ပြန်ပျက်စီးလျက် အလွန်အားနည်းပြီး ချည့်နဲ့ပါသည်။ ကျွန်ုပ်ကို ဤကဲ့သို့ လမ်းညွှန်ရန် ကိုယ်တော် မရှိဘဲ၊ ကျွန်ုပ်သည် မိမိကိုယ်ကိုယ် မှီခိုလျက် ယနေ့အထိ ရောက်ရှိခဲ့လိမ့်မည် မဟုတ်ပေ။” ဟု ဆုတောင်းသည်။ ဤသည်မှာ ဝိညာဉ်ရေးရာ ဆွေးနွေးမှု မဟုတ်လော။ လူတို့သည် ဤနည်းဖြင့် မကြာခဏ ဆွေးနွေးပြောဆိုနိုင်ပါက၊ ၎င်းတို့သည် ဘုရားသခင်ကို ပြောစရာ များစွာရှိလိမ့်မည် မဟုတ်လော။ ဘုရားသခင်ကို ပြောစရာတစ်ခုမျှ မရှိဘဲ၊ ၎င်းတို့သည် ရက်များစွာ အသက်ရှင်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်ကို သင်ပြောစရာ တစ်ခုမျှ မရှိသည့်အခါ၊ ဘုရားသခင်သည် သင်၏စိတ်နှလုံးထဲတွင် မရှိပေ။ ဘုရားသခင်သည် သင်၏စိတ်နှလုံးထဲတွင် ရှိပြီး သင်သည် ဘုရားသခင်အား ယုံကြည်ပါက၊ သင်သည် သင်၏လူယုံတော်များကို ပြောမည့် ထိုအမှုအရာများ အပါအဝင်၊ သင်၏စိတ်နှလုံးထဲမှ ရှိသမျှအားလုံးကို သူ့အား ပြောနိုင်ပေလိမ့်မည်။ အမှန်တွင် ဘုရားသခင်သည် သင်၏ အနီးစပ်ဆုံး လူယုံတော် ဖြစ်သည်။ ဘုရားသခင်ကို သင်၏ အနီးစပ်ဆုံး လူယုံတော်အဖြစ်၊ သင်အားအထားဆုံး၊ အားအကိုးဆုံး၊ အယုံကြည်ဆုံး၊ စိတ်ချအယုံကြည်ဆုံး သင်၏မိသားစုအဖြစ်၊ သင်နှင့်အရင်းနှီးဆုံးသူအဖြစ် ဆက်ဆံပါက၊ သင်၌ ဘုရားသခင်ကို ပြောစရာစကား တစ်ခုမျှ မရှိသည်မှာ မဖြစ်နိုင်ပေ။ သင်၌ ဘုရားသခင်ကို ပြောစရာတစ်စုံတစ်ခု အစဉ်ရှိပါက၊ သင်သည် ဘုရားသခင် ရှေ့မှောက်တွင် အမြဲ အသက်ရှင်မည် မဟုတ်လော။ သင်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် အမြဲ အသက်ရှင်နိုင်ပါက၊ အခိုက်အတန့်တိုင်းတွင် ဘုရားသခင်က သင့်ကို မည်သို့ လမ်းပြသည်၊ သင့်ကို မည်သို့ စောင့်ရှောက်ပြီး ကွယ်ကာသည်၊ သင့်ထံ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို သူမည်သို့ ဆောင်ကြဉ်းသည်၊ သင့်ကို သူမည်သို့ ကောင်းချီးပေးသည်၊ သင့်ကို သူမည်သို့ ဉာဏ်အလင်းပေးသည်၊ ပြီးလျှင် သင့်ကို သူ မည်သို့ ပြစ်တင်မောင်းမဲသည်၊ သင့်ကို မည်သို့ ဆုံးမပဲ့ပြင်သည်၊ သင့်ကို မည်သို့ရိုက်နှက်သည်၊ ပြီးလျှင် သင့်ကို မည်သို့ စီရင်ပြီး ပြစ်တင်ဆုံးမသည်တို့ကို သင်ခံစားရလိမ့်မည်။ ဤအရာအားလုံးသည် သင်၏စိတ်နှလုံးထဲတွင် သင့်အဖို့ ရှင်းလင်းပြီး သိသာထင်ရှားလိမ့်မည်။ သင်သည် မည်သည့်အရာကိုမျှ မသိဘဲ၊ ဘုရားသခင်ကို ယုံကြည်သည်ဟုသာ ပြောရင်း၊ သင်၏ တာဝန်ကို ဖြည့်ဆည်းပြီး အပြင်ပန်းအတွက်သာ စုဝေးပွဲများ တက်ရင်း၊ နေ့စဉ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး ဆုတောင်းရင်း ဟန်ဆောင်နေရုံမျှ ဟန်ဆောင်ရင်း၊ နေ့စဉ်နေ့တိုင်းကို အိုးနင်းခွက်နင်း ပြီးမြောက်သွားလိမ့်မည် မဟုတ်ပေ၊ သင်၏နေ့စဉ်သည် ဤသို့သော အပြင်ပန်း ဘာသာရေး ဟိတ်ဟန်မျိုးမျှသာ ဖြစ်လိမ့်မည် မဟုတ်ပေ။ ထိုအစား သင်၏စိတ်နှလုံးထဲတွင် သင်သည် အခိုက်အတန့်တိုင်းတွင် ဘုရားသခင်ကို ကိုးစားပြီး ဘုရားသခင်ထံ ဆုတောင်းလိမ့်မည်၊ သင်သည် အချိန်တိုင်း ဘုရားသခင်နှင့် ဆွေးနွေးပြောဆိုလိမ့်မည်၊ ပြီးလျှင် သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်လိမ့်မည် ဖြစ်ကာ ဘုရားသခင် ရှေ့တွင် အသက်ရှင်နိုင်လိမ့်မည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ ရှေ့မှောက် အမြဲအသက်မရှင်နိုင်သူတို့မှာ မယုံကြည်သူများဖြစ်သည်” မှ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။