၁၀၀။ ရောဂါမှတစ်ဆင့် စစ်ဆေးခြင်း ကျွန်တော့်ဘဝအတွက် လိုအပ်ချက်တစ်ခု
၁၉၉၉ ခုနှစ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်တော် လက်ခံခဲ့တယ်။ ဒါဟာ လူသားတွေအတွက် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းအမှုရဲ့ နောက်ဆုံးအဆင့်ဖြစ်တယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်တော် သိခဲ့ရတယ်။ ပြီးတော့ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံတာ၊ သမ္မာတရားကို လိုက်စားတာ၊ ပြီးတော့ လုံလောက်တဲ့ ကောင်းမှုတွေကို ပြင်ဆင်တာတွေ လုပ်မှသာ လူတစ်ယောက်ဟာ ကြီးမားတဲ့ ကပ်ဘေးတွေကနေ အသက်ရှင်ကျန်ရစ်ဖို့ အခွင့်အရေးရနိုင်မယ် ဆိုတာကိုလည်း သိခဲ့ရတယ်။ ကျွန်တော် တကယ်ကို ကောင်းချီးခံစားရတယ်လို့ ထင်ခဲ့ပြီး ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့နဲ့ ဘုရားသခင်အတွက် အသုံးခံဖို့ ဒီတစ်သက်မှာ တစ်ခါသာရတဲ့ အခွင့်အရေးကို ဆုပ်ကိုင်ရမယ်လို့ ခံစားခဲ့ရတယ်။ ဒါကြောင့် အိမ်ကနေထွက်ပြီး ဧဝံဂေလိတရားကို တက်တက်ကြွကြွ ဟောခဲ့တယ်၊ အသင်းတော်မှာ မိုးလင်းကနေ မိုးချုပ်အထိ မမောမပန်း အလုပ်လုပ်ခဲ့တယ်။ လောကကြီးရဲ့ အသရေဖျက်တာခံရပြီး မိသားစုရဲ့ ပစ်ပယ်တာကို ခံရတဲ့အချိန်မှာတောင် ဒါတွေကို ဆင်းရဲဒုက္ခလို့ ကျွန်တော် မသတ်မှတ်ခဲ့ဘူး။ နောက်ပိုင်း ဧဝံဂေလိတရားဟောလို့ ရဲတွေဖမ်းတာခံရတဲ့အခါ ဘုရားသခင်ကို ကျွန်တော် သစ္စာမဖောက်ခဲ့ဘူး၊ ပြန်လွတ်လာတော့လည်း အရင်ကလိုပဲ ကိုယ့်တာဝန်ကို ဆက်ထမ်းဆောင်ခဲ့တယ်။ ဒီနှစ်တွေတစ်လျှောက်မှာ ကောင်းမှုတွေ အများကြီး ပြင်ဆင်ခဲ့ပြီးပြီမို့လို့ နောင်တစ်ချိန်မှာ တခြားသူတွေ ကယ်တင်မခံရရင်တောင် ကျွန်တော်ကတော့ ကယ်တင်ခံရဦးမယ်လို့ ထင်ခဲ့တာ။
မသိလိုက်မသိဘာသာနဲ့ပဲ ၂၀၁၅ ခုနှစ် ကုန်ခါနီးကို ရောက်လာခဲ့တယ်။ ခါးအောက်ပိုင်းက အရမ်းနာလာပြီး မနက်ဘက်တွေမှာ အကူအညီမပါဘဲ မထနိုင်သလောက်ဖြစ်လာသလို လမ်းလျှောက်ဖို့တောင် အားမရှိတော့ဘူး။ အစကတော့ သိပ်အရေးမကြီးဘူးထင်ခဲ့ပေမဲ့ အချိန်နည်းနည်းကြာတော့ ခါးအောက်ပိုင်းက ပိုပိုနာလာပြီး ထော့နဲ့ထော့နဲ့ ဖြစ်လာတယ်။ တစ်မနက်မှာ ခါးအောက်ပိုင်း နာတာ အရမ်းဆိုးရွားလွန်းလို့ လုံးဝကို ထလို့မရတော့ဘူး။ ကျွန်တော် တွေးမိတယ်၊ “သွားပြီ။ ထတောင် မထနိုင်တော့တာ၊ ငါ့တာဝန်တွေကို ဘယ်လိုလုပ် ထမ်းဆောင်မလဲ။ ကိုယ့်တာဝန်တွေကို မထမ်းဆောင်နိုင်ဘူး၊ ကောင်းမှုတွေ မပြင်ဆင်နိုင်ဘူးဆိုရင် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ငါ ခံရနိုင်ပါဦးမလား” ပေါ့။ ဒါပေမဲ့ နောက်တော့ ကျွန်တော်တွေးမိတယ်၊ “ဒါဟာ ဘုရားသခင်က ငါ့ကို စစ်ကြောနေတာ ဖြစ်နိုင်တယ်၊ ဘုရားသခင်နဲ့ပတ်သက်ပြီး မညည်းညူဘဲ ကိုယ့်တာဝန်တွေကို ဆက်လုပ်နေသရွေ့ ဘုရားသခင်က ငါ့ကို ကျေးဇူးတော်ချပေးပြီး ကောင်းချီးပေးမှာပါ၊ ပြီးတော့ ငါ့ရောဂါလည်း ပျောက်သွားမှာပဲ” ပေါ့။ ဒါပေမဲ့ ကိစ္စတွေက ကျွန်တော် မျှော်လင့်ထားသလို ဖြစ်မလာခဲ့ဘူး။ ရောဂါက တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာတယ်၊ ညဘက်အိပ်ရင် လှည့်လို့မရဘူး၊ တစ်ခါတလေ ခါးအောက်ပိုင်းက အရမ်းနာလွန်းလို့ လုံးဝကို လှုပ်လို့မရတော့ဘူး။ ဆေးသောက်တာတောင် မတိုးတော့ဘူး။ နောက်ပိုင်း ဓာတ်မှန်ရိုက်ဖို့ ဆေးရုံသွားတော့ မထင်မှတ်ဘဲ ခါးဆစ်ရောင် လေးဘက်နာရောဂါလို့ သိလိုက်ရတယ်။ ဆရာဝန်က ပြောတယ်၊ “ဒီအခြေအနေကို ‘ဘယ်တော့မှ မသေတဲ့ ကင်ဆာ’ လို့ ခေါ်ကြတယ်။ အဲဒါက နာတာရှည် တစ်သက်လုံးဖြစ်မယ့် ရောဂါဖြစ်ပြီး ဆိုးရွားလာရင် တစ်သက်လုံး အကြောသေသွားနိုင်တယ်” တဲ့။ ဆရာဝန် ဒီလိုပြောတာ ကြားလိုက်ရတော့ လူလည်း အားပြတ်သွားပြီး တွေးမိတယ်၊ “ဒီလောက်ဆိုးရွားတဲ့ရောဂါမျိုး ငါ ဘယ်လိုလုပ် ရသွားတာလဲ။ ဘုရားသခင်ကို တွေ့ကတည်းက ငါတက်တက်ကြွကြွနဲ့ အနစ်နာခံပြီး အသုံးခံခဲ့တာပဲ၊ ဘာလို့ ဘုရားသခင်က ငါ့ကို ကာကွယ်မပေးတာလဲ။ ငါသာ အကြောသေသွားပြီး ကိုယ့်တာဝန်တွေ မထမ်းဆောင်နိုင်တော့ရင် အသုံးမကျတဲ့သူ ဖြစ်သွားမှာ မဟုတ်ဘူးလား” ပေါ့။ ကျွန်တော့်စိတ်ထဲမှာ စိတ်ဆင်းရဲမှုတွေနဲ့ ဗလောင်ဆူနေပြီး ဒီလောက်ပြင်းထန်တဲ့ ရောဂါကြီးက ကျွန်တော့်ဆီ ဘာလို့ ရောက်လာရတာလဲဆိုတာကို လုံးဝ နားမလည်နိုင်ခဲ့ဘူး။ လေလျော့သွားတဲ့ ဘောလုံးလို ခံစားရပြီး တကယ်ကို စိတ်မချမ်းမသာ ဖြစ်ခဲ့ရတယ်။ အဲဒီနောက်မှာ နာလန်ထူဖို့ အိမ်ပြန်ခဲ့တယ်။
အိမ်ပြန်ရောက်ပြီးတဲ့နောက် ကျွန်တော့်အခြေအနေက ထိုးကျသွားပြီး တစ်ချိန်က ရှိခဲ့တဲ့ ယုံကြည်ခြင်းမျိုး မရှိတော့ဘူး။ ဘဝမှာ မျှော်လင့်ချက် မရှိတော့ဘူးလို့ ခံစားခဲ့ရတယ်။ ကျွန်တော်တွေးမိတယ်၊ “တခြား ညီအစ်ကိုမောင်နှမတွေက ကျန်းမာပြီး သူတို့တာဝန်တွေကို တက်တက်ကြွကြွ ထမ်းဆောင်နေကြပေမဲ့ ငါကတော့ လမ်းလျှောက်ရင် အရမ်းကို ထော့နဲ့ထော့နဲ့ ဖြစ်နေပြီး ငါ့တာဝန်တွေကို မထမ်းဆောင်နိုင်ဘူး။ တစ်နေ့ ငါ့ရောဂါ ပိုဆိုးလာပြီး သေသွားနိုင်တယ်၊ အဲဒီကျရင် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းမှာ ငါ ပါဝင်ခွင့်ရမှာ မဟုတ်တော့ဘူး” ပေါ့။ ဒီလိုတွေးလေလေ၊ ဘုရားသခင်ရဲ့ စွန့်ပစ်တာခံလိုက်ရတယ်လို့ ခံစားရလေဖြစ်ပြီး သမ္မာတရားကို မလိုက်စားချင်တော့သလို ဘုရားနှုတ်ကပတ်တော် ဖတ်ရင်လည်း အာရုံမစိုက်နိုင်တော့ဘူး။ နေ့ရက်တွေကို ဝေဝေဝါးဝါးနဲ့ ဖြတ်သန်းရင်း ကိုယ့်ဇာတိပကတိထဲမှာပဲ နစ်မွန်းနေခဲ့တယ်။ ကျွန်တော်တွေးမိတယ်၊ “ငါ အသက်ရှင်နိုင်သေးရင် ငါ့သားကို တိုက်ခန်းတစ်ခန်း ဝယ်ခိုင်းပြီး အဲဒီမှာနေရင်း ရောဂါကုမယ်။ အသက်ရှင်နိုင်သမျှ ကာလပတ်လုံး ရှင်သန်ဖို့ပဲ ကြိုးစားတော့မယ်” ပေါ့။ ဘာသာတရားမရှိတဲ့ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေက ကျန်းမာပြီး ကားတွေ၊ အိမ်တွေနဲ့ ပြည့်စုံနေပြီးတော့ ကျွန်တော်ကတော့ ဘုရားသခင်ကို ယုံကြည်ပြီး နှစ်ပေါင်းများစွာ အနစ်နာခံ အသုံးခံခဲ့တာတောင် နေမကောင်းဖြစ်ရတာကို မြင်တော့ ကျွန်တော်ပေးဆပ်ခဲ့တဲ့ အနစ်နာခံမှုတွေနဲ့ အားထုတ်မှုတွေအားလုံးကို နောင်တရလာတယ်။ ကျွန်တော့်အခြေအနေ မှားယွင်းနေတာကို ဇနီးဖြစ်သူက မြင်တော့ ကျွန်တော့်ကို မိတ်သဟာယပြုပေးတယ်၊ “ဒီလိုရုတ်တရက် ရောဂါဖြစ်ရတာရဲ့ နောက်ကွယ်မှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက် ရှိတယ်။ ကျွန်မတို့က စာတန်ကဖောက်ပြန်ပျက်စီးအောင်လုပ်တာကို တော်တော်လေး ခံထားရပြီး ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေက ကျွန်မတို့ထဲမှာ အရမ်းကို အမြစ်တွယ်နေတယ်။ ဒီအရာတွေကို အသေအချာ ဖြေရှင်းပြီး ပြောင်းလဲဖို့က ဘုရားနှုတ်ကပတ်တော် ဖတ်ရုံနဲ့ မလုံလောက်ဘူး။ စမ်းသပ်မှုနဲ့ စစ်ဆေးခြင်း အမျိုးမျိုးကိုလည်း ကြုံတွေ့ရမယ်။ ဒီလောက် ပြင်းထန်တဲ့ ရောဂါဖြစ်ပေါ်လာတာကနေတစ်ဆင့် ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေထဲက ဘယ်အပိုင်းကို ဘုရားသခင် ဖြေရှင်းချင်တယ်ဆိုတာကို နားလည်အောင် ပိုပြီး ရှာဖွေဖို့ လိုအပ်တယ်။ ရှင် အမြန်ဆုံး နောင်တရပြီး ပြောင်းလဲမှရမယ်။ ဘုရားသခင်နဲ့ပတ်သက်ပြီး ညည်းညူလို့ မဖြစ်ဘူး” တဲ့။ ဇနီးသည်ရဲ့ စကားကို ကြားပြီးနောက် ကျွန်တော့်စိတ်နှလုံးက ပိုပြီး ငြိမ်သက်သွားတယ်၊ ပြီးတော့ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ အခု ကျွန်တော် အရမ်းကို နာကျင်နေရပါတယ်။ ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကို ကျွန်တော် နားမလည်ပါဘူး၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ဉာဏ်ပွင့်စေတော်မူပါ” ပေါ့။
ဆုတောင်းပြီးတော့ လူတွေကို ဘုရားသခင်ရဲ့ စမ်းသပ်မှုနဲ့ စစ်ဆေးခြင်းနဲ့ သက်ဆိုင်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် ရှာဖတ်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်က ကျွန်တော့်ကို တကယ် ခွန်အားဖြစ်စေခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ငါ့အတွက် ချစ်ခြင်းများစွာနှင့်အတူ အစဉ်အမြဲ အလွန် သစ္စာစောင့်သိပြီးသည့်တိုင် မကျန်းမာမှု၊ ငွေကြေးကျပ်တည်းမှုနှင့် သင်၏ မိတ်ဆွေများ၊ ဆွေမျိုးများ၏ စွန့်ပစ်ခြင်းတည်းဟူသော ညှဉ်းဆဲမှုကို သင် ခံရပါက၊ သို့မဟုတ် ဘဝတွင် အခြား ကံအကြောင်းမလှသည့် ဖြစ်ရပ်တစ်ခုကို သင် ကြံ့ကြံ့ခံရပါက၊ ငါ့အတွက် သင်၏ သစ္စာစောင့်သိခြင်းနှင့် ချစ်ခြင်းမေတ္တာတို့ ဆက်ရှိဦးမည်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၂)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရတာဟာ ဘုရားသခင်က ကျွန်တော့်ကို မျက်နှာချင်းဆိုင် မေးခွန်းထုတ်နေသလို ခံစားရတယ်။ ကျွန်တော် အရမ်းကို ရှက်မိတယ်။ အရင်တုန်းက ဘုရားသခင်က ကျွန်တော့်ကို ကောင်းချီးပေးလို့ အရာရာချောမွေ့ပြီး ဘေးအန္တရာယ် ဒါမှမဟုတ် ကံဆိုးမိုးမှောင်ကျတာတွေ မရှိခဲ့ချိန်တုန်းက ဘုရားသခင် ကျေနပ်ဖို့ ကျွန်တော့်တာဝန်တွေကို ကျွန်တော် လိုလိုလားလား ထမ်းဆောင်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ပြီး တိုးတက်ဖို့ သမ္မာတရားကို လိုက်စားဖို့ ကျွန်တော် လိုလိုလားလား ရှိခဲ့တယ်။ စီစီပီက ကျွန်တော့်ကို ဖမ်းသွားတဲ့အချိန်မှာတောင် နောက်မဆုတ်ခဲ့သလို အပျက်သဘော မဆောင်ခဲ့ဘဲ ပြန်လွတ်လာပြီးနောက်မှာလည်း ကိုယ့်တာဝန်တွေကို ဆက်ထမ်းဆောင်ခဲ့တယ်။ ကျွန်တော့်မှာ အဆုံးမရှိတဲ့ ခွန်အားတွေ ရှိနေတယ်လို့ ခံစားခဲ့ရတယ်။ ဒါပေမဲ့ အခု ဒီရောဂါနဲ့ အကြောသေသွားနိုင်တဲ့ အခြေအနေကို ရင်ဆိုင်ရပြီး ကောင်းချီးခံစားရမယ့် ကျွန်တော့်ရဲ့ မျှော်လင့်ချက်တွေ ကြေမွသွားတာကို မြင်လိုက်ရတော့ ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွေ ပျောက်ဆုံးသွားခဲ့တယ်။ ပြီးတော့ ဘုရားသခင်နဲ့ပတ်သက်တဲ့ ကျွန်တော့်ရဲ့ ညည်းညူမှုတွေနဲ့ အထင်လွဲမှုတွေ အကုန်လုံး ထွက်ပေါ်လာတော့တာပဲ။ ကျွန်တော်က အများကြီး အနစ်နာခံပြီး အသုံးခံခဲ့တာမို့လို့ ဘုရားသခင်က ကျွန်တော့်ကို ရောဂါဘယ ဒါမှမဟုတ် ကံဆိုးမိုးမှောင်ကျတာတွေ မကြုံရစေဘဲ ကောင်းချီးပေးပြီး ကျန်းမာရေးကောင်းအောင် ထားသင့်တယ်လို့ တွေးခဲ့တယ်။ ကျွန်တော့်ရဲ့ လိုအင်ဆန္ဒတွေ မပြည့်ဝလာတဲ့အခါ ဘုရားသခင်ကို တိတ်တဆိတ် ဆန့်ကျင်တဲ့ အခြေအနေမှာ နစ်မွန်းနေမိတယ်။ ဘုရားနှုတ်ကပတ်တော်တွေကိုလည်း ဆက်မဖတ်ချင်တော့သလို သင်ခန်းစာယူဖို့ ဆင်ခြင်သုံးသပ်ချင်စိတ်လည်း မရှိတော့ဘူး။ အဲဒီအစား ကျွန်တော်ဟာ အပျက်သဘောဆောင်လာပြီး ညည်းညူလာတယ်၊ ပြီးတော့ လုံးဝကို စိတ်ပျက်အားငယ်သွားခဲ့တယ်။ အဖြစ်မှန်တွေရဲ့ ဖော်ထုတ်မှုကနေတစ်ဆင့် အရင်က ကျွန်တော့်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ သစ္စာစောင့်သိမှုဟာ အတုအယောင်တွေဖြစ်ကြောင်း နောက်ဆုံးမှာ ကျွန်တော် မြင်သွားတယ်။ ဒီရောဂါဖြစ်လာတာဟာ ဘုရားသခင်က ကျွန်တော့်ကို ဖယ်ရှားရှင်းလင်းဖို့ ခွင့်ပြုတာမဟုတ်ဘဲ ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးမှုကို သန့်စင်ဖို့ ဒီအခြေအနေကို အသုံးပြုတာဖြစ်လို့ ဘုရားသခင်ကို ကျွန်တော် အထင်မလွဲသင့်ဘူးလေ။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်ပြီးတဲ့နောက် ဘုရားသခင်အပေါ် အရမ်းကို အကြွေးတင်နေပြီလို့ ခံစားလိုက်ရတယ်။ ဒီလောက်ကြီး ဆက်ပြီး အပျက်သဘော ဆောင်နေလို့ မဖြစ်တော့ဘူး။ ကျွန်တော့်ရောဂါ သက်သာသည်ဖြစ်စေ၊ မသက်သာသည်ဖြစ်စေ ပထမဆုံးအနေနဲ့ ကျွန်တော် ကျိုးနွံနာခံပြီး ဒီဆင်းရဲဒုက္ခကနေ သင်ခန်းစာယူသင့်တယ်။
တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော်က ပြောထားတာကို ကျွန်တော် ဖတ်လိုက်ရတယ်။ “၎င်းတို့ကို ငါ အနာငြိမ်းစေနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြသည်။ ၎င်းတို့၏ခန္ဓာကိုယ်များမှ မသန့်ရှင်းသော ဝိညာဉ်များကို နှင်ထုတ်ရန် ငါ၏တန်ခိုးကို အသုံးပြုနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြပြီး၊ ငါ့ထံမှ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ၎င်းတို့ ရနိုင်လိမ့်မည် ဖြစ်သောကြောင့်သာ ငါ့ကို များစွာသော သူတို့က ယုံကြည်ကြပေသည်။ သာ၍ကြီးမားသော ရုပ်ဝတ္ထုဆိုင်ရာ ကြွယ်ဝမှုကို ငါ့ထံမှ တောင်းခံရန်သာ များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ ဤဘဝကို အေးအေးချမ်းချမ်း ကုန်ဆုံးပြီး နောင်ဘဝတွင် ဘေးကင်းလုံခြုံမှုရှိဖို့ရန်သာ များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ ငရဲ၏ဒုက္ခဆင်းရဲကို ရှောင်ရှားပြီး၊ ကောင်းကင်၏ကောင်းချီးမင်္ဂလာများ ရရှိရန် များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ များစွာသောသူတို့က ယာယီ ကိုယ်စိတ်ချမ်းသာခြင်းအတွက်သာ ငါ့ကို ယုံကြည်သည့်တိုင် နောင်ဘဝ၌ မည်သည့်အရာမျှ ရရှိရန် မကြိုးစားကြပေ။ လူများအပေါ် ငါ၏ ဒေါသကို ပေးအပ်ပြီး တစ်ချိန်က ၎င်းတို့ ပိုင်ဆိုင်ခဲ့သည့် ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို ငါ သိမ်းယူချိန်တွင် ၎င်းတို့သည် သံသယရှိလာ၏။ ငါသည် လူတို့အား ငရဲ၏ ဆင်းရဲဒုက္ခကို ပေးအပ်ပြီး ကောင်းကင်၏ ကောင်းချီးမင်္ဂလာတို့ကို ပြန်လည် သိမ်းယူသည့်အခါ ၎င်းတို့သည် ဒေါသထောင်းခနဲထွက်လေ၏။ လူများက ၎င်းတို့ကို ရောဂါငြိမ်းစေရန် ငါ့အား တောင်းဆိုပြီး ငါသည် ၎င်းတို့ကို အလေးဂရုမပြုသည့်အပြင် ၎င်းတို့အပေါ် စက်ဆုပ်ရွံရှာမှု ခံစားရသည့်အခါ ၎င်းတို့သည် အောက်လမ်းဆေးဝါးနှင့် မှော်အတတ်တို့၏ နည်းလမ်းကို ရှာရန် ငါ့ထံမှ ထွက်သွားလေသည်။ ငါ့ထံမှ ၎င်းတို့ တောင်းဆိုခဲ့ပြီးသမျှအားလုံးကို ငါသိမ်းယူလိုက်ချိန်တွင်၊ ၎င်းတို့အားလုံးက အစအနရှာ၍မရအောင် ပျောက်သွားကြ၏။ သို့ဖြစ်၍ ငါ၏ ကျေးဇူးတော်သည် အလွန်ပေါလျှံပြီး ရရန် အကျိုးကျေးဇူးများမှာ အလွန် များလွန်းသောကြောင့် လူများသည် ငါ၌ ယုံကြည်ခြင်း ရှိသည်ဟု ငါဆို၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း) “လူသား၏ ဘုရားသခင်နှင့် ဆက်ဆံရေးမှာ ပကတိ မိမိ၏ကိုယ်ကျိုးစီးပွားတစ်ခုမျှသာ ဖြစ်ပေသည်။ ယင်းသည် ကောင်းချီးမင်္ဂလာများ လက်ခံရရှိသူနှင့် ပေးသူတို့အကြား ဆက်ဆံရေးတစ်ခု ဖြစ်သည်။ ရှင်းရှင်းပြောပါက၊ အလုပ်သမားတစ်ဦးနှင့် အလုပ်ရှင်တစ်ဦးတို့အကြား ဆက်ဆံရေးဖြစ်၏။ အလုပ်သမားသည် အလုပ်ရှင် ချပေးသော ဆုလာဘ်များကို လက်ခံရရှိရန်သာ အလုပ်ကြိုးစားလုပ်သည်။ အကျိုးစီးပွားကို အရင်းခံသည့် ဆက်ဆံရေးတစ်ခု ထိုသို့သော ဆက်ဆံရေးမျိုးတွင် သွေးနီးသော ချစ်ခင်ခြင်းမရှိပေ၊ အပေးအယူသာ ရှိသည်။ ချစ်ခြင်း သို့မဟုတ် အချစ်ခံရခြင်းမရှိ၊ ပေးကမ်းစွန့်ကြဲခြင်းနှင့် သနားကရုဏာသာ ရှိသည်။ နားလည်မှုမရှိ၊ ခိုကိုးရာမဲ့သော၊ မျိုသိပ်ထားသော နာကြည်းမှုနှင့် လှည့်ဖြားခြင်းသာ ရှိသည်။ ရင်းနှီးမှုမရှိ၊ ဖြတ်သန်းမရနိုင်သည့် ကွာဟချက်သာ ရှိသည်။ အမှုအရာများက ဤအဆင့်သို့ ရောက်ပြီးဖြစ်သဖြင့်၊ မည်သူသည် ထိုသို့သော လမ်းကြောင်းတစ်ခုကို ပြောင်းပြန် လှည့်နိုင်မည်နည်း။ ဤဆက်ဆံရေးက မည်မျှ ကြောက်မက်ဖွယ်ဖြစ်လာပြီး ဖြစ်သည်ကို လူမည်မျှက အမှန်တကယ် နားလည်နိုင်စွမ်းရှိသနည်း။ လူများသည် ကောင်းချီးမင်္ဂလာခံစားရခြင်း၏ ဝမ်းမြောက်မှုတွင် မိမိတို့ကိုယ်ကိုယ် နှစ်မြုပ်ထားသည့်အခါ၊ ဘုရားသခင်နှင့် ထိုသို့သော ဆက်ဆံရေးက မည်မျှရှက်ဖွယ်ကောင်းပြီး မြင်မကောင်း ရှုမကောင်း ဖြစ်သည်ကို မည်သူမျှ စိတ်မကူးနိုင်ဟု ငါယုံကြည်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၃)- ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်) ဘုရားသခင်ရဲ့ ဖော်ထုတ်ချက်က ကျွန်တော့်အခြေအနေကို တိုက်ရိုက် ထောက်ပြနေတာပဲ။ ကျွန်တော် ဘုရားသခင်ကို ယုံကြည်ပြီး ကိုယ့်တာဝန်တွေကို ထမ်းဆောင်ခဲ့တာဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ခံစားရဖို့၊ ကြီးမားတဲ့ ကပ်ဘေးတွေကနေ ရှောင်လွှဲနိုင်ဖို့နဲ့ ကောင်းကင်ဘုံရဲ့ ကောင်းချီးတွေကို ပျော်မွေ့ခံစားဖို့အတွက် သက်သက်ပါပဲ။ ဒီအမှုအဆင့်ကို စလက်ခံခဲ့တုန်းက အချိန်ကို ပြန်ကြည့်ရင်၊ ကိုယ့်တာဝန်တွေကို ထမ်းဆောင်နိုင်သရွေ့၊ ဘုရားသခင်အတွက် အနစ်နာခံပြီး အသုံးခံနိုင်သရွေ့၊ ဒုက္ခခံပြီး အဖိုးအခပေးနိုင်သရွေ့ လှပတဲ့ ပန်းတိုင်တစ်ခုကို ရလိမ့်မယ်လို့ ကျွန်တော် တွေးခဲ့တာ။ နောက်ပိုင်း ဘုရားသခင်ရဲ့ ကောင်းချီးတွေကို ရဖို့ ကျွန်တော် အနစ်နာခံခဲ့တယ်၊ အသုံးခံခဲ့တယ်၊ ကိုယ့်တာဝန်တွေကို ထမ်းဆောင်ခဲ့တယ်။ လောကကြီးက ဘယ်လောက်ပဲ အသရေဖျက်ပါစေ၊ မိသားစုက ဘယ်လိုပဲ ပစ်ပယ်ပါစေ ဘာကမှ ကျွန်တော့်ကို မတားဆီးနိုင်ခဲ့ဘူး။ ရဲတွေဖမ်းတာ ခံရတဲ့အချိန်မှာတောင် ကိုယ့်တာဝန်တွေကို ကျွန်တော် မစွန့်လွှတ်ခဲ့ဘူး။ ဒီလို အဖိုးအခတွေ ပေးဆပ်ခြင်းအားဖြင့် ဘုရားသခင်ရဲ့ ကောင်းချီးတွေကို သေချာပေါက်ရရှိပြီး ကြီးမားတဲ့ ကပ်ဘေးတွေကနေ အသက်ရှင်ကျန်ရစ်မယ်လို့ ကျွန်တော် ထင်ခဲ့တာ။ ဒါပေမဲ့ ရောဂါဝင်လာပြီး အကြောသေသွားနိုင်တဲ့အပြင် ကိုယ့်တာဝန်တွေကို မထမ်းဆောင်နိုင်တော့မယ့် အန္တရာယ်ရှိလာတဲ့အခါ ကယ်တင်ခံရမယ့် မျှော်လင့်ချက်တွေ အကုန်ဆုံးရှုံးသွားပြီလို့ ကျွန်တော် ခံစားခဲ့ရတယ်။ ကျွန်တော့်စိတ်ထဲမှာ ဘုရားသခင်ကို ဆက်တိုက် ညည်းညူပြီး ငြင်းခုံနေခဲ့တယ်၊ ဘုရားသခင်အတွက် ဒီလောက်ပေးဆပ်ခဲ့တာမို့လို့ ဘုရားသခင်က ကျွန်တော့်ကို ကာကွယ်ပေးသင့်တယ်၊ ရောဂါဝေဒနာက ညှဉ်းပန်းတာ ခံရခွင့်မပြုသင့်ဘူးလို့ ခံစားမိခဲ့တယ်။ ကောင်းချီးလိုချင်တဲ့ ကျွန်တော့်ရဲ့ လိုအင်ဆန္ဒတွေ ပျက်စီးသွားတဲ့အခါ ဘုရားသခင် စီစဉ်ပေးတဲ့ အခြေအနေအပေါ် အတိုက်အခံလုပ်ချင်စိတ်တွေ စဖြစ်လာပြီး အပျက်သဘောဆောင်ပြီး ဆန့်ကျင်လာခဲ့တယ်၊ အတိတ်က အနစ်နာခံခဲ့တာတွေကိုတောင် နောင်တရတဲ့အထိပဲ။ ကျွန်တော်ဟာ ဘုရားသခင်ကို ယုံကြည်ရာမှာ အပေးအယူလုပ်တဲ့ စိတ်နေသဘောထားနဲ့ ရှုမြင်နေခဲ့ပြီး ဘုရားသခင်ရဲ့ ကောင်းချီးတွေနဲ့ လဲလှယ်ဖို့အတွက် ကျွန်တော့်ရဲ့ သိသာတဲ့ အနစ်နာခံမှုတွေနဲ့ အားထုတ်မှုတွေကို အသုံးချပြီး ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားနေခဲ့တယ်ဆိုတာကို အခုမှပဲ ကျွန်တော် မြင်လာတယ်။ ကျွန်တော်က အငှားလုပ်သားတစ်ယောက်လို ပြုမူနေခဲ့တာပဲ၊ အလုပ်ကြိုးစားပြီးရင် ဘုရားသခင်ဆီကနေ ထပ်တူညီတဲ့ ဆုလာဘ်တွေ ရသင့်တယ်လို့ တွေးနေခဲ့တာ။ ကျွန်တော့်မှာ ဘုရားသခင်အပေါ် ရိုးသားမှု တစ်စက်မှ မရှိခဲ့ဘူး။ သူ့ကို လှည့်ဖြားပြီး အသုံးချဖို့ပဲ ကြိုးစားနေခဲ့တာ။ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် တွေးမိတယ်။ “အကယ်၍ သင်၏ သစ္စာစောင့်သိမှုသည် ရည်ရွယ်ချက်များနှင့် သတ်မှတ်ချက်များဖြင့် လာပါက၊ ၎င်းတို့၏ ရည်ရွယ်ချက်များမှတစ်ဆင့် ငါ့ကို လှည့်ဖြားပြီး၊ သတ်မှတ်ချက်များဖြင့် ငါ့ကို ခြိမ်းခြောက်ညှစ်ယူသောသူတို့ကို ငါ စက်ဆုပ်သည့်အတွက်၊ သင်၏ သစ္စာစောင့်သိမှုဟု ခေါ်သောအရာမရှိဘဲသာ နေလိုက်ချင်သည်။ လူ့အနေဖြင့် ငါ့အား လုံးဝ သစ္စာစောင့်သိကြရန်နှင့် ယုံကြည်ခြင်း ဟူသော စကားလုံး တစ်လုံးအတွက် သက်သေပြရန်အလို့ငှာ အရာခပ်သိမ်းကို လုပ်ဆောင်ဖို့ကိုသာ ငါ အလိုရှိသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် အမှန်တကယ် ဘုရားသခင်ကို ယုံကြည်သူတစ်ယောက် ဖြစ်သလော) ဘုရားသခင်ရဲ့ စိတ်သဘောထားက ဖြောင့်မတ်ပြီး သန့်ရှင်းတယ်။ ဘုရားသခင်ဟာ လူတွေအပေါ် စစ်မှန်ပြီး အပြန်အလှန် ဘာမှ မတောင်းဆိုဘူး။ ပြီးတော့ လူတွေက သူ့အပေါ် ဆက်ကပ်ရာမှာ စိတ်နှလုံးတစ်သဘောတည်း ရှိနိုင်ဖို့ကိုလည်း ဘုရားသခင် မျှော်လင့်တယ်၊ ပြီးတော့ လူတွေက သူ့ကို အတုအယောင် ဒါမှမဟုတ် မသန့်စင်မှုတွေနဲ့ ယုံကြည်တာမျိုး ဘုရားသခင် အလိုမရှိဘူး။ ဒါပေမဲ့ အဖိုးအခပေးဆပ်ပြီး အသုံးခံတဲ့နေရာမှာ ကျွန်တော်က ကျေးဇူးတော်နဲ့ ကောင်းချီးတွေ ရဖို့အတွက် ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားနေခဲ့တာ။ ကျွန်တော်က ကိုယ်ပိုင်ပန်းတိုင်တွေ ရောက်ဖို့အတွက် ဘုရားသခင်ကို အသုံးချချင်ခဲ့ပြီး ကောင်းချီးတွေမရတဲ့အခါ ဘုရားသခင်ကို ညည်းညူခဲ့တယ်။ ကျွန်တော့်လို တစ်ကိုယ်ကောင်းဆန်တဲ့လူတစ်ယောက်ကို ဘုရားသခင်က မစက်ဆုပ်ဘဲ၊ မမုန်းဘဲ ဘယ်လိုများ နေနိုင်မှာလဲ။ ဘုရားသခင်ရဲ့ ထုတ်ဖော်ခြင်းသာ မရှိခဲ့ရင် ဘုရားသခင်ကို ယုံကြည်ခြင်း နောက်ကွယ်က စက်ဆုပ်စရာကောင်းတဲ့ ကျွန်တော့်ရည်ရွယ်ချက်တွေကို ကျွန်တော် သိခဲ့မှာမဟုတ်ဘူး၊ လမ်းမှားကို ဆက်လျှောက်နေမိမှာဖြစ်ပြီး နောက်ဆုံးမှာ ဘုရားသခင်ရဲ့ ဖယ်ရှားရှင်းလင်းတာကို ခံရမှာပဲ။ ဒါကို သဘောပေါက်လိုက်တဲ့အခါ၊ ဘုရားသခင်အပေါ် အရမ်း အကြွေးတင်နေပြီလို့ ခံစားလိုက်ရပြီး ဘုရားသခင်ကို ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်တော် ယုံကြည်လာတာ နှစ်တွေ အတော်ကြာခဲ့ပြီ၊ ဒါပေမဲ့ ကျွန်တော် မရိုးသားခဲ့ပါဘူး။ ကိုယ်တော်နဲ့ အပေးအယူလုပ်ဖို့နဲ့ ကိုယ်တော့်ကို လှည့်ဖြားဖို့ ကြိုးစားနေခဲ့တယ်။ ကျွန်တော့်ရဲ့ ဒီယုံကြည်ခြင်းက ကိုယ်တော့်အတွက် စက်ဆုပ်စရာကောင်းပြီး ရွံရှာဖွယ်ဖြစ်နေပါတယ်။ ဘုရားသခင်၊ ကိုယ်တော့်ထံ ကျွန်တော် နောင်တရချင်စိတ်ရှိပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ဉာဏ်ပွင့်စေပြီး အလင်းပေးတော်မူပါ၊ ပြီးတော့ မှားယွင်းတဲ့ အခြေအနေထဲကနေ ထွက်ဖို့ လမ်းပြတော်မူပါ” ပေါ့။
အဲဒီနောက် ကျွန်တော် သေချာတွေးကြည့်တယ်။ ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့်၊ ပြီးတော့ ကိုယ်တော့်အတွက် အနစ်နာခံပြီး အသုံးခံခြင်းအားဖြင့် ကိုယ်တော်ရဲ့ ကာကွယ်စောင့်ရှောက်မှုနဲ့ ကောင်းချီးတွေကို ရသင့်တယ်၊ ရောဂါ ဒါမှမဟုတ် ကံဆိုးမိုးမှောင်ကျတာတွေနဲ့ ရင်မဆိုင်ရသင့်ဘူးလို့ ကျွန်တော် တွေးခဲ့တာ။ ဒီအမြင်က တိတိကျကျ ဘယ်လိုများ မှားယွင်းနေတာလဲ။ ဘုရားနှုတ်ကပတ်တော်အပိုဒ်တချို့ကို ကျွန်တော် တွေးမိတယ်။ “ယောဘသည် စာတန်၏ ရက်စက်ကြမ်းကြုတ်မှုများကို ခံစားခဲ့ရသော်လည်း၊ သူသည် ယေဟောဝါဘုရားသခင်၏ နာမကို မစွန့်ပစ်ခဲ့သေးပေ။ လူ၏ မျက်စိတွင် မြင်နိုင်သည့် ပုံစံဖြင့် စာတန်၏ အခန်းကဏ္ဍကို လုပ်ဆောင်ရင်း၊ ပထမဦးစွာ ထွက်လာပြီး တိုက်ခိုက်ခဲ့သူမှာ သူ၏ ဇနီး ဖြစ်ခဲ့သည်။ မူရင်းစာသားက ဤသို့ ဖော်ပြထားသည်- ‘ထိုအခါမယားက၊ သင်သည် ဖြောင့်မတ်သောတရားကို စွဲလမ်းသေးသလော။ ဘုရားသခင်ကို စွန့်ပယ်၍ သေလော့ဟုဆို၏။’ (ယောဘ ၂:၉)” “သူ့ဇနီး၏ အကြံဉာဏ်နှင့် ရင်ဆိုင်ရလျက်၊ ယောဘသည် သူ၏ တည်ကြည်မှုကို လက်မလွှတ်ခဲ့သကဲ့သို့ ဘုရားသခင်ကိုလည်း မစွန့်လွှတ်ခဲ့ရုံသာမက၊ သူ၏ ဇနီးအား၊ ‘ငါတို့သည် ဘုရားသခင်၏ လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော။’ ဟူ၍လည်း ဆိုခဲ့သည်။ ဤစကားများသည် အလွန် ဩဇာသက်ရောက်မှု ရှိပါသလော။ ဤနေရာတွင် ဤစကားများ၏ ဩဇာသက်ရောက်မှုကို သက်သေပြနိုင်စွမ်းရှိသည့် အချက်တစ်ခုတည်းသာ ရှိသည်။ ဤစကားများ၏ ဩဇာသက်ရောက်မှုမှာ ဘုရားသခင်သည် ထိုစကားများကို သူ၏ စိတ်နှလုံးထဲတွင် လက်ခံသည်၊ ၎င်းတို့သည် ဘုရားသခင် တောင့်တခဲ့သော အရာ ဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင် ကြားလိုသော အရာဖြစ်ပြီး၊ ဘုရားသခင်မြင်ရန် တမ်းတခဲ့သော ရလဒ် ဖြစ်ပေသည်။ ဤစကားများသည် ယောဘသက်သေခံချက်၏ ခြင်ဆီအနှစ်လည်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)) ယောဘဟာ သားသမီးတွေနဲ့ ဥစ္စာပစ္စည်းတွေ ဆုံးရှုံးပြီး တစ်ကိုယ်လုံး အနာစိမ်းတွေ ပေါက်သွားတဲ့အခါ ဘုရားသခင်ကို မညည်းညူခဲ့တဲ့အပြင် ဘုရားသခင်ဆီက ကောင်းချီးတွေရော၊ ကံဆိုးမိုးမှောင်ကျတာတွေကိုပါ လက်ခံသင့်တယ်လို့ ဇနီးဖြစ်သူကိုတောင် ပြောခဲ့တယ်။ ယောဘက သူ့ရဲ့ သားသမီးတွေနဲ့ ဥစ္စာပစ္စည်းတွေကို ဘုရားသခင်က ပေးသနားခဲ့တာဖြစ်ပြီး ဘုရားသခင်က ပြန်ရုပ်သိမ်းသွားတာဟာ မှန်ကန်တယ်ဆိုတာကို သိခဲ့တယ်။ ဘုရားသခင်က သူ့ကို ဘယ်လိုပဲ ဆက်ဆံပါစေ သူ့မှာ ညည်းညူစရာ မရှိခဲ့သလို တောင်းဆိုမှုတွေ မလုပ်ခဲ့ဘူး၊ ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့လည်း မကြိုးစားခဲ့ဘူး။ ယောဘရဲ့ အတွေ့အကြုံကနေတစ်ဆင့် ကျွန်တော် နားလည်လိုက်တာက ဘုရားသခင်ကို ယုံကြည်တယ်ဆိုတာ ဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးတွေကို ပျော်မွေ့ခံစားရုံတင်မကဘဲ ဘုရားသခင်ဆီကလာတဲ့ စမ်းသပ်မှုတွေနဲ့ ဆင်းရဲဒုက္ခတွေကိုလည်း လက်ခံဖို့ပါပဲ။ ကျွန်တော်တို့ဟာ ကောင်းချီးတွေ ရသည်ဖြစ်စေ၊ ကံဆိုးမိုးမှောင်ကျတာတွေ ကြုံရသည်ဖြစ်စေ အရာအားလုံးဟာ ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိတာမို့လို့ ဘုရားသခင်ကို တောင်းဆိုမှုတွေ မလုပ်ဘဲ လက်ခံပြီး ကျိုးနွံနာခံသင့်တယ်။ နေမကောင်းဖြစ်တဲ့အခါ ဘုရားသခင်ကို ကျွန်တော် ညည်းညူနိုင်ခဲ့တာဟာ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို နားမလည်လို့ပဲဆိုတာကိုလည်း နားလည်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်က ပြောထားတာကို ကျွန်တော် ဖတ်ခဲ့ရတယ်။ “ဖြောင့်မတ်ခြင်းတရားသည် တရားမျှတခြင်း သို့မဟုတ် ကျိုးကြောင်းဆီလျော်ခြင်း မည်သို့မျှ မဟုတ်ပေ၊ ယင်းသည် သာတူညီမျှရေးဝါဒ မဟုတ်၊ သို့မဟုတ် သင်လုပ်ဆောင် ပြီးစီးသည့် အလုပ်နှင့်အညီ သင်ရသင့်ရထိုက်သောအရာကို ခွဲဝေသတ်မှတ်ပေးခြင်း မဟုတ်ပေ၊ သို့မဟုတ် သင် လုပ်ဆောင်ပြီးစီးသည့် မည်သည့်အလုပ်မဆိုအတွက် ပေးချေခြင်း သို့မဟုတ် သင်၏ အားစိုက်ထုတ်ခြင်းအရ ပေးထိုက်သောအရာကို ပေးခြင်း မဟုတ်ပေ။ ဤအရာသည် ဖြောင့်မတ်ခြင်း မဟုတ်ပေ။ သမာသမတ်ကျပြီး သင့်မြတ်လျော်ကန်ခြင်းမျှသာ ဖြစ်သည်။ လူနည်းစုကသာလျှင် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သိကျွမ်းနိုင်စွမ်း ရှိသည်။ ယောဘက ဘုရားသခင် အကြောင်းသက်သေခံပြီးနောက်တွင် ကိုယ်တော်က သူ့ကို သုတ်သင်ရှင်းလင်းလိုက်သည် ဆိုပါစို့။ ဤသည်မှာ ဖြောင့်မတ်ပါမည်လော။ စင်စစ်အားဖြင့် ဖြောင့်မတ်ပေလိမ့်မည်။ ဤအရာကို ဖြောင့်မတ်ခြင်းဟု အဘယ်ကြောင့် ခေါ်သနည်း။ ဖြောင့်မတ်ခြင်းကို လူတို့က မည်သို့ရှုမြင်ကြသနည်း။ တစ်စုံတစ်ခုသည် လူတို့၏ အယူအဆများနှင့်ကိုက်ညီလျှင် ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ၎င်းတို့ပြောရန် အလွန်လွယ်ကူသည်။ သို့ရာတွင် ထိုအရာသည် ၎င်းတို့၏အယူအဆများနှင့် ကိုက်ညီသည်ဟု မမြင်ပါက၊ ယင်းသည် ၎င်းတို့ နားလည်နိုင်သည့် တစ်စုံတစ်ရာ မဟုတ်ပါက ၎င်းတို့အနေဖြင့် ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ပြောရန် ခက်ခဲပေလိမ့်မည်။ ဘုရားသခင်သည် ယောဘကို ထိုအချိန်က ဖျက်ဆီးခဲ့ပါက၊ လူများက သူသည် ဖြောင့်မတ်သည်ဟု ပြောပြီးဖြစ်လိမ့်မည် မဟုတ်ပေ။ အမှန်တွင် လူများသည် ဖောက်ပြန်ပျက်စီးပြီးဖြစ်စေ မပျက်စီးပြီးဖြစ်စေ၊ ၎င်းတို့သည် အလွန့်အလွန် ဖောက်ပြန်ပျက်စီးပြီးဖြစ်စေ၊ မပျက်စီးပြီးဖြစ်စေ ဘုရားသခင် ၎င်းတို့ကို ဖျက်ဆီးသည့် အချိန်တွင် သူ၏လုပ်ရပ်အတွက် အကျိုးသင့်အကြောင်းသင့် ရှင်းပြဖို့ လိုသလော။ သူသည် မည်သည့်အကြောင်းရင်းအရ ထိုသို့လုပ်ဆောင်သည်ကို လူများကို ရှင်းပြဖို့ လိုအပ်သင့်သလော။ ဘုရားသခင်က သူပြဋ္ဌာန်းထားသည့် စည်းကမ်းများကို လူတို့အား ပြောပြရမည်လော။ မလိုအပ်ပေ။ ဘုရားသခင်၏အမြင်တွင် တစ်စုံတစ်ဦးသည် ဖောက်ပြန်ပျက်စီးပြီး ဘုရားကို ဆန့်ကျင်နိုင်ခြေ ရှိသည့်အပြင် အဘယ်တန်ဖိုးမျှ မရှိလျှင် ထိုသူကို ဘုရားက မည်သို့ကိုင်တွယ်သည်ဖြစ်စေ သင့်တော်နေပေလိမ့်မည်၊ ပြီးလျှင် အားလုံးသည် ဘုရားသခင်၏ အစီအစဉ်များဖြစ်သည်။ သင်သည် ဘုရားသခင်၏အမြင်တွင် သဘောမကျဖြစ်စေပါက၊ ပြီးလျှင် သင်၏သက်သေခံချက်ပြီးသည့်နောက် သူ့အတွက် သင်သည် အသုံးမတည့်တော့သောကြောင့် သင့်ကို ဖျက်ဆီးခဲ့သည် ဟု သူပြောခဲ့ပါက၊ ဤသည်မှာရော သူ၏ဖြောင့်မတ်ခြင်း ဖြစ်မည်လော။ ဖြောင့်မတ်ခြင်း ဖြစ်ပေမည်။ ယခုအခါတွင် အချက်အလက်များမှ သင်သည် သတိပြုနိုင်စွမ်း မရှိနိုင်သော်လည်း၊ အယူအဆအရ သင်နားလည်ရမည်။ သင်တို့ မည်သည့်အရာကို ပြောမည်နည်း။ စာတန်ကို ဘုရားသခင်၏ ဖျက်ဆီးခြင်းက သူ့ဖြောင့်မတ်ခြင်း၏ ဖော်ပြချက် တစ်ခုလော။ (ဟုတ်ပါသည်။) စာတန်ကို သူဆက်လက် တည်ရှိခွင့်ပေးခဲ့ပါက၊ မည်သည့်အရာ ဖြစ်မည်နည်း။ သင် မပြောဝံ့သည် မဟုတ်လော။ ဘုရားသခင်၏ အနှစ်သာရမှာ ဖြောင့်မတ်ခြင်း ဖြစ်သည်။ ကိုယ်တော်ပြုသောအမှုကို နားလည်ရန် မလွယ်ကူသော်လည်း ကိုယ်တော်ပြုသော အမှုအားလုံးသည် ဖြောင့်မတ်ပေသည်။ လူတို့က နားမလည်ကြခြင်းသာ ဖြစ်သည်။ ဘုရားသခင်က ပေတရုကို စာတန်ထံပေးသောအခါ ပေတရုက မည်သို့ တုံ့ပြန်သနည်း။ ‘လူသားမျိုးနွယ်သည် ကိုယ်တော်ပြုသောအမှုကို နားလည်နိုင်စွမ်း မရှိပေ၊ သို့သော် ကိုယ်တော်ပြုသည့်အမှုအားလုံးတွင် ကိုယ်တော်၏ စိတ်စေတနာကောင်း ပါဝင်၏၊ ထိုအမှုတစ်ရပ်လုံးတွင် ဖြောင့်မတ်ခြင်းပါရှိသည်။ ကိုယ်တော်၏ ဉာဏ်ပညာနှင့် လုပ်ဆောင်မှုများအတွက် ကျွန်ုပ်သည် အဘယ်သို့ မချီးမွမ်းဘဲ နေနိုင်မည်နည်း။’” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးနောက် ကျွန်တော့်အမြင်က လွဲချော်နေမှန်း သဘောပေါက်သွားတယ်။ ကျွန်တော့်စိတ်ထဲမှာ ဖြောင့်မတ်ခြင်းဆိုတာ တရားမျှတမှုနဲ့ အကြောင်းသင့်အကျိုးသင့်ရှိမှု၊ တန်းတူညီမျှမှုဖြစ်တယ်၊ ပြီးတော့ ကျွန်တော် လုပ်ခဲ့တဲ့ အလုပ်ပမာဏနဲ့ ထိုက်တန်တဲ့ အခကြေးငွေကို ရသင့်တယ်လို့ တွေးခဲ့တာ။ ယုံကြည်ခြင်းနဲ့ ဖြတ်သန်းခဲ့တဲ့ နှစ်တွေတစ်လျှောက်မှာ ကျွန်တော် အများကြီး စွန့်လွှတ်ခဲ့ပြီး မိသားစုနဲ့ အလုပ်အကိုင်ကိုပါ စွန့်ပစ်ခဲ့လို့ ဘုရားသခင်က ကျွန်တော့်ကို ကောင်းချီးပေးသင့်တယ်၊ ရောဂါနဲ့ ဘေးအန္တရာယ် ကင်းဝေးစေသင့်တယ်၊ အရာအားလုံး ချောမွေ့နေသင့်ပြီး နောက်ဆုံးမှာ နိုင်ငံတော်ထဲကို ဝင်ရောက်ခွင့်ရသင့်တယ်လို့ ခံစားခဲ့ရတယ်။ ဒါဟာ တရားမျှတပြီး အကြောင်းသင့်အကျိုးသင့်ရှိတယ်၊ ပြီးတော့ ဒါဟာ ဘုရားသခင် ဖြောင့်မတ်မယ့် ပုံစံပဲလို့ ကျွန်တော် ခံစားခဲ့ရတာ။ တခြား ညီအစ်ကိုမောင်နှမတွေက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြဿနာမရှိဘဲ နေထိုင်နေကြချိန်မှာ ကျွန်တော်က ဒီလောက်ပြင်းထန်တဲ့ ရောဂါဝေဒနာကို ခံစားနေရတာကို မြင်တော့ ဘုရားသခင်ဟာ မဖြောင့်မတ်ဘူးလို့ ကျွန်တော် ညည်းညူခဲ့တယ်။ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကို အကဲဖြတ်ဖို့အတွက် ဖောက်ပြန်ပျက်စီးတဲ့ လူ့အမြင်တွေနဲ့ အရောင်းအဝယ်၊ အပေးအယူ သဘောတရားကို ကျွန်တော် အသုံးပြုနေခဲ့တာပဲ။ ဒီအမြင်က လွဲချော်နေပြီး သမ္မာတရားနဲ့ မကိုက်ညီဘူး။ ဘုရားသခင်ဟာ ဖန်ဆင်းရှင်ဖြစ်ပြီး ကျွန်တော့်မှာရှိတဲ့ အရာအားလုံးဟာ ကိုယ်တော့်ထံက လာတာဖြစ်လို့ ဘုရားသခင်ကို ဒီလိုဆင်ခြင်တုံတရားမဲ့တဲ့ တောင်းဆိုမှုတွေ မလုပ်သင့်ဘူး။ ကျွန်တော် ဆင်ခြင်တုံတရား အရမ်းကင်းမဲ့လွန်းနေပြီ။ ဘုရားသခင်က လူတွေကို ဘယ်လိုပဲ ဆက်ဆံပါစေ၊ သူတို့အပေါ် ကောင်းချီးတွေချပေးသည်ဖြစ်စေ၊ ကံဆိုးမိုးမှောင်ကျတာတွေ ကြုံစေသည်ဖြစ်စေ၊ အဲဒီအရာအားလုံးမှာ ကိုယ်တော်ရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေ ပါဝင်တယ်။ လူတွေဟာ ဘုရားသခင်ကို တောင်းဆိုမှုတွေ မလုပ်ဘဲ လက်ခံပြီး ကျိုးနွံနာခံသင့်တယ်။ ဒါဟာ လူတွေမှာ ရှိသင့်တဲ့ အသိစိတ်နဲ့ ဆင်ခြင်တုံတရားပဲ။ ဒါကို သဘောပေါက်ပြီးနောက် ကျွန်တော့်စိတ်နှလုံးက အများကြီး ပိုလင်းလက်လာတယ်။ အဲဒီနောက် နေ့တိုင်း ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ခြင်းအားဖြင့် ကျွန်တော့်အခြေအနေကို စတင် ညှိယူခဲ့တယ်။ အချိန်နည်းနည်းကြာပြီးတဲ့နောက်မှာ ကျွန်တော့်ရောဂါက သိသိသာသာ သက်သာလာပြီး အသင်းတော်က ကျွန်တော့်ကို တာဝန် ပြန်ထမ်းဆောင်ဖို့ စီစဉ်ပေးခဲ့တယ်။ ကျွန်တော် ဝမ်းသာပြီး ကျေးဇူးတင်မိသလို ဘုရားသခင်ကို အဆက်မပြတ် ကျေးဇူးတော် ချီးမွမ်းနေခဲ့တယ်။ ကျွန်တော့်တာဝန်ကို ချစ်မြတ်နိုးချင်စိတ်ရှိခဲ့ပြီး အတိတ်ကလိုမျိုး ကောင်းချီးတွေအတွက် ကျွန်တော့်ကိုယ်ကျွန်တော် အသုံးခံတာ၊ တာဝန်ထမ်းဆောင်တာတွေ မလုပ်တော့ဘူး။ ဘုရားသခင် ကျေနပ်ဖို့ ဖန်ဆင်းခံတစ်ဦးအနေနဲ့ ကိုယ့်တာဝန်ကို ဖြည့်ဆည်းဖို့ပဲ ဆန္ဒရှိခဲ့တာပါ။
ခြောက်လကြာပြီးနောက် ကျွန်တော့်ရောဂါ ပြန်ဖြစ်လာပြီး ခါးအောက်ပိုင်း နာတာက အရင်ကထက် ပိုဆိုးလာတယ်။ သန့်စင်ခန်းသွားဖို့ကိုတောင် တုတ်ကောက်ကို အားပြုသွားရပြီး ခြေလှမ်းတိုင်းက ပင်ပန်းလွန်းတယ်။ ကုသမှုကလည်း ဘာအကျိုးသက်ရောက်မှုမှ မရှိဘူး။ ကျွန်တော့်ဆရာဝန်က စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းချပြီး ကျွန်တော့်ရောဂါက ကုသဖို့ ခက်ခဲတယ်လို့ ပြောတယ်။ ဆရာဝန် ဒီလိုပြောတာ ကြားပြီးနောက် ကျွန်တော့်စိတ်နှလုံးထဲမှာ အရမ်းကို နာကျင်သွားတယ်။ ကျွန်တော် တွေးမိတယ်၊ “ငါ့ရောဂါက တကယ်ပဲ ကုမရတော့ဘူးလား။ ငါ အကြောသေသွားတော့မှာလား။ ဒီအတိုင်းသာ ဆက်သွားနေရင် ငါက အသုံးမကျတဲ့သူ ဖြစ်သွားမှာ မဟုတ်ဘူးလား” ပေါ့။ ပြီးတော့ “ငါ့ရောဂါကြောင့် ကိုယ့်တာဝန်တွေကို မနှောင့်နှေးခဲ့သလို ငါ့မှာရှိတာ အားလုံးကို ပေးဆပ်ခဲ့တယ်။ ငါ့အခြေအနေက တိုးတက်လာသင့်တာပေါ့၊ ဘာလို့ ပိုဆိုးလာရတာလဲ။ ဘုရားသခင်က ငါ့ကို ဖယ်ရှားရှင်းလင်းတော့မှာလား” လို့ တွေးမိပြန်တယ်။ ဒီလိုတွေးလေလေ ပိုပြီး အပျက်သဘောဆောင်လာလေလေ ဖြစ်ပြီး စိတ်ထဲမှာ ကျွန်တော့်ရောဂါကို ဖယ်ရှားပေးဖို့ ဘုရားသခင်ကို တောင်းဆိုလာမိတယ်။ ကျွန်တော့်ရဲ့ အာရုံစိုက်မှု တစ်ခုလုံးက ရောဂါသက်သာလာဖို့ မျှော်လင့်ချက်တွေအပေါ်မှာပဲ အပြည့်အဝ ရှိနေပြီး ရောဂါရဲ့ အခြေအနေနဲ့အမျှ နေ့တိုင်း ကျွန်တော့်စိတ်ခံစားချက်တွေ ပြောင်းလဲနေခဲ့တယ်။ ကျွန်တော့်အခြေအနေ နည်းနည်းလေးတောင် တိုးတက်လာရင် ဝမ်းသာပေမဲ့ အခြေအနေ ပိုဆိုးလာတာ မြင်ရင်တော့ စိတ်ဓာတ်ကျသွားတာပဲ။ တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော် စာကြောင်းတစ်ကြောင်းကို ရုတ်တရက်တွေးမိတယ်။ “စကြဝဠာရှိ အရာရာတိုင်းတွင်၊ ငါ အဆုံးအဖြတ်မပေးသောအရာ တစ်ခုမျှ မရှိချေ။ ငါ့လက်ထဲတွင်မရှိသည့်အရာ တစ်စုံတစ်ရာ ရှိသလော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့်အတွက် အရာရာကို ရှင်းလင်းသွားစေတယ်။ ကျွန်တော့်ရောဂါ အခြေအနေ အပါအဝင် စကြဝဠာထဲက အရာအားလုံးဟာ ဘုရားသခင်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတယ်။ ကျွန်တော့်ရောဂါကို ဖယ်ရှားပေးဖို့ ဘုရားသခင်ကို မတောင်းဆိုသင့်ဘူး။ ဒါက ဆင်ခြင်တုံတရားမဲ့တယ်။ ကျွန်တော် ကျိုးနွံနာခံသင့်တာ။
နောက်ပိုင်းမှာ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် ဖတ်ခဲ့ရတယ်။ “လူများအားလုံးအတွက်၊ စစ်ဆေးခြင်းသည် ဝေဒနာပြင်းထန်ပြီး၊ လက်ခံရန် အင်မတန် ခက်ခဲသည်။ သို့တိုင်အောင် ဘုရားသခင်သည် လူသားထံ သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားကို ထုတ်ဖော်ပြီး လူသားအတွက် သူ၏ တောင်းဆိုချက်များကို သိရှိစေကာ သာ၍ ဉာဏ်အလင်းပွင့်ခြင်းကို ပေးပြီး၊ သာ၍ လက်တွေ့ကျသော ပြုပြင်ခြင်းကို ပေးသည်မှာ စစ်ဆေးခြင်း အတောအတွင်းတွင် ဖြစ်သည်။ အမှန်တရားများနှင့် သမ္မာတရားကြား နှိုင်းယှဉ်ခြင်းမှတစ်ဆင့်၊ လူသည် သူကိုယ်တိုင်နှင့်ပတ်သက်၍လည်းကောင်း၊ သမ္မာတရားနှင့်ပတ်သက်၍လည်းကောင်း ပိုကြီးမားသော အသိကိုရရှိပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်သက်ဆိုင်သော ပိုကြီးမားသော နားလည်ခြင်းကို ရရှိ၏။ ထိုသို့ဖြင့် ဘုရားသခင်အတွက် သာ၍ စစ်မှန်ပြီး သာ၍စင်ကြယ်သော ချစ်ခြင်းမေတ္တာရှိစေရန် လူသားကို အခွင့်ပေးလေသည်။ ယင်းမှာ စစ်ဆေးခြင်းအလုပ်ကို ဆောင်ရွက်ရာတွင် ဘုရားသခင်၏ ရည်မှန်းချက်များ ဖြစ်သည်။ လူသား၌ ဘုရားသခင် လုပ်ဆောင်သည့် အမှုအားလုံးသည် ကိုယ်ပိုင်ရည်ရွယ်ချက်များနှင့် အရေးပါမှုတို့ရှိသည်။ ဘုရားသခင်သည် အဓိပ္ပာယ်မရှိသောအမှုကို မလုပ်ဆောင်သကဲ့သို့၊ လူသားအဖို့ အကျိုးမရှိသည့် အမှုကိုလည်း မလုပ်ဆောင်ပေ။ စစ်ဆေးခြင်းဟူသည်မှာ ဘုရားသခင် ရှေ့မှောက်မှ လူတို့အား ဖယ်ရှားခြင်းကို မဆိုလိုသကဲ့သို့၊ ၎င်းတို့ကို ငရဲတွင် ဖျက်ဆီးခြင်းကိုလည်း မဆိုလိုပေ။ ယင်းထက် စစ်ဆေးခြင်း အတောအတွင်းတွင် လူသား၏ စိတ်သဘောထားကို ပြောင်းလဲခြင်း၊ သူ၏ ရည်ရွယ်ချက်များ၊ သူ၏ အမြင်ဟောင်းများကို ပြောင်းလဲခြင်း၊ ဘုရားသခင် အတွက် သူ၏ချစ်ခြင်းကို ပြောင်းလဲပေးခြင်းနှင့် သူ အသက်ရှင်နေထိုင်သည့် နည်းလမ်းတစ်ခုလုံးအား ပြောင်းလဲပေးခြင်းတို့ကို ဆိုလိုသည်။ စစ်ဆေးခြင်းသည် လူသားအား လက်တွေ့ကျသော စမ်းသပ်မှုတစ်ခု ဖြစ်ပြီး၊ လက်တွေ့ကျသော လေ့ကျင့်မှုပုံစံတစ်ခု ဖြစ်ကာ၊ စစ်ဆေးခြင်း အတောအတွင်းတွင်သာ သူ၏ချစ်ခြင်းမေတ္တာသည် ၎င်း၏ ပင်ကိုလုပ်ငန်းတာဝန်ကို ထမ်းဆောင်နိုင်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက် ကျွန်တော့်စိတ်နှလုံးက ရုတ်တရက် လင်းလက်သွားတယ်။ လက်စသတ်တော့ ဒီရောဂါဖြစ်တာက ဘုရားသခင်က ကျွန်တော့်ကို ဖယ်ရှားရှင်းလင်းချင်လို့ မဟုတ်ဘဲ ကောင်းချီးလိုချင်တဲ့ ကျွန်တော့်ရဲ့ လိုအင်ဆန္ဒက ကြီးမားလွန်းနေပြီး ဒါကို ဒီလိုအခြေအနေမျိုးကတစ်ဆင့် ဖြေရှင်းရမှာဖြစ်လို့ပဲ။ ဒါဟာ ကျွန်တော့်အပေါ်ထားတဲ့ ဘုရားသခင်ရဲ့ မေတ္တာပဲ။ ကောင်းချီးတွေရဖို့နဲ့ ပတ်သက်တဲ့ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်တွေ၊ အမြင်တွေအကြောင်းကို ကျွန်တော် နားလည်မှုတချို့ ရှိခဲ့ပေမဲ့ ဒါတွေကို အပြီးအပြတ်ဖြေရှင်းမပြီးသေးဘူးလေ။ ဒါကြောင့် ရောဂါပြန်ဖြစ်လာတဲ့အခါ ဘုရားသခင်ကို ပြန်ပြီး ညည်းညူ၊ အထင်လွဲလာခဲ့တာ။ ကောင်းချီးရချင်တဲ့ ကျွန်တော့်ရည်ရွယ်ချက်တွေက နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီး သန့်စင်ခံရဖို့အတွက် နာကျင်မှုတွေ၊ စမ်းသပ်မှုတွေကို ပိုပြီး တွေ့ကြုံရမယ်ဆိုတာကို ကျွန်တော် မြင်သွားတယ်။ ဘုရားသခင်ရဲ့ စိတ်သဘောထားက ဖြောင့်မတ်ပြီး သန့်ရှင်းတယ်။ ဒါဆို ဘုရားသခင်ကိုတောင် ညည်းညူပြီး အတိုက်အခံလုပ်တဲ့ ညစ်ညမ်းပြီး ဖောက်ပြန်ပျက်စီးတဲ့သူတစ်ယောက်ကို ဘုရားသခင်က သူ့ရဲ့နိုင်ငံတော်ထဲ ဝင်ဖို့ ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ။ ကျွန်တော် ယုံကြည်လာတဲ့ နှစ်တွေတစ်လျှောက်လုံး ကောင်းချီးတွေကို လိုက်စားဖို့အတွက်ပဲ အာရုံစိုက်ပြီး အချိန်ကုန်ခဲ့တယ်၊ အပေါ်ယံ အနစ်နာခံမှုတွေနဲ့ အသုံးခံမှုတွေကိုပဲ အာရုံစိုက်ပြီး သမ္မာတရားကို လိုက်စားဖို့တော့ အာရုံမစိုက်ခဲ့ဘူး။ ကျွန်တော့် စိတ်သဘောထားက တစ်စက်မှ မပြောင်းလဲခဲ့ဘဲနဲ့တောင် နိုင်ငံတော်ထဲ ဝင်ချင်ပြီး ဘုရားသခင်ရဲ့ ကောင်းချီးတွေကို ရချင်နေသေးတယ်။ ဒါက လိုရာဆွဲပြီး တွေးနေတာ မဟုတ်ဘူးလား။ ဒီလိုမျိုးသာ ဆက်လိုက်စားနေရင် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို မခံရနိုင်ရုံမကဘဲ ဘုရားသခင်ရဲ့ အပြစ်ဒဏ်ပေးခြင်းကိုတောင် ခံရမှာပဲ။ ဒီအချိန်ကျမှပဲ ဒီရောဂါက အပြင်ပန်းကြည့်ရင် ဆိုးရွားတဲ့အရာတစ်ခုလို့ ထင်ရပေမဲ့ တကယ်တမ်းကျတော့ ဘုရားသခင်က ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးမှုကို သန့်စင်ပေးပြီး ကယ်တင်နေတာဖြစ်တယ်၊ ဒီအရာရဲ့ နောက်ကွယ်မှာ ဘုရားသခင်ရဲ့ အပင်ပန်းခံရတဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ်ဆိုတာ ကျွန်တော် သဘောပေါက်သွားတယ်။ ဒါကို သဘောပေါက်လိုက်တော့ ကျွန်တော် အရမ်းကို တို့ထိခံစားရပြီး နောင်တတွေနဲ့ ပြည့်နှက်သွားတယ်၊ ဘုရားသခင်ဆီကလာတဲ့ ဒီလိုကယ်တင်ခြင်းမျိုးနဲ့ ကျွန်တော် လုံးဝ မထိုက်တန်ဘူးလို့ ခံစားခဲ့ရတယ်။ ဘုရားသခင်ရဲ့ စိတ်နှလုံးကို ကျွန်တော် နားမလည်ခဲ့ဘဲ ကိုယ်တော့်ကို အကြိမ်ကြိမ် အထင်လွဲပြီး ညည်းညူခဲ့တယ်။ ကျွန်တော် တကယ်ကို အသိစိတ်နဲ့ ဆင်ခြင်တုံတရား ကင်းမဲ့ခဲ့တာပဲ။
အဲဒီနောက် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် ထပ်ဖတ်ခဲ့တယ်။ “လူတစ်ဦး၏ လုပ်ရပ်များနှင့် အပြုအမူများကို ကောင်းသည် သို့မဟုတ် ဆိုးသည်ဟူ၍ အကဲဖြတ်သော စံနှုန်းမှာအဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် ၎င်းတို့၏အတွေးများ၊ ထုတ်ဖော်ချက်များနှင့် လုပ်ရပ်များ၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး သမ္မာတရား လက်တွေ့ကျမှုအတိုင်း အသက်ရှင်နေထိုင်ကြောင်း သက်သေခံချက် ရှိမရှိတို့ဖြစ်၏။ သင်၌ ဤလက်တွေ့ကျမှု မရှိပါက သို့မဟုတ် ဤအရာအတိုင်း အသက်ရှင်နေထိုင်ခြင်း မရှိပါက သင်သည် မကောင်းမှုပြုသူတစ်ဦး ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိ။ ဘုရားသခင်က မကောင်းမှုပြုသူများကို အဘယ်သို့ မှတ်ယူသနည်း။ ဘုရားသခင်အတွက်မူ သင့်အတွေးများနှင့် အပြင်ပန်းလုပ်ရပ်များက သူ့အတွက် သက်သေမခံသည့်အပြင် ယင်းတို့က စာတန်အား အရှက်ကွဲစေခြင်း၊ သို့မဟုတ် စာတန်အား အနိုင်ယူခြင်းလည်း မပြုချေ၊ ထိုအစား ဘုရားသခင်ကို အရှက်ရစေပြီး ကိုယ်တော့်အား ဂုဏ်သရေညှိုးစေသည့် လက္ခဏာများနှင့် ပွထနေသည်။ သင်သည် ဘုရားသခင်အတွက် သက်သေခံနေခြင်း မရှိ၊ သင်သည် ဘုရားသခင်အဖို့ မိမိကိုယ်ကို အသုံးခံနေခြင်း မရှိသည့်အပြင် ဘုရားသခင်အတွက် သင်၏ တာဝန်နှင့် ဝတ္တရားတို့ကို ဖြည့်ဆည်းနေခြင်းလည်း မရှိပေ၊ ထိုအစား သင့်ကိုယ်ပိုင်အကျိုးအတွက် သင်ပြုမူနေသည်။ ‘သင့်ကိုယ်ပိုင်အကျိုးအတွက်’ ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ အတိအကျဆိုရလျှင် စာတန်အတွက်ကို ဆိုလိုသည်။ ထို့ကြောင့် နောက်ဆုံးတွင် ဘုရားသခင်က ‘အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြ’ ဟု ဆိုလိမ့်မည်။ ဘုရားသခင်၏ အမြင်တွင် သင်၏လုပ်ရပ်များကို ကောင်းမှုများအဖြစ် မြင်လိမ့်မည် မဟုတ်ဘဲ ယင်းတို့ကို ဒုစရိုက်အမှုများအဖြစ် မှတ်ယူလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို မရရှိနိုင်မည့်အပြင် စီရင်ခြင်းခံရလိမ့်မည်။ ဘုရားသခင်ကို ထိုသို့သော ယုံကြည်မှု ရှိသည့်သူတစ်ဦးသည် အဘယ်အရာကို ရရှိဖို့ မျှော်လင့်သနည်း။ ထိုသို့သော ယုံကြည်မှုသည် အဆုံး၌ အချည်းနှီးဖြစ်မည် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖယ်ရှားခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် စစ်မှန်တဲ့ ကောင်းမှုတွေဆိုတာ ဘာလဲဆိုတာ ကျွန်တော် နားလည်သွားတယ်။ လူတစ်ယောက်ဟာ ဘုရားသခင်ကို ချစ်ဖို့နဲ့ စိတ်ကျေနပ်စေဖို့ ဖန်ဆင်းခံတစ်ဦးရဲ့ တာဝန်ကို ဖြည့်ဆည်းပြီး ကိုယ်ပိုင် ရည်ရွယ်ချက်တွေ၊ ပန်းတိုင်တွေ မပါရင် ပြီးတော့ ကိုယ်ကျိုးစီးပွား ဒါမှမဟုတ် တစ်ကိုယ်ကောင်းဆန်တဲ့ လိုအင်ဆန္ဒတွေအတွက် လုပ်ဆောင်တာ မဟုတ်ဘူးဆိုရင် အဲဒီလို လက်တွေ့လုပ်ဆောင်မှုကို ဘုရားသခင်က အသိအမှတ်ပြုပြီး အဲဒါဟာ တကယ့်ကို စစ်မှန်တဲ့ ကောင်းမှုပဲ။ အရင်တုန်းကဆိုရင် ကျွန်တော် အနစ်နာခံပြီး အသုံးခံနိုင်သရွေ့၊ ကိုယ့်တာဝန်မှာ ပိုလုပ်ပြီး ပိုဒုက္ခခံနိုင်သရွေ့ ဒါဟာ ကောင်းမှုတွေ ပြင်ဆင်တာဖြစ်တယ်၊ ပြီးတော့ အနာဂတ်မှာ ကောင်းမွန်တဲ့ ပန်းတိုင်တစ်ခုကို သေချာပေါက် ရလိမ့်မယ်လို့ ကျွန်တော် ထင်ခဲ့တာ။ အခုတော့ ဘုရားနှုတ်ကပတ်တော်တွေအပေါ် အခြေခံပြီး ကောင်းမှုတွေကို တိုင်းတာတဲ့ ကျွန်တော့်ရဲ့ အမြင်တွေ မှားနေမှန်း သဘောပေါက်သွားတယ်။ ကိုယ့်တာဝန်ကို ထမ်းဆောင်တာနဲ့ ကောင်းမှုတွေ ပြင်ဆင်တာဟာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေနဲ့ ကိုက်ညီပါတယ်။ ဒါပေမဲ့ လူတစ်ယောက်မှာ မသန့်စင်တဲ့ ရည်ရွယ်ချက်တွေ ရှိနေပြီး ကိုယ်ပိုင်ပန်းတိုင်တွေရောက်ဖို့ ဘုရားသခင်ကို အသုံးချချင်တယ်ဆိုရင် ဒါဟာ ဒုစရိုက်အမှုဖြစ်ပြီး အဲဒီလူက ကြီးမားတဲ့ အဖိုးအခ ပေးဆပ်ခဲ့ရင်တောင် ဘုရားသခင်က အသိအမှတ်ပြုမှာ မဟုတ်ဘူး၊ အဲဒီအစား ဘုရားသခင်က သူ့ကို မကောင်းမှုပြုသူလို့ သတ်မှတ်မှာပဲ။ အဲဒီလူက နောင်တမရဘဲ ဒီလမ်းအတိုင်း ဆက်ပြီး လိုက်စားနေမယ်ဆိုရင် ဘုရားသခင်ရဲ့ ဖယ်ရှားရှင်းလင်းတာကို သေချာပေါက် ခံရမှာပဲ၊ ဘာလို့လဲဆိုတော့ ဘုရားသခင် ပြောထားတာရှိတယ်လေ။ “မည်ကဲ့သို့သော လူမျိုးကို ငါ လိုချင်သည်ကို သင်သိရမည်။ ညစ်ညူးသော သူများကို နိုင်ငံတော်အထဲသို့ ဝင်ရောက်ရန် အခွင့်မပြုထားပေ၊ ညစ်ညူးသော သူများကို သန့်ရှင်းသောမြေအား ညစ်ညူးစေရန် အခွင့်မပြုထားပေ။ သင်သည် အလွန်များသော အလုပ်ကို လုပ်ဆောင်ပြီးဖြစ်ကာ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီးသော်လည်း၊ အဆုံး၌ သင်သည် မနှစ်မြို့ဖွယ်ရာ ညစ်ညူးနေဆဲ ဖြစ်ပြီး ငါ့နိုင်ငံတော်ထဲသို့ ဝင်ရောက်လိုသည်မှာ ကောင်းကင်ဘုံ၏ ဥပဒေသအဖို့ သည်းမခံနိုင်ဖွယ် ဖြစ်ပေသည်။ ကမ္ဘာလောကကို အုတ်မြစ်ချသည့် အချိန်မှသည် ယနေ့အထိ၊ ငါ့ကို မျက်နှာလို မျက်နှာရ ပြုကြသော ထိုသူများအား ငါ့နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ လွယ်ကူစွာ ဝင်ရောက်ခွင့် မပေးဖူးပေ။ ဤသည်မှာ ကောင်းကင်ဘုံဆိုင်ရာ စည်းမျဉ်း ဖြစ်ပြီး၊ မည်သူမျှ ချိုးဖောက်၍မရနိုင်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် မိမိလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်) ဘုရားနှုတ်ကပတ်တော်ရဲ့ ဖော်ထုတ်ချက်အောက်မှာ ကိစ္စတွေအပေါ်ထားတဲ့ ကျွန်တော့်ရဲ့ မှားယွင်းတဲ့ အမြင်ဟာ အတန်အသင့် ပြောင်းလဲသွားတယ်။ ဘုရားသခင်ဆီ ကျွန်တော် ဆုတောင်းခဲ့တယ်၊ ရှေ့ဆက်ပြီး ကျွန်တော့်တာဝန်ကို မှန်ကန်တဲ့ ရည်ရွယ်ချက်တွေနဲ့ ထမ်းဆောင်လိုကြောင်း၊ ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ မကြိုးစားတော့ကြောင်း၊ ပြီးတော့ ကောင်းချီးခံစားရသည်ဖြစ်စေ၊ ကံဆိုးမိုးမှောင်ကျတာ ကြုံရသည်ဖြစ်စေ ဘုရားသခင်ရဲ့ မေတ္တာကို ပြန်ဆပ်ဖို့ ဖန်ဆင်းခံတစ်ဦးရဲ့ တာဝန်ကို ဖြည့်ဆည်းဖို့ လိုလားကြောင်း ပြောခဲ့တယ်။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်တော် ဖတ်ခဲ့ရတယ်။ “ဖန်ဆင်းခံများအနေဖြင့် လူတို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်သင့်သည်။ ထိုအခါမှသာ ဖန်ဆင်းရှင်၏ အသိအမှတ်ပြုခြင်းကို ၎င်းတို့ ရရှိနိုင်သည်။ ဖန်ဆင်းခံတို့သည် ဖန်ဆင်းရှင်၏ စိုးမိုးမှုအောက်တွင် အသက်ရှင်ပြီး ဘုရားသခင် ပံ့ပိုးသည့်အရာအားလုံးနှင့် ဘုရားသခင်ဆီကလာသည့် အရာရာတိုင်းကို ၎င်းတို့ လက်ခံသည်။ ထို့ကြောင့် ၎င်းတို့၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်သင့်သည်။ ဤသည်မှာ လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတသည်။ ဘုရားသခင်က အမိန့်ဖြင့်ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။ လူတို့အတွက် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် ဤလူ့ကမ္ဘာတွင် နေထိုင်စဉ် လုပ်ဆောင်သည့် မည်သည့်အရာမဆိုထက် ပို၍တရားမျှတသည်၊ လှပသည်၊ မြင့်မြတ်သည်ကို ဤအရာမှ မြင်နိုင်သည်။ လူသားမျိုးနွယ်အကြားတွင် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်းထက် ပို၍ အဓိပ္ပာယ်ရှိသော သို့မဟုတ် တန်ဖိုးရှိသောအရာ တစ်စုံတစ်ရာ မရှိပေ၊ ထို့ပြင် ဖန်ဆင်းခံလူသားတစ်ဦး၏ အသက်တာအတွက် ပိုကြီးမြတ်သော အဓိပ္ပာယ်နှင့် တန်ဖိုးကို ဆောင်ကြဉ်းပေးသည့်အရာလည်း တစ်ခုမျှ မရှိချေ။ ကမ္ဘာမြေပေါ်တွင် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို အမှန်တကယ်၊ ရိုးသားစွာ ထမ်းဆောင်သော လူအုပ်စုသာလျှင် ဖန်ဆင်းရှင်ကို ကျိုးနွံနာခံသောသူများဖြစ်သည်။ ဤအုပ်စုသည် လောကီ၌ ရေပန်းစားသောအရာများနောက်သို့ မလိုက်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ ခေါင်းဆောင်မှုနှင့် လမ်းပြမှုကို ကျိုးနွံနာခံသည်။ ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကိုသာ နားထောင်သည်။ ဖန်ဆင်းရှင် ဖော်ပြသော သမ္မာတရားများကို လက်ခံသည်။ ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်သည်။ ဤသည်မှာ အမှန်ကန်ဆုံး၊ အထူးကဲဆုံးသော သက်သေခံချက်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အပေါ် ယုံကြည်ခြင်း၏ အကောင်းဆုံး သက်သေခံချက် ဖြစ်သည်။ ဖန်ဆင်းခံတစ်ဦးအနေဖြင့် ဖန်ဆင်းခံတစ်ဦးနှင့်ဆိုင်သည့် တာဝန်ကို ထမ်းဆောင်နိုင်ခြင်း၊ ဖန်ဆင်းရှင်ကို ကျေနပ်မှုပေးနိုင်ခြင်းသည် လူသားမျိုးနွယ်ကြားတွင် အလှပဆုံးသောအရာဖြစ်ပြီး ယင်းသည် ၎င်းတို့အလယ်တွင် ချီးမွမ်းဖို့ရာ ပြောစမှတ်တွင်မည့် အဖြစ်အပျက်အဖြစ် ဖြန့်သင့်သည့်အရာ ဖြစ်သည်။ ဖန်ဆင်းရှင်က ဖန်ဆင်းခံများထံ အပ်နှံထားသော မည်သည့်အရာကိုမဆို ၎င်းတို့က အကြွင်းမဲ့လက်ခံသင့်သည်၊ ယင်းသည် လူသားမျိုးနွယ်အတွက် ပျော်ရွှင်ခြင်းနှင့် အခွင့်ထူး နှစ်မျိုးလုံးနှင့်ဆိုင်သော ကိစ္စဖြစ်ပြီး ဖန်ဆင်းခံတစ်ဦး၏တာဝန်ကို ထမ်းဆောင်သော သူများအားလုံးအတွက် မည်သည့်အရာကမျှ ပို၍ လှပဖွယ်၊ သို့မဟုတ် အမှတ်ရထိုက်ဖွယ် မကောင်းပေ၊ ဤသည်မှာ အပြုသဘောဆောင်သောအရာပင် ဖြစ်သည်။ ပြီးလျှင် ဖန်ဆင်းရှင်က ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်နိုင်သော သူတို့ကို ဆက်ဆံပုံနှင့် သူတို့ကို ကတိပေးသောအရာနှင့် ပတ်သက်၍မူ ယင်းသည် ဖန်ဆင်းရှင်နှင့်ဆိုင်သည့် ကိစ္စရပ်သာဖြစ်သည်။ ယင်းသည် လူသားမျိုးနွယ်၏ ကိစ္စမဟုတ်ပေ။ အနည်းငယ် ပို၍ ပေါ်လွင်စွာနှင့် ရိုးရှင်းစွာ ဆိုရသော် ယင်းသည် ဘုရားသခင်နှင့်သာ ဆိုင်သည်၊ လူတို့တွင် ကြားဝင်ရန် အခွင့်မရှိပေ။ သင်သည် သင့်အား ဘုရားသခင်ပေးသော မည်သည့်အရာကိုမဆို ရလိမ့်မည်ဖြစ်ပြီး သူသည် သင့်အား မည်သည့်အရာကိုမျှ မပေးပါက သင်သည် ဤအရာနှင့်စပ်လျဉ်း၍ မည်သည့်အရာကိုမျှ ပြော၍မရပေ။ ဖန်ဆင်းခံတစ်ဦးအနေဖြင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံကာ မိမိ၏တာဝန်ကို ထမ်းဆောင်ရန်နှင့် ၎င်းတို့လုပ်ဆောင်နိုင်သည်ကို လုပ်ဆောင်ရန် ဖန်ဆင်းရှင်နှင့်ပူးပေါင်းဆောင်ရွက်ပါက ယင်းသည် အပေးအယူတစ်ရပ်၊ သို့မဟုတ် ကုန်သွယ်မှုတစ်ခု မဟုတ်ပေ၊ လူတို့သည် ဘုရားသခင်ထံမှ ကတိတစ်ခုတလေ သို့မဟုတ် ကောင်းချီးများကို ရရှိရန် သဘောထားများကိုဖြစ်စေ၊ လုပ်ရပ်များနှင့် အပြုအမူများကိုဖြစ်စေ ဖော်ထုတ်ပြခြင်းများဖြင့် အလဲအထပ်လုပ်ရန် မကြိုးစားသင့်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၇)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးနောက် ဘုရားသခင်က လူကို ဖန်ဆင်းပြီး ဇီဝအသက်ကို ပေးသနားခဲ့တဲ့အပြင် အခု ဖန်ဆင်းခံတစ်ဦးရဲ့ တာဝန်ကို ထမ်းဆောင်ဖို့ ကျွန်တော့်ကို အခွင့်အရေးပေးခဲ့တာဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့ ထူးကဲတဲ့ မြှင့်တင်ပေးမှု ဖြစ်နေပြီမို့လို့ ဘုရားသခင်ကို ဘာတောင်းဆိုမှုမှ မလုပ်သင့်ဘူးဆိုတာကို ကျွန်တော် နားလည်လိုက်တယ်။ ကျွန်တော်ဟာ ဖန်ဆင်းခံတစ်ဦးဖြစ်လို့ အချိန်တိုင်းမှာ အပေးအယူလုပ်ဖို့ ဒါမှမဟုတ် တောင်းဆိုဖို့ မကြိုးစားဘဲ ခြွင်းချက်မရှိ ကိုယ့်တာဝန်ကို ဖြည့်ဆည်းသင့်တယ်။ ဒါဟာ ကျွန်တော့်မှာ ရှိသင့်တဲ့ ဆင်ခြင်တုံတရားပဲ။ နောက်ပြီးတော့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ဟာ သူ့ရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးတွေကို ရဖို့ ကျွန်တော်တို့က အပေါ်ယံ အနစ်နာခံပြီး အသုံးခံဖို့မဟုတ်ဘဲ ကျွန်တော်တို့တာဝန်တွေကို ထမ်းဆောင်ခြင်းကတစ်ဆင့် သမ္မာတရားကို ရရှိဖို့၊ ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးမှုတွေ၊ မသန့်စင်မှုတွေနဲ့ စာတန်ဆန်တဲ့ စိတ်သဘောထားတွေကို ဖြေရှင်းဖို့၊ ပြီးတော့ နောက်ဆုံးမှာ သန့်စင်ခံရပြီး ကယ်တင်ခြင်း ရရှိဖို့ပဲ ဖြစ်တယ်။ ဒါက ဘုရားသခင် မြင်တွေ့ချင်တဲ့ အရာဖြစ်ပြီး ဒါဟာ ကျွန်တော့်တာဝန်မှာ ကျွန်တော် လိုက်စားသင့်တဲ့ ပန်းတိုင်ပါပဲ။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်ပြီးတဲ့နောက် စိတ်ထဲမှာ အများကြီး ပိုပြီး သက်သာရာရသွားတယ်၊ ကျွန်တော့်ရောဂါ မသက်သာသေးပေမဲ့ အရမ်း ဘောင်ခတ်ခံထားရသလို မခံစားရတော့ဘူး။ အဲဒီနောက် ကုသမှုခံယူနေရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ခဲ့တယ်၊ ရောဂါ သက်သာလာသည်ဖြစ်စေ၊ နောက်ဆုံးရလဒ်က ဘာပဲဖြစ်ဖြစ် အရာအားလုံးကို ဘုရားသခင်ထံ အပ်နှံပြီး ဘာတောင်းဆိုမှုမှ မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ အချိန်နည်းနည်းကြာတော့ ကျွန်တော့်အခြေအနေ တိုးတက်လာပြီး ပုံမှန်အတိုင်း လမ်းလျှောက်နိုင်လာတယ်။ မကြာခင်မှာပဲ အသင်းတော်မှာ ကျွန်တော့်တာဝန်ကို ပြန်ထမ်းဆောင်နိုင်ခဲ့တယ်။
ဒီအတွေ့အကြုံကတစ်ဆင့် နာကျင်ရတဲ့ စစ်ဆေးခြင်းဟာ ကျွန်တော့်ဘဝအတွက် လိုအပ်တယ်ဆိုတာကို ကျွန်တော် သဘောပေါက်လာတယ်၊ ဒီလိုစစ်ဆေးခြင်းသာ မရှိခဲ့ရင် ကျွန်တော့်ရဲ့ ကိုယ်ပိုင်အယူအဆတွေ၊ စိတ်ကူးတွေထဲမှာပဲ အသက်ရှင်နေဦးမှာဖြစ်ပြီး ကောင်းချီးရဖို့ ရည်ရွယ်ချက်နဲ့ပဲ ဘုရားသခင်ကို ယုံကြည်ပြီး ကိုယ့်တာဝန်တွေကို ထမ်းဆောင်နေဦးမှာပဲ။ ကျွန်တော်သာ ဒီအတိုင်း ဆက်ပြီး လိုက်စားနေမယ်ဆိုရင် နောက်ဆုံးမှာ ဘုရားသခင်ရဲ့ ထုတ်ဖော်တာခံရပြီး ဖယ်ရှားရှင်းလင်းခံရမှာပဲ။ ကျွန်တော့်ကို ထုတ်ဖော်ဖို့၊ ပြောင်းလဲဖို့နဲ့ သန့်စင်ဖို့ တကယ့်အခြေအနေတွေကို စီစဉ်ပေးခဲ့တဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ဒါဟာ ကျွန်တော့်အတွက် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းပါပဲ။