၈၀။ လူငယ်ဘဝ၏ အရွယ်ကောင်းချိန်ကို အကျဉ်းထောင်၌ ကုန်ဆုံးခြင်း
ကျွန်မတို့ လူငယ်ဘဝ၏ အရွယ်ကောင်းချိန်သည် ဘဝ၏ အကောင်းဆုံးနှင့် အရိုးရှင်းဆုံးအချိန်ဖြစ်သည်ဟု လူတိုင်းက ဆိုကြသည်။ လူများစွာအတွက် ဤနှစ်များသည် လှပသော အမှတ်ရဖွယ်များဖြင့် ပြည့်ကောင်း ပြည့်နေနိုင်သော်လည်း၊ ကျွန်မ၏ ကိုယ်ပိုင်လူငယ်ဘဝ အရွယ်ကောင်းချိန်ကို အလုပ်ကြမ်းစခန်း၌ ကုန်ဆုံးခဲ့ရမည်ဟု ကျွန်မ လုံးဝ မမျှော်လင့်ခဲ့မိမည် မဟုတ်ပေ။ ဤအတွက် ကျွန်မသည် ထူးဆန်းသည်ဟု သင် ထင်ကောင်း ထင်နိုင်သော်လည်း၊ ဤအရာကို ကျွန်မ နောင်တမရပါ။ ထောင်ထဲရှိ ထိုအချိန်ကာလသည် ခါးသီးမှုနှင့် မျက်ရည်တို့ဖြင့် ပြည့်နေခဲ့သော်ငြားလည်း၊ ယင်းသည် ကျွန်မဘဝ၏ အဖိုးတန်ဆုံးသော ဆုကျေးဇူးဖြစ်ပြီး ယင်းအဖြစ်မှ များစွာ ရရှိခဲ့သည်။
၂ဝဝ၂ ခုနှစ်၊ ဧပြီလ၏ နေ့တစ်နေ့တွင်၊ ဖမ်းဆီးခံရသည့်အချိန်၌ ကျွန်မက ညီအစ်မတစ်ဦး၏ အိမ်၌ နေနေခဲ့သည်။ မနက်တစ်နာရီတွင်၊ ကျွန်မတို့သည် တံခါးမကြီးတွင် ကျယ်ကျယ်လောင်လောင် အလောတကြီး ထုရိုက်သံတို့ကြောင့် ရုတ်တရက် နိုးလာခဲ့ကြသည်။ အပြင်၌ တစ်စုံတစ်ယောက်က “တံခါးဖွင့်စမ်း။ တံခါးဖွင့်စမ်း” ဟု အော်ဟစ်သံကို ကျွန်မတို့ ကြားရသည်။ အစ်မက တံခါးကို ဖွင့်လိုက်စဉ်မှာပင်၊ ရဲအရာရှိအချို့က တံခါးအား ရုတ်ခြည်း တွန်းတိုက်၍ အတွင်းသို့ အစုလိုက် ဝင်လာကြကာ “ငါတို့က ပြည်သူ့ လုံခြုံရေး ဌာနကပဲ” ဟု ကြမ်းတမ်းစွာ ပြောဆိုလိုက်သည်။ “ပြည်သူ့ လုံခြုံရေး ဌာန” ဟူသည့် ဤစကားတို့ကို ကြားရသည်မှာ ကျွန်မအား ချက်ချင်းပင် စိုးရိမ်ကြောက်ရွံ့လာစေခဲ့သည်။ ဘုရားသခင်ကို ကျွန်မတို့ ယုံကြည်ခြင်းကြောင့်၊ ကျွန်မတို့ကို ဖမ်းဆီးဖို့ သူတို့ ဤနေရာကို ရောက်လာကြတာလား။ အချို့ ညီအစ်ကိုမောင်နှမများသည် သူတို့၏ ယုံကြည်ခြင်းကြောင့် ဖမ်းဆီးခံရပြီး နှိပ်စက် ညှဉ်းပန်းခံရသည့် အကြောင်းများကို ကျွန်မ ကြားဖူးခဲ့သည်။ ထိုသို့သော အဖြစ်သည် ယခု ကျွန်မကို ဖြစ်ပျက်လာခြင်း ဟုတ်နိုင်ပါသလား။ ထိုအချိန် အခိုက်အတန့်တွင် ကျွန်မ၏ နှလုံးမှာ ကြမ်းရမ်းစွာ စတင် ခုန်လာခဲ့ပြီး၊ ထိတ်လန့်တကြားဖြင့် မည်သည့်အရာလုပ်ရမည်ကို ကျွန်မ မသိခဲ့ပေ။ ထို့ကြောင့် ကျွန်မ ဘုရားသခင်ထံ “ဘုရားသခင်၊ ကိုယ်တော် ကျွန်မနှင့်အတူရှိဖို့ အနူးအညွတ်တောင်းပန်ပါတယ်။ ကျွန်မကို ယုံကြည်ခြင်းနဲ့ ရဲရင့်မှု ပေးတော်မူပါ။ ဘာပဲဖြစ်ပါစေ၊ ကိုယ်တော့်အတွက် သက်သေရပ်တည်ဖို့ ကျွန်မ အစဉ်အမြဲ လိုလားလျက်ရှိပါတယ်။ ကျွန်မကို ကိုယ်တော်ရဲ့ ဉာဏ်ပညာပေးပြီး၊ ကျွန်မ ပြောသင့်တဲ့စကားတွေကို ပေးအပ်ဖို့ ကိုယ်တော့်ထံ အသနားခံ တောင်းလျှောက်ပါတယ်၊ ပြီးတော့ ကိုယ်တော့်ကို သစ္စာဖောက်ပြီး ကျွန်မရဲ့ ညီအစ်ကိုမောင်နှမတွေကို ဖော်ကောင် မလုပ်မိစေဖို့ ကျွန်မကို ကွယ်ကာတော်မူပါ။” ဟု အလျင်အမြန် ဆုတောင်းခဲ့သည်။ ဆုတောင်းပြီးနောက်တွင် ကျွန်မ၏ နှလုံးသားသည် တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။ ဆိုးယုတ်သော ရဲသား လေး၊ ငါးယောက်မှာ မွေ့ရာနှင့်အိပ်ရာခင်းများ၊ ဗီရိုများ၊ သေတ္တာများနှင့် ခုတင်အောက်၌ ရှိသည်တို့ကိုပါမချန် လှန်လှော၍ ဓားပြများကဲ့သို့ မွှေနှောက် ရှာဖွေကြသည်မှာ နောက်ဆုံးတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်စာအုပ်အချို့နှင့် ဓမ္မတေးသီချင်း စီဒီခွေအချို့ကိုပါ သူတို့ ရှာတွေ့လာခဲ့ကြသည်ကို ကျွန်မ တွေ့ရသည်။ ထို့နောက်တွင် သူတို့က ကျွန်မတို့ကို ရဲစခန်းသို့ ခေါ်ဆောင်သွားကြသည်။ စခန်းသို့ ကျွန်မတို့ ရောက်သောအခါတွင်၊ ကြီးထွားသန်မာသော ရဲသားအချို့သည် ကျွန်မတို့နောက်မှ ဝင်လာပြီး၊ ကျွန်မ၏ ဘယ်ညာနှစ်ဖက်တွင် ရပ်လိုက်ကြသည်။ ဆိုးယုတ်သော ရဲတစ်အုပ်၏ ခေါင်းဆောင်က ကျွန်မအား “မင်းကို ဘယ်လိုခေါ်လဲ။ မင်းက ဘယ်ကလဲ။ အဲဒီနေရာမှာ မင်းတို့ အားလုံး ဘယ်နှစ်ယောက်ရှိလဲ။” ဟု အော်ဟစ်ပြောဆိုသည်။ ကျွန်မသည် ပါးစပ်ကို ဟ၍ ပြန်ပြောဖို့ ပြုနေစဉ်တွင်ပင်၊ သူက ကျွန်မဆီသို့ ရုတ်တရက် ရောက်လာပြီး၊ ပါးနှစ်ချက် ရိုက်လိုက်သည်။ ကျွန်မ ကြက်သေသေလျက် ငြိမ်သက်သွားခဲ့သည်။ ကျွန်မက “ရှင် ဘာကြောင့် ကျွန်မကို ရိုက်တာလဲ။ ကျွန်မ ဖြေတာတောင် မဆုံးသေးဘူး။ ရှင် ဘာကြောင့် ဒီလောက် ကြမ်းတမ်းပြီး ရက်စက်ကြမ်းကြုတ် ရတာလဲ၊ ကျွန်မ ထင်ထားတဲ့ ပြည်သူ့ရဲတွေဆိုတာနဲ့တော့ လုံးဝ တခြားစီပဲ။” ဟု မိမိဘာသာ စဉ်းစားလိုက်မိသည်။ နောက်တစ်ခါတွင် သူက ကျွန်မ အသက် ဘယ်လောက်ရှိသည်ကို ဆက်လက် မေးမြန်းခဲ့ပြီး၊ ကျွန်မက ဆယ့်ခုနစ်နှစ်ရှိပြီ ဖြစ်ကြောင်း ရိုးသားစွာ ဖြေသည့်အခါ၊ သူက ကျွန်မ ပါးကို နောက်တစ်ကြိမ် နှစ်ချက်ရိုက်လိုက်ပြီး၊ ကျွန်မက လိမ်ပြောသည်ဟုဆိုကာ ဆူပူကြိမ်းမောင်းသည်။ ထို့နောက်တွင် ကျွန်မ ဘာပဲပြောပြော၊ ကျွန်မမျက်နှာအား ထပ်ခါထပ်ခါ အရမ်းကာရော ရိုက်နှက်သည်မှာ ကျွန်မမျက်နှာက နာကျင်မှုဖြင့် ပူထူနေသည်အထိပင် ဖြစ်သည်။ ဤရက်စက်သော ရဲတို့အား အကျိုးသင့်အကြောင်းသင့် ပြောဆိုဖို့ ကြိုးစားခြင်းက အလုပ်ဖြစ်မည် မဟုတ်ဟု ညီအစ်ကိုမောင်နှမများက ပြောသည်ကို ကျွန်မ ကြားခဲ့ဖူးမှန်း အမှတ်ရမိသည်။ ယခုအခါ ထိုအဖြစ်ကို ကျွန်မကိုယ်တိုင် ကြုံတွေ့နေပြီဖြစ်သည်၊ ထို့နောက်မှစ၍ သူတို့က မည်သည့်အရာပဲ မေးမေး၊ ကျွန်မ တစ်ခွန်းမျှ မဟတော့ပါ။ ကျွန်မ စကားမပြောသည်ကို သူတို့ မြင်ရသည့်အခါ၊ ကျွန်မကို “ခွေးမ၊ နင့်ကို ငါ စဉ်းစားစရာတစ်ခု ပေးမယ်၊ မဟုတ်ရင် ငါတို့ကို နင် အမှန်အတိုင်း ပြောပြမှာမဟုတ်ဘူး။” ဟု အော်ဟစ်တော့သည်။ ဤသို့ပြောရင်းဖြင့် သူတို့ထဲမှ တစ်ယောက်က ကျွန်မအား ရင်ဘတ်သို့ နှစ်ကြိမ်တိတိ ပြင်းပြင်းထန်ထန် ထိုးလိုက်ရာ၊ ကျွန်မသည် ယိမ်းထိုး၍ ကြမ်းပြင်သို့ ပြင်းထန်စွာ လဲကျသွားသည်။ ထို့နောက်တွင် သူက ကျွန်မအား တစ်ချက်နှစ်ချက်ခန့် ခပ်ပြင်းပြင်း ကန်လိုက်ပြီး၊ ကြမ်းပြင်မှ ပြန်ဆွဲထူကာ ဒူးထောက်ဖို့ အော်ပြောသည်။ ကျွန်မ မလိုက်နာသော့ကြောင့်၊ ကျွန်မ၏ ဒူးများအား လေးငါးချက်မျှ ထပ်ကန်ပါသည်။ ကျွန်မအပေါ် ကျရောက်လာသော ပြင်းထန်သည့် နာကျင်မှုများကြောင့်၊ ကျွန်မသည် ကြမ်းပြင်ပေါ်သို့ ဗုန်းခနဲမြည်ကာ ဒူးထောက်ကျသွားခဲ့သည်။ သူက ကျွန်မ၏ ဆံပင်ကို ဖမ်းဆုပ်ပြီး အောက်သို့ အတင်း ဆွဲချပြီးနောက်၊ ရုတ်တရက် ကျွန်မ၏ ခေါင်းကို နောက်သို့ ဆွဲလှန်ကာ မော့ကြည့်စေပြန်သည်။ သူက ကျွန်မကိုပါး တစ်ချက်နှစ်ချက် ထပ်ရိုက်ရင်း၊ ကျွန်မအား ဆဲဆိုသည်၊ ပြီးလျှင် ကျွန်မ ခံစားရသည်မှာ ကမ္ဘာကြီး ချာချာလည်နေခြင်းသာ ဖြစ်သည်။ မကြာခင်တွင် ကျွန်မ ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ ထိုအခိုက်အတန့်တွင် ယုတ်မာသောရဲတို့၏ ခေါင်းဆောင်က ရုတ်တရက် ကျွန်မလက်မှ နာရီကို သတိပြုမိလိုက်သည်။ ထိုနာရီကို လိုချင်တပ်မက်စွာ ကြည့်လျက် “ဟေ့၊ မင်းက ဘာဝတ်ထားတာလဲ။” ဟု သူက အော်ပြောသည်။ ချက်ချင်းပင် ရဲတစ်ယောက်က ကျွန်မ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး၊ နာရီကို လက်ကောက်ဝတ်မှ အတင်းဆွဲချွတ်ပြီးနောက် သူ၏ “ဆရာကြီး” ထံသို့ ပေးလိုက်သည်။ ရက်စက်သော ရဲများထဲမှ တစ်ယောက်က ကျွန်မအား ကြက်ကလေးတစ်ကောင်ကို ကောက်ယူသကဲ့သို့ အင်္ကျီကော်လာမှ ဆုပ်ကိုင်၍ ကြမ်းပြင်မှ ဆွဲမကာ၊ “အိုး မင်းက မာတယ်၊ ခံနိုင်ရည်ရှိတယ်ပေါ့၊ ဟုတ်လား။ ဒါက တိတ်တိတ်နေတဲ့အတွက် မင်း ရတဲ့ဟာပဲ။” ဟု ကျွန်မအား ဟိန်းဟောက်သည်။ ဤသို့ ပြောဆိုကာ သူက ကျွန်မအား နောက်ထပ် လေးငါးချက် ထိုးနှက်သဖြင့်၊ ကျွန်မသည် နောက်တစ်ဖန် ကြမ်းပြင်ပေါ်သို့ လဲကျခဲ့ပြန်သည်။ ထိုအချိန်တွင် ကျွန်မ တစ်ကိုယ်လုံးမှာ မခံနိုင်လောက်အောင် ကိုက်ခဲနေပြီး ရုန်းကန်ဖို့ မည်သည့်အားအင်မှ မရှိတော့ပါ။ ကျွန်မသည် လှုပ်ရှားမှုမရှိဘဲ၊ မျက်လုံးကို မှိတ်လျက် ကြမ်းပြင်ပေါ်တွင်သာ လဲနေခဲ့သည်။ ကျွန်မ၏ စိတ်နှလုံးတွင်မူ ကျွန်မသည် ဘုရားသခင်ထံ အလောတကြီး အသနားခံ တောင်းလျှောက်ခဲ့သည်။ “အို ဘုရားသခင်၊ ဒီဆိုးယုတ်တဲ့ ရဲတစ်သုတ်ဟာ ကျွန်မအပေါ် နောက်ထပ် ဘယ်လို ရက်စက်ကြမ်းတမ်းတဲ့ လုပ်ရပ်တွေ လုပ်ဦးမယ်ဆိုတာ ကျွန်မ မသိပါဘူး။ ကျွန်မဟာ ဝိညာဉ်ရင့်ကျက်မှုမှာ နုနယ်မှန်း ရုပ်ပိုင်းဆိုင်ရာမှာ အားနည်းမှန်း ကိုယ်တော် သိပါတယ်။ ကျွန်မကို ကာကွယ်ဖို့ ကိုယ်တော်ကို အနူးအညွတ် တောင်းပန်ပါတယ်။ ယုဒတစ်ယောက်အဖြစ် ကိုယ်တော်ကို သစ္စာဖောက်ဖို့ထက် သေသာ သေလိုက်ချင်ပါတယ်။” ကျွန်မ၏ ဆုတောင်းချကပြီးသည့်နောက် ဘုရားသခင်သည် ကျွန်မအား ယုံကြည်ခြင်းနှင့် ခွန်အားတို့ကို ပေးအပ်ခဲ့သည်။ ဘုရားသခင်ကို သစ္စာဖောက်ပြီး ကျွန်မ၏ ညီအစ်ကိုမောင်နှမတို့ကို ရောင်းစားခြင်းဖြင့် ယုဒတစ်ယောက် ဖြစ်ရခြင်းထက် ကျွန်မက သေသာ သေလိုက်မည်ဖြစ်သည်။ ကျွန်မသည် ဘုရားသခင်အတွက် ပြတ်သားစွာ သက်သေရပ်တည်မည် ဖြစ်သည်။ ထိုအချိန်၌ ကျွန်မဘေးမှ လူတစ်ယောက်က “သူ ဘယ်လိုဖြစ်ပြီး မလှုပ်တော့တာလဲ။ သေပြီလား။” ဟု ပြောသည်ကို ကျွန်မ ကြားလိုက်ရသည်။ ထို့နောက်တွင် လူတစ်ယောက်က ကျွန်မလက်ပေါ်သို့ ခြေဖြင့် တမင်နင်းလိုက်ပြီး၊ သူ၏ခြေထောက်ဖြင့် အတင်း ဖိကာ “ထစမ်း။ ငါတို့ နင့်ကို တခြားနေရာကို ခေါ်သွားမလို့။” ဟု ကြမ်းတမ်းစွာ အော်ဟစ်ပြောဆိုသည်။
နောက်ပိုင်းတွင် ကျွန်မအား ခရိုင်ပြည်သူ့လုံခြုံရေးဌာနသို့ လိုက်ပါပို့ဆောင်ခဲ့သည်။ စစ်ဆေးမေးမြန်းသည့် အခန်းသို့ ကျွန်မတို့ ရောက်ရှိသည့်အခါ၊ ထိုဆိုးယုတ်သော ရဲများ၏ ခေါင်းဆောင်နှင့် အခြားနှစ်ယောက်တို့သည် ကျွန်မရှေ့တွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်လျက်၊ ကျွန်မ အသင်းတော်၏ ခေါင်းဆောင်များနှင့် ညီအစ်ကိုမောင်နှမများ အကြောင်းကို ထုတ်ပြောလာစေရန် အတင်းအဓမ္မကြိုးစားကာ၊ ကျွန်မအား ဝိုင်း၍ ထပ်ခါထပ်ခါ မေးခွန်းထုတ်ခဲ့သည်။ ကျွန်မက သူတို့ ကြားချင်သည့် အဖြေများ ပေးဦးမည်မဟုတ်သည်ကို သူတို့ မြင်သည့်အခါ၊ သုံးယောက်လုံးက ကျွန်မအား အလှည့်ကျ ထပ်ခါထပ်ခါ ပါးရိုက်ခဲ့သည်။ ကျွန်မ ဘယ်နှစ်ကြိမ်ရိုက်ခံရသည်ကို မသိပါ။ ကျွန်မ ကြားခဲ့ရသည်မှာ ကျွန်မ ပါးကို တဖြန်းဖြန်းဖြင့်ရိုက်သည့် အသံသာ ဖြစ်သည်၊ ညသန်းခေါင်၏ တိတ်ဆိတ်မှုတွင် ကျယ်လောင်စွာ ထွက်ပေါ်လာသော အသံတစ်ခု ဖြစ်သည်။ သူတို့၏ လက်များ နာကျင်လာသောကြောင့်၊ ဆိုးယုတ်သော ရဲတို့သည် ကျွန်မအား စာအုပ်များဖြင့် စတင် ရိုက်နှက်ခဲ့သည်။ သူတို့ ရိုက်နှက်ကြသည်မှာ ကျွန်မ နောက်ဆုံး၌ နာကျင်မှုကို မခံစားမိတော့သည်အထိပင် ဖြစ်သည်။ ကျွန်မ၏ မျက်နှာသည် ဖူးရောင်၍ ထုံနေသည်ကိုသာ ခံစားရသည်။ အဆုံးတွင် ကျွန်မထံမှ မည်သည့် တန်ဖိုးရှိသည့် သတင်းအချက်အလက်မျှ ရမည်မဟုတ်သည်ကို မြင်၍၊ ယုတ်မာသော ရဲများသည် လိပ်စာစာအုပ်တစ်အုပ်ကို ဆွဲထုတ်ပြီး၊ သူတို့ကိုယ်သူတို့ ကျေနပ်လျက်ဖြင့် “ဒါကို မင်းအိတ်ထဲမှာ ငါတို့ တွေ့တယ်။ မင်း ငါတို့ကို ဘာမှ မပြောရင်တောင်၊ ငါတို့မှာ နောက်ထပ် ဝှက်ဖဲတစ်ခု ရှိပါသေးတယ်။” ဟု ပြောသည်။ ရုတ်တရက်ပင် ကျွန်မ အလွန်အမင်း စိုးရိမ်ပူပန်သွားခဲ့သည်။ ကျွန်မ၏ ညီအစ်ကိုမောင်နှမ တစ်ယောက်ယောက်က ဖုန်းကိုင်လိုက်လျှင်၊ သူတို အဖမ်းခံရခြင်း အဖြစ်သို့ ရောက်သွားနိုင်သည်။ ယင်းက အသင်းတော်ကိုလည်း ငြိစွန်းသွားနိုင်ပြီး၊ အကျိုးဆက်များမှာ အလွန်ပင် ဆိုးဝါးသွားနိုင်သည်။ ထိုအခိုက်အတန့်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ အမှတ်ရမိခဲ့သည်။ “စကြဝဠာတွင် ဖြစ်ပေါ်သော အရာရာတိုင်းတွင်၊ ငါ အဆုံးအဖြတ်မပေးသောအရာ တစ်ခုမျှ မရှိချေ။ ငါ့လက်ထဲတွင်မရှိသည့်အရာ တစ်စုံတစ်ရာ ရှိသလော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁)) “အဲဒါ မှန်တယ်” ဟု ကျွန်မ မိမိဘာသာ တွေးလိုက်မိသည်။ “အရာအားလုံးနဲ့ အဖြစ်အပျက်အားလုံးက ဘုရားသခင်ရဲ့ လက်ထဲမှာ စီစဉ်ညွှန်ကြားပြီး စီမံထားတာပဲ။ ဖုန်း ခေါ်လို့ရတယ်၊ မရဘူးဆိုတာတောင် ဘုရားသခင် ဆုံးဖြတ်တဲ့အပေါ်မှာ လုံးဝ မူတည်တယ်။ ငါက ဘုရားသခင်ကို ကြည်ညိုလေးစားပြီး၊ မှီခိုချင်စိတ် ရှိတယ်၊ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေကို နာခံချင်တာပဲလေ။” ထို့ကြောင့် ကျွန်မသည် ဤညီအစ်ကိုမောင်နှမများအား ကွယ်ကာပေးဖို့ ဘုရားသခင်အား အနူးအညွတ်တောင်းပန်လျက်၊ ဘုရားသခင်ထံ ထပ်ခါထပ်ခါ ဆုတောင်းခဲ့သည်။ ဤအကျိုးဆက်အဖြစ် သူတို့က ထိုဖုန်းနံပါတ်များ အားလုံးကို ဆက်ကြည့်သော်လည်း၊ အချို့ခေါ်ဆိုမှုများမှာ မည်သူမျှ ဖြေကြားခြင်းမရှိဘဲ၊ အသံသာ မြည်နေခဲ့ပြီး၊ အခြားဖုန်းနံပါတ်များမှာ လုံးဝ ခေါ်ဆို၍ပင် မရနိုင်ခဲ့ပါ။ အဆုံးတွင် ယုတ်မာသောရဲတို့သည် အားမလိုအားမရဖြစ်ကာ ဆဲဆို၍၊ လိပ်စာစာအုပ်ကို စားပွဲပေါ် လွှင့်ပစ်ကာ ဆက်မကြိုးစားကြတော့ပေ။ ကျွန်မ၏ ကျေးဇူးတင်ရှိမှုကို ဖော်ပြပြီး ဘုရားသခင်ကို ချီးမွမ်းခြင်းမပြုဘဲ မနေနိုင်ခဲ့ပါ။
သို့သော်လည်း သူတို့သည် လက်မလျှော့ခဲ့ဘဲ၊ အသင်းတော်၏ ကိစ္စများကို ကျွန်မအား ဆက်လက် စစ်ဆေးမေးမြန်းခဲ့သည်။ ကျွန်မက မဖြေခဲ့ပါ။ သူတို့သည် ပျာယာခတ်ကာ အလွန် စိတ်အနှောင့်အယှက် ဖြစ်လာကြပြီး၊ ကျွန်မအား ဒုက္ခခံစားရစေရန်အတွက် ပို၍ပင် စက်ဆုပ်ဖွယ်ကောင်းသည့် နည်းတစ်ခုကို စဉ်းစားခဲ့ကြသည်။ ယုတ်မာသော ရဲများထဲမှ တစ်ယောက်က ကျွန်မအား တစ်ဝက်တစ်ပျက် ဆောင့်ကြောင့် ထိုင်သည့်ပုံစံဖြင့် နေခိုင်းကာ၊ ကျွန်မ၏ လက်များကို ပခုံးနှင့်အညီ ဆန့်ထားစေ၍ လုံးဝ လှုပ်ရှားခွင့်မပြုပေ။ မကြာခင်တွင် ကျွန်မ၏ ခြေထောက်များသည် စတင် တုန်လာပြီး၊ လက်များကို ဆန့်မထားနိုင်တော့ပါ၊ ပြီးလျှင် ကျွန်မ ခန္ဓာကိုယ်သည် တမင်ပြုလုပ်ခြင်း မဟုတ်ဘဲ၊ ပြန်ပြီး မတ်တတ်ရပ်လာမိသည်။ ရဲက သံတုတ်တစ်ချောင်းကို ယူကာ၊ ကျားတစ်ကောင်က သားကောင်ကို ချောင်းသကဲ့သို့၊ ကျွန်မအား စူးစူးဝါးဝါး စိုက်ကြည့်သည်။ ကျွန်မ မတ်တတ်ရပ်မိချိန်တွင်ပင် သူသည် ကျွန်မ ခြေထောက်အား ကြမ်းတမ်းစွာ ရိုက်နှက်ရာ၊ အလွန် နာကျင်လှသောကြောင့် ဒူးထောက်လဲကျမတတ် ဖြစ်သွားခဲ့ရသည်။ နောက်ထပ် နာရီဝက်လုံးလုံးတွင် ကျွန်မ၏ ခြေထောက်ဖြစ်စေ လက်ဖြစ်စေ အနည်းငယ်မျှပင် လှုပ်မိသည်နှင့် သူက ကျွန်မအား တုတ်ဖြင့် ချက်ချင်း ရိုက်နှက်သည်။ ကျွန်မအား သူ ဘယ်နှစ်ကြိမ် ရိုက်ခဲ့သည်ကို ကျွန်မ မသိပါ။ ဤသို့ တစ်ဝက်တစ်ပျက်ထိုင်သည့် ပုံစံကို အချိန်အကြာကြီး ထိန်းထားရသောကြောင့်၊ ကျွန်မ၏ ခြေထောက်နှစ်ဖက်လုံးက အလွန်အမင်း ရောင်လာသည်၊ ပြီးလျှင် အရိုးများ ကျိုးအက်သွားသကဲ့သို့ မခံနိုင်အောင် နာကျင်သည်။ အချိန်ကုန်လာသည်နှင့်အမျှ ကျွန်မ၏ ခြေထောက်များသည် ပို၍ပင် တုန်ခါလာပြီး၊ အဆက်မပြတ် သွားချင်းရိုက်နေခဲ့သည်။ ထိုအခိုက်အတန့်တွင် ကျွန်မ၏ အားအင်တို့ ကုန်ဆုံးသွားသည်ဟု ခံစားလိုက်ရသည်။ သို့ရာတွင် ဆိုးယုတ်သော ရဲတို့သည် လူများက မျောက်တစ်ကောင်အား ပြကွက်များ ပြုလုပ်ရန် ရက်ရက်စက်စက် ခိုင်းစေဖို့ ကြိုးစားနေသကဲ့သို့၊ ကျွန်မအား အဆက်မပြတ် လှောင်ပြောင်ရယ်မောကာ၊ ထေ့ရိပြီး သရော်ခဲ့ကြသည်။ သူတို့၏ အကျည်းတန်ပြီး၊ စက်ဆုပ်ဖွယ်ကောင်းသော မျက်နှာများကို ကျွန်မ ကြည့်မိလေလေ၊ ဤဆိုးယုတ်သည့် ရဲများအပေါ် မုန်းတီးမှုကို ပို၍ ခံစားရလေလေဖြစ်သည်။ ကျွန်မက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြန်သတိရမိသည်။ “လူတို့သည် ၎င်းတို့၏ဘဝများကို စွန့်လွှတ်ရန် အဆင်သင့်ဖြစ်သည့်အခါ၊ အရာရာတိုင်းသည် အသေးအဖွဲ ဖြစ်လာကြပြီး၊ မည်သူမျှ ၎င်းတို့ကို ခက်ခဲအောင် ပြုလုပ်နိုင်ခြင်းမရှိတော့ချေ။ အသက်ထက် မည်သည့်အရာသည် သာ၍အရေးကြီးနိုင်မည်နည်း။ ထို့ကြောင့် စာတန်သည် လူတို့အထဲတွင် နောက်ထပ် မည်သည့်အရာမျှ လုပ်ဆောင်နိုင်စွမ်း ရှိမလာပေ၊ လူနှင့် ပတ်သက်၍ ၎င်းလုပ်ဆောင်နိုင်သည့်အရာ မည်သည့်အရာမျှ မရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၃၆)) ထို့ကြောင့် ကျွန်မက ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး၊ သူတို့အား “ကျွန်မ ဆက်ပြီး ဆောင့်ကြောင့်မထိုင်တော့ဘူး။ ကျွန်မကို သေမိန့်သာ ချလိုက်တော့။ ဒီနေ့ ကျွန်မမှာ ဘာမှ ဆုံးရှုံးစရာမရှိဘူး။ ကျွန်မ သေရမှာတောင် မကြောက်ဘူး။ ဒီတော့ ရှင်တို့ကို ဘာဖြစ်လို့ ကြောက်ရမှာလဲ။ ရှင်တို့က ဒီလောက် ယောက်ျားရင့်မာကြီးတွေ ဖြစ်ပြီးတော့၊ ရှင်တို့ ကျွန်မလို မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်ပုံကျင့်နည်းတွေ သိပုံရတယ်။” ဟု အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ အံ့သြစရာ ကောင်းသည်မှာ ဤသို့ ကျွန်မ ပြောပြီးနောက်တွင်၊ ဆိုးယုတ်သော ရဲအုပ်စုသည် ဆဲဆိုသည့် စကားအချို့ကို ထပ်မံ အော်ဟစ် ပြီးနောက်တွင် ကျွန်မအား စစ်ဆေးမေးမြန်းခြင်းကို ရပ်တန့်ခဲ့သည်။
ဤဆိုးယုတ်သော ရဲတစ်သိုက်သည် ကျွန်မကို တစ်ညလုံးနီးပါး ညှဉ်းပန်းခဲ့ခြင်းဖြစ်ပြီး၊ သူတို့ ရပ်တန့်သည့်အချိန်တွင် နေပင် ထွက်နေပါပြီ။ သူတို့သည် ကျွန်မ နာမည်ကို လက်မှတ်ထိုးခိုင်းခဲ့ပြီး၊ ကျွန်မအား ထိန်းသိမ်းထားမည်ဟု ပြောသည်။ ထို့နောက်တွင် အသက်ကြီးကြီး ရဲတစ်ယောက်က ကြင်နာယောင်ဆောင်လျက် ကျွန်မအား “မိန်းကလေး၊ ဒီမှာ မင်းက အတော်ငယ်သေးတယ်- အရွယ်ကောင်းတဲ့အချိန်ပဲ- ဒီတော့ မင်း သိသမျှအားလုံးကို ငါတို့ကို မြန်မြန်ပြောပြတာ အကောင်းဆုံးပဲ။ သူတို့က မင်းကို လွှတ်ပေးစေရမယ်လို့ ငါ အာမခံတယ်။ မင်းမှာ ပြဿနာတစ်ခုခုရှိရင် ငါ့ကို ပြောပြဖို့ တွန့်ဆုတ်မနေနဲ့။ ကြည့်စမ်း၊ မင်းမျက်နှာက ပေါင်မုန့်တစ်လုံးလို ရောင်ကိုင်းနေပြီ။ မင်း ဒုက္ခခံရတာ တော်သင့်ပြီ မဟုတ်လား။” ဟု ပြောသည်။ ဤပုံစံဖြင့် သူ ပြောသည်ကို ကြားရသည့်အခါ၊ ကျွန်မဘက်က ဖြောင့်ချက်တစ်မျိုးမျိုး ပေးလာအောင် သွေးဆောင်ဖို့ ကြိုးစားနေခြင်းသာဖြစ်သည်ကို ကျွန်မ သိခဲ့သည်။ အစည်းအဝေးများ ပြုလုပ်စဉ်က ကျွန်မ၏ ညီအစ်ကိုမောင်နှမများ ပြောခဲ့သည့် အရာတစ်ခုကိုလည်း ကျွန်မ သတိရမိခဲ့သည်။ သူတို့ လိုချင်သည့်အရာကို ရဖို့အတွက် ဆိုးယုတသည့် ရဲများက ချော့တစ်လှည့်၊ ခြောက်တစ်လှည့်နည်းကို သုံးလိမ့်မည်ဖြစ်ပြီး၊ လူများကို လှည့်စားဖို့ လှည့်ကွက်ပေါင်းစုံကို ကျင့်သုံးလိမ့်မည်ဖြစ်သည်။ ဤအကြောင်းကို စဉ်းစားမိ၍၊ အသက်ကြီးကြီး ရဲသားအား ကျွန်မက ပြန်ပြောလိုက်သည်။ “ရှင်က လူကောင်းတစ်ယောက်လို လုပ်မနေပါနဲ့။ ရှင်တို့အားလုံးက ဒီအုပ်စုထဲကပဲ။ ရှင်က ကျွန်မကို ဘာကို ဖြောင့်ချက် ပေးစေချင်လို့လဲ။ ရှင်တို့လုပ်နေတာက ခြိမ်းခြောက်ပြီး ဖြောင့်ချက် ပေးခိုင်းတယ်လို့ ခေါ်တယ်။ ဒါက ဥပဒေကို ဆန့်ကျင်တဲ့ ပြစ်ဒဏ်ပဲ။” ဤစကားကို ကြားသည့်အခါ၊ သူက အပြစ်ကင်းသည့် အမူအရာမျိုး လုပ်၍ “ဒါပေမဲ့ ငါ မင်းကို တစ်ကြိမ်တောင် မရိုက်ဖူးဘူး။ မင်းကို ရိုက်တာက သူတို့တွေလေ။” ဟု ငြင်းသည်။ ကျွန်မသည် စာတန်၏ စုံစမ်းသွေးဆောင်ခြင်းကို နောက်တစ်ကြိမ် အောင်နိုင်ရသည့် အခွင့်ကိုပေးသော ဘုရားသခင်၏ လမ်းပြမှုနှင့် ကွယ်ကာမှုအတွက် ကျေးဇူးတင်မိခဲ့သည်။
ခရိုင်ပြည်သူ့လုံခြုံရေးဌာနမှ ထွက်ခွာပြီးနောက်၊ သူတို့သည် ချက်ချင်း ကျွန်မအား ထိန်းသိမ်းရေးစခန်းတွင် ဖမ်းဆီးထားခဲ့သည်။ အရှေ့ဂိတ်ပေါက်မှ လျှောက်ဝင်မိသည်နှင့် တစ်ပြိုင်နက်၊ ထိပ်ပိုင်းတွင် လျှပ်စစ်လွှတ်ထားသော သံဆူးကြိုးများပါရှိသည့် အလွန် မြင့်မားသော နံရံများဖြင့် ဤနေရာအား ပတ်လည် ကာရံထားသည်ကို တွေ့ရသည်၊ ပြီးလျှင် ထောင့်လေးထောင့်၌ ကင်းမျှော်စင်နှင့်တူသော မျှော်စင်တစ်ခုစီ ရှိပြီး၊ အတွင်း၌ လက်နက်ကိုင်ရဲများ စောင့်ကြပ်နေသည်။ ထိုအရာအားလုံးက အလွန်စိတ်လေးစရာ၊ ကြောက်စရာကောင်းလှသည်ဟု ခံစားမိသည်။ သံတံခါးပေါက် တစ်ခုပြီး တစ်ခုကို ကျော်ဖြတ်ပြီးနောက်တွင်၊ အကျဉ်းခန်းသို့ ကျွန်မ ရောက်ရှိခဲ့သည်။ မဲညစ်နေသော အေးစက်စက် အုတ်ခုတင်နှင့် အပေါ်တွင် တင်ထားသော စုတ်ပြတ်ညစ်ပတ်သည့် စောင်တို့ကို မြင်ရပြီး၊ ယင်းတို့ဆီမှ ဆိုးရွားသော အနံ့စူးစူးကိုပါ ရလိုက်သောကြောင့်၊ ကျွန်မသည် တလိပ်လိပ်ဖြစ်လာသော ရွံရှာစိတ် မဖြစ်ဘဲ မနေနိုင်တော့ပါ။ အစာစားချိန်တွင် အကျဉ်းသားတစ်ယောက်စီတိုင်းအား ချဉ်ပြီး မကျက်တကျက် ဖြစ်နေသည့် ပေါက်စီလေးတစ်လုံးကိုသာ ပေးသည်။ ကျွန်မမှာ ရဲများ၏ နှိပ်စက်ခြင်းကို ညသန်းခေါင်အထိ ခံခဲ့ရပြီး မည်သည့်အရာမျှ မစားရသေးသော်လည်း၊ ကျွန်မကို အမှန်တကယ်ပင် စားချင်စိတ် ပျောက်စေသည်။ ထို့အပြင် ကျွန်မ မျက်နှာသည် ရဲများ၏ ရိုက်နှက်ခြင်းကြောင့် အလွန် ရောင်ကိုင်းနေပြီး၊ တိပ်ဖြင့် ပတ်စည်းထားသကဲ့သို့ တင်းကျပ်နေသကဲ့သို့ ခံစားရသည်။ စားဖို့နေနေသာသာ စကားပြောရန် ပါးစပ်ကို ဟရာတွင်ပင် နာကျင်သည်။ ဤအခြေအနေများအောက်တွင် ကျွန်မ၏စိတ်သည် အလွန် ဝမ်းနည်းအားငယ်ခဲ့ရပြီး၊ မတရားသဖြင့်ခံရသည်ဟု များစွာ ခံစားခဲ့ရသည်။ ကျွန်မသည် အမှန်တကယ်ပင် ဤနေရာ၌ နေ၍ လူမဆန်သည့် ရှင်သန်ရပ်တည်မှုကို ကြံ့ကြံ့ခံရတော့မည်ဟူသည့် အတွေးက ကျွန်မအား အလွန်ပင် စိတ်ထိခိုက်ခံစားစေသည်ဖြစ်ရာ၊ မိမိကိုယ်တိုင် မသိလိုက်ဘဲ၊ မျက်ရည်အချို့ ကျလာခဲ့သည်။ ထိုအချိန်တွင် ကျွန်မနှင့်အတူ အဖမ်းခံရသည့် အစ်မက ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် မိတ်သဟာယဖွဲ့ပေးသည်၊ ပြီးနောက် ကျွန်မ နားလည်မှုတစ်ခုရလာခဲ့သည်၊ ဤပတ်ဝန်းကျင်ကို ကျွန်မထံ ကျရောက်ဖို့ ဘုရားသခင်က ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး၊ ဤအရာမှာ ကျွန်မက သက်သေရပ်တည်နိုင်ခြင်း ရှိမရှိ ကြည့်ရန်အတွက် သူက စမ်းသပ် စစ်ဆေးနေခြင်း ဖြစ်သည်။ ကျွန်မ၏ယုံကြည်ခြင်းကို စုံလင်စေဖို့ ဤအရာကို အသုံးပြုနေခြင်းလည်း ဖြစ်သည်။ ဤအရာကို နားလည်သဘောပေါက်လျက်၊ မတရားသဖြင့် ခံရသုကဲ့သို့ ခံစားမနေတော့ဘဲ၊ ကျွန်မ၏ အခက်အခဲကို တောင့်ခံရန် ကျွန်မ၏စိတ်အတွင်း၌ မိမိဘာသာ စတင် စိတ်ပိုင်းဖြတ်ခဲ့သည်။
အချိန်နှစ်ပတ် ကုန်ဆုံးသွားခဲ့ပြီး၊ ထို ယုတ်မာသော ရဲများ၏ ခေါင်းဆောင်သည် ကျွန်မအား စစ်ဆေးမေးမြန်းရန်အတွက် နောက်တစ်ဖန် လာခဲ့သည်။ ကျွန်မသည် မည်သည့် ကြောက်ရွံ့မှုမှ မရှိဘဲ၊ ငြိမ်သက် တည်ငြိမ်နေသည်ကို မြင်ရလျှင်၊ သူက ကျွန်မနာမည်အား အော်ခေါ်ကာ “ငါ့ကို အမှန်အတိုင်းပြောပါ။ မင်း အရင်က တခြားဘယ်နေရာမှာ အဖမ်းခံရဖူးလဲ။ အခုက မင်း ဒီအထဲကို ရောက်တာ ပထမအကြိမ် မဟုတ်မှန်း သေချာတယ်။ အဲဒီလိုမဟုတ်ရင် အခုလို နည်းနည်းမှ မကြောက်သလို ပုံစံမျိုးနဲ့ ဒီလောက် တည်ငြိမ်ပြီး အသားကျနေတာမျိုး ဘယ်နေနိုင်မှာလဲ။” ဟု ပြောဆိုသည်။ သူက ဤသို့ပြောသည်ကို ကျွန်မ ကြားရသည့်အခါတွင်၊ ကျွန်မသည် မိမိစိတ်နှလုံးထဲတွင် ဘုရားသခင်အား ကျေးဇူးတင်ပြီး မချီးမွမ်းဘဲ မနေနိုင်ခဲ့ပါ။ ဘုရားသခင်က ကျွန်မအား ကွယ်ကာပြီး သတ္တိကို ပေးခဲ့ခြင်းဖြစ်၍၊ ဤဆိုးယုတ်သော ရဲများအား လုံးဝကြောက်ရွံ့မှုမရှိဘဲ ရင်ဆိုင်စေခဲ့ခြင်း ဖြစ်သည်။ ထိုအခိုက်အတန့်တွင် ဒေါသက ကျွန်မ၏ စိတ်နှလုံးအတွင်းမှ လျှံထွက်လာခဲ့သည်။ ရှင်တို့က လူတွေကို သူတို့ရဲ့ ဘာသာရေးယုံကြည်ချက်တွေအတွက် နှိပ်စက်ညှဉ်းပန်းပြီး ရှင်တို့ရဲ့ အာဏာကို အလွဲသုံးစားလုပ်နေကြတာပဲ။ ပြီးတော့ ဘုရားသခင်ကို ယုံကြည်တဲ့သူတွေကို ရှင်တို့က အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးတယ်၊ အနိုင်ကျင့်တယ်၊ အနာတရဖြစ်စေတယ်။ ရှင်တို့က မြေကြီးပေါ်က ဥပဒေဖြစ်ဖြစ် ကောင်းကင်ဘုံက ဥပဒေဖြစ်ဖြစ် ဘာကိုမှ မလိုက်နာဘူး။ ကျွန်မက ဘုရားသခင်ကို ယုံကြည်ပြီး၊ မှန်ကန်တဲ့ လမ်းကြောင်းကို လိုက်လျှောက်တာလေ။ ကျွန်မက ဥပဒေကို မချိုးဖောက်ထားဘူး။ ရှင်တို့ကို ကျွန်မ ဘာကြောင့် ကြောက်ရမှာလဲ။ ရှင်တို့အုပ်စုရဲ့ ဆိုးယုတ်တဲ့ အင်အားတွေကို ကျွန်မ အရှုံးပေးမှာ မဟုတ်ဘူး။ ထို့နောက်တွင် ကျွန်မက “တခြားနေရာတိုင်းက တော်တော် ပျင်းစရာကောင်းလို့ ငါက ဒီကို တကယ် လာချင်တာလို့များ ထင်နေလား။ ရှင်တို့က ငါအပေါ် မတရားသဖြင့် လုပ်ပြီး အနိုင်ကျင့်ခဲ့တာလေ။ ဖြောင့်ချက်တစ်ခု ရအောင် ခြိမ်းခြောက်ဖို့ ဒါမှမဟုတ် ငါ့ကို အကွက်ဆင်ဖို့ နောက်ထပ် ဘယ်လိုပဲကြိုးစားကြိုးစား အလကားပဲ။” ဟု ပြန်ပြောလိုက်သည်။ ဤစကားတို့ကို ကြားပြီးသည့်နောက် သူ့နားထဲမှ မီးခိုးများ အူထွက်တော့မည့်အလား အလွန် စိတ်ဆိုးသွားခဲ့သည်။ သူက “မင်းက ငါတို့ကို ဘာမှ မပြောဘူးဆိုတဲ့အထိ အတော်ခေါင်းမာလွန်းတာကိုး။ မင်းက မပြောဘူးပေါ့လေ၊ ဟုတ်လား။ ငါ မင်းကို သုံးနှစ် ပြစ်ဒဏ်ချမယ်၊ ပြီးရင် မင်း လိမ္မာလာမလား ကြည့်တာပေါ့။ မင်း ဆက်ပြီး ခေါင်းမာရဲရင် လုပ်ပေါ့ကွာ။” ဟု သူက အော်ဟစ်ပြောဆိုသည်။ ထိုအချိန်တွင် ကျွန်မသည် မခံမရပ်နိုင်ဖြစ်သည်ထက် ကျော်လွန်သွားခဲ့သည်။ ကျွန်မက အသံကျယ်ကျယ်ဖြင့် “ကျွန်မက ငယ်သေးတယ်၊ ဒီတော့ သုံးနှစ်က ကျွန်မအတွက် ဘာအရေးလဲ။ မျက်စိတစ်မှိတ်အတွင်းမှာ ကျွန်မ ထောင်က လွတ်သွားမှာပဲ။” ဟု တုံ့ပြန်လိုက်သည်။ ဆိုးယုတ်သောရဲသည် ဒေါသတကြီးဖြင့် ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး၊ သူ၏ လက်ပါးစေတို့အား “ငါတော့ တော်ပြီ။ မင်းတို့ ဆက်ပြီး သူ့ကို စစ်မေးကြ။” ဟု စိတ်ဆိုးမာန်ဆိုးဖြင့် ပြောသည်။ ထို့နောက် တံခါးကို ဆောင့်ပိတ်ခဲ့ကာ သူ ထွက်ခွာသွားသည်။ ဖြစ်ပျက်ခဲ့သည်တို့ကို မြင်လိုက်ရ၍ ရဲနှစ်ယောက်က ကျွန်မကို ဆက်ပြီး မေးခွန်း မထုတ်တော့ပေ၊ ကျွန်မ လက်မှတ်ထိုးရန်အတွက် ထွက်ဆိုချက် တစ်ခုကို ပြီးအောင်ရေးပြီးနောက် ထွက်သွား ကြတော့သည်။ ဆိုးယုတ်သောရဲတို့ ကျရှုံးပုံပေါက်နေသည်ကို မြင်ရခြင်းက ကျွန်မကို အလွန်ပျော်ရွှင်စေပြီး၊ ကျွန်မ စိတ်နှလုံးတွင် စာတန်အပေါ် ဘုရားသခင်၏ အောင်နိုင်ခြင်းကို ချီးမွမ်းမိခဲ့သည်။ ဒုတိယခေါက် စစ်ဆေးမေးမြန်းသည့်အခါတွင် သူတို့က နည်းဗျူဟာတို့ကို ပြောင်းလဲခဲ့သည်။ တံခါးမှ လျှောက်ဝင်လာသည်နှင့်တစ်ပြိုင်နက် ကျွန်မအတွက် စိတ်ပူပေးဟန်ဆောင်ကြသည်။ “မင်း ဒီမှာ ရှိနေတာ တော်တော်ကြာနေပြီ။ ဘယ်လိုဖြစ်ပြီး မင်းရဲ့မိသားစုဝင်ထဲက တစ်ယောက်မှ မင်းကို လာမတွေ့ကြတာလဲ။ သူတို့ မင်းကို လက်လျှော့လိုက်ကြတာဖြစ်မယ်။ မင်းကိုယ်တိုင် သူတို့ကို ဖုန်းခေါ်ပြီး မင်းဆီကို လာတွေ့ဖို့ ပြောကြည့်ပါလား။” ဤစကားတို့ကို ကြားရခြင်းက ကျွန်မအား ဝမ်းနည်းစေကာ စိတ်မချမ်းမသာဖြစ်စေခဲ့သည်။ အထီးကျန်ပြီး အကူအညီမဲ့သလို ခံစားရသည်။ ကျွန်မသည် အိမ်ကို လွမ်းနေပြီး၊ ကျွန်မ မိဘတွေကို သတိရသည်၊ ပြီးလျှင် လွတ်မြောက်လိုသည့် ကျွန်မ၏ဆန္ဒမှာ ပို၍ပို၍ ပြင်းထန်လာသည်။ ကျွန်မကိုယ်တိုင် မသိလိုက်ဘဲ၊ ကျွန်မ မျက်လုံးများတွင် မျက်ရည်တို့ဖြင့် ပြည့်လျှံနေခဲ့သည်၊ သို့သော် ဤ ဆိုးယုတ်သောရဲအုပ်စု၏ ရှေ့တွင် ကျွန်မ မငိုချင်ပါ။ တိတ်ဆိတ်စွာဖြင့် ဘုရားသခင်ထံ ကျွန်မ ဆုတောင်းမိခဲ့သည်။ “အို ဘုရားသခင်၊ အခုအချိန်မှာ ကျွန်မ အရမ်းကို စိတ်မသက်မသာဖြစ်ရပြီး နာကျင်နေရပါတယ်။ ပြီးတော့ အရမ်းကို အကူအညီမဲ့သလို ခံစားရပါတယ်။ ကျွန်မကို ကျေးဇူးပြုပြီး အကူအညီပေးတော်မူပါ။ ကျွန်မရဲ့ အားနည်းချက်ကို စာတန်ကို မမြင်စေချင်လို့ပါ။ ဒါပေမဲ့ အခုအချိန်မှာ ကိုယ်တော်ရဲ့ အလိုတော်ကို ကျွန်မ သဘောမပေါက်နိုင်ပါဘူး။ ကျွန်မကို အသိဉာဏ် ပွင့်လင်းစေပြီး လမ်းပြတော်မူပါ။” ဆုတောင်းပြီးနောက်တွင် ကျွန်မ စိတ်၌ ခံယူချက်တစ်ခု လျှပ်တစ်ပြက် ဖြစ်ပေါ်လာခဲ့သည်။ ဤသည်မှာ စာတန်၏ ဉာဏ်နီဉာဏ်နက်များသော လှည့်ကွက် ဖြစ်သည်။ ကျွန်မအား ကျွန်မ၏မိသားစုထံ အဆက်အသွယ် ပြုလုပ်စေဖို့ သူတို့ ကြိုးစားခြင်းသည် ကျွန်မမိသားစုထံမှ ပြန်ရွေးငွေ တောင်းရန် လှည့်ကွက်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပြီး၊ ဤနည်းဖြင့် သူတို့၏ မသမာသော ငွေရှာခြင်း ရည်ရွယ်ချက်ကို အောင်မြင်စေမည် ဖြစ်သည်။ သို့မဟုတ်လျှင်လည်း ကျွန်မ၏ မိသားစုဝင်အားလုံးက ဘုရားသခင်အား ယုံကြည်သည်ကို သူတို့ သိပြီးဖြစ်၍ သူတို့ကို ဖမ်းဆီးရန်အတွက် ဤအခွင့်အရေးကို အသုံးချလိုခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ ဤဆိုးယုတ်သော ရဲတို့သည် အမှန်တကယ်ပင် အကြံအစည်များဖြင့် ပြည့်နှက်နေသည်။ ဘုရားသခင်၏ အသိဉာဏ် ပွင့်လင်းစေခြင်းကြောင့်သာ မဟုတ်ခဲ့လျှင်၊ အိမ်ကို ကျွန်မ ဖုန်းခေါ်ကောင်း ခေါ်မိလိမ့်မည် ဖြစ်သည်။ ထိုသို့ဆိုလျှင် ကျွန်မသည် သွယ်ဝိုက်၍ ယုဒတစ်ယောက် ဖြစ်သွားမည် မဟုတ်ပါလား။ ထို့ကြောင့် စာတန်ထံသို့ ကျွန်မ တိတ်တဆိတ် ကြေညာခဲ့သည်။ “ယုတ်မာတဲ့ မကောင်းဆိုးဝါး၊ မင်း လှည့်စားတာ အောင်မြင်ဖို့ ငါ လုံးဝ ခွင့်ပြုမှာမဟုတ်ဘူး။” ကျွန်မသည် အေးဆေးတည်ငြိမ်စွာဖြင့် “ကျွန်မရဲ့မိသားစုဝင်တွေ ကျွန်မကို ဘာလို့ လာမတွေ့တာလဲဆိုတာ မသိဘူး။ ရှင်တို့ ကျွန်မကို ဘာလုပ်လုပ် ကျွန်မ ဂရုမစိုက်ဘူး။” ဟု ပြောခဲ့သည်။ ယုတ်မာသော ရဲတို့သည် အသုံးချစရာ နောက်ထပ် မည်သည့်အကြံမျှ မရှိတော့ပေ။ ထို့နောက်တွင် သူတို့သည် ကျွန်မကို နောက်ထပ် မစစ်ဆေးတော့ပါ။
တစ်လ ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။ တစ်နေ့တွင် ကျွန်မ၏ ဦးလေးသည် ရုတ်တရက် ကျွန်မဆီသို့ လာရောက်ခဲ့ပြီး၊ သူသည် ကျွန်မ ထိုနေရာမှ လွတ်မြောက်စေရန် ကြိုးစားနေကာ ရက်အနည်းငယ်ပြီးနောက်တွင် ကျွန်မ လွတ်မြောက်မည်ဟု ပြောခဲ့သည်။ ကျွန်မ ဧည့်တွေ့ခန်းမှ ပြန်ထွက်လာသည့်အခါတွင်၊ အလွန်အမင်း ပျော်ရွှင်ခဲ့သည်။ ကျွန်မသည် နောက်ဆုံးတွင် နေ့အလင်းရောင်ကို မြင်နိုင်တော့မည်ဖြစ်ပြီး၊ ကျွန်မ၏ အစ်ကို၊ အစ်မများနှင့် ချစ်ခင်ရင်းနှီးရသောသူတို့ကိုပါ မြင်တွေ့နိုင်တော့မည်ဟု ထင်ခဲ့သည်။ ထို့ကြောင့် ကျွန်မသည် စတင် စိတ်ကူးယဉ်ခဲ့မိပြီး၊ ဦးလေးက ကျွန်မအား လာခေါ်မည်ကို စောင့်မျှော်နေခဲ့သည်။ ကျွန်မအား ထောင်က လွတ်ပြီဟု အစောင့်များက ခေါ်ပြောလာမည့် အသံကို ကျွန်မ နေ့စဉ် နားစွင့်နေခဲ့သည်။ တစ်ပတ်ကြာပြီးနောက် အစောင့်တစ်ယောက်က အမှန်တကယ်ပင် လာခေါ်ခဲ့သည်၊ ပြီးလျှင် ကျွန်မ၏နှလုံးသားက ရင်ဘတ်အပြင်သို့ ခုန်ထွက်တော့မည့်အလား ခံစားရလေသည်။ ဧည့်တွေ့ဆုံခန်းသို့ ကျွန်မ ဝမ်းသာအားရ ရောက်ရှိလာသည်။ သို့ရာတွင် ကျွန်မ၏ ဦးလေးကို မြင်ရသည့်အခါ၊ သူက ခေါင်းငိုက်စိုက်ကျလျက် ရှိသည်။ အချိန်အတော်ကြာပြီးနောက်မှ သူက စိတ်ဓာတ်ကျသည့်လေသံဖြင့် “သူတို့က မင်းအမှုကို အပြီးသတ်ပြီးသွားပြီ။ မင်းကို သုံးနှစ် ပြစ်ဒဏ်ချမှတ်လိုက်ပြီ။” ဟု ပြောသည်။ ဤစကားကို ကြားလိုက်သည့်အခါတွင်၊ ကျွန်မ ကြက်သေသေသွားခဲ့ပြီး၊ စိတ်ထဲတွင် လုံးဝ ဗလာဖြစ်သွားခဲ့သည်။ မျက်ရည်များကို ကျွန်မ ထိန်းထားခဲ့ပြီး၊ မငိုမိအောင် ကြိုးစားခဲ့သည်။ နောက်ပိုင်းတွင် ကျွန်မ၏ဦးလေး ပြောသည့် မည်သည့်အရာကိုမျှ ကျွန်မ မကြားနိုင်သကဲ့သို့ ဖြစ်ခဲ့သည်။ ကျွန်မသည် အသိစိတ် မရှိတရှိဖြင့် ဧည့်တွေ့ဆုံခန်းမှ ဒယီးဒယိုင် ထွက်လာခဲ့သည်၊ ကျွန်မ၏ ခြေထောက်များသည် ခဲဆွဲထားသည့်အလား၊ ခြေလှမ်း တစ်လှမ်းတိုင်းက ပိုမို၍ လေးလံလာသည်။ ကျွန်မ၏ အကျဉ်းခန်းသို့ မည်သို့ လမ်းလျှောက်ပြန်ခဲ့သည်ကို ကျွန်မ ပြန်လည် သတိမရတော့ပါ။ အကျဉ်းခန်းသို့ ရောက်သောအခါ၊ ကျွန်မ ကြမ်းပြင်ပေါ်သို့ ပြိုလဲကျသွားခဲ့သည်။ ကျွန်မက “ပြီးခဲ့တဲ့တစ်လလုံးလုံး ဒီလို လူမဆန်တဲ့ဘဝနဲ့ နေရတာ တစ်နှစ်လောက်ကြာသလို ခံစားခဲ့ရတယ်။ ဒီလိုမျိုး သုံးနှစ်ဆိုတဲ့ အချိန်ကို ငါ ဘယ်လို ဖြတ်သန်းနိုင်ပါ့မလဲ။” ဟု မိမိဘာသာ တွေးလိုက်သည်။ ဒါကို ကျွန်မ ဆက်တွေးလေလေ၊ ကျွန်မ၏ မချိတင်ကဲဝေဒနာက တိုးလာလေလေဖြစ်ပြီး၊ ကျွန်မ၏ အနာဂတ်သည်လည်း ဝိုးတိုးဝါးတားဖြင့် စဉ်းစားကြည့်၍ မရလေလေ ဖြစ်လာခဲ့သည်။ မျက်ရည်များကို ဆက်လက် ထိန်းမထားနိုင်တော့ဘဲ ကျွန်မ ချုံးချုံးချ ငိုလေသည်။ ကျွန်မ အသက်ငယ်သေးသည့်အတွက် လုံးဝပြစ်ဒဏ်ချမှတ်ခံရမည်မဟုတ်၊ သို့မဟုတ် လအနည်းငယ်သာ အချုပ်ခံရမည်ဟု ထင်ခဲ့သည်။ နာကျင်မှုနှင့် အခက်အခဲများကို အနည်းငယ် ပ၍ အောင့်အည်းသည်းခံလိုက်ပါက၊ ယင်းက ပြီးဆုံးသွားမည်ဟု ထင်ခဲ့သည်။ သို့သော် ထောင်ထဲ၃နှစ် နေကောင်း နေရနိုင်သည်ကို ကျွန်မမည်သည့်အခါမျှ ထင်မထားပါ။ ဝမ်းနည်းပူဆွေးလျက်ဖြင့် ဘုရားသခင်ရှေ့သို့ ကျွန်မ နောက်တစ်ဖန် ရောက်လာခဲ့ရသည်။ “အို ဘုရားသခင်၊ အရာအားလုံးနဲ့ အဖြစ်အပျက်အားလုံးက ကိုယ်တော်ရဲ့လက်ထဲမှာ ရှိတာကို ကျွန်မ သိပါတယ်၊ ဒါပေမဲ့ အခုအချိန်မှာ ကျွန်မရဲ့ နှလုံးသားဟာ လုံးဝ ဆွဲဆုတ်ခံလိုက်ရသလို ခံစားရပါတယ်။ ကျွန်မဟာ တစ်စစီ ပြိုလဲသွားတော့မလို ခံစားရပါတယ်။ ထောင်မှာ သုံးနှစ် ဒုက္ခခံဖို့က ကျွန်မအတွက် အရမ်းခက်ခဲလိမ့်မယ်လို့ ထင်ပါတယ်။ အို ဘုရားသခင်၊ ကိုယ်တော့်အလိုတော်ကို ကျွန်မထံ ဖွင့်ပြဖို့ တောင်းပန်ပါတယ်၊ ပြီးတော့ ကိုယ်တော့်ကို ကျွန်မ အလုံးစုံ နာခံနိုင်ဖို့နဲ့ ကျွန်မအပေါ် ကျရောက်တဲ့အရာကို ရဲရင့်စွာ လက်ခံနိုင်ဖို့အတွက် ယုံကြည်ခြင်းနဲ့ ခွန်အားကို ပေးအပ်ဖို့ ကိုယ်တော့်ကို ကျွန်မ အနူးအညွတ် တောင်းပန်ပါတယ်။” ဟု ကိုယ်တော့်ကို ကျွန်မ ရင်ဖွင့်လျက် ပြောလိုက်သည်။ ဆုတောင်းပြီးနောက် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျွန်မ စဉ်းစားမိလိုက်သည်၊ “ဤနောက်ဆုံးသောကာလ အတောအတွင်း သင်တို့သည် ဘုရားသခင်ကို သက်သေခံကြရမည်။ သင်တို့၏ ဒုက္ခဝေဒနာက မည်မျှပင်ကြီးမားပါစေ သင်တို့သည် ဆုံးခန်းတိုင်အောင် လျှောက်သွားသင့်သည်၊ ထို့အပြင် သင်တို့၏နောက်ဆုံး ထွက်သက်၌ပင်လျှင် သင်တို့သည် ဘုရားသခင်ကို သစ္စာရှိပြီး ဘုရားသခင်၏စီစဉ်ညွှန်ကြားမှုကို ကျိုးနွံနာခံနေရမည်။ ဤအရာသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းဖြစ်ပြီး၊ ဤအရာသည်သာလျှင် ခိုင်မာ၍ ထူးကဲသည့် သက်သေခံချက်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်) ဘုရားသခင်၏နှုတ်ကပတ်တော်များသည် ကျွန်မကို ယုံကြည်ခြင်းနှင့် ခွန်အားပေးခဲ့ပြီး ကျွန်မစိတ်နှလုံးအတွင်းမှ နာခံရန် ဆန္ဒရှိလာသည်။ မည်သည့်ပတ်ဝန်းကျင်ကို ကြုံရပါစေ၊ ဆင်းရဲဒုက္ခ မည်မျှကြုံရပါစေ၊ ဘုရားသခင်အား ကျွန်မ အပြစ်မတင်ဘဲ၊ သူ့အတွက် သက်သေရပ်တည်သွားမည်ဟု စိတ်ပိုင်းဖြတ်ခဲ့သည်။ နှစ်လကြာပြီးနောက် ကျွန်မအား အလုပ်ကြမ်းစခန်းသို့ ပို့ဆောင်ခဲ့သည်။ ကျွန်မအတွက် စီရင်ချက် စာရွက်စာတမ်းများကို လက်ခံရရှိပြီး လက်မှတ်ထိုးသည့်အခါတွင်၊ သုံးနှစ် ပြစ်ဒဏ်သည် တစ်နှစ်သို့ လျှော့ပေါ့ခံခဲ့ရသည်ကို ကျွန်မ တွေ့ရှိခဲ့ရသည်။ ကျွန်မ၏ စိတ်နှလုံးတွင် ဘုရားသခင်အား ထပ်ခါထပ်ခါ ကျေးဇူးတင်ပြီး ချီးမွမ်းခဲ့သည်။ ဘုရားသခင်သည် ဤအရာအားလုံးကို စီစဉ်ညွှန်ကြားနေခဲ့ပြီး၊ ဤအရာထဲတွင် ကျွန်မအတွက် ကိုယ်တော် ထားရှိသည့် ကြီးမားသော ချစ်ခြင်းနှင့် ကွယ်ကာမှုကို ကျွန်မ မြင်နိုင်ခဲ့သည်။
အလုပ်ကြမ်းစခန်းတွင် ဆိုးယုတ်သော ရဲတို့၏ ပို၍ပင် ခက်ထန် ကြမ်းကြုတ်သော ပုံစံကို ကျွန်မ တွေ့ခဲ့ရသည်။ အလွန်စောလှသော မနက်ခင်းတွင် ကျွန်မတို့ ထပြီး အလုပ်သွားရသည်၊ ပြီးလျှင် ကျွန်မတို့သည် နေ့စဉ် အလုပ်တာဝန်များဖြင့် အလွန်အမင်း မနိုင်ဝန်ထမ်းရသည်။ ကျွန်မတို့သည် နေ့စဉ် အလွန် ကြာမြင့်သော နာရီများစွာ အလုပ်ကြမ်းလုပ်ရသည်။ တစ်ခါတစ်ရံတွင် သုံးလေးရက်အထိ တစ်ဆက်တည်း နေ့ရောညပါ အလုပ် လုပ်ရသည်။ အချို့အကျဉ်းသားများမှာ နာမကျန်းဖြစ်ပြီး ဆေးပုလင်း ချိတ်ပေးဖို့ လိုအပ်ခြင်း ရှိခဲ့သည်၊ ပြီးလျှင် ဆေးသွင်းပြီးသည်နှင့်တစ်ပြိုင်နက် အလုပ်ရုံသို့ အမြန်ပြန်လာပြီး အလုပ်ပြန်လုပ်နိုင်စေရန်အတွက်၊ ဆေးပုလင်းမှ အစက်ကျသည့် နှုန်းကို အမြင့်ဆုံးအထိ တင်ထားရသည်။ ဤအဖြစ်ကြောင့် နောက်ပိုင်းတွင် အကျဉ်းသားအများစု၌ ကုသရန် အလွန်ခက်ခဲသည့် ရောဂါအချို့ ရရှိလာစေခဲ့သည်။ လူအချို့သည် ဖြည်းဖြည်းချင်း အလုပ်လုပ်သောကြောင့်၊ ၎င်းတို့မှာ အစောင့်များ၏ ဆဲရေးတိုင်းထွာမှုကို မကြာခဏ ခံကြရသည်၊ အစောင့်တို့၏ ရိုင်းစိုင်းသော စကားအသုံးအနှုန်းတို့မှာ မကြားဝံ့မနာဝံ့စရာ ဖြစ်သည်။ အချို့လူတို့သည် အလုပ်လုပ်စဉ်တွင် စည်းကမ်းများကို ချိုးဖောက်ကြသောကြောင့်၊ အပြစ်ဒဏ်ပေးခံရသည်။ ဥပမာအားဖြင့် သူတို့ကို “ကြိုးပေးသည်” ဆိုသည်မှာ သူတို့သည် မြေပေါ်တွင် ဒူးထောက်၍ လက်ပြန်ကြိုးတုပ်ခံရကာ၊ လက်နှစ်ဖက်ကို လည်ပင်း ရောက်သည်အထိ အတင်းအဓမ္မ နာကျင်စွာ ဆွဲမြှောက်ခံရခြင်း ဖြစ်သည်။ အချို့မှာ ခွေးများကဲ့သို့ သံကြိုးများဖြင့် သစ်ပင်တွင် ချည်ထားခံရပြီး ကျာပွတ်ဖြင့် သနားညှာတာမှုကင်းမဲ့စွာ အရိုက်ခံရသည်။ အချို့လူများမှာ ဤ လူမဆန်သည့် ညှဉ်းပန်းမှုကို တောင့်မခံနိုင်ဘဲ၊ သူတို့ကိုယ်သူတို့ အဆာငတ်ခံပြီး သေအောင် ကြိုးစားကြတော့သည်၊ သို့သော်လည်း ယုတ်မာသော အစောင့်များက သူတို့၏ ခြေရောလက်ပါ လက်ထိတ်များ ခတ်ပြီး၊ သူတို့၏ကိုယ်ခန္ဓာကို တင်းကျပ်စွာ ဖိထားကာ အစာကျွေးပြွန်များ၊ အရည်ပြွန်များကို အတင်းထိုးသွင်းလေသည်။ ဤအကျဉ်းသားများ သေသွားမည်ကို သူတို့ ကြောက်ရွံ့ခြင်းမှာ အကျဉ်းသားတို့၏ အသက်ကို တန်ဖိုးထားသောကြောင့် မဟုတ်ဘဲ၊ ၎င်းတို့ထံမှ ရသော ဈေးချိုသည့် လုပ်အားကို ဆုံးရှုံးရမည်စိုးသောကြောင့် ဖြစ်သည်။ ထောင်စောင့်များမှ ကျူးလွန်သည့် ဆိုးယုတ်သော လုပ်ဆောင်မှုများမှာ ဆိုးဆိုးရွားရွား ကြမ်းကြုတ်ရက်စက်ပြီး သွေးချောင်းစီးသော ဖြစ်ရပ်များ ဖြစ်ပေါ်သည်မှာ အမှန်တကယ်ပင် ရေတွက်၍ပင် မနိုင်ပေ။ တရုတ်ကွန်မြူနစ်ပါတီအစိုးရသည် ဝိညာဉ်လောကတွင် နေထိုင်သည့် စာတန်၏ လောကီပြယုဂ် ဖြစ်ကြောင်းကို ဤအရာအားလုံးက ကျွန်မအား ရှင်းရှင်းလင်းလင်း မြင်စေခဲ့သည်။ ၎င်းတို့သည် မကောင်းဆိုးဝါးအားလုံး၏ အဆိုးယုတ်ဆုံး ဖြစ်ပြီး၊ ၎င်းတို့ အစိုးရလက်အောက်ရှိ အကျဉ်းထောင်များသည် ကမ္ဘာမြေပေါ်မှ ငရဲဖြစ်သည်- ယင်းသည် အမည်ခံသက်သက်မဟုတ် အမှန်တကယ်ပင်ဖြစ်သည်။ ကျွန်မအား စစ်ဆေးမေးမြန်းခဲ့သည့် ရုံးနံရံပေါ်မှ စာသားတို့ကို ကျွန်မ သတိရမိသည်။ “လူတို့ကို စိတ်ထင်သလို ရိုက်နှက်ခြင်း သို့မဟုတ် တရားမဝင် ပြစ်ဒဏ်ခတ်ခြင်းကို တားမြစ်သည်၊ ထို့အပြင် ညှဉ်းပန်းနှိပ်စက်၍ ဖြောင့်ချက်များ ရယူခြင်းကို ပို၍ပင် တားမြစ်သည်။” သို့သော်လည်း အမှန်တကယ်တွင် သူတို့၏ လုပ်ရပ်များသည် ဤစည်းကမ်းများကို ပြောင်ပြောင်တင်းတင်း ဖီဆန်နေသည်။ သူတို့သည် အရွယ်မရောက်သေးသော မိန်းကလေး တစ်ယောက် ဖြစ်သည့် ကျွန်မအား အကြောင်းမဲ့သက်သက် ရိုက်နှက်ခဲ့ပြီး၊ ဥပဒေမဲ့ ပြစ်ဒဏ်ခတ်မှုကို ခံယူစေခဲ့သည်။ ထို့အပြင် ဘုရားသခင်အပေါ် ယုံကြည်ရုံမျှဖြင့် ကျွန်မအား ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ငြိမ်းချမ်းမှုနှင့် ချမ်းသာကြွယ်ဝခြင်းဟူသော အယောင်ဆောင် အသွင်အပြင် တစ်ခုကို ပြလျက်၊ လူတို့အား လိမ်လည်ရန်၊ တရုတ်ကွန်မြူနစ်ပါတီအစိုးရမှ အသုံးပြုသည့် လှည့်ကွက်များကို ဤအရာအားလုံးက ကျွန်မအား ရှင်းရှင်းလင်းလင်း မြင်စေခဲ့ပါပြီ။ ဘုရားသခင် ပြောဆိုခဲ့သကဲ့သို့ပင် ဖြစ်သည်။ “နတ်ဆိုးသည် လူသား၏ ခန္ဓာကိုယ် တစ်ခုလုံးကို တင်းကျပ်စွာ တုပ်နှောင်ထားသည်၊ သူ၏ မျက်လုံးနှစ်ခုလုံးကို ထုတ်ပစ်ပြီး၊ သူ၏နှုတ်ခမ်းများကို ခိုင်မြဲစွာ စေ့စေ့ပိတ်ထားလေသည်။ နတ်ဆိုးများ၏ မင်းသည် ထိုးဖောက်၍ မရနိုင်သော မကောင်းဆိုးဝါးတို့၏ နန်းတော် တစ်ခုအလား တစ္ဆေမြို့အပေါ် အနီးကပ် စောင့်ကြည့်မြဲစောင့်ကြည့်နေချိန်တွင်၊ နှစ်ထောင်ပေါင်း အချို့ကြာ ယနေ့ထက်ထိ သောင်းကျန်းပြီး ဖြစ်သည်။ ထိုအတောအတွင်းတွင်၊ ဤအစောင့်ခွေးအုပ်စုကို ဘုရားသခင်က ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်း နေရာ မရှိဘဲ ဖြစ်စေရစ်လျက်၊ ၎င်းတို့ကို အလစ် ဖမ်းဆီးသွားပြီး ၎င်းတို့အားလုံးအား သုတ်သင်ပယ်ရှင်းမည်ကို အလွန်အမင်း ကြောက်ရွံ့နေကြလျက် စိန်းစိန်းဝါးဝါး ကြည့်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြလေသည်။ ဤသို့သော တစ္ဆေမြို့သားများသည် ဘုရားသခင်အား အဘယ်သို့ မြင်တွေ့ဖူးနိုင်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ ကြင်နာခြင်းနှင့် ချစ်မြတ်နိုးဖွယ်ကောင်းခြင်းတို့ကို မွေ့လျော်ဖူးကြသလော။ လူ့လောက၏ အရေးကိစ္စများနှင့် ပတ်သက်၍ ၎င်းတို့သည် မည်သည့် နားလည်မှု ရှိကြသနည်း။ ၎င်းတို့အထဲမှ မည်သူသည် ဘုရားသခင်၏ ထက်သန်သော အလိုကို နားလည်နိုင်သနည်း။ ထိုအခါ လူ့ဇာတိခံယူ ဘုရားသခင်သည် လုံးလုံး ကွယ်ဝှက်လျက် ရှိမြဲရှိနေသည်မှာ သိပ်အံ့သြစရာ မဟုတ်ချေ။ မကောင်းဆိုးဝါးများက အကြင်နာမဲ့ပြီး လူမဆန်သည့် ဤကဲ့သို့သော အမှောင်လူ့အဖွဲ့အစည်းတွင် မျက်တောင် တစ်ချက်မျှ မခတ်ဘဲ လူများကို သတ်သော နတ်ဆိုးတို့၏မင်းသည် ချစ်ခင်ဖွယ်ဖြစ်ပြီး ကြင်နာကာ သန့်လည်းသန့်ရှင်းသော ဘုရားသခင်၏ တည်ရှိမှုကို မည်သို့ သည်းခံနိုင်မည်နည်း။ ဘုရားသခင်၏ ကြွရောက်လာခြင်းကို ၎င်းသည် အဘယ်သို့ ဂုဏ်ပြုကာ သြဘာ ပေးနိုင်မည်နည်း။ ဤလက်ပါးစေတို့။ ၎င်းတို့သည် ကြင်နာခြင်းကို မုန်းတီးခြင်းဖြင့် ပြန်ဆပ်ကြသည်၊ ၎င်းတို့သည် ကြာမြင့်စွာကတည်းက ဘုရားသခင်အား အထင်အမြင်သေးကြပြီးဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်အား ညှဉ်းပန်းနှိပ်စက်ကြသည်၊ ၎င်းတို့သည် အဆုံးစွန် ရိုင်းစိုင်းကြသည်၊ ၎င်းတို့သည် ဘုရားသခင်ကို အနည်းငယ်မျှ အရေးထားမှု မရှိကြပေ၊ ၎င်းတို့သည် အဓမ္မလုယူကာ လုယက်တိုက်ဖျက်ကြသည်၊ ၎င်းတို့သည် အသိတရား လုံးလုံး ပျောက်ဆုံးကြပြီးဖြစ်သည်၊ အသိတရား အလုံးစုံကို ၎င်းတို့ ဆန့်ကျင်ကြကာ အပြစ်မဲ့သောသူကို အသိစိတ်မဲ့ခြင်းသို့ သွေးဆောင်ကြလေသည်။ ရှေးကာလ၏ ဘိုးဘေး များလော။ ချစ်မြတ်နိုးရသော ခေါင်းဆောင်များလော။ ၎င်းတို့ အားလုံးသည် ဘုရားသခင်အား ဆန့်ကျင်ကြ၏။ ၎င်းတို့၏ ဝင်ရောက်စွက်ဖက်မှုသည် ကောင်းကင်အောက်ရှိ အရာခပ်သိမ်းကို မှောင်မိုက်ခြင်း နှင့် ပရမ်းပတာဖြစ်ခြင်း အခြေအနေတစ်ခုတွင် ချန်ထားပြီးဖြစ်၏။ ဘာသာရေး လွတ်လပ်မှုလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့သည် အပြစ်ဖုံးကွယ်ခြင်းအတွက် လှည့်စားမှုများသာ ဖြစ်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၈))
ဆိုးယုတ်သောရဲတို့၏ ညှဉ်းပန်းနှိပ်စက်မှုကို တွေ့ကြုံပြီးနောက်တွင်၊ ကျွန်မသည် ဘုရားသခင်မှ မိန့်ကြားခဲ့သည့် ဤနှုတ်ကပတ်တော်စာပိုဒ်ကို လုံးဝ လက်ခံယုံကြည်ခဲ့သည်၊ ယခုအခါတွင် ၎င်းနှင့်သက်ဆိုင်သည့် တကယ့် အသိအမြင်နှင့် အတွေ့အကြုံအချို့ကို ရရှိခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရသည် ဘုရားသခင်အား မုန်းတီး ဆန့်ကျင်သော၊ မကောင်းမှုနှင့် အကြမ်းဖက်မှုအား ထောက်ခံသော မကောင်းဆိုးဝါးဆန်သည့် အုပ်စုတစ်ခု အမှန်ပင် ဖြစ်သည်။ ဆိုးယုတ်သော အစိုးရ၏ ဖိနှိပ်မှုအောက်တွင် အသက်ရှင်နေထိုင်ခြင်းသည် လူ့ငရဲတစ်ခုတွင် နေထိုင်ရခြင်းနှင့် မည်သည့်အရာမျှ မကွာခြားပါ။ တစ်ချိန်တည်းမှာပင် အလုပ်ကြမ်းစခန်း၌ လူပေါင်းစုံတို့၏ အကျည်းတန်မှုကို ကျွန်မသည် မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရပြီဖြစ်သည်။ အစောင့် ခေါင်းဆောင်များအား မျက်နှာလိုမျက်နှာရလုပ်သော အပြောချိုသော အခွင့်အရေးသမား လူလည်တို့၏ စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် မျက်နှာများ၊ အားနည်းသူတို့ကို အနိုင်ကျင့်လျက် ဒေါသတကြီး လျှောက်ရမ်းတတ်သော ရက်စက်ကြမ်းတမ်းသူတို့၏ မကောင်းဆိုးဝါးဆန်ဆန် မျက်နှာများ စသည်တို့ ဖြစ်သည်။ အရွယ်ရောက်သူ တစ်ယောက်အဖြစ် ဘဝကို အစမပြုရသေးသော ကျွန်မအနေဖြင့်၊ အကျဉ်းထောင်ဘဝ၏ ဤနှစ်ကာလ အချိန်အတွင်းတွင် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို နောက်ဆုံး၌ ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည်။ လူတို့၏ စိတ်နှလုံးများထဲရှိ ဖောက်ပြန်မှုကို ကျွန်မ မျက်မြင် မြင်တွေ့ခဲ့ရပြီး၊ လူ့ကမ္ဘာသည် မည်မျှ အန္တရာယ်များနိုင်သည်ကို နားလည်သဘောပေါက်ခဲ့သည်။ ကျွန်မသည် အပြုသဘောနှင့် အဖျက်သဘော၊ အဖြူနှင့် အမည်း၊ အမှန်နှင့် အမှား၊ အကောင်းနှင့် အဆိုးတို့ကြား ခွဲခြားတတ်လာခဲ့သကဲ့သို့၊ ကြီးမြတ်သောအရာနှင့် စက်ဆုပ်ဖွယ်ကောင်းသောအရာတို့ကြား ခွဲခြားတတ်လာခဲ့သည်။ စာတန်သည် အကျည်းတန်၊ ဆိုးယုတ်၊ ကြမ်းကြုတ်ပြီး၊ ဘုရားသခင်သည်သာ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်း၏ သင်္ကေတဖြစ်သည်ကို ကျွန်မ ရှင်းလင်းစွာ သိမြင်ခဲ့သည်။ ဘုရားသခင်သာလျှင် လှပခြင်းနှင့် ကောင်းမွန်ခြင်းအတွက် သင်္ကေတ ဖြစ်သည်။ ဘုရားသခင်သာလျှင် ချစ်ခြင်းမေတ္တာဖြစ်ပြီး ကယ်တင်ခြင်းဖြစ်သည်။ ဘုရားသခင်အားဖြင့် ကြည့်ရှုစောင့်ရှောက် ခံရပြီး ကွယ်ကာပေးခံရ၍ ထိုမေ့မရနိုင်သော နှစ်မှာ ကျွန်မအတွက် အလွန်ပင် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ ယခု ထိုအဖြစ်ကို ပြန်ကြည့်သောအခါတွင်၊ ကျွန်မသည် ထိုအကျဉ်းထောင်ဘဝ၏ နှစ်ကာလအတွင်းတွင် ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းဆင်းရဲခြင်းအချို့ ကြုံခဲ့ရသော်လည်း၊ ကျွန်မအား ဦးဆောင်ပြီး လမ်းပြရန်အတွက် ဘုရားသခင်က သူ၏ နှုတ်ကပတ်တော်တို့ကို အသုံးပြုခဲ့က၊ ဤနည်းဖြင့် ကျွန်မ၏ အသက်တာအား ရင့်ကျက်စေခဲ့သည်။ ဤကဲ့သို့သော ဆင်းရဲဒုက္ခနှင့် စမ်းသပ်မှုသည် ဘုရားသခင်မှ ကျွန်မအပေါ် ပေးအပ်သည့် အထူးကောင်းကြီးပင်ဖြစ်သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်အား ကျေးဇူးတင်ချီးမွမ်းပါသည်။