ယှဉ်ပြိုင်ခြင်းက ဆင်းရဲဒုက္ခရောက်စေသည်

12.03.2023

ရှင်းရီး တရုတ်နိုင်ငံ

၂၀၂၁ခုနှစ်၊ ဧပြီမှာ ကျွန်မနဲ့ ချန်းစီကို ရေလောင်းအလုပ် အတူတာဝန်ယူဖို့ အသင်းတော်က စီစဉ်ပေးတယ်။ အဲဒီသတင်းကြားတော့ ကျွန်မ ဘဝင်မကျသလိုမျိုးပဲ။ ချန်းစီက စွမ်းဆောင်နိုင်ပြီး သမ္မာတရားအပေါ် မိတ်သဟာယပြုတာရှင်းတယ်။ နည်းနည်းလက်တွေ့လုပ်ပြီးတဲ့နောက်မှာ သူက ကျွန်မထက်သာသွားမှာကို စိုးမိတယ်။ အရင်က သူ့အလုပ်ကို ကျွန်မကြီးကြပ်ဖူးတော့ သူက ကျွန်မထက် သာသွားရင် ကိုယ့်မျက်နှာ ဘယ်လိုလုပ်ပြနိုင်မှာလဲပေါ့။ ခေါင်းဆောင်က သူ့ကို အများကြီး ကူညီပံ့ပိုးပေးပြီး အရေးကြီးတဲ့ အလုပ်တချို့ကို တာဝန်ယူလက်တွေ့လုပ်ခိုင်းတာကို နောက်တော့ ကျွန်မ သတိပြုမိတယ်။ ခေါင်းဆောင်က သူ့ကို ပျိုးထောင်ချင်တယ်လို့ ကျွန်မ တွက်မိတယ်။ ကျွန်မ တကယ်ကို စိတ်ပျက်ပြီး သူ့ကို တိတ်တိတ်လေး ပြိုင်လာတယ်။ သူက ကိုယ့်ထက်မသာအောင် အလုပ်ကြိုးစားချင်ခဲ့တယ်။ စုဝေးပွဲတွေမှာ သူများတွေကို မိတ်သဟာယပြုရာမှာ စိတ်နှစ်ထားတယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ အလုပ်က ပြဿနာတွေကို သေချာ သိအောင်လုပ်ပြီး ကိုင်တွယ်တယ်။ အလုပ်ဆွေးနွေးမှုတွေမှာ ကျွန်မ မဆိုင်းမတွ ထုတ်ပြောတယ်။ သူများတွေက ကျွန်မကို များသောအားဖြင့် သဘောတူကြတယ်။ နည်းနည်းကြာတော့ ကျွန်မတို့ ရေလောင်းအလုပ်က ရလဒ်တွေပြလာတယ်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ကျေနပ်အားရပြီး တကယ်ကို ဖြစ်မြောက်အောင်မြင်တယ်လို့ ခံစားရတယ်။ ချန်းစီက ဒီအလုပ်မျိုးနဲ့ စိမ်းနေတော့ အစမှာ ကိစ္စတွေကို မကိုင်တွယ်နိုင်သေးဘဲ သူ့အတွက် ခက်နေတာပေါ့။ သူ အလုပ်နဲ့ အမြန် အကျွမ်းဝင်လာပြီး စည်းမျဉ်းတွေ သိလာအောင် ကျွန်မ ကူညီသင့်မှန်း သိပေမဲ့ သူက ကျွန်မကို အခံရခက်အောင် လုပ်မှာစိုးလို့ အသေးစိတ်တွေ ပြည့်ပြည့်စုံစုံ အသိမပေးဘဲ တိုတိုရှင်းရှင်း အနှစ်ချုပ်လောက်သာ ပြောပြခဲ့တယ်။ သူ့တာဝန်မှာရှိတဲ့ အခက်အခဲတွေကြောင့် သူ့ အခြေအနေ မကောင်းတာမြင်တော့ ကျွန်မ တိတ်တိတ်လေး ပျော်မိတာပေါ့။ ကျွန်မက သူ့ထက် ပိုလုပ်နိုင်စွမ်း ရှိနေတုန်းပဲလို့ ခံစားရတယ်။ နည်းနည်းကြာတော့ ချန်းစီက အလုပ်ကို တဖြည်းဖြည်း သိလာပြီး သူ့တာဝန်မှာ ရလဒ်တချို့ ရလာတယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေ ဖြေရှင်းဖို့နည်းလမ်းနဲ့ပတ်သက်လို့သူ့မိတ်သဟာယကို ခဏခဏ ကြားရသလို တကယ်ကို လက်တွေ့ကျပြီး ရှင်းတယ်လို့ ခံစားခဲ့ရတယ်။ အဲဒါကြောင့် ကျွန်မ စိုးရိမ်လာတယ်။ ဖြစ်ချင်တော့ သူက တကယ်ကို ကျွန်မထက် အစွမ်းအစပိုကောင်းတယ်။ ဒီလိုသာဆက်ဖြစ်နေရင် သူက သူ့တာဝန်မှာ လုပ်ရည်ကိုင်ရည် ပိုတိုးတက်လာတော့မှာ။ တစ်ချိန်မှာ သူများတွေက သူ့ကို သေချာပေါက် အထင်ကြီးလာမှာပဲ။ အဲဒါဆို သူက ကျွန်မထက် ပိုတော်တဲ့ပုံပေါက်မှာ မဟုတ်လား။ ကျွန်မ ပိုပြီးလန့်လာတယ်။ ကျွန်မတို့ သူများတွေနဲ့ စုဝေးတိုင်း သူ့မိတ်သဟာယတွေကို ကျွန်မ စောင့်ကြည့်လေ့လာတယ်။ အဲဒါက ဉာဏ်အလင်းပေးတာကို သတိထားမိတဲ့အခါ သူ့ထက်သာအောင် မိတ်သဟာယပြုဖို့ နည်းလမ်းတွေကို တွေးကြည့်တာပေါ့။ တစ်ခါတော့ ညီအစ်မတစ်ယောက်က သူ့ရဲ့မာနထောင်လွှားမှုကြောင့် သူများတွေနဲ့ အလုပ်ကောင်းကောင်း မလုပ်နိုင်သလို သူ့အလုပ်ထိခိုက်နေတယ်။ သူ့ပြဿနာရဲ့ ရင်းမြစ်ရယ်၊ သုံးဖို့ ဘုရားနှုတ်ကပတ်တော်အပိုဒ်ရယ်၊ ကိုယ့်မိတ်သဟာယမှာ ကိုယ့်အတွေ့အကြုံကို ထည့်ပြောဖို့ နည်းလမ်းရယ်ကို ကျွန်မ တကယ်ဦးနှောက်ခြောက်ခံ စဉ်းစားခဲ့တယ်။ ဒါပေမဲ့ ကိုယ့်စိတ်နေစိတ်ထားက မှားနေတော့ တည်တည်ငြိမ်ငြိမ် မတွေးနိုင်ဘူး။ အဆုံးမှာတော့ အပေါ်ယံ သိနားလည်မှုတချို့ကို အတင်းဖျစ်ညှစ် မိတ်သဟာယပြုခဲ့ပြီး သူ့အခြေအနေက အဆင်မပြေခဲ့ဘူး။ ဒါပေမဲ့ ချန်းစီက ဘုရားနှုတ်ကပတ်တော်နဲ့ သူ့အတွေ့အကြုံကို ပေါင်းပြီး မိတ်သဟာယဖွဲ့ခဲ့တယ်။ အဲဒီညီအစ်မက ပိုင်းခြားသိမြင်နိုင်ခဲ့ပြီး သူ့အခြေအနေကို ပြောင်းလဲဖို့ အဆင်သင့်ဖြစ်တယ်လို့ ခံစားခဲ့ရတယ်။ ဒါကို မြင်ရတာ ကျွန်မအတွက်တော့ စိတ်ပျက်စရာပဲ။ ဘုရားက ဘာလို့ သူ့ကို ဉာဏ်အလင်းပေးပြီး ကျွန်မကို မပေးတာလဲ။ သူက ထင်ပေါ်အောင်လုပ်ခွင့်ရတော့ ကျွန်မထက်သာတယ်လို့ သူများတွေက ထင်သွားမှာ မဟုတ်ဘူးလား။ ဒီလိုတွေးပြီး ကျွန်မ စိတ်ပိုင်းဖြတ်လိုက်တယ်။ နောက်တစ်ခါ တစ်ယောက်ယောက်မှာ ပြဿနာရှိလို့ကတော့ သေချာပေါက် ထင်ပေါ်အောင် လုပ်ရမယ်ပေါ့။ ဒါမှ ကျွန်မက ပြဿနာဖြေရှင်းဖို့ သမ္မာတရားကို မိတ်သဟာယပြုနိုင်မှန်း လူတိုင်းမြင်မှာလေ။ နောက်တော့ ညီအစ်မတစ်ယောက်က ကိုင်တွယ်ဖြေရှင်းခံရပြီးရင် သူများအပေါ် သူ အပြစ်မြင်တတ်ပုံကို ပြောပြတယ်။ ကျွန်မ တွေးမိတယ်။ ကျွန်မမှာလည်း ဒီအတွေ့အကြုံမျိုးရှိဖူးတော့ ဒီတစ်ခါ ကောင်းကောင်း မိတ်သဟာယပြုလို့ရပြီပေါ့။ ဒါပေမဲ့ ကိုယ်ကပါးစပ်တောင်မဟရသေးခင်မှာချန်းစီက မိတ်သဟာယစပြုပြီး သူ့ရဲ့ တကယ့်အတွေ့အကြုံနဲ့ ချိတ်ဆက်ပြီးတော့ တကယ်ကို ရှင်းရှင်းလင်းလင်းပြောသွားလိုက်တာ ကျွန်မ တွေးထားသမျှ တစ်ခုမကျန် သူပဲ ပြောချသွားတယ်။ ကျွန်မမှာတော့ ကိုယ့်ရဲ့ သိနားလည်မှု ဖြစ်ကြောင်းကုန်စင်ကို ရိုးရိုးပြောပြဖို့ထက် ရွေးစရာမရှိခဲ့ဘူး။ ချန်းစီက စုဝေးပွဲပြီးတော့ အရမ်း ရွှင်လန်းနေတာ သတိပြုမိတော့ ကျွန်မက ပိုလို့တောင် မနာလိုဖြစ်ပြီး သူ့ကို အသိအမှတ် မပြုချင်ခဲ့ဘူး။ အဲဒီညနေမှာ အိပ်ရာထဲ ကျွန်မလှဲနေပြီး၊ လုံးဝ အိပ်လို့မပျော်ခဲ့ဘူး။ သူများတွေက ချန်းစီရဲ့ မိတ်သဟာယကို ဘယ်လောက်ကြိုက်ကြလဲဆိုတာကို စဉ်းစားလိုက်တော့ ကျွန်မ တကယ် စိတ်ဓာတ်ကျတယ်။ ကျွန်မက သူ့ထက် ဘယ်တော့မှ သာအောင် လုပ်နိုင်မဲ့ပုံ မရဘူးလေ။ အဲဒီအချိန်က ကျွန်မ အခြေအနေ မကောင်းဘူးဆိုတာ သိခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် သိအောင် ကျွန်မကို ဉာဏ်အလင်းပေးပြီး ဦးဆောင်လမ်းပြဖို့ ဘုရားကို တောင်းလျှောက်ရင်းနဲ့ ဆုတောင်းခဲ့တယ်။

နောက်ပိုင်း စုဝေးပွဲတစ်ခုမှာ ဘုရားက ဒီလိုပြောတာကို ဖတ်ခဲ့ရတယ်။ “ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို ရရှိရန် အသည်းအသန် ကြိုးစားခြင်းသည် စာတန်၏ ဆိုးယုတ်သော သဘာဝရှိသည့် လူသားအပြုအမူ၏ လက္ခဏာဖြစ်သည်။ မည်သူမျှ ခြွင်းချက်မရှိပေ။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံးသည် ကျော်ကြားမှုနှင့် အဆင့်အတန်းအတွက် အသက်ရှင်ကြသည်။ လူသားအားလုံးသည် ကျော်ကြားမှုနှင့် အဆင့်အတန်းအတွက် ရုန်းကန်ရာတွင် မည်သည့်အဖိုးအခမဆို ပေးဆပ်လိမ့်မည်။ စာတန်၏ တန်ခိုးအစွမ်းအောက်တွင် အသက်ရှင်သောသူအားလုံးသည်လည်း ထိုနည်းတူ ဖြစ်သည်။ ထို့ကြောင့် သမ္မာတရားကို လက်မခံသောသူ၊ နားမလည်သောသူ၊ စည်းမျဉ်းများနှင့်အညီ မလုပ်ဆောင်သောသူသည် ဆိုးယုတ်သော စိတ်သဘောထားထဲတွင် အသက်ရှင်နေသောသူဖြစ်သည်။ ဆိုးယုတ်သော စိတ်သဘောထားသည် သင်၏ အတွေးများကို ကြီးစိုးလာကာ သင်၏ အပြုအမူကို ထိန်းချုပ်လာပြီး ဖြစ်သည်။ စာတန်သည် သင့်အား သူ၏ ထိန်းချုပ်မှုနှင့် ချည်နှောင်မှုအောက်တွင် လုံးလုံး ထားရှိပြီးဖြစ်သည်။ သင်သည် သမ္မာတရားကို လက်ခံကာ စာတန်ကို မစွန့်ပစ်လျှင် လွတ်မြောက်နိုင်မည်မဟုတ်ပေ။...လူတိုင်းအား ကျော်လွန်ရန်၊ သူတစ်ပါးတို့ထက် အရာရာတိုင်းကို ပိုကောင်းအောင် လုပ်ဆောင်ရန်၊ အဘက်ဘက်တွင် ထင်ပေါ်ရန် အစဉ် မစဉ်းစားနှင့်။ ဤသည်မှာ မည်သို့သော စိတ်သဘောထားမျိုးဖြစ်သနည်း။ (မာနထောင်လွှားသော စိတ်သဘောထားဖြစ်သည်။) လူတို့သည် မာနထောင်လွှားသော စိတ်သဘောထားကို အစဉ်ပိုင်ဆိုင်ကြပြီး ၎င်းတို့သည် သမ္မာတရားအတွက် ကြိုးပမ်းပြီး ဘုရားသခင်ကို ကျေနပ်စေလိုလျှင်ပင် စံမမီကြပေ။ ၎င်းတို့သည် လမ်းလွဲသွားစေရန် လွယ်ကူစေသည့် မာနထောင်လွှားသော စိတ်သဘောထားတစ်ခုအားဖြင့် ထိန်းချုပ်ခြင်းကို ခံရသည်။...သင့်တွင် ဤသို့သော စိတ်သဘောထားတစ်ခုရှိသောအခါ သင်သည် သူတစ်ပါးတို့ကို အောက်ခြေတွင်ထားရန် အစဉ်ကြိုးစားနေသည်၊ ၎င်းတို့ရှေ့ရောက်ရန် အစဉ်ကြိုးစားနေသည်၊ ဖြတ်စားလျှပ်စား အစဉ်လုပ်နေသည်၊ လူတို့ထံမှ ရယူရန် အစဉ်ကြိုးစားနေသည်။ သင်သည် အလွန်အမင်း မနာလိုဖြစ်သည်၊ မည်သူ့ကိုမျှ မနာခံ၊ ထို့ပြင် အသိအမှတ်ပြုခြင်းခံရရန် အစဉ်ကြိုးစားနေသည်။ ဤသည်မှာ ပြဿနာဖြစ်၏။ ဤသည်မှာ စာတန်လုပ်ဆောင်သည့်ပုံစံဖြစ်သည်။ သင်သည် ဘုရားသခင်၏ လက်ခံနိုင်ဖွယ်ရှိသော ဖန်ဆင်းခံတစ်ယောက် အမှန်တကယ် ဖြစ်လိုလျှင် သင်၏ ကိုယ်ပိုင်အိပ်မက်များ နောက်သို့မလိုက်နှင့်။ သင်၏ ရည်မှန်းချက်များ အောင်မြင်ရန်အတွက် သင့်ကိုယ်သင်ထက် ပို၍ သာလွန်ပြီး စွမ်းဆောင်နိုင်အောင် ကြိုးစားခြင်းသည် မကောင်းပေ။ ဘုရား၏စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို နာခံကာ မိမိအဆင့်ထက် မြင့်သည့် နေရာကို မသွားသင့်ပေ။ ဤသည်ကသာ အသိစိတ်ကို ထင်ရှားစေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိကိုယ်ကိုယ် ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် အခြေခံသဘောတရားများ) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့ အခြေအနေမှန်ကို ထုတ်ဖော်ပြခဲ့တယ်။ လူတွေကြားထဲမှာ ပထမနေရာအတွက် ကျွန်မ အမြဲ ကြိုးစားချင်ခဲ့ပြီး ဘယ်သူ့အောက်မှာမှ မနေချင်ခဲ့ဘူး။ ဒါကြောင့် သူများထက်သာချင်တော့ ကျွန်မ အမြဲ ပြိုင်နေခဲ့တယ်။ အရင်က ကျွန်မ ချန်းစီရဲ့ အလုပ်ကို ကြီးကြပ်ခဲ့တော့ သူနဲ့ လက်တွဲရတဲ့အခါမှာ အလုပ်လုပ်နိုင်စွမ်းပဲဖြစ်ဖြစ်၊ သမ္မာတရားကို မိတ်သဟာယပြုတာပဲဖြစ်ဖြစ် သူ့ထက် ဘာတစ်ခုမှ မညံ့ချင်ခဲ့ဘူး။ အစမှာ သူက ကျွန်မထက် သာအောင်မလုပ်နိုင်တော့ အရမ်း ကျေနပ်နေခဲ့တာ။ ဒါပေမဲ့ သူ မြန်မြန်ဆန်ဆန် တိုးတက်လာနေတာ၊ ပြဿနာတချို့ဖြေရှင်းတာ၊ ညီအစ်ကိုမောင်နှမတွေရဲ့ ထောက်ခံမှုတောင် ရနေတာတွေကို ကျွန်မ မြင်တော့ ကျွန်မ မကျေမချမ်းနဲ့ မနာလိုဖြစ်ပြီး သူ့ကို အမြဲ ပြိုင်ခဲ့တယ်။ သူများတွေ ကျွန်မကို အထင်ကြီးအောင် သမ္မာတရားကို မိတ်သဟာယပြုပြီး ပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာ ကျွန်မက ကြွားတောင်ကြွားချင်ခဲ့တယ်။ ဒါပေမဲ့ ကိုယ့်ရည်ရွယ်ချက်က မမှန်ခဲ့ဘူး။ ကျွန်မက ဘုရားနှုတ်ကပတ်တော်တွေကို အလေးအနက် တွေးဆဖို့ မဟုတ်ဘဲ၊ နာမည်နဲ့ အကျိုးအမြတ်ကိုပဲ အာရုံစိုက်တာ။ ဒါကြောင့်‌ သူများတွေအတွက် လုံးဝစာရိတ္တမမြှင့်တင်ပေးတဲ့ ငြီးငွေ့စရာ မိတ်သဟာယတချို့ကိုပဲ မိတ်သဟာယပြုနိုင်ခဲ့တယ်။ ဒါနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် လုံးဝ မဆင်ခြင်ခဲ့ဘဲ ကိုယ့်ကို ဉာဏ်အလင်းမပေးတဲ့အတွက် ဘုရားကို အပြစ်တင်ပြီး အတိုက်အခံလုပ်ခဲ့တယ်။ ဒီအခါမှပဲ ကျွန်မ ဘယ်လောက် မာနထောင်လွှားပြီး ဆင်ခြင်တုံတရားမဲ့ခဲ့လဲဆိုတာ သ‌ဘောပေါက်ခဲ့တယ်။ ကျွန်မနဲ့ ချန်းစီကို ရေလောင်းတဲ့အလုပ်ကို တာဝန်ယူဖို့ အသင်းတော်က စီစဉ်ပေးခဲ့တော့ ကျွန်မတို့ အလုပ်အတူလုပ်ရာမှာ အချင်းချင်း ဖြည့်ဆည်းပေးသင့်တယ်။ တစ်ဦးချင်းစီရဲ့ အားသာချက်တွေကိုသုံးပြီး တာဝန်ကို အတူ ကောင်းကောင်း လုပ်သင့်တယ်။ ကျွန်မက သူကို ယှဉ်လို့မရတာ သိသာပေမဲ့ ဒါကို တစ်စက်မှ သတိမပြုမိခဲ့ဘူး။ အဆင့်အတန်းမှာ အကျိုးအမြတ်နဲ့ ဆုံးရှုံးမှုတွေကို တိတ်တိတ်လေး တွက်ချက်ရင်းနဲ့ ကိုယ့်တာဝန်၊ အသင်းတော်အလုပ်ကို လုံးဝ ထည့်မတွက်ဘဲ ကျွန်မက အမြဲတမ်း သူ့ထက်သာအောင် ကြိုးစားပြီး ထင်ပေါ်အောင် လုပ်တယ်။ ကျွန်မက အရမ်းမာနထောင်လွှားပြီး ဆင်ခြင်တုံတရားမရှိသလို ဆိုးယုတ်တဲ့ စိတ်သဘောထားကို ပြနေခဲ့တာ။ ဘုရားက စက်ဆုပ်တာပေါ့။

နောက်တော့ ကျွန်မ ဘုရားဆီ ဆုတောင်းတယ်။ ကျွန်မရဲ့သဘောထားကို ပြင်ပြီး ချန်းစီနဲ့ ကောင်းကောင်း အလုပ်လုပ်ဖို့ လမ်းပြပါလို့ တောင်းလျှောက်ရင်းနဲ့ပေါ့။ အဲဒီနောက် သူက ကျွန်မထက် ပိုရှင်းအောင် သမ္မာတရားကို မိတ်သဟာယပြုတာမြင်ပြီး ပြိုင်ချင်စိတ်ဖြစ်တဲ့အခါ သေချာ ဆုတောင်းပြီး ကိုယ့်ကိုယ်ကိုယ် ပစ်ပယ်တယ်။ ဒီနည်းနဲ့ လက်တွေ့လုပ်ဆောင်တော့ ကျွန်မရဲ့ အခြေအနေ တဖြည်းဖြည်း တိုးတက်လာတယ်။ ဒါပေမဲ့ ကိုယ့်သဘာဝနဲ့ အနှစ်သာရကို မှန်မှန်ကန်ကန် နားမလည်တော့ နည်းနည်းကြာတာနဲ့ ဒီလိုပြဿနာက ထပ်ပေါ်လာပြန်ရော။ စုဝေးပွဲတွေမှာ ချန်းစီနဲ့ ကျွန်မတို့က ညီအစ်ကိုမောင်နှမတချို့ကို ဧည့်ခံခဲ့တယ်။ များသောအားဖြင့် သူပဲ မိတ်သဟာယပြုနေတုန်းမှာ ကျွန်မကတော့ ဟိုနည်းနည်း ဒီနည်းနည်း ဖြည့်ပေးရုံပဲ လုပ်ခဲ့တယ်။ တစ်ကြိမ်နှစ်ကြိမ်က ဘာမှမဖြစ်ပေမဲ့ ကြာလာတော့ ကျွန်မ မထင်ပေါ်သလို ခံစားရပြီး စုဝေးတိုင်း စိတ်ပျက်လက်ပျက် ထွက်လာခဲ့ရတယ်။ ကျွန်မဟာ တစ်သက်လုံး နောက်လိုက်နေရာကပဲ နေရတော့မှာလား။ ဒါကို မလိုလားတာနဲ့ တိတ်တိတ်လေး ပြိုင်လာရော။ ကျွန်မက ချန်းစီထက်သာအောင် သမ္မာတရားကို မိတ်သဟာယပြုပြီး ပြဿနာတွေကို မဖြေရှင်းနိုင်တော့ ရေလောင်းတဲ့အလုပ် ပိုထိရောက်အောင်လို့ အလုပ်တာဝန်တွေကို ကြီးကြပ်ပြီး နောက်ဆက်တွဲလိုက်လုပ်တာကို အားထုတ်ကြိုးပမ်းခဲ့တယ်။ ဒါက ကျွန်မရဲ့ စွမ်းဆောင်ရည်ကို ပေါ်လွင်စေမှာလေ။ ဒါနဲ့ တစ်ခုခုက နောက်ဆက်တွဲလိုက်လုပ်ဖို့ လိုအပ်လာတဲ့အခါ ချန်းစီကို မပြောဘဲ ကျွန်မ ကိုယ့်ဘာသာဆက်လုပ်လိုက်တယ်။ နောက်ပိုင်း ဒီကိစ္စမှာ ကျွန်မက သူ့ထက် နည်းနည်းလေး ပိုတော်လာပြီး မာနထောင်လွှားလာပြန်ရော။ တကယ်တော့ ကျွန်မက သူ့ထက် မညံ့ပါဘူးပေါ့။ အဲဒီကစပြီး ကျွန်မလည်း မိတ်သဟာယပြုတာနဲ့ ပြဿနာတွေ ဖြေရှင်းတာမှာ သူ့ထက်သာဖို့ နည်းလမ်းရှာချင်ခဲ့တယ်။ တစ်ခါ စုဝေးပွဲတစ်ခုမှာ ကျွန်မ ကြီးကြပ်ချင်ခဲ့ပြီး သူ့ကိုချည်းပဲ အမြဲဦးဆောင်ခွင့်မပေးချင်ခဲ့ဘူး။ ဒါနဲ့ ညီအစ်မတစ်ယောက်ရဲ့ ပြဿနာတွေကို ကိုင်တွယ်ဖို့ တက်တက်ကြွကြွ ကြိုးစားလိုက်တယ်။ ဒါပေမဲ့ ကိုယ့်ရည်ရွယ်ချက်က မမှန်သလို သူ့ပြဿနာကို နားမလည်ခင်မှာ မိတ်သဟာယကို အလျင်စလို ပြုလိုက်မိတယ်။ အကျိုးဆက်အနေနဲ့ အများကြီးသာ မိတ်သဟာယပြုလိုက်တယ် ဘာတစ်ခုမှ မပြေလည်သွားဘူး။ ကျွန်မ အခြေအနေ မမှန်တာကို သူများတွေက မြင်ပြီး ကျွန်မကို မိတ်သဟာယပြုပေးကြတယ်။ ကျွန်မတို့ရဲ့ ထိရောက်မှုကို အကျိုးသက်ရောက်မှာ ဖြစ်လို့ နာမည်နဲ့ အဆင့်အတန်းအတွက် ကိုယ့်တွဲဖက်ကို မပြိုင်ဖို့ပေါ့။ သူတို့က ဒါကို ထောက်ပြတာ ကြားရတာကကျွန်မအတွက်တော့ တကယ်ကို ရှက်စရာဖြစ်ပြီး စိတ်ညစ်စရာကောင်းပါတယ်။ ပြီးတော့ ကျွန်မက အချိန်တွေ အများကြီး ယူလိုက်လို့ ကျွန်မတို့ အလုပ်ပြဿနာတွေကို ကိုင်တွယ်ဖို့အချိန်မရှိတော့ဘဲ စုဝေးပွဲကို အလောတကြီး လက်စသတ်လိုက်ရတယ်။ အိမ်အပြန်လမ်းမှာ စုဝေးပွဲမှာ ကျွန်မ ဘယ်လိုပြုမူခဲ့တယ်ဆိုတာကို တွေးမိတယ်။ အဲဒါက နာလိုခံခက် ဖြစ်လိုက်တာ။ ကျွန်မက ချန်းစီထက်သာကြောင်း သက်သေပြရအောင် ကြွားဝါဖို့ကိုပဲဂရုစိုက်ခဲ့ပြီး အချိန်တွေ အများကြီးဖြုန်းခဲ့တော့ ကျွန်မတို့အလုပ်ထဲက ပြဿနာတွေက မပြေလည်ခဲ့သလိုစုဝေးပွဲက အကျိုးမရှိခဲ့ဘူး။ ကျွန်မက အသင်းတော်အလုပ်နဲ့ အသင်းတော်အသက်တာကို နှောင့်ယှက်နေခဲ့တာ။ အဲဒီအကြောင်း တွေးလေ စိတ်ညစ်လေဖြစ်ပြီး တကယ်ကို သောကရောက်ခဲ့တယ်။ ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဘယ်လိုဖြေရှင်းရမှန်း ကျွန်မ မသိခဲ့ဘူး။ တော်တော်ကြာအောင် ကျွန်မက နာမည်နဲ့ အကျိုးအမြတ်အတွက် ကြိုးစားတဲ့အခြေအနေမှာ ပိတ်မိနေခဲ့လို့ ချန်းစီက သူ့အလုပ်နဲ့ အခြေအနေမှာ ရုန်းကန်နေရတာကို ကျွန်မတွေ့တော့ အကူအညီမပေးချင်ခဲ့သလို သူ မကြိုးစားဘူးလို့ တိုက်ရိုက်ဖြစ်ဖြစ်၊ သွယ်ဝိုက်ပြီးဖြစ်ဖြစ် ခဏခဏ အကြံပြုခဲ့တော့ သူက ပိုပြီး အပျက်သဘောဆောင်လာတာပေါ့။ ကျွန်မတို့ကြားမှာ ပိုခပ်တန်းတန်းဖြစ်လာပြီး ကျွန်မတို့ရဲ့ အလုပ်စွမ်းဆောင်ရည် ထိခိုက်သွားတယ်။ ကျွန်မရဲ့အခြေအနေကို ခေါင်းဆောင်သိတော့ နာမည်နဲ့ အကျိုးအမြတ်အတွက် ကြိုးစားပြီး ကိုယ့်တွဲဖက်ကို ကြဉ်ထားတဲ့အတွက် ကျွန်မက မကောင်းတဲ့လူ့သဘာဝပြနေတယ်လို့ ပြောပြီး ကိုင်တွယ်ဖြေရှင်းခဲ့တယ်။ သူအဲဒီလိုပြောတာ ကြားတော့ ကျွန်မတော်တော်ထိသွားလို့ ဆုတောင်းခဲ့တယ်။ ကိုယ့်ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် တကယ်သိအောင် ဉာဏ်အလင်းပေးပါလို့ တောင်းလျှောက်ရင်းနဲ့ပေါ့။

အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်တချို့ ဖတ်ခဲ့ရတယ်။ “သင်တို့ အယောက်တိုင်းသည် လူအမြောက်အများ၏ အမြင့်ဆုံးသော အထွတ်သို့ တက်ကြပြီးဖြစ်သည်။ လူအမြောက်အများ၏ ဘိုးဘေးများဖြစ်ဖို့ရန် သင်တို့ တက်ခဲ့ကြပြီးဖြစ်သည်။ သင်တို့သည် အလွန့်အလွန် ထင်တိုင်းကြဲကြကာ ငြိမ်းအေးသော နေရာတစ်ခုကို ရှာဖွေရင်းနှင့် သင်တို့ထက် ပိုသေးငယ်သော လောက်ကောင်များကို ဝါးမျိုရန် ကြိုးပမ်းလျက်၊ လောက်ကောင်များ အားလုံးကြားတွင် ဒေါသတကြီး လျှောက်ရမ်းကြသည်။ သင်တို့သည် သမုဒ္ဒရာအောက်ခြေ၌ နစ်မြုပ်သွားကြသော သရဲတစ္ဆေများထက်ပင် ကျော်လွန်ပြီး သင်တို့၏ စိတ်နှလုံးများတွင် မလိုမုန်းထားကြကာ ရက်စက် ယုတ်မာတတ်ကြသည်။ သင်တို့သည် လောက်ကောင်များကို မငြိမ်းချမ်းစေသည်အထိ ထိပ်မှ အောက်ခြေသို့တိုင် နှောင့်ယှက်ကြရင်း၊ အချင်းချင်း တစ်ခဏမျှ တိုက်ခိုက်ကြပြီးနောက် ပြန်ငြိမ်သွားကြရင်း နောက်ချေး၏ အောက်ခြေတွင် နေထိုင်ကြသည်။ သင်တို့၏နေရာကို သင်တို့မသိကြ၊ သို့သော် နောက်ချေးထဲ၌ အချင်းချင်း တိုက်ခိုက်နေကြဆဲဖြစ်၏။ ထိုသို့သော ရုန်းကန်လှုပ်ရှားခြင်းမှ သင်တို့ မည်သည့်အရာ ရရှိနိုင်သနည်း။ သင်တို့ စိတ်နှလုံးထဲတွင် ငါ့အတွက် ကြောက်ရွံ့မှု အမှန်တကယ် ရှိခဲ့ပါက၊ ငါ၏ကွယ်ရာတွင် သင်တို့အချင်းချင်း အဘယ်ကြောင့် တိုက်ခိုက်နိုင် ကြမည်နည်း။ သင့်အဆင့်အတန်း မည်မျှမြင့်မားပါစေ သင်သည် နောက်ချေး ထဲက နံဟောင်နေသော တီကောင်ငယ်လေး ဖြစ်နေဆဲ မဟုတ်လော။ သင်သည် အတောင်ပေါက်ကာ ကောင်းကင်၌ ချိုးငှက်တစ်ကောင် ဖြစ်လာ နိုင်လိမ့်မည်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ရွက်ကြွေများ ၎င်းတို့အမြစ်များဆီ ပြန်သွားကြချိန် ပြုပြီးသမျှ မကောင်းမှုအားလုံးကို သင်နောင်တရလတ္တံ့) ကိုယ့်ကိုယ်ကိုယ် ဘုရားနှုတ်ကပတ်တော်နဲ့ ယှဉ်တွေးကြည့်တဲ့အခါ အဲဒါ ကျွန်မဖြစ်ခဲ့တဲ့ပုံစံပဲဆိုတာ တွေ့ရတယ်။ ကျွန်မ အမြဲ ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်ကြီးခဲ့တယ်။ ချန်းစီကို အရင်က ကြီးကြပ်ဖူးတော့ ကျွန်မက သူ့ထက် အဘက်ဘက်က တော်သင့်တယ်လို့ တွေးခဲ့တာပေါ့။ သူ့ထက်သာအောင် ရှေ့တင်ရော ကွယ်ရာမှာပါ ကျွန်မ ကြိုးစားခဲ့တယ်။ ရေလောင်းအလုပ် နောက်ဆက်တွဲလိုက်လုပ်တာကို သူနဲ့ မဆွေးနွေးဘဲ ကိုယ့်ဘာသာ လုပ်တယ်။ သူ့ထက် ကျွန်မသာကြောင်း သက်သေပြဖို့ စုဝေးပွဲတွေမှာ ပြဿနာဖြေရှင်းတာကို သုံးချင်ခဲ့တယ်။ လူတွေရဲ့ တကယ့်ပြဿနာတွေကို ဖြေရှင်းနိုင်ခြင်း ရှိမရှိ၊ စုဝေးပွဲ ထိရောက်မှုကို အကျိုးသက်ရောက်မှုရှိမရှိဆိုတာကို တစ်စက်မှ မတွေးခဲ့ဘူး။ သူ အလုပ်မှာ ရုန်းကန်နေရပြီး အခြေအနေမကောင်းတာ သတိပြုမိတော့ သူ့ကို ကူညီဖို့ပျက်ကွက်ရုံတင်မကဘဲ သူ့ဒုက္ခမှာဝမ်းသာလိုက်သေးတယ်။ သူ့ကို တမင်နှိမ်ပြီး သူ့ဒုက္ခကို အရသာခံရင်းနဲ့ပေါ့။ အဲဒါနဲ့ သူက ပိုပိုပြီး အပျက်သဘောဆောင်လာတယ်။ ကျွန်မက လူ့သဘာဝ လုံးဝမရှိတာ မြင်လိုက်ရတယ်။ ကိုယ့်တန်ဖိုးကိုယ် မသိဘဲ ကောင်းကင်မှာ ခိုတစ်ကောင်လို အမြဲပျံချင်တဲ့ အဲဒီလောက်ကောင်တွေကို ဘုရားက ဖော်ထုတ်တယ်ဆိုတာလည်း တွေ့ခဲ့ရတယ်။ ကျွန်မ တော်တော်ရှက်သွားတယ်။ ကိုယ်လည်း အဲဒီလောက် အကျည်းတန်ပြီး အရှက်မရှိဘူးလို့ ခံစားခဲ့ရတယ်။ ကျွန်မမှာ သမ္မာတရားစစ်မှန်မှု သိပ်မရှိသလို သူများတွေရဲ့ လက်တွေ့ပြဿနာတွေကို မဖြေရှင်းနိုင်တာ သိသာပေမဲ့ ကြွားပြီး သူများတွေထက် သာချင်တုန်းပဲ။ အဲဒါက ကျွန်မရဲ့ညီအစ်မကို နာကျင်စေရုံတင်မကဘဲ အသင်းတော်အလုပ်ကိုပါ ထိခိုက်ခဲ့တယ်။ အဲဒါကိုတွေးလေ အပြစ်ရှိတဲ့စိတ် ပိုခံစားရပြီး ပိုအကြွေးတင်တယ်လို့ ခံစားရလေပဲ။ အန္တိခရစ်တွေကို ဖော်ထုတ်တဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကိုလည်း ကျွန်မ ဖတ်ခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အန္တိခရစ်များသည် မည်သည့်အုပ်စုတွင် ရှိနေပါစေ ၎င်းတို့၏ ဆောင်ပုဒ်သည် အဘယ်နည်း။ ‘ငါယှဉ်ပြိုင်ရမည်။ ယှဉ်ပြိုင်ရမည်။ ယှဉ်ပြိုင်ရမည်။ အမြင့်မားဆုံးနှင့် အကြီးမားဆုံးဖြစ်ဖို့ ငါယှဉ်ပြိုင်ရမည်။’ ဤသည်မှာ အန္တိခရစ်များ၏ စိတ်သဘောထားဖြစ်သည်။ ၎င်းတို့သွားသည့် နေရာတိုင်းတွင် ၎င်းတို့ယှဉ်ပြိုင်ပြီး ၎င်းတို့၏ ရည်မှန်းချက်များကို စွမ်းဆောင်ရရှိဖို့ ကြိုးစားကြသည်။ ၎င်းတို့သည် စာတန်၏ လက်ပါးစေများ ဖြစ်ကြပြီး အသင်းတော်၏ အမှုတော်ကို နှောင့်ယှက်ကြသည်။ အန္တိခရစ်များ၏ စိတ်သဘောထားသည် ဤကဲ့သို့ဖြစ်လေသည်— ၎င်းတို့သည် မည်သူက ဘုရားသခင်ကို နှစ်များစွာယုံကြည်ခဲ့ပြီး အရင်းအနှီးရှိသည်၊ မည်သူက ပါရမီ၊ သို့မဟုတ် အထူးကျွမ်းကျင်မှုအချို့ရှိသည်၊ မည်သူက ညီအစ်ကိုမောင်နှမများ၏ အသက်သို့ ဝင်ရောက်မှုတွင် ၎င်းတို့အပေါ် အကျိုးဖြစ်စေသည်၊ မည်သူက ကောင်းစွာ အသိအမှတ်ပြုခြင်းခံရသည်၊ မည်သူက ဝါရင့်သည်၊ မည်သူက ညီအစ်ကိုမောင်နှမများကြားတွင် အကောင်းပြောခြင်းခံရသည်၊ မည်သူက ပို၍ အပြုသဘောဆောင်သောအရာများရှိသည်တို့ကို ကြည့်ရန် အသင်းတော်တွင် စတင် ရှာဖွေကြည့်ရှုသည်။ ထိုလူများသည် ၎င်းတို့၏ ပြိုင်ဘက်များဖြစ်လိမ့်မည်။ အနှစ်ချုပ်အနေဖြင့် အန္တိခရစ်များသည် လူအုပ်စု အလယ်တွင် ရှိသည့်အချိန်တိုင်း ဤအရာမှာ ၎င်းတို့အစဉ်ပြုလုပ်သည့် အရာဖြစ်သည်။ ၎င်းတို့သည် အဆင့်အတန်းအတွက် ယှဉ်ပြိုင်ကြသည်၊ ဂုဏ်သတင်းကောင်းအတွက် ယှဉ်ပြိုင်ကြသည်၊ အုပ်စုထဲ၌ အရေးကိစ္စများအပေါ် အပြီးသတ် အဆုံးအဖြတ်နှင့် ဆုံးဖြတ်ချက်များချဖို့ အန္တိမဩဇာအတွက် ယှဉ်ပြိုင်ကြသည်၊ ယင်းကို ၎င်းတို့ရသည်နှင့် ယင်းက ၎င်းတို့ကို ပျော်ရွှင်စေလေသည်။...ယင်းမှာ အန္တိခရစ်တို့၏ စိတ်သဘောထားသည် မည်မျှမာနထောင်လွှားကာ မသတီစရာကောင်းပြီး အကျိုးအကြောင်း မဆီလျော်ပုံ ဖြစ်ပေသည်။ ၎င်းတို့သည် ဆင်ခြင်တုံတရားရော အသိစိတ်ပါမရှိသကဲ့သို့ သမ္မာတရား တစ်စွန်းတစ်စပင် မရှိပေ။ အန္တိခရစ်များလုပ်ဆောင်သည့်အရာသည် သာမန်လူတစ်ယောက်၏ အသိစိတ်တစ်ခုမျှ မရှိသည်ကို သူ၏ အပြုအမူများ၊ လုပ်ရပ်များတွင် မြင်နိုင်သည်။ ၎င်းတို့ကို သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ပေးနိုင်သော်လည်း ၎င်းတို့က လက်မခံပေ။ သင်ပြောသည့်အရာသည် မည်မျှ မှန်ကန်ပါစေ၊ ၎င်းတို့က လက်မခံပေ။ ၎င်းတို့ လိုက်စားလိုသော တစ်ခုတည်းသောအရာမှာ ဂုဏ်သတင်းနှင့် အဆင့်အတန်းဖြစ်သည်။ ယင်းမှာ လေးစားကြည်ညိုမှုဖြင့် ၎င်းတို့ ကိုင်စွဲသောအရာဖြစ်သည်။ အဆင့်အတန်း၏ အကျိုးအမြတ်များကို ခံစားနိုင်သရွေ့ ၎င်းတို့က ကျေနပ်ရောင့်ရဲကြသည်။ ဤသည်မှာ ၎င်းတို့တည်ရှိမှု၏ တန်ဖိုးဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့သည် မည်သည့် လူအုပ်စုအလယ်တွင် ရှိနေပါစေ ၎င်းတို့ပေးသည့် ‘အလင်းရောင်’ နှင့် ‘နွေးထွေးမှု’၊ ၎င်းတို့၏ အထူးပင်ကိုစွမ်းရည်များ၊ ၎င်းတို့၏ တစ်မူထူးခြားမှုတို့ကို လူများအား ၎င်းတို့ပြကိုပြရမှ ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့က မိမိတို့ကိုယ်ကို ထူးခြားသည်ဟု ယုံကြည်သဖြင့် ၎င်းတို့သည် အခြားသူများထက် သာ၍ ကောင်းမွန်စွာ ဆက်ဆံခြင်းခံရသင့်ကြောင်း၊ လူများ၏ ထောက်ခံမှုနှင့် လေးစားမှုတို့ကို ၎င်းတို့ရရှိသင့်ကြောင်း၊ လူများက ၎င်းတို့ကို အထင်ကြီးသင့်ကြောင်း၊ ကိုးကွယ်သင့်ကြောင်း ၎င်းတို့က အလိုအလျောက် တွေးထင်ကြသောကြောင့် ဖြစ်သည်— ဤအရာများအားလုံးသည် ၎င်းတို့ရထိုက်သောအရာဖြစ်သည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ထိုသို့သောလူများသည်မျက်နှာပြောင်ပြီး အရှက်ကင်းမဲ့သည် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) အန္တိခရစ်တွေက ဘယ်သူနဲ့မှ အတူလက်တွဲ အလုပ်လုပ်လို့မရဘူးလို့ ဘုရားက ထုတ်ဖော်ပြတယ်။ သူတို့က အမြဲတမ်း ပေါ်လွင်ချင်သလို သူများတွေက သူတို့ကို လေးစားပြီး ကိုးကွယ်စေချင်ကြတယ်။ အဲဒီလို လူမျိုးက ရက်စက်တဲ့ စိတ်သဘောထားရှိတယ်။ သူတို့ကို ဘုရားက စက်ဆုပ်ပြီး ကျိန်ဆဲတယ်။ ဆင်ခြင်လိုက်တော့ ကျွန်မလည်း အန္တိခရစ်ရဲ့ စိတ်သဘောထားကို ပြခဲ့တာ တွေ့ရတယ်။ အသင်းတော်က ချန်းစီနဲ့ ကျွန်မတို့ကို အလုပ်အတူလုပ်ဖို့ စီစဉ်ပေးခဲ့ပေမဲ့ ကျွန်မက အတော်ဆုံးနဲ့ တစ်ဦးတည်း ထင်ပေါ်တဲ့သူ ဖြစ်ချင်ခဲ့တယ်။ ချန်းစီက ရှင်းရှင်းလင်းလင်း မိတ်သဟာယပြုပြီး သူများရဲ့ ထောက်ခံချက်ရတာမြင်တော့ ကျွန်မ သူ့ကို မနာလိုဖြစ်ပြီး အသင်းတော်မှာ သူရှိနေသမျှ ကျွန်မ ဘယ်တော့မှ ထင်ပေါ်ကျော်ကြားမှာ မဟုတ်ဘူးလို့ ခံစားခဲ့ရတယ်။ သူ့ကို ကိုယ့်ပြိုင်ဘက်လို ဆက်ဆံခဲ့တယ်။ အလုပ်မှာ သူရုန်းကန်နေရတာ မြင်ပေမဲ့ မကူညီခဲ့သလို ကိစ္စတွေကို တစ်ယောက်တည်း လုပ်ခိုင်းထားခဲ့တယ်။ အဲဒါနဲ့ သူ အပျက်သဘောဆောင်လာရော။ သူ့ကို ခဏခဏ ကြဉ်ခဲ့လို့ သူ့အခြေအနေက ပိုဆိုးလာပေမဲ့ ကျွန်မက အပြစ်ရှိတဲ့စိတ်မခံစားရဘူး။ စိတ်မကောင်းမဖြစ်ဘူး။ အဲဒီအစား ကျွန်မ ထင်ပေါ်အောင်လုပ်နိုင်ပြီး ဦးဆောင်တဲ့နေရာကို ယူနိုင်ပြီလို့ ခံစားခဲ့ရတယ်။ တာဝန်အတွက် သူ့ရဲ့စိတ်ထက်သန်မှုကို ပစ်မှတ်ထားပြီး တမင်ကို ချိုးချိုးနှိမ်နှိမ် ပြောခဲ့တယ်။ ဒါမှ သူ့ရဲ့ အားသာချက်တွေ သုံးမရမှာလေ။ အဲဒါ သူ့အတွက် တကယ်ကို နာကျင်စရာ ဖြစ်ခဲ့တယ်။ ဆိုးယုတ်တဲ့အဆိပ်တွေဖြစ်တဲ့ “ဂူတစ်ဂူထဲ၌ ခြင်္သေ့နှစ်ကောင်မအောင်း” နဲ့ “ကောင်းကင်နှင့်မြေကြီးတစ်လျှောက်လုံးတွင် ငါသည်သာ ငါ၏အရှင်သခင်ဖြစ်၏” ဆိုတာတွေနဲ့ ကျွန်မ အသက်ရှင်နေခဲ့တာ။ ကိုယ်တစ်ယောက်တည်းပဲ ထင်ပေါ်ချင်ခဲ့တယ်။ ကျွန်မက ကျန်တဲ့သူတွေထက် ထင်ပေါ်နိုင်အောင် သူ့ကို ကြဉ်ပြီး နာကျင်စေဖို့ဘာမဆိုလုပ်ခဲ့တယ်။ ကျွန်မမှာ အသိစိတ်တစ်စက်လေးတောင် မရှိခဲ့ဘူး။ အသင်းတော်မှာရှိတဲ့ အန္တိခရစ်တချို့ကို ကျွန်မ တွေးမိတယ်။ သူတို့က သူများတွေကြားမှာ သူတို့အဆင့်အတန်းနဲ့ သူများရဲ့ လေးစားမှုရဖို့ပဲ ဂရုစိုက်တယ်။ သူတို့ကို တစ်ယောက်ယောက် ကျော်သွားတာ မခံနိုင်ကြဘူး။ ပြီးတော့ သူတို့ အဆင့်အတန်းကို ခြိမ်းခြောက်လာတာနဲ့ တစ်ဖက်လူကို ဖိနှိပ်ပြီး အပြစ်ပေးဖို့ ယုတ်မာတဲ့နည်းစနစ်တွေ သုံးကြတယ်။ အဆုံးမှာ သူတို့လုပ်သမျှ မကောင်းမှုတွေအတွက် ဘုရားရဲ့ ဖော်ထုတ်ပြီး ထုတ်ပယ်တာခံရတယ်။ တခြားလူတွေရဲ့ လေးစားအားကျမှုနဲ့ ထောက်ခံမှုကို ကျွန်မ အမြဲလိုချင်ခဲ့တယ်။ ကျွန်မက ကိုယ့်တွဲဖက်ကို ထင်ပေါ်ခွင့်မပေးဘဲ ဖိနှိပ်ချုပ်ချယ်ထားချင်ခဲ့တယ်။ ကျွန်မက အန္တိခရစ်ရဲ့ လမ်းကြောင်းပေါ် ရောက်နေခဲ့တာပဲ။ နောက်ပြန်မလှည့်ဘဲ၊ နာမည်နဲ့ အကျိုးအမြတ်အတွက် ကျွန်မ ဆက်ကြိုးစားပြီး အသင်းတော်အလုပ်ကို ဆက်နှောင့်ယှက်နေရင် အန္တိခရစ်တွေလိုပဲ ကျွန်မ အဆုံးသတ်ပြီး ဘုရားရဲ့ အပြစ်ပေး၊ ကျိန်ဆဲတာခံရမှာ။ ဒါဟာ ကျွန်မအတွက် ကြောက်လန့်စရာ အတွေးဖြစ်လို့ အမြန် ဆုတောင်းပြီး နောင်တရခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်တချို့ ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ရာထူးအဆင့်အတန်းနှင့် သြဇာတိက္ကမကို စွန့်လွှတ်ခြင်းသည် ခက်ခဲ၏။ လူတို့သည် သမ္မာတရားကို လိုက်စားရမည်။ တစ်စိတ်တစ်ပိုင်းအားဖြင့်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် သိရမည်ဖြစ်ပြီး မိမိတို့ကိုယ်ကိုယ် ဖော်ထုတ်ပြရာ၌ လိုလားတက်ကြွရမည် ဖြစ်သည်။ တစ်စိတ်တစ်ဒေသအားဖြင့် ၎င်းတို့ သမ္မာတရားမရှိကြောင်းနှင့် လွန်စွာချို့တဲ့ကြောင်း သိမှတ်ရမည်။ အကယ်၍ သင်သည် အရာရာတိုင်း၌ တော်သည်၊ ပြည်စုံသည်ဟု လူတို့ကိုထင်မှတ်စေရန် ကြိုးစားပါက ဤသည်မှာ အန္တရာယ်များ၏— သင်သည် ကျော်စောမှုနှင့် သြဇာတိက္ကမအတွက် ကြိုးပမ်းမည့်အလားအလာ လွန်စွာရှိသည်။ သင်သည် ချို့ယွင်းချက်ရှိကြောင်း၊ သင်၌ အားနည်းချက်များနှင့် အနာအဆာများ၊ သင်မလုပ်နိုင်သော အရာများ၊ သင်ဉာဏ်မမီနိုင်သော အရာများရှိကြောင်း လူတို့ကို ပြသရမည်။ သင်သည် သာမန်ရိုးရိုး လူတစ်ဦးသာဖြစ်သည်၊ သင်သည် မဟာလူသား သို့မဟုတ် အရာရာကိုတတ်စွမ်းသောသူ မဟုတ်ပေ။ သင်သည် ဤအချက်ကို သိမှတ်ပြီး၊ ယင်းကို အခြားသူတို့အားလည်း သိစေသောအခါ ဤအရာက ပထမဆုံးပြုလုပ်သောအရာမှာ သင်၏ ယှဉ်ပြိုင်လိုသော အပြုအမူကို ချုပ်ထိန်းခြင်းဖြစ်သည်။ ယင်းက သင်၏ ယှဉ်ပြိုင်လိုသော စိတ်နေစိတ်ထားနှင့် ယှဉ်ပြိုင်လိုသော လိုအင်ဆန္ဒကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ခွင့်ပေးသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) “သင်တို့ကိုယ်သင်တို့ ပြုမူနေထိုင်ခြင်းအတွက် သင်တို့၏ အခြေခံသဘောတရားများမှာ အဘယ်နည်း။ သင်၏ ရာထူးအဆင့်အတန်းနှင့်အညီ သင့်ကိုယ်သင် ပြုမူဆောင်ရွက်သင့်သည်။ သင့်အတွက် သင့်တော်သော ရာထူးအဆင့်အတန်းကို ရှာဖွေသင့်သည်။ သင် ထမ်းဆောင်သင့်သည့်တာဝန်ကို ထမ်းဆောင်သင့်သည်။ ဤသည်ကသာ အသိစိတ်ရှိသောသူဖြစ်သည်။ ဥပမာအားဖြင့် အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု တစ်ခုခုတွင် ကျွမ်းကျင်ပြီး အခြေခံသဘောတရားများကို နားလည်သဘောပေါက်သူများ ရှိကြသည်၊ ၎င်းတို့သည် ထိုတာဝန်ကို ယူသင့်ပြီး ထိုနယ်ပယ်၌ နောက်ဆုံး စစ်ဆေးမှုများ ပြုလုပ်သင့်သည်။ စိတ်ကူးများနှင့် အသိအမြင်များကို ပေးနိုင်ပြီး အခြားလူများကို လှုံ့ဆော်ပေးပြီး ၎င်းတို့၏ တာဝန်များကို ပို၍ကောင်းမွန်စွာ ထမ်းဆောင်ရန် ကူညီပေးသည့်လူများရှိသည်။ သို့ဆိုလျှင် ၎င်းတို့သည် စိတ်ကူးများကို ထောက်ပံ့ပေး သင့်သည်။ သင့်အတွက် သင့်တော်သည့် ရာထူး အဆင့်အတန်းကို သင် ရှာဖွေနိုင်ပြီး၊ သင်၏ ညီအစ်ကိုမောင်နှမများနှင့် သဟဇာတဖြစ်အောင် သင် အလုပ်လုပ်နိုင်ပါက၊ သင်သည် သင်၏တာဝန်ကို ဖြည့်ဆည်းနေလိမ့်မည်ဖြစ်ကာ၊ သင်၏ ရာထူး အဆင့်အတန်းအတိုင်း သင့်ကိုယ်သင် ပြုမူနေထိုင် လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိကိုယ်ကိုယ် ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် အခြေခံသဘောတရားများ)အကြောင်းမှာ အမှုကိစ္စများကို မိမိတို့ဘာသာ ဖြစ်မြောက်အောင်မြင်ရန်မှာ မည်သူ့အတွက်မျှ မလွယ်ကူသဖြင့် ၎င်းတို့သည် မည်သည့်နယ်ပယ်တွင် ပါဝင်ပတ်သက်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့လုပ်ဆောင်နေသည့်အရာတွင်၊ အမှုအရာများကို ထောက်ပြဖို့နှင့် အကူအညီပေးဖို့ တစ်စုံတစ်ယောက် ရှိသည်မှာ အစဉ်သဖြင့် ကောင်းသောကြောင့် ဖြစ်သည်။ မိမိတို့ဘာသာ လုပ်ဆောင်ခြင်းထက် များစွာသာ၍ လွယ်ကူပေသည်။ ထို့အပြင် လူတို့၏ အစွမ်းအစက စွမ်းဆောင်နိုင်သည့်အရာ၊ သို့မဟုတ် ၎င်းတို့ ကိုယ်၌က တွေ့ကြုံနိုင်သည့်အရာတွင် အကန့်အသတ် ရှိပေသည်။ မည်သူတစ်ဦးတစ်ယောက်မျှ လုပ်ငန်းအားလုံးကို မကျွမ်းကျင်နိုင်ပေ။ လူတစ်ဦးအတွက် အရာအားလုံးကို သိဖို့၊ အရာအားလုံးကို သင်ယူဖို့၊ အရာအားလုံးကို ဖြစ်မြောက်အောင်မြင်ဖို့ မဖြစ်နိုင်ချေ။ ယင်းမှာ မဖြစ်နိုင်သကဲ့သို့၊ လူတိုင်းသည် ထိုသို့သော အသိစိတ်ကို ပိုင်ဆိုင်သင့်သည်။ ထို့ကြောင့်၊ သင်သည် မည်သည့်အရာကိုလုပ်လုပ်၊ ထိုအရာက အရေးကြီးသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ သင့်ကိုကူညီရန်၊ သင့်ကို နည်းပေးလမ်းညွှန်မှုများ ပေးရန်၊ အကြံဉာဏ်ပေးရန်နှင့် အမှုအရာများကို သင်နှင့် ပူပေါင်းလုပ်ကိုင်ရန် အမြဲတမ်း တစ်ယောက်ယောက်ရှိနေသင့်သည်။ ဤသည်မှာ အမှုအရာများကို ပို၍ မှန်မှန်ကန်ကန် လုပ်ဆောင်ရန်၊ ပို၍ အမှားနည်းရန်၊ လမ်းလွဲဖို့ ဖြစ်နိုင်ခြေနည်းပါးရန် သေချာစေဖို့ တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။ ဤသည်မှာ ကောင်းသောအရာဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈ (အပိုင်း ၁)) ဘုရားနှုတ်ကပတ်တော်မှာ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကို ကျွန်မ ရှာတွေ့ခဲ့တယ်။ နာမည်နဲ့ အဆင့်အတန်းကို လိုက်စားဖို့ဖြစ်တဲ့ ကျွန်မဆန္ဒကို စွန့်လွှတ်ရမယ်။ ကိုယ့်အားနည်းချက်နဲ့ အပြစ်အနာအဆာတွေကို ကောင်းကောင်း ရင်ဆိုင်နိုင်လာရမယ်။ ကိုယ့်နေရာမှာ ကိုယ်ရပ်တည်နိုင်ရမယ်။ ကိစ္စတွေဖြစ်လာတဲ့အခါ အသင်းတော်အကျိုးနဲ့ သူများတွေရဲ့အသက်ဝင်ရောက်မှုကို ထည့်တွက်ရမယ်။ အသင်းတော်အလုပ်ကို အတူထိန်းသိမ်းပြီး ကျွန်မတို့ တာဝန်ကို ကောင်းကောင်း လုပ်နိုင်အောင် ကိုယ့်တွဲဖက်နဲ့ အလုပ်ကောင်းကောင်း လုပ်ရမယ်။ အရင်က ချန်းစီရဲ့အလုပ်အတွက် ကျွန်မ တာဝန်ရှိခဲ့ပြီး အလုပ်အတွေ့အကြုံ နည်းနည်းရှိခဲ့ပေမဲ့ သမ္မာတရားကို မိတ်သဟာယပြုပြီး ပြဿနာဖြေရှင်းရာမှာ ကျွန်မက သိပ်မလုပ်နိုင်သေးဘူး။ ကျွန်မမှာ လက်တွေ့အတွေ့အကြုံမရှိသလို ပြဿနာတော်တော်များများကို မရိပ်စားမိနိုင်ဘူး။ မပြင်နိုင်ခဲ့ဘူး။ ဒါတွေက ကိုယ့်အားနည်ချက်တွေပဲ။ ဒါတွေကို အသိအမှတ်ပြုပြီး ရင်ဆိုင်သင့်တယ်။ ပြီးတော့ ချန်းစီရဲ့ မိတ်သဟာယက ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုအတွက် အလင်းပေးပြီး အထောက်အကူဖြစ်တယ်။ သူ့ကို ပံ့ပိုးပေးပြီး သူ့ရဲ့ အားသာချက်တွေကို ထုတ်သုံးခွင့်ပေးသင့်တယ်။ အဲဒီလိုဆိုရင် ကျွန်မလည်း ကိုယ့်အားနည်းချက်တွေအတွက် ကာမိအောင် သူ့အားသာချက်တွေကနေ သင်ယူနိုင်မယ်။ အဲဒါဟာ ကျွန်မအသက်ဝင်ရောက်မှုနဲ့ အသင်းတော်အလုပ်ကို အကျိုးပြုမှာပဲ။

နောက်တော့ စုဝေးပွဲတွေမှာ မိတ်သဟာယပြုဖို့ ချန်းစီနဲ့ အလုပ်လုပ်တဲ့အခါ ကျွန်မ သေချာ ရည်ရွယ်ချက်မှန်မှန်ထားပြီး ကိုယ်နားလည်တာကိုပဲ မိတ်သဟာယပြုခဲ့တယ်။ ချန်းစီကို သူထိုးထွင်းအမြင်ရှိတဲ့ အရာနဲ့ ပတ်သက်လို့ မိတ်သဟာယပြုခွင့်ပေးပြီး ကျွန်မက ဖြည့်စွက်ပေးတယ်။ သူများတွေက သူ့မိတ်သဟာယကို ထောက်ခံတာ မြင်တဲ့အခါ တစ်ခါတလေ ကျွန်မ ပြိုင်ချင်ပေမဲ့ မှန်ကန်တဲ့ အခြေအနေမှာ မရှိတာကို အမြန်မြင်နိုင်ခဲ့တယ်၊ ဆုတောင်းပြီး ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပစ်ပယ်နိုင်ခဲ့တယ်။ အသင်းတော်အလုပ်ကို ဦးစားပေးဖို့နဲ့ ချန်းစီနဲ့ ပူးပေါင်းလုပ်ဖို့ လိုလားလာခဲ့တယ်။ အဲဒီနောက်မှာ ကျွန်မရဲ့ မနာလိုစိတ်က သိပ်မပြင်းထန်တော့သလို သူ့ကို ဘယ်လိုပြိုင်ဆိုင်ရမယ်ဆိုတာလည်း မတွေးတော့ဘူး။ အဲဒီအစား သူများတွေရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ သူနဲ့ ဘယ်လိုအလုပ်လုပ်ရမယ်ဆိုတာပဲ တွေးတယ်။ ကျွန်မက ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား ထိန်းချုပ်တာ မခံရတော့ဘဲ ကိုယ့်ကဏ္ဍကို ကိုယ်လုပ်နိုင်ခဲ့တယ်။ အလုပ်မှာ ချန်းစီနဲ့ တမင်ရည်ရွယ်ပြီး ပူးပေါင်းခဲ့တယ်။ သူ အခက်အခဲကြုံတဲ့အခါ ကျွန်မ အကူအညီပေးခဲ့တယ်။ နည်းနည်းကြာတော့ ကျွန်မတို့ ရေလောင်းအလုပ်က တိုးတက်လာပြီး ကျွန်မတို့နှစ်ယောက်လုံး တိုးတက်အောင် လုပ်နိုင်ခဲ့တယ်။ ကျွန်မ တကယ်ကို စိတ်အေးသွားတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ပိုကောင်းသည့် သက်သေခံတစ်ဦးဖြစ်ဖို့ သင်ယူခြင်း

မော့ယန် တရုတ်နိုင်ငံ ပြီးခဲ့တဲ့နှစ် ဇွန်လကပေါ့၊ ရေလောင်းတဲ့ သင်းထောက်တစ်ယောက်အဖြစ်၊ ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုကို လက်ခံပြီးခါစ လူတွေကို...

ဝိညာဉ်ရေးရာ တိုက်ပွဲ

ယန်ကျိ အမေရိကန်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သူတို့၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းမှ ယနေ့အထိ၊ လူတွေသည်...

မကျန်းမာမှုကို နောက်တစ်ဖန်ရင်ဆိုင်ခြင်း

ယန်ယိ တရုတ်နိုင်ငံ ၁၉၉၅ ခုနှစ်မှာ သခင်ယေရှုကို ကျွန်မစပြီး ယုံကြည်ခဲ့တယ်။ ယုံကြည်သူတစ်ယောက်ဖြစ်ပြီးနောက်မှာ ကျွန်မကို နှစ်တွေကြာတဲ့အထိ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။