ကယ်တင်ခြင်းရဖို့ ဂုဏ်ရှိရန် လိုသလော

22.05.2022

ရီးရွှင် တရုတ်နိုင်ငံ

အိမ်နဲ့ဝေးရာမှာ အသင်းတော်တချို့ကို တာဝန်ယူရတဲ့ ခေါင်းဆောင်အနေနဲ့ ကျွန်မအစေခံလာတာ နှစ်ချီကြာသွားပြီ။ ကျွန်မမှာ မွေးရာပါ နှလုံးရောဂါရှိတယ်၊ ဆိုးဆိုးရွားရွား ကျန်းမာရေး ပြဿနာတွေတော့ တစ်ခါမှ မဖြစ်ဖူးဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း အသက်လည်း ရလာတော့ စိတ်နဲ့ ကိုယ်က အရင်လို လုံးဝမဟုတ်တော့ဘူး။ အိပ်ရာဝင် နည်းနည်းနောက်ကျတာနဲ့ နောက်နေ့မှာ ပင်ပန်းနွမ်းနယ်နေရော။ တစ်ကိုယ်လုံး နုံးခွေပြီး နှလုံးကလည်း တစ်မျိုးကြီးပဲ။ ပြီးခဲ့တဲ့ သြဂုတ်လမှာ ခေါင်းဆောင်က ကျွန်မရဲ့ အခြေအနေကို ထည့်တွက်ပြီး ခေါင်းဆောင်တစ်ယောက်လို ဖိအားများတဲ့ တာဝန်ကို ကျွန်မခန္ဓာကိုယ်က မခံနိုင်မှာစိုးလို့ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ပြီး နိုင်တဲ့ တာဝန်ကို ထမ်းဖို့ ကျွန်မကို ပြန်လာခိုင်းတယ်။ အဲဒါကို ကြားလိုက်ရတော့ ကျွန်မတကယ် စိတ်မကောင်းဖြစ်ခဲ့ရတာ။ ကျွန်မခံစားမိတာက အခုက တာဝန်မှာ ကောင်းမှုတွေ တိုးလာအောင် လုပ်ဖို့ သိပ်အရေးပါတဲ့ အချိန်။ ပြောင်းရွှေ့ခံရတော့၊ ခေါင်းဆောင်အစား သာမန်ယုံကြည်သူပဲ ဖြစ်သွားတော့ ငါ့မှာ လက်တွေ့ကျင့်ဖို့ အခွင့်အရေးတွေ ပိုနည်းသွားမယ်၊ သမ္မာတရားကို သင်ယူတာနဲ့ အရှိတရားထဲ ဝင်တာကလည်း ပိုနှေးသွားမယ်။ ဒါဆို ကယ်တင်ခံရမဲ့ ငါ့အခွင့်အရေးလည်း လျော့သွားမယ်ပေါ့။ ညီအစ်ကို မောင်နှမတွေရဲ့ ပြဿနာတွေကို အမြဲဖြေရှင်းပေးပြီး ခပ်မြန်မြန် ဝင်ရောက်လို့ သမ္မာတရားတွေကို သင်ယူရင်း ကယ်တင်ခြင်းအခွင့်အလမ်း ပိုကောင်းတဲ့ ခေါင်းဆောင်တစ်ယောက် လုပ်ရတာနဲ့ တူမှာ မဟုတ်ဘူးပေါ့။ ကျွန်မတွေးနေမိတာက ကျွန်မကို ထုတ်ဖော်ပြီး ဖယ်ရှားဖို့ ဘုရားက ဒီအခြေအနေကို သုံးနေတာများလားပေါ့။ တွေးလေ၊ စိတ်မကောင်းလေ ဖြစ်လာလို့ မျက်ရည်တွေ မဆည်နိုင်ခဲ့ဘူး။

ညီအစ်မတစ်ယောက်က ကျွန်မဘယ်လိုခံစားနေရလဲ သူသိတယ်လို့ မိတ်သဟာယပြုလာတယ်။ သူဒီလိုပြောတာ။ ဒီကိစ္စထဲမှာ ဘုရားရဲ့ ကောင်းမြတ်တဲ့ အလိုတော်ပါတယ်၊ ဘုရားအလိုတော်ကို ကျွန်မတို့ နားမလည်တဲ့အခါ အရင်ဆုံး နာခံရမယ်၊ ပိုဆုတောင်းပြီး ရှာဖွေရမယ်၊ လုံးဝအထင်မလွဲရ၊ စောဒက မတက်ရဘူးတဲ့။ ဒါက ကြုံရာကျပန်း ဖြစ်တာမဟုတ်ဘူး၊ ငါရှာဖွေ၊ ဝင်ရောက်ရမဲ့ သမ္မာတရား ရှိရမယ်၊ ငါနာခံသင့်တယ်ဆိုပြီး သူ့မိတ်သဟယာကြောင့် ကျွန်မသတိချပ်မိသွားတယ်။ နာခံရမယ်လို့ ပြောခဲ့ပေမဲ့လည်း ကျွန်မ တကယ်စိတ်မကောင်းဖြစ်နေတုန်းပဲ။ ညညနိုးလာလို့ အဲဒီအကြောင်း စဉ်းစားမိရင် ဟိုလှည့်ဒီလှည့်နဲ့ အိပ်မရတော့ဘဲ ဒီလိုမျိုး အထပ်ထပ်တွေးမိတာ။ “ငါနှစ်နဲ့ချီ ဘုရားကို ယုံကြည်လာတာ ဘုရားအမှုတော်က အရေးပါဆုံးအချိန်ကို ရောက်မှပဲ ခေါင်းဆောင်တာဝန် ထမ်းနိုင်မဲ့ ငါ့အခွင့်အရေးကို ဆုံးရှုံးသွားတယ်။ ရိုးရိုးယုံကြည်သူပဲ ငါဖြစ်သွားပြီ။ ငါ့မှာ ကယ်တင်တာနဲ့ စုံလင်စေတာ ခံရဖို့ မျှော်လင့်ချက်ရော ရှိသေးရဲ့လား” လို့လေ။ ကျွန်မ ပိုပိုယောက်ယက်ခက်လာပြီး ဒီကိစ္စကို တကယ်ရင်မဆိုင်ချင်ခဲ့ဘူး။ ခေါင်းဆောင်အနေနဲ့ ဆက်နေပြီး ဆက်အစေခံချင်ခဲ့တာ။ ဒါပေမဲ့ ကျွန်မရဲ့ ရောဂါအခြေအနေက ဆိုးလာရင် အသင်းတော်အလုပ်က ကြန့်ကြာသွားနိုင်တဲ့ ကိစ္စကိုလည်း စိုးရိမ်မိတယ်။ အသင်းတော်အလုပ်အတွက် မတွေးဘဲ ကိုယ့်အတွက်ပဲ တွေးပြီး အတ္တဆန်လွန်းနေလို့ မရဘူးလေ။

တာဝန်အပြောင်းအလဲတွေကို အန္တိခရစ်တွေ ကိုင်တွယ်ပုံအကြောင်း ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို ဘုရားရှိခိုးနေတုန်း ကျွန်မဖတ်မိခဲ့တာ။ ဒီတော့ ကိုယ့်သဘာဝနဲ့ လိုက်စားမှုတွေအကြောင်း နည်းနည်းနားလည်သွားတယ်လေ။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သာမန်အခြေအနေများအောက်တွင် လူတစ်ယောက်သည် ၎င်း၏တာဝန်တွင် ပြောင်းလဲမှုများကို လက်ခံပြီး နာခံသင့်သည်။ သို့သော် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်သင့်သည်။ ပြဿနာ၏ အနှစ်သာရကို သတိပြုသင့်ပြီး ၎င်းတို့ကိုယ်တိုင်၏ အားနည်းချက်များကို သတိပြုသင့်သည်။ ဤသည်မှာ အလွန်အကျိုးဖြစ်သည့်အရာတစ်ခုဖြစ်သည်။ လူတို့အတွက် ရရှိရန် အလွန်လွယ်ကူသည်။ မိမိတာဝန်ရှိ အပြောင်းအလဲများသည် မကျော်လွှားနိုင်သော အတားအဆီးမဟုတ်ပေ။ ၎င်းတို့သည် အလွန်ရိုးရှင်းသည်မှာ မည်သူမဆို ၎င်းတို့ကို ရှင်းရှင်းလင်းလင်း စဉ်းစားနိုင်ပြီး မှန်မှန်ကန်ကန် ဆက်ဆံနိုင်သည်။ သာမန်လူတစ်ယောက်အပေါ်သို့ ဤသို့ ဖြစ်ပျက်သည့်အခါ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် နာခံနိုင်သည့်အပြင် မိမိတိို့ကိုယ်ကို ပြန်လည်ဆင်ခြင်ကြည့်ခြင်းမှ အကျိးဖြစ်ထွန်းကာ ၎င်းတို့တာဝန်ကို ထမ်းဆောင်မှုသည် အရည်အသွေး ပြည့်မီခြင်းရှိမရှိကို ပိုမိုတိကျစွာ အကဲဖြတ်နိုင်လာသည်။ သို့သော် အန္တိခရစ်တစ်ယောက်အတွက် ဤသို့မဟုတ်ပေ။ ၎င်းတို့တွင် မည်သည့်အရာဖြစ်ပျက်ပါစေ ၎င်းတို့သည် သာမန်လူနှင့် ကွာခြားသည်။ ဤကွာခြားချက်က မည်သည့်နေရာတွင် ရှိသနည်း။ ၎င်းတို့သည် မလိုက်နာပေ။ ၎င်းတို့သည် ကြိုတင်စီမံ၍ ပူးပေါင်းဆောင်ရွက်ခြင်းမရှိသကဲ့သို့ သမ္မာတရားကို အနည်းငယ်မျှပင် မရှာဖွေကြပေ။ ယင်းအစား ၎င်းတို့သည် ဤအရာအပေါ် ရွံရှာမှုကို ခံစားရသည်။ ဤအရာကို ခုခံသည်။ စိစစ်လေ့လာသည်။ ချင့်ချိန်စဉ်းစားသည်။ ဦးနှောက်ခြောက်ခံ၍ မှန်းဆသည်။ ‘ငါသည် အခြားနေရာသို့ အဘယ်ကြောင့် ပြောင်းရွေ့ခံရသနည်း။ ငါ၏ လက်ရှိတာဝန်ကို အဘယ်ကြောင့် ဆက်လုပ်၍မရသနည်း။ ငါက အမှန်တကယ်ပင် မသင့်တော်သည့်သူလော။ ငါ့ကို ထုတ်ပယ်တော့မည်လော၊ သို့မဟုတ် စွန့်ပစ် မည်လော’ ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အရာဖြစ်ပျက်ခဲ့သည်ကို ၎င်းတို့စိတ်ထဲတွင် ပြန်ပြောင်းတွေးတောကြပြီး အဆုံးမရှိစွာ လေ့လာစိစစ်ကာ တွေးဆကြသည်။ မည်သည့်အရာမျှ မဖြစ်သည့်အခါ ၎င်းတို့သည် လုံးဝ အဆင်ပြေသည်။ သို့သော် တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ မုန်တိုင်းကျသောရေပြင်ကဲ့သို့ ၎င်းတို့၏စိတ်နှလုံးတွင် အပြင်းအထန် စတင်လှုပ်ရှားလာသည်။ ၎င်းတို့၏ ခေါင်းထဲတွင် မေးခွန်းများနှင့် ပြည့်နေသည်။ ပြဿနာများကို တွေးဆရာတွင် ၎င်းတို့သည် အခြားသူများထက်သာသည်ဟု အပြင်ပန်းတွင် ထင်ရနိုင်သော်လည်း အမှန်တကယ်တွင် အန္တိခရစ်များသည် သာမန်လူတို့ထက် ပို၍ဆိုးခြင်းသာဖြစ်သည်။ ဤဆိုးယုတ်မှုသည် မည်သို့ ထင်ရှားပြသသနည်း။ ၎င်းတို့၏ စဉ်းစားမှုများသည် အစွန်းရောက်သည်၊ ရှုပ်ထွေးပြီး လျှို့ဝှက်သည်။ သာမန်လူတစ်ယောက်၊ ဆင်ခြင်တုံတရားနှင့် အသိစိတ်ရှိသူတစ်ယောက်တွင် မဖြစ်ပေါ်သော အရာများသည် အန္တိခရစ်တစ်ယောက်အတွက် သာမန်သာဖြစ်သည်။ ၎င်းတို့၏တာဝန်အတွက် ရိုးရှင်းသော ပြင်ဆင်ချက်တစ်ခုကို ပြုပြီးသည့်အခါ၊ လူတို့သည် နာခံသည့် သဘောထားဖြင့် ဖြေကြားသင့်သည်။ ဘုရားသခင်၏ အိမ်တော်က ၎င်းတို့ကို ပြောသည့်အတိုင်း လုပ်ဆောင်သင့်သည်။ ၎င်းတို့တတ်နိုင်သည့်အရာကို လုပ်ဆောင်ကာ၊ မည်သည့်အရာကို လုပ်ပါစေ၊ ၎င်းတို့ တတ်စွမ်းသမျှ၊ စိတ်နှလုံးနှင့် ခွန်အားရှိသမျှဖြင့် လုပ်ဆောင်လော့။ ဘုရားသခင် ပြုပြီးသည့်အရာသည် အမှားမရှိပါ။ ဤသို့သော ရိုးရှင်းသည့် သမ္မာတရားကို အသိစိတ်နှင့် ဆင်ခြင်တုံတရားအနည်းငယ်ဖြင့် လက်တွေ့လုပ်ဆောင်နိုင်သည်။ သို့သော် ယင်းသည် အန္တိခရစ်များ၏ အရည်အချင်းများထက် ကျော်လွန်သည်။ တာဝန်များကို ချိန်ညှိခြင်းနှင့်ပတ်သက်လျှင် အန္တိခရစ်များသည် ချက်ချင်း ကျိုးကြောင်းပြပြောဆိုခြင်း၊ တစ်ပတ်ရိုက်ခြင်း၊ ခုခုံခြင်းများပြုမည်ဖြစ်ပြီး စိတ်အတွင်းတွင် ယင်းကို လက်ခံရန် ငြင်းဆန်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် မည်သည့်အရာရှိသနည်း။ မသင်္ကာမှုနှင့် သံသယရှိသည်။ ထို့နောက် ၎င်းတို့သည် နည်းလမ်းပေါင်းစုံသုံးလျက် သူတစ်ပါးတို့ကို စုံစမ်းစစ်ဆေးကြသည်။ ၎င်းတို့သည် ၎င်းတို့၏ စကားများ၊ လုပ်ဆောင်ချက်များနှင့် သွေးတိုးစမ်းကြသည်။ မသမာသောနည်းလမ်းများဖြင့် လူတို့ကို အမှန်အတိုင်းပြောပြီး ရိုးသားစွာပြောဆိုရန် အကျပ်ကိုင်ပြီး သွေးဆောင်မှုပင် ပြုလုပ်ကြသည်။ အန္တိခရစ်များသည် ၎င်းတို့၏ တာဝန်ပြောင်းလဲမှုနှင့်ပတ်သက်ပြီး ပြဿနာဖန်တီးရန် ဤသို့ ပုံကြီးချဲ့လိမ့်မည်၊ ဤသို့ ဒုက္ခဖြစ်စေမည်၊ ၎င်းတို့တွင် ရှိသမျှနည်းလမ်းတိုင်းကို သုံးမည်ဟု မည်သည်ကမျှ စိတ်မကူးမိနိုင်ပေ။ ၎င်းတို့သည် ရိုးရှင်းသောအရာကို အဘယ်ကြောင့် အလွန်ရှုပ်ထွေးစေကြသနည်း။ အကြောင်းပြချက်တစ်ခုသာရှိသည်။ အန္တိခရစ်များသည် ဘုရားအိမ်တော်၏ အစီအစဉ်များကို မည်သည့်အခါမျှ မနာခံကြပေ။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်၊ ကျော်ကြားမှုနှင့် ဂုဏ်အဆင့်အတန်းတို့ကို ၎င်းတို့၏ ကောင်းချီးရရန် မျှော်လင့်ချက်နှင့် အနာဂတ်ခရီးပန်းတိုင်တို့ဖြင့် နီးကပ်စွာ ချိတ်ဆက်ထားကြသည်။ ၎င်းတို့က၊ ‘ငါ၏ တာဝန်၊ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ဆုံးရှုံးရသည်နှင့် ကောင်းချီးများရရှိရန် မျှော်လင့်ချက်ရှိမည်မဟုတ်။ ယင်းသည် ငါ၏ အသက်ကို ဆုံးရှုံးရသကဲ့သို့ဖြစ်မည်ဖြစ်သောကြောင့် ပေါ့ဆ၍မဖြစ်။ ထို့ကြောင့် ငါ၏ ကောင်းချီးများကို သူတို့ မဖျက်ဆီးကြရန်အတွက် ဘုရားအိမ်တော်၏ ခေါင်းဆောင်များ၊ အမှုဆောင်များကို သတိထားရမည်။ ငါ၏ တာဝန်၊ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ထိန်းသိမ်းရမည်။ သို့မှသာ ကောင်းချီးများကို ရရှိရန် မျှော်လင့်နိုင်သည်။ ငါ၏ ညီအစ်ကိုမောင်နှမများ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များက စိတ်မချရပေ။ ကောင်းချီးများရရှိရန် ကိုယ့်ကိုယ်ကိုယ်သာ အမှီပြုနိုင်သည်’ ဟု ထင်မြင်ကြသည်။ ကောင်းကြီးခံစားရခြင်းသည် ကောင်းကင်ဘုံထက်ကြီးမြတ်သည်၊ အသက်ထက် ပိုကြီးမြတ်သည်၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်း၊ သို့မဟုတ် တစ်ကိုယ်ရေ ကယ်တင်ခြင်းထက်ပို၍ အရေးကြီးသည်၊ စံနှုန်းနှင့် ကိုက်ညီသော ဖန်ဆင်းခံတစ်ယောက်ဖြစ်ခြင်းထက် ပို၍အရေးကြီးသည်ဟု အန္တိခရစ်တစ်ယောက်က မြင်သည်။ ၎င်းတို့သည် စံနှုန်းနှင့် ကိုက်ညီသော ဖန်ဆင်းခံတစ်ယောက်ဖြစ်ခြင်း၊ မိမိတို့တာဝန်ကို ကောင်းစွာထမ်းဆောင်ပြီး ကယ်တင်ခံရခြင်းသည် ပြောဆိုဖို့ပင် ထိုက်တန်မှုသိပ်မရှိသည့် သေးနုပ်သောအရာများဖြစ်သည်ဟု ထင်မြင်သော်လည်း၊ ကောင်းကြီးရရှိခြင်းကမူ ၎င်းတို့၏ တစ်ဘဝလုံးတွင် မည်သည့်အခါမျှ မေ့၍မရနိုင်သော တစ်ခုတည်းသောအရာဖြစ်သည်။ မည်သည့်အရာကို ၎င်းတို့ ကြုံတွေ့ရသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ ၎င်းတို့သည် အလွန်အမင်း သတိထားပြီး အာရုံစိုက်ကြသည်။ ပြီးလျှင် အစဉ်သဖြင့် မိမိတို့ကိုယ်တိုင်အတွက် ထွက်ပေါက်တစ်ခု ထားထားကြသည်။ ထို့ကြောင့် ၎င်းတို့တာဝန် ချိန်ညှိခြင်းခံရသောအခါ ယင်းသည် ရာထူးတိုးခြင်းဖြစ်လျှင် ကောင်းချီးရဖို့ မျှော်လင့်ချက်ရှိသည်ဟု အန္တိခရစ်က ထင်မြင်လိမ့်မည်။ အဖွဲ့ခေါင်းဆောင်မှ လက်ထောက်အဖွဲ့ခေါင်းဆောင်ူအဖြစ်သို့၊ သို့မဟုတ် လက်ထောက်အဖွဲ့ခေါင်းဆောင်မှ သာမန်အဖွဲ့ဝင်အဖြစ်သို့ ရာထူးချခြင်းဖြစ်လျှင်၊ သို့မဟုတ် မည်သည့်တာဝန်မျှ လုံးဝ မရှိလျှင် ဤသည်မှာ ပြဿနာအကြီးစားဖြစ်ပြီး ကောင်းချီးရရန် မျှော်လင့်ချက်က နည်းပါးသည်ဟု ထင်မြင်သည်။ ဤသည်မှာ မည်သည့် ရှုမြင်ပုံမျိုးနည်း။ မှန်ကန်သော ရှုမြင်ချက်ဖြစ်သလော။ လုံးဝ မဟုတ်ပေ။ ဤအမြင်သည် အဓိပ္ပာယ်မရှိပေ။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “ရာထူးဂုဏ်သိန် မရှိသောအခါ၊ သို့မဟုတ် ကောင်းချီးရရန် မျှော်လင့်ချက်မရှိသောအခါ ၎င်းတို့က နောက်ဆုတ်ချင်ကြသည်”)အန္တိခရစ်တို့သည် မိမိတို့၏ဂုဏ်အဆင့်အတန်း မည်မျှမြင့်မားသည်၊ သို့မဟုတ် မည်မျှနိမ့်ကျသည်ကို မိမိတို့၏ကောင်းကြီးမင်္ဂလာများ မည်မျှကြီးမားသည်၊ သို့မဟုတ် မည်မျှနည်းပါးသည်တို့ဖြင့် နှိုင်းယှဉ်သည်။ ယင်းသည် ဘုရားသခင်၏မိသားစု၊ သို့မဟုတ် အခြားမည်သည့်အုပ်စုမဆို၏ အလယ်တွင် ဖြစ်ပါစေ၊ ၎င်းတို့အတွက်မူ လူများ၏ဂုဏ်အဆင့်အတန်းနှင့် လူတန်းစားအလွှာတို့ကို ၎င်းတို့၏ အဆုံးသတ် ရလဒ်များအနေဖြင့် တစ်သဝေမတိမ်း အသေးစိတ် ချပြကြသည်။ လူတစ်ဦး၏ ရာထူးသည် မည်မျှ မြင့်မားပြီး ဤဘဝ၌ ဘုရားသခင်၏အိမ်တော်တွင် ၎င်းတို့ အာဏာမည်မျှ ရရှိသည်မှာ နောင်ဘဝတွင် ၎င်းတို့ ရရှိသည့် ကောင်းကြီးမင်္ဂလာများ၊ ဆုလဒ်များနှင့် သရဖူတို့နှင့် ညီမျှပေသည်။ ယင်းတို့သည် တိုက်ရိုက်ဆက်နွှယ်နေသည်။ ဘုရားသခင်သည် ဤအရာကို မည်သည့်အခါမျှ မပြောခဲ့သကဲ့သို့ ထိုသို့ မည်သည့်အရာကိုမျှ သူ ကတိမပြုခဲ့ဖူးပေ၊ သို့ရာတွင် ဤသည်မှာ အန္တိခရစ်အတွင်းတွင် ပေါ်ပေါက်လာမည့် အတွေးအခေါ်မျိုး ဖြစ်ပေသည်။...အန္တိခရစ်ကဲ့သို့ လူများ၌ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာအနည်းငယ် ရှိသည်ဟု သင်တို့ ပြောမည် မဟုတ်လော။ ၎င်းတို့သည် တစ်ဖက်စွန်း ရောက်အောင် တကယ်ကို ဆိုးယုတ်ပေသည်။ ဘုရားသခင်သည် အဘယ်အရာကို ပြောပါစေ၊ ၎င်းတို့က အလေးမထားသကဲ့သို့ လက်မခံကြပေ။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “ရာထူးဂုဏ်သိန် မရှိသောအခါ၊ သို့မဟုတ် ကောင်းချီးရရန် မျှော်လင့်ချက်မရှိသောအခါ ၎င်းတို့က နောက်ဆုတ်ချင်ကြသည်”)

အန္တိခရစ်တွေက ကောင်းချီးနဲ့ ဆုလာဘ်တွေ ရဖို့ပဲ ယုံကြည်တာလို့ နှုတ်ကပတ်တော်က ဖော်ပြတယ်။ တာဝန်အမျိုးမျိုးကို သူတို့က အဆင့်ခွဲကြတာ၊ ဂုဏ်အနိမ့်အမြင့်နဲ့ ကောင်းချီးအနည်းအများကို သေချာချိတ်ဆက်ကြည့်ကြတာ။ ဂုဏ်မရှိရင် ကယ်တင်ခံရမဲ့ အခွင့်အလမ်း သိပ်မရှိဘူးလို့ သူတို့ထင်ကြတော့ ဘုရားကို အထင်လွဲ၊ အပြစ်တင်ပြီး တိုက်တောင် တိုက်ခိုက်ကြတယ်။ ကိုယ်ကျိုးစီးပွားနဲ့ ကောင်းချီးတွေကိုပဲ သူတို့ဂရုစိုက်ကြတာ။ သမ္မာတရား လုံးဝမရှာ၊ သင်ခန်းစာတွေ လုံးဝမယူဘူး။ သူတို့မှာ ဘုရားကို ကြောက်ရွံ့စိတ်၊ နာခံစိတ် လုံးဝ မရှိဘူး။ သဘာဝအရ ဆိုးယုတ်ပြီး ကောက်ကျစ်ကြတယ်။ ကျွန်မအပြုအမူကို ကြည့်ရင် ကျွန်မက အန္တိခရစ်လိုပဲ ဖြစ်နေတာ။ ကိုယ့်ဂုဏ်ကို ကောင်းချီးတွေနဲ့ ချိတ်ဆက်ကြည့်နေမိခဲ့တယ်။ ဒီတော့ ပုံမှန်တာဝန်အပြောင်းအလဲလေးကို မှန်မှန်ကန်ကန် မကိုင်တွယ်နိုင်ခဲ့ဘူး။ အတွေးချာချာလည်နေခဲ့တယ်။ ခေါင်းဆောင်လုပ်လို့မရရင်၊ ဂုဏ်မရှိရင် ကယ်တင်ခံရမဲ့ အခွင့်အလမ်းက ပိုသေးသွားမယ်ဆိုပြီး တွေးနေမိတာ။ တကယ်တော့ ဘုရားအိမ်တော်က လူအသီးသီးရဲ့ တာဝန်ကို စည်းမျဉ်းတွေ၊ သူတို့ရဲ့ တကယ့်အခြေအနေတွေနဲ့အညီ စီစဉ်ပေးတာ။ ကျွန်မကျန်းမာရေးက မကောင်းဘူးလေ။ ခေါင်းဆောင်တွေမှာ ကိုင်တွယ်ရမှာတွေ၊ ဖိအားတွေ များတယ်၊ ကျွန်မခန္ဓာကိုယ်က ခံနိုင်မှာ မဟုတ်ဘူး။ ကျွန်မတာဝန်လည်း ထိခိုက်မှာပဲ။ ကျွန်မကို ပြန်လာခိုင်းပြီး တတ်နိုင်တာကို လုပ်ခိုင်းတာက ကျွန်မအတွက်ရော အသင်းတော်အတွက်ပါ ကောင်းတယ်လေ။ ဒါပေမဲ့ ကျွန်မက အထင်လွဲပြီး သံသယဝင်ခဲ့တယ်။ ကျွန်မပြန်လာဖို့ လိုတယ်လို့ ခေါင်းဆောင်က ပြောတော့ ကျွန်မပထမဆုံး တွေးမိတာက ငါခေါင်းဆောင်မဟုတ်တော့ရင် ဂုဏ်နိမ့်မှာဆိုတော့ ကယ်တင်ခံရမဲ့၊ ကောင်းချီးရမဲ့ မျှော်လင့်ချက် မရှိဘူးလို့ပေါ့။ ကောင်းချီးမရဘူးလို့ တွေးမိတော့ ယုံကြည်ရတဲ့ တစ်ခုတည်းသော မျှော်လင့်ချက်က အလုယူခံလိုက်ရသလိုပဲ။ ရုတ်တရက် လုပ်ချင်စိတ်တွေ ပျောက်သွားတယ်။ အမှုကိစ္စတွေကို သမ္မာတရား စည်းမျဉ်းတွေအပေါ် အခြေမခံဘဲ ကိုယ်ကျိုးစီးပွားအပေါ် အခြေခံပြီး ကျွန်မကြည့်ခဲ့မိတာ မြင်သွားတယ်။ ကျွန်မရဲ့လိုအင်ဆန္ဒတွေ မပြည့်တဲ့အခါ ကျွန်မကို ဖော်ထုတ်၊ ဖယ်ရှားဖို့ အဲဒီအခြေအနေကို ဘုရားသုံးနေတာလို့ ထင်ခဲ့တာ။ ကျွန်မမှာ ဆိုးယုတ်၊ စဉ်းလဲတဲ့ သဘာဝရှိတာ တွေ့ခဲ့ရတယ်။ ကျွန်မက ဘုရားကို ဖောက်ပြန်ပျက်စီးတဲ့ လူတွေလိုပဲ မျှတမှု၊ တရားမှု မရှိဘူး၊ ဂုဏ်တွေ၊ တာဝန်တွေအပေါ် အခြေခံပြီး ကျွန်မတို့ကို တိုင်းထွာတယ်၊ ကျွန်မတို့ရဲ့ ရလဒ်တွေကို ဆုံးဖြတ်တယ်လို့ ထင်ခဲ့တာ။ ကျွန်မတို့မှာ ဂုဏ်ရှိရင် ဘုရားက ကယ်မှာ၊ မရှိရင် ကယ်မှာမဟုတ်ဘူးလို့ တွေးခဲ့တာ။ ဒါက ဘုရားရဲ့ ဖြောင့်မတ်ခြင်းကို ငြင်းပြီး သူ့ကို စော်ကားတာပဲ မဟုတ်လား။ နှစ်နဲ့ချီ ယုံကြည်လာပြီးတဲ့နောက်မှာ ဘုရားကို ကျွန်မ လုံးဝ နားမလည်တာ၊ မနာခံတာ မြင်သွားတယ်။ ဘုရားသာ ကျွန်မကို ဖော်ထုတ်ဖို့ အဲဒီအခြေအနေကို မသုံးခဲ့ရင် ကျွန်မရဲ့လိုက်စားမှုက ဘယ်လောက်မှားနေမှန်း သဘောပေါက်ခဲ့မှာ မဟုတ်ဘူး။ အဲဒီအတိုင်းသာ ဆက်လုပ်နေရင် အန္တိခရစ်လို အဆုံးမှာ ဘုရားဖယ်ရှားတာ ကျွန်မခံရမှာပဲ။

နောက်တော့ ကျွန်မရဲ့ ရှုထောင့်အမှားကို မြင်အောင် ကူညီပေးခဲ့တဲ့ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ဖတ်ခဲ့ရတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “ကယ်တင်ခံရခြင်းသည် မည်သည့်အရာကို ဆိုလိုသည်ကို လူအချို့က ရှင်းရှင်းလင်းလင်း မသိကြပေ။ ဘုရားသခင်ကို နှစ်များ ပို၍ ယုံကြည်လေ၊ ၎င်းတို့ကယ်တင်ခြင်းခံရဖို့ ပို၍ ဖြစ်နိုင်လေဟု လူအချို့က ယုံကြည်ကြသည်။ လူအချို့ကမူ ဝိညာဉ်ရေးရာ အယူဝါဒများ ၎င်းတို့ ပိုနားလည်လေ၊ ၎င်းတို့ကယ်တင်ခြင်းခံရဖို့ ပို၍ ဖြစ်နိုင်လေဟု ယုံကြည်ကြသည်၊ သို့မဟုတ် အချို့က အသင်းတော်၏ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သေချာ‌ပေါက် ကယ်တင်ခြင်းခံရမည်ဟု တွေးထင်ကြသည်။ ဤအရာ အားလုံးသည် လူသား၏ အယူအဆများနှင့် စိတ်ကူးတို့ ဖြစ်ကြသည်။ ဤအရာ၏ အဓိကသော့ချက်မှာ ကယ်တင်ခြင်းသည် အဘယ်အရာကို ဆိုလိုကြောင်း သင်တို့ နားလည်ရမည် ဖြစ်သည်။ ကယ်တင်ခံရဖို့ဟူသည်မှာ အဓိကအားဖြင့် စာတန်၏စွမ်းအားမှ လွတ်မြောက်ဖို့၊ အပြစ်မှ လွတ်မြောက်ဖို့နှင့် ဘုရားသခင်ထံသို့ စစ်မှန်စွာ ပြန်လှည့်ပြီး ဘုရားသခင်ကို နာခံဖို့တို့ကို ဆိုလိုသည်။ အပြစ်နှင့် စာတန်၏ စွမ်းအားတို့မှ လွတ်မြောက်ဖို့ သင်သည် အဘယ်အရာကို ပိုင်ဆိုင်ရမည်နည်း။ သမ္မာတရား ဖြစ်သည်။ လူများသည် သမ္မာတရားကို ရရှိဖို့ မျှော်လင့်ပါက၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာဖြင့် ပြင်ဆင်ရမည်၊ ၎င်းတို့သည် သမ္မာတရားကို နားလည်နိုင်ဖို့အလို့ငှာ ထိုနှုတ်ကပတ်တော်များကို တွေ့ကြုံပြီး လက်တွေ့လုပ်ဆောင်နိုင်ရမည်။ သို့မှသာလျှင် ၎င်းတို့ ကယ်တင်ခြင်း ခံရနိုင်သည်။ အကြင်သူက ကယ်တင်ခံရနိုင်ခြင်း ရှိမရှိသည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်ခဲ့သည်၊ မည်မျှ အသိပညာရှိသည်၊ မည်မျှ ဆင်းရဲဒုက္ခခံသည်၊ သို့မဟုတ် မည်သည့် ဆုကျေးဇူးများ၊ သို့မဟုတ် မည်သည့် အားသာသည့်အချက်များကို ပိုင်ဆိုင်သည်တို့နှင့် မသက်ဆိုင်ပေ။ ကယ်တင်ခြင်းနှင့် တိုက်ရိုက် ဆက်နွှယ်မှုရှိသည့် တစ်ခုတည်းသော အရာမှာ လူတစ်ဦးအနေဖြင့် သမ္မာတရားကို ရနိုင်ခြင်း ရှိမရှိ ဖြစ်ပေသည်။ သင်သည် သမ္မာတရားမည်မျှကို စစ်မှန်စွာ နားလည်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော် မည်မျှက သင်၏ဘဝ ဖြစ်လာပြီး ဖြစ်သနည်း။ ဘုရားသခင်၏ သတ်မှတ်ချက်များ အားလုံးထဲမှ သင်သည် မည်သည့်အရာကို ဝင်ရောက်မှု ရရှိပြီးဖြစ်သနည်း။ သင်၏ ဘုရားသခင်ကို ယုံကြည်သည့် နှစ်များအတောအတွင်းတွင် ဘုရားနှုတ်ကပတ်တော်၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်း မည်မျှကို သင်စွမ်း‌ဆောင် ရရှိပြီးဖြစ်သနည်း။ သင်မသိပါက၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်၏ စစ်မှန်မှု တစ်ခုတလေထဲ ဝင်ရောက်ခြင်းကို သင် စွမ်းဆောင် ရရှိပြီးခြင်း မရှိပါက၊ ရှင်းရှင်းပြောရလျှင် သင်သည် ကယ်တင်ခြင်း မျှော်လင့်ချက် မရှိပေ။ သင်သည် ကယ်တင်ခြင်းခံရဖို့ မဖြစ်နိုင်ပေ။ သင်သည် မြင့်မားသော အသိပညာအတိုင်းအတာကို ပိုင်ဆိုင်သည်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်ကို အချိန်ကြာမြင့်စွာ ယုံကြည်ပြီးဖြစ်စေ၊ ကောင်းမွန်သော အသွင်အပြင် ရှိသည်ဖြစ်စေ၊ ကောင်းစွာ စကားပြောဆိုနိုင်သည်ဖြစ်စေ၊ သို့မဟုတ် နှစ်အတော်ကြာအောင် ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်ပြီးသည်ဖြစ်စေ အရေးမကြီးပေ။ သမ္မာတရားကို မလိုက်စားပါက၊ သို့မဟုတ် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ကောင်းမွန်စွာ လက်တွေ့လုပ်ဆောင်ခြင်း၊ သို့မဟုတ် တွေ့ကြုံခြင်း မရှိသကဲ့သို့၊ စစ်မှန်သည့် အတွေ့အကြုံနှင့် သက်သေခံချက် သင်၌ မရှိပါက၊ သင့်အတွက် ကယ်တင်ခြင်းခံရဖို့ မျှော်လင့်ချက် မရှိပေ။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ)ငါသည် လူတစ်ဦးစီ၏ ပန်းတိုင်ကို အသက်၊ ဝါရင့်ခြင်း၊ ဒုက္ခခံရသည့်ပမာဏနှင့် အနည်းဆုံးအနေဖြင့် ၎င်းအပေါ် သနားစိတ်ပေါ်စေသည့် အတိုင်းအတာတို့ကို အခြေပြု၍ ဆုံးဖြတ်ခြင်း မဟုတ်ဘဲ၊ သမ္မာတရားကို ၎င်းတို့ ပိုင်ဆိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်၏။ ဤအရာမှတစ်ပါး တခြားရွေးချယ်စရာ မရှိ။ ဘုရားသခင်၏ အလိုတော်ကို မလိုက်သူအားလုံး အပြစ်ပေးခြင်း ခံရမည်ကို သင်တို့ သဘောပေါက်ရမည်။ ဤသည်မှာ မပြောင်းလဲနိုင်သော အချက်ဖြစ်၏။ ထို့ကြောင့် အပြစ်ပေးခံရသူအားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်တော်မူခြင်းကြောင့်လည်းကောင်း၊ ၎င်းတို့၏ များလှစွာသော ဆိုးယုတ်သည့် လုပ်ရပ်များကြောင့် ဒဏ်ခတ်ခြင်း အဖြစ်လည်းကောင်း ဤသို့ အပြစ်ပေးခံရခြင်း ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့) ဒီကျမ်းပိုဒ်တွေကြောင့် တကယ်တို့ထိခံစားခဲ့ရတယ်။ ကယ်တင်ခံရဖို့က ခေါင်းဆောင်ဖြစ်တာ၊ ဂုဏ်ရှိတာနဲ့ ဘာမှမဆိုင်မှန်း မြင်သွားတယ်။ ကယ်တင်ခြင်းဆိုတာ စာတန်ရဲ့ ယိုယွင်းတဲ့ စိတ်သဘောထားတွေကို စွန့်ပြီး ဘုရားဆီ နာခံဖို့ လာတာပဲ။ သမ္မာတရားကို ကျင့်သုံးသူတွေ၊ ယိုယွင်းမှု သန့်စင်ခံရသူတွေ၊ ဘုရားကို နာခံပြီး နှုတ်ကပတ်တော်အတိုင်း အသက်ရှင်သူတွေပဲ တကယ် ကယ်တင်ခံရနိုင်တာ။ ဘယ်တာဝန်ကိုပဲ ထမ်းရပါစေ၊ သမ္မာတရားကို လက်ခံနိုင်ပြီး ကိုင်တွယ်ဖြေရှင်းခံရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အာရုံစိုက် သုံးသပ်နိုင်သရွေ့၊ နှုတ်ကပတ်တော်ကနေတစ်ဆင့် ကိုယ့်ယိုယွင်းမှုနဲ့ အမှားတွေကို သိနိုင်ပြီး နောင်တရ၊ ပြောင်းလဲနိုင်သရွေ့ ဒီလိုက်စားမှုကနေတစ်ဆင့် သမ္မာတရားကို ရပြီး ကယ်တင်ခံရနိုင်တယ်။ ကိုယ့်ဂုဏ်က ဘယ်လောက်မြင့်ပါစေ၊ ကိုယ်က ဘယ်လောက်ဒုက္ခခံထားရပါစေ သမ္မာတရားကို မလိုက်စားရင် ဖယ်ရှားခံရမှာပဲ။ ပေါလုလိုပေါ့။ သူ့ရဲ့ဂုဏ်နဲ့ သိက္ခာက သိပ်ကြီးပြီး အများကြီး စွမ်းဆောင်နိုင်ခဲ့ပေမဲ့ သမ္မာတရားနဲ့ စိတ်သဘောထား ပြောင်းလဲမှုကို သူလုံးဝ မလိုက်စားခဲ့ဘူး။ နောက်ဆုံးတော့ သူ့ကိုယ်သူရော၊ ဘုရားကိုပါ သူနားမလည်သွားဘူး။ သူ့လုံ့လအားလုံးက ကောင်းချီးရဖို့၊ ဆုပေးခံရဖို့ အတွက်ပဲ။ ပြီးတော့ သခင့်အတွက် သူဘယ်လောက်ဒုက္ခခံပါတယ်ဆိုပြီး သူ့ကိုယ်သူ အမြဲသက်သေခံခဲ့တယ်။ အကြီးမြတ်ဆုံး တမန်တော်တွေထက် သူမနိမ့်ပါဘူးလို့ လေလုံးထွားပြီး အရှက်မရှိ ဒီလိုကြွားခဲ့တာ၊ “ဓမ္မသရဖူသည် ငါ့အဘို့ သိုထားလျက်ရှိ၏” တဲ့လေ။ သူက အသက်ရှင်နေတဲ့ ခရစ်တော်ပါဆိုတဲ့ မိစ္ဆဒိဋ္ဌိစကားကို ပြောထွက်နိုင်ပြီး ဘုရားစိတ်သဘောထားကို ပုန်ကန်ပြစ်မှားခဲ့လို့ ဘုရားအပြစ်ဒဏ်ပေးတာ ခံခဲ့ရတာပဲ။ ဒါပေမဲ့ ပေတရုကတော့ မတူဘူး။ သူ့ယုံကြည်ခြင်းမှာ ဂုဏ်ကို သူလုံးဝ ဂရုမစိုက်ခဲ့ဘူး။ ဘုရားကို သိဖို့နဲ့ နာခံဖို့ပဲ သူကြိုးပမ်းခဲ့တာ။ ဘုရားနှုတ်ကပတ်တော်တွေကို လက်တွေ့ကျင့်ပြီး တွေ့ကြုံဖို့၊ သူ့ယိုယွင်းမှုကို သိဖို့ သူကြိုးပမ်းခဲ့တယ်။ နောက်ဆုံးတော့ ဘုရားအတွက် သူကားစင်တင်ခံခဲ့ရတယ်။ သေသည်အထိ သူနာခံပြီး ဘုရားကို အဆုံးစွန် ချစ်သွားတော့ ဘုရားက သူ့ကို စုံလင်အောင် လုပ်ပေးခဲ့တာပဲ။ ဒါက ပြနေတာက ခေါင်းဆောင်ဖြစ်တာ၊ ဂုဏ်ရှိတာဟာ ကယ်တင်ခံရဖို့ စံနှုန်းမဟုတ်ဘူးဆိုတာပဲ။ ဂုဏ်ရှိပေမဲ့ သမ္မာတရားကို မလိုက်စားဘဲ ဘုရားကို ခုခံတဲ့လူ၊ ဘုရားနှုတ်ကပတ်တော်တွေကို အသက်ရှင်နေထိုင်တဲ့ သက်သေခံချက်အစစ် မရှိတဲ့လူက ဖယ်ရှားခံရမှာ ကျိန်းသေပဲ။ ဂုဏ်မရှိပေမဲ့ လမ်းမှန်ပေါ် ရောက်နေပြီး သမ္မာတရားကို လိုက်စားရင် သမ္မာတရားကို ရနိုင်ဆဲ၊ ဘုရားကယ်တင်တာ ခံရနိုင်ဆဲပဲ။ အဲဒါကို သဘောပေါက်တော့ ကျွန်မတော်တော် နေသာထိုင်သာ ရှိသွားတယ်။ ဘုရားရဲ့အုပ်စိုးမှုနဲ့ စီစဉ်မှုတွေကို နာခံဖို့၊ အပြောင်းအလဲကို မတုန်မလှုပ် လက်ခံဖို့ အသင့်ဖြစ်သွားတယ်။

နောက်တော့ ဘုရားအလိုတော်ကို ပိုကောင်းကောင်းနားလည်အောင် ကူညီပေးခဲ့တဲ့ နောက်ကျမ်းတစ်ပိုဒ်ကို ဖတ်ခဲ့ရတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “ရာထူးတိုးခံရပြီး ပြုစုပျိုးထောင်ခြင်းခံရသောသူတို့သည် သူတစ်ပါးတို့၏ အထက်သို့ အလွန်ရောက်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံရန် အစပြုနေခြင်းသာဖြစ်သည်။ ရာထူးမတိုးခံရသော၊ သို့မဟုတ် ပြုစုပျိုးထောင်ခြင်းမခံရသော သူတို့သည်လည်း မိမိတို့၏ တာဝန်များကို ထမ်းဆောင်စဉ်တွင် သမ္မာတရားကို လိုက်စားသင့်သည်။ မည်သူကမျှ သမ္မာတရားကို လိုက်စားရန် သူတစ်ပါးတို့၏ အခွင့်အရေးကို မပိတ်ပင်နိုင်ပေ။ အချို့လူတို့သည် သမ္မာတရားကို လိုက်စားရာတွင် ပို၍ စိတ်ထက်သန်ပြီး အစွမ်းအစအချို့ရှိသည်။ ထို့ကြောင့် ၎င်းတို့သည် ရာထူးတိုးခံရပြီး ပြုစုပျိုးထောင်ခြင်းခံရသည်။ ဤသည်မှာ ဘုရားအိမ်တော်၏ အလုပ်၏ လိုအပ်ချက်များကြောင့် ဖြစ်သည်။ အမျိုးမျိုးသော လူအမျိုးအစားများ၏ အစွမ်းအစနှင့် လူ့သဘာဝတွင်ရှိသော မတူညီမှုများကြောင့် ၎င်းတို့ ရွေးချယ်သည့် ဘုရားသခင်အပေါ် ယုံကြည်ခြင်းလမ်းကြောင်းများသည်လည်း မတူညီပေ။ လူအချို့မှာ ကယ်တင်ခံရနိုင်သော်လည်း၊ အခြားသူများမှာ ကယ်တင်ခြင်းမခံရနိုင်ပေ။ ထို့ကြောင့် ဘုရားသခင်၏ အိမ်တော်သည် လူတို့ကို သမ္မာတရား လိုက်စားခြင်းရှိမရှိနှင့် ၎င်းတို့၏ ပင်ကိုစရိုက်အပေါ်တွင် အခြေခံပြီး ပြုစုပျိုးထောင်ကာ အသုံးပြုသည်။ မတူညီသော လူအမျိုးအစားများ၏ ရာထူးအဆင့်ဆင့်တွင် ကွဲပြားခြင်းရှိသလော။ ဂုဏ်အဆင့်အတန်း၊ နေရာ၊ တန်ဖိုး၊ သို့မဟုတ် ရာထူးနှင့်ပတ်သက်ပြီး အထက်အောက်စနစ်မရှိပေ။ အနည်းဆုံး လူတို့ကို ဘုရားသခင်က စုံလင်စေပြီး ဦးဆောင်သည့်အချိန်ကာလအတွင်းနှင့် အမှုတော်ကို တိုးချဲ့ခြင်းအချိန်ကာလအတွင်း၌ လူတို့၏ အဆင့်၊ နေရာ၊ တန်ဖိုး၊ သို့မဟုတ် ဂုဏ်အဆင့်အတန်းတွင် ကွဲပြားမှုမရှိပေ။ ကွဲပြားသောအရာများမှာ အလုပ်ခွဲဝေခြင်းနှင့် ထမ်းဆောင်ကြသော တာဝန်ကဏ္ဍများသာ ဖြစ်သည်။ ခြွင်းချက်အဖြစ် ဤအချိန်ကာလအတွင်းတွင် လူအချို့သည် ရာထူးတိုးခြင်းနှင့် ပျိုးထောင်ပေးခြင်းခံရပြီး အချို့သော သီးသန့်အလုပ်များကို ထမ်းဆောင်ကြကာ လူအချို့မှာ ၎င်းတို့၏ အစွမ်းအစ၊ သို့မဟုတ် မိသားစုပတ်ဝန်းကျင်ကဲ့သို့သော အမျိုးမျိုးသော ပြဿနာများကြောင့် ဤသို့သော အခွင့်အလမ်းများကို မရရှိသည်မှာ မှန်ပေသည်။ သို့သော် ထိုသို့သော အခွင့်အလမ်းများကို မရရှိသောသူများကို ဘုရားသခင်က အလိုမရှိသလော။ ၎င်းတို့၏ တန်ဖိုးနှင့် နေရာသည် အခြားလူများထက် ပို၍ နိမ့်ကျသလော။ မနိမ့်ကျပေ။ လူတိုင်းက သမ္မာတရားရှေ့တွင် ညီမျှသည်။ လူတိုင်းက သမ္မာတရားကို လိုက်စားပြီး ရရှိရန် အခွင့်အလမ်းရှိပြီး၊ ဘုရားသခင်က လူတိုင်းကို မျှတစွာနှင့် ကျိုးကြောင်းသင့်စွာ ဆက်ဆံသည်။(အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၅)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ပြခဲ့တယ်။ ဘုရားအိမ်တော်မှာ တာဝန်တွေအတွက် ဂုဏ်အနိမ့်အမြင့် မရှိဘူးဆိုတာပေါ့။ လူတိုင်းက အမှုတော်လိုအပ်တဲ့ အရာကို လိုက်ပြီး မတူညီတဲ့ တာဝန်ကို ယူကြပေမဲ့ အားလုံးက သမ္မာတရားရှေ့မှာ တန်းတူရည်တူပဲ။ ဘယ်နေရာမှာပဲ တာဝန်ထမ်းနေပါစေ၊ ကိုယ့်မှာ ဂုဏ်ရှိရှိ၊ မရှိရှိ ဘုရားနှုတ်ကပတ်တော်တွေက အယောက်စီတိုင်းကို အားဖြည့်ပေးတယ်။ တစ်ယောက်ယောက်ကို ဂုဏ်ကြောင့် မျက်နှာသာပေးတာတွေ သူမလုပ်ဘူး။ ဘုရားက အားလုံးအတွက် သူတို့ရဲ့ လိုအပ်မှုတွေအပေါ် အခြေခံပြီး အခြေအနေ၊ ဖြစ်ရပ်နဲ့ လူအမျိုးမျိုးကို စီစဉ်ပေးတယ်။ သူ့အမှုတော်ကို တွေ့ကြုံပြီး သမ္မာတရားရဲ့ စစ်မှန်မှုထဲ ဝင်ရောက်စေဖို့ပေါ့။ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ သမ္မာတရားကို လက်တွေ့ကျင့်ခွင့်၊ ဝင်ရောက်ခွင့်ကိုမှ သူလုံးဝမနုတ်ယူဖူးဘူး။ ဘုရားက လူတိုင်းအပေါ် မျှတပြီး ဖြောင့်မတ်တယ်။ သမ္မာတရားရဖို့၊ ဘုရားကယ်တင်တာ ခံရဖို့အရေးကို ကိုယ့်တာဝန်က ဆုံးဖြတ်တာ မဟုတ်ဘူး၊ ကိုယ့်လိုက်စားမှုကပဲ လုံးလုံးဆုံးဖြတ်တာ။ ကိုယ်က ခေါင်းဆောင်ဖြစ်နေရင် ဘုရားက သာမန်ယုံကြည်သူတွေကို လျစ်လျူရှုပြီး ကိုယ့်ကို အထူးသဖြင့် ဂုဏ်ပြုမယ်၊ ဉာဏ်အလင်းပေးမယ်လို့ မဆိုလိုဘူး။ ဘုရားက လူတွေရဲ့ လိုက်စားမှုနဲ့ သမ္မာတရားအပေါ် သဘောထားကို အခြေခံပြီး သူတို့ကို ဉာဏ်အလင်းပေး၊ အားဖြည့်ပေးတာ။ ဒီထဲမှာ ကျွန်မတို့ ဘုရားရဲ့ ဖြောင့်မတ်ခြင်းကို မြင်နိုင်တယ်။ လူတိုင်းက မတူတဲ့ တာဝန်တွေ ရှိပြီး မတူတဲ့ အမှုကိစ္စတွေကို ကြုံကြိုက်ရတယ်။ ဒါပေမဲ့ သူတို့ထုတ်ပြတဲ့ မောက်မာ၊ စဉ်းလဲတဲ့ ယိုယွင်းမှု စိတ်သဘောထားအားလုံးက အတူတူပါပဲ။ သမ္မာတရားကို သူတို့လိုက်စားလို၊ လက်တွေ့ကျင့်လိုပြီး ယိုယွင်းမှုကို စွန့်လိုသရွေ့ သမ္မာတရားကို ရနိုင်ပြီး ဘုရားကယ်တင်တာ ခံရနိုင်တယ်။ ဒါပေမဲ့ သမ္မာတရားကို မလိုက်စားဘူး၊ ပြဿနာတွေ ကြုံတဲ့အခါ သမ္မာတရားကို မရှာဖွေ၊ လက်တွေ့မကျင့်ဘူးဆိုရင် ဘယ်တာဝန်ကိုပဲ လုပ်လုပ်၊ ဘယ်လိုပဲ လေ့ကျင့်ခွင့်ရပါစေ သမ္မာတရားနဲ့ ဘုရားရဲ့ ကယ်တင်ခြင်းကို လုံးဝရမှာ မဟုတ်ဘူး။ ကျွန်မလိုပဲပေါ့၊ ခေါင်းဆောင်လုပ်လာတာ နှစ်ချီကြာပြီးတဲ့နောက် အခွင့်အရေး အများကြီး ရှိခဲ့တာတောင် သမ္မာတရား ဘယ်လောက်ကိုများ ကျွန်မတကယ်ရခဲ့လို့လဲ။ အဲဒီလို တာဝန်ပြောင်းခံလိုက်ရတော့ ကျွန်မစိတ်ဆင်းရဲ၊ အထင်လွဲပြီး စောဒက တက်ခဲ့တယ်။ ဘုရားကို နည်းနည်းမှ မနာခံခဲ့သလို သမ္မာတရား စစ်မှန်မှုလည်း လုံးဝမရှိခဲ့ဘူး။ ကျွန်မက အကောင်းဆုံး သာဓကဖြစ်နေခဲ့တာ။ ဒါတောင်မှ ကယ်တင်ခြင်းအတွက် ဂုဏ်လိုအပ်တယ်လို့ မိုက်မိုက်မဲမဲ ဆက်တွေးနေခဲ့တုန်းပဲ။ ဂုဏ်ကြောင့် ကျွန်မတကယ် သွေးနားထင်ရောက်ခဲ့တာ။ ညီအစ်ကိုမောင်နှမတချို့ဆို ခေါင်းဆောင် လုံးဝမဖြစ်ဖူးပေမဲ့ သမ္မာတရားကို ဆက်လိုက်စားကြတယ်၊ တာဝန်မှာ ဝန်တာထားကြတယ်။ ရုတ်တရက် တစ်ခုခုဖြစ်လာရင် သမ္မာတရားကို ရှာတယ်၊ သူတို့သိတဲ့ သမ္မာတရားတွေကို လုပ်ကြတယ်။ သူတို့ပြတဲ့ ယိုယွင်းမှုက တဖြည်းဖြည်း နည်းလာပြီး ဘုရားကို ပိုပို နာခံလာကြတယ်။ သူတို့မှာ ဘုရားနှုတ်ကပတ်တော်တွေကို အသက်ရှင်နေထိုင်တဲ့ သက်သေခံချက်အစစ် ရှိတယ်။ ဒါကို ဘုရားလက်ခံပြီး အားရဝမ်းမြောက်တာ။ ဘုရားပြောထားတာတစ်ခုကို အမှတ်ရသွားတယ်။ “အကယ်၍ သင်စစ်မှန်စွာ လိုက်စားပါက ငါသည် သင့်အား အသက်လမ်းကို အလုံးစုံပေးလိုပြီး သင့်အား ရေထဲသို့ ပြန်လွှတ်ပေးသော ငါးတစ်ကောင်ကဲ့သို့ ဖြစ်စေရန် ငါသည် လိုလားလျက်ရှိသည်။ အကယ်၍ သင်စစ်မှန်စွာ မလိုက်စားပါက အရာခပ်သိမ်းကို ငါပြန်ယူမည်။ သက်သောင့်သက်သာဖြစ်ခြင်းကို လောဘကြီးသောသူများနှင့် ဝက်များနှင့် ခွေးများကဲ့သို့သောသူများကို ငါ နှုတ်မှလာသော နှုတ်ကပတ်တော်များကို ပေးရန် ငါအလိုမရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း) သခင်ယေရှုကလည်း တစ်ခါက ပြောဖူးတယ်၊ “အကြောင်းမူကား၊ အကြင်သူသည်ရတတ်၏။ ထိုသူ၌ ကြွယ်ဝပြည့်စုံစေခြင်းငှါ ပေးဦးမည်။ အကြင်သူ သည် ဆင်းရဲ၏။ ထိုသူ၌ရှိသမျှကိုပင် နှုတ်လိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၅:၂၉) ဘုရားက ကျွန်မတို့အပေါ် မျှတ၊ ဖြောင့်မတ်တယ်၊ သမ္မာတရားက ဘက်မလိုက်ဘူး။ သာမန်ယုံကြည်သူတွေနဲ့ ခေါင်းဆောင်တွေမှာ သမ္မာတရား ရနိုင်တဲ့ အခွင့်အရေးအတွေ တန်းတူရှိကြတာ။ အဓိကကျတာက သမ္မာတရားကို လိုက်စားဖို့ သန္နိဋ္ဌာန်ရှိသလား၊ သမ္မာတရားကို လက်တွေ့ကျင့်နိုင်သလား ဆိုတာပဲ။ ဒါကို နားလည်သွားတော့ ကျွန်မတကယ် ဉာဏ်ပွင့်သွားတယ်။ အရင်ကဆို ခေါင်းဆောင်မဟုတ်ရင် လက်တွေ့ကျင့်ခွင့်တွေ သိပ်ရမှာ မဟုတ်တော့ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက် ပိုနည်းသွားမယ်ဆိုပြီး မြဲစိုးရိမ်နေခဲ့တာ။ ဘုရားက ကျွန်မကို ဖယ်ရှားချင်တယ်၊ မကယ်ချင်တော့ဘူးလို့တောင် ကျွန်မထင်ခဲ့တာ။ အဲဒါတွေက ဘုရားအပေါ် ကျွန်မရဲ့ အယူအဆတွေနဲ့ စိတ်ကူးတွေပဲ၊ ဘုရားကို စော်ကားမှုပဲ။ ဘုရားရဲ့ ထက်သန်တဲ့ ရည်ရွယ်ချက်တွေကို ကျွန်မလုံးဝ နားမလည်ခဲ့ဘူး။ တကယ် တွေးကြည့်မယ်ဆိုရင် ယုံကြည်လာတဲ့ ဒီနှစ်တွေမှာ လိုက်စားမှုအမှားရဲ့ စေ့ဆော်တာကို ကျွန်မခံနေခဲ့ရတာ။ ကောင်းချီးပေးခံရဖို့ တာဝန်ထမ်းရင်း၊ ကျွန်မမှာ လိုက်စားမှုကောင်း ရှိတယ်လို့ တွေးရင်းပေါ့။ ကိုယ့်ပုံရိပ်အမှားရဲ့ လှည့်ဖြားတာကို ခံရပြီး ကိုယ့်ကိုယ်ကိုယ် မသုံးသပ်ခဲ့၊ လုံးဝ မသိခဲ့ဘူး။ ကျွန်မရဲ့တာဝန် ပြောင်းခံလိုက်ရတော့ ယုံကြည်ခြင်းမှာ ကျွန်မရဲ့ မှားနေတဲ့ ရှုထောင့်က ဖော်ထုတ်ခံလိုက်ရတာပဲ။ နောက်ဆုံးတော့ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပြီး သိဖို့ ဘုရားရှေ့မှောက် ကျွန်မလာခဲ့တယ်။ ကိုယ့်ယိုယွင်းမှုနဲ့ ကိုယ့်ရှုထောင့်ထဲက ပြဿနာတွေကို နည်းနည်နားလည်သွားတယ်၊ ဘုရားရဲ့ ဖြောင့်မတ်ခြင်းကိုလည်း မြင်သွားတယ်။ ဘုရားက ဘယ်သူတွေကို ကယ်ပြီး ဘယ်သူတွေကို ဖယ်ရှင်းတယ်ဆိုတာကိုလည်း သိသွားတယ်။ ဘုရားအပေါ် နာခံမှုတချို့လည်း ရှိလာခဲ့တယ်။ ဒီအခြေအနေက ကျွန်မအတွက် ဘုရားရဲ့ ကာကွယ်ခြင်းနဲ့ ကယ်တင်ခြင်း အတိအကျပါပဲ။

နောက်တော့ ဝင်ရောက်မှု လမ်းကို ကျွန်မတွေ့အောင် ကူညီပေးခဲ့တဲ့ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မဖတ်ခဲ့ရတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “ဘုရားသခင်သည် လူ၏ ချစ်ခြင်းနှင့် ထိုက်တန်သည့်အတွက်၊ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါ တစ်ဦးအနေနှင့်၊ လူသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန် ကြိုးစားသင့်ပြီး၊ အခြားမည်သည့် ရွေးချယ်မှုမျှ မပြုဘဲ ဘုရားသခင်ကို ချစ်ရန် ကြိုးစားသင့်ပေသည်။ ဘုရားသခင်အား ချစ်ရန် ကြိုးစားသောသူတို့သည် မည်သည့်ပုဂ္ဂိုလ်ရေး အကျိုးအမြတ်များ ကိုမျှ မရှာဖွေသင့်ပေ သို့မဟုတ် ၎င်းတို့ ကိုယ်ရေးကိုယ်တာ တောင့်တသည့်အရာများကို မရှာဖွေသင့်ပေ။ ဤသည်မှာ လိုက်စားခြင်း၏ အမှန်ကန်ဆုံးသော နည်းလမ်း ဖြစ်သည်။ သင် ဖွေရှာသော အရာသည် သမ္မာတရားဖြစ်ပါက၊ ပြီးလျှင် သင်လက်တွေ့လုပ်ဆောင်သောအရာသည် သမ္မာတရား ဖြစ်ပါက၊ ပြီးလျှင် သင် ကြိုးပမ်းရရှိသော အရာသည် သင်၏ စိတ်သဘောထားထဲ ပြောင်းလဲခြင်းတစ်ခု ဖြစ်ပါက၊ သင် နင်းလျှောက်သော လမ်းကြောင်းသည် မှန်ကန်သော လမ်းကြောင်းတစ်ခု ဖြစ်သည်။...သင်သည် စုံလင်စေခြင်း ခံရမည် သို့မဟုတ် သုတ်သင်ပယ်ရှင်းခြင်း ခံရမည်မှာ သင်ကိုယ်တိုင်၏ လိုက်စားခြင်းအပေါ် မူတည်သည်၊ ယင်းမှာ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူ လျှောက်လှမ်းသော လမ်းကြောင်းအပေါ်တွင် မူတည်သည်ဟုလည်း ဆိုရမည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်) ဘုရားနှုတ်ကပတ်တော်တွေထဲမှာ လက်တွေ့ကျင့်ဖို့ လမ်းကြောင်း ရှာတွေ့ခဲ့တယ်။ ကျွန်မက ဖန်ဆင်းခံ သတ္တဝါလေ။ ဒီတော့ ဘုရားဘာပဲစီစဉ်ပေးပါစေ သူ့အုပ်စိုးမှုနဲ့ အစီအစဉ်တွေကို ကျွန်မနာခံရမှာ။ ကောင်းချီးနဲ့ ဆုတွေအတွက်ပဲ ယုံကြည်ခြင်းရှိပြီး တာဝန်ထမ်းလို့ မရဘူး။ ကျွန်မ ကယ်တင်ခြင်း ရနိုင်သည်ဖြစ်စေ၊ မရနိုင်သည်ဖြစ်စေ၊ ကောင်းချီးရရ၊ မရရ အသက်ရှင်နေသရွေ့ သမ္မာတရားနဲ့ ဘုရားအပေါ် သိကျွမ်းခြင်းကို လိုက်စားသင့်တယ်။ အဆုံးမှာ ကျွန်မက ဘုရားငြင်းပယ်တာ၊ ဖယ်ရှားတာ ခံရရင်တောင် အဲဒါက သူ့ဖြောင့်မတ်ခြင်း ဖြစ်မှာပဲ။ ဘုရားအလိုတော်ကို နားလည်သွားတဲ့နောက် ဘယ်တာဝန်ပဲ ထမ်းဆောင်ရပါစေ သိပ်စိတ်မထိခိုက်တော့ဘူး။ အသင်းတော်ရဲ့ စီစဉ်မှုတွေကို အေးအေးဆေးဆေး လက်ခံနိုင်ခဲ့တယ်။

ဒီအခြေအနေကြောင့် ပေါ်လာတာတွေကနေတစ်ဆင့် ကျွန်မရဲ့ ယုံကြည်ခြင်းကို လိုက်စားမှုရဲ့ ရှုထောင့်အမှားတွေကို သင်ယူခဲ့ရတယ်။ ကယ်တင်ခံရနိုင်၊ မခံရနိုင်ဆိုတာက ဂုဏ်တို့၊ အလုပ်ဘယ်လောက် လုပ်ထားသလဲတို့အပေါ် မမူတည်တာကိုလည်း သင်ယူခဲ့ရတယ်။ အဓိကကျတာက သမ္မာတရားကို ရထားသလား၊ ဘုရားကို တကယ်နာခံတဲ့ သူဟုတ်သလားဆိုတာပဲ။ ကိုယ့်ယုံကြည်ခြင်းမှာ သမ္မာတရား ရနိုင်သလား၊ အသက်စိတ်သဘောထား အပြောင်းအလဲ ရှိနိုင်သလားကပဲ တကယ်အရေးကြီးတာပါ။ အဲဒီအချိန်ကစပြီး ဘုရားကျေနပ်အောင် လက်တွေ့ကျကျနဲ့ ကိုယ့်တာဝန်ကို ထမ်းချင်တော့တယ်။ ဘုရားကျေးဇူးတော်ပါပဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

အလိမ်အညာစကားလုံးများ၏နောက်ကွယ်တွင် မည်သည့်အရာများ ရှိနေသနည်း

ဟယ်ဇေမြို့၊ ရှန်ဒုန်းနယ်မှ ရှောင်ကျင်း ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်မတို့ကို ရိုးသားပြီး အမှန်အတိုင်း တိတိကျကျ ပြောဖို့ မိန့်တော်မူသည်ကို...

မနာလိုမှု အနှောင်အဖွဲ့များမှ လွတ်မြောက်ခြင်း

ကျိုင်းလင် ဖိလစ်ပိုင်နိုင်ငံ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။...

စိတ်နှလုံး၏ လွတ်မြောက်ခြင်း

ကျန်ရှင်း အမေရိကန်နိုင်ငံ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ မှာ ကျွန်မ ခင်ပွန်းနဲ့ ကျွန်မတို့က နိုင်ငံခြားမှာ ရှိနေတုန်း ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ...

ဧဝံဂေလိဖြန့်ဝေခြင်း လမ်းကြမ်း (၂)

မြန်မာနိုင်ငံ အမ်းရှင်း ၂၀၂၂ခုနှစ်၊ စက်တင်ဘာလမှာ ယုံကြည်သူသစ်တစ်ယောက်က ကျွန်မတို့ကို သူ့မိဘတွေရဲ့ ရွာဆီ ဧဝံဂေလိဟောဖို့ ခေါ်သွားတယ်။ အဲဒီမှာ...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။