ဖျောက်ဖျက်မရတဲ့ နောင်တ

16.12.2025

ပန်လီ၊ တရုတ်ပြည်

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလက တစ်နေ့မှာပေါ့၊ အသင်းတော်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကျောက်ကျွင်းကို ရဲတွေက ဖမ်းသွားတယ်လို့ ကျွန်မကြားခဲ့တယ်။ ကျောက်ကျွင်းရဲ့ အသင်းတော်အခြေအနေကို ကျွန်မက တော်တော်လေးရင်းနှီးနေတာကြောင့် ဘာတွေဖြစ်ခဲ့လဲ၊ ကျောက်ကျွင်း ဘယ်လိုအဖမ်းခံခဲ့ရလဲဆိုတာကို၊ သွားပြီးနားလည်အောင်လုပ်ဖို့နဲ့ နောက်ဆက်တွဲကို အချိန်မီကိုင်တွယ်တဲ့အလုပ်ကိုလုပ်ဖို့ ကျွန်မကို အထက်ခေါင်းဆောင်က တာဝန်ပေးခဲ့တယ်။ ဒီတာဝန်ကို လက်ခံပြီးတဲ့နောက်မှာ ကျွန်မ နည်းနည်းကြောက်စိတ်ဝင်သွားပြီး တွေးမိတယ်၊ “ကျောက်ကျွင်း အခုလေးတင် အဖမ်းခံသွားရတာကို ကြည့်ရင်၊ ငါ အခု အဲဒီအသင်းတော်ကို သွားတာက အရမ်းအန္တရာယ်များမှာပဲ။ ငါတို့အသင်းတော်ကို စောင့်ကြည့်နေတဲ့ ရဲအရာရှိတွေက ငါ့ကိုဖမ်းမိသွားရင် ဘယ်လိုလုပ်မလဲ။ ငါ ထောက်ချောက်ထဲကို တည့်တိုးဝင်သွားမှာ မဟုတ်ဘူးလား” လို့ပေါ့။ ဒါပေမဲ့ နောက်တော့ ကျောက်ကျွင်းက လူတွေ၊ ဧည့်ခံတဲ့မိသားစုတွေ အများကြီးနဲ့ အဆက်အသွယ်ရှိခဲ့တာကို ကျွန်မတွေးမိတယ်၊ အခု သူအဖမ်းခံလိုက်ရတော့ သူတို့အားလုံး အန္တရာယ်ရှိနေပြီလေ။ လူတိုင်းကို ချက်ချင်းကြိုတင်ကာကွယ်မှုတွေယူဖို့ အသိပေးရမယ်ဆိုတာ ကျွန်မသိလိုက်တယ်။ ဆုံးဖြတ်ပြီးသွားတော့ ညီအစ်ကိုမောင်နှမတွေကို အသိပေးဖို့ အသင်းတော်ဆီကို ကျွန်မ အမြန်ဆုံးထွက်လာခဲ့တယ်။ နောက်နေ့ကျတော့ အရင်ညက ကျွန်မသွားလည်ခဲ့တဲ့ ဧည့်ခံတဲ့မိသားစုနှစ်စုမှာ ပြဿနာတွေ တက်ခဲ့တယ်ဆိုတာကို ကျွန်မသိလိုက်ရတယ်။ ကျွန်မထွက်သွားပြီး မကြာခင်မှာပဲ မိသားစုတစ်စုရဲ့အိမ်က ဝင်စီးခံရပြီး နောက်မိသားစုက လင်ရောမယားရော နှစ်ယောက်စလုံး အဖမ်းခံလိုက်ရတယ်။ ကျွန်မသာ နည်းနည်းလေး နောက်ကျမှ ထွက်ခဲ့ရင် ကျွန်မလည်း အဖမ်းခံခဲ့ရမှာပဲ။ ဒီဇင်ဘာလမှာ တခြားအသင်းတော်တွေမှာ နောက်ထပ် အကြီးစားဖမ်းဆီးမှုတွေ တသီတတန်း ဖြစ်ခဲ့တယ်။ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေအပါအဝင် ညီအစ်ကိုမောင်နှမ သုံးဆယ်ကျော်နဲ့အတူ၊ ကျွန်မနဲ့ တွဲဖက်လုပ်တဲ့ ညီအစ်မရော၊ တစ်ယောက်ပြီးတစ်ယောက် အဖမ်းခံခဲ့ရတယ်။ ဒါက အရမ်းအန္တရာယ်များတဲ့ အခြေအနေဖြစ်ပြီး မမြင်နိုင်တဲ့ အန္တရာယ်တွေရှိနေတဲ့ တခြားညီအစ်ကိုမောင်နှမတွေကို ပုန်းရှောင်ဖို့နဲ့ ဘုရားနှုတ်ကပတ်တော်စာအုပ်တွေကို တခြားသူတွေဆီ လုံခြုံအောင်လွှဲပြောင်းထားဖို့ လိုအပ်တယ်ဆိုတာကို အသိပေးရမှာက အရေးကြီးဆုံးပဲ။ အဲဒီအချိန်တုန်းက အသင်းတော်တချို့နဲ့ ကျွန်မတို့ အဆက်အသွယ်ပြတ်နေပြီ၊ ဘုရားနှုတ်ကပတ်တော်စာအုပ်တွေနဲ့ အသင်းတော်ပိုင်ပစ္စည်းတွေကို ထားဖို့ သင့်တော်တဲ့အိမ်တွေလည်းမရှိဘူး၊ ပြီးတော့ ကျွန်မတို့ ညီအစ်ကိုမောင်နှမတချို့ကလည်း ဘေးကင်းတဲ့ ဧည့်ခံတဲ့နေအိမ်တွေ မရှိကြဘူး။ ဒီလိုခက်ခဲတဲ့အခြေအနေနဲ့ ရင်ဆိုင်ရတော့ ကျွန်မ တော်တော်လေး အားနည်းပြီး ကြောက်ရွံ့စိတ်နဲ့ နေမထိထိုင်မထိဖြစ်ခဲ့ရတယ်။ ကျွန်မက အချိန်မရွေး အဖမ်းခံရနိုင်သလို ထင်ခဲ့ရတယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါသာ ဒီလိုငယ်ငယ်ရွယ်ရွယ်နဲ့ အဖမ်းခံရပြီး အရိုက်သတ်ခံလိုက်ရရင် ဘယ်လိုလုပ်မလဲ”ပေါ့။ တစ်နေ့လုံး မှုန်ကုပ်ကုပ်မျက်နှာနဲ့ ဖြတ်သန်းခဲ့ရပြီး တစ်ရက်တစ်ရက်က တစ်နှစ်လောက်ကြာသလို ထင်ခဲ့ရတယ်။ ဒီအခြေအနေက ဘယ်တော့များမှ ရပ်သွားမလဲလို့ ကျွန်မ တွေးနေမိတယ်။ အဲဒီအချိန်မှာ၊ ယုံကြည်သူတွေကို ဖမ်းဆီးဖို့ သီးသန့်ရည်ရွယ်ချက်နဲ့ ပြည်နယ်အဆင့်ကနေ အထူးရဲအင်အား ဒါဇင်နဲ့ချီပြီး ရောက်လာတယ်လို့ ကျွန်မကြားလိုက်ရတယ်။ ကျွန်မ ပိုပြီးတော့တောင် စိတ်လှုပ်ရှားပြီး ကြောက်လာတယ်၊ “ငါက အဖမ်းခံရဖို့ လိုက်ရှာခံနေရပြီးသား၊ ဒီတော့ စာအုပ်တွေ ပြောင်းရွှေ့ပေးတာက ရဲတွေဆီကို ကိုယ့်ကိုယ်ကိုယ် အပ်လိုက်တာ ဖြစ်မနေဘူးလား။ သူတို့က ငါ့နောက်ကိုလိုက်ပြီး ဖမ်းလိုက်ရင် ရဲတွေက ငါ့ကို လွယ်လွယ်နဲ့တော့ အလွတ်ပေးမှာမဟုတ်ဘူး။ စီစီပီက အပြစ်ပေးမခံရဘဲ ယုံကြည်သူတွေကို သတ်ဖြတ်နိုင်တယ်၊ သူတို့က ငါ့ကိုဖမ်းမိရင် ငါ့ကို ရိုက်သတ်ကြမှာလား။ ငါ ဘုရားကို ဒီလောက်နှစ်တွေအကြာကြီး ယုံကြည်ပြီး စွန့်လွှတ်အသုံးခံခဲ့တာတွေက၊ အရိုက်သတ်ခံရဖို့အတွက်ပဲလား။ ငါ ကယ်တင်ခြင်းကို ရနိုင်ပါဦးမလား။ မရနိုင်ခဲ့ရင် ငါဒီနှစ်တွေအကြာကြီး ဒုက္ခခံခဲ့ရတာတွေအားလုံးက အလကားဖြစ်သွားမှာ မဟုတ်ဘူးလား။ ငါ့ကို ထောင်ဒဏ်နှစ်နဲ့ချီပြီး ချလိုက်ရင် ထောင်ထဲမှာ အသက်အတွက် ဘယ်လိုတောင့်ခံရမလဲ”လို့ တွေးမိတယ်။ အဲဒီလိုအခြေအနေမျိုးတွေမှာ အသက်ရှင်ရတာထက် သေတာကမှ ပိုကောင်းမယ့် ထောင်ထဲကဘဝအကြောင်းကို ကျွန်မ မတွေးရဲဘူး။ ကျွန်မဟာ အတောမသတ်တဲ့ထိတ်လန့်မှုတွေနဲ့ အသက်ရှင်နေခဲ့ပြီး စာအုပ်တွေကို မပြောင်းရွှေ့ရဲခဲ့ဘူး။ ဒီတော့ ကျွန်မက ညီအစ်ကိုလီယိဆီကို စာတစ်စောင်ရေးပြီး စာအုပ်တွေကို အမြန်ဆုံးပြောင်းရွှေ့ပေးဖို့ သူ့ကို တောင်းဆိုခဲ့တယ်။ ဒါပေမဲ့လည်း စာနည်းနည်းပါးပါးရေးပြီးတဲ့နောက်မှာ သူ့ဆီကနေ ဘာအကြောင်းပြန်ချက်မှ ကျွန်မမရခဲ့ဘူး။ နောက်ထပ် သုံးလေးရက်ကြာသွားပေမဲ့ စာအုပ်တွေက မပြောင်းရွှေ့ရသေးဘူး။ ကျွန်မတာဝန်မှာ တာဝန်မဲ့တယ်ဆိုပြီး အထက်ခေါင်းဆောင်က ကျွန်မကို အပြစ်တင်မှာကို ကျွန်မစိုးရိမ်ခဲ့တယ်၊ ဒါကြောင့် နောက်ဆက်တွဲကို ကိုင်တွယ်ဖို့ တခြားတစ်ယောက်ယောက်ကို တာဝန်ပေးဖို့ ခေါင်းဆောင်ကို ကျွန်မတောင်းဆိုခဲ့တယ်။ ကိုယ့်ရဲ့ကိုယ်ပိုင်ရည်ရွယ်ချက်နဲ့ စေ့ဆော်မှုတွေကို ဖုံးကွယ်ဖို့အတွက် ကျွန်မက ပြောခဲ့တာက၊ ကိုယ့်ရဲ့ဝိညာဉ်အရွယ်အစားက ငယ်သေးတယ်၊ ဒီလိုအခြေအနေမျိုးမှာ အတွေ့အကြုံမရှိဘူး၊ ပြီးတော့ အလုပ်ရဲ့ကဏ္ဍတချို့အတွက် တခြားတစ်ယောက်ယောက်နဲ့ ဆွေးနွေးတိုင်ပင်ဖို့လိုတယ်။ ဒီလိုဆိုရင် ခေါင်းဆောင်က ကျွန်မဟာ တာဝန်ကို အကောင်းဆုံးထမ်းဆောင်နေပြီး အသင်းတော်အလုပ်မှာ ဝန်တာခံယူတယ်လို့ ထင်သွားမှာပဲ။ အဲဒီလိုဆိုရင် ပြဿနာတွေပေါ်လာခဲ့ရင်တောင် ခေါင်းဆောင်က ကျွန်မကို အပြစ်တင်မှာမဟုတ်ဘူးလေ။ မကြာခင်မှာပဲ ကျွန်မခေါင်းဆောင်က ညီအစ်မယွင်ချင်းကို နောက်ဆက်တွဲ ကိုင်တွယ်ဖြေရှင်းရာမှာ ကျွန်မနဲ့အတူတွဲဖက်လုပ်ဆောင်ဖို့ တာဝန်ပေးခဲ့တယ်။

အဲဒီနောက်မှာ အခြေအနေက တစ်နေ့ထက်တစ်နေ့ ပိုပြီးတင်းမာလာခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေ အဖမ်းခံရတာကို သတင်းပို့တာတွေက တစ်ခုပြီးတစ်ခု ဝင်လာသလို ရဲတွေက ညီအစ်ကိုမောင်နှမတွေအများကြီးရဲ့ သတင်းအချက်အလက်တွေကို ရရှိထားတယ်လို့လည်း ကျွန်မကြားခဲ့တယ်။ ညီအစ်ကိုမောင်နှမအားလုံးကို ချက်ချင်းပုန်းရှောင်ကြဖို့ အဖွဲ့ခေါင်းဆောင်တွေကို စာရေးပြီး ကျွန်မတိုက်တွန်းခဲ့ပေမဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ လုံခြုံရေးကို စိုးရိမ်ပူပန်ပေးနိုင်တဲ့ အခြေအနေမှာကို ကျွန်မမရှိခဲ့ဘူး။ ကျွန်မ အရမ်းကို စိတ်သောကရောက်ပြီး ကြောက်ရွံ့နေခဲ့တယ်၊ သိပ်မကြာတဲ့ တစ်နေ့မှာ ကျွန်မလည်း အဖမ်းခံရမှာကို စိုးရိမ်ပြီး ဒါကြောင့် အသေးစိတ်လုပ်ရမယ့်အလုပ်တချို့ကိုလုပ်ဖို့ပျက်ကွက်ခဲ့တယ်၊ ပုန်းရှောင်ဖို့လိုတဲ့သူတွေကိုလည်း သင့်တော်သလို အသိမပေးနိုင်ခဲ့ဘူး၊ အကျိုးဆက်အနေနဲ့ ဝမ်လန်ဆိုတဲ့ ညီအစ်မတစ်ယောက် အဖမ်းခံလိုက်ရတယ်။ နောက်ပိုင်းမှာ သူ့ကို အိမ်ပြန်လွှတ်ပေးခဲ့ပြီး ဆယ်နာရီအတွင်းမှာပဲ သူသေဆုံးသွားခဲ့တယ်။ ကျွန်မ အရမ်းအပြစ်ရှိသလို ခံစားခဲ့ရတယ်၊ ကျွန်မသာ ဝမ်လန်ကို ပုန်းရှောင်ဖို့လိုကြောင်း အချိန်မီအသိပေးဖို့ နည်းနည်းလေးပိုပြီး အားထုတ်ခဲ့ပြီး၊ တာဝန်ကို ထိန်းသိမ်းခဲ့မယ်ဆိုရင်၊ သူအဖမ်းခံရပြီး သေဆုံးသွားမှာမဟုတ်လောက်ဘူး။ ဝမ်လန်အဖမ်းခံရတာ ကျွန်မမှာ တာဝန်ရှိတယ်။ ဒီအတွက် ဘာဆင်ခြေမှ ပေးစရာမရှိဘူး။

မကြာခင်မှာပဲ အထက်ခေါင်းဆောင်က ညီအစ်ကိုမောင်နှမတွေ ကျွန်မအကြောင်းရေးထားတဲ့ တိုင်စာတစ်စောင်နဲ့ ကျွန်မဆီကို ရောက်လာခဲ့တယ်၊ အရေးအကြီးဆုံးအချိန်မှာ ကျွန်မက ညီအစ်ကိုမောင်နှမတွေကို မကာကွယ်ခဲ့ဘူး၊ ဘုရားနှုတ်ကပတ်တော်စာအုပ်တွေကို အချိန်မီမပြောင်းရွှေ့ခဲ့ဘူး၊ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းကောင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခဲ့တယ်၊ ပြီးတော့ အသင်းတော်အလုပ်ကို မကာကွယ်မထိန်းသိမ်းခဲ့ဘူးဆိုတာတွေကို ဖော်ထုတ်ထားခဲ့တယ်။ နောက်တော့ ခေါင်းဆောင်က နေရာမှာတင် ကျွန်မကို ချက်ချင်းဖြုတ်ချလိုက်တယ်။ အဲဒီအချိန်တစ်လျှောက်လုံး ကျွန်မဟာ ကြောက်ရွံ့ခြင်းထဲမှာ အသက်ရှင်နေခဲ့ပြီးစစ်မှန်တဲ့အလုပ်ကို မလုပ်ခဲ့ဘူးဆိုတာကို ကျွန်မသဘောပေါက်ခဲ့တယ်။ ကျွန်မ ဖြုတ်ချခံထိုက်ပါတယ်။ ကျွန်မရဲ့ ဆက်ကပ်ခြင်းတွေနဲ့ ဆင်ခြင်သုံးသပ်ခြင်းတွေကြားထဲမှာ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မတွေ့ခဲ့ရတယ်၊ “ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရမည့် ပထမဆုံး အခြေခံကျသောအရာမှာ ဘုရားအိမ်တော်၏ ရုပ်ဝတ္ထုပစ္စည်းအမျိုးမျိုးကို ကောင်းစွာ စောင့်ရှောက်ရန်၊ ဘုရားအိမ်တော်အတွက် ကောင်းစွာ စိစစ်ပြီး စောင့်ကြပ်ပေးရန်၊ မည်သည့်ပစ္စည်းကိုမျှ ပျက်စီးခြင်း၊ ဖြုန်းတီးခြင်း သို့မဟုတ် ဆိုးယုတ်သောလူများ၏ သိမ်းယူခြင်းကို မခံရစေခြင်း ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် ရွေးချယ်ခံရသည်နှင့်တစ်ပြိုင်နက် ဘုရားအိမ်တော်က သင့်ကို ၎င်း၏ ဘဏ္ဍာစိုးအဖြစ် မှတ်ယူသည်။ သင်သည် စီမံခန့်ခွဲရေးအဆင့်တွင် ရှိသူဖြစ်ပြီး သင်ထမ်းဆောင်ရသော အလုပ်တာဝန်မှာ အခြားသူများထက် ပို၍ ကြီးလေးသည်။ သင်သည် ကြီးမားသော တာဝန်တစ်ခုကို ထမ်းဆောင်ရသည်။ ထို့ကြောင့် သင်၏ သဘောထားတိုင်း၊ သင်၏ လုပ်ဆောင်ချက်တိုင်း၊ ပြဿနာများကို ကိုင်တွယ်ခြင်းအတွက် သင်၏ အစီအစဉ်တိုင်းနှင့် ပြဿနာများကို ဖြေရှင်းခြင်းအတွက် သင်၏ နည်းလမ်းတိုင်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် သက်ဆိုင်ပေသည်။ သင်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထည့်ပင်မစဉ်းစားလျှင် သို့မဟုတ် နှလုံးမသွင်းလျှင် သင်သည် သူ့အိမ်တော်၏ ဘဏ္ဍာစိုးတစ်ဦး ဖြစ်ရန် မသင့်တော်ပေ။...သို့ဖြစ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များကို ရွေးချယ်ခြင်းနှင့် ပတ်သက်လာသည့်အခါ လူ့သဘာဝ ရှုထောင့်မှ ဤအရာကို ကြည့်လျှင် ၎င်းတို့ ပိုင်ဆိုင်သင့်သည့် အခြေခံအကျဆုံးအရာမှာ အဘယ်နည်း။ ၎င်းတို့သည် အသိစိတ်နှင့် တရားမျှတစိတ် ရှိရမည်ဖြစ်ပြီး ၎င်းတို့၏ ရည်ရွယ်ချက်က မှန်ကန်ရမည်။ ၎င်းတို့၏ လူ့သဘာဝသည် ဦးစွာ အရည်အချင်းပြည့်မီရမည်။ ၎င်းတို့တွင် အလုပ်လုပ်နိုင်စွမ်း မည်မျှ ပိုင်ဆိုင်သည်ဖြစ်စေ၊ မည်သည့် အစွမ်းအစအဆင့်ကို ပိုင်ဆိုင်သည်ဖြစ်စေ ထိုသို့သောလူစားမျိုးသည် ကြီးကြပ်ရေးမှူးများအဖြစ် အစေခံပါက ဘဏ္ဍာစိုးများအဖြစ် စံနှုန်းပြည့်မီလိမ့်မည်။ အနည်းဆုံးအားဖြင့် ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် ညီအစ်ကိုမောင်နှမများ၏ ဘုံအကျိုးစီးပွားများကို ထိန်းသိမ်းနိုင်လိမ့်မည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ၏ အကျိုးစီးပွားများကို လုံးဝ သစ္စာဖောက်မည်မဟုတ်သည့်အပြင်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကိုလည်း သစ္စာဖောက်မည် မဟုတ်ပေ။ ဘုရားအိမ်တော်နှင့် ညီအစ်ကိုမောင်နှမများ၏ အကျိုးစီးပွားများ ထိခိုက်နစ်နာတော့မည့်အချိန်တွင်၊ ၎င်းတို့သည် ကြိုတင်စဉ်းစားထားပြီးဖြစ်လိမ့်မည်ဖြစ်ပြီး ထိုသို့ပြုလုပ်ခြင်းက ၎င်းတို့၏ ကိုယ်ပိုင်ဘေးကင်းလုံခြုံရေးကို ထိခိုက်စေမည်ဆိုလျှင်ပင် သို့မဟုတ် ၎င်းတို့အား အဖိုးအခပေးရန် သို့မဟုတ် ဆင်းရဲဒုက္ခခံရန် လိုအပ်စေမည်ဖြစ်လျှင်ပင် ပထမဆုံး ရှေ့ထွက်ပြီး ယင်းတို့ကို ကာကွယ်မည့်သူများ ဖြစ်လိမ့်မည်။ ဤအရာများအားလုံးသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူတို့ လုပ်ဆောင်နိုင်သည့်အရာများ ဖြစ်ကြသည်။ အချို့သော အယောင်ဆောင်ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အန္တရာယ်ရှိသော အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ မိမိတို့ကိုယ်ကို ဖုံးကွယ်ရန် ဘေးကင်းသောနေရာတစ်ခုကို အလျင်အမြန် ရှာဖွေကြသော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များ၊ လက်ကိုင်ဖုန်းများ၊ ကွန်ပျူတာများ၊ စသည့် ဘုရားအိမ်တော်၏ အရေးကြီးသော ပစ္စည်းများနှင့်ပတ်သက်၍မူ ၎င်းတို့က ဂရုမစိုက်သည့်အပြင် မေးမြန်းခြင်းလည်း မရှိကြပေ။ အကယ်၍ ၎င်းတို့ အဖမ်းခံရခြင်းက အသင်းတော်အလုပ်၏ ပိုကြီးမားသော အခြေအနေအား မည်သို့ သက်ရောက်မှုရှိမည်ကို ၎င်းတို့ စိုးရိမ်ခဲ့ပါက ဤအရာများကို ကိုင်တွယ်ရန် အခြားသူများကို ၎င်းတို့ စေလွှတ်နိုင်ခဲ့ကြပေမည်။ သို့သော် ဤအယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့၏ ကိုယ်ပိုင်ဘေးကင်းလုံခြုံရေးအတွက်သာ ပုန်းအောင်းကြသည်။ ၎င်းတို့သည် သေလောက်အောင် ကြောက်လန့်ကြပြီး မိမိတို့၏ ဘေးကင်းလုံခြုံရေးကို သေချာစေရန်အလို့ငှာ ၎င်းတို့ လုပ်နိုင်သည့်အရာကို မလုပ်ဆောင်ကြပေ။ ထို့ကြောင့် အန္တရာယ်ရှိသော အခြေအနေများ ပေါ်ပေါက်လာသည့်အခါ အယောင်ဆောင်ခေါင်းဆောင်များ၏ ပေါ့ဆမှု၊ မလုပ်ဆောင်မှုနှင့် တာဝန်မဲ့မှုတို့ကြောင့် ဘုရားအိမ်တော်၏ ပစ္စည်းအမျိုးမျိုးနှင့် ဘုရားသခင်ကိုပေးသည့် အလှူငွေများကို အဆင်းနီသော နဂါးကြီးက လုယက်ပြီး ယူဆောင်သွားကာ ကြီးလေးသော ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေသည့် ဖြစ်ရပ်များစွာ ရှိလေသည်။ အသင်းတော်၌ ထိုအခြေအနေများ ပေါ်ပေါက်လာသည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ပထမဆုံး အတွေးမှာ ဘုရားအိမ်တော်၏ စက်ကိရိယာများနှင့် ပစ္စည်းများကို သင့်တော်သောနေရာများတွင် ထားရှိရန်၊ စီမံခန့်ခွဲရန်အတွက် သင့်တော်သောလူများထံသို့ လွှဲပြောင်းပေးရန် ဖြစ်သင့်သည်၊ အဆင်းနီသော နဂါးကြီးအား ထိုပစ္စည်းများကို ယူဆောင်သွားခွင့် လုံးဝ မပြုရပေ။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များသည် ထိုသို့သောအရာများကို စိတ်ထဲတွင် မည်သည့်အခါမျှ မထားရှိကြပေ။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မည်သည့်အခါမျှ ဦးစားမပေးဘဲ၊ ထိုအစား၎င်းတို့၏ ကိုယ်ပိုင်ဘေးကင်းလုံခြုံရေးကိုသာ ဦးစားပေးကြသည်။ လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်ရန် အယောင်ဆောင် ခေါင်းဆောင်များ၏ ပျက်ကွက်ခြင်းသည် ဘုရားအိမ်တော်၏ အရေးကြီးသော ပစ္စည်းအမျိုးမျိုးကို ဆုံးရှုံးမှုများ သို့မဟုတ် ပျက်စီးမှုများ ခံစားရစေလေ့ရှိသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များဘက်မှ ဆိုးရွားသည့် တာဝန်ပျက်ကွက်ခြင်း မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၁)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ခေါင်းဆောင်တစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေကို ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ ခေါင်းဆောင်တစ်ယောက်ဟာ လူ့သဘာဝနဲ့ တရားမျှတစိတ်ရှိရမယ်၊ ယုံကြည်ကိုးစားထိုက်ရမယ်။ အရေးကြီးတဲ့အချိန်တွေမှာ ဒုက္ခခံရပြီး ကိုယ့်ကိုယ်ပိုင်အကျိုးစီးပွားတွေ ထိခိုက်နစ်နာရရင်တောင် ညီအစ်ကိုမောင်နှမတွေကို အမြဲကာကွယ်ပြီး ဘုရားနှုတ်ကပတ်တော်စာအုပ်တွေကို စောင့်ရှောက်သင့်တယ်။ အယောင်ဆောင်ခေါင်းဆောင်တွေကတော့ မယုံနိုင်လောက်အောင် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတယ်၊ သူတို့က အလုပ်တွေကို မကြာမကြာ လုပ်ရင်တောင်မှ သူတို့ပိုနှစ်သက်တဲ့အလုပ်အမျိုးအစားကိုပဲ အမြဲရွေးချယ်တတ်ကြတယ်။ အရာရာတိုင်းမှာ သူတို့က ကိုယ့်အကျိုးစီးပွားကိုပဲ ထည့်စဉ်းစားပြီး ဘုရားအိမ်တော်ရဲ့အကျိုးစီးပွားကိုတော့ လုံးဝ မတွက်ဆကြဘူး။ ဒီလိုလူတွေက စာရိတ္တညံ့ဖျင်းပြီး ဘုရားသခင်က သူတို့ကို စက်ဆုပ်ရွံရှာတယ်။ နှိုင်းယှဉ်ကြည့်လိုက်တော့ ဘုရားနှုတ်ကပတ်တော်တွေက ဖော်ထုတ်ထားတဲ့ အယောင်ဆောင်ခေါင်းဆောင်တွေနဲ့ ကျွန်မ ဘာမှမထူးဘူးဆိုတာကို ကျွန်မမြင်လိုက်ရတယ်။ အသင်းတော်မှာ ဖမ်းဆီးမှုတွေ စဖြစ်တဲ့အခါ ကျွန်မက အန္တရာယ်ရှိတဲ့အလုပ်တွေကို တခြားသူတွေဆီ ပုံချခဲ့တယ်၊ လီယိကို စာအုပ်တွေပြောင်းရွှေ့ခိုင်းတယ်၊ ပြီးတော့ သူက ကျွန်မစာတွေကို အချိန်မီမပြန်တဲ့အခါမှာလည်း စာအုပ်တွေကို ကိုယ်တိုင်အမြန်မပြောင်းရွှေ့ဘဲ အထက်ခေါင်းဆောင်ဆီကို စာရေးပြီး ကိုယ့်ရဲ့ဝိညာဉ်အရွယ်အစားက ငယ်သေးတယ်လို့ ရှင်းပြခဲ့တယ်၊ ပြီးတော့ အဲဒီအလုပ်ကိုလုပ်ဖို့ တခြားတစ်ယောက်ယောက်ကို တာဝန်ပေးပါလို့ ခေါင်းဆောင်ကို တောင်းဆိုခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ဆင်ခြေတွေပေးပြီး ကိုယ့်ကိုယ်ကိုယ် အန္တရာယ်မကျရောက်အောင်လို့ အန္တရာယ်များတဲ့အလုပ်တွေကို တခြားသူတွေအပေါ် ပုံချခဲ့တယ်။ ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်က တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးဆိုးလာတဲ့အခါ၊ ကျွန်မက နောက်ဆက်တွဲကို အသေးစိတ်ကိုင်တွယ်ဖြေရှင်းဖို့ စိတ်မပါတော့ဘဲ ဝတ်ကျေတမ်းကျေလုပ်ပြီး အလုပ်လုပ်ဟန်ဆောင်ရင်း၊ အထက်ကနေ တာဝန်ခွဲဝေပေးပြီး၊ နောက်ဆက်တွဲ ကိုင်တွယ်ဖြေရှင်းတဲ့အလုပ် အားလုံးကို အဖွဲ့ခေါင်းဆောင်တွေဆီ ပုံချခဲ့တယ်၊ ဒီလိုနဲ့ သူတို့ကိုယ်တိုင်ပဲ အခြေအနေတွေကို သွားရောက်ဖြေရှင်းဖို့ ဖိအားပေးခံခဲ့ရတယ်။ ဝမ်လန် အဖမ်းခံရမယ့်အန္တရာယ်ရှိတယ်လို့ ကျွန်မကြားတဲ့အခါ သူ့ကို ပုန်းရှောင်ဖို့ သတိပေးတဲ့စာတစ်စောင် ချက်ချင်းရေးခဲ့သင့်တယ်။ ကျွန်မသာ ရေးခဲ့ရင် သူအဖမ်းခံရပြီး အသက်ဆုံးရှုံးသွားမှာမဟုတ်လောက်ဘူး။ ဒါပေမဲ့ ကျွန်မက ကြောက်ရွံ့တွန့်ဆုတ်ပြီး အသက်ရှင်နေခဲ့တယ်၊ လူတွေကို သင့်တော်သလို အသိမပေးခဲ့ဘူး။ ညီအစ်ကိုမောင်နှမတချို့က အပျက်သဘောဆောင်ပြီး အားနည်းလာခဲ့ပေမဲ့ ကျွန်မက သူတို့ကို မိတ်သဟာယဖွဲ့ပြီး မထောက်ပံ့ခဲ့ဘူး။ အခြေအနေအားလုံးမှာ ကျွန်မရဲ့အကျိုးစီးပွားတွေကို ထိခိုက်နစ်နာမှုမရှိအောင် ဘယ်လိုကာကွယ်ရမလဲဆိုတာကိုပဲ စဉ်းစားခဲ့ပြီး အသင်းတော်အလုပ်ကိုတော့ နည်းနည်းလေးမှတောင် ဂရုမစိုက်ခဲ့ဘူး။ ကျွန်မဟာ တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းလိုက်တာ။ အသင်းတော်ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဘုရားသခင်ရွေးချယ်ထားတဲ့လူတွေကို ကာကွယ်ဖို့နဲ့ ဘုရားအိမ်တော်ရဲ့အကျိုးစီးပွားတွေကို ကာကွယ်ဖို့က ကျွန်မရဲ့တာဝန်ပဲ၊ ဒါပေမဲ့ အရေးအကြီးဆုံးအချိန်မှာတော့ ကျွန်မက ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ နောက်တွန့်ခဲ့တယ်။ ကျွန်မက တစ်ကိုယ်ကောင်းဆန်တယ်၊ စက်ဆုပ်စရာကောင်းတယ်၊ ကိုယ့်အတွက်ပဲဂရုစိုက်ပြီး အသိတရားနဲ့ ဆင်ခြင်တုံတရား နည်းနည်းလေးမှတောင်မရှိခဲ့ဘူး။ အကျိုးဆက်အနေနဲ့ ကျွန်မရဲ့ညီအစ်မက အဖမ်းခံရပြီး ညှဉ်းပန်းနှိပ်စက်ခံရလို့ သေဆုံးသွားခဲ့ရတယ်၊ အသင်းတော်အလုပ်က နှောင့်နှေးသွားပြီး ကျွန်မက ထာဝရပြစ်မှားမှုတစ်ခုကို ကျူးလွန်ခဲ့တယ်။

နောက်ပိုင်းမှာ ကျွန်မ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တစ်ပိုဒ်ကို တွေ့ခဲ့ရတယ်၊ “တာဝန်ထမ်းဆောင်ခြင်းသည် သေးငယ်သောကိစ္စရပ်တစ်ခု မဟုတ်ပေ။ လူတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းတွင် အထုတ်ဖော်ခံရဆုံးဖြစ်ပြီး လူတို့က မိမိတို့၏ တာဝန်အား ထမ်းဆောင်စဉ် ၎င်းတို့၏ တစ်သမတ်တည်းဖြစ်သော စွမ်းဆောင်ရည်အပေါ် အခြေခံ၍ ဘုရားသခင်က လူတို့၏ အဆုံးသတ်များကို ဆုံးဖြတ်သည်။ တစ်စုံတစ်ဦးသည် မိမိ၏ တာဝန်ကို ကောင်းမွန်စွာ မထမ်းဆောင်သည့်အခါ ယင်းက အဘယ်အရာကို ရည်ညွှန်းသနည်း။ ၎င်းတို့က သမ္မာတရားကို လက်မခံကြောင်း သို့မဟုတ် အမှန်တကယ် နောင်တမရကြောင်းနှင့် ဘုရားသခင်၏ ဖယ်ရှားရှင်းလင်းခြင်းကို ခံရကြောင်း ရည်ညွှန်းသည်။ အယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင် အမှုဆောင်များ ဖြုတ်ချခံရသည့်အခါ၊ ဤသည်မှာ အဘယ်အရာကို ဖော်ပြသနည်း။ ဤသည်မှာ ထိုသို့သောလူများအပေါ် ဘုရားအိမ်တော်၏ သဘောထားဖြစ်ပြီး၊ ထိုသို့သောလူများအပေါ် ဘုရားသခင်၏ သဘောထားကိုလည်း ဖော်ပြသည်မှာ အမှန်ပင်ဖြစ်သည်။ သို့ဆိုလျှင် ဤကဲ့သို့သော အသုံးမကျသည့် လူများအပေါ် ဘုရားသခင်၏ သဘောထားသည် အဘယ်အရာဖြစ်သနည်း။ သူသည် ၎င်းတို့ကို ပစ်ပစ်ခါခါငြင်းသည်၊ ပြစ်တင်ရှုတ်ချပြီး ဖယ်ရှားရှင်းလင်းသည်။ သို့ဆိုလျှင် သင်တို့သည် အဆင့်အတန်း၏ အကျိုးအမြတ်များကို မွေ့လျော်ခံစားပြီး အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဖြစ်လိုကြသေးသလော။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၈)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ မျက်ရည်တွေက ကျွန်မမျက်နှာပေါ်မှာ တသွင်သွင်စီးကျလာခဲ့တယ်။ ကျွန်မဖြုတ်ချခံရတာဟာ ဘုရားသခင်ရဲ့ အမျက်ဒေါသရဲ့လက္ခဏာတစ်ခုဖြစ်တယ်ဆိုတာကို ကျွန်မသိမြင်ခဲ့ပြီး ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားလို့မရဘူးဆိုတာကို ခံစားမိခဲ့တယ်။ ကိုယ့်ရဲ့လုံခြုံရေးကိုပဲ အမြဲတမ်းပထမဦးစားပေးခဲ့တာ၊ အသင်းတော်အလုပ်ကို မကာကွယ်ခဲ့တာ၊ ညီအစ်ကိုမောင်နှမတွေရဲ့ လုံခြုံရေးကို ထည့်မစဉ်းစားခဲ့တာ၊ အရင်အတိုင်းပြန်မဖြစ်နိုင်တဲ့ အကျိုးဆက်တွေဖြစ်ပေါ်စေခဲ့တာတွေကို ပြန်စဉ်းစားကြည့်ပြီး ကျွန်မ မယုံနိုင်လောက်အောင် နောင်တရမိတယ်။ ဘာမှမထိခိုက်ဘဲ လွတ်မြောက်ခဲ့ပေမဲ့ ကျွန်မရဲ့တာဝန်ဝတ္တရားတွေကို မဖြည့်ဆည်းခဲ့ဘူး၊ ဘယ်တော့မှ အစားမပေးနိုင်တဲ့ ပြစ်မှားမှုတစ်ခုကို ကျူးလွန်ခဲ့ပြီး ဘုရားသခင်က ကျွန်မကို မုန်းတီးစက်ဆုပ်စေခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို တိုင်ကြားခဲ့တာဟာ ကိုယ့်အပြစ်နဲ့ကိုယ်ပဲ။ အဲဒီအချိန်တုန်းက ဒီအကြောင်းကိုတွေးရင်း ကျွန်မ ခဏခဏငိုခဲ့ရပြီး အသက်ကိုငမ်းငမ်းတက်လိုချင်ပြီး သေရမှာကိုကြောက်လို့ ကိုယ့်ကိုယ်ကိုယ် မုန်းတီးမိတယ်။ ဒီကိစ္စကို ထုတ်ပြောလိုက်တိုင်း ကျွန်မနှလုံးသားထဲမှာ တဆစ်ဆစ်နာကျင်ခံစားရပြီး ဘုရားသခင်နဲ့ ညီအစ်ကိုမောင်နှမတွေကို အကြွေးတင်နေတယ်လို့ ခံစားခဲ့ရတယ်။ ကိုယ့်ကိုယ်ကိုယ် သားရဲတစ်ကောင်ထက်တောင် မသာတဲ့အတွက် မုန်းတီးမိပြီး ဘုရားသခင်ရဲ့ ဘယ်လိုအပြစ်ပေးမှုမျိုးမဆို ကျွန်မအတွက် မပြင်းထန်လွန်းဘူးလို့ ထင်ခဲ့တယ်။

အဲဒီနောက်မှာ ခက်ခဲတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဘာကြောင့် ကျွန်မက ကိုယ့်ကိုယ်ကိုယ် အမြဲတမ်းကာကွယ်ဖို့ ကြိုးစားခဲ့ရသလဲဆိုတာကို နားလည်ဖို့ ကျွန်မ စတင်ရှာဖွေခဲ့တယ်။ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မတွေ့ခဲ့ရတယ်၊ “လူတို့သည် ဘုရားသခင်၏ အမှုကို တွေ့ကြုံရပြီး သမ္မာတရားကို နားလည်ပြီးသည်အထိ အတွင်း၌ သူတို့ကို ထိန်းချုပ်၍ အုပ်စိုးသည်မှာ စာတန်၏ သဘာဝဗီဇဖြစ်၏။ အတိအကျဆိုရလျှင် ထိုသဘာဝဗီဇကို မည်သည့်အရာက ဖြစ်ပေါ်စေသနည်း။ ဥပမာ၊ သင်သည် အဘယ်ကြောင့် တစ်ကိုယ်ကောင်းဆန်ရသနည်း။ သင်၏ကိုယ်ပိုင် ရာထူးဂုဏ်ဒြပ်ကို အဘယ်ကြောင့် ကာကွယ် သနည်း။ သင်သည် အဘယ်ကြောင့် ထိုသို့သော အားကောင်းသည့် ခံစားချက်များ ရှိသနည်း။ ထိုမဖြောင့်မတ်သော အရာများကို သင်သည် အဘယ်ကြောင့် မွေ့လျော်ခံစားသနည်း။ သင်သည် အဘယ်ကြောင့် ထိုမကောင်းမှုများကို နှစ်သက်သနည်း။ ထိုသို့သော အရာများကို သင်၏ ကြိုက်နှစ်သက်ခြင်း၏ အခြေခံအကြောင်းရင်းက အဘယ်နည်း။ ဤအရာတို့သည် အဘယ်အရပ်က လာကြသနည်း။ ၎င်းတို့အား လက်ခံသည်ကို သင် အဘယ်ကြောင့် အလွန်ပျော်ရွှင်နေသနည်း။ ဤအရာများအားလုံး၏ နောက်ကွယ်ရှိ အဓိက အကြောင်းရင်းမှာ လူသားအတွင်းတွင် စာတန်၏အဆိပ်ရှိခြင်းကြောင့် ဖြစ်ကြောင်း ယခုတွင် သင်တို့အားလုံး နားလည်လာကြပြီ။ ဤသို့ဆိုလျှင် စာတန်၏ အဆိပ်ဆိုသည်မှာ အဘယ်နည်း။ ယင်းကို မည်သို့ ဖော်ပြနိုင်သနည်း။ ဥပမာအားဖြင့်၊ သင်က ‘လူများ အဘယ်သို့ အသက်ရှင်နေထိုင်သင့်သနည်း။ လူများသည် အဘယ်အရာအတွက် အသက်ရှင်သင့်သနည်း’ ဟု မေးပါက၊ သူတို့က ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ဟု ဖြေကြလိမ့်မည်။ ဤတစ်ခုတည်းသော စကားစုက ပြဿနာ၏ တကယ့်အရင်းအမြစ်ကို ဖော်ပြလေသည်။ စာတန်၏ အတွေးအခေါ်နှင့် တွေးခေါ်မှုစနစ်တို့သည် လူသားတို့၏ အသက်တာများ ဖြစ်လာပြီဖြစ်သည်။ လူများသည် အဘယ်အရာကို လိုက်စားသည်ဖြစ်စေ ထိုသို့လုပ်ဆောင်ခြင်းသည် မိမိတို့ကိုယ်တိုင်အတွက်သာ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုအတွက်သာ အသက်ရှင်ကြသည်။ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ဟူသော ဤအရာမှာ လူသား၏အသက် ဒဿနအမြင်ဖြစ်ပြီး ယင်းက လူသား၏ သဘာဝကိုလည်း ကိုယ်စားပြုလေသည်။ ဤစကားများသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ သဘာဝ၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဆိုးယုတ်သော သဘာဝ၏ အမှန်တကယ် ပြယုဂ်ဖြစ်လာနှင့်ပြီးဖြစ်သည်။ ဤဆိုးယုတ်သော သဘာဝသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဖြစ်တည်မှုအတွက် အခြေခံအချက် ဖြစ်လာနှင့်ပြီးဖြစ်သည်။ နှစ်ထောင်ချီကြာသည်အထိ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် လက်ရှိအချိန်ကာလအထိ စာတန်၏ အဆိပ်ဖြင့် အသက်ရှင်ခဲ့ပြီးဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်တာကနေ စာတန်ဆန်တဲ့အဆိပ်အတောက်ဖြစ်တဲ့ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဆိုတာက ကျွန်မမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီး လူတစ်ယောက်အနေနဲ့ ကျွန်မရဲ့ပြုမူပုံအတွက် စံနှုန်းဖြစ်လာခဲ့တယ်ဆိုတာကို ကျွန်မသဘောပေါက်ခဲ့တယ်။ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်မက ကိုယ့်ကိုယ်ကိုယ်ပဲ အဆက်မပြတ်ကာကွယ်ပြီး ဘုရားအိမ်တော်ရဲ့အကျိုးစီးပွားတွေကို လုံးဝဂရုမစိုက်ဘဲ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုအဖမ်းမခံရအောင်လုပ်နိုင်မလဲဆိုတာကိုပဲ စိုးရိမ်ပြီး အန္တရာယ်ရှိတဲ့အလုပ်တွေကို တခြားသူတွေဆီ ပုံချခဲ့တယ်။ ကိုယ့်ရဲ့လုံခြုံရေးကိုပဲ ကျွန်မတွေးနိုင်ခဲ့တယ်။ နောက်ဆက်တွဲကိုင်တွယ်ဖြေရှင်းရတဲ့အလုပ် လုပ်ရတာကို စိတ်မပါခဲ့ဘဲ ကိုယ့်ရဲ့တာဝန်ဝတ္တရားတွေကိုလည်း မဖြည့်ဆည်းခဲ့ဘူး။ တခြားညီအစ်ကိုမောင်နှမတွေက ဘုရားနှုတ်ကပတ်တော်စာအုပ်တွေကို အချိန်မီပြောင်းရွှေ့ခဲ့ကြလို့သာ အသင်းတော်ရဲ့အကျိုးစီးပွားတွေ မထိခိုက်ခဲ့တာ။ ကျွန်မက စာတန်ရဲ့အဆိပ်အတောက်တွေအတိုင်း အသက်ရှင်နေခဲ့ပြီး မယုံနိုင်လောက်အောင် တစ်ကိုယ်ကောင်းဆန်၊ စက်ဆုပ်စရာကောင်းပြီး လူ့သဘာဝ လုံးဝကင်းမဲ့နေခဲ့တယ်။ တစ်ကြိမ်ပြီးတစ်ကြိမ် ကျွန်မက သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခဲ့ဘူး၊ ကျွန်မရဲ့တာဝန်အပေါ်မှာ သစ္စာစောင့်သိမှု နည်းနည်းလေးမှမရှိခဲ့ဘဲ ဘုရားသခင်က ကျွန်မရဲ့အပြုအမူကို မုန်းတီးပြီး စက်ဆုပ်ရွံရှာခဲ့တယ်။ ကျွန်မသာ နောင်တရပြီး မပြောင်းလဲသေးဘူးဆိုရင် ကယ်တင်ခြင်းရဖို့အခွင့်အရေးကို ဆုံးရှုံးသွားမှာပဲ။ အဲဒီအချိန်မှာမှ ကျွန်မရဲ့စိတ်သဘောထားက ဘယ်လောက်တောင် နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးခဲ့တယ်ဆိုတာကို ကျွန်မသဘောပေါက်ခဲ့ပြီး ဒီဖြုတ်ချခံရခြင်းက ဘုရားသခင်က ကျွန်မကို ကယ်တင်တဲ့နည်းလမ်းဖြစ်တယ်ဆိုတာကိုလည်း သဘောပေါက်ခဲ့တယ်။

ပြီးတော့ ကျွန်မ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တစ်ပိုဒ်ကို တွေ့ခဲ့ရတယ်၊ “သခင်ယေရှု၏ ထိုတပည့်တော်များသည် မည်သို့ သေဆုံးကြသနည်း။ တပည့်တော်များကြားတွင် မသေမချင်း ကျောက်တုံးဖြင့် ထုသတ်ခံခဲ့ရသူများ၊ မြင်းနောက်မှ ကြိုးဖြင့် ဆွဲခံရသူများ၊ ဇောက်ထိုးမိုးမျှော် ကားစင်တင်ခံရသူများ၊ မြင်းငါးကောင်ဖြင့် ကိုယ်လက်အင်္ဂါများကို တစ်စစီ ဆွဲဖျက်ခံရသူများ ရှိကြသည်။ သေခြင်းတရားမျိုးစုံသည် ၎င်းတို့ပေါ် ကျရောက်ခဲ့သည်။ ၎င်းတို့၏ သေခြင်းတရားများအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ ၎င်းတို့သည် ၎င်းတို့၏ ပြစ်မှုများအတွက် ဥပဒေနှင့်လျော်ညီစွာ ကွပ်မျက်ခံရခြင်းလော။ မဟုတ်ပေ၊ ၎င်းတို့သည် သခင်၏ ဧဝံဂေလိကို ဖြန့်ဝေပြီး ကမ္ဘာသူကမ္ဘာသားများ၏ ငြင်းပယ်ခြင်းကို ခံရသောကြောင့် ပြစ်တင်ရှုတ်ချခြင်း၊ ရိုက်နှက်ခြင်၊ ဆူပူကြိမ်းမောင်းခြင်းနှင့် အသေသတ်ခြင်းတို့ကို ခံခဲ့ရသည်။ ယင်းမှာ ၎င်းတို့ မာတုရဖြစ်ခဲ့သည့် ပုံစံဖြစ်သည်။...အမှန်တကယ်တွင် ဤသည်မှာ ၎င်းတို့၏ ခန္ဓာကိုယ်များ သေဆုံးပြီး ကွယ်လွန်သွားသည့်ပုံစံ ဖြစ်သည်။ ဤသည်မှာ လူ့လောကမှ ၎င်းတို့ ထွက်ခွာသွားသည့် ပုံစံဖြစ်သည်၊ သို့ရာတွင် ယင်းက ၎င်းတို့၏ အဆုံးသတ်နှင့် တူညီသည်ဟု မဆိုလိုပေ။ ၎င်းတို့၏ သေခြင်းတရားနှင့် ထွက်ခွာခြင်းတို့၏ နည်းလမ်းများမှာ မည်သို့ဖြစ်ပါစေ၊ ယင်းတို့က မည်သို့ဖြစ်ပျက်ခဲ့ပါစေ၊ ဘုရားသခင်က ထိုအသက်များ၏၊ ထိုဖန်ဆင်းခံသတ္တဝါများ၏ နောက်ဆုံး အဆုံးသတ်များကို သတ်မှတ်ခဲ့သည့်ပုံစံ မဟုတ်ပေ။ ဤသည်မှာ သင် မဖြစ်မနေ ရှင်းလင်းစွာ တွေ့ရမည့်အရာ တစ်စုံတစ်ခုဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့က ဤလောကကို ပြစ်တင်ရှုတ်ချဖို့နှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သက်သေခံဖို့ ဤနည်းလမ်းများကို အတိအကျအားဖြင့် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ဤဖန်ဆင်းခံ သတ္တဝါများက ၎င်းတို့၏ အဖိုးအတန်ဆုံးသော အသက်များကို အသုံးပြုခဲ့သည်။ ၎င်းတို့က ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သက်သေခံဖို့၊ ဘုရားသခင်၏ကြီးမြတ်သော တန်ခိုးကို သက်သေခံဖို့နှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် မှန်ကန်ကြောင်း၊ သခင်ယေရှုသည် ဘုရားသခင်ဖြစ်ကြောင်း၊ သူသည် သခင်နှင့် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိဖြစ်ကြောင်းတို့ကို စာတန်နှင့် လောကတို့အား ကြေညာဖို့ ၎င်းတို့အသက်၏နောက်ဆုံးအခိုက်အတန့်ကို အသုံးပြုခဲ့ကြသည်။ ၎င်းတို့ အသက်များ၏ နောက်ဆုံး အခိုက်အတန့်အထိတွင်ပင် ၎င်းတို့သည် သခင်ယေရှု၏ နာမတော်ကို မည်သည့်အခါမျှ မငြင်းပယ်ခဲ့ပေ၊ ဤသည်မှာ ဤလောကအပေါ် တရားစီရင်ခြင်းပုံစံတစ်မျိုး မဟုတ်သလော။ ၎င်းတို့က လောကကြီးကို ကြေညာဖို့၊ သခင်ယေရှုသည် သခင်ဖြစ်သည်၊ သခင်ယေရှုသည် ခရစ်တော် ဖြစ်သည်၊ သူသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိဖြစ်သည်၊ လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် သူပြုလုပ်ခဲ့သည့် ရွေးနုတ်ခြင်းအမှုတော်သည် ဤလူသားမျိုးနွယ် တစ်ရပ်လုံးကို ဆက်လက် ရှင်သန်ခွင့်ပြုကြောင်းကို လူသားတို့အား အတည်ပြုဖို့ ၎င်းတို့၏အသက်များကို အသုံးပြုခဲ့သည်။ ဤအဖြစ်မှန်သည် ထာဝရမပြောင်းလဲပေ။ သခင်ယေရှု၏ ဧဝံဂေလိတရားကို ဖြန့်ချိခြင်းအတွက် မာတုရဖြစ်ခဲ့သောသူတို့သည် ၎င်းတို့၏တာဝန်ကို မည်သည့်အတိုင်းအတာအထိ ထမ်းဆောင်ခဲ့သနည်း။ ယင်းက အဆုံးစွန်အတိုင်းအတာအထိ ဖြစ်ခဲ့သလော။ အဆုံးစွန်အတိုင်းအတာကို မည်သို့ထင်ရှားစေခဲ့သနည်း။ (၎င်းတို့က ၎င်းတို့၏ အသက်များကို ပူဇော်ဆက်ကပ်ကြသည်။) မှန်ပေသည်၊ ၎င်းတို့သည် ၎င်းတို့၏အသက်များဖြင့် အဖိုးအခကို ပေးဆပ်ခဲ့သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဧဝံဂေလိတရားဟောခြင်းသည် ယုံကြည်သူများအားလုံး ကောင်းမွန်စွာ ဖြည့်ဆည်းရမည့် တာဝန်ဖြစ်သည်) ဘုရားသခင်အတွက် အသက်စွန့်အနစ်နာခံခြင်းရဲ့ အဓိပ္ပာယ်ကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ရှင်းရှင်းလင်းလင်း ရှင်းပြထားတယ်။ သခင်ယေရှုရဲ့ တမန်တော်တွေနဲ့ တပည့်တော်တွေဟာ သေတဲ့အထိ ဘုရားသခင်အပေါ် သစ္စာစောင့်သိခဲ့ကြပြီး ဘုရားသခင်ရဲ့ ဧဝံဂေလိတရားကို ဖြန့်ဝေဖို့ သူတို့ရဲ့အဖိုးတန်တဲ့အသက်တွေကို စွန့်လွှတ်ခဲ့ကြတယ်။ သူတို့ဟာ သခင်ယေရှုဟာ ဘုရားသခင်ဖြစ်ကြောင်း သက်သေခံဖို့နဲ့ လူသားမျိုးနွယ်ကို ဘုရားသခင်ရဲ့ ရွေးနုတ်ခြင်းအမှုတော်ကို သက်သေခံဖို့ သူတို့ရဲ့အသက်တွေကို အသုံးပြုခဲ့ကြတယ်။ သခင်ယေရှုရဲ့ ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းနာမနဲ့ သတေဖန်ဟာ ခဲနဲ့ပေါက်သတ်ခံခဲ့ရပြီး ပေတရုဟာ ဇောက်ထိုးကားစင်တင်ခံခဲ့ရတယ်။ သူတို့ရဲ့ဇာတိပကတိတွေ ပျက်စီးခဲ့ပေမဲ့ သူတို့ရဲ့သေခြင်းတွေက အဓိပ္ပာယ်ရှိပြီး ဂုဏ်ယူစရာဖြစ်တယ်။ ဘုရားသခင်က သူ့အတွက် သက်သေခံဖို့ သူတို့ရဲ့ကိုယ်ပိုင်အသက်တွေကို အသုံးပြုခဲ့ပုံကို ချီးကျူးခဲ့တယ်။ အခု အသင်းတော်ရဲ့အသင်းသားတွေဟာ ပြင်းထန်တဲ့ညှဉ်းပန်းနှိပ်စက်မှုတွေ၊ ဖမ်းဆီးမှုတွေနဲ့ ရင်ဆိုင်နေရပြီး ညီအစ်ကိုမောင်နှမတချို့က အဖမ်းခံရပြီးတဲ့နောက်မှာ ညှဉ်းပန်းနှိပ်စက်ခံနေရပေမဲ့ သူတို့က စာတန်ကို အညံ့မခံဘဲ ဘုရားသခင်ကို သစ္စာဖောက်မယ့်အစား ထောင်ထဲမှာနေဖို့ လိုလားကြတယ်။ ဝမ်လန်အတွက်ဆိုရင်လည်း သူက ယုဒတစ်ယောက်ဖြစ်မယ့်အစား သေဖို့ကိုပဲ ပိုပြီးနှစ်သက်ခဲ့တယ်။ နှိုင်းယှဉ်ကြည့်ရင် အဲဒီအခြေအနေမှာ ကျွန်မက ကိုယ့်ရဲ့လုံခြုံရေးကိုပဲ အမြဲတမ်းစဉ်းစားခဲ့တယ်၊ ကိုယ့်အသက်ကို အရာအားလုံးထက် ပိုပြီးဦးစားပေးခဲ့တယ်၊ ကိုယ့်တာဝန်အပေါ်မှာ သစ္စာစောင့်သိမှု နည်းနည်းလေးမှမရှိခဲ့ဘဲ ကိုယ့်တာဝန်ဝတ္တရားတွေကိုလည်း မဖြည့်ဆည်းခဲ့ဘူး။ ကျွန်မ အဖမ်းမခံခဲ့ရဘဲ အသက်ချမ်းသာရာရခဲ့ပေမဲ့ ကျွန်မ လုံးဝသက်သေမခံခဲ့ဘဲ အသက်ရှင်နေတာက ရှက်စရာတစ်ခုပဲ။ ကျွန်မ မယုံနိုင်လောက်အောင် အပြစ်ရှိတယ်လို့ ခံစားခဲ့ရပြီး ဒီလိုသိက္ခာမဲ့တဲ့ဖြစ်တည်မှုနဲ့ ဆက်ပြီးအသက်ရှင်ဖို့ မလိုလားတော့ဘူး။ ကျွန်မသဘောပေါက်ခဲ့တယ်၊ ဘုရားသခင်က အဆင်းနီတဲ့ နဂါးကြီးကို အစေခံဖို့အသုံးပြုပြီး ဘယ်သူက စစ်မှန်တဲ့ယုံကြည်သူ၊ ဘယ်သူက အယောင်ဆောင်ယုံကြည်သူလဲဆိုတာနဲ့၊ ဘယ်သူက သက်သေခံပြီး ဘယ်သူက သက်သေမခံဘူးလဲဆိုတာကို ရွေးထုတ်ပြီး၊ တစ်ယောက်ချင်းစီကို သူတို့အမျိုးအစားအလိုက် ခွဲခြားတယ်ဆိုတာကိုပေါ့။ ဒါက ဘုရားအမှုတော်ရဲ့ ဉာဏ်ပညာပဲ။ ဒါကိုသဘောပေါက်ပြီးတဲ့နောက်မှာ ကျွန်မရဲ့တာဝန်ကို ကောင်းကောင်းထမ်းဆောင်ပြီး ဘုရားသခင်အတွက် သက်သေခံခြင်းမှာ ခိုင်ခိုင်မာမာရပ်တည်ဖို့ ကျွန်မ စိတ်ပိုင်းဖြတ်ခဲ့တယ်။ ကျွန်မ ဘုရားသခင်ကို ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ သမီးဟာ အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းခဲ့ပါတယ်။ အဖမ်းခံရမှာနဲ့ ညှဉ်းပန်းနှိပ်စက်ခံရမှာကို ကြောက်ခဲ့လို့ အသင်းတော်အလုပ်ကို မကာကွယ်ခဲ့ဘဲ ထာဝရပြစ်မှားမှုတစ်ခုကို ကျူးလွန်ခဲ့ပါတယ်။ ရှေ့ဆက်ပြီး ဘယ်လိုအခြေအနေမျိုးနဲ့ပဲ ကြုံရပါစေ၊ အသင်းတော်ရဲ့အကျိုးစီးပွားတွေကို ထိန်းသိမ်းဖို့ ကျွန်မအသက်ကို စွန့်လွှတ်ပြီးတော့ လုပ်ဆောင်ပါ့မယ်။ သမီး သိက္ခာမဲ့တဲ့ဖြစ်တည်မှုနဲ့ ဆက်ပြီးအသက်မရှင်တော့ပါဘူး။ သမီးရဲ့အသက်ကို ကိုယ်တော်ရဲ့လက်ထဲမှာ ထားပြီး ကိုယ်တော်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်မှုတွေကို ကျိုးနွံနာခံဖို့ဆန္ဒရှိပါတယ်” လို့ပေါ့။

သုံးလေးလကြာပြီးတဲ့နောက်မှာ ကျွန်မကို အသင်းတော်ခေါင်းဆောင်အဖြစ် နောက်တစ်ကြိမ် ရွေးချယ်ခဲ့ကြတယ်။ ကျွန်မတာဝန်ကို သုံးလေးရက်ပဲ ထမ်းဆောင်ပြီးတဲ့နောက်မှာ အထက်ခေါင်းဆောင်ဆီက စာတစ်စောင်ရခဲ့တယ်၊ အဲဒီစာထဲမှာ စီစီပီက စီစီတီဗီမှတ်တမ်းတစ်ခုကနေ ကျွန်မရဲ့ဓာတ်ပုံကို ရရှိထားတယ်လို့ ဆိုထားတယ်။ ခေါင်းဆောင်က မဖြစ်မနေ မလိုအပ်ရင်လူမြင်ကွင်းမှာ မျက်နှာမပြဖို့ ကျွန်မကို အကြံပေးခဲ့တယ်။ စာကိုလက်ခံရရှိပြီးတဲ့နောက်မှာ ကျွန်မနည်းနည်းလောက် စိုးရိမ်ခဲ့ပေမဲ့ ကျွန်မတာဝန်ကို ထမ်းဆောင်ပုံအပေါ်မှာတော့ သက်ရောက်မှုမရှိခဲ့ဘူး။ အလုပ်အရ အပြင်ထွက်ဖို့လိုရင် ကိုယ့်ကိုယ်ကိုယ် နည်းနည်းရုပ်ဖျက်ပြီးပဲ တာဝန်ထမ်းဆောင်ဖို့ အပြင်ထွက်ခဲ့တယ်။ အဲဒီနောက် သိပ်မကြာခင်မှာပဲ ကျွန်မအသင်းတော်က ညီအစ်ကိုမောင်နှမတော်တော်များများ အဖမ်းခံခဲ့ရပြီး ကျွန်မက နောက်ဆက်တွဲကို နောက်တစ်ကြိမ် ကိုယ်တွယ်ဖြေရှင်းဖို့ လိုအပ်ခဲ့တယ်။ ဘုရားသခင်က ကျွန်မကို စမ်းသပ်နေတယ်ဆိုတာ ကျွန်မသဘောပေါက်ခဲ့တယ်။ နည်းနည်းလောက် စိုးရိမ်ပူပန်မှုရှိခဲ့ပေမဲ့ အတိတ်တုန်းက ကျွန်မဟာ ဘယ်လို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းခဲ့တာ၊ အန္တရာယ်ရှိတဲ့အလုပ်တွေကို တခြားသူတွေဆီ ပုံချခဲ့တာ၊ ဘုရားသခင်ရှေ့မှာရှိတဲ့ကျွန်မရဲ့မှတ်တမ်းမှာ ထာဝရအစွန်းအထင်းတစ်ခု ထားခဲ့ပြီး စာတန်ရဲ့လှောင်ပြောင်စရာဖြစ်ခဲ့တာတွေကို ပြန်တွေးမိတယ်။ လက်ရှိအခြေအနေနဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်မ နောင်တရပြီး အတိတ်ကလို အသက်ရှင်တာကို ရပ်တန့်ရမယ်။ ကျွန်မ ဘုရားသခင်ကို တိတ်တဆိတ်ဆုတောင်းပြီး နောက်ဆက်တွဲကို အမြန်ဆုံးကိုင်တွယ်ဖြေရှင်းဖို့ ကိုယ်တော့်အပေါ် မှီခိုလိုစိတ်ရှိကြောင်း ကိုယ်တော့်ကို ပြောပြခဲ့တယ်။ အဲဒီနောက်မှာ ကျွန်မက ဘုရားနှုတ်ကပတ်တော်စာအုပ်တွေကို ပြောင်းရွှေ့ဖို့ အဖွဲ့ခေါင်းဆောင်တွေနဲ့ အသေးစိတ်အစီအစဉ်တွေကို အမြန်ဆုံးပြုလုပ်ခဲ့ပြီး ညီအစ်ကိုမောင်နှမတွေက စာအုပ်အားလုံးကို မကြာခင်မှာပဲ အောင်အောင်မြင်မြင်နဲ့ ပြောင်းရွှေ့ခဲ့ကြတယ်။ ဒီလိုနည်းနဲ့ လက်တွေ့လုပ်ဆောင်တဲ့အခါ ကျွန်မစိတ်ထဲမှာ အရမ်းကို သက်သောင့်သက်သာရှိခဲ့ပြီး ဒီငြိမ်သက်ခြင်းက ဘုရားသခင်ဆီက လာတယ်ဆိုတာကို သိခဲ့တယ်။ နှစ်လကြာပြီးတဲ့နောက်မှာ ညီအစ်ကိုမောင်နှမ ဆယ်ယောက်ကျော် အဖမ်းခံခဲ့ရတယ်၊ အရင်အသင်းတော်ခေါင်းဆောင်တစ်ယောက်အပါအဝင်ပါပဲ။ ဒီအခြေအနေနဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်မက အတိတ်ကလို ကိုယ့်ရဲ့လုံခြုံရေးကို ထိန်းသိမ်းဖို့ အာရုံမစိုက်ခဲ့ဘဲ နောက်ဆက်တွဲကို ကိုင်တွယ်ဖြေရှင်းဖို့ ဘုရားသခင်အပေါ် မှီခိုခဲ့တယ်၊ ညီအစ်ကိုမောင်နှမတွေကို ကာကွယ်ပြီး၊ ဘုရားအိမ်တော်ရဲ့အကျိုးစီးပွားတွေ မထိခိုက်အောင်ကာကွယ်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေကို ဘယ်လိုအမြန်ဆုံးပုန်းရှောင်ခိုင်းမလဲ၊ စာအုပ်တွေကို ဘယ်လိုအမြန်ဆုံးပြောင်းရွှေ့မလဲဆိုတာနဲ့ပတ်သက်ပြီး ကျွန်မရဲ့တွဲဖက်အမှုဆောင်တွေနဲ့တိုင်ပင်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ စာအုပ်အားလုံးကို အောင်အောင်မြင်မြင် ပြောင်းရွှေ့နိုင်ခဲ့တယ်။ သတင်းကောင်းကို ကြားတဲ့အခါ ကျွန်မ အရမ်းပျော်ပြီး ဘုရားသခင်ကို သူ့ရဲ့လမ်းညွှန်မှုအတွက် ကျေးဇူးတင်ခဲ့တယ်။ အတိတ်တုန်းက၊ ကျွန်မက ကိုယ့်အကျိုးစီးပွားကိုပဲ နေရာတိုင်းမှာ ကာကွယ်ခဲ့တာ၊ ကိုယ့်တာဝန်ကို ရှောင်ဖယ်ခဲ့ပြီး အယောင်ဆောင်ခေါင်းဆောင်အဖြစ် ဖော်ထုတ်ခံခဲ့ရတာတွေကို ပြန်တွေးမိတယ်။ ဒီတစ်ခါတော့ ကျွန်မ နောက်ဆုံးမှာ သေခြင်းရဲ့ကြောက်ရွံ့မှုနဲ့ ဘောင်ခတ်မခံရတော့ဘဲ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ကိုယ့်တာဝန်ဝတ္တရားတွေကို ဖြည့်ဆည်းနိုင်ခဲ့ပြီ။ ကျွန်မ ဒီလိုပြောင်းလဲနိုင်ခဲ့တာဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကြောင့်သာ ဖြစ်တယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်ရန် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပါ

မြောင်ရှောင် တရုတ်နိုင်ငံကျွန်မက မိမိတာဝန်ကို ထမ်းဆောင်ခြင်း၊ ညီအစ်ကို မောင်နှမများနှင့် အဆင်ပြေခြင်း၊ သိသာသည့် အပြစ်များကို...

သူများတွေကို သင်ပေးတဲ့အခါ ဘာကြောင့် ကျွန်မက ဆရာစားချန်တာလဲ

ဆုတုန်း အီတလီနိုင်ငံ ၂၀၂၁ခုနှစ်၊ ဇူလိုင်လမှာ ကျွန်မက အသင်းတော်မှာ ဗီဒီယိုထုတ်လုပ်ရေးလုပ်တယ်။ ဒါ တကယ် အရေးကြီးတဲ့တာဝန်ဆိုတာ ကျွန်မသိတော့...

ကြောက်စိတ်ဖြင့် တွန့်ဆုတ်တော့မည်မဟုတ်

မုယွီ တရုတ်နိုင်ငံ ညီအစ်မတစ်ယောက် စက်တင်ဘာ၂ရက်နေ့မှာ အဖမ်းခံရတယ်လို့ ကြားရတယ်။ အဲဒီနေ့မှာ ကျွန်မက ခေါင်းဆောင်ရဲ့ အိမ်ကို သွားနေတာ၊ ဒါပေမဲ့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။