ထောင်ထဲမှာ နှစ်ကာလများစွာ

23.01.2022

အန်းနင် တရုတ်နိုင်ငံ

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ရက်တစ်ရက်မှာ၊ ကျွန်မ ယုံကြည်သူတစ်ယောက်ဖြစ်တာ တစ်နှစ်လောက်ရှိပြီဖြစ်သလို၊ ညီမငယ်တစ်ယောက်နဲ့ ကျွန်မက ဧဝံဂေလိမျှဝေဖို့ သွားနေခဲ့ကြတာ။ ရဲအရာရှိ ဆယ့်နှစ်ယောက်ကျော် ကျွန်မတို့ဆီ ရုတ်တရက် ရောက်လာကြပြီး ကျွန်မတို့ကို မြေပေါ်လဲချလိုက်ကြတယ်။ အဲဒီလို ကြုံရတာ ကျွန်မအတွက် ပထမဆုံးအကြိမ်ဖြစ်ပြီး၊ ကျွန်မ လန့်သွားတယ်။ ကျွန်မ မရပ်မနား ဆုတောင်းနေခဲ့တယ်။ သူတို့က ကျွန်မတို့ကို ကောင်တီ အစိုးရ ရုံးတွေမှာရှိတဲ့ အခန်းကြီးတစ်ခုထဲ ခေါ်သွားပြီး၊ ကျွန်မတို့ကို စောင့်ကြည့်ဖို့ အရာရှိလေးယောက် ထားခဲ့တယ်။ ကျွန်မ ခေါင်းကို မော့ပြီး သူတို့ကို ဖျတ်ခနဲ့ ကြည့်လိုက်တော့၊ သူတို့ထဲက တစ်ယောက် လာပြီး ကျွန်မကို လက်ဝါးနဲ့ နှစ်ချက်ရိုက်လိုက်တယ်၊ ပြီးတော့ ကျွန်မ ဗိုက်ကို နာနာကန်တယ်။ ကျွန်မမျက်နှာ ကျိန်းစပ်သွားပြီး ဗိုက်လည်း တကယ်နာတယ်။ ကျွန်မက အသက် ၂၁ ပဲရှိသေးသလို၊ ကျွန်မနဲ့အဖမ်းခံရတဲ့ ညီမလေးက ၁၅၊ ၁၆ နှစ်လောက်ပဲ ရှိသေးတယ်။ ကျွန်မ အရိုက်ခံရတာမြင်တော့၊ သူ ကျွန်မဆီလာပြီး စကူညီပေးတယ်၊ ဒါပေမယ့် အရာရှိက လက်သီးနဲ့ထိုးပြီး သူ့ကို လွှဲယမ်းလိုက်တယ်။ ကျွန်မ သူ့ကို ကျွန်မလက်တွေနဲ့ တင်းတင်း ဖမ်းထားလိုက်တယ်။ ပြီးတော့ တခြားအရာရှိတွေက ကျွန်မတို့ကို ခပ်ကြမ်းကြမ်း ခွဲလိုက်ကြတယ်။ ရဲတွေက ပြည်သူတွေကို အမှုထမ်းဖို့ဖြစ်တယ်၊ သူတို့ လုပ်သမျှတိုင်းက တရားမျှတမှုအတွက် ဖြစ်တယ်လို့ ကျွန်မ အမြဲထင်ခဲ့တာ။ သူတို့ အရမ်း ဆိုးယုတ်တာ၊ မိန်းကလေးနှစ်ယောက်နဲ့တောင် ဒီလိုဖြစ်နေကြတာ ဖြင်ရတော့ ကျွန်မ တုန်လှုပ်မိတယ်။ ကျွန်မ ဒီလိုတိတ်တဆိတ် ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ သူတို့ ကျွန်မကို ဘယ်လိုပဲ ရိုက်ကြပါစေ၊ ညီအစ်ကို မောင်နှမတွေကို ကျွန်မ လုံးဝ သစ္စာမဖောက်မိအောင်၊ ယုဒတစ်ယောက်ဖြစ်ပြီး ကိုယ်တော့်ကို သစ္စာမဖောက်မိအောင် ကျေးဇူးပြုပြီး၊ ကျွန်မကို စောင့်ရှောက်ပြီး ယုံကြည်ခြင်း ပေးတော်မူပါ။”

အဲဒီညနေ ၆ နာရီနောက်ပိုင်းမှာ၊ သူတို့က ကျွန်မကို ခြံဝန်းကြီးတစ်ခုထဲ ခေါ်သွားတယ်၊ အဲဒီမှာ အဖမ်းခံရတဲ့ တခြား ညီအစ်ကို မောင်နှမ အယောက် ၃၀ ကျော် တွေ့လိုက်ရတယ်။ ည ၉ နာရီ ဝန်းကျင်လောက်မှာ ကျွန်မကို စစ်မေးဖို့ အရာရှိတစ်ယောက်လာတယ်- “မင်း ဘုရားကို ယုံကြည်တာ ဘယ်လောက်ကြာပြီလဲ။ ဘယ်သူက မင်းကို ပြောင်းလဲစေတာလဲ။ မင်းရဲ့မိသားစုထဲမှာ တခြားဘယ်သူယုံကြည်သေးလဲ”တဲ့။ ကျွန်မ မဖြေခဲ့ဘူး။ အဲဒီ‌နောက် သူတို့က ကျွန်မကို နောက်နေ့မနက်မှာ ထိန်းသိမ်းရေး စခန်းတစ်ခုဆီ ခေါ်သွားတယ်။ အဲဒီနေရာရောက်တော့ သတ္တုတံခါး တစ်တန်းပြီး တစ်တန်းတွေ့ရပြီး၊ အဲဒီက အစောင့်တွေ ကျွန်မကို ဘာလုပ်ကြမယ်ဆိုတာ မသိလို့ ကျွန်မ တကယ်ကို ကြောက်မိတယ်။ ဘုရားသခင်ဆီကို ယုံကြည်ခြင်းနဲ့ ခွန်အား တောင်းလျှောက်ရင်းနဲ့ ကျွန်မ ဆုတောင်းတယ်။ ကျွန်မ အချုပ်ခန်းကို ရောက်တော့၊ အဲဒီအချုပ်ခန်းခေါင်းဆောင်ကို အစောင့်က၊ ကျွန်မကို “ကောင်းကောင်း ဂရုစိုက်”ဖို့ ပြောသွားတယ်။ အဲဒီတုန်းက အဲဒါ ဘာကို ဆိုလိုမှန်း ကျွန်မ မသိခဲ့ဘူး။ ခေါင်းဆောင်က ကျွန်မကို ကြမ်းပေါ်မှာပဲ အိပ်ခိုင်းတယ်၊ ဆောင်းလယ်ဖြစ်ပြီး ရေခဲနေအောင် အေးစိမ့်နေပေမယ့်ပေါ့။ နောက်နေ့မနက် ပထမဆုံးအနေနဲ့၊ သူတို့က ကျွန်မကို ခြေဗလာနဲ့ ကြမ်းပေါ် ရပ်ခိုင်းတယ်၊ ကျွန်မ ခြေထောက်တွေ အရမ်းအေးတော့ လုံးဝ နီရဲကုန်တယ်။ ဒါပေမယ့် အဲဒါ မလုံလောက်သေးဘူး- သူတို့က အပြင်ဖက် လေအရမ်းတိုက်တဲ့နေရာတစ်ခုမှာ ကျွန်မကို မတ်တတ်ရပ်ခိုင်းတယ်၊ မနက်စာစားခွင့်မပေးသလို၊ ကျွန်မ ဒူးတွေနဲ့ ကြမ်းပြင်ကို ဆေးကြောခိုင်းတယ်။ အဲဒီအခါမှ “ဂရုစိုက်” ဆိုတာ နှိပ်စက်ဖို့ကို ဆိုလိုမှန်း ကျွန်မ သဘောပေါက်သွားတယ်။ မနက် ၈ နာရီစွန်းစွန်းမှာ၊ ခေါင်းဆောင်က ကျွန်မကို ဝန်ခံမလားလို့ မေးတယ်၊ ကျွန်မက၊ “ဝန်မခံဘူး၊ ယုံကြည်ခြင်းရှိတာ ပြစ်မှုတစ်ခုမှမဟုတ်တာ”လို့ ပြောလိုက်တယ်။ သူက ကျွန်မကို သူ့လက်နောက်ပြန်နဲ့ နှစ်ခါရိုက်တယ်။ အဲဒီနောက် ရဲတွေက ကျွန်မကို အကြိမ်အများကြီး စစ်မေးခဲ့ကြပေမယ့်၊ ဘုရားကို ဆုတောင်းအာကိုးရင်းနဲ့ ကျွန်မ နှုတ်ပိတ်မြဲနှုတ်ပိတ်နေခဲ့တယ်။

၂၀၁၃ ခုနှစ် မေလမှာ ရဲတွေက ကျွန်မကို တရားရုံးခေါ်သွားတယ်၊ အဲဒီမှာ တရားသူကြီးက ကျွန်မကို “တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေဖို့ အစွန်းရောက် အဖွဲ့အစည်းကို အသုံးပြုခြင်း” ဆိုတာနဲ့ စီရင်ချက်ချခဲ့ပြီး၊ ကျွန်မအနေနဲ့ ကန့်ကွက်စရာ တစ်ခုခုရှိမလားလို့ သူ မေးတဲ့အခါ၊ ကျွန်မက၊ “ကျွန်မ ဒီပြစ်မှု ကျူးလွန်တယ်လို့ ရှင် ဘာလို့ ပြောနေတာလဲ”လို့ သူ့ကို မေးတော့၊ သူက ပြန်ဖြေတယ်၊ “မင်းမှာ ပြန်ဖြေပိုင်ခွင့်ရှိတယ်၊ မေးခွန်းတွေ မေးပိုင်ခွင့်မရှိဘူး”တဲ့။ ကျွန်မ မခံမရပ်နိုင်ဖြစ်ရတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှယ နိုင်ငံသားတွေကို ဘာသာရေး လွတ်လပ်ခွင့် ခံစားပိုင်ခွင့် အတိအလင်း ပေးထားတာလေ၊ ဒီတော့ ယုံကြည်ခြင်းရှိတာနဲ့ ဧဝံဂေလိ မျှဝေတာက ဘာဥပဒေမှ မချိုးဖောက်ပေမယ့် သူတို့က အဲဒီစွပ်စွဲချက်နဲ့ ပြစ်ဒဏ်ခတ်သလို၊ ကျွန်မ မေးခွန်းတစ်ခုတောင် မေးလို့မရဘူး။ တရားမျှတမှုက ဘာလဲ။ လွတ်လပ်ခွင့်ကရော။ လေးနှစ်။ အဲဒီအချိန်မှာ ဂျူရီအဖွဲ့ရဲ့ ဆုံးဖြတ်ချက်က ကျွန်မအတွက် အရမ်းအရမ်းကို ခက်ခဲတာ တွေ့ရတယ်။ ကျွန်မက အသက် ၂၂ နှစ်ပဲရှိတယ်၊ အရမ်းငယ်သေးတယ်လေ။ ကျွန်မရဲ့ ငယ်ရွယ်နုပျိုချိန်မှာ ထောင်ထဲမှာ အဲဒီနှစ်ကာလတွေ ကုန်ဆုံးရမှာ မယုံနိုင်ဘူး။ အဲဒီနောက် သံတိုင်တွေနောက် ကျွန်မ ဘယ်လောက်ကြာကြာ ကုန်ဆုံးရတယ်ဆိုတာ ဘုရားရဲ့သဘောပဲဖြစ်ပြီး ကျွန်မ ညည်းလို့မရသလို၊ သူ့ကို အပြစ်တင်လို့မရပေမယ့်၊ ကျိုးနွံနာခံရမှာဖြစ်ပြီး သူ့အပေါ် အားကိုးရင်းနဲ့ အဲဒါကို ဖြတ်ကျော်ရမယ်လို့ တွေးမိတယ်။ အဲဒီအတွေးက ကျွန်မကို နည်းနည်း ခံစားရသက်သာစေခဲ့တယ်။ သူက ဆယ်လ အချခံရတယ်။

ကျွန်မရဲ့ ပြစ်ဒဏ်ကို ကျခံဖို့ အမျိုးသမီး အကျဉ်းထောင်ကို ၂၀၁၃ ခုနှစ် ဩဂုတ်လမှာ ကျွန်မ အပို့ခံရတယ်။ ပထမတော့ ပညာပေးရေး အဆောက်အဦးထဲကမှာ အထားခံရတယ်။ အဲဒီမှာ အစောင့်တွေက အသင်းတော်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ကို တောင်းဆိုပြီး၊ ကျွန်မရဲ့ပြစ်မှုကို ကျွန်မ လက်ခံခြင်းရှိမရှိ မေးတယ်။ ကျွန်မက၊ “လက်မခံဘူး”လို့ ပြောလိုက်တယ်။ နောက်တော့ တခြားထောင်သား အနည်းငယ်ကို ကျွန်မကို စောင့်ကြည့်ခိုင်းထားကြတယ်။ အကျဉ်းသားနှစ်ယောက်က ကျွန်မကို အမြဲကြားညှပ်ထားကြပြီး ကျွန်မဘေးမှာ အမြဲ ကပ်နေကြတယ်။ ပြီးတော့ အဲဒီက တခြားညီအစ်မတွေနဲ့ စကားပြောခွင့်မပေးဘူး။ သူတို့က ကျွန်မကို ထောင်စည်းကမ်းတွေ အမြဲ လေ့လာခိုင်းပြီး၊ ဆင့်ကဲပြောင်းလဲမှုအကြောင်း အမြဲပြောရင်းနဲ့ ကျွန်မကို ဦးနှောက်ကျင်းပေးနေကြတယ်။ ကျွန်မ အရမ်း ဒေါသထွက်ပေမယ့်၊ သူတို့နဲ့ ငြင်းတာက ဘယ်လောက် အချည်းနှီးဖြစ်တယ်ဆိုတာ သိလို့ လုံးဝ လျစ်လျူရှုထားလိုက်တယ်။ ထောင်စောင့်တွေက တခြားအကျဉ်းသူတွေကို ကျွန်မကို အပြစ်လည်းပေးခိုင်းတယ်၊ မနက်တိုင်း အမှိုက်အိတ်ကြီးတစ်အိတ်ကို ငါးထပ်ကနေ ပထမထပ်ထိ လှေကားထစ်တွေကနေ ဆင်းသယ်ခိုင်းတယ်။ အရမ်းလေးပြီး ဆိုးဆိုးရွားရွားနံနေသလို၊ အဲဒါကို ရွေ့လိုက်ရလို့ ကျွန်မ ချွေးထွက်သွားတယ်။ အိမ်မှာ အဲဒီလို ညစ်ပတ်ပေရေတဲ့အလုပ် လုံးဝ မလုပ်ဖူးဘူး။ ကျွန်မ တကယ်ကို မတရားခံရသလို ခံစားရပြီး ဝမ်းနည်းသွာတယ်။ အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ် ကျွန်မ သတိရသွားတယ်- “သင်တို့သည် ဘုရားသခင်၏ စုံလင်စေခြင်း ခံရရန် ဆန္ဒရှိပါက၊ ကိစ္စရပ်အားလုံးတွင် မည်သို့ တွေ့ကြုံရမည်ကို သင်ယူရမည်ဖြစ်ပြီး၊ သင်၌ ဖြစ်ပျက်သည့် အရာရာတိုင်း၌ ဉာဏ်အလင်းပေးခြင်းကို ရယူနိုင်ရမည်ဖြစ်သည်။ ကောင်းသည် ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ယင်းသည် သင့်ကို အကျိုးကျေးဇူး ယူဆောင်လာပေးသင့်ပြီး၊ သင့်ကို အပျက်သဘော မဆောင်စေသင့်ပေ။ မည်သို့ဆိုစေ၊ သင်သည် ဘုရားသခင်၏ဘက်တွင် ရပ်နေစဉ် အမှုအရာများကို သုံးသပ်ဆင်ခြင်နိုင်သင့်ပြီး လူသား၏ ရှုထောင့်မှ ၎င်းတို့ကို မစိစစ်သင့်ပေ သို့မဟုတ် မလေ့လာသင့်ပေ (ဤသည်မှာ သင်၏အတွေ့အကြုံ၌ သွေဖည်မှု ဖြစ်ပေမည်)။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်စေခြင်း ခံရပြီးသော သူတို့အဖို့ ကတိတော်များ”) ကျွန်မကို ဘာပဲဖြစ်ပျက်ပါစေ၊ အားလုံးမှာ ဘုရားရဲ့ စေတနာပါရှိပြီး၊ အဲဒါကို ဘုရားဆီက ကျွန်မ လက်ခံသင်တယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေက ပြခဲ့တယ်။ ထောင်စောင့်တွေက ဘုရားကို ကျွန်မ သစ္စာဖောက်အောင်လို့ တခြားအကျဉ်းသားတွေကို ကျွန်မအပေါ် ရန်စခိုင်းတယ်။ အဲဒီအတွက် ကျွန်မ အလှည့်စားခံလို့ မဖြစ်ဘူး။ သူတို့ ကျွန်မကို ဘယ်လိုပဲ ညှဉ်းဆဲပါစေ ဘုရားသခင်ကို ကျွန်မ လုံးဝ ကျောမခိုင်းနိုင်ဘူး။ ဒီအတွေးက ကျွန်မရဲ့ ဒုက္ခကို တကယ် သက်သာစေခဲ့တယ်။

နှစ်လကြာပြီးတဲ့နောက် သူတို့က ကျွန်မကို အထူးသဖြင့် ဦးနှောက်ကျင်းပြီး ပြောင်းလဲစေဖို့အတွက် အသုံးပြုတဲ့ နေရာတစ်ခုဆီ လွှဲပြောင်းလိုက်ကြတယ်။ ပြီးတော့ ကျွန်မကို အပြည့်အဝ ချုပ်နှောင်တဲ့ စီမံခန့်ခွဲမှုအောက်မှာ ထားကြတယ်။ အခန်းကျဉ်းလေးတစ်ခုထဲမှာ ကျွန်မ စားတယ်၊ သောက်တယ်၊ အိပ်ပြီး အပေါ့အပါးသွားရတယ်။ သင်တန်းဆရာနှစ်ယောက်၊ သုံးယောက်က ကျွန်မအပေါ် နေ့တိုင်း ဦးနှောက်ကျင်းတာ လုပ်တယ်၊ ကျွန်မကို ရိုးရာယဉ်ကျေးမှု သင်ခန်းစားတွေနဲ့ တရစပ်ပစ်ပြီး၊ အဲဒီအကြောင်း ဗီဒီယိုတွေ ကြည့်ခိုင်းသလို၊ အဲဒီနောက် အဲဒါတွေနဲ့ပတ်သက်လို့ သုံးသပ်ချက်တွေ ရေးခိုင်းတယ်။ ကျွန်မက အဲဒီအစား ဘုရားကို သက်သေခံတဲ့အရာတွေ ရေးလိုက်တယ်။ အသင်းတော်ကို ပြစ်မှားစော်ကားတဲ့ အလိမ်အညာတွေနဲ့ပဲ ပြည့်နေတဲ့ စာအုပ်တစ်အုပ်ကိုလည်း ပေးပြီး၊ ကျွန်မယုံကြည်ခြင်းနဲ့ပတ်သက်လို့ မိသားစုကို ကျွန်မ စွန့်ပစ်နေတာ၊ ကျွန်မ မိဘတွေကို စောင့်ရှောက်ဖို့ ငြင်းနေတာ၊ အကြင်နာမဲ့တာလို့ ပြောကြတယ်။ အဲဒါက ကျွန်မကို အရမ်းဒေါသထွက်စေခဲ့တယ်၊ ကျွန်မ ပြန်ပြောလိုက်တယ်၊ “ရှင်က အဖြူအမဲ မကွဲပြားဘူး ဖြစ်နေတာပဲ။ ကျွန်မကို ဒီခေါ်လာတာ ရှင်တို့လေ၊ ကျွန်မ ဘယ်လိုလုပ်ပြီး ကိုယ့်မိဘတွေကို စောင့်ရှောက်ဖို့ အိမ်ပြန်ဖို့ ဖြစ်နိုင်မှာလဲ”လို့ပေါ့။ အဲဒီနောက် သူတို့က ဘုရားကို ပြစ်မှားစော်ကားတဲ့အရာမျိုးစုံ ပြောကြပြီး၊ ကျွန်မကို နောင်တရကြောင်း အစရှိတဲ့ စာတွေကို ရေးစေချင်ကြတယ်။ ကျွန်မ ငြင်းတော့၊ သူတို့ကို ကျွန်မကို အသံကုန်ဟစ် နှိပ်စက်ကြပြီး အိပ်ခွင့်မပေးကြဘူး။ ကျွန်မ မျက်လုံးမှိတ်လိုက်တာနဲ့ အကျဉ်းသားတစ်ယောက်က ကျယ်ကျယ်လောင်လောင် အော်တယ်။ နောက်တော့၊ အကျဉ်းသားတစ်ယောက်က အဲဒီစာတွေကို အတင်းရေးခိုင်းဖို့ ကျွန်မလက်ကို ဖမ်းကိုင်တယ်။ အဲဒီအချိန်မှာ ကျွန်မ ခန္ဓာနဲ့စိတ် လုံးဝ ခြေပစ်လက်ပစ်ဖြစ်နေသလို၊ ကျွန်မ နှလုံးက အားနည်းစေတယ်၊ ဒါကြောင့် ကျွန်မ အဲဒါကို မတွန်းလှန်ခဲ့ဘူး။ “ဘာပဲဖြစ်ဖြစ် ငါ့ကို အတင်းလုပ်ခိုင်းကြတာ သူတို့ပဲလေ၊ လုပ်နေတာ ငါမှမဟုတ်တာ” လို့ တွေးမိတယ်။ ဒါပေမယ့် နောက်တော့ ဘုရားက ကျွန်မတို့ စိတ်နှလုံးတွေထဲကို မြင်ပြီး၊ အဲဒါကို လုပ်ခြင်းအားဖြင့် စာတန်နောက် ငါ လိုက်နေတာ မဟုတ်လားလို့ တွေးမိတယ်။ အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော်တွေထဲက ဒါကို ကျွန်မ သတိရသွားတယ်။ “လူများအတွင်း၌ ဘုရားသခင် လုပ်ဆောင်သည့် အဆင့်တိုင်းတွင် အပြင်ပန်းသဏ္ဌာန်မှာ လူများ၏ စီစဉ်မှုမှ ထွက်ပေါ်လာသကဲ့သို့ လူများကြားထဲ၌ ဆက်သွယ် လှုပ်ရှားမှုများအနေနှင့် သို့မဟုတ် လူများ၏ ကြားဝင်ပြုလုပ်မှုများအနေနှင့် ဖြစ်ပေါ်သည်။ သို့သော်လည်း နောက်ကွယ်မှာတော့ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူများ၌ ဘုရားသခင် အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်ဖို့ လိုအပ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်”) ဒါက ဝိညာဉ်ရေးရာ တိုက်ပွဲဖြစ်မှန်း ကျွန်မကို နားလည်စေခဲ့တယ်။ ကျွန်မရဲ့ စကားနဲ့ လုပ်ဆောင်ချက်တိုင်း၊ ကျွန်မရဲ့ လှုပ်ရှားမှုတိုင်းကို ဘုရားက စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးတယ်။ အပေါ်ယံမှာ ကျွန်မကို ရေးစေဖို့ ကျွန်မလက်ကို အကျဉ်းသားတစ်ယောက်က တွန်းနေတာ ဖြစ်ပေမယ့်၊ ကျွန်မ မခုခံရင်၊ အဲဒါက ကျွန်မစိတ်နှလုံးထဲမှာ စာတန်ကို အလျှော့ပေးဖို့ အသင်ဖြစ်ခဲ့တယ် ဆိုတဲ့ သဘောဖြစ်မှာ။ အဲဒါက ဘုရားရှေ့မှာ သစ္စာဖောက်တာမျိုး ဖြစ်မှာပဲ။ ဒီအတွေးနဲ့ ကျွန်မ သူ့ကို တွန်းလှန်တယ်၊ ထောင်သားနှစ်ယောက်က ကျွန်မကို တကယ်ခပ်ပြင်းပြင်း လက်ဝါးနဲ့ရိုက်ရင်းနဲ့ စပြီးတွန်းလား ဆွဲလားလုပ်ကြတယ်။ ဦးနှောက်ကျင်းတဲ့ အတန်း ဒါရိုက်တာက သဘောကောင်းသလို ဟန်ဆောင်ရင်းနဲ့ သူတို့ကို ကျွန်မအပေါ် ရိုက်ခွင့်မပေးခဲ့ဘူး။ သူတို့ထဲက တစ်ယောက်က၊ “သူ မင်းကို ဘယ်လောက်သဘောကောင်းလဲ ကြည့်လိုက်- ကျေးဇူးမကန်းစမ်းနဲ့၊ အဲဒီထွက်ဆိုချက်တွေကိုသာ ရေးစမ်းပါ”လို့ပြေတယ်။ ကျွန်မတွေးမိတာက၊ “ရှင်တို့တွေက နေ့တိုင်း ကျွန်မကို ညှဉ်းဆဲပြီး အနာတရဖြစ်ခိုင်းနေကြတယ်၊ ဒါတွေကို အတင်းရေးခိုင်းဖို့ ကြိုးစားနေကြပြီး ကျွန်မအပေါ် သဘောကောင်းတယ်လို့ ခိုင်ခိုင်မာမာ ပြောတယ်။ အရှက်မဲ့လိုက်တာ”လို့ပေါ့။ နောက်တော့ အဲဒီဟာပြီးတာနဲ့၊ အတန်းဒါရိုက်တာက အဓိပ္ပာယ်မရှိတဲ့ အရာတွေနဲ့ အယူမှားမျိုးစုံးကို ကျွန်မရှေ့မှာပဲ ပြောတယ်။ ကျွန်မကို အဲဒီမနက် ၂ နာရီထိ တောက်လျှောက် ညှဉ်းဆဲခဲ့ကြပေမယ့် ကျွန်မ စာရေးဖို့ ငြင်းနေတုန်းပဲ။ သူတို့ ကျွန်မကို ပိုညှဉ်းဆဲလေလေ၊ ကွန်မြူနစ်ပါတီရဲ့ ဆိုးယုတ်တဲ့၊ ဘုရားကို ဆန့်ကျင်တဲ့ အနှစ်သာရကို ကျွန်မ ပိုမြင်လေပဲ။ နည်းပြဆရာက အစွန်းရောက်ဂိုဏ်းတစ်ခုရဲ့ ဝိသေသလက္ခဏာ ခြောက်ခုအကြောင်းကို အများကြီး ပြောခဲ့တယ်။ ပထမက စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုဖြစ်တယ်၊ ဒုတိယက ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု...ဆိုပြီးပေါ့။ အဲဒီအကြောင်း ကျွန်မပိုတွေးလေ၊ ပါတီက တကယ့်အစွန်းရောက် ဂိုဏ်းမှန်း ပိုတွေးမိလေပဲ။ နောက်ပိုင်းမှာ ကျွန်မရဲ့ သုံးသပ်မှုမှာ ရေးခဲ့တာ ဒီလို- “ရှင်တို့က ရှင်တို့ရဲ့ ဘုရားမဲ့ အယူဝါဒနဲ့ ရိုးရာယဉ်ကျေးမှုတွေကို ကျွန်မအပေါ် နေ့တိုင်း အတင်းတိုက်တွန်းကြတယ်၊ ဘုရားကို ကျွန်မကျောခိုင်းဖို့ မရမက တောင်းဆိုကြတယ်။ အဲဒါက စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှု မဟုတ်လား။ ညမှာ ရှင်တို့က ကျွန်မကို အိပ်ခွင့်မပေးကြဘူး၊ ကျွန်မကို တမင်တကာ ညှဉ်းဆဲကြတယ်။ အဲဒါက ရုပ်ပိုင်းဆိုင်ရာ ထိခိုက်စေမှု မဟုတ်လား...”လို့ပေါ့။ အဲဒါကို အစောင့်တွေက ဖတ်မိတဲ့အခါ၊ ဒေါသတကြီးနဲ့ အစိတ်စိတ်အမြွှာမြွှာ ဆုတ်ဖြဲလိုက်ကြတယ်။

အဲဒီနောက် သူတို့က ကျွန်မကို ထုတ်လုပ်ရေးငှာနကို ပြောင်းပေးလိုက်ကြတယ်။ အလုပ်ရုံမှာ၊ အဖွဲ့ခေါင်းဆောင်ကို အစောင့်တွေက ကျွန်မကို အပိုအလုပ်တွေ ပေးခိုင်းတယ်၊ ဒါကြောင့် ကျွန်မ အမှီလိုက်ဖို့ အမြဲ ရုန်းကန်နေရပြီး၊ ခြေမကိုင်မိ လက်မကိုင်မိ အမြဲဖြစ်ရတယ်။ သေလောက်အောင် ရေဆာတဲ့အချိန်မှာတောင် ဘာရေကိုမှ ကျွန်မ မသောက်ရဲခဲ့ဘူး၊ ရေချိုးခန်းသွားတာက ကျွန်မအလုပ်ကို နှောင့်နှေးစေမှာစိုးခဲ့တယ်။ အဲဒီလိုဖြစ်တာတောင်မှ၊ ကျွန်မရဲ့ အလုပ်ခွဲတမ်းတွေကို တစ်ခါမှ လိုက်မမီနိုင်သေးဘူး။ အမြဲ အပြစ်ပေးခံရတယ်။ ညမှ အလုပ်သိမ်းပြီးတဲ့နောက်၊ အကျဉ်းခန်းကို ကျွန်မ ပြန်သွားရပြီး ပြစ်ဒဏ်အနေနဲ့ တစ်နာရီကြာ ငြိမ်ငြိမ်လေး မတ်တပ်ရပ်ရတယ်။ တစ်ခါတလေ တခြားလူအားလုံး အိပ်နေသေးတုန်း တကယ်ကို မနက်စောစာပိုင်းမှာ၊ သူတို့ ကျွန်မကို နိုးပြီး အပြစ်ပေးတဲ့အနေနဲ့ ရပ်ခိုင်းတယ်။ ကျွန်မ ထိလိုက်တဲ့အခါတိုင်း အရမ်းပင်ပန်းနွမ်းလျသလို ခံစားရပြီး၊ အရမ်းအိပ်ချင်တာ မျက်လုံးတွေကို အနိုင်နိုင် ဖွင့်ရတယ်။ ယုံကြည်သူတွေဖြစ်တဲ့ ကျွန်မတို့နဲပတ်သက်ပြီး အစောင့်တွေက အရမ်းအရမ်းကို တင်းကျပ်ကြတယ်။ ကျွန်မတို့ အမြဲ ညှဉ်းဆဲပြီး အပြစ်ပေးခံရသလို၊ ကျွန်မတို့ ရေချိုးခန်းတွေ သုံးတာကိုတောင် ကန့်သတ်ကြတယ်။ တခြားလူတွေ သွားဖို့ ခွင့်တောင်းတော့၊ အစောင့်တွေက သွားခွင့်ပေးကြပေမယ့်၊ ကျွန်မ ခွင့်တောင်းတော့၊ ကျွန်မ ဘယ်လောက်ပဲထိန်းရပါစေ၊ သူတို့ ငြင်းပြီး ဆက်ထိန်းထားဖို့ ပြောတယ်။ အလုပ်ပြီးတဲ့အထိ အဲဒါကို သည်းခံရပြီး ကျွန်မ အကျဉ်းခန်းထဲက အိမ်သာကို ကျွန်မ သုံးရတယ်။ အဲဒီကာလတစ်လျှောက်မှာ၊ တခြား ညီအစ်မ အနည်းငယ်နဲ့ မိတ်သဟာယပြုဖို့ အခွင့်အရေးကို ကျွန်မ ဖမ်းဆုပ်ပြီး ကျွန်မတို့ အချင်းချင်း အားပေးကြတယ်။ ကျွန်မတို့ မှတ်မိတဲ့ ဘယ်ဘုရားနှုတ်ကပတ်တော်ကိုမဆို ကျွန်မတို့ ကူးရေးချပြီး ကျွန်မတို့ကြားကို စာကို တိတ်တဆိတ် ကမ်းပေးကြတယ်။ ကျွန်မအပေါ် နက်နက်ရှိုင်းရှိုင်း ထင်မြင်ချက် ချန်ခဲ့တဲ့ဟာတစ်ခု ရှိတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “ဘုရားသခင် မည်သို့ပင် အမှုပြုသည်ဖြစ်စေ၊ သင်၏ပတ်ဝန်းကျင်မှာ မည်သည့်ပတ်ဝန်းကျင်ဖြစ်စေ သင်သည် အသက်ကို ရရှိအောင် အားထုတ်ပြီး သမ္မာတရားကို ရှာဖွေနိုင်သည်၊ ဘုရားသခင်၏အမှုအား သိကျွမ်းခြင်းကို ရှာဖွေနိုင်ပြီး၊ သူ၏လုပ်ရပ်များအား နားလည်ခြင်းကို ရရှိနိုင်သည်၊ ထို့ပြင် သင်သည် သမ္မာတရားနှင့်အညီ ပြုမူကျင့်ကြံနိုင်လေသည်။ ထိုသို့ပြုခြင်းမှာ စစ်မှန်သော ယုံကြည်မှု ရှိခြင်းသဘောဖြစ်ပြီး၊ ထိုသို့ပြုခြင်းက သင်သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်း မပျောက်ဆုံးသေးကြောင်းကို ပြသပါသည်။ သင်သည် စစ်ဆေးခြင်းမှတစ်ဆင့် သမ္မာတရားကို ရရှိအောင် မလျှော့တမ်း အားထုတ်နိုင်မှသာ၊ သင်သည် ဘုရားသခင်ကို စစ်မှန်စွာချစ်နိုင်ပြီး သူ့အပေါ် သံသယများ ဖြစ်မလာမှသာ၊ မည်သည့်အရာကို သူပြုသည်ဖြစ်စေ သင်သည် သူ့ကို ကျေနပ်စေရန် သမ္မာတရားကို ဆက်လက်၍ လက်တွေ့ကျင့်သုံးမှသာ၊ ထို့ပြင် သင်သည် သူ၏အလိုတော်ကို သေသေချာချာ နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေပြီး သူ၏အလိုအတော်ကို အရေးထားနိုင်မှသာ၊ သင်သည် ဘုရားသခင်အပေါ် စစ်မှန်သောယုံကြည်ခြင်း ရှိနိုင်လေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်”) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မတို့ကို ယုံကြည်ခြင်းနဲ့ ခွန်အားပေးခဲ့တယ်။ ကျွန်မတို့ အားလုံး ဘုရားနဲ့ နီးနီးကပ်ကပ် နေရမယ်၊ ဘုရားနှုတ်ကပတ်တော်တွေနဲ့နီးနီးကပ်ကပ် နေရမယ်လို့ ခံစားရတယ်။ အဲဒီတုန်းက ကျွန်မက ယုံကြည်သူဖြစ်တာ တစ်နှစ်ပဲရှိသေးသလို၊ ဘုရားနှုတ်ကပတ်တော်တွေကို ပိုမဖတ်ခဲ့တာ မုန်းမိတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာ၊ ကျွန်မတို့ ဖြန့်တဲ့ အဲဒီစာကို အစောင့်တွေက သိမ်းလိုက်တယ်၊ အဲဒီနောက် သူတို့က ကျွန်မကို ပိုပြီး အနီးကပ် ဆက်စောင့်ကြည့်ကြတယ်။ သူတို့က ကျွန်မ တခြားညီအစ်မတွေနဲ့ စကားမပြောတာ သေချာအောင်လုပ်ဖို့ ကျွန်မ အလုပ်လုပ်နေတုန်း တခြားအကျဉ်းသားတွေကြားမှာ ကျွန်မကို ကြားညှပ်နေခိုင်းတယ်။ ပြီးတော့ ကျွန်မတို့ရဲ့ ဗီရိုတွေနဲ့ အိပ်ရာတွေကို ရှာဖွေရာမှာ အမြဲ ဇောက်ထိုးလှန်ကြတယ်။

၂၀၁၅ ဩဂုတ်လမှာ၊ ကျွန်မ တခြားယုံကြည်သူနဲ့ စကားပြောတယ်လို့ ထောင်သားတစ်ယောက်က သတင်းပေးတယ်၊ ဒီတော့ အစောင့်တွေက ကျွန်မကို “ခွဲကန့်ထားတဲ့ အခန်းငယ်လေး”ထဲမှာ တိုက်ပိတ်လိုက်ကြတယ်။ အဲဒါက အိပ်ဖို့ သစ်သား ကြမ်းခင်းနဲ့ အစွန်းမှာ ဆောင့်ကြောင့်ထိုင် အိမ်သာတစ်ခုရှိတဲ့ ၁၀ ပေပတ်လည်လောက်ရှိတဲ့ အကျဉ်းခန်းလေးတစ်ခုပါ။ နံရံတွေကို ဆယ်ပေအောက် ရာဘာရေမြှုပ်တွေနဲ့ ကာထားတယ်၊ ထောင်သားတွေက နောက်ထပ် မခံနိုင်တော့တဲ့အခါ သူတို့ကိုယ်သူတို့ နံရံနဲ့ဆောင့်ပြီး သတ်လို့မရအောင်လို့လေ။ အမျိုးသမီး အစောင့်တွေက သူတို့ရဲ့ လျှပ်စစ်တုတ်တွေ ကိုင်ပြီး ကျွန်မကို သူတို့ရှေ့မှာ အဝတ်အားလုံး ချွတ်ဖို့ ပြောတယ်။ ကျွန်မ ငြင်းတော့၊ သူတို့က ကျွန်မ အဝတ်ကို ဆောင့်ဆွဲပြီး အားလုံးကို အတင်းချွတ်ခိုင်းတယ်၊ အဲဒီနောက် စောင့်ကြည့် ကင်မရာတွေအောက်မှာ ကျွန်မကို ရပ်ခိုင်းပြီး ထိုင်ထလေ့ကျင့်ခန်းတွေ လုပ်ခိုင်းတယ်။ ကျွန်မ ဆိုးဆိုးရွားရွား အရှက်ရသလို ခံစားရတယ်၊ ဒါကြောင့် ထိုင်ထလုပ်နေတုန်း ကျွန်မကိုယ်ကျွန်မ ကာချင်နေရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ဖုံးကာဖို့ ကျွန်မလက်တွေကို အလိုလိုသုံးမိတယ်။ ဒါပေမယ့် အောက်ဖက်တစ်လျှောက်ကိုတောင် လုံးလုံးမကာမိခင်မှာ၊ ကျွန်မလက်တွေကို သူတို့ အဝေးကို ဆောင်ဆွဲလိုက်ပြီး၊ “မင်း ဘာကို ဖမ်းကိုင်နေတာလဲ။ ဒီနေရာ ရောက်ပြီး မင်းရဲ့ သိက္ခာကို လိုချင်သေးတယ်”လို့ ပြောရင်းနဲ့ ကျွန်မကို လှောင်ကြတယ်။ ကျွန်မ အရမ်း စိတ်ညစ်ပေမယ့်၊ ကျွန်မ အံကိုပဲကြိတ်ပြီး မျက်ရည်တွေကို အတင်းထိန်းလိုက်တယ်။ သူတို့ “စစ်ဆေးတာ” ပြီးသွားတာနဲ့ ကျွန်မရဲ့ အခန်းကန့်လေးဆီကို လုံးဝ ကိုယ်လုံးတီးနဲ့ ကျွန်မကို ပို့လိုက်ကြတယ်။ အထဲကိုရောက်တော့၊ ကျွန်မ နောက်ထပ် မထိန်းနိုင်တော့ဘဲ၊ ငိုပြီးရင်း ငိုနေမိတယ်။ နောက်ပိုင်းမှာ အစောင့်က အဲဒီအထဲမှာ ကျွန်မကို သတိအနေအထားနဲ့ မနက် ၅ နာရီကနေ ည ၁၀ နာရီထိ ရပ်ခိုင်းထားပြီး၊ ကျွန်မကို စောင့်ကြည့်ဖို့ အကျဉ်းသားတွေကို ပြောတယ်။ နည်းနည်းလေး လှုပ်တဲ့အတွက် ကျွန်မ အရိုက်ခံရ၊ အအော်ခံရတယ်။ အချိန်ကြာကြီး ရပ်ပြီးတဲ့နောက်မှာ ကျွန်မ ခြေထောက်တွေက ပူဖောင်းတွေလို ရောင်ကိုင်းလာတယ်။ ကျွန်မကို အပြစ်ပေးဖို့ နည်းလမ်းသစ် သူတို့ အမြဲရှာတွေ့ပြီး၊ ကျွန်မရဲ့အကြည့်ကို သူတို့ မကြိုက်ရင်ပဲ သူတို့က ကျွန်မ အရိုက်ခံရတယ်။ တစ်ကြိမ်၊ အကျဉ်းသား လေးငါးယောက် တိုးဝှေ့ဝင်လာကြတယ်။ သူတို့ထဲက တစ်ယောက်က ကျွန်မကို ဆံပင်ကနေ ဖမ်းကိုင်တယ်၊ နှစ်ယောက်က ကျွန်မကို လက်ဝါးနဲ့စရိုက်ကြပြီး၊ နောက်တစ်ယောက်က ကျွန်မ ရင်သားတွေကို တကယ်ကို ပြင်းပြင်းလေး ဆိတ်လိုက်တယ်။ ကျွန်မ အရမ်းအရမ်းကို နာသွားတယ်။ “နင့်ရဲ့ ဘုရားကို လာကယ်ခိုင်းလိုက်လေ” လို့ပြောရင်းနဲ့ သူတို့အားလုံး ကျွန်မကို လှောင်ရယ်နေကြတယ်။ အဲဒီမကောင်းဆိုးဝါးတွေအတွက် အမုန်းတရားနဲ့ ကျွန်မ ပြည့်သွားသလို၊ သူတို့ ကျွန်မကို အဲဒီလို ဘယ်လောက်ကြာကြာ ဆက်ညှဉ်းဆဲပြီး အရှက်ခွဲနေခဲ့ကြလဲ ကျွန်မ မသိတော့ဘူး။ ကျွန်မ အဒီမှာ နောက်ထပ်တစ်မိနစ် မနေချင်တော့သလို၊ သေအောင် ကျွန်မ ခေါင်းကိုဆောင့်လိုက်ဖို့တောင် တွေးခဲ့တယ်၊ ဒါပေမယ့် နံရံတွေက ရာဘာရေမြှုပ်တွေနဲ့ ကာထားတော့၊ အဲဒါကို လုပ်ဖို့ နည်းလမ်းရှိဘူး။ ကျွန်မနဲ့ ကပ်လျက်အကျဉ်းခန်းထဲက အကျဉ်းသားက ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ နံရံနဲ့ သူ့ကိုယ်သူ ပစ်ဆောင့်ဖို့ ကြိုးစာခဲ့သေးတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ဘူး၊ ဒါကြောင့် သူတို့က သူ့ခေါင်းပေါ် ခေါင်းစွပ်တစ်ခု တပ်ပြီး ပါးစပ်ကိုတောင် ဆို့ထားလိုက်ကြတယ်။ ကျွန်မ မအောင်မြင်ရင်၊ ပိုတောင်ဆိုးတဲ့ အရာတစ်ခုခုကို ကျွန်မ ခံစားရမှာ။ ဒီအတွေးက ကျွန်မကို ပိုလို့တောင် စိတ်မချမ်းမြေ့ ဖြစ်စေခဲ့တယ်။ ကျွန်မရဲ့ အားအနည်းဆုံးအချိန်မှာ၊ ဒီဘုရားနှုတ်ကပတ်တော် ဓမ္မသီချင်းကို သတိရမိခဲ့တယ်။ “ယနေ့တွင် လူအများစု၌ ထိုအသိပညာ မရှိကြပေ။ ဒုက္ခဝေဒနာခံစားရခြင်းမှာ တန်ဖိုးမရှိဟု ၎င်းတို့ယုံကြည်ကြသည်၊ ၎င်းတို့သည် မိမိတို့၏ယုံကြည်မှုကြောင့် နှိပ်ကွပ်ခံကြရပြီး လောကကြီး၏စွန့်ပစ်ခြင်းကို ခံကြရသည်၊ ၎င်းတို့၏ နေအိမ်အသက်တာ၌ သောကရောက်ကြရပြီး ၎င်းတို့၏ ရှေ့ရေးများမှာ စိတ်ဓာတ်ကျဖွယ်ရာဖြစ်၏။ အချို့သူများ၏ ဒုက္ခဝေဒနာခံစားရခြင်းမှာ လွန်ကဲပြင်းထန်လာပြီး ၎င်းတို့၏အတွေးများသည် သေခြင်းတရားဘက်သို့ လှည့်သွားကြသည်။ ဤအရာက ဘုရားသခင်ကိုချစ်သော စိတ်နှလုံးကို အဘယ်သို့ပြသနည်း။ ထိုသို့သော လူများသည် သူရဲဘောကြောင်သူများ ဖြစ်ကြပြီး ၎င်းတို့၌ ဇွဲလုံ့လဝီရိယ မရှိကြပေ၊ ၎င်းတို့သည် အားနည်းပြီး အစွမ်းမရှိသူများပင် ဖြစ်ကြတော့သည်။ ဘုရားသခင်သည် သူ့ကို လူသားတို့ ချစ်ကြရန် စိတ်ထက်သန်သော်လည်း၊ လူသားက သူ့ကိုချစ်လေ၊ လူသား၏ ဒုက္ခဝေဒနာက ပိုကြီးလေဖြစ်ပြီး၊ လူသားက သူ့ကိုချစ်လေ၊ လူသား၏ စမ်းသပ်မှုများက ပိုကြီးလေဖြစ်သည်။...ထို့ကြောင့် ဤနောက်ဆုံးသောကာလအတောအတွင်း သင်တို့သည် ဘုရားသခင်ကို သက်သေခံကြရမည်။ သင်တို့၏ ဒုက္ခဝေဒနာက မည်မျှပင်ကြီးမားပါစေ သင်တို့သည် ဆုံးခန်းတိုင်အောင် လျှောက်သွားသင့်သည်၊ ထို့အပြင် သင်တို့၏နောက်ဆုံး ထွက်သက်၌ပင်လျှင် သင်တို့သည် ဘုရားသခင်ကို သစ္စာရှိပြီး ဘုရားသခင်၏စီစဉ်ညွှန်ကြားမှုကို ကျိုးနွံနာခံနေရမည်။ ဤအရာသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းဖြစ်ပြီး၊ ဤအရာသည်သာလျှင် ခိုင်မာ၍ ထူးကဲသည့် သက်သေခံချက်ဖြစ်သည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “သင်၏ ဒုက္ခမည်မျှပင်ကြီးပါစေ၊ ဘုရားကို ကြိုးစားချစ်ပါ”) ဘုရားနှုတ်ကပတ်တော်တွေကို အချိန်ယူစဉ်းစားကြည့်တော့၊ ကျွန်မ ဘယ်လောက် သူရဲဘောကြောင်ခဲ့တယ်၊ နည်းနည်း ဆင်းရဲဒုက္ခ နဲ့ အရှက်ကွဲတာခံရတာနဲ့ သေခြင်းကို ရှာနှင့်နေခဲ့တယ်။ ကျွန်မရဲ့ သက်သေခံချက်က ဘယ်မှာလဲ။ ကျွန်မ ထရပ်ပြီး အသက်ရှင်ရမယ်၊ ဘုရားကို စိတ်ကျေနပ်စေပြီး စာတန်ကို အရှက်ခွဲဖို့ သက်သေရပ်တည်ရမယ်။ ကျွန်မ သေဖို့အတွေးတွေကို အဆုံးသတ်လိုက်ပြီး အဲဒါကို ကျော်ဖြတ်ဖို့ ဆုတောင်းပြီး ဘုရားအပေါ်ကိုပဲ အားကိုးချင်ခဲ့တယ်။

အဲဒီနောက် ထောင်စောင့်တွေက ကျွန်မတို့ကို ဘုရားကိုပြစ်မှားစော်ကားတဲ့အရာမျိုးစုံ ရေးထားတဲ့ တံဆိပ်တွေကို ကျွန်မတို့ကို စဝတ်ခိုင်းတယ်။ ကျွန်မ ငြင်းတယ်။ တခြားအကျဉ်းသားတွေကို သူတို့က ကျွန်မကို ခုံရှည်ပေါ် အတင်းထိုင်ခိုင်းအောင် လုပ်ကြတယ်၊ အဲဒါ တကယ်ကို ကြမ်းတမ်းသလို၊ တကယ် သက်သောင့်သက်သာမရှိဘူး၊ အဲဒီနောက် ကျွန်မလက်နဲ့ခြေတွေကို ကျွန်မ လုံးဝ မလှုပ်နိုင်အောင်လို့ အထိန်းတွေနဲ့ ချည်လိုက်ကြတယ်။ အဲဒီနောက် အဲဒီသင်္ကေတကို ကျွန်မပေါ် တပ်လိုက်ပြီး တကယ်ကျေနပ်အားရစွာနဲ့ ပြောတယ်၊ “အခု မင်း အဲဒါကို ဝတ်နေပြီ မဟုတ်လား။ ငါတို့မှာ ငါတို့နည်းလမ်းရှိပါတယ်ကွ” တဲ့။ ဒီတော့ သူတို့က ကျွန်မကို အဲဒီလို မနက် ၅ နာရီကနေ ည ၁၀ နာရီထိ ၁၇ နာရီ လုံးလုံး အဲဒီအတိုင်း ချည်မြဲချည်ထားကြတယ်။ ကျွန်မ တင်ပါးက အရမ်းကို ဆိုးဆိုးရွားရွား နာကျင်နေသလို ကျွန်မ လက်တွေက အရမ်းအရမ်းကို ရောင်ကိုင်းနေတယ်။ ကျွန်မ လုံးဝ ခြေကုန်လက်ပန်းကျပြီး အိပ်ချင်နေပြီ။ မျက်လုံးတွေကိုတောင် မဖွင့်နိုင်တော့ဘူး။ အကျဉ်းသားတွေက ကျွန်မကို ခြိမ်းခြောက်နေကြတယ်၊ ကျွန်မ မျက်လုံးတွေကို ပိတ်ခွင့်မပေးကြဘူး။ ကျွန်မ ပိတ်လိုက်ရင်၊ မျက်လုံးတွေထဲကို ငရုတ်ကောင်းမှုန့်တွေ ဖြန်းလိုက်ကြတယ်။ မျက်လုံးတွေကို ဆက်ဖွင့်ထားဖို့ ကျွန်မ အရမ်း ကြိုးစားခဲ့ပေမယ့် နည်းနည်း ကြာပြီးတဲ့နောက်၊ ကျွန်မ နောက်ထပ် တကယ်ကို မခံနိုင်တော့ဘူး။ သူတို့ဖာသာ သူတို့ပဲ ပိတ်သွားကြတယ်၊ နောက်တော့ အကျဉ်းသားတွေက သူတို့ရဲ့ လက်ချောင်းတွေနဲ့ ကျွန်မ မျက်လုံးတွေကို ဆွဲဖွင့်ကြတယ်။ အစာစားဖို့အတွက်တောင် ကျွန်မကို ကြိုးမဖြေပေးကြဘူး။ အစတုန်းကတော့ အစာများများစားစား မရှိပေမယ့်၊ နောက်တော့ သူတို့က ကျွန်မ ပါးစပ်ထဲ နှစ်ကိုက်စာ သိပ်ထည့်လိုက်ကြပြီး၊ အဲဒီနောက် ကျွန်မ စားလို့မပြီးခင် ထုတ်လိုက်ကြတယ်။ ပြီးတော့ တစ်ခါတလေ ကျွန်မပါးစပ်ထဲ အဲဒါကို သုတ်ခြေတင် ထည့်လိုက်ကြပြီး၊ ကျွန်မမှာ မျိုချဖို့ အချိန်မရှိဘူး၊ ပြီးတော့ ကျွန်မကို သူတို့ အော်တယ်။ နောက်ပိုင်းမှာ၊ အဲဒီလို သူတို့ရဲ့ အရှက်ခွဲတာကို မခံချင်လို့ ကျွန်မ စားနေတာကို ရပ်လိုက်တယ်။ ကျွန်မ စားဖို့ ငြင်းတော့ သူတို့က ကျွန်မကို လက်ဝါးနဲ့ရိုက်ကြတယ်။ သူတို့ ကျွန်မကို ရေအိမ် သုံးခွင့်မပေးလို့ စိတ်ဆင်းရဲရတဲ့အထိ ကျွန်မ အောင့်ထားရတယ်၊ နောက်တော့ ကျွန်မရဲ့ ဆီးသွားလမ်းမှာ အရမ်းကို အချိန်အကြာကြီး အောင့်ထားရလို့ အကြောပြဿနာတွေ ရှိခဲ့တယ်။ ဒါကြောင့် အချိန်ကျလာတဲ့အခါ၊ ကျွန်မ သွားတောင်မသွားနိုင်တော့ဘူး။ အဲဒါက သေတာဟာ သက်သာရာတစ်ခုဖြစ်မှာပဲလို့ လူတွေ ဘာလို့ပြောနိုင်ရလဲဆိုတာကို ကျွန်မ တကယ် နားလည်သွားတဲ့ ပထမဆုံး အကြိမ်ပဲ။

အခန်းကန့်လေးထဲမှာ ကျွန်မ ရှိခဲ့တုန်းက၊ အစောင့်တွေက ကျွန်မကို ခဏခဏ အစာဝအောင်မကျွေးပဲထားပြီး ညှဉ်းဆဲကြတယ်။ ကြက်ဥလောက်ကြီးတဲ့ ပေါင်မုန့်ပေါင်း တစ်ကိုက်စာနဲ့ ဟင်းရည် ဇွန်ငယ်လေးတစ်ဇွန်းစာပဲ ကျွန်မကို သူတို့ ပေးကြတယ်။ တစ်ခါတလေ သူတို့က အဲဒီ ပေါင်မုန်းပေါင်း နည်းနည်းလေးဆီက အတုံးအတစ်တစ်ခု ဆွဲထုတ်သွားတယ်။ စားနေတုန်းမှာ ကျွန်မ အရမ်းဂရုစိုက်ရတယ်၊ ကြမ်းပေါ် ပေါင်မုန့်ပဲ့လေးတွေ ကျသွားမှာ လန့်နေရတယ်။ တစ်ချိန်လုံး ကျွန်မ ဆာနေတယ်၊ ကျွန်မရဲ့ အစာအိမ်က မြည်နေပြီး အမြဲ နာနေတယ်။ ကျွန်မနဲ့ ကပ်လျက်မှာရှိတဲ့ အကျဉ်းသားတွေ သူတို့ အစာကို ဝါးစားနေတာ ကြားတော့၊ ကျွန်မ တွေးမိတယ်၊ “သူတို့လို တကယ့်အစာ တစ်ပန်းကန်လုံးစာကို ဘယ်အချိန်မှာများ ငါ ရမှာလဲ”လို့ပေါ့။ တစ်ခါတလေ သူတို့ အစာတစ်ချို့ကို အမှိုက် ဒါမှမဟုတ် အိမ်သာထဲမှာ သူတို့ စွန့်ပစ်ကြပြီး၊ ပုပ်သိုးနေရင်တောင် ကျွန်မကို စားခွင့်မပေးကြဘူး။ တစ်ခါတလေ အမှိုက်ထဲက အစားအစာကို ကျွန်မ တကယ် ယက်ထုတ်ချင်နေရင်းနဲ့ ငေးကြည့်နေမိတယ်။ ဒါပေမယ့် နောက်တော့ စောင့်ကြည့်ကင်မရာနဲ့ ကျွန်မ အနီးအနားက တခြား အကျဉ်းသားတွေကို မြင်ပြီး ကျွန်မ မလုပ်ရဲခဲ့ဘူး။ အဲဒါ ကျွန်မ ပါးစပ်ထဲ မရောက်ခင်မှာတောင် ကျွန်မ အရိုက်ခံလိုက်ရမှာ စိုးတယ်။ တစ်ချိန်လုံး ကျွန်မ ဆာတဲ့ဝေဒနာ ခံစားခဲ့ရပြီး အစားအစာ အဝ စားရတဲ့အကြောင်း အိပ်မက်တွေ မက်တယ်။ အဲဒါတင်မကဘဲ၊ ရေသောက်တာတောင် ကန့်သတ်ခံရတယ်။ မနက်ပိုင်းမှာပဲ ကျွန်မ ရေပြီး အရမ်းနည်းတယ်။ အပူဆုံးလဖြစ်တဲ့ ဩဂုတ်လဖြစ်လို့ ကျွန်မ ရေဆာလို့ သေတော့မယ်။ တစ်ခါ သူတို့က ကျွန်မ သောက်တဲ့ရေထဲကို ချိုင်းမွေးထားတယ်။ တကယ် ရိုင်းတာ။ အဲဒီနောက် တံခါးဝမှာ ကျွန်မကို စောင့်ကြည့်ရင်းနဲ့ သူတို့ ရပ်နေကြပြီး၊ ကျွန်မ မသောက်ရင်၊ ကျွန်မကို ရေပေးတာ ရပ်လိုက်ကြတော့မှာ။ ကျွန်မအဲဒါကို ကိုယ့်ဖာသာ အတင်းသောက်လိုက်ရတယ်။ အဲဒါကို မြင်တော့၊ ကျွန်မကို အဲဒီအတွက် သူတို့ အရှက်ခွဲကြတယ်။ နေ့တိုင်း ရုပ်ပိုင်းဆိုင်ရာ ညှဉ်းဆဲတာအပြင်၊ သူတို့က ရိုင်းပျတဲ့ အရာမျိုးစုံနဲ့ ဘုရားကို ပြစ်မှားစော်ကားတာတွေ ပြောရင်းနဲ့ ကျွန်မကို သံကုန်ဟစ် အနိုင်ကျင့်ကြတယ်။ တကယ်ကို နာကျင်စရာဖြစ်ပြီး ကျွန်မ တကယ် ငိုလိုက်ချင်ခဲ့ပေမယ့်၊ သူတို့ ကျွန်မ ပါးစပ်ထဲ တစ်ခုခု သိပ်ထည့်မှာ ကြောက်လို့ အသံတစ်ချက် မထွက်ရဲခဲ့ဘူး။ ကျွန်မ တိတ်တိတ်လေးပဲ ငိုလို့ရတယ်။ ကျွန်မကို စောင့်ကြည့်နေတဲ့ ထောင်သားက ကျွန်မကို ကျယ်ကျယ်လောင်လောင်နဲ့ “နင်ဘာလို့ ငိုနေတာလဲ။ ဆက်ငိုနေရင်၊ နင့်ကို အဓိက ရင်ပြင်ဆီ ခေါ်သွားပြီး ထောင်ထဲမှာ ရှိတဲ့လူတိုင်း နင့်ကို မြင်လို့ရအောင် တုံးလုံးဖြစ်အောင် အဝတ်ချွတ်ပေးလိုက်မှာ”လို့ အော်တယ်။ ဒါကို သူပြောတာကြားတော့ ကျွန်မ တကယ်ကြောက်သွားမိတယ်။ အဲဒီမကောင်းဆိုးဝါး တစ်သိုက်က တကယ်ကို ရက်စက်ပြီး ယုတ်မာကြတာပဲ။ သူတို့ ကျွန်မကို ရင်ပြင်ဆီ တကယ်ခေါ်သွားပြီး ကျွန်မ အဝတ်အားလုံး ချွတ်ပေးလိုက်ရင် ကျွန်မ ဘယ်လိုလုပ် ခံနိုင်မှာလဲ။ ဒီအရာ ဖြစ်နိုင်ချေက ကျွန်မကို နောက်ထပ် မငိုတော့အောင် ကြောက်သွားစေခဲ့တယ်။

အဲဒီအချိန်အတောအတွင်းမှာ၊ ကျွန်မ လုံးဝ ကြက်သေသေနေသလို ဖြစ်ပြီး ပြိုလဲတော့မလို မကြာခဏ ခံစားရတယ်။ အဲဒီအထဲမှာ တစ်စက္ကန်လေးတောင် ပိုကြာကြာ ကျွန်မ မကုန်ဆုံးချင်ဘူး။ ဦးနှောက်ကျင်းတဲ့ ဒါရိုက်တာ ပြောခဲ့တဲ့ အရာတစ်ခုကို ကျွန်မ သတိရတယ်- “ဘုရားကို မင်း မယုံကြည်ခဲ့ရင် ဒီအရာအားလုံးကို မင်း ခံစားနေခဲ့ရပါ့မလား”တဲ့။ အဲဒီအချိန်က ကျွန်မ တကယ်ကို အားနည်းနေခဲ့တယ်၊ ဒါကြောင့်၊ “သူ မှန်တယ်။ ငါ ယုံကြည်သူ မဟုတ်ရင်၊ ဒီအရာကို ဖြတ်သန်းရမှာ မဟုတ်ဘူး”လို့ ကျွန်မ တွေးမိတယ်။ အဲဒီအတွေး ကျွန်မ ရှိတဲ့အချိန်မှာ၊ စိတ်ထဲမှာ အရမ်းအရမ်းကို မှောင်မိုက်နေခဲ့‌ပြီး၊ စာတန်ရဲ့ လှည့်ကွက်မှာ အလှည့်စားခံရလိုက်ရမှန်း ကျွန်မ ရုတ်တရက် သဘောပေါက်သွားတယ်။ ယုံကြည်ခြင်းရှိပြီး မှန်တဲ့လမ်းကြောင်းကို လျှောက်တဲ့အတွက် ကျွန်မ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖမ်းဆီးတာ ခံခဲ့ရတယ်။ ဒါဟာ ကျွန်မကို ညှဉ်းဆဲပြီး နာကျင်ခိုင်းနေတာ သူတို့မှန်း အရမ်းကို သိသာပေမယ့်၊ သူတို့က ကျွန်မရဲ့ ယုံကြည်ခြင်းကြောင့် ကျွန်မ ဆင်းရဲဒုက္ခခံနေရတာလို့ ပြောတယ်။ ကျွန်မရဲ့ ဆင်းရဲဒုက္ခအတွက် ဘုရားကို အပြစ်တင်တာက အရမ်းအရမ်းကို မသတီစရာဖြစ်ပြီး ရှက်စရာပါ။ သူတို့ကို ကျွန်မ မစက်ဆုပ်ရုံမက၊ သူတို့ရဲ့ အလိမ်အညာကိုတောင် ယုံမိခဲ့တယ်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ရန်သူဆီ ရောင်းစားနေခဲ့တာပဲ။ ဆုတောင်းခြင်းနဲ့ ဘုရားဆီ ကျွန်မ အမြန်သွားတယ်- “အို ဘုရားသခင်၊ ကျွန်မရဲ့ ခန္ဓာသွေးသား အားနည်းချက်ကြောင့် စာတန်ရဲ့ အလိမ်အညာတွေထဲက တစ်ခုကို ကျွန်မ ယုံမိပါတယ်။ ကျွန်မ အရမ်းပုန်ကန်တတ်လွန်းပါတယ်။ ကိုယ်တော့်ဆီ ကျွန်မ နောင်တရချင်ပါတယ်၊ ပြီးတော့ ကိုယ်တော်ရဲ့ အလိုတော်ကို နားလည်အောင် ကျွန်မကို လမ်းပြဖို့ ကိုယ်တော်ကို တောင်းလျှောက်ပါတယ်”လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက် ဒီဘုရားနှုတ်ကပတ်တော် စာပိုဒ်ကို သတိရခဲ့တယ်- “ဘုရားသခင်၏ စစ်ဆေးခြင်း ကြီးမားလေလေ၊ လူတို့၏ နှလုံးသားများသည် ဘုရားသခင်ကို ချစ်နိုင်လေလေ ဖြစ်၏။ ၎င်းတို့ စိတ်နှလုံးထဲရှိ ညှဉ်းပန်းနှိပ်စက်မှုသည် ၎င်းတို့၏အသက်များ အတွက် အကျိုးရှိသည်၊ ၎င်းတို့သည် ဘုရားသခင်၏ ရှေ့မှောက်တွင် သာ၍ ငြိမ်သက်ခြင်း ရှိနိုင်ကြသည်၊ ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးသည် သာ၍နီးစပ်ပြီး၊ ၎င်းတို့သည် ဘုရားသခင်၏ အထွတ်အထိပ် ချစ်ခြင်းမေတ္တာနှင့် သူ၏ အမြင့်မားဆုံးသော ကယ်တင်ခြင်းကို သာ၍ကောင်းစွာ မြင်နိုင်ကြလေသည်။ ပေတရုသည် စစ်ဆေးခြင်းကို အကြိမ်ရာချီ ကြုံတွေ့ခဲ့သကဲ့သို့၊ ယောဘသည်လည်း စမ်းသပ်ခြင်းအချို့ကို ဖြတ်သန်း ခဲ့ရသည်။ သင်တို့သည် ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရရန် ဆန္ဒရှိပါက၊ သင်တို့သည်လည်း စစ်ဆေးခြင်းကို အကြိမ်ရာချီ ကြုံရမည်ဖြစ်သည်။ ဤဖြစ်စဉ်ကို သင်တို့ ဖြတ်သန်းပြီး ဤအဆင့်ပေါ်တွင် အားထားမှသာလျှင်၊ သင်သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းနိုင်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ စုံလင်စေခြင်း ခံရလိမ့်မည် ဖြစ်သည်။ စစ်ဆေးခြင်းသည် လူတို့ကို ဘုရားသခင် စုံလင်စေသည့် အကောင်းဆုံး နည်းလမ်းဖြစ်၏။ စစ်ဆေးခြင်းနှင့် ခါးသီးသော စမ်းသပ်ခြင်းများသည်သာ လူတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ဖော်ထုတ်ပေးနိုင်သည်။ အခက်အခဲမရှိဘဲ၊ လူတို့သည် ဘုရားသခင်အတွက် စစ်မှန်သောချစ်ခြင်း ကင်းမဲ့သည်။ အတွင်း၌ ၎င်းတို့ စမ်းသပ်မခံရပါက၊ စစ်ဆေးခြင်းကို အမှန်တကယ် ခံရခြင်းမရှိပါက၊ ၎င်းတို့၏စိတ်နှလုံးများသည် ပြင်ပဝန်းကျင်တွင် ရောက်ရာပေါက်ရာသွားလိမ့်မည်။ အတိုင်းအတာ တစ်ခုအထိ စစ်ဆေးခြင်းခံရပြီးနောက်၊ သင်သည် သင်ကိုယ်တိုင်၏ အားနည်းချက်များနှင့် အခက်အခဲများကို မြင်ရလိမ့်မည်၊ သင်မည်မျှ ချို့တဲ့နေပြီး၊ သင်ကြုံရသည့် ပြဿနာများစွာကို သင်မနိုင်သည်ကို မြင်ရလိမ့်မည်ဖြစ်ကာ၊ သင်၏မနာခံမှု မည်မျှ ကြီးမားသည်ကို သင်မြင်ရလိမ့်မည်။ လူတို့သည် စမ်းသပ်မှုများအတွင်း၌သာ မိမိတို့၏ စစ်မှန်သော အခြေအနေများကို အမှန်တကယ် သိနိုင်ကြသည်။ စမ်းသပ်မှုများက လူတို့ကို ပိုမိုကောင်းမွန်စွာ စုံလင်ခြင်းခံရနိုင်စေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည်”) ကျွန်မကို ဘုရားနှုတ်ကပတ်တော်တွေ အသိပေးတာက အဖမ်းခံရပြီး ညှဉ်းဆဲခံရတာဟာ ဘုရားခွင့်ပြုတဲ့ အရာတစ်ခုဖြစ်ပြီး သူ့ရဲ့ စေတနာ ပါရှိတယ်ဆိုတာပဲ။ သူက စမ်းသပ်မှုနဲ့ အခက်အခဲကတစ်ဆင့် ကျွန်မကို စစ်ဆေးနေခဲ့တာ၊ ကျွန်မရဲ့ ချွတ်ယွင်းချက်တွေကို မြင်ခွင့်ပေးနေခဲ့တာပါ။ အရင်က ဘုရားကို ချစ်ပြီး စိတ်ကျေနပ်စေဖို့ ကြိုးစားချင်ပြီး သူ့ရဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံချင်တယ်လို့ ကျွန်မ အမြဲပြောခဲ့တယ်။ ဒါပေမယ့် အဲဒီရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခကို ရင်ဆိုင်ရာမှာ၊ ကျွန်မ လွတ်ပဲလွတ်မြောက်ချင်ပြီး ဘုရားကို စောဒကတက်၊ အပြစ်တင်ခဲ့တယ်။ ကျွန်မမှာ ဘုရားကို ချစ်ခြင်း ဒါမှမဟုတ် ယုံကြည်ခြင်း ဘာတစ်ခုမှမရှိတာ မြင်ရတယ်။ ဝိညာဉ်ရင့်ကျက်မှုမှာ ကျွန်မ အရမ်းချို့တဲ့နေခဲ့တာ။ အဲဒီ ပတ်ဝန်းကျင်မှာ ကျွန်မ ဖော်ထုတ်မခံခဲ့ရရင်၊ ကိုယ့်ကိုယ်ကိုယ် လုံးဝ နားလည်မှာ မဟုတ်ဘူး။ အဲဒီအကြောင်း ကျွန်မ တွေးမိတော့ ကျွန်မ စိတ်မချမ်းမြေ့သလို မခံစားရတော့သလို၊ အဲဒါကို ကျော်ဖြတ်ဖို့ ဆုတောင်းပြီး ဘုရားအပေါ် အားကိုးဖို့ လိုလားနေခဲ့တယ်။ ဘုရားဆီ ကျွန်မ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ ကိုယ်တော် လုပ်သမျှတိုင်းက ကျွန်မ ကောင်းဖို့အတွက်ဖြစ်မှန်း ကျွန်မ သိပါတယ်။ ဒီအရာကနေ ကျွန်မ လွတ်မြောက်ဖို့ နောက်ထပ် ကြိုးစားတော့မှာ မဟုတ်ပါဘူး။ ကိုယ်တော့်အတွက် သက်သေရပ်တည်ဖို့ ကျွန်မ လိုလားလျက် ရှိပါတယ်”ပေါ့။ ကျွန်မ မှတ်မိနိုင်ခဲ့တဲ့ ဘုရားနှုတ်ကပတ်တော် ဓမ္မသီချင်းတွေကို စိတ်နှလုံးထဲမှာ အခါခါ ဆိုလိုက်တာက၊ ကျွန်မကို ယုံကြည်ခြင်းနဲ့ ခွန်အားပေးခဲ့တယ်။ ဒါဟာ ဘုရားရဲ့ ကွယ်ကာမှုနဲ့ ချစ်ခြင်းဖြစ်မှန်း ကျွန်မ သိခဲ့ပြီး သူ့ကို မရပ်မနား ကျေးဇူးတင်မိတယ်။ နောက်ပိုင်းမှာ၊ လူတွေက အခန်းကန့်လေးထဲမှာ ခုနှစ်ရက်ကြာပြီးတဲ့နောက် နောက်ထပ် တကယ်မခံနိုင်ကြဘူးလို့ အကျဉ်းသားတစ်ယောက်ပြောတာ ကြားရတယ်။ ပြီးတော့ အဲဒီအချိန်ဆိုရင် ကျွန်မ အဲဒီကိုရောက်တာ ရက် ၂၀ ကျော်ပြီလေ။ ဘုရားရဲ့ ကွယ်ကာမှုနဲ့ လမ်းပြမှုကြောင့် သက်သက်ပဲ ကျွန်မ ထိန်းထားနိုင်ခဲ့တာဖြစ်မှန်း ကျွန်မ သိသလို၊ သူ့ကို အကြိမ်ကြိမ် ကျေးဇူးတင်မိခဲ့တယ်။ ကျွန်မကို ၄၅ ရက်ကြာ အဲဒီအထဲမှာ ထိန်းသိမ်းပြီးတဲ့နောက် ထွက်ခွင့်ပေးခဲ့တယ်။ အဆောင်ကို ကျွန်မ ပြန်ရောက်တော့၊ ကျွန်မ အရိုးပဒေသာအဖြစ်ကို ပြောင်းသွားတာ မြင်တော့ အဲဒီက ညီအစ်မတွေက ကျွန်မအတွက် ငိုကြတယ်။ ကျွန်မရဲ့ ခွန်အားတွေ ပြန် တည်ဆောက်နိုင်အောင် သူတို့က ကျွန်မကို နို့မှုန့်နဲ့ ဘီစကစ်တွေ ခိုးပေးကြတယ်။ ဒါက ဘုရားရဲ့မေတ္တာမှန်း ကျွန်မ ခံစားလို့ရတယ်။ အဲဒီနောက်ပိုင်း သူတို့က ကျွန်မတို့ကို ဘုရားနှုတ်ကပတ်တော်တွေ မိတ်သဟာပြုနေတာ မိသွားလို့၊ အဆောင်အကြီးအကဲက ကျွန်မကို အခန်းကန့်လေးထဲ ပြန်ပို့ခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်မကို အရင်နည်းလမ်းတွေအတိုင်း ၃၇ ရက်ကြာ သူတို့ ညှဉ်းဆဲကြပြီး၊ ကျွန်မ ထွက်လာတော့၊ မှတ်တောင် မမှတ်မိနိုင်လောက်အောင် ဖြစ်ခဲ့တယ်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာမှာ၊ ကျွန်မရဲ့ ပြစ်ဒဏ်ရက်စေ့သွားပြီး ကျွန်မ လွတ်လာခဲ့တယ်။ ဆုတောင်းခြင်းနဲ့ ဘုရားအပေါ် မှီခိုခြင်းကြောင့် မဟုတ်ရင်၊ အဲဒီငရဲဘုံကနေ ကျွန်မ အသက်ရှင်ရက် ထွက်လာဖို့ နည်းလမ်းမရှိဘူး။ ကျွန်မ ထွက်လာတော့၊ ကျွန်မရဲ့ စေ့စပ်ထားတဲ့သူက အတင်းအဖျင်းအားလုံးကို မခံနိုင်ဘဲ စေ့စပ်တာဖျက်လိုက်မှန်း သိလိုက်ရတယ်။ ကျွန်မ အိမ်ပြန်သွားပြီးတဲ့နောက်မှာ ရဲတွေက ကျွန်မ ယုံကြည်သေးလားဆိုတာ မေးဖို့ လာမြဲလာနေကြတယ်၊ ဒါကြောင့် ကျွန်မရဲ့ တာဝန်ကို လုပ်ဆောင်ဖို့ ဇာတိမြို့ကို ကျွန်မ စွန့်ခွာခဲ့တယ်။ ကွန်မြူနစ်ပါတီကြောင့် ဒီဆင်းရဲပင်ပန်းမှုဒဏ်ခံရပြီးတဲ့နောက်၊ အဲဒီပါတီက ဘယ်လောက်ဆိုးယုတ်ပြီး မသတီစရာဖြစ်တယ်၊ ဘုရားကိုမုန်းတဲ့၊ ဘုရားကို ဆန့်ကျင်တဲ့ မကောင်းဆိုးဝါးဖြစ်တယ် ဆိုတာကို ကျွန်မ ရှင်းရှင်းလင်းလင်း သိသွားသလို၊ အဲဒါကို လှိုက်လှိုက်လှဲလှဲ ကျွန်မ စွန့်လွှတ်ပြီး ငြင်းပယ်မိတယ်။ ပိုလို့တောင် ဘုရားမေတ္တာကို ကျွန်မ မြည်းစမ်းရတယ်။ စာတန်ရဲ့ လှည့်ကွက်တွေအားလုံးကို ရိပ်စားမိအောင် ကျွန်မကို ကူညီခဲ့တာ ကိုယ်တော့်ရဲ့ လမ်းပြမှုဖြစ်ပြီး၊ အဲဒီမကောင်းဆိုးဝါးတွေရဲ့ အနိုင်ကျင့်တာကို အောင်မြင်ကျော်လွှားခွင့်ပေးရင်းနဲ့ ကျွန်မကို ယုံကြည်ခြင်းနဲ့ ခွန်အားပေးခဲ့တာ ဘုရားနှုတ်ကပတ်တော်တွေပါ။ ဒီအတွေ့အကြုံက ကျွန်မကို ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဩဇာအာဏာနဲ့ တန်ခိုးအပေါ် ကိုယ်တိုင်မြည်းစမ်းချက် ပေးခဲ့ပြီး၊ ယုံကြည်ခြင်းကို ပိုလို့တောင် ပေးခဲ့တယ်။ အနာဂတ်မှာ ကျွန်မ ဘယ်လောက် နာကျင်မှုနဲ့ အခက်အခဲ ဖြတ်သန်းရပါစေ၊ အနန္တတန်ခိုးရှင် ဘုရားသခင်နောက် ကျွန်မ မဆုတ်မနစ်လိုက်မှာဖြစ်ပြီး သူ့ရဲ့မေတ္တာကို ပြန်ပေးဆပ်ဖို့ ကျွန်မတာဝန်ကို လုပ်မှာပါ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

အယောင်ဆောင် ခေါင်းဆောင်တစ်ဦးကို တိုင်ကြားခြင်း ဇာတ်လမ်းတစ်ပုဒ်

လျိုယန် တောင်ကိုရီးယားနိုင်ငံ ၂၀၁၀ ခုနှစ်မှာ၊ ကျွန်မက အသင်းတော်မှာ စာတည်းဖြတ်တဲ့ တာဝန်ကို လုပ်နေခဲ့တယ်။ အသင်းတော်...

မာန်မာနနှင့် ဂုဏ်သတင်းက ကျွန်မကို ထိခိုက်စေခဲ့သည်

ရှင်းလု အမေရိကန်နိုင်ငံ ၂၀၁၇ ခုနှစ်မှာ ခေါင်းဆောင်နေရာအတွက် ကျွန်မရွေးချယ်ခံရပြီးတော့ အသင်းတော်သုံးခု လေးခုရဲ့အမှုတော်အတွက်...

မာနထောင်လွှားသော စိတ်သဘောထားတစ်ခု ပြောင်းလဲခြင်း

ရှောင်ဖန် တရုတ်နိုင်ငံ ၂၀၁၉ ဩဂုတ်လမှာ ကျွန်မ ဗီဒီယိုထုတ်လုပ်ရေးတာဝန်ကို ယူခဲ့ပြီး အလုပ်မှာ ကြီးကြပ်ရတယ်။ အဲဒီအချိန်မှာအဖွဲ့ထဲက ဘယ်သူမဆိုထက်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။