ကျွန်ုပ်အသက်တာကို ပေးအပ်ရန် ကတိပြုခြင်း

16.09.2019

ဂျိုဇန်၊ ရှန်ဒေါင် စီရင်စု

၂၀၀၃ ခုနှစ်၊ ဧပြီလ ၃ ရက်သည် ကျွန်မဘဝ၏ မမေ့နိုင်ဆုံးရက်တစ်ရက် ဖြစ်ခဲ့သည်။ ကျွန်မသည် ညီအစ်မတစ်ဦးနှင့်အတူ ယုံကြည်သူတစ်ဦးဖြစ်လာရန် အလားအလာရှိသူတစ်ဦးထံ သွားရောက်ခဲ့သည်။ ထိုသူသည် တရုတ်ကွန်မြူနစ်ပါတီက ဖြန့်သော ကောလာဟလများ၏ လှည့်စားခြင်းကိုခံနေခဲ့ရပြီး ကျွန်မတို့အကြောင်း ရဲထံ သတင်းပို့ခဲ့မည်ဟု ကျွန်မအနည်းငယ်မျှ မမျှော်လင့်ခဲ့ပါ။ အကျိုးဆက်အနေဖြင့် အရပ်ဝတ်ရဲလေးဦး ရောက်လာကာ ကျွန်မတို့နှစ်ဦးကို စိတ်ဆိုးမာန်ဆိုးဖြင့် ၎င်းတို့၏ယာဉ်ပေါ် အတင်းအကျပ်တက်စေပြီး ရဲစခန်းကို ခေါ်သွားခဲ့ကြသည်။ လမ်းတွင် ကျွန်မ၏စိတ်နှလုံး အလွန့်အလွန်ပူပန်ခဲ့ရသည်၊ အဘယ်ကြောင့်ဆိုသော် ကျွန်မ၏အိတ်ထဲတွင် ပေဂျာတစ်လုံး၊ ကျွန်မတို့အသင်းတော်မှ အဖွဲ့ဝင်အချို့၏ နာမည်စာရင်းတစ်ခုနှင့် မှတ်စုစာအုပ်တစ်အုပ် ရှိနေခြင်းကြောင့်ဖြစ်သည်။ ရဲများသည် ထိုအရာများကို ရှာဖွေတွေ့ရှိသွားမည်ကို ကျွန်ုပ်စိုးရိမ်ခဲ့သလို ကျွန်မ၏ညီအစ်ကိုမောင်နှမများသည် ကျွန်မ၏ပေဂျာဖြင့် ကျွန်မထံ ဆက်သွယ်လာမည်ကို ပို၍စိုးရိမ်ခဲ့သည်၊ ထို့ကြောင့် ကျွန်မသည် စိတ်ထဲမှ အလောတကြီးဖြင့် “ဘုရားသခင်၊ ကျွန်မ ဘာလုပ်ရမလဲ။ ထွက်မြောက်ရာလမ်းကို ကျွန်မအတွက် ပြင်ဆင်ပေးဖို့ ကိုယ်တော့်ထံ ဆုတောင်းပါ၏၊ ထိုပစ္စည်းတွေကို ရဲလက်ထဲ မရောက်ပါစေနှင့်” ဟူ၍ အဆက်မပြတ် ဆုတောင်းနေခဲ့သည်။ ဤသို့ ဆုတောင်းပြီးနောက် ကျွန်မ၏အိတ်ကို ယူကာ ကျွန်မ၏ခါးစည်းအတွင်း သိပ်ထည့်ပြီး ဗိုက်နာသဖြင့် အိမ်သာသွားမှ ဖြစ်မည်ဟု ပြောခဲ့သည်။ ထိုအခါ ရဲက ကျွန်မကို “မင်း တကယ်ကို သောက်လုပ်ရှုပ်တဲ့ ကောင်မဘဲ” ဟု ဆဲဆိုခဲ့သည်။ ကျွန်မ အကြိမ်ကြိမ် တောင်းဆိုသောအခါ ၎င်းတို့သည် ရဲမေတစ်ဦးကို လိုက်ပါစောင့်ကြပ်စေကာ ကျွန်မကို အိမ်သာသို့ သွားစေခဲ့သည်။ ကျွန်မ၏ခါးပတ်ကို ချွတ်သောအခါ ပေဂျာ ထွက်ကျလာပြီး ၎င်းကို ကျွန်မအလွယ်တကူ ကောက်ယူကာ မိလ္လာပိုက်ထဲသို့ လွှင့်ပစ်နိုင်ခဲ့သည်။ ထိုအချိန်တွင် ကျွန်မ၏ခါးစည်းထဲမှ အိတ်ကို ရဲမေ ရှာတွေ့သွားမည်ကို စိုးရိမ်သဖြင့် ပိုက်ထဲသို့ မပစ်ဘဲ အမိုက်ပုံးထဲ ထည့်ထားခဲ့သည်၊ ညရောက်လျှင် အိမ်သာ နောက်တစ်ကြိမ် အသုံးပြုသည့်အခါမှ အိမ်သာခွက်ထဲ ပစ်မည်ဟု ကျွန်မ တွေးခဲ့သည်။ ဖြစ်ချင်တော့ ကျွန်မ ထိုအိမ်သာသို့ မည်သည့်အခါမျှ ပြန် မသွားခဲ့ပါ။ နောက်ပိုင်းတွင် ရဲများသည် အမှိုက်ပုံးထဲ၌ ကျွန်မ ပစ်ခဲ့သော အိတ်ကို ရှာတွေ့သွားခဲ့သည်။

ရဲများသည် ကျွန်မနှင့်အတူလာသော ညီအစ်မနှင့် ကျွန်မကို အခန်းတစ်ခန်းထဲ၌ ပိတ်လှောင်ခဲ့ပြီး ကျွန်မတို့ကို သူတို့ရှာဖွေနိုင်ရန် ကျွန်မတို့၏အင်္ကျီများကို ချွတ်စေခဲ့သည်။ ကျွန်မတို့ တစ်စုံတစ်ရာကို ဖွက်ထားခြင်း ရှိမရှိ ကြည့်ရန် ကျွန်မတို့၏ဆံပင်ကိုပင် ခါချခဲ့ကြသည်။ ၎င်းတို့ ရှာပြီးသောအခါ ကျွန်မတို့ကို လက်ထိပ်ခတ်ကာ အခန်းထဲတွင် ပိတ်လှောင်ခဲ့သည်။ ညရောက်သောအခါ ရဲများသည် ကျွန်မတို့ နှစ်ဦးကို သီးသန့်ခွဲပြီး စစ်ဆေးမေးမြန်းခဲ့ကြသည်။ ၎င်းတို့က “မင်း ဘယ်ကလာသလဲ။ မင်း နာမည် ဘယ်လိုခေါ်သလဲ။ မင်း ဒီကို ဘယ်အချိန်က ရောက်လာသလဲ။ မင်း ဒီမှာ ဘာလာလုပ်တာလဲ။ မင်း ဘယ်မှာ နေသလဲ။ မင်း ဘာ ဘာသာကိုးကွယ်သလဲ။ မင်းနဲ့အတူ လာတဲ့သူရဲ့ နာမည် ဘယ်လိုခေါ်သလဲ” ဟု မေးမြန်းခဲ့ကြသည်။ ကျွန်မ၏အဖြေများကို ရဲများက အားမရသောကြောင့် ၎င်းတို့က အမျက်ခြောင်းခြောင်းထွက်ကာ “ဝန်ခံတဲ့သူတွေကို ငါတို့ သက်ညှာတယ်၊ ပေကပ်ကပ်လုပ်တဲ့သူတွေကိုတော့ ညှာမှာမဟုတ်ဘူး။ မင်း အမှန်အတိုင်း မပြောရင် မင်းဘာသာမင်း အပြစ်တင်ပေတော့။ ပြောစမ်း။ မင်းရဲ့ အထက်လူကြီးဘယ်သူလဲ။ မင်း ဘာလုပ်နေသလဲဆိုတာ။ ပြောရင် ငါတို့ မင်းကို သက်ညှာပေးမယ်” ဟု ပြောခဲ့သည်။ ၎င်းတို့ မည်မျှ ရက်စက်ကြမ်းကြုတ်ကြောင်းကို မြင်ရသည့်အခါ ကျွန်မသည် ယုဒရှကာရုတ်ကဲ့သို့ လုံးဝ အဖြစ်ခံမည်မဟုတ်၊ ကျွန်မ၏ ညီအစ်ကိုမောင်နှမများနှင့် ဘုရားသခင်၏မိသားစု၏ အကျိုးကို သစ္စာဖောက်မည်မဟုတ်ဟူ၍ ဆုံးဖြတ်ချက်တစ်ခုကို ကျွန်မ တိတ်တဆိတ် ချမှတ်ခဲ့သည်။ ထို့နောက် ရဲများသည် ကျွန်မထံမှ အတင်းအကျပ် ဝန်ခံချက်ရရန် မည်မျှပင် ကြိုးစားပါစေ ၎င်းတို့ကို ကျွန်မ အဖြေမပေးခဲ့ပါ။ ကျွန်မထံမှ တစ်စုံတစ်ခုကိုမျှ ရနိုင်မည်မဟုတ်ကြောင်း ၎င်းတို့ သဘောပေါက်သောအခါ ပျာယာခတ်ပြီး ကျွန်မကို စတင် ရိုက်နှက်၍ ခြေဖြင့်ကန်ကာ “မင်း ဘာမှမပြောတဲ့အတွက် မင်းကို ခြေကားရားလက်ကားရား ကြိုးနဲ့တုပ်ပြီး ငါတို့ သင်ခန်းစာပေးရမယ်” ဟု ခက်ထန်စွာပြောခဲ့ကြသည်။ ထို့နောက် နောက်ထပ် ပြင်းထန်သော ထိုးနှက်ချက်နှင့် ကန်ချက် ရုတ်တရက် ရောက်လာခဲ့သည်။ ယင်းနောက် ကျွန်မကို မြေကြီးပေါ်တွင် ထိုင်ရန် ၎င်းတို့ အမိန့်ပေးခဲ့ကြပြီး ကျွန်မ၏လက်များကို လက်ထိပ်ခက်ကာ ကျွန်မ၏ကျောနောက်သို့ လက်နောက်ပြန်လိမ်၍ လက်များကို မြှောက်စေခဲ့သည်။ ထို့နောက် ကျွန်မနောက်တွင် ထိုင်ခုံတစ်လုံးထား၍ ကြိုးတစ်ချောင်းဖြင့် ကျွန်မ၏လက်များကို ထိုင်ခုံနောက်ကျောတွင် ချည်နှောင်ခဲ့ကြသည်။ ၎င်းတို့ အားကုန်သုံး၍ ကျွန်မ၏လက်မောင်းများပေါ် အတင်းတွန်းဖိခဲ့ကြသည်။ ချက်ချင်းဆိုသလိုပင် ကျွန်မ၏လက်မောင်းများမှာ ကျိုးလုမတတ် ခံစားခဲ့ရသည်၊ အလွန်နာကျင်လွန်းသဖြင့် စူးစူးဝါးဝါး ကျွန်မ အော်ဟစ်ခဲ့ပါသည်။ ၎င်းတို့သည် ကျွန်မကို ဤကဲ့သို့ နာရီအနည်းငယ်ကြာ မရပ်မနား နှိပ်စက်ခဲ့ကြသည်။ ယင်းနောက်တွင် ကျွန်မ မခံနိုင်တော့ဘဲ ခေါင်းမှခြေချောင်းအထိ ဆန့်ငင်ဆန့်ငင် လှုပ်နေခဲ့သည်။ သို့သော် ၎င်းတို့က “မင်း ရူးချင်ယောင်ဆောင်မနေနဲ့၊ ငါတို့ ဒါမျိုးတွေ ခဏခဏ တွေ့ခဲ့ပြီးပြီ။ မင်း ဘယ်သူ့ကို ဖြဲခြောက်နေတယ်လို့များ ထင်နေလဲ။ ဒီလို လုပ်ရင် ငါတို့ မင်းကို အလွတ်ပေးမယ်များ ထင်နေလား” ဟု ပြောခဲ့သည်။ ကျွန်မ ဆက်ပြီး ဆန့်ငင်ဆန့်ငင် ဖြစ်နေသည်ကို မြင်သောအခါ ယုတ်မာသောရဲတစ်ဦးက “အိမ်သာထဲ သွားပြီး သူ့ပါးစပ်ထဲ ချေးနည်းနည်းလောက် ထည့်လိုက်ကြ၊ သူ စားမစား ကြည့်ကြစမ်း” ဟု ဆိုခဲ့သည်။ ၎င်းတို့သည် ချေးအနည်းငယ်ကို တုတ်တစ်ချောင်းဖြင့် ကလော်ပြီး ကျွန်မ၏ပါးစပ်ထဲ သုတ်ကာ စားစေခဲ့သည်၊ ထိုအချိန်တွင် ကျွန်မပါးစပ်၌ အမြှုပ်များထွက်ကာ တစ်ကိုယ်လုံး ဆန့်ငင်ဆန့်ငင်လှုပ်နေသည်ကို ၎င်းတို့ မြင်သဖြင့် ခုံပေါ်မှအောက်သို့ ချခဲ့ကြသည်။ ဦးခေါင်းမှခြေဖျားတိုင်အောင် ကြွက်တက်သကဲ့သို့ ကျွန်မ၏တစ်ကိုယ်လုံး မခံမရပ်နိုင်အောင် နာကျင်သောကြောင့် ကြမ်းပြင်ပေါ်တွင် ယက်ကန်ယက်ကန် လဲကာ နာကျင်မှုကြောင့် မအော်ဘဲ မနေနိုင် ဖြစ်ခဲ့သည်။ အချိန်အတော်ကြာပြီးနောက်တွင် ကျွန်မ၏လက်များနှင့် လက်မောင်းများသည် တစ်ဖန် ပြန်လှုပ်ရှားလာကာ အထိအတွေ့ ပြန်ခံစားခဲ့ရသည်။ ကျွန်မသည် နံရံကို ခေါင်းဖြင့် ပြေးဆောင့်ကာ ကိုယ့်ကိုယ်ကို သတ်သေမည်ကို ယုတ်မာသောရဲများက စိုးရိမ်သဖြင့် ကျွန်မကို အမာစားဦးထုပ်တစ်လုံး ဆောင်းစေခဲ့ကြသည်။ ထို့နောက် ကျွန်မကို သံလှောင်အိမ်ထဲသို့ ၎င်းတို့ တရွတ်တိုက်ဆွဲခေါ်သွားခဲ့ကြသည်။ ကျွန်မ ငိုကြွေးကာ၊ “အို ဘုရားသခင်။ ကျွန်မရဲ့ ခန္ဓာသည် အလွန်အားနည်းပါ၏။ ကိုယ်တော် ကျွန်မကို ကွယ်ကာတော်မူပါ။ စာတန်သည် ကျွန်မကို မည်သို့ပင် ညှဉ်းပန်းနှိပ်စက်ပါစေ၊ ကိုယ်တော်ကို ယုဒရှကာရုတ်ကဲ့သို့ သစ္စာဖောက်မည့်အစား ကျွန်မ သေလိုပါသည်။ ကျွန်မရဲ့ ညီအစ်ကိုမောင်နှမများ ဒါမှမဟုတ် ဘုရားသခင်ရဲ့ မိသားစုအကျိုးကို ကျွန်မ သစ္စာဖောက်မည်မဟုတ်ပါ။ စာတန်အိုကြီးကို အရှက်ရစေဖို့ ကိုယ်တော့်အတွက် ကျွန်မ သက်သေခံလိုပါသည်” ဟု ဆုတောင်းခဲ့သည်။

တတိယနေ့တွင် ရဲများသည် အမှိုက်ပုံထဲတွင် ကျွန်မပစ်ခဲ့သော မှတ်စုစာအုပ်နှင့် အသင်းသူအသင်းသား အချို့၏နာမည်စာရင်းကို ယူကာ ကျွန်မကို စစ်ဆေးမေးမြန်းခဲ့သည်။ ထိုအရာများကို ကျွန်မ မြင်သည့်အခါ လွန်စွာစိတ်မသက်မသာဖြစ်၍ ကိုယ့်ကိုယ်ကို အပြစ်တင်သည့် စိတ်နှင့် နောင်တရသည့်စိတ်တို့ဖြင့် ပြည့်နှက်ကာ ခံစားခဲ့ရသည်။ ကျွန်မသည် အလွန်သတ္တိနည်းပြီး တွန့်ဆုတ်ကာ ထိုအချိန်က မိလ္လာပိုက်ထဲသို့ အိတ်ကို ပစ်ဖို့ မဝံ့မရဲ ဖြစ်ခဲ့သည့်အတွက် စာရင်းထဲမှ ညီအစ်ကိုမောင်နှမများအပေါ် ဖမ်းဆီးခံရမည့် အန္တရာယ်ကျရောက်စေခဲ့ခြင်းကို ကျွန်မ မုန်းတီးခဲ့သည်။ အသင်းတော်၏ အစီအစဉ်များကို နားမထောင်ဘဲ ကျွန်မ၏တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရာတွင် ဤအရာများကို ယူဆောင်လာခဲ့ မိခြင်းကြောင့် အသင်းတော်အပေါ် ထိုသို့ ဒုက္ခရောက်စေခဲ့ခြင်းကို ကျွန်မ ပို၍ပင် မုန်းတီးခဲ့သည်။ ထိုအခိုက်အတန့်တွင် ကျွန်မအရှေ့တွင် ရှိနေသည့် အရာအားလုံးကို ရင်ဆိုင်ရန် ဘုရားသခင်ကို မှီခိုလိုသည့် ဆန္ဒသာ ရှိခဲ့ပါသည်။ ထို့ထက်ပိုသည်မှာ ကျွန်မသည် စာတန်ကို အောင်နိုင်ရန် ဘုရားသခင်ကို မှီခိုရန် ဆန္ဒရှိပါသည်။ ဤအချိန်တွင် “ဘုရားသခင်ကို ချစ်ခြင်း လမ်းကြောင်းပေါ် ချီတက်နေခြင်း”- “ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်း မည်မျှခက်ခဲပါစေ ကျွန်ုပ် ဂရုမစိုက်၊ ကိုယ်တော်၏ အလိုတော်ကိုသာ ကျွန်ုပ်၏ အသက်မွေးမှုအဖြစ် ကျွန်ုပ် ဆောင်ရွက်ပေ၊ အနာဂတ်တွင် ကျွန်ုပ် ကောင်းချီးရသည်ဖြစ်စေ၊ ကံဆိုးခြင်း ခံစားရသည်ဖြစ်စေ ကျွန်ုပ် သာ၍ပင် မမှုပေ။ ဘုရားသခင်ကို ချစ်ဖို့ ယခု ကျွန်ုပ် ဆုံးဖြတ်ထားသည့်အတွက် အဆုံးထိတိုင် ကျွန်ုပ် သစ္စာရှိပါမည်။ မည်သည့် အန္တရာယ် သို့မဟုတ် ဆင်းရဲဒုက္ခ ကျွန်ုပ်နောက်တွင် စောင့်နေပါစေ၊ ကျွန်ုပ်၏ မည်သို့ပင် အဆုံးသတ်ပါစေ၊ ဘုရားသခင်၏ ဘုန်းကြီးသော နေ့ကို ကြိုဆိုဖို့အလို့ငှာ ဘုရားသခင်၏ ခြေလှမ်းများကို ကျွန်ုပ် နီးကပ်စွာ လိုက်လျှောက်ပြီး ရှေ့ဆက်ကြိုးပမ်းသည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ) ဟူသော ဓမ္မတေးကို စဉ်းစားမိခဲ့သည်။ ကျွန်မသည် ဤတေးသီချင်းကို နှုတ်ခမ်းပိတ်လျက် တိတ်တဆိတ်ညည်းခဲ့ပြီး ကျွန်မ၌ ခွန်အားနှင့် ယုံကြည်ခြင်း တစ်ဖန် ပြည့်ဝလာခဲ့သည်။ ၎င်းတို့က “ဒါတွေ မင်းဟာလား။ ငါတို့ကို မှန်မှန်ပြော၊ ငါတို့ မင်းကို မမျှမတ မဆက်ဆံတော့ဘူး။ မင်းက အလိမ်ခံရတဲ့သူ တစ်ယောက် ဖြစ်တယ်။ မင်း ယုံကြည်တဲ့ ဘုရားက မိုးပေါ်က ပိုင်မုန့်တစ်ချပ်လို အရမ်း မရေမရာနဲ့ အဝေးမှာရှိတဲ့ ဘုရား ဖြစ်တယ်။ ကွန်မြူနစ်ပါတီက ကောင်းတယ်၊ နောက်ပြီး ပါတီနဲ့ အစိုးရကို မင်း အားကိုးသင့်တယ်။ တကယ်လို့ မင်းမှာ ပြဿနာ တစ်ခုခုရှိရင် ငါတို့ဆီ လာလို့ရတယ်၊ ငါတို့ ကူဖြေရှင်းပေးမယ်။ တကယ်လို့ အလုပ်ရှာဖို့ အကူအညီလိုတယ်ဆိုရင် ငါတို့ မင်းကို ကူညီနိုင်တယ်။ မင်းရဲ့ ဘုရားကျောင်းအကြောင်း ရှိသမျှ ဝန်ခံလိုက်၊ မင်းရဲ့ စာရင်းထဲက လူတွေ ဘာလုပ်နေလဲ၊ ဘယ်မှာနေလဲ၊ မင်းရဲ့ အထက်က ခေါင်းဆောင်က ဘယ်သူလဲဆိုတာ ငါတို့ကို ပြောပြ” ဟူ၍ မေးမြန်းပြောဆိုခဲ့သည်။ ၎င်းတို့၏ အလိမ်အညာ လှည့်ကွက်များကို ကျွန်မ ရိပ်မိပြီး “ဒါတွေ ကျွန်မဟာ မဟုတ်ဘူး၊ ကျွန်မ မသိဘူး” ဟု ပြန်ပြောခဲ့သည်။ ကျွန်မ တစ်စုံတစ်ရာကိုမျှ ထုတ်ပြောမည် မဟုတ်ကြောင်း ၎င်းတို့ သဘောပေါက်သောအခါ ၎င်းတို့၏ သရုပ်မှန်ထွက်ပေါ်လာခဲ့ပြီး ကျွန်မကို မြေပေါ်လဲကျသည့်အထိ ရက်ရက်စက်စက် ရိုက်နှက်ကာ အပြင်းအထန် ဆက်လက်၍ ရိုက်နှက်ခဲ့ကြသည်၊ ထို့အပြင် ကျွန်မ၏ လက်ထိပ်များကို ကိုင်ကာ အားကုန်သုံး၍ ကျွန်မကို ဟိုသည် တရွတ်တိုက်ဆွဲခဲ့ကြသည်။ ၎င်းတို့ ကျွန်မကို တရွတ်တိုက်ဆွဲလေလေ လက်ထိပ်များမှာ ပို၍ တင်းကျပ်လေလေ ဖြစ်ကာ ကျွန်မ၏ အသားထဲ ပြတ်ရှနစ်ဝင်ခဲ့သည်။ အလွန်နာကျင်လွန်းသဖြင့် ကျယ်လောင်စွာ ကျွန်မ အော်ဟစ်ခဲ့ပြီး ယုတ်မာသော ရဲများက “ငါတို့ မင်းကို စကားပြောလာအောင် လုပ်မယ်၊ စကားပြောလာဖို့ သွားတိုက်ဆေးကို တစ်ခါနည်းနည်း ညှစ်သလို ငါတို့မင်းကို ညှစ်မယ်” ဟု ကြမ်းကြုတ်စွာပြောခဲ့သည်။ နောက်ဆုံးတွင် ၎င်းတို့သည် ကျွန်မ၏လက်နှစ်ဖက်ကို ယူ၍ နောက်ပြန် ထိုင်ခုံတွင် တုပ်ကာ မြေပေါ်တွင် ထိုင်စေခဲ့သည်။ ၎င်းတို့ ကျွန်မကို ရိုက်နှက်ခဲ့ကြပြီး အားကုန်သုံးကာ ကျွန်မ၏လက်မောင်းများကို အောက်ဖက်သို့ ဖိခဲ့ကြသည်၊ ထိုအခါ ကျွန်မ၏လက်မောင်းများမှာ ကျိုးလုမတတ်ဖြစ်၍ မခံမရပ်နိုင်သော စူးရှနာကျင်မှုကို တစ်ပြိုင်နက်တည်း ခံစားခဲ့ရသည်။ ယုတ်မာသောရဲများက ကျွန်မကို နှိပ်စက်ခဲ့ကြပြီး “ပြောစမ်း” ဟု ဟိမ်းဟောက်ခဲ့ကြသည်။ ကျွန်မကလည်း “ကျွန်မ မသိဘူး” ဟူ၍ မဆိုင်းမတွ ပြန်ပြောခဲ့သည်။ ထိုအခါ ယုတ်မာသောရဲများသည် ထိန်းမနိုင်သိမ်းမရ ဒေါသထွက်ကာ “မင်း မပြောရင် ငါတို့ မင်းကို သတ်မယ်၊ မင်း မပြောလို့ကတော့ ထွက်သွားဖို့ မမျှော်လင့်နဲ့တော့၊ ငါတို့ မင်းကို ဆယ်နှစ်၊ အနှစ်နှစ်ဆယ်၊ မင်း တစ်ဘဝလုံး ထောင်ချပစ်လိုက်မယ်၊ ဘယ်တော့မှ ထွက်သွားဖို့ မမျှော်လင့်နဲ့တော့” ဟု အော်ဟစ်ပြောဆိုခဲ့လေသည်။ ကျွန်မ ဤအရာကို ကြားသည့်အခါ ကျွန်မခေါင်းထဲ အတွေးတစ်ခု ပေါ်လာခဲ့သည်မှာ ကျွန်မသည် တစ်သက်တစ်ကျွန်း ထောင်ထဲဝင်လိုသော ဆုံးဖြတ်ချက်ရှိရမည်ဟူ၍ ဖြစ်သည်။ ထို့နောက်တွင် ဓမ္မတေးတစ်ပုဒ်ကို ကျွန်မ စဉ်းစားမိခဲ့သည် “ဘုရားသခင်၏ ဘုန်းကြီးသော နေ့ကို ကျွန်ုပ် မြင်တွေ့လိုသည်”- “ကျွန်ုပ်၏ ချစ်ခြင်းနှင့် သစ္စာစောင့်သိခြင်းကို ဘုရားသခင်အား ကျွန်ုပ်ပေးကာ၊ ဘုရားသခင်ကို ဘုန်းထင်ရှားစေဖို့ ကျွန်ုပ်၏ တာဝန်ကို ဖြည့်ဆည်းမည်။ ဘုရားသခင်အပေါ် သက်သေခံချက်တွက် ရပ်တည်ကာ စာတန်ကို လုံးဝ အလျော့မပေးဖို့ ကျွန်ုပ် စိတ်ပိုင်းဖြတ်ထားသည်။ အို ကျွန်ုပ်၏ ဦးခေါင်းကွဲကြေပြီး သွေးများ စီးဆင်းနိုင်၏၊ သို့သော် ဘုရားသခင်၏ လူတို့၏ သတ္တိသွေးများ မဆုံးရှုံးနိုင်ပေ။ ဘုရားသခင်၏ တိုက်တွန်းမှုက စိတ်နှလုံးတွင် တည်ထားသည်၊ နတ်ဆိုးစာတန်ကို အရှက်ရစေရန် ကျွန်ုပ် ဆုံးဖြတ်သည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ) ဘုရားသခင်သည် ကျွန်မကို အသိဉာဏ်ပွင့်လင်းစေခဲ့သည်၊ ဘုရားသခင်အတွက် အရာခပ်သိမ်းကို ဒုက္ခဆင်းရဲခံရန်နှင့် သက်သေရပ်တည်ရန် ကျွန်မကို ခိုင်ခံ့ခြင်း၊ ရဲဝံ့ခြင်း၊ ယုံကြည်ခြင်းနှင့် စိတ်ဓာတ်ကြံ့ခိုင်ခြင်းကို ပေးခဲ့သည်။ အဆုံးတွင် ယုတ်မာသောရဲများ၏ အကြံအစည် မအောင်မြင်ခဲ့ပေ၊ ၎င်းတို့ ခြေကုန်လက်ပန်းကျသည်အထိ ကျွန်မကို နှိပ်စက်ခဲ့ကြပြီး အကျဉ်းခန်းထဲသို့ ပြန်ပို့ခဲ့ကြသည်။

ရက်အနည်းငယ်ကြာပြီးနောက် ကျွန်မ၌ အားအင်ကုန်ခန်းသည့်တိုင်အောင် ယုတ်မာသောရဲများ၏ နှိပ်စက်ခြင်းကို ခံခဲ့ရပြန်သည်။ ကျွန်မသည် လုံးလုံးလျားလျား မိန်းမောကာ မေ့လုမြောပါး ဖြစ်ခဲ့ပြီး ကျွန်မ၏လက်များနှင့် လက်မောင်းများမှာ ထုံကျင်နေခဲ့သည်။ ရက်စက်ပြီး လူမဆန်သော ဤနှိပ်စက်မှုကို ကြုံတွေ့ရစဉ် ယုတ်မာသောရဲများသည် ပြန်ရောက်လာပြီး ကျွန်မကို စစ်ဆေးမေးမြန်းမည်ကို ကျွန်မ အထူးသဖြင့် စိုးရိမ်ခဲ့သည်။ ဤအရာကို ကျွန်မ တွေးမိသည်နှင့်တစ်ပြိုက်နက် ကျွန်မ၏စိတ်နှလုံးမှာ ကြောက်ရွံ့ခြင်းဖြင့် ဆတ်ဆတ် မတုန်ခါဘဲမနေနိုင်အောင် ဖြစ်ခဲ့သည်။ ၎င်းတို့ အခြားမည်သည့်အရာကို အသုံးပြုပြီး ကျွန်မကို နှိပ်စက်မည်ကို ကျွန်မ အမှန်တကယ် မသိခဲ့သည့်အပြင် ဤစစ်ဆေးမေးမြန်းခြင်းသည် မည်သည့်အခါ ပြီးဆုံးမည်ကို ကျွန်မ မသိခဲ့ပါ။ ကျွန်မ၏စိတ်နှလုံးထဲ၌သာ ဆက်လက်၍ ဆုတောင်းကာ ဘုရားသခင်အတွက် သက်သေရပ်တည်နိုင်ရန်နှင့် စာတန် လုံးလုံးလျားလျား အရှက်ကွဲပြီး ရှုံးနိမ့်စေရန်အတွက် ကျွန်မ၏စိတ်နှလုံးကို ကွယ်ကာရန်၊ စိတ်ဓာတ်ခွန်အားနှင့် အားအင် ပေးရန် ဘုရားသခင်ထံ တောင်းလျှောက်ခဲ့သည်။

ရဲများသည် ကျွန်မ ဝန်ခံမည်မဟုတ်ကြောင်း သဘောပေါက်သည့်အခါ ကျွန်မကို စုံစမ်းစစ်ဆေးရန် ၎င်းတို့သည် အမျိုးသားလုံခြုံရေးတပ်ဖွဲ့နှင့် ပြည်သူဘေးကင်လုံခြုံရေးဌာနတို့နှင့် ပူးပေါင်းခဲ့ကြသည်။ လူအယောက်နှစ်ဆယ်ကျော်သည် ကျွန်မကို အလှည့်ကျနေ့ညမပြတ် စစ်ဆေးမေးမြန်းကာ ကျွန်မ ဝန်ခံစေရန်အတွက် အတင်းအဓမ္မ ကြိုးစားခဲ့ကြသည်။ ထိုရက်တွင် ကျွန်မကို အရင်တခါက စစ်ဆေးမေးမြန်းခဲ့ပြီးသော အမျိုးသားလုံခြုံရေးတပ်ဖွဲ့မှ ရဲအရာရှိနှစ်ဦး ကျွန်မထံလာကာ အစပိုင်းတွင် “တကယ်လို့ မင်း အမှန်အတိုင်း ဝန်ခံမယ်ဆိုရင်၊ ငါတို့ မင်းကို လွှတ်ပေးမယ်၊ နောက်ပြီး မင်းရဲ့ လုံခြုံရေးအတွက် ငါတို့ အာမခံတယ်။ ကွန်မြူနစ်ပါတီဘဲ မင်းကို ကယ်နိုင်တယ်၊ ဘုရားသခင်က မင်းကို မကယ်နိုင်ဘူး...” ဟု အနုနည်းဖြင့် ပြောခဲ့သည်။ ၎င်းတို့နှစ်ဦးထဲမှ တစ်ဦးက ကျွန်မ စကားတစ်ခွန်းမျှ ပြောမည်မဟုတ်ကြောင်း သဘောပေါက်သောအခါ ပျာယာခတ်ကာ ဆဲရေးတိုင်းထွာပြီး ကျွန်မကို အော်ဟစ်ကာ ကြမ်းပေါ်တွင် ထိုင်စေခဲ့သည်။ ထို့နောက် သားရေရှူးဖိနပ်ဖြင့် ပြင်းနိုင်သမျှ ခပ်ပြင်းပြင်း ခြေထောက်များကို ကန်သဖြင့် မခံမရပ်နိုင်အောင် နာကျင်ခဲ့ရသည်။ ထိုအချိန်တွင် အခြားရဲတစ်ဦး ရောက်လာ၍ “အခြေအနေ ဘယ်လိုဘဲ၊ သူ ပြောပြီလား” ဟု သူ့ကို မေးခဲ့သည်။ သူက “ဒီကောင်မ တော်တော် ခေါင်းမာတယ်၊ ငါသူ့ကို ဘယ်လို ရိုက်ရိုက် မပြောဘူး” ဟု ပြန်ဖြေခဲ့သည်။ ထိုအခါ အခြားတစ်ဦးက “တကယ်လို့ သူ မပြောဘူးဆိုရင် သေတဲ့အထိ ရိုက်သတ်ပစ်လိုက်” ဟု သူ့ကို ခက်ထန်စွာ ပြောခဲ့သည်။ ထိုအခါ ကျွန်မကို သူက “မင်း မပြောဘူးလား။ ဒါဆို ငါတို့ မင်းကို သတ်မယ်” ဟု ခြိမ်းခြောက်ခဲ့သည်။ ကျွန်မက “ကျွန်မမှာ ပြောစရာရှိတာ အကုန်ပြောပြပြီးပြီ၊ အခြားဟာတွေ တစ်ခုမှ ကျွန်မ မသိဘူး” ဟု ပြောခဲ့သည်။ ထိုအခါ သူ အလွန်ဒေါသထွက်သဖြင့် လုံးဝရူးသွပ်သွားသကဲ့သို့ ထင်ရပြီး ရိုင်းစိုင်းသော သားရဲတစ်ကောင်ကဲ့သို့ အော်ဟစ်ကာ ကျွန်မကို စတင် ရိုက်နှက် ကန်ကျောက်လေသည်။ နောက်ဆုံးတွင် သူ ကျွန်မကို ရိုက်နှက်ရသည်ကို မောပန်းလာပြီး လက်ချောင်းတစ်ချောင်း အထူရှိသော ကြိုးတစ်ချောင်းကို တွေ့သဖြင့် သူ၏လက်၌ အကြိမ်အနည်းငယ် ရစ်ပတ်ခဲ့သည်။ ထိုကြိုးဖြင့် ကျွန်မ၏မျက်နှာကို ရက်ရက်စက်စက် အကြိမ်ကြိမ် ရိုက်လျက် “မင်း ဘုရားသခင်ကို ယုံတယ်မဟုတ်လား။ မင်းအခု ဒုက္ခရောက်နေပြီ မင်းဘုရားက ဘာလို့မင်းကို မကယ်သလဲ။ မင်းရဲ့ လက်ထိပ်တွေကို သူ ဘာလို့ လာမဖြုတ်ပေးသလဲ။ မင်းရဲ့ ဘုရား ဘယ်မှာလဲ” ဟု ပြောခဲ့သည်။ ကျွန်မ အံကြိတ်ကာ နာကျင်မှုဒဏ်ကို တောင့်ခံခဲ့သည်။ ကျွန်မ၏စိတ်နှလုံးထဲမှ ဘုရားသခင်ထံ “အို ဘုရားသခင်၊ အကယ်၍ သူတို့ ကျွန်မကို ယနေ့ သေသည့်တိုင်အောင် ရိုက်ခဲ့လျှင်လည်း ကျွန်မသည် ဘယ်တော့မျှ ယုဒရှကာရုတ်ကဲ့သို့ အဖြစ်ခံမည်မဟုတ်ပါ။ အို ဘုရားသခင်၊ ကိုယ်တော် ကျွန်မ နှင့်အတူ ရှိပြီး ကျွန်မစိတ်နှလုံးကို ကွယ်ကာစေလိုပါ၏။ ကိုယ်တော့်အတွက် သက်သေရပ်တည်ပြီး စာတန်အိုကြီးကို အရှက်ခွဲဖို့ ကျွန်မ အလိုရှိပါ၏” ဟု တိတ်တဆိတ် ဆုတောင်းခဲ့သည်။ ဓမ္မတေးတစ်ပုဒ်ကို ကျွန်မ စဉ်းစားမိခဲ့သည် “ဘုရားသခင် ကျေနပ်စေဖို့သာ ကျွန်ုပ်တောင်းဆို”- “ဘုရား၌ကျွန်ုပ် လုံးလုံးဆက်ကပ်၍ သေခြင်း ကို မမှု အားလုံးအထက်တွင် ဘုရား၏အလိုတော် ရှိသည် ကျွန်ုပ်ရှေ့ရေးအတွက်မမှု၊ အရှုံးမမြတ်ကိုမကြည့် ဘုရားကျေနပ် ဖို့သာ ကျွန်ုပ်တောင်းလျှောက်။ ဘုရားအတွက် ပြတ်သားစွာ သက်သေခံကာ စာတန်ကို အရှက်ရစေ ထိုမှသာ ဘုရားဘုန်းထင်ရှားလိမ့်မည်။ ဘုရားမေတ္တာပြန်ဆပ်ဖို့ သစ္စာရှိမည်ဟု ကတိပြု။ ကျွန်ုပ်စိတ်နှလုံးတွင် ဘုရားကိုချီးမွမ်း၏ ဖြောင့်မတ်ခြင်း၏နေမင်း ကို ကျွန်ုပ် မြင်တွေ့ သမ္မာတရားသည် ကမ္ဘာမြေ ကို စိုးမိုး ဘုရားစိတ်သဘောသည် ဖြောင့်မတ်သန့်ရှင်း။ လူသားများချီးမွမ်းဖို့ ထိုက်တန် အနန္တတန်ခိုးရှင်ဘုရားကို ကျွန်ုပ်နှလုံးသားမှ အစဉ်ချစ်မည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ) ကျွန်မ၏မျက်လုံးများကို မှိတ်ကာ စာတန်၏အသည်းအသန် နှိပ်စက်မှုနှင့် ရိုက်နှက်မှုများကို တောင့်ခံခဲ့သည်။ ထိုအခိုက်အတန့်တွင် ကျွန်မသည် ကျွန်မ၏နာကျင်မှုဝေဒနာအကြောင်းကို မေ့လျော့သကဲ့သို့ ဖြစ်ခဲ့သည်။ နှိပ်စက်မှု မည်သည့်အချိန်တွင် ပြီးဆုံးမည်ကို ကျွန်မ မသိခဲ့ပါ။ ကျွန်မ ထိုအကြောင်းကို မတွေးဝံ့သည့်အပြင် တွေးပင်မတွေးနိုင်ခဲ့ပါ။ ကျွန်မ လုပ်နိုင်ခဲ့သောအရာမှာ ဘုရားသခင်ထံ မရပ်မနား ဆုတောင်း၍ ငိုကြွေးရန်သာ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်မကို ယုံကြည်ခြင်း အဆက်မပြတ်- “မကြောက်နှင့်၊ ကောင်းကင်ဗိုလ်ခြေတို့၏ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင်နှင့်အတူ ဧကန်အမှန် ရှိလိမ့်မည်။ သူသည် သင့်ကို ထောက်မပေးပြီး သူသည် သင်၏ ဒိုင်းလွှားဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၂၆))ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကို မသတ်နိုင်သော သူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်ကို ငရဲ၌ ဖျက်ဆီးနိုင်သောသူကို သာ၍ ကြောက်ကြလော့။(ရှင်မဿဲခရစ်ဝင် ၁၀:၂၈) တရုတ်ကွန်မြူနစ်ပါတီသည် ဘုရားသခင်၏လက်ဖြင့် အနိုင်ယူကာ ဖျက်ဆီးခြင်းကို ခံရမည့် စက္ကူကျားရုပ်တစ်ရုပ်မျှသာ အမှန်ပင် ဖြစ်သည်။ အကယ်၍ ၎င်းကို ဘုရားသခင် အခွင့်မပေးခဲ့ပါက ၎င်းသည် ကျွန်မ၏အသက်ကို မည်သည့်အခါမျှ အန္တရာယ်ပြုဝံ့မည် မဟုတ်ပေ၊ ထို့အပြင် ကျွန်မ၏ဆံပင်တစ်ပင်မျှ ဆုံးရှုံးလိမ့်မည်မဟုတ်ပေ။ ထိုအချိန်တွင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကိုလည်း ကျွန်မ တွေးမိခဲ့သည်၊ “သင်တို့အား ပေးပြီးသော ကောင်းချီးမင်္ဂလာများကို သင်တို့ လက်ခံဖူးသလော။ သင်တို့အတွက် ပြုထားခဲ့သော ကတိများကို သင်တို့ ရှာကြဖူးသလော။ ငါ့အလင်း၏ လမ်းပြပို့ဆောင်မှုအောက်တွင် သင်တို့သည် အမှောင် အင်အားများ၏ လည်ညှစ်ခြင်းကို ဧကန် ထိုးဖောက်ကျော်လွှားနိုင်လိမ့်မည်။ သင်တို့အား လမ်းပြနေသော အလင်းကို အမှောင်ထု၏ အလယ်တွင် သင်တို့ ဧကန်မုချ ဆုံးရှုံးလိမ့်မည် မဟုတ်။ သင်သည် ဖန်ဆင်းခြင်းအားလုံး၏ အရှင်သခင် ဧကန်မုချ ဖြစ်လိမ့်မည်။ သင်သည် စာတန်၏ ရှေ့မှောက်တွင် အောင်မြင်သောသူတစ်ဦး ဧကန်မုချ ဖြစ်လိမ့်မည်။ အဆင်းနီသော နဂါးကြီး၏ နိုင်ငံကျရှုံးချိန်တွင် သင်သည် ငါ၏ အောင်မြင်မှုကို သက်သေခံရန် မြောက်မြားလှစွာသော လူအုပ်ကြီး၏ အလယ်တွင် ရပ်ရလိမ့်မည်။ သင်တို့သည် သိနိမ်ပြည်တွင် တည်ကြည်လျက် မယိမ်းယိုင်ဘဲ ဧကန် ရှိကြလိမ့်မည်။ သင်တို့ သည်းခံရသည့် ဆင်းရဲဒုက္ခများမှတစ်ဆင့်၊ သင်တို့သည် ငါ၏ ကောင်းချီးမင်္ဂလာများကို အမွေခံကြရလိမ့်မည် ဖြစ်ပြီး၊ စကြဝဠာ တစ်ခွင်လုံးတစ်လျှောက် ငါ၏ ဘုန်းအသရေကို ဧကန်မုချ တောက်ပစေကြလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၉)) ဘုရားသခင်၏နှုတ်ကပတ်တော် တန်ခိုးသည် အကန့်အသတ်မဲ့ပြီး ကျွန်မ၏ယုံကြည်ခြင်းကို တိုးပွားစေခဲ့သည်၊ စာတန်ကို အဆုံးတိုင်အောင် တိုက်ခိုက်ရန် ကျွန်မ၌ စိတ်ဆုံးဖြတ်ချက်ရှိခဲ့သည်။ ယုတ်မာသောရဲက ကျွန်မကို ရိုက်နေရာမှ မောလာသောအခါ သူက ကျွန်မကို “မင်းပြောမလား” ဟု မေးခဲ့သည်။ ကျွန်မက “ရှင် ကျွန်မကို အသေရိုက်သတ်ရင်လည်း ကျွန်မ သိမှာမဟုတ်ဘူး” ဟု အခိုင်အမာ ပြောခဲ့သည်။ ယုတ်မာသောရဲသည် ထိုအရာကို ကြားသောအခါ သူ တစ်စုံတစ်ရာမျှ မတတ်နိုင်ခဲ့ပါ။ ကြိုးကို သူ လွှင့်ပစ်၍ “မင်း တော်တော် ခေါင်းမာတယ်၊ လားတစ်ကောင်လိုဘဲ။ မင်း သိပ်တော်တယ်၊ သေတာတောင် ဘာမျှ ပြောမှာမဟုတ်ဘူး။ ဒီလောက် ယုံကြည်ချက်နဲ့ ခွန်အားကို ဘယ်ကရလာတာလဲ။ မင်း တကယ်ဘဲ လျူဟူလန် ထက်သာတဲ့ လျူဟူလန်ပဲ” ဟု ပြောခဲ့သည်။ ဤသို့ သူပြောသည်ကို ကျွန်မ ကြားသောအခါ ဘုရားသခင်သည် သူ၏ပလ္လင်ပေါ်တွင် အောင်ပွဲခံကာ ထိုက်လျက်နေပြီး စာတန် အရှက်တကွဲအကျိုးနည်း ဖြစ်သည်ကို ကြည့်နေသည်ကို ကျွန်မ မြင်ရသကဲ့သို့ဖြစ်သည်။ ကျွန်မ ငိုတစ်ဝက် ဘုရားသခင်ကို ချီးမွမ်းတစ်ဝက် ဖြစ်ခဲ့သည်၊ အို ဘုရားသခင်၊ ကိုယ်တော်၏တန်ခိုးကို အမှီပြု၍ မကောင်းဆိုးဝါး၊ စာတန်ကို အောင်နိုင်ပါသည်။ ဖြစ်ရပ်မှန်များအရ ကိုယ်တော်သည် အရာခပ်သိမ်းကိုတတ်စွမ်းနိုင်ကြောင်းနှင့် စာတန်သည် တန်ခိုးမဲ့ကြောင်းကို ကျွန်မ သိရပါသည်၊ စာတန်သည် ကိုယ်တော်၏ ထိန်းချုပ်မှုအောက်တွင် အစဉ် ရှုံးနိမ့်ရပါမည်။ အကယ်၍ ကိုယ်တော် အခွင့်မပြုပါက စာတန်သည် ကျွန်မကို သေသည့်တိုင်အောင် နှိပ်စက်နိုင်မည် မဟုတ်ပါ။ ဤအချိန်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်မကို နောက်ထပ်တစ်ဖန် အသိဉာဏ်ပွင့်စေခဲ့ပါသည်၊ “ဘုရားသခင်၏ စိတ်နေသဘောထားမှာ သက်ရှိသက်မဲ့ အရာအားလုံးတို့ကို အုပ်စိုးသောသူနှင့် သက်ဆိုင်ပြီး ဖန်ဆင်းခြင်းခပ်သိမ်း၏ သခင်နှင့် သက်ဆိုင်သည်။...သူ၏စိတ်နေသဘောထားသည် သြဇာအာဏာ၏ သင်္ကေတဖြစ်ပြီး...ထိုထက်မက ထိုစိတ်နေသဘောထားသည် အမှောင်ထုနှင့် မည်သည့် ရန်သူအင်အားကမျှ အနိုင်ယူ၍မရနိုင်သောက၊ သို့မဟုတ် ထိပါး၍ မရနိုင်သော သူ၏ သင်္ကေတဖြစ်ပြီး၊…(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန်မှာ အလွန်အရေးကြီးပေ၏) တရုတ်ကွန်မြူနစ်ပါတီ၏ ရက်စက်သောနှိပ်စက်ညှဉ်းပန်းမှုကို ကြုံတွေ့ဖူးပြီးသည့်နောက်တွင် ကျွန်မသည် ကျွန်မအပေါ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းကို စစ်မှန်စွာ တွေ့မြင်ခဲ့ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော် တန်ခိုးနှင့် အခွင့်အာဏာကို ကျွန်မ ခံစားခဲ့ရသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကျွန်မကို လမ်းခရီး အဆင့်တိုင်းတွင် ဦးဆောင်ခြင်းမရှိပဲ ကျွန်မ၏ကိုယ်ပိုင် ခွန်အားကိုသာ အမှီပြုပါက ကျွန်မသည် တရုတ်ကွန်မြူနစ်ပါတီ၏ နှိပ်စက်ရိုက်နှက်မှုများကို ကျော်လွှားရန် မဖြစ်နိုင်ပါ။ ထို့အပြင် နှုတ်ကပတ်တော်သည် ယုတ်မာသောရဲများ၏ ထင်ရာစိုင်းပြီး ဖွတ်ဖွတ်ကြေသော သရုပ်ကို မြင်စေခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ၏ လူသားမဆန်ခြင်းနှင့် ဆိုးယုတ်ခြင်း၏ အနှစ်သာရနှင့် အသက်ကို အလေးမထားပုံကို ကျွန်မ မြင်ခဲ့ရသဖြင့် ကျွန်မ ၎င်းကို လွန်စွာမုန်းတီးခဲ့ပြီး ကျွန်မ၏စိတ်နှလုံးထဲမှ ပို၍ကျိန်ဆဲခဲ့သည်။ ၎င်းနှင့် ဆက်နွယ်မှုအားလုံးကို လုံးလုံးလျားလျား ဖြတ်တောက်ကာ ခရစ်တော်ကို အစေခံ၍ နောက်တော်သို့ ထာဝရ လိုက်ရန် ဆန္ဒရှိခဲ့သည်။

နောက်တစ်ရက် ယုတ်မာသောရဲများ ပြန်ရောက်လာကာ ကျွန်မကို စစ်ဆေးမေးမြန်းခဲ့ပြန်သည်၊ ၎င်းတို့ တကယ်အံ့သားသင့်၍ “မင်း မျက်နှာဘာဖြစ်တာလဲ” ဟု ဆိုခဲ့ကြသည်။ ကျွန်မ မှန်ထဲ၌ ကြည့်သောအခါ ကျွန်မကိုယ်ကျွန်မ မမှတ်မိနိုင်ခဲ့ပေ၊ ယုတ်မာသောရဲသည် ကျွန်မ၏မျက်နှာကို ကြိုးတစ်ချောင်းဖြင့် တစ်နေ့က ရိုက်နှက်ခဲ့သဖြင့် အလွန်ရောင်ကိုင်းနေခဲ့ပြီး ပန်ဒါဝက်ဝံတစ်ကောင်ကဲ့သို့ ညိုမဲစွဲနေခဲ့သည်။ ကျွန်မ၏မျက်နှာမှာ မမှတ်မိနိုင်လောက်သည့်အထိ ပြောင်းလဲသွားသည်ကို ကျွန်မ မြင်သောအခါ တရုတ်ကွန်မြူနစ်ပါတီ နတ်ဆိုးကို ပို၍ခါးခါးသီးသီး ကျွန်မမုန်းတီးခဲ့ပြီး သက်သေရပ်တည်ရန် ဆုံးဖြတ်ချက် ချခဲ့သည်။ ၎င်း၏အကြံအစည် အောင်မြင်စေရန် ကျွန်မ လုံးဝ အခွင့်မပြုနိုင်ခဲ့ပါ။ ကျွန်မ၏ခြေထောက်များမှာ ဆိုးဆိုးဝါးဝါး အရိုက်ခံခဲ့ရသောကြောင့် ကျွန်မ လမ်းမလျှောက်နိုင်ဖြစ်ခဲ့ပြီး အိမ်သာသို့ ကျွန်မသွားသောအခါမှ ကျွန်မ၏ခြေထောက်များမှာ ပုံမှန်အတိုင်း မဟုတ်တော့ဘဲ နှစ်ဖက်စလုံး ညိုမဲစွဲနေသည်ကို မြင်ခဲ့ရသည်။ ယုတ်မာသောရဲများထဲမှ တစ်ဦးက “မင်း ဒီလို ခံစားဖို့ မလိုဘူး၊ တကယ်လို့ မင်းသာ ပြောခဲ့မယ်ဆိုရင် ငါတို့ မင်းကို ဒီလို ခံစားစေမှာ မဟုတ်ဘူး၊ ဒါမင်းကိုယ်မင်း လုပ်နေတာ။ စဉ်းစားကြည့်စမ်း၊ မင်း ဝန်ခံမယ်ဆို ငါတို့ မင်းကို မင်း အိမ်က ယောက်ျားနဲ့ သမီးဆီ ပြန်ပို့ပေးမယ်” ဟု ပြောခဲ့သည်။ ဤသို့ သူပြောသည်ကို ကျွန်မ ကြားပြီးနောက် ကျွန်မသည် သူ့ကို ရိုးတွင်းခြင်ဆီအတွင်းအထိ မုန်းတီးခဲ့သည်။ ထို့နောက်တွင် ၎င်းတို့သည် နည်းလမ်းပြောင်းကာ အဆိုင်းခွဲပြီး ကျွန်မကို တစ်နေကုန်နှင့် တစ်ညလုံး အိပ်စက်အနားယူခွင့် မပေးခဲ့ကြပါ။ ကျွန်မ စတင် အိပ်ငိုက်လာသောအခါ ၎င်းတို့သည် ကျွန်မကိုနှိုးရန် အော်ဟစ်ခြင်းနှင့် ကျယ်လောင်သောအသံပြုခြင်းတို့ကို လုပ်ခဲ့ကြသည်။ ကျွန်မ ရီဝေမူးနောက်ကာ ခေါင်းရှုပ်ထွေးသည့် အနေအထားတွင် စကားပြောစေရန် ၎င်းတို့သည် ကျွန်မကို ပေးမအိပ်ဘဲ ကျွန်မ၏စိတ်ဓာတ်ခွန်အားကို ချိုးဖဲ့ရန် ကြိုးစားခဲ့ကြသည်။ ကျွန်မကို ဘုရားသခင် ကွယ်ကာသည့်အတွက် ကျေးဇူးတင်ပါသည်။ ယုတ်မာသောရဲများသည် ကျွန်မကို လေးရက်နှင့် လေးညဆက်တိုက် အိပ်စက်ခွင့်မပြုခဲ့သော်လည်း၊ ၎င်းတို့ ကျွန်မကို မည်မျှပင် စစ်ဆေးမေးမြန်းပါစေ ခံနိုင်ရည်နှင့် ယုံကြည်ခြင်းအတွက် ဘုရားသခင်ကို ကျွန်မ အမှီပြုခဲ့သည်၊ ကျွန်မသည် ရီဝေမူးမောခြင်း မရှိခဲ့သည့်အပြင် အလွန်နိုးကြားနေခဲ့သည်။ ယုတ်မာသောရဲများသည် ကျွန်မကို ထပ်ခါတလဲလဲ စစ်ဆေးမေးမြန်းခဲ့ကြသည့်အတွက် ၎င်းတို့ ပို၍ပို၍ မျှော်လင့်ချက်ကုန်ကာ စိတ်ဓာတ်ကျလာခဲ့ကြသည်။ ၎င်းတို့ စစ်ဆေးမေးမြန်းသည့်အခါ စတင်ကာ စိတ်မပါတပါ ဖြစ်လာခဲ့ကြသည်၊ ၎င်းတို့ ဆဲဆိုပြီး ညည်းတွားခဲ့ကြသည်၊ ကျွန်မသည် သူတို့ကို အအိပ်ပျက် အစားပျက် ဖြစ်စေခဲ့ပြီး ကျွန်မကြောင့် စိတ်ဆင်းရဲရသည့်အတွက် မကျေမနိုင်ချမ်းနိုင်ဖြစ်ခဲ့ကြသည်၊ ၎င်းတို့ အလွန်ကံဆိုးသည်ဟု ထင်ခဲ့ကြသည်။ နောက်ဆုံးတွင် ၎င်းတို့ လုပ်သည့်အရာမှာ ကျွန်မကို သာမန်ကာလျှံကာ မေးခွန်းများကို မေးခဲ့ကြပြီး စစ်ဆေးမေးမြန်းရန်လည်း စိတ်ဓါတ်စွမ်းအား မရှိတော့ချေ။ ဤအကြိမ် တိုက်ပွဲတွင် စာတန်သည် အရှုံးဖြင့် ထပ်မံ ရင်ဆိုင်ခဲ့ရပြန်သည်။

သို့သော်လည်း ယုတ်မာသောရဲများသည် ထိုကဲ့သို့ မထားခဲ့ပါ၊ ကျွန်မကို သွေးဆောင်ဖြားယောင်းရန် ရုပ်ချောသော ရဲအရာရှိတစ်ဦးကို ကျွန်မထံ စေလွှတ်ခဲ့သည်။ ယုတ်မာသောရဲတစ်ဦးသည် ကျွန်မထံ လာကာ သူ၏လက်ချောင်းများကို ကျွန်မ၏မေးစေ့အောက်တွင် ထားကာ၊ ကျွန်မ၏လက်ကို ကိုင်ပြီး ကျွန်မ၏နာမည်ကို ပြောခဲ့သည်။ “မင်း သိပ်လှတယ်၊ ဒီနေရာမှာ ဒီလောက် ခံစားဖို့ မထိုက်တန်ဘူး။ မင်းမှာ ဘာ အခက်အခဲ ရှိပါစေ ကိုယ် မင်းကို ကူပြီးဖြေရှင်းပေးနိုင်တယ်။ တွေ့တယ်မဟုတ်လား၊ မင်းရဲ့ ဘုရားကို ယုံကြည်ခြင်းက မင်းကို ဘာမှ မရစေခဲ့ဘူး။ ကိုယ့်မှာ အိမ်နှစ်လုံး ရှိတယ်၊ တစ်နေ့ကျရင် ကိုယ်တို့ ပျော်ပါးဖို့ ကိုယ်မင်းကို အဲ့ဒီကို ခေါ်သွားမယ်၊ ကိုယ်တို့နှစ်ယောက် လက်တွဲဖော် လုပ်လို့ရတယ်။ တကယ်လို့ မင်းသာ ဝန်ခံမယ်ဆို မင်း လွတ်မြောက်မယ်။ မင်း ဘာပဲ လိုလို ကိုယ်မင်းကို ကူညီနိုင်တယ်။ ကိုယ်မင်းကို မမျှမတ ဆက်ဆံမှာမဟုတ်ဘူး” ဟု သူက နွေးထွေးသောအသံဖြင့် ပြောခဲ့သည်။ သူ၏ ရွံရှာဖွယ်၊ ညစ်ညမ်းဖွယ် မုသားများကို ကျွန်မ ကြားသည့်အခါ ကျွန်မ အော်ဂလီဆန်ကာ သူ့ကို ပြတ်ပြတ်သားသား ငြင်းခဲ့သည်။ သူ၌ အခြားရွေးချယ်စရာမရှိဘဲ အမြီးကုပ်၍ နောက်ဆုတ်ခဲ့ရသည်။ ဤအရာကမနှစ်မြို့ဖွယ်ကောင်းပြီး အရှက်တရားမရှိသော “ပြည်သူ့ရဲ” ဟု အမည်ရသည့် ဤသူများကို နှိုက်နှိုက်ချွတ်ချွတ် နားလည်စေခဲ့သည်။ ၎င်းတို့သည် ၎င်းတို့၏ရည်ရွယ်ချက်ပြည့်ရန် ရှက်စိတ် တစ်စုံတစ်ရာ မရှိဘဲ မနှစ်မြို့ဖွယ်ကောင်းပြီး အောက်တန်းကျသော နည်းလမ်းများကို အသုံးပြုကြသည်, ၎င်းတို့၌ ဂုဏ်သိက္ခာ သို့မဟုတ် တည်ကြည်မှု တစ်စုံတစ်ရာ မရှိပါ၊ ၎င်းတို့သည် အမှန်တကယ်ပင် ဆိုးယုတ်ညစ်ညူးသောဝိညာဉ်များ ဖြစ်ကြသည်။

ယုတ်မာသောရဲများ၌ ကောက်ကျစ်သောအကြံအစည် တစ်ခုပြီးတစ်ခုရှိခဲ့ကြပြီး ကျွန်မ၏ မိသားစုဝင်များကို အသုံးချကာ ကျွန်မကို အကျပ်ကိုင်ခဲ့ပြီး “မင်းက ဘုရားကိုပဲ ယုံတယ်၊ မင်းရဲ့ ယောက်ျား၊ သမီး၊ မိဘနဲ့ အခြားမိသားစုဝင်တွေအတွက်ကျတော့ မင်းမတွေးဘူးလား။ မင်းရဲ့ သမီး တစ်နေ့နေ့ ကျောင်းတက်ပြီး အလုပ်ရှာလိမ့်မယ်။ မင်းယုံကြည်မှု ဆက်ပြီး ရှိနေမယ်ဆိုရင်၊ ဒီအရာက မင်းရဲ့ သမီး အနာဂတ်တက်လမ်းကို တိုက်ရိုက် ထိခိုက်စေလိမ့်မယ်။ သူ့အတွက် မင်း ဒါကို အဖြစ်ခံမလား။ မင်း သူ့အတွက် မတွေးဘူး၊ ဒီကိစ္စထဲမှာ သူ့ကို မင်း ဆွဲထည့်ရလောက်အောင် မင်းမှာ နှလုံးသားရော ရှိရဲ့လား” ဟု ဆိုခဲ့ကြသည်။ ဤအဖြစ်အပျက်နောက်ပိုင်းတွင် ကျွန်မကို ကြိုးစားပြီး ဖျောင်းဖျရန်အတွက် ကျွန်မ၏ခင်ပွန်း၊ သမီးနှင့် အဒေါ်တစ်ယောက်ကို ၎င်းတို့ ခေါ်လာခဲ့ကြသည်။ နှစ်ပေါင်းများစွာ မမြင်ခဲ့ရသော ကျွန်မ၏သမီးကို ကျွန်မ မြင်သောအခါ ကျွန်မ မျက်ရည်မဆည်နိုင် ဖြစ်ခဲ့သည်။ ကျွန်မ၌ အစွမ်းအစရှိသမျှဖြင့် ဘုရားသခင်ထံ “အို ဘုရားသခင်၊ ကျွန်မ၏စိတ်နှလုံးကို ကွယ်ကာဖို့ ကိုယ်တော့်ထံ ကျွန်မ ဆုတောင်းပါ၏၊ ကျွန်မ၏ဇာတိခန္ဓာသည် အလွန်အားနည်းသောကြောင့် ဖြစ်သည်။ ဤအချိန်တွင် စာတန်၏ လှည့်ကွက်များ၏ သားကောင် အဖြစ်မခံနိုင်ပါ၊ ကျွန်မ၏ စိတ်ခံစားချက်များထဲ နစ်မွန်းစေရန် စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းကို ကျွန်မခံ၍မရပါ၊ ဘုရားသခင် သို့မဟုတ် ညီအစ်ကိုမောင်နှမများကို ကျွန်မ သစ္စာမဖောက်နိုင်ပါ၊ ကိုယ်တော် ကျွန်မနှင့်အတူ ပါရှိပြီး ယုံကြည်ခြင်းနှင့် တန်ခိုးကို ပေးတော်မူပါ” ဟူ၍သာ ဆုတောင်းနိုင်ခဲ့သည်။ ကျွန်မ၏အဒေါ်က ကျွန်မကို “မြန်မြန် ပြောလိုက်လေ၊ နင် ဘာလို့ အဲဒီလောက် မိုက်ရတာလဲ။ နင် ဘုရားကို ယုံတဲ့အတွက် ဒီလိုမျိုး ခံစားရဖို့တန်သလား။ တစ်ခုခုဖြစ်ရင် နင့်ကို ဘယ်သူ ဂရုစိုက်မှာလဲ။ မင်း ထွက်သွားတာ နှစ်နဲ့ချီရှိနေပြီ၊ နင့်ဆီက ငါတို့ ဘာသတင်းမှလည်း မကြားခဲ့ရဘူး။ နင့် အမေနဲ့ အဖေ နင့်အတွက် နေ့တိုင်း စိုးရိမ်နေတယ်၊ သူတို့ ကောင်းကောင်း မစားနိုင်၊ မအိပ်နိုင်ကြဘူး။ နင် ငါတို့အတွက် တွေးပြီး ငါတို့နဲ့ ပြန်လာနေမှရမယ်။ ဘုရားသခင်ကို မယုံနဲ့တော့။ နင့်ရဲ့ ယုံကြည်ချက်ကြောင့် နင် ဘယ်လိုဒုက္ခတွေ ရောက်နေလဲ ကြည့်စမ်း၊ ဘာလို့ စိတ်အရှုပ်ခံမှာလဲ” ဟု ပြောခဲ့သည်။ ကျွန်မသည် ခွန်အားနည်းခဲ့သော်လည်း ဘုရားသခင်၏ ကွယ်ကာခြင်းကိုခံခဲ့ရပြီး ဤအရာမှာ ဝိညာဉ်ရေးရာ ရုန်းကန်မှုတစ်ခု ဖြစ်ကြောင်းနှင့် စာတန်၏ လှည့်ကွက်များ ဖြစ်ကြောင်း ကျွန်မ သဘောပေါက်ခဲ့သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်မ၏စိတ်နှလုံးထဲ၌ အမှတ်ရစေခဲ့သည်၊ “...စမ်းသပ်မှုများကို သင်ရင်ဆိုင်ရသည့်အခါ သင်မြတ်နိုးသောတစ်စုံတစ်ရာနှင့် လမ်းခွဲရန် ဝန်လေးနေပါစေ သို့မဟုတ် ခါးသီးစွာ ငိုကြွေးနေပါစေ ဘုရားသခင်ကို သင်ကျေနပ်စေရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်) ထိုအချိန်တွင် ကျွန်မက “အန်တီ၊ ကျွန်မကို ဖျောင်းဖျဖို့ မကြိုးစားနဲ့၊ ကျွန်မ သူတို့ကို ပြောသင့်ပြောထိုက်တာ အကုန်လုံး ပြောပြပြီးပြီ။ ကျွန်မ တခြားဟာတွေ မသိဘူး။ ကျွန်မကို သူတို့ ကြိုက်သလိုလုပ်လို့ရတယ်၊ သူတို့အပေါ်မှာပဲဲ မူတည်တယ်။ ကျွန်မအတွက် မစိုးရိမ်နဲ့။ အန်တီ ပြန်သင့်ပြီ” ဟု သူမကို ပြောခဲ့သည်။ ကျွန်မ၏ခိုင်မာသော သဘောထားကို မြင်သောအခါ ယုတ်မာသောရဲများသည် အခြားရွေးချယ်စရာ မရှိဘဲ ကျွန်မ၏ မိသားစုများကို ပြန်သွားစေခဲ့သည်။ ယုတ်မာသောရဲများ၏ အကြံအစည်များနှင့် လုပ်ကြံမှုများသည် နောက်တစ်ကြိမ် အရေးနိမ့်ခဲ့ပြန်သဖြင့် ၎င်းတို့ အလွန်ဒေါသထွက်ကာ အံကြိတ်၍ “မင်း တကယ်ကို နှလုံးသားမရှိတဲ့ မိန်းမဘဲ။ မင်း အတော် တစ်ကိုယ်ကောင်းဆန်တယ်။ မင်းမှာ လူစိတ်မရှိတာ အမှန်ဘဲ။ မင်းရဲ့ ဘုရားဘယ်မှာလဲ၊ တကယ်လို့ သူသာ တန်ခိုးရှိမယ်ဆို မင်းကို ဒီနေရာမှာ ဘာဖြစ်လို့ ဒုက္ခခံခိုင်းတာလဲ။ ဘာဖြစ်လို့ မင်းရဲ့ ဘုရားက မင်းကို လာမကယ်သလဲ။ တကယ်လို့ သူသာ ဘုရားဟုတ်တယ်ဆိုရင် ဘာဖြစ်လို့ လာပြီး မင်းရဲ့ လက်ထိပ်တွေကို ဖြုတ်ပြီး မကယ်သလဲ။ ဘုရားဆိုတာ ဘယ်မှာလဲ။ ဒီအလိမ်အညာတွေကြောင့် အရူးမဖြစ်စေနဲ့၊ မမိုက်စမ်းပါနဲ့။ အမှန်တရားကို မြင်ဖို့နဲ့ နိုးထဖို့ သိပ်နောက်မကျသေးဘူး။ တကယ်လို့ မင်း ဝန်မခံဘူးဆိုရင် ငါတို့ မင်းကို နှစ်အများကြီး ထောင်ချရလိမ့်မယ်” ဟု ဆိုခဲ့ကြသည်။ ယုတ်မာသောရဲများ၏ မုသားများသည် သခင်ယေရှု ကားစင်ပေါ်တွင် တင်သတ်ခံရသော မြင်ကွင်းကို မြင်ယောင်စေခဲ့သည်။ အတိတ်တွင် သခင်ယေရှုသည် လှောင်ပြောင်ခြင်း၊ အသရေဖျက်ခြင်းနှင့် ဖာရိရှဲများနှင့် အာဏာရှိသူတို့၏ စွပ်စွဲခြင်းကို ခံခဲ့ရသည်။ ၎င်းတို့က ဤသို့ဆိုခဲ့ကြသည် “ဘုရားသခင်၏သားတော်မှန်လျှင် လက်ဝါးကပ်တိုင်မှဆင်းလော့။” (မ ၂၇:၄၀) တရုတ်ကွန်မြူနစ်ပါတီ အစိုးရသည် ရောမအာဏာပိုင်များနှင့် ဖာရှိရှဲများကဲ့သို့ပင် ဖြစ်သည်၊ ၎င်းတို့သည် သမ္မာတရားနှင့် ခရစ်တော်ကို မုန်းတီးသော နတ်ဆိုးများနှင့် စာတန်များ ဖြစ်ကြသည်၊ ထို့အပြင် ၎င်းတို့မှာ ဘုရားသခင်၏ မုန်းတီးခြင်းကို ခံရသောရန်သူများ ဖြစ်သည်။ ဘုရားသခင်သည် ဤအခြေအနေကို အသုံးပြုကာ ကျွန်မကို စမ်းသပ်ခဲ့ပြီး အဆင်းနီသောနဂါးကြီး၏ ယုတ်မာသော သဘာဝရှိသည့် တရုတ်ကွန်မြူနစ်ပါတီအကြောင်းကို စစ်မှန်စွာ နားလည်စေရန်၊ အဆင်းနီသောနဂါးကြီးကို အလွန်မုန်းတီးရန်နှင့် သစ္စာဖောက်ကာ ဘုရားသခင်နောက်သို့ စိတ်နှလုံးအကြွင်းမဲ့ လိုက်ရန် အခွင့်ပေးသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည့်အတိုင်း- “ဘုရားသခင်သည် လူသားမျိုးနွယ်အပေါင်းတို့က ၎င်းတို့၏ “ဘိုးဘေးများ”ကို အမှန်တကယ် သိရှိနိုင်ကြဖို့အလို့ငှာ၊ ဤလူတို့အား နတ်ဆိုးများ၏ ဒုစရိုက်များကို လုံးဝ ရိပ်စားမိနိုင်စေရင်း၊ လူသားမျိုးနွယ်၏ တစ်စိတ်တစ်ပိုင်းကို စုံလင်စေရန် ဝိညာဉ်ဆိုးများ၏ အလုပ် တစ်စိတ်တစ်ပိုင်းကို အသုံးပြုဖို့ ဘုရားသခင် ရည်ရွယ်၏။ ဤနည်းဖြင့်သာ လူသားများသည် နတ်ဆိုးတို့၏ နောင်လာနောက်သားတို့ကိုသာမက၊ နတ်ဆိုးတို့၏ ဘိုးဘေးများကိုပင် စွန့်ပစ်ရင်း၊ လုံးဝ ရုန်းထွက်လွတ်မြောက် နိုင်ကြပေသည်။ ဤသည်မှာ လူသားမျိုးနွယ်အပေါင်းတို့က အဆင်းနီသောနဂါးကြီး၏ စစ်မှန်သော ပုံသဏ္ဌာန်ကို သိကြဖို့အလို့ငှာ၊ ၎င်း၏ မျက်နှာဖုံးကို အပြည့်အဝ ဆွဲချွတ်ဖို့ရန်နှင့် ၎င်း၏စစ်မှန်သော ပုံသဏ္ဌာန်ကို မြင်စေရန်အလို့ငှာ၊ အဆင်းနီသောနဂါးကြီးကို လုံးဝ အနိုင်ယူရာတွင် ဘုရားသခင်၏ စစ်မှန်သော ရည်ရွယ်ချက်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် စွမ်းဆောင်ရရှိလိုသည့်အရာဖြစ်သည်၊ ယင်းသည် ကမ္ဘာမြေပေါ် သူ လုပ်ဆောင်ပြီးသမျှ အမှုအားလုံး၏ နောက်ဆုံး ရည်မှန်းချက်ပန်းတိုင်ဖြစ်ပြီး၊ ယင်းမှာ လူသားမျိုးနွယ်အပေါင်းတို့၌ ပြီးမြောက်ဖို့ သူ ရည်မှန်းသည့်အရာ ဖြစ်သည်။ ဤအရာကို ဘုရားသခင်၏ရည်ရွယ်ချက်အား အသုံးတော်ခံရန် အရာခပ်သိမ်းကို ဆော်ဩစည်းရုံးခြင်းအဖြစ် သိရပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၁))

နောက်ဆုံးတွင် ယုတ်မာသောရဲများသည် ကျွန်မကို အကျဉ်းစခန်းသို့ ပို့ခဲ့ကြပြီး တစ်လ အကျဉ်းကျခံစေခဲ့သည်။ ဤတစ်လအတောအတွင်း ၎င်းတို့သည် ကျွန်မကို နောက်ထပ်တစ်ဖန် စစ်ဆေးမေးမြန်းခဲ့ကြသည်။ ကျွန်မကို နှစ်ရက်နှင့် နှစ်ည အိပ်ခွင့်မပေးသည့်အပြင် အစာ အလုံအလောက် မကျွေးခဲ့ကြပါ။ တစ်ခါတစ်ရံတွင် ကျွန်မကို စားဖို့ တစ်စုံတစ်ရာကိုမျှ မပေးခဲ့သော်လည်း အဆုံးတွင် ၎င်းမှာ မအောင်မြင်ခဲ့ပါ။ တရုတ်ကွန်မြူနစ်ပါတီသည် လူများကို ဤကဲ့သို့ အဆုံးမရှိ ဖိစီးနှိပ်စက်တတ်သည်။ ကျွန်မကို အကျဉ်းချပြီးသောအခါ “မကောင်းဆိုးဝါးဂိုဏ်းကို သက်ဝင်ယုံကြည်ပြီး လူထု ငြိမ်ဝပ်မှုကို အနှောင့်အယှက်ပေးမှု” ဖြင့် သက်သေအထောက်အထား တစ်စုံတစ်ခုမျှမရှိပါလျက် ပြုပြင်ထိန်းသိမ်းရေးစခန်း၌ အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ်နှစ် ကျခံစေရန် စီရင်ချက်ချခဲ့သည်။ ကျွန်မ ရဲဘက်စခန်းသို့ မသွားမီ ကျွန်မ၏ မိသားစုသည် အသုံးစရိတ်အတွက် ယွမ် ၂၀၀၀ ပို့ပေးခဲ့သော်လည်း ထိုပိုက်ဆံများသည် ၎င်းတို့၏ အလွဲသုံးစားလုပ်ခြင်းကို ခံခဲ့ရသည်။ ဤမကောင်းဆိုးဝါးများသည် သွေးဆာနေကြပြီး လူ့အသက်ကို ဆာငတ်နေကြသည့် စာတန်များနှင့် နတ်ဆိုးများ အမှန်ပင် ဖြစ်ကြသည်။ ၎င်းမှာ ဆိုးယုတ်ခြင်းသက်သက် ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ အုပ်ချုပ်သောနိုင်ငံတွင် တစ်စုံတစ်ခုမျှ ဥပဒေနှင့်အညီ လုပ်ဆောင်ခြင်း မရှိကြောင်း ကျွန်မကို ဤအရာအားဖြင့် ရှင်းလင်းစွာ မြင်စေခဲ့သည်၊ ၎င်းကို ဆန့်ကျင်သော အရာမှန်သမျှကို စိတ်ကြိုက် အမြတ်ထုတ်ခြင်းနှင့် သတ်ဖြတ်ခြင်း ပြုနိုင်သည်၊ ၎င်းသည် လူများကို ထိန်းချုပ်ရန်နှင့် ညှဉ်းပန်းနှိပ်စက်ရန် ရာဇဝတ်မှု စွပ်စွဲချက်များကို အလိုရှိသလို ချမှတ်နိုင်သည်။ တရုတ်ကွန်မြူနစ်ပါတီသည် ဗလာနတ္တိထဲမှ တစ်စုံတစ်ခု ဖြစ်အောင် ဖန်တီးကာ လူများကို မမျှမတ အမည်တပ်ခြင်း၊ အမှုဆင်ခြင်း၊ ထောင်ချောက်ဆင်ခြင်းနှင့် အပြစ်မဲ့သောလူများကို သတ်ဖြတ်ခြင်းတို့ကို ပြုကြသည်။ ၎င်းမှာ လူသားမျိုးနွယ်အပေါ် ဘေးဒုက္ခများနှင့် ကပ်ဆိုက်မှုများကို ယူဆောင်လာသည့် ရာဇဝတ်သားများဖြင့် စုစည်းထားသော အုပ်စုနှင့် လူဆိုးဂိုဏ်း အစစ်အမှန် ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ ရဲများသည် အလုပ်ကြမ်းသမားများကို ကျွန်များကဲ့သို့ အခြေခံအားဖြင့် နှိပ်စက်ညှဉ်းပန်းခြင်းနှင့် အမိန့်ပေးစေခိုင်းခြင်းတို့ကို ရဲဘက်စခန်းထဲတွင် နှစ်နှစ်ကြာ ကျွန်မ မြင်တွေ့ခဲ့ရသည်။ ၎င်းတို့သည် ကျွန်မတို့ကို နေ့စဉ်နေ့တိုင်း ပေါက်စီနှင့် ဟင်းရွက်ပြုတ်ရည်ကို စားစေခဲ့သည်၊ ကျွန်မတို့ကိုလည်း နေ့ညမပြတ် အချိန်ပို ခိုင်းစေခဲ့ကြသည်။ ကျွန်မတို့သည် နေ့စဉ် မခံမရပ်နိုင်အောင် ပင်ပန်းနွမ်းနယ်ခဲ့ပြီး နစ်နာကြေးတစ်စုံတစ်ရာကို မရရှိခဲ့ပါ။ အကယ်၍ ကျွန်မတို့ အလုပ်ကောင်းစွာ မလုပ်ပါက ၎င်းတို့၏ ခက်ထန်သော ဝေဖန်ခြင်းနှင့် (နှစ်တိုးခြင်း၊ အစာမကျွေးခြင်းနှင့် အတင်းအဓမ္မ ငြိမ်ငြိမ် မတ်တပ်ရပ်စေခြင်းစသည့်) ဒဏ်ခတ်ခြင်းတို့ကို ကျွန်မတို့ ခံဲ့ကြရမည်ဖြစ်သည်။ ဤအချိန်အတောအတွင်း ယုတ်မာသောရဲများသည် ကျွန်မကို အလွတ်မပေးသေးဘဲ အသင်းတော်၏ အချက်အလက်များကို အတင်းဝန်ခံစေရန်အတွက် စစ်ဆေးမေးမြန်းခဲ့ကြသည်။ ၎င်းကို ကျွန်မ ခါးခါးသီးသီး မုန်းတီးခဲ့ပြီး ဘုရားသခင်ထံမှ ယုံကြည်ခြင်းနှင့် တန်ခိုးကို အမှီပြုကာ “ရှင်တို့ ကျွန်မကို ရိုက်နှက် အပြစ်ပေးခဲ့ပြီးပြီ၊ ရှင်တို့ တခြားဟာ ဘာတွေလိုချင်သေးလို့လဲ။ ကျွန်မ ပြောသင့်တာတွေ အကုန်လုံး ကျွန်မ ပြောပြီးပြီ၊ ရှင်တို့ ကျွန်မကို ဆယ်နှစ် ဒါမှမဟုတ် အနှစ်နှစ်ဆယ် စစ်မေးရင်လဲ ကျွန်မ ဘာတစ်ခုမှ သိမှာမဟုတ်ဘူး။ ရှင်တို့ မေ့လိုက်တော့” ဟု မခံမရပ်နိုင်သောအသံဖြင့် ကျွန်မ ပြောခဲ့သည်။ ၎င်းတို့ ဤအရာကို ကြားသည့်အခါ ၎င်းတို့က “မင်းကိုတော့ ကုလို့မရတော့ဘူး၊ မင်း ဒီမှာဘဲ စောင့်နေ” ဟု စိတ်ကုန်လက်ကုန် ဆိုခဲ့ကြသည်။ နောက်ဆုံးတွင် ယုတ်မာသောရဲများသည် အမြီးကုပ်ကာ ထွက်ခွာသွားခဲ့ကြသည်။

တရုတ်ကွန်မြူနစ်ပါတီ၏ လူမဆန်သော နှိပ်စက်မှုနှင့် ရက်စက်သော ဆက်ဆံမှုကို ကြုံတွေ့ခဲ့ပြီးသည်သာမက ထောင်ထဲတွင် တရားမမျှတစွာ နှစ်နှစ် နေထိုင်ခဲ့ပြီးသည့်နောက်တွင် တရုတ်ကွန်မြူနစ်ပါတီ၏ အနှစ်သာရမှာ မုသားများ၊ ဆိုးယုတ်ခြင်း၊ မာန်မာနထောင်လွှားခြင်းနှင့် ရက်စက်ခြင်း ဖြစ်ကြောင်းကို ရှင်းလင်းစွာ ကျွန်မ မြင်ခဲ့ရသည်။ ၎င်းတို့သည် ကျွဲနွားတိရစ္ဆာန်များထက် အဆင့်နိမ့်ပါးကြသည်။ ၎င်းတို့သည် ပေကတ်ပြီး ကောက်ကျစ်စဉ်းလဲကြသည်၊ “ဘာသာရေး လွတ်လပ်ခွင့်” ဟူသော အလံများကို ၎င်းတို့ ထောင်ကြသော်လည်း ခရစ်ယာန်များကို နည်းလမ်းမျိုးစုံ လိုက်လံ နှိပ်စက်ညှဉ်းပန်းကြသည်။ ၎င်းတို့သည် ဘုရားသခင်၏အလုပ်ကို ထိတ်ထိတ်ပျာပျာ အနှောင့်အယှက်ပေးပြီး ဖြိုဖျက်ကြသည်။ ၎င်းတို့သည် မျက်တောင်တစ်ချက်မျှ မခတ်ဘဲ သတ်ဖြတ်သော လူသတ်သမားများ ဖြစ်ကြသည်၊ ၎င်းတို့သည် “ကြီးမြတ်ခြင်း၊ ဂုဏ်သရေနှင့် မှန်ကန်ခြင်း” ၏ ဝတ်ရုံခြုံထားသော လုယက်တတ်သည့်ဓားပြများ ဖြစ်ကြသည်။ ဘုရားသခင်၏ ဉာဏ်ပညာနှင့်ပြည့်စုံသော အမှုကြောင့် အဆုံးတွင် ၎င်းတို့၏ မျက်နှာဖုံးများသည် လုံးဝ ကွာကျပျက်စီးခဲ့ပြီး ၎င်းတို့၏ ယုတ်မာသော မကောင်းဆိုးဝါး မျက်နှာများသည် အလင်းတွင် ထင်ရှားလာသဖြင့် ကျွန်မသည် ကျွန်မ၏ အမြင်အာရုံကို ဖွင့်ကာ အိပ်မက်များမှ နိုးထနိုင်လာသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် ဆိုထားသည်နှင့်အညီ- “နှစ်ပေါင်းထောင်ချီကြာ ဤသည်မှာ ညစ်ညူးခြင်း၏ နယ်မြေ ဖြစ်လေပြီ။ ယင်းသည် မခံမရပ်နိုင်လောက်အောင် ညစ်ပတ်ပေရေသည်၊ စိတ်ဆင်းရဲမှုက ပိတ်ဆီးထားသည်၊ တစ္ဆေများသည် လှည့်စားရင်းနှင့် လှည့်ဖြားရင်း၊ အခြေအမြစ် မရှိသော စွပ်စွဲချက်များ ပြုရင်း၁ အကြင်နာမဲ့ကာ ရက်စက်ကြမ်းကြုတ်လျက်၊ ဤတစ္ဆေမြို့အား နင်းခြေရင်းနှင့် ယင်းကို အသေကောင်များဖြင့် ပြန့်ကျဲနေစေရစ်လျက်၊ နေရာတကာတွင် ထကြွသောင်းကျန်းကြလေသည်။ ယိုယွင်းပျက်စီးခြင်း၏ အပုပ်နံ့သည် နယ်မြေကို ဖုံးလွှမ်းပြီး လေထုတွင် စိမ့်ဝင်ပျံ့နှံ့ကာ၊ ယင်းသည် အလွန်အကျွံ စောင့်ကြပ်ခြင်းခံရ၏။၂ မိုးကောင်းကင်များ အလွန်ရှိ လောကကြီးအား မည်သူ မြင်နိုင်သနည်း။ နတ်ဆိုးသည် လူသား၏ ခန္ဓာကိုယ် တစ်ခုလုံးကို တင်းကျပ်စွာ တုပ်နှောင်ထားသည်၊ သူ၏ မျက်လုံးနှစ်ခုလုံးကို ထုတ်ပစ်ပြီး၊ သူ၏နှုတ်ခမ်းများကို ခိုင်မြဲစွာ စေ့စေ့ပိတ်ထားလေသည်။ နတ်ဆိုးများ၏ မင်းသည် ထိုးဖောက်၍ မရနိုင်သော မကောင်းဆိုးဝါးတို့၏ နန်းတော် တစ်ခုအလား တစ္ဆေမြို့အပေါ် အနီးကပ် စောင့်ကြည့်မြဲစောင့်ကြည့်နေချိန်တွင်၊ နှစ်ထောင်ပေါင်း အချို့ကြာ ယနေ့ထက်ထိ သောင်းကျန်းပြီး ဖြစ်သည်။ ထိုအတောအတွင်းတွင်၊ ဤအစောင့်ခွေးအုပ်စုကို ဘုရားသခင်က ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်း နေရာ မရှိဘဲ ဖြစ်စေရစ်လျက်၊ ၎င်းတို့ကို အလစ် ဖမ်းဆီးသွားပြီး ၎င်းတို့အားလုံးအား သုတ်သင်ပယ်ရှင်းမည်ကို အလွန်အမင်း ကြောက်ရွံ့နေကြလျက် စိန်းစိန်းဝါးဝါး ကြည့်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြလေသည်။ ဤသို့သော တစ္ဆေမြို့သားများသည် ဘုရားသခင်အား အဘယ်သို့ မြင်တွေ့ဖူးနိုင်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ ကြင်နာခြင်းနှင့် ချစ်မြတ်နိုးဖွယ်ကောင်းခြင်းတို့ကို မွေ့လျော်ဖူးကြသလော။ လူ့လောက၏ အရေးကိစ္စများနှင့် ပတ်သက်၍ ၎င်းတို့သည် မည်သည့် နားလည်မှု ရှိကြသနည်း။ ၎င်းတို့အထဲမှ မည်သူသည် ဘုရားသခင်၏ ထက်သန်သော အလိုကို နားလည်နိုင်သနည်း။ ထိုအခါ လူ့ဇာတိခံယူ ဘုရားသခင်သည် လုံးလုံး ကွယ်ဝှက်လျက် ရှိမြဲရှိနေသည်မှာ သိပ်အံ့သြစရာ မဟုတ်ချေ။ မကောင်းဆိုးဝါးများက အကြင်နာမဲ့ပြီး လူမဆန်သည့် ဤကဲ့သို့သော အမှောင်လူ့အဖွဲ့အစည်းတွင် မျက်တောင် တစ်ချက်မျှ မခတ်ဘဲ လူများကို သတ်သော နတ်ဆိုးတို့၏မင်းသည် ချစ်ခင်ဖွယ်ဖြစ်ပြီး ကြင်နာကာ သန့်လည်းသန့်ရှင်းသော ဘုရားသခင်၏ တည်ရှိမှုကို မည်သို့ သည်းခံနိုင်မည်နည်း။ ဘုရားသခင်၏ ကြွရောက်လာခြင်းကို ၎င်းသည် အဘယ်သို့ ဂုဏ်ပြုကာ သြဘာ ပေးနိုင်မည်နည်း။ ဤလက်ပါးစေတို့။ ၎င်းတို့သည် ကြင်နာခြင်းကို မုန်းတီးခြင်းဖြင့် ပြန်ဆပ်ကြသည်၊ ၎င်းတို့သည် ကြာမြင့်စွာကတည်းက ဘုရားသခင်အား အထင်အမြင်သေးကြပြီးဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်အား ညှဉ်းပန်းနှိပ်စက်ကြသည်၊ ၎င်းတို့သည် အဆုံးစွန် ရိုင်းစိုင်းကြသည်၊ ၎င်းတို့သည် ဘုရားသခင်ကို အနည်းငယ်မျှ အရေးထားမှု မရှိကြပေ၊ ၎င်းတို့သည် အဓမ္မလုယူကာ လုယက်တိုက်ဖျက်ကြသည်၊ ၎င်းတို့သည် အသိတရား လုံးလုံး ပျောက်ဆုံးကြပြီးဖြစ်သည်၊ အသိတရား အလုံးစုံကို ၎င်းတို့ ဆန့်ကျင်ကြကာ အပြစ်မဲ့သောသူကို အသိစိတ်မဲ့ခြင်းသို့ သွေးဆောင်ကြလေသည်။ ရှေးကာလ၏ ဘိုးဘေး များလော။ ချစ်မြတ်နိုးရသော ခေါင်းဆောင်များလော။ ၎င်းတို့ အားလုံးသည် ဘုရားသခင်အား ဆန့်ကျင်ကြ၏။ ၎င်းတို့၏ ဝင်ရောက်စွက်ဖက်မှုသည် ကောင်းကင်အောက်ရှိ အရာခပ်သိမ်းကို မှောင်မိုက်ခြင်း နှင့် ပရမ်းပတာဖြစ်ခြင်း အခြေအနေတစ်ခုတွင် ချန်ထားပြီးဖြစ်၏။ ဘာသာရေး လွတ်လပ်မှုလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့သည် အပြစ်ဖုံးကွယ်ခြင်းအတွက် လှည့်စားမှုများသာ ဖြစ်ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၈))

အနန္တတန်ခိုးရှင်ဘုရားသခင်သည် ထာဝရ ဉာဏ်ပညာနှင့်ပြည့်စုံသည်၊ အရာခပ်သိမ်းကို တတ်စွမ်းနိုင်ပြီး အံ့သြဖွယ်ဖြစ်သည်၊ စာတန် ဖြစ်သော တရုတ်ကွန်မြူနစ်ပါတီ မကောင်းဆိုးဝါးသည် အစဉ် မနှစ်မြို့ဖွယ်၊ ညစ်ညူးခြင်းနှင့် မိုက်မဲခြင်း ဖြစ်သည်။ မည်ကဲ့သို့ ရိုင်းစိုင်းကြမ်းကြုတ်ပြီး ထိန်းမနိုင်သိမ်းမနိုင် ဖြစ်ပါစေ၊ မည်ကဲ့သို့ အပြင်းအထန်ကြိုးပမ်းပြီး ပုန်ကန်ပါစေ၊ ၎င်းသည် ဘုရားသခင်၏ ရွေးကောက်ခြင်းကို ခံရသောလူတို့ကို လေ့ကျင့်သင်ကြားပေးရန်အတွက် အသုံးတော်ခံတစ်ခု အစဉ် ဖြစ်လိမ့်မည်။ ထိုမျှမက ၎င်းသည် ထာဝရပြစ်ဒဏ်တစ်ခုအဖြစ် ငရဲ၌ ဘုရားသခင်အားဖြင့် ဖျက်ဆီးခြင်းခံရမည်။ ၎င်းသည် လူမဆန်သော နှိပ်စက်ညှဉ်းပန်းခြင်းဖြင့် လူတို့၏ စိတ်ဓာတ်ခွန်အားကို ချိုးဖျက်ကာ လူတို့သည် ဘုရားသခင်နှင့် ကင်းကွာကာ ဘုရားသခင်ကို စွန့်ပစ်စေရန် ကြိုးပမ်းသည်။ သို့သော် ၎င်းမှာ မမှန်ပါ။ ၎င်း၏ နှိပ်စက်ညှဉ်းပန်းခြင်းသည် ကျွန်မတို့ကို နတ်ဆိုး၏ သဘာဝကို စေ့စေ့စပ်စပ် မြင်စေပြီး ၎င်းကို လုံးလုံးလျားလျား သစ္စာဖောက်ကာ မှန်သော အသက်လမ်းပေါ်တွင် ဘုရားသခင် နောက်သို့ လိုက်ရန် ယုံကြည်ခြင်းနှင့် သတ္တိကိုရှိစေရန် လှုံ့ဆော်ပေးသည်။ ကျွန်မတို့သည် ဉာဏ်ပညာနှင့်ပြည့်စုံသော အနန္တတန်ခိုးရှင်ဘုရားသခင်ကို အစဉ်အမှီပြုမည်။ ယခုမှစ၍ ရှေ့ဆက်လျှောက်မည့် လမ်းတွင် ပြောမပြနိုင်အောင်များသော မည်သည့် အန္တရာယ်များနှင့် အခက်အခဲများ ရှိပါစေ ကျွန်မသည် ဘုရားသခင် နောက်သို့ အဆုံးတိုင်အောင် လိုက်လျှောက်ကာ သူ့ကို ထူးကဲလှသော သက်သေကို ခံသွားပါမည်။

အောက်ခြေမှတ်စု(များ)-

၁။ “အခြေအမြစ် မရှိသော စွပ်စွဲချက်များကို ပြုရင်း” သည် နတ်ဆိုးက လူတို့အား ဘေးပြုရန် သုံးသော နည်းစနစ်များကို ရည်ညွှန်းသည်။

၂။ “အလွန်အကျွံ စောင့်ကြပ်ခြင်း ခံရ၏” ဆိုသည်မှာ မာရ်နတ်က လူတို့အား နှိပ်စက်ဖိစီးရာတွင် သုံးသော နည်းစနစ်များသည် အထူးသဖြင့် ရက်စက်ပြီး၊ လူတို့ကို အလွန်တရာ ထိန်းချုပ်သည်မှာ ၎င်းတို့သည် လှုပ်ရှားရန် နေရာမရှိသည်ကို ညွှန်ပြသည်။

က။ မူရင်းစာသားတွင် “အနိုင်ယူခြင်း မခံရနိုင်သော သင်္ကေတ”။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

နတ်ဆိုးတို့ခိုအောင်းရာနေရာသို့ ဝင်ရောက်ခြင်းမှတဆင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအပေါ် ပိုမိုနက်နဲသည့် အတွေ့အကြုံတစ်ခု

ဖန်ရုံ၊ ရှန်ရှိစီရင်စုကျွန်မ ကလေးဘဝကတည်းက ကျွန်မမိဘတို့၏ ချစ်ခင် ပြုစုစောင့်ရှောက်မှုအောက်တွင် ကြီးပြင်းခဲ့ရသော်လည်း၊ ကျွန်မ၏...

အဖိုးတန်လှသည့် ဆင်းရဲဒုက္ခ

ပထမအကြိမ်က ၁၉၉၇၊ ဇူလိုင် ၁ ရက်နေ့မှာပေါ့။ ဘုရားနှုတ်ကပတ်တော်စာအုပ်တွေ ထည့်ထားတဲ့ သေတ္တာနှစ်ပုံးနဲ့ လမ်းဘေးမှာ လူတစ်ယောက်ကို စောင့်နေခဲ့တာ။...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။