စစ်ကြောရေးအခန်းမှာ ကိုးရက်နဲ့ ကိုးညတာ

23.01.2022

စွန်းယန် တရုတ်နိုင်ငံ

၂၀၀၈ ခုနှစ် မတ်လ နေ့လယ်ခင်းတစ်ခုမှာပေါ့၊ အစ်ကိုလျူရယ်၊ ညီအစ်မသုံးယောက်ရယ်၊ ကျွန်တော်ရယ် တွေ့ဆုံပွဲလုပ်နေတုန်းမှာ ရုတ်တရက် တံခါးကို ခပ်မြန်မြန်ခေါက်သံကို ကြားလိုက်ရပြီးတော့ ရဲဆယ်နှစ်ယောက်လောက်က အတင်းဝင်လာပါတယ်။ ကျွန်တော်တို့ ဘာလုပ်ရမှန်းမသိသေးခင်မှာပဲ သူတို့ထဲက တစ်ယောက်က “မလှုပ်နဲ့။ နံရံကိုကပ်ထား” လို့ အော်လိုက်တယ်။ သူတို့ထဲကနှစ်ယောက်က ကျွန်တော်နဲ့ အစ်ကိုလျူရဲ့ခါးပတ်တွေကို လာချွတ်ပြီးတော့ ကျွန်တော်တို့လက်တွေကို အရှေ့မှာထားပြီး ခါးပတ်နဲ့ချည်ထားတယ်။ ပြီးတော့ ကျွန်တော်တို့ကို နံရံဆီတွန်းလိုက်တယ်။ ကျန်တဲ့ရဲတွေက တစ်ခန်းဝင်တစ်ခန်းထွက်ပြီးတော့ နေရာအနှံ့ကို ရှာဖွေကြတယ်။ မကြာခင်မှာပဲ အဲဒီနေရာတစ်ခုလုံးကို မွစာကျဲနေအောင်ရှာကြတယ်။ မွေ့ရာအောက်ကိုပါ ရှာကြပါတယ်။ နောက်ဆုံးမှာတော့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေပါတဲ့ စာအုပ်အပြည့်ထည့်ထားတဲ့ သေတ္တာတစ်လုံးကို သူတို့တွေ့သွားတယ်။ ကျွန်တော်အရမ်းစိုးရိမ်ပြီးတော့ ရင်တုန်နေခဲ့တယ်။ သူတို့ကျွန်တော့်ကိုဘယ်လိုနှိပ်စက်ကြမလဲ ကျွန်တော်လည်း မသိခဲ့ဘူး။ အဲဒါကြောင့်၊ “ဘုရားသခင်၊ ကျွန်တော့်ကို ယုံကြည်မှုနဲ့ သတ္တိကိုပေးသနားတော်မူပြီး သက်သေခံနိုင်အောင် စောင်မကြည့်ရှုတော်မူပါ” လို့ ဘုရားသခင်ကို ဆုတောင်းခဲ့တယ်။ ဆုတောင်းပြီးတော့ နည်းနည်းစိတ်တည်ငြိမ်သွားတယ်။

သူတို့က ကျွန်တော်တို့ကို အမျိုးသားလုံခြုံရေး တပ်မဟာကို ခေါ်သွားတယ်။ အဲဒီမှာ အရာရှိက ကျွန်တော့်ကိုနံရံကို ကပ်ရပ်ခိုင်းပြီးတော့ ကျွန်တော့်ကို လေသံခပ်ပြတ်ပြတ်နဲ့မေးတယ်၊ “မင်းနာမည် ဘယ်သူလဲ။ တာဝန်က ဘာလဲ။ အသင်းတော် ခေါင်းဆောင်က ဘယ်သူလဲ။” တဲ့။ ကျွန်တော် အသံတစ်ချက်မထွက်တော့ သူကကျွန်တော့်မျက်နှာကို ဖြတ်ရိုက်ပစ်လိုက်တယ်။ နားတွေအူပြီးတော့ ကျွန်တော့်မျက်နှာတစ်ခုလုံး နာကျင်သွားပါတယ်။ သူကက လက်ကိုနောက်ပစ်ပြီး ခေါက်တုန့် ခေါက်ပြန် လမ်းလျှောက်နေရင်းနဲ့ ပြောတယ်၊ “မင်းကအသင်းတော်က သင်းထောက်တစ်ယောက် မဟုတ်လား။ ငါတို့မသိဘူးများ ထင်နေလား။ မင်းနောက်ကို ငါတို့လိုက်နေတာ ခြောက်လရှိပြီ။ မင်းငါတို့ကို ရိုးရိုးသားပြောရင် ပိုကောင်းမယ်၊ မဟုတ်ရင် ညှာမယ်မထင်နဲ့” တဲ့။ ပြီးတော့ ကျွန်တော့်ကို လေးလွှာက ရုံးခန်းတစ်ခုထဲကို ခေါ်သွားတယ်။ အဲဒီမှာ အစ်ကိုလျူကို လက်ထိပ်ခတ်လျက်သားနဲ့ ကြမ်းပြင်ပေါ်မှာဆောင့်ကြောင့်ထိုင်ခိုင်းထားတာကို တွေ့ခဲ့ရတယ်။ ရဲတွေက ကျွန်တော်တို့ကို ကျောချင်းကပ် ထိုင်ခိုင်းပြီးတော့ လက်တွေကို ကပ်ရပ်ထားခိုင်းပြီး လက်ထိပ် အတူတူခတ်ထားကြတယ်။ ပြီးတော့ ဆောင့်ကြောင့်ထိုင်တဲ့ပုံစံနဲ့ မတ်တပ်ရပ်ခိုင်းထားတယ်။ မကြာခင်မှာပဲ ကျွန်တော်တို့ခြေထောက်တွေ တုန်လာပြီးတော့ ရှေ့နောက်ယိုင်လာပါတယ်။ ခန္ဓာကိုယ်တွေ လှုပ်လေလေ လက်ထိပ်ကလည်း ပိုကြပ်လေလေပဲ။ အသားကို စိုက်ဝင်နေတာ တကယ်နာကျင်ရပါတယ်။ မိနစ် ၂၀ လောက်ကြာလာတော့ ကျွန်တော့်ခြေထောက်တွေက မခံနိုင်တော့ဘဲ တစ်ကိုယ်လုံးလည်း ချွေးတွေရွှဲလာပါတယ်။ အစ်ကိုလျူက လဲကျတော့မလိုဖြစ်သွားခဲ့တယ်။ ရဲတစ်ယောက်ရောက်လာပြီးတော့ သူ့ကို တအားကန်ပစ်လိုက်တယ်။ ပြီးတော့ ကျွန်တော်တို့ကို ဆောင့်ကြောင့်ထိုင်ခိုင်းထားတယ်။ ဒီတစ်ခေါက်က ပိုတောင်ဆိုးသေးတယ်။ ကျွန်တော်တို့ကို ကျောချင်းကပ်ထားပြီးတော့ လက်တွေကိုလည်း မလှုပ်ရဲဘူး။ ကျွန်တော်မကြာခင်မှာ အသက်ရှူကြပ်တော့မလို ခံစားခဲ့ရတယ်။ ပြီးတော့ ကျွန်တော့်လက်နဲ့ ခြေထောက်တွေက ထုံလားပြီးတော့ ဘာမှမခံစားရတော့ဘူး။ တစ်နာရီခွဲလောက်ကြာတော့ ကျွန်တော့်တို့ လုံးဝအားပျက်သွားပြီး ကြမ်းပြင်ပေါ်မှာပဲ လဲကျသွားခဲ့ကြတယ်။ ကျွန်တော်တို့ အဲဒီအခွင့်အရေးကို အသုံးချပြီးတော့ မြန်မြန်လေး တစ်ယောက်လက်ကို တစ်ယောက်မြဲမြဲဆုပ်ကိုင်ပြီး အားပေးခဲ့ကြပါတယ်။

နောက်ထပ်တစ်နာရီကျော်လောက်ကြာတော့ သူတို့က ကျွန်တော်တို့ကို ခွဲထုတ်လိုက်ပြီးတော့ ကျွန်တော့်ကို လျှောက်လမ်းရဲ့အဆုံးက ရုံးခန်းတစ်ခန်းထဲကို ခေါ်သွားပါတယ်။ ကျွန်တော့်လက်တစ်ဖက်ကို သစ်သားထိုင်ခုံမှာ လက်ထိပ်ခတ်ခဲ့ပြီးတော့ အိပ်ဖို့ထွက်သွားကြတယ်။ ကျွန်တော်ကတော့ အဲဒီတစ်ညလုံးအိပ်လို့မရခဲ့ပါဘူး။ တရုတ်ကွန်မြူနစ်ပါတီက ယုံကြည်သူတွေကို အရာအားလုံးထက် ပိုမုန်းပါလားလို့ပဲ စဉ်းစားနေခဲ့မိတယ်။ ကျွန်တော်တို့ကို ဖမ်းမိတာနဲ့ သေတဲ့အထိ ရိုက်နှက်နှိပ်စက်ပြီးတော့ အဲဒီအတွက် ဘာအရေးယူတာကိုမှလည်း မခံကြရဘူး။ ကျွန်တော်က အသင်းတော်ရဲ့ သင်းထောက်တစ်ယောက်ဖြစ်ပြီးတော့ ဒီနယ်ကမဟုတ်ဘူးဆိုတာကို သူတို့သိနှင့်ပြီးသားပါ၊ အဲဒီတော့ သူတို့ကျွန်တော့်ကို ဘာလုပ်မလဲ ဒါမှမဟုတ် ဒီအခြေအနေကို ကျွန်တော် ကျော်ဖြတ်နိုင်မလား မသိခဲ့ပါဘူး။ အဲဒီအတွေးတွေကြောင့် ကျွန်တော်ပိုပိုပြီး ကြောက်လာခဲ့လို့ ဘုရားသခင်ကို တိတ်တိတ်လေး ဆုတောင်းခဲ့ပါတယ်။ “ဘုရားသခင်၊ ညှဉ်းပန်းနှိပ်စက်မှုတွေကို တောင့်ခံနိုင်အောင် ယုံကြည်မှုနဲ့ စိတ်ဓာတ်ခိုင်မာမှုကို ပေးသနားတော်မူပါ။ အဲဒါမှ ဒီယုတ်မာတဲ့ရဲတွေရဲ့ နှိပ်စက်မှုကို ကျွန်တော် ကျော်လွှားနိုင်မှာပါ” လို့ပေါ့။ ပြီးတော့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေထဲက ဒါကိုသွားသတိရမိပါတယ်။ “သင်သည် ဤအရာ ထိုအရာတို့ကို ကြောက်ရွံ့ခြင်း မရှိအပ်။ မည်မျှများပြားသော အခက်အခဲများနှင့် အန္တရာယ်များ သင်ရင်ဆိုင်ရစေကာမူ၊ ငါ၏ အလိုကို မပိတ်ဆီးဘဲ ဆောင်ရွက်နိုင်ဖို့အလို့ငှာ၊ သင်သည် မည်သည့် အဟန့်အတားမျှဖြင့် ပိတ်ဆို့ခံရခြင်းမရှိဘဲ ငါ၏ရှေ့၌ မြဲမြံလျက် နေနိုင်စွမ်းရှိသည်။ ဤသည်မှာ သင်၏ တာဝန်ဖြစ်သည်။...အားလုံးကို သင် ခံရပ်ရမည်။ ငါ့အတွက် သင်သည် သင်ပိုင်ဆိုင်သမျှ အရာရာတိုင်းကို စွန့်လွှတ်ဖို့နှင့် ငါ့နောက်လိုက်ရန် သင်လုပ်နိုင်သမျှ အရာရာကို လုပ်ဆောင်ဖို့ အဆင်သင့် ရှိရမည် ဖြစ်ကာ၊ သင်၏ အရာအားလုံးကို အသုံးပြုဖို့ အဆင်သင့် ရှိရမည်။ ယခုအချိန်သည် သင့်ကို ငါစစ်ဆေးမည့် အချိန်ဖြစ်သည်။ သင်၏ သစ္စာစောင့်သိမှုကို ငါ့အား သင်ဆက်ကပ်မည်လော။ သင်သည် လမ်းဆုံးအထိ သစ္စာရှိစွာ ငါ့နောက် လိုက်နိုင်သလော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၀” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက ကျွန်တော့်ကို ယုံကြည်မှုနဲ့ ခွန်အားကိုပေးသနားခဲ့ပါတယ်။ အရာခပ်သိမ်းဟာ ဘုရားသခင်ရဲ့လက်ထဲမှာပဲ လုံးဝ ရှိပြီးတော့ ကွန်မြူနစ်ပါတီဆိုတာက သူ့ရဲ့အမှုတော်ကိုထမ်းရတဲ့ အရာတစ်ခုပါပဲ။ အဲဒီဖမ်းဆီးနှိပ်ကွပ်မှုက ဘုရားသခင်ရဲ့ စမ်းသပ်မှုပါပဲ။ ဘုရားသခင်က ကျွန်တော် သူ့အပေါ် စစ်မှန်တဲ့ယုံကြည်မှုရှိရဲ့လားလို့ စမ်းသပ်တာပါ။ ကျွန်တော့်ရဲ့စိတ်နှလုံးထဲကနေ၊ “အို ဘုရားသခင်၊ ကျွန်တော့်ရဲ့ ဇာတိပကတိက ဘယ်လောက်ပဲနာကျင်ခံစားရပါစေ၊ ယုဒတော့ ဘယ်တော့မှ အဖြစ်ခံမှာမဟုတ်ဘူး၊ ကိုယ်တော့်ကို လုံးဝ သစ္စာဖောက်မှာ မဟုတ်ပါဘူး” လို့ဆုတောင်းခဲ့ပါတယ်။

အဲဒီည ၁၀ နာရီလောက်ကနေ နောက်နေ့နေ့လယ် ၂ နာရီအထိ ကျွန်တော့်ကို လက်ထိပ်ခတ်ထားခဲ့ကြပါတယ်။ ပြီးတော့ ရဲတစ်ယောက်က ကျွန်တော့်လက်ကိုနောက်ပြန်လက်ထိပ်ခတ်ပြီးတော့ အောက်ထပ်ကိုခေါ်သွားတယ်။ တစ်လမ်းလုံးလည်း ဆဲဆိုနေတာပဲ။ ကျွန်တော်တို့ အောက်ထပ်က တရားခွင်တစ်ခုကိုလည်း ရောက်ရော သူက ရုတ်တရက် နောက်ကနေ ဆောင့်တွန်းလိုက်လို့ ခြောက်ပေကျော်လောက် အရှေ့ကိုလွင့်သွားတယ်။ ပြီးတော့ လျှောက်လမ်းပေါ်ကို အရှိန်နဲ့ကျပြီးတော့ လိမ့်သွားပါတယ်။ လဲကျတဲ့အရှိန်ကြောင့် ကျွန်တော့်လက်မောင်းတွေ အရမ်းနာနေခဲ့ပါတယ်။ ပြီးတော့ ကျွန်တော့်အားနဲ့ဆွဲထူပြီးတော့ ဆက်ပြီး အတူတူ လမ်းလျှောက်လာတယ်။ “ဒီနေ့တော့မင်းနဲ့ငါနဲ့ ကောင်းကောင်း တွေ့ကြသေးတာပေါ့” ဆိုပြီးလည်း ကြိမ်းမောင်းနေပါတယ်။ ကျွန်တော်ပေါင်ကို ဆက်တိုက်ဆိုသလို ဒူးနဲ့တိုက်ခဲ့ပြီးတော့ နာလွန်းလို့ လမ်းတောင် တည့်တည့်မလျှောက်နိုင်ခဲ့ပါဘူး။ ထိန်းသိမ်းရေး စခန်းရဲ့ အုပ်ချုပ်ရေးအဆောက်အဦးကို မေးခွန်းမေးဖို့ ခေါ်သွားခဲ့ပါတယ်။ အဲဒီက ကြမ်းပြင်ပေါ်မှာ လက်ချောင်းလောက်အရွယ်ရှိတဲ့ သံကြိုး သုံးကြိုး လေးကြိုးလောက်ရယ်၊ လက်ချောင်းလောက်ထူတဲ့ ကြိုးနှစ်ချောင်းနဲ့ သံတုတ်တစ်ချောင်းရယ်ကိုလည်း တွေ့ခဲ့ရပါတယ်။ အဲဒီမှာ ရဲငါးယောက်၊ ခြောက်ယောက်လောက်က ကျွန်တော့်ကို စိုက်ကြည့်နေကြပြီး၊ ကျွန်တော့်ဆီက ဖြောင့်ချက်ရအောင် သူတို့နှိပ်စက်ကြတော့မယ်ဆိုတာကို ကျွန်တော် သဘောပေါက်လိုက်တယ်။ ကျွန်တော် တုန်လှုပ်ခြောက်ခြားသွားပြီးတော့ “ဘုရားသခင်၊ ဒီဟာကို ကိုယ့်ဘာသာ တောင့်ခံပြီးကျော်ဖြတ်ဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ကျွန်တော့်ရဲ့အနားမှာနေပြီးတော့ ယုံကြည်မှုနဲ့ ခွန်အားကိုပေးသနားပါ” လို့ ဘုရားသခင်ကို အမြန်ဆုတောင်းခဲ့ပါတယ်။ ဆုတောင်းပြီးတော့ ကျွန်တော့်စိတ် အများကြီးတည်ငြိမ်သွားတာကို ခံစားမိခဲ့ပါတယ်။ ခဏကြာတော့ စီရင်စု ပြည်သူ့လုံခြုံရေးဌာနက အရာရှိလျူ ရောက်လာတယ်။ ကျွန်တော့်ကို ခြေဆုံးခေါင်းဆုံးကြည့်ပြီးတော့ ရဲတွေကို အမိန့်ပေးတယ်၊ “မင်းတို့တွေ နှစ်ယောက်တစ်တွဲနဲ့ သုံးဖွဲ့ခွဲလိုက်။ တစ်တွဲကို ၈ နာရီအလှည့်ကျစစ်။ သူ့ကို လုံးဝပေးမအိပ်နဲ့” တဲ့။ အဲဒီလိုပြောပြီးတော့ အရာရှိလျူက ကျွန်တော့်ကို သံထိုင်ခုံပေါ်မှာ ထိုင်ခိုင်းတယ်၊ ကျွန်တော့်ရဲ့လက်ကောက်ဝတ်ကနေ လက်မောင်းအထိကို လက်ထိပ်ခတ်ပြီးတော့ ခြေထောက်ကိုလည်း ခြေကျင်းခတ်ထားပါတယ်။ သူက မေးခွန်းစမေးတယ်။ “မင်းတို့ ဘယ်နှစ်ယောက်က ဧဝံဂေလိတရားကို မျှဝေကြတာလဲ။ အဖွဲ့ထဲကို မင်းကိုဘယ်သူကသွင်းပေးတာလဲ။ အဆက်အသွယ်ဘယ်လိုရှိလဲ။ ခေါင်းဆောင်ကဘယ်သူလဲ” တဲ့။ “မသိဘူး” လို့ကျွန်တော်ပြန်ပြောခဲ့တယ်။ ရဲနှစ်ယောက်က အမြန်ဝင်လာပြီးတော့ ကျွန်တော့်ရဲ့ခေါင်းနဲ့ ကျောကို လက်သီးနဲ့ထုထောင်းကြတယ်။ သူတို့ပင်ပန်းသွားမှပဲ ရပ်တယ်။ အဲဒီနောက် ကျွန်တော့်ကိုဆက်ပြီး စစ်ဆေးကြတယ်။ ကျွန်တော်တစ်ရက်နဲ့တစ်ညလုံးလုံး လုံးဝ မအိပ်ခဲ့ရတဲ့အတွက် အရမ်းအိပ်ချင်နေခဲ့တယ်။ ဒါပေမဲ့ သူတို့က ကျွန်တော်မျက်လုံးပိတ်သွားတာနဲ့ အော်ကြတယ်။ ဒါမှမဟုတ် အပူပေးပိုက်လိုင်းကို သံတုတ်နဲ့ရိုက်ကြတယ်၊ စားပွဲကိုလက်နဲ့ တအားထုကြတယ်။ ကျွန်တော်လန့်သွားတာကိုမြင်တော့ခွက်ထိုးခွက်လန်ရယ်ကြပြီး၊ “မင်းကဘာမှမပြောဘဲ အိပ်ချင်သေးတယ်ပေါ့ ဟုတ်လား။ မင်းဘာမှမပြောလို့ကတော့ ဒီကနေအသက်ရှင်လျက် ပြန်ထွက်ဖို့စိတ်တောင်မကူးနဲ့” လို့ပြောတယ်။ ပြီးတော့ ကျွန်တော့်ကိုဆွဲထူပြီး ဆောင့်ကြောင့်ထိုင်တဲ့ပုံစံနဲ့ မတ်တပ်ရပ်ခိုင်းပြန်တယ်။ ကျွန်တော့်လက်နဲ့ခြေထောက်ကို ထိုင်ခုံနဲ့ အခိုင်အမာ ချုပ်ထားတုန်းပါပဲ။ ကျွန်တော့်ကျောဘက်မှာ အဲဒီထိုင်ခုံနဲ့ ထိုင်ထလုပ်ရတယ်။ ကျွန်တော်ထိုင်ချလိုက်တော့ ထိုင်ခုံက ကျွန်တော့်တင်ပါးနဲ့ထိသွားပြီးတော့ လက်ထိပ်က ပိုကြပ်လာတယ်၊ ပြီးတော့ မကြာခင်မှာပဲ ကျွန်တော့်ခြေတွေ လက်တွေ ထုံကျဉ်ကိုက်ခဲလာပြီးတော့ ကောင်းကောင်း မရပ်နိုင်တော့ပါဘူး။ ကျွန်တော့်ခြေထောက်တွေယိုင်နေတာကိုမြင်တော့ ရဲတစ်ယောက်ကလာပြီးတော့ ခြေထောက်ကို ပိတ်ကန်လိုက်လို့ ကျွန်တော် ထိုင်ခုံနဲ့အတူတူ လဲကျသွားတယ်။ ပြီးတော့ ကျွန်တော့်ကိုဆွဲထူပြီး ထိုင်ထဆက်လုပ်ခိုင်းကြတယ်။ တစ်ခါတလေ် ကျွန်တော်လဲကျပြီးတော့ ထိုင်ခုံကကျွန်တော့်ပေါ်ကို ပြုတ်ကျတယ်။ အဲဒီလိုမျိုး သုံးခါ၊ လေးခါလောက်ဖြစ်တယ်။ ကျွန်တော်အရမ်းပင်ပန်းပြီးတော့ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲလာတယ်။ ကျွန်တော့်လက်ကောက်ဝတ်တွေ ယောင်ရမ်းနေပြီး လက်ထိပ်ကြောင့် အညိုအမည်းစွဲနေတယ်။ ခြေထောက်တွေလည်းမလှုပ်နိုင်တော့ဘူး။ ကျွန်တော်လဲကျသွားပြီးတော့ ပြန်မထနိုင်တော့ဘူး။ အဲဒီလိုနဲ့ နောက်ဆုံးတော့ သူတို့ဆက်မလုပ်ခိုင်းတော့ဘူး။ အဲဒီည ညနက်ပိုင်းမှာ ကျွန်တော်သန့်စင်ခန်းသွားချင်တယ်ဆိုတော့ ရဲတွေက ကျွန်တော့်ကို လက်ထိပ်တစ်ဖက်ပဲ ဖြုတ်ပေးပြီးတော့ ကျောမှာ ထိုင်ခုံကိုသယ်သွားခိုင်းတယ်။ ကျွန်တော့်ဘောင်းဘီကို လက်တစ်ဖက်တည်းနဲ့ ချွတ်ခဲ့ရတယ်။ တော်တော်ကိုမလွယ်ပါဘူး။ ရဲနှစ်ယောက်က သန့်စင်ခန်းအဝင်ဝကနေ ကျွန်တော့်ကိုကြည့်ပြီး မတ်တပ်ရပ် ရယ်နေကြတယ်။ ရှက်လွန်းလို့ ကျွန်တော်အရမ်းဒေါသထွက်ခဲ့ပါတယ်။

တတိယမြောက်နေ့မှာ တခြား အဆင့်မြင့် အရာရှိတစ်ယောက်လာပြီး ကျွန်တော့်ကိုမေးတယ်၊ “မင်းဘာသာပြောင်းပေးခဲ့တာ ဘယ်နှစ်ယောက်ရှိပြီလဲ။ ဘယ်သူ့အိမ်တွေကို ရောက်ခဲ့လဲ။ မင်းရဲ့ခေါင်းဆောင်နာမည်က ကျန်းလင်းလား” တဲ့။ သူကျွန်တော့်ကိုမေးခွန်းတွေဆက်တိုက်မေးနေတုန်းမှာပဲ ကျွန်တော့်ရဲ့စိတ်နှလုံးကို ကွယ်ကာပြီး၊ စာတန်ရဲ့လှည့်ကွက်တွေထဲ ကျွန်တော့်ကို မကျဆုံးစေဖို့ တောင်းလျှောက်ရင်းနဲ့ ဘုရားသခင်ကို အမြန်ဆုတောင်းလိုက်တယ်။ သူလိုချင်တဲ့ သတင်းအချက်အလက်ကိုမရတော့ သူ့လက်အောက်ငယ်သားတွေကို “သူ့ကိုသေချာကြည့်နေ။ ပေးမအိပ်နဲ့။ ဘယ်လောက်ခံနိုင်မလဲ စောင့်ကြည့်ကြတာပေါ့” လို့ပြောတယ်။ နောက်ကျတော့ ကျွန်တော် အိပ်ရေးပျက်တဲ့ဒဏ်ကို လုံးဝဆက်မခံနိုင်တော့တာကို သူတို့တွေ့တော့ ရဲတစ်ယောက်က သံထိုင်ခုံနဲ့ ထိုင်ထလုပ်ခိုင်းပြန်တယ်။ နောက်တစ်ယောက်က ပွက်ပွက်ဆူနေတဲ့ ရေနွေးတစ်အိုးယူလာတယ်။ စက္ကူခွက်မှာ ရေနွေးဖြည့်ပြီးတော့ ကျွန်တော့်ခေါင်းပေါ်တင်လိုက်တယ်။ ကျွန်တော့်ဦးရေပြားက ပူလောင်နာကျင်နေပြီးတော့ ခေါင်းက သူ့အလိုလိုခါ ချလိုက်မိတယ်။ သူတို့က ကျွန်တော့်ကို ထိုးကြိတ်ကန်ကျောက်ကြလို့ ကျွန်တော်မှောက်သွားတယ်။ ပြီးတော့ ကျွန်တော့်ကို တရွတ်တိုက်ပြန်ဆွဲထူတယ်။ ကျောမှာခုံကို ထမ်းခိုင်းထားပြီး ခေါင်းပေါ်မှာ ရေနွေးခွက်ကို တင်ထားတယ်။ ပြီးတော့ “နောက်တစ်ခေါက် ရေခွက်ကို ခါချရင် မင်းကိုသေအောင်ရိုက်မယ်” လို့ပြောတယ်။ ပူလွန်းလို့ ကျွန်တော်ဘယ်လိုမှ မခံနိုင်ခဲ့ဘူး။ ကျွန်တော့်ခန္ဓာကိုယ်က နည်းနည်းလေး လှုပ်သွားလို့ ခွက်က ထပ်ပြုတ်ကျပြန်တယ်။ သူတို့က ကျွန်တော့်ဆီပြန်ရောက်လာပြီးတော့ ထိုးကြိတ်ပြီး ကန်ကြပြန်တယ်။ သူတို့က အဲဒီလိုမျိုး ကျွန်တော့်ကို အကြိမ်ကြိမ် နှိပ်စက်ခဲ့ကြတယ်။ ကျွန်တော့်ရဲ့ဦးရေပြားမှာ အပူလောင်တဲ့ဒဏ်ကြောင့် အရည်ကြည်ဖုမျိုးစုံဖြစ်ပြီးတော့ အဲဒီအရည်ကြည်တွေက ပိုဆိုးလာတဲ့ အပူဒဏ်ကြောင့် ပေါက်ထွက်ကုန်ပါတယ်။ အနာကထွက်တဲ့အရည်ကြည်တွေဟာ ကျွန်တော့်ရဲ့နဖူးပေါ်ကိုစီးကျလာပြီးတော့ ချွေးနဲ့ရောကုန်တာက တကယ်ကို ပြင်းပြင်းထန်ထန် ခံစားရတယ်။ သူတို့က ရေနွေးအိုးတစ်အိုးပြီးတစ်အိုး တည်ပြီးတော့ ကျွန်တော့်ခေါင်းပေါ်မှာ ခွက်တွေကိုဆက်တိုက်တင်ကြတာ နှစ်နာရီ၊ သုံးနာရီလောက် တောက်လျှောက်ပါပဲ။ နောက်ဆုံးမှာတော့ ကျွန်တော့်တစ်ကိုယ်လုံး အားနည်းချိနဲ့လာတယ်။ လဲသာလဲကျသွားပြီး ပြန်မထနိုင်တော့ပါဘူး။ သူတို့က လက်ကိုင်ဖုန်းတွေထုတ်ပြီးတော့ ဓာတ်ပုံတွေရိုက်ကြတယ်။ “မင်းတို့ဘာသာရေးကိုင်းရှိုင်းတဲ့သူတွေ အကုန်လုံးတွေ့အောင်လို့ ဒီပုံတွေကို အွန်လိုင်းမှာတင်မယ်။ ဆက်ယုံကြည်ရဲလား ကြည့်ကြသေးတာပေါ့” လို့ လှောင်ပြောင်ပြီး ပြောကြပါတယ်။ သူတို့ကတော့ မကြာခဏ ခွက်ထိုးခွက်လန် ရယ်မောနေကြတာပါပဲ။

အဲဒီအချိန်မှာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေထဲက ဒါကိုသွားစဉ်းစားမိတယ်။ “ရှေးကာလ၏ ဘိုးဘေး များလော။ ချစ်မြတ်နိုးရသော ခေါင်းဆောင်များလော။ ၎င်းတို့ အားလုံးသည် ဘုရားသခင်အား ဆန့်ကျင်ကြ၏။ ၎င်းတို့၏ ဝင်ရောက်စွက်ဖက်မှုသည် ကောင်းကင်အောက်ရှိ အရာခပ်သိမ်းကို မှောင်မိုက်ခြင်း နှင့် ပရမ်းပတာဖြစ်ခြင်း အခြေအနေတစ်ခုတွင် ချန်ထားပြီးဖြစ်၏။ ဘာသာရေး လွတ်လပ်မှုလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့သည် အပြစ်ဖုံးကွယ်ခြင်းအတွက် လှည့်စားမှုများသာ ဖြစ်ကြသည်။...ယခု အချိန်ကျပေပြီ။ ဤမကောင်းဆိုးဝါး၏ အကျည်းတန်သော မျက်နှာကို ဆုတ်ဖြဲဖို့ရန်နှင့် မျက်စိကွယ်စေခြင်း ခံခဲ့ရကာ ဆင်းရဲ ဒုက္ခနှင့် အခက်အခဲမျိုးစုံ ကြံ့ကြံ့ခံရပြီးဖြစ်သည့် လူများကို ၎င်းတို့၏ နာကျင်မှုမှ ထပြီး ဤဆိုးယုတ်သော နတ်ဆိုးအိုအား ကျောခိုင်းခွင့်ပေးရန် လူသားသည် ကြာမြင့်စွာကတည်းက သူ၏ ခွန်အား အားလုံးကို စုစည်းပြီးဖြစ်သည်၊ ဤအရာအတွက် သူ၏ အားထုတ်မှုအားလုံးကို ဆက်ကပ်မြှုပ်နှံပြီးဖြစ်ကာ အဖိုးအခတိုင်းကို ပေးဆပ်ပြီးဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)”) တရုတ်ကွန်မြူနစ်ပါတီက ဘုရားကို အပြင်းအထန်ဆန့်ကျင်ပြီး ယုံကြည်သူတွေအပေါ်မှာ ရက်စက်ကြမ်းကြုတ်ပါတယ်။ သူတို့က သမ္မာတရားကိုမုန်းတီးပြီးတော့ ဘုရားသခင်ကိုဆန့်ကျင်တဲ့ မကောင်းဆိုးဝါးတစ်စုပဲ။ သူတို့ကျွန်တော့်ကိုနှိပ်စက်လေလေ၊ သူတို့ရဲ့ဆိုးယုတ်တဲ့ အနှစ်သာရကို ပိုပြီးရှင်းရှင်းမြင်ရလေပါပဲ။ ပြီးတော့ ကျွန်တော့်ရဲ့စိတ်နှလုံးထဲကနေ တရုတ်ကွန်မြူနစ်ပါတီကို ကျိန်ဆဲငြင်းပယ်ပြီးတော့ ဘုရားသခင်အတွက် ပိုပြီးသက်သေခံရပ်တည်ချင်ခဲ့တယ်။ ဘုရားသခင်ကို ဘယ်တော့မှ သစ္စာမဖောက်၊ ညီအစ်ကိုမောင်နှမတွေကို ဖော်ကောင်မလုပ်ဘဲနဲ့ပေါ့။ ကျွန်တော် အဲဒီလိုစိတ်ပိုင်းဖြတ်လိုက်တာနဲ့ ကျွန်တော့်ကျောပေါ်က ၁၅ ပေါင် ဒါမှမဟုတ် အဲဒီထက်ပိုလေးတဲ့ ထိုင်ခုံက မလေးတော့ဘူး။ ရဲတစ်ယောက်က၊ “ငါတို့ဒီအတိုင်း ဆက်လုပ်လို့မဖြစ်တော့ဘူး။ ဒီကောင်က ခုံလောက်ကို တကယ်မဖြုံဘူးပဲ။” လို့ပြောတာကို ကြားလိုက်ပါတယ်။ အဲဒါကိုကြားတော့ ကျွန်တော် ဘုရားသခင်ကို၊ “အို ဘုရားသခင်၊ ကိုယ်တော်ဟာ တကယ်ကို တန်ခိုးအနန္တနဲ့ ပြည့်စုံလှပါတယ်။ ကိုယ်တော့်နှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုသာမရှိခဲ့ရင် စာတန်ရဲ့ညှဉ်းပန်းနှိပ်စက်မှုကို ကိုယ့်ဘာသာ ဘယ်လိုမှကျော်လွှားနိုင်မှာ မဟုတ်ပါဘူး” လို့ချီးမွမ်းခဲ့ပါတယ်။

လေးရက်မြောက်နေ့မှာတော့ လက်ထိပ်နဲ့ ခြေကျင်းခတ်ခံထားရတာ အရမ်းကြာလို့ ကျွန်တော့်ခြေထောက်တွေ လုံးဝထုံနေခဲ့တယ်။ လက်နဲ့ ခြေဖဝါးတွေက အညိုအမည်းတွေစွဲနေပြီးတော့ ရောင်ကိုင်းပြီး ဖောင်းကားနေတယ်။ ပြီးတော့ လက်ထိပ်တွေကလည်း အသားထဲကို နက်နက်စိုက်ဝင်နေခဲ့တယ်။ ကျွန်တော်အရမ်းပင်ပန်းလွန်းလို့ မျက်လုံးတွေပိတ်ပြီးတဲ့နောက် ဘယ်လိုမှ ပြန်မဖွင့်နိုင်တော့ဘူး။ သူတို့က စားပွဲကိုထုပြီး ပိုက်တွေကိုခေါက်ပြီး ကျွန်တော်လန့်နိုးအောင်လုပ်လေ့ရှိတယ်။ ပြီးတော့ ကျွန်တော့်ခြေထောက်တွေကိုလည်း ခဏ ခဏ ကန်ကြတယ်။ အဲဒါက အရမ်းကိုနာကျင်ရတယ်။ ပြီးတော့ တာဝန်ရှိသူလို့ထင်ရတဲ့ အရာရှိတစ်ယောက်ဝင်လာတယ်၊ ကျွန်တော့်ကိုသေချာကြည့်တယ်၊ လက်ထိပ်နဲ့ ခြေကျင်းကိုဖြုတ်တယ်။ ပြီးတော့ မတ်တပ်ရပ်ခိုင်းပြီး ခုန်ခိုင်းတယ်။ ကျွန်တော်အစားမစားရတာ လေးရက် ငါးရက်ရှိနေပြီးတော့ သူတို့ကလည်း အဆက်မပြတ် နှိပ်စက်နေကြတာ။ အဲဒီတော့ ကျွန်တော့်မှာ လုံးဝအားမရှိတော့ဘူး။ မတ်တပ်တောင် ကောင်းကောင်းမရပ်နိုင်ခဲ့ဘူး။ ထိုင်ခုံလက်တန်းကို ကိုင်ပြီးကိုယ့်ကိုယ့်ကိုယ် ထောက်ထားရတယ်။ သုံးခါ၊ လေးခါလောက်ခုန်ပြီးတော့ ကျွန်တော် လဲကျသွားတယ်။ သူတို့က ခွက်ထိုးခွက်လန် ရယ်ကြတယ်။ အဲဒီလို ကျွန်တော်ခုန်လိုက် လဲကျလိုက်ဖြစ်နေတာ တစ်နာရီကျော်လောက် ကြာတယ်။ ပြီးတော့သူတို့က ကျွန်တော့်ကိုခုံမှာ ပြန်လက်ထိပ်ခတ်ပြီးတော့ မေးခွန်းတွေ ဆက်မေးကြတယ်။ တစ်ယောက်က “ဘယ်အိမ်တွေကို မင်းသွားလည်ဖူးလဲ။ သူတို့ဘယ်မှာနေလဲ။ မင်းအထဲဝင်စရာမလိုဘူး။ နေရာတွေသာပြပေးလိုက်။ တစ်နေရာပဲပြ။ ငါတို့မင်းကိုလွှတ်ပေးမယ်” လို့ပြောတယ်။ “မသိဘူး” လို့ကျွန်တော်ပြန်ပြောခဲ့တယ်။ သူတို့ကျွန်တော့်ကို အကြိမ်ကြိမ် အခါခါမေးကြတယ်။ ဒါပေမဲ့ ကျွန်တော်မဖြေတော့ လက်လျှော့ပြီးထွက်သွားကြတယ်။

ငါးရက်ကြာတဲ့နောက်မှာတော့ ကျွန်တော့် စိတ်ရော ကိုယ်ရော လုံးဝကို အားကုန်သွားခဲ့တယ်။ မျက်လုံးလည်းဖွင့်မထားနိုင်တော့ဘူး။ ကျွန်တော့်ကိစောင့်ကြည့်တဲ့ရဲနှစ်ယောက်က ခုံတွေကိုထုပြီး ပိုက်တွေကိုခေါက်ပေမယ့်လည်း ကျွန်တော်ဘယ်လိုမှ ခေါင်းမထူနိုင်တော့ပါဘူး။ ရဲတစ်ယောက်ကလာပြီးတော့ ကျွန်တော့်မျက်လုံးကို အတင်းဆွဲဖွင့်ပြီးတော့ နောက်တစ်ယောက်က လိမ္မော်ခွံကို အရည်ညှစ်ပြီး မျက်လုံးထဲကို ထည့်တယ်။ “မင်းကအိပ်လို့ရမယ်ထင်တယ်ပေါ့ ဟုတ်လား။ နည်းနည်း အိပ်ချင်တယ်ပေါ့လေ” လို့လည်းအော်ပြောတယ်။ ကျွန်တော့်မျက်လုံးတွေ ချက်ချင်းပဲ စူးခနဲနာသွားပြီးတော့ မျက်နှာပေါ်ကို မျက်ရည်တွေစီးကျလာပါတယ်။ ကျွန်တော်ခေါင်းကိုနောက်လှန်ဖို့ အပြင်းအထန်ရုန်းကန်ပြီး ကြိုးစားခဲ့ပေမယ့် သူတို့က ခေါင်းကို အခိုင်အမာကိုင်ထားပြီးတော့ မျက်လုံးထဲကို လိမ္မော်ခွံအရည်ညစ်ပြီး ဆက်ထည့်ခဲ့တယ်။ ကျွန်တော်မျက်လုံးတွေကို သေလောက်အောင် ပွတ်လိုက်ချင်ပေမယ့်လည်း ကျွန်တော့်လက်တွေကို ထိုင်ခုံနဲ့ အခိုင်အမာ လက်ထိပ်ခတ်ထားပြီး လှုပ်လို့မရခဲ့ဘူး။ တော်တော်ဆိုးပါတယ်။ ကျွန်တော့်မျက်လုံးတွေနာလွန်းလို့ ကန်းသွားတော့မလို ခံစားခဲ့ရတယ်။ ရဲတွေက ကျွန်တော့်ကိုမျက်လုံးဖွင့်ဖို့ အမိန့်ပေးပေမယ့်လည်း ကျွန်တော်ဘယ်လိုမှ မဖွင့်နိုင်တော့ဘူး။ ကျွန်တော့်မှာရှိသမျှအားနဲ့ ဘုရားသခင်ကို တိုင်တည်ခဲ့ပါတယ်။ “အို ဘုရားသခင်၊ ကျွန်တော်ဒီနှိပ်စက်ညှဉ်းပန်းမှုကို ဘယ်လိုမှဆက်မခံနိုင်တော့ပါဘူး။ ကျေးဇူးပြုပြီး လမ်းပြပေးပါ” လို့ပေါ့။ အချိန်ဘယ်လောက်ကြာသွားလဲတော့ မသိဘူး။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ကျွန်တော်မျက်လုံးကို အတင်းဖွင့်နိုင်ခဲ့ပါတယ်။ ပြီးတော့ သူတို့က စတီးလ်ပြားနဲ့လုပ်ထားတဲ့ အထူးထိုင်ခုံတစ်လုံးကို အခန်းထဲယူလာတယ်။ အဲဒီအပြားက တစ်လက်မရဲ့ လေးပုံတစ်ပုံလောက်ထူပြီးတော့ ပေါင် ၇၀ လောက်လေးတယ်။ ပြီးတော့ ခြေထောက်နဲ့ လက်အတွက်လည်း သံကွင်းတွေပါတယ်။ ကျွန်တော့်ကို အဲဒီခုံပေါ်တင်ပြီးတော့ လက်နဲ့ခြေထောက်ကို ချုပ်လိုက်တယ်။ ကျွန်တော်က ချည်သားရှပ်အင်္ကျီအပါးနဲ့ အအေးဒဏ်ခံ ဘောင်းဘီပါးပါးလေးပဲ ဝတ်ထားတာလေ။ အဲဒီတော့ သံခုံပေါ်ထိုင်ရတာ တကယ်အေးလှပါတယ်။ အဲဒီစတီးလ်ခုံပေါ်မှာသာ ထိုင်ရလို့ရှိရင် သွေးလည်ပတ်မှုမရှိလို့ လေဖြတ်သွားမှာ စိုးလို့ ကျွန်တော်တောက်လျှောက် စိုးရိမ်နေခဲ့ပါတယ်။ ပြီးတော့ ကျွန်တော့်ကို နေ့ရောညရော အိပ်ခွင့်မပေးဘဲသာ ဆက်ထားရင် သူတို့နှိပ်စက်လို့ ကျွန်တော်သေသွားနိုင်တယ်။ အဲဒါကြောင့် “ဘုရားသခင် ကျွန်တော့်ကိုယုံကြည်မှုနဲ့ ခွန်အားကိုပေးသနားတော်မူပါ။ အဲဒါမှ ဒီမကောင်းဆိုးဝါးတွေရဲ့နှိပ်စက်ညှဉ်းပန်းမှုတွေကို ကျော်ဖြတ်ပြီးတော့ သက်သေခံနိုင်မှာပါ” လို့ ဆုတောင်းခဲ့တယ်။ ဆုတောင်းပြီးတော့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို သတိရခဲ့တယ်။ “လူတို့သည် ၎င်းတို့၏ဘဝများကို စွန့်လွှတ်ရန် အဆင်သင့်ဖြစ်သည့်အခါ၊ အရာရာတိုင်းသည် အသေးအဖွဲ ဖြစ်လာကြပြီး၊ မည်သူမျှ ၎င်းတို့ကို ခက်ခဲအောင် ပြုလုပ်နိုင်ခြင်းမရှိတော့ချေ။ အသက်ထက် မည်သည့်အရာသည် သာ၍အရေးကြီးနိုင်မည်နည်း။ ထို့ကြောင့် စာတန်သည် လူတို့အထဲတွင် နောက်ထပ် မည်သည့်အရာမျှ လုပ်ဆောင်နိုင်စွမ်း ရှိမလာပေ၊ လူနှင့် ပတ်သက်၍ ၎င်းလုပ်ဆောင်နိုင်သည့်အရာ မည်သည့်အရာမျှ မရှိပေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၃၆” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက်) အဲဒီနောက်မှာတော့ ကျွန်တော်စိုးရိမ်နေတာက သေရမှာကြောက်လို့၊ အသက်ကို တန်ဖိုးထားနေလို့ဆိုတာကို နားလည်လာခဲ့တယ်။ ပြီးတော့ စာတန်က ကျွန်တော့်ထဲက အဲဒီအားနည်းချက်ကို အမြတ်ထုတ်ပြီးကျွန်တော်ဘုရားသခင်ကို သစ္စာဖောက်အောင်လုပ်နေတာပါ။ သူ့ရဲ့ညစ်ပတ်တဲ့လှည့်ကွက်ကို အောင်မြင်ခွင့်ပေးလို့ မဖြစ်ဘူး။ ကျွန်တော့်ရဲ့အသက်က ဘုရားသခင်ရဲ့လက်ထဲမှာပါ။ အဲဒီတော့ ကျွန်တော် လေဖြတ်သွားသည်ဖြစ်စေ၊ ကျွန်တော့်ကို သူတို့သေတဲ့အထိ နှိပ်စက်သည်ဖြစ်စေ၊ အဲဒါတွေအားလုံးက ဘုရားသခင်ရဲ့လက်ထဲမှာပါပဲ။ ဘုရားသခင်ရဲ့စီမံခန့်ခွဲမှုတွေကို နာခံဖို့ အဆင်သင့်ဖြစ်ခဲ့သလို၊ ကျွန်တော်အသက်ဆုံးရှုံးရမယ်ဆိုရင်တောင် စာတန်ကို အညံ့ခံမှာ မဟုတ်ပါဘူး။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကနေ ကျွန်တော် ယုံကြည်မှုတွေ ပိုရရှိခဲ့ပြီး သေရမှာကို အရမ်းကြီး မကြောက်တော့ဘူး။ ကျွန်တော် ခွန်အားတွေ အများကြီးရရှိလာသလို၊ အဲဒီထိုင်ခုံမှာထိုင်ရတာ အရင်ကလောက် နေရထိုင်ရမခက်တော့ဘူး။

ခြောက်ရက်မြောက်နေ့ နေ့လယ်ပိုင်းရောက်တော့ ကျွန်တော်ရေလုံးဝမသောက်ရတာ ၅ ရက်၊ ၆ ရက်ရှိသွားပြီဖြစ်သလို၊ နှုတ်ခမ်းတွေက အရမ်းခြောက်ပြီးတော့ အရေခွံတွေ ကွာကျနေတယ်။ သူတို့က ကျွန်တော့်ကို သုံးခေါက်၊ လေးခေါက်လောက်ပဲ အစားနည်းနည်းကျွေးခဲ့တယ်။ အဲဒါကြောင့် ဆာလောင်မွတ်သိပ်မှုနဲ့ စိတ်ဓာတ်အရမ်းကျနေသလို၊ တကယ်ကိုအားနည်းနေခဲ့တယ်။ သူတို့ကြောင့် အပူလောင်သွားတဲ့ ကျွန်တော့်ဦးရေပြားပေါ်က အရည်ကြည်ဖုတွေက အနာဖေးမတက်သေးတော့ ချွေးနည်းနည်းစိုတာနဲ့ စူးကနဲနာတယ်။ ပြည်သူ့လုံခြုံရေးဌာနက အရာရှိဆိုတဲ့သူ ပြန်ရောက်လာပြီး ကျွန်တော်ဘာမှမပြောသေးတာကိုတွေ့တော့ ကျွန်တော့်ရှေ့ကို လမ်းလျှောက်ဝင်လာပြီးတော့ “မင်းရဲ့အသင်းတော်အကြောင်းကိုသာ ငါတို့ကိုပြောပြလိုက်။ ဘာမှထပ်ပြီးဒုက္ခခံစရာမလိုပါဘူး။ ပြောစမ်းပါ။ ခေါင်းဆောင်က ဘယ်သူလဲ။ ပိုက်ဆံတွေကို ဘယ်မှာသိမ်းထားလဲ။ ငါတို့နဲ့သာပူးပေါင်းရင် မင်းကို ရဲအနေနဲ့ အလုပ်ပေးမယ်။ အဆင်ပြေတဲ့ဘဝကို မင်း သေချာပေါက်ရမယ်။ အဲဒီက မင်းရဲ့ဘုရားသခင်နောက်ကိုလိုက်တာထက် ပိုကောင်းတဲ့ အနာဂတ်မဟုတ်လား” လို့ ချော့ပြောတယ်။ သူကဆက်ပြောတယ်၊ “မင်းရဲ့အသင်းတော်က ရာထူးကြီးပိုင်း ခေါင်းဆောင်ကို ငါတို့ရှာတွေ့အောင် ကူညီပေးရင် ဆုချမယ်၊ ပြီးတော့မင်းဖော်တာလို့ ငါတို့ ပြောမှာမဟုတ်ဘူးလေ။ ဘယ်သူ သိမှာတုန်း” တဲ့။ ကျွန်တော်စိတ်တိုလွန်းလို့ သူ့ကိုပြန်တောင် အဖက်မလုပ်ခဲ့ပါဘူး။ ကျွန်တော် စိတ်မဝင်စားတာကိုတွေ့တော့ သူက ဆက်ပြီး၊ “မင်းအတွက်မင်းမတွေးရင်တောင် မင်းမိသားစုအတွက်တော့ တွေးဦးလေ။ အသက်တွေကြီးကြပြီ။ မင်းအခုဖြစ်ပျက်နေတာတွေကိုသာ သူတို့သိရင် ခံနိုင်ကြပါ့မလား။ ငါတို့ကိုပြောရင် အားလုံးအဆင်ပြေသွားမယ်။ မင်းမိသားစုလည်း ဘဝကိုအေးအေးဆေးဆေးနေနိုင်မယ်” လို့ ဟန်ဆောင်စိတ်ပူပြတယ်။ အဲဒါလည်း သူတို့ရဲ့လှည့်ကွက်တွေထဲက တစ်ခုပဲဆိုတာကို ကျွန်တော်သိခဲ့လို့ မခံမရပ်နိုင်ဖြစ်ပြီးတော့၊ “ကျုပ်ဘာမှမသိဘူး။ ကျုပ်ဆီကဘာမှသိရဖို့ စိတ်မကူးနဲ့။” လို့ ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့တယ်။ သူက ဒေါသပေါက်ကွဲသွားပြီးတော့ ရေဗူးတစ်ဗူးကို လှမ်းယူပြီး ကျွန်တော့်ရဲ့မျက်နှာရော ခေါင်းရော နေရာအနှံ့ကို ရိုက်ပါတော့တယ်။ ကျွန်တော်ခေါင်းတွေမူး၊ မျက်လုံးတွေဝါးပြီးတော့ မျက်နှာတစ်ခုလုံး ထုံသွားသလို၊ နားတွေလည်းအူနေခဲ့တယ်။ အဲဒါက ဘယ်လောက်ကြာသွားမှန်း ကျွန်တော်မသိလိုက်ဘူး။ ပြီးတော့ သူက ဒေါသတကြီးနဲ့ပြောတယ်၊ “မနက်ဖြန် မင်းမိဘတွေကို ခေါ်လာမယ်” တဲ့။ ကျွန်တော်လည်း ပြန်ပြောလိုက်တယ်၊ “ခေါ်လာလည်း မပြောဘူး။ အသေရိုက်သတ်ချင်သတ်လိုက်။ ဘုရားသခင်ကိုတော့ ဘယ်တော့မှသစ္စာမဖောက်ဘူး” လို့ပေါ့။ သူက ပြန်အော်တယ်၊ “မင်းတော့ သွားပြီ။ မျှော်လင့်ချက်မရှိတော့ဘူး။ တကယ့် ဘာသာရေးငကြောင်ပဲ” တဲ့။ အဲဒီမကောင်းဆိုးဝါး ရှုံးနိမ့်ပြီး အရှက်တကွဲဖြစ်သွားတာကို မြင်ရတဲ့အခါမှာ ကျွန်တော် ဘုရားသခင်ကို အရမ်းကျေးဇူးတင်မိတယ်။

ခုနစ်ရက်မြောက်နေ့မှာလည်း သူ့တို့က ကျွန်တော့်ကို နှိပ်စက်မြဲနှိပ်စက်ကြသလို၊ အိပ်ခွင့်လည်း ဆက်မပေးကြဘူး။ နေ့ရောညပါ အဆက်မပြတ်ညှင်းပန်းနှိပ်စက်မှုကြောင့် ကျွန်တော်အားနည်းသွားခဲ့တယ်။ ကမ္ဘာကြီးချာချာလည်နေသလို ခံစားခဲ့ရပြီး အမြင်အာရုံလည်း ဝေဝါးနေခဲ့တယ်။ ကျွန်တော် ကယောင်ချောက်ချားတွေတောင် ဖြစ်နေခဲ့ပြီး၊ တစ်ခါတလေ ကျွန်တော့်ရှေ့မှာ မြင်နေရတာတွေက နှစ်ထပ်ဖြစ်နေတာတို့ ဝါးနေတာတို့ဖြစ်ခဲ့တယ်။ ကျွန်တော့်ခန္ဓာကိုယ်က နေရာအနှံပျံ့ကြဲနေသလို ခံစားခဲ့ရတယ်။ ကျွန်တော် မိုက်ကနဲဖြစ်သွားတဲ့တစ်ချက်မှာ တစ်ယောက်ယောက်က နားကို လိမ်ဆွဲပြီး ဟိန်းဟောက်လိုက်တယ်၊ “သေချင်ယောင်ဆောင်နေတယ် ဟုတ်လား။ ပြောရင်ပြော။ မပြောလို့ကတော့ မင်းနောက်နေ့မကူးဘူး။ မင်းဘုရားသခင်ကို လာကယ်ခိုင်းလိုက်” တဲ့။ ဒါပေမဲ့ ကျွန်တော် နာကျင်နေတာကလွဲပြီး ဘာမှမသိဘူး။ မျက်လုံးတွေလည်း မဖွင့်နိုင်တော့ပါဘူး။ နောက်တော့ သတိလစ်သွားတယ်။ ဘယ်လောက်ကြာသွားမှန်းမသိလိုက်ဘဲနဲ့ ကျွန်တော်ပြန်သတိရတဲ့အချိန်မှာ အဝတ်တွေအကုန်လုံး စိုရွှဲနေတာကိုတွေ့လိုက်ရတယ်။ ရဲတွေက ကျွန်တော့်ကို ရေအေးနဲ့ပက်ပြီး နှိုးလိုက်မှန်း သဘောပေါက်လိုက်တယ်။ ၉ ရက်မြောက်နေ့မှာ၊ ကျွန်တော့်ကို အလှည့်ကျစောင့်ကြည့်တဲ့ ရဲခြောက်ယောက်ထဲမှာ သုံးယောက်က အအေးမိသွားတယ်။ ရဲတစ်ယောက်က ကျွန်တော့်ဆီလာပြီးတော့ ပင်ပန်းနွမ်းနယ်နေတဲ့ပုံစံနဲ့ “ငါတို့တော့ မခံနိုင်တော့ဘူး။ တစ်ခုခုလုပ်ကြံဖန်တီးပြီးတော့သာ ချရေးလိုက်။ အဲဒါဆို ငါတို့လည်းမင်းနဲ့ အတူတူဒုက္ခခံစရာမလိုတော့ဘူး” လို့ပြောတယ်။ ကျွန်တော်ငြင်းခဲ့တယ်။ အဲဒီနောက် သူတို့က ကြုံရာနာမည်နဲ့ လိပ်စာတွေ ချရေးပြီးတော့ ကျွန်တော့်ကို မမေးကြတော့ဘူး။ စာတန်အရှက်တကွဲရှုံးနိမ့်သွားတာကို မြင်ရပြီးတော့ ကျွန်တော်ဘုရားသခင်ကို အရမ်းကျေးဇူးတင်မိတယ်။ ဘုရားသခင်ရဲ့စောင့်ရှောက်မှုကြောင့်သာ အဲဒီလို နှိပ်စက်ညှင်းပန်းခံရတဲ့ နေ့ရက်တွေကို ခံနိုင်ခဲ့တာပါ။ သူ့ရဲ့နှုတ်ကပတ်တော်တွေက ကျွန်တော့်ကို ခွန်အားနဲ့ ယုံကြည်မှုကိုပေးအပ်ခဲ့တယ်။ မဟုတ်ရင် ကျွန်တော်နှိပ်စက်ခံရလို့ သေသွားတာကြာလောက်ပါပြီ။ ဘုရားသခင်က ဒီလိုကိုပြောတဲ့အချိန်မှာ ဘာကိုဆိုလိုလဲဆိုတာကို ကျွန်တော်ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ရတယ်။ “ဘုရားသခင်သည် လူသား၏နှလုံးသားမှ မည်သည့်အခါမျှ ကင်းမဲ့ခြင်းမရှိသကဲ့သို့၊ လူသားအလယ်တွင် တစ်ချိန်လုံး အသက်ရှင်နေပေသည်။ သူသည် လူသား အသက်ရှင်မှု၏ လွှမ်းမိုးစေ့ဆော်မှု၊ လူသားဖြစ်တည်မှု၏ အရင်းအမြစ်နှင့် မွေးဖွားပြီးနောက် လူ၏ ဖြစ်တည်မှုအတွက် ကြွယ်ဝသော သိုက် ဖြစ်သည်။ သူသည် လူသားကို ပြန်လည်မွေးဖွားဖို့ ဖြစ်စေပြီး၊ ၎င်းကို ၎င်း၏အခန်းကဏ္ဍတိုင်း၌ ဇွဲနပဲကြီးစွာ ရှင်သန်နိုင်စေ၏။ သူ၏တန်ခိုးနှင့် သူ၏ငြှိမ်းသတ်၍မရသော အသက် အင်အားကြောင့် လူသားသည် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် အသက်ရှင်ပြီး ဖြစ်သည်၊ ယင်းကာလတစ်လျှောက်လုံး ဘုရားသခင်၏ အသက်တန်ခိုးသည် လူသား တည်ရှိမှု၏ အဓိကပံ့ပိုးမှုဖြစ်ကာ၊ မည်သည့်သာမန်လူသားကမျှ ပေးဆပ်ဖူးခြင်းမရှိသော အဖိုးအခကို ဘုရားသခင် ပေးဆပ်ပြီးဖြစ်သည်။ ဘုရားသခင်၏ အသက်အင်အားသည် မည်သည့်တန်ခိုးကိုမဆို အောင်နိုင်၏။ ထို့အပြင် မည်သည့်တန်ခိုးထက်မဆို သာလွန်၏။ သူ၏အသက်သည် ထာဝရဖြစ်၏၊ သူ၏တန်ခိုးသည် ထူးကဲသာလွန်ကာ၊ သူ၏ အသက်အင်အားကို မည်သည့် အဖန်ဆင်းခံ သတ္တဝါ၊ သို့မဟုတ် မည်သည့် ရန်သူအင်အားကမျှ မလွှမ်းမိုးနိုင်ပေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်”)

အောက်တိုဘာလမှာ ပါတီက ကျွန်တော့်ကို “တရားမဝင် ရှဲကျောက်အဖွဲ့အစည်းကို အသုံးပြုပြီးတော့ လူမှုဘဝတည်ငြိမ်မှုကို နှောင့်ယှက်ဖျက်ဆီးမှု၊ ဒေသဖြတ်ကျော် ရှဲကျောက်ဖြန့်ဝေမှု” ဆိုတဲ့ စွဲချက်တွေအတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တစ်နှစ်ချမှတ်ခဲ့တယ်။ ကျွန်တော်ပြန်လွတ်လာပြီးတဲ့နောက်၊ မိသားစုက ကျွန်တော်စောစောပြန်လွတ်ဖို့ အဆက်အသွယ်တွေကနေတစ်ဆင့် ကြိုးစားခဲ့တာမှာ ဒေါ်လာ ၃၀၀၀ ကုန်ခဲ့တာကို သိခဲ့ရတယ်။ မဟုတ်ရင် အလုပ်ကြမ်းစခန်းမှာ ကျွန်တော်ပိုပြီးတောင် ကြာကြာနေရမှာပါ။ ကွန်မြူနစ်ပါတီရဲ့ ဖမ်းဆီးနှိပ်ကွပ်မှုကို ခံရရာကနေ အဲဒါဟာ ဘုရားသခင်ရဲ့ ရန်သူပဲဆိုတာကို သိလာခဲ့တယ်။ သူတို့က ဘုရားသခင်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်တယ်၊ ယုံကြည်သူတွေကို နှိပ်ကွပ်တယ်။ သူတို့ဟာ နတ်ဆိုးတွေနဲ့ မိစ္ဆာတွေရဲ့ လူဝင်စားတွေပါပဲ။ ကျွန်တော်ရှိသမျှနဲ့ သူတို့ကိုမုန်းခဲ့သလို၊ သူတို့နဲ့လုံးဝ အဆက်အဆံ မလုပ်တော့ဘူး။ တစ်ချိန်တည်းမှာပဲ ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကိုလည်း တကယ် ခံစားခဲ့ရတယ်။ ကျွန်တော်နှိပ်စက်ခံနေရတဲ့အချိန်မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်တော့်ကို ယုံကြည်မှုနဲ့ ခွန်အားကိုပေးအပ်ခဲ့ပြီး၊ စာတန်ရဲ့ဆိုးရွားလှတဲ့ နှိပ်စက်ညှဉ်ပန်းခြင်းကို ကျော်ဖြတ်နိုင်ခွင့်ပေးခဲ့တယ်။ ဒါက ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဩဇာအာဏာနဲ့ အစွမ်းတန်ခိုးကို တကယ်ကြုံတွေ့ရတဲ့ အတွေ့အကြုံဖြစ်ပြီး၊ ဘုရားသခင်အပေါ်ထားတဲ့ ကျွန်တော့်ရဲ့ယုံကြည်မှုကို ပိုအားကောင်းစေခဲ့တယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ခေါင်းဆောင်များကို စည်းမျဉ်းအတိုင်း ဆက်ဆံခြင်း

ရှောင်ချင်း တရုတ်နိုင်ငံ ၂၀၁၆ခုနှစ် နွေရာသီမှာ ကျွန်မက အသင်းတော်မှာ ခေါင်းဆောင်ရာထူးနဲ့ တော်တော်လေးကို စိမ်းနေခဲ့တယ်။ တစ်နေ့မှာ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။