ကိုင်တွယ်ဖြေရှင်းခံရပြီးနောက် ပြောင်းလဲခြင်း

12.03.2023

ယုံကျစ် ကိုးရီးယားနိုင်ငံ

အရင်မတ်လတုန်းက အသင်းတော်ရဲ့ ဗီဒီယိုအလုပ်ကို ကျွန်တော် ဦးဆောင်ရတယ်။ ဒီတာဝန်မှာ ကျွန်တော်က လူသစ်ဆိုတော့ စည်းမျဉ်းတော်တော်များများကို ကောင်းကောင်းနားမလည်ဘူး။ ဒီတော့ ကျွန်တော်က ပရောဂျက်တစ်ခုက အရေးကြီးတဲ့ အဆင့်တစ်ခုကို မမြင်မိဖြစ်သွားပြီး ကျွန်တော်တို့အလုပ်နှောင့်နှေးသွားမှာကို ကြောက်ပြီး နေ့တိုင်း စိတ်လှုပ်ရှားနေတာပေါ့။ ကျွန်တော်က တာဝန်အတွက် အမြဲတမ်းဆုတောင်းပြီး ဘုရားကို အမှီပြုနေရတယ်။ အလုပ်မှာ ပြဿနာတချို့ကို တွေ့တိုင်း ညီအစ်ကိုမောင်နှမတွေနဲ့ ချက်ချင်းဆွေးနွေးပြီး ဖြေရှင်းတယ်။ ဒီလိုအလုပ်ကြိုးစားပြီး အချိန်နည်းနည်းကြာတော့ ကျွန်တော်တို့က ပိုပြီးတော့ ဖြစ်ထွန်းလာပြီး ဗီဒီယိုတွေကို သုံးလေးမျိုး လုပ်နိုင်လာတယ်။ ကျွန်တော်တို့ ဗီဒီယိုထုတ်လုပ်ရေးရဲ့ အရည်အသွေးနဲ့ ထိရောက်မှုက တိုးတက်လာတယ်လို့ တခြား ညီအစ်ကိုမောင်နှမတွေက ပြောတယ်။ ဒါကို ကြားရတော့ ကျွန်တော် တော်တော်ပျော်တာပေါ့။ ကျွန်တော်က လုပ်တာ မကြာသေးပေမဲ့ ရလဒ်ကောင်းတွေ ရနေတယ်ဆိုတော့ နေ့တိုင်းဒီလိုဆက်လုပ်နေသရွေ့ အဆင်ပြေမှာပဲလို့ တွေးမိတယ်။ ဒါပေမဲ့ တာဝန်အပေါ် ကျွန်တော့်သဘောထားက တဖြည်းဖြည်းချင်း ပြောင်းလာတယ်။ ကျွန်တော်က အရင်ကလောက် အရေးတကြီးဖြစ်မနေတော့ဘူး။ ကျွန်တော် သတိမထားမိခင်မှာပဲ။ ကိုယ့်ကိုယ်ကိုယ် အားရကျေနပ်တဲ့ အခြေအနေမှာ ရှင်သန်နေမိတယ်။ အချိန်နည်းနည်းကြာတော့ ကျွန်တော်တို့ ထုတ်လုပ်ရေးအရှိန်က နှေးလာပြီး ဗီဒီယိုတွေက တီထွင်ဖန်တီးမှုနည်းလာတယ်လို့ ကျွန်တော့်အလုပ်ဖော်က သတိထားမိတယ်။ အဲဒါနဲ့ သူက ဒီပြဿနာအတွက် ဖြေရှင်းချက်တွေကို ဆွေးနွေးဖို့ ကျွန်တော့်ကို လာတွေ့တယ်။ သူက ဘာမှမဟုတ်ဘဲ ဇာချဲ့နေတယ်လို့ ကျွန်တော်မြင်ပြီး လုံးဝ အရေးမစိုက်ဘဲ ငြင်းလွှတ်လိုက်တယ်။ ကျွန်တော် အလုပ်ကို စိတ်မပါဘဲ လုပ်နေရင်းနဲ့ လုံးဝ ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေတုန်းပဲ။

သုံးလေးရက်ကြာတော့ ခေါင်းဆောင်က ကျွန်တော်တို့အလုပ်ကို စစ်တဲ့အခါမှာ ဗီဒီယိုထုတ်လုပ်ရေးရဲ့ အရည်အသွေးနဲ့ ထိရောက်မှုက နောက်ပိုင်းမှာ ကျလာတာကို သူ သတိထားမိတာပေါ့။ အဲဒါနဲ့ သူက ကျွန်တော်တို့နဲ့ မိတ်သဟာယဖွဲ့တယ်။ ကျွန်တော်တို့ကို မေးတယ်။ “အစ်ကိုတို့ရဲ့ ဖြစ်ထွန်းမှုကို စိတ်ပူရဲ့လား။ စိတ်နှစ်ပြီးတော့ လုပ်ရဲ့လား။ အလုပ်နည်းနည်းလုပ်တာနဲ့ ပင်ပန်းမှာ စိုးနေကြတယ်။ နည်းနည်းပိုပြီးတော့ လုပ်ပါလား။ အစ်ကိုတို့က အချိန်ဆွဲနေပြီး နှေးနေပြီးတော့ စည်းကမ်းမရှိဘူး။ ဘုရားအလိုတော်ကို ထည့်စဉ်းစားရဲ့လား။ ကိုယ့်တာဝန်ကို ဒီလိုလုပ်တာက ဝန်ဆောင်မှုပေးနေတာ သက်သက်ပဲ။ ကိုယ့်ဝန်ဆောင်မှုမှာ စိတ်နှစ်ပြီးမလုပ်ရင် နောက်ဆုံးကျရင် အထုတ်ခံရနိုင်တယ်” တဲ့။ သူ့ဝေဖန်မှုကြောင့် ကျွန်တော် အံ့အားသင့်သွားပြီး မတရားခံရသလို ခံစားမိတယ်။ အခုနောက်ပိုင်းမှာ ကျွန်တော်တို့ ဗီဒီယိုတွေက သိပ်ထိရောက်မှုမရှိတာ မှန်တယ်။ ဒါပေမဲ့ အရင်ကထက် အများကြီး ပိုကောင်းနေတုန်းပဲ။ ငါတို့က စိတ်နှစ်မလုပ်ဘူး၊ ဝန်ဆောင်မှုသက်သက်ပဲလို့ ဘယ်လိုများပြောရက်တာလဲ။ ငါတို့က တမင်သက်သက် အချိန်ဆွဲနေတာမဟုတ်ဘူး။ ပျင်းနေတာမဟုတ်ဘူး ပေါ့။ တစ်ချိန်တည်းမှာပဲ ဒီပြုပြင်ခြင်းက ဘုရားရဲ့ ခွင့်ပြုချက်နဲ့ ဖြစ်တယ်ဆိုတာ ကျွန်တော် သတိထားမိတယ်။ ဒီတော့ ကျွန်တော်က ကျွန်တော့်ပြဿနာကို မမြင်ပေမဲ့ ဒါကို နာခံခြင်း၊ ရှာဖွေခြင်းနှလုံးသားနဲ့ ချဉ်းကပ်ဖို့လိုတယ်ဆိုတာ ကျွန်တော် သိတာပေါ့။ ကျွန်တော် ဘုရားကို ဆုတောင်းတယ်။ “ဘုရားသခင် ကျွန်တော် ဒီနေ့ ခေါင်းဆောင်က ဝေဖန်တာကို ခံရပါတယ်။ ဒါပေမဲ့ ဘယ်နေရာမှာ မှားတယ်ဆိုတာကို မသိသေးပါဘူး။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သိမြင်ဖို့ လမ်းပြတော်မူပါ။ ဒီကနေတစ်ဆင့် ကိုယ်တော့်အလိုတော်ကို သိပြီး သင်ခန်းစာယူနိုင်ဖို့အတွက်ပါ” ဆိုပြီးတော့။ ကျွန်တော့်မှာ ဘယ်လိုပဲ အရှိအတိုင်းဖြစ်တဲ့ ဆင်ခြေတွေရှိပါစေ ဗီဒီယိုထုတ်လုပ်ရေးက နှေးသွားပြီး တီထွင်ဖန်တီးမှု မရှိတာမှန်တယ်ဆိုတာကို ဆုတောင်းပြီးတဲ့နောက်မှာ ကျွန်တော် သဘောပေါက်သွားတယ်။ ခေါင်းဆောင်က ကျွန်တော်တို့ရဲ့ အပြင်ပန်းအပြုအမူကို ဝေဖန်နေတာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ မမှန်ကန်တဲ့ အခြေအနေတွေနဲ့ တာဝန်အပေါ် ကျွန်တော်တို့ သဘောထားတွေကို ပြောနေတာပါ။ ဒါကြောင့် ကျွန်တော့်အခြေအနေကို သေချာကြည့်ဖို့ လိုတာပေါ့။

အဲဒီနောက်တော့ ဘုရားနှုတ်ကပတ်တော်ထဲက တစ်ခုကို ကျွန်တော် ဖတ်ရတယ်။ “ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သော လူတို့သည် ၎င်းတို့ကိုယ်ပိုင် အကျိုးအမြတ်များနှင့် နစ်နာဆုံးရှုံးမှုများကို တွက်ချက်မနေဘဲ ၎င်းတို့၏ တာဝန်များကို တလိုတလား ထမ်းဆောင်ကြသည်။ သင်သည် သမ္မာတရားကို လိုက်စားသောသူ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သင်၏ တာဝန်ကို ထမ်းဆောင်သောအခါ သင်၏ အသိတရားနှင့် ဆင်ခြင်တုံတရားကို အမြဲပင် အားထားပြီး အမြဲ အမှန်တကယ် အလုပ်ကြိုးစားရမည်။ အမှန်တကယ် အလုပ်ကြိုးစားခြင်းဆိုသည်မှာ မည်သည့်အဓိပ္ပာယ် ဖြစ်သနည်း။ အလုပ်ဖြစ်ရုံမျှသာရှိသော အားစိုက်မှုအချို့ကို လုပ်ဆောင်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခ အနည်းငယ်ခံစားခြင်းမျှဖြင့်သာ ကျေနပ်ပြီး သင်၏တာဝန်ကို လုံးဝ အလေးအနက်မထားလျှင်၊ သို့မဟုတ် သမ္မာတရား၏စည်းမျဉ်းများကို မရှာဖွေလျှင် ဤသည်မှာ ပေါ့ဆခြင်း၊ ဝတ်ကျေတမ်းကျေပြုခြင်းမှလွဲ၍ အခြားမဟုတ်ပေ။ ဤသည်မှာ အမှန်တကယ် အားစိုက်ထုတ်ခြင်းမဟုတ်ပေ။ အားစိုက်ထုတ်ရာတွင် အဓိကသော့ချက်သည် မိမိ၏စိတ်နှလုံးကို နှစ်မြှုပ်လုပ်ဆောင်ခြင်း၊ မိမိစိတ်နှလုံးတွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း၊ ဘုရားသခင်၏အလိုတော်ကို အလေးထားခြင်း၊ ဘုရားသခင်ကို မနာခံဘဲ ဘုရားသခင်ကို နာကျင်စေခြင်းအား ကြောက်လန့်ခြင်း၊ သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်ပြီး ဘုရားသခင်ကို ကျေနပ်စေရန် မည်သည့် ဆင်းရဲဒုက္ခကိုမဆို ခံခြင်းတို့ဖြစ်သည်။ သင့်တွင် ဘုရားသခင်ကို ဤနည်းဖြင့် ချစ်သော စိတ်နှလုံးတစ်ခုရှိလျှင် သင်၏ တာဝန်ကို မှန်ကန်စွာ ထမ်းဆောင်နိုင်လိမ့်မည်။ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်အား ကြောက်ရွံ့ခြင်းမရှိလျှင် သင်၏တာဝန်ကိုထမ်းဆောင်သောအခါ တာဝန်ခံမှုရှိမည်မဟုတ်ပေ။ စိတ်ဝင်စားမှုရှိမည်မဟုတ်ပေ။ မလွဲမသွေပင် ပေါ့ဆပြီး ဝတ်ကျေတမ်းကျေပြုလိမ့်မည်။ မည်သည့် စစ်မှန်သောအကျိုးမျှ မဖြစ်ထွန်းဘဲ အပေါ်ယံသာ လုပ်ဆောင်လိမ့်မည်။ ဤသည်မှာ တာဝန်ထမ်းဆောင်ခြင်းမဟုတ်ပေ။ သင့်တွင် အမှန်တကယ်ပင် တာဝန်သိစိတ်ရှိလျှင်၊ သင်၏တာဝန်ကိုထမ်းဆောင်ခြင်းသည် သင်၏ တစ်ကိုယ်ရေတာဝန်ဖြစ်ကာ၊ တာဝန်မထမ်းဆောင်လျှင်၊ သင်သည် အသက်ရှင်ရန် မထိုက်တန်ဘဲ သားရဲတစ်ကောင်ဖြစ်သည်ဟူ၍လည်းကောင်း၊ သင်၏တာဝန်ကို မှန်ကန်စွာထမ်းဆောင်မှသာ လူသားဟု ခေါ်ဆိုထိုက်သည်ဟူ၍လည်းကောင်း၊ သင်၏ကိုယ်ပိုင်အသိတရားကို ရင်ဆိုင်နိုင်သည်ဟူ၍လည်းကောင်း ခံစားရလျှင်၊ သင့်တာဝန်ကိုထမ်းဆောင်ရာတွင် ဤတာဝန်ခံယူစိတ်ရှိလျှင် သင်သည် အရာရာတိုင်းကို တာဝန်ကျေပွန်စွာ လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ပြီး သမ္မာတရားကို ရှာဖွေနိုင်ကာ အမှုအရာများကို စည်းမျဉ်းနှင့်အညီ လုပ်ဆောင်နိုင်လိမ့်မည်။ ဤသို့ဖြင့် သင်၏ တာဝန်ကို မှန်ကန်စွာ ထမ်းဆောင်နိုင်ပြီး ဘုရားသခင်ကို ကျေနပ်စေနိုင်လိမ့်မည်။ အကယ်၍ သင့်အား ဘုရားသခင်ပေးအပ်သည့် တာဝန်နှင့် သင်ထိုက်တန်လျှင်၊ သင့်အတွက် ဘုရားသခင်အနစ်နာခံ စွန့်လွှတ်ခဲ့သော အရာအားလုံးနှင့်လည်းကောင်း၊ သင့်အပေါ် ဘုရားသခင်၏ မျှော်မှန်းချက်များနှင့်လည်းကောင်း သင်ထိုက်တန်လျှင် ဤသည်မှာ အမှန်တကယ် ကြိုးစားလုပ်ဆောင်ခြင်းဖြစ်သည်။ ယခုတွင် သင် နားလည်ပါသလော။ သင်သည် မိမိတာဝန်ကို ထမ်းဆောင်ရာတွင် ဟန်ဆောင်လုပ်ပြရုံလုပ်ပြနေပြီး ရလဒ်များ စွမ်းဆောင်ရရှိဖို့ မကြိုးစားပါက သင်သည် သူတော်ကောင်းအယောင်ဆောင်တစ်ဦး၊ သိုးရေခြုံသော ဝံပုလွေတစ်ကောင်ဖြစ်သည်။ လူတို့ကို သင် လှည့်စားကောင်း လှည့်စားနိုင်သော်လည်း ဘုရားသခင်ကို အရူးမလုပ်နိုင်ပေ။ သင်၏ တာဝန်ကို ထမ်းဆောင်သည့်အခါ စစ်မှန်သည့် အဖိုးအခနှင့် သစ္စာစောင့်သိမှုမရှိပါက စံမမီပေ။ သင်သည် ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းနှင့် သင်၏တာဝန်ကို ထမ်းဆောင်ခြင်းတွင် သင့်ကိုယ်သင် အမှန်တကယ်ဆက်ကပ်အပ်နှံခြင်းမရှိလျှင်၊ သင်သည် မယုံကြည်သူတစ်ယောက်က သူ၏ အထက်လူကြီးအတွက် အလုပ်လုပ်နေသကဲ့သို့ သင်၏ လုပ်ဆောင်မှုများတွင် အစဉ်သဖြင့် ဟန်ဆောင်လုပ်ပြပြီး ဝတ်ကျေတမ်းကျေလုပ်ဆောင်လျှင်၊ ဖြစ်ရုံသာ အားစိုက်ပြီး သင်၏ စိတ်ကို အသုံးမပြုလျှင်၊ တစ်ရက်ပြီး တစ်ရက် အိုးနင်းခွက်နင်းနှင့်ပင် ပြီးမြောက်သွားလျှင်၊ ပြဿနာများကိုမြင်သောအခါ မတင်ပြလျှင်၊ ဖိတ်စင်သည်ကိုမြင်သော်လည်း မသန့်ရှင်းလျှင်၊ သင်၏ ကိုယ်ပိုင်အကျိုးအတွက်မဟုတ်သည့် အရာရာတိုင်းကို လက်လွတ်စပယ် ဖယ်ထုတ်နေလျှင် ဤသည်မှာ ပြဿနာမဟုတ်လော။ ဤသို့သောသူတစ်ယောက်သည် ဘုရားသခင်၏ အိမ်ထောင်စုဝင်တစ်ယောက် မည်သို့ ဖြစ်နိုင်သနည်း။ ဤသို့သောသူတို့သည် မယုံကြည်သူများဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏အိမ်တော်နှင့် မသက်ဆိုင်ပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်ကမျှ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို မခံရပေ။ သင်၏ တာဝန်ကို ထမ်းဆောင်ချိန်တွင် သင်သည် စစ်မှန်ခြင်းရှိမရှိနှင့် သင့်ကိုယ်သင် ဆက်ကပ်အပ်နှံခြင်း ရှိမရှိကို ဘုရားသခင်က မှတ်သားထားပြီး သင်သည်လည်း ကောင်းစွာ အပြည့်အဝ သိရှိပေသည်။ ထို့ကြောင့် မိမိ၏ တာဝန်ကို ထမ်းဆောင်ဖို့ သင်တို့သည် မိမိကိုယ်ကိုယ် အမှန်တကယ် ဆက်ကပ်ဖူးပါသလော။ ယင်းကို အလေးအနက် သင်ခံယူဖူးပါသလော။ ယင်းကို သင်၏ တာဝန်၊ ဝတ္တရားကဲ့သို့ သဘောထားဖူးပါသလော။ ယင်းအပေါ် သင် တာဝန်ခံယူဖူးပါသလော။ သင်သည် ဤကိစ္စရပ်များကို မှန်မှန်ကန်ကန် သုံးသပ်ပြီး သိရမည်။ ယင်းက သင်၏ တာဝန်ထမ်းဆောင်ခြင်းတွင် တည်ရှိသည့် ပြဿနာများကို ကိုင်တွယ်ဖို့ လွယ်ကူစေမည်ဖြစ်ပြီး သင်၏ အသက်ဝင်ရောက်မှုကို အကျိုးပြုလိမ့်မည် ဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်နေချိန်တွင် သင်သည် အမြဲ တာဝန်မဲ့နေပြီး ပြဿနာများကို သင် ရှာတွေ့ချိန်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များထံ အကြောင်းမကြားသကဲ့သို့ ‘ဒုက္ခနည်းလေ ကောင်းလေ’ဟု အမြဲ တွေးထင်ရင်း လောကီ အတွေးအခေါ်များဖြင့် အမြဲ အသက်ရှင်ရင်း သင်၏ တာဝန်ကို ထမ်းဆောင်ချိန်တွင် အမြဲ သတိမမူဖြစ်ပြီး ဝတ်ကျေတမ်းကျေဖြစ်လျက် မည်သည့် ဆက်ကပ်မှုမျှ လုံးဝ မရှိသကဲ့သို့ ပြုပြင်ခံရ‌ကာ ကိုင်တွယ်ဖြေရှင်းခံရချိန်တွင် သမ္မာတရားကို လုံးဝ လက်ခံခြင်းမရှိဘဲ ယင်းတို့ကို မိမိဘာသာ ဖြေရှင်းဖို့ သမ္မာတရား မရှာဖွေပါက၊ သင်၏ တာဝန်ကို ဤနည်းဖြင့် သင် ထမ်းဆောင်ပါက သင်သည် အန္တရာယ်ရှိပေသည်။ သင်သည် အစေခံသူများထဲမှ တစ်ဦးဖြစ်သည်။ အစေခံသူများသည် ဘုရားအိမ်တော်သားများ မဟုတ်ဘဲ ဝန်ထမ်းများ၊ ငှားရမ်းထားသော အလုပ်သမားများဖြစ်သည်။ အလုပ်ပြီးဆုံးသည့်အခါ ၎င်းတို့အားလုံး ထုတ်ပယ်ခြင်း ခံရလိမ့်မည် ဖြစ်ပြီး ဘေးဒုက္ခထဲသို့ အလိုအလျောက် ကျရောက်လိမ့်မည် ဖြစ်သည်။...အမှန်မှာ ဘုရားသခင်သည် သင်တို့ကို သူ၏ မိသားစုဝင်များကဲ့သို့ ဆက်ဆံဖို့ သူ၏ စိတ်နှလုံးတွင် ဆန္ဒရှိသော်လည်း သမ္မာတရားကို သင်တို့ လက်မခံကြသကဲ့သို့ သင်တို့တာဝန်များကို ထမ်းဆောင်ရာတွင် အမြဲ သတိမမူ၊ ဝတ်ကျေတမ်းကျေဖြစ်ပြီး တာဝန်မဲ့ကြပေသည်။ သင်တို့အား သမ္မာတရားအကြောင်း မည်သို့ မိတ်သဟာယပြုသည်ဖြစ်စေ သင်တို့ နောင်တမရပေ။ ကိုယ့်ကိုယ်ကိုယ် ဘုရားသခင်၏ အိမ်တော် ပြင်ပတွင် ထားသည်မှာ သင်တို့ကိုယ်တိုင်ဖြစ်သည်။ ဘုရားသခင်သည် သင်တို့ကို ကယ်တင်ပြီး သူ၏ မိသားစုဝင်များအဖြစ် ပြောင်းလဲစေဖို့ ဆန္ဒရှိသော်လည်း သင်တို့သည် ယင်းကို လက်မခံကြပေ။ ထိုအခါ သင်တို့သည် သူ၏ အိမ်တော်ပြင်ပတွင် ရှိကြပေသည်။ သင်တို့သည် မယုံကြည်သူများ ဖြစ်သည်။ သမ္မာတရားကို နည်းနည်းမျှ လက်မခံသောသူတိုင်းသည် မယုံကြည်သူတစ်ဦး ကိုင်တွယ်ခံရမည့်အတိုင်းသာ ကိုင်တွယ်ခံရနိုင်သည်။ သင်တို့၏ ကိုယ်ပိုင် ရလဒ်နှင့် ရာထူးကို ထူထောင်ထားသည်မှာ သင်တို့ ဖြစ်သည်။ သင်သည် ယင်းကို ဘုရားသခင်၏ အိမ်တော် ပြင်ပတွင် ထူထောင်ပြီး ဖြစ်သည်။ ယင်းအတွက် သင်တို့အပြင် မည်သူ့ကို အပြစ်တင်စရာ ရှိသနည်း။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏တာဝန်ကို ကောင်းစွာထမ်းဆောင်ဖို့ရာ အကြင်သူသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ အနည်းဆုံး ပိုင်ဆိုင်ရမည်) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတော့ ကျွန်တော် ရှက်မိတယ်။ ရုပ်ပိုင်း ဒုက္ခနည်းနည်းကို ခံရရုံနဲ့ ကျေနပ်နေတာက တာဝန်အပေါ် ဆက်ကပ်အပ်နှံမှုရှိတယ်လို့ သတ်မှတ်လို့မရဘူးလို့ ဘုရားသခင်က ပြောတယ်။ အဓိကက တာဝန်အပေါ်မှာ စစ်မှန်တဲ့ ဝန်ထမ်းရွက်မှုရှိပြီး တာဝန်သိစိတ်ရှိဖို့၊ ကျွန်တော်တို့လုပ်သမျှ တစ်ခုချင်းစီတိုင်းကို ကိုယ်ပိုင်တာဝန်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ခံယူဖို့ပဲ။ ကျွန်တော်တို့တာဝန်မှာ ရလဒ်ကောင်းတွေ ရနိုင်ဖို့အတွက် တတ်နိုင်သမျှ လုပ်ဖို့ပဲ။ တကယ် တာဝန်ခံတဲ့သူက သူ့ကို တွန်းအားပေးဖို့ ဘယ်သူ့ကိုမှ မလိုအပ်ဘူး။ သူ့စိတ်ထဲမှာ ကိုယ်ပိုင်တွန်းအားရှိတယ်။ နေ့စဉ်အလုပ်တွေပြီးတဲ့အခါမှာ ဘယ်ဟာက လုပ်တာမမှန်ဘူးလဲ၊ ဘယ်လိုပိုကောင်းအောင်လုပ်ရမလဲဆိုတာကို စဉ်းစားတယ်။ ဒါက ဘုရားအလိုတော်ကို ထည့်စဉ်းစားပြီး ဘုရားအိမ်တော်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ပြောဖို့ ထိုက်တန်တဲ့ နည်းပဲ။ ဒါပေမဲ့ အစေခံသူတွေက သူတို့တာဝန်မှာ စိတ်မနှစ်ဘူး။ အပေါ်ယံအားထုတ်မှုတွေနဲ့ပဲ ကျေနပ်နေကြတာ။ စိတ်နှလုံးထဲမှာ တာဝန်ခံမှုမရှိဘူး။ သူတို့တာဝန်ကို ဘယ်လိုကောင်းအောင်လုပ်ရမယ်ဆိုတာ လုံးဝ သုံးသပ်မကြည့်ဘူး။ သူတို့အလုပ်မှာ ပြဿနာတွေ ပေါ်တဲ့အခါ စိုးရိမ်တာ၊ အရေးတကြီးလုပ်တာမျိုး မရှိကြဘူး။ သူတို့က တာဝန်ထမ်းဆောင်တယ်လို့ ပြောတယ်။ ဒါပေမဲ့ ဘုရားအလိုတော်ကို လုံးဝ မစဉ်းစားကြဘူး။ သူတို့တွေက မယုံကြည်သူတွေ အလုပ်လုပ်သလိုပဲ။ လစာရဖို့အတွက် အလဲအလှယ်အနေနဲ့ အားထုတ်မှုနည်းနည်းသုံးတယ်။ ဒီလိုလူမျိုးက တကယ် တာဝန်ထမ်းဆောင်တာမဟုတ်ဘူး။ အစေခံနေတာပဲ။ ဒါဆိုရင် ဘုရားရဲ့ လက်ခံမှုကို ရမှာမဟုတ်ဘူး။ တာဝန်အပေါ် ကျွန်တော့်အပြုအမူနဲ့ သဘောထားကို စဉ်းစားကြည့်တော့ ကျွန်တော်က အစေခံသူတစ်ယောက်လိုပဲဆိုတာ သတိထားမိတယ်။ ဗီဒီယိုထုတ်လုပ်ရေးကို ကျွန်တော်တို့ တိုးတက်အောင်လုပ်ပြီးကတည်းက ကျွန်တော်က ကိုယ့်ဘာသာ အားရကျေနပ်တဲ့ အခြေအနေမှာ ပိတ်မိနေခဲ့တာ။ ကျွန်တော်တို့က တကယ်တမ်းမှာ အလုပ်ရှုပ်နေကြတယ်၊ ဒီတော့ ဒီပုံစံအတိုင်းသွားပြီး ဘာအမှား ကြီးကြီးမားမားမှ မလုပ်သရွေ့၊ တာဝန်ကို ဒီပုံစံနဲ့ထမ်းဆောင်တာက ကောင်းနေပြီလို့ တွေးမိတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ဗီဒီယိုတွေက တီထွင်ဖန်တီးမှုသိပ်မရှိဘဲ အရင်ပုံစံအတိုင်းပဲဖြစ်နေတာကို ကျွန်တော် မြင်တော့ လုံးဝ စိတ်မပူခဲ့ဘူး။ ကျွန်တော်က ကျွန်တော့်တာဝန်မှာ အချိန်တွေအကုန် သုံးနေတဲ့ ပုံစံရှိပေမဲ့ စိတ်နှလုံးထဲမှာတော့ တကယ် တာဝန်ခံမှုမရှိဘူး။ ကျွန်တော်တို့က အရင်ကထက် နည်းနည်းပိုပြီး ထိရောက်လာပြီဆိုတော့ ဒါ တိုးတက်တယ်လို့ သတ်မှတ်တယ်၊ တာဝန်မှာ အောင်မြင်မှုလို့ သတ်မှတ်တယ်လို့ တွေးခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် စကျေနပ်လာပြီး ဒီပုံစံဟောင်းထဲမှာပဲ ပိတ်မိနေခဲ့တယ်။ ကျွန်တော်တို့ နည်းနည်းပိုလုပ်နိုင်သလား၊ ရလဒ်တွေကို နည်းနည်းပိုတိုးတက်အောင်လုပ်နိုင်သလား ကျွန်တော်တို့ရဲ့ တိုးတက်မှုနဲ့ ထိရောက်မှုကို တိုးမြှင့်နိုင်သလားဆိုတာ တစ်ခါမှ မတွေးခဲ့ဘူး။ ပြီးတော့လည်း ကျွန်တော်က ကိုယ့်တာဝန်မှာ စည်းမျဉ်းတွေကို လိုက်နာနေသလား၊ ဘာသတိမထားမိတာတွေ၊ အမှားတွေရှိလဲဆိုတာကို ပြန်သုံးသပ်မကြည့်ဘူး။ ဒီလိုပုံစံနဲ့ တာဝန်ထမ်းဆောင်တာက အနှစ်သာရအနေနဲ့ အစေခံနေတာပဲ။ လူတွေက သူတို့တာဝန်မှာ စိတ်မနှစ်ဘူးဆိုရင် သူတို့တွေက ဖြစ်သလိုလုပ်နေပြီး ဘုရားကို လိမ်ညာနေတာပဲဆိုတာ ဘုရားနှုတ်ကပတ်တော်ထဲမှာ ကျွန်တော် ဖတ်ရတယ်။ ကျွန်တော်ကိုယ်တိုင်ရဲ့ အပြုအမူအားလုံးကို ကြည့်တော့ ကျွန်တော်က ဘုရားကို လိမ်ညာနေတယ်၊ လူ့သဘာဝတော်တော်ကင်းမဲ့တယ်ဆိုတာ မြင်ခဲ့တယ်။ ကိုင်တွယ်ဖြေရှင်းခံရပြီးမှပဲ ကျွန်တော့်တာဝန်မှာ ဖြစ်ကတတ်ဆန်းလုပ်တာ၊ တာဝန်မသိတတ်တာ အစေခံသူတစ်ယောက်လို လုပ်ပြီး ဘုရားက လက်ခံတာကို ရနေချင်သေးတာတွေက တကယ်ကို အဓိပ္ပာယ်မရှိဘူးဆိုတာ မြင်ခဲ့ပါတယ်။ ကျွန်တော့်တာဝန်ကို ဒီလိုချဉ်းကပ်တာဟာ အသင်းတော်အလုပ် နှောင့်နှေးရုံတင်မကဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ဘာတိုးတက်မှုမှ မလုပ်နိုင်ဘူး။ ဒီလိုအကြာကြီးဆက်ဖြစ်နေရင် ကျွန်တော် သေချာပေါက်ထုတ်ပယ်ခံရမှာပဲ။ ဒါကို စဉ်းစားကြည့်တော့ ကျွန်တော် တော်တော်စိတ်သောကရောက်တယ်။ အဲဒါနဲ့ ဘုရားရှေ့ကို လာဆုတောင်းခဲ့တယ်။ နောင်တရဖို့ ဒီမမှန်ကန်တဲ့ စိတ်ထားကို ပြောင်းလဲပြီး ကိုယ့်တာဝန်ကို ကောင်းကာင်းလုပ်ဖို့ အသင့်ဖြစ်နေခဲ့တယ်။ ပြန်သုံးသပ်ကြည့်ရင်းနဲ့ ဒီကျရှုံးမှုအတွက် နောက်ထပ်အကြောင်းရင်းတစ်ခု ရှာတွေ့သွားတယ်။ ကျွန်တော်က စိတ်ဓာတ်ခိုင်မာလွန်းတယ်။ ကျွန်တော်က မှန်ကန်တဲ့ စည်းမျဉ်းတွေကို ရှာဖို့ထက် ကျွန်တော့်တာဝန်မှာ ကိုယ့်စိတ်ဆန္ဒရဲ့ လမ်းပြခြင်းကို ခံရတယ်။ ဘုရားနှုတ်ကပတ်တော်ထဲက ဒါကို ကျွန်တော်ဖတ်ရတယ်။ “တာဝန်တစ်ရပ်ဟူသည် သင်၏ကိုယ်ပိုင် သီးသန့်အရေးကိစ္စ မဟုတ်သည့်အပြင် သင်သည် မိမိကိုယ်တိုင်အတွက် လုပ်ဆောင်နေခြင်း၊ သို့မဟုတ် သင်၏ကိုယ်ပိုင် တစ်ကိုယ်ရေလုပ်ငန်းကို စီမံလုပ်ဆောင်နေခြင်း မဟုတ်ပေ။ ယင်းသည် သင်၏ ကိုယ်ပိုင်လုပ်ငန်းမဟုတ်ချေ။ သင်သည် ဘုရားသခင်၏ အိမ်တော်ထဲတွင် မည်သည့်အရာကို လုပ်ဆောင်စေကာမူ သင်၏ကိုယ်ပိုင်လုပ်ငန်းကို လုပ်ဆောင်နေခြင်း မဟုတ်ပါ။ ယင်းမှာ ဘုရားအိမ်တော်၏အလုပ်၊ ဘုရားသခင်၏အလုပ် ဖြစ်သည်။ သင်သည် ဤအသိနှင့် နားလည်သဘောပေါက်မှု ကို စိတ်ထဲအမြဲတမ်း မွေးထားရမည်ဖြစ်ပြီး ‘ဤအရာသည် ကျွန်ုပ်၏ ကိုယ်ပိုင်အရေးကိစ္စ မဟုတ်ပါ။ ကျွန်ုပ်သည် ကျွန်ုပ်၏တာဝန်ကို လုပ်ဆောင်နေပြီး ကျွန်ုပ်၏ဝတ္တရားကို ဆောင်ရွက်နေခြင်း ဖြစ်သည်။ အသင်းတော်အလုပ်ကို လုပ်ဆောင်နေခြင်းဖြစ်သည်။ ဤသည်မှာ ကျွန်ုပ်အား ဘုရားသခင် အပ်နှံခဲ့သောတာဝန်ဖြစ်ပြီး ကျွန်ုပ်သည် ဘုရားသခင်အတွက် လုပ်ဆောင်နေခြင်းဖြစ်သည်။ ဤသည်မှာ ကျွန်ုပ်၏ တာဝန်ဖြစ်ပြီး ကျွန်ုပ်၏ ကိုယ်ပိုင်ကိုယ်ရေးကိုယ်တာကိစ္စမဟုတ်ပေ’ ဟု ပြောရမည်ဖြစ်သည်။ ဤသည်မှာ လူတို့နားလည်သင့်သည့် ပထမဆုံးအရာဖြစ်သည်။ သင်သည် တာဝန်တစ်ခုကို သင်၏ ကိုယ်ပိုင်စီးပွားရေးအလုပ်အဖြစ် သဘောထားပြီး၊ ဆောင်ရွက်သည့်အခါတွင် သမ္မာတရားစည်းမျဉ်းများကို မရှာဖွေသကဲ့သို့၊ သင်၏ ကိုယ်ပိုင်ရည်ရွယ်ချက်များ၊ အမြင်များ၊ လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်လျှင် သင်သည် အမှားများပြုလုပ်နိုင်ခြေ အလွန်များသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။) တာဝန်ထမ်းဆောင်တာက ပုဂ္ဂိုလ်ရေးကိစ္စမဟုတ်ဘဲ ဘုရားဆီက စေခိုင်းချက်ဖြစ်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ထဲမှာ ကျွန်တော် တွေ့ခဲ့ပါတယ်။ ကိုယ့်တာဝန်ကို ဘုရားရဲ့ တောင်းဆိုချက်တွေနဲ့ သမ္မာတရားစည်းမျဉ်းတွေနဲ့အညီ လုပ်ဆောင်သင့်ပါတယ်။ ဒါမှသာ ဘုရားအလိုတော်နဲ့ ကိုက်ညီတာပါ။ ကိုယ့်တာဝန်ကို ပုဂ္ဂိုလ်ရေးကိစ္စတစ်ခုလို မှတ်ယူပြီး ဘုရားအလိုတော်ကို မရှာဘဲ၊ သမ္မာတရားစည်းမျဉ်းတွေကိုမရှာဘဲနဲ့ ကိုယ်လုပ်ချင်သလိုလုပ်နေရင် ဒါက တကယ်တမ်း ကိုယ့်တာဝန်ကို ထမ်းဆောင်နေတာမဟုတ်ဘူး။ ကိုယ်က ဘယ်လောက်ပဲ အလုပ်ကြိုးစားနေတဲ့ပုံစံရှိပါစေ၊ ဘယ်လောက်ဒုက္ခခံပြီး အနစ်နာခံပါစေ ဘုရားက လက်ခံမှာမဟုတ်ဘူး။ ဒါက အတိအကျကို ကျွန်တော့်တာဝန်ကို ထမ်းဆောင်တဲ့ပုံစံဖြစ်နေတာ ကျွန်တော် သဘောပေါက်သွားတယ်။ ကျွန်တော်က ပျားတစ်ကောင်လို အလုပ်ရှုပ်နေတဲ့ပုံစံရှိတယ်။ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင်ရဲ့ အကြိုက်အတိုင်း၊ ကျွန်တော်လိုချင်တဲ့ ပုံစံအတိုင်း အမြဲတမ်းလုပ်တယ်။ စည်းမျဉ်းတွေကို တင်းတင်းကျပ်ကျပ် မလိုက်နာဘူး။ ဗီဒီယို ထုတ်လုပ်ရေးမှာ ထိရောက်မှုရှိအောင်သေချာလုပ်ပြီး အရည်အသွေးကိုလည်း တိုးတက်အောင်လုပ်ရမယ်ဆိုတာကို ဘုရားအိမ်တော်က ကျွန်တော်တို့ကို ထပ်ခါထပ်ခါ ပြောခဲ့တယ်။ အစတော့ ကျွန်တော် ဒါကို သဘောတူခဲ့တယ်။ ဒါပေမဲ့ တကယ့်ပြဿနာတွေ ပေါ်လာတော့ ဒီစည်းမျဉ်းတွေကို ခေါင်းထဲက ထုတ်ပစ်လိုက်ပြီး ကျွန်တော်လိုချင်တဲ့ ပုံစံအတိုင်းလုပ်ခဲ့တယ်။ ကျွန်တော်တို့ ထုတ်လုပ်ရေးက နှေးနေပြီး ပုံစံအဟောင်းကြီးအတိုင်း အသုံးပြုနေတယ်လို့ ကျွန်တော့်အစ်မက ထောက်ပြတော့ ကျွန်တော် သိပ်မစဉ်းစားခဲ့ဘူး။ ကျွန်တော်က ကိုင်တွယ်ဖြေရှင်းခံရတဲ့အခါမှာတောင် ကျွန်တော် မှားနေတယ်လို့ မထင်သေးဘူး။ မတရားခံရသလို ခံစားမိတယ်။ ကျွန်တော်က အရမ်းထုံတိုင်းပြီး မာကျောတယ်။ ကိုယ့်ကိုယ်ကိုယ် လုံးဝ မသိခဲ့ဘူး။ ကျွန်တော်က သဘောတရားအရ ဘုရားအိမ်တော်က ဘာကိုလိုအပ်တယ်ဆိုတာကို သိနေတာနဲ့ပဲ ကျေနပ်နေခဲ့တယ်။ ဒါပေမဲ့ လက်တွေ့လုပ်တော့ ဒီစည်းမျဉ်းတွေကို ဆန့်ကျင်ပြီး ကိုယ့်ပုံစံအတိုင်း လု်ပခဲ့တယ်။ နောက်ဆုံးတော့ ဗီဒီယိုအလုပ်က နှောင့်နှေးသွားတယ်။ ဒီအချိန်မှာ ကျွန်တော့်မှာ အရေးကြီးတဲ့ ပြဿနာတစ်ခုရှိတယ်ဆိုတာ သဘောပေါက်သွားတယ်။ ခေါင်းဆောင်က ကျွန်တော့်ကို ဝေဖန်တာဟာ အသင်းတော်အလုပ်ကို ထိန်းသိမ်းပြီး ဘုရားအလိုတော်ကို ထောက်ထားတာ သက်သက်ပဲ။ ဒီဝေဖန်မှုက ကျွန်တော်နဲ့ ထိုက်တန်ပါတယ်။ ဒါဟာ ကျွန်တော်က ကိုယ့်တာဝန်ကို ပေါ့ပေါ့တန်တန် မှတ်ယူနေတာကြောင့်၊ ကိုယ်လုပ်ချင်သလိုလုပ်ပြီး စည်းမျဉ်းတွေကို ချိုးဖောက်နေတာကြောင့်ပါ။ နောင်ကျရင် ကျွန်တော့်အမှားကို ကျွန်တော် မြင်နိုင်ပြီး စည်းမျဉ်းတွေနဲ့အညီ တာဝန်ထမ်းဆောင်နိုင်အောင်လို့ ခေါင်းဆောင်က ဒီလိုလုပ်ခဲ့တာပါ။ ဒါကို သဘောပေါက်သွားတော့ ကိုင်တွယ်ဖြေရှင်းခံရတာဟာ တကယ်တမ်းတော့ ဘုရားရဲ့ ချစ်ခြင်းနဲ့ ကွယ်ကာခြင်းပဲဆိုတာ ကျွန်တော် နားလည်သွားတယ်။

အဲဒီနောက်တော့ ဘုရားနှုတ်ကပတ်တော်ထဲမှာ လက်တွေ့လုပ်ဖို့ လမ်းကြောင်းတစ်ခုကို တွေ့မိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယနေ့တွင် မိမိတို့၏ တာဝန်ကိုထမ်းဆောင်ရာတွင် စတင်ပြီး စေ့စေ့စပ်စပ် ကြိုးစားပမ်းစား လုပ်သူများရှိသည်။ ၎င်းတို့သည် ဘုရားသခင်၏ စိတ်နှလုံးကို ကျေနပ်စေရန် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို မည်သို့ မှန်မှန်ကန်ကန်ဆောင်ရွက်ရမည်ကို စတင် စဉ်းစားကြပြီးဖြစ်သည်။ ၎င်းတို့သည် အပျက်သဘောဆောင်ပြီး ပျင်းရိခြင်းမရှိပေ။ အထက်မှ အမိန့်များထုတ်သည်အထိ မထုံတက်သေးဖြင့် စောင့်မနေဘဲ အချို့အရာများကို ကိုယ်တိုင်စတင်ပြုလုပ်သည်။ သင်တို့၏ တာဝန်ထမ်းဆောင်မှုကို အကဲဖြတ်လျှင် သင်တို့သည် ယခင်ကထက် အနည်းငယ်ပို၍ ထိရောက်မှုရှိသည်။ စံနှုန်း၏အောက်တွင် ရှိနေသေးသော်လည်း အနည်းငယ်တိုးတက်မှုရှိသည်။ ဤသည်မှာ ကောင်းမွန်ပေသည်။ သို့သော် သင်တို့သည် ရှိရင်းစွဲဖြင့် မကျေနပ်ရပေ။ ဆက်လက်၍ ရှာဖွေရမည်။ ဆက်လက်၍ ကြီးထွားရမည်။ သို့မှသာ သင်တို့၏တာဝန်ကို ပိုမိုကောင်းမွန်စွာ ထမ်းဆောင်ပြီး လက်ခံနိုင်ဖွယ်ဖြစ်သော စံနှုန်းကို ရောက်ရှိလိမ့်မည်။ လူအချို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်သောအခါ မည်သည့်အခါမျှ အလွန်အမင်း အားကုန်စိုက်ထုတ်ပြီး အစွမ်းကုန်လုပ်ဆောင်ခြင်းမရှိပေ။ ၎င်းတို့အားစိုက်ထုတ်မှု၏ ၅၀-၆၀ ရာခိုင်နှုန်းကိုသာ ပေးဆပ်ကြပြီး ၎င်းတို့လုပ်ဆောင်သည့်အရာ ပြီးဆုံးသည်အထိ ဖြစ်သလိုသာ ပြုလုပ်ကြသည်။ ၎င်းတို့သည် မည်သည့်အခါမျှ ပုံမှန် အခြေအနေကို မထိန်းသိမ်းနိုင်ကြပေ။ ၎င်းတို့ကို စောင့်ကြည့်ရန်၊ သို့မဟုတ် ပံ့ပိုးမှုပေးရန် မည်သူမျှမရှိသောအခါ ၎င်းတို့သည် အားလျော့ပြီး စိတ်မပါကြတော့ပေ။ သမ္မာတရားကို မိတ်သဟာယဖွဲ့ရန် တစ်စုံတစ်ယောက်ရှိသောအခါတွင် ၎င်းတို့သည် လန်းဆန်းရွှင်ပျလာကြသည်။ သို့သော် ၎င်းတို့အား အချိန်အနည်းငယ်ကြာ သမ္မာတရားကို မိတ်သဟာယမဖွဲ့လျှင် ၎င်းတို့သည် စိတ်မဝင်စားကြတော့ပေ။ ၎င်းတို့သည် ဤသို့ ရှုံ့ချည်နှပ်ချည် အမြဲ ဖြစ်နေသောအခါတွင် ပြဿနာက အဘယ်နည်း။ ဤသည်မှာ လူတို့သည် သမ္မာတရားကို မရရှိသောအခါ ဖြစ်သည့်ပုံစံဖြစ်သည်။ ၎င်းတို့အားလုံးသည် စိတ်ထက်သန်ပြင်းပြမှုဖြင့် အသက်ရှင်ကြသည်။ ထိန်းသိမ်းရန် အလွန့်အလွန်ခက်ခဲသော စိတ်ထက်သန်မှုတစ်ခုဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့အား နေ့စဉ်တရားဟောပြီး မိတ်သဟာယပြုပေးသည့်သူရှိမှဖြစ်သည်။ ၎င်းတို့ကို ရေလောင်းပြီး ပံ့ပိုးပေးသည့်သူ တစ်ယောက်မျှ မရှိသည်နှင့်၊ ၎င်းတို့ကို ထောက်ပံ့ရန် မည်သူမျှမရှိသည်နှင့်၊ ၎င်းတို့၏ စိတ်နှလုံးသည် တစ်ဖန် အေးစက်သွားသည်။ နောက်တစ်ဖန် အားလျော့လာကြသည်။ ၎င်းတို့၏ စိတ်နှလုံးက အားလျော့သောအခါ ၎င်းတို့၏ တာဝန်တွင် ထိရောက်မှုနည်းလာကြသည်။ ၎င်းတို့သည် အလုပ်ပိုကြိုးစားလျှင် ထိရောက်မှုတိုးလာသည်။ ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုသည် ပို၍ အကျိုးပြုလာပြီး ၎င်းတို့သည် ပို၍ ရရှိကြသည်။...အမှန်မှာမူ လူတို့အပေါ် ဘုရားသခင် တောင်းဆိုသောအရာအားလုံးသည် လူတို့ရယူနိုင်သောအရာများဖြစ်သည်။ သင်တို့၏ အသိတရားကို အသုံးချသရွေ့၊ သင်တို့တာဝန်ကို ထမ်းဆောင်ရာတွင် သင်တို့၏ အသိတရားနောက်ကို လိုက်နိုင်သရွေ့ သမ္မာတရားကို လက်ခံရန် လွယ်ကူလိမ့်မည်။ သမ္မာတရားကို လက်ခံနိုင်လျှင် သင်သည် သင့်တာဝန်ကို ပြည့်ပြည့်ဝဝ ထမ်းဆောင်နိုင်သည်။ သင်တို့သည် ဤသို့ စဉ်းစားရမည်။ ‘ဤနှစ်များတွင် ဘုရားသခင်ကို ယုံကြည်လျက်၊ ဤနှစ်များတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်လျက် ကျွန်ုပ်သည် ကြီးစွာသော ပမာဏကို ရရှိပြီးဖြစ်သည်။ ဘုရားသခင်သည် ကြီးမြတ်သော ကျေးဇူးတော်များနှင့် ကောင်းချီးများကို ကျွန်ုပ်ပေါ်သို့ ချပေးခဲ့သည်။ ဘုရားသခင်၏ လက်ထဲတွင် ကျွန်ုပ် အသက်ရှင်သည်။ ဘုရားသခင်၏ တန်ခိုးအောက်တွင်၊ ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် ကျွန်ုပ်အသက်ရှင်သည်။ သူသည် ဤဇီဝအသက်ကို ကျွန်ုပ်အား ပေးခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်၏ စိတ်ကို အသုံးချသင့်သည်။ ကျွန်ုပ်၏ တာဝန်ကို ကျွန်ုပ်၏ ခွန်အားအကြွင်းမဲ့ဖြင့် ထမ်းဆောင်ရန် ကြိုးပမ်းသင့်သည်။ ဤသည်မှာ အဓိကသော့ချက်ဖြစ်သည်။’ ဟူ၍ ဖြစ်သည်။ လူတို့တွင် စိတ်ဆန္ဒတစ်ခုရှိရမည်။ စိတ်ဆန္ဒရှိသောသူတို့သည်သာ သမ္မာတရားအတွက် အမှန်တကယ် ကြိုးပမ်းနိုင်သည်။ သမ္မာတရားကို နားလည်ပြီးသည့်အခါမှသာ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို မှန်ကန်စွာ ထမ်းဆောင်နိုင်သည်။ ဘုရားသခင်ကို ကျေနပ်စေနိုင်ပြီး စာတန်ကို အရှက်ရစေနိုင်သည်။ သင့်တွင် ဤရိုးသားစစ်မှန်မှုမျိုး ရှိကာ၊ သင့်ကိုယ်ကျိုးအတွက် မစီစဉ်ဘဲ သမ္မာတရားကိုရရှိပြီး သင့်တာဝန်ကို မှန်ကန်စွာထမ်းဆောင်ရန်သာ စီစဉ်လျှင်၊ သင်၏ တာဝန်ထမ်းဆောင်ခြင်းသည် ပုံမှန်ဖြစ်လာလိမ့်မည်။ တစ်လျှောက်လုံးတွင် မပြောင်းမလဲ တည်ရှိနေလိမ့်မည်။ မည်သည့်အခြေအနေကို သင်ကြုံရသည်ဖြစ်စေ သင့်တာဝန်ကို ထမ်းဆောင်ရာတွင် ဇွဲရှိနိုင်လိမ့်မည်။ သင့်အား လှည့်စားရန်၊ သို့မဟုတ် နှောင့်ယှက်ရန် မည်သူ၊ သို့မဟုတ် မည်သည့်အရာက လာနိုင်သည်ဖြစ်စေ၊ သင်၏ စိတ်အခြေအနေသည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သင်သည် သင်၏ တာဝန်ကို ပုံမှန်ထမ်းဆောင်နိုင်ဆဲဖြစ်လိမ့်မည်။ ဤနည်းအားဖြင့် ဘုရားသခင်သည် သင်နှင့်ပတ်သက်ပြီး စိတ်ငြိမ်းအေးနိုင်သည်။ ပြီးလျှင် သန့်ရှင်းသောဝိညာဉ်တော်သည် သမ္မာတရား၏စည်းမျဉ်းများကို နားလည်ခြင်းတွင် သင့်ကို ဉာဏ်အလင်းဖွင့်ပြနိုင်မည်ဖြစ်ပြီး သမ္မာတရားစစ်မှန်မှုသို့ဝင်ရောက်ရာတွင် သင့်အား လမ်းပြနိုင်လိမ့်မည်။ ရလဒ်အနေဖြင့် သင်၏ တာဝန်ထမ်းဆောင်ခြင်းသည် စံနှုန်းနှင့်ညီဖို့ သေချာလိမ့်မည်။ သင်သည် ဘုရားသခင်အတွက် ရိုးသားစစ်မှန်စွာ အသုံးခံသရွေ့၊ သင့်တာဝန်ကို လက်တွေ့ကျသောနည်းဖြင့် ထမ်းဆောင်သရွေ့၊ မယုံကြည်ရသည့်နည်းဖြင့် မဆောင်ရွက်သရွေ့၊ သို့မဟုတ် လှည့်ကွက်များ အသုံးမချသရွေ့ သင်သည် ဘုရားသခင်၏ လက်ခံခြင်းကို ခံရလိမ့်မည်။ ဘုရားသခင်သည် လူတို့၏ စိတ်၊ အတွေးများနှင့် ရည်ရွယ်ချက်များကို လေ့လာစောင့်ကြည့်သည်။ သင်၏ စိတ်နှလုံးသည် သမ္မာတရားကို တောင့်တပြီး သင်သည် သမ္မာတရားကို ရှာဖွေနိုင်လျှင် ဘုရားသခင်သည် သင့်အား ဉာဏ်အလင်းဖွင့်ပြပြီး အလင်းပေးလိမ့်မည်။ မည်သည့်ကိစ္စတွင်မဆို သင် သမ္မာတရားကို ရှာဖွေသရွေ့ ဘုရားသခင်က သင့်ကို ဉာဏ်အလင်းပေးလိမ့်မည်။ သူသည် သင်၏ စိတ်နှလုံးကို အလင်းဆီသို့ ဖွင့်ဟစေမည်ဖြစ်ပြီး လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု အခွင့်ပေးလိမ့်မည်ဖြစ်ကာ ထိုအခါ သင်၏ တာဝန် ထမ်းဆောင်ခြင်းသည် အကျိုးဖြစ်ထွန်းလိမ့်မည်။ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းသည် သူ၏ ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်ကို ယုံကြည်ခြင်း၌ အရေးအကြီးဆုံးသောအရာမှာ လက်တွေ့လုပ်ဆောင်ခြင်းနှင့် သူ၏နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းဖြစ်သည်) ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်တော် သိလိုက်ရတာက အနည်းဆုံးအနေနဲ့ လူတွေက သူတို့တာဝန်မှာ သူတို့အသိတရားကို အမှီပြုသင့်တယ်၊ ပြဿနာတစ်ခုကို ကြုံရတဲ့အခါ ဘုရားအလိုတော်ကို တက်တက်ကြွကြွရှာဖွေပြီး စည်းမျဉ်းတွေကို ရှာဖွေသင့်တယ်၊ ဘုရားရဲ့လမ်းပြမှုကို ရနိုင်ပြီး သူတို့တာဝန်မှာ ရလဒ်ကောင်းတွေရဖို့အတွက် ဘုရားနှုတ်ကပတ်တော်တွေရဲ့ တောင်းဆိုချက်တွေကို လိုက်နာဖို့ အစွမ်းကုန် လုပ်သင့်တယ် ဆိုတာပဲ။ ဗီဒီယိုအလုပ်ကို ကြီးကြပ်ဖို့ အခွင့်အရေးရတာက ဘုရားရဲ့ ကျေးဇူးတော်ပါ။ ကျွန်တော့်တာဝန်အတွက် အစွမ်းကုန်လုပ်ပြီး တိုးတက်မှုနဲ့ ရလဒ်တွေကို တိုးပွားဖို့ ဆက်လုပ်သင့်ပါတယ်။ ကျွန်တော့်အလုပ်မှာ မခိုကတ်သင့်ဘူး။ အရမ်းမပေါ့ဆသင့်ဘူး။ ဒါကို သဘောပေါက်ပြီး ကျွန်တော် ဘုရားရှေ့လာပြီး ဆုတောင်းတယ်။ “ဘုရားသခင် ကျွန်တော့်တာဝန်မှာ ကျွန်တော်ဟာ သတ်မှတ်ထားတဲ့ လုပ်ရိုးလုပ်စဉ်အတိုင်းပဲလုပ်ပြီး တိုးတက်ဖို့ မကြိုးစားတာကို မြင်ခဲ့ပါတယ်။ အခက်အခဲတွေ ဘယ်လောက်ပဲ ရင်ဆိုင်ရပါစေ တာဝန်ထမ်းဆောင်ဖို့အတွက် အကောင်းဆုံးကြိုးစားဖို့ ကျွန်တော့်ကို လမ်းပြတော်မူပါ။ ကျွန်တော်က အလုပ်တိုးတက်မှုကို ထပ်ပြီး နှောင့်နှေးစေရင် ကျွန်တော့်ကို ပဲ့ပြင်ဆုံးမတော်မူပါ” ဆိုပြီးတော့။ အဲဒီနောက်တော့ ကျွန်တော်တို့ တာဝန်မှာ နောက်ကျကျန်ပြီး လုပ်သင့်သလောက် မလုပ်ခဲ့တဲ့ ပုံစံတွေကို ညီအစ်ကိုမောင်နှမတွေနဲ့ ကျွန်တော်နဲ့ ဆွေးနွေးပြီး ဗီဒီယိုတစ်ခုချင်းစီတိုင်းအတွက် အစီအစဉ်တစ်ခု ဆွဲခဲ့ကြတယ်။ ထုတ်လုပ်ရေးအတွက် သေချာစဉ်းစားထားတဲ့ စိတ်ကူးတွေလည်း ထုတ်ဖို့ ကြိုးစားခဲ့ကြတယ်။ လူတိုင်းက အတူတူပူးပေါင်းလုပ်ခဲ့ကြပြီး ကျွန်တော်တို့ရဲ့ ဗီဒီယိုထုတ်လုပ်ရေးက အရင်ကထက်ပိုပြီး သိသိသာသာ အောင်မြင်လာတယ်။ ကျွန်တော်တို့ရဲ့ စတိုင်တွေကိုလည်း သုံးလေးမျိုး ခွဲလုပ်တယ်။ ဒီရလဒ်အတွက် ဘုရားကို ကျွန်တော် အရမ်းကျေးဇူးတင်ခဲ့တာပေါ့။ ပျော်တာ အပြင်ကို တာဝန်အပေါ် ကျွန်တော့်ရဲ့ အရင်ကသဘောထားနဲ့ပတ်သက်ပြီးတော့လည်း လိပ်ပြာမလုံဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်။ ယှဉ်ကြည့်လိုက်တော့ ကျွန်တော့်တာဝန်မှာ အရင်က ကျွန်တော် ဖြစ်ကတတ်ဆန်းလုပ်တာက ဘယ်လောက်ဆိုးလဲဆိုတာ အဲဒီအခါကျမှ သဘောပေါက်သွားတယ်။ ကျွန်တော်က အမြန်မလုပ်ဘူး။ အချိန်ဆွဲတယ်။ တစ်ရက်ကုန်သွားအောင်ပဲ ကြိုးစားနေခဲ့တယ်။ ဒါပေမဲ့ စိတ်နှစ်လုပ်နေတယ်လို့ မြင်မိတယ်။ ကိုယ့်ကိုယ်ကိုယ် လုံးဝ မသိခဲ့ဘူး။ အဲဒီအချိန်မှာ ကျွန်တော်က ကိုင်တွယ်ဖြေရှင်းခြင်းမခံခဲ့ရဘဲ ဒီလိုပေါ့ပေါ့တန်တန်နဲ့ အားရကျေနပ်နေတဲ့ သဘောထားနဲ့ တာဝန်ကို ဆက်လုပ်နေခဲ့ရင် ကျွန်တော့်ကြောင့် အလုပ်က ဘယ်လောက်နှောင့်နှေးသွားမလဲဆိုတာ ဘယ်သူသိမှာလဲ။ ခေါင်းဆောင်ဝေဖန်တာက အချိန်မီလေးပဲ ရောက်လာခဲ့တာပဲလို့ တကယ်ကို စိတ်နှလုံးအတွင်းထဲကနေ ခံစားမိတယ်။ နောက်ပိုင်း စုဝေးပွဲတစ်ခုမှာ ဘုရားနှုတ်ကပတ်တော်ထဲက ဒါကို ကျွန်တော် ဖတ်ရတယ်။ “ဖန်ဆင်းရှင်၏ တောင်းဆိုမှုအပေါ် နောဧ၏ သဘောထားသည် နာခံခြင်း ဖြစ်သည်။ ယင်းကို အရေးမစိုက်ခြင်း မရှိသကဲ့သို့၊ စိတ်မပါခြင်းလည်း မရှိပေ။ ဤအစား သူသည် အသေးစိတ်အချက်အလက်တိုင်းကို မှတ်တမ်းတင်လျက် ဖန်ဆင်းရှင်၏ အလိုတော်ကို နားလည်ရန် လုံ့လဝီရိယရှိစွာ ကြိုးစားခဲ့သည်။ ဘုရားသခင်၏ အရေးတကြီးဖြစ်သော အလိုတော်ကို သူသဘောပေါက်ခဲ့သည့်အခါ ပို၍လျင်မြန်စွာပြုလုပ်ရန်၊ သူ့အပေါ် ဘုရားသခင်အပ်နှံခဲ့သည့်အရာကို အလျင်အမြန်ဆုံး ပြီးမြောက်စေရန် ဆုံးဖြတ်ခဲ့သည်။ ‘အလျင်အမြန်ဆုံး’ ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းသည် ယခင်က တစ်လကြာမည့် အလုပ်များကို တတ်နိုင်သမျှ အချိန်အနည်းဆုံးဖြင့် ပြီးမြောက်စေခြင်း၊ အချိန်မဆွဲခြင်း၊ အချိန်ရွှေ့ပြီး လုပ်ဆောင်ခြင်းတို့မရှိဘဲ၊ ပရောဂျက်တစ်ခုလုံးကို အစွမ်းကုန် မနားတမ်းဆောင်ရွက်ရင်း သတ်မှတ်ချိန်ထက် သုံးရက်၊ သို့မဟုတ် ငါးရက်ခန့် ကြိုတင်ကာ ပြီးစီးအောင် လုပ်ဆောင်ခြင်းကို ဆိုလိုသည်။ အလုပ်တစ်ခုစီကို ဆောင်ရွက်စဉ်တွင် ပုံမှန်အားဖြင့် သူသည် ဆုံးရှုံးမှုများနှင့် အမှားများကို နည်းနိုင်သမျှနည်းစေရန်၊ ထပ်ခါထပ်ခါပြုလုပ်ရသည်အထိ မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်ရန် အစွမ်းကုန် ကြိုးစားလိမ့်မည်။ တာဝန်နှင့် လုပ်ငန်းစဉ်တိုင်းကို အချိန်မီ ပြီးမြောက်အောင် ပြုလုပ်ပြီးမည်ဖြစ်ပြီး ကောင်းစွာ လုပ်ဆောင်ကာ အရည်အသွေးကို သေချာစေလိမ့်မည်။ ဤသည်မှာ အချိန်မဆွဲခြင်းကို ဖော်ပြခြင်း အစစ်အမှန်ဖြစ်သည်။ ထို့ကြောင့် သူသည် အချိန်မဆွဲဘဲ လုပ်ဆောင်နိုင်ခြင်း၏ မရှိမဖြစ်လိုအပ်ချက်မှာ အဘယ်နည်း။ (ဘုရားသခင်၏ အမိန့်ကို သူ နားညောင်းခဲ့သည်။) မှန်သည်။ ထိုအရာသည် သူ၏ အချိန်မဆွဲဘဲနေနိုင်ခဲ့ခြင်းအတွက် မရှိမဖြစ် လိုအပ်ချက်နှင့် အကြောင်းအရာဖြစ်သည်။ ဤသို့ဆိုလျှင် နောဧသည် အဘယ်ကြောင့် အချိန်မဆွဲဘဲ လုပ်ဆောင်နိုင်ခဲ့သနည်း။ နောဧသည် စစ်မှန်သောနာခံမှုကို ပိုင်ဆိုင်သည်ဟု အချို့လူတို့က ဆိုကြသည်။ ထိုသို့ဆိုလျှင် ဤသို့စစ်မှန်သောနာခံမှုကို သူ့အား ရရှိခွင့်ပေးသည့် မည်သည့်အရာကို သူပိုင်ဆိုင်ခဲ့သနည်း။ (သူသည် ဘုရားသခင်၏ အလိုတော်ကို အလေးထားပါသည်။) မှန်ပေသည်။ နှလုံးသားရှိခြင်းဆိုသည်မှာ ဤအရာကို ဆိုလိုသည်။ နှလုံးသားရှိသောသူတို့သည် ဘုရားသခင်၏ အလိုတော်ကို အလေးထားနိုင်ကြသည်။ နှလုံးသားမရှိသောသူတို့သည် အနှစ်မရှိသည့် အခွံ၊ လူပြက်များဖြစ်ကြသည်။ ‘ဤသည်မှာ ဘုရားသခင်အတွက် မည်မျှအရေးတကြီးဖြစ်သည်ကို ငါဂရုမစိုက်။ ငါအလိုရှိသည့်အရာကို လုပ်ဆောင်မည်။ မည်သို့ပင်ဖြစ်စေ ငါသည် အလဟဿနေထိုင်ခြင်းမဟုတ်၊ ပျင်းရိခြင်းမဟုတ်’ ဟူ၍ ၎င်းတို့သည် ဘုရားအလိုတော်ကို အလေးထားရကောင်းမှန်း မသိကြ။ ဤသို့သောသဘောထားမျိုး၊ ဤသို့သော အပျက်သဘောဆောင်ခြင်းမျိုး၊ တက်ကြွမှု လုံးဝမရှိခြင်း- ဤသည်မှာ ဘုရားသခင်၏အလိုတော်ကို အလေးမထားသလို ဘုရားအလိုတော်ကို မည်သို့ အလေးထားရမည်ကိုလည်း နားလည်သည့်သူတစ်ဦး မဟုတ်ပေ။ ဤဖြစ်ရပ်တွင် ၎င်းတို့သည် စစ်မှန်သည့် ယုံကြည်ခြင်းကို ပိုင်ဆိုင်သလော။ သေချာပေါက် မပိုင်ဆိုင်ပေ။ နောဧသည် ဘုရားအလိုတော်ကို အလေးထားသည်။ သူ့တွင် စစ်မှန်သော ယုံကြည်ခြင်းရှိပြီး၊ ထိုသို့ဖြင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့သည်။ ထို့ကြောင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံပြီး အားထုတ်မှုအချို့ ပြုလိုခြင်းမျှဖြင့် မလုံလောက်ပေ။ သင်သည် ဘုရားသခင်၏ အလိုတော်ကိုလည်း အလေးထားရမည်။ အစွမ်းကုန် ဆောင်ရွက်ပြီး ဆက်ကပ်အပ်နှံရမည်ဖြစ်သည်။ ယင်းက လူတို့တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိဖို့ လိုအပ်လေသည်။ ယင်းသည် လူတို့တွင် ရှိရမည့်အရာဖြစ်ပြီး နောဧတွင် တွေ့ရှိရသည့်အရာဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၃ (အပိုင်း ၂)) ဒီဘုရားနှုတ်ကပတ်တော်ကို ကျွန်တော် ဖတ်တော့ တို့ထိခြင်းလည်း ခံရတယ်။ နောဧက ဘုရားကို နားထောင်တယ်။ ဘုရားအလိုတော်ကို နားလည်။ ဘုရားစေခိုင်းချက်ကို နည်းနည်းလေးမှ လျစ်လျူမရှုဘူး။ နောဧက ဘုရားအလိုတော်ကို ထောက်ထားချင်တယ်၊ ဘုရားက သူ့ကို သင်္ဘောကြီးဆောက်ဖို့ စေခိုင်းတော့ ဘုရားအလိုတော်ရဲ့ အရေးကြီးမှုကို သူခံစားမိတယ်၊ အရေးတကြီးအဖြစ်ဆုံးလို့ ဘုရားက သတ်မှတ်တဲ့အရာကို ဖိလုပ်တယ်ဆိုတာကို ကျွန်တော် မြင်မိတယ်။ အလုပ်တာဝန်တစ်ခုစီတိုင်းအတွက် နှောင့်နှေးမှုမရှိအောင် သူအစွမ်းရှိသမျှလုပ်တယ်။ ရှေ့ဆက်ဖို့အတွက် သူတတ်နိုင်သမျှကို သေချာလုပ်တယ်။ သူလုပ်သမျှမှာ အမှားတွေ၊ ဆုံးရှုံးမှုတွေ အနည်းဆုံးဖြစ်အောင် သူအစွမ်းကုန် ကြိုးစားတယ်။ နောဧရဲ့ သူ့တာဝန်အပေါ် သဘောထားက ဘုရားအလိုတော်ကို အမှန်တကယ် ထောက်ထားတယ်ဆိုတာ ပြတယ်။ နောဧရဲ့ အတွေ့အကြုံက ကျွန်တော့်အတွက် တကယ်ကို ခွန်အားရပါတယ်။ ဘုရားအလိုတော်ကို နားလည်အောင်လည်း ကူညီပေးပြီး လက်တွေ့လုပ်ဖို့ လမ်းကြောင်းတစ်ခုလည်းပေးတယ်။ နောဧလိုလုပ်ပြီး ဘုရားရဲ့ ဝန်ထုပ်ကို ထည့်စဉ်းစားရမယ်။ ကျွန်တော့်အလုပ်မှာ အသေးစိတ်အချက်အားလုံးကို စာရင်းလုပ်ရမယ်။ သင့်တော်အောင် စီစဉ်ရမယ်။ အလုပ်တိုင်းကို ကောင်းကောင်းပြီးဖို့အတွက် အစွမ်းကုန်လုပ်ရမယ်။ ကျွန်တော့်အလုပ်မှာ အခက်အခဲတွေကို ရင်ဆိုင်ရတဲ့အခါ အဲဒါတွေကို ဖြတ်ကျော်ဖို့၊ ပိတ်မနေဖို့ ကျွန်တော် ယုံကြည်ခြင်းရှိခဲ့တယ်။ ဘုရားနဲ့ဆိုရင် မဖြစ်နိုင်တာ ဘာမှမရှိဘူးလို့ ယုံကြည်ခဲ့တယ်။ အဲဒါနဲ့ ကျွန်တော် ဘုရားကို ဆုတောင်းပြီး အော်ခေါ်ခဲ့တယ်။ ကျွန်တော့်ကို ပိုပြီးတော့ ဝန်ထမ်းစေဖို့၊ တာဝန်ကို ကောင်းကောင်းလုပ်အောင် လမ်းပြဖို့ ဆုတောင်းခဲ့တယ်။ အဲဒီနောက်တော့ အလုပ်ကို ကျွန်တော်တို့ ခဏခဏ အနှစ်ချုပ်တယ်။ အမှားတွေ၊ သတိမထားမိတာတွေအကုန်လုံးကို အမြန်ပြုပြင်တယ်။ တာဝန်မှာ ပူးပေါင်းလုပ်ကိုင်တယ်။ အဲဒီမှာ ကျွန်တော်တို့ ထိရောက်မှုက တော်တော်တိုးတက်လာတယ်။

တစ်ခါတော့ ကျွန်တော်တို့နဲ့ လုံးဝ မရင်းနှီးတဲ့ ပရောဂျက်အမျိုးအစားတစ်ခုကို လုပ်ရတယ်။ တော်တော်တိုတဲ့ အချိန်အတွင်းမှာ ပြီးအောင်လုပ်ဖို့ လိုတယ်။ ကျွန်တော် နည်းနည်း စိတ်လှုပ်ရှားတာပေါ့။ ဒီတစ်ခါမှာ ကျွန်တော်တို့လုပ်နိုင်ပါ့မလားဆိုတာ မသိခဲ့ဘူး။ ကျွန်တော်က ဘာမှတော့မပြောဘူး။ ဒါပေမဲ့ စိတ်ထဲမှာ စိုးရိမ်နေတာပေါ့။ ကျွန်တော်က ကိုယ့်ရဲ့ ဇာတိပကတိ အကျိုးစီးပွားတွေကို ထပ်စဉ်းစားနေပြန်ပြီဆိုတာ သတိထားမိလိုက်တယ်။ အဲဒါနဲ့ ဆုတောင်းလိုက်တယ်။ “ဘုရားသခင် ကျွန်တော့်အလုပ်က ဖြစ်ကတတ်ဆန်းဖြစ်ခဲ့ပါတယ်။ ကျွန်တော်က တာဝန်မှာ စိတ်နှစ်မလုပ်ခဲ့ဘဲ အလုပ်တိုးတက်မှု နှောင့်နှေးသွားတယ်။ အခု ကျွန်တော် ဒုက္ခခံပြီး အဖိုးအခပေးဆပ်ဖို့ အလုပ်က လိုလာတော့ ကျွန်တော် သက်သာဖို့ကို ထပ်ပြီး စဉ်းစားနေလို့ မရပါဘူး။ ဒုက္ခခံပြီး ဒီအလုပ်ကို ကောင်းကောင်းလုပ်ဖို့ စိတ်ခိုင်မာခြင်းကို ပေးတောမူပါ” ဆိုပြီးတော့။ ဆုတောင်းပြီးတော့ ကျွန်တော် နည်းနည်းပိုပြီး စိတ်ငြိမ်သွားတယ်။ ကျွန်တော့်သဘောထားကို ပြောင်းပြီး တာဝန်ကို ကောင်းကောင်းလုပ်ဖို့ အသင့်ဖြစ်နေခဲ့တယ်။ အဲဒီနောက်တော့ ကျွန်တော် သူများတွေနဲ့ လိုအပ်တဲ့ ဗီဒီယိုထုတ်လုပ်ရေး ကျွမ်းကျင်မှုတွေကို သင်တယ်။ ပရောဂျက်ကို ဆွေးနွေးတယ်။ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ ကျွန်တော်တို့ရဲ့ ထုတ်လုပ်ရေးအချိန်ဇယားကို ဆွဲတယ်။ နောက်ဆုံးတော့ ဗီဒီယိုကို ကျွန်တော်တို့ ပြီးသွားတယ်။ ဒီအတွေ့အကြုံတွေကို ပြန်စဉ်းစားကြည့်တော့ ကျွန်တော်က တာဝန်မှာ ခဏခဏကို ဖြစ်သလိုလုပ်ပြီး စိတ်မချရဘူးဆိုတာ မြင်မိတယ်။ အဲဒီအချိန်အတွင်းမှာ ကျွန်တော့်တာဝန်မှာ နည်းနည်း ဒုက္ခခံလိုက်ရတယ်။ ဒါပေမဲ့ ကျွန်တော် ငြိမ်းချမ်းပါတယ်။ တော်တော်နေလို့ကောင်းတယ်။ လကုန်စုဝေးပွဲကျတော့ လူတိုင်းက သူတို့ရဲ့ လက်ရှိအတွေ့အကြုံတွေ၊ အကျိုးအမြတ်တွေအကြောင်း မိတ်သဟာယပြုကြတယ်။ ကိုင်တွယ်ဖြေရှင်းခံရခြင်းမရှိဘဲနဲ့၊ ဘုရားနှုတ်ကပတ်တော်တွေက ဖွင့်ပြခြင်းမရှိဘဲနဲ့ ကျွန်တော်တို့ အမှားတွေ၊ ဖောက်ပြန်ပျက်စီးမှုတွေကို မြင်မှာမဟုတ်ဘူး၊ ဘယ်လောက်ပဲ ကြာအောင်လုပ်လုပ် ဘာတိုးတက်မှုမှ ရှိမှာမဟုတ်ဘူးဆိုတာကို လူတိုင်းက တကယ် ခံစားမိတယ်။ ကျွန်တော်တို့အတွက် အရမ်း အကျိုးဖြစ်တယ်။ ကျွန်တော်တို့တာဝန်နဲ့ အသက်ဝင်ရောက်မှု နှစ်ခုလုံးအတွက်ပေါ့။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

လူတွေကို မစဉ်းမစား ကိုးကွယ်ပြီးနောက် ဆင်ခြင်သုံးသပ်ခြင်း

ကျန်းလင် တရုတ်နိုင်ငံ ၂၀၁၉ခုနှစ်မှာ အသင်းတော်တစ်ခုမှာ ကျွန်မ ခေါင်းဆောင်တစ်ယောက်ဖြစ်တုန်းက အထက်ခေါင်းဆောင်နှစ်ယောက်နဲ့ ကျွန်မ တွေ့ခဲ့တယ်။...

စိတ်ကူးပေါက်ရာအတိုင်း မိမိတာဝန်ကို လုပ်ဆောင်ခြင်း၏ အကျိုးဆက်များ

ရှင်းရှင်း တရုတ်နိုင်ငံ ၂၀၂၀ ခုနှစ် ဇွန်လမှာ အသင်းတော် ခေါင်းဆောင်အနေနဲ့ ကျွန်မ အရွေးခံရတယ်။ ပထမတော့ အလုပ်မှာ ပြဿနာရှိတဲ့အခါ၊ သတိရှိရှိနဲ့...

လူ့သဘာဝကောင်းက တကယ်တမ်းဘာလဲဆိုတာ အခု ကျွန်မသိပြီ

မူးယံ တရုတ်နိုင်ငံ ကျွန်မရဲ့မိဘ၊ ဆရာတွေက ကျွန်မ ငယ်ငယ်ကတည်းက ကျွန်မကို သင်ပေးခဲ့တယ်။ သူများတွေနဲ့ သဟဇာတဖြစ်ခြင်းက တန်ဖိုးရှိတယ်။...

“ကောင်းမွန်သည့် ပုံရိပ်”နောက်ကွယ်တွင် မည်သည့်အရာ ရှိသနည်း

ဝေ့ချန် ကိုရီးယားနိုင်ငံပြီးခဲ့သည့်နှစ် ဒီဇင်ဘာက ကျွန်မက အသင်းတော်မှာ ဧဝံဂေလိ သင်းထောက်တစ်ယောက်အနေနှင့် အလုပ် လုပ်ခဲ့ပါသည်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။