လူမုန်းမခံချင်သူများက ဘုရားသခင်၏ကယ်တင်ခြင်းကို ခံရနိုင်ပါသလား
ဟောင်ကျန့် တရုတ်နိုင်ငံကျွန်တော်က ကံကြွေးချစနစ်နှင့် ရှုပ်ထွေးသည့် လူမှုဆက်ဆံရေးများရှိသည့်၊ ဆင်းရဲပြီး ခေတ်နောက်ကျနေသည့် ရွာတစ်ရွာက...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
အရင်တုန်းက ကျွန်မ အိမ်နီးနားချင်းတွေနဲ့ ဆက်ဆံတဲ့အခါ သူတို့ထဲက တစ်ယောက်က စကားကို တည့်တိုးပြောတတ်တာကို သတိထားမိတယ်။ သူက တစ်ယောက်ယောက် မှားနေတာကို တွေ့လိုက်တိုင်း တိုက်ရိုက်ထောက်ပြတတ်တယ်၊ အကျိုးဆက်အနေနဲ့ လူတွေကို ခဏခဏ စိတ်ဆိုးအောင် လုပ်မိတာပေါ့။ တခြားအိမ်နီးချင်းတွေအားလုံးက သူ့ကွယ်ရာမှာ သူ့အကြောင်း အတင်းပြောကြတယ်၊ “ဒီလောက် စမတ်ကျပုံရတဲ့လူတစ်ယောက်က ဘယ်လိုဖြစ်လို့ ဒီလောက်မိုက်မဲတဲ့အရာတွေ လုပ်နိုင်ရတာလဲ” တဲ့။ အချိန်ကြာလာတော့ သူတို့အချင်းချင်း စကားပြောနေတုန်း သူရောက်လာပြီဆိုတာနဲ့ အိမ်နီးချင်းတွေအားလုံးက လူစုခွဲသွားကြတယ်။ တဖြည်းဖြည်းနဲ့ သူက တစ်ယောက်တည်း အထီးကျန်ဖြစ်သွားတာပေါ့။ ဒီအဖြစ်အပျက်တွေက ကျွန်မကို ပြင်းပြင်းထန်ထန်သက်ရောက်ခဲ့တယ်၊ ဒါကြောင့် လူတွေက ကျွန်မကို မကြိုက်မှာစိုးလို့ နောင်မှာ တခြားသူတွေနဲ့ ဆက်ဆံတဲ့အခါ သူ့လို ပွင့်ပွင့်လင်းလင်းမပြောသင့်ဘူးလို့ ကျွန်မ ယုံကြည်ခဲ့တယ်။ ဆိုရိုးစကားတွေအရဆိုရင်တော့ “မိတ်ဆွေကောင်းများ၏အပြစ်များအပေါ် နှုတ်ဆိတ်နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှုဖြစ်စေ၏”၊ ပြီးတော့ “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” တဲ့လေ။ တခြားလူတွေရဲ့ ပြဿနာတွေကို ကိုယ်သတိပြုမိတဲ့အခါ ကိုယ့်စိတ်နှလုံးထဲမှာ သိထားရုံနဲ့ လုံလောက်ပြီ၊ လူတွေကို ထောက်ပြနေစရာမလိုဘူး။ ကိုယ်သာ ထောက်ပြလိုက်ရင် သူတို့ကို မျက်နှာပျက်စေပြီး ကိုယ်က သူတို့ကို စိတ်ခုစေနိုင်တယ်။ ဒါကြောင့် တခြားသူတွေရဲ့ ပြဿနာတွေကို ကျွန်မ သတိပြုမိတဲ့အခါတိုင်း တိုက်ရိုက်မပြောခဲ့ဘူး။ ကျွန်မပတ်ဝန်းကျင်က အိမ်နီးနားချင်းတွေအားလုံးက ကျွန်မနဲ့ ပေါင်းသင်းရတာကို သဘောကျကြတယ်၊ ကျွန်မကို ဘာမဆို ပြောဖို့ ဆန္ဒရှိကြတယ်။ သူတို့က ကျွန်မကို လူချစ်လူခင်ပေါတယ်၊ ပေါင်းလို့သင်းလို့လွယ်တယ်ဆိုပြီး ချီးကျူးကြသေးတယ်။ ဘုရားသခင်ကို စယုံကြည်ပြီးနောက်မှာတော့ ကျွန်မက ညီအစ်ကိုမောင်နှမတွေနဲ့ ဆက်ဆံရေးကိုလည်း ဒီနည်းအတိုင်းပဲ ကိုင်တွယ်ခဲ့တယ်။ သူတို့ရဲ့ ပြဿနာတွေ ဒါမှမဟုတ် ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်တာတွေကို ကျွန်မ သတိပြုမိရင် ကျွန်မ ထောက်ပြပြီး ဖော်ထုတ်ဖို့ ဆန္ဒမရှိခဲ့ဘူး။ ဒီလိုလုပ်တာက သူတို့ကို အရှက်ရစေပြီး သူတို့ရဲ့ အားနည်းချက်တွေကို ထောက်ပြသလို ဖြစ်မှာပဲ၊ ပြီးတော့ သူတို့ကို စိတ်ဆိုးအောင်လုပ်မိမှာလို့ ကျွန်မ ယုံကြည်ခဲ့တယ်။ လောကနဲ့ ဆက်ဆံရေးဆိုင်ရာ ဒီနည်းလမ်းတွေကို မှီခိုပြီး နေထိုင်ခြင်းဟာ သမ္မာတရားနဲ့ ဆန့်ကျင်တယ်ဆိုတာကို အချို့အရာတွေကို တွေ့ကြုံပြီးမှသာ ကျွန်မ နားလည်ခဲ့တယ်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလလယ်မှာ ကျွန်မ အသင်းတော်တစ်ခုကို ခေါင်းဆောင်တစ်ယောက်အနေနဲ့ အမှုတော်ဆောင်ဖို့ သွားခဲ့တယ်။ ညီအစ်ကိုမောင်နှမတချို့က ဧဝံဂေလိတရား ဟောပြောနေတဲ့ ညီအစ်မ ကျောက်ကျိန်းက မာနထောင်လွှားတဲ့ စိတ်သဘောထားရှိတယ်လို့ တိုင်ကြတယ်။ သူက တခြားလူတွေရဲ့ ခံစားချက်ကို ထည့်မစဉ်းစားဘဲ စကားပြောတယ်၊ သူနဲ့ဆက်ဆံရတာ နည်းနည်းဘောင်ခတ်ခံရတယ်လို့ သူတို့ ခံစားရတယ်ပေါ့။ သူတို့က ကျွန်မကို ကျောက်ကျိန်းနဲ့ မိတ်သဟာယဖွဲ့ပြီး သူ့ရဲ့ပြဿနာတွေကို စိတ်ဖြာလေ့လာဆွေးနွေးပေးဖို့၊ သူကိုယ်သူ နားလည်အောင် ကူညီပေးဖို့ တောင်းဆိုကြတယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါ သူ့ရဲ့ပြဿနာတွေကို ကူညီပြီး စိတ်ဖြာလေ့လာဆွေးနွေးပေးရမှာပဲ။ မဟုတ်ရင် သူက သူ့ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကို အခြေခံပြီး ဆက်ပြောဆိုပြုမူနေမှာ။ ညီအစ်ကိုမောင်နှမတွေ သူကြောင့် ဘောင်ခတ်ခံရရုံတင်မကဘူး၊ အလုပ်ကိုလည်း ထိခိုက်မှာပဲ” ပေါ့။ ဒါပေမဲ့ နောက်တော့ ကျွန်မ တွေးမိတယ်၊ “ငါက ဒီအသင်းတော်မှာ လူသစ်၊ ကျောက်ကျိန်းနဲ့လည်း မရင်းနှီးဘူး။ ငါ ရောက်ရောက်ချင်း သူ့ကို ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးရင် သူ့အတွက် အရှက်ရစရာ ဖြစ်မှာမဟုတ်ဘူးလား။ နောက်ဆိုရင် ဘယ်လိုလုပ် အဆင်ပြေပြေ ဆက်ဆံကြမလဲ” ပေါ့။ စဉ်းစားပြီးနောက်မှာတောင် ကျွန်မ ဘာလုပ်ရမှန်း မသိသေးဘူး၊ နောက်ဆုံးတော့ ကျောက်ကျိန်းကို မတွေ့ချင်တွေ့ချင်နဲ့ သွားတွေ့ခဲ့ရတယ်။ သူနဲ့တွေ့တဲ့အခါ ကျွန်မပါးစပ်ကို တိပ်နဲ့ကပ်ထားသလိုပဲ၊ အတော်ကြာတဲ့အထိ စကားတစ်ခွန်းမှ မပြောနိုင်ခဲ့ဘူး။ နောင်မှာ သူနဲ့ ခဏခဏ တွေ့နေရဦးမှာကို ကျွန်မ စဉ်းစားမိတယ်။ သူ့ကိုသာ စိတ်ဆိုးအောင်လုပ်မိရင် ကိုယ့်ဒုက္ခကိုယ်ရှာနေတာပဲ ဖြစ်မှာပေါ့။ သူ့ပြဿနာတွေကို နောက်မှ စိတ်ဖြာလေ့လာဆွေးနွေးပြီး ဖော်ထုတ်ဖို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။ ဒါကြောင့် ကျွန်မက သူ့ကို နောင်မှာ စကားပြောပုံ သတိထားဖို့နဲ့၊ ပြီးတော့ မျက်နှာမှာ မကျေနပ်မှုကို မပြဖို့၊ ဒါက လူတွေကို ဘောင်ခတ်သလိုဖြစ်စေတတ်တယ်ဆိုတာကိုပဲ သူ့ကို စောင်းပါးရိပ်ခြည် သတိပေးခဲ့တယ်။ ကျောက်ကျိန်းက ဒါကိုကြားတော့ “ကျွန်မက စကားကို တည့်တိုးပြောတတ်တယ်၊ တခြား ဘာသဘောမှ မရှိပါဘူး။ နောက်ဆိုရင် သတိထားပါ့မယ်” လို့ ပြောတယ်။ အိမ်အပြန်လမ်းမှာ၊ ကျောက်ကျိန်းက ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဘာမှနားလည်မသွားဘူးဆိုတာကို စဉ်းစားမိပြီး စိတ်နှလုံးထဲမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်။ ဒါပေမဲ့ နောက်တော့ ကျွန်မ စဉ်းစားမိတယ်၊ “ငါ သူ့ကို ပြဿနာတချို့ ထောက်ပြပြီးပြီပဲ။ အနာဂတ်မှာ သူ မာနထောင်လွှားတဲ့ စိတ်သဘောထားကို ထပ်ပြီးထုတ်ဖော်တာကို ငါတွေ့ရင် အဲဒီအခါကျမှ သူနဲ့ မိတ်သဟာယဖွဲ့ပြီး သူ့ကို ဖော်ထုတ်နိုင်တာပဲ” လို့ပေါ့။ မကြာခင်မှာပဲ ရေလောင်းခြင်း သင်းထောက်က ရေလောင်းခြင်းအဖွဲ့ခေါင်းဆောင် ဝမ်ဟုန်ဟာ တာဝန်မထမ်းဆောင်ဘဲ စုဝေးပွဲတွေ မတက်ရောက်ဖို့ ပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်တွေကို အကြောင်းပြချက်အဖြစ် အကြိမ်တွေအများကြီး အသုံးပြုခဲ့တယ်၊ သူတာဝန်ယူထားတဲ့ အဖွဲ့နှစ်ဖွဲ့ကိုလည်း လျစ်လျူရှုထားတယ်လို့ သတင်းပို့လာတယ်။ အခြေအနေကို နားလည်ပြီးနောက်မှာ သူက အဖမ်းခံရပြီး ထောင်ကျမှာကို ကြောက်နေတယ်ဆိုတာကို ကျွန်မ တွေ့ခဲ့ရတယ်။ ကြောက်ရွံ့မှုနဲ့ နေထိုင်ရင်း တစ်ယောက်ယောက်က သူ့နောက်ကို လိုက်နေတယ်လို့ အမြဲတမ်း သံသယဝင်နေခဲ့တယ်။ မိတ်သဟာယဖွဲ့ပေးတာ အများကြီး သူလက်ခံရရှိခဲ့ပေမဲ့ ဘာနားလည်မှုမှ သူမရခဲ့ဘူး၊ ဒါကြောင့် ရေလောင်းပေးခြင်း သင်းထောက်က ကျွန်မကို သူမနဲ့ မိတ်သဟာယဖွဲ့စေချင်ခဲ့တယ်။ ကျွန်မ ဝမ်ဟုန်ကို အမြန်ဆုံးရှာပြီး မိတ်သဟာယဖွဲ့ရမယ်ဆိုတာ သိပေမဲ့၊ နောက်တော့ ကျွန်မ တွေးမိပြန်တယ်၊ “ငါနဲ့ ဝမ်ဟုန်က တစ်ခါမှမတွေ့ဖူးသေးဘူး။ ငါ ရောက်ရောက်ချင်း သူ့ရဲ့ပြဿနာတွေကို ဖော်ထုတ်လိုက်ရင် ငါ့ကို မစာနာတတ်ဘူးလို့ သူထင်သွားမလား။ သူ့ကို စိတ်ဆိုးအောင်လုပ်မိရင် ဘယ်လိုလုပ်မလဲ။ ငါက ဒီအသင်းတော်မှာ လူသစ်ရှိသေးတာ။ ငါသာ ဒီလူရဲ့ပြဿနာတွေကို စိတ်ဖြာလေ့လာဆွေးနွေး၊ ဟိုလူကို တန်းပြီးဖော်ထုတ်နဲ့ လူတိုင်းကို စိတ်ဆိုးအောင်လုပ်မိရင်၊ အဲဒီအခါ လူတိုင်းက ငါ့ကို ဆန့်ကျင်ပြီး ဝိုင်းပယ်ကြမှာပဲ။ အဲဒီအခါကျရင် နောက်နောင် ခေါင်းဆောင်ပိုင်းအလုပ်ကို လုပ်ရတာ ခက်ခဲတော့မှာပေါ့။ အသင်းတော်ရဲ့ အလုပ်ကဏ္ဍအားလုံးနဲ့ ရင်းနှီးသွားတဲ့အထိ စောင့်လိုက်တာ ပိုကောင်းမယ်” ပေါ့။ ဒါကြောင့် ကျွန်မ ဝမ်ဟုန်ကို သွားမပြောဘဲ ရေလောင်းပေးခြင်း သင်းထောက်ကိုပဲ သူနဲ့ မိတ်သဟာယဖွဲ့ခိုင်းခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့မိတ်သဟာယဖွဲ့မှုက ဘာရလဒ်မှ ထွက်မလာခဲ့ဘူး။ ဒီလိုနဲ့ ဝမ်ဟုန်ရဲ့ ပြဿနာက အကြိမ်ကြိမ်ကြန့်ကြာနေခဲ့ပြီး၊ သူဟာ တစ်လကျော်ကြာတဲ့အထိ ဘာစုဝေးပွဲမှလည်းမတက်၊ သူ့တာဝန်လည်းမထမ်းဆောင်ဘဲ နေခဲ့တယ်။ နှစ်လကြာပြီးနောက်မှာ အထက်ခေါင်းဆောင်တွေက ကျွန်မတို့ကို ကျွန်မတို့ရဲ့တာဝန်တွေကို ဘယ်လောက်ကောင်းကောင်း ဖြည့်ဆည်းနေသလဲ၊ ပြီးတော့ ညီအစ်ကိုမောင်နှမတွေရဲ့ လမ်းလွဲမှုတွေ၊ ပြဿနာတွေ၊ ဒါမှမဟုတ် ဖောက်ပြန်ပျက်စီးတဲ့ အခြေအနေတွေကို တွေ့ရှိတဲ့အခါ ချက်ချင်း ပြင်ဆင်ပြီး ကူညီပေးမှုရှိမရှိ မေးမြန်းဖို့ စာရေးခဲ့ကြတယ်။ စာထဲမှာ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေရဲ့ တာဝန်ဝတ္တရားတွေနဲ့ပတ်သက်တဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကိုးကားဖော်ပြထားတယ်၊ အဲဒါက ကျွန်မရဲ့စိတ်နှလုံးကို တို့ထိခဲ့တယ်။ ကျွန်မ ဒီအသင်းတော်ကို ပထမဆုံးရောက်လာတုန်းက ညီအစ်ကိုမောင်နှမတွေက ကျောက်ကျိန်းရဲ့ ပြဿနာကို သတင်းပို့ခဲ့တာကို ပြန်စဉ်းစားမိတယ်။ ကျွန်မက ကျောက်ကျိန်းကို သူ့ရဲ့ပြဿနာအကြောင်း အပေါ်ယံပဲ ပြောခဲ့ပြီး၊ သူ့ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကို အားကိုးပြီး ပြုမူလုပ်ဆောင်ခြင်းရဲ့ သဘောသဘာဝနဲ့ အကျိုးဆက်တွေကို စိတ်ဖြာလေ့လာဆွေးနွေးမှု မလုပ်ပေးခဲ့ဘူး။ အကျိုးဆက်အနေနဲ့ ကျောက်ကျိန်းက ကိုယ့်ကိုယ်ကိုယ် နားလည်မှုမရှိခဲ့ဘဲ၊ သူ့ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကလည်း လုံးဝမပြောင်းလဲခဲ့ဘူး။ ဒါ့အပြင် ဝမ်ဟုန်ကလည်း ကြောက်ရွံ့စိတ်နဲ့ အမြဲတမ်း အသက်ရှင်နေပြီး စုဝေးပွဲတွေ မတက်ခဲ့ဘူး။ သူက သူ့တာဝန်တွေကို မထမ်းဆောင်ခဲ့ဘူး။ ဒီလိုဖြစ်နေတာတောင် ကျွန်မက သူ့ကို မိတ်သဟာယဖွဲ့တာ၊ ကူညီတာ မလုပ်ခဲ့ဘူး။ အသင်းတော်ခေါင်းဆောင်တစ်ယောက်အနေနဲ့ ညီအစ်ကိုမောင်နှမတစ်ယောက်ရဲ့ ပြဿနာကို သတိပြုမိပြီး မထောက်ပြဘူး၊ မကူညီဘူး၊ ကိုယ့်တာဝန်ကို မဖြည့်ဆည်းဘူးဆိုရင်၊ ဒါဟာ ငါက တကယ့်အလုပ်ကို မလုပ်ဘူးဆိုတဲ့ အဓိပ္ပာယ် မသက်ရောက်ဘူးလား။ ဒီလိုတွေးမိတဲ့အခါ ကျွန်မ အပြစ်ရှိသလို ခံစားရပြီး စိတ်မသက်မသာဖြစ်ခဲ့တယ်။ အဲဒီနောက်မှာတော့ ကျွန်မ ကျောက်ကျိန်းကို ရှာပြီး၊ မာနထောင်လွှားတဲ့ စိတ်သဘောထားနဲ့ ပြုမူလုပ်ဆောင်ခြင်းရဲ့ ပေါ်လွင်မှုတွေ၊ သဘောသဘာဝနဲ့ အကျိုးဆက်တွေကို ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးပေးခဲ့တယ်။ ကျွန်မပြောတာကို နားထောင်ပြီးတဲ့နောက်မှာ သူက ကိုယ့်ကိုယ်ကိုယ် နားလည်မှုတချို့ရသွားပြီး ပြုပြင်ပြောင်းလဲဖို့လည်း စိတ်ဆန္ဒရှိလာတယ်။ နောက်ပိုင်းမှာ ကျွန်မ ရေလောင်းပေးခြင်း သင်းထောက်နဲ့အတူ ဝမ်ဟုန်ကို သွားတွေ့ခဲ့တယ်။ ကျွန်မတို့ ဘုရားနှုတ်ကပတ်တော်တွေကို ပေါင်းစပ်တယ်၊ သူ့ရဲ့ပြဿနာတွေကို မိတ်သဟာယဖွဲ့ပြီး စိတ်ဖြာလေ့လာဆွေးနွေးခဲ့ကြတယ်၊ ပြီးတော့ သူက တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းတဲ့ သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို နားလည်သွားခဲ့တယ်။ နောက်ပိုင်းမှာ သူက သူ့ရဲ့တာဝန်ကို ပြန်ပြီး စထမ်းဆောင်ခဲ့တယ်။ မိတ်သဟာယဖွဲ့ပြီးနောက်မှာ ကျွန်မ စိတ်ကူးထားသလို သူတို့ကို စိတ်ဆိုးအောင်လုပ်မိတာမျိုး မဖြစ်ဘဲ၊ ဆန့်ကျင်ဘက်အနေနဲ့ သူတို့ကို ကူညီခဲ့တယ်ဆိုတာကို တွေ့လိုက်ရတဲ့အခါ၊ သူတို့နဲ့ စောစောစီးစီး မိတ်သဟာယမဖွဲ့ခဲ့မိတာကို ကျွန်မ နောင်တရမိတယ်။
အဲဒီနောက်မှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်မိတယ်။ ကျွန်မရဲ့ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေကို ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးဖို့ မဝံ့ရဲအောင် လုပ်ခဲ့တဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက ဘာလဲပေါ့။ ကျွန်မ ဘုရားသခင်ဆီကို ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ သမီးက ခေါင်းဆောင်တစ်ယောက်အနေနဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေကို တွေ့တဲ့အခါ သမ္မာတရားနဲ့ မိတ်သဟာယဖွဲ့သင့်တယ်၊ ပြဿနာတွေကို ထောက်ပြပြီး ကူညီပေးသင့်ပါတယ်။ ဒါပေမဲ့ သမီးက သူတို့ကို စိတ်ဆိုးအောင်လုပ်မိမှာ ကြောက်ခဲ့လို့ သူတို့ရဲ့ပြဿနာတွေကို မိတ်သဟာယဖွဲ့ပြီး မဖော်ထုတ်ရဲခဲ့ပါဘူး။ ဒီလိုလုပ်တာက ကိုယ်တော်ရဲ့ ရည်ရွယ်ချက်နဲ့ မကိုက်ညီဘူးဆိုတာ သမီးသိပါတယ်။ ကိုယ့်ကိုယ်ကိုယ် နားလည်ပြီး သင်ခန်းစာယူနိုင်အောင် သမီးကို ဉာဏ်အလင်းပေးပြီး လမ်းပြတော်မူပါ” လို့ပေါ့။ ရှာဖွေနေတုန်းမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ကျွန်မ ဖတ်ရှုခဲ့ရတယ်။ “‘မိတ်ဆွေကောင်းများ၏ အပြစ်များအပေါ် နှုတ်ဆိတ်နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှုကို ဖြစ်စေ၏’ ဆိုသော လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်တွင် ယုံကြည်မှုတစ်ခုရှိသည်။ ဤသည်မှာ မိတ်ဆွေကောင်းဆက်ဆံရေးကို ထိန်းသိမ်းရန်အတွက် မိမိတို့မိတ်ဆွေ၏ ပြဿနာများကို ရှင်းရှင်းလင်းလင်း မြင်လျှင်ပင် နှုတ်ဆိတ်နေရမည်ဟု ဆိုလိုသည်။ သူတစ်ပါးတို့၏ မျက်နှာကို မရိုက်ခြင်း သို့မဟုတ် သူတစ်ပါးတို့၏အားနည်းချက်များကို မဖော်ခြင်းဟူသော စည်းမျဉ်းများအတိုင်း လိုက်နာကြသည်။ ၎င်းတို့သည် အချင်းချင်း လှည့်စားကြသည်။ အချင်းချင်း ဖုံးကွယ်ကြပြီး အချင်းချင်း လျှို့ဝှက်ကြံစည်မှု ပြုလုပ်ကြသည်။ အခြားလူမှာ မည်သို့သောသူမျိုး ဖြစ်သည်ကို အလွန်ပင် ရှင်းလင်းစွာ သိသော်လည်း တဲ့တိုးမပြောကြဘဲ မိမိတို့၏ ဆက်ဆံရေးကို ထိန်းသိမ်းရန် စဉ်းလဲသော နည်းလမ်းများကို အသုံးချကြသည်။ ဤသို့သော ဆက်ဆံရေးများကို အဘယ်ကြောင့် ထိန်းသိမ်းချင်သနည်း။ ဤလူ့အဖွဲ့အစည်း၊ မိမိ၏အဖွဲ့အတွင်းတွင် ရန်သူများရှိအောင် မပြုလုပ်လိုခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်လျှင် မိမိကိုယ်ကို အန္တရာယ်ရှိသော အခြေအနေများ ကျရောက်စေခြင်း ဖြစ်သည်ဟု ဆိုလိုပေမည်။ တစ်စုံတစ်ဦးကို သူ၏ အားနည်းချက်များအား သင်ဖော်ပြီးနောက်၊ သို့မဟုတ် သူ့ကို နာကျင်အောင် လုပ်ပြီးနောက် ထိုသူသည် သင်၏ ရန်သူဖြစ်လာပြီး သင့်ကို အန္တရာယ်ပြုမည်ကို သိကာ သင်သည် ထိုအခြေအနေသို့ မကျရောက်လိုပါက ‘သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’ ဟု ဆိုသည့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ် ယုံကြည်မှုကို သင် အသုံးချသည်။ ဤအရာအရ လူနှစ်ယောက်သည် ဤသို့သော ဆက်ဆံရေးတွင်ရှိလျှင် စစ်မှန်သည့်မိတ်ဆွေများအဖြစ် အကျုံးဝင်သလော။ (မဝင်ပါ။) အချင်းချင်း၏ ယုံကြည်ရသူဖြစ်ဖို့မဆိုထားနှင့်၊ စစ်မှန်သော မိတ်ဆွေများမဟုတ်ပေ။ ဤသို့ဆိုလျှင် ဤသည်မှာ အတိအကျ မည်သည့်ဆက်ဆံရေးမျိုးဖြစ်သနည်း။ အခြေခံ လူမှုဆက်ဆံရေးတစ်ခု မဟုတ်သလော။ (ဟုတ်ပါသည်။) ဤသို့သော လူမှုဆက်ဆံရေးများတွင် လူတစ်ဦးနှင့် တစ်ဦးကြား ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးခြင်းများကို မလုပ်ဆောင်နိုင်သကဲ့သို့ လေးနက်သော ဆက်သွယ်မှုကို မရနိုင်ပေ။ ၎င်းတို့ ဆန္ဒရှိသလို မပြောနိုင်ပေ။ ၎င်းတို့၏ စိတ်နှလုံးတွင်ရှိသောအရာ၊ သို့မဟုတ် သူတစ်ပါးတို့တွင် ၎င်းတို့မြင်သော ပြဿနာများ၊ သို့မဟုတ် သူတစ်ပါးတို့အတွက် အကျိုးဖြစ်မည့်စကားများကို ၎င်းတို့ ထုတ်မပြောနိုင်ပေ။ ထိုအစား အခြားသူများ၏ မျက်နှာသာပေးခြင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ကြားကောင်းသော စကားများကို ရွေးပြောသည်။ အခြားသူများက ၎င်းတို့အပေါ် ရန်လိုသောအတွေးများ မဖြစ်လာစေရန် တားဆီးဖို့အလို့ငှာ ၎င်းတို့သည် အမှန်တရားအကြောင်း မပြောရဲကြပေ၊ သို့မဟုတ် စည်းမျဉ်းများကို မစောင့်ထိန်းရဲကြပေ။ တစ်စုံတစ်ဦးကို မည်သူကမျှ မခြိမ်းခြောက်နေသောအခါ ထိုသူသည် အတော်အတန် သက်သာ၊ အေးချမ်းစွာဖြင့် အသက်ရှင်ရသည် မဟုတ်လော။ ‘သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’ ဆိုသည့်ဆိုရိုးကို အားပေးမြှင့်တင်ဖို့မှာ လူတို့၏ ပန်းတိုင်မဟုတ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာ မိမိကိုယ်ကို ထိန်းသိမ်းခြင်းသည် ပန်းတိုင်ဖြစ်သော သတိထားရှောင်ခြင်း နည်းလမ်းတစ်မျိုးဖြင့် ကလိမ်ကကျစ်ကျပြီး လှည့်စားတတ်သည့် ရှင်သန်မှု နည်းလမ်းတစ်ခု ဖြစ်သည်မှာ ရှင်းသည်။ ဤသို့အသက်ရှင်ရာတွင် ယုံကြည်ရသူ မရှိပေ။ သူတို့နှစ်သက်သည့်အရာ မှန်သမျှကို ပြောနိုင်သည့် ရင်းနှီးသောမိတ်ဆွေများမရှိပေ။ လူတို့ကြားတွင် တစ်ဦးချင်းစီက ၎င်းတို့ လိုအပ်သည့်အရာကို ထိုပေါင်းသင်းဆက်ဆံရေးမှ ယူဆောင်ခြင်းဖြင့် အပြန်အလှန် သတိထားရှောင်ခြင်း၊ အပြန်အလှန် အသုံးချခြင်းနှင့် အပြန်အလှန် ကျိတ်ကြံစည်ခြင်းများ ရှိကြသည်။ ဤသို့မဟုတ်သလော။ ဤအရာ၏ အရင်းအမြစ်တွင် ‘သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’ ဆိုသည့် ပန်းတိုင်သည် သူတစ်ပါးတို့အား စိတ်ဆိုးအောင်ပြုလုပ်ပြီး ရန်သူများဖြစ်စေခြင်းကို တားဆီးရန်၊ မည်သူ့ကိုမျှ မထိခိုက်စေခြင်းအားဖြင့် မိမိကိုယ်ကို ကာကွယ်ရန်ဖြစ်သည်။ ဤသည်မှာ မိမိကိုယ်ကိုမထိခိုက်အောင် ထိန်းသိမ်းရန် အကြင်သူ ခံယူသည့် နည်းပရိယာယ်နှင့် နည်းလမ်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၈)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ဖော်ထုတ်ထားတာကနေ ကျွန်မ နားလည်လိုက်ရတာကတော့၊ “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုတဲ့ လောကီဆက်ဆံရေး အတွေးအခေါ်အတိုင်း အသက်ရှင်နေမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ပိုပိုပြီး ကောက်ကျစ်စဉ်းလဲလာပြီး လှည့်ဖြားတတ်လာစေလိမ့်မယ် ဆိုတာပါပဲ။ ကိုယ့်စိတ်ထဲမှာ တကယ်ရှိတဲ့စကားကို ဘယ်သူ့ကိုမှ မပြောနိုင်တော့ဘူး၊ တခြားတစ်ယောက်အတွက် အကျိုးရှိစေမယ့် စကားမျိုးကိုတောင် မပြောရဲတော့ဘူး၊ ပြီးတော့ သူတို့ကို ဘာမှ တကယ်တမ်း ကူညီပေးနိုင်မှာ မဟုတ်ဘူး။ ဒါက ဘာသာတရားမရှိသူတွေက လောကီဆက်ဆံရေးတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ နည်းလမ်းပဲ။ ဒီနှစ်တွေအားလုံးမှာ ကျွန်မက စာတန်ရဲ့ လောကီဆက်ဆံရေး အတွေးအခေါ်အတိုင်း အသက်ရှင်ခဲ့တယ်။ ကျွန်မက “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုတာကို ကိုယ့်ရဲ့ ရှင်သန်ရပ်တည်ရေး နည်းလမ်းအဖြစ် မှတ်ယူခဲ့တယ်။ တခြားတစ်ယောက်ရဲ့ ပြဿနာတွေ၊ အားနည်းချက်တွေကို သတိပြုမိတဲ့အခါ ပါးပါးနပ်နပ်လေး သတိပေးလိုက်ရုံနဲ့ လုံလောက်ပြီ၊ ပြီးတော့ သူတို့ကို ဖော်ထုတ်တာ၊ ဒါမှမဟုတ် စိတ်ဖြာလေ့လာဆွေးနွေးတာ မလုပ်သင့်ဘူး၊ မဟုတ်ရင် သူတို့ကို စိတ်ဆိုးအောင်လုပ်မိပြီး ရန်သူဖြစ်စေမယ်၊ ကိုယ့်ကိုယ်ကိုယ် ထိခိုက်စေမှာပဲလို့ ကျွန်မ ယုံကြည်ခဲ့တယ်။ ကျွန်မရဲ့ အိမ်နီးနားချင်းတစ်ယောက်ယောက်မှာ မှားနေတာတစ်ခုခုကို တွေ့ရင်တောင် ဘာမှမပြောခဲ့ဘူး၊ အိမ်နီးနားချင်းတွေကို စိတ်ဆိုးအောင်လုပ်မိပြီး အကျိုးဆက်အနေနဲ့ ဝိုင်းပယ်ခံရမှာကို ကြောက်လို့ ဘုရားသခင်ကို ယုံကြည်ပြီးနောက်မှာတောင် ဒီအမြင်အတိုင်းပဲ ဆက်ပြီး အသက်ရှင်ခဲ့တယ်။ အသင်းတော်ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်မရဲ့ညီအစ်ကိုမောင်နှမတွေ ထုတ်ဖော်တဲ့ ဘယ်ဖောက်ပြန်ပျက်စီးမှုကိုမဆို ကျွန်မတွေ့တဲ့အခါ၊ ကျွန်မက မေတ္တာနဲ့ ကူညီပြီး သူတို့ရဲ့ ပြဿနာတွေကို ထောက်ပြပေးသင့်တယ်။ ဒါက ကျွန်မ ဖြည့်ဆည်းသင့်တဲ့ တာဝန်ပဲ၊ ဒါပေမဲ့ ကျွန်မက တကယ့်အလုပ်ကို တစ်စက်မှ မလုပ်ခဲ့ဘူး။ ညီအစ်ကိုမောင်နှမတွေက ကျောက်ကျိန်းရဲ့ ပြဿနာကို သတင်းပို့တဲ့အခါ၊ ကျွန်မသာ သူနဲ့ မိတ်သဟာယမဖွဲ့ဘဲ သူ့ရဲ့ပြဿနာကို စိတ်ဖြာလေ့လာဆွေးနွေးတာမလုပ်ရင်၊ သူ့ကိုယ်သူ နားလည်ပြီး ပြုပြင် ပြောင်းလဲအောင် မကူညီရင်၊ သူက ညီအစ်ကိုမောင်နှမ အများကြီးကို ပိုပြီး ဘောင်ခတ်မှာဖြစ်ပြီး အလုပ်ကိုလည်း ထိခိုက်စေမယ်ဆိုတာကို ကောင်းကောင်းသိတယ်။ ဒါပေမဲ့ သူ့ကို စိတ်ဆိုးအောင်လုပ်မိရင် နောင်မှာ အတူတူ ပေါင်းသင်းရခက်မှာနဲ့၊ ခေါင်းဆောင်ပိုင်းအလုပ် လုပ်ရခက်မှာကို ကြောက်ခဲ့တယ်။ ဒါကြောင့် ကျွန်မက အပေါ်ယံပဲ ပြောခဲ့တယ်။ အကျိုးဆက်အနေနဲ့ ကျောက်ကျိန်းက သူ့ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကို ဘာမှနားလည်မှုမရှိခဲ့ဘဲ လုံးဝမပြောင်းလဲခဲ့ဘူး။ ဝမ်ဟုန်ရဲ့ ကိစ္စမှာလည်း ဒီအတိုင်းပဲ။ ဝမ်ဟုန်က ကြောက်ရွံ့စိတ်နဲ့ အသက်ရှင်နေပြီး၊ စုဝေးပွဲမတက်၊ တာဝန်မထမ်းဆောင်တာကြောင့် အလုပ်ကို နှောင့်နှေးစေခဲ့တာကို ကျွန်မ ရှင်းရှင်းလင်းလင်း မြင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မသာ သူ့ရဲ့ပြဿနာတွေကို ပထမဆုံးအကြိမ် တွေ့ဆုံချိန်မှာ ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးရင်၊ သူက ကျွန်မကို မစာနာဘူးလို့ ပြောမှာပဲလို့ ကျွန်မ တွေးခဲ့တယ်။ သူ့ကို စိတ်ဆိုးအောင်လုပ်မိရင် ဘယ်လိုလုပ်မလဲ။ ဒါကြောင့် ကျွန်မက သူ့ပြဿနာတွေကို ဖော်ထုတ်ဖို့၊ ထောက်ပြဖို့ မလုပ်ချင်ခဲ့ဘူး၊ ပြီးတော့ ဉာဏ်များပြီး အဲ့ဒီပြဿနာကို ရေလောင်းပေးခြင်း သင်းထောက်ဆီ ပုံချပြီး ဖြေရှင်းခိုင်းလိုက်သေးတယ်။ ကျွန်မက လူတွေနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းဖို့ စာတန်ဆန်တဲ့ အတွေးအခေါ်တွေကို သုံးခဲ့တယ်။ အပြင်ပန်းမှာတော့ လူတိုင်း အဆင်ပြေပြေ ပေါင်းသင်းနေကြသလို ထင်ရတယ်၊ တကယ်တမ်းမှာတော့ ကျွန်မက ကျွန်မရဲ့ညီအစ်ကိုမောင်နှမတွေကို ထိခိုက်စေခဲ့ပြီး အလုပ်ကို နှောင့်နှေးစေခဲ့တယ်။ ကျွန်မသာ သမ္မာတရားကို စောစောစီးစီး လက်တွေ့လုပ်ဆောင်ပြီး ကျောက်ကျိန်းနဲ့ ဝမ်ဟုန်ရဲ့ ပြဿနာတွေကို ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးပေးခဲ့မယ်ဆိုရင်၊ သူတို့က သူတို့ကိုယ်သူတို့ စောစောစီးစီး နားလည်ခဲ့ကြမှာဖြစ်ပြီး၊ အသင်းတော်ရဲ့အလုပ်နဲ့ သူတို့ရဲ့ အသက်ဝင်ရောက်မှုအပေါ် ဖြစ်ခဲ့တဲ့ ထိခိုက်ပျက်စီးမှုတွေကိုလည်း ရှောင်ရှားနိုင်ခဲ့မှာပဲ။ “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုတာဟာ အပြုသဘောဆောင်တဲ့အရာ မဟုတ်ဘဲ၊ ကောက်ကျစ်စဉ်းလဲပြီး လှည့်ဖြားတတ်တဲ့ လောကီဆက်ဆံရေးကို ကျင့်သုံးတဲ့နည်းလမ်းတစ်ခုသာ ဖြစ်တယ်ဆိုတာကို ကျွန်မ မြင်ခဲ့တယ်။ ဒါဟာ သမ္မာတရားနဲ့ လုံးဝကို ဆန့်ကျင်နေတယ်။ ကျွန်မသာ စာတန်ရဲ့ အတွေးအခေါ်တွေအတိုင်း ဆက်ပြီးအသက်ရှင်ခဲ့မယ်ဆိုရင်၊ တခြားသူတွေကိုရော ကိုယ့်ကိုယ်ကိုယ်ပါ ထိခိုက်စေမယ့် အရာအများကြီးကို လုပ်မိမှာဖြစ်ပြီး၊ အသင်းတော်ရဲ့ အလုပ်ကို အဖျက်အမှောင့်လုပ်ခြင်းနဲ့ အနှောင့်အယှက်ပေးခြင်းတွေ ဖြစ်စေပြီး ဘုရားသခင်ရဲ့ ရွံရှာမုန်းတီးမှုကို ခံရမှာပါပဲ။ နောက်ဆုံးမှာတော့ ကျွန်မဟာ ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခြင်းကို ခံရမှာပါ။
နောက်ပိုင်းမှာ ကျွန်မ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ထပ်ပြီး ဖတ်ရှုခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “‘သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’ ဟူသော ဆိုရိုးစကားတွင် ‘ဖော်’ ဆိုသည့်စကားသည် ကောင်းသလော၊ ဆိုးသလော။ ‘ဖော်’ ဆိုသည့် စကားသည် ဘုရားနှုတ်ကပတ်တော်အတွင်းတွင် လူတို့ ထုတ်ဖော်ခံရခြင်း၊ သို့မဟုတ် ဖွင့်ပြခံရခြင်းကို ရည်ညွှန်းသည့် အဆင့်တွင်ရှိသလော။ (မရှိပါ။) လူသား၏ ဘာသာစကားတွင် တည်ရှိသည့်ပုံစံအရ ‘ဖော်’ ဟူသည့် စကားအပေါ် ငါ၏ နားလည်မှုတွင် ယင်းကို မဆိုလိုပေ။ ယင်း၏ အနှစ်သာရသည် အတော်အတန် မလိုမုန်းထားသော ပုံစံတစ်ခုဖြင့် ဖော်ထုတ်ခြင်းဖြစ်သည်။ ယင်းသည် လူတို့၏ ပြဿနာများနှင့် ချို့ယွင်းချက်များ၊ သို့မဟုတ် သူတစ်ပါးတို့မသိသည့် အချို့သောအရာများနှင့် အပြုအမူများ၊ သို့မဟုတ် နောက်ကွယ်တွင် လုပ်ဆောင်နေသည့် အချို့သော ကြံစည်မှု၊ အယူအဆ၊ သို့မဟုတ် အမြင်များအား ထုတ်ဖော်ခြင်းကို ဆိုလိုသည်။ ဤသည်မှာ ‘သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’ ဆိုသော ဆိုရိုးစကားတွင်ရှိသော ‘ဖော်’ ဟူသော စကား၏ အဓိပ္ပာယ်ဖြစ်သည်။ လူနှစ်ယောက်သည် ဆက်ဆံရေးကောင်းစွာအဆင်ပြေပြီး အတွင်းရေးများကို ပြောဆိုကြသောသူများဖြစ်ကာ ၎င်းတို့ကြားတွင် မည်သည့်အတားအဆီးမျှ မရှိလျှင်၊ ၎င်းတို့တစ်ဦးချင်းစီက အချင်းချင်းအပေါ် အကျိုးဖြစ်စေပြီး အကူအညီဖြစ်စေဖို့ မျှော်လင့်လျှင် အတူတကွထိုင်ပြီး ပွင့်လင်းစွာ၊ ရိုးသားစွာဖြင့် အချင်းချင်း၏ ပြဿနာများကို ချပြခြင်းက ၎င်းတို့အတွက် အကောင်းဆုံးဖြစ်လိမ့်မည်။ ဤသည်မှာ သင့်တင့်လျောက်ပတ်သည်။ အခြားလူများ၏ အားနည်းချက်များကို ဖော်ခြင်းမဟုတ်ပေ။ သင်သည် အခြားလူတစ်ယောက်၏ ပြဿနာကို မြင်တွေ့သော်လည်း ထိုသူသည် သင်၏ အကြံကို လက်မခံနိုင်သေးသည်ကို မြင်လျှင် စကားများခြင်း၊ ပဋိပက္ခဖြစ်ခြင်းကို ရှောင်ကြဉ်ရန် မည်သည့်အရာကိုမျှ မပြောနှင့်။ သင်သည် ထိုသူကို ကူညီလိုလျှင် သူ၏ အမြင်ကို သိအောင်ပြုလုပ်ပြီး သူ့အား ရှေးဦးစွာ မေးလော့။ ‘မင်းမှာ ပြဿနာ နည်းနည်းရှိနေတာကို ငါသိတယ်။ မင်းကို အကြံနည်းနည်း ပေးဖို့ ငါ ဆန္ဒရှိတယ်။ မင်း လက်ခံနိုင်မလားဆိုတာ ငါမသိပါဘူး။ လက်ခံမယ်ဆိုရင် ငါပြောပြမယ်။ လက်မခံရင် လောလောဆယ် ဒီတိုင်းထားလိုက်ပြီး ဘာမှ မပြောတော့ဘူး’ ဟူ၍ ဖြစ်သည်။ ထိုသူက ‘ငါ မင်းကို ယုံတယ်။ မင်းပြောစရာ ဘာပဲရှိရှိ အလွန်အကျွံဖြစ်မှာမဟုတ်ဘူး။ ငါ လက်ခံနိုင်ပါတယ်’ ဟု ပြောလျှင် သင်က ခွင့်ပြုချက်ရရှိပြီးဖြစ်သည့် သဘောဖြစ်သည်။ ထို့နောက် သူ၏ ပြဿနာများကို သူ့အား တစ်ခုချင်း ပြောပြနိုင်သည်။ သူသည် သင်ပြောသည့်အရာကို အပြည့်အဝ လက်ခံမည်သာမက ယင်းမှနေ အကျိုးဖြစ်လိမ့်မည်။ သင်တို့နှစ်ယောက်သည် ပုံမှန် ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ဆဲ ဖြစ်လိမ့်မည်။ ဤသည်မှာ ရိုးသားစစ်မှန်မှုဖြင့် အချင်းချင်း ဆက်ဆံခြင်းမဟုတ်လော။ (ဟုတ်သည်။) ယင်းသည် သူတစ်ပါးတို့နှင့် ဆက်ဆံခြင်းအတွက် မှန်ကန်သော နည်းလမ်းဖြစ်သည်။ သူတစ်ပါးတို့၏ အားနည်းချက်များကို ဖော်ခြင်းမဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၈)) ဘုရားနှုတ်ကပတ်တော်တွေကနေ တခြားသူတွေရဲ့ အားနည်းချက်တွေကို ထောက်ပြခြင်းဆိုတာ ဘာလဲ၊ ပြီးတော့ မှန်ကန်တဲ့ ထောက်ပြကူညီခြင်းဆိုတာ ဘာလဲဆိုတာကို ကျွန်မ နားလည်ခဲ့တယ်။ တစ်စုံတစ်ယောက်ရဲ့ အားနည်းချက်တွေကို ထောက်ပြခြင်းဟာ မလိုမုန်းထားတဲ့ တိုက်ခိုက်မှုတစ်ခုဖြစ်ပြီး၊ သူတစ်ပါးရဲ့ အားနည်းချက်တွေ၊ ကိုယ်ရေးကိုယ်တာကိစ္စတွေ၊ နောက်ပြီး အထိမခံနိုင်ဆုံး အရာတွေကို တမင်တကာ မလွှတ်တမ်း အသုံးချတာပဲ။ ဒါဟာ တမင်တကာ အရှက်ခွဲတာဖြစ်ပြီး သူတို့ကို နစ်နာမှုတွေပဲ ယူဆောင်လာပေးတယ်။ အခြားတစ်ဖက်မှာတော့ ဘုရားသခင်ရဲ့အိမ်တော်မှာ ကျွန်မတို့ရဲ့ ညီအစ်ကိုမောင်နှမတွေက ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ ထုတ်ဖော်တာ၊ ဒါမှမဟုတ် စည်းမျဉ်းတွေနဲ့ ဆန့်ကျင်ပြီး ပြုမူလုပ်ဆောင်တာကို တွေ့တဲ့အခါ၊ ကျွန်မတို့က သူတို့ရဲ့ပြဿနာတွေကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့အညီ ဖော်ထုတ်၊ စိတ်ဖြာလေ့လာဆွေးနွေးပြီး ထောက်ပြတယ်၊ ပြီးတော့ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို နားလည်အောင် ကူညီပေးတယ်။ ဒါက သူတို့ရဲ့ အသက်ဝင်ရောက်မှုအတွက် အကျိုးရှိတယ်။ ဒီလိုမျိုး စိတ်ဖြာလေ့လာဆွေးနွေးခြင်းနဲ့ ဖော်ထုတ်ခြင်းဟာ သူတို့ကို ထောက်ပြခြင်းမဟုတ်ဘဲ မေတ္တာနဲ့ ကူညီတာသာ ဖြစ်ပါတယ်။ ကျောက်ကျိန်းရဲ့ ပြဿနာကို ကိုင်တွယ်ဖြေရှင်းရာမှာ၊ ကျွန်မက သူမရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့အညီ ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးတဲ့အခါ၊ သူ ပြုပြင်ပြောင်းလဲနိုင်ဖို့၊ အသက်ဝင်ရောက်မှု ရရှိနိုင်အောင် သူ့ပြဿနာတွေကို ဆင်ခြင်သုံးသပ်ပြီး သိရှိအောင် ကူညီပေးနေခဲ့တာပဲ၊ ပြီးတော့ သူ့ရဲ့ ညီအစ်ကိုမောင်နှမတွေနဲ့ သဟဇာတရှိရှိ ပူးပေါင်းဆောင်ရွက်ပြီး သူ့တာဝန်ကို ကောင်းကောင်းထမ်းဆောင်နိုင်ဖို့လည်း ဖြစ်တယ်။ ဒါက သူ့အတွက် အကျိုးရှိတဲ့အရာ ဖြစ်ခဲ့တယ်။ ဒါ့အပြင် ကျွန်မက ဝမ်ဟုန်နဲ့ မိတ်သဟာယဖွဲ့ပြီး သူ့ရဲ့ တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့ ပြဿနာကို စိတ်ဖြာလေ့လာဆွေးနွေးတဲ့အခါ၊ ရည်ရွယ်ချက်က သူ့ရဲ့ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းတဲ့ သဘာဝအနှစ်သာရကို နားလည်မှုရရှိအောင် ကူညီဖို့ပဲ၊ ဒါမှ သူက နောင်တရပြီး ပြုပြင်ပြောင်းလဲကာ သူ့တာဝန်ကို ထမ်းဆောင်နိုင်မှာပေါ့။ ဒါကလည်း ဝမ်ဟုန်ကို ကူညီပေးနေတာပဲ။ ဒီလိုမျိုး ဖော်ထုတ်ခြင်းနဲ့ စိတ်ဖြာလေ့လာဆွေးနွေးခြင်းဟာ သမ္မာတရားစည်းမျဉ်းတွေနဲ့ ကိုက်ညီပြီး အပြုသဘောဆောင်တဲ့အရာတစ်ခုဖြစ်တယ်၊ ဒါက လူတွေကို ထောက်ပြနေတာ မဟုတ်ဘူး။ ထောက်ပြခြင်းနဲ့ မှန်ကန်တဲ့ လမ်းညွှန်ကူညီမှုကြားက ခြားနားချက်ကို ဆုံးဖြတ်ဖို့၊ အဓိကကြည့်ရမယ့်အရာက ရည်ရွယ်ချက်နဲ့ စတင်တဲ့အချက်ပဲ။ ပြီးတော့ ကျွန်မက တခြားလူတွေရဲ့ ပြဿနာတွေကို ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးလိုက်ရင် သူတို့ကို စိတ်ဆိုးအောင်လုပ်မိပြီး ရန်သူလို သဘောထားခံရမှာကို အမြဲတမ်း စိုးရိမ်ခဲ့တယ်၊ အဲ့ဒါက ကျွန်မရဲ့ခေါင်းဆောင်ပိုင်းအလုပ်ကို ပိုခက်ခဲစေမှာလေ။ ဒါကြောင့် ကျွန်မက လူတွေနဲ့ဆက်ဆံရေးကို အမြဲလိုလို ထိန်းသိမ်းခဲ့တယ်။ တကယ်တော့ ဘုရားသခင်ရဲ့ အိမ်တော်က လူ့အဖွဲ့အစည်းနဲ့ မတူဘူး။ ဘုရားသခင်ရဲ့အိမ်တော်မှာ သမ္မာတရားက အုပ်စိုးတယ်။ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ဆိုရင် သမ္မာတရား စည်းမျဉ်းတွေအတိုင်း ပြုမူလုပ်ဆောင်ရမယ်၊ ပြီးတော့ တခြားသူတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတွေကို ထိန်းသိမ်းမှသာ အလုပ်ကို ကောင်းကောင်းလုပ်နိုင်တယ်ဆိုတာက မဟုတ်ဘူး။ ကျွန်မရဲ့ အတွေးအခေါ်တွေက အရမ်းကို လွဲမှားနေပြီး သမ္မာတရားနဲ့ လုံးဝမကိုက်ညီဘူးဆိုတာကို ကျွန်မ နားလည်ခဲ့ရတယ်။
ကျွန်မ ဆက်ပြီး ရှာဖွေခဲ့တယ်။ ဘယ်လို ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက ကျွန်မကို တခြားလူတွေရဲ့ ပြဿနာတွေကို မဖော်ထုတ်ရဲအောင် လုပ်ခဲ့တာလဲပေါ့။ ကျွန်မ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်ရှုခဲ့တယ်။ “အသိစိတ်နှင့် ဆင်ခြင်တုံတရား နှစ်ခုလုံးတို့သည် လူတစ်ဦး၏ လူ့သဘာဝ၏ အစိတ်အပိုင်းများ ဖြစ်သင့်သည်။ ယင်းတို့နှစ်ခုလုံးသည် အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံး ဖြစ်သည်။ အသိစိတ် ကင်းမဲ့ပြီး သာမန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားမရှိသူသည် မည်သည့် လူစားမျိုး ဖြစ်သနည်း။ ယေဘုယျအားဖြင့် ပြောရလျှင်၊ သူသည် လူ့သဘာဝကင်းမဲ့သူ ဖြစ်သည်၊ ညံ့ဖျင်းသော လူ့သဘာဝကို ပိုင်ဆိုင်သည့်လူတစ်ဦး ဖြစ်သည်။ ပို၍ အသေးစိတ်ကြည့်လျှင် ဤလူသည် လူ့သဘာဝ ပျောက်ဆုံးနေသည့် မည်သည့်သရုပ်သကန်ကို ထုတ်ဖော်ပြသနည်း။ ဤကဲ့သို့သောလူတို့တွင် မည်သည့်စရိုက်လက္ခဏာများကို တွေ့ရပြီး မည်သည့် သီးသန့် သရုပ်သကန်တို့ကို တင်ပြသည်ဆိုသည်ကို ပိုင်းခြားစိစစ်ကြည့်ပါ။ (သူတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်။) တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည့် လူများသည် မိမိတို့၏ လုပ်ဆောင်ချက်များတွင် ဝတ်ကျေတမ်းကျေဖြစ်ကြပြီး ၎င်းတို့ကို ပုဂ္ဂိုလ်ရေးအရ မပတ်သက်သည့် မည်သည့်အရာကိုမဆို အဖက်မလုပ်ဘဲ နေတတ်ကြသည်။ ဘုရားသခင်၏အိမ်တော်၏ အကျိုးများကို ၎င်းတို့ အရေးမထားကြသကဲ့သို့၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကိုလည်း အရေးထားခြင်း မပြကြပေ။ ၎င်းတို့၏ တာဝန်များကို ဆောင်ရွက်ခြင်း သို့မဟုတ် ဘုရားသခင်အတွက် သက်သေခံခြင်း ဝန်ထုပ်ကို သူတို့ တာဝန်မယူကြသကဲ့သို့၊ တာဝန်သိစိတ် မရှိကြပေ။...ဤလူစားမျိုးသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိပါသလော။ (မရှိပါ။) အသိစိတ်နှင့် ဆင်ခြင်တုံတရားမရှိသော ဤသို့ ပြုမူသည့် လူတစ်ဦးသည် မိမိကိုယ်ကိုယ် အပြစ်တင်မှု ခံစားရသလော။ ဤကဲ့သို့သောလူတို့သည် မိမိကိုယ်ကိုယ် အပြစ်တင်စိတ်မရှိပေ။ ဤလူသားမျိုး၏ အသိစိတ်သည် မည်သည့်အကျိုးအတွက်မျှ အသုံးမတည့်ပေ။ ၎င်းတို့သည် လိပ်ပြာမသန့်ခြင်းကို လုံးဝ မခံစားကြဖူးပေ။ သို့ဆိုလျှင်၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အပြစ်တင်မှု သို့မဟုတ် ဆုံးမပဲ့ပြင်မှုကို ၎င်းတို့ ခံစားနိုင်သလော။ မခံစားနိုင်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ခြင်းအားဖြင့် သမ္မာတရားကို ရရှိနိုင်သည်) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးနောက်၊ ကျွန်မရဲ့ နှလုံးသားကို ထိုးဖောက်သွားသလို ခံစားလိုက်ရတယ်၊ ကျွန်မလုပ်ခဲ့တဲ့အရာတွေအတွက် အပြစ်ရှိသလို ခံစားရပြီး စိတ်မသက်မသာဖြစ်ခဲ့တယ်။ အသိစိတ်နဲ့ လူ့သဘာဝရှိတဲ့လူတွေက သူတို့ရဲ့တာဝန်တွေမှာ ဝန်တာထားပြီး တာဝန်ယူစိတ်ရှိတယ်၊ အသင်းတော်ရဲ့ အကျိုးစီးပွားကို အမြဲလိုလို ထည့်စဉ်းစားပြီး၊ အသင်းတော်ရဲ့အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်တဲ့အရာတွေကို လုပ်တဲ့လူတွေကို ဖော်ထုတ်ပြီး လေ့လာစိတ်ဖြာဆွေးနွေးပေးကြတယ်။ ဆန့်ကျင်ဘက်အနေနဲ့ လူ့သဘာဝမရှိတဲ့သူတွေက ပထမဆုံးစဉ်းစားတာက လူတွေကို စိတ်ဆိုးအောင်လုပ်မိမှာနဲ့ ရန်သူဖြစ်မှာကို ကြောက်တာပဲ။ သူတို့က ကိုယ့်အကျိုးစီးပွားကိုပဲ ကာကွယ်ပြီး လူ့အကြိုက်လိုက်သူတွေလို ပြုမူကြတယ်၊ အသင်းတော်ရဲ့ အကျိုးစီးပွားကိုတော့ လုံးဝမကာကွယ်ကြဘူး။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်တဲ့အခါ၊ ကျွန်မဟာ ဘုရားသခင် ဖော်ထုတ်ခဲ့တဲ့ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းတဲ့ လူ့သဘာဝညံ့ဖျင်းသူတစ်ယောက်ဖြစ်တယ်ဆိုတာကို ကျွန်မ တွေ့ခဲ့ရတယ်။ ညီအစ်ကိုမောင်နှမတွေက ကျောက်ကျိန်းကြောင့် ဘောင်ခတ်ခံနေရပြီး၊ ဒါက အသင်းတော်ရဲ့အလုပ်နဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုအပေါ်မှာ သက်ရောက်မှုရှိနေပြီဆိုတာကို ကျွန်မ ရှင်းရှင်းလင်းလင်း သိခဲ့တယ်။ ဒါ့အပြင် ဝမ်ဟုန်က သူ့ရဲ့ ဘေးကင်းလုံခြုံရေးအတွက် အန္တရာယ်တွေကို အကြောင်းပြချက်အဖြစ် အသုံးပြုပြီး သူ့ရဲ့တာဝန်တွေကို စွန့်လွှတ်ခဲ့တယ်။ အသင်းတော်ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်မက သူတို့နဲ့ မိတ်သဟာယဖွဲ့ပြီး ဒီပြဿနာတွေကို အမြန်ဆုံး စိတ်ဖြာလေ့လာဆွေးနွေးသင့်တယ်၊ ဒါမှ သူတို့က ဒီလိုဆက်လုပ်နေခြင်းရဲ့ ထိခိုက်မှုနဲ့ အကျိုးဆက်တွေကို နားလည်နိုင်မယ်၊ သူတို့ရဲ့အခြေအနေတွေကို အချိန်မီ ပြောင်းလဲပြီး သူတို့ရဲ့တာဝန်ကို ကောင်းကောင်းထမ်းဆောင်နိုင်မှာပေါ့။ ဒါပေမဲ့ ကျွန်မက သူတို့ကို စိတ်ဆိုးအောင်လုပ်မိရင် သူတို့က ကျွန်မကို မကျေမနပ်ဖြစ်ပြီး ဝိုင်းပယ်ကြမှာကို ကြောက်ခဲ့တယ်၊ ဒါကြောင့် သူတို့နဲ့ မိတ်သဟာယမဖွဲ့ခဲ့ဘူး။ အမြဲလိုလို ကျွန်မက ကိုယ့်အကျိုးစီးပွားကိုပဲ ကာကွယ်ခဲ့ပြီး၊ လူတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကို ထိန်းသိမ်းဖို့နဲ့ သူတို့အပေါ်မှာ အထင်အမြင်ကောင်းကျန်ရစ်ဖို့ကိုပဲ စဉ်းစားခဲ့တယ်။ အသင်းတော်ရဲ့ အကျိုးစီးပွားကို လုံးဝထည့်မစဉ်းစားခဲ့ဘူး၊ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်တာတွေ နစ်နာဆုံးရှုံးမှု ခံစားရမလားဆိုတာကိုလည်း ထည့်မစဉ်းစားခဲ့ဘူး။ ကျွန်မဟာ လုံးဝကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းတယ်၊ ပြီးတော့ တရားမျှတစိတ် တစ်စက်လေးမှ မရှိခဲ့ဘူး။ ကျွန်မက ကိုယ့်တာဝန်ကို လုံးဝထမ်းဆောင်နေတာ မဟုတ်ဘူး။ ကျွန်မက မကောင်းမှုလုပ်ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်နေတာပဲ။ ကျွန်မသာ နောင်တရပြီး မပြောင်းလဲဘူးဆိုရင် နောက်ဆုံးမှာ ဘုရားသခင်ရဲ့ ရွံရှာမုန်းတီးမှုကို ခံရပြီး ဖယ်ရှားရှင်းလင်းခြင်းကို ခံရမှာပဲ။ ဒါကို နားလည်သွားတဲ့အခါ ကျွန်မလုပ်ခဲ့တဲ့အရာတွေအတွက် နောင်တရမိတယ်။ ဘုရားသခင်ကို အကြွေးတင်သလို ခံစားရပြီး၊ ညီအစ်ကိုမောင်နှမတွေကိုလည်း စိတ်ပျက်အောင်လုပ်ခဲ့မိတယ်လို့ ခံစားရတယ်။ ကျွန်မ ဘုရားသခင်ဆီကို ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ သမီး နောင်တရပြီး လူ့သဘာဝနဲ့ တရားမျှတစိတ်ရှိတဲ့သူတစ်ယောက် ဖြစ်လာဖို့ ဆန္ဒရှိပါတယ်။ နောင်မှာ ကိုယ်တော့်ရဲ့ ရည်ရွယ်ချက်တွေကို အလေးထားပြီး အသင်းတော်ရဲ့ အကျိုးစီးပွားကို ကာကွယ်ချင်ပါတယ်” လို့ပေါ့။
ဆုတောင်းခြင်းနဲ့ ရှာဖွေခြင်းကတစ်ဆင့် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ထဲမှာ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခုကို ကျွန်မ ရှာတွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အကယ်၍ သင်သည် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးကို တည်ထောင်လိုပါက သင်၏စိတ်နှလုံးသည် သူ့ထံသို့ လှည့်ရမည်။ ယင်းကို အခြေခံအုတ်မြစ်အဖြစ်ထား၍ ထို့နောက်တွင် သင်သည် အခြားသူများနှင့်လည်း ပုံမှန် ဆက်ဆံရေးများ ရှိလိမ့်မည်။ သင့်တွင် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးမရှိပါက အခြားသူများနှင့် ဆက်ဆံရေးကို သင်မည်မျှပင် ထိန်းသိမ်းစေကာမူ သင်သည် မည်မျှပင် အလုပ်ကြိုးစားစေကာမူ၊ သို့မဟုတ် သင်သည် မည်မျှပင် အားစိုက်ထုတ်စေကာမူ အားလုံးသည် လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် လူသား၏ အတွေးအခေါ်နှင့်သာ ဖြစ်ပေမည်။ သင်သည် ဘုရားနှုတ်ကပတ်တော်နှင့်အညီ ပုံမှန် လူလူချင်း ပေါင်းသင်းဆက်ဆံရေးများကို ထူထောင်ခြင်းထက် လူများအလယ်ရှိ သင်၏ ဂုဏ်အဆင့်အတန်းကို ထိန်းသိမ်းနေပြီး လူ့အမြင်ရှုထောင့်များနှင့် လူ့အတွေးအခေါ်များအားဖြင့် သူတို့၏ ချီးမွမ်းခြင်းကို ကြိုးပမ်းရရှိလိမ့်မည်။ သင်သည် အခြားသူများနှင့် သင်၏ ဆက်ဆံရေးများအပေါ် အာရုံစိုက်မည့်အစား ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးကို ထိန်းသိမ်းကာ သင်၏ စိတ်နှလုံးကို ဘုရားသခင်ထံ ပေးအပ်၍ ကိုယ်တော်အား ကျိုးနွံနာခံရန် သင်ယူလိုလျှင် သင်၏ လူအပေါင်းတို့နှင့် ဆက်ဆံရေးများသည်လည်း အလိုအလျောက် ပုံမှန်ဖြစ်လာပေမည်။ ဤသို့ဆိုလျှင် ဤဆက်ဆံရေးများသည် ဇာတိပကတိဖြင့် တည်ဆောက်ခြင်း ဖြစ်လိမ့်မည်မဟုတ်ဘဲ ဘုရားသခင်ကို ချစ်ခြင်းဆိုင်ရာ အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ခြင်း ဖြစ်လိမ့်မည်။ သင်သည် အခြားလူတို့နှင့် ဇာတိပကတိဆိုင်ရာ အပြန်အလှန်ဆက်ဆံမှုများ မရှိလုနီးပါး ဖြစ်လိမ့်မည်။ သို့သော် ဝိညာဉ်ရေးအဆင့်တစ်ခုတွင် သင်တို့ကြား၌ မိတ်သဟာယဖွဲ့ခြင်း ရှိမည်ဖြစ်သည့်အပြင် အပြန်အလှန်ချစ်ခြင်း၊ နှစ်သိမ့်ခြင်း၊ ပံ့ပိုးခြင်းတို့လည်း ရှိလိမ့်မည်။ ဤအရာအားလုံးတို့ကို ဘုရားသခင်အား ကျေနပ်စေရန် ဆန္ဒတစ်ခု၏ အခြေခံအုတ်မြစ်အပေါ်တွင် လုပ်ဆောင်သည်။ ဤပေါင်းသင်းဆက်ဆံရေးများကို လူသား၏ လောကီဆိုင်ရာ ဆက်ဆံရေးအတွက် အတွေးအခေါ်များအားဖြင့် ထိန်းသိမ်းထားခြင်း မဟုတ်ပေ။ ယင်းတို့သည် သင့်အနေဖြင့် ဘုရားသခင်အတွက် ဝန်တာထားစိတ် ရှိသည့်အခါတွင် အလိုအလျောက် ဖြစ်ပေါ်သည်။ ဤဆက်ဆံရေးများသည် သင့်ထံမှ လူသား၏ အားထုတ်မှု တစ်ခုတလေကို မလိုအပ်ဘဲ ဘုရားနှုတ်ကပတ်တော်များ၏ စည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ဖို့ကိုသာ လိုအပ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် အလွန်အရေးကြီး၏) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မတို့ရဲ့ ညီအစ်ကိုမောင်နှမတွေနဲ့ ဆက်ဆံရေးမှာ တခြားသူတွေကို သမ္မာတရားစည်းမျဉ်းတွေနဲ့အညီ ဆက်ဆံသင့်တယ်ဆိုတာကို ကျွန်မ နားလည်ခဲ့တယ်။ ကျွန်မတို့ရဲ့ ညီအစ်ကိုမောင်နှမတွေဆီမှာ ဘယ်လို ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားမျိုးကိုမဆို တွေ့ရှိတဲ့အခါ၊ သူတို့နဲ့ မေတ္တာနဲ့ မိတ်သဟာယဖွဲ့ပြီး ကူညီပေးသင့်တယ်။ သူတို့က ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး နားလည်လာကာ အသက်ဝင်ရောက်မှုတချို့ ရရှိနိုင်အောင်လို့ပေါ့။ တခြားသူတွေနဲ့ ကျွန်မတို့ရဲ့ဆက်ဆံရေးတွေကို ထိန်းသိမ်းဖို့ လောကီဆက်ဆံရေးအတွက် အတွေးအခေါ်တွေကို ကျွန်မတို့ အားမကိုးသင့်ဘူး။ တစ်ခါတလေ၊ တခြားလူတွေက ကိုယ့်ပြဿနာကိုယ် မမြင်တဲ့အခါ၊ ကျွန်မတို့က သူတို့ကို ဖော်ထုတ်ပြီး လေ့လာစိတ်ဖြာဆွေးနွေးပေးရမယ်။ သူတို့သာ သမ္မာတရားကို လိုက်စားတဲ့ ညီအစ်ကိုမောင်နှမတွေဖြစ်နေသရွေ့၊ သူတို့က ဒါကို မှန်မှန်ကန်ကန် သဘောထားနိုင်ပြီး နောက်ပိုင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်လိမ့်မယ်။ ဒါပေမဲ့ သမ္မာတရားကို မလိုက်စားတဲ့သူတွေကတော့ ကိစ္စတွေကို ထောက်ပြပြီး ဖော်ထုတ်ခံရတဲ့အခါ ပြန်အငြင်းအခုံလုပ်ပြီး အတိုက်အခံလုပ်ကြမှာပဲ။ ဒါက သူတို့ရဲ့ ဖော်ထုတ်မှုတစ်ခုဖြစ်တယ်၊ ပြီးတော့ တစ်ချိန်တည်းမှာပဲ သူတို့အပေါ်မှာ ထိုးထွင်းသိမြင်မှုတချို့ ရရှိအောင် ကျွန်မတို့ကို ကူညီပေးတယ်။ နောက်ပိုင်းမှာ၊ ရေလောင်းပေးခြင်း သင်းထောက်က သူ့တာဝန်မှာ ဝန်တာမထားတာကို ကျွန်မ သတိထားမိတယ်။ သူက အလုပ်ကို အကောင်အထည်ဖော်ရာမှာ အချိန်ဆွဲနေပြီး၊ ကိုယ့်ရဲ့ အရည်အသွေးက ညံ့ဖျင်းတယ်၊ သမ္မာတရားကို နားမလည်ဘူးလို့ ပြောပြီး ဆင်ခြေတွေတောင် ရှာခဲ့သေးတယ်။ သူ့တာဝန်မှာ ပိုပြီး ဝန်တာထားလာအောင်လို့ သူ့ပြဿနာတွေကို ထောက်ပြချင်ခဲ့တယ်၊ ဒါပေမဲ့ နောက်တော့ ကျွန်မ တွေးမိတယ်၊ “ငါသာ သူ့ပြဿနာတွေကို တိုက်ရိုက်ဖော်ထုတ်ပြီး သူ့ကို စိတ်ဆိုးအောင်လုပ်မိရင်၊ နောင်မှာ ငါတို့နှစ်ယောက် ဘယ်လိုလုပ် ပူးပေါင်းဆောင်ရွက်ကြမလဲ” ပေါ့။ ဒီလိုတွေးမိတဲ့အခါ ကျွန်မ နည်းနည်းတွန့်ဆုတ်သွားတယ်။ နောက်ပိုင်းမှာ၊ အရင်က ကျွန်မဖတ်ဖူးတဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တချို့ကို ကျွန်မ စဉ်းစားမိတယ်၊ ကျွန်မက စာတန်ဆန်တဲ့ လောကီဆက်ဆံရေးအတွက် အတွေးအခေါ်တွေကို အားကိုးပြီး တခြားသူတွေနဲ့ ကျွန်မရဲ့ဆက်ဆံရေးတွေကို ထိန်းသိမ်းဖို့ ထပ်ပြီးကြိုးစားနေမိပြန်ပြီဆိုတာကို ကျွန်မ သဘောပေါက်ခဲ့တယ်။ ကျွန်မက တခြားသူတွေနဲ့ဆက်ဆံရေးကို ဘယ်လောက်ပဲ ကောင်းအောင် ထိန်းသိမ်းပါစေ၊ ဒါက သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေတာမဟုတ်ဘူး၊ ဘုရားသခင်ကလည်း ဒါကို အသိအမှတ်မပြုဘူး။ ကျွန်မက ဇာတိပကတိကို ပုန်ကန်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ သန္နိဋ္ဌာန်ချနိုင်အောင် ဘုရားသခင်ကို ဆုတောင်းခဲ့တယ်။ နောက်ပိုင်းမှာ၊ ရေလောင်းပေးခြင်း သင်းထောက်ရဲ့ တာဝန်မှာ ဝတ်ကျေတမ်းကျေလုပ်တဲ့ ပြဿနာကို ကျွန်မ ထောက်ပြခဲ့တယ်၊ ပြီးတော့ ဝတ်ကျေတမ်းကျေလုပ်ခြင်းရဲ့ သဘောသဘာဝနဲ့ အကျိုးဆက်တွေအကြောင်းကို မိတ်သဟာယဖွဲ့ပေးခဲ့တယ်။ ကျွန်မ မိတ်သဟာယဖွဲ့ပြီးတဲ့နောက်မှာ သူက သူ့ပြဿနာကို နားလည်သွားခဲ့တယ်၊ သူ့ရဲ့ဇာတိပကတိကို ပုန်ကန်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ဆန္ဒရှိလာတယ်။ လူတွေကို သမ္မာတရားစည်းမျဉ်းတွေနဲ့အညီ ဆက်ဆံတဲ့အခါ စိတ်သက်သာရာရတယ်ဆိုတာကို ကျွန်မ တွေ့ကြုံခံစားခဲ့ရတယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
ဟောင်ကျန့် တရုတ်နိုင်ငံကျွန်တော်က ကံကြွေးချစနစ်နှင့် ရှုပ်ထွေးသည့် လူမှုဆက်ဆံရေးများရှိသည့်၊ ဆင်းရဲပြီး ခေတ်နောက်ကျနေသည့် ရွာတစ်ရွာက...
ကျွန်တော် အသင်းတော်ခေါင်းဆောင်ဖြစ်ခဲ့တဲ့ ၂၀၁၂ခုနှစ်တုန်းက ကျန်းရှင်က ကျွန်တော့်ကို အယောင်ဆောင်ခေါင်းဆောင်လို့ ဝေဖန်တဲ့အပြင် ကျွန်တော့်ကို...
လီရှန် ဖိလစ်ပိုင်နိုင်ငံ ငယ်ငယ်တုန်းကတော့ ကျွန်မကို ပြောလို့ဆိုလို့ရတယ်၊ ယဉ်ကျေးတယ်လို့ လူတွေက အမြဲပြောကြတယ်။ တိုတိုပြောရရင်...
ရွှင်ချို နယ်သာလန်နိုင်ငံ ပြီးခဲ့တဲ့နှစ် မေလတုန်းက လူသစ်တွေ ရေလောင်းတာကို ကျွန်မ ကြီးကြပ်ရတယ်။ ဒါက အတော်အတန် လွယ်တဲ့အလုပ်လို့ အရင်က...