ဘုရားသခင်၏စိတ်သဘောထားကို သူ၏အမှုတော်မှတစ်ဆင့်သိမြင်နိုင်သည့်နည်းလမ်း

16.06.2019

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်၏စီမံခန့်ခွဲမှု တည်ရှိကတည်းက၊ ဘုရားသခင်သည် သူ၏အမှုကို ဆောင်ရွက်ရန် အမြဲ အပြည့်အဝ ဆက်ကပ်ထားပြီးဖြစ်သည်။ သူသည် လူသားထံမှ သူ၏ဇာတိအဖြစ်တော်ကို ဖုံးကွယ်ထားသော်လည်း၊ လူသားအပေါ် အမှုပြုရင်း၊ သူ၏စိတ်သဘောထားကို ဖော်ပြရင်း၊ လူသားမျိုးနွယ် အားလုံးကို သူ၏အနှစ်သာရဖြင့် လမ်းပြပေးရင်း၊ ပြီးလျှင် သူ၏အစွမ်းတန်ခိုး၊ သူ၏ဉာဏ်ပညာနှင့် သူ၏ဩဇာအာဏာတို့မှတစ်ဆင့် လူတစ်ဦးချင်းစီ အပေါ်တွင် သူ၏အမှုကို လုပ်ဆောင်ရင်း၊ ထိုသို့ဖြင့် ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နှင့် ယနေ့နိုင်ငံတော်ခေတ် ဖြစ်တည်မှုကို ဆောင်ကြဉ်းရင်း လူသားကို သူ အမြဲထောက်ပံ့ပေးခဲ့သည်။ ဘုရားသခင်သည် သူ၏ဇာတိ အဖြစ်တော်ကို လူသားထံမှ ဖုံးကွယ်သော်လည်း၊ သူ၏ စိတ်သဘောထား၊ သူ၏ဖြစ်ခြင်းနှင့် ပိုင်ဆိုင်မှုများ၊ ပြီးလျှင် လူသားမျိုးနွယ်အပေါ် သူ၏အလိုတို့သည် လူသားက မြင်တွေ့ပြီး တွေ့ကြုံခံစားရန် ပြည့်ပြည့်ဝဝ ဖော်ပြထားပေသည်။ တစ်နည်းအားဖြင့်၊ လူသားများသည် ဘုရားသခင်ကိုမမြင်နိုင် သို့မဟုတ် မထိတွေ့နိုင်သော်လည်း၊ လူသားမျိုးနွယ်က ကြုံရသည့် ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရတို့သည် ဘုရားသခင်ကိုယ်တိုင်၏ အပြည့်အဝ ဖော်ပြချက်များ ဖြစ်သည်။ ယင်းမှာ သမ္မာတရား မဟုတ်ပေလော။ သူ၏ အမှုအတွက် ဘုရားသခင်ရွေးချယ်သည့် ကိုင်တွယ်ဖြေရှင်းမှု၏ နည်းလမ်း သို့မဟုတ် ရှုထောင့်ကို ပဓာနမထားဘဲ၊ ဘုရားသခင်သည် လူတို့ကို သူ၏ စစ်မှန်သော ပင်ကိုလက္ခဏာမှတစ်ဆင့် အမြဲဆက်ဆံသည်၊ သူ တာဝန်ရှိသည့်အမှုကို လုပ်ဆောင်ပြီး သူပြောရမည့် စကားများကို ပြောလေသည်။ မည်သည့်အနေအထားမှ ဘုရားသခင် ပြောဆိုသည်ဖြစ်စေ- သူသည် တတိယကောင်းကင်တွင် ရပ်နေနိုင်သည်၊ သို့မဟုတ် လူ့ဇာတိ၌ ရပ်နေနိုင်သည်၊ သို့မဟုတ် သာမန် လူတစ်ဦးအဖြစ်ပင် ရပ်နေနိုင်သည်- သူသည် လှည့်စားခြင်းနှင့် ဖုံးကွယ်ထားခြင်းမရှိဘဲ၊ သူ၏စိတ်နှလုံး အကြွင်းမဲ့ဖြင့် လူသားကို သူ အမြဲ စကားပြောဆို၏။ သူ၏ အမှုကို ဆောင်ရွက်ချိန်တွင်၊ ဘုရားသခင်သည် မည်သည့် ခြွင်းချန်မှုမျှ မရှိဘဲ၊ သူ၏နှုတ်ကပတ်တော်နှင့် သူ၏စိတ်သဘောထားတို့ကို ဖော်ပြပြီး သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းကို ဖော်ပြ၏။ လူသားမျိုးနွယ်ကို သူ၏အသက်၊ သူ၏ဖြစ်ခြင်းနှင့် ပိုင်ဆိုင်မှုတို့ဖြင့် သူ လမ်းပြ၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)” မှ

ဘုရားသခင်သည် မည်သူ့ကိုမျှ သိလျက်နှင့် မည်သည့်အခါတွင်မျှ မရှောင်ဖူးသကဲ့သို့၊ လူတို့ကို သူ့အား သိရှိခြင်းမှ သို့မဟုတ် သူ့ကို သိနားလည်ခြင်းမှ တားဆီးဖို့ မိမိကိုယ်ကိုယ် မည်သည့်အခါတွင်မျှ သိလျက်နှင့် မကွယ်ဝှက်ဖူးသောကြောင့်၊ ဘုရားသခင်၏ စိတ်သဘောထားသည် အယောက်တိုင်းအဖို့ ဖွင့်ဟထားပြီး ဖုံးကွယ်မထားပေ။ ဘုရားသခင်၏ စိတ်သဘောထားသည် အမြဲပင် ဖွင့်ပြထားရန်ဖြစ်ပြီး လူအသီးသီးကို ပွင့်ပွင့်လင်းလင်း ရင်ဆိုင်ရန် ဖြစ်သည်။ ဘုရားသခင်၏စီမံခန့်ခွဲမှုတွင်၊ ဘုရားသခင်သည် အယောက်တိုင်းကို ရင်ဆိုင်ရင်း၊ သူ၏အမှုကို လုပ်ဆောင်ကာ လူအယောက်စီတိုင်းအပေါ်၌ သူ၏ အမှုကို လုပ်ဆောင်လေသည်။ သူသည် ဤအမှုကို လုပ်ဆောင်သည်နှင့်အမျှ၊ လူအယောက်စီတိုင်းကို လမ်းပြကာ ထောက်ပံ့ဖို့၊ သူ၏စိတ်သဘောထားကို မရပ်မနား ထုတ်ဖော်ပြနေပြီး၊ သူ၏အနှစ်သာရ၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းကို စဉ်ဆက်မပြတ် အသုံးပြုနေ၏။ ခေတ်တိုင်းနှင့် အဆင့်တိုင်းတွင် အခြေအနေများ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ၊ ဘုရားသခင်၏စိတ်သဘောထားကို အယောက်စီတိုင်းအား အမြဲ ဖွင့်ပြထားပြီး၊ သူ၏ အသက်သည် လူသားမျိုးနွယ်ကို စဉ်ဆက်မပြတ်နှင့် မရပ်မနား ထောက်ပံ့ကာ ပံ့ပိုးပေးနေသကဲ့သို့ပင်၊ သူ၏ ပိုင်ဆိုင်မှုများနှင့် ဖြစ်ခြင်းတို့ကို အယောက်စီတိုင်းအဖို့ အမြဲ ဖွင့်ပြထားပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)” မှ

အမှု၏ အဆင့်သုံးဆင့်သည် ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံး၏ အချက်အချာတွင် ရှိပြီး၊ ယင်းတို့ထဲတွင် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ဖြစ်ခြင်းတို့ကို ဖော်ပြထား၏။ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို မသိသူတို့သည် ဘုရားသခင်က သူ၏ စိတ်သဘောထားအား မည်သို့ဖော်ပြသည်ကို သိရှိနိုင်စွမ်း မရှိကြသကဲ့သို့၊ ဘုရားသခင့်အမှု၏ ဉာဏ်ပညာကိုလည်း မသိကြပေ။ ၎င်းတို့သည် လူသားမျိုးနွယ်ကို သူကယ်တင်သည့် နည်းလမ်းများစွာနှင့် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် သူ၏ အလိုကိုလည်း မသိနားမလည်မြဲ ရှိနေကြ၏။ အမှု၏ အဆင့်သုံးဆင့်သည် လူသားမျိုးနွယ်အား ကယ်တင်ခြင်း အမှုနှင့်ဆိုင်သည့် အပြည့်အဝ ဖော်ပြချက် ဖြစ်၏။ အမှု၏ အဆင့်သုံးဆင့်ကို မသိသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်အမှု၏ နည်းစနစ်များနှင့် အခြေခံသဘောတရား မျိုးစုံတို့ကို မသိနားမလည်ဘဲ ရှိလိမ့်မည် ဖြစ်ပြီး၊ အမှု၏ အဆင့်တစ်ခုခုမှ ကျန်ရှိသော အယူဝါဒကိုသာ တင်းကျပ်စွာ စွဲမြဲထားသူများသည် ဘုရားသခင်ကို အယူဝါဒဖြင့် ကန့်သတ်ထားသူများ ဖြစ်ကြပြီး၊ ၎င်း၏ ဘုရားသခင်၌ ယုံကြည်မှုသည် မရေမရာနှင့် မသေမချာ ဖြစ်လေသည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို မည်သည့်အခါမျှ ရရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏ အမှုအဆင့်သုံးဆင့်သာ ဘုရားသခင်၏ စိတ်နေသဘောထား အလုံးစုံကို အပြည့်အဝ ဖော်ပြနိုင်ပြီး၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို ကယ်တင်ခြင်းနှင့်ဆိုင်သည့် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် လူသားမျိုးနွယ်၏ကယ်တင်ခြင်း လုပ်ငန်းစဉ် တစ်ခုလုံးကို လုံးဝ ဖော်ပြနိုင်ပေသည်။ ဤသည်မှာ သူသည် စာတန်ကို အောင်နိုင်ပြီးဖြစ်ကာ လူသားမျိုးနွယ်ကို ရယူပြီးဖြစ်သည့် သက်သေ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အောင်မြင်ခြင်း သက်သေဖြစ်ပြီး၊ ဘုရားသခင်၏ စိတ်နေသဘောထား တစ်ခုလုံးနှင့်ဆိုင်သည့် ဖော်ပြချက် ဖြစ်သည်။ ဘုရားသခင် အမှု၏ အဆင့်သုံးဆင့်ထဲမှ တစ်ဆင့်ကိုသာ နားလည်သူတို့သည် ဘုရားသခင်၏ စိတ်သဘောထား တစ်စိတ်တစ်ဒေသကိုသာ သိကြ၏။ လူသား၏ အယူအဆများတွင်၊ ဤအဆင့်တစ်ဆင့်တည်းက အယူဝါဒဖြစ်လာရန် လွယ်ကူပြီး၊ လူသားအနေနှင့် ဘုရားသခင်နှင့်ပတ်သက်သည့် သတ်မှတ်ထားသော စည်းမျဉ်းများ ထူထောင်ဖို့နှင့် ဘုရားသခင်၏ စိတ်သဘောထား၏ ဤအစိတ်အပိုင်းတစ်ရပ်ကိုသာ ဘုရားသခင်၏ စိတ်သဘောထား တစ်ခုလုံး၏ ကိုယ်စားပြုမှု တစ်ခုအဖြစ် အသုံးပြုရန် အလားအလာ ရှိလာလေသည်။ ထို့အပြင် လူသား၏ စိတ်ကူးစိတ်သန်းအများစုသည် အတွင်းတွင် ရောယှက်နေသည်မှာ လူသားက ဘုရားသခင်မှာ တစ်ချိန်တစ်ခါက ဤသို့ဖြစ်ခဲ့ပါလျှင်၊ သူသည် တစ်ချိန်လုံး အလားတူ ဖြစ်မြဲဖြစ်နေမည် ဖြစ်ပြီး၊ မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ဟု ယုံကြည်လျက်၊ ဘုရားသခင်၏ စိတ်သဘောထား၊ ဖြစ်ခြင်းနှင့် ဉာဏ်ပညာတို့အပြင် ဘုရားသခင့်အမှု၏ အခြေခံသဘောတရားများကို ကန့်သတ်ထားသည့် သတ်မှတ်ချက်ဘောင်အတွင်းတွင် တင်းကျပ်စွာ ဘောင်ခတ်လေသည်။ အမှု၏ အဆင့်သုံးဆင့်ကို သိပြီး၊ နားလည်သူများသာ ဘုရားသခင်ကို အပြည့်အဝနှင့် တိကျမှန်ကန်စွာ သိနိုင်ပေသည်။ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် ဘုရားသခင်ကို ဣသရေလအမျိုးတို့၏ ဘုရားသခင်အဖြစ် သို့မဟုတ် ယုဒလူတို့၏ ဘုရားသခင်အဖြစ် သတ်မှတ်လိမ့်မည် မဟုတ်သကဲ့သို့၊ သူ့ကို လူသားအတွက် လက်ဝါးကပ်တိုင်တွင် အစဉ်အမြဲ သံမှိုရိုက်နှက် ခံထားရမည့် ဘုရားအဖြစ် မြင်လိမ့်မည် မဟုတ်ပေ။ တစ်ဦးတစ်ယောက်သည် ဘုရားသခင်ကို သူ၏အမှု၏ အဆင့်တစ်ဆင့်မှသာ သိလာပါက၊ ၎င်းတို့၏ အသိပညာသည် အလွန့် အလွန်သေးနုပ်ပြီး၊ သမုဒ္ဒရာထဲက ရေတစ်စက်နှင့်သာ ညီမျှပေသည်။ ထိုသို့မဟုတ်ပါက ရှေးဘာသာရေး အစောင့်များစွာက အဘယ်ကြောင့် ဘုရားသခင်ကို လက်ဝါးကားတိုင်တွင် အရှင်လတ်လတ် သံနှင့်ရိုက်ခဲ့မည်နည်း။ ယင်းမှာ လူသားသည် ဘုရားသခင်ကို ကန့်သတ်ချက် ဘောင်အချို့အတွင်း ကန့်သတ်ထားသောကြောင့် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်” မှ

အမှု၏အဆင့်သုံးဆင့်သည် ဘုရားသခင်၏ အမှုတစ်ရပ်လုံး၏ မှတ်တမ်းတစ်ခု ဖြစ်သည်။ ၎င်းတို့သည် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ကယ်တင်ခြင်း မှတ်တမ်းဖြစ်ပြီး၊ ၎င်းတို့သည် စိတ်ကူးသက်သက်မဟုတ်ပေ။ ဘုရားသခင်၏ စိတ်သဘောထား တစ်ရပ်လုံးနှင့်ဆိုင်သည့် အသိပညာတစ်ခုကို ရှာဖွေရန် အမှန်တကယ် သင် ဆန္ဒရှိပါက၊ ဘုရားသခင် လုပ်ဆောင်သည့် အမှုအဆင့်သုံးဆင့်ကို သင်တို့သိရမည် ဖြစ်သည့်အပြင် သင်တို့သည် မည်သည့်အဆင့်ကိုမျှ မချန်ထားရ။ ဤသည်မှာ ဘုရားသခင်ကို သိရန်ကြိုးစားသူတို့ စွမ်းဆောင်ရရှိရမည့် အနည်းဆုံးအရာ ဖြစ်သည်။ လူသားကိုယ်တိုင် ဘုရားသခင်နှင့်ပတ်သက်သည့် စစ်မှန်သော အသိပညာကို လုပ်ကြံဖန်တီး၍ မရနိုင်ပေ။ ဤသည်မှာ လူသားကိုယ်တိုင် စိတ်ကူး၍ ရသောအရာ မဟုတ်သကဲ့သို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လူတစ်ဦးကို အထူး မျက်နှာပေးခြင်း၏ အကျိုးဆက်လည်း မဟုတ်ပေ။ ထို့ထက် ယင်းမှာ လူသားအနေဖြင့် ဘုရားသခင်၏အမှုကို ကြုံတွေ့ပြီးနောက် ဖြစ်လာသည့် အသိပညာတစ်ခု ဖြစ်ပြီး၊ ဘုရားသခင်အမှု၏ အမှန်တရားများကို ကြုံတွေ့ခြင်းနောက်မှသာ ဖြစ်လာသည့် ဘုရားသခင်နှင့်ဆိုင်သော အသိပညာတစ်ခု ဖြစ်သည်။ ထိုသို့သော အသိပညာတစ်ခုကို စိတ်ကူးပေါက်သည့်အတိုင်း မရရှိနိုင်သကဲ့သို့၊ ယင်းသည် သင်ကြားပေး၍ရသည့် အရာတစ်ခုလည်း မဟုတ်ပေ။ ထိုအရာမှာ ကိုယ်ပိုင်အတွေ့အကြုံနှင့် လုံးလုံးလျားလျား သက်ဆိုင်ပေသည်။ လူသားမျိုးနွယ်နှင့်ဆိုင်သည့် ဘုရားသခင်၏ ကယ်တင်ခြင်းသည် ဤအမှုအဆင့်သုံးဆင့်၏ ဗဟိုအချက်အချာတွင် ရှိသော်လည်း၊ ကယ်တင်ခြင်း အမှုအတွင်းတွင် အမှုပြုသည့်နည်းစနစ် အချို့နှင့် ဘုရားသခင်၏ စိတ်သဘောထားကို ထုတ်ဖော်ပြသော နည်းလမ်းအချို့ ပါဝင်လေသည်။ ဤသည်မှာ လူသားအတွက် ပိုင်းခြားသိမြင်ရန် အခက်ခဲဆုံးသောအရာ ဖြစ်ပြီး လူသားအတွက် နားလည်ရန်လည်း ခက်ခဲသောအရာ ဖြစ်သည်။ ခေတ်ကာလများ ပိုင်းခြားခြင်း၊ ဘုရားသခင်၏အမှုထဲက ပြောင်းလဲခြင်းများ၊ အမှု၏ တည်နေရာ ပြောင်းလဲခြင်းများ၊ ဤအမှုကို လက်ခံရရှိသူတို့၌ ပြောင်းလဲခြင်းများ စသည်ဖြင့်- ဤအရာအားလုံးသည် အမှု၏ အဆင့်သုံးဆင့်တွင် ပါဝင်သည်။ အထူးသဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်လုပ်ခြင်း နည်းလမ်းရှိ ကွဲပြားခြားနားချက်အပြင်၊ ဘုရားသခင်၏ စိတ်သဘောထား၊ ပုံရိပ်၊ အမည်နာမ၊ ပင်ကိုလက္ခဏာထဲက ပြောင်းလဲခြင်းများ၊ သို့မဟုတ် အခြားပြောင်းလဲခြင်းများ အားလုံးတို့သည် အမှုအဆင့်သုံးဆင့်၏ တစ်စိတ်တစ်ဒေသ ဖြစ်၏။ အမှု၏ အဆင့်တစ်ဆင့်သည် အစိတ်အပိုင်း တစ်ရပ်ကိုသာ ကိုယ်စားပြုနိုင်ပြီး၊ နယ်ပယ်တစ်ခုခုအတွင်း ကန့်သတ်ထား၏။ ယင်းသည် အခြားကဏ္ဍများကို မဆိုထားနှင့်၊ ကာလများ ပိုင်းခြားထားခြင်း၊ သို့မဟုတ် ဘုရားသခင်၏အမှု၌ အပြောင်းအလဲများပင် မပါဝင်ပေ။ ဤသည်မှာ သိသာထင်ရှားစွာ မြင်သာသည့် အချက်တစ်ချက်ဖြစ်၏။ အမှု၏ အဆင့်သုံးဆင့်သည် လူသားမျိုးနွယ်ကို ကယ်တင်ခြင်း၌ ဘုရားသခင်၏ အမှု တစ်ရပ်လုံး ဖြစ်၏။ လူသားသည် ဘုရားသခင်၏အမှုနှင့် ကယ်တင်ခြင်းအမှုထဲက ဘုရားသခင်၏ စိတ်သဘောထားကို သိရမည် ဖြစ်သည်။ ဤအချက်မရှိဘဲနှင့် ဘုရားသခင်နှင့်သက်ဆိုင်သည့် သင်တို့၏ အသိပညာသည် အနှစ်သာရကင်းမဲ့သော စကားများသာ ပါရှိပြီး၊ ထိုင်ရာမှမထဘဲ လူတတ်လုပ်နေခြင်းထက် ဘာမျှမပိုပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်” မှ

ဤနောဧ၏ အဖြစ်အပျက် မှတ်တမ်းတွင်၊ ဘုရားသခင်၏ စိတ်သဘောထား တစ်စိတ်တစ်ပိုင်းကို သင်တို့ မြင်ကြသလော။ လူသား၏ ဖောက်ပြန်ပျက်စီးခြင်း၊ ညစ်ညမ်းမှုနှင့် အဓမ္မမှုတို့အပေါ် ဘုရားသခင်၏ သည်းခံမှုသည် အကန့်အသတ်ရှိ၏။ ထိုအကန့်အသတ်ကို သူရောက်သွားသည့်အခါ၊ သူသည် ဆက်လက် သည်းခံတော့မည် မဟုတ်သကဲ့သို့၊ ယင်းအစား သူ၏စီမံခန့်ခွဲမှု အသစ်နှင့် အစီအစဉ် အသစ်တို့ကို အစပြုလိမ့်မည်၊ သူလုပ်ရမည့်အရာကို စတင် လုပ်ဆောင်လိမ့်မည်၊ သူ၏ လုပ်ဆောင်ချက်များ နှင့် သူ့စိတ်သဘောထား၏ အခြားတစ်ဖက်ကို ထုတ်ဖော်ပြလိမ့်မည်။ သူ၏ ဤလုပ်ရပ်သည် လူသား၏ ပုန်ကန်ပြစ်မှားမှုကို သူသည် မည်သည့်အခါတွင်မျှ ခံရမည်မဟုတ်သည်ကို ပြသဖို့၊ သို့မဟုတ် သူသည် ဩဇာအာဏာ၊ အမျက်ဒေါသတို့နှင့် ပြည့်သည်ကို ပြသရန်မဟုတ်သကဲ့သို့၊ သူသည် လူသားမျိုးနွယ်အား ဖျက်ဆီးပစ်နိုင်သည်ကို ပြသရန်လည်းမဟုတ်ပေ။ ယင်းမှာ သူ၏စိတ်သဘောထားနှင့် သူ၏သန့်ရှင်းသည့် အနှစ်သာရသည် ဤသို့သောလူသားမျိုးနွယ်ကို သူ၏ မျက်မှောက်တွင် ရှင်သန်ခွင့်ပေးရန်၊ သူ၏ အုပ်စိုးမှုအောက်တွင် ရှင်သန်ခွင့်ပေးရန် ခွင့်မပြုနိုင်တော့ခြင်း သို့မဟုတ် စိတ်ရှည်သည်းခံမှု မရှိတော့ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ လူသားမျိုးနွယ် အားလုံးသည် သူ့ကို ဆန့်ကျင်သည့်အခါ၊ တစ်ကမ္ဘာလုံးတွင် သူကယ်နိုင်သည့်သူ တစ်ဦးမျှ မရှိသည့်အခါတွင်၊ သူသည် ထိုသို့သော လူသားမျိုးနွယ်ကို ဆက်၍ သည်းခံတော့မည် မဟုတ်သကဲ့သို့၊ ဤလူသားမျိုးနွယ်မျိုးကို ဖျက်ဆီးရန် သူ၏အစီအစဉ်ကို မည်သည့်ဒွိဟမျှမရှိဘဲ ဆောင်ရွက်မည် ဖြစ်သည်။ ထိုသို့သော ဘုရားသခင်၏ လုပ်ရပ်ကို သူ့စိတ်သဘောထားဖြင့် ဆုံးဖြတ် ထားပေသည်။ ဤသည်မှာ မလွှဲမရှောင်သာသည့် အကျိုးဆက်ဖြစ်ပြီး ဘုရားသခင်၏အုပ်စိုးမှုအောက်တွင် ရှိသည့် ဖန်ဆင်းခံ သတ္တဝါအားလုံး ခံယူရမည့် အကျိုးဆက်ဖြစ်သည်။ ဤအရာက လက်ရှိခေတ် ကာလတွင်၊ ဘုရားသခင်သည် သူ၏အစီအစဉ်ကို ပြည့်စုံစေရန်နှင့် သူကယ်တင်လိုသည့် လူများကို ကယ်တင်ရန် စိတ်အားထက်သန်နေသည်ကို ပြသည် မဟုတ်လော။ ဤအခြေအနေများအောက်တွင် ဘုရားသခင်သည် မည်သည့်အရာကို ဂရုအစိုက်ဆုံး ဖြစ်သနည်း။ သူ့နောက်ကို လုံးဝမလိုက်သည့်သူများ၊ သို့မဟုတ် သူ့ကို ဆန့်ကျင်သူများက မည်သို့မည်ပုံ ဆက်ဆံပုံ သို့မဟုတ် ခုခံပုံကို မဟုတ်၊ သို့မဟုတ် လူသားမျိုးနွယ်က သူ့ကို မည်ကဲ့သို့ မကောင်း ပြောဆိုကြပုံကို မဟုတ်ပေ။ သူ၏စီမံခန့်ခွဲမှု အစီအစဉ်ထဲက သူ၏ကယ်တင်ခြင်းခံရသူများဖြစ်သည့် သူ့နောက်လိုက်သူများသည် သူ၏ စုံလင်စေခြင်း ခံရသည် မခံရသည်၊ သူ ကျေနပ်အားရထိုက်သူများ ဖြစ်လာ၏ မဖြစ်လာ၏ ဆိုသည်ကိုသာ သူဂရုစိုက်သည်။ သူ့နောက်ကိုလိုက်သူများမှလွဲ၍ အခြားလူများအတွက်မူ သူ၏အမျက်ဒေါသကိုဖော်ပြရန် ပြစ်ဒဏ်ပေးခြင်း အနည်းငယ်ကို ရံဖန်ရံခါမျှ သူပေးလေသည်။ ဥပမာအားဖြင့်- ဆူနာမီများ၊ ငလျင်လှုပ်ခြင်းများ၊ မီးတောင်ပေါက်ကွဲခြင်းများ ဖြစ်သည်။ တစ်ချိန်တည်းတွင် သူ့နောက်ကိုလိုက်ကာ သူ့အားဖြင့် ကယ်တင်ခြင်း ခံရဆဲဆဲရှိသည့် သူများကို သူသည် ခိုင်မာစွာ ကွယ်ကာပြီး စောင့်ရှောက်နေသည်။ ဘုရားသခင်၏ စိတ်သဘောထားမှာ ဤသို့ဖြစ်သည်- တစ်ဖက်တွင်၊ သူသည် စုံလင်စေရန် သူရည်ရွယ်ထားသည့် လူများအပေါ် အဆုံးစွန်သော စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းရှိနိုင်ပြီး၊ ၎င်းသူတို့ကို သူတတ်နိုင်သရွေ့ စောင့်ဆိုင်းနိုင်သည်။ အခြားတစ်ဖက်တွင်၊ သူ့နောက်ကိုမလိုက်ဘဲ သူ့ကိုဆန့်ကျင်သည့် စာတန်ပုံစံ လူများကို အလွန်အမင်း မုန်းတီးကာ စက်ဆုပ်လေသည်။ ဤစာတန်ပုံစံ လူများသည် သူ့နောက်ကိုလိုက်ခြင်း သို့မဟုတ် သူ့ကို ကိုးကွယ်ခြင်းများ ရှိ မရှိဆိုသည်ကို သူ ဂရုမစိုက်သော်လည်း၊ သူ၏ စိတ်နှလုံးထဲတွင် ၎င်းတို့အတွက် သည်းခံစိတ်ရှိစဉ်တွင်၊ ၎င်းတို့ကို သူ စက်ဆုပ်ရွံရှာဆဲဖြစ်ပြီး ဤစာတန်ပုံစံ လူများ၏ အဆုံးသတ်ကို သူ ချမှတ်သည်နှင့်အမျှ၊ သူ၏ စီမံခန့်ခွဲမှု အစီအစဉ်၏ အဆင့်များ ရောက်ရှိလာခြင်းကိုလည်း သူ စောင့်ဆိုင်းနေပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)” မှ

မူလက၊ ဘုရားသခင်သည် သူ့အမြင်၌ အလွန် ကောင်းမွန်ပြီး သူ့နှင့်နီးစပ်သည့် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သော်လည်း၊ သူ့ကို ပုန်ကန်ကြပြီးနောက်တွင် ရေလွှမ်းမိုးခြင်းအားဖြင့် ၎င်းတို့ ဖျက်ဆီးခံခဲ့ရသည်။ ထိုသို့သော လူသားမျိုးနွယ်သည် ထိုကဲ့သို့ ချက်ချင်းသာ ပျောက်ကွယ်သွားသည်မှာ ဘုရားသခင်ကို နာကျင်စေခဲ့သလော။ နာကျင်စေသည်မှာ အမှန်ပင်ဖြစ်၏။ ဤသို့ဆိုလျှင် ဤနာကျင်မှုနှင့် သက်ဆိုင်သည့် သူ၏ ဖော်ပြချက်မှာ အဘယ်နည်း။ ယင်းကို သမ္မာကျမ်းစာထဲ၌ မည်သို့ မှတ်တမ်းတင်ထားသနည်း။ သမ္မာကျမ်းစာ၌ ဤနှုတ်ကပတ်တော်များဖြင့် မှတ်တမ်းတင်ထားသည်- “သင်တို့နှင့် ငါပြုသော ပဋိညာဉ်ဟူမူကား၊ ရေလွှမ်းမိုးခြင်းအားဖြင့်၊ ခပ်သိမ်းသော သတ္တဝါတို့သည် နောက်တဖန် မဆုံးရကြ။ မြေကြီးကို ဖျက်ဆီးဘို့ရာ နောက်တဖန် ရေလွှမ်းမိုးခြင်း မရှိရ။” ဤရိုးရှင်းသည့် စာကြောင်းသည် ဘုရားသခင်၏ အတွေးများကို ထုတ်ဖော်ပြပေသည်။ ဤကမ္ဘာလောကကို ဖျက်ဆီးခြင်းသည် သူ့ကို အလွန်တရာ နာကျင် စေခဲ့သည်။ လူသား၏စကားများဖြင့်၊ သူသည် အလွန် ဝမ်းနည်းခဲ့၏။ ငါတို့ စိတ်ကူးကြည့်၍ရသည်- တစ်ချိန်က သက်ရှိများနှင့်ပြည့်ခဲ့သည့် ကမ္ဘာသည် ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးခံရခြင်း ပြီးနောက် မည်သို့ဖြစ်ခဲ့သနည်း။ တစ်ချိန်က လူသားများနှင့် ပြည့်ခဲ့သည့် ကမ္ဘာသည် ထိုအချိန်တွင် မည်သည့်အရာနှင့် တူခဲ့သနည်း။ လူသား နေထိုင်မှုမရှိ၊ သက်ရှိသတ္တဝါများမရှိ၊ ရေက နေရာတိုင်းတွင်ရှိပြီး၊ ရေမျက်နှာပြင်ပေါ်တွင် လုံးလုံး ကြီးစွာသော အပျက်အစီးရှိနေသည်။ ထိုသို့သော မြင်ကွင်းတစ်ခုသည် ကမ္ဘာလောကကို သူဖန်ဆင်းခဲ့ချိန်က ဘုရားသခင်၏ မူလ ရည်ရွယ်ချက်ဖြစ်ခဲ့ပါသလော။ မဟုတ်ပါပေ။ ဘုရားသခင်၏မူလရည်ရွယ်ချက်မှာ ကုန်းမြေ တစ်လျှောက် သက်ရှိများကို မြင်ရဖို့၊ သူဖန်ဆင်းခဲ့သည့် လူသားများက သူ့ကို ကိုးကွယ်ကြခြင်းကို မြင်ရဖို့ဖြစ်သည်၊ နောဧသာ သူ့ကို ကိုးကွယ်နေသည့် တစ်ဦးတည်းသောသူဖြစ်ရန် သို့မဟုတ် သူ့ကို ပေးအပ်သည့်အရာကို ပြည့်စုံစေဖို့ သူ၏ ခေါ်ခြင်းကို အဖြေပေးနိုင်ခဲ့သည့် တစ်ဦးတည်းသောသူဖြစ်ရန်သာ မဟုတ်ပေ။ လူသားမျိုးနွယ် ပျောက်ကွယ်သွားခဲ့ချိန်တွင်၊ ဘုရားသခင်သည် မူလက သူရည်ရွယ်ထားခဲ့သည့် အရာကို မမြင်ခဲ့ဘဲ လုံးဝ ဆန့်ကျင်ဖက်ကို မြင်ခဲ့ရသည်။ သူ့နှလုံးသားသည် မည်သို့မနာကျင်ဘဲ နေနိုင်မည်နည်း။ ထို့ကြောင့် သူ၏စိတ်သဘောထားကို ထုတ်ဖော် ပြနေခဲ့ပြီး သူ၏စိတ်ခံစားချက်များကို ဖွင့်ပြသည့် အချိန်တွင်၊ ဘုရားသခင်သည် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့သည်။ မည်သည့်ဆုံးဖြတ်ချက်မျိုးကို သူ ချမှတ်ခဲ့သနည်း။ လူနှင့် ပဋိညာဉ်တစ်ခု၊ ရေလွှမ်းမိုးခြင်းနှင့် လူသားကို တစ်ဖန် ဘုရားသခင် ဖျက်ဆီးတော့မည်မဟုတ်သည့် ကတိတစ်ခုအဖြစ် မိုးတိမ်ထဲတွင် သက်တံတစ်ခုပြုလုပ်ရန် (ယင်းမှာ၊ ငါတို့မြင်ရသည့် သက်တံ) ဖြစ်သည်။ တစ်ချိန်တည်းတွင် ယင်းမှာ ထိုသို့သောအရာကို ဘုရားသခင်က အဘယ်ကြောင့် ပြုခဲ့သည်ကို လူသားမျိုးနွယ်က ထာဝရ အောက်မေ့ဖို့အလို့ငှာ ဘုရားသခင်သည် ကမ္ဘာလောကကို ရေလွှမ်းမိုးခြင်းနှင့် ဖျက်ဆီးခဲ့ပြီး ဖြစ်သည်ကို လူတို့အား ပြောပြရန်လည်း ဖြစ်ခဲ့သည်။

............

ဤအရာမှ ဘုရားသခင်၏ စိတ်သဘောထား၏ မည်သည့်အပိုင်းကို ငါတို့ သင်ယူသင့်သနည်း။ လူသားသည် ဘုရားသခင်ကို ရန်လိုခဲ့သောကြောင့် ဘုရားသခင်သည် လူသားကို စက်ဆုပ်ရွံရှာခဲ့သော်လည်း၊ သူ့စိတ်နှလုံးထဲတွင်၊ လူသားမျိုးနွယ်အတွက် သူ၏စောင့်ရှောက်မှု၊ ပူပန်မှုနှင့် သနားကရုဏာတို့သည် မပြောင်းမလဲ ဆက်လက် တည်ရှိနေခဲ့သည်။ လူသားမျိုးနွယ်ကို သူဖျက်ဆီးခဲ့ချိန်တွင်ပင်၊ သူ့စိတ်နှလုံးသည် မပြောင်းမလဲ ဆက်လက် ရှိနေခဲ့သည်။ လူသားမျိုးနွယ်သည် ဖောက်ပြန်ပျက်စီးမှုနှင့်ပြည့်ခဲ့ပြီး၊ ဘုရားသခင်အပေါ် ဆိုးရွားသည့် အတိုင်းအတာ တစ်ခုအထိ မနာခံသည့်အခါတွင်၊ သူ၏ စိတ်သဘောထားနှင့် အနှစ်သာရကြောင့်၊ ပြီးလျှင် သူ၏ အခြေခံသဘောတရားများနှင့်အညီ ဘုရားသခင်သည် လူသားတို့ကို ဖျက်ဆီးခဲ့ရသည်။ သို့ရာတွင် ဘုရားသခင်၏ အနှစ်သာရကြောင့်၊ သူသည် လူသားမျိုးနွယ်ကို သနားဆဲဖြစ်ပြီး ၎င်းတို့ ဆက်လက်ရှင်သန်နိုင်ရန်အလို့ငှာ လူသားမျိုးနွယ်ကို ရွေးနုတ်ရန် နည်းလမ်းအမျိုးမျိုးပင် အသုံးပြုချင်ခဲ့သည်။ သို့ရာတွင် လူသားသည် ဘုရားသခင်ကိုဆန့်ကျင်ကာ ဘုရားသခင်ကို ဆက်လက်မနာခံခဲ့သကဲ့သို့၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် ငြင်းပယ်ခဲ့သည်။ ဆိုလိုသည်မှာ၊ ဘုရားသခင်၏ ကောင်းမွန်သည့် ရည်ရွယ်ချက်များကို လက်ခံဖို့ ငြင်းဆန်ခဲ့ပေသည်။ ဘုရားသခင်သည် ၎င်းတို့ကို မည်သို့ ခေါ်သည်ဖြစ်စေ၊ မည်သို့ သတိပေးခဲ့သည်ဖြစ်စေ၊ မည်သို့ ပံ့ပိုးပေးသည်ဖြစ်စေ၊ မည်သို့ ကူညီခဲ့သည်ဖြစ်စေ သို့မဟုတ် ၎င်းတို့ကို မည်သို့သည်းခံခဲ့သည်ဖြစ်စေ၊ လူသားသည် ထိုအရာကို နားမလည်ခဲ့ သို့မဟုတ် အသိအမှတ်မပြုခဲ့သကဲ့သို့ အာရုံလည်း မစိုက်ခဲ့ပေ။ သူ၏ နာကျင်မှုတွင်၊ ဘုရားသခင်သည် လူသားတို့ လမ်းကြောင်းပြောင်းရန် စောင့်ဆိုင်းရင်း၊ သူ၏ အကြီးမားဆုံး သည်းခံမှုကို ပေးဖို့ ဘုရားသခင်သည် မမေ့လျော့သေးပေ။ သူ၏အကန့်အသတ်ကို ရောက်ရှိသည့်နောက်တွင်၊ သူသည် သူ လုပ်ဆောင်ရမည့်အရာကို တွန့်ဆုတ်ခြင်းမရှိဘဲ လုပ်ဆောင်ခဲ့သည်။ တစ်နည်းအားဖြင့် ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖျက်ဆီးရန် စီစဉ်ခဲ့သည့်အခိုက်အတန့်မှ လူသားကို ဖျက်ဆီးခြင်းဖြင့် သူ၏ အမှုကို အစပြုခြင်းအထိ တိကျသည့် အချိန်ကာလနှင့် ဖြစ်စဉ်တစ်ခု ရှိခဲ့ပေသည်။ ဤဖြစ်စဉ်သည် လူသားကို လမ်းကြောင်း ပြောင်းနိုင်စေခြင်းတည်းဟူသော ရည်ရွယ်ချက်အတွက် တည်ရှိခဲ့ခြင်းဖြစ်ပြီး ဤသည်မှာ ဘုရားသခင်က လူသားကိုပေးခဲ့သည့် နောက်ဆုံးအခွင့်အရေးဖြစ်သည်။ သို့ဆိုလျှင် လူသားမျိုးနွယ်ကို မဖျက်ဆီးမီတွင်၊ ဘုရားသခင်သည် ဤအချိန်ကာလတွင် မည်သည့်အရာကို လုပ်ဆောင်ခဲ့သနည်း။ ဘုရားသခင်သည် သတိပေးခြင်းနှင့် တိုက်တွန်းခြင်း အမှုကို သိသာသော ပမာဏတစ်ခု လုပ်ဆောင်ခဲ့သည်။ ဘုရားသခင်၏နှလုံးသားသည် မည်မျှ နာကျင်မှု၊ ဝမ်းနည်းမှုများ၌ ရှိခဲ့သည်ဖြစ်စေ သူ၏ဂရုစိုက်မှု၊ ပူပန်မှုနှင့် များပြားပြည့်လျှံသည့် သနားကရုဏာတို့ကို လူသားမျိုးနွယ်၌ ဆက်လက်ထားရှိခဲ့သည်။ ဤအရာမှ မည်သည့်အရာကို ငါတို့ တွေ့ရသနည်း။ ဧကန်မုချ၊ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် စစ်မှန်ပြီး သူ အပြောသက်သက် ဖြစ်သည့်အရာတစ်ခု မဟုတ်သည်ကို ငါတို့ မြင်တွေ့ရသည်။ ယင်းသည် စစ်မှန်သည်၊ လက်ဆုပ်လက်ကိုင်ပြနိုင်ပြီး သိသာသည်၊ အယောင်ဆောင်ထားခြင်းမဟုတ်၊ ရောနှောခြင်းမရှိ၊ လှည့်စားခြင်း သို့မဟုတ် ဟန်ဆောင်ခြင်း မရှိပေ။ သူသည် ချစ်ခင်ဖွယ်ဖြစ်သည်ဟု လူတို့ မြင်စေရန် ဘုရားသခင်သည် မည်သည့်လှည့်စားမှုမျှ လုံးဝ အသုံးမပြုပေ သို့မဟုတ် ပုံရိပ်အတုအယောင်များ မဖန်တီးပေ။ သူ၏ ချစ်ခင်နှစ်လိုဖွယ်ဖြစ်ခြင်းကို လူတို့ မြင်တွေ့စေဖို့ရန် သို့မဟုတ် သူ၏ချစ်ခင်နှစ်လိုဖွယ်ဖြစ်ခြင်းနှင့် သန့်ရှင်းခြင်းကို ကြွားလုံးထုတ်ဖို့ရန် မှားယွင်းသည့်သက်သေကို မည်သည့်အခါမျှ သူအသုံးမပြုပေ။ ဘုရားသခင်၏ စိတ်သဘောထားနှင့် သက်ဆိုင်သည့် ဤသွင်ပြင်လက္ခဏာများသည် လူသား၏ချစ်ခြင်းနှင့် ထိုက်တန်သည် မဟုတ်လော။ ယင်းတို့ကို ကိုးကွယ်ခြင်းငှာ မထိုက်တန်သလော။ ချစ်ခင်နှစ်သက်ခြင်းငှာ မထိုက်တန်သလော။ ဤအချိန်တွင်၊ သင်တို့ကို ငါ မေးလိုသည်- ဤနှုတ်ကပတ်တော်များကို ကြားရပြီးနောက်၊ ဘုရားသခင်၏ကြီးမြတ်ခြင်းသည် စာတစ်ရွက်ပေါ်က အနှစ်မဲ့သည့် စကားလုံးများမျှသာ ဖြစ်သည်ဟု သင်တို့ထင်သလော။ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ် ဖြစ်ခြင်းသည် အနှစ်မဲ့သည့် စကားလုံးများသာ ဖြစ်သလော။ မဟုတ်ပေ။ သေချာပေါက် မဟုတ်ပေ။ ဘုရားသခင်၏ သာလွန်ခြင်း၊ ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်း၊ သည်းခံခြင်း၊ ချစ်ခြင်း၊ အစရှိသည့်- ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရ၏ အမျိုးမျိုးသော သွင်ပြင်လက္ခဏာ တစ်ခုစီတိုင်း၏ အသေးစိတ်အချက်အလက်တိုင်းသည် သူအမှုပြုသည့်အခါတိုင်း လက်တွေ့ကျသည့် ဖော်ပြမှု၌ တွေ့ရှိရပြီး လူသားအပေါ်ထားရှိသည့် သူ၏အလို၌ သရုပ်ထင်ကာ လူတိုင်း၌လည်း ပြည့်စုံကာ ထင်ဟပ်ပေသည်။ သင်သည် ယခင်က ထိုအရာကို ခံစားဖူးသည်ဖြစ်စေ မခံစားဖူးသည်ဖြစ်စေ၊ ဘုရားသခင်သည် လူတစ်ဦးချင်းစီ၏ နှလုံးသားကို နွေးထွေးစေရန်နှင့် လူတစ်ဦးချင်းစီ၏ စိတ်ဝိညာဉ်ကို နိုးထစေရန် သူ၏ ရိုးသားစစ်မှန်သည့် နှလုံးသား၊ ဉာဏ်ပညာနှင့် အမျိုးမျိုးသောနည်းလမ်းများကို အသုံးပြုရင်း၊ လူတိုင်းကို ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းဖြင့် စောင့်ရှောက်နေပေသည်။ ဤသည်မှာ ငြင်း၍မရသည့် အချက်တစ်ချက် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)” မှ

သောဒုံမြို့ကို ဖျက်ဆီးဖို့ရန် မီးကို ဘုရားသခင်အသုံးပြုခြင်းသည် လူသားမျိုးနွယ်၊ သို့မဟုတ် အခြားမည်သည့်အရာကိုမဆို လုံးလုံးလျားလျား အမြစ်ဖြတ်သည့် သူ၏အမြန်ဆုံးနည်းလမ်းပင်ဖြစ်သည်။ သောဒုံမြို့သားတို့ကို လောင်ကျွမ်းစေခြင်းက သူတို့၏ရုပ်ခန္ဓာများကိုသာ ဖျက်ဆီးခဲ့ခြင်းမဟုတ်ပေ။ မြို့ထဲရှိ လူတို့သည် ရုပ်လောကနှင့် လူသားတို့မမြင်နိုင်သည့်လောက နှစ်ခုစလုံး၌ မတည်ရှိတော့စေရေးအတွက် သူတို့၏ဝိညာဉ်၊ သူတို့၏စိတ်နှင့် သူတို့၏ကိုယ်ခန္ဓာအလုံးစုံတို့ကို ဖျက်ဆီးခဲ့သည်။ ဤသည်မှာ ဘုရားသခင်က သူ့အမျက်ဒေါသကို ထုတ်ဖော်သည့်နည်းနှင့် ဖော်ပြသည့်နည်းတစ်ခုဖြစ်သည်။ ဤထုတ်ဖော်ခြင်းနှင့် ဖော်ပြခြင်းပုံစံက ဘုရားသခင်၏အမျက်ဒေါသဆိုင်ရာ အနှစ်သာရ၏ ရှုထောင့်တစ်ခုဖြစ်သည်။ ၎င်းသည် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားဆိုင်ရာ အနှစ်သာရကို ထုတ်ဖော်ခြင်း အလိုအလျောက် ဖြစ်သကဲ့သို့ပင်ဖြစ်သည်။ ဘုရားသခင်က သူ၏အမျက်ဒေါသကို ထုတ်လွှတ်သည့်အခါ သူသည် မည်သည့်သနားကရုဏာ၊ သို့မဟုတ် မည်သည့်စာနာသနားမှုကိုမျှ မထုတ်ဖော်ပြတော့သကဲ့သို့ သူ၏သည်းခံခြင်း၊ သို့တည်းမဟုတ် စိတ်ရှည်ခြင်းတို့ကိုလည်း ထပ်မပြတော့ပေ။ သူ့ကို ဆက်ပြီး စိတ်ရှည်စေဖို့၊ သူ၏သနားကရုဏာကို ထပ်ပေးဖို့၊ သူ၏သည်းခံခြင်းကို နောက်တစ်ကြိမ် ပေးသနားဖို့ ဖျောင်းဖျနိုင်သည့် လူ၊ အရာဝတ္ထု၊ သို့မဟုတ် အကြောင်းပြချက်တို့ မရှိပေ။ ဤအရာများအစား ဘုရားသခင်သည် ခဏလေးမျှ တုံ့ဆိုင်းခြင်းမရှိဘဲ သူဆန္ဒရှိသည့်အတိုင်းပြုလျက် သူ၏အမျက်ဒေါသနှင့် ဘုန်းအာနုဘော်တို့ကို စေလွှတ်လိမ့်မည်။ သူသည် သူ၏ကိုယ်ပိုင်ဆန္ဒနှင့်အညီ လျင်မြန်ပြီး ရှင်းလင်းသည့်ပုံစံနှင့် ဤအရာများကို လုပ်ဆောင်လိမ့်မည်။ ဤသည်မှာ လူသားအနေဖြင့် ထိပါးခြင်း မပြုလုပ်ရသည့် သူ၏အမျက်ဒေါသနှင့် ဘုန်းအာနုဘော်ကို ဘုရားသခင်ထုတ်လွှတ်သည့် နည်းလမ်းဖြစ်သည်။ ထို့ပြင် သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားဆိုင်ရာ ရှုထောင့်တစ်ခု၏ ဖော်ပြချက်လည်း ဖြစ်သည်။ ဘုရားသခင်က လူသားအပေါ် ပူပန်ခြင်းနှင့် ချစ်ခြင်းတို့ ပြသည်ကို လူတို့မြင်သောအခါ သူတို့သည် သူ၏အမျက်ဒေါသကို သတိမပြုမိနိုင်ကြ၊ သူ၏ဘုန်းအာနုဘော်ကို မမြင်နိုင်ကြ၊ သို့တည်းမဟုတ် ထိပါးစော်ကားမှုအပေါ် သူ၏သည်းမခံခြင်းကို မခံစားနိုင်ကြပေ။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် သနားကရုဏာ၊ သည်းခံခြင်းနှင့် ချစ်ခြင်းမေတ္တာသက်သက်ပင် ဖြစ်သည်ဟု ဤအရာများက လူတို့ကို ယုံကြည်သွားစေခဲ့သည်။ သို့သော်လည်း ဘုရားသခင်က မြို့တစ်မြို့ကို ဖျက်ဆီးခြင်း၊ သို့မဟုတ် လူသားမျိုးနွယ်တစ်စုကို ရွံမုန်းခြင်းကို တစ်ဦးတစ်ယောက်က တွေ့ရသည့်အခါ လူသားကို ဖျက်ဆီးခြင်းထဲရှိ သူ၏အမျက်ဒေါသနှင့် သူ၏ဘုန်းအာနုဘော်တို့က လူတို့အား သူ၏ဖြောင့်မတ်သည့် စိတ်သဘောထား၏ အခြားတစ်ဖက်ကို ရိပ်ခနဲမြင်စေသည်။ ဤသည်မှာ ထိပါးစော်ကားခြင်းကို ဘုရားသခင်၏ သည်းမခံခြင်းဖြစ်သည်။ ထိပါးစော်ကားခြင်းကို သည်းမခံသည့် ဘုရားသခင်၏ စိတ်သဘောထားသည် မည်သည့်ဖန်ဆင်းခံသတ္တဝါမဆို၏ စိတ်ကူးနိုင်စွမ်းထက် သာလွန်သည်။ ဖန်ဆင်းခံမဟုတ်သည့် သတ္တဝါများထဲ၌ မည်သူကမျှ ထိုအရာကို ဝင်စွပ်ဖက်ခြင်း၊ သို့မဟုတ် ထိခိုက်စေခြင်းတို့ မပြုလုပ်နိုင်ပေ။ ထို့ပြင် ထိုအရာကို တူအောင်တုခြင်း၊ သို့တည်းမဟုတ် အတုခိုးခြင်းလည်း သာ၍ပင် မပြုလုပ်နိုင်ကြပေ။ ထို့ကြောင့် ဘုရားသခင်၏ စိတ်သဘောထားနှင့် ပတ်သက်သည့် ဤရှုထောင့်သည် လူသားမျိုးနွယ် အသိသင့်ဆုံးသော ရှုထောင့်တစ်ခုဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင်၌သာ ဤကဲ့သို့စိတ်သဘောထားမျိုးရှိသည်။ ထို့ပြင် ဘုရားသခင်ကိုယ်တော်တိုင်သာလျှင် ဤကဲ့သို့စိတ်သဘောထားမျိုးကို ပိုင်ဆိုင်သည်။ ဘုရားသခင်သည် ဆိုးသွမ်းမှု၊ အမှောင်ထု၊ ပုန်ကန်ခြင်းနှင့် စာတန်၏ ဆိုးယုတ်သော လုပ်ရပ်များကို-လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေပြီး ဝါးမျိုခြင်း- စက်ဆုပ်ရွံရှာသည့်အတွက်ကြောင့်၊ သူနှင့်ဆန့်ကျင်သည့် အပြစ်၏လုပ်ရပ်အားလုံးကို စက်ဆုပ်ရွံရှာသည့်အတွက်ကြောင့်၊ ထို့ပြင် သူ၏သန့်ရှင်းပြီး ညစ်ညမ်းခြင်းမရှိသည့် အနှစ်သာရကြောင့် ဘုရားသခင်သည် ထိုသို့သောဖြောင့်မတ်သည့် စိတ်သဘောထားကို ပိုင်ဆိုင်သည်။ ဤအကြောင်းကြောင့် ဖန်ဆင်းခံ၊ သို့တည်းမဟုတ် ဖန်ဆင်းခံမဟုတ်သည့် သတ္တဝါတို့က သူ့အား ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ခြင်းကိုသော်လည်းကောင်း ယှဉ်ပြိုင်ခြင်းများကိုသော်လည်းကောင်း သူခံမည်မဟုတ်ခြင်းဖြစ်သည်။ တစ်ခါက သူသနားကရုဏာပြခဲ့ဖူးသည့်၊ သို့မဟုတ် သူရွေးချယ်ခဲ့ဖူးသည့် လူပုဂ္ဂိုလ်ပင်လျှင် သူ၏စိတ်သဘောထားကို ရန်စပြီး သူ၏စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းဆိုင်ရာ အခြေခံမူများကို ဖောက်ဖျက်လိုက်သည်နှင့် သူသည် သနားကရုဏာ၊ သို့တည်းမဟုတ် တွန့်ဆုတ်ခြင်းတို့ အနည်းငယ်မျှမရှိဘဲ ထိပါးစော်ကားမှုကို သည်းမခံသော သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားကို ထုတ်လွှတ်ပြီး ထုတ်ဖော်ပြလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)” မှ

ဘုရားသခင်၏ လုပ်ရပ်များအဖို့ အခြေခံသဘောတရားများရှိပြီး ဆုံးဖြတ်ချက်တစ်ခု မချမီတွင် သူသည် လေ့လာရင်းနှင့် ချင့်ချိန်ရင်း အချိန်ကြာမြင့်စွာ ကုန်ဆုံးလေသည်။ အချိန်မတန်မီ သူသည် မည်သည့် ဆုံးဖြတ်ချက်ကိုမျှ ချမှတ်မည်မဟုတ်သကဲ့သို့၊ မည်သည့်ကောက်ချက် ချခြင်းကိုမျှ ချက်ချင်းရမ်းသန်း ပြုမည် မဟုတ်ပေ။ ဘုရားသခင်သည် သောဒုံမြို့ထဲ၌ ဖြောင့်မတ်သောသူ အယောက် လေးဆယ်၊ သုံးဆယ် သို့မဟုတ် နှစ်ဆယ် မရှိသည်ကို သိနှင့်နေခဲ့သည့်အတွက်၊ ထိုမြို့ကို ဖျက်ဆီးရန်ဖြစ်သော ဘုရားသခင်၏ ဆုံးဖြတ်ချက်မှာ အနည်းငယ်မျှပင် မမှားယွင်းသည်ကို အာဗြဟံနှင့် ဘုရားသခင်တို့ ကြားက အပြန်အလှန်ပြောဆိုမှုများက ငါတို့ကို ပြသပေသည်။ ဆယ်ဦးပင် မရှိခဲ့ပေ။ ထိုမြို့၌ ရှိခဲ့သည့် တစ်ဦးတည်းသော ဖြောင့်မတ်သူမှာ လောတဖြစ်သည်။ သောဒုံ၌ ဖြစ်ခဲ့သမျှ အရာအားလုံးနှင့် ယင်း၏ အခြေအနေများကို ဘုရားသခင်သည် လေ့လာစောင့်ကြည့်ခဲ့ပြီး ယင်းတို့ကို ဘုရားသခင်သည် ကောင်းကောင်း သိကျွမ်းခဲ့ပေသည်။ ထို့ကြောင့် သူ၏ဆုံးဖြတ်ချက်မှာ မှားယွင်းနိုင်မည်မဟုတ်ပေ။ ဆန့်ကျင်ဘက် အနေဖြင့်၊ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် နှိုင်းဆပါက၊ လူသည် အလွန်ထုံထိုင်းသည်၊ အလွန် မိုက်မဲပြီး မသိနားမလည်ဖြစ်သည်၊ အလွန် အမြော်အမြင် မရှိပေ။ ဤသည်မှာ အာဗြဟံနှင့် ဘုရားသခင်ကြားက အပြန်အလှန် စကားပြောခြင်းများတွင် ငါတို့ မြင်ရသည့်အရာ ဖြစ်သည်။ ဘုရားသခင်သည် သူ၏ စိတ်သဘောထားကို အစအဦးမှ ယနေ့ထိတိုင် ဖော်ပြလျက်ရှိသည်။ ထိုနည်းတူ ဤနေရာတွင် ငါတို့ မြင်သင့်သော ဘုရားသခင်၏ စိတ်သဘောထား ရှိပေသည်။ ကိန်းဂဏန်းများမှာ ရိုးရှင်းသည်- မည်သည့်အရာကိုမျှ သရုပ်ပြခြင်း မရှိ- သို့သော်လည်း ဤနေရာတွင် ဘုရားသခင်၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် အလွန် အရေးကြီးသော ဖော်ပြချက်တစ်ခု ရှိ၏။ ဘုရားသခင်သည် ဖြောင့်မတ်သောသူ အယောက်ငါးဆယ်ကြောင့် မြို့ကိုဖျက်ဆီးလိမ့်မည် မဟုတ်ခဲ့ပေ။ ဤသည်မှာ ဘုရားသခင်၏ သနားကရုဏာကြောင့် ဖြစ်သလော။ ယင်းသည် သူ၏ ချစ်ခြင်းမေတ္တာနှင့် သည်းခံခြင်းကြောင့် ဖြစ်သလော။ သင်တို့သည် ဘုရားသခင် စိတ်သဘောထား၏ ဤရပ်တည်ချက်ကို မြင်ဖူးပါသလော။ ဖြောင့်မတ်သောသူ ဆယ်ဦးရှိခဲ့လျှင်ပင်၊ ဘုရားသခင်သည် ဤဖြောင့်မတ်သောလူ ဆယ်ဦးကြောင့် မြို့ကို ဖျက်ဆီးခဲ့လိမ့်မည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ သည်းခံခြင်းနှင့် ချစ်ခြင်းမေတ္တာလော သို့မဟုတ် ဤသည်မှာ ဘုရားသခင်၏ သည်းခံခြင်းနှင့် ချစ်ခြင်းမေတ္တာ မဟုတ်သလော။ ထိုဖြောင့်မတ်သောလူများအပေါ် ဘုရားသခင်၏ သနားကရုဏာ၊ သည်းခံခြင်းနှင့် အရေးထားခြင်းတို့ကြောင့် ထိုမြို့ကို သူဖျက်ဆီးခဲ့လိမ့်မည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ သည်းခံခြင်း ဖြစ်သည်။ နောက်ဆုံးတွင် မည်သည့်ရလဒ်ကို ငါတို့မြင်ရသနည်း။ အာဗြဟံက၊ “တစ်ဆယ်ကို တွေ့ကောင်း တွေ့တော်မူလိမ့်မည်။” ဟု ဆိုသောအခါ၊ ဘုရားသခင်က “ငါမဖျက်ဆီးဘဲနေမည်။” ဟု ဆိုခဲ့သည်။ ထို့နောက်တွင်၊ အာဗြဟံသည် နောက်ထပ်မပြောတော့ပေ- အဘယ်ကြောင့်ဆိုသော် သောဒုံမြို့အတွင်းတွင် သူရည်ညွှန်းခဲ့သည့် ဖြောင့်မတ်သောသူ ဆယ်ဦးမရှိခဲ့သည့်အတွက် သူ၌ နောက်ထပ်ပြောစရာ မရှိတော့ပေ၊ ပြီးလျှင် ထိုအချိန်တွင် ဘုရားသခင်သည် သောဒုံကို ဖျက်ဆီးရန် အဘယ်ကြောင့် ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်ကို သူနားလည်ခဲ့သည်။ ဤအရာတွင် ဘုရားသခင်၏ မည်သည့်စိတ်သဘောထားကို သင်တို့ မြင်ကြရသနည်း။ ဘုရားသခင်သည် မည်ကဲ့သို့ဆုံးဖြတ်ချက်မျိုးကို ချမှတ်ခဲ့သနည်း။ အကယ်၍ မြို့၌ ဖြောင့်မတ်သောသူ ဆယ်ဦး မရှိခဲ့ပါက၊ ဘုရားသခင်သည် ၎င်းကို တည်ရှိစေရန် အခွင့်ပေးမည် မဟုတ်ဘဲ မလွဲဧကန် ဖျက်ဆီးပစ်မည်ဟု ဘုရားသခင် စိတ်ဆုံးဖြတ်ခဲ့ပေသည်။ ဤသည်မှာ ဘုရားသခင်၏ အမျက်‌ဒေါသ မဟုတ်လော။ ဤအမျက်သည် ဘုရားသခင်၏ စိတ်သဘောထားကို ကိုယ်စားပြုသလော။ ဤစိတ်သဘောထားသည် ဘုရားသခင်၏ သန့်ရှင်းသော အနှစ်သာရ၏ ဖွင့်ပြချက် ဖြစ်သလော။ ယင်းမှာ လူတို့ ပြစ်မှား၍ မရသည့် ဘုရားသခင်၏ ဖြောင့်မတ်သော အနှစ်သာရနှင့် သက်ဆိုင်သည့် ဖွင့်ပြချက် ဖြစ်သလော။ သောဒုံ၌ ဖြောင့်မတ်သောသူ ဆယ်ဦး မရှိသည်ကို အတည်ပြုလျက်၊ ဘုရားသခင်သည် ထိုမြို့ကို ဖျက်ဆီးရန်မှာ သေချာခဲ့ပြီး ထိုမြို့အတွင်းရှိ လူတို့သည် ဘုရားသခင်ကို ဆန့်ကျင်ခဲ့ကြသည့်အတွက်၊ ပြီးလျှင် ၎င်းတို့သည် အလွန် ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးခဲ့ကြသောကြောင့် ၎င်းတို့ကို ပြင်းထန်စွာ အပြစ်ပေးမည် ဖြစ်သည်။

...ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံခြင်းသည် ဧကန်အမှန် တည်ရှိသော်လည်း၊ ဘုရားသခင်သည် သူ၏ အမျက်ကို လွှတ်သည့်အချိန် ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့သည်လည်း ပြစ်မှားခြင်းကို သည်းခံမည် မဟုတ်သော ဘုရားသခင်၏ သဘောထားကို လူအား ပြသပေသည်။ လူသည် ဘုရားသခင်၏ ပညတ်များကို အပြည့်အဝ နာခံနိုင်စွမ်းရှိပြီး ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ပြုမူနိုင်စွမ်းရှိသည့်အခါ၊ ဘုရားသခင်သည် လူသားအပေါ် သူ၏ သနားကရုဏာ၌ အလျှံပယ်ဖြစ်လေသည်။ လူသည် ဖောက်ပြန်ပျက်စီးခြင်း၊ မုန်းတီးမှုနှင့် ကိုယ်တော့်ကို ရန်လိုမှုတို့ဖြင့် ပြည့်နှက်သည့်အခါတွင်၊ ဘုရားသခင်သည် အကြီးအကျယ် အမျက်ထွက်လေ၏။ သူသည် မည်သည့် အတိုင်းအတာအထိ အကြီးအကျယ် အမျက်ထွက်သနည်း။ ဘုရားသခင်သည် လူ၏ အတိုက်အခံပြုခြင်းနှင့် မကောင်းမှု ဒုစရိုက်များကို မမြင်ရတော့သည်အထိ၊ ၎င်းတို့သည် သူ၏မျက်စိရှေ့မှောက်တွင် မရှိကြတော့သည့်အထိ သူ၏အမျက်သည် ရှည်ကြာလိမ့်မည်။ ထို့နောက်တွင်မှ ဘုရားသခင်၏ အမျက်‌ဒေါသသည် ကွယ်ပျောက်လိမ့်မည်။ တစ်နည်းအား‌ဖြင့် လူသည် မည်သူဖြစ်ပါစေ၊ အကယ်၍ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်နှင့် ဝေးကွာလာပြီး ဘုရားသခင်ထံမှ လှည့်ထွက်သွားကာ၊ မည်သည့်အခါမျှ ပြန်လာခြင်းမရှိပါက၊ တွေ့မြင်ရသည်မှာ သို့မဟုတ် ၎င်းတို့၏ ဓမ္ဓဓိဌာန်မကျသော လိုအင်များအရ၊ ၎င်းတို့သည် မိမိတို့၏ ခန္ဓာကိုယ် သို့မဟုတ် မိမိတို့၏ အတွေးတွင် ဘုရားသခင်ကို မည်သို့ ကိုးကွယ်ကာ လိုက်လျှောက်ပြီး နာခံရန် ဆန္ဒရှိကြသည်ဖြစ်စေ၊ ဘုရားသခင်၏ အမျက်သည် မရပ်မနား ပွင့်အန်ထွက်မည် ဖြစ်သည်။ ယင်းမှာ လူကို လုံလောက်သော အခွင့်အရေးများ ပေးထားလျက်၊ ဘုရားသခင်သည် သူ၏ အမျက်ဒေါသကို အလွန်အမင်း ထုတ်လွှတ်သည့်အခါတွင်၊ ထုတ်လွှတ်သည်နှင့်တစ်ပြိုင်နက် ပြန်ရုပ်သိမ်းခြင်းငှာ မည်သို့မျှ ဖြစ်နိုင်မည်မဟုတ်သကဲ့သို့၊ သူသည် ထိုသို့သော လူသားမျိုးနွယ်နှင့် သက်ဆိုင်၍၊ တစ်ဖန် လုံးဝ သနားကရုဏာနှင့် သည်းခံခြင်း ရှိမည် မဟုတ်ပေ။ ဤသည်မှာ ပုန်ကန်ပြစ်မှားခြင်းကို သည်းမခံသည့် ဘုရားသခင်၏ စိတ်သဘောထား၏ တစ်ဘက်ခြမ်း ဖြစ်သည်။ ဤနေရာတွင် ဘုရားသခင်၏ အမြင်၌ အပြစ်နှင့် ပြည့်နှက်သော မြို့တစ်မြို့သည် တည်ရှိနိုင်မည်မဟုတ်သကဲ့သို့၊ ဆက်လက် ကျန်ရှိနေ၍ မရနိုင်သည့်အတွက်၊ ပြီးလျှင် ယင်းသည် ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ခံသင့်သည်မှာ ယုတ္တိတန်သည့်အတွက်၊ ဘုရားသခင်သည် မြို့တစ်မြို့ကို ဖျက်ဆီးမည်မှာ လူတို့အဖို့ ပုံမှန်ဖြစ်သည်ဟု ထင်ရပေသည်။ သို့သော် သောဒုံမြို့ကို သူ၏ ဖျက်ဆီးခြင်း မတိုင်မီနှင့် နောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သောအရာတွင် ဘုရားသခင်၏ စိတ်သဘောထား အလုံးစုံကို ငါတို့ မြင်ရပေသည်။ သူသည် ကြင်နာမှုရှိကာ လှပပြီး ကောင်းမြတ်သောအရာများအပေါ် သည်းခံပြီး သနားကရုဏာ ရှိသည်။ ဆိုးယုတ်ပြီး အပြစ်နှင့်ပြည့်ကာ ကောက်ကျစ်သော အရာများအပေါ် သူသည် အကြီးအကျယ် အမျက်ထွက်သည်မှာ သူ၏အမျက်၌ မရပ်စဲနိုင်လောက်အောင် ဖြစ်ပေသည်။ ဤသည်တို့မှာ ဘုရားသခင်၏ စိတ်သဘောထား၏ အဓိကကျပြီး အရေးပါဆုံးသော ရှုထောင့်နှစ်ခု- အလျှံပယ်ဖြစ်သော သနားကရုဏာနှင့် အလွန် လေးနက်သော အမျက်ဒေါသ- ဖြစ်သည့်အပြင်၊ ဘုရားသခင်သည် ၎င်းတို့ကို အစမှအဆုံး ထုတ်ဖော်ပြခဲ့ပြီးဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” မှ

လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးသည့်နောက် ယေဟောဝါသည် အာဒံလက်ထက်မှ နောဧ လက်ထက်တိုင်အောင် လူတို့ကို လမ်းမညွှန်ခဲ့၊ သို့မဟုတ် လမ်းမပြခဲ့ပေ။ ထို့ထက် ရေလွှမ်းမိုးခြင်းက ကမ္ဘာကြီးကို ဖျက်ဆီးခဲ့သည့်အချိန် နောက်ပိုင်းမှသာ နောဧ၏သားစဉ်မြေးဆက်များနှင့် အာဒံတို့ သားစဉ် မြေးဆက်များလည်း ဖြစ်သည့် ဣသရေလလူမျိုးတို့ကို သတ်သတ်မှတ်မှတ် စတင်လမ်းပြပေးခဲ့ခြင်း ဖြစ်သည်။ ဣသရေလပြည်၌ သူ၏ အမှုတော်နှင့် မိန့်မြွက်ချက်များက ဣသရေလပြည် တစ်ဝန်းတွင် ဣသရေလပြည်သူ အားလုံးတို့ကို ၎င်းတို့ အသက်ရှင်နေထိုင်သည်နှင့်အမျှ လမ်းညွှန်ပေးခဲ့သည်၊ ထိုသို့ဖြင့် လူသားသည် သူ့ထံမှ အသက်ကိုရရှိနိုင်ပြီး မြေမှုန့်ထဲမှ ဖန်ဆင်းခံလူသတ္တဝါအဖြစ် ထလာနိုင်ရန် ယေဟောဝါသည် လူသားအထဲသို့ ဇီဝအသက်ကို မှုတ်သွင်းနိုင်သည်သာမကဘဲ၊ လူသားမျိုးနွယ်ကို မီးရှို့ဖျက်ဆီးနိုင်ကာ လူသားမျိုးနွယ်ကို ကျိန်ဆဲနိုင်သည့်အပြင် လူသားမျိုးနွယ်ကို အုပ်စိုးရန် သူ၏လှံတံတော်ကို အသုံးပြုနိုင်သည့်အကြောင်းလည်း ပြသခဲ့သည်။ ယေဟောဝါသည် ကမ္ဘာမြေကြီးပေါ်၌ လူသား၏ဘဝကို လမ်းပြပေးနိုင်သည်သာမက၊ နေ့ညအချိန်နာရီအတိုင်း လူသားတို့ အကြားတွင် စကားပြောနိုင်၊ အမှုပြုနိုင်ကြောင်းကိုလည်း သူတို့တွေ့မြင်ခဲ့ကြသည်။ လူသားသည် သူကောက်ယူခဲ့သည့် မြေမှုန့်မှ ဖြစ်ပေါ်လာခဲ့ကြောင်း၊ ထို့အပြင် လူသားအား သူဖန်ဆင်းဖြစ်ခဲ့ကြောင်းကို သူ၏ဖန်ဆင်းခံများ သိနိုင်စေရန်အလို့ငှာသာ ထိုအမှုကိုပြုခဲ့ခြင်း ဖြစ်သည်။ ဤမျှသာမက (အမှန်တွင် ဣသရေလပြည်မှ သီးခြားမဟုတ်ဘဲ၊ ထို့ထက် ဣသရေလလူမျိုးထဲမှ ခွဲထွက်လာခဲ့ပြီး အာဒံနှင့်ဧဝတို့မှ ဆင်းသက်လာခဲ့သူများပင် ဖြစ်သော) အခြားသောလူမျိုးများနှင့် တိုင်းနိုင်ငံများသည် ယေဟောဝါ၏ ဣသရေလပြည်မှ ဧဝံဂေလိတရားကို လက်ခံရရှိစေနိုင်ရန် အတွက်၊ စကြဝဠာတွင်းရှိ ဖန်ဆင်းခံအားလုံးက ယေဟောဝါကို ချစ်ကြောက်နိုင်ကြပြီး သူ့ကိုကြီးမြတ်သည်ဟု လက်ခံနိုင်ကြစေရန်အတွက် သူသည် သူ၏အမှုတော်ကို ဣသရေလပြည်၌ အရင်ပြုခဲ့ခြင်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပညတ်တော်ခေတ်ရှိ အမှုတော်” မှ

အဲဂုတ္တုပြည်ထဲမှထွက်ကာ မောရှေနောက်သို့ လိုက်လာကြသော ဣသရေလလူတို့ကို လက်ဆင့်ကမ်းပေးအပ်ရန် ယေဟောဝါသည် မောရှေအတွက် ပညတ်တော်အများအပြားကို ပညတ်တော်ခေတ် ကာလအတွင်း ချပေးခဲ့သည်။ ဤပညတ်တော်များသည် ဣသရေလ လူမျိုးတို့အတွက် ယေဟောဝါပေးအပ်ခဲ့သည့် အရာများဖြစ်ကာ အဲဂုတ္တုလူမျိုးတို့နှင့် ဘာမျှမသက်ဆိုင်ပေ၊ ၎င်းပညတ်တော်များမှာ ဣသရေလလူမျိုးတို့ကို ကန့်သတ်ထိန်းချုပ်ရန်အတွက် ရည်ရွယ်ထားပြီး ဣသရေလလူတို့အပေါ် တောင်းဆိုချက်များ ပြုလုပ်ရန် ထို၎င်းပညတ်တော်များကို သူအသုံးပြုခဲ့သည်။ ၎င်းတို့သည် ဥပုသ်နေ့ကို စောင့်ထိန်းကြခြင်းရှိမရှိ၊ ၎င်းတို့၏ မိဘများကို ရိုသေကြခြင်း ရှိမရှိ၊ ရုပ်တုဆင်းတုများကို ကိုးကွယ်ကြခြင်း ရှိမရှိ အစရှိသည်တို့မှာ ၎င်းတို့အနေဖြင့် အပြစ်ရှိမရှိ၊ ဖြောင့်မတ်ခြင်းရှိမရှိကို စီရင်သည့် အခြေခံသဘောတရားများ ဖြစ်ခဲ့သည်။ ထိုသူတို့ထဲ၌ ယေဟောဝါ၏မီးဖြင့် ဒဏ်ခတ်ခံရသူအချို့ ရှိခဲ့သည်၊ ကျောက်ခဲဖြင့် ပေါက်သတ်ခံရသူအချို့ ရှိခဲ့ပြီး၊ ယေဟောဝါထံမှ ကောင်းချီးမင်္ဂလာကို ခံစားခဲ့ရသူအချို့ ရှိခဲ့ပြီးလျှင်၊ ဤအရာအား ၎င်းတို့ ထိုပညတ်တော်များကို နာခံမှုရှိမရှိအပေါ်မူတည်၍ ဆုံးဖြတ်သည်။ ဥပုသ်နေ့ကို စောင့်ထိန်းခြင်း မရှိသူတို့သည် ကျောက်ခဲဖြင့် သေသည်အထိ ပေါက်သတ်ခံခဲ့ရသည်။ ဥပုသ်နေ့ကို စောင့်ထိန်းခြင်းမရှိသည့် ယဇ်ပုရောဟိတ်တို့မှာမူ ယေဟောဝါ၏မီးဖြင့် ဒဏ်ခတ်ခံခဲ့ရသည်။ မိမိတို့၏မိဘများကို ရိုသေခြင်း မရှိသူတို့သည်လည်း ကျောက်ခဲဖြင့် သေသည်အထိ ပေါက်သတ်ခံခဲ့ရသည်။ ဤအရာအားလုံးကို ယေဟောဝါက အကြံပြုခဲ့ခြင်း ဖြစ်သည်။ ယေဟောဝါက သူ၏ပညတ်တော်များနှင့် ဥပဒေများကို ချမှတ်ခဲ့သည်မှာ လူတို့၏ အသက်တာ၌ သူဦးဆောင်သည့်အခါ၊ လူတို့သည် သူ၏နှုတ်ကပတ်တော်ကို နားထောင်ပြီး နာခံကြကာ သူ့ကို ပုန်ကန်ခြင်း မပြုကြစေရန် ဖြစ်သည်။ သူ၏အနာဂတ်အမှုအတွက် အခြေခံအုတ်မြစ်ကို ပို၍ကောင်းမွန်စွာ ချမှတ်နိုင်ရေးအတွက် မွေးကင်းစ လူသားမျိုးနွယ်ကို ဆက်လက် ထိန်းချုပ်ထားရန် ထိုပညတ်တော်များကို သူအသုံးပြုခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ယေဟောဝါပြုခဲ့သော အမှုပေါ်မူတည်၍ ပထမခေတ်ကို ပညတ်တော်ခေတ်ဟုခေါ်သည်။ ယေဟောဝါသည် များစွာသော မိန့်မြွက်ချက်များကိုပြုခဲ့ပြီး အမှု အများအပြားကို ပြုခဲ့သော်လည်း၊ မသိနားမလည်သော ဤလူတို့ကို လူဆန်ပုံ၊ အသက်ရှင်နေထိုင်ပုံ၊ ယေဟောဝါ၏ လမ်းခရီးကို သိနားလည်ရန် နည်းလမ်းတို့အား သွန်သင်ပေးလျက်၊ သူ့အနေဖြင့် လူသားတို့ကို အပြုသဘောဖက်မှသာ လမ်းပြခဲ့သည်။ အများဆုံးအနေဖြင့် သူပြုခဲ့သော အမှုသည် သူ၏လမ်းခရီးနှင့် သူ၏ ပညတ်တော်များကို လူတို့ လိုက်လျှောက်စေရန်အတွက် ဖြစ်သည်။ အမှုပြုခဲ့ခြင်းမှာ အနည်းငယ်သာ ဖောက်ပြန်ပျက်စီးနေသော လူများအပေါ်တွင် ဖြစ်သည်။ ထိုအမှုသည် ၎င်းတို့၏ စိတ်သဘောထားကို ပြောင်းလဲရန် သို့မဟုတ် ၎င်းတို့၏ အသက်တွင် တိုးတက်မှုရှိရန်အထိ မကျယ်ပြန့်ခဲ့ပေ။ လူတို့ကို ကန့်သတ်ရန်နှင့် ထိန်းချုပ်ရန်အတွက် ပညတ်တော်များကို အသုံးပြုခြင်းကိုသာ သူစိတ်ဝင်စားခဲ့သည်။ ထိုအချိန်တုန်းက ဣသရေလလူမျိုးအတွက် ယေဟောဝါသည် ဗိမာန်တော်ထဲ၌ရှိသော ဘုရားသခင်၊ ကောင်းကင်ဘုံရှိ ဘုရားသခင်မျှသာ ဖြစ်ခဲ့သည်။ သူသည် မိုးတိမ်တိုင်၊ မီးတိုင်ဖြစ်ခဲ့သည်။ ယေဟောဝါက ၎င်းတို့လုပ်ဆောင်ရန် တောင်းဆိုခဲ့သည့်အရာမှာ ယနေ့ခေတ် လူများမှ သူ၏ပညတ်တော်များနှင့် ဥပဒေများအဖြစ် နားလည်ထားကြသည့်၊ စည်းမျဉ်းစည်းကမ်းများဟုပင် ခေါ်ဆိုနိုင်သည့်အရာများကို နာခံခြင်းသာ ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ယေဟောဝါပြုခဲ့သည့်အရာမှာ ၎င်းတို့ကို ပြောင်းလဲစေရန်အတွက် ရည်ရွယ်ခဲ့ခြင်း မဟုတ်ဘဲ၊ လူသား၌ ရှိသင့်ရှိထိုက်သော အရာများကို ပို၍ပေးအပ်ရန်၊ သူကိုယ်တိုင်၏နှုတ်ဖြင့် လူတို့ကို လမ်းညွှန်ပေးရန် ဖြစ်သောကြောင့် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ဖန်ဆင်းခံရပြီးနောက် လူသားသည် မိမိ၌ ရှိသင့်သည်အရာ တစ်ခုမျှ မရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူဦးဆောင်ခဲ့သော လူတို့အား ၎င်းတို့၏ဘိုးဘေးများဖြစ်ကြသော အာဒံနှင့်ဧဝတို့ထက် သာလွန် သွားစေလျက်၊ ၎င်းတို့အား ကမ္ဘာပေါ်ရှိ ၎င်းတို့၏ဘဝများအတွက် ပိုင်ဆိုင်ထားသင့်သည့်အရာများကို ယေဟောဝါက လူတို့အား ပေးခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကို ယေဟောဝါ ပေးခဲ့သည့်အရာမှာ အစဦး၌ အာဒံနှင့် ဧဝတို့ကို ကိုယ်တော်ပေးခဲ့သည်ထက် ပို၍သာလွန်သောကြောင့် ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဣသရေလပြည်၌ ယေဟောဝါပြုခဲ့သည့် အမှုသည် လူသားမျိုးနွယ်ကို လမ်းပြပေးရန်နှင့် လူတို့သည် မိမိတို့၏ ဖန်ဆင်းရှင်ကို သိမှတ်စေနိုင်ရန်သာ ဖြစ်သည်။ ယေဟောဝါက လူတို့ကို သိမ်းပိုက်ခြင်း၊ သို့မဟုတ် ပြောင်းလဲခြင်းတို့ မပြုခဲ့ဘဲ၊ ၎င်းတို့ကို လမ်းပြခြင်းသာ ပြုခဲ့သည်။ ဤသည်မှာ ပညတ်တော်ခေတ်၌ ယေဟောဝါပြုခဲ့သည့် အမှုအားလုံး၏ အချုပ်ဖြစ်သည်။ ဤသည်မှာ ဣသရေလတစ်ပြည်လုံး၌ သူပြုခဲ့သောအမှု၏ နောက်ခံသမိုင်း၊ ဖြစ်ရပ်မှန် ဇာတ်ကြောင်း၊ အနှစ်သာရဖြစ်ပြီး၊ လူသားမျိုးနွယ်ကို ယေဟောဝါ လက်တော်၏ ထိန်းချုပ်မှုအောက်၌ ထားရှိရန် သူ၏အနှစ်ခြောက်ထောင် အမှုတော်၏ အစလည်း ဖြစ်သည်။ ထိုမှနေ၍ သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၌ သာ၍များသော အမှုတို့ ပေါ်ထွက်လာခဲ့သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပညတ်တော်ခေတ်ရှိ အမှုတော်” မှ

ယေရှုပြုခဲ့သောအမှုသည် ထိုခေတ်မှ လူသား၏ လိုအပ်ချက်များ နှင့်အညီ ဖြစ်ခဲ့သည်။ သူ၏တာဝန်သည် လူသားတို့ကို ရွေးနှုတ်ရန်၊ ၎င်းတို့၏အပြစ်များကို ခွင့်လွှတ်ရန်ဖြစ်ရာ၊ သူ၏ စိတ်သဘောထားသည် နှိမ့်ချခြင်း၊ သည်းခံခြင်း၊ ချစ်ခြင်း၊ ဘာသာတရား ကိုင်းရှိုင်းခြင်း၊ စိတ်ရှည်ခြင်း၊ သနားကရုဏာ၊ မေတ္တာတို့ဖြင့် အတိပြီးခဲ့၏။ သူသည် အလျှံပယ်များပြားလှသော ကျေးဇူးတော်၊ ကောင်းချီးမင်္ဂလာတို့နှင့် လူတို့ခံစားနိုင်မည့် အရာအားလုံးကို လူသားတို့ထံ ယူဆောင်လာခဲ့၏၊ ၎င်းတို့ခံစားရန် ငြိမ်းချမ်းခြင်းနှင့် ပျော်ရွှင်ခြင်း၊ သူ၏သည်းခံခြင်းနှင့် ချစ်ခြင်း၊ သူ၏သနားကရုဏာနှင့် ချစ်ခင်ကြင်နာမှုတို့ကို ၎င်းတို့အား ပေးခဲ့၏။ ယင်းအချိန်၌ လူတို့ကြုံတွေ့ခဲ့ရသည့် အလျှံပယ် များပြားလှသော ခံစားစရာများဖြစ်သည့် ၎င်းတို့၏ စိတ်နှလုံးများ အတွင်းမှ ငြိမ်းချမ်းမှု နှင့် လုံခြုံမှုခံစားချက်၊ ၎င်းတို့၏ စိတ်နှလုံးများအတွင်းမှ စိတ်ချ သေချာသော ခံစားချက်၊ ကယ်တင်ရှင်ယေရှုအပေါ် ၎င်းတို့၏ မှီခိုအားကိုးမှု စသည့်အရာအားလုံးတို့သည် ၎င်းတို့ရှင်သန်နေထိုင် ခဲ့သည့်ခေတ်တွင် ပါဝင်ခဲ့၏။ ကျေးဇူးတော်ခေတ်တွင် လူသားသည် စာတန်၏ဖောက်ပြန်ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး ဖြစ်သည်၊ ထို့ကြောင့် လူသားအားလုံးတို့အား ရွေးနှုတ်ခြင်း အမှုကို ပြီးမြောက်စေရန်အတွက် အလျှံပယ်ပေါများလှသော ကျေးဇူးတော်၊ အဆုံးမရှိသော စိတ်ရှည် သည်းခံခြင်းတို့ လိုအပ်ခဲ့သည့်အပြင်၊ ထိုမျှမက လူသားတို့၏ အပြစ်များကို ပြေစေရန်အတွက် အကျိုးသက်ရောက်မှုရှိမည့် လုံလောက် ပြည့်စုံသော ယဇ်တစ်ခုကိုလည်း လိုအပ်ခဲ့သည်။ ကျေးဇူးတော်ခေတ်၌ လူသားတို့မြင်ခဲ့ရသောအရာသည် ၎င်းတို့၏ အပြစ်များအတွက် ငါ၏အပြစ်ဖြေရာယဇ်ဖြစ်သည့် ယေရှုသာ ဖြစ်သည်။ ၎င်းတို့သိခဲ့သမျှမှာ ဘုရားသခင်သည် သနားကရုဏာနှင့် ပြည့်စုံ၍ စိတ်ရှည်ခြင်း ရှိနိုင်သည် ဟူ၍ဖြစ်ပြီး၊ ၎င်းတို့မြင်ခဲ့သမျှမှာ ယေရှု၏ သနားကရုဏာနှင့် ချစ်ခင်ကြင်နာမှုတို့ပင် ဖြစ်သည်။ ယင်းမှာ ၎င်းတို့သည် ကျေးဇူးတော်ခေတ်တွင် မွေးဖွားခဲ့သောကြောင့်သာ ဖြစ်၏။ ထို့ကြောင့် ၎င်းတို့သည် ရွေးနှုတ်ခြင်း မခံရနိုင်မီ၌၊ အကျိုးတရားရရှိစေရန်အလို့ငှာ ၎င်းတို့အပေါ် ယေရှုက အပ်နှင်းထားသော ကျေးဇူးတော်အမျိုးမျိုးတို့ကို မဖြစ်မနေ ခံစားခဲ့ကြရသည်။ ဤနည်းအားဖြင့် ၎င်းတို့သည် ကျေးဇူးတော်ကို ခံစားခြင်းမှတစ်ဆင့် ၎င်းတို့၏အပြစ်များကို ခွင့်လွှတ်ခြင်း ခံရနိုင်သည့်အပြင်၊ ယေရှု၏စိတ်ရှည်သည်းခံမှုကို ခံစားခြင်းမှတစ်ဆင့် ရွေးနှုတ်ခံရမည့် အခွင့်အလမ်းကိုလည်း ရနိုင်ခဲ့ကြလေသည်။ ၎င်းတို့သည် ယေရှု၏ စိတ်ရှည် သည်းခံမှုကြောင့်သာ ယေရှုအပ်နှင်း ထားသည့် ခွင့်လွှတ်ခြင်းကို ရရှိရန်အခွင့်နှင့် အလျှံပယ်ဖြစ်သော ကျေးဇူးတော်ကို ခံစားရန်အခွင့်ကို ရခဲ့ကြခြင်းဖြစ်၏။ ငါသည် ဖြောင့်မတ်သူတို့ကို ရွေးနှုတ်ရန် လာခဲ့ခြင်းမဟုတ်၊ အပြစ်သားတို့ကို ရွေးနှုတ်ရန်၊ အပြစ်သားတို့အနေဖြင့် ၎င်းတို့၏ အပြစ်များမှ ခွင့်လွှတ်ခြင်း ခံရစေရန် လာခဲ့ခြင်းဖြစ်သည်ဟူ၍ ယေရှုပြောခဲ့သလိုပင် ဖြစ်သည်။ အကယ်၍ လူ့ဇာတိခံယူ သည့်အခါ ယေရှုသည် တရားစီရင်ခြင်း၊ ကျိန်ဆဲခြင်းနှင့် လူသား၏ ပုန်ကန်ပြစ်မှားခြင်းတို့အား သည်းမခံခြင်းဟူသည့် စိတ်သဘောထားကို ယူဆောင်လာခဲ့မည် ဆိုလျှင်၊ လူသားသည် ရွေးနှုတ်ခံရမည့် အခွင့်အလမ်းကို မည်သည့်အခါမျှ ရရှိလိမ့်မည် မဟုတ်သကဲ့သို့၊ အပြစ်တို့ဖြင့်သာ ထာဝရပြည့်နှက်လျက် ရှိနေလိမ့်မည် ဖြစ်သည်။ ဤသို့သာဖြစ်ခဲ့လျှင်၊ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်သည် ပညတ်တော်ခေတ်၌ ရပ်တန့်သွားခဲ့မည်ဖြစ်ကာ၊ ပညတ်တော်ခေတ်သည် နှစ်ခြောက်ထောင် ရှည်ကြာခဲ့ပေလိမ့်မည်။ လူသား၏ အပြစ်တို့သည်လည်း ပို၍များပြားကာ ပို၍ကြီးလေးလာလိမ့်မည်သာဖြစ်၍၊ လူသားတို့အား ဖန်ဆင်းခြင်းသည် အချည်းနှီးသာ ဖြစ်ခဲ့ပေလိမ့်မည်။ လူသားတို့သည် ယေဟောဝါအား ပညတ်တော်အောက်၌သာ အစေခံနိုင်ကြပေလိမ့်မည်၊ သို့ရာတွင် ၎င်းတို့၏ အပြစ်တို့မှာမူ အဦးအစ ဖန်ဆင်းခံလူသားတို့၏ အပြစ်တို့ထက် ကျော်လွန်သွား မည်သာဖြစ်၏။ ယေရှုသည် လူသားအား ၎င်းတို့၏ အပြစ်များကို ခွင့်လွှတ်လျက်၊ လုံလောက် ပြည့်စုံသော သနားကရုဏာနှင့် ချစ်ခင်ကြင်နာမှုကို ၎င်းတို့အပေါ် ယူဆောင်လာကာ ချစ်ခင်ခဲ့လေလေ၊ လူသားသည် ယေရှုအားဖြင့် ကယ်တင်ခံရရန်နှင့် ယေရှုက ကြီးစွာသော အဖိုးအခဖြင့် ပြန်ဝယ်ယူခဲ့သည့် ပျောက်သောသိုးသငယ်များ အဖြစ် ခေါ်ဆိုခံရရန် အခွင့်ကို ပို၍ရလေလေဖြစ်၏။ ယေရှုသည် သူ၏နောက်လိုက်တို့ကို ချစ်သောမိခင်တစ်ဦးက မိမိ၏ရင်ဝယ်ရှိ နို့စို့ကလေးငယ်အား ဆက်ဆံသကဲ့သို့ ဆက်ဆံသောကြောင့်၊ စာတန်သည် ဤအမှုတွင် ဝင်ရောက်မစွက်ဖက်နိုင်ခဲ့ချေ။ ယေရှုသည် ၎င်းတို့အပေါ် ဒေါသဖြစ်ခြင်း၊ သို့မဟုတ် မထီမဲ့မြင်ပြုခြင်း မရှိခဲ့ဘဲ၊ နှစ်သိမ့်မှုဖြင့်သာ ပြည့်နှက်ခဲ့၏၊ သူသည် ၎င်းတို့ကြား၌ ဒေါသတကြီးဖြစ်ခြင်း အလျှင်းမရှိခဲ့ဘဲ၊ “အခြားသူတို့အား အကြိမ်ခုနစ်ဆယ် ခုနစ်လီမြောက်အောင် ခွင့်လွှတ်ရမည်” ဟု ပြောဆိုခဲ့သည်အထိပင် ၎င်းတို့၏ အပြစ်များကို သည်းခံခဲ့ကာ၊ ၎င်းတို့၏ မိုက်မဲမှုနှင့် မသိနားမလည်မှုတို့ကို မသိကျိုးကျွန်ပြုခဲ့လေသည်။ ထို့ကြောင့် အခြားသူတို့၏ စိတ်နှလုံးတို့သည် သူ၏စိတ်နှလုံးအားဖြင့် ပုံသဏ္ဌာန်ပြောင်းလဲခဲ့ပြီး ထို့ကြောင့်သာလျှင် လူတို့သည် သူ၏စိတ်ရှည်ခြင်းမှတစ်ဆင့် ၎င်းတို့၏ အပြစ်များအတွက် ခွင့်လွှတ်ခြင်းကို ရခဲ့ကြ၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ရွေးနှုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန်” မှ

ယေရှု၏ ရည်ရွယ်ချက်မှာ လူသားအနေဖြင့် ဆက်လက်ရှင်သန်နိုင်ရန်၊ ဆက်လက် အသက်ရှင်ရန်နှင့် ပိုမိုကောင်းမွန်သော နည်းလမ်းတစ်ခုဖြင့် ဆက်လက်တည်ရှိစေနိုင်ရန် အလို့ငှာ ဖြစ်ခဲ့သည်။ လူသားသည် ဆိုးယုတ်ခြင်းထဲသို့ သူ၏ ကျဆင်းခြင်းအား ရပ်တန့်ရန်နှင့် မရဏနိုင်ငံနှင့် ငရဲတွင် ဆက်လက်အသက်မရှင်ဖို့အလို့ငှာ သူသည် လူကို အပြစ်မှ ကယ်တင်ခဲ့ပြီး၊ လူအား မရဏာနိုင်ငံနှင့် ငရဲတို့မှ ကယ်တင်ခြင်းအားဖြင့် ယေရှုသည် လူကို ဆက်လက် ရှင်သန်နေထိုင်ရန် အခွင့်ပေးခဲ့သည်။ ယခုတွင် နောက်ဆုံးသော ကာလသည် ဆိုက်ရောက်ပြီဖြစ်သည်။ ဘုရားသခင်သည် လူကို အမြစ်ဖြတ်သုတ်သင်မည်ဖြစ်ပြီး၊ လူသားမျိုးနွယ်ကို လုံးဝ ဖျက်ဆီးလိမ့်မည်၊ ဆိုလိုသည်မှာ သူသည် လူသားမျိုးနွယ်၏ ပုန်ကန်မှုကို အသွင်ပြောင်းလဲလိမ့်မည်ဖြစ်သည်။ ဤအကြောင်းရင်း အတွက်၊ အတိတ်က ကြင်နာသနားတတ်ပြီး ချစ်ခင်သော စိတ်သဘောထားဖြင့် ဘုရားသခင်သည် ခေတ်ကို အဆုံးသတ်ရန် သို့မဟုတ် သူ၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်အား အကျိုးဖြစ်ထွန်းခြင်းသို့ ဆောင်ကြဉ်းရန် ဖြစ်နိုင်မည် မဟုတ်ပေ။ ခေတ်တိုင်းသည် ဘုရားသခင်၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် အထူးကိုယ်စားပြုခြင်းတစ်ခုကို အသားပေးပြီး၊ ခေတ်တိုင်းသည် ဘုရားသခင် လုပ်ဆောင်သင့်သည့် အမှု ပါဝင်လေသည်။ ထို့ကြောင့် ခေတ်အသီးသီးတွင် ဘုရားသခင် ကိုယ်တိုင် လုပ်ဆောင်သော အမှုတွင် သူ၏ စစ်မှန်သော စိတ်သဘောထား ဖော်ပြချက်ပါဝင်ပြီး၊ သူ၏ နာမနှင့် သူလုပ်ဆောင်သော အမှုနှစ်ခုလုံးသည် ခေတ်နှင့်အတူ ပြောင်းလဲလေသည်- ယင်းတို့သည် အားလုံး အသစ်ဖြစ်ကြ၏။ ပညတ်တော်ခေတ်အတွင်းတွင် လူသားမျိုးနွယ်အား လမ်းပြခြင်းအမှုကို ယေဟောဝါ၏ နာမအောက်တွင် လုပ်ဆောင်ခဲ့ပြီး၊ အမှု၏ပထမအဆင့်ကို ကမ္ဘာမြေပေါ်တွင် အစပျိုးခဲ့သည်။ ဤအဆင့်တွင် အမှုသည် ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကို တည်ဆောက်ခြင်း၊ ဣသရေလလူမျိုးတို့ကို လမ်းပြရန်နှင့် ၎င်းတို့အလယ်တွင် အလုပ်လုပ်ရန် ပညတ်တရားကို အသုံးပြုခြင်းတို့ ပါဝင်သည်။ ဣသရေလလူမျိုးတို့ကို လမ်းပြခြင်းအားဖြင့်၊ သူသည် ကမ္ဘာမြေပေါ်ရှိ သူ၏အမှုအတွက် အခြေစိုက်ရာတစ်ခုကို စတင်ဆောင်ရွက်ခဲ့သည်။ ထိုအခြေစိုက်ရာ မှနေ၍ သူသည် သူ၏အမှုကို ဣသရေလကို ကျော်လွန်၍ တိုးချဲ့ခဲ့သည်၊ ယင်းမှာ နောင်မျိုးဆက်များက ယေဟောဝါသည် ဘုရားသခင်ဖြစ်ပြီး၊ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သူမှာ ယေဟောဝါဖြစ်သကဲ့သို့၊ သတ္တဝါအားလုံး၏ ဖန်ဆင်းရှင်မှာ ယေဟောဝါဖြစ်သည်ကို တဖြည်းဖြည်း သိရှိလာကြဖို့အလို့ငှာ၊ ဣသရေလမှစတင်လျက် သူသည် သူ၏အမှုကို အပြင်ဖက်သို့ ချဲ့ထွင်ခဲ့သည်ဟု ဆိုရပေမည်။ သူသည် သူ၏အမှုကို ဣသရေလလူတို့မှတစ်ဆင့် ၎င်းတို့ကို ကျော်လွန်၍ ပြင်ပသို့ ဖြန့်ကြက်သည်။ ဣသရေလနယ်မြေသည် ကမ္ဘာမြေပေါ်တွင် ယေဟောဝါအမှု၏ ပထမဆုံး သန့်ရှင်းသောနေရာ ဖြစ်ခဲ့ပြီး၊ ကမ္ဘာမြေပေါ်တွင် အမှုပြုဖို့ ဘုရားသခင် ပထမဆုံး သွားရောက်ခဲ့သောနေရာမှာ ဣသရေလနယ်မြေတွင် ဖြစ်သည်။ ယင်းမှာ ပညတ်တော်ခေတ်၏ အမှု ဖြစ်သည်။ ကျေးဇူးတော်ခေတ် အတွင်းတွင်၊ ယေရှုသည် လူကို ကယ်တင်သော ဘုရားသခင် ဖြစ်ခဲ့သည်။ သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းမှာ ကျေးဇူးတော်၊ ချစ်ခြင်း မေတ္တာ၊ သနားကရုဏာ၊ စိတ်ရှည်ခြင်း၊ သည်းခံခြင်း၊ နှိမ့်ချခြင်း၊ စောင့်ရှောက်ခြင်းနှင့် သဘောထားကြီးခြင်းတို့ ဖြစ်ပြီး သူလုပ်ခဲ့သော အမှုအများအပြားမှာ လူသားကို ရွေးနုတ်ခြင်းအလို့ငှာ ဖြစ်ခဲ့သည်။ သူ၏ စိတ်သဘောထားသည် သနားကြင်နာခြင်းနှင့် ချစ်ခြင်းမေတ္တာအနက်မှ တစ်ခုဖြစ်ပြီး၊ သူသည် သနားကြင်နာတတ်ပြီး ချစ်မြတ်နိုးတတ်သောကြောင့်၊ ဘုရားသခင်သည် လူကို ကိုယ်နှင့်အမျှ ချစ်မြတ်နိုးလွန်းလှသည်မှာ သူသည် မိမိ၏ အလုံးစုံဖြင့် မိမိကိုယ်ကိုယ် ပူဇော်ခဲ့သည်အထိဖြစ်ခဲ့သည်ကို ပြသရန်အလို့ငှာ လူသားအတွက် ကားတိုင်တွင် သံမှိုရိုက်ခံခဲ့ရသည်။ ကျေးဇူးတော်ခေတ် အတွင်းတွင်၊ ဘုရားသခင်၏ နာမမှာ ယေရှုဖြစ်သည်၊ ယင်းမှာ ဘုရားသခင်သည် လူကို ကယ်တင်ခဲ့သော ဘုရားသခင်ဖြစ်ခဲ့ပြီး၊ သူသည် သနားကရုဏာနှင့်ပြည့်စုံသော ချစ်မြတ်နိုးတတ်သော ဘုရားသခင် ဖြစ်ခဲ့သည်ဟု ပြောရပေမည်။ ဘုရားသခင်သည် လူနှင့်အတူရှိခဲ့သည်။ သူ၏ချစ်ခြင်းမေတ္တာ၊ သူ၏သနားကရုဏာနှင့် သူ၏ကယ်တင်ခြင်းသည် လူတစ်ဦးချင်းစီနှင့်အတူ ပါရှိသည်။ ယေရှု၏ နာမနှင့် သူ၏ မျက်မှောက်ကို လက်ခံခြင်းအားဖြင့်သာ၊ လူသည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို ရရှိနိုင်သည်၊ သူ၏ကောင်းချီးမင်္ဂလာ၊ သူ၏ကြီးမားကာ များပြားလှသော ကျေးဇူးတော်များနှင့် သူ၏ ကယ်တင်ခြင်းတို့ကို ရရှိနိုင်သည်။ ယေရှု၏ ကားစင်တင်ခံရခြင်းမှတစ်ဆင့်၊ သူ့နောက်လိုက်သော သူအားလုံးသည် ကယ်တင်ခြင်းကို ရရှိခဲ့ကြပြီး၊ မိမိတို့၏ အပြစ်များမှာ ခွင့်လွှတ်ခြင်းခံခဲ့ကြရသည်။ ကျေးဇူးတော် ခေတ်အတွင်းတွင် ယေရှုသည် ဘုရားသခင်၏ နာမ ဖြစ်ခဲ့သည်။ တစ်နည်းအားဖြင့် ကျေးဇူးတော်ခေတ်၏ အမှုကို အဓိကအားဖြင့် ယေရှု၏ နာမအောက်တွင် လုပ်ဆောင်ခဲ့သည်။ ကျေးဇူးတော်ခေတ်အတွင်းတွင် ဘုရားသခင်ကို ယေရှုဟု ခေါ်ခဲ့သည်။ သူသည် ဓမ္မဟောင်းကျမ်းကို ကျော်လွန်သည့် အသစ်သော အမှု၏ အဆင့်ကို လက်ခံဆောင်ရွက်ခဲ့ပြီး၊ သူ၏ အမှုသည် ကားစင်တင်ခံရခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ ဤသည်မှာ သူ၏ အမှု အလုံးစုံ ဖြစ်သည်။ သို့ဖြစ်ရာ ပညတ်တော်ခေတ်အတွင်းတွင် ယေဟောဝါသည် ဘုရားသခင်၏ နာမဖြစ်ခဲ့ပြီး၊ ကျေးဇူးတော်ခေတ်တွင် ယေရှု၏ နာမသည် ဘုရားသခင်ကို ကိုယ်စားပြုခဲ့သည်။ နောက်ဆုံးသော ကာလအတွင်းတွင် သူ၏ နာမမှာ အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်သည်— လူကို လမ်းပြရန်၊ လူကို သိမ်းပိုက်ရန်နှင့် လူကို ရရှိရန်နှင့် နောက်ဆုံးတွင် ခေတ်ကို အဆုံးသတ်သို့ ဆောင်ကြဉ်းရန် သူ၏တန်ခိုးကို အသုံးပြုသော အနန္တတန်ခိုးရှင် ဖြစ်သည်။ ခေတ်တိုင်းတွင် သူ၏ အမှု အဆင့်တိုင်းတွင် ဘုရားသခင်၏ စိတ်သဘောထားသည် ထင်ရှားမြင်သာပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ

ခေတ်ကို အဆုံးသတ်ခြင်းနှင့်ဆိုင်သည့် သူ၏ နောက်ဆုံး အမှုတွင်၊ ဘုရားသခင်၏ စိတ်သဘောထားသည် လူအားလုံးကို လူသိရှင်ကြား တရားစီရင်ရန်နှင့် သူ့ကို စစ်မှန်ရိုးသားသည့် စိတ်နှလုံးဖြင့် ချစ်သောသူတို့ကို စုံလင်စေရန်အလို့ငှာ မဖြောင့်မတ်သည့် အရာအားလုံးကို သူ ထုတ်ဖော်ပြသည့် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့်သက်ဆိုင်သည့် စိတ်သဘောထားတစ်ခု ဖြစ်သည်။ ဤသို့သော စိတ်သဘောထားသည်သာလျှင် ခေတ်ကို အဆုံးသတ်စေနိုင်သည်။ နောက်ဆုံးသော ကာလသည် ရောက်ရှိနှင့်ပြီ ဖြစ်သည်။ ဖန်ဆင်းခြင်းထဲက အရာအားလုံးသည် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ သဘာဝအပေါ် အခြေခံ၍ မတူကွဲပြားသော အမျိုးအစားများအဖြစ် ခွဲခြားခံရလိမ့်မည်။ ဤသည်မှာ ဘုရားသခင်က လူသားမျိုးနွယ်၏ အဆုံးသတ်နှင့် ၎င်းတို့၏ ပန်းတိုင်ကို ထုတ်ဖော်ပြသည့် အချိန် အခိုက်အတန့် ဖြစ်သည်။ အကယ်၍ လူတို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မကြုံကြရပါက၊ ၎င်းတို့၏ မနာခံမှုနှင့် မဖြောင့်မတ်မှုကို ဖော်ထုတ်ခြင်း နည်းလမ်းရှိလိမ့်မည် မဟုတ်ပေ။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်သာ ဖန်ဆင်းခြင်း အားလုံး၏ အဆုံးသတ်သည် ထုတ်ဖော်ပြ ခံရနိုင်ပေသည်။ လူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ခံရသော အခါမှသာ သူ၏စရိုက်အမှန်ကို ပြသသည်။ မကောင်းမှု ပြုသူများကို မကောင်းသောသူများနှင့်အတူ၊ ကောင်းသောသူများကို ကောင်းသောသူများနှင့်အတူ ထားရှိလိမ့်မည်ဖြစ်ပြီး၊ လူသားမျိုးနွယ် အားလုံးသည် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရကြလိမ့်မည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်၊ မကောင်းသော သူများသည် အပြစ်ဒဏ်ပေးခံရပြီး ကောင်းသောသူများသည် ဆုလာဘ်များရရှိကာ လူအားလုံးတို့သည် ဘုရားသခင်၏ အုပ်စိုးခြင်းကို ခံကြရဖို့အလို့ငှာ၊ ဖန်ဆင်းခြင်း အားလုံး၏ အဆုံးသတ်သည် ထုတ်ဖော်ပြခံရလိမ့်မည်။ ဤအမှုအားလုံးကို ဖြောင့်မတ်သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ရရှိရပေမည်။ လူသား၏ ဖောက်ပြန်ပျက်စီးခြင်းသည် အမြင့်ဆုံးသို့ ရောက်ရှိပြီးဖြစ်ကာ သူ၏ မနာခံခြင်းသည် အလွန့်အလွန် ပြင်းထန်လာသောကြောင့်၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ အဓိကအားဖြင့် ပေါင်းစပ်ထားပြီး၊ နောက်ဆုံးသောကာလအတွင်းတွင် ထုတ်ဖော်ပြခံရသည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည်သာ လူကို အပြည့်အဝ ပြောင်းလဲနိုင်ပြီး ပြည့်စုံစေနိုင်ပေသည်။ ဤစိတ်သဘောထားသည်သာ မကောင်းမှုကို ဖော်ထုတ်နိုင်ပြီး၊ ထိုသို့ဖြင့် မဖြောင့်မတ်သောသူအားလုံးကို ပြင်းထန်စွာ အပြစ်ပေးနိုင်သည်။ ထို့ကြောင့် ဤသို့သော စိတ်သဘောထားတစ်ခုသည် ခေတ်၏အရေးပါမှုနှင့် ပြည့်ဝပြီး၊ သူ့စိတ်သဘောထား၏ ထုတ်ဖော်ချက်နှင့် ဖော်ပြချက်သည် ခေတ်သစ် အသီးသီး၏ အမှုအတွက် ပေါ်လွင်ထင်ရှားလေသည်။ ယင်းမှာ ဘုရားသခင်သည် သူ၏စိတ်သဘောထားကို ထင်ရာမြင်ရာနှင့် အရေးပါမှုမရှိဘဲ ထုတ်ဖော်ပြသည် မဟုတ်ပေ။ အကယ်၍ နောက်ဆုံးသောကာလအတွင်း လူ၏အဆုံးသတ်ကို ထုတ်ဖော်ပြရာတွင် ဘုရားသခင်သည် လူသားကို ဖြောင့်မတ်သော တရားစီရင်မှု မခံရစေဘဲ၊ ယင်းထက် သည်းခံခြင်း၊ စိတ်ရှည်ခြင်းနှင့် ခွင့်လွှတ်ခြင်းတို့ကို သူ့အားပြသရင်းနှင့် ဖြောင့်မတ်သော တရားစီရင်မှု တစ်စက်မျှမရှိဘဲ သူ၏အပြစ်များ မည်မျှကြီးမားသည်ဖြစ်စေ လူသားကို အပြစ်လွှတ်ပေးရင်း၊ လူသားအပေါ် အဆုံးမဲ့ ကရုဏာနှင့် ချစ်ခြင်းမေတ္တာတို့ကို ချပေးသနားဆဲဖြစ်ပြီး သူ့အပေါ် ဆက်လက် ချစ်ခင်ပါက၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအားလုံးသည် မည်သည့်အချိန်တွင် အဆုံးသတ်ခြင်းသို့ ရောက်လိမ့်မည်နည်း။ ဤသို့သော စိတ်သဘောထားသည် လူတို့ကို လူသားမျိုးနွယ်၏ သင့်လျော်သော ပန်းတိုင်ထဲသို့ မည်သည့်အချိန်တွင်မှ ဦးဆောင်မည်နည်း။ ဥပမာအားဖြင့် အစဉ်အမြဲ ချစ်ခင်တတ်သော တရားသူကြီး၊ ကြင်နာသော မျက်နှာနှင့် နူးညံ့သော နှလုံးသားရှိသည့် တရားသူကြီးတစ်ဦးကို ကြည့်လော့။ သူသည် လူတို့ကို ၎င်းတို့ ကျူးလွန်ခဲ့သော ပြစ်မှုများ မည်သို့ပင်ရှိသည်ဖြစ်စေ ချစ်ပြီး ၎င်းတို့ မည်သူဖြစ်စေကာမူ သူသည် ၎င်းတို့ကို ချစ်ခင်ပြီး သည်းခံ‌လေသည်။ ထိုသို့ဆိုပါက၊ သူသည် မျှတသော တရားစီရင်ချက်ကို မည်သည့်အခါတွင်မှ ချမှတ်နိုင်မည်နည်း။ နောက်ဆုံးသောကာလအတွင်းတွင် ဖြောင့်မတ်သော တရားစီရင်မှု သည်သာ လူသားကို ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားနိုင်ပြီး၊ လူကို နယ်ပယ်သစ်သို့ ဆောင်ယူနိုင်ပေသည်။ ဤနည်းဖြင့် ခေတ်တစ်ခုလုံးသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် ဖြောင့်မတ်သော စိတ်သဘောထားမှတစ်ဆင့် အဆုံးသို့ ရောက်ရှိပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ

ယနေ့ ဘုရားသခင်သည် သင်တို့ကို တရားစီရင်သည်၊ သင်တို့ကို ပြစ်တင်ဆုံးမပြီး ရှုတ်ချသည်၊ သို့သော် သင်တို့၏ ရှုတ်ချခံရခြင်း ဦးတည်ချက်မှာ သင့်အတွက် မိမိကိုယ်ကိုယ် သိရှိဖို့ ဖြစ်သည်ကို သင်သိရမည်။ သင်သည် မိမိကိုယ်ကိုယ် သိရှိဖို့အလို့ငှာ၊ သင်၏ စိတ်သဘောထား ပြောင်းလဲနိုင်ဖို့အလို့ငှာ၊ ထို့အပြင် သင်သည် သင်၏ တန်ဖိုးကို သိရှိပြီး၊ ဘုရားသခင်၏ လုပ်ရပ်အားလုံးသည် ဖြောင့်မတ်ပြီး သူ၏ စိတ်သဘောထားနှင့် သူ့အမှု၏ သတ်မှတ်ချက်များနှင့် အညီဖြစ်သည်၊ သူသည် လူသား၏ ကယ်တင်ခြင်းအတွက် သူ၏ အစီအစဉ်နှင့်အညီ အမှုပြုသကဲ့သို့၊ သူသည် လူကို ချစ်သည့်၊ ကယ်တင်သည့်၊ တရားစီရင်ပြီး ပြစ်တင်ဆုံးမသည့် ဖြောင့်မတ်သော ဘုရားသခင် ဖြစ်သည်ကို မြင်စေဖို့အလို့ငှာ၊ သူသည် ရှုတ်ချသည်၊ ကျိန်ဆိုသည်၊ တရားစီရင်ပြီး ပြစ်တင်ဆုံးမလေသည်။ အကယ်၍ သင်သည် နိမ့်ကျသော အဆင့်အတန်း ရှိကြောင်း၊ သင်သည် ဖောက်ပြန်ပျက်စီးကာ မနာခံတတ် ကြောင်းကိုသာလျှင် သင် သိသော်လည်း၊ ယနေ့ သင့်အထဲတွင် သူပြုသည့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှတစ်ဆင့် ဘုရားသခင်သည် သူ၏ကယ်တင်ခြင်းကို ပေါ်လွင်ထင်ရှားစေရန် ဆန္ဒရှိသည်ကို သင် မသိပါက၊ သင်သည် ရှေ့ဆက်နိုင်စွမ်း ရှိဖို့ရန် မဆိုထားနှင့်၊ အတွေ့အကြုံ ရရှိဖို့နည်းလမ်းလည်း ရှိမည်မဟုတ်ပေ။ ဘုရားသခင်သည် သတ်ဖြတ်ရန်၊ သို့မဟုတ် ဖျက်ဆီးရန် ကြွလာခြင်း မဟုတ်ဘဲ၊ တရားစီရင်ရန်၊ ကျိန်ဆိုရန်၊ ပြစ်တင်ဆုံးမရန်နှင့် ကယ်တင်ရန် ကြွလာခြင်းဖြစ်သည်။ သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးမသတ်မီ- လူ အတန်းအစား အသီးသီး၏ အဆုံးသတ်ကို သူ ထုတ်ဖော်မပြမီတွင်- ကမ္ဘာပေါ်ရှိ ဘုရားသခင်၏အမှုသည် ကယ်တင်ခြင်းအတွက် ဖြစ်လိမ့်မည်။ ယင်း၏ ရည်ရွယ်ချက်မှာ သူ့ကိုချစ်သော သူများကို စုံလင်စေရန်- လုံးလုံးလျားလျား ထိုသို့ဖြစ်စေရန်- သက်သက် ဖြစ်ပြီး၊ သူ၏အုပ်စိုးမှုအောက် ကျိုးနွံနာခံခြင်းအဖြစ်သို့ ဆောင်ကြဉ်းရန် ဖြစ်သည်။ ဘုရားသခင်က လူတို့ကို မည်သို့ ကယ်တင်သည်ဖြစ်စေ၊ ယင်းကို ၎င်းတို့အား ၎င်းတို့၏ အိုဟောင်းသော ဆိုးယုတ်သည့် သဘောသဘာဝမှ လွတ်မြောက်စေခြင်းအားဖြင့်သာ လုပ်ဆောင်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့အား အသက်ကို ရှာဖွေစေခြင်းဖြင့် သူက ၎င်းတို့ကို ကယ်တင်ခြင်း ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ထိုသို့ မလုပ်ဆောင်ကြပါက၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံနိုင်ကြလိမ့်မည် မဟုတ်ပေ။ ကယ်တင်ခြင်းသည် ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုဖြစ်ပြီး၊ အသက်ကို ရှာဖွေခြင်းသည် ကယ်တင်ခြင်းကို လက်ခံရန်အလို့ငှာ လူသားက ဆောင်ရွက်ရမည့် အရာတစ်ခု ဖြစ်သည်။ လူ၏အမြင်တွင်၊ ကယ်တင်ခြင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ဖြစ်ပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် ကျိန်ဆိုခြင်းတို့ မဖြစ်နိုင်ပေ။ ကယ်တင်ခြင်းသည် ချစ်ခြင်းမေတ္တာ၊ သနားကရုဏာ၊ ထို့အပြင် စိတ်သက်သာမှုပေးသည့် နှုတ်ကပတ်တော်များအပြင် ဘုရားသခင် အပ်နှင်းသည့် အကန့်အသတ်မဲ့ ကောင်းချီးမင်္ဂလာများ ပါဝင်ရမည် ဖြစ်သည်။ ဘုရားသခင်က လူကို ကယ်တင်သည့်အခါတွင် ၎င်းတို့အနေဖြင့် မိမိတို့၏ စိတ်နှလုံးများကို ဘုရားသခင်အား ပေးနိုင်ကြဖို့အလို့ငှာ၊ ၎င်းတို့ကို ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်တို့ဖြင့် တို့ထိခြင်းအားဖြင့် ထိုသို့လုပ်ဆောင်သည်ဟု လူတို့က ယုံကြည်ကြသည်။ ယင်းမှာ လူအား သူ၏တို့ထိခြင်းသည် ၎င်းတို့အား သူ၏ ကယ်တင်ခြင်း ဖြစ်သည်ဟု ဆိုရပေမည်။ ဤကယ်တင်ခြင်းမျိုးကို အပေးအယူ ပြုလုပ်ခြင်းအားဖြင့် လုပ်ဆောင်ထားခြင်း ဖြစ်သည်။ ဘုရားသခင်က ၎င်းတို့ကို အဆတစ်ရာ ပေးသနားသောအခါမှသာ လူသည် ဘုရားသခင်၏ နာမရှေ့မှောက်သို့ ကျိုးနွံနာခံလာလိမ့်မည်ဖြစ်ပြီး သူ့အတွက် ကောင်းစွာကြိုးပမ်း လုပ်ဆောင်ကာ သူ့ထံ ဘုန်းအသရေ ဆောင်ကြဉ်းမည် ဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်အတွက် ဘုရားသခင် ရည်ရွယ်သည့်အရာ မဟုတ်ပေ။ ဘုရားသည် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို ကယ်တင်ဖို့အလို့ငှာ ကမ္ဘာမြေပေါ်သို့ အမှုပြုရန်ကြွလာပြီဖြစ်သည်။ ဤအရာတွင် မုသားမပါပေ။ မုသား ပါရှိခဲ့ပါက၊ သူသည် သူ၏အမှုကို ပြုရန် ကိုယ်တိုင် သေချာပေါက် ကြွလာမည် မဟုတ်ပေ။ အတိတ်တွင် သူ၏ ကယ်တင်ခြင်းနည်းလမ်းတွင် အဆုံးစွန်သော ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာကို ပြသခြင်း ပါဝင်ခဲ့သည်မှာ သူသည် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် အလဲအလှယ်အနေဖြင့် သူ၏ အရာအားလုံးကို စာတန်အား ပေးအပ်ခဲ့သည်အထိ ဖြစ်သည်။ လက်ရှိသည် အတိတ်နှင့် မည်သို့မျှ မတူပေ။ ယနေ့ သင်တို့အပေါ် အပ်နှင်းသော ကယ်တင်ခြင်းသည် အသီးသီးကို အမျိုးအစားအလိုက် ခွဲခြားခြင်း အတောအတွင်းဖြစ်သည့် နောက်ဆုံးသောကာလနှင့်ဆိုင်သည့် အချိန်ကာလတွင် ဖြစ်ပေါ်ပေသည်။ သင်တို့၏ ကယ်တင်ခြင်း နည်းလမ်းမှာ ချစ်ခြင်းမေတ္တာ၊ သို့မဟုတ် သနားခြင်းကရုဏာ မဟုတ်ဘဲ၊ လူသားအနေဖြင့် ပို၍စေ့စေ့စပ်စပ် ကယ်တင်ခံရနိုင်စေရန်အလို့ငှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ ဖြစ်သည်။ ထို့ကြောင့် သင်တို့ရရှိသမျှအားလုံးသည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် မညှာမတာ ရိုက်နှက်ခြင်းတို့ ဖြစ်သော်လည်း၊ ဤအရာကို သိကြလော့- ဤသနားအကြင်နာမဲ့သော ရိုက်နှက်ခြင်းတွင် အပြစ်ဒဏ်ပေးခြင်း စိုးစဉ်းမျှ မပါပေ။ ငါ၏ နှုတ်ကပတ်တော်များ မည်မျှ ကြမ်းတမ်းသည်ဖြစ်စေ၊ သင်တို့အပေါ် ကျရောက်သည့်အရာမှာ သင်တို့အဖို့ လုံးဝ အကြင်နာမဲ့ပုံပေါ်သည့် နှုတ်ကပတ်တော် အနည်းငယ်သာ ဖြစ်ပြီး၊ ငါ မည်မျှ ဒေါသထွက်မည်ဖြစ်စေ၊ သင်တို့အပေါ်သို့ ကျရောက်သည်မှာ သွန်သင်ခြင်း နှုတ်ကပတ်တော်များ ဖြစ်နေဆဲဖြစ်သည်၊ ပြီးလျှင် ငါသည် သင်တို့ကို ထိခိုက်နစ်နာစေရန် သို့မဟုတ် သေခြင်းသို့ ရောက်စေရန် မရည်ရွယ်ပေ။ ဤသည်မှာ အမှန်တရားချည်းသာ မဟုတ်လော။ ယခုခေတ်တွင် ဖြောင့်မတ်သည့် တရားစီရင်မှုဖြစ်စေ၊ အကြင်နာကင်းမဲ့သည့် စစ်ဆေးခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဖြစ်စေ အရာအားလုံးသည် ကယ်တင်ခြင်းအတွက် ဖြစ်သည်ကို သိမှတ်လော့။ ယနေ့ အသီးသီးကို အမျိုးအစားအလိုက် အုပ်စုခွဲခြားသည်ဖြစ်စေ၊ သို့မဟုတ် လူအမျိုးအစားများကို ချပြသည်ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုအားလုံးတို့၏ ရည်ရွယ်ချက်သည် ဘုရားသခင်ကို အမှန်တကယ် ချစ်ကြသူများကို ကယ်တင်ရန် ဖြစ်သည်။ ဖြောင့်မတ်သည့် တရားစီရင်ခြင်းကို လူသားအား သန့်စင်ရန် ဆောင်ကြဉ်းခြင်း ဖြစ်သည်၊ အကြင်နာကင်းမဲ့သည့် စစ်ဆေးခြင်းကို ၎င်းတို့အား သန့်ရှင်းစေရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ ကြမ်းတမ်းသောစကားများ၊ သို့မဟုတ် ပြစ်တင်ဆုံးမခြင်းတို့ကို သန့်စင်စေရန် လုပ်ဆောင်ခြင်းဖြစ်ပြီး ကယ်တင်ခြင်းအတွက် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့သည် အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို ဘေးဖယ်ပြီး လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းဖို့ ဘုရားသခင်၏ အလိုကို နားလည်သင့်၏” မှ

ယခုအချိန်သည် လူတစ်ဦးစီအတွက် အဆုံးသတ်ခြင်းကို ငါဆုံးဖြတ်သည့်အချိန်ဖြစ်ပြီး လူသားကို ငါ စတင် အမှုပြုသည့် အဆင့် မဟုတ်ပေ။ လူတစ်ဦးစီ၏ စကားများနှင့် လုပ်ဆောင်ချက်များ၊ ငါ့နောက်သို့ လိုက်ရာတွင် ထိုသူတို့၏လမ်းကြောင်းများ၊ အရင်းခံ ထူးခြားသော လက္ခဏာများနှင့် သူတို့နောက်ဆုံးတွင် မည်သို့ကျင့်ကြံပြုမူသည် ဆိုသည်တို့ကို ငါ၏မှတ်တမ်းစာအုပ်ထဲတွင် တစ်ခုပြီးတစ်ခု ငါချရေးသည်။ ဤနည်းအားဖြင့် ထိုသူတို့သည် မည်သို့သောလူစားမျိုး ဖြစ်နေပါစေ၊ မည်သူမျှ ငါ၏လက်မှ မလွတ်မြောက်နိုင်။ ထို့အပြင် ခပ်သိမ်းသောလူတို့သည် ငါချမှတ်ပေးသည့်အတိုင်း ၎င်းကဲ့သို့သော လူစားများနှင့် ရှိနေရမည်။ ငါသည် လူတစ်ဦးစီ၏ ပန်းတိုင်ကို အသက်၊ ဝါရင့်ခြင်း၊ ဒုက္ခခံရသည့်ပမာဏနှင့် အနည်းဆုံးအနေဖြင့် ၎င်းအပေါ် သနားစိတ်ပေါ်စေသည့် အတိုင်းအတာတို့ကို အခြေပြု၍ ဆုံးဖြတ်ခြင်း မဟုတ်ဘဲ၊ သမ္မာတရားကို ၎င်းတို့ ပိုင်ဆိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်၏။ ဤအရာမှတစ်ပါး တခြားရွေးချယ်စရာ မရှိ။ ဘုရားသခင်၏ အလိုတော်ကို မလိုက်သူအားလုံး အပြစ်ပေးခြင်း ခံရမည်ကို သင်တို့ သဘောပေါက်ရမည်။ ဤသည်မှာ မပြောင်းလဲနိုင်သော အချက်ဖြစ်၏။ ထို့ကြောင့် အပြစ်ပေးခံရသူအားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်တော်မူခြင်းကြောင့်လည်းကောင်း၊ ၎င်းတို့၏ များလှစွာသော ဆိုးယုတ်သည့် လုပ်ရပ်များကြောင့် ဒဏ်ခတ်ခြင်း အဖြစ်လည်းကောင်း ဤသို့ အပြစ်ပေးခံရခြင်း ဖြစ်၏။...

ငါ့ကိုချစ်ပြီး မိမိကိုယ်ကို ငြင်းပယ်သူတို့အား ငါ၏သနားကရုဏာကို ဖော်ပြ၏။ သို့သော်လည်း ကောက်ကျစ်စဉ်းလဲသူတို့အပေါ် ကျရောက်သည့် အပြစ်ဒဏ်မှာ ငါ၏ဖြောင့်မတ်သော စိတ်သဘောထား၏ သက်သေအတိအကျဖြစ်ပြီး ငါ့အမျက်ဒေါသအား သက်သေခံချက် သာ၍ပင် ဖြစ်၏။ ဘေးဒုက္ခ ရောက်လာသည့်အခါ ငါ့ကိုဆန့်ကျင်သူ အားလုံးသည် ၎င်းတို့အပေါ် အငတ်ဘေးနှင့် ကပ်ဆိုးကျရောက်သည်နှင့်အမျှ ငိုကြွေးကြလိမ့်မည်။ ကောက်ကျစ် စဉ်းလဲမှုအမျိုးမျိုး ကျူးလွန်ခဲ့သော်လည်း ငါ့နောက်သို့ နှစ်ပေါင်းများစွာ လိုက်ခဲ့သူများသည် မိမိတို့၏အပြစ်များအတွက် ပေးဆပ်ရခြင်းမှ လွတ်မြောက်လိမ့်မည် မဟုတ်။ ၎င်းတို့သည်လည်း နှစ်သန်းပေါင်းများစွာ တစ်လျှောက်လုံး မြင်တွေ့ရခဲသော ဘေးဒုက္ခမျိုးထဲသို့ ထိုးဆင်း၍ စဉ်ဆက်မပြတ် ထိတ်လန့်တုန်လှုပ်၊ ကြောက်ရွံ့ခြင်း၌ အသက်ရှင်ရလိမ့်မည်။ ထို့အပြင် ငါ့အပေါ်၌ သစ္စာစောင့်သိမှုကို ပြသပြီးဖြစ်သော ငါ၏နောက်လိုက်များသည် ဝမ်းမြောက်၍ ငါ၏အစွမ်းသတ္တိကို ချီးမွမ်းကြလိမ့်မည်။ သူတို့သည် ပြောမပြနိုင်လောက်သော ရောင့်ရဲတင်းတိမ်မှုကို ကြုံတွေ့ရပြီး ယခင်က လူသားမျိုးနွယ်အပေါ် ငါမနှင်းအပ်ခဲ့ဖူးသော ဝမ်းမြောက်ခြင်းအလယ် အသက်ရှင်ကြလိမ့်မည်။ အကြောင်းမူကား ငါသည် လူသား၏ ကောင်းမွန်သော လုပ်ဆောင်ချက်များကို တန်ဖိုးထား၍ ၎င်းတို့၏ ဆိုးယုတ်သော လုပ်ဆောင်ချက်များကို စက်ဆုပ်သောကြောင့်ဖြစ်၏။ ငါသည် လူသားမျိုးနွယ်ကို စတင်ဦးဆောင်ခဲ့စဉ်မှစ၍ ငါ၏စိတ်တော်နှင့် တညီတညွတ်တည်းဖြစ်သော လူတစ်စုကိုရရှိရန် စိတ်အားထက်သန်စွာဖြင့် မျှော်လင့်နေခဲ့သည်။ သို့သော်လည်း ငါ၏စိတ်တော်နှင့် တညီတညွတ်တည်း မရှိသောသူတို့ကိုမူ ငါသည် မည်သည့်အခါမျှ မေ့လျော့ခြင်း မရှိပေ။ ထိုသူတို့အပေါ် အပြစ်ဒဏ်ခတ်ရန် အခွင့်အရေးကို မြင်တွေ့ရလျှင် ငါသည် သဘောတွေ့မည် ဖြစ်ပြီး၊ ယင်းအခွင့်အရေးကိုသာ စောင့်စားလျက် ငါ့နှလုံးသားထဲတွင် သူတို့ကို ငါအမြဲတစေ စက်ဆုပ်ရွံရှာ၏။ ယခု ငါ၏နေ့ရက်သည် နောက်ဆုံးတွင် ရောက်လာပြီဖြစ်ပြီး ငါသည် ဆက်လက် စောင့်ဆိုင်းရန် မလိုတော့ပေ။

ငါ၏နောက်ဆုံးအလုပ်သည် လူသားကို အပြစ်ပေးရန်အတွက်သာ မဟုတ်ဘဲ၊ လူသား၏ ပန်းတိုင်ကို စီစဉ်ရန် အတွက်လည်းဖြစ်၏။ ထိုထက်မက ယင်းသည် ငါ၏ ပြုမူလုပ်ဆောင်ချက်များကို လူအားလုံး အသိအမှတ်ပြုရန်အလို့ငှာ ဖြစ်သည်။ ငါပြုလုပ်ခဲ့သည့် အမှုအရာအားလုံးသည် မှန်ကန်ကြောင်းနှင့် ငါပြုလုပ်ခဲ့သည့် အမှုအရာ အားလုံးသည် ငါ၏ စိတ်သဘောထားကို ဖော်ပြခြင်းဖြစ်ကြောင်း လူခပ်သိမ်းတို့အား ငါသိစေလို၏။ လူသားမျိုးနွယ်ကို မွေးဖွားခဲ့သည့်အရာသည် လူသား၏လုပ်ဆောင်ချက် မဟုတ်၊ သဘာဝကြောင့် သာ၍ပင်မဟုတ်ဘဲ ဖန်ဆင်းခြင်းတွင် သက်ရှိအရာတိုင်းကို အာဟာရပေးသည်မှာ ငါ ဖြစ်သည်။ ငါမရှိလျှင် လူသားမျိုးနွယ်သည် ပျက်စီးခြင်းသို့သာ ရောက်ပြီး ကပ်ဘေးများစွာ၏ဒုက္ခကို ခံစားရလိမ့်မည်။ လှပသည့်နေနှင့်လ သို့မဟုတ် စိမ်းလန်းစိုပြေသည့် ကမ္ဘာမြေကို မည်သည့်လူသားမျှ နောက်ထပ် မြင်တွေ့ရလိမ့်မည် မဟုတ်ပေ။ လူသားမျိုးနွယ်သည် အလွန်အေးစက်သော ညများနှင့် ရှောင်လွှဲမရသည့် သေမင်း၏အရိပ်လွှမ်းမိုးသော ချိုင့်ဝှမ်းနှင့်သာ ကြုံတွေ့ရလိမ့်မည်။ ငါသာလျှင် လူသားမျိုးနွယ်၏ တစ်ခုတည်းသော ကယ်တင်ရာဖြစ်၏။ ငါသာလျှင် လူသားမျိုးနွယ်၏ တစ်ခုတည်းသော မျှော်လင့်ရာ ဖြစ်သည်သာမက၊ ငါသည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ တည်ရှိခြင်းအတွက် တည်မှီရာဖြစ်သည်။ ငါမရှိလျှင် လူသားမျိုးနွယ်သည် ချက်ချင်း လုံးဝဥဿုံရပ်တန့်သွားမည်။ ငါ့ကို မည်သူမျှ အလေးမစိုက်သော်လည်း၊ ငါမရှိလျှင် လူသားမျိုးနွယ်သည် ရုတ်တရက် ဖြစ်ပွားသည့် ကပ်ဘေးဒဏ်ခံရပြီး တစ္ဆေအမျိုးမျိုးတို့၏ ဖဝါးအောက် နင်းချေခြင်းခံရလိမ့်မည်။ အခြားမည်သူမျှ မပြုနိုင်သည့်အမှုကို ငါပြုခဲ့ပြီဖြစ်ပြီး လူသားသည် ငါ့ကို အချို့သော ကောင်းမှုများဖြင့် ကျေးဇူးပြန်ဆပ်ရန်သာ ငါမျှော်လင့်သည်။ ငါ့ကို ကျေးဇူးဆပ်နိုင်သူတို့မှာ အလွန်နည်းပါးသော်လည်း၊ ငါသည် ဤလူ့လောကတွင် ငါ၏ခရီးကို အဆုံးသတ်ပြီး ငါ၏ဖွင့်လှစ်ပြခြင်းအမှု၏ နောက်တစ်ဆင့်ကို စတင်ဦးမည် ဖြစ်သည်၊ အကြောင်းမူကား ဤနှစ်ပေါင်းများစွာ လူသားအကြား ငါ၏ခေါက်တုံ့ခေါက်ပြန် အပူတပြင်း လုပ်ဆောင်မှုသည် အကျိုးဖြစ်ထွန်းပြီးဖြစ်၍ ငါသည် အလွန်ကျေနပ်၏။ ငါအရေးစိုက်သည်မှာ လူအရေအတွက် မဟုတ်ဘဲ၊ သူတို့၏ ကောင်းမှုများသာ ဖြစ်၏။ မည်သို့ပင်ဖြစ်စေကာမူ သင်တို့ကိုယ်တိုင်၏ ပန်းတိုင်အတွက် ကောင်းမှုများအလုံအလောက် သင်တို့ပြင်ဆင်မည်ဟု ငါမျှော်လင့်၏။ ထိုအခါ ငါကျေနပ်လိမ့်မည်။ သို့မဟုတ်ပါက သင်တို့ အပေါ်ကျရောက်လာမည့် ဘေးအန္တရာယ်ကို သင်တို့တစ်ဦးမျှ ရှောင်နိုင်မည် မဟုတ်။ ဤဘေးဒုက္ခသည် ငါ့ထံမှစတင်၍ ငါစီစဉ်ညွှန်ကြားခြင်း ဖြစ်သည်မှာ မှန်ပေသည်။ ငါ၏အမြင်၌ သင်တို့သည် ကောင်းမွန်ပုံ မပေါက်လျှင် သင်တို့သည် ဘေးဒုက္ခခံစားရခြင်းမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့” မှ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်သည် လူသားမျိုးနွယ်ထံ သူ၏ ဖြောင့်မတ်သော စိတ်သဘောထားအား ပြသသည့် နည်းလမ်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ခေတ်ကို အဆုံးသတ်ခြင်းနှင့်ဆိုင်သည့် သူ၏ နောက်ဆုံး အမှုတွင်၊ ဘုရားသခင်၏ စိတ်သဘောထားသည် လူအားလုံးကို...

ဘုရားသခင်၏အနန္တတန်ခိုးနှင့် ဉာဏ်ပညာတို့ကို အဓိကအားဖြင့် ထုတ်ဖော်ပြသည့် ပုံပန်းသွင်ပြင်များ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- အရာခပ်သိမ်းအား ဖန်ဆင်းခြင်းကို စတင်သည့်အချိန်မှစပြီး ဘုရားသခင်၏ တန်ခိုးသည် စတင်ဖော်ပြကာ...

ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရကို သိရှိခြင်းနှင့်သက်ဆိုင်သည့် နှုတ်ကပတ်တော်များ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ဘုရားသခင်သည် သူ၏ဖြစ်ခြင်းအတိုင်း သူဖြစ်ပြီး သူ၏ရှိခြင်းအတိုင်း သူရှိပေသည်။ သူဖော်ပြသမျှနှင့်...