ဘုရားသခင်၏အနန္တတန်ခိုးနှင့် ဉာဏ်ပညာတို့ကို အဓိကအားဖြင့် ထုတ်ဖော်ပြသည့် ပုံပန်းသွင်ပြင်များ

16.06.2019

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အရာခပ်သိမ်းအား ဖန်ဆင်းခြင်းကို စတင်သည့်အချိန်မှစပြီး ဘုရားသခင်၏ တန်ခိုးသည် စတင်ဖော်ပြကာ စတင်ထုတ်ဖော်လာသည်။ အကြောင်းမှာ ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းရန် နှုတ်ကပတ်တော်တို့ကို အသုံးပြုခဲ့သည့်အတွက်ကြောင့်ဖြစ်သည်။ သူတို့ကို မည်သို့နည်းလမ်းနှင့် ဖန်ဆင်းခဲ့သည်ဖြစ်စေ၊ အဘယ်ကြောင့်ဖန်ဆင်းခဲ့သည်ဖြစ်စေ၊ အရာအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် ဖြစ်ပေါ်လာပြီး ခိုင်မာစွာ ရပ်တည်လျက် တည်ရှိလာခဲ့ကြသည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာပင်ဖြစ်သည်။ ကမ္ဘာကြီးတွင် လူသားမျိုးနွယ် မပေါ်ပေါက်လာခင် အချိန်က ဖန်ဆင်းရှင်သည် လူသားမျိုးနွယ်အတွက် အရာအားလုံးကို ဖန်ဆင်းရန် သူ၏တန်ခိုးနှင့် သြဇာအာဏာကို အသုံးပြုခဲ့ပြီး လူသားတို့အတွက် သင့်တော်သည့် သက်ရှိပတ်ဝန်းကျင်တစ်ခုကို ပြင်ဆင်ရန် သူ၏ထူးခြားသည့် နည်းလမ်းများကို အသုံးချခဲ့သည်။ သူလုပ်ခဲ့သည့် အရာအားလုံးမှာ မကြာခင်တွင် သူ၏ဇီဝအသက်ကို ရရှိတော့မည့် လူသားမျိုးနွယ်အတွက် ပြင်ဆင်ခြင်းသာဖြစ်သည်။ တစ်နည်းအားဖြင့် လူသားမျိုးနွယ်ကို မဖန်ဆင်းမီအချိန်က ဘုရားသခင်၏ သြဇာအာဏာသည် လူသားမျိုးနွယ်နှင့် ကွဲပြားသည့် သတ္တဝါတို့တွင်၊ မိုးကောင်းကင်၊ အလင်းအိမ်များ၊ ပင်လယ်များနှင့် ကုန်းမြေများကဲ့သို့ ကြီးမြတ်သည့်အရာတို့တွင်၊ တိရစ္ဆာန်များနှင့် ငှက်ကလေးများကဲ့သို့ သေးငယ်သည့်အရာများတွင်၊ ပိုးမွှားများနှင့် အဏုဇီဝရုပ်အမျိုးမျိုးတို့တွင်၊ သာမန်မျက်စိနှင့်မမြင်နိုင်သည့် ဗက်တီးရီးယားအမျိုးမျိုးတို့တွင် ထင်ရှားပြသသည်။ တစ်ကောင်ချင်းစီတိုင်းသည် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များအားဖြင့် အသက်ကိုပေးအပ်ခြင်းခံရပြီး ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကြောင့် တစ်ဟုန်ထိုးပွားများလာခဲ့ကြကာ တစ်ကောင်ချင်းစီသည် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကြောင့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအောက်တွင် ရှင်သန်နေထိုင်ခဲ့ကြသည်။ သူတို့သည် ဖန်ဆင်းရှင်၏ ဇီဝအသက်ကို မရရှိခဲ့သော်လည်း ဖန်ဆင်းရှင်က သူတို့ကို ချပေးသနားခဲ့သည့် အသက်နှင့် ရှင်သန်တက်ကြွမှုတို့ကို သူတို့၏မတူညီသည့်ပုံစံများနှင့် တည်ဆောက်ပုံများမှတစ်ဆင့် ထင်ရှားပြသခဲ့ကြသည်။ ဖန်ဆင်းရှင်က လူသားတို့ကို ပေးသည့် စကားပြောဆိုနိုင်စွမ်းကို သူတို့မရရှိသော်လည်း သူတို့အသီးသီးသည် ဖန်ဆင်းရှင်က သူတို့ကို ချပေးသနားခဲ့ပြီး လူသား၏ ဘာသာစကားနှင့် ကွဲပြားသည့် သူတို့ဘဝကို ထုတ်ဖော်ပြသခြင်း နည်းလမ်းတို့ကို ရရှိခဲ့သည်။ ဖန်ဆင်းရှင်၏ သြဇာအာဏာသည် အမြင်အားဖြင့် လှုပ်ရှားမှုမရှိသည့် ရုပ်ဝတ္ထုပစ္စည်းများကို မည်သည့်အခါမျှ ပျောက်ကွယ်မသွားအောင် အသက်၏ ရှင်သန်တက်ကြွခြင်းကို ပေးခဲ့ရုံသာမက သူတို့ မည်သည့်အခါမျှ မပျောက်ကွယ်သွားအောင်၊ ထို့ပြင် ဖန်ဆင်းရှင်က ပေးအပ်ခဲ့သည့် ရှင်သန်ရပ်တည်ရေး အခြေခံမူများနှင့် နိယာမတရားများကို မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းပေးနိုင်အောင် သက်ရှိတိုင်းကို မျိုးပွားရန်နှင့် ပွားများရန် အသိစိတ်ကို ပေးအပ်ခဲ့သည်။ ဖန်ဆင်းရှင်က သူ၏သြဇာအာဏာကို အသုံးပြုသည့်ပုံစံက အနုစိတ်၊ သို့မဟုတ် အသေးစိတ် ရှုထောင့်များအပေါ်တွင်သာ တင်းတင်းကျပ်ကျပ်နှင့် စွဲကပ်မထားပေ။ မည်သည့်ပုံစံအပေါ်ကိုမျှ ကန့်သတ်ထားခြင်းမရှိပေ။ သူသည် စကြဝဠာလုပ်ဆောင်မှုများအပေါ်တွင် အုပ်ချုပ်အမိန့်ပေးနိုင်ပြီး အရာအားလုံး၏ သေခြင်းနှင့် ရှင်ခြင်းအပေါ်တွင် အချုပ်အခြာအာဏာကို စွဲကိုင်ထားသည်၊ ထို့အပြင် သူ့ကို အစေခံစေရန် အရာအားလုံးကို သူထိန်းသိမ်းနိုင်သည်။ သူသည် တောင်များ၊ မြစ်များနှင့် အင်းအိုင်များ၏ အလုပ်လုပ်ပုံအားလုံးကို စီမံခန့်ခွဲနိုင်ပြီး သူတို့အထဲတွင်ရှိသည့် အရာအားလုံးကို အုပ်ချုပ်နိုင်သည့်အပြင် အရာအားလုံး၏ လိုအပ်ချက်ကိုလည်း ထောက်ပံ့နိုင်သည်။ ဤသည်မှာ လူသားမျိုးနွယ်အပြင် အခြားအရာအားလုံးအတွင်းတွင် ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာ ထင်ရှားပေါ်လွင်ခြင်းဖြစ်သည်။ ဤကဲ့သို့သောထင်ရှားပေါ်လွင်ခြင်းသည် တစ်သက်တာအချိန်အတွက်တင် မဟုတ်ဘဲ မည်သည့်အခါမျှ ရပ်တန့်မသွားသကဲ့သို့ ပြီးဆုံးမသွားပေ။ ၎င်းကို မည်သည့်အရာ၊ သို့မဟုတ် မည်သူကမျှ ပြောင်းလဲ၍သော်လည်းကောင်း၊ ထိခိုက်၍သော်လည်းကောင်း မရသကဲ့သို့ မည်သည့်အရာ၊ သို့မဟုတ် မည်သူကမျှ ဖြည့်စွက်၍သော်လည်းကောင်း၊ လျှော့ချ၍သော်လည်းကောင်း မရပေ။ အကြောင်းမှာ ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာကို မည်သည့်အရာကမျှ အစားထိုး၍မရခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ဖန်ဆင်းရှင်၏ သြဇာအာဏာကို မည်သည့်ဖန်ဆင်းခံကမျှ အစားထိုး၍ မရနိုင်ပေ။ ဖန်ဆင်းခံမဟုတ်သည့် မည်သည့်အရာကမျှ ရယူနိုင်သည့်အရာ မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

ဤလူသားမျိုးနွယ် ဖြစ်တည်မလာမီတွင်၊ စကြဝဠာတည်း ဟူသော ဂြိုဟ်အားလုံး၊ မိုးကောင်းကင်မှ ကြယ်များအားလုံးသည် တည်ရှိနှင့်ပြီးဖြစ်သည်။ ကျယ်ပြန့်သည့်ရှုထောင့်အဆင့်တွင် မိုးကောင်းကင်တွင်ရှိသည့် ဤအစုအဝေးများသည် ဘုရားသခင်၏ ထိန်းချုပ်မှုအောက်တွင် သူတို့ဖြစ်တည်နေသည့် တစ်လျှောက်လုံး နှစ်ပေါင်းမည်မျှ ကြာပြီဖြစ်သော်လည်း ပုံမှန်လည်ပတ်နေခဲ့သည်။ မည်သည့်ဂြိုဟ်က သီးသန့် မည်သည့်အချိန်တွင် မည်သည့် အရပ်ကိုသွားသည်၊ မည်သည့် ဂြိုဟ်က မည်သည့်အလုပ်ကို လုပ်ပြီး မည်သည့်အချိန်တွင် လုပ်သည်၊ မည်သည့် ဂြိုဟ်က မည်သည့် ဂြိုဟ်ပတ်လမ်းကြောင်းတစ်လျှောက် လည်ပတ်သည်၊ ပြီးလျှင် မည်သည့်အချိန်တွင် ပျောက်ကွယ်သည် သို့မဟုတ် အစားထိုး ခံရသည်- ဤအရာအားလုံးသည် အမှားအယွင်း အနည်းငယ်မျှ မရှိဘဲ ဆက်ဖြစ်နေပေသည်။ ဂြိုဟ်များ၏ တည်နေရာများနှင့် ၎င်းတို့ကြားထဲက အကွာအဝေးအားလုံးက တိကျသည့် ပုံစံများကို လိုက်နာကြသည်၊ အားလုံးကို တိကျသည့်အချက်အလက်နှင့် ဖော်ပြ၍ရသည်။ ၎င်းတို့ ခရီးနှင်သည့် လမ်းကြောင်းများ တစ်လျှောက်၊ ၎င်းတို့၏ လည်ပတ်မှု မြန်နှုန်းနှင့် ပုံစံများ၊ အနေအထား အမျိုးမျိုးဖြင့်၎င်းတို့ရှိသည့်အချိန်- ဤအရာ အားလုံးကို တိကျစွာ တိုင်းတာနိုင်ပြီး အထူးနိယာမများဖြင့် ဖော်ပြနိုင်သည်။ အလွန်ရှည်လျားသည့် ကာလများစွာ ကြာဂြိုဟ်များသည် အနည်းငယ်မျှ သွေဖည်သွားခြင်းမရှိဘဲ ဤနိယာမများကို လိုက်နာခဲ့ကြသည်။ ၎င်းတို့၏ပတ်လမ်းများ သို့မဟုတ် ၎င်းတို့လိုက်နာသည့်ပုံစံများကို မည်သည့်တန်ခိုးကမျှ မပြောင်းလဲနိုင် သို့မဟုတ် မနှောင့်ယှက်နိုင်ပေ။ ၎င်းတို့၏ ရွေ့လျားမှုကို ထိန်းချုပ်သည့် အထူးနိယာမများနှင့် ၎င်းတို့ကို ဖော်ပြသည့် တိကျသည့် အချက်အလက်တို့သည် ဖန်ဆင်းရှင်၏ သြဇာအာဏာဖြင့် ကြိုတင်ပြဌာန်းပြီးဖြစ်သောကြောင့် ၎င်းတို့သည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ထိန်းချုပ်မှုအောက်တွင် ဤနိယာမများကို သူတို့ဘာသာ နာခံကြလေသည်။ ကျယ်ပြန့်သည့် ရှုထောင့်အဆင့်တွင်၊ တစ်ချို့သော ပုံစံများ၊ တစ်ချို့ အချက်အလက်များ၊ ထူးဆန်းပြီး ရှင်းပြ၍မရနိုင်သည့် အချို့သော နိယာမများ သို့မဟုတ် ဖြစ်ရပ်များကို ရှာဖွေတွေ့ရှိရန် လူသားတို့အတွက် မခက်ပေ။ လူသားတို့က ဘုရားသခင် တည်ရှိသည်ကို ဝန်မခံသကဲ့သို့၊ ဖန်ဆင်းရှင်က အရာအားလုံးကို ပြုလုပ်ပြီး အုပ်စိုးသည်ဆိုသည့်အချက်ကို လက်မခံသော်လည်း၊ ထို့အပြင် ဖန်ဆင်းရှင်၏ ဩဇာအာဏာ တည်ရှိမှုကို အသိအမှတ် မပြုသော်လည်း၊ စကြဝဠာထဲက အရာအားလုံး၏ဖြစ်တည်မှု၊ ၎င်းတို့၏လှုပ်ရှားမှုများကို သတ်မှတ်ပေးသော အခြေခံ သဘောတရားများနှင့် ပုံစံများကို ကြီးမားကျယ်ပြန့်ပြီး မမြင်နိုင်သော လျှို့ဝှက်စွမ်းအင်တစ်ခုက အုပ်စိုးကာ ထိန်းချုပ် ထားသည်ကို လူသားသိပ္ပံပညာရှင်များ၊ နက္ခတ္တဗေဒ ပညာရှင်များ နှင့် ရူပဗေဒပညာရှင်များက ပို၍ ပို၍ တွေ့ရှိနေကြ၏။ ဤလှုပ်ရှားမှုပုံစံများ၏ အလယ်၌ အရာအားလုံးကို စီစဉ်ညွှန်ကြား နေသည့် အနန္တတန်ခိုးရှင်တစ်ပါး ရှိသည်ကို ဤအချက်က လူသားကို လက်ခံစေ၏။ သူ၏တန်ခိုးသည် ထူးခြားဆန်းကြယ်ပြီး၊ သူ၏စစ်မှန်သောမျက်နှာကို မည်သူမျှ မမြင်နိုင်သော်လည်း သူသည် အရာခပ်သိမ်းကို အချိန်တိုင်းတွင် အုပ်စိုးကာ ထိန်းချုပ်၏။ မည်သည့်လူသား သို့မဟုတ် မည်သည့်အင်အားစုကမျှ သူ၏ အချုပ်အခြာအာဏာကို မကျော်လွန်နိုင်ချေ။ ဤအချက်အရ၊ အရာအားလုံး၏ဖြစ်တည်မှုကို စိုးမိုးနေသော နိယာမတို့အား လူသားတို့က မထိန်းချုပ်နိုင်၊ မည်သူကမျှ မပြောင်းလဲနိုင်သည်ကို လူသားသည် အသိအမှတ်ပြုရပေမည်။ ဤနိယာမတို့ကို လူသားတို့ အပြည့်အဝ နားမလည်နိုင်သကဲ့သို့ ၎င်းတို့သည် သဘာဝအလျောက် ဖြစ်ပေါ်နေခြင်း မဟုတ်ဘဲ အချုပ်အခြာအာဏာရှင်တစ်ဦးက သတ်မှတ်ပေးခြင်း ဖြစ်သည်ကိုလည်း ဝန်ခံရပေမည်။ ဤ အရာအားလုံးသည် ကျယ်ပြန့်သည့်အဆင့်တွင် လူသားမျိုးနွယ် သတိပြုနိုင်သည့် ဘုရားသခင်၏ သြဇာအာဏာနှင့်ဆိုင်သော ဖော်ပြချက်များ ဖြစ်သည်။

အနုစိတ် အဆင့်တွင် ကမ္ဘာမြေကြီးပေါ်၌ လူသားတို့ ရှုမြင်နိုင်သည့် တောင်များ၊ မြစ်များ၊ ကန်များ၊ ပင်လယ်များနှင့် ကုန်းမြေထုများအားလုံး၊ ၎င်းတွေ့ကြုံရသည့် ရာသီဥတုအားလုံး၊ အပင်များ၊ တိရစ္ဆာန်များ၊ အဏုဇီဝရုပ်များနှင့် လူသားများပါဝင်သည့် ကမ္ဘာမြေကြီးပေါ် နေထိုင်သည့် အရာအားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ထိန်းချုပ်မှုတို့ကို ခံရကြလေသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ထိန်းချုပ်မှုအောက်တွင် အရာအားလုံးသည် သူ၏ အကြံအစည်များနှင့်အညီ ဖြစ်တည်လာသည် သို့မဟုတ် ပျောက်ကွယ်လေသည်၊ ၎င်းတို့၏ တည်ရှိခြင်းကို ထိန်းချုပ် သည့် နိယာမများ ပေါ်ထွက်လာပြီး ၎င်းတို့သည် ထိုနိယာမများနှင့်အညီ ကြီးထွားပြီး ပွားများကြသည်။ မည်သည့်လူသားမျှ သို့မဟုတ် မည်သည့်အရာမျှ ဤနိယာမများ၏ အထက်တွင် မရှိပေ။ အဘယ်ကြောင့် ဤသို့ဖြစ်သနည်း။ တစ်ခုတည်းသောအဖြေမှာ ဤသို့ဖြစ်၏- ယင်းသည် ဘုရားသခင်၏ အခွင့်အာဏာကြောင့်ဖြစ်သည်။ သို့မဟုတ် တစ်ခြားနည်းနှင့် ပြောရလျှင် ဘုရားသခင်၏ အကြံအစည်များနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် ဖြစ်သည်။ ဘုရားသခင်ကိုယ်တိုင်၏ ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ချက်များကြောင့် ဖြစ်၏။ ဆိုလိုသည်မှာ ဤနိယာမတွေကို ဖြစ်ပေါ်စေသည်မှာ ဘုရားသခင်၏ သြဇာအာဏာနှင့် ဘုရားသခင်၏စိတ်ဖြစ်ပေသည်။ ထိုနိယာမများသည် သူ၏ အကြံအစည်များနှင့်အညီ ရွေ့ကာ ပြောင်းလဲပြီး ရွေ့ခြင်းနှင့် ပြောင်းလဲခြင်းအားလုံးသည် သူ၏ အစီအစဉ်အဖို့ဖြစ်ပေါ် သို့မဟုတ် လျော့ပါးပျောက်ကွယ်လေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)

သူဖန်ဆင်းခဲ့ပြီးသည့် အရာခပ်သိမ်းသည် ဖြစ်တည်လာပြီး သူ့နှုတ်ကပတ်တော်များကြောင့် ခိုင်မာစွာ ရပ်တည်လာကာ တဖြည်းဖြည်း စတင်ပြောင်းလဲလာသည်ကို ဘုရားသခင် စောင့်ကြည့်ခဲ့သည်။ ဤအချိန်တွင် ဘုရားသခင်သည် နှုတ်ကပတ်တော်များဖြင့် သူပြုလုပ်ခဲ့သည့် အရာအမျိုးမျိုးနှင့် သူပြီးမြောက်ခဲ့သည့် လုပ်ဆောင်ချက်အမျိုးမျိုးတို့အပေါ် ကျေနပ် ခဲ့သလော။ အဖြေက “ထိုအမှုအရာ ကောင်းသည်ကို မြင်တော်မူ၏” ဟူ၍ပင် ဖြစ်သည်။ ဤနေရာတွင် သင်တို့ အဘယ်အရာကို တွေ့သနည်း။ “ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏” ဆိုသည်မှာ အဘယ်အရာကို ကိုယ်စားပြုသနည်း။ ယင်းက အဘယ်အရာကို အမှတ်သင်္ကေတ ပြုသနည်း။ ယင်းမှာ ဘုရားသခင်၌ သူစီစဉ်ထားခဲ့ပြီး ပြဋ္ဌာန်းထားခဲ့သည့် အရာကို ပြီးမြောက်စေရန်၊ ပြီးမြောက်အောင် သူရည်မှန်းထားခဲ့သည့် ရည်ရွယ်ချက်များကို ပြီးမြောက်စေရန် တန်ခိုးနှင့် ဉာဏ်ပညာ ရှိခဲ့သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဘုရားသခင်သည် လုပ်ငန်းတစ်ခုစီကို အပြီးသတ်သည့်အခါတွင် နောင်တရခဲ့သလော။ အဖြေက “ထိုအမှုအရာ ကောင်းသည်ကို မြင်တော်မူ၏” ဟူသည်ပင် ဖြစ်နေသေးသည်။ တစ်နည်းပြောရလျှင် သူသည် နောင်တမရခဲ့ရုံမကဘဲ၊ ယင်းအစား ကျေနပ်မှုရရှိခဲ့သည်။ သူနောင်တမရခဲ့ပါ ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဘုရားသခင်၏ အစီအစဉ်သည် ပြည့်စုံသည်၊ သူ၏တန်ခိုးနှင့် ဉာဏ်ပညာသည် ပြီးပြည့်စုံသည်၊ ဤသို့ပြီးပြည့်စုံမှုမျိုးကို သူ၏ သြဇာအာဏာအားဖြင့်သာလျှင် ပြီးမြောက်စေနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ လူသည် လုပ်ငန်းတစ်ခုကို ထမ်းဆောင်သည့်အခါတွင်၊ ဘုရားသခင်ကဲ့သို့ပင် ထိုအရာကောင်းသည်ဟု မြင်နိုင်သလော။ လူသား ပြုလုပ်သည့် အရာအားလုံးသည် ပြီးပြည့်စုံခြင်းကို ရရှိနိုင်သလော။ လူသားသည် တစ်စုံတစ်ခုကို ထာဝရအပြီးအပြတ် လက်စသတ်နိုင်သလော။ “မည်သည့်အရာမှ ပြီးပြည့်စုံခြင်းမရှိ၊ ပိုမိုကောင်းမွန်ခြင်းသာ ရှိသည်” ဟု လူတို့ ပြောသည့်အတိုင်းပင်၊ လူသားက ပြုလုပ်သည့် မည်သည့်အရာမျှ ပြီးပြည့်စုံခြင်းကို မရရှိနိုင်ပေ။ သူပြုလုပ်ခဲ့ပြီး ရရှိခဲ့သည့် အရာအားလုံးက ကောင်းမွန်သည်ကို ဘုရားသခင် မြင်ခဲ့သောအခါ၊ ဘုရားသခင် ပြုလုပ်သည့် အရာအားလုံးကို သူ၏နှုတ်ကပတ်တော်အားဖြင့် ပြဋ္ဌာန်းထားခြင်း ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသခင်က “ထိုအမှုအရာ ကောင်းသည်ကို မြင်တော်မူ” သောအခါ၊ သူပြုလုပ်ခဲ့ပြီးသည့်အရာ အားလုံးက အစဉ်တည်မြဲသော ပုံသဏ္ဌာန် တစ်ခုကို ဆောင်ယူခဲ့ကြပြီး၊ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ် ခံခဲ့ရကာ သတ်မှတ်ထားသော နေရာ၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန် တစ်ခုကို ထာဝရအပြီးအပြတ် ပေးအပ်ခြင်းခံခဲ့ရသည်။ ထိုမျှမက အရာခပ်သိမ်းအလယ်တွင် ၎င်းတို့၏ အခန်းကဏ္ဍနှင့် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ စီမံခန့်ခွဲမှု အချိန်အတွင်း သူတို့သွားရမည့် ခရီးကို ဘုရားသခင်က စီမံပေးထားခဲ့ပြီဖြစ်ပြီး ပြောင်းလဲ၍ မရတော့ချေ။ ဤသည်မှာ အရာခပ်သိမ်းအား ဖန်ဆင်းရှင်မှ ပေးအပ်ထားသည့် ကောင်းကင်ဘုံဆိုင်ရာ ဥပဒေသ ဖြစ်သည်။

“ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏” ဟူသည့် ရိုးရှင်းသော၊ ထိုက်တန်စွာ တန်ဖိုးထားခြင်းမခံရသော၊ မကြာခဏ လျစ်လျူရှုခြင်း ခံရသော ဤနှုတ်ကပတ်တော်တို့မှာ ဘုရားသခင်က သတ္တဝါခပ်သိမ်းကို ပေးအပ်ထားသည့် ကောင်းကင်ဘုံဆိုင်ရာ ဥပဒေသနှင့် ကောင်းကင်ဘုံဆိုင်ရာ အမိန့်ပြန်တမ်းပင် ဖြစ်သည်။ ၎င်းတို့သည် ဖန်ဆင်းရှင်၏ သြဇာအာဏာ၏ အခြားသော ပြယုဂ်တစ်ခု၊ ပို၍ လက်တွေ့ကျသည့်အရာ၊ ပို၍ နက်နဲသည့်အရာမျိုး ဖြစ်သည်။ ဖန်ဆင်းရှင်သည် သူ၏ နှုတ်ကပတ်တော်များအားဖြင့် သူရရှိရန် ရည်မှန်းထားသည့် အရာအားလုံးကိုရရှိနိုင်ပြီး သူပြီးမြောက်ရန် ရည်မှန်းထားသည့် အရာအားလုံးကို ပြီးမြောက်နိုင်ရုံသာမကဘဲ၊ သူဖန်ဆင်းထားခဲ့သည့် အရာအားလုံးကိုလည်း သူ့လက်ထဲတွင် ထိန်းချုပ်နိုင်ပြီး သူ၏ သြဇာအာဏာအောက်တွင် သူပြုလုပ်ထားခဲ့သည့် အရာခပ်သိမ်းကို အုပ်စိုးနိုင်ခဲ့သည့်အပြင်၊ ခပ်သိမ်းက စနစ်ကျပြီး ပုံမှန်ဖြစ်လေသည်။ အရာခပ်သိမ်းသည်လည်း သူ၏ နှုတ်ကပတ်တော်အားဖြင့် တိုးပွား၊ တည်ရှိပြီး ပျက်စီးသွားကြသည့်အပြင်၊ ၎င်းတို့သည် သူ၏ သြဇာအာဏာအားဖြင့် သူချမှတ်ထားခဲ့သည့် ဥပဒေသအတွင်း၌ တည်ရှိခဲ့ပြီး မည်သည့်အရာမျှ ကင်းလွတ်ခွင့် မရှိပါတကား။ ဤဥပဒေသမှာ ဘုရားသခင်က “ထိုအမှုအရာ ကောင်းသည်ကို မြင်တော်မူ” သည့် တစ်ခဏချင်းတွင်ပင် စတင်ခဲ့ပြီး၊ ယင်းသည် ဖန်ဆင်းရှင်မှ ရုပ်သိမ်းသည့် နေ့ရက်တိုင်အောင် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက် ဖြစ်တည်၊ ဆက်သွားပြီး လည်ပတ်နေမှာပါတကား။ ဖန်ဆင်းရှင်၏ အတုမရှိသော သြဇာအာဏာသည် အရာခပ်သိမ်းကို ဖန်ဆင်းပြီး အရာခပ်သိမ်းကို ဖြစ်တည်လာစေရန် အမိန့်ပေးနိုင်သည့် သူ၏ တတ်နိုင်စွမ်း၌သာမက၊ အရာခပ်သိမ်းအပေါ် အစိုးရပြီး အချုပ်အခြာအာဏာကို စွဲကိုင်ထားကာ အရာခပ်သိမ်းအပေါ် အသက်ဝင်ခြင်းနှင့် ရှင်သန်တက်ကြွခြင်းကို အပ်နှင်းနိုင်သည့် သူ၏ တတ်နိုင်စွမ်း၌ပါ ထင်ရှားပြသသည်၊ ထိုမျှမက သူ၏အစီအစဉ်ထဲတွင် သူဖန်ဆင်းမည့် အရာခပ်သိမ်းသည် သူပြုလုပ်ထားသည့် ကမ္ဘာပေါ်တွင် ပြီးပြည့်စုံသော အသွင်သဏ္ဌာန်၊ ပြီးပြည့်စုံသော အသက်ဖွဲ့စည်းတည်ဆောက်ပုံနှင့် ပြီးပြည့်စုံသော အခန်းကဏ္ဍဖြင့် ထာဝရအပြီးအပြတ် ပေါ်ပေါက် ဖြစ်တည်စေနိုင်သည့် သူ၏ တတ်နိုင်စွမ်း၌လည်း ထင်ရှားပြသလေသည်။ အလားတူပင် ဖန်ဆင်းရှင်၏ အကြံအစည်များသည် မည်သည့် ကန့်သတ်ချုပ်ချယ်မှုမျှ မခံရ၊ အချိန်၊ နေရာ၊ သို့မဟုတ် ပထဝီ အနေအထားတို့၏ ကန့်သတ်ထားခြင်းမရှိသည့် အနေအထား၌လည်း ယင်းက ထင်ရှားပြသပေသည်။ သူ၏ သြဇာအာဏာကဲ့သို့ပင် ဖန်ဆင်းရှင်၏ အတုမရှိသော ဝိသေသလက္ခဏာသည် ကမ္ဘာအဆက်ဆက် မပြောင်းမလဲ တည်မြဲနေမည် ဖြစ်သည်။ သူ၏သြဇာအာဏာသည် သူ၏အတုမရှိသော ဝိသေသလက္ခဏာ၏ ကိုယ်စားပြုချက်နှင့် သင်္ကေတတစ်ရပ် အစဉ်အမြဲ ဖြစ်နေမည်ဖြစ်ပြီး သူ၏ သြဇာအာဏာသည် သူ၏ ဝိသေသလက္ခဏာနှင့် အတူတကွယှဉ်တွဲလျက် ထာဝရတည်ရှိနေမည်တည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

ကမ္ဘာဦးကျမ်း ၁၈:၁၈ တွင်ပါသည့် “အာဗြဟံသည် ကြီးမြတ်၍၊ တန်ခိုးနှင့်ပြည့်စုံသော လူမျိုးဖြစ်လိမ့်မည်။ လူမျိုးအပေါင်းတို့သည် သူ့အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်” ဟူသည်ကို ဖတ်ပြီးနောက်တွင် ဘုရားသခင်၏ သြဇာအာဏာကို သင်တို့ ခံစားရသလော။ ဖန်ဆင်းရှင်၏ ထူးခြားဆန်းကြယ်မှုကို သင်တို့အာရုံခံစားနိုင်သလော။ ဖန်ဆင်းရှင်၏ ကြီးစိုးမှုကို သင်တို့အာရုံခံစားနိုင်သလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် သေချာမှုရှိသည်။ ဘုရားသခင်က အောင်မြင်မှုအပေါ်တွင် သူ၏ယုံကြည်မှုကို ကိုယ်စားပြုပြီး၊ သို့မဟုတ် သူ၏ယုံကြည်မှုကြောင့် ဤကဲ့သို့သော နှုတ်ကပတ်တော်များကို ပြောခြင်းမဟုတ်ပေ။ ထိုအစား ဤနှုတ်ကပတ်တော်များသည် ဘုရားသခင်၏ မိန့်မြွက်ချက်များဆိုင်ရာ သြဇာအာဏာ၏ သက်သေဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြည့်စုံစေသည့် ပညတ်ချက်တစ်ခုဖြစ်သည်။ ဤနေရာတွင် သင်တို့ အာရုံစိုက်သင့်သည့် ဖော်ပြချက်နှစ်ခုရှိသည်။ “အာဗြဟံသည် ကြီးမြတ်၍၊ တန်ခိုးနှင့်ပြည့်စုံသော လူမျိုးဖြစ်လိမ့်မည်။ လူမျိုးအပေါင်းတို့သည် သူ့အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်” ဟုဘုရားသခင်က ပြောသည့်အခါ ဤနှုတ်ကပတ်တော်များထဲတွင် ရှုပ်ထွေးနက်နဲမှုသဘောများ ပါဝင်သလော။ စိုးရိမ်သည့် သဘောများ ပါဝင်သလော။ ကြောက်ရွံ့သည့် သဘောများ ပါဝင်သလော။ ဘုရားသခင်၏ မိန့်မြွက်ချက်များထဲတွင် “အမှန်တကယ်ဖြစ်လိမ့်မည်”၊ “ဖြစ်လိမ့်မည်” ဟူသည့် စကားလုံးများကြောင့် လူသားများအတွက် သီးသန့်ဖြစ်ပြီး သူ့ထံ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည့် ဤသဘောများက ဖန်ဆင်းရှင်နှင့် အဘယ်ဆက်စပ်မှုမျှ မရှိပေ။ အခြားလူများအပေါ် ကောင်းရန်အတွက် ဆန္ဒပြုသည့်အခါတွင် ဤကဲ့သို့သော စကားလုံးများကို မည်သူမျှ သုံးရဲကြမည် မဟုတ်ပေ။ ဤကဲ့သို့သောသေချာမှုမျိုးနှင့် အခြားလူတစ်ယောက်ကို ကြီးမြတ်ပြီး တန်ခိုးနှင့်ပြည့်စုံသည့် လူမျိုးအဖြစ် မည်သူမျှ ကောင်းချီးပေးရဲကြမည် မဟုတ်ပေ။ သို့မဟုတ် ကမ္ဘာမြေကြီးပေါ်က လူမျိုးအားလုံးက သူ့အားဖြင့် ကောင်းချီးမင်္ဂလာရမည်ဟု မည်သူမျှ ကတိမပေးရဲပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်က ပိုပြီး သေချာလေလေ၊ သူတို့သည် တစ်ခုခုကို သက်သေခံနေလေလေဖြစ်သည်— ထိုတစ်ခုခုဆိုသည်မှာ မည်သည့်အရာနည်း။ ဘုရားသခင်၌ ဤကဲ့သို့သော သြဇာအာဏာရှိသည့်အကြောင်း၊ ဤအရာများကို သူ၏သြဇာအာဏာနှင့် ပြီးမြောက်စေနိုင်သည့်အကြောင်း၊ ထို့ပြင် ၎င်းတို့၏ ပြီးမြောက်မှုကို ရှောင်လွှဲ၍မရနိုင်သည့်အကြောင်းကို သက်သေပြသည်။ ဘုရားသခင်သည် အာဗြဟံကို ကောင်းချီးပေးသည့်အပေါ်တွင် နည်းနည်းမျှ တုံ့နှေးခြင်းမရှိဘဲ သူ့နှလုံးသားထဲတွင် သေချာခဲ့သည်။ ထို့အပြင် ဤအရာအားလုံးသည် သူ၏နှုတ်ကပတ်တော်အရ ပြီးမြောက်မည်ဖြစ်ပြီး ဤပြီးမြောက်မှုကို ပြောင်းလဲရန်၊ တားဆီးရန်၊ ထိခိုက်ရန်၊ သို့မဟုတ် နှောင့်ယှက်ရန် မည်သည့်သက်ရောက်မှုကမျှ မပြုလုပ်နိုင်ပေ။ မည်သည့်အရာပင် ဖြစ်ပျက်ခဲ့စေကာမူ ဘုရားသခင့်နှုတ်ကပတ်တော်တို့၏ ပြည့်စုံမှုနှင့် ပြီးမြောက်မှုကို မည်သည့်အရာကမျှ ပယ်ဖျက်ခြင်း၊ သို့မဟုတ် လွှမ်းမိုးခြင်း ပြုလုပ်နိုင်မည်မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏နှုတ်မှ မိန့်မြွက်သည့် နှုတ်ကပတ်တော်များ၏ တန်ခိုးအစွမ်းသက်သက်ဖြစ်ပြီး လူသား၏ ငြင်းပယ်မှုကို ခွင့်ပြုမည်မဟုတ်သည့် ဖန်ဆင်းရှင်၏ သြဇာအာဏာဖြစ်သည်။ ဤနှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်တွင် သင်၌ သံသယရှိနေဆဲလော။ ဤနှုတ်ကပတ်တော်များသည် ဘုရားသခင်၏နှုတ်က ပြောသည့် စကားများဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ထဲတွင် တန်ခိုးအစွမ်း၊ ဘုန်းအာနုဘော်နှင့် သြဇာအာဏာတို့ရှိသည်။ ဤကဲ့သို့သော တန်ခိုးစွမ်းအား၊ သြဇာအာဏာနှင့် အမှန်တရားကို မလွဲမုချ ပြီးမြောက်အောင်မြင်ခဲ့ခြင်းတို့ကို မည်သည့်ဖန်ဆင်းခံ၊ သို့မဟုတ် ဖန်ဆင်းခံမဟုတ်သည့်အရာများကမျှ မရရှိနိုင်ပေ။ ထို့ပြင် မည်သည့်ဖန်ဆင်းခံ၊ သို့မဟုတ် ဖန်ဆင်းခံ မဟုတ်သည့် အရာများကမျှ သာလွန်ခြင်း မရှိနိုင်ပေ။ ဖန်ဆင်းရှင်သာလျှင် လူသားမျိုးနွယ်နှင့် ဤကဲ့သို့သော လေသံ၊ လေယူလေသိမ်းနှင့် ပြောနိုင်ပြီး သူ၏ကတိများသည် အချည်းနှီး စကားလုံးသက်သက်၊ သို့မဟုတ် အလဟဿ ဝံ့ကြွားပြောဆိုခြင်းသက်သက် မဟုတ်ဘဲ မည်သည့်လူပုဂ္ဂိုလ်၊ ဖြစ်ရပ်၊ သို့မဟုတ် အရာဝတ္ထုကမျှ သာလွန်၍မရနိုင်သည့် အတုမရှိသြဇာအာဏာ၏ ဖော်ပြချက်ပင်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

ကျမ်းစာ၏ အောက်ပါကျမ်းပိုဒ်ကို ကြည့်ကြစို့- “လာဇရုထွက်၍လာလော့ဟု ကြီးစွာသောအသံနှင့် ဟစ်ခေါ်တော်မူ၏။ ထိုအခါ သေလွန်သောသူသည် ထွက်လာ၏။” သခင်ယေရှုက ဤအရာကို လုပ်ဆောင်ခဲ့ချိန်တွင်၊ တစ်ခုသာ သူပြောခဲ့သည်- “လာဇရုထွက်၍လာလော့။” ထို့နောက် လာဇရုက သူ့အုတ်ဂူမှ ထွက်လာခဲ့သည်- ဤသည်မှာ သခင် မြွက်ကြားခဲ့သော စကားအနည်းငယ်မျှကြောင့် ပြီးမြောက်ခဲ့ခြင်း ဖြစ်သည်။ ဤအချိန်အတောအတွင်းတွင်၊ သခင်ယေရှုသည် ယဇ်ပလ္လင် တစ်ခု မပြင်ဆင်ခဲ့သကဲ့သို့၊ အခြား လုပ်ဆောင်ချက်တို့ကို မလုပ်ဆောင်ခဲ့ပေ။ ဤတစ်ခုသာ သူပြောခဲ့သည်။ ဤသည်ကို နိမိတ်လက္ခဏာတစ်ခုဟု ခေါ်မည်လော၊ အမိန့်တစ်ခုဟု ခေါ်မည်လော။ သို့မှမဟုတ် မှော်ပညာအမျိုးအစား တချို့လော။ အပေါ်ယံအားဖြင့်၊ နိမိတ်လက္ခဏာတစ်ခုဟု ခေါ်၍ရသည် ဟုထင်ရပြီး၊ ခေတ်ပေါ် ရှုထောင့်မှကြည့်ပါက၊ ယင်းကို နိမိတ်လက္ခဏာတစ်ခုဟု သင်တို့ ဧကန် ခေါ်၍ရနိုင်ဆဲ ဖြစ်၏။ သို့သော် ယင်းမှာ ဝိညာဉ်တစ်ခုကို သေခြင်းမှ ပြန်ခေါ်ဖို့ဟု ယူဆရသည့် ပယောဂမျိုးဟု သေချာပေါက် မှတ်ယူ၍မရနိုင်သကဲ့သို့၊ မည်သည့် မှော်ပညာအမျိုးအစားမျှ လုံးဝ မဟုတ်ခဲ့ပေ။ ဤနိမိတ်လက္ခဏာသည် ဖန်ဆင်းရှင်၏ ဩဇာအာဏာနှင့် သက်ဆိုင်သည့် ပုံမှန်အဖြစ်ဆုံးနှင့် သေးငယ်သော ဖော်ပြချက်တစ်ခုဖြစ်သည်ဟု ဆိုရန်မှာ မှန်ကန်ပေသည်။ ဤသည်မှာ ဘုရားသခင်၏ ဩဇာအာဏာနှင့် တန်ခိုး ဖြစ်သည်။ လူတစ်ယောက်ကို သေစေရန်၊ သူ၏ ဝိညာဉ်အား သူ၏ကိုယ်ခန္ဓာမှ ထွက်ပြီး မရဏနိုင်ငံကို ပြန်သွားစေရန် သို့မဟုတ် ၎င်း သွားသင့်သည့် အခြားမည်သည့် နေရာကိုမဆို ပြန်သွားစေရန် ဘုရားသခင်၌ ဩဇာအာဏာ ရှိသည်။ လူတစ်ဦး သေဆုံးချိန်နှင့် သေဆုံးပြီးနောက် ၎င်းတို့ သွားမည့်နေရာ- ဤအရာတို့ကို ဘုရားသခင်က သတ်မှတ်သည်။ သူသည် ဤဆုံးဖြတ်ချက်များကို လူသားများ၊ အဖြစ်အပျက်များ၊ အရာဝတ္ထုများ၊ နေရာ သို့မဟုတ် တည်နေရာတို့၏ ကန့်သတ်ထားခြင်းကို မခံရဘဲ အချိန်မရွေး၊ နေရာမရွေး လုပ်ဆောင်နိုင်သည်။ အရာခပ်သိမ်းနှင့် သက်ရှိသတ္တဝါအားလုံး သူ၏ အုပ်စိုးမှုအောက်တွင်ရှိပြီး အရာခပ်သိမ်းသည် သူ၏ နှုတ်ကပတ်တော်နှင့် သူ၏ ဩဇာအာဏာအားဖြင့် တိုးတက်ပွားများသောကြောင့်၊ တည်ရှိပြီး ပျက်စီးကြ သောကြောင့်၊ ထိုအရာကို သူ လုပ်ဆောင်ချင်ပါက၊ သူ လုပ်ဆောင်နိုင်သည်။ သူသည် လူသေတစ်ဦးကို ပြန်ရှင်စေနိုင်ပြီး၊ ဤသည်မှာလည်း အချိန်မရွေး၊ နေရာမရွေး သူ လုပ်ဆောင်နိုင်သည့် အရာတစ်ခု ဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းရှင်တစ်ပါးတည်းသာ ပိုင်ဆိုင်သော ဩဇာအာဏာ ဖြစ်သည်။

သခင်ယေရှုသည် လာဇရုကို သေခြင်းမှ ပြန်ရှင်စေခြင်း ကဲ့သို့သော အရာများကို လုပ်ဆောင်ခဲ့ချိန်တွင်၊ သူ၏ ရည်မှန်းချက်မှာ လူသားများအတွက် သက်သေပေးရန်နှင့် စာတန်ကို မြင်စေရန်အတွက်ဖြစ်ပြီး လူသားများနှင့် စာတန်ကို လူသားမျိုးနွယ်နှင့် ပတ်သက်သည့်အရာတိုင်း၊ လူသားမျိုးနွယ်၏ ရှင်ခြင်းနှင့် သေခြင်းတို့ကို ဘုရားသခင် သတ်မှတ်ကြောင်းနှင့် သူသည် လူ့ဇာတိခံယူခဲ့ပြီးဖြစ်သော်လည်း၊ မြင်၍ရနိုင်သည့် ရုပ်ဝတ္ထုလောကအပြင်၊ လူသားများ မမြင်နိုင်သည့် ဝိညာဉ်လောကကိုပါ ကွပ်ကဲအုပ်ချုပ်နေဆဲဖြစ်ကြောင်းကို သိစေရန်ဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်နှင့် ပတ်သက်သည့် အရာရာတိုင်းသည် စာတန်၏ ကွပ်ကဲအုပ်ချုပ်မှု အောက်တွင် မရှိသည်ကို လူသားမျိုးနွယ်နှင့် စာတန်က သိကြစေဖို့အလို့ငှာ ဖြစ်ခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ ဩဇာအာဏာနှင့်ဆိုင်သည့် ဖွင့်ပြခြင်းနှင့် ထုတ်ဖော်ပြသခြင်း ဖြစ်ပြီး၊ ယင်းသည် လူသားမျိုးနွယ်၏ ရှင်ခြင်းနှင့် သေခြင်းသည် ဘုရားသခင်၏ လက်ထဲ၌ရှိကြောင်း ကို အရာခပ်သိမ်းထံ သတင်းစကားပေးပို့ရန် ဘုရားသခင်၏ နည်းလမ်းတစ်ခုလည်း ဖြစ်သည်။ သခင်ယေရှု၏ လာဇရုကို သေခြင်းမှ ပြန်လည်ရှင်ပြန်ထမြောက်စေခြင်းသည် လူသားမျိုးနွယ်ကို ဖန်ဆင်းရှင်က သွန်သင်ကာ ညွှန်ကြားသည့် နည်းလမ်းများထဲမှ တစ်ခု ဖြစ်သည်။ ယင်းသည် လူသားမျိုးနွယ်ကို ညွှန်ကြားရန်နှင့် ထောက်ပံ့ရန် သူ၏ တန်ခိုးနှင့် ဩဇာအာဏာကို သူအသုံးပြုသည့် ခိုင်မာသော လုပ်ဆောင်ချက်တစ်ခုဖြစ်ခဲ့သည်။ ယင်းသည် သူသည် အရာအခပ်သိမ်းကို ကွပ်ကဲအုပ်ချုပ်သည်ကို စကားများ အသုံးပြုခြင်းမရှိဘဲ၊ လူသားမျိုးနွယ်အား မြင်ခွင့်ပေးဖို့ ဖန်ဆင်းရှင်အတွက် နည်းလမ်းတစ်ခု ဖြစ်ခဲ့သည်။ ယင်းမှာ သူ့အားဖြင့်မှလွဲ၍ အခြားကယ်တင်ခြင်း မရှိသည်ကို လက်တွေ့ လုပ်ဆောင်ချက်များမှတစ်ဆင့် လူသားမျိုးနွယ်ကို ပြောပြရန် သူ့အတွက် နည်းလမ်းတစ်ခု ဖြစ်သည်။ လူသားမျိုးနွယ်ကို ညွှန်ကြားဖို့ သူ အသုံးပြုသည့် ဤတိတ်ဆိတ်သော နည်းလမ်းသည် လူသား၏စိတ်နှလုံးထံ အံ့သြထိတ်လန့်မှုတစ်ခုနှင့် မည်သည့်အခါမျှ ပျောက်ကွယ် မသွားမည့် အသိဉာဏ်ပွင့်လင်းခြင်းကို ဆောင်ကြဉ်းလျက် ထာဝရတည်တံ့ကာ၊ မပျက်ပြယ်နိုင်ပေ။ လာဇရု၏ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းက ဘုရားသခင်ကို ဘုန်းထင်ရှား စေခဲ့သည်- ဤအရာသည် ဘုရားသခင်၏ နောက်လိုက် တစ်ဦးချင်းစီတိုင်းအပေါ် နက်ရှိုင်းသော သက်ရောက်မှုတစ်ခု ရှိလေသည်။ ဤဖြစ်ရပ်ကို နက်ရှိုင်းစွာ နားလည်သော လူတိုင်း၌ ဘုရားသခင်သာလျှင် လူသားမျိုးနွယ်၏ ရှင်ခြင်းနှင့် သေခြင်းအား အမိန့်ပေးနိုင်သည် ဟူသည့် သိနားလည်မှု၊ အမြင်ကို သတ်မှတ်ပေးသည်။...

သခင်ယေရှုက လာဇရုကို သေခြင်းမှ ပြန်လည် ခေါ်ဆောင်ခဲ့ချိန်တွင်၊ ဤစကားအနည်းငယ်ကို သူ အသုံးပြုခဲ့သည်- “လာဇရုထွက်၍လာလော့။” ဤသည်မှလွဲ၍ တစ်ခြားမည်သည့်အရာကိုမျှ မပြောခဲ့ပေ။ သို့ဆိုလျှင် ဤစကားလုံးများသည် မည်သည့်အရာကို ပြသပါသနည်း။ ယင်းတို့က ဘုရားသခင်သည် သေသူကို ပြန်လည် ထမြောက်စေခြင်းအပါအဝင် မည်သည့်အရာကိုမဆို စကားပြောခြင်းဖြင့် ပြီးမြောက်စေနိုင်သည်ကို ပြသပေသည်။ ဘုရားသခင်က အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ချိန်တွင်၊ ကမ္ဘာလောကကို သူဖန်ဆင်းခဲ့ချိန်တွင် နှုတ်ကပတ်တော်များဖြင့် ထိုသို့ လုပ်ဆောင်ခဲ့သည်- အမိန့်များ၊ ဩဇာအာဏာရှိသော နှုတ်ကပတ်တော်များကို ပြောဆိုခဲ့ပြီး၊ ဤနည်းဖြင့် အရာခပ်သိမ်း ဖန်ဆင်းခြင်းခံခဲ့ရပြီး၊ ထိုသို့ဖြင့် ယင်းသည် ပြီးမြောက်ခဲ့သည်။ သခင်ယေရှုပြောခဲ့သော ဤစကား အနည်းငယ်သည် ဘုရားသခင်က ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ချိန်တွင် ပြောခဲ့သော စကားများကဲ့သို့သာ ဖြစ်သည်။ ထိုနည်းတူစွာ ထိုစကားများသည် ဘုရားသခင်၏ ဩဇာအာဏာ၊ ဖန်ဆင်းရှင်၏ တန်ခိုးတို့ ကိုင်စွဲထားလေသည်။ ဘုရားသခင်၏ နှုတ်မှလာသော စကားများကြောင့် အရာခပ်သိမ်းသည် ဖြစ်ပေါ်လာပြီး ခိုင်ခိုင်မာမာ တည်တံ့ခဲ့သည်၊ ထိုနည်းတူ သခင်ယေရှု၏ နှုတ်မှလာသော စကားများကြောင့် လာဇရုသည် သူ၏အုတ်ဂူမှ ထွက်လျှောက်လာခဲ့သည်။ ဤသည်မှာ သူ၏ လူ့ဇာတိခံ ခန္ဓာ၌ ထုတ်ဖော်ပြသပြီး အကောင်အထည် ဖော်ခဲ့သော ဘုရားသခင်၏ ဩဇာအာဏာဖြစ်သည်။ ဤဩဇာအာဏာနှင့် အရည်အချင်းမျိုးသည် ဖန်ဆင်းရှင်နှင့် သက်ဆိုင်ပြီး ဖန်ဆင်းရှင် တကယ်ဖြစ်ပေါ်လာခဲ့သည့် လူသားနှင့် သက်ဆိုင်သည်။ ဤသည်မှာ လာဇရုကို သေခြင်းမှ ပြန်လည်ခေါ်ဆောင်ခြင်းအားဖြင့် လူသားမျိုးနွယ်ကို ဘုရားသခင် သွန်သင်ခဲ့သော သိနားလည်ခြင်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)

ငါသည် ငါပြောသောအရာအပေါ် ခိုင်ခိုင်မာမာရပ်တည်ပြီး၊ ငါ ခိုင်ခိုင်မာမာ ရပ်တည်သောအရာကို ငါ အမြဲစုံလင်စေကာ၊ ဤအရာကို မည်သူမျှ မပြောင်းလဲနိုင်ပေ- ယင်းမှာ အကြွင်းမဲ့ ဖြစ်သည်။ အတိတ်က ငါပြောဆိုပြီးသည့် နှုတ်ကပတ်တော်များဖြစ်စေ၊ အနာဂတ်တွင် ငါပြောဆိုမည့် နှုတ်ကပတ်တော်များ ဖြစ်စေ ၎င်းတို့အားလုံးကို တစ်ခုပြီးတစ်ခု ငါ တကယ်ဖြစ်လာစေမည်ဖြစ်ပြီး ၎င်းတို့အားလုံး တကယ်ဖြစ်လာသည်ကို လူသားမျိုးနွယ်အားလုံးကို မြင်ခွင့်ပေးမည်။ ဤသည်မှာ ငါ၏ နှုတ်ကပတ်တော်များနှင့် ငါ၏ အမှုနောက်ကွယ်က အခြေခံသဘောတရား ဖြစ်သည်။...စကြဝဠာတွင် ဖြစ်ပေါ်သော အရာရာတိုင်းတွင်၊ ငါ အဆုံးအဖြတ်မပေးသောအရာ တစ်ခုမျှ မရှိချေ။ ငါ့လက်ထဲတွင်မရှိသည့်အရာ တစ်စုံတစ်ရာ ရှိသလော။ ငါပြောသည့်အရာအတိုင်းသည် ဆောင်ရွက်ပြီးကြပြီး၊ လူသားများထဲမှ မည်သူသည် ငါ၏ စိတ်ကို ပြောင်းလဲစေနိုင်သနည်း။ ယင်းသည် ကမ္ဘာမြေပေါ် ငါ ပြုသောပဋိညာဉ် ဖြစ်နိုင်မည်လော။ မည်သည့်အရာမျှ ငါ၏ အစီအစဉ်ကို ရှေ့ဆက်သွားရာမှ မတားဆီးနိုင်ပေ။ ငါသည် ငါ၏အမှုအပြင် ငါ၏ စီမံခန့်ခွဲမှုအစီအစဉ်တွင် အစဉ် ပါရှိ၏။ လူသားများထဲမှ မည်သူသည် ဝင်စွက်ဖက်နိုင်သနည်း။ ဤအစီအစဉ်များကို ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ခဲ့သူမှာ ငါ ဖြစ်သည် မဟုတ်လော။ ယနေ့ ဤနယ်ပယ်ထဲသို့ ဝင်ရောက်ခြင်းသည် ငါ၏ အစီအစဉ် သို့မဟုတ် ငါ ကြိုမြင်ပြီးဖြစ်သည့်အရာ၏ အပြင်သို့ မသွေဖည်ပေ။ ထိုအရာအားလုံးကို ငါသည် ကာလကြာမြင့်စွာက ချမှတ်ထားခဲ့ပေသည်။ သင်တို့ထဲမှ မည်သူသည် ငါ၏ အစီအစဉ်၏ ဤအဆင့်ကို နားလည်သဘောပေါက်နိုင်သနည်း။ ငါ၏ လူတို့သည် ငါ၏ အသံကို သေချာစွာ နားထောင်ကြလိမ့်မည်ဖြစ်ပြီး၊ ငါ့ကို စစ်မှန်ရိုးသားစွာ ချစ်ကြသူများထဲမှ အယောက်တိုင်းသည် ငါ၏ ပလ္လင်ရှေ့သို့ အသေအချာ ပြန်လာကြလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁)

နောက်ဆုံးသောကာလ၏ အမှုတွင်၊ နှုတ်ကပတ်တော်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများ၏ ထင်ရှားပြသခြင်းထက် ပိုမို တန်ခိုးကြီးမားပြီး၊ နှုတ်ကပတ်တော်၏ သြဇာအာဏာသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများ၏ သြဇာအာဏာကို ကျော်လွန်သည်။ နှုတ်ကပတ်တော်သည် လူသား၏ စိတ်နှလုံးထဲ နက်ရှိုင်းစွာ မြှုပ်နှံထားသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ အားလုံးကို ဖော်ထုတ်သည်။ သင်သည် မိမိဘာသာ ထိုအရာများကို သတိပြုမိဖို့ ဖြစ်နိုင်မည်မဟုတ်။ ယင်းတို့ကို နှုတ်ကပတ်တော်မှတစ်ဆင့် သင့်ရှေ့၌ ဖွင့်ချထားသည့်အခါတွင်၊ သင်သည် အလိုအလျောက် ယင်းတို့ကို ရှာတွေ့လာလိမ့်မည်။ ထိုအရာများကို သင်သည် ငြင်းပယ်နိုင်မည် မဟုတ်သကဲ့သို့၊ သင်သည် လုံးဝဥဿုံ လက်ခံယုံကြည်လိမ့်မည်။ ဤသည်ကား နှုတ်ကပတ်တော်၏ သြဇာအာဏာ မဟုတ်လော။ ဤသည်မှာ ယနေ့ နှုတ်ကပတ်တော်၏ အမှုက ရရှိသည့် ရလဒ် ဖြစ်သည်။ သို့ဖြစ်ရာ လူသားသည် သူ၏အပြစ်များမှ အပြည့်အဝ ကယ်တင်ခံရသည်မှာ အနာရောဂါ ငြိမ်းစေခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့မှတစ်ဆင့် မဟုတ်သကဲ့သို့၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ထင်ရှားပြသခြင်းအားဖြင့်လည်း သူသည် အပြည့်အဝ စုံလင်စေခြင်း မခံရနိုင်ပေ။ အနာရောဂါ ငြိမ်းစေခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ရန် ဩဇာအာဏာသည် လူအား ကျေးဇူးတော်ကိုသာ ပေးနိုင်သည်၊ သို့သော် လူသား၏ ဇာတိပကတိသည် စာတန်နှင့် သက်ဆိုင်ဆဲ ဖြစ်ပြီး၊ လူ့အတွင်းတွင် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထား ကျန်ရှိနေဆဲဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော်၊ သန့်ရှင်းစေခြင်း မခံရသေးသောအရာသည် အပြစ်နှင့် ညစ်ညူးမှုတို့နှင့် နှီးနွှယ်ဆဲ ဖြစ်ပေသည်။ လူသားသည် နှုတ်ကပတ်တော်၏ ဆောင်ကြဉ်းမှုဖြင့် သန့်စင်စေခြင်းခံရသည့် နောက်မှသာ သူသည် ဘုရားသခင်၏ ရယူခြင်းကို ခံရနိုင်ပြီး သန့်ရှင်းစင်ကြယ်စေခြင်း ခံရလာနိုင်ပေသည်။ လူသားထဲ နတ်ဆိုးများကို နှင်ထုတ်ပြီး သူသည် ရွေးနုတ်ခံခဲ့ရသည့်နောက်တွင်၊ ဤသည်မှာ သူသည် စာတန်လက်ထဲမှ ဆွဲလုယူခြင်း ခံခဲ့ရပြီး၊ ဘုရားသခင်ထံသို့ ပြန်လာခဲ့သည်ကိုသာ ဆိုလိုသည်။ သို့ရာတွင် ဘုရားသခင်အားဖြင့် သန့်ရှင်းစေခြင်း သို့မဟုတ် ပြောင်းလဲစေခြင်းကို မခံရဘဲနှင့်၊ သူသည် ဖောက်ပြန်ပျက်စီးသော လူအဖြစ် ရှိနေသည်။ လူသားအတွင်းတွင် ညစ်ညမ်းခြင်း၊ ဆန့်ကျင်ခြင်းနှင့် ပုန်ကန်ခြင်းတို့ ရှိနေဆဲ ဖြစ်သည်။ လူသည် ရွေးနုတ်ခြင်းမှတစ်ဆင့် ဘုရားသခင်ထံ ပြန်လာခဲ့ခြင်းသာ ဖြစ်သော်လည်း၊ သူသည် ဘုရားသခင်နှင့် ပတ်သက်သည့် အသိပညာ စိုးစဉ်းမျှ မရှိသကဲ့သို့၊ ဘုရားသခင်ကို ခုခံပြီး သစ္စာဖောက်နိုင်စွမ်း ရှိနေဆဲ ဖြစ်သည်။ လူသည် ရွေးနုတ်ခြင်း မခံရမီတွင်၊ စာတန်၏ အဆိပ်အများအပြားသည် သူ့အတွင်းတွင် အခိုင်အမာ တည်ထားနှင့်ပြီးဖြစ်သကဲ့သို့ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို နှစ်ထောင်ချီ ခံရပြီးနောက်တွင်၊ လူသည် သူ့အတွင်းတွင် ဘုရားသခင်ကို ဆန့်ကျင်သည့် အခြေခိုင်သည့် သဘာဝ ရှိလေသည်။ သို့ဖြစ်ရာ လူသားသည် ရွေးနုတ်ခံရပြီးသည့်အချိန်တွင်၊ ယင်းသည် လူကို အဖိုးအခကြီးစွာ ပေးဝယ်ထားသည့် ရွေးနုတ်ခြင်း ကိစ္စတစ်ခုထက် ဘာမျှမပိုဘဲ၊ သူ့အတွင်းရှိ အဆိပ်သင့်သော သဘာဝမှာ သုတ်သင်ပယ်ရှင်းခြင်းကို မခံရသေးပေ။ အလွန် ညစ်ညမ်းလှသော လူသည် ဘုရားသခင်ကို အစေခံရန် မထိုက်တန်မီတွင် ပြောင်းလဲခြင်းကို ကြုံရမည် ဖြစ်သည်။ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ဤအမှုအားဖြင့်၊ လူသည် သူကိုယ်တိုင်အတွင်းရှိ ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရကို အပြည့်အဝ သိလာလိမ့်မည် ဖြစ်ပြီး၊ သူသည် လုံးဝ ပြောင်းလဲနိုင်လိမ့်မည် ဖြစ်ပြီး သန့်ရှင်းလာလိမ့်မည်။ ဤနည်းဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။ ယနေ့ လုပ်ဆောင်သည့် အမှုအားလုံးသည် လူသားက သန့်ရှင်းစေခြင်းခံရနိုင်ကာ ပြောင်းလဲစေခြင်း ခံရနိုင်ဖို့အလို့ငှာ ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့်အပြင်၊ စစ်ဆေးခြင်းမှတစ်ဆင့်လည်း လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားသန့်စင်နိုင်ပြီး ဖြူစင်စေခြင်း ခံရနိုင်ပေသည်။ အမှု၏ ဤအဆင့်ကို ကယ်တင်ခြင်း၏အမှုဟု ယူဆခြင်းထက်၊ ယင်းသည် သန့်ရှင်းစင်ကြယ်စေခြင်း၏ အမှုဟု ပြောရန်မှာ ပိုမို ဆီလျော်ပေမည်။ အမှန်တွင် ဤအဆင့်သည် သိမ်းပိုက်ခြင်းအဆင့် ဖြစ်သည့်အပြင် ကယ်တင်ခြင်းအမှုထဲက ဒုတိယ အဆင့်လည်း ဖြစ်သည်။ လူသည် ဘုရားသခင်၏ ရယူခံရခြင်း အဖြစ်သို့ ရောက်ရှိသည်မှာ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှတစ်ဆင့် ဖြစ်ပြီး လူသား၏ စိတ်နှလုံးအတွင်းရှိ မသန့်စင်မှုများ၊ အယူအဆများ၊ ကြံရွယ်ချက်များနှင့် တစ်ဦးချင်း ပြင်းပြသောဆန္ဒများ အားလုံး လုံးဝ ထုတ်ဖော်ပြခံရသည်မှာ စစ်ဆေးဖို့၊ တရားစီရင်ဖို့နှင့် ဖွင့်ဟဖို့ နှုတ်ကပတ်တော်ကို အသုံးပြုခြင်းမှတစ်ဆင့် ဖြစ်ပေသည်။ လူသားအားလုံးသည် သူ့အပြစ်များမှ ခွင့်လွှတ်ခြင်းနှင့် ရွေးနုတ်ခြင်းကို ခံရပြီးဖြစ်ကောင်း ဖြစ်နိုင်သည့်အတွက်၊ ဘုရားသခင်သည် လူ၏ ဒုစရိုက်ကျူးလွန်ခြင်းများကို မအောက်မေ့ခြင်းနှင့် လူသားကို သူ၏ ဒုစရိုက်ကျူးလွန်ခြင်းများ နှင့်အညီ မဆက်ဆံခြင်း ဟုသာ မှတ်ယူ၍ ရနိုင်ပေသည်။ သို့ရာတွင် ဇာတိ၏ ခန္ဓာဖြင့် အသက်ရှင်သည့် လူသားသည် အပြစ်မှ လွှတ်မြောက်ခြင်း မခံရသေးသည့်အခါ၊ သူသည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားကို မပြီးနိုင် မဆုံးနိုင် ထုတ်ဖော်ပြလျက်၊ အပြစ်ကိုသာ ဆက်လုပ်နိုင်သည်။ ဤအရာက အပြစ်ပြုခြင်းနှင့် ခွင့်လွှတ်ခြင်းနှင့်ဆိုင်သည့် အဆုံးမရှိသော သံသရာတစ်ခု ဖြစ်သည့် လူများ အသက်ရှင် နေထိုင်သည့် အသက်တာ ဖြစ်သည်။ လူသားမျိုးနွယ် အများစုသည် ညနေတွင် အပြစ်ဝန်ချရန်သာ နေ့ပိုင်းတွင် အပြစ်လုပ်ကြသည်။ ဤနည်းဖြင့် အပြစ်ဖြေရာယဇ်သည် လူအတွက် အစဉ်အမြဲ ထိရောက်သော်လည်း၊ ယင်းသည် လူကို အပြစ်မှ ကယ်တင်နိုင်လိမ့်မည် မဟုတ်ပေ။ လူသားသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိဆဲဖြစ်သည့်အတွက်၊ ကယ်တင်ခြင်း အမှု၏ ထက်ဝက်သာ ပြီးစီးသေးသည်။ ဥပမာအားဖြင့်၊ လူများက ၎င်းတို့သည် မောဘမှ ဆင်းသက်ခဲ့ကြသည်ကို သဘောပေါက်ကြသည့်အခါ၊ ၎င်းတို့သည် စောဒကတက်သည့် စကားများကို တင်လျှောက်ခဲ့ကြသည်၊ အသက်ကို လိုက်စားခြင်းအား ရပ်စဲခဲ့ကြပြီး၊ လုံးဝ အပျက်သဘောဆောင် လာခဲ့ကြသည်။ ဤအရာက လူသားမျိုးနွယ်သည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် အပြည့်အဝ မကျိုးနွံမနာခံနိုင်ဆဲ ဖြစ်သည်ကို ပြသသည် မဟုတ်လော။ ဤသည်မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထား အတိအကျ ဖြစ်သည် မဟုတ်လော။ သင်သည် ပြစ်တင်ဆုံးမခြင်းကို ခံရခြင်း မရှိခဲ့ချိန်တွင်၊ သင်၏ လက်များသည် အခြားသူများထက် ယေရှု၏ လက်များထက်ပင် သာ၍ မြင့်အောင် မြှောက်ထားခဲ့သည်။ ပြီးလျှင် သင်သည် ကျယ်လောင်သော အသံဖြင့်၊ “ဘုရားသခင်၏ ချစ်မြတ်နိုးသော သားဖြစ်ပါစေ။ ဘုရားသခင်၏ အကျွမ်းဝင်သူ ဖြစ်ပါစေ၊ ကျွန်ုပ်တို့သည် စာတန်ကို ပျပ်ဝပ်ဖို့ထက် အသေခံကြမည်။ စာတန်အိုကို တော်လှန်ကြ။ အဆင်းနီသော နဂါးကြီးကို တော်လှန်ကြ။ အဆင်းနီသော နဂါးကြီးသည် တန်ခိုးအာဏာမှ လက်မှိုင်ချလျက် ကျဆင်းပါစေ။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ပြည့်စုံပါစေသော်။”ဟု အော်သည်။ သင်၏ အော်ဟစ်မှုများသည် အခြားသူများ အားလုံးထက် ပိုမို ကျယ်လောင်သည်။ သို့သော်လည်း ထို့နောက်တွင် ပြစ်တင်ဆုံးမခြင်း အချိန်ကာလ ရောက်လာခဲ့ပြီး နောက်တစ်ဖန် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ထုတ်ဖော်ပြခံရလေသည်။ ထိုအခါ ၎င်းတို့၏ ဟစ်အော်မှုများ ရပ်စဲသွားခဲ့ပြီး၊ ၎င်းတို့၏ စိတ်ဆုံးဖြတ်ချက် ကျရှုံးသွားခဲ့သည်။ ဤသည်မှာ လူ၏ ဖောက်ပြန်ပျက်စီးခြင်း ဖြစ်သည်။ အပြစ်ထက်ပို၍ နက်ရှိုင်းနေလျက်၊ ယင်းသည် စာတန်က အခိုင်အမာတည်ထားသည့်အရာတစ်ခု ဖြစ်ပြီး၊ လူသား၏ အတွင်းတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ခဲ့သည်။ လူသားအတွက် သူ၏ အပြစ်များကို သတိပြုမိလာရန်မှာ မလွယ်ကူချေ။ သူသည် သူကိုယ်တိုင်၏ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ထားသော သဘာဝကို သတိမပြုမိနိုင်သကဲ့သို့၊ ဤရလဒ်ကို ရရှိဖို့အလို့ငှာ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းအပေါ် သူ မှီခိုရမည်ဖြစ်သည်။ ထို့သို့ဖြင့်သာ လူသည် ဤအချိန်မှစ၍ နောက်ပိုင်းတွင် တဖြည်းဖြည်း ပြောင်းလဲလာနိုင်သည်။ လူသည် သူ၏ မူလ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို နားလည်ခြင်း မရှိခဲ့သောကြောင့်၊ ထိုသို့ အော်ဟစ်ခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ လူ့အတွင်း၌ရှိသော မသန့်စင်မှုများ ဖြစ်သည်။ ထိုသို့သော ရှည်ကြာသည့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း ကာလတစ်လျှောက်တွင်၊ လူသည် တင်းမာမှုရှိသော အခြေအနေ တစ်ခုတွင် အသက်ရှင်ခဲ့ရသည်။ ဤအရာအားလုံးကို နှုတ်ကပတ်တော်၏ ဆောင်ကြဉ်းပေးမှုဖြင့် စွမ်းဆောင်ရရှိခဲ့သည် မဟုတ်လော။ အစေခံသူများနှင့်ဆိုင်သည့် စမ်းသပ်မှုများမတိုင်မီတွင် သင်သည်လည်း အလွန်ကျယ်လောင်သော အသံဖြင့် ဟစ်အော်ခဲ့သည် မဟုတ်လော။ “နိုင်ငံတော်ထဲသို့ ဝင်ရောက် ကြလော့။ ဤနာမတော်ကို လက်ခံသူအားလုံးတို့သည် နိုင်ငံတော်ထဲသို့ ဝင်ရောက်ကြလိမ့်မည်။ အားလုံးသည် ဘုရားသခင်၌ ပါဝင်ကြလိမ့်မည်။” အစေခံသူများနှင့်ဆိုင်သည့် စမ်းသပ်မှု ရောက်လာသည့်အခါတွင်၊ သင်သည် မအော်ဟစ်တော့ပေ။ တကယ့်အစတွင်၊ အားလုံးက “အို ဘုရားသခင်။ ကိုယ်တော် ကျွန်ုပ်ကို မည်သည့်နေရာ၌ ထားသည်ဖြစ်စေ၊ ကိုယ်တော်၏ လမ်းကြောင်း ပေးခြင်းခံလျက်၊ ကျွန်ုပ်သည် ကိုယ်တော်ကို ကျိုးနွံနာခံပါမည်။” ဟု ဟစ်အော်ခဲ့ကြသည်။ “မည်သူသည် ငါ၏ ပေါလု ဖြစ်မည်နည်း။” ဟူသော ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုသောအခါ၊ လူတို့က “ကျွန်ုပ် ဖြစ်လိုပါသည်။”ဟု ပြောကြသည်။ ထို့နောက် ၎င်းတို့က “ပြီးလျှင် ယောဘ၏ ယုံကြည်ခြင်းကား အဘယ်နည်း။” ဟူသော နှုတ်ကပတ်တော်များကို မြင်ခဲ့ကြပြီး၊ “ကျွန်ုပ်သည် ယောဘ၏ ယုံကြည်ခြင်းကို မိမိဘာသာ ခံယူလိုပါသည်။ ဘုရားသခင် ကျွန်ုပ်ကို စမ်းသပ်တော်မူပါ။” ဟုပြောခဲ့ကြသည်။ အစေခံသူများနှင့်ဆိုင်သည့် စမ်းသပ်မှု ရောက်လာသည့်အခါတွင်၊ ၎င်းတို့သည် ချက်ချင်း လဲပြိုသွားကြပြီး၊ တစ်ဖန် ပြန်မရပ်နိုင်ကြချေ။ ထို့နောက်တွင် ၎င်းတို့၏ စိတ်နှလုံးများထဲက မသန့်စင်မှုများသည် နည်းနည်းချင်း တဖြည်းဖြည်း လျော့လာခဲ့သည်။ ဤအရာကို နှုတ်ကပတ်တော်မှတစ်ဆင့် စွမ်းဆောင်ရရှိခဲ့သည် မဟုတ်လော။ သို့ဆိုလျှင် ယနေ့ သင်တို့ တွေ့ကြုံပြီးသည့် အရာများမှာ နှုတ်ကပတ်တော်မှ တစ်ဆင့် စွမ်းဆောင်ရရှိသော ရလဒ်များ ဖြစ်ပြီး ယေရှု၏ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာ အမှုများနှင့်ဆိုင်သည့် အမှုမှတစ်ဆင့် စွမ်းဆောင်ရရှိခဲ့သည့် အရာများထက်ပင် သာ၍ ကြီးမားသည်။ သင် မြင်သည့် ဘုရားသခင်၏ ဘုန်းသရေနှင့် သင် မြင်သည့် ဘုရားသခင် ကိုယ်တော်တိုင်၏ ဩဇာအာဏာတို့သည် ကားစင်တင်ခံရခြင်းအားဖြင့်၊ အနာရောဂါ ငြိမ်းစေခြင်းနှင့် နတ်ဆိုး များကို နှင်ထုတ်ခြင်းအားဖြင့် မြင်တွေ့ရုံမျှ မြင်တွေ့ရသည်မဟုတ်ဘဲ၊ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းအားဖြင့် သာ၍ပင် ထိုသို့ မြင်တွေ့ရပေသည်။ ဤအရာက ဘုရားသခင်၏ ဩဇာအာဏာနှင့် တန်ခိုးတို့သည် နိမိတ်လက္ခဏာများ ပြုခြင်း၊ အနာရောဂါ ငြိမ်းစေခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့သာ ပါရှိသည် မဟုတ်ဘဲ၊ ဘုရားနှုတ်ကပတ်တော်၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ ဩဇာအာဏာကို သာ၍ ကိုယ်စားပြုနိုင်ပြီး သူ၏ အနန္တတန်ခိုးကို သာ၍ ထုတ်ဖော်ပြပြုနိုင်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)

လူသားမျိုးနွယ်အလယ် ဘုရားသခင်၏ အမှုထဲမှ မည်သည့်အရာမျှ ကမ္ဘာလောကကို ဖန်ဆင်းခြင်းနှင့်တစ်ပြိုင်နက် ပြင်ဆင်ထားနှင့်ခဲ့ပြီးဖြစ်သည် မဟုတ်ပေ။ ထို့ထက် ဘုရားသခင်အား လူသားမျိုးနွယ်အလယ် သူ၏ အမှုကို တစ်ဆင့်ချင်းနှင့် သာ၍ စစ်မှန်ကာ လက်တွေ့ကျသည့် ပုံစံဖြင့် ဆောင်ရွက်ခွင့်ပေးပြီးဖြစ်သည်မှာ အမှုအရာများ၏ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်သည်။ ဥပမာအားဖြင့် ယေဟောဝါသည် မိန်းမကို သွေးဆောင်ရန် မြွေကို မဖန်ဆင်းခဲ့ပေ။ ယင်းမှာ သူ၏ တိကျသော အစီအစဉ် မဟုတ်သကဲ့သို့၊ သူ တမင်တကာ ခွဲခန့်မှတ်သားထားသည့် အရာတစ်ခုလည်း မဟုတ်ခဲ့ချေ။ ဤသည်မှာ မျှော်လင့်မထားခဲ့သည့် အဖြစ်အပျက် တစ်ခု ဖြစ်ခဲ့သည်ဟု ပြော၍ရနိုင်သည်။ ထို့ကြောင့် ယေဟောဝါသည် အာဒံနှင့်ဧဝကို ဧဒင်ဥယျာဉ်မှ နှင်ထုတ်ခဲ့ပြီး လူကို မည်သည့်အခါမျှ တစ်ဖန် မဖန်ဆင်းဖို့ သန္နိဋ္ဌာန်ပြုခဲ့သည်မှာ ဤအရာကြောင့် ဖြစ်သည်။ သို့သော်လည်း လူတို့သည် ဤအခြေခံအုတ်မြစ်အပေါ်တွင် ဘုရားသခင်၏ ဉာဏ်ပညာကိုသာ တွေ့ရှိကြလေသည်။ ယင်းမှာ ယခင်က ငါပြောခဲ့သည့်အတိုင်းသာ ဖြစ်သည်- “ငါသည် ငါ၏ ဉာဏ်ပညာကို စာတန်၏ အကြံအစည်များပေါ် အခြေခံ၍ ကျင့်သုံးသည်။” လူသားမျိုးနွယ်သည် မည်သို့ တိုး၍ ဖောက်ပြန်ပျက်စီးသည် ဖြစ်စေ သို့မဟုတ် မြွေက ၎င်းတို့ကို မည်သို့ သွေးဆောင်သည် ဖြစ်စေ၊ ယေဟောဝါသည် သူ၏ဉာဏ်ပညာ ရှိနေဆဲ ဖြစ်သည်။ ထိုသို့ဖြင့် သူသည် ကမ္ဘာလောကကို ဖန်ဆင်းခဲ့ကတည်းက အမှုသစ်တွင် ပါဝင်ပတ်သက်ပြီး ဖြစ်သကဲ့သို့၊ ဤအမှု၏ အဆင့်များထဲမှ မည်သည့်အဆင့်ကိုမျှ တစ်ကြိမ်တစ်ခါမျှ ထပ်မလုပ်ဖူးပေ။ စာတန်သည် အကြံအစည်များကို အဆက်မပြတ် အသက်သွင်းလေသည်၊ လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို အဆက်မပြတ် ခံရပြီးဖြစ်ကာ၊ ယေဟောဝါ ဘုရားသခင်သည် သူ၏ ဉာဏ်ပညာရှိသည့် အမှုကို မရပ်မနား ဆောင်ရွက်ပြီး ဖြစ်သည်။ သူသည် မည်သည့်အခါမျှ မကျရှုံးဖူးသကဲ့သို့၊ ကမ္ဘာလောကကို ဖန်ဆင်းခဲ့ကတည်းက အမှုပြုခြင်းကို မရပ်တန့်ဖူးပေ။ လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးသည့်နောက်တွင်၊ ဘုရားသခင်သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်း အရင်းအမြစ် ဖြစ်ခဲ့သည့် ရန်သူ၊ ၎င်းကို အနိုင်ယူဖို့ လူသားမျိုးနွယ်အလယ်တွင် အမှုပြု‌မြဲပြုနေပြီး ဖြစ်သည်။ ဤတိုက်ပွဲသည် အစအဦးကတည်းက သဲကြီးမဲကြီး ဖြစ်ပွားခဲ့ပြီး ကမ္ဘာအဆုံးအထိ ဆက်လက်ဖြစ်ပွားလိမ့်မည် ဖြစ်သည်။ ဤအမှု အားလုံးကို လုပ်ဆောင်ရာတွင်၊ ယေဟောဝါ ဘုရားသခင်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သည့် လူသားများကို သူ၏ ကြီးမြတ်သော ကယ်တင်ခြင်းကို ရရှိခွင့် ပေးပြီးသည်သာမက၊ သူ၏ ဉာဏ်ပညာ၊ အနန္တတန်ခိုးနှင့် ဩဇာအာဏာတို့ကိုလည်း တွေ့မြင်ခွင့် ပေးပြီးဖြစ်သည်။ ထို့အပြင် အဆုံးတွင် သူသည်- ဆိုးယုတ်သူကို အပြစ်ပေးပြီး ကောင်းမြတ်သည့်သူကို ဆုချီးမြှင့်ရင်း- သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို လူသားမျိုးနွယ်ကို မြင်ခွင့်ပေးမည် ဖြစ်သည်။ သူသည် စာတန်ကို ဤနေ့အထိ တိုက်ခိုက်ပြီးဖြစ်ကာ မရှုံးနိမ့်ဖူးပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သူသည် ဉာဏ်ပညာ ရှိသည့် ဘုရားသခင် ဖြစ်ပြီး သူ၏ ဉာဏ်ပညာကို စာတန်၏ အကြံအစည်များအပေါ် အခြေခံကာ ကျင့်သုံးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်ဘုံ၌ ရှိသမျှ အရာတိုင်းကို သူ၏ဩဇာအာဏာအား ကျိုးနွံနာခံစေသည်သာမက၊ ကမ္ဘာမြေပေါ်ရှိသည့် အရာတိုင်းကိုလည်း သူ၏ ခြေတင်ရာ ခုံအောက်တွင် အနားပေးထားကာ၊ အနည်းဆုံးအနေဖြင့် သူသည် လူသားမျိုးနွယ်ကို ကျူးကျော်ကာ နှောင့်ယှက်သည့် ဆိုးယုတ်သူများကို သူ၏ ပြစ်တင်ဆုံးမမှုအတွင်းသို့ ကျရောက်စေသည်။ ဤအမှု၏ အကျိုးရလဒ် အားလုံးသည် သူ၏ ဉာဏ်ပညာကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သူသည် ကောင်းကင်၊ မြေကြီးပေါ် သို့မဟုတ် စကြဝဠာ တစ်ခုလုံး၌ မည်သည့်နေရာတွင်မဆို ရန်သူ မရှိသကဲ့သို့၊ သဘာဝအလယ်တွင် ကျူးကျော်ဝင်ရောက်သည့် မည်သည့် အမှောင်အင်အားစုများ မရှိခဲ့သည့်အတွက်၊ သူသည် သူ၏ဉာဏ်ပညာကို လူသားမျိုးနွယ် မတည်ရှိမီတွင် လုံးဝ မထုတ်ဖော်ပြခဲ့ဖူးပေ။ ကောင်းကင်တမန်မင်းက သူ့ကို သစ္စာဖောက်ခဲ့သည့်နောက်တွင်၊ သူသည် ကမ္ဘာပေါ်၌ လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး သူသည် ကောင်းကင်တမန်မင်း ဖြစ်သည့် စာတန်နှင့် နှစ်ထောင်ချီကြာသည့် သူ၏ စစ်ပွဲကို- ဆက်တိုက်အဆင့်အတိုင်းတွင် တိုး၍ ပြင်းထန်လာသည့် စစ်ပွဲတစ်ခုကို- တရားဝင် စတင်ခဲ့သည်မှာ လူသားမျိုးနွယ်ကြောင့် ဖြစ်သည်။ သူ၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာတို့သည် ဤအဆင့်များ အသီးသီးတွင် ပါရှိသည်။ ထိုအခါမှသာ ကောင်းကင်နှင့် မြေကြီးပေါ်ရှိ အရာရာတိုင်းသည် ဘုရားသခင်၏ ဉာဏ်ပညာ၊ အနန္တတန်ခိုးနှင့် အထူးသဖြင့် ဘုရားသခင်၏ စစ်မှန်မှုကို မျက်မြင်တွေ့ကြရလေသည်။ သူသည် ယနေ့အထိ ဤသူ၏ အမှုကို အလားတူ ဤစစ်မှန်သည့် နည်းဟန်ဖြင့် ဆောင်ရွက်နေဆဲ ဖြစ်သည်။ ထို့အပြင် သူ၏အမှုကို သူ ဆောင်ရွက်သည်နှင့်အမျှ၊ သူ၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးတို့ကိုလည်း သူ ထုတ်ဖော်ပြလေသည်။ သူသည် သင်တို့ကို အမှု၏ အဆင့်အသီးသီးနှင့်ဆိုင်သည့် အတွင်းကျကျ သမ္မာတရားကို မြင်ခွင့်၊ ဘုရားသခင်၏ အနန္တတန်ခိုးကို မည်သို့ရှင်းပြရမည်ဆိုသည်ကို အတိအကျ မြင်ခွင့်အပြင်၊ ဘုရားသခင်၏ စစ်မှန်မှုနှင့်ဆိုင်သည့် ခိုင်မာသော ရှင်းပြချက် တစ်ခု မြင်ခွင့်ပေးလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မျက်မှောက်ခေတ်ထိ မည်သို့ ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်သည်ကို သင်သိသင့်သည်

ငါ၏အစီအစဉ်တွင်၊ စာတန်သည် တစ်လျှောက်လုံး ခြေလှမ်းအသီးသီး နောက်ကွယ်တွင် ချောင်းမြောင်းနေခဲ့ပြီး၊ ငါ့ဉာဏ်ပညာ၏ အဖြည့်ခံအဖြစ်၊ ငါ၏မူလအစီအစဉ်ကို နှောင့်ယှက်ရန် နည်းလမ်းများနှင့် နည်းစနစ်များ ရှာဖွေရန် အမြဲ ကြိုးစားနေပြီး ဖြစ်သည်။ သို့ရာတွင် ငါသည် ၎င်း၏ လှည့်ဖြားတတ်သော အစီအစဉ်များကို မလွန်ဆန်နိုင် ဖြစ်မည်လော။ ကောင်းကင်နှင့် မြေကြီးပေါ်ရှိ အရာရာတိုင်းသည် ငါ့ကို အစေခံ၏။ စာတန်၏ လှည့်ဖြားတတ်သော အကြံအစည်များသည် တစ်ခုတစ်လေ ကွဲပြားခြားနားနိုင်မည်လော။ ဤသည်မှာ ငါ၏ ဉာဏ်ပညာ ဆုံသည့်နေရာ အတိအကျ ဖြစ်သည်။ ယင်းမှာ ငါ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ အံ့ဖွယ်ဖြစ်သည့်အရာ အတိအကျ ဖြစ်ပြီး၊ ယင်းသည် ငါ၏စီမံခန့်ခွဲမှု အစီအစဉ် တစ်ရပ်လုံးအတွက် လည်ပတ်မှု၏ အခြေခံသဘောတရား ဖြစ်သည်။ နိုင်ငံတော် တည်ဆောက်ခြင်း ခေတ်အတွင်းတွင်၊ ငါသည် စာတန်၏ လှည့်ဖြားတတ်သည့် အကြံအစည်များကို မရှောင်ရှားသေးဘဲ၊ ငါ ပြုရမည့်အမှုကို ဆက်လက် လုပ်ဆောင်၏။ စကြဝဠာနှင့် အရာခပ်သိမ်း အလယ်တွင်၊ ငါသည် စာတန်၏ လုပ်ဆောင်ချက်များကို ငါ၏အဖြည့်ခံအဖြစ် ရွေးချယ်ပြီးဖြစ်သည်။ ဤသည်မှာ ငါ၏ဉာဏ်ပညာ၏ သရုပ်သကန် တစ်ခု ဖြစ်သည် မဟုတ်လော။ ဤသည်မှာ ငါ၏ အမှုနှင့် ပတ်သက်သည့် အံ့သြဖွယ်ဖြစ်သည့် အရာ အတိအကျ မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၈)

ငါသည် ငါ၏အမှုကို တရားဝင်စတင်သည့်အခါ လူတို့အားလုံးသည် ငါလှုပ်ရှားသည်အတိုင်း လှုပ်ရှားသဖြင့်၊ စကြဝဠာတစ်လျှောက်လုံးရှိ လူတို့သည် ငါနှင့်ထပ်တူ ခြေလှမ်းလှမ်းရာ၌ အချိန်ကုန်လွန်ကြသည်အထိ ဖြစ်၏၊ စကြဝဠာ တစ်လျှောက်လုံး၌ “ကြီးစွာဝမ်းမြောက်ခြင်း” ရှိကာ၊ လူသားသည် ရှေ့သို့တက်လှမ်းရန် ငါ၏ စေ့ဆော်ခြင်းကို ခံရ၏။ အကျိုးသက်ရောက်မှု အနေဖြင့်၊ အဆင်းနီသောနဂါးကြီး ကိုယ်တိုင်သည် ငါ့အားဖြင့် သွေးရူးသွေးတန်း ဖြစ်ကာ စိတ်မွှန်ထူသွား၍၊ ၎င်းသည် ငါ၏အမှုကို အစေခံကာ၊ ဆန္ဒမရှိလင့်ကစား၊ ၎င်း၏ ကိုယ်ပိုင်ဆန္ဒများ နောက်သို့ မလိုက်နိုင်ဘဲ၊ ငါ၏ထိန်းချုပ်မှုကို နာခံရန်မှလွဲ၍ အခြားရွေးချယ်စရာ ဘာမျှမရှိတော့ပေ။ ငါ၏အစီအစဉ်အားလုံးတွင်၊ အဆင်းနီသော နဂါးကြီးသည် ငါ၏အဖြည့်ခံ၊ ငါ၏ရန်သူနှင့် ငါ၏အစေခံကျွန်လည်း ဖြစ်၏။ သို့ဖြစ်၍ ငါသည် ၎င်းအပေါ် ငါ၏ “သတ်မှတ်ချက်များ” ကို မည်သည့်အခါမျှ လျှော့ပေးခြင်း မရှိပေ။ ထို့ကြောင့် ငါ၏ လူ့ဇာတိခံယူခြင်းအမှု၏ နောက်ဆုံးအဆင့်သည် ၎င်း၏အိမ်ထောင်စု အတွင်းတွင် အပြီးသတ်ခဲ့၏။ ဤနည်းအားဖြင့် အဆင်းနီသောနဂါးကြီးသည် ငါ့အတွက် ကောင်းမွန်စွာ အစေခံခြင်းကို သာ၍ လုပ်ဆောင်နိုင်ကာ၊ ဤသို့အားဖြင့် ငါသည် သူ့အားသိမ်းပိုက်၍ ငါ၏အစီအစဉ်ကို အဆုံးသတ်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၉)

စာတန်အပေါ် ဘုရားသခင် အောင်နိုင်ခြင်းသည် ရှောင်လွှဲ၍မရပေ။ အမှန်တွင် စာတန်က အချိန်ကြာမြင့်စွာက ရှုံးနိမ့်နှင့်ပြီးသား ဖြစ်သည်။ လူ့ဇာတိခံယူခြင်း၏ တကယ့် ရည်ရွယ်ချက်မှာ စာတန်ကို ချေမှုန်းဖို့ ဖြစ်သည့်အတွက်၊ အဆင်းနီသည့် နဂါးကြီး၏ နယ်မြေတစ်လျှောက်မှာ ဧဝံဂေလိတရားတော် စတင် ပျံ့နှံ့ခဲ့ချိန်တွင်- ဆိုလိုသည်မှာ၊ လူ့ဇာတိခံ ဘုရားသခင်က သူ၏ အမှုကို စတင်ခဲ့ပြီး ဤအမှု သက်ဝင်လှုပ်ရှားခဲ့ချိန်တွင်- စာတန်သည် လုံးဝ ရှုံးနိမ့်ခဲ့ပေသည်။ ဘုရားသခင်က နောက်တစ်ဖန် လူ့ဇာတိခံယူခဲ့ပြီး မည်သည့် အင်အားစုကမျှ မရပ်တန့်စေနိုင်သည့် သူ၏ အမှုကို စတင်ခဲ့သည်ကို စာတန်က မြင်လျှင်မြင်ချင်း၊ ဤအမှု၏ မြင်ကွင်းတွင် ၎င်းသည် မှင်တက်သွားခဲ့ပြီး နောက်ထပ် မည်သည့်ဒုက္ခပေးခြင်းကိုမျှ မလုပ်ဆောင်ဝံ့ခဲ့ချေ။ ပထမတွင် စာတန်က ၎င်းသည်လည်း များပြားသည့် ဉာဏ်ပညာများကို အပ်နှင်းထားခြင်းခံခဲ့ရသည်ဟု တွေးထင်ခဲ့ပြီး၊ ဘုရားသခင်၏ အမှုကို ကြားဖြတ်ကာ နှောင့်ယှက်ခဲ့သည်။ သို့သော် ဘုရားသခင် နောက်တစ်ဖန် လူ့ဇာတိခံယူလိမ့်မည် သို့မဟုတ် သူ၏ အမှုတွင် ဘုရားသခင်သည် စာတန်၏ ပုန်ကန်မှုကို လူသားမျိုးနွယ်အတွက် ထုတ်ဖော်ပြခြင်းနှင့် တရားစီရင်ခြင်းအဖြစ် အသုံးတော်ခံစေဖို့ အသုံးပြုမည် ဖြစ်ပြီး၊ ထိုသို့ဖြင့် လူသားများကို သိမ်းပိုက်ကာ စာတန်ကို အနိုင်ယူမည်ကို သူ မမျှော်လင့်ထားခဲ့ချေ။ ဘုရားသခင်သည် စာတန်ထက် သာ၍ ဉာဏ်ပညာရှိပြီး သူ၏အမှုသည် ၎င်းထက် များစွာ သာလွန်သည်။ ထို့ကြောင့် “ငါလုပ်သည့် အမှုသည် စာတန်၏ လှည့်ကွက်များကို တုံ့ပြန်ရာတွင် ဆောင်ရွက်သည်။ အဆုံးတွင် ငါသည် ငါ၏ အနန္တတန်ခိုးနှင့် စာတန်၏ တန်ခိုးအစွမ်းမဲ့ခြင်းကို ထုတ်ဖော်ပြမည်။” ဟု ယခင်က ငါ ဖော်ပြပြီးဖြစ်သည်နှင့်အမျှ၊ ဘုရားသခင်သည် သူ၏အမှုကို ရှေ့တန်းတွင် လုပ်ဆောင်လိမ့်မည် ဖြစ်သော်လည်း၊ အဆုံး၌ စာတန်သည် နောက်ဆုံးတွင် ဖျက်ဆီးခံရသည်အထိ နောက်တွင် တရွတ်တိုက်ဆွဲ လိုက်ပါလိမ့်မည် ဖြစ်သည်- ၎င်းသည် အလွန့်အလွန် ထိတ်လန့်တုန်လှုပ်လိမ့်မည်။ ၎င်းသည် ချေမှုန်းကာ ဖျက်ဆီးခံရနှင့်ပြီးဖြစ်သည်နှင့်တစ်ပြိုင်နက်မှသာ အမှန်တရားကို သဘောပေါက်လိမ့်မည် ဖြစ်ပြီး၊ ထိုအချိန်တွင် ၎င်းသည် မီးအိုင်ထဲတွင် မီးရှို့ဖျက်ဆီးခံရနှင့်ပြီး ဖြစ်လိမ့်မည်။ ထိုအခါ ၎င်းသည် လုံးဝ ယုံကြည်လက်ခံသွားမည် မဟုတ်လော။ ထိုအခါတွင် စာတန်အတွက် အသုံးချစရာ အကြံအစည်များ နောက်ထပ် ရှိတော့မည် မဟုတ်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မျက်မှောက်ခေတ်ထိ မည်သို့ ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်သည်ကို သင်သိသင့်သည်

ဘုရားသခင်သည် လူသား၏နိုင်ငံရေးတွင် မပါဝင်သော်လည်း၊ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူမျိုးတစ်မျိုး၏ ကံကြမ္မာကို ဘုရားသခင် ထိန်းချုပ်ထားလေသည်။ ဘုရားသခင်သည် ဤကမ္ဘာလောကနှင့် စကြဝဠာတစ်ခုလုံးကို ထိန်းချုပ်၏။ လူသား၏ ကံကြမ္မာနှင့် ဘုရားသခင်၏ အကြံအစည်သည် အတွင်းကျကျ ဆက်နွှယ်ပြီး၊ မည်သည့်လူ၊ မည်သည့်နိုင်ငံကမျှ ဘုရားသခင်၏ အချုပ်အခြာအာဏာမှ မကင်းလွတ်ကင်းပေ။ အကယ်၍ လူသားသည် မိမိ၏ကံကြမ္မာကို သိလိုပါက၊ ဘုရားသခင်၏ရှေ့သို့ လာရပေမည်။ ဘုရားသခင်သည် သူ၏ နောက်ကို လိုက်လျှောက်ပြီး သူ့အား ကိုးကွယ်သောသူများကို အောင်မြင်ကြီးပွားစေပြီး၊ သူ့ကို ဆန့်ကျင်ကာ ငြင်းပယ်သောသူများ အပေါ် ကျဆင်းမှုနှင့် မျိုးသုဉ်းပျောက်ကွယ်ခြင်း ဆောင်ကြဉ်းလိမ့်မည် ဖြစ်သည်။

သောဒုံမြို့ကို ဘုရားသခင်က ဖျက်ဆီးခြင်း ဖြစ်ပေါ်ခဲ့ချိန် သမ္မာကျမ်းစာထဲက အဖြစ်အပျက်ကို ပြန်လည်သတိရလော့၊ ပြီးလျှင် လောတ၏မိန်းမသည် မည်ကဲ့သို့ဆားတိုင်ဖြစ်လာခဲ့သည်ကိုလည်း စဉ်းစားကြည့်လော့။ နိနေဝေမြို့သားများသည် လျှော်တေအဝတ်နှင့် ပြာများဖြင့် မိမိတို့၏အပြစ်များအား မည်သို့နောင်တရခဲ့သည်ကို ပြန်စဉ်းစားပြီး၊ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ က ယေရှုကို ယုဒလူမျိုးများ ကားတိုင်ပေါ်တွင် သံမှိုရိုက်ထားပြီးနောက် မည်သည့်အရာဖြစ်ခဲ့သည်ကို ပြန်သတိရလော့။ ယုဒလူမျိုးများသည် ဣသရေလနိုင်ငံမှ နှင်ထုတ်ခံခဲ့ရပြီး ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများဆီသို့ ထွက်ပြေး သွားခဲ့ကြသည်။ များစွာတို့သည် အသတ်ခံခဲ့ရပြီး ယုဒလူမျိုးတစ်မျိုးလုံး မကြုံစဖူးသော ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။ ၎င်းတို့သည် ဘုရားသခင်ကို ကားတိုင်ပေါ်တွင် သံမှိုရိုက်ခဲ့ကြပြီး- စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အပြစ်တစ်ခုကို ကျူးလွန်ခဲ့ကြပြီး- ဘုရားသခင်၏ စိတ်သဘောထားကို ရန်စခဲ့ကြသည်။ ၎င်းတို့လုပ်ခဲ့သည့် အရာအတွက် ၎င်းတို့ပေးဆပ်ခဲ့ရပြီး ၎င်းတို့လုပ်ရပ်များ၏ အကျိုးဆက်များ အားလုံးကို ခံခဲ့ကြရသည်။ ၎င်းတို့သည် ဘုရားသခင်ကို ရှုတ်ချခဲ့ကြသည်၊ ငြင်းပယ်ခဲ့ကြသည်၊ ထို့ကြောင့် ၎င်းတို့သည် ကံကြမ္မာတစ်ခုသာ ရှိခဲ့သည်- ဘုရားသခင်၏ အပြစ်ပေးခံရခြင်းခံရဖို့ ဖြစ်ပေသည်။ ဤသည်မှာ ၎င်းတို့၏ အုပ်စိုးသူများက မိမိတို့၏ နိုင်ငံနှင့် လူမျိုးအပေါ် ယူဆောင်ခဲ့ကြသည့် ခါးသီးသော အကျိုးဆက်နှင့် ဘေးဒုက္ခ ဖြစ်ခဲ့ပေသည်။

ယနေ့တွင် ဘုရားသခင်သည် သူ၏ အမှုကို လုပ်ဆောင်ရန် ကမ္ဘာလောကသို့ ပြန်ကြွလာပြီးဖြစ်သည်။ သူ၏ ပထမဆုံးမှတ်တိုင်မှာ အာဏာရှင်အုပ်ချုပ်သူများ၏ ခမ်းနားသော အစုအဝေး- ဘာသာမဲ့ အယူဝါဒ၏ ခိုင်မာသော ခံတပ်ဖြစ်သည့် တရုတ်နိုင်ငံ ဖြစ်သည်။ ဘုရားသခင်သည် သူ၏ဉာဏ်ပညာနှင့် တန်ခိုးတို့အားဖြင့် လူတစ်စုကို ရယူပြီးဖြစ်သည်။ ဤကာလအတွင်းတွင်၊ ဘုရားသခင်သည် တရုတ်နိုင်ငံ အာဏာရပါတီ၏ နည်းအမျိုးမျိုးဖြင့် လိုက်လံဖမ်းဆီးခြင်းကို ခံရပြီးဖြစ်ကာ ခေါင်းချစရာနေရာမရှိ၊ အကွယ်အကာ ရှာမတွေ့နိုင်ဘဲ၊ ကြီးမားသော ဆင်းရဲဒုက္ခကို ခံရပြီးဖြစ်သည်။ ဤသို့ဖြစ်စေကာမူ၊ ဘုရားသခင်သည် သူ လုပ်ဆောင်ရန် ရည်ရွယ်ထားသည့် အမှုကို ဆက်လက်လုပ်ဆောင်ဆဲ ဖြစ်သည်- သူသည် သူ၏အသံကို မိန့်မြွက်ပြီး ဧဝံဂေလိတရားကို ဖြန့်သည်။ ဘုရားသခင်၏ အနန္တတန်ခိုးကို မည်သူမျှ နားလည် သဘောပေါက်နိုင်ခြင်း မရှိပေ။ ဘုရားသခင်ကို ရန်သူကဲ့သို့ မှတ်ယူသော နိုင်ငံတစ်ခုဖြစ်သည့် တရုတ်နိုင်ငံတွင်၊ ဘုရားသခင်သည် သူ၏ အမှုကို လုံးဝ မရပ်တန့်ဖူးပေ။ ယင်းအစား ဘုရားသခင်သည် လူသားမျိုးနွယ်ဝင် အယောက်စီတိုင်းကို ကယ်တင်ရန် တတ်နိုင်သမျှ လုပ်ဆောင်သည့် အတွက်၊ သာ၍ များသောလူတို့သည် သူ၏ အမှုနှင့် နှုတ်ကပတ်တော်ကို လက်ခံကြပြီး ဖြစ်သည်။ ဘုရားသခင် ရယူရန် အလိုရှိသည့်အရာကို မည်သည့်နိုင်ငံ သို့မဟုတ် မည်သည့် တန်ခိုးအာဏာကမျှ မတားဆီးနိုင်သည်ကို ငါတို့ယုံကြည်သည်။ ဘုရားသခင်၏ အမှုကို နှောင့်ယှက်သူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆန့်ကျင်ကာ ဘုရားသခင်၏ အကြံအစည်ကို နှောင့်ယှက်ပြီး ထိခိုက်စေသူများသည် နောက်ဆုံးတွင် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံရကြလိမ့်မည်။ ဘုရားသခင်၏ အမှုကို အာခံဖီဆန်သူသည် ငရဲသို့ ပို့ခံရလိမ့်မည်။ ဘုရားသခင်၏ အမှုကို အာခံဖီဆန်သော မည်သည့်နိုင်ငံမဆိုသည် ဖျက်ဆီးခြင်းကိုခံရလိမ့်မည်။ ဘုရားသခင်၏ အမှုကို ဆန့်ကျင်ရန် ထကြွသည့် မည်သည့် လူမျိုးမဆိုသည် ဤကမ္ဘာမြေမှ ဖယ်ရှားခံရလိမ့်မည်ဖြစ်ပြီး အပြီးတိုင် ကွယ်ပျောက်သွားလိမ့်မည်။ လူမျိုးအားလုံး၊ နိုင်ငံအားလုံးနှင့် စက်မှုလုပ်ငန်း အားလုံး၏ လူများကို ဘုရားသခင်၏ အသံအား နားထောင်ရန်၊ ဘုရားသခင်၏ အမှုကို ရှုစားရန်နှင့် လူသားမျိုးနွယ်၏ ကံကြမ္မာကို အာရုံစိုက်ရန်၊ ဘုရားသခင်ကို အသန့်ရှင်းဆုံး၊ ဂုဏ်အသရေ အရှိဆုံး၊ အမြင့်မားဆုံးနှင့် လူသားမျိုးနွယ်အလယ် တစ်ခုတည်းသော ကိုးကွယ်ဆည်းကပ်ရာ ဖြစ်စေဖို့နှင့် အာဗြဟံ၏ သားစဉ်မြေးဆက်များက ယေဟောဝါ၏ ကတိတော်များအောက်၌ အသက်ရှင်ခဲ့ကြသကဲ့သို့ပင်၊ ပြီးလျှင် ပထမဦးစွာ ဘုရားသခင် ဖန်ဆင်းခဲ့သော အာဒံနှင့်ဧဝတို့က ဧဒင်ဥယျာဉ်ထဲတွင် အသက်ရှင် ခဲ့သကဲ့သို့ပင်၊ လူသားမျိုးနွယ် တစ်ရပ်လုံးအား ဘုရားသခင်၏ ကောင်းချီးမင်္ဂလာအောက်၌ အသက်ရှင်ခွင့်ပေးရန် ငါ တိုက်တွန်း၏။

ဘုရားသခင်၏အမှုသည် ကြီးမားသော လှိုင်းလုံးတစ်ခုကဲ့သို့ ရှေ့သို့ တစ်ဟုန်ထိုးတက်လေသည်။ မည်သူကမျှ သူ့ကို မထိန်းနိုင်သကဲ့သို့ မည်သူကမျှ သူ၏ ချီတက်ခြင်းကို မရပ်တန့်စေနိုင်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သေချာစွာ နားထောင်သောသူများနှင့် ဘုရားသခင်ကို ရှာဖွေကာ ဆာငတ်သောသူတို့သာ ဘုရားသခင်၏ ခြေလှမ်းများနောက်လိုက်နိုင်ပြီး၊ သူ၏ကတိကို ရရှိနိုင်ပေသည်။ ထိုသို့မဟုတ်သူများသည် ပြင်းထန်သော ဘေးဒုက္ခနှင့် အလွန် ထိုက်တန်သည့် အပြစ်ပေးခြင်းကို ခံရကြလိမ့်မည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏စိတ်သဘောထားကို သူ၏အမှုတော်မှတစ်ဆင့်သိမြင်နိုင်သည့်နည်းလမ်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ဘုရားသခင်၏စီမံခန့်ခွဲမှု တည်ရှိကတည်းက၊ ဘုရားသခင်သည် သူ၏အမှုကို ဆောင်ရွက်ရန် အမြဲ အပြည့်အဝ...

ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရကို သိရှိခြင်းနှင့်သက်ဆိုင်သည့် နှုတ်ကပတ်တော်များ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ဘုရားသခင်သည် သူ၏ဖြစ်ခြင်းအတိုင်း သူဖြစ်ပြီး သူ၏ရှိခြင်းအတိုင်း သူရှိပေသည်။ သူဖော်ပြသမျှနှင့်...

ဘုရားသခင်သည် လူသားမျိုးနွယ်ထံ သူ၏ ဖြောင့်မတ်သော စိတ်သဘောထားအား ပြသသည့် နည်းလမ်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ခေတ်ကို အဆုံးသတ်ခြင်းနှင့်ဆိုင်သည့် သူ၏ နောက်ဆုံး အမှုတွင်၊ ဘုရားသခင်၏ စိတ်သဘောထားသည် လူအားလုံးကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။