ဘုရားသခင်သည် လူသားမျိုးနွယ်ထံ သူ၏ ဖြောင့်မတ်သော စိတ်သဘောထားအား ပြသသည့် နည်းလမ်း

19.09.2019

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ခေတ်ကို အဆုံးသတ်ခြင်းနှင့်ဆိုင်သည့် သူ၏ နောက်ဆုံး အမှုတွင်၊ ဘုရားသခင်၏ စိတ်သဘောထားသည် လူအားလုံးကို လူသိရှင်ကြား တရားစီရင်ရန်နှင့် သူ့ကို စစ်မှန်ရိုးသားသည့် စိတ်နှလုံးဖြင့် ချစ်သောသူတို့ကို စုံလင်စေရန်အလို့ငှာ မဖြောင့်မတ်သည့် အရာအားလုံးကို သူ ထုတ်ဖော်ပြသည့် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့်သက်ဆိုင်သည့် စိတ်သဘောထားတစ်ခု ဖြစ်သည်။ ဤသို့သော စိတ်သဘောထားသည်သာလျှင် ခေတ်ကို အဆုံးသတ်စေနိုင်သည်။ နောက်ဆုံးသော ကာလသည် ရောက်ရှိနှင့်ပြီ ဖြစ်သည်။ ဖန်ဆင်းခြင်းထဲက အရာအားလုံးသည် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ သဘာဝအပေါ် အခြေခံ၍ မတူကွဲပြားသော အမျိုးအစားများအဖြစ် ခွဲခြားခံရလိမ့်မည်။ ဤသည်မှာ ဘုရားသခင်က လူသားမျိုးနွယ်၏ အဆုံးသတ်နှင့် ၎င်းတို့၏ ပန်းတိုင်ကို ထုတ်ဖော်ပြသည့် အချိန် အခိုက်အတန့် ဖြစ်သည်။ အကယ်၍ လူတို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မကြုံကြရပါက၊ ၎င်းတို့၏ မနာခံမှုနှင့် မဖြောင့်မတ်မှုကို ဖော်ထုတ်ခြင်း နည်းလမ်းရှိလိမ့်မည် မဟုတ်ပေ။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်သာ ဖန်ဆင်းခြင်း အားလုံး၏ အဆုံးသတ်သည် ထုတ်ဖော်ပြ ခံရနိုင်ပေသည်။ လူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ခံရသော အခါမှသာ သူ၏စရိုက်အမှန်ကို ပြသသည်။ မကောင်းမှု ပြုသူများကို မကောင်းသောသူများနှင့်အတူ၊ ကောင်းသောသူများကို ကောင်းသောသူများနှင့်အတူ ထားရှိလိမ့်မည်ဖြစ်ပြီး၊ လူသားမျိုးနွယ် အားလုံးသည် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရကြလိမ့်မည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်၊ မကောင်းသော သူများသည် အပြစ်ဒဏ်ပေးခံရပြီး ကောင်းသောသူများသည် ဆုလာဘ်များရရှိကာ လူအားလုံးတို့သည် ဘုရားသခင်၏ အုပ်စိုးခြင်းကို ခံကြရဖို့အလို့ငှာ၊ ဖန်ဆင်းခြင်း အားလုံး၏ အဆုံးသတ်သည် ထုတ်ဖော်ပြခံရလိမ့်မည်။ ဤအမှုအားလုံးကို ဖြောင့်မတ်သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ရရှိရပေမည်။ လူသား၏ ဖောက်ပြန်ပျက်စီးခြင်းသည် အမြင့်ဆုံးသို့ ရောက်ရှိပြီးဖြစ်ကာ သူ၏ မနာခံခြင်းသည် အလွန့်အလွန် ပြင်းထန်လာသောကြောင့်၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ အဓိကအားဖြင့် ပေါင်းစပ်ထားပြီး၊ နောက်ဆုံးသောကာလအတွင်းတွင် ထုတ်ဖော်ပြခံရသည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည်သာ လူကို အပြည့်အဝ ပြောင်းလဲနိုင်ပြီး ပြည့်စုံစေနိုင်ပေသည်။ ဤစိတ်သဘောထားသည်သာ မကောင်းမှုကို ဖော်ထုတ်နိုင်ပြီး၊ ထိုသို့ဖြင့် မဖြောင့်မတ်သောသူအားလုံးကို ပြင်းထန်စွာ အပြစ်ပေးနိုင်သည်။ ထို့ကြောင့် ဤသို့သော စိတ်သဘောထားတစ်ခုသည် ခေတ်၏အရေးပါမှုနှင့် ပြည့်ဝပြီး၊ သူ့စိတ်သဘောထား၏ ထုတ်ဖော်ချက်နှင့် ဖော်ပြချက်သည် ခေတ်သစ် အသီးသီး၏ အမှုအတွက် ပေါ်လွင်ထင်ရှားလေသည်။ ယင်းမှာ ဘုရားသခင်သည် သူ၏စိတ်သဘောထားကို ထင်ရာမြင်ရာနှင့် အရေးပါမှုမရှိဘဲ ထုတ်ဖော်ပြသည် မဟုတ်ပေ။ အကယ်၍ နောက်ဆုံးသောကာလအတွင်း လူ၏အဆုံးသတ်ကို ထုတ်ဖော်ပြရာတွင် ဘုရားသခင်သည် လူသားကို ဖြောင့်မတ်သော တရားစီရင်မှု မခံရစေဘဲ၊ ယင်းထက် သည်းခံခြင်း၊ စိတ်ရှည်ခြင်းနှင့် ခွင့်လွှတ်ခြင်းတို့ကို သူ့အားပြသရင်းနှင့် ဖြောင့်မတ်သော တရားစီရင်မှု တစ်စက်မျှမရှိဘဲ သူ၏အပြစ်များ မည်မျှကြီးမားသည်ဖြစ်စေ လူသားကို အပြစ်လွှတ်ပေးရင်း၊ လူသားအပေါ် အဆုံးမဲ့ ကရုဏာနှင့် ချစ်ခြင်းမေတ္တာတို့ကို ချပေးသနားဆဲဖြစ်ပြီး သူ့အပေါ် ဆက်လက် ချစ်ခင်ပါက၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအားလုံးသည် မည်သည့်အချိန်တွင် အဆုံးသတ်ခြင်းသို့ ရောက်လိမ့်မည်နည်း။ ဤသို့သော စိတ်သဘောထားသည် လူတို့ကို လူသားမျိုးနွယ်၏ သင့်လျော်သော ပန်းတိုင်ထဲသို့ မည်သည့်အချိန်တွင်မှ ဦးဆောင်မည်နည်း။ ဥပမာအားဖြင့် အစဉ်အမြဲ ချစ်ခင်တတ်သော တရားသူကြီး၊ ကြင်နာသော မျက်နှာနှင့် နူးညံ့သော နှလုံးသားရှိသည့် တရားသူကြီးတစ်ဦးကို ကြည့်လော့။ သူသည် လူတို့ကို ၎င်းတို့ ကျူးလွန်ခဲ့သော ပြစ်မှုများ မည်သို့ပင်ရှိသည်ဖြစ်စေ ချစ်ပြီး ၎င်းတို့ မည်သူဖြစ်စေကာမူ သူသည် ၎င်းတို့ကို ချစ်ခင်ပြီး သည်းခံ‌လေသည်။ ထိုသို့ဆိုပါက၊ သူသည် မျှတသော တရားစီရင်ချက်ကို မည်သည့်အခါတွင်မှ ချမှတ်နိုင်မည်နည်း။ နောက်ဆုံးသောကာလအတွင်းတွင် ဖြောင့်မတ်သော တရားစီရင်မှု သည်သာ လူသားကို ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားနိုင်ပြီး၊ လူကို နယ်ပယ်သစ်သို့ ဆောင်ယူနိုင်ပေသည်။ ဤနည်းဖြင့် ခေတ်တစ်ခုလုံးသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် ဖြောင့်မတ်သော စိတ်သဘောထားမှတစ်ဆင့် အဆုံးသို့ ရောက်ရှိပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)

ဘုရားသခင်သည် အားလုံးထဲမှ ခေတ်နောက်အကျန်ဆုံးနှင့် အညစ်ညူးဆုံးသော နေရာတွင် လူ့ဇာတိခံလာခဲ့ပြီး ဘုရားသခင်သည် သူ၏ သန့်ရှင်းပြီး ဖြောင့်မတ်သော စိတ်သဘောထား အလုံးစုံကို ရှင်းရှင်းလင်းလင်း ပြသနိုင်သည်မှာ ဤနည်းဖြင့်သာ ဖြစ်သည်။ ပြီးလျှင် မည်သည့်အရာမှတစ်ဆင့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား ပြသခံရသနည်း။ ယင်းသည် လူသား၏ အပြစ်များကို သူ တရားစီရင်သည့်အချိန်၊ စာတန်ကို သူ တရားစီရင်သည့်အချိန်၊ အပြစ်ကို သူ စက်ဆုပ်သည့်အချိန်နှင့် သူ့ကို ဆန့်ကျင်ပြီး ပုန်ကန်သည့် ရန်သူများကို စက်ဆုပ်ရွံရှာသည့်အခါတွင် ပြသခံရပေသည်။ ယနေ့ ငါ ပြောဆိုသော နှုတ်ကပတ်တော်များသည် လူတို့၏ အပြစ်များကို တရားစီရင်ဖို့၊ လူတို့၏ မဖြောင့်မတ်ခြင်းကို တရားစီရင်ဖို့၊ လူသား၏ မနာခံမှုကို ကျိန်ဆဲဖို့ ဖြစ်ပေသည်။ ဘုရားသခင်၏ အလိုတော်နှင့် ကွဲလွဲသည့် အရာအားလုံးဖြစ်သော လူသား၏ ကောက်ကျစ်မှုနှင့် သစ္စာမဲ့မှု၊ လူသား၏ စကားများနှင့် လုပ်ရပ်များသည် တရားစီရင်ခြင်း ခံရမည် ဖြစ်ပြီး လူသား၏ မနာခံမှုကို အပြစ်အဖြစ် စွတ်စွဲရှုတ်ချခံရပေမည်။ သူ၏နှုတ်ကပတ်တော်များသည် တရားစီရင်ခြင်း၏ နိယာမများကို ဗဟိုပြုသည်။ သူသည် လူသား၏ မဖြောင့်မတ်မှုအား တရားစီရင်ခြင်း၊ လူသား၏ ပုန်ကန်မှုအား ပျက်စီးစေခြင်းနှင့် လူသား၏ အကျည်းတန် မျက်နှာများအား ဖော်ထုတ်ခြင်းတို့ကို သူ၏ ကိုယ်ပိုင် ဖြောင့်မတ်သော စိတ်သဘောထား ထင်ရှားစေဖို့ရန် အသုံးပြုလေသည်။ သန့်ရှင်းခြင်းသည် သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို ကိုယ်စားပြုခြင်းတစ်ခု ဖြစ်ပြီး အမှန်တွင် ဘုရားသခင်၏ သန့်ရှင်းခြင်းသည် အကယ်စင်စစ် သူ၏ ဖြောင့်မတ်သော စိတ်သဘောထား ဖြစ်ပေသည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ယနေ့ နှုတ်ကပတ်တော်များ၏ ဆက်စပ်သည့် အကြောင်းအရာဖြစ်သည်- စကားပြောဖို့နှင့် တရားစီရင်ဖို့၊ ပြီးလျှင် သိမ်းပိုက်ခြင်းအမှုကို ဆောင်ရွက်ဖို့ ၎င်းတို့ကို ငါအသုံးပြု၏။ ဤအရာတစ်ခုတည်းသာ စစ်မှန်သော အမှုဖြစ်ပြီး၊ ဤအရာတစ်ခုတည်းသာ ဘုရားသခင်၏ သန့်ရှင်းခြင်းကို အပြည့်အဝ ထွန်းလင်းစေသည်။ သင့်အထဲတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အရိပ်အယောင် မရှိပါက၊ သင့်ကို ဘုရားသခင် တရားစီရင်မည် မဟုတ်သကဲ့သို့၊ သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကိုလည်း သင့်ကို ပြလိမ့်မည်မဟုတ်။ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိသည့်အတွက်၊ ဘုရားသခင်သည် သင့်ကို သက်ညှာမည် မဟုတ်ပေ၊ ထို့အပြင် သူ၏ သန့်ရှင်းခြင်း ပြသခံရသည်မှာ ဤအရာမှတဆင့် ဖြစ်သည်။ ဘုရားသခင်သည် လူသား၏ ညစ်ညူးခြင်းနှင့် ပုန်ကန်ခြင်းတို့ အလွန်ကြီးမားသည်ကို တွေ့သော်လည်း၊ သင့်ကို စကားမပြော သို့မဟုတ် သင့်ကို တရားမစီရင်သကဲ့သို့ သင်၏ မဖြောင့်မတ်မှုအတွက် သင့်ကို ပြစ်တင်ဆုံးမခြင်း မပြုပါက၊ သူသည် အပြစ်ကို မုန်းတီးမှု ရှိလိမ့်မည် မဟုတ်သောကြောင့် သူသည် ဘုရားသခင်မဟုတ်သည်ကို ဤအရာက သက်သေပြ ပေလိမ့်မည်။ သူသည် လူသားတမျှ ညစ်ညူးသောသူသာ ဖြစ်ပေလိမ့်မည်။ ယနေ့၊ သင့်ကို ငါ တရားစီရင်သည်မှာ သင်၏ အညစ်အကြေးကြောင့် ဖြစ်ပြီး၊ သင့်ကို ငါ ပြစ်တင်ဆုံးမသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ပုန်ကန်မှုကြောင့် ဖြစ်သည်။ ငါသည် သင့်အား ငါ၏ တန်ခိုးအာဏာကို ကြွားလုံးထုတ်နေခြင်း မဟုတ်သကဲ့သို့ သင့်ကို တမင်သက်သက် ဖိနှိပ်နေခြင်းလည်း မဟုတ်ပေ။ ဤအညစ်အကြေး နယ်မြေထဲတွင် မွေးဖွားခဲ့ကြသည့် သင်တို့သည် အညစ်အကြေးများဖြင့် အလွန်အကြီးအကျယ် ညစ်ညမ်းပြီးဖြစ်သောကြောင့် ဤအရာများကို ငါပြုခြင်း ဖြစ်ပေသည်။ သင်တို့သည် သင်တို့၏ သမာဓိနှင့် လူသားသဘာဝတို့ကို လုံးဝဆုံးရှုံးပြီးဖြစ်ကာ လောက၏ အညစ်ပတ်ဆုံးနေရာများ၌ မွေးဖွားသည့် ဝက်များကဲ့သို့ သင်တို့ ဖြစ်လာကြပြီးဖြစ်သည်၊ ထို့ကြောင့် သင်တို့ တရားစီရင်ခံရပြီး သင်တို့အပေါ် ငါ၏ အမျက်ဒေါသ ပွင့်ထွက်စေသည်မှာ ဤအရာကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ဖြောင့်မတ်သော ဘုရားဖြစ်ကြောင်းနှင့် ဘုရားသခင်သည် သန့်ရှင်းသော ဘုရားဖြစ်ကြောင်းတို့ကို သင် မြင်နိုင်ခဲ့သည်မှာ ဤတရားစီရင်ခြင်းကြောင့် အတိအကျ ဖြစ်ပေသည်။ သင်တို့ကို သူ တရားစီရင်ပြီး သင်တို့အပေါ်သို့ သူ၏ အမျက်ဒေါသကို ပွင့်ထွက်စေသည်မှာ သူ၏ သန့်ရှင်းခြင်းနှင့် သူ၏ ဖြောင့်မတ်ခြင်းတို့ကြောင့် အတိအကျ ဖြစ်ပေသည်။ လူသား၏ ပုန်ကန်မှုကို သူ မြင်သည့်အခါ သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို ဘုရားသခင် ထုတ်ဖော်ပြနိုင်သောကြောင့်၊ ပြီးလျှင် လူသား၏ အညစ်အကြေးကို ဘုရားသခင် မြင်သည့်အခါ သူ၏ သန့်ရှင်းခြင်းကို သူ ထုတ်ဖော်ပြနိုင်သောကြောင့်၊ ဤသည်မှာ သူသည် သန့်ရှင်းပြီး သန့်ပြန့်သော်လည်း၊ အညစ်အကြေး နယ်မြေထဲတွင် အသက်ရှင်သည့် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်ကြောင်းကို ပြသရန် လုံလောက်ပေသည်။ လူတစ်ဦးသည် အခြားသူများနှင့်အတူ ဒုစရိုက်နွံထဲတွင် ပျော်မွေ့နေပြီး၊ သူနှင့်ပတ်သက်၍ သန့်ရှင်းသည့်အရာ ဘာမျှမရှိသကဲ့သို့၊ သူသည် ဖြောင့်မတ်သော စိတ်သဘောထားမရှိပါက၊ သူသည် လူသား၏ မတရားမှုကို တရားစီရင်ဖို့ရန် အရည်အချင်းမပြည့်မီသကဲ့သို့၊ လူသားနှင့်ဆိုင်သော တရားစီရင်ခြင်းကို ဆောင်ရွက်ဖို့ မသင့်တော်ပေ။ လူတစ်ဦးသည် အခြားတစ်ဦးအား တရားစီရင် မည်ဆိုပါက၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် စော်ကား နေကြသကဲ့သို့ ဖြစ်လိမ့်မည် မဟုတ်လော။ တစ်ဦးနှင့်တစ်ဦး တန်းတူညီမျှ ညစ်ပတ်ပေနေသော လူတို့သည် ၎င်းတို့နှင့် ထပ်တူထပ်မျှဖြစ်သော သူတို့ကို တရားစီရင်ဖို့ရန် အဘယ်သို့ အရည်အချင်း ရှိနိုင်မည်နည်း။ သန့်ရှင်းသော ဘုရားသခင် ကိုယ်တိုင်သာ ညစ်ပတ်ပေရေသော လူသားမျိုးနွယ်တစ်ခုလုံးကို တရားစီရင်နိုင်ပေသည်။ လူသား၏ အပြစ်များကို လူသားက အဘယ်သို့ တရားစီရင်နိုင်မည်နည်း။ လူသား၏ အပြစ်များကို လူသားက အဘယ်သို့ မြင်နိုင်မည်နည်း၊ ပြီးလျှင် ဤအပြစ်များကို ရှုတ်ချဖို့ရန် လူသားသည် အဘယ်သို့ အရည်အချင်းရှိနိုင်မည်နည်း။ ဘုရားသခင်သည် လူသား၏ အပြစ်များကို တရားစီရင်ဖို့ အရည်အချင်း မရှိပါက၊ သူသည် အဘယ်သို့ ဖြောင့်မတ်သော ဘုရားသခင်ကိုယ်တိုင် ဖြစ်နိုင်မည်နည်း။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ထုတ်ဖော်ပြ ခံရသည့်အခါ၊ လူတို့ကို တရားစီရင်ဖို့အလို့ငှာ ဘုရားသခင် စကားပြောပြီး၊ ထို့နောက်တွင်သာ သူ သန့်ရှင်းသည်ကို လူတို့ မြင်ပေသည်။ သူသည် လူသားကို ၎င်း၏ အပြစ်များအတွက် တရားစီရင်ပြီး ပြစ်တင်ဆုံးမသကဲ့သို့၊ လူသား၏ အပြစ်များကို တစ်ချိန်လုံး ဖော်ထုတ်စဉ်တွင်၊ မည်သည့်လူ သို့မဟုတ် မည်သည့်အရာမျှ ဤတရားစီရင်ခြင်းမှ မလွတ်မြောက်နိုင်ချေ။ ညစ်ညူးသောအရာ အားလုံးသည် သူ၏ တရားစီရင်ခြင်းခံရပြီး၊ ထို့ကြောင့်သာလျှင် သူ၏ စိတ်သဘောထားက ဖြောင့်မတ်သည်ဟု ဆိုနိုင်ပေသည်။ ထိုသို့မဟုတ်ပါက၊ သင်တို့သည် နာမည်နှင့် အမှန်တရား နှစ်ခုလုံးတွင် အဖြည့်ခံများဖြစ်သည်ဟု အဘယ်သို့ ပြောနိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအမှု ဒုတိယအဆင့်၏ အကျိုးတရားများကို ရရှိပုံ

ယနေ့ သင်၏ အသိပညာ အတိုင်းအတာမှာ အဘယ်နည်း။ သင်၏ စိတ်ကူးများ၊ သင်၏ အတွေးများ၊ သင်၏ အပြုအမူ၊ သင်၏ စကားများနှင့် လုပ်ဆောင်ချက်များ- ဤအမူအရာများအားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့အဖို့ အဖြည့်ခံတစ်ခုနှင့် မညီမျှသလော။ သင်တို့၏ အမူအရာများသည် ဘုရားနှုတ်ကပတ်တော်များက ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ သရုပ်သကန်များ ဖြစ်သည် မဟုတ်လော။ သင်၏ အတွေးများနှင့် စိတ်ကူးများ၊ သင်၏ ကြံရွယ်ချက်များနှင့် သင့်အထဲတွင် ထုတ်ဖော်ပြခံရသည့် ဖောက်ပြန်ပျက်စီးခြင်းသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအပြင်၊ သူ၏ သန့်ရှင်းခြင်း တို့ကို ပြသလေသည်။ ဘုရားသခင်သည်လည်း အညစ်အကြေး နယ်မြေထဲတွင် မွေးဖွားခဲ့ပေသည်၊ သို့တိုင် သူသည် အညစ်အကြေးအားဖြင့် ဖျက်ဆီးခြင်းမခံရဘဲ ရှိနေလေသည်။ သင်ကဲ့သို့ သူသည် သင်နှင့်အလားတူ ညစ်ပတ်ပေရေသော လောကထဲတွင် အသက်ရှင်ခဲ့သော်လည်း သူသည် ဆင်ခြင်တုံတရားနှင့် သိမြင်နားလည်မှုတို့ ပိုင်ဆိုင်ပြီး အညစ်အကြေးကို စက်ဆုပ်ရွံရှာလေသည်။ သင်သည် သင်၏ စကားများနှင့် လုပ်ရပ်များတွင် ညစ်ပတ်ပေရေသောအရာ တစ်ခုတစ်လေမျှပင် သတိပြုမိနိုင်လိမ့်မည် မဟုတ်သော်လည်း ဘုရားသခင်က သတိပြုမိနိုင်ပြီး ၎င်းတို့ကို သင့်အား သူ ထောက်ပြလေသည်။ သင်၏ ဟောင်းနွမ်းသောအရာများဖြစ်သည့် သင်၏ ရည်မွန်ယဉ်ကျေးခြင်း၊ ထိုးထွင်းသိမြင်မှုနှင့် အသိတို့ ကင်းမဲ့မှုနှင့် သင်၏ နောက်သို့ပြန်သွားသော အသက်ရှင်သည့် နည်းလမ်းများသည် ယနေ့ ထုတ်ဖော်ပြခြင်းများအားဖြင့် အလင်းထဲသို့ ရောက်လာပြီးဖြစ်သည်။ ထို့ကြောင့် လူတို့သည် ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်သော စိတ်သဘောထားတို့ကို ရှုမြင်ကြရသည်မှာ ဘုရားသခင်သည် ထိုသို့အမှုပြုဖို့ရန် ကမ္ဘာမြေသို့ ကြွလာခြင်းအားဖြင့်သာ ဖြစ်သည်။ သူသည် သင့်ကို သိနားလည်မှုရှိစေရင်း၊ သင့်ကို တရားစီရင်ကာ ပြစ်တင်ဆုံးမလေသည်။ တစ်ခါတစ်ရံတွင်၊ သင်၏ ဘီလူးသရဲစီးသော သဘာဝသည် ထင်ရှားပြီး ကိုယ်တော်က ယင်းကို သင့်အား ထောက်ပြသည်။ သူသည် လူသား၏ အနှစ်သာရကို အကုန်အစင်သိလေသည်။ သူသည် သင်တို့ကြားတွင် အသက်ရှင်သည်၊ သင်စားသကဲ့သို့ အစာကိုစားပြီး ပတ်ဝန်းကျင် တစ်ခုတည်းတွင် အသက်ရှင်သည်- သို့သော် ထိုသို့ဖြစ်လျက်ပင် သူသည် သာ၍သိ၏။ သူသည် သင့်ကို ဖော်ထုတ်နိုင်ပြီး လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို ရိပ်စားမိနိုင်သည်။ အသက်ရှင်ခြင်းအတွက် လူ၏ ဒဿနများ၊ လူ၏ ကောက်ကျစ်မှုနှင့် လှည့်ဖြားမှုတို့ထက် သူပိုမိုစက်ဆုပ်သောအရာ မရှိချေ။ လူတို့၏ ဇာတိနှင့်ဆိုင်သော ဆက်ဆံရေးများကို အထူးသဖြင့် စက်ဆုပ်လေသည်။ သူသည် အသက်ရှင်ခြင်းအတွက် လူ၏ အတွေးအခေါ်များနှင့် အကျွမ်းတဝင်မရှိနိုင်သော်လည်း လူတို့ ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ရှင်းလင်းစွာ မြင်ပြီး ဖော်ထုတ်နိုင်လေသည်။ လူသားကို စကားပြောပြီး အမှုပြုဖို့ရန် ဤအမှုအရာများမှတဆင့် သူ အမှုပြုသည်၊ လူတို့ကို တရားစီရင်ဖို့နှင့် သူ၏ကိုယ်ပိုင် ဖြောင့်မတ်ပြီး သန့်ရှင်းသော စိတ်သဘောထားတို့ကို ထင်ရှားစေဖို့ ဤအမှုအရာများကို သူ အသုံးပြုလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအမှု ဒုတိယအဆင့်၏ အကျိုးတရားများကို ရရှိပုံ

ထိပါးစော်ကားခြင်းအပေါ် ဘုရားသခင်၏သည်းမခံခြင်းသည် သူ၏အတုမရှိသော အနှစ်သာရဖြစ်သည်။ ဘုရားသခင်၏အမျက်ဒေါသသည် သူ၏အတုမရှိသော စိတ်သဘောထားဖြစ်သည်။ ဘုရားသခင်၏ဘုန်းအာနုဘော်သည် သူ၏အတုမရှိသော အနှစ်သာရဖြစ်သည်။ ဘုရားသခင်၏ ဒေါသနောက်ကွယ်ရှိ နိယာမသည် သူသာလျှင်ပိုင်ဆိုင်သည့် သူ၏ဝိသေသလက္ခဏာနှင့် ဂုဏ်ဒြပ်တို့၏ ထုတ်ဖော်ချက်ဖြစ်သည်။ ဤနိယာမသည် အတုမရှိ ဘုရားသခင် ကိုယ်တော်တိုင်၏ အနှစ်သာရဆိုင်ရာ သင်္ကေတတစ်ခုလည်းဖြစ်ကြောင်းကို ပြောစရာမလိုပေ။ ဘုရားသခင်၏ စိတ်သဘောထားသည် သူ၏ကိုယ်ပိုင်ရှိရင်းစွဲအနှစ်သာရဖြစ်ပြီး ယင်းသည် အချိန်ကုန်လွန်သည်နှင့် လိုက်ပြောင်းလဲခြင်းလုံးဝမရှိသကဲ့သို့ တည်နေရာ အပြောင်းအလဲများကိုလိုက်၍လည်း မပြောင်းလဲပေ။ သူ၏ရှိရင်းစွဲစိတ်သဘောထားသည် သူ၏ပင်ကိုအနှစ်သာရဖြစ်သည်။ သူ၏အမှုကို မည်သူ့အပေါ်၌ သူပြုသည်ဖြစ်စေ သူ၏အနှစ်သာရသည် မပြောင်းလဲသကဲ့သို့ သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားသည်လည်း မပြောင်းလဲချေ။ လူတစ်ယောက်သည် ဘုရားသခင်ကို ဒေါသထွက်စေသည့်အခါ ဘုရားသခင်ထုတ်လွှတ်သည့်အရာသည် သူ၏ရှိရင်းစွဲစိတ်သဘောထားဖြစ်သည်။ ဤအချိန်၌ သူ့ဒေါသနောက်ကွယ်မှ အခြေခံမူက မပြောင်းလဲသကဲ့သို့ သူ၏အတုမရှိသည့် ဝိသေသလက္ခဏာနှင့် ဂုဏ်ဒြပ်တို့ကလည်း မပြောင်းလဲပေ။ သူ၏အနှစ်သာရက ပြောင်းလဲသောကြောင့်၊ သို့မဟုတ် သူ၏စိတ်သဘောထားမှ မတူညီသည့် သဘောတရားများ ထွက်ပေါ်လာသောကြောင့် သူဒေါသထွက်လာခြင်း မဟုတ်ဘဲ သူ့အပေါ် လူသား၏ ဆန့်ကျင်မှုသည် သူ၏စိတ်သဘောထားကို ထိပါးစော်ကားသောကြောင့်ဖြစ်၏။ ဘုရားသခင်ကို လူသား၏ ပြောင်ပြောင်တင်းတင်း ရန်စခြင်းက ဘုရားသခင်၏ ကိုယ်ပိုင်ဝိသေသလက္ခဏာနှင့် ဂုဏ်ဒြပ်အတွက် အလွန်ပြင်းထန်သည့် စိန်ခေါ်မှုတစ်ခုပင် ဖြစ်သည်။ ဘုရားသခင်၏အမြင်တွင် လူသားက သူ့ကို စိန်ခေါ်သည့်အခါ လူသားသည် သူ့ကိုယှဉ်ပြိုင်နေခြင်းဖြစ်ပြီး သူ၏ဒေါသကို အကဲစမ်းနေခြင်းဖြစ်သည်။ လူသားက ဘုရားသခင်ကို ဆန့်ကျင်သည့်အခါ၊ လူသားက ဘုရားသခင်ကို ယှဉ်ပြိုင်သည့်အခါ၊ လူသားက ဘုရားသခင်၏ ဒေါသကို အဆက်မပြတ် အကဲစမ်းသည့်အခါ- ဤကဲ့သို့သောအချိန်မျိုးမှာ အပြစ်တရားထကြွသောင်းကျန်းသည့် အချိန်ဖြစ်သည်- ဘုရားသခင်၏ အမျက်ဒေါသသည် အလိုအလျောက် ထုတ်ဖော်ပြီး ထွက်ပေါ်လာလိမ့်မည်။ ထို့ကြောင့် သူ၏အမျက်ဒေါသကို ဘုရားသခင်၏ဖော်ပြချက်က ဆိုးယုတ်သော စွမ်းအားခပ်သိမ်းသည် မတည်ရှိတော့မည့် သင်္ကေတတစ်ခုဖြစ်ပြီး ရန်လိုသည့် စွမ်းအားခပ်သိမ်းသည် ဖျက်ဆီးခံရမည့် သင်္ကေတတစ်ခုဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားဆိုင်ရာ အတုမရှိမှုနှင့် ဘုရားသခင့်အမျက်ဒေါသ၏ အတုမရှိမှုဖြစ်သည်။ ဘုရားသခင်၏ ဂုဏ်သိက္ခာနှင့် သန့်ရှင်းခြင်းတို့ စိန်ခေါ်ခံရသည့်အခါ၊ လူသားက တရားမျှတမှု၏ စွမ်းအားများကို ပိတ်ဆို့ထားပြီး ၎င်းတို့ကို မမြင်သည့်အခါ ဘုရားသခင်သည် သူ၏အမျက်ဒေါသကို စေလွှတ်လိမ့်မည်။ ဘုရားသခင်ကို ယှဉ်ပြိုင်သည့်၊ သူ့ကိုဆန့်ကျင်ပြီး သူ့ကိုရင်ဆိုင်သည့် စွမ်းအားခပ်သိမ်းသည် ဘုရားသခင်၏ အနှစ်သာရကြောင့် ဆိုးယုတ်ကာ ဖောက်ပြန်ပျက်စီးပြီး မတရားကြပေ။ ၎င်းတို့သည် စာတန်ထံမှလာပြီး စာတန်နှင့်သက်ဆိုင်၏။ ဘုရားသခင်သည် တရားမျှတပြီး အလင်းဖြစ်သည့်အပြင် အပြစ်အနာအဆာကင်းမဲ့စွာ သန့်စင်မွန်မြတ်သောကြောင့် ဘုရားသခင်၏ အမျက်ဒေါသကို ထုတ်လွှတ်လိုက်သောအခါ ဆိုးယုတ်၍ ဖောက်ပြန်ပျက်စီးပြီး စာတန်နှင့်သက်ဆိုင်သည့် အရာအားလုံးသည် ပျောက်ကွယ်သွားလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)

ဘုရားသခင်က သူ၏ဒေါသကို စေလွှတ်လိုက်သည့်အခါ ဆိုးယုတ်သည့် စွမ်းအားများသည် ဟန့်တားခံရပြီး ဆိုးယုတ်သည့်အရာများသည် ဖျက်ဆီးခံရကာ တရားမျှတပြီး အပြုသဘောဆောင်သည့်အရာများက ဘုရားသခင်၏ ဂရုစိုက်မှုနှင့် အကာအကွယ်တို့ကို ရရှိခံစားပြီး ရှေ့ဆက်ခွင့်ရလေသည်။ တရားမမျှတကာ အနုတ်သဘောဆောင်ပြီး ဆိုးယုတ်သည့်အရာများသည် တရားမျှတပြီး အပြုသဘောဆောင်သည့်အရာများ၏ ပုံမှန်လှုပ်ရှားမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ပင်တားဆီးခြင်း၊ နှောင့်ယှက်ခြင်း၊ သို့မဟုတ် ဖျက်ဆီးခြင်းတို့ ပြုလုပ်သောကြောင့် ဘုရားသခင်က သူ၏အမျက်ဒေါသကို ထုတ်လွှတ်သည်။ ဘုရားသခင့်ဒေါသ၏ပန်းတိုင်သည် သူ၏ကိုယ်ပိုင်ဂုဏ်ဒြပ်နှင့် ဝိသေသလက္ခဏာကို ကာကွယ်ရန်မဟုတ်ဘဲ တရားမျှတ၍ အပြုသဘောဆောင်ကာ လှပပြီး ကောင်းမွန်သည့်အရာများ၏ ဖြစ်တည်မှုကို ကာကွယ်ရန်၊ လူသားမျိုးနွယ်၏ ပုံမှန်ရှင်သန်ရပ်တည်ရေး နိယာမများနှင့် အစီအစဉ်ကျမှုတို့ကို ကာကွယ်ရန်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင့်အမျက်ဒေါသ၏ အကြောင်းခံဇာစ်မြစ်ဖြစ်သည်။ ဘုရားသခင်၏ ဒေါသသည် သူ့စိတ်သဘောထား၏ အလွန်သင့်လျော်ပြီး သဘာဝကျကာ မှန်ကန်သည့် ထုတ်ဖော်ချက်ဖြစ်သည်။ သူ၏ဒေါသထဲ၌ ဆန္ဒရမ္မက်များ၊ ကောက်ကျစ်ခြင်း၊ အန္တရာယ်ပေးခြင်း၊ အကြမ်းဖက်ခြင်း၊ ဆိုးယုတ်ခြင်း၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၌ရှိသည့် အခြားသော လက္ခဏာများ ပါဝင်နေရန်မဆိုထားနှင့်၊ တစ်ဖက်လှည့် ရည်ရွယ်ချက်များပင် မရှိသကဲ့သို့ လှည့်စားခြင်း၊ သို့မဟုတ် အကွက်ချစီစဉ်ခြင်းတို့လည်း မရှိပေ။ ဘုရားသခင်က သူ၏ဒေါသကို မထုတ်လွှတ်မီတွင် အကြောင်းအရာတိုင်း၏ အနှစ်သာရကို လုံးဝရှင်းလင်းစွာနှင့် ပြည့်စုံစွာသိမြင်ထားပြီးဖြစ်သည့်အပြင် တိကျပြီး ရှင်းလင်းသည့် အနက်ဖွင့်ချက်များနှင့် သုံးသပ်ချက်များကိုလည်း ဖော်ထုတ်ပြီးဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ပြုလေသမျှ အရာရာတိုင်း၌ သူ၏ရည်ရွယ်ချက်သည် သူ၏သဘောထားကဲ့သို့ပင် ရှင်းလင်းပြတ်သား၏။ သူသည် ယောင်ချာချာဖြစ်ခြင်း၊ မျက်ကန်းခြင်း၊ စိတ်လိုက်မာန်ပါပြုခြင်း၊ သို့မဟုတ် ဂရုမစိုက်ခြင်းတို့ မရှိသည့်အပြင် အခြေခံမူမရှိသည့်သူလည်း လုံးဝမဟုတ်ပေ။ ဤသည်မှာ ဘုရားသခင့်အမျက်ဒေါသ၏ လက်တွေ့ကျသည့် ရှုထောင့်ဖြစ်ပြီး လူသားမျိုးနွယ်က ၎င်း၏ပုံမှန်ဖြစ်တည်မှုကို ရရှိထားခြင်းမှာ ဘုရားသခင့်အမျက်ဒေါသ၏ လက်တွေ့ကျသည့် ဤရှုထောင့်ကြောင့်ဖြစ်သည်။ ဘုရားသခင်၏အမျက်ဒေါသ မရှိပါက လူသားမျိုးနွယ်သည် ပုံမှန်မဟုတ်သည့် လူနေမှုအခြေအနေများထဲသို့ ကျဆင်းသွားမည်ဖြစ်ပြီး တရားမျှတကာ လှပကောင်းမွန်သည့် အရာအားလုံးသည် ဖျက်ဆီးခံရကာ တည်ရှိတော့မည် မဟုတ်ပေ။ ဘုရားသခင်၏အမျက်ဒေါသ မရှိပါက ဖန်ဆင်းခံသတ္တဝါတို့အတွက် ဖြစ်တည်မှုနိယာမများနှင့် စည်းမျဉ်းများသည် ပျက်စီးသွားလိမ့်မည်၊ သို့မဟုတ် လုံးလုံးလျားလျား ဖြိုဖျက်ခံရလိမ့်မည်။ လူသားကို ဖန်ဆင်းပြီးကတည်းက ဘုရားသခင်သည် လူသားမျိုးနွယ်၏ ပုံမှန်ဖြစ်တည်မှုကို ကာကွယ်ရန်နှင့် တည်တံ့စေရန်အတွက် သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားကို အဆက်မပြတ် အသုံးပြုခဲ့သည်။ သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားထဲ၌ အမျက်ဒေါသနှင့် ဘုန်းအာနုဘော်တို့ ပါဝင်သောကြောင့် ဆိုးယုတ်သည့်လူများအားလုံး၊ အရာဝတ္ထုနှင့် ပစ္စည်းအားလုံးတို့အပြင် လူသားမျိုးနွယ်၏ ပုံမှန်ဖြစ်တည်မှုကို ထိခိုက်ပြီး နှောင့်ယှက်သည့် အရာအားလုံးသည် သူ၏အမျက်ဒေါသကြောင့် အပြစ်ဒဏ်ခတ်ခံရပြီး ထိန်းချုပ်ခံရကာ ဖျက်ဆီးခံကြရသည်။ လွန်ခဲ့သည့် ထောင်စုနှစ်အချို့တစ်လျှောက်၌ ဘုရားသခင်သည် လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့် သူ၏အမှု၌ ဘုရားသခင်ကို ဆန့်ကျင်သည့်အပြင် စာတန်၏ ကြံရာပါများနှင့် လက်ပါးစေများကဲ့သို့ ပြုမူသည့် ညစ်ညမ်းပြီး ဆိုးယုတ်သော ဝိညာဉ်အားလုံးကို ရိုက်ချ၍ ဖျက်ဆီးဖို့ရန်အတွက် သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားကို အဆက်မပြတ် အသုံးပြုနေခဲ့သည်။ ထို့ကြောင့် ဘုရားသခင်၏ လူသားကို ကယ်တင်ခြင်းအမှုသည် သူ၏အစီအစဉ်အတိုင်း အမြဲတမ်း ရှေ့ဆက်သွားနေခဲ့ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ အမျက်ဒေါသ တည်ရှိမှုကြောင့် လူသားတို့၏ အဖြောင့်မတ်ဆုံးသော အကြောင်းတရားများသည် တစ်ခါမျှ မဖျက်ဆီးခံရပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)

လူသားမျိုးနွယ်သည် မိုက်မဲပြီး ပညာမဲ့သော်လည်း လူသားမျိုးနွယ်တစ်ခုလုံးကို ဘုရားသခင်၏ ဆက်ဆံမှုက သနားကရုဏာနှင့် သည်းခံမှုအပေါ်၌ အဓိကအခြေခံထားသည်။ သူ၏အမျက်ဒေါသကိုမူ အချိန်အများစုနှင့် ဖြစ်ရပ်အများစု၌ ဖုံးကွယ်ထားပြီး ၎င်းကို လူသားက မသိပေ။ ရလဒ်အနေနှင့် ဘုရားသခင်က သူ၏အမျက်ဒေါသအား ဖော်ပြခြင်းကို မြင်ရဖို့ရန် လူသားအတွက် ခဲယဉ်းပြီး သူ၏အမျက်ဒေါသကို နားလည်ဖို့ရန်လည်း ခဲယဉ်းသည်။ ထိုသို့ဖြင့် လူသားသည် ဘုရားသခင်၏အမျက်ဒေါသကို ပေါ့ပေါ့တန်တန် သဘောထားလေ၏။ လူသားကို သည်းခံခြင်းနှင့် ခွင့်လွှတ်ခြင်းဆိုင်ရာ ဘုရားသခင်၏နောက်ဆုံးအမှုနှင့် အဆင့်ကို လူသားရင်ဆိုင်ရသည့်အခါ- ဆိုလိုသည်မှာ ဘုရားသခင်၏ နောက်ဆုံးသနားကရုဏာနှင့် သူ၏နောက်ဆုံးသတိပေးချက်တို့က လူသားတို့ထံ ရောက်လာသည့်အခါ- လူတို့အနေဖြင့် ဘုရားသခင်ကို ဆန့်ကျင်ဖို့ရန် ဤနည်းလမ်းကိုပင် အသုံးပြုဆဲဖြစ်ပြီး နောင်တရဖို့ရန်၊ သူတို့၏လမ်းများကို ပြင်ဆင်ဖို့ရန်နှင့် ဘုရားသခင်၏သနားကရုဏာကို လက်ခံဖို့ရန် မည်သည့်အားထုတ်မှုမျှ မပြုလုပ်ပါက ဘုရားသခင်သည် သူ၏သည်းခံမှုနှင့် စိတ်ရှည်မှုတို့ကို သူတို့အား ပေးသနားတော့မည် မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေနှင့် ထိုအချိန်တွင် ဘုရားသခင်က သူ၏သနားကရုဏာကို ပြန်ရုပ်သိမ်းမည်ဖြစ်သည်။ ထို့နောက်တွင် သူ၏အမျက်ဒေါသကိုသာ သူစေလွှတ်လိမ့်မည်။ သူ၏အမျက်ဒေါသကို မတူညီသည့် နည်းလမ်းများဖြင့် သူဖော်ပြနိုင်၏။ လူတို့ကို အပြစ်ဒဏ်ခတ်ပြီး ဖျက်ဆီးဖို့ရန် မတူညီသည့် နည်းလမ်းများကို သူအသုံးပြုနိုင်သကဲ့သို့ပင်ဖြစ်သည်။

သောဒုံမြို့ကို ဖျက်ဆီးဖို့ရန် မီးကို ဘုရားသခင်အသုံးပြုခြင်းသည် လူသားမျိုးနွယ်၊ သို့မဟုတ် အခြားမည်သည့်အရာကိုမဆို လုံးလုံးလျားလျား အမြစ်ဖြတ်သည့် သူ၏အမြန်ဆုံးနည်းလမ်းပင်ဖြစ်သည်။ သောဒုံမြို့သားတို့ကို လောင်ကျွမ်းစေခြင်းက သူတို့၏ရုပ်ခန္ဓာများကိုသာ ဖျက်ဆီးခဲ့ခြင်းမဟုတ်ပေ။ မြို့ထဲရှိ လူတို့သည် ရုပ်လောကနှင့် လူသားတို့မမြင်နိုင်သည့်လောက နှစ်ခုစလုံး၌ မတည်ရှိတော့စေရေးအတွက် သူတို့၏ဝိညာဉ်၊ သူတို့၏စိတ်နှင့် သူတို့၏ကိုယ်ခန္ဓာအလုံးစုံတို့ကို ဖျက်ဆီးခဲ့သည်။ ဤသည်မှာ ဘုရားသခင်က သူ့အမျက်ဒေါသကို ထုတ်ဖော်သည့်နည်းနှင့် ဖော်ပြသည့်နည်းတစ်ခုဖြစ်သည်။ ဤထုတ်ဖော်ခြင်းနှင့် ဖော်ပြခြင်းပုံစံက ဘုရားသခင်၏အမျက်ဒေါသဆိုင်ရာ အနှစ်သာရ၏ ရှုထောင့်တစ်ခုဖြစ်သည်။ ၎င်းသည် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားဆိုင်ရာ အနှစ်သာရကို ထုတ်ဖော်ခြင်း အလိုအလျောက် ဖြစ်သကဲ့သို့ပင်ဖြစ်သည်။ ဘုရားသခင်က သူ၏အမျက်ဒေါသကို ထုတ်လွှတ်သည့်အခါ သူသည် မည်သည့်သနားကရုဏာ၊ သို့မဟုတ် မည်သည့်စာနာသနားမှုကိုမျှ မထုတ်ဖော်ပြတော့သကဲ့သို့ သူ၏သည်းခံခြင်း၊ သို့တည်းမဟုတ် စိတ်ရှည်ခြင်းတို့ကိုလည်း ထပ်မပြတော့ပေ။ သူ့ကို ဆက်ပြီး စိတ်ရှည်စေဖို့၊ သူ၏သနားကရုဏာကို ထပ်ပေးဖို့၊ သူ၏သည်းခံခြင်းကို နောက်တစ်ကြိမ် ပေးသနားဖို့ ဖျောင်းဖျနိုင်သည့် လူ၊ အရာဝတ္ထု၊ သို့မဟုတ် အကြောင်းပြချက်တို့ မရှိပေ။ ဤအရာများအစား ဘုရားသခင်သည် ခဏလေးမျှ တုံ့ဆိုင်းခြင်းမရှိဘဲ သူဆန္ဒရှိသည့်အတိုင်းပြုလျက် သူ၏အမျက်ဒေါသနှင့် ဘုန်းအာနုဘော်တို့ကို စေလွှတ်လိမ့်မည်။ သူသည် သူ၏ကိုယ်ပိုင်ဆန္ဒနှင့်အညီ လျင်မြန်ပြီး ရှင်းလင်းသည့်ပုံစံနှင့် ဤအရာများကို လုပ်ဆောင်လိမ့်မည်။ ဤသည်မှာ လူသားအနေဖြင့် ထိပါးခြင်း မပြုလုပ်ရသည့် သူ၏အမျက်ဒေါသနှင့် ဘုန်းအာနုဘော်ကို ဘုရားသခင်ထုတ်လွှတ်သည့် နည်းလမ်းဖြစ်သည်။ ထို့ပြင် သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားဆိုင်ရာ ရှုထောင့်တစ်ခု၏ ဖော်ပြချက်လည်း ဖြစ်သည်။ ဘုရားသခင်က လူသားအပေါ် ပူပန်ခြင်းနှင့် ချစ်ခြင်းတို့ ပြသည်ကို လူတို့မြင်သောအခါ သူတို့သည် သူ၏အမျက်ဒေါသကို သတိမပြုမိနိုင်ကြ၊ သူ၏ဘုန်းအာနုဘော်ကို မမြင်နိုင်ကြ၊ သို့တည်းမဟုတ် ထိပါးစော်ကားမှုအပေါ် သူ၏သည်းမခံခြင်းကို မခံစားနိုင်ကြပေ။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် သနားကရုဏာ၊ သည်းခံခြင်းနှင့် ချစ်ခြင်းမေတ္တာသက်သက်ပင် ဖြစ်သည်ဟု ဤအရာများက လူတို့ကို ယုံကြည်သွားစေခဲ့သည်။ သို့သော်လည်း ဘုရားသခင်က မြို့တစ်မြို့ကို ဖျက်ဆီးခြင်း၊ သို့မဟုတ် လူသားမျိုးနွယ်တစ်စုကို ရွံမုန်းခြင်းကို တစ်ဦးတစ်ယောက်က တွေ့ရသည့်အခါ လူသားကို ဖျက်ဆီးခြင်းထဲရှိ သူ၏အမျက်ဒေါသနှင့် သူ၏ဘုန်းအာနုဘော်တို့က လူတို့အား သူ၏ဖြောင့်မတ်သည့် စိတ်သဘောထား၏ အခြားတစ်ဖက်ကို ရိပ်ခနဲမြင်စေသည်။ ဤသည်မှာ ထိပါးစော်ကားခြင်းကို ဘုရားသခင်၏ သည်းမခံခြင်းဖြစ်သည်။ ထိပါးစော်ကားခြင်းကို သည်းမခံသည့် ဘုရားသခင်၏ စိတ်သဘောထားသည် မည်သည့်ဖန်ဆင်းခံသတ္တဝါမဆို၏ စိတ်ကူးနိုင်စွမ်းထက် သာလွန်သည်။ ဖန်ဆင်းခံမဟုတ်သည့် သတ္တဝါများထဲ၌ မည်သူကမျှ ထိုအရာကို ဝင်စွပ်ဖက်ခြင်း၊ သို့မဟုတ် ထိခိုက်စေခြင်းတို့ မပြုလုပ်နိုင်ပေ။ ထို့ပြင် ထိုအရာကို တူအောင်တုခြင်း၊ သို့တည်းမဟုတ် အတုခိုးခြင်းလည်း သာ၍ပင် မပြုလုပ်နိုင်ကြပေ။ ထို့ကြောင့် ဘုရားသခင်၏ စိတ်သဘောထားနှင့် ပတ်သက်သည့် ဤရှုထောင့်သည် လူသားမျိုးနွယ် အသိသင့်ဆုံးသော ရှုထောင့်တစ်ခုဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင်၌သာ ဤကဲ့သို့စိတ်သဘောထားမျိုးရှိသည်။ ထို့ပြင် ဘုရားသခင်ကိုယ်တော်တိုင်သာလျှင် ဤကဲ့သို့စိတ်သဘောထားမျိုးကို ပိုင်ဆိုင်သည်။ ဘုရားသခင်သည် ဆိုးသွမ်းမှု၊ အမှောင်ထု၊ ပုန်ကန်ခြင်းနှင့် စာတန်၏ ဆိုးယုတ်သော လုပ်ရပ်များကို- လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေပြီး ဝါးမျိုခြင်း- စက်ဆုပ်ရွံရှာသည့်အတွက်ကြောင့်၊ သူနှင့်ဆန့်ကျင်သည့် အပြစ်၏လုပ်ရပ်အားလုံးကို စက်ဆုပ်ရွံရှာသည့်အတွက်ကြောင့်၊ ထို့ပြင် သူ၏သန့်ရှင်းပြီး ညစ်ညမ်းခြင်းမရှိသည့် အနှစ်သာရကြောင့် ဘုရားသခင်သည် ထိုသို့သောဖြောင့်မတ်သည့် စိတ်သဘောထားကို ပိုင်ဆိုင်သည်။ ဤအကြောင်းကြောင့် ဖန်ဆင်းခံ၊ သို့တည်းမဟုတ် ဖန်ဆင်းခံမဟုတ်သည့် သတ္တဝါတို့က သူ့အား ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ခြင်းကိုသော်လည်းကောင်း ယှဉ်ပြိုင်ခြင်းများကိုသော်လည်းကောင်း သူခံမည်မဟုတ်ခြင်းဖြစ်သည်။ တစ်ခါက သူသနားကရုဏာပြခဲ့ဖူးသည့်၊ သို့မဟုတ် သူရွေးချယ်ခဲ့ဖူးသည့် လူပုဂ္ဂိုလ်ပင်လျှင် သူ၏စိတ်သဘောထားကို ရန်စပြီး သူ၏စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းဆိုင်ရာ အခြေခံမူများကို ဖောက်ဖျက်လိုက်သည်နှင့် သူသည် သနားကရုဏာ၊ သို့တည်းမဟုတ် တွန့်ဆုတ်ခြင်းတို့ အနည်းငယ်မျှမရှိဘဲ ထိပါးစော်ကားမှုကို သည်းမခံသော သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားကို ထုတ်လွှတ်ပြီး ထုတ်ဖော်ပြလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)

နိနေဝေမြို့သားတို့အပေါ် ဘုရားသခင်က မည်မျှပင် စိတ်ဆိုးခဲ့ပါစေ သူတို့သည် အစာရှောင်ခြင်းကို ကြေညာခဲ့ပြီး ပြာများနှင့် လျှော်တေအဝတ်ကို ဝတ်ဆင်ပြီးသည်နှင့် သူ၏နှလုံးသားသည် တဖြည်းဖြည်းပျော့ပြောင်းလာပြီး သူ၏စိတ်ကို သူစတင်ပြောင်းခဲ့၏။ သူတို့၏မြို့ကို သူဖျက်ဆီးမည့်အကြောင်း သူတို့ကို ကြေညာလိုက်သည့်အခါ- သူတို့၏အပြစ်များအတွက် သူတို့၏ဝန်ခံခြင်းနှင့် နောင်တရခြင်းတို့ မတိုင်ခင်အချိန်၌- ဘုရားသခင်က သူတို့ကို ဒေါသထွက်နေဆဲပင်ဖြစ်သည်။ သူတို့သည် နောင်တရသည့် လုပ်ရပ်တသီတသန်းကြီးကို လုပ်ဆောင်ပြီးသည်နှင့် နိနေဝေမြို့သားတို့အပေါ် ဘုရားသခင်၏ဒေါသသည် သူတို့အတွက် သနားကရုဏာနှင့် သည်းခံခြင်းအဖြစ် တဖြည်းဖြည်းပြောင်းလဲသွားခဲ့သည်။ အဖြစ်အပျက်တစ်ခုတည်းတွင် ဘုရားသခင့်စိတ်သဘောထား၏ ဤရှုထောင့်နှစ်ခုကို တစ်ချိန်ထဲ၌ ထုတ်ဖော်ပြခြင်းနှင့်ပတ်သက်၍ မကိုက်ညီမှု တစ်ခုမျှမရှိပေ။ ဤမကိုက်ညီမှုမရှိခြင်းကို မည်ကဲ့သို့နားလည်ပြီး သိရှိနိုင်မည်နည်း။ နိနေဝေမြို့သားတို့က နောင်တရခဲ့သည့်အခါ ဘုရားသခင်သည် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည့် ဤအနှစ်သာရနှစ်ခုကို တစ်လှည့်စီ ထုတ်ဖော်ဖွင့်ပြခဲ့ပြီး ဘုရားသခင့်အနှစ်သာရ၏ စစ်မှန်ခြင်းနှင့် ထိပါးစော်ကား၍ မရနိုင်ခြင်းကို လူတို့အား မြင်စေခဲ့သည်။ ဘုရားသခင်က လူတို့အား အောက်ပါအကြောင်းများကိုပြောဖို့ သူ၏သဘောထားကို အသုံးပြုခဲ့သည်- ဘုရားသခင်က လူတို့ကို သည်းမခံခြင်း၊ သို့မဟုတ် သူတို့အပေါ်မှာ သနားကရုဏာ မပြလိုခြင်းမျိုး မဟုတ်ဘဲ စင်စစ်အားဖြင့် လူတို့က ဘုရားသခင်အပေါ် အမှန်တကယ် နောင်တရခြင်းသာ ရှားပါးနေခြင်းဖြစ်၏၊ ထို့ပြင် လူတို့က မိမိတို့၏ဆိုးယုတ်သည့်လမ်းများကို အမှန်တကယ်ထားခဲ့ပြီး မိမိတို့၏လက်ထဲမှာရှိသည့် အဓမ္မအမှုများကို စွန့်လွှတ်ခြင်းက ရှားပါးနေခြင်းသာဖြစ်သည်။ တစ်နည်းပြောရလျှင် ဘုရားသခင်က လူသားကို ဒေါသထွက်သည့်အခါ လူသားသည် အမှန်တကယ် နောင်တရနိုင်ဖို့ သူမျှော်လင့်၏။ လူသား၏ စစ်မှန်သည့် နောင်တကို မြင်ရဖို့ သူဧကန်အမှန်မျှော်လင့်သည်။ ထိုကဲ့သို့ဖြစ်လာပါက သူသည် လူသားအပေါ် သူ၏သနားကရုဏာနှင့် သည်းခံခြင်းကို ရက်ရက်ရောရော ဆက်လက်၍ ချပေးသနားမည်ဖြစ်သည်။ ဆိုလိုသည်မှာ လူသား၏ ဆိုးယုတ်သည့် အပြုအမူက ဘုရားသခင်၏ အမျက်ဒေါသကို ဖြစ်ပွားစေသော်လည်း ဘုရားသခင်ကို နားထောင်ပြီး သူ့ရှေ့၌ အမှန်တကယ် နောင်တရသူများအပေါ်၊ ထို့ပြင် မိမိတို့၏ဆိုးယုတ်သည့်လမ်းများကို ရှောင်ပြီး မိမိတို့လက်ထဲရှိ အဓမ္မအမှုများကို စွန့်လွှတ်နိုင်သည့်သူတို့အပေါ်၌မူ ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံခြင်းတို့ကို ချပေးသနားသည်။ နိနေဝေမြို့သားများအပေါ် သူ၏ဆက်ဆံမှုတွင် ဘုရားသခင်၏ သဘောထားကို အလွန်ပင် ရှင်းရှင်းလင်းလင်း ထုတ်ဖော်ထားသည်။ ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံခြင်းတို့ကို ရရှိဖို့ လုံးဝမခဲယဉ်းပေ။ သူတောင်းဆိုသည့်အရာမှာ စစ်မှန်သည့် နောင်တဖြစ်သည်။ လူတို့အနေဖြင့် မိမိတို့၏ ဆိုးယုတ်သည့်လမ်းများကို ရှောင်ပြီး မိမိတို့လက်ထဲရှိ အဓမ္မအမှုများကို စွန့်လွှတ်လျှင် ဘုရားသခင်က သူ၏နှလုံးသားကို ပြောင်းလဲမည်ဖြစ်ပြီး သူတို့အပေါ် သူ၏သဘောထားကို ပြောင်းလဲမည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)

ဘုရားသခင်က နိနေဝေမြို့သားများအပေါ် သူ၏နှလုံးသားကို ပြောင်းလဲခဲ့သည့်အခါ သူ၏သနားကရုဏာနှင့် သည်းခံခြင်းတို့သည် အရေခြုံဗန်းပြတစ်ခု ဖြစ်သလော။ မည်သို့ဖြစ်နိုင်ပါ့မည်နည်း။ သို့ဆိုလျှင် အခြေအနေတစ်ခုတည်းကို ဘုရားသခင်ကိုင်တွယ်ဖြေရှင်းနေစဉ်တွင် ဘုရားသခင့်စိတ်သဘောထား၏ ဤရှုထောင့်နှစ်ရပ်ကြား ပြောင်းလဲခြင်းက ဘာကိုပြသနည်း။ ဘုရားသခင်၏ စိတ်သဘောထားသည် ပြည့်ဝစုံလင်၏- စိတ်ပိုင်းထားခြင်း လုံးဝမရှိပေ။ သူ့အနေဖြင့် လူတို့အပေါ်၌ ဒေါသကို ပြနေသည်ဖြစ်စေ၊ သနားကရုဏာနှင့် သည်းခံခြင်းကို ပြနေသည်ဖြစ်စေ၊ ၎င်းတို့အားလုံးက သူ၏ဖြောင့်မတ်သည့် စိတ်သဘောထား၏ ဖော်ပြချက်များပင်ဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားသည် ချက်ချာပြီး အထင်းသားမြင်သာကာ အမှုအရာများ ပြောင်းလဲဖြစ်ပေါ်ခြင်းအပေါ်မူတည်၍ သူ၏အတွေးများနှင့် သဘောထားတို့ကို သူပြောင်းလဲသည်။ နိနေဝေမြို့သားတို့အပေါ် သူ၏သဘောထား ပြောင်းလဲခြင်းက သူ၌ သူ၏ကိုယ်ပိုင်အတွေးနှင့် စိတ်ကူးများရှိကြောင်းကို လူသားမျိုးနွယ်အား ပြသည်။ သူသည် စက်ရုပ်သော်လည်းကောင်း၊ မြေရုပ်တုသော်လည်းကောင်း မဟုတ်ဘဲ အသက်ရှင်သည့် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်သည်။ နိနေဝေမြို့သားတို့ကို သူတို့၏သဘောထားများအရ သူတို့၏အတိတ်များကို ခွင့်လွှတ်နိုင်သကဲ့သို့ သူတို့ကို သူဒေါသထွက်နိုင်သည်။ နိနေဝေမြို့သားတို့အပေါ် ကံဆိုးခြင်းများ ကျရောက်စေဖို့ သူဆုံးဖြတ်နိုင်သကဲ့သို့ သူတို့၏နောင်တကြောင့် သူ၏ဆုံးဖြတ်ချက်ကိုလည်း သူပြောင်းလဲနိုင်သည်။ လူတို့က ဘုရားသခင်၏ စိတ်သဘောထားကို သိရန်ကြိုးစားရာ၌ ပုံသေနည်းများ အသုံးပြုရခြင်းကို နှစ်သက်သကဲ့သို့ စည်းမျဉ်းများကို တင်းတင်းကျပ်ကျပ် ကျင့်သုံးလိုကြပြီး ဘုရားသခင်ကို ဘောင်ခတ်၍ အဓိပ္ပာယ်သတ်မှတ်ရန် ထိုသို့သော စည်းမျဉ်းများကို အသုံးပြုလိုကြသည်။ ထို့ကြောင့် လူသား၏အတွေးနယ်ပယ်အရမူ ဘုရားသခင်သည် စဉ်းစားခြင်းမပြုသကဲ့သို့ အခြေအမြစ် ခိုင်လုံသည့် စိတ်ကူးများလည်း မရှိပေ။ အမှန်စင်စစ်မှာမူ ဘုရားသခင်၏ အတွေးများသည် အကြောင်းအရာများနှင့် ပတ်ဝန်းကျင်တို့ ပြောင်းလဲမှုများနှင့်အညီ အစဉ်တစိုက် ပြောင်းလဲနေသည်။ ဤအတွေးများက ပြောင်းလဲနေစဉ်တွင် ဘုရားသခင့်အနှစ်သာရ၏ မတူညီသည့် ရှုထောင့်များက ထုတ်ဖော်ခံရလေသည်။ ဤပြောင်းလဲမှုဖြစ်စဉ်ကာလအတွင်း ဘုရားသခင်က သူ၏စိတ်နှလုံးသားကို ပြောင်းလဲသည့်အချိန်အတိအကျတွင် သူသည် လူသားမျိုးနွယ်ကို သူ့အသက်၏ဖြစ်တည်မှုစစ်စစ်နှင့် သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားက အင်တိုက်အားတိုက် အသက်ပါခြင်းနှင့် ပြည့်ဝနေကြောင်း ပြသသည်။ တစ်ချိန်တည်းမှာပင် သူ၏အမျက်ဒေါသ၊ သူ၏သနားကရုဏာ၊ သူ၏ချစ်ခင်ကြင်နာခြင်းနှင့် သူ၏သည်းခံခြင်းတို့၏ ဖြစ်တည်မှုဆိုင်ရာ သမ္မာတရားကို လူသားမျိုးနွယ်အား သက်သေပြဖို့ သူ၏ကိုယ်ပိုင် စစ်မှန်သည့်ထုတ်ဖော်ခြင်းများကို ဘုရားသခင်အသုံးပြုသည်။ အကြောင်းအရာများ တိုးတက်ပြောင်းလဲမှုအရ သူ၏အနှစ်သာရကို အချိန်မရွေး၊ နေရာမရွေးတွင် ထုတ်ဖော်ပြလိမ့်မည်။ ခြင်္သေ့တစ်ကောင်၏ အမျက်ဒေါသအပြင် မိခင်တစ်ဦး၏ သနားကရုဏာနှင့် သည်းခံခြင်းတို့ကို သူပိုင်ဆိုင်သည်။ သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားက မည်သူ့ကိုမျှ မေးခွန်းထုတ်ခြင်း၊ ချိုးဖောက်ခြင်း၊ ပြောင်းလဲခြင်း၊ သို့မဟုတ် ပုံစံပျက်အောင်ပြုလုပ်ခြင်းတို့ကို ခွင့်မပြုပေ။ အမှုအရာများ အားလုံးနှင့် အကြောင်းအရာများ အားလုံးထဲတွင် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို- ဆိုလိုသည်မှာ ဘုရားသခင်၏ အမျက်ဒေါသနှင့် ဘုရားသခင်၏ သနားကရုဏာကို- အချိန်မရွေး၊ နေရာမရွေးတွင် ထုတ်ဖော်ပြနိုင်သည်။ သူသည် ဤရှုထောင့်များကို ဖန်ဆင်းခြင်း၏ နေရာတိုင်းတွင် အသက်ပါစွာ ဖော်ပြပြီး ၎င်းတို့ကို အချိန်တိုင်းတွင် အသက်ပါတက်ကြွမှုဖြင့် အကောင်အထည်ဖော်၏။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် အချိန်၊ သို့မဟုတ် နေရာတို့၏ ကန့်သတ်ထားခြင်းကို မခံရပေ။ တစ်နည်းပြောရလျှင် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို အချိန်၊ သို့မဟုတ် နေရာတို့၏ ဘောင်ခတ်သတ်မှတ်ချက်များအရ စက်ယန္တရားဆန်ဆန် ဖော်ပြခြင်းလည်း မဟုတ်၊ ထုတ်ဖော်ခြင်းလည်း မဟုတ်ဘဲ ထိုအစား အချိန်တိုင်း နေရာတိုင်း၌ ပကတိလွတ်လပ်မှုဖြင့် ထုတ်ဖော်ဖွင့်ပြခြင်းဖြစ်သည်။ ဘုရားသခင်က သူ၏နှလုံးသားကို ပြောင်းလဲပြီး သူ၏အမျက်ဒေါသအား ဖော်ပြခြင်းကို ရပ်တန့်ကာ နိနေဝေမြို့အား မဖျက်ဆီးဘဲ စိတ်ချုပ်တည်းလိုက်ခြင်းကို သင်မြင်သည့်အခါ ဘုရားသခင်သည် သနားကရုဏာ၊ မေတ္တာနှင့်သာ ပြည့်စုံသည်ဟု သင်ဆိုနိုင်သလော။ ဘုရားသခင်၏ အမျက်ဒေါသတွင် အနှစ်မရှိသည့် စကားလုံးများသာလျှင် ပါဝင်သည်ဟု သင်ဆိုနိုင်သလော။ ဘုရားသခင်သည် ပြင်းထန်သည့် အမျက်ဒေါသဖြင့် ဒေါသူပုန်ထပြီး သူ၏သနားကရုဏာကို ရုပ်သိမ်းလိုက်သောအခါ လူသားမျိုးနွယ်အပေါ် သူသည် စစ်မှန်စွာမချစ်ဟု သင်ဆိုနိုင်သလော။ လူတို့၏ ဆိုးယုတ်သည့် လုပ်ရပ်များကို တုံ့ပြန်သည့်အနေနှင့် ပြင်းထန်သည့် ဤအမျက်ဒေါသကို ဘုရားသခင်ဖော်ပြ၏။ သူ၏အမျက်ဒေါသသည် ခြောက်ပြစ်ကင်း၏။ ဘုရားသခင်၏ နှလုံးသားသည် လူတို့၏ နောင်တကြောင့် တို့ထိခံရသည်။ သူ၏နှလုံးသားကို ပြောင်းလဲစေသည်မှာလည်း ဤနောင်တပင် ဖြစ်သည်။ သူတို့ထိခံရသည့်အခါ၊ သူ၏နှလုံးသားပြောင်းလဲသည့်အခါ၊ ထို့ပြင် လူသားအပေါ် သူ၏သနားကရုဏာနှင့် သည်းခံခြင်းတို့ကို ပြသသည့်အခါ ဤအရာအားလုံးသည် လုံးလုံးလျားလျား ခြောက်ပြစ်ကင်း၏။ ၎င်းတို့သည် သန့်ရှင်း၍ ဖြူစင်ကာ ပြစ်မျိုးမှဲ့မထင်ဖြစ်ပြီး အရောအနှောကင်း၏။ ဘုရားသခင်၏ သနားကရုဏာက သနားကရုဏာမှလွဲ၍ အခြားဘာမျှ မဟုတ်သကဲ့သို့ ဘုရားသခင်၏ သည်းခံခြင်းသည်လည်း သည်းခံခြင်းသက်သက်သာဖြစ်သည်။ လူသား၏နောင်တနှင့် လူသားအပြုအမူ၏ အပြောင်းအလဲများနှင့်အညီ သူ၏စိတ်သဘောထားသည် အမျက်ဒေါသ၊ သို့မဟုတ် သနားကရုဏာနှင့် သည်းခံမှုတို့ကို ထုတ်ဖော်ပြ၏။ သူ့အနေဖြင့် မည်သည့်အရာကိုပင် ထုတ်ဖော်ပြီး ဖွင့်ပြသည်ဖြစ်စေ အားလုံးက သန့်စင်ပြီး တိုက်ရိုက်ဖြစ်သည်။ သူ၏အနှစ်သာရသည် ဖန်ဆင်းခြင်းထဲရှိ အနှစ်သာရအားလုံးနှင့် ကွဲပြား၏။ ဘုရားသခင်သည် သူ့လုပ်ဆောင်ချက်များ၏အောက်ခြေရှိ အခြေခံမူများကို ဖော်ပြသည့်အခါ ၎င်းတို့သည် ချို့ယွင်းချက်များ၊ သို့မဟုတ် အပြစ်အနာအဆာများ ကင်း၏၊ ထို့ပြင် သူ၏အတွေးများ၊ စိတ်ကူးများအပြင် သူချမှတ်သည့် ဆုံးဖြတ်ချက် တစ်ခုစီတိုင်းနှင့် သူပြုသည့် လုပ်ဆောင်ချက်တစ်ခုစီတိုင်းသည်လည်း ထိုကဲ့သို့ပင် ဖြစ်သည်။ ဘုရားသခင်က ထိုကဲ့သို့ ဆုံးဖြတ်ပြီး ထိုကဲ့သို့ လုပ်ဆောင်သောကြောင့် သူ၏လုပ်ငန်းများကိုလည်း ထိုကဲ့သို့ ပြည့်စုံစေသည်။ သူ့လုပ်ငန်းများ၏ရလဒ်များက မှန်ကန်ပြီး ပြောစရာမရှိသည်မှာ ၎င်းတို့၏ အရင်းအမြစ်က ချို့ယွင်းချက်ကင်းပြီး အပြစ်အနာအဆာကင်းသည့် အကြောင်းရင်းအတိအကျကြောင့်ဖြစ်သည်။ ဘုရားသခင်၏ အမျက်ဒေါသသည် ခြောက်ပြစ်ကင်း၏။ အလားတူပင် မည်သည့်ဖန်ဆင်းခံမျှ မပိုင်သည့် ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံခြင်းတို့သည်လည်း သန့်ရှင်းပြီး ခြောက်ပြစ်ကင်းကာ တွေးတောသုံးသပ်ခြင်းနှင့် တွေ့ကြုံခံစားခြင်းတို့ကို ကြံ့ကြံ့ခံနိုင်သည်။

နိနေဝေဇာတ်လမ်းကို နားလည်ပြီးနောက် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားဆိုင်ရာ အနှစ်သာရ၏ အခြားဘက်ကို သင်တို့မြင်ကြသလော။ ဘုရားသခင်၏ အတုမရှိသည့် ဖြောင့်မတ်သော စိတ်သဘောထား၏ အခြားဘက်ကို မြင်သလော။ ဤစိတ်သဘောထားမျိုးကို လူသားမျိုးနွယ်ထဲ၌ ပိုင်ဆိုင်သောသူရှိသလော။ ဘုရားသခင်၏ အမျက်ဒေါသဖြစ်သည့် ဤအမျက်ဒေါသမျိုးကို ပိုင်ဆိုင်သောသူ ရှိသလော။ ဘုရားသခင်ပိုင်ဆိုင်သော အရာဖြစ်သည့် သနားကရုဏာနှင့် သည်းခံခြင်းကို ပိုင်ဆိုင်သောသူ ရှိသလော။ ဖန်ဆင်းခံများထဲမှ မည်သူက ထိုမျှလောက် ကြီးမားသော အမျက်ဒေါသကို စေ့ဆော်နိုင်ပြီး လူသားမျိုးနွယ်ကို ဖျက်ဆီးရန်၊ သို့မဟုတ် ဘေးဒုက္ခကျရောက်စေရန် ဆုံးဖြတ်နိုင်သနည်း။ ထို့ပြင် လူသားအပေါ် သနားကရုဏာကို ချပေးသနားဖို့၊ သည်းခံဖို့၊ ခွင့်လွှတ်ဖို့နှင့် ထိုသို့အားဖြင့် လူသားကိုဖျက်ဆီးရန် ယခင်ကဆုံးဖြတ်ချက်ကို ပြောင်းလဲဖို့ မည်သူက အရည်အချင်းမီသနည်း။ ဖန်ဆင်းရှင်သည် သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားကို သူ၏ကိုယ်ပိုင်အတုမရှိသည့် နည်းလမ်းများနှင့် အခြေခံမူများမှတစ်ဆင့် ဖော်ပြသည်။ လူများ၊ အဖြစ်အပျက်များ၊ သို့မဟုတ် အကြောင်းအရာများ၏ ထိန်းချုပ်မှုကိုသော်လည်းကောင်း၊ ကန့်သတ်မှုများကိုသော်လည်းကောင်း သူမခံရပေ။ သူ၏ အတုမရှိသည့် စိတ်သဘောထားကြောင့် သူ၏အတွေးများနှင့် စိတ်ကူးများကို မည်သူကမျှ မပြောင်းလဲနိုင်သကဲ့သို့ သူ့ကို ဖျောင်းဖျပြီး သူ၏ဆုံးဖြတ်ချက် တစ်ခုတလေကို ပြောင်းလဲစေရန်လည်း မည်သူမျှမလုပ်နိုင်ပေ။ ဖန်ဆင်းခြင်းအားလုံး၌ တည်ရှိသည့် အပြုအမူနှင့် အတွေးအလုံးစုံသည် သူ၏ဖြောင့်မတ်သည့် စိတ်သဘောထား၏ တရားစီရင်မှုအောက်၌ တည်ရှိသည်။ အမျက်ဒေါသကို သူကျင့်သုံးမည်လော၊ သနားကရုဏာကို သူကျင့်သုံးမည်လောဆိုသည်ကို မည်သူကမျှ မထိန်းချုပ်နိုင်ပေ။ ဖန်ဆင်းရှင်၏ အနှစ်သာရသာလျှင်၊ သို့မဟုတ် တစ်နည်းပြောရပါက ဖန်ဆင်းရှင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကသာလျှင် ၎င်းကို ဆုံးဖြတ်နိုင်သည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားဆိုင်ရာ အတုမရှိသည့် သဘာဝဖြစ်သည်။

နိနေဝေမြို့သားတို့အပေါ် ဘုရားသခင်၏ သဘောထား ပြောင်းလဲခြင်းကို ခွဲခြမ်းစစ်ဆေးပြီး နားလည်ခြင်းမှတစ်ဆင့် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားအတွင်း၌ တွေ့ရသည့် သနားကရုဏာကို ဖော်ပြဖို့ရန် “အတုမရှိ” ဟူသည့်စကားလုံးကို သင်တို့အသုံးပြုနိုင်သလော။ ဘုရားသခင်၏ အမျက်ဒေါသသည် သူ၏အတုမရှိ ဖြောင့်မတ်သည့် စိတ်သဘောထားဆိုင်ရာ အနှစ်သာရ၏ ရှုထောင့်တစ်ခုဖြစ်သည့်အကြောင်းကို ယခင်က ပြောခဲ့သည်။ ယခု ဘုရားသခင်၏ အမျက်ဒေါသနှင့် ဘုရားသခင်၏ သနားကရုဏာဖြစ်သည့် ရှုထောင့်နှစ်ခုကို သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားအနေနှင့် ငါအဓိပ္ပာယ်ဖွင့်ဆိုမည်။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် သန့်ရှင်းသည်။ ၎င်းသည် ထိပါးစော်ကားခြင်းကိုသော်လည်းကောင်း၊ မေးခွန်းထုတ်ခြင်းကိုသော်လည်းကောင်း သည်းမခံပေ။ ၎င်းသည် ဖန်ဆင်းခံ၊ သို့မဟုတ် ဖန်ဆင်းခံမဟုတ်သည့် သတ္တဝါများထဲ၌ မည်သူကမျှ မပိုင်ဆိုင်သည့် အရာဖြစ်သည်။ နှစ်ခုစလုံးက ဘုရားသခင်အတွက် အတုမရှိဖြစ်ပြီး အထူးသီးသန့်ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ အမျက်ဒေါသသည် သန့်ရှင်းပြီး ထိပါးစော်ကား၍မရနိုင်ပေ။ ထိုနည်းတူပင် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားဆိုင်ရာ အခြားရှုထောင့်တစ်ခုဖြစ်သည့် ဘုရားသခင်၏ သနားကရုဏာသည် သန့်ရှင်းပြီး ထိပါးစော်ကား၍ မရနိုင်ပေ။ ဖန်ဆင်းခံ၊ သို့မဟုတ် ဖန်ဆင်းခံမဟုတ်သည့် မည်သည့်သတ္တဝါမဆို ဘုရားသခင်၏လုပ်ဆောင်ချက်များထဲ၌ သူ့ကို အစားထိုး၍သော်လည်းကောင်း၊ ကိုယ်စားပြု၍သော်လည်းကောင်း မရနိုင်သကဲ့သို့ သောဒုံမြို့ကို ဖျက်ဆီးခြင်း၌၊ သို့မဟုတ် နိနေဝေမြို့ကို ကယ်တင်ခြင်း၌ မည်သူကမျှ သူ့ကို အစားထိုး၍သော်လည်းကောင်း၊ ကိုယ်စားပြု၍သော်လည်းကောင်း မရနိုင်ခဲ့ပေ။ ဤသည်မှာ ဘုရားသခင်၏ အတုမရှိ ဖြောင့်မတ်သည့် စိတ်သဘောထားဆိုင်ရာ စစ်မှန်သည့် ဖော်ပြချက်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)

ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံခြင်းသည် ဧကန်အမှန် တည်ရှိသော်လည်း၊ ဘုရားသခင်သည် သူ၏ အမျက်ကို လွှတ်သည့်အချိန် ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့သည်လည်း ပြစ်မှားခြင်းကို သည်းခံမည် မဟုတ်သော ဘုရားသခင်၏ သဘောထားကို လူအား ပြသပေသည်။ လူသည် ဘုရားသခင်၏ ပညတ်များကို အပြည့်အဝ နာခံနိုင်စွမ်းရှိပြီး ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ပြုမူနိုင်စွမ်းရှိသည့်အခါ၊ ဘုရားသခင်သည် လူသားအပေါ် သူ၏ သနားကရုဏာ၌ အလျှံပယ်ဖြစ်လေသည်။ လူသည် ဖောက်ပြန်ပျက်စီးခြင်း၊ မုန်းတီးမှုနှင့် ကိုယ်တော့်ကို ရန်လိုမှုတို့ဖြင့် ပြည့်နှက်သည့်အခါတွင်၊ ဘုရားသခင်သည် အကြီးအကျယ် အမျက်ထွက်လေ၏။ သူသည် မည်သည့် အတိုင်းအတာအထိ အကြီးအကျယ် အမျက်ထွက်သနည်း။ ဘုရားသခင်သည် လူ၏ အတိုက်အခံပြုခြင်းနှင့် မကောင်းမှု ဒုစရိုက်များကို မမြင်ရတော့သည်အထိ၊ ၎င်းတို့သည် သူ၏မျက်စိရှေ့မှောက်တွင် မရှိကြတော့သည့်အထိ သူ၏အမျက်သည် ရှည်ကြာလိမ့်မည်။ ထို့နောက်တွင်မှ ဘုရားသခင်၏ အမျက်‌ဒေါသသည် ကွယ်ပျောက်လိမ့်မည်။ တစ်နည်းအား‌ဖြင့် လူသည် မည်သူဖြစ်ပါစေ၊ အကယ်၍ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်နှင့် ဝေးကွာလာပြီး ဘုရားသခင်ထံမှ လှည့်ထွက်သွားကာ၊ မည်သည့်အခါမျှ ပြန်လာခြင်းမရှိပါက၊ တွေ့မြင်ရသည်မှာ သို့မဟုတ် ၎င်းတို့၏ ဓမ္ဓဓိဌာန်မကျသော လိုအင်များအရ၊ ၎င်းတို့သည် မိမိတို့၏ ခန္ဓာကိုယ် သို့မဟုတ် မိမိတို့၏ အတွေးတွင် ဘုရားသခင်ကို မည်သို့ ကိုးကွယ်ကာ လိုက်လျှောက်ပြီး နာခံရန် ဆန္ဒရှိကြသည်ဖြစ်စေ၊ ဘုရားသခင်၏ အမျက်သည် မရပ်မနား ပွင့်အန်ထွက်မည် ဖြစ်သည်။ ယင်းမှာ လူကို လုံလောက်သော အခွင့်အရေးများ ပေးထားလျက်၊ ဘုရားသခင်သည် သူ၏ အမျက်ဒေါသကို အလွန်အမင်း ထုတ်လွှတ်သည့်အခါတွင်၊ ထုတ်လွှတ်သည်နှင့်တစ်ပြိုင်နက် ပြန်ရုပ်သိမ်းခြင်းငှာ မည်သို့မျှ ဖြစ်နိုင်မည်မဟုတ်သကဲ့သို့၊ သူသည် ထိုသို့သော လူသားမျိုးနွယ်နှင့် သက်ဆိုင်၍၊ တစ်ဖန် လုံးဝ သနားကရုဏာနှင့် သည်းခံခြင်း ရှိမည် မဟုတ်ပေ။ ဤသည်မှာ ပုန်ကန်ပြစ်မှားခြင်းကို သည်းမခံသည့် ဘုရားသခင်၏ စိတ်သဘောထား၏ တစ်ဘက်ခြမ်း ဖြစ်သည်။...သူသည် ကြင်နာမှုရှိကာ လှပပြီး ကောင်းမြတ်သောအရာများအပေါ် သည်းခံပြီး သနားကရုဏာ ရှိသည်။ ဆိုးယုတ်ပြီး အပြစ်နှင့်ပြည့်ကာ ကောက်ကျစ်သော အရာများအပေါ် သူသည် အကြီးအကျယ် အမျက်ထွက်သည်မှာ သူ၏အမျက်၌ မရပ်စဲနိုင်လောက်အောင် ဖြစ်ပေသည်။ ဤသည်တို့မှာ ဘုရားသခင်၏ စိတ်သဘောထား၏ အဓိကကျပြီး အရေးပါဆုံးသော ရှုထောင့်နှစ်ခု- အလျှံပယ်ဖြစ်သော သနားကရုဏာနှင့် အလွန် လေးနက်သော အမျက်ဒေါသ- ဖြစ်သည့်အပြင်၊ ဘုရားသခင်သည် ၎င်းတို့ကို အစမှအဆုံး ထုတ်ဖော်ပြခဲ့ပြီးဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)

လူများက ဘုရားသခင်သည် ဖြောင့်မတ်သော ဘုရားသခင် ဖြစ်ပြီး လူသည် အဆုံးထိ ဘုရားသခင်နောက်သို့ လိုက်သမျှ ကာလပတ်လုံး၊ ဘုရားသခင်သည် အဖြောင့်မတ်ဆုံး ဖြစ်သည့်အတွက်၊ သူသည် လူသားအပေါ် ဧကန်မုချ သမာသမတ်ကျလိမ့်မည်ဟု ဆိုကြသည်။ လူသည် အဆုံးထိ သူ့နောက်သို့ လိုက်ပါက၊ ဘုရားသခင်သည် လူသားကို ဘေးဖယ်ထားနိုင်မည်လော။ ငါသည် လူသားအားလုံးအပေါ် သမာသမတ်ကျကာ လူအားလုံးအား ငါ၏ ဖြောင့်မတ်သော စိတ်သဘောထားဖြင့် တရားစီရင်သည်၊ သို့သော် လူသားနှင့်သက်ဆိုင်သည့် ငါပြုသော သတ်မှတ်ချက်များအဖို့ သင့်လျော်သည့် အခြေအနေများရှိပြီး၊ ၎င်းတို့ မည်သူဖြစ်သည်ကို ပဓာနမထားဘဲ၊ ငါတောင်းဆိုသောအရာကို လူသားအားလုံး ပြီးမြောက်ရမည်။ သင်၏ အရည်အချင်းများ မည်သို့ရှိသည် သို့မဟုတ် ယင်းတို့ကို သင် မည်မျှကြာ ကိုင်စွဲပြီးဖြစ်သည် ဆိုသည်ကို ငါ ဂရုမစိုက်ပေ။ သင်သည် ငါ၏ လမ်းခရီး၌ လျှောက်လှမ်းခြင်း ရှိမရှိဆိုသည်နှင့် သမ္မာတရားကို သင်ချစ်ခြင်း သို့မဟုတ် ဆာငတ်ခြင်း ရှိမရှိဆိုသည်တို့ကိုသာ ငါ ဂရုစိုက်သည်။ သင်သည် သမ္မာတရားမရှိဘဲ၊ ယင်းအစား ဂရုစိုက်ခြင်း သို့မဟုတ် အလေးထားခြင်းမရှိဘဲ လိုက်လျှောက်ရုံမျှ လိုက်လျှောက်ရင်း၊ ငါ၏ အမည်နာမကို အရှက်ရစေကာ ငါ၏လမ်းခရီးအတိုင်း မပြုမူပါက၊ ထိုအချိန်တွင် ငါသည် သင့်ကို ဒဏ်ခတ်မည်ဖြစ်ပြီး၊ သင်၏မကောင်းမှုအတွက် သင့်ကို ငါ အပြစ်ပေးမည်၊ ထိုအခါ သင်သည် ပြောစရာ မည်သည့်အရာ ရှိလိမ့်မည်နည်း။ ဘုရားသခင်သည် မဖြောင့်မတ်ဟု သင်ပြောနိုင်လိမ့်မည်လော။ ယနေ့တွင် ငါပြောပြီးသော စကားများကို သင် အသုံးပြုပါက၊ သင်သည် ငါလက်ခံသော လူစားမျိုးဖြစ်လိမ့်မည်။ ဘုရားသခင် နောက်လိုက်စဉ်တွင်၊ သင်သည် အမြဲ ဒုက္ခဆင်းရဲ ခံစားရသည်၊ သင်သည် သူ့နောက်သို့ အေးအတူပူအမျှ လိုက်လျှောက်ပြီး ဖြစ်ကာ၊ သူနှင့် အကောင်း အဆိုး အတူဝေမျှခံစားပြီးဖြစ်သည်ဟု သင်ဆိုသော်လည်း၊ သင်သည် ဘုရားသခင်ပြောခဲ့သည့် စကားများကို အသက်ရှင်နေထိုင်ခြင်း မရှိလေပြီ။ နေ့ရက်တိုင်းတွင် သင်သည် ဘုရားသခင်အတွက် အလုပ်များကာ ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးခံရန်သာ ဆန္ဒရှိပြီး၊ အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်နေထိုင်ရန် ဘယ်သောအခါမျှ သင် မစဉ်းစားဖူးပေ။ သင်က “မည်သို့ဆိုစေ၊ ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ကျွန်ုပ် ယုံကြည်သည်။ ကျွန်ုပ် သူ့အတွက် ဒုက္ခဆင်းရဲခံပြီးဖြစ်သည်၊ သူ့အတွက် အလုပ်များပြီးဖြစ်သကဲ့သို့၊ ကျွန်ုပ်ကိုယ်ကျွန်ုပ် သူ့အတွက် ဆက်ကပ် အပ်နှံထားပြီးဖြစ်ကာ၊ မည်သည့် အသိအမှတ်ပြုခြင်းကိုမျှ မရရှိသော်လည်း၊ ကျွန်ုပ် ကြိုးစားလုပ်ဆောင်ပြီးဖြစ်သည်။ သူသည် ကျွန်ုပ်ကို အောက်မေ့သတိရမည်မှာ သေချာပါသည်” ဟုလည်း သင်ပြောသည်။ ဘုရားသခင် ဖြောင့်မတ်သည်မှာ အမှန်ဖြစ်၏။ သို့သော် ဤ ဖြောင့်မတ်ခြင်းသည် မည်သည့် မစင်ကြယ်ခြင်းနှင့်မျှ မစွန်းထင်းသကဲ့သို့၊ ယင်းသည် လူသားတို့၏ အလိုဆန္ဒ မပါရှိပေ၊ ပြီးလျှင် ဇာတိပကတိ သို့မဟုတ် လူသား၏ ကိစ္စတို့ဖြင့် စွန်းထင်းခြင်း မရှိပေ။ ပုန်ကန်တတ်ပြီး ဆန့်ကျင်သောသူအားလုံး၊ သူ၏လမ်းခရီးကို မလိုက်နာသောသူအားလုံးသည် အပြစ်ပေးခံရလိမ့်မည်။ မည်သူမျှ ခွင့်လွှတ်ခြင်းကို မခံရသကဲ့သို့၊ မည်သူ့ကိုမျှ ချမ်းသာမပေးပေ။ လူအချို့က “ယနေ့တွင် ကိုယ်တော့်အတွက် ကျွန်ုပ် အလုပ်များပါ၏။ အဆုံးသတ်ရောက်သောအခါ၊ ကျွန်ုပ်အား ကောင်းချီးအနည်းငယ် ပေးနိုင်ပါမည်လော” ဟု ဆိုသည်။ သို့ဆိုလျှင် သင့်ကို ငါမေးမည်၊ “သင်သည် ငါ့နှုတ်ကပတ်တော်များကို လိုက်နာစောင့်ထိန်းပြီးပြီလော။” သင်ပြောဆိုသော ဖြောင့်မတ်မှုသည် အရောင်းအဝယ် တစ်ခုအပေါ် မှီတည်နေသည်။ ငါသည် ဖြောင့်မတ်ပြီး လူသားအားလုံးအပေါ် သမာသမတ်ကျကာ တကယ့်အဆုံးထိ ငါ့နောက်လိုက်သူအားလုံးသည် ကယ်တင်ခြင်းကို ခံရပြီး ငါ၏ ကောင်းချီးမင်္ဂလာများကို ရရှိဖို့ သေချာသည်ဟုသာ သင်ထင်သည်။ “တကယ့်အဆုံးထိ ငါ့နောက်သို့ လိုက်သောသူ အားလုံးသည် ကယ်တင်ခံရဖို့ သေချာသည်” ဟူသော ငါ့နှုတ်ကပတ်တော်များတွင် သိုဝှက်သော အဓိပ္ပာယ်ရှိသည်- တကယ့်အဆုံးထိ ငါ့နောက်သို့ လိုက်သောသူတို့သည် ငါ၏ အပြည့်အဝ ရယူခြင်း ခံရမည့်သူများ ဖြစ်သည်၊ ၎င်းတို့သည် ငါ၏ သိမ်းပိုက်ခြင်းခံရပြီးနောက် သမ္မာတရားကို ရှာဖွေကာ စုံလင်စေခြင်း ခံကြရသူများဖြစ်သည်။ မည်သည့် သတ်မှတ်ချက်များကို သင် စွမ်းဆောင်ရရှိပြီး ပြီနည်း။ သင်သည် တကယ့်အဆုံးထိ ငါ့နောက်လိုက်ခြင်းကိုသာ စွမ်းဆောင်ရရှိပြီး ဖြစ်သည်၊ သို့သော် အခြားမည်သည့်အရာရှိသေးသနည်း။ ငါ့စကားများကို သင် လိုက်နာစောင့်ထိန်းပြီးပြီလော။ သင်သည် ငါ၏ သတ်မှတ်ချက် ငါးခုထဲမှ တစ်ချက်ကိုပြီးမြောက်ပြီးဖြစ်သော်လည်း၊ ကျန်ရှိသော လေးချက်ကို ပြီးမြောက်ရန် သင် မည်သည့် ရည်ရွယ်ချက်မျှ မရှိပေ။ သင်သည် အရိုးရှင်းဆုံး၊ အလွယ်ကူဆုံးလမ်းကိုသာ တွေ့ရှိပြီးဖြစ်ကာ၊ ကံကောင်းဖို့သာ မျှော်လင့်နေသည့် သဘောထားတစ်ခုဖြင့် ယင်းကို လိုက်စားပြီး ဖြစ်သည်။ သင်ကဲ့သို့သော ထိုလူတစ်ဦးအပေါ် ငါ၏ ဖြောင့်မတ်သော စိတ်သဘောထားသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းထဲမှ တစ်ခု ဖြစ်သည်။ ယင်းသည် ဖြောင့်မတ်သော ဒဏ်ခတ်ခံခြင်းတစ်ခုဖြစ်ပြီး ယင်းသည် မကောင်းမှု ပြုလုပ်သူအားလုံးနှင့်ဆိုင်သည့် ဖြောင့်မတ်သော ပြစ်ဒဏ်ပေးခြင်း ဖြစ်သည်။ ငါ့လမ်း၌ မလျှောက်လှမ်းသော သူအားလုံးသည် တကယ့်အဆုံးထိ ၎င်းတို့လိုက်လျှောက်လျှင်ပင် ဧကန်မုချ အပြစ်ပေး ခံရလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ဖြစ်၏။ ဤဖြောင့်မတ်သော စိတ်သဘောထားကို လူသားအား ပြစ်ဒဏ်ပေးရာတွင် ဖော်ပြသည့်အခါ၊ လူသားသည် မှင်တက်ကာ၊ ဘုရားသခင် နောက်သို့လိုက်စဉ် ဘုရားသခင်၏လမ်းခရီး၌ မလျှောက်ခဲ့သည်ကို သူနောင်တရလိမ့်မည်။ “ထိုအချိန်တွင်၊ ဘုရားသခင် နောက်လိုက်စဉ် ငါသည် အနည်းငယ်သာ ဒုက္ခခံစားခဲ့သော်လည်း ဘုရားသခင်၏လမ်းခရီး၌ မလျှောက်လှမ်းခဲ့ပါ။ မည်သည့်ဆင်ခြေများ ရှိသနည်း။ ပြစ်တင်ဆုံးမခံရခြင်းမှလွဲ၍ အခြားရွေးချယ်စရာမရှိပါ။” သို့တိုင် သူ့စိတ်ထဲတွင် သူက၊ “မည်သို့ပင်ဆိုစေ၊ တကယ့်အဆုံးထိ ကျွန်ုပ် လိုက်လျှောက်ပြီး ဖြစ်သည်။ ထို့ကြောင့် ကိုယ်တော် ကျွန်ုပ်ကို ပြစ်တင်ဆုံးမလျှင်ပင်၊ ယင်းသည် အလွန်ပြင်းထန်သော ပြစ်တင်ဆုံးမခြင်း မဖြစ်နိုင်သကဲ့သို့၊ ဤပြစ်တင်ဆုံးမမှုကို အရယူပြီးနောက် ကိုယ်တော်သည် ကျွန်ုပ်ကို အလိုရှိလိမ့်ဦးမည် ဖြစ်သည်။ ကိုယ်တော်သည် ဖြောင့်မတ်သကဲ့သို့၊ ကျွန်ုပ်အား ထိုနည်းဖြင့် အစဉ်ထာဝရ ဆက်ဆံလိမ့်မည် မဟုတ်သည်ကို ကျွန်ုပ် သိပါ၏။ အဆုံးတွင်တော့၊ ကျွန်ုပ်သည် ရှင်းထုတ်ခြင်း ခံရမည့် သူများနှင့် မတူပါ။ ရှင်းထုတ်ခြင်း ခံရမည့်သူများသည် ပြင်းထန်သော ပြစ်တင်ဆုံးမခြင်း တစ်ခုကို ရရှိလိမ့်မည်ဖြစ်သည်၊ ကျွန်ုပ်၏ ပြစ်တင်ဆုံးမခြင်းမှာမူ သာ၍ပေါ့ပါးလိမ့်မည်” ဟု တွေးနေပေသည်။ ဖြောင့်မတ်သော စိတ်သဘောထားသည် သင်ပြောသကဲ့သို့ မဟုတ်ပေ။ မိမိတို့ အပြစ်များကို ဝန်ခံရာတွင် တော်သည့်သူများကို သက်ညှာစွာ ဆက်ဆံသည်မှာ မဟုတ်ပေ။ ဖြောင့်မတ်ခြင်းသည် သန့်ရှင်းခြင်းဖြစ်ပြီး လူသား၏ ပုန်ကန်ပြစ်မှားမှုကို သည်းမခံသော စိတ်သဘောထားတစ်ခု ဖြစ်ကာ၊ ညစ်ညူးသော အရာများ နှင့် မပြောင်းလဲသောအရာများ အားလုံးသည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်း ခံရသော အရာဖြစ်သည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် ပညတ်ချက်မဟုတ်ဘဲ၊ စီမံအုပ်ချုပ်မှုဆိုင်ရာ အမိန့်ဖြစ်သည်- ယင်းသည် နိုင်ငံတော်အတွင်းရှိ စီမံအုပ်ချုပ်မှုဆိုင်ရာ အမိန့်ဖြစ်ပြီး၊ ဤစီမံအုပ်ချုပ်မှုဆိုင်ရာ အမိန့်သည် သမ္မာတရားကို မပိုင်ဆိုင်သကဲ့သို့၊ မပြောင်းလဲသေးသောသူ မည်သူမဆိုနှင့်ဆိုင်သည့် ဖြောင့်မတ်သော အပြစ်ပေးခြင်းဖြစ်ကာ၊ ကယ်တင်ခြင်းအတွက် အကန့်အသတ်အတိုင်းအတာ မရှိပေ။ အကြောင်းမှာ လူအသီးသီးသည် အမျိုးအစားအလိုက် ခွဲခြားသည့်အခါ၊ ကောင်းသောသူများသည် ဆုလာဘ်ချီးမြှင့်ခံရမည်ဖြစ်ပြီး ဆိုးယုတ်သောသူများသည် အပြစ်ပေးခြင်းကို ခံရမည်ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းသည် လူ၏ခရီးပန်းတိုင်ကို ရှင်းလင်းစေလိမ့်မည့် အချိန် ဖြစ်သည်။ ကယ်တင်ခြင်းအမှု အဆုံးသတ်မည့် အချိန်ဖြစ်သည်၊ ယင်းနောက်တွင် လူကိုကယ်တင်ခြင်း အမှုကို နောက်ထပ် လုပ်ဆောင်တော့မည်မဟုတ်သကဲ့သို့၊ ဒဏ်ခတ်ခံရခြင်းသည် မကောင်းမှုကို ကျူးလွန်သူတိုင်းအပေါ်သို့ ကျရောက်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ

မည်သည့်အရာက တရားစီရင်မှု ဖြစ်ပြီး မည်သည့်အရာက သမ္မာတရား ဖြစ်သည်ကို ယခု သင်နားလည်သလော။ သင်နားလည်ပါက၊ တရားစီရင်ခံရခြင်းအဖြစ်ကို ကျိုးနွံစွာ နာခံဖို့ သင့်ကို ငါ တိုက်တွန်း၏၊ သို့မဟုတ်ပါက သင်သည် ဘုရားသခင်၏ ချီးကျူးခံရမည့် သို့မဟုတ် သူ၏နိုင်ငံတော်ထဲသို့ သူ၏ ခေါ်ဆောင်ခြင်းကို ခံရမည့် အခွင့်အရေးကို မည်သည့်အခါတွင်မျှ ရလိမ့်မည် မဟုတ်ပေ။ တရားစီရင်ခြင်းကိုသာ လက်ခံသော်လည်း၊ မည်သည့်အခါမျှ သန့်စင်မခံရနိုင်သော သူတို့သည်၊ ဆိုလိုသည်မှာ တရားစီရင်ခြင်းအမှု အလယ်၌ ထွက်ပြေးသောသူများသည် ဘုရားသခင်၏ စက်ဆုပ်မှုနှင့် ငြင်းပယ်မှုကို ထာဝရ ခံကြရလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ကို သစ္စာဖောက်ခဲ့ပြီးဖြစ်ကာ ပုန်ကန်ခဲ့ကြပြီးဖြစ်သည့်အတွက်၊ ၎င်းတို့၏ အပြစ်များသည် ဖာရိရှဲတို့၏ပြစ်များထက် သာလွန်များပြားကာ၊ သာ၍ ဆိုးရွားလေသည်။ အစေခံခြင်းကို လုပ်ဆောင်ရန်ပင် မထိုက်တန်သည့် ထိုသို့သောလူများသည် သာ၍ ပြင်းထန်သော အပြစ်ဒဏ်၊ ထို့အပြင် ထာဝရတည်တံ့သည့် အပြစ်ဒဏ်တစ်ခုကို ရရှိမည်ဖြစ်သည်။ ဘုရားသခင်သည် သူ့ကို တစ်ချိန်က စကားဖြင့် သစ္စာစောင့်သိမှု ပြခဲ့ကြသော်လည်း၊ ထို့နောက် သစ္စာဖောက်သွားသော မည်သည့်သစ္စာဖောက်ကိုမျှ ချမ်းသာပေးလိမ့်မည် မဟုတ်ပေ။ ဤကဲ့သို့သော လူတို့သည် စိတ်၊ ဝိညာဉ်နှင့် ကိုယ်ခန္ဓာတို့၏ အပြစ်ဒဏ်ပေးခြင်းမှတစ်ဆင့် ဒဏ်ခတ်မှုကို ရရှိကြလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထား၏ တိကျစွာ ဖွင့်ပြခြင်းတစ်ခု ဖြစ်သည် မဟုတ်လော။ ဤသည်မှာ လူသားကို တရားစီရင်ခြင်းနှင့် ထုတ်ဖော်ခြင်းတို့တွင် ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် တရားစီရင်ရာ အချိန်ကာလအတောအတွင်းတွင် ဆိုးယုတ်သော လုပ်ဆောင်ချက်မျိုးစုံကို ဆောင်ရွက်သူအားလုံးကို ဆိုးယုတ်သော ဝိညာဉ်များ သောင်းကျန်းသည့် နေရာတစ်ခုဆီသို့ လွှဲအပ်ပြီး၊ ဤဆိုးယုတ်သော ဝိညာဉ်များကို ၎င်းတို့၏ အသွေးအသားခန္ဓာအား စိတ်ကြိုက်ဖျက်ဆီးခွင့် ပေးကာ၊ ထိုလူတို့၏ ခန္ဓာကိုယ်များသည် အလောင်းကောင်အပုပ်နံ့ ထုတ်လွှတ်လေသည်။ ယင်းမှာ ၎င်းတို့နှင့် သင့်တော်သော ဒဏ်ခတ်ခြင်း ဖြစ်သည်။ ဘုရားသခင်သည် သစ္စာမရှိသော အယောင်ဆောင်ယုံကြည်သူများ၊ အယောင်ဆောင် တမန်တော်များနှင့် အယောင်ဆောင် အမှုတော်ဆောင်များ အယောက်စီ၏ အပြစ်များ တစ်ခုစီတိုင်းကို ၎င်းတို့၏ မှတ်တမ်းစာအုပ်များထဲတွင် ရေးမှတ်၏။ ထို့နောက် အချိန်ကျသောအခါတွင်၊ ၎င်းတို့အနေဖြင့် မည်သည့်အခါတွင်မျှ လူမဝင်စားနိုင်ဖို့နှင့် မည်သည့်အခါတွင်မျှ အလင်းကို တစ်ဖန် မမြင်နိုင်ကြဖို့အလို့ငှာ၊ သူသည် ညစ်ညမ်းသော ဝိညာဉ်များအား ၎င်းတို့၏ ခန္ဓာတစ်ခုလုံးကို စိတ်ကြိုက် ဖျက်ဆီးရမ်းကားစေခွင့် ပြုလျက်၊ ၎င်းတို့ကို ဤညစ်ညမ်းသော ဝိညာဉ်များအလယ်သို့ ပစ်လိုက်သည်။ ၎င်းတို့သည် ယုတ်မာသူတို့၏ တိုက်တွန်းခြင်းသို့ လိုက်ကြပြီး ၎င်းတို့၏ ဖရိုဖရဲ ဖြစ်နေသော ဝရုန်းသုန်းကား လူအုပ်တွင် ပါဝင်ဖို့အလို့ငှာ၊ အချိန်တစ်ခုကြာ အစေခံခြင်း ပြုကြသော်လည်း၊ အဆုံးတိုင် သစ္စာစောင့်သိနေနိုင်စွမ်း မရှိကြသည့် သူတော်ကောင်းအယောင်ဆောင်များကို ဘုရားသခင်သည် ယုတ်မာသူတို့ အထဲတွင် ထည့်တွက်၏။ နောက်ဆုံးတွင် ဘုရားသခင်သည် ၎င်းတို့ကို အမြစ်ဖြတ် ချေမှုန်းလိမ့်မည်။ ခရစ်တော်ကို မည်သည့်အခါတွင်မျှ သစ္စာမစောင့်သိခဲ့သည့် သို့မဟုတ် မိမိတို့၏ခွန်အားဖြင့် မည်သည့်အခါတွင်မျှ ကူညီပံ့ပိုးခြင်းမရှိသော သူတို့ကို ဘုရားသခင်သည် ဖယ်ထုတ်၍ ဂရုပြုခြင်းမရှိဘဲ၊ ခေတ်အပြောင်းအလဲတွင် ၎င်းတို့အားလုံးကို အမြစ်ဖြတ် ချေမှုန်းလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရာလမ်းကိုရရှိရန် မဆိုထားနှင့်၊ ကမ္ဘာမြေပေါ်တွင်ပင် တည်ရှိတော့မည် မဟုတ်ပေ။ ဘုရားသခင်အပေါ် မည်သည့်အခါတွင်မျှ စိတ်ရင်းမမှန်ခဲ့ကြဘဲ၊ သူ့ကို ဝတ်ကျေတမ်းကျေ ဆက်ဆံရန် အခြေအနေဖြင့် တွန်းအားပေးခြင်းခံရသူတို့သည် ဘုရားသခင်၏လူတို့အတွက် အစေခံသောသူတို့အထဲတွင် ထည့်တွက်ခြင်းခံရကြ၏။ ထိုသို့သော လူများထဲမှ အရေအတွက် အနည်းငယ်သာ ရှင်ကျန်ရစ်မည် ဖြစ်သော်လည်း၊ အများစုသည် အစေခံခြင်းကို လုပ်ဆောင်ရန်ပင် အရည်အချင်း မပြည့်မီကြသော သူတို့နှင့်အတူ ပျက်စီးကြရလိမ့်မည်။ နောက်ဆုံးတွင်၊ ဘုရားသခင်နှင့် စိတ်သဘောတူညီသူများ၊ ဘုရားသခင်၏ လူများနှင့်သားများ၊ ပြီးလျှင် ယဇ်ပရောဟိတ်များအဖြစ် ဘုရားသခင်က ကြိုတင်ခွဲခန့် မှတ်သားထားသော သူများအားလုံးကို ဘုရားသခင်သည် သူ၏နိုင်ငံတော်ထဲသို့ ဆောင်ကြဉ်းလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်၏အမှု၏ အကျိုးရလဒ် ဖြစ်လိမ့်မည်။ ဘုရားသခင် ချမှတ်ထားသော အမျိုးအစားတစ်ခုတစ်လေထဲတွင် သတ်မှတ်ခြင်း မခံရနိုင်သောသူများကိုမူ မယုံကြည်သူများအထဲတွင် ထည့်တွက်ခြင်း ခံရလိမ့်မည်- ပြီးလျှင် ၎င်းတို့၏ရလဒ် အဘယ်အရာ ဖြစ်မည်ကို သင်တို့အနေဖြင့် ဧကန်မုချ စိတ်ကူးကြည့်နိုင်သည်။ ငါပြောသင့်သည့် အရာအားလုံးကို သင်တို့အား ငါပြောနှင့်ပြီး ဖြစ်သည်။ သင်တို့ရွေးချယ်သောလမ်းမှာ သင်တို့၏ ရွေးချယ်မှု ချည်းသက်သက်သာ ဖြစ်သည်။ သင်တို့နားလည်သင့်သည့်အရာမှာ ဤသို့ဖြစ်၏- ဘုရားသခင်၏အမှုသည် သူ့ကို မီအောင် မလိုက်နိုင်သောသူ မည်သူမဆိုကို လုံးဝ မစောင့်ဆိုင်းသကဲ့သို့၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် မည်သည့် လူသားကိုမျှ သနားညှာတာမှု မပြပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏

အားလုံးသည် ငါ၏စကားများဖြင့် ပြီးမြောက်ရလိမ့်မည်။ မည်သည့်လူသားမျှ မပါဝင်နိုင်သကဲ့သို့၊ ငါ ဆောင်ရွက်မည့် အမှုကို မည်သည့်လူသားမျှ မလုပ်ဆောင်နိုင်။ ငါသည် နယ်မြေအားလုံး၏ လေထုကို သန့်စင်စေမည်ဖြစ်ပြီး ကမ္ဘာမြေပေါ်တွင် နတ်ဆိုးတို့ကို အရိပ်အယောင် အားလုံးကို အမြစ်ဖြတ်မည်။ ငါသည် စတင်နှင့်ပြီဖြစ်ကာ၊ အဆင်းနီသောနဂါးကြီး၏ နေထိုင်ရာနေရာတွင် ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ငါ့အမှု၏ ပထမအဆင့်ကို စတင်မည်။ ထို့ကြောင့် ငါသည် နယ်မြေအားလုံးကို ကြည့်ရှုသည့်အတွက်၊ စကြဝဠာတစ်ခုလုံးအပေါ်သို့ ငါ၏ ပြစ်တင်ဆုံးမခြင်း ကျရောက်ပြီးဖြစ်ကာ အဆင်းနီသောနဂါးကြီးနှင့် ညစ်ညူးသော ဝိညာဉ်မျိုးစုံတို့သည် ငါ၏ ပြစ်တင်ဆုံးမမှုမှ လွတ်မြောက်နိုင်စွမ်း မရှိသည်ကို တွေ့နိုင်ပေသည်။ မြေကြီးပေါ်တွင် ငါ၏အမှု ပြီးစီးသည့်အခါ၊ ဆိုလိုသည်မှာ တရားစီရင်ရာကာလ အဆုံးသတ်သည့်အခါတွင်၊ ငါသည် အဆင်းနီသောနဂါးကြီးကို တရားဝင် ပြစ်တင်ဆုံးမမည်။ ငါ၏လူတို့သည် အဆင်းနီသောနဂါးကြီးအပေါ် ငါ၏ဖြောင့်မတ်သည့် ပြစ်တင်ဆုံးမမှုကို တွေ့ကြရလိမ့်မည်၊ ငါ၏ဖြောင့်မတ်မှုကြောင့် ချီးမွမ်းခြင်းကို ဧကန်မုချ သွန်းလောင်းကြလိမ့်မည် ဖြစ်ပြီး၊ ငါ၏ဖြောင့်မတ်ခြင်းကြောင့် ငါ၏ သန့်ရှင်းသော နာမကို ဧကန်မုချ အစဉ်ချီးကျူးထောမနာ ပြုကြလိမ့်မည်။ ထို့ကြောင့် သင်တို့သည် သင်တို့၏တာဝန်ကို တရားဝင် ထမ်းဆောင်ကြလိမ့်မည် ဖြစ်ပြီး၊ နယ်မြေတစ်လျှောက်လုံးတွင် ငါ့ကို ကာလအစဉ်အဆက် တရားဝင် ချီးမွမ်းကြလိမ့်မည်။

တရားစီရင်ခြင်း ကာလသည် ယင်း၏ အထွတ်အထိပ်သို့ ရောက်သောအခါ၊ ငါ၏အမှုကို အဆုံးသတ်ဖို့ ငါအလျင်အမြန် ဆောင်ရွက်မည် မဟုတ်ဘဲ၊ ယင်းထဲသို့ ပြစ်တင်ဆုံးမခြင်း ကာလ၏ သက်သေအထောက်အထားကို ပေါင်းစပ်လိမ့်မည်ဖြစ်ပြီး၊ ဤသက်သေအထောက်အထားကို ငါ၏လူအပေါင်းတို့အား တွေ့မြင်ခွင့်ပေးမည်။ ဤအရာတွင် သာ၍ကြီးမားသော အကျိုးအမြတ် ဖြစ်ထွန်းလိမ့်မည်။ ဤသက်သေအထောက်အထားသည် အဆင်းနီသောနဂါးကြီးအား ငါ၏ ပြစ်တင်ဆုံးမသည့် နည်းလမ်းဖြစ်ပြီး၊ ငါ၏လူများသည် ငါ၏စိတ်သဘောထားကို ပို၍ သိကြစေဖို့အလို့ငှာ၊ ၎င်းတို့၏ကိုယ်ပိုင် မျက်စိများဖြင့် ယင်းကို ငါရှုမြင်စေမည်။ ငါ၏ လူများက ငါ့ကို မွေ့လျော်ကြချိန်သည် အဆင်းနီသောနဂါးကြီး ပြစ်တင်ဆုံးမခံရသည့်အချိန် ဖြစ်သည်။ အဆင်းနီသောနဂါးကြီး၏လူများကို ထကြွစေပြီး ၎င်းကို တော်လှန်စေခြင်းသည် ငါ၏အစီအစဉ်ဖြစ်ပြီး၊ ဤသည်မှာ ငါ၏လူများကို ငါစုံလင်စေသည့်နည်းစနစ်ဖြစ်ကာ ငါ၏ လူအားလုံးအတွက် ယင်းသည် အသက်တာ၌ ကြီးထွားဖို့ ကြီးမားသော အခွင့်အရေးတစ်ခု ဖြစ်သည်။...ယနေ့တွင် ငါသည် လူသားနှင့် ဘေးချင်းယှဉ်လျက် ရှေ့သို့သွားရင်း၊ ပြစ်တင်ဆုံးမခြင်းကာလထဲသို့ လူသားနှင့်အတူ တက်လှမ်းသည်။ ငါသည် ငါ၏အမှုကို လုပ်ဆောင်လျက်ရှိ၏၊ ဆိုလိုသည်မှာ ငါသည် ငါ၏လှံတံကို လူသားများအလယ် ရိုက်ချပြီး ယင်းသည် လူသားအထဲက ပုန်ကန်တတ်သောအရာပေါ်သို့ ကျရောက်၏။ လူသား၏ အမြင်တွင်၊ ငါ၏လှံတံသည် အထူးတန်ခိုးများ ရှိပုံရလေသည်။ ယင်းသည် ငါ့ရန်သူဖြစ်သော သူအားလုံးအပေါ်သို့ ကျရောက်လာပြီး ၎င်းတို့ကို အလွယ်တကူ ချမ်းသာမပေးပေ။ ငါ့ကို ဆန့်ကျင်သူအားလုံးအလယ်တွင်၊ လှံတံသည် ၎င်း၏ ရှိရင်းစွဲ လုပ်ငန်းဆောင်တာကို ထမ်းဆောင်သည်။ ငါ့လက်ထဲတွင် ရှိသူအားလုံးသည် ငါ၏ရည်ရွယ်ချက်နှင့်အညီ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ကြပြီး၊ ငါ၏ဆန္ဒများကို ၎င်းတို့ လုံးဝ ဖီဆန်ဖူးခြင်းမရှိ၊ သို့မဟုတ် ၎င်းတို့၏အနှစ်သာရကို မည်သည့်အခါမျှ ပြောင်းလဲဖူးခြင်း မရှိကြချေ။ အကျိုးဆက်အနေဖြင့် ရေများသည် ဟုန်းဟုန်းမြည်ကြလိမ့်မည်၊ တောင်များ ပြိုလဲကြလိမ့်မည်၊ မြစ်ကြီးများ ပြိုကွဲကြလိမ့်မည်၊ လူသားသည် အစဉ် ပြောင်းလဲသွားလိမ့်မည်၊ နေသည် တိုး၍ မှိန်သွားလိမ့်မည်၊ လသည် မှောင်သွားမည်၊ လူသားသည် အေးချမ်းမှုဖြင့် အသက်ရှင်ခြင်း နေ့ရက်များ နောက်ထပ် ရှိတော့မည်မဟုတ်၊ မြေပေါ်တွင် ငြိမ်သက်အေးချမ်းသည့်အချိန်များ ရှိတော့မည် မဟုတ်၊ ကောင်းကင်တို့သည် တစ်ဖန် မည်သည့်အခါမျှ တည်ကြည်ကာ ဆိတ်ငြိမ်လိမ့်မည် မဟုတ်သကဲ့သို့ အဓွန့်ရှည်စွာ တည်တံတော့မည် မဟုတ်ပေ။ အရာခပ်သိမ်းသည် အသစ်ပြုပြင်ခံရလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ မူလအသွင်ကို ပြန်ရကြလိမ့်မည်။ ကမ္ဘာမြေပေါ်ရှိ အိမ်ထောင်စုအပေါင်းသည် တစ်ကွဲတစ်ပြားစီဖြစ်လိမ့်မည်ဖြစ်ပြီး၊ မြေကြီးပေါ်ရှိ တိုင်းနိုင်ငံအားလုံး အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲလိမ့်မည်။ ခင်ပွန်းနှင့် ဇနီးသည်တို့အကြား ပြန်လည်ပေါင်းစည်းသည့် နေ့ရက်များ ကုန်ဆုံးလိမ့်မည်၊ အမိနှင့်သားတို့ တစ်ဖန်ပြန်တွေ့တော့မည်မဟုတ်၊ အဖနှင့်သမီးတို့ မည်သည့်အခါမျှ တစ်ဖန်ပြန်ဆုံတော့မည် မဟုတ်ပေ။ မြေကြီးပေါ် ရှိဖူးသော အရာအားလုံးကို ငါ ချေမှုန်းမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၈)

ငါ့ကိုချစ်ပြီး မိမိကိုယ်ကို ငြင်းပယ်သူတို့အား ငါ၏သနားကရုဏာကို ဖော်ပြ၏။ သို့သော်လည်း ကောက်ကျစ်စဉ်းလဲသူတို့အပေါ် ကျရောက်သည့် အပြစ်ဒဏ်မှာ ငါ၏ဖြောင့်မတ်သော စိတ်သဘောထား၏ သက်သေအတိအကျဖြစ်ပြီး ငါ့အမျက်ဒေါသအား သက်သေခံချက် သာ၍ပင် ဖြစ်၏။ ဘေးဒုက္ခ ရောက်လာသည့်အခါ ငါ့ကိုဆန့်ကျင်သူ အားလုံးသည် ၎င်းတို့အပေါ် အငတ်ဘေးနှင့် ကပ်ဆိုးကျရောက်သည်နှင့်အမျှ ငိုကြွေးကြလိမ့်မည်။ ကောက်ကျစ် စဉ်းလဲမှုအမျိုးမျိုး ကျူးလွန်ခဲ့သော်လည်း ငါ့နောက်သို့ နှစ်ပေါင်းများစွာ လိုက်ခဲ့သူများသည် မိမိတို့၏အပြစ်များအတွက် ပေးဆပ်ရခြင်းမှ လွတ်မြောက်လိမ့်မည် မဟုတ်။ ၎င်းတို့သည်လည်း နှစ်သန်းပေါင်းများစွာ တစ်လျှောက်လုံး မြင်တွေ့ရခဲသော ဘေးဒုက္ခမျိုးထဲသို့ ထိုးဆင်း၍ စဉ်ဆက်မပြတ် ထိတ်လန့်တုန်လှုပ်၊ ကြောက်ရွံ့ခြင်း၌ အသက်ရှင်ရလိမ့်မည်။ ထို့အပြင် ငါ့အပေါ်၌ သစ္စာစောင့်သိမှုကို ပြသပြီးဖြစ်သော ငါ၏နောက်လိုက်များသည် ဝမ်းမြောက်၍ ငါ၏အစွမ်းသတ္တိကို ချီးမွမ်းကြလိမ့်မည်။ သူတို့သည် ပြောမပြနိုင်လောက်သော ရောင့်ရဲတင်းတိမ်မှုကို ကြုံတွေ့ရပြီး ယခင်က လူသားမျိုးနွယ်အပေါ် ငါမနှင်းအပ်ခဲ့ဖူးသော ဝမ်းမြောက်ခြင်းအလယ် အသက်ရှင်ကြလိမ့်မည်။ အကြောင်းမူကား ငါသည် လူသား၏ ကောင်းမွန်သော လုပ်ဆောင်ချက်များကို တန်ဖိုးထား၍ ၎င်းတို့၏ ဆိုးယုတ်သော လုပ်ဆောင်ချက်များကို စက်ဆုပ်သောကြောင့်ဖြစ်၏။ ငါသည် လူသားမျိုးနွယ်ကို စတင်ဦးဆောင်ခဲ့စဉ်မှစ၍ ငါ၏စိတ်တော်နှင့် တညီတညွတ်တည်းဖြစ်သော လူတစ်စုကိုရရှိရန် စိတ်အားထက်သန်စွာဖြင့် မျှော်လင့်နေခဲ့သည်။ သို့သော်လည်း ငါ၏စိတ်တော်နှင့် တညီတညွတ်တည်း မရှိသောသူတို့ကိုမူ ငါသည် မည်သည့်အခါမျှ မေ့လျော့ခြင်း မရှိပေ။ ထိုသူတို့အပေါ် အပြစ်ဒဏ်ခတ်ရန် အခွင့်အရေးကို မြင်တွေ့ရလျှင် ငါသည် သဘောတွေ့မည် ဖြစ်ပြီး၊ ယင်းအခွင့်အရေးကိုသာ စောင့်စားလျက် ငါ့နှလုံးသားထဲတွင် သူတို့ကို ငါအမြဲတစေ စက်ဆုပ်ရွံရှာ၏။ ယခု ငါ၏နေ့ရက်သည် နောက်ဆုံးတွင် ရောက်လာပြီဖြစ်ပြီး ငါသည် ဆက်လက် စောင့်ဆိုင်းရန် မလိုတော့ပေ။

ငါ၏နောက်ဆုံးအလုပ်သည် လူသားကို အပြစ်ပေးရန်အတွက်သာ မဟုတ်ဘဲ၊ လူသား၏ ပန်းတိုင်ကို စီစဉ်ရန် အတွက်လည်းဖြစ်၏။ ထိုထက်မက ယင်းသည် ငါ၏ ပြုမူလုပ်ဆောင်ချက်များကို လူအားလုံး အသိအမှတ်ပြုရန်အလို့ငှာ ဖြစ်သည်။ ငါပြုလုပ်ခဲ့သည့် အမှုအရာအားလုံးသည် မှန်ကန်ကြောင်းနှင့် ငါပြုလုပ်ခဲ့သည့် အမှုအရာ အားလုံးသည် ငါ၏ စိတ်သဘောထားကို ဖော်ပြခြင်းဖြစ်ကြောင်း လူခပ်သိမ်းတို့အား ငါသိစေလို၏။ လူသားမျိုးနွယ်ကို မွေးဖွားခဲ့သည့်အရာသည် လူသား၏လုပ်ဆောင်ချက် မဟုတ်၊ သဘာဝကြောင့် သာ၍ပင်မဟုတ်ဘဲ ဖန်ဆင်းခြင်းတွင် သက်ရှိအရာတိုင်းကို အာဟာရပေးသည်မှာ ငါ ဖြစ်သည်။ ငါမရှိလျှင် လူသားမျိုးနွယ်သည် ပျက်စီးခြင်းသို့သာ ရောက်ပြီး ကပ်ဘေးများစွာ၏ဒုက္ခကို ခံစားရလိမ့်မည်။ လှပသည့်နေနှင့်လ သို့မဟုတ် စိမ်းလန်းစိုပြေသည့် ကမ္ဘာမြေကို မည်သည့်လူသားမျှ နောက်ထပ် မြင်တွေ့ရလိမ့်မည် မဟုတ်ပေ။ လူသားမျိုးနွယ်သည် အလွန်အေးစက်သော ညများနှင့် ရှောင်လွှဲမရသည့် သေမင်း၏အရိပ်လွှမ်းမိုးသော ချိုင့်ဝှမ်းနှင့်သာ ကြုံတွေ့ရလိမ့်မည်။ ငါသာလျှင် လူသားမျိုးနွယ်၏ တစ်ခုတည်းသော ကယ်တင်ရာဖြစ်၏။ ငါသာလျှင် လူသားမျိုးနွယ်၏ တစ်ခုတည်းသော မျှော်လင့်ရာ ဖြစ်သည်သာမက၊ ငါသည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ တည်ရှိခြင်းအတွက် တည်မှီရာဖြစ်သည်။ ငါမရှိလျှင် လူသားမျိုးနွယ်သည် ချက်ချင်း လုံးဝဥဿုံရပ်တန့်သွားမည်။ ငါ့ကို မည်သူမျှ အလေးမစိုက်သော်လည်း၊ ငါမရှိလျှင် လူသားမျိုးနွယ်သည် ရုတ်တရက် ဖြစ်ပွားသည့် ကပ်ဘေးဒဏ်ခံရပြီး တစ္ဆေအမျိုးမျိုးတို့၏ ဖဝါးအောက် နင်းချေခြင်းခံရလိမ့်မည်။ အခြားမည်သူမျှ မပြုနိုင်သည့်အမှုကို ငါပြုခဲ့ပြီဖြစ်ပြီး လူသားသည် ငါ့ကို အချို့သော ကောင်းမှုများဖြင့် ကျေးဇူးပြန်ဆပ်ရန်သာ ငါမျှော်လင့်သည်။ ငါ့ကို ကျေးဇူးဆပ်နိုင်သူတို့မှာ အလွန်နည်းပါးသော်လည်း၊ ငါသည် ဤလူ့လောကတွင် ငါ၏ခရီးကို အဆုံးသတ်ပြီး ငါ၏ဖွင့်လှစ်ပြခြင်းအမှု၏ နောက်တစ်ဆင့်ကို စတင်ဦးမည် ဖြစ်သည်၊ အကြောင်းမူကား ဤနှစ်ပေါင်းများစွာ လူသားအကြား ငါ၏ခေါက်တုံ့ခေါက်ပြန် အပူတပြင်း လုပ်ဆောင်မှုသည် အကျိုးဖြစ်ထွန်းပြီးဖြစ်၍ ငါသည် အလွန်ကျေနပ်၏။ ငါအရေးစိုက်သည်မှာ လူအရေအတွက် မဟုတ်ဘဲ၊ သူတို့၏ ကောင်းမှုများသာ ဖြစ်၏။ မည်သို့ပင်ဖြစ်စေကာမူ သင်တို့ကိုယ်တိုင်၏ ပန်းတိုင်အတွက် ကောင်းမှုများအလုံအလောက် သင်တို့ပြင်ဆင်မည်ဟု ငါမျှော်လင့်၏။ ထိုအခါ ငါကျေနပ်လိမ့်မည်။ သို့မဟုတ်ပါက သင်တို့ အပေါ်ကျရောက်လာမည့် ဘေးအန္တရာယ်ကို သင်တို့တစ်ဦးမျှ ရှောင်နိုင်မည် မဟုတ်။ ဤဘေးဒုက္ခသည် ငါ့ထံမှစတင်၍ ငါစီစဉ်ညွှန်ကြားခြင်း ဖြစ်သည်မှာ မှန်ပေသည်။ ငါ၏အမြင်၌ သင်တို့သည် ကောင်းမွန်ပုံ မပေါက်လျှင် သင်တို့သည် ဘေးဒုက္ခခံစားရခြင်းမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏အနန္တတန်ခိုးနှင့် ဉာဏ်ပညာတို့ကို အဓိကအားဖြင့် ထုတ်ဖော်ပြသည့် ပုံပန်းသွင်ပြင်များ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- အရာခပ်သိမ်းအား ဖန်ဆင်းခြင်းကို စတင်သည့်အချိန်မှစပြီး ဘုရားသခင်၏ တန်ခိုးသည် စတင်ဖော်ပြကာ...

ဘုရားသခင်၏စိတ်သဘောထားကို သူ၏အမှုတော်မှတစ်ဆင့်သိမြင်နိုင်သည့်နည်းလမ်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ဘုရားသခင်၏စီမံခန့်ခွဲမှု တည်ရှိကတည်းက၊ ဘုရားသခင်သည် သူ၏အမှုကို ဆောင်ရွက်ရန် အမြဲ အပြည့်အဝ...

ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရကို သိရှိခြင်းနှင့်သက်ဆိုင်သည့် နှုတ်ကပတ်တော်များ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ဘုရားသခင်သည် သူ၏ဖြစ်ခြင်းအတိုင်း သူဖြစ်ပြီး သူ၏ရှိခြင်းအတိုင်း သူရှိပေသည်။ သူဖော်ပြသမျှနှင့်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။