သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

မာတိကာ

မေးခွန်း (၁) နောက်ဆုံးသောကာလမှာ သခင်ယေရှု ပြန်လာခြင်းနဲ့ပတ်သက်ပြီး ပြောရရင်တော့၊ သူဟာ ဘာကြောင့် လူသားအဖြစ် ထပ်ပြီး လူ့ဇာတိခံယူရတာလဲ

ဘုရားသခင်၏ နှုတ်ကပတ်တော်မှ အဖြေ-

ဘုရားသခင် လူ့ဇာတိခံယူခဲ့သည့် အကြောင်းမှာ သူ့အမှု၏အပြုခံအရာသည် စာတန်၏ဝိညာဉ်၊ သို့မဟုတ် အကောင်အထည်မရှိသော မည်သည့်အရာမျှမဟုတ်ဘဲ စာတန်၏ဖျက်ဆီးခြင်းကို ခံထားရသော ဇာတိခန္ဓာနှင့်လူ ဖြစ်သောကြောင့်ဖြစ်သည်။ လူ့ဇာတိခန္ဓာသည် ဖျက်ဆီးခြင်းကိုခံခဲ့ရသည့်အကြောင်းရင်း အတိအကျကြောင့် ဘုရားသခင်သည် ဇာတိခန္ဓာနှင့် လူသားကို သူ့အမှု၏ အပြုခံအရာဖြစ်စေခဲ့ခြင်းပင် ဖြစ်တော့သည်၊ ထို့အပြင် လူသားသည် ဖျက်ဆီးခြင်းခံရသည့် အရာဖြစ်သဖြင့် ဘုရားသခင်သည် သူ့ကယ်တင်ခြင်းအမှု၏ အဆင့်အားလုံးတောက်လျှောက်တွင် လူသားကို သူ့အမှု၏ တစ်ခုတည်းသော အပြုခံအရာဖြစ်စေခဲ့သည်။ လူသားသည် အသွေးနှင့်အသားနှင့် သေမျိုးဖြစ်ပြီး ဘုရားသခင်သည် လူသားကို ကယ်တင်နိုင်သော တစ်ဦးတည်းသောသူဖြစ်သည်။ ဤနည်းဖြင့် ဘုရားသခင်သည် သူ၏အမှုကို ဆောင်ရွက်ရန်အတွက် လူကဲ့သို့ တူညီသောပင်ကိုအရည်အချင်းများကို ပိုင်ဆိုင်သည့် လူ့ဇာတိကို ခံယူရပေမည်၊ သို့မှသာ သူ၏အမှုတွင် ပို၍ကောင်းသော အကျိုးသက်ရောက်မှုများကို ရနိုင်ပေလိမ့်မည်။ ဘုရားသခင်သည် သူ၏အမှုကို ဆောင်ရွက်ရန် လူ့ဇာတိခံယူရမည်၊ အကြောင်းမှာ လူသားသည် ဇာတိခန္ဓာနှင့်ဖြစ်ကာ အပြစ်ကို အောင်နိုင်ရန် သို့မဟုတ် ဇာတိပကတိမှ မိမိကိုယ်ကို ရုပ်သိမ်းရန် မစွမ်းသောအကြောင်းရင်း အတိအကျကြောင့်ဖြစ်သည်။

ဇာတိခန္ဓာနှင့်နေထိုင်သူ အားလုံးအတွက် မိမိတို့၏ စိတ်သဘောထားကို ပြောင်းလဲခြင်းသည် လိုက်လျှောက်ရမည့် ပန်းတိုင်များကို လိုအပ်ပြီး၊ ဘုရားသခင်ကို သိခြင်းသည် ဘုရားသခင်၏ လုပ်ဆောင်ချက် အမှန်များနှင့် ဘုရားသခင်၏ မျက်နှာတော်အမှန်အား မျက်မြင်တွေ့ခြင်းကို လိုအပ်သည်။ ဤနှစ်ခုစလုံးကို လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာမှသာ စွမ်းဆောင်နိုင်ပြီး၊ နှစ်ခုစလုံးကို သာမန်ဖြစ်သော စစ်မှန်သည့် ဇာတိခန္ဓာဖြင့်သာ ဖြစ်မြောက်စေနိုင်သည်။ ဤသည်မှာ လူ့ဇာတိခံယူခြင်းကို လိုအပ်ရသည့် အကြောင်းရင်းနှင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က လူ့ဇာတိခံယူခြင်းကို လိုအပ်ရခြင်း အကြောင်းရင်းဖြစ်သည်။…ဘုရားသခင့်အမှု၏ အဆင့်သုံးဆင့်အတွင်းတွင် အဆင့်တစ်ဆင့်ကိုသာလျှင် ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်ခြင်းဖြစ်ပြီး ကျန်အဆင့်နှစ်ဆင့်ကိုမူ ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်ခြင်း မဟုတ်ဘဲ လူ့ဇာတိခံယူသော ဘုရားသခင်က လုပ်ဆောင်ခြင်းဖြစ်သည်။ ဝိညာဉ်တော်က လုပ်ဆောင်သော ပညတ်တော်ခေတ်၏ အမှုတွင် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲခြင်းမပါဝင်သကဲ့သို့ ဘုရားသခင်နှင့်ပတ်သက်သော လူ၏အသိပညာနှင့်လည်း မည်သည့်ဆက်စပ်ခြင်းမျှ မရှိပေ။ သို့ရာတွင် ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်ထဲမှ ဘုရားသခင့်ဇာတိခန္ဓာ၏ အမှုတွင် လူသား၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားနှင့် ဘုရားသခင်နှင့် ပတ်သက်သော လူ၏အသိပညာတို့ပါဝင်ကာ၊ ကယ်တင်ခြင်းအမှု၏ အရေးကြီး၍ အရေးပါလှသော အပိုင်းဖြစ်လေသည်။ ထို့ကြောင့် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်ပြီး၊ လူ့ဇာတိခံယူသော ဘုရားသခင်၏ တိုက်ရိုက်လုပ်ဆောင်မှုကို ပို၍လိုအပ်သည်။ လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသော ဘုရားသခင်မှ မိမိတို့ကို ထိန်းကျောင်းရန်၊ ပံ့ပိုးရန်၊ ရေလောင်းပေးရန်၊ ကျွေးမွေးရန်၊ တရားစီရင်ရန်နှင့် ပြစ်တင်ဆုံးမရန်တို့ကို လိုအပ်သည်၊ ထို့အပြင် လူသားသည် လူ့ဇာတိခံယူသော ဘုရားသခင်ထံမှ ပို၍များသော ကောင်းချီးနှင့် ပို၍ကြီးမားသော ရွေးနုတ်ခြင်းတို့ကို လိုအပ်သည်။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်သာလျှင် လူသား၏ ယုံကြည်စိတ်ချရသူ၊ လူသား၏သိုးထိန်း၊ လူသားအတွက် အမြဲရှိနေသော အကူအညီဖြစ်နိုင်ပြီး၊ ဤအရာအားလုံးသည် ယနေ့နှင့် ယခင်အတိတ်ကာလများမှ လူ့ဇာတိခံယူခြင်းကို လိုအပ်မှုဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်” မှ

လူ့ဇာတိကို သူခံယူခဲ့သည့်အကြောင်းရင်းမှာ ဇာတိခန္ဓာသည်လည်း အခွင့်အာဏာကို ပိုင်ဆိုင်နိုင်သောကြောင့်ဖြစ်သည်၊ ထို့ပြင် သူသည် လူသားတို့အကြားတွင် လက်တွေ့ကျသောနည်းဟန်အားဖြင့်၊ လူတို့အနေဖြင့် မြင်နိုင်ပြီး ထိတွေ့နိုင်သော နည်းလမ်းအားဖြင့် အလုပ်ကို အကောင်အထည် ဖော်နိုင်စွမ်းရှိသောကြောင့် ဖြစ်သည်။ ဤအလုပ်သည် အခွင့်အာဏာအလုံးစုံကို ပိုင်ဆိုင်သော ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် တိုက်ရိုက်လုပ်ဆောင်သော အလုပ်ထက် ပိုမိုလက်တွေ့ကျပြီး ရလဒ်များသည်လည်း ပိုမိုထင်ရှားသည်။ ဤသို့ဖြစ်ရခြင်းမှာ ဘုရားသခင်ခံယူသော ဇာတိခန္ဓာသည် လက်တွေ့ကျသော နည်းလမ်းဖြင့် ပြောဆိုနိုင်ပြီး အလုပ်လုပ်နိုင်သောကြောင့် ဖြစ်သည်။ သူ့ဇာတိခန္ဓာ၏ ပြင်ပသဏ္ဌာန်သည် မည်သည့် အခွင့်အာဏာကိုမျှ ဆုပ်ကိုင်ထားခြင်းမရှိဘဲ လူ့အနေဖြင့် ချည်းကပ်နိုင်သည်၊ သို့သော်လည်း သူ၏အနှစ်သာရကမူ အခွင့်အာဏာကို သယ်ဆောင်ထားသည်၊ သို့သော် သူ၏အခွင့်အာဏာကို မည်သူမျှ မမြင်နိုင်ပေ။ သူသည် စကားပြောသောအခါနှင့် အလုပ်လုပ်သောအခါ လူသည် သူ့အခွင့်အာဏာ၏ တည်ရှိမှုကို သတိမပြုမိနိုင်ပေ။ ယင်းအချက်က လက်တွေ့ကျသော သဘာဝရှိသည့်အလုပ်ကို လုပ်ဆောင်ရာ၌ သူ့အတွက် လွယ်ကူချောမောစေသည်။ ထို့ပြင် လက်တွေ့ကျသော ယင်းအလုပ်အားလုံးသည် ရလဒ်များ ရရှိနိုင်သည်။ သူသည် အခွင့်အာဏာအား ဆုပ်ကိုင်ထားသည်ကို မည်သူကမျှ မသိသော်လည်း၊ သို့မဟုတ် သူကို ပုန်ကန်ပြစ်မှား၍ မရနိုင်သည်ကို မမြင်နိုင်သော်လည်း၊ သို့မဟုတ် သူ၏အမျက်ဒေါသကို မမြင်နိုင်သော်လည်း၊ သူ၏ဖုံးကွယ်ထားသော အခွင့်အာဏာ၊ သူ၏ဖုံးကွယ်ထားသော အမျက်ဒေါသနှင့် လူအများရှေ့တွင် သူပြောကြားသော နှုတ်ကပတ်တော်များမှတစ်ဆင့် သူသည် သူ့နှုတ်ကပတ်တော်၏ ရည်ရွယ်ထားသော ရလဒ်များကို ရရှိသည်။ တစ်နည်းဆိုရလျှင် သူ၏အသံနေအသံထားမှတစ်ဆင့်၊ သူ့ဟောပြောချက်၏ လေးနက်မှုနှင့် သူ့နှုတ်ကပတ်တော်များ၏ ဉာဏ်ပညာအလုံးစုံမှတစ်ဆင့် လူသည် လုံးဝဥဿုံ ယုံကြည်လက်ခံသည်။ ဤနည်းအားဖြင့် လူသည် အခွင့်အာဏာ ရှိပုံမရသော လူ့ဇာတိခံယူသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နာခံ၏၊ ထိုသို့အားဖြင့် ဘုရားသခင်၏ ရည်မှန်းချက်ဖြစ်သော လူသားကို ကယ်တင်ခြင်းမှာ ပြည့်စုံသွားသည်။ ဤသည်မှာ သူ၏လူ့ဇာတိခံယူခြင်းဆိုင်ရာ အရေးပါမှု၏ အခြားသောရှုထောင့်ဖြစ်သည်၊ ယင်းမှာ သာ၍လက်တွေ့ကျစွာ ပြောဆိုရန်နှင့် သူ့နှုတ်ကပတ်တော်များ၏ လက်တွေ့သဘောကို လူသားအပေါ်သို့ သက်ရောက်မှုရှိစေရန် ဖြစ်သည်၊ ထိုသို့အားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ဆိုင်ရာ တန်ခိုးကို လူတို့မျက်မြင်တွေ့ရှိစေရန် ဖြစ်သည်။ ထို့ကြောင့် ဤအလုပ်ကို လူ့ဇာတိခံယူခြင်းမှတစ်ဆင့် မပြုလုပ်ခဲ့ပါက ရလဒ်အနည်းဆုံးကိုပင် ရမည်မဟုတ်ဘဲ အပြစ်သားများကို အပြည့်အဝ ကယ်တင်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ အကယ်၍ ဘုရားသခင်သည် လူ့ဇာတိမခံယူခဲ့ပါက သူသည် လူသားအတွက် မမြင်တွေ့နိုင်၊ မထိတွေ့နိုင်သော ဝိညာဉ်တော်အဖြစ် ဆက်လက်ရှိနေခဲ့လိမ့်မည် ဖြစ်သည်။ လူသားသည် ဇာတိပကတိနှင့်ဖြစ်တည်သော ဖန်ဆင်းခံဖြစ်သဖြင့် လူသားနှင့် ဘုရားသခင်သည် မတူညီသော လောကများနှင့် သက်ဆိုင်ကြပြီး ကွဲပြားခြားနားသော သဘာဝများ ရှိကြသည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိပကတိနှင့်ဖြစ်တည်သော လူသားနှင့် သဟဇာတမဖြစ်ပေ၊ ထို့ကြောင့် သူတို့အကြားတွင် မည်သည့်ဆက်ဆံရေးကိုမျှ တည်ဆောက်၍ မရနိုင်ပေ၊ လူသားသည် ဝိညာဉ်တစ်ပါးအဖြစ်သို့ ပြောင်းလဲနိုင်ခြင်း မရှိသည်ကိုမူ ပြောစရာပင် မလိုချေ။ သို့ဖြစ်ရာ ဘုရားသခင်၏ ဝိညာဉ်တော်သည် သူ၏မူလအလုပ်ကို လုပ်ရန် ဖန်ဆင်းခံသတ္တဝါတစ်ဦး ဖြစ်လာရပေသည်။ ဘုရားသခင်သည် အမြင့်ဆုံးသောနေရာသို့ တက်ကြွသွားနိုင်သကဲ့သို့ လူသားတို့အကြားတွင် အလုပ်လုပ်ပြီး သူတို့အလယ်၌ နေထိုင်လျက် ဖန်ဆင်းခံ လူသားဖြစ်လာရန် သူ့ကိုယ်သူ နှိမ့်ချနိုင်သည်၊ သို့သော်လည်း လူသားကမူ အမြင့်ဆုံးသောနေရာသို့ မတက်နိုင်၊ ဝိညာဉ်လည်း မဖြစ်လာနိုင်ပေ၊ ထို့ပြင် သူသည် အနိမ့်ဆုံးသောနေရာသို့ သာ၍ပင် မဆင်းသက်နိုင်ပေ။ ဤအကြောင်းကြောင့်ပင် ဘုရားသခင်သည် သူ၏အလုပ်ကို လုပ်ဆောင်ရန် လူ့ဇာတိကို ခံယူရသည်။ ထိုနည်းတူပင် ပထမအကြိမ်လူ့ဇာတိခံယူစဉ်အတောအတွင်း လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာသာလျှင် သူ၏လက်ဝါးကပ်တိုင်တွင် အသေခံခြင်းအားဖြင့် လူသားကို ရွေးနုတ်နိုင်ခဲ့သည်၊ ဘုရားသခင်၏ ဝိညာဉ်တော်အတွက်မူ လူသားအတွက် အပြစ်ဖြေရာယဇ်အဖြစ် လက်ဝါးကပ်တိုင်တွင် အသေခံရန် လုံးဝဖြစ်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် လူသားအတွက် အပြစ်ဖြေရာယဇ်အနေနှင့် အစေခံရန် တိုက်ရိုက်လူ့ဇာတိခံယူနိုင်၏၊ သို့သော်လည်း လူသားသည် ဘုရားသခင်က သူတို့အတွက် ပြင်ဆင်ထားပေးသော အပြစ်ဖြေရာယဇ်ကို ယူရန် ကောင်းကင်ဘုံသို့ တိုက်ရိုက် မတက်သွားနိုင်ပေ။ သို့ဖြစ်ရာ လူသားသည် အပြစ်ဖြေရာယဇ်ကို ရယူရန်ဝေးစွ သူသည် ကျဆုံးပြီးဖြစ်သည့်အပြင် ကောင်းကင်ဘုံသို့ မတက်သွားနိုင်သည့်အတွက် ဤကယ်တင်ခြင်းကို ရယူရန်အလို့ငှာ ကောင်းကင်ဘုံသို့ တက်စရာမလိုရန် လူသားအနေဖြင့် လုပ်နိုင်သမျှမှာ ကောင်းကင်နှင့် မြေကြီးအကြား အကြိမ်အနည်းငယ် ခေါက်တုံ့ခေါက်ပြန် သွားလာပေးရန် ဘုရားသခင်ကို တောင်းဆိုဖို့ပင် ဖြစ်ခဲ့လိမ့်မည်။ သို့ဖြစ်ရာ ယေရှုသည် လူသားတို့အကြားသို့ ကြွလာကာ လူသားအနေဖြင့် လုံးဝမစွမ်းဆောင်နိုင်သော အလုပ်ကို သူကိုယ်တိုင်လုပ်ရန် လိုအပ်ခဲ့သည်။ ဘုရားသခင် လူ့ဇာတိခံယူသည့်အခါတိုင်းသည် လုံးဝလိုအပ်သောကြောင့်သာ ဖြစ်သည်။ အကယ်၍ မည်သည့်အဆင့်ကိုမဆို ဘုရားသခင်၏ ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်နိုင်ခဲ့မည် ဆိုပါလျှင် သူသည် လူ့ဇာတိခံယူခြင်း၏ အရှက်တကွဲအကျိုးနည်းခြင်းကို ခံခဲ့လိမ့်မည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” မှ

ဇာတိခန္ဓာထဲရှိ ဘုရားသခင့်အမှု၏ အကောင်းဆုံးသောအရာမှာ တိကျမှန်ကန်သော နှုတ်ကပတ်တော်များနှင့် တိုက်တွန်းနှိုးဆော်မှုများ၊ သူ့နောက်သို့လိုက်သော လူသားမျိုးနွယ်အတွက် သူ၏တိကျမှန်ကန်သောအလိုတော် စသည်တို့ကို ဘုရားသခင်အနေဖြင့် ချန်ရစ်ထားနိုင်ခြင်းဖြစ်သည်၊ ထိုသို့အားဖြင့် ထိုအရာပြီးနောက်တွင် သူ၏နောက်လိုက်များသည် ဇာတိခန္ဓာထဲရှိ သူ၏အမှုအားလုံးနှင့် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် သူ၏အလိုတော်တို့အား ဤလမ်းကို လက်ခံသောသူတို့ထံ ပို၍တိကျမှန်ကန်စွာနှင့် ပို၍ရုပ်လုံးပေါ်စွာ လက်ဆင့်ကမ်းပေးနိုင်မည်ဖြစ်သည်။ လူတို့ကြားမှ ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏အမှုသည်သာလျှင် ဘုရားသခင်၏ဖြစ်ခြင်းနှင့် လူသားတို့နှင့် အတူတကွနေထိုင်ခြင်း အစရှိသည့် အချက်တို့ကို စစ်မှန်စွာ အထမြောက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ဤအမှုသည်သာလျှင် ဘုရားသခင်၏ မျက်နှာတော်ကိုကြည့်ရန်၊ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံရရန်နှင့် ဘုရားသခင်၏ ကိုယ်ပိုင်နှုတ်ကပတ်တော်တို့ကို ကြားရန်ဖြစ်သည့် လူသား၏ စိတ်ဆန္ဒကို ဖြည့်ဆည်းနိုင်ပေမည်။ လူ့ဇာတိခံယူသော ဘုရားသခင်သည် ယေဟောဝါ၏ကျောပြင်သာ လူသားမျိုးနွယ်ထံသို့ ပေါ်လာသည့်ခေတ်ကို အဆုံးသတ်ပေးသည်၊ ထို့အပြင် မရေရာသော ဘုရားသခင်အပေါ် လူသားမျိုးနွယ်တို့ ယုံကြည်ကြသည့်ခေတ်ကိုလည်း နိဂုံးချုပ်ပေးသည်။ အထူးသဖြင့် နောက်ဆုံးလူ့ဇာတိခံယူသည့် ဘုရားသခင်သည် ပို၍စစ်မှန်သော၊ ပို၍လက်တွေ့ကျသော၊ ပို၍သာယာသော ခေတ်တစ်ခေတ်ထဲသို့ လူသားမျိုးနွယ်အားလုံးကို ပို့ဆောင်ပေးသည်။ သူသည် ပညတ်တော်နှင့် အယူဝါဒခေတ်ကို အဆုံးသတ်ရုံသာမကဘဲ ပို၍အရေးကြီးသည်မှာ စစ်မှန်ပြီး သာမန်ဖြစ်သော၊ ဖြောင့်မတ်ပြီး သန့်ရှင်းမြင့်မြတ်သော၊ စီမံခန့်ခွဲမှုအစီအစဉ်၏ အမှုကိုဖွင့်လှစ်ပြီး လူသားမျိုးနွယ်၏ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ပန်းတိုင်ကို ပြသသော၊ လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး စီမံခန့်ခွဲမှုအမှုကို အဆုံးသတ်ပေးသော၊ နှစ်ထောင်ပေါင်းများစွာ ပုန်းကွယ်နေခဲ့သော ဘုရားသခင်တစ်ပါးကို လူသားမျိုးနွယ်အား သူထုတ်ဖော်ပြသည်။ မရေရာသောခေတ်ကို သူသည် လုံးဝအဆုံးသတ်ကာ၊ လူသားမျိုးနွယ်တစ်ရပ်လုံးမှ ဘုရားသခင်၏ မျက်နှာတော်ကို ရှာဖွေရန်ဆန္ဒရှိသော်လည်း ထိုသို့မလုပ်ဆောင်နိုင်သောခေတ်ကို နိဂုံးချုပ်၍၊ လူသားမျိုးနွယ်တစ်ရပ်လုံး စာတန်ကို အစေခံသည့်ခေတ်ကို သူသည်ကုန်ဆုံးစေပြီး၊ လူသားတစ်မျိုးနွယ်လုံးကို လုံးဝအသစ်ဖြစ်သော ခေတ်ဆီသို့ ဦးဆောင်သွားသည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ ဝိညာဉ်တော်မဟုတ်ဘဲ ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏အမှုဆိုင်ရာ ရလဒ်ဖြစ်သည်။ ဘုရားသခင်သည် သူ၏ဇာတိခန္ဓာနှင့် အမှုဆောင်သောအခါ သူ၏နောက်လိုက်များသည် မရေရာသော၊ ဒွိဟဖြစ်စေသော အရာများနောက်သို့ လိုက်လံရှာဖွေခြင်းနှင့် စမ်းတဝါးဝါးသွားလာခြင်းတို့ကို မပြုကြတော့ပေ၊ ထို့ပြင် မရေရာသော ဘုရားသခင်၏ အလိုတော်ကို ခန့်မှန်းခြင်းကိုလည်း ရပ်တန့်ကြသည်။ ဘုရားသခင်သည် ဇာတိခန္ဓာနှင့် သူ၏အမှုကို ဖြန့်ဝေသောအခါ သူ့နောက်သို့လိုက်သူများသည် ဇာတိခန္ဓာဖြင့် သူလုပ်ဆောင်ခဲ့သော အမှုကို ဘာသာတရားများနှင့် ဂိုဏ်းဂဏများအားလုံးထံသို့ လက်ဆင့်ကမ်းပေးကြလိမ့်မည်၊ ထို့ပြင် သူတို့သည် လူသားတစ်မျိုးနွယ်လုံး၏ နားထဲသို့ ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးကို ပြောဆိုကြလိမ့်မည်။ သူ၏ဧဝံဂေလိတရားကို လက်ခံရရှိသော သူတို့က ကြားနာခဲ့သော အရာအားလုံးသည် သူ့အမှု၏ စစ်မှန်သော အချက်များဖြစ်လိမ့်မည်ဖြစ်ပြီး၊ လူသားက ကိုယ်တိုင်တွေ့မြင်ကြားသိရသောအရာများ ဖြစ်လိမ့်မည်ဖြစ်၍၊ မှန်ကန်မှုများဖြစ်ကာ ကောလာဟလများ ဖြစ်လိမ့်မည်မဟုတ်ပေ။ ဤအချက်များသည် ဘုရားသခင်က သူ၏အမှုကို ဖြန့်ဝေနေသည့် သက်သေများဖြစ်ပြီး၊ သူ၏အမှုကို ဖြန့်ကျက်ရာတွင် သူအသုံးပြုသော တန်ဆာပလာများလည်းဖြစ်သည်။ ဤအချက်များမရှိပါက သူ၏ဧဝံဂေလိတရားသည် နိုင်ငံအားလုံးနှင့် နေရာအားလုံးသို့ ပျံ့နှံ့လိမ့်မည် မဟုတ်ပေ၊ ဤအချက်အလက်များ မရှိဘဲ လူသားတို့၏ ထင်မြင်ချက်များသာရှိပါက ဘုရားသခင်သည် စကြဝဠာတစ်ခုလုံးကို သိမ်းပိုက်ခြင်းအမှုကို မည်သည့်အခါမျှ ဆောင်ရွက်နိုင်မည် မဟုတ်ပေ။ လူသားအတွက် ဝိညာဉ်တော်သည် ကိုယ်ထည်မရှိ၊ တွေ့မြင်နိုင်ခြင်းမရှိပေ၊ ထို့ပြင် ဝိညာဉ်တော်၏အမှုသည် လူသားအတွက် ဘုရားသခင့်အမှု၏ အချက်အလက်များ၊ သို့မဟုတ် အထောက်အထားတို့ကို ဆက်လက်ချန်ထားနိုင်စွမ်းမရှိပေ။ လူသားသည် ဘုရားသခင်၏ မျက်နှာတော်အစစ်အမှန်ကို မည်သည့်အခါမျှ တွေ့နိုင်မည်မဟုတ်ဘဲ၊ မတည်ရှိသည့် မရေရာသော ဘုရားသခင်ကိုသာ အမြဲတမ်းယုံကြည်နေလိမ့်မည်။ လူသားသည် ဘုရားသခင်၏ မျက်နှာတော်ကို မည်သည့်အခါမျှ တွေ့ရမည် မဟုတ်သကဲ့သို့ ဘုရားသခင်ကိုယ်တိုင်ကိုယ်ကျ ပြောကြားသော နှုတ်ကပတ်တော်များကိုလည်း မည်သည့်အခါမျှ ကြားသိရမည် မဟုတ်ပေ။ လူသားတို့၏ တွေးထင်မှုများသည် အမှန်စင်စစ် အလဟဿဖြစ်ပြီး ဘုရားသခင်၏ မျက်နှာတော် အစစ်အမှန်ကို အစားမထိုးနိုင်ပေ၊ ဘုရားသခင်၏ ရှိရင်းစွဲ စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုကို လူသားသည် တူအောင်မတုနိုင်ပါ။ လူသားတို့အကြားတွင် ကိုယ်တိုင်ကိုယ်ကျ အမှုဆောင်သည့် လူ့ဇာတိခံယူသော ဘုရားသခင်မှသာလျှင် ကောင်းကင်ဘုံမှ မမြင်ရသော ဘုရားသခင်နှင့် သူ၏အမှုကို ကမ္ဘာကြီးပေါ်သို့ ယူဆောင်လာနိုင်မည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်သည် လူသားတို့ထံ ပေါ်ထွန်းလာပြီး၊ လူသားသည် ဘုရားသခင်ကိုတွေ့မြင်ကာ၊ ဘုရားသခင်၏ မျက်နှာတော်အစစ်အမှန်ကို သိရှိလာသည့် အကောင်းဆုံးသော နည်းလမ်းဖြစ်သည်၊ လူ့ဇာတိမခံယူသော ဘုရားသခင်မှ ဤအရာကို မစွမ်းဆောင်နိုင်ပါ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်” မှ

သက်ဆိုင်သည့် အကြောင်းအရာ