တာဝန်ထမ်းဆောင်ရာတွင် သမ္မာတရားလိုက်စားဖို့ လို၏

21.07.2022

ဆွန်ယု နယ်သာလန်နိုင်ငံ

လွန်ခဲ့သည့် နှစ်အနည်းငယ်တွင် ဧဝံဂေလိ ဖြန့်ဝေခြင်း အလုပ်ကို ကျွန်မစတင်လက်တွေ့လုပ်ဆောင်ခဲ့သည်။ ဤတာဝန်ကို ကျွန်မဆောင်ရွက်နိုင်သည်မှာ ဘုရား၏ ချီးမြှောက်ခြင်းဖြစ်ကြောင်း ကျွန်မသိ၏။ ထိုသို့သော အခွင့်အရေး ပေးခြင်းအတွက် ဘုရားကို ကျွန်မလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိခဲ့ပြီး ဤတာဝန်ကို ကောင်းကောင်းမွန်မွန် ထမ်းဆောင်ရန် ဘုရားအပေါ် မှီခိုဖို့ ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် သမ္မာတရားဖြင့် မိမိကိုယ်ကို ပြင်ဆင်ရန် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ကာ စည်းမျဉ်းများကို သဘောပေါက်ဖို့ ကြိုးစားရင်း နေ့စဉ်အချိန်များစွာ ယူခဲ့သည်။ တစ်စုံတစ်ရာကို နားမလည်ပါက တစ်ယောက်ယောက်ကိုသာ မေးလိုက်သည်။ မကြာမီ ကျွန်မတာဝန်ကို မိမိဘာသာ ဆောင်ရွက်နိုင်သွား၏။ ထိုအချိန်အတောအတွင်းတွင် ကျွန်မတာဝန်၌ ကျွန်မအလွန့်အလွန် တက်ကြွခဲ့ပြီး ရလဒ်များကလည်း ကောင်းသည်ထက် ကောင်းနေခဲ့သည်။ အချိန်ကာလတစ်ခုကြာပြီးနောက် အဖွဲ့ခေါင်းဆောင်အဖြစ် ကျွန်မအရွေးခံခဲ့ရသည်။ ကျွန်မအလွန်ပျော်ရွှင်ပြီး တွေးမိ၏၊ “ငါအဖိုးအခပိုပေးရမယ်၊ ဆထက်ထမ်းပိုး အားထုတ်ရမယ်၊ ပိုများတဲ့ လူတွေဆီ ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ဖြန့်ဖို့ ကြိုးပမ်းရမယ်။ ဒါကသာ ကိုယ့်တာဝန်မှာ ငါတာဝန်ယူပြီး ထိရောက်သလို သမ္မာတရား လိုက်စားမှန်း ပြမှာ။ အဲဒီလိုနဲ့ ငါ့ညီအစ်ကို မောင်နှမတွေက ငါ့ကို သေချာပေါက် လက်ခံပြီး လေးစားကြမှာ” ဟူ၍ ဖြစ်သည်။

နောက်ထပ်လအနည်းငယ်တွင် အိပ်ရာနိုးလျှင်နိုးချင်းလိုလို ကျွန်မတာဝန်နှင့် ကျွန်မအလုပ်များနေခဲ့သည်။ တစ်ခါတစ်ရံ အလုပ်အလွန်များသည်မှာ စားဖို့ပင်မေ့သည်အထိ ဖြစ်၏။ ဝတ်ပြုဆုတောင်းနှင့် ဘုရားနှုတ်ကပတ်တော် ဖတ်ရှုခြင်းတို့ကိုလည်း ပုံမှန် လျစ်လျူရှုခဲ့သည်။ ဝတ်ပြုဆုတောင်းပြီး ဘုရားနှုတ်ကပတ်တော် ဖတ်ရှုခြင်းက ကျွန်မတာဝန်အတွက် လိုအပ်သည့်အချိန်ကို စားပြီး ကျွန်မတာဝန်၏ ထိရောက်မှုအပေါ်လည်း သက်ရောက်မှု ရှိသည်ဟု ခံစားခဲ့ရသည်။ အစည်းအဝေးများတွင် ညီအစ်ကို မောင်နှများက ဘုရားနှုတ်ကပတ်တော်များ ဖတ်ရှုပြီး မိမိတို့၏ အတွေ့အကြုံများအပေါ် မိတ်သဟာယပြုသည်ကို ကျွန်မနားထောင်သည့်အခါ မိမိတာဝန်အကြောင်းကိုသာ စဉ်းစားနေခဲ့သည်။ မိမိတို့၏ အတွေ့အကြုံများနှင့် နားလည်မှုတို့အား အခြားသူများ ဝေမျှသည်ကို နားထောင်ဖို့ မဆိုထားနှင့်၊ ကိုယ့်စိတ်နှလုံးကို ငြိမ်အောင်ထားပြီး ဘုရားနှုတ်ကပတ်တော်အပေါ် အာရုံစိုက် ဆင်ခြင်ခြင်းကိုပင် မလုပ်နိုင်ခဲ့ပါ။ ကျွန်မဖော်ထုတ်နေသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သတိမပြုမိခဲ့ပါ။ ကျွန်မတိုး၍ မာနထောင်လွှားလာသကဲ့သို့ ကိုယ့်တာဝန်တွင် အခြားသူများနှင့် ကောင်းကောင်း လက်တွဲမလုပ်နိုင်ခဲ့ပါ။ ကျွန်မနှင့် လက်တွဲလုပ်သည့် ညီအစ်မ၏ အလုပ်က ကောင်းကောင်းမပြီးသည်ကို မြင်သည့်အခါ သူ့ကို အထင်သေးခဲ့သည်။ ဧဝံဂေလိကို နှစ်နှစ်ကြာ သူဖြန့်ဝေနေခဲ့သည့်တိုင် လူသစ်ဖြစ်သည့် ကျွန်မလောက် မတော်ဟု ခံစားခဲ့သည်။ နည်းနည်းကြာကြာ ကျွန်မလက်တွေ့လုပ်ဆောင်ပါက သူ့ထက် သေချာပေါက် ပိုတော်မည်ဟုလည်း ခံစားခဲ့ရသည်။ တစ်ခါတစ်ရံ ကျွန်မမှန်သည်ဟု တွေးမိချိန်တွင် မိမိကိုယ်ပိုင် စိတ်ကူးများနောက် လိုက်ချင်ခဲ့သည်။ ထို့ကြောင့် သူ့ကို အကြောင်းမကြားချင်ခဲ့၊ ကိစ္စများအကြောင်း မပြောပြချင်ခဲ့ပါ။ ကျွန်မအလုပ်၏ တိုးတက်မှုကို သူသိချင်သည့်အခါတွင်လည်း ခေါင်းဆောင်များက အလုပ်အကြောင်း လာမေးသည့်အခါ အလုပ်တိုးတက်မှု အသေးစိတ်ကို ပြောပြရသူက သူပင်ဖြစ်မည်ဖြစ်ပြီး ကျွန်မ၏ ထင်ပေါ်မှုကို သူခိုးမည်စိုးသဖြင့် သူ့ကို ကျွန်မမပြောပြချင်ပြန်ခဲ့ပါ။ ကျွန်မနှင့် လက်တွဲလုပ်သည့် ညီအစ်မက သူ၏တာဝန်တွင် တာဝန်မဲ့သည်ဟုလည်း ခေါင်းဆောင်များရှေ့တွင် ကျွန်မအမြဲပြောခဲ့သည်။ ခေါင်းဆောင်များက ကျွန်မအခြေအနေအကြောင်း သိသွားချိန်တွင် ကိစ္စများကို ကျွန်မ၏ တွဲဖက်နှင့် မဆွေးနွေးခြင်း၊ သူ့အပေါ် အထင်သေးပြီး သူ့အားနည်းချက်များကို ကျွန်မ၏ အာရုံစိုက်ခြင်းများက မာနထောင်လွှားခြင်း၏ သရုပ်သကန်တစ်ခုဖြစ်သည်ဟု ပြောရင်း သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်းနှင့်ဆိုင်သည့် သမ္မာတရားအပေါ် ကျွန်မကို မိတ်သဟာယပြုပေးခဲ့ကြသည်။ သို့သော် ကျွန်မမိမိကိုယ်ကို လုံးဝမသိခဲ့ပါ။ ကျွန်မတို့ အတူတကွ ကောင်းစွာ လက်တွဲမလုပ်နိုင်ရသည့် အကြောင်းရင်းက သူတာဝန်မဲ့သောကြောင့်ဟု ကျွန်မခံစားရဆဲဖြစ်သောကြောင့် သူ့ကို အထင်သေးခဲ့သည်။ ကိစ္စများ ကျွန်မထံ ဖြစ်ပျက်သောအခါ သင်ခန်းစာများ ကျွန်မမသင်ယူကြောင်းကို ခေါင်းဆောင်များက မြင်သွားသဖြင့် မာနထောင်လွှားလွန်းပြီး မလျော်ကန်လွန်းခြင်းအတွက် ကျွန်မကို ကိုင်တွယ်ဖြေရှင်းကာ ဤသို့ဆက်သွားခြင်းက ကျွန်မ၏ တာဝန်ကို ထိခိုက်မည်ဟု ပြောခဲ့ကြသည်။ ကျွန်မကိုယ်ကျွန်မ သုံးသပ်ခိုင်းခဲ့ကြသည်။ ကျွန်မအလွန်စိတ်ထိခိုက်သွားပြီး တွေးမိသည်မှာ “ငါက နေ့တိုင်း ညဉ့်နက်တဲ့ထိ နေပြီး ကိုယ့်တာဝန်ကို ဆောင်ရွက်တဲ့အပြင် ကိုယ့်တာဝန်မှာ ထိရောက်မှုလည်း ရှိတာပဲ။ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား နည်းနည်းလေး ဖော်ထုတ်မိတော့ရော ဘာအရေးလဲ။ ငါ့တာဝန်မှာ ထိရောက်မှု သိပ်ရှိနေတာကို ငါဘာလို့ ဒီလို ကိုင်တွယ်ဖြေရှင်းခံနေရတာလဲ” ဟူ၍ ဖြစ်သည်။ ကျွန်မစိတ်ဆင်းရဲရသောကြောင့် အလိုတော်ကို နားလည်အောင် ကျွန်မကို လမ်းပြပေးပါရန် တောင်းလျှောက်ဖို့ ဘုရားရှေ့မှောက် ကျွန်မလာပြီး ဆုတောင်းခဲ့သည်။

တစ်နေ့ ကျွန်မဝတ်ပြုဆုတောင်းနေစဉ် ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခဲ့ရသည်၊ “လူတစ်ယောက်သည် သမ္မာတရားကို လိုက်စားခြင်းရှိမရှိ သင် မည်သို့ အကဲဖြတ်သင့်သနည်း။ အဓိက ကြည့်ရှုရန်မှာ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်မှုနှင့် ၎င်းတို့၏ လုပ်ရပ်များတွင် ၎င်းတို့ ဖော်ထုတ်ပြသသည့်အရာဖြစ်သည်။ ဤအရာမှ လူတစ်ယောက်၏ စိတ်သဘောထားကို သင်မြင်နိုင်သည်။ ၎င်းတို့၏ စိတ်သဘောထားမှ ၎င်းတို့သည် ပြောင်းလဲမှုတစ်ခုတလေ စွမ်းဆောင်ရရှိပြီးခြင်း ရှိမရှိ၊ သို့မဟုတ် အသက်ဝင်ရောက်မှု တစ်ခုတလေရရှိခြင်း ရှိမရှိကို သင် မြင်နိုင်သည်။ လူတစ်ယောက်သည် ဆောင်ရွက်ပြုမူသောအခါ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှလွဲ၍ မည်သည့်အရာမျှ မဖော်ထုတ်ဘဲ မည်သည့်သမ္မာတရားစစ်မှန်မှုမျှ လုံးဝ မရှိလျှင် ၎င်းတို့သည် သမ္မာတရားကို လိုက်စားသူ သေချာပေါက်မဟုတ်ပေ။ သမ္မာတရားကို မလိုက်စားသောသူတို့သည် အသက်ဝင်ရောက်မှုရှိသလော။ လုံးဝ မရှိပေ။ ၎င်းတို့ နေ့စဉ်လုပ်သောအရာများ၊ လှည့်လည်သွားလာခြင်း၊ အသုံးခံခြင်း၊ ဒုက္ခခံခြင်း၊ ၎င်းတို့ပေးဆပ်သော အဖိုးအခ၊ ၎င်းတို့လုပ်ဆောင်သည့် မည်သည့်အရာဖြစ်စေ အားလုံးက အစေခံခြင်းဖြစ်သည်။ ၎င်းတို့သည် အစေခံသူများဖြစ်သည်။ လူတစ်ယောက်သည် ဘုရားသခင်ကို နှစ်မည်မျှကြာ ယုံကြည်ခဲ့သည်ဖြစ်စေ အရေးကြီးဆုံးက သူသည် သမ္မာတရားကို ချစ်မချစ်ပင်ဖြစ်သည်။ လူတစ်ယောက်သည် မည်သည့်အရာကို ချစ်ပြီး လိုက်စားသည်ကို ၎င်းတို့လုပ်ဆောင်ရန် အနှစ်သက်ဆုံးအရာမှ မြင်နိုင်သည်။ လူတစ်ယောက် လုပ်ဆောင်သောအရာအများစုသည် သမ္မာတရားစည်းမျဉ်းများနှင့် ဘုရားသခင်၏ လိုအပ်ချက်များနှင့် ကိုက်ညီလျှင် ဤသည်မှာ သမ္မာတရားကိုချစ်ပြီး လိုက်စားသောသူဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လျှင်၊ ၎င်းတို့ နေ့စဉ်လုပ်ဆောင်သောအရာများသည် ၎င်းတို့တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်လျှင် ၎င်းတို့သည် အသက်ဝင်ရောက်မှုရှိပြီး သမ္မာတရား စစ်မှန်မှုများကို ပိုင်ဆိုင်သည်။ ၎င်းတို့လုပ်ရပ်များသည် အချို့ကိစ္စများတွင် မသင့်လျော်ခြင်းရှိနိုင်သည်၊ သို့မဟုတ် သမ္မာတရား စည်းမျဉ်းများကို တိကျစွာ နားမလည်ခြင်းရှိနိုင်သည်၊ သို့မဟုတ် တစ်ဖက်သတ်အမြင်များရှိနိုင်သည်၊ သို့မဟုတ် တစ်ခါတစ်ရံတွင် မာနထောင်လွှားပြီး မိမိကိုယ်ကို အမှန်ထင်နိုင်သည်၊ ၎င်းတို့၏ ကိုယ်ပိုင်အမြင်များကို မရမကလုပ်ဆောင်ပြီး သမ္မာတရားကို လက်ခံရန် ပျက်ကွက်နိုင်သည်။ သို့သော် နောက်ပိုင်းတွင် ၎င်းတို့သည် နောင်တရပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လျှင် ဤသည်မှာ ၎င်းတို့သည် သေချာပေါက် အသက်ဝင်ရောက်မှုရှိပြီး သမ္မာတရားကို လိုက်စားသည်ကို သက်သေပြလေသည်။ တစ်စုံတစ်ဦးသည် မိမိ၏တာဝန်ထမ်းဆောင်မှု လမ်းကြောင်းတွင် ပြသသည့်အရာသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ မုသားများနှင့် ပြည့်သောနှုတ်၊ ခြယ်လှယ်လွန်းသော သဘောထား၊ အလိုလိုက်ခြင်း၊ အလွန့်အလွန် မာနထောင်လွှားမှုတို့သာဖြစ်လျှင်၊ ထင်ရာစိုင်းလျှင်၊ ၎င်းသဘောကျလုပ်ဆောင်လျှင်၊ ဘုရားသခင်ကို ၎င်းယုံကြည်သည်မှာ နှစ်မည်မျှကြာသညဖြစ်စေ၊ သို့မဟုတ် တရားဒေသနာမည်မျှကို ၎င်းကြားနာပြီးဖြစ်စေ၊ အဆုံးတွင် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၌ ပြောင်းလဲမှု စိုးစဉ်းမျှပင်မရှိလျှင်၊ ဤသည်မှာ သမ္မာတရားကို လိုက်စားသောသူတစ်ဦး သေချာပေါက် မဟုတ်ပေ။ ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ခဲ့သော၊ အပြင်ပန်းတွင် မကောင်းမှုပြုသူမဟုတ်သော၊ ကောင်းမှုအချို့ကို ပြုသောသူများစွာရှိကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို အတော်အတန် စိတ်ပြင်းပြစွာ ယုံကြည်ကြသည်။ သို့သော် ၎င်းတို့၏ အသက်စိတ်သဘောထားများက လုံးဝ မပြောင်းလဲပေ။ ၎င်းတို့တွင် မျှဝေရန်အတွက် အတွေ့အကြုံ၊ သို့မဟုတ် သက်သေခံချက် အနည်းငယ်မျှပင် မရှိကြပေ။ ဤသို့သောသူများမှာ သနားစရာမကောင်းသလော။ ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ပြီးနောက်တွင် ၎င်းတို့သည် အတွေ့အကြုံနှင့် သက်သေခံချက် စိုးစဉ်းမျှပင် မရှိပေ။ ဤသည်မှာ အစေခံသူသက်သက်သာဖြစ်သည်။ ၎င်းတို့သည် အမှန်တကယ်ပင် သနားဖွယ်ဖြစ်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သမ္မာတရားကို လိုက်စားခြင်း၌သာလျှင် အသက် ဝင်ရောက်မှု ရှိလေသည်”) သမ္မာတရား မလိုက်စားသူတို့တွင် အသက်ဝင်ရောက်မှု မရှိကြောင်း ဘုရားနှုတ်ကပတ်တော်မှတစ်ဆင့် ကျွန်မအဖို့ ရှင်းသွားခဲ့သည်။ နေ့စဉ် သူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသာ ဖော်ထုတ်၏။ မိမိတို့အလုပ်တွင် အားထုတ်ကြိုးပမ်းနိုင်ပြီး အဖိုးအခပေးနိုင်ကြလျှင်ပင် အစေခံမှု ပေးရုံပေးနေကြခြင်းမျှသာ ဖြစ်သည်။ ထိုသို့သော လူများသည် နှစ်ပေါင်းမည်မျှ ယုံကြည်သည်ဖြစ်စေ ပြောင်းလဲမည် မဟုတ်ပါ။ အစေခံမှုကို သူတို့ပေးနေကြခြင်း ဖြစ်သည်။ သမ္မာတရား မလိုက်စားသူများက အစေခံမှုကို ပေးနေခြင်းသာဖြစ်ကြောင်း ဘုရားပြောသည်ကို မြင်ရချိန်တွင် ကျွန်မအလွန်ဝမ်းနည်းမိခဲ့သည်။ ကျွန်မမျက်ရည်မကျဘဲ မနေနိုင်ခဲ့ပါ။ ကျွန်မက ဘုရားထုတ်ဖော်ပြသည့် ဤလူစားမျိုးဖြစ်သည်ဟု ခံစားရသည်။ မိမိတာဝန်တွင် ကျွန်မနေ့စဉ် ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးနိုင်သော်လည်း သမ္မာတရားကို မလိုက်စားခဲ့၊ မိမိ၏ စိတ်သဘောထားများ ပြောင်းလဲခြင်းအပေါ် အာရုံမစိုက်ခဲ့ပါ။ ဘုရားနှုတ်ကပတ်တော် မှန်မှန်ဖတ်ရှုခြင်းနှင့် ဘုရားကို မှန်မှန်ဆုတောင်းခြင်းက အချိန်ဖြုန်းခြင်းဖြစ်သည်ဟု ခံစားခဲ့သည်။ ညီအစ်ကို မောင်နှမများနှင့် အစည်းအဝေးများ လုပ်ရသည့်အခါတွင် အခြားသူများက သူတို့၏ အတွေ့အကြုံနှင့် ဘုရားနှုတ်ကပတ်တော်အပေါ် သိနားလည်ခြင်းတို့အား မျှဝေသည်ကို ကျွန်မအာရုံစိုက်နားထောင်ဖို့ မပြောနှင့် မိမိစိတ်နှလုံးကို ငြိမ်သက်အောင် ထားပြီး ဘုရားနှုတ်ကပတ်တော်ကို ဆင်ခြင်ခြင်းပင် မလုပ်နိုင်ခဲ့ပါ။ ကျွန်မ၏ တာဝန်၌ မာနထောင်လွှားသော စိတ်သဘောထားကို ထုတ်ဖော်ပြမိချိန်တွင်လည်း သမ္မာတရားရှာဖွေပြီး ထိုကိစ္စကို ဖြေရှင်းဖို့ ဘုရားရှေ့မှောက် ကျွန်မမလာခဲ့ပါ။ ထိုအစား ကျွန်မတွဲဖက်ကိုသာ အာရုံစူးစိုက်ခဲ့သည်၊ သူ၏ အားနည်းချက်များအပေါ် ဖမ်းကိုင်ပြီး မိမိကိုယ်ကို လုံးဝ နားမလည်ခဲ့ပါ။ ကျွန်မ၏ ပြဿနာများကို ခေါင်းဆောင်များက ထောက်ပြသည့်အခါတွင်လည်း စောဒကတက်ပြီး မိမိကိုယ်ကို ခုခံကာကွယ်ခဲ့သည်။ ကျွန်မ၏ တာဝန်ကို ထိရောက်စွာ ပြုလုပ်သည့်အတွက် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ကျွန်မဖော်ထုတ်လျှင်ပင် ခေါင်းဆောင်များက ကျွန်မကို ကိုင်တွယ်ဖြေရှင်းခြင်း မလုပ်သင့်ဟုပင် ခံစားခဲ့သည်။ ကျွန်မ၏ လုပ်ရပ်များနှင့် အပြုအမူများကို ကြည့်သည့်အခါ သမ္မာတရား လိုက်စားသည့် သရုပ်သကန်တစ်ခုမျှ မတွေ့ရပါ။ ကိစ္စများ ကျွန်မထံ ဖြစ်ပျက်လာသည့်အခါ ဘုရားထံမှ ယင်းတို့ကို လက်မခံခဲ့၊ ထိုအရာများမှ သင်ခန်းစာများ မသင်ယူခဲ့သကဲ့သို့ ကျွန်မကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းဖို့ သမ္မာတရားလည်း မရှာဖွေခဲ့ပါ။ ကျွန်မအသက်ရှင်နေထိုင်သမျှမှာ ဆိုးယုတ်သော စိတ်သဘောထားများသာ ဖြစ်နေခဲ့သည်။ ကျွန်မအနေနှင့် မိမိတာဝန်၌ လတ်တလော ထိရောက်နေလျှင်ပင် ဘုရားအမြင်တွင် ကျွန်မသည် လုံ့လစိုက်ထုတ်နေခြင်းနှင့် အစေခံမှု ပေးနေခြင်းသာ ဖြစ်၏။ ယခင်ကဆိုလျှင် ကြီးမားသည့် အဖိုးအခပေးပြီး တာဝန်တွင် ထိရောက်သရွေ့ သမ္မာတရားကို ကျွန်မလိုက်စားနေပြီး ဘုရားက ကျွန်မကို လက်ခံမည့်သဘောဖြစ်သည်ဟု ကျွန်မတွေးခဲ့သည်။ ဤသည်မှာ ကျွန်မ၏ ကိုယ်ပိုင်ဖြစ်ချင်သော အတွေးသာဖြစ်ကြောင်းကို သဘောမပေါက်ခဲ့ပါ။ တစ်စုံတစ်ဦးက သမ္မာတရား လိုက်စားခြင်း ရှိ၊ မရှိကို ဘုရားသခင်သည် သူတို့၏ အပေါ်ယံ ဒုက္ခခံခြင်းနှင့် အသုံးတော်ခံခြင်းအပေါ် အခြေခံ၍ မစီရင်ဘဲ ထိုအစား ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ပြီး စည်းမျဉ်းများဖြင့် ဆောင်ရွက်ခြင်း ရှိ၊ မရှိအပေါ် အခြေခံ၍သာ စီရင်သည်။ ကျွန်မ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ဖြေရှင်းမခံရဘဲ ရှိနေပြီး မာနထောင်လွှားသော စိတ်သဘောထားဖြင့် လူတို့ကို ပေါင်းသင်းဆက်ဆံနေဆဲဖြစ်ကာ ကျော်ကြားမှုနှင့် အဆင့်အတန်းတို့ လိုက်စားဖို့သာ မိမိတာဝန်ကို ဆောင်ရွက်ပါက ကျွန်မ၏ လုပ်ရပ်များ၊ အပြုအမူများကို ဘုရားက သေချာပေါက် လက်ခံမည် မဟုတ်ပါ။ ဤအရာကို သတိပြုမိသည့်အခါ မာနထောင်လွှားသော စိတ်သဘောထားကို မည်သို့ဖြေရှင်းရမည်၊ လိုက်ဖက်ညီစွာ မည်သို့ပူးပေါင်းလုပ်ဆောင်ပြီး ကျော်ကြားမှုနှင့် အဆင့်အတန်း၏ အနှောင်အဖွဲ့များမှ လွတ်မြောက်အောင် မည်သို့လုပ်ရမည်တို့နှင့်ဆိုင်သည့် ဘုရားနှုတ်ကပတ်တော်အပိုင်းများကို ကျွန်မစားသောက်ခဲ့သည်။ ဘုရားနှုတ်ကပတ်တော်၏ ထုတ်ဖော်ပြမှုမှတစ်ဆင့် ကျွန်မ၏ စိတ်သဘောထားက ဧကန်ပင် အလွန်မာနထောင်လွှားခဲ့သည်ကို နောက်ဆုံး၌ တွေ့ခဲ့ရသည်။ ကျွန်မ၏ အားသာချက်များကို ကျွန်မတွဲဖက်၏ အားနည်းချက်များနှင့် အမြဲ နှိုင်းယှဉ်ခဲ့သည်။ သူ့ထက် ကျွန်မပိုတော်သည်ဟု အမြဲခံစားခဲ့ရပြီး သူ့ကို အထင်သေးခဲ့၏။ ခေါင်းဆောင်များရှေ့၌ သူ၏ အားနည်းချက်များကို ဆွေးနွေးခြင်းနှင့် သူ့အား သေးသိမ်အောင် လုပ်ခြင်းတို့ကို ကျွန်မ၏ နှစ်သက်ခြင်းက ကျော်ကြားမှုနှင့် အဆင့်အတန်းအတွက် သူနှင့် ပြိုင်ဆိုင်သည့် နည်းလမ်းများ ဖြစ်ခဲ့သည်။ ဤအရာကို သဘောပေါက်လိုက်သည်နှင့် ကျွန်မ၏ ဖောက်ပြန်ပျက်စီးခြင်းအပေါ် မိတ်သဟာယပြုဖို့ ကျွန်မ၏ တွဲဖက်ကို ကျွန်မဘက်မှ စတင်ကာ ဖွင့်ဟခဲ့သည်။ တဖြည်းဖြည်းနှင့် ကျွန်မတွဲဖက်နှင့် ကျွန်မတို့သည် လိုက်ဖက်ညီစွာ အတူတကွ လက်တွဲလုပ်နိုင်ခဲ့ကြပြီး အလုပ်ကလည်း သာ၍ ချောမွေ့စွာ တိုးတက်လာ၏။ အလုပ်တွင် ကျွန်မအလွန် ထိရောက်ခဲ့သည်မှာ ဘုရား၏လမ်းပြမှုမှ တစ်ဆင့် ဖြစ်ကြောင်းလည်း ကျွန်မသဘောပေါက်ခဲ့သည်။ ကျော်ကြားမှုနှင့် အဆင့်အတန်းကို လိုက်စားရန်ဖြစ်သည့် ကျွန်မ၏ ကိုယ်ပိုင်ရည်မှန်းချက်များကို ဖြည့်ဆည်းရန်အတွက် ဤဂုဏ်ကို ကျွန်မမယူသင့်ပါ။ ဤဂုဏ်အသရေအားလုံးကို ဘုရားသခင်အား ကျွန်မပေးရမည်။ ဤအတွေ့အကြုံပြီးနောက်တွင် ဘုရားကို ကျွန်မအလွန်ကျေးဇူးတင်ရှိခဲ့သည်။ ဘုရားနှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ထုတ်ဖော်ပြခြင်းမရှိဘဲ၊ ကျွန်မပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရခြင်းမရှိဘဲ မိမိကိုယ်ကို ကျွန်မလုံးဝသုံးသပ်မိခဲ့မည် မဟုတ်သကဲ့သို့ ကျော်ကြားမှုနှင့် အဆင့်အတန်းအတွက်သာ ကျွန်မလုပ်ဆောင်ခြင်းနှင့် အသက်ဝင်ရောက်မှုအပေါ် အာရုံမစိုက်ခြင်းတို့၏ ဆိုးရွားသော အကျိုးဆက်များကိုလည်း ကျွန်မသဘောပေါက်ခဲ့မည် မဟုတ်ပါ။ ထိုအတိုင်း ကျွန်မရှေ့ဆက်ခဲ့ပါက ကျွန်မ၏ စိတ်သဘောထားသည် ပို၍ပို၍ မာနထောင်လွှားလာမည်သာ ဖြစ်သည်။ ဤအရာများကို သဘောပေါက်သည့်အခါ တာဝန်တွင် ကျွန်မပြသခဲ့ပြီး တွေးခဲ့သည့်အရာများကို ရေးချကာ ဆီလျော်သည့် ဘုရားနှုတ်ကပတ်တော်များကို စားသောက်ဖို့ ရှာဖွေရင်း အသက်ဝင်ရောက်မှုအပေါ် တာဝန်သိသိနှင့် ကျွန်မစတင်အာရုံစိုက်ခဲ့သည်။ အတန်ကြာ ဤသို့လက်တွေ့လုပ်ပြီးနောက် ဘုရားနှင့် ကျွန်မ၏ ဆက်ဆံရေးက ပိုရင်းနှီးသွားသည်ဟု ခံစားရ၏၊ ကျွန်မ၏ တာဝန်များတွင် တိုးတက်မှုများ ရအောင် ပြုလုပ်နိုင်ခဲ့ပြီး ကျွန်မအလွန်ကျေနပ်ခဲ့သည်။

နောက်ပိုင်းတွင် ခေါင်းဆောင်အဖြစ် ကျွန်မအရွေးခံခဲ့ရ၏။ ကျွန်မတွင် အားနည်းချက်များစွာ ရှိကြောင်း၊ သမ္မာတရားကို မတောက်တခေါက်သာ နားလည်ပြီး သမ္မာတရား စစ်မှန်မှုများ တစ်ခုမျှ မရှိကြောင်းကို ကျွန်မသိသဖြင့် ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားအပေါ် မိတ်သဟာယမပြုနိုင်မည်ကို ကြောက်ခဲ့သည်၊ ယင်းက ညီအစ်ကို မောင်နှမများ၏ အသက်ဝင်ရောက်မှုကို နှောင့်နှေးစေနိုင်သည်။ ထို့ကြောင့် မကြာခဏ မိမိပြဿနာများနှင့် အခက်အခဲများကို ဆုတောင်းခြင်းဖြင့် ဘုရားရှေ့မှောက် ကျွန်မယူဆောင်လာ၏၊ သမ္မာတရားကို ရှာ၏၊ မိမိ၏ ဖောက်ပြန်ပျက်စီးခြင်းကို သိဖို့၊ ဘုရားနှုတ်ကပတ်တော်မှ ပြဿနာများ ကိုင်တွယ်သည့် စည်းမျဉ်းများကို ရှာဖို့ ကြိုးစား၏။ ထိုအချိန်အတောအတွင်းတွင် ကျွန်မ၏ တာဝန်၌ များစွာ ကျွန်မရရှိခဲ့သည်ဟု ခံစားခဲ့ရသည်။ နောက်ပိုင်းတွင် အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များက တာဝန်မဲ့ခြင်းနှင့် မိမိတို့တာဝန်များတွင် မထိရောက်ခြင်းအတွက် ပြင်းပြင်းထန်ထန် ပြုပြင်ကာ ကိုင်တွယ်ဖြေရှင်းခံရပြီး လက်တွေ့အလုပ် မလုပ်ခြင်းကြောင့် ကျွန်မ၏ လုပ်ဖော်ကိုင်ဖက်များနှင့် တွဲဖက်များ အနည်းအကျဉ်း ဆက်လက်ထုတ်ပယ်ခံရသည်ကို ကျွန်မသိခဲ့ရ၏။ သူတို့ ထုတ်ပယ်ခံရသည့်အခါ လူတိုင်းကို အကြောင်းရင်း ပြောပြထားသည်။ တစ်နေ့တွင် ကျွန်မအလုပ်ကို ကောင်းကောင်း မလုပ်ပါက အထုတ်ခံရပြီး ညီအစ်ကို မောင်နှမများ၏ ဖော်ထုတ်ခြင်းခံရကာ ကျွန်မမည်သည့်လူစားမျိုးဖြစ်ကြောင်း လူတိုင်းက အတိအကျ သိသွားမည့်အဖြစ်ကို ကျွန်မအထူးစိုးရိမ်ခဲ့သည်။ ယင်းက အလွန်ရှက်စရာ ဖြစ်မည်ဖြစ်သည်။ အနာဂတ်တွင် ညီအစ်ကို မောင်နှမများကို ကျွန်မမည်သို့ရင်ဆိုင်ရမည်နည်း။ ထုတ်ဖော်ပြခံရခြင်းနှင့် ထုတ်ပယ်ခံရခြင်းအားဖြင့် ကျွန်မအရှက်မရချင်ခဲ့ပါ။ မသိလိုက်ပါဘဲနှင့် ကျွန်မ၏သဘောထားက စပြောင်းလာ၏၊ ကျွန်မက ခေါင်းဆောင်ဖြစ်သည့် အားလျော်စွာ ညီအစ်ကို မောင်နှမများက မိမိကို အမြဲကြည့်နေသည်၊ မိမိ၏ တွဲဖက်များလည်း မိမိကို စောင့်ကြည့်နေသည်ဟု ကျွန်မခံစားခဲ့သည်။ မိမိတာဝန်တွင် ထိရောက်ခြင်းအားဖြင့်သာ ခေါင်းဆောင်အဖြစ် တည်တံ့နိုင်ပြီး လူတိုင်း၏ အားပေးမှုနှင့် လက်ခံမှုကို ရနိုင်သည်။ မထိရောက်ပါက အနှေးနှင့်အမြန် ထုတ်ဖော်ခံရပြီး စွန့်ပစ်ခံရမည်ဟုလည်း ခံစားခဲ့ရသည်။ ထို့ကြောင့် မိမိတာဝန်ကို ကျွန်မပိုကြိုးစား၍ လုပ်ဆောင်ခဲ့သည်။ နေ့စဉ် မနက် ကျွန်မအိပ်ရာထသည်နှင့် ညီအစ်ကို မောင်နှမများကို သူတို့အလုပ်အကြောင်း ကျွန်မပြောခဲ့သည်။ သူတို့၏ အလုပ်တိုးတက်မှုကို စောင့်ကြည့်ခြင်း၊ အလုပ်၏ ကဏ္ဍအသီးသီးရှိ ပြဿနာတိုင်း၊ သွေဖည်မှုတိုင်းကို စစ်ဆေးခြင်း၊ တိုးတက်မှု ကင်းမဲ့နေသည့် နေရာကို တွေ့အောင်ရှာခြင်း၊ ပြဿနာများအား မည်သို့ဖြေရှင်းရမည်ကို ရှာခြင်း စသည်တို့ကို ကျွန်မလုပ်ခဲ့၏။ တဖြည်းဖြည်းနှင့် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း၊ ဘုရားထံသို့ တိုးဝင်ချဉ်းကပ်ခြင်း၊ ဝတ်ပြုဆုတောင်း မှတ်စုများ လုပ်ခြင်း၊ မိမိကိုယ်ကို သုံးသပ်ခြင်းနှင့် နေ့စဉ် ကျွန်မ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိအောင် လုပ်ခြင်းတို့ကို ကျွန်မချောင်ထိုးထားလိုက်၏။ တစ်ခါတစ်ရံ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအချို့ကို ကျွန်မထုတ်ဖော်ပြကြောင်းနှင့် ဘုရားရှေ့လာဖို့၊ သူ့နှုတ်ကပတ်တော်ကို စားသောက်ပြီး မိမိကိုယ်ကို သုံးသပ်ဖို့ ကျွန်မလိုအပ်ကြောင်း သဘောပေါက်ခဲ့သော်လည်း ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရှုခြင်း၊ သုံးသပ်ခြင်းနှင့် ဆင်ခြင်ခြင်းတို့က အချိန်စားသည်ဟု တွေးခဲ့သည်၊ ထို့ကြောင့် မိမိကိုယ်ကို ကျွန်မဤသို့ ချွေးသိပ်ခဲ့၏၊ “ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေက အခိုင်အမာ အမြစ်တွယ်နေတော့ ရက်နည်းနည်းလေးနဲ့ ဖြေရှင်းလို့ မရဘူး။ ဒါက ရှည်ကြာတဲ့ လုပ်ငန်းစဉ်တစ်ခုပဲ။ ငါဖော်ထုတ်နေတဲ့ ဖောက်ပြန်ပျက်စီးခြင်းကို မဖြေရှင်းဘဲ ထားတာက ခုချိန်မှာ ငါ့တာဝန်တွေကို ထိခိုက်မှာ မဟုတ်ပါဘူး။ ခုချိန်မှာတော့ ငါ့တာဝန်ကို ထိထိရောက်ရောက်နဲ့ ကျွမ်းကျွမ်းကျင်ကျင် ဆောင်ရွက်တာက အရေးကြီးဆုံးအရာပဲ။ အချိန်ရတဲ့အခါ ပြဿနာကို ဖြေရှင်းဖို့ ဘုရားနှုတ်ကပတ်တော်ကို ဖတ်မယ်။ ငါ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ချက်ချင်း အလောတကြီး ဖြေရှင်းဖို့မလိုပါဘူး” ဟူ၍ ဖြစ်သည်။ ဤနည်းဖြင့် ကျွန်မမိမိအလုပ်နှင့် နေ့တိုင်း အလုပ်များနေခဲ့၏။ အတန်ငယ်ကြာပြီးနောက် ဘုရားအိမ်တော်က ခေါင်းဆောင်များနှင့် အမှုဆောင်များကို ဘဝအတွေ့အကြုံ သက်သေခံချက် ဆောင်းပါးများ လေ့ကျင့်ရေးသားခိုင်းသည်။ သို့သော် ကျွန်မအလေးအနက် မထားခဲ့ပါ။ ဤသည်မှာ အရေးမကြီးဟု ထင်ခဲ့သည်။ ကိုယ့်အလုပ်ကို ကောင်းကောင်းမွန်မွန်နှင့် ထိထိရောက်ရောက် ကျွန်မလုပ်သည်ပင်၊ ယင်းကိုယ်၌က သက်သေခံချက်ဖြစ်၏။ ထို့အပြင် ကျွန်မသည် ကိုယ့်အလုပ်နှင့် အလုပ်များနေပြီး ဆောင်းပါးများ ရေးဖို့ အားအင်မရှိခဲ့ပါ။ တစ်ခါတစ်ရံ ကျွန်မ၏ အခြေအနေက မမှန်ကြောင်း၊ အမြဲတစေ အလုပ်များပြီး ကျွန်မ၏ သမ္မာတရား လိုက်စားမှုနှင့် အသက်ဝင်ရောက်မှုတို့အား မရပ်တန့်စေသင့်ကြောင်းကို ကျွန်မသဘောပေါက်ခဲ့သည်။ အလုပ်များစွာ ကျွန်မလုပ်ထားသော်လည်း သမ္မာတရား မရသကဲ့သို့ အသက်ဝင်ရောက်မှုတွင် တိုးတက်မှုလည်း မရှိပါက ယင်းမှာ ဆုံးရှုံးမှုတစ်ခု ဖြစ်မည် မဟုတ်ပါလား။ ဤကိစ္စကို သတိပြုမိလာသည့်အခါ ကျွန်မတစ်ဟုန်ထိုး အားအင်ပေါ်ထွက်လာ၏။ အချိန်ကာလတစ်ခုကြာ ပုံမှန်ဝတ်ပြုဆုတောင်းသည့် အလေ့အကျင့်ကို ထိန်းသိမ်းခဲ့ပြီး ကျွန်မထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးခြင်းကို ဖြေရှင်းဖို့ ဘုရားနှုတ်ကပတ်တော်ကို စားသောက်ခဲ့သည်။ သို့သော် ယင်းကို တစ်ခဏကြာ ဆက်လုပ်နေပြီးနောက် လက်တွေ့အလုပ်မလုပ်ခြင်းနှင့် အသွေးအသား သက်သာဇိမ်ကျမှုကို မက်မောခြင်းအတွက် ကျွန်မ၏ တွဲဖက်နှစ်ဦး အထုတ်ခံခဲ့ရသည်ကို မြင်ရသည့်အခါ ကျွန်မစိတ်နှလုံးက ရုတ်တရက် ရင်တမမ ဖြစ်သွားပြန်သည်။ ကျွန်မတာဝန်တွင် သွေဖည်ခြင်း၊ သတိမမူမိခြင်း တစ်ခုတလေ ရှိသလား ကြည့်ဖို့ အလုပ်တွင် ကျွန်မအစွမ်းကုန် ချက်ချင်းစတင်လုပ်ဆောင်ပြီး မရပ်မနား စအလုပ်လုပ်လာခဲ့သည်။ ထိုနည်းဖြင့် အလုပ်တာဝန်အမျိုးမျိုးအကြောင်း အထက်ခေါင်းဆောင်များက မေးသည့်အခါ ချက်ချင်း ကျွန်မဖြေကြားနိုင်မည်ဖြစ်ပြီး လက်တွေ့အလုပ် ကျွန်မလုပ်နေသည်ကို သူတို့မြင်မည်ဖြစ်သည်။

ကျွန်မသည် အလုပ်နှင့် အမြဲ လက်မလည်နိုင်အောင် ဖြစ်ခဲ့ပြီး ကျွန်မ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဆန်းစစ်၊ ဖြေရှင်းခြင်းအပေါ် အာရုံမစိုက်ခဲ့သောကြောင့် ကျွန်မပိုပိုပြီး မာနထောင်လွှားလာခဲ့သည်၊ ကိစ္စများ ဖြစ်ပျက်သည့်အခါ သမ္မာတရား မရှာခဲ့သည့်အပြင် မိမိကိုယ်ပိုင် စိတ်ကူးများအတိုင်း အရာရာကို လုပ်ဆောင်ခဲ့သည်။ ကျွန်မတာဝန်ယူထားသည့် ဗီဒီယိုအလုပ် ကြီးကြပ်သူများထဲမှ တစ်ဦးက သူ၏အလုပ်တွင် မကြာခဏ အချိန်ဆွဲနေပြီး အဖွဲ့တွင်လည်း ထင်ရာစိုင်းတတ်၏၊ ထို့ကြောင့် သူ့ကို ထုတ်ဖို့ အထက်လူကြီးများက ကျွန်မကို စေခိုင်းခဲ့သည်။ သို့သော် သူသည် ဆုကျေဇူးနှင့် အစွမ်းအစအချို့ရှိပြီး သူ့ကို အစားထိုးခြင်းက ဗီဒီယိုအလုပ်၏ တိုးတက်မှုနှင့် ရလဒ်များအား ထိခိုက်မည်ကို ကျွန်မတွေးမိခဲ့သည်၊ ထို့ကြောင့် အချိန်အတော်ကြာ သူ့ကို ကျွန်မမထုတ်ပယ်ခဲ့ပါ။ အကျိုးဆက်အနေဖြင့် သူတို့ထုတ်လုပ်သည့် ဗီဒီယိုကို ထပ်တလဲလဲ မွမ်းမံခဲ့ရသည်၊ ယင်းက ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်နှေးစေခဲ့၏။ နောက်ဆုံးတွင် အထက်လူကြီးများက သူ့ကို တိုက်ရိုက်ထုတ်ပယ်ခဲ့သည်။ ကျွန်မ၏ မာနထောင်လွှားခြင်းနှင့် ခေါင်းမာခြင်းက ဘုရားအိမ်တော်၏ အလုပ်အား တိုက်ရိုက်ထိခိုက်စေခဲ့သည်ကို မြင်သည့်အခါ နောက်ဆုံးတွင် ကျွန်မအသိစိတ်အနည်းငယ် ရခဲ့သည်။ ထိုမျှ ကြီးမားသည့်‌ ကိစ္စရပ်တွင် ကျွန်မသည် အဘယ်သို့ အလွန်မာနထောင်လွှားပြီး မိမိသဘောမှ မိမိသဘောဟူ၍ မလျှော့ဘဲ နေနိုင်ခဲ့ရသနည်း။ ဘုရားထံ ဆုတောင်းပြီး စည်းမျဉ်းများ ရှာဖို့ ကျွန်မအဘယ်ကြောင့် မသိခဲ့သနည်း။ ထို့နောက်တွင် ဤအတောအတွင်း ကျွန်မ၏ အခြေအနေအကြောင်း တွေးမိခဲ့သည်။ နေ့စဉ် ကျွန်မအလုပ်လုပ်ရင်း အလွန်အလုပ်ရှုပ်ခဲ့သဖြင့် ဘုရားထံ တိုးဝင်ချဉ်းကပ်ခြင်း လုံးဝ မရှိခဲ့ပါ။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းနှင့် ပတ်သက်၍ စိတ်မပါ့တပါဖြစ်ပြီး ဂရုမစိုက်ခဲ့ပါ။ ဖောက်ပြန်ပျက်စီးခြင်းကို ဖော်ထုတ်ခဲ့သော်လည်း သမ္မာတရားကို မရှာနိုင်ခဲ့၊ ချက်ချင်း မဖြေရှင်းနိုင်ခဲ့သကဲ့သို့ ပြဿနာများကို ကိုင်တွယ်ဖို့ အချိန်ကျလာသည့်အခါတွင်လည်း ဘုရားကို လုံးဝ ဆုမတောင်းခဲ့သည့်အပြင် ကိစ္စများကို ဖြေရှင်းဖို့ မိမိကိုယ်ပိုင် ပုဂ္ဂလဓိဋ္ဌာန် အကဲဖြတ်ချက်အပေါ်သာ မှီခိုခဲ့သည်။

အလုပ်သာလုပ်ပြီး သမ္မာတရား မရှာဖွေသည့် အခြေအနေတွင် ကျွန်မတစ်ဖန် အသက်ရှင်နေပြန်သည်ကို မြင်ရသည့်အခါ ကျွန်မအလွန်သောကရောက်သော်လည်း မည်သို့ပြုပြင်ရမည်ကို မသိခဲ့ပါ။ တစ်နေ့တွင် ဘုရားနှုတ်ကပတ်တော်ထဲ၌ ကျွန်မဖတ်ခဲ့ရသည်၊ “အကြီးမြတ်ဆုံးသော ဉာဏ်ပညာမှာ အရာခပ်သိမ်းတွင် ဘုရားသခင်ကို အားကိုးပြီး သူ့ကို မှီခိုရန် ဖြစ်သည်ဟု။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ယုံကြည်သူများသည် လောကကြီး၏ မကောင်းသောရေစီးကြောင်းများကို ဦးစွာပထမ မြင်ရန်လိုအပ်သည်”) မှန်ပါသည်။ ဘုရားထံ ကျွန်မဆုတောင်းနိုင်သည်၊ ဘုရားကို မှီခိုနိုင်ပြီး ကျွန်မကိုယ်ကျွန်မ သိဖို့ လမ်းပြပေးပါရန် သူ့ကို တောင်းလျှောက်နိုင်သည်။ ထို့ကြောင့် ကျွန်မ၏ အခက်အခဲများကို ဘုရားရှေ့မှောက် ဆုတောင်းခြင်းဖြင့် ကျွန်မ မကြာခဏ ယူဆောင်လာခဲ့သည်။ ဤပြဿနာ မပြေလည်သွားသေးသည့် အကြောင်းရင်းကိုလည်း ကျွန်မအမြဲတစေ သုံးသပ်ပြီး ချင့်ချိန်စဉ်းစားခဲ့သည်။ တစ်ကြိမ် ကျွန်မဝတ်ပြုဆုတောင်းနေစဉ် ဘုရားနှုတ်ကပတ်တော်ထဲ၌ ဖတ်ရသည်၊ “ယနေ့ အမှု၏ ဆက်စပ် အကြောင်းအရာတွင်၊ လူတို့သည်၊ ‘ဗိမာန်တော်သည် ဘုရားသခင်ထက် ကြီးမြတ်သည်။’ ဟူသည့် စကားများက ကိုယ်စားပြုသည့် အလားတူ အရာမျိုးများကို လုပ်ဆောင်ကြလိမ့်ဦးမည် ဖြစ်သည်။ ဥပမာအားဖြင့် လူတို့သည် ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းခြင်းအား ၎င်းတို့၏အလုပ်ဟု မြင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို သက်သေခံခြင်းနှင့် အဆင်းနီသောနဂါးကြီးကို တိုက်ခိုက်ခြင်းအား ဒီမိုကရေစီနှင့် လွတ်လပ်မှုအတွက် လူ့အခွင့်အရေးကို ခုခံကာကွယ်သော နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုအဖြစ် မြင်ကြသည်။ ၎င်းတို့၏ တာဝန်ကို သက်မွေးမှုလုပ်ငန်းများတွင် အသုံးပြုဖို့ ၎င်းတို့၏ ကျွမ်းကျင်မှုများအဖြစ် ပြောင်းလဲကြသည်၊ ပြီးလျှင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းအား စောင့်ထိန်းရမည့် ဘာသာရေးအယူဝါဒ တစ်စိတ်တစ်ပိုင်းအဖြစ် စသဖြင့် သဘောထားကြသည်။ ဤအပြုအမူများသည် အခြေခံအားဖြင့် ‘ဗိမာန်တော်က ဘုရားသခင်ထက် ကြီးမြတ်သည်။’ ဆိုသည်နှင့် အတူတူ ဖြစ်သည်မဟုတ်လော။ ကွာခြားချက်မှာ၊ လွန်ခဲ့သော အနှစ်နှစ်ထောင်က၊ လူတို့သည် ရုပ်ပိုင်းဆိုင်ရာ ဗိမာန်တော်တွင် ၎င်းတို့၏ကိုယ်ပိုင် စီးပွားရေးကို ဆောင်ရွက်နေခဲ့ကြသော်လည်း၊ ယနေ့တွင် လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင် စီးပွားရေးများကို အကောင်အထည်ပြ၍မရသော ဗိမာန်တော်များတွင် ဆောင်ရွက်ကြပေသည်။ စည်းမျဉ်းများကို တန်ဖိုးထားသော ထိုလူတို့သည် စည်းမျဉ်းများကို ဘုရားသခင်ထက် ပိုကြီးမြတ်သည်ဟု မြင်ကြသည်၊ အဆင့်အတန်းကို ချစ်ကြသော လူတို့သည် အဆင့်အတန်းကို ဘုရားသခင်ထက် ကြီးမြတ်သည်ဟု မြင်ကြသည်။ ၎င်းတို့၏ အသက်မွေးအလုပ်ကို ချစ်ကြသော လူတို့သည် အသက်မွေးအလုပ်များကို ဘုရားသခင်ထက် သာ၍ကြီးမြတ်သည်ဟု မြင်ကြသည် စသဖြင့်ဖြစ်သည်- ၎င်းတို့၏ ဖော်ပြချက်အားလုံးက ငါ့ကို ဤသို့ပြောစေသည်- ‘လူတို့က ၎င်းတို့၏စကားများမှတစ်ဆင့် ဘုရားသခင်ကို အကြီးမြတ်ဆုံး အဖြစ် ချီးမွမ်းကြသော်လည်း၊ ၎င်းတို့၏မျက်လုံးများထဲတွင် အရာရာသည် ဘုရားသခင်ထက် သာ၍ ကြီးမြတ်၏။’ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူတို့သည် မိမိတို့၏ ကိုယ်ပိုင် ပါရမီများကို ပြသရန်၊ သို့မဟုတ် ၎င်းတို့၏ကိုယ်ပိုင် စီးပွားရေး၊ သို့မဟုတ် ၎င်းတို့၏ အသက်မွေးအလုပ်ကို ဆောင်ရွက်ရန်၊ ဘုရားသခင်နောက်လိုက်လျှောက်ခြင်း လမ်းကြောင်းတစ်လျှောက် အခွင့်အရေးကို ရှာတွေ့သည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်ထံမှ ဝေးကွာစေပြီး ၎င်းတို့ချစ်သော အသက်မွေးဝမ်းအလုပ်တို့ထဲသို့ ခြေစုံပစ်ဝင်လိုက်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့ကို ဘုရားသခင် ပေးအပ်ထားသည့်အရာနှင့် သူ၏ အလိုအတွက်မူ၊ ထိုအရာများသည် စွန့်ပစ်ခံထားရသည်မှာ ကြာပြီဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)) ဘုရားနှုတ်ကပတ်တော်များမှ ကျွန်မနားလည်ရသည်မှာ ကျွန်မအမြဲအလုပ်များရသည့် အကြောင်းရင်းက ကျော်ကြားမှုနှင့် အဆင့်အတန်းကို ကျွန်မလိုက်စားနေခဲ့ခြင်း ဖြစ်ကြောင်းပင် ဖြစ်၏။ လက်တွေ့အလုပ် မလုပ်နိုင်ခြင်းအတွက် အချို့သော ခေါင်းဆောင်များနှင့် လုပ်ဖော်ဆောင်ဖက်များ ထုတ်ပယ်ခံရသည်ကို မြင်ရချိန်တွင် လက်တွေ့အလုပ်ကို ကျွန်မပိုလုပ်ပါက ထုတ်ပယ်ခံရမည်မဟုတ်၊ ခေါင်းဆောင်အဖြစ် ကျွန်မ၏ ရာထူးအား ထိန်းသိမ်းနိုင်မည်၊ အခြားသူများ၏ ဖော်ထုတ်ခြင်းနှင့် စိစစ်ခြင်း ခံရမည်မဟုတ်သကဲ့သို့ အရှက်လည်း ရမည်မဟုတ်ဟု ကျွန်မထင်ခဲ့သည်။ ကျွန်မ၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို သမ္မာတရား လိုက်စားခြင်းထက် ပိုအရေးကြီးသည်ဟု စဉ်းစားခဲ့သည်၊ ထို့ကြောင့် ကျွန်မ၏ တာဝန်နှင့် အလုပ်ကို ပိုဆောင်ရွက်ဖို့ ကျွန်မစိတ်ထက်သန်ခဲ့သည်။ အလုပ်ကို ကျွန်မလိုက်ကြီးကြပ်ပြီး ပြဿနာများကို ဖြေရှင်းကြောင်း၊ ကျွန်မသည် လက်တွေ့အလုပ်လုပ်နိုင်သည့် ခေါင်းဆောင်ကောင်း ဖြစ်ကြောင်း ညီအစ်ကို မောင်နှမများက မြင်သရွေ့ လူတိုင်းက ကျွန်မကို သေချာပေါက် အားပေးပြီး လက်ခံမည်ဖြစ်ကာ အသင်းတော်ထဲတွင် နေရာတစ်ခု ရှိနိုင်မည်ဟု ကျွန်မတွေးထင်ခဲ့သည်။ ကျော်ကြားမှုနှင့် အဆင့်အတန်းအပေါ် လိုက်စားခြင်းကို အထိန်းအကွပ်မရှိ ကျွန်မတိုးလုပ်ခဲ့သည်နှင့်အမျှ ဘုရား၏ သတ်မှတ်ချက်များကို ကျွန်မချောင်ထိုးထားခဲ့သည်။ ဘုရားက လူတို့အား သမ္မာတရားနှင့် အသက်ဝင်ရောက်မှုကို လိုက်စားဖို့ တောင်းဆိုသော်လည်း ယင်းကို ကျွန်မလုံးဝ အလေးအနက် မထားခဲ့ပါ။ မှန်သည်ဟု ကျွန်မတွေးထင်သည့်အရာကို ဖက်တွယ်ခဲ့ပြီး “ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေက အခိုင်အမာ အမြစ်တွယ်နေတယ်၊ ငါ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ချက်ချင်း အလောတကြီး ဖြေရှင်းဖို့မလိုပါဘူး”၊ ပြီးလျှင် “ဖောက်ပြန်ပျက်စီးခြင်း နည်းနည်းလေးက ငါ့တာဝန်တွေကို ထိခိုက်မှာမဟုတ်ဘူး၊ ရလဒ်တွေက အရေးကြီးဆုံးပဲ” ဆိုသည်နှင့် “ခုချိန်မှာ ငါ့တာဝန်နဲ့ ငါအလုပ်များလွန်းနေတာ၊ အချိန်မရှိဘူး၊ အချိန်ရှိတဲ့အခါမှ ဘုရားနှုတ်ကပတ်တော်ကို စားသောက်ပြီး သမ္မာတရားလိုက်စားမယ်” ဟူသည့် အရာများကို မှားယွင်းစွာ တွေးခဲ့သည်။ အသက်ဝင်ရောက်မှုကို လိုက်စားခြင်းအပေါ် အာရုံမစိုက်ဖို့ ကျိုးကြောင်းပြချက်နှင့် ဆင်ခြေများအဖြစ်၊ ဂုဏ်သတင်းနှင့် အဆင့်အတန်း လိုက်စားရာတွင် မမှန်သည့် အကြောင်းပြချက်အဖြစ် ဤစကားများကို ကျွန်မသုံးခဲ့သည်။ မိမိတာဝန်ကို ထမ်းဆောင်သည်ဟု ကြွေးကြော်ကာ မိမိကိုယ်ပိုင်လုပ်ငန်းကို လုပ်ဆောင်ခဲ့ပြီး အလုပ်ပိုလုပ်ရန်နှင့် ပိုများသော ရလဒ်များ ဖန်တီးရန်သာ တစ်နေကုန် စဉ်းစားနေခဲ့သည်။ ကျွန်မ၏ အဆင့်အတန်းနှင့် အကျိုးစီးပွားများကို ကာကွယ်ဖို့၊ ကျွန်မ၏ ရည်မှန်းချက်နှင့် ဆန္ဒများ ဖြည့်ဆည်းဖို့ ဤနည်းစနစ်ကို သုံးချင်ခဲ့သည်။ အလွန်စက်ဆုပ်စရာနှင့် ရှက်စရာ ဖြစ်ခဲ့ပါ၏။

နောက်ပိုင်းတွင် ကျွန်မ၏ မှားသည့် လိုက်စားမှုအပေါ် ထိုးထွင်းသိမြင်မှု အချို့ပေးသည့် နောက်ထပ် ဘုရားနှုတ်ကပတ်တော် အနည်းငယ်ကို ကျွန်မဖတ်ခဲ့သည်။ ဘုရားသခင်က ပြောသည်- “သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းကို နှစ်ပေါင်းများစွာ တွေ့ကြုံခံစားခဲ့ရပြီးသည့်နောက်၊ ပေါလုအထဲမှ ပြောင်းလဲခြင်းသည် တကယ်မရှိသလောက် ဖြစ်သည်။ သူသည် သူ၏ သဘာဝ အခြေအနေတွင် ကျန်ရစ်ဆဲ ဖြစ်ပြီး၊ ယခင်က ပေါလု ဖြစ်နေဆဲ ဖြစ်သည်။ နှစ်ပေါင်းများစွာ အလုပ်လုပ်ခြင်းနှင့်ဆိုင်သော အခက်အခဲကို ကြံ့ကြံ့ခံပြီးနောက်တွင်သာ၊ သူသည် မည်သို့ အလုပ်လုပ်ရမည်ကို သင်ယူခဲ့ပြီးဖြစ်သကဲ့သို့၊ ခံနိုင်ရည်ကိုလည်း သင်ယူခဲ့ပြီးဖြစ်သော်လည်း၊ သူ၏ သဘာဝဟောင်းသည် သူ၏ အလွန် နိုင်လိုစိတ်ပြင်းကာ ကြေးစား သဘာဝသည် ကျန်ရှိနေဆဲ ဖြစ်သည်။ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီးနောက်တွင်၊ သူသည် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မသိသကဲ့သို့၊ သူ၏ ဟောင်းသော စိတ်သဘောထားမှလည်း မိမိကိုယ်ကိုယ် မဖယ်ရှားခဲ့ပေ၊ ပြီးလျှင် ယင်းကို သူ၏ အလုပ်တွင် သိသာထင်ရှားစွာ မြင်၍ရနိုင်ဆဲဖြစ်ခဲ့သည်။ သူ၏အထဲတွင် သာ၍များသော အလုပ်အတွေ့အကြုံမျှသာ ရှိခဲ့သော်လည်း၊ ထိုသို့သော သေးနုပ်သော အတွေ့အကြုံ တစ်ခုတည်းသည် သူ့ကို ပြောင်းလဲပေးနိုင်စွမ်း မရှိသကဲ့သို့၊ ဖြစ်တည်မှုနှင့်ပတ်သက်သည့် သူ၏ အမြင်များ သို့မဟုတ် သူ၏ လိုက်စားခြင်းနှင့်ဆိုင်သော အရေးပါမှုတို့ကို မပြောင်းလဲနိုင်ခဲ့ပေ။...လူသည် ကယ်တင်ခံရနိုင်ခြင်း ရှိ မရှိဆိုသည်မှာ သူ အလုပ်မည်မျှ လုပ်ဆောင်သည်၊ သို့မဟုတ် သူ မည်မျှ ဆက်ကပ်သည် ဆိုသည်တို့အပေါ် မမူတည်ဘဲ၊ ထိုအစား သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သိခြင်း ရှိ မရှိ သူသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိ မရှိဆိုသည်နှင့်၊ လိုက်စားခြင်းအပေါ် သူ၏ အမြင်များသည် သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိ မရှိ စသည်တို့အားဖြင့် သတ်မှတ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်)အကယ်၍ သင်သည် အလုပ်များစွာ လုပ်ဆောင်ကာ၊ အခြားသူများက သင်၏ သွန်သင်ချက်များကို ရယူနိုင်ကြသော်လည်း၊ သင်ကိုယ်၌က မပြောင်းလဲခဲ့သကဲ့သို့ မည်သည့် သက်သေမျှ မခံခဲ့ပါက၊ သို့မဟုတ် စစ်မှန်သော မည်သည့် အတွေ့အကြုံမျှ မရှိခဲ့သည်မှာ သင့်အသက်တာ၏ အဆုံးတွင်၊ သင်လုပ်ဆောင်ပြီးဖြစ်သည့်အရာများထဲမှ မည်သည့်အရာကမျှ သက်သေမခံပါက၊ သင်သည် ပြောင်းလဲပြီးသော သူတစ်ဦး ဖြစ်ပါသလော။ သင်သည် သမ္မာတရားကို လိုက်စားသောသူတစ်ဦး ဖြစ်ပါသလော။ ထိုအချိန်တွင် သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ကို အသုံးပြုခဲ့သော်လည်း၊ သူသည် သင့်ကို အသုံးပြုသောအခါ၊ အလုပ်အဖို့ အသုံးပြုနိုင်သည့် အပိုင်းကိုသာ အသုံးပြုခဲ့ပြီး၊ အသုံးပြု၍ မရနိုင်မည့် အပိုင်းကို အသုံးမပြုခဲ့ချေ။ အကယ်၍ သင်သည် ပြောင်းလဲရန် ကြိုးစားခဲ့ပါက၊ သင်သည် အသုံးပြုခြင်းခံရသည့် ဖြစ်စဉ်အတောအတွင်းတွင် တဖြည်းဖြည်း စုံလင်စေခြင်း ခံရမည်ဖြစ်သည်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်သည် နောက်ဆုံးတွင် သင် ရယူခြင်းခံရမည်၊ မခံရမည် ဆိုသည်အတွက် တာဝန်မယူသကဲ့သို့၊ ဤသည်မှာ သင်၏ လိုက်စားခြင်း နည်းဟန်ပေါ်တွင် မူတည်ပေသည်။ သင်၏ ကိုယ်ပိုင် စိတ်သဘောထားတွင် မည်သည့် ပြောင်းလဲခြင်းမျှ မရှိပါက၊ ယင်းမှာ လိုက်ခြင်းအပေါ် သင်၏ ရှုထောင့်အမြင်သည် မှားယွင်းသောကြောင့် ဖြစ်သည်။ သင်သည် မည်သည့် ဆုလာဘ်မျှ အပ်နှင်းမခံရပါက၊ ယင်းမှာ သင်ကိုယ်တိုင်၏ ပြဿနာ ဖြစ်ပြီး၊ သင်ကိုယ်တိုင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သကဲ့သို့ ဘုရားသခင်၏ စိတ်ဆန္ဒကို မဖြည့်ဆည်းနိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သင်၏ ကိုယ်ပိုင် အတွေ့အကြုံများထက် မည်သည့်အရာကမျှ သာ၍ အရေးမကြီးသကဲ့သို့ သင်၏ ကိုယ်ပိုင် ဝင်ရောက်မှုထက် မည်သည့်အရာကမျှ သာ၍ အရေးမပါချေ။ အဆုံးတွင် အချို့သော လူများက၊ ‘အကျွန်ုပ်သည် ကိုယ်တော့်အတွက် အလွန် များလှစွာသော အလုပ်ကို လုပ်ဆောင်ပြီးဖြစ်ကာ၊ မည်သည့် ထင်ရှားသော စွမ်းဆောင်အောင်မြင်မှုတို့ ပြုကောင်းပြုနိုင်မည်မဟုတ်သော်လည်း၊ အကျွန်ုပ်သည် အကျွန်ုပ်၏ အားထုတ်မှုများတွင် လုံ့လရှိဆဲဖြစ်လေပြီ။ အသက်၏အသီးကို စားသုံးရန် ကောင်းကင်ဘုံထဲသို့ ကိုယ်တော်သည် အကျွန်ုပ်အား ဝင်ခွင့်သာပေး၍ မရသလော။’ ဟူ၍ ပြောကြပေလိမ့်မည်။ မည်ကဲ့သို့သော လူမျိုးကို ငါ လိုချင်သည်ကို သင်သိရမည်။ မဖြူစင်သော သူများကို နိုင်ငံတော်အထဲသို့ ဝင်ရောက်ရန် အခွင့်မပြုထားပေ၊ မဖြူစင်သော သူများကို သန့်ရှင်းသောမြေအား အသရေဖျက်စေရန် အခွင့်မပြုထားပေ။ သင်သည် အလွန်များသော အလုပ်ကို လုပ်ဆောင်ပြီးဖြစ်ကာ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ အဆုံး၌ သင်သည် မနှစ်မြို့ဖွယ်ရာ ညစ်ညူးနေဆဲ ဖြစ်ပါက၊ သင်သည် ငါ့နိုင်ငံတော်ထဲသို့ ဝင်ရောက်လိုသည်မှာ ကောင်းကင်ဘုံ၏ ဥပဒေသအဖို့ သည်းမခံနိုင်ဖွယ် ဖြစ်ပေလိမ့်မည်။ ကမ္ဘာလောကကို အုတ်မြစ်ချသည့် အချိန်မှသည် ယနေ့အထိ၊ ငါ့ကို မျက်နှာလို မျက်နှာရ ပြုကြသော ထိုသူများအား ငါ့နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ လွယ်ကူစွာ ဝင်ရောက်ခွင့် မပေးဖူးပေ။ ဤသည်မှာ ကောင်းကင်ဘုံဆိုင်ရာ စည်းမျဉ်း ဖြစ်ပြီး၊ မည်သူမျှ ချိုးဖောက်၍မရနိုင်။ သင်သည် အသက်အား ရှာဖွေရမည်။ ယနေ့ခေတ်တွင် ပြီးပြည့် စုံလင်စေခြင်း ခံရမည့် သူများသည် ပေတရုကဲ့သို့သော သူများ ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် စိတ်သဘောထားတွင် ပြောင်းလဲမှုများကို ရှာဖွေသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်အား သက်သေခံရန်နှင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး အနေဖြင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန် လိုလားနေကြသူများ ဖြစ်သည်။ ဤကဲ့သို့သော လူများသာ စုံလင်စေခြင်း ခံရပေလိမ့်မည်။ အကယ်၍ သင်သည် ဆုလာဘ်များကိုသာ မျှော်လင့်ပြီး၊ သင်၏ကိုယ်ပိုင် အသက်စိတ်သဘောထားကို ပြောင်းလဲရန် မကြိုးစားပါက၊ သင်၏ အားထုတ်မှု အားလုံးသည် အချည်းနှီး ဖြစ်သွားလိမ့်မည်၊ ဤသည်မှာ ပြောင်းလဲ၍ မရနိုင်သော သမ္မာတရားတစ်ခု ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်)ပေတရုနှင့် ပေါလုတို့၏ အနှစ်သာရများထဲက ကွဲပြားခြားနားမှုမှ အသက်အား မလိုက်စားသောသူများ အားလုံးသည် အချည်းနှီး အားထုတ်ကြသည်ကို သင် နားလည်သင့်သည်။ သင်သည် ဘုရားသခင်အား ယုံကြည်ပြီး ဘုရားသခင်နောက် လိုက်သည်၊ ထို့ကြောင့် သင်၏ စိတ်နှလုံးသားထဲတွင် သင်သည် ဘုရားသခင်အား ချစ်ရပေမည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင် ဘေးဖယ်ထားရမည်၊ ဘုရားသခင်၏ စိတ်ဆန္ဒကို ဖြည့်ဆည်းရန် သင် ကြိုးစားရမည် ဖြစ်ပြီး၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါ တစ်ဦး၏ တာဝန်ကို သင် ထမ်းဆောင်ရပေမည်။ သင်သည် ဘုရားသခင်အား ယုံကြည်ကာ ဘုရားသခင် နောက်ကို လိုက်သည့်အတွက်၊ သင်သည် အရာရာကို သူ့ထံ ဆက်သသင့်ပြီး၊ ကိုယ်ပိုင် ရွေးချယ်မှုများ သို့မဟုတ် တောင်းဆိုမှုများ မပြုလုပ်သင့်သကဲ့သို့၊ ဘုရားသခင်၏ စိတ်ဆန္ဒအား ဖြည့်ဆည်းခြင်းကို သင် စွမ်းဆောင် ရရှိသင့်ပေသည်။ သင်သည် ဖန်ဆင်းခြင်း ခံခဲ့ရသည့်အတွက်၊ ပင်ကိုအားဖြင့် မိမိကိုယ်ကိုယ်အပေါ် အုပ်စိုးခြင်း မရှိသကဲ့သို့၊ မိမိ၏ ကိုယ်ပိုင် ကံကြမ္မာကို ထိန်းချုပ်နိုင်စွမ်း မရှိသည့်အတွက်၊ သင့်ကို ဖန်ဆင်းသည့် သခင်ကို သင်သည် နာခံသင့်ပေသည်။ သင်သည် ဘုရားသခင်အား ယုံကြည်သော လူတစ်ဦး ဖြစ်သည့်အတွက်၊ သန့်ရှင်းခြင်းနှင့် ပြောင်းလဲခြင်းကို ဖွေရှာသင့်သည်။ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သည့်အတွက်၊ သင်၏ တာဝန်ကို လိုက်နာစောင့်ထိန်းသင့်ပြီး၊ သင်၏ နေရာကို ထိန်းသိမ်းသင့်ကာ၊ သင်၏ တာဝန်ကို ဘောင်မကျော်သင့်ပေ။ ဤသည်မှာ သင့်အား ဘောင်ခတ်ရန်၊ သို့မဟုတ် သင့်ကို အယူဝါဒမှတစ်ဆင့် ချိုးနှိမ်ရန် မဟုတ်ဘဲ၊ ထိုအစား ဤသည်မှာ သင်၏ တာဝန်ကို သင် ထမ်းဆောင်နိုင်သည့် လမ်းကြောင်း ဖြစ်ပြီး၊ ယင်းကို ဖြောင့်မတ်ခြင်း ပြုသော သူအားလုံးက စွမ်းဆောင်ရရှိနိုင်သည် စွမ်းဆောင် ရရှိသင့်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်) ဘုရားနှုတ်ကပတ်တော် ဖတ်ပြီးနောက် ကျွန်မ၏ ယုံကြည်မှုတွင် လိုက်စားရမည့်အရာနှင့်ဆိုင်သည့် ကျွန်မ၏ အမြင်က အလွန်မှားခဲ့သည်ကို နောက်ဆုံး သဘောပေါက်သွားသည်။ ဘုရား၏လက်ခံမှုကို တစ်စုံတစ်ဦး ရ၊ မရဆိုသည်မှာ ထိုသူအနေဖြင့် အလုပ်မည်မျှလုပ်သည်၊ အသင်းတော်တွင် သူ၏အဆင့်အတန်းက မည်မျှမြင့်မားသည် ဆိုသည့်အပေါ် မမူတည်ပါ။ အဓိကအရာမှာ သမ္မာတရားကို လိုက်စားပြီး မိမိ၏ အသက်သဘောထားတွင် ပြောင်းလဲမှု ရရှိခြင်း ရှိ၊ မရှိ ဖြစ်သည်။ ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက်သာ အလုပ်လုပ်ပါက မိမိ၏ အဆင့်အတန်းကို ခဏကြာ ထိန်းသိမ်းထားလျှင်ပင် သမ္မာတရားကို သိနားလည်မှုနှင့် စစ်မှန်သော ဘဝအတွေ့အကြုံမရှိဘဲ ဘုရားအိမ်တော်တွင် တည်တံ့ဖို့ မဖြစ်နိုင်ပါ။ အနှေးနှင့်အမြန် စွန့်ပစ်ခံရပါလိမ့်မည်။ ပေါလုကို စဉ်းစားကြည့်ပါ။ သူသည် နှစ်ပေါင်းများစွာ လှည့်ပတ်သွားလာပြီး မိမိကိုယ်ကို အသုံးခံခဲ့သော်လည်း၊ ဆင်းရဲဒုက္ခများစွာ ခံခဲ့သော်လည်း၊ ဧဝံဂေလိ ဟောကာ လူများစွာကို ရရှိခဲ့သော်လည်း သူ၏ အလုပ်အားလုံးမှာ ကျော်ကြားမှု၊ အဆင့်အတန်း၊ ဆုလာဘ်များနှင့် သရဖူများအတွက်သာ ဖြစ်ခဲ့သည်။ သမ္မာတရားကို သူလုံးဝ မလိုက်စားခဲ့သကဲ့သို့ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားလည်း မပြောင်းလဲခဲ့ပါ။ ပေါလုသည် အထူးသဖြင့် မာနထောင်လွှားကာ ပြိုင်ဆိုင်တတ်ခဲ့ပြီး အခြားသော တမန်တော်များအပေါ် အထင်သေးခဲ့သည်။ သူသည် အခြားသော တမန်တော်များအထက်တွင် ရှိသည်ဟု အမြဲ သက်သေခံခဲ့ပြီး ဆင်ခြင်တုံတရားအားလုံး ပျောက်ဆုံးသွားသည်အထိ အလွန်မာနထောင်လွှားခဲ့၏။ ပေါလုသည် သူ၏ အသက်စိတ်သဘောထား ပြောင်းလဲခြင်းကို လုံးဝ မလိုက်စားခဲ့ပါ။ ဘုရားကို ဆန့်ကျင်သည့် သူ၏သဘာဝအပေါ် မည်သည့်သိနားလည်မှုမျှလည်း မရှိခဲ့ပါ။ သူ၏ကိုယ်ပိုင်အလုပ်နှင့် ဆင်းရဲဒုက္ခခံခြင်းကိုလည်း ဘုရားနှင့် အပေးအယူလုပ်ဖို့ အရင်းအနှီးအဖြစ် မှတ်ယူခဲ့သည်။ သူ၏ စိတ်သဘောထားက ပိုပိုပြီး မာနထောင်လွှားလာခဲ့သကဲ့သို့ ခရစ်တော်ကဲ့သို့ အသက်ရှင်သည်ဟုပင် သူသက်သေခံခဲ့၏။ ပေါလုသည် ဘုရားကို ဆန့်ကျင်သည့် အန္တိခရစ်လမ်းကြောင်းကို လျှောက်ခဲ့သည်။ နောက်ဆုံးတွင် ဘုရား၏ စိတ်သဘောထားကို သူပုန်ကန်ပြစ်မှားခဲ့ပြီး ဘုရား၏ အပြစ်ဒဏ်ပေးခြင်းကို ခံခဲ့ရ၏။ ကျွန်မသည် ကျော်ကြားမှုနှင့် အဆင့်အတန်းကို အမြဲလိုက်စားခဲ့ပြီး အသက်စိတ်သဘောထား ပြောင်းလဲခြင်းကို အာရုံမစိုက်ခဲ့ပါ။ ကျွန်မသည် ပေါလုကဲ့သို့ တူညီသည့် လမ်းကို အတိအကျ လျှောက်လှမ်းနေခဲ့သည် မဟုတ်ပါလား။ ကျွန်မ၏ တွဲဖက်များ တစ်ဦးပြီးတစ်ဦး အထုတ်ခံရသည်ကို မြင်သည့်အခါ ကျွန်မလည်း အထုတ်ခံရမည်ကို ကြောက်ခဲ့သည်၊ ထို့ကြောင့် ပိုပိုပြီး အလုပ်လုပ်ခဲ့၏။ ကျွန်မ၏အလုပ်က ရလဒ်အချို့ ထွက်လာသည့်အခါ ကောင်းကောင်း လုပ်ခဲ့ပြီဟု ခံစားရပြီး ပိုပို၍ မာနထောင်လွှားလာခဲ့ကာ သမ္မာတရား စည်းမျဉ်းများ မရှာဘဲ ကျွန်မ၏ တာဝန်ကို ဆောင်ရွက်ခဲ့သည်။ ကျွန်မ၏ အထက်လူကြီးများက စည်းမျဉ်းနှင့်အညီ ဗီဒီယိုအလုပ် ကြီးကြပ်သူကို ထုတ်ပယ်ခိုင်းခဲ့သော်လည်း ကျွန်မ၏ ကိုယ်ပိုင်စိတ်ကူးများအပေါ် မလျှော့တမ်း ဖက်တွယ်ပြီး သူ့ကို ထုတ်ပယ်ဖို့ မလိုလားခဲ့သဖြင့် အလုပ်၏ တိုးတက်မှုတွင် နှောင့်နှေးမှုများ ဖြစ်သွားပြီး ဘုရားအိမ်တော်၏ အလုပ်လည်း ထိခိုက်သွားခဲ့ရသည်။ ကျွန်မ၏ မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ပိုင် အမြင်များအပေါ် မလျှော့တမ်း ဖက်တွယ်တတ်ခြင်းက ကျော်ကြားမှုနှင့် အဆင့်အတန်းအပေါ် ကျွန်မ၏ အမြဲတမ်း လိုက်စားခြင်း၊ အသက်ဝင်ရောက်မှုအပေါ် အာရုံမစိုက်ခြင်းနှင့် တိုက်ရိုက်ဆက်နွှယ်နေခဲ့သည်။ ကျော်ကြားမှုနှင့် အဆင့်အတန်းကို ကျွန်မလိုက်စားလေ၊ ကျွန်မစိတ်နှလုံးတွင် ဘုရားအတွက် နေရာလျော့နည်းလေ ဖြစ်သည်။ ကိစ္စများ ဖြစ်ပျက်သည့်အခါ သမ္မာတရားကို ကျွန်မမရှာခဲ့ပါ။ မိမိကိုယ်ကိုအပေါ်သာ လုံးလုံး မှီခိုခဲ့သည်။ အတိတ်တွင် လက်တွေ့အလုပ်ကို ကျွန်မပိုလုပ်ခဲ့ပါက ထုတ်ပယ်ခံရမည်မဟုတ်ဟု တွေးခဲ့သည်။ သို့သော် ယခုတွင်မူ အလုပ်အပေါ်၊ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို လိုက်စားခြင်းအပေါ်သာ အာရုံစိုက်ခြင်းနှင့် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖြေရှင်းခြင်းအားဖြင့် ကျွန်မတိုး၍သာ မာနထောင်လွှားပြီး ဘုရားကို ပို၍သာ ဆန့်ကျင်မိမည်ကို ကျွန်မသဘောပေါက်သွားသည်။ ဤသို့ ကျွန်မဆက်လုပ်ပါက ပေါလုကဲ့သို့ပင် ဘုရား၏ ထုတ်ဖော်ပြခြင်းကို ခံရပြီး စွန့်ပစ်ခံရမည် ဖြစ်သည်။ လူတိုင်းကို ဘုရားက မျှမျှတတနှင့် တရားသဖြင့် ဆက်ဆံသည်။ ဘုရား၏ နိုင်ငံတော်ထဲ ဝင်ရောက်နိုင်သူတို့မှာ သမ္မာတရားကို လိုက်စားကာ လက်တွေ့လုပ်ပြီး မိမိတို့၏ အသက်စိတ်သဘောထား ပြောင်းလဲသော သူများအားလုံး ဖြစ်သည်။ အသက် စိတ်သဘောထားတွင် အနည်းငယ်မျှ ပြောင်းလဲခြင်း မရှိဘဲ၊ ဘုရားနှင့်ဆိုင်သည့် အသိအနည်းငယ်မျှ ရရှိခြင်း မရှိဘဲ၊ ဘဝအတွေ့အကြုံနှင့်ဆိုင်သည့် စစ်မှန်သော သက်သေခံချက်တစ်ခုမျှ ရရှိခြင်း မရှိဘဲ နှစ်များစွာကြာ ဘုရားကို ယုံကြည်ပါက ထိုသို့သော လူများသည် ဘုရား၏ နိုင်ငံတော်ထဲသို့ မဝင်ရောက်နိုင်ပါ။ ဤအရာကို ဘုရား၏ ဖြောင့်မတ်သော စိတ်သဘောထားက ဆုံးဖြတ်သည်။ မိမိကိုယ်ကိုအပေါ် တစ်ဖန် ပြန်တွေးကြည့်သည့်အခါ မိမိ၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းအား ထိန်းသိမ်းရန်သာ အလုပ်အပေါ် ကျွန်မအာရုံစိုက်ခဲ့ခြင်း ဖြစ်သည်။ သမ္မာတရားကို မလိုက်စားခြင်းအတွက် “ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက အခိုင်အမာ အမြစ်တွယ်နေပြီး ညတွင်းချင်း ဖြေရှင်းမရနိုင်” ဆိုသည်နှင့် “ဖောက်ပြန်ပျက်စီးခြင်း အနည်းငယ်မျှက ကျွန်မတာဝန်များကို ထိခိုက်မည်မဟုတ်၊ ကျွန်မအလုပ်၏ ရလဒ်များသာ အရေးကြီးဆုံး” ဟူသကဲ့သို့သော အကြောင်းပြချက်နှင့် ဆင်ခြေများ မိမိကိုယ်ကို ပေးခဲ့သည်။ ဤစကားလုံးများထဲမှ တစ်ခုကမျှ သမ္မာတရားနှင့် မကိုက်ညီပါ။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက နက်နက်ရှိုင်းရှိုင်း အရိုးစွဲပြီး အားလုံးကို တစ်ပြိုင်တည်း ပြောင်းလဲ၍ မရနိုင်သော်လည်း သမ္မာတရားကို လိုက်စားခြင်းဖြင့် နည်းနည်းချင်း တူးထုတ်ဖို့လိုသည်၊ ဘုရားနှုတ်ကပတ်တော်ကို အသုံးပြုခြင်းဖြင့် စိစစ်ဖို့လိုသည်၊ ထို့နောက်တွင် ဘုရားနှုတ်ကပတ်တော်၌ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကို တွေ့အောင် ရှာရမည်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ကာ တွေ့ကြုံခြင်းမှတစ်ဆင့်သာ တဖြည်းဖြည်း သမ္မာတရားကို ကျွန်မတို့ ရရှိပြီး ဖောက်ပြန်ပျက်စီးခြင်းကို ဖြေရှင်းနိုင်သည်။ ကျွန်မတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မဖြေရှင်းဘဲ ထားပါက ဘုရားအိမ်တော်၏ အလုပ်အား နှောင့်ယှက်သည့် အရာများကို အချိန်မရွေး၊ နေရာမရွေး ကျွန်မတို့လုပ်နိုင်သည်။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက မည်သို့လျှင် ကျွန်မတို့တာဝန်ကို မထိခိုက်ဘဲ ရှိမည်နည်း။ ကျွန်မ၏ မာနထောင်လွှားမှုနှင့် ကျွန်မကိုယ်ပိုင် စိတ်ကူးများအတိုင်း တာဝန်ကို လုပ်လိုသည့် ဆန္ဒကြောင့် လက်တွေ့အလုပ်မလုပ်သည့် ကြီးကြပ်သူကို ချက်ချင်းထုတ်ပယ်ဖို့ ကျွန်မ၏ ပျက်ကွက်ခြင်းက အလုပ်ကို ကြီးကြီးမားမား ထိခိုက်နစ်နာစေခဲ့သည်။ ဤသည်မှာ ရှင်းလင်းသော ဥပမာတစ်ခု မဟုတ်ပါလား။ ထို့အပြင် ကျွန်မ၏ တာဝန်ကို ဘုရားနှုတ်ကပတ်တော်များ မစားသောက်ဖို့၊ မိမိကိုယ်ကို သုံးသပ်ရန် ဘုရားရှေ့မှောက် မလာဖို့ ဆင်ခြေတစ်ခုအဖြစ် အမြဲ ကျွန်မအသုံးပြုခဲ့သည်။ ဤသည်မှာ မိမိကိုယ်ကိုအပြင် အခြားသူများကို လှည့်ဖြားခြင်း မဟုတ်ပါလား။ မိမိတာဝန်ကို ဆောင်ရွက်ခြင်း ဖြစ်စဉ်သည် စင်စစ်အားဖြင့် ဘုရားအလုပ်ကို တွေ့ကြုံဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်သည်။ အသက်ဝင်ရောက်မှုက မိမိတာဝန်ကို ထမ်းဆောင်ခြင်းဖြင့် အစပြုသည်။ မိမိတာဝန်ကို ထမ်းဆောင်စဉ် ထုတ်ဖော်ပြသည့် အခြေအနေ အမျိုးမျိုးအပြင် ထွက်ပေါ်လာသည့် စိတ်ကူးနှင့် ရှုထောင့်အမြင်များကို သုံးသပ်ဖို့၊ သမ္မာတရား ရှာဖွေကာ သင်ခန်းစာများ သင်ယူဖို့ ဘုရားရှေ့မှောက်သို့ ယူဆောင်လာနိုင်သည်။ ဤသည်မှာ တကယ်ပင် အချိန်သိပ်မယူရပါ။ ကျွန်မက အလုပ်အပေါ်သာ အာရုံစိုက်သည်၊ ကျော်ကြားမှုနှင့် အဆင့်အတန်းကို လိုက်စားပြီး အသက်ဝင်ရောက်မှုကို မလိုက်စားခဲ့ပါ။ ကျွန်မသည် အလွန်ကြောင်းကျိုးမမြင်၊ မသိနားမလည်ဖြစ်ခဲ့ပါ၏။ ဤအရာများကို သဘောပေါက်သည့်အခါ ကျွန်မ၏ ကိုယ်ပိုင်ကျော်ကြားမှုနှင့် အဆင့်အတန်းအတွက် လုပ်ဆောင်တော့မည် မဟုတ်ဘဲ သမ္မာတရားနှင့် အသက်ဝင်ရောက်မှုကို သာ၍ လိုက်စားပါမည်ဟု ဘုရားရှေ့မှောက်တွင် သစ္စာဆိုခဲ့သည်။

ဤသို့ပြောသည့် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ခဲ့ရသည်၊ “ဘုရားသခင်၌ ယုံကြည်ခြင်းနှင့်ပတ်သက်လာလျှင် သင်၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ ထမ်းဆောင်ခြင်းအပြင် အဓိကသော့ချက်ကျသည့်အရာမှာ သမ္မာတရားကို နားလည်ခြင်း၊ သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်ခြင်း၊ အသက်သို့ ဝင်ရောက်ရန် ပို၍ အားစိုက်ထုတ်ခြင်းတို့ဖြစ်သည်။ မည်သည့်အရာဖြစ်ပျက်သည်ဖြစ်စေ သင်ယူရန် သင်ခန်းစာများရှိသည်။ ထို့ကြောင့် ခပ်ပေါ့ပေါ့ဖြင့် သင့်ကို ဖြတ်ကျော်သွားခွင့်မပြုနှင့်။ သင်သည် ဤအရာနှင့်ပတ်သက်ပြီး အချင်းချင်း မိတ်သဟာယပြုသင့်သည်။ ထို့နောက် သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြခြင်းနှင့် အလင်းပေးခြင်းကို ခံရမည်ဖြစ်ပြီး သမ္မာတရားကို နားလည်နိုင်လိမ့်မည်။ မိတ်သဟာယမှတစ်ဆင့် သင်သည် လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခု ရှိလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ အမှုတော်ကို မည်သို့ တွေ့ကြုံရမည်ကို သိလိမ့်မည်။ ပြီးလျှင် သင်သတိမထားမိလိုက်ဘဲ သင်၏ အချို့ပြဿနာများသည် ပြေလည်သွားလိမ့်မည်။ သင်ရှင်းလင်းစွာ မမြင်နိုင်သည့်အရာများ ပိုပို၍ နည်းလာလိမ့်မည်။ သမ္မာတရားကို ပိုပို၍ နားလည်လိမ့်မည်။ ဤနည်းအားဖြင့် သင် သတိမထားမိလိုက်ဘဲ သင်၏ ဝိညာဉ်ရင့်ကျက်မှုက ကြီးထွားလိမ့်မည်။ သမ္မာတရားအပေါ်တွင် အားထုတ်မှုကို သုံးစွဲရန် စတင်ပြုလုပ်ပြီး သမ္မာတရားကို စိတ်နှစ်ထားရမည်။...အနှစ်သာရမရှိသော အယူဝါဒစကားများကို အစဉ်ပြောသူများ၊ ဆောင်ပုဒ်များကို သံယောင်လိုက်သူများ၊ စကားကြီး စကားကျယ်များကိုပြောသူများ၊ စည်းကမ်းများကို နာခံပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတွင် မည်သည့်အခါမျှ အာရုံမစိုက်သူများသည် နှစ်မည်မျှ ယုံကြည်ပါစေ မည်သည့်အရာကိုမျှ မရရှိပေ။ တစ်စုံတစ်ခုကို ရရှိသောသူများသည် မည်သူဖြစ်သနည်း။ မိမိတို့၏ တာဝန်ကို ရိုးသားစစ်မှန်စွာ ထမ်းဆောင်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားသူများ၊ ဘုရားသခင်က ၎င်းတို့ထံ ပေးအပ်ထားသောအရာကို ၎င်းတို့၏ တာဝန်အဖြစ် ဆက်ဆံသူများ၊ ဘုရားသခင်အတွက် အသုံးခံလျက် ၎င်းတို့၏ တစ်ဘဝလုံးကို ဝမ်းမြောက်စွာ ကုန်ဆုံးစေပြီး မိမိတို့အကျိုးအတွက် မကြံစည်သူများ၊ အသိတရားနှင့် လက်တွေ့ကျသော စိတ်သဘောရှိပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို နာခံသူများဖြစ်ကြသည်။ ၎င်းတို့သည် တာဝန်ထမ်းဆောင်စဉ်တွင် သမ္မာတရားကို စည်းမျဉ်းများကို နားလည်သဘောပေါက်နိုင်ကြပြီး အရာရာကို မှန်ကန်စွာ လုပ်ဆောင်ရန် ကြိုးစားကြသောကြောင့် ဘုရားသခင်အပေါ် သက်သေခံသည့် အကျိုးကို ရရှိပြီး ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းခွင့်ရရှိသည်။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်စဉ်တွင် အခက်အခဲများကို ကြုံရသောအခါ ၎င်းတို့သည် ဘုရားသခင်ထံ ဆုတောင်းပြီး ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်ရန် ကြိုးစားကြသည်။ ၎င်းတို့သည် ဘုရားသခင်ထံမှလာသည့် စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို နာခံနိုင်ကြပြီး ၎င်းတို့ လုပ်ဆောင်သမျှ အားလုံးတွင် သမ္မာတရားကို ရှာဖွေကာ လက်တွေ့လုပ်ဆောင်ကြသည်။ ၎င်းတို့သည် ဆောင်ပုဒ်များကို သံယောင်လိုက်ခြင်း၊ သို့မဟုတ် စကားကြီးစကားကျယ်များ ပြောဆိုခြင်းမရှိကြဘဲ အသိတရားရှိရှိနှင့် လက်တွေ့ကျသော စိတ်နေသဘောထားဖြင့် အမှုအရာများကို လုပ်ဆောင်ခြင်း၊ စည်းမျဉ်းများကို စေ့စပ်တိကျစွာ လိုက်နာခြင်းတို့ကိုသာ အာရုံစိုက်သည်။ ၎င်းတို့သည် ၎င်းတို့လုပ်ဆောင်သမျှ အရာရာတိုင်းတွင် ကြိုးစားကြသည်။ အရာရာကို နားလည်ရန် ကြိုးစားကြသည်။ အကြောင်းကိစ္စများစွာတွင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြသည်။ ထို့နောက်တွင် အသိပညာနှင့် နားလည်မှုကို ရရှိကြသည်။ ပြီးလျှင် ၎င်းတို့သည် သင်ခန်းစာများကို သင်ယူနိုင်ပြီး အမှန်တကယ် တစ်စုံတစ်ခုကို ရရှိကြသည်။ ၎င်းတို့က မမှန်ကန်သည့် အတွေးများရှိသောအခါ ယင်းတို့ကို ဖြေရှင်းရန် ဘုရားသခင်ကို ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေကြသည်။ မည်သည့်သမ္မာတရားများကို ၎င်းတို့ နားလည်ပါစေ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ယင်းတို့ကို တန်ဖိုးထားမှုရှိကြပြီး ၎င်းတို့၏ အတွေ့အကြုံများနှင့် သက်သေခံချက်ကို ပြောဆိုနိုင်ကြသည်။ ဤသို့သောလူများသည် အဆုံးတွင် သမ္မာတရားကို ရရှိကြသည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ဘုရားသခင်ကို ယုံကြည်ခြင်းတွင် အသက်တာထဲ ဝင်ရောက်ခြင်းက အရေးကြီးဆုံးဖြစ်သည်”) ဘုရားနှုတ်ကပတ်တော်တွင် သမ္မာတရား လိုက်စားဖို့ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ကျွန်မတွေ့ခဲ့သည်။ အမှုအရာများ ဖြစ်ပျက်သည့်အခါ ဘုရားရှေ့မှောက် လာကာ ဆုတောင်းရမည်၊ သုံးသပ်ရမည်၊ သမ္မာတရားရှာပြီး မိမိကိုယ်ကို သိရမည်ဖြစ်သည်။ ကိစ္စတိုင်းကို စစ်မှန်ရိုးသားစွာ သဘောထားပြီး ယင်းတို့ထံမှ သင်ခန်းစာများ သင်ယူရမည်ဖြစ်သည်။ ဤအရာများထဲသို့ ဝင်ရောက်ခြင်းကို ကျွန်မလက်တွေ့လုပ်ဆောင်ခဲ့သည်။ ထိုအချိန်တွင် ခေါင်းဆောင်နှင့် အမှုဆောင်များက ဘဝအတွေ့အကြုံ ဆောင်းပါးများကို လေ့ကျင့်ရေးသားသင့်ကြောင်း၊ မိမိတို့၏ အတွေ့အကြုံ သက်သေခံချက်များအကြောင်း မပြောနိုင်ပါက အဆင့်အတန်းရှိလျှင်ပင် အသုံးမဝင်နိုင်သကဲ့သို့ အနှေးနှင့်အမြန် စွန့်ပစ်ခံရလိမ့်မည်ဖြစ်ကြောင်း ဘုရားအိမ်တော်က မိတ်သဟာယပြုခဲ့သည်။ ဘုရားသခင်၏ အလိုတော်အကြောင်း ကျွန်မပို၍ နားလည်သွားသည်။ ဘုရားအိမ်တော်က ခေါင်းဆောင်နှင့် အမှုဆောင်များကို သမ္မာတရားလိုက်စားပြီး အသက်ဝင်ရောက်မှုရှိဖို့ တောင်းဆိုသည်။ သမ္မာတရား မလိုက်စားသော ခေါင်းဆောင်များက မတည်တံ့နိုင်သကဲ့သို့ ထုတ်ဖော်ပြခံရပြီး အနှေးနှင့်အမြန် စွန့်ပစ်ခံရလိမ့်မည် ဖြစ်သည်။ အတိတ်တွင် အလုပ်နှင့်သာ ကျွန်မအလုပ်များခဲ့ပြီး မိမိကိုယ်ပိုင် အသက်ဝင်ရောက်မှုကို အာရုံမစိုက်ခဲ့ပါ။ အရည်အသွေးပြည့်မီသည့် သက်သေခံချက် ဆောင်းပါးတစ်ခုကိုမျှပင် ကျွန်မမရေးသားခဲ့ပါ။ အမှန်တွင် ကျွန်မ၏ တာဝန်ကို ထမ်းဆောင်ရာ၌ ဆုတ်ဆိုင်းမှုနှင့် ကျဆုံးမှုအချို့၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းအချို့ကို ကျွန်မဖြတ်သန်းခဲ့ရပြီး ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများစွာ ကျွန်မဖော်ထုတ်ခဲ့သည်။ သမ္မာတရားကို ကျွန်မလိုက်စားပြီး အသက်ဝင်ရောက်မှုကို အာရုံစိုက်ချင်ပါက ဆောင်ပါးများ ရေးခြင်းဖြင့် ဦးစွာ အစပြုရမည်ဖြစ်သည်။ ကျွန်မအပေါ် အနက်ရှိုင်းဆုံး ခံစားချက် ကျန်ရစ်စေခဲ့သည့် ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို ပထမဦးစွာ ရွေးချယ်ခဲ့ပြီး ကျွန်မပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရသည့် အကြောင်းရင်း အတိအကျကို သုံးသပ်ခဲ့သည်။ စားသည့်အချိန်၊ အဝတ်လျှော်သည့်အချိန်၊ မအိပ်မီအချိန်တွင် မည်သည့်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ကျွန်မဖော်ထုတ်သည်၊ မည်သည့်ဘုရားနှုတ်ကပတ်တော်အပိုင်းအား ကျွန်မစားသောက်ခဲ့သည်၊ မည်သည့်မမှန်သော အတွေးများနှင့် ရှုထောင့်အမြင်များကို ဘုရားနှုတ်ကပတ်တော်များမှတစ်ဆင့် ကျွန်မသတိပြုလာခဲ့သည်ဆိုသည်နှင့် မည်သည့်လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများအား ကျွန်မရှာတွေ့ခဲ့သည်တို့ကို တွေးဆခဲ့သည်။ တွေးလေ၊ ပိုရှင်းလာလေ ဖြစ်သည်၊ ယင်းက ကျွန်မသင်ယူသင့်သည့် သင်ခန်းစာများကို ပိုရှင်းစေခဲ့၏၊ ကျွန်မ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပေါ် ပိုလက်တွေ့ကျသော သိနားလည်မှုကိုလည်း ကျွန်မရရှိခဲ့သည်။ ဆောင်းပါးများ ရေးသားခြင်းဖြင့် ဘုရားရှေ့တွင် မိမိကိုယ်ကို ငြိမ်သက်စေနိုင်သည်၊ သူ၏ နှုတ်ကပတ်တော်ကို စားသောက်ပြီး မိမိကိုယ်ကို သုံးသပ်ကာ သိရှိနိုင်သည်ဟု ခံစားခဲ့ရသည်၊ ထိုအရာအားလုံးက ကျွန်မ၏ အသက်ဝင်ရောက်မှုအတွက် အလွန့်အလွန် အထောက်အကူပြုခဲ့သည်။ ယခင်က ကျွန်မအလွန်မသိနားမလည် ဖြစ်ခဲ့သည်။ အသက်ဝင်ရောက်မှုကို လိုက်စားခြင်းနှင့် ဆောင်းပါးများ ရေးသားခြင်းက အချိန်ဖြုန်းခြင်းသက်သက် ဖြစ်မည်ဖြစ်ပြီး ကျွန်မတာဝန်တွင် ထိရောက်မှုကို ထိခိုက်စေမည်ဟု တွေးခဲ့သည်။ ယခုတွင် ယင်းက ကျွန်မကို မထိမရောက် မဖြစ်စေဘဲ အမှန်တွင် ကျွန်မတာဝန်အတွက် အကျိုးရှိကြောင်း တွေ့ရသည်။ အတိတ်တွင် နာမည်ဂုဏ်နှင့် အဆင့်အတန်းအတွက် ကျွန်မအမြဲ အလုပ်လုပ်ခဲ့ပြီး ထိုအရာအား ဆုံးရှုံးသွားမည်ကို မကြာခဏ စိုးရိမ်ခဲ့၏။ အမှားများပြုမိလျှင် ခေါင်းဆောင်များက ကျွန်မအပေါ် မကောင်းသည့် ထင်မြင်ချက်ရှိမည်ကို ကျွန်မစိုးရွံ့ခဲ့သည်။ ကျွန်မတာဝန်တွင် သွေဖည်မှုများနှင့် သတိမမူခြင်းများ ရှိပြီး ကျွန်မ၏ ပြဿနာများကို ခေါင်းဆောင်များက ထောက်ပြသည့်အခါ၊ ကျွန်မကို ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းသည့်အခါ ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရခြင်းက ကျွန်မကောင်းကျိုးအတွက်၊ မိမိကိုယ်ကိုသိဖို့ ကျွန်မကို ကူညီဖို့အတွက် ဖြစ်သည်ကို ဝန်ခံခဲ့သော်လည်း ကျွန်မအမြဲပင် စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရသည်။ ကျွန်မတွင် အစွမ်းအစမရှိ၊ အလုပ်လုပ်ဖို့ အရည်အချင်း ပြည့်မီခြင်းမရှိသကဲ့သို့ အလုပ်တစ်ခုခု လုပ်ဖို့ အရည်အချင်းလည်း မရှိဟု ခေါင်းဆောင်များက ထင်မည်ကို၊ သို့မဟုတ် ကျွန်မ၏ ပြဿနာများစွာကိုလည်း ခေါင်းဆောင်များက သိရှိသွားလျှင် ကျွန်မ၏တာဝန်က အဆုံးသတ်သွားမည်ကိုလည်း သံသယရှိခဲ့သည်။ ပခုံးပေါ်တွင် လေးလံသော ဝန်ထုပ်ကို ထမ်းထားရသကဲ့သို့ မကြာခဏ ခံစားရ၏။ အသက်ဝင်ရောက်မှုကို အာရုံစိုက်ပြီး နေ့စဉ် ကျွန်မ၏ ပတ်ဝန်းကျင်မှ သင်ခန်းစာများ သင်ယူခြင်းအပေါ် အာရုံစိုက်သည့်အခါ ကျွန်မတာဝန်ရှိ သွေဖည်မှုများနှင့် အမှားများကို ခေါင်းဆောင်များက ထောက်ပြချိန်တွင် ကျွန်မအနေနှင့် သိပ်ဝမ်းနည်းညိုးငယ်ခြင်း မရှိသကဲ့သို့ ခေါင်းဆောင်များက ကျွန်မကို မြင်ပုံနှင့်ပတ်သက်၍လည်း အမြဲ မစိုးရိမ်တော့ပါ။ ထို့ထက် တာဝန်တွင် သွေဖည်မှုများ ရှိရသည့်အကြောင်းရင်းနှင့် ကျွန်မ၏ မည်သည့်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ သို့မဟုတ် မှားသော အမြင်များက အမှားဖြစ်စေခဲ့သည်ကို အမြဲ သုံးသပ်ခဲ့ပြီး ယင်းတို့ကို နားလည်သည်နှင့် နောင်တ ခံစားနိုင်ခဲ့သည်၊ ဘုရားနှုတ်ကပတ်တော်တွင် လမ်းကြောင်းရှာပြီး အမြန် ပြောင်းလဲနိုင်ခဲ့သည်။ ဤသို့လက်တွေ့လုပ်ဆောင်သည့်အခါ ကျွန်မတာဝန်က ယခင်လောက် ပင်ပန်းစရာဟု မခံစားရတော့ပါ။

အသက်ဝင်ရောက်မှုအပေါ် အာရုံစိုက်ခြင်း၏ ချိုမြိန်မှုကို မြည်းစမ်းခဲ့ရသောကြောင့် ဘုရားနှုတ်ကပတ်တော်အပေါ် အခြေခံကာ မိမိကိုယ်ကို သုံးသပ်ပြီး သမ္မာတရားကို ပိုရှာပါ့မည်ဟု ပြောလျက် ဘုရားရှေ့မှောက် သွားကာ ဆုတောင်းခဲ့သည်။ တစ်ခါတစ်ရံ ကျွန်မတာဝန်၌ တော်တော်အလုပ်များပြီး မနက်တွင် ဘုရားနှုတ်ကပတ်တော် စားသောက်ဖို့ အချိန်မရှိပါက အစာစားချိန်၊ သို့မဟုတ် အိပ်ရာမဝင်မီ အချိန်တွင် လတ်တလော ကျွန်မအသက်ရှင်နေခဲ့သည့် အခြေအနေအပြင် မည်သည့်ဖောက်ပြန်ပျက်စီးခြင်းကို ကျွန်မဖော်ထုတ်ပြီး မိမိကိုယ်ကို သုံးသပ်ဖို့ မည်သည့်ဘုရားနှုတ်ကပတ်တော် အပိုင်းများအား ဖတ်သင့်သည်တို့ကို ချင့်ချိန်စဉ်းစားခဲ့သည်။ ဤအရာများကို သေချာစဉ်းစားပြီးသည်နှင့် အချိန်ရသည့်အခါ ဆီလျော်သည့် ဘုရားနှုတ်ကပတ်တော် အပိုင်းများကို ကျွန်မဖတ်ခဲ့သည်။ လောလောဆယ် ကျွန်မ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပြဿနာကို မဖြေရှင်းပါက ကိစ္စမရှိကြောင်းနှင့် အချိန်ရသည့်အခါ တဖြည်းဖြည်း ကျွန်မဖြေရှင်းနိုင်သည်ဟု တွေးလေ့ရှိသည့်အတိုင်း ကျွန်မမတွေးပါ။ အတန်ငယ်ကြာပြီးနောက် ကျွန်မဖော်ထုတ်သည့် အတွေးများကို ကျွန်မပိုမိုဆင်ခြင်လာခဲ့သည်ကို တွေ့ရသည်၊ ကျွန်မတာဝန်တွင် ဖြစ်ပေါ်လာသည့် သွေဖည်မှုအချို့ကို ဆက်မြင်ပြီး ဘုရားနှုတ်ကပတ်တော်တွင် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း ရှာနိုင်ခဲ့သည်။ သမ္မာတရားကို လိုက်စားခြင်းက ဘုရားကို ကျွန်မယုံကြည်မှုတွင် အလွန်အရေးကြီးသည်ဟု ပိုပိုပြီး ခံစားလာရသည်။ ဘုရားအမှုတော်ကို လက်တွေ့ကျသည့် ပုံစံဖြင့် တွေ့ကြုံဖို့နှင့် အရာရာကို နားလည်ရန် ကြိုးစားဖို့က ကျွန်မတို့အတွက် အဓိကသော့ချက် ဖြစ်သည်။ ကျွန်မတို့အနေနှင့် အကောင်းဆုံး ကြိုးစားသရွေ့၊ အသက်ဝင်ရောက်မှုတွင် ဝန်ထုပ်ထမ်းပြီး သမ္မာတရားကို တမ်းတမှု ရှိသရွေ့ ဘုရား၏ လမ်းပြမှုကို ရရှိနိုင်လိမ့်မည်ဖြစ်သည်။ ကျွန်မတို့အနီးအနားတွင် ဖြစ်ပျက်သည့်အရာရာမှ သမ္မာတရားကိုလည်း ရှာဖွေနိုင်ပြီး သင်ခန်းစာများလည် သင်ယူနိုင်ပေသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်မ၏ ခြယ်လှယ်သော နည်းလမ်းများကို စွန့်လွှတ်ခြင်း

ချန်နော့ ပြင်သစ်နိုင်ငံ တကယ်တမ်းတော့ ကျွန်မနဲ့အတူ လူသစ်တွေရှိတဲ့အသင်းတော်ကို ပျိုးထောင်ပေးဖို့ အစ်မလင်ကို ခေါင်းဆောင်က အရင်ဦးဆုံး...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။