သာလွန်ဖို့ ကျွန်ုပ်၏ ကြိုးစားရုန်းကန်ခြင်းမှ လွတ်မြောက်ပြီ

23.01.2022

ရှင်းလျန် ဂျာမနီနိုင်ငံ

ရေလောင်းတဲ့ အဖွဲ့ရဲ့ ခေါင်းဆောင်အနေနဲ့ ကျွန်မ စအစေခံချိန်မှာ၊ အဲဒီတာဝန်မှာရှိတဲ့ ညီအစ်ကို မောင်နှမတွေက ပြဿနာတွေ ကြုံရတဲ့အခါ ကျွန်မကို လာတိုင်ပင်ကြပြီး၊ ကျွန်မကို တော်တော်လေး အထင်ကြီးကြတယ်။ နိုင်ငံခြား ယုံကြည်သူသစ်တချို့ ရေလောင်းတာ လိုအပ်တဲ့အခါ၊ အဲဒါကို သေချာ တာဝန်ယူဖို့ ခေါင်းဆောင်တွေက ကျွန်မကို ခိုင်းကြပြီး၊ အဖွဲ့ထဲက တခြားသူတွကို ဂျာမန်စကား သင်ပေးဖို့ တာဝန်ပေးခဲ့ကြတယ်။ ဒီတော့ လူတိုင်းက ကျွန်မကို ပိုလို့တောင် အထင်ကြီးလာကြပြီး၊ သူတို့ ပြဿနာတွေနဲ့ပတ်သက်ပြီး ကျွန်မကို ပြောပြဖို့ စိတ်ထက်သန်ခဲ့ကြတယ်။ ကျွန်မက အဖွဲ့အတွက် မရှိမဖြစ်လို ခံစားခဲ့ရပြီး၊ လေးစားခံရပြီး တခြားလူတွေ ဝိုင်းရံခံတာကို နှစ်သက်ခဲ့တယ်။

အဲဒီနောက် ခေါင်းဆောင်တွေက အစ်မဖန်ကို ကျွန်မတို့ အသင်းနဲ့ ပူးပေါင်းစေခဲ့တယ်။ ကျွန်မတို့နဲ့အတူ သူက လူသစ်တွေကို ရေလောင်းပေးမှာတဲ့။ အချိန်ကြာလာတော့၊ သူ့မှာ အစွမ်းအစကောင်းရှိတာ ကျွန်မ တွေ့ရတယ်၊ သမ္မာတရားနဲ့ပတ်သက်တဲ့ သူ့ရဲ့ မိတ်သဟာယက ရှင်းပြီး၊ လူသစ်တွေမှာ မေးခွန်း၊ ပြဿနာတွေ ရှိတဲ့အခါ၊ ဆီလျော်တဲ့ ဘုရားနှုတ်ကပတ်တော်တွေ သူ ရှာနိုင်ရုံမက၊ သူ့မိတ်သဟာထဲကို သူ့ရဲ့ကိုယ်ပိုင် အတွေ့အကြုံကိုလည်း ဖွဲ့နွှဲ့ပြောနိုင်တယ်။ သူတို့ လိုတဲ့ အဖြေကို တကယ်မြန်မြန်ဆန်ဆန် ရှာတွေ့ကြတယ်။ အချိန်နည်းနည်းကြာပြီးတဲ့နောက်၊ ညီအစ်ကို မောင်နှမတွေက အတားအဆီးတွေ ကြုံရတဲ့အခါ အစ်မ ဖန်ဆီကိုပဲ သွားကြတော့တယ်။ ဒါကျွန်မအတွက် အားငယ်စရာ ဖြစ်ခဲ့တယ်။ ကျွန်မက၊ “သူ ရောက်လာကတည်းက လူတိုင်း သူ့ကို အထင်ကြီးကြပြီး၊ သူတို့ပြဿနာတွေနဲ့ သူ့ဆီ သွားကြတယ်။ သူက ငါ့ထက် ပိုစွမ်းနိုင်တယ်လို့ ထင်ကြတာများလား။ ဒါပေမယ့် ငါက အဖွဲ့ခေါင်းဆောင်လေ။ ငါ့နေရာကို သူ့ကို ယူခွင့်ပေးလို့မဖြစ်ဘူး၊ ဒါပေမယ့် အမှန်အားဖြင့် ငါ့ဟာဖြစ်တဲ့ ဂုဏ်ကျက်သရေကို ငါ ပြန်ယူရမယ်”လို့ တွေးမိခဲ့တယ်။

တစ်ကြိမ်မှာ၊ စုဝေးပွဲတစ်ခု မတိုင်မီမှာပဲ၊ အစ်မဝန်က ဂျာမန်စကားနဲ့ စာရွက်စာတမ်းတစ်ခုကို အတူစုပြီး အဖွဲ့ဆီ ပေးပို့ခဲ့တယ်၊ တစ်ချို့အပိုင်းတွေအတွက် ဘာသာပြန်ဆော့ဖ်ဝဲလ်ကို သူ အသုံးပြုခဲ့တယ်လို့ ပြောတယ်။ သူက ကျွန်မနဲ့ အစ်မ ဖန်ကို စုဝေးပွဲပြီးတဲ့နောက် ပြဿနာတွေကို စစ်ဆေးစေချင်ခဲ့တာလေ။ အဲဒါကို အစအဆုံးဖတ်ရင်းနဲ့၊ ဘာသာပြန်နဲ့ပတ်သက်ပြီး ပြဿနာမျိုးစုံကို ကျွန်မ ရှာတွေ့ခဲ့ပြီး၊ “ဒါ ငါ့ရဲ့ အခွင့်အရေးပဲ။ အစ်မ ဖန်က ဂျာမန်စကားနည်းနည်း သိပေမယ့်၊ ငါ့လောက်မကောင်းဘူး။ ငါသူ့ထက် ပိုတတ်စွမ်းတယ်ဆိုတာ လူတိုင်းကို အခု ငါ ပြရမယ်”လို့ တွေးမိခဲ့တယ်။ ဒီတော့ ကျွန်မ စာရွက်စာတမ်းကို အစအဆုံးဖတ်တယ်၊ စိစစ်တည်းဖြတ်ပြီး ပုံစံပြန်ပြင်ဆင်ခဲ့တယ်။ ညီအစ်ကို မောင်နှမတွေက၊ အဲဒါနဲ့ပတ်သက်လို့ ကျွန်မလုပ်တာ ဘယ်လောက် ရှင်းလင်းတယ်၊ ဘယ်လောက် အဆီအငေါ်တည့်တယ်ဆိုတာ မြင်တာနဲ့ ကျွန်မရဲ့ ပါရမီကို သေချာပေါက် မြင်ကြမှာပဲလို့ ထင်ခဲ့တယ်။ ကျွန်မက စုဝေးပွဲတစ်ခုလုံးကို တကယ် နားထောင်နေမယ့်အစား အဲဒီ စာရွက်စာတမ်းအပေါ်မှာပဲ အချိန်ကုန်ဆုံးနေတာနဲ့ အဆုံးသတ်ခဲ့တယ်။ စုဝေးပွဲပြီးတဲ့နောက်မှာတောင် တစ်ညနေလုံး အဲဒါကို စစ်ဆေးရင်းနဲ့ အစကအဆုံး ထပ်ပြီး စုစည်းစီစဉ်ရင်းနဲ့ အချိန်ကုန်နေခဲ့တယ်။ ကျွန်မရဲ့ ခေါင်းက ကိုက်နေခဲ့ပြီး မျက်စိတွေက အဲဒီအပေါ် မနားတမ်းလုပ်ရလို့ ခြောက်ကပ်နေခဲ့တယ်။ ဒါပေမယ့် ညီအစ်ကို မောင်နှမတွေက နောက်ကွယ်က ကျွန်မရဲ့အလုပ်ကို မြင်နေပြီး သူတို့ရဲ့ လေးစားမှု ပြန်ရမယ့်အကြောင်းကို တွေးမိတဲ့အခါ ကျွန်မရဲ့ ပင်ပန်းနွမ်းနယ်မှု ပျောက်သွားတယ်။ နောက်နေ့မှာ စာရွက်စာတမ်းကို အဖွဲ့ဆီ ကျွန်မ ပို့လိုက်တယ်၊ ဒါပေမယ့် လူသစ်တွေကို ရေလောင်းပေးတာနဲ့ပတ်သက်တဲ့ ပြဿနာတွေကို လူတိုင်း ဆွေးနွေးနေချိန်မှာ၊ သူတို့အားလုံးက နားမလည်တဲ့အချက်တွေနဲ့ပတ်သက်လို့ အစ်မဖန်ဆီ မေးနေကြတယ်။ လူတစ်ယောက်ကမှ ကျွန်မကို ဘာသာပြန်တာ ပြင်ပေးတဲ့သူအဖြစ် မပြောကြဘူး။ ကျွန်မ တကယ်ကို စိတ်ပျက်သွားပြီး၊ အစ်မဖန် ရောက်လာကတည်းက ကျွန်မ ဘာလို့ အရံလူတစ်ယောက်ပဲ ဖြစ်လာရတာလဲလို့ တွေးမိတယ်။ သူက ကျွန်မထက် ဘာမှ မတော်ဘူးလေ။ စကားတစ်ခွန်းမှ မပြောပဲ ကွန်ပြူတာမှာ ကျွန်မ ထိုင်ရုံထိုင်နေခဲ့ပြီး၊ ဆွေးနွေးတာကို ပူးပေါင်းချင်စိတ် မရှိခဲ့ဘူး။ အဲဒီတာဝန်ကို အတူတူ လုပ်ဆောင်ချင်စိတ် မရှိတော့တဲ့ အတွေးတွေတောင် ရှိခဲ့တယ်။ အဲဒီနောက်မှာပဲ၊ ညီအစ်မတစ်ယောက်က ကျွန်မကို ရုတ်တရက် မေးခွန်းတစ်ခုမေးခဲ့ပြီး၊ ဆွေးနွေးတာကို တကယ်ပဲ နားစိုက်မထောင်ခဲ့လို့ ဘယ်လိုဖြေရမယ်မှန်း ကျွန်မ မသိခဲ့ဘူး။ ကျွန်မ ဘာတစ်ခုမှမပြောတာ မြင်တော့၊ အစ်မဖန်က သူ့အယူအဆနဲ့ပတ်သက်ပြီး ကြားဖြတ်ပြောလိုက်သလို၊ လူတိုင်းက သူပြောတာကို သဘောတူကြတယ်။ ကျွန်မမျက်နှာ ပူထူသွားတယ်။ စာရွက်ထဲမှာ ကိုက်ညီမှုရှိတဲ့အပိုင်းကို ကျွန်မ အပြေးအလွှားရှာခဲ့ပြီး၊ အဲဒီအခါမှ သူတို့က အများစုကို မိတ်သဟာယပြုနှင့်ပြီးပြီဖြစ်ပေမယ့် ကျွန်မက အမီမလိုက်ခဲ့မှန်း သဘောပေါက်သွားတယ်။ အဲဒီတုန်းက အပြစ်ရှိသလိုမျိုး ခံစားခဲ့ရတယ်။ ရေလောင်းခြင်းအတွက် ကျွန်မက အဖွဲ့ခေါင်းဆောင်လေ၊ ဒီတော့ သင်ယူမှုလုပ်ငန်းစဉ်ကို ကျွန်မ ဦးဆောင်လမ်းပြနေသင့်ပြီး၊ လူတွေကို သူတို့တာဝန်မှာရှိတဲ့ ပြဿနာတွေကို ကူဖြေရှင်းပေးနေသင့်တာ။ ဒါပေမယ့် ကျွန်မက ကိုယ့်ကိုယ်ကိုယ် အစ်မဖန်နဲ့ အ‌မြဲ နှိုင်းနေခဲ့ပြီး၊ ကျွန်မအပေါ် တခြားလူတွေက ဘယ်လိုထင်တယ်ဆိုတာကိုပဲ ဂရုစိုက်ခဲ့တယ်။ ကျွန်မက ကျွန်မတာဝန်ကို စိတ်ပါလက်ပါ လုပ်မနေခဲ့တာပါ။ အဲဒီလို သဘောထားမျိုးနဲ့ ကျွန်မတာဝန်ကို ဘယ်လိုကောင်းကောင်း လုပ်နိုင်မှာလဲ။

စုဝေးပွဲပြီးတဲ့နောက်မှာ၊ လတ်တလော ကျွန်မ ရှိခဲ့တဲ့ အခြေအနေနဲ့ပတ်သက်လို့ သုံးသပ်ဆင်ခြင်ခဲ့တယ်။ အစ်မဖန် ပါလာကတည်းက၊ လူတိုင်း သူတို့နဲ့ပြဿနာတွေနဲ့ပတ်သက်လို့ သူ့ကို ချဉ်းကပ်ခဲ့ကြပြီး၊ ကျွန်မရဲ့ ဦးဆောင်တဲ့ အခန်းကဏ္ဍနဲ့ ဂုဏ်ကျက်သရေ လုယူခံလိုက်သလို ခံစားရရင်းနဲ့ ကျွန်မ တကယ်ကို အတိုက်အခံလုပ်နေခဲ့တယ်။ လူတိုင်းရဲ့ စိတ်နှလုံးထဲက ကျွန်မ ရှိခဲ့တဲ့ ရာထူးကို ပြန်ယူချင်ပြီး ကြွားဝါဖို့ အရာရာ ကြိုးစားနေမိခဲ့တယ်။ ကျွန်မ လိုချင်တာမရတော့၊ ယုံကြည်မှုမရှိတော့သလိုဖြစ်ပြီး နုတ်ထွက်တောင် နုတ်ထွက်ချင်ခဲ့တယ်။ အဲဒါ ဘုရားကို သစ္စာဖောက်တာ မဟုတ်လား။ ကျွန်မ မှန်ကန်တဲ့ အခြေအနေမှာ မရှိတာကို သဘောပေါက်လိုက်တဲ့အခါ၊ ကိုယ့်ကိုယ်ကိုယ် သိအောင် ကျွန်မကို လမ်းပြဖို့ တောင်းလျှောက်ရင်းနဲ့၊ ဘုရားဆီ တိတ်တိတ်လေး ဆုတောင်းခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်က ပြောတယ်၊ “သမ္မာတရားကို လူတို့ နားမလည်သည့်အခါ သို့မဟုတ် လက်တွေ့မလုပ်ဆောင်သည့်အခါ၊ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအလယ်တွင် ၎င်းတို့ မကြာခဏ အသက်ရှင်ကြ၏။ ၎င်းတို့၏ အနာဂတ်၊ မျက်နှာ၊ အဆင့်အတန်းနှင့် အခြား ကိုယ်ပိုင်အကျိုးများဖို့အလို့ငှာ မိမိတို့၏ ဦးနှောက်များခြောက်အောင် စဉ်းစားလျက်၊ စာတန်နှင့်ဆိုင်သော ထောင်ချောက်အမျိုးမျိုးကြားတွင် သူတို့ တည်ရှိကြ၏။ သို့သော် သင်သည် သင်၏ တာဝန်တွင်၊ သမ္မာတရားကို ရှာဖွေခြင်းနှင့် လိုက်စားခြင်းတွင် ဤသဘောထားကို အသုံးချလျှင်၊ သမ္မာတရားကို သင်ရရှိလိမ့်မည်။...အကယ်၍ သင်သည် ဘုရားသခင်၏ရှေ့မှောက်သို့ မကြာခဏလာရောက်လျက်၊ သမ္မာတရားကို မကြာခဏရှာဖွေလျက် သမ္မာတရားနှင့်ပတ်သက်၍ အမြဲတမ်း ကြိုးစားလုပ်ဆောင်ပါက သမ္မာတရား၏အကျိုးကျေးဇူးကို ခံစားရလိမ့်မည်ဖြစ်ပြီး၊ သင်အသက်ရှင်နေထိုင်သည့်အရာက လူသား၏အသွင်သဏ္ဌာန်၊ ပုံမန်လူ့သဘာဝနှင့် သမ္မာတရား၏ လက်တွေ့အရှိတရား ရှိလိမ့်မည်ဖြစ်သည်။ အကယ်၍ သင်သည် မည်သည့်အဖိုးအခမျှမချန်ဘဲ သင့်အတွက် အကျိုးရှိသည့် အမျိုးမျိုးသော အရာများအတွက် မကြာခဏ ကြိုတင်စီစဉ်ခြင်း၊ ချင့်ချိန်စဉ်းစားခြင်း၊ အချိန်ပေးလျက် စဉ်းစားတွေးတောခြင်း၊ ကြိုးစားလုပ်ဆောင်ခြင်းတို့ ပြုပါက― သင်၏အသက်ကိုပင် ပေးဆပ်ပါက- သင်သည် လူတို့၏ ရိုသေမှုကိုရရှိပြီး အမျိုးမျိုးသော အကျိုးအမြတ်များနှင့် ဂုဏ်ယူမှုပုံစံများကို ရရှိကောင်းရရှိမည်― သို့သော် ဤအရာများနှင့် သမ္မာတရားအနက် မည်သည်က ပို၍အရေးကြီးသနည်း။ (သမ္မာတရားက ပို၍အရေးကြီးသည်။) လူတို့သည် ဤဒေသနာကို နားလည်ကြသည်၊ သို့တစေ သမ္မာတရားကို မလိုက်စားဘဲ ၎င်းတို့၏ကိုယ်ကျိုးစီးပွားများနှင့် ရာထူးဂုဏ်ဒြပ်ကိုသာ တန်ဖိုးထားကြလေသည်။ သို့ဆိုလျှင် ယင်းကို ၎င်းတို့ အမှန်တကယ် နားလည်သလော၊ သို့မဟုတ် ဤသည်မှာ မှားယွင်းသော သိနားလည်မှုလော။ အမှန်အားဖြင့် ၎င်းတို့သည် မိုက်မဲကြသည်။ ၎င်းတို့သည် ထိုသို့သော အရေးကိစ္စများကို ရှင်းရှင်းလင်းလင်း မမြင်ကြပေ။ ၎င်းတို့သည် ယင်းတို့ကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်စွမ်းရှိသောအခါ ဝိညာဉ်ရင့်ကျက်မှု အနည်းငယ်ကို ရရှိပြီးဖြစ်လိမ့်မည်။ ဤအရာက ထိုသူတို့အား သမ္မာတရားကိုလိုက်စားရန်၊ ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် ပတ်သက်ပြီး ကြိုးစားအားထုတ်မှုကို အသုံးခံရန် တောင်းဆိုသည်။ ၎င်းတို့သည် နားဝေတိမ်တောင်နှင့် ပေါ့ပေါ့တန်တန်လုပ်၍ မရပေ။ သင်သည် သမ္မာတရားကို မရှာဖွေဘဲ၊ ဘုရားသခင်က စကားပြောခြင်းကို ပြီးစီးပြီဖြစ်ကြောင်း၊ လူသားမျိုးနွယ်ကို ဘာမျှထပ်မပြောလိုကြောင်း၊ ဘာမျှထပ်မလုပ်လိုကြောင်းနှင့် လူ၏အလုပ်ကို စစ်ဆေးဖို့ အချိန်ကျရောက်လာပြီဖြစ်ကြောင်း ပြောသည့် နေ့ရက်တစ်ရက်သို့ ရောက်လာသောအခါ သင်သည် သုတ်သင်ဖယ်ရှင်းခံရဖို့ရန် ကံစီမံပြီဖြစ်သည်။(ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း) ဘုရားနှုတ်ကပတ်တော်တွေ၊ ဆိုတာကိုဖတ်လိုက်ရတာက ကျွန်မအတွက် တကယ် စိတ်ထိခိုက်စရာ ဖြစ်ခဲ့တယ်။ ကျွန်မရဲ့ လတ်တလော အပြုအမူကို ပြန်တွေးမိခဲ့ပြီး၊ ကျွန်မရဲ့တာဝန်ကို ကျွန်မ လုပ်နေခဲ့ပုံပေါ်ပေမယ့်၊ အချိန်တိုင်း ကျွန်မက ကိုယ့်အကျိုးစီးပွားတွေနဲ့ အဆင့်အတန်းကိုပဲ ကာကွယ်နေခဲ့တာပါ။ အစ်မဖန်က အစွမ်းအစနဲ့ စွမ်းဆောင်ရည်မှာ ကျွန်မထက် သာပြီး တခြား အဖွဲ့သားတွေက သူ့ကို အရမ်းလေးစားတာ မြင်ရတဲ့အခါ၊ ကျွန်မရဲ့ ရာထူး ခြိမ်းခြောက်ခံရသလို၊ ဘေးကျပ်နံကျပ်ဖြစ်တဲ့ စိတ်တစ်ခု ခံစားခဲ့ရတယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် သူနဲ့ နှိုင်းရင်းနဲ့ တိတ်တဆိတ် သူ့ကို ယှဉ်ပြိုင်နေမိခဲ့ပြီး၊ အလုပ်မှာ ကျွန်မက သူ့ထက် ပိုတော်တယ်လို့ လူတိုင်းကို တွေးစေချင်ခဲ့တယ်။ လူတိုင်းရဲ့ လေးစားမှုကိုပဲ ကျွန်မ ပြန်ရချင်ခဲ့တယ်။ ကျွန်မရဲ့ တာဝန်ကို လုပ်ဆောင်နေတဲ့အကြောင်း လူထင်သူထင်ပြနေတုန်းမှာပဲ ကိုယ့်ရဲ့ ကိုယ်ပိုင် အဆင့်အတန်းကို ကာကွယ်နေခဲ့တာ မဟုတ်လား။ ဘုရားက သူ့ရဲ့ အလိုတော်ကို ကျွန်မ အရေးထားနိုင်ပြီး အသင်းတော်ရဲ့ အလုပ်ကို ထိန်းသိမ်းနိုင်အောင်လို့ အဖွဲ့ခေါင်းဆောင်အနေနဲ့ ဆောင်ရွက်ဖို့ ကျွန်မကို ချီးမြှောက်ခဲ့တယ်။ ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို အသုံးပြုတာ သင်ယူဖို့နဲ့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား အတော်အတန် ပြောင်းလဲလို့ရအောင် ကျွန်မရဲ့ တာဝန်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ဒီအခွင့်အရေးကို ကျွန်မ အသုံးပြုနိုင်မယ်လို့လည်း မျှော်လင့်ထားတာ။ ဒါပေမယ့် ကျွန်မက သမ္မာတရားကို လုံးဝ လက်တွေ့လုပ်ဆောင်မနေခဲ့ဘူး။ နာမည်နဲ့ အကျိုးအမြတ်အတွက် ယှဉ်ပြိုင်တဲ့ အခြေအနေတစ်ခုမှာပဲ ပိတ်မိနေခဲ့တာ။ ပြီးတော့ ကျွန်မ တွေးသမျှက အစ်မဖန်ထက် ဘယ်လိုသာရမလဲဆိုတာနဲ့ ကျွန်မက ညီအစ်ကို မောင်နှမတွေကို ကျွန်မကို လေးစားအောင် လုပ်နိုင်၊ မလုပ်နိုင်ဆိုတာတွေပါပဲ။ ကျွန်မတာဝန်ကို ကျွန်မ လုံးဝ ဘေးဖယ်ထားနေမိခဲ့တာပါ။ သိက္ခာနဲ့ အဆင့်အတန်းကို ကျွန်မ မရနိုင်တဲ့အခါ၊ လက်လျှော့ပြီး ဘုရားကို သစ္စာဖောက်လိုက်ချင်ခဲ့တယ်။ အဲဒါ ဘုရားကို ဆန့်ကျင်နေတာပဲ။ ဒီအချိန်မှာ ကျွန်မ နည်းနည်း ကြောက်လာခဲ့ပြီး၊ ကျွန်မ စိတ်ဝိညာဉ်က မျှော်လင့်ချက်မဲ့ပြီး၊ စိတ်ဆင်းရဲနေသလို၊ ကျွန်မ လုပ်သမျှတိုင်းက ဘုရားအတွက် စက်ဆုပ်စရာဖြစ်တာကြောင့် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို ကျွန်မ ဆုံးရှုံးခဲ့ပြီမှန်း သဘောပေါက်သွားတယ်၊ ဒါကြောင့် ဘုရားက သူ့မျက်နှာကို ကျွန်မဆီကနေ ကွယ်ဝှက်နေခဲ့တာပါ။ ကျွန်မ နောင်တမရရင်၊ သူ ကျွန်မကို ဖယ်ရှားမှာဖြစ်တယ်။ ဒီအရာအားလုံးကို ကျွန်မ သဘောပေါက်တဲ့အခါ၊ ဘုရားရှေ့ကို ကျွန်မ အမြန်လာပြီး ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ ကျွန်မရဲ့ ကိုယ်ပိုင် သိက္ခာနဲ့ အဆင့်အတန်းအတွက်ပဲ ကျွန်မ စကားပြောပြီး မပြုမူချင်ပါဘူး၊ ဒါပေမယ့် ကျွန်မ ကိုယ့်ကိုယ်ကိုယ် ကူညီနိုင်မယ့်ပုံကို မပေါ်ပါဘူး။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်အောင် ကျွန်မကို ကျေးဇူးပြုပြီး လမ်းပြတော်မူပါ” လို့ပေါ့။

အဲဒီနောက် ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ပြီး၊ အဲဒါက အဲဒီအရာတွေအားလုံးကို ဘယ်လိုလက်လွှတ်ရမယ်ဆိုတာ ပြခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်က ပြောတယ်၊ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သော သူများသည် အမှုအရာများကို လုပ်ဆောင်နေချိန်တွင် ဘုရားသခင်၏စိစစ်ခြင်းကို လက်ခံနိုင်ကြသည်။ သင်သည် ဘုရားသခင်၏စိစစ်ခြင်းကို လက်ခံသောအခါ၊ သင်၏စိတ်နှလုံးသည် အမြင်မှန်ရစေခြင်း ခံရသည်။ အကယ်၍ သင်သည် အခြားသူများ မြင်စေရန်အတွက်သာ လုပ်ဆောင်ပြီး ဘုရားသခင်၏စိစစ်ခြင်းကို လက်မခံပါက၊ သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင် ရှိသေးသလော။ ဤကဲ့သို့သောလူများမှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိကြချေ။ သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ကိုယ်ပိုင်အဆင့်အတန်း၊ သိက္ခာ၊ သို့မဟုတ် ဂုဏ်သတင်းကို မစဉ်းစားနှင့်။ လူ၏ အကျိုးစီးပွားများကိုလည်း ထည့်သွင်းမစဉ်းစားနှင့်။ သင်သည် ပထမဦးစွာ ဘုရားသခင်၏အိမ်တော်၏အကျိုးများကို စဉ်းစားရမည်ဖြစ်ပြီး ယင်းတို့ကို သင်၏ဦးစားပေးချက် ဖြစ်စေရမည်၊ သင်သည် ဘုရားသခင်၏အလိုတော်ကို အရေးထားသင့်ပြီး၊ သင်၏ တာဝန်ကို ဖြည့်ဆည်းရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ သစ္စာရှိဖို့ သင် အစွမ်းကုန် လုပ်ဆောင်ပြီးခြင်း ရှိမရှိ၊ သင်၏ တာဝန်များကို ဖြည့်ဆည်းရန် အကောင်းဆုံး သင် လုပ်ဆောင်ပြီး သင်၏အရာအားလုံး ပေးပြီးခြင်း ရှိမရှိဆိုသည်အပြင်၊ သင်၏ တာဝန်နှင့် ဘုရားအိမ်တော်၏ အမှုကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ဆင်ခြင်ခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ချင့်ချိန်စဉ်းစားခြင်းဖြင့် အစပြုသင့်သည်။ ဤအရာများကို သင် ထည့်သွင်းစဉ်းစားရမည်။ ယင်းတို့ကို မကြာခဏ တွေးလော့၊ ပြီးလျှင် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဘုရားနှုတ်ကပတ်တော်တွေက လုံးဝ ရှင်းတယ်။ သူ့ရဲ့ အလိုတော်ကို တကယ် အရေးထားတဲ့ သူတစ်ယောက်ရဲ့ စိတ်နှလုံးထဲမှာ ဘုရားက နေရာတစ်ခုရှိပြီး၊ လုပ်သမျှတိုင်းမှာ ဘုရားရဲ့ စိစစ်ခြင်းကို သူတို့ လက်ခံနိုင်ကြတယ်။ သူတို့ရဲ့ ကိုယ်ပိုင်ဂုဏ်၊ အဆင့်အတန်းနဲ့ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားကို လက်လွှတ်နိုင်ပြီး၊ သူတို့ရဲ့တာဝန်ကို လုပ်ဆောင်ရာမှာ အရာရာကို စိုက်ထုတ်ရင်းနဲ့ အရာခပ်သိမ်းမှာ ဘုရားရဲ့ အကျိုးစီးပွားကို ထည့်တွက်နိုင်ကြတယ်။ အဲဒါက ဘုရားကို ဝမ်းမြောက်စေတဲ့ လူစားမျိုးပဲ။ အဲဒါနဲ့ပတ်သက်လို့ တကယ် စဉ်းစားကြည့်တော့၊ သမ္မာတရားအပေါ် အစ်မဖန်ရဲ့ မိတ်သဟာယက တကယ်ရှင်းလင်းပြီး ပြဿနာတွေကို ဖြေရှင်းနိုင်သလို၊ သူ့ရဲ့ အကြံပြုချက်တွေက ကျွန်မလုပ်တာထက်ပိုပြီး ကျွန်မတို့ရဲ့ အလုပ်ကို အကျိုးပြုခဲ့တယ်။ ဒါက အသင်းတော် အလုပ်နဲ့ ညီအစ်ကို မောင်နှမတွေရဲ့ အသက်တာတွေအတွက် တကယ်ကို အကျိုးရှိတယ်။ တခြားလူတွေက ကျွန်မထက် အစ်မဖန်းကို ရှာရင် ကျွန်မတို့အလုပ်အတွက် ကောင်းပါတယ်။ ဒါမှ လူတိုင်း သင်ယူပြီး အတူတူ ကြီးထွားနိုင်မှာလေ။ အဲဒါ ကောင်းတဲ့အရာပဲ။ ဒါပေမယ့် အဲဒါကို လုံးဝ စဉ်းစားမယ့်အစား၊ ကျွန်မရဲ့ ကိုယ်ပိုင် အကျိုးစီးပွားတွေနဲ့ ကျွန်မ ရပ်တည်တဲ့နေရာကိုပဲ ကျွန်မ ဂရုစိုက်ခဲ့တယ်။ တခြားလူတွေ အစ်မဖန်ကို အထင်ကြီးကြတာ မြင်တော့၊ ကျွန်မနေရာကို သူ ခိုးသွားသလို ခံစားခဲ့ရတယ်၊ ဒါကြောင့် သူ့ကို ကျွန်မ တိတ်တဆိတ် ဖက်ပြိုင်အံတုခဲ့တယ်။ ကျွန်မက ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို နှောင့်ယှက်၊ ထိခိုက်နေတာ မဟုတ်လား။ ဒီအရာအားလုံး ကျွန်မအတွက် ရှင်းလာတဲ့အခါ ကျွန်မ တကယ်ကို မအီမသာ ခံစားခဲ့ရတယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် တကယ် စက်ဆုပ်ပြီး ဘုရားကို စိတ်ကျေနပ်စေဖို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ချင်ခဲ့တယ်။ အဲဒီနောက်၊ ကျွန်မရဲ့ ဂုဏ်နဲ့ အဆင့်အတန်းကို လက်လွှတ်ဖို့ သတိရှိရှိ အားထုတ်မှုတစ်ခု လုပ်ခဲ့ပြီး၊ ကျွန်မတို့ မိတ်သဟာယနဲ့ လေ့လာမှုလုပ်နေချိန်မှာ၊ သူ့ထက် ပိုကြည့်ကောင်းအောင် ကြွားဖို့နဲ့ပတ်သက်တဲ့ အတွေးကို မတွေးတော့ဘူး။ အဲဒီအစား၊ ဘုရားရှေ့မှာ ကိုယ့်ကိုယ်ကိုယ် ငြိမ်သက်စေပြီး၊ အထိရောက်ဆုံး ဘယ်လို မိတ်သဟာယပြုရမယ်ဆိုတဲ့အကြောင်း စဉ်းစားတဲ့အပေါ် အာရုံစိုက်ခဲ့တယ်။ ညီအစ်ကို မောင်နှမတွေက သူတို့ ပြဿနာတွေကို အစ်မဖန်ဆီ ယူသွားတာ မြင်တဲ့အခါ ကျွန်မ ကောင်းကောင်း စိတ်ထိန်းနိုင်ခဲ့ပါတယ်။ ပြဿနာ ပြေလည်သွားသရွေ့ ဘယ်သူ့ကို သူတို့မေးခဲ့တယ်ဆိုတာ အရေးမကြီးဘူးလို့ ကျွန်မ ခံစားခဲ့တယ်။ ကျွန်မတာဝန်မှာ ပြဿနာတွေနဲ့ ကြုံတဲ့အခါ၊ သူ့ကို ကျွန်မလည်း စရှာခဲ့သလို၊ သူပြောဖို့ရှိတာကို နားထောင်ခဲ့တယ်။ ကိစ္စတွေကို ဒီလို လုပ်တဲ့အခါ ကျွန်မ အများကြီး ပိုအေးချမ်းသွားတယ်။ ပြီးတော့ ကျွန်မတာဝန်မှာ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လမ်းပြမှု ရှိခဲ့တယ်၊ အဲဒါက တစ်ချို့ပြဿနာတွေကို ကူဖြေရှင်းပေးသွားတယ်။ အကျိုးဆက်အနေနဲ့ အဖွဲ့ရဲ့ အလုပ် တိုးတက်ခဲ့တယ်။ ဘုရားရဲ့ လမ်းပြမှုအတွက် ကျေးဇူးတင်မိပါတယ်။

ဒီအတွေ့အကြုံပြီးတဲ့နောက်၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိတချို့ရှိပြီး အတိုင်းအတာတစ်ခုထိ ပြောင်းလဲခဲ့ပြီလို့ ထင်ခဲ့ပေမယ့်၊ ကျွန်မကို ကိုယ့်ကိုယ်ကိုယ် သုံးသပ်ခွင့်ပေးပြီး ပိုနက်နက်ရှိုင်းရှိုင်း သိနားလည်စေခဲ့တဲ့ အရာတစ်ခု နောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တယ်။ တစ်နေ့လည်မှာ ခေါင်းဆောင်တစ်ယောက်က စာတိုတစ်ခု ကျွန်မဆီ ပို့ခဲ့တယ်၊ ကျွန်မအလုပ်တွေထဲက တစ်ခုနဲ့ပတ်သက်လို့ ကျွန်မကို အစ်မဖန်နဲ့ အတူလုပ်စေချင်တယ်၊ ဖြစ်နိုင်သမျှ မြန်မြန် အပြီးသတ်စေချင်တယ်ဆိုပဲ။ ဒါနဲ့ပတ်သက်လို့ ကျွန်မ သိပ်မပျော်ပါဘူး။ အဲဒီအတွက် ကျွန်မက တစ်လျှောက်လုံး တာဝန်ရှိခဲ့တာလေ၊ ဒီတော့ ရုတ်တရက် အစ်မဖန် ပါလာတာက သူဟာ ကျွန်မထက် ပိုတော်တယ်၊ ကျွန်မရဲ့ အလုပ်ကို ခရီးပေါက် တိုးတက်အောင် အစ်မဖန်က ကူညီနိုင်မယ်လို့ ခေါင်းဆောင်က တွေးနေသလိုမျိုး ကျွန်မကို ထင်စေခဲ့တယ်။ အဲဒါဆိုရင်၊ အဲဒီစီမံကိန်း ကောင်းကောင်းဖြစ်သွားခဲ့ရင်၊ အစ်မဖန်ရဲ့ အားထုတ်မှုတွေက အမှတ်တမဲ့ ဖြစ်သွားမှာ မဟုတ်ဘူး။ သူက ကျွမ်းကျင်ပြီး တော်သလို၊ သူ့ရဲ့ အစွမ်းအစနဲ့ အလုပ်စွမ်းရည်တွေနှစ်ခုလုံးက ကျွန်မထက်သာတာ ကျွန်မ သိတယ်။ ဒါ့အပြင် တခြားလူတွေအားလုံးက သူ့ကို နှစ်သက်ကြတယ်။ ဘေးကျပ်နံကျပ်ကာလတစ်ခု ဖြစ်တော့မလို ခံစားရတယ်။ ခေါင်းဆောင်က ကျွန်မထက် အစ်မဖန် ပိုကောင်းကောင်းလုပ်ခဲ့တာ မြင်ရင်၊ အဖွဲ့ခေါင်းဆောင်အနေနဲ့ ကျွန်မရဲ့ နေရာကို သူ ယူသွားမှာလား။ အဲဒီအတွေးမှာ၊ ပူပန်သောကနဲ့ ကျွန်မရင်တင်းကျပ်လာတာ ခံစားရတယ်။ ကျွန်မက အစ်မဖန်ကို အဆင့်အတန်းအတွက် ထပ်ပြီး ယှဉ်ပြိုင်နေမိမှန်း သဘောပေါက်လိုက်တယ်။ ဒါပေမယ့် ကျွန်မရဲ့နေရာကို သူ ယူနိုင်ခြေရှိတာကို တွေးမိလိုက်တဲ့အချိန်မှာ၊ ကျွန်မရာထူး ဆုံးရှုံးမှာ အရမ်းကြောက်းရင်းနဲ့ တကယ်ကို စိတ်လှုပ်ရှားသွားတယ်။ “ငါ တာဝန်ကို လုပ်နိုင်တဲ့အကြောင်း ခေါင်းဆောင်ကို ချက်ချင်း သက်သေပြရမယ်” လို့ ကျွန်မ တွေးခဲ့တယ်။ ဒါကြောင့်၊ ကျွန်မတို့ တစ်ဝက်စီ လုပ်နိုင်ဖို့ ပရောဂျက်ကို နှစ်ပိုင်းပိုင်းလိုက်တယ်။ အဲဒီလိုနဲ့ ဘယ်သူက ဘာကို လုပ်ခဲ့တယ်ဆိုတာ ခေါင်းဆောင်က မြင်နိုင်မှာဖြစ်ပြီး၊ ဘယ်သူက အများဆုံး စွမ်းဆောင်ရရှိလဲဆိုတာ သိသာမှာလေ။ ဒီတော့ ကျွန်မ အမြစ်ဖြတ်ခဲ့ပြီးတဲ့ ပြိုင်ဆိုင်လိုတဲ့စိတ်က ထပ်ပြီး ကြွလာတယ်။

အလုပ်ကို ခွဲတုန်းက ကျွန်မ သိသမျှ သူ့ကို မဝေမျှချင်လို့ အစ်မဖန်နဲ့ အသေးစိတ် ကျွန်မ ဆက်သွယ်မပြောခဲ့ဘူး၊ သူ တကယ်ကို မြန်မြန်ဆန်ဆန် သဘောပေါက်မှာ စိုးခဲ့တယ်။ အလုပ်ကို ခွဲလိုက်ပြီးတော့ ကျွန်မတို့ တခြားစီ အလုပ်လုပ်ရမှာဖြစ်တဲ့အကြောင်း ဝတ်ကျေတမ်းကျေ စာတိုတစ်ခုပဲ သူ့ဆီ ပို့ခဲ့တယ်။ နောက်ရက်အနည်းငယ်အတွင်းမှာ ပရောဂျက်နဲ့ ပတ်သက်ပြီး ကျွန်မ မရပ်မနား လုပ်ခဲ့တယ်။ ကျွန်မ ကောင်းကောင်းလုပ်ပြီး မြန်မြန် ပြီးသရွေ့၊ ကျွန်မက အစ်မဖန်ထက် ပိုကျွမ်းကျင်ပြီး ပိုထိရောက်တယ်လို့ ခေါင်းဆောင်က ထင်မှာပဲဆိုပြီး တွေးရင်းနဲ့ပေါ့။ ဒါဆိုရင် သူ့ရဲ့ လက်ခံမှုကို ကျွန်မ ရပြီး ကျွန်မရဲ့ ရာထူး လုံခြုံသွားမှာလေ။ ဒီကာလအတောအတွင်းမှာ၊ ညီအစ်ကို မောင်နှမတွေ သူတို့ရဲ့ တာဝန်မှာ အကူအညီလိုတဲ့အခါ၊ မဖြစ်ဖြစ်အောင် စီစဉ်နိုင်လေ၊ အဖွဲ့ထဲမှာ ကျွန်မရဲ့ အရေးပါမှု၊ ကျွန်မ အားလုံး လုပ်နိုင်တယ်ဆိုတဲ့အကြောင်း ပိုသက်သေပြလေဖြစ်မယ်လို့ ခံစားမိပြီး အဲဒီအတွက် အချိန်ရအောင် ကျွန်မ တတ်နိုင်တဲ့ ဘယ်အရာကိုမဆို လုပ်ခဲ့တယ်။ အဲဒီနောက် ကျောက်ဆောင်လို ကျွန်မ မာကျောရမယ်လို့ တွေးမိခဲ့တယ်။ ကျွန်မ နောက်ကျန်ရစ်ခဲ့မှာ စိုးပြီး အစ်မဖန်ရဲ့ တိုးတက်မှုအပေါ်လည်း စောင့်ကြည့်နေမိခဲ့တယ်။ ကျွန်မတာဝန်မှာ တည်ငြိမ်အေးချမ်းမှု တကယ်ကို လုံးဝ မတွေ့ခဲ့ရဘဲ၊ ပိုပိုပြီး စိတ်သောက ရောက်ခဲ့တယ်။ ကျွန်မ ကြုံကြိုက်ရတဲ့ ပြဿနာတွေထဲကို ထိုးထွင်းသိမြင်မှု တစ်ခုတစ်လေမှ မရှိခဲ့ဘူး၊ ဒါကြောင့် ကျွန်မရဲ့ တိုးတက်မှုက တကယ်နှေးကွေးခဲ့တယ်။ နာမည်နဲ့ အဆင့်အတန်းကိုပဲ စွဲစွဲမြဲမြဲ လိုက်စားနေမိခဲ့တယ်။ ခေါင်းဆောင်က ဘာဖြစ်နေမှန်းသာ မသိခဲ့ရင်၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် သုံးသပ်မိမှာ မဟုတ်ဘူး။ တစ်ပတ်ကြာပြီးတဲ့နောက်၊ တကယ့် တိုးတက်မှု မရှိတာကို မြင်တော့၊ ခေါင်းဆောင်က အခြေအနေနဲ့ပတ်သက်လို့ ကျွန်မကို စစ်ဆေးခဲ့ပြီး၊ ကျွန်မတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု ဘယ်လိုဖြစ်နေလဲလို့ မေးခဲ့တယ်။ ကျွန်မရဲ့ အဓိကအလုပ်တွေ တစ်ခုမှ ကောင်းကောင်း မပြီးသေးတာကိုလည်း သူ ထောက်ပြခဲ့ပြီး၊ ကျွန်မ ဘာကို လုပ်နေခဲ့လဲဆိုတာ မေးခဲ့တယ်။ ကျွန်မ သူ့ကို ဆင်ခြေတချို့ ပေးခဲ့တယ်၊ ကျွန်မ အချိန်ကို ကောင်းကောင်း မစီခံခဲ့သလို၊ အလုပ်က ခက်ခဲတယ်လို့ပေါ့။ အမှန်တော့၊ နာမည်နဲ့ အကျိုးအမြတ်နောက် ကျွန်မ ထပ်ပြီးလိုက်လို့ပဲ ဆိုတာကို ကျွန်မ သိခဲ့တယ်။ ဒါကြောင့် အစ်မဖန်နဲ့ ကျွန်မ ကောင်းကောင်း အလုပ်မလုပ်ခဲ့သလို၊ ကျွန်မ စိတ်နှလုံးက မှန်တဲ့နေရာမှာ မရှိခဲ့ဘူး။ အဲဒါက ဘုရားရဲ့ လမ်းပြမှုကို ကျွန်မ ဆုံးရှုံးရတဲ့ အကြောင်းရင်းပဲ။ ကျွန်မ ကိုယ့်ကိုယ်ကိုယ်အတွက် ဆင်ခြေတွေ ဖန်တီးနေတာ မြင်တော့၊ ကျွန်မအလုပ်ကို ကောင်းကောင်း ဦးစားမပေးတဲ့အတွက် ကျွန်မကို ခေါင်းဆောင်က ကိုင်တွယ်ဖြေရှင်းခဲ့ပြီး၊ ကျွန်မ အခြေအနေနဲ့ပတ်သက်လို့ မေးခဲ့တယ်။ ခုတစ်လော ကျွန်မ ထုတ်ဖော်ပြနေခဲ့တဲ့အရာကို သူ့ကို ကျွန်မ ဝေမျှခဲ့တယ်။

သူက ကျွန်မကို ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ် ဖတ်ပြခဲ့ပြီး၊ နာမည်နဲ့ အကျိုးအမြတ်အတွက် ယှဉ်ပြိုင််ခြင်းရဲ့ သဘာဝနဲ့ ရင်းမြစ်အပေါ် မိတ်သဟာယပြုပြီး စိတ်ဖြာဆွေးနွေးပေးခဲ့တယ်။ ဒါက ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ပိုပြီး နားလည်စေခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်က ပြောတယ်၊ “အဖွဲ့တစ်ဖွဲ့တွင် ပါဝင်သည့်အခါတိုင်း အန္တိခရစ်များဖြစ်သော လူအမျိုးအစားတို့က ပထမဦးဆုံး လုပ်သောအရာမှာ ထိုအဖွဲ့ထဲ၌ အာဏာအပြည့်အဝ ရရှိခြင်း၊ နောက်ဆုံးပြောပိုင်ခွင့် ရရှိခြင်းနှင့်ဆိုင်သော ၎င်းတို့၏ရည်ရွယ်ချက်ကို ရယူရန်အတွက် လူတို့၏ ယုံကြည်မှုနှင့် အသိအမှတ်ပြုခြင်းကို ရရှိရန်နှင့် ပိုများသောလူတို့အား ၎င်းတို့ကို လေးစားစေရန်၊ ကြည်ညိုစေရန်နှင့် ချစ်ခင်စေရန်ဖြစ်သည်။...၎င်းတို့သည် ရာထူးအဆင့်အတန်းကို ရယူရန်၊ အဖွဲ့တစ်ဖွဲ့တွင် ထိပ်ဆုံးကဖြစ်ရန် ၎င်းတို့၏ ရာထူးအဆင့်အတန်းကို ခြိမ်းခြောက်သည့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ သို့မဟုတ် မည်သည့်အကြောင်းရင်းကိုမျှ အလွတ်မပေးဘဲ၊ လိုအပ်သည့် မည်သည့်အရာကိုမဆို ပြုလုပ်မည်ဖြစ်သည်။ အန္တိခရစ်များသည် ဤအရာကို ရယူရန်အတွက် နည်းလမ်းမည်မျှကိုမဆို အသုံးချမည်မှာ အမှန်ပင်သေချာသည်။ ရှင်းလင်းစွာ ပြောဆိုနိုင်သောသူ၊ အကျိုးသင့်အကြောင်းသင့်၊ စနစ်ကျပြီး အစီအစဉ်ကျသောပုံစံဖြင့် စကားပြောသောသူ မည်သူမဆို ၎င်းတို့၏ မနာလိုစရာ၊ တုပရန်အတွက် ပစ်မှတ်ဖြစ်လာကာ၊ ထိုမျှမက ၎င်းတို့၏ ယှဉ်ပြိုင်မှုပစ်မှတ်ဖြစ်လာသည်။ သမ္မာတရားကို လိုက်စားပြီး ခံယူချက်ရှိသောသူ၊ ညီအစ်ကိုမောင်နှမများကို ၎င်းတို့၏ အပျက်သဘောဆောင်ခြင်းနှင့် အားနည်းချက်ထဲမှ ခေါ်ထုတ်ပေးလျက် မကြာခဏ ကူညီအားပေးသောသူတို့သည်လည်း ၎င်းတို့၏ ယှဉ်ပြိုင်မှုအတွက် ပစ်မှတ်ဖြစ်လာကြသည်။ လုပ်ငန်းတာဝန် တစ်ခုခု၌ ကျွမ်းကျင်ပြီး ညီအစ်ကိုမောင်နှမများက အနည်းငယ် လေးစားသောသူ မည်သူမဆိုသည်လည်း ၎င်းတို့၏ ယှဉ်ပြိုင်မှုအတွက် ပစ်မှတ်ပင်ဖြစ်လာကြသည်။ မိမိ၏အလုပ်က အကျိုးများသောသူနှင့် အထက်လူကြီးက ချီးကျူးသောသူတို့မှာ ၎င်းတို့၏ ယှဉ်ပြိုင်မှုအတွက် ပို၍ပင် ပစ်မှတ်ဖြစ်ကြသည်။ ထို့ပြင် အဖွဲ့တစ်ခုခု၌ ၎င်းတို့၏ မူပိုင်လက္ခဏာ ပြောဆိုချက်က အဘယ်နည်း။ ထိုသို့သောလူတို့သည် အမြင့်ဆုံးသော ဂုဏ်အဆင့်အတန်းကို သေချာပေါက် ရယူလိုခြင်းမရှိပေ၊ သို့မဟုတ် လူတို့အပေါ် ထိန်းချုပ်မှု အတိုင်းအတာ တစ်ခု မရှိပေ။ ၎င်းတို့၌ ၎င်းတို့အား ဤအရာများကို ပြုလုပ်ဖို့ ညွှန်းကြားသည့် စိတ်သဘောထားတစ်ခုခု၊ စိတ်နေစိတ်ထားတစ်ခုခု ရှိခြင်းသာ ဖြစ်သည်။ ဤစိတ်နေစိတ်ထားက အဘယ်နည်း။ ယင်းက ‘ကျွန်ုပ်သည် ယှဉ်ပြိုင်ပြီးရင်း ယှဉ်ပြိုင်ရမည်’ ဟူ၍ ဖြစ်သည်။ ‘ယှဉ်ပြိုင်ခြင်း’— ယင်းက ၎င်းတို့၏ စိတ်သဘောထားပင်ဖြစ်သည်။ ၎င်းတို့၏ စိတ်သဘောထားမှာ မည်သူမျှ ထိန်း၍မရသည့် စိတ်သဘောထားဖြစ်သည်။ ယင်းကို မည်သူမျှ မထိန်းချုပ်နိုင်၊ ၎င်းတို့ ကိုယ်တိုင်ပင် မထိန်းချုပ်နိုင်။ ၎င်းတို့ ယှဉ်ပြိုင်မှဖြစ်မည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၃)”) ဒီစာပိုဒ်က ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ဘာကို ဖော်ပြလဲဆိုတာကို နည်းနည်း ကျွန်မ‌ တွေးကြည့်လိုက်တယ်။ အဲဒါက ကျွန်မရဲ့ လတ်တလော အခြေအနေကို အပြည့်အဝ ဖော်ပြပါတယ်။ ကျွန်မတာဝန်မှာ၊ တခြားလူတွေ ကျွန်မကို အမြဲ အထင်ကြီးစေချင်ခဲ့ပြီး အဆင့်အတန်း တစ်ခုခု ရှိချင်ခဲ့တယ်။ ကျွန်မ နေရာကို အစ်မဖန် ယူတော့မလိုဖြစ်တာကို ခံစားရတဲ့အခါ၊ ကျွန်မ ရာထူးကို ထိန်းသိမ်းနိုင်ဖို့ ကိုယ့်ဘာသာ သူ့ကို တိတ်တဆိတ် ဆန့်ကျင်ရင်းနဲ့ သူ့ကို ရန်ဘက်တစ်ယောက်လို ဆက်ဆံခဲ့တယ်။ ကျွန်မတို့ထဲက ဘယ်သူ ပိုထိရောက်တယ်ဆိုတာ မြင်ရဖို့ အလုပ်ကို ခွဲချင်ခဲ့ပြီး၊ ကျွန်မက သူ့ထက် ပိုဆက်ကပ်တယ်၊ သမ္မာတရားနဲ့ အလုပ်ကို ကျွန်မ ပိုနားလည်တယ်ဆိုတာ ပြဖို့၊ ညီအစ်ကို မောင်နှမတွေကို သူတို့ ပြဿနာတွေနဲ့ပတ်သက်လို့ ကူညီပေးရတာကို အသုံးပြုချင်ခဲ့တယ်။ ကျွန်မရာထူးကို ခိုင်မာစေဖို့ ကျွန်မက အားကောင်းတဲ့၊ စွမ်းဆောင်နိုင်တဲ့ အဖွဲ့ဝင်ဖြစ်တာကို လူတိုင်း မြင်မယ်လို့ မျှော်လင့်နေခဲ့တာပေါ့။ အချိန်တိုင်း သူနဲ့ ကျွန်မကိုယ်ကျွန်မ အမြဲ နှိုင်းယှဉ်ရင်းနဲ့ ကျွန်မ ဘယ်လို ကြွားရမယ်ဆိုတာကို စိတ်စွဲလမ်းခဲ့တယ်။ ဒါက ဘုရားသခင် ထုတ်ဖော်ပြတဲ့ အန္တိခရစ် စိတ်သဘောထား အတိအကျ မဟုတ်လား။ အဲဒီအကြောင်း တွေးမိတဲ့အခါ၊ ခေါင်းဆောင်က ကျွန်မတို့ကို အတူတူ အလုပ်လုပ်စေချင်ခဲ့တာက တကယ်တမ်းက ကျွန်မတို့အနေနဲ့ ပရောဂျက်ကို ပိုပြည့်ပြည့်စုံစုံနဲ့ မြန်မြန် ပြီးနိုင်ဖို့ ဖြစ်မှန်း ကျွန်မ မြင်ရတယ်။ ဒါပေမယ့် အရေးမပါတဲ့ အကြံတွေနဲ့ မွှန်ထူသွားပြီး၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ဖို့ ကျွန်မရဲ့ တာဝန်ကို အသုံးပြုချင်ခဲ့ပြီး၊ အသင်းတော် အလုပ်ကို တွေးတောင်မတွေးမိခဲ့ဘူး။ ဘုရားရဲ့ စေခိုင်းချက်တာဝန်ကို ကျွန်မ စိတ်နှလုံးကို မနှစ်ထားခဲ့ဘဲ၊ အဲဒီအစား ကျွန်မကိုယ်ကျွန်မ ဘယ်လိုကြည့်ကောင်းအောင် လုပ်ရမလဲဆိုတာပဲ တွေးခဲ့တယ်။ ကျွန်မနေရာကို သေချာစေဖို့ ကျွန်မတို့အလုပ်ကို နှောင့်နှေးစေရင်းနဲ့ အစ်မဖန်ကို ကြံစည်ပြီး ဆန့်ကျင် အလုပ်လုပ်ခဲ့တယ်။ အဲဒါက ဘယ်လိုလုပ် ကျွန်မတာဝန်ကို လုပ်တာဖြစ်မှာလဲ။ သိသိသာသာပဲ၊ ကျွန်မက အသင်းတော် အလုပ်ကို တမင်ဖျက်ဆီးပြီး စာတန်ကို လုံးဝ အစေခံနေခဲ့တာ။

ကျွန်မ ဖတ်ခဲ့တဲ့ တခြားဘုရားနှုတ်ကပတ်တော်ကျမ်းပိုဒ်တွေ ရှိတယ်။ “အန္တိခရစ်တစ်ဦးသည် မည်သည့်အဖွဲ့တွင်မဆို ရှိနိုင်ပြီး အတုအယောင်ဖြစ်နိုင်သည်၊ သို့မဟုတ် အလုပ်ကြိုးစားသူတစ်ဦး ဖြစ်နိုင်သည်၊ သို့ရာတွင် ၎င်း၏စိတ်နှလုံး အတွင်းကျကျနေရာတွင် တစ်စုံတစ်ခုက အမြဲရှိနေသည်။ သူတို့လုပ်သမျှတွင် အဆင့်အတန်းအတွက်၊ သိက္ခာအတွက်၊ အကျိုးကျေးဇူးအတွက် အခြားသူများနှင့် ယှဉ်ပြိုင်ကြဖို့ လိုအပ်ကြသည်။ ဖြစ်လေ့အရှိဆုံး သရုပ်သကန်မှာ နာမည်ကောင်း၊ ကောင်းသော ထင်မြင်ချက်၊ လူတို့၏စိတ်နှလုံးထဲ၌ နေရာတစ်ခုအတွက် ယှဉ်ပြိုင်ခြင်း ဖြစ်သည်၊ သို့မှသာ ဤလူများသည် ၎င်းတို့အား လေးစားကြည်ညိုပြီး၊ အထင်ကြီးမည်ဖြစ်ကာ မိမိတို့၏နယ်ပယ်တွင် ၎င်းတို့အား အာရုံစိုက်ရာ လူအဖြစ်ထားမည် ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တို့ လျှောက်သည့် လမ်းကြောင်းဖြစ်ပြီး— ဤသည်တို့သည် အန္တိခရစ်တို့ ယှဉ်ပြိုင်သည့်အရာများ ဖြစ်ပေသည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၃)”)အကယ်၍ သင်သည် ဂုဏ်အဆင့်အတန်းနှင့် သြဇာတိက္ကမကို အမှန်တကယ် ချစ်မြတ်နိုးပါက၊ အကယ်၍ သင်သည် ယင်းတို့ကို နက်နက်ရှိုင်းရှိုင်း တွယ်တာလျက် မစွန့်နိုင်ပါက၊ အကယ်၍ သင်သည် ရာထူးအဆင့်အတန်းနှင့် သြဇာတိက္ကမမရှိဘဲ အသက်ရှင်ရာ၌ ပျော်ရွှင်မှုနှင့် မျှော်လင့်ချက်မရှိ၊ သင်သည် ရာထူးအဆင့်အတန်းနှင့် သြဇာတိက္ကမအတွက် တစ်ဘဝလုံးကို အသက်ရှင်ရမည်၊ သင်သည် ဤအရာနှစ်ခု၏ ညွှန်ကြားခြင်းကို ခံရမည်၊ နောက်ဆုံး၌ သင်၏ ရည်မှန်းချက်ပန်းတိုင်များကို မရရှိလျှင်ပင် သင်သည် လုံးဝ လက်လျှော့၍မဖြစ်သကဲ့သို့၊ မျှော်လင့်ချက်တစ်မျှင် ရှိနေသရွေ့ အဆုံးတိုင်အောင် မဆုတ်မနစ်ကြိုးပမ်းရမည်ဟု အမြဲတမ်း ခံစားရပါက— အကယ်၍ သင်၌ ထိုသို့သော အတွေးများရှိနေပါက သင်သည် သင်လက်တွေ့လုပ်ဆောင်သည့် အရာအရ မိမိကိုယ်ကိုယ် လွန်စွာ မရမနေခိုင်းဖို့ရန် အလားအလာမရှိဘဲ၊ သင်၏ လက်တွေ့လုပ်ဆောင်ခြင်းကို မသိကျိုးကျွန် ပြုတတ်လေသည်။...ထို့ထက်ပို၍ ရာထူးအဆင့်အတန်းကို ထိုသို့လိုက်စားခြင်းက ဘုရားသခင်၏ လက်ခံနိုင်ဖွယ် ဖန်ဆင်းခံတစ်ဦးဖြစ်မည့် သင့်အစွမ်းအစကို ထိခိုက်ပြီး လက်ခံနိုင်ဖွယ် စံနှုန်းအထိ သင်၏တာဝန်ကို ထမ်းဆောင်မည့် သင့်အစွမ်းအစကို ထိခိုက်သည်မှာ အမှန်ပင်ဖြစ်သည်။ ငါသည် အဘယ်ကြောင့် ဤအရာကို ပြောသနည်း။ လူတို့က ရာထူးအဆင့်အတန်းကို လိုက်စားသောအခါထက်ပို၍ ဘုရားသခင်အတွက် ရွံရှာဖွယ်ကောင်းသောအရာ မရှိပေ၊ အဘယ်ကြောင့်ဆိုသော် ရာထူး အဆင့်အတန်းကို လိုက်စားခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်သောကြောင့် ဖြစ်သည်။ ယင်းမှာ စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းမှ ပေါက်ဖွားလာပြီး ဘုရားသခင်၏အမြင်၌ မရှိသင့်ချေ။ ဘုရားသခင်သည် ယင်းကို လူသားအား ပေးသင့်သည်ဟု မစီမံခဲ့ပေ။ အကယ်၍ သင်သည် ရာထူးအဆင့်အတန်းအတွက် ယှဉ်ပြိုင်တိုက်ခိုက်နေလျှင်၊ ယင်းကို အမြဲတစေ မြတ်နိုးနေလျှင်၊ ယင်းကို မိမိကိုယ်ကိုယ်အတွက် အမြဲတမ်း အရယူလိုလျှင် ဤအရာက ဘုရားသခင်အား ဆန့်ကျင်သော သဘာဝအနည်းငယ်ကို ပြသသည် မဟုတ်လော။ ဘုရားသခင်က ရာထူးအဆင့်အတန်းကို လူတို့အတွက် မစီမံခဲ့ချေ။ ဘုရားသခင်သည် လူတို့အား သမ္မာတရား၊ လမ်းခရီးနှင့် အသက်ကို ပေးအပ်ပြီး— ၎င်းတို့အား ရာထူးအဆင့်အတန်းနှင့် သြဇာတိက္ကမရှိပြီး လူထောင်ပေါင်းတို့၏ ကြည်ညိုခံရသောသူတစ်ဦး မဟုတ်ဘဲ— နောက်ဆုံးတွင် ဘုရားသခင်၏ လက်ခံနိုင်ဖွယ် ဖန်ဆင်းခံတစ်ဦး၊ ဘုရားသခင်၏ သေးငယ်ပြီး အရေးမပါသော ဖန်ဆင်းခံတစ်ဦး ဖြစ်လာစေသည်။ ထို့အတွက်ကြောင့် ယင်းကို မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ ရာထူးအဆင့်အတန်းကို လိုက်စားခြင်းက တစ်ဖက်ပိတ်လမ်းဖြစ်သည်။ ရာထူးအဆင့်အတန်းကို လိုက်စားခြင်းအတွက် သင်၏အကြောင်းပြချက်က အဘယ်မျှ ကျိုးကြောင်းဆီလျော်သည်ဖြစ်စေ ဤလမ်းကြောင်းက လမ်းကြောင်းမှားတစ်ခုပင် ဖြစ်နေဆဲဖြစ်ကာ ဘုရားသခင်၏ ချီးကျူးခြင်းကို မခံရပေ။ သင်သည် အဘယ်မျှ ခက်ခက်ခဲခဲကြိုးစားသည်ဖြစ်စေ၊ သို့မဟုတ် အဖိုးအခကို အဘယ်မျှ ကြီးကြီးမားမားပေးဆပ်သည်ဖြစ်စေ ရာထူးအဆင့်အတန်းကို အလိုရှိပါက ဘုရားသခင်သည် သင့်ကို ပေးမည်မဟုတ်ပေ။ အကယ်၍ ယင်းကို ဘုရားသခင်မပေးပါက ယင်းကိုရရှိရန် ကြိုးစားရာတွင် သင် ကျရှုံးလိမ့်မည်ဖြစ်ပြီး၊ အကယ်၍ သင် ဆက်လက်ကြိုးစားနေပါက ရလဒ်တစ်ခုတည်းသာရှိလိမ့်မည်— သေခြင်းတရားပင်။ ဤသည်မှာ တစ်ဖက်ပိတ်လမ်းတစ်ခု ဖြစ်သည်— ဤသည်ကို သင်နားလည်သလော။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၃)”) ဘုရားနှုတ်ကပတ်တော်တွေထဲမှာ ဒါကို ဖတ်လိုက်ရတဲ့နောက် ကျွန်မ လန့်သွားတယ်။ ကျွန်မတာဝန်မှာ သမ္မာတရားကို လိုက်စားမနေခဲ့ဘဲ၊ အဲဒီအစား ကျွန်မရဲ့ ကိုယ်ပိုင်ဆန္ဒတွေ ဖြည့်ဆည်းဖို့ နာမည်နဲ့ ဂုဏ်သတင်းနောက်ကို လိုက်နေမိခဲ့တာပဲ။ အန္တိခရစ်ရဲ့ လမ်းကြောင်းပေါ် ကျွန်မ ရှိခဲ့တယ်။ ဒီအရာတွေကို အားထုတ်တဲ့အပေါ် ကျွန်မ ဘာလို့ အရမ်း အာရုံစိုက်မိခဲ့တာလဲလို့ တွေးမိတယ်။ အဲဒါက စာတန်ရဲ့ ဖောက်ပြန်ပျက်စီးခြင်းကြောင့်ပဲ။ ကျွန်မ ငယ်ငယ်ကတည်းက၊ “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏” ဆိုတာနဲ့၊ “ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်ရန် စိတ်မကူးသော စစ်သားတစ်ဦးသည် စစ်သားဆိုးတစ်ဦးဖြစ်သည်” ဆိုတာတွေကို ကြားခဲ့ရတယ်။ ဒီစာတန်ရဲ့ အဆိပ်တွေထဲ မြှုပ်နှံခံရရင်းနဲ့၊ သာမန်အဖြစ်နဲ့ကျေနပ်အားရရင် ဘာတစ်ခုနဲ့မျှ ကျွန်မ မထိုက်တန်ဘူးလို့ ခံစားခဲ့ရတယ်။ ကျွန်မ ဘယ်နေရာကိုပဲ သွားသွား၊ ထိပ်မှာပဲနေချင်ခဲ့တယ်၊ မဟုတ်ရင် ကျွန်မ တန်ဖိုးရှိမှာမဟုတ်ဘူး ပေါ့။ အဲဒါက လူတစ်ယောက်အနေနဲ့ ကျွန်မရဲ့ အခြေခံအုတ်မြစ် ဖြစ်လာပြီဖြစ်တယ်။ ယုံကြည်သူဖြစ်လာပြီးတဲ့နောက်မှာတောင် ဒီဆိုးယုတ်တဲ့ အတွေးအခေါ်တွေနဲ့ အသက်ရှင်ရာကနေ ကျွန်မ မရပ်နိုင်ခဲ့ဘူး။ ကျွန်မထက် သာနိုင်တဲ့ တစ်ယောက်ယောက်ကို တွေ့တော့၊ သူတို့ကို ဆန့်ကျင်ရမှဖြစ်မယ်၊ ပြီးတော့ ကျွန်မကိုယ်ကျွန်မ သက်သေပြဖို့ အရာရာကို စဉ်းစားတယ်။ လူတွေရဲ့ စိတ်နှလုံးတွေထဲမှာ နေရာတစ်ခု ရှိဖို့၊ ကျွန်မအနားမှာ လူတိုင်းဝိုင်းအုံနေဖို့နဲ့ ကျွန်မကို အထင်ကြီးကြဖို့ ကျွန်မ လိုချင်ခဲ့တယ်။ အဲဒါက ကျွန်မ တန်ဖိုးရှိတဲ့သဘောပဲလို့ ထင်ခဲ့တယ်။ အဲဒီလို ရှုထောင့်နဲ့ လိုက်စားမှုမျိုးနဲ့အတူ၊ အဖန်ဆင်းခံတစ်ဦးရဲ့ နေရာကနေ ကျွန်မတာဝန်ကို ကျွန်မ မလုပ်နိုင်ခဲ့ဘဲ၊ အဲဒီအစား အဆင့်အတန်းအတွက် ဘုရားကို ဖက်ပြိုင်မိနေရင်းနဲ့ ကျွန်မတာဝန်ကို လုပ်နေသလို ဟန်ဆောင်နေခဲ့တယ်။ ဘုရားရဲ့ စိတ်သဘောထားကို ကျွန်မ ပုန်ကန်ပြစ်မှားနေခဲ့တာ၊ သူ့ကို ဆန့်ကျင်နေခဲ့တာပါ။ ကျွန်မ နောင်တမရရင်၊ ကျွန်မကို အနှေးနဲ့အမြန် ဘုရားက သုတ်သင်ဖယ်ရှင်းတော့မှာ သိတယ်။ ဒီအတွေးက ကျွန်မကို တကယ် ထိတ်လန့်စေခဲ့တယ်။ ကျွန်မ ရောက်နေခဲ့တဲ့ လမ်းကြောင်းက အရမ်းအရမ်းကို အန္တရာယ်များနေတာ တွေ့ခဲ့ရတယ်။ ဘုရားရှေ့ကို ဆုတောင်းခြင်းနဲ့ ကျွန်မ ချက်ချင်းလာပြီး နောင်တရခဲ့တယ်။ အဖွဲ့ခေါင်းဆောင်အနေနဲ့ ကျွန်မ ဆက်အစေခံနိုင်သည်ဖြစ်စေ၊ အစ်မဖန်က ကျွန်မနေရာကို ယူမှာဖြစ်စေ၊ ကျွန်မ ကျိုးနွံနာခံဖို့ အသင့်ပါပဲ။ အဲဒါက ဖောက်ပြန်ပျက်စီးခြင်း နည်းနည်းကို ပြတာလေးပါပဲလို့ ကျွန်မ အမြဲ ထင်လေ့ရှိခဲ့တာ၊ ဒီတော့ အဲဒါကို အရမ်း အလေးအနက် ကျွန်မ မယူခဲ့ဘူး။ ဒါပေမယ့် ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ ထုတ်ဖော်ပြချက်တွေကတစ်ဆင့်၊ အဲဒါ ဘယ်လောက်ဆိုးရွားမှန်း ကျွန်မ နားလည်ခဲ့ရပြီး၊ ဒီဖောက်ပြန်ပျက်စီးခြင်းကို ဖြေရှင်းဖို့ စစ်မှန်တဲ့ ဆန္ဒ ရှိခဲ့တယ်။ အဲဒီနောက်၊ ဒီကိစ္စမျိုးကို လိုက်စားတဲ့ လူတွေကို ဖော်ထုတ်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ စဖတ်ခဲ့တယ်။ ကျွန်မအပေါ် အထူးသဖြင့် နက်နက်ရှိုင်းရှိုင်း ခံစားမှုတစ်ခု ကျန်စေပြီး၊ လမ်းကြောင်း ရှာတွေ့စေတဲ့ ကျမ်းတစ်ပိုဒ်ရှိတယ်။ “ဖန်ဆင်းခံတစ်ခုအနေနှင့် လူသားသည် သူ၏ကိုယ်ပိုင်အနေအထားကို ထိန်းသိမ်းပြီး အသိဉာဏ်ရှိရှိပြုမူရမည်။ ဖန်ဆင်းရှင်က တာဝန်ပေးစေခိုင်းထားသည့်အရာကို တာဝန်သိတတ်စွာနှင့် စောင့်ရှောက်ရမည်။ စည်းကျော်၍ မလုပ်ရ၊ သို့မဟုတ် မိမိတတ်နိုင်သည့် နယ်ပယ်ထက် ကျော်၍မလုပ်ရ၊ သို့မဟုတ် ဘုရားသခင် စက်ဆုပ်သည့် အရာများကို မလုပ်ရ။ ကြီးမြတ်ရန်၊ သို့မဟုတ် အာဂလူသားဖြစ်ရန်၊ သို့မဟုတ် အခြားလူများထက်ကျော်လွန်ရန် မလုပ်ရသကဲ့သို့ ဘုရားဖြစ်အောင်လည်း မကြိုးစားရ။ ဤသည်မှာ လူတို့ဆန္ဒမပြုသင့်သည့် အရာဖြစ်သည်။ ကြီးမြတ်ရန်၊ သို့မဟုတ် အာဂလူသားဖြစ်ရန် ကြိုးစားလုပ်ဆောင်ခြင်းက အဓိပ္ပာယ်မရှိပေ။ ဘုရားဖြစ်ရန် ကြိုးစားလုပ်ဆောင်ခြင်းက ပို၍ပင် ဆိုးဝါးသည်။ ဤသည်မှာ ရွံ့ရှာစက်ဆုပ်ဖွယ်ဖြစ်ပြီး ယုတ်ညံ့၏။ ချီးကျူးထိုက်ပြီး အရာအားလုံးထက် ဖန်ဆင်းခံတို့ စွဲကိုင်ထားသင့်သည့် အရာမှာ စစ်မှန်သည့် ဖန်ဆင်းခံဖြစ်ရန်ဖြစ်၏။ ဤသည်မှာ လူအားလုံး လိုက်လျှောက်သင့်သည့် တစ်ခုတည်းသော ပန်းတိုင်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မ စိတ်နှလုံးကို အားတက်စေခဲ့ပြီး သူ့အလိုတော်ကို နားလည်စေခဲ့တယ်။ ကြီးမြတ်တဲ့ လူတစ်ဦးဖြစ်လျက်နဲ့၊ မဟာလူသားက အဖန်ဆင်းခံတစ်ဦး လိုက်စားသင့်တဲ့အရာ မဟုတ်ဘူး။ ဘုရားရဲ့ အဖန်ဆင်းခံသတ္တဝါအနေနဲ့ ကျွန်မတို့နေရာကို ကျွန်မတို့ ယူသင့်ပြီး၊ ကျွန်မတို့ကို ဘုရားပေးအပ်တဲ့ အရာကို တစ်စိုက်မတ်မတ် ဆောင်ရွက်သင့်တယ်။ ဒါက မှန်ကန်တဲ့ လိုက်စားမှုဖြစ်ပြီး၊ ဘုရားလက်ခံတဲ့ တစ်ခုတည်းသော အရာဖြစ်တယ်။

အဲဒီနောက်မှာ နာမည်နဲ့ အကျိုးအမြတ်အတွက် တိုက်ခိုက်ချင်တာ ကိုယ့်ကိုယ်ကိုယ် တွေ့ရတဲ့အခါ၊ ဘုရားဆီ ဆုတောင်းပြီး ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ဖို့ ကျွန်မ အားထုတ်ခဲ့သလို၊ ကျွန်မတို့တာဝန်မှာရှိတဲ့ ပြဿနာတွေအကြောင်းကို အစ်မဖန်နဲ့ ပြောဖို့ သူ့ကို ရှာခဲ့တယ်။ သူ့ကို ကျွန်မ တကယ်ဖွင့်ဟလိုက်တဲ့အခါ၊ သူ့မှာ ကိစ္စတွေကို ဘယ်လိုလုပ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး တော်တော်ကောင်းတဲ့ စိတ်ကူးတချို့ ရှိမှန်း တွေ့ခဲ့ရပြီး၊ ကျွန်မတို့ အတူတူ ခေါင်းချင်းဆိုင်လိုက်တဲ့အခါ ဆောင်ရွက်ရမယ့် အစီအစဉ်ကို လုံးဝ မြန်မြန်ပဲ ရလိုက်တယ်။ အစ်မဖန်က ကျွန်မရဲ့ ကျွမ်းကျင်မှုကို တိုးတက်အောင် ကူပေးဖို့ သူ့ရဲ့ အတွေ့အကြုံ အကျဉ်းချုပ်ကိုလည်း ကျွန်မနဲ့ မျှဝေဖို့ အားထုတ်ခဲ့တယ်။ ကျွန်မ ရှက်လည်းရှက်သလို တကယ်ကို တို့ထိခြင်းလည်း ခံခဲ့ရတယ်။ ကျွန်မဘေးမှာ အဲဒီလို အဖော်ရှိတာက ကျွန်မအတွက် အင်မတန် ကြီးမားတဲ့ အထောက်အမဖြစ်ခဲ့တာပါ၊ ပြီးတော့ ကျွန်မ အရမ်းကို ကြောင်းကျိုးမမြင်ဘဲ ရှိခဲ့တဲ့အတွက်၊ နာမည်နဲ့ အကျိုးအမြတ်အတွက်သာ ယှဉ်ပြိုင်ပြီး သမ္မာတရား ရရှိဖို့ အခွင့်အရေးများစွာ လွတ်သွားရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် မုန်းမိတယ်။ အဲဒီနောက် အစ်မဖန်က အဖွဲ့ခေါင်းဆောင်အနေနဲ့ ကျွန်မကို အစားထိုးသွားမှာကို ကျွန်မ မစိုးရိမ်တော့ဘူး။ ကျွန်မ အများကြီး ပိုသက်သောင့်သက်သာဖြစ်လာခဲ့ပြီး၊ တာဝန်မှာ အများကြီး ပိုထိရောက်ခဲ့တယ်။ ပြီးတော့ အဖွဲ့တစ်ခုအနေနဲ့ ကျွန်မတို့ အလုပ်လုပ်လိုက်တာနဲ့၊ မသိလိုက်ခင်မှာ အဲဒီပရောဂျက်ကို ကျွန်မတို့ ပြီးသွားတယ်။ ဒီအရာအားလုံးကို ဖြတ်သန်းလိုက်ရတော့၊ ဘုရားက ကျွန်မဘေးမှာရှိပြီး ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သန့်စင်စေပြီး ပြောင်းလဲပေးဖို့ အခြေအနေအများကြီးကို သူ ပြင်ဆင်မှန်း ကျွန်မ တကယ် ခံစားခဲ့ရတယ်။ ကျွန်မကို သူ့ရဲ့ နှုတ်ကပတ်တော်တွေနဲ့လည်း တရားစီရင်ခဲ့တယ်၊ ဖော်ထုတ်ခဲ့တယ်၊ အသိဉာဏ်ပွင့်လင်းစေပြီး လမ်းပြခဲ့တယ်။ ဒီလိုနဲ့ ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိတချို့ ရခွင့်ပေးခဲ့တယ်။ ကျွန်မ ဘုရားအပေါ် ကျေးဇူးတင်တဲ့စိတ် ပြည့်လျှံသွားခဲ့သလို၊ ကျွန်မတာဝန်ကို ကောင်းကောင်း ထမ်းဆောင်ပြီး သူ့ကို စိတ်ကျေနပ်စေဖို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

မုသားပြောခြင်း၏ ဒုက္ခ

ညီချန်း မြန်မာနိုင်ငံ ၂၀၁၉ အောက်တိုဘာမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်တော် လက်ခံခဲ့ပါတယ်။ စုဝေးပွဲတွေမှာ...

ဘုရားသခင်ကို ယုံကြည်ရာလမ်းပေါ်မှ တိုးတက်မှုတစ်ရပ်

တင်ဆက်သူ- ဇူအန်ဘီယန်၊ ရှန်ဟိုင်းမြို့တော် ဘုရားသခင်ကိုယုံကြည်ခဲ့ပြီး၊ ဘုရားသခင်နောက်သို့ နှစ်ပေါင်း များစွာ လိုက်ပါခဲ့သော်လည်း၊...

ခေါင်းဆောင် အတုအယောင်အား ဖော်ထုတ်ခြင်း- တစ်ကိုယ်ရေ ရုန်းကန်ကြိုးစားခြင်း

ကျန်းရီ တောင်ကိုးရီးယားနိုင်ငံမနှစ်က မြို့ပြင်က အသင်းတော်တစ်ခုမှာ ကျွန်မ၏ တာဝန်ကို ထမ်းဆောင်နေသော်လည်း၊ လက်တွေ့ကျသည့်အလုပ်ကို...

ဆုတ်ဆိုင်းမှုမှ သင်ယူခဲ့ရသည့်အရာ

စွတ်ဖန့် ကိုးရီးယားနိုင်ငံ ၂၀၁၄ မှာ ကျွန်တော်က အသင်းတော်အတွက် ဗီဒီယိုထုတ်လုပ်သူအဖြစ် လေ့ကျင့်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဗီဒီယိုအသစ်တစ်ခုကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။