သမ္မာတရားကို လက်မခံခြင်းအပေါ် ပြန်လည်သုံးသပ်ခြင်းများ အိုက်ရှီထံသို့ ပေးစာ

14.04.2026

အိုက်ရှီထံသို့ ပေးစာ

ရှီကျင်း၊ တရုတ်ပြည်

ချစ်ရတဲ့ အိုက်ရှီ

မတွေ့တာကြာပြီနော်။ နေကောင်းရဲ့လား။ တို့နှစ်ယောက် မတွေ့ဖြစ်ကြတာ တစ်နှစ်ကျော်ပြီ။ ဒါပေမဲ့ တို့တွေ ကိုယ့်တာဝန်ကို အတူတူ ထမ်းဆောင်ခဲ့တုန်းက ဖြစ်ခဲ့တာတွေက စိတ်ထဲမှာ မနေ့တစ်နေ့ကလိုပဲ ခံစားရတယ်။ ငါက သမ္မာတရားကို လက်မခံခဲ့လို့ နင့်ကို နာကျင်စေခဲ့တယ်။ တို့နှစ်ယောက် နည်းနည်း စိမ်းသွားကြတယ်။ အဲဒီအကြောင်းကို ပြန်တွေးမိတိုင်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်။ နင့်ကို “တောင်းပန်ပါတယ်” လို့ တကယ်ကို ပြောချင်မိတယ်။ ဒီစာကိုရေးတာက ငါ့ရဲ့ ဆင်ခြင်သုံးသပ်မှုတွေနဲ့ နားလည်ခဲ့တာလေးတွေကို ပြောပြချင်လို့ပါ။

အဲဒီတုန်းက တို့နှစ်ယောက် ရေလောင်းခြင်းအလုပ်အတွက် တာဝန်ယူခဲ့ကြတာလေ။ ငါက အခုမှ စတာဆိုတော့ ဒီတာဝန်ကို သိပ်မသိခဲ့ဘူး။ ဒါကြောင့် နင်က ငါ့ကို ခဏခဏ ကူညီပေးခဲ့တယ်။ ငါ ကောင်းကောင်းမလုပ်နိုင်တဲ့အရာတွေကို နင်မြင်တဲ့အခါတိုင်း ထောက်ပြပြီး သတိပေးခဲ့တယ်။ ဒါက နင်ငါ့ကို ကူညီနေတာဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ နင်က ကိစ္စတွေကို ပိုပြီးထောက်ပြလေ ငါ့စိတ်ထဲမှာ မသက်မသာ ဖြစ်လာလေပဲ။ တစ်ခါတုန်းက ရေလောင်းတဲ့တာဝန်ကို ထမ်းဆောင်တဲ့သူတွေ အတူတူ အလုပ်ကောင်းကောင်း မလုပ်ကြလို့ အခြေအနေကို ဖြေရှင်းဖို့ ငါစာရေးခဲ့ရတယ်။ သူတို့ကို ငါနည်းနည်း အထင်သေးပြီး မေးခွန်းထုတ်တဲ့လေသံနဲ့ ဆူလိုက်မိတယ်။ အဲဒါကိုမြင်တော့ နင်မေးတယ်၊ စာရေးတုန်းက ငါ့စိတ်သဘောထား ဘယ်လိုရှိလဲလို့၊ ပြီးတော့ ငါ့ပြဿနာတွေကို ပွင့်ပွင့်လင်းလင်းပဲ ထောက်ပြခဲ့တယ်။ အဲဒီလို စာရေးတာ မသင့်တော်ဘူး၊ ငါက အထက်စီးက ပြုမူနေတာ၊ လူတွေကို လွယ်လွယ်ကူကူ ဘောင်ခတ်ခံရသလို ခံစားရစေတယ်လို့ နင်ပြောခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး ကိုယ့်စာကို ပြန်ပြင်ရေးဖို့ နင်ပြောခဲ့တာပေါ့။ ငါ့မှာ မာနထောင်လွှားတဲ့ စိတ်သဘောထားကို ထုတ်ဖော်မိမှန်း ငါလည်း သတိပြုမိပေမဲ့၊ စိတ်ထဲမှာတော့ တောက်လျှောက် ဆင်ခြေပေးနေမိတယ်။ “ငါစာရေးတိုင်း နင်က ဘာလို့အမြဲ ပြဿနာရှာနေတာလဲ။ နင်အဲဒီလိုပြောတော့ ငါကပဲ ညံ့ဖျင်းနေသလိုပဲ၊ ဒီလောက် ရိုးရှင်းတဲ့ ပြဿနာလေးတောင် မဖြေရှင်းနိုင်သလို ဖြစ်နေပြီ။ တခြားလူတွေသာ သိသွားရင် ငါ့ကို ဘယ်လိုမြင်ကြမလဲ” ပေါ့။ ငါ့စိတ်နှလုံးထဲမှာ လက်မခံနိုင်ဘဲ နင့်အပေါ် အမြင်မကြည်ဖြစ်လာတယ်။ နောင်မှာ နင့်ဆီမှာ ပြဿနာတွေ့တဲ့အခါ ငါလည်း ပြန်ထောက်ပြမယ်၊ ဒါမှ ငါ့ကို အနိုင်ကျင့်လို့ရတယ်လို့ နင်မထင်မှာ ဆိုပြီးတော့လည်း တွေးမိတယ်။ တစ်ခါတုန်းက ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို ထိန်းသိမ်းတဲ့ တာဝန်ခံတစ်ယောက်က တာဝန်မကျေဘဲ ခိုကပ်တဲ့ သဘောထား ထားခဲ့တယ်။ စကားလုံး ခပ်ကြမ်းကြမ်းတွေ သုံးပြီးတော့ အဲဒီလိုလုပ်ရပ်ရဲ့ သဘောသဘာဝနဲ့ အကျိုးဆက်တွေကို မိတ်သဟာယပြုပြီး စိစစ်ပြဖို့ဆိုပြီး နင် သူ့ဆီကို စာရေးခဲ့တယ်လေ။ ငါက အဲဒီကိစ္စကို မလွှတ်တမ်း အသုံးချပြီး နင်ရေးတဲ့ပုံစံ မမှန်ဘူး၊ နင်က အထက်စီးကနေ ပြုမူပြီး လူတွေကို ဆူပူနေတာပဲ၊ အဲဒီလို မိတ်သဟာယပြုတာက လူတွေကို လက်ခံဖို့ ခက်စေတယ်လို့ ပြောလိုက်တယ်။ ဘယ်လိုအခြေအနေမျိုးမှာ သူများကို ပြုပြင်လို့ရတယ်၊ ဘယ်လိုအခြေအနေမျိုးမှာ မိတ်သဟာယပြုပြီး ကူညီပေးရမယ်ဆိုတာကို နင်က ငါနဲ့ မိတ်သဟာယပြုပေးခဲ့ပါတယ်။ ပြီးတော့ ဒီလူက အကုန်နားလည်ပေမဲ့ တာဝန်မယူတာ၊ ဒီလိုအခြေအနေမျိုးမှာ သူ့ကို ပြုပြင်လို့ရတယ်လို့ နင်ပြောခဲ့တယ်။ နင်ပြောတာ မှန်တယ်၊ အလုပ်အတွက်လည်း အကျိုးရှိတယ်ဆိုတာ ငါသိပေမဲ့၊ ငါ့စိတ်နှလုံးက လက်မခံနိုင်ခဲ့ဘူး။ နင်ပြောသမျှက အကုန်မှန်ပြီး ငါလုပ်သမျှက အကုန်မှားနေသလို၊ ပြီးတော့ နင်ကပဲ ငါ့ကို အမြဲ အပြစ်ရှာနေသလို ခံစားရတယ်။ နင်ငါ့ကို ဖော်ထုတ်ပြီး အရှက်ခွဲလို့ မရအောင် ဖောက်ပြန်ပျက်စီးမှု တစ်ခုခုကို ထုတ်ဖော်မိတာမျိုး၊ ဒါမှမဟုတ် တစ်ခုခု မှားပြောမိတာမျိုးကို ရှောင်ဖို့ နောင်ကျရင် ပိုသတိထားရတော့မယ့်ပုံပေါက်နေတယ်။ အဲဒီနောက်ပိုင်း၊ ငါ့တာဝန်မှာ တွေဝေလာပြီး သိုသိုသိပ်သိပ်နေလာတဲ့အပြင် လုံးဝကို လွတ်လွတ်လပ်လပ် မရှိတော့သလို ခံစားရတယ်။ စိတ်ထဲမှာလည်း တော်တော် ပင်ပန်းတယ်။ ပုံမှန်ဆိုရင် ငါ့တာဝန်မှာ ဝတ်ကျေတမ်းကျေ လုပ်နေတာကို နင်မြင်တဲ့အခါ ငါ့ကို ထောက်ပြတတ်တယ်။ ပြီးတော့ အလုပ်တွေပုံနေပြီး အချိန်နဲ့တစ်ပြေးညီ မဖြေရှင်းရသေးတာရှိတဲ့အခါ ငါက ပျင်းတယ်၊ သက်သာရာကို မက်မောတယ်၊ တာဝန်ကို ဝန်တာမထားဘူးလို့ နင်ပြောတတ်တယ်။ ငါ့ပြဿနာတွေအကြောင်း နင်ပြောနေတယ်ဆိုတာ ငါသိပေမဲ့ အကြိမ်တိုင်း ရင်ထဲမှာ တနုံ့နုံ့နဲ့ ခံစားရပြီး နင်က ငါ့ပြဿနာတွေကို အမြဲဖော်ထုတ်တယ်၊ ပြီးတော့ စကားပြောရင်လည်း တဲ့တိုးပြောလွန်းတယ်၊ ငါ့သိက္ခာနဲ့ ခံစားချက်ကို ထည့်မတွက်ဘဲ၊ ငါ့ကို အနေရခက်အောင်လုပ်တယ်လို့ ခံစားရတယ်။ ငါ့စိတ်ထဲမှာ လက်မခံနိုင်ခဲ့ဘူး။ ငါလုပ်နိုင်သမျှကတော့ ငါ့ပြဿနာတွေကို နင်ထပ်မထောက်ပြအောင်လို့ ကူကယ်ရာမဲ့ပြီး အတိုက်အခံဖြစ်တဲ့စိတ်နဲ့ တာဝန်ကို ကမန်းကတန်း လုပ်လိုက်တာပါပဲ။ သမ္မာတရားကို မရှာဖွေမိတဲ့အပြင် ကိုယ့်ကိုယ်ကိုယ်လည်း မဆင်ခြင်သုံးသပ်မိတဲ့အတွက် ငါ့တာဝန်မှာရှိတဲ့ ပြဿနာတွေက ဘယ်တော့မှ မပြေလည်သွားခဲ့ဘူး။

နောက်ပိုင်း တစ်ခါတုန်းက၊ အလုပ်မှာ ပြုပြင်ဖို့လိုတဲ့ လမ်းလွဲမှုတချို့နဲ့ ပတ်သက်ပြီး ရေလောင်းတဲ့သူတွေကို ဆက်သွယ်ဖို့ ငါစာရေးခဲ့တယ်။ စာရေးနေတုန်းမှာ အကြောင်းအရာတွေကို ငါရှင်းရှင်းလင်းလင်း မဖော်ပြမိဘူးဆိုတာ တွေ့ပေမဲ့ ပြန်ပြင်ဖို့ ငါဝန်လေးနေခဲ့တယ်။ ငါ့စာကို နင်မြင်တော့ ငါ့ပြဿနာတွေကို ထပ်ထောက်ပြပြန်တယ်။ ငါရေးထားတာ ရှင်းရှင်းလင်းလင်း မရှိဘူး၊ ငါဘာပြဿနာကို ဖြေရှင်းချင်မှန်း နင်မသိဘူးပေါ့။ ဒီကိစ္စကို သေချာစဉ်းစားဖို့နဲ့ ဝတ်ကျေတမ်းကျေ မလုပ်ဖို့ နင်ပြောခဲ့တယ်၊ ပြီးတော့ ဒီစာကို ဘယ်လိုရေးရမယ်ဆိုတာနဲ့ ပတ်သက်ပြီး အသေးစိတ် မိတ်သဟာယပြုပေးခဲ့တယ်။ ငါ့စိတ်ထဲမှာ ထပ်ပြီး အတိုက်အခံဖြစ်လာပြီး တွေးမိတယ်။ “နင်က ဘာလို့ ငါ့အပြစ်တွေကိုချည်းပဲ ရွေးထုတ်ပြီး ငါ့ကို အခက်တွေ့အောင် လုပ်နေရတာလဲ။ အရင်က ငါစာရေးတုန်းက ဒီလောက် ပြဿနာမများပါဘူး၊ နင်က ဘယ်လိုဖြစ်လို့ အမှားတွေအများကြီး ရှာတွေ့ရတာလဲ။ ခေါင်းဆောင် ဒါမှမဟုတ် ညီအစ်ကိုမောင်နှမတွေသာ သိသွားရင် ငါ့ကို ဘယ်လိုထင်ကြမလဲ။ ဒီလောက်ပြဿနာသေးသေးလေးတောင် ငါမဖြေရှင်းနိုင်ဘူး၊ ရေလောင်းခြင်းအလုပ်ကို တာဝန်ယူဖို့ ငါ့ကိုရွေးလိုက်တာ မှားသွားပြီလို့ သူတို့ ထင်ကြမလား။ ဒီအလုပ်မှာ ဘယ်လို ပူးပေါင်းဆောင်ရွက်ရမလဲဆိုတာ ငါမသိတော့ဘူး။ နင်က ငါ့အားနည်းချက်တွေကိုပဲ အမြဲဖော်ထုတ်ပြီး ငါ့ကို အထင်သေးတယ်။ ဒါဆိုလည်း နင့်ဘာသာလုပ်၊ ဒီစာကိုလည်း နင့်ဘာသာပဲ ရေးလိုက်တော့။ နင်နဲ့တွဲလုပ်ရတာ ငါ့ကို တော်တော် ဘောင်ခတ်ခံရသလို ခံစားရစေတယ်” လို့ပေါ့။ အဲဒီအကြောင်း တွေးလေလေ၊ ငါပိုစိတ်တိုလေဖြစ်ပြီး၊ နင့်ကို လက်တုံ့ပြန်ဖို့တောင် ငါစဉ်းစားမိတယ်။ “အဆင်မပြေရင် နင့်ပြဿနာတွေကို တိုင်ပြီး ခေါင်းဆောင်ဆီ ငါစာရေးလိုက်မယ်၊ ငါနှုတ်ထွက်မယ့်အကြောင်း အဆိုပြုလိုက်မယ်။ အဲဒီလိုဆိုရင် ငါက အလုပ်မလုပ်တာ မဟုတ်ဘဲ၊ နင်က မာနထောင်လွှားလွန်းလို့ ငါပူးပေါင်းဆောင်ရွက်တာမျိုး မလုပ်ချင်တာဆိုတာကို ခေါင်းဆောင်သိသွားလိမ့်မယ်။ အဲဒါဆို ခေါင်းဆောင်က နင့်ကို သေချာပေါက် ပြုပြင်လိမ့်မယ်။ ငါထွက်သွားလို့ အလုပ်ထိခိုက်ရင် အဲဒါ နင့်ရဲ့ ပြစ်မှားခြင်းပဲ ဖြစ်သွားမှာ၊ ပြီးရင် နင်အပြစ်ရှိသလိုခံစားရပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လိမ့်မယ်။ ငါ့ပြဿနာတွေကို အမြဲလိုက်ထောက်ပြနေလို့ နင်ဒီလိုဖြစ်တာ” လို့ပေါ့။ အဲဒီလိုလုပ်တာက လူ့သဘာဝကင်းမဲ့ရာကျတဲ့အတွက် မလုပ်သင့်ဘူးဆိုတာ ငါသိပေမဲ့၊ ငါ့စိတ်ထဲမှာ နင့်ကို အာဃာတ မထားပဲ မနေနိုင်ခဲ့ဘူး။ စုဝေးပွဲတွေမှာ လတ်တလော ငါ ထုတ်ဖော်နေခဲ့တာတွေအကြောင်း ပြောပြခဲ့ပေမဲ့ ကိုယ့်ကိုယ်ကိုယ် အသိမရှိတော့ ငါပြောသမျှ စကားတွေရဲ့ နောက်ကွယ်မှာ ညည်းညူတာတွေ၊ အပြစ်တင်တာတွေ ဖြစ်နေပြီး၊ နင့်ကို ဘောင်ခတ် ခံရစေခဲ့တယ်။ အဲဒီနောက်ပိုင်း ငါနဲ့စကားပြောရင် နင်အရမ်းသတိထားနေတာ ငါခံစားမိတယ်။ ငါလက်မခံမှာစိုးလို့ ငါ့ပြဿနာတွေကို ထောက်ပြဖို့ စိုးရိမ်လို့ ငါနဲ့ အတတ်နိုင်ဆုံး လိမ္မာပါးနပ်စွာ မိတ်သဟာယပြုခဲ့တယ်လေ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အသိမရှိတော့၊ နင်ငါ့ပြဿနာကို ထပ်ပြောတဲ့အခါ ငါချက်ချင်း ပါးစပ်ပိတ်ပြီး၊ နင့်ကို လျစ်လျူရှုလိုက်တယ်။ တစ်ခါကဆို တစ်ရက်ကျော်လောက် နင့်ကို စကားမပြောဘဲ နေခဲ့တော့၊ ငါတို့ ဆက်သွယ်ပြောဆိုရမယ့် အလုပ်တွေ ကြန့်ကြာကုန်တာပေါ့။ ငါအရမ်းမွန်းကျပ်ပြီး နာကျင်ရလို့ ရေချိုးခန်းထဲသွားပြီး ငိုခဲ့ရတယ်။ နင်လည်း ကွန်ပျူတာကိုင်ပြီး တခြားအခန်းမှာ သွားလုပ်တာမြင်တော့၊ နင့်အခြေအနေလည်း ဆိုးနေမှန်း ငါသိလိုက်တယ်။ အဲဒီအချိန်မှာ “စိတ်ပိုင်းဆိုင်ရာ နှိပ်စက်တာ” ဆိုတဲ့ စကားလုံး ခေါင်းထဲရောက်လာပြီး၊ ဒါဟာ ငါပြုမူနေခဲ့တဲ့ ပုံစံဖြစ်ပြီးတော့ နင့်ကို နာကျင်စေခဲ့တယ်ဆိုတာကို ခံစားလိုက်ရတယ်။ ဒါပေမဲ့ ငါ့အခြေအနေကနေ ရုန်းမထွက်နိုင်ဘဲ၊ ဒီအခြေအနေကို ပြောင်းလဲချင်လို့ ဘုရားသခင်ဆီ ငိုပြီး ဆုတောင်းခဲ့တယ်။

အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော်တချို့ကို ဖတ်မိပြီး ငါ့ကို တို့ထိတဲ့ အပိုဒ်တစ်ပိုဒ် ပါလာတယ်။ ဘုရားသခင်က ပြောသည် “အချို့သောသူများက ဤသို့ ဆိုကြသည်။ ‘ပြုပြင်ခြင်း မခံရမီက လိုက်လျှောက်ရန် လမ်းကြောင်းတစ်ခု ရှိသည်ဟု ကျွန်ုပ် ခံစားခဲ့ရပါသည်၊ သို့သော် ပြုပြင်ခြင်း ခံရပြီးသည့်နောက်၌မူ မည်သည့်အရာကို လုပ်ဆောင်ရမည်ကို မသိရှိတော့ပါ’ဟူ၍ ဖြစ်သည်။ သူတို့သည် ပြုပြင်ခြင်း ခံရပြီးနောက် မည်သည့်အရာလုပ်ဆောင်ရမည်ကို အဘယ်ကြောင့် မသိရှိကြသနည်း။ ဤအရာအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ (ပြုပြင်ခြင်းနှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အခါ သူတို့သည် သမ္မာတရားကို လက်မခံကြပါ သို့မဟုတ် မိမိတို့ကိုယ်ကို သိရှိရန်လည်း မကြိုးပမ်းကြပေ။ သူတို့သည် အယူအဆအချို့ကို သိုထားလျက် ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို မရှာဖွေကြပေ။ ဤသည်က သူတို့ကို လမ်းမဲ့သွားစေသည်။ မိမိတို့အတွင်း၌ အကြောင်းတရားကို ရှာဖွေမည့်အစား သူတို့သည် ပြုပြင်ခြင်းကို ခံရသဖြင့် လမ်းပျောက်သွားခဲ့ခြင်း ဖြစ်သည်ဟု ဆန့်ကျင်ဘက်ကို အခိုင်အမာပြောကြသည်။) ဤသည်မှာ တန်ပြန်စွပ်စွဲချက် မဟုတ်သလော။ ယင်းမှာ ‘ကျွန်ုပ် လုပ်ဆောင်ခဲ့သောအရာသည် စည်းမျဉ်းများနှင့်အညီ ဖြစ်ပါသည်၊ သို့သော် ကိုယ်တော်၏ ပြုပြင်ခြင်းက ကျွန်ုပ်အား စည်းမျဉ်းများနှင့်အညီ ကိစ္စရပ်များကို ကိုင်တွယ်ခွင့် မပြုကြောင်း ရှင်းလင်းစေသည်။ သို့ဖြစ်လျှင် အနာဂတ်၌ ကျွန်ုပ်သည် မည်သို့ လက်တွေ့လုပ်ဆောင်ရမည်နည်း’ ဟူ၍ ပြောသကဲ့သို့ဖြစ်သည်။ ဤသည်မှာ ထိုသို့သော စကားများကို ပြောဆိုသည့် လူများက ဆိုလိုသည့်အရာ ဖြစ်သည်။ သူတို့သည် ပြုပြင်ခြင်းခံရသည်ကို လက်ခံကြသလော။ သူတို့သည် အမှားများ ပြုလုပ်ခဲ့သည်ဟူသောအချက်ကို လက်ခံကြသလော။ (လက်မခံကြပါ။) ဤစကားက ၎င်းတို့သည် မကောင်းမှုများကို မည်သို့မဆင်မခြင် ကျူးလွန်ရမည်ဆိုသည်ကို သိသော်လည်း ၎င်းတို့အား ပြုပြင်ပေးပြီး စည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်ရန် ခိုင်းစေသောအခါတွင် ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်ရမှန်း မသိဘဲ စိတ်ရှုပ်ထွေးလာကြသည်ဟု စင်စစ်အားဖြင့် ဆိုလိုသည်မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် သူတို့သည် ယခင်က အမှုအရာများကို မည်သို့ လုပ်ဆောင်ခဲ့ကြသနည်း။ တစ်စုံတစ်ဦးသည် ပြုပြင်ခြင်းခံရခြင်းနှင့် ရင်ဆိုင်ရသည့်အခါ ယင်းမှာ သူတို့သည် စည်းမျဉ်းများနှင့်အညီ မလုပ်ဆောင်ခဲ့သောကြောင့် ဖြစ်သည် မဟုတ်သလော။ (ဟုတ်ပါသည်။) သူတို့သည် မကောင်းမှုကို မဆင်မခြင် ကျူးလွန်ကြသည်၊ သမ္မာတရားကို မရှာဖွေကြဘဲ အမှုအရာများကို စည်းမျဉ်းများနှင့်အညီဖြစ်စေ၊ ဘုရားအိမ်တော်မှ စည်းကမ်းများနှင့်အညီဖြစ်စေ မလုပ်ဆောင်ကြသောကြောင့် ပြုပြင်ခြင်းကို ခံကြရသည်။ ပြုပြင်ခြင်း၏ ရည်ရွယ်ချက်မှာ လူတို့အား သမ္မာတရားကို ရှာဖွေစေရန်နှင့် စည်းမျဉ်းများအတိုင်း ပြုမူလုပ်ဆောင်စေရန် ထောက်ကူပေးဖို့၊ သူတို့ကို မကောင်းမှုကို မဆင်မခြင် ထပ်၍ ကျူးလွန်ခြင်းမှ ဟန့်တားဖို့အတွက် ဖြစ်သည်။ သို့ရာတွင် ပြုပြင်ခြင်းနှင့် ရင်ဆိုင်ရသည့်အခါ ထိုလူများက မည်သို့ပြုမူလုပ်ဆောင်ရမည်ကိုဖြစ်စေ၊ မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို မသိရှိတော့ဟု ဆိုကြသည်။ ဤစကားများတွင် မိမိကိုယ်ကို သိကျွမ်းခြင်းဆိုင်ရာ အရိပ်အယောင် တစ်ခုခု ပါဝင်သလော။ (မပါဝင်ပါ။) သူတို့၌ မိမိကိုယ်ကို သိရှိရန် သို့မဟုတ် သမ္မာတရားကို ရှာဖွေရန် ရည်ရွယ်ချက် လုံးဝ မရှိကြပေ။ ထိုအစား ၎င်းတို့သည် ဤသို့သွယ်ဝိုက်ညွှန်းဆိုကြသည်။ ‘ကျွန်ုပ်သည် ယခင်က ကျွန်ုပ်၏ တာဝန်များကို အလွန် ကောင်းမွန်စွာ ထမ်းဆောင်ခဲ့ဖူးပါသည်၊ သို့သော် ကိုယ်တော် ကျွန်ုပ်အား ပြုပြင်ခဲ့သည့်အချိန်မှစ၍ ကိုယ်တော်သည် ကျွန်ုပ်၏ အတွေးများကို ဖရိုဖရဲဖြစ်စေခဲ့ပြီး ကျွန်ုပ်၏ တာဝန်များအပေါ် ကျွန်ုပ်၏ လုပ်နည်းကိုင်နည်းကို ရှုပ်ထွေးစေခဲ့ပါသည်။ ယခုအခါ ကျွန်ုပ်၏ စဉ်းစားတွေးခေါ်ပုံမှာ ပုံမှန်မဟုတ်တော့ပါ၊ ထို့ပြင် ကျွန်ုပ်သည် ယခင်ကဲ့သို့ ပြတ်သားမှု သို့မဟုတ် ရဲစွမ်းသတ္တိလည်း မရှိတော့ပါ၊ ကျွန်ုပ်သည် ယခင်ကကဲ့သို့ ရဲရင့်ခြင်း မရှိတော့ဘဲ ဤအရာအားလုံးသည် ပြုပြင်ခြင်းခံရခြင်းကြောင့် ဖြစ်ရပါသည်။ ကျွန်ုပ် ပြုပြင်ခြင်းခံခဲ့ရသည့် အချိန်မှစ၍ ကျွန်ုပ်၏ နှလုံးသားသည် ပြင်းထန်စွာ ထိခိုက်နာကျင်ခဲ့ရပါသည်။ ထို့ကြောင့် ကျွန်ုပ်သည် အခြားသူတို့အား သူတို့၏ တာဝန်များကို ထမ်းဆောင်သည့်အခါ အလွန် သတိထားကြရန် ပြောဆိုရပါမည်။ သူတို့သည် မိမိတို့၏ ချို့ယွင်းချက်များကို မဖော်ပြသင့်ပါ သို့မဟုတ် ချွတ်ချော်မှု မဖြစ်စေသင့်ပါ၊ အကယ်၍ သူတို့ ချွတ်ချော်ခဲ့ပါက သူတို့သည် ပြုပြင်ခြင်းခံရမည်ဖြစ်ပြီး ထို့နောက် သူတို့သည် ကြောက်ရွံ့လာကာ သူတို့ တစ်ချိန်က ပိုင်ဆိုင်ခဲ့သော စိတ်အားထက်သန်မှုလည်း ပျောက်ဆုံးသွားလိမ့်မည်။ ၎င်းတို့၏ ရဲရင့်သော စိတ်ဓာတ်သည် သိသိသာသာ မှေးမှိန်သွားပြီး ၎င်းတို့၏ လူငယ်သတ္တိနှင့် အစွမ်းကုန်လုပ်ဆောင်ရန် လိုအင်ဆန္ဒတို့သည် ပျောက်ဆုံးသွားမည်ဖြစ်ကာ ၎င်းတို့အား ပျော့ညံ့သွားစေလျက် မိမိကိုယ်တိုင်၏ အရိပ်ကို ကြောက်သည့်အပြင် ၎င်းတို့ လုပ်ဆောင်သမျှက မမှန်ကန်ကြောင်း ခံစားရသွားစေသည်။ သူတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်၏ မျက်မှောက်တော်ကို ခံစားရတော့မည် မဟုတ်ဘဲ ကိုယ်တော်နှင့် ပို၍ပို၍ ဝေးကွာသွားသည်ဟု ခံစားလာကြလိမ့်မည်။ ဘုရားသခင်ထံ ဆုတောင်းလျက် ဟစ်ခေါ်ခြင်းသည်ပင် အဖြေမရသကဲ့သို့ ဖြစ်နေလိမ့်မည်။ သူတို့၌ ယခင်ကကဲ့သို့ တက်ကြွလန်းဆန်းမှု၊ လှုပ်ရှားတက်ကြွမှုနှင့် ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းတို့ မရှိတော့ဟု ခံစားရလိမ့်မည်ဖြစ်ပြီး မိမိကိုယ်ကိုပင် အထင်အမြင်သေးလာကြလိမ့်မည်’ ဟူ၍ ဖြစ်သည်။ ဤသည်တို့မှာ အတွေ့အကြုံရှိသော ပုဂ္ဂိုလ်တစ်ဦးက မိတ်သဟာယဖွဲ့သည့် စိတ်ရင်းမှန်ဖြင့် ပြောဆိုသော စကားများလော။ ယင်းတို့သည် စစ်မှန်သလော။ ယင်းတို့သည် လူတို့အား တည်ဆောက်မှု ပေးသလော သို့မဟုတ် အကျိုးပြုသလော။ ဤသည်မှာ အဖြစ်မှန်ကို မလိမ့်တစ်ပတ်လုပ်ခြင်း သက်သက်သာ မဟုတ်ပါလော။ (ဟုတ်ပါသည်၊ ဤစကားများသည် အတော်ပင် အဓိပ္ပာယ်မရှိပါ။)” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၇)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက် ငါ့အပြုအမူနဲ့ ထုတ်ဖော်မိတာတွေကို ရုတ်တရက် တွေးမိလိုက်တယ်။ ငါကပဲ ဘောင်ခတ်ခံနေရတယ်လို့ အမြဲထင်ခဲ့တာ။ အရင်တုန်းက စာရေးရင် ဘယ်တုန်းကမှ ဒီလောက် ပြဿနာမများဘူး၊ နင်နဲ့ကျမှ ပြဿနာတွေများနေတယ်၊ ဒီအလုပ်မှာ ဘယ်လိုများ အတူတူလုပ်ရမယ်ဆိုတာကို မသိတော့ဘူးလို့ ထင်ခဲ့တာ။ တကယ်တော့ အဲဒီအတွေးတွေအားလုံးက လွဲချော်နေတယ်လေ။ စာတွေရေးတုန်းက ငါက မာနထောင်လွှားတဲ့ စိတ်သဘောထားကို ထုတ်ဖော်နေခဲ့ပြီး လူတွေကို ဘောင်ခတ်နေခဲ့တာ။ ပြဿနာဖြေရှင်းတဲ့အခါမှာ ဝတ်ကျေတမ်းကျေလုပ်တယ်၊ ပုံမှန်ဆိုရင် ပျင်းတယ်၊ တာဝန်ကို ဝန်တာမထားဘူး။ ငါ့ကို ဒီပြဿနာတွေကို နင်ထောက်ပြတော့ နင်ဟာ အလုပ်အတွက် တာဝန်ယူပြီး၊ ငါ့ကို ကူညီနေတာပဲ၊ ငါ့ပြဿနာတွေကို အချိန်နဲ့တစ်ပြေးညီ ဆင်ခြင်သုံးသပ် သိမြင်နိုင်ဖို့၊ ကိုယ့်တာဝန်ကို သမ္မာတရား စည်းမျဉ်းနဲ့အညီ ထမ်းဆောင်ပြီး ပြဿနာဖြေရှင်းရာမှာ ရလဒ်ထွက်ဖို့ လုပ်ပေးတာလေ။ ဒါပေမဲ့ ငါက လက်မခံခဲ့ဘဲ၊ အဲဒီအစား ငါ့ရဲ့မှားယွင်းတဲ့ လုပ်နည်းတွေကို စွန့်လွှတ်အောင် နင်ထောက်ပြတာကို၊ ငါ့ကို ဘောင်ခတ်တယ်လို့ ထင်ပြီး တာဝန်မှာ တွေဝေလာခဲ့တယ်။ အရင်ကလောက် စာကောင်းကောင်း မရေးနိုင်တော့ဘူး၊ ကိုယ့်တာဝန်မှာ ဘယ်လို အလုပ်အတူလုပ်ရမလဲ မသိတော့ဘူးပေါ့။ ကိစ္စတွေကို ငါလုပ်နေတဲ့ပုံစံက သမ္မာတရားနဲ့ ညီတယ်၊ နင့်လမ်းပြမှုက မှားတယ်၊ ငါ့တာဝန်ကို ငါ့သဘောအတိုင်း လုပ်ခွင့်ပေးရင် ငါကောင်းကောင်းလုပ်နိုင်မှာပါ ဆိုတဲ့ သဘောပေါ့။ နင့်ရဲ့ မှန်ကန်တဲ့ လမ်းပြမှုကို အပျက်သဘောဆောင်တယ်လို့ သဘောထားပြီး ငါ့ရဲ့ မှားယွင်းတဲ့ လုပ်ရပ်တွေကို ကောင်းတယ်လို့ ထင်ခဲ့တာ။ ငါက သမ္မာတရားကို တကယ် လက်မခံခဲ့ဘူး၊ အပျက်သဘောနဲ့ အပြုသဘောကို မခွဲခြားနိုင်ဘဲ ဆင်ခြင်တုံတရား ကင်းမဲ့နေခဲ့တာလေ။

အဲဒီတုန်းက ငါ့မှာ ဒီအပေါ်ယံဆန်တဲ့ နားလည်မှုပဲ ရှိခဲ့တာ။ နင်မှတ်မိလား။ နောက်ပိုင်း ငါတို့ အချင်းချင်း ရင်ဖွင့်ပြီး ကိုယ့်အခြေအနေတွေအကြောင်း ပြောခဲ့တယ်လေ။ ငါ့ကို အထင်မသေးကြောင်း၊ ငါ့ကို အခက်တွေ့အောင် လုပ်တာမဟုတ်ကြောင်း နင်ပြောတယ်။ ငါလျစ်လျူရှုထားတုန်းက ငါနဲ့ ဘယ်လိုဆက်သွယ်ပြောဆိုရမလဲ မသိခဲ့ဘူး၊ ဒီလို တာဝန်ထမ်းဆောင်ရတာ တကယ်ခက်ခဲပြီး ဒီမှာ နင့်တာဝန်မထမ်းချင်တော့တဲ့အထိ ဖြစ်ခဲ့တယ်လို့ နင်ပြောခဲ့တယ်လေ။ ငါပြောပြပါရစေ၊ နင်အဲဒီလိုပြောတာ ကြားတော့ ရင်ထဲမှာ ဓားနဲ့မွှန်းသလို ခံစားလိုက်ရတယ်။ နင့်ကို အဲဒီလောက်ထိ ဘောင်ခတ်မိပြီး နာကျင်စေခဲ့မှန်း ငါလုံးဝ မသိခဲ့ဘူး။ ငါ့ လူ့သဘာဝက အဆင်ပြေတယ်၊ ဖောက်ပြန်ပျက်စီးမှု တချို့ကို ထုတ်ဖော်ရင်တောင် ဘယ်သူ့ကိုမှ ဘောင်ခတ်တာ၊ နာကျင်စေတာ မရှိဘူးလို့ အမြဲထင်ခဲ့တာ။ ဒါပေမဲ့ လက်တွေ့မှာ ဒီလိုဖြစ်နေတော့၊ ငါ အဲဒါကို ရင်ဆိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ခဲ့ရတယ်။ အဲဒီနှစ်ရက်အတွင်းမှာပဲ တခြားတာဝန်တစ်ခုကို အပြောင်းခံလိုက်ရပြီး အပြစ်ရှိပြီး နောင်တရတဲ့ ခံစားချက်တွေနဲ့ ငါထွက်ခွာခဲ့ရတယ်။

နောက်ပိုင်းမှာ ကိုယ့်ပြဿနာတွေကို နားလည်ဖို့ ငါရှာဖွေပြီး ဆင်ခြင်သုံးသပ်ခဲ့တယ်။ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ငါဖတ်ခဲ့တယ်။ “အန္တိခရစ်များသည် ပြုပြင်ခံရခြင်းကိစ္စနှင့် ပတ်သက်လျှင် လက်မခံနိုင်ကြပေ။ ၎င်းတို့ လက်မခံနိုင်ရသည့် အကြောင်းပြချက်များရှိသည်။ အဓိကတစ်ခုမှာ ၎င်းတို့သည် ပြုပြင်ခံရသောအခါတွင် မျက်နှာငယ်ရသည်၊ ၎င်းတို့၏ ဂုဏ်သတင်း၊ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို ဆုံးရှုံးရသည်၊ လူတိုင်း၏ ရှေ့တွင် ၎င်းတို့သည် ခေါင်းမဖော်နိုင်အောင် ဖြစ်သွားသည်ဟု ခံစားရခြင်းဖြစ်သည်။ ဤအရာများသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် သက်ရောက်မှုတစ်ခု ရှိသောကြောင့် ၎င်းတို့သည် ပြုပြင်ခံရခြင်းကို လက်ခံရန် ခက်ခဲသည်ဟု မြင်ကြသည်။ ၎င်းတို့ကို ပြုပြင်သူ မည်သူမဆိုသည် ၎င်းတို့အား အာဃာတဖြင့် ရန်လုပ်နေခြင်းဖြစ်ပြီး ၎င်းတို့၏ ရန်သူဖြစ်သည်ဟု ၎င်းတို့က ခံစားကြသည်။ ဤသည်မှာ ပြုပြင်ခြင်းခံရသောအခါတွင် အန္တိခရစ်တို့၏ စိတ်ထားဖြစ်သည်။ ဤအရာသည် အသေအချာပင်ဖြစ်သည်ဟု မှတ်ယူနိုင်သည်။ အမှန်တကယ်တွင် လူတစ်ယောက် သမ္မာတရားကို လက်ခံနိုင်ခြင်း ရှိမရှိ၊ အမှန်တကယ် ကျိုးနွံနာခံနိုင်ခြင်း ရှိမရှိမှာ ပြုပြင်ခြင်းကို ခံရချိန်တွင် အပေါ်လွင်ဆုံး ဖြစ်သည်။ အန္တိခရစ်များက ပြုပြင်ခြင်းကို အလွန်အတိုက်အခံ ဖြစ်ခြင်းသည် ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အပြင် အနည်းငယ်မျှပင် လက်မခံသည်ကို ပြရန် လုံလောက်သည်။ ဤသို့ဆိုလျှင် ဤသည်မှာ ပြဿနာ၏ အခရာပင်ဖြစ်သည်။ ၎င်းတို့၏ မာနသည် ဤအကြောင်းကိစ္စ၏ အခရာမဟုတ်ပေ။ သမ္မာတရားကို လက်မခံခြင်းသည် ပြဿနာ၏ အနှစ်သာရဖြစ်သည်။ အန္တိခရစ်များသည် ပြုပြင်ခြင်း ခံရသောအခါ သိမ်မွေ့သောလေသံနှင့် သဘောထားဖြင့် ပြုလုပ်ရန် တောင်းဆိုကြသည်။ ပြုလုပ်သူ၏ လေသံသည် ပြင်းထန်ပြီး သဘောထားသည် ကြမ်းတမ်းလျှင် အန္တိခရစ်တစ်ယောက်သည် အတိုက်အခံပြုလုပ်မည်။ ပြီးလျှင် ရှက်စိတ်ကြောင့် အာခံပြီး ဒေါသထွက်လိမ့်မည်ဖြစ်သည်။ ၎င်းတို့တွင် ပေါ်လွင်လာသောအရာသည် မှန်ကန်ခြင်း ရှိမရှိ၊ အဖြစ်မှန် ဟုတ်မဟုတ်ဆိုသည်ကို အရေးမစိုက်ပေ။ ပြီးလျှင် မည်သည့်နေရာတွင် ၎င်းတို့ မှားခဲ့သည်၊ သို့မဟုတ် သမ္မာတရားကို လက်ခံသင့်ခြင်း ရှိမရှိတို့ကို ဆင်ခြင်သုံးသပ်ခြင်း မရှိကြပေ။ ၎င်းတို့သည် ၎င်းတို့၏ ဘဝင်နှင့် မာနတို့ ထိခိုက်ခြင်း ရှိမရှိကိုသာ စဉ်းစားသည်။ အန္တိခရစ်များသည် ပြုပြင်ခြင်းက လူတို့အတွက် အထောက်အကူ ဖြစ်ကြောင်း၊ လူတို့အတွက် ချစ်ခြင်းဖြစ်ကြောင်း၊ လူတို့ကို ကယ်တင်ပေးကြောင်း၊ လူတို့အတွက် အကျိုးရှိကြောင်းတို့ကို လုံးဝ မသိမြင်နိုင်ကြပေ။ ဤအရာကိုပင် ၎င်းတို့ မမြင်နိုင်ပေ။ ဤသည်မှာ ၎င်းတို့က အနည်းငယ် ချင့်ချိန်နိုင်စွမ်း မရှိခြင်းနှင့် ကျိုးကြောင်းမသင့်ခြင်း မဟုတ်သလော။ ထို့ကြောင့် ပြုပြင်ခြင်းကို ရင်ဆိုင်ရသောအခါ အန္တိခရစ်တစ်ယောက်တွင် ထုတ်ဖော်သည်မှာ မည်သည့် စိတ်သဘောထားဖြစ်သနည်း။ ထိုစိတ်သဘောထားသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် စိတ်သဘောထား ဖြစ်သည့်အပြင် မာနထောင်လွှားပြီး နှလုံးမာကျောသော စိတ်သဘောထားလည်းဖြစ်သည်မှာ သံသယရှိစရာမလိုပေ။ ဤသည်မှာ အန္တိခရစ်များ၏ သဘာဝအနှစ်သာရသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့် မုန်းတီးခြင်းဖြစ်သည် ဆိုသည်ကို ထုတ်ဖော်ပြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၈)) အန္တိခရစ်တွေဟာ သူများရဲ့ လမ်းပြတာ၊ ကူညီတာ၊ ပြုပြင်တာကို ခံရလို့ သိက္ခာကျတဲ့အခါ၊ တစ်ဖက်လူက ဖော်ထုတ်နေတာက အမှန်တရားမှန်း သိတဲ့အခါမှာတောင် သူတို့ကိုယ်တိုင်ရဲ့ ပြဿနာတွေကို ဘယ်တော့မှ ဆင်ခြင်သုံးသပ်တာမျိုး မရှိကြဘူး။ တစ်ဖက်လူက သူတို့ကို အခက်တွေ့အောင် လုပ်နေတယ်လို့ပဲ ထင်လို့ အဲဒီလူအပေါ် အမုန်းတရားနဲ့ အင်မတန် မနှစ်မြို့တာမျိုးကို ခံစားရပြီး လက်တုံ့ပြန်တာမျိုးတောင် လုပ်ချင်ကြတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေ ဖော်ထုတ်တဲ့အရာကနေ ငါ တွေ့ခဲ့ရတယ်။ အန္တိခရစ်ရဲ့ သဘာဝက သမ္မာတရားကို အင်မတန် မနှစ်မြို့တဲ့အပြင် မုန်းတီးမှန်း ငါမြင်ခဲ့ရတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတော့ ငါထုတ်ဖော်ခဲ့တဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ ပတ်သက်ပြီး နားလည်မှုတချို့ ရလာတယ်။ ငါ့တာဝန်မှာ ဝတ်ကျေတမ်းကျေဖြစ်ပြီး ဝန်တာမရှိခဲ့ပုံ၊ စာတွေရေးတဲ့အခါ ဂရုမစိုက်ဘဲ စိတ်ထဲရှိတာကို ရှင်းရှင်းလင်းလင်း ထည့်မပြောခဲ့ပုံတွေကို ငါပြန်တွေးမိတယ်။ ငါအမြန်ပြင်ဆင်နိုင်အောင်လို့ နင်က ငါ့ပြဿနာတွေကို ထောက်ပြခဲ့တာလေ၊ ဒါက အလုပ်အတွက် အကျိုးရှိစေမှာပါ။ ဒါပေမဲ့ နင်က ငါ့ကို အခက်တွေ့အောင်လုပ်နေတယ်လို့ပဲ ငါထင်ခဲ့ပြီး သိက္ခာမကျချင်လို့ လက်မခံခဲ့ဘူး။ နင့်ကိုပဲ အပြစ်ဖို့ပြီး ခေါင်းဆောင်ဆီ နင့်အကြောင်း မကောင်းပြောချင်ခဲ့တယ်၊ နင့်ကို လျစ်လျူတောင်ရှုပြီး နာကျင်စေခဲ့သလို အလုပ်တိုးတက်မှုကိုလည်း ကြန့်ကြာစေခဲ့တယ်။ ငါ့အပေါ် နင့်ရဲ့အကူအညီက အမြဲတမ်း အပြုသဘောဆောင်တဲ့အရာ ဖြစ်ပြီးတော့ သမ္မာတရားနဲ့လည်း ညီညွတ်တဲ့အတွက် ငါလက်ခံပြီး ချက်ချင်း ပြုပြင်ပြောင်းလဲခဲ့သင့်တာ။ အဲဒီအစား နင်က စေတနာနဲ့ ကူညီတာကို နှိမ်တယ်လို့ ငါသဘောထားခဲ့တယ်။ ဒါက အင်မတန် မနှစ်မြို့တာမျိုး၊ အမုန်းတရားနဲ့ နင့်ကို လက်တုံ့ပြန်ချင်တာတွေတောင် ဖြစ်လာစေခဲ့တယ်။ အပြင်ပန်းမှာက နင့်ရဲ့လမ်းပြမှုကို ငါလက်မခံတဲ့ပုံပေါက်ပေမဲ့ အနှစ်သာရကတော့ အပြုသဘောဆောင်သောအရာတွေ၊ ဒါမှမဟုတ် သမ္မာတရားကို ငါလက်မခံခဲ့တာ၊ သမ္မာတရားကို ဆန့်ကျင်နေခဲ့တာပဲ။ ဒါက ငါဟာ အနှစ်သာရကိုက သမ္မာတရားကို ကျိုးနွံနာခံတဲ့သူ မဟုတ်ဘူးဆိုတာကို ပြနေတာပေါ့။ ငါ့ရဲ့ အခြေအနေမှန်ကို နင်ဖော်ထုတ်တာ ငါမကြိုက်ခဲ့ဘူး။ အထင်ကြီးခံရတာ၊ ချီးမွမ်းခံရတာကိုပဲ ငါနှစ်သက်ခဲ့တာ။ ငါ့သဘာဝက ဂုဏ်မောက်ပြီး ကောက်ကျစ်ဆိုးယုတ်တယ်၊ သမ္မာတရားကို ချစ်မြတ်နိုးတာမျိုး မရှိဘဲ အန္တိခရစ် လမ်းကြောင်းကို လျှောက်လှမ်းနေမိမှန်း ငါမြင်လိုက်ရတယ်။ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားထဲမှာ အသက်ရှင်နေရင်းနဲ့ ငါအရမ်းနာကျင်ရပါတယ်၊ ဒါပေမဲ့ ဒါက ကိုယ့်ထိုက်နဲ့ကိုယ့်ကံပါပဲ။ ဘုရားနှုတ်ကပတ်တော်တွေကို ငါစဉ်းစားမိတယ်။ “လူတစ်ဦးသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အခါ ဤသည်မှာ ၎င်းတို့၏ ကယ်တင်ခြင်း ရရှိခြင်းကို သေချာပေါက် ဆိုးရွားစေနိုင်သည်။ ဤသည်မှာ ခွင့်လွှတ်နိုင်သည့်အရာ၊ သို့မဟုတ် ခွင့်မလွှတ်နိုင်သည့်အရာတစ်ခု မဟုတ်၊ အပြုအမူပုံစံတစ်ခု သို့မဟုတ် ၎င်းတို့တွင် လျှပ်တစ်ပြက် ထုတ်ဖော်ပြသည့် အရာတစ်ခု မဟုတ်။ လူတစ်ဦး၏ သဘာဝ အနှစ်သာရဖြစ်ပြီး ဘုရားသခင်က ထိုသို့သော လူများကို အော်ဂလီအဆန်ဆုံး ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏ တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းရန် အရေးကြီးဆုံးဖြစ်သည်) သမ္မာတရားကို အင်မတန် မနှစ်မြို့တဲ့သူတွေကို ဘုရားသခင် ဘယ်လောက် စက်ဆုပ်ရွံရှာပြီး မုန်းတီးလဲဆိုတာ ငါခံစားလိုက်ရတယ်။ ငါ့ပြဿနာတွေကို နင်ထောက်ပြတာက အဖြစ်မှန်နဲ့ကိုက်ညီပြီး သမ္မာတရား စည်းမျဉ်းနဲ့ ညီညွတ်မှန်း ငါကောင်းကောင်းသိခဲ့ပါတယ်။ ဒါပေမဲ့ ငါလက်မခံဘဲ မယုံကြည်သူတစ်ယောက်လိုမျိုး အရမ်း အတွေးချော်ခဲ့တယ်။ ဒီလိုလုပ်တော့ ငါ့ရဲ့ ဖောက်ပြန်ပျက်စီးမှုတွေ မပြေလည်နိုင်ခဲ့သလို ကိုယ့်တာဝန်ကို စည်းမျဉ်းနဲ့အညီ ထမ်းဆောင်ဖို့လည်း လမ်းမရှိခဲ့ဘူး။ ငါလုပ်သမျှက အသင်းတော်အလုပ်ကို ထိခိုက်နစ်နာစေပြီး အဆီးအတား ဖြစ်စေခဲ့တယ်၊ ဘုရားသခင် ကိုယ့်ကို စက်ဆုပ်ရွံရှာအောင် လုပ်မိရုံပဲ ရှိတာပေါ့။

နောက်ထပ် ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ငါဖတ်လိုက်ပြီး ပြုပြင်ခံရတာကို လက်မခံခြင်းရဲ့ နောက်ကွယ်က စာတန်ဆန်တဲ့ အဆိပ်အတောက်တွေကို နားလည်မှုတချို့ ရလာခဲ့တယ်။ ဘုရားသခင်က ပြောသည် “တစ်စုံတစ်ယောက်က သင်၏ အားနည်းချက်များကို ဆက်တိုက်ဖော်နေလျှင် သင် မည်သို့လုပ်ဆောင်သင့်သနည်း။ သင်က ‘မင်း ငါ့အကြောင်းဖော်ရင် ငါလည်း မင်းအကြောင်းဖော်မှာပဲ’ ဟု ဆိုကောင်းဆိုနိုင်သည်။ ဤသို့ တစ်ယောက်နှင့် တစ်ယောက် ပစ်မှတ်ထားခြင်းမှာ ကောင်းမွန်သလော။ ဤသည်မှာ လူတို့ ကျင့်ကြံပြုမူသင့်သည့်၊ သူတစ်ပါးတို့ကို ဆက်ဆံသင့်သည့် နည်းလမ်းဖြစ်သလော။ (မဟုတ်ပါ။) အယူဝါဒနှင့် သက်ဆိုင်သောအရာတစ်ခုအနေဖြင့် ဤသို့ မလုပ်ဆောင်သင့်သည်ကို လူတို့ သိကောင်းသိနိုင်သော်လည်း လူများစွာတို့သည် ဤသို့သော ဆွဲဆောင်မှုနှင့် ထောင်ချောက်များကို မကျော်လွှားနိုင်သေးပေ။ သင်က သင်၏ အားနည်းချက်များကို တစ်စုံတစ်ယောက်က ဖော်ခြင်း၊ သို့မဟုတ် သင့်အား ပစ်မှတ်ထားခြင်း၊ သို့မဟုတ် သင်၏ နောက်ကွယ်တွင် သင့်အား ဝေဖန်အပြစ်တင်ခြင်းကို မကြားရသေးခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် တစ်စုံတစ်ယောက်က ဤသို့သောအရာများကို ပြောသည်ကို သင် အမှန်တကယ် ကြားသောအခါတွင် သင် သည်းခံနိုင်မည်မဟုတ်။ သင်၏ နှလုံးခုန်နှုန်းက မြန်လာပြီး သင်၏ တဇောက်ကန်းဖြစ်မှုက ထွက်ပေါ်လာမည်။ သင်က ‘မင်းက ငါ့အကြောင်းကို ဖော်ရဲတယ်ပေါ့။ ဟုတ်လား။ မင်းက ငါ့အပေါ် မကောင်းရင် ငါလည်း မင်းကို မတရားလုပ်မှာပဲ။ ငါ့အားနည်းချက်တွေကို မင်းဖော်ရင် ငါက မင်းရဲ့ အနာတွေကို ဆားနဲ့မပက်ဘူးလို့ မထင်နဲ့’ ဟု ပြောလိမ့်မည်။ အခြားလူများက ‘“သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုတဲ့ ဆိုရိုးစကားရှိတယ်။ ဒီတော့ မင်းအားနည်းချက်တွေကို ငါ မဖော်ဘူး။ ဒါပေမဲ့ မင်းကို ကိုင်တွယ်ဖို့ တခြားနည်းလမ်းတွေကို ရှာမယ်။ ပြီးရင် မင်းကို သိမ်ငယ်ရအောင်လုပ်မယ်။ ဘယ်သူက မာတယ်ဆိုတာ ကြည့်ရသေးတာပေါ့’ ဟု ပြောသည်။ ဤနည်းလမ်းများက ကောင်းသလော၊ မကောင်းသလော။ (မကောင်းပါ။) အားလုံးနီးပါးက ၎င်းတို့အကြောင်းကို တစ်စုံတစ်ယောက်က ဖော်သည်ကိုသော်လည်းကောင်း၊ ဝေဖန်အပြစ်တင်သည်ကိုသော်လည်းကောင်း၊ ၎င်းတို့နောက်ကွယ်တွင် မကောင်းသောအရာတစ်ခုခုကို ပြောဆိုခဲ့သည်ကိုသော်လည်းကောင်း သိရလျှင် ၎င်းတို့၏ ပထမဆုံး တုံ့ပြန်မှုမှာ ဒေါသထွက်ခြင်းဖြစ်လိမ့်မည်။ ၎င်းတို့သည် ဒေါသဖြင့် ပြည့်နှက်နေလိမ့်မည်။ စားနိုင်၊ သောက်နိုင်မည်မဟုတ်။ အိပ်ပျော်နိုင်ခဲ့လျှင်ပင် ၎င်းတို့၏ အိပ်မက်ထဲတွင် ကျိန်ဆဲနေလိမ့်မည်။ ၎င်းတို့၏ စိတ်မြန်လက်မြန်ဖြစ်ခြင်းက ဘောင်မရှိပေ။ ဤသည်မှာ အလွန်ပင် အသေးအဖွဲကိစ္စတစ်ခု ဖြစ်သည့်တိုင် ယင်းကို ပြီးပြီး‌ပျောက်ပျောက် သဘောမထားနိုင်ပေ။ ဤသည်မှာ စိတ်မြန်လက်မြန် ဖြစ်ခြင်းကြောင့် လူတို့အပေါ် သက်ရောက်မှုတစ်ခု၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ ထွက်ပေါ်လာသော ကောင်းကျိုးမပြုသော ရလဒ်များဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုသည် လူတစ်ယောက်၏ ဘဝဖြစ်လာသောအခါ ယင်းသည် အဓိကအားဖြင့် မည်သည့်နေရာတွင် ပြသသနည်း။ ထိုသူက သူသဘောမတူနိုင်သောအရာတစ်ခုကို ကြုံတွေ့သောအခါ ထိုအရာသည် သူ၏ ခံစားချက်ကို ထိခိုက်ပြီး ထို့နောက်တွင် သူ၏ စိတ်မြန်လက်မြန်ဖြစ်ခြင်းက ပေါက်ကွဲထွက်လာကြောင်းကို ပြသသည်။ ဤသို့ ဖြစ်သောအခါ အကျိုးဆက်အနေဖြင့် ထိုသူသည် သူ၏ စိတ်မြန်လက်မြန်ဖြစ်ခြင်းအတွင်းတွင် အသက်ရှင်ပြီး အမှုကိစ္စကို သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် မှတ်ယူလိမ့်မည်။ စာတန်၏ အတွေးအခေါ်ဆိုင်ရာ အမြင်များသည် သူ၏ စိတ်နှလုံးတွင် ဖြစ်ပေါ်လာမည်။ ပြီးလျှင် သူသည် လက်စားချေရန်အတွက် သူ အသုံးပြုမည့် နည်းလမ်းပုံစံတို့ကို စတင် စဉ်းစားလိမ့်မည်။ ဤသို့အားဖြင့် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ချပြလိမ့်မည်။ ဤသို့သော ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် လူတို့၏ အယူအဆများ၊ အမြင်များ၊ ၎င်းတို့ အကြံထုတ်လိုက်သော နည်းလမ်းပုံစံများအပြင် ၎င်းတို့၏ ခံစားချက်များနှင့် စိတ်မြန်လက်မြန်ဖြစ်ခြင်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားထံမှ လာခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် ဤဖြစ်ရပ်တွင် ဖြစ်ပေါ်လာသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများမှာ အဘယ်နည်း။ ပထမတစ်ခုမှာ သေချာပေါက်ပင် မလိုမုန်းထားခြင်းဖြစ်သည်။ ပြီးလျှင် မာနထောင်လွှားခြင်း၊ လှည့်စားခြင်း၊ ကောက်ကျစ်ဆိုးယုတ်ခြင်း၊ စိတ်နှလုံးခိုင်မာခြင်း၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့် သမ္မာတရားကို မုန်းတီးခြင်းတို့ ဖြစ်ပေါ်သည်။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများထဲတွင် မာနထောင်လွှားခြင်းသည် လွှမ်းမိုးမှု အနည်းဆုံး ဖြစ်နိုင်သည်။ ဤသို့ဆိုလျှင် လူတစ်ယောက်၏ ခံစားချက်များ၊ အတွေးများကို အုပ်စိုးပြီး အဆုံးတွင် ဤကိစ္စကို မည်သို့ ကိုင်တွယ်ဖြေရှင်းမည်ဆိုသည်ကို ဆုံးဖြတ်ပေးနိုင်ဆုံးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများမှာ အဘယ်နည်း။ ၎င်းတို့မှာ မလိုမုန်းထားခြင်း၊ ခေါင်းမာခြင်း၊ သမ္မာတရားကို မနှစ်သက်ခြင်း၊ သမ္မာတရားကို မုန်းတီးခြင်းဖြစ်သည်။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် လူတစ်ယောက်အား မြဲမြံစွာ ဆုပ်ကိုင်လျက် ချည်နှောင်လေသည်။ ပြီးလျှင် ထိုသူသည် စာတန်၏ ပိုက်ကွန်အတွင်းတွင် ရှင်သန်နေသည်မှာ သိသာသည်။ စာတန်၏ ပိုက်ကွန်က မည်သို့ ဖြစ်ပေါ်သနည်း။ ယင်းကို ဖြစ်ပေါ်စေသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မဟုတ်သလော။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သင့်အတွက် ဆိုးယုတ်သော ပိုက်ကွန်မျိုးစုံကို ရက်လုပ်ပြီးဖြစ်သည်။ ဥပမာအားဖြင့် တစ်စုံတစ်ယောက်က သင့်အား ဝေဖန်အပြစ်တင်ခြင်း၊ ဆဲဆိုခြင်း၊ သို့မဟုတ် သင်၏ အားနည်းချက်များကို သင့်နောက်ကွယ်တွင် ဖော်ခြင်းကဲ့သို့သောအရာတစ်ခုခုကို လုပ်ဆောင်သည်ကို သင် ကြားသောအခါ သင်သည် ဆိုးယုတ်သော အတွေးအခေါ်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင်၏ ဘဝဖြစ်စေပြီး သင်၏ အတွေးများ၊ သင်၏ အမြင်များ၊ သင်၏ ခံစားချက်များကို အုပ်စိုးစေသည်။ ဤသို့အားဖြင့် အစဉ်လိုက် လုပ်ရပ်များကို ဖြစ်ပေါ်လာစေသည်။ ဤဖောက်ပြန်ပျက်စီးသော လုပ်ရပ်များသည် အဓိကအားဖြင့် သင်၏ ဆိုးယုတ်သော သဘာဝနှင့် စိတ်သဘောထားအား ထားရှိခြင်း၏ ရလဒ်ဖြစ်သည်။ သင်၏ အခြေအနေများက မည်သို့ရှိနိုင်သည်ဖြစ်စေ သင်သည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ချည်နှောင်ခြင်း၊ ထိန်းချုပ်ခြင်း၊ အုပ်စိုးခြင်းကို ခံရသရွေ့ သင် အသက်ရှင်နေထိုင်သမျှ၊ သင် ထုတ်ဖော်သမျှ၊ သင် ပြသသမျှအရာအားလုံးသည်၊ သို့မဟုတ် သင်၏ ခံစားချက်၊ သင်၏ အတွေးအမြင်၊ အမှုအရာများကို လုပ်ဆောင်ရာတွင် သင်၏ နည်းလမ်းပုံစံများအားလုံးသည် ဆိုးယုတ်လေသည်။ ဤအရာအားလုံးသည် သမ္မာတရားကို ချိုးဖောက်ပြီး ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားအပေါ် ရန်လိုသည်။ သင်သည် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားတို့မှ ဝေးကွာလေလေ၊ စာတန်၏ ပိုက်ကွန်၏ ထိန်းချုပ်ခြင်း၊ ဖမ်းမိခြင်းကို ခံရလေလေဖြစ်သည်။ ထိုအစား သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အချုပ်အနှောင်များနှင့် ထိန်းချုပ်မှုမှ လွတ်မြောက်နိုင်လျှင်၊ ယင်းတို့ကို ပုန်ကန်ပြီး ဘုရားသခင်ရှေ့သို့ လာနိုင်လျှင်၊ ဘုရားနှုတ်ကပတ်တော်က သင့်အား ပြောသည့် နည်းလမ်းများ၊ စည်းမျဉ်းများဖြင့် လုပ်ဆောင်ပြီး ပြဿနာများကို ဖြေရှင်းနိုင်လျှင် သင်သည် စာတန်၏ ပိုက်ကွန်မှ တဖြည်းဖြည်းချင်း ရုန်းထွက်နိုင်မည်။ ရုန်းထွက်ပြီးနောက်တွင် သင် အသက်ရှင်နေထိုင်သည့်အရာသည် ယခင်ကကဲ့သို့ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ထိန်းချုပ်ခြင်းကို ခံရသော ဆိုးယုတ်သောသူ၏ ပုံသဏ္ဌာန်အတိုင်း ရှိမည်မဟုတ်တော့ဘဲ ဘုရားနှုတ်ကပတ်တော်ကို မိမိ၏ အသက်အဖြစ် မှတ်ယူသော လူသစ်တစ်ယောက် ဖြစ်သွားသည်။ သင်၏ ရှင်သန်နေထိုင်သည့်နည်းလမ်းအားလုံး ပြောင်းလဲသွားသည်။ သို့သော် သင်သည် ဆိုးယုတ်သော စိတ်သဘောထားက ဖြစ်ပေါ်စေသည့် ခံစားချက်များ၊ အတွေးအမြင်များ၊ လက်တွေ့လုပ်ဆောင်မှုများကို အလျှော့ပေးလိုက်လျှင် ‘သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’၊ ‘လူကြီးလူကောင်းတစ်ဦးအဖို့ ကလဲ့စားချေရန်မှာ မည်သည့်အခါမျှ နောက်ကျလွန်းခြင်း မရှိပါ’၊ ‘လူကြီးလူကောင်း အယောင်ဆောင်တစ်ယောက် ဖြစ်ခြင်းထက် ဗီလိန်စစ်စစ်ဖြစ်ခြင်းက ပို၍ကောင်းသည်’၊ ‘လက်စားချေရန် အားမထုတ်သူသည် လူမဟုတ်’ ဆိုသည်တို့ ကဲ့သို့သော ဆိုးယုတ်သော အတွေးအခေါ်များနှင့် အမျိုးမျိုးသော နည်းလမ်း တစ်သီတစ်တန်းကြီးကို သင် လိုက်နာလိမ့်မည်။ ဤအရာတို့သည် သင်၏ စိတ်နှလုံးတွင်ရှိပြီး သင်၏ လုပ်ရပ်များကို အဆုံးအဖြတ်ပေးလိမ့်မည်။ သင်သည် ဤဆိုးယုတ်သော အတွေးအခေါ်များကို သင်၏ လုပ်ရပ်များအတွက် အခြေပြုချက်အဖြစ် မှတ်ယူလျှင် သင့်လုပ်ရပ်များ၏ လက္ခဏာက ပြောင်းလဲသွားလိမ့်မည်။ သင်သည် မကောင်းမှုများကို လုပ်ဆောင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို အာခံလိမ့်မည်။ သင်သည် ဤအပျက်သဘောဆောင်သော အတွေးများနှင့် အမြင်ရှုထောင့်များကို သင်၏ လုပ်ရပ်များအတွက် အခြေပြုချက်အဖြစ် မှတ်ယူလျှင် သင်သည် ဘုရားသခင်၏ သွန်သင်မှုများ၊ နှုတ်ကပတ်တော်များမှ သွေဖည်ပြီးဖြစ်ကြောင်း၊ စာတန်၏ ပိုက်ကွန်ထဲသို့ သက်ဆင်းခဲ့ပြီး သင့်ကိုယ်သင် မကယ်ထုတ်နိုင်ကြောင်းမှာ သိသာသည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၈)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက် ငါနားလည်သွားတာက စာတန်က လူတွေကို “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်၊” “သင်သည် မကြင်နာလျှင် ကျွန်ုပ်လည်း မျှတနေမည် မဟုတ်” “သူတို့ဖော်သည့်ဆေး သူတို့ကို ပြန်သောက်ခိုင်း” တို့လိုမျိုး သူ့ရဲ့ စာတန်ဆန်တဲ့ အတွေးအခေါ်တွေနဲ့ အယူဝါဒ သွတ်သွင်းပေးနေတာ။ သူတို့က လူတွေကို ကိုယ့်ဂုဏ်သိက္ခာနဲ့ အကျိုးစီးပွားကို ထိခိုက်အောင်လုပ်တဲ့သူ ဘယ်သူ့ကိုမဆို အလားတူ ပြန်ပေးဆပ်ရမယ်လို့ ပြောရင်း စိတ်လိုက်မာန်ပါ လုပ်အောင် လှုံ့ဆော်ပေးနေတာလေ။ အဲဒါဟာ လူတွေကို အချင်းချင်း ရန်ဖြစ်၊ တိုက်ခိုက်ပြီး ဒုက္ခပေးအောင် လုပ်နေတာ။ ဒါကြောင့် လူတွေက ပိုပြီး ရက်စက်ကြမ်းကြုတ်လာပြီး စဉ်းလဲလာတဲ့အပြင် ပုံမှန် လူ့သဘာဝ ပျောက်ဆုံးကုန်ကြတယ်။ ငါလည်း စာတန်ဆန်တဲ့ ဒီအဆိပ်အတောက်တွေနဲ့ အမြဲအသက်ရှင်နေခဲ့တာကို ငါမြင်လိုက်ရတယ်။ ငါ့ရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ ပြဿနာတွေကို တစ်ယောက်ယောက်က ဖော်ထုတ်တာ ကြားရတဲ့အခါ ငါက နှိမ့်နှိမ့်ချချ လက်ခံရမယ့်အစား တဇောက်ကန်းဖြစ်ပြီး သူတို့ကို အေးစက်စက်နဲ့၊ ရန်လိုပြီး ဆက်ဆံခဲ့တာလေ။ အဲဒီအချိန်တုန်းကလိုပါပဲ၊ ငါက နင့်ရဲ့လမ်းပြမှုနဲ့ အကူအညီကို အပျက်သဘောဆောင်တဲ့အရာတစ်ခုလို့ သဘောထားခဲ့တယ်။ နင်က ငါ့အားနည်းချက်တွေကို ဖော်ထုတ်ပြီး ငါ့ဂုဏ်သတင်းနဲ့ အကျိုးစီးပွားကို ထိခိုက်အောင်လုပ်နေတယ်လို့ ငါယုံကြည်ခဲ့တယ်။ ဒါကြောင့် အခြေအနေကို ပြောင်းပြန်လှန်ပြီး နင့်ပြဿနာတွေကိုပဲ ငါမဲနေခဲ့တယ်။ စည်းမျဉ်းတွေနဲ့ညီတဲ့ နင့်ရဲ့ ပြုပြင်မှုကို နင်က အထက်စီးက ပြုမူနေတာလို့ ငါပြောခဲ့တယ်။ ပြီးတော့ ခေါင်းဆောင်ကိုတောင် နင့်ကို ပြုပြင်စေချင်ခဲ့တယ်၊ ငါနုတ်ထွက်လိုက်ရင် နင်ကိုယ့်နင် အပြစ်တင်ပြီး စိတ်မကောင်းဖြစ်သွားအောင် လုပ်ချင်ခဲ့တယ်။ ငါက နစ်နာသူတစ်ယောက်လို ဟန်ဆောင်ပြီး နင့်ကို တမင်တကာ လျစ်လျူရှုပြီး ကြဉ်ထားခဲ့တယ်။ ငါ့ရည်ရွယ်ချက်က ငါ့ပြဿနာတွေအကြောင်း နင်ဆက်မပြောတော့အောင် လုပ်ဖို့၊ အဲဒီနည်းနဲ့ ငါ့ဂုဏ်သိက္ခာနဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့လေ။ ငါက တကယ်ကို ကြက်ခေါင်းဆိတ်မခံ ဖြစ်နေခဲ့တာ၊ လူ့သဘာဝနဲ့ ဆင်ခြင်တုံတရားဆိုတာ နည်းနည်းလေးတောင် မရှိဘူး။ ငါ့ပြဿနာတွေကို ထောက်ပြတဲ့အခါမှာ နင်က ငါ့မျက်နှာရိပ်မျက်နှာကဲကိုတောင် ကြည့်နေရပြီး ငါ့ကြောင့် ဘောင်ခတ်ခံခဲ့ရတယ်။ ဒီအခြေအနေကနေ ထွက်ပြေးချင်ပြီး နင့်တာဝန်ကို မထမ်းချင်တော့တဲ့အထိ ဖြစ်စေခဲ့တယ်၊ နောက်ဆုံးမှာ အလုပ်တွေ ကြန့်ကြာကုန်တာပေါ့။ ဘယ်နည်းနဲ့များ ငါ့လုပ်ရပ်ဟာ လူတစ်ယောက် လုပ်မယ့်လုပ်ရပ်မျိုး ဖြစ်တာလဲ။ ဒါက ငါ မကောင်းမှုပြုပြီး ဘုရားသခင်ကို အတိုက်အခံလုပ်နေတာပဲ။ ငါဟာ ကိုယ့်အပြုအမူတွေကို ငါရွံရှာပြီး ငါ့စိတ်နှလုံးက ကိုယ့်ကိုယ်ကိုယ် မုန်းတီးစိတ်နဲ့ ပြည့်နေခဲ့တယ်။ ငါက စာတန်ဆန်တဲ့ အဆိပ်အတောက်တွေနဲ့ အသက်ရှင်ပြီး မာနထောင်လွှားလာတယ်၊ ရက်စက်ကြမ်းကြုတ်ပြီး တစ်ကိုယ်ကောင်းဆန်လာတယ်။ နင့်ကို နာကျင်စေရုံတင်မကဘူး ငါကိုယ်တိုင်လည်း ပြစ်မှားခြင်းတွေကို ကျူးလွန်မိပြီး ကိုယ့်ကိုယ်ကိုယ် နောင်တရစေခဲ့ပြီ။ ငါတကယ်ကို ကိုယ့်ကိုယ်ကိုယ်ရော သူများတွေကိုပါ ဒုက္ခရောက်အောင် လုပ်မိတာပါ။ တရားမျှတစိတ်ရှိပြီး သမ္မာတရားကို လိုက်စားတဲ့ ညီအစ်ကိုမောင်နှမတွေက ကိုယ့်ကို အကြံဉာဏ်ပေးတဲ့အခါ၊ အန္တိခရစ်တွေ လုပ်တဲ့ သမ္မာတရား စည်းမျဉ်းနဲ့ မညီတာတွေကို ဖော်ထုတ်တဲ့အခါ ဒါက သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို ထိခိုက်စေတဲ့အတွက် အန္တိခရစ်တချို့ဟာ ဘယ်လိုတုံ့ပြန်ကြပုံကို ငါစဉ်းစားမိတယ်။ သူတို့က အင်မတန်ကို မနှစ်မြို့ပြီး ဆန့်ကျင်ကြတယ်၊ အရှက်ရပြီး ဒေါသထွက်ကြတယ်။ သူတို့နေရာ မြဲဖို့အတွက် အဖြစ်မှန်ကို လွဲချော်အောင်လုပ်ပြီး ညီအစ်ကိုမောင်နှမတွေကို အပြစ်ဖို့ကြတယ်၊ တရားမျှတစိတ်ရှိတဲ့သူတွေကို ဖိနှိပ်ပြီး ညှဉ်းပန်းကြတယ်။ သူတို့လုပ်ရပ်တွေက ညီအစ်ကိုမောင်နှမတွေကို ထိခိုက်စေတယ်၊ အသင်းတော်အလုပ်ကို နှောင့်ယှက်၊ အဖျက်အမှောင့်လုပ်ပြီး ဖျက်ဆီးတဲ့အပြင် ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားတဲ့အတွက် အသင်းတော်ကနေ နှင်ထုတ်ခံရတယ်။ ငါ့အပြုအမူရဲ့ သဘောသဘာဝက ဒီလိုဖြစ်နေတာ မဟုတ်ဘူးလား။ ငါ့ရဲ့ စာတန်ဆန်တဲ့ စိတ်သဘောထားအတိုင်း ကျင့်ကြံပြုမူပုံက ဘုရားသခင် ငါ့ကို တကယ် စက်ဆုပ်ရွံရှာအောင် လုပ်နေမှန်း ငါမြင်လိုက်ရတယ်။ ငါသာ နောင်တမရခဲ့ရင် အသင်းတော်အလုပ်ကို ဖျက်ဆီးပြီး နှောင့်ယှက်တဲ့ အန္တိခရစ်တွေ၊ ဆိုးယုတ်တဲ့လူတွေလိုပဲ အနှေးနဲ့အမြန်ဆိုသလို မကောင်းမှုတွေကို လုပ်မိတာနဲ့ အဆုံးသတ်တော့မှာ၊ ဒီလိုနဲ့ ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိပြီး ဘုရားသခင်ရဲ့ ဖယ်ရှားရှင်းလင်းတာကို ခံရတော့မှာလေ။ ငါတကယ်ကို အန္တရာယ်ရှိတဲ့ အခြေအနေမှာ ရောက်နေတာ။ ဒါကို တွေးမိတော့ ငါကြောက်ပြီး နောင်တနဲ့ ပြည့်လာတယ်၊ နောင်တရပြီး ဝန်ခံဖို့ ဘုရားရှေ့မှောက်ကို လာချင်လာတယ်။

အဲဒီနောက် လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းကို ငါ စရှာဖွေတဲ့အခါ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို တွေ့ခဲ့တယ်။ “သင်သည် အန္တိခရစ်လမ်းကြောင်းကို ကောင်းစွာ ရှောင်ကြဉ်လိုလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်သည် သမ္မာတရားအား ချစ်သောသူများ၊ ဖြောင့်မှန်သောသူများနှင့် နီးစပ်ရန်၊ သင်၏ ပြဿနာများအား ထောက်ပြနိုင်သောသူများ၊ သင့်ပြဿနာများအား တွေ့ရှိသောအခါ၌ သင့်အား မှန်မှန်ကန်ကန် ပြောဆိုပြီး အပြစ်တင်နိုင်သောသူများ၊ အထူးသဖြင့် သင့်ပြဿနာများအား တွေ့ရှိသောအခါ သင့်အား ပြုပြင်နိုင်သောသူများဖြင့် နီးစပ်ရန် စတင်လုပ်ဆောင်သင့်သည်။ ဤသူတို့မှာ သင့်အတွက် အကျိုးအရှိဆုံးသူများ ဖြစ်ပြီး ၎င်းတို့ကို သင်ချစ်မြတ်နိုးသင့်သည်။ ဤသို့သော လူကောင်းများကို သင်ပယ်ပြီး ဖယ်ရှားလျှင် ဘုရားသခင်၏ ကွယ်ကာမှုကို သင်ဆုံးရှုံးရမည်။ ပြီးလျှင် ကပ်ဘေးများက တဖြည်းဖြည်းချင်းဖြင့် သင့်ထံသို့ လာလိမ့်မည်။ လူကောင်းများနှင့် သမ္မာတရားကို နားလည်သောသူများဖြင့် နီးစပ်အောင် လုပ်ဆောင်ခြင်းအားဖြင့် သင့်တွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ရှိလိမ့်မည်။ ပြီးလျှင် သင်သည် ကပ်ဘေးကို ရှောင်နိုင်လိမ့်မည်။ ယုတ်မာသောလူများ၊ အရှက်မဲ့သောလူများ၊ သင့်အား မြှောက်ပင့်သောလူများဖြင့် နီးစပ်အောင် လုပ်ဆောင်ခြင်းအားဖြင့် သင်သည် အန္တရာယ်ကျရောက်လိမ့်မည်။ သင်သည် အလွယ်တကူ လိမ်လည်ခြင်းနှင့် လှည့်စားခြင်းတို့ကို ခံရမည်သာမကဘဲ ကပ်ဘေးက သင့်အပေါ်သို့ အချိန်မရွေး ရောက်လာနိုင်သည်။ မည်သို့သောသူမျိုးက သင့်အား အကျိုးအဖြစ်စေနိုင်ဆုံးဖြစ်သည်ကို သင်သိရမည်။ သင့်အား အကျိုးအဖြစ်စေနိုင်ဆုံးမှာ မှားသောအရာတစ်ခုခုကို သင်လုပ်ဆောင်သောအခါ၊ သို့မဟုတ် သင့်ကိုယ်သင် ဂုဏ်တင်ချီးကျူးပြီးကာ သက်သေခံ၍ သူတစ်ပါးတို့ကို လှည့်စားသောအခါတွင် သင့်အား သတိပေးနိုင်သောသူများ ဖြစ်လေသည်။ ဤသို့သောလူများနှင့် နီးစပ်အောင် လုပ်ဆောင်ခြင်းသည် လျှောက်လှမ်းရန်အတွက် မှန်ကန်သော လမ်းကြောင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၄- ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက် လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းကို ငါတွေ့ခဲ့တယ်။ ငါ့ကို လမ်းပြပြီး ကူညီတဲ့သူတွေကို ငါရှောင်မနေဘဲ သူတို့နဲ့ နီးနီးကပ်ကပ် နေသင့်တယ်။ ငါ့ပြဿနာတွေကို နင်ထောက်ပြတုန်းက နင့်မှာ ဆိုးယုတ်တဲ့ ရည်ရွယ်ချက် မရှိပုံကို ငါစဉ်းစားမိတယ်။ တစ်ခါတလေ နင်က ပွင့်ပွင့်လင်းလင်း ပြောတတ်ပေမဲ့ နင်ပြောတာတွေက အမှန်တရားဖြစ်ပြီး စည်းမျဉ်းနဲ့လည်း ညီညွတ်တယ်။ ဒါကြောင့် ငါက စိတ်လိုက်မာန်ပါ မတုံ့ပြန်ခဲ့သင့်ဘူး။ အဲဒီအချိန်မှာ ငါလက်မခံနိုင်သေးရင်တောင်၊ နားမလည်သေးရင်တောင်၊ ငါ့မှာ သမ္မာတရားကို ရှာဖွေတဲ့စိတ်နှလုံး ရှိခဲ့သင့်တယ်။ ပြဿနာတွေ၊ လမ်းလွဲခြင်းတွေကို အနည်းဆုံးဖြစ်အောင် လျှော့ချပြီး ဘုရားအိမ်တော် အလုပ်အတွက် ဘာက အကျိုးရှိမလဲဆိုတာကို စဉ်းစားဆင်ခြင်ပြီး အဲဒါကို လုပ်ဆောင်သင့်တယ်။ ငါ့တာဝန်မှာ ဝန်တာမရှိခဲ့ပုံ၊ စာတွေရေးတဲ့အခါ အထက်စီးကနေတတ်ပုံ၊ တစ်ဖက်လူရဲ့ လက်တွေ့အခက်အခဲတွေနဲ့ ခံစားချက်တွေကို ထည့်မတွက်ခဲ့ပုံ၊ ပြီးတော့ ငါဘယ်လောက်တောင် ဝတ်ကျေတမ်းကျေလုပ်ပြီး ဂရုမစိုက်ခဲ့ပုံတွေကို ငါစဉ်းစားမိတယ်။ နင်က ငါ့ပြဿနာတွေကို ထောက်ပြပြီး ငါ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖော်ထုတ်ပေးတာက၊ ငါ့ကိုယ်ငါ ဆင်ခြင်သုံးသပ်နိုင်အောင် ကူညီပေးနေတာပါ။ ပြီးတော့ ငါ့တာဝန်ကို လေးလေးနက်နက်၊ ဂရုတစိုက်ပုံစံနဲ့ ထမ်းဆောင်ပြီး ရလဒ်တွေ ရရှိဖို့အတွက်လည်း အထောက်အကူ ဖြစ်စေမှာပဲ။ ငါနင့်ကို ကျေးဇူးတင်ပြီး နင့်ရဲ့ကြီးကြပ်မှုနဲ့ အကူအညီကို ပိုလက်ခံခဲ့သင့်တာ။ ငါ့ပြဿနာတွေကို နင်ထောက်ပြတာက အပြုသဘောဆောင်ပြီး အဲဒါက ငါ့ကို ချုပ်ထိန်းပေးတယ်။ မဟုတ်ရင် ငါဟာ သိတောင်မသိဘဲနဲ့ ငါ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားထဲမှာ နေနေခဲ့မှာပဲ။ ငါ့တာဝန်ကို ဝတ်ကျေတမ်းကျေနဲ့ ဝန်တာစိတ်မထားဘဲ ဆက်ထမ်းဆောင်နေခဲ့မိမှာ၊ အလုပ်ကို ထိခိုက်နစ်နာစေပြီး ဘုရားသခင် စက်ဆုပ်ရွံရှာတဲ့ မယုံကြည်ရတဲ့သူ ဖြစ်သွားခဲ့မှာပေါ့။ ဒါကို သဘောပေါက်တော့ ငါအသိတရားရှိရှိနဲ့ ပြောင်းလဲခဲ့ပြီး အရင်ကထက် တာဝန်မှာ ဝန်တာစိတ် ပိုထားလာတယ်။ ပြဿနာတွေ ပေါ်လာတဲ့အခါ တဇောက်ကန်းလုပ်တာ၊ မာနထောင်လွှားတဲ့ စိတ်သဘောထားကို မှီခိုတာတွေ မလုပ်ဘဲ ကိုင်တွယ်တာကို အာရုံစိုက်ခဲ့ပြီး ရလဒ်တွေ ရမယ့်နည်းလမ်းနဲ့ ဘယ်လိုမိတ်သဟာယပြုရမလဲဆိုတာ စဉ်းစားသုံးသပ်ခဲ့တယ်။ ဒီလို လက်တွေ့လုပ်ဆောင်တော့ စိတ်ထဲမှာ တော်တော်လေး တည်ငြိမ်လာတယ်။ ဂုဏ်သတင်းကို လက်လွှတ်နိုင်ပြီး သမ္မာတရားကို လက်ခံတဲ့အပြင် ကျိုးနွံနာခံနိုင်မှသာ တည်ကြည်မှု၊ သိက္ခာ၊ လူ့သဘာဝနဲ့ ဆင်ခြင်တုံတရား ရှိနိုင်မယ်ဆိုတာကို ငါ တကယ် ခံစားခဲ့ရတယ်။ သမ္မာတရားကို အင်မတန် မနှစ်မြို့ရင် သမ္မာတရားကို နားမလည်ရုံမကဘူး တာဝန်မကျေနိုင်ဘူး ကိုယ့်တာဝန်ကိုလည်း ကောင်းကောင်း မထမ်းဆောင်နိုင်ဘဲ ဘုရားသခင် စက်ဆုပ်ရွံရှာတာ ခံရမယ်။ အဲဒီလို ကျင့်ကြံပြုမူတာက လူကို အောက်တန်းကျပြီး တန်ဖိုးမဲ့စေတယ်။

နောက်ပိုင်း ကိုယ့်တာဝန်မှာ တခြားညီအစ်ကိုမောင်နှမတွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့အခါ ဒီဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ ထုတ်ဖော်တုန်းပဲ။ အဲဒီအခါ ဘုရားသခင်ကို သတိရှိရှိ ဆုတောင်းတယ်၊ ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ပြီး သူများတွေရဲ့ လမ်းပြမှုနဲ့ အကူအညီကို လက်ခံတယ်၊ ဝင်ရောက်မှုကို လက်တွေ့လုပ်ဆောင်တယ်။ တဖြည်းဖြည်းနဲ့ ဒီ စိတ်သဘောထားတွေက အရင်လောက် မဆိုးတော့ဘူး။ သူများအကြံပြုတာကို လက်ခံတာက တကယ့်ကို ကြီးကြီးမားမား အထောက်အကူဖြစ်စေပြီး အလုပ်အတွက် အကျိုးရှိတယ်ဆိုတာ ငါခံစားခဲ့ရတယ်။ စိတ်ထဲမှာ တည်ငြိမ်ပြီး လွတ်လပ်သလို ခံစားရတယ်၊ ဒါက လက်တွေ့လုပ်ဆောင်ဖို့ အရမ်းကောင်းတဲ့ နည်းလမ်းတစ်ခုပဲ။ ဒါတွေကို ပြန်တွေးကြည့်တော့ ငါဘုရားသခင်ကို အရမ်းကျေးဇူးတင်တယ်။ ဒီလိုနည်းနဲ့ ငါ့ကို ဘုရားသခင် ထုတ်ဖော်တာ၊ ကိုယ်တော့်နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်တာနဲ့ ထုတ်ဖော်တာတွေသာ မရှိရင် ငါ့မှာ ကိုယ့်ကိုယ်ကိုယ် အသိ လုံးဝရှိမှာမဟုတ်ဘူး။ ငါဟာ စာတန်ရဲ့ အရမ်း ဖောက်ပြန်ပျက်စီးစေတာကို ခံထားရတော့ ငါ့စိတ်သဘောထားက ရက်စက်ကြမ်းကြုတ်ပြီး သမ္မာတရားကို အင်မတန် မနှစ်မြို့ဘူးဆိုတာကို မြင်နိုင်ခဲ့မှာ မဟုတ်ဘူး။ ငါ့အကျိုးစီးပွား ထိခိုက်တာနဲ့ ကိုယ့်တာဝန်မှာ ဒေါသတွေဖွင်ထုတ်ပစ်မယ်၊ ဘုရားကို ကျိုးနွံနာခံတာမျိုးမရှိဘဲ လူသားပုံသဏ္ဌာန်ကင်းမဲ့တာမျိုးနဲ့ အသက်ရှင်နေမိမှာ။ ငါက ညံ့ဖျင်းတဲ့ လူ့သဘာဝနဲ့ ညစ်ညမ်းပြီး ဖောက်ပြန်ပျက်စီးနေတာတောင် ဘုရားသခင်က ငါ့ကို ဖယ်ရှားရှင်းလင်းတာမျိုး မရှိခဲ့ဘူး။ အဲဒီအစား ဘယ်လို ကျင့်ကြံပြုမူရမယ်ဆိုတာ သိဖို့ ဆင်ခြင်သုံးသပ်ပြီး နောင်တရခွင့် ပေးခဲ့တုန်းပဲ။ သမ္မာတရားကို နားလည်ပြီး လက်ခံလာအောင် တဖြည်းဖြည်းချင်း ဦးဆောင်လမ်းပြပေးခဲ့တယ်။ ဘုရားသခင်ကို ငါ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ ငါဟာ ဖောက်ပြန်ပျက်စီးနေတုန်းပဲ၊ ချို့ယွင်းချက်တွေ အများကြီး ရှိနေတုန်းပဲဆိုပေမဲ့ သမ္မာတရားကို လိုက်စားပြီး ကိုယ့်ဖောက်ပြန်ပျက်စီးမှုကို ဖြေရှင်းဖို့ ဆန္ဒရှိပါတယ်။ ဘုရားသခင်ရဲ့ လမ်းပြမှုနဲ့ ကယ်တင်ခြင်းအတွက် ငါ ကျေးဇူးတင်ပါတယ်။

ကဲပါလေ...အခုတော့ ဒီလောက်ပဲ ပြောချင်တယ်။ ငါနားမလည်တာ ရှိသေးတယ်ထင်ရင် ငါ့ကို ပြောပြပေးပါ၊ အဲဒါက ငါ့အတွက် အကြီးမားဆုံး အကူအညီဖြစ်မှာပါပဲ။

လေးစားရတဲ့၊

လေးစားရတဲ့၊ ရှီကျင်း

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အခြေခံ၍ အခြားသူများအား မည်သို့ ပိုင်းခြားသိမြင်ရမည်ကို ကျွန်ုပ် သင်ယူခဲ့သည်

ရှောင်ဝေ၊ တရုတ်နိုင်ငံ၂၀၁၇ ခုနှစ်မှာ စာနဲ့ပတ်သက်တဲ့တာဝန်ကို အသင်းတော်မှာ ကျွန်မ ထမ်းဆောင်နေခဲ့တယ်။ စုဝေးပွဲတစ်ခုမှာ ချန်ရှာကို...

အန္တရာယ်ထဲတွင် ကျွန်မ တာဝန်ကို မစွန့်ပစ်တော့ပါ

ရီဖင်း၊ တရုတ်ပြည်။၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှာ ကျွန်မဟာ အရုဏ်ဦး အသင်းတော်မှာ ခေါင်းဆောင်အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒီဇင်ဘာ ၁၀ ရက်...

အဘယ်ကြောင့် စည်းမျဉ်းများကို ကျွန်ုပ် မလိုက်နာနိုင်ရသနည်း

ဘိုင်ကျင့် ပြင်သစ်နိုင်ငံ ၂၀၂၁ ခုနှစ် ဩဂုတ်လမှာ အသင်းတော် ခေါင်းဆောင်အနေနဲ့ ကျွန်မ စလုပ်တယ်။ ဧဝံဂေလိအလုပ်ကို ကြီးကြပ်တဲ့ လီလီယန်နဲ့ ကျွန်မ...

တခြားလူတွေအပေါ် ကျွန်မရဲ့ ယုံကြည်မှုကို မဆင်မခြင်ထားရတဲ့ အကြောင်းအရင်း

၂၀၂၁ခုနှစ် မှာ အသင်းတော် ၃ ခုရဲ့ ရေလောင်းတဲ့အလုပ်ကို ကျွန်မ တာဝန်ယူရတယ်။ အသင်းတော်တစ်ခုက ရေလောင်းအဖွဲ့ခေါင်းဆောင် နှစ်ယောက်ဖြစ်တဲ့ လီကန်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။