သူတော်ကောင်းယောင်ဆောင်ခြင်းနှင့်ဆိုင်သော ဝန်ထုပ်

23.01.2022

ဆုဝမ် တရုတ်နိုင်ငံ

၂၀၂၀ ခုနှစ် ဩဂုတ်လမှာ၊ အဆင့်အတန်းကို လိုက်စားပြီး အိုးနင်းခွက်နင်း လုပ်နေလို့ ခေါင်းဆောင်မှု တာဝန်ကနေ ကျွန်မ အထုတ်ခံခဲ့ရတယ်။ ကျွန်မ မခံမရပ်နိုင်ဖြစ်ပြီး အရမ်းဝမ်းနည်းခဲ့ရသလို နောက်ပိုင်းမှာ နောင်တရပြီး တာဝန်ကိုပဲ ကောင်းကောင်း လုပ်ချင်ခဲ့တယ်။ နောက်တော့ အသင်းတော်က ကျွန်မကို တခြား ညီအစ်မတွေနဲ့ ဗီဒီယိုထုတ်လုပ်ရေး အဖွဲ့မှာ ထားတယ်။

တစ်နေ့ အထုတ်ခံရပြီးတဲ့နောက် ကျွန်မရဲ့ အတွေးတွေနဲ့ပတ်သက်လို့ သူတို့ရဲ့ စကားစမြည်ပြောခဲ့ပြီး၊ သူတို့ထဲက တစ်ယောက်ဖြစ်တဲ့ အစ်မယန်က သူ့အတွက် တကယ် အထောက်အကူဖြစ်တယ်လို့ ပြောတယ်။ နောက်ပိုင်းမှာ သူ ကျွန်မကို ကြည့်တဲ့အကြည့် ထူးခြားတာ သတိထားမိတယ်။ စုဝေးပွဲတွေမှာ ကျွန်မ စကားပြောတော့၊ သူက တကယ်ကို စူးစူးစိုက်စိုက် နားထောင်ပြီး ခေါင်းညိတ်နေသလို၊ ကျွန်မရဲ့ အယူအဆတွေကို သဘောတူနေကျပဲ။ သူက ကျွန်မကို တစ်နေ့ထက်တစ်နေ့ ပိုပြီး ဂရုစိုက်လာပုံလည်း ရတယ်။ ကျွန်မ တွေးနေမိတာက သူ ကျွန်မကို အထင်ကြီးနေပုံပဲ၊ ကျွန်မ သင်ယူခဲ့တာကို ပြောရုံပြောပြခဲ့ပြီး နောင်တရတဲ့ပုံ ဖြစ်ခဲ့လို့ ကျွန်မအနေနဲ့ လက်ဆုပ်လက်ကိုင် ပြလို့ရတဲ့ အရာတစ်ခုခု လုပ်သင့်တယ်လို့ပေါ့။ ကျွန်မထဲမှာ ပြောင်းလဲတာ တစ်ခုမှမတွေ့ရင် သူတို့ ဘာများတွေးကြမလဲ။ ကျွန်မက အပြောပဲရှိပြီး သမ္မာတရားကို လက်တွေ့မလုပ်ဘူးလို့ ထင်ကြမလားပေါ့။ ကျွန်မ စိုးရိမ်သလိုမျိုး ဖြစ်သွားတယ်။ ဗီဒီယို ဖန်တီးဖို့အတွက် ကွန်ပြူတာမှာ ကျွန်မ အမြဲ ထိုင်နေတာလေ၊ ကျွန်မ ခါးနာပြီး အနားယူချင်ပေမဲ့၊ ကျွန်မ ပျင်းနေတယ်၊ တာဝန်ကို ကောင်းကောင်းလုပ်မယ်လို့ ပြောပေမဲ့ တကယ်ပြောင်းလဲဖို့ ဘာတစ်ခုမှမလုပ်ဘူးလို့ တခြားလူတွေ ထင်မှာ စိုးခဲ့တယ်။ ဒါကြောင့် ပင်ပန်းတဲ့အခါ အနားမယူခဲ့ဘူး၊ တာဝန်ကို အလေးအနက်မထားဘူးလို့ တခြားလူတွေထင်မှာ စိုးခဲ့တယ်။ ကျွန်မ အိပ်ချင်တဲ့အခါ အိပ်ယာစောစော မဝင်ခဲ့ဘူး။ အလုပ်ပြီးသွားရင်တောင် ညဖက် ၁၁:၃၀ ဒါမှမဟုတ် ၁၂ ထိ မရမကနေတယ်။ တစ်ခါတလေ တစ်ညလုံး နိုးနေပြီး မနက်ကျ အိပ်ရာမထနိုင်ခဲ့ဘူး။ ဒါပေမဲ့ တခြားလူတွေနဲ့အတူ အတင်းလိုက်ထတယ်။ ရှင်က မကောင်းမြင်မှာ စိုးတာပဲ။ တစ်ခါ အစ်မယန်မှာ လုပ်ဖို့ ဗီဒီယိုနှစ်ခု ရှိတာ ကျွန်မ မြင်တယ်။ အဲဒီဗီဒီယိုတွေက ခက်ပြီး ရှုပ်ထွေးသလို အဲဒါတွေကို ကျွန်မ မရှင်းချင်လို့ သူ့ကို ကူညီဖို့ အစီအစဉ် မရှိခဲ့ဘူး။ ဒါပေမဲ့ ကိုယ့်မှာ ဘာပရောဂျက်မှ မရှိတာ သိတယ်၊ ဒီတော့ ကျွန်မ အကူအညီမပေးရင်၊ ကိုယ့်တာဝန်ကို ကောင်းကောင်း လုပ်နေတဲ့ပုံ ပေါ်မှာမဟုတ်သလို၊ ကျွန်မက အပြောပဲရှိပြီး သမ္မာတရားကို မလိုက်စားဘူးလို့ ကျွန်မရဲ့ အစ်မတွေက ထင်ကြမှာပဲ။ ဒါကြောင့် အဲဒါနဲ့ပတ်သက်လို့ သူ့ကို ကျွန်မ ကူလို့ရတယ်လို့ အစ်မယန်ကို သွားပြောလိုက်တယ်။

ကြည့်ရတာ ကိုယ့်တာဝန်ကို ခေါင်းမဖော်တမ်း လုပ်နေပုံရပေမဲ့၊ အဲဒါက ကျွန်မရဲ့ ပုံရိပ်ကို ကာကွယ်ဖို့ပဲ ဖြစ်မှန်း ကျွန်မ သိတယ်။ ကျွန်မ နေမထိထိုင်မထိ ဖြစ်ပြီး၊ ကျွန်မရဲ့ ကြံရွယ်ချက်တွေအကြောင်း တခြားလူတွေကို ဖွင့်ဟချင်ခဲ့တယ်။ ဒါပေမဲ့ တစ်ချိန်လုံး ကျွန်မမှာ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေရှိမှန်း သူတို့သိမှာနဲ့ ကျွန်မ နောင်တမရသေးသလို သမ္မာတရားကို လက်တွေ့မလုပ်ဘူးလို့ ထင်မှာ စိုးခဲ့တယ်။ ကျွန်မကို သူတော်ကောင်းယောင်ဆောင်သူလို မြင်နိုင်ပြီး၊ အထုတ်ခံရတဲ့နောက် သင်ယူခဲ့တယ်လို့ ကျွန်မပြောခဲ့တာတွေအားလုံးကို နှစ်ပြားမတန်အောင် ပြောနိုင်တယ်။ အဲဒီအတွေးက ကိုယ့်ကိုယ်ကိုယ် ဖွင့်ချဖို့ ဝန်လေးစေခဲ့တယ်၊ ဒါကြောင့် စုဝေးပွဲတွေမှာ လူတိုင်းပြောတဲ့ ဖောက်ပြန်ပျက်စီးခြင်းနဲ့ အပြုသဘောဆောင်တဲ့ အတွေ့အကြုံတချို့အကြောင်း ပြောနေပေမဲ့၊ ကျွန်မစိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း ကွယ်ဝှက်ထားတဲ့ အကျည်းတန်တဲ့ အတွေးတွေကို ထိန်းသိမ်းထားခဲ့တယ်။ အပြုသဘောဆောင်တဲ့ အရာတွေအကြောင်းပဲ ကျွန်မ ဝေမျှနေတဲ့အတွက်၊ စုဝေးပွဲတစ်ခုမှာ အစ်မယန်က သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး သိပ်ကောင်းတဲ့ မိတ်သဟာယဝေမျှတဲ့အတွက် ကျွန်မကို ချီးကျူးတယ်။ ညီအစ်မ နှစ်ယောက်က သမ္မာတရားကို ကျွန်မ တကယ်လိုက်စားတယ်၊ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြီး ကိုယ့်တာဝန်မှာ တက်တက်ကြွကြွ ပါဝင်တယ်လို့ ပြောကြတယ်လို့ နောက်ပိုင်းမှာ ကျွန်မ ကြားခဲ့ရတယ်။ ကျွန်မ ကျေနပ်မိသလိုခံစားရပေမဲ့၊ ပိုပြီးတော့တောင် ရှက်စိတ်ဖြစ်မိတယ်၊ ဘာလို့လဲဆိုတော့ သူတို့ ပြောနေတာတွေက ကျွန်မရဲ့ လက်တွေ့အရှိတရားနဲ့ မကိုက်မှန်း ကျွန်မ သိတာကိုး။ ကျွန်မ လုံးဝ မပွင့်လင်းခဲ့ဘူး၊ ပြီးတော့ ကျွန်မအထဲက အကျည်းတန်တဲ့ ဖောက်ပြန်ပျက်စီးခြင်းအကြောင်းကို လုံးဝ မဖွင့်ဟခဲ့ပါဘူး။ ကိုယ့်တာဝန်ထဲ စိတ်အားထက်သန်မှု နောက်ကွယ်မှာ ရည်ရွယ်ချက်တွေ ရှိခဲ့တယ်။ အဲဒါ ဆိုးရွားတယ်လို့ ခံစားရတယ်။ ကျွန်မရဲ့ ဟန်ဆောင်မှုကြောင့် လူတိုင်း အယုံသွင်းခံရတယ်— ကျွန်မ ဘာလုပ်လို့ရမှာလဲ။ ကျွန်မ တကယ် အပြစ်ရှိသလို ခံစားရပြီး၊ သူတို့ဆီ ဖွင့်ဟချင်ခဲ့တယ်၊ သူတို့ကို လှည့်စားတာ ရပ်လိုက်ချင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မ အဲဒီလိုလုပ်ရင်၊ ကျွန်မရဲ့ အကျည်းတန်တဲ့ အတွေးတွေကို လူတိုင်းသိသွားမှာ စိုးတယ်။ ကျွန်မရဲ့ နောင်တက သူတော်ကောင်းယောင်ဆောင်တာ၊ အတုအယောင်ပဲဆိုတာ သိရင်၊ သူတို့ ကျွန်မကို တန်းရိပ်စားမိပြီး၊ ကျွန်မက ဉာဏ်များ၊ ဆိုးယုတ်တဲ့ လူတစ်ယောက်လို့ ထင်သွားမှာလေ။ ကျွန်မရဲ့ ပုံရိပ်ကောင်းက ပျက်စီးသွားမှာဖြစ်ပြီး ဘယ်သူမှ အထင်ကြီးတော့မှာ မဟုတ်ဘူး။ အဲဒီတော့ တခြားလူတွေဆီ ဖွင့်ဟဖို့ ကျွန်မရဲ့ သတ္တိ ပျောက်ဆုံးသွားတယ်။

အဲဒီအကြောင်းကို စဉ်ဆက်မပြတ် ကျွန်မ စဉ်းစားပြီး ကိုယ့်ကိုယ်ကိုယ် သုံးသပ်နေခဲ့သလို၊ ကျွန်မ ဝေမျှချင်တဲ့ ဘုရားနှုတ်ကပတ်တော် တချို့ကို ဖတ်ခဲ့တယ်။ ဘုရားသခင်က ပြောသည်- “အဘယ်သူတို့သည် စင်စစ်အားဖြင့် ဖာရိရှဲများဖြစ်သည်ကို သင်တို့သိသလော။ သင်တို့အနီးတွင် ဖာရိရှဲတစ်ဦးတစ်လေ ရှိသလော။ ဤလူများကို အဘယ်ကြောင့် ဖာရိရှဲများဟု ခေါ်သနည်း။ ‘ဖာရိရှဲများ’ ဟူသည့် အမည်နာမ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အဘယ်နည်း။ ၎င်းတို့သည် ကြောင်သူတော်ကြွက်သူခိုးဖြစ်သော၊ လုံးလုံး အတုအယောင် ဖြစ်ပြီး ၎င်းတို့ ပြုလေသမျှ၌ ဟိတ်ဟန်လုပ်သော်လည်း၊ ကောင်းဟန်၊ ကြင်နာဟန်၊ အပြုသဘောဆောင်ဟန် ပြုသောသူများ ဖြစ်သည်။ ၎င်းတို့သည် အမှန်တကယ် ယင်းကဲ့သို့ ဖြစ်ကြသလော။ ၎င်းတို့သည် ကြောင်သူတော်ကြွက်သူခိုးများ ဖြစ်သဖြင့် ၎င်းတို့ထဲ၌ ပေါ်လွင်သမျှနှင့် ထုတ်ဖော်သမျှမှာ ဟန်ဆောင်ထားခြင်း ဖြစ်သည်၊ ၎င်းတို့အားလုံးမှာ အယောင်ဆောင် ဖြစ်ကြ၏၊ ၎င်းမှာ ၎င်းတို့၏ သရုပ်မှန်မဟုတ်ပေ။ ၎င်းတို့၏သရုပ်မှန်ကို ၎င်းတို့၏စိတ်နှလုံးများအတွင်း ကွယ်ဝှက်ထားကြ၏၊ ၎င်းကို မမြင်ရပေ။ အကယ်၍ လူတို့သည် သမ္မာတရားကို လေ့လာလိုက်စားခြင်း မရှိပါက၊ သမ္မာတရားကို ၎င်းတို့ နားမလည်ပါက၊ ၎င်းတို့ ရခဲ့ပြီးသော အယူအဆများမှာ မည်သည့်အရာ ဖြစ်ကုန်သနည်း။ ၎င်းတို့သည် လူတို့မကြာခဏ ရည်ညွှန်းသော ကျမ်းဟောင်းတရားများနှင့် အယူဝါဒများ မဖြစ်လာသလော။ လူတို့သည် ဤမှန်ကန်သောအယူဝါဒများဟု ခေါ်သည့်အရာများကို အသုံးပြု၍ ဖုံးကွယ်ခြင်းနှင့် ၎င်းတို့ကိုယ်ကို ကောင်းစွာ ပြရုပ်တင်ခြင်းတို့ကို ပြုကြ၏။ ၎င်းတို့ သွားသောနေရာမှန်သမျှ၊ ၎င်းတို့ပြောသောအရာများ၊ ၎င်းတို့ဆိုသောအရာများနှင့် ၎င်းတို့၏ပြင်ပ အပြုအမူတို့မှာ အခြားသူများအတွက် မှန်ကန် ကောင်းမွန်ပုံရ၏။ ယင်းတို့မှာ လူသား၏အယူအဆများနှင့် အကြိုက်တို့နှင့် တစ်ထပ်တည်း ဖြစ်ကြသည်။ အခြားသူများ၏အမြင်တွင် ၎င်းတို့သည် ဘာသာတရားကို ရိုသေကိုင်းရှိုင်သကဲ့သို့၊ နှိမ့်ချကြသည်။ ၎င်းတို့သည် သည်းခံခြင်း၊ စိတ်ရှည်ခြင်းတို့ကို တတ်စွမ်းနိုင်ကြပြီး အခြားသူများနှင့် ဘုရားသခင်ကို ချစ်နိုင်ကြလေသည်။ သို့သော် စင်စစ်အားဖြင့် ဤအရာအားလုံးမှာ အတုအယောင်များ ဖြစ်၏၊ အားလုံးမှာ အယောင်ဆောင်ခြင်းနှင့် ၎င်းတို့ မိမိတို့ကိုယ်ကို ပြရုပ်တင်ကြသည့်နည်းလမ်းသာ ဖြစ်သည်။ အပြင်ပန်းတွင် ၎င်းတို့သည် ဘုရားသခင်ကို သစ္စာရှိပုံပေါက်သော်လည်း၊ အမှန်တွင် အခြားသူများ မြင်ဖို့ ၎င်းတို့ ဆောင်ရွက်နေကြခြင်း ဖြစ်သည်။ မည်သူမျှ ကြည့်မနေသည့်အခါတွင်၊ ၎င်းတို့သည် စိုးစဉ်းမျှ သစ္စာမရှိကြသကဲ့သို့ ၎င်းတို့ပြုသမျှမှာ ဝတ်ကျေတမ်းကျေ ဖြစ်ကြသည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် ၎င်းတို့၏မိသားစုနှင့် အလုပ်အကိုင်ကို စွန့်လွှတ်ခဲ့ကြသည်၊ ၎င်းတို့သည် အလုပ်ကြိုးစားပြီး ၎င်းတို့ကိုယ်ကို အသုံးတော် ခံကြပုံပေါက်သည်။ သို့ရာတွင် အမှန်အားဖြင့် ၎င်းတို့သည် အသင်းတော်မှ တိတ်တဆိတ် အကျိုးအမြတ်ရရှိနေကြပြီး ပူဇော်သက္ကာများကို ခိုးယူနေကြ၏။ အပြင်ပိုင်းတွင် ၎င်းတို့ ထုတ်ဖော်သောအရာမှန်သမျှ၊ ၎င်းတို့၏အပြုအမူ အားလုံးမှာ အတုအယောင်ဖြစ်၏။ ဤအရာမှာ ကြောင်သူတော်ကြွက်သူခိုး ဖာရိရှဲဟု ဆိုလိုခြင်းဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘဝတွင် တိုးတက်ခြင်း၏ အညွှန်းခြောက်ခု”) ဖာရိရှဲတွေဟာ အရမ်း ဘုရားတရားကိုင်းရှိုင်းပုံ၊ နှိမ့်ချပြီး ချစ်ခင်တတ်ပုံပေါ်တာကို ဒါက တွေးမိသွားစေတယ်။ သူတို့က ဆုတောင်းရင်း၊ ကျမ်းစာ ရှင်းပြရင်းနဲ့ လမ်းမှာ အမြဲ ရပ်နေကြပေမဲ့၊ ဘုရားနှုတ်ကပတ်တော်တွေကို တကယ်လိုက်လျှောက်တာ မဟုတ်ဘူး။ သူတို့က အလေးစားခံရအောင်လို့ လူတွေကို လှည့်စားဖို့၊ မမှန်တဲ့ ထင်မြင်ချက် ပေးဖို့ ကိုယ့်ကိုယ်ကိုယ် မျက်နှာပန်းလှအောင် လုပ်ရင်းနဲ့ အရေခြုံဗန်းပြ ဟန်ဆောင်ကြတယ်။ ကျွန်မက အဲဒီ သူတော်ကောင်းယောင်ဆောင် ဖာရိရှဲတွေလို အတိအကျ ပြုမူနေတာ မဟုတ်လား။ ပြန်တွေးကြည့်တော့၊ အထုတ်ခံရပြီးတဲ့နောက် ကျွန်မ သင်ယူခဲ့တဲ့အရာအကြောင်း ပြောပြတဲ့အချိန်မှာ စစ်မှန်တဲ့ နောင်တ လိုအပ်တဲ့အကြောင်း ပြောတော့ ညီအစ်မတွေက ကျွန်မကို နည်းနည်းအထင်ကြီးခဲ့ကြတာလေ။ ကျွန်မတာဝန်မှာ ကျွန်မ စိတ်အားမထက်သန်ရင် ကျွန်မပေါ် သူတို့ရဲ့ အကောင်းမြင်တာ ပျက်သွားမှာ စိုးခဲ့တယ်။ ဒါကြောင့် ကျွန်မရဲ့ စစ်မှန်တဲ့ နဂိုပုံစံကို ဖုံးကွယ်ဖို့၊ ဟန်ဆောင်ခဲ့တယ်။ ညမှာ ခြေကုန်လက်ပန်းကျတဲ့အခါ ကျွန်မ မောတဲ့အချိန် အိပ်ချင်တဲ့အချိန်မှာ မနားရဲခဲ့ဘူး။ ပြီးတော့ အိပ်ရေးမဝဘဲ အိပ်ရာထဖို့ ကိုယ့်ကိုယ်ကိုယ် ဖိအားပေးခဲ့တယ်။ အဲဒီဗီဒီယိုအတွက် အစ်မယန်ကို မကူချင်ဘူး။ ဒါပေမဲ့ သူ့ကို ကျွန်မအပေါ် အထင်ကြီးစေချင်တယ်၊ ဒါကြောင့် လုပ်ချင်ယောင်ဆောင်ခဲ့တာပဲ။ ကိုယ့်တာဝန်မှာ မမှန်တဲ့၊ ဘုရားသခင် လက်မခံမယ့် ကြံရွယ်ချက် ရှိသလို တခြားလူတွေကို ဖွင့်ပြောသင့်မှန်း သိခဲ့တယ်။ ဒါပေမဲ့ ကိုယ့်ပုံရိပ်ကို ကာကွယ်ဖို့၊ အဲဒီမလိုလားအပ်တဲ့ ရည်ရွယ်ချက်တွေကို ဝှက်ထားပြီး ဘယ်သူကိုမှ မပြောခဲ့ဘူး။ အဲဒီတော့ ညီအစ်မတွေက ကျွန်မကို လေးစားသလိုမျိုးဖြစ်ပြီး၊ အများအားဖြင့် ကျွန်မအပေါ် ပိုဂရုစိုက်နေခဲ့ကြတယ်။ အဲဒါ ကျွန်မ လှည့်ဖြားတတ်ခဲ့တာပဲ။ ကျွန်မ တကယ်ကို ဉာဏ်များနေခဲ့သလို၊ သူတော်ကောင်းယောင်ဆောင် ဖာရိရှဲတွေနဲ့ တစ်လမ်းတည်းပေါ်မှာ ရှိခဲ့မှန်း တွေ့ရတယ်။ တစ်ချိန်လုံး ဟန်ဆောင်နေမိခဲ့တာ။ အဲဒါ ခြေကုန်လက်ပန်းကျစရာဖြစ်သလို အပြစ်ရှိသလို ခံစားရစေတဲ့အပြင်၊ ဘုရားက လက်မခံဘူး။ အဲဒါ ဘယ်လောက် ဆိုးတဲ့ ပြဿနာဖြစ်မှန်း မြင်ပြီးတဲ့နောက် ကျွန်မရဲ့ ရည်ရွယ်ချက်တွေနဲ့ သူတော်ကောင်း ယောင်ဆောင်ခြင်းအကြောင်းကို ညီအစ်မတွေဆီ ဖွင့်ဟဖို့ စုဝေးပွဲတစ်ခုမှာ သတ္တိမွေးလိုက်တယ်။ အဲဒီနောက်မှာ ကျွန်မ စိတ်သက်သာရာ ရသွားတယ်။ ဒါပေမဲ့ ကျွန်မရဲ့ ရည်ရွယ်ချက်တွေကို အမှန်ပြင်ဖို့ ကျွန်မအတွက် တကယ်ခက်မယ်လို့လည်း ခံစားရတယ်။ ဒါကြောင့် ကျွန်မရဲ့ တာဝန်ကို ဖြူစင်၊ ရိုးသားတဲ့ စိတ်နှလုံးနဲ့ လုပ်အောင် ကျွန်မကို လမ်းပြဖို့ တောင်းလျှောက်ရင်းနဲ့ ဆုတောင်းခြင်းနဲ့ ဘုရားရှေ့ကို ကျွန်မလာတယ်။

အဲဒီအချိန်မှာ ဘုရားဆီက ဒီနှုတ်ကပတ်တော်တွေ ပါတဲ့ လူတစ်ယောက်ရဲ့ အတွေ့အကြုံအကြောင်း ဗီဒီယိုတစ်ခုကို တွေ့လိုက်ရတယ်။ ဘုရားသခင်က ပြောသည်- “ဘုရားသခင်သည် လှည့်ဖြားသောသူများကို မစုံလင်စေပေ။ အကယ်၍ သင်၏စိတ်နှလုံး မရိုးဖြောင့်ပါက၊ သင်သည် ရိုးသားသောသူတစ်ဦးမဟုတ်ပါက၊ သင်သည် ဘုရားသခင်၏ ရယူခြင်းကို မည်သည့်အခါမျှ ခံရလိမ့်မည်မဟုတ်ပေ။ ထိုနည်းတူ သင်သည် သမ္မာတရားကို မည်သည့်အခါမျှ ရရှိလိမ့်မည်မဟုတ်သကဲ့သို့၊ ဘုရားသခင်ကို ရရှိနိုင်စွမ်းလည်း ရှိလိမ့်မည်မဟုတ်ပေ။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘဝတွင် တိုးတက်ခြင်း၏ အညွှန်းခြောက်ခု”) ဒါ တကယ်ကို ကျွန်မအတွက် စိတ်ထိခိုက်စရာဖြစ်ပြီး ခက်ခဲပါတယ်။ ကျွန်မက အမှောင်၊ ဆိုးယုတ်မှု၊ လှည့်ကွက်တွေနဲ့ ပြည့်သိပ်နေတဲ့ နှလုံးသားနဲ့ ဉာဏ်များတဲ့ လူတစ်ယောက်ဖြစ်ခဲ့တာပဲ။ သမ္မာတရား၊ ဒါမှမဟုတ် ကျွန်မရဲ့ တာဝန်နဲ့ပတ်သက်လို့ မစဉ်းစားခဲ့ဘူး။ လေးစားမှု ရဖို့၊ တခြားလူတွေအပေါ် ဘယ်လိုထင်မြင်ချက်ကောင်း ဖန်တီးရမယ်ဆိုတာတွေပဲ တွေးခဲ့တယ်။ အိပ်ချိန်ရောက်လာတဲ့အခါမှာတောင်၊ အဲဒီအပေါ် စိုးရိမ်နေပြီး ခန့်မှန်းနေခဲ့တယ်။ ဘုရားက ရိုးသား၊ ပွင့်လင်းတဲ့ လူတွေကို နှစ်သက်ပြီး၊ ရိုးသားတဲ့ လူတွေပဲ ဘုရားရဲ့ လက်ခံတာနဲ့ သူ့ရဲ့ ကယ်တင်ခြင်းကို ရနိုင်တာပါ။ ဒါပေမဲ့ ကျွန်မရဲ့ ရည်ရွယ်ချက်နဲ့ စမှတ်က အမြဲ ဉာဏ်များပြီး ဆိုးယုတ်ခဲ့တယ်။ ဘယ်လိုပဲ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ဝတ်စားထားပြီး လူတိုင်းရဲ့ ကြည်ညိုတာခံရပါစေ၊ ဘုရားရဲ့ လက်ခံမှုကို လုံးဝ ရမှာ မဟုတ်ဘူး။ ဒီတော့ အဆုံးမှာ အဲဒီသူတော်ကောင်း အယောင်ဆောင် ဖာရိရှဲတွေလို ဘုရားရဲ့ မုန်းတီးတာ၊ ဖျက်ဆီးတာကို ခံရမှာ။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် အရမ်း စိတ်ပျက်မိတယ်။ ယုံကြည့်ခဲ့တဲ့ အဲဒီနှစ်တွေတစ်လျှောက်လုံးမှာ၊ ရိုးသားမှုလောက် အခြေခံကျတဲ့ သမ္မာတရား စစ်မှန်မှုထဲကို ကျွန်မ မဝင်ခဲ့သေးသလို၊ အရင်ထက် ဉာဏ်များနေရုံပဲ ရှိခဲ့တယ်။ ဘုရားတောင်းဆိုတာနဲ့ တကယ်ကို အလှမ်းဝေးခဲ့ပြီး လူတစ်ယောက်အနေနဲ့ လုံးဝ အရှုံးသမားပါပဲ။

အဲဒီနောက် ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်မိခဲ့တယ်။ ဘုရားသခင်က ပြောသည်- “အရေးကိစ္စများအားလုံး၌ သင်သည် ဘုရားသခင်ကို ပွင့်လင်းသင့်ပြီး၊ ဘုရားသခင်ကို ပွင့်လင်းစွာ ဖော်ပြသင့်သည်— ဤသည်မှာ ဘုရားသခင် ရှေ့မှောက်တွင် ထိန်းသိမ်းသင့်သည့် တစ်ခုတည်းသော အနေအထားနှင့် အခြေအနေတို့ဖြစ်သည်။ သင်သည် မပွင့်လင်းလျှင်ပင်၊ ဘုရားသခင် ရှေ့မှောက်တွင် ပွင့်လင်းရမည်။ သင်သည် ပွင့်လင်းခြင်းရှိမရှိကို ဘုရားသခင်က သိသည်။ သင်သည် ဤအရာကို မမြင်နိုင်ပါက မိုက်မဲသည် မဟုတ်လော။ ထို့ကြောင့် သင်သည် မည်သို့ ဉာဏ်ပညာရှိနိုင်မည်နည်း။ ဘုရားသခင်သည် အရာအားလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး သိသည်ကို သင်သိသောကြောင့် သူ မသိနိုင်ဟု မတွေးလေနှင့်။ ဘုရားသခင်သည် လူများ၏စိတ်များကို တိတ်တဆိတ် တွေ့မြင်သည် မှာ သေချာသည့်အတွက်၊ လူများသည် အနည်းငယ်သာ၍ ပွင့်လင်းစွာ ဖော်ပြရန် အနည်းငယ်သာ၍ စင်ကြယ်ပြီး ရိုးသားရန် သင့်ပေသည်။ ဤသည်မှာ လုပ်ဆောင်ရန်သင့်လျော်သောအရာ ဖြစ်သည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရာသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၂)”) ဒါကို ဖတ်မိတော့ အရမ်းမိုက်မဲသလို ခံစားရတယ်။ ကျွန်မတို့ရဲ့ စိတ်နှလုံးကို ဘုရားက မြင်တယ်၊ ဒီတော့ ကျွန်မရဲ့ ရည်ရွယ်ချက်တွေနဲ့ ကျွန်မ ဘယ်လိုလူစားမျိုးဖြစ်တယ်ဆိုတာ လူတကာထက် သူပိုသိပါတယ်။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို အဲဒီညီအစ်မတွေဆီကနေ ဘယ်လောက်ပဲ ဖုံးပါစေ၊ ဘုရားက သိမှာပဲ။ ဘုရားရဲ့ စိစစ်မှုကို လက်မခံချင်တဲ့ ယုံကြည်သူတစ်ယောက်အနေနဲ့ အဲဒါက ကျွန်မကို မယုံကြည်သူတစ်ယောက် ဖြစ်စေခဲ့တာ မဟုတ်လား။ သနားစရာပဲ။ လေးစားမှုရဖို့ သမ္မာတရားကို လိုက်စားပြီး တကယ်နောင်တရသူ တစ်ယောက်လို ဟန်ဆောင်ဖို့ ကျွန်မရဲ့ အားထုတ်မှုတွေက တကယ်တော့ ကျွန်မကို ဖိသတ်နေတာပဲ။ ကျွန်မတို့ ပင်ပန်းတဲ့အခါ၊ အိပ်ချင်တဲ့အခါ အနားယူဖို့ လိုတယ်လေ။ အဲဒါ လူသားတွေအတွက် အရမ်းသဘာဝကျပါတယ်။ ဒါ့အပြင်၊ အနားယူတာက ရှင်သန်တက်ကြွလာစေပြီးတော့ ကျွန်မတာဝန်ကို ပိုပြီး ကောင်းကောင်း လုပ်နိုင်ဖို့ပဲလေ။ ဘယ်သူကမှ အဲဒါကို ပျင်းတာ၊ ကိုယ့်ကိုယ်ကိုယ် အလိုလိုက်တာလို့ ရှုတ်ချမှာ မဟုတ်ဘူး။ ဒါပေမဲ့ လူတွေ ကျွန်မကို အထင်ကြီးအောင် ဘယ်လိုလုပ်ရမယ်ဆိုတာကိုပဲ စဉ်းစားရင်းနဲ့ လူ့ရဲ့ အခြေခံအကျဆုံး လိုအပ်ချက်ကို ကျွန်မက ငြင်းဖို့ကြိုးစားနေခဲ့တာပဲ။ အဲဒါက ပင်ပန်းလှပါတယ်။ အမြော်အမြင်ရှိတဲ့ လူတွေက ပွင့်လင်း၊ စစ်မှန်အောင် သင်ယူဖို့၊ ဘုရားရဲ့ စိစစ်မှုကို လက်ခံပြီး ရိုးသားဖို့ လိုတယ်လို့ ဘုရားက ပြောတယ်။ အဲဒါ တစ်ခုတည်းသော လွတ်လပ်တဲ့ ရှင်သန်မှုနည်းလမ်းပဲ။ အဲဒီအချိန်မှာ ကျွန်မ နောက်ထပ် ဟန်မဆောင်ချင်တော့ဘူး။ ပင်ပန်းတဲ့အခါ ခဏနားပြီး၊ ညမှာ အိပ်ချင်တဲ့အခါ အိပ်ရာဝင်လိုက်တယ်။ စုဝေးပွဲတွေမှာ ကိုယ့်ရဲ့ စစ်မှန်တဲ့ အခြေအနေကို ဖွင့်ပြောခဲ့တယ်။ ပြီးတော့ ကိုယ့်တာဝန်မှာ ကိုယ့်ရဲ့ ဝတ္တရားတွေကို တက်တက်ကြွကြွ ဖြည့်ဆည်းခဲ့တယ်။ ကိစ္စတွေ ခက်ခဲတဲ့အခါ၊ အဲဒါ ကျွန်မတာဝန်ဖြစ်ပြီး တခြားဘယ်သူမှ မြင်ဖို့ မဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ပြောတယ်။ ဟန်ဆောင်ဖို့ ပြင်းပြတဲ့ဆန္ဒရှိတဲ့အခါ၊ ဘုရားဆီက ဒီနှုတ်ကပတ်တော်တွေကို စဉ်းစားခဲ့တယ်။ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သော သူများသည် အမှုအရာများကို လုပ်ဆောင်နေချိန်တွင် ဘုရားသခင်၏စိစစ်ခြင်းကို လက်ခံနိုင်ကြသည်။ သင်သည် ဘုရားသခင်၏စိစစ်ခြင်းကို လက်ခံသောအခါ၊ သင်၏စိတ်နှလုံးသည် အမြင်မှန်ရစေခြင်း ခံရသည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) အဲဒါက ဘုရားရဲ့ စိစစ်မှုကို လက်ခံဖို့ ပိုရှေ့တန်းတင်စေပြီး အဆင်သင့်ဖြစ်စေတယ်။

ခဏကြာပြီးတဲ့နောက်၊ အစ်မချင်က အစ်မယန်နဲ့ပတ်သက်ပြီး တစ်ခုခု သင်ပေးတဲ့အခါ နည်းနည်း ကသိကအောက်ဖြစ်ပြီး၊ စိတ်မရှည်တာကို သတိထားမိတယ်။ အစ်မယန်က အတိုက်အခံလုပ်ပြီး မသင်ယူချင်ဘူး၊ အစ်မချင်အပေါ် မလိုမုန်းထားစိတ်တစ်ခု ဖြစ်လာတယ်။ သူတို့အနေနဲ့ ကျွန်မကို ချစ်ခင်တတ်တဲ့သူ၊ စိတ်ရှည်တဲ့လူဖြစ်တာကို မြင်ပြီး ကျွန်မကို ပိုနှစ်သက်အောင်လို့ လေ့ကျင့်ပေးတာနဲ့ပတ်သက်လို့ ကျွန်မ ကူညီပေးနိုင်တယ်လို့ တွေးမိခဲ့တယ်။ တကယ်ပဲ နောက်ဆုံး အဲဒီအတိုင်း လုပ်ခဲ့တယ်။ ပထမတော့ ကျွန်မ တကယ်ကို စိတ်ရှည်ပြီး သူ့ကို ကြင်ကြင်နာနာနဲ့ စကားပြောပါတယ်၊ ဒါပေမဲ့ သူ အတတ်နှေးပြီး အမှားအများကြီး လုပ်တာမြင်တော့ ကျွန်မ စိတ်အနှောင့်အယှက် စဖြစ်လာတယ်။ သူ သိပ်မထက်မြက်ဘူးလို့ ခံစားရပြီး သူ့အပေါ် စပြီး ကျွန်မ အထင်သေးလာတယ်၊ ဒါပေမဲ့ ကျွန်မရဲ့ စိတ်ကိုထိန်းပြီး ဆက်လုပ်ခဲ့တယ်။ ကျွန်မရဲ့ ဒေါသက ထလာနေတာ သိပေမဲ့၊ စုဝေးပွဲတွေမှာ ကိုယ့်ခံစားချက်အမှန်တွေကို ကျွန်မ ဖွင့်မပြောခဲ့ဘူး၊ တစ်ခုခုပြောလိုက်ရင် ကျွန်မက အစ်မချင်လိုပဲ မမျှတဘူး၊ မေတ္တာနဲ့ စိတ်ရှည်မှု မရှိဘူးလို့ ညီအစ်မတွေက ထင်မှာဖြစ်ပြီး အဲဒါက ကျွန်မရဲ့ ပုံရိပ်ကို ဖျက်ဆီးသွားမှာ စိုးတဲ့အတွက်ပါ။ ဒါ့အပြင် ကျွန်မတို့ရဲ့ ပုံမှန်ဆက်ဆံမှုတွေမှာ၊ တခြားလူတွေ ဖောက်ပြန်ပျက်စီးမှုကို ပြနေတာ၊ အပျက်သဘောဆောင်နေတာကို ကျွန်မ မြင်တဲ့အခါ၊ ဂရုစိုက်ပြီး နားလည်ပေးယောင်ဆောင်နေပေမဲ့ သူတို့ကို နည်းနည်း အထင်သေးမိတယ်။ ကျွန်မအနေနဲ့ အကြင်နာမေတ္တာ ကင်းမဲ့ပြီး အဆင်ပြေဖို့ ခက်တယ်လို့ သူတို့ မြင်မှာ ကြောက်လို့ အဲဒါတွေအားလုံးကို မျှဝေဖို့ ကျွန်မ လုံးဝ အစီအစဉ်မရှိခဲ့ဘူး။

တစ်နေ့ နိုဝင်ဘာလ ရက်တစ်ရက်မှာ၊ နောက်နေ့ တခြားတစ်နေရာရာမှာ တာဝန်တစ်ခု ကျွန်မ ယူဖို့လိုတယ်လို့ ပြောထားတဲ့ ခေါင်းဆောင်ရဲ့ စာတစ်စောင် ကျွန်မ ရတယ်။ ကျွန်မ ထွက်သွားတာ မြင်ရမှာ ဝမ်းနည်းမိတယ်လို့ ညီအစ်မတွေအားလုံးက ပြောကြတယ်။ အစ်မလီက သူ့အတွက် ကျွန်မရဲ့ မိတ်သဟာယ ဘယ်လောက် အကျိုးရှိပြီး အထောက်အကူဖြစ်တယ်၊ တခြားလူတွေနဲ့ပတ်သက်လို့ ကျွန်မ တကယ်မျှတပြီး၊ ဘယ်တော့မှ နှာခေါင်း မရှုံ့ဘူး၊ ပြီးတော့ သမ္မာတရားကို နားလည်ပြီး လိုက်စားသူတွေကို နေရာတိုင်းမှာ ကြိုဆိုတယ်လို့ ပြောတယ်။ သူ့ဆီက အဲဒီလောက်မြင့်တဲ့ ချီးမွမ်းမှုကို ကြားလိုက်ရတော့ ကျွန်မ အနေရခက်သလို ဖြစ်သွားတယ်။ သူများတွေကို သိပ်ကြီး ချီးမွမ်း၊ ချီးမြှောက်တာဟာ သူတို့အတွက် မကောင်းဘူးလို့ သူ့ကို ကျွန်မ ပြောလိုက်တယ်။ အဲဒီနောက် အစ်မယန်နဲ့ ကျွန်မ စကားပြောခဲ့တယ်။ သူက ကျွန်မကို တိုက်ရိုက် မချီးမွမ်းဘူး။ ဒါပေမဲ့ သူကျွန်မကို မြင်ပုံက အစ်မလီလိုပဲဆိုတာကို သူ့အသံမှာ ကျွန်မ ကြားရတယ်။ ကျွန်မ ရင်ထဲမှာ လေးနေသလို ခံစားရတယ်၊ သူတို့ကို ကျွန်မ အထင်မြင်မှားစေပြီး ကျွန်မမှာ ပြဿနာရှိတယ်လို့ ပူပန်လာတယ်။ ဒါပေမဲ့ တခြားနည်းလမ်းနဲ့ ကြည့်လိုက်တော့၊ ကျွန်မှာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရှိပေမဲ့ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဖို့ ကြိုးစားနေခဲ့တာဖြစ်ပြီး ကျွန်မက သူတို့ထက် အဲဒီနေရာမှာ ပိုတော်လို့ ကျွန်မကို သူတို့ ထင်ကြီးတာဖြစ်မယ်လို့ တွေးမိတယ်။ အဲဒီအတွေးနဲ့၊ ကျွန်မ စိတ်ထဲကနေ ပူပန်တာတချို့ကို ဖယ်ရှားလိုက်ပြီး ထပ်မစဉ်းစားတော့ဘူး။

ကြောင်သူတော်တစ်ယောက်၏ နောင်တ ဆိုတဲ့ သက်သေခံချက် ဗီဒီယိုတစ်ခုကို တွေ့ခဲ့တယ်။ အဲဒီမှာ အစ်မတစ်ယောက်က သူ့မိတ်သဟာယမှာ အပြုသဘောဆောင်တဲ့ အရာတွေကိုပဲ ဝေမျှပြီး တခြားလူတွေအားလုံးက သူ့ကို အထင်ကြီးကြတယ်လို့ ပြောတယ်။ သူအထုတ်ခံခဲ့ရပေမဲ့ ညီအစ်ကို မောင်နှမတွေက သူမပါဘဲ မလုပ်နိုင်သလို ခံစားရရင်းနဲ့ အဲဒီတာဝန်ကို ထပ်ယူဖို့ သူ့အတွက် တညီတညွတ်တည်း မဲပေးနေကြတုန်းပဲ။ တချို့ဆို သူ့ကို အထင်ကြီးလွန်းတော့ ဘုရားလောက်နီးနီး သဘောထားကြတယ်။ ဒါက ကျွန်မကို တကယ်နိုးထသွားစေတယ်- အဲဒါ ဆိုးရွားတဲ့ ပြဿနာတစ်ခုပဲ။ ခုတလော တခြားလူတွေက ကျွန်မကို အရမ်းလေးစားပြီး ချီးမွမ်းကြတဲ့အကြောင်း ကျွန်မတွေးမိသလို၊ ကျွန်မလည်း အပြုသဘောဆောင်တဲ့ ဝင်ရောက်မှုအကြောင်းပဲ ပြောနေတဲ့ အဲဒီအစ်မလိုပဲ ဖြစ်မှာပဲ၊ ကျွန်မ သုံးသပ်ဖို့ လိုမယ်လို့ တွေးမိတယ်။ အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အခြားသူများရှေ့တွင် အန္တိခရစ်တို့သည် များစွာသည်းခံနိုင်စွမ်း၊ စိတ်ရှည်နိုင်စွမ်း၊ နှိမ့်ချနိုင်စွမ်းနှင့် ကြင်နာနိုင်စွမ်း ရှိယောင်ဆောင်ကြသည်။ အားလုံးအဖို့၎င်းတို့သည် ရက်ရောပြီး သဘောထားကြီးပုံပေါ်သည်။ ၎င်းတို့အား ပြဿနာတစ်ခုနှင့် ဩဇာအာဏာအချို့ပေးကြည့်လော့၊ ၎င်းတို့သည် မရောင်ရာဆီလူးခြင်းမရှိဘဲ၊ ၎င်းတို့ မည်မျှ မြင့်မြတ်သည်ကို ပြလျက်၊ အဖက်ဖက်တွင် ယင်းကို သက်ညှာမှုဖြင့် ကိုင်တွယ်ပုံရသည်။ ဤအန္တိခရစ်များသည် ထိုသို့သော အနှစ်သာရများကို အမှန်တကယ် ပိုင်ဆိုင်သလော။ ၎င်းတို့၏ကြင်နာမှု၊ သည်းခံမှုနှင့် အခြားသူများကို ဂရုစိုက်မှုတို့နောက်ကွယ်မှ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ၎င်းတို့သည် လူတို့ကို ကပ်ပါရပ်ပါးလုပ်ဖို့၊ ထိုသူများကို သိမ်းသွင်းစည်းရုံးဖို့မဟုတ်လျှင် ထိုသို့သောအရာများကို လုပ်ဆောင်မည်လော။ ဤသည်မှာ ၎င်းတို့၏ စစ်မှန်သော သဘောသဘာဝ ဖြစ်သလော။ ၎င်းတို့၏အနှစ်သာရ၊ စိတ်သဘောထားများနှင့် လူ့သဘာဝတို့သည် ထင်ရသလောက် အမှန်တကယ် နှိမ့်ချကာ၊ စိတ်ရှည်တတ်ပြီး၊ သည်းခံသည့်အပြင် စစ်မှန်ပြီး ချစ်ခင်သော အကူအညီပေးနိုင်စွမ်းရှိသလော။ လုံးဝမရှိပေ။ ပိုများသော လူတို့၏ အာရုံစိုက်မှုကို ရဖို့၊ ပိုများသော လူတို့ကို သိမ်းသွင်းစည်းရုံးဖို့၊ အခြားသူများကို အယုံသွင်းဖို့၊ ထိုသူများ၌ ပြဿနာရှိသည့်အခါ ပထမဆုံးသတိရသည့်အရာမှာ အန္တိခရစ်ဖြစ်စေဖို့၊ ၎င်းတို့အကူအညီလိုသည့်အခါ ၎င်းတို့ရှာသည့်သူသည် အန္တိခရစ်ဖြစ်စေဖို့— ဤရည်မှန်းချက်များကို ရရှိဖို့၊ အန္တိခရစ်တို့သည် သင့်တင့်လျောက်ပတ်သော စကားများပြောပြီး သင့်တင့်လျောက်ပတ်သည့် အရာများအားလုံး လုပ်ဆောင်လျက်၊ လူကြိုက်များအောင် တမင်သက်သက် လူကြိုက်များအောင် ထူးခြားစွာ ပြုမူသည်။ ၎င်းတို့ပါးစပ်မှ စကားမထွက်မီ၊ ၎င်းတို့စိတ်နှလုံးထဲတွင်၊ စိတ်ထဲတွင် အကြိမ်ပေါင်း မည်မျှ စစ်ဆေးပြီး ပြန်ပြင်ဆင်ထားသည်ကို မည်သူသိမည်နည်း။ ၎င်းတို့သည် ကြီးမားသော တွက်ချက်ခြင်းနှင့် ချိန်ဆခြင်းတို့ဖြင့် စကားလုံး သုံးနှုန်းပုံ၊ ထားသိုပုံနှင့် လေယူလေသိမ်းအပြင်၊ ယင်းတို့ကိုပြောရင်းနှင့် ၎င်းတို့၏မျက်နှာပေါ်မှ အမူအရာနှင့် ၎င်းတို့၏လေသံတို့ကိုပင် ၎င်းတို့တွေးဆသည်။ ပြီးလျှင် ဤစကားများကို ၎င်းတို့ မည်သူ့ကိုပြောသည်၊ ထိုသူတို့သည် အသက်မည်မျှရှိသည်၊ ထိုသူများသည် ၎င်းတို့ထက် ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ ၎င်းတို့နှင့်ပတ်သက်၍ ထိုသူတို့က အဘယ်အရာ တွေးသည်၊ ထိုသူများအပေါ်၎င်းတို့ ပုဂ္ဂိုလ်ရေး မကျေမချမ်းဖြစ်မှုများ သိုထားခြင်းရှိမရှိ၊ ၎င်းတို့၏ ပင်ကိုစရိုက်များသည် ကိုက်ညီမှုရှိမရှိ၊ အသင်းတော်၌လည်းကောင်း၊ ညီအစ်ကိုမောင်နှမများကြားတွင်လည်းကောင်း ထိုသူများ မည်သည့်ရာထူးမျိုးရှိသည်၊ ထိုသူများ မည်သည့်တာဝန် ထမ်းဆောင်သည်တို့ကိုပင် ထည့်တွက်စဉ်းစားသည်— လူအမျိုးမျိုးအပေါ် မည်သို့ပြုမူရမည်ကို နည်းဗျူဟာများ မထုတ်ဖော်မီ ဤအရာများအားလုံးကို ၎င်းတို့ သေချာစွာ စောင့်ကြည့်လေ့လာပြီး အေးအေးဆေးဆေး စဉ်းစားသည်။ ထိုနည်းဗျူဟာများမည်သည့်အရာဖြစ်ပါစေ၊ မည်သူ့ကို၊ သို့မဟုတ် မည်သည့်လူစားမျိုးကို ပစ်မှတ်ထားသည်ဖြစ်စေ အန္တိခရစ်သည် ယေဘုယျအားဖြင့် တူညီသော ရည်မှန်းချက်ရှိလေသည်။ ထိုလူက ၎င်းတို့အား အထင်ကြီးစေရန်၊ ၎င်းတို့အား အထင်မသေးစေရန်၊ ၎င်းတို့အား တန်းတူအဖြစ် ဆက်ဆံရန်၊ ၎င်းတို့အား လေးစားကြည်ညိုစေရန်၊ ၎င်းတို့စကားပြောသည့်အခါတွင် ထိုသူနားစွင့်ဂရုစိုက်စေဖို့နှင့် ၎င်းတို့အား စကားပြောဖို့ အချိန်နှင့် အခွင့်ပေးစေဖို့၊ ၎င်းတို့ အမှုအရာများပြုလုပ်သည့်အခါ ပို၍များသော လူများ၏ သဘောတူညီချက်ကို ရရှိဖို့၊ ၎င်းတို့အမှားလုပ်သည့်အခါ ပို၍များသောလူများက ၎င်းတို့အား အပြစ်မရှိကြောင်း ထုတ်ဖော်ကြေညာစေဖို့နှင့် ပို၍များသော လူများက ၎င်းတို့အတွက် ရပ်တည်ပေးဖို့၊ ၎င်းတို့အတွက် သူ၏ထင်မြင်ချက်ကောင်းကို ထုတ်ဖော်ပြောပေးဖို့၊ ပြီးလျှင် ၎င်းတို့အရှိအတိုင်း အထုတ်ဖော် ခံရသည့်အခါ၊ ဘုရားအိမ်တော်၏စွန့်ပစ်ခြင်းခံရပြီး အသင်းတော်မှ မောင်းထုတ်ခံရသည့်အခါ၊ ဘုရားသခင်ကို အာခံပြီး အကျိုးအကြောင်းပြ ပြောဆိုရန် ကြိုးစားစေဖို့တို့ဖြစ်သည်။ ၎င်းတို့ အလွန်တမင်သက်သက် ကြံစည်ထားသည့် ၎င်းတို့ ရရှိထားသော ရာထူးနှင့် ဩဇာလွှမ်းမိုးမှုတို့သည် အသင်းတော်၌ နက်ရှိုင်းစွာ စွဲခိုင်နေသည်ကို ဤအရာက ရည်ညွှန်းနေသည်။ သိသာထင်ရှားစွာပင် ၎င်းတို့ ဖြုတ်ချခံရသည့်အခါ လူများစွာတို့က ၎င်းတို့အား သူတို့၏ အထောက်အပံ့၊ စည်းလုံးညီညွတ်မှုနှင့် ကာကွယ်မှုတို့ကို ပေးခြင်းက ၎င်းတို့၏ ကြိုးစားအားထုတ်မှုများသည် အချည်းနှီး မဖြစ်သည့်သဘော ဖြစ်ပေသည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၁၀)”) အန္တိခရစ်တွေနဲ့ ပတ်သက်လို့ ဘုရားနှုတ်ကပတ်တော်တွေ ပြတာက၊ တခြားလူတွေရဲ့ လေးစားမှုရဖို့ ကြီးမြတ်တဲ့ လူတွေအဖြစ် သူတို့ ဟန်ဆောင်ကြပြီး ဒါက တခြားလူတွေကို သူတို့ လှည့်စားတဲ့ပုံဖြစ်တယ်ဆိုတာပဲ။ ကျွန်မက အန္တိခရစ်လို ပြုမူနေခဲ့တာပဲ။ လေးစားမှုကို ကျွန်မ လိုချင်ခဲ့တယ်၊ ဒီတော့ အစ်မယန်ကို ကျွန်မ လေ့ကျင့်ပေးနေတုန်းမှာ ကျွန်မ ငြီးငွေ့ပေမဲ့၊ စိတ်ရှည်တဲ့ပုံဖမ်းနေတုန်းပဲ။ ညီအစ်မတွေမှာ ဖောက်ပြန်ပျက်စီးမှုကို တွေ့တော့ သူတို့ကို ကျွန်မ အထင်သေးခဲ့ပေမဲ့၊ ဟန်ဆောင်ခဲ့တယ်၊ သူတို့ထဲက ဘယ်သူ့ကိုမှ တကယ်ကို လုံးဝ ဖွင့်မပြောခဲ့ဘူး။ ကျွန်မအပေါ် သူတို့အမြင် ပျက်စီးသွားမှာ စိုးခဲ့တယ်။ အဲဒါက သူတို့ ကျွန်မကို ဆက်ချီးမွမ်းနေအောင် နှစ်ပေါက်တစ်ပေါက် ရိုက်ခဲ့တာပဲ။ ကျွန်မ တကယ်ကို ဉာဏ်များနေခဲ့တာ တွေ့ရတယ်။

ဘာလို့ ကျွန်မ ဟန်ဆောင်တာ မရပ်နိုင်တဲ့အကြောင်း စတွေးနေမိတယ်။ အဲဒါ ဘာစိတ်သဘောထားလဲ။ ကျွန်မ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ် ဖတ်ခဲ့ရတယ်။ ဘုရားသခင်က ပြောသည်- “လှည့်စားတတ်ခြင်းသည် အပြင်ပန်း၌ မကြာခဏ သိသာထင်ရှားသည်။ တစ်စုံတစ်ဦးသည် စကားပြောရာတွင် အလွန်လှည့်ဖြားတတ်ပြီး စကားအရာတွင် လိမ္မာပါးနပ်ပါက၊ ယင်းမှာ လှည့်စားတတ်ခြင်း ဖြစ်သည်။ ဆိုးယုတ်ခြင်း၏ အဓိက ဝိသေသလက္ခဏာမှာ အဘယ်နည်း။ ဆိုးယုတ်ခြင်းဟူသည်မှာ လူများ ပြောသည့်အရာသည် အထူးသဖြင့် နားဝင်ချိုသည့်အရာ ဖြစ်သည့်အခါ၊ ယင်းတို့အားလုံးက မှန်ကန်ပြီး အပြစ်ကင်းသည်ဟု ထင်ရပြီး၊ သင်မည်သည့်ဘက်က ကြည့်ပါစေ၊ ကောင်းသည်ဟု ထင်ရသော်လည်း၊ ၎င်းတို့၏ အပြုအမူများသည် အထူးတလည် ဆိုးယုတ်ပြီး၊ အလွယ်တကူ ထိုးထွင်းသိမြင်နိုင်ခြင်း မရှိသည့်အချိန် ဖြစ်သည်။ ၎င်းတို့သည် မှန်ကန်သည့် စကားအချို့၊ သာယာနာပျော်ဖွယ် စကားစုတို့ကို မကြာခဏ အသုံးပြုကြပြီး လူများကို လှည့်စားဖို့ သူတို့၏ခံစားချက်များနှင့် ကိုက်ညီသည့် အချို့သော အယူဝါဒများ၊ အာဘော်များနှင့် နည်းစနစ်များကို အသုံးပြုကြသည်။ ၎င်းတို့သည် လမ်းတစ်ခုကို သွားဟန်ဆောင်ကြသော်လည်း၊ အမှန်တွင် ၎င်းတို့၏လျှို့ဝှက်သော ရည်မှန်းချက်များ ရရှိဖို့ အခြားလမ်းတစ်ခုကို သွားကြသည်။ ဤသည်မှာ ဆိုးယုတ်ခြင်း ဖြစ်သည်။ လူများက ဤသည်ကို လှည့်စားတတ်ခြင်းဟု ပုံမှန်အားဖြင့် ယုံကြည်ကြသည်။ ၎င်းတို့၌ ဆိုးယုတ်ခြင်းနှင့်သက်ဆိုင်သည့် အသိပညာလည်း နည်းပါးကြပြီး ယင်းကို အသေးစိတ် စိစစ်လေ့လာမှုလည်း နည်းကြသည်။ ကောက်ကျစ် စဉ်းလဲခြင်းသည် ဖုံးကွယ်နေပြီး ပါဝင်သည့် နည်းစနစ်များနှင့် နည်းနိဿယများသည် သာ၍ ဆန်းပြားရှုပ်ထွေးသောကြောင့်၊ လှည့်စားတတ်ခြင်းထက် သာ၍ ဖော်ထုတ်ဖို့ ခက်ခဲသည်။ တစ်စုံတစ်ဦးသည် ၎င်းတို့အတွင်း၌ လှည့်စားတတ်သော စိတ်သဘောထားတစ်ခု ရှိသည့်အခါ၊ ၎င်းတို့သည် လှည့်စားတတ်သည်ကိုဖြစ်စေ၊ ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့် ၎င်းတို့ပြောသည့် အရာမျိုးများသည် လှည့်စားသည့် စိတ်သဘောထား တစ်ခုကို ထုတ်ဖော်ပြနေသည်ကို အခြားသူများမြင်နိုင်ဖို့ ပုံမှန်အားဖြင့် နှစ်ရက် သုံးရက်ခန့်သာကြာတတ်သည်။ သို့ရာတွင် တစ်စုံတစ်ဦးက ဆိုးယုတ်သည်ဟု ဆိုသည့်အခါ၊ ဤသည်မှာ တစ်ရက် နှစ်ရက်ဖြင့် ထိုးထွင်းသိမြင်နိုင်သည့် အရာတစ်ခု မဟုတ်ပေ။ အချိန်တိုအတွင်း၌ အရေးပါသည့်အရာ သို့မဟုတ် ထူးခြားသည့်အရာ တစ်ခုမျှ မဖြစ်လျှင်၊ ၎င်းတို့၏စကားများကို နားထောင်ရုံဖြင့်ပင် ၎င်းတို့၏ အရှိကို အရှိအတိုင်း သိမြင်ဖို့ အခက်ကြုံလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် မှန်သည့်အရာကို ပြောသည်၊ မှန်သည့်အရာကို လုပ်ဆောင်ပြီး၊ အယူဝါဒတစ်ခုပြီးတစ်ခု ခရားရေလွှတ် တတွတ်တွတ် ပြောနိုင်ကြသည်။ ထိုသို့သောသူများနှင့် နှစ်ရက် သို့မဟုတ် သုံးရက် ရှိပြီးသည့်နောက်တွင် သင်သည် ၎င်းတို့ကို လူကောင်းတစ်ဦးအဖြစ် တွေးထင်ကာ၊ အမှုအရာများကို စွန့်လွှတ်နိုင်ပြီး မိမိတို့ကိုယ်ကို အသုံးခံနိုင်သည့်သူများ၊ ဝိညာဉ်ရေးရာ အမှုအရာများကို နားလည်သည့်သူများ၊ ဘုရားသခင်ကို ချစ်သည့်စိတ်နှလုံး ရှိသည့်သူများ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ဖြင့် ပြုမူသည့်သူများဟု တွေးထင်သည်။ သို့ရာတွင် သင်သည် ၎င်းတို့အား လုပ်ဆောင်ချက် တာဝန်များဖြင့် စတင် ယုံကြည်အပ်နှံပြီး ၎င်းတို့သည် မရိုးသားကြောင်း၊ လှည့်စားတတ်သော လူများထက် သာ၍ပင် တဖြည်းဖြည်းချင်း စိမ့်ဝင် အန္တရာယ်ပြုတတ်ကြောင်း၊ ၎င်းတို့သည် အတော်အတန် ဆိုးယုတ်ကြောင်း သင်မကြာမီ သဘောပေါက်လာသည်။ ၎င်းတို့က သင့်တော်သည့် စကားများ၊ သမ္မာတရားနှင့် အံကိုက်ဖြစ်သည့် စကားများ၊ လူများ၏ခံစားချက်များနှင့် လူ့သဘာဝတို့ဖြင့် ကိုက်ညီသည့် စကားများ၊ နားဝင်ချိုသည့် စကားများ၊ လူများနှင့် စကားစမြည်ပြောဖို့ လူနားယောင်စေသည့် စကားများကို ရွေးချယ်တတ်ကြသည်။ တစ်ဖက်တွင် မိမိတို့ကိုယ်ကိုယ် အခိုင်အမာ သက်သေပြဖို့၊ ပြီးလျှင် အခြားတစ်ဖက်တွင် သူတစ်ပါးကို လှည့်စားဖို့ ပြုလုပ်ကြခြင်းဖြစ်ပြီး၊ လူများအလယ်တွင် ၎င်းတို့သည် ဂုဏ်ဒြပ်နှင့် ဩဇာတိက္ကမတို့ကို ရယူကြလေသည်။ ယင်းတို့ အားလုံးသည် မသိနားမလည်သည့် သူများ၊ သမ္မာတရားကို အပေါ်ယံနားလည်သူများ၊ ဝိညာဉ်ရေးရာ အမှုအရာများကို နားမလည်သည့်သူများနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းတွင် အခြေအမြစ်မရှိသူများကို အလွယ်တကူ ဖမ်းစားပေသည်။ ဤသည်မှာ ဆိုးယုတ်သော စိတ်သဘောထား တစ်ခုရှိသော လူများ လုပ်ဆောင်သည့်အရာ ဖြစ်သည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် လူတို့ကို ဝေခွဲမရဖြစ်စေပြီး သိမ်းသွင်းစည်းရုံး၍ ခြိမ်းခြောက်ကာ ထိန်းချုပ်လေ၏”) အဲဒီအရာတွေအားလုံးနောက်ကွယ်မှာ၊ ဆိုးယုတ်တဲ့ စိတ်သဘောထားက ကျွန်မကို ထိန်းချုပ်နေတယ်၊ အဲဒါက ဉာဏ်များတာထက် ပိုမြင်ဖို့ခက်တယ်လို့ ဒါက ကျွန်မကို ပြခဲ့တယ်။ ကိုယ့်ရဲ့ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေအတွက် လူတွေကို လှည့်စားပြီး သူတို့ကို စည်းရုံးသိမ်းသွင်းဖို့ ကျွန်မ ကြိုးစားနေခဲ့တယ်၊ ဒီတော့ ကြည့်ကောင်းပြီး သမ္မာတရားနဲ့ ကိုက်ပုံရတဲ့ အရာတွေကို ကျွန်မ လုပ်ခဲ့ပြီး တခြားလူတွေက အယုံသွင်းခံခဲ့ရတာပဲ။ ကျွန်မက အဲဒီအတိုင်းကို ဖြစ်ခဲ့တာ။ လူတိုင်းက သမ္မာတရားလိုက်စားပြီး ချစ်ခင်တတ်သူတွေကို နှစ်သက်မှန်း၊ ဘုရားအိမ်တော်မှာ သူတို့တွေက အထင်ကြီးခံရမှန်းသိလို့ အဲဒီလိုလူမျိုးအဖြစ် ကျွန်မ ဟန်ဆောင်ခဲ့တာ။ ကျွန်မအနေနဲ့ ဒုက္ခခံဖို့၊ အဖိုးအခပေးဖို့၊ ကိုယ့်တာဝန်လုပ်ပြီး ချစ်ခင်တတ်ဖို့ အဆင်သင့်ဖြစ်ခဲ့ပြီး၊ သမ္မာတရားနဲ့အညီ ပြုမူသလိုမျိုး ဟန်ဆောင်ခဲ့ပေမဲ့၊ ကျွန်မရဲ့ ရည်မှန်းချက်က သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ မဟုတ်ခဲ့ဘူး။ လေးစားခံရဖို့ပဲ။ လူတွေရဲ့ အမြင်မှာ ကြည့်ကောင်းချင်တယ်၊ သူတို့ စိတ်နှလုံးကို ဆွဲဆောင်ချင်ခဲ့တယ်။ ကျွန်မ တကယ်ကို ဆိုးယုတ်ပြီး စက်ဆုပ်စရာပါ။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းကြောင့် မဟုတ်ရင်၊ ဟန်ဆောင်တာက ဉာဏ်များတာသက်သက်ဆိုပေမဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားမျိုးလို့ မြင်ခဲ့မှာ မဟုတ်ဘူး။ အဲဒါ ဘုရားကို ဆန့်ကျင်တဲ့လမ်းကြောင်းပဲ။ တကယ်မှန်တယ်။ ကျွန်မက စာတန်ရဲ့ အကြီးအကျယ် ဖောက်ပြန်ပျက်စီးစေတာ ခံခဲ့ရပေမဲ့ အမြဲအလေးစားခံချင်ခဲ့ပြီး တခြားလူတွေရဲ့ စိတ်နှလုံးထဲမှာ နေရာရှိချင်ခဲ့တာပဲ။ အရှက်မဲ့လိုက်တာ။ ဘုရားက ကျွန်မတို့ကို ဖန်ဆင်းခဲ့လို့ သူ့ကို ကျွန်မတို့ သဘာဝအလျောက် ကိုးကွယ်သင့်တယ်လေ။ ကျွန်မတို့ စိတ်နှလုံးထဲမှာ ဘုရားပဲ ရှိသင့်တယ်။ ဒါပေမဲ့ ဘုရားရဲ့ နေရာအတွက် ကြိုးစားရင်းနဲ့ လူတွေရဲ့ စိတ်နှလုံးကို ကျွန်မ နေရာယူချင်ခဲ့တယ်။ ကောင်းကင်တမန်မင်းလိုပဲ ကျွန်မ ပြုမူနေခဲ့တာပါ။ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားက ပုန်ကန်ပြစ်မှားလို့ မရဘူး၊ ဒါကြောင့် ကျွန်မ နောင်တမရရင်၊ ဖာရိရှဲတွေလိုပဲ ဘုရားရဲ့ ဖျက်ဆီးတာခံရတာနဲ့ အဆုံးသတ်မှာ သိတယ်။ ကျွန်မ ဒါကို ကြောက်တယ်။ အဲဒီလို ကျွန်မ ဆက်လုပ်ရင် ခက်ခဲတဲ့ အခြေအနေကို ကြုံရမှန်း ကျွန်မ သိခဲ့တယ်။ ဇာတိပကတိကို စွန့်ပြီး ရိုးဖြောင့်၊ ရိုးသားတဲ့ လူတစ်ယောက်ဖြစ်ဖို့ ကျွန်မ ဆုံးဖြတ်ခဲ့တယ်။

အဲဒီနောက်၊ ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ဖို့ ကျွန်မ လုပ်ပြီး၊ စုဝေးပွဲတွေမှာ ကျွန်မ စဖွင့်ပြောခဲ့တယ်။ တစ်ခါ၊ ဗီဒီယိုတစ်ခုနဲ့ပတ်သက်လို့ ကျွန်မ အားထုတ်တာ လျှော့ချမိပြီး၊ အဲဒါနဲ့ပတ်သက်လို့ ပြဿနာတွေ အများကြီးပဲ။ ပြန်လုပ်တဲ့အတွက် ကျွန်မတို့အလုပ်မှာ နှောင့်နှေးတာတွေ အများကြီး ဖြစ်သွားတယ်။ ကျွန်မ တာဝန်မဲ့ပြီး အားကိုးလို့မရဘူးလို့ အစ်မတစ်ယောက်က ပြောတော့၊ အဲဒါကို ကျွန်မ အတိုက်အခံလုပ်ပြီး စိတ်ထဲမှာ သူနဲ့ ငြင်းခုံနေမိတယ်။ နောက်ပိုင်းမှာ ကျွန်မအခြေအနေနဲ့ပတ်သက်လို့ ခေါင်းဆောင်တစ်ယောက်က မေးခဲ့ပြီး၊ အရာအားလုံးကို တကယ်အသိပေးလိုက်ရင်၊ သမ္မာတရားကို ကျွန်မ လက်မခံနိုင်ဘူး၊ ကိုယ့်ကိုယ်ကိုယ် ဆက်ပြီးပဲ ကာကွယ်နေတယ်လို့ ညီအစ်ကို မောင်နှမတွေ ထင်သွားမှာပဲလို့ ကျွန်မ တွေးမိခဲ့တယ်။ အဲဒါဆိုရင် လူတိုင်းက ကျွန်မကို ဘာများထင်ကြမလဲ။ အဲဒီအချိန်မှာ ကျွန်မ ထပ်ပြီး ဟန်ဆောင်နေမှန်း ရှင်းရှင်းလင်းလင်း မြင်ခဲ့တယ်။ ဒါကြောင့် ကျွန်မ ဆုတောင်းပြီး စိတ်ထဲမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ရောက်လာတယ်။ ဘုရားသခင်က ပြောသည်- “သင်သည် တစ်စုံတစ်ခုကို လုပ်ဆောင်ပြီးသည့်အခါတိုင်း၊ သင် လုပ်ဆောင်သည်မှာ မှန်ကန်သည်ဟု သင်ထင်သည့် အပိုင်းကိုလည်း စေ့စေ့စပ်စပ် စစ်ဆေးခြင်း ခံနိုင်ရမည်၊ ထို့အပြင် သင်လုပ်ဆောင်သည်မှာ မှားသည်ဟု သင်ထင်သည့်အပိုင်းကိုလည်း စေ့စေ့စပ်စပ် စစ်ဆေးခြင်း ခံနိုင်ရမည်။ ဤသည်က ညီအစ်ကိုမောင်နှမများသည် အတူတကွ မိတ်သဟာယပြုဖို့၊ ရှာဖွေဖို့နှင့် အချင်းချင်း ကူညီဖို့ အချိန်ပိုယူရန် လိုအပ်သည်။ ကျွန်ုပ်တို့ သာ၍ မိတ်သဟာယပြုလေ၊ အလင်းရောင်က ကျွန်ုပ်တို့၏ စိတ်နှလုံးများထဲသို့ သာ၍ ဝင်ရောက်လေဖြစ်သည်။ ထို့နောက်တွင် ဘုရားသခင်က ကျွန်ုပ်တို့၏ ပြဿနာများ အားလုံးနှင့် စပ်လျဉ်း၍ အသိဉာဏ် ပွင့်လင်းစေလိမ့်မည်။ ကျွန်ုပ်တို့သည် မည်သူမျှ ဖွင့်မပြောဘဲ၊ အခြားသူများ၏စိတ်ထဲတွင် ထင်မြင်ချက်ကောင်း ဖြစ်စေဖို့နှင့် ၎င်းတို့အား ကျွန်ုပ်တို့နှင့်ပတ်သက်၍ အထင်ကြီးစေဖို့နှင့် ကျွန်ုပ်တို့အား မသရော်စေဖို့ မျှော်လင့်လျက်၊ ကြည့်ကောင်းစေရန် မိမိတို့ကိုယ်ကိုယ် ပြရုပ်တင်ရုံသာ ရှိပါက၊ ကျွန်ုပ်တို့သည် ကြီးထွားတိုးတက်ဖို့ ဖြစ်နိုင်လိမ့်မည်။ သင်သည် ကြည့်ကောင်းဖို့ သင့်ကိုယ်သင် အစဉ် ပြရုပ်တင်ပါက၊ သင်သည် ကြီးထွားတိုးတက်လိမ့်မည် မဟုတ်ဘဲ၊ အမှောင်၌ သင် ထာဝရ ရှင်သန်လိမ့်မည်။ သင်သည် ပြောင်းလဲနိုင်စွမ်း မရှိလည်း ဖြစ်လိမ့်မည်။ သင်ပြောင်းလဲဖို့ ဆန္ဒရှိပါက၊ အဖိုးအခပေးဆပ်ရမည် ဖြစ်ပြီး၊ သင့်ကိုယ်သင် ချပြရမည်၊ အခြားသူများကို သင်ရင်ဖွင့်ရမည်၊ ပြီးလျှင် ထိုသို့ လုပ်ဆောင်ခြင်းအားဖြင့် သင့်ကိုယ်သင်နှင့် အခြားလူများ နှစ်ဦးလုံးကို အကျိုးဖြစ်ထွန်း စေလိမ့်မည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်”) ဒါက ကျွန်မကို လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းပေးခဲ့တယ်။ ဘုရားရဲ့ စိစစ်မှုကို ကျွန်မ လက်ခံရမှာဖြစ်ပြီး၊ တခြားလူတွေ ဘာပဲထင်ထင်၊ ကျွန်မ ဖွင့်ပြောပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမယ်။ အဲဒီအချိန်မှာ ကျွန်မရဲ့ အခြေအနေအကြောင်း ဖွင့်ပြောပြီး ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြဖို့ သတ္တိကို မွေးလိုက်တယ်။ အဲဒီလိုလုပ်ပြီးတဲ့နောက် အများကြီး ပိုလွတ်လပ်သွားသလို၊ တခြားလူတွေနဲ့ မိတ်သဟာယက ကျွန်မရဲ့ ပြဿနာကို နားလည်စေခဲ့တယ်။

အဲဒီအတောအတွင်း ဖော်ထုတ်ခံရတဲ့အရာက ကျွန်မမှာ ဉာဏ်များ၊ ဆိုးယုတ်တဲ့ စိတ်သဘောထားရှိမှန်း ပြခဲ့တယ်။ တခြားလူတွေရဲ့ ကြည်ညိုတာခံရဖို့ ကျွန်မ အမြဲ ဟန်ဆောင်နေခဲ့တာလေ။ ဘုရားက ကိစ္စတွေကို အဲဒီလို မပြင်ဆင်ခဲ့ရင်၊ ဘုရားကို ဆန့်ကျင်တဲ့ လမ်းကြောင်းပေါ် ကျွန်မရှိခဲ့မှန်း၊ ဘုရားကို ကျွန်မ ဆန့်ကျင်နေမှန်း လုံးဝ မြင်ခဲ့မှာ မဟုတ်သလို၊ နောက်ဆုံးမှာ ကျွန်မ ဖျက်ဆီးခံရမှာပါ။ ကိစ္စတွေကို လုပ်တဲ့နေရာမှာ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်တွေ ဘယ်လောက်အရေးကြီးမှန်းလည်း တွေ့ခဲ့ရပြီး၊ ဘုရားရဲ့ စိစစ်မှုကို လက်ခံပြီး ကျွန်မရဲ့ ရည်ရွယ်ချက်တွေကို ပြင်ဖို့၊ တကယ် ဖွင့်ဟပြီး ရိုးသားဖို့ ကျွန်မ သင်ယူခဲ့တယ်။ အဲဒါက ဘုရားရဲ့ လက်ခံမှုကို ရပြီး သူ့ကို ဝမ်းမြောက်စေဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဤသို့ အစေခံခြင်းမျိုးသည်အမှန်တကယ်စက်ဆုပ်ဖွယ် ဖြစ်သည်

ရှန်ဒေါင်းနယ်မြေမှ၊ ဒင်းနင်းရေးသားသည် လွန်ခဲ့သောရက်အနည်းငယ်ကကျွန်မအလုပ်ချိန်ကို အပြောင်းအလဲတစ်ခုလုပ်ဖို့ အသင်းတော် ခေါင်းဆောင်...

ဘုရားသခင်၏ နှုတ်ကပတ်တော်များက လမ်းခရီးကို ဦးဆောင်သည်

ဘုရားသခင်၏ နှုတ်ကပတ်တော်များက၊ “လူတို့ကို ဖော်ထုတ်ရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ ၎င်းတို့ကို ရှင်းပစ်ဖို့ရန် မဟုတ်၊ သို့သော် ၎င်းတို့ကို...

တစ်ဇွတ်ထိုး အလုပ်လုပ်ခြင်း၏ အကျိုးဆက်များ

ကျောက်ယံ တရုတ်နိုင်ငံ ၂၀၁၆ ခုနှစ်မှာ အသင်းတော်ခေါင်းဆောင်အဖြစ် အမှုဆောင်ဖို့ ကျွန်တော် အရွေးခံခဲ့ရတယ်။ ပထမဆုံး ဒီတာ၀န်ကို ယူတဲ့အချိန်မှာ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။