ဘုရားသခင်သည် စကြဝဠာ လောကတစ်ခုလုံးကို စီမံပြီး အုပ်စိုးသည့်နည်းလမ်း
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-
စကြဝဠာနှင့် အာကာသ၏ ကျယ်ပြောမှုထဲတွင်၊ မရေမတွက်နိုင်သော သတ္တဝါများ နေထိုင်ပြီး မျိုးပွားကြသည်၊ ထပ်တလဲလဲ ဖြစ်နေသော ဘဝနိယာမကို လိုက်လျှောက်ကာ ပုံသေစည်းမျဉ်းတစ်ရပ်ကို လိုက်နာစောင့်ထိန်းကြသည်။ သေသူများသည် ရှင်သူများ၏ အဖြစ်အပျက်များကို ၎င်းတို့နှင့်အတူ ယူဆောင်သွားကြပြီး ရှင်နေသူများသည် သေဆုံးပြီးသောသူများ၏ အလားတူ ဝမ်းနည်းဖွယ်ရာ သမိုင်းကို တစ်ဖန်ပြန်လုပ်ကြသည်။ ထို့ကြောင့် လူသားမျိုးနွယ်သည် မိမိကိုယ်ကိုယ်- ငါတို့သည် အဘယ်ကြောင့် အသက်ရှင်ကြသနည်း။ အဘယ်ကြောင့် သေကြရသနည်း။ ဤကမ္ဘာလောကကို မည်သူ ကွပ်ကဲ အုပ်ချုပ်သနည်း။ ဤလူသားမျိုးနွယ်ကို မည်သူ ဖန်ဆင်းခဲ့သနည်း။ လူသားမျိုးနွယ်ကို သဘာဝတရားမိခင်က အမှန်တကယ် ဖန်ဆင်းခဲ့သလော။ လူသားမျိုးနွယ်သည် မိမိ၏ကံကြမ္မာကို အမှန်တကယ် ထိန်းချုပ်သလော...ဟု မမေးဘဲ မနေနိုင်ပေ။ နှစ်ပေါင်းထောင်ပေါင်းများစွာကြာ လူသားမျိုးနွယ်က မရပ်မနား မေးကြပြီးဖြစ်သည့် မေးခွန်းများ ရှိလေသည်။ အကြောင်းအပေါင်း မသင့်၍၊ လူသားမျိုးနွယ်သည် ဤမေးခွန်းများကို သာ၍ စွဲလမ်းလာလေလေ၊ သိပ္ပံပညာကို ဆာငတ်မှုတစ်ခု သာ၍ဖြစ်ပေါ်လေ ဖြစ်သည်။ သိပ္ပံပညာသည် ခဏတာ ကျေနပ်အားရခြင်းနှင့် အသွေးအသား၏ ယာယီပျော်ရွှင်မှုကို ပေးသော်လည်း၊ လူသားကို အဖော်မဲ့ခြင်း၊ အထီးကျန်ခြင်းနှင့် သူ၏ စိတ်ဝိညာဉ်အတွင်းနက်နက်ရှိ မလုံ့တလုံဖြစ်နေသော ကြောက်ရွံ့မှုနှင့် အကူအညီမဲ့နေခြင်းတို့မှ လွတ်မြောက်စေဖို့ လုံလောက်ရန် ဝေးပါသေးသည်။ လူသားမျိုးနွယ်သည် ပကတိမျက်လုံးဖြင့် မြင်နိုင်ပြီး သူ၏ ဦးနှောက်ဖြင့် နားလည်နိုင်သည့် သိပ္ပံပညာအသိကို မိမိ၏နှလုံးသားအား ထုံစေရန်အလို့ငှာ သုံးရုံမျှ အသုံးပြုလေသည်။ သို့ရာတွင် ထိုသို့သော သိပ္ပံပညာအသိသည် လူသားမျိုးနွယ်အား နက်နဲမှုများကို စူးစမ်းလေ့လာခြင်းမှ ရပ်တန့်စေဖို့ မလုံလောက်ပေ။ လူသားမျိုးနွယ်သည် လူသားမျိုးနွယ်၏အစနှင့် အနာဂတ်တို့ကို မဆိုထားနှင့်၊ စကြဝဠာနှင့် အရာခပ်သိမ်း၏ အချုပ်အခြာ အာဏာရှင် မည်သူဖြစ်သည်ကိုပင် တကယ်ကို မသိပေ။ လူသားမျိုးနွယ်သည် ဤနိယာမအလယ်တွင် မတတ်သာ၍ အသက်ရှင်ရုံမျှ ရှင်လေသည်။ အရာခပ်သိမ်းအလယ်နှင့် ကောင်းကင်တွင် ကမ္ဘာအဆက်ဆက် အရာရာတိုင်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသောသူ တစ်ဦးသာ ရှိသည့်အတွက်၊ မည်သူမျှ ယင်းကို မလွတ်မြောက်နိုင်သကဲ့သို့ မည်သူမျှ မပြောင်းလဲနိုင်ပေ။ သူသည် လူသားက မည်သည့်အခါမျှ မရှုမြင်ဖူးသောသူ၊ လူသားမျိုးနွယ်က မည်သည့်အခါမျှ မသိဖူးသူ၊ ၎င်းတည်ရှိခြင်းကို လူသားမျိုးနွယ်က မည်သည့်အခါမျှ မယုံကြည်ဖူးသူ ဖြစ်သည်- သို့ရာတွင် သူသည် လူသားမျိုးနွယ်၏ ဘိုးဘေးများအထဲ ဇီဝအသက်ကို မှုတ်သွင်းခဲ့ပြီး လူသားမျိုးနွယ်ကို အသက်ပေးခဲ့သူဖြစ်သည်။ သူသည် လူသားမျိုးနွယ်ကို တည်ရှိခွင့်ပေးလျက်၊ ထောက်ပံ့ကာ အားဖြည့်ပေးသူ ဖြစ်ပြီး၊ သူသည် လူသားမျိုးနွယ်ကို မျက်မှောက်ခေတ်အထိ လမ်းပြပြီးသူ ဖြစ်သည်။ ထို့အပြင် သူတစ်ပါးတည်းသာ လူသားမျိုးနွယ်က ရှင်သန်နေခြင်းအတွက် အားထားသည့်သူ ဖြစ်သည်။ သူသည် အရာခပ်သိမ်းအပေါ် အချုပ်အခြာ အာဏာ စွဲကိုင်ပြီး၊ စကြဝဠာထဲရှိ သက်ရှိသတ္တဝါအားလုံးကို အုပ်စိုးလေသည်။ သူသည် ရာသီလေးပါးကို ကွပ်ကဲအုပ်ချုပ်ပြီး လေ၊ ဆီးနှင်းခဲ၊ နှင်းနှင့် မိုးတို့ကို ခေါ်သောသူမှာ သူဖြစ်သည်။ သူသည် လူသားမျိုးနွယ်ထံ နေရောင် ဆောင်ကြဉ်းပေးပြီး၊ ညကို ဖွင့်လှစ် ပေးလေသည်။ သူသည် လူသားကို တောင်များ၊ ရေကန်များ၊ မြစ်များနှင့် ၎င်းတို့အတွင်းရှိ သက်ရှိအားလုံးကို ထောက်ပံ့ပေးရင်း၊ ကောင်းကင်နှင့် မြေကြီးကို ခင်းကျင်းသူ ဖြစ်သည်။ သူ၏ လုပ်ဆောင်ချက်များသည် နေရာတိုင်းတွင်ရှိ၏၊ သူ၏တန်ခိုးသည် နေရာတိုင်းတွင် ရှိ၏၊ သူ၏ ဉာဏ်ပညာသည် နေရာတိုင်းတွင်ရှိပြီး၊ သူ၏ ဩဇာအာဏာသည် နေရာတိုင်းတွင်ရှိ၏။ ဤနိယာမနှင့် စည်းမျဉ်းအသီးသီးသည် သူ၏ လုပ်ဆောင်ချက်များ၏ ပြယုဂ်ဖြစ်ပြီး အသီးသီးသည် သူ၏ဉာဏ်ပညာနှင့် တန်ခိုးတို့ကို ထုတ်ဖော်ပြသသည်။ အဘယ်သူသည် သူ၏ အချုပ်အခြာအာဏာမှ ကင်းလွတ်နိုင်သနည်း။ ပြီးလျှင် သူ၏ အကြံအစည်များမှ အဘယ်သူသည် မိမိကိုယ်ကိုယ် ထုတ်ပစ်နိုင်သနည်း။ သူ၏အကြည့်အောက်တွင် အရာခပ်သိမ်းတည်ရှိပြီး၊ ထို့အပြင် အရာခပ်သိမ်းသည် သူ၏ အချုပ်အခြာအာဏာ အောက်တွင် အသက်ရှင်လေသည်။ သူ၏ လုပ်ဆောင်ချက်များနှင့် တန်ခိုးတို့က လူသားမျိုးနွယ်အား သူသည် အမှန်တကယ် တည်ရှိပြီး အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်သည်ကို အသိအမှတ်ပြုရုံကလွဲ၍ အခြား ရွေးချယ်စရာမရှိဘဲ ဖြစ်ရစ်စေလေသည်။ သူမှလွဲ၍ မည်သည့်အရာမျှ ဤလူသားမျိုးနွယ်ကို မပြီးနိုင်မဆုံးနိုင် ထောက်ပံ့ပေးဖို့ မဆိုထားနှင့်၊ စကြဝဠာကိုပင် မကွပ်ကဲမအုပ်ချုပ်နိုင်ပေ။ သင်သည် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သတိပြုနိုင်သည်ဖြစ်စေ၊ သတိမပြုနိုင်သည် ဖြစ်စေ၊ ပြီးလျှင် သင်သည် ဘုရားသခင်၏ တည်ရှိခြင်းကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ သင်၏ ကံကြမ္မာကို ဘုရားသခင် ပိုင်းဖြတ်သည်မှာ သေချာပြီး၊ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ အမြဲ စွဲကိုင်ထားမည်မှာ သေချာပေသည်။ သူ၏ တည်ရှိခြင်းနှင့် ဩဇာအာဏာတို့သည် လူသား၏ သတိပြုခံရကာ နားလည်ခြင်း ရှိမရှိဆိုသည့်အပေါ် အခြေမခံပေ။ သူသာလျှင် လူသား၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့ကို သိပြီး၊ သူသာလျှင် လူသားမျိုးနွယ်၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်သည်။ ဤအချက်ကို သင်လက်ခံနိုင်သည်ဖြစ်စေ၊ လက်မခံနိုင်သည်ဖြစ်စေ ဤအရာအားလုံးကို လူသားမျိုးနွယ်က မိမိ၏မျက်စိဖြင့် မျက်မြင်ကြုံရမည့် အချိန်သည် ကြာမြင့်လိမ့်မည်မဟုတ်သကဲ့သို့၊ ဤသည်မှာ ဘုရားသခင်က မကြာမီ ကျရောက်စေမည့်အချက် ဖြစ်သည်။ ဘုရားသခင်၏ မျက်စိအောက်တွင် လူသားမျိုးနွယ်သည် အသက်ရှင်ကာ သေဆုံးကြရသည်။ လူသားသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွက် အသက်ရှင်ဖြစ်ပြီး နောက်ဆုံးအကြိမ် ၎င်းတို့မျက်စိမှိတ်သည့်အခါသည်လည်း ဤစီမံခန့်ခွဲမှု အတွက်ပင် ၎င်းတို့ မှိတ်ကြခြင်း ဖြစ်သည်။ လူသားသည် ထပ်ခါတလဲလဲ ခေါက်တုံ့ခေါက်ပြန် သွားလိုက်လာလိုက် ဖြစ်သည်။ ထိုအရာအားလုံးမှာ ခြွင်းချက်မရှိ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သူ၏ အကြံအစည်တို့၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် မည်သည့်အခါတွင်မျှ မရပ်တန့်ပေ။ ယင်းသည် မရပ်မနား တိုးတက်နေသည်။ သူသည် လူသားမျိုးနွယ်အား သူ၏ တည်ရှိခြင်းကို သိစေလိမ့်မည်၊ သူ၏ အချုပ်အခြာအာဏာကို ယုံကြည်ကိုးစားစေလိမ့်မည်၊ သူ၏လုပ်ဆောင်ချက်များကို ရှုမြင်စေလိမ့်မည်ဖြစ်ပြီး သူ၏နိုင်ငံတော်သို့ ပြန်လာစေလိမ့်မည်ဖြစ်သည်။ ဤသည်မှာ သူ၏အစီအစဉ်ဖြစ်ပြီး နှစ်ထောင်ချီကြာ သူ စီမံခန့်ခွဲနေပြီးဖြစ်သည့် အမှု ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၃)- ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်
ဤလူသားမျိုးနွယ် ဖြစ်တည်မလာမီတွင်၊ စကြဝဠာတည်း ဟူသော ဂြိုဟ်အားလုံး၊ မိုးကောင်းကင်မှ ကြယ်များအားလုံးသည် တည်ရှိနှင့်ပြီးဖြစ်သည်။ ကျယ်ပြန့်သည့်ရှုထောင့်အဆင့်တွင် မိုးကောင်းကင်တွင်ရှိသည့် ဤအစုအဝေးများသည် ဘုရားသခင်၏ ထိန်းချုပ်မှုအောက်တွင် သူတို့ဖြစ်တည်နေသည့် တစ်လျှောက်လုံး နှစ်ပေါင်းမည်မျှ ကြာပြီဖြစ်သော်လည်း ပုံမှန်လည်ပတ်နေခဲ့သည်။ မည်သည့်ဂြိုဟ်က သီးသန့် မည်သည့်အချိန်တွင် မည်သည့် အရပ်ကိုသွားသည်၊ မည်သည့် ဂြိုဟ်က မည်သည့်အလုပ်ကို လုပ်ပြီး မည်သည့်အချိန်တွင် လုပ်သည်၊ မည်သည့် ဂြိုဟ်က မည်သည့် ဂြိုဟ်ပတ်လမ်းကြောင်းတစ်လျှောက် လည်ပတ်သည်၊ ပြီးလျှင် မည်သည့်အချိန်တွင် ပျောက်ကွယ်သည် သို့မဟုတ် အစားထိုး ခံရသည်- ဤအရာအားလုံးသည် အမှားအယွင်း အနည်းငယ်မျှ မရှိဘဲ ဆက်ဖြစ်နေပေသည်။ ဂြိုဟ်များ၏ တည်နေရာများနှင့် ၎င်းတို့ကြားထဲက အကွာအဝေးအားလုံးက တိကျသည့် ပုံစံများကို လိုက်နာကြသည်၊ အားလုံးကို တိကျသည့်အချက်အလက်နှင့် ဖော်ပြ၍ရသည်။ ၎င်းတို့ ခရီးနှင်သည့် လမ်းကြောင်းများ တစ်လျှောက်၊ ၎င်းတို့၏ လည်ပတ်မှု မြန်နှုန်းနှင့် ပုံစံများ၊ အနေအထား အမျိုးမျိုးဖြင့်၎င်းတို့ရှိသည့်အချိန်- ဤအရာ အားလုံးကို တိကျစွာ တိုင်းတာနိုင်ပြီး အထူးနိယာမများဖြင့် ဖော်ပြနိုင်သည်။ အလွန်ရှည်လျားသည့် ကာလများစွာ ကြာဂြိုဟ်များသည် အနည်းငယ်မျှ သွေဖည်သွားခြင်းမရှိဘဲ ဤနိယာမများကို လိုက်နာခဲ့ကြသည်။ ၎င်းတို့၏ပတ်လမ်းများ သို့မဟုတ် ၎င်းတို့လိုက်နာသည့်ပုံစံများကို မည်သည့်တန်ခိုးကမျှ မပြောင်းလဲနိုင် သို့မဟုတ် မနှောင့်ယှက်နိုင်ပေ။ ၎င်းတို့၏ ရွေ့လျားမှုကို ထိန်းချုပ်သည့် အထူးနိယာမများနှင့် ၎င်းတို့ကို ဖော်ပြသည့် တိကျသည့် အချက်အလက်တို့သည် ဖန်ဆင်းရှင်၏ သြဇာအာဏာဖြင့် ကြိုတင်ပြဌာန်းပြီးဖြစ်သောကြောင့် ၎င်းတို့သည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ထိန်းချုပ်မှုအောက်တွင် ဤနိယာမများကို သူတို့ဘာသာ နာခံကြလေသည်။ ကျယ်ပြန့်သည့် ရှုထောင့်အဆင့်တွင်၊ တစ်ချို့သော ပုံစံများ၊ တစ်ချို့ အချက်အလက်များ၊ ထူးဆန်းပြီး ရှင်းပြ၍မရနိုင်သည့် အချို့သော နိယာမများ သို့မဟုတ် ဖြစ်ရပ်များကို ရှာဖွေတွေ့ရှိရန် လူသားတို့အတွက် မခက်ပေ။ လူသားတို့က ဘုရားသခင် တည်ရှိသည်ကို ဝန်မခံသကဲ့သို့၊ ဖန်ဆင်းရှင်က အရာအားလုံးကို ပြုလုပ်ပြီး အုပ်စိုးသည်ဆိုသည့်အချက်ကို လက်မခံသော်လည်း၊ ထို့အပြင် ဖန်ဆင်းရှင်၏ ဩဇာအာဏာ တည်ရှိမှုကို အသိအမှတ် မပြုသော်လည်း၊ စကြဝဠာထဲက အရာအားလုံး၏ဖြစ်တည်မှု၊ ၎င်းတို့၏လှုပ်ရှားမှုများကို သတ်မှတ်ပေးသော အခြေခံ သဘောတရားများနှင့် ပုံစံများကို ကြီးမားကျယ်ပြန့်ပြီး မမြင်နိုင်သော လျှို့ဝှက်စွမ်းအင်တစ်ခုက အုပ်စိုးကာ ထိန်းချုပ် ထားသည်ကို လူသားသိပ္ပံပညာရှင်များ၊ နက္ခတ္တဗေဒ ပညာရှင်များ နှင့် ရူပဗေဒပညာရှင်များက ပို၍ ပို၍ တွေ့ရှိနေကြ၏။ ဤလှုပ်ရှားမှုပုံစံများ၏ အလယ်၌ အရာအားလုံးကို စီစဉ်ညွှန်ကြား နေသည့် အနန္တတန်ခိုးရှင်တစ်ပါး ရှိသည်ကို ဤအချက်က လူသားကို လက်ခံစေ၏။ သူ၏တန်ခိုးသည် ထူးခြားဆန်းကြယ်ပြီး၊ သူ၏စစ်မှန်သောမျက်နှာကို မည်သူမျှ မမြင်နိုင်သော်လည်း သူသည် အရာခပ်သိမ်းကို အချိန်တိုင်းတွင် အုပ်စိုးကာ ထိန်းချုပ်၏။ မည်သည့်လူသား သို့မဟုတ် မည်သည့်အင်အားစုကမျှ သူ၏ အချုပ်အခြာအာဏာကို မကျော်လွန်နိုင်ချေ။ ဤအချက်အရ၊ အရာအားလုံး၏ဖြစ်တည်မှုကို စိုးမိုးနေသော နိယာမတို့အား လူသားတို့က မထိန်းချုပ်နိုင်၊ မည်သူကမျှ မပြောင်းလဲနိုင်သည်ကို လူသားသည် အသိအမှတ်ပြုရပေမည်။ ဤနိယာမတို့ကို လူသားတို့ အပြည့်အဝ နားမလည်နိုင်သကဲ့သို့ ၎င်းတို့သည် သဘာဝအလျောက် ဖြစ်ပေါ်နေခြင်း မဟုတ်ဘဲ အချုပ်အခြာအာဏာရှင်တစ်ဦးက သတ်မှတ်ပေးခြင်း ဖြစ်သည်ကိုလည်း ဝန်ခံရပေမည်။ ဤ အရာအားလုံးသည် ကျယ်ပြန့်သည့်အဆင့်တွင် လူသားမျိုးနွယ် သတိပြုနိုင်သည့် ဘုရားသခင်၏ သြဇာအာဏာနှင့်ဆိုင်သော ဖော်ပြချက်များ ဖြစ်သည်။
အနုစိတ် အဆင့်တွင် ကမ္ဘာမြေကြီးပေါ်၌ လူသားတို့ ရှုမြင်နိုင်သည့် တောင်များ၊ မြစ်များ၊ ကန်များ၊ ပင်လယ်များနှင့် ကုန်းမြေထုများအားလုံး၊ ၎င်းတွေ့ကြုံရသည့် ရာသီဥတုအားလုံး၊ အပင်များ၊ တိရစ္ဆာန်များ၊ အဏုဇီဝရုပ်များနှင့် လူသားများပါဝင်သည့် ကမ္ဘာမြေကြီးပေါ် နေထိုင်သည့် အရာအားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ထိန်းချုပ်မှုတို့ကို ခံရကြလေသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ထိန်းချုပ်မှုအောက်တွင် အရာအားလုံးသည် သူ၏ အကြံအစည်များနှင့်အညီ ဖြစ်တည်လာသည် သို့မဟုတ် ပျောက်ကွယ်လေသည်၊ ၎င်းတို့၏ တည်ရှိခြင်းကို ထိန်းချုပ် သည့် နိယာမများ ပေါ်ထွက်လာပြီး ၎င်းတို့သည် ထိုနိယာမများနှင့်အညီ ကြီးထွားပြီး ပွားများကြသည်။ မည်သည့်လူသားမျှ သို့မဟုတ် မည်သည့်အရာမျှ ဤနိယာမများ၏ အထက်တွင် မရှိပေ။ အဘယ်ကြောင့် ဤသို့ဖြစ်သနည်း။ တစ်ခုတည်းသောအဖြေမှာ ဤသို့ဖြစ်၏- ယင်းသည် ဘုရားသခင်၏ အခွင့်အာဏာကြောင့်ဖြစ်သည်။ သို့မဟုတ် တစ်ခြားနည်းနှင့် ပြောရလျှင် ဘုရားသခင်၏ အကြံအစည်များနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် ဖြစ်သည်။ ဘုရားသခင်ကိုယ်တိုင်၏ ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ချက်များကြောင့် ဖြစ်၏။ ဆိုလိုသည်မှာ ဤနိယာမတွေကို ဖြစ်ပေါ်စေသည်မှာ ဘုရားသခင်၏ သြဇာအာဏာနှင့် ဘုရားသခင်၏စိတ်ဖြစ်ပေသည်။ ထိုနိယာမများသည် သူ၏ အကြံအစည်များနှင့်အညီ ရွေ့ကာ ပြောင်းလဲပြီး ရွေ့ခြင်းနှင့် ပြောင်းလဲခြင်းအားလုံးသည် သူ၏ အစီအစဉ်အဖို့ဖြစ်ပေါ် သို့မဟုတ် လျော့ပါးပျောက်ကွယ်လေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)
ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ချိန်တွင် တောင်များ၊ လွင်ပြင်များ၊ ကန္တာရများ၊ တောင်ကုန်းများ၊ မြစ်များနှင့် အင်းအိုင်များအတွက် နယ်နိမိတ်များ ရေးဆွဲခဲ့သည်။ ကမ္ဘာမြေပေါ်တွင် တောင်များ၊ လွင်ပြင်များ၊ ကန္တာရများနှင့် တောင်ကုန်းများအပြင် ရေအစုအဝေးများအမျိုးမျိုး ရှိသည်။ ဤအရာများသည် မတူညီသည့် မြေပြင်အနေအထားများ ဖြစ်သည် မဟုတ်လော။ ထိုအရာများကြားတွင်၊ ဘုရားသခင်သည် နယ်နိမိတ်များ ရေးဆွဲခဲ့သည်။ နယ်နိမိတ်များ ရေးဆွဲခြင်းနှင့်ပတ်သက်၍ ငါတို့ ပြောသည့်အခါတွင်၊ ယင်းမှာ တောင်များက မိမိတို့၏ အကန့်အသတ်ဘောင်များ ရှိသည်၊ လွင်ပြင်များက မိမိတို့၏ ကိုယ်ပိုင် အကန့်အသတ်ဘောင်များ ရှိသည်၊ ကန္တာရများက နယ်နိမိတ် တချို့ရှိပြီး တောင်ကုန်းများက ပုံသေ နယ်ပယ်တစ်ခု ရှိသည်ဟု ဆိုလိုပေသည်။ မြစ်များနှင့် အင်းအိုင်များကဲ့သို့ ရေအစုအဝေးများနှင့်ဆိုင်သည့် ပုံသေပမာဏ တစ်ခုလည်း ရှိလေသည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ချိန်တွင်၊ သူသည် အရာရာတိုင်းကို ရှင်းလင်းလင်းလင်း ခွဲခြားခဲ့သည်။ သတ်မှတ်ထားသည့် မည်သည့် တောင်မဆို၏အချင်းဝက်က ကီလိုမီတာ မည်မျှရှိသင့်ပြီး ယင်း၏အတိုင်းအတာက မည်သည့်အရာ ဖြစ်သည် ဆိုသည်တို့ကို ဘုရားသခင် တွက်ချက်ထားပြီး ဖြစ်သည်။ သတ်မှတ်ထားသည့် မည်သည့် လွင်ပြင်မဆို၏ အချင်းဝက်က ကီလိုမီတာ မည်မျှရှိသင့်ပြီး၊ ယင်း၏အတိုင်းအတာက မည်သည့်အရာဖြစ်သည်ကိုလည်း သူ တွက်ချက်ပြီးဖြစ်သည်။ အရာခပ်သိမ်းကို ဖန်ဆင်းနေချိန်တွင်၊ ကန္တာရများ၏ နယ်နိမိတ်များအပြင်၊ တောင်ကုန်းများ၏ အပိုင်းအခြားနှင့် ယင်းတို့၏ အချိုးအစားများ၊ ပြီးလျှင် အဘယ်အရာဖြင့် ၎င်းတို့ကို နယ်သတ်မှတ်ထားသည် စသည်တို့ကိုလည်း သူ တွက်ချက်ခဲ့သည်- ဤအရာ အားလုံးကို သူက ချမှတ်ထားခဲ့ခြင်းဖြစ်သည်။ မြစ်များနှင့် အင်းအိုင်များ၏ အပိုင်းအခြားကို ၎င်းတို့အား ဖန်ဆင်းခြင်း လုပ်ဆောင်ချက်အတွင်းတွင် သူ တွက်ချက်ခဲ့သည်- ၎င်းတို့အားလုံးသည် ၎င်းတို့၏ ကိုယ်ပိုင် နယ်နိမိတ်များ ရှိကြသည်။ သို့ဆိုလျှင် “နယ်နိမိတ်များ” ဟု ငါတို့ ပြောဆိုသည့်အခါတွင် အဘယ်အရာကို ဆိုလိုသနည်း။ အရာခပ်သိမ်းအတွက် နိယာမများကို တည်ထောင်ခြင်းအားဖြင့် ဘုရားသခင်က အရာခပ်သိမ်းအပေါ် မည်သို့ အုပ်စိုးကြောင်းကို ငါတို့ ခုတင် ဆွေးနွေးခဲ့ကြသည်။ ဆိုလိုသည်မှာ တောင်များ၏ အပိုင်းအခြားနှင့် နယ်နိမိတ်များသည် ကမ္ဘာ၏လည်ပတ်မှုကြောင့် သို့မဟုတ် အချိန်ကုန်လွန်မှုကြောင့် တိုးချဲ့သွားလိမ့်မည်မဟုတ်၊ သို့မဟုတ် လျော့သွားလိမ့်မည်မဟုတ်ပေ။ ၎င်းတို့သည် ပုံသေဖြစ်၏၊ မပြောင်းလဲကြသကဲ့သို့ ၎င်းတို့၏ မပြောင်းလဲနိုင်ခြင်းကို ချမှတ်သူမှာ ဘုရားသခင် ဖြစ်သည်။ လွင်ပြင်များ၏ ဧရိယာများ အတွက်မူ၊ ၎င်းတို့၏ အပိုင်းအခြားက အဘယ်အရာ ဖြစ်သည်၊ ၎င်းတို့ကို အဘယ်အရာနှင့် နယ်သတ်မှတ်ထားသည်- ဤအရာကို ဘုရားသခင်က ချမှတ်ထားပြီးဖြစ်သည်။ ၎င်းတို့သည် နယ်နိမိတ်များ ရှိကြပြီး၊ ယင်းမှာ မြေကြီး၏ တောင်ပူစာတစ်ခုသည် လွင်ပြင်တစ်ခု၏ မြေပြင်မှ ကြုံရာကျပန်း ပေါ်ထွက်လာဖို့ မဖြစ်နိုင်သကဲ့သို့ ဖြစ်သည်။ လွင်ပြင်သည် ရုတ်တရက် တောင်အဖြစ် ပြောင်းမသွားနိုင်ပေ- ဤသည် ဖြစ်နိုင်မည်မဟုတ်ပေ။ ဤသည်မှာ ယခုတင် ငါတို့ ပြောခဲ့သည့် နိယာမများနှင့် နယ်နိမိတ်များ၏ အဓိပ္ပာယ် ဖြစ်သည်။ ကန္တာရအတွက်မူ၊ သဲကန္တာရ၏ တိကျသည့် အသုံးဝင်မှုများ သို့မဟုတ် အခြားမြေအနေအထား အမျိုးအစား သို့မဟုတ် ပထဝီဝင်ဆိုင်ရာ နေရာကို ဤနေရာ၌ ငါတို့ ပြောမည်မဟုတ်ဘဲ၊ ၎င်းတို့၏ နယ်နိမိတ်များကိုသာ ပြောမည် ဖြစ်သည်။ ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် ကန္တာရ၏ အကန့်အသတ်များသည်လည်း ကျယ်လာလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ယင်းအား သူ၏နိယာမ၊ သူ၏အကန့်အသတ်များကို ပေးထားပြီး ဖြစ်သောကြောင့် ဖြစ်သည်။ သူ၏နေရာက မည်မျှကြီးမားပြီး၊ သူ၏ အသုံးဝင်မှုက အဘယ်အရာဖြစ်သည်၊ အဘယ်အရာနှင့် နယ်သတ်မှတ်ထားပြီး၊ အဘယ်အရပ်၌ ရှိသည်- ဤအရာကို ဘုရားသခင်က ချမှတ်ထားနှင့်ပြီး ဖြစ်သည်။ ယင်းသည် သူ၏အကန့်အသတ်များကို ကျော်လွန်မည် မဟုတ်၊ သို့မဟုတ် ယင်း၏အနေအထားကို ပြောင်းမည်မဟုတ်သကဲ့သို့ ယင်း၏ နယ်မြေသည် ထင်ရာမြင်ရာ ချဲ့ထွင်လိမ့်မည်မဟုတ်ပေ။ မြစ်များနှင့် အင်းအိုင်များကဲ့သို့ ရေများ၏ စီးဆင်းမှုများသည် စနစ်တကျဖြစ်ပြီး အဆက်မပြတ် ဖြစ်သော်လည်း၊ ၎င်းတို့၏ အပိုင်းအခြား သို့မဟုတ် ၎င်းတို့၏ နယ်နိမိတ်များကို ကျော်လွန်၍ မည်သည့်အခါမျှ လှုပ်ရှားကြလိမ့်မည်မဟုတ်ပေ။ ၎င်းတို့အားလုံးသည် စနစ်ကျသည့် ပုံစံတစ်ခုတွင် ၎င်းတို့ စီးဆင်းရမည့် လမ်းကြောင်းတစ်ခုဖြင့် စီးဆင်းကြလေသည်။ ထို့ကြောင့် ဘုရားသခင်၏ အုပ်စိုးမှု နိယာမများအောက်တွင် မည်သည့် မြစ်များ သို့မဟုတ် အင်းအိုင်များကမျှ အကြောင်းမဲ့ ခြောက်သွေ့သွားလိမ့်မည်မဟုတ် သို့မဟုတ် ကမ္ဘာမြေ၏ လည်ပတ်ခြင်း သို့မဟုတ် အချိန်ကုန်လွန်ခြင်းကြောင့် ၎င်း၏ စီးဆင်းရာ ဦးတည်ချက် သို့မဟုတ် ပမာဏကို အကြောင်းမဲ့ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ ဤအရာအားလုံးသည် ဘုရားသခင်၏ လက်အတွင်းတွင် ရှိသည်။ ဆိုလိုသည်မှာ ဤလူသားမျိုးနွယ်အလယ် ဘုရားသခင် ဖန်ဆင်းခဲ့သည့် အရာခပ်သိမ်းသည် ၎င်းတို့၏ သတ်မှတ်ထားသည့် နေရာများ၊ ဧရိယာများနှင့် အကန့်အသတ်များ ရှိကြသည်။ ယင်းမှာ၊ ဘုရားသခင်က အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ချိန်တွင်၊ ယင်းတို့၏ နယ်နိမိတ်များကို ထူထောင်ခဲ့ပြီး၊ ယင်းတို့သည် အကြောင်းမဲ့ မပြင်နိုင်၊ အသစ်မလဲနိုင်သကဲ့သို့ မပြောင်းလဲနိုင်ပေ။ “အကြောင်းမဲ့” ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းသည် ၎င်းတို့သည် ရာသီဥတု၊ အပူချိန် သို့မဟုတ် ကမ္ဘာ၏လည်ပတ်မှုနှုန်းတို့ကြောင့် ၎င်းတို့၏မူလနဂိုပုံစံကို ကြုံရာကျပန်း ရွှေ့ခြင်း၊ ချဲ့ခြင်း သို့မဟုတ် ပြောင်းလဲခြင်း ဖြစ်မည်မဟုတ်ဟု ဆိုလိုသည်။ ဥပမာအားဖြင့်၊ တောင်တစ်လုံးသည် အမြင့်တစ်ခု ရှိသည်၊ အောက်ခြေက သူ့နေရာနှင့်သူရှိသည်၊ သူ၏ ပင်လယ်ရေမျက်နှာပြင်အမြင့် တစ်ခုရှိပြီး အပင်ပမာဏတစ်ခု ရှိလေသည်။ ဤအရာအားလုံးကို ဘုရားသခင် စီစဉ်ထားပြီး၊ တွက်ချက်ခဲ့ခြင်းဖြစ်ကာ ယင်းသည် အကြောင်းမဲ့ ပြောင်းလဲသွားလိမ့်မည် မဟုတ်ပေ။ လွင်ပြင်များ အတွက်မူ လူအများစုသည် လွင်ပြင်များတွင် နေထိုင်ကြပြီး မည်သည့် ရာသီဥတု ပြောင်းလဲမှုကမျှ ၎င်းတို့၏ နယ်ပယ် သို့မဟုတ် ၎င်းတို့တည်ရှိမှု၏ တန်ဖိုးကို သက်ရောက်မှု ရှိမည်မဟုတ်ပေ။ ဘုရားသခင် ဖန်ဆင်းခဲ့သည့် ဤမြေအနေအထား အမျိုးမျိုးနှင့် ပထဝီဆိုင်ရာ ပတ်ဝန်းကျင်များအတွင်း ပါရှိသည့် အရာများသည်ပင် အကြောင်းမဲ့ ပြောင်းလဲလိမ့်မည်မဟုတ်ပေ။ ဥပမာအားဖြင့်၊ ကန္တာရ၏ ပေါင်းစပ်ဖွဲ့စည်းမှု၊ မြေအောက်က တွင်းထွက်ပစ္စည်း အမျိုးအစားများ၊ ကန္တာရတစ်ခုတွင် ပါဝင်သည့် သဲပမာဏနှင့် သဲ၏အရောင်၊ ကန္တာရ၏ သိပ်သည်းမှု- ဤအရာများသည် အကြောင်းမဲ့ ပြောင်းလဲလိမ့်မည်မဟုတ်ပေ။ ၎င်းတို့ အကြောင်းမဲ့ ပြောင်းလဲလိမ့်မည် မဟုတ်သည်မှာ အဘယ်ကြောင့်နည်း။ ယင်းမှာ ဘုရားသခင်၏ အုပ်စိုးမှုနှင့် သူ၏ စီမံခန့်ခွဲမှုကြောင့် ဖြစ်သည်။ ဘုရားသခင် ဖန်ဆင်းခဲ့သည့် ဤမတူညီသော မြေပြင်အနေအထားများနှင့် ပထဝီဆိုင်ရာ ပတ်ဝန်းကျင်အားလုံးအတွင်းတွင်၊ ဘုရားသခင်သည် စီစဉ်ထားကာ စနစ်တကျရှိသည့် နည်းလမ်းတစ်ရပ်ဖြင့် အရာရာတိုင်းကို စီမံခန့်ခွဲနေသည်။ ထို့ကြောင့် ဤပထဝီဆိုင်ရာ ပတ်ဝန်းကျင်တို့သည် ဘုရားသခင်၏ ဖန်ဆင်းခြင်း ခံရပြီးနောက်တွင် နှစ်ပေါင်း ထောင်သောင်းချီပင် တည်ရှိနေကြဆဲဖြစ်ကာ ၎င်းတို့၏ လုပ်ငန်းဆောင်တာများကို ထမ်းဆောင်နေကြဆဲ ဖြစ်သည်။ မီးတောင်များ ပေါက်ကွဲသည့်အချိန်နှင့် ငလျင်များ ဖြစ်ပွားသည့် အချိန်ကာလများ တချို့ရှိပြီး၊ ကြီးမားသည့် ကုန်းမြေရွေ့ပြောင်းမှုများ ရှိသော်လည်း၊ ဘုရားသခင်သည် မည်သည့် မြေအနေအထားမျိုးကိုမျှ ယင်း၏ နဂို လုပ်ငန်းဆောင်တာများကို လုံးဝ ဆုံးရှုံးခွင့်ပေးမည်မဟုတ်ပေ။ ဤအရာအားလုံး- လူသားမျိုးနွယ်က တွေ့မြင်ပြီး မွေ့လျော်ခံစားရသည့် ဤအရာအားလုံး- ကမ္ဘာမြေပေါ်တွင် စနစ်ကျသည့်ပုံစံတစ်ခုဖြင့် ရှင်သန်နိုင်သည်မှာ ဤနိယာမများအပေါ် ဘုရားသခင်၏ ဤစီမံခန့်ခွဲမှု၊ သူ၏ အုပ်စိုးမှုနှင့် ထိန်းချုပ်မှုတို့ကြောင့်သာ ဖြစ်ပေသည်။ သို့ဆိုလျှင် ဘုရားသခင်သည် ကမ္ဘာမြေပေါ် တည်ရှိသည့် ဤမြေအနေအထား အမျိုးမျိုးအားလုံးကို အဘယ်ကြောင့် ဤနည်းလမ်းဖြင့် စီမံခန့်ခွဲသနည်း။ သူ၏ ရည်ရွယ်ချက်မှာ ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင် အမျိုးမျိုးတွင် ရှင်သန်သည့် သက်ရှိသတ္တဝါများ အားလုံးသည် တည်ငြိမ်သည့် ပတ်ဝန်းကျင်တစ်ခုကို ရရှိကြဖို့အလို့ငှာနှင့် ထိုတည်ငြိမ်သည့် ပတ်ဝန်းကျင်တစ်ခုအတွင်းတွင် ၎င်းတို့ ဆက်လက် အသက်ရှင်ကာ တိုးပွားနိုင်ကြဖို့အလို့ငှာ ဖြစ်သည်။ ရွှေ့ပြောင်းနိုင်သည့် အရာများနှင့် မရွှေ့ပြောင်းနိုင်သည့် အရာများ၊ မိမိတို့၏ နှာခေါင်းပေါက်များမှတစ်ဆင့် အသက်ရှူသည့်အရာများနှင့် မရှူသည့်အရာများ— ဤအရာများအားလုံးသည် လူသားမျိုးနွယ်၏ ရှင်သန်ရေးအတွက် တစ်မူထူးခြားသည့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးကြလေသည်။ ဤသို့သော ပတ်ဝန်းကျင်မျိုးသည်သာ လူသားများ၏ မျိုးဆက် တစ်ဆက်ပြီး တစ်ဆက်ကို ပြုစုပျိုးထောင်နိုင်ပြီး ဤသို့သော ပတ်ဝန်းကျင်မျိုးကသာ လူသားများကို မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ငြိမ်းချမ်းစွာ ဆက်လက် ရှင်သန်စေနိုင်ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၉)
ဘုရားသခင် ဖန်ဆင်းခဲ့သည့် အရာခပ်သိမ်းသည်- တစ်နေရာထဲတွင် ၎င်းတို့ ပုံသေသတ်မှတ်ခံရသည်ဖြစ်စေ၊ သို့မဟုတ် မိမိတို့၏ နှာခေါင်းပေါက်များမှတစ်ဆင့် အသက်ရှူနိုင်သည်ဖြစ်စေ၊ အသက်မရှူနိုင်သည်ဖြစ်စေ- ရှင်သန်မှုအတွက် မိမိတို့၏ ကိုယ်ပိုင် နိယာမများရှိသည်ကို သင်တို့အား နားလည်စေရန်ဖြစ်သည်။ ဤသက်ရှိသတ္တဝါများကို ဘုရားသခင် မဖန်ဆင်းမီ အချိန်ကြာမြင့်စွာကတည်းက၊ ဘုရားသခင်သည် ရှင်သန်မှုအတွက် ၎င်းတို့၏ ကိုယ်ပိုင် နေအိမ်နှင့် ၎င်းတို့၏ ကိုယ်ပိုင်ပတ်ဝန်းကျင်ကို ၎င်းတို့အတွက် ပြင်ဆင်နှင့်ခဲ့ပြီး ဖြစ်သည်။ ဤသက်ရှိသတ္တဝါများသည် ရှင်သန်မှုအတွက် ၎င်းတို့၏ သတ်မှတ်ထားသည့် ကိုယ်ပိုင် ပတ်ဝန်းကျင်၊ ၎င်းတို့၏ ကိုယ်ပိုင်အစားအစာနှင့် ၎င်းတို့၏ သတ်မှတ်ထားသည့် ကိုယ်ပိုင် နေအိမ်များရှိကြပြီး၊ ၎င်းတို့၏ ရှင်သန်မှုအတွက် သင့်တော်သော သတ်မှတ်ထားသည့် ကိုယ်ပိုင်နေရာများ၊ ၎င်းတို့၏ ရှင်သန်မှုအတွက် သင့်တော်သည့် အပူချိန်များရှိသည့် နေရာများ ရှိခဲ့ကြသည်။ ထိုသို့ဖြင့် ၎င်းတို့သည် မည်သည့်လမ်းကိုမဆို ဟိုဟိုသည်သည် လှည့်လည်သွားလာခြင်း သို့မဟုတ် လူသားမျိုးနွယ်၏ ရှင်သန်မှုကို ထိခိုက်ခြင်း သို့မဟုတ် လူတို့၏ ဘဝများကို သက်ရောက်စေခြင်းတို့ ပြုမည်မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်က ရှင်သန်မှုအတွက် အကောင်းဆုံးသော ပတ်ဝန်းကျင်ကို လူသားမျိုးနွယ်အတွက် ထောက်ပံ့ပေးရင်း၊ အရာအားလုံးကို စီမံခန့်ခွဲသည့်ပုံ ဖြစ်သည်။ အရာခပ်သိမ်း အတွင်းရှိ သက်ရှိသတ္တဝါအသီးသီးသည် ရှင်သန်မှုအတွက် ၎င်းတို့၏ ကိုယ်ပိုင် ပတ်ဝန်းကျင်များ အတွင်းတွင် ၎င်းတို့၏ကိုယ်ပိုင် အသက်ကို အားဖြည့်ပေးသည့် အစားအစာ ရှိကြသည်။ ထိုအစားအစာများနှင့်အတူ၊ ၎င်းတို့သည် ရှင်သန်မှုအတွက် ၎င်းတို့၏ ဇာတိပတ်ဝန်းကျင်ဖြင့် ဆက်သွယ်မှု ရှိပေသည်။ ထိုပတ်ဝန်းကျင်မျိုးတွင်၊ ၎င်းတို့သည် ဘုရားသခင်က သူတို့အတွက် ချမှတ်ခဲ့သည့် နိယာမများနှင့်အညီ ဆက်လက် ရှင်သန်၊ တိုးပွားကာ ရှေ့ဆက်ကြလေသည်။ ဤနိယာမ အမျိုးအစားများကြောင့်၊ ဘုရားသခင်၏ ကြိုတင်ပြဌာန်းခြင်းကြောင့်၊ အရာခပ်သိမ်းသည် လူသားမျိုးနွယ်နှင့် သဟဇာတဖြစ်ခြင်းဖြင့် ရှင်သန်ပြီး လူသားမျိုးနွယ်သည် အရာခပ်သိမ်းနှင့်အတူ အပြန်အလှန် မှီခိုခြင်းဖြင့် အတူတကွ ယှဉ်တွဲနေထိုင်လေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၉)
ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ချိန်တွင် ယင်းတို့ကို ဟန်ချက်ညီစေရန်၊ တောင်များနှင့် အင်းအိုင်များ၊ အပင်များနှင့် တိရစ္ဆာန်မျိုးစုံ၊ ငှက်များနှင့် ပိုးမွှားများ၏ အသက်ရှင်သန်မှု အခြေအနေများကို ဟန်ချက်ညီစေရန် နည်းစနစ် မျိုးစုံကို အသုံးပြုခဲ့သည်။ သူ၏ ရည်မှန်းချက် ပန်းတိုင်မှာ သူထူထောင်ခဲ့သည့် နိယာမများအောက်တွင် သက်ရှိသတ္တဝါ မျိုးစုံကို ရှင်သန်နေထိုင်ပြီး ပွားများခွင့်ပေးရန် ဖြစ်သည်။ ဖန်ဆင်းခြင်း အရာများထဲမှ မည်သည့်အရာမျှ ဤနိယာမများ၏ အပြင်ဘက်သို့ သွား၍ မရနိုင်သကဲ့သို့၊ ဤနိယာမများကို ချိုးဖောက်၍ မရနိုင်ပေ။ ဤအခြေခံ ပတ်ဝန်းကျင် အမျိုးအစား အတွင်းတွင်သာ လူသားများသည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဘေးကင်းစွာနှင့် ပွားများစွာ ရှင်သန်နိုင်ပေသည်။ မည်သည့် သက်ရှိသတ္တဝါမဆိုသည် ဘုရားသခင် ထူထောင်ထားသည့် အရေအတွက် သို့မဟုတ် နယ်ပယ်ကို ကျော်သွားပါက၊ သို့မဟုတ် သူ ချမှတ်သည့် ကြီးထွားမှုနှုန်း၊ မျိုးပွားမှု အကြိမ်ရေ သို့မဟုတ် အရေအတွက်ကို ကျော်လွန်ပါက၊ လူသားမျိုးနွယ်၏ ရှင်သန်မှု အတွက် ပတ်ဝန်းကျင်သည် ပျက်စီးမှု အဆင့်အမျိုးမျိုးကို ခံစားရပါပေမည်။ ပြီးလျှင် တစ်ချိန်တည်းတွင်၊ လူသားမျိုးနွယ်၏ ရှင်သန်မှုသည် ခြိမ်းခြောက် ခံရပေမည်။ သက်ရှိသတ္တဝါ အမျိုးအစား တစ်ခုက အရေအတွက် အလွန်များလျှင်၊ လူများ၏ အစားအစာကို လုယက်လိမ့်မည်၊ လူများ၏ ရေ အရင်းအမြစ်များကို ဖျက်ဆီးလိမ့်မည် ဖြစ်ပြီး၊ ၎င်းတို့၏ မွေးရပ်မြေများကို ဖျက်ဆီးကြလိမ့်မည်။ ထိုသို့ဖြင့် လူသားမျိုးနွယ်၏ မျိုးပွားမှု သို့မဟုတ် ရှင်သန်မှု အခြေအနေသည် ချက်ချင်း ထိခိုက်ခံရပေမည်။ ဥပမာအားဖြင့်၊ ရေသည် အရာအားလုံးအတွက် အလွန် အရေးကြီး၏။ ကြွက်များ၊ ပုရွက်ဆိတ်များ၊ ကျိုင်းကောင်များနှင့် ဖားများ သို့မဟုတ် အခြားတိရစ္ဆာန်အမျိုးအစားတစ်ခုတစ်လေသည် အလွန်များပါက၊ ရေကို ပိုသောက်ကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့ သောက်သုံးသည့် ရေပမာဏ တိုးပွားလာသည်နှင့်အမျှ၊ သတ်မှတ်ထားသည့် သောက်ရေ အရင်းအမြစ် နယ်ပယ်နှင့် ရေ ပါဝင်သည့်နေရာများအတွင်းရှိ လူများ၏ သောက်သုံးရေနှင့် ရေ အရင်းအမြစ်များ လျော့ကျလိမ့်မည် ဖြစ်ပြီး၊ ၎င်းတို့သည် ရေ ပြတ်လပ်မှုများကို တွေ့ကြုံကြရလိမ့်မည်။ တိရစ္ဆာန်မျိုးစုံ၏ အရေအတွက် တိုးမြင့်လာခြင်းကြောင့်၊ လူများ၏ သောက်သုံးရေသည် ဖျက်ဆီးခံရပါက၊ ညစ်ညမ်းသွားပါက၊ သို့မဟုတ် ပြတ်တောက်သွားပါက၊ ရှင်သန်မှုအတွက် ထိုခက်ခဲကြမ်းတမ်းသည့် ပတ်ဝန်းကျင်မျိုး အောက်တွင် လူသားမျိုးနွယ်၏ ရှင်သန်မှုသည် ဆိုးရွားစွာ ခြိမ်းခြောက်ခံရလိမ့်ည် ဖြစ်သည်။ သက်ရှိသတ္တဝါများ၏ အမျိုးအစားတစ်မျိုးသာ သို့မဟုတ် အမျိုးအစား အချို့သည် ၎င်းတို့၏သင့်တော်သည့် အရေအတွက်ကို ကျော်လွန်သွားပါက၊ ရှင်သန်မှုအတွက် လူသားမျိုးနွယ်၏ နေရာအတွင်းရှိ လေ၊ အပူချိန်၊ အစိုဓာတ်နှင့် လေထု ဖွဲ့စည်းမှုပင်လျှင် အဆိပ်သင့်လိမ့်မည်ဖြစ်ပြီး အဆင့်အမျိုးမျိုးအထိ ဖျက်ဆီးခံရလိမ့်မည်။ ဤအခြေအနေများအောက်တွင်၊ လူသားတို့၏ ရှင်သန်မှုနှင့် ကံကြမ္မာသည် ဤဂေဟစနစ်ဆိုင်ရာ အကြောင်းရင်းများက ဖြစ်ပေါ်စေသည့် ခြိမ်းခြောက်မှုများကိုလည်း ခံရလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် ဤဟန်ချက်ညီမှုများ ဆုံးရှုံးသွားပါက၊ လူတို့ အသက်ရှူသည့်လေသည် ပျက်စီးလိမ့်မည်၊ ၎င်းတို့သောက်သည့်ရေ ညစ်ညမ်းလိမ့်မည် ဖြစ်ကာ၊ ၎င်းတို့လိုအပ်သည့် အပူချိန်သည်လည်း ပြောင်းလဲသွားလိမ့်မည် ဖြစ်ကာ၊ အဆင့်အမျိုးမျိုးထိ ထိခိုက်ခံရပေလိမ့်မည်။ ထိုအရာဖြစ်ပါက လူသားမျိုးနွယ်နှင့် ပင်ကိုအားဖြင့် သက်ဆိုင်သည့် ရှင်သန်မှုအတွက် ပတ်ဝန်းကျင်များသည် အလွန် ကြီးမားသည့် ထိခိုက်မှုများနှင့် စိန်ခေါ်မှုများကို ခံရလိမ့်မည် ဖြစ်သည်။ လူသားတို့၏ ရှင်သန်မှုအတွက် အခြေခံ ပတ်ဝန်းကျင် ဖျက်ဆီးခံရပြီးဖြစ်သည့် ဤဖြစ်ရပ်မျိုးတွင်၊ လူသားမျိုးနွယ်၏ ကံကြမ္မာနှင့် ရှေ့ရေးသည် မည်သည့်အရာ ဖြစ်မည်နည်း။ ဤသည်မှာ အလွန် အရေးကြီးသည့် ပြဿနာ တစ်ခု ဖြစ်သည်။ လူသားမျိုးနွယ်အတွက် ဖန်ဆင်းခြင်း အရာအသီးသီးသည် မည်သည့် အကြောင်းရင်းအတွက် တည်ရှိရသည်၊ သူ ဖန်ဆင်းခဲ့သည့် အမှုအရာ အမျိုးအစားတိုင်းက မည်သည့် အခန်းကဏ္ဍ ရှိကြသည်၊ အမှုအရာ အသီးသီးက လူသားမျိုးနွယ်အပေါ် မည်သည့် သက်ရောက်မှုမျိုးရှိပြီး၊ မည်သည့် အဆင့်ထိ ယင်းက လူသားမျိုးနွယ်အတွက် အကျိုးပြုသည်ကို ဘုရားသခင် သိသည့်အတွက်ကြောင့်၊ ဘုရားသခင်၏ စိတ်နှလုံးထဲတွင် ဤအရာ အားလုံးအတွက် အစီအစဉ် တစ်ခုရှိပြီး သူ ဖန်ဆင်းခဲ့သည့် အမှုအရာ အားလုံး၏ သွင်ပြင်လက္ခဏာ တစ်ခုစီတိုင်းကို သူ စီမံသောကြောင့်၊ ယင်းမှာ သူ လုပ်ဆောင်သည့် အမှုအရာ တစ်ခုစီတိုင်းသည် လူသားမျိုးနွယ်အတွက် အလွန် အရေးကြီးရသည့် အကြောင်းရင်း ဖြစ်သည်။ ထို့ကြောင့် ယခုမှစ၍၊ ဘုရားသခင်၏ ဖန်ဆင်းခြင်း အရာအားလုံးထဲတွင် ဂေဟစနစ်ဆိုင်ရာ ဖြစ်ရပ်အချို့ သို့မဟုတ် ဘုရားသခင်၏ ဖန်ဆင်းခြင်း အရာများထဲတွင် သဘာဝနိယာမ အချို့ အလုပ်လုပ်သည်ကို သင် သတိပြုမိသည့်အခါတိုင်းတွင်၊ ဘုရားသခင် ဖန်ဆင်းခဲ့သည့် အရာ တစ်ခုစီတိုင်း၏ လိုအပ်မှုနှင့်ပတ်သက်၍ သင်သည် သံသယဖြစ်လိမ့်မည် မဟုတ်တော့ပေ။ အရာခပ်သိမ်းနှင့်ဆိုင်သည့် ဘုရားသခင်၏ စီမံခန့်ခွဲမှုများနှင့် လူသားမျိုးနွယ်အတွက် သူ၏ ထောက်ပံ့ခြင်း နည်းလမ်း အမျိုးမျိုးတို့ကို ထင်ရာမြင်ရာ ဝေဖန်အကဲဖြတ်မှုများ ပြုလုပ်ရန် မသိနားမလည်သည့် စကားများကို သင် အသုံးပြုတော့မည် မဟုတ်ပေ။ သူ၏ ဖန်ဆင်းခြင်း အရာအားလုံးအတွက် ဘုရားသခင်၏ နိယာမများနှင့်ပတ်သက်၍ ထင်ရာမြင်ရာ ကောက်ချက်ချခြင်းများလည်း သင် ပြုလိမ့်မည် မဟုတ်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၉)
ဝိညာဉ်လောက၏ တည်ရှိခြင်းသည် လူသားမျိုးနွယ်၏ ရုပ်ဝတ္ထုလောကနှင့် ခွဲခြား၍မရအောင် ဆက်စပ်နေသည်။ ယင်းသည် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အုပ်စိုးမှုထဲက လူသား၏ ရှင်ခြင်းနှင့် သေခြင်းသံသရာတွင် အဓိကအခန်းကဏ္ဍတစ်ခုကို ဆောင်ရွက်သည်။ ဤသည်မှာ ယင်း၏အခန်းကဏ္ဍဖြစ်ပြီး၊ ဤသည်မှာ ယင်း၏တည်ရှိခြင်းက အရေးကြီးရသည့် အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်။ ယင်းသည် အာရုံငါးပါးအဖို့ မသိသာသောနေရာတစ်ခုဖြစ်သောကြောင့်၊ ဝိညာဉ်လောက တည်ရှိသည်၊ မတည်ရှိသည်ကို မည်သူမျှ တိကျစွာ အကဲမဖြတ်နိုင်ပေ။ ယင်း၏ အမျိုးမျိုးသော အင်အားများသည် လူသား တည်ရှိမှုနှင့် အတွင်းကျကျ ဆက်စပ်နေသည်၊ ယင်း၏ အကျိုးဆက်အနေဖြင့် လူသားမျိုးနွယ်၏ အသက်တာ စနစ်ကျမှုသည် ဝိညာဉ်လောကအားဖြင့် ကြီးမားစွာ လွှမ်းမိုး ခံရလေသည်။ ဤသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာ ပါဝင်သလော မပါဝင်သလော။ ပါဝင်ပါသည်။ ဤအရာကို ငါပြောသောအခါ၊ ဤအကြောင်းအရာကို ငါအဘယ်ကြောင့် ဆွေးနွေးနေသည်ကို သင်တို့နားလည်ကြ၏။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် ယင်းသည် ဘုရားသခင်၏ အချုပ်အခြာ အာဏာအပြင်၊ သူ၏စီမံအုပ်ချုပ်မှုတို့နှင့် သက်ဆိုင်သောကြောင့် ဖြစ်သည်။ လူတို့အဖို့ မြင်၍မရနိုင်သည့်- ဤကဲ့သို့သော လောကတစ်ခုတွင်၊ ယင်း၏ ကောင်းကင်ဘုံနှင့်ဆိုင်သော အမိန့်ပြန်တမ်း၊ အမိန့်နှင့် စီမံအုပ်ချုပ်မှုစနစ်တို့သည် ရုပ်ဝတ္ထုလောကနှင့်ဆိုင်သော မည်သည့်နိုင်ငံမဆို၏ ဥပဒေများနှင့် စနစ်တိုင်းထက် များစွာသာလွန်ပြီး၊ ဤလောက၌ အသက်ရှိနေသည့် မည်သည့်သတ္တဝါကမျှ ယင်းတို့ကို ဆန့်ကျင်ဝံ့မည်မဟုတ် သို့မဟုတ် ချိုးဖောက်ဝံ့မည် မဟုတ်ပေ။ ဤအရာက ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီမံအုပ်ချုပ်မှုတို့နှင့် ဆက်စပ်သလော။ ဝိညာဉ်လောကတွင်၊ ရှင်းလင်းသည့် စီမံအုပ်ချုပ်မှုဆိုင်ရာ အမိန့်များ၊ ရှင်းလင်းသည့် ကောင်းကင်ဘုံနှင့်ဆိုင်သော အမိန့်ပြန်တမ်းများနှင့် ရှင်းလင်းသော ပြဋ္ဌာန်းချက်များ ရှိ၏။ ကွဲပြားသောအဆင့်များနှင့် အမျိုးမျိုးသော နယ်ပယ်များတွင်၊ အခြွေအရံများသည် ကောင်းကင်ဘုံနှင့် သက်ဆိုင်သော အမိန့်ပြန်တမ်းတစ်ရပ်ကို ချိုးဖောက်ခြင်း၏အကျိုးဆက်က မည်သည့်အရာဖြစ်သည်ကို ၎င်းတို့သိကြသည့်အတွက်၊ ၎င်းတို့၏တာဝန်များကို တင်းကျပ်စွာ လိုက်နာစောင့်ထိန်းကြပြီး စည်းမျဉ်းနှင့် စည်းကမ်းများကို လိုက်နာကြသည်။ ဘုရားသခင်က ဆိုးယုတ်သူကို မည်သို့ အပြစ်ပေးပြီး၊ ကောင်းသူကို မည်သို့ ဆုလာဘ်ချီးမြှင့်သည်၊ ပြီးလျှင် အရာခပ်သိမ်းအပေါ် သူ မည်သို့စီမံအုပ်ချုပ်ကာ အုပ်စိုးသည်ကို ၎င်းတို့ ရှင်းလင်းစွာသိကြလေသည်။ ထို့အပြင် သူသည် ကောင်းကင်ဘုံနှင့်သက်ဆိုင်သော အမိန့်ပြန်တမ်းများနှင့် ပြဋ္ဌာန်းချက်များကို မည်သို့ ဆောင်ရွက်သည်ကို ၎င်းတို့ ရှင်းလင်းစွာ မြင်ကြလေသည်။ ဤသည်တို့သည် လူသားမျိုးနွယ်တို့ နေထိုင်သော ရုပ်ဝတ္ထုလောကနှင့် ကွဲပြားသလော။ ဧကန်အမှန် ကြီးမားစွာ ကွဲပြားပေသည်။ ဝိညာဉ်လောကသည် ရုပ်ဝတ္ထုလောကနှင့် လုံးဝကွဲပြားသော လောကတစ်ခုဖြစ်၏။ ကောင်းကင်ဘုံနှင့် သက်ဆိုင်သော အမိန့်ပြန်တမ်းများနှင့် ပြဋ္ဌာန်းချက်များ ရှိသည့်အတွက်၊ ဤအရာက ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ စီမံအုပ်ချုပ်မှု၊ ထို့အပြင် သူ၏စိတ်သဘောထားအပြင်၊ သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို ခြုံငုံပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)
သူသည် ဝိညာဉ်လောကတွင် ကောင်းကင်ဘုံနှင့်သက်ဆိုင်သော အမိန့်ပြန်တမ်းများ၊ အမိန့်များနှင့် စနစ်များ အမျိုးမျိုးကို ထူထောင်ပြီးဖြစ်ကာ၊ ဤအရာများကို ကြောငြာပြီးသည်နှင့် တစ်ပြိုင်နက်၊ ယင်းတို့ကို ဘုရားသခင် သတ်မှတ်ထားသည့်အတိုင်း ဝိညာဉ်လောကရှိ တရားဝင် ရာထူးအမျိုးမျိုးတွင် ရှိသော သတ္တဝါများက အလွန်တင်းကျပ်စွာ ဆောင်ရွက်ကြပြီး၊ ယင်းတို့ကို မည်သူကမျှ မချိုးဖောက်ဝံ့ကြပေ။ ထို့ကြောင့် လူ့လောကရှိ လူသားမျိုးနွယ်၏ ရှင်ခြင်းနှင့်သေခြင်း သံသရာ၌၊ တစ်စုံတစ်ဦးသည် တိရစ္ဆာန်တစ်ကောင်အဖြစ် ဝင်စားသည်ဖြစ်စေ၊ လူသားတစ်ဦးအဖြစ် ဝင်စားသည်ဖြစ်စေ၊ နှစ်ခုလုံးအတွက် ဥပဒေများရှိ၏။ ဤဥပဒေများသည် ဘုရားသခင်ထံမှ လာသောကြောင့်၊ မည်သူမျှ မချိုးဖောက်ဝံ့ကြသကဲ့သို့ မည်သူမျှ ချိုးဖောက်နိုင်ခြင်းလည်း မရှိပေ။ လူတို့ မြင်ရသည့် ရုပ်ဝတ္ထုလောကသည် ပုံမှန်ဖြစ်ကာ စနစ်တကျ ရှိသည်မှာ ဘုရားသခင်၏ ဤအချုပ်အခြာ အာဏာကြောင့်နှင့် ထိုသို့သော ဥပဒေများ တည်ရှိသောကြောင့်သာ ဖြစ်သည်။ လူသားများသည် ၎င်းတို့အဖို့ လုံးဝ မြင်၍မရနိုင်သည့် အခြားလောကနှင့်အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ တည်ရှိနိုင်ပြီး ယင်းနှင့်အတူ သဟဇာတဖြစ်စွာ အသက်ရှင်နိုင်သည်မှာ ဘုရားသခင်၏ ဤအချုပ်အခြာ အာဏာကြောင့်သာ ဖြစ်သည်- ထိုအရာအားလုံးကို ဘုရားသခင်၏ အချုပ်အခြာအာဏာမှ ခွဲခြား၍မရနိုင်ပေ။ လူတစ်ဦး၏ သွေးသားဘဝ သေဆုံးပြီးနောက်၊ ဝိညာဉ်သည် အသက်ရှိဆဲဖြစ်ပြီး၊ ထို့ကြောင့် ယင်းသည် ဘုရားသခင်၏ စီမံအုပ်ချုပ်မှုအောက်တွင် မရှိပါက၊ မည်သည့်အရာ ဖြစ်မည်နည်း။ ထိုဝိညာဉ်သည် နေရာတိုင်းကို ကျူးကျော် ဝင်ရောက်ရင်း၊ နေရာအနှံ့ သွားလာမည်ဖြစ်ကာ၊ လူ့လောကရှိ သက်ရှိအရာများကိုပင် အန္တရာယ်ပေးလိမ့်မည်။ ထိုသို့သော အန္တရာယ်သည် လူသားမျိုးနွယ်အပေါ်တွင်သာမက၊ အပင်များနှင့် တိရစ္ဆာန်များအပေါ်လည်း အန္တရာယ်ပြုနိုင်ပေမည်- သို့သော် ပထမဆုံး အန္တရာယ်ပြုခံရမည်မှာ လူတို့ ဖြစ်ပေမည်။ ဤသည်သာ ဖြစ်ခဲ့ပါက- ထိုသို့သော ဝိညာဉ်တစ်ခုသည် စီမံအုပ်ချုပ်မှု မရှိဘဲ၊ လူတို့ကို အစစ်အမှန် အန္တရာယ်ပြုကာ ဆိုးညစ်သည့် အရာများကို အမှန်တကယ် လုပ်ဆောင်ခဲ့ပါက- ဝိညာဉ်လောကတွင်လည်း ဤဝိညာဉ်သည် သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ခြင်းခံရလိမ့်မည်။ အမှုအရာများသည် ဆိုးရွားခဲ့ပါက၊ ထိုဝိညာဉ်သည် မကြာခင် တည်ရှိတော့မည် မဟုတ်သကဲ့သို့၊ ဖျက်ဆီးခြင်းခံရပေမည်။ ဖြစ်နိုင်ပါက၊ ယင်းကို တစ်နေရာရာတွင် ထားရှိမည်ဖြစ်ပြီး၊ ထို့နောက် ပြန်ဝင်စားစေလိမ့်မည်။ ဆိုလိုသည်မှာ ဝိညာဉ်အမျိုးမျိုးနှင့်ဆိုင်သည့် ဝိညာဉ်လောက၏ စီမံအုပ်ချုပ်မှုကို အဆင့်များနှင့် စည်းမျဉ်းများနှင့်အညီ ညွှန်ကြားကာ ဆောင်ရွက်ပေသည်။ လူသား၏ ရုပ်ဝတ္ထုလောကသည် ပရမ်းပတာ ဖြစ်ခြင်းထဲသို့ မကျရောက်သည်မှာ၊ ရုပ်ဝတ္ထုလောက၏ လူသားများသည် ပုံမှန်စိတ်နေစိတ်ထား၊ ပုံမှန် ဆင်ခြင်တုံတရားနှင့် စနစ်တကျရှိသော သွေးသားဘဝကို ပိုင်ဆိုင်သည်မှာ ထိုသို့သော စီမံအုပ်ချုပ်မှုကြောင့်သာ ဖြစ်သည်။ လူသားမျိုးနွယ်သည် ထိုသို့သော သာမန်ဘဝတစ်ခု ရှိသည့်နောက်တွင်သာ ဇာတိပကတိ၌ အသက်ရှင်သူတို့သည် ဆက်လက် ရှင်သန်နိုင်လိမ့်မည်ဖြစ်ပြီး၊ မျိုးဆက်များတစ်လျှောက် မျိုးပွားနိုင်လိမ့်မည် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)
သက်ရှိသတ္တဝါတစ်ခု၏ သေဆုံးခြင်းသည်- ရုပ်ခန္ဓာအသက် အဆုံးသတ်ခြင်းသည်- ထိုသက်ရှိသတ္တဝါသည် ရုပ်ဝတ္ထုလောကမှ ဝိညာဉ်လောကထဲသို့ ကူးပြောင်းပြီးဖြစ်သည်ကို ညွှန်ပြသည်၊ အသစ်သော ရုပ်ခန္ဓာအသက်၏ မွေးဖွားခြင်းမှာမူ သက်ရှိသတ္တဝါ တစ်ခုသည် ဝိညာဉ်လောကမှ ရုပ်ဝတ္ထုလောကသို့ ရောက်လာပြီးဖြစ်ကာ ၎င်း၏အခန်းကဏ္ဍကို စတင်တာဝန်ယူကာ ဆောင်ရွက်သည်ကို ညွှန်ပြပေသည်။ ယင်းသည် သတ္တဝါတစ်ခု၏ ထွက်ခွာခြင်းဖြစ်စေ ရောက်ရှိခြင်းဖြစ်စေ၊ နှစ်ခုလုံးသည် ဝိညာဉ်လောက၏အလုပ်မှ ခွဲခြား၍မရပေ။ တစ်စုံတစ်ဦးသည် ရုပ်ဝတ္ထုလောကထဲသို့ ရောက်လာသည့်အချိန်တွင်၊ မည်သည့် မိသားစုသို့ ထိုလူ သွားမည်၊ ၎င်းတို့ဆိုက်ရောက်မည့် ခေတ်၊ ၎င်းတို့ဆိုက်ရောက်မည့်အချိန်နှင့် ၎င်းတို့ဆောင်ရွက်မည့် အခန်းကဏ္ဍအဖို့၊ ဝိညာဉ်လောကတွင် ဘုရားသခင်က သင့်တော်သည့် အစီအမံများနှင့် ချမှတ်ချက်များ ဖော်ဆောင်ထား နှင့်ပြီး ဖြစ်သည်။ ထို့သို့ဖြင့် ဤလူ၏အသက်တာတစ်ခုလုံး- ၎င်းတို့ လုပ်ဆောင်သည့်အရာများနှင့် ၎င်းတို့ လျှောက်လှမ်းသည့် လမ်းကြောင်းများသည်- သွေဖည်မှု စိုးစဉ်းမျှမရှိဘဲ ဝိညာဉ်လောကတွင် ပြဌန်းထားသည့် အစီအစဉ်များအတိုင်း ရှေ့ဆက်လိမ့်မည်။ ထို့အပြင် ရုပ်ခန္ဓာအသက် အဆုံးသတ်သည့်အချိန်နှင့် ယင်းအဆုံးသတ်သည့် ပုံစံနှင့် နေရာတို့သည် ဝိညာဉ်လောကအဖို့ ရှင်းလင်းသိသာကာ ထိုးထွင်းသိမြင်နိုင်ပေသည်။ ဘုရားသခင်သည် ရုပ်ဝတ္ထုလောကကို အုပ်စိုးပြီး၊ ဝိညာဉ်လောကကိုလည်း အုပ်စိုးကာ၊ သူသည် ဝိညာဉ်တစ်ပါး၏ ပုံမှန် ရှင်ခြင်းနှင့်သေခြင်း သံသရာကို နှောင့်နှေးစေမည် မဟုတ်သကဲ့သို့၊ ထိုသံသရာနှင့်ဆိုင်သည့် အစီအစဉ်များတွင် မည်သည့် အမှားများမျှ ကျူးလွန်နိုင်မည် မဟုတ်ပေ။ ဝိညာဉ်လောက၏ တရားဝင်ရာထူးများ၌ ရှိသည့် အစောင့်အသီးသီးသည် ဘုရားသခင်၏ ညွှန်ကြားချက်များ၊ စည်းမျဉ်းများနှင့်အညီ ၎င်းတို့၏ တာဝန်တစ်ခုချင်းစီကို ထမ်းဆောင်ကာ ၎င်းတို့ လုပ်သင့်သော အရာများကို လုပ်ကြပေမည်။ ထို့ကြောင့် လူသားမျိုးနွယ်၏လောကတွင်၊ လူသားက ရှုမြင်ရသည့် ရုပ်ဝတ္ထု ဖြစ်စဉ်တိုင်းသည် စနစ်တကျရှိပြီး၊ ပရမ်းပတာများ မပါရှိပေ။ ဤအရာအားလုံးမှာ ဘုရားသခင်၏ အရာခပ်သိမ်းအပေါ် စနစ်တကျ အုပ်ချုပ်မှုကြောင့်အပြင်၊ သူ၏ သြဇာအာဏာသည် အရာခပ်သိမ်းအပေါ် အုပ်စိုးသည်ဆိုသည့် အချက်ကြောင့်လည်း ဖြစ်သည်။ သူ၏ အုပ်စိုးမှုတွင် လူသားများ နေထိုင်သည့် ရုပ်ဝတ္ထုလောက ပါဝင်သည့်အပြင်၊ လူသားမျိုးနွယ်၏ နောက်ကွယ်ရှိ မမြင်နိုင်သော ဝိညာဉ်လောကလည်း ပါဝင်၏။ ထို့ကြောင့် လူသားများသည် ကောင်းမွန်သောဘဝ ရှိလိုပြီး ကောင်းမွန်သော ပတ်ဝန်းကျင်များတွင် နေထိုင်ရန် မျှော်လင့်ပါက၊ မြင်၍ရနိုင်သည့် ရုပ်ဝတ္ထု လောကတစ်ခုလုံးဖြင့် ထောက်ပံ့ပေး ခံရခြင်းအပြင်၊ ၎င်းတို့ကို မည်သူမျှ မမြင်နိုင်သည့်၊ လူသားမျိုးနွယ်ကိုယ်စား သက်ရှိသတ္တဝါတိုင်းကို အုပ်ချုပ်ကာ စနစ်တကျရှိသည့် ဝိညာဉ်လောကဖြင့်လည်း ထောက်ပံ့ပေးရမည် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)
လူသားမျိုးနွယ်နှင့် စကြဝဠာ၏ကံကြမ္မာသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် အတွင်းကျကျ ရစ်ပတ်နေပြီး ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုများနှင့် မခွဲမခွာ ချည်နှောင်ထားသည်။ အဆုံး၌ ၎င်းတို့သည် ဖန်ဆင်းရှင်၏ သြဇာအာဏာမှ ခွဲထုတ်မရချေ။ ဆွဲခွာလို့မရပေ။ အရာအားလုံး၏ နိယာမများတွင်၊ လူသည် ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုများနှင့် သူ၏ အချုပ်အခြာ အာဏာကို နားလည်လာသည်၊ အရာခပ်သိမ်း၏ ရှင်သန်ရေး စည်းမျဉ်းများဖြင့်၊ သူသည် ဖန်ဆင်းရှင်၏ အုပ်စိုးမှုကို သတိပြုမိလာသည်၊ အရာခပ်သိမ်း၏ ကံကြမ္မာများတွင်၊ ဖန်ဆင်းရှင်က သူ၏ သြဇာအာဏာကို အသုံးချပြီး ၎င်းတို့ကို ထိန်းချုပ်သည့် နည်းလမ်းများကို သူကောက်ချက်ချလာသည်။ ပြီးလျှင် လူသားများနှင့် အရာအားလုံး၏ ဘဝစက်ဝန်းများတွင် လူသားသည် အရာအားလုံးနှင့် သက်ရှိအားလုံးတို့အတွက် ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို အမှန်တကယ် တွေ့ကြုံလာရပြီး၊ ထိုစီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်တို့သည် ကမ္ဘာမြေကြီးနှင့်ဆိုင်သည့် နိယာမများ၊ စည်းမျဉ်းများ၊ အလေ့အထများ၊ အခြားတန်ခိုးစွမ်းအားများနှင့် အင်အားစုများအားလုံးကို မည်သို့ အစားထိုးသည်ကို အမှန်တကယ် မျက်မြင်တွေ့ရှိလာရသည်။ ဤအချက်ကြောင့် ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာသည် အဘယ်ဖန်ဆင်းခံကမျှ ချိုးဖောက်၍မရ၊ ဖန်ဆင်းရှင်က ကြိုတင်သတ်မှတ်ခဲ့သည့် အဖြစ်အပျက်နှင့် အမှုအရာများကို မည်သည့် အင်အားစုကမျှ ကျူးကျော်၍မရ သို့မဟုတ် ပြောင်းလဲ၍မရသည်ကို လူသားမျိုးနွယ်အား လက်ခံစေသည်။ လူသားနှင့် အရာအားလုံးသည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် အသက်ရှင်နေထိုင်ပြီး မျိုးပွားခြင်းက ဤမြင့်မြတ်သည့် နိယာမများနှင့် စည်းမျဉ်းများ၏ အောက်တွင်ဖြစ်သည်။ ဤကား ဖန်ဆင်းရှင် အခွင့်အာဏာ၏ စစ်မှန်သည့် ပြယုဂ်မဟုတ်လော။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)
ကမ္ဘာကြီးထဲသို့ သင်ငိုယိုကာ ရောက်ရှိလာသည့်အချိန်မှစ၍ သင်သည် သင်၏တာဝန်ကို စတင်ဖြည့်ဆည်းရပေတော့သည်။ ဘုရားသခင်၏ အစီအစဉ်နှင့် ဘုရားသခင် ရည်စူးထားသည့်အတိုင်း သင်၏ကဏ္ဍကို သင်ဆောင်ရွက်ရပါတော့သည်၊ သင့်ဘဝ၏ ခရီးစဉ်ကို သင်စတင်ရတော့သည်။ သင့်နောက်ကြောင်းနှင့် သင့်ရှေ့ဆက်ခရီးတို့ မည်သို့ပင် ဖြစ်နေစေကာမူ မည်သူတစ်ဦးတစ်ယောက်ကမျှ ကောင်းကင်ဘုံ၏ စီစဉ်ညွှန်ကြားမှုများနှင့် စီစဉ်ခြင်းများကို မရှောင်နိုင်သကဲ့သို့၊ မိမိကံတရားကို ထိန်းချုပ်နိုင်သူလည်း မရှိပေ၊ အကြောင်းမှာ အရာခပ်သိမ်းကို အုပ်စိုးတော်မူသော ဘုရားသခင်တစ်ပါး တည်းသာလျှင် ထိုသို့သောအရာများကို လုပ်နိုင်သောကြောင့်ဖြစ်သည်။ လူသားစတင်ဖြစ်တည်လာသည့်နေ့မှစကာ ဘုရားသခင်သည် စကြဝဠာကို စီမံခန့်ခွဲလျက်၊ အရာအားလုံးအတွက် ပြောင်းလဲမှု စည်းမျဉ်းများနှင့် ၎င်းတို့ရွေ့လျားသည့် လမ်းကြောင်းကို လမ်းညွှန်ပြသပေးလျက် ဤကဲ့သို့ အမှုပြုလာခဲ့သည်။ ခပ်သိမ်းသော အရာများနည်းတူ လူသားသည် ဘုရားသခင်ထံမှ ချိုမြိန်သာယာမှု၊ မိုးရေနှင့် နှင်းစက်နှင်းပေါက်တို့၏ အာဟာရပေးမှုကို တိတ်တဆိတ်နှင့် အမှုမဲ့အမှတ်မဲ့ ရရှိနေသည်၊ ခပ်သိမ်းသောအရာများနည်းတူ လူသားသည် ဘုရားသခင်၏လက်တော်၏ စီစဉ်ညွှန်ကြားမှုအောက်တွင် အမှုမဲ့အမှတ်မဲ့ နေထိုင်လျက်ရှိသည်။ လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ဘုရားသခင်သည် လက်၌ကိုင်ဆောင်ထားပြီး၊ လူသား၏ ဘဝတစ်ခုလုံးကို ဘုရားသခင်သည် သူ၏မျက်လုံးများဖြင့် ကြည့်ရှုလျက်ရှိသည်။ သင်သည် ဤအချက်ကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ သက်ရှိဖြစ်ဖြစ်၊ သက်မဲ့ဖြစ်ဖြစ် အရာအားလုံးသည် ဘုရားသခင်၏ အကြံအစည်များနှင့်အညီ ရွေ့လျားပြောင်းလဲကာ ပြန်လည်စတင်ပြီး ကွယ်ပျောက်သွားရမည်ဖြစ်သည်။ ဤသည်မှာ အရာအားလုံးကို ဘုရားသခင်တာဝန်ယူသည့် နည်းလမ်းဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်
ဘုရားသခင်သည် ဤကမ္ဘာလောကကို ဖန်ဆင်းခဲ့ပြီး၊ ဤလူသားမျိုးနွယ်ကို သူဖန်ဆင်းခဲ့၏၊ ထို့အပြင် သူသည် ရှေးခေတ် ဂရိယဉ်ကျေးမှုနှင့် လူသားတို့၏ လူမှုအဖွဲ့အစည်းတိုးတက်မှု၏ ဗိသုကာ ဖြစ်ခဲ့သည်။ ဘုရားသခင်သည်သာ ဤလူသားမျိုးနွယ်ကို နှစ်သိမ့်မှု ပေးပြီး ဘုရားသခင်သည်သာ ဤလူသားမျိုးနွယ်ကို နေ့ရောညပါ စောင့်ရှောက်သည်။ လူသားများ၏ ဖွံ့ဖြိုးမှုနှင့် တိုးတက်မှုတို့ကို ဘုရားသခင်၏ အချုပ်အခြာအာဏာမှ ခွဲထုတ်၍မရနိုင်သကဲ့သို့၊ လူသားမျိုးနွယ်၏ သမိုင်းနှင့် အနာဂတ်သည်လည်း ဘုရားသခင်၏ အကြံအစည်များမှ ခွဲခြား၍မရနိုင်ပေ။ အကယ်၍ သင်သည် စစ်မှန်သော ခရစ်ယာန်တစ်ဦးဖြစ်ပါက၊ မည်သည့်တိုင်းနိုင်ငံ သို့မဟုတ် မည်သည့် လူမျိုးမဆို၏ ပေါ်ထွန်းခြင်းနှင့် ကျဆုံးခြင်းတို့သည် ဘုရားသခင်၏ အကြံအစည်များအတိုင်း ဖြစ်ပေါ်သည်ကို သင် ဧကန်မုချ ယုံကြည်ပေလိမ့်မည်။ ဘုရားသခင် တစ်ပါးတည်းသာ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူမျိုးတစ်မျိုး၏ ကံကြမ္မာကို သိပြီး ဘုရားသခင် တစ်ပါးတည်းသာ ဤလူသားမျိုးနွယ်၏ လမ်းကြောင်းကို ထိန်းချုပ်သည်။ အကယ်၍ လူသားမျိုးနွယ်သည် ကောင်းမွန်သော ကံကြမ္မာတစ်ခု ရှိလိုပါက၊ နိုင်ငံတစ်ခုသည် ကံကြမ္မာကောင်းတစ်ခု ရှိလိုပါက၊ လူသားသည် ဘုရားသခင်ထံ ပျပ်ဝပ်ကိုးကွယ်ရမည်၊ နောင်တရပြီး ဘုရားသခင်၏ ရှေ့မှောက်တွင် ဝန်ချရမည်ဖြစ်သည်၊ သို့မဟုတ်ပါက လူသား၏ ကံကြမ္မာနှင့် ခရီးပန်းတိုင်သည် ရှောင်လွှဲမရသော ကပ်ဘေးတစ်ခု ဖြစ်ပေလိမ့်မည်။
............
သင်၏နိုင်ငံသည် လတ်တလောတွင် ချမ်းသာကြွယ်ဝကောင်း ကြွယ်ဝနေနိုင်သည်၊ သို့သော် သင်၏ပြည်သူများကို ဘုရားသခင်ထံမှ လမ်းလွဲသွားရန် သင်ခွင့်ပြုပါက၊ သင်၏နိုင်ငံသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို တိုး၍တိုး၍ ဆုံးရှုံးသည်ကို မိမိဘာသာ တွေ့ရလိမ့်မည်။ သင့်နိုင်ငံ၏ လူ့ယဉ်ကျေးမှုအဖွဲ့အစည်းသည်လည်း ခြေဖဝါးအောက်တွင် တိုး၍တိုး၍ ချနင်းခံရလိမ့်မည်ဖြစ်ပြီး မကြာမီတွင် လူတို့သည် ဘုရားသခင်ကို ထကြွဆန့်ကျင်ပြီး ကောင်းကင်ဘုံကို ကျိန်ဆဲလာကြလိမ့်မည်။ ထိုသို့ဖြင့် လူသားမသိလိုက်ဘဲနှင့်၊ နိုင်ငံတစ်ခု၏ ကံကြမ္မာသည် ပျက်စီးဆုံးရှုံးသွားလိမ့်မည်။ ဘုရားသခင်သည် ဘုရားသခင်၏ကျိန်ခြင်းခံထားရသော ထိုနိုင်ငံများကို ကိုင်တွယ်ဖြေရှင်းရန် အင်အားကြီးနိုင်ငံများကို ပေါ်ထွန်းစေလိမ့်မည် ဖြစ်ပြီး ယင်းတို့ကို ကမ္ဘာမြေမျက်နှာပြင်ပေါ်မှ ဖယ်ရှားခြင်းပင် ပြုနိုင်သည်။ နိုင်ငံတစ်ခု သို့မဟုတ် လူမျိုးတစ်မျိုး၏ ပေါ်ထွန်းခြင်းနှင့် ကျဆုံးခြင်းသည် ထိုနိုင်ငံ၏ အုပ်ချုပ်သူများက ဘုရားသခင်ကို ကိုးကွယ်ခြင်း ရှိမရှိဆိုသည်နှင့် ၎င်းတို့၏ ပြည်သူများကို ဘုရားသခင်နှင့် သာ၍နီးကပ်စေပြီး ဘုရားသခင်ကို ကိုးကွယ်စေခြင်း ရှိမရှိ ဆိုသည့်အပေါ် အခြေခံသည်။ သို့တိုင် ဤနောက်ဆုံးသော ခေတ်တွင် ဘုရားသခင်ကို အမှန်တကယ် ရှာဖွေပြီး ကိုးကွယ်သော သူများသည် တိုး၍တိုး၍ ရှားပါးလာသောကြောင့်၊ ခရစ်ယာန်ဘာသာကို နိုင်ငံတော် ဘာသာအဖြစ် သတ်မှတ်ထားသည့် နိုင်ငံများအပေါ် ဘုရားသခင်သည် အထူးမျက်နှာသာ အပ်နှင်းလေသည်။ ဘုရားသခင်သည် ထိုနိုင်ငံများကို အတော်အတန် သမာဓိရှိသော ကမ္ဘာ့စခန်းအဖြစ် ဖွဲ့စည်းရန် အတူတကွ စုစည်းသော်လည်း၊ ဘုရားမဲ့နိုင်ငံများနှင့် စစ်မှန်သောဘုရားသခင်ကို မကိုးကွယ်သော နိုင်ငံများသည် သမာဓိရှိသော စခန်း၏ ရန်ဘက်များ ဖြစ်လာလေသည်။ ဤနည်းဖြင့် ဘုရားသခင်သည် လူသားတို့ အလယ်တွင် သူ၏ အမှုကို ဦးစီးဦးရွက်ပြုသည့် နေရာတစ်ခု ရှိသည်သာမက၊ သူ့ကို ဆန့်ကျင်သည့် နိုင်ငံများအပေါ် အရေးယူမှုများနှင့် ကန့်သတ်ချက်များ ပြဋ္ဌာန်းခွင့် ပေးလျက်၊ ဖြောင့်မတ်သော ဩဇာအာဏာကို ကျင့်သုံးနိုင်သည့် နိုင်ငံများကိုလည်း ရရှိလေသည်။ ဤသို့ဖြစ်သော်လည်း လူသည် ဘုရားသခင်ထံမှ အလွန်ဝေးကွာစွာ လမ်းလွဲပြီးဖြစ်ကာ ဘုရားသခင်ကို အချိန်ကြာမြင့်လွန်းစွာ မေ့လျော့မိပြီးဖြစ်သောကြောင့်၊ ဘုရားသခင်ကို ကိုးကွယ်ရန် ရှေ့ထွက်လာသည့်လူများ ပိုများမလာသေးပေ။ ကမ္ဘာမြေပေါ်တွင် ဖြောင့်မတ်ခြင်းတရားကို ကျင့်သုံးပြီး မတရားမှုကို ဆန့်ကျင်သော နိုင်ငံများသာ ဆက်လက်ကျန်ရှိလေသည်။ သို့သော် မည်သည့်နိုင်ငံအုပ်ချုပ်သူကမျှ ဘုရားသခင်ကို ၎င်းတို့၏ ပြည်သူများအပေါ် ဦးဆောင်ခွင့်ပြုမည် မဟုတ်သကဲ့သို့၊ မည်သည့် နိုင်ငံရေးပါတီကမျှ ၎င်းတို့၏လူများကို ဘုရားသခင်အား ကိုးကွယ်ရန် စုရုံးပေးမည် မဟုတ်သည့်အတွက်၊ ဤသည်မှာ ဘုရားသခင်၏ အလိုဆန္ဒများနှင့် ဝေးကွာပေသည်။ ဘုရားသခင်သည် နိုင်ငံတိုင်း၊ လူမျိုးတိုင်း၊ အုပ်ချုပ်နေဆဲ ပါတီတိုင်း၏ နှလုံးသားထဲနှင့် လူတိုင်း၏ နှလုံးသားထဲတွင်ပင် မိမိ၏နေရာမှန်ကို ဆုံးရှုံးပြီးဖြစ်သည်။ ဤကမ္ဘာလောကတွင် ဖြောင့်မတ်သည့် အင်အားစုများ အမှန် တည်ရှိသော်လည်း၊ လူ၏ နှလုံးသားထဲတွင် ဘုရားသခင် ကိုင်စွဲသည့် နေရာမရှိသည့် အုပ်ချုပ်ရေးမှာ မခိုင်ခံ့ပေ။ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာမရှိဘဲနှင့်၊ နိုင်ငံရေးနယ်ပယ်သည် ဖရိုဖရဲဖြစ်လိမ့်မည် ဖြစ်ပြီး ထိုးနှက်တိုက်ခိုက်မှုကို ခုခံနိုင်စွမ်းရှိလိမ့်မည်မဟုတ်ပေ။ လူသားမျိုးနွယ်အတွက်၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာမရှိခြင်းသည် နေမရှိခြင်းနှင့် တူပေသည်။ အုပ်ချုပ်သူများအနေဖြင့် ၎င်းတို့၏ ပြည်သူများအတွက် မည်မျှ စေ့စေ့စပ်စပ်နှင့် ကြိုးစားပမ်းစား အလုပ်လုပ်စေကာမူ၊ လူသားမျိုးနွယ်အနေဖြင့် ဖြောင့်မှန်သော ညှိနှိုင်းဆွေးနွေးပွဲများ မည်မျှ အတူတကွ ကျင်းပစေကာမူ၊ ဤအရာထဲမှ ဖြစ်ရပ်များ၏ လမ်းကြောင်းကို ပြောင်းလဲလိမ့်မည်မဟုတ်၊ သို့မဟုတ် လူသားတို့၏ ကံကြမ္မာကို ပြောင်းလဲစေလိမ့်မည်မဟုတ်ပေ။ လူသားသည် ပြည်သူများ စားရေး၊ ဝတ်ရေး ပြေလည်သည့် နိုင်ငံ၊ ၎င်းတို့ အတူတကွ ငြိမ်းချမ်းစွာ နေထိုင်ကြသည့် နိုင်ငံတစ်ခုကို နိုင်ငံကောင်းတစ်ခုနှင့် ကောင်းမွန်သော ခေါင်းဆောင်မှုရှိသည့် နိုင်ငံတစ်ခုဟု ယုံကြည်ကြသည်။ သို့သော် ဘုရားသခင်က ထိုသို့ မတွေးထင်ပေ။ မည်သူမျှ သူ့ကို မကိုးကွယ်သည့် နိုင်ငံသည် သူ သုတ်သင်ဖယ်ရှားမည့်နိုင်ငံဟု သူ ယုံကြည်သည်။ လူသား၏ တွေးခေါ်ပုံသည် ဘုရားသခင်၏တွေးခေါ်ပုံနှင့် အလွန် ဆန့်ကျင်လေသည်။ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ၏ ခေါင်းဆောင်သည် ဘုရားသခင်ကို မကိုးကွယ်ပါက၊ ဤနိုင်ငံ၏ ကံကြမ္မာသည် ဝမ်းနည်းဖွယ်ရာ ကံကြမ္မာတစ်ခု ဖြစ်လိမ့်မည်ဖြစ်ပြီး ထိုနိုင်ငံသည် ခရီးပန်းတိုင် ရှိလိမ့်မည်မဟုတ်ပေ။
ဘုရားသခင်သည် လူသား၏နိုင်ငံရေးတွင် မပါဝင်သော်လည်း၊ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူမျိုးတစ်မျိုး၏ ကံကြမ္မာကို ဘုရားသခင် ထိန်းချုပ်ထားလေသည်။ ဘုရားသခင်သည် ဤကမ္ဘာလောကနှင့် စကြဝဠာတစ်ခုလုံးကို ထိန်းချုပ်၏။ လူသား၏ ကံကြမ္မာနှင့် ဘုရားသခင်၏ အကြံအစည်သည် အတွင်းကျကျ ဆက်နွှယ်ပြီး၊ မည်သည့်လူ၊ မည်သည့်နိုင်ငံကမျှ ဘုရားသခင်၏ အချုပ်အခြာအာဏာမှ မကင်းလွတ်ကင်းပေ။ အကယ်၍ လူသားသည် မိမိ၏ကံကြမ္မာကို သိလိုပါက၊ ဘုရားသခင်၏ရှေ့သို့ လာရပေမည်။ ဘုရားသခင်သည် သူ၏ နောက်ကို လိုက်လျှောက်ပြီး သူ့အား ကိုးကွယ်သောသူများကို အောင်မြင်ကြီးပွားစေပြီး၊ သူ့ကို ဆန့်ကျင်ကာ ငြင်းပယ်သောသူများ အပေါ် ကျဆင်းမှုနှင့် မျိုးသုဉ်းပျောက်ကွယ်ခြင်း ဆောင်ကြဉ်းလိမ့်မည် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။