ယနေ့အချိန်အထိ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဦးဆောင်၍ ထောက်ပံ့ပေးခဲ့သည့် နည်းလမ်း

19.09.2019

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အသက်၏ လမ်းခရီးသည် မည်သူမဆို ပိုင်ဆိုင်နိုင်သည့် အရာတစ်ခု မဟုတ်သကဲ့သို့၊ မည်သူမဆို အလွယ်တကူ ရယူနိုင်သောအရာ တစ်ခုလည်း မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် အသက်သည် ဘုရားသခင်ထံမှသာ လာနိုင်သောကြောင့်ဖြစ်၏၊ ဆိုလိုသည်မှာ ဘုရားသခင် ကိုယ်တိုင်သည်သာ အသက်၏အနှစ်သာရကို ပိုင်ဆိုင်ပြီး၊ ဘုရားသခင်ကိုယ်တိုင်သာ အသက်၏ လမ်းခရီး ရှိလေသည်။ ထို့ကြောင့် ဘုရားသခင်သာလျှင် အသက်၏အရင်းအမြစ်ဖြစ်ပြီး၊ အစဉ်စီးဆင်းနေသော ရှင်သန်သည့် အသက်စမ်းရေဖြစ်၏။ ကမ္ဘာလောကကို သူဖန်ဆင်းခဲ့ချိန်ကတည်းမှစ၍ ဘုရားသခင်သည် အသက်၏ စွမ်းအားပါဝင်သည့် အမှုများစွာကို လုပ်ဆောင်ပြီး ဖြစ်သည်၊ လူသားထံ အသက် ဆောင်ကြဉ်းပေးသည့် အမှုများစွာကို လုပ်ဆောင်ပြီးဖြစ်သကဲ့သို့၊ လူသားအနေဖြင့် အသက်ရရှိစေနိုင်ရန် အလို့ငှာ ကြီးမားသော အဖိုးအခတစ်ခုကို ပေးဆပ်ပြီးဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် ကိုယ်တော်တိုင်သည် ထာဝရအသက်ဖြစ်ပြီး၊ ဘုရားသခင် ကိုယ်တော်တိုင်သည် လူသားကို ရှင်ပြန်ထမြောက်စေသည့် လမ်းခရီး ဖြစ်သောကြောင့် ဖြစ်၏။ ဘုရားသခင်သည် လူသား၏နှလုံးသားမှ မည်သည့်အခါမျှ ကင်းမဲ့ခြင်းမရှိသကဲ့သို့၊ လူသားအလယ်တွင် တစ်ချိန်လုံး အသက်ရှင်နေပေသည်။ သူသည် လူသား အသက်ရှင်မှု၏ လွှမ်းမိုးစေ့ဆော်မှု၊ လူသားဖြစ်တည်မှု၏ အရင်းအမြစ်နှင့် မွေးဖွားပြီးနောက် လူ၏ ဖြစ်တည်မှုအတွက် ကြွယ်ဝသော သိုက် ဖြစ်သည်။ သူသည် လူသားကို ပြန်လည်မွေးဖွားဖို့ ဖြစ်စေပြီး၊ ၎င်းကို ၎င်း၏အခန်းကဏ္ဍတိုင်းကို ဇွဲနပဲကြီးစွာ အသက်ရှင်နေထိုင်နိုင်စေ၏။ သူ၏တန်ခိုးနှင့် သူ၏ငြှိမ်းသတ်၍မရသော အသက် အင်အားကြောင့် လူသားသည် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် အသက်ရှင်ပြီး ဖြစ်သည်၊ ယင်းကာလတစ်လျှောက်လုံး ဘုရားသခင်၏ အသက်တန်ခိုးသည် လူသား တည်ရှိမှု၏ အဓိကပံ့ပိုးမှုဖြစ်ကာ၊ ယင်းအတွက် မည်သည့်သာမန်လူသားကမျှ ပေးဆပ်ဖူးခြင်းမရှိသော အဖိုးအခကို ဘုရားသခင် ပေးဆပ်ပြီးဖြစ်သည်။ ဘုရားသခင်၏ အသက်အင်အားသည် မည်သည့်တန်ခိုးကိုမဆို အောင်နိုင်၏။ ထို့အပြင် မည်သည့်တန်ခိုးထက်မဆို သာလွန်၏။ သူ၏အသက်သည် ထာဝရဖြစ်၏၊ သူ၏တန်ခိုးသည် ထူးကဲသာလွန်ကာ၊ သူ၏ အသက်အင်အားကို မည်သည့် အဖန်ဆင်းခံ သတ္တဝါ၊ သို့မဟုတ် မည်သည့် ရန်သူအင်အားကမျှ မလွှမ်းမိုးနိုင်ပေ။ အချိန်၊ သို့မဟုတ် နေရာကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ အသက်အင်အားသည် တည်ရှိ၍ ၎င်း၏တောက်ပသောရောင်ခြည်ကို ထွန်းလင်း၏။ ကောင်းကင်နှင့် မြေကြီးသည် ကြီးမားသော ပြောင်းလဲမှုများကို ကြုံကောင်းကြုံရနိုင်သော်လည်း၊ ဘုရားသခင်၏ အသက်မှာမူ ထာဝရ မပြောင်းလဲပေ။ ဘုရားသခင်သည် အရာခပ်သိမ်း၏ တည်ရှိခြင်း အရင်းအမြစ်ဖြစ်ပြီး၊ ၎င်းတို့တည်ရှိခြင်း၏ ရေသောက်မြစ် ဖြစ်သည့်အတွက်၊ အရာခပ်သိမ်း မတည်သော်လည်း၊ ဘုရားသခင်၏ အသက်သည် ဆက်လက်တည်ရှိလိမ့်မည်။ လူသား၏အသက်သည် ဘုရားသခင်ထံမှ အစပြု၏။ ကောင်းကင်၏ တည်ရှိခြင်းသည် ဘုရားသခင်ကြောင့်ဖြစ်ပြီး၊ ကမ္ဘာမြေကြီး တည်ရှိခြင်းသည် ဘုရားသခင်၏ အသက်တန်ခိုးကြောင့်ဖြစ်၏။ အသက်၏ စွမ်းအားရှိသည့် မည်သည့်အရာမျှ ဘုရားသခင်၏ အချုပ်အခြာ အာဏာကို ကျော်လွန်နိုင်ခြင်း မရှိသကဲ့သို့၊ အားမာန်ရှိသည့် မည်သည့်အရာမျှ ဘုရားသခင်၏ သြဇာ အာဏာပိုင်နက်မှ မလွတ်မြောက်နိုင်ပေ။ ဤနည်းဖြင့် မည်သူပင်ဖြစ်စေ အယောက်တိုင်း ဘုရားသခင်၏ အုပ်စိုးမှုအောက် နာခံရမည်၊ အယောက်တိုင်း ဘုရားသခင်၏ ကွပ်ကဲမှုအောက်တွင် အသက်ရှင်ရမည်ဖြစ်ပြီး၊ မည်သူမျှ သူ၏လက်မှ မလွတ်မြောက်နိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်

အရာခပ်သိမ်းကို ဘုရားသခင် ဖန်ဆင်းခဲ့ကတည်းက၊ ထိုအရာအားလုံးသည် စနစ်ကျသည့် နည်းလမ်းနှင့် သူ ပြဋ္ဌာန်းထားသည့် နိယာမများနှင့်အညီ လည်ပတ်နေကြပြီး ဆက်လက် တိုးတက်နေကြပြီးဖြစ်သည်။ သူ၏ အကြည့်အောက်တွင်၊ သူ၏ အုပ်စိုးမှုအောက်တွင်၊ လူသားမျိုးနွယ်သည် ရှင်သန်ပြီးဖြစ်ကာ တစ်လျှောက်လုံးတွင် အရာခပ်သိမ်းသည် စနစ်ကျသည့် နည်းလမ်းဖြင့် ဖွံ့ဖြိုးတိုးတက်နေပြီး ဖြစ်သည်။ ဤနိယာမများကို ပြောင်းလဲနိုင်သည့်အရာ သို့မဟုတ် ဖျက်ဆီးနိုင်သည့်အရာ မည်သည့်အရာမျှ မရှိပေ။ သတ္တဝါအားလုံး ပွားများနိုင်သည်မှာ ဘုရားသခင်၏ အုပ်စိုးမှုကြောင့် ဖြစ်ပြီး သတ္တဝါအားလုံး ရှင်သန်နိုင်သည်မှာ သူ၏ အုပ်စိုးမှုနှင့် စီမံခန့်ခွဲမှုကြောင့် ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် သတ္တဝါအားလုံး ဖြစ်တည်လာသည်၊ ရှင်သန်သည်၊ ပျောက်ကွယ်ကာ အစီအစဉ်တကျပုံစံဖြင့် ပြန်ဝင်စား ကြလေသည်။ နွေဦးရာသီ ရောက်သည့်အခါတွင်၊ ဖွဲဖွဲရွာနေသည့် မိုးက လတ်ဆတ်သည့် ရာသီနှင့်ဆိုင်သော ခံစားချက်ကို ဆောင်ကြဉ်းလာပြီး ကမ္ဘာမြေကို စွတ်စိုစေသည်။ မြေပြင်သည် စတင်ပျော့‌ပျောင်းလာကာ မြက်ပင်များက မြေဆီလွှာကို ဖြတ်သန်းထိုးတက်ကာ အညှောင့်စထွက်စဉ်တွင်၊ သစ်ပင်များက တဖြည်းဖြည်း အစိမ်းရောင် သန်းလာကြသည်။ ဤသက်ရှိအရာ အားလုံးက ကမ္ဘာမြေကြီးဆီသို့ လတ်ဆတ်သည့် ရှင်သန်တက်ကြွမှု ဆောင်ကြဉ်းလာသည်။ ဤသည်မှာ သတ္တဝါအားလုံး ဖြစ်တည်လာပြီး ရှင်သန်လာနေချိန်ကဲ့သို့ပင် ဖြစ်သည်။ တိရစ္ဆာန်မျိုးစုံသည် နွေဦး၏ နွေးထွေးမှုကို ခံစားပြီး နှစ်သစ်တစ်ခုကို စတင်ရန် ၎င်းတို့၏ တွင်းများထဲမှ ထွက်လာကြသည်။ သက်ရှိသတ္တဝါ အားလုံးသည် နွေရာသီအတွင်းတွင် နေပူစာလှုံကြပြီး ရာသီဥတုက သယ်ဆောင် လာသည့် နွေးထွေးမှုကို နှစ်သက်ခံစားကြသည်။ ၎င်းတို့ လျင်မြန်စွာ ကြီးထွားကြသည်။ သစ်ပင်များ၊ မြက်ပင်များနှင့် အပင်အမျိုးအစား အားလုံးသည် အလွန် လျင်မြန်သည့်နှုန်းဖြင့် ကြီးထွားနေကြသည်မှာ နောက်ဆုံးတွင် ဖူးပွင့်ကာ အသီးသီးကြသည်အထိ ဖြစ်သည်။ လူသားတို့ အပါအဝင် သက်ရှိသတ္တဝါအားလုံးသည် နွေရာသီအတွင်းတွင် အလွန်အလုပ်များကြသည်။ ဆောင်းဦးရာသီတွင်၊ မိုးသည် ဆောင်းဦးရာသီ၏ အေးမြမှုကို သယ်ဆောင်လာပြီး သက်ရှိသတ္တဝါ အမျိုးအစားအားလုံးသည် ရိတ်သိမ်းခြင်း ရာသီ ရောက်ရှိခြင်းကို စတင်ခံစားကြရသည်။ အရာအားလုံးသည် အသီးသီးကြပြီး၊ ဆောင်းရာသီအတွက် ပြင်ဆင်ရာတွင် အစားအစာရှိရန်အလို့ငှာ လူသားတို့သည် ဤအသီးအနှံ အမျိုးအစား အမျိုးမျိုးကို စတင်ရိတ်သိမ်း ကြသည်။ ဆောင်းရာသီတွင် အရာအားလုံးသည် အေးမြသည့်ရာသီ စတင်လာသည်နှင့်အမျှ ဆိတ်ငြိမ်မှုနှင့် ငြိမ်သက်မှုတို့တွင် တဖြည်းဖြည်း စတင်နေသားကျ လာကြပြီး၊ လူတို့သည်လည်း ဤရာသီ အတောအတွင်းတွင် အနားယူကြလေသည်။ တစ်ရာသီမှ တစ်ရာသီ၊ နွေဦးရာသီမှ နွေရာသီ၊ ဆောင်းဦးရာသီ၊ ဆောင်းရာသီသို့၊ ကူးပြောင်းခြင်း- ဤပြောင်းလဲမှုများသည် ဘုရားသခင် တည်ထောင်ခဲ့သည့် နိယာမများအတိုင်း အားလုံး ဖြစ်ပေါ်ကြခြင်း ဖြစ်သည်။ သူသည် ဤနိယာမများကို အသုံးပြုလျက် အရာခပ်သိမ်းနှင့် လူသားမျိုးနွယ်ကို ဦးဆောင်ပြီး ခြားနားသည့်အပူချိန်များနှင့် ရာသီဥတုများရှိသည့် ရှင်သန်ခြင်းအတွက် ပတ်ဝန်းကျင်တစ်ခုကို ပြင်ဆင်ရင်း၊ လူသားမျိုးနွယ်အတွက် ထူးကဲဆန်းစုံပြီး စိတ်ဝင်စားဖွယ်ကောင်းသော ဘဝလမ်းခရီး တစ်ခုကို ဖန်တီးခဲ့သည်။ ထို့ကြောင့် ရှင်သန်ခြင်းအတွက် ဤစနစ်ကျသည့် ပတ်ဝန်းကျင်မျိုးအတွင်းတွင်၊ လူသားများသည် စနစ်ကျသည့်နည်းလမ်းတစ်ခုဖြင့် ရှင်သန်ကာ တိုးပွားနိုင်လေသည်။ လူသားများက ဤနိယာမများကို မပြောင်းလဲနိုင်သကဲ့သို့၊ မည်သည့် လူ သို့မဟုတ် သတ္တဝါကမျှ ယင်းတို့ကို မချိုးဖောက်နိုင်ပေ။ မရေတွက်နိုင်သော ပြောင်းလဲမှုများ ဖြစ်ပွားပြီးဖြစ်သော်လည်း- ပင်လယ်များက ကွင်းပြင်များ ဖြစ်လာစဉ် ကွင်းပြင်များက ပင်လယ်များဖြစ်လာကာ- ဤနိယာမများက ဆက်လက် တည်ရှိနေသည်။ ဘုရားသခင် တည်ရှိသောကြောင့်၊ ပြီးလျှင် သူ၏အုပ်စိုးမှုနှင့် သူ၏စီမံခန့်ခွဲမှုကြောင့် ထိုနိယာမများ တည်ရှိပေသည်။ ဤစနစ်ကျသည့် ပိုမိုကြီးမားသည့် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်သော ပတ်ဝန်းကျင်မျိုးဖြင့်၊ လူတို့၏ ဘဝများသည် ဤနိယာမများနှင့် စည်းမျဉ်းများအတွင်းတွင် ရှေ့ဆက်လေသည်။ ဤနိယာမများအောက်တွင် လူတို့၏ မျိုးဆက်များ တစ်ဆက်ပြီးတစ်ဆက် ဖြစ်ပေါ်စေပြီး လူတို့၏ မျိုးဆက် တစ်ဆက်ပြီးတစ်ဆက်သည် ထိုနိယာမများ အောက်တွင် ရှင်သန်ကြပြီး ဖြစ်သည်။ လူတို့သည် ရှင်သန်ခြင်းအတွက် ဤစနစ်ကျသည့် ပတ်ဝန်းကျင်အပြင်၊ မျိုးဆက် တစ်ဆက်ပြီးတစ်ဆက်အတွက် ဘုရားသခင် ဖန်ဆင်းခဲ့သည့် များစွာသော အရာအားလုံးကို မွေ့လျော်ကြပြီး ဖြစ်သည်။ ဤနိယာမအမျိုးအစားများသည် ပင်ကိုအားဖြင့် ဖြစ်သည်ဟု ခံစားကြပြီး ယင်းတို့ကို အထင်သေးစွာ အလေးမမှုကြသော်လည်း၊ ၎င်းတို့သည် ဤနိယာမများကို ဘုရားသခင်က စီစဉ်ညွှန်ကြားနေသည်၊ ဤနိယာမများအပေါ် ဘုရားသခင် အုပ်စိုးနေသည်ဆိုသည်ကို မခံစားနိုင်ကြသော်လည်း၊ မည်သို့ပင်ဖြစ်စေကာမူ ဘုရားသခင်သည် ဤမပြောင်းလဲသည့်အမှုတွင် အမြဲ ပါဝင်ပတ်သက်ပေသည်။ ဤမပြောင်းလဲသည့် အမှုတွင် သူ၏ရည်ရွယ်ချက်သည် လူသားမျိုးနွယ်၏ ရှင်သန်ခြင်းနှင့် လူသားမျိုးနွယ်က ဆက်လက်ရှင်သန်နိုင်ဖို့အလို့ငှာ ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၉)

ဘုရားသခင်သည် အရာခပ်သိမ်း၏ လည်ပတ်မှုကို အုပ်စိုးသည့် စည်းမျဉ်းများကို အမိန့်ပေးချုပ်ကိုင်သည်။ သူသည် အရာခပ်သိမ်း၏ ဆက်လက်ရှင်သန်နိုင်ရေးကို အုပ်ချုပ်သည့် စည်းမျဉ်းများကို ထိန်းချုပ်သည်။ သူသည် အရာခပ်သိမ်းကို သေကြေပျက်စီး မသွားအောင် သို့မဟုတ် ပျောက်ကွယ်မသွားအောင် ထိန်းချုပ် ထားပြီး၊ အချင်းချင်း အားလည်းဖြည့်ပြီး မှီလည်းမှီခိုစေသည်။ ထိုမှသာ လူသားမျိုးနွယ်သည် ဆက်လက်ရှင်သန်နိုင်မည်။ ထိုမှသာ သူတို့သည် ထိုသို့သော ပတ်ဝန်းကျင်မျိုးတွင် ဘုရားသခင်၏ လမ်းပြမှုအောက်၌ နေထိုင်နိုင်မည်။ ဘုရားသခင်သည် ဤလည်ပတ်မှုစည်းမျဉ်းများ၏ အရှင်သခင်ဖြစ်ပြီး၊ မည်သူတစ်ဦး တစ်ယောက်ကမျှ ၎င်းတို့ကို ကြားဝင်နှောင့်ယှက် မရနိုင်သကဲ့သို့၊ ပြောင်းလဲ၍မရနိုင်ပါ။ ဘုရားသခင် ကိုယ်တိုင်သာလျှင် ဤစည်းမျဉ်းများကို သိနားလည်ပြီး သူကိုယ်တိုင်ကသာ ၎င်းတို့ကို စီမံခန့်ခွဲသည်။ သစ်ပင်များ မည်သည့်အချိန် အညှောက်ပေါက်မည်၊ မိုး မည်သည့်အချိန်ရွာမည်၊ ကမ္ဘာမြေကြီးက အပင်များကို ရေနှင့် အာဟာရ မည်မျှပေးမည်၊ မည်သည့်ရာသီတွင် သစ်ရွက်များ ကြွေကျမည်၊ မည်သည့်ရာသီတွင် သစ်ပင်များ အသီးသီးမည်၊ နေရောင်ခြည်က သစ်ပင်ကို အာဟာရမည်မျှပေးမည်၊ နေရောင်ခြည်၏ ကျွေးမွေးခံလာရပြီးနောက် သစ်ပင်များက မည်သည့်အရာကို ရှူထုတ်ပေးမည်- ဤအရာများအားလုံးအား ဘုရားသခင်က အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည့်အချိန်တွင် မည်သူမျှ မချိုးဖောက်နိုင်သည့် စည်းမျဉ်းများအဖြစ် သူကြိုတင် ပြဌာန်း ထားခဲ့သည်။ အသက်ရှိသည်ဖြစ်စေ၊ သို့မဟုတ် လူ့အမြင်တွင် အသက်မဲ့သည်ဖြစ်စေ ဘုရားသခင်ဖန်ဆင်းခဲ့သည့် အရာများမှာ သူ့အနေဖြင့် သူတို့ကိုထိန်းချုပ်ပြီး သူတို့အပေါ် အုပ်စိုးသည့်နေရာဖြစ်သော သူ၏လက်ထဲတွင် တည်နေကြသည်။ ဤစည်းမျဉ်းများကို မည်သူကမျှ မပြောင်းလဲနိုင်သကဲ့သို့ မဖောက်ဖျက်နိုင်ပါ။ တစ်နည်းအားဖြင့် ဘုရားသခင်က အရာခပ်သိမ်းကို ဖန်ဆင်းသည့်အချိန်တွင် သစ်ပင်သည် ကမ္ဘာမြေကြီးမရှိဘဲ အမြစ်များနှင့် အညှောက်တို့ကို ချမှတ်၍ မရနိုင်သည့်အပြင် မကြီးထွားနိုင်မည့်အကြောင်း၊ ကမ္ဘာမြေကြီးသည် သစ်ပင်များ မရှိလျှင် ခြောက်သွေ့သွားမည့်အကြောင်း၊ သစ်ပင်သည် ကျေးငှက်တို့၏ နားခိုရာအိမ် ဖြစ်လာသင့်ပြီး လေဒဏ်မှ သူတို့ အကာအကွယ်ယူရမည့် နေရာဖြစ်လာမည့်အကြောင်း ကြိုတင် ပြဋ္ဌာန်းထားပြီး ဖြစ်ခဲ့သည်။ သစ်ပင်တစ်ပင်က နေရောင်ခြည် မရှိလျှင် ရှင်သန်နိုင်မည်လော။ (မရှင်သန်နိုင်ပါ။) သစ်ပင်က ကမ္ဘာမြေကြီးနှင့်သာလျှင်လည်း မရှင်သန်နိုင်ပါ။ ဤအရာများ အားလုံးမှာ လူသားမျိုးနွယ်အတွက်၊ လူသားမျိုးနွယ်၏ ဆက်လက် ရှင်သန်မှုအတွက် ဖြစ်သည်။ လူသည် သစ်ပင်မှ လတ်ဆတ်သည့် လေကို ရရှိပြီး လူသည် သစ်ပင်မှ ကာကွယ်ပေးထားသည့် ကမ္ဘာမြေကြီးပေါ်တွင် နေထိုင်ကြရသည်။ လူသားသည် နေရောင်ခြည် သို့မဟုတ် အမျိုးမျိုးသော သက်ရှိအရာများမရှိဘဲ အသက်မရှင်နိုင်ပါ။ ဤဆက်နွယ်မှုများမှာ ရှုပ်ထွေးသော်လည်း အရာခပ်သိမ်းတို့သည် အချင်းချင်း ခွန်အားဖြည့်ပေးနိုင်ရန်၊ အချင်းချင်း မှီခိုရန်နှင့် အတူတကွ တည်ရှိရန် အလို့ငှာ ဘုရားသခင်က ၎င်းတို့ကိုအုပ်စိုးသည့် စည်းမျဉ်းများအား ဖန်ဆင်းခဲ့သည်ကို သင် အမှတ်ရဖို့လိုသည်။ အခြားနည်းဖြင့် ဆိုရသော် သူဖန်ဆင်းခဲ့သည့် အရာတစ်ခုစီတိုင်းတွင် တန်ဖိုးနှင့် အရေးပါမှုတို့ ရှိကြသည်။ အကယ်၍ အရာတစ်ခုခုကို အရေးပါမှုမရှိဘဲ ဖန်ဆင်းခဲ့သည်ဆိုလျှင်၊ ဘုရားသခင်က ၎င်းကို ပျောက်ကွယ်စေမည် ဖြစ်သည်။ ဤသည်မှာ အရာခပ်သိမ်းကို ထောက်ပံ့ရန် ဘုရားသခင်အသုံးပြုသည့် နည်းလမ်းများထဲက တစ်ခုပင်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၇)

“ဘုရားသခင်က အရာခပ်သိမ်းကို ထောက်ပံ့သည်” ဟူသည်မှာ အလွန်ကျယ်ပြန့်သည့် အဓိပ္ပါယ်နှင့် အတိုင်းအတာရှိသည့် စကားရပ်တစ်ခုဖြစ်သည်။ ဘုရားသခင်က လူတို့ကို ၎င်းတို့၏ နေ့စဉ် စားသောက်စရာမျှကိုသာ ထောက်ပံ့ပေးခြင်း မဟုတ်ပေ။ သူသည် လူတို့ မြင်နိုင်သည့် အရာများသာမက မမြင်နိုင်သည့် အရာများလည်း အပါအဝင် လူသားမျိုးနွယ် လိုအပ်သမျှကို ထောက်ပံ့ပေးသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် မရှိမဖြစ်လိုအပ်သည့် ဤသက်ရှိပတ်ဝန်းကျင်ကို ထိန်းသိမ်း၊ စီမံခန့်ခွဲပြီး အုပ်ချုပ်သည်။ ဆိုလိုသည်မှာ ရာသီဥတုတစ်ခုစီအတွက် လူသားမျိုးနွယ်က လိုအပ်သော မည်သည့်ပတ်ဝန်းကျင်ကိုမဆို ဘုရားသခင်က ပြင်ဆင်ထားပြီးသား ဖြစ်သည်။ ဘုရားသခင်က လေနှင့် အပူချိန်အမျိုးအစားကို လူသား၏ ရှင်သန်ရပ်တည်ရေးအတွက် သင့်တော်နိုင်ရန်လည်း စီမံခန့်ခွဲပေးသည်။ ဤအရာများကို ထိန်းချုပ်သည့် စည်းမျဉ်းများသည် သူတို့ဘာသာ သို့မဟုတ် ကြုံရာကျပန်း ဖြစ်ပေါ်လာခြင်း မဟုတ်ပါ။ ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သူ့လုပ်ဆောင်ချက်များ၏ ရလဒ်များပင် ဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင်မှာ ဤစည်းမျဉ်းများအားလုံး၏ အရင်းအမြစ်ဖြစ်ပြီး အရာအားလုံးတို့၏ အသက်အရင်းအမြစ် ဖြစ်သည်။ ယင်းကို သင် ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ ယင်းကို သင် မြင်နိုင်သည်ဖြစ်စေ၊ မမြင်နိုင်သည်ဖြစ်စေ၊ သို့မဟုတ် ယင်းကို သင် နားလည် နိုင်သည် ဖြစ်စေ၊ နားမလည်နိုင်သည်ဖြစ်စေ ဤအရာသည် အခြေခိုင်ပြီး မပြိုပျက်နိုင်သည့် အမှန်တရားတစ်ခုအဖြစ် ရပ်တည်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၇)

ဤမတူညီသည့် လူ့ဘဝနေထိုင်မှုပုံစံများကို ကျောထောက် နောက်ခံပြုထားသည့် အခြေခံ သတ်မှတ်ချက်များမှာ မည်သည့်အရာများ ဖြစ်သနည်း။ ၎င်းတို့ ရှင်သန်နိုင်သည့် ပတ်ဝန်းကျင်ကို အခြေခံအဆင့်ဖြင့် ထိန်းသိမ်းဖို့ လုံးဝ မလိုအပ်သလော။ ဆိုလိုသည်မှာ အမဲလိုက်ခြင်းဖြင့် အသက်မွေးသူများက တောတောင် သစ်တောများ သို့မဟုတ် ငှက်များနှင့် သားရဲတိရစ္ဆာန်များကို ဆုံးရှုံးရပါက၊ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းက ကုန်ဆုံးသွားပေမည်။ ဤလူမျိုးစုများနှင့် ဤသို့သောလူစားမျိုးများ သွားသင့်သည့် လမ်းကြောင်းသည် မရေမရာဖြစ်လာမည်ဖြစ်ပြီး၊ ၎င်းတို့ ပျောက်ပင်ပျောက်ကွယ်သွားပေမည်။ ပြီးလျှင် မိမိတို့၏ အသက်မွေးမှုအတွက် တိရစ္ဆာန် ထိန်းကျောင်းသူများကော အဘယ်သို့နည်း။ အဘယ်အရာကို ၎င်းတို့ အားထားကြသနည်း။ ၎င်းတို့အမှန်တကယ် မှီခိုကြသည်မှာ ၎င်းတို့၏ ခြံမွေး တိရစ္ဆာန်များ မဟုတ်ဘဲ ၎င်းတို့၏ ခြံမွေးတိရစ္ဆာန်များ ရှင်သန်နိုင်သည့် ပတ်ဝန်းကျင်- မြက်ခင်းပြင်ဖြစ်သည်။ မြက်ခင်းပြင်များ မရှိလျှင် တိရစ္ဆာန်ထိန်းကျောင်းသူများက ၎င်းတို့၏ ခြံမွေးတိရစ္ဆာန်များကို မည်သည့်နေရာတွင် လွှတ်ထားမည်နည်း။ ကျွဲနွားများနှင့် သိုးများက အဘယ်အရာကို စားကြမည်နည်း။ ခြံမွေးတိရစ္ဆာန်များမရှိဘဲနှင့်၊ ရေကြည်ရာ မြက်နုရာ လှည့်လည်နေထိုင်သည့် ဤလူမျိုးများသည် အသက်မွေးဝမ်းကျောင်းစရာ ရှိမည် မဟုတ်ပေ။ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းအတွက် အရင်းအမြစ်မရှိဘဲနှင့်၊ ဤလူများသည် အဘယ်အရပ်သို့ သွားကြမည်နည်း။ ၎င်းတို့အတွက် ဆက်လက်ရှင်သန်ရပ်တည်ဖို့ အလွန် ခက်ခဲလာပေမည်။ ၎င်းတို့ အနာဂတ်ရှိမည် မဟုတ်ပေ။ ရေအရင်းအမြစ်များမရှိပါက၊ မြစ်များနှင့် အင်းအိုင်များ လုံးဝ ခန်းခြောက်သွားပါက၊ အသက်ရှင်ရန် ရေအပေါ် မှီခိုအားထားရသည့် ငါးများအားလုံး ရှိပါဦးမည်လော။ ရှိတော့မည်မဟုတ်ပေ။ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း အတွက် ရေနှင့် ငါးများအပေါ် အမှီပြုရသည့် ဤလူများသည် ဆက်ပြီး ရှင်သန်နိုင်ပါ့မည်လော။ ၎င်းတို့ အစားအစာ မရှိတော့သည့်အခါတွင်၊ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း အတွက် အရင်းအမြစ်မရှိတော့သည့်အခါတွင်၊ ဤလူများသည် ဆက်လက်ရှင်သန်နိုင်မည် မဟုတ်ပေ။ ဆိုလိုသည်မှာ၊ သတ်မှတ်ထားသည့် မည်သည့် လူမျိုးစုမဆိုသည် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း သို့မဟုတ် ရှင်သန်မှုနှင့်ပတ်သက်သည့် ပြဿနာတစ်ခု ကြံရပါက၊ ထိုလူမျိုးစုသည် ရှေ့ဆက်တော့မည် မဟုတ်သကဲ့သို့ ကမ္ဘာ့ မြေမျက်နှာပြင်မှ ပျောက်ကွယ် သွားနိုင်ပြီး မျိုးသုဉ်းသွားနိုင်ပေသည်။ ပြီးလျှင် အသက်မွေးဝမ်းကျောင်းအတွက် လယ်စိုက်ပျိုးသူများသည် ၎င်းတို့၏ မြေများကို ဆုံးရှုံးသွားပါက၊ အပင်မျိုးစုံကို ၎င်းတို့ မစိုက်ပျိုးနိုင်ဘဲ၊ ထိုအပင်များမှ အစားအစာများ မရရှိနိုင်ပါက၊ ရလဒ်သည် မည်သည့်အရာ ဖြစ်မည်နည်း။ အစားအစာမရှိဘဲနှင့်၊ လူများသည် ဆာလောင်ပြီး သေဆုံးကုန်ကြမည် မဟုတ်လော။ လူတို့သည် ဆာလောင်ပြီး သေကြေကုန်လျှင်၊ လူသားမျိုးနွယ် ပျောက်ကွယ်သွားမည် မဟုတ်လော။ ထို့ကြောင့် ဤသည်မှာ ပတ်ဝန်းကျင်အမျိုးမျိုးကို ထိန်းသိမ်းရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်သည်။ ပတ်ဝန်းကျင် အမျိုးမျိုး၊ ဂေဟစနစ်များနှင့် ယင်းတို့အတွင်းရှိ မတူကွဲပြားသည့် သက်ရှိသတ္တဝါများအားလုံးကို ထိန်းသိမ်းရာတွင် ဘုရားသခင်၌ ရည်ရွယ်ချက် တစ်ခုသာရှိသည်- ယင်းမှာ လူပေါင်းစုံကို ပြုစုစောင့်ရှောက်ရန်၊ မတူညီသည့် ပထဝီဆိုင်ရာ ပတ်ဝန်းကျင်များတွင် ရှင်သန်နေထိုင်ကြသည့် လူများကို စောင့်ရှောက်ရန်ဖြစ်သည်။

အကယ်၍ ဖန်ဆင်းခြင်း အရာခပ်သိမ်းသည် ၎င်းတို့၏ ကိုယ်ပိုင် နိယာမများ ဆုံးရှုံးခဲ့လျှင်၊ ၎င်းတို့သည် တည်ရှိတော့မည် မဟုတ်ပေ။ အကယ်၍ အရာခပ်သိမ်း၏ နိယာမများသည် ဆုံးရှုံးသွားပါက၊ အရာခပ်သိမ်းထဲတွင် ရှိသည့် သက်ရှိသတ္တဝါတို့သည် ရှေ့ဆက်နိုင်မည် မဟုတ်တော့ပေ။ လူသားမျိုးနွယ်သည်လည်း ရှင်သန်မှုအတွက် ၎င်းတို့ မှီခိုရသည့် ၎င်းတို့၏ပတ်ဝန်းကျင်ကို ဆုံးရှုံးသွားမည် ဖြစ်သည်။ လူသားမျိုးနွယ်သည် ဤအရာအားလုံး ဆုံးရှုံးသွားပါက၊ ၎င်းတို့ ရှင်သန်နေကြပြီးသည့်အတိုင်း မျိုးဆက်များ တစ်ဆက်ပြီး တစ်ဆက် ရှင်သန်ကာ ပွားများဖို့ ဆက်လက် လုပ်ဆောင်နိုင်ကြမည် မဟုတ်ပေ။ ယခုအချိန်ထိ လူသားများ ရှင်သန်ပြီးဖြစ်သည့် အကြောင်းရင်းမှာ ဘုရားသခင်သည် ၎င်းတို့ကို ပြုစုစောင့်ရှောက်ရန်၊ မတူညီသော နည်းလမ်းများဖြင့် လူသားမျိုးနွယ်ကို ပြုစုစောင့်ရှောက်ရန် ဖန်ဆင်းခြင်း အရာခပ်သိမ်းအား ထောက်ပံ့ပေးထားပြီး ဖြစ်သောကြောင့် ဖြစ်သည်။ လူသားမျိုးနွယ်သည် ယခုအချိန်ထိ၊ မျက်မှောက်ခေတ် အထိ ရှင်သန်ပြီးဖြစ်သည်မှာ ဘုရားသခင်သည် လူသားမျိုးနွယ်ကို မတူညီသည့် နည်းလမ်းများဖြင့် ပြုစုစောင့်ရှောက် သောကြောင့်သာ ဖြစ်သည်။ သင့်လျော်ပြီး သဘာဝ နိယာမများက ကောင်းမွန်သည့် အစီအစဉ်ဖြင့် ရှိကြသည့် ရှင်သန်မှုအတွက် သတ်မှတ်ထားသော ပတ်ဝန်းကျင်တစ်ခုဖြင့်၊ ကမ္ဘာမြေ၏ မတူညီသော လူအမျိုးအစားအားလုံး၊ မတူညီသော လူမျိုးစုအားလုံးသည် သူတို့၏ ကိုယ်ပိုင် ပြဋ္ဌာန်းထားသည့် နယ်မြေများအတွင်းတွင် ရှင်သန်နိုင်ကြလေသည်။ ယင်းတို့ကို ချမှတ်ထားသည်မှာ ဘုရားသခင် ဖြစ်သောကြောင့်၊ ဤနယ်မြေများ သို့မဟုတ် နယ်နိမိတ်များကို မည်သူမျှ ကျော်မသွားနိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၉)

ဘုရားသခင်သည် လူသား ရှင်သန်ရေးအတွက် အခြေခံအကျဆုံးသော လိုအပ်ချက်များကို ဖန်ဆင်းသောအရှင်ဖြစ်ပြီး၊ ဤအရာများကို စီမံခန့်ခွဲကာ ထိန်းချုပ်၍လည်းနေ၏။ နှစ်ထောင်ပေါင်းများစွာ လူသား တည်ရှိပြီးနောက် ယခုတွင်ပင်လျှင်၊ ဘုရားသခင်သည် ၎င်းတို့၏ ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်ကို အဆက်မပြတ် အပြောင်းအလဲများကို ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်၊ ၎င်းတို့၏ ဘဝများသည် ပုံမှန်နည်းလမ်းတစ်ခုဖြင့် ထိန်းသိမ်း ထားနိုင်ရန်အလို့ငှာ အကောင်းဆုံးနှင့် အသင့်တော်ဆုံးသော ပတ်ဝန်းကျင်ကို ၎င်းတို့အား ဆက်လက်ထောက်ပံ့ ပေးနေဆဲ ဖြစ်သည်။ ထိုသို့သော အခြေအနေတစ်ခုကို အချိန်မည်မျှကြာ ထိန်းသိမ်း၍ရနိုင်သနည်း။ တစ်နည်းအားဖြင့်၊ ထိုသို့သော ပတ်ဝန်းကျင်တစ်ရပ်ကို ဘုရားသခင်က အချိန်မည်မျှကြာ ဆက်လက် ထောက်ပံ့ပေးနေလိမ့်မည်နည်း။ ဘုရားသခင်က သူ၏စီမံခန့်ခွဲခြင်း အမှုကို အပြည့်အဝ ပြည့်စုံစေသည်အထိ ကြာလိမ့်မည်ဖြစ်သည်။ ထို့နောက်၊ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်ကို ပြောင်းလဲလိမ့်မည်။ ဤပြောင်းလဲမှုများကို အလားတူ နည်းစနစ်များဖြင့် သူ ဖန်တီးမည်မှာ ဖြစ်ကောင်း ဖြစ်လိမ့်မည် သို့မဟုတ် ကွဲပြားသောနည်းနားများအားဖြင့် ဖြစ်ကောင်း ဖြစ်လိမ့်မည်၊ သို့ရာတွင် ယခု လူတို့ သိရမည့်အရာမှာ ဘုရားသခင်သည် အစဉ်မပြတ် လူသားမျိုးနွယ်၏ လိုအပ်ချက်များကို ထောက်ပံ့ပေးနေခြင်း၊ လူသားမျိုးနွယ် အသက်ရှင်သည့် ပတ်ဝန်းကျင်ကို စီမံခန့်ခွဲနေခြင်းနှင့်၊ ထိုပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးနေခြင်း၊ ကာကွယ် ပေးနေခြင်းနှင့် စောင့်ရှောက် ပေးနေခြင်း ဖြစ်သည်။ ထိုသို့သော ပတ်ဝန်းကျင်တစ်ရပ်ဖြင့်၊ ဘုရားသခင်၏ ရွေးချယ်ခံရသူများသည် ဤကဲ့သို့ ပုံမှန်ပုံစံတစ်ခုဖြင့် နေထိုင်နိုင်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို လက်ခံနိုင်ကြခြင်းဖြစ်သည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် အရာခပ်သိမ်း ဆက်လက်ရှင်သန်ပြီး ဘုရားသခင်ထံမှ ထိုသို့သော ထောက်ပံ့မှုများကြောင့် လူသားမျိုးနွယ် အားလုံး ရှေ့ဆက်ကြခြင်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၈)

ဘုရားသခင်သည် ဤကမ္ဘာကြီးကို ဖန်ဆင်းခဲ့ပြီး၊ အသက်ကို သူအပ်နှင်းပေးခဲ့သည့် သက်ရှိသတ္တဝါဖြစ်သော လူသားကို ထိုအထဲသို့ ခေါ်ဆောင်ခဲ့သည်။ ထို့နောက် လူသားသည် မိဘဆွေမျိုးများရှိလာပြီး တစ်ဦးတည်း မဟုတ်တော့ပေ။ လူသားသည် ဤရုပ်ဝတ္ထုကမ္ဘာကြီးကို စတင်တွေ့မြင်သည့်အချိန်မှစကာ သူသည် ဘုရားသခင်၏ စီမံမှု အတွင်းတွင်သာ တည်နေရန် စီရင်ခြင်းခံခဲ့ရသည်။ ဘုရားသခင်ထံမှ ဇီဝအသက်သည် သက်ရှိတစ်ဦးချင်းစီတိုင်းကို အရွယ်ရောက်သူအဖြစ် ကြီးထွားလာရန် တောက်လျှောက်ပံ့ပိုးပေးသည်။ ဤဖြစ်စဉ်အတွင်းတွင် လူသားသည် ဘုရားသခင်၏ စောင့်ရှောက်မှုအောက်၌ ကြီးထွားနေသည်ဟု မည်သူမျှ မခံစားရကြပေ၊ ယင်းအစား လူသားသည် သူ့မိဘ၏ ချစ်ခင်ကြင်နာသည့် စောင့်ရှောက်မှုအောက်တွင် ကြီးထွားလာပြီး၊ သူ၏ကြီးထွားမှုကို သူ့အသက်၏ပင်ကိုအသိစိတ်က လမ်းပြပေးသည်ဟု ၎င်းတို့ယုံကြည်ကြသည်။ အကြောင်းရင်းမှာ လူသားသည် သူ့အား အသက်ကို အပ်နှင်းပေးခဲ့သောသူကို မသိသောကြောင့်၊ သို့မဟုတ် ထိုအသက်သည် မည်သည့်အရပ်မှ လာသည်ကို မသိသောကြောင့် ဖြစ်သည်၊ အသက်၏ပင်ကိုအသိစိတ်က အံ့ဖွယ်တို့အား မည်ကဲ့သို့ ဖန်တီးပေးသည်ကို သာ၍ပင် မသိကြသောကြောင့်လည်းဖြစ်သည်။ လူသားသည် အစားအစာမှာ အသက်ဆက်ရန် အခြေခံဖြစ်ကြောင်း၊ ဇွဲရှိခြင်းသည် သူတည်ရှိနေခြင်း၏ အရင်းအမြစ်ဖြစ်ကြောင်းနှင့် သူ့စိတ်ထဲရှိ ယုံကြည်မှုများသည် သူဆက်လက်ရှင်သန်နိုင်ရန် မှီခိုနေရသည့် အရင်းအနှီးဖြစ်သည်ဟုသာ သိရှိကြသည်။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ထောက်မမှုတို့ကို လူသားသည် လုံး၀ သတိမမူမိပေ၊ ထို့ကြောင့် သူ့အပေါ် ဘုရားသခင်အပ်နှင်းပေးထားသော အသက်ကို သူဖြုန်းတီးပစ်သည်...။ ဘုရားသခင်က နေ့ရောညပါ စောင့်ရှောက်သည့် ဤလူသားတို့အထဲမှ တစ်ဦးတစ်ယောက်မျှပင် မိမိအသိနှင့်မိမိ ဘုရားသခင်ကို မဝတ်ပြုမကိုးကွယ်ကြပေ။ ဘုရားသခင်သည် သူမျှော်လင့်ချက်မထားထားသော လူသားအပေါ် သူစီစဉ်ထား သည့်အတိုင်း ဆက်လက် လုပ်ဆောင်လျက်ရှိသည်။ သူထိုသို့ ပြုလုပ်ရခြင်းမှာ တစ်နေ့တွင် လူသားသည် သူ၏အိပ်မက်မှ နိုးထကာ ဘဝ၏တန်ဖိုးနှင့် အဓိပ္ပာယ်၊ ဘုရားသခင်က သူ့ကိုပေးထားသည့် အရာအားလုံးအတွက် ပေးဆပ်ခဲ့ရသည့် အဖိုးအခနှင့် လူသားအနေဖြင့် သူ့ထံပြန်လှည့်လာစေရန် ဘုရားသခင်သည် စိတ်ထက်သန်သော ဂရုစိုက်မှုဖြင့် စောင့်ဆိုင်းနေသည်ကို ရုတ်တရက် နားလည်စေရန် ဖြစ်သည်။ လူသားအသက်၏ မူလအစနှင့် ရှေ့ဆက်မှုတို့ကို ထိန်းချုပ် ထားသည့် လျှို့ဝှက်ချက်များကို မည်သူမျှ စုံစမ်းစစ်ဆေးခဲ့ဖူးခြင်း မရှိပေ။ ဤအရာအားလုံးကို နားလည်တော်မူသော ဘုရားသခင်သည်သာ အရာအားလုံးကို ဘုရားသခင်ထံမှ ရရှိထားသော်လည်း ကျေးဇူးတင်ခြင်းမရှိသော လူသားက သူ့ကိုပေးသည့် နာကျင်မှုနှင့် ထိုးနှက်မှုတို့ကို တစ်ခွန်းမျှမဟဘဲ သည်းခံလျက်ရှိသည်။ လူသားသည် ဘဝက ယူဆောင်လာသော အရာအားလုံးကို ပေါ့ပေါ့တန်တန် သဘောထားသည်၊ ထိုနည်းတူပင် ဘုရားသခင်သည် လူသား၏ သစ္စာဖောက်ခံရပြီး မေ့လျော့ခံရကာ ခြိမ်းခြောက် တောင်းယူ ခံရခြင်းမှာလည်း “ဖြစ်ရိုးဖြစ်စဉ်” ဖြစ်သည်။ ဘုရားသခင်၏ အစီအစဉ်သည် အမှန်တကယ်ပင် ထိုမျှ အရေးကြီးနေနိုင်သလော။ ဘုရားသခင်၏ လက်တော်မှလာသော ဤသက်ရှိလူသားသည် အမှန်တကယ်ပင် ထိုမျှအရေးကြီးနေနိုင်သလော။ ဘုရားသခင်၏ အစီအစဉ်သည် အရေးကြီးသည်ကား သေချာပေ၏၊ သို့ရာတွင် ဘုရားသခင်၏လက်တော်ဖြင့် ဖန်ဆင်းခဲ့သော ဤသက်ရှိသည် သူ၏အစီအစဉ်အတွက် တည်ရှိနေခြင်းဖြစ်သည်။ သို့ဖြစ်ရာ ဤလူသားမျိုးနွယ်ကို မုန်းတီးခြင်းကြောင့် ဘုရားသခင်သည် သူ၏အစီအစဉ်ကို အလဟဿ အဖြစ်မခံနိုင်ပေ။ သူ၏အစီအစဉ်နှင့် သူမှုတ်သွင်းထားခဲ့သည့် ဇီဝအသက်ကြောင့်သာ ဘုရားသခင်သည် ညှဉ်းဆဲမှုအားလုံးကို သည်းခံနေခြင်းဖြစ်ပြီး လူသား၏ သွေးသားခန္ဓာအတွက် မဟုတ်ဘဲ လူသား၏ အသက်အတွက်ဖြစ်သည်။ သူသည် လူသား၏ သွေးသားခန္ဓာကို ပြန်ယူရန်မဟုတ်ဘဲ သူမှုတ်သွင်းခဲ့သော အသက်ကို ပြန်ယူရန် ထိုသို့ပြုခြင်းဖြစ်သည်။ ဤသည်မှာ သူ၏အစီအစဉ်ဖြစ်သည်။

ဤကမ္ဘာမြေကြီးထဲသို့ ရောက်ရှိလာသူ အားလုံးသည် အသက်ရှင်ခြင်းနှင့် သေခြင်းကို ကြုံတွေ့ရမည်ဖြစ်ပြီး၊ ၎င်းတို့အထဲမှ အများစုသည် သေဆုံးခြင်းနှင့် ပြန်လည်မွေးဖွားခြင်း သံသရာကို ကြုံတွေ့ခဲ့ကြပြီးဖြစ်သည်။ အသက်ရှင်နေသူများသည် မကြာမီတွင် သေဆုံးရမည်ဖြစ်ပြီး၊ သေဆုံးသူများသည် မကြာမီ ပြန်လာရလိမ့်မည်။ ဤအရာအားလုံးသည် သက်ရှိတစ်ဦးစီအတွက် ဘုရားသခင် စီစဉ် ပေးထားသော ဘဝလမ်းကြောင်းဖြစ်သည်။ ဤလမ်းကြောင်းနှင့် သံသရာသည် လူသားကို ဘုရားသခင်မှ မြင်တွေ့စေလိုသည့် အမှန်တရားအတိအကျပင် ဖြစ်သည်၊ ဘုရားသခင်မှ လူသားအပေါ် အပ်နှင်းထားသော အသက်သည် အဆုံးမရှိကြောင်း၊ အသွေးအသား၊ အချိန်၊ သို့မဟုတ် နေရာတို့၏ နှောင်ဖွဲ့ထားခြင်းကို မခံရကြောင်းပင် ဖြစ်သည်။ ယင်းမှာ လူသားအပေါ် ဘုရားသခင် အပ်နှင်းပေးထားသော အသက်၏နက်နဲရာဖြစ်ပြီး အသက်သည် သူ့ထံမှလာကြောင်း သက်သေလည်းဖြစ်သည်။ အသက်သည် ဘုရားသခင်ထံမှ လာသည်ကို လူအတော်များများက မယုံကြည်ကြသော်ငြားလည်း၊ ဘုရားသခင်၏ တည်ရှိမှုကို ၎င်းတို့ယုံကြည်သည်ဖြစ်စေ၊ ငြင်းဆိုသည်ဖြစ်စေ လူသားတို့သည် ဘုရားသခင်ထံမှ လာသောအရာအားလုံးကို မလွဲဧကန် မွေ့လျော်နေကြပေသည်။ အကယ်၍ ဘုရားသခင်သည် တစ်နေ့၌ ရုတ်တရတ် စိတ်ပြောင်းကာ ကမ္ဘာကြီးပေါ်တွင် တည်ရှိသော အရာအားလုံးနှင့် သူပေးခဲ့သောအသက်ကို ပြန်သိမ်းလိုပါက အရာအားလုံးသည် တည်ရှိတော့မည်မဟုတ်ပေ။ ဘုရားသခင်သည် သူ၏စွမ်းအားနှင့် သြဇာအာဏာတို့ကို အရင်းခံ၍ အရာအားလုံးကို စည်းစနစ်ကျနစေခြင်းဖြင့် သက်ရှိသက်မဲ့ အရာအားလုံးကို သူ၏အသက်ကိုအသုံးပြု၍ ထောက်ပံ့သည်။ ယင်းမှာ မည်သူမျှ စိတ်ကူး၍မရနိုင်သည့် သို့မဟုတ် နားမလည်နိုင်သည့် အမှန်တရားဖြစ်ပြီး၊ ဤနားမလည်နိုင်သော အမှန်တရားများသည် ဘုရားသခင်၏ အသက်စွမ်းအားအတွက် သက်သေခံချက်နှင့် ၎င်း၏ သရုပ်သကန်ပင်ဖြစ်သည်။ ယခုသင့်ကို လျှို့ဝှက်ချက်တစ်ခု ငါပြောပြမည်၊ ဘုရားသခင့်အသက်၏ ကြီးမားမှုနှင့် သူ့အသက်၏ တန်ခိုးကို မည်သည့်ဖန်ဆင်းခံကမျှ ဉာဏ်မမီနိုင်ပေ။ ဤအချက်သည် ယခု၊ ယခင်နှင့် နောင်လာမည့် ကာလအတွက်လည်း ထိုအတိုင်းပင် ဖြစ်နေမည်ဖြစ်သည်။ ငါပေးမည့် ဒုတိယလျှို့ဝှက်ချက်မှာ ဖန်ဆင်းခံအရာ အားလုံးသည် ပုံစံအရ၊ သို့မဟုတ် တည်ဆောက်ပုံအရ မည်သို့ပင် ကွဲပြားနေစေကာမူ ၎င်းတို့အားလုံးအတွက် အသက်၏ အရင်းအမြစ်သည် ဘုရားသခင်ထံမှ လာကြောင်းပင်ဖြစ်သည်။ သင်သည် မည်သည့်သက်ရှိအမျိုးအစား ဖြစ်နေစေကာမူ ဘုရားသခင် ချမှတ်ထားသည့် အသက်လမ်းကြောင်းကို မချိုးဖောက် နိုင်ပေ။ မည်သို့ပင်ဖြစ်စေ လူသားအနေဖြင့် အောက်ပါအချက်ကို နားလည်ရန်သာ ငါအလိုရှိသည်- ဘုရားသခင်၏ စောင့်ရှောက်မှု၊ ထိန်းသိမ်းမှုနှင့် ထောက်ပံ့ပေးမှုတို့ မရှိပါက လူသားသည် မည်မျှပင် ဝီရိယရှိရှိ ကြိုးစားစေကာမူ၊ သို့မဟုတ် မည်မျှပင် အားသွန်ခွန်စိုက် ရုန်းကန်စေကာမူ သူရရှိရန် ရည်ရွယ်ထားသမျှ အရာအားလုံးကို မရနိုင်ပေ။ ဘုရားသခင်ထံမှ အသက်ထောက်ပံ့ပေးခြင်း မရှိပါက လူသားသည် အသက်ရှင်ခြင်း၏ တန်ဖိုးနှင့် အသက်၏အဓိပ္ပာယ်တို့ကို ဆုံးရှုံးရမည်ဖြစ်သည်။ ဘုရားသခင်သည် သူ့အသက်၏တန်ဖိုးကို ပေါ့ပြက်ပြက်ဖြုန်းတီးပစ်သော လူသားကို မည်သို့လျှင် အလွန်အမင်း ပူပင်ကြောင့်ကြကင်းမဲ့ခွင့် ပေးထားနိုင်မည်နည်း။ ယခင်က ငါပြောခဲ့သည့်အတိုင်း ဘုရားသခင်သည် သင့်အသက်၏ အရင်းအမြစ် ဖြစ်သည်ကို မမေ့နှင့်။ အကယ်၍ လူသားသည် ဘုရားသခင် အပ်နှံပေးထားသော အရာအားလုံးကို မြတ်နိုးတန်ဖိုးထားရန် ပျက်ကွက် ပါက၊ ဘုရားသခင်သည် အစအဦး၌ သူပေးထားသည့် အရာများကို ပြန်ယူမည်သာမကဘဲ သူပေးထားခဲ့သော အရာအားလုံး၏ အဖိုးအခ နှစ်ဆကို လူသားထံမှ နစ်နာကြေးအဖြစ် အရယူမည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်

ဘုရားသခင်၏စီမံခန့်ခွဲမှု တည်ရှိကတည်းက၊ ဘုရားသခင်သည် သူ၏အမှုကို ဆောင်ရွက်ရန် အမြဲ အပြည့်အဝ ဆက်ကပ်ထားပြီးဖြစ်သည်။ သူသည် လူသားထံမှ သူ၏ဇာတိအဖြစ်တော်ကို ဖုံးကွယ်ထားသော်လည်း၊ လူသားအပေါ် အမှုပြုရင်း၊ သူ၏စိတ်သဘောထားကို ဖော်ပြရင်း၊ လူသားမျိုးနွယ် အားလုံးကို သူ၏အနှစ်သာရဖြင့် လမ်းပြပေးရင်း၊ ပြီးလျှင် သူ၏အစွမ်းတန်ခိုး၊ သူ၏ဉာဏ်ပညာနှင့် သူ၏ဩဇာအာဏာတို့မှတစ်ဆင့် လူတစ်ဦးချင်းစီ အပေါ်တွင် သူ၏အမှုကို လုပ်ဆောင်ရင်း၊ ထိုသို့ဖြင့် ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နှင့် ယနေ့နိုင်ငံတော်ခေတ် ဖြစ်တည်မှုကို ဆောင်ကြဉ်းရင်း လူသားကို သူ အမြဲထောက်ပံ့ပေးခဲ့သည်။ ဘုရားသခင်သည် သူ၏ဇာတိ အဖြစ်တော်ကို လူသားထံမှ ဖုံးကွယ်သော်လည်း၊ သူ၏ စိတ်သဘောထား၊ သူ၏ဖြစ်ခြင်းနှင့် ပိုင်ဆိုင်မှုများ၊ ပြီးလျှင် လူသားမျိုးနွယ်အပေါ် သူ၏အလိုတို့သည် လူသားက မြင်တွေ့ပြီး တွေ့ကြုံခံစားရန် ပြည့်ပြည့်ဝဝ ဖော်ပြထားပေသည်။ တစ်နည်းအားဖြင့်၊ လူသားများသည် ဘုရားသခင်ကိုမမြင်နိုင် သို့မဟုတ် မထိတွေ့နိုင်သော်လည်း၊ လူသားမျိုးနွယ်က ကြုံရသည့် ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရတို့သည် ဘုရားသခင်ကိုယ်တိုင်၏ အပြည့်အဝ ဖော်ပြချက်များ ဖြစ်သည်။ ယင်းမှာ သမ္မာတရား မဟုတ်ပေလော။ သူ၏ အမှုအတွက် ဘုရားသခင်ရွေးချယ်သည့် ကိုင်တွယ်ဖြေရှင်းမှု၏ နည်းလမ်း သို့မဟုတ် ရှုထောင့်ကို ပဓာနမထားဘဲ၊ ဘုရားသခင်သည် လူတို့ကို သူ၏ စစ်မှန်သော ပင်ကိုလက္ခဏာမှတစ်ဆင့် အမြဲဆက်ဆံသည်၊ သူ တာဝန်ရှိသည့်အမှုကို လုပ်ဆောင်ပြီး သူပြောရမည့် စကားများကို ပြောလေသည်။ မည်သည့်အနေအထားမှ ဘုရားသခင် ပြောဆိုသည်ဖြစ်စေ- သူသည် တတိယကောင်းကင်တွင် ရပ်နေနိုင်သည်၊ သို့မဟုတ် လူ့ဇာတိ၌ ရပ်နေနိုင်သည်၊ သို့မဟုတ် သာမန် လူတစ်ဦးအဖြစ်ပင် ရပ်နေနိုင်သည်- သူသည် လှည့်စားခြင်းနှင့် ဖုံးကွယ်ထားခြင်းမရှိဘဲ၊ သူ၏စိတ်နှလုံး အကြွင်းမဲ့ဖြင့် လူသားကို သူ အမြဲ စကားပြောဆို၏။ သူ၏ အမှုကို ဆောင်ရွက်ချိန်တွင်၊ ဘုရားသခင်သည် မည်သည့် ခြွင်းချန်မှုမျှ မရှိဘဲ၊ သူ၏နှုတ်ကပတ်တော်နှင့် သူ၏စိတ်သဘောထားတို့ကို ဖော်ပြပြီး သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းကို ဖော်ပြ၏။ လူသားမျိုးနွယ်ကို သူ၏အသက်၊ သူ၏ဖြစ်ခြင်းနှင့် ပိုင်ဆိုင်မှုတို့ဖြင့် သူ လမ်းပြ၏။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)

ဘုရားသခင်၏စီမံခန့်ခွဲခြင်း အမှုသည် ကမ္ဘာလောကို ဖန်ဆင်းခြင်းတွင် စတင်ခဲ့ပြီး၊ လူသားသည် ဤအမှု၏ ဗဟိုအချက်အချာတွင် ရှိလေသည်။ ဘုရားသခင်၏ အရာခပ်သိမ်း ဖန်ဆင်းခြင်းသည် လူသားအတွက်ဖြစ်သည်ဟု ပြော၍ရပေသည်။ သူ၏ စီမံခန့်ခွဲခြင်း အမှုသည် နှစ်ထောင်ချီ လွှမ်းခြုံပြီး၊ မိနစ် သို့မဟုတ် စက္ကန့်မျှ အချိန်အတွင်း၊ သို့မဟုတ် မျက်စိတစ်မှိတ် သို့မဟုတ် တစ်နှစ်၊ နှစ်နှစ်အတွင်း လုပ်ဆောင်ခဲ့ခြင်းမဟုတ်ပေ၊ သူသည် လူသားမျိုးနွယ်၏ ရှင်သန်မှုအတွက် လိုအပ်သည့် နေ၊ လ၊ သက်ရှိ သတ္တဝါမျိုးစုံ၊ အစားအစာနှင့် သာတောင့်သာယာရှိသော ပတ်ဝန်းကျင်ကဲ့သို့သော နောက်ထပ် အမှုအရာများကို ဖန်ဆင်းခဲ့ရသည်။ ဤသည်မှာ ဘုရားသခင်၏စီမံခန့်ခွဲမှု အစ ဖြစ်ပေသည်။

ထို့နောက်တွင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို စာတန်ထံ လွှဲအပ်နှံခဲ့ပြီး၊ လူသားသည် စာတန်၏ ပိုင်နက်အောက် အသက်ရှင်ခဲ့ရသည်၊ ယင်းက ဘုရားသခင်အမှု၏ ပထမဆုံးခေတ်- ပညတ်တော်ခေတ်၏ အဖြစ်အပျက်သို့ ဖြည်းဖြည်းချင်း ဆိုက်ရောက်သွားစေခဲ့သည်။ ပညတ်တော်ခေတ် အတောအတွင်း နှစ် နှစ်ထောင် သုံးထောင် တစ်လျှောက်အတောအတွင်းတွင်၊ လူသားမျိုးနွယ်သည် ပညတ်တော်ခေတ်၏ လမ်းပြမှုဖြင့် ကျင့်သားရလာခဲ့ပြီး၊ ယင်းကို အလေးမမူခဲ့ပေ။ လူသားသည် ဘုရားသခင်၏ စောင့်ရှောက်မှုကို တဖြည်းဖြည်းနှင့် စွန့်ခွာခဲ့သည်။ ထို့ကြောင့် ပညတ်တော်ကို လိုက်လျှောက်နေစဉ်တွင်၊ ၎င်းတို့သည် ရုပ်တုဆင်းတုများကိုလည်း ကိုးကွယ်ခဲ့ကြပြီး၊ မကောင်းမှုများကိုလည်း ကျူးလွန်ခဲ့ကြသည်။ ၎င်းတို့သည် ယေဟောဝါ၏ ကွယ်ကာမှု မရှိခဲ့ကြသကဲ့သို့၊ ၎င်းတို့၏ အသက်တာများကို ဗိမာန်တော်ထဲက ယဇ်ပလ္လင်ရှေ့တွင် အသက်ရှင်ရုံမျှ ရှင်ခဲ့ကြသည်။ အမှန်တွင် ဘုရားသခင်၏ အမှုသည် ၎င်းတို့ကို အချိန်ကြာမြင့်စွာက စွန့်ခွာခဲ့ပြီးဖြစ်ကာ၊ ဣသရေလတို့သည် ပညတ်တော်ကို ဆက်လက် ဖက်တွယ်ဆဲဖြစ်ပြီး ယေဟောဝါ၏ အမည်ကို ပြောဆိုကာ ၎င်းတို့သာလျှင် ယေဟောဝါ၏ လူများဖြစ်ပြီး ယေဟောဝါ၏ ရွေးချယ်ခံရသည့် လူများဖြစ်သည်ဟုပင် ဂုဏ်ယူစွာ ယုံကြည်ကြသော်လည်း၊ ဘုရားသခင်၏ ဘုန်းအသရေသည် ၎င်းတို့ကို တိတ်တဆိတ် စွန့်ပစ်ခဲ့ပြီးဖြစ်သည်။...

ဘုရားသခင်သည် သူ၏ အမှုကို လုပ်ဆောင်သည့်အခါ၊ သူသည် တစ်နေရာကို အမြဲ တိတ်တဆိတ် စွန့်ခွာပြီး၊ နောက်တစ်နေရာတွင် သူ စတင်သည့် အမှုသစ်ကို ညင်သာစွာ ဆောင်ရွက်လေသည်။ ဤသည်မှာ ထုံထိုင်းနေသော လူတို့အတွက် မယုံကြည်နိုင်စရာဖြစ်နေသည်။ လူတို့သည် ဟောင်းသော အရာကို အမြဲ တန်ဖိုးထားပြီး၊ ရင်းနှီးမှုမရှိသည့် အသစ်သောအရာအပေါ် မလိုမုန်းထားစိတ်ဖြင့် စောင့်ကြည့်ကြသည်၊ သို့မဟုတ် စိတ်အနှောင့်အယှက်ဖြစ်စရာအဖြစ် မြင်ကြသည်။ ထို့ကြောင့် ဘုရားသခင်က မည်သည့်အမှုသစ်ကို လုပ်ဆောင်သည် ဖြစ်စေ အစမှအဆုံးထိ လူသားသည် အရာခပ်သိမ်းထဲတွင် ယင်းကို နောက်ဆုံးမှ သိရှိရလေသည်။

အမြဲဖြစ်ရိုးဖြစ်စဉ်အတိုင်း၊ ပညတ်တော်ခေတ်ထဲက ယေဟောဝါ၏ အမှုပြီးသည့်နောက်တွင်၊ ဘုရားသခင်သည် ဒုတိယအဆင့်နှင့်ဆိုင်သည့် သူ၏အမှုကို စတင်ခဲ့သည်- လူ့ဇာတိကို ခံယူခြင်း- ဆယ်နှစ်၊ အနှစ်နှစ်ဆယ်ကြာ လူသားအဖြစ် လူ့ဇာတိခံယူခြင်းနှင့်- ယုံကြည်သူများအလယ် စကားပြောခြင်းနှင့် သူ၏ အမှုကို လုပ်ဆောင်ခြင်းတို့ ဖြစ်သည်။ သို့ရာတွင် ခြွင်းချက်မရှိ၊ ယင်းကို မည်သူမျှမသိခဲ့သကဲ့သို့၊ သခင်ယေရှုက ကားတိုင်တွင် သံမှိုရိုက်ခံခဲ့ရကာ ရှင်ပြန်ထမြောက် ပြီးနောက်တွင် သူသည် လူ့ဇာတိခံ ဘုရားသခင်ဖြစ်ခဲ့သည်ကို လူအရေအတွက် အနည်းငယ်ကသာ အသိအမှတ်ပြုခဲ့ကြသည်။...ဘုရားသခင်၏ အမှု ဒုတိယအဆင့် ပြည့်စုံခဲ့သည်နှင့်တစ်ပြိုင်နက်- ကားစင်တင်ခံရခြင်းနောက်တွင်- လူသားကို အပြစ်မှ ပြန်ကယ်သည့် ဘုရားသခင်၏အမှု (ဆိုလိုသည်မှာ စာတန်၏ လက်မှ လူသားကို ကယ်ယူခြင်းဖြစ်သည်) ပြီးမြောက်သွားခဲ့သည်။ ထို့ကြောင့် ၎င်းအချိန်မှစ၍ လူသားမျိုးနွယ်သည် ၎င်း၏ အပြစ်များ ခွင့်လွှတ်ခံရရန် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် လက်ခံရန်သာ ရှိခဲ့သည်။ သဘောပြောရလျှင်၊ လူသား၏ အပြစ်များသည် သူ၏ ကယ်တင်ခြင်းရရှိခြင်းနှင့် ဘုရားသခင်၏ ရှေ့မှောက်လာရာတွင် အတားအဆီးတစ်ခု မဟုတ်တော့သကဲ့သို့၊ စာတန်က လူသားကို စွပ်စွဲရန် အသုံးပြုသည့် ဩဇာလည်း မဟုတ်တော့ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်ကိုယ်တိုင်သည် စစ်မှန်သည့် အမှုကို လုပ်ဆောင်ပြီးဖြစ်သောကြောင့်၊ အပြစ်နှင့်ပြည့်သည့် လူ့ဇာတိ သဏ္ဌာန်နှင့် နမူနာ ဖြစ်လာခဲ့ပြီးဖြစ်ကာ၊ ဘုရားသခင် ကိုယ်တိုင်သည် အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သောကြောင့် ဖြစ်သည်။ ဤနည်းဖြင့် လူသားသည် ကားတိုင်မှ သက်ဆင်းပြီး ဘုရားသခင် လူ့ဇာတိ- အပြစ်နှင့်ပြည့်သည့် ဤလူ့ဇာတိ ပုံသဏ္ဌာန်- မှတစ်ဆင့် ရွေးနုတ်ခံခဲ့ရကာ ကယ်တင်ခံခဲ့ရပေသည်။ ထို့ကြောင့် စာတန်၏ဖမ်းဆီးခြင်းခံရပြီးနောက်၊ လူသားသည် ဘုရားသခင် ရှေ့တွင် သူ၏ကယ်တင်ခြင်းကို လက်ခံခြင်းသို့ ခြေတစ်လှမ်း သာ၍နီးကပ်လာခဲ့သည်။ ဟုတ်ပေ၏၊ အမှု၏ ဤအဆင့်သည် ပညတ်တော်ခေတ်အတောအတွင်း ဘုရားသခင်၏ စီမံခန့်ခွဲမှုထက် သာ၍ နက်ရှိုင်းကာ သာ၍ တိုးတက်လေသည်။

............

ထို့နောက် ကောင်းကင်နိုင်ငံတော်ခေတ် ရောက်လာသည်၊ ယင်းသည် အမှု၏ သာ၍ လက်တွေ့ကျသော အဆင့်ဖြစ်သော်လည်း၊ လူသားအတွက် လက်ခံရန် အခက်ခဲဆုံးလည်း ဖြစ်သည်။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် လူသားသည် ဘုရားသခင်နှင့် သာ၍ နီးကပ်လေလေ၊ ဘုရားသခင်၏ လှံတံသည် လူသားထံ သာ၍ ချဉ်းကပ်လေလေ ဖြစ်ပြီး၊ ဘုရားသခင်၏မျက်နှာကို လူသားထံ ရှင်းလင်းစွာ သာ၍ ထုတ်ဖော်ပြလေလေ ဖြစ်သောကြောင့် ဖြစ်သည်။ လူသားမျိုးနွယ်၏ ရွေးနုတ်ခြင်းနောက်တွင်၊ လူသားသည် ဘုရားသခင်၏ မိသားစုထံ တရားဝင် ပြန်သွားလေသည်။ လူသားက ယခုသည် ပျော်ရွှင်ခြင်း အချိန်ကာလဖြစ်သည်ဟု ထင်ခဲ့သော်လည်း၊ သူသည် မည်သူကမျှ ကြိုတင်မသိခဲ့သော ဘုရားသခင်၏ အပြည့်အဝ ထိပ်တိုက် ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုကို ခံရလေသည်။ အမှန်တွင်တော့၊ ဤသည်မှာ ဘုရားသခင်၏လူတို့ “ပျော်မွေ့ရန်” ရှိသည့် ဗတ္တိဇံတစ်ရပ် ဖြစ်သည်။ ထိုသို့သော ဆက်ဆံမှုအောက်တွင် လူတို့သည် ရပ်တန့်ကာ၊ “ငါသည် ဘုရားသခင်က ပြန်ဝယ်ယူရန် များလှစွာ အကုန်အကျခံခဲ့သည့် နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့သော သိုးသငယ်ဖြစ်သည်၊ သို့ဆိုလျှင် ဘုရားသခင်သည် ငါ့ကို အဘယ်ကြောင့် ဤသို့ဆက်ဆံသနည်း။ ယင်းမှာ ငါ့ကို ဘုရားသခင် လှောင်ပြောင်ခြင်းနှင့် ငါ့ကို ထုတ်ဖော်ခြင်း နည်းလမ်းဖြစ်သလော။...” ဟု မိမိဘာသာ စဉ်းစားဖို့မှအပ အခြား ရွေးချယ်စရာ မရှိပေ။ နှစ်ကာလများစွာ ကျော်လွန်ပြီးနောက် လူသားသည် စစ်ဆေးခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အခက်အခဲကို တွေ့ကြုံရလျက်၊ ရာသီဥတု ဒဏ်မပြတ်ခံထားလာရပြီး ဖြစ်သည်။ လူသည် အတိတ်အချိန်ကာလများ၏ “ဘုန်းအသရေ”နှင့် “ကြည်နူးဆွတ်ပျံ့ဖွယ်ရာ” တို့ ပျောက်ဆုံးသွားပြီး ဖြစ်သော်လည်း၊ သူသည် မသိလိုက်ဘဲနှင့် လူသား အပြုအမူနှင့်ဆိုင်သည့် အခြေခံသဘောတရားများကို နားလည်လာပြီး ဖြစ်ကာ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအဖို့ ဘုရားသခင်၏ နှစ်ပေါင်းများစွာ ဆက်ကပ်မြှုပ်နှံမှုကို အသိအမှတ်ပြုလာရပြီးဖြစ်သည်။ လူသားသည် တဖြည်းဖြည်းနှင့် ၎င်းကိုယ်တိုင်၏ ရိုင်းစိုင်းမှုကို စတင် စက်ဆုပ်ရွံရှာလေသည်။ သူ မည်မျှရိုင်းစိုင်းသည်၊ ဘုရားသခင်အပေါ် သူ၏ အထင်လွဲမှားမှုများအားလုံးနှင့် ဘုရားသခင်ထံ သူပြုခဲ့သည့် မလျော်ကန်သော တောင်းဆိုချက်များကို စတင်မုန်းတီးလေသည်။ အချိန်သည် နောက်ပြန်လှည့်၍မရပေ။ အတိတ်က အဖြစ်အပျက်များသည် လူသား၏ နောင်တရစရာ အမှတ်တရများ ဖြစ်လာပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ချစ်ခြင်းမေတ္တာတို့သည် လူသား၏ဘဝသစ်တွင် တွန်းအား ဖြစ်လာလေသည်။ တစ်နေ့ပြီးတစ်နေ့ လူသား၏ ဒဏ်ရာဒဏ်ချက်များ ပျောက်ကင်းသည်၊ သူ၏ ခွန်အားပြန်ရှိလာပြီး သူသည် မတ်တတ်ရပ်ကာ အနန္တတန်ခိုးရှင်၏ မျက်နှာကို ဖူးမျှော်လေသည်...သူသည် မိမိ၏နံဘေးတွင် အမြဲရှိကြောင်းနှင့် သူ၏အပြုံးနှင့် သူ၏ လှပသောမျက်နှာတို့သည် လွန်စွာ လှုပ်ရှားစေနိုင်ဆဲ ဖြစ်ကြောင်းတို့ကိုသာ တွေ့ရပေသည်။ သူ၏စိတ်နှလုံးသည် သူ ဖန်ဆင်းခဲ့သော လူသားမျိုးနွယ်အတွက် ပူပန်မှုများ ပွေ့ပိုက်ဆဲဖြစ်ပြီး သူ၏လက်များသည် အစအဦးကကဲ့သို့ နွေးထွေးပြီး တန်ခိုးရှိနေဆဲဖြစ်သည်။ ယင်းမှာ လူသားက ဧဒင်ဥယျာဉ်သို့ ပြန်သွားခဲ့သည့်အလား ဖြစ်သည်၊ သို့သော် ဤအကြိမ်တွင် မြွေ၏ ဖြားယောင်းသွေးဆောင်မှုများကို လူသားက နားမထောင်တော့ သကဲ့သို့၊ ယေဟောဝါ၏ မျက်နှာမှ လှည့်ထွက် မသွားတော့ပေ။ လူသည် ဘုရားသခင် ရှေ့မှောက်တွင် ဒူးထောက်၏၊ ဘုရားသခင်၏ ပြုံးနေသော မျက်နှာကို မော်ဖူးပြီး သူ၏အဖိုးတန်ဆုံးယဇ်ကို ပူဇော်လေသည်- အို၊ ကျွန်ုပ်၏သခင်။ ကျွန်ုပ်၏ ဘုရားသခင်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၃)- ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်

နှစ်ထောင်ပေါင်းအချို့ ကုန်ဆုံးပြီးနောက် လူသားမျိုးနွယ်သည် ဘုရားသခင် ချပေးသနားခဲ့သည့် အလင်းနှင့် လေကို မွေ့လျော်ခံစားနေဆဲပင်ဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင် မှုတ်သွင်းခဲ့သည့် ဇီဝအသက်ကို အသက်ရှူဆဲပင် ဖြစ်သည်။ ဘုရားသခင်ဖန်ဆင်းခဲ့သည့် ပန်းပွင့်များ၊ ငှက်များ၊ ငါးများနှင့် ပိုးမွှားများကို မွေ့လျော်ခံစားနေဆဲဖြစ်ပြီး ဘုရားသခင်ပေးအပ်ခဲ့သည့် အရာအားလုံးကို မွေ့လျော်ခံစားနေဆဲဖြစ်သည်။ နေ့နှင့်ညသည် အချင်းချင်း အဆက်မပြတ် အစားထိုးနေဆဲဖြစ်သည်။ ရာသီဥတုလေးခုသည် ယခင်ကဲ့သို့ပင် လှည့်ပတ်နေဆဲဖြစ်သည်။ ကောင်းကင်တွင်ပျံနေသည့် ငန်းများသည် ဤဆောင်းရာသီတွင် ထွက်ခွာကြပြီး နောက်နှစ်နွေဦးတွင် ပြန်လာဆဲဖြစ်သည်။ ရေထဲက ငါးများသည် သူတို့၏အိမ်ဖြစ်သည့် မြစ်များနှင့် အင်းအိုင်များကို မည်သည့်အခါမျှ မစွန့်ခွာပေ။ ပုစဉ်းရင်ကွဲများသည် နွေနေ့ရက်များတွင် ကျယ်လောင်စွာ သီချင်းဆိုကြသည်။ မြက်ထဲတွင်ရှိသည့် ပုရစ်များက ဆောင်းဦးရာသီတွင် တိုက်ခတ်သောလေနှင့်အတူ အချိန်မီ တီးတိုးသီဆိုနေကြသည်။ ငန်းများသည် ငန်းအုပ်အဖြစ် စုစည်းကြပြီး လင်းယုန်များက သီးသန့်နေထိုင်ကြသည်။ ခြင်္သေ့အုပ်များက အမဲလိုက်ခြင်းဖြင့် မိမိတို့ကိုယ်မိမိ အားဖြည့်သည်။ သမင်ကြီးများသည် မြက်နှင့် ပန်းပွင့်များမှ ရှောင်ဖယ်မသွားပေ။...အရာအားလုံးထဲမှ သက်ရှိသတ္တဝါ အမျိုးအစားတိုင်းသည် ထွက်ခွာပြီး ပြန်လာသည်။ ပြီးနောက် ပြန်ထွက်ခွာကြပြန်သည်။ မျက်စိတစ်မှိတ်အတွင်းတွင် ပြောင်းလဲမှုများစွာ ဖြစ်ပေါ်နေသည်။ သို့ရာတွင် မပြောင်းလဲသည့်အရာမှာ သူတို့၏ ဗီဇအသိစိတ်များနှင့် ရှင်သန်ရပ်တည်နေရေး နိယာမများပင်ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ထောက်ပံ့မှုနှင့် အာဟာရဖြည့်ပေးမှုအောက်တွင် အသက်ရှင်ကြသည်။ မိမိတို့၏ ဗီဇအသိစိတ်များကို မည်သူမျှ မပြောင်းနိုင်ပေ။ မိမိတို့၏ ရှင်သန်ရပ်တည်ရေး စည်းမျဉ်းများကို မည်သူမျှ မဖျက်ဆီးနိုင်ပေ။ အရာအားလုံးကြားတွင် နေထိုင်သည့် လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းနှင့် လှည့်စားခြင်းကို ခံရသော်လည်း လူသားသည် ဘုရားသခင်ပြုလုပ်ထားသည့် ရေ၊ ဘုရားသခင်ပြုလုပ်ခဲ့သည့် လေနှင့် ဘုရားသခင်ပြုလုပ်ထားသည့် အရာအားလုံးကို စွန့်လွှတ်နိုင်ခြင်း မရှိပေ။ လူသားသည် ဘုရားသခင်ဖန်ဆင်းခဲ့သည့် ဤနေရာတွင် နေထိုင်ပြီး ပွားများဆဲဖြစ်သည်။ လူသားမျိုးနွယ်၏ ဗီဇအသိစိတ်များက မပြောင်းလဲပေ။ လူသားသည် မြင်နိုင်ရန်အတွက် သူ၏မျက်လုံး၊ ကြားရန်အတွက် သူ၏နားများ၊ စဉ်းစားရန်အတွက် သူ၏ဦးနှောက်၊ နားလည်ရန်အတွက် သူ၏နှလုံးသား၊ လမ်းလျှောက်ရန်အတွက် သူ၏ခြေထောက်နှင့် ခြေဖဝါး၊ အလုပ်လုပ်ရန်အတွက် သူ၏လက်များစသည့် ဤအရာများကို အားကိုးဆဲပင် ဖြစ်သည်။ ဘုရားသခင်၏ ထောက်ပံ့မှုများ မပြောင်းမလဲဘဲ ရှိနေမှုကို လက်ခံနိုင်စေရန် လူသားအပေါ် ဘုရားသခင်ချပေးသနားခဲ့သည့် ဗီဇအသိစိတ်များ၊ ဘုရားသခင်နှင့် လက်တွဲလုပ်ဆောင်ရန်အတွက် လူသားအသုံးပြုသည့် စွမ်းရည်များ မပြောင်းလဲပေ။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်များကို ထမ်းဆောင်ရန်အတွက် လူသားမျိုးနွယ်၏ စွမ်းရည်သည် မပြောင်းလဲသေးပေ။ လူသားမျိုးနွယ်၏ ဝိညာဉ်ရေးရာ လိုအပ်ချက်များ မပြောင်းလဲပေ။ သူတို့၏ဇာစ်မြစ်များကို ရှာဖွေရန်အတွက် လူသားမျိုးနွယ်၏ ဆန္ဒသည် မပြောင်းလဲပေ။ ဖန်ဆင်းရှင်၏ ကယ်တင်ခြင်းကို လူသားတို့ တောင့်တခြင်းက မပြောင်းလဲပေ။ ဤအရာများသည် ဘုရားသခင်၏ သြဇာအာဏာအောက်တွင်နေထိုင်သည့်၊ စာတန်က ဖြစ်ပေါ်စေသည့် သွေးစွန်းသည့် ပျက်စီးမှုများကို ကြံ့ကြံ့ခံခဲ့ရသည့် လူသားမျိုးနွယ်၏ လက်ရှိအခြေအနေများဖြစ်သည်။ လူသားမျိုးနွယ်သည် စာတန်၏ဖိနှိပ်မှုကို ခံရသော်လည်း ဖန်ဆင်းခြင်းအစက အာဒံနှင့်ဧဝတို့ကဲ့သို့ မဟုတ်တော့ပေ။ ထိုအစား အသိပညာ၊ ထင်မြင်ယူဆချက်၊ အယူအဆများစသည့် ဘုရားသခင်ကို ရန်မူလိုသည့် အရာများနှင့် ပြည့်နေပြီး စာတန်နှင့်ဆိုင်သည့် စိတ်သဘောထားနှင့် ပြည့်နေသည်။ ဘုရားသခင်၏ အမြင်တွင်မူ လူသားမျိုးနွယ်သည် သူဖန်ဆင်းခဲ့သည့် ယခင်က လူသားမျိုးနွယ်ဖြစ်နေဆဲပင်ဖြစ်သည်။ လူသားတို့သည် ဘုရားသခင်၏ အုပ်စိုးခြင်းနှင့် စီစဉ်ညွှန်ကြားခြင်းကို ခံနေရဆဲဖြစ်ပြီး ဘုရားသခင်ပြင်ဆင်ထားသည့် လမ်းကြောင်းအတွင်းတွင် အသက်ရှင်နေထိုင်ဆဲဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏အမြင်တွင် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံထားရသည့် လူသားမျိုးနွယ်သည် လှုပ်ရွနေသည့် အစာအိမ်နှင့်၊ အတန်ငယ်နှေးကွေးသည့် တုံ့ပြန်မှုများနှင့်၊ ယခင်ကဲ့သို့ မကောင်းတော့သည့် မှတ်ဉာဏ်များနှင့်၊ အနည်းငယ် အသက်ကြီးလာပြီး အညစ်အကြေးတို့နှင့် ဖုံးလွှမ်းနေခြင်းမျှသာဖြစ်သည်- သို့သော်လည်း လူသား၏ အသုံးဝင်မှုနှင့် ဗီဇအသိစိတ်အားလုံးတို့သည် လုံးဝ ထိခိုက်မှုမရှိပေ။ ဤသည်မှာ ဘုရားသခင်ကယ်တင်ရန် ရည်မှန်းသည့် လူသားမျိုးနွယ်ဖြစ်သည်။ ဤလူသားမျိုးနွယ်သည် ဖန်ဆင်းရှင်၏ ခေါ်သံကို ကြားရန်၊ ဖန်ဆင်းရှင်၏ အသံတော်ကို ကြားရန်သာလိုပြီး ဤအသံ၏ အရင်းအမြစ်ကိုရှာရန် သူသည် မတ်တပ်ရပ်ပြီး အပြေးအလွှား သွားလိမ့်မည်။ ဤလူသားမျိုးနွယ်သည် ဖန်ဆင်းရှင်၏ ပုံသဏ္ဌာန်ကို တွေ့ရန်သာလိုပြီး သူသည် သူ့ကိုယ်သူ ဘုရားသခင်ထံတွင် အပ်နှံရန်အတွက် အားလုံးကို ဂရုမစိုက်တော့ဘဲ အရာအားလုံးကို စွန့်လွှတ်ပြီး ဘုရားသခင်အတွက် သူ၏ဘဝကိုပင် ချပေးလိမ့်မည်။ လူသားမျိုးနွယ်၏ နှလုံးသားက ဖန်ဆင်းရှင်၏ လှိုက်လှဲသော နှုတ်ကပတ်တော်များကို နားလည်သည့်အခါတွင် လူသားမျိုးနွယ်သည် စာတန်ကို ငြင်းပယ်ပြီး ဖန်ဆင်းရှင်ထံပါးသို့ လာလိမ့်မည်။ လူသားမျိုးနွယ်သည် သူ၏ကိုယ်ခန္ဓာက အညစ်အကြေးများကို လုံးဝဆေးကြောပြီးသည့်အခါတွင်၊ ဖန်ဆင်းရှင်၏ ထောက်ပံ့ခြင်းနှင့် အာဟာရဖြည့်ပေးခြင်းကို နောက်တစ်ကြိမ် ထပ်၍ရရှိသည့်အခါတွင် လူသားမျိုးနွယ်၏ မှတ်ဉာဏ်တို့သည် ပြန်လည်ကောင်းမွန်လာမည်ဖြစ်ပြီး ဤအချိန်တွင် လူသားမျိုးနွယ်သည် ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်ကို အမှန်တကယ် ပြန်လာပေလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်သည် ဖန်ဆင်းခြင်း၏သခင်ဖြစ်သည်၊ သူ၏ဩဇာအာဏာသည် တစ်မူထူးခြားသည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းရန် နှုတ်ကပတ်တော်များကို အသုံးပြုသည် ကမ္ဘာဦးကျမ်း ၁:၃-၅...

မည်သည့်ကောင်းကင်တမန်ကိုမျှ မည်သည့်အခါမျှ ဘုရားသခင်ဟု ခေါ်ဆို၍ မရနိုင်ပေ၊ အကြောင်းမှာ ၎င်းတို့သည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့ကို မည်သည့်အခါမျှ မဖန်ဆင်းနိုင်သောကြောင့် ဖြစ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- အရာခပ်သိမ်းအား ဖန်ဆင်းခြင်းကို စတင်သည့်အချိန်မှစပြီး ဘုရားသခင်၏ တန်ခိုးသည် စတင်ဖော်ပြကာ...

ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့ကို ဖန်ဆင်းပြီး အုပ်စိုးနိုင်သည့် သူသာလျှင် စစ်မှန်သော တစ်ပါးတည်းသော ဘုရားသခင်၊ ဖန်ဆင်းခြင်း၏သခင် ဖြစ်လေသည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ဘုရားသခင်သည် အရာခပ်သိမ်းကို အုပ်စိုးပြီး အရာခပ်သိမ်းကို စီမံအုပ်ချုပ်သောသူ ဖြစ်၏။ သူသည်...

စာတန်သည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့ကို မည်သည့်အခါမျှ မဖန်ဆင်းနိုင်သည့် ကျလာသော ကောင်းကင်တမန် တစ်ပါးဖြစ်ပြီး ဘုရားသခင်၏ ဩဇာအာဏာကို မည်သည့်အခါမျှ မကျော်လွန်နိုင်ပေ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ကမ္ဘာမြေကြီး မတည်ရှိမီတွင်၊ ကောင်းကင်တမန်မင်းသည် ကောင်းကင်ဘုံ၏ ကောင်းကင်တမန်များထဲမှ အကြီးမြတ်ဆုံး...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။