ဘုရားသခင်သည် ဖန်ဆင်းခြင်း၏သခင်ဖြစ်သည်၊ သူ၏ဩဇာအာဏာသည် တစ်မူထူးခြားသည်

16.06.2019

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းရန် နှုတ်ကပတ်တော်များကို အသုံးပြုသည်

ကမ္ဘာဦးကျမ်း ၁:၃-၅ ဘုရားသခင်ကလည်း အလင်းဖြစ်စေဟု အမိန့်တော်ရှိ၍ အလင်းဖြစ်လေ၏။ ထိုအလင်းကောင်းသည်ကို ဘုရားသခင်မြင်၍၊ အလင်းနှင့် မှောင်မိုက်ကို ပိုင်းခြားခွဲထား တော်မူ၏။ အလင်းကို နေ့ဟူသောအမည်ဖြင့်၎င်း၊ မှောင်မိုက်ကို ညဉ့်ဟူသောအမည်ဖြင့်၎င်း၊ ခေါ်ဝေါ်သမုတ်တော်မူ၍ ညဦးနှင့် နံနက်သည် ပဌမနေ့ရက်ဖြစ်လေ၏။

ကမ္ဘာဦးကျမ်း ၁:၆-၇ တဖန်ဘုရားသခင်က ရေအလယ်၌ မိုဃ်းမျက်နှာကြက်ဖြစ်စေ၊ ရေနှင့်ရေချင်း ခြားနားစေဟု အမိန့်တော်ရှိသဖြင့်၊ မိုဃ်းမျက်နှာကြက်ကို ဘုရားသခင် ဖန်ဆင်းတော်မူ၍၊ မိုဃ်းမျက်နှာကြက် အောက်၌ရှိသော ရေနှင့်၊ မိုဃ်းမျက်နှာကြက် အပေါ်၌ရှိသော ရေကို ပိုင်းခြားတော်မူ သည်အတိုင်း ဖြစ်လေ၏။

ကမ္ဘာဦးကျမ်း ၁:၉-၁၁ တဖန်ဘုရားသခင်က မိုဃ်းကောင်းကင် အောက်၌ရှိသော ရေစုဝေးစေ၊ ကုန်းပေါ်စေဟု အမိန့်တော် ရှိသည်အတိုင်း ဖြစ်လေ၏။ ကုန်းကို မြေဟူသော အမည်ဖြင့်၎င်း၊ ရေစုဝေးရာကို ပင်လယ်ဟူသောအမည်ဖြင့်၎င်း၊ ဘုရားသခင် ခေါ်ဝေါ်သမုတ်တော်မူ၍ ထိုအမှုအရာ ကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၏။ တဖန် ဘုရားသခင်က၊ မြေသည် မြက်ပင်ကို၎င်း၊ စပါးသီးကို ဖြစ်စေသော စပါးပင်ကို၎င်း၊ မြေပေါ်မှာ မျိုးစေ့ပါလျက် သစ်သီးမျိုးကို ဖြစ်စေသော သစ်ပင်ကို၎င်း၊ ပေါက်စေဟု အမိန့်တော်ရှိသည် အတိုင်း ဖြစ်လေ၏။

ကမ္ဘာဦးကျမ်း ၁:၁၄-၁၅ တဖန် ဘုရားသခင်က၊ နေ့နှင့်ညဉ့်ကို ပိုင်းခြားစေခြင်းငှါ မိုဃ်းကောင်းကင် မျက်နှာကြက်၌ အလင်းအိမ်တည်စေ၊ နိမိတ်လက္ခဏာ၊ ချိန်းချက်သောအချိန်၊ နေ့ရက်အပိုင်းအခြား၊ နှစ်အပိုင်းအခြားဘို့ ဖြစ်စေ။ မိုဃ်းကောင်းကင် မျက်နှာကြက်၌တည်၍ မြေကြီး လင်းစရာ အလင်းအိမ်ဖြစ်စေဟု၊ အမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။

ကမ္ဘာဦးကျမ်း ၁:၂၀-၂၁ တဖန် ဘုရားသခင်က အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန်တို့ကို ရေသည်များပြားစွာ မွေးဖွားစေ။ ငှက်တို့လည်း မြေပေါ် မိုဃ်းကောင်းကင် မျက်နှာကြက်ပြင်ဝယ် ပျံစေဟု အမိန့်တော်ရှိ၏။ ထိုသို့လျှင် ရေသည် တိရစ္ဆာန်အမျိုးအလိုက် များပြားစွာ မွေးဘွား၍၊ ငါးကြီး အစရှိသော အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန် အပေါင်းတို့ကို၎င်း၊ ပျံတတ်သော ငှက်မျိုးအပေါင်းတို့ကို၎င်း ဘုရားသခင်ဖန်ဆင်း၍၊ ထိုအမှုအရာ ကောင်းသည်ကို မြင်တော်မူ၏။

ကမ္ဘာဦးကျမ်း ၁:၂၄-၂၅ တဖန် ဘုရားသခင်က၊ မြေသည် အသက်ရှင်သော သတ္တဝါမျိုးတည်းဟူသော သားယဉ်တို့ကို၎င်း၊ တွားတတ်သော တိရစ္ဆာန်တို့ကို၎င်း၊ သားရဲမျိုးတို့ကို၎င်း၊ မွေးဖွားစေဟု အမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။ ထိုသို့ ဘုရားသခင်သည် သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်တွင် တွားတတ်သော တိရစ္ဆာန်မျိုး အပေါင်းတို့ကို ဖန်ဆင်း၍၊ ထိုအမှုအရာ ကောင်းသည်ကို မြင်တော်မူ၏။

ပထမနေ့တွင် လူသားမျိုးနွယ်၏ နေ့နှင့်ညသည် ပေါ်ပေါက်လာပြီး ဘုရားသခင်၏ သြဇာအာဏာကြောင့် ခိုင်မာစွာ ရပ်တည်ပေ၏

ပထမကျမ်းပိုဒ်ကို ကြည့်ကြပါစို့- “ဘုရားသခင်ကလည်း အလင်းဖြစ်စေဟု အမိန့်တော်ရှိ၍ အလင်းဖြစ်လေ၏။ ထိုအလင်းကောင်းသည်ကို ဘုရားသခင်မြင်၍၊ အလင်းနှင့် မှောင်မိုက်ကို ပိုင်းခြားခွဲထားတော်မူ၏။ အလင်းကို နေ့ဟူသော အမည်ဖြင့်၎င်း၊ မှောင်မိုက်ကို ညဉ့်ဟူသော အမည်ဖြင့်၎င်း၊ ခေါ်ဝေါ်သမုတ်တော်မူ၍ ညဦးနှင့် နံနက်သည် ပဌမနေ့ရက် ဖြစ်လေ၏။” (ကမ္ဘာဦးကျမ်း ၁:၃-၅) ဤကျမ်းပိုဒ်သည် ဖန်ဆင်းခြင်းအစတွင် ဘုရားသခင်၏ ပထမဆုံး လုပ်ဆောင်ချက်နှင့် ညဉ့်ဦးနှင့် နံနက်ပါဝင်သော ဘုရားသခင် ဖြတ်သန်းခဲ့သည့် ပထမနေ့ရက်ကို ဖော်ပြသည်။ သို့သော် ယင်းသည် ထူးခြားသည့်နေ့ တစ်နေ့ဖြစ်ခဲ့သည်- ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အလင်းကို စတင် ပြင်ဆင်ခဲ့သည့်အပြင် အလင်းကို မှောင်မိုက်မှ ခွဲခြားလိုက်သည်။ ဤနေ့ရက်တွင် ဘုရားသခင်သည် စတင်စကားပြောခဲ့ပြီး သူ၏ နှုတ်ကပတ်တော်များနှင့် သြဇာအာဏာသည် အတူတကွ တည်ရှိခဲ့သည်။ သူ၏ သြဇာအာဏာသည် အရာခပ်သိမ်းထဲတွင် စတင် ထင်ရှားပြလာပြီး သူ့နှုတ်ကပတ်တော်များ၏ အကျိုးရလဒ်အနေဖြင့် သူ၏တန်ခိုးသည် အရာခပ်သိမ်းအလယ်တွင် ပျံ့နှံ့လေသည်။ ထိုနေ့မှစပြီး အရာခပ်သိမ်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ သြဇာအာဏာနှင့် ဘုရားသခင်၏ တန်ခိုးတို့ကြောင့် ဖြစ်ပေါ်လာခဲ့ပြီး ခိုင်မာစွာ ရပ်တည်ခဲ့ကြကာ၊ ယင်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ သြဇာအာဏာနှင့် ဘုရားသခင်၏ တန်ခိုးတို့ကြောင့်၊ စတင် လှုပ်ရှားလည်ပတ်လာကြသည်။ ဘုရားသခင်က “အလင်းဖြစ်စေ” ဆိုသည့် နှုတ်ကပတ်တော်များကို မိန့်မြွက်လိုက်သည့်အခါတွင်၊ ထိုသို့ အလင်းဖြစ်ခဲ့သည်။ ဘုရားသခင်က မည်သည့်အလုပ် အစီအစဉ်တို့ကိုမျှ စတင်ခြင်းမရှိခဲ့ပေ။ အလင်းသည် သူ့နှုတ်ကပတ်တော်၏ ရလဒ်အနေဖြင့် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က နေ့ဟုခေါ်ခဲ့သည့် အလင်းဖြစ်ပြီး လူသားသည် ယနေ့ သူ၏တည်ရှိမှုအတွက် ယင်းအပေါ် မှီခိုနေရဆဲ ဖြစ်သည်။ ဘုရားသခင်၏ အမိန့်အားဖြင့် ထိုအလင်း၏ အနှစ်သာရနှင့် တန်ဖိုးက မည်သည့်အခါမျှ ပြောင်းလဲမသွားဘဲ၊ မည်သည့်အခါမျှလည်း ပျောက်ကွယ်မသွားပေ။ ယင်း၏တည်ရှိမှုသည် ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးကို ထင်ရှားစေပြီး ဖန်ဆင်းရှင်၏ တည်ရှိမှုကို ကြေညာသည်။ ယင်းသည် ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာနှင့် အဆင့်အတန်းကို အကြိမ်ကြိမ် အတည်ပြုသည်။ ယင်းသည် အထည်ကိုယ်ဒြပ်မရှိသည့်အရာ သို့မဟုတ် ထင်ယောင်ထင်မှားစရာ မဟုတ်ပါဘဲ၊ လူသားက မြင်တွေ့နိုင်သည့် တကယ်ရှိသော အလင်းဖြစ်သည်။ ထိုအချိန်မှစ၍ “မြေကြီးသည် အဆင်းသဏ္ဌာန်မရှိ၊ လွတ်လပ်လဟာဖြစ်၏။ နက်နဲရာအရပ်ကို မှောင်မိုက်ဖုံးလွှမ်း၏” ဆိုသည့် ဘာမျှမရှိသည့် ကမ္ဘာကြီးတွင် ပထမဆုံးသော ရုပ်ဝတ္ထုတစ်ခု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ဤအရာသည် ဘုရားသခင့်နှုတ်၏ နှုတ်ကပတ်တော်များမှ လာခဲ့ခြင်းဖြစ်ပြီး ဘုရားသခင်၏ သြဇာအာဏာနှင့် မိန့်မြွက်ချက်များကြောင့်၊ အရာခပ်သိမ်းအား ဖန်ဆင်းခြင်း၏ ပထမ လုပ်ဆောင်ချက်တွင် ထွက်ပေါ်လာခဲ့သည်။ နောက်မကြာမီတွင် ဘုရားသခင်သည် အလင်းနှင့် မှောင်မိုက်ကို ခွဲခြားရန် အမိန့်ပေးခဲ့သည်။...ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် အရာအားလုံးမှာ ပြောင်းလဲခဲ့ပြီး ပြည့်စုံလျက် ရှိခဲ့သည်။...ဘုရားသခင်က ဤအလင်းကို “နေ့” ဟုခေါ်ပြီး မှောင်မိုက်ကို “ည” ဟုခေါ်ခဲ့သည်။ ထိုအချိန်၌ ဘုရားသခင်က ဖန်ဆင်းရန် ရည်ရွယ်ခဲ့သည့် ကမ္ဘာပေါ်တွင် ပထမဆုံးညဉ့်ဦးနှင့် ပထမဆုံးနံနက်သည် ဖြစ်ပေါ်လာခဲ့ပြီး၊ ဤသည်မှာ ပထမနေ့ဖြစ်သည်ဟု ဘုရားသခင်က မိန့်ခဲ့သည်။ ဤနေ့သည် ဖန်ဆင်းရှင်၏ အရာခပ်သိမ်းအား ဖန်ဆင်းခြင်း ပထမနေ့ဖြစ်ခဲ့ပြီး အရာခပ်သိမ်းအား ဖန်ဆင်းခြင်း၏ အစဖြစ်ခဲ့သည့်အပြင်၊ သူဖန်ဆင်းခဲ့ပြီးသည့် ဤကမ္ဘာပေါ်တွင် ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးကို ထင်ရှားပြသခဲ့ပြီးဖြစ်သည့် ပထမဆုံးအကြိမ် ဖြစ်ခဲ့သည်။

ဤနှုတ်ကပတ်တော်များအားဖြင့် လူသားသည် ဘုရားသခင်နှင့် ဘုရားသခင့် နှုတ်ကပတ်တော်များ၏ သြဇာအာဏာနှင့်သာမက ဘုရားသခင်၏ တန်ခိုးကိုပါ မြင်တွေ့နိုင်သည်။ ဘုရားသခင်သာလျှင် ထိုသို့သော တန်ခိုးကို ပိုင်ဆိုင်သောကြောင့်၊ ဘုရားသခင်သာလျှင် ထိုသို့သော သြဇာအာဏာ ရှိခြင်းဖြစ်သည်။ ဘုရားသခင်သည် ထိုသို့သော သြဇာအာဏာ ပိုင်ဆိုင်သောကြောင့်၊ ဘုရားသခင်သာလျှင် ထိုသို့သော တန်ခိုးရှိခြင်းဖြစ်သည်။ မည်သည့်လူသား သို့မဟုတ် အရာဝတ္ထုက ထိုသို့သော သြဇာအာဏာနှင့် တန်ခိုးကို ဤကဲ့သို့ ပိုင်ဆိုင်နိုင်သလော။ သင်တို့၏ စိတ်နှလုံးထဲတွင် အဖြေတစ်ခုရှိသလော။ ဘုရားသခင်မှလွဲ၍ မည်သည့်ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းမခံရသည့် သက်ရှိများက ထိုသို့သော သြဇာအာဏာကို ပိုင်ဆိုင်သလော။ ထိုသို့သော အရာမျိုး၏ သာဓကကို မည်သည့်စာအုပ် သို့မဟုတ် ပုံနှိပ်ထုတ်ဝေမှုတွင် သင်တို့တွေ့ဖူးပါသလော။ တစ်စုံတစ်ဦးက ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည်ဟူသည့် မှတ်တမ်းတစ်ခုခု ရှိသလော။ ထိုအရာကို အခြားမည်သည့်စာအုပ်များ သို့မဟုတ် မှတ်တမ်းများတွင်မျှ မတွေ့ရပေ။ အမှန်စင်စစ် ဤအရာများမှာ သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင်ထားသည့် ကမ္ဘာမြေအား ဘုရားသခင်၏ ကြီးကျယ်ခမ်းနားသော ဖန်ဆင်းခြင်းအကြောင်း ခိုင်လုံပြီး တန်ခိုးနှင့်ပြည့်စုံသည့် တစ်ခုတည်းသော နှုတ်ကပတ်တော်များပင် ဖြစ်သည်။ ဤနှုတ်ကပတ်တော်များက ဘုရားသခင်၏ အတုမရှိ သြဇာအာဏာနှင့် ဝိသေသလက္ခဏာအကြောင်းကို အခိုင်အမာ ပြောပြသည်။ ထိုသို့သော သြဇာအာဏာနှင့် တန်ခိုးသည် ဘုရားသခင်၏ အတုမရှိသော ဝိသေသလက္ခဏာကို ကိုယ်စားပြုသည်ဟု ဆိုနိုင်မည်လော။ ယင်းတို့ကို ဘုရားသခင်နှင့် ဘုရားသခင် တစ်ဦးတည်းကသာ ပိုင်ဆိုင်သည်ဟု ဆိုနိုင်မည်လော။ သံသယရှိစရာမလိုအောင် ဘုရားသခင် ကိုယ်တော်တိုင်ကသာလျှင် ထိုသို့သော သြဇာအာဏာနှင့် တန်ခိုးကို ပိုင်ဆိုင်သည်တကား။ ဤသြဇာအာဏာနှင့် တန်ခိုးကို မည်သည့်ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းမခံရသည့် သက်ရှိကမျှ ပိုင်ဆိုင်နိုင်ခြင်း သို့မဟုတ် အစားထိုးနိုင်ခြင်း မရှိပေ။ ဤသည်မှာ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင်၏ ထူးခြားသော လက္ခဏာများထဲက တစ်ခုဖြစ်သလော။ သင်တို့ ယင်းကို မျက်မြင်တွေ့ပြီးပြီလော။ ဤနှုတ်ကပတ်တော်များက ဘုရားသခင်သည် အတုမရှိသော သြဇာအာဏာနှင့် အတုမရှိသော တန်ခိုးကို ပိုင်ဆိုင်ပြီး၊ သာလွန်မြင့်မားသည့် ဝိသေသလက္ခဏာနှင့် အဆင့်အတန်း ရှိသည် ဟူသည့်အချက်ကို လူတို့အား လျင်မြန်စွာနှင့် ထင်ရှားစွာ နားလည်စေသည်။ အထက်ပါ မိတ်သဟာယပြုချက်မှနေ၍ သင်တို့ယုံကြည်သည့် ဘုရားသခင်သည် အတုမရှိ ဘုရားသခင် ကိုယ်တော်တိုင်ပင် ဖြစ်သည်ဟု သင်တို့ ဆိုနိုင်ပြီလော။

ဒုတိယနေ့တွင် ဘုရားသခင်၏ သြဇာအာဏာသည် ရေတို့ကို နေရာတကျ စီစဉ်ပြီး၊ မိုးမျက်နှာကြက်ကို ပြုလုပ်ကာ လူသား၏ အခြေခံအကျဆုံး ရပ်တည်ရှင်သန်နိုင်ရေးအတွက် နေရာတစ်ခု ပေါ်လာသည်

သမ္မာကျမ်းစာ၏ ဒုတိယကျမ်းပိုဒ်ကို ဖတ်ကြည့်ကြစို့။ “တစ်ဖန်ဘုရားသခင်က ရေအလယ်၌ မိုဃ်းမျက်နှာကြက်ဖြစ်စေ၊ ရေနှင့်ရေချင်းခြားနားစေဟု အမိန့်တော်ရှိသဖြင့်၊ မိုဃ်းမျက်နှာကြက်ကို ဘုရားသခင် ဖန်ဆင်းတော်မူ၍၊ မိုဃ်းမျက်နှာကြက် အောက်၌ ရှိသောရေနှင့်၊ မိုဃ်းမျက်နှာကြက်အပေါ်၌ရှိသော ရေကို ပိုင်းခြားတော်မူသည်အတိုင်း ဖြစ်လေ၏။” (ကမ္ဘာဦးကျမ်း ၁:၆-၇) ဘုရားသခင်သည် “ရေအလယ်၌ မိုဃ်းမျက်နှာကြက်ဖြစ်စေ၊ ရေနှင့်ရေချင်း ခြားနားစေ၊” ဟုမိန့်ပြီးနောက်တွင် မည်သည့် ပြောင်းလဲမှုများ ပေါ်ပေါက်ခဲ့သနည်း။ ကျမ်းစာပိုဒ်တွင် “မိုဃ်းမျက်နှာကြက်ကို ဘုရားသခင် ဖန်ဆင်းတော်မူ၍၊ မိုဃ်းမျက်နှာကြက် အောက်၌ရှိသောရေနှင့်၊ မိုဃ်းမျက်နှာကြက် အပေါ်၌ရှိသောရေကို ပိုင်းခြားတော်မူသည်။” ဟုဆိုသည်။ ဘုရားသခင်သည် ဤသည်ကို မိန့်ကြားကာ ပြုလုပ်ခဲ့အပြီးတွင် ရလဒ်မှာ အဘယ်နည်း။ ဤအဖြေသည် ကျမ်းပိုဒ်၏ နောက်ဆုံးအပိုင်း “ဖြစ်လေ၏။” တွင် ရှိသည်။

ဤဝါကျတိုနှစ်ခုသည် ကြီးကျယ်ခမ်းနားသော ဖြစ်ရပ်တစ်ခုကို မှတ်တမ်းတင်ထားပြီး၊ ဘုရားသခင်က ရေကို အုပ်စိုးခဲ့ပြီး လူသားအသက်ရှင် ရပ်တည်နိုင်သော နေရာလွတ်တစ်ခုကို ဖန်ဆင်းခဲ့သည့် ကြီးမားသောလုပ်ဆောင်မှုဖြစ်သည့် အံ့သြဖွယ် မြင်ကွင်းကို ဖော်ပြသည်။...

ဤရုပ်ပုံတွင် ဘုရားသခင်၏ မျက်မှောက်၌ ရေတို့နှင့် မိုးမျက်နှာကြက်သည် ချက်ချင်းပေါ်လာသည်၊ ပြီးလျှင် ဤအရာများသည် ဘုရားသခင့်နှုတ်ကပတ်တော်များ၏ သြဇာအာဏာနှင့် ပိုင်းခြားခံရပြီး ဘုရားသခင် စီစဉ်သည့်ပုံစံအရ “အပေါ်”နှင့် “အောက်” အဖြစ် ကွဲသွားခဲ့သည်။ ဆိုလိုသည်မှာ ဘုရားသခင် ဖန်ဆင်းခဲ့သည့် မိုးမျက်နှာကြက်သည် အောက်တွင်ရှိသည့် ရေကို ဖုံးအုပ်ရုံသာမကဘဲ၊ အပေါ်တွင်ရှိသည့် ရေကိုပါ ထိန်းပေးထားသည်။...ဤတွင် လူသားသည် ဖန်ဆင်းရှင်၏သြဇာအာဏာ၏ ကြီးမားသည့်အစွမ်းနှင့် သူသည် ရေကို ရွေ့လျားစေခဲ့ပြီး အမိန့်ပေးခဲ့ကာ၊ မိုးမျက်နှာကြက်ကို ဖန်ဆင်းခဲ့သော ရင်သပ်ရှုမောဖွယ်ကောင်းသည့် မြင်ကွင်းကို မှင်တက်မိကာ ငေးစိုက်ကြည့်၍ နှစ်ထောင်းအားရမှုဖြင့် ပင့်သက်မရှိုက်ဘဲ မနေနိုင်ပေ။ ဘုရားသခင်၏နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏တန်ခိုးနှင့် ဘုရားသခင်၏သြဇာအာဏာတို့မှတစ်ဆင့် ဘုရားသခင်သည် နောက်ထပ်ကြီးမားသော စွမ်းဆောင်မှုကို ရရှိခဲ့သည်။ ဤသည်မှာ ဖန်ဆင်းရှင်၏သြဇာအာဏာ၏ ကြီးမားသည့်အစွမ်းပင် မဟုတ်လော။ ဘုရားသခင်၏လုပ်ဆောင်မှုတို့ကို ရှင်းပြရန် ကျမ်းပိုဒ်များကို ငါတို့အသုံးပြုကြစို့- ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်တို့ကို ပြောဆိုခဲ့ပြီး၊ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်တို့ကြောင့် ရေအလယ်၌ မိုးမျက်နှာကြက် တစ်ခုရှိခဲ့သည်။ တစ်ချိန်တည်းမှာပင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်တို့ကြောင့် ဤနေရာတွင် ကြီးမားသည့် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်ခဲ့ပြီး၊ ယင်းမှာ သာမန်သဘောဖြင့် ပြောင်းလဲခြင်း မဟုတ်ဘဲ၊ ဘာမျှမရှိခြင်းမှ တစ်ခုခုရှိလာသည့် အစားထိုးခြင်းမျိုး ဖြစ်ခဲ့သည်။ ယင်းမှာ ဖန်ဆင်းရှင်၏ အကြံအစည်များမှ မွေးဖွားလာခဲ့ခြင်းဖြစ်ပြီး ဖန်ဆင်းရှင်ပြောဆိုသည့် နှုတ်ကပတ်တော်တို့ကြောင့် ဘာမျှမရှိခြင်းမှ တစ်ခုခု ရှိလာခြင်း ဖြစ်ခဲ့သည့်အပြင် ဤအချိန်မှစပြီး ယင်းသည် ဖန်ဆင်းရှင်အတွက် တည်ရှိကာ မြဲမြံစွာ ရပ်တည်လိမ့်မည်ဖြစ်ပြီး၊ ဖန်ဆင်းရှင်၏အကြံအစည်များနှင့်အညီ ရွှေ့ပြောင်းကာ ပြောင်းလဲပြီး အသစ်ပြုပြင်လိမ့်မည် ဖြစ်သည်။ ဤကျမ်းပိုဒ်က ဖန်ဆင်းရှင်၏ တစ်လောကလုံးကို ဖန်ဆင်းခြင်းတွင် သူ၏ဒုတိယလုပ်ဆောင်ချက်ကို ဖော်ပြသည်။ ယင်းသည် ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးတို့ကို ဖော်ပြခြင်း နောက်တစ်ခု၊ ဖန်ဆင်းရှင် တာဝန်ယူသည့် ရှေ့ဆောင်လုပ်ရပ် နောက်တစ်ခုလည်း ဖြစ်သည်။ ဤနေ့သည် လောကကို စတင် တည်ထောင်သည့်အချိန်ကစပြီး ဖန်ဆင်းရှင် ဖြတ်သန်းခဲ့သည့် ဒုတိယနေ့ဖြစ်ပြီး၊ သူ့အတွက် နောက်ထပ် ပျော်ရွှင်ဖွယ် ကောင်းသောနေ့ တစ်နေ့လည်း ဖြစ်ခဲ့သည်- အလင်းကြားတွင် သူလျှောက်လှမ်းခဲ့သည်၊ မိုးမျက်နှာကြက်ကို ယူဆောင်ခဲ့သည်၊ ရေကို စီမံ၍အုပ်ချုပ်ခဲ့သည်။ ထို့ပြင် သူ၏လုပ်ဆောင်မှုများ၊ သူ၏ သြဇာအာဏာနှင့် သူ၏တန်ခိုးတို့ကို နေ့သစ်တွင် အသုံးပြုခဲ့သည်။...

ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်တို့ကို မပြောဆိုမီတွင် ရေအလယ်၌ မိုးမျက်နှာကြက်ရှိသလော။ မရှိသည်မှာ မှန်ပေသည်။ “ရေအလယ်၌ မိုဃ်းမျက်နှာကြက်ဖြစ်စေ၊” ဟု ဘုရားသခင်က ပြောဆိုလိုက်သည့်အခါရော မည်သို့ရှိသနည်း။ ဘုရားသခင် ရည်ရွယ်ထားခဲ့သည့် အရာများက ပေါ်လာခဲ့သည်၊ ဘုရားသခင်က “ရေနှင့်ရေချင်း ခြားနားစေ၊” ဟုပြောခဲ့သည့် အတွက်ကြောင့်၊ ရေအလယ်၌ မိုဃ်းမျက်နှာကြက် တစ်ခုဖြစ်ခဲ့ပြီး ရေက ကွဲသွားသည်။ ဤနည်းအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်နောက်တွင် အရာဝတ္ထု အသစ်နှစ်ခု၊ အသစ်ဖြစ်ပေါ်လာခဲ့သည့် အရာနှစ်ခုသည် ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးတို့၏ ရလဒ်အနေနှင့် အရာအားလုံးထဲတွင် ပေါ်လာခဲ့သည်။ ဤအရာဝတ္ထုအသစ်နှစ်ခု ပေါ်လာခြင်းနှင့် ပတ်သက်၍ သင်တို့ မည်သို့ခံစားရသနည်း။ ဖန်ဆင်းရှင်၏ တန်ခိုးကြီးမားမှုကို သင်တို့ ခံစားရသလော။ ဖန်ဆင်းရှင်၏ အတုမရှိဖြစ်ပြီး ထူးခြားပြောင်မြောက်သည့် စွမ်းအားကို သင်တို့ ခံစားရသလော။ ဤကဲ့သို့သောစွမ်းအားနှင့် တန်ခိုးတို့၏ ကြီးမားမှုသည် ဘုရားသခင်၏ သြဇာအာဏာကြောင့်ဖြစ်ပြီး၊ ဤသြဇာအာဏာသည် ဘုရားသခင် ကိုယ်တော်တိုင်ကို ကိုယ်စားပြုခြင်း ဖြစ်ကာ၊ ဘုရားသခင် ကိုယ်တော်တိုင်၏ အတုမရှိသည့် ဝိသေသလက္ခဏာရပ်တစ်ရပ် ဖြစ်သည်။

ဤကျမ်းပိုဒ်သည် ဘုရားသခင်၏ အတုမရှိခြင်းအကြောင်း နက်နဲသောအသိတစ်ခု သင်တို့ကို ထပ်မံပေးသလော။ အမှန်ဆိုရသော် ၎င်းသည် ဤသည်မှာ လုံလောက်ဖို့ ဝေးသေးသည်။ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးသည် ဤအရာထက်မက များစွာ သာလွန်သည်။ သူ၏ အတုမရှိခြင်းသည် မည်သည့်ဖန်ဆင်းခံနှင့်မျှ မတူသည့် အနှစ်သာရတစ်ခု သူ၌ရှိရုံကြောင့်သာမဟုတ်ဘဲ သူ၏သြဇာအာဏာနှင့်တန်ခိုးတို့သည် ထူးခြားပြောင်မြောက်ခြင်း၊ အကန့်အသတ်မရှိခြင်း၊ အားလုံးထဲတွင် အမြင့်ဆုံးဖြစ်ခြင်း၊ အားလုံးထဲတွင် သာလွန်ခြင်းတို့ကြောင့် ဖြစ်သည့်အပြင်၊ သူ၏သြဇာအာဏာနှင့် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းသည် အသက်ကို ဖန်ဆင်းနိုင်ပြီး၊ အံ့ဖွယ်အမှုများကို ပြုလုပ်နိုင်ကာ ရင်သပ်ရှုမောဖွယ်ကောင်းသော ထူးခြားဆန်းကြယ်သည့် စက္ကန့်မိနစ် တစ်ခုစီတိုင်းကို ဖန်ဆင်းနိုင်ခြင်းတို့ကြောင့်လည်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဘုရားသခင်သည် သူဖန်ဆင်းသည့် အသက်ကို အုပ်စိုးနိုင်ပြီး၊ သူဖန်ဆင်းသည့် အံ့ဖွယ်အမှုများ၊ စက္ကန့်မိနစ် တစ်ခုစီတိုင်းအပေါ်တွင် အချုပ်အခြာအာဏာကို ကိုင်ဆောင် ထားနိုင်သည်။

တတိယနေ့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် မြေကြီးနှင့် ပင်လယ်တို့ကို ဖြစ်ပေါ်စေခဲ့ပြီး ဘုရားသခင်၏ သြဇာအာဏာသည် ကမ္ဘာကို အသက်ပါခြင်းနှင့် ပြည့်လျှံစေခဲ့သည်

ဆက်လက်၍ ကမ္ဘာဦးကျမ်း ၁:၉-၁၁ ၏ ပထမဝါကျကို ဖတ်ကြည့်ကြစို့။ “တစ်ဖန်ဘုရားသခင်က မိုဃ်းကောင်းကင် အောက်၌ရှိသော ရေစုဝေးစေ၊ ကုန်းပေါ်စေ ဟု မိန့်တော်မူခဲ့သည်။” ဘုရားသခင်က “မိုဃ်းကောင်းကင်အောက်၌ရှိသော ရေစုဝေးစေ၊ ကုန်းပေါ်စေ၊” ဟုသာ ပြောပြီးနောက် မည်သည့်ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သနည်း။ အလင်းနှင့် မိုဃ်းမျက်နှာကြက်မှလွဲ၍ ဤနေရာတွင် အဘယ်အရာရှိနေခဲ့သနည်း။ ကျမ်းစာထဲတွင်- “ကုန်းကို မြေဟူသော အမည်ဖြင့်၎င်း၊ ရေစုဝေးရာကို ပင်လယ်ဟူသော အမည်ဖြင့်၎င်း၊ ဘုရားသခင် ခေါ်ဝေါ်သမုတ်တော်မူ၍ ထိုအမှုအရာ ကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၏။” ဟု ရေးထားသည်။ ဆိုလိုသည်မှာ ယခုတွင် ဤနေရာ၌ မြေကြီးနှင့် ပင်လယ်တို့ရှိလာခဲ့ပြီး၊ မြေကြီးနှင့် ပင်လယ်တို့ကို ခွဲခြားထားခဲ့သည်။ ဤအသစ်သောအရာများ ပေါ်ထွန်းခြင်းသည် ဘုရားသခင်၏နှုတ်တော်မှပညတ်တော်၏ “ဖြစ်လေ၏။” အတိုင်း လိုက်လေ၏။ ဘုရားသခင်သည် ဤအရာများကိုလုပ်နေစဉ်တွင် အလုပ်ရှုပ်နေခြင်းကို သမ္မာကျမ်းစာက ဖော်ပြသလော။ အလုပ်ကြမ်း လုပ်နေသည်ဟု ဖော်ပြသလော။ ဤသို့ဆိုလျှင် ဤအရာကို ဘုရားသခင်က မည်သို့ပြုလုပ်ခဲ့သနည်း။ ဤအရာဝတ္ထုအသစ်များကို ဘုရားသခင်က မည်သို့ ဖြစ်ပေါ်စေခဲ့သနည်း။ ပကတိအတိုင်း သိသာထင်ရှားစွာပင် ၊ ဤအရာများအားလုံးကို ပြီးမြောက်ရန်၊ ဤအရာတစ်ခုလုံးကို ဖန်ဆင်းရန် ဘုရားသခင်သည် နှုတ်ကပတ်တော်တို့ကို အသုံးပြုခဲ့သည်။

အထက်ပါ ကျမ်းပိုဒ်သုံးပိုဒ်တွင် ဖြစ်ရပ်ကြီးသုံးရပ် ဖြစ်ပေါ်မှုကို ငါတို့ သိခဲ့ရသည်။ ဤဖြစ်ရပ်ကြီးသုံးရပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် ဖြစ်ပေါ်၊ ဖြစ်တည်လာခဲ့ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် ဘုရားသခင်၏ မျက်မှောက်တွင် ထိုဖြစ်ရပ်များ တစ်ခုပြီးတစ်ခု ပေါ်ထွန်းလာခဲ့သည်။ ထို့ကြောင့် “ဘုရားသခင်သည် ပြောဆိုပြီး ထိုအရာသည် ပြီးပြည့်စုံလိမ့်မည်။ သူအမိန့်ပေးပြီး ထိုအရာသည် မြဲမြံစွာ ရပ်တည်လိမ့်မည်။” ဟူသည့် နှုတ်ကပတ်တော်များသည် အနှစ်သာရ မရှိ မဟုတ်ပေ။ ဘုရားသခင်၏ ဤအနှစ်သာရသည် သူ၏အကြံအစည်များပေါ်လာသည်နှင့် ချက်ချင်းပင် အတည်ပြုခြင်း ခံရပြီး၊ ဘုရားသခင်က ပြောဆိုရန် သူ၏နှုတ်ကို ဖွင့်ဟလိုက်သည့်အခါတွင် သူ၏ အနှစ်သာရသည် အပြည့်အဝ ထင်ဟပ်လာသည်။

ဤကျမ်းပိုဒ်၏ နောက်ဆုံးဝါကျကို ဆက်သွားကြစို့။ “တစ်ဖန် ဘုရားသခင်က၊ မြေသည် မြက်ပင်ကို၎င်း၊ စပါးသီးကိုဖြစ်စေသော စပါးပင်ကို၎င်း၊ မြေပေါ်တွင် မျိုးစေ့ပါလျက် သစ်သီးမျိုးကို ဖြစ်စေသော သစ်ပင်ကို၎င်း၊ ပေါက်စေဟု အမိန့်တော်ရှိသည် အတိုင်း ဖြစ်လေ၏။” ဘုရားသခင်က စကားပြောနေစဉ်တွင်၊ ဤအရာအားလုံးသည် ဘုရားသခင်၏အကြံအစည်များနောက် ဖြစ်တည်လာခဲ့ကာ၊ ချက်ချင်းပင် နုနယ်ပြီး သေးငယ်သည့် သက်ရှိအမျိုးမျိုးတို့သည် မြေကြီးထဲမှ တုန်တုန်ရီရီနှင့် ခေါင်းများ ပြူထွက်လာခဲ့ပြီး၊ ၎င်းတို့၏ကိုယ်ခန္ဓာက မြေမှုန့်များကို ခါမချသေးခင်တွင် ၎င်းတို့သည် စိတ်ထက်သန်စွာ အချင်းချင်း လက်ပြလျက်နှုတ်ဆက်ရင်း ခေါင်းညိတ်ရင်းနှင့် လောကကြီးကို ပြုံးပြနေခဲ့ကြသည်။ ဖန်ဆင်းရှင်သည် ၎င်းတို့အပေါ်တွင် အသက်ကို ချပေးသနားသည့်အတွက် သူ့ကို ကျေးဇူးတင်ကြပြီး ၎င်းတို့သည် အရာအားလုံးထဲရှိ အစိတ်အပိုင်းတစ်ခု ဖြစ်သည်၊ ၎င်းတို့သည် ဖန်ဆင်းရှင်၏ သြဇာအာဏာကို ဖော်ထုတ်ပြသရန် ၎င်းတို့၏ ဘဝများကို အသီးသီး အပ်နှံကြမည်ဟု ကြေညာခဲ့ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို မိန့်ကြားလိုက်သည့်အခါတွင်၊ ကုန်းမြေသည် စိမ်းလန်းစိုပြည်လာခဲ့သည်။ လူတို့အသုံးချနိုင်သည့် ဆေးဘက်ဝင်အပင် အမျိုးမျိုးတို့သည် ရှင်သန်လာကြပြီး မြေကြီးထဲမှ ဖောက်ထွက် လာခဲ့ကြကာ၊ တောင်များနှင့် လွင်ပြင်များသည် သစ်ပင်များ၊ တောများနှင့် ထူထပ်သွားခဲ့သည်။...အသက်ပါခြင်း အရိပ်အယောင် တစ်စက်မျှ မရှိခဲ့ဖူးသည့် ကျတ်တီးမြေ ဖြစ်သော ဤလောကကြီးသည် မြက်ပင်များ၊ ဆေးပင်များ၊ သစ်ပင်များ တစ်ပုံတစ်ခေါင်းနှင့် တစ်ဟုန်ထိုး ဖုံးသွားပြီး စိမ်းလန်းသော သစ်ပင် ချုံပင် များနှင့် ပြည့်လျှံသွားခဲ့သည်။...မြက်တို့၏ရနံ့နှင့် မြေကြီး၏ မွှေးပျံ့မှုသည် လေမှတစ်ဆင့် ပျံ့နှံ့သွားပြီး၊ အပင်အခင်းအကျင်းသည် လေ၏လည်ပတ်မှုနှင့် အတူ လေကို စတင်ရှုသွင်းကြပြီး၊ ကြီးထွားမှု ဖြစ်စဉ်ကို အစပြုခဲ့ကြသည်။ တစ်ချိန်တည်းတွင်ပင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့်နှင့် ဘုရားသခင်၏ အကြံအစည်များ နောက်လိုက်လျက်၊ အားလုံးသော အပင်တို့သည် ရှင်သန်ကြီးထွားခြင်း၊ ပွင့်ဖူးခြင်း၊ အသီးသီးခြင်းနှင့် ပွားများခြင်းတို့ဖြစ်သည့် မပြီးဆုံးသည့် ဘဝဖြစ်စဉ်သံသရာကို စတင်ခဲ့ကြသည်။ ၎င်းတို့၏ သက်ဆိုင်ရာ ဘဝလမ်းကြောင်းများကို တစ်သဝေမတိမ်း လိုက်လျှောက်ကြပြီး၊ အရာအားလုံးကြားတွင် ၎င်းတို့၏ သက်ဆိုင်ရာ အခန်းကဏ္ဍများကို စတင် ဆောင်ရွက်ခဲ့ကြသည်။...၎င်းတို့အားလုံးသည် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကြောင့် မွေးဖွားပြီး ရှင်သန်ခဲ့ကြသည်။ ၎င်းတို့သည် ဖန်ဆင်းရှင်၏ ရပ်တန့်ခြင်းမရှိသည့် ထောက်ပံ့ခြင်းနှင့် အာဟာရတို့ကို ရရှိကြလိမ့်မည်ဖြစ်ပြီး၊ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးတို့ကို ထင်ရှားပြသကြရန်အတွက် မြေ၏ နေရာအသီးသီးတွင် အမြဲတမ်း ဇွဲနပဲကြီးစွာ ရှင်သန်ရပ်တည်ကြလိမ့်မည်။ ထို့ပြင် ၎င်းတို့သည် ဖန်ဆင်းရှင်က ၎င်းတို့အပေါ် အပ်နှင်းပေးခဲ့သည့် အသက်စွမ်းအားကို အမြဲပင် ထင်ရှားပြသကြပေလိမ့်မည်။...

ဖန်ဆင်းရှင်၏အသက်သည် အံ့မခန်းဖြစ်၏။ သူ၏ အကြံအစည်များသည် ထူးခြားပြောင်မြောက်ပြီး၊ သူ၏ သြဇာအာဏာသည် အံ့ဖွယ်ထူးခြားသည်။ ထို့ကြောင့် သူ၏နှုတ်ကပတ်တော်များကို မိန့်မြွက်လိုက်သည့်အခါတွင်၊ နောက်ဆုံးရလဒ်မှာ “ဖြစ်လေ၏။” ဖြစ်သည်။ ရှင်းလင်းမြင်သာသည်မှာ ဘုရားသခင်သည် သူလုပ်ဆောင်သည့်အခါတွင်၊ သူ၏လက်များနှင့် အလုပ်လုပ်ရန် မလိုအပ်ပေ။ သူသည် ကွပ်ကဲအုပ်ချုပ်ရန်အတွက် သူ့အကြံအစည်များကို အသုံးပြုပြီး၊ အမိန့်ပေးရန်အတွက် သူ၏ နှုတ်ကပတ်တော်တို့ကို သုံးရုံမျှ အသုံးပြုလျက်၊ ဤနည်းလမ်းနှင့် အမှုအရာများကို စွမ်းဆောင်ရရှိလေသည်။ ဤနေ့ရက်တွင် ဘုရားသခင်သည် ရေများကို တစ်နေရာထဲတွင် စုစည်းပြီး၊ ခြောက်သွေ့သည့် ကုန်းမြေကို ပေါ်စေခဲ့သည်၊ ၎င်းနောက် ဘုရားသခင်သည် ကုန်းမြေပေါ်တွင် မြက်ပင်များကို ရှင်သန်ထွက်ပေါ် လာစေပြီးနောက်၊ ထိုနေရာ၌ အစေ့ပါဝင်သည့် ဆေးပင်များနှင့် အသီးသီးသည့်အပင်များ ကြီးထွားလာပြီး၊ ဘုရားသခင်သည် ၎င်းတို့ကို အမျိုးအစားပေါ်မူတည်ပြီး ခွဲခြားသတ်မှတ်ခဲ့ကာ တစ်ခုစီတိုင်းတွင် ကိုယ်ပိုင်အစေ့ ပါဝင်စေခဲ့သည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ အကြံအစည်များနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အမိန့်ပေးချက်များအရ အကောင်အထည်ပေါ်လာခဲ့ပြီး၊ ဤကမ္ဘာသစ်တွင် တစ်ခုချင်းစီ တစ်ခုပြီးတစ်ခု ပေါ်လာခဲ့သည်။

ဘုရားသခင်သည် သူ၏အလုပ်ကို မစတင်မီတွင် သူ့စိတ်ထဲတွင် စွမ်းဆောင်ရန် ရည်ရွယ်ထားသည့်အရာ၏ပုံ ရှိနှင့်ပြီးဖြစ်ပြီး၊ ဘုရားသခင်သည် ဤအရာများကို စွမ်းဆောင်ရရှိရန် စတင် လုပ်ဆောင်သည့်အခါတွင်၊ ယင်းသည် ဘုရားသခင်သည် ဤပုံရိပ်ရှိ အကြောင်းအရာကို မိန့်ဆိုရန် သူ့နှုတ်ကို ဖွင့်ဟလိုက်သည့်အခါလည်း ဖြစ်ပြီး၊ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးကျေးဇူးကြောင့်၊ အရာအားလုံး၌ ပြောင်းလဲမှုများသည် စတင်ဖြစ်ပေါ်လာခဲ့သည်။ ဘုရားသခင်သည် မည်သို့လုပ်ဆောင်ခဲ့သည် သို့မဟုတ် သူ၏သြဇာအာဏာကို မည်သို့အသုံးချခဲ့သည်ဖြစ်ပါစေ၊ ခပ်သိမ်းသောအရာတို့သည် ဘုရားသခင်၏ အစီအစဉ်နှင့်အညီ ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် တစ်ဆင့်ချင်း ဖြစ်မြောက်ခဲ့ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သြဇာအာဏာတို့၏ ကျေးဇူးကြောင့် ကောင်းကင်နှင့် မြေကြီးကြားတွင် ပြောင်းလဲမှုများ တစ်ဆင့်ချင်း ဖြစ်ပေါ်ခဲ့သည်။ ဤပြောင်းလဲမှုများနှင့် ဖြစ်ပေါ်လာမှုအားလုံးတို့သည် ဖန်ဆင်းရှင်၏ သြဇာအာဏာ၊ ဖန်ဆင်းရှင်၏ အသက်တန်ခိုး၏ ထူးခြားဆန်းကြယ်မှုနှင့် ကြီးမြတ်မှုတို့ကို ထင်ရှားစွာပြသသည်။ သူ၏ အကြံအစည်များသည် ရိုးရှင်းသည့် စိတ်ကူးစိတ်သန်းများ သို့မဟုတ် အနှစ်မဲ့သည့် ရုပ်ပုံမဟုတ်ဘဲ၊ ရှင်သန်တက်ကြွမှုနှင့် ထူးခြားဆန်းကြယ်သည့် အင်အားရှိသည့် သြဇာအာဏာတစ်ခုဖြစ်ပြီး၊ ဤအရာတို့သည် အရာအားလုံးကို ပြောင်းလဲစေသည့်၊ ပြန်လည်လန်းဆန်းစေသည့်၊ အသစ်တစ်ဖန်ဖြစ်စေပြီး သေဆုံးစေသည့်တန်ခိုး ဖြစ်သည်။ ဤအကြောင်းကြောင့် အရာအားလုံးသည် သူ၏အကြံအစည်များကြောင့် လှုပ်ရှား လုပ်ဆောင်ကြပြီး၊ တစ်ချိန်တည်းမှာပင် သူ၏နှုတ်မှ နှုတ်ကပတ်တော်များကြောင့် ဤအရာအားလုံးတို့ ဖြစ်မြောက်ခဲ့သည်။...

အရာအားလုံး မပေါ်ထွန်းမီတွင် ပြည့်စုံသောအစီအစဉ်တစ်ခုသည် ဘုရားသခင်၏ အကြံအစည်များထဲ၌ ကြာမြင့်သောအချိန်ကပင် ဖြစ်ပေါ်နေခဲ့ပြီး၊ ကမ္ဘာသစ်တစ်ခုကို ကြာမြင့်သောအချိန်ကတည်းက ဖြစ်မြောက်စေခဲ့ပြီးဖြစ်သည်။ တတိယနေ့ရက်တွင် ကုန်းမြေပေါ်၌ အမျိုးမျိုးသောအပင်များ ပေါ်ခဲ့သော်လည်း၊ ဘုရားသခင်အနေဖြင့် သူ၏လောကကို ဖန်ဆင်းခြင်းအဆင့်များကို ရပ်တန့်ပစ်ရန် အကြောင်းရင်း မရှိခဲ့ပါချေ။ သူ၏နှုတ်ကပတ်တော်များကို ဆက်လက် ပြောဆိုရန်၊ အသစ်သော အရာအားလုံးကို ဖန်ဆင်းခြင်းအား ဆက်လက် စွမ်းဆောင်ရရှိရန် သူရည်ရွယ်ခဲ့သည်။ သူသည် ပြောကြားကာ၊ သူ၏အမိန့်များ ထုတ်ပြန်ပြီး သူ၏သြဇာအာဏာကို အသုံးပြု၍ သူ၏တန်ခိုးကို ထင်ရှားပြသမည်ဖြစ်သည့်အပြင် အရာအားလုံးအတွက်နှင့် သူဖန်ဆင်းရန် ရည်ရွယ်ထားသည့် လူသားမျိုးနွယ်အတွက် အဆင်သင့်ဖြစ်စေရန် သူစီစဉ်ထားခဲ့သည့် အရာခပ်သိမ်းကို ပြင်ဆင်ခဲ့သည်။

စတုတ္ထနေ့တွင် ဘုရားသခင်သည် သူ၏သြဇာအာဏာကို ထပ်မံအသုံးပြုသည့်အခါတွင် လူသားမျိုးနွယ်၏ ရာသီဥတုများ၊ နေ့ရက်များနှင့် ခုနှစ်များ ဖြစ်တည်လာသည်

ဖန်ဆင်းရှင်သည် သူ၏အစီအစဉ်ကို ပြီးမြောက်စေရန် သူ၏နှုတ်ကပတ်တော်များကို အသုံးပြုခဲ့ပြီး ဤသို့ဖြင့် သူ့အစီအစဉ်၏ ပထမသုံးရက်ကို လွန်မြောက်ခဲ့သည်။ ဤသုံးရက်အတောအတွင်း ဘုရားသခင်ကို အလုပ်ရှုပ်သည် သို့မဟုတ် အလွန်အမင်း ပင်ပန်းနွမ်းနယ်သည်ဟု မမြင်ရချေ။ ဆန့်ကျင်ဘက်အားဖြင့် သူ့အစီအစဉ်၏ နှစ်သက်ပျော်ရွှင်ဖွယ် ပထမသုံးရက်ကို လွန်မြောက်ခဲ့ပြီး၊ ကမ္ဘာမြေ၏ လုံးလုံးလျားလျား အသွင်ပြောင်းလဲခြင်းဆိုင်ရာ ကြီးမားသောလုပ်ငန်းကို အောင်မြင်ခဲ့သည်။ အသစ်စက်စက် ကမ္ဘာမြေသည် သူ့မျက်စိရှေ့တွင် ပေါ်လာခဲ့ပြီး သူ၏စိတ်ကူးများထဲတွင် ပိတ်ဖုံးထားသည့် လှပသောရုပ်ပုံမှာ နောက်ဆုံးတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် တစ်စချင်းစီ ပေါ်ထွက်လာခဲ့သည်။ အသစ်သောအရာ တစ်ခုစီ၏ ပေါ်ထွက်လာပုံမှာ မွေးကင်းစကလေးတစ်ဦး မွေးဖွားလာသကဲ့သို့ ဖြစ်ခဲ့ပြီး ဖန်ဆင်းရှင်သည် တစ်ချိန်က သူ့စိတ်ကူးများထဲတွင် ရှိခဲ့သော်လည်း၊ ယခု အသက်ဝင်လာခဲ့သည့် ရုပ်ပုံအပေါ်တွင် ကျေနပ်အားရလေသည်။ ဤအချိန်တွင် သူ့စိတ်နှလုံးက ကျေနပ်မှုတစ်စွန်းတစ်စကို ရခဲ့သော်လည်း၊ သူ၏အစီအစဉ်က အစပြုရုံသာရှိခဲ့သေးသည်။ မျက်စိတစ်မှိတ်အတွင်းတွင် နေ့သစ်တစ်ခု ရောက်ရှိလာခဲ့ပြီးလျှင်၊ ဖန်ဆင်းရှင်၏ အစီအစဉ်တွင် နောက်စာမျက်နှာက မည်သည့်အရာဖြစ်သနည်း။ သူ မည်သည့်အရာကို ပြောခဲ့သနည်း။ သူ၏သြဇာအာဏာကို မည်ကဲ့သို့ အသုံးပြုခဲ့သနည်း။ ထိုအချိန်အတွင်း၌ အသစ်သော မည်သည့်အရာများက ဤကမ္ဘာသစ်ထဲသို့ ရောက်ရှိလာခဲ့သနည်း။ ဖန်ဆင်းရှင်၏ လမ်းပြမှုနောက်တွင် နောက်ထပ် အသစ်သောအစပြုခြင်း ဖြစ်လာဦးမည့် နေ့တစ်နေ့ဖြစ်သည့်၊ အရာခပ်သိမ်းအား ဘုရားသခင်၏ ဖန်ဆင်းခြင်း စတုတ္ထနေ့ကို ငါတို့ စူးစိုက်ကြည့်ကြသည်။ အမှန်တကယ်ပင် ယုံမှားဖွယ်ရာမရှိအောင် ၎င်းသည် ဖန်ဆင်းရှင်အတွက် နောက်ထပ် နှစ်သက်ပျော်ရွှင်ဖွယ် နေ့တစ်နေ့ဖြစ်ခဲ့ပြီး၊ ယခုခေတ် လူသားမျိုးနွယ်အတွက် အဆုံးစွန် အရေးကြီးသော နောက်ထပ်နေ့တစ်နေ့ ဖြစ်ခဲ့ပေသည်။ ယင်းမှာ ခန့်မှန်းမရလောက်အောင် အဖိုးထိုက်သည့် နေ့တစ်နေ့ အမှန်ပင် ဖြစ်ခဲ့သည်။ ထိုနေ့သည် မည်ကဲ့သို့ နှစ်သက်ပျော်ရွှင်ဖွယ် ကောင်းသနည်း။ မည်ကဲ့သို့ အလွန်အရေးကြီး၍ မည်ကဲ့သို့ တန်ဖိုးဖြတ်မရသနည်း။ ဖန်ဆင်းရှင် မိန့်ဆိုခဲ့သည့် နှုတ်ကပတ်တော်များကို ဦးစွာကြားနာကြစို့...

“တစ်ဖန်ဘုရားသခင်က၊ နေ့နှင့်ညဉ့်ကို ပိုင်းခြားစေခြင်းငှါ မိုဃ်းကောင်းကင်မျက်နှာကြက်၌ အလင်းအိမ် တည်စေ၊ နိမိတ်လက္ခဏာ၊ ချိန်းချက်သောအချိန်၊ နေ့ရက် အပိုင်းအခြား၊ နှစ်အပိုင်းအခြားဘို့ဖြစ်စေ။ မိုဃ်းကောင်းကင် မျက်နှာကြက်၌ တည်၍ မြေကြီးလင်းစရာ အလင်းအိမ် ဖြစ်စေဟု အမိန့်တော် ရှိသည့်အတိုင်းဖြစ်လေ၏။” (ကမ္ဘာဦးကျမ်း ၁:၁၄-၁၅) ဤသည်မှာ ကမ္ဘာပေါ်တွင် ခြောက်သွေ့သောကုန်းမြေနှင့် အပင်များကို သူ၏ဖန်ဆင်းခြင်း နောက်တွင် သတ္တဝါများက ထင်ရှားပြသခဲ့သည့် ဘုရားသခင်၏ သြဇာအာဏာအား နောက်ထပ် အသုံးပြုခြင်း ဖြစ်သည်။ ဘုရားသခင်အတွက် ထိုလုပ်ဆောင်မှုမျိုးက သူပြုလုပ်ခဲ့ပြီးသော အရာတမျှပင် လွယ်ကူသည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၌ ထိုသို့သော တန်ခိုးရှိပေသည်။ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်တမျှ ကောင်းမြတ်ပြီး၊ သူ၏နှုတ်ကပတ်တော်သည် ပြီးပြည့်စုံလိမ့်မည်။ ဘုရားသခင်သည် မိုးကောင်းကင်တွင် အလင်းအိမ်ဖြစ်ပေါ်စေရန် အမိန့်ပေးခဲ့ပြီး ဤအလင်းအိမ်သည် မိုးကောင်းကင်နှင့် မြေကြီးပေါ်တွင် ထွန်းလင်းသည်သာမက၊ နေ့နှင့်ည၊ ရာသီဥတုများ၊ နေ့ရက်များနှင့် ခုနှစ်များအတွက် သင်္ကေတအမှတ်အသားများ အဖြစ်လည်း အသုံးတော်ခံခဲ့သည်။ ဤနည်းအားဖြင့် ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များကို မိန့်ဆိုသည့်အတိုင်း၊ ဘုရားသခင် ပြီးမြောက်လိုသည့် လုပ်ဆောင်ချက်တိုင်းသည် ဘုရားသခင်၏ ရည်မှန်းချက်နှင့် ဘုရားသခင် ချမှတ်ခဲ့သည့်ပုံစံအတိုင်း ပြည့်စုံခဲ့သည်။

မိုးကောင်းကင်၌ရှိသော အလင်းအိမ်သည် အလင်းဖြာထွက်နိုင်သည့် ကောင်းကင်ယံက ဒြပ်ပစ္စည်းဖြစ်သည်။ ၎င်းတို့သည် ကောင်းကင်ကိုသာမက မြေကြီးနှင့် ပင်လယ်တို့ကိုပါ အလင်းရောင်ပေးနိုင်သည်။ ၎င်းတို့သည် ဘုရားသခင် အမိန့်ပေးသည့် စည်းချက်နှင့် ကြိမ်နှုန်းအတိုင်း လည်ပတ်ကြပြီး၊ ကုန်းမြေပေါ်၌ မတူညီသည့် အချိန်အပိုင်းအခြားများတွင် လင်းထိန်ကာ၊ ဤနည်းလမ်းအားဖြင့် အလင်းအိမ်၏ လည်ပတ်မှုစက်ဝန်းများက ကုန်းမြေ၏ အရှေ့နှင့်အနောက်တွင် နေ့နှင့်ညကို ဖြစ်ပေါ်စေကာ၊ ၎င်းတို့သည် နေ့နှင့်ညအတွက် သင်္ကေတ အမှတ်အသားများသာ မဟုတ်ဘဲ၊ ဤမတူညီသည့် စက်ဝန်းများအားဖြင့် လူသားမျိုးနွယ်၏ ပွဲတော်များ၊ အမျိုးမျိုးသော အထူးနေ့ရက်များကိုလည်း မှတ်သားပေးသည်။ ၎င်းတို့သည် ဘုရားသခင် ထုတ်ပြန်ခဲ့သည့် လေးရာသီဖြစ်သော နွေဦးရာသီ၊ နွေရာသီ၊ ဆောင်းဦးရာသီနှင့် ဆောင်းရာသီတို့အတွက် ပြီးပြည့်စုံသော ဖြည့်စွက်မှုနှင့် အတွဲအဖက်ဖြစ်ပြီး၊ ၎င်းနှင့်အတူ အလင်းအိမ်သည် လူသားမျိုးနွယ်၏ လနှင့်သက်ဆိုင်သော အချိန်ကာလများ၊ နေ့ရက်များနှင့် ခုနှစ်များအတွက် ပုံမှန်ဖြစ်ပြီး တိကျသော အမှတ်အသားများအဖြစ် သဟဇာတကျကျ အသုံးတော် ခံသည်။ လယ်ယာစိုက်ပျိုးရေး ထွန်းကားပြီးနောက်မှသာ လူသားမျိုးနွယ်သည် ဘုရားသခင် ဖန်ဆင်းခဲ့သည့် အလင်းအိမ်က ဖြစ်ပေါ်စေသော လနှင့်သက်ဆိုင်သည့် အချိန်ကာလများ၊ နေ့ရက်များနှင့် ခုနှစ်များ အပိုင်းအခြားကို စတင်နားလည်ပြီး ကြုံတွေ့ခဲ့ခြင်း ဖြစ်သော်လည်း၊ အမှန်တွင် ယနေ့ လူသားနားလည်သည့် လနှင့်သက်ဆိုင်သော အချိန်ကာလများ၊ နေ့ရက်များနှင့် ခုနှစ်များသည် အရာခပ်သိမ်းအား ဘုရားသခင်၏ ဖန်ဆင်းခြင်း စတုတ္ထနေ့ကတည်းက စတင်ဖြစ်ပေါ်ခဲ့သည်မှာ ကြာလှပြီဖြစ်ပြီး၊ အလားတူပင် လူသားတွေ့ကြုံရသည့် နွေဦးရာသီ၊ နွေရာသီ၊ ဆောင်းဦးရာသီနှင့် ဆောင်းရာသီတို့၏ ပြောင်းလဲမှု စက်ဝန်းများသည် အရာခပ်သိမ်းအား ဘုရားသခင်၏ ဖန်ဆင်းခြင်း စတုတ္ထနေ့ကတည်းက စတင်ခဲ့သည်မှာ ကြာမြင့်ပြီ ဖြစ်သည်။ ဘုရားသခင် ဖန်ဆင်းခဲ့သည့် အလင်းအိမ်သည် လူသားများအား နေ့နှင့်ညအကြား ပုံမှန်၊ တိတိကျကျနှင့် ရှင်းရှင်းလင်းလင်း ခွဲခြားသိမြင်စေနိုင်ပြီး၊ နေ့ရက်များကို ရေတွက်နိုင်စေကာ လနှင့်သက်ဆိုင်သော အချိန်ကာလများနှင့် ခုနှစ်များကို ရှင်းရှင်းလင်းလင်း မှတ်သားနိုင်စေခဲ့သည်။ (လပြည့်နေ့သည် တစ်လပြည့်သည့်နေ့ ဖြစ်ပြီး၊ ဤအချက်မှ အလင်းအိမ်၏ တောက်ပခြင်းက စက်ဝန်းအသစ်တစ်ခုကို အစပြုကြောင်း လူသားက သိရှိခဲ့သည်။ လနှင့်သက်ဆိုင်သောကာလ အသစ်စတင်ပြီဟု လူသားကို ပြောပြသည့် လတစ်ဝက်ရှိသည့်နေ့သည် တစ်လ၏တစ်ဝက် ပြည့်သည့်နေ့ ဖြစ်ပြီး၊ ယင်းအချက်မှ လနှင့်သက်ဆိုင်သည့် ကာလတစ်ခုတွင် ဘယ်နှစ်ရက် ဘယ်နှစ်ညရှိသည်၊ ရာသီတစ်ခုတွင် လနှင့်သက်ဆိုင်သည့်ကာလ ဘယ်နှစ်ခု ရှိသည်နှင့် တစ်နှစ်တွင် ဘယ်နှစ်ရာသီ ရှိသည်ဟူသည်ကို ကောက်ချက်ချနိုင်ပြီး ဤအရာ အားလုံးကို ထူးကဲသော ပုံမှန်ဖြစ်ပေါ်မှုဖြင့် ပြသသည်။) ထို့ကြောင့် လူသားသည် အလင်းအိမ်၏ လှည့်ပတ်ခြင်းတို့အားဖြင့် မှတ်သားထားသည့် လနှင့်သက်ဆိုင်သည့် အချိန်ကာလများ၊ နေ့ရက်များနှင့် ခုနှစ်များကို လွယ်လွယ်ကူကူနှင့် မှတ်သားသိရှိနိုင်ခဲ့သည်။ ဤအချိန်မှစပြီး လူသားမျိုးနွယ်နှင့် အရာခပ်သိမ်းသည် အလင်း၏ လှည့်ပတ်ခြင်းတို့အားဖြင့် ဖြစ်ပေါ်လာသည့် နေ့နှင့်ည စနစ်တကျ ပြောင်းလဲခြင်းနှင့် ရာသီဥတုများ၏ အလှည့်ကျ ဖြစ်ပေါ်မှုများကြားတွင် သတိမမူမိဘဲ အသက်ရှင်ခဲ့ကြသည်။ ဤသည်မှာ စတုတ္ထနေ့တွင် ဖန်ဆင်းရှင်မှ အလင်းအိမ်အား ဖန်ဆင်းခြင်း၏ အရေးပါမှုဖြစ်သည်။ အလားတူပင် ဖန်ဆင်းရှင်၏ ဤလုပ်ဆောင်ချက်၏ ရည်ရွယ်ချက်များနှင့် အရေးပါမှုတို့သည် သူ၏သြဇာအာဏာနှင့် တန်ခိုးတို့နှင့် ခွဲခြား၍ မရသေးပေ။ ထို့ကြောင့် ဘုရားသခင် ပြုလုပ်ခဲ့သည့် အလင်းအိမ်နှင့် ယင်းက လူသားထံ မကြာမီ ယူဆောင်လာမည့် တန်ဖိုးသည် ဖန်ဆင်းရှင်၏ သြဇာအာဏာအား အသုံးချခြင်း၌ နောက်ထပ် ကျွမ်းကျင်ပိုင်နိုင်မှု တစ်ခုဖြစ်သည်။

လူသားမျိုးနွယ် ပေါ်ထွန်းလာရဦးမည့် ဤကမ္ဘာသစ်ပေါ်တွင် ဖန်ဆင်းရှင်သည် မကြာမီ သူဖန်ဆင်းမည့် သက်ရှိအသစ်အတွက် ညနေနှင့်နံနက်၊ မိုးမျက်နှာကြက်၊ ကုန်းမြေနှင့်ပင်လယ်၊ မြက်ပင်၊ ဆေးပင်နှင့် အမျိုးမျိုးသော သစ်ပင်များနှင့်အတူ အလင်းအိမ်၊ ရာသီဥတုများ၊ နေ့ရက်များ၊ ခုနှစ်များကို ပြင်ဆင်ခဲ့ပြီးဖြစ်သည်။ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးကို သူဖန်ဆင်းခဲ့သည့် အသစ်သော အရာတစ်ခုစီတိုင်း၌ ဖော်ပြထားပြီးလျှင်၊ သူ၏ နှုတ်ကပတ်တော်များနှင့် ပြီးမြောက်မှုများသည် ခြားနားချက် စိုးစဉ်းမျှမရှိ၊ ကွာဟချက် စိုးစဉ်းမျှမရှိဘဲ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်ခဲ့လေသည်။ ဤအသစ်သော အရာများအားလုံး၏ ပေါ်ထွန်းခြင်းနှင့် မွေးဖွားခြင်းမှာ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုး၏ သက်သေဖြစ်သည်- သူသည် အပြောနှင့်အလုပ်ညီပြီး ၊ သူ၏ နှုတ်ကပတ်တော်သည် ပြီးမြောက်လိမ့်မည်ဖြစ်ကာ၊ သူပြီးမြောက်သည့်အရာမှာ ထာဝရ တည်တံ့၏။ ဤအချက်မှာ မည်သည့်အခါမျှ မပြောင်းလဲပါချေ- အတိတ်တွင် ထိုသို့ ဖြစ်ခဲ့သည့်အတိုင်း ယနေ့တွင်လည်း ထိုသို့ဖြစ်ပြီးလျှင်၊ ထာဝရကာလပတ်လုံး ထိုသို့ပင် ဖြစ်လိမ့်မည်။ ကျမ်းစာ၏ ထိုနှုတ်ကပတ်တော်များကို နောက်တစ်ကြိမ် ကြည့်ရှုသောအခါ၊ ၎င်းတို့မှာ သင်တို့အတွက် လတ်ဆတ်သည်ဟု ခံစားရသလော။ အကြောင်းအရာ အသစ်များကို သင်တို့ တွေ့မြင်ပြီး၊ ရှာဖွေတွေ့ရှိမှု အသစ်များကို ရရှိပြီးပြီလော။ ယင်းမှာ ဖန်ဆင်းရှင်၏ ဆောင်ရွက်ချက်များက သင်တို့၏ စိတ်နှလုံးကို လှုံ့ဆော်ပေးခဲ့ပြီး၊ သူ၏သြဇာအာဏာနှင့် တန်ခိုးအပေါ် သင်တို့အသိပညာ၏ ဦးတည်ချက်ကို လမ်းပြပေးခဲ့ကာ၊ သင်တို့၏ ဖန်ဆင်းရှင်အပေါ် နားလည်ခြင်းအတွက် တံခါးဖွင့်လှစ်ခဲ့သည်သာမက၊ သူ၏ ဆောင်ရွက်ချက်များနှင့် သြဇာအာဏာတို့က ဤနှုတ်ကပတ်တော်များ အပေါ်၌ အသက်ကို အပ်နှင်းပေးခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ဤနှုတ်ကပတ်တော်တို့တွင် လူသားသည် ဖန်ဆင်းရှင်၏ သြဇာအာဏာ၏ စစ်မှန်ပြီး ထင်ရှားသည့် ဖော်ပြချက်ကို တွေ့မြင်ရပြီ ဖြစ်ပြီး၊ ဖန်ဆင်းရှင်၏ သာလွန်မြင့်မြတ်ခြင်းကို အမှန်တကယ် မျက်မြင်တွေ့ခဲ့ရကာ၊ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုး၏ ထူးခြားဆန်းကြယ်မှုကို ရှုမြင်ခဲ့ရသည်။

ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးက အံ့သြဖွယ်သောအမှုများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်စေသည်။ သူသည် လူသား၏ အာရုံစိုက်မှုကို ဆွဲဆောင်သဖြင့် လူသားသည် သူ၏ သြဇာအာဏာအား အသုံးချခြင်းမှ ပေါက်ဖွားလာသည့် အံ့သြဖွယ် လုပ်ဆောင်ချက်များကို မှင်တက်လျက် ငေးစိုက်မကြည့်ဘဲ မနေနိုင်ပေ။ သူ၏ ထူးခြားဆန်းပြားသော တန်ခိုးက ကျေနပ်ပျော်ရွှင်မှုများ တစ်ခုပြီးတစ်ခု ဆောင်ကြဉ်းပေးသဖြင့် လူသားသည် ဖမ်းစားခံရပြီး အလွန်ဝမ်းမြောက်ကာ လေးစားကြည်ညိုမှုနှင့် ပင့်သက်ရှိုက်မောလျက် အံ့သြမှင်တက်ပြီး ကောင်းချီးသြဘာပေး၏။ ထိုမျှမက လူသားသည် သိသာထင်ရှားစွာ တို့ထိခြင်းခံရလျက် သူ့အထဲ၌ လေးစားမှု၊ ရိုသေလေးမြတ်မှုနှင့် တွယ်တာမှုတို့ ထွက်ပေါ်လာသည်။ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် လုပ်ဆောင်ချက်များသည် လူသား၏ ဝိညာဉ်အပေါ်တွင် ကြီးမားသော အကျိုးသက်ရောက်မှုနှင့် သန့်ရှင်းစေခြင်းအာနိသင် ရှိသည်သာမက၊ လူသား၏ ဝိညာဉ်ကို အာသာဆန္ဒပြည့်ဝ စေသည်။ သူ၏ အကြံအစည်များ တစ်ခုစီတိုင်း၊ သူ၏မိန့်မြွက်ချက်များ တစ်ခုစီတိုင်း၊ သူ၏သြဇာအာဏာအား ထုတ်ဖော်မှု တစ်ခုစီတိုင်းသည် အရာခပ်သိမ်း အလယ်၌ အပြောင်မြောက်ဆုံး လက်ရာဖြစ်ပြီး၊ ဖန်ဆင်းခံ လူသားမျိုးနွယ်၏ လေးနက်သော နားလည်မှုနှင့် အသိပညာတို့နှင့် အထိုက်တန်ဆုံးဖြစ်သည့် ကြီးမားသော လုပ်ငန်းတစ်ခု ဖြစ်သည်။ ငါတို့သည် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များမှ ပေါက်ဖွားလာသည့် သက်ရှိတိုင်းကို ရေတွက်သည့်အခါတွင်၊ ငါတို့၏ဝိညာဉ်များသည် ဘုရားသခင့် တန်ခိုး၏ အံ့သြဖွယ်ရာသို့ ဆွဲဆောင်ခြင်းခံရပြီး၊ အရာခပ်သိမ်းအား ဘုရားသခင်ဖန်ဆင်းခြင်း ပဉ္စမနေ့ ဖြစ်သည့် နောက်တစ်နေ့တွင် ငါတို့သည် ဖန်ဆင်းရှင်၏ ခြေရာများနောက်သို့ လိုက်နေကြသည်ကို တွေ့ရသည်။

ဖန်ဆင်းရှင်၏ နောက်ထပ် လုပ်ဆောင်ချက်များကို ကြည့်ရှုလျက်၊ သမ္မာကျမ်းစာကို တစ်ပိုဒ်ပြီးတစ်ပိုဒ် ဆက်ဖတ်ကြပါစို့။

ပဉ္စမနေ့တွင် စုံလင်ပြီး ကွဲပြားခြားနားသော သက်ရှိပုံစံများက ဖန်ဆင်းရှင်၏ သြဇာအာဏာကို အမျိုးမျိုးသော နည်းလမ်းများဖြင့် ပြသသည်

ကျမ်းစာက “တစ်ဖန်ဘုရားသခင်က အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန်တို့ကို ရေသည်များပြားစွာ မွေးဖွားစေ။ ငှက်တို့လည်း မြေပေါ် မိုဃ်းကောင်းကင်မျက်နှာကြက်ပြင်ဝယ် ပျံစေဟု အမိန့်တော်ရှိ၏။ ထိုသို့လျှင်ရေသည် တိရစ္ဆာန်အမျိုးအလိုက် များပြားစွာ မွေးဖွား၍၊ ငါးကြီးအစရှိသော အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန် အပေါင်းတို့ကို၎င်း၊ ပျံတတ်သော ငှက်မျိုးအပေါင်းတို့ကို၎င်း ဘုရားသခင်ဖန်ဆင်း၍၊ ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏။” (ကမ္ဘာဦးကျမ်း ၁:၂၀-၂၁) ဟု ဆိုသည်။ ကျမ်းစာက ငါတို့အား ရှင်းလင်းစွာ ပြောပြသည်မှာ၊ ဤနေ့ရက်တွင် ဘုရားသခင်သည် ရေထဲက သတ္တဝါများ၊ လေပေါ်က ငှက်များကို ဖန်ဆင်းခဲ့သည်၊ ဆိုလိုသည်မှာ သူသည် ငါးနှင့် ငှက်အမျိုးမျိုးကို ဖန်ဆင်းပြီး ၎င်းတို့ကို အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ခဲ့ပေသည်။ ဤနည်းဖြင့် ကမ္ဘာမြေ၊ ကောင်းကင်ကြီးနှင့် ရေတို့မှာ ဘုရားသခင်၏ ဖန်ဆင်းခြင်းအားဖြင့် ပြည့်စုံကြွယ်ဝ ခဲ့လေသည်...

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိန့်ကြားလိုက် သည့်အခါတွင်၊ သက်ရှိသတ္တဝါအသစ်များသည် ကွဲပြားသော ပုံသဏ္ဌာန်တစ်ခုစီနှင့် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များ အလယ်၌ တစ်မုဟုတ်ချင်း အသက်ဝင် လာခဲ့ကြသည်။ ၎င်းတို့သည် ကမ္ဘာပေါ်တွင် နေရာရရန်အတွက် တိုးဝှေ့ရင်း၊ ပျော်ရွှင်စွာ ခုန်ပေါက် မြူးထူးရင်း ဝင်လာခဲ့ကြသည်...။ ပုံသဏ္ဌာန်နှင့် အရွယ်အစားမျိုးစုံ ရှိသည့် ငါးများသည် ရေထဲတွင် ကူးခတ်ကြသည်။ အခွံမာကောင်မျိုးစုံတို့သည် သဲထဲမှ ဖြစ်ထွန်းလာကြသည်။ အကြေးခွံများပါသည့်၊ အခွံမာများပါသည့်၊ ကျောရိုးမဲ့သည့် သတ္တဝါများသည် အကြီးအငယ်မဆို၊ အရှည်အတိုမရွေး မတူညီသော ပုံစံများနှင့် အလျင်အမြန် ကြီးထွားလာကြသည်။ ထိုနည်းတူပင် ပင်လယ်ရေညှိမျိုးစုံတို့သည် ရေနေသတ္တဝါအမျိုးမျိုးတို့၏ လှုပ်ရှားမှုအပေါ်တွင် ယိမ်းနွဲ့ရင်း၊ ညင်သာစွာ လှုပ်ရှားရင်း၊ တည်ငြိမ်နေသည့်ရေကို လှုံ့ဆော်ရင်းဖြင့် စတင်၍ သွက်လက်စွာ ကြီးထွားလာခဲ့ကြကာ- “မြန်မြန်လုပ်။ နင့်သူငယ်ချင်းတွေကို ခေါ်ခဲ့။ နင် ဘယ်တော့မှ အထီးကျန်မှာ မဟုတ်တော့ဘူး” ဟု ၎င်းတို့ကို ပြောသည့်အလားပင် ဖြစ်သည်။ ဘုရားသခင် ဖန်ဆင်းခဲ့သည့် သက်ရှိသတ္တဝါ အမျိုးမျိုးတို့ ရေထဲတွင် ပေါ်လာသည့်အချိန်မှစ၍ သက်ရှိသတ္တဝါအသစ် တစ်ကောင်ချင်းစီတိုင်းသည် အချိန်ကြာမြင့်စွာ တည်ငြိမ်နေခဲ့သည့် ရေတို့ကို သက်ဝင်လှုပ်ရှားမှုပေးပြီး ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ပေးခဲ့သည်။...ထိုအခိုက်မှစ၍ သူတို့သည် အချင်းချင်း ခိုဝင်တိုးဝှေ့ကြပြီး တစ်ဦးနှင့်တစ်ဦး အဖော်ပြုခဲ့ကြကာ၊ သူတို့ကြားတွင် ကင်းကွာမှု မထားကြတော့ပေ။ ရေသည် သူ၏ရင်ခွင်ထဲတွင် မှီတင်းနေထိုင်သည့် သက်ရှိတိုင်းကို ပြုစုရင်း သူ၏အထဲ၌ရှိသော သတ္တဝါများအတွက် ရပ်တည်ကာ၊ သက်ရှိတိုင်းသည် ရေ၏ အာဟာရဓာတ်ကြောင့် ရေအတွက်ပင် ဖြစ်တည်ခဲ့သည်။ တစ်ခုနှင့်တစ်ခု အသက်ပေးကြပြီး တစ်ချိန်တည်းတွင် ထိုနည်းတူစွာ ဖန်ဆင်းရှင်၏ ဖန်ဆင်းခြင်း အံ့ဖွယ်ဆန်းကြယ်မှုနှင့် ကြီးမြတ်မှုကို လည်းကောင်း၊ ဖန်ဆင်းရှင်၏ သြဇာအာဏာ၏ တုပြိုင်ကျော်လွန်၍ မရသော တန်ခိုးကိုလည်းကောင်း အသီးသီး သက်သေခံကြလေသည်...

ပင်လယ်သည် တိတ်ဆိတ်ခြင်း မရှိတော့သည့်နည်းတူ ကောင်းကင်ယံတွင်လည်း သက်ရှိတို့ စတင် ပြည့်နှက်လာခဲ့သည်။ ငှက်တို့သည် ကြီးငယ်မဆို တစ်ကောင်ပြီးတစ်ကောင် မြေပြင်မှ ကောင်းကင်သို့ ပျံတက်သွားကြသည်။ ပင်လယ်မှ သတ္တဝါများကဲ့သို့ မဟုတ်ဘဲ၊ သူတို့တွင် သေးသွယ်ပြီး ကြော့မော့လှပသော သူတို့၏ ကိုယ်ခန္ဓာများကို ဖုံးအုပ်ထားသည့် အမွှေးများနှင့် အတောင်များ ရှိကြသည်။ သူတို့သည် ဖန်ဆင်းရှင်က သူတို့အပေါ် ချပေးသနားသည့် သူတို့၏ ထည်ဝါလှပသော အမွှေးအတောင်များ၊ သူတို့၏ အထူးလုပ်ဆောင်မှုများနှင့် စွမ်းရည်များကို ဂုဏ်ယူဝံ့ကြွားစွာ ပြသရင်း သူတို့၏ အတောင်ပံများကို ခတ်ကြသည်။ သူတို့သည် မြက်ခင်းပြင်များနှင့် တောများကိုဖြတ်၍ ကောင်းကင်နှင့် မြေကြီးကြားတွင် ကျွမ်းကျင်စွာ လူးလာခတ်ကာ့ လွတ်လပ်စွာ ပျံသန်းကြသည်...။ သူတို့သည် လေ၏ အလွန်ချစ်ခင်ရသူများ ဖြစ်ကြကာ၊ အရာခပ်သိမ်း၏ ချစ်ခင်ရသူများ ဖြစ်ခဲ့ကြသည်။ သူတို့သည် မကြာမီတွင် ကောင်းကင်နှင့် မြေကြီးကြားထဲက ပေါင်းကူးပေးသူများ ဖြစ်လာကြပြီး အရာခပ်သိမ်းဆီသို့ သတင်းစကားများ သယ်ယူပေးတတ်ကြသည်...။ သူတို့သည် တေးဆိုကြသည်၊ ပျော်ရွှင်စွာနှင့် ထိုးဆင်းဝဲပျံကြသည်၊ တစ်ချိန်က ဘာမျှမရှိခဲ့သည့် ဤကမ္ဘာဆီသို့ သြဘာသံများ၊ ရယ်မောခြင်းနှင့် တက်ကြွခြင်းတို့ကို သယ်ဆောင်လာခဲ့ကြသည်...။ သူတို့သည် သူတို့အပေါ် ချပေးသနားခဲ့သည့် အသက်အတွက် ဖန်ဆင်းရှင်ကို ချီးမွမ်းရန် သူတို့၏စိတ်နှလုံးထဲက စကားလုံးများကို အသုံးပြုပြီး သူတို့၏ ကြည်လင်သာယာသော တေးဆိုသံကို အသုံးပြုကြသည်။ သူတို့သည် ဖန်ဆင်းရှင်၏ ဖန်ဆင်းခြင်း ပြီးပြည့်စုံမှုနှင့် အံ့ဖွယ်ဆန်းကြယ်မှုကို ပြသရန်အတွက် ရွှင်လန်းစွာ ကခုန်ခဲ့ကြပြီး၊ သူတို့အပေါ် ဘုရားသခင် ချပေးသနားခဲ့ပြီးသည့် ထူးမြတ်သော ဘဝအားဖြင့် ဖန်ဆင်းရှင်၏ သြဇာအာဏာကို သက်သေခံရန်အတွက် သူတို့၏ ဘဝတစ်ခုလုံးကို အပ်နှံကြလိမ့်မည်...

၎င်းတို့သည် ရေထဲတွင်ရှိသည်ဖြစ်စေ၊ ကောင်းကင်၌ ရှိသည်ဖြစ်စေ ဖန်ဆင်းရှင်၏ ကွပ်ကဲမှုအားဖြင့် ဤကုံလုံများပြားလှသော သက်ရှိများသည် ကွဲပြားခြားနားလှသည့် ဘဝဖွဲ့စည်းပုံစနစ်များထဲ၌ ဖြစ်တည်ခဲ့ကြပြီး၊ ဖန်ဆင်းရှင်၏ ကွပ်ကဲမှုအားဖြင့် ၎င်းတို့သည် မိမိတို့နှင့်သက်ဆိုင်သည့် မျိုးစိတ်များအလိုက် အတူတကွ စုဝေးခဲ့ကြသည်— ဤနိယာမ၊ ဤစည်းမျဉ်းကို မည်သည့်သက်ရှိများကမျှ မပြောင်းလဲနိုင်ပါချေ။ ဖန်ဆင်းရှင်က ၎င်းတို့အတွက် ချမှတ်ထားသည့် စည်းဘောင်များကို မည်သည့်အခါမျှ ကျော်မသွားဝံ့ကြသကဲ့သို့၊ ကျော်သွားနိုင်စွမ်းလည်း မရှိခဲ့ကြပေ။ ၎င်းတို့သည် ဖန်ဆင်းရှင်က စီမံသည့်အတိုင်း ရှင်သန်နေထိုင်ပြီး ပွားများခဲ့ကြကာ၊ ဖန်ဆင်းရှင်က ၎င်းတို့အတွက် ချမှတ်ထားသည့် ဘဝဖြစ်စဉ်နှင့် နိယာမများကို တစ်သဝေမတိမ်း လိုက်နာခဲ့ကြပြီးလျှင်၊ ဖန်ဆင်းရှင်က သူတို့ကို ပေးအပ်ခဲ့သည့် နားလည်သိရှိပြီးဖြစ်သော အမိန့်များနှင့်အတူ ကောင်းကင်ဘုံ၏ အမိန့်ပြန်တမ်းများနှင့် ကျင့်ဝတ်များကို ယနေ့ထက်ထိပင် အသိနိုးကြားစွာ စောင့်ထိန်းခဲ့ကြသည်။ ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် အထူးနည်းလမ်းဖြင့် ဖန်ဆင်းရှင်နှင့် စကားပြောကြပြီး ဖန်ဆင်းရှင်၏ ဆိုလိုရင်းကို သဘောပေါက်ကြကာ၊ သူ၏အမိန့်များကို နာခံခဲ့ကြသည်။ ဖန်ဆင်းရှင်၏ သြဇာအာဏာကို မည်သူမျှ လုံးဝ မချိုးဖောက်ခဲ့ကြဘဲ၊ ၎င်းတို့အပေါ် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ကွပ်ကဲမှုကို သူ၏အကြံအစည်များထဲ၌ အသုံးပြုခဲ့သည်။ မည်သည့် စကားလုံးကိုမျှ မထုတ်ပြန်ခဲ့သော်လည်း၊ ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာသည် လူသားမျိုးနွယ်နှင့် မတူညီသည့်၊ ဘာသာစကား လုပ်ဆောင်မှု မပါသည့် တိတ်ဆိတ်မှုအားဖြင့် အရာခပ်သိမ်းကို ထိန်းချုပ်ခဲ့သည်။ ဤအထူးနည်းလမ်းအားဖြင့် သူ၏ သြဇာအာဏာအား အသုံးပြုခြင်းက လူသားအား အသိပညာအသစ်ကို မဖြစ်မနေ ရရှိစေပြီး ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာအား ဖွင့်ဆိုမှုအသစ် ပြုလုပ်စေခဲ့သည်။ ဤနေ့သစ်တွင် ဖန်ဆင်းရှင်၏ သြဇာအာဏာကို အသုံးချခြင်းက ဖန်ဆင်းရှင်၏ အတုမရှိခြင်းကို နောက်တစ်ကြိမ် ပြသခဲ့ခြင်းပင်ဖြစ်ကြောင်း ဤတွင် သင်တို့ကို ငါပြောရမည်။

ဆက်လက်၍ သမ္မာကျမ်းစာ ဤကျမ်းပိုဒ်၏ နောက်ဆုံးစာကြောင်းကို တစ်ချက် ကြည့်ကြစို့။ “ထိုအမှုအရာ ကောင်းသည်ကို မြင်တော်မူ၏။” ဤသည်မှာ အဘယ်အရာကို ဆိုလိုသည်ဟု သင်တို့ထင်သနည်း။ ဤနှုတ်ကပတ်တော်များထဲတွင် ဘုရားသခင်၏ စိတ်ခံစားချက်တို့ ပါရှိသည်။ သူဖန်ဆင်းခဲ့ပြီးသည့် အရာခပ်သိမ်းသည် ဖြစ်တည်လာပြီး သူ့နှုတ်ကပတ်တော်များကြောင့် ခိုင်မာစွာ ရပ်တည်လာကာ တဖြည်းဖြည်း စတင်ပြောင်းလဲလာသည်ကို ဘုရားသခင် စောင့်ကြည့်ခဲ့သည်။ ဤအချိန်တွင် ဘုရားသခင်သည် နှုတ်ကပတ်တော်များဖြင့် သူပြုလုပ်ခဲ့သည့် အရာအမျိုးမျိုးနှင့် သူပြီးမြောက်ခဲ့သည့် လုပ်ဆောင်ချက်အမျိုးမျိုးတို့အပေါ် ကျေနပ် ခဲ့သလော။ အဖြေက “ထိုအမှုအရာ ကောင်းသည်ကို မြင်တော်မူ၏” ဟူ၍ပင် ဖြစ်သည်။ ဤနေရာတွင် သင်တို့ အဘယ်အရာကို တွေ့သနည်း။ “ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏” ဆိုသည်မှာ အဘယ်အရာကို ကိုယ်စားပြုသနည်း။ ယင်းက အဘယ်အရာကို အမှတ်သင်္ကေတ ပြုသနည်း။ ယင်းမှာ ဘုရားသခင်၌ သူစီစဉ်ထားခဲ့ပြီး ပြဋ္ဌာန်းထားခဲ့သည့် အရာကို ပြီးမြောက်စေရန်၊ ပြီးမြောက်အောင် သူရည်မှန်းထားခဲ့သည့် ရည်ရွယ်ချက်များကို ပြီးမြောက်စေရန် တန်ခိုးနှင့် ဉာဏ်ပညာ ရှိခဲ့သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဘုရားသခင်သည် လုပ်ငန်းတစ်ခုစီကို အပြီးသတ်သည့်အခါတွင် နောင်တရခဲ့သလော။ အဖြေက “ထိုအမှုအရာ ကောင်းသည်ကို မြင်တော်မူ၏” ဟူသည်ပင် ဖြစ်နေသေးသည်။ တစ်နည်းပြောရလျှင် သူသည် နောင်တမရခဲ့ရုံမကဘဲ၊ ယင်းအစား ကျေနပ်မှုရရှိခဲ့သည်။ သူနောင်တမရခဲ့ပါ ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဘုရားသခင်၏ အစီအစဉ်သည် ပြည့်စုံသည်၊ သူ၏တန်ခိုးနှင့် ဉာဏ်ပညာသည် ပြီးပြည့်စုံသည်၊ ဤသို့ပြီးပြည့်စုံမှုမျိုးကို သူ၏ သြဇာအာဏာအားဖြင့်သာလျှင် ပြီးမြောက်စေနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ လူသည် လုပ်ငန်းတစ်ခုကို ထမ်းဆောင်သည့်အခါတွင်၊ ဘုရားသခင်ကဲ့သို့ပင် ထိုအရာကောင်းသည်ဟု မြင်နိုင်သလော။ လူသား ပြုလုပ်သည့် အရာအားလုံးသည် ပြီးပြည့်စုံခြင်းကို ရရှိနိုင်သလော။ လူသားသည် တစ်စုံတစ်ခုကို ထာဝရအပြီးအပြတ် လက်စသတ်နိုင်သလော။ “မည်သည့်အရာမှ ပြီးပြည့်စုံခြင်းမရှိ၊ ပိုမိုကောင်းမွန်ခြင်းသာ ရှိသည်” ဟု လူတို့ ပြောသည့်အတိုင်းပင်၊ လူသားက ပြုလုပ်သည့် မည်သည့်အရာမျှ ပြီးပြည့်စုံခြင်းကို မရရှိနိုင်ပေ။ သူပြုလုပ်ခဲ့ပြီး ရရှိခဲ့သည့် အရာအားလုံးက ကောင်းမွန်သည်ကို ဘုရားသခင် မြင်ခဲ့သောအခါ၊ ဘုရားသခင် ပြုလုပ်သည့် အရာအားလုံးကို သူ၏နှုတ်ကပတ်တော်အားဖြင့် ပြဋ္ဌာန်းထားခြင်း ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသခင်က “ထိုအမှုအရာ ကောင်းသည်ကို မြင်တော်မူ” သောအခါ၊ သူပြုလုပ်ခဲ့ပြီးသည့်အရာ အားလုံးက အစဉ်တည်မြဲသော ပုံသဏ္ဌာန် တစ်ခုကို ဆောင်ယူခဲ့ကြပြီး၊ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ် ခံခဲ့ရကာ သတ်မှတ်ထားသော နေရာ၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန် တစ်ခုကို ထာဝရအပြီးအပြတ် ပေးအပ်ခြင်းခံခဲ့ရသည်။ ထိုမျှမက အရာခပ်သိမ်းအလယ်တွင် ၎င်းတို့၏ အခန်းကဏ္ဍနှင့် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ စီမံခန့်ခွဲမှု အချိန်အတွင်း သူတို့သွားရမည့် ခရီးကို ဘုရားသခင်က စီမံပေးထားခဲ့ပြီဖြစ်ပြီး ပြောင်းလဲ၍ မရတော့ချေ။ ဤသည်မှာ အရာခပ်သိမ်းအား ဖန်ဆင်းရှင်မှ ပေးအပ်ထားသည့် ကောင်းကင်ဘုံဆိုင်ရာ ဥပဒေသ ဖြစ်သည်။

“ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏” ဟူသည့် ရိုးရှင်းသော၊ ထိုက်တန်စွာ တန်ဖိုးထားခြင်းမခံရသော၊ မကြာခဏ လျစ်လျူရှုခြင်း ခံရသော ဤနှုတ်ကပတ်တော်တို့မှာ ဘုရားသခင်က သတ္တဝါခပ်သိမ်းကို ပေးအပ်ထားသည့် ကောင်းကင်ဘုံဆိုင်ရာ ဥပဒေသနှင့် ကောင်းကင်ဘုံဆိုင်ရာ အမိန့်ပြန်တမ်းပင် ဖြစ်သည်။ ၎င်းတို့သည် ဖန်ဆင်းရှင်၏ သြဇာအာဏာ၏ အခြားသော ပြယုဂ်တစ်ခု၊ ပို၍ လက်တွေ့ကျသည့်အရာ၊ ပို၍ နက်နဲသည့်အရာမျိုး ဖြစ်သည်။ ဖန်ဆင်းရှင်သည် သူ၏ နှုတ်ကပတ်တော်များအားဖြင့် သူရရှိရန် ရည်မှန်းထားသည့် အရာအားလုံးကိုရရှိနိုင်ပြီး သူပြီးမြောက်ရန် ရည်မှန်းထားသည့် အရာအားလုံးကို ပြီးမြောက်နိုင်ရုံသာမကဘဲ၊ သူဖန်ဆင်းထားခဲ့သည့် အရာအားလုံးကိုလည်း သူ့လက်ထဲတွင် ထိန်းချုပ်နိုင်ပြီး သူ၏ သြဇာအာဏာအောက်တွင် သူပြုလုပ်ထားခဲ့သည့် အရာခပ်သိမ်းကို အုပ်စိုးနိုင်ခဲ့သည့်အပြင်၊ ခပ်သိမ်းက စနစ်ကျပြီး ပုံမှန်ဖြစ်လေသည်။ အရာခပ်သိမ်းသည်လည်း သူ၏ နှုတ်ကပတ်တော်အားဖြင့် တိုးပွား၊ တည်ရှိပြီး ပျက်စီးသွားကြသည့်အပြင်၊ ၎င်းတို့သည် သူ၏ သြဇာအာဏာအားဖြင့် သူချမှတ်ထားခဲ့သည့် ဥပဒေသအတွင်း၌ တည်ရှိခဲ့ပြီး မည်သည့်အရာမျှ ကင်းလွတ်ခွင့် မရှိပါတကား။ ဤဥပဒေသမှာ ဘုရားသခင်က “ထိုအမှုအရာ ကောင်းသည်ကို မြင်တော်မူ” သည့် တစ်ခဏချင်းတွင်ပင် စတင်ခဲ့ပြီး၊ ယင်းသည် ဖန်ဆင်းရှင်မှ ရုပ်သိမ်းသည့် နေ့ရက်တိုင်အောင် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက် ဖြစ်တည်၊ ဆက်သွားပြီး လည်ပတ်နေမှာပါတကား။ ဖန်ဆင်းရှင်၏ အတုမရှိသော သြဇာအာဏာသည် အရာခပ်သိမ်းကို ဖန်ဆင်းပြီး အရာခပ်သိမ်းကို ဖြစ်တည်လာစေရန် အမိန့်ပေးနိုင်သည့် သူ၏ တတ်နိုင်စွမ်း၌သာမက၊ အရာခပ်သိမ်းအပေါ် အစိုးရပြီး အချုပ်အခြာအာဏာကို စွဲကိုင်ထားကာ အရာခပ်သိမ်းအပေါ် အသက်ဝင်ခြင်းနှင့် ရှင်သန်တက်ကြွခြင်းကို အပ်နှင်းနိုင်သည့် သူ၏ တတ်နိုင်စွမ်း၌ပါ ထင်ရှားပြသသည်၊ ထိုမျှမက သူ၏အစီအစဉ်ထဲတွင် သူဖန်ဆင်းမည့် အရာခပ်သိမ်းသည် သူပြုလုပ်ထားသည့် ကမ္ဘာပေါ်တွင် ပြီးပြည့်စုံသော အသွင်သဏ္ဌာန်၊ ပြီးပြည့်စုံသော အသက်ဖွဲ့စည်းတည်ဆောက်ပုံနှင့် ပြီးပြည့်စုံသော အခန်းကဏ္ဍဖြင့် ထာဝရအပြီးအပြတ် ပေါ်ပေါက် ဖြစ်တည်စေနိုင်သည့် သူ၏ တတ်နိုင်စွမ်း၌လည်း ထင်ရှားပြသလေသည်။ အလားတူပင် ဖန်ဆင်းရှင်၏ အကြံအစည်များသည် မည်သည့် ကန့်သတ်ချုပ်ချယ်မှုမျှ မခံရ၊ အချိန်၊ နေရာ၊ သို့မဟုတ် ပထဝီ အနေအထားတို့၏ ကန့်သတ်ထားခြင်းမရှိသည့် အနေအထား၌လည်း ယင်းက ထင်ရှားပြသပေသည်။ သူ၏ သြဇာအာဏာကဲ့သို့ပင် ဖန်ဆင်းရှင်၏ အတုမရှိသော ဝိသေသလက္ခဏာသည် ကမ္ဘာအဆက်ဆက် မပြောင်းမလဲ တည်မြဲနေမည် ဖြစ်သည်။ သူ၏သြဇာအာဏာသည် သူ၏အတုမရှိသော ဝိသေသလက္ခဏာ၏ ကိုယ်စားပြုချက်နှင့် သင်္ကေတတစ်ရပ် အစဉ်အမြဲ ဖြစ်နေမည်ဖြစ်ပြီး သူ၏ သြဇာအာဏာသည် သူ၏ ဝိသေသလက္ခဏာနှင့် အတူတကွယှဉ်တွဲလျက် ထာဝရတည်ရှိနေမည်တည်း။

ခြောက်ရက်နေ့မြောက်တွင် ဖန်ဆင်းရှင်သည် စကားပြောပြီး သူ့စိတ်ထဲတွင်ရှိသည့် သက်ရှိသတ္တဝါတစ်မျိုးချင်းစီသည် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာသည်

မသိမသာနှင့် ဖန်ဆင်းရှင်၏ အရာအားလုံးကို ပြုလုပ်ခြင်း အမှုသည် ငါးရက်တိုင် ဆက်လက်ဖြစ်ပေါ်ခဲ့ပြီး ယင်းနောက်တွင် ချက်ချင်းပင် အရာအားလုံးအပေါ် သူ၏ဖန်ဆင်းခြင်း ခြောက်ရက်မြောက်နေ့ကို ဖန်ဆင်းရှင်က ဆီးကြိုခဲ့သည်။ ယနေ့သည် နောက်ထပ် အသစ်စတင်ခြင်းနှင့် နောက်ထပ် ထူးခြားဆန်းကြယ်သည့် နေ့တစ်နေ့ဖြစ်သည်။ သို့ဆိုလျှင် ဤနေ့သစ်၏ အကြိုတွင် ဖန်ဆင်းရှင်၏ အစီအစဉ်က အဘယ်အရာဖြစ်ခဲ့သနည်း။ မည်သည့်သတ္တဝါအသစ်များကို သူထုတ်လုပ်မည်နည်း၊ ဖန်ဆင်းမည်နည်း။ နားထောင်လော့။ ဤသည်မှာ ဖန်ဆင်းရှင်၏အသံဖြစ်သည်...

“တဖန်ဘုရားသခင်က၊ မြေသည် အသက်ရှင်သော သတ္တဝါမျိုးတည်းဟူသော သားယဉ်တို့ကို၎င်း၊ တွားတတ်သော တိရစ္ဆာန်တို့ကို၎င်း၊ သားရဲမျိုးတို့ကို၎င်း၊ မွေးဖွားစေဟု အမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။ ထိုသို့ ဘုရားသခင်သည် သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်တွင် တွားတတ်သော တိရစ္ဆာန်မျိုး အပေါင်းတို့ကို ဖန်ဆင်း၍၊ ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏။” (ကမ္ဘာဦးကျမ်း ၁:၂၄-၂၅) အဘယ်သက်ရှိသတ္တဝါများ ပါဝင်သနည်း။ ကျမ်းစာက ဤသို့ပြောသည်- သားယဉ်များ၊ တွားတတ်သော တိရစ္ဆာန်များနှင့် သားရဲမျိုးများ။ တစ်နည်းအားဖြင့်ဆိုသော် ဤနေ့တွင် ကမ္ဘာပေါ်၌ သက်ရှိသတ္တဝါမျိုးစုံ ရှိရုံတင်မကဘဲ ၎င်းတို့အားလုံးသည် မိမိတို့အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ခြင်းခံခဲ့ရပြီး ထိုနည်းတူစွာပင် ဘုရားသခင်က “ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏။”

ယခင် ငါးရက်ကဲ့သို့ တူညီသည့် အသံနေအသံထားနှင့် ခြောက်ရက်မြောက်နေ့တွင် ဖန်ဆင်းရှင်သည် သူဆန္ဒရှိသည့် သက်ရှိသတ္တဝါတို့ကို မွေးဖွားရန်၊ ကမ္ဘာပေါ်တွင် သူတို့၏အမျိုးအစားအလိုက် ပေါ်ထွက်ရန် အမိန့်ပေးခဲ့သည်။ ဖန်ဆင်းရှင်သည် သူ၏သြဇာအာဏာကို အသုံးချသည့်အခါတွင် သူ၏မည်သည့်နှုတ်ကပတ်တော်ကိုမျှ အချည်းနှီး မပြောဆိုပေ။ ထို့ကြောင့် ခြောက်ရက်မြောက်နေ့တွင် သူဖန်ဆင်းရန် ရည်ရွယ်ခဲ့သည့် သက်ရှိသတ္တဝါတိုင်းသည် သတ်မှတ်ထားသည့် အချိန်တွင် ပေါ်ထွက်ခဲ့သည်။ “မြေသည် အသက်ရှင်သော သတ္တဝါမျိုးတည်းဟူသော သားယဉ်တို့ကို၎င်း...မွေးဘွားစေ” ဟူ၍ ဖန်ဆင်းရှင်ပြောလိုက်သည်နှင့် ကမ္ဘာမြေကြီးသည် ချက်ချင်းပင် ရှင်သန်တက်ကြွခြင်းနှင့်ပြည့်သွားခဲ့ပြီး ကုန်းမြေပေါ်တွင် သက်ရှိသတ္တဝါမျိုးစုံ၏ ထွက်သက်ဝင်သက်သည် ရုတ်တရက် ပေါ်ထွက်လာသည်။...မြက်ပေါသော စိမ်းလန်းသည့် မြေရိုင်းတွင် ပြည့်ဖြိုးသည့်နွားများသည် သူတို့၏အမြီးများကို ဟိုဘက်သည်ဘက်လွှဲရင်း တစ်ကောင်ပြီး တစ်ကောင်ပေါ်လာကြကာ အော်ဟစ်နေသည့်သိုးများသည် အုပ်စုဖွဲ့နေကြလျက် ဟီနေသည့် မြင်းများက စတင်ကာ ခုန်ပေါက်ပြေးလွှားခဲ့ကြသည်။ တစ်မုဟုတ်ချင်းတွင် တိတ်ဆိတ်နေသည့် ကျယ်ပြောလှသော မြက်ခင်းပြင်သည် ရှင်သန်တက်ကြွခြင်းနှင့် ပြည့်ထွက်သွားခဲ့သည်။ ဤအမျိုးမျိုးသော ခြံမွေးတိရစ္ဆာန်များ ပေါ်ထွက်လာခြင်းသည် ငြိမ်းချမ်းသည့် မြက်ခင်းပြင်တွင် လှပသည့်မြင်ကွင်းဖြစ်ခဲ့ပြီး အကန့်အသတ်မရှိသည့် ရှင်သန်တက်ကြွမှုကို သယ်ဆောင်လာခဲ့သည်။...၎င်းတို့သည် မြက်ခင်းပြင်တို့၏ အဖော်များဖြစ်ကြမည်ဖြစ်ပြီး အချင်းချင်း မှီခိုအားထားကြလျက် မြက်ခင်းပြင်တို့၏ အရှင်သခင်များဖြစ်ကြလိမ့်မည်။ အလားတူပင် ၎င်းတို့သည် ၎င်းတို့အမြဲတမ်းကျက်စားရာနေရာ ဖြစ်လာမည့် ဤကုန်းမြေတို့၏ အုပ်ထိန်းသူနှင့် ကြည့်ရှုစောင့်ရှောက်သူတို့ ဖြစ်လာကြလိမ့်မည်ဖြစ်ကာ ထိုကုန်းမြေတို့သည် ၎င်းတို့လိုအပ်သည့် အရာအားလုံးကို ၎င်းတို့အား ထောက်ပံ့ပေးမည်ဖြစ်ပြီး ၎င်းတို့ရှင်သန်ရပ်တည်မှုအတွက် ထာဝရအာဟာရအရင်းအမြစ်တစ်ခု ဖြစ်လာမည်ဖြစ်သည်။

ဤအမျိုးမျိုးသော ခြံမွေးတိရစ္ဆာန်တို့သည် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်အားဖြင့် ဖြစ်ပေါ်လာခဲ့သည့် ထိုနေ့တွင်ပင် များပြားလှသည့် ပိုးမွှားများလည်း တစ်ကောင်ပြီးတစ်ကောင် ပေါ်ထွက်လာခဲ့သည်။ သူတို့သည် သတ္တဝါအားလုံးထဲတွင် အသေးငယ်ဆုံးများဖြစ်ကြသော်လည်း သူတို့၏ အသက်အင်အားသည် ဖန်ဆင်းရှင်၏ ဆန်းကြယ်သည့် ဖန်ဆင်းမှုပင်ဖြစ်ပြီး သူတို့ရောက်လာခြင်းမှာ သိပ်နောက်မကျပေ။...အချို့က သူတို့၏သေးငယ်သည့် တောင်ပံများကို တဖျတ်ဖျတ်ခတ်ပြီး အချို့ကတော့ ဖြည်းဖြည်းချင်း တွားသွားခဲ့ကြသည်။ အချို့က ခုန်ပေါက်နေခဲ့ကြပြီး အချို့က ဒယိမ်းဒယိုင် သွားလာနေခဲ့ကြသည်။ အချို့က ရှေ့ကို လျင်မြန်စွာသွားနေပြီး အခြားသတ္တဝါများက လျင်မြန်စွာ ဆုတ်ခွာနေသည်။ အချို့က ဘေးတိုက်ရွေ့လျားနေကြပြီး အချို့က နိမ့်တစ်ချီ မြင့်တစ်လှည့် ခုန်ဆွနေခဲ့ကြသည်။...အားလုံးသည် မိမိတို့အတွက် နေအိမ်များကို ရှာဖွေရန်ကြိုးစားနေကြရင်း အလုပ်ရှုပ်နေခဲ့ကြသည်- အချို့က မြက်ခင်းဆီကို ရောက်ရန် လမ်းရှာခဲ့ကြသည်။ အချို့က မြေကြီးထဲတွင် လိုဏ်ခေါင်းများ ဖောက်ခဲ့ကြသည်။ အချို့က သစ်ပင်ပေါ်ကို ပျံတက်ကြပြီး တောအုပ်ထဲတွင် ပုန်းကွယ်နေခဲ့ကြသည်။...အရွယ်အစားသေးငယ်သော်လည်း သူတို့သည် ဗိုက်ဟောင်းလောင်း၏ နှိပ်စက်ခြင်းကိုခံရန် ဆန္ဒမရှိပေ။ သူတို့နေအိမ်များကို ရှာဖွေပြီးသည့်အခါတွင် သူတို့အစာစားရန်အတွက် အစာရှာရန် အလျင်အမြန် ပြုခဲ့ကြသည်။ အချို့က မြက်အညွှန့်လေးများကိုစားရန်အတွက် မြက်ပင်ပေါ်ကို တက်ခဲ့ကြသည်။ အချို့က မြေစာများကို ပါးစပ်နှင့် အပြည့်ယူပြီး သူတို့ဗိုက်ထဲ မျိုချကြကာ ကျေနပ်သာယာမှုအပြည့်နှင့် အားပါးတရစားခဲ့ကြသည် (သူတို့အတွက်မူ မြေစာပင်လျှင် အရသာရှိသည့် စားစရာဖြစ်သည်)။ အချို့က တောအုပ်ထဲတွင် ပုန်းကွယ်နေခဲ့ကြသည်။ သို့ရာတွင် အရောင်တောက်ပသည့် အစိမ်းရောင်ရင့်အရွက်ထဲမှ သစ်ပင်ရည်သည် အရည်ရွှမ်းသည့် စားစရာကို ပေးစွမ်းသည့်အတွက် သူတို့သည် အနားမယူကြပေ။...သူတို့သည် ပြည့်အင့်သွားသည့်အခါတွင်ပင် ပိုးမွှားများသည် သူတို့၏ လှုပ်ရှားမှုကို မရပ်ကြသေးပေ။ သူတို့၏အရွယ်အစားသည် သေးငယ်သော်လည်း ကြီးမားသည့်စွမ်းအင်နှင့် အကန့်အသတ်မရှိသည့် တက်ကြွမှုတို့ရှိကြပြီး ထို့ကြောင့်ပင် သတ္တဝါအားလုံးအထဲ၌ သူတို့သည် အတက်ကြွဆုံးနှင့် အလုပ်လုပ်နိုင်ဆုံး ဖြစ်ကြသည်။ သူတို့သည် မည်သည့်အခါမျှ မပျင်းရိပေ။ အနားယူခြင်းတွင် မွေ့လျော်မနေပေ။ သူတို့၏စားချင်စိတ် ပြေသွားသည့်အခါ သူတို့၏မနက်ဖြန်များအတွက်၊ သူတို့၏ရှင်သန်ရပ်တည်မှုအတွက် အလုပ်ရှုပ်ရင်း အပြေးအလွှား ပြုလုပ်ကြရင်း သူတို့သည် သူတို့၏အနာဂတ်အတွက် အလုပ်များကို အားသွန်ခွန်စိုက်လုပ်ခဲ့ကြသည်။ သူတို့သည် သူတို့ကိုယ်သူတို့ အားပေးတိုက်တွန်းရန်အတွက် အမျိုးမျိုးသော သံစဉ်များနှင့် ဂီတများကို ညင်သာစွာ ညည်းဆိုခဲ့ကြသည်။ သူတို့သည် နေ့ရက်တိုင်း၊ နှစ်တိုင်းကို ထူးခြားအောင်ပြုလုပ်ရင်း ပျော်ရွှင်မှုများကို မြက်ပင်များ၊ သစ်ပင်များနှင့် မြေကြီး၏နေရာတိုင်း၌ ထည့်သွင်းကြသည်။ သူတို့၏ ကိုယ်ပိုင်ဘာသာစကား၊ သူတို့၏ ကိုယ်ပိုင်နည်းလမ်းများနှင့် မြေကြီးပေါ်တွင်ရှိသည့် သက်ရှိသတ္တဝါအားလုံးကို သတင်းဖြန့်ခဲ့ကြသည်။ သူတို့၏ ထူးခြားသည့် ကိုယ်ပိုင်ရှင်သန်နေထိုင်မှုပုံစံကို အသုံးပြုရင်း အရာအားလုံးကို အမှတ်အသားပြုလျက် ထိုအရာများအပေါ် သူတို့၏ အရိပ်အယောင်များကို ချန်ထားခဲ့ကြသည်။ သူတို့သည် မြေကြီး၊ မြက်ပင်၊ တောများနှင့် ရင်းနှီးနီးစပ်ပြီး မြေကြီး၊ မြက်ပင်၊ တောများထံ အားမာန်နှင့် ရှင်သန်တက်ကြွမှုတို့ကို ယူဆောင်လာပေးခဲ့၏။ ဖန်ဆင်းရှင်၏ အားပေးခြင်း နှုတ်ဆက်ခြင်းတို့ကို အရာအားလုံးအပေါ် သယ်ဆောင်လာပေးခဲ့သည်...

ဖန်ဆင်းရှင်၏အကြည့်သည် သူဖန်ဆင်းခဲ့သည့် အရာအားလုံးအပေါ်တွင် ဖြတ်သန်းပြီးကြည့်ရှုခဲ့သည်။ ထိုအချိန်တွင် သူ၏စိတ်သည် လည်နေရင်း သူ၏မျက်လုံးသည် တောများနှင့် တောင်များအပေါ်တွင် ရပ်သွားခဲ့သည်။ သူ၏နှုတ်ကပတ်တော်တို့ကို မိန့်မြွက်လိုက်သည်နှင့် ထူထပ်သော တောအုပ်များထဲနှင့် တောင်များပေါ်တွင် ယခင်က ဖြစ်ပေါ်ခဲ့သည့်ပုံစံများနှင့် မတူသည့် သတ္တဝါအမျိုးအစားတစ်ခု ပေါ်ထွက်ခဲ့သည်။ သူတို့သည် ဘုရားသခင်၏နှုတ်က မိန့်ကြားခဲ့သည့် တိရစ္ဆာန်ရိုင်းများဖြစ်သည်။ အချိင်လင့်မှ ရောက်လာသော သူတို့သည် တစ်ကောင်ချင်းစီတိုင်း၌ မတူညီသည့် မျက်နှာနှင့် သူတို့ခေါင်းကို လှုပ်ရင်း အမြီးများကို ခါရမ်းကြလိမ့်မည်။ အချို့က ထူထပ်သည့် အမွှေးများရှိသည်။ အချို့က သံချပ်ကာများ ရှိသည်။ အချို့က အစွယ်များရှိသည်။ အချို့က အပြုံးများ ဆင်မြန်းထားကြသည်။ အချို့က လည်ပင်းရှည်ကြသည်။ အချို့က အမြီးတိုကြသည်။ အချို့က စူးရှသည့် မျက်လုံးများရှိကြသည်။ အချို့က ရှက်ရွံ့သည့် အကြည့်များရှိသည်။ အချို့က မြက်ပင်စားရန် ကိုယ်ကို ညွှတ်ကြသည်။ အချို့က ပါးစပ်တွင် သွေးများနှင့် ပေကျံနေကြသည်။ အချို့က ခြေနှစ်ချောင်းနှင့် ခုန်ကြသည်။ အချို့က ခွာလေးခုနှင့် လမ်းလျှောက်ကြသည်။ အချို့က သစ်ပင်များ၏ထိပ်မှ အဝေးကို ကြည့်ရှုကြသည်။ အချို့က တောထဲတွင် လဲလျောင်းရင်း စောင့်နေကြသည်။ အချို့က အနားယူရန် ဂူများကို ရှာဖွေနေကြသည်။ အချို့က ကွင်းပြင်များတွင် ရွှင်လန်းစွာ ပြေးလွှားနေကြသည်။ အချို့က တောထဲတွင် ချောင်းမြောင်း သွားလာနေကြသည်။...အချို့က ဟိန်းကြသည်။ အချို့က အူကြသည်။ အချို့က ဟောင်ကြသည်။ အချို့က အော်မြည်ကြသည်။...အချို့က အသံစူးကြသည်။ အချို့က အသံအောကြသည်။ အချို့က အသံကုန်ဟစ်ကြပြီး အချို့တို့၏အသံက ကြည်လင်ကာ သာယာနာပျော်ဖွယ် ဖြစ်ကြသည်။...အချို့က မနှစ်မြို့ဖွယ်ဖြစ်သည်။ အချို့က လှပသည်။ အချို့က ရွံစရာကောင်းသည်။ အချို့က ချစ်စရာကောင်းသည်။ အချို့က ကြောက်စရာကောင်းသည်။ အချို့က ချစ်စရာကောင်းလောက်အောင် နုံအသည်။...တစ်ကောင်ချင်းစီ သူတို့ပေါ်ထွက်ခဲ့ကြသည်။ သူတို့ ကြီးကျယ်မြင့်မြတ်ကြပုံ၊ လွတ်လပ်ကြပုံ၊ အချင်းချင်း အကြောင်းမဲ့သက်သက် စိတ်မဝင်စားကြပုံ၊ အချင်းချင်း ဝေ့ဝဲကြည့်ရင် ဒုက္ခမခံကြပုံတို့ကို ကြည့်လော့။...သူတို့အပေါ် ဖန်ဆင်းရှင် ချပေးသနားခဲ့သည့် သူတို့၏ကိုယ်ပိုင်တောရိုင်းဆန်မှု၊ ကြမ်းတမ်းမှုနှင့် သူတို့၏ဘဝများကို ခံယူရင်း တောင်များအပေါ်နှင့် တောများအတွင်း၌ သူတို့ပေါ်လာခဲ့ကြသည်။ အားလုံးကို မထီမဲ့မြင်ပြုပြီး လုံးဝပိုင်စိုးပိုင်နင်းနိုင်လွန်းသည့် သူများကို တောတောင်များ၏ စစ်မှန်သော အရှင်သခင်များအဖြစ် မည်သူပြုလုပ်ခဲ့သနည်း။ ဖန်ဆင်းရှင်က သူတို့ကို ပေါ်ထွက်စေပြီးသည့် အခိုက်အတန့်မှစ၍ သူတို့သည် တောအုပ်များနှင့် တောင်များကို “သူတို့နေရာအဖြစ် သတ်မှတ်ကြသည်”၊ အကြောင်းမှာ ဖန်ဆင်းရှင်သည် သူတို့၏နယ်နိမိတ်များကို သတ်မှတ်ခဲ့ပြီး သူတို့၏ဖြစ်တည်မှုအတွက် နယ်ပယ်များကို ခွဲခြားဆုံးဖြတ်ခဲ့ပြီးဖြစ်သည့်အတွက်ဖြစ်သည်။ သူတို့သာလျှင် တောတောင်များ၏ အရှင်သခင်အစစ်အမှန်ဖြစ်သောကြောင့် သူတို့သည် အင်မတန်ရိုင်းစိုင်းကြကာ မထီမဲ့မြင်ပြုကြခြင်းဖြစ်သည်။ သူတို့ကို “တောရိုင်းတိရစ္ဆာန်များ” ဟုသာ ခေါ်ကြသည်၊ အဘယ်ကြောင့်ဆိုသော် သတ္တဝါအားလုံးထဲတွင် သူတို့သည် ဧကန်အမှန် ရိုင်းသည့်၊ ကြမ်းတမ်းသည့်၊ ယဉ်ပါးအောင်ပြုလုပ်၍မရသည့် သတ္တဝါများဖြစ်သောကြောင့်ဖြစ်သည်။ သူတို့ကို ယဉ်ပါးအောင်လုပ်၍မရပေ။ ထို့ကြောင့် သူတို့ကို မွေးမြူ၍မရပေ။ လူသားတို့နှင့်အတူ သူတို့မနေထိုင်နိုင်သကဲ့သို့ လူသားတို့၏ကိုယ်စား သူတို့အလုပ်မလုပ်ပေးနိုင်ပေ။ သူတို့ကို မွေးမြူ၍မရသောကြောင့်၊ လူသားတို့အတွက် သူတို့အလုပ်မလုပ်နိုင်ခြင်းကြောင့် သူတို့သည် လူသားနှင့်ဝေးရာတွင်နေရပြီး သူတို့ကို လူသားတို့ချဉ်းကပ်၍ မရနိုင်ချေ။ အပြန်အလှန်အားဖြင့် သူတို့သည် လူသားတို့နှင့်ဝေးရာတွင်နေပြီး လူသားတို့ချဉ်းကပ်၍ မရသောကြောင့် သူတို့သည် တောတောင်များကို ကာကွယ်စောင့်ရှောက်ခြင်းဟူသည့် ဖန်ဆင်းရှင်က သူတို့အပေါ်ကို ချပေးသနားခဲ့သည့် တာဝန်ကို ဖြည့်ဆည်းနိုင်ခြင်း ဖြစ်သည်။ သူတို့၏ ရိုင်းစိုင်းခြင်းသည် တောင်များကို ကာကွယ်ပေးပြီး တောအုပ်များကို စောင့်ကြပ်ပေးခဲ့ကာ သူတို့၏ဖြစ်တည်မှုနှင့် ပွားများမှုအတွက် အကောင်းဆုံးသော ကာကွယ်မှုနှင့် အာမခံချက်ဖြစ်ခဲ့သည်။ တစ်ချိန်တည်းတွင် သူတို့၏ ရိုင်းစိုင်းခြင်းသည် အရာအားလုံးအထဲတွင် ညီညွတ်မျှတမှုကို ထိန်းသိမ်းပြီး ခိုင်မာစေသည်။ သူတို့ရောက်ရှိလာခြင်းသည် တောတောင်များထံ အထောက်အပံ့နှင့် ခိုင်မာစွာ ရပ်တည်နိုင်မှုကို ယူလာပေးသည်။ သူတို့ရောက်ရှိလာခြင်းသည် ငြိမ်သက်ပြီး ဘာမျှမရှိသည့် တောတောင်များထံ အကန့်အသတ်မရှိသည့် အားမာန်နှင့် ရှင်သန်တက်ကြွမှုကို ထိုးသွင်းပေးသည်။ ဤအချိန်မှစပြီး တောတောင်များသည် သူတို့၏အမြဲတမ်းစားကျက် ဖြစ်လာခဲ့ပြီး တောတောင်များသည် သူတို့အတွက် ပေါ်ပေါက်တည်ရှိလာခြင်းဖြစ်သဖြင့် သူတို့သည် သူတို့၏အိမ်ကို မည်သည့်အခါမျှ ဆုံးရှုံးခံမည်မဟုတ်ပေ။ တောရိုင်းတိရစ္ဆာန်များသည် သူတို့၏တာဝန်များကို ထမ်းဆောင်ပြီး တောတောင်များကို စောင့်ရှောက်ကာကွယ်ရန် သူတို့တတ်နိုင်သမျှ လုပ်ဆောင်ကြမည်ဖြစ်သည်။ ထို့ကြောင့် တောရိုင်းတိရစ္ဆာန်များသည် သူတို့၏ပိုင်နက်နေရာကို စွဲကိုင်ထားရန်ဟူသည့် ဖန်ဆင်းရှင်၏ တိုက်တွန်းချက်များကို တင်းကြပ်စွာ လိုက်နာရင်းဖြင့် ဖန်ဆင်းရှင် တည်ထောင်ခဲ့သည့် အရာအားလုံး၏ ညီညွတ်မျှတမှုကို ထိန်းသိမ်းရန်အတွက် သူတို့၏ ကြမ်းတမ်းသည့်သဘာဝကို ဆက်လက်အသုံးပြုကာ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးကို ထင်ရှားပြသကြသည်။

ဖန်ဆင်းရှင်၏သြဇာအာဏာအောက်တွင် အရာအားလုံးသည် စုံလင်၏

ဘုရားသခင်ဖန်ဆင်းခဲ့သည့် အရာအားလုံးဖြစ်သော ပန်းပွင့်များ၊ သစ်ပင်များ၊ ငါးများ၊ ငှက်များကဲ့သို့ လှုပ်ရှားနိုင်သည့် သတ္တဝါများနှင့် မလှုပ်ရှားနိုင်သည့် သတ္တဝါများ အပါအဝင်၊ ခြောက်ရက်မြောက်နေ့တွင် ပြုလုပ်ခဲ့သည့် တောရိုင်းတိရစ္ဆာန်များ၊ ပိုးမွှားများ၊ ခြံမွေးတိရစ္ဆာန်များစသည့် ဤအရာများ အားလုံးသည် ဘုရားသခင်၏အမြင်တွင် ကောင်းမွန်ကြ၏၊ ထို့အပြင် ဘုရားသခင်၏အမြင်တွင် ဤအရာများသည် သူ၏အစီအစဉ်နှင့်အညီ အမြင့်ဆုံးစုံလင်မှုကို ရရှိခဲ့ပြီး ဘုရားသခင် ပြီးမြောက်လိုသည့် စံသတ်မှတ်ချက်များကို ရောက်ရှိခဲ့သည်။ ဖန်ဆင်းရှင်သည် တစ်ဆင့်ပြီးတစ်ဆင့် သူရည်မှန်းထားသည့် အလုပ်များကို သူ၏အစီအစဉ်နှင့်အညီ လုပ်ခဲ့သည်။ သူဖန်ဆင်းရန်ရည်မှန်းခဲ့သည့် အရာများသည် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာပြီး တစ်ခုချင်းစီ၏ ပေါ်ထွက်မှုသည် ဖန်ဆင်းရှင်၏ သြဇာအာဏာဆိုင်ရာ ထင်ဟပ်မှုဖြစ်ကာ သူ၏သြဇာအာဏာ ပုံပေါ်လာခြင်းဖြစ်သည်။ ဤပုံပေါ်လာမှုများကြောင့် သတ္တဝါအားလုံးသည် ဖန်ဆင်းရှင်၏ ကျေးဇူးတော်ကို၊ ဖန်ဆင်းရှင်၏ ပံ့ပိုးမှုကို ကျေးဇူးမတင်ဘဲ မနေနိုင်ကြတော့ပေ။ ဘုရားသခင်၏ ဆန်းကြယ်သည့် လုပ်ဆောင်မှုများသည် ထင်ရှားခဲ့သည့်အတွက် ဤကမ္ဘာသည် ဘုရားသခင်ဖန်ဆင်းခဲ့သည့် အရာအားလုံးနှင့် တစ်စပြီးတစ်စ ပြည့်ဖောင်းလာခဲ့ပြီး ကမ္ဘာသည် ပရမ်းပတာဖြစ်ခြင်း၊ အမှောင်ထုဖြစ်ခြင်းမှ ကြည်လင်ခြင်းနှင့် တောက်ပခြင်းဆီသို့၊ သုဿန်တစပြင်ပမာ တိတ်ဆိတ်ငြိမ်သက်နေရာမှ ရှင်သန်လာခြင်းနှင့် အကန့်အသတ်မရှိသည့် ရှင်သန်တက်ကြွမှုဆီသို့ ကူးပြောင်းလာခဲ့သည်။ ဖန်ဆင်းထားသည့် အရာအားလုံးအထဲတွင်၊ အကြီးမှ အသေး၊ အသေးမှ သေးငယ်မှုန်မွှားသည့် အရာအထိ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးအားဖြင့် ဖန်ဆင်းခြင်းမခံထားရသည့်အရာ တစ်ခုမျှမရှိဘဲ သတ္တဝါတိုင်း၏ ဖြစ်တည်မှုတွင် ထူးခြားသည့်၊ ပင်ကိုလိုအပ်ချက်နှင့် တန်ဖိုးရှိသည်။ သူတို့၏ပုံသဏ္ဌာန်နှင့် တည်ဆောက်ပုံတို့ ကွဲပြားနေစေကာမူ သူတို့သည် ဖန်ဆင်းရှင်၏ သြဇာအာဏာအောက်တွင် ဖြစ်တည်ရန်အတွက် ဖန်ဆင်းရှင်၏ ပြုလုပ်ခြင်းကို ခံရသည်။ တစ်ခါတစ်ရံတွင် လူများက အလွန်ရုပ်ဆိုးသည့် ပိုးမွှားတစ်ကောင်ကိုတွေ့ပြီး ဤသို့ပြောကြသည်၊ “ဤပိုးမွှားက တော်တော်ဆိုးသည်။ ဤကဲ့သို့သော ကြည့်ရဆိုးသည့် ပိုးမွှားကို ဘုရားပြုလုပ်ထားခြင်း မဖြစ်နိုင်ပေ။ အလွန်ကြည့်ရဆိုးသည့် အရာတစ်ခုကို သူဖန်ဆင်းသည်ဆိုခြင်းမှာ မဖြစ်နိုင်ပေ။” မည်မျှ မိုက်မဲသည့် အမြင်ပေနည်း။ သူတို့ပြောသင့်သည်မှာ “ဤပိုးမွှားက အလွန်ကြည့်ရဆိုးသော်လည်း ၎င်းကို ဘုရားပြုလုပ်ထားခြင်း ဖြစ်၏။ ဤသို့ဆိုလျှင် သူ့တွင် သူ၏ကိုယ်ပိုင် ထူးခြားသည့်ရည်ရွယ်ချက်ရှိပေမည်။” ဘုရားသခင်၏ အတွေးများတွင် သူသည် သူဖန်ဆင်းခဲ့သည့် သက်ရှိအမျိုးမျိုးတို့ကို အသုံးဝင်မှုနှင့် အသုံးပြုမှုပုံစံအမျိုးမျိုးတို့နှင့် ပေါ်ထွက်လာစေရန် ရည်ရွယ်ထားခဲ့သည်။ ထို့ကြောင့် ဘုရားသခင်ပြုလုပ်ထားသည့် မည်သည့်အရာကမျှ ပုံစံတူနေခြင်း မရှိပေ။ သူတို့၏အပြင်ပန်းမှ အတွင်းဖွဲ့စည်းပုံအထိ၊ သူတို့၏ ရှင်သန်နေထိုင်မှု အကျင့်ပုံစံမှ သူတို့ပိုင်ဆိုင်သည့် တည်နေရာအထိ၊ တစ်ခုချင်းစီက ကွဲပြားသည်။ နွားများသည် နွားပုံစံရှိကြသည်။ မြည်းများသည် မြည်းပုံစံရှိသည်။ သမင်များက သမင်ပုံစံရှိပြီး ဆင်များက ဆင်၏ပုံစံရှိသည်။ မည်သည့်အရာက ကြည့်အကောင်းဆုံးဖြစ်ပြီး မည်သည့်အရာက ကြည့်ရအဆိုးဆုံးဖြစ်သည်ကို သင်ပြောနိုင်သလော။ မည်သည့်အရာက အသုံးဝင်ဆုံးနှင့် မည်သည့်ဖြစ်တည်မှုက မလိုအပ်ဆုံးဆိုသည်ကို သင်ပြောနိုင်သလော။ အချို့လူများက ဆင်၏ပုံသဏ္ဌာန်ကို ကြိုက်ကြသည်။ သို့ရာတွင် ကွင်းပြင်များ၌ အပင်စိုက်ရန်အတွက် မည်သူကမျှ ဆင်များကို အသုံးမပြုကြပေ။ အချို့လူများက ခြင်္သေ့၏ပုံစံ၊ ကျား၏ပုံသဏ္ဌာန်ကို ကြိုက်ကြသည်။ သူတို့၏ပုံသဏ္ဌာန်က အရာအားလုံးအထဲတွင် အထင်ကြီးချင်စရာအကောင်းဆုံး ဖြစ်သောကြောင့်ဖြစ်၏။ သို့ရာတွင် သူတို့ကို အိမ်မွေးတိရစ္ဆာန်အဖြစ် သင်ထိန်းသိမ်းထားနိုင်သလော။ အချုပ်ပြောရလျှင် ဖန်ဆင်းခြင်း၏ မြောက်မြားလှစွာသော အရာတို့နှင့်ပတ်သက်လာပါက လူသားသည် ဖန်ဆင်းရှင်၏ သြဇာအာဏာကို နာခံသင့်သည်၊ တစ်နည်းအားဖြင့် ဖန်ဆင်းရှင်က အရာအားလုံးကိုသတ်မှတ်ခဲ့သည့် အစီအစဉ်ကို နာခံသင့်သည်။ ဤသည်သာလျှင် အမြော်အမြင်အရှိဆုံးသော သဘောထားဖြစ်၏။ ဖန်ဆင်းရှင်၏ မူလရည်ရွယ်ချက်ကို ရှာဖွေလိုခြင်းသဘောနှင့် ထိုရည်ရွယ်ချက်ကို နာခံခြင်းကသာ ဖန်ဆင်းရှင်၏ သြဇာအာဏာကို စစ်မှန်စွာလက်ခံခြင်းနှင့် စိတ်ချသေချာခြင်းတို့ ဖြစ်သည်။ ယင်းမှာ ဘုရားသခင်အမြင်တွင် ကောင်းမွန်သည်၊ ဤသို့ဆိုလျှင် အမှားကို ရှာဖွေရန် လူတွင် အဘယ်အကြောင်းပြချက် ရှိပါမည်နည်း။

ထို့ကြောင့် ဖန်ဆင်းရှင်၏ သြဇာအာဏာအောက်တွင်ရှိသော အရာအားလုံးသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအတွက် သံစုံသီချင်းများ သီဆိုကြရမည်။ နေ့သစ်တွင် သူ၏လုပ်ဆောင်မှုအတွက် အလွန်ကောင်းမွန်သည့် နိဒါန်းသီချင်းများကို စတင်ကြရမည်။ ဤအချိန်တွင် ဖန်ဆင်းရှင်သည်လည်း သူ၏စီမံခန့်ခွဲမှု အမှုတော်အတွက် စာမျက်နှာအသစ်တစ်ခုကို ဖွင့်လှစ်မည်။ ဘုရားသခင် သတ်မှတ်ပေးထားသည့် နွေဦးရာသီ၏ လတ်ဆတ်သော အညွှန့်အဖူးပေါက်ခြင်း၊ နွေရာသီ၏ ရင့်မှည့်ခြင်း၊ ဆောင်းဦးရာသီ၏ ရိတ်သိမ်းခြင်း၊ ဆောင်းရာသီ၏ သိုလှောင်ခြင်းဆိုင်ရာ နိယာမသဘောတရားအရ အရာအားလုံးသည် ဖန်ဆင်းရှင်၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့် လိုက်ဖက်ညီလျက်ရှိပြီး သူတို့၏ ကိုယ်ပိုင်နေ့သစ်၊ အသစ်စတင်ခြင်းနှင့် ဘဝသစ်ပုံစံတို့ကို ကြိုဆိုကြမည်။ ဖန်းဆင်ရှင်၏ သြဇာအာဏာဆိုင်ရာ အချုပ်အခြာအာဏာအောက်တွင် နေ့ရက်တိုင်းကို ကြိုဆိုကြရန် သူတို့သည် အသက်ရှင်သွားကြမည်ဖြစ်ပြီး အဆုံးမရှိသည့် ဆက်တိုက်ဖြစ်ပေါ်မှုနှင့် မျိုးပွားကြလိမ့်မည်...

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

အရာခပ်သိမ်းအား ဖန်ဆင်းခြင်းကို စတင်သည့်အချိန်မှစပြီး ဘုရားသခင်၏ တန်ခိုးသည် စတင်ဖော်ပြကာ စတင်ထုတ်ဖော်လာသည်။ အကြောင်းမှာ ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းရန် နှုတ်ကပတ်တော်တို့ကို အသုံးပြုခဲ့သည့်အတွက်ကြောင့်ဖြစ်သည်။ သူတို့ကို မည်သို့နည်းလမ်းနှင့် ဖန်ဆင်းခဲ့သည်ဖြစ်စေ၊ အဘယ်ကြောင့်ဖန်ဆင်းခဲ့သည်ဖြစ်စေ၊ အရာအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် ဖြစ်ပေါ်လာပြီး ခိုင်မာစွာ ရပ်တည်လျက် တည်ရှိလာခဲ့ကြသည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာပင်ဖြစ်သည်။ ကမ္ဘာကြီးတွင် လူသားမျိုးနွယ် မပေါ်ပေါက်လာခင် အချိန်က ဖန်ဆင်းရှင်သည် လူသားမျိုးနွယ်အတွက် အရာအားလုံးကို ဖန်ဆင်းရန် သူ၏တန်ခိုးနှင့် သြဇာအာဏာကို အသုံးပြုခဲ့ပြီး လူသားတို့အတွက် သင့်တော်သည့် သက်ရှိပတ်ဝန်းကျင်တစ်ခုကို ပြင်ဆင်ရန် သူ၏ထူးခြားသည့် နည်းလမ်းများကို အသုံးချခဲ့သည်။ သူလုပ်ခဲ့သည့် အရာအားလုံးမှာ မကြာခင်တွင် သူ၏ဇီဝအသက်ကို ရရှိတော့မည့် လူသားမျိုးနွယ်အတွက် ပြင်ဆင်ခြင်းသာဖြစ်သည်။ တစ်နည်းအားဖြင့် လူသားမျိုးနွယ်ကို မဖန်ဆင်းမီအချိန်က ဘုရားသခင်၏ သြဇာအာဏာသည် လူသားမျိုးနွယ်နှင့် ကွဲပြားသည့် သတ္တဝါတို့တွင်၊ မိုးကောင်းကင်၊ အလင်းအိမ်များ၊ ပင်လယ်များနှင့် ကုန်းမြေများကဲ့သို့ ကြီးမြတ်သည့်အရာတို့တွင်၊ တိရစ္ဆာန်များနှင့် ငှက်ကလေးများကဲ့သို့ သေးငယ်သည့်အရာများတွင်၊ ပိုးမွှားများနှင့် အဏုဇီဝရုပ်အမျိုးမျိုးတို့တွင်၊ သာမန်မျက်စိနှင့်မမြင်နိုင်သည့် ဗက်တီးရီးယားအမျိုးမျိုးတို့တွင် ထင်ရှားပြသသည်။ တစ်ကောင်ချင်းစီတိုင်းသည် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များအားဖြင့် အသက်ကိုပေးအပ်ခြင်းခံရပြီး ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကြောင့် တစ်ဟုန်ထိုးပွားများလာခဲ့ကြကာ တစ်ကောင်ချင်းစီသည် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကြောင့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအောက်တွင် ရှင်သန်နေထိုင်ခဲ့ကြသည်။ သူတို့သည် ဖန်ဆင်းရှင်၏ ဇီဝအသက်ကို မရရှိခဲ့သော်လည်း ဖန်ဆင်းရှင်က သူတို့ကို ချပေးသနားခဲ့သည့် အသက်နှင့် ရှင်သန်တက်ကြွမှုတို့ကို သူတို့၏မတူညီသည့်ပုံစံများနှင့် တည်ဆောက်ပုံများမှတစ်ဆင့် ထင်ရှားပြသခဲ့ကြသည်။ ဖန်ဆင်းရှင်က လူသားတို့ကို ပေးသည့် စကားပြောဆိုနိုင်စွမ်းကို သူတို့မရရှိသော်လည်း သူတို့အသီးသီးသည် ဖန်ဆင်းရှင်က သူတို့ကို ချပေးသနားခဲ့ပြီး လူသား၏ ဘာသာစကားနှင့် ကွဲပြားသည့် သူတို့ဘဝကို ထုတ်ဖော်ပြသခြင်း နည်းလမ်းတို့ကို ရရှိခဲ့သည်။ ဖန်ဆင်းရှင်၏ သြဇာအာဏာသည် အမြင်အားဖြင့် လှုပ်ရှားမှုမရှိသည့် ရုပ်ဝတ္ထုပစ္စည်းများကို မည်သည့်အခါမျှ ပျောက်ကွယ်မသွားအောင် အသက်၏ ရှင်သန်တက်ကြွခြင်းကို ပေးခဲ့ရုံသာမက သူတို့ မည်သည့်အခါမျှ မပျောက်ကွယ်သွားအောင်၊ ထို့ပြင် ဖန်ဆင်းရှင်က ပေးအပ်ခဲ့သည့် ရှင်သန်ရပ်တည်ရေး အခြေခံမူများနှင့် နိယာမတရားများကို မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းပေးနိုင်အောင် သက်ရှိတိုင်းကို မျိုးပွားရန်နှင့် ပွားများရန် အသိစိတ်ကို ပေးအပ်ခဲ့သည်။ ဖန်ဆင်းရှင်က သူ၏သြဇာအာဏာကို အသုံးပြုသည့်ပုံစံက အနုစိတ်၊ သို့မဟုတ် အသေးစိတ် ရှုထောင့်များအပေါ်တွင်သာ တင်းတင်းကျပ်ကျပ်နှင့် စွဲကပ်မထားပေ။ မည်သည့်ပုံစံအပေါ်ကိုမျှ ကန့်သတ်ထားခြင်းမရှိပေ။ သူသည် စကြဝဠာလုပ်ဆောင်မှုများအပေါ်တွင် အုပ်ချုပ်အမိန့်ပေးနိုင်ပြီး အရာအားလုံး၏ သေခြင်းနှင့် ရှင်ခြင်းအပေါ်တွင် အချုပ်အခြာအာဏာကို စွဲကိုင်ထားသည်၊ ထို့အပြင် သူ့ကို အစေခံစေရန် အရာအားလုံးကို သူထိန်းသိမ်းနိုင်သည်။ သူသည် တောင်များ၊ မြစ်များနှင့် အင်းအိုင်များ၏ အလုပ်လုပ်ပုံအားလုံးကို စီမံခန့်ခွဲနိုင်ပြီး သူတို့အထဲတွင်ရှိသည့် အရာအားလုံးကို အုပ်ချုပ်နိုင်သည့်အပြင် အရာအားလုံး၏ လိုအပ်ချက်ကိုလည်း ထောက်ပံ့နိုင်သည်။ ဤသည်မှာ လူသားမျိုးနွယ်အပြင် အခြားအရာအားလုံးအတွင်းတွင် ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာ ထင်ရှားပေါ်လွင်ခြင်းဖြစ်သည်။ ဤကဲ့သို့သောထင်ရှားပေါ်လွင်ခြင်းသည် တစ်သက်တာအချိန်အတွက်တင် မဟုတ်ဘဲ မည်သည့်အခါမျှ ရပ်တန့်မသွားသကဲ့သို့ ပြီးဆုံးမသွားပေ။ ၎င်းကို မည်သည့်အရာ၊ သို့မဟုတ် မည်သူကမျှ ပြောင်းလဲ၍သော်လည်းကောင်း၊ ထိခိုက်၍သော်လည်းကောင်း မရသကဲ့သို့ မည်သည့်အရာ၊ သို့မဟုတ် မည်သူကမျှ ဖြည့်စွက်၍သော်လည်းကောင်း၊ လျှော့ချ၍သော်လည်းကောင်း မရပေ။ အကြောင်းမှာ ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာကို မည်သည့်အရာကမျှ အစားထိုး၍မရခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ဖန်ဆင်းရှင်၏ သြဇာအာဏာကို မည်သည့်ဖန်ဆင်းခံကမျှ အစားထိုး၍ မရနိုင်ပေ။ ဖန်ဆင်းခံမဟုတ်သည့် မည်သည့်အရာကမျှ ရယူနိုင်သည့်အရာ မဟုတ်ပေ။ ဘုရားသခင်၏ သတင်းစကားပို့ဆောင်သူများနှင့် ကောင်းကင်တမန်တို့ကို ဥပမာအနေနှင့် ကြည့်လော့။ သူတို့သည် ဘုရားသခင်၏ သြဇာအာဏာကို ပိုင်ဆိုင်ရန်ဝေးစွ၊ ဘုရားသခင်၏ တန်ခိုးကိုပင် မပိုင်ဆိုင်ပေ။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးကို သူတို့မပိုင်ဆိုင်ရသည့် အကြောင်းရင်းမှာ သူတို့သည် ဖန်ဆင်းရှင်၏ အနှစ်သာရကို မပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ သတင်းစကားပို့ဆောင်သူများနှင့် ကောင်းကင်တမန်တို့ကဲ့သို့ ဖန်ဆင်းခံမဟုတ်သည့်သူများသည် ဘုရားသခင်၏ကိုယ်စား အချို့အရာများကို လုပ်နိုင်သော်လည်း ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပေ။ သူတို့သည် လူသားများမပိုင်ဆိုင်သည့် တန်ခိုးအချို့ကို ပိုင်ဆိုင်သော်လည်း ဘုရားသခင်၏ သြဇာအာဏာကို မပိုင်ဆိုင်ပေ။ အရာအားလုံးကိုဖန်ဆင်းရန်၊ အရာအားလုံးကို အမိန့်ပေးရန်၊ အရာအားလုံးအပေါ်တွင် အချုပ်အခြာအာဏာ ကိုင်စွဲရန် ဘုရားသခင်၏ သြဇာအာဏာကို သူတို့မပိုင်ဆိုင်ကြပေ။ ထို့ကြောင့် ဘုရားသခင်၏ အတုမရှိခြင်းကို မည်သည့်ဖန်ဆင်းခြင်း မခံရသည့်သူကမျှ အစားထိုး၍ မရနိုင်ပေ။ အလားတူပင် ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးကိုလည်း မည်သည့်ဖန်ဆင်းခြင်းမခံရသည့်သူကမျှ အစားထိုး၍မရနိုင်ပေ။ သမ္မာကျမ်းစာထဲတွင် အရာအားလုံးကို ဖန်ဆင်းခဲ့သည့် ဘုရားသခင်၏ သတင်းစကားပို့ဆောင်သူအကြောင်းကို သင်ဖတ်ဖူးသလော။ ဘုရားသခင်က သူ၏သတင်းစကားပို့ဆောင်သူများ၊ သို့မဟုတ် ကောင်းကင်တမန်များကို အဘယ်ကြောင့် အရာအားလုံးကို ဖန်ဆင်းရန် မစေလွှတ်ခြင်းဖြစ်သနည်း။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဘုရားသခင်၏ သြဇာအာဏာကို မပိုင်ဆိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ သြဇာအာဏာကို အသုံးချရန်အစွမ်း သူတို့တွင် မရှိကြပေ။ အခြားသတ္တဝါများ အားလုံးကဲ့သို့ပင်၊ သူတို့အားလုံးသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအောက်၊ ဖန်ဆင်းရှင်၏ သြဇာအာဏာအောက်တွင်ရှိပြီး အလားတူပင် ဖန်ဆင်းရှင်က သူတို့၏ဘုရားသခင်နှင့် သူတို့၏ အချုပ်အခြာအာဏာရှင်လည်းဖြစ်သည်။ သူတို့တစ်ယောက်ချင်းစီတိုင်းတွင် သူတို့သည် မြင့်မြတ်သည်ဖြစ်စေ၊ နိမ့်ကျသည်ဖြစ်စေ၊ တန်ခိုးကြီးသည်ဖြစ်စေ၊ တန်ခိုးသေးသည်ဖြစ်စေ၊ ဖန်ဆင်းရှင်၏ သြဇာအာဏာကို ကျော်လွန်နိုင်သည့်သူ တစ်ယောက်မျှမရှိပေ။ ထို့ကြောင့် သူတို့ထဲတွင် ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာကို အစားထိုးနိုင်သည့်သူ တစ်ယောက်မျှမရှိပေ။ သူတို့သည် ဘုရားသခင်ဟု မည်သည့်အခါမျှ အခေါ်ခံရမည်မဟုတ်၊ မည်သည့်အခါမျှ ဖန်ဆင်းရှင် ဖြစ်လာနိုင်မည်မဟုတ်ပေ။ ဤသည်မှာ ပြောင်းလဲ၍မရသည့် သမ္မာတရားများနှင့် အမှန်တရားများ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

ယနေ့ လူသားတို့၏ ဖွံ့ဖြိုးတိုးတက်မှုတွင် လူသားတို့၏ သိပ္ပံသည် တိုးတက်လျက်ရှိသည်ဟု ဆိုနိုင်ပြီး လူသားတို့၏ သိပ္ပံဆိုင်ရာ ရှာဖွေတွေ့ရှိမှုများသည် အထင်ကြီးစရာကောင်းသည်ဟု ဆိုနိုင်သည်။ လူသား၏ အရည်အချင်းသည် အမြဲတမ်း ကြီးမားသည်ထက် ကြီးမားလာနေသည်ဟု ပြောရမည်ဖြစ်သည်။ သို့ရာတွင် လူသားမျိုးနွယ်က မလုပ်နိုင်သေးသည့် သိပ္ပံဆိုင်ရာ ထိုးဖောက်ကျော်လွှားမှုတစ်ခုရှိနေသည်။ လူသားမျိုးနွယ်သည် လေယာဉ်ပျံများ၊ လေယာဉ်တင် သင်္ဘောများ၊ အက်တမ်ဗုံးများကို ပြုလုပ်ခဲ့သည်။ လူသားမျိုးနွယ်သည် စကြဝဠာထဲကို ထွက်ခဲ့သည်။ လပေါ်တွင် လမ်းလျှောက်ခဲ့သည်။ အင်တာနက်ကို တီထွင်ခဲ့သည်။ နည်းပညာမြင့် ဘဝနေမှုပုံစံနှင့် နေထိုင်ခဲ့ကြသည်။ သို့ရာတွင် လူသားမျိုးနွယ်သည် အသက်ရှိသည့်၊ အသက်ရှူသည့် သတ္တဝါကို ဖန်တီးရန် မတတ်နိုင်ပေ။ သက်ရှိသတ္တဝါတိုင်း၏ ဗီဇအသိစိတ်နှင့် သူတို့အသက်ရှင်နေထိုင်သည့် နိယာမများ၊ သက်ရှိအမျိုးအစားတိုင်း၏ သေခြင်းနှင့်ရှင်ခြင်း စက်ဝန်း- ဤအရာများအားလုံးသည် လူသားတို့၏ သိပ္ပံပညာစွမ်းအားထက် ကျော်လွန်ပြီး၊ ၎င်းတို့ကို သိပ္ပံပညာက မထိန်းချုပ်နိုင်ပေ။ လူသား၏ သိပ္ပံပညာနှင့် မည်မျှကြီးမားသည့် အမြင့်ကို ရယူပြီးဖြစ်ပါစေ ၎င်းတို့သည် ဖန်ဆင်းရှင်၏ မည်သည့်အတွေးနှင့်မျှ နှိုင်းယှဉ်၍ မရနိုင်ကြောင်း၊ ဖန်ဆင်းရှင်၏ ဖန်ဆင်းခြင်းဆိုင်ရာ ဆန်းကြယ်မှုနှင့် သူ့သြဇာအာဏာ၏ တန်ခိုးတို့ကို ခွဲခြမ်းနိုင်စွမ်း မရှိကြောင်း ဤနေရာတွင် ပြောရပေမည်။ ကမ္ဘာမြေကြီးပေါ်တွင် သမုဒ္ဒရာများ များစွာရှိသည်။ သို့ရာတွင် ၎င်းတို့သည် သူတို့၏နယ်နိမိတ်များကိုကျော်ပြီး ကုန်းမြေပေါ်ကို ၎င်းတို့စိတ်ကြိုက် တစ်ခါမျှမလာဖူးပေ။ ဤသည်မှာ ဘုရားသခင်က ၎င်းတို့တစ်ခုချင်းစီ၏ နယ်နိမိတ်များကို သတ်မှတ်ထားသောကြောင့်ဖြစ်သည်။ ဘုရားသခင်အမိန့်ပေးထားသည့် မည်သည့်နေရာတွင်မဆို ၎င်းတို့နေပြီး ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ၎င်းတို့သည် ကြိုက်သလို မလှုပ်ရှားနိုင်ပေ။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ အချင်းချင်း စည်းမဖောက်နိုင်ကြပေ။ ဘုရားသခင်က ပြောမှသာလျှင် ၎င်းတို့လှုပ်ရှားနိုင်သည်။ ၎င်းတို့သွားသည့်နေရာနှင့် ၎င်းတို့နေသည့်နေရာကို ဘုရားသခင်၏ သြဇာအာဏာအားဖြင့် ပိုင်းခြားသတ်မှတ်သည်။

ရိုးရိုးရှင်းရှင်းပြောရလျှင် “ဘုရားသခင်၏ သြဇာအာဏာ” ဆိုသည်မှာ ဘုရားသခင်အပေါ်တွင် မူတည်သည်ဟု ဆိုလိုသည်။ ဘုရားသခင်သည် တစ်ခုခုကို မည်သို့လုပ်မည်ဆိုသည့်အပေါ်တွင် ဆုံးဖြတ်သတ်မှတ်ရန် အခွင့်အရေးရှိပြီး သူဆန္ဒရှိသည့် နည်းလမ်းအတိုင်း ပြီးမြောက်သည်။ အရာအားလုံး၏ နိယာမက ဘုရားသခင်အပေါ် မူတည်သည်၊ လူသားအပေါ်တွင် မူတည်ခြင်း မရှိသကဲ့သို့ လူသားက ပြောင်းလဲ၍လည်း မရပေ။ ထိုနိယာမကို လူသား၏ အလိုဆန္ဒနှင့် မရွှေ့နိုင်ဘဲ ထိုအစား ဘုရားသခင်၏အတွေးများ၊ ဘုရားသခင်၏ ဉာဏ်ပညာ၊ ဘုရားသခင်၏ အမိန့်တို့နှင့် ပြောင်းလဲနိုင်သည်။ ဤသည်မှာ မည်သည့်လူသားမျှ မငြင်းဆိုနိုင်သည့် အချက်တစ်ခုဖြစ်သည်။ ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံး၊ စကြဝဠာ၊ ကြယ်များပြည့်နေသည့် ကောင်းကင်၊ နှစ်တစ်နှစ်၏ ရာသီဥတုလေးခု၊ လူသားက မြင်နိုင်သည့်အရာများနှင့် မမြင်နိုင်သည့်အရာများ- စသည်တို့အားလုံးသည် အမှားအယွင်း စိုးစဉ်းမျှမပါဘဲ ဘုရားသခင်၏ သြဇာအာဏာအောက်တွင် ဘုရားသခင်၏ အမိန့်များနှင့်အညီ၊ ဘုရားသခင်၏ ပညတ်ချက်များနှင့်အညီ၊ ဖန်ဆင်းခြင်းအစ၏ နိယာမတို့နှင့်အညီ တည်ရှိသည်၊ လည်ပတ်သည်၊ ပြောင်းလဲသည်။ မည်သည့်လူပုဂ္ဂိုလ်၊ သို့မဟုတ် မည်သည့်အရာဝတ္ထုကမျှ ၎င်းတို့၏နိယာမများကို မပြောင်းလဲနိုင်ပေ၊ သို့မဟုတ် ၎င်းတို့လည်ပတ်လှုပ်ရှားသည့် ရှိရင်းစွဲလမ်းကြောင်းများကို မပြောင်းလဲနိုင်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ သြဇာအာဏာကြောင့် ဖြစ်တည်လာကြပြီး ဘုရားသခင်၏ သြဇာအာဏာကြောင့် ပျက်စီးကြသည်။ ဤသည်မှာ ဘုရားသခင်၏ သြဇာအာဏာသက်သက်ဖြစ်သည်။ ဤမျှလောက် ပြောပြီးဖြစ်သည့်အတွက် ဘုရားသခင်၏ သြဇာအာဏာသည် ဘုရားသခင်၏ ဝိသေသလက္ခဏာနှင့် ဂုဏ်ဒြပ်၏ သင်္ကေတဖြစ်သည်ကို သင်ခံစားနိုင်သလော။ ဘုရားသခင်၏ သြဇာအာဏာကို ဖန်ဆင်းခံ၊ သို့မဟုတ် ဖန်ဆင်းခြင်းမခံရသည့် အရာများက ပိုင်ဆိုင်နိုင်သလော။ ဤအရာကို တုပနိုင်သလော။ ဟန်ဆောင်နိုင်သလော။ သို့မဟုတ် လူပုဂ္ဂိုလ်၊ အရာဝတ္ထု၊ သို့မဟုတ် ပစ္စည်းတို့နှင့် အစားထိုး၍ ရနိုင်သလော။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

ဘုရားသခင်၏ တန်ခိုးက အသက်နှင့် ရှင်သန်တက်ကြွခြင်းရှိသည့် မည်သည့်ပုံစံကိုမဆို ဖန်ဆင်းနိုင်သည်။ ဤသည်ကို ဘုရားသခင်၏ အသက်နှင့် ပိုင်းခြားဆုံးဖြတ်သည်။ ဘုရားသခင်သည် အသက်ဖြစ်၏။ ထို့ကြောင့် သူသည် သက်ရှိသတ္တဝါအားလုံး၏ အရင်းအမြစ် ဖြစ်သည်။ ထို့အပြင် ဘုရားသခင်၏ သြဇာအာဏာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်တိုင်းကို သက်ရှိသတ္တဝါအားလုံး နာခံရန် ပြုလုပ်နိုင်သည်။ ဆိုလိုသည်မှာ သက်ရှိသတ္တဝါအားလုံးကို ဘုရားသခင်၏နှုတ်မှလာသည့် နှုတ်ကပတ်တော်တို့နှင့်အညီ သက်ရှိဖြစ်လာရန်နှင့် ဘုရားသခင်၏ ကွပ်ကဲအုပ်ချုပ်မှုအားဖြင့် အသက်ရှင်ပြီး မျိုးပွားကြရန် ပြုလုပ်နိုင်သည်။ ယင်းနောက်တွင် ဘုရားသခင်သည် သက်ရှိသတ္တဝါအားလုံးကို အမိန့်ပေး၍ ကွပ်ကဲအုပ်ချုပ်ကာ ပြောင်းလဲယိမ်းယိုင်ခြင်းဆိုသည်မှာ ထာဝရ မရှိတော့ပေ။ မည်သည့်လူပုဂ္ဂိုလ်၊ သို့မဟုတ် မည်သည့်အရာဝတ္ထု၌မျှ ဤအရာများ မရှိပေ။ ဖန်ဆင်းရှင်သာလျှင် ဤကဲ့သို့သော တန်ခိုးကို ပိုင်ဆိုင်ပြီး ထိန်းသိမ်းသည်။ ထို့ကြောင့် ၎င်းကို သြဇာအာဏာဟုခေါ်သည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ အတုမရှိခြင်းဖြစ်သည်။ ဤအတိုင်းပင်၊ “သြဇာအာဏာ” ဆိုသည့် စကားလုံးကိုယ်၌ဖြစ်စေ၊ သို့မဟုတ် ဤသြဇာအာဏာ၏ အနှစ်သာရဖြစ်စေ၊ တစ်ခုချင်းစီတိုင်းက ဖန်ဆင်းရှင်နှင့်သာ ဆက်စပ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဖန်ဆင်းရှင်၏ အတုမရှိသော ဝိသေသလက္ခဏာနှင့် အနှစ်သာရ၏ သင်္ကေတဖြစ်ပြီး၊ ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာနှင့် ဂုဏ်ဒြပ်ကို ကိုယ်စားပြုသောကြောင့်ဖြစ်သည်။ ဖန်ဆင်းရှင်မှလွဲ၍ မည်သည့်ပုဂ္ဂိုလ်၊ သို့မဟုတ် မည်သည့်အရာဝတ္ထုကိုမျှ “သြဇာအာဏာ” ဟူသည့် စကားလုံးနှင့် ဆက်စပ်၍ မရပေ။ ဤသည်မှာ ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာ၏ အဓိပ္ပာယ်ကောက်ချက်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

“ငါ၏ သက်တံ့ကို မိုဃ်းတိမ်၌ ငါထား၏။ ထိုသက်တံ့သည် မြေကြီးနှင့် ငါပြုသောပဋိညာဉ်၏ သက်သေဖြစ်လိမ့်မည်။” ဤသည်မှာ ဖန်ဆင်းရှင်က လူသားမျိုးနွယ်ကို ပြောခဲ့သည့် မူရင်းနှုတ်ကပတ်တော်များဖြစ်သည်။ ဤနှုတ်ကပတ်တော်များကို သူပြောလိုက်သည်နှင့် လူသား၏ မျက်စိရှေ့တွင် သက်တံတစ်စင်း ပေါ်ပေါက်လာခဲ့ပြီး ယနေ့အထိတိုင်အောင် တည်ရှိနေခဲ့သည်။ ထိုသို့သောသက်တံကို လူတိုင်းမြင်ဖူးသည်။ ယင်းကို သင်မြင်သည့်အခါတွင် မည်သို့ပေါ်လာသည်ကို သင်သိသလော။ သိပ္ပံပညာက ဤအရာကို သက်သေမပြနိုင်ပေ။ သို့မဟုတ် ယင်း၏အရင်းအမြစ်ကို မရှာဖွေနိုင်ပေ။ သို့မဟုတ် ယင်းသည် ဘယ်ဆီဘယ်ဝယ်တွင်ရှိသည်ကို မသတ်မှတ်နိုင်ပေ။ ဤသည်မှာ သက်တံသည် ဖန်ဆင်းရှင်နှင့် လူသားကြားတွင် ထူထောင်ထားသည့် ပဋိညာဉ်၏ သင်္ကေတဖြစ်၍ဖြစ်သည်။ ယင်းသက်တံက သိပ္ပံအခြေခံအကြောင်းရင်းများ မလိုအပ်ပေ။ ယင်းကို လူသားက ပြုလုပ်ထားခြင်း မဟုတ်သကဲ့သို့ လူသားက ပြောင်းလဲနိုင်စွမ်းလည်း မရှိပေ။ ဤသည်မှာ ဖန်ဆင်းရှင်က သူ၏နှုတ်ကပတ်တော်များကို ပြောပြီးနောက်တွင် သူ၏သြဇာအာဏာ ဆက်လက်ဖြစ်တည်နေခြင်းပင် ဖြစ်သည်။ လူသားနှင့်ပြုလုပ်သည့် ပဋိညာဉ်နှင့် သူ၏ကတိကို လိုက်နာရန်အတွက် ဖန်ဆင်းရှင်က သူ၏သီးသန့်နည်းလမ်းကို အသုံးပြုခဲ့သည်။ ထို့ကြောင့် သူထူထောင်ခဲ့သည့် ပဋိညာဉ်၏ သင်္ကေတအနေနှင့် သက်တံကို သူအသုံးပြုခြင်းသည် ဖန်ဆင်းရှင်နှင့် ဆက်စပ်ပြီးဖြစ်စေ၊ ဖန်ဆင်းခံ လူသားမျိုးနွယ်နှင့် ဆက်စပ်ပြီးဖြစ်စေ ထာဝရ မပြောင်းလဲဘဲ တည်ရှိနေမည့် ကောင်းကင်ဘုံနှင့်ဆိုင်သည့် အမိန့်ပြန်တမ်းနှင့် နိယာမဖြစ်သည်။ ဤအချက်ကိုပြောရမည်။ မပြောင်းလဲနိုင်သည့် ဤနိယာမသည် အရာအားလုံးကို ဘုရားသခင်ဖန်ဆင်းပြီးနောက်တွင် လိုက်ပါလာသည့် ဖန်ဆင်းရှင်၏ သြဇာအာဏာဆိုင်ရာ နောက်ထပ်စစ်မှန်သည့် ထင်ရှားပြသခြင်းဖြစ်သည်။ ထို့အပြင် ဤအချက်ကို ပြောရမည်။ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးသည် အကန့်အသတ်မရှိပေ။ သက်တံကို သင်္ကတတစ်ခုအနေနှင့် အသုံးပြုခြင်းက ဖန်ဆင်းရှင်၏ သြဇာအာဏာဆိုင်ရာ ဆက်လက်တိုးပွားလုပ်ဆောင်ခြင်းပင် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က သူ၏နှုတ်ကပတ်တော်များကို အသုံးပြုပြီး လုပ်ဆောင်သည့် နောက်ထပ်လုပ်ရပ်တစ်ခုဖြစ်ပြီး နှုတ်ကပတ်တော်တို့ကို အသုံးပြု၍ လူသားနှင့်ထူထောင်ခဲ့သည့် ပဋိညာဉ်၏ သင်္ကေတတစ်ခုလည်း ဖြစ်သည်။ သူသည် လုပ်ဆောင်ရန်အတွက် သူဆုံးဖြတ်ထားခဲ့သည့်အရာအပြင် ထိုအရာအား မည်သည့်ပုံစံနှင့် ပြီးမြောက်အောင်မြင်စေမည်ဆိုခြင်းကို လူသားအား ပြောပြခဲ့သည်။ ဤနည်းလမ်းအားဖြင့် ထိုကိစ္စသည် ဘုရားသခင်၏နှုတ်မှလာသည့် နှုတ်ကပတ်တော်များအရ ပြီးမြောက်သည်။ ဘုရားသခင်သာလျှင် ဤကဲ့သို့သော တန်ခိုးကို ပိုင်ဆိုင်သည်။ ဤစကားများကို သူပြောပြီးနောက် နှစ်ထောင်ပေါင်းအချို့ကြာသည့် ယနေ့တွင် ဘုရားသခင်၏ နှုတ်မှပြောဆိုခဲ့သည့် သက်တံကို လူသားတို့ ကြည့်ရှုနိုင်ပါသေးသည်။ ဘုရားသခင်မိန့်မြွက်ခဲ့သည့် ထိုနှုတ်ကပတ်တော်တို့ကြောင့် ယနေ့အထိ ဤအရာက မပြောင်းမလဲဘဲ ကျန်ရှိနေသည်။ မည်သူမျှ ဤသက်တံကို မဖယ်ရှားနိုင်ပေ။ မည်သူမျှ ယင်း၏နိယာမများကို မပြောင်းလဲနိုင်ပေ။ သက်တံသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့်သာ တည်ရှိနေသည်။ ဤသည်မှာ ဘုရားသခင်၏ သြဇာအာဏာ အတိအကျပင်ဖြစ်သည်။ “ဘုရားသခင်က သူ၏နှုတ်ကပတ်တော်ကဲ့သို့ ကောင်းမွန်ပြီး သူ၏နှုတ်ကပတ်တော်သည် ပြီးမြောက်လိမ့်မည်ဖြစ်ကာ ပြီးမြောက်မှုသည် ထာဝရတည်သည်။” ဤနှုတ်ကပတ်တော်တို့က ဤနေရာတွင် ရှင်းလင်းစွာ ထင်ရှားပြသသည်။ ဤသည်မှာ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုး၏ ရှင်းလင်းသည့် သင်္ကေတနှင့် ပင်ကိုလက္ခဏာများဖြစ်သည်။ ဤကဲ့သို့သော သင်္ကေတ၊ သို့မဟုတ် ပင်ကိုလက္ခဏာကို မည်သည့်ဖန်ဆင်းခံမျှ မပိုင်ဆိုင်၊ သို့မဟုတ် မည်သည့်ဖန်ဆင်းခံများတွင်မျှ မမြင်ရသကဲ့သို့ ဖန်ဆင်းခံမဟုတ်သည့် အရာများတွင်လည်း မတွေ့ရပေ။ ယင်းသည် အတုမရှိသည့် ဘုရားသခင်နှင့်သာ သက်ဆိုင်ပြီး ဖန်ဆင်းရှင်သာလျှင် ပိုင်ဆိုင်သည့် ဝိသေသလက္ခဏာနှင့် အနှစ်သာရကို ဖန်ဆင်းခံများနှင့် ခွဲခြားပေးသည်။ တစ်ချိန်တည်းတွင် ယင်းတို့သည် ဘုရားသခင်မှလွဲ၍ မည်သည့်ဖန်ဆင်းခံ၊ သို့မဟုတ် ဖန်ဆင်းခံမဟုတ်သည့်သူများမျှ ကျော်လွန်၍မရသည့် သင်္ကေတနှင့် ပင်ကိုလက္ခဏာများလည်း ဖြစ်သည်။

လူသားနှင့် သူ၏ပဋိညာဉ်ကို ဘုရားသခင်ထူထောင်မှုသည် အလွန်အရေးကြီးသည့် လုပ်ရပ်တစ်ခုဖြစ်ပြီး လူသားဆီကို အချက်အလက်တစ်ခု ဆက်သွယ်ပြောဆိုခြင်းငှာ အသုံးပြုရန်နှင့် သူ့အလိုတော်ကို လူသားကို ပြောပြရန်အတွက် ရည်ရွယ်ထားသည့် အရာဖြစ်သည်။ ဤရည်ရွယ်ချက်ဖြင့် လူသားနှင့် တည်ဆောက်ခဲ့သည့် ပဋိညာဉ်၏ ကတိသင်္ကေတဖြစ်သော လူသားနှင့် ပဋိညာဉ်ကို ထူထောင်ရန် အထူးသင်္ကေတကို အသုံးပြုခြင်းအားဖြင့် ထူးခြားသည့် နည်းလမ်းတစ်ခုကို သူအသုံးချခဲ့သည်။ သို့ဆိုလျှင် ဤပဋိညာဉ်ကို ထူထောင်ခြင်းက ကြီးမြတ်သည့် ဖြစ်ရပ်တစ်ခုလော။ ထို့အပြင် မည်မျှကြီးမြတ်သနည်း။ ဤသည်မှာ ပဋိညာဉ်နှင့်ပတ်သက်၍ အလွန်ထူးခြားသည့်အရာ အတိအကျပင်ဖြစ်သည်။ လူတစ်ယောက်နှင့်တစ်ယောက်၊ သို့မဟုတ် အုပ်စုတစ်ခုနှင့်တစ်ခု၊ သို့မဟုတ် နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ ထူထောင်ခဲ့သည့် ပဋိညာဉ်မဟုတ်ဘဲ ဖန်ဆင်းရှင်နှင့် လူသားမျိုးနွယ်တစ်ရပ်လုံးကြားတွင် ထူထောင်ခဲ့သည့် ပဋိညာဉ်ဖြစ်သည်။ ဤပဋိညာဉ်သည် ဖန်ဆင်းရှင်က အရာအားလုံးကို အဆုံးသတ်သည့်အချိန် မတိုင်ခင်အထိ တည်ရှိနေမည်ဖြစ်သည်။ ဤပဋိညာဉ်ကို အကောင်အထည်ဖော်သူက ဖန်ဆင်းရှင်ဖြစ်ပြီး ထိန်းသိမ်းသူသည်လည်း ဖန်ဆင်းရှင်ပင်ဖြစ်သည်။ အချုပ်ပြောရလျှင် လူသားမျိုးနွယ်နှင့် တည်ဆောက်ခဲ့သည့် သက်တံပဋိညာဉ်တစ်ခုလုံးသည် ဖန်ဆင်းရှင်နှင့် လူသားမျိုးနွယ်အကြားက ပြောစကားတို့နှင့်အညီ ရရှိပြီးမြောက်ပြီး ယနေ့အချိန်အထိ ကျန်ရှိဆဲဖြစ်သည်။ ဖန်ဆင်းရှင်၏ သြဇာအာဏာကို ကျိုးနွံခြင်း၊ နာခံခြင်း၊ ယုံကြည်ခြင်း၊ တန်ဖိုးထားခြင်း၊ သက်သေခံခြင်းနှင့် ချီးမွမ်းခြင်းတို့မှလွဲ၍ ဖန်ဆင်းခံများက အခြားဘယ်အရာကို လုပ်နိုင်ဦးမည်နည်း။ အကြောင်းမှာ ဤကဲ့သို့သော ပဋိညာဉ်မျိုးကို ထူထောင်ရန် တန်ခိုးကို အတုမရှိ ဘုရားသခင်မှလွဲ၍ မည်သူမျှ မပိုင်ဆိုင်သည့်အတွက်ဖြစ်သည်။ အကြိမ်ကြိမ် သက်တံပေါ်လာခြင်းသည် ဖန်ဆင်းရှင်နှင့် လူသားကြားတွင်ရှိသည့် ပဋိညာဉ်ကို လူသားတို့ အာရုံပြုစေရန် ကြေညာခြင်းဖြစ်သည်။ ဖန်ဆင်းရှင်နှင့် လူသားမျိုးနွယ်ကြားက ပဋိညာဉ် ဆက်လက်ဖြစ်ပေါ်နေခြင်း၌ လူသားမျိုးနွယ်ကို ဖော်ပြသည့်အရာမှာ သက်တံမဟုတ်သကဲ့သို့ ပဋိညာဉ်ကိုယ်၌လည်း မဟုတ်ဘဲ ဖန်ဆင်းရှင်၏ မပြောင်းလဲနိုင်သည့် သြဇာအာဏာပင် ဖြစ်သည်။ တစ်ချိန်ပြီးတစ်ချိန် သက်တံပေါ်လာခြင်းက ဖုံးကွယ်ထားသည့် နေရာများတွင် ဖန်ဆင်းရှင်၏ ကြီးမြတ်ပြီး ထူးဆန်းသည့် လုပ်ဆောင်ချက်ကို ဖော်ပြပြီး တစ်ချိန်တည်းတွင် မည်သည့်အခါမျှ ပျောက်ကွယ်မသွားမည့်၊ မည်သည့်အခါမျှ မပြောင်းလဲမည့် ဖန်ဆင်းရှင်၏ သြဇာအာဏာဆိုင်ရာ အလွန်အရေးကြီးသည့် ထင်ဟပ်မှုပင်ဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာကို နောက်တစ်မျိုး ပြသခြင်း မဟုတ်ပေလော။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

“သင်၏ အမျိုးအနွယ်ကို ငါတိုးပွားများပြားစေမည်။” ဟု ဘုရားသခင်ပြောခဲ့ချိန်တွင်၊ ဤသည်မှာ သက်တံ ပဋိညာဉ်ကဲ့သို့ ဘုရားသခင်က အာဗြဟံနှင့် ထူထောင်ခဲ့သည့် ပဋိညာဉ်တစ်ခု ဖြစ်သည်၊ ယင်းသည် ထာဝရဖြစ်မြောက်မည် ဖြစ်ပြီး အာဗြဟံထံ ဘုရားသခင်ပြုခဲ့သည့် ကတိတစ်ခုလည်း ဖြစ်သည်။ ဤကတိကို အမှန်တကယ်ဖြစ်လာစေရန် ဘုရားသခင်သာ အရည်အချင်း ပြည့်မီပြီး လုပ်နိုင်စွမ်းရှိသည်။ လူသားက ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ၊ လူသားက လက်ခံသည်ဖြစ်စေ လက်မခံသည် ဖြစ်စေ၊ ပြီးလျှင် လူသားက မည်သို့ မြင်ပြီး မည်သို့ သဘောထားသည်ဖြစ်စေ၊ ဤအရာအားလုံးသည် ဘုရားသခင် ပြောဆိုသည့် နှုတ်ကပတ်တော်များနှင့်အညီ အသေးစိတ် အတိအကျ ပြီးပြည့်စုံမည် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူ၏အလိုဆန္ဒ သို့မဟုတ် အယူအဆများ ပြောင်းလဲမှုကြောင့် ပြောင်းလဲသွားမည်မဟုတ်သကဲ့သို့၊ မည်သည့်လူ၊ အဖြစ်အပျက် သို့မဟုတ် အမှုအရာ၌ ပြောင်းလဲမှုကြောင့် ပြောင်းလဲမည်မဟုတ်ပေ။ အရာအားလုံး ပျောက်ကွယ်ကောင်း ပျောက်ကွယ် သွားနိုင်သော်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ထာဝရ ကျန်ရှိနေမည်ဖြစ်သည်။ အမှန်တွင်၊ သူသည် ဖန်ဆင်းရှင်ဖြစ်ပြီး ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် ဖန်ဆင်းရှင်၏ တန်ခိုးကို ပိုင်ဆိုင်ကာ သူသည် အရာခပ်သိမ်းနှင့် သက်ရှိ အင်အားစုအားလုံးကို ထိန်းချုပ်သည့်အတွက်၊ အရာအားလုံး ပျောက်ကွယ်သွားသည့်နေ့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ လုံးဝ ပြည့်စုံသည့်နေ့ရက် အတိအကျ ဖြစ်သည်။ သူသည် ဘာမျှမရှိသည့်အရာမှ တစ်စုံတစ်ရာရှိလာဖို့ သို့မဟုတ် တစ်စုံတစ်ရာကို ဘာမျှမရှိဖြစ်လာဖို့ ဖြစ်စေနိုင်ပြီး၊ ရှင်သန်သောအရာမှသည် သေသောအရာအထိ အရာအားလုံး၏ ပြောင်းလဲခြင်းကို သူထိန်းချုပ်သည်။ ဘုရားသခင်အတွက် တစ်စုံတစ်ဦး၏ မျိုးနွယ်ကို ပွားများစေခြင်းထက် မည်သည့်အရာမျှ သာ၍ မရိုးရှင်းနိုင်ပေ။ ဤသည်မှာ လူသားအတွက် နတ်သမီးပုံပြင် တစ်ပုဒ်ကဲ့သို့ ဆန်းပြားပုံရသော်လည်း၊ ဘုရားသခင်အဖို့ သူလုပ်ဆောင်ရန် ဆုံးဖြတ်ထားပြီး ကတိပေးထားသည့်အရာသည် မဆန်းပြားသကဲ့သို့ နတ်သမီးပုံပြင်တစ်ပုဒ်လည်း မဟုတ်ပေ။ ယင်းထက်၊ ထိုအရာသည် ဘုရားသခင် မြင်နှင့်ပြီးဖြစ်ကာ ဧကန်မုချ ဖြစ်မြောက်ရမည့် အမှန်တရားတစ်ခုဖြစ်သည်။ ဤအရာကို သင်တို့ နားလည်ကြပါသလော။ အာဗြဟံ၏ မျိုးဆက်များက များပြားခဲ့သည်ကို အချက်အလက်များက သက်သေပြသလော။ ၎င်းတို့ မည်မျှ များပြားခဲ့သနည်း။ “မိုးကောင်းကင် ကြယ်များကဲ့သို့ လည်းကောင်း၊ ပင်လယ်ကမ်းခြေပေါ်မှ သဲလုံးနှင့်အမျှ လည်းကောင်း” ဟု ဘုရားသခင်ပြောခဲ့သကဲ့သို့ များပြားခဲ့သလော။ ၎င်းတို့သည် တိုင်းနိုင်ငံအားလုံး၊ ဒေသအားလုံးအနှံ့၊ ကမ္ဘာလောက ထဲက နေရာတိုင်းကို ပျံ့နှံ့ခဲ့ကြသလော။ ဤအချက်သည် မည်သည့်အရာမှတစ်ဆင့် ဖြစ်မြောက်ခဲ့သနည်း။ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ သြဇာအာဏာအားဖြင့် ပြီးမြောက်ခဲ့သလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြောကြားပြီးနောက် နှစ်ကာလ ရာပေါင်း၊ ထောင်ပေါင်းအချို့ကြာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဆက်လက်ပြည့်စုံခဲ့ပြီး၊ အမှန်တရားများ စဉ်ဆက်မပြတ် ဖြစ်လာနေခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ကြီးမားသောအင်အား၊ ဘုရားသခင်၏ သြဇာအာဏာ၏ သက်သေဖြစ်သည်။ အစအဦးတွင် အရာခပ်သိမ်းကို ဘုရားသခင် ဖန်ဆင်းခဲ့ချိန်တွင်၊ ဘုရားသခင်က “အလင်းဖြစ်စေ” ဟု ပြောခဲ့ပြီး အလင်း ရှိခဲ့သည်။ ဤသည်မှာ အလွန်လျင်မြန်စွာ ဖြစ်ပျက်ခဲ့ပြီး၊ အလွန် တိုတောင်းသော အချိန်အတွင်း ပြည့်စုံခဲ့ကာ၊ ယင်း၏ ပြီးမြောက်မှုနှင့် ပြည့်စုံမှုတွင် ကြန့်ကြာခြင်း မရှိခဲ့ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ သက်ရောက်မှုသည် ချက်ချင်းဖြစ်ခဲ့သည်။ နှစ်ခုလုံးက ဘုရားသခင်၏ သြဇာအာဏာနှင့်ဆိုင်သည့် ပြသချက်များဖြစ်သည်၊ သို့ရာတွင် ဘုရားသခင်က အာဗြဟံကို ကောင်းကြီးပေးခဲ့ချိန်တွင်၊ သူ၏ သြဇာအာဏာ၏ အနှစ်သာရ အခြားတစ်ဘက်အပြင် ဖန်ဆင်းရှင်၏ သြဇာအာဏာကို တိုင်းတာ၍မရဟူသည့် အချက်ကို လူသားအား မြင်ခွင့်ပေးခဲ့သည်၊ ထို့အပြင် ဖန်ဆင်းရှင်၏ သြဇာအာဏာ၏ ပိုပြီးစစ်မှန်သည့်၊ သာ၍ အလေးထားဖွယ် ကောင်းသောဘက်ကို လူသားအား သူ မြင်ခွင့်ပေးခဲ့သည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိန့်မြွက်သည်နှင့် တစ်ပြိုင်နက်၊ ဘုရားသခင်၏ သြဇာအာဏာသည် ဤအမှုကို ကွပ်ကဲအုပ်ချုပ်ပြီး ဘုရားသခင်၏ နှုတ်မှ ကတိပေးခဲ့သည့် အချက်သည် တဖြည်းဖြည်း လက်တွေ့အရှိတရား စတင် ဖြစ်လာသည်။ အကျိုးဆက်အနေဖြင့်၊ နွေဦးရောက်လာချိန်တွင် မြက်ပင်များ စိမ်းလန်းလာသကဲ့သို့၊ ပန်းများ ဖူးပွင့်လာသကဲ့သို့၊ သစ်ပင်မှ အဖူးလေးများ ထွက်လာသကဲ့သို့၊ ငှက်များ သီချင်းစတင် သီကျူးသကဲ့သို့၊ ငန်းများ ပြန်လာပြီး ကွင်းပြင်များက လူများနှင့် ဖွေးဖွေးလှုပ်သကဲ့သို့ များစွာတူညီသည့် ပြောင်းလဲမှုများသည် အရာအားလုံးအလယ် စတင်ဖြစ်ပေါ်လာသည်။...နွေဦး ရောက်ရှိခြင်းနှင့်အတူ အရာအားလုံးသည် နုပျိုသစ်လွင်လာပြီး၊ ဤသည်မှာ ဖန်ဆင်းရှင်၏ ထူးခြားဆန်းကြယ်သည့် လုပ်ဆောင်ချက် ဖြစ်သည်။ ဘုရားသခင်က သူ၏ကတိများကို ပြီးမြောက်သည့်အခါတွင်၊ ကောင်းကင်နှင့် ကမ္ဘာမြေကြီးပေါ်ရှိ အရာအားလုံးသည် ဘုရားသခင်၏ အတွေးများနှင့်အညီ အသစ်ပြုပြင်ပြီး ပြောင်းလဲကြသည်- မည်သည့်အရာမျှ မကင်းလွတ်ပေ။ ဘုရားသခင်၏နှုတ်မှ ကတိပေးပြီးသော အမှု သို့မဟုတ် ကတိတစ်ခု မိန့်မြွက်လိုက်သည့်အခါတွင်၊ အရာအားလုံးက ယင်း၏ ပြီးပြည့်စုံခြင်းအတွက် အသုံးတော်ခံကြပြီး၊ ယင်း၏ ပြီးပြည့်စုံခြင်းအတွက် ခိုင်းစေခြင်းခံကြရသည်။ ဖန်ဆင်းခံ အားလုံးသည် ၎င်းတို့၏ သက်ဆိုင်ရာ အခန်းကဏ္ဍကို ဆောင်ရွက်ရင်းနှင့် ၎င်းတို့၏ သက်ဆိုင်ရာ လုပ်ငန်းတာဝန်ကို အစေခံရင်း၊ ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်တွင် စီစဉ်ညွှန်ကြားကာ စီမံခံရသည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ သြဇာအာဏာ ထင်ရှားပြသခြင်းဖြစ်သည်။ ဤအရာတွင် မည်သည့်အရာကို သင် မြင်သနည်း။ ဘုရားသခင်၏ သြဇာအာဏာကို သင်မည်သို့ သိသနည်း။ ဘုရားသခင်၏ သြဇာအာဏာအဖို့ အပိုင်းအခြားတစ်ခု ရှိသလော။ အချိန်အကန့်အသတ် ရှိသလော။ ယင်းကို အမြင့်တစ်ခုခု သို့မဟုတ် အလျားတစ်ခုခုအဖြစ် ပြောဆို၍ရနိုင်သလော။ ယင်းကို အရွယ်အစား သို့မဟုတ် ခွန်အားတစ်ခုခုအဖြစ် ပြောဆို၍ ရနိုင်သလော။ လူသား၏ အတိုင်းအတာဖြင့် ယင်းကို တိုင်းတာ၍ရသလော။ ဘုရားသခင်၏ သြဇာအာဏာသည် ပေါ်လိုက်၊ ပျောက်လိုက် မဟုတ်သကဲ့သို့၊ လာလိုက် သွားလိုက် မလုပ်ပေ၊ ပြီးလျှင် သူ၏ သြဇာအာဏာ မည်မျှကြီးမြတ်သည်ကို တိုင်းတာနိုင်သူ မည်သူမျှမရှိပေ။ ဘုရားသခင်က လူတစ်ယောက်ကို ကောင်းချီးပေးသည့်အခါတွင်၊ အချိန်မည်မျှ ကုန်သွားသည်ကို ပဓာနမထားဘဲ၊ ဤကောင်းချီးမင်္ဂလာသည် ဆက်လက်ဖြစ်ပေါ်မည် ဖြစ်ပြီး ယင်း၏ ဆက်လက်ဖြစ်နေမှုသည် ဘုရားသခင်၏ မခန့်မှန်းနိုင်သည့် သြဇာအာဏာကို သက်သေခံပြီး ဖန်ဆင်းရှင်၏ မငြိမ်းသတ်နိုင်သည့် အသက်အင်အား၏ တစ်ဖန်ပြန်လည် ပေါ်ထွန်းမှုကို မကြာခဏ လူသားမျိုးနွယ်ကို ရှုမြင်ခွင့်ပေးမည် ဖြစ်သည်။ သူ၏သြဇာအာဏာနှင့်ဆိုင်သည့် ပြသမှုတစ်ခုစီသည် အရာခပ်သိမ်းနှင့် လူသားမျိုးနွယ်ထံ ထုတ်ဖော်ပြသထားသည့် သူ၏နှုတ်မှ နှုတ်ကပတ်တော်များ၏ စုံလင်သော သရုပ်ပြခြင်းဖြစ်သည်၊ ထို့အပြင် သူ၏သြဇာအာဏာဖြင့် ပြီးမြောက်သည့် အရာတိုင်းသည် နှိုင်းယှဉ်၍မရအောင် အလွန်လှပသိမ်မွေ့ပြီး လုံးဝ အပြစ်အနာအဆာ ကင်းသည်။ သူ၏အတွေးများ၊ သူ၏ နှုတ်ကပတ်တော်များ၊ သူ၏ သြဇာအာဏာများနှင့် သူပြီးမြောက်ခဲ့သည့် အမှုအားလုံးသည် မယှဉ်သာအောင် လှပသည့် ပန်းချီကားတစ်ချပ်ဖြစ်ပြီး၊ ဖန်ဆင်းခံများအတွက်၊ လူသားမျိုးနွယ်၏ ဘာသာစကားသည် ယင်း၏ အရေးပါမှုနှင့် တန်ဖိုးကို ရှင်းလင်းစွာပြောဆိုနိုင်စွမ်း မရှိပေ။ ဘုရားသခင်က လူတစ်ဦးကို ကတိတစ်ခု ပြုသည့်အခါတွင်၊ ၎င်းတို့ မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့ အဘယ်အရာကို လုပ်ဆောင်သည် ဖြစ်စေ၊ ကတိကို လက်မခံမီ သို့မဟုတ် လက်ခံပြီးနောက် ၎င်းတို့၏ နောက်ခံအကြောင်း မည်သည့်အရာဖြစ်ပါစေ၊ သို့မဟုတ် ၎င်းတို့ အသက်ရှင်နေထိုင်သည့် ပတ်ဝန်းကျင်တွင် ကသောင်းကနင်း ဖြစ်မှုများ မည်မျှကြီးမားသည် ဖြစ်စေ၊ ၎င်းတို့နှင့်ပတ်သက်သည့် အရာရာတိုင်းကို ဘုရားသခင်က ကောင်းကောင်း ရင်းနှီးလေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြောဆိုပြီးနောက် အချိန်မည်မျှ ကုန်လွန်သွားသည်ဖြစ်စေ၊ ယင်းသည် သူ့အတွက် ခုလေးတင် မိန့်မြွက်ပြီးဖြစ်သည့်အလား ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် လူသားမျိုးနွယ်ထံ သူပြုသည့် ကတိတိုင်းကို မျက်ခြေမပြတ် ထိန်းသိမ်းနိုင်ပြီး ပြည့်စုံစေနိုင်သည့် တန်ခိုးနှင့် ထိုသို့သော သြဇာအာဏာရှိပြီး ကတိက မည်သည့်အရာဖြစ်သည်ကို ပဓာနမထားဘဲ၊ လုံး‌ဝ ပြည့်စုံရန် မည်မျှကြာသည်ကို ပဓာနမထားဘဲ၊ ထို့အပြင် ယင်း၏ပြီးမြောက်မှုက ထည့်သွင်းစဉ်းစားသည့် နယ်ပယ်သည်— ဥပမာအားဖြင့်၊ အချိန်၊ မြေမျက်နှာသွင်ပြင်၊ လူမျိုး စသဖြင့်— မည်မျှ ကျယ်ပြန့်သည်ကို ပဓာနမထားဘဲ၊ ဤကတိသည် ပြီးမြောက်ကာ ပြည့်စုံလိမ့်မည်ဖြစ်ပြီး၊ ထို့အပြင် ယင်း၏ ပြီးမြောက်မှုနှင့် ပြည့်စုံမှုသည် သူ့ကို အနည်းငယ်အားစိုက်မှု လိုအပ်စေမည် မဟုတ်ပေ။ ဤအရာက မည်သည့်အရာကို သက်သေပြသနည်း။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုး၏ ကျယ်ပြန့်မှုသည် စကြဝဠာတစ်ခုလုံးနှင့် လူသားမျိုးနွယ်တစ်ခုလုံးကို ထိန်းချုပ်ရန် လုံလောက်သည်ကို သက်သေပြပေသည်။ ဘုရားသခင်သည် အလင်းကို ဖန်တီးခဲ့သော်လည်း၊ ဤသည်မှာ ဘုရားသခင်က အလင်းကိုသာ စီမံသည် သို့မဟုတ် သူက ရေကို ဖန်ဆင်းခဲ့သောကြောင့်၊ ရေကိုသာ စီမံခန့်ခွဲပြီး၊ အခြားအရာတိုင်းသည် ဘုရားသခင်နှင့် မဆက်နွှယ်ဟု မဆိုလိုပေ။ ဤသည်မှာ နားလည်မှုလွဲခြင်းတစ်ခု ဖြစ်မည် မဟုတ်လော။ အာဗြဟံနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာသည် နှစ်ပေါင်းရာပေါင်းများစွာကြာပြီးသည့်နောက်တွင် လူသား၏ မှတ်ဉာဏ်ထဲမှ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်ခဲ့ပြီး ဖြစ်သော်လည်း၊ ဘုရားသခင်အတွက်မူ ဤကတိသည် ယခင်အတိုင်း ရှိနေဆဲဖြစ်သည်။ ယင်းသည် ပြီးမြောက်မှု ဖြစ်စဉ်တွင် ရှိနေဆဲဖြစ်ပြီး၊ မည်သည့်အခါမျှ မရပ်တန့်ခဲ့လေပြီ။ ဘုရားသခင်က သူ၏ သြဇာအာဏာကို မည်သို့အသုံးချသည်၊ အရာခပ်သိမ်းကို မည်သို့ စီစဉ်ညွှန်ကြားပြီး စီမံသည်ဆိုသည်နှင့် ဤအချိန်အတော အတွင်း၌ ဘုရားသခင်၏ ဖန်ဆင်းခြင်း အရာခပ်သိမ်းအလယ်တွင် အံ့သြဖွယ် အဖြစ်အပျက်များ မည်မျှဖြစ်ပွားခဲ့သည်ကို လူသားသည် တစ်ခါမျှ မသိဖူး သို့မဟုတ် မကြားဖူးပေ၊ သို့ရာတွင် ဘုရားသခင်၏ သြဇာအာဏာနှင့်ဆိုင်သည့် ပြသမှုနှင့် သူ၏ လုပ်ဆောင်ချက်များ၏ ထုတ်ဖော်မှုတို့နှင့်ဆိုင်သည့် အံ့သြဖွယ် ခင်းကျင်းပြသမှု အစိတ်အပိုင်းတိုင်းကို အရာခပ်သိမ်းအလယ် လက်ဆင့်ကမ်းခဲ့ပြီး ချီးမြှောက်ခြင်းခံခဲ့ရသည်၊ အရာခပ်သိမ်းသည် ဖန်ဆင်းရှင်၏ အံ့ဩလောက်သည့် လုပ်ဆောင်ချက်များကို ပြသခဲ့ကြပြီး ပြောဆိုခဲ့ကြသကဲ့သို့၊ အရာခပ်သိမ်းအပေါ် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့်သက်ဆိုင်သည့် အပြောများသည့် အဖြစ်အပျက်အသီးသီးကို အရာအားလုံးက ထာဝရ အစဉ်အဆက် ပို၍ ကြွေးကြော်ကြလိမ့်မည်ဖြစ်သည်။ အရာခပ်သိမ်းကို ဘုရားသခင် အုပ်စိုးသည့် သြဇာအာဏာနှင့် ဘုရားသခင်၏ တန်ခိုးသည် ဘုရားသခင်သည် နေရာတိုင်းနှင့် အချိန်တိုင်းတွင် ဘုရားသခင် ပါရှိသည်ကို အရာအားလုံးထံ ပြသလေသည်။ သင်သည် ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးတို့၏ နေရာအနှံ့ရှိခြင်းကို မျက်မြင်ကြုံတွေ့ပြီးသည့်အခါတွင်၊ ဘုရားသခင်သည် နေရာတိုင်းနှင့် အချိန်တိုင်းတွင်ရှိသည်ကို သင်တွေ့မြင်လိမ့်မည်။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးသည် အချိန်၊ မြေမျက်နှာသွင်ပြင်၊ နေရာ သို့မဟုတ် မည်သည့်လူ၊ အဖြစ်အပျက် သို့မဟုတ် အမှုအရာအားဖြင့်မျှ ကန့်သတ်ခြင်းမခံရပေ။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုး၏ ကျယ်ပြန့်မှုသည် လူ၏ စိတ်ကူးစိတ်သန်းကို ကျော်လွန်သည်။ ယင်းသည် လူသားအဖို့ နားမလည်နိုင်ဖွယ်၊ မစဉ်းစားတတ်အောင်ဖြစ်ပြီး၊ လူသားက မည်သည့်အခါမျှ လုံးဝ သိရှိလိမ့်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

ဘုရားသခင်သည် သြဇာအာဏာနှင့် တန်ခိုးကို ပိုင်ဆိုင်သော်လည်း၊ သူသည် သူ၏လုပ်ဆောင်မှုများ၌ အလွန် တင်းကျပ်ပြီး စည်းကမ်းရှိကာ သူ၏ကတိကို တည်လေသည်။ သူ၏ တင်းကျပ်မှုနှင့် သူ၏ လုပ်ဆောင်ချက်များ၏ အခြေခံသဘောတရားများက ဖန်ဆင်းရှင်၏ ပုန်ကန်ပြစ်မှား၍ မရခြင်းနှင့် ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့်ဆိုင်သည့် ကျော်လွန်၍မရခြင်းကို ပြသသည်။ သူသည် အထွတ်အထိပ် သြဇာအာဏာကို ပိုင်ဆိုင်ထားပြီး အရာအားလုံးသည် သူ၏အုပ်စိုးမှုအောက်တွင်ရှိသော်လည်း၊ ပြီးလျှင် သူသည် အရာအားလုံးကို အုပ်စိုးရန် တန်ခိုးရှိသော်လည်း၊ ဘုရားသခင်သည် မည်သည့်အခါတွင်မျှ သူကိုယ်တိုင်၏ အစီအစဉ်ကို ထိခိုက်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း မပြုဖူးသကဲ့သို့၊ သူ၏သြဇာအာဏာကို အသုံးပြုသည့် အချိန်တိုင်းတွင်၊ ယင်းသည် သူ၏ ကိုယ်ပိုင် အခြေခံသဘောတရားများနှင့် အတိအကျ ကိုက်ညီပြီး သူ့နှုတ်မှ ပြောဆိုထားခဲ့သည့်အရာနောက် အတိအကျ လိုက်ကာ သူ၏ အစီအစဉ်နှင့်သက်ဆိုင်သည့် အဆင့်များနှင့် ရည်မှန်းချက်များနောက် လိုက်လေသည်။ ဘုရားသခင်အုပ်စိုးသည့် အရာခပ်သိမ်းသည်လည်း ဘုရားသခင်၏ သြဇာအာဏာကို အသုံးပြုထားသည့် အခြေခံသဘောတရားများကို လိုက်နာကြပြီး မည်သည့်လူ သို့မဟုတ် မည်သည့်အရာကမျှ သူ၏ သြဇာအာဏာ၏ အစီအစဉ်များမှ မလွတ်ကင်းသကဲ့သို့၊ သူ၏သြဇာအာဏာ အသုံးပြုထားသည့် အခြေခံသဘောတရားများကို ၎င်းတို့ မပြောင်းလဲနိုင်သည်ကို ပြောစရာမလိုပေ။ ဘုရားသခင်၏ အမြင်တွင်၊ ကောင်းချီးခံစားရသည့်သူများသည် သူ၏ သြဇာအာဏာက ဖြစ်ပေါ်စေသည့် ကောင်းမွန်သည့် အခွင့်အလမ်းများကို ရရှိကြပြီး ကျိန်ဆဲခံရသူများမှာ ဘုရားသခင်၏ သြဇာအာဏာကြောင့် ၎င်းတို့၏ အပြစ်ပေးခြင်းကို ရရှိကြပေသည်။ ဘုရားသခင်၏ သြဇာအာဏာနှင့်ဆိုင်သည့် အချုပ်အခြာအာဏာ အောက်တွင်၊ မည်သည့်လူ သို့မဟုတ် မည်သည့်အရာမျှသည် သူ၏သြဇာအာဏာ အသုံးပြုခြင်းမှ မကင်းလွတ်သကဲ့သို့၊ သူ့သြဇာအာဏာကို အသုံးပြုထားသည့် အခြေခံ သဘောတရားများကိုလည်း မပြောင်းလဲနိုင်ပေ။ ဖန်ဆင်းရှင်၏ သြဇာအာဏာသည် အကြောင်းရင်းတစ်ခုတစ်လေ၌ ပြောင်းလဲခြင်းအားဖြင့် မပြောင်းလဲနိုင်ပေ၊ အလားတူစွာ၊ သူ၏ သြဇာအာဏာကို အသုံးပြုသည့် အခြေခံသဘောတရားများသည် မည်သည့်အကြောင်းရင်းအတွက်မျှ မပြောင်းလဲပေ။ မိုးကောင်းကင်နှင့် မြေကြီးသည် ကြီးစွာသော ကသောင်းကနင်း ဖြစ်မှုများကို ကြုံရနိုင်သော်လည်း၊ ဖန်ဆင်းရှင်၏ သြဇာအာဏာသည် ပြောင်းလဲလိမ့်မည်မဟုတ်ပေ။ အရာအားလုံး ဆိတ်သုဉ်းပျောက်ကွယ်သွားနိုင်သော်လည်း၊ ဖန်ဆင်းရှင်၏ သြဇာအာဏာသည် မည်သည့်အခါမျှ ပျောက်ကွယ်သွားမည် မဟုတ်။ ဤသည်မှာ ဖန်ဆင်းရှင်၏ မပြောင်းလဲနိုင်သကဲ့သို့ ပုန်ကန်ပြစ်မှား၍မရနိုင်သည့် သြဇာအာဏာ၏ အနှစ်သာရဖြစ်ပြီး ဖန်ဆင်းရှင်၏ တကယ့် အတုမရှိခြင်း ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့ကို ဖန်ဆင်းပြီး အုပ်စိုးနိုင်သည့် သူသာလျှင် စစ်မှန်သော တစ်ပါးတည်းသော ဘုရားသခင်၊ ဖန်ဆင်းခြင်း၏သခင် ဖြစ်လေသည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ဘုရားသခင်သည် အရာခပ်သိမ်းကို အုပ်စိုးပြီး အရာခပ်သိမ်းကို စီမံအုပ်ချုပ်သောသူ ဖြစ်၏။ သူသည်...

ယနေ့အချိန်အထိ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဦးဆောင်၍ ထောက်ပံ့ပေးခဲ့သည့် နည်းလမ်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- အသက်၏ လမ်းခရီးသည် မည်သူမဆို ပိုင်ဆိုင်နိုင်သည့် အရာတစ်ခု မဟုတ်သကဲ့သို့၊ မည်သူမဆို အလွယ်တကူ...

မည်သည့်ကောင်းကင်တမန်ကိုမျှ မည်သည့်အခါမျှ ဘုရားသခင်ဟု ခေါ်ဆို၍ မရနိုင်ပေ၊ အကြောင်းမှာ ၎င်းတို့သည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့ကို မည်သည့်အခါမျှ မဖန်ဆင်းနိုင်သောကြောင့် ဖြစ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- အရာခပ်သိမ်းအား ဖန်ဆင်းခြင်းကို စတင်သည့်အချိန်မှစပြီး ဘုရားသခင်၏ တန်ခိုးသည် စတင်ဖော်ပြကာ...

စာတန်သည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့ကို မည်သည့်အခါမျှ မဖန်ဆင်းနိုင်သည့် ကျလာသော ကောင်းကင်တမန် တစ်ပါးဖြစ်ပြီး ဘုရားသခင်၏ ဩဇာအာဏာကို မည်သည့်အခါမျှ မကျော်လွန်နိုင်ပေ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ကမ္ဘာမြေကြီး မတည်ရှိမီတွင်၊ ကောင်းကင်တမန်မင်းသည် ကောင်းကင်ဘုံ၏ ကောင်းကင်တမန်များထဲမှ အကြီးမြတ်ဆုံး...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။