ရေလွှမ်းမိုးခြင်းပြီးနောက် နောဧကိုပေးသော ဘုရားသခင်၏ကောင်းချီးမင်္ဂလာ

20.10.2019

ကမ္ဘာဦး ၉:၁-၆ ဘုရားသခင်သည်လည်း၊ နောဧနှင့် သူ၏သား တို့ကိုကောင်းကြီးပေးတော်မူ၍၊ သင်တို့သည် များပြားစွာ မွေးဖွားလျက် မြေကြီးပြည့်စေကြလော့။ မြေတိရစ္ဆာန်၊ မိုဃ်းကောင်းကင်ငှက်အစရှိသော၊ မြေပေါ်မှာ လှုပ်ရှားတတ်သမျှနှင့်၊ ပင်လယ်ငါးအပေါင်းတို့သည်၊ သင်တို့ရှေ့မှာကြောက်ရွံ့ တုန်လှုပ်ခြင်းသဘောရှိကြလိမ့်မည်။ ထိုတိရစ္ဆာန်တို့ကို သင်တို့ လက်၌ငါ အပ်၏။ အသက်ရှင်၍ လှုပ်ရှားတတ်သမျှသည်၊ အသီးအရွက်ကဲ့သို့၊ သင်တို့စားစရာဘို့ ဖြစ်ရမည်။ ခပ်သိမ်း သောအရာတို့ကို သင်တို့၌ ငါအပ်ပေး၏။ သို့သော်လည်း အသက်တည်းဟူသော အသွေးနှင့်တကွ အသားကို မစားရ။ သင်တို့၏ အသက်တည်းဟူသော သင်တို့၏ အသွေးကိုသွန်းသောသူ မည်သူမဆိုသည် သားရဲတိရစ္ဆာန်ဖြစ်စေ၊ လူဖြစ်စေ၊ ခပ်သိမ်းသော လူတို့၏ ညီအစ်ကိုများဖြစ်စေ ၎င်းတို့၏ အသက်ကို ငါတောင်းမည်။ အကြင်သူသည် လူ၏အသွေးကို သွန်း၏။ ထိုသူ၏အသွေးကို လူလက်ဖြင့် သွန်းရမည်။ အကြောင်းမူကား ဘုရားသခင်သည် မိမိပုံသဏ္ဍာန်နှင့်အညီ လူကို ဖန်ဆင်းတော်မူ၏။

ဤကျမ်းပိုဒ်မှ မည်သည့်အရာကို သင်တို့ တွေ့မြင်သနည်း။ ဤကျမ်းပိုဒ်ကို အဘယ်ကြောင့် ငါရွေးခဲ့သနည်း။ သင်္ဘောပေါ်က နောဧနှင့်သူ့မိသားစု၏ ဘဝအကြောင်း ကောက်နုတ်ချက်တစ်ခုကို အဘယ်ကြောင့် ငါမရွေးချယ်ခဲ့သနည်း။ အဘယ်ကြောင့် ဆိုသော်၊ ထိုအချက်အလက်သည် ယနေ့ ငါတို့ ပြောဆိုနေသည့် အကြောင်းအရာနှင့် များစွာဆက်စပ်မှု မရှိသောကြောင့် ဖြစ်သည်။ ငါတို့အာရုံစိုက်နေသည်မှာ ဘုရားသခင်၏ စိတ်သဘောထား ဖြစ်သည်။ ထိုအသေးစိတ် အချက်အလက်များကို သင်တို့ သိချင်သည် ဆိုပါက၊ သင်တို့ကိုယ်တိုင် ဖတ်ရှုဖို့ သမ္မာကျမ်းစာကို ရွေးချယ်နိုင်သည်။ ယင်းနှင့် ပတ်သက်၍ ဤနေရာတွင် ငါတို့ ပြောမည်မဟုတ်။ ယနေ့ ငါတို့ပြောဆိုဆွေးနွေးနေသည့် အဓိကအရာမှာ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို မည်သို့ သိရှိရမည် ဆိုသည့်အကြောင်း ဖြစ်သည်။

နောဧသည် ဘုရားသခင်၏ညွန်ကြားချက်များကို လက်ခံပြီး သင်္ဘောကိုတည်ဆောက်ကာ ကမ္ဘာကြီးကို ဖျက်ဆီးဖို့ ရေလွှမ်းမိုးခြင်းကို ဘုရားသခင် အသုံးပြုသည့်နေ့ရက်များကို ဖြတ်သန်းခဲ့ပြီးနောက်၊ သူ၏မိသားစုဝင် ရှစ်ဦးလုံး အသက်ရှင်ကျန်ရစ်ခဲ့သည်။ နောဧ၏ မိသားစု ရှစ်ဦးမှလွဲ၍ လူသားမျိုးနွယ်အားလုံး ဖျက်ဆီးခြင်းခံခဲ့ရပြီး ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါအားလုံး ဖျက်ဆီးခံခဲ့ရသည်။ နောဧကိုမူ ဘုရားသခင်သည် ကောင်းချီးမင်္ဂလာများပေးခဲ့ပြီး သူနှင့်သူ၏သားများကို အချို့အရာများ ပြောဆိုခဲ့သည်။ ဤအရာများမှာ ဘုရားသခင်က သူ့ကို ပေးသနားခဲ့သည့် အရာများဖြစ်ပြီး သူ့အပေါ် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာလည်း ဖြစ်သည်။ ဤသည်မှာ သူ့ကို နားထောင်နိုင်ပြီး သူ၏ညွှန်ကြားချက်များကို လက်ခံနိုင်သူကို ဘုရားသခင်ပေးသည့် ကောင်းချီးမင်္ဂလာနှင့် ကတိတို့ဖြစ်ကာ ဘုရားသခင်က လူတို့ကို ဆုချီးမြှင့်သည့် နည်းလမ်းလည်း ဖြစ်သည်။ ဆိုလိုသည်မှာ၊ နောဧသည် ဘုရားသခင်အမြင်တွင် စုံလင်သောသူဖြစ်ခဲ့သည်ဖြစ်စေ သို့မဟုတ် ဖြောင့်မတ်သည့်လူ ဖြစ်ခဲ့သည်ဖြစ်စေ ပဓာနမထားဘဲ၊ ပြီးလျှင် ဘုရားသခင်အကြောင်းကို သူမည်မျှ သိသည်ဆိုသည်ကို ပဓာနမထားဘဲ၊ တိုတိုပြောရလျှင်၊ နောဧနှင့် သူ့သားသုံးယောက်လုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ခဲ့သည်၊ ဘုရားသခင်၏ အမှုနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး၊ ဘုရားသခင်၏ ညွှန်ကြားချက်နှင့်များအညီ သူတို့ လုပ်သင့်သည့်အရာကို လုပ်ဆောင်ခဲ့ကြသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် နောက်တစ်ဆင့်အတွက် ကြီးမားသည့်အထောက်အပံ့ ဖြစ်စေရင်း၊ ရေလွှမ်းမိုးခြင်းအားဖြင့် ကမ္ဘာကို ဖျက်ဆီး ခဲ့ပြီးနောက်ပိုင်းတွင် လူသားများနှင့် သက်ရှိသတ္တဝါ အမျိုးမျိုးကို ဘုရားသခင်အတွက် ထိန်းသိမ်းခဲ့ကြသည်။ နောဧ လုပ်ဆောင်ခဲ့သည့် အရာရာတိုင်းကြောင့်၊ ဘုရားသခင်သည် သူ့ကို ကောင်းချီးပေးခဲ့သည်။ ယနေ့ခေတ်လူများအတွက်မူ နောဧလုပ်ခဲ့သည့် အရာသည် ထုတ်ဖော်ပြောဆိုရန်ပင် ထိုက်တန်ခြင်းမရှိ ဖြစ်ကောင်း ဖြစ်နိုင်သည်။ အချို့က- နောဧသည် မည်သည့်အရာမျှ မလုပ်ခဲ့ပေ။ သူ့ကို ချမ်းသာပေးဖို့ ဘုရားသခင်က စိတ်ပိုင်းဖြတ်ခဲ့ပြီးဖြစ်သည်၊ ထို့ကြောင့် သူသည် တကယ်ကို ကယ်တင်ခြင်းခံခဲ့ရမည် ဖြစ်သည်။ သူ၏ အသက်ရှင်ကျန်ရစ်ခြင်းသည် သူ ကိုယ်တိုင်၏ ထူးချွန်မှုများကြောင့် မဟုတ်ခဲ့ပေ။ လူသည် မလှုပ်မယှက်ဖြစ်သောကြောင့် ဤသည်မှာ ဘုရားသခင်က ဖြစ်စေချင်ခဲ့သည့်အရာဖြစ်သည်ဟူ၍ တွေးပင် တွေးပေလိမ့်မည်။ သို့ရာတွင် ဤသည်မှာ ဘုရားသခင် စဉ်းစားနေခဲ့သည့်အရာ မဟုတ်ပေ။ ဘုရားသခင်အဖို့၊ လူတစ်ယောက် ကြီးမြတ်သည်ဖြစ်စေ သို့မဟုတ် အရေးမပါသည်ဖြစ်စေ၊ ၎င်းတို့အနေဖြင့် သူ့ကို နားထောင်နိုင်သရွေ့၊ သူ၏ညွှန်ကြားချက်များနှင့် သူ ပေးအပ်သည့်အရာကို နာခံနိုင်သရွေ့၊ ပြီးလျှင် သူ၏အလိုနှင့် သူ၏အစီအစဉ်တို့ ချောမွေ့စွာ ပြီးမြောက်နိုင်ရန်အလို့ငှာ သူ၏အမှု၊ သူ၏အလိုနှင့် သူ၏ အစီအစဉ်တို့နှင့် ပူးပေါင်းဆောင်ရွက်နိုင်သရွေ့၊ ထိုလုပ်ရပ်သည် သူ၏ အမှတ်ရခြင်းနှင့် ကောင်းချီးမင်္ဂလာကို ရရှိဖို့ ထိုက်တန်ပေသည်။ ဘုရားသခင်သည် ထိုသို့သောလူများကို တန်ဖိုးထားပြီး ၎င်းတို့၏ လုပ်ဆောင်ချက်များ၊ ၎င်းတို့၏ ချစ်ခြင်းနှင့် သူ့အတွက် ချစ်ခင်မှုများကို နှစ်သက်မြတ်နိုးသည်။ ဤသည်မှာ ဘုရားသခင်၏ သဘောထား ဖြစ်သည်။ သို့ဆိုလျှင် ဘုရားသခင်သည် နောဧကို အဘယ်ကြောင့် ကောင်းချီးပေးခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ လူသား၏ ထိုသို့သော လုပ်ရပ်များနှင့် နာခံခြင်းကို ဘုရားသခင် ဆက်ဆံသည့် ပုံစံ ဖြစ်သောကြောင့် ဖြစ်သည်။

နောဧနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာနှင့် စပ်လျဉ်း၍၊ လူအချို့က- “လူသည် ဘုရားသခင်ကို နားထောင်ပြီး ဘုရားသခင်ကို စိတ်ကျေနပ်စေပါက၊ ဘုရားသခင်သည် လူသားကို ကောင်းချီးပေးသင့်ပါသည်။ ဤအချက်က သိသာထင်ရှားပေသည် မဟုတ်လော” ဟု ပြောကြလိမ့်မည်။ ငါတို့ ထိုကဲ့သို့ ပြောနိုင်သလော။ “မပြောနိုင်ပါ” ဟု လူအချို့က ပြောသည်။ အဘယ်ကြောင့် ထိုကဲ့သို့ ငါတို့ မပြောနိုင်ရသနည်း။ လူအချို့က “လူသားသည် ဘုရားသခင်၏ကောင်းချီးမင်္ဂလာကို မွေ့လျော်ခြင်းငှာ မထိုက်တန်ပါ။” ဟု ပြောကြသည်။ ယင်းသည် လုံးဝဥဿုံ မမှန်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က ၎င်းတို့ကို ပေးအပ်သည့်အရာကို လူတစ်ဦးက လက်ခံလိုက်သည့်အခါ၊ ၎င်းတို့၏ လုပ်ရပ်များက ကောင်းသည် ဆိုးသည်၊ ပြီးလျှင် ထိုလူက နာခံသည် မနာခံသည်၊ ထိုလူက ဘုရားသခင်၏အလိုကို ဖြည့်ဆည်းပေးသည် မဖြည့်ဆည်းပေးသည်ဆိုသည်နှင့် ၎င်းတို့ လုပ်ဆောင်သည့် အရာသည် စံနှုန်းမီသည် မမီသည်ဆိုသည်တို့ကို အကဲဖြတ်ခြင်းအတွက် ဘုရားသခင်ထံတွင် စံနှုန်းတစ်ခုရှိပေသည်။ ဘုရားသခင် ဂရုစိုက်သည့်အရာမှာ လူ၏စိတ်နှလုံး ဖြစ်သည်၊ အပေါ်ယံက ၎င်းတို့၏ လုပ်ရပ်များမဟုတ်ပေ။ ၎င်းတို့ မည်သို့လုပ်ဆောင်သည်ကို ပဓာနမထားဘဲ၊ တစ်စုံတစ်ရာကို ၎င်းတို့လုပ်ဆောင်သရွေ့၊ ဘုရားသခင်က တစ်စုံတစ်ဦးကို ကောင်းချီး ပေးသင့်သည် ဆိုသည်မှာ မမှန််ပေ။ ဤသည်မှာ ဘုရားသခင်နှင့် ပတ်သက်၍ လူတို့ရှိကြသည့် နားလည်မှုလွဲခြင်းတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် အမှုအရာများ၏ အဆုံးသတ် ရလဒ်ကိုသာ ကြည့်သည်မဟုတ်ဘဲ၊ အမှုအရာများ တိုးတက်မှု ဖြစ်စဉ်အတွင်း၌ လူတစ်ဦး၏စိတ်နှလုံးက မည်သို့ရှိပြီး လူတစ်ဦး၏သဘောထားက မည်သို့ရှိသည် ဆိုသည်တို့အပေါ် သာ၍အလေးပေးကာ၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် နာခံမှု၊ အရေးထားမှုနှင့် ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ ဆန္ဒတို့ ရှိမရှိ ဆိုသည်ကိုလည်း ကြည့်ရှုလေသည်။ ထိုအချိန်အခါက နောဧသည် ဘုရားသခင်အကြောင်းကို မည်မျှ သိခဲ့သနည်း။ ယင်းသည် ယခု သင်တို့သိသည့် အယူဝါဒများလောက် များခဲ့သလော။ ဘုရားသခင်၏ အယူအဆများနှင့် အသိပညာကဲ့သို့သော သမ္မာတရား၏ ရှုထောင့်များအရ၊ သူသည် သင်တို့ကဲ့သို့ ရေလောင်းပေးမှုနှင့် ထိန်းကျောင်းပေးမှုများကို ရရှိခဲ့သလော။ မရခဲ့ပေ။ သို့ရာတွင် ငြင်း၍မရသည့် အချက်တစ်ချက်ရှိသည်။ ယနေ့ခေတ်လူတို့၏ အသိ၊ စိတ်များနှင့် နှလုံးသား၏ နက်ရှိုင်းသော နေရာများတွင်ပင်၊ ဘုရားသခင်အပေါ် ၎င်းတို့၏ အယူအဆများနှင့် သဘောထားသည် ဝေဝါးပြီး မရေမရာ ဖြစ်လေသည်။ လူအချို့သည် ဘုရားသခင်၏ တည်ရှိမှုအပေါ်တွင် အပျက်သဘောဆောင်သည့် သဘောထားတစ်ခု ကိုင်စွဲထားသည်ဟုပင် ပြောနိုင်သည်။ သို့ရာတွင် နောဧ၏ နှလုံးသားနှင့် သူ၏အသိထဲတွင်၊ ဘုရားသခင်၏ တည်ရှိမှုသည် အကြွင်းမဲ့ဖြစ်ပြီး ယုံမှားဖွယ်ရာ နည်းနည်းမျှ မရှိခဲ့ပေ၊ ထို့ကြောင့် ဘုရားသခင်အပေါ် သူ၏နာခံမှုသည် အစစ်အမှန်ဖြစ်ပြီး စမ်းသပ်မှုကို ခံနိုင်ခဲ့ပေသည်။ သူ၏ စိတ်နှလုံးသည် ဘုရားသခင်အပေါ် ဖြူစင်ပြီး ပွင့်လင်းသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်တိုင်းကို လိုက်လျှောက်ဖို့ မိမိကိုယ်ကိုယ် သိမ်းသွင်းဖို့ရန် အယူဝါဒများနှင့်ဆိုင်သည့် အသိပညာများစွာကို သူမလိုအပ်ခဲ့သကဲ့သို့၊ ဘုရားသခင်က သူ့ကို ပေးအပ်သည့်အရာကို လက်ခံနိုင်ဖို့နှင့် ဘုရားသခင် လုပ်စေသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်စွမ်း ရှိဖို့ရန် ဘုရားသခင်၏ တည်ရှိမှုကို သက်သေပြဖို့ အချက်အလက်များစွာကိုလည်း သူမလိုအပ်ခဲ့ပေ။ ဤသည်မှာ နောဧနှင့် ယနေ့ခေတ်လူများကြား ပဓာနကျသည့် ခြားနားချက်ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏အမြင်၌ စုံလင်သည့်လူဆိုသည်မှာ တိတိကျကျ မည်သည့်အရာ ဖြစ်သည်ဆိုသည့် စစ်မှန်သော အဓိပ္ပာယ် ဖွင့်ဆိုချက်လည်း ဖြစ်ပေသည်။ ဘုရားသခင် လိုချင်သည်မှာ နောဧကဲ့သို့သော လူများဖြစ်သည်။ သူသည် ဘုရားသခင် ချီးမွမ်းသည့် လူစားမျိုးဖြစ်ပြီး ဘုရားသခင် ကောင်းချီးပေးသည့်လူစားမျိုးလည်း အတိအကျ ဖြစ်သည်။ ဤအရာမှ ဉာဏ်အလင်းပေးမှု တစ်ခုတစ်လေကို သင်တို့ရကြပြီလော။ လူတို့က လူတို့ကို အပြင်ပန်းမှ ကြည့်ကြသော်လည်း၊ ဘုရားသခင်ကြည့်သည့် အရာမှာ လူတို့၏နှလုံးသားနှင့် ၎င်းတို့၏ အနှစ်သာရ ဖြစ်သည်။ ဘုရားသခင်သည် သူ့အပေါ် မည်သည့် စိတ်မပါ့တပါဖြစ်ခြင်းမျှ သို့မဟုတ် မည်သည့်သံသယမျှရှိဖို့ မည်သူကိုမျှ ခွင့်မပြုသကဲ့သို့၊ သူ့ကို လူများက တစ်နည်းနည်းဖြင့် သံသယရှိဖို့ သို့မဟုတ် စမ်းသပ်ဖို့ ခွင့်မပြုပေ။ ထို့ကြောင့် ယနေ့ခေတ်လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် မျက်နှာချင်းဆိုင် နေရသော်လည်း- ဘုရားသခင်နှင့် မျက်နှာချင်းဆိုင်ရသည်ဟုပင် ပြောနိုင်သည်- သူတို့ စိတ်နှလုံးအတွင်း နက်ရှိုင်းနေရာများထဲက တစ်စုံတစ်ခုကြောင့်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရ၏ တည်ရှိခြင်းနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ ရန်လိုသည့် သဘောထားတို့ကြောင့်၊ လူတို့သည် ဘုရားသခင်၌ အမှန်တကယ် ယုံကြည်မှု ရှိခြင်းမှ ပိတ်ပင်ခံထားရပြီးဖြစ်ကာ၊ သူ့ကို နာခံခြင်းမှ ထားဆီးခံရပြီးဖြစ်သည်။ ဤအရာကြောင့် ၎င်းတို့အတွက် နောဧအပေါ် ဘုရားသခင် အပ်နှင်းခဲ့သည့် အလားတူ ကောင်းချီးမင်္ဂလာကို ရရှိဖို့ အလွန်ခက်ခဲပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

လူသားနှင့် သူ၏ပဋိညာဉ် သင်္ကေတတစ်ခုအဖြစ် ဘုရားသခင်သည် သက်တံကို အသုံးပြုသည်

ကမ္ဘာဦး ၉:၁၁-၁၃ သင်တို့နှင့် ငါပြုသော ပဋိညာဉ်ဟူမူကား၊ ရေလွှမ်းမိုးခြင်းအားဖြင့်၊ ခပ်သိမ်းသော သတ္တဝါတို့သည် နောက်တဖန် မဆုံးရကြ။ မြေကြီးကို...

ဘုရားသခင်သည် ကမ္ဘာလောကကို ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးရန် ရည်ရွယ်ကာ နောဧကို သင်္ဘောဆောက်ရန် ညွှန်ကြားသည်

ကမ္ဘာဦး ၆:၉-၁၄ နောဧအတ္ထုပ္ပတ္တိဟူမူကား၊ နောဧသည် ဖြောင့်မတ်သောသူ၊ မိမိအမျိုး၌ စုံလင်သောသူဖြစ်၏။ ဘုရားသခင်နှင့် အတူသွားလာ၏။ နောဧသည် ရှေမ၊...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။