အနန္တတန်ခိုးရှင် ဘုရားသခင်နှင့် သခင်ယေရှုတို့သည် တစ်ပါးတည်းသော ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း ဖြစ်သည်

19.09.2019

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူသားများအကြားတွင်၊ ငါသည် ၎င်းတို့ မမြင်နိုင်သော ဝိညာဉ်၊ ၎င်းတို့ မည်သည့်အခါမျှ ထိတွေ့နိုင်ခြင်းမရှိသော ဝိညာဉ်ဖြစ်၏။ ကမ္ဘာမြေပေါ်က (လောကကို ဖန်ဆင်းခြင်း၊ ရွေးနုတ်ခြင်းနှင့် ဖျက်ဆီးခြင်း) ငါ၏အမှု အဆင့်သုံးဆင့်ကြောင့်၊ ငါသည် ၎င်းတို့အကြား ငါ၏အမှုကို လုပ်ဆောင်ရန် မတူညီသော အချိန်များတွင် (မည်သည့်အခါမျှ လူသိရှင်ကြားမဟုတ်ဘဲ) ၎င်းတို့အလယ် ပေါ်ထွန်း၏။ လူသားများအကြား ငါ ကြွလာခဲ့သည့် ပထမဦးဆုံးအကြိမ်သည် ရွေးနုတ်ခြင်းခေတ်အတွင်း ဖြစ်သည်။ ဟုတ်ပေ၏၊ ငါသည် ယုဒလူမျိုးမိသားစုတစ်ခုထဲသို့ ကြွလာခဲ့သည်။ ထို့သို့ဖြစ်သဖြင့်၊ ဘုရားသခင် ကမ္ဘာမြေပေါ်သို့ ကြွလာသည်ကို ပထမဦးဆုံး မြင်ရသူတို့မှာ ယုဒလူမျိုးများ ဖြစ်ကြ၏။ ဤအမှုကို ငါကိုယ်တိုင်ကိုယ်ကျ ပြုရသည့်အကြောင်းရင်းမှာ ငါသည် ငါ၏ရွေးနုတ်ခြင်းအမှု၌ ငါ၏ လူ့ဇာတိကို အပြစ်ဖြေရာယဇ်တစ်ခုအဖြစ် အသုံးပြုလိုခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့်၊ ငါ့ကို ပထမဆုံး တွေ့ရသူများသည် ကျေးဇူးတော်ခေတ်ထဲက ယုဒလူမျိုးများ ဖြစ်ကြသည်။ ယင်းမှာ လူ့ဇာတိ၌ ငါ အမှုပြုသည့် ပထမဦးဆုံးအကြိမ် ဖြစ်သည်။ နိုင်ငံတော်ခေတ်တွင်၊ ငါ၏အမှုသည် သိမ်းပိုက်ရန်နှင့် စုံလင်စေရန် ဖြစ်သည်၊ ထို့ကြောင့် ငါသည် ငါ၏ ထိန်းကျောင်းခြင်းအမှုကို လူ့ဇာတိ၌ တစ်ဖန် လုပ်ဆောင်ပေသည်။ ဤသည်မှာ ငါ ဒုတိယအကြိမ် လူ့ဇာတိ၌ အမှုပြုခြင်း ဖြစ်သည်။ အမှု၏ နောက်ဆုံး နှစ်ဆင့်တွင်၊ လူတို့ ထိတွေ့သည့်အရာမှာ မမြင်နိုင်သကဲ့သို့ လက်ဆုပ်လက်ကိုင်ပြ၍ မရသည့် ဝိညာဉ်တော် မဟုတ်တော့ဘဲ၊ လူ့ဇာတိအဖြစ် အမှန်တကယ် ဖြစ်ပေါ်သည့် ဝိညာဉ်တော်ဖြစ်သော လူတစ်ဦး ဖြစ်သည်။ ထို့ကြောင့်၊ လူသား၏ အမြင်တွင်၊ ငါသည် ဘုရားသခင်၏ အသွင်နှင့် ခံစားချက် မရှိသည့် လူသားတစ်ဦး တစ်ဖန် ဖြစ်လာသည်။ ထို့အပြင်၊ လူတို့မြင်သည့် ဘုရားသခင်သည် အမျိုးသားဖြစ်သည်သာမက အမျိုးသမီးလည်း ဖြစ်သည်၊ ယင်းသည် ၎င်းတို့အဖို့ အလွန်အံ့အားသင့်ဖွယ်ကောင်းဆုံးနှင့် အတွေးရအခက်ဆုံး ဖြစ်သည်။ အကြိမ်အကြိမ် အဖန်အဖန် ငါ၏ ထူးခြားသော အမှုသည် နှစ်ပေါင်းများစွာကြာ ကိုင်စွဲထားသော ယုံကြည်မှုဟောင်းများကို အစိတ်စိတ်အမြွှာမြွှာ ကွဲကြေစေပြီးဖြစ်သည်။ လူတို့သည် ရင်သပ်ရှုမောဖြစ်ကြရသည်။ ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော်၊ ဝိညာဉ်တော်၊ ခုနစ်ဆ ပြင်းထန်သည့် ဝိညာဉ်တော်၊ သို့မဟုတ် အရာခပ်သိမ်းကို လွှမ်းခြုံသော ဝိညာဉ်တော်ဖြစ်ရုံမျှမက၊ လူသားတစ်ဦး- သာမန်လူတစ်ဦး၊ အထူးပင် သာမညဖြစ်သော လူသားတစ်ဦးလည်း ဖြစ်၏။ သူသည် အမျိုးသားဖြစ်သည်သာမက၊ အမျိုးသမီးလည်း ဖြစ်၏။ ၎င်းတို့သည် လူသားများထံ မွေးဖွားကြရာတွင် တူညီကြပြီး၊ တစ်ဦးက သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေစွဲယူပြီး အခြားတစ်ဦးသည် ဝိညာဉ်တော်ထံမှ တိုက်ရိုက် ဆင်းသက်သော်လည်း၊ လူသားတစ်ဦးထံ မွေးဖွားသည်ဆိုရာတွင် မတူညီကြချေ။ နှစ်ဦးလုံးသည် အဖဘုရားသခင်၏အမှုကို ဘုရားသခင်၏လူ့ဇာတိက ဆောင်ရွက်ရာတွင် ဆင်တူကြပြီး၊ တစ်ဦးက ရွေးနုတ်ခြင်းအမှုကို ဆောင်ရွက်သော်လည်း အခြားတစ်ဦးက သိမ်းပိုက်ခြင်း အမှုကို ဆောင်ရွက်ရာတွင် မတူညီကြချေ။ နှစ်ဦးလုံးသည် အဖဘုရားသခင်ကို ကိုယ်စားပြုသော်လည်း တစ်ဦးသည် မေတ္တာနှင့် ကရုဏာတို့ဖြင့် ပြည့်နေသော ရွေးနုတ်ရှင်ဖြစ်ပြီး၊ အခြားတစ်ဦးမှာ အမျက်ဒေါသနှင့် တရားစီရင်ခြင်းတို့ဖြင့် ပြည့်နေသည့် ဖြောင့်မတ်ခြင်း၏ ဘုရားသခင်ဖြစ်၏။ တစ်ဦးသည် ရွေးနုတ်ကယ်တင်ခြင်း အမှုကို စတင်ခဲ့သည့် ဦးစီးချုပ်ဖြစ်သော်လည်း၊ အခြားတစ်ဦးသည် သိမ်းပိုက်ခြင်း အမှုကို ပြီးမြောက်သည့် ဖြောင့်မတ်သော ဘုရားသခင်ဖြစ်၏။ တစ်ဦးသည် အစဖြစ်ကာ အခြားတစ်ဦးသည် အဆုံးဖြစ်၏။ တစ်ဦးသည် အပြစ်မဲ့သော လူ့ဇာတိဖြစ်သော်လည်း၊ အခြားတစ်ဦးသည် ရွေးနုတ်ခြင်းကို ပြီးစီးစေပြီး အမှုကို ဆက်လက် ဆောင်ရွက်ကာ မည်သည့်အခါမျှ အပြစ်မရှိသည့် လူ့ဇာတိဖြစ်သည်။ နှစ်ဦးလုံးသည် ဝိညာဉ်တော်တစ်ခုတည်း ဖြစ်သော်လည်း၊ ကွဲပြားသော လူ့ဇာတိများတွင် နေထိုင်ကာ ကွဲပြားသော နေရာများတွင် မွေးဖွားခဲ့ကြပြီး၊ ၎င်းတို့သည် နှစ်ပေါင်း ထောင်ပေါင်းများစွာ ခြား၏။ သို့သော်၊ ၎င်းတို့၏အမှုအားလုံးသည် မည်သည့်အခါမျှ ကွဲလွဲခြင်းမရှိဘဲ၊ နှစ်ဦးနှစ်ဖက် လိုက်ဖက်ကြပြီး၊ တစ်ချိန်တည်း ပြောဆို၍ရသည်။ နှစ်ဦးလုံးသည် လူများဖြစ်သော်လည်း၊ တစ်ဦးသည် သားယောက်ျားလေး ဖြစ်ကာ အခြားတစ်ဦးသည် မွေးကင်းစ မိန်းကလေးဖြစ်၏။ ဤနှစ်များစွာကြာ၊ လူတို့ မြင်ထားသည့်အရာမှာ ဝိညာဉ်တော်ဖြစ်သည်သာမက၊ လူယောက်ျား လူသားတစ်ဦး ဖြစ်သည်သာမက၊ လူ့အယူအဆများနှင့် မကိုက်ညီသည့် အရာများစွာလည်း ဖြစ်သည်။ ထိုသို့ဖြစ်သဖြင့်၊ လူတို့သည် ငါ့ကို မည်သည့်အခါတွင်မျှ အပြည့်အဝ နားမလည်နိုင်ကြပေ။ ၎င်းတို့သည် ငါ တည်ရှိသော်လည်း အရိပ်ပမာ အိပ်မက်တစ်ခုလည်း ဖြစ်သည့်အလား ငါ့ကို ယုံတစ်ဝက် မယုံတစ်ဝက် ဖြစ်မြဲ ဖြစ်နေကြသည်၊ ယင်းမှာ ယနေ့ထက်ထိ၊ လူတို့က ဘုရားသခင် အဘယ်အရာဖြစ်သည်ကို မသိကြသေးသည့် အကြောင်းရင်း ဖြစ်သည်။ သင်သည် ငါ့ကို ရိုးရှင်းသည့် ဝါကျတစ်ကြောင်းတည်းဖြင့် အမှန်တကယ် အကျဉ်းရုံးဖော်ပြနိုင်သလော။ “ယေရှုသည် ဘုရားသခင်မှလွဲ၍ အခြားမဟုတ်သကဲ့သို့၊ ဘုရားသခင်သည်လည်း ယေရှုမှလွဲ၍ အခြားမဟုတ်” ဟု သင် အမှန်တကယ် ဆိုဝံ့သလော။ “ဘုရားသခင်သည် ဝိညာဉ်တော်မှလွဲ၍ အခြားမဟုတ်သကဲ့သို့၊ ဝိညာဉ်တော်သည် ဘုရားသခင်မှလွဲ၍ အခြားမဟုတ်” ဟု သင်သည် ဆိုဝံ့သလောက် အမှန်တကယ် အလွန်ရဲဝံ့သလော။ “ဘုရားသခင်သည် လူ့ဇာတိကို ဆင်မြန်းထားသည့် လူသားတစ်ဦးသာ ဖြစ်သည်” ဟု ဆိုရန် စိတ်သက်သောင့်သက်သာရှိသလော။ “ယေရှု၏ ပုံသဏ္ဌာန်သည် ဘုရားသခင်၏ ကြီးမြတ်သော ပုံသဏ္ဌာန်ဖြစ်သည်” ဟု အခိုင်အမာဆိုရန် သတ္တိ သင်၌ အမှန်တကယ် ရှိသလော။ ဘုရားသခင်၏ စိတ်သဘောထားနှင့် ပုံသဏ္ဌာန်ကို စေ့စပ်သေချာစွာ ရှင်းပြရန် သင်၏ စကားပြောကောင်းခြင်းကို သင် အသုံးနိုင်သလော။ “ဘုရားသခင်သည် သူ၏ သဏ္ဌာန်နှင့်အညီ အမျိုးသမီးများ မဟုတ်ဘဲ အမျိုသားကိုသာ ဖန်ဆင်းခဲ့သည်” ဟု သင် အမှန်တကယ် ပြောဝံ့သလော။ သင်သည် ဤသို့ပြောပါက၊ ငါရွေးချယ်သည့်အထဲတွင် အမျိုးသမီး ရှိမည်မဟုတ်ဘဲ၊ အမျိုးသမီးများသည် လူသားမျိုးနွယ်၏ အတန်းအစားတစ်ခု သာ၍ပင် ဖြစ်မည် မဟုတ်ပေ။ ယခုတွင် ဘုရားသခင်က မည်သည့်အရာဖြစ်သည်ကို သင် အမှန်တကယ် သိပြီလော။ ဘုရားသခင်သည် လူသားတစ်ဦးလော။ ဘုရားသခင်သည် ဝိညာဉ်တစ်ပါးလော။ ဘုရားသခင်သည် အမှန်တကယ် အမျိုးသား တစ်ဦးလော။ ငါ လုပ်ဆောင်ရမည့် အမှုကို ယေရှုသာ ပြီးစီးစေနိုင်သလော။ ငါ၏အနှစ်သာရကို အချုပ်ဖော်ပြရန် အထက်ပါအနက် တစ်ခုကိုသာ သင်ရွေးချယ်ပါက၊ သင်သည် အလွန့်အလွန် မသိနားမလည်သည့် သစ္စာစောင့်သည့် ယုံကြည်သူတစ်ဦး ဖြစ်ပေလိမ့်မည်။ ငါသည် တစ်ကြိမ် တစ်ခါတည်းသာ လူ့ဇာတိခံ ခန္ဓာအဖြစ် အမှုပြုခဲ့ပါက၊ သင်သည် ငါ့ကို ဘောင်ခတ်မည်လော။ ငါ့ကို အကြည့်တစ်ချက်ဖြင့် သင်သည် အမှန်တကယ် လုံးလုံးလျားလျား နားလည်နိုင်မည်လော။ သင်၏ တစ်သက်တာအတွင်း သင်နှင့် ထိတွေ့ခဲ့သည့် အရာအပေါ် အခြေခံ၍ ငါ့ကို သင် အမှန်တကယ် လုံးဝ အကျဉ်းရုံးဖော်ပြနိုင်သလော။ ငါသည် ငါ၏ လူ့ဇာတိခံခြင်းနှစ်ခုလုံးတွင် တူညီသည့် အမှုကို ပြုခဲ့ပါက၊ သင်တို့သည် ငါ့ကို မည်သို့ သဘောပေါက်မည်နည်း။ သင်တို့သည် ငါ့ကို ကားတိုင်ပေါ် အစဉ်အမြဲ သံမှိုရိုက်လျက် ထားရစ်မည်လော။ ဘုရားသခင်သည် သင် အခိုင်အမာဆိုသလောက် ရိုးရှင်းသလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် ပတ်သက်သည့် သင်၏ သိနားလည်မှုသည် အဘယ်နည်း

ယေရှုနှင့် ငါသည် ဝိညာဉ်တော် တစ်ပါးတည်းမှလာသည်။ ငါတို့နှစ်ဦးသည် ဇာတိခန္ဓာအားဖြင့် ဆက်စပ်မှုမရှိသော်လည်း ငါတို့၏ဝိညာဉ်များမှာမူ တစ်လုံးတစ်ဝတည်းပင်ဖြစ်သည်။ ငါတို့လုပ်ဆောင်သည့် အကြောင်းအရာနှင့် ငါတို့လုပ်ဆောင်သော အမှုသည် တူညီမှုမရှိသော်လည်း ငါတို့၏ အနှစ်သာရသည် အတူတူပင်ဖြစ်သည်။ ငါတို့၏ ဇာတိခန္ဓာတို့သည် ခြားနားသော ပုံသဏ္ဌာန်များကို ဆောင်သော်လည်း ထိုအရာသည် ခေတ်ကာလ၏ အပြောင်းအလဲနှင့် ငါတို့အမှု၏ တောင်းဆိုမှုတို့ မတူညီခြင်းကြောင့်ဖြစ်သည်။ ငါတို့၏ အမှုတော်များသည် တူညီမှုမရှိပေ၊ ထို့ကြောင့် ငါတို့ဖော်ဆောင်လာသော အမှုနှင့် လူသားကို ငါတို့ထုတ်ဖော်ပြသသော စိတ်သဘောထားသည်လည်း ခြားနားလေသည်။ ထိုအကြောင်းကြောင့် ယနေ့ လူသားများမြင်သောအရာနှင့် နားလည်သောအရာသည် အတိတ်ကကဲ့သို့ မဟုတ်တော့ချေ၊ ယင်းသို့ဖြစ်ရခြင်းမှာ ခေတ်ကာလ အပြောင်းအလဲကြောင့်ဖြစ်သည်။ သူတို့၏ လိင်အမျိုးအစားနှင့် သူတို့ဇာတိခန္ဓာများ၏ ပုံသဏ္ဌာန်သည် ကွဲပြားလျက်ရှိကာ သူတို့သည် မိသားစုတစ်ခုတည်းတွင် သာမက၊ အချိန်ကာလတစ်ခုတည်းတွင် မွေးဖွားလာခြင်း မဟုတ်လင့်ကစား သူတို့၏ဝိညာဉ်များသည် တစ်ပါးတည်းပင်ဖြစ်သည်။ သူတို့၏ဇာတိခန္ဓာများသည် မျိုးရိုး၊ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာအရ မည်သည့်သွေးသားတော်စပ်မှုမျိုးမျှ မရှိလင့်ကစား သူတို့သည် မတူညီသော အချိန်ကာလနှစ်ခုအတွင်း ဘုရားသခင်ခံယူထားသော ဇာတိခန္ဓာများ ဖြစ်သည်ဆိုသည့် အချက်ကိုမူ ငြင်းပယ်၍မရပေ။ သူတို့သည် တူညီသောသွေးသားမျိုးရိုးမှ မဟုတ်သည့်အပြင် လူတို့၏ဘုံဘာသာစကား တစ်ခုတည်းကို အတူမပြောသော်လည်း (တစ်ဦးသည် ယုဒလူမျိုးတို့၏ ဘာသာစကားကိုပြောသည့် အမျိုးသားဖြစ်ပြီး၊ နောက်တစ်ဦးသည် တရုတ်ဘာသာစကားကိုသာ ပြောသည့် အမျိုးသမီးဖြစ်သည်) သူတို့သည် ဘုရားသခင် ခံယူထားသည့် ဇာတိခန္ဓာများဖြစ်သည် ဆိုသည့်အချက်မှာ ငြင်းမရနိုင်သည့် အမှန်တရားပင်ဖြစ်သည်။ ဤအကြောင်းရင်းများကြောင့် သူတို့သည် မတူညီသည့် နိုင်ငံများတွင်နေထိုင်ပြီး သူတို့တစ်ဦးစီ လုပ်သင့်လုပ်ထိုက်သည့် အမှုကို မတူကွဲပြားသည့် အချိန်အပိုင်းအခြားတို့တွင် လုပ်ဆောင်ခြင်းဖြစ်သည်။ သူတို့၏ဝိညာဉ်သည် အတူတူပင်ဖြစ်ပြီး၊ သူတို့သည် တူညီသော အနှစ်သာရတို့ကို ပိုင်ဆိုင်ကြသော်ငြားလည်း သူတို့ဇာတိခန္ဓာများ၏ အပြင်ပန်းသဏ္ဌာန်တို့အကြားတွင် တူညီမှုများဟူ၍ ဘာဆိုဘာမျှ မရှိပေ။ သူတို့၌ တူညီသော လူ့သဘာဝသာ ရှိကြသည်၊ သို့သော်လည်း သူတို့ဇာတိခန္ဓာများ၏ အပြင်ရုပ်သဏ္ဌာန်ပိုင်းဆိုင်ရာနှင့် သူတို့မွေးဖွားလာသည့် အခြေအနေများအရဆိုပါက သူတို့သည် တစ်ဦးနှင့်တစ်ဦး မတူညီကြပေ။ ထိုအရာများသည် သူတို့၏ သက်ဆိုင်ရာအမှု၊ သို့မဟုတ် သူတို့အပေါ်ထားရှိသော လူသား၏သိခြင်းအပေါ် အကျိုးသက်ရောက်မှုမရှိပေ၊ အကြောင်းမှာ နောက်ဆုံးပိတ်ခြုံငုံဆန်းစစ်သော် သူတို့သည် တူညီသော ဝိညာဉ်တော်ပင်ဖြစ်ပြီး မည်သည့်အရာကမျှ သူတို့ကို ခွဲခြား၍မရနိုင်သောကြောင့် ဖြစ်သည်။ သူတို့သည် သွေးသားအရ ဆက်စပ်မှုမရှိသော်လည်း သူတို့၏ဖြစ်တည်မှု တစ်ခုလုံးသည် သူတို့၏ဝိညာဉ်တော်များ၏ စောင့်ရှောက်မှုအောက်တွင် ရှိနေပြီး၊ ထိုအရာသည် သူတို့ကို မတူညီသောအချိန်ကာလများတွင် မတူညီသောအမှုကို ခွဲခန့်ပေးပြီး၊ သူတို့၏ ဇာတိခန္ဓာများကိုလည်း မတူညီသော မျိုးရိုးများသို့ ခွဲခန့်ပေးသည်။ ယေဟောဝါ၏ ဝိညာဉ်တော်သည် ယေရှုဝိညာဉ်တော်၏ ဖခင်မဟုတ်သကဲ့သို့၊ ယေရှု၏ ဝိညာဉ်တော်သည်လည်း ယေဟောဝါဝိညာဉ်တော်၏ သားမဟုတ်ပေ၊ သူတို့သည် တစ်လုံးတစ်ဝတည်းပင် ဖြစ်ကြပြီး တူညီသောဝိညာဉ်တော်ပင် ဖြစ်သည်။ ထိုနည်းတူစွာပင် ယနေ့ကာလ၏ လူ့ဇာတိခံယူသော ဘုရားသခင်နှင့် ယေရှုသည် သွေးသားအားဖြင့် ဆက်စပ်မှုမရှိသော်လည်း၊ သူတို့သည် တစ်လုံးတစ်ဝတည်း ဖြစ်ကြသည်။ အကြောင်းမှာ သူတို့၏ ဝိညာဉ်များသည်လည်း တစ်ပါးတည်း ဖြစ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် သနားခြင်းနှင့် ချစ်ခင်ကြင်နာခြင်းအမှုကို လုပ်ဆောင်နိုင်သကဲ့သို့ လူသားတို့အပေါ် ဖြောင့်မတ်သော တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှုကိုလည်း လုပ်ဆောင်နိုင်ပြီးလျှင်၊ လူသားများအပေါ် ကျိန်ဆဲသောအမှုကိုလည်း ပြုနိုင်သည်၊ အဆုံးတွင် သူသည် ကမ္ဘာလောကကြီးကို ဖျက်ဆီးခြင်းနှင့် ဆိုးယုတ်သောသူများကို အပြစ်ဒဏ်ခတ်ခြင်း အမှုကို လုပ်ဆောင်နိုင်သည်။ ထိုအရာများအားလုံးကို သူကိုယ်တိုင်လုပ်ဆောင်သည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်၏ အတိုင်းအဆမဲ့တန်ခိုးပင် မဟုတ်သလော။ သူသည် လူသားအတွက် ဥပဒေသများကို ပြဋ္ဌာန်းခြင်းနှင့် လူသားအတွက် ပညတ်တော်များ ထုတ်ပြန်ခြင်း နှစ်ခုစလုံးကို လုပ်ဆောင်နိုင်ခဲ့သည်။ ထို့ပြင် သူသည် အစောပိုင်း ဣသရေလလူမျိုးများကို ကမ္ဘာကြီးပေါ်တွင် အသက်ရှင်နေထိုင်ရာ၌ ဦးဆောင်ပေးနိုင်ခဲ့ပြီး၊ သူ၏အုပ်စိုးမှုအောက်တွင် ဣသရေလလူမျိုးများကို ထိန်းသိမ်းထားပြီး ဗိမာန်တော်နှင့် ယဇ်ပလ္လင်များ တည်ဆောက်ဖို့ရန်အတွက် လမ်းပြပေးနိုင်ခဲ့သည်။ သူ၏အာဏာကြောင့် သူသည် ဣသရေလလူမျိုးများနှင့် ကမ္ဘာပေါ်တွင် နှစ်ပေါင်းနှစ်ထောင်တိုင်တိုင် နေထိုင်ခဲ့သည်။ ဣသရေလလူမျိုးများသည် သူ့ကို မပုန်ကန်ရဲခဲ့ပေ၊ ထိုသူအားလုံးတို့သည် ယေဟောဝါကို ကြောက်ရွံ့ပြီး သူ၏ပညတ်တော်များကို စောင့်ထိန်းခဲ့ကြသည်။ ထိုအရာမှာ သူ၏အာဏာနှင့် အနန္တတန်ခိုးကို အရင်းခံ၍ လုပ်ဆောင်ခဲ့သော အမှုဖြစ်သည်။ ထို့နောက် ကျေးဇူးတော်ခေတ်တွင် ယေရှုသည် ကျဆုံးသွားပြီးသော လူသားမျိုးနွယ်တစ်ရပ်လုံးကို (ဣသရေလလူမျိုးများသာမဟုတ်) ရွေးနုတ်ရန်အလို့ငှာ ကြွဆင်းလာခဲ့သည်။ သူသည် လူသားများကို သနားခြင်းနှင့် ချစ်ခြင်းကရုဏာကို ပြသခဲ့သည်။ ကျေးဇူးတော်ခေတ်တွင် လူသားများ မြင်တွေ့ခဲ့ရသည့် ယေရှုသည် ချစ်ခြင်းကရုဏာနှင့် ပြည့်နှက်နေခဲ့ပြီး လူသားများကို အစဉ်အမြဲ ချစ်သောသူဖြစ်ခဲ့သည်၊ အကြောင်းမှာ သူသည် လူသားမျိုးနွယ်ကို အပြစ်မှ ကယ်တင်ရန်အလို့ငှာ ကြွလာသောကြောင့်ဖြစ်သည်။ သူ၏ ကားတိုင်ပေါ်အသေခံခြင်းသည် လူသားမျိုးနွယ်ကို အပြစ်မှ လုံးလုံးလျားလျား ရွေးနုတ်ခဲ့သည်အထိ လူသားများ၏ အပြစ်များကို သူခွင့်လွှတ်နိုင်ခဲ့သည်။ ထိုအချိန်ကာလတွင် ဘုရားသခင်သည် လူသားတို့၏ရှေ့တွင် သနားခြင်းနှင့် ချစ်ခြင်းကရုဏာတို့နှင့် ပေါ်ထွန်းလာခဲ့သည်၊ ဆိုလိုသည်မှာ သူသည် လူသားတို့အတွက် အပြစ်ဖြေရာယဇ်ဖြစ်ခဲ့ပြီး လူသားတို့ ထာဝရခွင့်လွှတ်ခြင်းကို ရရှိနိုင်ရန်အလို့ငှာ သူတို့၏ အပြစ်များအတွက် ကားတိုင်ပေါ်တွင် အသေခံခဲ့သည်။ သူသည် သနားခြင်း၊ ကရုဏာ၊ သည်းခံခြင်းနှင့် ချစ်ခြင်းမေတ္တာတို့နှင့် ပြည့်ဝခဲ့သည်။ ထို့ပြင် ကျေးဇူးတော်ခေတ်အတွင်း ယေရှု၏နောက်သို့ လိုက်ခဲ့သောသူများသည်လည်း ထိုနည်းတူစွာ အရာရာ၌ သည်းခံနိုင်ပြီး ချစ်နိုင်ရန် ကြိုးစားခဲ့ကြသည်။ သူတို့၌ စိတ်ရှည်ခြင်းရှိပြီး၊ ရိုက်နှက်ခြင်း၊ ကျိန်ဆဲခြင်း၊ သို့မဟုတ် ခဲနှင့်ပေါက်ခြင်း ခံရသည့်အခါတွင်ပင် သူတို့သည် ဘယ်သောအခါမျှ ပြန်လည်မတိုက်ခိုက်ခဲ့ပေ။ သို့သော် နောက်ဆုံးသောအဆင့်တွင် ဤကဲ့သို့ မဟုတ်နိုင်တော့ပေ။ ယေရှုနှင့် ယေဟောဝါသည် ဝိညာဉ်တော်တစ်ပါးတည်းနှင့် ဆိုင်သော်လည်း သူတို့နှစ်ဦး၏ အလုပ်သည် အလုံးစုံ မတူညီပေ။ ယေဟောဝါ၏အမှုမှာ ခေတ်ကာလကို အဆုံးမသတ်ပေးခဲ့ပေ၊ ထိုအစား ကမ္ဘာပေါ်တွင်ရှိသည့် လူသားမျိုးနွယ်၏ အသက်တာကို စတင်လမ်းဖွင့်ပေးလျက် ခေတ်ကာလကို လမ်းပြခဲ့သည်။ ယနေ့ကာလ၏ အမှုမှာမူ အကြီးအကျယ် ဖောက်ပြန်ပျက်စီးနေသည့် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများတွင်ရှိနေသော သူများကို သိမ်းပိုက်ရန်အတွက်ဖြစ်ပြီး၊ တရုတ်ပြည်ရှိ ဘုရားသခင် ရွေးချယ်ထားသောသူများကိုသာမဟုတ်ဘဲ စကြဝဠာတစ်ခုလုံးနှင့် လူသားမျိုးနွယ်အားလုံးကို ဦးဆောင်လမ်းပြဖို့ရန်အတွက်ပင်ဖြစ်သည်။ ဤအမှုကို တရုတ်တစ်နိုင်ငံထဲတွင်သာ လုပ်ဆောင်နေသည်ဟု သင့်အတွက် ထင်ကောင်းထင်ရပေမည်၊ သို့သော်လည်း အမှန်တကယ်တွင်မူ ထိုအမှုသည် တိုင်းတစ်ပါးသို့ စတင်ပျံ့နှံ့လျက် ရှိနေပြီးဖြစ်သည်။ တရုတ်နိုင်ငံပြင်ပမှ လူများသည် စစ်မှန်သော လမ်းခရီးကို အဘယ့်ကြောင့် အထပ်ထပ်အခါခါ ဖွေရှာကြသနည်း။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်တော်သည် အားထုတ်ဆောင်ရွက်နေပြီးသားဖြစ်ပြီး၊ ယနေ့ပြောသော နှုတ်ကပတ်တော်များသည် စကြဝဠာတစ်ခုလုံးရှိ လူသားများအတွက် ရည်ညွှန်းထားသောကြောင့်ဖြစ်သည်။ ဤသို့အားဖြင့် အမှု၏တစ်ဝက်ကို လုပ်ဆောင်နေပြီဖြစ်သည်။ ကမ္ဘာကြီးကို ဖန်ဆင်းခဲ့သည့်အချိန်မှစပြီး လက်ရှိကာလအထိ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဤအမှုကြီးကို စတင်လှုပ်ရှားစေခဲ့ပြီ ဖြစ်သည်၊ ထို့ပြင် ခြားနားသော ခေတ်ကာလများအတွင်းနှင့် ကွဲပြားသော တိုင်းနိုင်ငံများအကြားတွင် ကွဲပြားခြားနားသော အမှုကို လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ ခေတ်ကာလအသီးသီး၏ လူသားများသည် ဘုရားသခင်၏ ကွဲပြားခြားနားသော စိတ်သဘောထားတစ်ခုကို မြင်တွေ့ခဲ့ကြရပြီး၊ ယင်းကို သူလုပ်ဆောင်သော ကွဲပြားခြားနားသည့် အမှုမှတစ်ဆင့် အလိုအလျောက် ထုတ်ဖော်ထားခြင်းဖြစ်သည်။ သူသည် သနားခြင်းနှင့် ချစ်ခြင်းကရုဏာ ပြည့်ဝနေသည့် ဘုရားသခင်ဖြစ်သည်။ သူသည် လူသားအတွက် အပြစ်ဖြေရာယဇ်ဖြစ်ပြီး လူသား၏ သိုးထိန်းလည်းဖြစ်သည်။ သို့သော်လည်း သူသည် လူသားများ၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ခြင်းလည်း ဖြစ်သည်။ သူသည် လူသားများ ကမ္ဘာကြီးပေါ်တွင် နှစ်ပေါင်းနှစ်ထောင် အသက်ရှင်နေထိုင်ရန် ဦးဆောင်လမ်းပြပေးနိုင်ခဲ့ပြီး ဖောက်ပြန်ပျက်စီးနေသည့် လူသားမျိုးနွယ်ကိုလည်း အပြစ်မှ ရွေးနုတ်ပေးနိုင်ခဲ့သည်။ ယနေ့ သူသည် သူ့ကိုမသိသည့် လူသားမျိုးနွယ်ကို သိမ်းပိုက်နိုင်ပြီး၊ အားလုံးက သူ့ကို အပြည့်အဝ ကျိုးနွံနာခံရန်အလို့ငှာ သူတို့ကို သူ၏ အုပ်စိုးခြင်းအောက်သို့ ပျပ်ဝပ်စေနိုင်သည်။ အဆုံးတွင် ဘုရားသခင်သည် လူတို့ကို သူသည် သနားခြင်းနှင့် ချစ်ခြင်းကရုဏာနှင့်ပြည့်သော ဘုရားသခင်သာ မဟုတ်သည်ကိုလည်းကောင်း၊ ဉာဏ်ပညာနှင့် အံသြဖွယ်ရာများပြည့်သော ဘုရားသခင်သာမဟုတ်သည်ကိုလည်းကောင်း၊ သန့်ရှင်းသော ဘုရားသခင်သာ မဟုတ်သည်သာမက လူသားကို တရားစီရင်သော ဘုရားသခင်လည်းဖြစ်ကြောင်းကိုလည်းကောင်း ပြသရန်အတွက် စကြဝဠာတစ်ခုလုံးရှိ လူသားတို့အထဲတွင် ရှိနေသည့် မစင်ကြယ်သည့်အရာများနှင့် မဖြောင့်မတ်သည့်အရာအားလုံးတို့ကို မီးရှို့ဖျက်ဆီးပစ်လိမ့်မည် ဖြစ်သည်။ လူသားမျိုးနွယ်အကြားတွင်ရှိသည့် ဆိုးယုတ်သည့် သူများအတွက် သူသည် မီးရှို့ဖျက်ဆီးခြင်း၊ တရားစီရင်ခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းပင်ဖြစ်ပြီး၊ စုံလင်စေခြင်း ခံရမည့်သူများအတွက်မူ သူသည် ဆင်းရဲဒုက္ခ၊ စစ်ဆေးပြုပြင်ခြင်းနှင့် စမ်းသပ်ခြင်းတို့ ဖြစ်သည်သာမက နှစ်သိမ့်ခြင်း၊ အစာအာဟာရ၊ နှုတ်ကပတ်တော်အားဖြင့် ထောက်ပံ့ခြင်း၊ ကိုင်တွယ်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းလည်းဖြစ်ပေသည်။ ထို့ပြင် သုတ်သင်ရှင်းလင်းခြင်းခံရသောသူများအတွက် သူသည် အပြစ်ဒဏ်ပေးခြင်းနှင့် ဒဏ်ခတ်ခြင်းဖြစ်သည်။...

ဘုရားသခင်သည် ဝိညာဉ်တော်တစ်ပါးဖြစ်သည်သာမက သူသည် လူ့ဇာတိလည်း ခံယူနိုင်သည်။ ထို့အပြင် သူသည် ဘုန်းတော်၏ ခန္ဓာကိုယ်ပင်ဖြစ်သည်။ သင်တို့သည် ယေရှုကို မမြင်ဖူးကြသော်လည်း ဣသရေလလူမျိုးတို့သည်၊ ထိုခေတ်မှ ယုဒလူမျိုးတို့သည် သူ့ကို မျက်မြင်တွေ့ခဲ့ကြသည်။ အစအဦးတွင် သူသည် အသွေးအသား ခန္ဓာကိုယ် ရှိခဲ့သော်လည်း ကားတိုင်ထက်တွင် သူအသေခံပြီးသည့်နောက် သူသည် ဘုန်းတော်၏ ခန္ဓာကိုယ်ဖြစ်လာခဲ့သည်။ သူသည် အလုံးစုံကို လွှမ်းခြုံသော ဝိညာဉ်တော်ဖြစ်ပြီး နေရာတိုင်းတွင် အမှုကို လုပ်ဆောင်နိုင်သည်။ သူသည် ယေဟောဝါ၊ သို့မဟုတ် ယေရှု၊ သို့မဟုတ် မေရှိယဖြစ်နိုင်ပြီး၊ နောက်ဆုံးတွင် သူသည် အနန္တတန်ခိုးရှင် ဘုရားသခင်လည်း ဖြစ်လာနိုင်သည်။ သူသည် ဖြောင့်မတ်ခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဖြစ်သည်၊ သူသည် ကျိန်ခြင်းနှင့် အမျက်ဒေါသလည်း ဖြစ်သည်၊ သို့သော်လည်း သူသည် သနားခြင်းနှင့် ချစ်ခြင်းကရုဏာလည်းဖြစ်သည်။ သူလုပ်ဆောင်ခဲ့သည့် အမှုအားလုံးတို့သည် သူ့ကို ကိုယ်စားပြုရန် တတ်စွမ်းနိုင်သည်။ သူသည် မည်သို့သောဘုရားမျိုးဖြစ်သည်ဟု သင်ပြောသနည်း။ သင့်အနေဖြင့် မရှင်းပြနိုင်ပေ။ သင် အမှန်တကယ် မရှင်းပြနိုင်ပါက၊ ဘုရားသခင်နှင့် ပတ်သက်၍ ကောက်ချက်ချခြင်းများ မပြုသင့်ပေ။ ဘုရားသခင်သည် အဆင့်တစ်ခုတွင် ရွေးနုတ်ခြင်းအမှုကို လုပ်ဆောင်ခဲ့သည့်အတွက်ကြောင့် ဘုရားသခင်သည် သနားခြင်းနှင့် ချစ်ခြင်းကရုဏာဖြင့် ပြည့်ဝသော ဘုရားသခင် အစဉ်အမြဲဖြစ်သည်ဟု ကောက်ချက်မချနှင့်။ သူသည် သနားခြင်းနှင့် ချစ်ခြင်းကရုဏာပြည့်ဝသည့် ဘုရားသခင်သာဖြစ်သည်ဟု သင်သည် သေချာပေါက် ပြောနိုင်သလော။ အကယ်၍ သူသည် သနားကရုဏာနှင့် ချစ်ခြင်းမေတ္တာပြည့်ဝသည့် ဘုရားသခင်မျှသာ ဖြစ်သည်ဆိုလျှင်၊ နောက်ဆုံးသောကာလတွင် ခေတ်ကာလကို အဘယ်ကြောင့် သူအဆုံးသတ်လိမ့်မည်နည်း။ အဘယ်ကြောင့် ကပ်ဘေးအမြောက်အမြားကို ချပေးမည်နည်း။ လူတို့၏ အယူအဆများနှင့် အတွေးအခေါ်များအရ၊ လူသားမျိုးနွယ်ဝင် အယောက်စီတိုင်း ကယ်တင်ခြင်းခံရနိုင်ဖို့အလို့ငှာ၊ ဘုရားသခင်သည် အဆုံးတိုင်အောင် သနားကရုဏာနှင့် ချစ်ခြင်းမေတ္တာပြည့်ဝနေသင့်သည်။ သို့ရာတွင် နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် သူ့အား ရန်သူတစ်ယောက်အဖြစ် သဘောထားသည့် ဤဆိုးယုတ်သော လူသားမျိုးနွယ်ကို ဖျက်ဆီးဖို့ ငလျင်၊ ကပ်ရောဂါနှင့် အငတ်ဘေးတို့ကဲ့သို့သော ကြီးစွာသော ဘေးဒုက္ခများကို အဘယ့်ကြောင့် ကျရောက်စေသနည်း။ ထိုသို့သော ကပ်ဘေးများကို လူသားများအား အဘယ်ကြောင့် သူခံစားစေသနည်း။ သူသည် မည်သို့သောဘုရားမျိုးဖြစ်သည်နှင့်ပတ်သက်၍ သင်တို့အထဲတွင် မည်သူမျှ မပြောဝံ့၊ မည်သူမျှ မရှင်းပြနိုင်ကြပေ။ သူသည် ဝိညာဉ်တော်ဖြစ်သည်ဟု သင်သေချာပြောရဲသလော။ သူသည် ယေရှု၏ဇာတိခန္ဓာသာ ဖြစ်သည်ဟု သင်ပြောရဲသလော။ ထို့ပြင် သူသည် လူသားအတွက် ကားတိုင်ပေါ်တွင် ထာဝရ အသေခံပေးမည့် ဘုရားသခင်ဖြစ်သည်ဟု သင်ပြောရဲသလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်းနှစ်ကြိမ်သည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေသည်

ဒုတိယ အကြိမ် ခံယူသော ဇာတိပကတိ၏ အလုပ်သည် လူများအတွက် ပထမ အကြိမ်နှင့် လုံးဝ မတူကွဲပြား နေသကဲ့သို့ ထင်ရသည်၊ ကွဲပြားလွန်းလှသည့်အတွက် သူတို့နှစ်ခုတွင် တူသောအရာ ဘာမျှ မရှိဟု ထင်မှတ်ရပြီး၊ ပထမ အလုပ်နှင့်သက်ဆိုင်သော မည်သည့်အရာကိုမျှ ဤတစ်ကြိမ်တွင် မမြင်တွေ့နိုင်ပေ။ ဒုတိယအကြိမ် ခံယူသော ဇာတိပကတိ၏ အလုပ်သည် ပထမအကြိမ်၏ အလုပ်နှင့် ကွဲပြားခြားနားသော်လည်း၊ ထိုအချက်က သူတို့၏ အရင်းအမြစ်သည် တူညီသောအရာ တစ်ခုတည်းမဟုတ်ကြောင်း သက်သေမပြပေ။ သူတို့၏ အရင်းအမြစ်သည် တစ်ခုတည်း ဟုတ်၊ မဟုတ် ဆိုသည်မှာ သူတို့၏ အပြင်ပိုင်းကိုယ်ထည်များအပေါ်၌ မူတည်ခြင်း မရှိဘဲ၊ ဇာတိပကတိများမှ လုပ်ဆောင်ခဲ့သည့် အလုပ်၏ သဘာဝအပေါ်တွင်သာ မူတည်သည်။ သူ့အလုပ်၏ အဆင့်သုံးဆင့် အတောအတွင်း၊ ဘုရားသခင်သည် နှစ်ကြိမ် လူ့ဇာတိခံယူခဲ့ပြီး၊ နှစ်ကြိမ်စလုံးတွင် ဘုရားသခင်၏ လူ့ဇာတိခံယူသော အလုပ်သည် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ပေးသည်၊ အလုပ်သစ်တစ်ခုကို အစပြုပေးသည်၊ လူ့ဇာတိခံယူခြင်းများသည် တစ်ခုနှင့်တစ်ခု အပြန်အလှန် ပြည့်စုံစေသည်။ အမှန်တကယ်အားဖြင့် ဇာတိပကတိနှစ်ပါးသည် အရင်းအမြစ် တစ်ခုတည်းမှ လာသည် ဆိုခြင်းကို လူသားမျက်လုံးများဖြင့် မြင်နိုင်ရန်မှာမူ မဖြစ်နိုင်ပေ။ ထိုသို့မြင်နိုင်ဖို့ဆိုသည်မှာ လူသားမျက်လုံးနှင့် လူသားစိတ်တို့၏ တတ်စွမ်းနိုင်သည်ထက် လွန်သည်ဆိုခြင်းကို ပြောရန်ပင် မလိုအပ်ပေ။ သို့သော် ၎င်းတို့၏ အနှစ်သာရ၌မူ ၎င်းတို့သည် အတူတူပင်ဖြစ်သည်၊ အကြောင်းမှာ သူတို့၏ အလုပ်သည် ဝိညာဉ်တော်တစ်ပါးတည်းမှ အရင်းခံသောကြောင့် ဖြစ်သည်။ ခံယူသော ဇာတိပကတိ နှစ်ပါးသည် တူညီသော အရင်းအမြစ်မှ ပေါ်ထွက်လာခြင်း ဟုတ်၊ မဟုတ်ဆိုသည်ကို သူတို့ မွေးဖွားခဲ့သည့် ခေတ်ကာလနှင့် နေရာဒေသများအားဖြင့် သို့မဟုတ် ထိုကဲ့သို့သော အခြားအကြောင်းရင်းများဖြင့် ဆုံးဖြတ်၍ မရဘဲ၊ သူတို့မှ ဖော်ပြသည့် ဘုရားသဘောသဘာဝ အလုပ်အားဖြင့်သာ ဆုံးဖြတ်၍ ရမည်ဖြစ်သည်။ ဒုတိယအကြိမ် ခံယူသော ဇာတိပကတိသည် ယေရှုလုပ်ဆောင်ခဲ့သော အလုပ်နှင့်သက်ဆိုင်သော မည်သည့်အရာကိုမျှ ဆောင်ရွက်ခြင်းမရှိပေ၊ အကြောင်းမှာ ဘုရားသခင်၏ အလုပ်သည် လုပ်ရိုးလုပ်စဉ်များကို မလိုက်နာဘဲ၊ အကြိမ်တိုင်းတွင် ၎င်းသည် လမ်းကြောင်းအသစ်ကို ဖွင့်ပေးသောကြောင့် ဖြစ်သည်။ ဒုတိယအကြိမ် ခံယူသော ဇာတိပကတိသည် လူများ၏ စိတ်ထဲရှိသော ပထမ ဇာတိပကတိအပေါ် ထင်မြင်ချက်ကို နက်ရှိုင်းစေရန် သို့မဟုတ် ခိုင်ခံ့စေရန် မရည်ရွယ်ဘဲ၊ ဖြည့်စွက်ရန်နှင့် စုံလင်စေရန်၊ ဘုရားသခင်နှင့် ပတ်သက်သည့် လူသား၏ အသိပညာကို နက်ရှိုင်းစေရန်၊ လူတို့၏ နှလုံးသားများထဲ၌ တည်ရှိသော စည်းကမ်းများ အားလုံးကို ချိုးဖျက်ရန်နှင့် သူတို့၏ နှလုံးသားများထဲ၌ ရှိသော ဘုရားသခင်နှင့် ပတ်သက်သည့် မှားယွင်းသော ပုံရိပ်ကို သုတ်သင်ပယ်ရှင်းရန် ဖြစ်သည်။ ဘုရားသခင် ကိုယ်တိုင်၏အလုပ်၏ မည်သည့်သီးသန့်အဆင့် တစ်ဆင့်ကမျှ လူသားကို ကိုယ်တော်နှင့်ပတ်သက်သည့် စုံလင်သည့် အသိပညာကို မပေးနိုင်ဟု ပြော၍ရသည်၊ တစ်ဆင့်စီသည် အစိတ်အပိုင်း တစ်ခုကိုသာ ပေးပြီး၊ အလုံးစုံကို မပေးပေ။ ဘုရားသခင်သည် သူ၏ စိတ်သဘောထားကို အပြည့်အဝ ဖော်ပြခဲ့ပြီး ဖြစ်သော်လည်း၊ လူသား၏ နည်းပါးသော နားလည်နိုင်စွမ်းကြောင့် ဘုရားသခင်နှင့် ပတ်သက်သော သူ၏ အသိပညာမှာ မပြည့်မစုံဘဲ ရှိနေသည်။ လူ့ဘာသာ စကားကို အသုံးပြု၍ ဘုရားသခင်၏ စိတ်သဘောထား အလုံးစုံကို ဖော်ပြရန်မှာ မဖြစ်နိုင်ပေ၊ ထို့အပြင်၊ သူ့အလုပ်၏ အဆင့်တစ်ဆင့်တည်းက ဘုရားသခင်ကို အပြည့်အဝ အဘယ်သို့ ဖော်ပြနိုင်မည်နည်း။ သူ့သာမန် လူ့သဘာဝဖြင့် ကွယ်ဝှက်ထားသော ဇာတိပကတိဖြင့် သူအလုပ်လုပ်ပြီး သူ၏ ခန္ဓာကိုယ်ထည်အားဖြင့် မဟုတ်ဘဲ သူ၏ဘုရားသဘောသဘာဝ၏ ဖော်ပြမှုများအားဖြင့်သာ သူ့ကို သိကျွမ်းနိုင်သည်။ သူ၏ အမျိုးမျိုးသော အလုပ်အားဖြင့် လူသားက သူ့အားသိကျွမ်း လာနိုင်စေရန် ဘုရားသခင်သည် ဇာတိပကတိထဲသို့ ဆင်းကြွလာခြင်းဖြစ်ပြီး၊ သူ့အလုပ်၏ အဆင့်များသည် တစ်ဆင့်နှင့် တစ်ဆင့်လုံးဝ မတူပေ။ ဤနည်းလမ်းအားဖြင့်သာ လူသားသည် ရှုထောင့်တစ်ခုတည်းတွင်ပင် ပိတ်မိမနေဘဲ ဇာတိပကတိထဲရှိ ဘုရားသခင်၏အလုပ်နှင့် ပတ်သက်သည့် ပြည့်စုံသော အသိပညာကို ရရှိနိုင်မည်ဖြစ်သည်။ ခံယူသော ဇာတိပကတိ နှစ်ခု၏ အလုပ်သည် ကွဲပြားခြားနား သော်ငြားလည်း၊ ထိုဇာတိပကတိများ၏ အနှစ်သာရနှင့် သူတို့ အလုပ်၏ အရင်းအမြစ်မှာ ထပ်တူပင် ဖြစ်သည်၊ သူတို့သည် အလုပ်၏ မတူကွဲပြားသော အဆင့်နှစ်ဆင့်ကို ထမ်းဆောင်ရန် တည်ရှိပြီး၊ မတူကွဲပြားသော ခေတ်နှစ်ခေတ်တွင် ပေါ်ထွက်လာခြင်းသာ ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ၊ ဘုရားသခင်ခံယူသော ဇာတိပကတိများသည် အနှစ်သာရချင်းတူပြီး အရင်းအမြစ်တူသည်၊ ဤအရာသည် မည်သူမျှ ငြင်းဆို၍ မရနိုင်သော သမ္မာတရားပင် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ

ငါ့ကို တစ်ချိန်က ယေဟောဝါဟု သိရှိခဲ့ကြသည်။ ငါ့ကို မေရှိယဟုလည်း ခေါ်ခဲ့ကြပြီး၊ လူတို့က ချစ်ခြင်းမေတ္တာနှင့် ရိုသေကြည်ညိုမှုဖြင့် ငါ့ကို ကယ်တင်ရှင်ယေရှုဟု တစ်ချိန်က ခေါ်ခဲ့ကြသည်။ သို့သော်လည်း ယနေ့တွင် ငါသည် လူအများက အတိတ်ကာလများတွင် သိခဲ့ကြသည့် ယေဟောဝါ သို့မဟုတ် ယေရှု မဟုတ်တော့ပေ။ ငါသည် နောက်ဆုံးသောကာလတွင် ပြန်ကြွလာပြီး ဖြစ်သည့် ဘုရားသခင်၊ ခေတ်ကို အဆုံးသတ်မည့် ဘုရားသခင် ဖြစ်ပေသည်။ ငါသည် မြေကြီးစွန်းမှ ထမြောက်တော်မူသော၊ ငါ၏အလုံးစုံသော စိတ်သဘောထားနှင့် ပြည့်ဝသကဲ့သို့၊ သြဇာအာဏာ၊ ဂုဏ်သိက္ခာ၊ ဘုန်းအာနုဘော်တို့နှင့် ပြည့်ဝနေသော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ လူတို့သည် ငါနှင့် မည်သည့်အခါမျှ မဆက်ဆံဖူးပေ၊ ငါ့ကို မည်သည့်အခါမျှ မသိကျွမ်းဖူးကြသကဲ့သို့၊ ငါ၏စိတ်သဘောထားကို အမြဲတစေ မသိနားမလည် ဖြစ်ကြသည်။ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းမှသည် ယနေ့ထိတိုင်၊ လူတစ်ဦးတစ်ယောက်မျှ ငါ့အား မမြင်ဖူးလေပြီ။ ဤသည်မှာ နောက်ဆုံးသောကာလ၌ လူသားထံ ပေါ်ထွန်းသော်လည်း၊ လူသားအလယ် ကွယ်ဝှက်သည့် ဘုရားသခင် ဖြစ်ပေသည်။ သူသည် လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးလျှံကဲ့သို့၊ တန်ခိုးနှင့်ပြည့်ကာ သြဇာအာဏာဖြင့် ပြည့်လျှမ်းလျက်၊ လူသားအလယ် အမှန်တကယ်နှင့် စစ်မှန်စွာ နေထိုင်လျက် ရှိသည်။ ငါ၏နှုတ်ကပတ်တော်များအားဖြင့် တရားစီရင်ခြင်း မခံရမည့် လူ သို့မဟုတ် အမှုအရာ တစ်ခုမျှ မရှိသကဲ့သို့၊ မီးလျှံ၏ လောင်ကျွမ်းခြင်းမှတစ်ဆင့် သန့်စင်ခြင်း မခံရမည့် လူ သို့မဟုတ် အမှုအရာ တစ်ခုမျှ မရှိပေ။ နောက်ဆုံးတွင် တိုင်းနိုင်ငံအားလုံးသည် ငါ့နှုတ်ကပတ်တော်များကြောင့် ကောင်းချီးပေးခံရမည် ဖြစ်ပြီး ငါ့နှုတ်ကပတ်တော်များကြောင့်လည်း တစ်စစီ ကြေမွပျက်စီး သွားလိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့် နောက်ဆုံးသောကာလ အတွင်းရှိ လူအားလုံးက ငါသည် ပြန်ကြွလာသည့် ကယ်တင်ရှင် ဖြစ်ပြီး၊ လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်သော အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်သည်ကို တွေ့မြင်ကြပေမည်။ ပြီးလျှင် ငါသည် တစ်ချိန်က လူသားအတွက် အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သော်လည်း၊ နောက်ဆုံးသောကာလတွင် ခပ်သိမ်းသောအရာတို့ကို မီးရှို့ဖျက်ဆီးသည့် နေမင်း၏ မီးတောက်မီးလျှံများလည်း ဖြစ်လာသည့်အပြင်၊ ခပ်သိမ်းသောအရာတို့ကို ထုတ်ဖော်ပြသည့် ဖြောင့်မတ်ခြင်း၏ နေမင်းလည်း ဖြစ်လာသည်ကို အားလုံး တွေ့မြင်ရလိမ့်မည်။ ဤသည်မှာ နောက်ဆုံးသောကာလ၌ ငါ၏အမှု ဖြစ်သည်။ လူအားလုံးက ငါသည် ဖြောင့်မတ်သော ဘုရားသခင်၊ လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးလျှံဖြစ်သည်ကို တွေ့မြင်နိုင်ရန်အလို့ငှာနှင့် အားလုံးက တစ်ပါးတည်း စစ်မှန်သော ဘုရားသခင် ငါ့ကို ကိုးကွယ်နိုင်ကြဖို့အလို့ငှာ၊ ပြီးလျှင် ၎င်းတို့သည် ငါ၏စစ်မှန်သော မျက်နှာကို တွေ့မြင်နိုင်ကြရန်အလို့ငှာ ဤအမည်နာမကို ငါယူပြီး ဤစိတ်သဘောထားကို ငါပိုင်ဆိုင်ပေသည်- ငါသည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင် ဖြစ်သည်သာမက၊ ရွေးနုတ်ရှင်သာ ဖြစ်သည် မဟုတ်ပေ။ ငါသည် ကောင်းကင်၊ မြေကြီးနှင့် ပင်လယ်ပြင် တစ်လျှောက်လုံးရှိ အဖန်ဆင်းခံ သတ္တဝါအားလုံး၏ ဘုရားသခင် ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” စီးလျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နာမတော် ပြောင်းလဲကောင်း ပြောင်းလဲနိုင်သည်၊ သို့သော် သူ၏ အနှစ်သာရကား ဘယ်သောအခါမျှ မပြောင်းလဲပေ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ကမ္ဘာမြေသို့ ဘုရားသခင် ကြွလာသည့်အကြိမ်တိုင်းတွင် သူ၏ နာမ၊ သူ၏ လိင်၊ သူ၏ပုံသဏ္ဌာန်နှင့် သူ၏...

မတူညီသည့် ခေတ်ကာလများတွင် ဘုရားသခင်၌ မတူညီသည့် နာမတော်များ ရှိရသည့်အကြောင်းအရင်းနှင့် သူ၏ နာမတော်များ၏ အဓိပ္ပာယ်

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “ထို့အပြင် ဘုရားသခင်က မောရှေအား မိန့်တော်မူသည်မှာ၊ သင်တို့ ဘိုးဘေးများ၏ ဘုရားသခင်၊ အာဗြဟံ၏ ဘုရားသခင်၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။