ကျေးဇူးတော်ခေတ်တွင် အသင်းတော်၏ အသက်တာနှင့် နိုင်ငံတော်ခေတ်တွင် အသင်းတော်၏ အသက်တာတို့ကြား ကွဲပြားခြားနားမှုများ

19.09.2019

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်သည် ကျေးဇူးတော်ခေတ်၌ တတိယကောင်းကင်ဘုံသို့ ပြန်ကြွသွားချိန်တွင်၊ ဘုရားသခင်၏ လူသားမျိုးနွယ် အားလုံးကို ရွေးနုတ်ခြင်း အမှုသည် ယင်း၏ အဆုံးသတ်ပိုင်းသို့ အမှန်တကယ် ပြောင်းသွားနှင့်ပြီးဖြစ်သည်။ ကမ္ဘာမြေပေါ်ရှိ ကျန်ရှိသော အရာအားလုံးသည် ယေရှုက သူ၏ ကျောထက် သယ်ဆောင်ခဲ့သော ကားတိုင်၊ ယေရှု ရစ်ပတ်ခြင်းခံခဲ့ရသော ပိတ်ချောနှင့် ယေရှု ဝတ်ဆင်ခဲ့သော ဆူးဦးရစ်နှင့် နီသောဝတ်လုံတို့ ဖြစ်သည် (ဤအရာများသည် ယုဒလူများက သူ့ကို ပြက်ရယ်ပြုရန် အသုံးပြုခဲ့သော အရာဝတ္ထုများဖြစ်သည်)။ ဆိုလိုသည်မှာ ယေရှု၏ ကားစင်တင်ခံရခြင်းသည် ကြီးမားသည့် အုတ်အော်သောင်းတင်း ဖြစ်စေခဲ့ပြီးနောက်တွင် အမှုအရာများက တစ်ဖန် ငြိမ်ကျသွားခဲ့သည်။ ထိုအချိန်မှစ၍ ယေရှု၏ တပည့်တော်များသည် နေရာတိုင်းက အသင်းတော်များကို ထိန်းကျောင်းပေးရင်းနှင့် ရေလောင်း ပေးနေခဲ့ကြရင်း၊ ယေရှု၏ အမှုတော်ကို စတင်၍ ဆက်လက် ဆောင်ရွက်ခဲ့ကြသည်။ ၎င်းတို့ အမှု၏ ပါရှိသည့်အရာများမှာ အောက်ပါအတိုင်းဖြစ်သည်- ၎င်းတို့သည် လူအားလုံး နောင်တရရန်၊ ၎င်းတို့၏ အပြစ်များ ဝန်ခံရန်နှင့် ဗတ္တိဇံခံရန် စေခိုင်းကြသည်။ တမန်တော်များ အားလုံးသည် ယေရှု ကားစင်တင်ခံရခြင်း၏ အတွင်းပိုင်း ဇာတ်လမ်းနှင့် အရှိအတိုင်း အဖြစ်အပျက်ကို ဖြန့်ဝေဖို့ ထွက်သွားကြသည်၊ ထို့ကြောင့် အယောက်တိုင်းသည် မိမိတို့၏ အပြစ်များကို ဝန်ခံရန် ယေရှု ရှေ့မှောက်တွင် မပျပ်ဝပ်ဘဲ မနေနိုင်ဖြစ်ခဲ့ကြသည်။ ထို့အပြင် တမန်တော်များသည် ယေရှု ပြောဆိုခဲ့သော နှုတ်ကပတ်တော်များကို တစ်ဆင့်ပေးပို့ရင်း နေရာတိုင်းသို့ သွားခဲ့ကြသည်။ ထိုအချိန်မှစကာ ကျေးဇူးတော်ခေတ်ထဲက အသင်းတော်များ တည်ဆောက်ခြင်း စတင်ခဲ့သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၆)

အတိတ်တွင် နေရာအမျိုးမျိုးတွင် ပြုလုပ်ခဲ့သည့် အထူးစုဝေးခြင်းများ သို့မဟုတ် ကြီးကျယ်ခမ်းနားသော စုဝေးခြင်းများအတွင်းတွင်၊ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း၏ ရှုထောင့်တစ်ခုတည်းကိုသာ ပြောဆိုခဲ့ကြသည်။ ထိုသို့သော လက်တွေ့လုပ်ဆောင်မှုမှာ ကျေးဇူးတော်ခေတ်အတွင်း လက်တွေ့လုပ်ဆောင်ခဲ့သင့်သော အရာဖြစ်ပြီး၊ ကျေးဇူးတော်ခေတ်၏ ရုပါရုံသည် ယေရှု၏ ကားစင်တင်ခံရခြင်း ရူပါရုံသာ ဖြစ်ခဲ့သည့်အတွက်၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် အသိပညာနှင့် မည်သည့် ဆက်နွှယ်မှုမျှပင် မရှိသကဲ့သို့ သာ၍ ကြီးမားသော ရူပါရုံများ မရှိခဲ့ပေ။ ကားစင်တင်ခံရခြင်းမှတစ်ဆင့် လူသားမျိုးနွယ်ကို သူ၏ ရွေးနုတ်ခြင်း အမှုထက်ပို၍ လူအနေဖြင့် သိရှိရမည် မဟုတ်ဟု မှတ်ယူထားခဲ့ပြီး၊ ထို့ကြောင့် ကျေးဇူးတော်ခေတ် အတွင်းတွင် လူသားအတွက် သိရှိဖို့ အခြားရူပါရုံများ မရှိခဲ့ပေ။ ဤနည်းဖြင့် လူသည် ဘုရားသခင်နှင့်ဆိုင်သည့် သာမန်ကာလျှံကာ အသိပညာ တစ်ခုသာ ရှိခဲ့ပြီး၊ ယေရှု၏ ချစ်ခြင်းနှင့် သနားကရုဏာနှင့်ဆိုင်သည့် အသိပညာမှလွဲ၍၊ သူ့အတွက် လက်တွေ့လုပ်ဆောင်စရာသည် ယနေ့နှင့် တခြားစီဖြစ်သည့် ရိုးရှင်းပြီး နုံချာသောအရာ အနည်းငယ်သာ ရှိခဲ့သည်။ အတိတ်တွင် သူ၏ အစုအဝေးက မည်သည့်ပုံသဏ္ဌာန်ကို ယူဆောင်ခဲ့သည်ဖြစ်စေ၊ လူသားအတွက် ဝင်ရောက်ဖို့ မည်သည့်အရာက အသင့်တော်ဆုံးသော လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းဖြစ်သည်ကို တစ်ဦးတစ်လေက ရှင်းလင်းစွာ ပြောနိုင်ခဲ့ဖို့ မဆိုထားနှင့်၊ လူသည် ဘုရားသခင် အမှုနှင့်ဆိုင်သည့် လက်တွေ့ကျသော အသိပညာတစ်ခုကိုပင် ပြောဆိုနိုင်စွမ်း မရှိခဲ့ပေ။ လူသည် စိတ်ရှည်ခြင်းနှင့် သည်းခံခြင်း၏ အခြေခံအုတ်မြစ်တစ်ခုကို ရိုးရှင်းသည့် အသေးစိတ် အချက်အလက် အနည်းငယ်အား ဖြည့်စွက်မျှရုံ ဖြည့်စွက်ခဲ့သည်။ ဘုရားသခင်သည် တူညီသည့် ခေတ်အတွင်းတွင် သာ၍ သစ်လွင်သော အမှု တစ်ခုတစ်လေကို မပြုခဲ့သကဲ့သို့၊ လူသားအပေါ် သူပြုခဲ့သည့် သတ်မှတ်ချက်များမှာ စိတ်ရှည်ခြင်းနှင့် သည်းခံခြင်း၊ သို့မဟုတ် လက်ဝါးကပ်တိုင်ကို ထမ်းခြင်းတို့သာ ဖြစ်ခဲ့သည့်အတွက်၊ သူ၏လက်တွေ့လုပ်ဆောင်မှု အနှစ်သာရတွင် တကယ်ကို မည်သည့် အပြောင်းအလဲမျှ မရှိခဲ့ပေ။ ထိုသို့သော လက်တွေ့လုပ်ဆောင်မှုများမှအပ၊ ယေရှု၏ ကားစင်တင်ခံရခြင်းထက် ပိုမြင့်မားသည့် ရူပါရုံများ မရှိခဲ့ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု

ပုံမှန်ဝိညာဉ်အသက်တာကို ဆုတောင်းခြင်း၊ ဓမ္မသီချင်းသီဆိုခြင်း၊ အသင်းတော်အသက်တာ၌ ပါဝင်ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းကဲ့သို့သော အလေ့အထများ၌သာ ကန့်သတ်မထားပေ။ ယင်းထက်၊ သစ်လွင်ပြီး ဖျတ်လတ်တက်ကြွသော ဝိညာဉ်အသက်တာကို အသက်ရှင်ခြင်း ပါဝင်လေသည်။ အရေးကြီးသည်မှာ သင် မည်သို့ လက်တွေ့လုပ်ဆောင်သည်မဟုတ်ဘဲ၊ သင်၏ လက်တွေ့လုပ်ဆောင်ခြင်းက မည်သည့် အသီးအပွင့် သီးပွင့်သည်ဆိုသည့်အရာ ဖြစ်သည်။ ထိုသို့သော လက်တွေ့လုပ်ဆောင်မှုများက တစ်စုံတစ်ရာ သက်ရောက်မှုရှိသည် ဖြစ်စေ မရှိသည်ဖြစ်စေ သို့မဟုတ် စစ်မှန်သော သိနားလည်မှုဆီသို့ လမ်းပြသည်ဖြစ်စေ မပြသည်ဖြစ်စေ ပုံမှန်ဝိညာဉ်အသက်တာတွင် ဆုတောင်းခြင်း၊ ဓမ္မသီချင်းများ သီဆိုခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း သို့မဟုတ် သူ၏ နှုတ်ကပတ်တော်များကို တွေးဆခြင်းတို့ သေချာပေါက် ပါဝင်သည်ဟု လူအများစုက ယုံကြည်ကြလေသည်။ ဤလူတို့သည် အပေါ်ယံ လုပ်ထုံးလုပ်နည်းများကို လိုက်နာရန်သာ အာရုံစိုက်ကြပြီး မိမိတို့၏ ရလဒ်များကို မစဉ်းစားကြချေ။ ၎င်းတို့သည် ဘာသာရေး ဓလေ့များထဲ နေထိုင်ကြသူများဖြစ်ပြီး၊ အသင်းတော်အတွင်း နေထိုင်သူများ မဟုတ်ကြသကဲ့သို့ ဘုရားသခင်၏ နိုင်ငံတော်သားများ သာ၍ပင် မဟုတ်ကြချေ။ ၎င်းတို့၏ ဆုတောင်းပတ္ထနာများ၊ ဓမ္မသီချင်း သီဆိုခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအားလုံးသည် စည်းမျဉ်းလိုက်နာခြင်းသာဖြစ်သည်၊ မလုပ်မနေရ လုပ်ဆောင်ခြင်းဖြစ်ပြီး ရေပန်းစားမှုများကို အမီလိုက်ဖို့ လုပ်ဆောင်ခြင်းဖြစ်ကာ လိုအင်ဆန္ဒရှိခြင်းမှ လုပ်ဆောင်ခြင်း မဟုတ်သကဲ့သို့ စိတ်နှလုံးမှ လုပ်ဆောင်ခြင်း မဟုတ်ချေ။ ဤလူတို့ မည်မျှ ဆုတောင်းပါစေ သို့မဟုတ် သီဆိုပါစေ၊ ၎င်းတို့ လက်တွေ့လုပ်ဆောင်သည့်အရာသည် စည်းမျဉ်းများနှင့် ဘာသာရေး ဓလေ့များသာ ဖြစ်သည့်အတွက် ၎င်းတို့၏ အားထုတ်မှုများက မည်သည့်အကျိုးမျှ ဖြစ်ထွန်းလိမ့်မည်မဟုတ်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှန်တကယ် လက်တွေ့လုပ်ဆောင်ခြင်း မရှိကြ။ ၎င်းတို့သည် မိမိတို့ အဘယ်သို့ လက်တွေ့လုပ်ဆောင်သည်ဆိုသည်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုက်လျှောက်ဖို့ စည်းမျဉ်းများအဖြစ် ၎င်းတို့ အဘယ်သို့ သဘောထားကြသည်တို့အပေါ် ရေးကြီးခွင်ကျယ် လုပ်ခြင်းကိုသာ အာရုံစိုက်ကြလေသည်။ ထိုသို့သော လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင် နေကြခြင်း မဟုတ်ချေ။ ၎င်းတို့သည် ဇာတိပကတိကိုသာ အလိုဖြည့်နေကြပြီး အခြားသူများ မြင်ဖို့ရန်သာ ဆောင်ရွက် နေကြလေသည်။ ဤဘာသာရေးထုံးတမ်းနှင့် စည်းမျဉ်းများသည် လူသားထံမှလာသည်၊ ဘုရားသခင်ထံမှလာခြင်း မဟုတ်ပေ။ ဘုရားသခင်သည် စည်းမျဉ်းများကို လိုက်နာခြင်းမရှိသကဲ့သို့ မည်သည့် စည်းမျဉ်းကိုမျှ လိုက်နာရခြင်းလည်း မရှိပေ။ ယင်းထက်၊ သူသည် နေ့စဉ် လက်တွေ့ကျသော အလုပ်များကို ပြီးမြောက်လျက် အသစ်သောအရာများကို လုပ်ဆောင်သည်။ နေ့စဉ် နံနက်ခင်း ဝတ်ပြုအစီအစဉ်တက်ရခြင်း၊ ညနေခင်း ဆုတောင်းခြင်း၊ အစာမစားမီ ကျေးဇူးတော်ချီးမွမ်းဆုတောင်းခြင်း၊ အရာရာ၌ ကျေးဇူးတော် ချီးမွမ်းခြင်းကဲ့သို့သော အလေ့အထများဖြင့် မိမိတို့ကိုယ်ကိုယ် ကန့်သတ်ထားသော ကိုယ်ပိုင်မူ သုံးရပ်သုံး အသင်းတော်ထဲက လူများကဲ့သို့ပင်၊ ၎င်းတို့ မည်မျှလုပ်ဆောင်သည်ဖြစ်စေ၊ ၎င်းတို့ မည်မျှ ကြာကြာ လုပ်ဆောင်ပါစေ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ခြင်း ၎င်းတို့၌ ရှိမည်မဟုတ်ပေ။ လူတို့သည် စည်းမျဉ်းများအလယ် အသက်ရှင်ပြီး သူတို့၏ စိတ်နှလုံးများသည် လက်တွေ့လုပ်ဆောင်မှု နည်းစနစ်များအပေါ် အာရုံစိုက်သည့်အခါ၊ ၎င်းတို့၏ စိတ်နှလုံးကို စည်းမျဉ်းများနှင့် လူသားအယူအဆတို့က နေရာယူထားသောကြောင့် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်မလုပ်နိုင်ချေ၊ သို့ဖြစ်ရာ ဘုရားသခင်သည် ၎င်းတို့အပေါ် ကြားဝင်ပြီး အလုပ်မလုပ်နိုင်သကဲ့သို့ ၎င်းတို့သည် စည်းမျဉ်းများ၏ ထိန်းချုပ်မှုအောက်တွင်သာ ဆက်လက်အသက်ရှင်နိုင်ကြလေသည်။ ထိုသို့သောလူတို့သည် ဘုရားသခင်၏ ချီးမွမ်းခြင်းကို ရနိုင်စွမ်း အစဉ်ထာဝရ မရှိချေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပုံမှန်ဝိညာဉ်ရေးရာ အသက်တာနှင့် စပ်လျဉ်း၍

လူသား၏ ဝင်ရောက်မှုဖြစ်စဉ်အတွင်းတွင်၊ အသက်တာသည် အမြဲ ပျင်းစရာကောင်းသည်၊ ဆုတောင်းခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ သို့မဟုတ် စုဝေးပွဲများကို ဖွဲ့စည်းခြင်းကဲ့သို့သော ဝိညာဉ်ရေးရာ အသက်တာ၏ ငြီးငွေ့ဖွယ်ကောင်းသော အရိပ်လက္ခဏာများ အပြည့် ဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည်ခြင်းသည် မည်သည့်ကြီးမားသော မွေ့လျော်မှုမျှမရှိဟု လူတို့ အမြဲ ခံစားရကြသည်။ ထိုသို့သော ဝိညာဉ်ရေးရာ လုပ်ဆောင်ချက်များကို စာတန်၏ ဖျက်ဆီးခြင်းခံရပြီးဖြစ်သည့် လူသားမျိုးနွယ်၏ မူလ စိတ်သဘောထားနှင့်အညီ အမြဲဆောင်ရွက်ပေသည်။ လူတို့သည် တစ်ခါတစ်ရံ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းကို ရရှိနိုင်ကြသော်လည်း၊ ၎င်းတို့၏ မူလအတွေးအခေါ်၊ စိတ်သဘောထား၊ ဘဝနေထိုင်မှုပုံစံများနှင့် အမူအကျင့်တို့သည် အတွင်း၌ အမြစ်တွယ်ဆဲဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့၏ သဘာဝသည် မပြောင်းမလဲရှိနေသည်။...အမှန်တွင်၊ ဘုရားသခင်၏ အမှုအဆင့်တစ်ခု ပြီးသောအချိန်၌ ဘုရားသခင်သည် ထိုကာလက လက်နက်များနှင့် ပုံစံကို မည်သည့်သဲလွန်စမျှ မချန်ဘဲ ဖျက်ဆီးလိုက်ပြီးဖြစ်သည်။ သို့သော်လည်း “ဘုရားတရား ရိုသေကိုင်းရှိုင်းသော ယုံကြည်သူများ” သည် လက်ဆုပ်လက်ကိုင်ပြနိုင်သော ရုပ်ဝတ္ထု ပစ္စည်းများကို ဆက်လက် ကိုးကွယ်ကြလေသည်။ ထိုအချိန်အတောအတွင်း၌ အမှန်တကယ်တွင် ဘုရားသခင်ကို အိမ်အပြင်သို့ တွန်းထုတ်ခဲ့သည်မှာ ကြာပြီဖြစ်ပြီး စာတန်ကို ဝတ်ပြုစားပွဲထက် ထားရှိခဲ့သည်မှာ ကြာပြီဖြစ်သည့်အချိန်တွင်၊ ၎င်းတို့သည် ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာနှင့် ပြည့်ဝပုံပေါ်လျက်၊ ဘုရားသခင်၏ ရှိခြင်းကို ဆက်လက်လေ့လာခြင်းမရှိဘဲ၊ စိတ်တွင် ချောင်ထိုးထားလိုက်ကြလေသည်။ ယေရှု၏ ရုပ်ပုံများ၊ လက်ဝါးကပ်တိုင်၊ မာရိ၊ ယေရှု၏ ဗတ္တိဇံနှင့် နောက်ဆုံး ညစာစားပွဲ- ဤအရာများကို ကောင်းကင်ဘုံရှင်အဖြစ် အမွန်အမြတ်ထားကြစဉ် တစ်လျှောက်လုံးတွင် “သခင်၊ ကောင်းကင်ဘုံရှင် အဖ” ဟု ထပ်သလဲလဲ အော်ခေါ်ကြသည်။ ဤအရာအားလုံးသည် ရယ်ဖွယ်ရာဖြစ်သည် မဟုတ်လော။ ဤနေ့ထိ၊ လူသားမျိုးနွယ်ကြား လက်ဆင့်ကမ်း လာခဲ့ကြသည့် ဆင်တူသော ဆိုရိုးစကားများနှင့် ဓလေ့ထုံးစံများစွာသည် ဘုရားသခင်အဖို့ မုန်းတီးဖွယ်ရာ ဖြစ်လေသည်။ ထိုအရာများသည် ဘုရားသခင်အတွက် ရှေ့ဆက်လမ်းကို ဆိုးရွားစွာ ပိတ်ဆို့သည့်အပြင်၊ လူသားမျိုးနွယ်၏ ဝင်ရောက်မှုအဖို့ ကြီးမားသော အနှောင့်အယှက်များ ဖန်တီးလေသည်။ စာတန်က လူသားမျိုးနွယ်ကို ဖျက်ဆီးသည့်အတိုင်းအတာကို မေ့ထားလိုက်ပါက၊ လူတို့၏ အတွင်းပိုင်းများသည် သက်သေခံလီ၏ ဥပဒေသကဲ့သို့သော အရာများ၊ လောရင့်စ်၏ အတွေ့အကြုံများ၊ စောင့်ကြည့်သူနီ၏ ဆန်းစစ်လေ့လာချက်များနှင့် ပေါလု၏ လက်ရာများဖြင့် လုံးဝပြည့်နေပေသည်။ ၎င်းတို့အတွင်းတွင် တစ်ကိုယ်တော်ဝါဒ၊ ဥပဒေသများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ စနစ်များနှင့် အလားတူမျိုးများ အလွန်များလှသောကြောင့်၊ ဘုရားသခင်သည် လူသားများအပေါ် အမှုပြုဖို့ နည်းလမ်း တကယ်ကို မရှိပေ။ လူတို့၏ ရှေးရိုးစွဲ အယူသီးမှု လားရာများအပြင် ဤအရာများသည် လူသားမျိုးနွယ်ကို ဖမ်းဆီးကာ ဝါးမျိုထားပြီး ဖြစ်သည်။ ယင်းမှာ လူတို့၏ အတွေးများသည် တိမ်များစီးနေသည့် ထူးထူးဆန်းဆန်း သတ္တဝါများပါသည့် အရောင်အသွေး အစုံအလင်ဖြင့် ဒဏ္ဍာရီနတ်သမီးပုံပြင် တစ်ပုဒ်ကို ဖြစ်ကြောင်းကုန်စင်ဖော်ပြနေသော စိတ်ဝင်စားစရာ ရုပ်ရှင်တစ်ခုအလား အလွန် စိတ်ကူးဉာဏ်ရှိသည်မှာ ၎င်းတို့သည် လူများကို မှင်တက်ကာ အာစေးမိစေရစ်လျက် အံ့အားသင့်စေလေသည်။ အမှန်ကို ပြောရမည်ဆိုလျှင်၊ ယနေ့ ဘုရားသခင် လုပ်ဆောင်ရန် လာသည့် အမှုသည် အဓိကအားဖြင့် လူသားများ၏ အယူသီးသည့် ပင်ကိုအရည်အချင်းများကို ကိုယ်တွယ်ဖြေရှင်းကာ ပပျောက်စေပြီး ၎င်းတို့၏ စိတ်သဘောထားအမြင်ကို လုံးလုံးလျားလျား ပြောင်းလဲစေဖို့ ဖြစ်သည်။ ဘုရားသခင်၏ အမှုသည် မျိုးဆက်များမှတစ်ဆင့် လူသားမျိုးနွယ်က လက်ဆင့်ကမ်းပြီးဖြစ်သော အမွေအနှစ်ကြောင့် ယနေ့ထိတိုင် မတည်တံ့လေပြီ။ ယင်းသည် ကြီးမြတ်သော ဝိညာဉ်ရေးရာ လူတစ်ဦးဦး၏ အမွေကို ဆက်ခံခြင်းမလိုအပ်ဘဲ၊ သို့မဟုတ် အခြားခေတ်ကာလတစ်ခုခု၌ ဘုရားသခင် လုပ်ဆောင်ခဲ့သည့် ကိုယ်စားပြု သဘာဝ၏ မည်သည့် အမှုကိုမျှ အမွေခံရန်မလိုအပ်ဘဲ၊ ဘုရားသခင် ကိုယ်တိုင်ကိုယ်ကျ အစပြုခဲ့ပြီး ပြီးဆုံးစေခဲ့သည့် အမှုဖြစ်သည်။ လူသားများသည် ဤအရာများ တစ်ခုတစ်လေကိုမျှ စိတ်ဝင်စားဖို့မလိုပေ။ ယနေ့ ဘုရားသခင်သည် အခြားသော စကားပြောပုံနှင့် အလုပ်လုပ်ပုံ ရှိ၏၊ ထို့ကြောင့် လူသားများသည် အဘယ်ကြောင့် ကိုယ့်ဒုက္ခကိုယ် ရှာသင့်သနည်း။ လူသားများသည် ၎င်းတို့ “ဘိုးဘေးများ” ၏ အမွေအနှစ်ကို ဆက်လက် ထိန်းသိမ်းစဉ် ယခုရေစီးကြောင်းအတွင်း ယနေ့၏လမ်းကြောင်းကို လျှောက်လှမ်းကြပါက၊ ၎င်းတို့၏ ပန်းတိုင်ကို ရောက်ရှိကြမည် မဟုတ်ပေ။ ဘုရားသခင်သည် လူ့လောက၏ နှစ်ကာလများ၊ လများနှင့် နေ့ရက်များကို စက်ဆုပ်ရွံရှာသကဲ့သို့၊ လူသား၏ ဤသီးခြား အပြုအမူပုံစံများအတွက် ကြီးမားသည့် ရွံရှာမှု ခံစားရလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၃)

ချီးမွမ်းခြင်းသည် ဇိအုန်သို့ရောက်လာပြီဖြစ်ကာ ဘုရားသခင်၏ ကျိန်းဝပ်တော်မူရာအရပ်သည် ပေါ်ထွန်းလာပြီးဖြစ်သည်။ လူမျိုးခပ်သိမ်း၏ ချီးမွမ်းခြင်းခံရသော ဘုန်းကြီးသည့် သန့်ရှင်းသောနာမသည် ပျံ့နှံ့လျက်ရှိသည်။ အို အနန္တတန်ခိုးရှင် ဘုရားသခင်။ စကြဝဠာ၏ဦးသျှောင်၊ နောက်ဆုံးသောကာလ၏ ခရစ်တော်- သူသည် ဘုန်းတန်ခိုးအာနုဘော်နှင့် ကြီးကျယ်ခမ်းနားခြင်းတို့ဖြင့် စကြဝဠာတစ်ခုလုံးအပေါ်လွှမ်းမိုးသည့် ဇိအုန်တောင်အထက်တွင် ပေါ်ထွက်နေသော တောက်ပနေသည့်နေမင်းဖြစ်၏...

အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကျွန်ုပ်တို့သည် ဂုဏ်ယူဝင့်ကြွားခြင်းဖြင့် ကိုယ်တော်အား ဟစ်အော်ခေါ်ကြပါ၏၊ ကျွန်ုပ်တို့သည် ကခုန်လျက် သီချင်းဆိုကြပါ၏။ ကိုယ်တော်သည် အမှန်တကယ် ကျွန်ုပ်တို့၏ ရွေးနုတ်ရှင်၊ စကြဝဠာ၏ ကြီးမြတ်သော ဘုရင်ဖြစ်၏။ ကိုယ်တော်သည် အောင်မြင်သောသူတစ်စုကို ပြုလုပ်ပြီးဖြစ်ကာ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ပြည့်စုံစေလေပြီ။ လူမျိုးခပ်သိမ်းသည် ဤတောင်သို့ စုဝေးကြလိမ့်မည်။ လူမျိုးခပ်သိမ်းသည် ပလ္လင်တော်ရှေ့တွင် ဒူးထောက်ကြလိမ့်မည်။ ကိုယ်တော်သည် တစ်ပါးတည်းသော စစ်မှန်သည့် ဘုရားသခင်ဖြစ်တော်မူပြီး ဘုန်းအသရေနှင့် ဂုဏ်ပြုခြင်းတို့ ထိုက်တန်ပါ၏။ ဘုန်းအသရေ၊ ချီးမွမ်းခြင်းနှင့် ဩဇာအာဏာအားလုံးတို့သည် ပလ္လင်တော်၌ ရှိစေသတည်း။ အသက်စမ်းရေသည် မြောက်မြားစွာသော ဘုရားသခင်၏လူတို့ကို ရေလောင်းကာ ကျွေးမွေးလျက် ပလ္လင်တော်မှ စီးထွက်သည်။ အသက်သည် နေ့စဉ်နှင့်အမျှ ပြောင်းလဲ၏။ အသစ်သောအလင်းနှင့် ဗျာဒိတ်တော်များသည် ဘုရားသခင်အကြောင်း အသစ်သော ထိုးထွင်းသိမြင်မှုများကို စဉ်ဆက်မပြတ် ပေးလျက်၊ ကျွန်ုပ်တို့နောက်ကို လိုက်ကြ၏။ အတွေ့အကြုံများအလယ်တွင်၊ ဘုရားသခင်နှင့် ပတ်သက်၍ ကျွန်ုပ်တို့ လုံးဝ သေချာသွားကြသည်။ ကိုယ်တော်၏နှုတ်ကပတ်တော်များသည် စဉ်ဆက်မပြတ် ထင်ရှားလာကြ၏၊ မှန်ကန်သောသူများအတွင်းတွင် ထင်ရှားလာကြ၏။ ကျွန်ုပ်တို့သည် ဧကန်အမှန် ကောင်းချီးအလွန်ခံစားကြရပါ၏။ ဘုရားသခင်နှင့် နေ့စဉ် မျက်နှာချင်းဆိုင် တွေ့၍ အရာရာ၌ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ကာ ဘုရားသခင်အား အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာပေးလျက်ရှိကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို သေချာစွာ စဉ်းစားချင့်ချိန်၍ ကျွန်ုပ်တို့၏နှလုံးသားများသည် ဘုရားသခင်၌ ငြိမ်သက်လျက်ရှိပြီး၊ ဤနည်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏အလင်းကို လက်ခံရရှိသည့် နေရာဖြစ်သော ကိုယ်တော်၏ရှေ့မှောက်သို့ လာကြ၏။ နေ့စဉ် ကျွန်ုပ်တို့၏ အသက်တာများ၊ လုပ်ဆောင်မှုများ၊ စကားများ၊ အတွေးများနှင့် စိတ်ကူးများ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်အတွင်းတွင် ကျွန်ုပ်တို့ အသက်ရှင်ကြပြီး အစဉ်အမြဲ ခွဲခြားစိတ်ဖြာနိုင်ကြ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် တိကျသေချာစွာ လမ်းပြ၏၊ ကျွန်ုပ်တို့အတွင်း ကွယ်ဝှက်ထားသောအရာများသည် တစ်ခုပြီးတစ်ခု မမျှော်လင့်ဘဲ ပေါ်လာကြ၏။ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်းသည် နှောင့်နှေးခြင်းကို သည်းခံသည်မဟုတ်ပေ။ ကျွန်ုပ်တို့၏ အတွေးများနှင့် စိတ်ကူးများသည် ဘုရားသခင်၏ ဖော်ထုတ်ခြင်းကို ခံရသည်။ အခိုက်အတန့်တိုင်းတွင် ကျွန်ုပ်တို့သည် တရားစီရင်ခြင်းကို ကျွန်ုပ်တို့ ကြုံရသည့်နေရာဖြစ်သော ခရစ်တော်၏ပလ္လင်တော်ရှေ့၌ အသက်ရှင်နေထိုင်လျက်ရှိကြ၏။ ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာများအတွင်းရှိ နေရာတိုင်းသည် စာတန်၏ ဆက်လက်သိမ်းပိုက်ထားခြင်းကို ခံနေရသည်။ ယနေ့တွင် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ပြန်လည် ရရှိရန်အလို့ငှာ၊ သူ၏ဗိမာန်တော်သည် သန့်ရှင်းရပေမည်။ ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို အပြည့်အဝခံရဖို့ရန် ကျွန်ုပ်တို့သည် သေရေးရှင်ရေး ရုန်းကန်မှုတစ်ရပ်တွင် ပါဝင်ရမည်။ ကျွန်ုပ်တို့၏ လူဟောင်းများကို ကားစင်တင်ပြီးဖြစ်သည့်အခါမှသာ ခရစ်တော်၏ ရှင်ပြန်ထမြောက်သော အသက်သည် အထွတ်အထိပ် စိုးစံနိုင်ပေသည်။

ယခုတွင်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့ကို ဆယ်တင်ခြင်းအတွက် တိုက်ပွဲဝင်ရန် ကျွန်ုပ်တို့၏ နေရာအနှံ့တွင် ရုတ်တရက် တစ်ဟုန်ထိုးတိုက်ပွဲတစ်ရပ် စတင်၏။ ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကိုယ် ငြင်းပယ်ရန်နှင့် ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ဖို့ လိုလားလျက်ရှိရန် အဆင်သင့်ရှိသရွေ့၊ ကျွန်ုပ်တို့သည် ဘုရားသခင်အားဖြင့် တတ်နိုင်သမျှအမြန်ဆုံး စုံလင်သွားနိုင်စေရန်အလို့ငှာ ဘုရားသခင်သည် ကျွန်ုပ်တို့ကို အတွင်းမှ အချိန်တိုင်း အလင်းပေးကာ သန့်စင်စေမည်ဖြစ်ပြီး၊ စာတန်သိမ်းပိုက်ထားခဲ့သည့်အရာကို အသစ်ပြန်လည် သိမ်းယူလိမ့်မည်မှာ သေချာ၏။ အချိန်မဖြုန်းနှင့်- ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းတွင် အချိန်တိုင်း အသက်ရှင်လော့။ သန့်ရှင်းသူတို့ နှင့်အတူ တည်ဆောက်ခြင်းခံကြလော့၊ နိုင်ငံတော်အတွင်း ခေါ်ဆောင်ခြင်းခံကြလော့၊ ပြီးလျှင်ဘုရားသခင်နှင့်အတူ ဘုန်းတော်ဝင်စားကြလော့။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁)

ယနေ့၊ ကိုယ်တော်သည်- ဖိလဒေလဖိ အသင်းတော်- အသင်းတော်အားလုံးကို စုံလင်စေပြီးဖြစ်ကာ ထိုသို့ဖြင့် ကိုယ်တော်၏ အနှစ် ၆၀၀၀ စီမံခန့်ခွဲမှုအစီအစဉ်ကို ပြည့်စုံစေပြီးဖြစ်ပါ၏။ စိတ်ဝိညာဉ်တွင် ဆက်နွှယ်လျက်နှင့် ချစ်ခြင်းမေတ္တာနှင့်အတူ လိုက်လျှောက်ရင်း၊ စမ်းရေ၏ အရင်းအမြစ်နှင့် ဆက်သွယ်လျက် ကိုယ်တော်၏ရှေ့တွင် သန့်ရှင်းသူတို့သည် မိမိတို့ကိုယ်ကိုယ် နှိမ့်ချစွာဖြင့် နာခံနိုင်ကြပါ၏။ ရှင်သန်သော အသက်စမ်းရေသည် အသင်းတော်ထဲက ရွှံ့နှင့် ညစ်ညူးမှုအားလုံးကို ဆေးကြောကာ သန့်စင်ဖယ်ရှားလျက်၊ ကိုယ်တော်၏ ဗိမာန်တော်ကို တစ်ဖန် သန့်စင်စေရင်း၊ မရပ်မနား စီးဆင်းပါ၏။ ကျွန်ုပ်တို့သည် လက်တွေ့ကျသည့် စစ်မှန်သော ဘုရားသခင်ကို သိရှိလာကြပါပြီ၊ ကိုယ်တော်၏နှုတ်ကပတ်တော်အတွင်းတွင် လျှောက်လှမ်းကြပါပြီ၊ ကျွန်ုပ်တို့၏ ကိုယ်ပိုင် လုပ်ငန်းတာဝန်များကို သိမှတ်ပြီး အသင်းတော်အဖို့အလို့ငှာ မိမိတို့ကိုယ်ကိုယ် အသုံးခံဖို့ ကျွန်ုပ်တို့သည် တတ်နိုင်သမျှ လုပ်ဆောင်ပြီးဖြစ်သည်။ ကိုယ်တော်၏ အလိုတော်သည် ကျွန်ုပ်တို့၌ မပိတ်ဆို့ရန်၊ ကိုယ်တော်၏ ရှေ့မှောက်တွင် အမြဲ ဆိတ်ဆိတ်နေလျက် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်ကို ကျွန်ုပ်တို့ အရေးစိုက်ရပါမည်။ သန့်ရှင်းသူများအကြားတွင် အပြန်အလှန် ချစ်ခြင်းမေတ္တာရှိပြီး အချို့၏ အားသာချက်တို့သည် အခြားသူတို့၏အားနည်းချက်များအတွက် အစားထိုးပေးပါလိမ့်မည်။ ထိုသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခံရကာ အလင်းပြခံရလျက်၊ အချိန်တိုင်း ဝိညာဉ်တော်၌ လျှောက်လှမ်းနိုင်ကြပေသည်။ ၎င်းတို့သည် သမ္မာတရားကို သိရှိနားလည်သည်နှင့် ချက်ချင်း လက်တွေ့လုပ်ဆောင်ကြသည်။ အသစ်သောအလင်းကို အမီလိုက်ကာ ဘုရားသခင်၏ ခြေလှမ်းများနောက် လိုက်ကြလေသည်။

ဘုရားသခင်နှင့်အတူ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြလော့၊ ကိုယ်တော်ကို ထိန်းချုပ်ခွင့်ပေးခြင်းမှာ ကိုယ်တော်နှင့်အတူလျှောက်လှမ်းခြင်းဖြစ်၏။ ကျွန်ုပ်တို့၏ ကိုယ်ပိုင် စိတ်ကူးများ၊ အယူအဆများ၊ သဘောထားများနှင့် လောကီ ငြိတွယ်ခြင်းများသည် မီးခိုးငွေ့ကဲ့သို့ ပျောက်ချင်းမလှ ပျောက်ကွယ်သွားကြသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဝိညာဉ်များထဲတွင် ဘုရားသခင်ကို ကျွန်ုပ်တို့ အထွတ်အထိပ် အုပ်စိုးခွင့်ပြုသောကြောင့်၊ သူနှင့်အတူလျှောက်ကာ၊ ထူးကဲသာလွန်ခြင်း၊ လောကကို အောင်မြင်ခြင်းတို့ကို ရရှိကြပြီး ကျွန်ုပ်တို့၏စိတ်ဝိညာဉ်များသည် လွတ်လပ်စွာ ပျံသန်းကာ လွတ်မြောက်မှုကို ရရှိကြ၏။ ဤသည်မှာ အနန္တတန်ခိုးရှင်ဘုရားသခင်သည် ရှင်ဘုရင်ဖြစ်လာသည့်အခါ ရရှိသော အကျိုးရလဒ်ပင် ဖြစ်ပေ၏။ ကျွန်ုပ်တို့၏ ချီးမွမ်းခြင်းများ၊ အသစ်သော ဓမ္မသီချင်းများကို ပူဇော်ရင်း၊ ကျွန်ုပ်တို့သည် အဘယ်သို့ ချီးမွမ်းခြင်းဖြင့် မကခုန်၊ မသီဆိုဘဲ နေနိုင်ကြမည်နည်း။

ဘုရားသခင်ကိုချီးမွမ်းရန် နည်းလမ်းများစွာ အမှန်ရှိ၏- ကိုယ်တော့်နာမတော်ကို ဟစ်ခေါ်ခြင်း၊ ကိုယ်တော့်ထံ တိုးဝင် ချဉ်းကပ်ခြင်း၊ ကိုယ်တော့်အကြောင်းကို တွေးတောခြင်း၊ ဆုတောင်း- ဖတ်ရှုခြင်း၊ မိတ်သဟာယ၌ ပါဝင်ခြင်း၊ ဆင်ခြင်စဉ်းစားခြင်းနှင့် တွေးဆခြင်း၊ ဆုတောင်းခြင်းနှင့် ချီးမွမ်းသီချင်းများ ဖြစ်သည်။ ဤကဲ့သို့ ချီးမွမ်းခြင်းမျိုးများတွင် ပျော်မွေ့ခြင်းရှိကာ ဘိသိက်ရှိ၏၊ ချီးမွမ်းခြင်း၌ တန်ခိုးရှိပြီး ဝန်တာတစ်ခုလည်း ရှိ၏။ ချီးမွမ်းခြင်း၌ ယုံကြည်ခြင်းရှိကာ အသစ်သော ထိုးထွင်းသိမြင်ခြင်း ရှိပေသည်။

ဘုရားသခင်နှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်လော့၊ အစေခံခြင်းတွင် ပူးပေါင်းဆောင်ရွက်ကာ တစ်လုံးတစ်ဝတည်း ဖြစ်ကြလော့၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းလော့၊ သန့်ရှင်းသော ဝိညာဉ်ရေးရာ ခန္ဓာတစ်ခု ဖြစ်ရန် အလျင်အမြန်ပြုလော့၊ စာတန်အား ခြေဖြင့်နင်းကာ စာတန်၏ ကံကြမ္မာကို အဆုံးသတ်လော့။ ဖိလဒေလဖိအသင်းတော်သည် ဘုရားသခင်၏ မျက်မှောက်တော်ထဲသို့ ချီဆောင်ခံရပြီးဖြစ်ကာ သူ၏ ဘုန်းတော်ထဲတွင် ထင်ရှားစေပြီ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၂)

လူမျိုးအပေါင်းတို့သည် သြဘာပေးနေကြသည်၊ လူမျိုးအားလုံးတို့သည် သီချင်းသီဆိုနေကြသည်၊ ဇိအုန်တောင်သည် ဝမ်းမြောက်စွာ ရယ်မောနေပြီး ဘုရားသခင်၏ ဘုန်းတော်သည် ထွက်ပေါ်ပြီ ဖြစ်သည်။ ငါသည် ဘုရားသခင်၏မျက်နှာတော်ကို တွေ့မြင်ရလိမ့်မည်ဟု မည်သည့်အခါမျှ အိပ်မက်ပင် မမက်ဘူးပေ၊ သို့သော် ယနေ့တွင် ငါသည် ၎င်းကို တွေ့ခဲ့ပြီ ဖြစ်သည်။ နေ့စဉ် ကိုယ်တော်နှင့်မျက်နှာချင်းဆိုင် ငါသည် ကိုယ်တော်ထံ ရင်ဖွင့်သည်။ ကိုယ်တော်သည် စားဖွယ်နှင့်သောက်ဖွယ်ကို ကြွယ်ဝစွာ ပေးသနားတော်မူသည်။ အသက်၊ နှုတ်ကပတ်တော်များ၊ လုပ်ဆောင်မှုများ၊ အတွေးများ၊ အယူအဆများ အားလုံးတို့ကို ကိုယ်တော်၏ ဘုန်းကြီးသော အလင်းတော်မှ အလင်းပေးတော်မူသည်။ ကိုယ်တော်သည် လမ်းခရီး၏ခြေလှမ်းတိုင်းကို ဦးဆောင်ပြီး၊ ကိုယ်တော်၏ တရားစီရင်မှုသည် မည်သည့် တော်လှန်လိုသော နှလုံးသားပေါ်သို့မဆို ချက်ချင်း ကျရောက်လေသည်။

စားခြင်း၊ အတူနေထိုင်ခြင်း၊ ဘုရားသခင်နှင့်အတူ အသက်ရှင်ခြင်း၊ ကိုယ်တော်နှင့် အတူရှိခြင်း၊ အတူတကွ လျှောက်လှမ်းခြင်း၊ အတူတကွ ပျော်မွေ့ခြင်း၊ အတူတကွ ဘုန်းတော်ရရှိခြင်းနှင့် ကောင်းချီးများခံစားခြင်း၊ ကိုယ်တော်နှင့် ဘုရင်အရိုက်အရာကို အတူခံစားခြင်းနှင့် နိုင်ငံတော်တွင် အတူတကွ တည်ရှိခြင်း- အို၊ ပျော်ရွှင်ဖွယ် ကောင်းလိုက်လေခြင်း။ အို၊ ချိုမြိန်လိုက်လေခြင်း။ ငါတို့သည် ကိုယ်တော်နှင့်အတူ နေ့စဉ် မျက်နှာချင်းဆိုင် ရှိနေသည်၊ ကိုယ်တော်နှင့် နေ့စဉ် စကားပြောနေပြီး၊ စဉ်ဆက်မပြတ် စကားပြောနေသည်၊ ထို့အပြင် နေ့တိုင်း အသစ်သော ဉာဏ်အလင်းပွင့်ခြင်းနှင့် အသစ်သော ထိုးထွင်းမြင်နိုင်စွမ်းသော အသိဉာဏ်များကို ပေးသနားတော်မူသည်။ ငါတို့၏ ဝိညာဉ်မျက်စိတို့ကို ပွင့်စေပြီး၊ ငါတို့သည် အရာရာတိုင်းကို တွေ့မြင်သည်။ ဝိညာဉ်၏ နက်နဲရာအလုံးစုံတို့ကို ငါတို့အား ထုတ်ဖော်တော်မူသည်။ သန့်ရှင်းသော အသက်တာသည် အကယ်ပင် ပူပင်ကြောင့်ကြမှု ကင်းမဲ့သည်၊ လျင်မြန်စွာပြေးပြီး၊ မရပ်ပေ၊ ပြီးလျှင် ရှေ့သို့ စဉ်ဆက်မပြတ် တိုးသွားသည်- ရှေ့တွင် သာ၍အံ့သြဖွယ် ဘဝတစ်ခု ရှိသည်။ ချိုမြိန်သောအရသာ၌သာ ကျေနပ်မနေလေနှင့်၊ ဘုရားသခင်ထံတွင်းသို့ ဝင်ရောက်ရန် အစဉ် ရှေးရှုလော့။ ကိုယ်တော်သည် အရာခပ်သိမ်းကို လွှမ်းခြုံကာ ကြွယ်ဝပြီး ငါတို့ ချို့တဲ့သောအရာ အမျိုးမျိုးကို ပိုင်ဆိုင်သည်။ ပူးပေါင်းဆောင်ရွက်မှုကို ဖန်တီးယူပြီး ကိုယ်တော်အတွင်းသို့ ဝင်ရောက်လော့၊ ထိုအခါ မည်သည့်အရာမျှ မည်သည့်အခါမျှ နောက်တစ်ဖန် တူလိမ့်မည် မဟုတ်ပေ။ ငါတို့၏ဘဝများသည် ထူးကဲသာလွန်ကာ၊ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်ကိစ္စ သို့မဟုတ် မည်သည့်အရာမျှ ငါတို့ကို နှောင့်ယှက်နိုင်လိမ့်မည် မဟုတ်ပေ။

ထူးကဲသာလွန်ခြင်း။ ထူးကဲသာလွန်ခြင်း။ စစ်မှန်သော ထူးကဲသာလွန်ခြင်း။ ဘုရားသခင်၏ ထူးကဲသာလွန်သော အသက်သည် အထဲတွင် ရှိပြီး၊ အရာခပ်သိမ်းသည် စစ်မှန်စွာ သက်သောင့်သက်သာ ရှိသွားကြပြီ ဖြစ်သည်။ ငါတို့သည် ခင်ပွန်းများ သို့မဟုတ် သားသမီးများတို့အပေါ် သံယောဇဉ် မရှိဘဲ၊ လောကနှင့် လောကီအရာများတို့ကို ကျော်လွန်သည်။ ဖျားနာခြင်းနှင့် ပတ်ဝန်းကျင်များတို့၏ ထိန်းချုပ်မှုကို ငါတို့ ကျော်လွန်သည်။ စာတန်သည် ငါတို့ကို မနှောင့်ယှက်ရဲပေ။ ငါတို့သည် ဘေးအန္တရာယ်အလုံးစုံတို့ကို ကျော်လွန်သည်။ ဤသည်မှာ ဘုရားသခင်အား ဘုရင်ဖြစ်ခွင့်ပေးခြင်း ဖြစ်သည်။ ငါတို့သည် စာတန်ကို ခြေဖဝါးအောက် နင်းခြေကြသည်၊ အသင်းတော်အဖို့ သက်သေခံကြပြီး၊ စာတန်၏ အကျည်းတန်သော မျက်နှာကို လုံးလုံးလျားလျား ဖော်ထုတ်ကြသည်။ အသင်းတော်ကို တည်ဆောက်ခြင်းသည် ခရစ်တော်၌ဖြစ်ပြီး၊ ဘုန်းကြီးသော ခန္ဓာတော်သည် ပေါ်ထွက်ပြီးဖြစ်သည်- ၎င်းသည် ချီဆောင်ခြင်း၌ အသက်ရှင်ခြင်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၅)

နိုင်ငံတော်၏ လေ့ကျင့်မှုထဲသို့ ဝင်ရောက်ခြင်း ဆိုသည်မှာ ဘုရားသခင်၏ လူများနှင့်ဆိုင်သည့် အသက်တာ စတင်ခြင်းကို ဆိုလိုသည်- ထိုသို့သော လေ့ကျင့်မှုကို လက်ခံရန် သင်လိုလားလျက်ရှိသလော။ သင်သည် အရေးတကြီးဖြစ်သည့် အသိစိတ်ကို ခံစားရန် လိုလားလျက် ရှိသလော။ ဘုရားသခင်၏ ဆုံးမပဲ့ပြင်မှုအောက်တွင် အသက်ရှင်ရန် သင် လိုလားလျက်ရှိသလော။ ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုအောက်တွင် အသက်ရှင်ရန် သင် လိုလားလျက် ရှိသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင့်ပေါ် ရောက်လာပြီး သင့်ကို စမ်းသပ်သည့်အခါတွင်၊ သင်သည် မည်သို့ ဆောင်ရွက်လိမ့်မည်နည်း။ ပြီးလျှင် အမှန်တရားမျိုးစုံကို သင် ရင်ဆိုင်ရချိန်တွင်၊ မည်သည့်အရာကို လုပ်ဆောင်လိမ့်မည်နည်း။ အတိတ်တွင် အသက်အပေါ် သင် အာရုံမစိုက်ခဲ့ပေ။ ယနေ့တွင် သင်သည် အသက် လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ခြင်းကို အာရုံစိုက်ရမည် ဖြစ်ပြီး သင်၏ အသက် စိတ်သဘောထားထဲ၌ အပြောင်းအလဲများကို လိုက်စားရမည် ဖြစ်သည်။ ဤသည်မှာ နိုင်ငံတော်သားများ စွမ်းဆောင်ရရှိရမည့် အရာ ဖြစ်သည်။ ဘုရားသခင်၏ လူများဖြစ်သော သူအားလုံးသည် အသက်ကို ပိုင်ဆိုင်ရမည်၊ ၎င်းတို့သည် နိုင်ငံတော်၏ လေ့ကျင့်မှုကို လက်ခံရမည်ဖြစ်ပြီး ၎င်းတို့၏ အသက်စိတ်သဘောထားတွင် အပြောင်းအလဲများကို လိုက်စားကြရမည် ဖြစ်သည်။ ဤသည်မှာ နိုင်ငံတော်သားများကို ဘုရားသခင် တောင်းဆိုသည့်အရာ ဖြစ်သည်။

နိုင်ငံတော်သားများအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်-

၁။ ၎င်းတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို လက်ခံရမည်။ ဆိုလိုသည်မှာ ၎င်းတို့သည် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတွင် ပြောဆိုထားသော နှုတ်ကပတ်တော် အားလုံးကို လက်ခံရမည်။

၂။ ၎င်းတို့သည် နိုင်ငံတော်၏ လေ့ကျင့်မှုထဲသို့ ဝင်ရောက်ရမည်။

၃။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးများ ဘုရားသခင်၏ တို့ထိခံရခြင်းအား ရရှိအောင် အားထုတ်ရမည်။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ထံသို့ လုံးဝ လှည့်ပြီးဖြစ်ကာ သင်သည် ပုံမှန် ဝိညာဉ်ရေးရာ အသက်တာ ရှိသည့်အခါတွင်၊ သင်သည် လွတ်လပ်မှု နယ်ပယ်ထဲတွင် အသက်ရှင်လိမ့်မည်၊ ယင်းမှာ သင်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၏ စောင့်ရှောက်မှုနှင့် ကာကွယ်မှုတွင် အသက်ရှင်ရလိမ့်မည်ဟု ဆိုလိုပေသည်။ ဘုရားသခင်၏ စောင့်ရှောက်မှုနှင့် ကာကွယ်မှုအောက်တွင် သင်အသက်ရှင်သည့်အခါမှသာ၊ သင်သည် ဘုရားသခင်နှင့် သက်ဆိုင်လိမ့်မည်။

၄။ ၎င်းတို့သည် ဘုရားသခင်၏ ရယူခြင်းကို ခံကြရမည်။

၅။ ၎င်းတို့သည် ကမ္ဘာမြေကြီးပေါ်၌ ဘုရားသခင်၏ ဘုန်းအသရေနှင့်ဆိုင်သည့် သရုပ်သကန် တစ်ခု ဖြစ်လာကြရမည်။

ဤအချက်ငါးချက်သည် သင်တို့အတွက် ငါ၏တာဝန်ပေး စေခိုင်းချက်များ ဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များကို ဘုရားသခင်၏ လူတို့ထံ ပြောဆိုထားသကဲ့သို့၊ သင်တို့သည် ဤတာဝန်ပေးစေခိုင်းချက်များကို လက်ခံရန် လိုလားခြင်းမရှိပါက၊ သင့်ကို ငါ အတင်းအကျပ် ပြုမည်မဟုတ်- သို့ရာတွင် သင်သည် ထိုစကားများကို အမှန်တကယ်လက်ခံပါက၊ ဘုရားသခင်၏ အလိုကို လုပ်ဆောင်နိုင်လိမ့်မည်။ ယနေ့တွင် သင်တို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို စတင်လက်ခံကြပြီး နိုင်ငံတော်သားများ ဖြစ်လာခြင်းနှင့် နိုင်ငံတော်သားများဖြစ်ရန် လိုအပ်သော စံနှုန်းများကို ကြိုးပမ်းရရှိခြင်းတို့ကို အားထုတ်ကြလော့။ ဤသည်မှာ ဝင်ရောက်ခြင်း၏ ပထမခြေလှမ်းဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ အလိုကို အပြည့်အဝ လုပ်ဆောင်ရန် ဆန္ဒရှိပါက၊ ဤတာဝန်ပေးစေခိုင်းချက် ငါးချက်ကို သင် လက်ခံရမည်ဖြစ်ပြီး၊ ယင်းတို့ကို သင် စွမ်းဆောင်ရရှိနိုင်ပါက၊ သင်သည် ဘုရားသခင်၏စိတ်နှင့် ကိုက်ညီလိမ့်မည်ဖြစ်ကာ ဘုရားသခင်သည် သင့်ကို ဧကန်မုချ ကြီးစွာ အသုံးပြုလိမ့်မည်။ ယနေ့ အရေးပါသည်မှာ နိုင်ငံတော်၏ လေ့ကျင့်မှုထဲသို့ ဝင်ရောက်ခြင်း ဖြစ်သည်။ နိုင်ငံတော်၏ လေ့ကျင့်မှုထဲသို့ ဝင်ရောက်ခြင်းတွင် ဝိညာဉ်ရေးရာ အသက်တာ ပါဝင်သည်။ ယခင်က ဝိညာဉ်ရေးရာ အသက်တာနှင့်သက်ဆိုင်သည့် ပြောဆိုမှု မရှိခဲ့သော်လည်း၊ ယနေ့တွင် သင်သည် နိုင်ငံတော်၏ လေ့ကျင့်မှုထဲသို့ စတင် ဝင်ရောက်သည်နှင့်အမျှ၊ သင်သည် ဝိညာဉ်ရေးရာ အသက်တာထဲသို့ တရားဝင် ဝင်ရောက်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့

ယခုသည် နိုင်ငံတော်ခေတ် ဖြစ်၏။ သင်သည် ဤခေတ်အသစ်ထဲသို့ ဝင်ရောက်ပြီးခြင်း ရှိ မရှိဆိုသည်မှာ ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ သင်ဝင်ရောက်ပြီးခြင်း ရှိ မရှိဆိုသည့်အပေါ်၊ သူ၏ နှုတ်ကပတ်တော်များက သင့်အသက်တာ လက်တွေ့အရှိတရား ဖြစ်လာပြီးခြင်း ရှိ မရှိဆိုသည့်အပေါ် မူတည်ပေသည်။ အဆုံးတွင် လူအားလုံးသည် ဘုရားနှုတ်ကပတ်တော်များ၏ကမ္ဘာ၌ အသက်ရှင်ကြရန် အလို့ငှာနှင့် သူ၏ နှုတ်ကပတ်တော်များက လူအသီးသီးကို အတွင်းမှ အသိဉာဏ်ပွင့်လင်းစေကာ အလင်းပေးဖို့အလို့ငှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူတိုင်းထံ သိစေပြီး ဖြစ်သည်။ ဤအချိန် အတွင်းတွင်၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရာ၌ အရေးမထားသကဲ့သို့၊ သူ၏ နှုတ်ကပတ်တော်များကို စိတ်မဝင်စားပါက၊ ဤသည်မှာ သင်၏ လက်ရှိအခြေအနေ မှားယွင်းသည်ကို ပြသပေသည်။ သင်သည် နှုတ်ကပတ်တော်ခေတ်ထဲသို့ မဝင်ရောက်နိုင်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲတွင် အလုပ်မလုပ်ပေ။ သင်သည် ဤခေတ်ထဲသို့ ဝင်ရောက်ပြီးဖြစ်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်က သူ၏အလုပ်ကို လုပ်လိမ့်မည်။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိဖို့ နှုတ်ကပတ်တော်ခေတ်၏ အစတွင် မည်သည့်အရာကို သင် လုပ်ဆောင်နိုင်သနည်း။ ဤခေတ်ထဲနှင့် သင်တို့အလယ်တွင်၊ ဘုရားသခင်သည် အောက်ပါ အချက်များကို ပြီးမြောက်လိမ့်မည်- လူတိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသက်ရှင် နေထိုင်ကြလိမ့်မည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်ကို အလေးအနက် ချစ်ကြလိမ့်မည်။ လူအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံအုတ်မြစ်အဖြစ်နှင့် ၎င်းတို့၏ လက်တွေ့အရှိတရား အဖြစ် အသုံးပြုကြလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးများ ရှိကြလိမ့်မည် ဖြစ်ကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းမှတစ်ဆင့်၊ လူသားသည် ဘုရားသခင်နှင့်အတူ မင်းတို့၏တန်ခိုးအာဏာကို စွဲကိုင်ကြလိမ့်မည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က စွမ်းဆောင်ရရှိမည့် အမှု ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မဖတ်မရှုဘဲ အသက်ရှင်နိုင်သလော။ ယနေ့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းမရှိဘဲ၊ တစ်ရက် သို့မဟုတ် နှစ်ရက်ပင် အသက်မရှင်နိုင်ဟု ခံစားရသောသူများစွာ ရှိသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နေ့စဉ်ဖတ်ကြရပြီး၊ အချိန်က အခွင့်မပေးပါက၊ ယင်းတို့ကို နားထောင်ခြင်းက ၎င်းတို့အဖို့ လုံလောက်ပေမည်။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်က လူတို့ကို ပေးသော ခံစားချက် ဖြစ်ပြီး ၎င်းတို့ကို စတင်တို့ထိသည့် နည်းလမ်း ဖြစ်သည်။ ဆိုလိုသည်မှာ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက် နိုင်ရန်အလို့ငှာ၊ သန့်ရှင်းသောဝိညာဉ်တော်သည် လူတို့ကို နှုတ်ကပတ်တော်များ မှတစ်ဆင့် အုပ်စိုးပေသည်။ အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းမရှိဘဲ တစ်ရက်မျှကြာပြီးနောက်တွင်၊ သင်သည် မှောင်မိုက်မှုနှင့် ဆာငတ်မှုကို ခံစားရပြီး ယင်းကို မခံနိုင်ပါက၊ ဤသည်မှာ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို ခံရပြီးဖြစ်ကာ သူသည် သင့်ထံမှ ထွက်မသွားသေးသည်ကို ပြသပေသည်။ ထိုအခါ သင်သည် ဤရေစီးကြောင်းထဲ၌ ရှိသောသူတစ်ဦး ဖြစ်သည်။ သို့သော် အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းမရှိဘဲ၊ တစ်ရက် သို့မဟုတ် နှစ်ရက်ကြာပြီးနောက် သင်သည် အမှုအရာတစ်ခုကို မခံစားရပါက၊ ဆာငတ်မှု မရှိသကဲ့သို့ လုံးဝ တို့ထိခြင်းမခံစားရပါက၊ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ထံမှ ထွက်သွားပြီဖြစ်သည်ကို ပြသပေသည်။ သို့ဖြစ်လျှင် ဤအရာက သင့်အတွင်းရှိ အခြေအနေနှင့်ပတ်သက်၍ တစ်စုံတစ်ခု မှားယွင်းသည်ကို ဆိုလိုလေသည်။ သင်သည် နှုတ်ကပတ်တော်ခေတ်ထဲသို့ မဝင်ရောက်ရသေးသကဲ့သို့၊ သင်သည် နောက်ကျ ကျန်ရစ်ပြီးသူများထဲမှ တစ်ဦး ဖြစ်ပေသည်။ ဘုရားသခင်သည် လူတို့ကို အုပ်စိုးရန် နှုတ်ကပတ်တော်များကို အသုံးပြုသည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်လျှင် နေလို့ကောင်းပြီး၊ မစားသောက်လျှင် သင်သည် လိုက်လျှောက်ရမည့် လမ်းကြောင်း မရှိပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့၏ အစာဖြစ်လာသကဲ့သို့၊ ၎င်းတို့ကို တွန်းအားပေးသည့် ခွန်အား ဖြစ်လာသည်။ ကျမ်းစာက၊ “လူသည် မုန့်အားဖြင့်သာ အသက်ကို မွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည်။” ဟုပြောသည်။ ယနေ့တွင် ဘုရားသခင်သည် ဤအမှုကို ပြီးစီးစေမည်ဖြစ်ပြီး သင်တို့အထဲတွင် ဤအမှန်တရားကို သူ ဖြစ်မြောက်စေမည် ဖြစ်သည်။ အတိတ်တွင် လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရက်ပေါင်းများစွာ မဖတ်ရှုဘဲ နေနိုင်ကြသော်လည်း၊ ပုံမှန်အတိုင်း စားနိုင်ပြီး အလုပ်လုပ်နိုင်ခဲ့ကြသော်လည်း၊ ယနေ့တွင် ဤသည်မှာ အဘယ်သို့ မဖြစ်ရသနည်း။ ဤခေတ်တွင် ဘုရားသခင်သည် အရာခပ်သိမ်းကို အုပ်စိုးဖို့ နှုတ်ကပတ်တော်များကို အဓိက အသုံးပြု၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့်၊ လူသားသည် တရားစီရင်ခံရပြီး စုံလင်စေခြင်းခံရပြီးနောက် နောက်ဆုံးတွင် နိုင်ငံတော်ထဲသို့ ခေါ်ဆောင်ခြင်း ခံရသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကသာ လူသား၏အသက်ကို ထောက်ပံ့ပေးနိုင်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကသာ၊ အထူးသဖြင့် နိုင်ငံတော်ခေတ်တွင်၊ လူသားကို အလင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းအတွက် လမ်းကြောင်းတစ်ခု ပေးနိုင်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နေ့စဉ် စားသောက်ရင်း၊ ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားမှ မသွေဖည်သရွေ့၊ ဘုရားသခင်က သင့်ကို စုံလင်စေနိုင်လိမ့်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်

ဘုရားသခင်၌ ယုံကြည်ခြင်းမှာ ယခု ဘုရားသခင်၏ နှုတ်ကပတ်တော်ခေတ်ထဲသို့ ဝင်ရောက်လာပြီဖြစ်သည်။ နှိုင်းယှဉ်၍ဆိုပါက လူတို့သည် ယခင်က သူတို့တောင်းခဲ့သလောက် ဆုမတောင်းကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရား၏ လက္ခဏာခပ်သိမ်းနှင့် လက်တွေ့လုပ်ဆောင်မှု နည်းလမ်းများကို ကွက်ကွက်ကွင်းကွင်း ပြောပြပြီဖြစ်သောကြောင့် လူတို့အနေဖြင့် ရှာဖွေပြီး စမ်းတဝါးဝါးသွားရန် မည်သည့်လိုအပ်ချက်မျှ မရှိတော့ချေ။ နိုင်ငံတော်ခေတ်၏ အသက်တာထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက လူတို့ကို ရှေ့လျှောက်ဦးဆောင်သည်၊ ယင်းမှာ သူတို့အား အရာတိုင်းကို ရှင်းလင်းစွာ မြင်တွေ့ရန်အတွက် ပြုလုပ်ထားသည့် ဘဝတစ်ခု၌ဖြစ်ပြီး၊ ဘုရားသခင်က အရာတိုင်းကို ကွက်ကွက်ကွင်းကွင်း အကွက်ချစီစဥ်ထားပြီဖြစ်ပြီး လူသားသည် အသက်တာတစ်လျှောက် ၎င်းတို့၏လမ်းကို စမ်းသွားရန် မလိုတော့ပေ။ အိမ်ထောင်ရေး၊ လောကီရေးရာကိစ္စများ၊ အသက်တာ၊ အစားအစာ၊ အဝတ်အထည်နှင့် အမိုးအကာ၊ လူလူချင်းဆက်ဆံမှုဆိုင်ရာ ဆက်နွှယ် မှုများနှင့်ပတ်သက်၍ လူတစ်ဦးသည် ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းပေးသည့် နည်းလမ်းတစ်ခုဖြင့် အစေခံနိုင်ပုံ၊ လူတစ်ဦးသည် ဇာတိပကတိကို မည်ကဲ့သို့ စွန့်ပစ်သင့်ပုံ အစရှိသည်တို့နှင့်စပ်လျဉ်း၍ ဘုရားသခင်သည် ဤအရာများထဲမှ မည်သည့်အရာကို သင်တို့အား မရှင်းပြရသေးသနည်း။ သင်တို့သည် သွား၍ ဆုတောင်းရန်နှင့် ရှာဖွေရန် လိုအပ်သေးသလော။ အမှန်တကယ်ပင် မလိုအပ်ပေ။ အကယ်၍ သင်သည် ဤအရာများကို လုပ်နေသေးပါက သင်သည် လိုသည်ထက်လွန်ကဲစွာ ပြုမူနေခြင်းသာဖြစ်သည် မဟုတ်လော။ ၎င်းမှာ မသိနားမလည်ခြင်းနှင့် မိုက်မဲခြင်းအပြင် လုံးလုံးလျားလျား မလိုအပ်ခြင်း ဖြစ်သည်။...ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အထူးသဖြင့် သူ၏ အလိုတော်၊ သူ၏ စိတ်နေသဘောထားနှင့် ခြားနားသော လူအမျိုးအစားတို့အား သူဆက်ဆံပုံတို့နှင့်စပ်လျဥ်း၍ မိန့်မြွက်သည့်အရာများမှာ ရှင်းလင်းပြတ်သားပါသည်။ အကယ်၍ သမ္မာတရားကို သင်နားမလည်ပါက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် ပို၍ဖတ်ရှုသင့်သည်၊ ဤသို့ပြုလုပ်ခြင်း၏ ရလဒ်မှာ ကျိုးကြောင်းမဆင်ခြင်ဘဲ ဆုတောင်းခြင်းနှင့် ရှာဖွေခြင်းထက် များစွာပိုကောင်း၏။ ရှာဖွေခြင်းနှင့် ဆုတောင်းခြင်းက ဘုရားသခင်၏ နှုတ်ကပတ်တော်များအား ပိုမိုဖတ်ရှုခြင်းနှင့် သမ္မာတရားအပေါ် မိဿဟာယပြုခြင်းတို့ကို အစားထိုးသင့်သည့် သာဓကများ မြောက်မြားစွာရှိသည်။ သင်၏ ပုံမှန်ဆုတောင်းချက်များထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ဆင်ခြင်ပြီး သင့်ကိုယ်သင် ပိုမိုသိကျွမ်းသင့်သည်။ ဤသည်မှာ အသက်တာ၌ သင်၏တိုးတက်မှုအတွက် ပို၍အကျိုးပြုသည်။ အကယ်၍ ယခု သင်သည် သင်၏မျက်လုံးများကို ကောင်းကင်သို့ မော့ကြည့်လျက် ရှာဖွေနေသေးပါက သင်သည် မရေရာသော ဘုရားသခင်ကို ယုံကြည်နေသေးကြောင်း ယင်းက ပြသသည် မဟုတ်လော။ သင် ယခင်က သင်၏ရှာဖွေခြင်းနှင့် ဆုတောင်းခြင်းမှ ရလဒ်များကို မြင်ခဲ့ရပြီး သန့်ရှင်းသောဝိညာဉ်တော်သည် သင်၏ဝိညာဉ်ကို အတော်အတန် စေ့ဆော်ခဲ့သည်မှာ ထိုအချိန်က ကျေးဇူးတော်ခေတ် ဖြစ်ခဲ့သောကြောင့်ဖြစ်သည်။ သင်သည် ဘုရားသခင်ကို မမြင်နိုင်ခဲ့သောကြောင့် သင်၏ ရှေ့ဆက်ရမည့်လမ်းကို စမ်းပြီး ထိုလမ်းကို ရှာဖွေရန်မှအပ သင်၌ ရွေးချယ်စရာ မရှိခဲ့ပေ။ ယခုအခါ ဘုရားသခင်သည် လူတို့အကြား ကြွလာပြီဖြစ်ပြီး နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာပြီးဖြစ်ကာ သင်သည် ဘုရားသခင်ကို မြင်တွေ့ပြီဖြစ်သောကြောင့် သန့်ရှင်းသောဝိညာဉ်တော်သည် ယခင်က သူပြုခဲ့သည့်အတိုင်း အမှုမပြုတော့ပေ။ ခေတ်ကာလ ပြောင်းလဲခဲ့ပြီဖြစ်သည့်နည်းတူ သန့်ရှင်းသောဝိညာဉ်တော် အမှုပြုသည့် နည်းလမ်းလည်း ပြောင်းလဲခဲ့လေပြီ။ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်၌ ရှိပြီဖြစ်သောကြောင့် လူတို့သည် ယခင်ကလောက် ဆုတောင်းလိမ့်မည်မဟုတ်သော်လည်း၊ ယခုအခါ လူသည် ဘုရားသခင်ကို ချစ်ရန် အခွင့်အရေးတစ်ခု ရှိသည်။ လူသားမျိုးနွယ်သည် ဘုရားသခင်ကို ချစ်သောခေတ်ကာလထဲသို့ ဝင်ရောက်ခဲ့ပြီဖြစ်၍ ၎င်းတို့အတွင်း၌ ဘုရားသခင်နှင့် ပုံမှန်အားဖြင့် နီးစပ်နိုင်လေသည်- “အို ဘုရားသခင်။ ကိုယ်တော်သည် အမှန်တကယ်ပင် အလွန်ကောင်းမြတ်ပြီး ကိုယ်တော့်ကို အကျွန်ုပ် ချစ်လိုသည်။” လူတို့၏စိတ်နှလုံးအတွင်း၌ ရှင်းလင်းပြီး ရိုးရှင်းသော စကားလုံးအနည်းငယ်သည် ဘုရားသခင်အားချစ်ခြင်းကို ဖွင့်ဟသည်။ ဤဆုတောင်းချက်သည် လူသားနှင့် ဘုရားသခင်အကြားရှိ ချစ်ခြင်းမေတ္တာကို ပို၍နက်ရှိုင်းစေရန်အလို့ငှာ တောင်းခြင်းဖြစ်သည်။ တစ်ခါတစ်ရံ ပုန်ကန်မှုအနည်းငယ်ကို သင်ကိုယ်တိုင် ပြသနေကြောင်း သင်မြင်ပြီး- “အို ဘုရားသခင်။ ကျွန်ုပ်သည် အဘယ်ကြောင့် အလွန် ဖောက်ပြန်ပျက်စီးရသနည်း” ဟု ဆိုကောင်းဆိုနိုင်သည်။ သင်သည် မိမိကိုယ်ကိုယ် ထုရိုက်ရန် ပြင်းပြသောဆန္ဒကို အကြိမ်အနည်းငယ် ခံစားပြီး မျက်လုံးထဲတွင်မျက်ရည်များ ပြည့်လျှံလာတတ်သည်။ ထိုကဲ့သို့သော အချိန်များတွင် သင်၏စိတ်နှလုံးထဲ၌ ဝမ်းနည်းခြင်းနှင့် သောကကို ခံစားရသော်လည်း ဤခံစားချက်များကို ဖော်ပြရန် သင်၌ နည်းလမ်းမရှိပေ။ ဤသည်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ လက်ရှိအမှု ဤသည်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ လက်ရှိအမှု ဖြစ်သော်လည်း ဤအရာမှာ အသက်ကို ရှာဖွေသောသူများသာ ရနိုင်သောအရာ တစ်စုံတစ်ခု ဖြစ်သည်။ သင်တို့အတွက် ဘုရားသခင်၌ ကြီးမားသော ချစ်ခြင်းမေတ္တာ ရှိပြီး၊ သင့်ထံတွင် အထူးခံစားချက်တစ်ခု ရှိသည်ဟု သင်တို့ ခံစားရသည်။ သင့်ထံတွင် ဆုတောင်းရန် ရှင်းလင်းသော စကားများ မရှိသော်ငြားလည်း၊ ဘုရားသခင်၏ချစ်ခြင်းမေတ္တာမှာ ပင်လယ်သမျှ နက်ရှိုင်းသည်ဟု သင်အမြဲခံစားရသည်။ ဤဖြစ်တည်မှု အခြေအနေကို ဖော်ပြရန် သင့်တော်သည့် စကားများမရှိဘဲ၊ ဤသည်မှာ ဝိညာဉ်ထဲတွင် မကြာခဏ ဖြစ်ပေါ်သော အခြေအနေတစ်ခု ဖြစ်သည်။ ဘုရားသခင်ထံ သာ၍နီးရန် ရည်ရွယ်ချက်များဖြင့် သင်တို့၏ စိတ်နှလုံးအတွင်း ဤကဲ့သို့ ဆုတောင်းချက်နှင့် မိတ်သဟာယဖွဲ့ခြင်းမှာ သာမန် ဖြစ်သည်။

လူတို့သည် စမ်းတဝါးဝါးလုပ်ပြီး ရှာဖွေခဲ့ရသည့်အချိန်မှာ ယခုတွင် ကုန်လွန်သွားပြီး ၎င်းက သူတို့အနေဖြင့် ဆုတောင်းရန်နှင့် ရှာဖွေရန် မလိုတော့ပါဟု ဆိုလိုခြင်း မဟုတ်သည့်အပြင် ၎င်းမှာ အမှုကို ဆက်၍မလုပ်မီ ဘုရားသခင်၏အလိုတော်သည် သူ့ဘာသာသူ ထုတ်ဖော်ရန် လူတို့က စောင့်ဆိုင်းရန် မလိုသည့် အကြောင်းအရာလည်း မဟုတ်ပေ၊ ဤအရာများမှာ လူသား၏ တလွဲနားလည်မှုများသာ ဖြစ်သည်။ ဘုရားသခင်သည် လူတို့နှင့်အတူ နေထိုင်ရန်၊ လူတို့၏ အလင်း၊ လူတို့၏အသက်နှင့် လူတို့၏လမ်းခရီး ဖြစ်ရန် ၎င်းတို့အကြား ကြွလာခဲ့ပြီး- ဤအရာမှာ အမှန်တရားဖြစ်သည်။ ဟုတ်ပါသည်၊ ကမ္ဘာမြေကြီးသို့ ဘုရားသခင်ကြွလာခြင်းတွင် လူသားမျိုးနွယ်ထံ ၎င်းတို့မွေ့လျော်ရန်အတွက် ၎င်းတို့၏ဝိညာဉ်အသက်တာနှင့် ကိုက်ညီသည့် လက်တွေ့ကျသောလမ်းနှင့် အသက်ကို ဧကန်မုချ ယူဆောင်လာသည်၊ သူသည် လူသား၏ လက်တွေ့လုပ်ဆောင်မှု နည်းလမ်းများအားလုံးကို ဖျက်ဆီးရန် ကြွလာခဲ့ခြင်းမဟုတ်ပေ။ လူသားသည် စမ်းတဝါးဝါးသွားခြင်းနှင့် ရှာဖွေခြင်းအားဖြင့် အသက်မရှင်တော့သည့်အကြောင်းမှာ ဤအရာများသည် အမှုပြုရန်နှင့် သူ၏နှုတ်ကပတ်တော်ကို မိန့်ဆိုရန် ကမ္ဘာမြေကြီးသို့ ဘုရားသခင်၏ ကြွလာခြင်းအားဖြင့် အစားထိုးခဲ့ပြီးသောကြောင့် ဖြစ်သည်။ သူသည် လူသားကို သူတို့နေထိုင်လာနေသည့် မထင်ပေါ်ခြင်းနှင့် အမှောင်ထု၏ အသက်တာမှ လွတ်မြောက်စေရန်နှင့် အလင်းနှင့်ပြည့်ဝသော အသက်ကို ရရှိစေနိုင်ရန် ကြွလာခဲ့ခြင်းဖြစ်သည်။ လက်ရှိအမှုမှာ အမှုအရာများကို ရှင်းလင်းစွာ ညွှန်ပြရန်၊ ရှင်းလင်းစွာပြောရန်၊ တိုက်ရိုက်အကြောင်းကြားရန်နှင့် အမှုအရာများကို အတိအလင်း ပြဋ္ဌာန်းရန် ဖြစ်သောကြောင့်၊ ယေဟောဝါဘုရားသခင်သည် အစ္စရေးလူများကို ဦးဆောင်ခဲ့ပြီး ၎င်းတို့အား မည်ကဲ့သို့ ယဇ်ပူဇော်ပုံနှင့် ဗိမာန်တော် မည်ကဲ့သို့ တည်ဆောက်ပုံကို ပြောပြသကဲ့သို့ပင်၊ လူတို့သည် ဤအရာများကို လက်တွေ့လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် သင်တို့သည် သခင်ယေရှု ထွက်ခွာခဲ့ပြီးနောက် သင်ပြုခဲ့သည့်နည်းတူ အပူတပြင်းရှာဖွေသော အသက်တာဖြင့် အသက်ရှင်ရန် မလိုအပ်တော့ပေ။ သင်တို့သည် အနာဂတ်တွင် ဧဝံဂလိတရားကို ဖြန့်ဝေခြင်းအမှုတစ်လျှောက်လုံး သင်တို့၏ လမ်းကို စမ်းလျှောက်သင့်သလော။ အသက်ရှင်ရန် သင့်လျော်သောလမ်းကို တွေ့ရှိရန်ကြိုးစားရင်း သင်တို့ စမ်းတဝါးဝါးလုပ်သင့်သလော။ သင်တို့၏ ကိုယ်ပိုင်တာဝန်များအား မည်ကဲ့သို့ ထမ်းဆောင်သင့်ပုံကို သိနားလည်ရန်အတွက် သင်တို့သည် လိုက်စမ်းရမည်လော။ သင်တို့သည် မည်ကဲ့သို့ သက်သေခံသင့်ကြောင်းကို သိရန်အလို့ငှာ သင်တို့အနေဖြင့်မြေပေါ်၌ သင်တို့ကိုယ်ကို ပျပ်ဝပ်လျက် ရှာဖွေရန် လိုအပ်သလော။ သင်တို့ မည်ကဲ့သို့ ဝတ်ဆင်သင့်ပုံ သို့မဟုတ် အသက်ရှင်သင့်ပုံကိုသိရန် သင်တို့အနေဖြင့် အစာရှောင်ရန်နှင့် ဆုတောင်းရန် လိုအပ်သလော။ သင်တို့သည် ဘုရားသခင်၏ သိမ်းပိုက်ခြင်းကို မည်ကဲ့သို့ လက်ခံသင့်ကြောင်းကို သိရန် ကောင်းကင်ဘုံရှိ ဘုရားသခင်ထံ သင်တို့အနေဖြင့် အစဥ်မပြတ် ဆုတောင်းရန် လိုအပ်သလော။ သင်တို့သည် ဘုရားသခင်ကို မည်ကဲ့သို့ နာခံသင့်ကြောင်းကို သိရန် သင်တို့အနေဖြင့် နေရောညပါ မရပ်မနား ဆုတောင်းရန် လိုအပ်သလော။ သင်တို့ နားမလည်ကြသောကြောင့် သင်တို့သည် လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိကြောင်း ပြောသောသူများမှာ သင်တို့အထဲတွင် များစွာရှိသည်။ လူတို့သည် မျက်မှောက်ခေတ် ဘုရားသခင်၏အမှုကို အမှန်တကယ်ပင် အာရုံစိုက်မနေကြပါတကား။ နှုတ်ကပတ်တော်များစွာကို ငါပြောပြီးသည်မှာ ကြာပြီဖြစ်သော်လည်း ၎င်းတို့ကို ဖတ်ရှုခြင်းအတွက် အာရုံစိုက်ခြင်းစိုးစဥ်မျှ သင်တို့ လုံးဝမပေးခဲ့သောကြောင့် လက်တွေ့လုပ်ဆောင်ပုံကို သင်တို့ မသိကြသည်မှာ အံ့သြစရာမရှိပါ။ ယနေ့ခေတ်တွင် သန့်ရှင်းသောဝိညာဉ်တော်သည် ဝမ်းမြောက်ခြင်းကို ခံစားခွင့်ရစေရန် လူတို့ကို ဆက်၍ စေ့ဆော်ပေးပြီး သူသည် လူသားနှင့် အတူအကွ နေထိုင်သည်မှာ အမှန်တကယ်ပင် ဖြစ်သည်။ ဤသည်မှာ သင်၏အသက်တာတွင် မကြာခဏ ဖြစ်ပေါ်တတ်သော အထူးတလည် နှစ်လိုဖွယ်ကောင်းသော ထိုက ခံစားချက်များ ဖြစ်သည်။ ရံဖန်ရံခါ ဘုရားသခင်သည် အလွန် ချစ်မြတ်နိုးဖွယ်ကောင်းသည်ဟု သင်ခံစားရပြီး သင်သည် ဘုရားသခင်ထံ- “အို ဘုရားသခင်။ ကိုယ်တော်၏ချစ်ခြင်းမှာ အလွန်လှပပြီး ကိုယ်တော်၏ ရုပ်လွှာမှာ အလွန်ကြီးမြတ်ပါ၏။ ကိုယ်တော်ကို ကျွန်ုပ် သာ၍ နက်ရှိုင်းစွာ ချစ်လိုပါသည်။ ကျွန်ုပ်၏ အသက်တာတစ်ခုလုံးကို အသုံးပြုရန်အတွက် ကျွန်ုပ်ဖြစ်တည်သမျှကို ဆက်ကပ်ရန် အလိုရှိပါသည်။ ကိုယ်တော့်အဖို့ ဖြစ်နေသရွေ့၊ ဤသို့ပြလုပ်ရာတွင် ကိုယ်တော်ကို ကျွန်ုပ်ချစ်နိုင်စွမ်းရှိသရွေ့...အရာခပ်သိမ်းကို ကိုယ်တော့်ထံ ကျွန်ုပ်ဆက်ကပ်ပါမည်။” ဟု ဆုမတောင်းဘဲ မနေနိုင်သည့် နေ့ရက်တစ်ရက် ရောက်လာတတ်သည်။ ဤသည်မှာ သင့်ကို သန့်ရှင်းသောဝိညာဉ်တော်မှ ပေးအပ်သော ဝမ်းမြောက်ခြင်း ခံစားချက်တစ်ခု ဖြစ်သည်။ ၎င်းမှာ ဉာဏ်ပွင့်ခြင်း မဟုတ်သည့်အပြင် အလင်းပေးခြင်းလည်း မဟုတ်ပေ၊ ၎င်းမှာ စေ့ဆော်ခံရခြင်း၏ အတွေ့အကြုံပင် ဖြစ်သည်။ ဤအရာနှင့် တူညီသည့် အတွေ့အကြုံများမှာ မကြာခဏ ဖြစ်ပျက်တတ်သည်- တစ်ခါတစ်ရံ သင် အလုပ်သို့ သွားသောလမ်းပေါ်၌ ရှိသောအခါ သင်သည် ဆုတောင်းပြီး ဘုရားသခင်နှင့် နီးလာမည်ဖြစ်ပြီး သင်သည် စေ့ဆော်ခံရမည် ဖြစ်သဖြင့် သင်၏မျက်နှာကို မျက်ရည်များက ရွဲစိုစေပြီး ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်မှုဟူသမျှ သင်ဆုံးရှုံးလိမ့်မည် ဖြစ်သည့်အပြင် သင်၏စိတ်နှလုံးထဲမှ စိတ်အားထက်သန်မှုအားလုံးကို သင်ဖော်ပြနိုင်သည့် သင့်လျော်သော ပတ်ဝန်းကျင်တစ်ခုကို ရှာဖို့ရန် သင်လိုလားတောင့်တလိမ့်မည်။.... သင်သည် လူပုံလယ်တစ်နေရာ၌ ရှိနေသောအခါ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ မြောက်မြားစွာကို သင်ခံစားရမည်ဖြစ်ပြီး၊ သင်၏ကုသိုလ်ကံမှာ သာမန်ထက် လုံးဝမဟုတ်ကြောင်းနှင့် ထို့ထက်ပို၍ပင် သင်သည် အခြားသူများထက် အဓိပ္ပာယ်ပိုရှိသော အသက်တာကို နေထိုင်နေကြောင်း သင် ခံစားရလိမ့်မည်ဖြစ်သည်။ ဘုရားသခင်သည် သင့်ကို ချီးမြှောက်ပြီဖြစ်ကြောင်းနှင့် ဤသည်မှာ သင့်အတွက် ဘုရားသခင်၏ ကြီးမားသော ချစ်ခြင်းမေတ္တာဖြစ်ကြောင်းကို သင် နက်နက်နဲနဲ သိလိမ့်မည်။ စိတ်နှလုံးထဲမှ အနက်ရှိုင်းဆုံးနေရာ၌ လူသားအနေဖြင့် ဖော်ပြ၍မရသော၊ ဉာဏ်မမီနိုင်သော ဘုရားသခင့်အပေါ် ချစ်ခြင်းမေတ္တာတစ်မျိုး ရှိကြောင်းကို သင်ခံစားရလိမ့်မည်၊ သင်သည် ၎င်းကို သိသော်လည်း ဖော်ပြရန် နည်းလမ်းမရှိသကဲ့သို့ဖြစ်၍ သင့်ကို အမြဲတမ်း အလေးအနက် စဥ်းစားစေသော်လည်း ၎င်းကို လုံးလုံးလျားလျား ဖော်ပြခြင်းငှာ တတ်နိုင်စွမ်းမရှိ ဖြစ်စေသည်။ ဤကဲ့သို့သော အချိန်များတွင်- သင်သည် မည်သည့်နေရာ၌ ရှိသည်ကိုပင် မေ့လျော့ကာ- “အို ဘုရားသခင်။ ကိုယ်တော်သည် နားလည်ရန် အလွန်ခက်ခဲကာ အလွန်လည်း ချစ်မြတ်နိုးဖွယ်ကောင်းပေသည်” ဟူ၍ သင် အော်ပြောမိလိမ့်မည်။ ဤအရာက လူတို့ကို အကြံအိုက်စေမည်ဖြစ်သော်လည်း ဤကဲ့သို့သော အရာများအားလုံးမှာ အတော်ပင် မကြာခဏ ဖြစ်ပျက်တတ်လေသည်။ သင်တို့သည် ဤအရာမျိုးကို ကြိမ်ဖန်များစွာ ကြုံတွေ့ပြီးဖြစ်သည်။ ဤသည်မှာ ယနေ့ သင့်ကို သန့်ရှင်းသောဝိညာဉ်တော် ပေးခဲ့ပြီးသောအသက်တာဖြစ်ပြီး သင် ယခု နေထိုင်ရှင်သန်သင့်သော အသက်တာပင် ဖြစ်သည်။ ၎င်းမှာ သင်တို့အား အသက်တာ ရှင်သန်ခြင်းမှ ရပ်တန့်ရန် မဟုတ်ဘဲ သင်အသက်ရှင်သော ပုံစံ ပြောင်းလဲခြင်းဖြစ်သည်။ ၎င်းမှာ ထုတ်ဖော်ပြောပြ၍ သို့မဟုတ် ဖော်ပြ၍ မရနိုင်သော ခံစားချက်တစ်ခုဖြစ်သည်။ ၎င်းမှာ လူသား၏ စစ်မှန်သောခံစားချက်လည်း ဖြစ်၍၊ ထို့ထက်ပို၍ ၎င်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏အမှုပင်ဖြစ်သည်။ သင်၏စိတ်နှလုံးထဲ၌ ၎င်းကို သင် နားလည်ကောင်းနားလည်မည်ဖြစ်သော်လည်း မည်သူ့ကိုမျှ ၎င်းကို ရှင်းရှင်းလင်းလင်း ဖော်ပြရန်နည်းလမ်း သင်၌မရှိပေ။ ဤသည်မှာ သင်သည် စကားပြောနှေး၍ သို့မဟုတ် သင် စကားထစ်သောကြောင့် မဟုတ်ဘဲ ၎င်းမှာ စကားလုံးများဖြင့် ထုတ်ဖော်ပြောပြ၍ မရနိုင်သော ခံစားချက်တစ်မျိုး ဖြစ်သောကြောင့်ဖြစ်သည်။ ဤအရာများကို ယနေ့ သင့်အား မွေ့လျော်ခံစားခွင့်ပေးထားသည်ဖြစ်ပြီး ဤအရာသည် သင်အသက်ရှင်နေသင့်သော အသက်တာပင်ဖြစ်သည်။ ဟုတ်ပါသည်၊ သင်အသက်တာ၏ အခြားကဏ္ဍများမှာ အဓိပ္ပာယ်မဲ့သည်မဟုတ်ဘဲ ၎င်းမှာ ဤသို့ စေ့ဆော်ခြင်းကိုခံရသည့် အတွေ့အကြုံသည် သင်၏အသက်တာထဲတွင် သန့်ရှင်းသောဝိညာဥ်တော်ထံမှ ထိုသို့သောအတွေ့အကြုံများကို သင့်အား အစဥ်ခံစားစေလိုသည့် ဝမ်းမြောက်ခြင်းတစ်မျိုး ဖြစ်လာသည်။ သို့သော်လည်း ဤနည်းဖြင့် စေ့ဆော်ခံရခြင်းသည် သင့်အနေဖြင့် ဇာတိပကတိကို ကျော်လွန်ပြီး တတိယကောင်းကင်ဘုံသို့ သွားခြင်း သို့မဟုတ် ကမ္ဘာမြေအနှံ့ ခရီးထွက်နိုင်ကောင်း ထွက်နိုင်ရန်အလို့ငှာ ဖြစ်ပျက်ခြင်းမဟုတ်ကြောင်းကို သင် နားလည်သင့်သည်။ ထို့ထက် သင် ယနေ့ ခံစားပျော်မွေ့သည့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သင် ခံစားမြည်းစမ်းရန်၊ ယနေ့တွင် ဘုရားသခင့်အမှု၏ အဓိပ္ပာယ်ကို တွေ့ကြုံရန်နှင့် ဘုရားသခင်၏ စောင့်ရှောက်မှုနှင့် ကာကွယ်မှုကို သင့်ကိုယ်သင် ပြန်လည်ရင်းနှီးသိကျွမ်းရန်ပင် ဖြစ်လေသည်။ ဤအရာများအားလုံးမှာ သင့်အနေဖြင့် ဘုရားသခင် ယနေ့ပြုသော အမှုအပေါ် ပိုမိုကြီးမားသော သိနားလည်ခြင်း ရရှိလာစေရန်အတွက် ဖြစ်သည်၊ ဤသည်မှာ ဤအမှုကိုပြုရာတွင် ဘုရားသခင်၏ ရည်မှန်းချက်ပန်းတိုင်ပင်ဖြစ်သည်။

ရှာဖွေခြင်းနှင့် စမ်းတဝါးဝါးသွားခြင်းမှာ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းမတိုင်မီက ဘဝအသွင် ဖြစ်ခဲ့သည်။ ထိုအချိန်က လူတို့သည် ဘုရားသခင်ကို မမြင်နိုင်ခဲ့ကြသဖြင့် ရှာဖွေပြီး စမ်းတဝါးဝါးသွားရန်မှအပ ရွေးချယ်စရာ မရှိခဲ့ကြပေ။ ယနေ့တွင် သင်သည် ဘုရားသခင်ကို မြင်ရပြီဖြစ်ပြီး သင် မည်ကဲ့သို့ လက်တွေ့လုပ်ဆောင်သင့်ကြောင်းကို တိုက်ရိုက် ပြောပြလေသည်။ ဤသည်မှာ သင့်အနေဖြင့် စမ်းတဝါးဝါးသွားရန် သို့မဟုတ် ရှာဖွေရန် နောက်ထပ်မလိုတော့ခြင်း အကြောင်းရင်းဖြစ်သည်။ သူ လူသားကိုဦးဆောင်သော လမ်းကြောင်းမှာ သမ္မာတရားလမ်းဖြစ်ပြီး လူသားကို သူပြောသောအရာများနှင့် လူသားလက်ခံရရှိသော အရာများမှာ အသက်နှင့် သမ္မာတရားဖြစ်သည်။ သင်၌ လမ်းခရီး၊ အသက်နှင့် သမ္မာတရား ရှိသောကြောင့် နေရာအနှံ့ သွား၍ရှာဖွေရန် အဘယ်လိုအပ်ချက် ရှိသနည်း။ သန့်ရှင်းသောဝိညာဉ်တော်သည် အမှု၏အဆင့်နှစ်ဆင့်ကို တစ်ပြိုင်နက်တည်း ပြုလိမ့်မည်မဟုတ်ပေ။ အကယ်၍ ငါ၏ နှုတ်ကပတ်တော်ကို ငါပြောဆိုပြီးသည့်ခါ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဂရုတစိုက် မစားသောက်သည့်အပြင် သမ္မာတရားကို မှန်မှန်ကန်ကန် မလိုက်လျှောက်ဘဲ၊ ကျေးဇူးတော်ခေတ်ထဲတွင် သူတို့ပြုခဲ့သည့်အတိုင်း ပြုမူနေသေးကာ၊ သူတို့သည် မျက်ကန်းသကဲ့သို့ စမ်းတဝါးဝါးသွားကာ၊ အစဥ်မပြတ် ဆုတောင်းရှာဖွေနေပါက ယင်းသည် နှုတ်ကပတ်တော်များဆိုင်ရာ အလုပ်ဖြစ်သော ငါ့အလုပ်၏ ဤအဆင့်မှာ အချည်းနှီးပြုခဲ့ခြင်းဖြစ်ကြောင်း ဆိုလိုလိမ့်မည်မဟုတ်လော။ ငါသည် ငါ၏နှုတ်ကပတ်တော်ကို ပြောကောင်းပြောပြီးမည် ဖြစ်သော်လည်း လူတို့သည် အလျှင်းနားမလည်ကြသေးဘဲ၊ ဤသည်မှာ ၎င်းတို့၌ အစွမ်းအစ ကင်းမဲ့နေသောကြောင့်ပင် ဖြစ်သည်။ အသင်းတော်အသက်တာနှင့် တစ်ဦးနှင့်တစ်ဦး မိတ်သဟာယဖွဲ့ခြင်းအားဖြင့် ဤပြဿနာကို ဖြေရှင်းနိုင်ပါသည်။ ယခင်က ကျေးဇူးတော်ခေတ်တွင် ဘုရားသခင်သည် လူ့ဇာတိခံယူခဲ့သော်လည်း နှုတ်ကပတ်တော်များဆိုင်ရာ အမှုကို မပြုလုပ်ခဲ့ပေ၊ ယင်းမှာ ထိုအချိန်တွင် သန့်ရှင်းသောဝိညာဉ်တော်သည် အမှုကိုထိန်းသိမ်းရန်အတွက် ထိုနည်းဖြင့် အမှုပြုခဲ့ခြင်း အကြောင်းရင်းဖြစ်သည်။ ထိုအချိန်က အဓိကအားဖြင့် အမှုပြုခဲ့သူမှာ သန့်ရှင်းသောဝိညာဥ်တော် ဖြစ်ခဲ့သော်လည်း ယခုအခါ အမှုပြုနေသူမှာ လူ့ဇာတိခံယူသော ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်၍ သန့်ရှင်းသောဝိညာဉ်တော် ပြုသောအမှု၏ နေရာကို အစားထိုးပြီဖြစ်သည်။ ယခင်က လူတို့ မကြာခဏ ဆုတောင်းသရွေ့ ၎င်းတို့သည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို တွေ့ကြုံခဲ့ကြသည်၊ အပြစ်တင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းလည်း ရှိခဲ့သည်။ ဤအရာအားလုံးမှာ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ပင်ဖြစ်သည်။ ယခုအခါ ဤအခြေအနေများမှာ ရှားပါးပြီဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ခေတ်ကာလတစ်ခုခုတွင် အမှုတစ်မျိုးကိုသာ ပြုနိုင်သည်။ အကယ်၍ သူသည် အမှုနှစ်မျိုးကို တစ်ပြိုင်နက်တည်း ပြုခဲ့ပြီး ဇာတိပကတိက တစ်မျိုးကိုပြု၍ သန့်ရှင်းသောဝိညာဉ်တော်က လူတို့အတွင်း အခြားတစ်မျိုးကို ပြုမည်ဆိုပါက၊ ထို့ပြင် အကယ်၍ ဇာတိပကတိ ပြောသောအရာမှာ အတည်မဖြစ်ခဲ့ဘဲ ဝိညာဉ်တော် ပြောသောအရာသာ အတည်ဖြစ်ခဲ့သည်ဆိုပါက ခရစ်တော်၌ ပြောစရာ မည်သည့် သမ္မာတရား၊ လမ်းခရီး သို့မဟုတ် အသက် ရှိခဲ့လိမ့်မည်မဟုတ်ပေ။ ဤအရာသည် ရှေ့နောက်မညီခြင်းတစ်ခု ဖြစ်မည်။ သန့်ရှင်းသော ဝိညာဥ်တော်က ဤကဲ့သို့ အမှုပြုနိုင်မည်လော။ ဘုရားသခင်သည် အနန္တတန်ခိုးရှိပြီး ခပ်သိမ်းသော ဉာဏ်ပညာရှိသည်၊ သန့်ရှင်းပြီး ဖြောင့်မတ်သည်၊ ထို့ပြင် သူသည် မည်သည့်အမှားကိုမျှ လုံးဝပြုလုပ်လိမ့်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၁)

ယေရှုကို ယုံကြည်သည့် အချိန်တွင် လူတို့သည် သမ္မာတရားကို နားမလည်ခဲ့သောကြောင့် ဘုရားသခင်မချစ်မနှစ်သက်သည့် အရာများစွာကို ပြုလုပ်ခဲ့ကြသည်၊ သို့သော် ဘုရားသခင်၌ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာရှိပြီး သူသည် လူသားကို ယခုအချိန်အထိ ခေါ်ဆောင်လာခဲ့သည်၊ ထို့အပြင် လူသားသည် မည်သည့်အရာကိုမျှ နားမလည်သော်လည်း၊ ဘုရားသခင်သည် လူသားကို သူ့နောက်သို့လိုက်ရန် ခွင့်ပြုဆဲဖြစ်သည်၊ ထိုမျှမက လူသားကို ယနေ့တိုင်အောင် ဦးဆောင်လမ်းပြနေခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ မဟုတ်သလော။ ဘုရားသခင်၏ စိတ်သဘောထားထဲ၌ ပေါ်လွင်သည့်အရာသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာပင်ဖြစ်သည်။ ဤသည်မှာ အပြည့်အဝမှန်ကန်၏။ အသင်းတော်ကို တည်ဆောက်ခြင်းက အထွတ်အထိပ်သို့ ရောက်သောအခါ၊ ဘုရားသခင်သည် အစေခံသူများနှင့် ဆိုင်သည့် အမှု၏အဆင့်ကို လုပ်ဆောင်ပြီး လူသားကို အနက်ဆုံးသော တွင်းထဲသို့ ပစ်ချလေ၏။ အစေခံသူများ၏ ခေတ်ကာလမှ နှုတ်ကပတ်တော်များသည် ကျိန်ဆဲချက်များသာဖြစ်ခဲ့သည်။ သင်၏ လူ့ဇာတိကို ကျိန်ဆဲခြင်းများ၊ သင်၏ ဖောက်ပြန်ပျက်စီး၍ စာတန်နှင့်ဆိုင်သည့် စိတ်သဘောထားကို ကျိန်ဆဲခြင်းများနှင့် ဘုရားသခင်၏အလိုတော်ကို မဖြည့်ဆည်းနိုင်သည့် သင်နှင့် ပတ်သက်သော အရာများကို ကျိန်ဆဲခြင်းများ ဖြစ်ကြသည်။ ထိုအဆင့်တွင် ဘုရားသခင်ပြုလုပ်ခဲ့သည့် အမှုသည် ဘုန်းအာနုဘော်အဖြစ် ပေါ်လွင်ခဲ့ပြီးနောက် များမကြာမီ ဘုရားသခင်သည် ပြစ်တင်ဆုံးမခြင်း အမှု၏ အဆင့်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်၊ ထို့နောက်တွင် သေခြင်းတရား၏ စမ်းသပ်မှု ရောက်ရှိလာခဲ့သည်။ ယင်းကဲ့သို့အမှုထဲတွင် လူသားသည် ဘုရားသခင်၏ အမျက်ဒေါသ၊ ဘုန်းအာနုဘော်၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို မြင်တွေ့ခဲ့သည့်အပြင် ဘုရားသခင်၏ ကျေးဇူးတော်၊ သူ၏ချစ်ခြင်းမေတ္တာနှင့် သူ၏ သနားကရုဏာတို့ကိုလည်း မြင်တွေ့ခဲ့သည်။ ဘုရားသခင်ပြုခဲ့သမျှနှင့် သူ၏စိတ်သဘောထားအဖြစ် ပေါ်လွင်စေသမျှမှာ လူသားအပေါ်ထားသည့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာပင်ဖြစ်ပြီး ဘုရားသခင်ပြုခဲ့သမျှမှာ လူသား၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်သာ ဖြစ်ခဲ့သည်။ လူသားကို စုံလင်စေရန်အလို့ငှာ ထိုသို့ သူလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လူသား၏ ဝိညာဉ်ရင့်ကျက်မှုနှင့်အညီ သူထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။ ဤအရာကို ဘုရားသခင်မလုပ်ဆောင်ခဲ့ပါက၊ လူသားသည် ဘုရားသခင် ရှေ့မှောက်သို့ ရောက်လာနိုင်ကြမည် မဟုတ်ဘဲ၊ ဘုရားသခင်၏ စစ်မှန်သည့် သဘောသဘာဝကိုလည်း လုံးဝသိလိမ့်မည်မဟုတ်ပေ။ လူသားအနေဖြင့် အတွင်း၌ ဘုရားသခင်ကို တဖြည်းဖြည်း သိလာစေရန်အလို့ငှာ ဘုရားသခင်ကို ကနဦး သူစတင်ယုံကြည်သည့် အချိန်မှစပြီး ယနေ့ထိတိုင် ဘုရားသခင်သည် လူသား၏ ဝိညာဉ်ရင့်ကျက်မှုနှင့်အညီ သူ့ကို တဖြည်းဖြည်း ထောက်ပံ့ ပေးခဲ့လေသည်။ မျက်မှောက်ကာလသို့ ရောက်ရှိလာမှသာလျှင် လူသားသည် ဘုရားသခင်၏ တရားစီရင်ခြင်းမှာ မည်မျှ အံ့သြဖွယ်ကောင်းသည်ကို နားလည်သဘောပေါက်ခြင်းဖြစ်သည်။ အစေခံသူများနှင့်ဆိုင်သည့် အမှု၏ အဆင့်မှာ ဖန်ဆင်းခြင်း အချိန်မှ ယနေ့ထိတိုင် ကျိန်ဆဲခြင်းအမှု၏ ပထမဦးဆုံး ဖြစ်ရပ်ဖြစ်ခဲ့သည်။ လူသားသည် အနက်ဆုံးသောတွင်းထဲသို့ ကျိန်ဆဲခြင်းကို ခံခဲ့ရသည်။ အကယ်၍ ဘုရားသခင်အနေဖြင့် ထိုသို့မပြုလုပ်ခဲ့ပါက၊ ယနေ့တွင် လူသား၌ ဘုရားသခင်နှင့်ပတ်သက်၍ မှန်ကန်သော အသိပညာရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏ ကျိန်ဆဲခြင်းအားဖြင့်သာ လူသားသည် ဘုရားသခင်၏ စိတ်သဘောထားကို တရားဝင် ကြုံခဲ့ရခြင်း ဖြစ်သည်။ လူသားသည် အစေခံသူများ၏ စမ်းသပ်ခံရခြင်းအားဖြင့် ထုတ်ဖော်ခြင်းကို ခံခဲ့ရသည်။ လူသားအနေဖြင့် သူ၏သစ္စာရှိမှုသည် လက်ခံနိုင်ဖွယ် မရှိကြောင်း၊ သူ၏ဝိညာဉ်ရင့်ကျက်မှုမှာ နုနယ်လွန်းကြောင်း၊ ဘုရားသခင်၏ အလိုတော်ကို သူမဖြည့်ဆည်းပေးနိုင်ကြောင်းနှင့် ဘုရားသခင်ကို သူကျေနပ်အားရစေသည်ဟူ၍ တစ်ချိန်လုံး ပြောဆိုနေခြင်းမှာ စကားလုံးများသာဖြစ်ကြောင်း သူတွေ့မြင်ခဲ့သည်။ အစေခံသူများနှင့်ဆိုင်သည့် အမှု၏အဆင့်တွင် ဘုရားသခင်သည် လူသားကို ကျိန်ဆဲခဲ့သော်လည်း၊ ယခုပြန်ပြောင်းကြည့်သောအခါ ဘုရားသခင့်အမှု၏ ထိုအဆင့်သည် အံ့သြဖွယ်ကောင်းခဲ့ပေသည်။ ယင်းသည် လူသားအတွက် ကြီးမားသည့် အလှည့်အပြောင်းကို ယူဆောင်လာပေးခဲ့ပြီး သူ၏အသက်တာ စိတ်သဘောထား၌ ကြီးမားသည့် ပြောင်းလဲမှုကို ဖြစ်စေခဲ့သည်။ အစေခံသူများ၏ အချိန်ကာလမတိုင်မီတွင် လူသားသည် အသက်ကို လိုက်စားခြင်းအကြောင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ မည်သည့်အရာကိုဆိုလိုကြောင်း၊ သို့မဟုတ် ဘုရားသခင့်အမှု၏ ဉာဏ်ပညာအကြောင်းတို့ကို နားလည်ခဲ့ခြင်း မရှိသည့်အပြင် ဘုရားသခင်၏အမှုသည် လူသားကို စစ်ဆေးနိုင်ကြောင်းကိုလည်း သူနားမလည်ခဲ့ပေ။ အစေခံသူများ၏ အချိန်ကာလမှစ၍ ယနေ့ထိတိုင် လူသားသည် ဘုရားသခင်၏အမှုမှာ မည်မျှအံ့သြဖွယ်ကောင်းကြောင်း မြင်တွေ့ရသည်- ထိုအမှုသည် လူသားအတွက် ဉာဏ်မမီနိုင်အောင် နက်နဲ၏။ လူသားသည် ဘုရားသခင် အမှုပြုပုံကို သူ၏ဉာဏ်ကို အသုံးပြု၍ မစဉ်းစားနိုင်ပေ၊ ထို့ပြင် သူ၏ဝိညာဉ်ရင့်ကျက်မှုမှာ မည်မျှနုနယ်ကြောင်းနှင့် သူ့ထံ၌ မနာခံမှု အလွန်များပြားနေကြောင်းကိုလည်း သူမြင်တွေ့ရသည်။ ဘုရားသခင်သည် လူသားကို ကျိန်ဆဲခဲ့သောအခါ ယင်းသည် အကျိုးသက်ရောက်မှု တစ်ခုရရှိရန် ဖြစ်ပြီး လူသားကို သူ မကွပ်မျက်ခဲ့ပေ။ ဘုရားသခင်သည် လူသားကို ကျိန်ဆဲခဲ့သော်လည်း၊ သူသည် နှုတ်ကပတ်တော်အားဖြင့်သာ ကျိန်ဆဲခဲ့ခြင်းဖြစ်ပြီး သူ၏ကျိန်ဆဲခြင်းများသည် လူသားအပေါ် အမှန်တကယ် မကျရောက်ခဲ့ပေ၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် ကျိန်ဆဲခဲ့သည်မှာ လူသား၏ မနာခံခြင်းကို ဖြစ်သောကြောင့်ဖြစ်၏၊ ထို့ကြောင့် သူ၏ကျိန်ဆဲခြင်း နှုတ်ကပတ်တော်များမှာလည်း လူသားကို စုံလင်အောင်ပြုရန်ဖြစ်ခဲ့သည်။ ဘုရားသခင်သည် လူသားကို တရားစီရင်သည်ဖြစ်စေ၊ ကျိန်ဆဲသည်ဖြစ်စေ နှစ်ခုစလုံးသည် လူသားကိုစုံလင်စေ၏။ လူသားအတွင်း၌ မသန့်ရှင်းသောအရာကို စုံလင်စေရန် ထိုနှစ်ခုစလုံးကို ပြုခဲ့ခြင်းဖြစ်သည်။ ဤနည်းအားဖြင့် လူသားသည် စစ်ဆေးခြင်းခံခဲ့ရပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များ နှင့် အမှုအားဖြင့် လူသားအတွင်း၌ ချို့တဲ့နေသောအရာသည် စုံလင်စေခြင်းကို ခံခဲ့ရသည်။ ပြင်းထန်သော နှုတ်ကပတ်တော်များဖြစ်စေ၊ တရားစီရင်မှုဖြစ်စေ၊ ပြစ်တင်ဆုံးမမှုဖြစ်စေ ဘုရားသခင့်အမှု၏ အဆင့်တိုင်းသည် လူသားကို စုံလင်စေရန်ဖြစ်ပြီး လုံးဝသင့်လျော်မှုရှိသည်။ ဘုရားသခင်သည် ဤကဲ့သို့သော အမှုကို ခေတ်ကာလအဆက်ဆက်တွင် မည်သည့်အခါမျှ မလုပ်ဆောင်ခဲ့ဖူးပေ။ သူ၏ဉာဏ်ပညာကို သင်တို့ အသိအမှတ်ပြုစေရန် ယနေ့ သူသည် သင်တို့အတွင်း၌ အမှုပြုခြင်း ဖြစ်သည်။ သင်တို့သည် မိမိတို့၏အတွင်း၌ နာကျင်မှုအချို့ကို ခံစားခဲ့ပြီး သော်လည်း၊ သင်တို့၏စိတ်နှလုံးသည် တည်ကြည်မှုကို ခံစားရပြီး ငြိမ်သက်ခြင်း ရှိနေသည်။ သင်တို့အနေဖြင့် ဘုရားသခင့်အမှု၏ ဤအဆင့်ကို မွေ့လျော်ခံစားနိုင်ခြင်းမှာ သင်တို့၏ ကောင်းချီးမင်္ဂလာပင်ဖြစ်သည်။ အနာဂတ်တွင် သင်တို့အနေဖြင့် မည်သည့်အရာကို ရရှိနိုင်မည်ဖြစ်စေ ယနေ့တွင် သင်တို့အတွင်း၌ ဘုရားသခင်၏အမှုနှင့်ပတ်သက်၍ သင်တို့မြင်ရသမျှမှာ ချစ်ခြင်းမေတ္တာပင် ဖြစ်သည်။ လူသားသည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို မကြုံတွေ့ရပါက၊ သူ၏လုပ်ဆောင်မှုများနှင့် စိတ်အားထက်သန်မှုသည် အပေါ်ယံအဆင့်တွင် အမြဲရှိနေမည်ဖြစ်ပြီး သူ၏စိတ်သဘောထားသည်လည်း အမြဲမပြောင်းမလဲ တည်ရှိနေမည် ဖြစ်သည်။ ဤအရာအား ဘုရားသခင်၏သိမ်းပိုက်ခြင်းကို ခံထားရခြင်း အဖြစ် မှတ်ယူ၍ ရသလော။ ယနေ့တွင် လူသားအတွင်း၌ မာနထောင်လွှားမှုနှင့် စိတ်ကြီးဝင်မှုတို့ များစွာရှိနေသေးသော်လည်း၊ လူသား၏ စိတ်သဘောထားကမူ ယခင်ကထက် များစွာတည်ငြိမ်၏။ ဘုရားသခင်က သင့်အား ရိုက်နှက်ဆုံးမခြင်းမှာ သင့်ကို ကယ်တင်ရန် ဖြစ်၏၊ ထို့ပြင် သင့်အနေဖြင့် ထိုအချိန်တွင် နာကျင်မှုအနည်းငယ် ခံစားရနိုင်သော်လည်း၊ သင့်စိတ်သဘောထားထဲ၌ ပြောင်းလဲမှု ဖြစ်ပေါ်လာသည့် နေ့ရက် ရောက်ရှိလာလိမ့်မည်။ ထိုအချိန်တွင် သင်သည် ပြန်ပြောင်းတွေးကြည့်ပြီး ဘုရားသခင်၏အမှုသည် မည်မျှအမြော်အမြင် ရှိကြောင်းကို မြင်လိမ့်မည်ဖြစ်ကာ၊ ထိုအချိန်၌ ဘုရားသခင်၏ အလိုတော်ကို သင်အမှန်တကယ်နားလည်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်

လူသားသည် ဘုရားသခင်အတွက် ဝေဒနာခံစားနိုင်ပြီး ဤအချိန်အထိ ရောက်ရှိ လာနိုင်သည်မှာ တစ်ဖက်တွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကြောင့် ဖြစ်ပြီး၊ အခြားတစ်ဖက်တွင် ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် ဖြစ်သည်၊ ထိုမျှမက လူသားအထဲ၌ ဘုရားသခင်လုပ်ဆောင်ထားသော တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုကြောင့်ဖြစ်သည်။ အကယ်၍ သင်တို့တွင် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ဘုရားသခင်၏ စမ်းသပ်ခြင်းတို့ မရှိပါက၊ ထို့ပြင် ဘုရားသခင်သည် သင်တို့ကို ဝေဒနာမခံစားစေပါက ပွင့်ပွင့်လင်းလင်းပြောရသော် သင်တို့သည် ဘုရားသခင်ကို အမှန်တကယ်မချစ်ပေ။ လူသားအထဲ၌ ဘုရားသခင်၏ အမှုက ပိုကြီးပြီး လူသား၏ ဒုက္ခဝေဒနာက ပိုကြီးမားလေ၊ ဘုရားသခင်၏အမှုမှာ မည်မျှအဓိပ္ပာယ်ပြည့်ဝကြောင်း ပိုထင်ရှားလေ ဖြစ်ပြီး လူသား၏စိတ်နှလုံးမှာ ဘုရားသခင်ကို အမှန်တကယ် ပိုချစ်နိုင်လေဖြစ်သည်။ ဘုရားသခင်ကို မည်သို့ချစ်ရမည့်အကြောင်းကို သင်မည်ကဲ့သို့သင်ယူမည်နည်း။ ညှဉ်းဆဲခြင်းနှင့် စစ်ဆေးခြင်းတို့ မရှိပါက၊ နာကျင်သည့် စမ်းသပ်မှုများ မရှိပါက၊ ထို့ပြင် လူသားကို ဘုရားသခင်ပေးခဲ့သည်တို့မှာ ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာတို့သာဖြစ်ပါက၊ ဘုရားသခင်အပေါ် စစ်မှန်စွာ ချစ်ခြင်း အဆင့်တစ်ခုအထိ သင်ရောက်နိုင်မည်လော။ တစ်ဖက်တွင် လူသားသည် ဘုရားသခင်၏ စမ်းသပ်မှုကာလများအတွင်း သူ၏အားနည်းချက်များကို သိလာပြီး သူသည် အရေးမပါကြောင်း၊ စက်ဆုပ်ဖွယ်ဖြစ်ကြောင်း၊ နိမ့်ကျကြောင်း၊ သူ၌ မည်သည့်အရာမျှ မရှိကြောင်းနှင့် သူသည် အနတ္တဖြစ်ကြောင်း မြင်လေ၏။ အခြားတစ်ဖက်တွင် ဘုရားသခင်သည် သူ၏စမ်းသပ်မှု ကာလများအတွင်း သူ၏နှစ်လိုဖွယ်ကောင်းခြင်းကို လူသားအား ပိုမိုတွေ့ကြုံခံစားနိုင်စေသည့် မတူညီသော ပတ်ဝန်းကျင်များကို လူသား အတွက် ဖန်တီးပေး၏။ နာကျင်မှုသည် ကြီးမားပြီး တစ်ခါတစ်ရံ ပြင်းထန်သော ပူဆွေးမှုအဆင့်ကို ရောက်သည်အထိပင် မကျော်လွှားနိုင် ဖြစ်ရသော်လည်း၊ ၎င်းကို တွေ့ကြုံခံစားပြီးနောက် လူသားသည် သူ့အထဲ၌ ဘုရားသခင်၏အမှုမှာ မည်မျှနှစ်လိုဖွယ်ကောင်းကြောင်း မြင်လေ၏၊ ထို့ပြင် ဤအုတ်မြစ် အပေါ်၌သာ လူသားအတွင်းတွင် ဘုရားသခင်အတွက် စစ်မှန်သည့် ချစ်ခြင်းမေတ္တာ မွေးဖွားလာခြင်းဖြစ်သည်။ ယနေ့ကာလတွင် လူသားသည် ဘုရားသခင်၏ ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာ သက်သက်ဖြင့်သာဆိုလျှင် လူ့အနှစ်သာရကို သိရန် မဆိုထားနှင့်၊ သူ့ကိုယ်သူပင် အမှန်တကယ် မသိနိုင်ကြောင်း မြင်လေ၏။ ဘုရားသခင်၏ စစ်ဆေးခြင်းနှင့် တရားစီရင်ခြင်းနှစ်ခုလုံးဖြင့်သာ၊ ထိုကဲ့သို့သော စစ်ဆေးခြင်းကာလအတွင်း၌သာ လူသားသည် သူ၏ အားနည်းချက်များကို သိနိုင်ပြီး သူ၌ဘာမျှမရှိကြောင်းကို သိနိုင်သည်။ ထို့ကြောင့် ဘုရားသခင်အပေါ် လူသား၏ချစ်ခြင်းမေတ္တာသည် ဘုရားသခင်၏စစ်ဆေးခြင်းနှင့် တရားစီရင်ခြင်းအုတ်မြစ်ပေါ်၌ တည်ဆောက်ထားခြင်းဖြစ်သည်။ အေးချမ်းသည့် မိသားစုဘဝ၊ သို့မဟုတ် ရုပ်ဝတ္တုကောင်းချီးမင်္ဂလာများရှိကာ၊ ဘုရားသခင်၏ ကျေးဇူးတော်ကိုသာ သင်ခံစားမွေ့လျော်ပါက၊ သင်သည် ဘုရားသခင်ကို မရရှိသေးသည့်အပြင်၊ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းကို အောင်မြင်သည်ဟု မယူဆနိုင်ပေ။ ဘုရားသခင်သည် လူ့ဇာတိ၌ ကျေးဇူးတော်အမှု၏ အဆင့်တစ်ဆင့်ကို လုပ်ဆောင်ခဲ့နှင့်ပြီးဖြစ်၍ လူသားကိုလည်း ရုပ်ဝတ္တုကောင်းချီးမင်္ဂလာများ ပေးအပ်ခဲ့နှင့်ပြီးဖြစ်သည်။ သို့သော် လူသားကို ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာသက်သက်ဖြင့် စုံလင်အောင် မပြုလုပ်နိုင်ပေ။ လူသားသည် သူ၏အတွေ့အကြုံများထဲတွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအချို့ကို ကြုံတွေ့ရပြီး၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာကို မြင်တွေ့ရသော်လည်း၊ သူသည် ထိုအရာများကို အချိန်ကာလ တစ်ခုကြာအောင် တွေ့ကြုံခံစား သွားပြီးချိန်တွင် ဘုရားသခင်၏ ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာတို့သည် လူသားကို စုံလင်အောင် မပြုလုပ်နိုင်ကြောင်း၊ လူသားအတွင်း၌ ဖောက်ပြန်ပျက်စီးနေသည့် အရာများကို မထုတ်ဖော်နိုင်ကြောင်းနှင့် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖယ်ရှားနိုင်ကြောင်း၊ သို့မဟုတ် သူ၏ ချစ်ခြင်းမေတ္တာနှင့် ယုံကြည်မှုကို စုံလင်အောင် မပြုလုပ်နိုင်ကြောင်း တွေ့မြင်လေ၏။ ဘုရားသခင်၏ ကျေးဇူးတော်အမှုသည် ကာလတစ်ခု၏ အမှုဖြစ်ပြီး၊ လူသားသည် ဘုရားသခင်ကို သိရှိရန်အတွက် ဘုရားသခင်၏ကျေးဇူးတော်ကို မွေ့လျော်ခံစားခြင်းအပေါ်၌ အမှီပြု၍ မရပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားတွင် “ဤသည်တို့မှာ တစ်ချို့သော” ဟု ဖော်ပြသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကျေးဇူးတော်ခေတ်၌ နောင်တလမ်းခရီးနှင့် နောက်ဆုံးသော ကာလ၌ ထာဝရအသက်လမ်းခရီးတို့ကြား ကွဲပြားခြားနားမှုများ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- နောင်တရရှိရေး ဧဝံဂေလိတရားကို ကျေးဇူးတော်ခေတ်၌ ဟောကြားခဲ့ပြီး၊ လူသားသည် ယုံကြည်ပါက ကယ်တင်ခြင်း...

ကျေးဇူးတော်ခေတ်ရှိ ကယ်တင်ခံရခြင်းနှင့် နိုင်ငံတော်ခေတ်ရှိ ပြည့်ဝသော ကယ်တင်ခြင်း ရရှိခြင်းတို့ကြား ပဓာနကျသည့် ကွဲပြားခြားနားမှုများ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ထိုအချိန်က ယေရှု၏ အမှုမှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနှုတ်ရန် ဖြစ်သည်။ သူ့ကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။