ဆက်လက်၍၊ ဘုရားသခင် နောက်လိုက်သောသူတို့၏ ရှင်ခြင်းနှင့်သေခြင်း သံသရာအကြောင်း ပြောကြစို့။ ဤအရာသည် သင်တို့နှင့်သက်ဆိုင်၏၊ ထို့ကြောင့် အာရုံစိုက်ကြလော့။ ပထမဦးစွာ ဘုရားသခင်၏ နောက်လိုက်သောသူများကို မည်သို့ အမျိုးအစား ခွဲခြားနိုင်သည်ဆိုသည်နှင့်ပတ်သက်၍ စဉ်းစားလော့။ (ဘုရားသခင် ရွေးချယ်ထားသူများနှင့် အစေခံသူများ ဖြစ်သည်။) ဧကန်အမှန် နှစ်မျိုး ရှိ၏- ဘုရားသခင် ရွေးချယ်ထားသူများနှင့် အစေခံသူများ ဖြစ်သည်။ ပထမဦးစွာ ၎င်းတို့ထဲတွင် အနည်းငယ်သာရှိသည့် ဘုရားသခင် ရွေးချယ်ထားသူများ အကြောင်းကို ငါတို့ ပြောကြစို့။ “ဘုရားသခင် ရွေးချယ်ထားသော သူများ” ဆိုသည်မှာ မည်သူတို့ကို ရည်ညွှန်းသနည်း။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ကာ လူသားမျိုးနွယ် ဖြစ်တည်လာခဲ့သည့်နောက်တွင်၊ သူ့နောက်လိုက်မည့် လူတစ်စုကို ရွေးချယ်ခဲ့သည်။ ဤသည်တို့ကို “ဘုရားသခင် ရွေးချယ်ထားသောသူများ” အဖြစ် ရိုးရှင်းစွာ ရည်ညွှန်းပေသည်။ ဤလူများကို ဘုရားသခင်၏ ရွေးချယ်ခြင်းအဖို့ အထူးနယ်ပယ်တစ်ခုနှင့် အရေးပါမှုတို့ရှိခဲ့သည်။ ဤနယ်ပယ် ထူးခြားသည်မှာ အရေးကြီးသော အမှုကို သူ လုပ်ဆောင်သည့် အချိန်တွင် လာကြရမည့် ရွေးချယ်ထားသူ အနည်းငယ်အထိသာ ကန့်သတ်ထားပေသည်။ ပြီးလျှင် အရေးပါမှုမှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ ရွေးချယ်ခြင်းခံကြရသည့် အုပ်စုတစ်စု ဖြစ်ခဲ့သည့်အတွက်၊ အရေးပါမှု ကြီးမားပေသည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် ဤလူတို့အား ပြည့်စုံစေပြီး စုံလင်စေရန် ဆန္ဒရှိကာ၊ သူ၏စီမံခန့်ခွဲခြင်း အမှုပြီးဆုံးသည်နှင့်တစ်ပြိုင်နက်၊ ဤလူတို့ကို သူ ရယူလိမ့်မည်ဖြစ်သည်။ ဤအရေးပါမှုမှာ ကြီးမားသည်မဟုတ်လော။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်က ရယူရန် ရည်ရွယ်ထားသူများ ဖြစ်ကြသည့်အတွက်၊ ဤရွေးချယ်ခံရသူများသည် ဘုရားသခင်အဖို့ ကြီးမားသော အရေးပါမှု ရှိပေသည်။ အစေခံသူများအတွက်မူ၊ ဘုရားသခင်၏ ကြိုတင်ခွဲခန့်မှတ်သားခြင်း အကြောင်းအရာမှ တစ်ခဏ နားပြီး၊ ၎င်းတို့၏ဇာစ်မြစ်များအကြောင်းကို ဦးစွာပြောကြစို့။ တိုက်ရိုက်အားဖြင့် “အစေခံသူ” တစ်ဦးသည် အစေခံသောသူဖြစ်၏။ အစေခံသောသူများသည် ယာယီဖြစ်၏။ ၎င်းတို့သည် ထိုသို့ ရေရှည် သို့မဟုတ် အစဉ်အမြဲ မလုပ်ဆောင်ကြဘဲ၊ ယာယီ ခန့်အပ် သို့မဟုတ် စုဆောင်းခံရသူများဖြစ်၏။ ၎င်းတို့အများစု၏ ဇာစ်မြစ်မှာ ၎င်းတို့သည် ဘာသာတရားမရှိသူများထဲမှ ရွေးချယ်ခံခဲ့ကြရပေသည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုတွင် အစေခံသူများ အခန်းကဏ္ဍကို ခံယူရမည်ဟု ထုတ်ပြန်ကြေညာထားချိန်တွင် ကမ္ဘာမြေသို့ ၎င်းတို့ လာခဲ့ကြပေသည်။ ၎င်းတို့သည် အရင်ဘဝတွင် တိရစ္ဆာန်တစ်ကောင် ဖြစ်ပြီးကောင်း ဖြစ်ပြီးနိုင်သော်လည်း၊ ဘာသာတရားမရှိသူများလည်း ဖြစ်ပြီးကောင်း ဖြစ်ပြီးနိုင်ပေသည်။ ယင်းမှာ အစေခံသူများ၏ ဇာစ်မြစ်များဖြစ်ကြ၏။
ဘုရားသခင် ရွေးချယ်ထားသူများနှင့်ပတ်သက်၍ နောက်ထပ် ပြောဆိုကြစို့။ ၎င်းတို့ သေဆုံးကြသည့်အခါ၊ ဘာသာတရားမရှိသူများနှင့် ယုံကြည်ခြင်းရှိသော လူအမျိုးမျိုးတို့၏ နေရာနှင့် လုံးဝ မတူကွဲပြားသော နေရာတစ်ခုသို့ သွားကြလေသည်။ ယင်းသည် ၎င်းတို့နှင့်အတူ ကောင်းကင်တမန်များနှင့် ဘုရားသခင်၏ စေတမန်များ အတူပါရှိသည့်နေရာတစ်ခု ဖြစ်သည်။ ယင်းသည် ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ စီမံအုပ်ချုပ်သည့် နေရာတစ်ခုဖြစ်၏။ ဤနေရာတွင် ဘုရားသခင် ရွေးချယ်ထားသောသူတို့သည် ၎င်းတို့၏ကိုယ်ပိုင်မျက်လုံးများဖြင့် ဘုရားသခင်ကို မရှုမြင်နိုင်ကြသော်လည်း၊ ယင်းသည် ဝိညာဉ်လောက၏ အခြားမည်သည့်နေရာနှင့်မျှ မတူပေ။ ဤသည်မှာ မတူကွဲပြားသော နေရာတစ်ခု၊ ဤလူတစ်စုတို့ သေဆုံးပြီးနောက် သွားသည့်နေရာဖြစ်၏။ ၎င်းတို့သေဆုံးသည့်အခါ၊ ၎င်းတို့သည်လည်း ဘုရားသခင်၏ စေတမန်များ၏ မညှာမတာ စုံစမ်းစစ်ဆေးခြင်းကို ခံရ၏။ ပြီးလျှင် မည်သည့်အရာကို စုံစမ်းစစ်ဆေးသနည်း။ ဘုရားသခင်၏ စေတမန်များသည် ဤလူတို့က ဘုရားသခင်ကို ၎င်းတို့၏ယုံကြည်မှုတွင် ၎င်းတို့၏ဘဝတစ်လျှောက်လုံး လျှောက်လှမ်းကြပြီးဖြစ်သည့် လမ်းကြောင်းများ၊ ထိုအချိန် အတောအတွင်းတွင် ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ခဲ့ဖူးခြင်း ရှိမရှိ၊ သို့မဟုတ် ကျိန်ဆဲခဲ့ဖူးခြင်း ရှိမရှိဆိုသည်နှင့် ဆိုးရွားသည့် အပြစ်များ သို့မဟုတ် မကောင်းမှုများ ကျူးလွန်ခဲ့ခြင်း ရှိမရှိကို စုံစမ်းစစ်ဆေးကြ၏။ ဤစုံစမ်းစစ်ဆေးမှုက ထိုသီးခြားလူသည် နေခွင့်ရမည်လော သို့မဟုတ် ထွက်ခွာရမည်လော ဟူသည့် မေးခွန်းကို ဖြေရှင်းလိမ့်မည်။ “ထွက်ခွာသည်” ဟူသည်မှာ မည်သည်ကို ရည်ညွှန်းသနည်း။ ပြီးလျှင် “နေသည်” ဟူသည်မှာ မည်သည်ကို ရည်ညွှန်းသနည်း။ “ထွက်ခွာသည်” ဟူသည်မှာ ၎င်းတို့၏အပြုအမူအပေါ် အခြေခံ၍ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသူများ၏ အဆင့်အတန်းများ အလယ် ကျန်ရှိခြင်း ရှိမရှိဆိုသည်ကို ရည်ညွှန်း၏။ “နေ”ဖို့ ခွင့်ပြုခံရခြင်း ဟူသည်မှာ ၎င်းတို့သည် နောက်ဆုံးသောကာလ အတွင်းတွင် ဘုရားသခင်၏စုံလင်စေခြင်း ခံရမည့်သူများအလယ် ကျန်ရှိနိုင်သည်ကို ဆိုလိုပေသည်။ နေသူများအတွက် ဘုရားသခင်သည် အထူး အစီအစဉ်များ ရှိသည်။ သူ၏အမှု ကာလအသီးသီးအတွင်းတွင်၊ ဘုရားသခင်သည် ထိုသို့သောလူတို့ကို တမန်တော်များ အဖြစ်ဆောင်ရွက်ရန် သို့မဟုတ် အသင်းတော်များကို ပြန်လည် နိုးထစေခြင်း သို့မဟုတ် စောင့်ရှောက်ခြင်း အမှုကို လုပ်ဆောင်ရန် စေလွှတ်လိမ့်မည်။ သို့သော် ထိုသို့သောအမှုကို လုပ်နိုင်စွမ်း ရှိသူများသည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ပြန်မွေးဖွားကြသည့် ဘာသာတရားမရှိသူများလောက် မကြာမကြာ ပြန်မဝင်စားကြပေ။ ထို့ထက် ၎င်းတို့သည် ဘုရားသခင်၏ အမှု၏ သတ်မှတ်ချက်များနှင့် အဆင့်များနှင့်အညီ ကမ္ဘာမြေပေါ်သို့ ပြန်သွားကြရကာ၊ မကြာခဏ မဝင်စားကြပေ။ ထို့ကြောင့် ၎င်းတို့ မည်သည့်အချိန်တွင် ပြန်ဝင်စားသည်ဆိုသည်နှင့်ပတ်သက်၍ စည်းမျဉ်း တစ်ခုတစ်လေ ရှိသလော။ ၎င်းတို့သည် နှစ်အနည်းငယ်ကြာတိုင်း တစ်ကြိမ် လာကြသလော။ ၎င်းတို့သည် ထိုသို့သော အကြိမ်ရေနှုန်းဖြင့် လာကြသလော။ မလာကြပေ။ ဤအရာသည် ဘုရားသခင်၏အမှု၊ ယင်း၏အဆင့်များနှင့် သူ၏လိုအပ်ချက်များအပေါ် အခြေခံထားပြီး၊ သတ်မှတ်ထားသည့် စည်းမျဉ်းများ မရှိပေ။ တစ်ခုတည်းသော စည်းမျဉ်းမှာ ဘုရားသခင်သည် နောက်ဆုံးသောကာလအတွင်းတွင် သူ့အမှု၏နောက်ဆုံးအဆင့်ကို လုပ်ဆောင်သည့်အခါ၊ ဤရွေးချယ်ထားသောလူများ အားလုံး လာကြလိမ့်မည်ဖြစ်ပြီး၊ ဤသို့လာခြင်းသည် ၎င်းတို့၏ နောက်ဆုံး ပြန်ဝင်စားခြင်း ဖြစ်လိမ့်မည်။ ယင်းမှာ အဘယ်ကြောင့်နည်း။ ဤသည်မှာ ဘုရားသခင်၏အမှု၏ နောက်ဆုံးအဆင့်အတွင်း စွမ်းဆောင်ရရှိမည့်ရလဒ်အပေါ် အခြေခံထားခြင်း ဖြစ်၏- အကြောင်းမှာ အမှု၏ ဤနောက်ဆုံးသောအဆင့်အတွင်းတွင်၊ ဘုရားသခင်သည် ဤရွေးချယ်ထားသောသူများကို လုံးဝပြည့်စုံ စေလိမ့်မည် ဖြစ်သောကြောင့်ပင်တည်း။ ဤသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ဤနောက်ဆုံးသောအဆင့်အတွင်းတွင် ဤလူတို့သည် ပြည့်စုံစေခြင်းခံရပြီး စုံလင်စေခြင်း ခံရပါက၊ ၎င်းတို့သည် ယခင်ကကဲ့သို့ ပြန်ဝင်စားကြလိမ့်မည် မဟုတ်ပေ။ ၎င်းတို့၏ လူသားဖြစ်ခြင်း ဖြစ်စဉ်သည် ၎င်းတို့၏ ပြန်ဝင်စားခြင်း ဖြစ်စဉ်ကဲ့သို့ လုံးဝ ပြီးဆုံးခြင်းသို့ ရောက်လာလိမ့်မည်။ ဤသည်မှာ နေမည့်သူများနှင့် ဆက်နွှယ်၏။ ထို့ကြောင့် မနေနိုင်သောသူများသည် မည်သည့်နေရာသို့ သွားကြသနည်း။ နေခွင့်မရသူများသည် ၎င်းတို့၏ ကိုယ်ပိုင် သင့်တော်သည့် ခရီးပန်းတိုင် ရှိပေသည်။ ပထမဦးဆုံးအနေဖြင့်၊ ၎င်းတို့၏ မကောင်းမှုပြုခြင်း၊ ၎င်းတို့ ပြုလုပ်ပြီးဖြစ်သည့်အမှားများနှင့် ၎င်းတို့ ကျူးလွန်ပြီးဖြစ်သည့် အပြစ်များ၏ အကျိုးဆက်အနေဖြင့် ၎င်းတို့သည်လည်း အပြစ် ပေးခံရလိမ့်မည်။ ၎င်းတို့အပြစ်ပေး ခံရပြီးနောက်တွင်၊ ဘုရားသခင်သည် အခြေအနေများနှင့် လိုက်လျောညီထွေ ဖြစ်သည့်အတိုင်း သူတို့ကို ဘာသာတရားမရှိသူများအလယ် ပို့ရန် အစီအစဉ်များ ပြုလုပ်လိမ့်မည် သို့မဟုတ် ယုံကြည်ခြင်းရှိသော လူအမျိုးမျိုးအလယ် သွားရန် ၎င်းတို့အတွက် စီစဉ်လိမ့်မည်ဖြစ်သည်။ တစ်နည်းအားဖြင့် ၎င်းတို့အတွက် ဖြစ်နိုင်ခြေရှိသော ရလဒ်နှစ်ခုရှိသည်- တစ်ခုမှာ အပြစ်ဒဏ်ပေးခံရခြင်းနှင့် ပြန်ဝင်စားပြီးနောက် ဘာသာတရားတစ်ခုခုနှင့်ဆိုင်သော လူတို့အကြား အသက်ရှင်ခြင်း ဖြစ်ကောင်းဖြစ်မည်ဖြစ်ပြီး၊ အခြားတစ်ခုမှာ ဘာသာတရားမရှိသူများ ဖြစ်လာခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘာသာတရားမရှိသူများ ဖြစ်လာကြပါက၊ အခွင့်အရေးအားလုံး ဆုံးရှုံးသွားလိမ့်မည်။ သို့သော် ၎င်းတို့သည် ယုံကြည်ခြင်းရှိသော လူများ ဖြစ်လာကြပါက- ဥပမာအားဖြင့် ၎င်းတို့ ခရစ်ယာန်များ ဖြစ်လာကြပါက- ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောသူများ၏ အဆင့်အတန်းများ အလယ်သို့ ပြန်သွားရန် အခွင့်အရေးတစ်ခု ရှိကြလိမ့်ဦးမည်ဖြစ်သည်။ ဤတွင် လွန်စွာရှုပ်ထွေးသော ဆက်နွှယ်မှုများရှိ၏။ တိုတိုပြောရလျှင် ဘုရားသခင် ရွေးချယ်ထားသောသူများထဲမှ တစ်ဦးသည် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားသော တစ်စုံတစ်ရာ လုပ်ဆောင်မိပါက၊ ၎င်းတို့သည် အခြားသူတိုင်းကဲ့သို့ပင် အပြစ်ပေးခံရလိမ့်မည်။ ဥပမာအားဖြင့် ယခင်က ငါတို့ဆွေးနွေးခဲ့ကြသည့် ပေါလုကို ကြည့်လော့။ ပေါလုသည် အပြစ်ပေးခံရသည့် လူတစ်ဦး၏ ဥပမာတစ်ရပ်ဖြစ်သည်။ ငါပြောနေသည့်အကြောင်းအရာကို သင်တို့ သဘောပေါက်သလော။ ဘုရားသခင် ရွေးချယ်ထားသူများ၏ နယ်ပယ်မှာ ပုံသေ ဖြစ်သလော။ (အများအားဖြင့် ဖြစ်ပါသည်။) ယင်း၏အများစုမှာ ပုံသေ ဖြစ်သည်၊ သို့သော် ယင်း၏ သေးငယ်သောအစိတ်အပိုင်း တစ်ခုသည် ပုံသေမဟုတ်ပေ။ ယင်းမှာ အဘယ်ကြောင့်နည်း။ ဤနေရာ၌ ငါသည် အသိသာ အထင်ရှားဆုံးသော အကြောင်းရင်းကို ရည်ညွှန်းလေပြီ- မကောင်းမှု ကျူးလွန်ခြင်း ဖြစ်သည်။ လူတို့ မကောင်းမှု ကျူးလွန်သည့်အခါ ဘုရားသခင်သည် ၎င်းတို့ကို မလိုချင်သကဲ့သို့၊ ဘုရားသခင်သည် ၎င်းတို့ကို မလိုချင်သည့်အခါတွင်၊ သူသည် ၎င်းတို့အား လူမျိုးများ နှင့် လူအမျိုးအစား အမျိုးမျိုးတို့အကြား ပစ်လိုက်လေသည်။ ဤအရာက ၎င်းတို့ကို မျှော်လင့်ချက် မရှိဘဲ ဖြစ်သွားစေပြီး၊ ၎င်းတို့အတွက် ပြန်သွားဖို့ ခက်ခဲစေလေသည်။ ဤအရာအားလုံးသည် ဘုရားသခင် ရွေးချယ်ထားသော သူများ၏ ရှင်ခြင်းနှင့် သေခြင်းသံသရာနှင့် ဆက်နွှယ်ပေသည်။
ဤနောက်အကြောင်းအရာသည် အစေခံသူများ၏ ရှင်ခြင်းနှင့်သေခြင်း သံသရာနှင့် ဆက်နွှယ်နေ၏။ အစေခံသူများ၏ ဇာစ်မြစ်များအကြောင်းကို ငါတို့ ခုတင် ဆွေးနွေးခဲ့သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် ၎င်းတို့၏ အတိတ်ဘဝများတွင် ဘာသာတရားမရှိသူများနှင့် တိရစ္ဆာန်များ ဖြစ်ခဲ့ကြပြီးနောက် ပြန်ဝင်စားကြသည် ဆိုသည့်အချက် ဖြစ်သည်။ အမှု၏နောက်ဆုံးအဆင့် ရောက်ရှိသည့်အတွက်၊ ဘုရားသခင်သည် ဘာသာတရားမရှိသူများမှ ထိုသို့သော လူတစ်စုကို ရွေးချယ်ထားပြီးဖြစ်ကာ ဤအုပ်စုသည် အထူးအုပ်စုဖြစ်၏။ ဤလူတို့ကို ရွေးချယ်ရခြင်းတွင် ဘုရားသခင်၏ ရည်မှန်းချက်မှာ သူ၏အမှုကို ၎င်းတို့ အစေခံရန်အတွက် ဖြစ်၏။ “အစေခံခြင်း” ဆိုသည်မှာ ကြားရသည်မှာ ရည်မွန်လှသောစကားလုံး မဟုတ်သကဲ့သို့၊ အယောက်တိုင်း၏ စိတ်ဆန္ဒများနှင့် မကိုက်ညီသော်လည်း၊ ယင်းသည် မည်သူ့ကို ရည်ရွယ်သည်ကို ငါတို့ကြည့်သင့်သည်။ ဘုရားသခင်၏ အစေခံသူများ တည်ရှိနေခြင်းသည် အထူး အရေးပါမှုတစ်ရပ် ရှိ၏။ ၎င်းတို့သည် ဘုရားသခင်၏ ရွေးချယ်ထားခြင်း ခံခဲ့ရသည့်အတွက် အခြားမည်သူမျှ ၎င်းတို့၏အခန်းကဏ္ဍကို မဆောင်ရွက်နိုင်ပေ။ ပြီးလျှင် ဤအစေခံသူများ၏ အခန်းကဏ္ဍမှာ အဘယ်နည်း။ ဘုရားသခင်၏ ရွေးချယ်ခံရသူများကို အစေခံရန်ဖြစ်၏။ အများအားဖြင့်၊ ၎င်းတို့၏အခန်းကဏ္ဍမှာ ဘုရားသခင်၏ အမှုကို အစေခံရန်၊ ဘုရားသခင်၏ အမှုတွင် ပူးပေါင်းလုပ်ဆောင်ရန်နှင့် ဘုရားသခင် ရွေးချယ်ထားသူများကို သူစုံလင်စေခြင်းအမှုကို ကူညီဆောင်ကြဉ်းပေးရန်တို့ ဖြစ်သည်။ ၎င်းတို့အနေဖြင့် အားသွန်ခွန်စိုက်လုပ်ကြခြင်း ရှိမရှိ၊ အမှု၏ ရှုထောင့်အချို့ကို ဆောင်ရွက်နေခြင်း ရှိမရှိ၊ သို့မဟုတ် အချို့သော အလုပ်များကို တာဝန်ယူခြင်း ရှိမရှိဆိုသည်ကို ပဓာနမထားဘဲ၊ ဤအစေခံသူများနှင့်ပတ်သက်၍ ဘုရားသခင်၏ သတ်မှတ်ချက်မှာ အဘယ်နည်း။ ၎င်းတို့နှင့်သက်ဆိုင်သည့် သူ၏သတ်မှတ်ချက်များမှာ အလွန်မညှာမတာ ဖြစ်လွန်းနေသလော။ (မဟုတ်ပါ။ ၎င်းတို့ကို သစ္စာစောင့်သိရန်သာ ဘုရားသခင် တောင်းဆိုပါသည်။) အစေခံသူများသည်လည်း သစ္စာစောင့်သိရမည်ဖြစ်၏။ သင်၏ဇာစ်မြစ် သို့မဟုတ် ဘုရားသခင်သည် သင့်ကို အဘယ်ကြောင့် ရွေးချယ်သည်ကို ပဓာနမထားဘဲ၊ သင်သည် ဘုရားသခင်ကိုလည်းကောင်း၊ သင့်ကို ဘုရားသခင် အပ်နှံသည့် မည်သည့် စေခိုင်းချက်တာဝန်များကိုမဆို၊ ပြီးလျှင် သင် တာဝန်ရှိသည့် အလုပ်နှင့် သင်ထမ်းဆောင်သည့် တာဝန်များကိုလည်းကောင်း သစ္စာစောင့်သိရမည်။ ဘုရားသခင်ကို သစ္စာစောင့်သိခြင်းနှင့် ကျေနပ်စေခြင်းငှာ တတ်စွမ်းနိုင်သည့် အစေခံသူများအတွက်၊ ၎င်းတို့၏အဆုံးသတ်မှာ မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ ၎င်းတို့ ဆက်လက်တည်ရှိနိုင်ကြလိမ့်မည်။ ဆက်လက်တည်ရှိသော အစေခံသူများဖြစ်ဖို့ရန်မှာ ကောင်းချီးမင်္ဂလာ တစ်ခုလော။ ဆက်လက်တည်ခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ ဤကောင်းချီးမင်္ဂလာ၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ အဆင့်အတန်းတွင်၊ ၎င်းတို့သည် ဘုရားသခင်၏ရွေးချယ်ခံရသူများနှင့် တူပုံမရပေ။ ၎င်းတို့သည် ကွဲပြားပုံရ၏။ သို့သော် အမှန်တွင်၊ ဤဘဝတွင် ၎င်းတို့ မွေ့လျော်သည့် အရာသည် ဘုရားသခင်၏ ရွေးချယ်ခံသူတို့ မွေ့လျော်သည့်အရာနှင့် တူညီသည် မဟုတ်လော။ အနည်းဆုံးအနေဖြင့်၊ ယင်းသည် ဤဘဝတွင် တူညီပေသည်။ ဤအရာကို သင်တို့ မငြင်းကြပေ၊ ဟုတ်သည်မဟုတ်လော။ ဘုရားသခင်၏ မိန့်မြွက်ချက်များ၊ ဘုရားသခင်၏ ကျေးဇူးတော်၊ ဘုရားသခင်၏ ထောက်ပံ့မှု၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ- ဤအရာများကို မည်သူ မမွေ့လျော်ဘဲ နေသနည်း။ ထိုသို့သော အလျှံပယ်ရှိခြင်းကို အယောက်တိုင်း မွေ့လျော် ခံစားကြ၏။ အစေခံသူတစ်ဦး၏ ကိုယ်ပိုင်လက္ခဏာသည် အစေခံမပေးသူတစ်ဦး ဖြစ်သော်လည်း၊ ဘုရားသခင်အဖို့၊ ၎င်းတို့သည် သူဖန်ဆင်းခံများထဲမှ တစ်ဦးသာ ဖြစ်၏။ ၎င်းတို့၏ အခန်းကဏ္ဍမှာ အစေခံသူ၏ အခန်းကဏ္ဍသာ ဖြစ်သည်။ ၎င်းတို့နှစ်ဦးစလုံးသည် ဘုရားသခင်၏ ဖန်ဆင်းခ ဖြစ်သည့်အတွက်၊ အစေခံသူတစ်ဦးနှင့် ဘုရားသခင်၏ရွေးချယ်ခံရသူတစ်ဦးတို့အကြား ကွာခြားချက် တစ်ခုတစ်လေ ရှိသလော။ လက်တွေ့အားဖြင့် မရှိပေ။ အမည်ခံအားဖြင့် ပြောရလျှင် ကွာခြားချက်ရှိ၏၊ အနှစ်သာရနှင့် ၎င်းတို့ပါဝင်သည့် အခန်းကဏ္ဍအရ ကွာခြားချက်ရှိ၏- သို့ရာတွင် ဘုရားသခင်သည် ဤလူစုကို မမျှမတ မဆက်ဆံပေ။ ထို့ကြောင့် ဤလူများသည် အစေခံသူများဟု အဘယ်ကြောင့် သတ်မှတ်ခံထားရသနည်း။ သင်တို့သည် ဤအရာနှင့် သက်ဆိုင်၍ သိနားလည်မှုတစ်ခု ရှိရပေမည်။ အစေခံသူများသည် ဘာသာတရားမရှိသူများထဲမှ လာကြ၏။ ဘာသာတရားမရှိသူများထဲမှ ၎င်းတို့လာသည်ဟု ငါတို့ ဖော်ပြသည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့တွင် တူညီသည့် မကောင်းသည့် နောက်ခံသမိုင်း ရှိကြသည်မှာ သိသာပေသည်- ၎င်းတို့အားလုံးသည် ဘုရားမဲ့ဝါဒီများဖြစ်ကြပြီး၊ အတိတ်တွင်လည်း ထိုသို့ ဖြစ်ခဲ့ကြ၏။ ၎င်းတို့သည် ဘုရားသခင်ကို မယုံကြည်ကြသကဲ့သို့၊ ဘုရားသခင်၊ သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာအားလုံးကို ရန်လိုခဲ့ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို သို့မဟုတ် ဘုရားသခင်တည်ရှိခြင်းကို မယုံကြည်ကြချေ။ ထိုသို့ဖြစ်သဖြင့်၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ခြင်းငှာ တတ်စွမ်းနိုင်ကြပါသလော။ ကြီးမားသော အတိုင်းအတာအထိ ၎င်းတို့ နားလည်နိုင်စွမ်းမရှိဟု ပြောသည်မှာ တရားပေသည်။ တိရစ္ဆာန်များသည် လူ့စကားများကို နားလည်နိုင်စွမ်း မရှိကြသကဲ့သို့၊ အစေခံသူများသည် ဘုရားသခင် မည်သည့်အရာ ပြောနေသည်၊ မည်သည့်အရာကို သူ တောင်းဆိုသည်၊ သို့မဟုတ် ထိုသို့သော တောင်းဆိုချက်များကို သူ အဘယ်ကြောင့် ပြုသည်တို့ကို နားမလည် နိုင်ကြပေ။ ၎င်းတို့ နားမလည်ပေ။ ၎င်းတို့အဖို့ ဤအရာများသည် နားမလည်နိုင်ဖွယ်ရာ ဖြစ်ပြီး၊ ၎င်းတို့ ဉာဏ်အလင်းမရဘဲ ရှိနေကြ၏။ ဤအကြောင်းကြောင့်၊ ဤလူတို့သည် ငါတို့ပြောဆိုခဲ့သည့် အသက်ကို မပိုင်ဆိုင်ကြပေ။ အသက်မရှိဘဲနှင့်၊ သမ္မာတရားကို လူတို့ နားလည်နိုင်ကြသလော။ ၎င်းတို့သည် သမ္မာတရားဖြင့် ပြင်ဆင်ထားပါသလော။ ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် သက်ဆိုင်သည့် အတွေ့အကြုံနှင့် အသိပညာတို့ကို ၎င်းတို့ ရှိကြပါသလော။ (မရှိပါ။) ယင်းမှာ အစေခံသူတို့၏ ဇာစ်မြစ်များဖြစ်၏။ သို့သော်၊ ဘုရားသခင်သည် ဤလူတို့ကို အစေခံသူများ ဖြစ်စေသည့်အတွက်၊ ၎င်းတို့နှင့်သက်ဆိုင်သည့် သူ၏သတ်မှတ်ချက်များတွင် စံနှုန်းများ ရှိဆဲဖြစ်၏။ သူသည် ၎င်းတို့အပေါ် အထင်အမြင်မသေးသကဲ့သို့၊ ၎င်းတို့အပေါ် ဝတ်ကျေတမ်းကျေ ပြုခြင်းလည်း မရှိပေ။ ၎င်းတို့သည် သူ၏နှုတ်ကပတ်တော်များကို နားမလည်ကြသကဲ့သို့၊ အသက်ကို ပိုင်ဆိုင်ခြင်း မရှိကြသော်လည်း၊ ဘုရားသခင်သည် ၎င်းတို့ကို ကြင်နာစွာ ဆက်ဆံဆဲဖြစ်ပြီး၊ ၎င်းတို့နှင့် သက်ဆိုင်သော သူ၏သတ်မှတ်ချက်များနှင့် ပတ်သက်လာသည့်အခါ စံနှုန်းများ ရှိဆဲဖြစ်၏။ သင်တို့သည် ယခုတင် ဤစံနှုန်းများနှင့် ပတ်သက်၍ ပြောဆိုခဲ့ကြသည်- ဘုရားသခင်ကို သစ္စာစောင့်သိခြင်းနှင့် သူပြောသည့်အရာကိုလုပ်ဆောင်ခြင်းတို့ ဖြစ်သည်။ သင်၏အစေခံမှုတွင်၊ သင်သည် လိုအပ်သည့်နေရာတွင် အစေခံရမည်ဖြစ်ပြီး၊ တကယ့်အဆုံးထိတိုင် အစေခံရမည်ဖြစ်၏။ သင်သည် သစ္စာစောင့်သိသော အစေခံသူတစ်ဦး ဖြစ်နိုင်ပါက၊ အဆုံးထိတိုင်အောင် အစေခံနိုင်ပြီး သင့်ကို ဘုရားသခင် အပ်နှံထားသည့် စေခိုင်းချက်တာဝန်ကို ဖြည့်ဆည်းနိုင်ပါက၊ သင်သည် တန်ဖိုးရှိသော အသက်တာကို အသက်ရှင်လိမ့်မည်ဖြစ်သည်။ ဤအရာကို သင် လုပ်ဆောင်နိုင်ပါက၊ သင်သည် ဆက်လက် တည်ရှိနိုင်လိမ့်မည်။ သင်သည် ဘုရားသခင်ကို သိရန် အနည်းငယ် သာ၍အားထုတ်ပါက၊ အနည်းငယ် သာ၍ကြိုးစားပါက၊ ဘုရားသခင်ကိုသိရန် သင်၏ကြိုးပမ်းအားထုတ်မှုများကို ဆတက်ထမ်းပိုး ပြုလုပ်နိုင်ပါက၊ ဘုရားသခင်ကို သိခြင်းအကြောင်း အနည်းငယ်ပြောဆိုနိုင်ပါက၊ သူ့အဖို့ သက်သေခံနိုင်ပါက၊ သည့်အပြင် သူ၏ ရည်ရွယ်ချက်များနှင့်သက်ဆိုင်သည့် တစ်စုံတစ်ရာကို သင် နားလည်နိုင်ပါက၊ ဘုရားသခင်၏အမှုတွင် ပူးပေါင်းဆောင်ရွက်နိုင်ပြီး၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အတော်အတန် အလေးထားနိုင်ပါက၊ သင်သည် အစေခံသူတစ်ဦးအနေဖြင့် အခွင့်အလမ်းတွင် ပြောင်းလဲမှုတစ်ခု တွေ့ကြုံရလိမ့်မည်ဖြစ်သည်။ ဤအခွင့်အလမ်း၌ ပြောင်းလဲမှုသည် မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ သင်သည် ဆက်လက်တည်ရှိရုံသက်သက် ဖြစ်လိမ့်မည် မဟုတ်တော့ပေ။ သင်၏အပြုအမူအနေအထိုင်၊ သင်၏ကိုယ်ပိုင် မျှော်မှန်းချက်များနှင့် လိုက်စားမှုများအပေါ် မူတည်၍၊ ဘုရားသခင်သည် သင့်ကို ရွေးချယ်ခံရသူများထဲမှ တစ်ဦးဖြစ်စေလိမ့်မည်။ ဤအရာသည် အခွင့်အလမ်းထဲက သင်၏ ပြောင်းလဲမှု ဖြစ်လိမ့်မည်။ အစေခံသူများအတွက်၊ ဤအရာနှင့်ပတ်သက်၍ အကောင်းဆုံးသော အရာမှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့အနေဖြင့် ဘုရားသခင်၏ရွေးချယ်ခံရသူ ဖြစ်လာနိုင်ခြင်း ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ထိုသို့ဖြစ်ပါက၊ ယင်းမှာ ၎င်းတို့သည် ဘာသာတရားမရှိသူများ ဖြစ်ကြသည့်ပုံစံကဲ့သို့ တိရစ္ဆာန်များအဖြစ် ဝင်စားတော့မည်မဟုတ်ဟု ဆိုလိုပေသည်။ ယင်းမှာ ကောင်းပါ၏လော။ ကောင်းပေသကဲ့သို့ သတင်းကောင်းလည်း ဖြစ်၏- ယင်းမှာ အစေခံသူများသည် ပုံသွင်း၍ရသည်ဟု ဆိုလိုပေသည်။ အစေခံသူများအတွက်၊ ဘုရားသခင်သည် ၎င်းတို့ကို အစေခံဖို့ ခွဲခန့်မှတ်သားလိုက်သည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် ထိုသို့ ထာဝရ လုပ်ဆောင်ကြလိမ့်မည်ဆိုသည်မှာ မမှန်ပေ။ ထိုသို့ သေချာပေါက် မဟုတ်ပေ။ ဘုရားသခင်သည် ဤလူ၏ တစ်ဦးချင်း အပြုအမူနှင့် သင့်လျော်သည့် နည်းလမ်းဖြင့် ၎င်းတို့ကို ကိုယ်တွယ်ကာ တုန့်ပြန်မည်ဖြစ်သည်။
သို့ရာတွင်၊ တကယ့်အဆုံးထိတိုင် အစေမခံနိုင်သည့် စေခံသူများ ရှိ၏။ ၎င်းတို့၏ အစေခံမှုအတွင်းတွင်၊ လမ်းတစ်ဝက်၌ အရှုံးပေးကာ ဘုရားသခင်ကို စွန့်ပစ်သူများအပြင် အပြစ်များ တစ်သီတစ်တန်း ကျူးလွန်သော လူများ ရှိကြ၏။ ဘုရားသခင်၏ အမှုကို ကြီးမားသော ထိခိုက်မှု ဖြစ်စေပြီး ကြီးမားသော ဆုံးရှုံးမှု ဖြစ်ပေါ်စေသည့်သူများပင်ရှိပြီး၊ ဘုရားသခင်အား ကျိန်ဆဲသည့် အစေခံသူများ စသည်ဖြင့်ပင် ရှိကြ၏။ ဤသို့ ပြင်၍ မရသော အကျိုးဆက်များသည် မည်သည့်အရာကို ညွှန်ပြသနည်း။ ထိုသို့သော ဆိုးယုတ်သည့် လုပ်ရပ်တစ်ခုတစ်လေသည် ၎င်းတို့၏အစေခံမှု အဆုံးသတ်ခြင်းကို ညွှန်ပြပေလိမ့်မည်။ သင်၏ အစေခံမှုအတွင်း သင်၏အပြုအမူသည် လွန်ကဲစွာ ညံ့ဖျင်းလွန်းသောကြောင့်နှင့် သင်သည် လွန်လွန်းပြီ ဖြစ်သောကြောင့်၊ သင်၏အစေခံမှုက စံမမီသည်ကို ဘုရားသခင် တွေ့သည်နှင့်တစ်ပြိုင်နက်၊ သူသည် သင်၏ အစေခံရန် အရည်အချင်း ပြည့်မီမှုကို ဖယ်ရှားမည်ဖြစ်သည်။ သင့်ကို သူ အစေခံခွင့်ပြုတော့မည် မဟုတ်ပေ။ သူသည် သင့်အား သူ၏တကယ့်မြင်ကွင်းရှေ့နှင့် ဘုရားသခင်၏ အိမ်တော်မှ ဖယ်ရှားလိမ့်မည် ဖြစ်သည်။ သင်သည် အစေမခံလိုသည်မှာ ဟုတ်ပါသလော။ သင်သည် စဉ်ဆက်မပြတ် မကောင်းမှု ပြုလိုလျက်ရှိသည် မဟုတ်လော။ သင်သည် တစ်သမတ်တည်း သစ္စာမဲ့သည် မဟုတ်လော။ ကိုင်း ဒီလိုဆို၊ လွယ်ကူသည့် ဖြေရှင်းချက်တစ်ရပ် ရှိ၏- သင်၏ အစေခံရန် အရည်အချင်းပြည့်မီမှု ဖယ်ရှားခံရမည်ဖြစ်သည်။ ဘုရားသခင်အဖို့၊ အစေခံတစ်ဦးထံမှ ၎င်း၏ အစေခံရန် အရည်အချင်းပြည့်မီမှုကို ဖယ်ရှားခြင်းဆိုသည်မှာ ဤအစေခံသူ၏ အဆုံးသတ်ကို ကြေညာလိုက်ပြီ ဖြစ်သည်ဟု ဆိုလိုပြီး၊ ၎င်းတို့သည် ဘုရားသခင်ကို အစေခံရန် အရည်အချင်းမီတော့မည် မဟုတ်ပေ။ ဘုရားသခင်သည် ဤလူ၏အစေခံမှုကို နောက်ထပ် မလိုအပ်တော့သကဲ့သို့၊ မည်မျှကောင်းမွန်သော အရာများကို ၎င်းတို့ ပြောကောင်းပြောကြပါစေ၊ ထိုစကားများသည် အချည်းနှီး ဖြစ်ပေလိမ့်မည်။ အမှုအရာများ ဤအဆင့်ထိ ရောက်သည့်အခါတွင်၊ အခြေအနေသည် ပြန်လည်ပြုပြင်မရနိုင်သောအရာ ဖြစ်လာပြီးဖြစ်လိမ့်မည်။ ဤကဲ့သို့သော အစေခံသူများသည် ပြန်လမ်းရှိလိမ့်မည် မဟုတ်။ ပြီးလျှင် ဤကဲ့သို့သော အစေခံသူများကို ဘုရားသခင်သည် မည်သို့ ကိုင်တွယ်ဖြေရှင်း သနည်း။ သူသည် ၎င်းတို့အား အစေခံမှုမှ ရပ်စဲရုံမျှ ရပ်စဲသလော။ မဟုတ်ပေ။ သူသည် ၎င်းတို့အား ဆက်လက်တည်ရှိနေခြင်းမှ တားဆီးရုံမျှ တားဆီး သလော။ သို့မဟုတ် သူသည် ၎င်းတို့အား ဘေးဖယ်ထားပြီး၊ ၎င်းတို့ ပြောင်းလဲမှုတစ်ခု ပြုလုပ်ရန် စောင့်ဆိုင်းသလော။ မစောင့်ဆိုင်းပေ။ ဘုရားသခင်သည် အစေခံသူများနှင့် ပတ်သက်လာသည့်အခါ အမှန်တကယ် သိပ်ချစ်ခင်သည် မဟုတ်ပေ။ လူတစ်ဦးသည် ဘုရားသခင်ကို ၎င်းတို့၏ အစေခံရာ၌ ဤသဘောထားမျိုးရှိပါက၊ ဤသဘောထား၏ အကျိုးဆက်အနေဖြင့်၊ ဘုရားသခင်သည် ၎င်းတို့၏ အစေခံရန် အရည်အချင်း ပြည့်မီမှုကို ဖယ်ရှားလိမ့်မည် ဖြစ်ပြီး၊ ဘာသာတရားမရှိသူများအလယ်သို့ ၎င်းတို့ကို နောက်တစ်ကြိမ် ပြန်ပစ်ထည့်လိမ့်မည် ဖြစ်သည်။ ပြီးလျှင် ဘာသာတရားမရှိသူများ အလယ် ပြန်ပစ်ခြင်းခံရသော အစေခံသူတစ်ဦး၏ ကံကြမ္မာမှာ အဘယ်နည်း။ ဘာသာတရားမရှိသူများ၏ ကံကြမ္မာနှင့် အတူတူဖြစ်၏- ၎င်းတို့သည် တိရစ္ဆာန် တစ်ကောင်အဖြစ် ပြန်ဝင်စားစေခြင်းခံရမည်ဖြစ်ပြီး၊ ဘာသာတရားမရှိသူများကဲ့သို့ ဝိညာဉ်ရေးရာနယ်ပယ်တွင် အလားတူ အပြစ်ပေးခြင်းကို ရရှိမည် ဖြစ်သည်။ ထို့အပြင်၊ ထိုသို့သော လူသည် ဘုရားသခင်၏ အမှုနှင့် မည်သည့်ဆက်စပ်မှုမျှ မရှိတော့သည့်အတွက်၊ ဘုရားသခင်သည် ဤလူ၏အပြစ်ဒဏ်တွင် ကိုယ်တိုင် မည်သည့်စိတ်ဝင်စားမှုမျှ ရှိလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှု အသက်တာ၏နိဂုံး ဖြစ်သည်သာမက၊ ၎င်းတို့ကိုယ်တိုင်၏ ကံကြမ္မာ၏ နိဂုံးဖြစ်သည့်အပြင်၊ ၎င်းတို့ကံကြမ္မာနှင့် သက်ဆိုင်သည့် ကြေညာချက်လည်း ဖြစ်သည်။ ထို့ကြောင့်၊ အစေခံသူများသည် ညံ့ဖျင်းစွာ အစေခံပါက၊ မိမိတို့ကိုယ်တိုင် အကျိုးဆက်များကို ခံစားရမည်ဖြစ်သည်။ အစေခံသူတစ်ဦးသည် တကယ့်အဆုံးထိတိုင် အစေခံနိုင်စွမ်းမရှိပါက၊ သို့မဟုတ် လမ်းတစ်ဝက်တွင် ၎င်းတို့၏ အစေခံရန် အရည်အချင်းပြည့်မီမှု ဖယ်ရှားခံရပါက၊ ဘာသာတရားမရှိသူများအလယ်သို့ ပစ်ထည့်ခြင်း ခံရမည်ဖြစ်ပြီး- ဤအရာဖြစ်ပျက်ပါက၊ ထိုသို့သော လူသည် ခြံမွေးတိရစ္ဆာန်များ နည်းတူ၊ အသိဉာဏ် သို့မဟုတ် ဆင်ခြင်တုံတရားမရှိသော လူများနည်းတူ ကိုင်တွယ်ဖြေရှင်းခြင်း ခံရလိမ့်မည်ဖြစ်သည်။ ငါဤသို့ပြောသည့်အခါ၊ သင်တို့နားလည်နိုင်သည်၊ မဟုတ်လော။
အထက်တွင်ဆိုခဲ့ပြီးဖြစ်သည်မှာ ဘုရားသခင်က သူ၏ ရွေးချယ်ထားသူများနှင့် အစေခံသူများ၏ ရှင်ခြင်းနှင့်သေခြင်း သံသရာအား ကိုင်တွယ်ပုံဖြစ်၏။ ဤအရာကို ကြားပြီးနောက်တွင်၊ သင်တို့ မည်သို့ ခံစားရသနည်း။ ငါသည် ယခင်က ဤအကြောင်းအရာကို ပြောဆိုဖူးသလော။ ဘုရားသခင်၏ ရွေးချယ်ခြင်းခံရသူများနှင့် အစေခံသူများနှင့်ပတ်သက်သည့် အကြောင်းအရာကို ငါ ပြောဆိုဖူးသလော။ ငါ အမှန်တကယ် ပြောဆိုဖူး၏၊ သို့သော် သင်တို့ မမှတ်မိပေ။ ဘုရားသခင်သည် သူ၏ရွေးချယ်ခြင်းခံရသူများနှင့် အစေခံသူများအပေါ် ဖြောင့်မတ်၏။ အခြေအနေအားလုံးတွင်၊ သူသည် ဖြောင့်မတ်၏။ ဤအရာတွင် သင်အပြစ်ရှာနိုင်သည့် နေရာတစ်ခုခု ရှိသလော။ “ဘုရားသခင်သည် ရွေးချယ်ခံရသူများအပေါ် အဘယ်ကြောင့် သည်းခံလွန်းသနည်း။ ပြီးလျှင် သူသည် အစေခံသူများအပေါ် အဘယ်ကြောင့် အနည်းငယ်သာ သည်းခံသနည်း” ဟု ပြောမည့်လူများ ရှိသည်မဟုတ်လော။ တစ်စုံတစ်ဦးသည် အစေခံသူများအတွက် ရပ်တည်ပေးရန် ဆန္ဒရှိသလော။ “ဘုရားသခင်သည် အစေခံသူများအား အချိန်ပို၍ ပေးနိုင်သလော၊ ပြီးလျှင် ၎င်းတို့အပေါ် သာ၍ စိတ်ရှည်ပြီး သည်းခံနိုင်သလော။” ထိုသို့သော မေးခွန်းကို ဖွင့်ဟရန်မှာ မှန်ကန်သလော။ (မမှန်ပေ။) ပြီးလျှင် အဘယ်ကြောင့် မမှန်သနည်း။ (အစေခံသူများဖြစ်စေခြင်း လုပ်ရပ်မှတစ်ဆင့်ဖြင့်သာ အမှန်တကယ် ကျွန်ုပ်တို့ မျက်နှာသာပေးခံရခဲ့ပြီး ဖြစ်သောကြောင့် ဖြစ်ပါသည်။) အစေခံသူများသည် အစေခံရန် အခွင့်ပေးခံရခြင်း သက်သက်ဖြင့် မျက်နှာသာပေးခံရကြပြီး ဖြစ်သည်။ “အစေခံသူများ” ဟူသည့် အမည် မရှိဘဲနှင့်၊ ပြီးလျှင် ၎င်းတို့ လုပ်သည့် အလုပ်မရှိဘဲနှင့်၊ ဤလူများသည် မည်သည့်နေရာတွင် ရှိမည်နည်း။ ၎င်းတို့သည် ခြံမွေးတိရစ္ဆာန်များနှင့်အတူ အသက်ရှင်ရင်းနှင့် သေဆုံးရင်း၊ ဘာသာတရားမရှိသူများအလယ်တွင် ရှိကြပေမည်။ ၎င်းတို့သည် ယနေ့တွင် ဘုရားသခင်၏ ရှေ့မှောက်သို့ လာဖို့နှင့် ဘုရားသခင်၏ အိမ်တော်သို့ လာဖို့ အခွင့်ပေးခံရလျက်၊ မွေ့လျော်ခံစားရသည့် ကျေးဇူးတော်များမှာ ကြီးမားလှပေတကား။ ဤသည်မှာ အင်မတန် ကြီးမားသော ကျေးဇူးတော် တစ်ခု ဖြစ်၏။ ဘုရားသခင်သည် သင့်အား အစေခံရန် အခွင့်အရေးကို မပေးပါက၊ သင်သည် သူ၏ရှေ့မှောက်သို့ လာရန် အခွင့်အရေး မည်သည့်အခါတွင်မျှ ရှိမည် မဟုတ်ပေ။ အနည်းဆုံးအနေဖြင့်ပြောရလျှင်၊ သင်သည် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ကာ ပေါက်မြောက်မှုကို ရရှိထားပြီး ဖြစ်လျှင်ပင်၊ အများဆုံးအနေဖြင့် သင်သည် ဝိညာဉ်ရေးရာနယ်ပယ်တွင် လက်တိုလက်တောင်းလုပ်ရသူ တစ်ဦးသာဖြစ်၏။ သင်သည် ဘုရားသခင်ကို မည်သည့်အခါတွင်မျှ တွေ့ရမည်မဟုတ်၊ သူ၏အသံ သို့မဟုတ် သူ၏ နှုတ်ကပတ်တော်များကို ကြားရမည်မဟုတ်၊ သို့မဟုတ် သူ၏ချစ်ခြင်းမေတ္တာနှင့် ကောင်းချီးမင်္ဂလာများကို ခံစားရမည်မဟုတ်သကဲ့သို့၊ သင်သည် သူနှင့် မျက်နှာချင်းဆိုင်လာရဖို့ မည်သည့်အခါမျှ ဖြစ်နိုင်မည် မဟုတ်ပေ။ ဗုဒ္ဓဘာသာဝင်များအနေဖြင့် ၎င်းတို့ ရှေ့မှောက်တွင် ရှိသည့် တစ်ခုတည်းသောအရာမှာ ရိုးရှင်းသည့် အလုပ်တာဝန်များ ဖြစ်၏။ ၎င်းတို့သည် ဘုရားသခင်အားသိရန် မဖြစ်နိုင်သကဲ့သို့၊ ၎င်းတို့အနေဖြင့် လိုက်နာကာ ကျိုးနွံနာခံရုံသာ ရှိသည်။ အစေခံသူများမှာမူ အမှု၏ဤအဆင့်အတွင်းတွင် များစွာရရှိကြ၏။ ပထမဦးစွာ၊ ၎င်းတို့သည် ဘုရားသခင်နှင့် မျက်နှာချင်းဆိုင်ဖို့ လာနိုင်ကြသည်၊ သူ၏အသံကို ကြားနိုင်ကြသည်၊ သူ၏နှုတ်ကပတ်တော်များကို ကြားနိုင်ကြပြီး၊ လူတို့အပေါ် သူအပ်နှင်းသည့် ကျေးဇူးတော်များနှင့် ကောင်းချီးမင်္ဂလာများကို တွေ့ကြုံခံစားနိုင်ကြလေသည်။ ထို့အပြင်၊ ၎င်းတို့သည် ဘုရားသခင် အပ်နှင်းသည့် နှုတ်ကပတ်တော်များနှင့် သမ္မာတရားများကို မွေ့လျော်ခံစားနိုင်ကြ၏။ အစေခံသူများသည် အမှန်တကယ် မြောက်မြားလှစွာ ရရှိကြပေသည်။ ထို့ကြောင့် အစေခံသူတစ်ဦးအနေဖြင့် သင်သည် သင့်တော်သည့် ကြိုးပမ်းအားထုတ်မှုပင် မပြုနိုင်ပါက၊ ဘုရားသခင်သည် သင့်ကို ထားရှိနိုင်သေးသလော။ သူသည် သင့်ကို မထားနိုင်ပေ။ သူသည် သင့်ထံမှ များစွာ မတောင်းဆိုသော်လည်း၊ သင်သည် သူတောင်းဆိုသည့် မည်သည့်အရာကိုမျှ မှန်ကန်စွာ မလုပ်ဆောင်ပေ။ သင်သည် သင်၏တာဝန်ကို စောင့်ထိန်းခြင်း မရှိလေပြီ။ ထို့သို့ဖြစ်သဖြင့်၊ ဘုရားသခင်သည် သင့်ကို မထားနိုင်သည်မှာ သေချာ၏။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားမှာ ယင်းသို့ဖြစ်သည်။ ဘုရားသခင်သည် သင့်ကို အလိုမလိုက်လွန်းသော်လည်း၊ သူသည် သင့်အပေါ် ခွဲခြားဆက်ဆံခြင်းလည်း မရှိပေ။ ဤအရာများသည် ဘုရားသခင် ပြုမူသည့် အခြေခံသဘောတရားများဖြစ်၏။ ဘုရားသခင်သည် လူများနှင့် ဖန်ဆင်းခံများ အားလုံးကို ဤပုံစံဖြင့် ဆက်ဆံလေသည်။
ဝိညာဉ်ရေးရာနယ်ပယ်နှင့်ပတ်သက်လာသည့်အခါ၊ ထိုအထဲက သတ္တဝါ အမျိုးမျိုးသည် မှားယွင်းသောအရာ တစ်စုံတစ်ခုကို လုပ်ဆောင်မိပါက သို့မဟုတ် ၎င်းတို့၏အလုပ်ကို မှန်ကန်စွာ မလုပ်ဆောင်ပါက၊ ဘုရားသခင်သည်လည်း ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းရန် အလားတူ လိုက်လျောညီထွေဖြစ်သော ကောင်းကင်ဘုံနှင့်ဆိုင်သည့် အမိန့်ပြန်တမ်းများနှင့် အမိန့်များရှိ၏။ ဤသည်မှာ အကြွင်းမဲ့ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ ထောင်စုနှစ်အချို့ကြာသည့် စီမံခန့်ခွဲခြင်း အမှုအတောအတွင်းတွင်၊ အပြစ်များ ကျူးလွန် မိခဲ့ကြသည့် တာဝန်ထမ်းဆောင်သူ အချို့သည် မျိုးဖြုတ် ခံကြရပြီးဖြစ်သော်လည်း၊ အချို့မှာ- ယနေ့ထက်ထိ- ထိန်းသိမ်း ခံရဆဲဖြစ်ပြီး၊ အပြစ်ပေးခံရဆဲဖြစ်၏။ ဤသည်မှာ ဝိညာဉ်ရေးရာနယ်ပယ်ရှိ သတ္တဝါတိုင်း ရင်ဆိုင်ရမည့်အရာဖြစ်၏။ ၎င်းတို့သည် မှားယွင်းသော အရာတစ်စုံတစ်ခုကို လုပ်ဆောင်မိပါက သို့မဟုတ် မကောင်းမှု ကျူးလွန်မိပါက၊ အပြစ်ပေးခံရ၏- ဤသည်မှာ သူရွေးချယ်ထားသောသူများနှင့် အစေခံသူများအပေါ် ဘုရားသခင်၏ ချဉ်းကပ်မှုနှင့် တူညီပေသည်။ ထို့ကြောင့် ဝိညာဉ်ရေးရာနယ်ပယ်နှင့် ရုပ်ဝတ္ထုလောက နှစ်ခုလုံးတွင်၊ ဘုရားသခင် ဆောင်ရွက်သည့် အခြေခံသဘောတရားများသည် မပြောင်းလဲပေ။ သင်သည် ဘုရားသခင်၏ ဆောင်ရွက်ချက်များကို မြင်နိုင်သည်ဖြစ်စေ၊ မမြင်နိုင်သည်ဖြစ်စေ၊ ၎င်းတို့၏အခြေခံသဘောတရားများ ပြောင်းလဲခြင်း မရှိပေ။ တစ်လျှောက်လုံးတွင် ဘုရားသခင်သည် အရာရာတိုင်းကို သူ၏ချဉ်းကပ်မှုနှင့် အရာခပ်သိမ်းကို သူ၏ကိုင်တွယ်မှုတွင် တူညီသော အခြေခံသဘောတရားများ ရှိပြီးဖြစ်သည်။ ဤသည်မှာ ပြောင်းလဲ၍မရနိုင်ပေ။ ဘုရားသခင်သည် ဘာသာတရားမရှိသူများအလယ်ရှိ သင့်တော်သော ပြုမူပြောဆိုပုံဖြင့် အသက်ရှင်သည့်သူတို့အပေါ် ကြင်နာလိမ့်မည်ဖြစ်ပြီး၊ ဘာသာတရား အသီးသီးထဲရှိ ကောင်းကောင်းမွန်မွန်ပြုမူပြီး မကောင်းမှု မလုပ်ဆောင်ကြသည့် သူတို့အတွက် ဘုရားသခင် စီမံခန့်ခွဲသည့် အရာခပ်သိမ်းထဲက ၎င်းတို့၏အခန်းကဏ္ဍများကို လုပ်ဆောင် ခွင့်ပေးရင်းနှင့် ၎င်းတို့လုပ်သင့်သည့်အရာကို လုပ်ခွင့်ပြုရင်း၊ အခွင့်အရေးများကို ချန်ထားလိမ့်မည်။ ထို့အတူ ဘုရားသခင်နောက် လိုက်သူများထဲနှင့် သူရွေးချယ်ထားသောလူတို့ထဲတွင်၊ ဘုရားသခင်သည် သူ၏အခြေခံသဘောတရားများနှင့်အညီ မည်သူ့ကိုမျှ ခွဲခြားဆက်ဆံခြင်း မရှိပေ။ သူသည် စိတ်ရင်းမှန်ဖြင့် သူ့နောက်လိုက်နိုင်သူတိုင်းအပေါ် ကြင်နာပြီး စိတ်ရင်းမှန်ဖြင့် သူ့နောက်လိုက်သူတိုင်းကို ချစ်၏။ ယင်းမှာ- ဘာသာတရားမရှိသူများ၊ ယုံကြည်ခြင်းရှိသော လူအမျိုးအစား အမျိုးမျိုးနှင့် ဘုရားသခင် ရွေးချယ်ထားသူများကဲ့သို့သော- လူအမျိုးအစား အချို့အတွက် ၎င်းတို့အပေါ် ဘုရားသခင် အပ်နှင်းသည့်အရာ ခြားနားခြင်းသာ ဖြစ်ပေသည်။ ဥပမာအားဖြင့် ဘာသာတရားမရှိသူများကို ကြည့်လော့- ၎င်းတို့သည် ဘုရားသခင်ကို မယုံကြည်သကဲ့သို့ ဘုရားသခင်က ၎င်းတို့အား သားရဲများကဲ့သို့ မြင်သော်လည်း၊ အရာခပ်သိမ်း အလယ်တွင် ၎င်းတို့အသီးသီးသည် စားစရာအစာရှိ၏၊ ၎င်းတို့၏ ကိုယ်ပိုင်နေရာတစ်ခုရှိကာ၊ ပုံမှန် ရှင်ခြင်းနှင့်သေခြင်း သံသရာ ရှိလေသည်။ မကောင်းမှုပြုသူတို့သည် အပြစ်ပေးခြင်းခံရကာ ကောင်းမှုပြုသူများသည် ကောင်းချီးခံစားရပြီး ဘုရားသခင်၏ ကြင်နာမှုကို လက်ခံရရှိကြ၏။ ယင်းမှာ ဤသို့ ဖြစ်သည်မဟုတ်လော။ ယုံကြည်ခြင်းရှိသော လူများအတွက် ပြန်လည်မွေးဖွားခြင်း တစ်ခုပြီးတစ်ခုမှတစ်ဆင့် ၎င်းတို့သည် ဘာသာရေး ကျင့်ဝတ်သီလများကို အတိအကျ လိုက်နာနိုင်ပါက၊ ထိုပြန်လည် ဝင်စားခြင်းများအားလုံး၏ နောက်ပိုင်းတွင်၊ ဘုရားသခင်သည် နောက်ဆုံးတွင် ၎င်းတို့အဖို့ သူ၏ကြေညာချက် ပြုလုပ်လိမ့်မည်။ ထို့အတူ သင်တို့အတွက် ယနေ့တွင်၊ သင်တို့သည် ဘုရားသခင် ရွေးချယ်ထားသူများထဲမှ တစ်ဦးဖြစ်သည်ဖြစ်စေ၊ အစေခံသူ တစ်ဦးဖြစ်စေ၊ ဘုရားသခင်သည် အလားတူ သင်တို့ကိုလည်း လိုက်နာ စေလိမ့်မည်ဖြစ်ပြီး၊ သူချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများ၊ စီမံအုပ်ချုပ်မှုဆိုင်ရာ အမိန့်များနှင့်အညီ သင်တို့၏အဆုံးသတ်ကို ဆုံးဖြတ်လိမ့်မည်ဖြစ်သည်။ ဘာသာတရား အမျိုးမျိုးနှင့်သက်ဆိုင်သော သူများဖြစ်သည်- ယုံကြည်ခြင်းရှိသော လူအမျိုးအစား အမျိုးမျိုးဖြစ်သော၊ ဤလူအမျိုးအစား အမျိုးမျိုးထဲတွင်၊ ဘုရားသခင်သည် အသက်ရှင်ဖို့ နေရာကို ၎င်းတို့အား ပေးပြီးပြီလော။ ယုဒလူမျိုးများ အဘယ်မှာနည်း။ ဘုရားသခင်သည် ၎င်းတို့၏ ယုံကြည်ခြင်းတွင် ဝင်ရောက်နှောင့်ယှက်လေပြီလော။ သူ မနှောင့်ယှက်လေပြီ။ ခရစ်ယာန်များနှင့် ပတ်သက်၍ကော အဘယ်နည်း။ ၎င်းတို့နှင့်ပတ်သက်၍လည်း သူမနှောင့်ယှက်လေပြီ။ သူသည် ၎င်းတို့အား ၎င်းတို့၏ ကိုယ်ပိုင် လုပ်ထုံးလုပ်နည်းများကို လိုက်နာခွင့်ပြုသည်၊ သူသည် ၎င်းတို့အား စကားမပြောပေ သို့မဟုတ် မည်သည့် အသိဉာဏ်ပွင့်လင်းစေခြင်းကိုမျှ မပေးပေ၊ ထို့အပြင် ၎င်းတို့ထံ မည်သည့်အရာကိုမှ သူ မထုတ်ဖော်ပြပေ။ သင် မှန်သည်ဟုထင်ပါက၊ ဤနည်းဖြင့် ယုံကြည်လော့။ ဘရင်ဂျီတို့သည် မာရိကိုယုံကြည်ကြပြီး၊ မာရိမှတစ်ဆင့် သတင်းသည် ယေရှုထံသို့ လက်ဆင့်ကမ်းခြင်း ဖြစ်သည်ဟု ယုံကြည်ကြသည်။ ယင်းမှာ ၎င်းတို့၏ယုံကြည်မှုပုံစံ ဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့၏ယုံကြည်ခြင်းကို ပြုပြင်ဖူးသလော။ ဘုရားသခင်သည် ၎င်းတို့အား စိတ်ကြိုက်လုပ်ကိုင်ခွင့်ပေး၏။ သူသည် ၎င်းတို့အား အလေးဂရုမပြုသကဲ့သို့၊ အသက်ရှင်ဖို့ နေရာတစ်ခုခုကို ပေးလေသည်။ မွတ်စလင်များ၊ ဗုဒ္ဓဘာသာဝင်များနှင့် စပ်လျဉ်း၍၊ သူသည် အလားတူ ဖြစ်သည် မဟုတ်လော။ ၎င်းတို့အတွက်လည်း သူသည် နယ်နိမိတ်များ ချမှတ်ပြီးဖြစ်ကာ ၎င်းတို့၏ သက်ဆိုင်ရာယုံကြည်မှုများတွင် ဝင်ရောက်နှောင့်ယှက်ခြင်း မရှိဘဲ၊ ၎င်းတို့၏ ကိုယ်ပိုင် အသက်ရှင်ရာ နေရာများကို ရှိခွင့်ပြု၏။ အရာအားလုံးကို ကောင်းမွန်စွာ စနစ်တကျ စီမံထား၏။ ဤအရာအားလုံးတွင် သင်တို့သည် မည်သည့်အရာကို မြင်ကြသနည်း။ ဘုရားသခင်သည် သြဇာအာဏာ ပိုင်ဆိုင်သော်လည်း၊ သူသည် ယင်းကို အလွဲသုံးစားမပြုပေ။ ဘုရားသခင်သည် အရာခပ်သိမ်းကို စုံလင်သော စနစ်ကျမှုဖြင့် စီစဉ်ထားပြီး စနစ်ကျသည့် နည်းဟန်တစ်ခုဖြင့် ယင်းကို လုပ်ဆောင်ကာ၊ ဤတွင် သူ၏ဉာဏ်ပညာနှင့် အရာခပ်သိမ်းတတ်စွမ်းနိုင်ခြင်း တည်ရှိလေသည်။
ယနေ့တွင် ငါတို့သည် ထိုနယ်ပယ်အပေါ် ဘုရားသခင်၏ စီမံအုပ်ချုပ်မှုနှင့် အုပ်စိုးမှုတို့၏ လက္ခဏာသွင်ပြင် တစ်ရပ်ကို ကိုယ်စားပြုသော၊ ဝိညာဉ်ရေးရာနယ်ပယ်၏ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် သစ်လွင်ပြီး ထူးခြားသော အကြောင်းအရာတစ်ခုကို ထည့်သွင်းဆွေးနွေးကြပြီး ဖြစ်သည်။ ဤအရာများကို သင်တို့ နားမလည်မီတွင်၊ သင်တို့က “ဤအရာနှင့်ပတ်သက်သည့် အရာရာတိုင်းသည် နက်နဲမှုတစ်ရပ်ဖြစ်ပြီး ကျွန်ုပ်တို့၏ အသက်ဝင်ရောက်မှုနှင့် မည်သည့်ပတ်သက်မှုမျှ မရှိပါ။ ဤအရာတို့သည် လူတို့ အမှန်တကယ် အသက်ရှင်ပုံမှ ကင်းကွာနေပြီး၊ ယင်းတို့ကို ကျွန်ုပ်တို့ နားလည်ရန် မလိုအပ်သကဲ့သို့၊ ယင်းတို့အကြောင်းကိုလည်း ကျွန်ုပ်တို့ ကြားရန် ဆန္ဒမရှိပါ။ ယင်းတို့သည် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် လုံးဝ ဆက်စပ်ခြင်းမရှိပါ” ဟု ပြောကြပြီး ဖြစ်ကောင်းဖြစ်နိုင်သည်။ ယခုတွင် ထိုသို့သော အတွေးနှင့်ပတ်သက်၍ ပြဿနာတစ်ခုရှိသည်ဟု သင်တို့ထင်သလော။ ယင်းမှာ မှန်ကန်ပါ၏လော။ (မမှန်ကန်ပါ။) ထိုသို့သော အတွေးသည် မမှန်ကန်သကဲ့သို့၊ ဆိုးရွားသည့် ပြဿနာများ ရှိ၏။ ဤအရာအတွက် အကြောင်းရင်းမှာ သင်သည် အရာခပ်သိမ်းအပေါ် ဘုရားသခင် မည်သို့အုပ်စိုးသည်ကို သဘောပေါက်ရန် ဆန္ဒရှိပါက၊ သင်မြင်တွေ့နိုင်သည့်အရာနှင့် သင်၏ တွေးခေါ်သည့်နည်းလမ်းက သဘောပေါက်နိုင်သည့်အရာကိုသာ သက်သက် နားလည်၍မရပေ။ သင်သည် သင့်အဖို့ မြင်ကောင်း မြင်နိုင်မည် မဟုတ်သော်လည်း၊ သင်မြင်နိုင်သော ဤလောကနှင့် ခွဲခြား၍မရအောင် ချိတ်ဆက်နေသည့် အခြားလောက၏ အချို့တစ်ဝက်တို့ကိုလည်း နားလည်ရမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏အချုပ်အခြာအာဏာနှင့် သက်ဆိုင်ပြီး၊ “ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏” ဟူသော အကြောင်းအရာနှင့် သက်ဆိုင်ပေသည်။ ယင်းသည် ထိုအရာနှင့်ပတ်သက်သည့် သတင်းအချက်အလက်ဖြစ်၏။ ဤသတင်းအချက်အလက် မရှိဘဲနှင့်၊ ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် အဘယ်သို့ ဖြစ်သည်ဆိုသည်နှင့်ပတ်သက်သည့် လူတို့၏ အသိပညာတွင် အပြစ်အနာအဆာများနှင့် ချို့တဲ့မှုများ ရှိပေမည်။ သို့ဖြစ်၍ ယနေ့ ငါတို့ပြောပြီးသည့်အရာကို ငါတို့၏ ယခင်အကြောင်းအရာများကို အချောသတ်ခြင်းအပြင် “ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏” ဆိုသည့်အရာ၏ ပါဝင်သည့် အကြောင်းအရာကို နိဂုံးချုပ်ခြင်းဖြစ်သည်ဟု ပြောနိုင်၏။ ဤအရာကို နားလည်ပြီးနောက်တွင်၊ သင်တို့သည် ယခု ဤပါဝင်သည့် အကြောင်းအရာမှတစ်ဆင့် ဘုရားသခင်ကို သိနိုင်ကြပြီလော။ သာ၍ အရေးကြီးသည်မှာ၊ ယနေ့တွင် ငါသည် အစေခံသူများနှင့် ပတ်သက်သည့် အလွန်အရေးကြီးသော သတင်းအချက်အလက် တစ်ရပ်ကို သင်တို့ထံ လက်ဆင့်ကမ်းပြီးဖြစ်၏။ သင်တို့သည် ဤကဲ့သို့သော အကြောင်းအရာများကို နားထောင်ရခြင်းအား အလွန် နှစ်သက်သကဲ့သို့၊ သင်တို့သည် ဤအရာများကို အမှန်တကယ် ဂရုစိုက်သည်ကို ငါသိသည်။ ထို့ကြောင့် ယနေ့ ငါပြောပြီးဖြစ်သည့်အရာ နှင့်ပတ်သက်၍ သင်တို့ စိတ်ကျေနပ်သည်ဟု ခံစားရသလော။ (ဟုတ်ကဲ့။ ကျွန်ုပ်တို့ ခံစားရပါသည်။) အခြားအရာများထဲမှ အချို့သည် သင်တို့အပေါ် အလန်ခိုင်မာသည့် ယူဆချက်တစ်ရပ် မဖြစ်စေနိုင်ကောင်းသော်လည်း၊ အစေခံသူများနှင့်ပတ်သက်သည့် ငါ ပြောဆိုပြီးဖြစ်သော အရာသည် သင်တို့ တစ်ဦးစီတိုင်း၏ ဝိညာဉ်ကို တို့ထိသည့်အတွက်၊ ဤအကြောင်းအရာက သင်တို့အပေါ် အထူးသဖြင့် ခိုင်မာသည့် ယူဆချက်တစ်ရပ် ဖြစ်စေပြီးဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)