ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် ဖာရိရှဲများ၏လမ်းကြောင်းကို လျှောက်နေကြသည်ဟု ပြောရသည့်အကြောင်းအရင်းနှင့် သူတို့၏ အနှစ်သာရ

18.11.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူသားသည် ဖျက်ဆီးခြင်းခံပြီး စာတန်၏ ထောင်ချောက်တွင် အသက်ရှင်နေကြ၏။ လူတို့အားလုံးသည် ဇာတိပကတိ၌ အသက်ရှင်နေကြ၏။ အတ္တဆန်သော လိုအင်ဆန္ဒများဖြင့် အသက်ရှင်နေကြကာ ၎င်းတို့ထဲတွင် ငါနှင့်သဟဇာတဖြစ်သူ တစ်ဦးတစ်ယောက်မျှမရှိပေ။ ငါနှင့် သဟဇာတဖြစ်သည်ဟု ဆိုသူများရှိကြသော်လည်း ထိုကဲ့သို့သောသူတို့သည် ဝိုးတဝါးဖြစ်သောရုပ်တုဆင်းတုများကို ကိုးကွယ်ကြ၏။ ၎င်းတို့သည် ငါ၏နာမအား သန့်ရှင်းသည်ဟု အသိအမှတ်ပြုကြသော်လည်း ငါနှင့်ဆန့်ကျင်သောလမ်းတွင် လျှောက်လှမ်းကြသည့်အပြင် ၎င်းတို့၏စကားများသည် မောက်မာမှု၊ မိမိကိုယ်ကိုယုံကြည်မှုများနှင့် ပြည့်နှက်လျက်ရှိ၏။ ဤသည်မှာ ၎င်းတို့အားလုံးသည် အခြေခံအားဖြင့် ငါ့ကိုဆန့်ကျင်ကြလျက် ငါနှင့်သဟဇာတမဖြစ်ကြသောကြောင့် ဖြစ်၏။ ၎င်းတို့သည် သမ္မာကျမ်းစာထဲတွင် ငါ၏တစ်စွန်းတစ်စလက္ခဏာများကို နေ့စဉ်ရှာဖွေကာ၊ အလျဉ်းသင့်ရာ “သင့်တော်သည့်” ကျမ်းပိုဒ်များကို တွေ့ရှိကြလျက် အတောမသတ်ဖတ်ကြကာ သမ္မာကျမ်းပိုဒ်များအဖြစ် ရွတ်ဆိုကြ၏။ ထိုသူတို့သည် ငါနှင့်သဟဇာတဖြစ်ရန်နည်းလမ်းကို မသိကြပေ။ ငါ့ကို ဆန့်ကျင်ခြင်း၏ အနက်အဓိပ္ပာယ်ကိုလည်း မသိကြပေ။ ထို့အပြင် သမ္မာကျမ်းပိုဒ်များကို အကျိုးအကြောင်းမမြင်ဘဲသာ ဖတ်ကြ၏။ ကျမ်းစာထဲတွင် ၎င်းတို့ တစ်ခါမျှ မမြင်ဖူးသော၊ ၎င်းတို့မြင်နိုင်စွမ်းမရှိသော ဝိုးတဝါးဖြစ်သည့်ဘုရားသခင်တစ်ပါးကို ၎င်းတို့သည် ဘောင်ခတ်ထား၍ ၎င်းတို့အားလပ်သည့်အချိန်၌ ထုတ်ကြည့်ကြ၏။ ၎င်းတို့သည် သမ္မာကျမ်းစာ၏ အတိုင်းအတာအတွင်း၌သာ ငါ၏တည်ရှိမှုကို ယုံကြည်ကြပြီး ငါ့ကို သမ္မာကျမ်းစာနှင့် တန်းတူထား၏၊ သမ္မာကျမ်းစာမရှိဘဲ ငါသည်မရှိ၊ ငါမရှိဘဲ သမ္မာကျမ်းစာမရှိ။ ၎င်းတို့သည် ငါ၏တည်ရှိခြင်း သို့မဟုတ် ငါ၏လုပ်ဆောင်ချက်များကို လုံးဝဂရုမစိုက်ကြဘဲ၊ ၎င်းအစား သမ္မာကျမ်းစာ၏စကားလုံးတိုင်းကို အလွန်အကျွံ အထူးဂရုပြုကြ၏။ ထို့အပြင် သမ္မာကျမ်းစာမှ ကြိုတင်ဟောကြားခြင်း မရှိပါက ငါလုပ်ဆောင်လိုသည့် မည်သည့်အရာကိုမျှ မလုပ်သင့်ဟု သာ၍များပြားသောသူတို့က ယုံကြည်ကြသည်။ ၎င်းတို့သည် သမ္မာကျမ်းစာကို အလွန်အကျွံ အရေးပေးကြ၏။ ၎င်းတို့သည် ငါပြောသည့် နှုတ်ကပတ်တော်တိုင်းကို အကဲဖြတ်ရန်နှင့် ငါ့ကို ပြစ်တင်ရှုတ်ချရန် သမ္မာကျမ်းစာမှ ကျမ်းပိုဒ်များကို အသုံးပြုသည်အထိ ကျမ်းစာထဲရှိ စကားလုံးများနှင့် ဖော်ပြချက်များကို အရေးကြီးလွန်းသည်ဟု မြင်ကြသည်ဟု ဆိုနိုင်၏။ ၎င်းတို့ရှာဖွေသည်မှာ ငါနှင့်သဟဇာတဖြစ်ရန် လမ်းမဟုတ်၊ သမ္မာတရားနှင့် သဟဇာတဖြစ်ရန် လမ်းလည်း မဟုတ်ဘဲ သမ္မာကျမ်းစာရှိစကားလုံးများနှင့် သဟဇာတဖြစ်ရန် လမ်းသာဖြစ်၍၊ သမ္မာကျမ်းစာနှင့် ကိုက်ညီခြင်းမရှိသည့် မည်သည့်အရာမဆိုသည် ခြွင်းချက်မရှိ ငါ၏အမှုမဟုတ်ဟု ၎င်းတို့ ယုံကြည်သည်။ ထိုကဲ့သို့သောလူတို့သည် ဖာရိရှဲများ၏ တာဝန်ကျေသော သားစဉ်မြေးဆက်များ မဟုတ်ပေဘူးလော။ ယုဒ ဖာရိရှဲတို့သည် ယေရှုကို ပြစ်တင်ရှုတ်ချရန် မောရှေ၏ပညတ်ကို အသုံးပြုခဲ့ကြ၏။ ၎င်းတို့သည် ထိုကာလကယေရှုနှင့် သဟဇာတဖြစ်ရန် ကြိုးပမ်းခြင်း မပြုခဲ့ကြသော်လည်း၊ အပြစ်မဲ့သောယေရှုကို ဓမ္မဟောင်းကျမ်း၏ ပညတ်တော်ကို မလိုက်နာခြင်း၊ မေရှိယ မဟုတ်ခြင်းတို့ဖြင့် တရားစွဲဆိုပြီးနောက်၊ အဆုံးတွင် ကားစင်တင်သည့်အထိ ပညတ်တရားကို ဝီရိယရှိစွာ အတိအကျလိုက်နာခဲ့၏။ ၎င်းတို့၏ပင်ကိုသဘာဝကား အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် သမ္မာတရားနှင့် သဟဇာတဖြစ်သည့်လမ်းကို မရှာဖွေခဲ့ခြင်း မဟုတ်သလော။ ၎င်းတို့သည် သမ္မာကျမ်းစာ၏စကားလုံး တစ်လုံးချင်းစီအပေါ် စွဲလမ်းခဲ့ကြသော်လည်း ငါ၏အလိုဆန္ဒသော်လည်းကောင်း ငါ့အမှု၏အဆင့်များနှင့် နည်းလမ်းများကိုသော်လည်းကောင်း လုံးဝဂရုပြုခြင်း မရှိပေ။ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေခဲ့ကြသူများ မဟုတ်ဘဲ စကားလုံးများကို တင်းတင်းကျပ်ကျပ် ဖက်တွယ်ခဲ့ကြသူများဖြစ်ခဲ့၏။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခဲ့ကြသူများ မဟုတ်ဘဲ သမ္မာကျမ်းစာကို ယုံကြည်ခဲ့ကြသူများ ဖြစ်၏။ အဓိကအားဖြင့် ၎င်းတို့သည် ကျမ်းစာကို စောင့်ကြပ်သူများ ဖြစ်ခဲ့ကြ၏။ သမ္မာကျမ်းစာ၏အကျိုးစီးပွားတို့ကို ကာကွယ်ရန်၊ သမ္မာကျမ်းစာ၏ဂုဏ်ကို ထိန်းသိမ်းထားရန်နှင့် သမ္မာကျမ်းစာ၏ ဂုဏ်သတင်းကို ကာကွယ်ရန်၊ ၎င်းတို့သည် ကရုဏာရှင်ယေရှုကို ကားစင်တင်သည်အထိ ပြုခဲ့ကြ၏။ ၎င်းတို့သည် သမ္မာကျမ်းစာကို ကာကွယ်ရုံအတွက်နှင့် လူတို့၏နှလုံးသားတွင် သမ္မာကျမ်းစာ၏ စကားလုံးတိုင်း၏ အနေအထားကို ထိန်းသိမ်းထားရန်အတွက်သာ ဤသို့ပြုခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် သမ္မာကျမ်းစာ၏ အယူဝါဒနှင့် ကိုက်ညီခြင်းမရှိခဲ့သော ယေရှုအား သေဒဏ်ချမှတ်ရေးအတွက် ၎င်းတို့၏အနာဂတ်နှင့် အပြစ် ဖြေရာယဇ်တို့ကို စွန့်ပယ်ရန် ပိုမိုလိုလားခဲ့ကြ၏။ ထိုသူတို့သည် သမ္မာကျမ်းစာ၏ စကားလုံးတိုင်း၏ လက်ပါးစေများ ဖြစ်ခဲ့သည် မဟုတ်လော။

ယနေ့လူတို့ရော မည်သို့ရှိသနည်း။ ခရစ်တော်သည် သမ္မာတရားကို ထုတ်ပြန်ရန် ကြွလာခဲ့သော်လည်း ၎င်းတို့သည် ကောင်းကင်ဘုံသို့ ဝင်ရောက်နိုင်ရန်နှင့် ကျေးဇူးတော် လက်ခံရရှိရန်အတွက် သူ့အား ဤလောကမှ နှင်ထုတ်ရန်ကို သာ၍လိုလားခဲ့ကြ၏။ သမ္မာကျမ်းစာ၏ အကျိုးစီးပွားတို့ကို ကာကွယ်ရန် ၎င်းတို့သည် သမ္မာတရားကြွလာခြင်းကို လုံးဝငြင်းဆိုရန်ကို သာ၍လိုလားခဲ့ကြကာ၊ သမ္မာကျမ်းစာ ထာဝရတည်ရှိအောင် ပြုလုပ်ရန်အတွက် လူ့ဇာတိခံ၍ တစ်ဖန်ပြန်ကြွလာသော ခရစ်တော်ကို တစ်ဖန်ကားစင်တင်ရန်ကို သာ၍လိုလားခဲ့ကြ၏။ လူသား၏နှလုံးသားတွင် မလိုမုန်းထားမှုများ များလွန်းပြီး၊ သူ၏သဘာဝသည် ငါ့ကိုဆန့်ကျင်လွန်းသောအခါ၊ သူသည် ငါ၏ကယ်တင်ခြင်းကို မည်သို့လက်ခံရရှိနိုင်မည်နည်း။ ငါသည် လူတို့ထဲတွင်နေသော်လည်း လူသည် ငါရှိကြောင်းကို မသိပေ။ ငါသည် ငါ၏အလင်းကို လူသားအပေါ် ထွန်းလင်းသည့်အခါ သူသည် ငါရှိကြောင်းကို မသိဘဲရှိနေသေး၏။ ငါ၏အမျက်ဒေါသကို လူသားအပေါ် လွှတ်လိုက်သည့်အခါ သူသည် ငါရှိနေကြောင်းကို ပို၍ကြီးမားသောအားမာန်ဖြင့် ငြင်းဆို၏။ လူသားသည် စကားလုံးများ၊ သမ္မာကျမ်းစာများတို့နှင့် သဟဇာတဖြစ်ရေးကို ရှာ၏။ သို့ရာတွင် သမ္မာတရားနှင့် သဟဇာတဖြစ်ရေးအတွက် လမ်းကိုရှာဖွေရန် ငါ့ရှေ့မှောက်လာရောက်သူ တစ်ဦးတစ်ယောက်မျှ မရှိပေ။ လူသားသည် ကောင်းကင်၌ရှိသော ငါ့ကို မျှော်ကြည့်၍ ကောင်းကင်၌ ငါရှိနေခြင်းကို အထူးအလေးထားသော်လည်း၊ လူ့ဇာတိခန္ဓာ၌ရှိနေသော ငါ့အကြောင်းကို မည်သူကမျှ အရေးမပေးပေ။ အဘယ်ကြောင့်ဆိုသော် လူသားအကြားတွင်နေလျက်ရှိသော ငါသည် အရေးမပါလွန်းသောကြောင့်သာ ဖြစ်သည်။ သမ္မာကျမ်းစာ၏ စကားလုံးများနှင့် သဟဇာတဖြစ်ရန်သာ ကြိုးစားသူများနှင့် ဝေဝါးသောဘုရားသခင်နှင့် သဟဇာတဖြစ်ရန်သာ ကြိုးစားသူများသည် ငါ့အတွက် စိတ်ဆင်းရဲစရာ မြင်ကွင်းတစ်ခုသာ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကိုးကွယ်သည့်အရာမှာ သက်မဲ့စကားလုံးများနှင့် ၎င်းတို့အား ပြောမပြနိုင်လောက်အောင် မြောက်မြားစွာသောရတနာများကို ပေးနိုင်စွမ်းရှိသော ဘုရားသခင်တစ်ပါးသာဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့ကိုးကွယ်သည့်အရာမှာ လူသား၏တန်ခိုးလက်အောက်တွင် ရှိမည့်ဘုရားသခင်၊ မတည်ရှိသောဘုရားသခင် ဖြစ်၏။ ထိုအခါ ထိုသို့သောလူတို့သည် ငါ့ထံမှ မည်သည့်အရာကို ရရှိနိုင်မည်နည်း။ လူသားသည် နိမ့်ကျလွန်းသဖြင့် ဖော်ပြ၍ပင် မရချေ။ ငါ့ကိုဆန့်ကျင်သူများ၊ ငါ့ထံမှ အကန့်အသတ်မရှိ တောင်းဆိုသူများ၊ သမ္မာတရားကိုမမြတ်နိုးသူများ၊ ငါ့ကိုပုန်ကန်သူများ— ထိုသူတို့သည် ငါနှင့် မည်သို့ သဟဇာတ ဖြစ်နိုင်ကြမည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရာလမ်းကို ရှာဖွေသင့်သည်

ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသော်လည်း၊ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး ဘုရားသခင်ကို ဩဝါဒပေးရန် အမြင့်တွင် ရပ်တည်ကြရင်း၊ အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏အောင်လံကို သယ်ဆောင်နေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်ကို တမင် ဆန့်ကျင်ကြလေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းကို အခိုင်အမာဆိုလျက်၊ ၎င်းတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်ကြဆဲ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းရန် ကြိုးစားနေသူတို့၏ လမ်းတွင် တမင်သက်သက် တားဆီးသော မကောင်းဆိုးဝါးများ၏ ဦးသျှောင်နှင့် ဘုရားသခင်ကို ရှာဖွေသောသူတို့ကို ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် “ကောင်းမွန်သည့် ဖွဲ့စည်းမှု” ရှိပုံရကြသော်လည်း၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို ဆန့်ကျင်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် နှစ်မြှုပ်ထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။ ဘုရားသခင်၏ မျက်မှောက်တွင် မိမိကိုယ်ကိုယ် အထင်ကြီးတတ်ကြသူများသည် လူများထဲမှ အဆိုးရွားဆုံးသောသူများ ဖြစ်သော်လည်း၊ မိမိတို့ကိုယ်ကိုယ် နှိမ့်ချသောသူတို့မှာ ဂုဏ်ပြုအခံရဆုံးသောသူများ ဖြစ်ကြ၏။ ပြီးလျှင် ဘုရားသခင်၏ အမှုကို ၎င်းတို့ သိသည်ဟု ထင်သည့်အပြင်၊ ဘုရားသခင်ကို တိုက်ရိုက်ကြည့်ကာပင် ကြီးမားသော ခမ်းနားကြီးကျယ်မှုဖြင့် အခြားသူများထံ ဘုရားသခင်၏အမှုကို ကြွေးကြော်နိုင်စွမ်းရှိသူများ- ဤသူတို့သည် လူများထဲမှ မသိနားမလည်ဆုံးသော သူများ ဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ သက်သေခံချက်မရှိ၊ မာနထောင်လွှားကြကာ စိတ်ကြီးဝင်ခြင်းဖြင့် ပြည့်လေသည်။ ဘုရားသခင်နှင့်သက်ဆိုင်သော တကယ့် အတွေ့အကြုံနှင့် လက်တွေ့ကျသည့် အသိပညာရှိလင့်ကစား၊ ၎င်းတို့သည် ဘုရားသခင်နှင့် သက်ဆိုင်သော အသိပညာ အလွန်နည်းပါးသည်ဟု ယုံကြည်ကြသူများသည် ဘုရားသခင်၏ အချစ်ခင်ရဆုံးသောသူများ ဖြစ်သည်။ ထိုသို့သောလူတို့သာ သက်သေခံချက် အမှန်တကယ်ရှိကြပြီး၊ ဘုရားသခင်၏ စုံလင်စေခြင်း ခံရနိုင်စွမ်း အမှန်တကယ် ရှိကြပေသည်။ ဘုရားသခင်၏ အလိုကို နားမလည်သောသူတို့သည် ဘုရားသခင်၏ ရန်ဘက်များ ဖြစ်ကြ၏။ ဘုရားသခင်၏ အလိုကို နားလည်သော်လည်း၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူတို့သည် ဘုရားသခင်၏ ရန်ဘက်များ ဖြစ်ကြ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်သော်လည်း၊ ဘုရားနှုတ်ကပတ်တော်၏ အနှစ်သာရကို ဆန့်ကျင်ကြသူတို့သည် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြ၏။ လူဇာတိခံ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများရှိသည့်အပြင်၊ ပုန်ကန်မှုတွင် ပါဝင်ပတ်သက်ရန် စိတ်ဆန္ဒရှိသူတို့သည် ဘုရားသခင်၏ ရန်ဘက်များ ဖြစ်ကြ၏။ ဘုရားသခင်အပေါ် ဝေဖန်သောသူတို့သည် ဘုရားသခင်၏ ရန်ဘက်များ ဖြစ်ကြ၏။ ပြီးလျှင် ဘုရားသခင်ကို မသိနိုင်သူ သို့မဟုတ် သူ့ကို သက်သေမခံနိုင်သူ မည်သူမဆိုသည် ဘုရားသခင်၏ ရန်ဘက် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်

ငါတို့သည် ဘာသာရေးအသိုင်းအဝိုင်းများအတွင်းရှိ ခေါင်းဆောင်များစွာအား ဧဝံဂေလိတရားတော်ကို ကြိမ်ဖန်တလဲလဲ ဟောကြားခဲ့ပြီးသော်လည်း သမ္မာတရားအပေါ် ၎င်းတို့နှင့် မည်သို့ပင် မိတ်သဟာယဖွဲ့သည်ဖြစ်စေ ၎င်းတို့လက်မခံကြပေ။ အဘယ်ကြောင့် ဤသို့ဖြစ်သနည်း။ ယင်းမှာ ၎င်းတို့၏ မာနထောင်လွှားမှုသည် ပင်ကိုစရိုက်သဖွယ် ဖြစ်နေကာ ဘုရားသခင်သည် ၎င်းတို့၏စိတ်နှလုံးထဲတွင် မရှိတော့သည့်အတွက်ကြောင့် ဖြစ်သည်။ လူအချို့က “ဘာသာရေးလောကရှိ သင်းအုပ်ဆရာအချို့၏ ဦးဆောင်မှုအောက်တွင် လူတို့သည် အလွန်ပင် စိတ်ဓာတ်ခွန်အား တက်ကြွကြ၏။ ၎င်းတို့အကြားတွင် ဘုရားသခင် ရှိပုံပေါ်၏” ဟု ဆိုကောင်းဆိုနိုင်သည်။ ထိုသင်းအုပ်ဆရာတို့၏ ဒေသနာများသည် မည်မျှပင် မြင့်မြတ်သည်ဖြစ်စေ ဘုရားသခင်ကို ၎င်းတို့သိကြသလော။ ၎င်းတို့သည် ဘုရားသခင်အား ၎င်းတို့၏စိတ်နှလုံးများတွင် အမှန်တကယ် ကြည်ညိုပါက လူတို့အား ၎င်းတို့နောက်သို့ လိုက်စေ၍ ၎င်းတို့အား ချီးမြှောက်စေကြလိမ့်မည်လော။ ၎င်းတို့သည် အခြားသူများအား တစ်ဦးတည်း ချုပ်ကိုင်ထားမည်လော။ သမ္မာတရားကို ရှာဖွေ၍ စစ်မှန်သောလမ်းခရီးကို စုံစမ်းနေသော အခြားသူများအပေါ် ကန့်သတ်ချက်များ ချမှတ်ရဲမည်လော။ ဘုရားသခင်၏သိုးတို့သည် အကယ်စင်စစ်အားဖြင့် ၎င်းတို့၏သိုးများဖြစ်၍ သူ၏သိုးများအားလုံးက ၎င်းတို့ကို နားထောင်သင့်သည်ဟု ၎င်းတို့ကိုယ်တိုင်သည် ဘုရားသခင်အဖြစ် ပြုမူနေခြင်းပင် မဟုတ်ပေလော။ ထိုသို့သောလူတို့သည် ဖာရိရှဲများထက်ပင် သာ၍ ဆိုးရွား၏၊ ၎င်းတို့သည် အန္တိခရစ်များပင် မဟုတ်ကြသလော။ ထို့ကြောင့် ၎င်းတို့၏ မာနထောင်လွှားမှုကို ထောက်ဆလျှင်၊ ယင်းက ဘုရားသခင်ကို သစ္စာဖောက်သည့် အမှုအရာများကို လုပ်ဆောင်ခြင်းအဖြစ်သို့ ၎င်းတို့ကို ထိန်းချုပ်နိုင်ပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူသား၏ မာနထောင်လွှားသော သဘာဝသည် ဘုရားသခင်အပေါ် သူဆန့်ကျင်ခြင်း၏ အရင်းအမြစ် ဖြစ်သည်” မှ

များစွာသော လူတို့သည် ဘုရားသခင်၏ စုံလင်ကွဲပြားသော အမှုအမျိုးမျိုးကို မသိသောကြောင့်၊ ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို တိုင်းတာရန် အသိပညာနှင့် အယူဝါဒ အနည်းငယ်သာ ပိုင်ဆိုင် သောကြောင့် ဘုရားသခင်ကို ဆန့်ကျင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ပိတ်ဆို့ဟန့်တားကြသည် မဟုတ်လော။ ထိုသို့သော လူများ၏ အတွေ့အကြုံများသည် အပေါ်ယံ ဖြစ်သော်လည်း၊ သဘာဝ၌ မာနထောင်လွှားကာ စိတ်အလိုလိုက်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို အထင်သေးခြင်းဖြင့် မှတ်ယူကြသည်၊ သန့်ရှင်းသောဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်ခြင်းများကို လျစ်လျူရှုကြသကဲ့သို့၊ ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို “အတည်ပြုရန်” ၎င်းတို့၏ အရေးမပါသည့် အိုဟောင်းသော အကြောင်းပြချက်များကို အသုံးပြုကြ၏။ ၎င်းတို့သည် ဟန်ဆောင်ခြင်းလည်း ပြုကာ ၎င်းတို့၏ ကိုယ်ပိုင် လေ့လာသင်ယူမှုနှင့် အသိပညာအပေါ် အပြည့်အဝ လက်ခံယုံကြည်ကြသကဲ့သို့၊ ၎င်းတို့ ကမ္ဘာ့အနှံ့ ခရီးသွားနိုင်သည်ဟု အခိုင်အမာ ယုံကြည်ကြလေသည်။ ထိုသို့သော လူများသည် သန့်ရှင်းသော ဝိညာဉ်တော်က စက်ဆုပ်မုန်းတီးပြီး ငြင်းပယ်သူများ မဟုတ်ပါလော၊ ၎င်းတို့ကို ခေတ်သစ်က ဖယ်ရှားလိမ့်မည် မဟုတ်လော။ ဘုရားသခင်၏ ရှေ့မှောက်သို့ လာပြီး၊ သူ့ကို ပွင့်လင်းစွာ ဆန့်ကျင်သူများသည် ၎င်းတို့ မည်မျှ အလွန် ထက်မြက်သည်ကို ပြရန်မျှသာ ကြိုးစားနေသော မသိနားမလည်သကဲ့သို့ အသိအမြင်လိုသေးသော လူဆိုးများ မဟုတ်ပါလော။ နည်းပါးသော ကျမ်းစာ အသိပညာဖြင့်၊ ၎င်းတို့သည် ကမ္ဘာ့ “ပညာရေးလောက” ကို သောင်းကျန်းမွှေ့ယမ်းရန် ကြိုးစားကြ၏။ လူတို့ကို သင်ကြားရန် အပေါ်ယံ အယူဝါဒဖြင့် ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို ပြောင်းပြန်လှန်ရန် ကြိုးပမ်းကြသည့်အပြင်၊ ထိုအမှုကို ၎င်းတို့တွေးခေါ်မှု ဖြစ်စဉ်ကို ဗဟိုပြုစေရန် ကြိုးစားကြ၏။ ၎င်းတို့သည် ရေရှည် မကြည့်တတ်ကြသည့်အတွက်၊ ဘုရားသခင်၏အနှစ်ခြောက်ထောင် အမှုကို အကြည့်တစ်ချက်ဖြင့် ရှုမြင်ရန် ကြိုးစားကြ၏။ ဤလူတို့သည် ပြောလောက်စရာ အသိစိတ် တစ်ခုတစ်လေမျှ မရှိကြပါတကား။ အမှန်တွင် လူတို့၏ ဘုရားသခင် အကြောင်း အသိပညာ သာ၍ များလေ၊ သူ၏အမှုကို ဝေဖန်ရန် နှေးလေလေဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် ယနေ့ခေတ်တွင် ဘုရားသခင်၏ အမှုနှင့်သက်ဆိုင်သည့် ၎င်းတို့၏ အသိပညာ အနည်းငယ်ကိုသာ ပြောဆိုကြသော်လည်း၊ ၎င်းတို့၏ ဝေဖန်မှုများတွင် အလျင်လိုခြင်း မရှိကြပေ။ လူတို့သည် ဘုရားသခင်အပေါ် သိကျွမ်းမှု နည်းလေလေ၊ ၎င်းတို့သည် သာ၍ မာနထောင်လွှားကာ မိမိကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲလေလေ ဖြစ်ပြီး၊ ဘုရားသခင်၏ ဖြစ်ခြင်းကို အကြောင်းမဲ့သက်သက် ထုတ်ဖော်ပြောလေလေ ဖြစ်သည်- သို့ရာတွင် ၎င်းတို့သည် သဘောတရားများကိုသာ ပြောဆိုပြီး စစ်မှန်သည့် အထောက်အထားများ လုံးဝမပေးပေ။ ထိုသို့သော လူတို့သည် တန်ဖိုး မည်သို့မျှ မရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ကစားပွဲတစ်ခု အဖြစ်သာ မြင်သူတို့သည် ပေါ့တန်သောသူများ ဖြစ်ကြ၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသစ်နှင့် ကြုံတွေ့သည့်အခါ သတိမထားသူတို့၊ ပါးစပ်စည်း မရှိသူတို့၊ ဝေဖန်ဖို့ မြန်ဆန်သောသူတို့၊ သန့်ရှင်းသော ဝိညာဉ်တော်အမှု၏ ဖြောင့်မတ်ခြင်းကို ငြင်းပယ်လိုသည့် ၎င်းတို့၏ နဂိုစိတ်ရင်းကို ဇက်ကုန်လွှတ်ထားသူတို့နှင့် စော်ကားပုတ်ခတ်ပြီး ပြစ်မှားပြောဆိုမှုများလည်း ပြုလုပ်သူတို့- ထိုသို့သော လေးစားမှု မရှိသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုနှင့် ပတ်သက်၍ မသိနားမလည် ဖြစ်ကြသည် မဟုတ်လော။ ထို့အပြင် ၎င်းတို့သည် အလွန် မာနထောင်လွှားမှု ရှိသူများ၊ ပင်ကိုအားဖြင့် မာနကြီး၍ ထိန်းမရသူများ မဟုတ်လော။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအသစ်ကို ထိုသို့သောသူများ လက်ခံသည့်နေ့ရက် ရောက်လာလျှင်ပင် ဘုရားသခင်သည် ၎င်းတို့ကို သည်းခံလိမ့်ဦးမည် မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်အတွက် အမှုဆောင်သူများအပေါ် အထင်သေးရုံမျှမက၊ ဘုရားသခင်ကိုယ်တော်တိုင်ကိုပင် ဆန့်ကျင် ပြစ်မှားစော်ကားကြလေသည်။ ထိုကဲ့သို့ ထင်ရာစိုင်းသောသူများသည် ဤခေတ်၌သော်လည်းကောင်း၊ နောက်လာမည့် ခေတ်၌ သော်လည်းကောင်း၊ ခွင့်လွှတ်ခြင်းခံရလိမ့်မည် မဟုတ်သကဲ့သို့၊ ငရဲတွင် ထာဝရပျက်စီးဆုံးရှုံးကြမည် ဖြစ်သည်။ ထိုသို့သော လေးစားမှု ကင်းမဲ့သူများ၊ စိတ်အလိုလိုက်သူများသည် ဘုရားသခင်ကို ယုံကြည်ဟန်ဆောင်နေကြပြီး ၎င်းတို့ ဤသို့ သာ၍ ဖြစ်လေလေ၊ ၎င်းတို့သည် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ပုန်ကန်ပြစ်မှားရန် အလားအလာများ လေလေ ဖြစ်သည်။ ပင်ကိုအားဖြင့် ထိန်းမနိုင်သိမ်းမရအောင်စိတ်ပြင်းပြသောသူများနှင့် မည်သူကိုမျှ လုံးဝ မနာခံဖူးသည့် ထိုမာနထောင်လွှားသူ အားလုံးသည် ဤလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းကြသည် မဟုတ်လော။ ၎င်းတို့သည် တစ်နေ့ပြီးတစ်နေ့ အစဉ်အသစ်ဖြစ်ကာ မည်သည့်အခါမျှ အိုဟောင်းခြင်း မရှိသည့် ဘုရားသခင်ကို ဆန့်ကျင်ကြသည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်

ဖာရိရှဲတို့က ယေရှုကို ဆန့်ကျင်ခဲ့သည့် အကြောင်းရင်း၏ အရင်းအမြစ်ကို သင်တို့ သိလိုပါသလော။ ဖာရိရှဲတို့၏ အနှစ်သာရကို သင်တို့သိရှိရန် ဆန္ဒရှိသလော။ ၎င်းတို့သည် မေရှိယနှင့် ပတ်သက်သည့် စိတ်ကူးယဉ်မှုများနှင့် ပြည့်နှက်ခဲ့ကြသည်။ ထို့အပြင်၊ မေရှိယလာမည်ဟုသာ ၎င်းတို့ယုံကြည်ခဲ့ကြသော်လည်း၊ အသက် သမ္မာတရားကို မလိုက်စားခဲ့ကြချေ။ ထို့ကြောင့် ၎င်းတို့သည် အသက်၏လမ်းခရီးနှင့် သက်ဆိုင်သည့် အသိမရှိသကဲ့သို့၊ သမ္မာတရား၏လမ်းခရီးက မည်သည့်အရာဖြစ်သည်ကို မသိကြသည့်အတွက်၊ ယနေ့တွင်ပင် ၎င်းတို့သည် မေရှိယကို စောင့်ဆိုင်းဆဲဖြစ်၏။ ထိုသို့ မိုက်မဲသည့်၊ ခေါင်းမာပြီး မသိနားမလည်သော သူတို့သည် ဘုရားသခင်၏ ကောင်းချီး မင်္ဂလာကို ရရှိနိုင်မည်ဟု သင်တို့ မည်သို့ဆိုနိုင်မည်နည်း။ မေရှိယကို ၎င်းတို့ မည်သို့ ရှုမြင်နိုင်မည်နည်း။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှု ဦးတည်ရာကို မသိကြသောကြောင့်၊ ယေရှုပြောသည့် သမ္မာတရား၏လမ်းခရီးကို မသိကြသောကြောင့်၊ ထို့အပြင် မေရှိယကို ၎င်းတို့ နားမလည်ခဲ့ကြသောကြောင့် ယေရှုကို ဆန့်ကျင်ခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် မေရှိယကို လုံးဝ မမြင်ဖူးကြသကဲ့သို့၊ မေရှိယနှင့် အဖော်ပြုခြင်း လုံးဝမရှိကြသည့်အတွက်၊ မေရှိယ၏ အနှစ်သာရကို ဖြစ်နိုင်သမျှ မည်သည့်နည်းနှင့်မဆို ဆန့်ကျင်နေစဉ်တွင် မေရှိယ၏ နာမမျှကိုသာ ဖက်တွယ်နေခြင်းတည်းဟူသော အမှားကို ပြုမိခဲ့ကြ၏။ ဤဖာရိရှဲတို့သည် အနှစ်သာရအားဖြင့် ခေါင်းမာကြသည်၊ မာနထောင်လွှားပြီး၊ သမ္မာတရားကို မနာခံခဲ့ကြချေ။ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း အခြေခံသဘောတရားမှာ- သင်၏ဟောပြောမှု မည်မျှ နက်နဲသည်‌ဖြစ်စေ၊ သင်၏ သြဇာအာဏာ မည်မျှ မြင့်မားသည်ဖြစ်စေ၊ မေရှိယဟု အခေါ်မခံရပါက သင်သည် ခရစ်တော်မဟုတ်ဟူ၍ ဖြစ်သည်။ ဤယုံကြည်မှုသည် မဖြစ်နိုင်သကဲ့သို့ ရယ်ဖွယ်ကောင်းသည် မဟုတ်လော။ သင်တို့ကို နောက်ထပ် ငါ မေးမည်- ယေရှုနှင့်သက်ဆိုင်သည့် သိနားလည်မှု အနည်းငယ်မျှ မရှိသည်ကို ထောက်ဆလျှင်၊ အစောဆုံးကျသည့် ဖာရိရှဲတို့၏ အမှားများကို သင်တို့ ကျူးလွန်ရန် အလွန့်အလွန် လွယ်ကူသည် မဟုတ်လော။ သင်သည် သမ္မာတရား၏ လမ်းခရီးကို ထိုးထွင်းသိမြင်နိုင်သလော။ သင်သည် ခရစ်တော်ကို ဆန့်ကျင်မည်မဟုတ်ဟု အမှန်တကယ် အာမခံနိုင်သလော။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်နောက် လိုက်နိုင်ပါသလော။ သင်သည် ခရစ်တော်ကို ဆန့်ကျင်မည်၊ မဆန့်ကျင်မည်ကို မသိပါက၊ သင်သည် သေခြင်း၏ချောက်ကမ်းစွန်းတွင် အသက်ရှင်နေနှင့်ပြီးဖြစ်သည်ဟု ငါဆိုသည်။ မေရှိယကို မသိခဲ့သောသူအားလုံးသည် ယေရှုကိုဆန့်ကျင်နိုင်စွမ်းရှိကြသည်၊ ယေရှုကိုငြင်းပယ်နိုင်စွမ်းရှိကြသည်၊ သူ့ကို အသရေဖျက်နိုင်စွမ်းရှိကြလေသည်။ ယေရှုကို နားမလည်သောလူ အားလုံးသည် သူ့ကို ငြင်းပယ်နိုင်စွမ်းရှိကြပြီး သူ့ကို ဝေဖန်ပုတ်ခတ်နိုင်စွမ်း ရှိသည်။ ထို့အပြင်၊ ၎င်းတို့သည် ယေရှု၏ ပြန်ကြွလာခြင်းကို စာတန်၏ လှည့်ဖြားမှုအဖြစ် မြင်နိုင်စွမ်းရှိကြပြီး ယေရှု လူ့ဇာတိ ပြန်လည်ခံယူသည်ကို သာ၍ များသော လူတို့က ရှုတ်ချကြလိမ့်မည်။ ဤအရာအားလုံးက သင်တို့ကို စိုးရွံ့စေသည် မဟုတ်လော။ သင် ရင်ဆိုင်သည့်အရာမှာ သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားစော်ကားခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်က အသင်းတော်များထံ မြွက်ဆိုသော နှုတ်ကပတ်တော်များအား ယိုယွင်းပျက်စီးစေခြင်းနှင့် ယေရှု ဖော်ပြခဲ့သည့် အရာအားလုံးကို ပစ်ပယ်ခြင်းတို့ ဖြစ်လိမ့်မည်။ သင်တို့သည် အလွန် စိတ်ရှုပ်ထွေးပါက၊ ယေရှုထံမှ မည်သည့်အရာကို ရရှိနိုင်မည်နည်း။ သင်တို့၏အမှားများကို နားလည်ဖို့ ခေါင်းမာစွာ ငြင်းဆိုပါက၊ ယေရှုသည် ဖြူသောမိုးတိမ်စီးကာ လူ့ဇာတိ ပြန်လည်ခံယူချိန်တွင် သူ၏ အမှုကို သင်တို့ မည်ကဲ့သို့ နားလည်နိုင်ကြမည်နည်း။ ဤအရာကို သင်တို့အား ငါ ပြော၏- သမ္မာတရားကို လက်မခံသော်လည်း၊ ယေရှု ဖြူသောမိုးတိမ်စီးကာ ကြွရောက်ခြင်းကို ကြောင်းကျိုးမမြင်ဘဲ စောင့်ဆိုင်းသည့် လူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ဧကန်မုချ ပြစ်မှားစော်ကားမိမည်ဖြစ်ပြီး၊ ၎င်းတို့သည် ဖျက်ဆီးခံရမည့် အမျိုးအစားဖြစ်ပေသည်။ သင်တို့သည် ယေရှု၏ကျေးဇူးတော်ကိုမျှ အလိုရှိပြီး၊ ကောင်းကင်ဘုံ၏ အတိသုခပြည့်စုံသော နယ်ပယ်ကိုမျှ လိုချင်သော်လည်း၊ ယေရှုပြောခဲ့သည့် နှုတ်ကပတ်တော်များကို သင်သည် မည်သည့်အခါတွင်မျှ မနာခံဖူးသကဲ့သို့၊ သူ ပြန်လည် လူ့ဇာတိခံယူချိန်တွင် ယေရှု ဖော်ပြသည့် သမ္မာတရားကို မည်သည့်အခါတွင်မျှ ရရှိဖူးခြင်း မရှိပေ။ ယေရှု ဖြူသောမိုးတိမ်စီးကာ ပြန်ကြွလာခြင်း အချက်အတွက် အလဲအလှယ်အဖြစ် သင်တို့ မည်သည့်အရာကို စံပြုကြမည်နည်း။ အပြစ်များကို သင်တို့ ထပ်တလဲလဲ ကျူးလွန်ပြီးနောက် သင်တို့၏ ဝန်ချမှုကို ပြောဆိုသည့် ရိုးသားစစ်မှန်မှုကိုလော။ ဖြူသောမိုးတိမ်စီးကာ ပြန်ကြွလာသည့် ယေရှုကို သင်တို့ မည်သည့်အရာ ဆက်ကပ် ပူဇော်ကြလိမ့်မည်နည်း။ သင်တို့ မိမိတို့ကိုယ်ကိုယ် ချီးမြှောက်သည့် နှစ်ပေါင်းများစွာကြာသော အလုပ်ကိုလော။ ပြန်ကြွလာသည့် ယေရှုက သင်တို့ကို ယုံကြည်စိတ်ချစေရန် မည်သည့်အရာကို သင်တို့ စံပြုကြလိမ့်မည်နည်း။ မည်သည့်သမ္မာတရားကိုမျှ နာခံခြင်းမရှိသည့် သင်တို့၏ မာနထောင်လွှားသော သဘာဝကိုလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်

မကောင်းဆိုးဝါးများနှင့် ဆိုးယုတ်သော ဝိညာဉ်များသည် ကမ္ဘာမြေပေါ်၌ အချိန်ကာလတစ်ခုကြာအောင် ဒေါသတကြီး လျှောက်ရမ်းနေခဲ့ပြီး ဘုရားသခင်၏အလိုနှင့် အပင်ပန်းခံ အားထုတ်မှုတို့ကို ပိတ်ပင်ထားခဲ့သည်မှာ ၎င်းတို့သည် ထွင်းဖောက် မရနိုင်ပေ။ အမှန်ပင်၊ ဤသည်မှာ သေထိုက်သော အပြစ်ပါတကား။ ဘုရားသခင်သည် အဘယ်သို့ မစိုးရိမ်ဘဲနှင့် နေနိုင်မည်နည်း။ ဘုရားသခင်သည် အဘယ်သို့ အမျက်ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏အမှုကို ဆိုးရွားစွာ တားဆီးပြီး ဆန့်ကျင်ခဲ့ကြသည်။ ပုန်ကန်လိုက်လေတကား။ မကောင်းဆိုးဝါး ကြီးငယ်တို့သည်ပင် ခြင်္သေ့နောက် ထပ်ကျပ်မခွာလိုက်သည့် ခွေးအများကဲ့သို့ ပြုမူကြပြီး ၎င်းတို့ သွားကြသည်နှင့်အမျှ အတားအဆီးများကို ဖန်တီးရင်း ဆိုးယုတ်သော ရေစီးကြောင်းနောက် လိုက်ကြလေသည်။ သမ္မာတရားကို သိလျက်၊ ၎င်းတို့သည် သမ္မာတရားကို တမင်သက်သက် ဆန့်ကျင်ကြသည်၊ အဓမ္မလူများပါတကား။ ဤသည်မှာ ယခုတွင် ၎င်းတို့၏ ငရဲဘုရင်သည် မင်းမြောက်ပလ္လင်သို့ တက်ကြွခဲ့ပြီး ၎င်းတို့သည် အခြားသူများ အားလုံးကို အထင်အမြင်သေးခြင်းဖြင့် ဆက်ဆံရင်း ဘဝင်ခိုက် လာကြပြီး မိမိဘာသာ အားရကျေနပ်လာကြသည့်အလား ဖြစ်သည်။ ၎င်းတို့ထဲတွင် မည်မျှသည် သမ္မာတရားကို ရှာဖွေပြီး ဖြောင့်မတ်ခြင်းတရားကို လိုက်လျှောက်ကြသနည်း။ ၎င်းတို့ အားလုံးသည် ဘဝင်ခိုက်ကာ ကိုယ်ကျောကိုယ်သပ်ခြင်းဖြင့် ၎င်းတို့၏ ဦးခေါင်းများကို လှုပ်ယမ်းရင်းနှင့် ဒုက္ခပြဿနာမျိုးစုံကို လှုံ့ဆော်ရင်း ဝက်များနှင့် ခွေးများထက် သာ၍မကောင်းသည့် နောက်ချေးပုံအလယ်တွင် နံဟောင်သော ယင်ကောင်တစ်အုပ်ကို ဦးဆောင်သော သားရဲများ ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့ ကိုယ်တိုင်က နံဟောင်သော ယင်ကောင်များထက် မပိုသည်ကို မသိသလောက်ဖြစ်လျက်၊ ၎င်းတို့၏ ငရဲဘုရင်သည် အားလုံးထဲမှ အကြီးမြတ်ဆုံးသော ရှင်ဘုရင်ဖြစ်သည်ဟု ယုံကြည်ကြလေသည်။ သို့သော်လည်း ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်းကို အပုပ်ချဖို့ မိမိတို့၏မိဘများအဖြစ် ရှိနေကြသည့် ဝက်များနှင့် ခွေးများ၏ တန်ခိုးအာဏာကို အသုံးချကြသေးသည်။ အလွန်သေးငယ်သော ယင်ကောင်များအနေဖြင့်၊ ၎င်းတို့သည် ၎င်းတို့၏မိဘများကို သွားရှိသော ဝေလငါးများ တမျှ ကြီးမားသည်ဟု ထင်မြင်ကြသည်။ ၎င်းတို့ကိုယ်တိုင်က သေးငယ်လှသော်လည်း၊ ၎င်းတို့၏မိဘများမှာ ၎င်းတို့ထက် အဆသန်းရာပေါင်းများစွာ သာ၍ကြီးမားသော မသန့်ရှင်းသည့် ဝက်များနှင့်ခွေးများ ဖြစ်သည်ကို မသိသလောက် ဖြစ်သည်။ မိမိတို့ကိုယ်တိုင်၏ နိမ့်ကျခြင်းကို သတိမမူဘဲလျက်၊ ၎င်းတို့သည် အနာဂတ်မျိုးဆက်များကို ပေါက်ပွားစေရန် အချည်းနှီး စဉ်းစားရင်း၊ အရှက်ရခြင်းကို သတိမမူဘဲ ဒေါသတကြီး လျှောက်ရမ်းဖို့ ထိုဝက်များနှင့် ခွေးများမှ ထွက်သော ပုပ်ပွသည့် အနံ့ဆိုးအပေါ် အားထားလေသည်။ ၎င်းတို့၏ ကျောပေါ်တွင် တောင်ပံစိမ်းများဖြင့်၊ (ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သည်ဟု ၎င်းတို့ အခိုင်အမာဆိုခြင်းကို ရည်ညွှန်း၏)၊ ၎င်းတို့သည် သွေးနားထင်ရောက်ကြပြီး၊ နေရာတကာတွင် မိမိတို့၏ အလှတရားနှင့် ဆွဲဆောင်မှုတို့ကို ကြွားဝါကြသော်လည်း၊ မိမိတို့ ကိုယ်တိုင်၏ ခန္ဓာကိုယ်များပေါ်က မစင်ကြယ်မှုများကို လူသားအပေါ်သို့ လျှို့ဝှက်စွာ ပစ်ကြလေသည်။ ထို့အပြင်၊ ၎င်းတို့ကိုယ်တိုင်၏ မစင်ကြယ်မှုများကို ဖုံးကွယ်ရန် သက်တံရောင် တောင်ပံတစ်စုံကို ၎င်းတို့ အသုံးပြုနိုင်ကြသည့်အလား၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်နှင့်ပတ်သက်၍ အလွန့်အလွန် ကျေနပ်နေကြပြီး၊ ဤနည်းများဖြင့် ၎င်းတို့သည် စစ်မှန်သော ဘုရားသခင်၏ တည်ရှိခြင်းအပေါ် သူတို့၏ ဖိနှိပ်ခြင်းကို ယူဆောင်လာကြလေသည် (ဤသည်မှာ ဘာသာရေးလောကထဲက ဖြစ်အင်များနောက်ကွယ်တွင် ဖြစ်နေသည့်အရာကို ရည်ညွှန်းသည်)။ ယင်ကောင်တစ်ကောင်၏ တောင်ပံများသည် နှစ်သက်ကြည်နူးဖွယ် လှပသလောက်၊ ယင်ကောင်ကိုယ်၌ကမူ နောက်ဆုံးတွင် အညစ်အကြေးများ နှင့်ပြည့်သော ဝမ်းဗိုက်နှင့် ရောဂါပိုးများနှင့် ဖုံးလွှမ်းနေသည့် ခန္ဓာကိုယ်ဖြင့် သေးငယ်သည့် သတ္တဝါတစ်ကောင်ထက် ဘာမျှ မပိုသည်ကို လူသားသည် မည်သို့သိမည်နည်း။ မိဘများအနေဖြင့် ၎င်းတို့၌ရှိကြသည့် ဝက်များနှင့်ခွေးများ၏ ခွန်အားကိုမှီ၍၊ ၎င်းတို့သည် နယ်မြေတစ်လျှောက် ၎င်းတို့၏ ကြမ်းကြုတ်ရက်စက်မှုတွင် အထိန်းအကွပ်မဲ့လျက် ဒေါသတကြီး ပတ်ရမ်းကြလေသည် (ဤသည်မှာ စစ်မှန်သောဘုရားသခင်နှင့် သမ္မာတရားကို ပုန်ကန်ဖို့ ဘုရားသခင်ကို နှိပ်စက်ညှဉ်းပန်းသည့် ဘာသာရေး အရာရှိများက တိုင်းနိုင်ငံအစိုးရ၏ အားကောင်းသော အထောက်အပံ့ကို အမှီပြုသည့် နည်းလမ်းကို ရည်ညွှန်း၏)။ ယင်းမှာ ယုဒလူမျိုး ဖာရိရှဲတို့၏ တစ္ဆေများသည် ဘုရားသခင်နှင့်အတူ အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံ၊ ၎င်းတို့၏ အသိုက်ဟောင်းဆီသို့ ပြန်လာကြခဲ့သည့်အလား ဖြစ်သည်။ ၎င်းတို့သည် လွန်ခဲ့သော နှစ်ထောင်ပေါင်း အချို့က ၎င်းတို့၏ အလုပ်ကို ပြန်လည်လုပ်ကိုင်ရင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း နောက်တစ်လှည့်ကို စတင်ကြပြီ ဖြစ်သည်။ ဤအကျင့်ပျက်အုပ်စုသည် အဆုံးတွင် ကမ္ဘာမြေပေါ်၌ ပျက်စီးကြဖို့ သေချာ၏။ နှစ်ထောင်ပေါင်းအချို့ကြာပြီးနောက်၊ မသန့်ရှင်းသော ဝိညာဉ်များသည် သာ၍ပင် ကောက်ကျစ်လာပြီး လှည့်ဖြားတတ်လာပုံ ရလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုကို တိတ်တဆိတ် လျော့ပါးစေဖို့ နည်းလမ်းများကို စဉ်ဆက်မပြတ် တွေးတော နေကြသည်။ လှည့်စားမှုများနှင့် မာယာပေါများစွာဖြင့်၊ ၎င်းတို့သည် ဘုရားသခင်ကို အော်ဟစ်လုနီးပါးဖြစ်သည်အထိ ဆွပေးရင်း၊ လွန်ခဲ့သော နှစ်ထောင်ပေါင်းအချို့က အဖြစ်ဆိုးကို ၎င်းတို့၏ မွေးရပ်ဌာနေတွင် ပြန်လည်လုပ်ဆောင်ရန် ဆန္ဒရှိကြလေသည်။ ၎င်းတို့ကို အမြစ်ဖြတ်သုတ်သင်ခြင်းငှာ ဘုရားသခင်သည် တတိယကောင်းကင်ဘုံသို့ ပြန်ကြွမသွားဖို့ရန် မိမိကိုယ်ကိုယ် မနည်းထိန်းနေရ၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၇)

အောက်ခြေမှတ်စု(များ)-

၁။ “ဒုက္ခပြဿနာမျိုးစုံကို လှုံ့ဆော်ရင်း” ဆိုသည်မှာ မာရ်နတ်နှင့်ဆိုင်သော လူတို့သည် ဘုရားသခင်၏ အမှုကို ဟန့်တားကာ ဆန့်ကျင်ရင်း မည်သို့ သောင်းကျန်းကြမ်းတမ်းပုံကို ရည်ညွှန်းသည်။

၂။ “သွားရှိသော ဝေလငါးများ” ဆိုသည်မှာ သရော်သည့်အနေဖြင့် သုံးထားခြင်း ဖြစ်သည်။ ယင်ကောင်များသည် သေးငယ်လွန်းလှသည်မှာ ဝက်များနှင့် ခွေးများသည် ၎င်းတို့အတွက် ဝေလငါးများတမျှ ကြီးမားပုံကို တင်စားခြင်း ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။