အမှုတော်၏ အဆင့်သုံးဆင့်အား ဘုရားတစ်ပါးတည်းက လုပ်ဆောင်ပုံကို အသိအမှတ်ပြုခြင်း
ဒီနေ့၊ ကျွန်မတို့ မိတ်သဟာယရဲ့ အကြောင်းအရာက အမှုတော်၏ အဆင့်သုံးဆင့်အား ဘုရားတစ်ပါးတည်းက လုပ်ဆောင်ပုံကို အသိအမှတ်ပြုခြင်း ဖြစ်ပါတယ်။ ဒီအကြောင်းအရာက အရေးကြီးသလို ကျွန်မတို့ရဲ့ အဆုံးသတ်၊ ခရီးပန်းတိုင်တို့နဲ့ တိုက်ရိုက်ဆက်နွှယ်ပါတယ်။ ကောင်းကင်ဘုံကို ကျွန်မတို့ ဝင်ရောက်နိုင်ခြင်း ရှိမရှိဆိုတာနဲ့လည်း တိုက်ရိုက်ဆက်နွှယ်ပါတယ်။ ဘုရားကို ကျွန်မတို့ ယုံပေမဲ့ ဘုရားအမှုတော်ကို မသိရင်၊ အရမ်းအန္တရာယ်များနိုင်တယ်။ ဘုရားရဲ့ ကယ်တင်ခြင်းကို လွယ်လွယ် ဆုံးရှုံးနိုင်ပြီး အဲဒါက ထာဝရအပြစ်ဒဏ်ခံရစေတယ်။ ဒီတော့ ဘာလို့ ဒီလိုပြောရလဲ။ လွန်ခဲ့တဲ့ အနှစ်နှစ်ထောင်တုန်းက လူသားမျိုးနွယ်ကို ရွေးနုတ်ဖို့ သခင်ယေရှု ကြွလာခဲ့မှန်း ကျွန်မတို့ သိကြပါတယ်၊ ပြီးတော့ သူက ပြောတယ်၊ “နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ။” (ရှင်မဿဲခရစ်ဝင် ၄:၁၇) တဲ့။ သခင်ယေရှုက သမ္မာတရား အများကြီး ဖော်ပြခဲ့ပြီး နိမိတ်လက္ခဏာ အများကြီး ဆောင်ရွက်ခဲ့တယ်။ အဲဒါက သခင်ယေရှုဟာ မေရှိယဖြစ်မှန်း သက်သေပြပါတယ်။ ဒါပေမဲ့ ယုဒဘာသာအတွက်တော့၊ သခင်ယေရှုက မေရှိယမဟုတ်ခဲ့သလို၊ တော်ဝင်နန်းတော်ထဲမှာလည်း မမွေးခဲ့တဲ့အပြင်၊ ရောမ အုပ်စိုးမှုကနေ သူတို့ကို ခေါ်ထုတ်မသွားခဲ့လို့ သူဟာ သေချာပေါက် မေရှိယမဟုတ်ဘူးပေါ့။ ဒီတော့ သခင်ယေရှုက သမ္မာတရားကို ဘယ်လောက် ဖော်ပြခဲ့ပါစေ၊ နိမိတ်လက္ခဏာ ဘယ်လောက်ပြခဲ့ပါစေ၊ ဘယ်သူကမှ သခင်ယေရှုကို ဘုရားလို့ ဝန်မခံခဲ့ဘူး။ ပြီးတော့ သူ့ကို ကားစင်တင်ရာမှာ လူတိုင်းက ယုဒဘာသာရေး ခေါင်းဆောင်တွေနောက် လိုက်ခဲ့ကြတယ်။ အကျိုးဆက်က ဘာဖြစ်ခဲ့လဲ။ ဣသရေလနိုင်ငံဟာ အနှစ်နှစ်ထောင်နီးပါး ဖယ်ရှားခံခဲ့ရတယ်။ ဒီနာကျင်စရာ သင်ခန်းစာက ဘယ်လိုဖြစ်လာခဲ့တာလဲ။ ဘုရားရဲ့ အမှုတော်ကို လူတွေက သိဖို့ မကြိုးစားခဲ့ကြဘူး၊ သူတို့ရဲ့ အယူအဆနဲ့ စိတ်ကူးတွေကို မရမကပြောခဲ့ကြပြီး၊ ဘုရားရဲ့ အမှုတော်ကို ဆန့်ကျင်၊ ရှုတ်ချခဲ့ကြတယ်။ အခု သခင်ယေရှုက အနန္တတန်ခိုးရှင် ဘုရားသခင်အနေနဲ့ ပြန်ကြွလာပြီ။ သမ္မာတရား နှုတ်ကပတ်တော်တွေကို သန်းချီ ဖော်ပြခဲ့ပြီး၊ အခု လူသားမျိုးနွယ်ကို လုံးဝ သန့်စင်၊ ကယ်တင်ဖို့ နောက်ဆုံးသော ကာလမှာ တရားစီရင်ခြင်း အမှုကို ပြုနေတယ်။ ဒါပေမဲ့ ဘာသာရေးလောကကရော ဘယ်လိုလဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နာမက ယေရှု မဟုတ်သလို၊ မိုးတိမ်စီး ကြွလာတာလည်း မဟုတ်မှန်း တွေ့တော့၊ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုလို့ ဝန်ခံဖို့ ငြင်းကြတယ်။ ပြီးတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကသုတ်ကရက် ဆန့်ကျင်၊ ရှုတ်ချရာမှာ သင်းအုပ်တွေ၊ အကြီးအကဲတွေနောက် လိုက်ကြတယ်။ အဲဒါက ဘုရားသခင်ကို ထပ်ပြီး ကားစင်တင်တဲ့သဘောသက်ရောက်တယ်။ လူတချို့က မေးနိုင်တယ်၊ “အမှုပြုပြီး လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင် ပေါ်ထွန်းတဲ့ အကြိမ်တိုင်းမှာ သူ့ကို ယုံကြည်ပြီး သူ့ရဲ့ ပေါ်ထွန်းခြင်းကို စောင့်ဆိုင်းသူတွေက ဘာလို့ အမြဲ သူ့ကို ရှုတ်ချပြီး ငြင်းပယ်ကြတာလဲ” လို့ပေါ့။ ဒါက လူတွေက စာတန်ကြောင့် အရမ်းကို ဖောက်ပြန်ပျက်စီးကြလို့ပါပဲ။ ဒါကြောင့် သမ္မာတရားကို သူတို့ စက်ဆုပ်၊ မုန်းတီးပြီး သူတို့သဘာဝကို ဘုရားကို ဆန့်ကျင်ဖို့ပဲ။ နောက်ထပ်အကြောင်းရင်းကတော့ လူတွေက ဘုရားအမှုတော်ကို မသိကြဘူး၊ ပြီးတော့ ဘုရားအမှုတော်နဲ့ပတ်သက်လို့ အယူအဆတွေ၊ စိတ်ကူးတွေနဲ့ ပြည့်ကြတယ်လေ။ မြင်လား၊ ပညတ်တော်ခေတ်မှာ ဘုရားက သူ့အမှုပြီးသွားတော့၊ ယုဒဘာသာထဲရှိသူတွေက ဘုရားအမှုတော် ပြီးသွားပြီ၊ ဘယ်အနာဂတ်အမှုကိုမှ သူ လုပ်မှာမဟုတ်တော့ဘူးလို့ ယုံကြည်ခဲ့ကြတယ်။ ရောမအစိုးရကနေ သူတို့ကို ကယ်မယ့် မေရှိယကို သူတို့ စောင့်ဆိုင်းခဲ့ကြပေမဲ့၊ သခင်ယေရှု ပြုတဲ့ ရွေးနုတ်ခြင်းအမှုကို လက်မခံခဲ့ကြသလို၊ အကျိုးဆက်အနေနဲ့၊ သခင့်ရဲ့ ကယ်တင်ခြင်းကို ဆုံးရှုံးခဲ့ကြတယ်။ ကျေးဇူးတော်ခေတ်ရဲ့ အမှုတော်ကို ဘုရားပြီးစီးသွားတော့၊ ဂိုဏ်းဂဏအားလုံးရဲ့ ယုံကြည်သူတွေက သခင်ယေရှုက လူသားမျိုးနွယ်ကို ရွေးနုတ်ခဲ့မှတော့၊ ဘုရားရဲ့ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု ပြီးပြည့်စုံသွားပြီ၊ အဘယ်အမှုသစ်မှ လုပ်မှာမဟုတ်တော့သလို၊ သခင်ပြန်ကြွလာတဲ့အခါ၊ ကျွန်မတို့ကို ကောင်းကင်နိုင်ငံတော်ထဲ တိုက်ရိုက်ခေါ်သွားမှာလို့ ထင်ခဲ့ကြတယ်။ ဒီနေ့မှာ ကပ်ဘေးကြီးတွေ ရောက်လာတာနဲ့အမျှ၊ သခင့်ရဲ့ မိုးတိမ်စီး ကြွလာခြင်းကို လူတော်တော်များများ စောင့်နေကြတုန်းပဲ။ ပြီးတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ တရားစီရင်ခြင်း အမှုကို လက်ခံဖို့ ငြင်းကြပြီး၊ အကျိုးဆက်အနေနဲ့၊ ကယ်တင်ရှင်ကို မကြိုဆိုနိုင်သလို၊ ကပ်ဘေးထဲ ကျသွားကြတယ်။ သခင်ယေရှုက သူ့ရဲ့ အမှု ပြီးစီးတဲ့အခါ၊ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ဖြစ်တဲ့ သူ့ရဲ့အမှု ပြီးသွားပြီး၊ နောက်ထပ် အမှုရှိမှာ မဟုတ်ဘူးလို့ ထင်ကြတယ်။ ဒါကြောင့် ဒါနဲ့ပတ်သက်လို့ စဉ်းစားကြည့်ရအောင်။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ဖြစ်တဲ့ ဘုရားရဲ့အမှုက လူတွေ စိတ်ကူးသလောက် ရိုးရှင်းရဲ့လား။ နောက်ဆုံးသောကာလမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားအမှုရဲ့ နက်နဲမှုကို ထုတ်ဖော်ပြပြီးပြီ။ လူသားမျိုးနွယ်ဟာ စာတန်ကြောင့် ဖောက်ပြန်ပျက်စီးခဲ့တဲ့နောက်မှာ၊ ကျွန်မတို့ကို ကယ်တင်ဖို့ ဘုရားက အဆင့်သုံးဆင့် အစီအစဉ် စခဲ့တာကို အားလုံးမြင်ပြီးပြီပဲ။ ပထမဆုံးအနေနဲ့ ယေဟောဝါ နာမအောက်မှာ ပညတ်တော်ခေတ်ရဲ့ အမှုတော်ကို သူပြုခဲ့တယ်၊ ပြီးတော့ သခင်ယေရှုအနေနဲ့ လူ့ဇာတိခံလာခဲ့ပြီး ကျေးဇူးတော်ခေတ်မှာ ရွေးနှုတ်ခြင်းအမှုကို ပြုခဲ့သလို၊ နောက်ဆုံးသော ကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမည်နာမအောက် နိုင်ငံတော်ခေတ်မှာ တရားစီရင်ခြင်းအမှုကို ပြုဖို့ ဘုရားက ထပ်ပြီး လူ့ဇာတိခံလာပြီးပြီ။ ဒီအမှုတော်ရဲ့ အဆင့်သုံးဆင့်က လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားရဲ့ ပြီးပြည့်စုံတဲ့ စီမံခန့်ခွဲမှု အစီအစဉ်ပါပဲ။ ယေဟောဝါ၊ သခင်ယေရှုနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ နာမတွေက မတူပေမဲ့၊ ပြီးတော့ ခေတ်အသီးသီးမှာ ပြုတဲ့ အမှု မတူပေမဲ့၊ ဒီအဆင့်သုံးဆင့်က နီးနီးကပ်ကပ် ဆက်နွှယ်နေတယ်၊ တစ်ခုစီက ပြီးခဲ့တဲ့ တစ်ခုပေါ် တည်ဆောက်ထားပြီး၊ နောက်ဆုံးမှာ လူသားမျိုးနွယ်ကို လုံးဝ ကယ်တင်ခြင်းနဲ့ ခေတ်သစ်ထဲ ဆောင်ကြဉ်းခြင်း အကျိုးဆက်ဖြစ်ပေါ်တယ်။ ဒါက ခေတ်အသီးသီးမှာ မတူတဲ့အမှုကို ပြုတာ ဘုရားတစ်ပါးတည်းဖြစ်တယ်ဆိုတဲ့ သက်သေပဲ။ ဒီတော့ အမှုတော်ရဲ့ ဒီအဆင့်သုံးဆင့်ကို ဘုရားတစ်ပါးတည်းက လုပ်ခဲ့တယ်ဆိုတာကို ဘယ်လို အသိအမှတ်ပြုလို့ရလဲ။ ဒီသမ္မာတရားရဲ့ ရှုထောင်ကို နားလည်တာဟာ ကယ်တင်ခြင်း ရရှိခြင်းနဲ့ နိုင်ငံတော်ထဲ ဝင်ရောက်ခြင်းအတွက် အဓိကသော့ချက်ပဲ။ ဆက်ပြီး၊ ဒီကိစ္စနဲ့ပတ်သက်လို့ ဘုရားနှုတ်ကပတ်တော်တွေအရ မိတ်သဟာယပြုရအောင်။
ပထမဆုံးအနေနဲ့၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ပြပါမယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ဖြစ်သော ငါ၏ စီမံခန့်ခွဲမှုအစီအစဉ် တစ်ရပ်လုံးတွင် အဆင့်သုံးဆင့်၊ သို့မဟုတ် ခေတ်သုံးခေတ် ပါဝင်သည်၊ အစအဦး၏ ပညတ်တော်ခေတ်၊ (ရွေးနုတ်ခြင်းခေတ်လည်းဖြစ်သော) ကျေးဇူးတော်ခေတ်နှင့် နောက်ဆုံးသောကာလ၏ နိုင်ငံတော်ခေတ်တို့ဖြစ်လေသည်။ ဤခေတ်သုံးခေတ်တို့မှ ငါ၏အမှုသည် ခေတ်တစ်ခုစီ၏ သဘာဝနှင့်အညီ အကြောင်းအရာကွဲပြား၏၊ သို့ရာတွင် အဆင့်တစ်ခုစီတိုင်း၌ ဤအမှုသည် လူသား၏ လိုအပ်ချက်များနှင့် လိုက်လျောညီထွေရှိသည်၊ သို့တည်းမဟုတ် ပို၍အတိအကျဆိုသော် စာတန်နှင့် ငါဆင်နွှဲသည့် စစ်ပွဲတွင် သူအသုံးပြုသည့် လှည့်ကွက်များနှင့်အညီ ဤအမှုကို လုပ်ဆောင်ခြင်းဖြစ်သည်။ ငါ့အမှု၏ ရည်ရွယ်ချက်မှာ စာတန်ကို အနိုင်ယူရန်၊ ငါ၏ဉာဏ်ပညာနှင့် အနန္တတန်ခိုးကို ထင်ရှားစေရန်နှင့် စာတန်၏ လှည့်ကွက်များ အားလုံးကို ဖော်ထုတ်ပြရန်ဖြစ်ပြီး၊ ဤနည်းအားဖြင့် စာတန်၏အုပ်စိုးမှု အောက်တွင် နေထိုင်ကြသည့် လူသားမျိုးနွယ်တစ်ရပ်လုံးကို ကယ်တင်ရန်ဖြစ်သည်။ ယင်းသည် ငါ၏ဉာဏ်ပညာနှင့် အနန္တတန်ခိုးကို ပြသရန်နှင့် စာတန်၏ မခံမရပ်နိုင် လောက်အောင် ကြောက်မက်ဖွယ်ကောင်းခြင်းကို ထုတ်ဖော်ပြရန်ဖြစ်၏၊ ယင်းထက်ပို၍ပင် ဖန်ဆင်းခံသက်ရှိတို့ အနေဖြင့် ကောင်းမှုနှင့် မကောင်းမှုကြား ခွဲခြားသိမြင်စေရန်၊ ငါသည် အရာအားလုံးတို့၏ အုပ်စိုးသူဖြစ်ကြောင်းကို သိကြစေရန်၊ စာတန်သည် လူသားတို့၏ ရန်သူ၊ အကျင့်ပျက်ယိုယွင်းသော နတ်ဆိုးဖြစ်ကြောင်းကို ရှင်းလင်းစွာ မြင်စေရန်ဖြစ်ပြီး၊ ၎င်းတို့အနေဖြင့် ကောင်းမှုနှင့် မကောင်းမှုကြား၊ သမ္မာတရားနှင့် မုသားကြား၊ သန့်ရှင်းခြင်းနှင့် ညစ်ညမ်းခြင်းကြား၊ ကြီးမြတ်သောအရာနှင့် ယုတ်ညံ့သော အရာကြား ခြားနားမှုကို အကြွင်းမဲ့ သေချာမှုဖြင့် သိကြစေရန် ဖြစ်သည်။ သို့မှသာ မသိနားမလည်သော လူသားတို့သည် ၎င်းတို့ကို ဖောက်ပြန်ပျက်စီး စေသည်မှာ ငါမဟုတ်ကြောင်းကို လည်းကောင်း၊ ဖန်ဆင်းရှင်ဖြစ်သော ငါကသာ လူသားတို့ကို ကယ်တင်နိုင်ပြီး လူတို့မွေ့လျော်ခံစား နိုင်သောအရာတို့ကို လူတို့အပေါ် အပ်နှင်းနိုင်ကြောင်းကိုလည်းကောင်း၊ ငါ့အတွက် သက်သေခံနိုင်လာကြလိမ့်မည်၊ ထို့ပြင် ငါသည် အရာအားလုံးတို့၏ အုပ်စိုးသူဖြစ်ကာ၊ စာတန်မူကား ငါက ဖန်ဆင်းခဲ့ပြီး နောက်ပိုင်းတွင် ငါ့ကိုဆန့်ကျင်ခဲ့သော သတ္တဝါများထဲမှ တစ်ယောက်မျှသာ ဖြစ်ကြောင်းကို ၎င်းတို့သိလာကြလိမ့်မည်။ ငါ၏အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ကို အဆင့်သုံးဆင့် ပိုင်းခြားထားပြီး၊ ငါသည် ဤသို့လုပ်ဆောင်ရခြင်းမှာ ဖန်ဆင်းခံသတ္တဝါ တို့ကို ငါ့အတွက် သက်သေခံနိုင်စေခြင်းဟူသည့် အကျိုးရလဒ်ကို ရရှိစေရန်၊ ငါ၏အလိုတော်ကို နားလည်သဘောပေါက်ကြစေရန်နှင့် ငါသည် သမ္မာတရားဖြစ်ကြောင်းကို သိကြစေရန်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန်) လူသားမျိုးနွယ်ကို ကယ်တင်ဖို့ဖြစ်တဲ့ ဘုရားအမှုတော်က အဆင့်သုံးဆင့် ခွဲထားတာကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ မြင်ရတယ်။ ပထမက လွန်ခဲ့တဲ့ အနှစ်၃၀၀၀ ကျော်တုန်းက ယေဟောဝါ ဘုရားသခင် ပြုခဲ့တဲ့ ပညတ်တော်ခေတ် အမှုတော်ပဲ၊ ဒုတိယက လွန်ခဲ့တဲ့ အနှစ်နှစ်ထောင်တုန်းက သခင်ယေရှု ပြုခဲ့တဲ့ ကျေးဇူးတော်ခေတ် အမှုတော်ဖြစ်ပြီး၊ တတိယအဆင့်ကတော့ အခုဖြစ်တယ်— နောက်ဆုံးသော ကာလ အဆုံးသတ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင် ပြုခဲ့တဲ့ နိုင်ငံတော်ခေတ် တရားစီရင်ခြင်း အမှုပဲ။ ဒီအဆင့်သုံးဆင့်ရဲ့ အကြောင်းအရာတွေ မတူပေမဲ့၊ အဆင့်အသီးသီးက ပြီးခဲ့တဲ့ အဆင့်ကနေ တိုးတက်သွားပြီး အမှုတော်ကို ပိုပိုပြီး နက်ရှိုင်းစေတယ်။ ဒီအဆင့်တွေက မြဲမြဲ ဆက်နွှယ်ထားကြပြီး နောက်ဆုံးမှာ လူသားမျိုးနွယ်ရဲ့ အလုံးစုံ ကယ်တင်ခြင်းကို စွမ်းဆောင်ရရှိတယ်။ နောက်ဆုံးသော ကာလထဲက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ တရားစီရင်ခြင်း အမှုက ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ပြီး နိုင်ငံတော်ခေတ်ကို အစပြုတယ်။ ပြီးတော့ အမှုတော်ရဲ့ ဒီအဆင့်က လူသားမျိုးနွယ်ရဲ့ ကံကြမ္မာကို ဆုံးဖြတ်တယ်။ ဘုရားရဲ့ အမှုတော်ကို နားမလည်ရင်၊ ဘုရားရဲ့ ကယ်တင်ခံရဖို့နဲ့ စုံလင်စေခြင်းခံရဖို့ နောက်ဆုံးအခွင့်အရေးနဲ့ လွဲဖို့ လွယ်ပါတယ်။ အဲဒါက ရာသက်ပန် နောင်တဖြစ်လာတတ်တယ်။
ဒါက အမှုတော်ရဲ့ အဆင့်သုံးဆင့်က ဘာတွေဖြစ်မှန်း ရှင်းပြဖို့ ပိုလို့တောင် လိုအပ်တဲ့သဘောပါပဲ။ စဉ်းစားကြည့်ရအောင်၊ “လူသားမျိုးနွယ်ကို ကယ်တင်ရာမှာ ဘုရားရဲ့ ပထမဆုံးခြေလှမ်းက ဘာလို့ ပညတ်တရား ထုတ်ပြန်ခြင်းအမှု ဖြစ်ခဲ့ရတာလဲ”လို့ပေါ့။ ဘာလို့လဲဆိုတော့၊ ပထမမှာ လူသားတွေက နို့စို့ကလေးတွေနဲ့ တူတယ်။ ဘုရားကို ဘယ်လိုဝတ်ပြုရမယ်၊ ဘယ်လိုအသက်ရှင်ရမယ်ဆိုတာကို မသိခဲ့ကြသလို၊ လူသတ်တာနဲ့ ခိုးတာတွေက အပြစ်ဖြစ်တယ်ဆိုတဲ့ အခြေခံ ကိုယ်ကျင့်တရား စည်းမျဉ်းတွေကိုတောင် နားမလည်ခဲ့ကြလို့ပဲ။ ယေဟောဝါက ကမ္ဘာမြေပေါ် ဘယ်လိုအသက်ရှင်ရမယ်ဆိုတာ လူတွေကို သွန်သင်ပေးဖို့ ပညတ်တရားတွေ ထုတ်ပြန်ခဲ့ပြီး၊ သတ်တာ၊ ခိုးတာ၊ အိမ်ထောင်ရေး ဖောက်ပြန်တာ စတာတွေကို မကျူးလွန်ဖို့ ပြောပြခဲ့တယ်။ ဒါမှ အပြစ်နဲ့ဆိုင်တဲ့ အခြေခံအယူအဆတွေ ရှိမှာလေ၊ လုပ်ရမဲ့အရာနဲ့ မလုပ်ရမဲ့အရာကို သိမယ်၊ ပညတ်တရားနဲ့ ဥပုသ်နေ့ကို စောင့်ထိန်းဖို့ သိကြမှာလေ။ ပညတ်တရားကို စောင့်ထိန်းသူတွေဟာ ဘုရားရဲ့ ကောင်းချီးပေးတာခံခဲ့ရပြီး၊ ချိုးဖောက်တဲ့သူတွေကတော့ ရှုတ်ချခံခဲ့ရသလို၊ အပြစ်ဖြေစရာအနေနဲ့ အပြစ်ဖြေရာယဇ်ကို လုပ်ရမှာဖြစ်တယ်။ ပညတ်တရားနဲ့ စည်းမျဉ်းစည်းကမ်းတချို့ကို လူတွေ ချိုးဖောက်ခဲ့တဲ့အခါ၊ ယေဟောဝါရဲ့ အမျက်ဒေါသနဲ့ အပြစ်ပေးခြင်း ရောက်လာပြီး သူတို့တွေ ခဲနဲ့ပေါက်ခံရတယ်၊ ကောင်းကင်က မီးနဲ့ အရှို့ခံခဲ့ကြရတယ်။ ဣသရေလလူမျိုးတွေက ဘုရားရဲ့ ဘုန်းအာနုဘော်နဲ့ အမျက်ဒေါသအပြင်၊ သူ့ရဲ့ စောင့်ရှောက်မှုနဲ့ သနားကရုဏာတော်ကို မြည်းစမ်းခဲ့ကြတယ်။ ပြီးတော့ ယေဟောဝါ ဘုရားသခင်က ကောင်းကင်နဲ့ မြေကြီးကို ဖန်ဆင်းခဲ့တဲ့ စစ်မှန်တဲ့ တစ်ပါးတည်းသော ဘုရားဖြစ်တယ်လို့ လက်ခံယုံကြည်ခဲ့ကြတယ်။ ဒါကြောင့် ယေဟောဝါကို အားလုံးက ကြောက်ခဲ့ကြပြီး သူ့ပညတ်တော်ကို နာခံခဲ့ကြတယ်၊ ပုံမှန် အသက်ရှင်ပြီး ကမ္ဘာမြေပေါ်မှာ ဘုရားကို ဝတ်ပြုကိုးကွယ်ခဲ့ကြသလို၊ ဘုရားရဲ့ မျက်မှောက်တော်မှာ အသက်ရှင်နိုင်ခဲ့ကြတယ်။ ဒါက ပညတ်တော်ခေတ်ထဲက ဘုရားအမှုတော်က ရရှိခဲ့တဲ့ အကျိုးရလဒ်ဖြစ်တယ်။ ဒါကြောင့်၊ ပညတ်တော်ခေတ်ထဲက ဘုရားအမှုတော်ရဲ့ အဆုံးသတ်က လူသားမျိုးနွယ်ကို ကယ်တင်ခြင်းဖြစ်တဲ့ သူ့အမှုတော် ပြီးသွားတဲ့ သဘောလား။ ဘယ်ဟုတ်မလဲ။ ပညတ်တော်ခေတ်ထဲက လူတွေက အပြစ်တွေက ဘာလဲ၊ ဘယ်လို ယဇ်ပူဇော်ပြီး အပြစ်ဖြေရမယ်၊ ဘုရားကို ဘယ်လိုဝတ်ပြုရမယ်ဆိုတာ သိခဲ့ကြပေမဲ့၊ စာတန်ရဲ့ ဖောက်ပြန်ပျက်စီးခြင်းကြောင့် လူတွေက ပညတ်တရားကို မကြာခဏ မစောင့်ထိန်းနိုင်ခဲ့ကြဘူး။ အထူးသဖြင့် ပညတ်တော်ခေတ်နှောင်းပိုင်းမှာပေါ့၊ လူတွေက မကြာခဏ ပိုပြီး အပြစ်ပြုသထက် ပြုလာခဲ့ကြသလို၊ သူတို့အတွက် အပြစ်ဖြေဖို့ လုံလောက်တဲ့ အပြစ်ဖြေယဇ်တွေ မရှိခဲ့ကြဘူး။ ဘုရားရဲ့ အမှုတော်က ပညတ်တော်ခေတ်မှာ ရပ်တန်ခဲ့မယ်ဆိုရင်၊ လူတွေ သူတို့အပြစ်အားလုံးအတွက် ပညတ်တရားရဲ့ ရှုတ်ချ၊ စီရင်တာ ခံခဲ့ရမှာဖြစ်ပြီး၊ လူသားမျိုးနွယ်က ဖယ်ရှင်းပစ်ခံခဲ့ရမှာပါ။ ဒါကြောင့် ယေဟောဝါ ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်ဖို့ အပြစ်ဖြေယဇ်တစ်ခုအနေနဲ့ မေရှိယ ကြွလာမယ်ဆိုတာကို ဣသရေလလူတွေကို ပြောပြဖို့ ပရောဖက်တွေကို အသုံးပြုခဲ့တာပဲ။ ပရောဖက်ပြုချက်တွေက ပြောတယ်၊ “အကြောင်းမူကား၊ ငါတို့အဘို့ သူငယ်ကို ဘွား မြင်၏။ ငါတို့အား သားကိုသနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက်ရှိလိမ့်မည်။ နာမတော်ကာ အံ့ဩဘွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ် ခြင်းကို ခံတော်မူလိမ့်မည်။” (ဟေရှာယ အနာဂတ္တိကျမ်း ၉:၆) “ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏အပြစ်များကို သူ့အပေါ်၌ တင်တော်မူ၏။” (ဟေရှာယ အနာဂတ္တိကျမ်း ၅၃:၆) “သူသည် အပြစ်ဖြေသော ယဇ်ကိုပူဇော်လိမ့်မည်။” (ဟေရှာယ အနာဂတ္တိကျမ်း ၅၃:၁၀) အဲဒီနောက်မှာ၊ ဘုရားသခင်ဟာ လူသားမျိုးနွယ်ကို ရွေးနုတ်ခြင်းအမှု ပြုဖို့ သူ ကတိပြုခဲ့တဲ့အတိုင်း သခင်ယေရှုအနေနဲ့ လူ့ဇာတိခံခဲ့တယ်။ လူတွေကြားမှာ သူ အသက်ရှင်ခဲ့တာနဲ့အမျှ၊ သခင်ယေရှုက သမ္မာတရားအများကြီး ဖော်ပြခဲ့တယ်၊ လူတွေကို သူတို့အပြစ်တွေ ဝန်ချပြီး နောင်တရဖို့၊ သခင့်ကို စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်စွမ်းရှိသမျှနဲ့ ချစ်ဖို့၊ ကိုယ်နှင့်စပ်ဆိုင်သူတွေကို ကိုယ်နှင့်အမျှ ချစ်ဖို့၊ ဘုရားသခင်ကို နာမ်ဝိညာဉ်နဲ့ရော သစ္စာနဲ့ပါ ကိုးကွယ်ဖို့ စတာတွေ သွန်သင်ခဲ့တယ်။ ဒီသမ္မာတရားတွေက ပညတ်တရားကို လုံးဝ စုံလင်စေခဲ့ပြီး လူတွေကို လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းသစ်တစ်ခု ပေးခဲ့တယ်။ နာမကျန်းသူတွေကိုလည်း ပျောက်ကင်းစေခဲ့တယ်၊ နတ်ဆိုးတွေကို နှင်ထုတ်ခဲ့တယ်၊ လူတွေရဲ့ အပြစ်တွေကို ခွင့်လွှတ်ပေးပြီး ကောင်းချီးနဲ့ ကျေးဇူးတော်တွေ ပေးသနားခဲ့သလို၊ နောက်ဆုံးမှာ အပြစ်မရှိတဲ့ ဇာတိခန္ဓာအနေနဲ့ ကားစင်တင်ခံခဲ့ရတယ်။ လူတိုင်းရဲ့ အပြစ်တွေကို သူ ယူဆောင်ပြီး လူသားမျိုးနွယ်ကို ရွေးနုတ်ခဲ့တယ်။ အဲဒီနောက်မှာ၊ လူတွေက အပြစ်လုပ်တဲ့အခါ ယဇ်နဲ့ဆိုင်တဲ့ ပူဇော်ပသတာတွေ လုပ်စရာမလိုတော့ဘူး။ ဆုတောင်းပြီး ဝန်ချသရွေ့၊ သူတို့ ခွင့်လွှတ်ခံရပြီး ဘုရားရဲ့ ကောင်းချီးတွေနဲ့ ကျေးဇူးတော်ကို မွေ့လျော်ခံစားခဲ့ရတယ်။ ဘုရားရဲ့ သနားကရုဏာစိတ်ရှိပြီး ချစ်ခင်ဖွယ်ဖြစ်တဲ့ စိတ်သဘောထားကို သူတို့ တွေ့ကြုံခဲ့ရပြီး၊ လူတွေနဲ့ ဘုရားကြားက ဆက်ဆံရေး အများကြီး ပိုရင်းနှီးသွားကြတယ်။ သခင်ယေရှုရဲ့ အမှုတော်က ဓမ္မဟောင်းကျမ်း ပရောဖက်ပြုချက်တွေကို လုံးဝ ပြည့်စုံစေမှန်း သိသာပါတယ်။ အဲဒါက လူတွေကို ပညတ်တရားရဲ့ ချုပ်ချယ်မှုတွေကနေ ကယ်တင်တယ်၊ ပညတ်တော်ခေတ်ကို အဆုံးသတ်ပြီး၊ လူသားမျိုးနွယ်ကို ကျေးဇူးတော်ခေတ်ထဲ ခေါ်ဆောင်ခဲ့တယ်။ ဒါက သခင်ယေရှုဟာ ကယ်တင်ရှင်ဖြစ်ပြီး မေရှိယကြွလာခြင်းဖြစ်မှန်း သက်သေပြပါတယ်။ သခင်ယေရှု ဖော်ပြတဲ့ သမ္မာတရားနဲ့ သူ့ရဲ့ ရွေးနုတ်ခြင်းအမှုဟာ ဘုရားရဲ့ စိတ်သဘောထား ဖော်ပြချက်နဲ့ ဘုရားရဲ့ အရာအားလုံးနဲ့ ဖြစ်ခြင်းပါပဲ။ ပြီးတော့ ဘုရားရဲ့ အတုမရှိတဲ့ ဩဇာအာဏာနဲ့ တန်ခိုးကို အပြည့်အဝ ထုတ်ဖော်ပြတယ်၊ အဲဒါက သခင်ယေရှုဟာ လူ့ဇာတိခံ ဘုရားဖြစ်ပြီး၊ သခင်ယေရှုနဲ့ ယေဟောဝါဟာ ဝိညာဉ်တစ်ပါးတည်းနဲ့ ဘုရားတစ်ပါးတည်း ဖြစ်မှန်း သက်သေပြတယ်။ သခင်ယေရှု ပြောခဲ့တဲ့အတိုင်းပါပဲ၊ “ငါသည် ခမည်းတော်၌ ရှိသည်၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၄:၁၀) “ငါသည် ငါ့ခမည်းတော်နှင့် တလုံးတဝတည်းဖြစ်သည်။” (ရှင်ယောဟန်ခရစ်ဝင် ၁ဝ:၃၀) ရွေးနုတ်ခြင်းအမှုနဲ့ ပညတ်တော်ခေတ် အမှုတွေဟာ ဘုရားတစ်ပါးတည်းက မတူတဲ့ ခေတ်တွေမှာ ပြုခဲ့တဲ့ အမှုတော်ရဲ့ မတူတဲ့ အဆင့်နှစ်ဆင့် ဖြစ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ပြောခဲ့တဲ့အတိုင်းပါပဲ- “ယေရှု လုပ်ဆောင်ခဲ့သည့် အမှုသည် ယေရှု၏နာမကို ကိုယ်စားပြုခဲ့ပြီး၊ ယင်းသည် ကျေးဇူးတော်ခေတ်ကို ကိုယ်စားပြုခဲ့သည်။ ယေဟောဝါ လုပ်ဆောင်ခဲ့သည့် အမှုအတွက်မူ၊ ယင်းသည် ယေဟောဝါကို ကိုယ်စားပြုခဲ့ပြီး၊ ပညတ်တော်ခေတ်ကို ကိုယ်စားပြုခဲ့သည်။ ၎င်းတို့၏အမှုမှာ မတူကွဲပြားသည့် ခေတ်များထဲက ဝိညာဉ်တော်တစ်ဦးတည်း၏ အမှု ဖြစ်ခဲ့သည်။...အတိအကျအားဖြင့် ယေရှုကြွလာခဲ့ပြီး ယေဟောဝါ၏အမှုကို အဆုံးသတ်ခဲ့သောကြောင့်၊ ယေဟောဝါ၏ အမှုကို ဆက်လက်လုပ်ဆောင်ခဲ့သည့်အပြင်၊ သူကိုယ်တိုင်၏ အမှုကို ဆောင်ရွက်ခဲ့ကြောင့်၊ ယင်းက ဤသည်မှာ ခေတ်သစ်တစ်ခုဖြစ်ပြီး ယေရှုသည် ဘုရားသခင် ကိုယ်တိုင်ပင် ဖြစ်သည်ကို သက်သေပြပေသည်။ ၎င်းတို့သည် အမှု၏ ကွဲပြားစွာ မတူသော အဆင့်နှစ်ဆင့်ကို လုပ်ဆောင်ခဲ့ကြပေသည်။ အဆင့်တစ်ဆင့်ကို ဗိမာန်တော်ထဲတွင် ဆောင်ရွက်ခဲ့ပြီး၊ အခြားတစ်ခုကို ဗိမာန်တော်ပြင်ပတွင် ဆောင်ရွက်ခဲ့သည်။ အဆင့်တစ်ခုက လူသား၏ အသက်တာကို ပညတ်တော်အတိုင်း ဦးဆောင်ရန်ဖြစ်ခဲ့ပြီး၊ အခြားတစ်ခုမှာ အပြစ်ဖြေရာယဇ်တစ်ခုကို ပူဇော်ရန်ဖြစ်ခဲ့သည်။ အမှု၏ ဤအဆင့် နှစ်ဆင့်သည် ထင်ထင်ရှားရှား ကွဲပြားကြသည်။ ဤအရာက ခေတ်သစ်ကို ခေတ်ဟောင်းမှ ခွဲခြားလိုက်ပြီး၊ ယင်းတို့သည် မတူညီသည့် ခေတ်နှစ်ခေတ်ဖြစ်သည်ဟု ပြောရန် လုံးဝမှန်ပေသည်။ ၎င်းတို့ အမှု၏ တည်နေရာသည် ကွဲပြားခဲ့ပြီး၊ ၎င်းတို့ အမှု၏ အကြောင်းအရာလည်း ကွဲပြားခဲ့သကဲ့သို့၊ ၎င်းတို့ အမှု၏ ရည်မှန်းချက်သည်လည်း ခြားနားကြသည်။ ထိုသို့ဖြင့် ယင်းတို့ကို ခေတ်နှစ်ခေတ်အဖြစ် ခွဲခြား၍ရနိုင်ပေသည်- ဓမ္မဟောင်းနှင့် ဓမ္မသစ်ဟူ၍ ဖြစ်သည်၊ ယင်းမှာ ခေတ်သစ်နှင့် ခေတ်ဟောင်းများဟု ပြော၍ရပေသည်။...၎င်းတို့ကို မတူညီသည့် နာမနှစ်မျိုးဖြင့် ခေါ်ဆိုခဲ့သော်လည်း၊ အမှု၏ အဆင့်နှစ်ဆင့်လုံးကို ပြီးမြောက်စေသည်မှာ ဝိညာဉ်တော် တစ်ပါးတည်း ဖြစ်ပြီး၊ လုပ်ဆောင်ခဲ့သည့် အမှုသည်လည်း အလျဉ်မပြတ်သည့်အမှု ဖြစ်သည်။ နာမက မတူညီသကဲ့သို့၊ အမှု၏ အကြောင်းအရာ ကွဲပြားသည်နှင့်အမျှ၊ ခေတ်သည် မတူညီခဲ့ပေ။ ယေဟောဝါ ကြွလာခဲ့ချိန်တွင်၊ ယင်းမှာ ယေဟောဝါ၏ ခေတ်ဖြစ်ခဲ့ပြီး၊ ယေရှု ကြွလာခဲ့သည့်ချိန်တွင် ယေရှု၏ခေတ် ဖြစ်ခဲ့သည်။ ထို့ကြောင့် ကြွလာခြင်းအသီးသီးနှင့်အတူ၊ ဘုရားသခင်သည် နာမတစ်ခုဖြင့် အခေါ်ခံရသည်၊ သူသည် ခေတ်တစ်ခုကို ကိုယ်စားပြုပြီး၊ လမ်းကြောင်းသစ်တစ်ခုကို စတင်လေသည်။ ပြီးလျှင် လမ်းသစ်အသီးသီးပေါ်တွင် သူသည် နာမသစ်တစ်ခုကို ခံယူသည်၊ ယင်းက ဘုရားသခင်သည် အမြဲအသစ်ဖြစ်ပြီး မည်သည့်အခါတွင်မျှ အိုဟောင်းမသွားသကဲ့သို့၊ သူ၏ အမှုသည် ရှေ့သို့ဦးတည်ချက်တစ်ခုဖြင့် မည်သည့်အခါမျှ တိုးတက်မှု မရပ်စဲသည်ကို ပြပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃))
ကျေးဇူးတော်ခေတ်က အနှစ်နှစ်ထောင်ကြာခဲ့ပြီး ယုံကြည်သူအားလုံးနီးပါးက သခင်ယေရှုဟာ လူသားမျိုးနွယ်ကို ရွေးနုတ်ဖို့ ကားစင်တင်ခံခဲ့ရချိန်မှာ၊ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ဖြစ်တဲ့ ဘုရားရဲ့ အမှုတော် ပြီးပြည့်စုံခဲ့သလို၊ နောက်ဆုံးသော ကာလမှာ သခင်ပြန်ကြွလာတဲ့အခါ ယုံကြည်သူတွေကို ကောင်းကင်ဆီ တိုက်ရိုက်ချီဆောင် သွားမယ်လို့ ထင်ခဲ့ကြတယ်။ ဒီတော့၊ ဒါက တကယ်ပဲ ဟုတ်သလား။ ယုံကြည်သူတွေက သူတို့အပြစ်တွေ ခွင့်လွှတ်ခံရတာ မှန်ပါတယ်၊ ဒါပေမဲ့ လူတွေရဲ့ အပြစ်နဲ့ပြည့်တဲ့ သဘာဝက မဖြေရှင်းရသေးပါဘူး။ ကျွန်မတို့က ကိုယ့်အပြစ်နဲ့ပြည့်တဲ့ သဘာဝရဲ့ ထိန်းချုပ်တာ ခံရတုန်းပဲ၊ မကြာခဏ အလိုလို လိမ်ညာပြီး အပြစ်ပြုမိကြတယ်၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် တိုက်ခိုက်ကြတယ်၊ မနာလိုတယ်၊ မာနထောင်လွှားတယ်၊ ကိုယ်မှန်တယ်ထင်ပြီး အာခံတတ်ကြတယ်၊ ကျွန်မတို့က သည်းခံနိုင်စွမ်းမရှိကြဘူး၊ ကိုယ်နဲ့စပ်ဆိုင်သူတွေကို ကိုယ်နဲ့အမျှ မချစ်နိုင်ကြသလို၊ သခင့်ကို ချစ်ပြီး နာခံဖို့ ပိုတောင်ခက်တယ်။ အနှစ်နှစ်ထောင်ကြာ၊ နေ့မှာ အပြစ်လုပ်ပြီး ညမှာ ဝန်ချတဲ့ ဒီသံသရာထဲမှာ ယုံကြည်သူအားလုံး ပိတ်မိကြတယ်။ ပြီးတော့ အပြစ်ထဲ အသက်ရှင်ခြင်းရဲ့ နာကျင်မှုနဲ့ ဆင်းရဲဒုက္ခကို ကျွန်မတို့ နက်နက်ရှိုင်းရှိုင်း တွေ့ကြုံကြရတယ်။ ဒါက ငြင်းလို့မရတဲ့ အချက်ပဲ။ အပြစ်ထဲမှာ ဒီလိုအသက်ရှင်သူတွေက ကယ်တင်ခံရလား။ ကောင်းကင်နိုင်ငံတော်ထဲ ဝင်နိုင်လား။ သခင်ယေရှု ပြောခဲ့သည်မှာ- “ငါအမှန်အကန်ဆို သည်ကား၊ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။” (ရှင်ယောဟန်ခရစ်ဝင် ၈:၃၃-၃၅) “ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်။” (ဝတ်ပြုရာကျမ်း ၁၁:၄၅-၄၆) “သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။” (ဟေဗြဲသြဝါဒစာ ၁၂:၁၄) ဘုရားက ဖြောင့်မတ်၊ သန့်ရှင်းတယ်။ မကြာခဏ အပြစ်လုပ်ပြီး သူ့ကို ခုခံသူတွေကို သူ့ရဲ့နိုင်ငံတော်ထဲ ဝင်ဖို့ ဘယ်လိုလုပ် သူက ခွင့်ပြုနိုင်မှာလဲ။ ဒါကြောင့်၊ သခင်ယေရှုက ရွေးနုတ်ခြင်းအမှု ပြီးစီးတဲ့အချိန်မှာ၊ လူသားမျိုးနွယ်ကို လုံးလုံး သန့်စင်၊ ကယ်တင်ပြီး လူတွေကို နိုင်ငံတော်ထဲ ခေါ်ဆောင်ရအောင် နောက်ဆုံးသော ကာလမှာ တရားစီရင်ခြင်းအမှု ပြုဖို့ ထပ်ပြီး ကြွလာမယ်လို့ ဖော်ပြခဲ့တာပဲ။ သခင်ယေရှု ပရောဖက်ပြုခဲ့တဲ့အတိုင်းပါပဲ၊ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) “ကိုယ်တော်၏သမ္မာတရားအားဖြင့် သူတို့ကိုသန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏။” (ရှင်ယောဟန်ခရစ်ဝင် ၁၇:၁၇) “ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအားအပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၈) နောက်ဆုံးသော ကာလမှာ၊ သခင်ယေရှုက လူသားမျိုးနွယ်ကို သန့်စင်၊ ကယ်တင်ဖို့ လိုအပ်တဲ့ သမ္မာတရားအားလုံးကို ဖော်ပြပြီး၊ ဘုရားအိမ်တော်က အစပြုတဲ့ တရာစီရင်ခြင်းအမှုပြုဖို့ သူ ကတိပြုခဲ့တဲ့အတိုင်း အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ် လူ့ဇာတိခံ ပြန်ကြွလာခဲ့တယ်။ အဲဒါက လူတွေရဲ့ အပြစ်နဲ့ပြည့်တဲ့ သဘာဝတွေကို လုံးဝ ဖြေရှင်းပေးပြီး ဘုရားရဲ့ အပြည့်အဝ ကယ်တင်တာ ခံရခွင့်ပေးပါတယ်။ ဒါက အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ သမ္မာတရားနဲ့ပြည့်စုံတဲ့ ဝိညာဉ်တော်ဖြစ်မှန်း၊ သူဟာ နောက်ဆုံးသော ကာလမှာ ပေါ်ထွန်းပြီး အမှုပြုနေတဲ့ သခင်ယေရှုဖြစ်မှန်း ပြပါတယ်။
ပိုရှင်းသွားအောင် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အပိုဒ်တချို့ကို ကြည့်ရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဤလူ့ဇာတိခံယူခြင်းသည် ယေရှု၏အမှုနောက်လိုက်လာသည့် ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်း ဖြစ်သည်။ ဟုတ်ပေ၏၊ ဤလူ့ဇာတိခံယူခြင်းသည် သီးခြား မဖြစ်ပေါ်ပေ။ ယင်းသည် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ် နောက်ပိုင်း အမှု၏ တတိယအဆင့် ဖြစ်သည်။ အမှု၏ အဆင့်သစ်တစ်ခုကို ဘုရားသခင် အစပြုသည့် အချိန်တိုင်းတွင်၊ အသစ်သော အစပြုခြင်း ရှိရမည်ဖြစ်ပြီး ယင်းက ခေတ်သစ်တစ်ခုကို အမြဲ ဆောင်ကြဉ်းရမည် ဖြစ်သည်။ ထိုနည်းတူ ဘုရားသခင်၏ စိတ်သဘောထား၊ သူ၏ အလုပ်လုပ်ပုံ၊ သူ၏အမှု တည်နေရာနှင့် သူ၏ နာမတော်တို့တွင်လည်း လိုက်လျောညီထွေသော အပြောင်းအလဲများ ရှိပေသည်။ သို့ဆိုလျှင်၊ လူသားအနေဖြင့် ခေတ်သစ်ထဲတွင် ဘုရားသခင်၏အမှုကို လက်ခံရန် ခက်ခဲသည်မှာ အံ့ဩဖွယ်မရှိပေ။ သို့သော် ဘုရားသခင်သည် လူသား၏ ဆန့်ကျင်မှုကို မည်သို့ ခံရသည်ဖြစ်စေ၊ သူသည် မိမိ၏အမှုကို အမြဲ လုပ်ဆောင်နေပြီး လူသားမျိုးနွယ် တစ်ရပ်လုံးကို အမြဲ ရှေ့သို့ ဦးဆောင်နေပေသည်။ ယေရှုသည် လူ့လောကထဲသို့ ကြွလာခဲ့သောအချိန်တွင်၊ သူသည် ကျေးဇူးတော်ခေတ်ကို ဖွင့်လှစ်ပေးခဲ့ပြီး ပညတ်တော်ခေတ်ကို အဆုံးသတ်ခဲ့သည်။ နောက်ဆုံးသော ကာလအတွင်းတွင်၊ ဘုရားသခင်သည် နောက်တစ်ကြိမ် လူ့ဇာတိခံယူခဲ့ပြီး၊ ဤလူ့ဇာတိခံယူခြင်းဖြင့် သူသည် ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ကာ နိုင်ငံတော်ခေတ်ကို ဖွင့်လှစ်ခဲ့သည်။ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းကို လက်ခံနိုင်သောသူ အားလုံးသည် နိုင်ငံတော်ခေတ်ထဲသို့ ဦးဆောင်ခြင်းခံရမည် ဖြစ်သည့်အပြင်၊ ဘုရားသခင်၏ လမ်းပြမှုကို ကိုယ်တိုင်ကိုယ်ကျ လက်ခံလာနိုင်လိမ့်မည်။ ယေရှုသည် လူသားအလယ်တွင် အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း၊ သူသည် လူသားမျိုးနွယ် အားလုံး၏ ရွေးနုတ်ခြင်းကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်လာခဲ့သည်။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ ဆိုးယုတ်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီး ဖြစ်သဖြင့်၊ ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူပြီဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ပြီဖြစ်သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား)
“တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ဤအမှုအားဖြင့်၊ လူသည် သူကိုယ်တိုင်အတွင်းရှိ ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရကို အပြည့်အဝ သိလာလိမ့်မည် ဖြစ်ပြီး၊ သူသည် လုံးဝ ပြောင်းလဲနိုင်လိမ့်မည် ဖြစ်ပြီး သန့်ရှင်းလာလိမ့်မည်။ ဤနည်းဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။ ယနေ့ လုပ်ဆောင်သည့် အမှုအားလုံးသည် လူသားက သန့်ရှင်းစေခြင်းခံရနိုင်ကာ ပြောင်းလဲစေခြင်း ခံရနိုင်ဖို့အလို့ငှာ ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့်အပြင်၊ စစ်ဆေးခြင်းမှတစ်ဆင့်လည်း လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားသန့်စင်နိုင်ပြီး ဖြူစင်စေခြင်း ခံရနိုင်ပေသည်။ အမှု၏ ဤအဆင့်ကို ကယ်တင်ခြင်း၏အမှုဟု ယူဆခြင်းထက်၊ ယင်းသည် သန့်ရှင်းစင်ကြယ်စေခြင်း၏ အမှုဟု ပြောရန်မှာ ပိုမို ဆီလျော်ပေမည်။ အမှန်တွင် ဤအဆင့်သည် သိမ်းပိုက်ခြင်းအဆင့် ဖြစ်သည့်အပြင် ကယ်တင်ခြင်းအမှုထဲက ဒုတိယ အဆင့်လည်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄))
“ယနေ့ကာလ၏ အမှုသည် ကျေးဇူးတော်ခေတ်၏အမှုကို ရှေ့သို့တွန်းပို့ပေးသည်၊ ဆိုလိုသည်မှာ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်တစ်ရပ်လုံးအောက်၌ပြုသော အမှုသည် ရှေ့သို့တိုးလာခြင်း ဖြစ်သည်။ ကျေးဇူးတော်ခေတ်သည် အဆုံးသတ်သွားပြီဖြစ်သော်လည်း ဘုရားသခင်၏အမှု၌ တိုးတက်မှုရှိသည်။ အမှု၏ ဤအဆင့်သည် ကျေးဇူးတော်ခေတ်နှင့် ပညတ်တော်ခေတ်တို့အပေါ်တွင် အခြေခံ၍ တည်ဆောက်ထားခြင်းဖြစ်သည်ဟု အဘယ့်ကြောင့် ငါသည် ထပ်တလဲလဲ ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ယနေ့၏အမှုသည် ကျေးဇူးတော်ခေတ်တွင် လုပ်ဆောင်ခဲ့သော အမှု၏အဆက်ဖြစ်ပြီး ပညတ်တော်ခေတ်တွင် လုပ်ဆောင်ခဲ့သော အမှုအပေါ် တိုးတက်လာမှုလည်း ဖြစ်သောကြောင့်ဖြစ်သည်။ ထိုအဆင့်သုံးခုမှာ တစ်ခုနှင့်တစ်ခု တင်းကျပ်စွာ ဆက်နွှယ်လျက်ရှိနေပြီး ကွင်းဆက်တစ်ခုနှင့်တစ်ခု နီးကပ်စွာ ချိတ်ဆက်နေသည်။ အမှု၏ ဤအဆင့်သည် ယေရှုလုပ်ဆောင်ခဲ့သည့် အမှုအပေါ်တွင် အခြေခံထားသည်ဟု အဘယ်ကြောင့် ငါပြောသနည်း။ အကယ်၍သာ ဤအဆင့်သည် ယေရှုလုပ်ဆောင်ခဲ့သည့် အမှုအပေါ်တွင် အခြေမခံထားလျှင် ဤအဆင့်တွင် နောက်ထပ်တစ်ကြိမ် ကားစင်တင်သတ်ခြင်း တစ်ခု ဖြစ်ပျက်ရန် လိုလိမ့်မည်ဖြစ်ကာ၊ ပြီးခဲ့သောအဆင့်၏ ရွေးနုတ်ခြင်းအမှုကိုလည်း နောက်ထပ်ပြန်၍ လုပ်ဆောင်ရလိမ့်မည်ဖြစ်သည်။ ဤသည်မှာ အဓိပ္ပာယ်ရှိမည် မဟုတ်ပေ။ ထို့ကြောင့် အမှုသည် လုံးဝပြီးဆုံးသွားခြင်း မဟုတ်ဘဲ ခေတ်သည် ရှေ့သို့တိုးလာခြင်းဖြစ်ပြီး အမှု၏အဆင့်အတန်းသည် ယခင်ကထက် သာ၍မြင့်မားလာခြင်း ဖြစ်သည်။ အမှု၏ ဤအဆင့်သည် ပညတ်တော်ခေတ်၏ အုတ်မြစ်ပေါ်တွင်နှင့် ယေရှုအမှု၏ ကျောက်ပေါ်တွင် တည်ထားခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ဘုရားသခင်၏အမှုကို တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်ထားခြင်းဖြစ်ပြီး ယခုအဆင့်သည် အသစ်သော အစပြုခြင်းမဟုတ်ပေ။ အမှု၏ အဆင့်သုံးဆင့်စလုံး ပေါင်းစည်းခြင်းကိုသာလျှင် အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ဟု မှတ်ယူနိုင်မည် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်းနှစ်ကြိမ်သည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေသည်)
အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက အရမ်းရှင်းတယ်။ သခင်ယေရှုရဲ့ ရွေးနုတ်ခြင်းအမှုက လူတွေရဲ့ အပြစ်တွေကို ခွင့်ပဲခွင့်လွှတ်ပေးတယ်။ ဒါပေမဲ့ အပြစ်နဲ့ပြည့်တဲ့ သဘာဝတွေကို မဖယ်ရှင်းပေးခဲ့သလို၊ လူတွေကို အပြစ်ကနေ အပြည့်အဝ မကယ်တင်ခဲ့ဘူး။ ဒါကြောင့် လူသားမျိုးနွယ်ကို ကယ်တင်ဖို့ဖြစ်တဲ့ ဘုရားရဲ့ အမှုတော်က မပြီးစီးဘူး။ သခင်ယေရှုရဲ့ ရွေးနုတ်ခြင်းအမှုက နောက်ဆုံးသော ကာလမှာ တရားစီရင်ခြင်း အမှုအတွက် လမ်းခင်းပေးခဲ့တာပါ။ အနန္တတန်ခိုးရှင် ဘုရားသခင် လုပ်ဆောင်တဲ့ လူသားမျိုးနွယ်ကို တရားစီရင်၊ သန့်စင်၊ ကယ်တင်ခြင်း အမှုက ဘုရားရဲ့ စီမံခန့်ခွဲခြင်း အစီအစဉ်ရဲ့ နောက်ဆုံးအဆင့်ဖြစ်ပြီး၊ အရေးအကြီးဆုံး အဆင့်လည်း ဖြစ်ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရား အများကြီး ဖော်ပြတာဟာ ကျမ်းစာထဲက နက်နဲမှုတွေအားလုံးအပြင်၊ ဘုရားရဲ့ စီမံခန့်ခွဲခြင်း အစီအစဉ်ရဲ့ ရည်ရွယ်ချက်၊ အမှုတော် အဆင့်သုံးဆင့်ရဲ့ အတွင်းပိုင်း သမ္မာတရား၊ လူ့ဇာတိခံခြင်းရဲ့ နက်နဲမှု၊ လူတွေကို သန့်စင်၊ ကယ်တင်ဖို့ တရားစီရင်ခြင်းအမှုကို ဘုရားသခင်ပြုပုံ၊ လူအမျိုးအစားအားလုံးရဲ့ အဆုံးသတ်နဲ့ ခရီးပန်းတိုင်၊ မြေကြီးပေါ် ခရစ်တော်ရဲ့နိုင်ငံတော် တကယ်ဖြစ်ပေါ်လာမယ့်ပုံ စတာတွေ အပါအဝင်၊ ဘုရားရဲ့ စီမံခန့်ခွဲခြင်း အစီအစဉ် နက်နဲမှုအားလုံးကို ထုတ်ဖော်ပြပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က လူတွေရဲ့ အပြစ်နဲ့ ဘုရားကို ခုခံရခြင်းအကြောင်းရင်းမြစ်ဖြစ်တဲ့ လူတွေထဲက ဆိုးယုတ်တဲ့ သဘာဝတွေနဲ့ စိတ်သဘောထားတွေကိုလည်း ထုတ်ဖော်ပြပြီး တရားစီရင်ပါတယ်။ ဘုရားကို ယုံကြည်ရာမှာ ကိုင်စွဲရမယ့် မှန်ကန်တဲ့အမြင်တွေ၊ ဘုရားနဲ့ ဘယ်လိုပုံမှန်ဆက်ဆံရေး ရှိဖို့၊ ရိုးသားတဲ့လူ ဘယ်လိုဖြစ်ဖို့၊ ဘုရားကို ဘယ်လို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ဖို့၊ ဘယ်လိုနာခံပြီး ချစ်ဖို့စတာတွေကို လူတွေက လက်တွေ့လုပ်ဆောင်ပြီး ဘုရားကို ယုံကြည်ရမှာ ဝင်ရောက်ရမယ့် သမ္မာတရားရဲ့ ရှုထောင့်အားလုံးကိုလည်း ထုတ်ဖော်ပြတယ်။ ဖောက်ပြန်ပျက်စီးခြင်းကို စွန့်ပစ်ပြီး ဘုရားရဲ့ အပြည့်အဝ ကယ်တင်တာခံဖို့ လူတွေက ဒီသမ္မာတရားအားလုံးရဲ့ စစ်မှန်မှုတွေထဲမှာ ဝင်ရောက်ရမှာပါ။ ဘုရားရွေးချယ်ထားသူတွေအများကြီးအတွက် ဘုရားနှုတ်ကပတ်တော်ထဲက တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ စမ်းသပ်ခြင်းနဲ့ စစ်ဆေးခြင်းတွေက သူတို့ကိုယ်တိုင်ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားနဲ့ သဘာဝတွေကို တဖြည်းဖြည်း နားလည်ပြီး မုန်းတီးအောင်၊ ဘုရားရဲ့ စိတ်သဘောထားက သန့်ရှင်း၊ ဖြောင့်မတ်ပြီး ပုန်ကန်ပြစ်မှားလို့မရမှန်း သဘောပေါက်အောင်၊ သူတို့ စိတ်နှလုံးထဲမှာ ဘုရားကို ကြောက်ရွံ့မှုနဲ့ စစ်မှန်တဲ့ နောင်တဖြစ်ပေါ်အောင်၊ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ သန့်စင်၊ ပြောင်းလဲပြီး ဘုရားကို စစ်မှန်တဲ့ နာခံမှုရရှိအောင် အခွင့်ပေးပြီးပါပြီ။ ဘယ်လို နှိပ်စက်မှု၊ အခက်အခဲ၊ စမ်းသပ်မှု ဒါမှမဟုတ် စစ်ဆေးမှုတွေ သူတို့ ကြုံရပါစေ၊ အနန္တတန်ခိုးရှင် ဘုရားသခင်နောက်ကို စွဲစွဲမြဲမြဲ လိုက်နိုင်ကြတယ်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နိုင်ငံတော် ဧဝံဂေလိကို ဖြန့်ဝေ၊ သက်သေခံနိုင်ပြီး၊ စာတန်အပေါ် အောင်မြင်လှပတဲ့ သက်သေခံချက်တွေ အများကြီး ဖြစ်စေကြတယ်။ သူတို့ရဲ့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်တွေကို အွန်လိုင်းမှာ ဖြန့်ချိထားပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို လောကတစ်ခုလုံးဆီ သက်သေခံကြတယ်။ ဒီလူတွေက ကပ်ဘေးမတိုင်ခင် ဘုရားသခင် စုံလင်စေတဲ့ အောင်မြင်သူတွေပဲဖြစ်ပြီး၊ အဦးသီးတွေ ဖြစ်ပါတယ်။ အဲဒါက ဗျာဒိတ်ကျမ်းထဲက ပရောဖက်ပြုချက်ကို လုံးဝ ပြည့်စုံစေတယ်။ “သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။ လူတို့ အထဲကရွေးနှုတ်၍ ဘုရားသခင်နှင့် သိုးသငယ်အဖို့ အဦးသီးသော အသီးဖြစ်ကြ၏။” (ဗျာဒိတ်ကျမ်း ၁၄:၄) အဲဒါက အနန္တတန်ခိုးရှင် ဘုရားသခင် ပြောတဲ့အတိုင်းလည်း ဖြစ်ပါတယ်။ “အမှု၏ အဆင့်သုံးဆင့် အဆုံးသတ်သို့ ရောက်လာသည့်အခါ၊ ဘုရားသခင်အဖို့ သက်သေခံသူများ အုပ်စု၊ ဘုရားသခင်ကို သိသူများ အုပ်စုတစ်စုကို ပြုလုပ်လိမ့်မည်။ ဤလူအားလုံးသည် ဘုရားသခင်ကို သိလိမ့်မည် ဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြပေလိမ့်မည်။ ၎င်းတို့သည် လူ့သဘာဝနှင့် အသိစိတ်တို့ ပိုင်ဆိုင်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ ကယ်တင်ခြင်း အမှု၏ အဆင့်သုံးဆင့်ကို အားလုံး သိကြလိမ့်မည်။ ဤသည်မှာ အဆုံးတွင် ပြီးမြောက်မည့် အမှုဖြစ်ပြီး၊ ဤလူတို့သည် အနှစ်ခြောက်ထောင် စီမံခန့်ခွဲခြင်း အမှု၏ ပုံဖော်ချက် ဖြစ်ကြသကဲ့သို့၊ စာတန်၏ အဆုံးစွန် ရှုံးနိမ့်မှုအဖို့ အားအကောင်းဆုံးသော သက်သေခံချက် ဖြစ်၏။ ဘုရားသခင်အဖို့ သက်သေခံနိုင်သူများသည် ဘုရားသခင်၏ကတိတော်နှင့် ကောင်းချီးမင်္ဂလာ တို့ကို ရရှိနိုင်လိမ့်မည် ဖြစ်ပြီး၊ တကယ့် အဆုံးတွင် ကျန်ရှိသည့်အုပ်စု၊ ဘုရားသခင်၏ ဩဇာအာဏာကို ပိုင်ဆိုင်ပြီး ဘုရားသခင်အဖို့ သက်သေခံသည့် အုပ်စု ဖြစ်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်) အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရားအများကြီး ဖော်ပြပြီးပြီဖြစ်သလို၊ သိပ်ကြီးမားတဲ့ အမှုကို ပြီးမြောက်ပြီးပါပြီ၊ အဲဒါက ဘုရားရဲ့ အတုမရှိတဲ့ ဩဇာအာဏာနဲ့ တန်ခိုးကို အပြည့်အဝ ထုတ်ဖော်ပြပြီး၊ ဒါက အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ပြန်ကြွလာတဲ့ သခင်ယေရှု ဖြစ်မှန်း သက်သေပြပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်နဲ့ သခင်ယေရှုဟာ ဝိညာဉ်တစ်ပါးတည်းနဲ့ ဘုရားတစ်ပါးတည်း ဖြစ်တယ်။ ဒီတော့ ဒီနေရာမှာ ရပ်ပြီး စဉ်းစားကြည့်ရအောင်။ ဘုရားကလွဲလို့၊ ဘယ်သူက အရမ်းများတဲ့ သမ္မာတရားတွေကို ဖော်ပြပြီး ဘုရားရဲ့ စီမံခန့်ခွဲမှု အစီအစဉ်ရဲ့ နက်နဲမှုကို ထုတ်ဖော်ပြနိုင်လဲ။ လူတွေရဲ့ အပြစ်နဲ့ ဘုရားကို ခုခံခြင်း ဇာစ်မြစ်ကို ဘယ်သူ ဖော်ထုတ်နိုင်လဲ။ ဘုရားကလွဲလို့၊ ဘယ်သူက လူတွေရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို တရားစီရင်ပြီး၊ လူသားမျိုးနွယ်ကို အပြစ်ကနေ လုံးဝ ကယ်တင်နိုင်လဲ။ ဘယ်ပုန်ကန်ပြစ်မှားမှုကိုမှ သည်းမခံတဲ့ ဘုရားရဲ့ သန့်ရှင်း၊ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ဘယ်သူ ဖော်ပြနိုင်လဲ။ အချက်အလက်တွေက အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ စင်စစ် လူ့ဇာတိခံ ဘုရားသခင်၊ အရာခပ်သိမ်းရဲ့ အစနဲ့ အဆုံးဖြစ်တဲ့ တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရားဖြစ်မှန်း သက်သေပြပါတယ်။
ဒီတော့၊ အခု လူတိုင်း ရှင်းရှင်းလင်းလင်း နားလည်ကြလား။ ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နဲ့ နိုင်ငံတော်ခေတ်ထဲမှာ လုပ်ခဲ့တဲ့ အမှုတော်ရဲ့ အဆင့်သုံးဆင့်ဟာ မတူကွဲပြားတဲ့ ခေတ်တွေမှာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားအမှုတော်ရဲ့ မတူကွဲပြားတဲ့ အဆင့်သုံးဆင့် ဖြစ်ပါတယ်။ ပညတ်တော်အမှုက လူကို အပြစ်ဘာလဲဆိုတာ သွန်သင်ခဲ့တယ်၊ ရွေးနုတ်ခြင်းအမှုက သူတို့အပြစ်တွေကို ရွေးနုတ်ခဲ့ပြီး၊ တရားစီရင်ခြင်းအမှုက အပြစ်ကို ဖယ်ရှင်းဖို့ အခွင့်ပေးတယ်။ ဒီအမှုရဲ့အဆင့်သုံးဆင့်က မြဲမြဲ ဆက်နွှယ်ထားတယ်၊ တစ်ခုစီက ပြီးခဲ့တဲ့တစ်ခုအပေါ်မှာ တည်ဆောက်ထားပြီး၊ နောက်ဆုံးမှာ၊ လူတွေက စာတန်ရဲ့ လွှမ်းမိုးမှုကနေ အပြည့်အဝ ကယ်တင်ခံရပြီး ဘုရားနိုင်ငံတော်ထဲကို ခေါ်ဆောင်ခံရတယ်။ ဒါက လူသားမျိုးနွယ်ကို စီမံခန့်ခွဲပြီး ကယ်တင်ဖို့ ဘုရားသုံးခဲ့တဲ့ လုပ်ငန်းစဉ်တစ်ခုလုံး ဖြစ်ပါတယ်။ အစကနေ အဆုံးထိ၊ ဘုရားတစ်ပါးတည်းကပဲ လုပ်တာ။ ဘုရားရဲ့ အမည်နာမ မတူသလို၊ သူ့ရဲ့ နည်းစနစ်တွေနဲ့ အမှုက မတူပေမဲ့၊ ဘုရားရဲ့ အနှစ်သာရ၊ ဘုရားရဲ့ အရာအားလုံးနဲ့ ဖြစ်ခြင်း၊ ပြီးတော့ ဘုရားရဲ့ စိတ်သဘောထားက အတူတူပါပဲ။ အဲဒါတွေ လုံးဝ မပြောင်းလဲဘူး။ ပညတ်တော်ခေတ်ထဲမှာ ယေဟာဝါ ဘုရားသခင် ပြောခဲ့တဲ့ စကားတွေ၊ ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေနဲ့ နိုင်ငံတော်ခေတ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ စကားတွေကို ကြည့်ရင်၊ ဒီစကားတွေအားလုံးက သမ္မာတရားဖြစ်ပါတယ်။ အဲဒါတွေက ဘုရားရဲ့ စိတ်သဘောထားနဲ့ ဘုရားရဲ့ အရာအားလုံးနဲ့ ဖြစ်ခြင်းကို ဖော်ပြချက်နဲ့ ထုတ်ဖော်ပြမှုပဲဖြစ်တယ်၊ အရင်းအမြစ်တစ်ခုတည်းကနေလာပြီး ဝိညာဉ်တော် တစ်ပါးတည်းရဲ့ အသံနဲ့ စကားတွေဖြစ်ပါတယ်။ ဒါဟာ အမှုတော်ရဲ့ အဆင့်သုံးဆင့်ကို ဘုရားတစ်ပါးတည်းကပဲ လုပ်တဲ့ သက်သေပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ ပြောတဲ့အတိုင်းပါပဲ။ “ယေဟောဝါ၏ အမှုမှသည် ယေရှု၏အမှုထိတိုင်၊ ပြီးလျှင် ယေရှု၏အမှုမှသည် ဤလတ်တလော အဆင့်ထိ၊ ဤအဆင့်သုံးဆင့်သည် ဘုရားသခင် စီမံခန့်ခွဲမှု အစမှအဆုံး တစ်ခုလုံးကို အလျဉ်မပြတ် အကျုံးဝင်ပြီး၊ ယင်းတို့အားလုံးသည် ဝိညာဉ်တော်တစ်ပါးတည်း၏ လုပ်ဆောင်မှု ဖြစ်သည်။ ကမ္ဘာကြီး၏ ဖန်ဆင်းခြင်းကတည်းက၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို စီမံခန့်ခွဲလျက် အမြဲ အမှုပြုနေသည်။ သူသည် အစနှင့် အဆုံးဖြစ်သည်၊ သူသည် အဦးဆုံးသောသူနှင့် နောက်ဆုံးသောသူ ဖြစ်ပြီး၊ သူသည် ခေတ်တစ်ခုကို အစပြုသူဖြစ်ပြီး၊ ခေတ်ကို အဆုံးသတ်သူ ဖြစ်သည်။ မတူညီသည့် ခေတ်များနှင့် မတူညီသည့် နေရာများတွင် အမှု၏ အဆင့်သုံးဆင့်သည် သိသိသာသာ ဝိညာဉ်တော်တစ်ပါးတည်း၏ လုပ်ဆောင်ချက်ဖြစ်ပေသည်။ ဤအဆင့်သုံးဆင့်ကို ခွဲခြားသူ အပေါင်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ရာတွင် ရပ်တည်သူများ ဖြစ်သည်။ ယခုတွင် ပထမအဆင့်မှ ယနေ့တိုင် အမှုများ အားလုံးသည် တစ်ပါးတည်းသော ဘုရားသခင်၏အမှု၊ တစ်ပါးတည်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ဖြစ်သည်ကို သင် နားလည်အပ်ပေသည်။ ဤအရာနှင့် သက်ဆိုင်၍ သံသယ မရှိနိုင်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)) “သူသည် သနားခြင်းနှင့် ချစ်ခြင်းကရုဏာ ပြည့်ဝနေသည့် ဘုရားသခင်ဖြစ်သည်။ သူသည် လူသားအတွက် အပြစ်ဖြေရာယဇ်ဖြစ်ပြီး လူသား၏ သိုးထိန်းလည်းဖြစ်သည်။ သို့သော်လည်း သူသည် လူသားများ၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ခြင်းလည်း ဖြစ်သည်။ သူသည် လူသားများ ကမ္ဘာကြီးပေါ်တွင် နှစ်ပေါင်းနှစ်ထောင် အသက်ရှင်နေထိုင်ရန် ဦးဆောင်လမ်းပြပေးနိုင်ခဲ့ပြီး ဖောက်ပြန်ပျက်စီးနေသည့် လူသားမျိုးနွယ်ကိုလည်း အပြစ်မှ ရွေးနုတ်ပေးနိုင်ခဲ့သည်။ ယနေ့ သူသည် သူ့ကိုမသိသည့် လူသားမျိုးနွယ်ကို သိမ်းပိုက်နိုင်ပြီး၊ အားလုံးက သူ့ကို အပြည့်အဝ ကျိုးနွံနာခံရန်အလို့ငှာ သူတို့ကို သူ၏ အုပ်စိုးခြင်းအောက်သို့ ပျပ်ဝပ်စေနိုင်သည်။ အဆုံးတွင် ဘုရားသခင်သည် လူတို့ကို သူသည် သနားခြင်းနှင့် ချစ်ခြင်းကရုဏာနှင့်ပြည့်သော ဘုရားသခင်သာ မဟုတ်သည်ကိုလည်းကောင်း၊ ဉာဏ်ပညာနှင့် အံသြဖွယ်ရာများပြည့်သော ဘုရားသခင်သာမဟုတ်သည်ကိုလည်းကောင်း၊ သန့်ရှင်းသော ဘုရားသခင်သာ မဟုတ်သည်သာမက လူသားကို တရားစီရင်သော ဘုရားသခင်လည်းဖြစ်ကြောင်းကိုလည်းကောင်း ပြသရန်အတွက် စကြဝဠာတစ်ခုလုံးရှိ လူသားတို့အထဲတွင် ရှိနေသည့် မစင်ကြယ်သည့်အရာများနှင့် မဖြောင့်မတ်သည့်အရာအားလုံးတို့ကို မီးရှို့ဖျက်ဆီးပစ်လိမ့်မည် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်းနှစ်ကြိမ်သည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေသည်)
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။