သမ္မာကျမ်းစာတွင်၊ ပေါလုက ပြောထားသည်၊ “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍။” (တိမောသေသြဝါဒစာ ၃:၁၆) ထို့ကြောင့် သမ္မာကျမ်းစာထဲရှိ စကားလုံးများအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြစ်လေသည်။ သို့ဆိုလျှင် သမ္မာကျမ်းစာထဲက စကားများ အားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မဟုတ်ဟု သင် အဘယ့်ကြောင့် ပြောသနည်း။

12.03.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

သမ္မာကျမ်းစာထဲရှိသည့် အရာတိုင်းသည် ဘုရားသခင် ကိုယ်တိုင် ပြောခဲ့သည့် စကားလုံးများကို မှတ်တမ်းတင်ထားခြင်း မဟုတ်ပါ။ သမ္မာကျမ်းစာသည် ဘုရားသခင်၏ ယခင်အမှု အဆင့်နှစ်ဆင့်အကြောင်းကို ရေးမှတ်ထားခြင်းသာဖြစ်ပြီး၊ ၎င်းတို့အနက် တစ်ပိုင်းမှာ ပရောဖက်များ၏ အနာဂတ္တိ ဟောကြားချက်များကို ရေးထားသည့် မှတ်တမ်းဖြစ်ပြီး၊ နောက်တစ်ပိုင်းမှာ ခေတ်အဆက်ဆက်၌ ဘုရားသခင် အသုံးပြုခဲ့သည့် လူများက အတွေ့အကြုံများနှင့် အသိပညာတို့ကို ရေးထားခြင်းဖြစ်သည်။ လူ၏ အတွေ့အကြုံများသည် လူ၏ အယူအဆများ၊ အသိပညာများနှင့် စွန်းထင်းနေကြပါသည်၊ ယင်းကို ရှောင်ရှား၍ မရနိုင်ပါ။ သမ္မာကျမ်းစာ၏ ကျမ်းအများအပြားသည် လူ၏ ခံယူချက်များ၊ ပုဂ္ဂိုလ်စွဲ သို့မဟုတ် အယူစွဲဖြင့် ဘက်လိုက်ပြီး ရှုမြင်သည့် လူ၏သဘောများ၊ လူ၏ အဓိပ္ပာယ်မရှိသည့် သဘောပေါက်နားလည်မှုများ ဖြစ်ကြသည်။ မှန်ပါသည်၊ စကားလုံးအများစုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် အလင်းပေးမှု၏ ရလဒ်ဖြစ်ပြီး ၎င်းတို့သည် မှန်ကန်သည့် သိနားလည်မှုများ ဖြစ်ကြသည်။ သို့သော် ၎င်းတို့သည် သမ္မာတရား၏ လုံးဝတိကျသော ထုတ်ဖောပြခြင်းများဖြစ်သည်ဟု ပြော၍ မရနိုင်သေးပါ။ အချို့သော အရာများနှင့်ပတ်သက်လျှင် ၎င်းတို့၏ အမြင်များသည် ကိုယ်ပိုင် အတွေ့အကြုံမှ လာသောအသိ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုသာ ဖြစ်သည်။ ပရောဖက်များ၏ အနာဂတ္တိဟောကြားချက်များသည် ဘုရားသခင် ကိုယ်တိုင် ညွှန်ကြားပေးခဲ့သော အရာများ ဖြစ်သည်။ ဟေရှာယ၊ ဒံယေလ၊ ဧဇရ၊ ယေရမိနှင့် ယေဇကျေလတို့၏ ပရောဖက်ပြုချက်များသည် သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်ရိုက် ညွှန်ကြားချက်မှလာပေသည်၊ ဤလူတို့သည် မြင်သောသူများ ဖြစ်ခဲ့ကြပြီး၊ ပရောဖက်ပြုသည့် ဝိညာဉ်ကို ရရှိထားကြကာ သူတို့အားလုံးသည် ဓမ္မဟောင်းကျမ်း၏ ပရောဖက်များ ဖြစ်သည်။ ပညတ်တော်ခေတ် အတွင်း၌ ယေဟောဝါ၏ နှိုးဆော်မှုကို ရရှိခဲ့ကြသော ဤသူတို့သည် ယေဟောဝါက တိုက်ရိုက် ညွှန်ကြားသည့် ပရောဖက်ပြုချက် အများအပြားကို ဟောခဲ့ကြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၃)

ဓမ္မဟောင်းကျမ်း ပညတ်တော်ခေတ် ကာလထဲတွင်၊ ယေဟောဝါမှ ပျိုးထောင်လေ့ကျင့် ပေးခဲ့သည့် များပြားလှသည့် ပရောဖက်များသည် ယေဟောဝါ၏ ကိုယ်စား ပရောဖက်ပြုချက်များကို ဟောကြားခဲ့ကြသည်၊ သူတို့သည် အမျိုးမျိုးသော လူမျိုးနွယ်စုများနှင့် တိုင်းနိုင်ငံများကို လမ်းညွှန်ချက်များ ပေးခဲ့ကြပြီး၊ ယေဟောဝါမှ ပြုမည့် အမှုကို ကြိုပြီး ဟောကြားခဲ့ကြသည်။ ထိုသို့ ပျိုးထောင်လေ့ကျင့်ပေးခြင်း ခံခဲ့ကြရသူ အားလုံးတို့အား ပရောဖက်ပြုခြင်းဝိညာဉ်ကို ယေဟောဝါမှ ပေးအပ်ခဲ့သည်- သူတို့သည် ယေဟောဝါထံမှ ရူပါရုံများကို မြင်နိုင်၏၊ ဘုရားသခင်၏အသံကို ကြားနိုင်ကြပြီး၊ ထို့ကြောင့် ဘုရားသခင်၏ စေ့ဆော်ခြင်းခံရပြီး အနာဂတ္တိကျမ်းများကို ရေးခဲ့ကြသည်။ သူတို့ လုပ်ခဲ့သည့် အလုပ်သည် ယေဟောဝါ၏ အသံကို ဖေါ်ပြချက် ဖြစ်ပြီး၊ ယေဟောဝါ၏ ပရောဖက်ပြုချက်ကို ဖော်ပြချက်ဖြစ်လျက်၊ ထိုစဉ်က ယေဟောဝါ၏အမှုက ဝိညာဉ်ကို အသုံးပြုပြီး လူများကို လမ်းညွှန်ပေးရုံမျှ ဖြစ်ခဲ့သည်၊ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်မလာခဲ့ဘဲ၊ လူများသည် ဘုရားသခင်၏ မျက်နှာကို မမြင်ခဲ့ကြရပေ။ ထို့ကြောင့်၊ ဘုရားသခင်သည် သူ၏ အလုပ်ကို လုပ်ဆောင်ပေးရန် များစွာသော ပရောဖက်များကို ပျိုးထောင်လေ့ကျင့်ပေးခဲ့ပြီး သူတို့အား ဣသရေလနိုင်ငံထဲက လူမျိုးနွယ်စုတိုင်းနှင့် ဆွေမျိုးစုတိုင်းကို လက်ဆင့်ကမ်းရန် နိမိတ်များကိုပေးခဲ့သည်။ သူတို့၏ အလုပ်က ပရောဖက်ပြုချက်ကို ဟောကြားပေးရန် ဖြစ်ပြီး၊ သူတို့ထဲက အချို့သူတို့သည် အခြားသူတို့အား ပြသပေးရန် ယေဟောဝါ၏ ညွှန်ကြားချက်များကို ချရေးခဲ့ကြပါသည်။ လူများအနေနှင့် ယေဟောဝါ၏ အံ့ဘွယ်ကောင်းမှုနှင့် ဉာဏ်ပညာတို့ကို မြင်တွေ့စေရန်အတွက် ယေဟောဝါသည် ထိုသူများကို ပရောဖက်ပြုချက်များ ဟောကြားရန်၊ အနာဂတ်၏အမှု သို့မဟုတ် ထိုကာလအတွင်း လုပ်ဆောင်ပေးဖို့ ရှိနေသေးသည့် အမှုကို ကြိုပြီး ဟောကြားရန် ပျိုးထောင်လေ့ကျင့်ပေးခဲ့သည်။ ယင်းအနာဂတ္တိကျမ်းများသည် သမ္မာကျမ်းစာထဲက အခြားကျမ်းများနှင့် အတော်များများ မတူကြပေ၊ ၎င်းတို့သည် ပရောဖက်ပြုခြင်းဝိညာဉ်ကို ရရှိခဲ့ကြသူများ— ယေဟောဝါထံမှ ရူပါရုံများ သို့မဟုတ် အသံများ လက်ခံရရှိခဲ့ကြရသူများမှ ဟောကြားခဲ့ကြသည့် သို့မဟုတ် ရေးသားခဲ့ကြသည့် စကားလုံးများ ဖြစ်သည်။ အနာဂတ္တိကျမ်းများမှအပ၊ ဓမ္မဟောင်းကျမ်းထဲ ပါရှိသမျှ အရာအားလုံးမှာ ယေဟောဝါက ၎င်း၏ အမှုကို ပြုပြီးသွားပြီးနောက် လူများက ပြုလုပ်ခဲ့ကြသည့် မှတ်တမ်းများ ဖြစ်သည်။ ကမ္ဘာဦးကျမ်းနှင့် ထွက်မြောက်ရာကျမ်းများကို ဟေရှာယအနာဂတ္တိကျမ်းနှင့် ဒံယေလ အနာဂတ္တိကျမ်းများနှင့် နှိုင်းယှဉ်၍ မရနိုင်သကဲ့သို့ပင်၊ ထိုကျမ်းများသည် ယေဟောဝါမှ ပျိုးထောင် လေ့ကျင့်ပေးခဲ့သည့် ပရောဖက်တို့ပြောကြားခဲ့သည့် ကြိုတင်ဟောကိန်းထုတ်ချက်များကို အစားထိုးနိုင်စွမ်း မရှိနိုင်ကြပေ။ အမှုတော်ကို မလုပ်ဆောင်မီ ပရောဖက်ပြုချက်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။ ကျန်သည့် ကျမ်းများကိုမူ အမှုတော် ဆောင်ရွက်ပြီးနောက်၊ လူများ တတ်စွမ်းနိုင်ခဲ့ကြသည်ကို ရေးသားခဲ့ခြင်း ဖြစ်သည်။...ထိုနည်းဖြင့်၊ သမ္မာကျမ်းစာ၏ ဓမ္မဟောင်းကျမ်းထဲ၌ မှတ်တမ်းတင်ထားသည်များမှာ ထိုစဉ်က ဣသရေလနိုင်ငံရှိ ဘုရားသခင်၏အမှုသက်သက်သာ ဖြစ်သည်။ ပရောဖက်များဖြစ်သည့် ဟေရှာယ၊ ဒံယေလ၊ ယေရမိနှင့် ယေဇကျေလတို့ ပြောကြားသည့် စကားလုံးများ...သူတို့၏ စကားလုံးများသည် ကမ္ဘာကြီးပေါ်က ဘုရားသခင်၏ အခြားအမှုကို ကြိုတင်ဟောကြားခဲ့၏၊ သူတို့သည် ယေဟောဝါဘုရားသခင် ကိုယ်တော်တိုင်၏ အမှုကို ကြိုတင်ဟောကြားခဲ့ကြသည်။ ယင်းအရာများ အားလုံး ဘုရားသခင်ထံမှ လာခဲ့၏၊ ယင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ဖြစ်ပြီး၊ ပရောဖက်များ၏ ဤကျမ်းစာအုပ်များမှအပ၊ အခြားအရာ အားလုံးသည် ထိုအချိန်က ယေဟောဝါ၏ အမှုကို လူတို့ကြုံတွေ့ခြင်းများ၏ မှတ်တမ်းတစ်ခုဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁)

ယနေ့ခေတ်တွင် လူတို့က သမ္မာကျမ်းစာသည် ဘုရားသခင် ဖြစ်သည်၊ ဘုရားသခင်သည်လည်း သမ္မာကျမ်းစာ ဖြစ်သည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် သမ္မာကျမ်းစာထဲမှ စကားလုံးများသည်သာ ဘုရားသခင်ပြောကြားခဲ့သည့် စကားလုံးများ ဖြစ်ကြပြီး ထိုစကားလုံးများအားလုံးကို ဘုရားသခင် ပြောခဲ့သည်ဟုလည်း ယုံကြည်ကြသည်။ ဘုရားသခင်ကို ယုံကြည်ကြသည့် သူများသည် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းများထဲက ကျမ်းပေါင်း ခြောက်ဆယ့်ခြောက်ကျမ်းကို လူများက ရေးခဲ့ကြသော်လည်း ထိုကျမ်းအားလုံးကို ဘုရားသခင်က မှုတ်သွင်းတော်မူခြင်းအားဖြင့် ပေးအပ်ခဲ့ပြီး သန့်ရှင်းသောဝိညာဉ်တော်၏ မိန့်မြွက်ချက်များနှင့်ဆိုင်သော မှတ်တမ်းတစ်ခု ဖြစ်သည်ဟုပင်လျှင် ယူဆကြသည်။ ဤသည်မှာ လူတို့၏ မှားယွင်းသော သဘောပေါက်နားလည်မှုဖြစ်ပြီး အချက်အလက်များနှင့် လုံးဝ ကိုက်ညီခြင်း မရှိကြပါ။ အမှန်တွင် အနာဂတ္တိကျမ်းများမှအပ ဓမ္မဟောင်းကျမ်းထဲမှ ကျမ်းအများစုသည် သမိုင်းမှတ်တမ်းများ ဖြစ်သည်။ ဓမ္မသစ်ကျမ်းထဲမှ သြဝါဒစာအချို့သည် လူတို့၏ ဘဝအတွေ့အကြုံများမှ လာခြင်းဖြစ်ပြီး တစ်ချို့မှာ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမူကြောင့် လာခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ပေါလု၏ စာများသည် လူတစ်ဦး၏ လုပ်ဆောင်ချက်မှ ထွက်ပေါ်လာခဲ့ပြီး ၎င်းတို့ အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကြောင့် ပေါ်ပေါက်လာသော ရလဒ် ဖြစ်ကာ အသင်းတော်များအတွက် ရေးခဲ့သော စာများဖြစ်ပြီး အသင်းတော်မှ ညီအစ်ကိုမောင်နှမများကို နှိုးဆော်အားပေးသော စကားများ ဖြစ်သည်။ ထိုစကားများသည် သန့်ရှင်းသောဝိညာဉ်တော်က ပြောသောစကားများ မဟုတ်ပါ— ပေါလုသည် သန့်ရှင်းသောဝိညာဉ်တော်၏ ကိုယ်စား မပြောနိုင်သကဲ့သို့ သူသည် ယောဟန် ရှုမြင်ခဲ့ရသော ရူပါရုံများကို မြင်ခဲ့ဖို့ရန်ဝေးစွ၊ ပရောဖက်တစ်ဦးပင် မဟုတ်ခဲ့ပါ။ ပေါလုရေးခဲ့သော သြဝါဒစာများသည် ဧဖက်မြို့၊ ဖိလဒေလဖိမြို့၊ ဂလာတိပြည်နှင့် အခြားသော အသင်းတော်များအတွက် ရေးသောစာများ ဖြစ်သည်။ သို့ဖြစ်၍ ဓမ္မသစ်ကျမ်းထဲရှိ ပေါလု၏ သြဝါဒစာများသည် အသင်းတော်များအတွက် ပေါလုရေးခဲ့သော သြဝါဒစာများသာဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ စေ့ဆော်ချက်များလည်း မဟုတ်သကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်ရိုက် မိန့်မြွက်ချက်များလည်း မဟုတ်ပေ။ သူအလုပ်လုပ်နေစဉ် ကာလ၌ အသင်းတော်များအတွက် ရေးသားပေးခဲ့သော နှိုးဆော်သည့် စကားများ၊ နှစ်သိမ့်အားပေးသည့် စကားများသာ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ထိုအချိန်က ပေါလု၏ လုပ်ဆောင်မှု အများအပြားကို မှတ်တမ်းတင်ထားသည့် မှတ်တမ်းလည်း ဖြစ်သည်။ ၎င်းတို့သည် ထိုအချိန်က အသင်းတော်များ၏ ညီအစ်ကိုမောင်နှမများသည် သူ၏ အကြံပေးချက်များကို လိုက်လျှောက်ပြီး သခင်ယေရှု၏ နောင်တတရားလမ်းခရီးကို လိုက်နာကြဖို့အလို့ငှာ သခင်၌ ညီအစ်ကိုမောင်နှမများ အားလုံးအတွက် ရေးသားခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်အချိန်က ရှိခဲ့ကြသည့် အသင်းတော်များဖြစ်စေ၊ အနာဂတ်တွင် ရှိလာကြမည့် အသင်းတော်များဖြစ်စေ သူရေးခဲ့သည့်အရာများကို စားသောက်ကြရမည်ဟု တစ်ခါမျှ ပေါလု မပြောကြားခဲ့သကဲ့သို့ သူပြောသော စကားလုံးများအားလုံးသည် ဘုရားသခင်ထံမှ လာသော စကားများဖြစ်သည်ဟုလည်း မပြောခဲ့ပါ။ ထိုစဉ်အချိန်က အသင်းတော်များ၌ ဖြစ်နေသော အခြေအနေများနှင့်အညီ သူသည် ညီအစ်ကိုမောင်နှမများနှင့် ရင်းရင်းနှီးနှီး ပြောဆိုခဲ့ခြင်းသာ ဖြစ်ပြီး၊ သူတို့ကို နှိုးဆော်ရင်း သူတို့အထဲရှိ ယုံကြည်ခြင်းကို လှုံ့ဆော်ပေးခဲ့ခြင်း ဖြစ်သည်၊ လူများကို တရားဟောခြင်း သက်သက် သို့မဟုတ် သတိပေးရုံသက်သက်၊ နှိုးဆော်ခြင်းသက်သက် ဟောပြောခဲ့ခြင်းဖြစ်သည်။ သူပြောသော စကားများသည် သူ၏စိတ်ထဲရှိ ဝန်ထုပ်၊ ဝန်ပိုးမှ ဖြစ်လာသော စကားများ ဖြစ်ပြီး သူသည် ထိုစကားများဖြင့် လူတို့ကို ကူညီခဲ့သည်။ သူသည် ထိုစဉ်အချိန်က အသင်းတော်များ၏ တမန်တော်အလုပ်ကို သူလုပ်ဆောင်ခဲ့သည်။ သူသည် သခင်ယေရှု အသုံးပြုခဲ့သော အမှုဆောင်တစ်ဦး ဖြစ်သည်။ ထိုသို့ဖြစ်သောကြောင့် အသင်းတော်များအတွက် တာဝန်ကို သူယူရမည်ဖြစ်ပြီး အသင်းတော်များ၏ အလုပ်ကို ဆောင်ရွက်ရမည် ဖြစ်သည်၊ သူသည် ညီအစ်ကိုမောင်နှမများ၏ အခြေအနေကို လေ့လာသင်ယူခဲ့ရသည်၊ သို့ဖြစ်သောကြောင့် သူသည် သခင့်ထဲက ညီအစ်ကိုမောင်နှမအားလုံးထံသို့ သြဝါဒစာများကို ရေးသားခဲ့ခြင်းဖြစ်သည်။ လူတို့အတွက် တည်ဆောက်စရာ ဖြစ်စေသော၊ အပြုသဘောဆောင်သော ပေါလု၏ စကားများ အားလုံးသည် မှန်သော်လည်း ထိုစကားများသည် သန့်ရှင်းသောဝိညာဉ်တော်၏ မိန့်မြွက်ချက်များကို ကိုယ်စားပြုသကဲ့သို့ ဘုရားသခင်ကိုလည်း ကိုယ်စား မပြုနိုင်ခဲ့ပေ။ ယင်းသည် လူတစ်ယောက်၏ အတွေ့အကြုံများနှင့်ဆိုင်သော မှတ်တမ်းတစ်ခုနှင့် လူတစ်ယောက်၏ သြဝါဒစာများကို အသင်းတော်များထံ သန့်ရှင်းသောဝိညာဉ်တော်ပြောသည့် စကားလုံးများသဖွယ် လူတို့ သဘောထားခြင်းသည် ကမ်းကုန်အောင် လွဲမှားသည့် ခံယူချက်ဖြစ်ပြီး ဘုရားသခင်အား အကြီးအကျယ် ပြစ်မှားစော်ကားခြင်းလည်း ဖြစ်သည်။ ဤအချက်သည် အသင်းတော်များအတွက် ရေးသားခဲ့သည့် ပေါလု၏ ရေးစာများနှင့် ပတ်သက်၍ အထူးမှန်ကန်သည်။ ၎င်း၏ ရေးစာများကို ထိုစဉ်အချိန်တုန်းက အသင်းတော် တစ်ခုချင်းစီ၏ အခြေအနေနှင့် အနေအထားများအပေါ် မူတည်ပြီး ညီအစ်ကိုမောင်နှမများအတွက် ရေးပေးခဲ့ခြင်းဖြစ်ပြီး သခင့်ထဲက ညီအစ်ကိုမောင်နှမများကို တိုက်တွန်းရန်ဖြစ်သည်။ ယေရှုသည် အာဗြဟံ၏ မျိုးဆက်ဖြစ်ကြောင်းကို ထိုသို့ရေးခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ရေးစာများသည် ထိုစဉ်တုန်းက ညီအစ်ကိုမောင်နှမများကို နိုးကြားထကြွလာစေရန် ရေးခဲ့သောစာများဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် ပေါလု၏ ကိုယ်ပိုင်ဝန်ထုပ်၊ ဝန်ပိုးဖြစ်သည်ဟု ဆိုနိုင်သလို၊ သန့်ရှင်းသောဝိညာဉ်တော်မှ ပေးအပ်ခဲ့သည့် တာဝန်ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ မည်သို့ပင် ဖြစ်စေကာမူ သူသည် ထိုစဉ်အချိန်က အသင်းတော်များကို ဦးဆောင်လမ်းညွှန်ပေးခဲ့သည့် တမန်တော်၊ အသင်းတော်များအတွက် ရေးစာများကို ရေးသားပေးလျက် တိုက်တွန်းနှိုးဆော်ခဲ့သည့်သူ ဖြစ်ခဲ့သည်— ထိုသို့လုပ်ဆောင်ခြင်းသည် သူ့တာဝန် ဖြစ်ခဲ့သည်။ သူ၏ ကိုယ်ပိုင်လက္ခဏာမှာ အမှုဆောင်ခဲ့သည့် တမန်တော်မျှသာဖြစ်သည်၊ ဘုရားသခင် စေလွှတ်ခဲ့သည့် တမန်တော်မျှသာ ဖြစ်သည်၊ သူသည် ပရောက်ဖက်တစ်ဦးလည်း မဟုတ်သကဲ့သို့ အနာဂတ်ကို ဟောကြားသူလည်း မဟုတ်ခဲ့ပါ။ သူ့အဖို့ သူ၏အလုပ်နှင့် ညီအစ်ကိုမောင်နှမများ၏ အသက်တာသည် အရေးတကာ့ အရေးကြီးဆုံး ဖြစ်ခဲ့သည်။ သို့ဖြစ်၍ သူသည် သန့်ရှင်းသော ဝိညာဉ်တော် ကိုယ်စား မပြောကြားနိုင်ခဲ့ပါ။ သူ့စကားများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ စကားများ မဟုတ်သည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်ဟု သာ၍ပင် ပြောမရနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ပေါလုသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးသာ ဖြစ်ပြီး၊ ဘုရားသခင်၏လူ့ဇာတိခံယူခြင်း မဟုတ်သည်မှာ သေချာသောကြောင့် ဖြစ်သည်။ ပေါလု၏ ကိုယ်ပိုင်လက္ခဏာသည် ယေရှုနှင့် မတူပါ။ ယေရှု ပြောခဲ့သော စကားများသည် သန့်ရှင်းသောဝိညာဉ်တော်၏ စကားများ၊ ဘုရားသခင်၏ စကားများ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ကိုယ်ပိုင်လက္ခဏာသည် ခရစ်တော် ဖြစ်သောကြောင့်— ဘုရားသခင်၏ သားဖြစ်သောကြောင့် ဖြစ်သည်။ ပေါလုသည် မည်သို့ ယေရှုနှင့် တူညီနိုင်ပါမည်နည်း။ အကယ်၍ လူတို့သည် ဓမ္မသစ်ကျမ်းမှ သြဝါဒစာများ သို့မဟုတ် ပေါလု၏ စကားများကဲ့သို့သော စကားများကို သန့်ရှင်းသောဝိညာဉ်တော်၏ ပြောကြားချက်များအဖြစ် မြင်ကြပြီး ၎င်းတို့ကို ဘုရားကဲ့သို့ ကိုးကွယ်မည်ဆိုလျှင် လူတို့သည် အလွန်အမင်း မဆင်မခြင်ပြုမူနေခြင်း ဖြစ်သည်ဟုသာ ဆိုနိုင်ပေသည်။ သာ၍ ခပ်ကြမ်းကြမ်း ပြောရမည်ဆိုလျှင် ဤသည်မှာ ဘုရားသခင်ကို ပြစ်မှားစော်ကားနေကြခြင်းပင် ဖြစ်သည်မဟုတ်လော။ လူတစ်ယောက်က ဘုရားသခင်ကိုယ်စား မည်သို့ ပြောဆိုနိုင်ပါမည်နည်း။ ထို့အပြင် လူတို့သည် ပေါလု၏ သြဝါဒစာများနှင့် သူပြောသော စကားများနှင့်ဆိုင်သော မှတ်တမ်းကို သန့်ရှင်းသော ကျမ်းစာ သို့မဟုတ် ကောင်းကင်ဘုံမှလာသော ကျမ်းစာဖြစ်သည့်အလား သတ်မှတ်ကာ ၎င်းတို့ရှေ့၌ မည်သို့ ပျပ်ဝပ်နိုင်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူတစ်ယောက်က သာမန်ကာလျှံကာ ပြောနိုင်ပါမည်လော။ လူတစ်ယောက်က ဘုရားသခင်ကိုယ်စား မည်သို့ ပြောဆိုနိုင်ပါမည်နည်း။ သို့ဖြစ်၍ သင်ဘာပြောမည်နည်း၊ အသင်းတော်များအတွက် ပေါလုရေးခဲ့သော သြဝါဒစာများသည် ၎င်း၏ ကိုယ်ပိုင်အတွေးအခေါ်များနှင့် မစွန်းထင်းဘဲ ရှိနေနိုင်မည်လော။ ၎င်းတို့သည် မည်သို့ လူ၏အတွေးအခေါ်များဖြင့် စွန်းထင်းမနေဘဲ ရှိနေနိုင်မည်နည်း။ ပေါလုသည် သူ၏ ပုဂ္ဂိုလ်ရေး အတွေ့အကြုံများနှင့် သူ၏ ကိုယ်ပိုင် အသိပညာပေါ်အခြေခံပြီး အသင်းတော်များအတွက် သြဝါဒစာများကို ရေးခဲ့သည်။ ဥပမာ— ပေါလုက ဂလာတိ အသင်းတော်အတွက်ရေးသော သြဝါဒစာသည် အာဘော်တစ်မျိုး ဖြစ်ပြီး၊ ပေတရု ရေးလိုက်သည့် နောက်စာတစ်ခုသည် နောက်အာဘော်တစ်မျိုး ဖြစ်သည်။ ၎င်းတို့အထဲမှ မည်သည့်စာသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဖြစ်သနည်း။ မည်သူမျှ သေချာပေါက် မပြောနိုင်ပါ။ သို့ဖြစ်၍၊ သူတို့ နှစ်ဦးစလုံးသည် အသင်းတော်များအတွက် ဝန်ကို ထမ်းရွက်ခဲ့ကြသည်၊ သို့သော် သူတို့၏ ပေးစာများမှာမူ သူတို့၏ ဝိညာဉ်အသက်တာကို ကိုယ်စားပြုသည်၊ ထိုစာများသည် ညီအစ်ကိုမောင်နှမများအတွက် သူတို့၏ ပံ့ပိုးကူညီမှုကို လည်းကောင်း၊ အသင်းတော်များအတွက် သူတို့ ထမ်းခဲ့သော ဝန်ကိုလည်းကောင်း ကိုယ်စားပြုပေသည်။ ထိုစာများသည် လူ၏ အလုပ်ကိုသာ ဖော်ပြပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် လုံးဝ မဟုတ်ဟုသာ ပြောနိုင်ပါသည်။ သူ၏ သြဝါဒစာများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များဖြစ်သည်ဟု သင်ပြောမည်ဆိုလျှင် သင်သည် အဓိပ္ပာယ်မဲ့သောသူဖြစ်ပြီး ဘုရားသခင်ကို သင်ပြစ်မှားစော်ကားလိုက်ခြင်းဖြစ်သည်။ ပေါလု၏ သြဝါဒစာများနှင့် ဓမ္မသစ်ကျမ်းထဲက အခြားသော သြဝါဒစာများသည် မျက်မှောက်ခေတ် ဘာသာရေးကဏ္ဍမှ နာမည်ကြီး ပုဂ္ဂိုလ်များ၏ ကိုယ်တွေ့ မှတ်တမ်းများနှင့် တူသည်။ ထိုအရာများသည် စောင့်ကြည့်သူ နီး၏ စာအုပ်များ သို့မဟုတ် လောရင့်စ်၏ အတွေ့အကြုံများ စသည်တို့နှင့် တန်းတူကြသည်။ ရိုးရိုးလေး ပြောရလျှင် မျက်မှောက်ခေတ် ဘာသာရေးကဏ္ဍမှ နာမည်ကြီး ပုဂ္ဂိုလ်များ၏ စာအုပ်များကို ဓမ္မသစ်ကျမ်းထဲကို ထည့်မပေးထားသော်လည်း ထိုပုဂ္ဂိုလ်များ၏ အနှစ်သာရမှာ အတူတူပင် ဖြစ်သည်။ ထိုသူတို့အားလုံးသည် အချိန်ကာလတစ်ခုအတွင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်က အသုံးပြုခဲ့သည့် ပုဂ္ဂိုလ်များ ဖြစ်ကြပြီး သူတို့သည် ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားမပြုနိုင်ခဲ့ကြပါ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၃)

အရှေ့သို့- သမ္မာကျမ်းစာသည် ဘုရားသခင်၏အမှုတော်ကို သက်သေခံချက်ဖြစ်၏၊ သခင့်ကို ယုံကြည်သူများသည် ဘုရားသခင်က ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့ကို ဘုရားသခင် ဖန်ဆင်းခဲ့သည်ကို သတိပြုလာကြပြီး ဘုရားသခင်၏ အံ့ဖွယ် လုပ်ဆောင်ချက်များ၊ သူ၏ ကြီးမြတ်မှုနှင့် အနန္တတန်ခိုရှိခြင်းတို့ကို မြင်နိုင်ကြသည်မှာ သမ္မာကျမ်းစာ ဖတ်ရှုခြင်းမှတဆင့်သာ ဖြစ်သည်။ သမ္မာကျမ်းစာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာအပြင် လူသား၏ အတွေ့အကြုံ သက်သေခံချက်များလည်း ပါရှိပါသည်၊ ၎င်းတို့က လူတို့၏ အသက်တာများအတွက် အာဟာရအပြင် ကြီးမားသည့် စိတ်ဓာတ်မြှင့်တင်ခြင်းကိုလည်း ပေးနိုင်သည်၊ ထို့ကြောင့် ကျွန်ုပ် ရှာဖွေချင်သည့်အရာမှာ၊ သမ္မာကျမ်းစာကို ဖတ်ခြင်းမှတဆင့် ထာဝရအသက်ကို ကျွန်ုပ်တို့ အမှန်တကယ် ရရှိနိုင်ပါသလား။ သမ္မာကျမ်းစာထဲတွင် ထာဝရအသက်လမ်း မရှိသည်မှာ ဖြစ်နိုင်ပါသလား။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

သမ္မာကျမ်းစာသည် ဘုရားသခင်၏အမှုတော်ကို သက်သေခံချက်ဖြစ်၏၊ သခင့်ကို ယုံကြည်သူများသည် ဘုရားသခင်က ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့ကို ဘုရားသခင် ဖန်ဆင်းခဲ့သည်ကို သတိပြုလာကြပြီး ဘုရားသခင်၏ အံ့ဖွယ် လုပ်ဆောင်ချက်များ၊ သူ၏ ကြီးမြတ်မှုနှင့် အနန္တတန်ခိုရှိခြင်းတို့ကို မြင်နိုင်ကြသည်မှာ သမ္မာကျမ်းစာ ဖတ်ရှုခြင်းမှတဆင့်သာ ဖြစ်သည်။ သမ္မာကျမ်းစာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာအပြင် လူသား၏ အတွေ့အကြုံ သက်သေခံချက်များလည်း ပါရှိပါသည်၊ ၎င်းတို့က လူတို့၏ အသက်တာများအတွက် အာဟာရအပြင် ကြီးမားသည့် စိတ်ဓာတ်မြှင့်တင်ခြင်းကိုလည်း ပေးနိုင်သည်၊ ထို့ကြောင့် ကျွန်ုပ် ရှာဖွေချင်သည့်အရာမှာ၊ သမ္မာကျမ်းစာကို ဖတ်ခြင်းမှတဆင့် ထာဝရအသက်ကို ကျွန်ုပ်တို့ အမှန်တကယ် ရရှိနိုင်ပါသလား။ သမ္မာကျမ်းစာထဲတွင် ထာဝရအသက်လမ်း မရှိသည်မှာ ဖြစ်နိုင်ပါသလား။

အဖြေ- သမ္မာကျမ်းစာကြောင့်သာ အရာအားလုံး၏ ဖန်ဆင်းရှင်က ဘုရားသခင်ဖြစ်ကြောင်းကို ကျွန်တော်တို့ နားလည်ရပါသည်။ ကိုယ်တော့်၏ အံ့သြဖွယ်ရာ...

ပြီးခဲ့သည့် အနှစ်နှစ်ထောင်ကြာ လူသား၏ သခင့်အပေါ် ယုံကြည်မှုသည် ကျမ်းစာပေါ် အခြေပြုခဲ့ပြီး၊ သခင်ယေရှု၏ ကြွလာခြင်းက ဓမ္မဟောင်းကျမ်းကို ငြင်းဆိုခြင်း မပြုခဲ့ပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်က သူ၏ နောက်ဆုံးသော ကာလ အမှုတော်ကို လုပ်ဆောင်ပြီးသည့်နောက်တွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံကြသူတိုင်းသည် သူ၏ နှုတ်ကပတ်တော်များ ဖတ်ရှုခြင်းကို အာရုံစိုက်ကြလိမ့်မည်ဖြစ်ပြီး သမ္မာကျမ်းစာကို ဖတ်ခဲကြလိမ့်မည်။ ကျွန်ုပ် ရှာဖွေချင်သည့်အရာမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံပြီးသည့်နောက်တွင်၊ လူတစ်ဦး၌ ရှိသင့်သည့် သမ္မာကျမ်းစာကို မှန်ကန်သည့် ချဉ်းကပ်မှု အတိအကျမှာ အဘယ်နည်း၊ ပြီးလျှင် ယင်းကို မည်သို့ အသုံးပြုသင့်သနည်း။ ယုံကြည်ခြင်း လမ်းကြောင်းပေါ် လျှောက်လှမ်းပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိဖို့ရန်အလို့ငှာ လူတစ်ဦးသည် ဘုရားသခင်၌ သူ၏ ယုံကြည်ခြင်းကို မည်သည့်အရာအပေါ် အခြေပြုသင့်သနည်း။

အဖြေ- သမ္မာကျမ်းစာသည် ဘုရားသခင့်အမှုတော် အဆင့်နှစ်ဆင့်၏ စစ်မှန်သော မှတ်တမ်းတစ်ခုဖြစ်သည်။ တနည်းအားဖြင့်ဆိုရသော်၊ ယင်းသည် ကောင်းကင်၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။