ကောင်းမှုများ ဆိုသည်မှာ အဘယ်အရာဖြစ်ပြီး ကောင်းမှုပြုလုပ်ခြင်းများကို မည်သို့ ပြသနည်း

12.03.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ငါ၏နောက်ဆုံးအလုပ်သည် လူသားကို အပြစ်ပေးရန်အတွက်သာ မဟုတ်ဘဲ၊ လူသား၏ ပန်းတိုင်ကို စီစဉ်ရန် အတွက်လည်းဖြစ်၏။ ထိုထက်မက ယင်းသည် ငါ၏ ပြုမူလုပ်ဆောင်ချက်များကို လူအားလုံး အသိအမှတ်ပြုရန်အလို့ငှာ ဖြစ်သည်။ ငါပြုလုပ်ခဲ့သည့် အမှုအရာအားလုံးသည် မှန်ကန်ကြောင်းနှင့် ငါပြုလုပ်ခဲ့သည့် အမှုအရာ အားလုံးသည် ငါ၏ စိတ်သဘောထားကို ဖော်ပြခြင်းဖြစ်ကြောင်း လူခပ်သိမ်းတို့အား ငါသိစေလို၏။ လူသားမျိုးနွယ်ကို မွေးဖွားခဲ့သည့်အရာသည် လူသား၏လုပ်ဆောင်ချက် မဟုတ်၊ သဘာဝကြောင့် သာ၍ပင်မဟုတ်ဘဲ ဖန်ဆင်းခြင်းတွင် သက်ရှိအရာတိုင်းကို အာဟာရပေးသည်မှာ ငါ ဖြစ်သည်။ ငါမရှိလျှင် လူသားမျိုးနွယ်သည် ပျက်စီးခြင်းသို့သာ ရောက်ပြီး ကပ်ဘေးများစွာ၏ဒုက္ခကို ခံစားရလိမ့်မည်။ လှပသည့်နေနှင့်လ သို့မဟုတ် စိမ်းလန်းစိုပြေသည့် ကမ္ဘာမြေကို မည်သည့်လူသားမျှ နောက်ထပ် မြင်တွေ့ရလိမ့်မည် မဟုတ်ပေ။ လူသားမျိုးနွယ်သည် အလွန်အေးစက်သော ညများနှင့် ရှောင်လွှဲမရသည့် သေမင်း၏အရိပ်လွှမ်းမိုးသော ချိုင့်ဝှမ်းနှင့်သာ ကြုံတွေ့ရလိမ့်မည်။ ငါသာလျှင် လူသားမျိုးနွယ်၏ တစ်ခုတည်းသော ကယ်တင်ရာဖြစ်၏။ ငါသာလျှင် လူသားမျိုးနွယ်၏ တစ်ခုတည်းသော မျှော်လင့်ရာ ဖြစ်သည်သာမက၊ ငါသည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ တည်ရှိခြင်းအတွက် တည်မှီရာဖြစ်သည်။ ငါမရှိလျှင် လူသားမျိုးနွယ်သည် ချက်ချင်း လုံးဝဥဿုံရပ်တန့်သွားမည်။ ငါ့ကို မည်သူမျှ အလေးမစိုက်သော်လည်း၊ ငါမရှိလျှင် လူသားမျိုးနွယ်သည် ရုတ်တရက် ဖြစ်ပွားသည့် ကပ်ဘေးဒဏ်ခံရပြီး တစ္ဆေအမျိုးမျိုးတို့၏ ဖဝါးအောက် နင်းချေခြင်းခံရလိမ့်မည်။ အခြားမည်သူမျှ မပြုနိုင်သည့်အမှုကို ငါပြုခဲ့ပြီဖြစ်ပြီး လူသားသည် ငါ့ကို အချို့သော ကောင်းမှုများဖြင့် ကျေးဇူးပြန်ဆပ်ရန်သာ ငါမျှော်လင့်သည်။ ငါ့ကို ကျေးဇူးဆပ်နိုင်သူတို့မှာ အလွန်နည်းပါးသော်လည်း၊ ငါသည် ဤလူ့လောကတွင် ငါ၏ခရီးကို အဆုံးသတ်ပြီး ငါ၏ဖွင့်လှစ်ပြခြင်းအမှု၏ နောက်တစ်ဆင့်ကို စတင်ဦးမည် ဖြစ်သည်၊ အကြောင်းမူကား ဤနှစ်ပေါင်းများစွာ လူသားအကြား ငါ၏ခေါက်တုံ့ခေါက်ပြန် အပူတပြင်း လုပ်ဆောင်မှုသည် အကျိုးဖြစ်ထွန်းပြီးဖြစ်၍ ငါသည် အလွန်ကျေနပ်၏။ ငါအရေးစိုက်သည်မှာ လူအရေအတွက် မဟုတ်ဘဲ၊ သူတို့၏ ကောင်းမှုများသာ ဖြစ်၏။ မည်သို့ပင်ဖြစ်စေကာမူ သင်တို့ကိုယ်တိုင်၏ ပန်းတိုင်အတွက် ကောင်းမှုများအလုံအလောက် သင်တို့ပြင်ဆင်မည်ဟု ငါမျှော်လင့်၏။ ထိုအခါ ငါကျေနပ်လိမ့်မည်။ သို့မဟုတ်ပါက သင်တို့ အပေါ်ကျရောက်လာမည့် ဘေးအန္တရာယ်ကို သင်တို့တစ်ဦးမျှ ရှောင်နိုင်မည် မဟုတ်။ ဤဘေးဒုက္ခသည် ငါ့ထံမှစတင်၍ ငါစီစဉ်ညွှန်ကြားခြင်း ဖြစ်သည်မှာ မှန်ပေသည်။ ငါ၏အမြင်၌ သင်တို့သည် ကောင်းမွန်ပုံ မပေါက်လျှင် သင်တို့သည် ဘေးဒုက္ခခံစားရခြင်းမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။ သင်တို့၏ယုံကြည်ခြင်းနှင့် ချစ်ခြင်းတို့သည် အနှစ်သာရ မရှိဖြစ်ခဲ့ကြပြီး သင်တို့သည် တွန့်ဆုတ်တတ်သူများ သို့မဟုတ် ခက်ထန်သောသူများ အဖြစ်သာ မိမိကိုယ်ကိုယ် ပြသခဲ့ကြသောကြောင့်၊ ကြီးစွာသော ဆင်းရဲဒုက္ခအကြားတွင် သင်တို့၏ ပြုမူလုပ်ဆောင်ချက်များသည် လုံးလုံးလျားလျား သင့်လျော်သည်ဟု ယူဆခြင်း မခံခဲ့ရပေ။ ဤအရာနှင့်ပတ်သက်၍ ကောင်း၏၊ ဆိုး၏ကိုသာ တရားစီရင်မှုတစ်ခု ငါပြုမည်။ သင်တို့တစ်ဦးစီ ပြုမူပုံနှင့် မိမိကိုယ်ကိုယ် ဖော်ပြပုံသာ ငါ၏အမှုထားစရာကိစ္စ ဖြစ်မြဲဖြစ်နေပြီး ၎င်းတို့အပေါ်အခြေခံ၍ သင်တို့၏နိဂုံးကို ငါဆုံးဖြတ်အံ့။ သို့ရာတွင် ဆင်းရဲဒုက္ခကြီးစွာ ခံစားရချိန်များတွင် ငါ့အပေါ် စိုးစဉ်းမျှ သစ္စာစောင့်သိမှု မပြသခဲ့သူများအား ငါသည် နောက်ထပ် သနားကြင်နာတော့မည် မဟုတ်ဘဲ ငါ၏ကရုဏာသည် အကန့်အသတ်ရှိကြောင်းကို ငါရှင်းလင်းစေရမည်။ ထို့ပြင် တစ်ချိန်က ငါ့ကို သစ္စာဖောက်ခဲ့သူ မည်သူ့ကိုမျှ ငါနှစ်သက်ခြင်းမရှိ၊ ၎င်းတို့၏မိတ်ဆွေများ၏ အကျိုးအပေါ် သစ္စာဖောက်သူများနှင့် ငါသည် သာ၍ပင် ပတ်သက်ဆက်နွှယ်လိုခြင်း မရှိ။ ထိုသူသည် မည်သူပင်ဖြစ်စေ ဤသည်မှာ ငါ၏စိတ်သဘောထား ဖြစ်သည်။ ငါ၏နှလုံးကို ကြေကွဲစေသူ မည်သူမဆို ငါ့ထံမှ ဒုတိယအကြိမ် သက်ညှာမှု ရလိမ့်မည် မဟုတ်ကြောင်းနှင့် ငါ့အပေါ်သစ္စာရှိနေခဲ့သောသူ မည်သူမဆို ငါ၏နှလုံးသားတွင် ထာဝရ တည်ရှိနေမည် ဖြစ်ကြောင်း သင်တို့ကို ငါပြောကြားရမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့

လူတစ်ဦး၏အကျင့်များကို ကောင်းသည် ဆိုးသည်ဟူ၍ အကဲဖြတ်သော စံနှုန်းမှာအဘယ်နည်း။ ၎င်းမှာ သင်သည် သင်၏အတွေးများ၊ ဖော်ပြချက်များနှင့် အပြုအမူများ၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သမ္မာတရား စစ်မှန်မှုအတိုင်း အသက်ရှင်နေထိုင်ခြင်းအကြောင်း သက်သေခံချက် ရှိမရှိအပေါ် မူတည်၏။ အကယ်၍ သင်၌ ဤစစ်မှန်မှု မရှိပါက၊ သို့မဟုတ် ဤအရာအတိုင်း အသက်ရှင်နေထိုင်ခြင်းမရှိပါက၊ သင်သည် အဓမ္မပြုသူတစ်ဦးဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ဘုရားသခင်က ဒုစရိုက်ပြုသူများကို အဘယ်သို့ မြင်သနည်း။ သင့်အတွေးများနှင့် အပြင်ပန်းအပြုအမူများက ဘုရားသခင်အတွက် သက်သေမခံသကဲ့သို့ ယင်းတို့က စာတန်အား အရှက်ကွဲစေခြင်း သို့မဟုတ် စာတန်အား အနိုင်ယူခြင်းလည်း မပြုချေ၊ ထို့အစား ဘုရားသခင်ကို သူတို့ အရှက်ရစေပြီး၊ ဘုရားသခင်ကို အရှက်ရစေသည့် လက္ခဏာများနှင့် ပွထနေသည်။ သင်သည် ဘုရားသခင်အတွက် သက်သေခံနေခြင်း မရှိ၊ ဘုရားသခင်အဘို့ မိမိကိုယ်ကို အသုံးခံနေခြင်း မရှိသကဲ့သို့ ဘုရားသခင်အတွက် သင်၏ တာဝန်နှင့် ဝတ္တရားတို့ကို ဖြည့်ဆည်းနေခြင်းလည်း မရှိပါပေ၊ ထို့အစား သင့်ကိုယ်ပိုင်အကျိုးအတွက် သင်ပြုမူနေသည်။ “သင့်ကိုယ်ပိုင်အကျိုးအတွက်” ဟူသည့် ညွှန်းဆိုချက်မှာ အဘယ်နည်း။ စာတန်အတွက်ကို ဆိုလိုသည်။ ထို့ကြောင့် နောက်ဆုံးတွင် ဘုရားသခင်က “အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြ” ဟု ဆိုလိမ့်မည်။ ဘုရားသခင်၏ အမြင်တွင် ကောင်းမှုများကို သင် မပြုလုပ်သေးဘဲ၊ တကယ်တမ်းတွင် သင့်အမူအကျင့်မှာ ဆိုးယုတ်မှုသို့ ပြောင်းသွားပြီဖြစ်သည်။ ဘုရားသခင်၏ လက်ခံနိုင်ဖွယ်ဖြစ်ရမည့်အစား၊ သင်သည် စီရင်ခြင်းခံရလိမ့်မည်။ ဘုရားသခင်၌ ထိုသို့သော ယုံကြည်မှု ရှိသည့်သူတစ်ဦးသည် အဘယ်အရာကို ရရှိဖို့ ကြိုးစားသနည်း။ ထိုသို့သော ယုံကြည်မှုသည် အဆုံး၌ အချည်းနှီးဖြစ်မည် မဟုတ်လော။ မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းနေသည့်သူများ အားလုံးအတွက်မူ၊ သမ္မာတရားကို ၎င်းတို့၏နားလည်ခြင်းသည် မည်မျှ နက်နဲပါစေ၊ သို့မဟုတ် မည်မျှပေါ့တန်ပါစေ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ဖို့ အရိုးရှင်းဆုံး လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းမှာ သင်တို့ အရာအားလုံး၌ ဘုရားသခင့် အိမ်တော်၏ အကျိုးစီးပွားများကို တွေးဖို့ရန်နှင့် တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများ၊ တစ်ဦးချင်းစီ၏ရည်ရွယ်ချက်များ၊ ကြံရွယ်ချက်များ၊ ဂုဏ်သတင်းနှင့် ဂုဏ်အဆင့်အတန်းတို့ကို လက်လွှတ်ဖို့ ဖြစ်သည်။ ဘုရားသခင့် အိမ်တော်၏ အကျိုးစီးပွားများကို ဦးစားပေးလော့- ဤသည်မှာ သင် အနည်းဆုံး လုပ်ဆောင်သင့်သည့် အရာဖြစ်၏။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်” မှ

ငါ ဆန္ဒရှိသည်မှာ ယခု သင်၏သစ္စာစောင့်သိမှုနှင့် နာခံမှု၊ ယခု သင်၏ ချစ်ခြင်းမေတ္တာနှင့် သက်သေခံချက်တို့ ဖြစ်သည်။ သင်သည် ဤအခိုက်အတန့်တွင် မည်သည့် သက်သေခံချက် ဖြစ်သည် သို့မဟုတ် မည်သည့် ချစ်ခြင်းမေတ္တာ ဖြစ်သည်ကို မသိလျှင်ပင်၊ ငါ့ထံ သင်၏ အရာအားလုံးကို ယူဆောင်လာသင့်ပြီး၊ သင်၌ တစ်ခုတည်းသော ရတနာများ- သင်၏ သစ္စာစောင့်သိမှုနှင့် နာခံခြင်း- ကို ငါ့ထံ လွှဲအပ်သင့်ပေသည်။ လူသားကို ငါ၏ လုံးဝ သိမ်းပိုက်ခြင်း သက်သေခံချက်ကဲ့သို့၊ စာတန်ကို ငါ၏ အောင်နိုင်ခြင်းနှင့်ဆိုင်သော သက်သေခံချက်သည် လူသား၏ သစ္စာစောင့်သိမှုနှင့် နာခံမှုအတွင်းတွင် တည်ရှိသည်ကို သင် သိသင့်သည်။ ငါ၌ သင့်ယုံကြည်ခြင်းနှင့်ဆိုင်သော တာဝန်မှာ ငါ့အဖို့ သက်သေခံရန်၊ ငါ့ကို သစ္စာစောင့်သိရန်နှင့် အခြားမည်သူ့ကိုမျှ သစ္စာမစောင့်သိရန်၊ ပြီးလျှင် အဆုံးတိုင်အောင် နာခံရန် ဖြစ်သည်။ ငါ့အမှု၏ နောက်တစ်ဆင့်ကို ငါ မစတင်မီ၊ သင်သည် ငါ့အဖို့ မည်သို့ သက်သေခံလိမ့်မည်နည်း။ ငါ့ကို သင် မည်သို့သစ္စာရှိကာ နာခံမည်နည်း။ သင်၏သစ္စာစောင့်သိမှုအားလုံးကို သင်၏ အလုပ်တာဝန်အဖို့ သင် ဆက်ကပ်ပါသလော သို့မဟုတ် တကယ်ကို လက်လျှော့လိမ့်မည်လော။ ယင်းထက် သင်သည် (သေသည်ဖြစ်စေ၊ ပျက်စီးခြင်း ဖြစ်စေ) ငါ၏စီမံခန့်ခွဲမှုတိုင်းကို ကျိုးနွံနာခံမည်လော သို့မဟုတ် ငါ၏ ပြစ်တင်ဆုံးမမှုကို ရှောင်ရှားရန် လမ်းတစ်ဝက်တွင် ထွက်ပြေးလိမ့်မည်လော။ သင်သည် ငါ့အဖို့ သက်သေခံရန်နှင့် ငါ့ကို သစ္စာစောင့်သိကာ နာခံရန်အလို့ငှာ သင့်ကိုငါ ပြစ်တင်ဆုံးမပေသည်။ ထို့အပြင် လက်ရှိ ပြစ်တင်ဆုံးမခြင်းသည် ငါ၏အမှု၏ နောက်အဆင့်ကို ဖွင့်ပြရန်နှင့် အမှုကို ပိတ်ဆီးထားခြင်း မရှိဘဲ တိုးတက်စေရန် ဖြစ်သည်။ ထို့ကြောင့် သင်သည် အမြော်အမြင် ရှိရန်နှင့် သင်၏ ဘဝဖြစ်စေ၊ သင်၏ တည်ရှိခြင်းနှင့်ဆိုင်သည့် အရေးပါမှုကို ဖြစ်စေ တန်ဖိုးမဲ့သည့် သဲကဲ့သို့ သဘောမထားရန် ငါတိုက်တွန်း၏။ ငါ၏လာမည့်အမှုသည် မည်သည့်အရာ ဖြစ်လိမ့်မည်ကို သင် အတိအကျသိနိုင်ပါသလော။ လာမည့် နေ့ရက်များတွင် ငါ မည်သည့်အရာပြုမည်ဆိုသည်နှင့် ငါ၏အမှု မည်သို့ ဖွင့်ဟမည်ကို သင်သိပါသလော။ သင်သည် ငါ၏အမှုနှင့်ဆိုင်သည့် သင့်အတွေ့အကြုံ၏ အရေးပါမှုအပြင်၊ ငါ၌ သင်၏ ယုံကြည်ခြင်း အရေးပါမှုကို သိသင့်သည်။ ငါသည် များစွာ လုပ်ဆောင်ပြီး ဖြစ်သည်။ သင်စိတ်ကူးသည့်အတိုင်း ငါသည် လမ်းတစ်ဝက်တွင် အဘယ်သို့ လက်လျှော့နိုင်မည်နည်း။ ငါသည် ထိုသို့သော ကြီးကျယ်သည့် အမှုကို ပြုပြီးဖြစ်သည်။ ယင်းကို မည်သို့ ငါ ဖျက်ဆီးပစ်နိုင်မည်နည်း။ အကယ်စင်စစ် ငါသည် ဤခေတ်ကို အဆုံးသတ်ရန် ကြွလာပြီးဖြစ်သည်။ ဤသည်မှာ အမှန်ဖြစ်သော်လည်း၊ ငါသည် ခေတ်သစ်ကို စတင်ရန်၊ အမှုအသစ်ကို စတင်ရန်နှင့်၊ အဓိကကျဆုံးအနေဖြင့် နိုင်ငံတော်၏ ဧဝံဂေလိတရား ဖြန့်ဝေရန် ရှိသည်ကို သင်သိရမည်။ သို့ဖြစ်၍ လက်ရှိအမှုသည် ခေတ်တစ်ခေတ် စတင်ရန် ဖြစ်ပြီး၊ လာမည့်အချိန်ကာလ၌ ဧဝံဂေလိတရား ဖြန့်ဝေခြင်းနှင့် အနာဂတ်တွင် ခေတ်ကို အဆုံးသတ်သို့ ဆောင်ကြဉ်းခြင်းအတွက် အခြေခံအုတ်မြစ်ချရန်သာ ဖြစ်သည်ကို သင်သိသင့်သည်။ ငါ၏ အမှုသည် သင်တွေးထင်သလောက် မလွယ်ကူသကဲ့သို့၊ သင်ယုံကြည်သလောက် အသုံးမကျ သို့မဟုတ် အဓိပ္ပာယ်မဲ့သည်လည်း မဟုတ်ပေ။ ထို့ကြောင့် သင့်ကို ငါပြောရဦးမည်- ငါ၏အမှုအဖို့ သင်၏အသက်ကို ပေးသင့်သည်၊ ထို့အပြင် ငါ၏ ဘုန်းအသရေအဖို့ သင့်ကိုယ်သင် ဆက်ကပ်သင့်သည်။ ငါ့အဖို့ သက်သေခံရန် သင့်ကို ငါ တမ်းတခဲ့သည်မှာ ကြာပြီဖြစ်ပြီး ငါ၏ဧဝံဂေလိတရားကို ဖြန့်ရန် သင့်ကို ငါ တမ်းတခဲ့သည်မှာ သာ၍ ကြာမြင့်ပြီ ဖြစ်သည်။ ငါ၏ စိတ်နှလုံး၌ ရှိသည့်အရာကို သင် နားလည်သင့်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း

သင်တို့သည် ပွင့်လင်းပြီး ရိုးသားသော စိတ်နှလုံးများဖြင့် သင်တို့၏တာဝန်ကို အစွမ်းကုန် အသီးသီး လုပ်ဆောင်သင့်ပြီး၊ လိုအပ်သည့် မည်သည့်အဖိုးအခကိုမဆို ပေးရန် လိုလားလျက် ရှိနေသင့်ပေသည်။ သင်တို့ ပြောကြပြီးသည့်အတိုင်း၊ နေ့ရက်အချိန် ကျရောက်လာသည့်အခါ၊ ဘုရားသခင်သည် သူ့အတွက် ဆင်းရဲဒုက္ခခံခဲ့သူ သို့မဟုတ် အဖိုးအခတစ်ခု ပေးဆပ်ခဲ့သူ မည်သူမဆိုအပေါ် တာဝန်ပေါ့လျော့မည် မဟုတ်ပေ။ ဤသို့သော ခံယူချက်မျိုးသည် ထိန်းသိမ်းထားထိုက်သကဲ့သို့၊ ယင်းကို သင်တို့ မည်သည့်အခါမျှ မမေ့သင့်သည်မှာ မှန်ပေသည်။ ဤနည်းဖြင့်သာ ငါသည် သင်တို့နှင့်ပတ်သက်၍ ငါ၏ စိတ်ကို သက်သာစေနိုင်ပေသည်။ သို့မဟုတ်ပါက၊ သင်တို့သည် ငါ၏ စိတ်ကို သက်သာစေနိုင်မည် မဟုတ်သည့် လူများ ထာဝရ ဖြစ်ကြလိမ့်မည်ဖြစ်ပြီး၊ သင်တို့သည် ငါ၏ စက်ဆုပ်ခြင်းကို ခံကြရသူများ ထာဝရ ဖြစ်ကြလိမ့်မည်။ သင်တို့ အားလုံးသည် ငါ၏အမှုအတွက် မည်သည့်အားထုတ်မှုမျှ မချန်ဘဲလျက်၊ ပြီးလျှင် ငါ၏ ဧဝံဂေလိအမှုအဖို့ တစ်သက်တာ အားအင်ကို ဆက်ကပ်ရင်း၊ သင်တို့၏ အသိစိတ်ကို လိုက်နာနိုင်ပြီး ငါ့အတွက် သင်တို့၏ အရာအားလုံးကို ပေးနိုင်ပါက၊ ငါ၏စိတ်နှလုံးသည် သင်တို့အတွက်ကြောင့် ဝမ်းမြောက်မှုဖြင့် မကြာခဏ ခုန်ပေါက် လိမ့်မည် မဟုတ်လော။ ဤနည်းဖြင့်၊ ငါသည် သင်တို့နှင့်စပ်လျဉ်း၍ ငါ၏ စိတ်ကို လုံးလုံးလျားလျား သက်သာစေနိုင်မည်၊ မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရီးပန်းတိုင်နှင့်ပတ်သက်၍

ဘုရားသခင်ကို ယုံကြည်သည့် လူအများစုသည် သူ့အတွက် မိမိတို့ကိုယ်ကို အသုံခံဖို့နှင့် ဆည်းကပ်ဖို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြ၏။ သို့သော်၊ စစ်မှန်သော ဆည်းကပ်မှုနှင့် စွန့်လွှတ်မှုတို့ကို လုပ်နိုင်စွမ်းသောသူတို့သာလျှင် စစ်မှန်သော လက်တွေ့အရှိတရားကို ပိုင်ဆိုင်ကြ၏။ လူအများစုသည် သမ္မာတရားကို ပျော်ရွှင်စွာ လိုက်စားကြသော်လည်း၊ အတော်နည်းပါးသော သူတို့သာ ယင်းကို လက်တွေ့လုပ်ဆောင်နိုင်ကြ၏၊ သို့မဟုတ် ယင်းကို ရရှိဖို့ အဖိုးအခတစ်ခုကို ပေးနိုင်ကြ၏။ အရေးပါလှသော အခိုက်အတန့် ရောက်လာပြီး သင့်ကို စတေးကာ စွန့်လွှတ်ခိုင်းသည့်အခါတွင်၊ သင်မခံနိုင်ပေ။ ဤသည်မှာ လက်ခံနိုင်ဖွယ်မရှိသကဲ့သို့ သင်သည် ဘုရားသခင်အပေါ် မစစ်မှန်သည်ကို ပြသပေသည်။ အခိုက်အတန့်တစ်ခုသည် အရေးပါလေလေ၊ လူတို့သည် ကျိုးနွံနာခံနိုင်လေလေ ဖြစ်ပြီး၊ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးများ၊ ဘဝင်မြင့်ခြင်း၊ မာနတို့ကို လက်လွှတ်နိုင်လေလေ ဖြစ်ကာ ၎င်းတို့၏ တာဝန်များကို သင့်တင့်လျောက်ပတ်စွာ ဆောင်ရွက်နိုင်လေလေ ဖြစ်ပါက၊ ထိုအခါတွင်မှသာ ၎င်းတို့ကို ဘုရားသခင် အမှတ်ရမည် ဖြစ်သည်။ ထိုအရာအားလုံးသည် ကောင်းမွန်သော လုပ်ဆောင်ချက်များ ဖြစ်ကြပေသည်။ လူတို့ မည်သည့်အရာကို လုပ်ဆောင်ကြသည်ဖြစ်စေ၊ မည်သည့်အရာသည် သာ၍ အရေးကြီးသနည်း- ၎င်းတို့၏ ဘဝင်မြင့်ခြင်းနှင့် မာနလော၊ သို့မဟုတ် ဘုရားသခင်၏ ဘုန်းအသရေလော။ (ဘုရားသခင်၏ ဘုန်းအသရေဖြစ်ပါသည်။) မည်သည့်အရာသည် သာ၍ အရေးကြီးသနည်း- သင်၏ တာဝန်ဝတ္တရားများလော၊ သို့မဟုတ် သင်၏ ကိုယ်ပိုင်အကျိုးများလော။ သင်၏တာဝန်များကို ဖြည့်ဆည်းခြင်းသည် အရေးအကြီးဆုံးသောအရာ ဖြစ်ပြီး၊ သင်သည် ထိုအရာများအတွက် တာဝန်ရှိပေသည်။ ဤသည်မှာ ဆောင်ပုဒ်တစ်ခု မဟုတ်ပေ။ ယင်းသည် စိတ်ထဲတွင် သင်တွေးသည့်အရာဖြစ်ပြီး ထိုနည်းလမ်းဖြင့် သင်လက်တွေ့လုပ်ဆောင်ဖို့ ကြိုစားသည့်အရာဖြစ်ပါက၊ သင်သည် လက်တွေ့အရှိတရား အနည်းငယ်ထဲသို့ ဝင်ရောက်လိမ့်ဦးမည် မဟုတ်ပေ။ အနည်းဆုံးအနေဖြင့်၊ ယင်းမှာ သင်သည် လက်တွေ့အရှိတရားနှင့် သက်ဆိုင်သော သွင်ပြင်လက္ခဏာအချို့ကို ပိုင်ဆိုင်သည်ဟု ဆိုလိုပေသည်။ အချို့သော အရာများကို ရင်ဆိုင်ရသည့်အခါ၊ သင်၏ကိုယ်ပိုင် ဘက်လိုက်သော ခဏပန်းစိတ်ဆန္ဒများ၊ သင်၏ဘဝင်မြင့်ခြင်းနှင့် မာနတို့က သင်၏လမ်းကို တားဆီးလိမ့်မည် မဟုတ်သကဲ့သို့၊ သင်သည် သင် ကိုယ်တိုင်၏တာဝန်၊ ဘုရားသခင်၏ အလိုတော်၊ သူ့အတွက် သက်သေခံဖို့နှင့် သင်ကိုယ်တိုင်၏ဝတ္တရားများကို ပထမဦးစားပေး ရပေလိမ့်မည်။ ဤသည်မှာ အင်မတန် ကြီးမြတ်သည့် သက်သေခံခြင်း နည်းလမ်းတစ်ခုဖြစ်ပြီး ယင်းက စာတန်ကို အရှက်ရစေပေသည်။ ဤအရာအားလုံးကို မြင်ပြီးနောက်တွင် မည်သည့်အရာကို စာတန်စဉ်းစားသနည်း။ သင်သည် ဘုရားသခင်အဖို့ အမှန်တကယ် သက်သေခံပြီး စာတန်ကို ကျောခိုင်းရန် တကယ့်ဆောင်ရွက်ချက်များကို အသုံးပြုရင်း၊ ဤအရာကို အမှန်တကယ် လုပ်ဆောင်ပါက၊ ထို့ပြင် ဆောင်ပုဒ်များကို သံပြိုင်ကြွေးကြော်ခြင်းထက် သာ၍ သင်လုပ်ဆောင်နေပါက၊ စာတန်ကို အရှက်ရစေပြီး ဘုရားသခင်ကို သက်သေခံဖို့ သာ၍ကောင်းသောနည်းလမ်း မရှိပေ။ ဘုရားသခင်အတွက် သက်သေခံဖို့နှင့် စာတန်ကို စွန့်လွှတ်ကာ ငြင်းပယ်ဖို့ဟူသည့် သင်၏ စိတ်ဆုံးဖြတ်ချက်ကို စာတန်မြင်စေရန် အမျိုးမျိုးသော နည်းစနစ်များကို အသုံးပြုခြင်းသည် အံ့ဖွယ်ကောင်းလိုက်လေစွတကား။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“ဘုရားသခင်နှင့် သမ္မာတရားကို ရရှိခြင်းသည် ပျော်ရွှင်စရာအကောင်းဆုံးအရာဖြစ်၏” မှ

အသင်းတော်ခေါင်းဆောင်တစ်ဦးဖြစ်ဖို့ရာ၊ အကြင်သူသည် ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို အသုံးပြုရန် သင်ယူရုံသာမက၊ ပင်ကိုစွမ်းရည်ရှိသည့်လူများကိုလည်း ရှာဖွေပြီး ပျိုးထောင်ရမည်ဖြစ်သည်၊ ၎င်းတို့အား အကြင်သူသည် ဖိနှိပ်ခြင်း သို့မဟုတ် မနာလိုခြင်း လုံးလုံး မရှိရပေ။ တာဝန်ကို ထိုသို့ထမ်းဆောင်ခြင်းသည် စံနှုန်းနှင့်အညီဖြစ်သကဲ့သို့၊ ထိုသို့လုပ်ဆောင်သည့် ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များသည်လည်း စံနှုန်းနှင့်ညီပေသည်။ သင်သည် အရာအားလုံးကို အခြေခံသဘောတရားများအတိုင်း တိုး၍ ပြုမူဆောင်ရွက်နိုင်ပါက၊ သင်သည် သင်၏သစ္စာစောင့်သိခြင်းနှင့် လျော်ညီအောင်နေလိမ့်မည်။ အခြားသူများသည် မိမိတို့ထက် ပို၍ သာလွန်ပြီး ပို၍ မြင့်မားမည်ကိုလည်းကောင်း၊ မိမိတို့ကိုယ်၌က ပစ်ပယ်ခြင်းခံရစဉ်တွင် အခြားသူများက ရိုသေကြည်ညိုခြင်း ခံရမည်ကိုလည်းကောင်း အစဉ် စိုးရွံနေသည့်သူအချို့ ရှိကြသည်။ ဤအရာက သူတို့ကို အခြားသူများအား တိုက်ခိုက်ပြီး ဖယ်ကြဉ်စေသည်။ ဤသည်မှာ မိမိတို့ကိုယ်တိုင်ထက် တတ်စွမ်းနိုင်သူတို့ကို မနာလိုဝန်တိုခြင်း ကိစ္စရပ်တစ်ခု မဟုတ်လော။ ထိုသို့သော အပြုအမူက တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် ဖြစ်သည် မဟုတ်လော။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်ပါသနည်း။ ယင်းမှာ မလိုတမာစိတ် ဖြစ်၏။ မိမိအတွက်ကိုသာ စဉ်းစားခြင်း၊ မိမိ၏ကိုယ်ပိုင် စိတ်ဆန္ဒများကိုသာ ဖြည့်ဆည်းခြင်းနှင့် အခြားသူများ၏ တာဝန်ဝတ္တရားများအတွက် စာနာထောက်ထားမှု လုံးဝမပြဘဲ မိမိ၏ ကိုယ်ပိုင် အကျိုးများအကြောင်းကိုသာ စဉ်းစားပြီး ဘုရားအိမ်တော်၏ အကျိုးများကို မစဉ်းစားခြင်း- ဤသို့သော လူတို့သည် ဆိုးသော စိတ်သဘောထားတစ်ခု ပိုင်ဆိုင်ပြီး သူတို့အတွက် ဘုရားသခင်တွင် ချစ်ခြင်းမေတ္တာမရှိပါ။ ဘုရားသခင်၏ အလိုတော်ကို သင် အမှန်တကယ် အရေးထားနိုင်စွမ်းရှိပါက၊ အခြားလူတို့ကို မျှမျှတတ သင် ဆက်ဆံနိုင်လိမ့်မည်။ သင်သည် လူကောင်းတစ်ဦးကို ထောက်ခံအားပေးပြီး၊ ၎င်းအား အစွမ်းအစရှိဖို့ ပြုစုပျိုးထောင် ပေးကာ၊ ထိုသို့ဖြင့် ဘုရားသခင်၏အိမ်တော်၌ ပင်ကိုစွမ်းရည် ရှိသည့် နောက်ထပ်လူတစ်ဦး ရှိမည်ဆိုပါက၊ သင်၏အလုပ်သည် လုပ်ဆောင်ဖို့ သာ၍ လွယ်ကူလိမ့်မည် မဟုတ်လော။ သို့ဆိုလျှင် သင်သည် ဤတာဝန်၌ သင်၏ သစ္စာစောင့်သိခြင်းနှင့် လျော်ညီအောင်နေလိမ့်မည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင် ရှေ့မှောက်၌ ကောင်းမှုတစ်ခုဖြစ်သည်။ ယင်းသည် ခေါင်းဆောင်ဖြစ်သည့်သူတစ်ဦး ပိုင်ဆိုင်သင့်သည့် အနည်းဆုံး အသိစိတ်နှင့် ဆင်ခြင်တုံတရား ဖြစ်ပေသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သော သူများသည် အမှုအရာများကို လုပ်ဆောင်နေချိန်တွင် ဘုရားသခင်၏စိစစ်ခြင်းကို လက်ခံနိုင်ကြသည်။ သင်သည် ဘုရားသခင်၏စိစစ်ခြင်းကို လက်ခံသောအခါ၊ သင်၏စိတ်နှလုံးသည် အမြင်မှန်ရစေခြင်း ခံရသည်။ အကယ်၍ သင်သည် အခြားသူများ မြင်စေရန်အတွက်သာ လုပ်ဆောင်ပြီး ဘုရားသခင်၏စိစစ်ခြင်းကို လက်မခံပါက၊ သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင် ရှိသေးသလော။ ဤကဲ့သို့သောလူများမှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိကြချေ။ သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ကိုယ်ပိုင်အဆင့်အတန်း၊ သိက္ခာ၊ သို့မဟုတ် ဂုဏ်သတင်းကို မစဉ်းစားနှင့်။ လူ၏ အကျိုးစီးပွားများကိုလည်း ထည့်သွင်းမစဉ်းစားနှင့်။ သင်သည် ပထမဦးစွာ ဘုရားသခင်၏အိမ်တော်၏အကျိုးများကို စဉ်းစားရမည်ဖြစ်ပြီး ယင်းတို့ကို သင်၏ဦးစားပေးချက် ဖြစ်စေရမည်၊ သင်သည် ဘုရားသခင်၏အလိုတော်ကို အရေးထားသင့်ပြီး၊ သင်၏ တာဝန်ကို ဖြည့်ဆည်းရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ သစ္စာရှိဖို့ သင် အစွမ်းကုန် လုပ်ဆောင်ပြီးခြင်း ရှိမရှိ၊ သင်၏ တာဝန်များကို ဖြည့်ဆည်းရန် အကောင်းဆုံး သင် လုပ်ဆောင်ပြီး သင်၏အရာအားလုံး ပေးပြီးခြင်း ရှိမရှိဆိုသည်အပြင်၊ သင်၏ တာဝန်နှင့် ဘုရားအိမ်တော်၏ အမှုကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ဆင်ခြင်ခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ချင့်ချိန်စဉ်းစားခြင်းဖြင့် အစပြုသင့်သည်။ ဤအရာများကို သင် ထည့်သွင်းစဉ်းစားရမည်။ ယင်းတို့ကို မကြာခဏ တွေးလော့၊ ပြီးလျှင် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်။ သင်၏အရည်အချင်း ညံ့ဖျင်းပါက၊ သင်၏အတွေ့အကြုံ ပေါ့တန်ပါက သို့မဟုတ် သင်၏ အသက်မွေးမှု အလုပ်တွင် မကျွမ်းကျင်ပါက၊ သင်၏အလုပ်၌ အမှားအယွင်းများ သို့မဟုတ် အပြစ်အနာအဆာများ အချို့ ရှိကောင်းရှိနိုင်ပြီး၊ ရလဒ်များမှာလည်း အလွန်ကောင်းချင်မှ ကောင်းပေမည်- သို့သော် သင်သည် သင်၏ အကောင်းဆုံး အားထုတ်မှုကို ပေးပြီးဖြစ်ပေလိမ့်မည်။ သင် လုပ်ဆောင်သောအရာများ၌ သင်၏ ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများကို စဉ်းစားခြင်းမရှိ သို့မဟုတ် သင်၏အကျိုးကို ထည့်သွင်းစဉ်းစားခြင်း မပြုသကဲ့သို့၊ ထိုသို့ပြုမည့်အစား ဘုရားသခင်၏အိမ်တော်၏ အလုပ်ကို စဉ်ဆက်မပြတ် ထည့်သွင်းစဉ်းစားပြီး၊ ယင်း၏ အကျိုးများကို စဉ်းစားနေကာ၊ သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်သောအခါ၊ သင်သည် ဘုရားသခင်ရှေ့၌ ကောင်းသောအကျင့်များကို စုဆောင်းနေခြင်း ဖြစ်လိမ့်မည်။ ဤကောင်းသော လုပ်ဆောင်ချက်များ ရှိကြသောလူများသည် သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်သောသူများ ဖြစ်သည်၊ ထိုသို့ဖြင့် ၎င်းတို့သည် သက်သေခံကြပြီး ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်” မှ

သင်သည် သင်၏တာဝန်ကို ဆောင်ရွက်နေသည်ဖြစ်စေ၊ သို့မဟုတ် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အသိပညာကို သင်ယူနေသည်ဖြစ်စေ၊ သင်ပြုသောအရာတိုင်းတွင် အခြေခံသဘောတရားများကို လိုက်နာရပေမည်။ သင်ပြုသောအရာတိုင်းကို သမ္မာတရားနှင့်အညီ သဘောထားပြီး သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်ရမည်။ သင်သည် ပြဿနာများကို ဖြေရှင်းရန်၊ သင့်အထဲ၌ ထုတ်ဖော်ပြထားသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန်နှင့် သင်၏ မှားယွင်းသော နည်းလမ်းများနှင့် အတွေးအခေါ်များကို ဖြေရှင်းရန်အတွက် သမ္မာတရားကို အသုံးပြုရမည်။ ဤအရာများကို သင် ဆက်တိုက်ကျော်လွှားရပေမည်။ အချက်တစ်ခုမှာမူ သင်သည် သင့်ကိုယ်သင် ဆန်းစစ်ရမည်။ သင် ထိုသို့ပြုပြီးသောအခါ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို သင်တွေ့ရှိပါက ဖြေရှင်း၊ ချိုးနှိမ်ပြီး စွန့်လွှတ်ရမည်။ ဤပြဿနာများကို သင် ဖြေရှင်းပြီးသည်နှင့်တစ်ပြိုင်နက်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အခြေခံ၍ အမှုအရာများကို သင် နောက်ထပ် မပြုလုပ်တော့သည့်အခါနှင့် သင်၏ ရည်ရွယ်ချက်များနှင့် အကျိုးအမြတ်များကို သင်စွန့်လွှတ်နိုင်ပြီး သမ္မာတရား၏ အခြေခံသဘောတရားများအတိုင်း လက်တွေ့လုပ်ဆောင်နိုင်သောအခါမှသာ သင်သည် ဘုရားသခင်နောက် အမှန်တကယ်လိုက်လျှောက်သောသူတစ်ဦး ပြုလုပ်ရမည့်အရာကို ပြုနေခြင်းဖြစ်ပေလိမ့်မည်။ ဘုရားသခင်သည် ဤသီးသန့် အပြုအမူ၊ ဆောင်ရွက်ခြင်း နည်းလမ်းနှင့် အနေအထိုင်ကို လက်ခံနိုင်ဖွယ်ရာအဖြစ် မြင်သလော။ ဤအရာကို လက်ခံနိုင်ဖွယ်အဖြစ် သူမြင်၏။ ဤသည်မှာ ကောင်းမွန်သော လုပ်ဆောင်ချက်တစ်ခု ဖြစ်သည်။ ထိုနည်းလမ်းဖြင့် သင်၏ဆောင်ရွက်ခြင်းကို အဘယ်ကြောင့် ကောင်းမွန်သော လုပ်ဆောင်ချက်တစ်ခုအဖြစ် ယူဆရသနည်း။ သင်သည် ဘုရားအိမ်တော်၏ အလုပ်အတွက်၊ သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားများအတွက် ယင်းကို အခြားသူများအား အကျိုးပြုဖို့ သင်လုပ်ဆောင်ပြီး တစ်ချိန်တည်းတွင်၊ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်။ ထို့ကြောင့် ဘုရားသခင်က ယင်းကို လက်ခံခြင်းဖြစ်ကာ ယင်းသည် ကောင်းမွန်သော လုပ်ဆောင်ချက်တစ်ခု ဖြစ်သည်။ ဤသည်မှာ သင်အသက်ရှင်နေထိုင်ထားသည့်အရာ ဖြစ်ပါက၊ ယင်းမှာ သင်သည် ဘုရားသခင်အတွက် သက်သေခံနေသည်ဟု ဆိုလိုပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“အရာရာ၌ သမ္မာတရားကို ရှာဖွေခြင်းအားဖြင့်သာ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်သည်” မှ

လူတို့သည် မိမိတာဝန်ကို ထမ်းဆောင်ရာတွင် ၎င်းတို့၏ စိတ်နှလုံး၌ မည်သည့်အရာကို စွဲကိုင်ထားသည်၊ စွမ်းအင်မည်မျှကို ၎င်းတို့ အသုံးချသည်တို့ကို ဘုရားသခင်မှ စိစစ်ပြီး မြင်နိုင်သည်။ လူတို့သည် ၎င်းတို့လုပ်သည့်အရာ၌ စိတ်နှလုံးနှင့်ခွန်အား အလုံးစုံကို အသုံးပြုရန်မှာ အလွန်အရေးပါသည်။ ပူးပေါင်းဆောင်ရွက်ခြင်းသည်လည်း အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ လူတို့သည် ၎င်းတို့ ပြီးမြောက်ခဲ့သော တာဝန်များနှင့် ၎င်းတို့ လုပ်ဆောင်ခဲ့သော အရာများအပေါ်တွင် နောင်တမရရှိရန် ကြိုးပမ်းမှသာလျှင်၊ ဘုရားသခင်အား အကြွေးတင်ခြင်း မရှိမှသာလျှင် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးနှင့်ခွန်အား အလုံးစုံဖြင့် ပြုမူဆောင်ရွက်မည် ဖြစ်သည်။ ယနေ့တွင် သင်သည် သင်၏ စိတ်နှလုံးနှင့် ခွန်အားအလုံးစုံအား မပေးလျှင် နောက်ပိုင်းတွင် တစ်ခုခု မှားယွင်းသည့်အခါ၊ အကျိုးဆက်များ ဖြစ်ပေါ်သည့်အခါ၊ နောင်တရရန် အလွန်နောက်ကျလိမ့်မည် မဟုတ်လော။ သင်သည် ထာဝရ အကြွေးတင်လိမ့်မည်။ ယင်းသည် သင့်အပေါ်တွင် အစွန်းအထင်းတစ်ခု ဖြစ်လိမ့်မည်။ မိမိ၏တာဝန် ထမ်းဆောင်မှုတွင် အစွန်းအထင်းတစ်ခုသည် ပြစ်မှားခြင်းဖြစ်သည်။ ထို့ကြောင့် သင်၏ စိတ်နှလုံး၊ ခွန်အားအလုံးစုံဖြင့် သင် ပြုလုပ်ရမည်ဖြစ်သော၊ လုပ်သင့်သော အမှုအရာအစိတ်အပိုင်းကို သင့်လျော်စွာ လုပ်ဆောင်ရန် ကြိုးပမ်းရမည်။ ထိုအမှုအရာများကို ပေါ့ဆစွာ သို့မဟုတ် ဝတ်ကျေတမ်းကျေ မလုပ်ဆောင်ရပေ။ မည်သည့်နောင်တမျှ သင် မရှိရပေ။ ဤနည်းအားဖြင့် ဤအချိန်၌ သင် ထမ်းဆောင်သော တာဝန်များကို ဘုရားသခင်က အမှတ်ရလိမ့်မည်။ ဘုရားသခင်မှ အမှတ်ရသော အရာများသည် ကောင်းမှုများ ဖြစ်သည်။ ဤသို့ဆိုလျှင် အမှတ်ရခြင်းမခံရသော အရာများသည် အဘယ်အရာနည်း။ ၎င်းတို့သည် ပြစ်မှားမှုများဖြစ်သည်။ ဤသို့အားဖြင့် လက်ရှိအချိန်တွင် မကောင်းမှုများကို ဖော်ပြပါက ယင်းတို့သည် မကောင်းမှုများ ဖြစ်သည်ကို လူတို့ လက်ခံချင်မှ လက်ခံပေလိမ့်မည်။ သို့သော် ထိုအရာများအပေါ်တွင် အရေးကြီးသော အကျိုးဆက်များဖြစ်ပေါ်လာသည့် နေ့တစ်နေ့ ရောက်လာလျှင်၊ ပြီးလျှင် ယင်းတို့သည် အပျက်သဘောဆောင်သော လွှမ်းမိုးမှုတစ်ခု ဖြစ်လာလျှင် ဤအရာတို့သည် အပြုအမူဆိုင်ရာ ပြစ်မှားမှုသက်သက်သာ မဟုတ်ဘဲ မကောင်းမှုများဖြစ်သည်ကို သင် ခံစားမိလိမ့်မည်။ ဤအရာကို သင် နားလည်သဘောပေါက်သည့်အခါ သင်သည် နောင်တရမည်ဖြစ်ပြီး ငါ ကာကွယ်မှု အနည်းငယ် ပြုလုပ်သင့်ခဲ့သည်။ အနည်းငယ်ပို၍ တွေးတောပြီး အားထုတ်လျှင် ဤပြဿနာ ဖြစ်လိမ့်မည်မဟုတ် ဟူ၍ တွေးမိလိမ့်မည်။ သင့်စိတ်နှလုံးရှိ ဤထာဝရ အစွန်းအထင်းကို မည်သည့်အရာကမျှ ဖယ်ရှားပေးလိမ့်မည် မဟုတ်။ ထို့အပြင် ယင်းသည် သင့်အား ထာဝရ အကြွေးတင်စေလျှင် ဒုက္ခရောက်စေလိမ့်မည်။ ထို့ကြောင့် ယနေ့ သင့်တာဝန်ကို ထမ်းဆောင်သည့် သို့မဟုတ် စေခိုင်းချက်တစ်ခုကို လက်ခံသည့် အချိန်တိုင်းတွင် သင်၏ ခွန်အား၊ စိတ်နှလုံး အလုံးစုံဖြင့် လုပ်ဆောင်ရန် ကြိုးပမ်းရမည်။ သင့်၌ အပြစ်နှင့်နောင်တ ကင်းလွတ်သည်အထိ လုပ်ဆောင်ရမည်။ ထိုမှသာ ဘုရားသခင်မှ အမှတ်ရမည်ဖြစ်ပြီး ယင်းသည် ကောင်းမှုတစ်ခုဖြစ်ပေသည်။ မျက်လုံးတစ်ဖက်ကိုပိတ်ပြီး တစ်ဖက်ကိုဖွင့်လျက် ဂရုမစိုက်စွာ၊ ဝတ်ကျေတမ်းကျေ မပြုမူနှင့်။ သင် နောင်တရလိမ့်မည်ဖြစ်ပြီး ပြုပြင်ရန် မတတ်နိုင် ဖြစ်လိမ့်မည်။ ယင်းသည် ပြစ်မှားခြင်း ဖြစ်လိမ့်မည်ဖြစ်ပြီး၊ အဆုံးတွင် သင့်စိတ်နှလုံး၌ အပြစ်၊ အကြွေးတင်မှုနှင် စွပ်စွဲချက်တို့ အစဉ် ရှိနေလိမ့်မည်။ ဤလမ်းကြောင်းနှစ်ခုတွင် မည်သည့်လမ်းကြောင်းက အကောင်းဆုံးဖြစ်သနည်း။ မည်သည့်လမ်းကြောင်းက မှန်ကန်သည့် လမ်းဖြစ်သနည်း။ မည်သည့်နောင်တမျှ မရှိဘဲ သင်၏ စိတ်နှလုံး၊ ခွန်အားအလုံးစုံဖြင့် သင့်တာဝန်ကို ထမ်းဆောင်ခြင်း၊ ကောင်းမှုများကို ပြင်ဆင်ပြီး စုဆောင်းခြင်းဖြစ်သည်။ သင်၏ ပြစ်မှားခြင်းများအား မစုစည်းမိစေနှင့်။ ယင်းတို့အား နောင်တ မရနှင့်။ ထို့အပြင် အကြွေးမတင်စေနှင့်။ လူတစ်ဦးက ပြစ်မှားမှုများကို အလွန်အမင်း ကျူးလွန်မိပါက မည်သို့ဖြစ်သနည်း။ ၎င်းတို့သည် ဘုရားသခင်၏ ရှေ့မှောက်တွင် ၎င်းတို့အပေါ် ဘုရားသခင်၏ ဒေါသကို ဆက်လက် တိုးပွားလာနေစေခြင်းဖြစ်သည်။ သင်သည် အစဉ်သဖြင့် ဆက်လက်ပြစ်မှားနေပြီး သင့်အပေါ် ဘုရားသခင်၏ အမျက်ဒေါသသည် အစဉ် ကြီးမားလာလျှင် အဆုံး၌ သင်သည် အပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်။

ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း မှ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။