ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင့်စကားတော်ကို ကြည့်ခြင်း၊ စုဝေးခြင်းအားဖြင့် စိတ်နှလုံးထဲ၌ ဘုရားသခင်ရှိခြင်းကို ဆိုလိုသည်ဟု ကျွန်ုပ်ထင်ခဲ့ဖူးသည်။ သမ္မာတရားကို ရှာဖွေရန်မလို၊ ထိုကြောင့် မိသားစုရေးရာတွေနဲ့ အချိန်ခွန်အားတွေကို ပေးကာ သမ္မာတရားကို ကောင်းကောင်းလိုက်မရှာခဲ့ပေ။ သို့သော် ယခုဘေးအန္တရာယ် ကြီးထွားလာသည်နှင့်အမျှ ကျွန်ုပ်သည် အနည်းငယ် စိတ်ပူမိသည်။ ဘုရားသခင် အပေါ် ကျွန်ုပ် ဤသို့ ယုံကြည်သည်က ဘုရားသခင် စွန့်ပစ်ပြီး ဘေးအန္တရာယ် ကျရောက်စေလိမ့်မည်လော။

18.05.2021

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း။” (ရှင်မဿဲခရစ်ဝင် ၁၆:၂၆)

“ကောင်းကင်နိုင်ငံတော်ကို အနိုင်အထက် ပြုသော သူတို့သည်လည်း လုယူဝင်စားရကြ၏။” (ရှင်မဿဲခရစ်ဝင် ၁၁:၁၂)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုကြောင်းနှင့် ဘုရားသခင်၏ အလိုနှင့် ညီညွတ်ရန် ၎င်းတို့ မည်သည့်အရာ လုပ်ရမည်ဆိုကြောင်းတို့ကို အနည်းငယ်ကသာ သိနားလည်ကြသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူများသည် “ဘုရားသခင်” ဆိုသည့် စကားလုံးနှင့် “ဘုရားသခင်၏ အမှု” ဟူသော စကားစုများနှင့် ရင်းနှီးကြသော်လည်း၊ ဘုရားသခင်ကို မသိကြဘဲ သူ၏ အမှုကို သာ၍ပင် မသိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ကို မသိသောသူများ အားလုံးသည် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုတွင် ရှုပ်ထွေးကြသည်မှာ မထူးဆန်းပေ။ လူများသည် ဘုရားသခင်ကို ယုံကြည်မှုအား အလေးအနက် မထားကြသကဲ့သို့၊ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ၎င်းတို့အတွက် အလွန် မရင်းနှီးသောကြောင့်၊ အလွန်ပင် ထူးခြားနေသောကြောင့် လုံးလုံးလျားလျား ဖြစ်ပေသည်။ ဤနည်းဖြင့် ၎င်းတို့သည် ဘုရားသခင်၏ တောင်းဆိုမှုများကို ပြည့်မီနိုင်ခြင်း မရှိကြချေ။ တစ်နည်းအားဖြင့် လူများသည် ဘုရားသခင်ကို မသိဘဲ၊ ဘုရားသခင်၏အမှုကိုလည်း မသိပါက၊ ၎င်းတို့သည် ဘုရားသခင်၏ အသုံးပြုခြင်းအတွက် မသင့်တော်သကဲ့သို့၊ ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းဖို့မှာ ပို၍ပင် မဖြစ်နိုင်ချေ။ “ဘုရားသခင်ကို ယုံကြည်ခြင်း” ဆိုသည်မှာ ဘုရားသခင်တစ်ပါး ရှိသည်ကို ယုံကြည်ခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ အရိုးရှင်းဆုံး အယူအဆ ဖြစ်၏။ ထို့အပြင် ဘုရားသခင်တစ်ပါးရှိသည်ကို ယုံကြည်ခြင်းသည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းနှင့် မတူပေ။ ယင်းထက်၊ ထိုအရာသည် ခိုင်မာသည့် ဘာသာရေး အငွေ့အသက်ပါရှိသည့် ရိုးရှင်းသော ယုံကြည်မှုတစ်မျိုး ဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ခြင်း ဆိုသည်မှာ အောက်ပါအတိုင်း ဆိုလိုပေသည်- ဘုရားသခင်သည် အရာအားလုံးအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟု ယုံကြည်မှုအရ၊ သူ၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ကို လူတစ်ဦးက တွေ့ကြုံခံစားသည်၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သန့်စင်သည်၊ ဘုရားသခင်၏အလိုကို ဖြည့်ဆည်းပြီး၊ ဘုရားသခင်ကို သိကျွမ်းလာပေသည်။ ဤခရီးလမ်းမျိုးကိုသာ “ဘုရားသခင်ကို ယုံကြည်ခြင်း” ဟု ခေါ်ဆိုနိုင်ပေသည်။ သို့သော် လူများက ဘုရားသခင်ကို ယုံကြည်မှုသည် ရိုးရှင်းပြီး ပေါ့ပေါ့ပြက်ပြက် ကိစ္စတစ်ခုကဲ့သို့ ယေဘုယျအားဖြင့် မြင်တတ်ကြသည်။ ဤနည်းဖြင့် ဘုရားသခင်ကို ယုံကြည်သောလူများသည် ဘုရားသခင်အား ယုံကြည်ဖို့ဆိုသည်မှာ အဘယ်အရာဆိုလိုသည်ကို မျက်ခြည်ပြတ်သွားခဲ့ကြကာ၊ ၎င်းတို့သည် တကယ့်အဆုံးအထိ ဆက်လက် ယုံကြည်ကောင်း ယုံကြည်နိုင်သော်လည်း၊ ဘုရားသခင်၏ လက်ခံခြင်းကို မည်သည့်အခါတွင်မျှ ရရှိမည်မဟုတ်၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် မှားယွင်းသောလမ်းကြောင်းပေါ် နင်းလျှောက်ကြသောကြောင့် ဖြစ်သည်။ ယနေ့တွင် ကျမ်းဟောင်းတရားများ နှင့် အနှစ်မဲ့သည့် အယူဝါဒများအတိုင်း ဘုရားသခင်ကို ယုံကြည်သူများ ရှိနေသေးပေသည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်ကို ယုံကြည်မှု၏ အနှစ်သာရ ကင်းမဲ့သည်ကို ၎င်းတို့ မသိကြသကဲ့သို့၊ ဘုရားသခင်၏ လက်ခံခြင်းကို ၎င်းတို့ မရရှိနိုင်ပေ။ ၎င်းတို့သည် ဘေးကင်းလုံခြုံခြင်း ကောင်းချီးမင်္ဂလာများနှင့် လုံလောက်သော ကျေးဇူးတော်ကို ဘုရားသခင်ထံ တောင်းလျှောက်ကြဆဲ ဖြစ်သည်။ ငါတို့ ရပ်တန့်ကြစို့၊ ငါတို့၏ စိတ်နှလုံးများကို ငြိမ်သက်စေပြီး မိမိတို့ကိုယ်ကိုယ် မေးကြစို့- ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကမ္ဘာပေါ်တွင် အမှန်တကယ် အလွယ်ကူဆုံးသောအရာ ဖြစ်နိုင်သလော။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်ထံမှ များစွာသော ကျေးဇူးတော် ရရှိခြင်းထက် ဘာမျှမပိုဟု ဆိုလိုသလော။ ဘုရားသခင်ကို မသိဘဲလျက် ဘုရားသခင်ကို ယုံကြည်သူ၊ သို့မဟုတ် ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့ကို ဆန့်ကျင်သူတို့သည် ဘုရားသခင်၏အလိုကို အမှန်တကယ် ဖြည့်ဆည်းနိုင်သလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား မှ

လူအချို့က၊ “ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ အစည်းအဝေးများတက်ရောက်ခြင်း၊ သီချင်းများသီဆိုခြင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော် နားထောင်ခြင်း၊ ဆုတောင်းခြင်းနှင့် တာဝန်အချို့ကို လုပ်ဆောင်ခြင်းသာ မဟုတ်သလော။ ၎င်းမှာ ဤအရာသာ ဖြစ်သည် မဟုတ်လော။” ဟု အမြဲတွေးခေါ်ကြသည်။ သင်တို့သည် အချိန်မည်မျှကြာရှည်စွာ ဘုရားသခင်ကို ယုံကြည်ခဲ့ကြပါစေ၊ သင်တို့သည် ဘုရားသခင်ကိုယုံကြည်ခြင်း၏အဓိပ္ပာယ်ကို အကုန်အစင် နားလည်ခြင်းမရှိသေးချေ။ အမှန်မှာ ဘုရားသခင်ကိုယုံကြည်ခြင်း၏ အဓိပ္ပာယ်မှာ အလွန့်အလွန်နက်နဲလွန်းသဖြင့် လူတို့သည် ၎င်းအကြောင်းကို စေ့စေ့စပ်စပ် နားလည်သဘောပေါက်နိုင်ခြင်း မရှိကြပေ။ နောက်ဆုံးတွင် လူတို့အထဲမှ စာတန်နှင့်ဆိုင်သောအရာများနှင့် ၎င်းတို့၏ဗီဇနှင့်ဆိုင်သောအရာများ ပြောင်းလဲ၍ သမ္မာတရား၏သတ်မှတ်ချက်များနှင့် ကိုက်ညီလာရမည်၊ ဤနည်းဖြင့်သာ ကယ်တင်ခြင်းကို အမှန်တကယ် ရရှိနိုင်မည် ဖြစ်၏။ အကယ်၍ သင်သည် ဘာသာရေးထဲ၌ ရှိခဲ့ဖူးသည့်အချိန်ကကဲ့သို့ သြဝါဒစကားအချို့ ရွတ်ဆိုခြင်းသာ သို့မဟုတ် ဆောင်ပုဒ်အချို့ကို ဟစ်အော်ခြင်းသာ ပြုခြင်း၊ ထို့နောက် ကောင်းသောအကျင့် အနည်းငယ်ကို လုပ်ဆောင်ခြင်း၊ ကောင်းသောအပြုအမူ အနည်းငယ် ထပ်မံပြသခြင်းနှင့် အပြစ်တစ်ချို့၊ သိသာထင်ရှားသော အပြစ်တစ်ချို့ကို ကျူးလွန်မှုမှ ရှောင်ကြဉ်ပါက၊ သင်သည် ဘုရားသခင်ကိုယုံကြည်သောလမ်းမှန်သို့ ခြေချခဲ့ပြီးဖြစ်ကြောင်း မဆိုလိုသေးပေ။ စည်းကမ်းများကို သင်လိုက်နာနိုင်ခြင်းက သင်သည် မှန်သောလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေသည်ဟု ဆိုလိုသလော။ သင်သည် မှန်ကန်စွာရွေးချယ်ပြီးပြီဟု ဤအရာကဆိုလိုသလော။ အကယ်၍ သင်၏ဗီဇအတွင်းမှ အရာများ မပြောင်းလဲသေးဘဲ၊ အဆုံးတွင် သင်သည် ဘုရားသခင်ကို ခုခံပြီး ပြစ်မှားနေသေးပါက၊ ဤအရာမှာ ပြဿနာများထဲတွင် အကြီးမားဆုံးပြဿနာဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်ကိုယုံကြည်သော်လည်း ဤပြဿနာကို မဖြေရှင်းပါက၊ သင်သည် ကယ်တင်ခြင်းကို ခံရပြီဟု ယူဆနိုင်သလော။ ဤအရာကို ငါပြောနေခြင်းမှာ မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းမှာ ဘုရားသခင်ကို ယုံကြည်မှုကို ဘုရားသခင်၏နှုတ်ကပတ်တော်များ၊ ဘုရားသခင် သို့မဟုတ် သမ္မာတရားမှ ခွဲခြား၍မရနိုင်ကြောင်း သင်တို့အားလုံး သင်တို့၏စိတ်နှလုံးများထဲတွင် နားလည်စေရန်ဖြစ်သည်။ သင်သည် သင်၏လမ်းကြောင်းကို ကောင်းစွာရွေးချယ်ပြီး သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် လုံ့လစိုက်ထုတ်ရမည်။ မပြည့်စုံသောအသိ သို့မဟုတ် မနည်းမများ နားလည်မှုကိုသာ ရယူပြီး သင့်ကိုယ်သင် လုပ်ဆောင်ပြီးမြောက်ပြီဟု မယူဆလေနှင့်၊ အကယ်၍ သင်သည် မိမိကိုယ်ကိုယ် လှည့်စားပါက သင့်ကိုယ်သာ သင် ထိခိုက်စေလိမ့်မည်။ လူတို့သည် ဘုရားသခင်ကို သူတို့၏ ယုံကြည်ခြင်းမှ မသွေဖည်သင့်ပါ၊ နောက်ဆုံးတွင်၊ သူတို့၏စိတ်နှလုံးများထဲ၌ ဘုရားသခင် မရှိဘဲ၊ စာအုပ်တစ်အုပ်ကို ကိုင်ရုံမျှ ကိုင်ကြပြီး ယင်းကို လျှပ်တစ်ပြက် ကြည့်သော်လည်း၊ သူတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်အတွက် နေရာမချန်လျှင် သူတို့ အဆုံးသတ်ပြီဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သန့်ရှင်းသောဝိညာဉ်တော်၏အမှုကို ဆုံးရှုံးသွားသောသူများသည် အန္တရာယ်အရှိဆုံးဖြစ်ကြသည်” မှ

သင်သည် ဘုရားသခင်ကို ယုံကြည်ရန် ဆန္ဒရှိပါက၊ ပြီးလျှင် သင်သည် ဘုရားသခင်ကို ရရှိကာ သူ၏ စိတ်ကျေနပ်မှုကို ရရှိရန်ဆန္ဒရှိပါက၊ သင်သည် အတိုင်းအတာ တစ်ရပ်အထိ နာကျင်မှုကို သည်းခံပြီး အားထုတ်မှု အတိုင်းအတာတစ်ရပ်ကို မထားရှိဘဲနှင့်၊ ဤအရာများကို သင် စွမ်းဆောင်ရရှိနိုင်လိမ့်မည် မဟုတ်ပေ။ သင်တို့သည် တရားဟောချက် များစွာကို ကြားပြီးဖြစ်သော်လည်း၊ ကြားဖူးခြင်းသက်သက်က ဤတရားဒေသနာသည် သင်၏တရားဒေသနာ ဖြစ်သွားသည်ဟု မဆိုလိုပေ။ သင်သည် ယင်းကို မှတ်သားကာ သင်နှင့်သက်ဆိုင်သော အရာတစ်ခုအဖြစ် ပြောင်းလဲရမည်။ ဤနှုတ်ကပတ်တော်များနှင့် တရားဟောချက်တို့အား သင် အသက်ရှင်သည့် နည်းလမ်းကို လမ်းပြခွင့်ပေးကာ သင့်ဘဝထံ လူ့ဘဝနှင့်ဆိုင်သော တန်ဖိုးနှင့် အဓိပ္ပာယ်တို့ကို ဆောင်ကြဉ်းခွင့်ပေးရင်း၊ ယင်းကို သင့်ဘဝထဲသို့ လက်သင့်ခံရမည်ဖြစ်ပြီး သင်၏တည်ရှိမှုထဲသို့ ယူဆောင်ရမည် ဖြစ်သည်။ ထိုသို့ ဖြစ်ပျက်သည့်အခါ၊ ဤနှုတ်ကပတ်တော်များကို သင်၏ ကြားနာခြင်းသည် ကြားနာရကျိုးနပ်လိမ့်မည် ဖြစ်သည်။ ငါပြောသည့် နှုတ်ကပတ်တော်များသည် သင်၏ဘဝတွင် တိုးတက်မှု တစ်ခုတစ်လေ မဖြစ်ပေါ်စေပါက သို့မဟုတ် သင်၏ ဖြစ်တည်မှုတွင် မည်သည့်တန်ဖိုးကိုမျှ မဖြည့်စွက်ပါက၊ ယင်းတို့ကို သင်၏ နားထောင်ခြင်းတွင် အဓိပ္ပာယ်မရှိပေ။ ဤအရာကို သင်တို့ နားလည်သည်၊ မဟုတ်လော။ ယင်းကိုနားလည်ပြီးနောက်၊ ဆက်လက် ဖြစ်ပျက်သည့်အရာမှာ သင်တို့အပေါ်တွင်သာ မူတည်သည်။ သင်တို့ စတင်လုပ်ဆောင်ကြရမည်။ သင်တို့သည် အရာခပ်သိမ်း၌ အလွန် အလေးအနက်ထားရမည်။ မရေမရာ မဖြစ်လေနှင့်။ အချိန်သည် လျင်မြန်စွာ ကုန်ဆုံးနေသည်။ သင်တို့ထဲမှ အများစုသည် ဘုရားသခင်ကို ဆယ်နှစ်ကျော် ယုံကြည်နှင့်ကြပြီး ဖြစ်သည်။ ဤကုန်လွန်ခဲ့သည့် ဆယ်နှစ်ကို ပြန်တွေးကြည့်လော့။ သင်တို့ မည်မျှရရှိလေပြီနည်း။ ပြီးလျှင် သင်တို့၌ ဤတစ်သက်တာတွင် အသက်ရှင်ဖို့ ဆယ်စုနှစ်ပေါင်း မည်မျှကျန်သေးသနည်း။ မရှည်ကြာပေ။ ဘုရားသခင်၏အမှုက သင့်ကို စောင့်နေခြင်း ရှိမရှိ၊ သူသည် သင့်ကို အခွင့်အရေးတစ်ရပ် ချန်ထားပေးခြင်း ရှိမရှိ သို့မဟုတ် သူသည် တူညီသော အမှုကို တစ်ဖန်ပြန်ပြုမည် မပြုမည်ကို မေ့ထားလော- ဤအရာများကို မပြောလေနှင့်။ သင်သည် သင့်ဘဝ၏ လွန်ခဲ့သော ဆယ်နှစ်တာကာလကို နောက်ပြန်လှည့်နိုင်သလော။ ကုန်လွန်သွားသော နေ့ရက်တိုင်းနှင့် သင်လှမ်းသည့် ခြေလှမ်းတိုင်းဖြင့်၊ သင်၌ တစ်ရက်လျော့နည်းသွားပေ၏။ အချိန်သည် မည်သူကိုမျှ မစောင့်ပေ။ သင်သည် အစားအစာ၊ အဝတ်အစားများ သို့မဟုတ် အခြားမည်သည့်အရာမဆိုထက်၊ ဘုရားသခင်ကို ယုံကြည်ခြင်းအား သင့်ဘဝတွင် အကြီးမားဆုံးသော အရာဖြစ် ချဉ်းကပ်မှသာ၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှ သင်သည် အကျိုးရရှိပေလိမ့်မည်။ သင်သည် အချိန်ရှိမှသာ ယုံကြည်ပြီး၊ သင်၏ ယုံကြည်ခြင်းအဖို့ သင်၏အာရုံအားလုံးကို မြှုပ်နှံနိုင်စွမ်း မရှိပါက၊ ပြီးလျှင် သင်သည် အစဉ် စိတ်ရှုပ်ထွေးမှုတွင် နစ်နေပါက၊ မည်သည့်အရာမျှ ရရှိလိမ့်မည် မဟုတ်ပေ။ ဤအရာကို သင်တို့ နားလည်သည်၊ မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)

ယခုအချိန်သည် လူတစ်ဦးစီအတွက် အဆုံးသတ်ခြင်းကို ငါဆုံးဖြတ်သည့်အချိန်ဖြစ်ပြီး လူသားကို ငါ စတင် အမှုပြုသည့် အဆင့် မဟုတ်ပေ။ လူတစ်ဦးစီ၏ စကားများနှင့် လုပ်ဆောင်ချက်များ၊ ငါ့နောက်သို့ လိုက်ရာတွင် ထိုသူတို့၏လမ်းကြောင်းများ၊ အရင်းခံ ထူးခြားသော လက္ခဏာများနှင့် သူတို့နောက်ဆုံးတွင် မည်သို့ကျင့်ကြံပြုမူသည် ဆိုသည်တို့ကို ငါ၏မှတ်တမ်းစာအုပ်ထဲတွင် တစ်ခုပြီးတစ်ခု ငါချရေးသည်။ ဤနည်းအားဖြင့် ထိုသူတို့သည် မည်သို့သောလူစားမျိုး ဖြစ်နေပါစေ၊ မည်သူမျှ ငါ၏လက်မှ မလွတ်မြောက်နိုင်။ ထို့အပြင် ခပ်သိမ်းသောလူတို့သည် ငါချမှတ်ပေးသည့်အတိုင်း ၎င်းကဲ့သို့သော လူစားများနှင့် ရှိနေရမည်။ ငါသည် လူတစ်ဦးစီ၏ ပန်းတိုင်ကို အသက်၊ ဝါရင့်ခြင်း၊ ဒုက္ခခံရသည့်ပမာဏနှင့် အနည်းဆုံးအနေဖြင့် ၎င်းအပေါ် သနားစိတ်ပေါ်စေသည့် အတိုင်းအတာတို့ကို အခြေပြု၍ ဆုံးဖြတ်ခြင်း မဟုတ်ဘဲ၊ သမ္မာတရားကို ၎င်းတို့ ပိုင်ဆိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်၏။ ဤအရာမှတစ်ပါး တခြားရွေးချယ်စရာ မရှိ။ ဘုရားသခင်၏ အလိုတော်ကို မလိုက်သူအားလုံး အပြစ်ပေးခြင်း ခံရမည်ကို သင်တို့ သဘောပေါက်ရမည်။ ဤသည်မှာ မပြောင်းလဲနိုင်သော အချက်ဖြစ်၏။ ထို့ကြောင့် အပြစ်ပေးခံရသူအားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်တော်မူခြင်းကြောင့်လည်းကောင်း၊ ၎င်းတို့၏ များလှစွာသော ဆိုးယုတ်သည့် လုပ်ရပ်များကြောင့် ဒဏ်ခတ်ခြင်း အဖြစ်လည်းကောင်း ဤသို့ အပြစ်ပေးခံရခြင်း ဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့

ဤအချိန်သည် ကြီးမားသော အမှုများကို ငါ၏ဝိညာဉ်က လုပ်ဆောင်နေချိန် ဖြစ်ပြီး တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၌ ငါ၏အလုပ်ကို စတင်လုပ်ဆောင်ချိန် ဖြစ်သည်။ ထိုထက်ပို၍ပင် ဤအချိန်သည် ဖန်ဆင်းခံအားလုံးကို တစ်ဦးချင်း ယင်းတို့သက်ဆိုင်ရာ အုပ်စုအလိုက် ငါခွဲခြားချိန် ဖြစ်သည်။ ငါ၏ အလုပ် သာ၍ လျင်မြန်ထိရောက်စွာ ရှေ့ဆက်နိုင်ရန်အတွက် ထိုသို့လုပ်ဆောင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ငါသင်တို့ဆီမှ တောင်းဆိုနေသည်မှာ ငါ၏အလုပ်အားလုံးအတွက် သင်၏ဖြစ်တည်ခြင်း တစ်ရပ်လုံးကို ဆက်ကပ်ရန်အပြင် သင်၌ ငါလုပ်ဆောင်ခဲ့သမျှကို သင်သည် ရှင်းရှင်းလင်းလင်း ထိုးထွင်းနားလည်ကာ သေသေချာချာ သိရန်နှင့် ငါ့အလုပ် ပိုမိုထိရောက်စေရန်အတွက် သင့်ခွန်အား အားလုံးကို အသုံးပြုရန် ဖြစ်ဆဲဖြစ်သည်။ သင်နားလည်ရမည်ကား ဤအချက် ဖြစ်သည်။ အချင်းချင်း ခိုက်ရန်ဖြစ်ခြင်း၊ နောက်ကြောင်းပြန်လှည့်ဖို့ လမ်းကို ရှာဖွေခြင်း၊ သို့မဟုတ် ဇာတိဆိုင်ရာ သက်သာမှုများ ရှာဖွေခြင်းကို ရပ်တန့်လော့။ ယင်းတို့သည် ငါ၏အလုပ်ကို နှောင့်နှေးစေမည့်အပြင် သင်၏ အံ့သြဖွယ် အနာဂတ်ကို နှောင့်နှေး စေမည့် အရာများဖြစ်သည်။ ထိုအရာများကို လုပ်ဆောင်ခြင်းသည် သင့်ကို အကာအကွယ် လုံးဝမပေးနိုင်သည့်အပြင် သင့်ကို ပျက်စီးစေမည် ဖြစ်သည်။ ယင်းသည် သင်မိုက်မဲခြင်းပင် ဖြစ်သည် မဟုတ်လော။ ယနေ့ သင်လောဘတကြီး မွေ့လျော်နေသော အရာသည် သင်၏အနာဂတ်ကို ဖျက်ဆီးမည့်အရာ ဖြစ်ပြီး၊ ယနေ့သင် ခံစားနေသည့် နာကျင်မှုသည် သင့်ကို အကာအကွယ်ပေးနေသည့် အရာပင် ဖြစ်သည်။ သင်သည် ဤအရာများကို ရှင်းရှင်းလင်းလင်း သိရမည်၊ ယင်းသည် သင့်ကိုယ်သင် လွတ်မြောက်စေရာ၌ အခက်တွေ့မည့် ဖြားယောင်းသွေးဆောင်မှုများ၏ သားကောင် ဖြစ်ခြင်းမှ ရှောင်ရှားရန်နှင့် ထူထပ်သည့်မြူထဲ၌ စမ်းတဝါးဝါးဖြစ်ပြီး နေကို မမြင်နိုင်ခြင်းအား ရှောင်ရှားရန်အလို့ငှာ ဖြစ်သည်။ ထူထပ်သည့်မြူ ရှင်းသွားသောအခါမှ ကြီးမြတ်သည့်နေ့၏ တရားစီရင်ခြင်း အလယ်၌ သင်ရောက်နေသည်ကို သင်တွေ့မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည်

ဤလမ်းပေါ်တွင် လူများစွာက အသိပညာအကြောင်း များစွာ ပြောနိုင်သည်။ သို့သော်လည်း ထိုသူတို့သေသည့်အချိန် ရောက်သောအခါ၊ ၎င်းတို့၏ မျက်လုံးများသည် မျက်ရည်များလျှံလျက်၊ အချိန်ဖြုန်းခဲ့ပြီး အရွယ်လွန်သည်အထိ အချည်းနှီး အသက်ရှင်ခဲ့သည့် အတွက် ကိုယ့်ကိုယ်ကိုယ် မုန်းနေကြသည်။ သူတို့သည် အယူဝါဒများကိုသာ သဘောပေါက်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ် ဘုရားသခင်အတွက် သက်သေခံခြင်းကို မလုပ်နိုင်ပေ၊ ယင်းအစား သူတို့သည် ပျားတစ်ကောင်ကဲ့သို့ အလုပ်များကာ ဟိုဟိုသည်သည် ပြေးလွှားနေကြသည်၊ သူတို့ သေအံ့ဆဲဆဲ အချိန်ရောက်မှသာ သူတို့၌ စစ်မှန်သော သက်သေခံချက် မရှိကြောင်းနှင့် ဘုရားသခင်ကို လုံးဝ မသိကြောင်းတို့ကို နောက်ဆုံးတွင် သိမြင်လာသည်။ ၎င်းအချိန်သည် နောက်ကျလွန်းပြီ မဟုတ်လော။ အချိန်ကောင်းကို လက်မလွှတ်တမ်း အသုံးမချဘဲ သင်ချစ်မြတ်နိုးသော သမ္မာတရားကို အဘယ်ကြောင့် မရှာဖွေဘဲနေသနည်း။ မနက်ဖြန်အထိ အဘယ်ကြောင့် စောင့်ဆိုင်းသနည်း။ အသက်ရှင်သည့်အချိန်တွင် သမ္မာတရားအတွက် အနစ်နာမခံလျှင် သို့မဟုတ် သမ္မာတရားကို ရယူရန် မရှာဖွေလျှင်၊ သေအံ့ဆဲဆဲအချိန်တွင်မှ နောင်တတရားကို သင်ခံစားလို၍ ဖြစ်နိုင်သလော။ သို့ဖြစ်လျှင်၊ အဘယ်ကြောင့် ဘုရားသခင်ကို သင်ယုံကြည်သနည်း။ အကယ်စင်စစ်၊ လူများသည် အနည်းငယ်သာ အားစိုက်၍ ဆက်ကပ်မှုရှိလျှင် သမ္မာတရားကို လက်တွေ့ကျင့်သုံးနိုင်ပြီး ဘုရားသခင်ကို ကျေနပ်စေနိုင်သည့်အရာ များစွာရှိပေ၏။ လူတို့၏ စိတ်နှလုံးများသည် အစဉ်မပြတ် နတ်ဆိုးများ ပိုင်ဆိုင်နေသောကြောင့်သာ ဘုရားသခင်အတွက် သူတို့သည် မလုပ်မဆောင်နိုင်ကြဘဲ၊ နောက်ဆုံး အကျိုးအမြတ် ဘာမျှ မဖြစ်စေသော ဇာတိပကတိအတွက် အပြေးအလွှား လုပ်ကိုင်ကြသည်။ ဤအကြောင်းကြောင့် လူတို့သည် စဉ်ဆက်မပြတ် ဒုက္ခများ၊ အခက်အခဲများ၏ဒဏ် အမြဲခံစားနေရခြင်း ဖြစ်၏။ ၎င်းတို့သည် စာတန်၏ ညှဉ်းပန်းခြင်းများပင် မဟုတ်ပေလော။ ယင်းသည် ဇာတိပကတိ၏ ပျက်စီးခြင်း မဟုတ်ပေလော။ ဘုရားသခင်ကို နှုတ်ခမ်း အပြောသက်သက်နှင့် အစေခံခြင်းဖြင့် မလှည့်စားသင့်ပေ။ ယင်းအစား သင်သည် လက်ဆုပ်လက်ကိုင် ပြနိုင်သော လုပ်ဆောင်မှုကို လုပ်ရမည်။ မိမိကိုယ်ကို မလှည့်စားလေနှင့်၊ ထိုသို့ပြုလျှင် မည်သည့်အဓိပ္ပာယ် ရှိသနည်း။ သင်၏ ဇာတိပကတိအတွက် အသက်ရှင်ပြီး အကျိုးအမြတ်နှင့် ကျော်ကြားမှုအတွက် ရုန်းကန်ခြင်းဖြင့် သင်သည် အဘယ်မည်သော အကျိုးအမြတ် ရရှိနိုင်သနည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သမ္မာတရားအတွက် အသက်ရှင်သင့်သည်

သူ့နောက် လိုက်ရုံမျှဖြင့် သို့မဟုတ် သူ့ကို မြင်ရုံမျှဖြင့် သူ့အားက သင်ရရှိနိုင်ပြီး၊ သင့်ကို မည်သူမျှ ဖယ်ရှားနိုင်ကြလိမ့်မည် မဟုတ်ဟု သင် အမြဲယုံကြည်ထားသည်။ ဘုရားသခင်နောက်လိုက်ခြင်းသည် လွန်စွာ လွယ်ကူသည့် ကိစ္စရပ်တစ်ခုဟု မထင်မှတ်လေနှင့်။ အဓိကသော့ချက်မှာ သူ့ကို သင်သိရမည်၊ သူ၏အမှုကို သင်သိရမည်ဖြစ်ပြီး၊ သူ့အတွက် အခက်အခဲကို ကြံ့ကြံ့ခံဖို့၊ သူ့အတွက် သင်၏ အသက်ကို စတေးဖို့နှင့် သူ၏ စုံလင်စေခြင်းခံရဖို့ လိုအင်ဆန္ဒ သင်၌ ရှိရမည်ဖြစ်သည်။ ဤသည်မှာ သင့်၌ ရှိသင့်သည့် ရူပါရုံဖြစ်သည်။ သင်၏ အတွေးများသည် ကျေးဇူးတော်ကို မွေ့လျော်ခံစားမှုအပေါ် အစဉ်အမြဲ စိတ်အလွန်ထက်သန်နေပါက အလုပ်ဖြစ်မည် မဟုတ်ပေ။ ဘုရားသခင်သည် လူများ၏ ပျော်ရွှင်မှု အတွက်သာ သို့မဟုတ် ၎င်းတို့အပေါ် ကျေးဇူးတော် အပ်နှင်းဖို့သာ ဤနေရာတွင် ရှိနေခြင်းဖြစ်သည်ဟု မယူမှတ်လိုက်လေနှင့်။ သင် မှားလိမ့်မည်။ အကယ်၍ လူတစ်ဦးသည် သူ့နောက်လိုက်ဖို့ မစွန့်စားနိုင်ပါက၊ ပြီးလျှင် လူတစ်ဦးသည် နောက်လိုက်ဖို့ လောကီ ပိုင်ဆိုင်မှုတိုင်းကို မစွန့်လွှတ်နိုင်ပါက၊ ၎င်းတို့အနေဖြင့် သူ့နောက်သို့ အဆုံးထိတိုင် ဧကန်မုချ လိုက်လျှောက်နိုင်ကြမည် မဟုတ်ပေ။ သင့်အနေဖြင့် ရူပါရုံများကို သင်၏အခြေခံအုတ်မြစ်အဖြစ် ရှိရမည်ဖြစ်သည်။ အကယ်၍ တစ်နေ့တွင် ကံအကြောင်းမလှသည့် ဖြစ်ရပ် သင့်အပေါ် ကျရောက်ပါက၊ မည်သည့်အရာကို သင်လုပ်ဆောင်သင့်သနည်း။ သူ့နောက်သို့ သင် လိုက်လျှောက်နိုင်လိမ့်ဦးမည်လော။ သင် အဆုံးထိ လိုက်လျှောက်နိုင်ခြင်း ရှိမည် မရှိမည်ကို ပေါ့ပေါ့တန်တန် မပြောလိုက်နှင့်။ ယခု မည်သည့် အချိန်ဖြစ်သည်ကို မြင်ဖို့ရန် သင်၏ မျက်စိများကို ဦးစွာပထမ ကျယ်ကျယ်ဖွင့်သင့်သည်။ လတ်တလောတွင် သင်တို့သည် ဗိမာန်တော်၏ တိုင်များကဲ့သို့ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ လက်ရှိအချိန်တွင် သင်တို့၌ ကင်းမဲ့နေသည့် ရူပါရုံများစွာရှိသည့်အတွက်၊ ထိုသို့သော တိုင်များသည် ဗိမာန်တော်ကို ပြိုလဲဖို့ဖြစ်စေလျက်၊ ပိုးကောင်များ၏ ကိုက်ဖြတ်ခြင်းခံရမည့် အချိန်ကာလတစ်ခု ရောက်လာလိမ့်မည်။ သင်တို့သည် သင်တို့၏ ကိုယ်ပိုင်ကမ္ဘာငယ်လေးများကိုသာ အာရုံစိုက်ကြပြီး၊ မည်သည့်အရာက ယုံကြည်စိတ်အချရဆုံးနှင့် အသင့်တော်ဆုံးသော ရှာဖွေခြင်းနည်းလမ်း ဖြစ်သည်ကို သင်တို့မသိကြချေ။ ယနေ့အမှု၏ ရူပါရုံကို သင်တို့ အရေးမစိုက်ကြသကဲ့သို့၊ ဤအရာများကို စိတ်နှလုံးများထဲတွင် ထိန်းသိမ်းခြင်းလည်း မရှိပေ။ တစ်နေ့တွင် သင်တို့၏ဘုရားသခင်သည် သင်တို့ကို အကျွမ်းတဝင်မရှိဆုံးသော နေရာတစ်ခုတွင် ထားရှိမည်ကို သင်တို့ စဉ်းစားဖူးသလော။ သင်တို့ထံမှ အရာအားလုံးကို ငါလုယူကောင်း လုယူနိုင်သည့်တစ်နေ့တွင် သင်တို့ မည်သည့်အရာဖြစ်လာမည်ကို သင်တို့ စိတ်ကူးနိုင်ပါသလော။ ထိုနေ့တွင် သင်တို့၏အားအင်များသည် ယခုကဲ့သို့ ဖြစ်မည်လော။ သင်တို့၏ ယုံကြည်ခြင်းသည် ပြန်ပေါ်လာမည်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့သည် အမှုတော်ကို သိနားလည်ရမည်- စိတ်ရှုပ်ထွေးမှုဖြင့် မလိုက်ကြလေနှင့်။

သင်အသက်ရှင်နေစဉ် သင့်အနေဖြင့် ဝေဒနာများစွာ ခံစားခဲ့ပြီးဖြစ်နိုင်သည်၊ သို့သော် ဘာကိုမျှ သင်နားမလည်သေး၊ အသက်အကြောင်း အရာခပ်သိမ်းကို သင်မသိဘဲ ဖြစ်နေသည်။ သင်သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို ခံရပြီးဖြစ်သော်လည်း သင်သည် လုံး၀ မပြောင်းလဲသေး သကဲ့သို့ သင်၏အတွင်းနက်နဲရာတွင် သင်သည် အသက်ကိုမရရှိသေးပေ။ သင်၏အလုပ်ကို စမ်းသပ်ဖို့ အချိန်ကျရောက်လာသောအခါ မီးတမျှ ပြင်းထန်သော စမ်းသပ်ခြင်းနှင့် သာ၍ပင်ကြီးမားသော ဆင်းရဲဒုက္ခကို သင်ခံစားရမည်။ ဤမီးက သင်၏ဖြစ်တည်ခြင်း တစ်ခုလုံးကို ပြာမှုန်များအဖြစ်သို့ ပြောင်းသွားစေလိမ့်မည်။ အသက်မပိုင်သော သူတစ်ဦး၊ အတွင်း၌ ရွှေစင်တစ်အောင်စမျှ မရှိသော သူတစ်ဦး၊ ဟောင်းနွမ်းပျက်စီးသော စိတ်သဘောထားနှင့် ကပ်ငြိဆဲသူတစ်ဦးနှင့် အဖြည့်ခံအဖြစ်၌ ကောင်းမြတ်သော အလုပ်တစ်ခုကိုပင် မလုပ်နိုင်သောသူတစ်ဦး ဖြစ်သည်နှင့်အညီ သင်သည် အဘယ်သို့ ဖယ်ရှားခြင်း မခံရနိုင်မည်နည်း။ တစ်ပြားမတန်သကဲ့သို့ အသက်မပိုင်သောသူ တစ်ဦးသည် သိမ်းပိုက်ခြင်းအမှုအတွက် အသုံးဝင်မှု တစ်စုံတစ်ရာ ရှိနိုင်ပါသလော။ ထိုအချိန်ရောက်လာသောအခါ သင်တို့၏ နေ့ရက်ကာလများသည် နောဧနှင့် သောဒုံတို့၏ နေ့ရက်ကာလများထက် ပိုခက်ခဲလိမ့်မည်ဖြစ်သည်။ သင်၏ ဆုတောင်းချက်များသည် ထိုအခါတွင် သင့်ကို ကောင်းကျိုးပြုလိမ့်မည်မဟုတ်။ ကယ်တင်ခြင်းအလုပ် အဆုံးသတ်ပြီးနှင့်ပြီး ဖြစ်သည့်အခါတွင်၊ သင်သည် နောက်မှပြန်လာ၍ အသစ်တဖန် နောင်တရနိုင်မည်နည်း။ ကယ်တင်ခြင်းအလုပ်အားလုံး ပြီးမြောက်သည်နှင့် တစ်ပြိုင်နက် နောက်ထပ် ကယ်တင်ခြင်းအလုပ် ရှိတော့မည် မဟုတ်။ ရှိမည့်အရာမှာ ဆိုးယုတ်သောသူကို တရားစီရင်ခြင်းအလုပ် စတင်ခြင်းဖြစ်သည်။ သင်သည် ခုခံသည်၊ ပုန်ကန်သည်၊ ပြီးလျှင် သင်သည် ဆိုးညစ်မှန်းသိသောအရာများကို လုပ်သည်။ သင်သည် ပြင်းထန်သော ပြစ်ဒဏ်စီရင်ခြင်း၏ ပစ်မှတ် မဟုတ်လော။ ယနေ့ ဤအရာကို သင့်အတွက် ငါရှင်းအောင်ပြောနေသည်။ နားမထောင်ဖို့ သင်ရွေးချယ်လျှင်၊ နောက်ပိုင်းတွင် သင့်အပေါ်သို့ ဘေးဒုက္ခ ကျရောက်သည့်အခါ၊ ထိုအခါမှ သင်စတင်နောင်တရပြီး စတင်ယုံကြည်လျှင် နောက်ကျလွန်းလိမ့်မည် မဟုတ်လော။ ငါသည် သင့်ကို ယနေ့ နောင်တရဖို့အခွင့်အရေး ပေးနေသော်လည်း သင်သည် နောင်တရရန် ဆန္ဒမရှိ။ သင်သည် အဘယ်မျှကြာ စောင့်ဆိုင်းချင်သနည်း။ ပြစ်တင်ဆုံးမခြင်း နေ့ရက်တိုင်အောင်လော။ ယနေ့ ငါသည် သင်၏ အတိတ်က ကျူးလွန်ခြင်းများကို မအောက်မေ့ပေ။ ငါသည် သင်၏ အပြုသဘော ဘက်သို့သာ ကြည့်ဖို့ရန် အပျက်သဘောမှ အဝေးသို့လှည့်ရင်း သင့်ကို အဖန်ဖန် ငါ ခွင့်လွှတ်၏၊ အဘယ့်ကြောင့်ဆိုသော် ငါ၏ လက်ရှိ နှုတ်ကပတ်တော်အားလုံးနှင့် အလုပ်အားလုံးတို့သည် သင့်ကို ကယ်တင်ဖို့ရန်ဖြစ်ပြီး သင့်အပေါ်မကောင်းသော ရည်ရွယ်ချက် ငါ၌မရှိပေ။ သို့သော် သင်သည် ၀င်ရောက်ရန် ငြင်းဆန်၏၊ မကောင်းသောအရာမှ ကောင်းသောအရာကို သင်မခွဲခြားနိုင်သကဲ့သို့ ကြင်နာမှုကို မည်သို့တန်ဖိုးထားရမည်ကို သင်မသိပေ။ ယင်းသို့သောသူတို့သည် ပြစ်ဒဏ်ပေးခြင်းနှင့် ဖြောင့်မတ်သော ဒဏ်ခတ်ခြင်းကိုသာ စောင့်ဆိုင်းနေသည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၁)

လူသည် အဓိပ္ပာယ်ရှိသော အသက်တာကို နေထိုင်ရန် ရှာဖွေလိုက်လျှောက်ရမည်ဖြစ်ပြီး သူ၏ လက်ရှိအခြေအနေများဖြင့် ရောင့်ရဲမနေသင့်ပါ။ ပေတရု၏ ပုံရိပ်အတိုင်း ရှင်သန်ရန် လူသည် ပေတရုအကြောင်း အသိပညာနှင့် သူ၏ အတွေ့အကြုံများကို ပိုင်ဆိုင်ရမည်။ လူသည် ပိုမိုမြင့်မားပြီး ပိုမိုနက်နဲသိမ်မွေ့သော အရာများကို လေ့လာလိုက်စားရမည်။ သူသည် ဘုရားသခင်အား ပိုမိုလေးနက်၍ ပိုမိုဖြူစင်သော ချစ်ခြင်းအပြင် တန်ဖိုးနှင့် အဓိပ္ပာယ်ပြည့်ဝသော အသက်တာကို ရှာဖွေလိုက်လျှောက်ရမည် ဖြစ်သည်။ ဤသည်သာ အသက်ရှင်ခြင်းအကြောင်း ဖြစ်၏၊ သို့မှသာ လူသည် ပေတရုနှင့် တူမည်ဖြစ်သည်။ အကောင်းဘက်တွင် သင်၏ ဝင်ရောက်မှုအတွက် တက်ကြွထက်သန်ခြင်းကို သင်အာရုံစိုက်ရမည်၊ ပိုမိုလေးနက်ပြီး ပိုမိုတိကျကာ ပိုမိုလက်တွေ့ကျသည့် သမ္မာတရားများကို လျစ်လျူရှုရင်း တဒင်္ဂသာယာမှုအလို့ငှာ ဒုံရင်းသို့ပြန်ဆိုက်ရန် သင့်ကိုယ်သင် အညံ့ခံကာ ခွင့်မပြုရ။ သင့်ချစ်ခြင်းသည် လက်တွေ့ကျရမည်ဖြစ်ပြီး တိရစ္ဆာန်၏ဘဝနှင့် မခြားသည့် အကျင့်စာရိတ္တပျက်ပြားကာ ပေါ့ပေါ့တန်တန်ဘဝမှ မိမိကိုယ်ကို လွတ်မြောက်စေရန် နည်းလမ်းများကို သင်ရှာရမည်။ သင်သည် အဓိပ္ပာယ်ရှိသောဘဝ၊ တန်ဖိုးရှိသောဘဝကို ရှင်သန်နေထိုင်ရမည်ဖြစ်ပြီး သင့်ကိုယ်သင် အရူးလုပ်ခြင်း သို့မဟုတ် သင့်ဘဝကို ဆော့ကစားစရာ အရုပ်ကဲ့သို့ သဘောထားခြင်းတို့ကို မပြုလုပ်ရ။ ဘုရားသခင်အား ချစ်ရန် ဆန္ဒပြင်းပြသော လူတိုင်းအတွက် မရရှိနိုင်သော သမ္မာတရားများ ဆိုသည်မှာ မရှိပါ၊ သူတို့ ကြံ့ကြံ့မခံနိုင်သောအရာအတွက် တရားစီရင်မှုလည်း မရှိပါ။ သင့်အသက်တာကို မည်သို့နေထိုင်သင့်သနည်း။ ဘုရားသခင်ကို သင်မည်သို့ ချစ်သင့်ပြီး သူ့အလိုကိုဖြည့်ဆည်းရန် ထိုချစ်ခြင်းကို မည်သို့အသုံးပြုသင့်သနည်း။ သင့်အသက်တာတွင် ထို့ထက်ပို၍ ကြီးမြတ်သောအရာ မရှိပါ။ အထူးသဖြင့် သင့်တွင် ထိုကဲ့သို့သော ရည်မှန်းချက်များနှင့် ဇွဲလုံ့လတို့ ရှိရမည်ဖြစ်ပြီး ထိုကြောက်တတ်သော လူပျော့လူညံ့များကဲ့သို့ မဖြစ်သင့်ပါ။ အဓိပ္ပာယ်ပြည့်ဝသော အသက်တာကို တွေ့ကြုံရန်နှင့် အဓိပ္ပာယ်ပြည့်ဝသော သမ္မာတရားများကို တွေ့ကြုံရန် သင်လေ့လာရမည်ဖြစ်ပြီး ထိုကဲ့သို့ သင့်ကိုယ်သင် ဝတ်ကျေတန်းကျေ သဘောမထားသင့်ပေ။ သင်သတိမထားမိဘဲ သင့်အသက်တာသည် သင့်ကို ဝကွက်ချန်ထားခဲ့လိမ့်မည်၊ ယင်းနောက်တွင် ဘုရားသခင်ကိုချစ်ရန် သင်၌ နောက်တစ်ကြိမ် အခွင့်အရေး ရှိပါဦးမည်လော။ လူသည် သေလွန်ပြီးနောက် ဘုရားသခင်အား ချစ်နိုင်ပါမည်လော။ သင့်တွင် ပေတရုကဲ့သို့ တူညီသည့် ရည်မှန်းချက်များနှင့် စိတ်ဓာတ်ရှိရမည်၊ သင့်အသက်တာသည် အဓိပ္ပာယ်ပြည့်ဝရမည်ဖြစ်ပြီး သင့်ကိုယ်သင် မကစားသင့်ပါ။ လူသားတစ်ဦးအနေဖြင့်သာမက ဘုရားသခင် နောက်သို့ လိုက်လျှောက်သောသူတစ်ဦးအနေဖြင့် သင့်အသက်တာကို မည်သို့သဘောထားသင့်သည်၊ ဘုရားသခင်ထံ သင့်ကိုယ်သင် မည်သို့ဆက်ကပ်အပ်နှံသင့်သည်၊ ဘုရားသခင်၌ ပိုမိုလေးနက်သော ယုံကြည်မှုကို မည်သို့ထားရှိသင့်သည်တို့အပြင် ဘုရားသခင်ကို သင်ချစ်သည့်အလျောက် ဘုရားသခင်အား ပိုမိုဖြူစင်စွာ၊ ပို၍လှပစွာ၊ ပိုမိုကောင်းမွန်စွာ မည်သို့ချစ်သင့်သည်တို့ကို အသေအချာ သင်စဉ်းစားနိုင်ရမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ

ဘုရားသခင်သည် လူသားတို့၏ အနာဂတ်အတွက် ဝမ်းနည်းသည်၊ လူသားတို့၏ ကျဆင်းမှုအတွက် ပူဆွေးသောက ရောက်သည်၊ ထို့ပြင် လူသားတို့သည် ယိုယွင်းပျက်စီးခြင်းနှင့် ပြန်လမ်းမဲ့လမ်းကြောင်းဆီသို့ တဖြည်းဖြည်း ချီတက်သွားနေခြင်း အတွက် ဝမ်းနည်းပူဆွေးရသည်။ ဘုရားသခင်၏ စိတ်နှလုံးကို ကြေကွဲစေခဲ့ပြီး၊ ဆိုးယုတ်သောသူကို ရှာဖွေရန် ဘုရားသခင်ကို စွန့်လွှတ်ခဲ့ကြသည့် လူသားတို့ပင်ဖြစ်သည်၊ ဤကဲ့သို့သော လူသားတို့ ရှေးရှုသွားနိုင်သည့် ဦးတည်ချက်နှင့် ပတ်သက်ပြီး စဉ်းစားခဲ့ဖူးသောသူ ရှိသလော။ ဘုရားသခင်၏ အမျက်ဒေါသကို မည်သူမျှ သတိမပြုမိကြခြင်း၊ ဘုရားသခင်ကို ကျေနပ်သဘောကျစေမည့်လမ်းကို မည်သူမျှ မရှာဖွေကြခြင်း၊ သို့မဟုတ် ဘုရားသခင်ထံတော်သို့ တိုးဝင်ချဉ်းကပ်ရန် မည်သူမျှ မကြိုးစားကြခြင်း၊ ထိုထက်ပို၍ပင် ဘုရားသခင်၏ ပူဆွေးမှုနှင့် နာကျင်ရမှုတို့ကို နားလည်ပေးရန် မည်သူမျှ မကြိုးစားကြခြင်းတို့မှာ ထိုအကြောင်းကြောင့်ပင် ဖြစ်တော့သည်။ ဘုရားသခင်၏ အသံတော်ကို ကြားပြီးသည့်နောက်တွင်ပင် လူသားသည် သူ့လမ်းသူ ဆက်လျှောက်နေ၏၊ ဘုရားသခင်ထံမှ လမ်းလွဲသွားရန် မလျှော့တမ်း ပေလုပ်နေပြီး၊ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ဂရုစိုက်မှုကို ရှောင်ဖယ်ကာ ဘုရားသခင်၏ သမ္မာတရားကို ရှောင်ရှားလျက် ဘုရားသခင်၏ ရန်သူဖြစ်သော စာတန်ထံသို့ သူ့ကိုယ်သူ ရောင်းချရန်သာ ပိုနှစ်သက်နေသည်။ လူသားသည် ဆက်လက်ခေါင်းမာ နေမည်ဆိုပါက ဘုရားသခင်သည် နောင်တရခြင်းမရှိဘဲ သူ့ကိုပစ်သွားသည့် ဤလူသားတို့အပေါ် မည်ကဲ့သို့ တုံ့ပြန်မည်ဆိုသည်ကို မည်သူစဉ်းစားဖူးသနည်း။ ဘုရားသခင်၏ အကြိမ်ကြိမ် သတိပေးခြင်းနှင့် တိုက်တွန်းနှိုးဆော်ရခြင်းများ၏ အကြောင်းရင်းမှာ လူသား၏ခန္ဓာနှင့် စိတ်ဝိညာဉ်တို့ ခံရပ်နိုင်မည် မဟုတ်သည့် တစ်ခါမျှမဖြစ်ဖူးသေးသော ကပ်ဘေးကို သူ၏ လက်တော်ထဲတွင် ပြင်ဆင်ထားသောကြောင့်ဖြစ်ကြောင်းကို မည်သူမျှမသိပေ။ ဤကပ်ဘေးသည် ခန္ဓာအတွက်သာ မဟုတ်ဘဲ စိတ်ဝိညာဉ်အတွက်ပါ အပြစ်ဒဏ်ပေးခြင်း ဖြစ်သည်။ ဘုရားသခင်၏ အကြံအစည် ပျက်ပြားသွားပြီး၊ သူ၏သတိပေးချက်များနှင့် တိုက်တွန်းနှိုးဆော်ချက်များအပေါ် တုံ့ပြန်မှုများ မရှိပါက သူ့အနေဖြင့် မည်သို့အမျက်မျိုး ထုတ်လွှတ်မည်ကို သင်သိသင့်သည်။ သူ၏အမျက်သည် ဖန်ဆင်းခံသူတို့ ကြုံတွေ့ဖူးသော၊ ကြားဖူးသော အရာများနှင့် လုံးဝတူညီမည်မဟုတ်ပေ။ ထို့ကြောင့် ထိုကပ်ဘေးသည် မကြုံစဖူးသောအရာဖြစ်ပြီး မည်သည့်အခါမျှလည်း ထပ်မံ ဖြစ်ပေါ်လာမည် မဟုတ်ဟု ငါပြောသည်။ အကြောင်းမှာ ဘုရားသခင်၏ အကြံအစည်သည် လူသားမျိုးနွယ်ကို ဤတစ်ကြိမ်သာ ဖန်ဆင်း၍ ဤတစ်ကြိမ်သာ ကယ်တင်ရန် ဖြစ်သောကြောင့်ဖြစ်သည်။ ဤအကြိမ်မှာ ပထမဆုံးအကြိမ်ဖြစ်သကဲ့သို့ နောက်ဆုံးအကြိမ်လည်း ဖြစ်သည်။ ထို့ကြောင့် လူသားမျိုးနွယ်ကို ဤတစ်ကြိမ်ကယ်တင်သော ဘုရားသခင်၏ စေ့စပ်သေချာသည့် ရည်ရွယ်ချက်များနှင့် စိတ်ထက်သန်သော မျှော်လင့်စောင့်စားမှုတို့ကို မည်သူမျှ နားမလည်နိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားတွင် “သူ့အား” ဆိုသည့် စကားလုံး မပါဝင်ပါ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။