သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ရရှိနိုင်သည့်နည်းလမ်း

18.11.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ယခု သန့်ရှင်းသောဝိညာဉ်တော် လျှောက်လှမ်းသည့် လမ်းကြောင်းသည် ဘုရားသခင်၏ မျက်မှောက် နှုတ်ကပတ်တော်များဖြစ်သည်။ ထိုသို့ဖြစ်သဖြင့်၊ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းကြောင်းပေါ် ခြေချမည်ဆိုပါက၊ ၎င်းတို့အနေဖြင့် လူ့ဇာတိခံ ဘုရားသခင်၏ မျက်မှောက်နှုတ်ကပတ်တော်များကို နာခံကာ စားသောက် ရမည်ဖြစ်သည်။ သူ လုပ်ဆောင်သည့် အမှုသည် နှုတ်ကပတ်တော်များ၏အမှုဖြစ်သည်။ အရာအားလုံးသည် သူ၏နှုတ်ကပတ်တော်မှ အစပြုပြီး၊ အားလုံးကို သူ၏ နှုတ်ကပတ်တော်များ၊ သူ၏ မျက်မှောက်နှုတ်ကပတ်တော်များပေါ်တွင် တည်ဆောက် ထားပေသည်။ လူ့ဇာတိခံ ဘုရားသခင်နှင့် ပတ်သက်၍ သေချာခြင်းဖြစ်စေ၊ လူ့ဇာတိခံ ဘုရားသခင်ကို သိရှိခြင်းဖြစ်စေ၊ အသီးသီးသည် သူ၏နှုတ်ကပတ်တော်အပေါ် သာ၍ အားထုတ်ကြိုးပမ်းခြင်း လိုအပ်ပေသည်။ ထိုသို့မဟုတ်ပါက၊ လူတို့သည် မည်သည့် အရာကိုမျှ မပြီးမြောက်နိုင်သကဲ့သို့၊ လူတို့၌ မည်သည့်အရာမျှ ကျန်ရှိမည်မဟုတ်ပေ။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို စားသောက်ခြင်း အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ခြင်းနှင့် ထိုသို့အားဖြင့် သူ့အား သိကျွမ်းလာကာ သူ့ကို ကျေနပ်စေခြင်းအားဖြင့်သာ၊ လူတို့သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးကို တဖြည်းဖြည်း တည်ဆောက်နိုင်ပေသည်။ လူသားအတွက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းနှင့် ၎င်းတို့ကို လက်တွေ့လုပ်ဆောင်ခြင်းထက် သာ၍ ကောင်းမွန်သော ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်ခြင်း မရှိပေ။ ထိုသို့သော လက်တွေ့လုပ်ဆောင်ခြင်းမှတစ်ဆင့်၊ ဘုရားသခင်၏လူများနှင့်ဆိုင်သည့် ၎င်းတို့၏ သက်သေခံချက်၌ ခိုင်မာစွာ အကောင်းဆုံးရပ်တည်နိုင်ပေသည်။ လူတို့သည် ဘုရားသခင်၏ မျက်မှောက်နှုတ်ကပတ်တော်များ၏ အနှစ်သာရကို သိနားလည်ပြီး နာခံနိုင်ပါက၊ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော် လမ်းပြနေသည့် လမ်းကြောင်းပေါ်တွင် အသက်ရှင်ကြကာ၊ ဘုရားသခင်၏ လူသားကို စုံလင်စေခြင်း လမ်းကြောင်းအမှန်ပေါ်တွင် ခြေချကြပြီးဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့် လူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသောသူများ ဖြစ်သည်

ဘုရားသခင်၏အမှုမှာ သူ၏ နှုတ်ကပတ်တော်များ မှတစ်ဆင့် သင့်ကို ထောက်ပံ့ပေးဖို့ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များကို သင်နာခံပြီး လက်ခံသောအခါ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲ၌ ဧကန်အမှန် အမှုပြုလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ငါပြောသည့်အတိုင်း တစ်သဝေမတိမ်း အမှုပြုသည်။ ငါပြောထားသည့် အတိုင်း လုပ်ဆောင်လော့၊ ထိုအခါ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲ၌ မဆိုင်းမတွ အမှုပြုလိမ့်မည်။ သင်တို့ မြင်တွေ့ရန်အတွက် အလင်းသစ်ကို ငါစေလွှတ်ကာ၊ ပစ္စုပ္ပန်၏ အလင်းထဲသို့ သင်တို့ကို ငါခေါ်ဆောင်နေပြီး၊ ဤအလင်းထဲသို့ သင်လှမ်းဝင်လာသောအခါ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲ၌ ချက်ချင်းအမှုပြုလိမ့်မည်။ “သင်ပြောတဲ့အတိုင်း ငါလုပ်ဆောင်မည် မဟုတ်။” ဟု ပြောပြီး ဆိုဆုံးမရ ခက်ကောင်းခက်နိုင်သောသူ အချို့ရှိသည်။ ထိုကိစ္စမျိုးတွင် သင် ယခု လမ်းဆုံးသို့ ရောက်နေပြီ၊ သင်သည် သွေ့ခြောက်နေပြီး နောက်ထပ် အသက်မရှိတော့ဟု သင့်ကို ငါပြောသည်။ ထို့ကြောင့် သင်၏ စိတ်သဘောထား ပြောင်းလဲလာသည်ကို တွေ့ကြုံရာ၌ ပစ္စုပ္ပန်ကာလ၏ အလင်းကို မီအောင်လိုက်ခြင်းထက် မည်သည့်အရာမျှ ပိုအရေးပါသည်မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင် အသုံးပြုခြင်းခံရသည့် လူအချို့၌သာ အလုပ်လုပ်သည်သာမက၊ ထို့ထက်ပို၍ အသင်းတော်၌ အလုပ်လုပ်သည်။ သူသည် မည်သူ့အထဲ၌မဆို အလုပ်လုပ်နေနိုင်သည်။ သူသည် ပစ္စုပ္ပန်ကာလ၌ သင့်အထဲမှာ အလုပ်လုပ်ကောင်း လုပ်လိမ့်မည်ဖြစ်ပြီး ဤအမှုကို သင်တွေ့ကြုံရလိမ့်မည်။ နောက်ထပ်ကာလအတွင်း၌ သူသည် အခြားလူတစ်ယောက်အထဲ၌ အလုပ်လုပ်ကောင်းလုပ်နိုင်ပြီး၊ ထိုအခြေအနေတွင် သင်မြန်မြန်လိုက်ရမည်။ ပစ္စုပ္ပန်ကာလ၏ အလင်းကို သင် ပို၍နီးကပ်စွာ လိုက်လေလေ၊ သင်၏အသက်တာ ပို၍ ကြီးထွားနိုင်လေလေ ဖြစ်သည်။ လူတစ်ဦးသည် မည်သည့်ပုဂ္ဂိုလ်အမျိုးအစား ဖြစ်ပါစေ၊ သူ့အထဲ၌ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ပါက သင်လိုက်ရမည်။ သူတို့၏ အတွေ့အကြုံများကို သင့်အတွေ့အကြုံများမှတစ်ဆင့် ခံစားလော့၊ ထိုအခါ သင်သည် ပို၍ပင် အဆင့်မြင့်သော အရာများကို ရရှိလိမ့်မည်။ ထိုသို့လုပ်ခြင်းဖြင့် သင်သည် ပိုမိုလျင်မြန်စွာ တိုးတက်လာလိမ့်မည်။ ဤသည်မှာ လူသားအတွက် စုံလင်ခြင်း၏ လမ်းကြောင်းဖြစ်ပြီး အသက်တာ ကြီးထွားသည့် နည်းလမ်းဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်

ဘုရားသခင်၏ နှုတ်ကပတ်တော်အတွင်းတွင် သင် အသက်ရှင်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏အလုပ်ကို ဆောင်ရွက်ရန် အခွင့်အရေး ရှိလိမ့်မည်။ သင်သည် စာတန်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်ကို ထိုသို့သော အခွင့်အရေး သင် ပေးလိမ့်မည်မဟုတ်။ လူတို့အပေါ် သန့်ရှင်းသော ဝိညာဉ်တော် ဆောင်ရွက်သော အလုပ်၊ ၎င်းတို့အပေါ် သူ ထွန်းလင်းစေသည့် အလင်းနှင့် ၎င်းတို့ကို သူ ပေးသည့် စိတ်ချယုံကြည်မှုသည် အခိုက်အတန့်တစ်ခုသာ တာရှည်ခံလေသည်။ လူတို့သည် ဂရုမထားသကဲ့သို့ အာရုံမစိုက်ကြပါက၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် ၎င်းတို့ကို ဖြတ်ကျော်သွားလိမ့်မည်။ လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း အသက်ရှင်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ ရှိလိမ့်မည်ဖြစ်ပြီး ၎င်းတို့အပေါ် အလုပ်လုပ်လိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း လူတို့ အသက်မရှင်ပါက၊ စာတန်၏ ချည်နှောင်မှုများ၌ ၎င်းတို့ အသက်ရှင်ကြပေသည်။ လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် အသက်ရှင်ကြပါက၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက် သို့မဟုတ် လုပ်ဆောင်ချက် မရှိကြပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ နယ်နိမိတ်များအတွင်း အသက်ရှင်ပါက၊ ပြီးလျှင် သင်သည် ဘုရားသခင် တောင်းဆိုသော အခြေအနေ၌ အသက်ရှင်ပါက၊ သင်သည် သူနှင့် သက်ဆိုင်သောသူတစ်ဦး ဖြစ်ပြီး သူ၏ အမှုကို သင့်အပေါ် ဆောင်ရွက်လိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ သတ်မှတ်ချက်များ၏ နယ်နိမိတ်များအတွင်း အသက်ရှင်မနေဘဲ၊ ယင်းအစား စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်နေပါက၊ သင်သည် စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းအတွင်းတွင် အသေအချာ အသက်ရှင်နေပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း အသက်ရှင်ခြင်းနှင့် ဘုရားသခင်ကို သင်၏စိတ်နှလုံးအား ပေးခြင်းအားဖြင့်သာ သူ၏သတ်မှတ်ချက်များကို သင် ဖြည့်ဆည်း နိုင်ပေသည်။ ဘုရားသခင်၏ မိန့်မြွက်ချက်များကို သင်၏ဖြစ်တည်မှုနှင့် သင့်အသက်တာ၏ လက်တွေ့အရှိတရား ဖြစ်စေရင်း၊ ဘုရားသခင် ပြောသည့်အတိုင်း သင် လုပ်ဆောင်ရမည်။ ထိုအခါမှသာ သင်သည် ဘုရားသခင်နှင့် သက်ဆိုင်လိမ့်မည်ဖြစ်သည်။ သင်သည် ဘုရားသခင်၏ အလိုနှင့်အညီ အမှန်တကယ် လက်တွေ့လုပ်ဆောင်ပါက၊ သူသည် သင့်အပေါ် အမှုကို ဆောင်ရွက်လိမ့်မည်ဖြစ်ပြီး၊ ထို့နောက် သင်သည် ဘုရားသခင်၏မျက်နှာ၏ အလင်း၌ သူ၏ ကောင်းချီးမင်္ဂလာများ အောက်တွင် အသက်ရှင်လိမ့်မည်ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် ဆောင်ရွက်သော အလုပ်ကို သင် သဘောပေါက်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ မျက်မှောက်နှင့်ဆိုင်သည့် ဝမ်းမြောက်မှုကို ခံစား ရလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှောင်၏လွှမ်းမိုးမှုမှ လွတ်မြောက်လော့၊ ပြီးလျှင် သင်သည် ဘုရားသခင်၏ ရယူခြင်း ခံရလိမ့်မည်

သန့်ရှင်းသောဝိညာဉ်တော်သည် ဤအခြေခံသဘောတရားအားဖြင့် အမှုပြု၏- လူတို့၏ ပူးပေါင်းဆောင်ရွက်ခြင်းမှတစ်ဆင့်၊ ၎င်းတို့ တက်ကြွစွာ ဆုတောင်းခြင်း၊ ဘုရားသခင်ကို ရှာဖွေခြင်းနှင့် ဘုရားသခင်ထံသို့ တိုးဝင်ချဉ်းကပ်ခြင်း တို့မှတစ်ဆင့်၊ ရလဒ်များကို ရရှိနိုင်ပြီး ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းခံရကာ အလင်းပေးခြင်း ခံရနိုင်ပေသည်။ ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်က တစ်ဖက်သတ် လုပ်ဆောင်သည် သို့မဟုတ် လူသားက တစ်ဖက်သတ် လုပ်ဆောင်သည် မဟုတ်ပေ။ နှစ်ဦးလုံးသည် မရှိမဖြစ်ဖြစ်ပြီး၊ လူတို့က ပူးပေါင်းဆောင်ရွက်လေလေ၊ ၎င်းတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်သက်ဆိုင်သည့် စံချိန်စံနှုန်းများကို ရရှိရန် အားထုတ်လေလေ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်က သာ၍ ကြီးမားလေလေ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်အပြင်၊ လူတို့၏ စစ်မှန်သော ပူးပေါင်းဆောင်ရွက်မှုသည်သာ၊ စစ်မှန်သော အတွေ့အကြုံများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သည့် ထိရောက်သော အသိပညာကို ဖြစ်ပေါ်စေနိုင်ပေသည်။ တဖြည်းဖြည်းနှင့်၊ ဤနည်းလမ်းဖြင့် တွေ့ကြုံခြင်းမှတစ်ဆင့်၊ နောက်ဆုံးတွင် စုံလင်သည့် လူတစ်ဦး ထွက်ပေါ်၏။ ဘုရားသခင်သည် သဘာဝလွန်ကဲသည့် အရာများကို မလုပ်ဆောင်ပေ- လူတို့၏အယူအဆများတွင် ဘုရားသခင်သည် အနန္တတန်ခိုးရှင်ဖြစ်ပြီး၊ အရာအားလုံးကို ဘုရားသခင် လုပ်ဆောင်သည်— အကျိုးဆက်အနေဖြင့် လူတို့သည် မလှုပ်မယှက် စောင့်ဆိုင်းကြသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဖတ်ရှုကြချေ၊ သို့မဟုတ် ဆုတောင်းခြင်း မရှိကြချေ၊ ပြီးလျှင် သန့်ရှင်းသော ဝိညာဉ်တော်၏တို့ထိမှုကို စောင့်ရုံမျှ စောင့်ကြလေသည်။ သို့သော် မှန်ကန်သော သိနားလည်မှုရှိသူများက ဆက်လက်ဖော်ပြပါအရာကို ယုံကြည်ကြသည်- ဘုရားသခင်၏ လုပ်ဆောင်မှုများသည် ကျွန်ုပ် ပူးပေါင်းဆောင်ရွက်သလောက်အထိသာ သွားပြီး၊ ကျွန်ုပ်အထဲ၌ ဘုရားသခင်၏အမှု သက်ရောက်မှုသည် ကျွန်ုပ် မည်သို့ပူးပေါင်းဆောင်ရွက်သည် ဆိုသည့်အပေါ် တည်မှီသည်။ ဘုရားသခင်က စကားပြောဆိုသည့်အခါတွင်၊ ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ရှာဖွေရန် တတ်နိုင်သမျှ လုပ်ဆောင်သင့်ပြီး ရှေ့ဆက်ကြိုးပမ်းသင့်သည်။ ဤသည်ကား ကျွန်ုပ် စွမ်းဆောင် ရရှိသင့်သည့် အရာဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့အရှိတရားကို သိရှိပုံ

သင်သည် အမှန်တကယ် လေ့ကျင့်သည့်အခါမှ၊ အမှန်တကယ် ရှာဖွေသည့်အခါမှ၊ အမှန်တကယ် ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေခြင်းအတွက် ဆင်းရဲဒုက္ခခံရန် လိုလားနေသည့်အခါမှသာ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲတွင် အလုပ်လုပ်နိုင်သည်။ သမ္မာတရားကို ရှာဖွေခြင်းမပြုသူတို့သည် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများ၊ အနှစ်သာရမဲ့သော သဘောတရားများမှလွဲ၍ မည်သည့်အရာမျှ မရှိကြသကဲ့သို့၊ သမ္မာတရားမရှိသော သူတို့သည် သဘာဝအားဖြင့် ဘုရားသခင်နှင့် သက်ဆိုင်သည့် အယူအဆများစွာ ရှိကြလေသည်။ ဤသို့သောလူများသည် တတိယကောင်းကင်ဘုံသို့ တက်နိုင်ရန်အလို့ငှာ ၎င်းတို့၏ ဇာတိခန္ဓာကိုယ်ကို ဝိညာဉ်ကိုယ်ခန္ဓာအဖြစ်သို့ ဘုရားသခင်က ပြောင်းလဲစေရန်အတွက်သာ တောင့်တကြသည်။ ထိုလူတို့သည် မိုက်မဲလိုက်လေစွ။ ထိုသို့သောအရာများကို ပြောသောသူအားလုံးသည် ဘုရားသခင်နှင့် သက်ဆိုင်သည့် အသိပညာ သို့မဟုတ် လက်တွေ့အရှိတရားနှင့် သက်ဆိုင်သည့် အသိပညာမရှိကြချေ။ ဤကဲ့သို့သော လူများသည် ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်ရန် မဖြစ်နိုင်သကဲ့သို့၊ မလှုပ်မယှက်သာ စောင့်ဆိုင်းနိုင်ကြသည်။ လူတို့သည် သမ္မာတရားကို သိနားလည်ပြီး၊ သမ္မာတရားကို ရှင်းလင်းစွာ မြင်ရန်ဆိုပါက၊ ထို့အပြင် ၎င်းတို့သည် သမ္မာတရားထဲသို့ ဝင်ရောက်ပြီး ထိုသမ္မာတရားကို လက်တွေ့ လုပ်ဆောင်ရန်ဆိုပါက၊ ၎င်းတို့အနေဖြင့် အမှန်တကယ် လေ့ကျင့်ကြရမည်၊ အမှန်တကယ် ရှာဖွေကြရမည်ဖြစ်ပြီး အမှန်တကယ် ဆာလောင်မွတ်သိပ် ကြရမည်။ သင်သည် ဆာလောင်မွတ်သိပ်သောအခါ၊ ပြီးလျှင် ဘုရားသခင်နှင့် အမှန်တကယ် ပူးပေါင်းလုပ်ဆောင်သည့်အခါ၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သင့်ကို ဧကန်မုချ တို့ထိလိမ့်မည်ဖြစ်ပြီး၊ သင်၏အတွင်းတွင် အလုပ်လုပ်လိမ့်မည်၊ ယင်းက သင့်ထံ ဉာဏ်အလင်းပေးခြင်း ပိုမိုဆောင်ကြဉ်းလိမ့်မည်ဖြစ်ပြီး၊ လက်တွေ့အရှိတရားနှင့် သက်ဆိုင်သည့် အသိပညာကို သာ၍ ပေးလိမ့်မည်ဖြစ်သကဲ့သို့၊ သင်၏အသက်တာအဖို့ သာ၍ ကြီးမားသည့် အကူအညီဖြစ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့အရှိတရားကို သိရှိပုံ

ဘုရားသခင်ရှေ့မှောက်တွင် မိမိ၏စိတ်နှလုံးကို ငြိမ်သက်စေခြင်းသည် အရေးကြီးဆုံးသော ကိစ္စများထဲမှတစ်ခုဖြစ်ကြောင်း အတွေ့အကြုံမှ သိမြင်နိုင်သည်။ ဤကိစ္စသည် လူတို့၏ဝိညာဉ်ရေးအသက်တာနှင့် သက်ဆိုင်သောကိစ္စ၊ ထို့အပြင် ၎င်းတို့၏ အသက်တာများထဲ ကြီးထွားခြင်းနှင့်သက်ဆိုင်သော ကိစ္စဖြစ်သည်။ ဘုရားသခင် မျက်မှောက်တွင် သင့်စိတ်နှလုံးငြိမ်းချမ်းနေမှသာလျှင် သင်၏သမ္မာတရား လိုက်စားမှုနှင့် သင်၏စိတ်သဘောထားတွင်း၌ ပြောင်းလဲမှုများ သီးပွင့်ပေမည်။ သင်သည် ဝန်ထုပ်ကိုထမ်းလျက် ဘုရားသခင်ရှေ့မှောက်ကို ရောက်လာသောကြောင့်နှင့် သင်သည် နည်းလမ်းပေါင်းများစွာဖြင့် ချို့တဲ့နေသည်ဟု အမြဲတစေခံစားရလျက် ရှိသောကြောင့်၊ သင်သိရန်လိုသည့် သမ္မာတရားများစွာနှင့် သင်ကြုံတွေ့ရန်လိုသည့် လက်တွေ့တရား များစွာရှိနေပြီး၊ ဘုရားသခင်၏အလိုတော်ကို အလုံးစုံဂရုပြုရမည်ဟု သင်အမြဲခံစားရ သောကြောင့်- ဤအရာတို့သည် သင့်စိတ်ထဲ အမြဲတစေရှိနေသည်။ ယင်းသည် သင့်ကို အင်အားဖြင့် ဖိထားသကဲ့သို့ဖြစ်ရာ သင်သည် အသက်မရှူနိုင်ဘဲ ဖြစ်ကျန်ရစ်သဖြင့် (သင်သည်အပျက်သဘောဆောင်သည့် အနေအထား၌မရှိလင့်ကစား) သင်သည် စိတ်နှလုံး လေးလံမှုကို ခံစားရသည်အလားဖြစ်သည်။ ထိုသို့သော လူသားများသည်သာ ဘုရားသခင် နှုတ်ကပတ်တော်၏ ဉာဏ်အလင်းပေးမှုကို လက်ခံရန်နှင့် ဘုရားသခင်၏ဝိညာဉ်တော်၏ တို့ထိမှုကိုရရန်၊ သတ်မှတ်ချက်နှင့်ပြည့်မီသည်။ ၎င်းတို့၏ ဝန်ထုပ်ကြောင့်၊ ၎င်းတို့သည် စိတ်နှလုံးလေးလံလျက်ရှိကာ သူတို့ပေးချေခဲ့သည့် အဖိုးအခနှင့် ဘုရားသခင်မျက်မှောက်တွင် သူတို့ခံရသည့် ဒုက္ခကြောင့် သူတို့သည် ကိုယ်တော်၏ အသိဉာဏ်ဖွင့်ခြင်းနှင့် အလင်းပေးခြင်းကို ရရှိသည်ဟု ဆိုနိုင်သည်။ အကြောင်းမူကား ဘုရားသခင်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အထူးအရေးပေးခြင်းမရှိ။ ကိုယ်တော်သည် လူများအပေါ်ဆက်ဆံရာတွင် အမြဲတစေ တရားမျှတသည်။ သို့သော် ကိုယ်တော်သည် လူများအား စိတ်ကူးပေါက်သလို၊ သို့မဟုတ် ခြွင်းချက်မရှိပေးသနားခြင်း မပြုပေ။ ဤသည်မှာ ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထား၏ လက္ခဏာသွင်ပြင်တစ်ရပ်ဖြစ်သည်။ လက်တွေ့ဘဝတွင် လူများစုသည် ယင်းနယ်ပယ်ကို မရသေးပေ။ အနည်းဆုံးအနေဖြင့် သူတို့၏စိတ်နှလုံးသည် ဘုရားသခင်ကို လုံးလုံးလျားလျား အားမကိုးသေးသဖြင့်၊ သူတို့၏အသက်တာစိတ်သဘောထားတွင် ကြီးမားသော အပြောင်းအလဲ တစ်ခုတလေမျှ ဖြစ်မလာသေးပေ။ ယင်းမှာ သူတို့သည် ဘုရားသခင်၏ကျေးဇူးတော်ထဲ၌သာ နေထိုင်ခြင်းကြောင့်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကိုမရသေးသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ အသုံးပြုခြင်းခံရစေရန် လူတို့ ပြည့်မီရမည့် စံနှုန်းများမှာ အောက်ပါအတိုင်းဖြစ်သည်- သူတို့၏ စိတ်နှလုံးသည် ဘုရားသခင်ကို အားကိုးသည်၊ ဘုရားသခင်၏နှုတ်ကပတ်တော်၏ဝန်ကို ထမ်းဆောင်သည်၊ တမ်းတသောစိတ်နှလုံးရှိသည်၊ ထို့အပြင် သမ္မာတရားကို ရှာဖွေရန် သန္နိဌာန်ချထားသည်။ ထိုကဲ့သို့သောလူများသာလျှင် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကိုရရှိနိုင်ကာ ဉာဏ်ပွင့်ခြင်းနှင့် အလင်းပေးခြင်းကို မကြာခဏရရှိကြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် အလွန်အရေးကြီး၏

ဘုရားသခင်၏ လူသားများကို စုံလင်စေခြင်းတွင် စည်းကမ်းတစ်ခု ရှိသည်။ ယင်းက သင်၌ လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်း တစ်ခုရှိပြီး သင့်ကို အပျက်သဘောဆောင်သော အခြေအနေများက ခွဲထုတ်နိုင်ရန်၊ သူသည် သင်၏နှစ်လိုဖွယ်ရာ ကောင်းသောအပိုင်းကို အသုံးပြုလျက်၊ သင်၏ ဝိညာဉ်ကို လွတ်မြောက်မှု ရရှိစေကာ၊ သင့်အား သူ့ကို ပိုချစ်နိုင်အောင် ပြုလုပ်၍ သင့်ကို အသိဉာဏ်ပွင့်လင်းစေခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို စွန့်ပယ်နိုင်မည်ဖြစ်သည်။ သင်သည် ရိုးစင်းပြီး ပွင့်လင်းသည်၊ မိမိကိုယ်မိမိသိရန် လိုလားပြီး သမ္မာတရားကိုလည်း လက်တွေ့လုပ်ဆောင်လိုသည်။ ဘုရားသခင်သည် သင့်ကို မုချဧကန် ကောင်းချီးပေးလိမ့်မည်၊ ထို့ကြောင့် သင်သည် အားနည်းကာ အပျက်သဘော ဆောင်သောအခါများတွင် သင့်ကိုယ်သင် သာ၍ သိမြင်လာရန်၊ သင့်အတွက်သင် အပြစ်ဝန်ခံရေးအတွက် ပိုမိုလိုလားရန်နှင့် သင်လက်တွေ့လုပ်ဆောင်သင့်သည့် အရာများကို သာ၍ လက်တွေ့လုပ်ဆောင်နိုင်ရန် ကူညီလျက်၊ ဘုရားသခင်သည် သင့်အား ဉာဏ်အလင်း နှစ်ဆပေးသည်။ ဤနည်းအားဖြင့်သာ သင်၏စိတ်နှလုံးသည် ငြိမ်းချမ်း၍ သက်သာရာရမည် ဖြစ်သည်။ ဘုရားသခင်ကို သိမြင်ရန် သာမန်အားဖြင့် အလေးဂရုပြုသောသူ၊ မိမိကိုယ်ကိုယ် သိမြင်ရန် အလေးဂရုပြုသောသူနှင့် မိမိ၏ လက်တွေ့လုပ်ဆောင်မှုကို အလေးဂရုပြုသောသူသည် ဘုရားသခင်၏ အလုပ်ကို မကြာခဏ လက်ခံရရှိနိုင်မည့်အပြင် ကိုယ်တော်၏လမ်းပြမှုနှင့် ဉာဏ်အလင်းပေးမှုကိုလည်း မကြာခဏ ရရှိနိုင်ပေမည်။ ထိုကဲ့သို့သောသူသည် အပျက်သဘောဆောင်သော အခြေအနေတစ်ရပ်တွင် ရှိသော်လည်း၊ သူသည် အသိစိတ်၏ လုပ်ဆောင်မှုကြောင့်ဖြစ်စေ၊ ဘုရားသခင်နှုတ်ကပတ်တော်၏ ဉာဏ်အလင်းပေးမှုကြောင့်ဖြစ်စေ၊ အမှုအရာများကို ချက်ချင်းပင် ပြောင်းလဲနိုင်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်းကို အာရုံစိုက်သူများသာ စုံလင်စေခြင်းခံရနိုင်သည်

သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်သည့်ပုံစံကို သင်တို့ သဘောပေါက်ကြပြီလော။ သန့်ရှင်းသောဝိညာဉ်တော်သည် စိတ်နှလုံး ရိုးသားဖြောင့်မတ်သော သူတို့အပေါ်တွင် သာမန်အားဖြင့် အလုပ်လုပ်ကာ၊ သူသည် လူတို့ဒုက္ခရောက်ပြီး သမ္မာတရားကို ရှာဖွေနေသောအခါ အလုပ်လုပ်သည်။ ဘုရားသခင်သည် လူသား၏ အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား တစ်စက်မျှမရှိသောသူများကို အရေးစိုက်လိမ့်မည်မဟုတ်ပေ။ တစ်စုံတစ်ဦးသည် အလွန်ရိုးသားသော်လည်း သူ၏စိတ်နှလုံးသည် အချိန်ကာလတစ်ခုကြာ ဘုရားသခင်ကို ကျောခိုင်းထားပါက၊ သူ၌ တိုးတက်ဖို့ ဆန္ဒမရှိ၊ အပျက်သဘောဆောင်သော အခြေအနေထဲသို့ ကျဆင်းပြီး ယင်းမှ သူမထွက်လာပါက၊ သူ၏အခြေအနေကို ဖြေရှင်းဖို့ ဆုမတောင်းသောအခါ၊ သို့မဟုတ် သမ္မာတရားကို မရှာဖွေသောအခါ၊ ထို့အပြင် သူသည် ပူးပေါင်းမလုပ်ဆောင်သောအခါ၊ ထိုသို့သော အခါအားလျော်စွာ မှောင်မည်းလာနေသည့် သူ၏အခြေအနေအတွင်းတွင်၊ သို့မဟုတ် သူ၏ယာယီဆုတ်ယုတ်လာမှုအတွင်းတွင် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်လိမ့်မည်မဟုတ်။ သို့ဆိုလျှင် လူ့သဘာဝနှင့်ဆိုင်သော အသိမရှိသည့် တစ်စုံတစ်ဦးတွင် သန့်ရှင်းသော ဝိညာဉ်တော်က အဘယ်သို့ အလုပ်လုပ်နိုင်မည်နည်း။ ဤသည်မှာ သာ၍ပင် မဖြစ်နိုင်ပေ။ သို့ဆိုလျှင် ဤလူတို့သည် မည်သည့်အရာ လုပ်သင့်သနည်း။ သူတို့သည် အမှန်တကယ် နောင်တရရမည်။ ပထမအနေဖြင့် သင့်စိတ်နှလုံးက ဘုရားသခင်ထံ ဖွင့်ဟရမည်ဖြစ်ပြီး ဘုရားသခင်ထံမှ သမ္မာတရားကို ရှာဖွေရမည်။ သမ္မာတရားကို သင်နားလည်သည်နှင့်တစ်ပြိုင်နက် ယင်းကို သင် လက်တွေ့ကျင့်သုံးနိုင်မည်။ ထို့နောက် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို နာခံနိုင်ပြီး သင့်ကို တာဝန်ယူစောင့်ရှောက်ရန် ဘုရားသခင်ကို အခွင့်ပေးနိုင်မည်။ ဤနည်းအားဖြင့်သာ ဘုရားသခင်၏ ချီးမွမ်းခြင်းကို သင်ခံရလိမ့်မည်။ သင်သည် ဦးစွာ သင်၌ရှိသော မာန်မာနနှင့် ပကာသနကို ဘေးဖယ်ပြီး သင့်ကိုယ်ပိုင်အကျိုးအမြတ်များကို စွန့်လွှတ်ရမည်။ ထို့နောက်တွင် သင့်ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်တစ်ခုလုံးကို သင့်တာဝန်အပေါ်နှင့် ဘုရားသခင်ကို သက်သေခံခြင်းအလုပ်အပေါ်တွင် ထားရှိလော့။ သင်သည် ဦးစွာ မိမိကိုယ်ကိုယ် အညံ့ခံကာ၊ ဘုရားသခင်ထံ သင့်စိတ်နှလုံးကို ဖွင့်ဟပြီး သင် မြတ်နိုးတန်ဖိုးထားသော အရာများကို ဘေးဖယ်ထားရမည်။ ဘုရားသခင်အား ပန်ကြားချက်များ ပြုလုပ်နေစဉ် ထိုအရာများကို သင် ဆက်လက်ဆုပ်ကိုင်ထားလျှင် သန့်ရှင်းသောဝိညာဥ်တော်၏ အလုပ်ကို သင် ရရှိနိုင်လိမ့်မည်လော။ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်မှာ အခြေအနေပေါ်တွင် မူတည်ပြီးလျှင်၊ ဘုရားသခင်သည် မကောင်းမှုကို မုန်းပြီး သန့်ရှင်းသော ဘုရားသခင်ဖြစ်သည်။ အကယ်၍ လူတို့သည် ဤအရာများကို အမြဲဖက်တွယ်ထားကာ၊ မိမိကိုယ်ကိုယ် ဘုရားသခင်ထံမှ အစဉ်အမြဲ ပိတ်ဆို့ထားပြီး ဘုရားသခင်၏ အလုပ်နှင့် လမ်းညွှန်မှုကို ငြင်းပယ်နေပါက ဘုရားသခင်သည် သူတို့အပေါ် အလုပ်ဆက်လုပ်မည်မဟုတ်ပေ။ ထို့နောက် သင့်ကို ဘုရားသခင် မည်သို့ လမ်းပြသည်ကို ကြည့်လော့၊ သင့်အတွင်းတွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ထွက်ပေါ်လာခြင်း ရှိမရှိ၊ သင်၌ ဤအတည်ပြုချက် ရှိခြင်း ရှိမရှိကို ကြည့်လော့။ သင်သည် ပထမဦးဆုံး စစ်မှန်စွာ နောင်တရရမည်၊ လူတိုင်းအတွင်းတွင် ဘုရားသခင် အမှုပြုရမည် သို့မဟုတ် သူသည် ဤအရာ၊ ထိုအရာ လုပ်ဆောင်ဖို့ သင့်ကို အတင်းအကျပ်ပြုလိမ့်မည်ဟူ၍ မဟုတ်ပေ။ သူသည် သင့်ကို အတင်းအကျပ် မလုပ်ခိုင်ပေ။ နတ်ဆိုးများ၏ အလုပ်သည် လူသားများကို ဤအရာ၊ ထိုအရာ လုပ်ဆောင်ဖို့ အတင်းအကျပ်ပြုရန်ဖြစ်ပြီး လူတို့ကို ဝင်ပူးပြီး ထိန်းချုပ်ရန်ပင် ဖြစ်၏။ သန့်ရှင်းသော ဝိညာဉ်တော်သည် အထူးသဖြင့် ညင်သာစွာ အလုပ်လုပ်၏။ သူသည် သင့်ကို တို့ထိပြီး ယင်းကို သင် မခံစားရပေ။ သင်သည် မရည်ရွယ်ဘဲ တစ်စုံတစ်ရာကို နားလည်လာပြီးဖြစ်သည့်အလား သို့မဟုတ် သဘောပေါက်လာပြီးဖြစ်သည့်အလား တကယ်ကို ခံစားရ၏။ ဤသည်မှာ လူတို့ကို သန့်ရှင်းသော ဝိညာဉ်တော် တို့ထိပုံဖြစ်ပြီး ၎င်းတို့ ကျိုးနွံနာခံပါက၊ အမှန်တကယ် နောင်တရနိုင်ကြသည်ကို ၎င်းတို့ မိမိတို့ကိုယ်ကိုယ် တွေ့ရှိရလိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်” မှ

တစ်ခါတစ်ရံ၊ ပုံမှန်မဟုတ်သည့် အခြေအနေတွင်၊ သင်သည် ဘုရားသခင် ရှိနေခြင်းကို ဆုံးရှုံးပြီး သင် ဆုတောင်းသည့်အခါ ဘုရားသခင်ကို မခံစားနိုင် ဖြစ်လာသည်။ ထိုသို့သော အချိန်များတွင် စိုးရွံ့မှုခံစားရခြင်းမှာ ပုံမှန်ဖြစ်၏။ သင့်အနေဖြင့် ချက်ချင်း စတင် ရှာဖွေသင့်သည်။ သင် မစတင်ပါက၊ ဘုရားသခင်သည် သင့်ထံမှ ဝေးကွာ လိမ့်မည်ဖြစ်ပြီး သင်သည် တစ်ရက်ကြာ၊ နှစ်ရက်ကြာ၊ တစ်လ သို့မဟုတ် နှစ်လကြာပင် သန့်ရှင်းသော ဝိညာဉ်တော်- ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်- မရှိဘဲ ဖြစ်လိမ့်မည်။ ဤအခြေအနေများတွင် သင်သည် အလွန့်အလွန် ထုံထိုင်းလာပြီး အပြုအမူမျိုးစုံ ကျူးလွန်နိုင်စွမ်းရှိသည်အထိ စာတန်၏ ဖမ်းဆီးခြင်းကို နောက်တစ်ကြိမ် ခံရပေသည်။ ချမ်းသာကြွယ်ဝမှုကို သင် တပ်မက်သည်၊ သင်၏ ညီအစ်ကို မောင်နှမများကို လှည့်ဖြားသည်၊ ရုပ်ရှင်များနှင့် ဗီဒီယိုများကို ကြည့်ရှုသည်၊ မာဂျောင် ကစားပြီး စည်းမရှိကမ်းမရှိ ဆေးလိပ်နှင့် အရက်ပင်သောက်လေသည်။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ထံမှ ဝေးရာသို့ သွေဖည်သွားပြီဖြစ်သည်၊ သင်သည် မိမိ၏ကိုယ်ပိုင်လမ်းသို့ တိတ်တဆိတ် သွားလေပြီဖြစ်ကာ ဘုရားသခင်၏ အမှုနှင့်ပတ်သက်၍ ထင်ရာမြင်ရာ ဝေဖန်လေပြီ။ အချို့ကိစ္စရပ်များတွင်၊ လူတို့သည် အလွန်နိမ့်ကျသည်မှာ လိင်မှုသဘာဝနှင့်ဆိုင်သော အပြစ်များကို ကျူးလွန်ရာတွင် မည်သည့် အရှက် သို့မဟုတ် ကသိကအောက်ဖြစ်ခြင်းမျှ မခံစားကြရပေ။ ဤကဲ့သို့သော လူမျိုးကို သန့်ရှင်းသော ဝိညာဉ်တော်က စွန့်ပစ်ပြီးဖြစ်သည်။ အမှန်တွင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်က ထိုသို့သော လူထဲတွင် မရှိခဲ့သည်မှာ ကြာပြီဖြစ်သည်။ ဆိုးယုတ်မှု၏ လက်တံများသည် သာ၍ ဝေးဝေး ဆန့်ထုတ်သည်နှင့်အမျှ ဖောက်ပြန်ပျက်စီးခြင်းထဲသို့ ၎င်းတို့ သာ၍ နက်ရှိုင်းစွာ နစ်မြုပ်သည်ကိုသာ တွေ့မြင်နိုင်သည်။ နောက်ဆုံးတွင်၊ ဤလမ်းခရီး၏ တည်ရှိခြင်းကို ၎င်းတို့ ငြင်းပယ်ပြီး ၎င်းတို့ အပြစ်ပြုကြသည်နှင့်အမျှ စာတန်၏ ဖမ်းဆီးခြင်းကို ခံကြရလေသည်။ သန့်ရှင်းသော ဝိညာဉ်တော် ရှိခြင်းသာ သင်၌ရှိသော်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် မရှိသည်ကို သင် တွေ့ရှိပါက ယင်းမှာ ရှိနေဖို့ အန္တရာယ်များသည့် အခြေအနေဖြစ်နှင့်ပြီးဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် ရှိခြင်းကိုပင် သင် မခံစားရသည့်အခါ၊ သင်သည် သေလုနီးနီး ဖြစ်ပေသည်။ သင် နောင်တမရပါက၊ စာတန်ထံ လုံးဝ ပြန်သွားခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်ပြီး ဖယ်ရှားခံရသည့် သူများအလယ်တွင် သင် ရှိလိမ့်မည်။ ထို့ကြောင့်၊ သန့်ရှင်းသော ဝိညာဉ်တော်သာရှိသည့် အခြေအနေတစ်ခုထဲ သင်ရှိသည်ကို (သင် အပြစ်မပြု၊ မိမိကိုယ်ကိုယ် ချုပ်တည်းထားပြီး ဘုရားသခင်ကို ဗြောင်ကျကျ အာခံခြင်း တစ်ခုမျှ သင် မပြု) သင် တွေ့ရှိသော်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ကင်းမဲ့သည်ကို (သင် ဆုတောင်းသည့်အခါ တို့ထိမှု မခံစားရ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်သည့်အခါ သိသာသည့် ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ သင် မရရှိ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းနှင့် ပတ်သက်၍ သင် စိတ်မဝင်စား၊ သင့်အသက်တာတွင် မည်သည့်ကြီးထွားမှုမျှ လုံးဝမရှိသကဲ့သို့ ကြီးမားသည့် အလင်းပြခြင်း သင် ကင်းမဲ့ခဲ့သည်မှာ ကြာပြီ) သင် ရှာဖွေတွေ့ရှိသည့်အခါ- ထိုသို့သော အချိန်များတွင်၊ သင် သာ၍ သတိထားရမည်။ သင့်ကိုယ်သင် အလိုမလိုက်ရ၊ သင်၏ ကိုယ်ပိုင် အကျင့်စရိုက်ကို ရှေ့ဆက်၍ အကန့်အသတ်မရှိ လွှတ်မထားရ။ သန့်ရှင်းသော ဝိညာဉ်တော် ရှိနေခြင်းသည် အချိန်မရွေး ပျောက်ကွယ်နိုင်၏။ ဤသည်မှာ ထိုသို့သော အခြေအနေ အလွန်အန္တရာယ်များရသည့် အကြောင်းရင်း ဖြစ်သည်။ သင်သည် မိမိကိုယ်ကိုယ် ဤအခြေအနေမျိုးတွင်ရှိသည်ကို တွေ့ရှိရပါက၊ တတ်နိုင်သမျှမြန်မြန် အမှုအရာများကို ပြောင်းလဲဖို့ ကြိုးစားလော့။ ပထမဦးစွာ၊ နောင်တရသည့် ဆုတောင်းချက်ကို သင်ဆိုသင့်ပြီး သင့်အပေါ် သူ၏ ကရုဏာကို နောက်တစ်ကြိမ် ဘုရားသခင် ပေးစေဖို့ တောင်းလျှောက်လော့။ သာ၍ လေးလေးနက်နက် ဆုတောင်းပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သာ၍ စားသောက်ဖို့ သင်၏ စိတ်နှလုံးကို ငြိမ်သက်စေလော့။ ဤအခြေခံအုတ်မြစ်နှင့်အတူ၊ ဆုတောင်းခြင်းတွင် သင်၏ အချိန်ကို ပိုမို အသုံးပြုရမည်။ သီဆိုခြင်း၊ ဆုတောင်းခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းနှင့် သင်၏ တာဝန်ကို ဆောင်ရွက်ခြင်းတို့တွင် သင်၏ အားထုတ်မှုများကို နှစ်ဆပြုလော့။ သင် အားအနည်းဆုံး ဖြစ်သည့်အချိန်တွင်၊ သင်၏ စိတ်နှလုံးသည် စာတန်၏ ပိုင်ဆိုင်ခြင်းကို သာ၍အလွယ်တကူခံရတတ်၏။ ထိုသို့ဖြစ်သည့်အခါ၊ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ထံမှ ယူခြင်းခံရပြီး စာတန်ထံ ပြန်ပို့ခံရလေသည်၊ သည့်နောက် သင်သည် သန့်ရှင်းသော ဝိညာဉ်တော် မရှိဘဲ ဖြစ်လေသည်။ ထိုသို့သော အချိန်များတွင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပြန်လည်ရရှိဖို့ နှစ်ဆခက်ခဲလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်က သင်နှင့်အတူ ရှိစဉ် သူ၏ အလုပ်ကို ရှာဖွေသည်က ပိုကောင်း၏၊ ယင်းက သင့်အပေါ် သူ၏ ဉာဏ်အလင်းပေးခြင်းကို သာ၍ ပေးသနားဖို့နှင့် သင့်ကို သူစွန့်မပစ်စေဖို့ ဘုရားသခင်ကို အခွင့်ပေးလေသည်။ ဆုတောင်းခြင်း၊ ဓမ္မသီချင်းများ သီဆိုခြင်း၊ သင်၏ တာဝန်ဝတ္တရားကို အစေခံခြင်း နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း- ဤအရာအားလုံးသည် စာတန်က သူ၏ အလုပ်ကို လုပ်ဆောင်ဖို့ အခွင့်အရေးမရှိရန်နှင့် သန့်ရှင်းသော ဝိညာဉ်တော်က သင့်အတွင်းတွင် အမှုပြုနိုင်ဖို့အလို့ငှာ လုပ်ဆောင်ခြင်း ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဤနည်းဖြင့် သင် ပြန်လည်မရရှိပါက၊ သင်သည် စောင့်၍သာနေပါက၊ သန့်ရှင်းသော ဝိညာဉ်တော်က အထူးသဖြင့် သင့်ကို မတို့ထိခဲ့သော် သို့မဟုတ် သင့်ကို အထူး ဉာဏ်အလင်းပေးပြီး အလင်းမပေးခဲ့သော်၊ သန့်ရှင်းသော ဝိညာဉ်တော် ရှိခြင်းကို သင် ဆုံးရှုံးပြီးသည့်အခါ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပြန်လည်ရရှိခြင်းက လွယ်ကူလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့်ပင်၊ သင်၏ အခြေအနေ ပြန်သက်သာလာဖို့ တစ်ရက် သို့မဟုတ် နှစ်ရက်သာ ကြာသည်မဟုတ်။ တစ်ခါတစ်ရံ မည်သည့် သက်သာခြင်းမျှမရှိဘဲ ခြောက်လကျော်လွန်သွားနိုင်သည်။ ဤအရာအားလုံးမှာ လူတို့သည် မိမိတို့ကိုယ်ကိုယ်အပေါ် အလွန်ငဲ့ညှာလွန်းသောကြောင့်၊ ပုံမှန်နည်းလမ်းဖြင့် အမှုအရာများကို တွေ့ကြုံနိုင်စွမ်းမရှိကြသောကြောင့် ဖြစ်ပြီး၊ ထို့သို့ဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ စွန့်ပစ်ခြင်းကို ခံကြရသောကြောင့် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို သင် အမှန်ပြန်လည်ရရှိလျှင်ပင်၊ သင်သည် မိုင်ပေါင်းသောင်းချီ နောက်ချန်ခံခဲ့ရသည့်အလား၊ သင်၏ ဘဝအတွေ့အကြုံ၌ ဝေးဝေးနောက်ကျခဲ့ပြီး ဖြစ်သည့်အတွက်၊ ဘုရားသခင်၏ လက်ရှိအမှုသည် သင့်အဖို့ သိပ်ရှင်းလင်းကောင်း ရှင်းလင်းလိမ့်ဦးမည်မဟုတ်ပေ။ ဤသည်မှာ ဆိုးရွားသည့်အရာ မဟုတ်လော။ သို့သော်၊ ထိုသို့သော လူတို့ကို ယခု နောင်တရရန် နောက်မကျ လွန်းသေးဟု ငါ ဆို၏၊ သို့သော် သတ်မှတ်ချက် တစ်ခုရှိပေသည်- သင် အလုပ် သာ၍ ကြိုးစားရမည်ဖြစ်ပြီး ပျင်းရိမှု၌ မွေ့လျော်ရမည်မဟုတ်။ အခြားလူတို့က တစ်နေ့ ငါးကြိမ်ဆုတောင်းပါက၊ သင် ဆယ်ကြိမ် ဆုတောင်းရမည်။ အခြားလူတို့က တစ်နေ့ နှစ်နာရီ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ပါက၊ ထိုသို့ လေးနာရီ သို့မဟုတ် ခြောက်နာရီ သင် လုပ်ရမည်။ ပြီးလျှင် အခြားလူတို့က ဓမ္မသီချင်းများကို နှစ်နာရီ နားထောင်ပါက၊ သင် အနည်းဆုံး နေ့တစ်ဝက် နားထောင်ရမည်။ သင်တို့ထိ ခံရသည်အထိ၊ သင်၏ စိတ်နှလုံးက ဘုရားသခင်ထံ ပြန်သွားပြီး ဘုရားသခင်ထံမှ အဝေးသို့ မသွေဖည်ဝံ့တော့ သည်အထိ မကြာခဏ ဘုရားသခင်၏ ရှေ့တွင် ငြိမ်သက်စွာနေပြီး သူ၏ ချစ်ခြင်းမေတ္တာကို တွေးတောလော့- ထို့အခါတွင်မှ၊ သင်၏ လက်တွေ့လုပ်ဆောင်ခြင်းက အကျိုးဖြစ်ထွန်းလိမ့်မည်။ ထိုအခါတွင်မှ၊ သင်၏ ယခင်၊ ပုံမှန် အခြေအနေသို့ ပြန်လည် သက်သာလာနိုင်ပေလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပုံမှန်အခြေအနေတစ်ခုထဲသို့ ဝင်ရောက်ပုံ

သင်သည် ဘုရားသခင်၏အလိုတော်ကို အလေးထားလေလေ၊ သင်သယ်ဆောင်သည့် ဝန်ထုပ်ဝန်ပိုး ကြီးမားလေလေဖြစ်ပြီး၊ သင်သယ်ဆောင်သည့် ဝန်ထုပ်ဝန်ပိုး ကြီးမားလေလေ သင်၏အတွေ့အကြုံ ကြွယ်ဝလေလေဖြစ်လိမ့်မည်။ ဘုရားသခင်၏ အလိုတော်ကို သင် သတိရှိသည့်အခါတွင်၊ ဘုရားသခင်သည် သင့်အပေါ် ဝန်ထုပ်တစ်ခု ချပေးလိမ့်မည်ဖြစ်ပြီး၊ ထို့နောက်တွင် သင့်ကို သူ ပေးအပ်ထားသည့် အလုပ်တာဝန်များနှင့်ပတ်သက်၍ သင့်ကို ဉာဏ်အလင်းပေးလိမ့်မည်။ ဘုရားသခင်သည် သင့်ကို ဤဝန်ထုပ်ပေးသည့်အခါ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေစဉ်တွင် ဆက်နွှယ်မှုရှိသည့် သမ္မာတရားများအားလုံးကို သင် အာရုံစိုက်လိမ့်မည်ဖြစ်သည်။ သင်၏ ညီအစ်ကို မောင်နှမများ၏ အသက်တာများ၏ အခြေအနေနှင့်ဆက်နွှယ်သည့် ဝန်ထုပ်တစ်ခု သင်၌ရှိပါက၊ ဤသည်မှာ ဘုရားသခင်က သင့်ကို အပ်နှံထားသော ဝန်ထုပ်ဖြစ်ပြီး၊ သင်သည် ဤဝန်ထုပ်ကို သင်၏ နေ့စဉ်ဆုတောင်းချက်များတွင် သင်နှင့်အတူ အမြဲ သယ်ဆောင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာကို သင့်အပေါ် တနင့်တပိုး တင်ထားပြီးဖြစ်ကာ၊ ဘုရားသခင် လုပ်ဆောင်လိုသောအရာကို လုပ်ဆောင်ရန် သင် လိုလားလျက်ရှိ၏။ ဤသည်မှာ ဘုရားသခင်၏ဝန်ထုပ်ကို သင့်ကိုယ်ပိုင်ဝန်ထုပ်အဖြစ် တာဝန်ယူခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ ဤအခြေအနေတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်စားသောက်ခြင်းတွင်၊ သင်သည် ဤကဲ့သို့သော ကိစ္စများကို အလေးထားပြီး၊ ဤပြဿနာများကို ကျွန်ုပ် မည်သို့ ဖြေရှင်းမည်နည်းဟု သင် စဉ်းစားလိမ့်မည်။ ကျွန်ုပ်၏ ညီအစ်ကိုမောင်နှမများအား လွတ်မြောက်မှုကို ရရှိပြီး ဝိညာဉ်ရေးရာ မွေ့ပျော်မှုကို ရှာတွေ့စေရန် ကျွန်ုပ် မည်သို့ထောက်ကူနိုင်မည်နည်း။ သင်သည် မိတ်ဿဟာယဖွဲ့နေစဉ်တွင် ဤပြဿနာများ ဖြေရှင်းခြင်းကိုလည်း အာရုံစိုက်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေချိန်တွင်၊ ဤကိစ္စများနှင့် ဆက်နွှယ်သော သူ၏နှုတ်ကပတ်တော်များကို စားသောက်ခြင်းအပေါ် သင်အာရုံစိုက် ပါလိမ့်မည်။ သူ၏နှုတ်ကပတ်တော်များကို စားသောက်စဉ်တွင်လည်း သင်သည် ဝန်ထုပ်ဝန်ပိုးတစ်ခုကိုလည်း သယ်ဆောင်ပါမည်။ ဘုရားသခင်၏ သတ်မှတ်ချက်များကို သင် နားလည်ပြီးသည်နှင့်တစ်ပြိုင်နက်၊ မည်သည့် လမ်းကြောင်း လျှောက်ရမည် ဆိုသည်နှင့်ပတ်သက်၍ သာ၍ ရှင်းလင်းသော စိတ်ကူးတစ်ခုကို သင် ရရှိလိမ့်မည်။ ဤသည်မှာ သင့်ဝန်ထုပ်က ယူဆောင်လာသော သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းဖြစ်ပြီး ဤသည်မှာ သင့်အပေါ် နှင်းအပ်ထားပြီးဖြစ်သည့် ဘုရားသခင်၏ လမ်းပြမှုလည်း ဖြစ်သည်။ ငါသည် ဤအရာကို အဘယ်ကြောင့် ပြောဆိုသနည်း။ သင်၌ ဝန်ထုပ်ဝန်ပိုး မရှိပါက၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေစဉ်တွင် အာရုံစိုက်လိမ့်မည်မဟုတ်။ ဝန်ထုပ်ကို သယ်ဆောင်နေစဉ် ဘုရားသခင်၏နှုတ်ကပတ်တော်များကို သင်စားသောက်သည့်အခါ၊ ထိုနှုတ်ကပတ်တော်များ၏ အနှစ်သာရကို သင် သဘောပေါက်နိုင်သည်၊ မိမိလမ်းခရီးကို ရှာတွေ့နိုင်ပြီး ဘုရားသခင်၏ အလိုတော်ကို အလေးထားနိုင်ပေသည်။ ထို့ကြောင့်၊ သင်၏ ရှေ့တွင်၊ သင်သည် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခု ပိုမိုရရှိနိုင်ဖို့အလို့ငှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ စားသောက်ခြင်းသည် သာ၍ ကြီးမားသော အကျိုးတစ်ခု ရှိဖို့အလို့ငှာ၊ သင်သည် သူ၏နှုတ်ကပတ်တော်များ၏ အနှစ်သာရကို သဘောပေါက်၍ ကြီးထွားဖို့အလို့ငှာနှင့်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို သင် သာ၍ ခံရနိုင်စွမ်းရှိလာဖို့အလို့ငှာ၊ သင်၏ဆုတောင်းချက်များတွင်၊ ဘုရားသခင်သည် သာ၍များသော ဝန်ထုပ်များကို သင့်အပေါ် ထားရှိဖို့နှင့် သာ၍ပင် ကြီးမားသော အလုပ်တာဝန်များကို သင့်ထံ အပ်နှံဖို့ တောင်းဆုပြုသင့်ပေသည်။

ဘုရားသခင်၏နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ ဆုတောင်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားသခင်၏ဝန်ထုပ်ကို လက်ခံခြင်းနှင့် ဘုရားသခင် သင့်ကို အပ်နှံသည့် လုပ်ငန်းတာဝန်များကို လက်ခံခြင်း- ဤအရာအားလုံးသည် သင့်ရှေ့တွင် လမ်းကြောင်းတစ်ခု ရှိနိုင်ဖို့အလို့ငှာ ဖြစ်သည်။ ဘုရားသခင်၏ အပ်နှံမှု ဝန်ထုပ် သင့်အပေါ် ဖိစီးလေလေ၊ သူ၏ စုံလင်စေခြင်းခံရဖို့ သင့်အတွက် လွယ်ကူလေလေ ဖြစ်လိမ့်မည်။ အချို့သော သူတို့သည် ခေါ်ခြင်းခံရသည့်အချိန်တွင်ပင် ဘုရားသခင်ကို အစေခံရာ၌ အခြားသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် လိုလားခြင်းမရှိကြချေ။ ဤလူများသည် သက်တောင့်သက်သာရှိခြင်းတွင် သောက်စားမြူးထူးဖို့သာ ဆန္ဒရှိသည့် ပျင်းရိသောလူများ ဖြစ်ကြသည်။ အခြားသူများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် အစေခံဖို့ သင် စေခိုင်းခံရလေလေ၊ သင်သည် အတွေ့အကြုံ ရရှိလေလေ ဖြစ်လိမ့်မည်။ သာ၍ များသော ဝန်ထုပ်များနှင့် အတွေ့အကြုံများရှိခြင်းကြောင့်၊ စုံလင်ခြင်းခံရဖို့ အခွင့်အရေးများ သင် သာ၍ ရရှိလိမ့်မည်။ ထို့ကြောင့်၊ သင်သည် ဘုရားသခင်ကို စစ်မှန်ရိုးသားမှုဖြင့် အစေခံနိုင်ပါက၊ ဘုရားသခင်၏ဝန်ထုပ်ဝန်ပိုးအပေါ် သင် သတိရှိလိမ့်မည်။ ထိုသို့ဖြစ်သဖြင့်၊ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ အခွင့်အရေးများ သာ၍ ရှိလိမ့်မည်။ လောလောဆယ်တွင် စုံလင်စေခြင်း ခံရလျက်ရှိသည်မှာ ထိုသို့သော လူစုတစ်စုသာ ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်ကို တို့ထိလေလေ၊ ဘုရားသခင်၏ ဝန်ထုပ်အပေါ် သတိရှိဖို့အချိန်ကို သင် ဆက်ကပ်လေလေ ဖြစ်ပြီး ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရလေလေ ဖြစ်လိမ့်မည်ဖြစ်ပြီး သင်သည် သူ၏ ရယူခြင်းကို ခံရလေလေ ဖြစ်လိမ့်မည်- နောက်ဆုံးတွင် သင်သည် ဘုရားသခင် အသုံးပြုသော လူတစ်ဦး ဖြစ်လာမည့်အချိန်အထိ ဖြစ်သည်။ လက်ရှိတွင်၊ အသင်းတော်အတွက် မည်သည့်ဝန်ထုပ်ကိုမျှ သယ်ဆောင်ခြင်း မရှိသည့် သူအချို့ရှိသည်။ ဤလူများသည် ပေါ့ဆပြီး ဖြစ်ကတတ်ဆန်းနိုင်ကာ၊ မိမိတို့ကိုယ်တိုင်၏ ဇာတိပကတိအတွက်သာ ဂရုစိုက်ကြသည်။ ထိုသို့သောလူများသည် အလွန့်အလွန် တစ်ကိုယ်ကောင်းဆန်ပြီး မျက်စိလည်းကန်းနေကြသည်။ သင်သည် ဤကိစ္စကို ရှင်းလင်းစွာ မမြင်နိုင်ပါက၊ မည်သည့် ဝန်ထုပ်ကိုမျှ သင် သယ်ဆောင်လိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်၏အလိုတော်ကို အလေးထားလေလေ၊ သင့်ထံ သူ အပ်နှံသည့် ဝန်ထုပ်သည် ကြီးမားလေလေ ဖြစ်လိမ့်မည်။ တစ်ကိုယ်ကောင်းဆန်သူများသည် ထိုသို့သောအရာများကို ဒုက္ခခံရန် လိုလားခြင်းမရှိကြချေ။ ၎င်းတို့သည် အဖိုးအခပေးရန် လိုလားခြင်း မရှိကြသကဲ့သို့၊ အကျိုးဆက်အနေဖြင့် ဘုရားသခင်၏စုံလင်စေခြင်း ခံရမည့် အခွင့်အရေးများကို ၎င်းတို့ လက်လွတ်သွားကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ထိခိုက်အောင် လုပ်ဆောင်နေကြခြင်း မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းကိုရရှိဖို့အလို့ငှာ ဘုရားသခင်၏ အလိုတော်ကို အလေးထားလော့

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။