သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်နှင့် ဝိညာဉ်ဆိုးများ၏ အလုပ်တို့ကြား ကွဲပြားခြားနားချက်မှာ အဘယ်နည်း

18.11.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူတစ်ဦးသည် စိတ်ဝိညာဉ်နှင့်သက်ဆိုင်သော အသေးစိတ်အချက်များကို မည်သို့ နားလည်လာသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူသား၏အထဲတွင် မည်သို့ အမှုပြုသနည်း။ စာတန်သည် လူသားထဲတွင် မည်သို့ အလုပ်လုပ်သနည်း။ နတ်ဆိုးများသည် လူသားထဲတွင် မည်သို့ အလုပ်လုပ်ကြသနည်း။ သရုပ်သကန်များမှာ အဘယ်နည်း။ သင့်အား တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာသလော၊ ပြီးလျှင် ယင်းကို သင် နာခံသင့်သလော၊ သို့မဟုတ် ငြင်းပယ်သင့်သလော။ လူတို့၏ တကယ့်လက်တွေ့လုပ်ဆောင်မှုတွင် သန့်ရှင်းသော ဝိညာဉ်တော်ထံမှလာသည်ဟု လူတို့ အစဉ်သဖြင့် ယုံကြည်သည့်အရာများစွာသည် လူသား၏ အလိုဆန္ဒမှ ထွက်ပေါ်လာပေသည်။ အချို့သော အရာများသည် နတ်ဆိုးများထံမှ လာသော်လည်း၊ ထိုအရာများသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာသည်ဟု လူတို့ ယုံကြည်ကြဆဲ ဖြစ်ကာ၊ တစ်ခါတစ်ရံတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့ကို အတွင်းမှ လမ်းပြပေးသည်၊ သို့သော်လည်း ထိုသို့သော လမ်းပြမှုသည် စာတန်ထံမှလာသည်ဟု လူတို့ စိုးရွံ့ကြသောကြောင့် မနာခံဝံ့ကြချေ၊ အမှန်တွင်မူ ယင်းလမ်းပြမှုက သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း ဖြစ်ပေသည်။ ထို့ကြောင့်၊ လူတစ်ဦးသည် ကွဲပြားခြားနားလာခြင်းကို မကျင့်သုံးပါက၊ မိမိ၏ လက်တွေ့ကျသော အတွေ့အကြုံတွင် တွေ့ကြုံခံစားဖို့ နည်းလမ်းမရှိပေ။ ကွဲပြားခြားနားလာခြင်းမရှိဘဲ၊ အသက်ကို ရခြင်းငှာ နည်းလမ်းမရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် မည်ကဲ့သို့ အမှုပြုသနည်း။ နတ်ဆိုးများသည် မည်ကဲ့သို့ အလုပ်လုပ် ကြသနည်း။ လူသား၏ အလိုဆန္ဒမှ မည်သည့်အရာ လာသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းညွှန်မှုနှင့် ဉာဏ်အလင်းပေးခြင်းမှ မည်သည့်အရာ ပေါက်ဖွားသနည်း။ သင်သည် လူ၏အတွင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်၏အမှု၏ ပုံစံများကို သဘောပေါက်ပါက၊ သင်၏ နေ့စဉ် အသက်တာထဲနှင့် သင်၏ လက်တွေ့ကျသော အတွေ့အကြုံများအတွင်းတွင် သင်၏ အသိပညာကို ကြီးထွားစေနိုင်လိမ့်မည် ဖြစ်ပြီး ခွဲခြားမှုများ ပြုလုပ်နိုင်လိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို သိရှိလာလိမ့်မည်၊ စာတန်ကို သင် နားလည်ပြီး ရိပ်စားမိနိုင်လိမ့်မည်၊ သင်၏ နာခံခြင်း သို့မဟုတ် အားထုတ်ခြင်းတွင် စိတ်ရှုပ်ထွေးလိမ့်မည် မဟုတ်သကဲ့သို့၊ သင်သည် အတွေးများ ရှင်းလင်းသောသူ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို နာခံသောသူ ဖြစ်လိမ့်မည်။

သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသည် လက်ဦးမှုရယူသော လမ်းပြခြင်းနှင့် အပြုသဘောဆောင်သော ဉာဏ်အလင်းပေးခြင်း ပုံစံတစ်ခု ဖြစ်သည်။ ယင်းက လူတို့ကို မတုန်မလှုပ်နေခွင့် မပေးပေ။ ယင်းက ၎င်းတို့ကို စိတ်သက်သာမှုကို ဆောင်ကြဉ်းပေးသည်၊ ယုံကြည်ခြင်းနှင့် သန္နိဋ္ဌာန်ကို ပေးပြီး၊ ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရဖို့၎င်းတို့ကို အားထုတ်နိုင်စေသည်။ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်သောအခါ၊ လူတို့သည် တက်ကြွစွာ ဝင်ရောက်နိုင်ကြ၏။ ၎င်းတို့သည် မတုန်မလှုပ်မနေ၊ သို့မဟုတ် ဖိအားပေးခြင်း မခံရဘဲ၊ ၎င်းတို့ကိုယ်တိုင်၏ ကိုယ်စွမ်းကိုယ်စဖြင့် ပြုမူကြလေသည်။ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သောအခါ လူတို့သည် နာခံဖို့ လိုလားပြီး မိမိတို့ကိုယ်ကိုယ် နှိမ့်ချဖို့ ပျော်ရွှင်လျက်၊ ဝမ်းမြောက်ဝမ်းသာဖြစ်ကြပြီး လိုလိုလားလား ရှိကြလေသည်။ ၎င်းတို့သည် အတွင်း၌ နာကျင်ကာ နုနယ်သော်လည်း၊ ပူးပေါင်းလုပ်ဆောင်ရန် သန္နိဋ္ဌာန်ရှိကြလေသည်။ ၎င်းတို့သည် ဝမ်းမြောက်စွာ ဆင်းရဲဒုက္ခခံစားကြသည်၊ နာခံနိုင်ကြပြီး၊ လူ့အလိုဆန္ဒဖြင့် စွန်းထင်းခံရခြင်း မရှိ၊ လူသား၏ အယူအဆဖြင့် စွန်းထင်းခံရခြင်း မရှိသကဲ့သို့၊ လူသား၏ အလိုဆန္ဒများနှင့် ကြံရွယ်ချက်များ၏ စွန်းထင်းခံရခြင်း ဧကန်မုချ မရှိကြပေ။ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို တွေ့ကြုံခံစားရသောအခါ၊ ၎င်းတို့သည် အတွင်း၌ အထူးသဖြင့် သန့်ရှင်းကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို ပိုင်ဆိုင်ရသော သူတို့သည် ဘုရားသခင်ကို ချစ်ခြင်းနှင့် ၎င်းတို့၏ ညီအစ်ကို မောင်နှမများအား ချစ်ခြင်းတို့ဖြင့် အသက်ရှင်နေထိုင်ကြလေသည်။ ၎င်းတို့သည် ဘုရားသခင်အား ပျော်ရွှင်စေသည့် အရာများ၌ ပျော်ရွှင်ကြပြီး၊ ဘုရားသခင် ရွံရှာသည့်အရာများကို ရွံရှာကြသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိခြင်း ခံရသောလူတို့သည် ပုံမှန်လူ့သဘာဝရှိကြပြီး၊ သမ္မာတရားကို စဉ်ဆက်မပြတ် လေ့လာလိုက်စားကြကာ လူ့သဘာဝကို ပိုင်ဆိုင်ထားကြ၏။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့အတွင်း၌ အလုပ်လုပ်သောအခါ ၎င်းတို့၏ အခြေအနေသည် ကောင်းသထက် ကောင်းလာကြပြီး၊ ၎င်းတို့၏ လူ့သဘာ၀သည် ပုံမှန်ဖြစ်သထက် ဖြစ်လာလေကာ၊ ၎င်းတို့၏ ပူးပေါင်းလုပ်ဆောင်မှုအချို့သည် မိုက်မဲကောင်း မိုက်မဲနိုင်သော်လည်း၊ ၎င်းတို့၏ ကြံရွယ်ချက်များမှာ မှန်ကန်သည်၊ ၎င်းတို့၏ဝင်ရောက်မှုသည် အပြုသဘောဆောင်သည်၊ ၎င်းတို့အနေဖြင့် အနှောင့်အယှက် ဖြစ်စေဖို့ မကြိုးစားသကဲ့သို့၊ ၎င်းတို့အတွင်းတွင် ယုတ်မာမှု မရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်သည် ပုံမှန်ဖြစ်ပြီး စစ်မှန်သည်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ပုံမှန်လူသားဘဝ၏ စည်းမျဉ်းများနှင့်အညီ လူသား၏အထဲတွင် အလုပ်လုပ်ပြီး၊ သူသည် ပုံမှန်လူတို့၏ အမှန်တကယ် ရှာဖွေလိုက်စားခြင်းအတိုင်း လူတို့အတွင်းတွင် ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှုတို့ကို ဆောင်ရွက်လေသည်။ လူတို့အထဲတွင် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သောအခါ သူသည် ပုံမှန်လူတို့၏ လိုအပ်ချက်နှင့်အညီ ၎င်းတို့ကို လမ်းပြပြီး ဉာဏ်အလင်းပေး၏။ သူသည် ၎င်းတို့၏ လိုအပ်ချက်များနှင့်အညီ ထောက်ပံ့ပေးပြီး၊ ၎င်းတို့ ချို့တဲ့သည့်အရာနှင့် ၎င်းတို့၏ မပြည့်စုံမှုများနှင့်အညီ အပြုသဘောဆောင်သော နည်းဖြင့် ၎င်းတို့ကို လမ်းပြပြီး ဉာဏ်အလင်းပေးလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏အမှုသည် လူတို့ကို တကယ့်အသက်တာတွင် ဉာဏ်အလင်းပေးပြီး လမ်းပြဖို့ ဖြစ်သည်။ ၎င်းတို့အနေဖြင့် မိမိတို့၏ တကယ့်အသက်တာများတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံမှသာလျှင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ၎င်းတို့ မြင်နိုင်ပေသည်။ ၎င်းတို့၏ နေ့စဉ်အသက်တာများတွင်၊ လူတို့သည် အပြုသဘောဆောင်သော အခြေအနေ တစ်ခုတွင်ရှိပြီး၊ ပုံမှန်ဝိညာဉ်ရေးရာ အသက်တာတစ်ခု ရှိပါက၊ ၎င်းတို့အနေဖြင့် သန့်ရှင်းသော ဝိညာဉ်တော်အလုပ်ကို ပိုင်ဆိုင်ကြပေသည်။ ထိုသို့သော အခြေအနေ တစ်ခုတွင် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ၎င်းတို့ စားသောက်ကြသောအခါ ၎င်းတို့၌ ယုံကြည်ခြင်းရှိကြ၏။ ၎င်းတို့ ဆုတောင်းကြသောအခါ လှုံ့ဆော်ခံရကြ၏။ တစ်စုံတစ်ရာကို ၎င်းတို့ ရင်ဆိုင်ရသောအခါ၊ မတုန်မလှုပ် မဖြစ်ကြပေ။ ပြီးလျှင် အမှုအရာများ ဖြစ်ပျက်နေသည်နှင့်အမျှ၊ ထိုအရာများအတွင်းတွင် ဘုရားသခင်က ၎င်းတို့အား သင်ယူစေလိုသော သင်ခန်းစာများကို ၎င်းတို့ မြင်နိုင်ကြလေသည်။ ၎င်းတို့သည် မတုန်မလှုပ် သို့မဟုတ် အားနည်းခြင်း မရှိကြသကဲ့သို့၊ ၎င်းတို့၌ တကယ့် ပြဿနာများ ရှိကြသော်လည်း၊ ဘုရားသခင်၏ စီမံမှုများအားလုံးကို နာခံရန် လိုလိုလားလား ရှိကြပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နှင့် စာတန်၏အလုပ်

သန့်ရှင်းသောဝိညာဉ်တော်သည် လူတို့ကို အသိဉာဏ်ပွင့်လင်းစေရန် အမှုပြုသောအခါ သူသည် ၎င်းတို့ကို ဘုရားသခင်၏ အမှုအကြောင်း၊ ၎င်းတို့၏ စစ်မှန်သောဝင်ရောက်မှုနှင့် စစ်မှန်သောအခြေအနေအကြောင်း သိနားလည်ခြင်းကို အများအားဖြင့် ပေးသည်။ သူသည် ၎င်းတို့အား ယနေ့ လူတို့အတွက် ဘုရားသခင်၏ စိတ်ထက်သန်သော ရည်ရွယ်ချက်များနှင့် သူ၏တောင်းဆိုချက်များကို နားလည်စေရန်လည်း အခွင့်ပေးသည်၊ ဤသို့ဖြင့် သူတို့သည် ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဘေးဒုက္ခကို တွေ့ကြုံရလျှင်ပင် ဘုရားသခင်ကို ကျေနပ်စေဖို့နှင့် ဘုရားသခင်ကိုချစ်ဖို့အတွက် အရာအားလုံးကို စွန့်လွှတ်ရန်လည်းကောင်း၊ သူတို့၏ သွေးထွက်သံယိုမှုနှင့် သူတို့၏ အသက်ပေးမှုကို တောင်းဆိုလာလျှင်ပင် ဘုရားသခင်အတွက် သက်သေရပ်တည်ရန်လည်းကောင်း၊ နောင်တရခြင်းမရှိဘဲ ဤသို့ပြုရန်လည်းကောင်း သူတို့၌ စိတ်ပိုင်းဖြတ်ချက်ရှိဖို့ရန်အတွက်ပင် ဖြစ်သည်။ သင်၌ ဤစိတ်ပိုင်းဖြတ်ချက်မျိုးရှိလျှင် ယင်းက သင်၌ သန့်ရှင်းသောဝိညာဉ်တော်၏ လှုံ့ဆော်မှုများနှင့်အလုပ်ကို ပိုင်ဆိုင်သည်ဟု ဆိုလိုသည်၊ သို့သော်လည်း တဒင်္ဂအခိုက်အတန့်တိုင်းတွင် သင်၌ ထိုကဲ့သို့သော လှုံ့ဆော်မှုများ မရှိသည်ကို သိမှတ်လော့။ တစ်ခါတစ်ရံ ဝတ်ပြုအစည်းအဝေးများ၌ သင်ဆုတောင်းပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်သည့်အခါ သင်သည် အလွန်အမင်း စေ့ဆော်ခြင်းနှင့် လှုံ့ဆော်ခြင်းကို ခံစားရနိုင်သည်။ အခြားသူများက ၎င်းတို့၏ ကိုယ်ပိုင်အတွေ့အကြုံနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် နားလည်ခြင်းတို့ကို အနည်းငယ် မိတ်သဟာယပြုသည့်အခါ အလွန်ပင် သစ်လွင်လန်းဆန်းစွာ ခံစားရကာ၊ သင်၏စိတ်နှလုံးသည် ပကတိရှင်းလင်းပြီး ကြည်လင်နေတတ်သည်။ ဤသည်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုချည်းသာဖြစ်သည်။ အကယ်၍ သင်သည် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အမှုပြုရန် အသင်းတော်သို့ သင်ဝင်သွားသောအခါ သန့်ရှင်းသောဝိညာဉ်တော်က သင့်ကို ထူးခြားသော အသိဉာဏ်ပွင့်စေခြင်းနှင့် အလင်းပေးခြင်းကို ပေးပြီး၊ အသင်းတော်အတွင်း၌ရှိနေသော ပြဿနာများအတွက် သင့်ကို ထိုးထွင်းဉာဏ်များပေးကာ၊ ၎င်းတို့ကို ဖြေရှင်းရန်အတွက် သမ္မာတရားအကြောင်း မည်သို့ မိဿဟာယပြုရမည်ကို သိခွင့်ပေးလျက်၊ သင်၏အမှု၌ အလွန့်အလွန် စိတ်အားထက်သန်ခြင်း၊ တာဝန်သိတတ်ခြင်းနှင့် အလေးအနက်ထားခြင်းကို ဖြစ်စေပါက ဤအရာအားလုံးမှာ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုပင်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၁)

သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအားဖြင့် မည်သည့်အကျိုးတရားများကို ရရှိသနည်း။ သင်သည် မိုက်မဲသောသူ ဖြစ်နိုင်ပြီး သိမြင်မှု ကင်းမဲ့ကောင်း ကင်းမဲ့နိုင်သော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်သည် အလုပ်လုပ်ဖို့ရှိကာ၊ သင့်အထဲတွင် ယုံကြည်ခြင်း ရှိလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်ကို ကျေနပ်လောက်အောင် မချစ်နိုင်ဟူ၍ သင် အမြဲခံစားရလိမ့်မည်။ ရှေ့တွင် အခက်အခဲများ မည်မျှ ကြီးမားပါစေ ပူးပေါင်းဆောင်ရွက်ဖို့ သင်လိုလိုလားလား ရှိလိမ့်မည်။ အကြောင်းကိစ္စတို့သည် သင်၌ ဖြစ်ပျက်လာလိမ့်မည်ဖြစ်ပြီး ၎င်းတို့သည် ဘုရားသခင်ထံမှ လာသည် သို့မဟုတ် စာတန်ထံမှ လာသည်ဆိုသည်မှာ သင့်အဖို့ ရှင်းလင်းလိမ့်မည် မဟုတ်သော်လည်း၊ သင်သည် စောင့်ဆိုင်းနိုင်လိမ့်မည် ဖြစ်ပြီး၊ တုံဏှိဘာဝေဖြစ်ခြင်း ရှိလိမ့်မည် မဟုတ်သကဲ့သို့၊ ပေါ့လျော့ခြင်း ရှိလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ ပုံမှန်အမှု ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အတွင်းတွင် အလုပ်လုပ်သောအခါ တကယ့်ခက်ခဲမှုများကို သင် ရင်ဆိုင်ရသေး၏- တစ်ခါတစ်ရံတွင် သင့်ကို ငိုကြွေးစေလိမ့်မည်ဖြစ်ပြီး၊ တစ်ခါတစ်ရံ သင် ကျော်လွှားနိုင်စွမ်းမရှိသော အရာများ ရှိလိမ့်မည်၊ သို့သော် ဤအရာအားလုံးမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ ပုံမှန်အမှုနှင့်ဆိုင်သော အဆင့်တစ်ဆင့်သာ ဖြစ်၏။ သင်သည် ထိုအခက်အခဲများကို မကျော်လွှားခဲ့သော်လည်း၊ ထို့အပြင် ထိုအချိန်၌ သင်သည် အားနည်းပြီး မကျေနပ်မှုများဖြင့် ပြည့်သော်လည်း၊ နောက်ပိုင်းတွင် သင်သည် အကြွင်းမဲ့သော ယုံကြည်ခြင်းဖြင့် ဘုရားသခင်ကို ချစ်နိုင်ဆဲဖြစ်၏။ သင်၏ တုံဏှိဘာဝေဖြစ်ခြင်းသည် ပုံမှန်အတွေ့အကြုံများကို သင် မရှိဖို့ရန် မဟန့်တားနိုင်သကဲ့သို့၊ အခြားသူများက မည်သည့်အရာပြောပြီး၊ သင့်ကို မည်သို့ တိုက်ခိုက်ကြသည်ဖြစ်စေ သင်သည် ဘုရားသခင်ကို ချစ်နိုင်ဆဲဖြစ်၏။ ဆုတောင်းချိန်အတွင်း၌၊ အတိတ်တွင် ဘုရားသခင်ထံ သင် အလွန် ကျေးဇူးကြွေးတင်ရှိခဲ့သည်ဟု အမြဲခံစားရပြီး၊ ထိုသို့သော အရာများကို တစ်ဖန်ကြုံရသည့်အခါတိုင်း ဘုရားသခင် စိတ်ကျေနပ်စေရန်နှင့် ဇာတိပကတိကို ပစ်ပယ်ရန် သင် စိတ်ဆုံးဖြတ်လေသည်။ ဤခွန်အားသည် သင့်အတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှု ရှိသည်ကို ပြသပေသည်။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုနှင့်ဆိုင်သော ပုံမှန်အခြေအနေပင် ဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နှင့် စာတန်၏အလုပ်

လူတို့၏ အခြေအနေများ ပုံမှန်ဖြစ်သည့်အခါတွင်၊ ၎င်းတို့၏ ဝိညာဉ်ရေးရာ အသက်တာများနှင့် ဇာတိပကတိထဲက ၎င်းတို့၏ အသက်တာများသည် ပုံမှန်ဖြစ်ကြသကဲ့သို့၊ ၎င်းတို့၏ ဆင်ခြင်တုံတရားသည် ပုံမှန်ဖြစ်ပြီး အစီစဉ်တကျရှိလေသည်။ ၎င်းတို့ ဤအခြေအနေတွင် ရှိကြသည့်အခါ၊ မိမိတို့ကိုယ်ကိုယ်အတွင်း၌ ၎င်းတို့ တွေ့ကြုံခံစားပြီး၊ သိလာကြသည့် အရာသည် ယေဘုယျအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် တို့ထိခံရခြင်းမှ လာသည်ဟု ဆိုနိုင်ပေသည်။ (ဘုရားသခင်၏ နှုတ်ကပတ်များကို ၎င်းတို့စားသောက်သောအခါ ထိုးထွင်း သိမြင်မှု ရှိခြင်း သို့မဟုတ် ရိုးရှင်းသော အသိပညာအချို့ကို ပိုင်ဆိုင်ခြင်း၊ သို့မဟုတ် အချို့သော အရာများတွင် သစ္စာရှိခြင်း၊ သို့မဟုတ် အချို့သော အရာများတွင် ဘုရားသခင်ကို ချစ်ရန် ခွန်အားရှိခြင်း— ဤအရာအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာပေသည်။) လူသား၏ အထဲတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သည် အထူးသဖြင့် ပုံမှန်ဖြစ်၏။ အမှန်တွင် ထိုအရာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ဖြစ်သော်လည်း၊ လူသားသည် ထိုအရာကို ခံစားနိုင်စွမ်းမရှိသကဲ့သို့၊ ယင်းသည် လူသားကိုယ်တိုင်မှတစ်ဆင့် လာသည်ဟု ထင်ရ၏။ နေ့စဉ်အသက်တာတွင်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် အယောက်တိုင်း၌ ကြီးမားသော အမှုနှင့် သေးငယ်သော အမှု နှစ်ခုလုံးကို လုပ်ဆောင်ပြီး၊ ကွဲပြားသည်မှာ ဤအမှု၏ အတိုင်းအတာသာ ဖြစ်သည်။ လူအချို့သည် အရည်အချင်းကောင်း ရှိကြပြီး အမှုအရာများကို ၎င်းတို့ လျင်မြန်စွာ နားလည်တတ်ကြကာ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းသည် ၎င်းတို့အတွင်းတွင် အထူးသဖြင့် ကြီးမား၏။ ထိုအချိန်အတောအတွင်းတွင်၊ လူအချို့သည် ညံ့ဖျင်းသော အရည်အချင်း ရှိကြပြီး၊ အကြောင်းကိစ္စများကို နားလည်ရန် ၎င်းတို့ သာ၍ အချိန်ကြာတတ်ကြ၏၊ သို့သော်လည်း သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့ကို အတွင်း၌ တို့ထိပြီး၊ ၎င်းတို့သည်လည်း ဘုရားသခင်ကို သစ္စာရှိခြင်း ရရှိနိုင်ကြပေသည်- သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင်ကို ရှာဖွေလိုက်စားသူတို့အားလုံးတွင် အမှုပြု၏။ နေ့စဉ်အသက်တာတွင် လူတို့သည် ဘုရားသခင်ကို ဆန့်ကျင်ခြင်း သို့မဟုတ် ပုန်ကန်ခြင်း မရှိသည့်အခါ၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့် မကိုက်ညီသော အရာများကို မလုပ်ဆောင်ဘဲ ဘုရားသခင်၏ အမှုကို မနှောင့်ယှက်ကြသည့်အခါ၊ ၎င်းတို့ အသီးသီးတွင် ဘုရားသခင်၏ ဝိညာဉ်တော်သည် သာ၍ကြီးမားသော အတိုင်းအတာအထိဖြစ်စေ သာ၍နည်းပါးသော အတိုင်းအတာအထိဖြစ်စေ အမှုပြုလေသည်။ သူသည် ၎င်းတို့ကို တို့ထိသည်၊ ဉာဏ်အလင်း ပေးသည်၊ ယုံကြည်ခြင်း ပေးသည်၊ ခွန်အားကို ပေးပြီး ပျင်းရိခြင်းမရှိ သို့မဟုတ် ဇာတိပကတိ၏ ပျော်ရွှင်မှုများကို တပ်မက်ခြင်းမရှိဘဲ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တောင့်တလျက်၊ အခြေအနေကို ဖန်တီးယူလျက်ဝင်ရောက်ရန် ၎င်းတို့ကို တို့ထိလေသည်။ ဤအရာအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော် ထံမှ လာသည့် အမှု ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နှင့် စာတန်၏အလုပ်

သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်အားလုံးသည် သာမန်ဖြစ်ပြီး စစ်မှန်ပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်ဖတ်ရှုပြီး ဆုတောင်းသည့်အခါ၊ အတွင်း၌ သင်သည် တောက်ပပြီး ခိုင်မာမှုရှိသည်၊ ပြင်ပကမ္ဘာက သင့်ကိုမနှောင့်ယှက်နိုင်ပေ။ အတွင်း၌ သင်သည် ဘုရားသခင်ကိုချစ်ရန် လိုလားလျက်ရှိနေသည်၊ အပြုသဘောဆောင်သော အရာများနှင့် ပါဝင်ပတ်သက်ရန် သင် လိုလားလျက်ရှိနေပြီး၊ ဆိုးယုတ်သည့်လောကကို သင်စက်ဆုပ်သည်။ ဤသည်ကား ဘုရားသခင် အတွင်း အသက်ရှင်ခြင်းဖြစ်သည်။ ယင်းသည် လူတို့ပြောသကဲ့သို့ ကြီးမားသည့် ပျော်ရွှင်မှုကို တွေ့ကြုံခြင်း မဟုတ်၊ ထိုသို့သော အပြောသည် လက်တွေ့မကျပေ။ ယနေ့တွင်၊ အရာရာတိုင်းသည် လက်တွေ့အရှိတရားမှ အစပြုသင့်သည်။ ဘုရားသခင်ပြုသော အရာတိုင်းသည် စစ်မှန်ပြီး၊ သင်၏အတွေ့အကြုံများတွင် သင်သည် ဘုရားသခင်ကို အမှန်တကယ်သိကျွမ်းခြင်း၊ ပြီးလျှင် ဘုရားသခင်၏ အမှု၏ ခြေရာများနှင့် လူတို့ကို သန့်ရှင်းသော ဝိညာဉ်တော်က တို့ထကာ အသိဉာဏ်ပွင့်လင်းစေသည့် နည်းလမ်းတို့ကို ရှာဖွေခြင်းအား အာရုံစိုက်ရမည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ကာ ဆုတောင်းပြီး၊ ကုန်လွန်ပြီးသည့် အချိန်ကာလများမှ ကောင်းမြတ်သည့်အရာများကို စိတ်တွင်စွဲမှတ်ရင်း၊ မကောင်းသည့်အရာများကို ပေတရုကဲ့သို့ ငြင်းပယ်ရင်း၊ သာ၍ စစ်မှန်သည့်နည်းလမ်းဖြင့် ပူးပေါင်းဆောင်ရွက်ပါက၊ သင်သည် သင်၏နားများဖြင့် နားထောင်ပြီး မျက်လုံးများဖြင့် လေ့လာကာ၊ သင်၏စိတ်နှလုံးထဲတွင် မကြာခဏ ဆုတောင်းပြီး တွေးဆသကဲ့သို့ ဘုရားသခင်၏ အမှုနှင့် ပူးပေါင်းဆောင်ရွက်ဖို့ သင် တတ်နိုင်သမျှ လုပ်ဆောင်ပါက၊ ဘုရားသခင်သည် သင့်ကို ဧကန်အမှန် လမ်းပြလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့အရှိတရားကို သိရှိပုံ

ဘုရားသခင်သည် တစ်ခါတစ်ရံ တစ်စုံတစ်ခုသော ခံစားချက်မျိုး၊ သင်၏အတွင်းထဲက ဝမ်းမြောက်မှုကို ဆုံးရှုံးစေပြီး ဘုရားသခင်ရှိနေခြင်းကို ဆုံးရှုံးစေသည့် ခံစားချက်မျိုး၊ သင့်ကို မှောင်မိုက်ထဲသို့ ထိုးကျသွားစေသည့် ခံစားချက်မျိုးကို ပေးတတ်သည်။ ဤသည်မှာ စစ်ဆေးခြင်းတစ်မျိုး ဖြစ်သည်။ တစ်စုံတစ်ခုကို သင်လုပ်ဆောင်သည့်အခါတိုင်း၊ ယင်းက အမြဲတမ်း လွဲချော်တတ်သည် သို့မဟုတ် ရပ်တန့်သွားတတ်သည်။ ဤသည်မှာ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်း ဖြစ်သည်။ တစ်ခါတစ်ရံတွင် သင်သည် ဘုရားသခင်အား နာခံမှုမရှိဘဲ ပုန်ကန်တတ်သော အရာတစ်ခုခုကို ပြုလုပ်သည့်အခါ၊ အခြားမည်သူမျှ မသိနိုင်သော်လည်း ဘုရားသခင်သိ၏။ သူသည် သင့်ကို အလွတ်မပေးဘဲ၊ သင့်ကို သူဆုံးမပဲ့ပြင်လိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုမှာ အလွန်အသေးစိတ်ကျသည်။ သူသည် လူတို့၏ စကားလုံးနှင့် လုပ်ဆောင်ချက်တိုင်း၊ ၎င်းတို့၏ လုပ်ရပ်နှင့် လှုပ်ရှားမှုတိုင်းနှင့် ၎င်းတို့၏ အကြံအစည်နှင့် အတွေးအခေါ်တိုင်းကို အလွန်သေချာစွာ စောင့်ကြည့်သည်၊ သို့မှသာ လူတို့သည် ဤအရာများအပေါ် အတွင်းပိုင်း အမြင်ပွင့်ခြင်းကို ရရှိနိုင်မည်ဖြစ်သည်။ တစ်စုံတစ်ရာကို သင်တစ်ကြိမ်လုပ်ပြီး ယင်းက လွဲချော်သွားသည်၊ တစ်စုံတစ်ရာကို သင် ထပ်လုပ်ပြီး လွဲချော်နေသေးသည်၊ ထို့နောက် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုကို သင် တဖြည်းဖြည်း နားလည်လာမည်။ ကြိမ်ဖန်များစွာ ဆုံးမပဲ့ပြင်ခံရခြင်းအားဖြင့် သင်သည် ဘုရားသခင်၏အလိုအတော်နှင့်အညီ မည်သည့်အရာကို လုပ်ရမည်နှင့် မည်သည့်အရာက သူ၏အလိုတော်နှင့် မညီကြောင်းကို သိလိမ့်မည်။ အဆုံးတွင် သင်သည် သင့်အထဲမှနေ၍ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုအတွက် မှန်ကန်တိကျသော တုံ့ပြန်မှုများ ရှိလိမ့်မည်။ တစ်ခါတစ်ရံ သင်သည် ဆန့်ကျင်ပုန်ကန်တတ်ပြီး အထဲမှနေ၍ ဘုရားသခင်၏ ပြစ်တင်ကြိမ်းမောင်းခြင်းကို သင်ခံရလိမ့်မည်။ ဤအရာအားလုံးမှာ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းမှ လာသည်။ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တန်ဖိုးမထားပါက၊ သူ၏အမှုကို သင် ပေါ့ပေါ့တန်တန် သဘောထားမိပါက၊ သူသည် သင့်ကို အရေးစိုက်တော့မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အလေးအနက်ထားလေလေ၊ သင့်ကို သူ ဉာဏ်အလင်းပေးလေလေ ဖြစ်သည်။ ယခုအခါတွင်မူ အသင်းတော်ထဲတွင် ဇဝေဇဝါနှင့် ရှုပ်ထွေးနေသည့် ယုံကြည်ခြင်းရှိသော လူအချို့ရှိကြပြီး ၎င်းတို့သည် မသင့်လျော်သောအမှုအရာ မြောက်များစွာပြုပြီး စည်းကမ်းမရှိဘဲ ပြုမူကြသောကြောင့် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ၎င်းတို့အထဲတွင် ရှင်းလင်းစွာ မမြင်ရနိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်

လူတစ်ဦးတစ်ယောက်ချင်းစီ၌ သန့်ရှင်းသော ဝိညာဉ်တော်သည် လျှောက်လှမ်းရမည့် လမ်းကြောင်းရှိပြီး အယောက်စီတိုင်းကို စုံလင်စေခြင်းခံရခွင့် ပေးသည်။ သင်၌ရှိသည့် အပျက်သဘောထားမှတစ်ဆင့် သင်ကိုယ်တိုင်ပျက်စီးခြင်းကို သင့်ကို သိစေပြီး၊ ထိုအပျက်သဘောထားကို စွန့်လွှတ်လိုက်ခြင်းအားဖြင့် သင်သည် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းကို တွေ့မည် ဖြစ်သည်၊ ထိုအရာ အားလုံးတို့သည် သင့်ကို စုံလင်စေသည့် နည်းများပေတည်း။ ထို့အပြင် သင့်အတွင်း၌ရှိသည့် အပြုသဘောဆောင်သော အရာအချို့၏ အဆက်မပြတ် လမ်းပြပို့ဆောင်မှုနှင့် အလင်းပေးခြင်းအားဖြင့် သင်သည် သင်၏ လုပ်ငန်းတာဝန်ကို ကြိုတင်ဖြည့်ဆည်းမည် ဖြစ်ပြီး၊ ထိုးထွင်းသိမြင်မှုကြီးထွားလာပြီး အမြော်အမြင် ရရှိလာမည် ဖြစ်သည်။ သင်သည် အဆင်ပြေနေသည့် အချိန်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုရန် အထူးလိုလားပြီး ဆုတောင်းရန် အထူးလိုလားကာ၊ ကြားနာရသည့် ဒေသနာများကို သင်၏အသက်တာနှင့် ဆက်စပ်နိုင်သည်။ ထိုကဲ့သို့သော အချိန်များတွင် ဘုရားသခင်သည် သင်၏အတွင်း၌ အသိဉာဏ်ပွင့်လင်းစေကာ အလင်းပေး၍၊ အပြုသဘောဆောင်သည့် လက္ခဏာထဲရှိသော အရာအချို့ကို သင့်အား နားလည်သဘောပေါက်စေသည်။ ဤသည်မှာ အပြုသဘောဆောင်သော လက္ခဏာထဲတွင် သင့်ကို စုံလင်စေပုံ ဖြစ်၏။ အပျက်သဘောဆောင်သော အခြေအနေများတွင် သင်သည် အားနည်းကာ မတုန်မလှုပ် ရှိသည်။ သင်၏စိတ်နှလုံးထဲတွင် ဘုရားသခင် မရှိသကဲ့သို့ ခံစားရ၏၊ သို့သော်လည်း ဘုရားသခင်သည် သင့်ကိုအလင်းပေးကာ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတွေ့ရန် ကူညီနေသည်။ ဤအခြေအနေမျိုးမှ ထွက်လာခြင်းသည် အပျက်သဘောလက္ခဏာထဲတွင် စုံလင်စေခြင်းခံရခြင်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်းကို အာရုံစိုက်သူများသာ စုံလင်စေခြင်းခံရနိုင်သည်

စာတန်ထံမှ လာသည့် အလုပ်မှာ မည်သည့်အရာနည်း။ စာတန်ထံမှလာသော အလုပ်၌ လူတို့အတွင်းရှိ ရူပါရုံများသည် ဝေဝါးနေလေသည်။ လူတို့၌ ပုံမှန်လူ့သဘာဝ မရှိကြပေ၊ ၎င်းတို့ လုပ်ရပ်များ၏နောက်ကွယ်ရှိ ကြံရွယ်ချက်များမှာ မှားယွင်းနေပြီး၊ ၎င်းတို့သည် ဘုရားသခင်ကို ချစ်ရန်ဆန္ဒရှိသော်လည်း၊ ၎င်းတို့အတွင်းတွင် စွပ်စွဲချက်များ အမြဲရှိနေကာ၊ ဤစွပ်စွဲချက်များနှင့် အတွေးများသည် ၎င်းတို့ အသက်တာ၏ ကြီးထွားမှုကို ဘောင်ခတ်ထားရင်းနှင့် ပုံမှန်အခြေအနေတွင် ဘုရားသခင်၏ ရှေ့မှောက်သို့ လာခြင်းမှ ၎င်းတို့ကို တားဆီးရင်း ၎င်းတို့အတွင်းတွင် စဉ်ဆက်မပြတ်သော အနှောင့်အယှက်များ ဖြစ်စေလေသည်။ ဆိုလိုသည်မှာ၊ လူတို့အတွင်းတွင် စာတန်၏အလုပ် ရှိသည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်၏ရှေ့တွင် ငြိမ်သက်ခြင်း မရှိနိုင်ကြပေ။ ထိုသို့သော လူတို့သည် မိမိတို့ကိုယ်ကိုယ် မည်သည့်အရာ လုပ်ရမည်ကို မသိကြ- လူများ အတူတကွ စုဝေးကြသည်ကို ၎င်းတို့ မြင်ကြသည့်အခါ၊ အဝေးသို့ ထွက်ပြေးချင်ကြပြီး၊ အခြားသူများ ဆုတောင်းသည့်အခါ ၎င်းတို့၏မျက်စိများကို မမှိတ်နိုင်ကြပေ။ နတ်ဆိုးများ၏ လုပ်ဆောင်ချက်သည် လူသားနှင့် ဘုရားသခင်ကြားက ပုံမှန်ဆက်ဆံရေးကို ဖျက်ဆီးပြီး၊ လူတို့၏ ယခင်ရူပါရုံများ သို့မဟုတ် ၎င်းတို့၏ ယခင် အသက်တာဝင်ရောက်မှု လမ်းကြောင်းကို ကမောက်ကမဖြစ်စေ၏။ ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်ထံ လုံးဝ တိုးဝင်ချဉ်းကပ်ခြင်း မရှိနိုင်ကြသကဲ့သို့၊ ၎င်းတို့ကို အနှောင့်အယှက်ဖြစ်စေပြီး ချုပ်နှောင်သည့်အရာများ အမြဲ ဖြစ်ပျက်လေသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် ငြိမ်သက်ခြင်းကို ရှာမတွေ့နိုင်ကြသကဲ့သို့၊ ဘုရားသခင်ကို ချစ်ရန် ခွန်အားမဲ့လျက်နှင့် ၎င်းတို့၏ စိတ်ဝိညာဉ်များ ဆုတ်ယုတ်လျက် ကျန်ရစ်ကြလေသည်။ ယင်းတို့သည် စာတန်၏အလုပ်၏ သရုပ်သကန်များ ဖြစ်ကြ၏။ စာတန်၏လုပ်ဆောင်ချက်၏ သရုပ်သကန်များမှာ- ကြံ့ကြံ့မခံနိုင်ခြင်းနှင့် သက်သေ မခံနိုင်ခြင်း၊ သင့်ကို ဘုရားသခင် ရှေ့တွင် အပြစ်ရှိသောသူတစ်ဦးနှင့် ဘုရားသခင်အပေါ် သစ္စာမရှိသောသူတစ်ဦး ဖြစ်လာစေခြင်းတို့ ဖြစ်သည်။ စာတန် ကြားဝင်နှောင့်ယှက်သောအခါ၊ သင့်အတွင်းရှိ ဘုရားသခင်အပေါ် ချစ်ခြင်းနှင့် သစ္စာစောင့်သိခြင်းတို့ကို သင် ဆုံးရှုံး၏၊ သင်သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးမှ ဖယ်ရှားပစ်ခံရ၏။ သင်သည် သမ္မာတရား သို့မဟုတ် သင်ကိုယ်တိုင်၏တိုးတက်မှုကို ရရှိအောင် အားထုတ်ခြင်းမရှိပေ။ သင်သည် ဆုတ်ယုတ်ကာ မတုန်မလှုပ် ဖြစ်လာ၏၊ သင်သည် ကိုယ့်ကိုယ်ကိုယ် အလိုလိုက်၏၊ အပြစ်တရား၏ ပျံ့နှံ့မှုကို သင် ဇက်ပုံပေးပြီး အပြစ်တရားကို မမုန်းတီးပေ။ ထို့ပြင် စာတန်၏ ကြားဝင်နှောင့်ယှက်မှုသည် သင့်ကို အကျင့်ပျက်ပြားစေသည်။ ယင်းသည် သင့်အတွင်း၌ ဘုရားသခင်၏ တို့ထိမှုကို ပျောက်ကွယ်စေပြီး သင့်အား ဘုရားသခင်နှင့်ပတ်သက်၍ မကျေမနပ်ပြောစေကာ ဘုရားသခင်ကို မေးခွန်းထုတ်ရန် ဦးတည်စေလျက် သူ့ကို ဆန့်ကျင်စေသည်။ ဘုရားသခင်ကို သင် စွန့်ပစ်မည့် အန္တရာယ်ပင် ရှိလေသည်။ ဤအရာအားလုံးသည် စာတန်ထံမှ လာပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နှင့် စာတန်၏အလုပ်

လူတို့၏ အခြေအနေသည် ပုံမှန်မဟုတ်သည့်အခါ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ စွန့်ပစ်မှုကို ခံကြရ၏။ ၎င်းတို့စိတ်ထဲတွင်၊ မကျေမနပ်ပြောဆိုတတ်ကြပြီး သူတို့၏ ကြံရွယ်ချက်များ မှားယွင်းသည်၊ ၎င်းတို့ ပျင်းရိကြသည်၊ ဇာတိပကတိကို အလိုလိုက်ကြပြီး၊ ၎င်းတို့၏ စိတ်နှလုံးများက သမ္မာတရားကို ပုန်ကန်လေသည်။ ဤအရာအားလုံးသည် စာတန်ထံမှ လာကြ၏။ လူတို့၏ အခြေအနေ ပုံမှန် မဟုတ်သောအခါ၊ ၎င်းတို့သည် အတွင်း၌ မှောင်မိုက်ပြီး ၎င်းတို့၏ ပုံမှန်ဆင်ခြင်တုံတရား ပျောက်ဆုံးသည့်အခါ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ စွန့်ပစ်မှုကိုခံကြရပြီး၊ မိမိတို့အတွင်း၌ ဘုရားသခင်ကို မခံစားနိုင်ကြသည့်အခါတွင်၊ ဤသည်မှာ ၎င်းတို့အတွင်း၌ စာတန် အလုပ် လုပ်နေသောအချိန် ဖြစ်သည်။ လူတို့သည် မိမိတို့အတွင်းတွင် ခွန်အားအမြဲရှိပြီး ဘုရားသခင်ကို အမြဲချစ်ပါက၊ ယေဘုဘျအားဖြင့် အမှုအရာများ ၎င်းတို့၌ ဖြစ်ပျက်သည့်အခါ ထိုအရာများသည် သန့်ရှင်းသော ဝိညာဉ်တော် ထံမှလာပြီး၊ ၎င်းတို့ မည်သူကို ဆုံရသည်ဖြစ်စေ ထိုတွေ့ဆုံခြင်းသည် ဘုရားသခင်၏ အစီအစဉ်များ၏ အကျိုးဆက်ဖြစ်၏။ ဆိုလိုသည်မှာ သင်သည် ပုံမှန် အခြေအနေတစ်ခုတွင် ရှိသည့်အခါ၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ကြီးမြတ်သော အမှုအတွင်းတွင် ရှိသောအခါ၊ သင့်ကို ယိမ်းယိုင်စေဖို့ စာတန် မလုပ်ဆောင်နိုင်ပေ။ ဤအုတ်မြစ်အပေါ်အခြေပြု၍၊ အရာရာသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှလာပြီး သင်သည် မမှန်ကန်သော အတွေးများ ရှိကောင်းရှိနိုင်သော်လည်း ထိုအရာများကို သင် ပစ်ပယ်နိုင်သကဲ့သို့ ၎င်းတို့ကို သင် မလိုက်လျှောက်ဟု ဆိုနိုင်ပေသည်။ ဤအရာအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုမှ လာသည်။ မည်သည့်အခြေအနေတွင် စာတန်သည် ဝင်ရောက်နှောင့်ယှက်သနည်း။ သင်၏ အခြေအနေ ပုံမှန်မဟုတ်သောအခါ၊ သင်သည် ဘုရားသခင်၏တို့ထိမှုကို မခံစားရဘဲ ဘုရားသခင်၏ အမှု သင့်၌ မရှိသောအခါ၊ သင်သည် အတွင်း၌ ခြောက်သွေ့ပြီး အကျိုးမဖြစ်သောအခါ၊ ဘုရားသခင်ထံ ဆုတောင်းသော်လည်း မည်သည့်အရာကိုမျှ သဘောမပေါက်သောအခါနှင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်စားသောက်သော်လည်း ဉာဏ်အလင်း ပေးခံရခြင်း သို့မဟုတ် အလင်းပြခံရခြင်း မရှိသော အချိန်အခါတို့တွင် စာတန်အတွက် သင့်အတွင်း၌ အလုပ်လုပ်ဖို့ လွယ်ကူပေသည်။ တစ်နည်းဆိုရသော်၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ စွန့်ပစ်ခြင်းခံရပြီး ဘုရားသခင်ကို မခံစားနိုင်သောအခါတွင်၊ စာတန်၏ အပြစ်သွေးဆောင်ခြင်းမှ လာသော အမှုအရာများစွာ သင်၌ ဖြစ်လေသည်။ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သကဲ့သို့၊ စာတန်သည်လည်း တစ်ချိန်လုံး အလုပ်လုပ်နေ၏။ သန့်ရှင်းသော ဝိညာဉ်တော်က လူသား၏အတွင်း၌ တို့ထိနေစဉ်၊ တစ်ချိန်တည်းတွင် စာတန်သည် လူ့အထဲ၌ ဝင်ရောက်နှောင့်ယှက်၏။ သို့သော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသည် ဦးဆောင်နေသည့် အနေအထားကို ယူပြီး၊ မိမိတို့၏ အခြေအနေများ ပုံမှန်ဖြစ်နေသော လူတို့သည် အောင်နိုင်ကြ၏။ ဤသည်မှာ စာတန်၏ အလုပ်အပေါ် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်၏ အောင်ပွဲ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုစဉ်တွင်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု လူတို့အတွင်းတွင် ရှိဆဲဖြစ်သည်။ သို့သော်၊ သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုသည့် အတောအတွင်းတွင်၊ လူတို့အတွက် မိမိတို့၏ ပုန်ကန်မှု၊ ကြံရွယ်ချက်များနှင့် မသမာမှုများကို ရှာဖွေတွေ့ရှိပြီး သတိပြုမိဖို့ လွယ်ကူပေသည်။ ထိုအခါမှသာ လူတို့သည် နောင်တစိတ်ခံစားရပြီး နောင်တရဖို့ တိုး၍ လိုလားလျက်ရှိကြသည်။ ထိုသို့ဖြစ်သဖြင့်၊ ၎င်းတို့၏ ပုန်ကန်တတ်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ဘုရားသခင်၏ အမှုအတွင်းတွင် တဖြည်းဖြည်း စွန့်ပစ်ခံရကြလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသည် အထူးသဖြင့် ပုံမှန်ဖြစ်၏။ သူသည် လူတို့အတွင်း၌ အမှုပြုနေစဉ် ၎င်းတို့သည် ဒုက္ခများ ရှိနေကြဆဲ ဖြစ်သည်၊ ငိုကြွေးနေကြဆဲ ဖြစ်သည်၊ ဆင်းရဲဒုက္ခ ခံစားကြရဆဲ ဖြစ်သည်၊ အားနည်းနေကြဆဲ ဖြစ်ကာ၊ ၎င်းတို့အဖို့ မရှင်းလင်းသောအရာ များစွာ ရှိဆဲဖြစ်၏၊ သို့သော်လည်း ဤအခြေအနေတွင် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ဆုတ်ယုတ်ခြင်းမှ တားဆီးနိုင်ကြပြီး ဘုရားသခင်ကို ချစ်နိုင်ကြကာ၊ ၎င်းတို့ ငိုကြွေးပြီး စိတ်သောကရောက်ကြသော်လည်း၊ ဘုရားသခင်ကို ၎င်းတို့ ချီးမွမ်းနိုင်ကြဆဲ ဖြစ်၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသည် စိုးစဉ်းမျှပင် သဘာဝလွန် မဟုတ်ဘဲ၊ အထူးသဖြင့် ပုံမှန်ဖြစ်၏။ လူအများစုက သန့်ရှင်းသော ဝိညာဉ်တော် စတင် အလုပ်လုပ်သည်နှင့် တစ်ပြိုင်နက်၊ လူတို့၏အခြေအနေတွင် ပြောင်းလဲမှုများ ဖြစ်ပွားကာ သူတို့အဖို့ ပဓာန ကျသည့်အရာများ ဖယ်ရှားခံရသည်ဟု ယုံကြည်ကြ၏။ ထိုသို့သော ယုံကြည်မှုများသည် မှားယွင်းကြ၏။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူသားအထဲတွင် အလုပ်လုပ်သောအခါ၊ လူသား၏ မတုန်မလှုပ်ဖြစ်သော အရာများသည် ရှိနေသေးပြီး သူ၏ ဝိညာဉ် အသက်တာသည် ယခင်အတိုင်း ရှိမြဲရှိ၏၊ သို့သော် သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလင်းပြခြင်းနှင့် ဉာဏ်အလင်းပေးခြင်းတို့ကို ရရှိပြီး၊ ထို့ကြောင့် သူ၏အခြေအနေသည် သာ၍ ဖန်တီးယူနိုင်စွမ်း ရှိလာသည်။ သူ့အတွင်းရှိ အခြေအနေများသည် ပုံမှန်ဖြစ်လာပြီး၊ သူသည် အလျင်အမြန် ပြောင်းလဲ၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နှင့် စာတန်၏အလုပ်

သန့်ရှင်းသောဝိညာဉ်တော်၏ အမှုသည် အပြုသဘောဆောင်သော တိုးတက်မှုဖြစ်၏။ စာတန်၏အလုပ်မှာမူ ဆုတ်ခွာခြင်း၊ အပျက်သဘောဆောင်ခြင်း၊ ပုန်ကန်ခြင်း၊ ဘုရားသခင်ကို ခုခံခြင်း၊ ဘုရားသခင်၌ ယုံကြည်မှုပျောက်ဆုံးခြင်း၊ ဓမ္မသီချင်းများ ဆိုရန်ကိုပင် လိုလားမှုမရှိခြင်းနှင့် မိမိ၏ တာဝန်ကို ဆောင်ရွက်ရန် အားနည်းလွန်းခြင်းတို့ ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုမှ အရင်းခံသည့် အရာရာတိုင်းသည် အတော်ပင် သဘာဝကျ၏။ ယင်းသည် သင့်အပေါ် ဖိအားပေးခြင်း မဟုတ်ပေ။ သင်လိုက်လျှောက်ပါက၊ ငြိမ်သက်ခြင်း ရှိလိမ့်မည်။ မလိုက်လျှောက်ပါက၊ နောက်ပိုင်းတွင် ပြစ်တင်မောင်းမဲခံရလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုကြောင့်၊ သင် လုပ်ဆောင်သည့် မည်သည့်အရာမျှ နှောင့်ယှက်ခံရခြင်း သို့မဟုတ် ဘောင်ခတ်ခံရခြင်း ရှိလိမ့်မည်မဟုတ်။ သင်သည် လွတ်မြောက်လိမ့်မည်၊ သင်၏ လုပ်ဆောင်ချက်များတွင် လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု ရှိလိမ့်မည်ဖြစ်ပြီး၊ မည်သည့်ကန့်သတ်ချက်မျှ သင် ခံရမည်မဟုတ်ဘဲ၊ ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်နိုင်ပေလိမ့်မည်။ စာတန်၏အလုပ်သည် အမှုအရာများစွာတွင် သင့်ကို အနှောင့်အယှက် ဖြစ်စေ၏။ ယင်းက သင့်ကို ဆုတောင်းဖို့ လိုလားခြင်းမရှိ ဖြစ်စေသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ဖို့ အလွန်ပျင်းရိစေပြီး၊ အသင်းတော်အသက်တာကို အသက်ရှင်ဖို့ လိုအင်ဆန္ဒမရှိအောင် ဖြစ်စေကာ၊ သင့်ကို ဝိညာဉ်ရေးရာ အသက်တာမှ ခပ်ခွာခွာနေစေသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် သင်၏နေ့စဉ်ဘဝကို ဝင်ရောက်မနှောင့်ယှက်သကဲ့သို့၊ သင်၏ ပုံမှန်ဝိညာဉ်ရေးရာ အသက်တာကိုလည်း ဝင်ရောက်နှောင့်ယှက်ခြင်းမရှိပေ။ အကြောင်းကိစ္စများစွာ ဖြစ်ပွားသည့်အခိုက်တွင် ထိုအရာများကို သင် မသိမြင် နိုင်သော်လည်း၊ ရက်အနည်းငယ် ကြာပြီးနောက်တွင် သင်၏စိတ်နှလုံး သာ၍ ကြည်လင် ရွှင်ပျလာပြီး သင်၏ စိတ်သည် သာ၍ ရှင်းလင်းလာလေသည်။ စိတ်ဝိညာဉ်နှင့်ဆိုင်သော အမှုအရာများနှင့်ပတ်သက်၍ အသိစိတ်တစ်ချို့ သင်၌ ရှိလာပြီး၊ အတွေးတစ်ခုက ဘုရားသခင်ဆီမှ လာခြင်း သို့မဟုတ် စာတန်ဆီမှ လာခြင်း ဆိုသည်ကို သင် တဖြည်းဖြည်း သိမြင်နိုင်လေသည်။ အချို့သော အရာများက သင့်အား ဘုရားသခင်ကို သိသိသာသာ ဆန့်ကျင်စေပြီး ပုန်ကန်စေသည်၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းမှ သင့်ကို တားဆီးလေသည်။ ဤအရာအားလုံးသည် စာတန်ထံမှ လာ၏။ အချို့သော အရာတို့သည် သိသာထင်ရှားခြင်း မရှိသကဲ့သို့၊ ထိုအခိုက်အတန့်တွင် ၎င်းတို့က မည်သည့်အရာ ဖြစ်သည်ကို သင် မပြောနိုင်ပေ။ နောက်ပိုင်းတွင်၊ သင်သည် ၎င်းတို့၏ သရုပ်သကန်များကို မြင်နိုင်ပြီးနောက် ထိုးထွင်းသိမြင်မှုကို ကျင့်သုံးနိုင်လေသည်။ မည်သည့်အရာများက စာတန်ထံမှလာပြီး၊ မည်သည့်အရာများကို သန့်ရှင်းသော ဝိညာဉ်တော်က ညွှန်ကြားသည်ဆိုသည်ကို သင် ရှင်းလင်းစွာ သိမြင်နိုင်ပါက၊ သင်သည် သင်၏အတွေ့အကြုံများတွင် အလွယ်တကူ လမ်းလွဲစေခြင်း ခံရလိမ့်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နှင့် စာတန်၏အလုပ်

ဘုရားသခင်၏ အလုပ်ကို တွေ့ကြုံခံစားရာတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ရှိခြင်းသည် တစ်ခါတစ်ရံ ဖြစ်ပေါ်သော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော်ရှိခြင်းမှာမူ တစ်ချိန်လုံးနီးပါးဖြစ်၏။ လူတို့၏ ဆင်ခြင်တုံတရားနှင့် တွေးခေါ်မှုတို့ ပုံမှန်ဖြစ်နေပြီး ၎င်းတို့၏ အခြေအနေများသည် ပုံမှန်ဖြစ်နေသမျှ ကာလပတ်လုံး သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ ဧကန်မုချပင် ရှိလိမ့်မည်။ လူတို့၏ဆင်ခြင်တုံတရားနှင့် တွေးခေါ်မှုတို့ ပုံမှန် မဟုတ်ကြသောအခါတွင်မူ၊ ၎င်းတို့၏ လူ့သဘာဝသည်လည်း ပုံမှန် မဟုတ်ချေ။ အကယ်၍ ဤအခိုက်အတန့်တွင် သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်သည် သင့်အထဲတွင် ရှိပါက၊ သန့်ရှင်းသောဝိညာဉ်တော်သည်လည်း ဧကန်မုချပင် သင်နှင့်အတူရှိနေလိမ့်မည်။ သို့သော် အကယ်၍ သန့်ရှင်းသောဝိညာဉ်တော်သည် သင်နှင့်အတူ ရှိနေလျှင် သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲတွင် သေချာပေါက် အလုပ်လုပ်နေသည်နှင့် အလားမတူပေ၊ အကြောင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်သည် အထူး အချိန်အခါများ၌ အလုပ်လုပ်သောကြောင့် ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်တော် ရှိခြင်းသည် လူတို့၏ ပုံမှန် တည်ရှိမှုကိုသာ ထိန်းသိမ်းပေးနိုင်၏၊ သို့သော် သန့်ရှင်းသောဝိညာဉ်တော်သည် အချို့သော အချိန်အခါများတွင်သာ အလုပ်လုပ်သည်။ သာဓက အနေဖြင့် အကယ်၍ သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် လုပ်သားတစ်ဦးဖြစ်လျှင်၊ သင်သည် အသင်းတော်ကို ရေလောင်းပြီး အာဟာရကျွေးမွေးသောအခါ၊ သန့်ရှင်းသောဝိညာဉ်တော်သည် အခြားသူများအတွက် စိတ်ဓာတ်မြှင့်တင်ပေးပြီး အချို့သော သင့်ညီအစ်ကိုမောင်နှမများ၏ လက်တွေ့ပြဿနာများကို ဖြေရှင်းပေးနိုင်သည့် နှုတ်ကပတ်တော်အချို့ထံ သင့်အား ဉာဏ်အလင်း ရစေလိမ့်မည်၊ ထိုသို့သော အချိန်များတွင် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်နေသည်။ တစ်ခါတစ်ရံ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်စားသောက်နေချိန်တွင် သန့်ရှင်းသောဝိညာဉ်တော်သည် သင်၏ ကိုယ်ပိုင်အတွေ့အကြုံများနှင့် အထူးသဖြင့် ဆီလျော်သော နှုတ်ကပတ်တော်အချို့နှင့် သင့်ကို ဉာဏ်အလင်းရစေသောအခါ သင်ကိုယ်တိုင်၏ အခြေအနေများနှင့် ပတ်သက်သော သာ၍ကြီးမားသည့် အသိပညာကို သင့်အား ရစေလေသည်၊ ဤသည်မှာလည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ဖြစ်လေသည်။ တစ်ခါတစ်ရံ ငါပြောဆိုသောအခါ သင်တို့နားထောင်ကြပြီး သင်တို့ကိုယ်တိုင်၏ အခြေအနေများကို ငါ၏နှုတ်ကပတ်တော်များနှင့်ယှဉ်၍ သင်တို့ တိုင်းထွာချင့်ချိန်နိုင်ကြပြီး၊ တစ်ခါတစ်ရံ သင်တို့သည် တို့ထိခံရသည်၊ သို့မဟုတ် စေ့ဆော်ခံရသည်၊ ဤအရာအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့အထဲ၌ တစ်ချိန်လုံး အလုပ်လုပ်နေသည်ဟု အချို့သော လူများက ပြောကြသည်။ ဤသည်မှာ မဖြစ်နိုင်ပေ။ အကယ်၍ ၎င်းတို့က သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ အစဉ်အမြဲ ရှိနေသည်ဟု ပြောမည်ဆိုပါက၊ ယင်းသည် လက်တွေ့ကျပေလိမ့်မည်။ အကယ်၍ ၎င်းတို့က ၎င်းတို့၏ တွေးခေါ်ခြင်းနှင့် အသိစိတ်တို့သည် အချိန်တိုင်း ပုံမှန်ဖြစ်နေသည်ဟု ပြောမည်ဆိုပါက ယင်းသည်လည်း လက်တွေ့ကျနေမည်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ ရှိနေကြောင်းကို ယင်းက ပြသပေလိမ့်မည်။ အကယ်၍ သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့အတွင်း၌ အစဉ်အမြဲ အလုပ်လုပ်နေကာ၊ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိခြင်းကို တစ်ချိန်လုံး ခံစားနေရပြီး၊ အချိန်တိုင်းတွင် အသစ်သော အသိပညာရရှိသည်ဟု ပြောပါက၊ ဤသည်မှာ မည်သည့်နည်းနှင့်မျှ ပုံမှန်မဟုတ်ချေ။ ဤသည်မှာ လုံးလုံးလျားလျား သဘာဝလွန်အရာ ဖြစ်သည်။ ယင်းသို့သော လူများသည် နတ်ဆိုးများ ဖြစ်ကြသည်မှာ သံသယ စိုးစဉ်းမျှ ဖြစ်စရာမလိုချေ။ ဘုရားသခင်၏ဝိညာဉ်တော် လူ့ဇာတိထဲသို့ ကြွလာသောအခါတွင်ပင်၊ သူစားရမည့် အချိန်များနှင့် အနားယူရမည့် အချိန်များ ရှိပေသည်၊ လူသားများဆိုလျှင် ဆိုဖွယ်ရာ မရှိပြီ။ နတ်ဆိုးများ၏ စွဲကပ်ခြင်းခံရပြီးသူများသည် ဇာတိပကတိ၏အားနည်းချက် မရှိသည့်ပုံ ပေါက်လေသည်။ ၎င်းတို့သည် အရာခပ်သိမ်းကို စွန့်လွှတ်ရန်နှင့် စွန့်ပစ်ရန် တတ်စွမ်းနိုင်ပြီး၊ ၎င်းတို့သည် စိတ်ခံစားချက်များ ကင်းမဲ့ကြကာ ညှဉ်းဆဲခြင်းကို ကြံ့ကြံ့ခံခြင်းငှာ တတ်နိုင်စွမ်းရှိပြီးလျှင် စိုးစဉ်းမျှ မောပန်းနွမ်းနယ်ခြင်းကို မခံစားရဘဲရှိသည်မှာ ၎င်းတို့သည် ဇာတိပကတိကို လွန်မြောက် သွားသည့်အလားပင် ဖြစ်သည်။ ဤသည်မှာ အလွန်အမင်း သဘာဝလွန်သည် မဟုတ်သလော။ နတ်ဆိုးများ၏ အလုပ်သည် သဘာဝလွန် ဖြစ်၏၊ ထိုသို့သောအရာများကို မည်သည့်လူသားမျှ ရရှိအောင် မစွမ်းဆောင်နိုင်ချေ။ ထိုးထွင်းသိမြင်မှု ကင်းမဲ့သောသူများက ယင်းသို့သောလူများကို မြင်သည့်အခါ အားကျကြ၏- ထိုသူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၌ အလွန့်အလွန် အားမာန်ရှိပြီး ကြီးမားသော ယုံကြည်ခြင်းရှိကာ အားနည်းချက်၏လက္ခဏာ စိုးစဉ်းမျှကို မည်သည့်အခါမှ မပြကြဟု ၎င်းတို့က ပြောဆိုကြသည်။ စင်စစ်တွင်မူ ယင်းတို့သည် နတ်ဆိုးအလုပ်၏ သရုပ်သကန်များချည်းသာ ဖြစ်ကြ၏။ အဘယ်ကြောင့်ဆိုသော် သာမန်လူတို့တွင် မလွဲဧကန်ပင် လူသား၏ အားနည်းချက်များ ရှိကြသောကြောင့် ဖြစ်သည်၊ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော် ရှိသောသူများ၏ ပုံမှန်အခြေအနေ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၄)

လူတို့သည် ဘုရားသခင်နှင့်သက်ဆိုင်သော သိနားလည်မှုအချို့ ရှိသောအခါ သူ့အတွက် လိုလိုလားလား ဆင်းရဲဒုက္ခခံနိုင်ကြပြီး၊ သူ့အဖို့ မိမိတို့၏ အသက်တာများကို ဆက်ကပ်နိုင်ကြသည်။ သို့သော်၊ စာတန်သည် ၎င်းတို့အတွင်းရှိ အားနည်းချက်များကို ထိန်းချုပ်နေဆဲဖြစ်ပြီး၊ သူတို့အား ဒုက္ခခံစားစေနိုင်ဆဲ ဖြစ်၏။ နတ်ဆိုးတို့သည် လူတို့ကို နှောင့်ယှက်ရင်းနှင့် ၎င်းတို့ကို စိတ်ဇဝေဇဝါ ဖြစ်စေ၍ အသိစိတ်ကင်းမဲ့သွားစေပြီး အနေရခက်စေပြီး ကဏ္ဍအားလုံးတွင် နှောင့်ယှက်မှုခံရရန် သူတို့အတွင်း၌ အလုပ်လုပ်နိုင်ဆဲဖြစ်၏။ လူတို့အတွင်း၌ စာတန်က ထိန်းချုပ်နိုင်ပြီး ကြိုးကိုင်ခြယ်လှယ်နိုင်သော စိတ် သို့မဟုတ် ဝိညာဉ်နှင့်ဆိုင်သည့် အရာများ ရှိနေသေး၏။ ဤသည်မှာ သင်သည် နာမကျန်းဖြစ်ပြီး သောကရောက်ရသည့် အကြောင်းရင်း ဖြစ်ပြီး၊ မိမိကိုယ်ကိုယ် သေကြောင်းကြံရန် သင့်အတွက် ဖြစ်နိုင်ကာ ရံဖန်ရံခါ လောကကြီးသည် တိတ်ဆိတ်ခြောက်ကပ်သည် သို့မဟုတ် ဘဝက အဓိပ္ပာယ်ကင်းမဲ့သည်ဟု သင် ခံစားရလေသည်။ တစ်နည်းအားဖြင့်ဆိုသော်၊ ဤလူသား ဆင်းရဲဒုက္ခများသည် စာတန်၏ ထိန်းချုပ်မှုအောက်၌ ရှိနေသေး၏၊ ၎င်းတို့သည် လူသား၏ သေနိုင်လောက်သော အားနည်းချက်များထဲမှ တစ်ခုအဖြစ် ပါဝင်သည်။ စာတန်သည် သူဖျက်ဆီး၍ နင်းခြေခဲ့ပြီးသော ထိုအရာများကို အသုံးပြုနိုင်ဆဲဖြစ်၏၊ ယင်းတို့မှာ လူသားမျိုးနွယ်ကိုဆန့်ကျင်၍ စာတန်အသုံးပြုနိုင်သော လက်နက်များပင်ဖြစ်၏။...နတ်ဆိုးများသည် သူတို့၏အလုပ်ကို လုပ်ကိုင်နိုင်ရန် အခွင့်အရေးတိုင်းကို တွယ်ကပ်ကြ၏။ ၎င်းတို့သည် အတွင်းမှ သင့်ကို စကားပြောနိုင်ကြ၏၊ သို့မဟုတ် သင်၏နားထဲသို့ တီးတိုးပြောနိုင်ကြသည်၊ သို့မဟုတ်ပါက ၎င်းတို့သည် သင်၏အတွေးများနှင့် စိတ်ကို ကစဉ့်ကလျား ဖြစ်စေနိုင်သည်။ ထို့ပြင် သင် မခံစားနိုင်ဖို့အလို့ငှာ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏တို့ထိမှုကို ဖုံးဖိထားနိုင်သည်။ ထို့နောက် သူတို့သည် သင့်ကို ဂနာမငြိမ် ဖြစ်စေပြီး စိတ်ထိခိုက်ခြင်းတို့ ဖြစ်စေလျက်၊ သင်၏အတွေးအခေါ်ကို ရှုပ်ထွေးစေခြင်း၊ သင်၏ဦးနှောက်ကို ကြောင်တောင်တောင် ဖြစ်စေခြင်းတို့အားဖြင့် သင့်အား စတင်နှောင့်ယှက်လေသည်။ ယင်းမှာ လူတို့အပေါ် နတ်ဆိုးများပြုသော အလုပ်ပင်ဖြစ်၏။ ထိုအရာကို ၎င်းတို့ မသိမြင်နိုင်ပါက၊ ၎င်းတို့ကိုယ်တိုင် ကြီးမားသောအန္တရာယ်ထဲ ရောက်စေလိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လောကီ ဆင်းရဲဒုက္ခကို ဘုရားသခင် မြည်းစမ်းခြင်း၏ အရေးပါမှု” မှ

ဘုရားသခင်သည် သိမ်မွေ့သည့်၊ နူးညံ့သည့်၊ ချစ်ခင်ဖွယ်ဖြစ်ပြီး ဂရုတစိုက်ရှိသည့် နည်းလမ်း၊ အထူး ချင့်ချင့်ချိန်ချိန်ရှိပြီး သင့်လျော်သည့် နည်းလမ်းတစ်ခုဖြင့် အမှုပြုပေသည်။ သူ၏ နည်းလမ်းက သင့်အထဲတွင်၊ “ဘုရားသခင်သည် ငါ့ကို ဤအရာ လုပ်ခွင့်ပေးရမည်”၊ သို့မဟုတ် “ဘုရားသခင်သည် ငါ့ကို ထိုအရာလုပ်ခွင့်ပေးရမည်” ဟူသည့် ပြင်းထန်သော ခံစားချက်ဆိုင်ရာ တုန့်ပြန်မှုများ မဆွပေးပေ။ ဘုရားသခင်သည် သည်းမခံနိုင်လောက်အောင် ဖြစ်စေသည့် ထိုသို့ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ခံစားချက်ဆိုင်ရာ ပြင်းပြမှုမျိုးကို သင့်အား လုံးဝ မပေးပေ။ ထိုသို့ မဟုတ်လော။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း နှုတ်ကပတ်တော်များကို သင်လက်ခံသည့်အခါတွင်ပင် သင်မည်သို့ခံစားရသနည်း။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးကို သင်ခံစားမိသည့်အခါ သင်မည်ကဲ့သို့ ခံစားရသနည်း။ ဘုရားသခင်သည် ဘုရားသဘောသဘာဝရှိပြီး၊ အစဉ်လေးစားလိုက်နာအပ်သည်ဟု ခံစားရသလော။ (ခံစားရပါသည်။) ဤအချိန်များတွင် သင်ကိုယ်တိုင်နှင့် ဘုရားသခင်ကြားတွင် ဝေးကွာမှု သင်ခံစားရသလော။ ဘုရားသခင်ကို ကြောက်ရွံ့မှု သင်ခံစားရပါသလော။ မခံစားရပေ- ယင်းထက်၊ သင်သည် ဘုရားသခင်အပေါ် ကြောက်ရွံ့ခြင်းနှင့်ပြည့်သည့် ကြည်ညိုမှုကို ခံစားရ၏။ ဤအရာများအားလုံးကို လူတို့ ခံစားရသည်မှာ ဘုရားသခင်၏ အမှုကြောင့် ဖြစ်သည် မဟုတ်လော။ အမှုပြုနေသူမှာ စာတန်ဖြစ်ပါက၊ ဤခံစားချက်များ ၎င်းတို့ရှိကြမည်လော။ (မရှိပါ။) ဘုရားသခင်သည် လူသားကို အစဉ်မပြတ် ထောက်ပံ့၊ အားပေးရန် သူ၏ နှုတ်ကပတ်တော်များ၊ သူ၏သမ္မာတရားနှင့် သူ၏အသက်ကို အသုံးပြုလေသည်။ လူသားက အားနည်းသည့်အခါတွင်၊ လူသားက စိတ်ဓာတ်ကျသည့်အခါ၊ ဘုရားသခင်က၊ “စိတ်ဓာတ်မကျနှင့်။ စိတ်ဓာတ်ကျစရာအကြောင်း မည်သည့်အရာ ရှိပါသနည်း။ အဘယ်ကြောင့် သင်အားနည်းနေသနည်း။ အားနည်းနေစရာ မည်သည့်အကြောင်းရင်း ရှိပါသနည်း။ သင် အမြဲအလွန်အားနည်းပြီး အမြဲ အပျက်သဘောဆောင်၏။ သင် အသက်ရှင်ရခြင်းသည် အဘယ်အသုံးဝင်ပါသနည်း။ သေသာ သေလိုက်ပြီး အဆုံးသတ်လိုက်တော့” ဟု ဆိုရင်း၊ ကြမ်းတမ်းစွာ မပြောဆိုပေ။ ဘုရားသခင်သည် ဤနည်းလမ်းဖြင့် အမှုပြုသလော။ (မပြုပါ။) ဤနည်းဖြင့် ပြုမူရန် ဘုရားသခင်တွင် သြဇာအာဏာရှိသလော။ (ရှိပါသည်။) သို့သော် ဘုရားသခင်သည် ဤနည်းဖြင့် မပြုမူပေ။ ဤနည်းဖြင့် သူ မပြုမူရသည့် အကြောင်းရင်းမှာ၊ ဘုရားသခင်၏ သန့်ရှင်းခြင်း အနှစ်သာရဖြစ်သည့် သူ၏ အနှစ်သာရကြောင့် ဖြစ်သည်။ သူ၏ လူသားကို ချစ်ခြင်း၊ လူသားကို သူ၏ တန်ဖိုးထားခြင်းနှင့် မြတ်နိုးခြင်းတို့ကို ဝါကျတစ်ကြောင်း နှစ်ကြောင်းမျှဖြင့် ရှင်းရှင်းလင်းလင်း ဖော်ပြ၍ မရနိုင်ပေ။ ယင်းမှာ လူသား၏ ကြွားဝါမှုအားဖြင့် ဖြစ်ပေါ်လာသည့် အရာတစ်ခု မဟုတ်ဘဲ စစ်မှန်သည့် လက်တွေ့လုပ်ဆောင်မှုဖြင့် ဘုရားသခင် ထုတ်ဆောင်သည့် အရာတစ်ခု ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ အနှစ်သာရနှင့် သက်ဆိုင်သည့် ဖွင့်ပြချက်ဖြစ်သည်။ ဘုရားသခင်အမှုပြုသည့် ဤနည်းလမ်းများ အားလုံးသည် လူသားအား ဘုရားသခင်၏ သန့်ရှင်းခြင်းကို မြင်တွေ့စေနိုင်သလော။ ဘုရားသခင်၏ ကောင်းမွန်သည့် ရည်ရွယ်ချက်များ အပါအဝင်၊ လူသားအပေါ် ဘုရားသခင် အမှုပြုလိုသည့် ရလဒ်များအပါအဝင်၊ လူသားအပေါ် အမှုပြုရန် ဘုရားသခင် ခံယူသည့် ကွဲပြားခြားနားသော နည်းလမ်းများ၊ သူပြုသည့် အမှုအမျိုးအစား၊ လူသားကို သူနားလည်စေချင်သည့် အရာအပါအဝင်၊ ဘုရားသခင် အမှုပြုသည့် နည်းလမ်းများ အားလုံးတွင်- ဘုရားသခင်၏ ကောင်းမွန်သည့် ရည်ရွယ်ချက်များ၌ ဆိုးယုတ်မှု သို့မဟုတ် လှည့်ဖြားမှုတစ်ခုတလေ သင်တွေ့ဖူးပါသလော။ (မတွေ့ဖူးပါ။) သို့ဆိုလျှင် ဘုရားသခင်ပြုသည့် အရာရာတိုင်း၊ ဘုရားသခင် ပြောဆိုသည့် အရာရာတိုင်း၊ သူ၏ စိတ်နှလုံးတွင် ဘုရားသခင်တွေးသည့် အရာရာတိုင်းအပြင် သူဖွင့်ပြသည့် ဘုရားသခင်၏ အနှစ်သာရ အားလုံးတွင်- ဘုရားသခင်ကို သန့်ရှင်းသည်ဟု ငါတို့ခေါ်ဆိုနိုင်သလော။ (ခေါ်ဆိုနိုင်ပါသည်။) ဤသန့်ရှင်းခြင်းကို လောကကြီးထဲတွင် သို့မဟုတ် မိမိကိုယ်ကိုယ်အတွင်းတွင် တစ်ဦးတစ်ယောက်က တွေ့မြင်ဖူးပါသလော။ ဘုရားသခင်မှ လွဲ၍၊ ယင်းကို လူသားတစ်ဦးတစ်လေထဲတွင် သို့မဟုတ် စာတန်အထဲတွင် သင်တွေ့ဖူးသလော။ (မတွေ့ဖူးပါ။)...

လူသားအပေါ် စာတန်၏ အလုပ်ကို မည်သည့်ကိုယ်စားပြု အင်္ဂါရပ်မျိုးက သွင်ပြင်လက္ခဏာဆောင်ပါသနည်း။ ဤအရာကို သင်တို့ကိုယ်တိုင်၏ အတွေအကြုံများမှတစ်ဆင့် သင်တို့ သိနိုင်သင့်၏- ယင်းသည် စာတန်၏ကိုယ်စားအပြုဆုံး အင်္ဂါရပ်၊ ၎င်းက ထပ်တလဲလဲ လုပ်ဆောင်သည့်အရာ၊ လူတစ်ဦးစီတိုင်းဖြင့် လုပ်ဆောင်ရန် ၎င်းက ကြိုးစားသည့် အရာဖြစ်သည်။ သင်တို့အနေဖြင့် ဤအင်္ဂါရပ်ကို မြင်ကောင်းမြင်နိုင်မည်မဟုတ်၊ ထို့ကြောင့် စာတန်သည် အလွန် ကြောက်မက်ဖွယ်ဖြစ်ပြီး အလွန် မုန်းတီးဖွယ်ဖြစ်သည်ကို သင် မခံစားရပေ။ ဤအင်္ဂါရပ်မှာ မည်သည့်အရာဖြစ်သည်ကို တစ်ဦးတစ်ယောက်က သိရှိပါသလော။ (သူလုပ်သည့်အရာတိုင်းကို လူသားအား အန္တရာယ်ပြုရန် သူ လုပ်ဆောင်သည်။) ၎င်းသည် လူသားကို မည်သို့ အန္တရာယ် ပြုပါသနည်း။ သာ၍ တိတိကျကျနှင့် သာ၍ အသေးစိတ် သင် ငါ့ကို ပြောပြနိုင်ပါသလော။ (သူက လူသားကို ဖြားယောင်းသည်၊ ဆွယ်ကာ သွေးဆောင်ပါသည်။) ယင်းမှာ မှန်ပေသည်။ ဤအရာများမှာ ဤအင်္ဂါရပ် ထင်ရှားသည့် နည်းလမ်းအချို့ ဖြစ်သည်။ စာတန်က လူကို လှည့်ဖြားသည်၊ တိုက်ခိုက်ပြီး စွပ်စွဲလည်းစွပ်စွဲပါသည်- ဤအရာများအားလုံမှာ သရုပ်သကန်များ ဖြစ်ကြလေသည်။ နောက်ထပ်တစ်ခုတစ်လေ ရှိပါသလော။ (သူက အလိမ်အညာတွေ ပြောပါသည်။) လှည့်စားခြင်းနှင့် လိမ်ညာခြင်းသည် စာတန်ထံ အလိုအလျောက် အများဆုံးလာပေသည်။ ဤအရာများကို ၎င်း မကြာခဏ လုပ်ဆောင်လွန်းသည်မှာ စဉ်းစားစရာပင် မလိုဘဲ အလိမ်အညာများက သူ၏နှုတ်မှ စီးဆင်းလာပေသည်။ နောက်ထပ် တစ်ခုတစ်လေ ရှိပါသလော။ (ပြင်းပြင်းထန်ထန် သဘောထား ကွဲလွဲမှုကို မျိုးစေ့ချပါသည်။) ဤတစ်ခုသည် သိပ်အရေးမကြီး လှပေ။ ယခု သင်တို့ကို ကြက်သီးမွေးညင်း ထလောက်အောင် ထိတ်လန့်ဖွယ်ဖြစ်စေမည့် အရာတစ်ခုကို ငါပြောပြမည်၊ သို့သော် သင်တို့ကို အလန့်တကြားဖြစ်သွားစေရန် ငါပြောသည် မဟုတ်။ ဘုရားသခင်သည် လူသားအပေါ် အမှုပြုပြီး လူသားကို သူ၏ သဘောထားနှင့် စိတ်နှလုံးဖြင့်ပါ မြတ်နိုးသည်။ အပြန်အလှန်အားဖြင့်၊ စာတန်သည် လူသားကို မြတ်နိုးပါသလော။ လူသားကို သူမမြတ်နိုးပေ။ ဆန့်ကျင်ဖက်အနေဖြင့်၊ သူသည် လူသားကို အန္တရာယ်ပြုခြင်းအကြောင်း တွေးတောရင်း အချိန်များစွာ ကုန်လေသည်။ ထိုသို့ ဖြစ်သည် မဟုတ်လော။ လူသားကို အန္တရာယ်ပြုခြင်းအကြောင်း သူ စဉ်းစားနေချိန်တွင်၊ သူက စိတ်အခြေအနေသည် အရေးတကြီးဖြစ်သည့် စိတ်အခြေအနေတစ်ခု ဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့်၊ လူသားများအပေါ် စာတန်၏ လုပ်ဆောင်မှုနှင့် ပတ်သက်၍၊ စာတန်၏ မလိုမုန်းထားစိတ် နှင့် ဆိုးယုတ်သည့် သဘာဝကို ပြည့်စုံလုံလောက်စွာ ဖော်ပြနိုင်သည့်၊ စာတန်၏ မုန်းတီးခြင်းကို သင်တို့အား အမှန်တကယ် သိခွင့်ပေးနိုင်သည့် စကားရပ်နှစ်ခု ငါ့မှာရှိ၏။ စာတန်၏ လူသားကို ချဉ်းကပ်မှုတွင်၊ စာတန်သည် မိမိ၏ ရည်မှန်းချက်များကို ရရှိနိုင်ဖို့နှင့် မိမိ၏ အထိန်းအကွပ်မဲ့သော ပြင်းပြသည့်ဆန္ဒကို ဖြည့်ဆည်းနိုင်ဖို့အလို့ငှာ၊ လူကို အလုံးစုံ ထိန်းချုပ်မှု ရရှိနိုင်ပြီး လူကို ဆိုးရွားစွာ အန္တရာယ်ပြုနိုင်သည့် အတိုင်းအတာထိ လူတစ်ဦးစီတိုင်းကို အမြဲ အတင်းအကျပ် နေရာယူကာ ပိုင်ဆိုင်ချင်လေသည်။ “အတင်းအကျပ် နေရာယူ” သည် ဆိုသည်မှာ မည်သည့်အရာကိုဆိုလိုသနည်း။ ယင်းသည် သင်၏သဘောတူညီချက်နှင့် ဖြစ်သည့်အရာတစ်ခုလော သို့မဟုတ် သဘောတူညီချက် မပါဘဲနှင့် ဖြစ်သည့်အရာတစ်ခုလော။ ယင်းသည် သင်သိလျက်ဖြင့် ဖြစ်သလော၊ သို့မဟုတ် သင်မသိဘဲလျက် ဖြစ်သလော။ အဖြေမှာ ယင်းသည် သင် လုံးဝ မသိဘဲလျက် ဖြစ်ပျက်ပေသည်။ ယင်းသည် သင်သတိမမူမိသည့် အခြေအနေများတွင် ဖြစ်ပျက်၏၊ သင့်ကို မည်သည့်အရာမျှ ပြောပင်မပြော သို့မဟုတ် လုပ်ပင်မလုပ်ဆောင်ဘဲ၊ အကြောင်းပြချက်မရှိ၊ ဆက်စပ်အကြောင်းအရာ မရှိဘဲ- စာတန်သည် သင့်ကို ပတ်လျက်၊ သင့်ကို ဝန်းရံလျက် ရှိပေသည်။ ခေါင်းပုံဖြတ်ရန် အခွင့်အရေးကို သူရှာနေသည်၊ ထို့နောက် သင့်ကို အလုံးစုံ ထိန်းချုပ်မှုကို ရရှိခြင်းနှင့် သင့်အပေါ် အန္တရာယ်ဖြစ်စေခြင်းတည်းဟူသော သူ၏ ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရင်း၊ သင့်ကို အတင်းအကျပ် သိမ်းပိုက်သည်၊ သင့်ကို ပိုင်ဆိုင်လေသည်။ ဤသည်မှာ လူသားမျိုးနွယ်ကို ဘုရားသခင်ထံမှ ဆွဲလုရန် အပြင်းအထန်ကြိုးပမ်းသည်နှင့်အမျှ စာတန်၏ ထုံးစံအကျဆုံး ရည်ရွယ်ချက်နှင့် အပြုအမူဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၄)

ယနေ့တွင် လူသားကို သဘာဝလွန်သည့် အမှုအရာများဖြင့် လှည့်ဖြားသည့် ဆိုးညစ်သော ဝိညာဉ်အချို့ ရှိပေသည်။ ယင်းမှာ သန့်ရှင်းသောဝိညာဉ်တော်က လက်ရှိ လုပ်ဆောင်ခြင်းမရှိသည့် အလုပ်မှတစ်ဆင့် လူကို လှည့်ဖြားဖို့ သူတို့အပိုင်းမှ တုပခြင်းသာ ဖြစ်သည်။ လူများစွာတို့သည် နိမိတ်လက္ခဏာများကို ဆောင်ရွက်ကြပြီး နာမကျန်းဖြစ်သူများကို အနာရောဂါပျောက်ကင်းစေကာ နတ်ဆိုးများကို နှင်ထုတ်ကြသည်။ မျက်မှောက်ခေတ်တွင် သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုသို့သောအလုပ်ကို မလုပ်ဆောင်တော့သည့်အတွက်၊ ဤအရာများသည် နတ်ဆိုးများ၏ လုပ်ဆောင်ချက်သာ ဖြစ်သည်၊ ပြီးလျှင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ထိုအချိန်မှစ၍ လိုက်လံတုပကြသူများ အားလုံးသည် ဧကန်စင်စစ် ဆိုးညစ်သော ဝိညာဉ်များဖြစ်ကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်က ထိုသို့သော ပုံစံဖြင့် မလုပ်ဆောင်သော်လည်း ထိုအချိန်က ဣသရေလတွင် လုပ်ဆောင်သည့် အလုပ်အားလုံးမှာ သဘာဝလွန်သည့် သဘာဝတစ်ခု၏ လုပ်ဆောင်ချက်ဖြစ်ပြီး၊ ယခုတွင် ထိုသို့သော လုပ်ဆောင်ချက် တစ်ခုသည် စာတန်၏ တုပခြင်းနှင့် အယောင်ဆောင်ခြင်းဖြစ်ကာ သူ၏ နှောင့်ယှက်မှုဖြစ်သည်။ သို့ရာတွင်၊ သင့်အနေဖြင့် သဘာဝလွန်ဖြစ်ရပ် ဟူသမျှက ဆိုးညစ်သော ဝိညာဉ်များထံမှ လာသည်ဟု ပြော၍မရနိုင်ပေ— ဤကား ဘုရားသခင်၏အမှု၏ ခေတ်အပေါ်တွင် မူတည်ပေမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)

ဘုရားသခင်သည် သူ၏အမှုတော်ကို အဖန်ဖန်မပြုလုပ်ပေ၊ လက်တွေ့မကျသော အလုပ်ကို ဘုရားသခင်မလုပ်ဆောင်ပေ၊ သူသည် လူသားကို အလွန်အကျွံ တောင်းဆိုမှုများ မပြုလုပ်သလို၊ လူသား၏ အသိစိတ်ကို ကျော်လွန်သော အလုပ်ကိုလည်း သူမလုပ်ဆောင်ပေ။ သူလုပ်သော အမှုဟူသမျှသည် လူသား၏ သာမန်အသိစိတ် အတိုင်းအတာအတွင်း၌ရှိပြီး သာမန်လူ့သဘာဝ၏ အသိစိတ်ကို မကျော်လွန်သည့်အပြင် သူ၏အမှုသည် လူသားမျိုးနွယ်၏ သာမန်လိုအပ်ချက်များနှင့်အညီ ဖြစ်သည်။ ထိုအရာက သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ဖြစ်လျှင်၊ လူသားသည် ပို၍ပို၍ ပုံမှန်ဖြစ်လာပြီး သူ၏လူ့သဘာဝမှာ ပို၍ပို၍ ပုံမှန်ဖြစ်လာသည်။ လူတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးကာ ဆိုးယုတ်သော စိတ်သဘောထားနှင့် လူသား၏အနှစ်သာရတို့ အပေါ် တိုးပွားသော အသိပညာတစ်ခုကို ရရှိပြီး သမ္မာတရားကို ပို၍ပို၍ ကြီးမားစွာ တောင့်တမှုတစ်ခု သူ၌ရှိလေသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် လူသား၏အသက်တာ ပိုမို ကြီးထွားလေလေ၊ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ပိုမိုပြောင်းလဲနိုင်စွမ်း ရှိလာလေလေ ဖြစ်သည်— ယင်းအရာအားလုံးသည် ဘုရားသခင်က လူ့အသက် ဖြစ်လာခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ အကယ်၍ လမ်းခရီးတစ်ခုက လူသား၏အနှစ်သာရဖြစ်သော ထိုအရာများကို ထုတ်ဖော်နိုင်စွမ်း မရှိလျှင်၊ လူသား၏ စိတ်သဘောထားကို ပြောင်းလဲနိုင်စွမ်းမရှိလျှင်၊ ထို့အပြင် ဘုရားသခင်ရှေ့မှောက်သို့ သူ့ကို ခေါ်ဆောင်လာနိုင်စွမ်း မရှိလျှင်၊ သို့မဟုတ် ဘုရားသခင်နှင့်ပတ်သက်၍ စစ်မှန်သော သဘောပေါက် နားလည်မှုကို သူ့အား မပေးနိုင်လျှင်၊ ထို့အပြင် သူ၏လူ့သဘာဝကို ပို၍ပင် နိမ့်ကျစေပြီး သူ၏အသိစိတ်ကို ပို၍ မူမမှန်စေလျှင်၊ ဤလမ်းခရီးမှာ စစ်မှန်သောလမ်းခရီး မဟုတ်ပေ၊ ယင်းမှာ နတ်ဆိုးတစ်ကောင်၏ အလုပ်၊ သို့မဟုတ် လမ်းခရီးဟောင်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ တိုတိုပြောရလျှင် ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်အလုပ်မဖြစ်နိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။