ဂုဏ်အဆင့်အတန်းနောက်သို့လိုက်ခြင်း၏ ဆင်းရဲဒုက္ခ

23.01.2022

ကျိန်းယွမ် တရုတ်နိုင်ငံ

၂၀၁၇မှာ ကျွန်မ အသင်းတော်ခေါင်းဆောင်တစ်ယောက်အနေနဲ့ ရွေးချယ်ခံခဲ့ရတယ်။ အသင်းတော်တချို့ရဲ့အလုပ်ကို ကြီးကြပ်ဖို့အတွက် အစ်မနှစ်ယောက်နဲ့ တွဲလုပ်ရတယ်။ ကျွန်မက အလုပ်လုပ်တာ သူတို့ထက်ပိုမြန်တာကို ကျွန်မအစ်မတွေက မြင်ပြီး ကျွန်မတို့ အလုပ်ဆွေးနွေးတဲ့အခါမှာ ကျိုးကြောင်းသင့်တဲ့ အကြံပြုချက်တွေပေးတဲ့အခါ သူတို့က အရမ်းအားကျကြပြီး ကျွန်မက အရည်အသွေးကောင်းပြီး အရည်အချင်းရှိတယ်လို့ ပြောကြတယ်။ ကျွန်မအစ်မတွေက ဒီလိုပြောတာကို ကြားရတော့ ကျွန်မ အရမ်းပျော်တယ်။ ကျွန်မစဉ်းစားတယ်။ “အရင်တုန်းက ငါ အလုပ်လုပ်တဲ့ ကုမ္ပဏီမှာ ငါ့သူဌေးက ငါ့ကိုတန်ဖိုးထားတယ်။ ပြီးတော့ ဘုရားကို ငါယုံကြည်ပြီးတဲ့နောက်မှာ ငါ့ညီအစ်ကို မောင်နှမတွေက ငါ့ကို ပံ့ပိုးတယ်။ အခု ငါ့ရဲ့ ခေါင်းဆောင်တာဝန်မှာ ငါ့အလုပ်ဖော်တွေကလည်း ငါ့ကို အထင်ကြီးတယ်။ ငါက တကယ်ကို ပါရမီတစ်ခုရှိတယ်ထင်တယ်။ ငါ့အထက်က ခေါင်းဆောင်တွေက ငါ့အရည်အချင်းတွေကို မြင်တဲ့အခါမှာ ငါက ငါ့အလုပ်ဖော်တွေထက် ပိုတော်တယ်လို့ သူတို့က သေချာပေါက်ပြောကြမှာပဲ” ဆိုပြီးတော့။ ဒီလိုတွေ စဉ်းစားရင်းနဲ့ ကျွန်မတာဝန်မှာ ကျွန်မ ပိုပြီးတော့တောင် စိတ်တက်ကြွလာတယ်။ အချိန်ကြာလာတော့ အသင်းတော်အလုပ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်အများစုကို ကျွန်မချမှတ်တယ်။ ကျွန်မအစ်မတွေက သူတို့အတွက် ကျွန်မစီစဉ်ပေးတာမှန်သမျှ လုပ်တယ်။ အဲဒီခံစားချက်ကို ကျွန်မ တကယ် နှစ်သက်ခဲ့ပါတယ်။

နောက်ပိုင်းမှာ ခေါင်းဆောင်တွေက အစ်မချန်ကို ကျွန်မတို့နဲ့ ပူးပေါင်းဖို့ စီစဉ်တယ်။ အစည်းအဝေးတွေမှာ သူ့မိတ်သဟာယက တော်တော်လက်တွေ့ကျတာကို ကျွန်မ မြင်ခဲ့ရတယ်။ ကျွန်မက သူနဲ့အလုပ်ဖော်ဖြစ်ရတဲ့အတွက် အကျိုးရှိနိုင်တယ်လို့ခံစားရလို့ အရမ်းပျော်ခဲ့တာပေါ့။ ဒါပေမဲ့ အဲဒီနောက်မှာ အစည်းအဝေးတစ်ခုစီတိုင်းမှာ အစ်မချန်ရဲ့ မိတ်သဟာယက ဘယ်လောက်လက်တွေ့ကျပြီး ထက်မြက်သလဲဆိုတာကို ကျွန်မ မြင်ရပြီး ညီအစ်ကိုမောင်နှမတွေက အာရုံစိုက်နားထောင်ပြီး သဘောတူခေါင်းညိတ်တာကို မြင်ရတဲ့အခါ ကျွန်မ စပြီး စိုးရိမ်လာတယ်။ ကျွန်မ စဉ်းစားတယ်။ “အစည်းအဝေးနဲ့ မိတ်သဟာယကို ငါက ကြီးစိုးလေ့ရှိခဲ့တာ။ ဒါပေမဲ့ အခုကျတော့ လူတိုင်းက သူ့ရဲ့ မိတ်သဟာယကို ကြားချင်ကြတယ်။ ဒါဆို နောက်ကျရင် ငါ့ကို ဘယ်သူက အထင်ကြီးတော့မှာလဲ” ပေါ့။ သူ ကျွန်မထက်သာသွားမှာကိုကြောက်လို့ ကျွန်မ တော်တော်မနာလိုဖြစ်နေခဲ့တာ။ အဲဒီနောက်မှာ ညီအစ်ကိုမောင်နှမတွေက သူတို့တာဝန်တွေမှာ အခက်အခဲတစ်ခုခုရှိတဲ့အခါ အစ်မချန်က သူတို့ကို ကူညီဖို့ ချက်ချင်းပဲ မိတ်သဟာယပေးပြီး အလုပ်ကို အရမ်းကို မြန်မြန် အကောင်အထည်ဖော်ပေးခဲ့တာ တွေ့ရတယ်။ အရင်တုန်းက သင့်တော်တဲ့ဝန်ထမ်းကို ရှာမရလို့ အဖွဲ့တစ်ဖွဲ့ကို မပြင်ဆင်နိုင်ခဲ့ဘူး။ ဒါပေမဲ့ သူ့အတွက်က ပြင်ဆင်ဖို့ သိပ်မကြာလိုက်ဘူး။ ကျွန်မတို့ ခေါင်းဆောင်က အစည်းအဝေးတွေကို လာတဲ့အချိန်မှာ သူက အသင်းတော်အလုပ်နဲ့ ပတ်သက်ပြီးတော့လည်း အကြံဉာဏ်ကောင်းတွေ ပေးတယ်။ ဒါတွေအားလုံးက ကျွန်မကို မနာလိုလည်းဖြစ်၊ အားလည်းကျစေတယ်။ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို ပိုပြီးအထင်ကြီးဖို့ ကျွန်မလည်း အဲဒီလိုအစွမ်းအစမျိုး ရှိချင်ခဲ့တယ်။ ဘယ်သူကမှ ကျွန်မရဲ့ ထင်ပေါ်မှုကို မခိုးလို့မရအောင်၊ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို အတော်ဆုံးအဖြစ်မြင်အောင်လို့ ကျွန်မတို့ ခေါင်းဆောင်တွေက သူ့ကို တခြားတစ်နေရာ ပြောင်းပစ်မှာကိုတောင် ကျွန်မ ဆန္ဒရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ အသင်းတော်တချို့မှာ ရွေးကောက်ပွဲတွေလုပ်ကြပြီး ခေါင်းဆောင်တွေက သူတို့ကို ကူညီစီမံပေးဖို့ အစ်မချန်ကို အမြဲတမ်း တောင်းဆိုကြတယ်။ ဒီဟာကြောင့် ကျွန်မ အထူးသဖြင့် လမ်းပျောက်သလို ခံစားခဲ့ရတယ်။ ရွေးကောက်ပွဲတွေကို စီမံဖို့ တောင်းဆိုခံရတဲ့သူတွေက တခြားလူတွေကို ပိုင်းခြားသိမြင်နိုင်တဲ့ အစွမ်းအစရှိတဲ့သူတွေပါ။ အရင်တုန်းက ခေါင်းဆောင်တွေက သူတို့ကို ကူညီဖို့ ကျွန်မကို အမြဲတမ်းတောင်းဆိုကြတယ်။ အခု သူတို့က အစ်မချန်ကို တောင်းဆိုကြတယ်။ သူက ခေါင်းဆောင်တွေအတွက် အရမ်းအရေးကြီးတဲ့ပုံပဲ။ ပြီးတော့ ခေါင်းဆောင်တွေအတွက် ကျွန်မက လုံးဝ အရေးမပါသလိုပဲ။ အထူးသဖြင့် နောက်ပိုင်းမှာ အရေးကြီးတဲ့ အသင်းတော်တာဝန်တချို့အတွက် ကျွန်မတို့ ခေါင်းဆောင်တွေက အစ်မချန်ကို အဲဒါတွေ ကြီးကြပ်ခိုင်းလိုက်တော့၊ ကျွန်မအတွက် ပိုပြီးတောင် မမျှတသလို ခံစားခဲ့ရပါတယ်။

တစ်ခါတော့ အသင်းတော်တစ်ခုက ခေါင်းဆောင်တွေ၊ သင်းထောက်တွေကို ပြန်ရွေးကောက်ဖို့ လိုပြီး ဒီအသင်းတော်က အမှုထမ်းတွေအကြောင်း အစ်မချန်က အသေးစိတ်မသိတဲ့အခါမှာ အရွေးကောက်ခံ ရေလောင်းပေးတဲ့ သင်းထောက်က မကောင်းတဲ့အခြေအနေမှာရှိပြီး မတက်ကြွဘူး။ သူ့တာဝန်တွေမှာ ပေါ့ဆတယ်။ ဒီအစ်မက ရေလောင်းပေးတဲ့သင်းထောက်အဖြစ် မသင့်တော်ဘူးဆိုတာ ကျွန်မ ရှင်းရှင်းလင်းလင်းသိတယ်။ ဒါပေမဲ့ အစ်မချန်ကို ကျွန်မ မနာလိုဖြစ်နေတာကြောင့် ဘာမှမပြောခဲ့ဘူး။ ကျွန်မက တွေးတယ်။ “ဒီအစ်မကို ရှင် ရွေးခဲ့တာပဲ။ ဒီတော့ မှားပြီးရွေးတာဟာ ရှင့် အပြစ်ပဲ။ ရှင်ရွေးလိုက်တဲ့လူက အလုပ်ကို တကယ်လုပ်နိုင်လား ကြည့်ရအောင်” ဆိုပြီးတော့။ သူက သုံးလေးလလောက် ပျိုးထောင်ပေးတဲ့အလုပ်ကို စီမံပြီးနောက်မှာ မကျွမ်းကျင်လို့ အပြစ်တင်ခံရပြီး အလုပ်ထွက်လိုက်ရတယ်။ နောက်ပိုင်းမှာ အစ်မချန်က ကျွန်မကို နှစ်ကြိမ်ဝေဖန်တယ်။ လူ့အကြိုက်လိုက်သူလုပ်ပြီး ကျွန်မ သတိပြုမိတဲ့ပြဿနာကို ထောက်မပြလို့ပေါ့။ ကျွန်မက မငြင်းခုံပေမဲ့ ကိုယ့်ဘာသာ တွေးလိုက်တယ်။ “ရှင်က ဒီအလုပ်ကို ကြီးကြပ်တာပဲ။ ကောင်းကောင်းပြီးသွားရင် ရှင်က နာမည်ရတာပဲ။ ကျွန်မက ဘာလို့ အများကြီးပြောရမှာလဲ” ပေါ့။ အဲဒီအချိန်အတောအတွင်းမှာ၊ အစ်မချန်က ကျွန်မအတွက် အမြဲတမ်း စိတ်အနှောင့်အယှက်ပေးပြီး ကျွန်မ သူ့ကို တော်တော်ကို မကျေမနပ်ဖြစ်မိတယ်။ ကျွန်မရဲ့ ထင်ပေါ်မှုကို ခိုးယူတဲ့အတွက် ကျွန်မ သူ့ကို မုန်းခဲ့ပါတယ်။ ကျွန်မ စိတ်မချမ်းမြေ့ ဖြစ်ခဲ့ရတယ်။ နောက်ပိုင်းမှာ အစ်မချန်က သူ့အလုပ်မှာ ပြဿနာတစ်ခုဖြစ်ပြီး ကျွန်မ ထင်မြင်ချက်ကို မေးတယ်။ ကျွန်မ ဝတ်ကျေတမ်းကျေ အဖြေတစ်ခုပဲ ပေးလိုက်တယ်။ ဒီလိုနည်းနဲ့ အပြင်ပန်းမှာတော့ ကျွန်မက သူနဲ့အတူ ကျွန်မတာဝန်တွေကို ဖြည့်ဆည်းနေပေမဲ့ အလုပ်နဲ့ပတ်သက်ပြီး ဆက်သွယ်ပြောဆိုတာ၊ လိုက်ဖက်ညီတဲ့ပူးပေါင်းလုပ်ကိုင်မှုလုံးဝ မရှိခဲ့ဘူး။ တစ်ခါတော့ အစ်မချန်တာဝန်ရှိတဲ့အလုပ်မှာ ပြဿနာတွေရှိခဲ့တယ်။ အဲဒီအတွက် ကျွန်မတို့ခေါင်းဆောင်က အစည်းအဝေးတစ်ခုမှာ သူ့ကို ဝေဖန်တယ်။ အစ်မချန်က ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ပြီး ရှိုက်ငိုနေတဲ့အချိန်မှာ ကျွန်မက ပျော်ပြီး ကိုယ့်ဘာသာ အားရနေခဲ့တယ်။ “အခုတော့ ညီအစ်ကိုမောင်နှမတွေက ရှင့်ရဲ့ တကယ့်အရည်အချင်းကို မြင်ကြပြီ။ ရှင်က အရမ်းတော်ပုံမပေါက်တော့ပါဘူး။ ကျွန်မရဲ့ ပါရမီကို ပြဖို့ အခွင့်အရေးရှိလာပုံပဲ” ပေါ့။ နောက်ပိုင်းမှာ ကျွန်မတို့ ခေါင်းဆောင်တွေက အစ်မချန်ကို ဘယ်လောက် တန်ဖိုးထားနေတုန်းပဲဆိုတာကို မြင်ရတော့ ကျွန်မ အံ့သြသွားတယ်။ သူက အသင်းတော်ရဲ့ အရေးကြီးတဲ့ တာဝန်တချို့အတွက် တာဝန်ရှိနေတုန်းပဲ။ အထူးသဖြင့် ကျွန်မ စိတ်ဓာတ်ကျသွားတယ်။ ကျွန်မတာဝန်တွေမှာ စိတ်ဝင်စားမှု အားလုံးပျောက်သွားတယ်။ အားမလိုအားမရတောင်စဖြစ်လာခဲ့တယ်။ တစ်ခါ၊ ဗီဒီယိုအဖွဲ့က ပြဿနာနည်းနည်းရှိလာတယ်။ အစ်မချန်က ကျွန်မကို ဖြေရှင်းဖို့ သွားခိုင်းတယ်။ ကျွန်မက ဒုက္ခမခံချင်ဘူး။ ကျွန်မ စဉ်းစားလိုက်တယ်။ “ငါက ဒါကိုလုပ်ရင် နာမည်က ရှင်ပဲရဦးမှာ။ ဘယ်သူကမှ ငါ့ကို ကြည့်မှာမဟုတ်ဘူး။ ရှင်ရောက်ကတည်းက ဒီအလုပ်အတွက် ရှင့်မှာ တာဝန်ရှိတာပဲ။ ဒီတော့ ရှင့်ဘာသာ သွားကိုင်တွယ်ပေါ့” ဆိုပြီးတော့။ ဆိုးတဲ့ စိတ်ကူးတစ်ခုကလည်း ကျွန်မဆီမှာ ပေါ်လာတယ်။ “ရှင့်အလုပ်ကို မလုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါမှ ဘယ်သူမှ ရှင့်ကို အထင်မကြီးမှာ” ပေါ့။ ကျွန်မက တော်တော်ကို အခိုင်အမာ ပြောလိုက်တယ်။ “ကျွန်မ မသွားဘူး” ပေါ့။ အဲဒီအချိန်မှာ အစ်မချန်က အကူအညီမဲ့သလိုနဲ့ ထိုင်နေပြီး နှုတ်ဆိတ်နေတာကို ကျွန်မ မြင်ရတယ်။ ကျွန်မလည်း နည်းနည်း စိတ်မသက်သာသလို ခံစားလိုက်ရတယ်။ ဘာလို့လဲဆိုရင် အသင်းတော်အလုပ်က ကျွန်မတို့ရဲ့ အများတာဝန်ဖြစ်ပြီး၊ ကျွန်မ လုပ်မှဖြစ်မယ်မှန်း သိလို့လေ။ အဲဒါနဲ့ အင်တင်တင်နဲ့ သွားဖို့ သဘောတူလိုက်တယ်။ ဒါပေမဲ့ ကျွန်မရည်ရွယ်ချက်တွေက မှားနေတယ်။ ကျွန်မက အစ်မချန်ထက်ပိုတော်တယ်လို့ သက်သေပြချင်ခဲ့တာ။ အဲဒါကြောင့် ကျွန်မ တာဝန်တွေမှာ ဘုရားရဲ့ ကွယ်ကာမှုနဲ့ လမ်းပြမှုမဲ့နေခဲ့တယ်။ ဗီဒီယိုအဖွဲ့ရဲ့ ပြဿနာက လုံးဝ ပြေလည်မသွားတော့ဘူး။ အဲဒီအချိန်ကာလမှာ ကျွန်မက ကျော်ကြားမှုနဲ့ စည်းစိမ်အတွက် ကြိုးစားတဲ့အခြေအနေမှာ အသက်ရှင်နေခဲ့တယ်။ ကျွန်မရဲ့ ဝိညာဉ်က ပိုမှောင်မိုက်လာပြီး ကျွန်မ တာဝန်တွေမှာ တိုးတက်မှုမရှိခဲ့ဘူး။ ဒါကို ကျွန်မ မပြောရဲဘူး။ အထင်သေးခံရမှာစိုးလို့လေ။ ကျွန်မ ကြီးကြပ်ရတဲ့ အဘယ်အလုပ်ကမှ မထိရောက်ခဲ့ဘူး။ အဲဒီတုန်းက ကျွန်မ အထူး စိတ်ဆင်းရဲခဲ့ရတယ်။ ကျွန်မ စဉ်းစားတယ်။ “ငါက ငါ့တာဝန်တွေကို ကောင်းကောင်း ထမ်းဆောင်လေ့ရှိခဲ့တယ်။ ငါ့ညီအစ်ကိုမောင်နှမတွေက ငါ့ကို ပံ့ပိုးပြီး၊ ငါ့အလုပ်ဖော်တွေက ငါပြောတာ နားထောင်လေ့ရှိတယ်။ ဒါပေမဲ့ အခုတော့ သိက္ခာမဲ့နေသလိုပဲ ခံစားရတယ်။ ဘယ်အရာကိုမှ ငါကောင်းကောင်းမလုပ်နိုင်ဘူးလို့ခံစားရတာဟာ အစ်မချန်ရှိနေတာကြောင့်ပဲ” ဆိုပြီးတော့။ အဲဒီအချိန်တုန်းက အစ်မချန်ကို မြင်ရတဲ့အခါ ကျွန်မ ရွံရှာမိတယ်။ ကျွန်မ သူ့ကို မမြင်ရတဲ့နေရာတစ်ခုကိုပဲ သွားလိုက်ချင်တယ်။

အဲဒီနောက်မှာ ကျွန်မ ကြီးကြပ်တဲ့ အသင်းတော်မှာ ပြဿနာတွေအများကြီးဖြစ်တယ်။ အသင်းတော်အလုပ်ရဲ့ ကဏ္ဍတိုင်းမှာ မထိရောက်ဘူး။ ရပ်တန့်လုနီးပါးပဲ။ ဒီအပေါ်မှာ ကျွန်မ တော်တော်အပြစ်ရှိသလိုခံစားရတယ်။ ဒါပေမဲ့ ကျွန်မရဲ့ အခြေအနေကို ဖြေရှင်းဖို့ သမ္မာတရားကို လုံးဝ မရှာခဲ့ဘူး။ ကျွန်မတို့ ခေါင်းဆောင်က ကျွန်မတို့အလုပ်က ဘာလို့မထိရောက်တာလဲဆိုတဲ့အပေါ် သုံးသပ်ခိုင်းတယ်။ ဒါပေမဲ့ ကျွန်မက ကိုယ့်ကိုယ်ကိုယ် သိမြင်မှုမရှိလို့ အစ်မချန်ကို အပြစ်ပုံချလိုက်တယ်။ သူမလာခင်တုန်းက ကျွန်မ ဦးဆောင်ရတုန်းက ကျွန်မတို့အလုပ်က သိပ်မဆိုးဘူး။ ဒါပေမဲ့ အခု သူဦးဆောင်ရတော့ ဒီလိုဖြစ်အောင်လုပ်တာ သူပဲလို့ ကျွန်မ ထင်ခဲ့တယ်။ တစ်ခါ၊ အစ်မတစ်ယောက်နဲ့ ကျွန်မ ဒီအကြောင်းတွေကို ဆွေးနွေးနေတုန်းမှာ အစ်မချန်နဲ့ပတ်သက်လို့ကျွန်မ မကျေနပ်တာတွေကို ဖွင့်ချခဲ့တယ်။ အစ်မချန်က မတော်ဘူးဆိုပြီး စကားတွေအများကြီးနဲ့ ပြောခဲ့တယ်။ အဲဒီနောက်မှာ ကျွန်မ နည်းနည်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိသလို ဖြစ်တယ်။ ကျွန်မက သူ့နောက်ကွယ်မှာ သူ့ကို ဝေဖန်နေတာမဟုတ်ဘူးလားပေါ့။ ဒါက ဘုရားမုန်းတီးတဲ့အရာတစ်ခုပဲ။ ဒါပေမဲ့ အဲဒီတုန်းကတော့ ဒါက တဒင်္ဂပေါ်လာတဲ့ အတွေးတစ်ခုသက်သက်ပဲ။ ကိုယ့်ကိုယ်ကိုယ် အလေးအနက် မဆင်ခြင်ခဲ့ပါဘူး။ ရိုးရိုးသားသားပြောရရင် ကျွန်မက ထုံထိုင်းပြီး မာကျောလွန်းတယ်။ အထုတ်ခံလိုက်ရတော့မှ ကျွန်မ စိတ်နှလုံးကို တကယ်တို့ထိသွားတယ်။ ကျွန်မတို့ခေါင်းဆောင်က ကျွန်မတို့နဲ့ လာတွေ့ပြီးတော့ အသင်းတော်အလုပ်ရဲ့ ထိရောက်မှုက ကျဆင်းနေတယ်လို့ ပြောတယ်။ ပြီးတော့ အစ်မချန်နဲ့ ကျွန်မက ကောင်းကောင်း ပူးပေါင်းလုပ်ကိုင်မှုမရှိဘူးလို့လည်းပြောတယ်။ ကျွန်မ နည်းနည်း စိတ်မသက်မသာဖြစ်ပေမဲ့ ကိုယ့်ကိုယ်ကိုယ် သိမြင်မှုမရှိခဲ့ဘူး။ ဒီတော့ ကျွန်မ အကြည့်က အစ်မချန်ပေါ်မှာ ရှိနေတုန်းပဲ။ သူရောက်လာပြီးတဲ့နောက်မှာမှ ကျွန်မတို့အလုပ်က ဒီလောက်ဆိုးလာတာလို့ ကျွန်မ ထင်မိတယ်။ ခေါင်းဆောင်က ကျွန်မ ကိုယ့်ကိုယ်ကိုယ် မသိတာကိုမြင်တော့ ကျွန်မကို ကိုင်တွယ်ဖြေရှင်းတယ်။ ကျွန်မက တာဝန်တွေမှာ ကျော်ကြားမှုနဲ့ စည်းစိမ်အတွက် ကြိုးစားနေတယ်၊ ကျွန်မအလုပ်က မထိရောက်ပေမယ့်လည်း၊ ကိုယ့်ကိုယ်ကိုယ် မဆင်ခြင်ခဲ့ဘူး၊ ကျွန်မအခြေအနေကို ကြည့်ရင် ကျွန်မက ခေါင်းဆောင်ဖြစ်ဖို့ မသင့်တော်ဘူး၊ ဝိညာဉ်ရေးရာ ဆင်ခြင်သုံးသပ်မှု အချိန်ကာလတစ်ခုလိုတယ် လို့ပြောတယ်။

ထုတ်ခံရတာက ကျွန်မအတွက် တော်တော်နာကျင်ရပါတယ်။ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို ဘယ်လိုမြင်မလဲ မသိခဲ့ဘူး။ စဉ်းစားလေလေ၊ ကျွန်မဝိညာဉ်က မှောင်မိုက်လေလေပါပဲ။ ဘုရားနှုတ်ကပတ်တော်ဖတ်ရင်းနဲ့ ကျွန်မ ငိုက်မြည်းလာတယ်။ ဘုရားရှေ့မှာ ကျွန်မ စိတ်နှလုံးကို မငြိမ်သက်စေနိုင်ခဲ့ဘူး။ နောက်ထပ်ကာလတစ်ခုကို ဒီ ကမောက်ကမ အခြေအနေမှာ ဖြတ်သန်းခဲ့ပါတယ်။ နောက်တော့ ကျွန်မအခြေအနေနဲ့ပတ်သက်လို့ တစ်ခုခုမှားနေမှန်း သဘောပေါက်လိုက်တယ်။ အဲဒါနဲ့ ကိုယ့်ကိုယ်ကိုယ်သိအောင် ဘုရားရဲ့လမ်းပြမှုကိုတောင်းလျှောက်ဖို့ ဘုရားကို ဆုတောင်းလိုက်တယ်။ တစ်နေ့တော့ ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို ကျွန်မ တွေ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အန္တိခရစ်တို့သည် မိမိတို့၏ ကိုယ်ပိုင် အဆင့်အတန်းနှင့် ဂုဏ်သတင်းကို အခြားမည်သည့်အရာမဆိုထက်ပို၍ အရေးကြီးသည်ဟု သဘောထားကြသည်။ ဤလူတို့သည် မရိုးသားခြင်း၊ ဒုက္ခပေးခြင်း၊ ကောက်ကျစ်ခြင်းတို့ရှိရုံမကဘဲ ဆိုးသောသဘာဝလည်း ရှိသည်။ ၎င်းတို့သည် မိမိတို့၏ ဂုဏ်အဆင့်အတန်းကို ထိခိုက်နိုင်ခြေရှိသည်ကို သတိပြုမိသောအခါ၊ သို့မဟုတ် လူတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့၏ နေရာကို ဆုံးရှုံးရသောအခါ၊ ဤလူတို့၏ ထောက်ခံမှုနှင့် ချစ်ခင်မှုတို့ကို ၎င်းတို့ ဆုံးရှုံးရသောအခါ၊ လူတို့သည် ၎င်းတို့အား ကြည်ညိုလေးစားခြင်း၊ အထင်ကြီးခြင်းမရှိတော့ဘဲ လူပုံအလယ်တွင် ၎င်းတို့ အရှက်ရသောအခါ ၎င်းတို့သည် မည်သည့်အရာကို ပြုကြသနည်း။ ၎င်းတို့က ရုတ်တရက် ပြောင်းလဲကြသည်။ ၎င်းတို့၏ ဂုဏ်အဆင့်အတန်းကို ဆုံးရှုံးရသည်နှင့် တစ်ပြိုင်နက် မည်သည့်အရာကိုမျှ မလုပ်ချင်ကြတော့ပေ။ ၎င်းတို့လုပ်သမျှ အရာတိုင်းသည် မကောင်းမကန်းဖြစ်ကြသည်။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် စိတ်မဝင်စားကြပေ။ သို့သော် ဤသည်မှာ အဆိုးဆုံး သရုပ်သကန်မဟုတ်ပေ။ အဆိုးဆုံး သရုပ်သကန်မှာ အဘယ်နည်း။ ဤလူတို့သည် ၎င်းတို့၏ ဂုဏ်အဆင့်အတန်းကို ဆုံးရှုံးရပြီး မည်သူမျှ ၎င်းတို့ကို မလေးစားလျက် မည်သူကမျှ ၎င်းတို့၏ သွေးဆောင်ခြင်းကို မခံရသည်နှင့်တစ်ပြိုင်နက် မနာလိုခြင်းနှင့် လက်စားချေခြင်းအပြင် မုန်းတီးခြင်းပါ ထွက်ပေါ်လာသည်။ ၎င်းတို့သည် ဘုရားသခင်အား ကြောက်ရွံ့ခြင်းမရှိရုံမက စစ်မှန်သော နာခံခြင်းနှင့် အသိပညာလည်း ကင်းမဲ့သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ၎င်းတို့သည် ဘုရားအိမ်တော်နှင့် အသင်းတော်အား မုန်းတတ်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် အသင်းတော်အလုပ်သည် ပြဿနာများကို ကြုံတွေ့စေရန်၊ ရပ်တန့်သွားစေရန် တောင့်တကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်အပေါ်၊ ညီအစ်ကိုမောင်နှမတို့အပေါ် ရယ်မောလိုကြသည်။ ၎င်းတို့သည် သမ္မာတရားကိုလိုက်စားပြီး ဘုရားသခင်ကို ကြောက်ရွံ့သောမည်သူကိုမဆိုကိုလည်း မုန်းတီးကြသည်။ ၎င်းတို့၏ တာဝန်တွင် သစ္စာရှိပြီး အဖိုးအခပေးရန် လိုလားသူ မည်သူကိုမဆို ၎င်းတို့က တိုက်ခိုက်ပြီး လှောင်ပြောင်ကြသည်။ ဤသည်မှာ အန္တိခရစ်တစ်ယောက်၏ စိတ်သဘောထားဖြစ်သည်။ ယင်းသည် မဆိုးယုတ်သလော။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၂)”)လူအချို့သည် မိမိတို့ထက် ပိုတော်သည့် အခြားသူများကိုတွေ့လျှင်၊ ၎င်းတို့ကို သူတို့ ဖိနှိပ်ကြသည်၊ ၎င်းတို့အကြောင်း ကောလဟလတစ်ခုကို စတင်ကြသည်၊ သို့မဟုတ် အခြားလူတို့က ထိုသူတို့အပေါ် အထင်မကြီးကြစေဖို့နှင့် မည်သူမျှ အခြားတစ်ဦးတစ်ယောက်မျှထက် မတော်ဖို့ရန်အလို့ငှာ မသမာသော နည်းလမ်းအချို့ကို အသုံးပြုကြသည်၊ သို့ဆိုလျှင် ဤသည်မှာ မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကိုယ်မှန်သည်ဟု ထင်မှတ်ခြင်းအပြင်၊ ကောက်ကျစ်ခြင်း၊ လှည့်ဖြားတတ်ခြင်းနှင့် အန္တရာယ်များခြင်းတို့နှင့်ဆိုင်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖြစ်ပြီး၊ ဤလူများသည် မိမိတို့၏ ရည်မှန်းချက်များ မရမချင်း မရပ်တန့်ကြပေ။ ဤသို့ သူတို့ အသက်ရှင်ကြသော်လည်း သူတို့သည် ကြီးမြတ်ပြီး ကောင်းမြတ်သည့်လူများဖြစ်သည်ဟု ထင်မှတ်ကြသေး၏။ သို့သော် သူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သည့် နှလုံးသားများ ရှိကြပါသလော။ ပထမဦးစွာ၊ ဤကိစ္စရပ်များ၏ သဘောသဘာဝများနှင့်ဆိုင်သည့် ရှုထောင့်အမြင်မှနေ၍ ပြောရ လျှင်၊ ဤနည်းဖြင့် ပြုမူသည့် လူများသည် မိမိတို့ နှစ်သက်သည်အတိုင်း လုပ်ဆောင်နေကြခြင်းသက်သက် မဟုတ်လော။ ဘုရားသခင့် မိသားစု၏ အကျိုးများကို ၎င်းတို့ စဉ်းစားကြပါသလော။ ဘုရားသခင်၏ မိသားစု၏အမှုတော်က ဆုံးရှုံးမှု ခံစားရပါစေ၊ မိမိတို့၏ ခံစားချက်များကိုသာ ၎င်းတို့ စဉ်းစားကြပြီး မိမိတို့၏ ကိုယ်ပိုင်ရည်မှန်းချက်များကိုသာ ရရှိလိုကြသည်။ ဤသို့သော လူများသည် မာနထောင်လွှားပြီး မိမိကိုယ်ကိုယ်မှန်သည်ဟု ထင်မှတ်ကြရုံသာမက၊ တစ်ကိုယ်ကောင်းဆန်ကြပြီး စက်ဆုပ်စရာလည်း ဖြစ်ကြ၏၊ ဘုရားသခင်၏ ရည်ရွယ်ချက်ကို ၎င်းတို့ လုံးဝအရေးမထားကြသလို၊ ဤကဲ့သို့သော လူတို့သည် ဧကန်မုချ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးများ မပိုင်ဆိုင်ကြပေ။ ဤသည်မှာ အပြစ်ကိုသိခြင်း မရှိဘဲ၊ စိုးရိမ်ပူပင်ခြင်းတစ်ခုတစ်လေ မရှိဘဲ၊ စိုးရိမ်ကြောင့်ကြမှု သို့မဟုတ် ပူပန်မှု မရှိသလို အကျိုးဆက်များကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ သူတို့လုပ်ချင်သည့်အရာတိုင်းကို လုပ်ဆောင်ပြီး လက်လွတ်စပယ် ပြုမူကြသည့် အကြောင်းရင်း ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ မကြာခဏ လုပ်ဆောင်သည့်အရာနှင့် အမြဲ ပြုမူကြပုံ ဖြစ်သည်။ ထိုသို့သော လူများ ရင်ဆိုင်ရသည့် အကျိုးဆက်များမှာ မည်သည့်အရာများ ဖြစ်သနည်း။ ၎င်းတို့ ဒုက္ခရောက်ကြလိမ့်မည်၊ ဟုတ်ပါသလော။ သက်သက်သာသာ ပြောရမည်ဆိုလျှင်၊ ထိုသို့သော လူများသည် အလွန့်အလွန် မနာလိုတတ်ကြပြီး ပုဂ္ဂိုလ်ရေး ကျော်ကြားမှုနှင့် အဆင့်အတန်းအတွက် အလွန် အားကောင်းသည့် လိုအင်ဆန္ဒတစ်ခု ရှိကြလေသည်။ ၎င်းတို့သည် အလွန် လှည့်ဖြားတတ်ကြပြီး သစ္စာဖောက်ဖျက် တတ်ကြသည်။ သာ၍ ပြင်းထန်စွာ ပြောရလျှင်၊ ပဓာနကျသည့် ပြဿနာမှာ ထိုသို့သော လူများ၏ စိတ်နှလုံးများသည် ဘုရားသခင်ကို စိုးစဉ်းမျှပင် မကြောက်ရွံ့ကြချေ။ ဘုရားသခင်ကို သူတို့ မကြောက်ပါ၊ မိမိတို့ကိုယ်ကိုယ် အရေးပါဆုံးအဖြစ် ယုံကြည်ကြပြီး၊ မိမိတို့ကိုယ်ကိုယ်၏ လက္ခဏာသွင်ပြင်တိုင်းကို ဘုရားသခင်ထက် ပိုမြင့်ပြီး သမ္မာတရားထက် ပိုမြင့်သည်ဟု သူတို့မှတ်ယူကြသည်။ သူတို့၏ စိတ်နှလုံးများထဲတွင်၊ ဘုရားသခင်သည် ဖော်ပြဖို့ မထိုက်တန်ဆုံးဖြစ်ပြီး အရေးမပါဆုံးဖြစ်ကာ၊ သူတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်သည် လုံးဝ အဆင့်အတန်း တစ်ခုတစ်လေမျှ မရှိပါ။ ၎င်းတို့၏နှလုံးသားများထဲတွင် ဘုရားသခင်အတွက် နေရာမရှိသောသူများနှင့် ဘုရားသခင်ကို မကြောက်ရွံ့သောသူများက သမ္မာတရားထဲသို့ ဝင်ရောက်ခြင်းကို ရရှိထားကြသလော။ (မရရှိထားကြပါ။) ထို့ကြောင့် သူတို့သည် ထုံးစံအတိုင်း အလုပ်ရှုပ်ပြီး အားအင်အတော်များများ အသုံးပြုကြကာ ပျော်ရွှင်မြူးထူးစွာ သွားလာကြသောအခါ သူတို့ မည်သည့်အရာ ပြုလုပ်နေကြသနည်း။ ထိုကဲ့သို့သောလူတို့က ဘုရားသခင်အတွက် အသုံးတော်ခံရန် အရာရာတိုင်းကို စွန့်လွှတ်ပြီး များစွာဒုက္ခခံခဲ့ကြပြီဟုပင် ကြွေးကြော်ကြ၏၊ သို့သော်လည်း အမှန်မှာမူ သူတို့လုပ်ဆောင်ချက်များအားလုံး၏ စေ့ဆော်မှု၊ အခြေခံသဘောတရားနှင့် ရည်ရွယ်ချက်တို့မှာ ကိုယ်ကျိုးအတွက် ဖြစ်သည်။ သူတို့သည် မိမိတို့ကိုယ်တိုင်၏ အကျိုးအမြတ်များအားလုံးကို ကာကွယ်ရန် ကြိုးစားနေကြခြင်းသာ ဖြစ်သည်။ ဤသို့သောလူမျိုးကို ဆိုးဝါးသည်ဟု သင်တို့ ဆိုမည်လော၊ မဆိုမည်လော။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးဖြစ်သော်လည်း၊ ဘုရားသခင်ကို မကြောက်ရွံ့သောသူသည် မည်သည့် လူစားမျိုး ဖြစ်သနည်း။ မာနထောင်လွှားသည့်လူများဖြစ်သည်။ မည်ကဲ့သို့သော အရာများက ဘုရားသခင်ကို ကြောက်ရွံ့ခြင်းမရှိသနည်း။ တိရစ္ဆာန်များမှလွဲ၍၊ ဆိုးညစ်သူများ၊ အန္တိခရစ်များ၊ နတ်ဆိုးများနှင့် စာတန်တို့ ဖြစ်ပေသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယှဉ်ပြိုင်ဖို့ ရိုင်းစိုင်းရဲတင်းကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း ကင်းမဲ့နေကြသည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်ကို ယုံကြည်သောလမ်းမှန်သို့ မဝင်ရောက်မီ လူတို့၌ရှိသော သတ်မှတ်ချက်ငါးချက်”) ဒီနှုတ်ကပတ်တော်တွေကိုမြင်ရတာ ကျွန်မစိတ်နှလုံးကို စူးနစ်စေပါတယ်။ အန္တိခရစ်တွေက ရာထူးနဲ့ ဂုဏ်သတင်းကို အားလုံးထက်ပိုပြီး တန်ဖိုးထားတယ်။ သူများတွေက သမ္မာတရား လိုက်စားတာကို မြင်တဲ့အခါ သူတို့က မနာလိုဖြစ်တယ်။ ဒါကြောင့် သာသွားမှာကို ကြောက်တော့ သူတို့တွေကို တိုက်ခိုက်ပြီး ဖယ်ကြဉ်ကြတယ်။ သူတို့ရဲ့ ဂုဏ်အဆင့်အတန်းကို ထိန်းသိမ်းဖို့အတွက် ဘယ်ကောက်ကျစ်မှုကိုမဆို လုပ်ကြလိမ့်မယ်။ သူတို့ညီအစ်ကိုမောင်နှမတွေက တာဝန်တွေမှာ ကျရှုံးပြီး၊ ထိထိရောက်ရောက် မလုပ်နိုင်ဖို့တောင် မျှော်လင့်နေကြတယ်။ ဘုရားအိမ်တော်က အလုပ်ကို ကောင်းကောင်းလုပ်လေလေ၊ သူတို့က ခံစားရတာ မကောင်းလေလေပဲ။ သူတို့မှာ ကြမ်းကြုတ်တဲ့ စိတ်သဘောထားရှိပြီး မကောင်းဆိုးဝါးတွေဖြစ်ကြတယ်။ ဒီကာလအတွင်း ကျွန်မအပြုအမူက အန္တိခရစ်တစ်ယောက်နဲ့အတူတူပဲ။ အစ်မချန်က အစွမ်းအစကောင်းရှိတာ၊ သူ့အလုပ်ကို ကောင်းကောင်းလုပ်တာ၊ သမ္မာတရားကို ကျွန်မထက်ပိုပြီး ကောင်းကောင်း မိတ်သဟာယဖွဲ့တာ၊ လူတိုင်းရဲ့လေးစားမှုကို ရတာကို ကျွန်မ မြင်ရတဲ့အခါ ကျွန်မရဲ့ ထင်ပေါ်မှုကို သူ ခိုးယူသွားတယ်လို့ မနာလိုဖြစ်ပြီး အသင်းတော်မှာ ကျွန်မ ထင်ပေါ်နေနိုင်သေးဖို့အတွက် ခေါင်းဆောင်တွေ သူ့ကို ရွှေ့ပြောင်းပစ်ဖို့ မျှော်လင့်နေခဲ့တယ်။ ခေါင်းဆောင်တွေက သူ့ကို တန်ဖိုးထားပြီး ပျိုးထောင်ပေးတာကို ကျွန်မ မြင်တဲ့အခါ ကျွန်မ မနာလိုဖြစ်လာပြီး စိတ်မကောင်းဖြစ်တယ်။ သူက ရောက်တာမကြာသေးဘူး၊ အသင်းတော်ဝန်ထမ်းတွေနဲ့ မရင်းနှီးသေးဘူး၊ ရေလောင်းပေးတဲ့ သင်းထောက်က အလုပ်နဲ့ မသင့်တော်ဘူးဆိုတာ ကျွန်မ သိပေမဲ့ ဘာမှမပြောခဲ့ဘူး။ ဒီအတိုင်းရပ်ကြည့်ပြီး သူ ကျရှုံးတာကို စောင့်နေခဲ့တယ်။ သူက ကျွန်မနဲ့ အလုပ်ဆွေးနွေးဖို့ကြိုးစားတဲ့အခါ သူ့ကို လျစ်လျူရှုခဲ့တယ်။ သူ့အလုပ် မကောင်းမကန်းဖြစ်ဖို့ ကျွန် မျှော်လင့်ခဲ့တယ်။ ဒါမှ သူ အလုပ်ထုတ်ခံရပြီး ဘယ်သူကမှ သူ့ကို မလေးစားမှာလေ။ ထင်ပေါ်ချင်တဲ့ ကျွန်မ ဆန္ဒကို အကောင်အထည်ဖော်ဖို့အတွက် သူ့နောက်ကွယ်မှာ သူ့ကို ဝေဖန်ပြီး နှိပ်ကွပ်တာ၊ သိမ်ငယ်စေတာ၊ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်တာတွေတောင်လုပ်ခဲ့တယ်။ ကျွန်မ နှစ်ချီပြီး ယုံကြည်ခဲ့ပေမဲ့ အသက်ဝင်ရောက်မှုကို ကျွန်မ လျစ်လျူရှုခဲ့တယ်၊ ဘုရားအိမ်တော်ရဲ့အလုပ်ကို ဦးစားမပေးခဲ့သလို၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် ကြိုးစားရင်း ကျွန်မအချိန်တွေအကုန် ဖြတ်သန်းခဲ့တယ်။ အဲဒါတွေကို မရတဲ့အခါမှာ ကျွန်မရဲ့ ဘဝဆုံးရှုံးရသလို ခံစားခဲ့ရတယ်။ အဲဒါကြောင့် ကျွန်မက အရမ်းမနာလိုဖြစ်ပြီး ကျွန်မအစ်မကို လက်တုံ့ပြန်တယ်။ အသင်းတော်အလုပ်ကို လျစ်လျူရှုခဲ့တယ်။ အစ်မချန်က သူ့အလုပ်ကို ကောင်းကောင်းလုပ်နေမှာကို ကျွန်မက အရမ်းကြောက်ပြီး ကျွန်မအကျိုးစီးပွားကို အကျိုးပြုဖို့ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို နစ်နာစေဖို့ လိုလားနေခဲ့တယ်။ ကျွန်မက ဘုရားကို နည်းနည်းလေးမှ ကြောက်ရွံ့ခြင်းမရှိဘူး။ ကျွန်မစိတ်နှလုံးထဲမှာ ဘုရားအတွက် နေရာမရှိဘူး။ ကျွန်မလုပ်တဲ့အရာက စာတန်ရဲ့အစေခံအဖြစ် ပြုမူတာ၊ ဘုရားအိမ်တော်ရဲ့ အလုပ်ကို နှောင့်ယှက်တာ၊ ရပ်တန့်သွားတဲ့အထိ အသင်းတော်အလုပ်ကို တားဆီးတာပါပဲ။ ကျွန်မက လုံးဝ တာဝန်ထမ်းဆောင်နေတာ မဟုတ်ခဲ့ဘူး။ ကျွန်မက စပျစ်ခြံထဲက မြေခွေးလို စပျစ်သီးတွေခိုးပြီး စပျစ်နွယ်တွေကို နင်းချေနေတာပါ။ ကျွန်မသဘာဝက အတိအကျကို ဘုရားသခင် ဖော်ထုတ်တဲ့ အန္တိခရစ်တွေနဲ့အတူတူပါပဲ။ ကျွန်မ အနီးအနားက အထုတ်ခံရတဲ့ အန္တိခရစ်တွေအကြောင်း ကျွန်မ စဉ်းစားမိတယ်။ သူတို့က လူတွေရဲ့ စိတ်နှလုံးကို ပိုင်ဆိုင်ပြီး သူတို့ရဲ့ ပံ့ပိုးမှုကို အရယူဖို့ အချည်းနှီးမျှော်လင့်ရင်းနဲ့ သူတို့ကိုယ်သူတို့ ကြွားဝါပြီး မြှင့်တင်ဖို့ သူတို့တာဝန်တွေကို အသုံးချကြတယ်။ သူတို့ကို ကျော်သွားပြီး သူတို့ရဲ့ ဂုဏ်အဆင့်အတန်းကို ခြိမ်းခြောက်လာတဲ့ အစ်ကို၊ အစ်မတစ်ယောက်ကို မြင်ရင် တိုက်ခိုက်ပြီး လက်တုံ့ပြန်ကြတယ်။ ဘုရားအိမ်တော်ရဲ့အလုပ်ကို စာနာစိတ်ကင်းမဲ့စွာနဲ့ ဖျက်ဆီးတယ်။ အဆုံးမှာ ဘုရားရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားပြီး ထုတ်ဖော်ပြခံရသလို ဖယ်ရှားခံရပါတယ်။ ဂုဏ်အဆင့်အတန်းနောက်ကို လိုက်တာက အန္တရာယ်များလွန်းတယ်ဆိုတာ နောက်ဆုံးမှာ ကျွန်မ မြင်ခဲ့ပါတယ်။ ဒါကို ကျွန်မ သဘောပေါက်တဲ့အခါကျမှ ကြောက်စိတ်ဖြစ်လာခဲ့တာ။ ကိုယ့်ကိုယ်ကိုယ် သိခြင်း၊ နောင်တရခြင်း၊ ပြောင်းလဲခြင်းမှာ ဘုရားရဲ့လမ်းပြမှုကို ရဖို့ဘုရားကို ဆုတောင်းခဲ့တယ်။ ဆုတောင်းပြီးတော့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် မေးလိုက်တယ်။ “ဘာလို့ ငါက ဂုဏ်အဆင့်အတန်းအတွက် အမြဲတမ်း ကြိုးစားပြီး ငါ့ရာထူးကို ဖက်တွယ်နေတာလဲပေါ့။ ကျွန်မတို့က ဂုဏ်အဆင့်အတန်းနောက်ကို အမြဲတမ်းလိုက်တယ်။ ဒီတော့ အရင်းခံအကြောင်းက ဘာလဲ။”

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ တွေ့တယ်။ “မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်။” ဆိုတဲ့အထဲကပါ။ “လူသား စာတန်၏ဖျက်ဆီးခြင်းကို ခံရခြင်းသည် လူသား ဘုရားသခင်ကို အတိုက်အခံပြုခြင်းနှင့် ပုန်ကန်ခြင်း၏ အရင်းအမြစ်ဖြစ်သည်။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကြောင့်၊ လူ့အသိစိတ် တိုး၍ ထုံသွားကာ၊ သူသည် အကျင့်ပျက်ပြီး သူ၏အတွေးအခေါ်များ ဆုတ်ယုတ်၍ သူ့၌ နောက်ပြန်ဆွဲသော စိတ်ပိုင်းဆိုင်ရာ သဘောထားအမြင်လည်း ရှိသည်။ စာတန်၏ ဖျက်ဆီးခြင်းမခံရမီ၊ လူသားသည် သဘာဝအားဖြင့် ဘုရားသခင်နောက်လိုက်ကာ သူ၏နှုတ်ကပတ်တော်များကို ကြားပြီးနောက် ၎င်းတို့ကို နာခံခဲ့သည်။ သူ့၌ ပင်ကိုအားဖြင့် အကောင်းပကတိ အသိစိတ်နှင့် အသိတရားရှိခဲ့ပြီး ပုံမှန်လူ့သဘာဝ ရှိခဲ့သည်။ စာတန်၏ ဖျက်ဆီးမှုကိုခံရပြီးနောက် လူသား၏နဂိုအသိစိတ်၊ နဂိုအသိတရားနှင့် လူ့သဘာဝတို့သည် ထုံထိုင်းသွားကာ စာတန်၏ ထိခိုက်စေခြင်းကို ခံခဲ့ရသည်။ ထိုကြောင့် သူသည် ဘုရားသခင်ကို နာခံခြင်းနှင့် ဘုရားသခင်အပေါ်ချစ်ခြင်း ဆုံးရှုံးသွားခဲ့သည်။ လူ့အသိစိတ် မူမမှန်ဖြစ်သွားကာ၊ သူ၏စိတ်သဘောထားသည် တိရစ္ဆာန်၏ စိတ်သဘောထား နည်းတူဖြစ်သွားသည်၊ ပြီးလျှင် ဘုရားသခင်ကို သူ၏ပုန်ကန်ခြင်းသည် သာ၍ပင် အကြိမ်ရေစိပ်လာကာ သာ၍ပြင်းထန်လာသည်။ သို့ပါလျက် လူသားသည် ဤအရာကို သိခြင်း သို့မဟုတ် အသိအမှတ်ပြုခြင်းမရှိဘဲ၊ ကျိုးကြောင်းမမြင် ဆန့်ကျင်ပုန်ကန်ခြင်းသာ ပြုလေသည်။ လူသား၏ စိတ်သဘောထားကို သူ၏အသိစိတ်၊ ထိုးထွင်းအမြင်နှင့် အသိတရားတို့ကို ဖော်ပြခြင်း၌ ထုတ်ဖော်ပြလေသည်၊ ထို့ပြင် သူ၏အသိစိတ်နှင့် ထိုးထွင်းအမြင်တို့သည် စိတ်မချရသည့်အပြင်၊ သူ၏အသိတရားသည် အလွန်အမင်း ထိုင်းမှိုင်းသွားခြင်းကြောင့်၊ သူ့စိတ်သဘောထားသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခြင်းဖြစ်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဘုရားနှုတ်ကပတ်တော်ဖတ်ပြီးနောက်မှာ ပြဿနာရဲ့ အရင်းအမြစ်ကို ကျွန်မ တွေ့သွားတယ်။ ကျွန်မက စာတန်ကြောင့် အရမ်းပျက်စီးနေလို့ ဘယ်လိုနေထိုင်၊ ပြုမူရမယ်ဆိုတာ မသိတော့ဘူး။ ကျော်ကြားမှုနဲ့ စည်းစိမ်နောက်ကို ဘယ်လိုလိုက်ရမယ်ဆိုတာပဲ သိခဲ့တယ်။ ပြီးတော့ “ထင်ရှားကျော်ကြားမှုရှိပါ”၊ “ငါသည်သာ အရှင်သခင်ဖြစ်၏”၊ “ဂူတစ်ဂူထဲ၌ ခြင်္သေ့နှစ်ကောင်မအောင်း”၊ “လူတို့သည် ၎င်းတို့နှင့် တစ်ခေတ်တည်း မွေးသူများထက် ပိုမိုသာလွန်ရန် အစဉ်ကြိုးစားသင့်သည်” ဆိုတဲ့၊ ဒီလို ဆိုးယုတ်တဲ့ အတွေးအခေါ်တွေကို လိုက်နာရမယ့် နိယာမတွေအဖြစ် မြင်ခဲ့ပါတယ်။ အစ်မချန်က ကဏ္ဍတိုင်းမှာ ကျွန်မထက်သာတာ၊ ညီအစ်ကိုမောင်နှမတွေနဲ့ ခေါင်းဆောင်တွေအားလုံးက သူ့ကို အထင်ကြီးပြီး တန်ဖိုးထားကြတာကို ကျွန်မမြင်ရတော့ သူက ကျွန်မ ထင်ပေါ်မှုကို လုယူသွားတယ်လို့ တွေးခဲ့ပြီး ကျွန်မရဲ့ မျက်လုံးနဲ့ အသားထဲက ဆူးတစ်ချောင်းလိုမျိုး သူ့ကို ဆက်ဆံခဲ့တယ်။ ကျွန်မအစ်မက အလုပ်ဆွေးနွေးဖို့တောင်းဆိုတဲ့အခါ သူ့ကို လျစ်လျူရှုချင်ခဲ့တယ်။ ကျွန်မက သူ့ကို ဝေဖန်တာ၊ နှိပ်ကွပ်တာ၊ တမင် သိမ်ငယ်စေတာတွေ လုပ်ခဲ့တယ်၊ သူ့တာဝန်ကို ကပျက်ကချော်လုပ်လို့ အထုတ်ခံရမှာကိုတောင် မျှော်လင့်ခဲ့တယ်။ ဘုရားအိမ်တော်ရဲ့အလုပ်က ဘယ်လို ထိခိုက်နိုင်တယ်ဆိုတဲ့အပေါ် ကျွန်မက မသိကျိုးကျွံပြုခဲ့တယ်။ ကျွန်မက ဒီစာတန်ရဲ့ အတွေးတွေ၊ အမြင်တွေနဲ့ အသက်ရှင်နေရင်းနဲ့ မာနထောင်လွှားလာတာ၊ တစ်ကိုယ်ကောင်းဆန်ပြီး ကြမ်းတမ်းလာသလို၊ ကျွန်မရဲ့ လူ့သဘာဝက လိမ်ကောက်လာတာကို မြင်ခဲ့ပါတယ်။ ကျွန်မက အဆင်းနီသောနဂါးကြီးရဲ့ အရာရှိတွေလိုပဲ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် ဘာမဆိုလုပ်မှာပါ။ တစ်ယောက်ယောက်က သူတို့ကို ကျော်သွားရင်၊ သူတို့အဆင့်အတန်းကို ခြိမ်းခြောက်ရင် သူတို့ကို နိုင်ငံရေးရန်သူတွေလို့ခေါ်ပြီး ဖျက်ဆီးပစ်ကြမှာပဲ။ အမြင့်ဆုံးဖြစ်တဲ့ ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်ဖို့ လူ့ဇာတိခံကြွလာပြီး သမ္မာတရားကို ဖော်ပြတယ်။ ဒါပေမဲ့ လူတွေက စစ်မှန်တဲ့လမ်းကို လက်ခံပြီး အနန္တတန်ခိုးရှင် ဘုရားသခင်နောက်လိုက်ကြရင် ဘယ်သူကမှ သူ့နောက်ကိုမလိုက်မှာ၊ မကိုးကွယ်တော့မှာကို စီစီပီက ကြောက်တယ်။ ဒါကြောင့် သူတို့က လူတွေ စီစီပီကိုပဲ ကိုးကွယ်နာခံကြတဲ့ ဘုရားမဲ့နယ်မြေတစ်ခုကို ဖန်တီးဖို့ အချည်းနှီးမျှော်လင့်ချက်နဲ့ ခရစ်တော်ကို စပြီး ထိတ်ထိတ်ပျာပျာနဲ့လိုက်ဖမ်းကြသလို၊ ခရစ်ယာန်တွေကို ရက်စက်စွာ ဖိနှိပ်ကြတယ်။ အဆင်းနီသောနဂါးကြီးရဲ့ ဆိုးယုတ်မှု၊ နိုင်လိုမင်းထက်ပြုမှု၊ လူမဆန်မှု၊ ကြမ်းတမ်းမှုနဲ့ ကိုယ့်ကိုယ်ကိုယ် စစ်ဆေးကြည့်တော့ ကျွန်မ ကြောက်လန့်သွားတယ်။ ကျွန်မ စိတ်သဘောထားနဲ့ အဆင်းနီသောနဂါးကြီးကြားမှာ ဘာကွာခြားချက်ရှိလဲ။ ဂုဏ်အဆင့်အတန်းအတွက် ကျွန်မက ကိုယ်နဲ့ကွဲလွဲသူတွေကို ဖယ်ကြဉ်ပြီး ဆင်ခြင်တုံတရားနဲ့အသိစိတ်အားလုံး ပျောက်ခဲ့တယ်။ ဘုရားသခင်က ကျွန်မကို ခေါင်းဆောင်တာဝန်တစ်ခုနဲ့ ချီးမြှောက်ခဲ့တယ်။ ကျွန်မတို့တာဝန်ကို ဖြည့်ဆည်းပြီး ဘုရားရဲ့ချစ်ခြင်းကို ပြန်ပေးဆပ်ဖို့အတွက် ကျွန်မအစ်မနဲ့အတူ ပူးပေါင်းဆောင်ရွက်သင့်တာလေ။ ဒါပေမဲ့ ကျွန်မက ဂုဏ်အဆင့်အတန်းရဲ့ ဖမ်းစားတာကိုခံရပြီး ကျွန်မအစ်မနဲ့ ကိုယ့်ကိုယ်ကိုယ် ယှဉ်ကြည့်ခဲ့တယ်။ ကျွန်မက သူ့ကို မကျော်နိုင်တဲ့အခါ၊ ကျော်ကြားမှု၊ စည်းစိမ်နဲ့ ဂုဏ်အဆင့်အတန်းကို မရနိုင်တဲ့အခါ အပျက်သဘောဆောင်လာပြီး ပေါ့ဆလာခဲ့တယ်။ ဘုရားအိမ်တော်ရဲ့အလုပ်ကို ဆိုးဆိုးဝါးဝါး ထိခိုက်စေခဲ့တယ်။ ကျွန်မက တကယ်ကို ကျွန်မတာဝန်မှာ ပေါ့ဆပြီး လမ်းမှားကို လျှောက်နေခဲ့တာပါ။

ကျွန်မမှာ မှားနေတဲ့အမြင်တစ်ခုလည်းရှိနေတာကို ဆင်ခြင်ပြီး သဘောပေါက်ခဲ့ပါတယ်။ ဘုရားအိမ်တော်မှာ ဂုဏ်အဆင့်အတန်းရှိတာက ကျွန်မကို အသုံးဝင်တဲ့လူဖြစ်စေတယ်၊ ကျွန်မက ကယ်တင်ခံရပြီး စုံလင်ခြင်းခံရမယ်လို့ အမြဲတမ်းထင်ခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင်က အသင်းတော်မှာ ကိုယ့်ရဲ့ ဂုဏ်အဆင့်အတန်းကို မကြည့်ဘူး၊ လူတွေက ကိုယ့်ကို လေးစားခြင်း ရှိမရှိဆိုတာကို မကြည့်မှန်း ကျွန်မ မသိခဲ့ဘူး။ ဘုရားသခင်က တာဝန်တွေအပေါ် ကိုယ့်ရဲ့ စိတ်နှလုံးနဲ့ သဘောထားကို ကြည့်တာပါ။ ဘုရားအိမ်တော်မှာ သမ္မာတရားကို လက်ခံရင်၊ တာဝန်တွေမှာ မှန်ကန်တဲ့ ရည်ရွယ်ချက်ရှိပြီး စည်းမျဉ်းနဲ့လုပ်ဆောင်ရင်၊ ဘုရားကို နာခံပြီး ဘုရားအပေါ် သစ္စာရှိရင် အဲဒီအခါမှ ဘုရားက ကိုယ့်ကို လက်ခံလိမ့်မယ်။ ကျွန်မက တကယ်ကို မသိနားမလည်ခဲ့တာ။ ဘုရားအလိုတော်ကို မရှာဖွေခဲ့ဘူး။ ဆိုးယုတ်တဲ့ အတွေးအခေါ်တွေ၊ အမြင်တွေနဲ့ အသက်ရှင်ခဲ့တယ်။ ကျော်ကြားမှုနဲ့ စည်းစိမ်နောက်ကိုလိုက်တယ်။ မြင့်မားတဲ့ အဆင့်အတန်းကို လိုချင်ခဲ့တယ်။ ဒါပေမဲ့ အဲဒါတွေကို ရှာဖွေတာက အမှားတစ်ခုပဲ။ ကျွန်မက အန္တိခရစ်ရဲ့လမ်းကြောင်းကို လျှောက်နေခဲ့တာပါ။ ကျွန်မက ဘုရားသခင်ဆီကို မလှည့်ရင် ဘုရားရဲ့ ဖယ်ရှားခြင်းနဲ့ ဖျက်ဆီးခြင်းကို ခံရမှာပဲ။ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းနဲ့ ကျွန်မအပေါ် ကွယ်ကာခြင်းကြောင့် ကျွန်မက ထုတ်ခံရတာပါ။ ဘုရားသခင်က ကျွန်မရဲ့ ထုံထိုင်းတဲ့ စိတ်နှလုံးကို နိုးထစေဖို့ သူ့နှုတ်ကပတ်တော်ကို ထပ်ခါထပ်ခါ အသုံးပြုပြီး ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှု သမ္မာတရားကို မြင်အောင်လုပ်ပေးတယ်။ ဒီအချိန်မှာ ဘုရားသခင်ရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေကို ကျွန်မ သဘောပေါက်ခဲ့တာပဲ။ ဘုရားသခင်လုပ်သမျှအားလုံးက ကျွန်မကို လမ်းမှန်ဆီ ဦးဆောင်ပေးဖို့ပဲ။ ကျွန်မ စိတ်နှလုံးထဲမှာ နောင်တရဖို့ ဘုရားကို ဆုတောင်းခဲ့ပြီး ကျွန်မရဲ့နည်းလမ်းတွေကို ပြောင်းတဲ့နေရာမှာ လမ်းပြဖို့အတွက် တောင်းလျှောက်ခဲ့ပါတယ်။

အဲဒီနောက်မှာ နောက်ထပ်ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ တွေ့တယ်။ “ရာထူးအဆင့်အတန်းနှင့် သြဇာတိက္ကမကို ဘေးဖယ်ထားရန် အလွယ်တကူ ဘေးဖယ်၍မရပေ။ အတော်အတန် အထုံပါရမီရှိသော၊ အစွမ်းအစ အတိုင်းအတာတစ်ခုရှိသော၊ သို့မဟုတ် လုပ်ငန်းအတွေ့အကြုံ အနည်းငယ်ပိုင်ဆိုင်သော သူတို့အတွက်ကား ဤအရာများကို ဘေးဖယ်ထားခြင်းက သာ၍ပင် ခက်ခဲလေသည်။...၎င်းတို့အနေဖြင့် ရာထူးအဆင့်အတန်း မရှိသောအခါ ၎င်းတို့၏ ယှဉ်ပြိုင်လိုစိတ်က ဖွံ့ဖြိုးစအဆင့်၌ ရှိနေသည်။ ၎င်းတို့သည် ရာထူးအဆင့်အတန်းကို ရရှိထားပြီးသည်နှင့် တစ်ပြိုင်နက် ဘုရားသခင်၏အိမ်တော်က ၎င်းတို့အား အရေးကြီးသော လုပ်ငန်းတာဝန်တချို့ကို တာဝန်ပေးစေခိုင်းထားသောအခါနှင့် အထူးသဖြင့် ၎င်းတို့သည် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီးဖြစ်ကာ အတွေ့အကြုံနှင့် အရင်းအနှီးများစွာ ရှိလျှင်၊ ထိုစိတ်ဆန္ဒက ဖွံ့ဖြိုးစ မဟုတ်တော့ဘဲ၊ အမြစ်စွဲကာ အပွင့်ပွင့်ပြီးဖြစ်ကာ အသီးသီးတော့မည့်ဆဲဆဲဖြစ်သည်။ တစ်စုံတစ်ဦးသည် ကြီးမားသော အမှုအရာများ လုပ်ဆောင်ဖို့၊ ကျော်ကြားဖို့၊ ထင်ရှားကျော်ကြားသူတစ်ဦး ဖြစ်လာဖို့ မပြတ်သော အလိုဆန္ဒနှင့် ရည်မှန်းချက်တို့ ရှိသည့်အခါ၊ ဤလူသည် ဇာတ်သိမ်းပြီဖြစ်သည်။ ထို့ကြောင့် ဤအရာသည် ဘေးဒုက္ခဆီသို့ မဆိုက်ရောက်မီ၊ အခြေအနေကို အမြန် ပြန်ထိန်းပြီး ဤအရာများကို ဘေးဖယ်ရမည်။ တစ်ခုခုကို သင်ပြုလုပ်နေသည့်အခါတိုင်း— ဆက်စပ်အခြေအနေသည် မည်သို့ပင် ဖြစ်ပါစေ— သမ္မာတရားကို ရှာဖွေဖို့၊ ရိုးသားပြီး ဘုရားသခင်ကို နာခံသူတစ်ဦး ဖြစ်ဖို့ သင့်ကိုယ်သင် လေ့ကျင့်ပေးခြင်းအား လက်တွေ့လုပ်ဆောင်ရမည် ဖြစ်သည်၊ ပြီးလျှင် ထိုအရာများအတွက် ကြိုးပမ်းဆောင်ရွက်ခြင်းကို ရပ်တန့်ရမည်ဖြစ်သည်သာမက၊ ယင်းတို့ကို ဘေးလည်းဖယ်ရမည်။ ယှဉ်ပြိုင်ဖို့ မပြတ် ပြင်းပြသောဆန္ဒရှိသည့်အခါ၊ သင် သတိပြုမိသင့်သည်။ မဖြေရှင်းလျှင်၊ ယှဉ်ပြိုင်ဖို့စိတ်ဆန္ဒက ဆိုးရွားသောအမှုကိစ္စများဆီသာ ဆိုက်ရောက်နိုင်သောကြောင့်၊ သမ္မာတရားကို ရှာဖွေခြင်း၌ အချိန်မဖြုန်းဘဲ၊ သင်၏ယှဉ်ပြိုင်လိုစိတ်အား ချိုးနှိမ်ပစ်ကာ၊ ဤယှဉ်ပြိုင်လိုသော အပြုအမူအား သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် အစားထိုးလော့။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့်အခါ သင်၏ ယှဉ်ပြိုင်လိုခြင်း၊ အထိန်းအကွပ်မဲ့သော ပြင်းပြသည့်ဆန္ဒများနှင့် အလိုဆန္ဒများသည် လုံးလုံးလျားလျား ပျောက်ကွယ်သွားလိမ့်မည် ဖြစ်ပြီး ဘုရားသခင့်အိမ်တော်၏ လုပ်ငန်းကို အနှောင့်အယှက်ပေးတော့မည် မဟုတ်ချေ။ ဤသို့အားဖြင့် သင်၏လုပ်ဆောင်ချက်များမှာ ဘုရားသခင်၏ အောက်မေ့ခြင်းနှင့် ချီးမွမ်းခြင်းကိုခံရသည်။ ထို့ကြောင့် ငါအလေးပေးမည့်အရာမှာ သင်သည် သင်၏ယှဉ်ပြိုင်လိုစိတ်နှင့် ရည်မှန်းချက်တို့ကို အပွင့်ပွင့်ပြီး အသီးသီးမလာခင် အမြစ်ဖြတ်ရမည် ဟူ၍ဖြစ်သည်။ လူတချို့က၊ ‘ထိုအရာများကို ကျွန်ုပ် မည်ကဲ့သို့ အမြစ်ဖြတ်နိုင်မည်နည်း။ ကျွန်ုပ်သည် ၎င်းတို့ကို ဖွံ့ဖြိုးစအဆင့်၌ပင် ထားသင့်သလော’ဟု မေးတတ်ကြသည်။ ဤအရာက သင် တွေ့ကြုံသည့်ပုံအပေါ် မူတည်သည်၊ ဤအရာနှင့်ပတ်သက်၍ သင်မည်သို့ခံစားရသည်၊ သင် အဘယ်မျှ စိတ်ပိုင်းဖြတ်ထားသည် ဆိုသည့်အပေါ် မူတည်သည်။ လူတချို့က ‘ကျွန်ုပ်သည် ၎င်းတို့ကို အညှောက်ပင်ပေါက်ခွင့်ပင် ပြုမည်မဟုတ်’ဟု ပြောတတ်ကြသည်။ ကောင်းပေသည်။ သင်သည် ရာထူးဂုဏ်ဒြပ်နှင့် အဆင့်အတန်းရှိသည့် ဂုဏ်သရေရှိသော လူတစ်ဦးဦးဖြစ်ရန် မကြိုးစားဘဲ သာမန်လူတစ်ဦးတစ်ယောက်ဖြစ်ရန်သာ ကြိုးစားသည်။ အကယ်၍ ဘုရားသခင်က သင်သည် အသုံးမကျဟု ပြောလျှင်ပင် ကိစ္စမရှိ၊ သင်သည် ဘုရားသခင်၏အမြင်တွင် အရေးမပါသောသူတစ်ဦး၊ သေးငယ်ပြီး မထင်ရှားသော နောက်လိုက်တစ်ဦးဖြစ်သော်လည်း နောက်ဆုံးတွင် ဘုရားသခင်က လက်ခံနိုင်ဖွယ် ဖန်ဆင်းခံတစ်ဦးဖြစ်သည်ဟု ခေါ်ဆိုခံရသည့် သူတစ်ဦးဖြစ်ရသည်ကို ပျော်ရွှင်သည်။ ထိုသို့သော လူတစ်ဦးမှာ ကောင်းမွန်ပေ၏။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၃)”) ဘဝင်မြင့်လာတာမျိုး၊ အတော်ဆုံးဖြစ်တာမျိုးတွေကို မလိုက်သင့်ဘူးမှန်း ဘုရားနှုတ်ကပတ်တော်က ကျွန်မကို နားလည်စေခဲ့ပါတယ်။ “ထင်ရှားကျော်ကြားမှုရရှိပါ” နဲ့ “ငါသည်သာ အရှင်သခင်ဖြစ်၏” ဆိုတာတွေက ဆိုးယုတ်တဲ့ အလိမ်အညာတွေပဲ။ အခြေအနေတွေက တကယ် အဲဒီလိုဖြစ်လာရင် ကျွန်မက မကောင်းဆိုးဝါးဖြစ်လာမှာပဲ။ လူသားမဟုတ်ဘူး။ ဘုရားသခင်က ကျွန်မတို့ကို သာမန်လူတွေဖြစ်ဖို့၊ အသေးငယ်ဆုံးနောက်လိုက်တွေဖြစ်ဖို့ သူ့ရဲ့လက်ခံမှုကိုရရှိဖို့အတွက် ဖန်ဆင်းခံတွေရဲ့ တာဝန်တွေကို ဖြည့်ဆည်းဖို့ အလိုရှိပါတယ်။ ဒါက အရေးကြီးဆုံးအရာပါ။ တစ်ချိန်တည်းမှာပဲ ကိစ္စတွေ ဖြစ်ပျက်တဲ့အခါ၊ ဘုရားကို ဆုတောင်းသင့်တယ်၊ ကိုယ့်ကိုယ်ကိုယ် သတိရှိရှိနဲ့ စွန့်လွှတ်ပြီး၊ း သမ္မာတရားကို လက်တွေ့လုပ်ဆောင်သင့်တယ်၊ ကျွန်မတို့ရဲ့ ရည်မှန်းချက်တွေနဲ့ ဆန္ဒတွေက အချိန်နဲ့အမျှ နည်းသွားလိမ့်မယ်ဆိုတာ ကျွန်မ နားလည်ခဲ့ပါတယ်။ အရင်တုန်းက ကျွန်မ ကိုယ့်ကိုယ်ကိုယ် မသိခဲ့ဘူး။ သမ္မာတရားကို မလိုက်စားခဲ့ဘူး။ ကျွန်မက ပါရမီရှိတယ်လို့ အမြဲတမ်းခံစားရပြီး လေးစားတာ၊ တန်ဖိုးထားတာ ခံချင်ခဲ့တယ်။ ကျွန်မရဲ့ ရည်မှန်းချက်ကြောင့် ကျွန်မ စိတ်မထိန်းနိုင်ဖြစ်သွားတယ်။ ဒီလိုနဲ့ ကျော်ကြားမှုနဲ့ စည်းစိမ်အတွက် နေရာတကာမှာ ကျွန်မ ကြိုးစားခဲ့တယ်။ ကျွန်မက သိသိသာသာ နိမ့်ကျနေပေမဲ့ သူများတွေ ကျွန်မထက်သာတာကို ကြည့်မနေနိုင်ခဲ့ဘူး။ အရမ်းမာနထောင်လွှားပြီး အသိစိတ်အားလုံး ပျောက်သွားခဲ့တယ်။ ကျွန်မ ဘုရားကိုဆုတောင်းပြီး ကျော်ကြားမှုနဲ့ စည်းစိမ်ကို မလိုချင်တော့ဘူး၊ သာမန်လူတစ်ယောက်ပဲ ဖြစ်ချင်ခဲ့တယ်၊ ကျွန်မတာဝန်တွေမှာ အလုပ်ဖော်တွေနဲ့ကောင်းကောင်း ပူးပေါင်းဆောင်ရွက်ချင်ပါတယ်လို့ ပြောခဲ့တယ်။ ဘယ်အချိန်မှာမဆို ကျွန်မ အလုပ်ဖော်တွေကို ဘုရားရဲ့ အချုပ်အခြာအာဏာနဲ့ ရွေးချယ်ထားတာဖြစ်ပြီး ကျွန်မအတွက် သင်ယူဖို့သင်ခန်းစာတွေရှိတယ်ဆိုတာ ကျွန်မ သိတယ်။ အစ်မချန်က အစွမ်းအစကောင်းနဲ့ အတွေ့အကြုံရှိပြီး ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို မိတ်သဟာယပြုနိုင်တယ်။ ဒါဟာ ဘုရားအိမ်တော်ရဲ့အလုပ်နဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှု အတွက် အထောက်အကူဖြစ်ပါတယ်။ ကျွန်မမှာ မရှိတဲ့အရာကို ဖြည့်ဆည်းဖို့အတွက် သူ့ရဲ့အားသာချက်တွေကနေ ကျွန်မ သင်ယူခဲ့သင့်ပြီး အသင်းတော်အလုပ်ကိုလုပ်ဖို့အတွက် သူနဲ့ လိုက်ဖက်ညီညီ အလုပ်လုပ်ခဲ့သင့်တယ်။

မကြာခင်မှာ ခေါင်းဆောင်က ကျွန်မကို ရေလောင်းပေးတဲ့ သင်းထောက်လုပ်ဖို့ စီစဉ်ပေးတယ်။ တွဲဖက်အမှုဆောင် အစည်းအဝေးမှာ ဒီကာလအတောအတွင်း ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ပတ်သက်ပြီး အစ်မချန်ကို ဖွင့်ပြောခဲ့တယ်။ သူက ကျွန်မကို အထင်မသေးခဲ့ပါဘူး။ ပြီးတော့ ကျွန်မနဲ့ ဘုရားနှုတ်ကပတ်တော်အပေါ်မှာ မိတ်သဟာယလည်း ဝေမျှခဲ့ပါတယ်။ သူနဲ့ ကျွန်မ ခပ်တန်းတန်းဖြစ်နေတာလည်း ပျောက်သွားတယ်။ ကျွန်မ တော်တော်စိတ်ပေါ့ပါးသွားတယ်။ နောက်တော့ အလုပ်လုပ်နေတဲ့အတောအတွင်း သူနဲ့ ကိစ္စတွေ ဆွေးနွေးဖို့ ကြိုးစားပြီး သူနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အကောင်းဆုံးလုပ်ခဲ့တယ်။ တာဝန်ကို ကျွန်မ အာရုံစိုက်တဲ့အခါ ဘုရားရဲ့လမ်းပြမှုကို ကျွန်မ ခံစားရတယ်။ ကျွန်မအလုပ်နယ်ပယ်တွေမှာ ပိုကောင်းတဲ့ရလဒ်တွေ စရလာပြီးတော့ ဘုရားကို ကျေးဇူးတင်မိတယ်။

အထုတ်ခံရပြီးတဲ့နောက်မှာ ကျွန်မအတွက် ဘုရားရဲ့ချစ်ခြင်းက အရမ်းလက်တွေ့ကျမှန်း ကျွန်မ မြင်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ထဲက တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းက ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုကို ပြခဲ့တယ်။ ကျော်ကြားမှုနဲ့ ဂုဏ်အဆင့်အတန်းနောက်ကိုလိုက်ခြင်းရဲ့ အနှစ်သာရနဲ့ ရလဒ်တွေကို ရှင်းရှင်းလင်းလင်း မြင်စေခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ဘုရားနှုတ်ကပတ်တော်က ကျွန်မကို လမ်းကြောင်းမှန်ဆီကို လမ်းပြခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခွင့်ပေးခဲ့တယ်။ အဲဒါမပါဘဲနဲ့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် သိမှာမဟုတ်ဘူး။ ကျော်ကြားမှုနဲ့ စည်းစိမ်အတွက် သူများတွေကို တိုက်ခိုက်နေမိဦးမှာပဲ။ မကောင်းမှုလုပ်ပြီး ဘုရားကို အာခံနေရင်းနဲ့ စာတန်ရဲ့ ဆော့ကစားတာကို ကျွန်မ ခံနေရမှာပဲ။ ကျွန်မကို ကယ်တင်တဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

အသင်းတော်များကို ထပ်ဆင့်ခွဲခြင်းမှ သင်ယူရရှိသည့် သင်ခန်းစာများ

ရီးရှင် အမေရိကန်နိုင်ငံ အရင်နှစ် အစောပိုင်းမှာ ကျွန်မတို့ရဲ့ လူသစ်အသင်းတော်တွေက သိပ်ကြီးလာတော့ ခေါင်းဆောင်က ကျွန်မနဲ့...

ကျွန်ုပ်သည် ခရစ်တော်ကို ဖူးမျှော်ရန် မထိုက်တန်ပါ

ဟွမ်ဘောင် လျောင်နင်းစီရင်စု၊ ဒါလီယန်မြို့ ကျွန်ုပ်သည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို စတင် သက်ဝင် ယုံကြည်သည်မှစ၍ ခရစ်တော်၏ ဒေသနာတော်များကို...

ငွေနှင့် ဂုဏ်အဆင့်အတန်းသည် ကျွန်မအတွက် မည်သည့်အရာကို လုပ်ဆောင်ပေးဖူးသနည်း

နီနာ အိုင်ဗရီကို့စ်နိုင်ငံ ကျွန်မက ပျက်စီးနေတဲ့ မိသားစုမှာ မွေးခဲ့တာပါ။ ကျွန်မအမေက ကျွန်မကို ကိုယ်ဝန်ရှိနေတုန်း ကျွန်မအဖေက...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။